Thursday, March 28, 2013

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၄၇ (မျိုးမြင့်ချို)

0 comments
ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၄၇ (မျိုးမြင့်ချို) မတ် ၂၈ ရက်၊ ၂ဝ၁၃ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီး။သောတရှင်များခင်ဗျား… အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်မယ်ဆိုရင် အချိန်ရွေးချယ်မှုရဲ့ အရေးပါပုံအကြောင်း အကျဉ်းလောက်ဆွေးနွေး ပါရစေ။ ပြဿနာတခုဖြစ်ထွန်းလာဖို့နဲ့ ချုပ်ငြိမ်းသွားဆိုတာ နောက်ခံအကြောင်း၊ အနီးကပ်အကြောင်းနဲ့ လတ်တလောအကြောင်းတွေရှိရပါတယ်။ အကြောင်းတရားတွေပြည့်စုံဖို့ အချိန်ကာလသတ်မှတ်ချက်ကို ခုနှစ်သက္ကရာဇ်တွေနဲ့ကြိုတင် ပိုင်းခြားထားတာတာ့မရှိပါဘူး။ အကြောင်းတရားတွေထဲမှာ အောက်ခြေထုနဲ့ခေါင်းဆောင်ပိုင်း ဒါမှမဟုတ် အစိုးရနဲ့ပြည်သူတို့ရဲ့ အပြန်အလှန်တောင်းဆိုလိုလားမှုကအဓိကကျပါတယ်။ အကြောင်းတရားတွေရင့်မှည့်ပြည့်စုံလာတာကို ခေါင်းဆောင်နဲ့နောက်လိုက် ဒါမှမဟုတ် အစိုးရနဲ့ပြည်သူ နှစ်ဘက်စလုံးကသိရုံတင်မကပဲ  ပြောင်းမှဖြစ်တော့မယ်ဆိုတာကို သဘောပေါက်လာတဲ့အခါကျတော့မှ တက်ညီလက်ညီဟန်ချက်ညီညီ အပြောင်းအလဲဆီရှေ့ရှူလာကြတာပါ။ ပြည်သူကသဘောပေါက်ပြီး အစိုးရကသဘောမပေါက်ရင်၊ နောက်လိုက်တွေကသဘောပေါက်ပြီး ခေါင်းဆောင်ကသဘောမပေါက်ရင် ဟန်ချက်ပျက်ပြီးအုပ်စီးမရဖြစ်တတ်တာကို သတိပြုရပါလိမ့်မယ်။
ပြောင်းရမယ့်အချိန်ဟာ ပြောင်းမှဖြစ်တော့မယ်လို့ စသဘောပေါက်လိုက်တဲ့အချိန်ပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ ပြောင်းလဲရေးကိုချက်ခြင်း စရပါလိမ့်မယ်။ အခြေအနေတွေကို အချိန်မီထိန်းညှိနိုင်ရပါလိမ့်မယ်။ စတင်ပြောင်းလဲထိန်းညှိသူဟာ အစိုးရ ဒါမှမဟုတ် ခေါင်းဆောင်ပိုင်းပဲ ဖြစ်ပါတယ်။ ပြောင်းလဲနိုင်မယ့်အခွင့်အာဏာရှိနေသူတွေမို့ သူတို့ဟာဖန်တီးနိုင်သူတွေလည်းဖြစ်ကြပါတယ်။ ဖန်တီးနိုင်သူဘက်က စမပြောင်းရင် နောက်လိုက် ဒါမှမဟုတ် လူထုဘက်က အပြောင်းအလဲစဖို့ သူ့နည်းသူ့ဟန်သူ့ပုံစံနဲ့ လှုပ်ရှားထကြွလာတတ်တာ သမိုင်းမှာ အထင်အရှားရှိနေပါတယ်။ အဲ့သလိုမျိုး အုံကြွမှုတွေဖြစ်လာပြီဆိုရင်တော့ ကမောက်ကမနဲ့ဗရမ်းဗတာတွေ ဖြစ်ကုန်တော့တာပါပဲ။
၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလူထုအုံကြွမှုကြီးနဲ့အတူ တတိုင်းပြည်လုံးကသောင်းကနင်းဖြစ်ခဲ့ရတာဟာ အဲ့ဒီအခြေခံပေါ်မှာဖြစ်တာလို့ မြင်ပါတယ်။ မဆလခေါင်းဆောင်တွေဟာ အပြောင်းအလဲလုပ်မှ ရတော့မယ်ဆိုတာကိုသိပေမယ့် ဘယ်အချိန်မှာ စပြောင်းမလဲဆိုတာကို မှန်မှန်ကန်ကန်တွက်ချက်ချိန်ညှိရမယ့်အစား အာဏာကိုကျားကုပ်ကျားခဲ ကာကွယ်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၈၈ မတိုင်ခင်ကကတည်းကသာ နိုင်ငံရေးစီးပွားရေးနဲ့အုပ်ချုပ်ရေးပိုင်းတွေမှာ လူထုနဲ့စေ့စပ်ပြီး အလျှော့အတင်းတွေလုပ်နိုင်ခဲ့ရင် မဆလဟာ ခုလောက်ထိ အထိနာပါ့မလား လို့လည်း ပြန်တွေးမိပါတယ်။
အာဏာလက်ရှိမဟုတ်တဲ့အဖွဲ့အစည်းတခုအနေနဲ့ဆိုရင်တော့ အောက်ခြေထုရဲ့တန်ပြန်ပုန်ကန်မှုတွေပေါ်လာမျိုး၊ ခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲတွေ ရုတ်ချည်းဖြစ်ကုန်တာမျိုး၊ လမ်းစဉ်နဲ့ဖွဲ့စည်းပုံဆိုင်ရာအပြောင်းအလဲမျိုး စတာတွေ တမဟုတ်ခြင်းဖြစ်လာတတ်ပါတယ်။ အပြောင်းအလဲတခု ဘယ့်လောက်ပြေပြစ်ချောမွေ့ညင်သာသလဲဆိုတာကလည်း ခေါင်းဆောင်နဲ့နောက်လိုက်တွေရဲ့ အပြန်အလှန်သေဝပ် နာခံမှုနဲ့ အမြော်အမြင်ရှိမှုအပေါ်ပဲ တည်မယ်ထင်ပါတယ်။ များသောအားဖြင့် စနစ်ကျတဲ့အတွင်းပိုင်းအပြောင်းအလဲတွေဟာ အဖွဲ့အစည်းကို အင်အားတောင့်တင်းစေပြီး အတွေးအခေါ်နဲ့နိုင်ငံရေးမှာလည်း ပိုကျစ်လစ်ခိုင်မာသွားတတ်ပါတယ်။ အဲ့ဒါနဲ့ပြောင်းပြန် တချို့ အဖွဲ့အစည်းတွေမှာ ဝါးအစည်းပြေသလိုဖြစ်ခဲ့တွေကို သတိပြုမိကြမယ်ထင်ပါတယ်။ အဖွဲ့အစည်းတခုချိနဲ့ပြိုကွဲပြီဆိုရင် မဟာမိတ်ဆက်ဆံရေးလည်း ထိခိုက်သွားပါတယ်။ အဲ့သလိုအခြေအနေမှာဆိုရင် မိမိနဲ့ဖက်ပြိုင်တိုက်ခိုက်နေသူဟာ အလိုလိုနေရင်းက အသာစီးကိုရောက်သွားပါပြီ။
အဲ့လိုအနေအထားအောက်က အပစ်အခတ်ရပ်စကား ငြိမ်းချမ်းရေးစကားပြောမယ်ဆိုရင် တဘက်လူက နိုင်ငံရေးအရတန်းတူမှုမပေးပဲ ကျားစီးဖါးစီးပြောတော့မယ်လို့ တွက်လို့ရပါပြီ။ အောက်စီးကလူကလည်း သူတင်ကိုယ်တင်ပြောဖို့ မလွယ်တော့ပါဘူး။ ဒီအခါမှာ တဘက်လူပြောသမျှ လိုက်လျောရတော့မလားဆိုတာက အရေးကြီးတကြီးဆုံးဖြတ်ရမယ့်ကိစ္စလို ဖြစ်လာပါတယ်။ ယာယီသဘောအရတော့ ကိုယ့်မှာပြောအားမရှိလို့ အလျှော့ပေးသီးခံရဦးတောင် ဒါဟာ မှန်ကန်တဲ့သီးခံလိုက်လျောမှု မဟုတ်ပါဘူး။ မနိုင်၍သီးခံရခြင်းဆိုတဲ့သဘော ဆိုရင် မမှားဘူးလို့ထင်ပါတယ်။ နေသေးသပခြုံထဲက ချိုသွေးတမြမြဖြစ်မယ်နေလည်း တွေးမိပါတယ်။ အင်အားပြန်ကောင်းလာတဲ့အခါ စိန်ခေါ်ပြီးပြန်မတိုက်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်တဲ့အနေအထားဖြစ်ပါတယ်။



