Saturday, July 20, 2013

“ကျနော်ကြီးရင် ဘာ မဖြစ်ချင်နှင့်ပတ်သက်သည်များ”မျိုးမြင့်ချို

0 comments
“ကျနော်ကြီးရင် ဘာ မဖြစ်ချင်နှင့်ပတ်သက်သည်များ”မျိုးမြင့်ချို (စာအဟောင်းပါ။ နည်းနည်းပြင်ပြီးပြန်တင်တာပါ) ကျနော် ငယ်ငယ်က ဖြစ်ချင်တာတွေအလွန်များသည်။ ရေခဲချောင်းသည်၊ ကားဒရိုင်ဘာ၊ မျက်လှည့်ဆရာ၊ ဗေဒင်ဆရာ၊ ရုပ်ရှင်မင်းသား၊ ခြင်္သေ့ထိန်း၊ မီးသတ်သမား၊ ကောင်းဘွိုင်နှင့် အခြားထွေလီကာလီများ။ ထိုဖြစ်ချင်တာတွေထဲကတချို့ကို  ငယ်ဘဝမှာ ခဏတဖြုတ် ဖြစ်ခဲ့ဖူးတာလည်းရှိသည်။ လုံးလုံးမဖြစ်ခဲ့တာတွေလည်းရှိသည်။ သို့သော် ဘယ်နေရာမှာမှတော့ ပေါက်ပေါက်မြောက်မြောက်မဟုတ်။
ကျနော်မှတ်မိသလောက်ပြောရလျှင် “သားသားကြီးရင် ဘာလုပ်မယ်”ဟု ဘယ်သူ့မှ ကျနော့်ကို မမေးဖူးသလို၊ ကျနော်ကလည်း မဖြေဖူးဘူးဟုထင်ပါသည်။ မေးလာခဲ့လျှင်လည်း ကျနော် ဘာပြန်ဖြေရမှန်း သိမည်မဟုတ်ပါ။ ဘာ့ကြောင့်ဆိုတော့ ကျနော့်တွင် ငယ်ဘဝဖြစ်ချင်သည်များသာရှိပြီး ကြီးလျှင်ဖြစ်ချင်သည်များကို မသိသောကြောင့်(သို့မဟုတ်)မရှိသောကြောင့်ဟု ထင်ပါသည်။ သူငယ်ချင်းတချို့က သူတို့ကြီးရင် စစ်ဗိုလ်၊ ဆရာဝန်၊ အင်္ဂျင်နီယာ၊ ကျောင်းဆရာဖြစ်ချင်သည်ဟုပြော သည်ကို ကြားဖူးပါသည်။ “ဘာကြောင့်ဖြစ်ချင်ရတာလဲ”ဟု ဆက်မေးသူနည်းသလို မေးလို့ဖြေပြန်လျှင်လည်း သင်ထားသည့်အတိုင်းတွေပဲဖြစ်သည်။ ဖြေသူတွေကိုယ်တိုင်က “ဘာ့ကြောင့်ဖြစ်ချင်သည်”ကို မသိလို့နေမှာဟု ကျနော်က ထင်သည်။ စစ်ဗိုလ်ဖြစ်ချင်တယ်ဟုဖြေသည့်သူငယ်ချင်း မူးယစ်ဆေးဝါးအလွန်အကျွံသုံးပြီး ကိစ္စချောသွားပါသည်။ အင်္ဂျင်နီယာဖြစ်ချင်သည့်သူငယ်ချင်းမှာ လက်ဘက်ရည်ဆိုင် ဖွင့်နေပါသည်။ ဆရာဝန်ဖြစ်ချင်သည့်သူငယ်ချင်းကား စစ်ဗိုလ်ဖြစ်ပြီး တိုက်ပွဲကျသွားပါသည်။ ကျောင်းဆရာဖြစ်ချင်သည့်သူငယ်ချင်းက ကျောင်းဆရာဖြစ်ပြီး ရိုးရိုးအေးအေး၊ ဆေးလိပ်ကအစ၊ အသောက်အစား၊ လောင်းကစား၊ မိန်းမမှု ဘာတစ်ခုမှလည်း မပွေရပါပဲ ငယ်ငယ်ရွယ်ရွယ်မှာ လေဖြတ်ပြီးအနိစ္စရောက်သွားပါသည်။ တခြားသူငယ်ချင်းများ သူတို့ဖြစ်ချင်တာတွေဖြစ်ကြသလား မဖြစ်ကြသလားတော့ ကျနော်အသေအချာမသိပါ။ “ကြီးရင်ဘာလုပ်မယ်”ကို “ဘာမှ မလုပ်ဖူး”ဟု ပြန်ဖြေခဲ့သည့် ထူးထူးခြားခြားသူငယ်ချင်းတယောက်မှာမူ နံမည်မကျော့်တကျော် အနုပညာသမားဖြစ်နေ၏။ ဦးသုခ၏ “ဘဝသံသရာ” သီချင်းကို တခါတခါသတိရပါသည်။
ကျနော်ငယ်ငယ်က ရပ်ကွက်ထဲ ဂလိုင်လှုပ်ပြီးဝင်လာသည့် ရေခဲချောင်းသည်အသံကြားလျှင် အလွန်ပျော်ပါသည်။ ရေခဲချောင်းသည်သည် ကလေးများအတွက် ပျော်ရွှင်မှုကိုဆောင်ကြဉ်းလာသူဟု တွက်ပြီး ရေခဲချောင်းသည်ဖြစ်ချင်ခဲ့ပါသည်။ ခရီးသည်တွေကိုတင်ပြီး ကွမ်းယာတမြုံ့မြုံ့နှင့် လည်ပင်းတွင် တဘက်သေးလေးပတ်ကာကားမောင်းနေသည့်ဒရိုင်ဗာကြီးသည် အလွန်စတိုင်ကျသည်ဟုထင်ပြီး ဒရိုင်ဗာလည်းဖြစ်ချင်ခဲ့ပါသည်။ လူတွေကိုငေါက်လားငမ်းလားလုပ်သည့်ကားစပယ်ရာကို ဒရိုင်ဘာကြီးကပြန်ဟောက်လို့ရတာကို အလွန်သဘောကျပါသည်။ ပိုက်ဆံယူပြီး လူတွေစိတ်ချမ်းသာအောင် ဗေဒင်ဆရာနှင့်မျက်လှည့်ဆရာများသာ လုပ်နိုင်သည်ဟုထင်ကာ ဗေဒင်နှင့်မျက်လှည့်ဆရာလည်း ဖြစ်ချင်ခဲ့သည်။ ကျောင်းစာမတတ်လည်း ဆရာအခေါ်ခံရသည်ကို သဘောကျမိတာလည်းပါသည်။ ဘယ်နေရာသွားသွား လူတွေကဝိုင်းဝိုင်းကြည့်ပြီး ကိုယ့်အမည်အခေါ်ခံရတာကောင်းသည်မှတ်ပြီး ရုပ်ရှင်မင်းသားလည်း ဖြစ်ချင်ခဲ့သည်။ လူတိုင်းကြောက်ရသည့်ခြင်္သေ့ကြီးတွေ ကျားကြီးတွေကို ကြာပွတ်တရွှမ်းရွှမ်းဖြင့်ခိုင်းသည့် ဆပ်ကပ်ထဲကခြင်္သေ့ထိန်းကြီးလည်း ဖြစ်ချင်ခဲ့သည်။ ရေတွေတဝေါဝေါပန်းထွက်နေသည့် မီးသတ်ပိုက်ကြီးနှင့် တဝုန်းဝုန်းလောင်နေသည့်မီးတောက်ကြီးများကိုငြှိမ်းရသည်မှာအရသာဟုထင်ပြီး မီးသတ်သမားလည်းဖြစ်ချင်ခဲ့သည်။ သေနတ်ခါးမှာ တို့လို့တွဲလောင်းချိတ်၊ ဆေးပြင်းလိပ်ကြီးခဲ၊ ဦးထုတ်တစောင်း ဆောင်း၊ ထီမထင်ဟန်မျက်နှာပေးဖြင့် မြင်းကြီးစီးကာ လူဆိုးတွေနှင့်တဒိုင်းဒိုင်းသေနတ် ပစ်ရလျှင် လူတွေအားကျလိမ့်မည်ထင်ပြီး ကောင်းဘွိုင်လည်း ဖြစ်ချင်သည်။ တခြားထွေလီကာလီ ဖြစ်ချင်တာတွေလည်း ရှိပါသေးသည်။ ထိုအရာများအားလုံးသည် “ငယ်ဘဝမှာသာ ဖြစ်ချင်သည်”များဖြစ်ပါသည်။ ကြီးလာလျှင် ထိုအရာတွေ ဖြစ်ချင်/မဖြစ်ချင်ကိုမူ ငယ်ငယ်ကမသိခဲ့ပါ။

”ကြီးရင်ဘာဖြစ်ချင်”ကိုသာ အသေအချာမသိသော်လည်း ”ကြီးရင်ဘာမဖြစ်ချင်”တွေကတော့ ကျနော့်တွင် အသေအချာရှိပါသည်။ သိလည်း သိပါသည်။ “ကြီးရင် ဘာမဖြစ်ချင်ဘူးလဲ”ဟုမေးခဲ့လျှင် ပြန်ဖြေရန် အသင့်ရှိပါလျှက် ဘယ်သူကမှ ဤသို့ တခုတ်တရ မမေးဖူးကြောင်း အတိအကျမှတ်မိပါသည်။ ဘယ်သူမှ မမေးဖူးဘူးတာ လုံးဝသေချာပါသည်။ လူကြီးများသည် ကလေးများအား ထိုသို့မေးရကောင်းမှန်း မသိလို့ပဲဖြစ်မည် ထင်ပါသည်။ ကျနော် မဖြစ်ချင်တာက များများစားစား မဟုတ်ပါ။ ၂ ခုတည်းဖြစ်ပါသည်။ ကျနော်ကြီးလျှင် ရဲ(ပုလိပ်) မဖြစ်ချင်ပါ၊ ဆရာဝန် မဖြစ်ချင်ပါ။

မူလတန်းဖတ်စာအုပ်ထဲက “ရဲသားကြီးကကိုလှရွှေ လူဆိုးဖမ်းဖို့စောင့်ရှောက်ပေ”ဆိုသည့်အပိုဒ်ကို သရုပ်ဖော်ရာတွင် မျက်နှာအောက်ချပြီး အားရွံ့သိမ်ငယ်နေဟန် ကလေးလေးတယောက်အား ရဲ(ပုလိပ်)ကြီးတယောက်က အင်္ကျီဂုတ်ပိုးမှဆုပ်ကိုင်ပြီး လက်ထိပ်တန်းလန်းဖြင့် ဖမ်းဆီးသွားသည့်ပုံကိုတွေ့ကတည်းက ကျနော် ရဲ(ပုလိပ်) မဖြစ်ချင်ပါ။ ပုံထဲက ရဲသည် ကလေးတွေကို ဖမ်းသည်။ ထို့ကြောင့် ရဲသည်မကောင်း။ မကောင်းသဖြင့် ရဲမဖြစ်ချင်။ ငယ်ငယ်က သင်္ကြန်ရေကစားရင်း ခြေထောက်တွင်ပုလင်းကွဲရှသည်။ ဟက်တက်ကြီး ကွဲထွက်သွားသည်။ ဆေးခန်းရောက်တော့ ဆရာဝန်က ထုံဆေးမပေးပဲ ဒီအတိုင်း အစိမ်းချုပ်သည်။ နာလိုက်သည့်ဖြစ်ခြင်း။ ပုလင်းကွဲရှတာထက် ပိုနာသည်။ အနာပျောက်အောင်လုပ်ရမည့်ဆရာဝန်သည် ကျနော့်ကို ပိုနာအောင်လုပ်သည်။ ထို့ကြောင့် ဆရာဝန်သည် မကောင်း။ မကောင်းသဖြင့် ဆရာဝန်မဖြစ်ချင်။ ထိုအရာ ၂ ခုသည် ကျနော် “ငယ်ဘဝမှာလည်းမဖြစ်ချင်” “ကြီးလာလျှင်လည်း မဖြစ်ချင်”သည်များဖြစ်ပါသည်။ ယခု ကြီးပါပြီ။ ဤ ၂ ခုလုံးမဖြစ်ပါ။ မဖြစ်သည့်အတွက် ကိုယ့်ကိုယ်ကိုကြိတ်ပြီး ကျေးဇူးတင်ရပါသေးသည်။

