Wednesday, December 26, 2012

ဦးပိုင်လူများ မမြင်ချင် (ငြိမ်းချမ်းအေး)

0 comments
လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းဆန့်ကျင်ဆန္ဒပြနေတဲ့ဒေသ ခံတွေရဲ့သပိတ်စခန်းတွေကို ဗိုလ်သိန်းစိန်ရဲ့စစ်တပိုင်း အစိုးရကအကြမ်းဖက်ဖြိုခွဲ တဲ့သတင်း ဒီနေ့ပဲ ဖတ်ရတယ်။ ဒီအချိန်ဟာ နိုင်ငံရေးကျွမ်းကျင်သူပညာရှင်တွေ၊ ဗမာ့နိုင်ငံရေးစစ်တမ်းထုတ် ကောင်းကောင်းဝေဖန်ထောက်ပြသင့်တဲ့အချိန်ဖြစ်တယ်။ ဒီမိုကရေစီတိုက်ပွဲလမ်းကြောင်းမှား လုံးလုံးလွန်မသွားခင် လမ်းကြောင်းမှန်အပေါ်ပြန် တက်လာအောင် ဆွေးနွေးအဖြေရှာရမယ့်ကာလဖြစ်တယ်။ ဒီစာစုမှာတော့ ပညာရှင်၊ ကျွမ်းကျင်သူတယောက်ရဲ့အမြင်မဟုတ်ဘဲ သာမန်ပြည်သူလူထုထဲက တိုင်းပြည် အရေးစိတ်ဝင်စားတဲ့သူတယောက်အနေနဲ့ စာရေးသူရဲ့ လက်ရှိနိုင်ငံရေးအပေါ်သုံး သပ်ချက်အမြင်အကျဉ်းကို တင်ပြချင်တယ်။ 
ကြင်စဦးမောင်နှံရဲ့ပျားရည်ဆမ်းခရီးရပ်သင့်ပြီ
နိုင်ငံတကာမှာ အစိုးရသစ်တွေတက်လာရင် သူတို့ရဲ့ခြေလှမ်း၊ မူဝါဒနဲ့ရွေးကောက်ပွဲကတိ (ဝါ) ပြည်သူအပေါ်ပေးထားခဲ့တဲ့ ကတိတွေကို အကောင်အထည်ဖော်နိုင်မှုစတဲ့ အစိုးရသစ်ရဲ့လုပ်ဆောင်ပုံတွေကို စောင့်ကြည့်လေ့လာအကဲဖြတ်ကြတဲ့ ကနဦးပျားရည်ဆမ်းကာလ (Honeymoon Period) ဆိုတာရှိလေ့ရှိတယ်။ ဒီကာလတိုလေးအတွင်းမှာ အစိုးရ၊ အတိုက်အခံ၊ ပြည်သူစတဲ့တိုင်းပြည်ရဲ့နိုင်ငံရေးမှာအရေးပါတဲ့အုပ်စုအချင်းချင်း အများအားဖြင့်ဆက်ဆံရေးကောင်းမွန်လေ့ ရှိကြတယ်။ ဒီကာလနောက်ပိုင်းမှာတော့ အစိုးရသစ်ရဲ့အမှား၊ အားနည်းချက်၊ ပျော့ကွက်တွေကို နိုင်ငံရေးအုပ်စု အသီးသီးနဲ့လေ့လာသူပညာရှင်တွေက ဝိုင်းဝန်းထောက်ပြကြတယ်။ အစိုးရသစ်ကိုယ်တိုင်လည်း မိမိရဲ့မူဝါဒ၊ လမ်းစဉ်တွေ တိုင်းပြည်အပေါ်အကျိုးသက်ရောက်မှုကို ပြန်လည်ဝေဖန်ဆန်းစစ်ကြရတယ်။

၂၀၀၈ စစ်ဖွဲ့စည်းပုံနဲ့ သံမဏိကြိုးခတ်တုန့်နှောင်ပြီး စစ်အာဏာရှင်၏အသွင်ပြောင်း၊ အရေခွံလဲ၊ စစ်အုပ်စုအကျိုးစီးပွား၊ လုံခြုံမှုအတွက်သက်သက် စိတ်ကြိုက်ခြယ်လှယ်ထင်တိုင်းကြဲလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပါအဝင်လက်ရှိဖြစ်ပေါ်နေ တဲ့ နိုင်ငံရေးတိုးတက်မှုလို့ဆိုကြတဲ့ ဗမာ့နိုင်ငံရေးအပြောင်းအလဲမှာ အစကတည်းက ပျားရည်ဆမ်းကာလဆိုတာမရှိသင့်ဘူး။ အခု ဗိုလ်သိန်းစိန်အစိုးရကို ပြည်တွင်း/ပြည်ပကထောက်ခံပေးမှုတွေဟာ ထိုက်တန်တာထက်တောင်ပိုနေပါပြီ။ အပြောင်းအလဲဆိုတာ “နေ့ချင်း၊ ညချင်းမဖြစ်ဘူး..၊ အချိန်ယူရတယ်”ဆိုတာမျိုးကို နားလည်သည်းခံစောင့်ကြည့်ပေးရတာက မှန်ကန်တဲ့ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကိုသွားနေတဲ့အခြေအနေမျိုးမှာသာဖြစ်သင့်တယ်။ တိုင်းပြည်ရှေ့လားရာအုတ်မြစ်ဖြစ်တဲ့အခြေခံဥပဒေကကို အခြေမခိုင်မူမမှန်ဘဲ စစ်အုပ်စုအလိုကျသက်သက် တခြားနိုင်ငံရေးအုပ်စုအသီးသီးနဲ့ပြည်သူက အလိုတော်ဖြည့်၊ အသုံးချခံသက်သက်ဖြစ်နေရတဲ့အခြေအနေမျိုးကို ခုအချိန်မှာ ရပ်တန်းကရပ်ဖို့နည်းလမ်းသစ်ရှာသင့်ပြီ။ ထောက်ခြောက်တွေအပြည့်နဲ့ဆူးခင်းလမ်းကို ပန်းမွေ့ယာ၊ ရွှေကော်ဇော်ခင်းအလား အရာရာအကောင်းမြင်စိတ်ကူးယဉ် လေထဲတိုက်အိမ်ဆောက်၊ မစားရဝခမန်းပြောနေ၊ တွေးနေလုပ်နေရတဲ့ ဓားမိုးကာ ရေစီးကြမ်းတဲ့ ဒီမိုကရေစီအတုအိမ်မက်ကနေ နိုးထဖို့သင့်ပြီ။ ကြင်စဦးမောင်နှံရဲ့ချစ်ကြည်မဝ၊ အပြစ်မမြင်၊ နှစ်ကိုယ်တူချစ်သမျှဇာတ်လမ်းခင်း၊ ပျားရည်ဆမ်းခရီးထွက်နေတာကို ခုအချိန်မှာရပ်ပြီး ပြည်သူ့သွေး၊ ချွေး၊ မျက်ရည်တွေပြည့်နှက်နေတဲ့ ညှီစို့စို့၊ ခါးသက်သက်အမှန်တရားကိုမျက်မှောက်ပြု၊ တိုင်းပြည်ရဲ့ပကတိဖြစ်ရပ်မှန်အပေါ် အခြေတည်တဲ့ ဒီမိုကရေစီလမ်းကြောင်းမှန်ကို ရှေးရှုသင့်ပါပြီ။

နောက်ပြန်လှည့်မှာ မကြောက်နဲ့
လက်ရှိဗမာ့နိုင်ငံရေးမှာခေတ်အစားဆုံးဖြစ်နေတဲ့ “နောက်ပြန်လှည့်မှာစိုးလို့သတိကြီးစွာထားလုပ်နေရပါတယ်/လုပ်နေရတာပါ” ဆိုတဲ့ ဖောက်ပြန်တဲ့အတွေးအခေါ်ကို ဖုတ်ကြည်းသင်္ဂြီိုဟ်မြေမြှုပ်သင့်ပြီ။ စစ်အုပ်စုသွားရာလမ်းဟာ အစကတည်းက ရှေ့တက်မယ့်ခြေလှမ်း လှမ်း၊ ဒီမိုကရေစီပန်းတိုင်အရောက် ရှေးရှုသွားနေတာမဟုတ်ပါ။ စစ်အာဏာရှင် ဗိုလ်နေဝင်းနည်း ဆိုရှယ်လစ်ဝါဒနှမ်းဖြူး တော်လှန်ရေးကောင်စီကနေ မဆလအမည်ပြောင်း၊ စစ်ဘောင်းဘီချွတ်၊ ခါးကြားကသေနတ်ကို တောင်ရှည်ကြားဖွက်၊ လိုရင်ထုတ်သုံးတဲ့လမ်းစဉ်အတိုင်း တသွေမတိမ်းလျှောက်မယ့် အခု ဗိုလ်သိန်းစိန်အစိုးရရဲ့ဒီမိုကရေစီ သကာရည်ကျဲကျဲလောင်း စစ်အာဏာရှင်အပင်းထိုးကျွေးပြီး ဘောင်းဘီချွတ်-တောင်ရှည်ပြောင်းဝတ်တဲ့ လူထုအော်ကျောလန်ဒီမိုကရေစီလမ်းဟာ အစကတည်းက ရှေ့ကိုသွားနေတာမဟုတ်တဲ့အတွက် ခုလည်း နောက်ပြည်လှည့်သွားမှာကြောက်စရာမလိုပါ။ ဒါကြောင့် စစ်လွှတ်တော်နိုင်ငံရေးဇောင်းပေးနေသူများ စစ်လွှတ်တော်ပြင်ပ လူထူအကျိုးပြုနိုင်ငံရေးလမ်းစဉ်နဲ့အလုပ်တွေကိုလည်း အခုထက်ပိုမိုအလေးပေးဖို့မဖြစ်မနေ လိုအပ်နေပါပြီ။ နှာစေး၊ ချောင်းဆိုး၊ အသံဝင်၊ ကိုယ်ခံအားနည်း၊ ဒူးခေါင်းတွေယိမ်းယိုင်၊ နားအူပြီးဆွံ့အနားမကြား၊ မျက်စိတိမ်သလ္လာဖုံး (၉၆)ပါးရောဂါစုံတဲ့ ခေတ်သစ်နိုင်ငံရေးရောဂါဆိုးကပ်ကြီးသင့်မှု အမြန်ဆုံးကုစားဖို့ စတင်ကြိုးစားသင့်ပါပြီ။

မိအေး အခါခါနာရတဲ့အဖြစ်
ဂျာမန်အတွေးခေါ်ပညာရှင် ဟေဂယ် (၁၇၇၀-၁၈၃၁) က  “ကမ္ဘာ့ရာဇဝင်မှာ သမိုင်းဝင်အဖြစ်အပျက်ကြီးတွေနဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေဟာ နှစ်ကြိမ်နှစ်ခါ ပေါ်ပေါက်လေ့ရှိတယ်” လို့ပြောဖူးခဲ့တယ်။ ဒါကို သူ့နောက်မှာပေါ်ထွန်းခဲ့တဲ့ အခြား ဂျာမန်အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်သူ ကား(လ)မာ့က် (၁၈၁၈-၁၈၈၃) က “ပထမအကြိမ်ကတော့ ကြေကွဲစရာပေါ့.. ဒုတိယအကြိမ်အတွက်တော့ လက်သင့်မခံနိုင်၊ မဖြစ်သင့်တဲ့အဓိပ္ပာယ်မဲ့အခြေအနေပဲဖြစ်တယ်” လို့ ထပ်ဖြည့်ပြောခဲ့တယ်။
ဗမာ့နိုင်ငံရေးမှာ စစ်အာဏာရှင်လှည့်ကွက်၊ မျက်လှည့်ပြပွဲ၊ ဗမာ့သမိုင်းဝင်အဖြစ်အပျက်ဆိုးတွေအကြိမ်ကြိမ်ပေါ်ခဲ့ပြီးပါပြီ။ တခါအပြင် နှစ်ခါအတွက် အကြောင်းပြချက်ကောင်းတွေရှာတွေ့နိုင်သေးပေမယ့် အကြိမ်ကြိမ်အခါခါအဖြစ်ခံ၊ အလှည့်စားခံနေရတာကတော့ လှည့်စားသူအာဏာရှင်အပြစ်ရယ်လို့တောင် မဆိုနိုင်တော့ပါဘူး။

ဗိုလ်နေဝင်းက “ဆိုရှယ်လစ်” ဆိုင်းသံလေးတီးပေးတော့ ဗမာ့နိုင်ငံရေးသမားကြီးတွေ “ဂွေး”တက်အောင် ကခဲ့ကြတယ်။ ပြည်သူတွေလည်း နိုင်ငံရေးခေါင်းဆောင်ကြီးတွေကြည့်ပြီး ဟုတ်နိုးနိုးနဲ့ “ဆင်ဟဝါခွေးမျှော်”တဲ့ ဇာတ်လမ်းခင်းခဲ့ကြရတယ်။ ဗိုလ်ချုပ်ကြီးအစိုးရခင်းတဲ့ ဗမာ့ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကြီးကို “ခွေးကတက်”ကနေပဲလိုက်ရ.. လိုက်ရဆိုတဲ့ သူတောင်းစားနိုင်ငံရေးလမ်းစဉ် ခေတ်ထခဲ့ပြီး အတွေ့ကြုံရင့်၊ သိက္ခာရှိ၊ လွတ်လပ်ရေးသမိုင်းမှာ အရေးပါအရာရောက်ခဲ့တဲ့နိုင်ငံရေးသမားကြီးတချို့ နိုင်ငံရေးသေ၊ ခွေးလုံးလုံး ဖြစ်ခဲ့ကြရတယ်။
ခုလည်း ဗိုလ်သိန်းစိန်က “ဒီမိုကရေစီ” ဗျောသံပေးတော့ နိုင်ငံရေးခေါင်းဆောင်တွေ မနေနိုင်၊ မထိုင်နိုင် ဝင်ကနေကြတယ်။ မဟောသဓ သားတရားစီရင်ခန်းလို မိခင်ရင်းမလို့၊ ဘီလူးမနဲ့ယှဉ် ပြည်သူဆိုတဲ့ “သား”ကို အနာခံပြီးမလုချင်လို့ အခြေအနေအချိန်အခါအလျောက် အလိုက်သင့်ပြုမူဆောင်ရွက်နေရတာတချို့အတွက် နားလည်နိုင်ပေမယ့် “ဂွေး” တက်အောင်အထိတော့လိုက်မကကြဘို့ လူထုခေါင်းဆောင် ဆိုသူများနဲ့ပြည်သူလူထု အလုပ်အကျွေးပြု၊ ပြည်သူ့ဘက်တော်သား ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားအပေါင်းကို မေတ္တာရပ်ခံချင်တယ်။