အသာစီးရထားသူကလည်း ပြဿနာကိုဖြေရှင်းမှာမဟုတ်ပဲ ဗိုလ်ကျအနိုင်ကျင့်တာဖြစ်လို့ ပြဿနာဟာလိပ်ခဲတည်းလည်း ကျန်နေမှာလည်း သေချာပါတယ်။ တချိန်ချိန်မှာ တပတ်ပြန်လည်လာနိုင်တယ်ဆိုတာကို တွက်ချက်မိပြီး နောက်ကျောမလုံမှုနဲ့အတူ လက်ဦးမှုယူပြီးထချဖို့ ကြိတ်ကြံနေမှာလည်း သေချာပါတယ်။ တဘက်လူကိုလည်း နာလံမထူအောင် နည်းမျိုးစုံနဲ့ဖြိုခွဲဖိနှိပ်ထားမှာပါပဲ။ ဖိနှိပ်မှုဆိုတာမျိုးဟာ ဘယ်တော့မှ ရေရှည်မခံတတ်ပါဘူး။ စကတည်းက မှန်မှန်ကန်ကန် ဖြေရှင်းထားတာမဟုတ်လေတော့ ပြဿနာဟာအခွင့်သာတာနဲ့ ပြန်ခေါင်းထောင်ထလာမှာလည်း သေချာပါတယ်။ ဒီလိုနဲ့ပဲ ပြဿနာတွေဟာ ဂျာအေးသူ့အမေမရိုက်နဲ့မုန့်လုံးစက္ကူကပ်ဖြစ်နေမှာပါ။ ဗမာပြည် ပြည်တွင်းစစ်ကိစ္စဟာ အဲဒီလိုနည်းနဲ့ အဆိုးကျော့သံသရာလည်နေတာလို့မြင်ပါတယ်။
သာတရှင်များခင်ဗျား…ကျနော်ဆိုလိုတဲ့အချိန်ဆိုတာ အဲ့ဒီအချိန်မျိုးပဲဖြစ်ပါတယ်။ အဖွဲ့အစည်းတခုထဲမှာ အတွင်းပဋိပက္ခတွေ သည်းသန် ပြင်းထန်နေချိန်မျိုးကို ဆိုလိုပါတယ်။ အဲဒီအနေအထားမှာမှ ဝင်ရမှာဆိုရင် ကြားဝင်မယ့်သူဟာ တဘက်ခြင်းစီရဲ့အတွင်းထဲမှာ ဘာဖြစ်နေချိန် ဆိုတာကိုသေသေချာချာသိရုံတင်မက အခြားတဘက်ရဲ့ အားနည်းချိန်ကိုအညှာကိုင်ပြီး ဇွတ်မနင်းရေးဖြစ်အောင်သတိထား တည့်မတ်ပေးရ ပါလိမ့်မယ်။ တဘက်ဘက်က အခြားတဘက်ကို အောက်ကြေးနဲ့ဈေးဖြတ်တဲ့အပေးအယူမျိုးဖြစ်မသွားလို့ အလေးအနက်ထိန်းမတ်ပေးဖို့ လိုပါတယ်။ အကဲဆတ်နေချိန်မို့ အချိန်အဆလည်းပိုမှ ရမယ်ထင်ပါတယ်။ အဲ့သလိုအချိန်မျိုးမို့ ဆွေးနွေးဖို့မသင့်ဘူးလို့ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကိစ္စတခုခုကို တကယ့်သဘောရိုးနဲ့ဆွေးနွေးမယ်ကြဆိုရင် အချိန်တိုင်းဟာဆွေးနွေးသင့်တဲ့အချိန်တွေပါပဲ။ ကောင်းမှုပြုတယ်ဆိုရင် နေ့တိုင်းဟာ ရက်ရာဇာတွေချည်းပါပဲ။

ကျနော်မျိုးမြင့်ပါခင်ဗျား။

Wednesday, March 27, 2013

”အစွန်း” နဲ့ ”အစ”ထူတဲ့ပြည် (မျိုးမြင့်ချို)

0 comments
ဗမာပြည်မှာ လူမျိုးစုဘယ်နှစုရှိတယ်ဆိုတာ
ပြောတိုင်း တုတ်ထမ်းမပြောရပေမယ့် တုတ်တပြက် ဒါးတပြက် ဖြစ်ရမယ့်အပေါက်ချည်းပါပဲ။ လွတ်လပ်ရေးမတိုင်မီကကိစ္စခနထား.. ရပြီးခေတ်အာဏာရအစိုးရအဆက်ဆက်က သူနဲ့ ပလဲနံပသင့်တဲ့ ခန့်အပ်ခံရွှေဉာဏ် ရှင်တွေနဲ့ ညောင်ရေလောင်း သတ်မှတ်ပြဋ္ဌာန်းမှုတွေကြောင့် လူမျိုးစုအရေးဟာ ”အမယ်ဘုတ်ကယ်သူ့ချည်ခင်” ဖြစ်ရတယ်။ အဓိကလူမျိုးစုကြီးက ဘယ်နှစု၊ မျိုးတူစုက ဘယ်နှခု၊ သွေးတူစုကဘယ့်လောက် စတာတွေမှာ ခုချိန်ထိ တိကျပြီးအများစုလက်ခံတာမျိုးထက် အာဏာကိုင်ထားနိုင်သူတစုရဲ့ ”အများညီ ဤကျွဲဖတ်”ပြီး တည်ခဲ့ရတာချည်းပါပဲ။ တလောကပဲ လွှတ်တော်ထဲမှာဝန်တပါးက နာဂကို ချင်း အောက်ထား/မထား  စကားအမှားပေးလိုက်တော့ အသံတွေစီကနဲထွက်လာတာ သတိထားမိတယ်။ ဒီလိုနဲ့ပဲ လူမျိုးစုငယ်အချို့သူတို့ရဲ့ ပကတိသဘောဖြစ်တည်ရမှုနဲ့ သူတို့ကိုယ်ပိုင်ဥပဓိ Self Identity ကို ထိန်းဖို့အရေး အသေအလဲခုခံရင်း.. ကျားကုပ်ကျားခဲကာကွယ်ရင်း..တခါတရံမှာ ကျားနာခဲတွေဖြစ်ရတယ်။ ဒါလည်း အာဏာလက်ဆုပ်မဖြည်လိုသူတို့ရဲ့ လိုချိန်ရှို့ဖို့ချန်တဲ့ ”အစ”တစ်ခု ဖြစ်တယ်။

နောက်တချက်က ပတ်လည်ထိစပ်တိုင်းပြည်တွေက နယ်စပ်ခြင်းမို့ သူ့ဘက်ကိုယ့်ဘက် အကူးအလူးအဝင်အထွက်နဲ့ သွေးနှောဆင်းသက်လာသူတွေလည်း အနမတဂ္ဂ။ ကိုးကွယ်မှုအခံတူတဲ့အိမ်နီးခြင်းကိုကျ  ဘာသာရေးနဲ့ဖေါက်ခွဲပေးဖို့ခက်လေတော့ လူမျိုးအလိုက် သမိုင်းအမှိုက်ပုံကိုပြန်ဆွပြီး  အပုတ်နံ့ထောင်းထောင်းထစေတာ၊ သမိုင်းအနာဖေးခွာပြီး အမုန်းအာဃာတနဲ့သွေးစိမ်းရှင်စေတတ်တာလည်း အထင်အရှားရှိရဲ့။ ယိုးဒယားနဲ့တရုတ်ဟာ အဲ့သလို အိမ်နီးခြင်းတွေမို့ တချက်တချက်အစထွက်တယ်။ တခါ ကိုးကွယ်ရာအခံမတူတဲ့အိမ်နီးခြင်းကျတော့ ဘာသာရေး/လူမျိုးရေးပါသွေးထိုးသပ်လျှိုပြီး သွေးချောင်းစီးခိုင်းတာလည်း မမြင်ချင့်အဆုံး။ သွေးနှောသူကို လူလို့မသိမှတ်လိုလေတော့၊ ”လူမျိုးကိုသွေးနဲ့သတ်မှတ်တယ်”ပြောတော့ လက်ခုတ်သံဖြောက်ဖြောက် ထွက်လာတာလည်း တပြဿနာ။ လူကလူကိုလူလို့မြင်ရတာထက် ”ငါနဲ့ စကား/အသား/တရားစတာတွေ မှာမတူလို့” အခွင့်ရတိုင်း ရန်စဖော်ရ သွေးတောင်းကြတာ မကြာမကြာ။ ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယဟာ ဒီနေရာမှာ ဆောင်ဖို့ကောင်းတဲ့ဥဒဟာရုဏ်ပဲ။ ဒါလည်း နောက် ”အစ”တစ်ခု ဖြစ်လေတယ်။

နောက်တချက်က နယ်မြေပြဿနာ။ ဗမာပြည်ရဲ့နယ်မြေဒေသအသီးမှာ လူတွေဟာ အဝင်အထွက်နဲ့ လက်ယှက်ထိုးနေခဲ့ကြတာ ဆက်ဆံကူးလူးကြတာ ခုမှမဟုတ်ဘူး.။ ဗမာပြည်ရယ်လို့ စမပေါ်ခင်ကတည်းလို့ဆိုရင် မမှားဘူးထင်တာပဲ။ သူ့လူစုနဲ့သူ ကျင်လည်ရာအသက်မွေးကြတာပဲ။ ”မြေနဲ့မြစ်”အခြေခံကြီးပွားတဲ့ခေတ်က မြစ်ဝှမ်းကိုစီးမိပြီးကြီးထွားတော့ အများစုဆိုပြီး အလိုလိုနေရင်း လေသံကခတ်ထန်ထန်။ လူအများဆုံးအစုမို့ အကြီးဆုံးစစ်တပ်ထောင် စစ်ဘုရင်လိုင်စင်ရပြီး အခြားလူနည်းစုလူမျိုးသေးတွေကို ”ဒီနယ်မှာ မင်းတို့အများစုမို့ မင်းတို့အပိုင်စားစေ”ဆိုပြီး ကျွန်ခေါင်းလက်ကြာပွတ်အပ်ပြီး ဦးပိုင်အမည်ပေါက်ပေးတော့ ပဝေသဏီက ဓါးမဦးအတူချခဲ့ကြတဲ့၊ သူ့ထက်သေးတဲ့အနည်းစု အနေရကျုံ့ပြန်တယ်။ ကျွန်ခေါင်းရဲ့ကြာပွတ်ဒဏ်ကျောကော့အောင်ခံရင်း အစုသေးတွေဟာ လက်ဝေခံရဲ့လက်အောက်ခံ ဖြစ်ရပြန်တယ်။ ဟိုနေ့က UWSA  က ဝပြည်နယ်တောင်းတဲ့အသံ ထွက်လာတယ်။ အဲ့ဒီအသံကို စပီကာတပ်သူကတပ်ပေးတယ်။ တောင်းတာ/ မတောင်းတာ၊ ရတာ/မရတာ၊ ပေးတာ/မပေးတာ၊ ပေးသင့်တာ/မပေးသင့်တာ၊ ရခွင့်ရှိတာ/မရှိတာတွေ ခနထား။ မကြာခင်မှာ ဆွဲအထုတ်ခံရမယ့်အစနဲ့ပြဿနာအဖြစ် ထင်းလာတယ်။ ဝအမျိုးသားတွေနေကြတာက ရှမ်း ပြည်နယ်မှာ။ ရှမ်းနဲ့ဝလှည့်တိုက်ရင်း ဘယ်သူ့ဘက်ကဝင်ပင်းပြီး ဝကိုဖြိုမလဲ။ ဒါလည်း နောက်”အစ”တစ်ခု ဖြစ်လေမလား။

ပြောရရင် သပွတ်အူမျောတဲ့မြစ်ပဲ။ လှေကြီးပေါ် လှေငယ်ပဲ။ အသင့်ကွဲမယ့် ယမ်းပုံပဲ။ အချိန်စောင့် ချိန်ကိုက်ဗုံးပဲ။ အာရုံလွှဲစရာ ”အစ”တွေပဲ။ အဲဒီအစတွေဆွဲထုတ်တိုင်း လူတစုအရေးသမား၊ လူတမျိုးအရေးသမားနဲ့ လူမျိုးရေးအစွန်းသမားတွေသည်းခြေကြိုက်သမို့ အမျိုးသားရေးအလံထောင်ပြီး အလွဲမာနဇာတိပုညတွေနဲ့ ခါးတောင်းကျိုက်ကြ၊ လက်ရုံးဆန့်ကြ၊ ”တပ်မတော်နဲ့ပေါင်းတိုက်မယ်”တွေဖြစ်ကြလေတယ်။ မျိုးမြင့်ချို မတ် ၂၇၊ ၂၀၁၃