ကျနော့်ကို တချို့က “လူစုံ”ဟုပြောသည်။ ကျနော် “ဘဝနည်းနည်းစုံသူသာ”ဖြစ်သည်။ကျောင်းပြေး၊ အိမ်ပြေး၊ ပြည်ပြေး ဖြစ်ဖူးသည်။ စစ်ပြေးတော့မဖြစ်ခဲ့။ စစ်သား၊ နိုင်ငံရေးအကျဉ်းသားဖြစ်ဖူးသည်။ ရာဇဝတ်သားတော့မဖြစ်ခဲ့။ အိုးမဲ့အိမ်မဲ၊ တိုင်းမဲ့ပြည်မဲ့ ဖြစ်ဖူးသည်။ ယုံကြည်ချက်မဲ့၊ အဘိဓမ္မာမဲ့တော့ မဖြစ်ခဲ့။ ဖြစ်ဖူးတာတွေအထိုက်အလျှောက်ရှိလာတော့မှ “ကဲ ခုရော ပြောပါဦးမဖြစ်ချင်တာတွေ”ဆိုကာ ကိုယ့်ကိုယ်ကို ပြန်မေးမိသည်။ သည်တော့မှ မဖြစ်ချင်တာ(၂) ခု ထပ်တိုးလာတာ တွေ့ရပါသည်။ တခုက “နိုင်ငံရေးသမား”နောက်တခုက “မီဒီယာသမား”။

အာဏာနိုင်ငံရေးသဘောတွင် နိုင်ငံရေးအာဏာလိုအပ်၍သာ လုပ်ရခြင်းဖြစ်သည်။ မလိုအပ်လျှင် လုပ်နေစရာ ဘာအကြောင်းမှ မရှိ။ မိမိလိုချင်သည့်စနစ်ကိုထူထောင်ဖို့ လုပ်ပိုင်ခွင့်ရှိမှရမည်။ လုပ်ပိုင်ခွင့်ဆိုသည်မှာ အာဏာဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ အာဏာကိစ္စဖြစ်သည်။ အာဏာကိစ္စမှန်လျှင် တနည်းမဟုတ်တနည်းဖြင့် ရှင်းကြရသည်။ ရှင်းရာတွင် အနုနည်းနှင့် အကြမ်းနည်းသာကွာသည်။ “အာဏာလိုချင်လို့ နိုင်ငံရေးလုပ်တာမဟုတ်” ဟု ပြောသူများရှိ၏။ အာဏာရယူရေးသဘောထား မရှိသူသည် အာဏာမရ။ အာဏာမရလျှင် ဘာမှလည်း လုပ်မရ။ ဆိုတော့ အာဏာကိစ္စသည် လက်တွေ့ကျ၏။ လက်တွေ့ကျကျလည်း ရှင်းမှရ၏။ ထိုသို့ ရှင်းရပြီဆိုလျှင် သူငယ်ချင်း/မိတ်ဆွေ/လုပ်ဖော်ကိုင်ဘက်မရှိတော့။ ကာလပေါ်စကားနှင့်ဆိုသော် အထာထားလို့မရ။ ဆိုတော့ ရန်သူတွေ မိတ်ဆွေဖြစ်/မဖြစ် တပ်အပ်မပြောနိုင်သော်လည်း မိတ်ဆွေတွေ ရန်သူဖြစ်ကုန်ကြတာ ဒက်ထိဖြစ်သည်။  မိတ်ဆွေတချို့ကို မျက်စေ့အောက်ထားတန်ထား(ထောင်ထဲထည့်)။ တောထဲမောင်းပို့တန်ပို့ (တိုက်ထုတ်)။ မျက်နှာလွှဲတန်လွှဲ(ကြိုးစင်တင်)တွေ လုပ်ရတော့မည်။ အနည်းဆုံး အပုတ်တော့ ချရတော့မည်။ ကျနော်က ထိုကိစ္စတွေ မလုပ်ချင်။ ထို့ကြောင့် နိုင်ငံရေးသမားမဖြစ်ချင်။ ဖြစ်လည်း မဖြစ်ခဲ့။

တခုခုဆို ကျနော်က ဘက်လိုက်ချင်သည်။ စိတ်တွင်လည်း”လူသည် ဘက်မလိုက်လို့မရ၊ ဘက်လိုက်သည့်သတ္တဝါဖြစ်သည်”ဟု စွဲနေ၏။ လောကသည် ဘက်လိုက်မှရသည့်နေရာ ဖြစ်သည်။ ဘက်မလိုက်ဆိုသူများလည်း မလိုက်သည့်ဘက်တခုခု ထူထောင်ပြီးမှ ထိုဘက်တွင် အတူစုနေကြရသည်။ ဘက်လိုက်သည့်အတွက် လူကို၊ လောကကို အပြစ်ဆိုစရာမရှိ။ လူ့သဘော။ လောကသဘော။ ထိုသဘောတွင်“ဘယ်ဘက်ကို လိုက်မလဲ” ဆိုသည်က လူ၏ရွေးချယ်ခွင့်ဖြစ်သည်။ ကြိုက်သည့်ဘက်ကိုလိုက်ပြီး မကြိုက်သည့်ဘက်ကိုဆန့်ကျင်ခြင်းသည် လူ၏မွေးရာပါလွတ်လပ်ခွင့်။ ထိုသို့ရှိနေနှင့်သည့်ကြားက “မီဒီယာဆိုတာဘက်မလိုက်”ဆိုပြီး ပြောနေသူများရှိ၏။ သူ့တရားနှင့်သူ့စကား မှန်ကောင်းမှန်၊ ခိုင်လုံကောင်း ခိုင်လုံပါလိမ့်မည်။ ကျနော်က “ဘက်မလိုက်ရဘူး”ဟုပြောပြီး “ဘက်လိုက်နေကြရသည့်”အဖြစ်ကို ဘဝင်မခွေ့။ ကျနော်က “လိုက်တယ်ကွာ၊ ဘာဖြစ်လဲ၊ လိုက်ဖို့လိုလို့ လိုက်တာ”ဟု ဗြောင်ပြောပြီး ကဏ္ဍကောစတိုက်တတ်သူ။ ထို့ကြောင့် ဘက်မလိုက်ရဆိုသည့်မီဒီယာသည် ကျနော့်အတွက် မကောင်း၊ မကောင်းသဖြင့် မကြိုက်၊ မကြိုက်သဖြင့် မီဒီယာသမား မဖြစ်ချင်။ ဖြစ်လည်း မဖြစ်ခဲ့။

ခုတော့ ကျနော်လည်းကြီးပြီ။ ဘဝတွင်ဖြစ်ချင်တာထက် မဖြစ်ချင်တာကို ပိုသိလာသလို၊ ပိုလည်းအလေးထားတတ်လာပြီ။ ကျနော့်တွင် ယခု “သမီး..ကြီးရင်ဘာမဖြစ်ချင်ဘူးလဲ” ဟုမေးကြည့်ရမည့်တူမလေးတယောက် ရှိလာပြီ။ ကျနော် သူ့ကို “သမီးကြီးရင် ဘာဖြစ်ချင်လဲ” ကို မေးမည်မဟုတ်ပါ။ ”ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးရမယ်”တို့ ”နှလုံးသားထက် ဦးနှောက်ကို ပိုအလေးပေးရမယ်”တို့ ဘာတို့ညာတို့တွေနှင့် ကျနော့်တူမလေးကို ခေါင်းမစားစေချင်။ သူ့ဘာသာသူ ချင့်ချိန်တတ်သည့်သည့်အခါ ဘာဖြစ်ချင်နှင့်ဘာမဖြစ်ချင်ကိုသိပြီး သူဖြစ်ချင်တာကိုသူလုပ်ပြီး သူမဖြစ်ချင်တာကို မလုပ်ပဲနေလျှင်ပဲတော်လှပြီ။ ခုလောလောဆယ် ကျနော်တွေးနေသည်မှာ ကျနော် အမေးမခံခဲ့ရဖူးသည့်မေးခွန်းကို သူ့အားမေးပြီး သူပြန်ဖြေမည့်အဖြေကိုလည်း သိချင်နေပါသည်။
မျိုးမြင့်ချို (ဒီဇင်ဘာ၊ ၂၁ ရက် ၂ဝ၁၁) 