အာဏာရှင်ဆိုတာ
ကမ္ဘာ့သမိုင်းမှာ ဘယ်အာဏာရှင်မျိုးမှ အာဏာကိုလွယ်လင့်တကူစွန့်လွှတ်တယ်ဆိုတာ မရှိခဲ့ဖူးဘူး။ မင်းစည်းစိမ်ဆိုတာ လောကီစည်းစိမ်ထဲမှာ အကြီးတကာ့အကြီးဆုံးစည်းစိမ်ဖြစ်တဲ့အတွက် တည်မြဲနိုင်ဖို့အစွမ်းကုန်ကြိုးစား ခဲ့ကြတာချည်းပဲဆိုတာကို ပဒေသရာဇ်နဲ့အာဏာရှင် သမိုင်းအဆက်ဆက်ကသက်သေပြုတယ်။ ဒီလိုအနေအထားမှာ အင်အားကြီးတဲ့စစ်တပ်လို အုပ်စုကြီးတခုလုံးရဲ့အကျိုးစီးပွားကို ကာကွယ်ပေးတဲ့စစ်အာဏာရှင်စနစ်ဟာ သူ့အလိုအလျောက် အမြစ်ပြတ်ပျောက်ကွယ်သွားဖို့အင်မတန်ခက်ခဲလှပါတယ်။ တိုင်းပြည်အကျိုးအတွက် စစ်အုပ်စုဟာ “သိက္ခာရှိရှိနောက် ဆုတ်ပေးနေပါပြီ (Graceful Retreat)” ဆိုတဲ့အယူအဆဟာ စိတ်ကူးယဉ်၊ ရူးသွပ်မှုသက်သက်ထက် မပိုပါ။ ခုအချိန်မှာ ဒီအချက်ကို အလေးအနက်ထားစဉ်းစားသင့်ပါပြီ။

အာဏာရှင်နဲ့တရားဝင်မှု
ခေတ်သစ်အာဏာရှင်တွေဟာ နိုင်ငံတကာအသိုင်းအဝန်းနဲ့ မဖြစ်မနေဆက်ဆံလာရတော့ တရားဝင်ရပ်တည်နိုင်မှု Legitimacy အတွက် မဖြစ်မနေပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြရလေ့ရှိပါတယ်။ Legitimacy လုံးလုံးမရှိဘဲ အာဏာရှင်အစိုးရတွေဟာ ရေရှည်ရပ်တည်ဖို့ခက်ခဲလှတယ်။ ဒီလိုအနေအထားမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို ဘီလူးဆိုင်းခင်း၊ ကြမ်းကြုပ်ရက်စက်၊ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့စစ်အစိုးရရဲ့ (အစကတည်းကလည်းမရှိခဲ့တဲ့) Legitimacy ဟာ သုညအမှတ်အောက်ကို ရောက်သွားခဲ့တယ်။ ဒီလိုနဲ့ စစ်အာဏာရှင်စနစ် ရေရှည်တည်မြဲနိုင်ဖို့နဲ့စစ်အုပ်စုလုံခြုံရေး၊ အကျိုးစီးပွားအတွက် အခုမြင်တွေ့နေရတဲ့ပြုပြင်ပြောင်းလဲမှုတွေလို့ဆိုကြတဲ့ ၂၀၀၈ စစ်ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ (အတု)၊ အရပ်သား (အမည်ခံတဲ့)အစိုးရသစ်ဆိုတာတွေပေါ်လာခဲ့တယ်။ ဒီလို အတုအယောင်အပြောင်းအလဲတွေနဲ့အသွင်ပြောင်းတဲ့ ဒီမိုကရေစီဖြစ်စဉ်တွေဟာ ကမ္ဘာမှာလည်းဖြစ်ပေါ်လေ့ရှိတယ်။ ဒီလိုနဲ့တရားဝင် (တယ်လို့ဆိုနိုင်တဲ့) အာဏာရှင်အစိုးရတွေ ပေါ်လာလေ့ရှိကြတယ်။

Liberalization နှင့် Democratization မတူ
နိုင်ငံရေးသဘော၊ သီအိုရီတွေမှာ မတရားတဲ့ဥပဒေတွေဖြေလျှော့ပေးတာ၊ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချတာ၊ ပြင်းထန်တဲ့ဖိနှိပ်မှုတွေ ဖြေလျော့သွားတာ စတဲ့ ပိုမိုလွတ်လပ်တဲ့အခြေအနေမျိုးဖန်တီးပေးတဲ့ Liberalization ဖြစ်စဉ်နဲ့ဒီမိုကရေစီစနစ်ပြောင်းလဲဖြစ်တည်မှု Democratization ဖြစ်စဉ်တွေဟာ သဘောထား၊ လက္ခဏာနဲ့ရည်မှန်းချက်တွေ လုံးလုံးမတူညီပါဘူး။ လက်ရှိဗမာ့နိုင်ငံရေးထင်ယောင်မှားမှု (Political Illusion) တခုက ဒီ ဖြစ်စဉ်နှစ်ခုကို ရောထွေးမြင်၊ လိုသလိုကောက်ချက်ချ အကောင်းမြင်လွန်နေခြင်းဖြစ်တယ်။ Liberalization ဟာ အာဏာရှင်အစိုးရတွေ အထက်မှာဆိုခဲ့တဲ့ ရေရှည်ရပ်တည်နိုင်မယ့်တရားဝင်အာဏာရှင်ဖြစ်ဖို့အတွက် ဖိနှိပ်မှုတွေလျှော့ချ၊ ပြုပြင်ပြောင်းလဲမှုတချို့လုပ်ခြင်းသက်သက်သာဖြစ်ပြီး အာဏာလုံးလုံးလွှတ်ကာ တိုင်းပြည်မှာ  ဒီမိုကရေစီ အဆောက်အအုံအခြေတည်စေပြီး ပြည်သူ့အာဏာဗဟိုပြု၊ ပြည်သူ့ဆန္ဒသဘောလုံးလုံးဖြစ်တဲ့ ဒီမိုကရေစီစနစ်ကိုသွားနေခြင်း မဟုတ်ပါ။

ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲနေမှုဆိုတာကို အခြေခံသဘောအားဖြင့် အာဏာရှင်အစိုးရ လုံးလုံး ပြုတ်ကျမှသာတွေ့နိုင်ပါမယ်။ “A Transition to Democracy = A Chang of Regime” ကသာ တကယ့် ပြည်သူလူထုအများစု အကျိုးရှိမယ့် ဒီမိုကရေစီအပြောင်းအလဲကို ဖြစ်ပေါ်စေတယ်။ ဒီလိုမဟုတ်ဘဲ အာဏာရှင်သက်ဆိုးရှည်ရေးသက်သက် ဟန်ပြ (Window Dressing) ပြုပြင်ပြောင်းလဲမှု၊ တနည်းအားဖြင့် “ငါ့အာဏာ၊ ငါ့အကျိုးစီးပွားကိုတော့ မထိနဲ့၊ အထိုက်အလျောက်လွတ်လပ်ခွင့်နဲ့အခွင့်အရေးကို လူရွေးပြီးတော့ပေးမယ်”ဆိုတဲ့ “ဒီမိုကရေစီကွက်ကြားမိုး” ရွာနေခြင်းဟာ တိုင်းပြည်နဲ့လူထုအများစုကို ပိုပြီးထိခိုက်နစ်နာစေပါတယ်။ ဒီလို အပေါ်ယံအပြောင်းအလဲမျိုးကို အာဏာရှင်တိုင်းပြည်တိုင်းမှာ သြဇာရှိ၊ ပညာတတ်၊ ချမ်းသာတဲ့ ရေပေါ်ဆီ လူ့မလိုင်အသိုင်းအဝန်း အလိ(elite)  တွေက အားတက်သရောထောက်ခံလေ့ရှိကြတယ်။ တိုင်းပြည်ရဲ့အများစု နင်းပြား ပြည်သူလူထုကတော့ ဒုံရင်း.. ဒုံရင်းဆိုတာထက်ပိုဆိုးတဲ့အခြေအနေမျိုးတွေကို ခံစားရတယ်။ ဒီအချက်ကို လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ပညာတတ်လူလတ်တန်းစားတွေ သိမြင်ခံစားပေးနိုင်ဖို့ အင်မတန် အရေးကြီးလှပါတယ်။

လူမှုတရားမျှတမှု (Social Justice) မရှိရင် ဒီမိုကရေစီမဟုတ်
ဒီမိုကရေစီစနစ်ရဲ့ အဓိကအကျဆုံးအချက်က တိုင်းပြည်မှာရှိတဲ့ လူထုလူတန်းစားအသီးသီးအတွက် တူညီတဲ့အခွင့်အရး၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေဖန်တီးပေးနိုင်ဖို့ဖြစ်တယ်။ တဦး၊ တယောက်၊ တစု၊ တဖွဲ့၊ လူတန်းစားတရပ်အတွက် အခွင့်အရေးတွေ ဖန်တီး၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေရင် Liberalization လို့ဆိုကောင်း၊ ဆိုနိုင်ပေမယ့် Democratisation တော့မဟုတ်ပါ။

ဆိုတော့ “လူတစု ကောင်းစားရေး” သာ ကြံစည်၊ လုပ်ဆောင်နေဆဲဖြစ်တဲ့ လက်ရှိဗမာ့နိုင်ငံရေးမှာ “လူအများ ကောင်းစားရေး” အတွက် Democratization စစ်စစ်ဖြစ်ဖို့တိုင်းပြည်ရဲ့အုပ်စုအသီးသီးက မဖြစ်မနေ တွန်းအား (Forces) တွေပေးဖို့လိုနေပါပြီ။

နိုင်ငံရေးသမား နိုင်ငံရေး အလုပ်လုပ်
ဒီလို ဖြစ်လာဖို့အတွက် နိုင်ငံရေးသမားဆိုသူတွေက နိုင်ငံရေးအလုပ်စစ်စစ်ကိုလုပ်ဖို့ လိုတယ်။ တိုင်းပြည်ရဲ့ ပင်မရောဂါ နိုင်ငံရေးပြဿနာကိုမဖြေရှင်းဘဲ အဆွယ်အပွားရောဂါနဲ့ သူရဲ့လက္ခဏာတွေကိုသာဖြေရှင်းဖို့ကြိုးစားနေရင် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့အဖြေမှန် ရှာတွေ့နိုင်မှာမဟုတ်ပါ။ တိုင်းပြည်မှာ ဆင်းရဲတာ၊ စာမတတ်တာ၊ ရောဂါဘယထူပြောတာ စတဲ့ လူမှု၊ ကျန်းမာ၊ စီးပွား ပြဿနာအားလုံးဟာ နိုင်ငံရေးဆိုတဲ့ရေသောက်မြစ် ပဿနာကြီး အမြစ်ပြတ်မဖြေရှင်းနိုင်သရွေ့ ဘယ်တော့မှ ပြေပျောက်မှာမဟုတ်ပါ။

ငြိမ်းချမ်းရေးနိုဘယ်ဆုရ စီးပွားရေးပညာရှင် မိုဟာမက်ယူနွတ်စ်ရဲ့ လူမှုစီးပွားရေးလုပ်ငန်း (Social Business) သီအိုရီမှာ “charity dollar has one life; a social business dollar has endless lives!” ဆိုတဲ့ “လူမှုစီးပွားရေးလုပ်ငန်းမှာသုံးတဲ့ ပိုက်ဆံဟာ တခါသုံးမဟုတ်၊ ရာသက်ပန်အကျိုးရှိခံစားရစေတယ်” ဆိုတဲ့သဘောတခု ရှိတယ်။ ဆိုလိုချင်တာက ဆင်းရဲသား တယောက်ကို ပိုက်ဆံတကျပ်ပေးလိုက်ရင် သူတကျပ်ပဲ ရမယ်..၊ အဲ့ပိုက်ဆံတကျပ်ကို လူမှုစီးပွားရေးလုပ်ငန်းမှာအသုံးပြုပြီး ဆင်းရဲသားကို အကျိုးခံစားခွင့်ပေးရင် သူ့အနေနဲ့ ရေရှည်အကျိုးခံစားခွင့်ရသွားစေတဲ့သဘော ဖြစ်တယ်။ ဒီလိုနဲ့  ဘင်္ဂလားဒေ့ရှ်က တောင်းရမ်းစားသောက်နေရတဲ့လူတန်းစားတွေ ကိုယ်ပိုင်အလုပ်အကိုင်နဲ့အမှီအခိုကင်းကင်း ရပ်တည်လာနိုင်ကြတယ်။

“နိုင်ငံရေးလုပ်တယ်” ဆိုတာလည်း ဒီသဘောပဲဖြစ်တယ်။ တိုင်းပြည်ရဲ့ပြဿနာတိုင်းအတွက်၊ တိုင်းပြည်မှာရှိတဲ့ အတိဒုက္ခရောက်နေတဲ့လူအများစုအတွက် တခါသုံးအကူအညီတွေပေး၊ ဖြေရှင်းမှုတွေလုပ်မယ့်အစား လူအများစု ရေရှည် အမြဲတမ်းအကျိုးစီးပွားဖြစ်၊ အမှီအခိုကင်းရပ်တည်နိုင်ဖို့အတွက် တိုင်းပြည်မှာ စနစ်ကောင်း၊ အုပ်ချုပ်မှုကောင်း၊ ဥပဒေကောင်းတွေပေါ်ဖို့ စနစ်အဖွဲ့အစည်းဆိုးကြီးကို တော်လှန်ပြောင်းလဲနိုင်ဖို့“နိုင်ငံရေးဆိုတာ” လုပ်ရခြင်းဖြစ်တယ်။ ဒီသဘောမှာ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အဓိက၏အလုပ်ဟာ အရေးပေါ်ရင်ကူညီပေးရတာမျိုးဖြစ်တဲ့ လူမှုရေးလုပ်ငန်းမဟုတ်ဘဲ စနစ်ကို တော်လှန် (သို့) ထိန်းကျောင်းပြုပြင်ရတဲ့ နိုင်ငံရေးအလုပ်ဖြစ်တယ်။

ဆိုတော့ကာ နိုင်ငံရေးသမားနဲ့ အဖွဲ့ အစည်းတွေ လူမှု၊ စီးပွား၊ကျန်မားရေး တခဏတာဖြေရှင်းပေးတဲ့ ဆေးမြီးတို လုပ်ဆောင်ချက်တွေနဲ့ချည်းပဲ ရောင့်ရဲတင်းတိမ်မနေဘဲ တိုင်းပြည်ရဲ့ပင်မရေသောက်မြစ်ရောဂါ ဒီမိုကရေစီခေါင်းပါးမှု၊ တနည်းအားဖြင့် စစ်အာဏာရှင်စနစ် ဆက်လက်သက်ဆိုးရှည်နေမှုကို အားစိုက်ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးလမ်းစဉ်၊ မူဝါဒ ရှာကြံချမှတ်ပြီး နိုင်ငံရေးအလုပ်တွေ အခုထက်ပိုမိုလုပ်ဖို့အားသွန်ခွန်စိုက်လုပ်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။ ခု နိုင်ငံရေးအင်အားစုအများစုလျှောက်လမ်းနေတဲ့ စစ်လွှတ်တော်နိုင်ငံရေးတခုတည်းနဲ့တော့ သိပ်အလုပ်မဖြစ်ဘူးဆိုတာ တိုင်းပြည်ရဲ့မဖြေရှင်းနိုင်သေးတဲ့၊ ဖြေရှင်းနိုင်ဖို့လမ်းစရှာမရဖြစ်နေသေးတဲ့ တိုင်းရင်းသားပြဿနာ၊ အလုပ်သမား၊ လယ်သမား၊ အခြေခံလူတန်းစားတွေရဲ့ပြဿနာတွေက သက်သေပြုနေပါတယ်။