Sunday, March 24, 2013

“၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးမြင်းရိုင်း”ကိုဇောင်းထဲသွင်း ဇက်ခွံ့လိုက်သည့် “အရေးကြီးအဆို”(တူမောင်ညို)

0 comments
“၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးမြင်းရိုင်း” ကို ဇောင်းထဲသွင်းဇက်ခွံ့လိုက်သည့် “အရေးကြီးအဆို”(တူမောင်ညို)(၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်)
ယခုအခါ ကြံ့ဖွံ့အမတ်များက “၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရေးလှုပ်ရှားမှုကို တားမြစ်ချုပ်ကိုင်နိုင်မည့်အဆို တစ်ခုကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းအတည်ပြုခဲ့ပြီဖြစ်သည်။ မတ်လ ၁၅ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းအတည်ပြုခဲ့သည့် သူရဦးအေးမြင့်၏ “အရေးကြီးအဆို”သည် “ဝင်- ပြင်” သမား (ဝင်-ပြင်သမား = ၂၀၀၈အခြေခံဥပဒေဘောင်ထဲဝင်ပြီး အခြေခံဥပဒေပြင်ဆင်မယ်လို့ ဆိုသူတွေ)တို့၏လှုပ်ရှားမှုမှန်သမျှကို တားမြစ်ချုပ်ကိုင်လိုက်ခြင်းဖြစ်သည်။
ဦးဝင်းတင်စကားနဲ့ပြောရရင် “သော့ခလောက်ကြီးတန်းလန်းနဲ့လွှတ်တော်ထဲဝင်သွားတဲ့ ဒီချုပ်အမတ်တွေ”ကို နောက်ထပ် သော့ခလောက်တစ်လုံးနဲ့ထပ်ပြီး ခတ်လိုက်ခြင်းပင်ဖြစ်သည်။

ထို့အပြင်“တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းလိုရာဆွဲဆောင်ရွက်ခြင်းသည် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားသည်”ဟု ပြည်သူ့လွှတ်တော်၌ပြောဆိုခဲ့သော သူရဦးအေးမြင့်၏စကားသည် 
အဓိပ္ပါယ် ၂ ခု တစ်ပြိုင်ထဲသက်ရောက်နေပါသည်။

ပထမအဓိပ္ပါယ်မှာ“၂၀၀၈ အခြေခံဥပဒေ”ပင်ဆင်ရေးကြွေးကြော်နေသော ဒီချုပ် (NLD) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) နှင့်“၂၀၀၈ အခြေခံဥပဒေ”ကို ဥပဒေအသစ်ဖြင့်အစားထိုးရန် ရေးသားဟောပြောနေသောရှေ့နေဦးကိုနီတို့ကို တိုက်ရိုက်ခြိမ်းချောက်ပိတ်ပင်၊ တားမြစ်လိုက်သည့်သဘောပင်ဖြစ်သည်။

ဒုတိယအဓိပ္ပါယ်မှာ ၂၀၀၈ အခြေခံဥပဒေ၊ပုဒ်မ၂၀(စ)အရ “အခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်”ဟူသော ဗိုလ်မင်းအောင်လှိုင်နှင့်စစ်တပ်ကို မျက်စပစ်ပြလိုက်ခြင်းလည်းဖြစ်သည်။

တင်သွင်းအတည်ပြုလိုက်သည့်အဆိုကိုဖတ်ကြည့်လျှင်ပင် သူတို့၏ရည်ရွယ်ချက်က ထင်းကနဲပေါ်နေသည်။ ၂၀၀၈ အခြေခံဥပဒေတွင် မည်သည့်ပုဒ်မများပြင်ဆင်ရန်လိုအပ်/မလိုအပ်၊ မည်သည့်ပုဒ်မများပြင်ဆင်ရန်လိုအပ်သည်၊ မည်သို့ပြင်ဆင်မည်၊ မည်သည့်အချိန်အခါတွင်ပင်ဆင်မည်ဆိုသည့်လုပ်ငန်းအားလုံးကို သူတို့ဖွဲ့စည်းပေးမည့်ကော်မရှင်/ကော်မတီတွင်လေ့လာသုံးသပ်မည်ဟု အဓိပ္ပါယ်ထွက်နေသည်။ ပြင်ဆင်ရမည့်အချက်အလက်ကိုရော ပြင်ဆင်မည့်အချိန်အခါကိုပါ လက်ဦးမှုယူပြီး ချုပ်ကိုင်လိုက်ခြင်းဖြစ်သည်။

ဤသို့ဖြင့် ပြင်ဆင်လိုသည့်ပါတီများနှင့် ပြင်ဆင်ရေးသားဟောပြောနေသောပုဂ္ဂိုလ်များကို အဆိုပါကော်မရှင်/ကော်မတီတွင် ထည့်သွင်းဖွဲ့စည်းပေလိမ့်မည်။ သို့ဖြင့် “၂၀၀၈အခြေခံ ဥပဒေပြင်ဆင်ရေးမြင်းရိုင်း”ကို ဇောင်းထဲသွင်း၍ဇက်ခွံ့လိုက်သည့်သဘော ဖြစ်သွားပေတော့မည်။ သို့ဖြင့်ဖွဲ့စည်းပေးမည့်ကော်မရှင်/ကော်မတီသည် ကျောကုန်းပေါ်ခွထိုင်ပြီး ဇက်ကိုင်ထားသူ၏စေရာခရီးသို့ ဒုန်းစိုင်းဆိုလျှင်ဒုန်းစိုင်းရပြီး၊ အသားကျပြေးဟုဆိုလျှင် အသားကျပြေးရပေတော့မည်။

(ဗိုလ်)ဦးသိန်းစိန်အစိုးရဖွဲ့ပေးသောကော်မရှင်/ကော်မတီများမည်သို့သောကံကြမ္မာသို့ ဆိုက်ရောက်သွားတတ်သည်ကိုသိရှိလိုလျှင် လက်တွေ့ပူပူနွေးနွေးတွေ့ကြုံလိုက်ရသည့်“လက်ပံတောင်းစုံစမ်းရေးကော်မရှင်”ကိုသာကြည့်လျှင် သိပါလိမ့်မည်။ “၂၀၀၈အခြေခံဥပဒေ”ကို ဒီချုပ်(NLD)၊ ရှမ်းဒီချုပ်(SNLD)တို့ပြောဆိုနေသော ထိထိရောက်ရောက်ပြင်ဆင်ရေး၊ ဒီမိုကရေစီနည်းကျသော အခြေခံဥပဒေဖြစ်အောင်ပင်ဆင်ရေးနှင့် ရှေ့နေဦးကိုနီတို့ဟောပြောရေးသားနေသော အခြေခံဥပဒေအသစ်ရေးပြီး အစားထိုးရေးတို့သည် ”၂၀၀၈အခြေခံဥပဒေ”ဘောင်ထဲတွင် မည်သို့မျှမဖြစ်နိုင်ချေ။

လွှတ်တော်ထဲတွင် အမတ်ဦးရေကအဆုံးအဖြတ်ဖြစ်သည်။ ထိုအဆုံးအဖြတ်သည် ကြံ့ဖွံ့ပါတီလက်ထဲမှာရှိသည်။ ဒီချုပ်ပါတီရရှိထားသောအမတ်အရေအတွက်သည် ကြံ့ဖွံ့ပါတီ၏အစွန်းထွက်မျှပင်မရှိချေ။ ယင်းသို့များသည့် အမတ်ဦးရေကဆုံးဖြတ်ခြင်းကို ဒီမိုကရေစီနည်းကျသည်ဟုလည်း ပြောကြလိမ့်မည်။

သို့ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်လိုသူ/အခြေခံဥပဒေသစ်တစ်ခု ထပ်မံရေးဆွဲပြီးအစားထိုးလိုသည့်လူပုဂ္ဂိုလ်များ၊နိုင်ငံရေးပါတီများကို ကော်မရှင်သို့မဟုတ်
ကော်မတီအောက်သို့ဆွဲသွင်းပြီး ချုပ်ကိုင်တော့ပေမည်ဖြစ်သည်။

“ဝင်- ပြင်”သမားများအတွက် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”က သင်ခန်းစာများစွာ၊ အတွေ့အကြုံများစွာကို တမျိုးပြီးတမျိုးမရိုးရအောင် ပေးပါလိမ့်မည်။ တပြိုင်နက်တည်းတွင်“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”၏အရသာကိုလည်း အသေအချာစားသုံးရပါလိမ့်မည်။

၂၀၀၈ အခြေခံဥပဒေကို ထိထိရောက်ရောက်မပြင်ဆင်နိုင်လျှင်/အသစ်ရေးပြီး အစားမထိုးနိုင်လျှင် အနိမ့်ဆုံးအားဖြင့် “သမ္မတဖြစ်ရေး”မှသည် အမြင့်ဆုံးအားဖြင့် “စစ်မှန်သောဒီမိုကရေစီအရေးနှင့် ပြည်ထောင်စုစစ်စစ်ပေါ်ထွန်းရေး”တို့သည်
ဝေးနေမြဲဝေးနေဦးမည်သာဖြစ်သည်။ 

ဒီမိုကရေစီရှေ့ခရီးကို ရဲရဲချီတက်မယ်၊ “၂၀၀၈အခြေခံဥပဒေ”ကိုပယ်ဖျက်ပြီး ဒီမိုကရေစီနည်းကျတဲ့အခြေခံဥပဒေသစ်တစ်ခုရေးဆွဲပြီး အစားထိုးမယ်လို့ တကယ်တန်းရည်ရွယ်ထားတယ်ဆိုရင် လွှတ်တော်ပြင်ပလူထု၊ လမ်းမပေါ်ကလူထုလှုပ်ရှားကို မျက်နှာမူကြရပါလိမ့်မည်။ “နောက်ကြောင်းပြန်လှည့်သွားလိမ့်မယ်” ဆိုသည့်တစ္ဆေကိုကြာက်နေလျှင်တော့ ရှေ့ဆက်တိုးစရာမရှိဘဲ၊ သူတို့ခွင့်ပြုထားသည့် “စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဘောင်”ထဲတွင် တဝဲဝဲတလည်လည် ဖြစ်နေကြရပါလိမ့်ဦးမည်။

(တူမောင်ညို)

(၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်)

