Monday, April 29, 2013

သွေးစည်းကြရမယ့် လက်ပံတောင်းအရေး(တူမောင်ညို)

0 comments
သွေးစည်းကြရမယ့် လက်ပံတောင်းအရေး(တူမောင်ညို)
(၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်)
(ICG) ကပေးတဲ့ “ငြိမ်းချမ်းရေးဆု”ဆိုတာက (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအတွက် “ကျားရိုးသွေးတိုက်” လိုက်သလိုပါပဲ။ လက်ပံတောင်းမှာ ဧပြီလ ၂၄ ရက်နေ့က  ဒေသခံပြည်သူတွေကို  ရဲက သေနတ်နဲ့ပစ်တယ်။
မိထ္တီလာမြို့ပေါ်မှာနေ့ခင်းကြောင်တောင် လူသတ်မီးရှို့အကြမ်းဖက်နေတာကို ရဲက လက်ပိုက်ကြည့်နေတယ်။ သေနတ်တစ်ချက်မဖောက်ခဲ့ဘူး။ လက်ပံတောင်းဒေသခံလယ်သမားတွေ သူတို့လယ်မြေယာမြေတွေထဲ ဝင်ရောက်ထွန်ယက်တာကိုတော့ ရဲက သေနတ်နဲ့ပစ်တယ်။
မိတ္တီလာမြို့ကပြည်သူတွေရဲအကျိုးစီးပွားတော့ ပျက်ပြားချင်ပျက်ပြားပါစေ လက်ပိုက်ကြည့်နေမယ်၊ လက်ပံတောင်းဒေသမှာရှိတဲ့“ဦးပိုင်နဲ့ဝမ်ပေါင်”အကျိုးစီးပွားတော့ တစ်လက်မမျှအထိမခံဘူးဆိုတဲ့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရရဲ့သဘောထားကိုအတိအလင်း ထပ်မံပြသလိုက်တာပဲဖြစ်ပါတယ်။
တကယ်တော့(ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအတွက် နည်းလမ်းက ၂ မျိုးပဲရှိတာဖြစ်ပါတယ်။
            - “၂၀၀၈ အခြေခံဥပဒေ” ဆိုတာနဲ့ အစွမ်းကုန်ချော့မြှူလှည့်စားမယ်။
            -အကြမ်းဖက်ဖိနှိပ်မယ်။
လက်ပံတောင်းအရေးကော်မရှင်ဖွဲ့ပြီးစုံစမ်းစစ်ဆေးတာဟာ လှည့်စားတာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်ပြီး အသုံးချတာဖြစ်တယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူတွေအကြားကို သပ်လျှိုတာဖြစ်တယ်။ သူတို့အဲဒီရည်ရွယ်ချက် ဘယ်လောက်ပေါက်မြောက်တယ်ဆိုတာ အားလုံးမျက်မြင်ကိုယ်တွေ့ ရှိခဲ့ကြတာပဲမဟုတ်ပါလား။ ဦးဝင်းတင်စကားနဲ့ပြောရလျှင်“လက်ပံတောင်းတာင်မှာ ဒေါ်အောင်ဆန်းစုကြည်ကွဲသွားတယ်”၊ “ပြည်သူတွေဖက်က ရပ်တည်တာ၊ ပြည်သူ့ဖက်ကလိုက်တာမျိုးတွေမှာ နည်းနည်းပွန်းပဲ့တာမျိုးရှိတယ်” အခြားတစ်ဖက်ကနေပြောရလျှင် လက်ပံတောင်းအစီရင်ခံစာဆိုတာ “အကြမ်းဖက်ဖိနှိပ်ရေးအမိန့်” ဖြစ်တယ်။ အစီရင်ခံစာက လက်ပံတောင်းစီမံကိန်းဆက်လက်လုပ်ဆောင်ရန်ထာက်ခံတင်ပြထားချက်ဖြစ်လို့ လက်ပံတောင်းစီမံကိန်းကို (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အ စိုးရအနေနဲ့ပြတ်ပြတ်သားသားဆက်လုပ်မယ်။ တားဆီးကန့်ကွက်ဆန္ဒပြနေသူတွေကို ဖိနှိပ်ချေမှုန်းပစ်မယ်။ တားဆီးကန့်ကွက်ဆန္ဒပြနေသူတွေဟာ “မင်းမဲ့စရိုက်ဆန်ဆန်ဆူပူလှုံ့ဆော်သူတွေ”ဖြစ်အောင် တမင်ပုံဖေါ်ခဲ့တယ်။ “ကြေးမုံသတင်းစာ” ထဲကနေ အာဘော်ဖန်တီးနပြီဖြစ်တယ်။
ပိုပြီးဝမ်းနည်းစရာကောင်းတဲ့အချက်က“ရန်ကုန်ကလူတွေမပြောနဲ့ဒေသခံတွေပဲပြော”ဆိုတဲ့စကားကိုနင်းပြီး လက်ပံတောင်းအရေးအခင်းမှာ ပါဝင်လုပ်ဆောင်နေကြတဲ့ လက်ပံတောင်းဒေသခံမဟုတ်တဲ့သူတွေကို အဓိကပစ်မှတ်ထား ဖမ်းဆီးဖိနှိပ်လာတဲ့ကိစ္စပဲဖစ်ပါတယ်။