ခေါင်းဆောင် ဆိုတာ ခေါင်းဆောင် ရမယ်
Democratization စစ်စစ်ဖြစ်ဖို့အတွက် လူထုခေါင်းဆောင်ဆိုသူများ၊ လူထုကိုယ်စားပြုအဖွဲ့အစည်းခေါင်းဆောင်များက လူထုရှေ့က မားမားရပ်၊ အပြောနဲ့မဟုတ် လက်တွေ့ဦးဆောင်ပြဖို့လည်း လိုပါတယ်။ အပြောင်းအလဲတချို့ကြောင့် ယုံထင်၊ကြောင်ထင်ဖြစ် အတွေးအခေါ်ဝေဝါးနေတဲ့ပြည်သူလူထုကို မျက်စိဖွင့်၊ တာဝန်ယူ၊ တာဝန်ခံ၊ အမှန်ကို ချပြ၊ ရှေ့ကခေါ်ဆောင်လမ်းပြပြီး ယခုထက်ပို ဦးဆောင်ဖို့လိုပါတယ်။ ပြည်သူတွေ အာဏာရှင်ကနှိပ်စက်လို့ အတိဒုက္ခရောက်မှ ဝင်ရောက်ဖြေရှင်းစေ့စပ်ရတဲ့အလုပ်ဟာ လူထုခေါင်းဆောင်ဆိုသူများနဲ့ လူထုကိုယ်စားပြုအဖွဲ့အစည်းတွေရဲ့အလုပ် မဟုတ်ပါ။ ပြည်သူတွေနဲ့အတူရပ်တည်ပြီး ပြည်သူ့ပြဿနာတွေကို ရှေ့က ထုတ်ဖော်ဟစ်ကြွေး၊ မတရားမှုမှန်သမျှကို တာဝန်ယူမှုရှိရှိ ဦးဆောင်ဆန့်ကျင်ပြမှသာ လူထုခေါင်းဆောင်း၊ လူထုကိုယ်စားပြုအဖွဲ့အစည်း ဖြစ်နိုင်ပါမယ်။

လူထုက လူထု အလုပ် လုပ်
ကမ္ဘာ့သမိုင်းရဲ့ Democratisation ဖြစ်စဉ်တိုင်းမှာ လူထုအလုပ်မပါဘဲ၊ လူထုလှုပ်ရှားမှုမဖြစ်ဘဲ အောင်မြင်ပြီးမြောက် ဆုံးခန်းတိုင်ရောက်သွားတယ်ဆိုတာမရှိပါ။ လူထုဟာ မိမိတို့ဘဝလွတ်မြောက်ရေးအတွက် မိမိတို့ဘာသာပဲ ကြိုးစားလုပ်ကိုင်သွားရတာပါ။ ဗမာ့လူထုအနေနဲ့လည်း ဒီလို လူထုလူပ်ရှားမှုတာဝန်တွေကို စစ်အာဏာရှင်ခေတ် အဆက်ဆက်ဘယ်တုန်းကမှ မပျက်ကွက်ခဲ့ဖူးပါဘူး။ လက်ရှိအခြေအနေမှာလည်း လူထုအတန်းစားအသီးသီးရဲ့ အာဏာရှင်ရဲ့မတရားဖိနှိပ်မှုတွေကို ပြန်လည်တွန်းလှန်တုန့်ပြန်အံတုတဲ့ ဆန္ဒပြပွဲတွေ၊ သပိတ်တွေ၊ လှုပ်ရှားမှုတွေ နိုင်ငံ အနှံ့အပြားမှာ ဖြစ်ပေါ်လျက်ပါပဲ။ ဆိုတော့ အမြဲတမ်းတာဝန်ကျေတဲ့လူထုကတော့ ဇွဲမလျှော့၊ စိတ်မပျက်ဘဲ၊ “ကိုယ့်ဘာသာ ကိုယ်ထူမှသာ ငါတို့ထနိုင်မှာပဲ” ဆိုတဲ့စိတ်ဓာတ်နဲ့ လူထုလုပ်ရမယ့်အလုပ်တွေကို ဆက်လုပ်ဖို့ပါပဲ။

စာနယ်ဇင်း မီဒီယာ ရဲ့ အလုပ်
ဗွီ. အိုင်. လီနင် (၁၈၇၀-၁၉၂၄) က “မော်စကိုအုံကြွမှု၏သင်ခန်းစာများ” စာအုပ်မှာ “တော်လှန်ရေးအောင်မြင်ဖို့ အတွက် ခေတ်နည်းပညာကိုအသုံးချပြီး အလုပ်သမားတပ်ဖွဲ့တွေကို ခေတ်မီလက်နက်၊ ဗုံး၊ သေနတ်တွေ တပ်ဆင်ပေးရမယ်” လို့ဆိုခဲ့တယ်။ အခု (၂၁) ရာစု ခေတ်သစ်အာဏာရှင်ဖိနှိပ်မှု တော်လှန်ရေးတွေမှာလည်း ခေတ်နည်းပညာ၊ ဆက်သွယ်ရေး တိုးတက်ပြောင်းလဲမှုတွေကိုအသုံးချပြီး အလုပ်သမား၊ လယ်သမား၊ အဖိနှိပ်ခံပြည်သူလူထုရဲ့လွတ်မြောက်ရေးတိုက်ပွဲတွေကို အားဖြည့်ပေးရပါမယ်။ ဒီနေရာမှာ စာနယ်ဇင်း မီဒီယာရဲ့ကဏ္ဍ က အင်မတန်အရေးကြီးပါတယ်။ ခေတ်မီလက်နက်အပြည့်အစုံနဲ့ အာဏာရှင်ဒေါက်တိုင် အင်အားကြီးစစ်တပ်နဲ့လုံခြုံရေးအဖွဲ့အစည်းတွေကို လက်နက်နဲ့ပြန်လည်တိုက်လို့ကတော့ ဘယ်လိုမှ အရာမရောက်နိုင်ပါ။ ဒါကြောင့် လူထုကြား လှုပ်ရှားမှုတွေပန့် ပွားအောင်၊ အာဏာရှင်ရဲ့လုပ်ရပ်ဆိုးတွေ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိအောင် ခေတ်မီဆက်သွယ်ရေးနည်းပညာရပ်တွေကိုအသုံးချပြီး လှုံ့ဆော်၊ ဖြန့်ဝေတင်ပြတဲ့ မီဒီယာဆိုတဲ့လက်နက်နဲ့တိုက်မှသာ အာဏာရှင်တွေ၊ သူတို့ရဲ့လက်ပါးစေ “ဘယ်သူသေသေ ငတေမာ” ရင်ပြီးရော လူတန်းစား စီးပွားသောင်းကျမ်း၊ ရမ်းကားတဲ့လက်တဆုပ်စာခရိုနီတွေ အထိနာမှာဖြစ်တယ်။ လူထုသပိတ်တိုက်ပွဲ သတင်းတွေတင်မကဘဲ အာဏာရှင်တွေနဲ့ အပေါင်းအပါတွေရဲ့အကျင့်ပျက်၊ ခြစား၊ ကိုယ်ကျိုးရှာ ထင်ရာဆိုင်းနေတဲ့အကြောင်းအရာ၊ အဖြစ်အပျက်တွေကို စုံစမ်း၊တူးဖော်၊ရှာဖွေ၊တင်ပြတဲ့ “investigative journalism” စာနယ်ဇင်းအလုပ်တွေလည်း အများအပြား လုပ်နိုင်လာဖို့လိုပါတယ်။

ဦးပိုင်လူ မဖြစ်စေနဲ့ 
အထက်မှာတင်ပြခဲ့တဲ့ တိုင်းပြည်လူထု၊ လူတန်းစားအသီးသီးဖြစ်တဲ့ လူထုခေါင်းဆောင်၊ လူထု အဖွဲ့အစည်း၊ နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေးအဖွဲ့အစည်း၊ သာမန်ပြည်သူနဲ့ သတင်းမီဒီယာတွေ ကိုယ့်တာဝန်၊ ကိုယ်ကျေ၊ တက်ညီလက်ညီ ဝိုင်းဝန်းဖိအားပေး (Force) လုပ်နိုင်မှသာ တိုင်းပြည်မှာဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်အမြစ်တွယ်ခဲ့တဲ့ တိုင်းပြည်ရဲ့အဓိကပြဿနာ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းပြီး ဒီမိုကရေစီအသီးအပွင့်တွေ လူအများစုအားလုံးတန်းတူ ခံစားနိုင်မှာဖြစ်တယ်။ လူမှုတရားမျှတမှုအခြေပြု တင်းပြည့်ကျပ်ပြည့်ဒီမိုကရေစီစစ်စစ် တိုင်းပြည်မှာရှင်သန်စေဖို့အတွက် အထက်မှာဆိုခဲ့တဲ့ တိုင်းပြည်ရဲ့အစုအဖွဲ့အသီးသီးမှာ အာဏာရှင်လက်ဝေခံ၊ အာဏာရှင်စစ်အုပ်စုအကျိုးပြု “ဦးပိုင်လူများ” မမြင်ချင်ပါ။ “ဦးပိုင်လူများ” အမြန်ဆုံးကျဆုံးပါစေ။
လက်ပန်းတောင်းတောင် လူထုကို ဦးညွတ်၊ အလေးပြုလျက်
ငြိမ်းချမ်းအေး
၂၉ ၊ နိုဝင်ဘာ ၊ ၂၀၁၂
(လစဉ်ထုတ် ခေတ်မောင်း အွန်လိုင်း စာစောင် ၊ အတွဲ (၁) ၊ အမှတ် (၇) မှ)
(ဘလော့များ၊ ဖိုရမ်များတွင် ပြန်လည် ဖော်ပြလိုပါက "ခေတ်မောင်း စာစောင် ၊ အတွဲ (၁) ၊ အမှတ် (၇) မှ"
(ယူတာက) http://www.facebook.com/nyeinchanaye81

ဒီလိုနည်းနဲ့ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်လို့ ရမတဲ့လား(ရဲဘော်ဖိုးသံချောင်း)

0 comments
ဗမာပြည်ရဲ့ရာစုနှစ်တ၀က်ကျော်ကြာပြည်တွင်းစစ်ကြီး စတင်ဖြစ်ပေါ် ခဲ့တာမှာ ဗမာပြည်စစ်အုပ်စုအဆက်ဆက်ရဲ့ရှေးဦးလမ်းဖောက်သူလို့ ပြောရမယ့် စစ်တပ်အတွင်းက ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးစသူတွေရဲ့ဆိုရှယ်လစ်အုပ်စုဟာ အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့ပါတယ်။ နောက်ပြီး ဖဆပလ-ပထစအစိုးရတွေရဲ့လက်ထက် တလျှောက်လုံးမှာလည်း သူတို့ဟာ ပြည်တွင်းစစ်ရပ်စဲရေးကို အပြင်း အထန်ဆန့်ကျင်ပြီး အပြုတ်တိုက်ရေးကြွေးကြော်သံကို စွဲစွဲမြဲမြဲဆုပ်ကိုင်ခဲ့ကြပါတယ်။ ဗမာပြည်မှာပထမဆုံးငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာက ၁၉၆၂မှာ အာဏာသိမ်းခဲ့တဲ့ဗိုလ်နေ၀င်းက ၁၉၆၃ ခုနှစ်မှာ ခေါ် ဆိုခဲ့တဲ့ဆွေးနွေးပွဲဖြစ်ပါတယ်၊ အဲဒီတုန်းက တော်လှန်ရေးကောင်စီအစိုးရက ဒီဆွေးနွေးပွဲကိုခေါ်ရတာရဲ့နောက်ခံက (၁) ၁၉၆၂ခုနှစ် အာဏာသိမ်းပွဲဟာ ပြည်သူလူထုက တဘက်စောင်းနင်း ၀ှဲချီးမဲပေးခဲ့တဲ့ ဦးနုရဲ့ပထစအစိုးရလက်ထဲကအာဏာသိမ်းတာမို့ တပြည်လုံးကမခံမရပ်နိုင်ဖြစ်နေချိန်ဖြစ်တယ်။ (၂) ၇ရက်ဇူလိုင်ကျောင်းသားသတ်ပွဲလို၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦကြီးဖြိုချတာလို လူထုဆန့်ကျင်ရေးလုပ်ငန်းတွေကြောင့် စစ်အစိုးရဟာ ပြည်တွင်းပြည်ပမှာ အကြီးအကျယ်နာမည်ပျက်ပြီးအထီးကျန်ဖြစ်နေရတယ်။ (၃) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့ အသစ်အဆန်းတခုကိုလည်းပွဲထုတ်တော့မှာမို့ အားလုံးကအထင်ကြီးမယ့်၊ အာရုံဆွဲဆောင်နိုင်တဲ့ စတန့်လုပ်ရပ်တခုလုပ်ပြဖို့လိုနေပါတယ်။ ဒါကြောင့် ၁၉၆၃ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာကို ခေါ်ဆိုလိုက်တာပါ။ အဲဒီဆွေးနွေးပွဲတွေပြီးသွားတဲ့အခါကျတော့ စစ်အစိုးရအနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုကခေါင်းဆောင်၂ ဦးကို ရာထူးပေး၊ အခွင့်အရေးပေးပြီးဝယ်ယူလိုက်နိုင်တာပဲ အဖတ်တင်ကျန်ရစ်ပါတယ်။ ကျန်လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်တော့ ကြီးမားတဲ့ထိုးစစ်ကြီးတွေ ဆက်တိုက်ဆင်နွှဲခဲ့ပါတယ်။
ဒုတိယတကြိမ်က ၁၉၈၀-၈၁ တုန်းက ဗကပ၊ ကေအိုင်အိုတို့နဲ့ တိုးတိုးတိတ်တိတ်ခေါ်ဆိုကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာတွေပါ။ အဲဒါကလည်း ဗိုလ်နေ၀င်းတို့ကဆန္ဒရှိလို့ လက်ဦးမှုယူခေါ်ခဲ့တာမဟုတ်ပါဘူး။ တရုတ်က သူ့တိုင်းပြည်စီးပွားရေးတွန်းတင်ဖို့အတွက် ဗမာပြည်နဲ့နယ်စပ်တလျှောက်မှာ စစ်တိုက်တာတွေရပ်စဲစေချင်လို့တိုက်တွန်းတာနဲ့ တရုတ်ခေါင်းဆောင်တွေကျေနပ်အောင် ဗိုလ်နေ၀င်းက ဟန်ဆောင်ဆွေးနွေးပွဲခေါ်ခဲ့တာပါ။ ဗကပနဲ့ ကေအိုင်အိုတို့ကတော့ သူတို့အနေနဲ့ ငြိမ်းချမ်းရေးကိုတကယ်လိုလားကြောင်းဖော်ပြချင်တာနဲ့ သွားဆွေးနွေးကြပါတယ်။ ဒါပေမဲ့ မဆလအစိုးရဟာ ဗကပနဲ့ဆွေးနွေးပွဲကို တမနက်ပဲဆွေးနွေးပြီး ဘာအကြောင်းပြချက်မှမယ်မယ်ရရမပြဘဲ ဖျက်ပစ်ခဲ့ပါတယ်။ ကေအိုင်အိုနဲ့ဆွေးနွေးတာကိုတော့ ရုပ်ပြကောင်းအောင်အချိန်ဆွဲထားပြီး နောက်ဆုံးကျတော့လည်း ဘာအသီးအပွင့်မှ မတွေ့ကြရဘဲ စစ်ပြန်ဖြစ်ခဲ့တာဒီနေ့အထိပါပဲ။
တတိယအကြိမ်ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးလို့ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲလုပ်တော့မယ့် အချိန်တ၀ိုက်မှာ ပါ။ အားလုံးသိကြတဲ့အတိုင်းပါပဲ အဲဒီအချိန်လောက် စစ်အစိုးရအထီးကျန်ဖြစ်တာ ဘယ်တုန်းကမှမရှိပါဘူး။ သူတို့မှာ အင်အားကြီးလှတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်သူလူထုကြီးကို ရင်ဆိုင်နေရပါတယ်။ သူတို့အနေနဲ့ စစ်မျက်နှာတွေအများကြီးမဖွင့်နိုင်ပါဘူး။ အဲဒီတုန်းက သူတို့ရဲ့စစ်အင်အားဟာ အဓိကအားဖြင့် ဆန္ဒပြလူထုကိုဖြိုခွဲဖို့ အရံတပ်အဖြစ်ထားရှိရပါတယ်။ ဒီလိုအခါမှာ န၀တအစိုးရဟာ “အပစ်ရပ်”လှုပ်ရှားမှုကို အကောင်အထည်ဖော်ခဲ့ရပါတယ်။ နောက်ပြီး အဲဒီတုန်းက တိုင်းရင်းသားတပ်တွေကလမ်းခွဲလိုက်တဲ့ ဗကပကို ခြေကုပ်အသစ်မရအောင်လုပ်ဖို့ကလည်း အထူးလိုအပ်နေပါတယ်။ ဒီလိုနဲ့ အနှစ်နှစ်ဆယ်နီးပါးကြာတဲ့ စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမဟုတ်ဆိုတဲ့အနေအထားတခုကို တိုင်းပြည်ရဲ့သယံဇာတတွေအဆုံးအရှုံးခံပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ဗိုလ်ခင်ညွန့်ကို အကူအညီအထောက်အကူတွေအများကြီးပေးခဲ့တဲ့ ဘိန်းဘုရင်လော်စစ်ဟန်နဲ့သူ့သားကို စစ်အုပ်စုက သူတို့ပိုင် မူးယစ်ဆေးဝါးကရတဲ့ငွေစက္ကူတွေခ၀ါချဖို့အတွက် တခြားလုပ်ငန်းအမျိုးမျိုး လုပ်ကိုင်ခွင့်ပေးတာအပြင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် စားပေါက်တွေ ဖန်တီးဆုချခဲ့ပါတယ်။ အခု အငြိမ်းစားဗိုလ်ချုပ်ကြီးဦးသိန်းစိန်ရဲ့လက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်ခေတ်ထလာပါတယ်။ ဒီတခါဟာလည်း သူတို့ရဲ့“အပြောင်းအလဲ” ဇာတ်လမ်းသစ်အတွက် ရုပ်ပြကောင်းဖို့လိုအပ်နေချိန်ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်အပါ အနောက်နိုင်ငံတွေရဲ့အသိအမှတ်ပြုဆက်ဆံမှုကို အရမ်းလိုချင်နေချိန် ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို အနှစ် ၆၀ ကျော်တိုက်လာတဲ့စစ်တပ်အနေနဲ့ ဒီစစ်ကိုနိုင်အောင်တိုက်လို့မရဘူးလို့ သဘောပေါက်လာတာကလည်း တကြောင်းဖြစ်နိုင်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ရဲ့“ငြိမ်းချမ်းရေး” ခေါ်ဆိုတယ်ဆိုတာတွေ ကိုပြန်ကြည့်လိုက်ရင် စစ်အစိုးရတွေဟာ သူတို့ရဲ့နိုင်ငံရေးအကြပ်အတည်းကိုကျော်လွှားဖို့၊ ဒါမှမဟုတ် ပြည်ပအင်အားကြီးတွေကိုမျက်နှာချိုသွေးဖို့၊ မီဒီယာအမြတ်ထုတ်ဖို့ ”ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဇာတ်ခင်းလေ့ရှိတယ်ဆိုတာကို တွေ့ရမှာပါ။ တနည်းပြောရရင် ဒီကွေ့မျိုးကို ဒီတက်နဲ့မှ ကျော်လို့ရတယ်ဆိုတာ စစ်ဗိုလ်ချုပ်တွေကောင်းကောင်းသိနေပါပြီ။ ဗိုလ်နေ၀င်းလက်ထက်ကစလို့ ပြည်တွင်းစစ်ကို တမင်မွေးထားတဲ့စစ်အုပ်စုဟာ နောင်မှာလည်း ဒီလို “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဇာတ်လမ်းတွေလိုအပ်ရင်လိုအပ်သလို ခင်းနေဦးမယ်ဆိုတာ သေချာပါတယ်။