Friday, March 22, 2013

ဗဆွေလေး(သို့မဟုတ်) လက်ဝဲစာလုံးတီထွင်သူ(တင်မိုး)

0 comments

ဗဆွေလေး (သို့မဟုတ်) လက်ဝဲစာလုံး တီထွင်သူ
Posted under အတ္ထုပ္ပတ္တိများ , ကျောင်းသား ခေါင်းဆောင်များ
အားကျဖွယ် လေးစားဖွယ် အတုယူဖွယ်ကောင်းတဲ့ လူပုဂ္ဂိုလ်တွေ အကြောင်းကိုဖတ်ရှုရင်း သမိုင်းနောက်ခံကားချပ်တွေကိုလည်း တစေ့တစောင်းသိနိုင်ဖို့ ဆရာကြီးဦးတင်မိုးက သူ့ဘဝတလျောက် တွေ့ကြုံသိကျွမ်းခဲ့ရတဲ့ လူပုဂ္ဂိုလ်တွေအကြောင်းကို ဧရာဝတီမြန်မာပိုင်းကွန်ရက်စာမျက်နှာမှာ ‘ဘဝရုပ်ပုံလွှာ’ ကဏ္ဍတခုဖွင့်ပြီး ရေးသားတင်ဆက်ခဲ့ပါတယ်။ အဲဒီ ကဏ္ဍမှာ ဘဝရုပ်ပုံလွှာ (၃) အဖြစ် ဆရာတင်မိုး ရေးဖွဲ့ ခဲ့တဲ့ တကသဥက္ကဋ္ဌဖြစ်ခဲ့သူ “ဗဆွေလေး (သို့မဟုတ်) လက်ဝဲစာလုံးတီထွင်သူ” ကို ပြန်လည်ကူးယူ လွှင့်တင် ပေးလိုက်တာဖြစ်ပါတယ်။
ဗဆွေလေး (သို့မဟုတ်) လက်ဝဲစာလုံးတီထွင်သူ
ကျွန်တော် တင်ပြချင်တဲ့ ရုပ်ပုံလွှာတချပ်ကတော့ ရန်ကုန်တက္ကသိုလ်ရဲ့ နောက်ဆုံး တကသဥက္ကဋ္ဌ ဖြစ်တဲ့ ကိုဗဆွေလေးပါ။ သူက ဘိုကလေးသား။
ကိုဗဆွေလေးကို မြင်ရရင် မျက်နှာကလေးချောင်ပြီး ပင်ပန်း နွမ်းနယ်နေဟန် ပုံသဏ္ဌာန်ပါ။ အိပ်ရေးမဝတဲ့ အခြေအနေနဲ့ တူပါတယ်။ သူ့အပြုံးကလေး လျော့ရဲရဲ အပြုံးလို့ ဆိုနိုင်ပါတယ်။ ဆံပင် သပ်သပ်ရပ်ရပ် ဖီးသင်ထားခြင်း မရှိ။
သူ့ကို နာမည်သာ ကြားဖူးပေမဲ့ လူချင်း မတွေ့ဖူးပါ။ ၁၉၆ဝ - ၆၁ ခုနှစ် ကျွန်တော် ရန်ကုန် တက္ကသိုလ်မှာ မြန်မာစာ ဂုဏ်ထူး သင်တန်း လာတက်စဉ်က တ.က.သ လက်ဖက်ရည်ဆိုင်မှာ စတင် တွေ့ဖူးခြင်း ပါပဲ။
ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနမှာ ဆရာ မင်းသုဝဏ် ပါမောက္ခ ဖြစ်ပြီလို့ သတင်းစာထဲမှာ တွေ့လိုက်ရတော့ ကျွန်တော်ဟာ ဆရာ မင်းသုဝဏ်ရဲ့ ပို့ချက်မှုကို ခံယူချင်တာနဲ့ ရန်ကုန် တက္ကသိုလ် ပြောင်းခဲ့တာပါ။
အရင်နှစ်က မန္တလေး တက္ကသိုလ် မြန်မာစာ ဌာနမှာ ပထမနှစ် မြန်မာစာ ဂုဏ်ထူးသင်တန်း တက်ခဲ့ပါတယ်။ မန္ဈလေး သီးခြား တက္ကသိုလ်နှစ်ရဲ့ ပထမဦးဆုံး စာမေးပွဲပါ။ ကျွန်တော် ဂုဏ်ထူးတန်း ပထမနှစ် ကျခဲ့ပါတယ်။ သမိုင်းဘာသာမှာ စာမေးပွဲ ကျခဲ့ခြင်း ဖြစ်ပါတယ်။
ယခင့် ယခင် နှစ်များက သမိုင်းဘာသာ ကျရှုံးသူ မရှိသလောက်ပါပဲ။ ဝိဇ္ဇာ ပထမနှစ် ဆိုရင် အေးအေးဆေးဆေး အောင်ကြတာ များပါတယ်။ ရန်ကုန် တက္ကသိုလ်က ဘာသာရပ် အားလုံး စစ်ဆေး အအောင်ပေးလေ့ ရှိပါတယ်။
မန်းသီးခြား တက္ကသိုလ်နှစ်မှာ သမိုင်း ပါမောက္ခက ဒေါက်တာ မောင်မောင်ကြီးပါ။ ယခု အမေရိကမှာ ထင်ပါရဲ့ … ပါမောက္ခက သမိုင်းကို လေးစားအောင် လုပ်မယ်လို့ ရည်ရွယ်တယ် ကြားတာပဲ။ အများအပြား အတုံးအရုံး ကျရှုံး ကုန်ကြပါတယ်။ (နောင် ကျောင်းသားတွေ ဆူပူ ဆန္ဒပြလို့ နောက်ဆက်တွဲ အောင်စာရင်း ထုတ်ပြန်ရပါတယ်။ ကျွန်တော်လဲ အောင်ပါတယ်)။
ကျွန်တော့်ဆရာ ပါမောက္ခ ဦးချမ်းမြက ကျွန်တော့်အတွက် အသနားခံ ပေးသေးတယ်လို့ တဆင့်စကား ကြားရဖူးပါတယ်။ ဒါပေမဲ့ မရပါ။ သမိုင်း ပါမောက္ခက စာမေးပွဲ ချလိုက်တော့ ကျွန်တော့် ဂုဏ်ထူးတန်း ပြုတ်ခဲ့ရပါရော။ ဒီလိုနဲ့ …
ဒီမှာ ရန်ကုန် ရောက်လာပြီး ရဲဘော် ကိုဗဆွေလေး၊ ရဲဘော် မောင်မောင်ညွန့် (ညွန့်ကြူး)၊ ဦးစိုးသိန်း၊ ကိုလှရွှေ စတဲ့ တ.က.သ ရဲဘော်ကြီးများနဲ့ အကျွမ်းတဝင် ခင်မင်သွားသဗျ။ အဲဒီနှစ်က တ.က.သ ဥက္ကဋ္ဌ မြို့မ ဦးတင်အေး (နောင်အခါ ကျွန်တော်နဲ့ မယားညီအကို) နဲ့လဲ ရင်းနှီးကြတယ်။ ကိုဗဆွေလေးက တ.က.သ အတွင်းရေးမှူးကိုး။
သူက ကဗျာချစ်တယ်။ ‘ထွန်းသစ်’ ဆိုတဲ့ နာမည်နဲ့ တက္ကသိုလ် စာစောင်တွေမှာ ကဗျာရေးတယ်။ လူသိခံပုံ မရဘူး။ ပန်းချီလဲ ချစ်တယ်။ လက်ဝဲစာလုံး၊ တပ်ဦး စာလုံးလို့ နာမည်ကျော်တဲ့ လက်ရေး စတိုင်ဟာ သူထွင်ခဲ့တဲ့ ပိုစတာ လက်ရေးပေါ့။
ကျွန်တော် သိသလောက် ကိုဗဆွေလေးဟာ တ.က.သ အလုပ်တွေကို အောက်ခြေသိမ်း ကုန်းရုန်းပြီး မအိပ်မနေ လုပ်ရုံမက ရဲဘော်တွေကိုွွေ့ကးဖို့၊ သူ့မိသားစု ထောက်ပံ့ဖို့၊ သူ့ဇာတိ ဘိုကလေးမှာ ရှိတဲ့ ကျောင်းသား သမဂ္ဂ ရဲဘော်တွေ ရပ်တည်ဖို့ မနားမရပ် လှုပ်ခတ်တောင်ပံ အားမာန် အပြည့်နဲ့ လုပ်ကိုင်တာကို တွေ့ရတယ်။
ဒီအတော အတွင်း ပညာရေး တက္ကသိုလ်မှာ မနက် ၇ နာရီ တက်ရတဲ့ ပညာရေး ဒီပလိုမာလဲ မှန်မှန် တက်နေသေးတယ်။ အဲဒီတုန်းက ရန်ကုန် အလွတ်ပညာရေး ကျောင်းတွေမှာ ဦးဗဆွေလေးက ပထဝီဘာသာ နာမည်ကျော် ဆရာ။ ဟိုကျောင်းကခေါ် ဒီကျောင်းကခေါ် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်။ လက်မလည်နိုင်။ ဒါလဲ တာဝန်ကျေပါပေ့။
တ.က.သမှာ ပိုစတာ ရေးရင်း ညအိပ်၊ ဖြစ်သလိုစား၊ ကျောင်းတွေလဲ မပျက်၊ အလုပ်နဲ့လက် ဒရစပ် အလုပ်လုပ်တဲ့ အပြင် ဘိုကလေးက ရဲဘော်တွေဖို့ ဖွင့်ပေးထားတဲ့ စာအုပ်ဆိုင် အတွက် လေဟာပြင်ဈေးက စာအုပ်ဆိုင် မျိုးစုံသွားပြီး စာအုပ်တွေ ဝယ်ပို့ ပေးရသေးတယ်။ ကျွန်တော့်ကို ရဲဘော်တွေ ဖတ်သင့်တဲ့ စာအုပ်တွေ ရွေးပေးဖို့ အကူအညီ တောင်းတယ်။ ဒါနဲ့ သူနဲ့ ခင်သွားကြတာပဲ။ ဆဲဗင်းဂျူလိုင် အရေးတော်ပုံ အထိ တာဝန် ထမ်းဆောင် သွားခဲ့တယ်။ တောထဲမှာ ကျဆုံးသွားသတဲ့။ ဖြစ်ရလေ ရဲဘော်ကြီးရယ် …။
နိုင်ငံ့အတွက် အဖိုးတန် သားကောင်း ရတနာ အစစ်ပါ။ စံပြ ကျောင်းသား ခေါင်းဆောင် မီးရှူးတန်ဆောင်ပါ။ ။
တင်မိုး

