Wednesday, June 26, 2013

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၆-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၆-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို)
၆။ ယန်းေါဆာ့တ် (သို့မဟုတ်)ငြင်းပယ်ခြင်း၏အလှ။
“ငါသည်ပင် ငါ၏လွတ်လပ်မှု ဖြစ်၏” (ဆာ့တ်)
နှစ်ဆယ်ရာစုသည် စက်မှုသိပ္ပံယဉ်ကျေးမှုက လွှမ်းမိုးအုပ်စည်းထားသော ခေတ်ဖြစ်သည်။ သိပ္ပံပညာသည်သဘာဝလောကရှိအရာဝတ္ထုများကို ဓမ္မဓိဌာန်ကျကျစူးစမ်းလေလ့ာခြင်းပြုရ၏။ ထို့နောက် ယင်းတတို့နှင့်ပတ်သက်သည့် ယေဘုယျနိယာမတရားများကို ထုတ်ဖော်၏။ ထို သိပ္ပံနိယာများမှတဆင့် သိပ္ပံနည်းပညာစက်မှုအတတ်ပညာများကိုအသုံးပြု၍ လူ့အဖွဲ့ အစည်းအတွက် ကုန်ပစ္စည်းအမျိုးမျိုးတို့ကို စဉ်ဆက်မပြတ်တီထွင်ထုတ်လုပ်ပေး၏။ ဤသို့ဖြင့် သိပ္ပံပညာသည်ဓမ္မဓိဌာန်သဘော(Objectivity) ဆောင်သည့်ရုပ်ဝတ္ထုပစ္စည်းများကိုလေ့လာရာ တွင် အသုံးဝင်လှ၏။ အောင်လည်းအောင်မြင်လှပါ၏။
ဤသို့သော သိပ္ပံပညာ၏အောင်မြင်မှု၊ တိုးတက်မှုတို့ကိုစံနမူနာပြု၍ လူနှင့်လူ့အကြောင်းကိုလေ့လာရာ၌လည်း သိပ္ပံပညာကိုအားကိုးလာကြ၏။ သိပ္ပံနည်းအတိုင်းလိုက်လာကြ၏။ ထို့ကြောင့်လည် နိုင်ငံရေးပညာ၊ စီးပွားရေးပညာ၊ သမိုင်းပညာစသည့် လူနှင့်လူ့အကြောင်းကို စနစ်တကျစူးစမ်းလေလ့ာသည့်လူမှုရေးသိပ္ပံ (Social Science) ပညာများတို့သည် သဘာဝသိပ္ပံပညာ(Subjectivity)က ရုပ်ဝတ္ထုပစ္စည်းများကိုလေ့လာသကဲ့သို့ပင် ဓမ္မဓိဌန်ကျမှုအပေါ်အခြေတည်ခဲ့ကြ၏။ သီးခြားပုဂ္ဂိုလ်လူသားတဦးချင်းစီထက် “လူ"ဟူသော ယေဘုယျသဘော၊ ဓမ္မဓိဌာန်သဘောတို့ကို အလေးအနက်ထားခဲ့ကြသည်။ လူဟူသည် ရုပ်ဝတ္ထုပစ္စည်းများကဲ့သို့ပင်သဘောထားကာ ဓမ္မဓိဌာန်သဘောဖြင့်မှတ်ရှူခဲ့ကြသည်။ ဤသို့ဖြင့်  နှစ်ဆယ်ရာစု လူ့အသိညာအားလုံးသည် ဓမ္မဓိဌာန်သဘောအပေါ်အခြေစိုက်ထားပေသည်။
ယန်းပေါဆာ့တ်သည် ယင်းသို့ သူ့ခေတ်ကိုလွှမ်းမိုးသြဇာပြုထားသောဓမ္မဓိဌာန်သဘောကို လုံးဝဆန့်ကျင်ငြင်းပယ်ခဲ့ပြီး ပုဂ္ဂလဓိဌာန်သဘောကို ရှေ့တန်းတင်တွေးခေါ်ခဲ့ပေသည်။ လူပုဂ္ဂိုလ်တဦးချင်းစီ၏ဘဝကိုဗဟိုပြု၍ သူ့ဒဿနကျမ်းများ၊ ဝတ္ထုများ၊ ပြဇာတ်များကိုရေးဖွဲ့ခဲ့၏။ ဆာ့တ်၏ဒဿနတရပ်လုံးတွင်အဓိကပစ်မှတ်မှာ ပုဂ္ဂလဓိဌာန်သဘော၏အရေးပါမှု ဖြစ်ပေသည်။
“အမှန်တရားဆိုတာ ပုဂ္ဂလသဘောဖြစ်တယ်”ဟူသော ဖြစ်တည်မှုဝါဒဖခင် ကဲကီးဂါးဒ်၏အဆိုအမိန့်ကို ဆက်လက်ခံယူခဲ့သည်။ “လူဆိုတာရေညှိတပင် မဟုတ်ဘူး။ မှိုတပွင့် ဒါမှမဟုတ် ပန်းဂေါ်ဖီတပွင့်လည်း မဟုတ်ဘူး။ ပုဂ္ဂလဘဝတခုကိုပိုင်ဆိုင်ထားတဲ့ ပရိုဂျက်တရပ်ဖြစ်တယ်။ လူဆိုတာ မိမိကိုယ်ကိုယ်ကို မိမိ တည်ဆောက်ဖော်ဆောင်ချက်ဖြစ်တယ်။ ဒါဟာ ဖြစ်တည်မှုဝါဒရဲ့ အခြေခံအကျဆုံးခံယူချက်ဖြစ်တယ်” ဟု ဆာ့တ်က ဖွင့်ဆိုပေသည်။ ဖြစ်တည်မှုဝါဒီ၏အခြေခံမှာ ပုဂ္ဂလလူသားတဦးချင်းစီ၏ ဘဝဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။

(၆-က)ကောင်းကင်ဘုံမှ ဓမ္မဓိဌာန်စိတ်ကူးထည်
ယေဘုယျသဘော (The General)၊ ဓမ္မဓိဌာန်သဘောတို့ကို ဦးစားပေးစဉ်းစားခြင်းမှာ အနောက်တိုင်းဒဿနသမိုင်းတွင် ရှေးဟောင်းဂရိဒဿနခေတ်ကတည်းကပင် ရှိခဲ့ပေသည်။ အထူးသဖြင့် အနောက်တိုင်းဒဿနကို ပညာရပ်တခုအဖြစ် ပီပီပြင်ပြင်ဖြစ်အောင် ဖော်ဆောင်ပေးခဲ့သည့် ဂရိဒဿနဆရာကြီး ပလေတို (Plato 428­ 348 B.C)သည် ဓမ္မဓိဌာန်သဘောကို ဦးထိပ်ပန်ဆင်ခဲ့သူ ဖြစ်ပေသည်။ ယန်းပေါဆာ့တ်က ဆရာကြီးပလေတိုသည် ကောင်းကင်ဘုံ၏ပြီးပြည့်စုံမှုကို ခုံမင်မက်မောဂရုစိုက်လွန်းသည့်အတွက်ကြောင့် အောက်ခြေလွတ်သွားပြီး တကယ့်လက်တွေ့လောက ကမ္ဘာမြေပြင်ပေါ်ရှိ မပြီးပြည့်စုံမှုများကို မေ့သွားသူဖြစ်သည်ဟု မှတ်ချက်ချခဲ့၏။
ပလေတိုအတွက် အာရုံခံစားမှုဖြင့်တွေ့သိနေရသော သီးခြားအရာများတည်ရှိရာဤကမ္ဘာလောကသည် အစစ်အမှန်လောက မဟုတ်ပေ။ အစစ်အမှန်၏ဖော်ဆောင်ချက်များသာဖြစ်သည်။ အသွင်သဏ္ဍန်လောကသာဖြစ်သည်။ တကယ့် အစစ်အမှန်လောကမှာ ဆင်ခြင်ခြင်းသက်သက် (Pure Reason)ဖြင့်သာရှိရသော စိတ်ကူးထည် ( Idea) များရှိရာလောက ဖြစ်ပေသည်။ ယင်းစိတ်ကူးထည်တို့သည် မည်သည့်အခါမျှပြောင်းလဲပျက်စီးခြင်းမရှိပေ။ ထာဝရတည်မြဲနေသည့်ပုံစံတရားများ (Form) အသိပညာများ ( Concept) ဖြစ်ကြပေသည်။ ယင်းစိတ်ကူးထည်သဘောတို့သည် သီးခြားအရာများထက် ပို၍ အဓိကကျ၏။ သီးခြားအရာတို့၏ဖြစ်တည်မှုသည် ယင်း စိတ်ကူးထည်တို့အပေါ်မှီတည်နေရ၏။ တစ်နည်းအားဖြင့်ဆိုသော် ယင်းစိတ်ကူးထည်များသည် ဖြစ်တည်မှုထက် အရင်ရှေ့ကျသောတရားများဖြစ်၏။ ပို၍ အခြေခံကျသောသဘောများလည်းဖြစ်၏ ဟု ပလေတိုကခံယူပေသည်။