ဒီနေ့ကာလမှာ ပြည်တွင်းစစ်ကိုဖြစ်ပေါ်စေတဲ့၊ ပြည်တွင်းငြိမ်းချမ်းရေးကိုပျက်ပြားစေတဲ့အရာတွေဟာ ကြံ့ဖွတ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မတရားသင်းဥပဒေ၊ ပုဒ်မ (၅) တို့လို ဥပဒေတွေထဲမှာ တည်ရှိနေပါတယ်။ အဲဒီ ဥပဒေတွေကိုမဖျက်သိမ်းဘဲ ငြိမ်းချမ်းရေးတည်ဆောက်တယ်ဆိုတာဟာ ရေပေါ်မှာသဲပုံစေတီတည်သလိုသာ ဖြစ်ပါလိမ့်မယ်။
ကြံ့ဖွတ်အစိုးရဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုခေါ်ဆိုရာမှာ တကယ်တမ်းသာ ရိုးသားတယ်ဆိုရင် တဘက်အင်အားစုတွေကိုဖြိုခွဲဖို့၊ ဥစ္စာဓနအခွင့်အရေးနဲ့ဆွဲဆောင်တာ မဖြစ်ဖို့လိုပါတယ်။ စစ်အစိုးရတွေနဲ့ “ဆွေးနွေး”လို့ အဖွဲ့အစည်းတွေအတွင်း ကွဲတယ်ပြဲတယ်ဆိုတာဟာ ၁၉၆၃-၆၄ခုနှစ်တွေကတည်းက တွေ့ခဲ့ရပြီးပါပြီ။ အခုအခါမှာလည်း တဖွဲ့ချင်း၊ တစုချင်း၊ တဦးချင်း ပဲ့ထွက်၊ ကွဲထွက်တာတွေ မမြင်ချင့်အဆုံး တွေ့နေရပါတယ်။
ဗိုလ်နေ၀င်းရဲ့ ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲတုန်းက ဗိုလ်နေ၀င်းဟာ “လက်နက်ကိုင်တိုက်ခိုက်နေကြသော တောတွင်းအဖွဲ့အစည်းအားလုံးသို့”လို့ လိပ်မူပြီး တိုင်းပြည်တနံတလျားကို ဆွေးနွေးပွဲဖိတ်ခေါ်ကြောင်း အတိအလင်းကြေညာခဲ့ပါတယ်။ ဒါနဲ့ပြောင်းပြန် ကြံ့ဖွတ်အစိုးရကတော့ “ကြားခံ” လူတွေကတဆင့် ခိုးကြောင်ခိုးဝှက်လုပ်၊ အခြေအနေတခုရောက်ရင် လူသိရှင်ကြားကြေညာ ဆိုတာမျိုးတွေလုပ်နေပါတယ်။
အဲဒီအခါတုန်းက နှစ်ဘက်သဘောတူညီချက်တွေမရှိပေမဲ့ နှစ်ဘက်ဟာစစ်ရပ်ထားသလို ပြုမူကြပါတယ်။ ဒီနေ့ ကြံ့ဖွတ်အစိုးရကတော့ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ထဲမှာ ထိုးစစ်အကြီးအသေးတွေကို ရပ်ထားခြင်းမရှိတဲ့အပြင် ဒီလို စစ်တိုက်ပြီးဆွေးနွေးပွဲတွေမှာ ဖိအားပေးတာတွေတောင်လုပ်နေပါတယ်။
၁၉၆၃ ခုနှစ်တုန်းက ရန်ကုန်မှာ (၇) ခရိုင်ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီး၊ မန္တလေးမှာ (၅) ခရိုင် ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီးတွေကို လူတွေသိန်းချီတက်တာရှိခဲ့ပါတယ်။ ဒါတွေကို ဗိုလ်နေ၀င်းက “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” တွေ မဖျက်သိမ်းမချင်း ခွင့်ပြုထားပါတယ်။ (ဆွေးနွေးပွဲတွေပြီတော့မှ အားလုံးကို ၀ါးလုံးသိမ်းလိုက်ဖမ်းပါတယ်) ဒါနဲ့မတူ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဦးသိန်းစိန်ကတော့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” တွေလုပ်နေတယ်ဆိုတဲ့ကာလအတွင်းမှာပဲ ညမှာအိပ်နေတဲ့ သံဃာတော်တွေ (သူတို့ထက်ငြိမ်းချမ်းစွာဆန္ဒပြတာမရှိ) ကို မီးလောင်တိုက်သွင်းတာ၊ အနယ်နယ်အရပ်ရပ်က သပိတ်သမားတွေကို ဖမ်းဆီးနှိပ်စက်တာတွေလုပ်နေပါတယ်။
ဗိုလ်နေ၀င်းကစလို့ ဗိုလ်သိန်းစိန်အထိ စစ်အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုတာတွေမှာ ထူးထူးခြားခြား တူညီချက်နှစ်ချက်ကတော့ ဒီဆွေးနွေးပွဲတွေထဲမှာ ထောက်လှမ်းရေးကအဓိကပါဝင်နေတာနဲ့ အစိုးရဟာ လူထုကိုလှုံ့ဆော်ကျင်းပတာမျိုးမလုပ်တာပါပဲ။ တကယ်တော့ ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်အလိုလားဆုံးသူဟာ ပြည်သူလူထုတွေပါ။ တကယ်တမ်း ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် သူတို့တတွေအင်မတန်ဝမ်းမြောက်ဝမ်းသာဖြစ်ရုံမက တက်တက်ကြွကြွ ပါဝင်ကြမှာပါ။ ဒါပေမဲ့ စစ်အစိုးရတွေကတော့ အဲဒါနဲ့ပြောင်းပြန် လူထုကိုခြောက်လှန့်တာတွေတောင် လုပ်ထားကြပါတယ်။
၁၉၆၃ ခုနှစ် “ငြိမ်းချမ်းရေးဆွေးနွေးပွဲ”ဆိုတာနဲ့ အမ်အိုင်တင်ဦး၊ ၁၉၉၀ ခုနှစ် တ၀ိုက်က “အပစ်ရပ်ဆွေးနွေးပွဲ”တွေနဲ့ ဗိုလ်ခင်ညွန့်၊ ဒီနေ့လုပ်နေတဲ့”ငြိမ်းချမ်းရေးဆွေးနွေးပွဲ”တွေနဲ့ဗိုလ်အောင်မင်း (ဗိုလ်အောင်မင်းဟာ တပိုင်းက ထောက်လှမ်းရေးအလုပ်ကို လုပ်နေတယ်ဆိုတာလူတိုင်းသိကြပါတယ်)၊ ခွဲမရနိုင်တဲ့ လက်သည်တွေလို့ပြောနိုင်ပါတယ်။ ဒါဟာ စစ်အစိုးရဘက်က ရိုးသားမှုမရှိတာကိုဖော်ပြနေတာလို့ပြောရင်မမှားပါဘူး။

ဗိုလ်ချုပ်ကြီးဟောင်း သန်းစိန်တို့အနေနဲ့ တကယ်တမ်းငြိမ်းချမ်းရေးဖော်ဆောင်ချင်တယ်ဆိုရင်
(၁) တနိုင်ငံလုံးကို ကြေညာပြီးအဖွဲ့အစည်းအားလုံးနဲ့တတန်းတည်းဆက်ဆံလုပ်ကိုင်ပါ။
(၂) ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ပြည်သူလူထုကို လွတ်လွတ်လပ်လပ် တက်တက်ကြွကြွ ပါဝင်ခွင့်ပြုပါ။
(၃) ပြည်တွင်းငြိမ်းချမ်းရေးကို အတားအဆီဖြစ်နေတဲ့၊ ပြည်တွင်းစစ်ဆက်လက်တည်ရှိရေးအတွက် အကျိုးပြုနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပါ မတရားတဲ့၊ နိုင်ငံရေးလက္ခဏာဆောင်တဲ့အမိန့်ဥပဒေတွေကို ဖျက်သိမ်းပစ်ပါ။
(၄) ကိုယ့်နိုင်ငံရေး၊ ဒါမှမဟုတ် စီးပွားရေး၊ ဒါမှမဟုတ် သံတမာန်ရေးအကြပ်အတည်းတွေကိုကျော်လွှားနိုင်ရုံ တနပ်စားဖြေရှင်းနည်းတွေနဲ့ မဖြေရှင်းပါနဲ့။

ရဲဘော်ဖိုးသံချောင်း
(ယူတာက ဒီနေရာကဖြစ်ပါတယ်) http://www.naytthit.net/?p=31965

ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအခြေခံများမှ ဝေဘန်သုံးသပ်ခြင်း။ အပိုင်း (၁) (အောင်ထူး-ရှေ့နေ)

0 comments
စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပုဂ္ဂိုလ်အရ မဆက်ဆံခဲ့ဘူးသော်လည်း ယုံကြည်ချက်အတွက်သူမ၏စွန့်လွှတ် အနစ်နာခံခဲ့မှုများအား လေးစားအသိအမှတ်ပြု သူဖြစ်သည်။ ကမ္ဘာသိခေါင်းဆောင်တဦးပေါ်လာပြီဟူ၍ သူမအတွက် ဂုဏ်ယူသူများ အနက်တွင်လည်းတဦးအဖြစ်ပါဝင်သည်။ မိမိအနေဖြင့် မီဒီယာများတွင် အကြောင်းအမျိုး မျိုးဖြင့် အကြိမ်ပေါင်းများစွာပြောဆို၊ ရေးသားခဲ့ဘူးသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျှဉ်း၍ တကြိမ်မျှမဝေဘန်ခဲ့ဘူးပါ။ ဘီဘီစီသို့ ယခု ဒီဇင်္ဘာ၂၄ ရက်နေ့နံက်တွင် ပေး ခဲ့သောအင်တာဗျူးတွင်မူ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်သည်ဟူသောပြောဆို ချက်နှင့်စပ်လျှဉ်း၍ အနည်းငယ်စတင် ထောက်ပြခဲ့သည်။ အင်တာဗျူးကို ဤတွင်နားဆင်ပါ။ https://docs.google.com/open?id=0BzC8VZhwp11AVG5tZDY1MWdjb2s
(အင်တာဗျူးသည်လည်းကောင်း၊ ဤဆောင်းပါးသည်လည်းကောင်း မိမိတဦးတည်း၏ အမြင်သာဖြစ်သည်။ မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုပါ။) ယခုမူ သူမကိုယ်တိုင်သာမက လူထုပါစဉ်းစားနိုင်အောင် တစုံတရာထုတ်ဖေါ်ဝေဘန်သင့်သောအချိန်ရောက်ပြီဟုယူဆသဖြင့် ဤ ဆောင်းပါးတွဲတစုံကိုရေးသားလိုက်ခြင်း ဖြစ်သည်။ အမှားအမှန်တိုင်းတာရန်မလွယ်ကူလှသည့်နိုင်ငံရေးအမြင်၊ မြှော်မှန်းချက်၊ ရပ်တည်ချက်များအပေါ်အခြေခံ၍ ဝေဘန်မည်မဟုတ်ပါ။ အခိုင်အမာပြောနိုင်သည့် “ဥပဒေစိုးမိုးရေး” [i]  ရှူဒေါင့်မှ အပြုသဘောဖြင့်သာ တင်ပြပါမည်။
“တိုင်းပြည်”[ii]  အတွက်ဟူသော စကားလုံးကို မသျြုံခင်ပါ။ ယင်းကိုသုံး၍ စစ်အစိုးရအဆက်ဆက်က လူထုအပေါ် အမျိုးမျိုးဖိနှိပ်ခဲ့၊ ဖိနှိပ်ဆဲ ဖြစ်၍ပင်။ တိုင်းရင်းသားပေါင်းစုံလူထုအကျိုးအတွက် ရိုးသားစွာဝေဘန်ခြင်းဖြစ်ပါမည်။ 
မိမိ၏ ဤဝေဘန်ရေးဆောင်းပါးထွက်သွားပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်လုပ်ထောက်ခံမည့်လူထုများအနက် အချို့ထံမှ တိုက်ခိုက်မှုများပေါ်လာလိမ့်မည်ဟု မျှော်လင့်ထားပြီးဖြစ်သည်။ ယင်းသို့ပေါ်လာလျှင်လည်း မိမိအနေနှင့် မည်သို့မျှပြန်လည်တုန့်ပြန်မည် မဟုတ်ပါ။ သူ့အမြင်ကိုယ့်အမြင်တင်ပြခြင်းဟုသာ သဘောထားပါမည်။ အရာကိစ္စများကို တချိန်တွင် သမိုင်းကအဆုံးအဖြတ်ပေးပါမည်။ စာရေးသူ၏အမြင်ကို ပွင့်ပွင့်လင်းလင်းတင်ပြပါမည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဤပုံစံအတိုင်းဆက်လက်ဦးဆောင်လျှောက်လှမ်းပါက မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေးရရန်ဝေး၍ တရားမျှတမှုပင်ဖေါ်ဆောင်နိုင်မည်မဟုတ် ဟူသည်ပင်။