တရားဥပဒေစိုးမိုးရေးဆိုတဲ့စကားသတိထား(ကိုပေါ)

0 comments
တရားဥပဒေစိုးမိုးရေးဆိုတဲ့စကားသတိထား(ကိုပေါ)  ခေတ်မောင်း စာစောင်အောက်တိုဘာထုတ်မှ..
မြန်မာနိုင်ငံရေးသမားတွေရဲ့မိန့်ခွန်းတွေထဲမှာ ရူးအော့ဖ်လော (rule of law)ဆိုတာတချိန်လုံးကြားနေရတယ်။ စစ်လွှတ်တော်ထဲမှာလည်း လွှတ်တော်တရားဥပဒေစိုးမိုးရေးနဲ့ငြိမ်းချမ်းရေးကော်မတီ ဆိုပြီး ကော်မတီတရပ်ပေါ်ထွန်းလာတယ်။ နိုင်ငံတကာမှာတော့ တရားဥပဒေစိုးမိုးရေးလို့ပြောကြရင် တရားဥပဒေဟာ နိုင်ငံသားတိုင်းအပေါ်ကို ညီတူညီမျှသက်ရောက်စေရမယ်ဆိုတဲ့ သဘော။ ဘယ်သူမှလည်း တရားဥပဒေအထက်မှာ မရှိစေရဘူးတဲ့။

မြန်မာနိုင်ငံမှာရော ဒီဥပဒေတွေကို ဘယ်သူကရေးဆွဲသလဲ။ တရားမျှတသောဥပဒေတွေဟုတ်ပါရဲ့လား။ နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို ရှေ့တန်းတင်ပြီးရေးဆွဲထားတဲ့ဥပဒေတွေဟုတ်ပါရဲ့လား၊ နိုင်ငံသားတိုင်းကို ညီတူညီမျှသက်ရောက်နေပါရဲ့လား.. .စတဲ့အချက်တွေကို
ဆက်ပြီးစဉ်းစားဖို့တော့လိုမယ်။ နောက်ပြီးတော့ တရားဥပဒေရှေ့မှောက်မှာ နိုင်ငံသားတိုင်းဟာတန်းတူညီမျှအခွင့်အရေး ရကြပါသလား။

နိုင်ငံအုပ်ချုပ်ရေးယန္တယားရဲ့ပင်မအချက်အခြာ အသက်သွေးကြောတမျှအရေးကြီးလှတဲ့၂ဝဝ၈ အခြေခံ ဥပဒေမှာ စစ်တပ်ကိုယ်စားလှယ်တွေက လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို ယှဉ်ပြိုင်စရာမလိုဘဲ ရတယ်ဆိုတော့ စစ်သားများဟာ အရပ်သားများထက်တဆင့်မြင့်တဲ့ အခွင့်ထူးခံလူတန်းစားတရပ်လို ရှိနေတယ်ဆိုတာတွေ့ရတယ်။ ဒါ့အပြင် သမ္မတနဲ့ဒုသမ္မတရာထူးအတွက်လည်း စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့အချက်နဲ့ အရပ်သားကသမ္မတမဖြစ်နိုင်အောင် ကန့်သတ်ထားပြန်တယ်။ ဒီတော့ ၂ဝဝ၈ အခြေခံဥပဒေအောက်မှာ နိုင်ငံသားတိုင်းဟာ တန်းတူညီမျှမရှိဘူးဆိုတာ အထင်းသားပေါ်လွင်နေတယ်။ ယခင်စစ်အစိုးရအဆက်ဆက် လက်ထက်က တာဝန်အရလုပ်ဆောင်ခဲ့တာတွေကို မှားမှားမှန်မှန်နောက်ကြောင်းပြန်အရေးယူခြင်းမရှိရဘူး ဆိုတဲ့အချက်ကြောင့် စစ်အစိုးရအဖွဲ့ဝင်များဟာတရားဥပဒေအထက်မှာ ရှိနေကြတာကိုတွေ့ရပြန်ရော။ ပဒေသရာဇ်ခေတ်ကရှင်ဘုရင်တွေဟာ တရားဥပဒေအထက်မှာရှိတဲ့သဘောမျိုး။

လက်ရှိ မြန်မာပြည်ကဥပဒေတွေဟာ နိုင်ငံသားတိုင်းကိုအညီအမျှသက်ရောက်စေခြင်းမရှိတဲ့ ဥပမာတခုကတော့ အစိုးရကိုထောက်ခံဆန္ဒပြသူတွေအပေါ် တရားစွဲဆိုအရေးယူခြင်းမရှိဘဲ အာဏာပိုင်တွေကမျက်စိမှိတ်ခွင့်ပြုပေးထားချိန်မှာ အစိုးရကိုဝေဖန်ဆန့်ကျင်တဲ့
သဘောကိုဆောင်တဲ့ဆန္ဒပြတောင်းဆိုသူတွေကိုတော့ ဥပဒေချိုးဖောက်သူများအဖြစ် တရားရုံးပေါင်းမြောက်မြားစွာမှာ တပြိုင်နက်တည်းတရားစွဲဆိုအရေးယူနေခြင်းပါပဲ။ စီတန်းလှည့်လည်ဆန္ဒပြခွင့်လျှောက်ထားတဲ့အခါ ရက်များစွာကြိုတင်လျှောက်ထားရခြင်း၊ ခွင့်ပြုချက် ထုတ်မပေးခြင်း စတဲ့အချက်တွေကိုယ်တိုင်ကလည်း ဥပဒေရဲ့ဖိနှိပ်ချုပ်ချယ်လိုတဲ့သဘောနဲ့  ဥပဒေကိုထိန်းသိန်းစောင့်ရှောက်ရမယ့် ဥပဒေဘက်တော်သားတွေရဲ့အာဏာအလွဲသုံးစားလုပ်မှုတွေကို ထင်ဟပ်နေစေပါတယ်။ မတရားတဲ့ဥပဒေကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းကို တရားဥပဒေစိုးမိုးရေးလို့ ခေါ်ဆိုလို့မရပါ။ အုပ်ချုပ်သူအစိုးရက နိုင်ငံသားများကိုဖိနှိပ်ရာမှာ အသုံးချတဲ့နည်းလမ်းတခုမျှသာဖြစ်နေပါလိမ့်မယ်။
ပြည်သူလူထုကို အင်မတန်ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ နဝတခေတ်၊ နအဖခေတ် စတဲ့ စစ်အစိုးရအဆက်ဆက်လက်ထက်တုန်းက “ဥပဒေဘောင်တွင်း နေထိုင်ခြင်းဘေးကင်းရန်ကွာလွန်ချမ်းသာ”ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ လမ်းမကြီးတွေဘေးမှာ ပြူးနေအောင်ထောင်ထားတာ တွေကြုံခဲ့ကြရဖူးပါတယ်။
“မတရားတဲ့ဥပဒေဆိုတာ ဥပဒေလုံးဝမဟုတ်ဘူး”လို့ စိန်သြဂတ်စတင်းကပြောဘူးပါတယ်။ မတရားတဲ့ဥပဒေတွေကို ပြည်သူတွေအပေါ်မှာကျင့်သုံးလာရင် ကိုယ့်မှာ အဲဒီ ဥပဒေတွေကိုချိုးဖောက်ခွင့်ရှိတယ်။ တွန်းလှန်ကာကွယ်ခွင့်ရှိပါတယ်။ တွန်းလှန်ကာကွယ်ရမယ့်ဝတ္တရားရှိတယ်လို့တောင် ပြောနိုင်ပါတယ်။ ဥပဒေဆိုတာ ပြည်သူပြည်သားတွေအကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်တဲ့ဥပဒေသာဖြစ်ရမှာဖြစ်ပြီး အုပ်ချုပ်သူအစိုးရရဲ့အာဏာကိုကာကွယ်ရန်သက်သက် ဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေ မဖြစ်စေရပါ။
(ကိုပေါ ၏ “တရားဥပဒေစိုးမိုးရေးဆိုတဲ့စကား သတိထား” ၊ ခေတ်မောင်း စာစောင်
အောက်တိုဘာလထုတ် မှ..)
https://www.facebook.com/aungmyo.tun.52?sk=notes

စုံစမ်းရေးကော်မရှင်နိုင်ငံရေးရပ်တည်ချက် ဘယ်လဲ (ချစ်လှိုင်းဝေ)

0 comments
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ်အစီရင်ခံစာ ၁၃. ၃. ၂ဝ၁၃ ရက်နေ့တွင် သတင်းစာများမှာ ပါလာသည်။ နိုင်ငံရေးစိတ်ဝင်စားသောလော ကနှင့်ကြေးနီတောင် တဝိုက်ကျေးလက်လူထုများနှင့် လူထုအတော်များများ အနီးကပ်ဆုံးဗုံးကွဲသံ
ကြားလိုက်ရသလို လှုပ်လှုပ်ရှားရှားဖစ်သွားသည်။ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအရေးကိုစိတ်ဝင်စားသော နိုင်ငံတကာမျက်နှာစာမှာလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ကို သိရှိရပေသည်။
ထို့ကြောင့် စုံစမ်းရေးကော်မရှင်အစီရင်ခံစာအား တစေ့တစောင်းစူးစမ်းကြည့်မိသည်။ စုံစမ်းရေးကော်မရှင်၏တာဝန်များအပိုဒ်မှာ အကြံပြုတင်ပြရန်ဆိုသောအချက် (၆)ချက်ဖော်ပြထားသည်။ နောက်တစ်ပိုဒ်က စုံစမ်းရေးကော်မရှင်ဆောင်ရွက်ရာတွင်အခြေခံသည့်မူဆိုပြီး(၃)ချက် ဖော်ပြထားသည်။ (က) နိုင်ငံတော်အကျိုး (ခ) လူထုရေရှည်အကျိုးစီးပွား (ဂ) အပြုသဘောဆောင်သည့်အမြင်တို့ဖြစ်သည်။ စာရေးသူအနေဖြင့် အပိုင်းငါးပိုင်းခွဲ လေ့လာမိသည်။

