Wednesday, September 18, 2013

ကျော်ဝင်း၏ အညံ့ခံရေး(တူမောင်ညို)

0 comments
ကျော်ဝင်း၏ အညံ့ခံရေး(တူမောင်ညို)(၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၈) ဒီမိုကရေစီ အနှစ်သာရထည့်သွင်းပေးနိုင်ခြင်းမရှိသော “ပြုပြင်ရေး”သည် “အတုအယောင်ပြုပြင်ရေး”သာဖြစ်မည်။ ၂၀၀၈ အခြေခံဥပဒေကို “အရောင်တင်အလှခြယ်ပေးခြင်း” မျှသာဖြစ်လိမ့်မည်။
ယနေ့မောင်ကိုနီတို့ ဟောပြောတောင်းဆိုနေကြသည့် “ ၂၀၀၈ အခြေခံဥပဒေပြုပြင်ရေး” ဆိုသည်မှာ အခြေခံဥပဒေသစ် ပြန်လည်ရေးဆွဲရေးဖြစ်သည်ဟု နားလည်သည်။
“၂၀၀၈အခြေခံဥပဒေ”နှင့်ပတ်သက်၍ ပိုလန်၊ဟန်ဂေရီနှင့်ချက်နိုင်ငံတို့တွင် ဒီချုပ်ဥက္ကဋ္ဌ ပြောဆိုနေသည်များမှာ  တက်ကြွ ဖွယ်၊ အားရဖွယ်ကောင်းလေစွ။
 သို့အတွက် မောင်ကိုနီတို့ ပြင်ဆင်ရေးသည် အဖျားရှူးမသွားဖို့လိုသည်။ “ကျမ်းကျိန်ရေး” နှင့်ပတ်သက်ပြီး ဒီချုပ် အတွင်း ရေးမှူး ဦးဉာဏ်ဝင်းကြုံခဲ့ရသည့် သင်ခန်းစာကို မောင်ကိုနီတို့ အလေးအနက် သတိပြုဖို့လိုသည်။
တကယ်တော့ မောင်ကိုနီတို့ ပြင်ဆင်ရေးအဖျားရှူး/မရှူး ဆိုသည့်ကိစ္စကလည်း ဒီချုပ်ဥက္ကဋ္ဌ၏ အဆုံးအဖြတ်အပေါ်မူတည် နေသည်ဆိုသော အချက်ကိုလည်း ကျနော်သဘောပေါက်ပါသည်။ သို့အတွက် မောင်ကိုနီတို့ကို သတိပေးနေရခြင်းလည်းဖြစ်ပါသည်။