“ဥပဒေစိုးမိုးရေး” နှင့် “တရားမျှတမှု” [iii]  တို့ကို ဘယ်လို နိုင်းယှဉ်လေ့လာမလဲ။
ဥပဒေစိုးမိုးရေး၏အခြေခံမှာ ပြစ်မှုကျူးလွန်သူကို အဓိကထားသည်။ တရားမျှတမှု၏အခြေခံမှာ ပြစ်မှုကျူးလွန်ခံရသူအား အဓိကထားသည်။ ဥပဒေစိုးမိုးရေးကို တကယ်တန်းလိုက်နာကျင့်သုံးလျှင် ပြစ်မှုကျူးလွန်သူအား အပြစ်ပေးကို ပေးရပါမည်။ ရှောင်လွှဲ၍မရပါ။ ပြစ်မှုကျူးလွန်သူအားအပြစ်ပေးရေးမူကိုကျင့်သုံးခြင်းမှာ ထိုသူအား အာဃာတထားလို၍မဟုတ်။ အပြစ်ပေးခြင်းအားဖြင့် ပြစ်မှုကျူးလွန်သူကိုယ်တိုင် နောင်တရသွားစေခြင်သည့်အပြင် အခြားသူများကလည်းသင်ခန်းစာယူ၍ နောင်ကို အလားတူပြစ်မှုများ ထပ်မံမကျူးလွန်စေရန် ဟန့်တားလို၍ဖြစ်သည်။  ထို့အပြင် ပြစ်မှုကျူးလွန်သူအား အပြစ်ပေး၍မရလောက်အောင် ဟန့်တားထားသည့် ဥပဒေအခြေခံများ၊ တည်ဆဲမတရားဖိနှိပ်သည့်ဥပဒေများကို ပြင်ဆင်၊ ဖျက်သိမ်းရပါမည်။

အခြေအနေအကြောင်းကြောင်းကြောင့် ပြစ်မှုကျူးလွန်သူကို အပြစ်ပေးနိုင်ခြင်းမရှိပါက “တရားမျှတမှု” ကို ရှာဖွေရပါသည်။ ဤတွင်အနည်းဆုံးအားဖြင့် ပြစ်မှုကြီးများဖြစ်ပွားခဲ့ပုံများနှင့်စပ်လျှဉ်း၍ အမှန်တရားကိုဖေါ်ထုတ်ရသည်။ နောင် အလားတူပြစ်မှုများဆက်လက် ဖြစ်ပွားလာလျှင် ထိရောက်စွာအရေးယူနိုင်စေရန် တိုင်းပြည်အုပ်ချုပ်ရေးယန္တယားအဆောက်အအုံများကို ပြင်ဆင်ဖွဲ့စည်းရသည်။ ပြစ်မှု ကျူးလွန်ခံခဲ့ရသူများ၏ဘ၀နစ်နာမှုများအား အသိအမှတ်ပြု၊ ပြုပြင်ကုစား၊ လျော့ပါးသက်သာအောင် လုပ်ပေးရပါသည်။

ဥပဒေစိုးမိုးရေး ရှုဒေါင့်။
ဝမ်းနည်းဘွယ်ကောင်းသည်မှာ လူထုထောက်ခံမှုကိုသာမက နိုင်ငံတကာ၏အသိအမှတ်ပြုမှုကိုပါ အကြီးအကျယ်ရနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေးစကားလုံးကို ထပ်ခါတလဲလဲသုံးနေသော်လည်း ယင်းကို ရည်ညွန်း၍ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးကို မည်သည့်အခါတွင်မျှ ဇောင်းမပေးခဲ့။ တည်ဆဲမတရားဖိနှိပ်သည့်ဥပဒေများဖျက်သိမ်းရေးကို ထိထိရောက်ရောက် မတောင်းဆိုခဲ့။ လူထု၏အခွင့်အရေးကိုအကာအကွယ်မပေးဘဲ အစိုးရအာဏာပိုင်များ၏လုပ်ပိုင်ခွင့်ကို တိုးမြှင့်၊ စစ်အာဏာရှင်များနှင့် စီးပွားဘက်ခရိုနီကြီးများ ဆက်လက်ကြီးပွားတိုးတက်စေမည့်ဥပဒေများအား လွှတ်တော်မှ ဟောတခု၊ ဟောတခု ပြဌာန်းနေသည်ကို ထိုင်၍ အတည်ပြုပေးလျှက်ရှိနေသည်။ ဤပုံအတိုင်းဆက်သွားပါက “ဥပဒေစိုးမိုးရေး”ဟူသည်မှာ အသံသာရှိပြီး အဆံမရှိသည့်အမြှောက်ထက် ပိုနိုင်ဘွယ်မမြင်။ စစ်အာဏာရှင်များ ကြံ့ခိုင်ကြီးထွားလာသော်လည်း လူထုအင်အားချည့်နဲ့သည်ထက် ချည့်နဲ့လာရုံကလွဲ၍ ဘာမှဖြစ်လာမည် မဟုတ်။

 “တရားမျှတမှု” ရှူဒေါင့်။
ဒေါ်အောင်ဆန်းစုကြည်သည် တရားစီရင်ရေးယန္တယားမှစ၍ တိုင်းပြည်လုံခြုံရေးတပ်ဖွဲ့များဖြစ်သည့် တပ်မတော်၊ ရဲ၊ ထောက်လှမ်းရေး၊ လုံခြုံမှု ထိမ်းသိမ်းရေးတပ်ရင်း စသည့် တိုင်းပြည်အုပ်ချုပ်ရေးယန္တယားအဆောက်အအုံဟောင်းများအား ပြင်ဆင်ဖွဲ့စည်းရန် တိတိကျကျ လှုံ့ဆော်သည်ကို တကြိမ်တခါမျှမကြားမိ။ ဖိနှိပ်ရေးယန္တယားဟောင်းများသည် အုံနှင့်၊ ကျင်းနှင့်င့်၊ ထုနှင့်၊ ထည်နှင့်ဆက်လက် တည်ရှိဆဲဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများကိုသုံး၍ အတင်းအကြပ်ပြုနိုင်ခွင့်အာဏာ[iv] သည် ဥပဒေစိုးမိုးရေးအတွက် ဖြစ်ရပါမည်။ စစ်အာဏာရှင်များအတွက် မဖြစ်စေရပါ။ ယခုမူ ပြောင်းပြန်ဖြစ်နေဆဲပင်။

သာဓကအားဖြင့် သံဃာတော်များအား မီးလောင်တိုက်သွင်းရာ၌ မြေပြင်တွင်ဦးဆောင်အကောင်အထည်ဖေါ်ခဲ့သော စစ်ကိုင်းတိုင်းရဲမှုးကြီး ဦးစန်းယုသည် ဒုတိယဗိုလ်မှုးကြီးဟောင်းတဦးဖြစ်သည်ဟု ကြားရသည်။ ဤသတင်းမှန်လျှင် ရဲတပ်ဖွဲ့၏သမာသမတ်ဖြစ်မှု[v] မှာ များစွာသံသယဖြစ်ဘွယ်ရှိပါသည်။ စစ်ခေါင်းဆောင်များကြီးစိုးထားသော အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ (ကာလုံ) က ဦးစန်းယုအား တိုက်ရိုက်အမိန့်ပေးဖြိုခွဲခိုင်းခဲ့သည်ဟု မှတ်ယူနိုင်သည်။

သို့ဖြစ်ပါက တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများအနက် အရေးကြီးသော ရဲတပ်ဖွဲ့အား လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သည့် အဆောက်အအုံတခုဖြစ်လာအောင် တည်ဆောက်နိုင်ရေးအတွက်နည်းလမ်းမျိုးစုံရှာဖွေရာ၌ လက်ပံတောင်းတောင်မှုခင်းမှ မည်သည့် သင်္ခန်းစာယူမည်နည်း။ စစ်ခေါင်းဆောင်ဟောင်းများအား တပြည်လုံးရှိ ရဲတပ်ဖွဲ့၏အချက်အခြာကျသောနေရာများအားလုံးမှ ဖယ်ရှားလိုက်ရန်ပင်။ ယင်းမှာ “တရားမျှတမှု” ကိုရှာဖွေရာ၌ အခြေခံအားဖြင့်ဆောင်ရွက်ရမည့် “တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများ ပြုပြင်ပြောင်းလဲရေး” [vi] လုပ်ငန်း၏ အရေးကြီးသောခြေလှမ်းတရပ်လည်း ဖြစ်ပါမည်။

ဥပဒေစိုးမိုးရေးအရ ပြစ်ကျူးလွန်သူကိုလည်း အပြစ်မပေးနိုင်၊ “တရားမျှတမှု” အခြေခံတွင် “တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများ ပြုပြင်ပြောင်းလဲရေး” ကိုမျှ မလုပ်နိုင်ပါက နောင်ကို အလားတူပြစ်မှုမျိုး ထပ်မံမဖြစ်ပွားအောင် မည်သို့ကာကွယ်မည်နည်း။ သို့ဖြစ်လျှင် သံဃာတော်များသည် ယခုမီးလောင်ဗုံးနှင့်အပစ်ခံရပြီး၊ နောင်ကို ဒုံးကျည်နှင့်ပါ အပစ်ခံရဖို့ရှိသည်။

စစ်အာဏာရှင်စနစ်အောက်၌ တနိုင်ငံလုံးတွင် သန်းတချို့မျှရှိမည့်လူထုကြီးသည် အတိဒုက္ခရောက်ခဲ့သည်။ အထူးသဖြင့် မြန်မာ မဟုတ်သည့် တိုင်းရင်းသား အမျိုးသားအမျိုးသမီးမြောက်များလှစွာ ပြစ်မှုကြီးများကျူးလွန်ခံခဲ့ကြရသည်။ ပေါ်တာဆွဲ၊ မုဒိန်းကျင့်၊ လူမဆန်စွာ နှိပ်စက်ညှဉ်းပမ်း၊ လူသတ်၊ စားရေရိက္ခာများဖျက်ဆီး၊ ကျေးရွာပေါင်း သုံးထောင်ကျော်မီးရှိုခံခဲ့ရသည်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကြီးက စနစ်တကျ သတင်းအချက်အလက်စုဆောင်းအစီရင်ခံစာ တင်သွင်းထားခဲ့ပြီးဖြစ်သည်။ [vii] ယင်းအစီရင်ခံစာမှာ ၂၀၀၈ ခုနှစ်အထိသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သဖြင့် ၂၀၀၉ မှ ၂၀၁၂ ခုနှစ်အတွင်းထပ်မံကျူးလွန်ခဲ့သည့် ပြစ်မှုကြီးများ မပါသေးပါ။

ဒေါ်အောင်ဆန်းစုကြည်သည် အထူးသဖြင့် တိုင်းရင်းသားလူထုများ ခံစားခဲ့ရသည့်ပြစ်မှုကြီးများနှင့်စပ်လျှဉ်း၍ “ဥပဒေစိုးမိုးရေး” ရှုဒေါင့်မှ မချည်းကပ်နိုင်သည့်တိုင် “တရားမျှတမှု” ရှုဒေါင့်မှ ချည်းကပ်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့ရာတွင် ယင်းမှာလည်း ယခုအချိန်အထိ ဖြစ်မလာသေးပါ။

စစ်အစိုးရအဆက်ဆက်ကကျူးလွန်ဖြစ်ပွားခဲ့သော ပြစ်မှုကြီးများနှင့်စပ်လျှဉ်း၍ အမှန်တရားပေါ်ထွက်လာအောင်သော်လည်းကောင်း၊ ဘ၀ဆုံးရှုံးခဲ့ကြသော တိုင်းရင်းသားလူထု၏များအား တိုင်းပြည်က နည်းလမ်းတကျအသိအမှတ်ပြု၊ ပြုပြင်ကုစား၊ ထိုက်သင့်သည့် လျော်ကြေးများပေး၊ အခြားနည်းများဖြင့်ပါ ၄င်းတို့၏နစ်နာမှုများ လျော့ပါးသက်သာအောင် လုပ်ဆောင်ရန်ကိုသော်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်အထိ တိတိကျကျ ဦးဆောင်လှုပ်ရှားမှု မပြုခဲ့ပါ။ ဘယ်တော့ဦးဆောင်မည်ကိုလဲ မမျှော်လင့်နိုင်။ လေသံမျှပင်မဟသေး၍ဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ဥပဒေစိုးမိုးရေး
၁၉၈၈ ခုနှစ်တွင် စစ်တပ်က ထပ်မံအာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုင်းရင်းသားပေါင်းစုံလူထုအပေါ်  ပြစ်မှုကြီးပေါင်းများစွာကို ဆက်တိုက် ကျူးလွန်နေခဲ့ချိန်မှာပင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်၍ နိုင်ငံရေးပါတီအဖွဲ့အစည်း အတော်များများကလည်း “အမျိုးသား ပြန်လည် သင့်မြတ်ရေး” [viii]ဟူသည်ကို လွှင့်တင်လာခဲ့ကြသည်။ သို့ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း စာနှင့်ရေးသားကာ တိတိကျကျအဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်ကို မတွေ့ရ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဥပဒေစိုးမိုးရေးနှင့်ဆက်စပ်၍ ရှင်းလင်းထားသည်ကို မမြင်ရ။

အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည်ကို ဥပဒေစိုးမိုးရေးအခြေခံမှ တည်ဆောက်မည်လား။ တရားမျှတမှုရှာဖွေရေးအခြေခံမှ တည်ဆောက်မည်လား။ စစ်အစိုးရအာဏာပိုင်များ၏ လုပ်ဆောင်ခဲ့မှုများနှင့်စပ်လျှဉ်း၍ ပြစ်မှုကြီးများကျူးလွန်ခဲ့မှုများအပါအ၀င် အတိတ်က ဖြစ်ပျက်ပြီးခဲ့သမျှ ကိစ္စရပ်များအားလုံးကို ပြည်ဖုံးကားချလိုက်ပြီး ဘာတခုမျှ အရေးယူဆောင်ရွက်မှုမပြုတော့ဘူးလား။ သို့မဟုတ် တစုံတရာ အရေးယူဆောင်ရွက်သွားမည်လား။

အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်၍ သင်ပုန်းချေသွားမည်ဆိုလျှင်လည်း လူသားဖြစ်မှုကိုဆန့်ကျင်ကျူးလွန်သည့်ပြစ်မှု၊[ix] လူမျိုးတုံးသတ်ဖြတ်မှု၊[x] စစ်ရာဇ၀တ်မှုများ[xi] ဟူသည့် နိုင်ငံတကာရာဇ၀တ်မှုကြီးများကိုပါ အရေးမယူတော့ဘူးလား။ အဆိုပါ ပြစ်မှုကြီးသုံးမျိုးမှာ နိုင်ငံတကာဥပဒေအရ ပြစ်မှုကျူးလွန်သူအား လွတ်ငြိမ်းခွင့်ပေး၍ရသောပြစ်မှုမျိုးမဟုတ်သဖြင့် ယင်းတို့အား အမျိုးသားပြန်လည်သင့်မြတ်ရေးရှုဒေါင့်မှ မည်သို့ကိုင်တွယ်မည်နည်း။ သို့မဟုတ်လျှင် နိုင်ငံတကာရာဇ၀တ်မှုကြီးများမပါဘဲ ပြည်တွင်းပြစ်မှုများကိုသာ ရည်ညွှန်းမှာလား။

ပြစ်မှုကျူးလွန်သူများကို အကြောင်းကြောင်းကြောင့် အရေးမယူနိုင်ဟုယူဆလျှင် အမျိုးသာ ပြန်လည်သင့်မြတ်ရေးကို အထောက်အပံ့ဖြစ်စေရေးအတွက် တခုခုစီစဉ်ဆောင်ရွက်မည်လား။ စစ်အစိုးရခေတ်အဆက်ဆက်တွင်  ပြစ်မှုကြီးများကျူးလွန်ခံခဲ့ရသူ လူထုများအားအသိအမှတ်ပြုသည့်အနေဖြင့် ၄င်းတို့၏စာရင်းကို မှတ်တမ်းကောက်ယူမှာလား။ သို့မဟုတ် ဘာတခုမှလုပ်ဆောင်ခြင်း မပြုတော့ဘဲ သည်အတိုင်း မေ့ထား၊ ပြည်ဖုံးကားချထားခဲ့တော့မည်လား။

လုံးဝပြည်ဖုံးကားချထားခဲ့လျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည်မှာ စစ်ခေါင်းဆောင် ဟောင်းသစ်တစုနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တစုအတွင်းတွင်သာ ပြန်လည်သင့်မြတ်ရေးသဘောဆောင်နေမည်ဖြစ်သောကြောင့် တနိုင်ငံလုံး အတိုင်းအတာ လူထုအသွင်လက္ခဏာဆောင်အောင် (အထူးသဖြင့် အခံခဲ့ရဆုံးဖြစ်သောတိုင်းရင်းသားလူထုများ ကြေနပ်အောင်) မည်သည့် နည်းနာများဖြင့်ဖေါ်ဆောင်မည်နည်း။

ပြစ်မှုကြီးများကျူးလွန်ခံရ၍ ဘ၀နစ်နာပျက်စီးဆုံးရှုံးခဲ့ကြရသူများကို မည်သည့်မှတ်တမ်းမျှမကောက်ယူတော့ဘဲ သည်အတိုင်းထားခဲ့၍ မရနိုင်ဘူးလား။ တိုင်းပြည်အနေဖြင့် မှတ်တမ်းတင် စနစ်တကျအသိအမှတ်ပြုခြင်းအားဖြင့် ပြစ်မှုကျူးလွန်ခံခဲ့ရသူများ၏ ကျန်ရစ်သူမိသားစု များ စိတ်ဖြေသိမ့်နိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်နိုင်မည်လား။ မှတ်တမ်းကောက်ကူမည်ဆိုလျှင်လည်း မည်သည့်ခေတ်မှ စတင်၍ ကောက်မည်နည်း။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်းခေတ်မှ စတင်မည်လား။ ၁၉၈၈ ခုနှစ် ဗိုလ်ချုပ်မှုးကြီး စောမောင်ခေတ်မှ စတင်မည်လား။ မှတ်တမ်းရရှိပြီးလျှင် ဘ၀နစ်နာဆုံးရှုံးခဲ့သူများအား မည်မျှလောက်အတိုင်းအတာအထိ ပြန်လည်ကုစား ပေးနိုင်မည်နည်း။ မည်သို့ပြန်လည်ကုစားမည်နည်း။  ကုစားခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကျိုးရှိမည်လား။ ဘာမျှ မကုစားဘဲသည်အတိုင်းထားလျှင်လဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်မထိခိုက်ဟု ယူဆနိုင်မလား။

အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည်နှင့်စပ်လျှဉ်း၍ ဘာတခုမျှ ရေရေရာရာမသိသော မေးခွန်းပေါင်း သောင်းခြောက်ထောင်ရှိနေသည်။ အတိတ်က ဖြစ်ပျက်ပြီးခဲ့သမျှကိစ္စရပ်များဟူရာတွင်လည်း ကာလအပိုင်းအခြား အကန့်အသတ်နှင့်စပ်လျှဉ်း၍ မည်သူမျှတိတိကျကျမသိ။ မည်သည့်နှစ်၊ လ၊ နေ့ရက်ကို နောက်ဆုံးထားပြီး ကျူးလွန်ပြီးခဲ့သမျှပြစ်မှုကြီးများအပေါ် အရေးယူဆောင်ရွက်မည် မဟုတ်ကြောင်း၊  လွတ်ငြိမ်းခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မည်သည့် နှစ်၊ လ၊ ရက်မှ ကျော်လွန်လျှင်မူ အမျိုးသားပြန်လည်သင့်မြတ်ရေးရှုဒေါင့်မှ မစဉ်းစားတော့ဘဲ ဥပဒေစိုးမိုးရေးအခြေခံမှနေ၍ ပြစ်မှုကျူးလွန်သူမှန်သမျှကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း စသဖြင့် သတ်မှတ် ထားခြင်းလည်း မတွေ့ရ။
သို့ဖြစ်၍ စစ်အစိုးရအာဏာပိုင်များအနေဖြင့် မျက်မှောက်အချိန်တွင်လည်းကောင်း၊ အနာဂါတ်တွင်လည်းကောင်း လူထုအပေါ် မည်သို့ပင် ပြစ်မှုကြီးများဆက်လက်ကျူးလွန်နေသော်လည်း ၄င်းတို့အား အရေးယူအပြစ်ပေးရေးကို ရှေ့တန်းမတင်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေး အမြင်အရ အစဉ်တစိုက်ခွင့်လွှတ်သွားရမည့်သဘောဆောင်လျှက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်လျှက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ရည်ရွယ်ချက်ကောင်းမွန်သော်လည်း တိတိကျကျ ဖေါ်ညွှန်းကျင့်သုံးခြင်းမရှိခဲ့သဖြင့် စကထဲက ဥပဒေစိုးမိုးရေးအခြေခံနှင့်ဆန့်ကျင်လာခဲ့သည်။ သို့ဖြင့် မည်သည့်အရာမှန်းတိတိကျကျ မသိရသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကာလအကန့်အသတ်မရှိ ဆက်၍ဆက်၍ကျင့်သုံးလေလေ ဥပဒေစိုးမိုးရေးကို လှိုက်၍လှိုက်၍ဖျက်ဆီးလာလေ ဖြစ်နေသည်။ ဥပဒေစိုးမိုးရေးကင်းမဲ့သောနိုင်ငံတွင် မည်သို့လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရမည်နည်း။ ဥပဒေစိုးမိုးရေးလည်းမရှိ၊ ပြည်တွင်းငြိမ်းချမ်းရေးမရှိလျှင် လူထု၏စီးပွားရေးတိုးတက်မှုကို မည်သို့ မျှော်မှန်းနိုင်အံ့နည်း။

ဒေါ်အောင်ဆန်းစုကြည်သည် ဖြစ်ပြီးခဲ့သမျှ လူထုဘ၀နစ်နာမှုများအားလုံးကို ပြည်ဖုံးကားချထားခဲ့ပြီလား။
ပြစ်မှုကြီးပေါင်းမြောက်များစွာကျူးလွန်ခံခဲ့ရသည့် တိုင်းရင်းသားလူထုများသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများ မဟုတ်ဘူးလား။ သူမအနေဖြင့် ခရီးရှည် ခရီးတိုများစွာထွက်ခဲ့သည့်အနက် မဲဆွယ်ခရီး၊ စည်းရုံးရေးခရီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ဆောက်ရေး ခရီးများသာ များပြားနေပြီး ပြစ်မှုကြီးများကျူးလွန်ခံခဲ့ရသည့်တိုင်းရင်းသားလူထုများကို သွားရောက်တွေ့ဆုံသည့်ခရီးမျိုးဘာကြောင့် မထွက် သလဲ။ စစ်အာဏာရှင်များငြိုငြင်မည်ကိုစိုးရိမ်သောကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည့် လှပသောစကားလုံးအောက်တွင် လူထုဘ၀နစ်နာမှုများအားလုံးကို လုံးဝပင် ပြည်ဖုံးကားချထားခဲ့ပြီလား။ 

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ကူးပြောင်းရာတွင် ဖြစ်ပြီးခဲ့သမျှအားလုံးကို ပြည်ဖုံးကားချ၊ ဘာတခုမျှ အရေးယူဆောင်ရွက်မှု မပြုခြင်းသည် “ဥပဒေစိုးမိုးရေး” နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ရုံသာမက လူထုအတွက် “တရာမျှတမှု”ပင် မမျှော်မှန်းနိုင်တော့ဟူသည်ကို ဒေါ်အောင်ဆန်းစုကြည် မသိတာလား။ မသိယောင်ဆောင်နေတာလား။ သူမကဲ့သို့ ပညာတတ်ခေါင်းဆောင်သည် မသိတာတော့မဖြစ်နိုင်။ မသိယောင်ဆောင်နေတာဟုလည်း မပြောရက်ပါ။ ယခု ဤသို့ပြောရမည့်အခြေသို့ ရောက်နေပါသည်။ ဘာကြောင့်ပါလဲ။ စစ်အာဏာရှင်သစ်၊ ဟောင်းများနှင့် ထိပ်တိုက်မတွေ့လို၍သာဖြစ်မည်ဟု သုံးသပ်ပါသည်။ ယခု သူမလျှောက်လှမ်းနေသောလမ်းကြောင်းမှာ စစ်အစိုးရနှင့် အဖိနှိပ်ခံလူထုနှစ်ဘက်၏ ကြားမှာနေ၍ စေ့စပ်ဖြန်ဖြေရေး[xii] ဖြစ်နေသည်။ နှစ်ဖက်လုံးမှနေ၍ သူမအပေါ်အမုန်းမပွားစေဘဲ မေတ္တာ ခံယူသွားနိုင်စေမည့်လမ်းကြောင်းမျိုး ဖြစ်သည်။ သူမအတွက်တော့ ကောင်းချင်ကောင်းပါမည်။ လူထုအတွက် လုံးဝ မကောင်းပါ။

စာရေးသူ မျှော်လင့်ခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် လူထုရှေ့၌မားမားမတ်မတ်ရပ်ပြီး ၄င်းတို့ဆုံးရှုံးနေသော အခွင့်အရေးများအတွက် ခိုင်ကျည်စွာရပ်တည်တောင်းဆို တိုက်ပွဲဝင်သွားလိမ့်မည်ဟူ၍ ဖြစ်သည်။ ယခု ယင်းသို့ဖြစ်မလာပါ။ “ဥပဒေစိုးမိုးရေး” ပျက်သည့် အခြေအနေကြီးတခုလုံးကြောင့်ပေါ်ပေါက်သည့် လူထုဘ၀ခံစားမှုများကို ဒေါ်အောင်ဆန်းစုကြည်သည် ကွက်ကွက်ကွင်းကွင်းထောက်ပြ၊  ပြတ်ပြတ်သားသားလှုပ်ရှားဆောင်ရွက်သည်ကို မတွေ့ရပါ။

 “ဥပဒေစိုးမိုးရေး”ပျက်ခြင်းနှင့်စပ်လျှဉ်း၍ ဒေါ်အောင်ဆန်းစုကြည်တဦးထဲမှာ တာဝန်ရှိသလား။ အခြားလူထုတွေမှာရော တာဝန်မရှိဘူးလား။
ဤမေးခွန်းကို မေးဘွယ်ရှိသည်။ လူထုများ၏တာဝန်ကိုသိစေချင်၍ အားလုံးလေ့လာခွင့်ရအောင် ဤဆောင်းပါးကို ရေးခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အဓိကရည်ညွှန်းရခြင်းမှာ သူမတဦးတည်းက လူထုခေါင်းဆောင်နေရာတွင်ရယူထား၍ဖြစ်သည်။ ခေါင်းဆောင်က ဥပဒေစိုးမိုးရေးမျက်နှာစာတွင် ထိရောက်စွာခေါင်းမဆောင်သည့်အခါ လူထုအနေဖြင့် ထိုးဖေါက်ကျော်တက်ပြီး လုပ်၍မရနိုင်သည့် အခြေအနေကိုတွေ့မြင်နေရ၍ဖြစ်သည်။

စာရေးသူ၏ ဆောင်းပါးတခုတွင်တွင် ပုံနိုင်းရာ၌ အစိုးရမှာ ကျားကြီး၊ လူထုက ယုန်လေးဖြစ်နေသဖြင့် အစိုးရ၏အာဏာကို ထိမ်းညှိနိုင်သည့်ညီမျှခြေ လူထုတွင်ရှိလာစေရန် လူထုအား ယုန်ကလေးများဘ၀မှ ဆင်ကြီးဖြစ်လာအောင်အသွင်ပြောင်းဘို့လိုကြောင်း တင်ပြခဲ့သည်။ စင်စစ်အားဖြင့်မူ လူထုယုန်ကလေးများအနက် ခေါင်းဆောင်တင်လိုက်သည့်တကောင်မှာမူ ဆင်ကြီးဘ၀သို့ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပင်။ ယင်း ဆင်ကြီးသည် ရှေ့မှာမားမားရပ်ပြီး နှာမောင်းကြီးကိုမြှောက်၊ ဖွေးဖွေးဖြူကြံ့ခိုင်သော မိမိ၏အစွယ်ကြီးကိုပင့်လျှက် ကျားကြီးကို ရဲရဲတင်းတင်းရင်ဆိုင်ကာ ယုန်ကလေးများကို ကာကွယ်စောင့်ရှောက်လိမ့်မည်ဟုမျှော်လင့်ခဲ့သည်။

သို့ရာတွင် ယင်းသို့ပြုရမည့်အစား ကံမကောင်းစွာပင် ဆင်ကြီးသည် ကျားကြီး၏ကျောကို နှာမောင်းကြီးနှင့်ပွတ်သပ်ကာ အကျွမ်းတ၀င်ပြု လျှက်ရှိသည်။ ကျားကြီး မည်သို့တော်ကြောင်းချီးမွမ်းခန်းတွေ တခုပြီးတခုဖွင့်နေသည်။ နောက်တွင် ကပ်ရက်ပါရှိနေသော ယုန်ကလေးများကို မူ မိမိ၏အမြီးကလေးမျှသာလှုပ်ခါပြပြီး ချော့မြူထားသည်။ နှစ်သိမ့်ထားသည်။ ဆင်ကြီးက လမ်းပိတ်ထားသဖြင့် ယုန်ကလေးများကလည်း ရှေ့ကိုဆက်မတက်နိုင်။ လူထုမှာ ယုန်ကလေးများဘ၀မှာပင် ရှိနေသေးသဖြင့်လည်း ကျားဆွဲမည့်အန္တရယ်ကိုကြောက်နေရဆဲရှိသေးသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေဟု စာရေးသူရှုမြင်သည်။

အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန်
အောင်ထူး (ရှေ့နေ)
ဒီဇင်္ဘာလ (၂၅) ရက် ၂၀၁၂ ခုနှစ်

ရည်ညွှန်းချက်များ


[i] The Rule of Law

[ii] State

[iii] Justice

[iv] Enforcement power

[v] Neutrality of police

[vi] Institutional reform

[vii] Amnesty International Report: Crimes Against Humanity in Eastern Myanmar; June, 2008.