ပလေတိုအယူအရမူ ကျွန်ုပ်တို့ လက်တွေ့မြင်နေရသော အဆင်းများ၊ ကြားနေရသော အသံများ၊ ခံစားရသောအရသာများသည် တခဏသဘောများသာဖြစ်၏။ ပြောင်းလဲပျက်စီးကြ၏။ ထို့ကြောင့် ယင်းတို့သည် အစစ်အမှန်တရားများ မဟုတ်ကြ။ ဤအရောင်အဆင်း၊ အနံ့အရသာတို့နောက်ကွယ်တွင်ရှိနေသည့် ထာဝရတည်တံ့နေသောပုံစံတရားများ (ဝါ) အနှစ်သာရ သဘောတို့သာလျှင် တကယ့်အစစ်အမှန်တရားများဖြစ်ကြ၏။ မိန်းမပျိုတဦးသည် မည်မျှပင်လှပပါသည်ဟု ဆိုဆို၊ ‘လှပခြင်း’တည်းဟူသောအနှစ်သာရစိတ်ကူးထည်နှင့်ယှဉ်လိုက်ပါက စာဖွဲ့စရာမရှိလောက်အောင် အသေးအဖွဲဖြစ်သွားမည်သာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဤလက်တွေ့လောကရှိ သီးခြားမိန်းမပျိုတဦးချင်းစီ၏ အလှအပဟူသည်“လှပခြင်း”တည်းဟူသော စိတ်ကူးထည်တရားမှ ဆင်းသက်လာသောကြောင့်ဖြစ်၏။ ဤစိတ်ကူးထည်အနှစ်သာရတရား၏ လက်ဝေခံများသာလျှင်ဖြစ်သောကြောင့် ဖြစ်၏။ “လှပခြင်း” ဟူသောစိတ်ကူးထည် ယေဘုယျအနှစ်သာရတရားရှိပြီးမှ ဤစိတ်ကူးထည်နှင့်အဆင့်အဆင့် လိုက်လျောညီထွေရှိနေကြသည်။ သီးခြားမိန်းမပျိုတဦးစီတို့ကို လှသည်၊ ပိုလှသည်၊ အလှဆုံးဟူ၍ လူသားတို့ကသတ်မှတ်နိုင်ကြ၏။ ထို့ကြောင့်လှပခြင်းတည်းဟူသော စိတ်ကူးယဉ်“အနှစ်သာရ”သည် အလျင်ဦးစွာတည်ရှိပြီးမှ လှပသောမိန်းမပျိုဟူသော သီးခြားဖြစ်တည်မှုသည် ရပ်တည်နိုင်ပေ၏။ တနည်းအားဖြင့်ဆိုရသော် ပလေတို၏ဒဿနအရ “အနှစ်သာရသည် ဖြစ်တည်မှုထက် ပို၍ အဓိကကျ၏။ ပို၍အရင်ရှေ့ကျ၏” ဟု ဆိုနိုင်ပေသည်။ ဤအယူအဆကို ရှူထောင့်သုံးခုမှ အောက်ပါအတိုင်းရှူမြင်နိုင်၏။ အချိန်ကာလ အစီအစဉ်အတိုင်းဆိုပါလျှင် “လှပခြင်း” ဟူသော ယေဘုယျစိတ်ကူးထည် အနှစ်သာရသဘောသည် လှပပါသည်ဟုဆိုသောမိန်းမပျို မမွေးဖွားခင်ကတည်းကပင် ရှိနေပြီဖြစ်၏။ ယုတ္တိဗေဒသဘောအရဆိုလျှင် “လှပခြင်း”စိတ်ကူးထည်အနှစ်သာရသဘောသည် ကျွန်ုပ်တို့လူသားများ၏စိတ်ထဲတွင် အရင်ဦးစွာရှိမနေခဲ့ပါက ဤ မိန်းမပျို လှပါသည်ဟု မည်သို့မျှ ပြောဆိုသတ်မှတ်နိုင်မည် မဟုတ်ပေ။
တန်ဖိုးသဘောအရဆိုပါလျှင်“လှပခြင်း”စိတ်ကူးထည်အနှစ်သာရတရားသည် လှပပါသည်ဟုဆိုသော သီးခြားအရာတိုင်းထက် ပို၍ အရေးကြီးပေ၏။ ပလေတို၏ဒဿနအရ လှပသောမိန်းမပျို “ဖြစ်တည်မှု”သည် တခဏသဘောသာ ဖြစ်သည်။ ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေ၏။ သမုတိသဘောကို ဆောင်နေခြင်းသာဖြစ်၏။ ထို့ကြောင့် ဤသို့သော သီးခြားမိန်းမလှကလေးများသည် ထာဝရသဘောဆောင်ယူလျှက်ရှိသည့်လှပခြင်းတရား (အနှစ်သာရ)လောက် အရေးမကြီးပေ။ တန်ဖိုး မထားအပ်ပေ။ လှပပါသည်ဆိုသောမိန်းမပျိုတဦးသည် မွေးဖွားလာ၏။ အရွယ်ရောက် ကြီးပြင်းလာ၏။ ထို့နောက် အိုမင်းရင်ရော့်သွား၏။ နောက်ဆုံးသေဆုံးပျောက်ကွယ်သွားမည်သာဖြစ်၏။ သူမ၏အလှအပသည် အချိန်ကာလ ခဏတခုအတွင်းမှာသာ ရှိနိုင်၏။ နောက်ဆုံး မည်သည့်အလှအပမျှ မရှိတော့ဘဲ ပျက်ပျယ်သွားမည်သာဖြစ်၏။ သို့ရာတွင်“လှပခြင်း” စိတ်ကူးထည်အနှစ်သာရကမူ အချိန်ကာလ၏ဘောင်ခတ် ကန့်သတ်မှုကိုကျော်လွန်နေ၏။ ဘယ်တော့မှ ပျက်ပြယ်သွား လိမ့်မည်မဟုတ်ပေ။ အစဉ်အမြဲ ထာဝရတည်တံ့နေမည်သာဖြစ်၏။
ပလေတို၏ဆိုလိုရင်းမှာဤသို့ဖြစ်၏။ ကျွန်ုပ်တို့လူသားတို့သည် တစုံတခုသောအရာ၏ အနှစ်သာရသဘော (ဝါ) ယေဘုယျသဘောကိုသိရှိနားလည်မှသာ ထိုအရာ၏အစစ်အမှန်သဘောကို သိရှိနိုင်မှာဖြစ်၏။ တနည်းအားဖြင့် တစုံတခုသောအရာ၏အစစ်အမှန်သဘောမှာ ယင်းအရာဝတ္ထုနှင့်ပတ်သက်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်သည်။ ထို့ကြောင့် တစုံတခုသောအရာ၏အနှစ်သာရသဘော(ဝါ)အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို နားလည်သိရှိထားပြီဆိုပါလျှင် သီးခြားအရာများကို လုံးဝမမြင်ဖူး မတွေ့ဘူးသော်လည်း ဘာမျှအခက်အခဲမရှိဘဲ နားလည်လာမည်သာဖြစ်၏။ ဤသို့မဟုတ်ဘဲ သီးခြားအရာများကိုတွေ့မြင်နေရုံမျှနှင့်တော့ ယင်းတို့အကြောင်း စစ်စစ်မှန်မှန်သိရှိမည်မဟုတ်ပေ။ ထို့ကြောင့် သီးခြားပုဂ္ဂလသဘောတို့ကို မှန်မှန်ကန်ကန်သိရှိနားလည်လိုပါက ထိုအရာတို့၏ ယေဘုယျ စိတ်ကူးထည်အနှစ်သာရသဘောတို့ကို အလျင်သိရှိနားလည်ထားရမည်သာဖြစ်၏ဟု ပလေတိုကယူဆလေသည်။