ရခိုင်ပြည်နယ်အရေးကို ရှမ်းပြည်နယ်ကပည်သူတွေကလည်း ပါဝင်ပြောဆိုရမှာပေါ့။ ပါဝင်လုပ်ကိုင်ရမှာပေါ့။ အားပေးကူညီထောက်ခံကြရမှာပေါ့။ မိတ္တီလာအရေးမှာဆုံးရှုံးနစ်နာခဲ့ရမှုတွေကို ပြည်သူတွေကစာနာ၊ ထောက်ထား၊ ဖေးမပြီး၊ အကြမ်းဖက် သမားတွေကိုဝေဖန်ရှုတ်ချရမှာပေါ့။   ထိုနည်းတူပါပဲ  ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်က စစ်မီးအန္တရာယ်ကိုတပြည်လုံးက ပြည်သူတွေကစိုးရိမ်ပူပန်ကြရမှာပေါ့။ 
စစ်ရပ်ဆိုင်းဖို့ ဆန္ဒဖေါ်ထုတ်ကြရမှာပေါ့။ကာ့မှူးမြို့နယ်ထဲကပြည်သူ့အရေးကို ရန်ကုန်မြို့ပေါ်က လူတွေကလည်း ကိုယ်စားပြုပြီးပြောဆို လုပ်ကိုင်ကြရမှာပါပဲ။မန်မာနိုင်ငံဆိုတာ လူမျိုးပေါင်းစုံပြည်သူတွေနေထိုင်ပြီး လူမျိုးပေါင်းစုံပည်သူများကပိုင်ဆိုင်တဲ့ တိုင်းပြည်ဖြစ်ပါတယ်။ “အကျေနဲ့အညာ”၊  “တောင်ပေါ်နဲ့မြေပြန့်”ခွဲခြားနေတာ မဖြစ်စကောင်းပါဘူး။ အရေးကြီးလျှင်ျသွေးနီးပြီးသွးစည်းကြရမယ်မဟုတ်ပါလား။
လက်ပံတောင်းအရေးကို လက်ပိုက်ကြည့်နေမယ်ဆိုရင်၊ လိုင်ဇာအရေးကို လက်ပိုက်ကြည့်နေမယ်ဆိုရင်၊ ရခိုင်ပြည်နယ်အရေးကို လက်ပိုက်ကြည့်နေမယ်ဆိုရင်၊ မိထ္ထီလာအရေးကို လက်ပိုက်ကြည့်နေမယ်ဆိုရင်၊ အင်းလေးကန်အရေးကို လက်ပိုက်ကြည့်နမယ်ဆိုရင်၊ ဧရာဝတီမြစ်ဆုံအရေးကို လက်ပိုက်ကြည့်နေမယ်ဆိုရင်၊ “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်/အသစ်ရေးဆွဲရေးကိုလက်ပိုက် ကြည့်နေမယ်ဆိုရင်၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကို လက်ပိုက်ကြည့်နေမယ်ဆိုရင်၊  
အဲဒီလို လက်ပိုက်ကြည့်နေသူဟာ ပြည်သူ့အရေး/ပြည်သူ့တာဝန် ပျက်ကွက်သူသာဖြစ်လိမ်မယ်။ အဲဒီလိုလူကို ပြည်သူများက မုန်းတီးသွားမှာပဲ။
နောက်တစ်ခုကလက်ပံတောင်းအရေးအခင်းမှာလိုတာင်သူလယ်သမားတွေလယ်မြေ၊
ယာမြေလက်လွတ်ဆုံးရှုံးမှုတွေ/အဓမ္မသိမ်းဆီးခံရမှုတွေ ဖြစ်ပွားနေတဲ့ဖြစ်ရပ်ဟာ
မြန်မာပြည်တဝှမ်းပုံစံမျိုးစုံနဲ့ ဖြစ်ပွားနေတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့် လက်ပံတောင်းမှာဖြစ်နေတာပဲ ကိုယ်နဲ့အဝေးကြီး၊ အနေသာကြီးဆိုပြီးမျက်နှာလွှဲနေကြမယ်ဆိုရင် ကိုယ်ရေးကြုံလာတဲ့အခါ ကူသူ၊ ကယ်သူမဲ့ပြီး အုပ်စိုးသူတွေစိတ်ကြိုက် လက်ဝါးကြီးအုပ်ဖိနှိပ်ချယ်လှယ်တာကို ခံကြရပါလိမ့်မယ်။
ဒါကြောင့်လက်ပံတောင်းအရေးကို တစ်တိုင်းတစ်ပြည်လုံးက အားနဲ့အင်နဲ့ပါဝင်ကြရပါလိမ့်မယ်။ လက်ပံတောင်းကိုမျက်နှာမူ ကြရပါလိမ့်မယ်။ လက်ပံတောင်းကိုအလေးထားကြရပါလိမ့်မယ်။ လက်ပံတောင်းအရေးကိုထာက်ခံကြရပါလိမ့်မယ်။
ညွန်း
- အတိုက်အခံလုပ်စရာမလိုတော့ဘူးတဲ့လား( ဦးဝင်းတင်နဲ့မေးခွန်းများ) မိုးမခ၊ ၁၅ ဧပြီ ၂၀၁၃
- ကြေးမုံသတင်းစာ၊အယ်ဒီတာ့အာဘော် ၂၆ ဧပြီ ၂၀၁၃