(၁) စီမံကိန်းနှင့်သဘာဝပတ်ဝန်းကျင်
(၂) စီမံကိန်းနှင့်လူမှုဘဝအခြေခံနှင့် တုန့်ပြန်မှု
(၃) အစိုးရနှင့်ဒေသလူထုပဋိပက္ခ ဖြေရှင်းနည်း
(၄) ကော်မရှင်အဆုံးအဖြတ်နှင့်လူထုအမြင်
(၅) ကော်မရှင်၏နိုင်ငံရေးရပ်တည်ချက်
ကော်မရှင်ပညာရှင်များအဆိုအရ သဘာဝပတ်ဝန်းကျင် (ဇီဝထု၊ မြေထု၊ ရေထု၊ လေထု)အခြေအနေဖော်ပြချက်မှာ စီမံကိန်းနယ်မြေတွင် ရှားပါးမျိုးစိတ်အဖြစ် ရွှေသမင်ကိုတွေ့ရသည်။ စောင့်ရှောက်သင့်သောသတ္တဝါအဖြစ်ဖော်ပြပါသည်။ တိရစ္ဆာန်သည် တောကိုမှီ၍သာ တိုးပွား ရသည်။ စီမံကိန်းကြောင့် တော၊ တောင် အထိုက်အလျောက်ပျက်သုဉ်းပျောက်ကွယ်သွားပါက တိရစ္ဆာန်မျိုးစိတ်များထိန်းသိမ်းရေးထိခိုက်နိုင် သည့်သဘောကိုတွေ့ရသည်။
ဆက်လက်၍စူးစမ်းသော် ကြေးနီသတ္တုတွင်းစီမံကိန်းမြေတွင် လွန်တွင်းတူးခြင်း၊ မိုင်းခွဲခြင်း၊ တူးဖော်ထုတ်လုပ်ခြင်း၊ ကျောက်ချေမွခြင်း၊ ဆန်ကာတိုက်ခြင်း၊ အက်ဆစ်ဖျော်ထုတ်ခြင်း၊ သတ္တုသန့်စင်ခြင်း၊ ကြေရည်ဖျော်ထုတ်ခြင်း၊ လျှပ်စစ်ဖြင့်ကြေးရယူခြင်း စသည့်လုပ်ငန်းများ၊ စွန့်ပစ်ပစ္စည်းများနှင့် ဖုန်မှုန့်များသည် သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝထိခိုက်မှုများ၊ ဇီဝဝန်းကျင်ဆိုင်ရာထိခိုက်မှုများကိုဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်ရပါသည်။
အခြားပညာရှင်များ၏တင်ပြချက်လည်းရှိသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်၊ ဓာတုဗေဒပညာရှင်နှင့် သစ်တောဗေဒပညာရှင် တို့၏ဟောပြောချက်များဖြစ်သည်။ မီဒီယာများမှထုတ်လွှင့်ချက်များရှိသည်။ စီမံကိန်းလုပ်ငန်းအရ ဤတောင်ကြီးဖြို၊ မြေကြီးထဲမှ ကြေးနီသတ္တု
ထုတ်လုပ်နိုင်ရန် အက်ဆစ်ရည်များနှင့်လောင်းချဖျော်၍ ထုတ်လုပ်ရသည်။ ထိုအက်ဆစ်များမြေကြီးတွင်းစိမ့်ဝင်ပြီးဒေသတွင်းရေတွင်း၊ ရေကန်၊ ချောင်းမြောင်းများမှတဆင့် ချင်းတွင်းမြစ်တွင်းသို့စီးဝင်နိုင်သည်။ ချင်းတွင်းမြစ်တွင်းစီးဆင်းပြီး အကြေဒေသမြစ်ဝကျွန်းပေါ် ချောင်း၊ မြောင်းများအထိစီးဝင်နိုင်သည်။ အဆိုပါအက်ဆစ်ရည်များ သုံးစွဲသောက်သုံးခြင်းဖြင့်ပေါ်ပေါက်လာမည့်အကျိုးဆက်များမှာကောင်းမွန်ဖွယ်ရာမရှိဖြစ်သည်။
တဖန် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် အနီးပတ်ဝန်းကျင်ဒေသတွင် လေထုအရည်အသွေးတိုင်းတာမှုအရ ရွေးချယ်ထားသော သုံးနေရာစလုံး၌ လေအမှုန်အမွှားများပါဝင်မှု၊ WHOနှင့် USEPA တို့သတ်မှတ်ထားသောလေထုစံချိန်စံညွှန်းထက် နှစ်ဆခန့်ပိုမိုများပြားလျှက် ရှိကြောင်း၊ လေအမှုန်အမွှားများပါဝင်မှုမှာ ကံကုန်းကျေးရွာတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေနှင့်ရွာသစ်ကျေးရွာတို့မှာထက် နှစ်ဆခန့်များပြားနေကြောင်း စသဖြင့်ဖော်ပြထားသည်ကိုတွေ့ရသည်။

အထက်ဖော်ပြပါအချက်အလက်များအား လေ့လာခြင်းအားဖြင့် စီမံကိန်းကြောင့် သဘာဝဘေးဆိုးများဖြစ်ပေါ်နေကြောင်း ထင်လင်းစွာတွေ့ ရှိရပေမည်။
ဤစီမံကိန်းအကောင်အထည်ဖော်မှုကြောင့် ဒေသလူထုမြေယာများ ဧက ၇ဝဝဝ ကျော် သိမ်းပိုက်ခံခဲ့ရသည်။ ဆားလင်းကြီးမြို့နယ်တွင် လူဦး ရေစုစုပေါင်း ၁၉ဝဝဝဝ ခန့် ၊ အိမ်ထောင်စု ၂၇ဝဝဝ ခန့် ဒုက္ခဆင်းရဲအကျိုးဆက်ကိုခံစားနေရသည်။ ဤသို့လယ်မြေသိမ်းယူခြင်း၌ ပွင့်လင်းမြင်သာမှုမရှိပေ။ ဒေသခံများနှင့် ကြိုတင်ညှိနှိုင်းဆွေးနွေးမှုမရှိ။ မြေနှင့်သီးနှံလျော်ကြေးပေးရန်ဟုကြေညာခဲ့သည့် မြေပိုင်ရှင်
လက်မှတ်ထိုးရသည့် စာရွက်စာတမ်းများတွင်မူ မြေယာအားစွန့်လွှတ်ကြောင်းနှင့်လျော်ကြေးငွေ ရရှိကြောင်းဟုရေးထားကြောင်း၊ မြေယာစွန့်လွှတ်ရသူများအတွက် ခိုင်မာသောစာရွက်အထောက်အထားတစုံတရာကို စနစ်တကျပြန်လည်ပေးအပ်ခြင်းမရှိကြောင်း၊ မြေယာလျော်ကြေးသည်လည်း ကာလပါက်ဈေးအတိုင်းမဟုတ်ခဲ့ကြောင်းတို့ကို ကော်မရှင်အစီရင်ခံစာက ဝန်ခံဖော်ပြထားသည်။ ဤသည်မှာ ပြည့်စုံသည့်ဖော်ပြချက်မဟုတ်ပေ။ ဤစီမံကိန်းဆောင်ရွက်ချက်ကြောင့် ကျေးလက်ဒေသခံပြည်သူများ စီးပွားရေးဘဝ များစွာထိခိုက်နစ်နာခဲ့ရကြောင်းနှင့် မသိနားမလည်သော
ရွာသူရွာသားများအား ကိုလိုနီခေတ် ချစ်တီးငွေရှင်များပြုသကဲ့သို့ မတရားသောစာချုပ်လက်မှတ်များ ရေးထိုးစေခဲ့ခြင်းကိုလည်း တွေ့သိနိုင်ပေ သည်။ ကျောင်းသားလူငယ်များ၏ ပညာရေးလည်း ဝမ်းနည်းဖွယ်ရာထိခိုက်ကြရသည်။
ဗုဒ္ဓဘာသာဝင်များ၏ သမိုင်းဆိုင်ရာ သာသနိကအဆောက်အအုံများ ပျက်စီးယိုယွင်းသွားရသည့်အတွက် ဒေသခံကျေးလက်ပြည်သူများရော တနိုင်ငံလုံးက ဗုဒ္ဓဘာသာဝင်များပါ များစွာစိတ်မကောင်းခြင်းကြီးစွာ ခံစားကြရပေသည်။ ဤကိစ္စအား ဦးသိန်းစိန်နှင့်ဦးပိုင်တို့ထည့်တွက်ပုံမရပေ။
စုံစမ်းရေးအစီရင်ခံစာ၏စီရင်သုံးသပ်ချက်အချို့အားလေ့လာလျှင် လက်ပံတောင်းတောင်စီမံကိန်းနယ်မြေ၏ လက်ရှိဂေဟစနစ်သည် မျက်မှောက်ကာလတွင် အရည်အသွေးကျဆင်းမှု၊ ယိုယွင်းပျက်စီးမှု ကြီးကြီးမားမားမရှိသေးသော်လည်း ကြေးနီသတ္တုတူးဖော်ထုတ်လုပ်ခြင်း၊ သတ္တုသန့်စင်ခြင်းစသည့်လုပ်ငန်းများလုပ်ဆောင်လာပါက ဤနယ်မြေရှိသစ်ပင်၊ သစ်တော၊ သက်ရှိသတ္တဝါ၊ တိရစ္ဆာန်၊ ရေ၊ မြေတို့ ဧကန်မုချ ပြောင်းလဲကာ သိသာထင်ရှားသော ထိခိုက်မှုများဖြစ်ပေါ်စေမည်ဖြစ်သောကြောင့်ကြိုတင်ကာကွယ်မှုပြုရန်ဟု ဖော်ပြထားပြန်ပါသည်။ အထက်ပါ သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝတို့သည် ကမ္ဘာပေါ်တွင်အကြီးဆုံးသော ကြေးနီစီမံကိန်းတစ်ခုအကောင်အထည်ဖော်ခြင်းကြောင့်
နိုင်ငံနှင့်လူထုခံစားရမည့်ဘေးထွက်ဆိုးကျိုးများအား အထင်အရှားတွေ့မြင်ရပြီဖြစ်သည်။
လက်ပံတောင်းတောင်လူထုသည် ဇွဲသန်သန်ဖြင့် အဘယ့်ကြောင့်ပုန်ကန်နေကြသနည်း။ အထက်၌ဖော်ပြခဲ့သော မတရားစာချုပ်ဖြင့်လယ်မြေ သိမ်းခံရခြင်း၊ တောင်သူလယ်သမားဘဝဖျက်ဆီး ခံရခြင်း၊ လူမှုရေးဘဝများ ကမောက်ကမဖြစ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ဖျက်ဆီးခံရသဖြင့် ကျန်းမာရေးဝန်းကျင်ပျက်သုဉ်းလာခြင်းတို့အပေါ်မကျေမနပ်ဖြစ်ကာ ပုန်ကန်ဆန္ဒပြကြခြင်းဖြစ်သည်။ ဗမာ့နိုင်ငံရေးသမိုင်းသည် လယ်သမားပုန်ကန်မှုသမိုင်းရှည်ကြာစွာတည်ရှိနေသောသမိုင်းပင် မဟုတ်ပါလော။ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးခေတ်သမိုင်းများသည် အဓိကအားဖြင့် လယ်သမားနှင့်အုပ်စိုးသူအသီးသီးတို့ကြားပဋိပက္ခဖြစ်ကြောင်း တွေ့ရှိနိုင်သည်။
ယခု လက်ပံတောင်းတောင်ကျေးရွာလူထုသည် မိမိတို့ ဘဝရပ်တည်ရေးနှင့် ဆက်စပ်သောတိုက်ပွဲဖြစ်၍ ပိုင်းပိုင်းဖြတ်ဖြတ် တိုက်ပွဲဆင်နေဟန်ရှိသည်။
ဤသို့သောအခြေအနေတွင် ဦးသိန်းစိန်အစိုးရက မီးစတစ်ဖက်ရေမှုတ်တစ်ဖက်နည်းပရိယာယ် ကျင့်သုံးနေသည်။ လက်ပံတောင်းတောင်ကိစ္စတွင် လုံထိန်းများ သပိတ်စခန်းကိုဝင်စီးမည့်ရက် ကို ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်ကျေးရွာလူထုနှင့် တွေ့မည့်အစီအစဉ်ရှိ သည်ကိုသိလျက်နှင့် မရောက်မီတစ်ရက်အလိုမှာ ဝင်စီးဖြစ်အောင်စီစဉ် ဝင်စီးခဲ့သည်။ ဦးသိန်းစိန်အစိုးရက ဤကဲ့သို့သောအစီအစဉ်မျိုး အမေရိကန်သမ္မတမလာမီတစ်ရက်က နိုင်ငံရေးအကျဉ်းသား တစ်ယောက်မျှမပါသော အကျဉ်းသားလွှတ်ပေးရေးစီစဉ်သည်။ အိုဘားမားလာပြီး နိုင်ငံရေးအကျဉ်းသား မလွှတ်သည့်ကိစ္စ ဆူပွက်လာမှ အချို့ လွှတ်ပေးသည်။ ဤသို့ မထိခလုတ်ထိခလုတ် ဖိနှိပ်ဆန့်ကျင်ရေးနည်းနာကို ကျွမ်းကျင်စွာသုံးနေသည်ကိုသတိပြုမိသည်။