လှပသောမိန်းမပျို၊  လှပသောပန်းချီကား၊ လှပသောရှူခင်းတို့အကြောင်း အမှန်အကန်နားလည်ရန်အတွက်“လှပခြင်း” ဟူသော မောင်မောင်၊ ဂျော၊့ ဖရန်စစ် စသည့် သီးခြားပုဂ္ဂလလူသားတဦးချင်းစီအကြောင်း မှန်မှန်ကန်ကန်နားလည်လိုပါက “လူ” ဟူသော ယေဘုယျစိတ်ကူးထည် အနှစ်သာရကို အလျင်ဦးစွာသိရှိထားရပေမည်။ ထိုနည်းမူ တင်ကြိုပြီးသိရှိထားရပေမည်။ ထို့ကြောင့် ပလေတိုအတွက်“လူ” ဟူသော အနှစ်သာရတရားသည် သီးခြားပုဂ္ဂလလူတဦးချင်းစီထက် ပို၍ ပဓာနကျ၏။ ပို၍လည်း အလျင်ဦးစွာရှေ့ကျ၏။ ပလေတို၏ ဤသို့သောအနှစ်သာရသဘော (ဝါ) ယေဘုယျစိတ်ကူးထည်ကို ဦးစားပေးတွေးခေါ်မှုကို အနောက်တိုင်းတွေးခေါ်ရှင်အများစုတို့သည် လက်ခံနားလည်လိုက်ကြသည်။ သို့ရာတွင်ယန်းပေါဆာ့တ် အမှူးပြုသောဖြစ်တည်မှုဝါဒီတို့ကမူ ပလေတို၏အနှစ်သာရဝါဒ (Abstract) ကို လုံးဝဆန့်ကျင်ခဲ့ကြလေသည်။ အမှန်စင်စစ် ပလေတိုသည် ယေဘုယျအနှစ်သာရဒြပ်မဲ့သဘောတို့ကို ဦးစားပေးလွန်းသည်ကြောင့် အတွေးခေါင်သွားပြီး မိမိအနီးအနားမှ ရင်းနှီးကျွမ်းဝင်နေသောဒြပ်ရှိသီးခြားအရာတို့ကို မျက်ခြေပြတ်သွားခြင်းသာဖြစ်သည်ဟု ဆာ့တ်က မှတ်ချက်ချခဲ့ပေသည်။
ထို့ကြောင့်လည်း နှစ်ဆယ်ရာစု ဒဿနသမိုင်းဆရာကြီးတဆူဖြစ်သော ဂျွန်ပတ်စ်မိုး (John Passmore) က အောက်ပါအတိုင်း ဖွင့်ဆိုခဲ့ပေသည်။
“တကယ်တော့ ပလေတို၏“သမ္မတနိုင်ငံ” ဒဿနကျမ်းတွင် ထင်ထင်ရှားရှား ဖွင့်ဆိုထားသည့် လူသားနှင့်လူ့လောကအကြောင်း အယူအဆကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သော တုံ့ပြန်ချက်တရပ်အဖြစ် ဖြစ်တည်မှုဝါဒကို ရှင်းရှင်းလင်းလင်း ဝိဂြိုဟ်ပြုနိုင်ပေသည်။ ပလေတိုသည် “ဖြစ်တည်မှု”ကို အစစ်အမှန်တရား၏လက်ဝေခံ အစိတ်အပိုင်းအဖြစ်သာမြင်ခဲ့သည်။ ဖြစ်တည်လျှက်ရှိသောသီးခြားအရာတို့သည် အနှစ်သာရသဘော (ဝါ) ပုံစံသဘောတို့ကိုအကြောင်းပြု၍သာလျှင် ရပ်တည်နိုင် ကြခြင်းဖြစ်သည်ဟု ပလေတိုကခံယူခဲ့သည်”

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၅-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၅-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို)
၅။ ကဲကီးဂါးဒ်(သို့မဟုတ်) ဖြစ်တည်မှု လမ်းထွင်သူ။
၁၈၄၃ ခုနှစ်၊ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်၏လမ်းမများပေါ်တွင်“တခုခု” (Either/Or) ဟူ၍ လူငယ်များဟစ်အော်လေ့ရှိသည်။ လှောင်ပြောင်သရော်ခြင်း သဘောဖြင့် အော်ကြခြင်းဖြစ်ပေသည်။ “တစ်ခုခု” ဟူသည် ဒိန်းမတ်ဒဿန စာရေးဆရာကြီး ဆိုရန်ကဲကီးဂါးဒ် ၁၈၄၃ ခုနှစ်က ရေးသားထုတ်ဝေခဲ့သော စာအုပ်အမည် ဖြစ်ပေသည်။
ထိုအချိန်က ကိုပင်ဟေဂင်သတင်းစာကြီးတစောင်ဖြစ်သော “တိုက်သင်္ဘော” (TheCorsair)တွင်လည်း ကဲကီးဂါးဒ်ကို အပြင်းအထန်ရှူတ်ချသရော်ထားသောဆောင်းပါးများ၊ စာတမ်းများ အဆက်မပြတ်ပါဝင်ခဲ့သည်။ ထို့ပြင် သူ့ကို ရည်ညွှန်း၍ လှောင်ပြောင်ထားသည့်ကာတွန်းများကိုလည်း ဆက်တိုက်ထည့်သွင်းဖော်ပြခဲ့သည်။ “ခါးကုန်းလွန်းလှ၍ ဦးခေါင်းမြေစိုက်ဖြစ်နေသည့် တရားသူကြီးဆိုသူ၏ပုံ၊ ခြေထောက်နှစ်ချောင်းစလုံးခွင်ပြီးသိမ်နေသော်လည်း ကြယ်တာရာတို့ကို တမေတ့မြော မော့ကြည့်နေသူ၏ပုံ၊ အဿထိုရ်သိန္ဓောမြင်းကောင်းကြီးစီးထားသည့် ပုံပန်းအချိုးမကျလှသည့်ဂျော်ကီ၏ပုံ၊ ပရမ်းပတာဖြစ်နေသည့် စကြဝဠာကြီးအလယ်တွင် ယိုင်တိယိုင်တိုင် လှုပ်လီလှုပ်လဲ့ဖြစ်နေသည့် မှုန်ဝါးဝါးလူရိပ်ပုံ” စသည်ဖြင့် ကာတွန်းပုံများဆွဲ၍ ကဲဂါးဒ်ကိုခွတီးခွကျလှသူ၊ အောက်ခြေလွတ်သွားသည့်သူ၊ အမှန်တရားကို ရှာရင်းအမှန်တရားပျောက်သွား လသည့်လူအဖြစ်သရော်ခဲ့ကြသည်။ ကဲကီးဂါးဒ်အကြောင်း ရယ်စရာဟာသဝတ္ထုများကိုလည်း လှိုင်လှိုင်ကြီးဖော်ပြခဲ့ပေသည်။ ကဲကီးဂါးဒ်ဘက်မှ မည်သူမျှမရပ်ခဲ့ပေ။ “ယုတ်မာရက်စက် အညှာတာကင်းမဲ့လှသည့်စာပေလုပ်ကြံမှုကြီး ဖြစ်ပါပေတယ်”ဟူ၍သာ ကဲကီးဂါးဒ်က တကိုယ်တော်တုန့်ပြန်ပြောဆိုခဲ့ပေသည်။
သို့ရာတွင်၁၈၅၅ ခု နှစ်တွင် ကဲကီးဂါးဒ်ကွယ်လွန်ပြီး ခြောက်ရက်အကြာတွင်မူ ယင်း တိုက်သင်္ဘောသတင်းစာ၏ အယ်ဒီတာဖြစ်သူ ဂိုးရှမစ်ဒ် (Goldschmidt) က ကဲကီးဂါးဒ်သည် ဒိန်းမတ်နိုင်ငံတော်၏ အထက်မြက် အကြီးကျယ်ဆုံးသော စာရေးဆရာ ကြီးဖြစ်ပေသည်ဟု ရေးသားဂုဏ်ပြုခေဲ့ပသည်။
လူ့သမိုင်းတလျှောက်တွင် လူသား၏ပုဂ္ဂလဘဝကိုရှူမြင်ခဲ့ကြသည့် စာရေးဆရာကြီးများ၊ တွေးခေါ်ပညာရှင်ကြီးများ အစဉ်အဆက် ရှိခဲ့ကြပါသည်။ သို့ရာတွင်အစဉ်အလာအရိုးစွဲလာခဲ့ကြသည့် ဘာသာရေးအစွဲများ၊ ထုံးဓလေ့အယူများ၊ အတွေးအမြင်ခံယူချက် များကို ပွင့်ပွင့်လင်းလင်းတင်ပြပြီး ရဲရဲတင်းတင်းဆန့်ကျင်ကာ လူသား၏ပုဂ္ဂလိကဘဝဖြစ်တည်မှုကို သတ္တိရှိရှိရှင်းရှင်း လင်းလင်းဖော်ထုတ်ပေးခဲ့သူ ကဲကီးဂါးဒ်ကဲ့သို့သောစာရေးဆရာမျိုး၊ တွေးခေါ်ရှင်မျိုးကမူ အတော်ပင်ရှားပါးလှပါသည်။