လွတ်လပ်ရေး၊အမျိုးသားနိုင်ငံရေးနှင့်ကျောင်းသားလှုပ်ရှားမှု-၅-ဦးခင်မောင်ကြီး

0 comments
လွတ်လပ်ရေး၊အမျိုးသားနိုင်ငံရေးနှင့်ကျောင်းသားလှုပ်ရှားမှု-၅-ဦးခင်မောင်ကြီး (ဗကသခေါင်းဆောင်ဟောင်း) ဗမာပြည်တွင် မကြုံစဖူး ၁၃ဝဝပြည့် အရေးတော်ပုံပေါ်ပေါက်ခဲ့တာဟာ နောက်ပိုင်းကာလမှာလည်း ဒီအရေးတော်ပုံရဲ့ဂယက်ရိုက်ခတ်မှုကြီးမားခဲ့တာဟာ တို့ဗမာအစည်းအရုံး ရဲ့ခေါင်းဆောင်မှုအနေနဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံနဲ့နောက်ပိုင်းကာလမှာ ၁၃ဝဝပြည့်မတိုင်မီနဲ့နှိုင်းစာရင် မတူခြားနားတဲ့ ထူးခြားချက်များရှိလာတာကြောင့်ပါပဲ။

(၁) ၁၃ဝဝ ပြည့်မတိုင်မီ တို့ဗမာအစည်းအရုံးကိုခေါင်းဆောင်တဲ့လူတန်းစားဟာ ယေဘူယျအနေနဲ့ ဓနရှင်ပေါက်စလူတန်းစားနဲ့ပညာတတ်များဖြစ်ရာက ၁၃ဝဝပြည့်နဲ့နောက်ပိုင်းကာလမှာ သီးခြားအားဖြင့်ခေါင်းဆောင်မှုမှာ တော်လှန်တဲ့ဓနရှင်ပေါက်စဒီမိုကရက်များ (Revolutionary Petty-Democrats) က လွှမ်းမိုးတဲ့အဆင့်နေရာရလာကြတယ်။

(၂) အတွေးအခေါ်အရကြည့်ရင် ၁၃ဝဝ ပြည့်မတိုင်မီ စခါစမှာ တို့ဗမာအစည်းအရုံးမှာ အမျိုးသားရေးသက်သက်အမြင်လွှမ်းမိုးခဲ့တယ်။ တဖြည်းဖြည်း ဆိုရှယ်လစ်ဝါဒအတွေးအခေါ်များဝင်လာပြီး အမျိုးသားရေးအမြင်နဲ့ဆိုရှယ်လစ်ဝါဒအမြင်ရောက်လာခဲ့တယ်။

၁၃ဝဝ ပြည့်နဲ့နောက်ပိုင်းကာလမှာ ဝိဇ္ဇာနည်းကျဆိုရှယ်လစ်ဝါဒရဲ့သြဇာသက်မှုကြီးမားလာခဲ့တယ်။ ၁၉၃၇ ခုနှစ်လောက်မှာ နဂါးနီစာအုပ်အသင်းပေါ်လာပြီး ၁၃ဝဝ ပြည့်နောက်ပိုင်းမှာ မာက်စ်ဝါဒနဲ့ရုရှားပြည်အောက်တိုဘာတော်လှန်ရေးအကြောင်းစာအုပ်စာတမ်းများ လက်ဝဲစာပေများကို အလုပ်သမားလယ်သမား ပညာတတ်လူငယ်များအတွင်းဝါဒဖြန့်ချိမှုဟာ ကျယ်ပြန့်လာခဲ့တယ်။ တဆက်တည်းမှာပဲ မာက်စ်ဝါဒလေ့လာရေးအစုများ ဗမာပြည်အနှံ့အပြားမှာ လျှို့ဝှက်စွာပေါ်ပေါက်လာခဲ့တယ်။

(၃) တပ်ပေါင်းစုဖြစ်နတဲ့ တို့ဗမာအစည်းအရုံးရဲ့ဝါဒလမ်းစဉ်များဟာ ၁၃ဝဝ ပြည့်မတိုင်မီက အမျိုးသားရေးသက်သက်သဘောဆောင်ရာက ၁၃ဝဝ ပြည့်နဲ့နောက်ပိုင်းမှာ ဆိုရှယ်လစ်ဝါဒအတွင်းသဘောများပါဝင်လာအောင် ပြုပြင်ရေးဆွဲခဲ့ကြတယ်။

၁၉၃၉ ခုနှစ် ဧပြီလမှာ တို့ဗမာအစည်းအရုံးရဲ့ မော်လမြိုင်ညီလာခံက ဆိုရှယ်လစ်ဝါဒအမြင်နဲ့ရေးဆွဲတဲ့ တို့ဗမာအစည်းအရုံးရဲ့ဝါဒလုပ်ငန်းစဉ်ကို ချမှတ်အတည်ပြုခဲ့ကြတယ်။ ဒီလမ်းစဉ်ဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး၊ ဆိုရှယ်လစ်နိုင်ငံထူထောင်ရေးလမ်းစဉ်ဖြစ်တယ်။

(၄) စခါစမှာ တို့ဗမာအစည်းအရုံးဟာ အခြေခံလူတန်းစားတွေကိုစည်းရုံးရာမှာ ပီပီပြင်ပြင်မရှိသေးဘူး။ ၁၃ဝဝ ပြည့်နဲ့နောက်ပိုင်းကာလမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ အမျိုးသမီးများရဲ့သမဂ္ဂများကို လူတန်းစားအလိုက် လူထုအလိုက်ဖွဲ့စည်းခဲ့ကြတယ်။ လူတန်းစားနိုးကြားမှုကို တစုံတရာမြှင့်တင်ပေးနိုင်ခဲ့တယ်။ အလုပ်သမားလူတန်းစားနဲ့ လယ်သမားလူတန်းစားအပေါ်မှာအခြေခံတဲ့ ကျယ်ပြန့်တဲ့အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုကြီးတရပ် ဖြစ်လာအောင် တစုံတရာအတိုင်းအတာအထိ စွမ်းဆောင်နိုင်ခဲ့တယ်။

ယင်းသို့ဖြင့် ၁၃ဝဝ ပြည့်အရေးတော်ပုံဟာ နိုင်ငံရေးအထွေထွေသပိတ်ကြီးအဆင့်ထိ ဖော်ဆောင်နိုင်ခဲ့တယ်။ ဗမာပြည်အမျိုးသားလွတ်လပ်ရေးသမိုင်းမှာ စစံနမူနာနဲ့တော်လှန်ရေးအစဉ်အလာကောင်းအဖြစ် ထာဝစဉ်တည်ရှိနေမှာဖြစ်တယ်။ နိုင်ငံရေးအထွေထွေသပိတ်မှ လက်နက်ကိုင်တိုက်ပွဲသို့ မကူးပြောင်းနိုင်ခဲ့တဲ့အတွက် နောက်ဆုံးအာဏာသိမ်းနိုင်တဲ့အဆင့်သို့မရောက်ခဲ့ဘူး။ နယ်ချဲ့အာဏာပိုင်များနဲ့စေ့စပ်လိုက်ရပြီး အရေးတော်ပုံကိုအဆုံးသတ်ခဲ့ရတယ်။