Friday, July 19, 2013

စာရေးဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့အမှတ်တရ ပြောကြားချက်

0 comments
စာရေးဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်
ကျနော်က အခု အသက် ၉၂ ထဲ ရောက်ပြီ။ အဲဒီ အာဇာနည်နေ့ပေါ့ဗျာ။ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်၊ အဲဒီတုန်းက ကျနော်လည်း ငယ်သေးတယ်။ ကျနော်က တက္ကသိုလ်သမဂ္ဂမှာ အမှုဆောင် ၂ နှစ် ဆက်တိုက်ဖြစ်ခဲ့သေးတယ်။ စစ်မဖြစ်ခင်ပေါ့ဗျာ၊ ၁၉၃၉ – ၄ဝ၊ အဲဒီတုန်းက ဥက္ကဌ က ကိုလှရွှေ၊ အာဏာရှင်လှရွှေ၊ အဲဒီတုန်းက အာဏာရှင်ဆိုတဲ့စကားလုံးက အကောင်းဗျ၊ ကောင်းတဲ့အဓိပ္ပာယ်ပေါ့ဗျာ။ အဲဒီနှစ်တွေက ကျနော်က နေ့ကျောင်းသားနေခဲ့တယ်၊ ကျောင်းဆောင်ဘဝကတော့ ကျနော် စစ်ကိုင်းကျောင်းဆောင်၊ ဟိုတုန်းက အင်းဝ ၊ စစ်ကိုင်း၊ ပင်းယ ၊ ပဲခူးဆိုပြီးကျောင်းဆောင်တွေရှိတယ်၊ တက္ကသိုလ်ကိုတော့ ကျောင်းတိုက်လို့ခေါ်တယ်၊ ကျနော်တို့က ကျောင်းနေဘက်တွေဆိုတော့ သူငယ်ချင်းတွေလိုဖြစ်နေတာကိုး။
အဲဒီ ၁၉၄၇ ကျတော့ ကျနော်က အသက် ၂၉ ၊ ၃ဝ လောက်ပေါ့၊ အတိအကျဆိုရင် ပြန်တွက်မှရမယ်။ နောက်ဥက္ကဌက မိတ္ထီလာ ကိုလှမောင်၊ ကျနော်တို့ထက်အများကြီး ကြီးတာပေါ့၊ ဦးနုတို့ တန်းပေါ့၊ ဦးနုလောက်တော့ မကြီးဘူး၊ ဦးနုကို ကျနော်တို့က ကိုကြီးနုခေါ်တယ်၊ သူတို့ကတော့ နိုင်ငံရေးလို့ နောင်အခါတော့ ခေါ်တာပေါ့ ဗျာ၊ လွတ်လပ်ရေးလှုပ်ရှားမှုပေါ့၊ တပ်ထဲကဆိုလို့ရှိရင် ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ် ရန်အောင် အများကြီးပေါ့ဗျာ၊ ရဲဘော်သုံးကျိပ်ခေါ်တာပေါ့၊ အဲဒီတုန်းက နိုင်ငံရေးမဟုတ်သေးဘူး။
ကျောင်းသားသမဂ္ဂဆိုတာက ဟို အောက်စ်ဖို့ တို့၊ ကိန်းဘရစ်ခ်ျ တို့၊ လန်ဒန်မှာရှိတဲ့တက္ကသိုလ်တွေ။ အဲဒီက သမဂ္ဂတွေအတိုင်းဖွဲ့ထားတာ၊ အခြေအနေက အဲဒီလို။ အဲဒီတုန်းက ကျနော်တို့က လွတ်လပ်ရေးလိုချင်တာပေါ့ဗျာ၊ ကျောင်းသားတွေ၊ တက္ကသိုလ်သမဂ္ဂ၊ ၁၉၃၅-၃၆ ထင်တယ်၊ ကျောင်းသားသပိတ်ဖြစ်တယ်၊ ပညာရေးအတွက်ပေါ့၊ ကိုအောင်ဆန်းကတော့ ၁၉၃၈ – ၃၉ မှာ သမဂ္ဂ ဥက္ကဌဖြစ်တယ်၊ တို့ဗမာအစည်းအရုံးမှာ သခင်အောင်ဆန်းဖြစ်သွားတယ်။
ကျနော်တို့ လွတ်လပ်ရေးလှုပ်ရှားမှုမှာ ကိုအောင်ဆန်းကခေါင်းဆောင်လုပ်ခဲ့တာပေါ့။ သူ့ကို အများကြိုက်ကြတယ်၊ ကိုအောင်ဆန်းက စကားအပြော မတတ်ဘူး။ ဒါပေမယ့် ကျနော်ကတော့ သူနဲ့ ပေါင်းလို့ရတယ်။ သူက ကျနော့်ကိုခင်တယ်။
အဲဒီတုန်းက မှတ်မိသေးတယ်၊ သူက သခင်အောင်ဆန်းလို့ခေါ်မှ ကိုအောင်ဆန်းလို့ခေါ်ရင် သိပ်မကြိုက်ချင်ဘူး၊ အဲဒီတုန်းက သမဂ္ဂက လူတွေကလည်း နိုင်ငံရေးလို့ခေါ်တဲ့လှုပ်ရှားမှုလုပ်ကြတာ၊ အဖွဲ့အစည်းလှုပ်ရှားမှု၊ ဦးနုက အဲဒီ ၃၅-၃၆ မှာ ဥပဒေတန်းပေါ့၊ ဟိုတုန်းက ဥပဒေတန်းတက်ချင်ရင် ဘီအေအောင်ပြီးတဲ့လူမှ တက်လို့ရတယ်၊ သခင်သန်းထွန်းက အဲဒီတုန်းက ဆရာဖြစ်သင်ကောလိပ်မှာ အောင်ပြီးပြီ၊ လူတော်ဗျ၊ ငြိမ်းချမ်းရေးသမားလို့ ကျနော်က ထင်တယ်၊ နောက်မှ ဘယ်လိုဖြစ်သွားလဲမသိဘူး။
ကျနော်က အဲဒီကတည်းက ငြိမ်းချမ်းရေးစိတ်ကလေးက ရှိနေတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ငယ်ငယ်ကတည်းက ကျနော်က အကြမ်းပတန်းတွေ သိပ်မကြိုက်ဘူး၊ အဲဒီအချိန်ကတည်းက စတာဗျ။ ကျောင်းသားသမဂ္ဂထဲမှာ ဒေါက်တာဘမော်တို့၊ ဒေါက်တာဘဟန်တို့ စတဲ့သူတွေလည်းရှိတယ်၊ လွတ်လပ်ရေးအတွက်လှုပ်ရှားသူတွေ၊ အရေးကြီးတဲ့အချိန်တွေပေါ့၊ ကျနော့်ကိုလည်း သူတို့က သမဂ္ဂဥက္ကဌ လုပ်စေချင်တယ်၊ ၁၉၄၁ လောက်ကပေါ့၊ ကျနော်ကလည်း ရှေ့တန်းသိပ်နေချင်တဲ့လူ မဟုတ်ဘူး၊ အဲဒီတုန်းက ဗြိတိသျှအင်ပါယာကို တိုက်ရမှာ၊ လက်နက်ကိုင်ရမယ်ပေါ့ဗျာ၊ ကျနော်က လက်နက်ကိုင်တာ ဝါသနာမပါဘူး၊ လက်နက်ကိုင်တာ သိပ်မကြိုက်ဘူး၊ ဟိုတုန်းက ကျနော့်ကို သူတို့ကခေါ်တာ အတွေးသမားအရေးသမား၊ စာရေးတဲ့ကောင်က ကျနော်တယောက်ပဲ ရှိတာ၊ ဟိုတုန်းက စိတ်ကူးယဉ်တယ်ဆိုတဲ့စကားလုံးက မပေါ်သေးတော့ အတွေးသမားလို့ပြောတာပေါ့ဗျာ။
အဲဒီ စနေနေ့ ကိုအောင်ဆန်းတို့ကျဆုံးမယ့်နေ့က ဗိုလ်ထွန်းလှကို ကျနော်က ပြောတယ်၊ ကိုအောင်ဆန်းကို ပြောလိုက်ပါ၊ ကျနော် ဆောင်းပါးလာယူမယ်၊ အဲဒီတုန်းက သူတို့ကဝန်ကြီးအဖွဲ့ပေါ့၊ ကိုအောင်ဆန်းက အရင် ပဲခူးကျောင်းဆောင်ကနေ ရေကျော်မှာရှိတဲ့ တို့ဗမာအစည်းအရုံးဌာနချုပ်မှာနေတယ်၊ သူအိပ်တာ ဖျာလေးတချပ်ပဲရှိတယ်၊ တခါတလေ ခေါင်းအုံးက မရှိဘူးနဲ့တူပါတယ်၊ ခေါင်းက ဆီက ဖျာမှာကွက်နေတယ်၊ အဲဒီမှာ ကျနော်ရောက်သွားတာ၊ ကျနော်က မသိဘူး။
အတွင်းဝန်ရုံးကို ကျနော်ရောက်သွားတော့ ကျနော်ကအပေါ်တက်သွားတာ၊ သူတို့ကျဆုံးတဲ့နေရာက အလယ်ခန်း၊ အဝင်ပေါက်ပေါ့၊ ကျနော်က ဝင်သွားတာ၊ ဘာဖြစ်မှန်း ကျနော်က မသိဘူး၊ အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်းမှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာသိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွဆိုတော့ ကျနော်က မသိသေးဘူးလို့၊ ဟာကိုယ်ကျိုးနည်းပြီကွလို့ ပြောတယ်။
ကျနော် ဘာတခုမှ နားမလည်ဘူး၊ ကျနော်တို့ အတွင်းဝန်ရုံးထဲမှာပဲရှိတဲ့လက်ဖက်ရည်ဆိုင်မှာ ထိုင်စကားပြောတယ်၊ မင်းမကြားဘူးလားတဲ့၊ ဦစောလူတွေ သတ်သွားတာလို့ပြောတယ်၊ ဦးစောလို့ မပြောဘူး၊ ဆေးရုံပို့လိုက်ပြီ၊ ကိုအောင်ဆန်းကို အဝတ်ဖြူ အုပ်ထားတယ်၊ သေသွားပြီ၊ ကျနော် “ဦးအောင်ဆန်း၏ နောက်ဆုံးနေ့”ဆောင်းပါးမှာ ရေးထားတယ်၊ ကျနော်အတွင်းဝန်ရုံးရောက်တော့ ကိုအောင်ဆန်းနဲ့ အာဇာနည်တွေကို သယ်သွားပြီ၊ ကျဆုံးတဲ့အချိန် ၁ဝ နာရီခွဲဗျ၊ ကျနော်သွားတော့၊ ကျနော် ကိုအောင်ဆန်းနဲ့ချိန်းထားတာ၊ မသိဘူးလေ။ ကျနော်က ၁၄ လမ်းမှာ နေတာကိုး။ အဲဒီတုန်းကတော့ ဘာမှ မသိဘူးပေါ့လေ၊ ကျနော့်ဘဝမှာ ပထမဆုံး လုပ်ကြံမှုကိုကြုံရတာပဲ၊ ဦးစောအဖွဲ့ ဘာညာလည်းမသိဘူး၊ နောက်မှ သိတာ၊ သတ်တာတွေလုပ်ကြံတာတွေ ပထမဆုံး ကျနော့်တသက်တာမှာ ကြုံဖူးတာပဲ။

ဒေါက်တာမောင်မောင်ရေးတဲ့ စာအုပ်ရှိတယ်၊ ခေါင်းစဉ်က ဘာဆိုလား၊ ပုဂံစာအုပ်တိုက်က ထုတ်တာ၊ လုပ်ကြံတဲ့နည်းနဲ့အာဏာသိမ်းတာ ဦးစောလုပ်တာပဲ၊ သူ့အဖွဲ့က ဂဠုန်ပါတီလို့ခေါ်တာလား၊ ဂဠုန်အဖွဲ့လို့ ခေါ်လားပဲ၊ မေးမှ ကျနော်လည်း စဉ်းစားရင်းနဲ့ပြောရတာ၊ အဲဒီ ဂဠုန်ဦးစောကို ကြိုးပေးတယ်လေ။
၁၉၆၂ မှာ စစ်တပ်ကအာဏာသိမ်းတာ စကြုံဖူးတယ်၊ ဗမာပြည်မှာ စစ်တပ်ကအာဏာသိမ်းတာ အရင်က မကြားဖူးဘူး၊ နိုင်ငံရေးသိပ္ပံမှာ အစိုးရဆိုတာ ရွေးကောက်တင်မြှောက်ထားတဲ့ဟာ အစိုးရပဲ၊ အာဏာသိမ်းတယ်ဆိုတာ ကျနော်တို့ အဲဒီမှာစကြားဖူးတာပဲ၊ ဗိုလ်နေဝင်း စအာဏာသိမ်းတာပဲ။ ဒီဘက်မှာ ရွေးကောက်ပွဲက ၁၉၉ဝ မှာ လုပ်တယ်လေ၊ ရွေးကောက်ပွဲမှာ မဲအများဆုံးရတာ NLD ။ အဲဒီတော့ အစိုးရဆိုတာ ရွေးကောက်တင်မြှောက်ထားတာလို့ ကျနော်တို့ကနားလည်ထားတာ၊ ဗိုလ်ချုပ်နေဝင်းက တစ်ခါ အာဏာသိမ်းတယ်၊ သြော် အာဏာသိမ်းအစိုးရ ရှိပါလား၊ အဲဒီလိုအခြေအနေတွေက ပြောင်းသွားပြီဗျ၊ ကျနော်တို့နားလည်ထားတဲ့နိုင်ငံရေးသိပ္ပံနဲ့က၊ အခုက စစ်တပ်အာဏာသိမ်း အစိုးရ။
တော်လှန်ရေးဆိုတာ အစိုးရကိုတိုက်တဲ့ဟာ။ သူပုန်ပေါ့ဗျာ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေအဖြစ် ပြောင်းလဲလာအောင်လုပ်တာ။ ကျနော်တို့လည်း ငယ်ငယ်တုန်းကသိပ်နားမလည်ဘူး။ ကြီးမှ သိလာတယ်။ လက်နက်နဲ့အာဏာသိမ်းတယ်။ တရားမျှတတဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲနည်းနဲ့ အာဏာသိမ်းရမယ်၊ ဒါပဲ။
ငြိမ်းချမ်းရေးသာလျှင် ဒီမိုကရေစီပန်းတိုင်ဖြစ်တယ်၊ ငြိမ်းချမ်းရေးနည်းနဲ့သာ မိတ်ဆွေဖြစ်နိုင်မယ်။
ကျနော် ပြောချင်တယ်ဗျာ၊ အာဇာနည်နေ့ကိုလည်း ကျကျနနလုပ်စေချင်တယ်၊ အာဇာနည်တွေကျဆုံးတဲ့အချိန်ကိုလည်း ဥသြ မှုတ်စေချင်တယ်၊ အရင်အတိုင်း ပုံမှန်လုပ်စေချင်တယ်၊ ကောင်းစေချင်တယ်၊ ဒါပါပဲ။
ယူတာက http://burma.irrawaddy.org/archives/44616