ဒဿနပညာအရ ကဲကီးဂါးဒ်သည် ဂျာမန်နာမ်ဝါဒီတွေးခေါ်ရှင်ကြီးဟေဂယ် (Hegel 1770­1831) ၏ ကြီးကျယ်ခမ်းနား ထည်ဝါလှသည့် ရုပ်လွန်တက္ကိကဒဿနစနစ်ကြီးကို အပြင်းအထန်ဆန့်ကျင်ခဲ့သူဖြစ်သည်။ ဟေဂယ်အလိုအရ အစစ်အမှန် တရားဟူသည် ရုပ်သဘောနှင့်ဘာမျှမဆိုင်။ နာမ်သဘောသက်သက်သာ ဖြစ်သည်။ ဤကမ္ဘာလောကကြီးဟူသည်မှာလည်း ယင်းအစစ်အမှန် နာမ်တရားကြီးဖြစ်သောအနန္တဝိဉာဉ်တော်ကြီး(Absolute Idea)ဝင်စားကိန်းဝပ်ပြီး တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက် လာရာ ဖြစ်စဉ်ကြီးဖြစ်သည်။ ယင်းဖြစ်စဉ်သည် လူသားတို့၏ထိန်းချုပ်နိုင်မှုနှင့် လုံးဝမသက်ဆိုင်ပေ။ လူသားတို့နှင့် လုံးဝကင်းလွတ်နေသည့် နိယာမတရားအတိုင်းဖြစ်ပေါ်တိုးတက်လျှက်ရှိသည်ဟု ဟေဂယ်က ယုံကြည်ပေသည်။
ဟေဂယ်ဆိုလိုသည်မှာ လူသားတို့သည် အနန္တဝိညာဉ်တော်တည်းဟူသော အစစ်အမှန်တရားကြီး၏ လက်အောက်ခံများ၊ ပြဌာန်းခံများသာဖြစ်ကြသည်။ ထို့ကြောင့် ယင်းအစစ်အမှန်တရားတို့၏တိုးတက်မှုဖြစ်စဉ်တွင် လူသား၏အခန်းကဏ္ဍသည် မည်သည့်နေရာကမျှ ပါဝင်ခြင်းမရှိပေ။ ကမ္ဘာလောကကြီး၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုများအတွက် လည်း လူသားသည် ဘာမျှဆောင်ကြဉ်းမပေးနိုင်၊ ပြုလုပ်မပေးနိုင်ဟု ဟေဂယ်က ပြောခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဤလောက၏အမွန်မြတ်ဆုံးတန်ဖိုးမှာယင်း အနန္တဝိဉာဉ်တော်ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အတွင်း၌သာ တည်ရှိသည်။ လူသားဟူသည်မှာ ဤဖြစ်စဉ်ကြီးဇွံ့ဖြိုးတိုးတက်ရေးအတွက် အဖြည့်ခံသက်သက်မျှသာ ဖြစ်သည်။ ဤလောကကြီးအတွင်း ဒြပ်မဲ့နာမ်အင်အားစုကြီး(ဝါ)အနန္တဝိဉာဉ်တော်ကြီးက ပြဌာန်းသတ်မှတ်ထားပြီးဖြစ်သော ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိရေးအတွက် နည်းလမ်းများ၊ အသုံးချခံများသာ ဖြစ်ပေသည်။ လူသားတို့ခံစားနေကြရသော ဒုက္ခဆင်းရဲခြင်းများ၊ သုခချမ်းသာခြင်းများတို့သည် ယင်းအနန္တဝိညာဉ်တော်ကြီး၏ဆုံးဖြတ်ချက် အလိုတော်အတိုင်းသာဖြစ်သည်။ အနန္တဝိဉာဉ်တော်အစစ်အမှန်တရားကြီးသည် နောက်ဆုံး အန္တိမပန်းတိုင်သို့အောင်အောင်မြင်မြင် ရောက်ရှိသွားသောအခါတွင် ဤကမ္ဘာလောကထဲရှိ ဆင်းရဲဒုက္ခဝေဒနာများ၊ အနိဌာရုံများသည် အားလုံးကင်းစင်ပပျောက်သွားပေလိမ့်မည်ဟု ဟေဂယ်က မိန့်ဆိုခဲ့လေသည်။
ဟေဂယ်၏ ရုပ်လွန်တက္ကိကဒဿနစနစ်ကြီးကို ကဲကီးဂါးဒ်သည် မည်သို့မျှသဘောမတွေ့နိုင်ခဲ့ပေ။ ဟေဂယ်၏အနန္တဝိဉာဉ်တော် ဟူသည် ပုဂ္ဂလိကသဘောလုံးဝမပါသည့် ယေဘုယျသဘောကြီးသာဖြစ်သည်။ ထို့ကြောင့် ယင်းအနန္တဝိညာဉ်တော်ကြီး မဏ္ဍိုင်တည်ရာဤလောကကြီးတွင် ပုဂ္ဂလလူသားတဦးချင်းစီအတွက် ဖြေသိမ့်ကျေနပ်စရာ ဘာတကွက်မှမရှိဟု ကဲကီးဂါးဒ်က ဆိုခဲ့ပေသည်။
လူပုဂ္ဂိုလ်တဦးတယောက်သည် မည်မျှပင်ငယ်ငယ်၊ မည်သို့ပင်သေးသေး၊ သူ၏ ပုဂ္ဂလခံစားမှုသည် သူ့ဘဝအတွက်မူ စကြဝဠာကြီးတမျှ ကြီးကျယ်နိုင်ပေသည်။ ထို့ပြင် မိမိခံစားချက်သည် အခြားသူများ၏ခံစားချက်လောက် အရေးမကြီး၊ အရေးမပါဟူ၍လည်း မည်သူမျှထင်မြင်ယူဆကြမည် မဟုတ်၊ လူပုဂ္ဂိုလ်တဦးတယောက်၏ ခံစားချက်ဝေဒနာကို မည်သည့်စံနှုန်းနှင့်မျှ တိုင်းတာဆုံးဖြတ်၍ရနိုင်မည် မဟုတ်၊ ထို့ကြောင့် ဤလောကတွင်အရေးအကြီးဆုံးမှာ လူသားတို့၏ ပုဂ္ဂလလူ့ဘဝဖြစ်သည်ဟု ကဲကီးဂါးဒ်က ခံယူခဲ့သည်။
လူသားတဦးစီ၏ ဘဝတာပြဿနာများ၊ ကိစ္စများကို အမှန်အတိုင်း ရှူမြင်ခံယူနိုင်စေရန် လမ်းညွှန်ဖြေရှင်းပေးရန်မှာ ဒဿနပညာ၏ အဓိကတာဝန်ဖြစ်သည်။ ဆင်ခြင်မှုသက်သက်အပေါ်တွင်အခြေပြုထားသည့် ဒဿနစနစ်ကြီးများကို တည်ဆောက်ရန် မဟုတ်။ ဟေဂယ်သည် အနန္တဝိဉာဉ်တော်ကြီးကိုဗဟိုပြု၍ စကြဝဠာကြီးတခုလုံးနှင့်ပတ်သတ်သောဒဿနစနစ်ကို တည်ဆောက်ခဲ့သော်လည်း လူပုဂ္ဂိုလ်တဦးချင်းစီ၏ဘဝအကြောင်းကိုမူကား လုံးဝမဖော်ပြမရှင်းလင်းခဲ့ပေ။ ထို့ကြောင့် ဟေဂယ်၏ဒဿနစနစ်ကြီးသည် ဘာမျှတန်ဖိုးမရှိဟု ကဲကီးဂါးဒ်က ဝေဖန်သည်။
“ဆင်ခြင်ခြင်းသက်သက်၏ လမ်းညွှန်မျှုအောက်တွင်နေထိုင်ရခြင်းမှာ ကလောင်ထိပ်ဖျားသာသာရှိသည့် လမ်းညွှန်မြေပုံကလေးကို အားကိုးအားထားပြု၍ ဒိန်းမတ်နိုင်ငံအတွင်း ခရီးထွက်ရခြင်းနှင့်တူလှပါသည်”ဟု ကဲကီးဂါးဒ်က ဟေဂယ်တို့အားကိုးခဲ့သည့် ဆင်ခြင်ခြင်းသဘောကို ရှူတ်ချခဲ့ပေသည်။
ကဲကီးဂါးဒ်အနေဖြင့် ရှေးဂရိဒဿနဆရာကြီးဆိုကရေးတီးကိုမူ အထူးလေးစားခဲသ့ည်။ “ဆိုကရေးတီး၏ မိမိကိုယ်ကို မိမိ သိမြင်နားလည်ပါ” (know thyself) ဟူသောဆောင်ပုဒ်ကို အလွန်ပင်နှစ်ခြိုက်သဘောကျခဲ့သည်။ ထိုဆောင်ပုဒ်အတိုင်း ဒဿနတွေးခေါ်ခေါ် မြော်မြင်ခြင်း၏အဓိကရည်မှန်းချက်မှာ မိမိဘဝကို မိမိ မှန်မှန်ကန်ကန် သိမြင်နားလည်ရန်ဖြစ်သည်။ ကိုယ်နှင့်အနီးကပ်ဆုံးဖြစ်သော ကိုယ့်ဘဝကို ကိုယ်နားမလည်သေးဘဲ ကိုယ်နှင့် အလွန် အလှမ်းဝေးလှသည့်စကြဝဠာကြီးကို အမိဖမ်းပြီး ဆင်ခြင်နေခြင်းသည် ဘာမျှအဓိပ္ပါယ်မရှိဟု ကဲကီးဂါးဒ်က ယူဆပေသည်။