ထိုသို့သော နောက်ခံပေါ်တွင် တစ်နေ့ကမှ  ကျော်ဝင်းနှင့် ဧရာဝတီသတင်းဌာနအင်တာဗျူးဖတ်ရ၏။
            အင်တာဗျူးထဲတွင် “ကျော်ဝင်း၏ အညံ့ခံရေး” ကို တွေ့ရ၏။
ကျော်ဝင်းက “မြန်မာ့နိုင်ငံရေးမှာတပ်ရဲ့သဘောတူညီမှုမရှိဘဲနဲ့ ဘာမှလုပ်လို့မရဘူး” ဟု အခိုင်အမာဆို၏။ “အခြေခံဥပဒေ ဖျက်ပြီး အသစ်ရေးဖို့မလုပ်နဲ့၊ ဖက်ဒရယ် မတောင်းနဲ့  ဒီ၂ ခု မရှောင်လျှင်စစ်တပ်နဲ့ထိပ်တိုက်တိုးလိမ့်မယ်” ဟု ဆို၏။
            ဤသည်တို့မှာ ကျော်ဝင်း၏ အညံ့ခံရေးအထိုင်ပင်ဖြစ်တော့၏။
            “ကျော်ဝင်း၏ အညံ့ခံရေး” တွင် ဖက်နှစ်ဖက်ပါရှိ၏။  တစ်ဖက်က လက်ရှိအုပ်စိုးသူများထံ ခယဝပ်တွားအသနားခံခြင်းဖြစ် ပြီး၊အခြားတစ်ဖက်က “၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး” (လူထုလှုပ်ရှားမှုဖြင့်) ထိထိရောက်ရောက်၊ တက်တက်ကြွကြွလုပ်ဆောင်လို သူများကို ထိုးနှက်တိုက်ခိုက်ခြင်းဖြစ်၏။
 “ကျော်ဝင်း၏အညံ့ခံရေး” ဟုဆိုလိုက်ရသော်လည်း တကယ်တော့ အတိုက်အခံအင်အားစုများအတွင်း “ပြုပြင်ရေးမှိုင်းမိနေ ကြသူများ” တိမ်းညွှတ်နေကြသည့်  အညံ့ခံရေးလည်းဖြစ်၏။
            သူတို့၏ ဘုံဖော်ပြချက်မှာ စစ်အုပ်စုငြိုငြင်မှာကို ကြောက်၏။ စစ်အုပ်စု ပေးသလောက်သာ ရယူလိုသူများဖြစ်၏။
၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းခြင်း၊  အသစ်ထပ်မံရေးဆွဲခြင်းမပြုရ၊ ဖက်ဒရယ်ပြည်ထောင်စု မတောင်းဆိုရ၊ စစ်တပ် ကပြောထားတဲ့ ဘောင်ထက်ကျော်ပြီး မတောင်းဆိုရ။ ၂၀၀၈အခြေခံဥပဒေဘောင်အတွင်း ပေးထားသလောက်သာညှိယူကြ” --- ဆို သည်မှာ သူတို့အညံ့ခံရေး၏ အဓိကအကိုင်းအခက်များပင်ဖြစ်၏။
 ကျော်ဝင်းသည် စစ်တပ်က အာဏာသိမ်းမှာထက် “ရယ်ဒီကယ်ထောင်ခြောက်” ထဲလိမ့်ကျမည်ကို  အထူးပင်ထိပ်လန့် ကြောက်ရွံ့နေလေ၏။ သို့အတွက် “လွှတ်တော်နှင့်အစိုးရ”တို့ထံ “လိုက်လျောမှုတွေ မလွန်ကဲစေနဲ့” လို့လည်း နွားရှေ့ထွန်ကျူးထား လေ ၏။ ကျော်ဝင်းသည် ရယ်ဒီကယ်များနှင့်ရယ်ဒီကယ်လှုပ်ရှားမှုကို ကြိုတင်ချေမှုန်းပစ်ရန်အခါပေးနေလည်းဖြစ်၏။
ကျော်ဝင်းပြောသမျှချုပ်လိုက်လျှင် ယနေ့မောင်ကိုနီတို့ ဟောပြောတောင်းဆိုနေကြသည့် “၂၀၀၈ အခြေခံဥပဒေပြုပြင်ရေး”  ဆိုသည်ကို “ခွင့်မပြုနဲ့” လို့  မိကျောင်းမင်းကို ရေခင်းပြနေခြင်းလည်းဖြစ်၏။ ကြံ့ဖွံ့ပါတီထိပ်သီးများကပင် ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဘာမှထုတ် မပြောသေး၊ ကျော်ဝင်းကား  ကြံ့ဖွံ့ပါတီ ထက်ပင် အကဲပိုနေပေ၏။
            ကျော်ဝင်းသည် သူ့ကိုယ်သူ ဘေးမှရပ်ကြည့်သူတစ်ဦး (ပွဲကြည့်သူ) အဖြစ်ပုံဖော်လေ့ရှိသည်။ ယခုတော့ ကျော်ဝင်းသည် ပွဲကြည့်သူအဖြစ်မှ တက်ကြွသောအသုံးတော်ခံတစ်ယောက် ဖြစ်လာခဲ့ပြီ။ အမျိုးသားစာပေဆုရခဲ့သော ကျော်ဝင်းသည် ယခုအခါ အမျိုးသားလွှတ်တော်ထဲသို့ရောက်သွားလေပြီ။
သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ အစရှိသည့် အုပ်စိုးသူများကလည်း ကျော်ဝင်းအလုံးလေးများကို ခံတွင်းတွေ့ပုံပေါ်သည်။ သူတို့ ပြောသည့်စကားများထဲတွင် ညှပ်ပြောကြသည်။
                 အုပ်စိုးသူအဆက်ဆက်သည် (ဗကပ) ကို ပုံစံမျိုးစုံဖြင့် တိုက်၏။ ထိုသို့ ပုံစံမျိုးစုံဖြင့် တိုက်ရာတွင် (ဗကပ) လက်နက်ချများ၊ (ဗကပ)ပျက်များ ၊ (ဗကပ) ထွက်များကို လိုသလိုအသုံးချမြဲဖြစ်၏။ 
 သခင်တင်မြ၊ ဦးချစ်လှိုင်(ကိုကိုမောင်ကြီး)၊ မောင်စူးစမ်း တို့သည် အသုံးတော်ခံခဲ့ကြပြီ။ ဝါရင့်အသုံးတော်ခံကြီး များ လည်း ဖြစ်၏။ ယခုအခါ သူတို့သည် သင်းချိုင်းသို့တစ်နေ့မျက်စောင်းသုံးကြိမ်မက ထိုးနေသော အရွယ်ရောက်ကုန်ပြီ။ သခင်တင်မြ၊ ဦးချစ် လှိုင်(ကိုကိုမောင်ကြီး)၊ မောင်စူးစမ်းတို့၏ အသုံးတော်ခံနိဂုံးတွင် ကျော်ဝင်း၏အသုံးတော်ခံနိဒါန်းသည် စတင်ခဲ့ပေပြီ။