[viii] National Reconciliation

[ix] Crime against humanity

[x] Genocide

[xi] War crime

[xii] Mediation

အမျိုး၊ ဘာသာ၊ သာသနာကာကွယ်ခြင်းလော၊ နာဇီဖက်ဆစ်စနစ်ထူထောင်ခြင်းလော။ အပိုင်း-၁-(ဦးဦးမှော်ဆရာ-ဖေ့စ်ဘွတ်ခ်မှ)

1 comments
အသက် ၆၅ နှစ်အရွယ် အပေါ်အဖြူ၊ အောက်အဖြူဝတ်ဆင်ထားသည့် ကျနော့်ဘကြီး ဦးရွှေလှအောင်သည် လက်တစ်ဖက်က စိတ်ပုတီးကိုကိုင်၍ ကျန်တဖက်က တောင်ဝှေးကိုကိုင်ပြီး တရွေ့ရွေ့လာနေသည်ကို မြင်နေရသည်။ ကျနော်၏အိမ်ခြံဝင်းထဲသို့ဝင်မည်အလုပ် ငကျားဟုခေါ်သောခွေးထီးက မဲမ ဟုခေါ်သော ခွေးမကို ဂဲ ဂဲ ဟူသောအသံဖြင့် ရန်မူမည်လုပ်နေသည်။ မဲမ မှာ ကိန်ကိန် ဟူသော အသံနှင့်အတူ မြေကြီးပေါ်သို့လှဲချလိုက်ပြီး အော်သံမဆုံးတော့ပေ။ မဲမမှာ မာယာများကြောင်း၊ အော်သံသည် ဆယ်မိနစ်ခန့်ဆက်တိုက် အော်တတ်ကြောင်းကို အိမ်နီးချင်းများကပါသိနှင့်ပြီးသားမို့ မဲမ အော်သည်ကို မည်သူမျှဂရုမထားတော့ချေ။ မာန်ဖီနေသောငကျားနှင့် ပက်လက်လန်နေသော မဲမ တို့ကို ဘကြီးမြင်လိုက်ရာ သနားကြင်နာတတ်သော၊ ဂရုဏာကြီးမားသော၊ တရားမျှတသည့်စိတ်ရှိသော ကျနော်၏ဘကြီးမှာ ငကျား၏ကျောပြင်ကို တောင်ဝှေးဖြင့်ဆော်လိုက်ပါတော့သည်။ ငကျားမှာ မထင်မှတ်သောရိုက်ချက်ကြောင့် လှဲကျသွားရာမှ အားကုန်သုံးပြီး ထပြေးသည်။ ငကျားသည် ကိန် ကိန် ဟူသောအသံကို လုံးဝမထွက်အောင် အံခဲထားသည်ဟုထင်သည်။ ဘာမှအော်မြည်ခြင်းမရှိ။ ကျနော်၏ဘကြီးသည် ပါလာသောကိတ်မုန့်တစ်လုံးကို မဲမရှေ့သို့ချကျွေးလိုက်သည်။ မဲမ မှာ ကိတ်မုန့်ကိုစားနေသည့်ကြားကပင် ကိန် ဟူသောအသံကိုဆွဲပြီး အော်ပြထားသေးသည်။ ဘကြီးက ကျနော့်ကိုလှမ်းပြီး မင်းတို့ ဒီငကျားကို လွင့်ပစ်လိုက်ပါလား၊ ဒီအိမ်မှာမထားနဲ့ စသဖြင့် ဂရုဏာဒေါသဖြင့်အော်သည်။

ကြင်နာတတ်သော ဘကြီး၏လုပ်ရပ်သည် မှန်လော၊ မှားလော ကျနော် ကိုယ့်ကိုယ်ကိုမေးမိသည်။ မဲမ ၏ စရိုက်နှင့်အလေ့အထကို သေချာဂဏစွာမလေ့လာဘဲနှင့် မဲမ ၏ ပြင်ပအမူအရာဟန်ပန်ကိုကြည့်ပြီး ဘကြီးအလွယ်တကူ ဆုံးဖြတ်လေသလား။ ငကျား၏ စရိုက်ကို ကျနော်တို့နှင့်အတူ အိမ်နီးချင်းများကပါသိကြသည်။ …………………………………………………………………………………………………………………………………………
…………………………………………………………………………………………………………………………………………

ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် သနားကြင်နာမှု၊ ကိုယ်ချင်းစာနာမှုတို့ဖြင့်ဖွဲ့စည်းထားသောအဖွဲ့အစည်းများသည်  ကျနော့်ဘကြီးကဲ့သို့ ပြင်ပသဏ္ဍာန်တစ်ခုထဲကိုကြည့်ပြီးမဆုံးဖြတ်ဘဲ ထိုထိုသောအကြောင်းအရာတို့၏အတွင်းသဏ္ဍာန်တို့ကိုပါ ကြည့်ပြီးမှဆုံးဖြတ်သင့်ပေသည်။ ဤမျှကြီးကျယ်သောအဖွဲ့အစည်းကြီးများသည် ကျနော့်ဘကြီးကဲ့သို့ ငကျားအပေါ်ထားသောဒေါသနှင့် မဲမအပေါ်ထားသောစေတနာတို့သည် ဘကြီးက မှန်သည်ထင်နေသော်လည်း ကျနော်နှင့်အတူမြင်နေကြသော မိသားစုဝင်များ၊ အိမ်နီးနားချင်းများအဖို့ ဘကြီးလုပ်ရပ်မမှန်ဆိုတာကို မြင်နေသည်၊ သိနေသည် မဟုတ်ပါလား။

                  ********************************************
ခုရေးခဲ့တာက ကျနော်ဖတ်ခဲ့ရတဲ့ `ပစ္ဆိမရပ်ဝန်း´ဆိုတဲ့ မဂ္ဂဇင်းတစ်အုပ်က ဆောင်းပါးတစ်ပုဒ်မှစာပိုဒ်တစ်ပိုဒ်ပါ။ ဒီလောက်လေး ဖတ်လိုက်တာနဲ့ ဘာစာအုပ်မှန်းမသိသေးရင်တောင် ဘယ်အကြောင်းအရာကိုဦးတည်နေသလဲဆိုတာ စာဖတ်သူတို့သတိထားမိမယ် ထင်ပါတယ်။
ကျနော့်အမြင်ကိုပြောရရင်`ပစ္ဆိမရပ်ဝန်း´မဂ္ဂဇင်းမှာရေးသားထားတဲ့ ဆောင်းပါးတွေအားလုံးနီးပါးက မွတ်ဆလင်မုန်းတီးရေး၊ အထူးသဖြင့် ရခိုင်ဒေသမှမွတ်ဆလင်များကို ဆန့်ကျင်မောင်းထုတ်ရေးကိုဦးတည်ပြီး လှုံ့ဆော်ရေးသားထားတာတွေ့ရပါတယ်။ အဲဒီဆောင်းပါးတွေထဲက `ရိုဟင်ဂျာဆိုသည်´မှာ ဆောင်းပါး၊ `ဧည့်သည်မမည်´ဆောင်းပါး၊   `လူ လူ ဟစ်တယ်´ဆောင်းပါး၊ `ရိုဟင်ဂျာဆိုသူတို့အပေါ် ဒေသခံတို့ အမြင်´ဆောင်းပါး၊ `သနားစရာအရေခြုံ´ဆောင်းပါးနဲ့ တခြားဆောင်းပါးအများစုဟာ ဘူးသီးတောင်-မောင်းတောဒေသမှာနေထိုင်တဲ့ ရိုဟင်ဂျာမွတ်ဆလင်များအပေါ် ဆိုးဆိုးဝါးဝါးမုန်းတီးဆန့်ကျင်ကာ အဓိကရုန်း ဖြစ်လာစေရန်ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသားထားတဲ့ ဆောင်းပါးတွေလို့ပဲ ကျနော်မြင်တယ်။

အဲဒီလိုမျိုး ဒေသတွင်းရှိဘာသာခြားလူမျိုးစုတစ်စုအပေါ် ဆန့်ကျင်နှိမ့်ချရေးသားထားတဲ့ မဂ္ဂဇင်းတစ်ခုမှာ ဦးဆောင်ပါဝင်နေတဲ့သူတွေက အဲဒီဒေသကိုလက်ရှိအုပ်ချုပ်နေသော ခရိုင်အဆင့်၊ မြို့နယ်အဆင့်အရာရှိကြီး များကိုယ်တိုင်ဖြစ်နေတဲ့အပြင် ၊ ဘုန်းကြီးတွေလည်း ပါဝင်နေပါတယ်။ ဒါထက်ပိုထူးခြားတာက စာပေလွတ်လပ်ခွင့်တင်းကြပ်လွန်းတယ်လို့  ခေတ်အဆက်ဆက်နာမည်ကြီးခဲ့သော မြန်မာနိုင်ငံစာပေစိစစ်ရေးအဖွဲ့က ဒီလို လူမျိုးရေ၊ ဘာသာရေးအဓိကရုန်းဖြစ်အောင်လှုံ့ဆော်ထားတဲ့မဂ္ဂဇင်းကို တရားဝင်ခွင့်ပြုချက် (အမှတ် - ၅၃၀၁၂၀၁၂၁၁) နဲ့ထုတ်ဝေခွင့်ပြုခဲ့တာပဲ ဖြစ်တယ်။ အစိုးရပေါ်လစီတွေနဲ့ စာပေစိစစ်ရေးဆိုတာက ကုလားမုန်းတီးရေးအတွက်ဆိုရင် Freedom of Right ကို အပြည့်အ၀လိုက်နာပုံ ပေါ်ပါတယ်။
ကျနော် ဒီစာအုပ်ကိုဖတ်မိတော့ ဖက်ဆစ်နာဇီတွေရဲ့ ဂျူးမုန်းတီးရေးဝါဒဖြန့်မှုအဖြစ်ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ၊ စာစောင်တွေကို သွားစဉ်းစားမိတယ်။ မိတ်ဆွေတို့လည်း ဖက်ဆစ်နာဇီတွေရဲ့ လူမျိုးရေးမုန်းတီးမှုအတွက်ဝါဒဖြန့်မှုတွေနဲ့ လက်ရှိမြန်မာပြည်က ၀ါဒမှိုင်းတိုက်မှုတွေ နှိုင်းယှဉ်ကြည့်နိုင်ဖို့ရေးသားလိုက်ပါတယ်။
(၁)
`မြက်ခင်းလွင်ပြင်ဒေသကမြေခွေးနဲ့ ကမ္ဘာပေါ်မှာရှိသမျှဂျူးတွေရဲ့ ဘယ်လိုကျိန်ဆိုတဲ့စကားပဲဖြစ်ဖြစ် မယုံနဲ့´
“မြက်ခင်းလွင်ပြင်ဒေသကမြေခွေးတွေ ဘယ်တော့မှမြက်မစားသလို၊ ဂျူးလူမျိုးဆိုတာလည်း ဘယ်လိုပဲကျိန်ဆိုပြောပါစေ ..ဘယ်တော့မှ ကတိမတည်ဘူး။ မြက်ခင်းလွင်ပြင်ဒေသက မြေခွေးတွေဟာ သူတို့သားကောင်ကိုဖမ်းမိဖို့အတွက် မာယာအမျိုးမျိုးနဲ့ချဉ်းကပ်ကြသလို၊ ကမ္ဘာပေါ်မှာရှိသမျှ ဂျူးဆိုတဲ့လူမျိုးဟာလည်း သူတို့ပတ်ဝန်းကျင်ကလူတွေကို ဖျက်လိုဖျက်ဆီးလုပ်ဖို့၊ တခြားသူတွေရဲ့ဥစ္စာပစ္စည်းတွေကို အချောင်သိမ်းပိုက်ဖို့၊ ဂျာမန်မိန်းမပျိုလေးတွေကိုသိမ်းပိုက်ဖို့ နည်းမျိုးစုံနဲ့လိမ်လည်လှည့်ဖျားလေ့ရှိတယ်”

ဒီလိုစိတ်ဝင်စားစရာကောင်းအောင်အစချီထားတဲ့စာအုပ်ဟာ ဖက်ဆစ်နာဇီရဲ့ ဂျူးဆန့်ကျင်ရေးဝါဒဖြန့်ချိဖို့ရည်ရွယ်ချက်ဖြင့်ထုတ်ဝေခဲ့တဲ့ ကလေးဖတ်စာအုပ်သုံးအုပ်ထဲက ပထမဦးဆုံးတစ်အုပ်ဖြစ်တယ်။ နာမည်ကြီးသတင်းစာတိုက်နဲ့စာအုပ်တိုက်ပိုင်ရှင် ဂျူးလီယပ်စတွိုက်ချာရဲ့ `ဒါ စတားမား´စာအုပ်တိုက်မှ ၁၉၃၅ ခုနှစ်မှာ အုပ်ရေတစ်သိန်းကျော်ထုတ်ဝေခဲ့ပြီး ကျောင်းသုံးဖတ်စာအုပ်အဖြစ်ပင် ပြဌာန်းခဲ့ပါတယ်။ အဲဒီစာအုပ်ရေးသားသူ အဲလ်ဗီရာဘေယာ က အသက် ၁၈ နှစ်အရွယ် အနုပညာကျောင်းသူ တစ်ယောက်သာဖြစ်ပါတယ်။