လုံးဝအောင်ပွဲမရဘဲအဆုံးသတ်ခဲ့ရတဲ့ အကြောင်းတွေကတော့ - -

(၁) တို့ဗမာအစည်းအရုံးကိုခေါင်းဆောင်တဲ့ ဓနရှင်ပေါက်စလူတန်းစားနဲ့ ပညာတတ်များရဲ့ ပင်ကိုယ်လက္ခဏာကြောင့်ဖြစ်တယ်။

ကိုလိုနီတိုင်းပြည်ဖြစ်တဲ့ ဗမာပြည်ရှိ ဓနရှင်ပေါက်စလူတန်းစားရဲ့အစိတ်အပိုင်းအသီးသီးဟာ နယ်ချဲ့ပဒေသရာဇ်နဲ့အရင်းရှင်ကြီးလူတန်းစားရဲ့ ဖိနှိပ်သွေးစုပ်မှုဒဏ်ကြောင့် တော်လှန်တဲ့လက္ခဏာရှိကြတယ်။ ယေဘုယျအားဖြင့်
တော်လှန်ရေးထဲပါဝင်နိုင်တယ်။ ထောက်ခံနိုင်တယ်။ တော်လှန်ရေးအဖို့ အလွန်ကောင်းတဲ့ စိတ်ချရတဲ့မဟာမိတ်ဖြစ်တယ်။ ပညာတတ်အမြောက်အများနဲ့ ကျောင်းသားလူငယ်များဟာ အလုပ်သမားလယ်သမားများနဲ့အတူ တော်လှန်ရေးထဲပါဝင်နိုင် ထောက်ခံနိုင်ပြီး အလုပ်သမားလူတန်းစားရဲ့အတွေးအခေါ်ကို လက်ခံနိုင်ကြတယ်။ အမျိုးသားလွတ်လပိရေးလှုပ်ရှားမှုအဆင့်အသီးသီးမှာ အမြဲလိုလိုပဲတပ်ဦးအဖြစ် ပေါင်းကူးတံတားအဖြစ်ပါဝင်ခဲ့ကြတယ်။ တော်လှန်ရေးလုပ်ရာတွင် တော်လှန်တဲ့ပညာတတ်တွေသာမပါရင် လုပ်ငန်းအောင်မြင်နိုင်မှာမဟုတ်ပါ။  

အခြားတဘက်မှာ စီးပွားရေးအရကြည့်ရင် သူတို့ဟာ ကုန်စည်ထုတ်လုပ်ရေးကလေးနဲ့ဆက်စပ်နေတဲ့အတွက် ဈေးကွက်ပြိုင်ဆိုင်မှုမှတဆင့် အရင်းရှင်စနစ်သို့တက်လှမ်းရာမှာ အနည်းစုသာအောင်မြင်မှုရပြီး အများစုကဆုံးရှူံးပျင်စီးမှုနဲ့ရင်ဆိုင်ရလေ့ရှိကြတယ်။ သူတို့အတွင်း နှစ်ဖက်အစွန်းကြွဲပားခြားနားမှုဟာ အစဉ်အမြဲလိုလိုတည်ရှိနေပြီး အဖြစ်မှန်ကိုကျောခိုင်းတဲ့ဆန္ဒစွဲဝါဒ (Subjectivism)၊ တကိုယ်ကောင်းဝါဒ (Individualism)၊ တကိုယ်ကောင်းဝါဒဖက်သို့ တိမ်းစောင်းလေ့ရှိကြတယ်။ သူတို့ဟာလေထဲ တိုက်အိမ်ဆောက်လေ့ရှိကြတယ်။ ပြုမူလုပ်ဆောင်ရာမှာ တွေဝေယိမ်းယိုင်လေ့ရှိကြတယ်။ သူတို့အထဲမှာမှ တစိတ်တပိုင်းဟာ တော်လှန်ရေးသေရေးရှင်ရေးတမျှအရေးကြီးချိန်ရောက်လာတဲ့အခါ
တော်လှန်ရေးတပ်ဖွဲ့ထဲမှ ထွက်ခွာသွားလေ့ရှိတယ်။ စိတ်ပျက်အားငယ်လေ့ရှိကြတယ်။ အနည်းစုဟာ တော်လှန်ရေးရဲ့ရန်သူပင် ဖြစ်သွားတတ်ကြတယ်။ ယင်း ချို့ယွင်းချက်များကို ရေရှည်လူထုတိုက်ပွဲအတွင်းမှာသာ ပြုပြင်နိုင်မှာဖြစ်တယ်။

(၂) ကမ္ဘာ့နယ်ချဲ့စနစ်အောက်မှလွတ်မြောက်ရေးအတွက်ဆင်နွှဲတဲ့ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲဟာ အဖိနှိပ်ခံအမျိုးသားများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရေးတိုက်ပွဲဖြစ်တယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရေးဆိုတာ နိုင်ငံရေးအရ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေးကိုဆိုလိုတာဖြစ်တယ်။ ဒီတိုကိပွဲဟာ နိုင်ငံရေးအရလွတ်လပ်ပြီး အမျိုးသားနိုင်ငံထူထောင်ရေးအတွက်ဆင်နွှဲတဲ့တိုက်ပွဲဖြစ်တယ်။ နယ်ချဲ့စနစ်အောက်မှာ ဒီရည်မှန်းချက်ကို အလွယ်တကူအကောင်အထည်ဖော်နိုင်မှာမဟုတ်။ နယ်ချဲ့သမားများက အသာတကြည်ခွင့်ပြုလိမ့်မည်မဟုတ်။ ရေရှည်လက်နက်ကိုင်တိုက်ပွဲမပါဘဲ လက်နက်မကိုင်တဲ့လူထုတိုက်ပွဲသက်သက်နဲ့ အကောင်အထည်ဖော်နိုင်မှာမဟုတ်။