ဘယ်သူကိုယ်စားပြုတဲ့ အစွန်းရောက်အမျိုးသားရေးလဲ (မျိုးမြင့်ချို)

0 comments
ဘယ်သူကိုယ်စားပြုတဲ့ အစွန်းရောက်အမျိုးသားရေးလဲ (မျိုးမြင့်ချို)
ခုတလော လူမျိုးရေးဝါဒီ Racists တို့၏အကြမ်းဖက်မှုနှင့် Nationalism အမျိုးသားရေးဝါဒကိုလုံးရိုက်သူ များလာသလို မသိသားဆိုးရွား သံယောင်လိုက်သူများလည်း မနည်းလှ။ ဦးဆုံးပြောချင်သည်က Racism ဆိုသည့် လူမျိုးအစွန်းရောက်ဝါဒအကြောင်း။ ထို Racism ကို တကျောင်းတဂါထာ တရွာတပုဒ်ဆန်းအနက် မည်မျှဖွင့်စေကာမူ အနှစ်ချုပ်သံခိပ်ပြုရမူ တူ၏။ ယင်းမှာ လူမျိုးတမျိုးသည် အခြားလူမျိုးတို့ထက် သာလွန်/ထူးခြား/ကောင်းမြတ်သော အရည်အသွေးရှိ၏ဟုဆိုခြင်းပင်။ ထိုပေါ်အထိုင်ချ၍  အထက်တက်သော် ဗျာဓိတ်ခံလူမျိုးတွေ၊ သာကီတွေ/ဇာနည်တွေဖြစ်လာ၏။ ယင်းတို့မှတပါး အခြားအမျိုးများမှာ မမြတ်ဖြစ်လာ၏။ ထို မမြတ်သူတို့နှင့် သွေးနှောမျိုးစပ်မရသို့ ရောက်လာ၏။ ထိုကတဆင့် လူမြတ်မျိုးတို့ကသာ မြေကမ္ဘာနှင့်တပါးသူတို့အား စိုးမိုးအုပ်ချုပ်ထိုက်၏အထိ ရောက်တော့ မျိုးတုန်းသုတ်သင်မှုတွေနှင့် သွေးချောင်းစီးတော့၏။ ထိုလူမျိုးအစွန်းရောက်အယူနှင့် ဘာသာကိုးကွယ်ယုံကြည်မှုကား ချဉ်သီးနှင့်ဆား။ ထိုနှစ်ခုတွဲပြီး တို့လျှင် လူဉာဏ်မွဲတို့ခံနိုင်ခဲ၏။ ဆွေ့ဆွေ့ခုန်၏။  ဆတ်ဆတ်ခါ၏။ လူနပ်တို့ကလည်း ပါး၏။ တို့ရန်လိုတိုင်း ထုတ်ထုတ်တို့၏။ တို့တိုင်းလည်း အောင်သည်ချည်း။ သဘောက လူမျိုးကိုဘာသာနှင့် တွဲပေးလိုက်ခြင်းပင်။ လူသည် မိမိကိုးကွယ်ရာသာ အမှန်ဟုယူသည်မဟုတ်လား။ အယူမှန်ဟု ဆိုသည်မဟုတ်လား။ ကျန်အယူမှန်သမျှ မိစ္ဆာဒိဌိ လိုက်ရသည်မဟုတ်လား။ ဆိုတော့ ကိုယ့်ဖါသာသမ္မာဒိဌိထားသောကိစ္စကို အခြားသူကဝေဘန်လာလျှင် သို့မဟုတ် ထိပါးလာသည်ဟုခံစားလာရလျှင် ငယ်ထိပ်မြွေပေါက်သည်ထက်ဆိုး၏။ သွေးရူးသွေးတမ်း ဂမူးရှူးထိုးနှင့် တုတ်ဆွဲဓါးဆွဲ ဆွဲတော့၏။

ဆိုဗီယက်ယူနီယံနှင့်အတူ ရုရှားဆိုလစ်စနစ်အပြိုတွင် လူမျိုး/ဘာသာအခြေခံပဋိပက္ခ ထိပ်တက်လာသလိုရှိ၏။ တနည်းဆိုရလျှင် အမျိုးသားရေးအမည်ခံ ဘာသာ/လူမျိုးစွဲအစွန်းတရားများ၊ အကောက်အယူများ၊ အယူသီးလူများ၊ ခေတ်စားသလိုဖြစ်လာ၏။ ထိုသဏ္ဍန်အမျိုးသားရေးလက္ခဏာနှင့်လှုပ်ရှားမှုကို လက်သစ်အမျိုးသားရေးဝါဒဟု အချို့ကသမုတ်၏။ ဤနေရာ ထူးဆန်းသည်မှာ ထိုတဇောက်ကန်းအစွန်းရောက်တို့က ခေတ်ပညာတတ်များဖြစ်နေခြင်းပင်။ ကိုလိုနီထမ်းပိုးအောက်ကရုန်းထွက်ခြင်းနှင့် ကွန်မြူနစ်ဝါဒကိုဆန့်ကျင်ခြင်းတွင် အမျိုးသားရေးဝါဒမှာ ဇော်ဂျီတောင်ဝှေးနှယ် တို့သမျှဆေးဖြစ်၏။ အစွမ်းလည်းထက်၏။ စစ်အေးတခေတ်လုံး ပိုးမွေးသလိုမွေးကာ ကွန်မြူနစ်တစ္ဆေကို တောကူလှန့်ပေးခဲ့သည့် လူမျိုး/ဘာသာရေးအုပ်စုများသည် ကွန်မြူနစ်တို့ချိနည့်သွားသည့်အခါ အစွယ်ပြူးပြူးနှင့် ဘီလူးကြိမ်း ကြိမ်းနိုင်သည့်အနေအထားထိ ရောက်လာ၏။ ဤတွင် “ယဉ်ကျေးမှုများတိုးတိုက်မိ”တို့ “အကြမ်းဖက်မှုအပေါ်ဆင်သည့်စစ်ပွဲ” တို့ ဖြစ်လာ၏။ အမျိုးသားရေးသည် ထိုးစစ်ရောခံစစ်တွင်ပါ အသုံးတည့်၏။ မိမိထိုးရမည့် သို့မဟုတ် ခံတိုက်ရမည့်သူသည် တိုင်းတပါးသား၊ အယူမတူ၊ ဘာသာ မတူ၊ လူမျိုးမတူ၊ ရုပ်ရည်ကအစ အစစမတူဆိုလျှင် ပိုသဲကွဲပြီး လက်ညှိုးထိုးရ ပို၍လွယ်ကူသည်မဟုတ်လား။ တိရိစ္ဆန်တို့နှယ် အမျိုးမတူဇာတိမတူဆိုလျှင် ကိုက်ချင်ဖဲ့ချင် တိုက်ချင်ခိုက်ချင်စိတ်သည် လူ့စိတ်တမျိုးပင် မဟုတ်လား။ ထိုဗီဇစိတ်ကိုလိုရာပန်းတိုင်ရောက်ရန် ကျကျနနဆွပေးနိုင်လျှင် သိဒ္ဓိမြောက်ကာ လိုရာပေါက်၏။

လွန်လေပြီးသော နှစ် (၁ဝဝ)က ဗမာပြည်တွင် စထွန်းခဲ့သောအမျိုးသားရေးဝါဒသည် သူ့ပုံစံနှင့်သူ့အထိုင်နှင့်သူ ဖြစ်၏။ နှစ်(၁ဝဝ) ဟု ဆိုခြင်းမှာ ဗမာ့အမျိုးသားရေးဝါဒ ပီပီမည်မည်ဖြစ်လာသည့်ပထမကျောင်းသားသပိတ် (၁၉၂ဝ)မှစရေတွက်ခြင်းပင်။ သူ့အထိုင်နှင့် သူ့ပုံစံနှင့်သူဟုဆိုခြင်းမှာ ထိုကာလအမျိုးသားရေးဝါဒလက္ခဏာတွင် စက်မှုအရှင်းရှင်များကမ္ဘာပတ်လာခြင်းအား ဆန့်ကျင်ခြင်းမှာ အဓိကအချက်ဖြစ်နေခြင်းကြောင့်ပင်။ (ထိုမတိုင်မီ အမျိုးသားရေးမှာ ထီးကျိုးစည်ပေါက်ကို နာကျည်း၊ ကိုယ့်မင်းကိုယ့်ချင်းကို တမ်းတ၊ မင်းလောင်မျှော်ရင်း “သေသော် မှတည့် သြော်..ကောင်း၏”ထက်မပိုသေး) သခင်သစ်ကလည်း ပဒေသရာဇ်အဆောင်အယောင်နှင့် သက်ဦးဆံပိုင်နေရာတွင် ဆိုင်ကြီးကနားနှင့်အလုပ်ရုံကြီးများ အစားထိုးလာ၏။ ခေတ်အဟောင်းက ပြောင်းကြွတမလွန်ဖြစ်နေချိန်မဟုတ်လား။ ဗမာပြည်က “ပြည်တွင်းဖြစ်ကိုအားပေးပါ” နှင့် “အိန္ဒိယကလက်လှည့်ဗိုင်းငင်စက်ကလေး”မှာ ထင်ရှားသည့်သင်္ကေတ။ မိန်းကလေးတွေ လှချင်ပချင်၍ဇာအင်္ကျီပါး ဇာဘော်လီဝတ်သည်ကို အမြင်မတော်ဆို၍အရှက်ခွဲကြခြင်းမှာ အမျိုးသားရေးဝါဒခေါင်းစဉ်အောက်က အမျိုးသမီးထုအား တဘက်သတ်အနိုင်ကျင့်ဖိနှိပ်ခြင်းဖြစ်သလို စက်မှုအရင်းရှင်စနစ်ကို သွယ်ဝိုက်ဆန့်ကျင်ခြင်းလည်းဖြစ်၏။ ဘိုကေကိုမုန်း၍ ကတုံးဆံထောက်နှင့်နေသူ ပန့်ခ်ရှူးကိုအမြင်ကပ်၍ ခုံဖိနပ်စီးသူ၊ ဘလေဇာကုပ်ကိုကြည့်မရ၍ ပင်နီဝတ်သူ ဒါတွေလည်း အမျိုးသားရေးလက္ခဏာတွေပဲမဟုတ်လား။ ထိုစဉ်ကလည်း ဗမာ့အမျိုးသားရေးဝါဒီတို့မှာ ပညာတတ်များပင်ဖြစ်၏။ ထိုစဉ်က ယူနီဗာစတီကျောင်းသားအချို့မှာတွင် “အားရင် ကုလားထွက်ရိုက်ကြတာပေါ့” ဆိုသည်အထိ တဇောက်ကန်းတွေရှိခဲ့ဖူး၏။ ဒို့ဗမာအစည်းအရုံးသည်ပင်လျှင် ထိုပညာတတ်တဇောက်ကန်းတို့ ပျိုးလိုက်သည်မှန်သော်လည်း လူမျိုးစုံနိုင်ငံတကာဝါဒီတို့ အချိန်မီအုပ်စီးနိုင်၍သာ လမ်းကြောင်းမှန်ပေါ်တက်သွားခြင်းဖြစ်၏။