ယခု လက်ပံတောင်းတောင်သပိတ်စခန်းအား ဒေါ်အောင်ဆန်းစုကြည် သွားရောက်ပြီး ပြေလည်အောင်လူထုကိုဖြေရှင်းမည်ဟု လူထုထင်မြင်အာင်ဖန်တီးပြီးမှ မိမိတို့အားကသာ အဆုံးအဖြတ်ဖြစ်ဟန် ခြောက်လှန့်၍ ကြောက်လန့်အောင်ဆောင်ရွက်ပြသည်။ အဆိုပါသပိတ်စခန်းဖိုခွဲရာ၌ သံဃာတော်များမီးလောင်ကျွမ်းစေခဲ့သည့်ဗုံး သုံးခဲ့သည်။ ဤသည်ကို စုံစမ်းရေးကော်မရှင်က မီးခိုးဗုံးဟုအမည်တပ်သည်။ ပုလိပ်တပ်ဖွဲ့ကြေညာသည့်အတိုင်း တသွေမတိမ်းသုံးစွဲခေါ်ဝေါ်သည်။ အံ့သြဖွယ်တော့ကောင်းသည်။ အမေရိကန်ပညာရှင်အဖွဲ့က ဗုံးခွံအား သိပ္ပံနည်းကျစစ်ဆေးကြည့်ရာ မီးလောင်ဗုံးသုံးစွဲခြင်းဖြစ်ကြောင်း၊ ဂျီနီဗာကွန်ဗင်းရှင်းအရ စစ်ပွဲများ၌သုံးသောဗုံးအား ငြိမ်းချမ်းစွာဆန္ဒပြသောလူထုအပေါ်မသုံးစွဲရဟုပိတ်ပင်ချက်ကို ချိုးဖောက်ရာရောက်သည်ဟု တင်ပြကြသည်။ စုံစမ်းရေးကော်မရှင်က မီးလောင်ဗုံးမဟုတ်ဆိုသော အစိုးရပြောလုံးကို ထောက်ခံထားသည်။
စုံစမ်းရေးကော်မရှင်၏လုံထိန်းတပ်ဖွဲ့က သပိတ်စခန်းအားလူစုခွဲခြင်းနှင့်ပတ်သက်၍ဖော်ပြချက် အချို့ကိုလ့လာကြည့်မိသည်။ ပထမအချက် အနေနှင့်တင်ပြသည်မှာ ဒေသခံလူထုစကားပြောရန် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကကြိုးစားသည်။ တာဝန်ရှိသူတိုချဉ်းကပ်ပုံညံ့ဖျင်း၍ ဆန္ဒပြသူတို့၏ စိတ်ဓာတ်အရှိန်ပြင်း၍အခြေအနေဆိုးဝါးသည်ဟုဖော်ပြသည်။ ဤသည်မှာ နည်းနာပိုင်းဖြစ်၍ ပဋိပက္ခဖြစ်ရခြင်း၏အရင်းခံမဟုတ်ပေ။ လူစုလူဝေးက တရုတ်ပညာရှင်နှစ်ဦးနှင့်စကားပြန်တစ်ဦး အဓမ္မ ဘုန်းကြီးကျောင်းသို့ခေါ်သွားသည်။ နောက်ပိုင်းပြန်လွှတ်ပေးသည်။ ဝက်မှေးရွာမှလူထုက ခြံဝင်းတံခါးချိုးဖျက်ပြီး စီမံကိန်းနယ်မြေအတွင်းသို့ဝင်သည် ဟု ဖော်ပြပြန်သည်။ နောက်ပိုင်းဆဲဆိုဆူပူမှုများပြုလုပ်ကြသည်ဟု စွပ်စွဲထားသည်။ ဤဖြစ်ရပ်များ ၃. ၃. ၂ဝ၁၂ မှ ၂၅. ၁၂. ၂ဝ၁၂ အထိ တနှစ်တာအတွင်း ၁၂၄ ကြိမ်ဖြစ်ပေါ်ခဲ့သည်။ ဤဖော်ပြချက်များသည် ပလိပ်တပ်ဖွဲ့နှင့်အုပ်ချုပ်ရေးမှူးရုံးတို့၏အစီရင်ခံချက်များကိုပြန်လည်ဖော်ပြနေခြင်းဖြစ်သည်။ အဓိပ္ပာယ်ကတရားသည်ဟုဖော်ပြလို၍ဖြစ်သည်။
ဤမျှ ကျေးရွာလူထုဘက်မှ အခြေအနေဆိုးဝါးလာ၍ ဆန္ဒပြဆူပူသူများအား ပုလိပ်လုံထိန်းတပ်ဖွဲ့များက တည်ဆဲဥပဒေများနှင့်အညီ လုပ်ထုံးလုပ်နည်းများအရဆောင်ရွက်ရခြင်းဖြစ်သည်ဟု စုံစမ်းရေးကော်မရှင် ကဖော်ပြခဲ့သည်။ အခြားတစ်နေရာတွင် ကော်မရှင်က နိုင်ငံတော်တည်ငိမ်စေရန် ဥပဒေစိုးမိုးရေးသည် များစွာအရေးပါသည်၊ ပြည်သူလူထုကလည်း ဥပဒေကိုလေးစားလိုက်နာရန်လိုအပ်သကဲ့ သို့  နိုင်ငံတော်အဖွဲ့အစည်းကလည်း ဥပဒေလေးစားလိုက်နာရန်လိုအပ်ပါသည်ဟု ဖွင့်ဆိုပြန်သည်။ ဤဖော်ပြချက်သည် တရားဥပဒေအထက်၌မည်သူမျှမရှိဆိုသာ နားထောင်ဖွယ်ကောင်းသော အဆိုအမိန့်ကိုရွတ်ပြခြင်းသာဖစ်သည်။ တစ်ဖက်စောင်းနင်းဖော်ပြချက်တစ်ရပ်မှာ“မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့်လည်း ယခုမီးခိုးဗုံး၏အာနိသင်ကို သိရှိခြင်းမရှိကြောင်း၊ ထိုသို့ မသိရှိဘဲသုံးစွဲခြင်းကြောင့်” ဟုဖော်ပြခြင်းက လက်နက်ကိုင်အဖွဲ့အစည်းကြီးတစ်ရပ်က မိမိကိုင်တွယ်သောလက်နက်၏စွမ်းအင်ကို မသိရှိဘဲသုံးစွဲသည်ဟုဆိုခြင်းကြောင့် တကယ်မသိရှိပါဆိုလျှင်လည်း သုံးစွဲသူလက်နက်ကိုင်အစိုးရဌာ နတစ်ခုသည် ညံ့ဖျင်းနုံချာသောအမှုကိုကျူးလွန်သောအဖွဲ့အဖြစ် ကမ္ဘာ့လူပုံအလယ်တွင် အရှက်ရစရာဖြစ်နိုင်ပသည်။ စင်စစ်က အသိရှိရှိဖြင့် စနစ်တကျသုံးစွဲသည်ကို ကော်မရှင်အဖွဲ့က ဖုံးကွယ်ပေးလိုကြောင်းမှာလည်း လယ်ပြင်ဆင်သွားသလို ထင်ရှားနေလေသည်။
တစ်ခါ ကြေးနီစီမံကိန်းဆက်လက်လုပ်ဆောင်ခွင့်မပြုဘဲရပ်ဆိုင်းစေမည်ဆိုပါက မြန်မာနိုင်ငံသည် ခွင့်ပြုထားသောသဘောတူစာချုပ်ကို လေးစားလိုက်နာခြင်းမရှိဟုယူဆချက် ပေါ်ပေါက်လာနိုင်ပါသည်ဟု
ကော်မရှင်ကဖော်ပြထားသည်ကို တွေ့ရှိရသည်။ မှန်ပါသည်။ တန်းတူမှု များရှိလည်းရှိ။ အပြန်အလှန်နိုင်ငံနှင့်ပြည်သူအကျိုးလည်းရှိ၊ လူထုပွင့်လင်းမြင်သာလက်ခံနိုင်သောအခြေလည်းရှိသော စီးပွားရေးလုပ်ငန်းစာချုပ်များအား မည်သည့်အစိုးရပြောင်းပြောင်း ငြင်းဆိုပယ်ဖျက်ရန်အကြောင်း ရှိမည်မထင်။ ယခုကိစ္စသည် ဤသို့ဖြစ်မဖြစ် လူထုမှ ဆန်းစစ်ရန်လိုအပ်လာသည့်အခြေအနေဖြစ်နေသည်။ ထို့ကြောင့်လူထုက မိမိအကျိုးစီးပွားနှင့်မကိုက်သောဆောင်ရွက်ချက်ဟုယူဆ၍ စီမံကိန်း ပိတ်ပစ်ရန်တောင်းဆိုရခြင်းဖြစ်သည်။ နိုင်ငံဂုဏ်သိက္ခာတို့၊ လူထုအကျိုးစီးပွားတို့ဆိုသောစကားလုံးများ သည် ပြည်သူလူထုအကျိုးစီးပွား၊ ဒီမိုကရေစီနိုင်ငံတော်နှင့်သဘာဝပတ်ဝန်းကျင်အကျိုးစီးပွား များရရှိမှဂုဏ်သိက္ခာဟုခ်ါသင့်သည်။ ၂ဝဝ၈ အခြေခံဥပဒေအစိုးရ၊ စစ်တပ်စီးပွားရး၊ ဦးပိုင်အဖွဲ့၊ ဝမ်ပေါင်ကုမ္ပဏီအကျိုးစီးပွားပေါ်အခြေခံသောလုပ်ငန်းသည် လူထုနှင့်တိုင်းပြည်အားအကျိုးမပြုနိုင် သဖြင့် ပြည်သူနှင့်နိုင်ငံ့ဂုဏ်သိက္ခာညှိုးနွမ်းစရာအကြောင်းမမြင်ဟု ယူဆပေသည်။
သို့သော် ကြေးနီသတ္တုသည် စက်မှုနိုင်ငံထူထောင်မည်ဆိုလျှင် မရှိမဖြစ်လိုအပ်သော စက်မှုကုန်ကြမ်းဖြစ်သည်။ နိုင်ငံအနေဖြင့် ထုတ်ဖော်သုံးစွဲရမည်သာဖြစ်သည်။ ကမ္ဘာပေါ်ရှိအခြားနိုင်ငံများ လည်း ထုတ်လုပ်သုံးစွဲနေကြသည်။ ဗမာပြည်လည်း စက်မှုနိုင်ငံထူထောင်မည်ဆိုပါကမရှောင်မလွဲသာ ထုတ်ယူသုံးစွဲရမည်ဟု ယူဆပါသည်။ သို့ ဖြစ်ပါ၍ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း တူးဖော်လုပ် ကိုင်ရေးအား ဆက်လက်ဆာင်ရွက်လိုပါက ယနေ့ခေတ်တိုက်ပွဲဝင်လူထုကိုယ်စား လှယ်၊ ကြေးနီထုတ်လုပ်သောကုမ္ပဏီ၊ အစိုးရနှင့်လူထုကိုယ်စားပြုသော စီးပွားရေးနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးပညာရှင်စုံညီတွေ့ဆုံပြီး ပွင့်လင်းသောဆွေးနွေးညှိနှိုင်းမှုအား အမြန်ဆုံးခေါ်ယူ ကျင်းပသင့်သည်။ ဒေသခံလူထုအပေါ် ဖိနှိပ်မှုအားလုံးချက်ချင်းရုတ်သိမ်းရန်နှင့် ရဟန်းတော်များအား မီးလောင်ဗုံးသုံးစွဲပစ်ခတ်မှုတာဝန်ရှိသူအားလုံး အရေးယူဆောင်ရွက်ရန်တို့ကို ဆောလျင်စွာဆောင်ရွက်ရန် လိုအပ်မည်ဟု ယူဆပေသည်။
ဤနေရာ၌ စုံစမ်းရေးကော်မရှင်၏နိုင်ငံရေးရပ်တည်ချက်ကို ထုတ်နုတ်ရန်လိုလာသည်။ စုံစမ်းရေးအစီရင်ခံစာတစ်ခုလုံးသည် နိုင်ငံရေးဦးတည်ချက် ရပ်တည်ချက်တစ်ရပ်အောက် စွဲယူတွေးခေါ်ရေးသားခြင်းဖြစ်သည်။ သမာသမတ်ကျကျစုံစမ်းဖော်ထုတ်မည်၊ မည်သည့်ကောက်ချက်မျှ မပေး မဆုံးဖြတ်ဟုစုံစမ်းရေးအစီရင်ခံစာမထွက်မီက ကော်မရှင်အဖွဲ့ဝင်တစ်ဦးက မီဒီယာသို့ပြောဖူးသည်။ လက်တွေ့တွင် စီမံကိန်းဆက်လုပ်ရေးကောက်ချက် ဆွဲပေးလိုက်သည်။
အံ့သြဖွယ်တော့မဟုတ်ပါ။ လွတ်လပ်သောကော်မရှင်မဟုတ်သရွေ့ အုပ်စိုးသူလူတန်းစားအစိုးရအလိုအတိုင်း ကပြရသည်က နိုင်ငံရေးဥပဒေတစ်ခုဖြစ်သည် မဟုတ်ပါလား။
ဗမာပြည်နိုင်ငံရေးရပ်တည်ချက် နှစ်မျိုးသာရှိသည်။ တစ်မျိုးက ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအောက် ငုံ့ဝင်ရသောပုဂ္ဂိုလ်အဖွဲ့အစည်းမှန်သမျှသည် ၂ဝ၁ဝ ခုနှစ် ပြည်ခိုင်ဖြိုးအစိုးရဥပဒေစိုးမိုးရေးအောက်၌ ကျိုးနွံစွာလှုပ်ရှားရေးသာ လှုံ့ဆော်ရပ်တည်ကြသည်။ ဤသည်က လမ်းစဉ်တစ်ရပ်။ အခြားလမ်းစဉ်တစ်ရပ်က ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေအောက် ခေါင်းငုံ့မဝင်၊ လူထုအကျိုးစီးပွားအား လူထုလှုပ်ရှားမှုဖြင့်တိုက်ပွဲဝင်သောလမ်းစဉ် ဖြစ်သည်။
နိုင်ငံရေးသည်လည်း ဥပဒေဘောင်တွင်းမှသာလှုပ်ရှားရသည်ဟုခံယူပါက လူထုနိုင်ငံရေးမဟုတ်တော့ပေ။ လွတ်လပ်ရေးတိုက်ပွဲသည် နယ်ချဲ့ဥပဒေဘောင်တွင်းက လှုပ်ရှားမှုမဟုတ်ပေ။ ဖက်ဆစ်ဥပဒေဘောင်တွင်း က လှုပ်ရှားမှုမဟုတ်ပေ။ ချုပ်ပြောလျှင် လူထုနိုင်ငံရေးသည် ဖောက်ပြန်သောဖိနှိပ်သောဥပဒေအောက်မှ လှုပ်ရှားသောနိုင်ငံရေးမဟုတ်ပေ။ ထို့ကြောင့်တစ်ခါက တော်လှန်လှုပ်ရှားသော NLD ပါတီ၏ လမ်းစဉ်သည် “မတရားဖိနှိပ်သောအမိန့်အာဏာဟူသမျှတာဝန်အရဖီဆန်ကြ” ဟု တက်ကြွလှုံ့ဆော်ခဲ့ သည် မဟုတ်လော။