Friday, April 26, 2013

ပီအာရ်စနစ်ကို ဘယ်သူတွေက ဘာကြောင့်ကျင့်သုံးချင်ကြတာလဲ(တိုင်းကျော်-ဒီဗီဘီ)

0 comments
ပီအာရ်စနစ်ကို ဘယ်သူတွေက ဘာကြောင့် ကျင့်သုံးချင်ကြတာလဲ
ပြီးခဲ့တဲ့ သင်္ကြန်ကာလမတိုင်ခင် ဧပြီ ၈ ရက်နေ့က မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၃ ခုက ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ နေပြည်တော်မှာတွေ့ဆုံစဉ် အဓိကငင်းခုံဆွေးနွေးခဲ့ကြတဲ့အချက်ကတော့ Proportional Representation လို့ ခေါ်တဲ့ PR  စနစ် အကြောင်းပဲဖစ်ပါတယ်။
ပီအာရ်စနစ်ဆိုတာဟာ ပြည်သူတွေဟာ အမတ်လောင်းကို တိုက်ရိုက်မဲပေးတာမျိုးမဟုတ်ဘဲ နိုင်ငံရေးပါတီတခုခုကိုမဲပေးပြီး အဲဒီ ရလာတဲ့မဲအရေအတွက်အပေါ်မူတည်ကာ ပါတီတွေကနေအမတ်အရေအတွက် အချိုးအစားလိုက် လွှတ်တော်မှာပါဝင်ခွင့်ရတာမျိုးလို့ အကျဉ်းပြောရင်ရနိုင်ပါတယ်။
ဒီ ပီအာရ်စနစ်နဲ့ပတ်သက်ပြီး အင်အားအကြီးဆုံးအတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောမတူသလို တိုင်းရင်းသားပါတီအတော်များများကလည်း သဘောမတူပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ လာမယ့်ရွေးကောက်ပွဲမှာ ပီအာရ်စနစ်ကို ကျင့်သုံးသင့်၊ မသင့် လွှတ်တော်မှာအဆိုတင်၊ အဆုံးအဖြတ်ရယူမယ်လို့ပြောနေပါပြီ။ ပီအာရ်စနစ်ကို ဘယ်သူတွေကထောက်ခံနေကြပါသလဲ၊ ဘာကြောင့် ပီအာရ်စနစ်ကျင့်သုံးစေချင်ကြတာလဲ၊ ပီအာရ်စနစ် ကျင့်သုံးပြီး ရွေးကောက်ပွဲလုပ်ရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ပီအာရ်စနစ်အကြောင်း အကျယ်တ၀င့်မရှင်းပြတော့ပါဘူး။ ပီအာရ်စနစ်ကျင်းပဖို့အသံတွေဖစ်ပေါ်လာပုံကိုပဲစပြီးဆွေးနွေးသွားပါမယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၀ ရွေးကောက်ပွဲမ၀င်ခဲ့ပါဘူး။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်တဲ့အခါ ၀င်ပြိုင်တဲ့မဲဆန္ဒနယ် ၄၀ ကျော်မှာ ရှမ်းပြည်နယ် မဲဆန္ဒနယ်မြေအမှတ် ၃ မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအမတ်လောင်းကို ပွတ်ကာသီကာရှူံးသွားတာကလွဲရင် ကျန်ဝင်ပြိုင်တဲ့နေရာအားလုံး အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒီရလဒ်ကိုကြည့်ပြီး ”၂၀၁၅ ရွေးကောက်ပွဲကျရင် တို့ပါတီတွေအပြတ်အသတ်ရှူံးပြီး လွှတ်တော်ထဲတယောက်မှမရောက်ရင် ဘယ့်နှယ်လုပ်ကြမလဲ”ဆိုတဲ့အတွေးမျိုး ပါတီခေါင်းဆောင်တချို့ရဲ့ ခေါင်းထဲရောက်သွားရာကနေ ပီအာရ်စနစ်ကျင့်သုံးဖို့ လှုံ့ဆ်ာတာမျိုးဖြစ်လာတာပါ။
ဒီကိစ္စ ပြောင်ပြောင်တင်းတင်း ပြောဆိုနေကြသူတွေကတော့ တစညပါတီ၊ အန်ဒီအက်ဖ်ပါတီနဲ့ ဒီမိုကရက်ပါတီ(မြန်မာ)ဖစ်ပြီး ကြံ့ခိုင်ရေးပါတီကတော့ ဘာတခုမှထုတ်မပြောပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကော်မရှင်က ဒီကိစ္စ လွှတ်တော်ထဲတင်မယ်ဆိုတဲ့အတွက် ကြံ့ခိုင်ရေးပါတီရဲ့သဘောထားကို တိတိကျကျသိကြရတော့မှာပါ။ တကယ်တော့ ဒီစနစ်အကြောင်းပြောလာသူတွေအားလုံးဟာ တိုင်းပြည်အကျိုးစီးပွားဆိုတာထက် သူတို့ပါတီအကျိုးစီးပွားကွက်ကွက်လေးကိုကြည့်ပြီးပြောနေတာလို့ ဆိုနိုင်ပါတယ်။ ဒီစနစ်အတိုင်းသွား၊ ရွေးကောက်ပွဲကလည်း လွတ်လပ်ပြီးတရားမျှတမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့အန်အယ်လ်ဒီပါတီ ၂၀၁၅ မှာ အနိုင်ရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအနိုင်ရပြီး တိုင်းပြည်ကောင်းလာမှာထက် သူတို့ပါတီအမတ်တွေရွးချယ်မခံရမှာကိုစိုးရိမ်ပြီး ခုလို ပီအာရ်စနစ်ကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာတာဖြစ်ပါတယ်။
တကယ်တော့ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခုလက်ရှိ ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းအာက်မှာကိုပဲ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကြီး တကြိမ်မှမကျင်းပဖူးသေးပါဘူး။ ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲဆိုတာဟာ စစ်အာဏာရှင်တွေ သူတို့လိုတဲ့ရလဒ်ထွက်လာအောင် လိုသလို လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲလို့တောင်ပြောနိုင်ပါတယ်။ စစ်အာဏာရှင်တွေဟာ ၂၀၁၀ မှာ သူတိုစိတ်ကြိုက်ရွေးကောက်ပွဲကော်မရှင်ဆိုတာကိုဖွဲ့ပြီး ရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီတွေကို ကြီးကြပ်ခိုင်းပါတယ်။ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဥပဒေကို တဖက်သတ်အမိန့်အာဏာသုံးပြီး ပြဋ္ဌာန်းကျင့်သုံးပါတယ်။ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲမ၀င်နိုင်အောင်လုပ်ပါတယ်။ ကချင်နိုင်ငံရေးသမားတွေကို လုံးဝ ပါတီထောင်ခွင့်နဲ့ရွးကောက်ပွဲဝင်ခွင့် မပေးပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ပြီး မဲဆန္ဒနယ်မြေတွေအနက် ထိန်ချန်ချင်တာ ထိန်ချန်ထားပါတယ်။ အမတ်တွေစာရင်းတင်ရမယ့်ရက် ကန့်သတ်ပြီး နိုင်ငံရေးပါတီတွေ အမတ်နည်းနည်းပဲ ရွေးကောက်ပွဲဝင်နိုင်အောင်လုပ်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူစာရင်းကို စိတ်ထင်သလိုပြုစုပါတယ်။ လွတ်လပ်စွာမဲပေးခွင့်မရှိအောင် မဲရုံတွေကိုတည်ဆောက်ပါတယ်။ ကြိုတင်မဲဆိုပြီး မဲလိမ်ပါတယ်။ နောက်ဆုံး မဲရေတွက်ရာမှာ ဘယ်ကိုယ်စားလှယ်လောင်း၊ ဘယ်သက်သေတွေရှေ့မှာမှမရေတွက်ဘဲ ကိုယ့်ဘာသာကိုယ်ရေတွက် ကိုယ့်ဘာသာကိုယ် ရလဒ်ကိုထုတ်ပြန်ကြေညာသည်အထိ မမှန်မကန်လုပ်ကိုင်ခဲ့ပါတယ်။