ယခု ရွှေပြည်ကြီးက အမျိုး ဘာသာ သာသနာခေါင်းစဉ်ဖြင့်ခေတ်စားနေသည့် အစွန်းရောက်အမျိုးသားရေးမှာ ခုမှ ကောက်ကာငင်ကာ ထိုးထွက်လာခြင်းမဟုတ်။ အနှစ်နှစ်အလအလသန္ဓေတည်ပြီး အကြိမ်ကြိမ်ပြန် ရှင်သန်ဖွားမြောက်နေခြင်းပင်ဖြစ်၏။ လိုသည့်အချိန် ထုတ်သုံးရန် တမင်ချန်ထားသည့် "အစ" ဖြစ်၏။  သို့သော် ထို အစ ထိုအယူအား ရေလောင်းပေါင်းသင်သူမှာ ၁၉၆၂ ခုကစလိုက်သည့် စစ်အုပ်စုဖြစ်၏။ ထိုအချိန်မှစ၍ လူမတူသူတို့အား လူလူသူသူမဆက်ဆံတော့၊ သဘောမထားတော့၊ အယူမတူသူတို့ကို ဗြောင်တမျိုးသွယ်ဝိုက်တဖုံ နှိပ်ကွပ်လာ၏။ ထို့နောက်တဆင့်တက်ကာ အယူတူသူတို့ကြားမှာပင် ငါ့ဟာမှမူရင်း ငါ့ဟာမှအယူမှန်ဆိုကာ တက်ထောင်မောင်းနင်း လုပ်လာ၏။ မဟာယနနှင့်ဟိနာယနကြားကစည်းကို ထပ်ထူပေးလိုက်သေး၏။ ထေရဝါဒအယူမှတပါး ကျန်အယူအကုန် အမှားဇာတ်သွင်း၏။ အယူတူသည့်တိုင် အကောက်ကလေးလွဲတာနှင့် လုံးဝသည်းမခံ။ အယူတိမ်းသူတံဆိပ်နှင့် ကြီးစွာသောပြစ်ဒဏ်နှင့် မြိုင်ရပ်နှင်၏။ လူထွက်ခိုင်း၏။ အရှက်ခွဲ၏။ အမှန်က ထိုအချိန်ကစကာ မိမိတို့ယုံကြည်ရပင် လွတ်လပ်ခွင့်မရှိတော့ကြောင်း၊ မိမိတို့ကိုပင် နှိပ်ကွပ်နေပြီဖြစ်ကြောင်း ရိပ်မိသူမရှိသလောက်။ တပ်ကိုင်ပြီး တိုင်းပြည်ကိုဖိနှိပ်မည်ဆိုလျှင် တပ်ကို အရင် နာနာနှိပ်ကွပ်ပစ်မှရမည်ဆိုသည့်သဘောတရားကို လူမျိုး/ဘာသာရေးနယ်တွင်ချသုံးခြင်းပင်။ အာဏာစက်သည်ဓမ္မစက်ကို ဇက်ခွံ့လိုက်နိုင်ချိန် ဓမ္မစက်ခေါင်းကိုင်တို့နှင့် ဆရာဒကာညီညွတ်ရေးလိုင်း အပီအပြင်ကျတော့၏။ စစ်အာဏာကို ထောက်မပေးရမည့်ဒေါက်တချောင်း ပိုခိုင်မာတော့၏။ စစ်အကျိုးစီးပွားကာကွယ်ရေးအတွက် ဘာသာရေးအခြေခံအမျိုးသားရေးဘုံဝါဒကိုတီထွင်၊ သတ်ကွင်းထဲတွင်လက်တွေ့ချသုံးစမ်းသပ်ရင်း လူဉာဏ်မွဲတို့အား ဖမ်းစားထားလိုက်၏။ ထိုအပြုစားခံမျိုးဆက်သည် တဆက်ပြီးတဆက် စည်ပင်လာ၏။ တဆက်ပြီးတဆက် အစွဲကြီးလာ၏။ ထိုအစွဲကို တဆက်ပြီးတဆက် လက်ဆင့်ကမ်းပေး၏။ ထို ဘာသာရေးအခြေခံအမျိုးသားရေးဘုံဝါဒသည် မျိုးဆက်တချို့၏ သိစိတ်တွင်ရော မသိစိတ်တွင်ပါ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေ၏။

ခုဖြစ်နေသည့် အကြမ်းဖက်မှုများမှာ အုပ်စိုးသူအဆက်ဆက်၏လက်ချက်ဟုဆိုခြင်းမှာ အတိုင်းအတာတခုထိသာ မှန်သည်ထင်၏။ တစ်စိတ်တစ်ပိုင်းသာမှန်သည့်အမှန်ဟု မြင်၏။ အမျိုးသားရေးနှင့် လူမျိုး(ဘာသာ)ခွဲခြားရေးကို ဗူးလုံးနားမထွင်းဖြစ်နေသူတို့ကိုယ်တိုင် သိစိတ်ရှိရှိမပါဝင်လျှင် ခုဖြစ်နေသည့်အကြမ်းဖက်မှုများပေါ်လာစရာမရှိ၊ အောင်မြင်စရာမရှိ။ ထိုအကြမ်းဖက်မှုများ ထမြောက်စေရန်ကြိုးကုပ်ကြသူ ၂ မျိုးသာရှိ၏။ တမျိုးမှာ လောကီပညာမရှိ/မသိ၊ လူမျိုး/ဘာသာစုံ ဘာမှန်းမသိ၊ ဆင်းရဲနွမ်းပါး အဖိနှိပ်ခံရဆုံးအလွှာမှလာ၊ ငါ့အယူသာ သမ္မာဒိဌိလောက်နားလည် စသူတို့တွင် အတွေးအခေါ်ဆင်းရဲခြင်းမှာ ဖြစ်ရမည့်ကိစ္စ ဖြစ်ခြင်းသာဖြစ်၍ မထူးဆန်း။ သူတို့စိတ်တွင် တကယ်လည်းအမှန်ထင်၍ ပြုမူနေကြခြင်းဖြစ်သလို သူတို့ကိုယ်သူတို့လည်း တကယ့်မျိုးချစ်ကြီးများပမာ၊ တကယ့် အမျိုး/ဘာသာ/သာသနာ ကာကွယ်နေသူများပမာ သိမြင်ခံယူနေကြ၏။ ထိုသူတို့အားဆုံးမ ချေချွတ်၍ရ၏။ အာဏာစက်သုံးတန် သုံးရတတ်၏။

နောက်တမျိုးဖြစ်သည့် ဒုတိယအမျိုးမှာ ပညာတတ်၊ အလယ်အလတ်နှင့်အထက်လွှာမှလာ၊ နိုင်ငံရေးအခံလည်းရှိ၊ အာဏာသဘောကိုလည်း သိ၊ အာဏာလက်ကိုင်ထားနိုင်သူလည်းဖြစ်၊ အစွန်းရောက်များအားအသုံးချကာ ကိုယ်ကျိုးစီးပွားရှာရမှန်းလည်းသိ စသည့်သူများကြတော့ အတွေးအခေါ်ချွတ်ခြုံကျသည်(သို့) မသိသားဆိုးရွားသည်ဟု ဆိုမရတော့။ ကမ္မဝါဖတ်၍မရ၊ ဆုံးမချေချွတ်ရန်မလို။ အာဏာစက်က သူတို့လက်ထဲမှာမို့ ကိုယ်ကယူသုံးလို့မရ။ ဒီတော့ လုပ်စရာက ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ရန်သာဖြစ်၏။

ချုပ်ရလျှင် အပေါ်တွင်ဆိုခဲ့သည့် ဒုတိယအမျိုးအစားမှာ လက်ရှိအာဏာရ အရပ်သားအရေခြုံ စစ်အာရှင်စနစ်သာဖြစ်၏။
ဘာသာ/လူမျိုးအခြေခံအမျိုးသားရေးဘုံဝါဒကို ကိုယ်စားပြုသူမှာလည်း စစ်အာဏာရှင်တို့သာဖြစ်၏။
(မျိုးမြင့်ချို) ဇူလိုင် ၁၉၊ ၂ဝ၁၃

Wednesday, July 17, 2013

ဗမာကွန်မြူနတီက ဝက်ရူးပြန်လိုက်ရတဲ့စကားပြန် (မျိုးမြင့်ချို)