လူ့ဘဝဟူသည် အလွန်ပင်နက်ရှိုင်းကျယ်ပြောလှပေသည်။ ကြီးကျယ်လေးနက်လှပေသည်။ ထို့ကြောင့် လူ့ဘဝအကြောင်းကိုချဉ်းကပ်ရာတွင် အတွေးအခေါ်စနစ်ကြီးများ တက္ကိကပုံစံကြီးနှင့်မရနိုင်။ လူသားတဦးချင်းစီ၏ဖြစ်တည်မှုဘဝ (ဝါ) လူ့ဘဝကို ဒဿနစနစ်တခုအတွင်း ဘောင်ခတ်လေလ့ာ၍မရနိုင်ဟူ၍လည်း ခံယူခဲ့ပေသည်။
ထို့ပြင် ကဲကီးဂါးဒ်သည်ယေဘုယျသဘောကိုရှေ့တန်းတင်ပြီး ပုဂ္ဂလသဘောကိုသေးသိမ်စေခဲ့သည့် ဟေဂယ်၏အယူအဆ တရပ်ကိုလည်း အကြီးအကျယ်ဆန့်ကျင်ခဲ့သည်။ ဟေဂယ်အလိုအရ အနန္တဝိဉာဉ်တော်ကြီးဝင်စားနေသောစကြဝဠာကြီးတွင် ကြီးကျယ်ခမ်းနားလှသည့် မဟာအစီအမံရည်မှန်းချက်ကြီးတရပ်ရှိပေသည်။ ယင်းသည် လူသားတဦးချင်းစီ၏ရည်မှန်းချက်ကို မဆိုထားနှင့် လူသားတရပ်လုံး၏ရည်မှန်းချက်အားလုံးထက်ပင် ပို၍အရေးကြီး၏။ ပို၍လည်း အခြေခံကြလှ၏။ ထို့ကြောင့် လူသားတို့သည် မိမိကိစ္စ၊၊ မိမိရည်မှန်းချက်ကိုဘေးချိတ်ပြီး စကြဝဠာကြီး (ဝါ) အနန္တဝိဉာဉ်တော်ကြီး၏အန္တိအစီအမံ ရည်မှန်းချက်ကြီးအတွက် ကြိုးပမ်းအားထုတ် ထမ်းဆောင်ပေးကြရမည်ဟု ဆိုပေသည်။
ကဲကီးဂါးဒ်ကမူ “ဟေဂယ်၏အယူအဆ အဆိုပြုချက်ကိုလက်ခံလိုက်ပါက လူသားတို့အတွက်မည်သည့် အလားအလာမျှရှိတော့မည် မဟုတ်ပေ။ ဟေဂယ်၏ အနန္တဝိဉာဉ်တော်ကြီးမှသာ အလားအလာများဖြင့်ပြည့်လျှံသွားပေတော့မည်။ ဤသို့ဖြစ်သွားပါက လူသားတို့အတွက် မည်သည့်အကျိုးကျေးဇူးမျှ ရှိလာမည် မဟုတ်ပေ။ အကျိုးယုတ်ရန်သာ ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် အနန္တဝိညာဉ်တော်၏လက်အောက်ခံ၊ ပြဌာန်းခံအစေအပါးဖြစ်သွားပြီး လူသားဂုဏ်သိက္ခာပျောက်ကွယ် သွားတော့မည့်အတွက်ဖြစ်သည်။ “လူသားတို့၏ ထူးခြားထင်ရှားလှသည့် ဖြစ်တည်မှုဘဝ” သည် ဘယ်တော့မျှ ခေါင်းထောင်ပေါ်ထွန်းနိုင်တော့မည်မဟုတ်သည့်အတွက်ကြောင့် ဖြစ်သည်” ဟု မြင်သိခဲ့ပေသည်။
ကဲကီးဂါးဒ်အလိုအရမူ လူသားတွင် မွန်မြတ်လှသည့် ဖြစ်နိုင်စရာအလားအလာ များစွာရှိသည်။ ယင်းအလားအလာများထဲမှ မိမိစိတ်ကြိုက်ရွေးချယ်လုပ်ဆောင်ရမည့် လူ့တာဝန်ရှိပေသည်။ ဤနေရာတွင် ကဲကီးဂါးဒ်သည် ဒဿနပညာရပ်ဆိုင်ရာ ဝေါဟာရနှစ်လုံးကို သုံးစွဲခဲ့သည်။ ယင်းတို့မှာ နှစ်ခုစလုံး (Both/And) နှင့် တခုခု (Either/Or) တို့ ဖြစ်ပါသည်။ နှစ်ခုစလုံးဟူသည် ဆိုးရွားလှသည့်ဘဝ (ဝါ) ငရဲဘုံကိုဦးတည်သောလမ်း ဖြစ်သည်။ တခုခုကမူ မွန်မြတ်သန့်စင်လှသည့် နိဗ္ဗာန်ဘုံအတွက်လမ်းပြဖြစ်သည်ဟု ကဲကီးဂါးဒ်က ဖွင့်ဆိုပါသည်။
ကဲကီးဂါးဒ်ပြောချင်သည်မှာ ဤသို့ဖြစ်သည်။
လူပီသသောဘဝ (ဝါ) စစ်မှန်စွာဖြစ်တည်နေသည့်ဘဝသို့ ဦးတည်လျှောက်လှမ်းသူတဦးသည် သူ့ဘဝတလျှောက်တွင် ရွေးချယ်စရာများကို ပြတ်ပြတ်သားသား ဆက်တိုက်ရွေးချယ်ပြီးပြုမူ ဆောင်ရွက်ရပေမည်။ “ဒါမှမ ဟုတ်ရင်ဒါ” ဆိုပြီးတခုခုကို အခိုင်အမာဆုံးဖြတ်ချက်ချကာ ဆောင်ရွက်ရမည်ဖြစ်သည်။ ဤသို့ပိုင်ပိုင် နိုင်နိုင်ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်းသည် တစုံတဦး၏ထိန်းချုပ်ပြဌာန်းချက်ကိုမခံယူဘဲ မိမိဘဝကို မိမိဘာသာ တည်ဆောက်လိုက်ခြင်း ဖြစ်ပေသည်။ ဤသို့ တခုမဟုတ်တခု ဟူသောလမ်းကို ရွေးချယ်လိုက်သူသည် လူ့ဘဝ၏လွတ်လပ်မှု အရသာကိုခံစားနိုင်သူ ဖြစ်သည်။ သို့ရာတွင် ကိုယ်လမ်းကို ကိုယ်ကိုယ်တိုင်ရွေးချယ်လိုက်ရသည့်အတွက် ဖြစ်ပေါ်လာသမျှ အပေါ်တွင် ကိုယ့်မှာတာဝန်ရှိလာပေတော့သည်။ ဤသို့တာဝန်ရှိလာသည့်အတွက်လည်း စိုးရိမ်ပူပန်သောကများ ရှိလာရစမြဲဖြစ်သည်။ လူပီသသောလူ (ဝါ) စစ်မှန်စွာဖြစ်တည်နေသည့်လူသည် ရင်ဆိုင်ရမည့်စိုးရိမ်ပူပန်သောကများကို မကြောက်ရွံ့မတုန်လှုပ်ဘဲ ကိုယ့်တာဝန်ကိုယ်ယူနိုင်သူ ဖြစ်သည်။ မည်သူ့အဆုံးအဖြတ်ကိုမျှမခံဘဲ ကိုယ့်လမ်းကိုယ်ရွေးပြီး လှုပ်ရှားပြုမူဆောင်ရွက်နိုင်စွမ်းရှိသူ ဖြစ်ပေသည်။
ဤသို့ မိမိလျှောက်မည့်လမ်းကို ပြတ်ပြတ်သားသားမရွေးချယ်နိုင်ဘဲ ဟိုဟာပဲလုပ်ရတော့မလို ဖြစ်နေသည့် နှစ်ခုစလုံးသမားသည် လူမမည်ကာမတ္တလူသာ ဖြစ်ပေတော့သည်။ လူကျင့်လူကြံ မကျင့်ကြံနိုင်ဘဲ လူအဖြစ်မှဈာန်လျှောကျသွားကာ လူဖြစ်ရှူံးသည့်ဘဝသို့ ဆိုက်ရောက်သွားမည်သာဖြစ်သည်ဟု ကဲကီးဂါးဒ်က ဆိုခဲ့ပေသည်။