တကယ်တော့ အဲလိုလုပ်တာဟာ ပြည်သူတွေက ကိုယ်ကြိုက်တဲ့အမတ်ကိုရွေး၊ မဲအများစုရသူအမတ်ဖြစ်တဲ့ ရိုးရှင်းတဲ့စနစ်အောက်မှာလုပ်ခဲ့တာပါ။ တကယ်လို့သာ ဒီထက်ပိုပြီးရှုပ်ထွေးတဲ့ ပီအာရ်စနစ်နဲ့သာရွးကောက်ပွဲလုပ်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲစနစ်ကို ပြည်သူလူထုနားမလည်ရုံသာမက လက်ရှိ ပြည်ထောင်စုအဆင့်နဲ့ အောက်ခြေအထိအဆင့်ဆင့်မှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်အရာဟောင်းရှိတွေနဲ့ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ မသမာမှုတွေ ပိုပြီးလုပ်လာနိုင်ပါတယ်။



ဒီအတွက် လာမယ့်ရွေးကောက်ပွဲမှာ ပီအာရ်စနစ်ကိုကျင့်သုံးဖို့မသင့်သေးသလို ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေကိုလည်း အများကြီး ပြင်ဆင်ဖို့လိုနေသေးကြောင်း တင်ပြလိုက်ရပါတယ်။



by တိုင်းကျော်  (ဒီဗွီဘီ)

ယူတာက ဒီနေရာပါ။ http://mobile.dudamobile.com/site/thithtoolwin_1?url=http%3A%2F%2Fwww.thithtoolwin.com%2F%3Fm%3D1

Tuesday, April 23, 2013

Proportional Representation(PR)– အချိုးကျဗဟုကိုယ်စားလှယ် ရွေးကောက်သောစနစ်(ဦးဦးမှော်ဆရာ)

0 comments

PR စနစ်လို့အတိုကောက်ပြောဆိုနေတဲ့ရွေးကောက်ပွဲစနစ်ကို မြန်မာလိုတော့အမျိုးမျိုးပြန်ဆို ရေးသားကြပါ တယ်။ "အချိုးကျဗဟုကိုယ်စားလှယ်ရွေးကောက် တင်မြှောက်သောစနစ်"လို့ မြန်မာမှုပြုထားတာကိုတော့ ကျနော်သဘောကျလို့  ဒီဆောင်းပါးမှာယူသုံးလိုက်ပါတယ်။
"အချိုးကျဗဟုကိုယ်စားလှယ်ရွေးကောက်တင်မြှောက်သောစနစ်"မှာ အဓိကအားဖြင့် လက္ခဏာနှစ်ရပ်ရှိတယ်။
ပထမအချက်က ပြီးခဲ့တဲ့ မြန်မာပြည်ရွေးကောက်ပွဲတွေလို တစ်ဒေသ-တစ်ကိုယ်စားလှယ်စနစ်နဲ့ လုံးဝမတူဘဲ၊ မဲဆန္ဒနယ်ကြီးတခုစီကနေ လွှတ်တော်ကိုယ်စားလှယ်တွေကို တဦးထက်ပို၍ရွေးကောက်စေကာ ပါတီတွေကလည်း အဲဒီဒေသကို ကိုယ်စားပြုမယ့်ကိုယ်စားလှယ်များစာရင်းအသီးသီးကိုပြည်သူထံတင်ပြပြီး လူထုက ရွေးကောက်ပွဲမှာ မိမိတို့ဆန္ဒရှိတဲ့ပါတီရဲ့ကိုယ်စားလှယ်ကို မဲပေးရွေးချယ်တဲ့စနစ်ပဲဖြစ်ပါတယ်။