0 comments
ဗမာကွန်မြူနတီက ဝက်ရူးပြန်လိုက်ရတဲ့ စကားပြန် (မျိုးမြင့်ချို)
ကိုဗသက်အောင်နှင့် ကိုထွန်းကြည်တို့ ဖို့တ်ဝိန်းမှာရှိနေတုန်း ဟိုနားဒီနားလိုက်ပို့ရင်း အလန်ကောင်တီဂျေး Allen County Jail ရှေက ဖြတ်တော့ ကျနော်က “ဒါကျနော်တို့မြို့က ထောင်ပေါ့”ဆိုကာ အဆောက်အဦးကိုပြ၏။ တယောက်စီဖြစ်သော်လည်း ၂ ယောက်စလုံးထံမှထွက်လာသည့်ကောက်ချက်က တထပ်တည်းဖြစ်နေ၏ “ထောင်ကလည်းထောင်နဲ့မတူဘူးနော်”တဲ့။ ဟုတ်၏။ ဒီက ထောင် Jail တွေက ဗမာပြည်က Prison တွေလိုမဟုတ်။ အဆောက်အဦးဒီဇိုင်းတွေက ရာသီဥတုနှင့် လုံခြုံရေးအနေအထားရှူထောင့်မှကြည့်ကာ ဆောက်လုပ်ဟန်တူ၏။ သူတို့မပြောနှင့် ဖို့တ်ဝိန်းကို ကိုယ့်မြို့ကိုယ့်ရွာဖြစ်နေသူဗမာပြည်သားတွေထဲမှာပင် ဤအဆောက်အဦးအား ထောင်မှန်းမသိသူတွေရှိကြောင်းပြောတော့ သူတို့အံ့သြ၏။ ကျနော်က ထောင် Prison ၊ ထောင်ကြီးချုပ် Jail နှင့် ရဲစခန်းအချုပ် Police Custody တို့ခြားနားပုံကိုပြောပြတော့ နိုင်/ကျဉ်းဟောင်းတွေမို့ သဘောအပေါက်လွယ်၏။ “ဒီကထောင်တွေ ဘယ့်နှယ်လဲ” ဟု မမေးခင်မှာပဲ ဒီက လူကြီးထောင်၊ ကလေးထောင်၊ ကလေးခြေချုပ်ဌာန၊ ရာဇဝတ်မှုကျူးလွန်ခံရသူများစောင့်ရှောက်ရေးအေဂျင်စီနှင့်တရားရုံးတွေမှာ အင်္ဂလိပ်စကားမပြောနိုင် သည့် ဗမာပြည်သားတွေအတွက် ကျနော် စကားပြန်နှင့်ဘာသာပြန်လုပ်နေကြောင်း အရင်ကြိုရှင်းပြထား၏။ မေးရဖြေရပိုအဆင်ပြေ ပိုလွယ်မည်ယူဆ၍ဖြစ်၏။ သို့သော် များများစားမမေးကြ။ ကိုဗသက်အောင်ဆို ဘာမှတောင် မမေး။ မမေးတာကမှ ခတ်ကာင်းကောင်း။ မေးကာမှ ခွကျရမှာတွေရှိ၏။ ကျနော်က ထောင်ထဲသို့ မကြာမကြာရောက်နေ/သွားနေရတာမှန်သော်လည်း လေ့လာရေးမဟုတ်သလို သုတေသနကိစ္စလည်းမဟုတ်။ မေးလို့မြန်းလို့ ရချင်ရနိုင်မှာဖြစ်သော်လည်း အချိန်ယူ/အချိန်ပေးကာ တကူးတကန့်ပြန်ဖြေနေဖို့ ဘယ်သူ့မှာမှ အချိန်မရှိ။ နောက်တခုက ထောင်ဆိုသည်မှာ မည်သည်တိုင်းပြည်တွင်ဖြစ်ဖြစ် လုံခြုံရေးအဆင့် အမြင့်ဆုံးထားရသည့်ဌာနမဟုတ်လား။ ဒီက လုံခြုံရေးစနစ်ကပိုတောင် လက်ပေါက်စိတ်သေး၏။ လူ၊ ခွေး၊ စောင့်ကြည့်ကင်မရာ၊ ကွန်ပြူတာဖန်သားပြင်၊ အီလက်ထရောနစ်ကိရိယာတွေနှင့် ဒိတ်ဒိတ်ကြဲ။ ဆိုတော့ စပ်စုရင် ဘာလဲဟုအထင်ခံရနိုင်၏။ သာယာဝတီထောင်နေတုန်းက ထောင်လေးဘက်လေးတန်တွင် ဗူးဟုဆိုသည့်ကင်းမျှော်စင်များရှိကြောင်း မြေကြီးပေါ်တုတ်ချောင်းနှင့်ခြစ်ပြသည့်အကျဉ်းသားအား ထောင်မြေပုံဆွဲသည်ဆိုကာ
သေမတတ် ရိုက်ခဲ့တာ ကိုယ့်မျက်စေ့ရှေ့တွင် မြင်ဖူး၏။ ဆိုတော့ ဒီမှာလည်း မတော် သွားစပ်စုမိလို့ သေမတတ်မရိုက်တောင် နေမတတ်အောင် မေးခွန်းတွေမေးမလာဟု မည်သူဆိုနိုင်မည်နည်း။ ဒီတော့ မစပ်စုတော့။ နောက်တခုက ဘယ်နိုင်ငံ၊ ဘာလူမျိုး၊ ဘာ ဘာသာစကားပဲပြောပြော နိုင်ငံ/လူမျိုး/ဘာသာစကားတွေသာ ကွာမည် ထောင်၊ နယ်စပ်လူဝင်မှု ကြီးကြပ်ရေး၊ ရဲ စသည်တို့၏ မျက်နှာထားနှင့် မျက်လုံးအကြည့်တို့က သိတ်မကွာလှ။ လေယူလေသိမ်း Tone သိတ်မကွာလှ။ လူတွေမကွာပေမယ့် ထောင်တွေ စနစ်တွေ လူ့အပေါ်တန်ဖိုးထားမှုတွေတော့ ကွာ၏။ ကျနော် သိသမျှထောင်အကြောင်းက ဗာဂျီးနီးယားပြည်နယ် ဖယ်ယားဖက်စ်ကောင်တီတွင် Sheriff လုပ်နေသည့်အကိုဝမ်းကွဲ ပြောပြသမျှ၊ ဒီကထောင်တွင်ကျဖူးသည့် ဗမာ့နိုင်/ကျဉ်းဟောင်းတယောက်နှင့် အခြားသူများပြောပြသမျှ၊ ကျနော့်ဘာသာလေ့လာထားသမျှ၊ ထောင်ထဲသွားရင်းလာရင်း ကိုယ်တိုင်တွေ့သိမြင်ရသည့် တိုက်ရိုက်အတွေ့အကြုံတချို့မျှ။ ဒါတွေအကုန်ပေါင်းတောင် ထောင်စနစ်ကြီးအကြောင်းမ ပြောနှင့် ထောင်တထောင်အကြောင်းပင်မပြည့်။ ဒီတော့ မမေးတာနှင့်မပြောရတာပင် ခတ်ကောင်းကောင်း။

ကိုဗသက်အောင်က ကျနော့်ပြောသရွေ့နားထောင်ပြီး“ခင်ဗျားက ဒီရောက်နေတာတောင် ထောင်နဲ့ ရေစက်ကမကုန်သေးဘူးနော်ဟု” မှတ်ချက်ပေးပြီး ပြီးသွား၏။ ကိုထွန်းကြည်က ကလေးထောင်အကြောင်းနှင့် ဘယ်လိုကလေးမျိုးတွေ ဘာအမှုတွေဖြစ်ကြတာလဲဆိုသည်ကို မေး၏။ ပြီးတော့ “အလုပ်သဘောလည်းဖြစ် ကိုယ့်တပြည်ထဲကလာသူချင်းတွေ ကူညီရာလည်းရောက်တော့ကောင်းတာပေါ့ဗျာ”ဟုဆို၏။ သူတို့ ထို့ထက်ပို စိတ်မဝင်စားအားမှန်း သိနှင့်ထားပြီးမို့ စိတ်ထဲဘယ်လိုမှမနေ။ သူတို့မလည်း စိတ်မအားလူမအား ဖြစ်နေချိန်မဟုတ်လား။ ထားတော့။ သူတို့ကိုပြောခဲ့သည့် ထောင်စကားပြန်ဘဝထဲက ရီစရာနှင့်မောစရာအချို့ကို ဤနေရာတွင် ဖေါက်သည်ပြန်ချမည်တွေး၏။ ဒီက ပရိုက်ဗေစီ Privacy သဘောရှိသည်မို့ ဘယ်သူဘယ်ဝါ ဘာအမှုစတာတွေတော့ ပြောလို့မဖြစ်။ ပြောလို့မရ။

ထောင်စကားပြန်နှင့်ဆေးရုံစကားပြန်အလုပ်သည် အခြားစကားပြန်နှင့်မတူ။ ဆေးရုံကအရေးပေါ်လျှင် ပေါ်သလိုခေါ်ပြီး ထောင်က အမှုပေါ်လျှင် ပေါ်သလိုခေါ်၏။ ဆေးရုံကမှ တခါတခါ ပြင်ဆင်ချိန်ရသေး၏။ ထောင်က တခါတလေပြင်ဆင်ချိန်မရ။ အချိန်မရှိ အချိန်ရှိကြီးဖြစ်နေလည်းပြေးရ၏။ သန်းကောင်သန်းနွှဲခေါ်လည်း ငြင်းမရ။ နောက်တချက်က ဘာသာစကားပြဿနာ အတော်ကြီး၏။ ဥပမာလူနာက ကရင်စကားသာ တတ်သူဆိုပါတော့ ထိုသူ့အတွက် ဆေးရုံက Three Ways Interpreting ပုံစံရှိသေး၏။ ကရင်မှမြန်မာ၊ မြန်မာမှအင်္ဂလိပ်၊ အင်္ဂလိပ်မှာမြန်မာ၊ မြန်မာမှကရင်သို့ စကားပြန် ၂ ဦးဖြင့် ၃ ဘာသာပြန်ရခြင်းမျိုး စီစဉ်ပေးသေး၏။ များသောအားဖြင့် ၃ ဘာသာတတ်သည့် စကားပြန်စီစဉ်ပေး၏။ ထောင်ကျတော့ ဤနည်းမရှိ။ ဤသို့မဟုတ်။ ကျနော်က ဗမာစကားနှင့်အင်္ဂလိပ်စကားသာ တတ်သူ။ ဗမာစကားမတတ်သည့်အမှုသည်နှင့်တိုးတို့ကတော့ အကြီးအကျယ် ခွကျတော့၏။

တနေ့ အချုပ်သစ်တယောက်ရောက်သဖြင့် ထောင်ဝင်မှတ်ပုံတင်ရန် လှမ်းခေါ်၏။ မှတ်ပုံတင်သည့်အခါ ထောင်ဆရာဝန်ကလည်း ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးမှတ်တမ်းလုပ်ရ၏။ အချုပ်သားမှတ်ပုံတင်ပုံစံတွင် ကျန်းမာရေးနှင့်ဆိုင်သည့် အင်ဖော်မေးရှင်းတွေဖြည့်ရ၏။ ထို့နေ့က ဖြစ်ချင်တော့အမှုသည်က ဗမာလိုထမင်းစားရေသောက်ကလွဲလို့ ကျင်ကျင်လည်လည်မတတ်။ ကိုယ်နဲ့ လူချင်းကလည်း မသိ။ လူကြည့်တော့လည်း အရက်နာကျနေသည့်ပုံဖြင့် ရီရီဝေဝေ တွေတွေငေးငေး။ ထောင်ဆိုတော့ နည်းနည်းလည်းလန့်နေပုံပေါ်၏။ ထောင်ဆရာဝန်ကလည်း ခါတိုင်းလူမဟုတ်။ အခန်းအပြင်ကစောင့်သည့် ထောင်မှူးကလည်း မျက်နှာစိမ်း။ မေးမြန်းခန်းမစခင်က ဆရာဝန်နှင့်ထောင်မှူးကို ဒီလူ ဗမာစကားကောင်းမတတ်ကြောင်းနှင့် အချိန်ယူစကားပြန်ရမည်ဖြစ်သဖြင့် စိတ်ရှည်ဖို့နှင့် ခါတိုင်းထက်ပို အချိန်ကြာနိုင်ကြောင်း ပြောပြထားရ၏။ ဤတွင် အပေါက်စောင့်ထောင်မှူးက စိတ်ဝင်စားဟန်ဖြင့် အခန်းထဲကွက်ကြည့်ကွက်ကြည့် ခနခနလုပ်တာ သတိထားမိ၏။ သူ့အလုပ်က အခန်းထဲကြည့်ဖို့မဟုတ်သလို၊ အမှုသည် ဆရာဝန်နှင့်စကားပြန်တို့ ပြောဆိုမေးမြန်းနေတာတွေ နားထောင်ခွင့် ကြားခွင့်ပင်မရှိ။ သို့သော် သူကား ကွက်ကြည့်ကွက်ကြည့်။ မျက်နှာတွင်လည်း “ဗမာပြည်သားလည်းပြောသေး ဗမာစကားမတတ်ဘူး ဆိုပါလား”ဆိုသည့်အမူအယာနှင့်။