ကဲကီးဂါးဒ်အတွက် “နှစ်ခုစလုံး” အယူဝါဒသည် ကလိမ်ခြုံဝါဒ၊  အတုအယောင်ဝါဒဖြစ်သည်။ ကဲကီးဂါးဒ်က“လူသားတဦးဟာ တချိန်တည်းမှာ ခရစ်ယာန်တဦးအဖြစ်နဲ့လည်း နေမယ်။ သာမန်လောကီလူသားတဦးလိုလည်းနေမယ်ဆိုတာ မဖြစ်နိုင်ဘူး။ အဖြစ်တခုခု၊ ဘဝတရပ်ရပ်ကိုတော့ ပြတ်ပြတ်သားသား ရွေးချယ်ရမယ်။ ထာဝရဘုရားရဲ့လမ်းစဉ်ကိုလည်း လိုက်နာမယ်၊ လောကီလူ့ဘဝမှာလည်း ကာမဂုဏ်အာရုံတွေနဲ့ပျော်မွေ့နေမယ်ဆိုပြီး “နှစ်ခုစလုံး”လမ်းကို လျှောက်လို့မရဘူး။ ခရစ်ယာန်စစ်စစ်လည်း ဖြစ်ချင်တယ်။ ငွေကြေးချမ်းသာ ကြွယ်ဝအောင်လည်းရှာဖွေချင်တယ်ဆိုပြီး “နှစ်ခုစလုံး” တပြိုင်တည်းလုပ်လို့ မရနိုင်ဘူး။ ယေရှူခရစ်တော်ကိုလည်း ကြည်ညိုတယ်၊ အာဏာပါဝါတွေကိုလည်းမက်မောတယ်ဆိုတာ “နှစ်ခုစလုံး”တချိန်တည်းမဖြစ်နိုင်ဘူး။  “နှစ်ခုစလုံး”ကို တပြိုင်တည်းရွေးလို့မရဘူး။ တခုမဟုတ်တခု (ဝါ) တခုခုကိုသာ ပြတ်ပြတ်သားသား ရွေးချယ်လုပ်ဆောင်ရမယ်။ နှစ်ခုစလုံးကိုရွေးပြီး နှစ်ခုစလုံးအယူဝါဒကို လက်ကိုင်ထားနေကြတဲ့ခရစ်ယာန်တွေဟာ အတုအယောင်ဘာသာရေးသမားတွေသာဖြစ်တယ်။ စစ်မှန်တဲ့ခရစ်ယာန်ဘဝမှ သွေဖည်နေတဲ့အယူအမှားနေကြသူတွေသာ ဖြစ်တယ်။ စစ်မှန်တဲ့ခရစ်ယာန်တဦးဖြစ်ဖို့ဆိုရင် ‘တခုခု’ လမ်းကိုရွေးရမယ်။ ထာဝရဘုရားရဲ့လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ရမယ်။ ဒါမှ အမှန်တရား သစ္စာတရားကို မျက်မှောက်ပြုနိုင်မယ်” ဟု ကဲကီးဂါးဒ်က ပြောကြားလေသည်။
ကဲကီးဂါးဒ်က သစ္စာတရားဟူသည် စာပေအယူဝါဒများကို ဖတ်ရှူလေ့လာပြီးနောက် ရရှိလာသည့်အရာမဟုတ်။ အဟုတ်တကယ်ရှိနေသည့်အဖြစ်တခု (ဝါ)ဘဝတခုသာဖြစ်သည်။ အသိဉာဏ်ပိုင်းဆိုင်ရာ အယူဝါဒကျမ်းဂန်များကို ဒိုးလိုမွှေပြီး သင်ကြားတတ်မြောက်သော်လည်း ခရစ်ယာန်ဘာသာတရား၏သစ္စာတရားကို မျက်မှောက်ပြုနိုင်မည် မဟုတ်ပေ။ ယေရှူသခင် နေထိုင်ကျင့်ကြံသွားသကဲ့သို့ စစ်စစ်မှန်မှန် စိုက်လိုက်မတ်တတ် ယုံယုံကြည်ကြည် လိုက်နာကျင့်ကြံမှုဖြင့်သာ သစ္စာတရားကိုချဉ်းကပ်နိုင်မည်။ မိမိသာ သစ္စာတရားနှင့်ထပ်တူဖြစ်လာမည်ဟု ဆိုခဲ့ပေသည်။ တနည်းအားဖြင့်ဆိုသော် သစ္စာတရား၏ဒြပ်မဲ့သီအိုရီသဘောတရားများမှတဆင့် မချဉ်းကပ်နိုင်။ တကယ့်လက်တွေ့ဘဝနှင့်ထပ်တူကျင့်ကြံနိုင်မှသာ ရရှိနိုင်မည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။
ဤသို့ဖြင့် ကဲကီးဂါးဒ်သည် အစဉ်အလာအနောက်တိုင်းဒဿနအယူဝါဒများကို ဆန့်ကျင်ကာ လမ်းခွဲထွက်ခဲ့သည်။  သစ္စာတရားနှင့်အစစ်အမှန်တရားဟူသည် ယေဘုယျသဘော(Universal)၊ ဓမ္မဓိဌာန်(Objective)မဟုတ်။ သီးခြားသဘော ပုဂ္ဂလဓိဌာန်သဘော(Subjective)သာဖြစ်သည်။ ထို့ပြင် သစ္စာတရားသည် ယုတ္တိဗေဒနှင့်သင်္ချာဆင်ခြင်ခြင်းတို့၏ကိစ္စမဟုတ်။ လူသား၏ ပုဂ္ဂလလူ့ဘဝကိစ္စသာဖြစ်သည်။ သို့ဖြစ်၍ ယုတ္တိဗေဒနှင့်သင်္ချာဆင်ခြင်ခြင်းတို့ကိုအခြေပြု၍ ယေဘုယျ ဓမ္မဓိဌာန်သဘောတို့ကိုရှာဖွေနေသည့်သိပ္ပံပညာသည် ပုဂ္ဂလလူ့ဘဝ၏သစ္စာတရားကို မည်သို့မျှမဖော်ထုတ်နိုင်ဟု ကဲကီးဂါးဒ်ကမိန့်ဆိုခဲ့ပေသည်။
ကဲကီးဂါးဒ်၏ ဒဿနအယူအဆများသည် သူ့ခေတ်အခါက အလွန်ပင် သြဇာကြီးခဲ့သောဟေဂယ်၏ဒဿနနှင့် ထိပ်တိုက်ဆန့်ကျင်နေသည်ကို တွေ့ရပေသည်။ ဟေဂယ်အနေဖြင့် သစ္စာတရားဟူသည် သူ၏ ဒဿနစနစ်ကြီးအတွင်း တခုနှင့်တခု စနစ်တကျဆီလျှော်ကိုက်ညီနေမှုရှိနေခြင်းကို ဆိုလိုပေသည်။ သူ၏ အနန္တဝိဉာဉ်တော်ဟူသော အစစ်အမှန်အရှိတရားနှင့် ဆီလျှော်ကိုက်ညီမှုရှိမှာသာ အမှန်တရားဖြစ်နိုင်ပေသည်။ သစ္စာတရားဖြစ်နိုင်သည်။ ဆီလျှော်ကိုက်ညီမှုမရှိသည့်အရာမှန်သမျှသည် သစ္စာတရားမဖြစ်နိုင်ဟု ဆိုပေသည်။ တနည်းအားဖြင့် သူ၏ ယေဘုယျသဘောကြီးတခုလုံးအတွင်း အံဝင်ခွင်ကျဖြစ်နေမှသာ သစ္စာတရားဖြစ်နိုင်မည်ဟုဆိုလိုခြင်းဖြစ်ပေသည်။
ကဲကီးဂါးဒ်ကမူ ဟေဂယ်၏အယူအဆကို ပြောင်းပြန်လှန်ပစ်လိုက်လေသည်။ သူက လူဟူသည် ယေဘုယျသဘောကြီး တရပ်၏ပြဌာန်းခံအစိတ်အပိုင်း တခုမဟုတ်။ မမိမိဘာသာမိမိ စစ်မှန်စွာတည်ရှိနေသော ဝိသေသသဘောသာ ဖြစ်သည်။ ပုဂ္ဂလဓိဌာန်သဘောသာ ဖြစ်သည်။ လူပုဂ္ဂိုလ်တဦးချင်းစီသည် ယေဘုယျသဘောအားလုံးထက် မြင့်မြတ်ပေသည်။ အဘယ်ေ့ကြာင့်ဆိုသာ် လူပုဂ္ဂိုလ်တဦးချင်းစီ အမှန်တကယ် စစ်မှန်စွာဖြစ်တည်နေသကဲ့သို့ ယင်းယေဘုယျသဘောတရားတို့သည် စစ်မှန်စွာဖြစ်တည်မှုမရှိသောကြောင့်ဖြစ်ပေသည်။ အမှန်စင်စစ် လူသားတဦးစီကိုယ်တိုင်သည် အမှန်တရား (ဝါ) သစ္စာတရားတခုလုံးပင် ဖြစ်သည်။ လူပုဂ္ဂိုလ်တဦးချင်းစီသည် သစ္စာတရားနှင့်ထပ်တူထပ်မျှ ဖြစ်လာနိုင်သည်ဟု ကဲကီးဂါးဒ်က ဆိုခဲ့ပေသည်။
အနောက်တိုင်းဒဿနသမိုင်းတလျှောက်လုံးတွင် အစဉ်အလာအားဖြင့် ဒဿနတွေးခေါ်ပညာရှင်ကြီးများသည် ဝိသေသဖြစ်ရပ်များနှင့် ပုဂ္ဂလိကလူသားတို့ထက် ယေဘုယျသဘောတရားများ၊ အနှစ်သာရ(Essences)များကိုသာ အလေးပေးခဲ့ကြပေသည်။ ဆင်ခြင်ခြင်း၊ စိတ်ကူးယဉ် (Idea) စသည့် ဒြပ်မဲ့သဘော (Concrete) များကို ဒြပ်ရှိသဘောဆောင်နေသည့် အသွေးအသွားနှင့်ဖြစ်တည်နေသော လူ (ဝါ) လက်တွေ့မျက်တွေ့လူသားဘဝ (Flesh­and­blood human being) ထက် ပိုပြီးအရေးထားခဲ့ကြပေသည်။