ဒုတိယလက္ခဏာရပ်ကတော့ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်တဲ့ပါတီတိုင်း လူထုကိုအချိုးကျ ကိုယ်စားပြုနိုင်မယ့်အခွင့်အရေးရှိနေတာပါ။ ရှင်းအောင်ဥပမာပေးရရင်တော့ မဲဆန္ဒနယ်တခုတွင် အမတ်ဆယ်ယောက်ရွေးမယ်လို့သတ်မှတ်ထားတယ်ဆိုပါစို့။ အဲဒီဒေသမှာ ၀င်ပြိုင်မယ့်ပါတီများက ကိုယ့်ပါတီရဲ့ကိုယ်စားလှယ်ဆယ်ဦးစီပါတဲ့စာရင်းတင်ပြီး ထိုဒေသမှာ ရွေးကောက်ပွဲဝင်တဲ့အခါ ၄၀% ထောက်ခံမဲရရှိပါက ၄၀% ရဲ့အချိုးကျအဖြစ် အမတ်ဆယ်နေရာတွင် အဆိုပါပါတီက လေးနေရာလွှတ်တော်မှာပါဝင်ခွင့်ရမှာဖြစ်ပါတယ်။
ထောက်ခံမဲ ၂၀% ရတဲ့ ပါတီဆိုရင်လည်း လွှတ်တော်မှာကိုယ်စားလှယ်နှစ်ဦးပါဝင်ခွင့်ရမှာပေါ့။ တချို့ နယ်မြေသိပ်မကျယ်ဝန်းတဲ့နိုင်ငံများမှာတော့ တနိုင်ငံလုံးကို မဲဆန္ဒနယ်ကြီးတခုအဖြစ်သတ်မှတ်ပြီး 
အဲဒီလိုမျိုး ရွေးကောက်တင်မြှောက်လေ့ရှိတယ်။ (ဥပမာ- နယ်သာလန်၊ အစ္စရေး)

ရွေးကောက်ပုံကတော့ အကြမ်းဖျဉ်းကြည့်ရင် ရှင်းလင်းနေပေမယ့်လည်း လက်တွေ့မှာ ကိုယ်စားလှယ် (၁၁)ယောက်ရွးတဲ့မဲဆန္ဒနယ်ကပါတီတခုက ၄၂ ရာခိုင်နှုန်းထောက်ခံမဲရရှိခဲ့မယ်ဆိုရင် အချိုးကျပြန်တွက်တဲ့အခါ ကိုယ်စားလှယ် (.၆၂) ဦး ကိုယ်စားပြုခွင့်ရတယ်လို့အဖြေထွက်နေပြီး အခက်တွေ့ရနိုင်ပါတယ်။ အဲဒီလို အခြေအနေများကိုဖြေရှင်းပုံမှာ ဒေသအသီးသီးမှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားတဲ့လွှတ်တော်ရဲ့အမတ်အရေအတွက်အပြင် အစွန်းထွက်လာမယ့် ကိန်းပြည့်မဟုတ်တဲ့အမတ်အရေအတွက်များကိုပါကာမိစေရန်နှင့် ပါတီများအသီးသီးအတွက် အစွန်းထွက်မဲများကိုထပ်မံခွဲဝေရန်အတွက် အမတ်နေရာအချို့ကိုသီးသန့်ချန်ထားခြင်းပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆွီဒင်နိုင်ငံတွင် မဲဆန္ဒနယ် ၂၈ နယ်ရှိရာ တနယ်စီတွင်ရွေးချယ်သောလွှတ်တော်အမတ်များ၏ စုစုပေါင်း အရေအတွက် မှာ (၃၁၀) ဖြစ်ပေမယ့် တကယ်တမ်းလွှတ်တော်တွင်းမှာတော့ အမတ်နေရာစုစုပေါင်းကို (၃၄၉) နေရာအဖြစ် သတ်မှတ်ထားပြီး (၃၉)နေရာကို အစွန်းထွက်ဖြစ်လာမယ့်ရာနှုန်းများကိုပြန်ညှိရန် သီးသန့်သတ်မှတ်ပေးထားတယ်။ အစွန်းထွက်ရာနှုန်းများ ရှုပ်ထွေးမှုအလွန်အကျွံမဖြစ်စေဖို့အတွက် ဂျာမဏီနှင့်ပိုလန်လိုမျိုးနိုင်ငံတွေမှာတော့ အမတ်နေရာရရေးအတွက် မဲအရေအတွက် စုစုပေါင်းရဲ့အနည်းဆုံးငါးရာခိုင်နှုန်း ရမည်လို့သတ်မှတ်ထားကြပြီး၊ ဆွီဒင်နှင့်အီတလီနိုင်ငံတို့မှာလည်း အနည်းဆုံး မဲလေးရာခိုင်နှုန်းရရမယ်လို့ အသီးသီး သတ်မှတ်ထားကြတယ်။