ဘေယာရဲ့စာအုပ်ထဲကစွပ်စွဲမှုတစ်ခုကတော့ `ယုဒ ဟာ ယေရှုခရစ်တော်ကိုသစ္စာဖေါက်ခဲ့သလိုပဲ ဂျာမနီကပြည်တွင်းနေ ဂျူးလူမျိုးတွေဟာ လည်း အဖဂျာမနီပြည်ကြီးကိုသစ္စာဖေါက်ခဲ့ကြတဲ့အတွက် ပထမကမ္ဘာစစ်ကြီးမှာ ဂျာမနီစစ်ရှုံးခဲ့ရတယ်´ လို့ဆိုပါတယ်။
(၂)
ဂျူးဆန့်ကျင်ရေးဝါဒမှိုင်းတိုက်မှုအဖြစ် ဂျူးလီယက်စတွိုက်ချာရဲ့ `ဒါးစတာမား´စာအုပ်တိုက်မှ ဒုတိယမြောက်ထုတ်ဝေခဲ့တဲ့စာအုပ်ကတော့ Ernst Hiemer ရေးသားတဲ့ `အဆိပ်ရှိသော မှိုများ´ ဆိုတဲ့စာအုပ်ပါ။
ဖရန့် ဆိုတဲ့ကလေးကို သူ့အမေက `မှိုတွေထဲမှာ စားလို့ကောင်းတဲ့မှိုတွေရှိသလို၊ လူကိုအန္တရာယ်ဖြစ်စေတဲ့မှိုတွေလည်းရှိကြောင်း၊ လူတွေမှာလည်း အဲဒီလိုပဲ ကောင်းတဲ့လူတွေရှိသလို ယုတ်မာကောက်ကျစ်တဲ့၊ လူ့အသိုင်းအ၀ိုင်းကိုဒုက္ခရောက်စေတဲ့လူမျိုးတွေရှိကြောင်း´ ဆုံးမနေပုံနဲ့အစချီထားပြီး စိတ်ဝင်စားစရာကောင်းအောင် ရေးသားထားတယ်။ အဲဒီစာအုပ်ထဲမှာ ဂျူးလူမျိုးတွေကို စက်ဆုပ်မုန်းတီးစေရန် စနစ်တကျဖန်တီးရေးသားထားတာပါ။ ဂျူးလူမျိုးဆိုတာ မာရ်နတ်က လူယောင်ဆောင်ထားတဲ့ကောင်တွေလို့လည်း ကလေးတွေကို ဆုံးမထားပါသေးတယ်။ ဂျူးလူမျိုးတစ်ယောက်ရဲ့သွင်ပြင်သဏ္ဍာန်ကိုဖေါ်ပြရာမှာလည်း မုတ်ဆိတ်မွေးထူလဗျစ်နဲ့ နှာခေါင်းကောက်ကောက် ကြီးတွေနဲ့ပေါ့ဗျာ။
ဂျူးလူမျိုးတွေ ဂျာမနီပြည်ထဲ ဘယ်လိုရောက်လာသလဲဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ ဂျူးလူမျိုးတွေဟာ ကမ္ဘာ့အရှေ့ပိုင်းဒေသကနေ ဂျာမနီပြည်ထဲခိုးဝင်လာကြတယ်.. တဲ့ (ဖြစ်ပုံချင်းတူတာက အံ့သြစရာဗျာ)။ ၀င်လာတုန်းက ခြူးပြားတစ်ပြားတောင်မရှိတဲ့ စုတ်စုတ်ပြတ်ပြတ် အလုပ်ကြမ်းသမားတွေ၊ ဒီလို မြေကောင်းရေကောင်းရောက်မှ ဂျူးတွေဟာတောက်တောက်ပြောင်ပြောင် ဖြစ်လာခဲ့ကြတယ်.. ခုတော့ ဂျာမန်လူမျိုးတွေရဲ့စည်းစိမ်ဥစ္စာတွေကို လက်ဝါးကြီးအုပ်လာခဲ့ကြပြီ။ ဂျာမန်လူမျိုးတွေ နိုးထကြလော့ .. လို့ နှိုးဆော်ထားပါသေးတယ်။

စာရှည်သွားမှာစိုးလို့ အကုန်ရေးမနေတော့ဘူးဗျာ။ ခပ်တိုတိုပြောရရင် ဒီစာအုပ်ဟာ ကလေးသူငယ်တွေအတွက် အဓိကရည်ရွယ်ပေမဲ့ အောက်ခြေထိလူထုတရပ်လုံး ဂျူးလူမျိုးမုန်းတီးဆန့်ကျင်ရေး ပိုမိုပြန့်ပွားလာအောင် ပုံစံမျိုးစုံနဲ့ လူပြိန်းကြိုက်ရေးသားထားတာ တွေ့ရတယ်။ အဆုံးမှာတော့ `ဂျူးလူမျိုးတွေဟာ ဂျာမနီနိုင်ငံအတွက်ကြမ္မာဆိုးတွေသယ်ဆောင်လာတဲ့ ဂြိုဟ်မွှေတဲ့ကောင်တွေပဲ´ လို့ ခပ်ပြတ်ပြတ် ကောက်ချက်ချထားတယ်။
`အဆိပ်ရှိသော မှိုများ´ဆိုတဲ့စာအုပ်ထဲက ဘာသာရေးအရသွေးထိုးပေးတဲ့ အခန်းကဏ္ဍပေါ့။
 (၃)
၁၉၄၀ခုနှစ်မှာ `ဒါစတားမား´စာအုပ်တိုက်ကထုတ်ဝေခဲ့တဲ့ တတိယမြောက် ဂျူးမုန်းတီးရေးဝါဒဖြန့်စာအုပ်ကတော့ `ခွေးဗန္ဓတ်၊ တောခွေးရိုင်း များနဲ့ စက်ဆုပ်ဖွယ်တိရိစ္ဆာန်များ´ဆိုတဲ့ (အဆင်ပြေသလို ဘာသာပြန်ထားခြင်းဖြစ်သည်) စာအုပ်ပါ။ ဒီစာအုပ်ကိုလည်း  Ernst Hiemer ကပဲရေးသားခဲ့တာပါ။  
ဂျူးဆန့်ကျင်ရေး စာအုပ်သုံးအုပ်ထဲမှာ ဒီစာအုပ်ကအဆိုးဝါးဆုံးစာအုပ်လို့ပဲ ကျနော်မြင်ပါတယ်။ စာအုပ်ထဲမှာ ဂျူးတွေကို တောခွေးရိုင်း၊ ဥသြငှက်၊ စာကလေး၊ ပျားထီး၊ ကျိုင်းကောင်၊ ပုတ်သင်ညို၊ မြွေပွေး၊ ကြမ်းပိုး၊ သန်ကောင်၊ ခွေးဗန္ဓတ် စတဲ့တိရိစ္ဆာန်ပေါင်းများစွာနဲ့ နှိုင်းယှဉ် ဥပမာပေးထားပြီး ဂျူးလူမျိုးတွေဟာ ကောက်ကျစ်စဉ်းလဲကြောင်း၊ အလိုရမက်ကြီးကြောင်း၊ သူတပါးအပေါ် ဂုတ်သွေးစုတ်ဖို့ပဲချောင်းနေတဲ့ အချောင်သမားများဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွက်အသုံးမ၀င်တဲ့ လူပိုတွေဖြစ်ကြောင်း၊ သစ္စာမဲ့ကြောင်း၊ ဟန်ဆောင်ကောင်းပြီး  အလွန် ရက်စက်ကြောင်း၊ တခြားလူမျိုးတွေကိုသွေးနှောပစ်ပြီး ဂျာမန်လူမျိုးပျောက်အောင်ကြိုးစားနေကြောင်း၊ ဂျာမန်တမျိုးသားလုံးအတွက်သာမက တကမ္ဘာလုံးက လူသားမျိုးနွယ်အားလုံးအတွက်ပါ လူ့အန္တရာယ်ကောင်တွေဖြစ်ကြောင်း .. တိရိစ္ဆာန်တွေနဲ့ဥပမာပေးရင်း လက်လွတ်စပယ် လူမျိုးရေးနှိမ့်ချစော်ကားပြီး ရေးသားထားပါတယ်။ ဒါတင်ဘယ်ကမလဲ .. ဂျူးတွေဟာ နိုင်ငံခြားသားများဖြစ်ပေမဲ့ အိမ်ရှင်ဖြစ်တဲ့ဂျာမန်လူမျိုး တွေကို ဂျာမနီပြည်ကြီးကနေမောင်းထုတ်ဖို့ ဘယ်လိုကြိုးစားနေကြောင်း ဥသြငှက်နဲ့ဥပမာပေးပြီး တင်ပြထားသေးတယ်။ (တိုက်ဆိုင်ပုံကို ပြောပါတယ်)
အဆိုးဆုံးကတော့ ဂျူးလူမျိုးဆိုတာ ကမ္ဘာပေါ်ရှိ အခြားသောလူသားမျိုးနွယ်တွေအတွက် အသက်အန္တရာယ်ပေးနေတဲ့၊  ကြမ္မာဆိုးတွေ သယ်ဆောင်လာတဲ့ဘက်တီးရီးယား/ဗိုင်းရပ်စ် ပိုးမွှားတွေပဲလို့ ပြင်းပြင်းထန်ထန်ဖေါ်ပြထားတာပါ။ ဒီလို ဘက်တီးရီးယား/ ဗိုင်းရပ်စ်ပိုးမွှားတွေကို သတ်ပစ်နိုင်မှ လူသားတွေကျန်းမာနိုင်မှာဖြစ်သလို၊ လူ့အဖွဲ့အစည်းကြီး အေးချမ်းသာယာဖို့အတွက် ဂျူးလူမျိုးတွေကို ကမ္ဘာပေါ်ကနေ ကိစ္စတုန်းအောင်ရှင်းပစ်ရမယ်လို့ကောက်ချက်ချရင်း အဆုံးသတ်ထားပါတယ်။ (ဒီလို လူမျိုးဖြုတ်သုတ်သင်ရေးလမ်းကြောင်းတစ်ခုကို ဖေါ်ဆောင်ရာရောက်စေတဲ့အတွက် လူသားမျိုးနွယ်တစ်ခုကို ဘက်တီးရီးယား/ဗိုင်းရပ်စ်နဲ့နှိုင်းပြီးပြောတာဟာ အလွန်ဆိုးရွားတဲ့ RACISTS တွေရဲ့ အသုံးအနှုန်းတစ်ခုပဲ ဖြစ်ပါတယ်)
(လူ့အဖွဲ့အစည်းအေးချမ်းသာယာစေဖို့ ဗိုင်းရပ်စ်သဖွယ် ဂျာမနီပြည်ထဲဝင်ရောက်နေတဲ့ဂျူးလူမျိုးများကို အပြတ်ရှင်းပစ်ရမယ်လို့ဆိုထားတဲ့ `ခွေးဗန္ဓတ်၊ တောခွေးရိုင်းများနှင့်စက်ဆုပ်ဖွယ်တိရိစ္ဆာန်များ´ ဆိုတဲ့စာအုပ်ပါ) ကျနော့်အမြင်ကတော့ ဂျူးမုန်းတီးရေးဝါဒဖြန့်စာအုပ်တွေထဲမှာ အဆိုးဆုံးစာအုပ်ပါပဲ.. ဒီစာအုပ်ထုတ်ဝေပြီးနှစ်အနည်းငယ်အကြာမှာ ဂျူး မျိုးပြုတ်သတ်ဖြတ်မှုတွေ စတင်လာခဲ့ပါတော့တယ်။ ဒီစာအုပ်တွေရဲ့ အစွမ်းထက်မှုကြောင့် ဂျာမန်လူထုကလည်း နာဇီပါတီရဲ့ ဂျူးလူမျိုးသုဉ်းသတ်ဖြတ်တာဟာ လုပ်သင့်လုပ်ထိုက်တဲ့လုပ်ရပ်တစ်ခုအဖြစ်မြင်လာ ကြပါတော့တယ်။ ဤသည်ပင်လျှင် နာဇီဝါဒဖြန့်ချိရေးရဲ့အစွမ်းထက်မြက်မှု ပဲဖြစ်ပါတယ်။

ကျနော်ခုလို မြန်မာ့မျိုးချစ်လုပ်ရပ်တွေကို ဖက်ဆစ်နာဇီလုပ်ရပ်တွေနဲ့နှိုင်းထားတယ်ဆိုတော့ ပေါက်ကွဲလိမ့်မယ်ဆိုတာသိပါတယ်။
`ဒါဆို ခိုးဝင်လာသူတွေကို ဘာမှမလုပ်ရတော့ဘူးလား´လို့ စာဖတ်သူများက ကျနော့်ကိုမေးချင်ပါလိမ့်မယ်။ ဥပဒေချိုးဖေါက်သူတွေအတွက် စီရင်မဲ့ဥပဒေတွေရှိပါတယ်။ တရားဥပဒေစိုးမိုးမှုရှိလာအောင်၊ တရားစီရင်ရေးစနစ် မှန်မှန်ကန်ကန်ဖြစ်လာအောင် ကျနော်တို့ကြိုးပမ်းရမှာပါ။ ကျနော်ရေးသားခဲ့သမျှဟာ ဥပဒေမဲ့လုပ်ရပ်တွေကိုအားမပေးဖို့ကိုသာ တိုက်တွန်းခဲ့တာပါ။ ဥပဒေမဲ့လုပ်ရပ်တစ်ခုကို ကျနော်တို့ မသိယောင်ဆောင်နေလိုက်ခြင်းဟာ တချိန်ချိန်မှာကျနော်တို့အပေါ်မှာလည်း ဒီလိုမျိုးလုပ်ဆောင်စေဖို့ခွင့်ပြုပေးလိုက်ရာရောက်ပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာကာကွယ်ရေးဆိုတဲ့ခေါင်းစဉ်ကတော့ နားထောင်လို့ကောင်းပါတယ်။ ဒါပေမဲ့ လုပ်ရပ်ကဘယ်လမ်းကြောင်းကို ဦးတည်နေတယ်ဆိုတာ သတိပြုကြပါ။ အဲဒီလမ်းကြောင်း၊ အဲဒီစနစ်ဟာကမ္ဘာသမိုင်းတလျောက် ရုပ်အဆိုးဆုံး၊ အရှက်သိက္ခာအကင်းမဲ့ဆုံး ဖက်ဆစ်စနစ်ဆိုးကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒီလိုမျိုးတရားဥပဒေကိုစိမ်ခေါ်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းတတ်သည့် အလေ့အထဟာ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုတစ်ရပ် ဖြစ်မသွားစေရန် ကျနော်တို့တားဆီးရပါလိမ့်မယ်။ ကျနော်တို့ကိုယ်တိုင်လည်း အမုန်းကို ကျော်လွန်ပြီးမကြည့်နိုင်ပါက ဘယ်သူကမှ ၀ါဒဖြန့်မှိုင်းတိုက်နေစရာပင်မလိုဘဲ လက်တွေ့ကျတဲ့အခြေအနေမှန်ကိုမြင်တွေ့နိုင်မှာ မဟုတ်ပါ…။
(ဒီဆောင်းပါးမှ ပုံများကိုရှင်းရှုင်းလင်းလင်း ကြည့်ချင်ပါက ပုံဆိုက်အကြီးများကို ကျနော့် Wall ပေါ်မှာ အဲလ်ဘမ်တစ်ခုလုပ်ထားပါတယ်။
ဒီနေရာမှာ သွားယူနိုင်ပါတယ် >>>https://www.facebook.com/media/set/?set=a.430254123712454.99888.100001836114921&type=3 )
ဦးဦး မှော်ဆရာ
(၂၆.၁၂.၂၀၁၂)