ပြင်သစ်တွေးခေါ်ရှင်ကြီး ဒေကား (Descartes 1596­1650) က “ကျွန်ုပ်စဉ်းစားသည်၊ ထို့ကြောင့် ကျွန်ုပ်ရှိသည်” (I Think, therefore I am) ဟူ၍ ပြောခဲ့သေည်။ ကျွန်ုပ်တည်းဟူသော လူသားဖြစ်တည်ရီနေရခြင်းမှာ ကျွနုပ်စဉ်းစားခြင်းကြောင့် ဖြစ်သည်ဟုဆိုကာ လူသား၏တည်ရှိမှုသည် လူသား၏စဉ်းစားမှုအပေါ်မှီနကြောင်း ပြောခဲ့ပေသည်။ တနည်းအားဖြင့် စဉ်းစားခြင်းကို ရှေ့တန်းပို့ခဲ့ပေသည်။ ထိုနည်းတူ ဟေဂယ်ကလည်း “အစစ်အမှန်တရားဟူသည် ဆင်ခြင်နည်းကျခြင်း”(What is real is rational)ဟုဆိုခဲ့ပေသည်။ ဆင်ခြင်ခြင်းနှင့် အစစ်အမှန်တရားကို ထပ်တူပြုခဲ့ခြင်း ဖြစ်သည်။ လူ၏ဖြစ်တည်မှုကို မှေးမှန်စေခဲ့သောအယူအဆဖြစ်ပေသည်။ ဤသို့ဒြပ်ရှိသဘောတို့ကိုဘေးချိတ်ပြီး ဒြပ်မဲ့သဘောတို့ကို ကိုးကွယ်ခဲ့ကြသည့်တွေးခေါ်ရှင်ကြီးများကို ကဲကီးဂါးဒ်က ဤသို့သရော်ခဲ့သသည်။
“ဒြပ်မဲသ့ဘောများကိုဦးစားပေးလွန်းသူတဦးသည် လက်တွေ့ဘဝအရှိတရားများနှင့် အလွန်ကင်းကွာသွားပေသည်။ သူသည် လူ့ဘဝ၏ ဒြပ်ရှိ အရှိတရားတို့အပေါ် အမေ့မေ့အလျော့လျော့ဖြစ်လာပြီး မိမိ၏လူ့ဘဝဖြစ်တည်မှုကိုပင် သတိမမူနိုင်၊ မသိရှိနိုင်ဖြစ်ခဲ့သည်။ နောက်ဆုံးသာယာလှသောတနံနက်ခင်း အိပ်ယာမှနိုးအထတွင် မိမိဘဝသည် သေဆုံးသွားပြီဖြစ်ကြောင်း၊ မိမိဘဝဖြစ်တည်မှုသည် အချည်းနှီးအဓိပ္ပါယ်မဲ့ဖြစ်နေပြီဖြစ်ကြောင်းကို အထိတ်အလန့်တွေ့လိုက် ရလေတော့သည်” ယေဘုယျဒြပ်မဲ့သဘောကိုဦးစားပေးခဲ့ကြသည့် တွေးခေါ်ရှင်များသည် ကိုယ့်ဘဝကိုယ် မေ့နေကြသူများသာဖြစ်သည်ဟု ကဲကီးဂါးဒ်က ဆိုခဲ့ခြင်းဖြစ်ပေသည်။
မည်သို့ဆိုစေ အနောက်တိုင်းဒဿနသမိုင်းတလျှောက်တွင် တွေးခေါ်ရှင်အများစုသည် လူ့ဘဝဖြစ်တည်မှုထက် “အနှစ်သာရ ဒြပ်မဲ့တရားများကို ရှေ့တန်းတင်ဦးစားပေးကြကာ အနှစ်သာရသည် ဖြစ်တည်မှုထက် ရှေ့ကျ၏ (ဝါ) ပဓာနကျ၏” (Essence Precedes Existence) ဟုဆိုခဲ့ကြပါသည်။ သို့ရာတွင် လူ့ဘဝဖြစ်တည်မှုကိုဦးစားပေးခဲ့ကြသော ကဲကီးဂါးဒ်နှင့် ဖြစ်တည်မှုဝါဒီတို့ကမူ အထက်ပါအဆိုအမိန့်ကို ပြောင်းပြန်လှန်ပစ်ခဲ့ကြပေသည်။ သူတို့က“ဖြစ်တည်မှုသည်အနှစ်သာရထက် ရှေ့ကျ၏ (ဝါ) ပဓာနကျ၏” (Existence precedes Essence) ဟု ကြွေးကြော်ကြပါသည်။
ဤအဆို နှစ်ရပ်သည် ဖြစ်တည်မှုဝါဒနှင့် အခြားဒဿနဝါဒများအကြားခြားနားချက်ကို မီးမောင်းထိုးပြထားပေသည်။ ထို့ကြောင့် ယင်းတို့၏ဆိုလိုရင်း အဓိပ္ပါယ်ကိုကွဲကွဲပြားပြားနားလည်ရန် အရေးကြီးလှသေည်။ ရုတ်တရက်ဆိုပါလျှင် “ဖြစ်တည်မှုကို ရှေ့ကဦးဆောင်ထားသည့်အနှစ်သာရ” နှင့် “အနှစ်သာရကို ရှေ့ကဦးဆောင်ထားသောဇြစ်တည်မှု” ဟူသည် နားရှူပ်ထွေးစရာလို ဖြစ်နေပါသည်။ သို့ရာတွင် အသေအချာစဉ်းစားကြည့်ပါက အတန်ပင်ကွဲပြားခြားနားလှသည်ကို တွေ့ရပေမည်။ ထို့ပြင် ယင်း စကားရပ်တို့၏ နောက်ကွယ်မှ အတွေးအခေါ်အယူအဆသည် အလွန်ပင်အရေးပါလှပေသည်။ နှစ်ဆယ်ရာစု ဒဿနအတွေးအခေါ်ကို အလှည့်အပြောင်းဖြစ်စေခဲ့သောအယူအဆဟုလည်း ဆိုနိုင်ပေသည်။ ဤသို့ အရေးကြီးလှသည့်အယူအဆအတွက် ပြည့်စုံရှင်းလင်းလှသည့် အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ပြင်သစ် ဖြစ်တည်မှုဝါဒီ ယန်းပေါဆာ့တ်က ထွန်းညှိပြခဲ့ပေသည်။

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ် (အပိုင်း၎-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၎-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို)
၎။ လူမျက်နှာပျောက်သွားသော လူသား။
အနောက်တိုင်းလူ့အဖွဲ့အစည်းတွင် သိပ္ပံပညာနှင့်စက်မှုအတတ်ပညာတို့ တိုးတက်ထွန်းကားလာသည်နှင့်အမျှ လူသားတို့၏ရုပ်ပိုင်းဘဝအခြေအနေတို့မှာလည်း ပို၍ တိုးတက်လာသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် လူသားတို့၏စိတ်ပိုင်းဘဝ အခြေအနေမှာမူ ဖွံ့ဖြိုးခြင်းမရှိခဲ့ပေ။ ပို၍ပင် ချွတ်ခြုံကျသွားခဲ့သည်ဟုပင် ဆိုနိုင်ပေသည်။ ရုပ်ပိုင်းဆိုင်ရာပြဿနာများကို ဖြေရှင်းအောင်မြင်နိုင်ခဲ့ကြသော်လည်း စိတ်ပိုင်းဘဝပြဿနာများအမှာမူ တဖြည်းဖြည်း ပို၍ရှုပ်ထွေးလာခဲ့သည်။ ထို့ပြင် ထာဝရဘုရားကိုဗဟိုပြုထားသည့် ဘာသာရေးယုံကြည်မှုဆိုင်ရာ အားကိုးအားထားမှာလည်း တစစီပြိုလဲခဲ့ပေသည်။ လူ့ဘဝတွင်မည်သည့်အရာကိုနှုန်းစံထားပြီး တန်ဖိုးဖြတ်ရမည်ကိုလည်း နားမလည်နိုင်ခဲ့ကြ။ လူ့ဘဝရည်မှန်းချက်အဓိပ္ပါယ်သည်လည်း ပျောက်ကွယ်ခဲ့ရသည်။ ဤသို့ဖြင့် အနောက်တိုင်းလူ့ယဉ်ကျေးမှုသည် ယိုယွင်းခဲ့ရပေသည်။ လူ့ဘဝဟူသည် စိတ်ပျက်စရာကြီးပါလား။ ဘာမျှ ယုတ္တိမရှိပါလား။ အဓိပ္ပါယ်မဲ့လှပါလားဟု မှတ်ယူလာကြပြီး အားငယ်လာကြသည်။ ကိုယ့်ကိုယ်ကိုပြန်ပြီး သိမ်ငယ်သွားကြပေသည်။