လက်ပံတောင်း၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်းကျေးရွာနှင့်လိုင်ဇာတော်လှန်လှုပ်ရှားမှုအားလုံးသည် နိုင်ငံရေးလူထုတိုက်ပွဲများဖြစ်သည်။ ဥပဒေများက လူထုတိုက်ပွဲနှင့်တော်လှန်ရေးများကို ထိပ်တုံးခတ်လာသောအခါ လူထုသည် လိုက်နာရိုးထုံးမရှိပေ။ ကမ္ဘာ့တော်လှန်ရေး၊ ဗမာ့တော်လှန်ရေးတိုက်ပွဲသမိုင်းက ပြဆိုခဲ့လေသည်။
စုံစမ်းရေးကော်မရှင်၏ဥပဒေစိုးမိုးရေးအယူအဆသည် ဦးပိုင်စီးပွားရေးအဖွဲ့၏အကျိုးစီးပွားကိုကာကွယ်ရေး၊ စစ်ဗိုလ်ချုပ်ဟောင်းများ၏ နိုင်ငံတော်အကျိုးစီးပွားကိုကာကွယ်ရေးနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေလေးစား လိုက်နာရေးနိုင်ငံရေးသဘောထားတို့ကို အကာအကွယ်ပေးနခြင်းသာဖြစ်ပေသည်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ငြိမ်းချမ်းရေးသမားနှင့်လူထုလူတန်းစားဆင်းရဲသားတို့၏ ရုန်းကန် တိုက်ပွဲဝင်ရေးသဘောထားနှင့် ဖီလာကန့်လန့်ဖြစ်နေသည်ကို သတိပြုအပ်သည်ထင်ပေသည်။
စုံစမ်းရေးကော်မရှင်သည် အစီရင်ခံစာ၌ (၁) နိုင်ငံတော်ကိုအကာအကွယ်ပေးသည်။ (၂) စီးပွားရေးဦးပိုင်လီမိတက်အကျိုးစီးပွားကိုအကာအကွယ်ပေးသည်။ (၃) မီးလောင်ဗုံးကိုငြင်းပယ်ပြီး သပိတ်စခန်းဖြိုခွဲသောပုလိပ်ယနရားကို အကာအကွယ်ပေးသည်။ အထက်ပါအခြေအနေ သုံးရပ်ကို ပြတ်ပြတ်သားသားအကာအကွယ်ပေးသည်။ အဘယ့်ကြောင့်အကာအကွယ်ပေးသည်ကိုတော့ စုံစမ်းရေးကော်မရှင်အဖွဲ့သာ ဆန်းစစ်နိုင်မည်ဖြစ်သည်။ လူထုတိုက်ပွဲနှင့်ကင်းကွာသောနိုင်ငံရေးလမ်းစဉ်၊ ပါတီ၊ ပုဂ္ဂိုလ်တို့သည် နိုင်ငံရေးသမိုင်းတွင် ဘုံးဘုံးလဲကျရသည်သာဖြစ်သည်။ ဖောက်ပြန်သောလမ်းစဉ်၊ လုပ်ငန်းစဉ်နောက်၌ရပ်တည်သောပုဂ္ဂိုလ်၊ ပါတီတို့သည်လည်း ပြည်သူ့ဆန့်ကျင်ရေး၊ ဒီမိုကရေစီဆန့်ကျင်ရေးသမားအဖြစ်ကျဆုံးရသည့်သမိုင်းများအား သတိပြု သုံးသပ်သင့်ကြောင်း တင်ပြလိုက်ရပေသည်။
ချစ်လှိုင်းဝေ
(လူထုပုံရိပ်ဂျာနယ် အတွဲ ၁၊ အမှတ် ၂၆ မှ ကူးယူဖော်ပြပါသည်)