လုပ်ငန်းစပြီ။ ဆရာဝန်ကမေး၏။ ကျနော်က အမှုသည်အချုပ်သားအား ဖြည်းဖြည်းချင်း တလုံးချင်း ဗမာလို သူနားလည်လွယ်မည့် ဝေါဟာရတွေသုံးကာပြန်ပေး၏။ မေးခွန်းတခုတိုင်းအတွက် အချိန်က ပုံမှန်ထက် ၂ ဆ ကျော်ခန့်ကုန်၏။ အချို့နေရာများတွင် လက်ဟန်ခြေဟန်အဓိကအားပြုကာ ရှင်းပြပြောပြရ၏။ Mental Health Problem ကို စိတ်ကျန်းမာရေး အခြေအနေဘယ့်နှယ်ရှိလဲဟုမေးတော့ သူ နားမလည်။ ဒါနဲ့“ခင်ဗျားမှာ အရူးရောဂါရှိလား၊ ခင်ဗျားအရူးလား”ဟု မမေးချင်ပဲ မေးရ၏။ မတတ်နိုင်။ စိတ်ဝေဒနာတို့ စိတ်ကျန်းမာရေးတို့ဆို သည်ကို သူမှနားမလည်ပဲကိုး။ ဒီမှာက စိတ်ဝေဒနာသည်ကို အရူးဟုခေါ်လျှင် ပြဿနာအတော်ကြီး၏။ ဗမာပြည်လိုမဟုတ်။ နောက်တချက်က ဆေးဝေါဟာရတွေကသီးသန့်ဖြစ်သလို တချို့ရောဂါအမည်တွေက ဗမာလိုမရှိ။ တချို့ကျတော့ ဗမာလိုရှိပေမယ့် ဗမာလိုပြန်ကာမှ နားအလည်ရ ပိုခက်ကုန်တာတွေလည်းရှိ၏။ အိပ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်ကို သူ့အတိုင်းမပြန်ပဲ ခုခံအားနည်းရောဂါ ရှိသလားဆိုမှ ပိုနားမလည်သလို သွေးအန်အဆုတ်ရောဂါရှိသလားဆိုတာထက် တီဘီရောဂါရှိသလားဆို အင်္ဂလိပ်လိုတစ်လုံးမှမတတ်သည့်ဗမာတွေ ပိုနားလည်၏။ ထားတော့ ဤကိစ္စများ။

သည်လိုနှင့် ထိုနေ့စကားပြန်ခြင်းမှာ ဤနေရာအထိ ပြဿနာမရှိသေး။ အဆင်ပြေနေသေး၏။ ဆရာဝန်ကလည်း မဆိုး။ စိတ်အတော်ရှည်၏။ Epilepsy ရောက်တော့ ပြဿနာပေါ်တော့၏။ ဆရာဝန်က Epilepsy ရှိလားမေးတော့ ကျနော်က ဝက်ရူးပြန်ရောဂါရှိလားဟု ဘာသာပြန်၏။ သူက ဝက်ရူးပြန်ရောဂါဆိုတာ ဘာလဲဟုမေး၏။ ဝက်ဆိုသည်ကိုတော့နားလည်ပြီး ရူးပြန်ကိုနားမလည်။ ဝက်နှင့်ရူးပြန်တွဲပြီး ဝက်ရူးပြန်ဆိုတော့ သူ နားပိုရှုပ်သွားဟန်တူ၏။ မျက်နှာတွင်လည်း ဝေခွဲမရဟန် နားမလည်ဟန်တွေအထင်းသား။ ဒါနဲ့ ကျနော်က “ခင်ဗျား ဝက်တော့သိတယ်မဟုတ်လား”ဆိုတော့ “သိတယ်”တဲ့။  “ဒါဆို အဲ့ဝက်တွေ ပါးစပ်ကအမြှုတ်တွေထွက်ပြီး ရုတ်ရက်ဗိုင်းကနဲလဲကျသွားတာတွေ့ဖူးလား”ဆိုတော့  “တွေ့ဖူးတယ်”တဲ့။ “အဲ့သလိုပဲ ပါးစပ်ကနေအမြှုတ်တွေ တံတွေးတွေသွားရည်တွေထွက်ပြီး ရုတ်တရက်မူးပြီး သတိလစ်ပြီးလဲကျသွားတာမျိုးကို ဝက်ရူးပြန်တယ်လို့ခေါ်တယ်။ ခင်ဗျား အဲ့ဒါမျိုးဖြစ်ဖူးလား”ဟု ရှည်ရှည်လျားလျားရှင်းပြ၏။ သူက သေချာနားထောင်၏။ စကားလည်းအဆုံး ကုလားထိုင်မှဝုန်းကနဲထကာ အသံကျယ်ကြီးဖြင့် ကျနော့်အားစိတ်ဆိုးမန်ဆိုးအော်၊ တစ်ကိုယ်လုံးလည်း ဒေါသဖြင့်ဆတ်ဆတ်တုန်တုန်ရင်၊ လက်သီးလည်းတရွယ်ရွယ်ဖြင့် ကျနော့်အား ထိုးတော့ကြိတ်တော့မတတ်တွေဖြစ်ကုန်၏။ ကျနော်လည်း သူနှင့် မျက်နှာချင်းဆိုင်ထိုင်နေရာမှ လန့်ပြီးအထ ဂျိုင်းထောက်တခြားလူတခြား ပစ်ကျသွား၏။ ကုလားထိုင်လဲသံ။ ဂျိုင်းထောက်လဲသံ။ သူ့ အော်ကြီးဟစ်ကျယ်အသံတွေကြောင့် တခန်းလုံး ဗြောင်းဆန်ပွက်လောရိုက်ကုန်၏။ ဆရာဝန်လည်း ခြေမကိုင်မိလက်မကိုင်မိ။ ဘာလုပ်ရမှန်းမသိ။ သူ့စားပွဲပေါ်က လူခေါ်ဘဲလ်ကို တွင်တွင်နှိပ်၏။ ကျနော်က ကြမ်းပြင်ပေါ်က ပြန်မထနိုင်သေး။  အပေါက်စောင့်ထောင်မှူးက အထဲကအသံတွေကြောင့် ချက်ခြင်းပြေးဝင်လာပြီး သူ့အားချုပ်ပြီး ကုလားထိုင်တွင်ပြန်ဖိထိုင်ခိုင်းရင်း လက်ထိတ်ခတ်ရန်လုပ်၏။ စက္ကန့်ပိုင်းအတွင်း အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှ၏။ ပထမတော့ ကျနော်လည်း ဘာတွေဖြစ်လို့ဖြစ်ကုန်မှန်းမသိ။ သူ့ပါးစပ်က ဘာတွေအော်နေမှန်း ကျနော်မသိ။ နောက်တော့မှ “ငါ ဝက်မဟုတ်ဘူးကွ၊ ဝက်မဟုတ်ဘူး၊ ငါက ဘာလို့ ဝက်လိုရူးရမှာလဲကွ”ဆိုကာ တလစပ်အော်နေမှန်း သိလာ၏။ သည်တော့မှ သူဘာပြောနေမှန်း နားလည်းနားလည် သဘောလည်းပေါက်သွား၏။ ကိုယ့်ဘာသာကိုယ်လည်း ရီချင်မိ၏။ ဤတွင် လူးလဲထကာ ထောင်မှူးအား လက်ထိတ်မခတ်ရန်၊ အကြမ်းပတမ်းမလုပ်ရန်တောင်းပန်ပြီး ကြက်သေ သေနေသည့်ဆရာဝန်အား “ငါရှင်းပြပါ့မယ်။ ငါရှင်းပြပါ့မယ်။ သူ့မှာ အပြစ်မရှိဘူး။ ငါ့ကြောင့် ငါ့ကြောင့်ပါ”ဆိုကာ ခတ်မြန်မြန် ပြောရ၏။ သူအားလည်း “ခနလေး အကို၊ ခနလေး။ ကျနော် စကားမှားသွားတာပါ။ ကျနော်ပြန်ရှင်းပြပါ့မယ်။ စိတ်မဆိုးပါနဲ့။ စိတ်ထိန်းပါ။ ထောင်ထဲမို့ပါ။ ပြဿနာထပ်ဖြစ်မှာ စိုးလို့ပါ”ဆို၍ ပခုံးပုတ်ကျောပုတ် လက်ပုတ် ပုတ်ကာ စိတ်အေးအေးထားရန် မနည်းချော့မော့ရ၏။ သည့်တော့မှ သူငြိမ်သွားပြီး ပြန်ထိုင်၏။ ထောင်မှူးကတော့ အပြင်ပြန်မထွက် သူ့ဘေးနားကပ်ထား၏။ ဆရာဝန်မက ဘာများပါလိမ့်ဟု ကျနော်တို့ကို အကဲခတ်နေ၏။ ကျနော်လည်း ဒူးဂေါင်းပွတ်ထပြီး ခြေဟန်လက်ဟန်တင်မက တစ်ကိုယ်လုံးဟန်ပါပြပြီး “ဒီလို အကိုရာ လူတွေမှာ ရောဂါတစ်မျိုးရှိတယ်။ အဲ့ရောဂါက ဝက်တွေမှာတွေ့လို့ ဝက်ရူးပြန်လို့ နံမည်တပ်တာနေမယ်။ အဲ့ရောဂါရှိတဲ့လူက တခါတလေ ကျရင် အလိုလိုနေရင်းကနေ ပါးစပ်ကနေ ဒီလိုမျိုးအမြှုတ်တွေထွက်၊ သွားရည်တွေထွက်၊ အသံတွေလည်း ဒီလိုမျိုးဂစ်ဂစ် ဂစ်ဂစ်နဲ့ထွက်၊ အံတွေလည်း ဒီလိုမျိုး ဂျိဂျိ ဂျိဂျိနဲ့ကြိတ်၊ မျက်လုံးကြီးတွေလည်း ခုလိုမျိုး ပြူးပြက် လန်လက်ထွက်၊ ခြေတွေလက်တွေလည်း ခုလိုမျိုးကွေးကောက်။ တစ်ကိုယ်လုံးလည်း အကြောတွေ ခုလိုဆန့်ငင်ဆန့်ငင်နဲ့ဆွဲပြီး လဲကျသွားတာဗျာ။ အနားမှာ လူရှိနေရင် တော်သေးတာပေါ့။ ဘယ်သူမှမရှိတဲ့အချိန်မျိုး၊ ရေချိုးနေတုန်းမျိုး၊ ကားလမ်းကူးနေတုန်းမျိုး၊ စက်တွေကားတွေမောင်းနေတုန်းမျိုးဆို သေမှာလေ။ အဲ့ဒီရောဂါမျိုးပြောတာပါ။ အဲ့ဒါမျိုး အကို ဖြစ်တတ်သလားလို့မေးတာပါ”ဆိုတော့မှ သူ ရေရေလည်လည် သဘောပေါက်တော့၏။ ခြေမရှိလက်မရှိသည့်ကြားက ရှိသည့်ခြေလက်လေးဖြင့် ကျနော် ကွေးကောက်ပြ တွန့်လိမ်ပြ မျက်လုံးတွေပြူးပြဲပြ ပါးစပ်ကတံတွေးတွေထွက်ပြ အသံတွေ တဂစ်ဂစ်ထွက်ပြ၊ အံတွေတဂျိဂျိကြိတ်ပြနေတာကိုကြည့်ရင်း မျက်နှာလည်း ပြန်ပြုံးပြုံးရွှင်ရွှင်ဖြစ်သွား၏။ နောက်တော့ “မသိဘူးလေကွာ။ မင်းက ငါ့ကို ဝက်လား၊ ဝက်လိုအရူးလားပြောတာ မှတ်တာပေါ့”ဟုဆိုကာ ရှက်စနိုးဖြစ်နေ၏။ အားလည်း နာနေဟန်တူ၏။ ခေါင်းကြီးငိုက်စိုက်ချကာ ထိုင်နေ၏။ ထောင်မှူးရောဆရာဝန်ပါ ကျနော် လုပ်ပြနေတာတွေကြည့်ပြီး တခွိခွိနှင့်အူတက်မတတ်။ ကျနော့်မှာသာ မသက်သာလှ။ ချွေးတို့ဖြင့်ရွှဲနေ၏။ သို့သော် စိတ်ကား အတော်ပေါ့ပါး သက်သာရာရသွား၏။ ထို့နေ့က အပြန်လမ်းတွင် ကိုယ့်ကိုယ်ကိုလည်း ရီမိ၏။ စကားပြန်အလုပ်ကို ပို၍ပျော်သလို ပို၍လည်းနှစ်ခြိုက်မိသလိုလည်း ခံစားမိ၏။ နောက်ဒါမျိုးကြုံရင် ဘယ်လို ဘာသာပြန်ရပါ့ဆိုနည်းပါ ထိုနေ့က ရခဲ့သည်မဟုတ်လား။
(အလားတူ မနီးရိုးစွဲအတွေ့အကြုံများ ဆက်ပါဦးမည်)(မျိုးမြင့်ချို) ဇူလိုင် ၁၇၊ ၂ဝ၁၃