ဖြစ်တည်မှုဝါဒီတို့က ဤသို့စိတ်ပျက်အားငယ်စရာ မျှော်လင့်ရာမဲ့ဖြစ်နေသောလူ့ဘဝကို ရုပ်ဝတ္ထုပစ္စည်းတခုဖြစ်သည့် သစ်တုံးတတုံးလို ဖြစ်ချင်ရာဖြစ်ချေတော့ဟုသဘောထားပြီး ပေယျာလကန်မလုပ်ကြနှင့်။  ဖြစ်တည်လာတဲ့လူ့ဘဝမှာ သိက္ခာရှိရှိ၊ တန်ဖိုးမြင့်မြင့်နေထိုင်တတ်ရမည်ဟု ခံယူကြပေသည်။ လူသားတို့အတွက်အရံသင့် ပြုလုပ်ဖန်တီးပေးထားသော  ပြီးပြည့်စုံလှပါသည်ဟုဆိုကြသည့်တန်ဖိုးသတ်မှတ်ချက်နှုန်းစံများ ပျောက်ကွယ်သွားသော်လည်း ဘာမှ စိတ်ပျက်အားငယ်စရာ မလိုပေ။ လူဟူသည် မိမိဘဝတန်ဖိုးကို မိမိကိုယ်တိုင် ဖန်တီးရယူနိုင်သူဖြစ်သည်။ ပုဂ္ဂလိကလိုအပ်ချက်အရ ကိုယ်ပိုင်တန်ဖိုးများ၊ ကိုယ်ရည်ကိုယ်သွေးများကို မိမိဘဝအတွက်မိမိဘာသာ တည်ဆောက်ယူနိုင်ရမည်။ သို့မှသာ လူ့ဘဝသည် စစ်မှန်ပေမည်။ ဤသို့မဟုတ်ဘဲ အရံသင့် အဆင်သင့်ဖန်တီးပေးထားသော တန်ဖိုးသတ်မှတ်ချက်များအတိုင်း လိုက်လုပ်နေရမည်ဆိုပါက လူ့ဘဝသည် မည်သည့်တန်ဖိုးမျှရှိတောမ့ည်မဟုတ်။ မည်သို့မျှလည်း စစ်မှန်သောလူ့ဘဝကို ရရှိနိုင်မည်မဟုတ်ဟူ၍ ဆိုကြပေသည်။
ထို့ပြင် ဖြစ်တည်မှုဝါဒီတို့အလိုအရ ယနေ့မျက်မှောက်ခေတ်လူသား၏ဘဝသည် သိပ္ပံစက်မှုနည်းပညာ ပစ္စည်းများကြားထဲတွင် နစ်မြုတ်သွားရသော စိတ်ပျက်ပြီးငွေ့စရာဘဝ ဖြစ်ပေသည်။ အကွက်စေ့စေ့ သတ်မှတ်ပြဌာန်းချမှတ်ထားသည့်ကျင့်ဝတ္တရား၊ ဥပဒေများ၊ ထုံတမ်းဓလေ့အစဉ်အလာများကာ ညှပ်ပူးညှပ်ပိတ်ဝိုင်းထားခံနေရသော ထွက်ပေါက်မရှိသည့် သနားစရာဘဝ ဖြစ်သည်။ လူဆိုသည်မှာလည်း ယေဘုယျနိယာမတရားတွေ၊ စနစ်တွေကို ရှေ့တန်းတင်ဦးစားပေးနေသော လူ့အဖွဲ့အစည်းအတွင်း ပုဂ္ဂလိဘဝပျောက်သွားသဖြင့် ကြောက်ကြောက်ရွံ့ရွံ့ဖြစ်ပျက်နေရှာသည့်သတ္တဝါဖြစ်သည်။ လူတို့တီထွင်ဖန်တီးထားသည့်သိပ္ပံပညာအမျိုးမျိုးကြောင့်လူပုဂ္ဂိုလ်စင်စစ်မှ ဈာန်လျှောကျသွားပြီး ရုပ်ဝတ္ထုပစ္စည်းအဖြစ်ရောက်သွားသည်။ အပြုခံ၊ အထုအထောင်းခံသတ္တဝါ ဖြစ်သွားတော့သည်။ တိုးတက်ပါသည်ဟူသော စက်မှုသိပ္ပံကမ္ဘာကြီးထဲမှာကိုးကွယ်ရာထာဝရဘုရားပျောက်ကွယ်၊ မိခင်သဘာဝတရားကြီးနှင့်လည်း တဖြည်းဖြည်းကင်းကွာလာသော အထီးကျန်သတ္တဝါဖြစ်သည်။ ဤသို့ လူ့ဂုဏ်သိက္ခာနှင့်လူဖြစ်တည်မှု ပျောက်ကွယ်သွားရသည့်အဖြစ်ကို ဖြစ်တည်မှုဝါဒီတို့က မလိုလားကြ၊ မွန်မြတ်လှသည့် လူ့ဘဝဖြစ်တည်မှုကိုပျက်စီးစေမည့်အခြေအနေ၊ အခြင်းအရာမှန်သမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက်ရမည်ဟု သူတို့က ခံယူကြပေသည်။
ဖြစ်တည်မှုဝါဒီတို့သည် ပုဂ္ဂလိကလူသားနှင့် လူ့အဖွဲ့အစည်းတို့နားလည်မှုပျောက်ပြီး ကင်းကွာသွားသည့်ပြဿနာ (ဝါ) လူနှင့် လူ့အဖွဲ့အစည်းတို့ တခုနှင့်တခု သူစိမ်းပြင်ပြင်ဖြစ်နေသည့်ပြဿနာကို အထူးအရေးထားလေ့လာတင်ပြခဲ့ကြသည်။ သူတို့အလိုအရ ယနေ့လူ့အဖွဲ့အစည်းတွင်လူသားတို့၏ ရှိရှိသမျှသောကာယစွမ်းအား၊ ဉာဏစွမ်းအားတို့သည် ရိုင်းစိုင်းရက်စက်လှသည့် အင်အားစုကြီးအဖြစ်သို့ရောက်သွားပြီဖြစ်သည်။ လူသား၏ကောင်းမြတ်လှသည့်ဂုဏ်သိက္ခာ လက္ခဏာများကို ချေမှုန်းဖျက်ဆီးပစ်မည့်စက်မှုနည်းပညာစွမ်းအားစုကြီးတွေ၊ စီးပွားရေးအင်အားစုကြီးတွေ၊ နိုင်ငံရေးနှင့်စစ်ရေးအင်အားစုကြီးတွေ ဖြစ်သွားကြပြီ။ သိပ္ပံပညာအမျိုးမျိုးကြောင့် လူ့နှလုံးနှင့်အသိတရားတွင် ထာဝရဘုရားကွယ်ပသွားပြီဖြစ်၏။ ထို့ပြင် လူ့အဖွဲ့အစည်းတွင် ဘယ်တုန်းကမှ မကြားခဲ့ဖူးသည့် ရုပ်ဝတ္ထုကုန်ပစ္စည်းထုတ်လုပ်မှုမှာ အစုလိုက်အပြုံလိုက် ထွက်လာသည်။ ဤသို့သောထုတ်လုပ်မှုကို လူသားများက တန်ဖိုးထားကြသည်။ ပုဂ္ဂလလူသားထက် ကုန်ပစ္စည်းထုတ်လုပ်နိုင်မှုလုပ်အားကို တန်ဖိုးထားကြသည်။ လူကို သူ့လုပ်အားနှင့်တန်ဖိုးဖြတ်ကြသည်။ ကုန်ပစ္စည်းထုတ်လုပ်မှုစွမ်းအားဖြင့် ဆုံးဖြတ်ကြ၊ နေရာပေးကြသည်။ ဤသို့ ပုဂ္ဂလိကလူသားကို ရုပ်ဝတ္ထုပစ္စည်းတရပ်သဖွယ် တန်ဖိုးဖြတ်ကြလေတောသ့ည်။ လူကိုလူလိုမမြင်နိုင်ကြတော့ဘဲ ဝတ္ထုပစ္စည်းတခုအဖြစ် သဘောထားလာကြတော့သည်။ သိပ္ပံပညာသည် လူသားကို လူစင်စစ်မှ ထုတ်ကုန်ပစ္စည်းတခုအဖြစ် ရောက်စေခဲ့သည်။ လူ့ဂုဏ်သိက္ခာ လက္ခဏာပျောက်စေပြီး ရုပ်ဝတ္ထုပစ္စည်းတရပ် ဖြစ်စေခဲ့သည်။ ထို့ကြောင့်လည်း လူသားတို့သည် ပုဂ္ဂလိကလူ့ဘဝတွင် စစ်စစ်မှန်မှန် မရှင်သန်နိုင်ကြတောဘဲ့ လူ့မျက်နှာမရှိတော့သည့်လူသား (ဝါ) လူ့မျက်နှာပျောက်သွားသည့်လူသား (Faceless man) ဖြစ်သွားကြတော့သည်။ ဤအဖြစ် ဤအခြေအနေတို့ကို ဖြစ်တည်မှုဝါဒီတို့က လုံးဝမလိုလားကြ၊ ရုပ်ဝတ္ထုပစ္စည်းအဖြစ် ဈာန်လျှောကျနေသည့်အခြေအနေဆိုးမှ ရုန်းထွက်ပြီး စစ်မှန်မြင့်မြတ်မတ်သော၊ လူ့ဂုဏ်သိက္ခာအပြည်ရှိသော၊ လူပီသသောဘဝသို့လှမ်းတက်နိုင်ကြရန်သူတို့က အားထုတ်တင်ပြကြခြင်းဖြစ်ပေသည်။