အချိုးကျ ဗဟုကိုယ်စားလှယ်ရွေးကောက်ခြင်း၏အကျိုးကျေးဇူးများ
ဒီစနစ်ကြောင့် ရွေးကောက်ခံဥပဒေပြုအမတ်တွေဟာ လူထုရဲ့ရွေးချယ်မှုရာနှုန်းနှင့် ပါတီအပေါ် လူထုထောက်ခံမှုအတိုင်းအတာကို တိတိကျကျကိုယ်စားပြုနေတယ်လို့ဆိုနိုင်ပြီး ဒါဟာ ဒီမိုကရေစီရဲ့အနှစ်သာရကို တိုက်ရိုက်ထင်ဟပ်နိုင်တယ်လို့ယူဆနိုင်ပါတယ်။ အင်အားကြီးတဲ့ပါတီကြီးတစ်ခုထဲက လက်ဝါးကြီးအုပ်ထားပြီး နိုင်ငံရေးအပေါ်ချယ်လှယ်တာမျိုး လျော့နည်းနိုင်ချေရှိပါတယ်။ ပါတီငယ်တွေကလည်း မိမိတို့ယုံကြည်တဲ့မူဝါဒများအသီးသီးကို လွတ်လွတ်လပ်လပ်ကျင့်သုံးတဲ့အပြင် မိမိတို့ရဲ့မူဝါဒကိုထောက်ခံမှုရှိလျှင်ရှိသလောက် လွှတ်တော်တွင်းအမတ်နေရာရနိုင်ပြီး တစ်ဒေသ-တစ်ကိုယ်စားလှယ်စနစ်မှာလိုမျိုး အမတ်နေရာရရှိရေးသေချာစေရန်အတွက် အဓိကပါတီကြီးတခုခုနှင့်ပေါင်းစည်းကာ မိမိတို့ယုံကြည်ရာဝါဒကိုဈေးလျှော့ပေးရန် မလိုတော့ပေ။ ဥပမာပြရရင် အစ္စရေးနိုင်ငံမှာ အချို့ပါတီငယ်များက အစ္စရေးလူဦးရေရဲ့နှစ်ရာခိုင်နှုန်းမျှသာထောက်ခံမှုရရှိပေမယ့် ပါလီမန်ထဲမှာ အမတ်နေရာရရှိကာ မိမိတို့ကိုထောက်ခံတဲ့ နှစ်ရာခိုင်နှုန်းမျှသောလူဦးရေရဲ့ဆန္ဒကို တတ်စွမ်းသမျှဖြည့်ဆည်းခွင့် ရကြတာပါ။

အချိုးကျဗဟုကိုယ်စားလှယ်ရွေးကောက်ခြင်းရဲ့ ဆိုးကျိုးများ
ဒီစနစ်မှာ တိုင်းပြည်ရဲ့ကွဲပြားများပြားလှတဲ့အမြင်အမျိုးမျိုးများကြောင့် ပါတီငယ်များ အဆမတန်ကွဲပြားမှုတွေဖြစ်လာနိုင်ပြီး နိုင်ငံတနိုင်ရဲ့နိုင်ငံရေးတည်ငြိမ်မှုကို ထိခိုက်လာစေနိုင်ပါတယ်။ (ဥပမာအစ္စရေး) ဆန့်ကျင်ဘက်အနေနဲ့ တခါတရံမှာတော့ ဒီစနစ်အသုံးပြုတဲ့နိုင်ငံများအတွင်းမှာပဲ အဓိကနှစ်ပါတီသာကြီးစိုးပြီး ကျန်ပါတီငယ်လေးများက ဆက်လက်ရုန်းကန်နေရတဲ့အနေအထားရောက်သွားတဲ့နိုင်ငံတွေလည်းရှိတယ်။ (ဥပမာဆွီဒင်၊ စပိန်) နောက်ပြီး ပါတီထောင်တာတွေပေါများသွားနိုင်ပြီး ပါတီငယ်တွေမှိုလိုပေါက်လာနိုင်ပါတယ်။ ဒီလို အချိုးကျဗဟုကိုယ်စားလှယ်ရွေးမှုစနစ်တွင် အင်အားအကြီးဆုံးပါတီတခုဟာ ယေဘုယျအားဖြင့် ထောက်ခံမှု ၅၀% ပတ်ဝန်းကျင်အထိ ရရှိရန်မစွမ်းဆောင်နိုင်တဲ့အခါမျိုးတွင် အဲဒီပါတီက ပါတီငယ်သေးသေးမွှားမွှားလေးတွေနဲ့ပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရေးကိုစည်းရုံးရတဲ့အတွက် အစိုးရအဖြစ်တက်လာသည့်အခါတွင် ညွန့်ပေါင်းအစိုးရ ဖြစ်နေတာကြောင့် မူဝါဒရေးရာဆုံးဖြတ်ချက်များကိုပြတ်ပြတ်သားသားမချနိုင်ပဲ နိုင်ငံရေးဖြစ်စဉ်နှောင့်နှေးမှုများနှင့်
နိုင်ငံရေးမတည်ငြိမ်မှုများကို ကြုံတွေ့လာရနိုင်ပါတယ်။

ဒါကတော့ PR လို့ခေါ်တဲ့ ရွေးကောက်ပုံစနစ်ကို အကြမ်းဖျဉ်းဖေါ်ပြခဲ့တာပါ။ အထူးသဖြင့် ကျနော့်မိတ်ဆွေကြီး 
ကိုမျိုးမြင့် ဖတ်ချင်တယ်ဆိုလို့ရေးလိုက်တာပါ။ PR စနစ်မှာ ပုံစံအမျိုးမျိုးရှိပါသေးတယ်။ လောလောဆယ် အချိန်မပေးနိုင်သေးလို့ အကုန်းလုံး မရေးနိုင်သေးပါ။ ဒါတွေကို စိတ်ဝင်စားတယ်ဆိုရင် အင်တာနက်ပေါ်မှာလည်း 
ရှာဖတ်နိုင်ပါတယ်။

ဦးဦး မှော်ဆရာ
(၂၄- - ၂၀၁၃)