လူတစ်လူ၊ နိုင်ငံ ၂ ခု၊ ၂ခါ နိုင်ငံသားဖြစ်ခြင်း (မျိုးမြင့်ချို)

0 comments
လူတစ်လူ၊ နိုင်ငံ ၂ ခု၊ ၂ခါ နိုင်ငံသားဖြစ်ခြင်း  (မျိုးမြင့်ချို)
မနေ့က နိုင်ငံသားစာမေးပွဲဟုအလွယ်ခေါ်ကြသည့် Citizenship Test သွားဖြေ၏။ အင်တာဗျူးလုပ်သူက Marston Byrnes  ဆိုသည့် နိုင်ငံသားစိစစ်ရေးဌာနက လူဝင်မှုကြီးကြပ်ရေးအရာရှိမ။ အခန်းထဲရောက်တော့ အမည်စာလုံးပေါင်းမေးပြီး အဆင်သင့်ဖြစ်ရင် အင်တာဗျူးလုပ်တော့မှာဖြစ်ကြောင်း အသိပေး၏။ နှုတ်မေး မေးခွန်း ခြောက်ခု ခွန်နှခုခန့်မေး၏။ တိုင်းပြည်ရဲ့အခေါင်အချုပ်ဥပဒေက ဘာလဲ။ ဘာသာရေးလွတ်လပ်ခွင့်ဆိုတာ ဘာလဲ။ အလံမှာ ဘာ့ကြောင့်အလျားလိုက်အစင်း ၁၃ စင်းပါနေရတာလဲ။ နိုင်ငံတော်သီချင်းနံမည် ဘယ်လိုခေါ်သလဲ။ အနောက်ဖက်ကမ်းခြေက သမုဒ္ဒရာက ဘယ်လိုခေါ်သလဲ။ ပြည်နယ်အထက်လွှတ်တော်အမတ်(တစ်ဦး)ရဲ့အမည် ပြောပါ။ မာတင်လူသာကင်းဂျူနီယာ ဘာအတွက်တိုက်ပွဲဝင်ခဲ့သလဲ။ လွတ်လပ်ရေးကြေညာစာတမ်းကို ဘယ်သူရေးခဲ့သလဲ စတာတွေဟု မှတ်မိ၏။ 

ပြီးတော့ ပြည်နယ်သုံးခုအမည်ရေးထားသည့်စာရွက်ကိုရှေ့ချကာ အကြီးဆုံးပြည်နယ်အမည်ကိုပြခိုင်း၏။ ပြီးတော့ ဝါကျမတိုမရှည်တစ်ကြောင်း ဖတ်ခိုင်း၏။ ပြီးတော့ ဝါကျမတိုမရှည်တစ်ကြောင်း ရေးခိုင်း၏။ ပြီးတော့ ကျနော့်နောက်ကြောင်း နည်းနည်းပါးပါးမေး၏။ ”အိမ်ထောင် ဘယ်နှခါကျဖူးလဲ”မေးတော့ ”တစ်ကြိမ်ပဲကျဖူးတယ်။ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ပဲဖြစ်မယ်ထင်တယ်”လို့ပြန်ဖြေတော့ ရီ(ရယ်)၏။ ”ထောင်တွေဘာတွေကျဖူးလား”မေးတော့ ”ကျဖူးတယ် ၁၅ နှစ်”ဆိုတော့ မျက်လုံးပြူးချင်ယောင်ဆောင် အံ့သြချင်ယောင်ဆောင်ကာ ရီ(ရယ်)ကျဲကျဲနှင့် ”မင်း ဒီရောက်တာမှ ၅ နှစ်ရှိသေးတယ်။ ဘယ့်နှယ်လို့ ထောင်က ၁၅ နှစ်ကျရတာတုန်း။ ဘာအမှုများတုန်း”လို့ နောက်တောက်တောက်လုပ်၏။ နံမည်ပြောင်းချင်လားဆိုတော့ မပြောင်းချင်ကြောင်းပြောခဲ့၏။ ကွန်မြူနစ်ပါတီတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့အဆက်အသွယ်ရှိလားမေး၏။ ကွန်မြူနစ်ပါတီနဲ့အဆက်အသွယ်ရှိခဲ့ကြောင်းပြန်ဖြေတော့ ပြုံး၏။ နိုင်ငံရေးပါတီတွေမှာလုပ်ဖူးရင် ပါတီအမည်ပြောပါဟုမေး၏။ ”လုပ်ဖူးတယ် NLD က” ဟုပြန်ဖြေတော့ ”အောင်ဆန်းရှုကြည်း ပါတီကပေါ့” ဆိုကာ ငါသိပါတယ်သာလိကာရယ်ဆိုသည့်မျက်နှာပေးနှင့်။ ”လိုအပ်လို့ သက်စွန့်ဆံဖျားတာဝန်တွေ
ပေးလာခဲ့ရင်လုပ်နိုင်မလား”မေးတော့ ”လုပ်နိုင်ပါတယ်”ဟုပြန်ဖြေ၏။ ”မေးနေကျမို့ မေးရတာနော်”ဟု ခတ်ရွှင်ရွှင်ဆို၏။ ”အခွန်ဆောင်ဖူးလား”ဆိုတော့ ”ခုလည်း ဆောင်နေတယ်။ ”မဲပေးဖူးလား” ဆိုတော့ တစ်ကြိမ်ပေးဖူးကြောင်းနှင့် ဘယ်သူ့ကို ဘာ့အတွက်ပေးခဲ့ရကြောင်းမသိခဲ့ရဟုဆိုတော့ ဒီတခါ တကယ်အံ့သြသွားပုံပေါ်၏။ ”ပြောပါဦး ဘာလို့မသိရတာတုန်း” ဆိုတော့မှ ”တပ်ထဲနေတုန်းကပါ။ ပေးရတာကလည်း ရှေ့တန်းမှာ။ စာရွက်တရွက်ယူလာပြီး အမှတ်တွေခြစ်ခိုင်း။ ပြီးတော့ လက်မှတ်ထိုးခိုင်းတော့ ထိုးပေးလိုက်တာပဲ။ ဖတ်ချိန်တောင် မရပါဘူး”ဆိုတော့မှ ”သြော်..ဒီလိုလည်းရှိသကိုး” ဆိုပြီး ပြုံး၏။ နောက်တော့ အလ္လာပသလ္လာပ သုံးလေးခွန်းပြောပြီး ”ပြီးပြီ။ အောင်ပြီ။ အိမ်ကို စာပို့လိုက်မယ်။ ဘယ်နေ့ ဘယ်နေရာမှာ ကျမ်းကျိန်ရမယ်ဆိုတာ စာထဲမှာပါလိမ့်မယ်။ အဲ့နေ့ကျရင် ဘာတွေယူသွားပါ”ဆိုပြီး အခန်းပေါက်ထိ လိုက်ပို့ရင်းနှုတ်ဆက်၏။ ပေါ့ပါ့ပါးပါး ပြုံးပြုံးရွှင်ရွှင်နှင့် ပြီးပြီးမြောက်မြောက်။

ပြန်ရောက်လို့ အမေ့ကိုပြောပြတော့ ”အေးလေ လုပ်စရာရှိတဲ့ကိစ္စတခု ပြီးသွားတာပဲ။ စိတ်အေးသွားတာပေါ့” ဆိုသည်ထက် ဘာမှပိုမပြော။ ယောက္ခမတွေကိုပြောတော့ ဘွားတော်က ”စိတ်ထဲ ဘယ့်နှယ်နေလဲ”ဟုမေး၏။ ”တိုင်းပြည်တပြည်ရဲ့ အကာအကွယ်အောက် ရောက်သွားရတဲ့အတွက် စိတ်ထဲလုံခြုံမှုရသလို ရပိုင်ခွင့်နဲ့တာဝန်တွေလည်းရှိလာပြီပေါ့။ နောက်ပြီး နိုင်ငံမဲ့လူသားတယောက်ဘဝကလွတ်သွားလို့ စိတ်သက်သာရာရပါတယ်”ဟုပြန်ဖြေတော့ ဘွားတော်က ဘိုးတော်ဘက် တချက်လှမ်းကြည့်ပြီး ”နိုင်ငံမဲ့လူသားဆိုတာ ဘာပြောတာလဲ”ဟုမေး၏။ အဖိုးကြီးက "Stateless people or Stateless human Being" ပေါ့ဟု ပြန်ဖြေ၏။ ပြီးတော့ ပြုံးပြုံး ပြုံးပြုံးနှင့် ကားမှန်ချိတ်အမေရိကန်အလံငယ်လေးတခု သွားထုတ်ယူလာပြီး မိမိလက်ထဲထည့်ရင်း ”အမှတ်တရပေါ့ကွာ။ ခုဆို မင်းလည်း မင်းပြောပြောနေတဲ့ အမေရိကန်ပြည်သူတွေထဲကတစ်ယောက် ဖြစ်သွားပြီပေါ့။ လာမယ့်ရွေးကောက်ပွဲတွေမှာ မဲပေးရတော့မှာပဲ”ဆိုကာ ”ပါ့စ်ပို့တ်လျှောက်ထားဦး။ ဟိုဟိုဒီဒီသွားတဲ့အခါ လွယ်တာပေါ့”ဟု ဆို၏။ ပြန်ခါနီးကျ မျက်စေ့တစ်ဖက်မှိတ်ပြပြီး ”မင်းကိုမေးတဲ့မေးခွန်းတွေများ ခုနေ ငါ့လာမေးရင် ဖြေမှ ဖြေနိုင်ပါ့မလားတွေးနေတာကွ”ဟု နောက်နေသေး၏။

ဒီလိုနှင့် မနေ့က ကျနော် အမေရိကန်နိုင်ငံသားစစ်မေးခြင်းအောင်မြင်၏။ နိုင်ငံတနိုင်ငံတွင် နိုင်ငံသားဖြစ်ရခြင်းအဓိပ္ပါယ်မှာ ဘယ်နိုင်ငံတွင်ဖြစ်သည့်နိုင်ငံသားလဲဆိုသည့်အပေါ်တည်၍ ကွာခြားနိုင်မည်ဟု သိမြင်နားလည်လက်ခံထားခြင်း ဘယ်မျှထပ်မှန်လိမ့်ဦးမည်နည်းကိုသိဖို့ အခွင့်အလမ်းတခုထပ်ရခြင်းပင်။
မျိုးမြင့်ချို ဇူလိုင် ၁၇၊ ၂၀၁၃