Wednesday, September 11, 2013

“၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ”(တူမောင်ညို)

0 comments
“၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ”(တူမောင်ညို)
(၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာ ၁ဝ ရက်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က “၂ဝဝ၈ အခြေခံဥပဒေ”  ပြင်ဆင်ရေး အတွက် (၇)ဦး ပါဝင်သောပြင်ဆင်ရေးကော်မတီကို စက်တင်ဘာ(၆) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီ။ ယင်းကော်မတီထဲတွင် ဥပဒေပညာဖြင့် အသက်မွေးကြသူတွေက အများစုဖြစ်ပါသည်။  ဦးကိုနီ၊ ဦးဌေးဦးတို့သည် ဒီလှိုင်းစာစောင်တွင် “၂ဝဝ၈ အခြေခံဥပဒေ” ပြင်ဆင်ရေးအတွက် စိုက်လိုက်မတ်တတ် ဆောင်းပါးရေးခဲ့ကြသော ဒီလှိုင်း၏ ပင်တိုင်ဆောင်းပါး ရှင်များဖြစ်သည်။ ဟောပြောဆွေးနွေးကြသူများ လည်းဖြစ်သည်။ ဦးကိုနီဆိုလျှင် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ” အမည်ဖြင့် စာအုပ်ပင်ထုတ်ဝေထားသူ ဖြစ်သည်။ ဦးကိုနီသည် ရှေ့နေပီသပေ၏။ စာအုပ်အမည်ကိုပင် သတိထား၍ ပေးထား၏။ ယခုတော့ ဒီချုပ်၏ အခြေခံဥပဒေပြင်ဆင်ရေး(၇)ဦးကော်မတီထံ ဦးကိုနီ၏ စာအုပ်ခေါင်းစဉ်ကိုနမူနာယူ၍ မေးခွန်းမေး ရပေတော့မည်။
            “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ”
            “(၇)ဦးကော်မတီအနေဖြင့် ” ဤမေးခွန်းကို ပြည်သူတစ်ရပ်လုံး သေချာသိရှိပြီး၊ ပါဝင်လာရန် အထူးလိုအပ်ပါသဖြင့် တိတိကျကျရှင်းရှင်းလင်းလင်း ဖြေကြားဖို့လိုအပ်ပါသည်။
 အဆိုပါမေးခွန်းသည် ဦးကိုနီ၏ “ဘယ်လိုပြင်ဆင်ကြမလဲ” စာအုပ်အမှာစာတွင်ပါရှိသော “ နိုင်ငံတော်အာဏာ၏ပင်ရင်းပိုင်ရှင်မှာ နိုင်ငံသားပြည်သူများသာဖြစ်ရာ နိုင်ငံသားတို့၏ဆန္ဒသာ အဓိကဖြစ် သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲသူ လူတစ်စု၏ဆန္ဒကိုသာ အလေးထားရမည်ဆိုလျှင် နိုင်ငံသားတို့၏အခန်းကဏ္ဍမှာ နောက်တန်းသို့ရောက်ရှိသွားမည်ဖြစ်ပြီး မည့်သည့်အခါမျှ ဒီမိုကရေစီနိုင်ငံဖြစ်လာမည်မဟုတ်ပါဟု ကျွန်တော် အလေးအနက်ပြောလိုပါသည်” ဟူသောအချက်ကို လေးလေးနက်နက်ထင်ဟပ်ထားသောမေးခွန်းလည်း ဖြစ်ပါသည်။
 “၂ဝဝ၈ အခြေခံဥပဒေ” သည် လူတစ်စုက စိတ်ကြိုက်စီမံရေးဆွဲဖော်စပ်ထားခြင်းပြီး၊ အတင်းအဓမ္မအတည်ပြုထားသည်ကို အားလုံးသိရှိသဘောပေါက်ကြပြီးဖြစ်ပါသည်။
“၂ဝဝ၈ အခြေခံဥပဒေ”သည် ဒီမိုကရေစီစံနှုန်းနှင့် လုံးဝမကိုက်ညီသောအခြေခံဥပဒေ တစ်ခုဖြစ်ပါသည်။
“ ပြင်ဆင်ရေး”ဆိုသည်နှင့်ပတ်သက်၍ ကျနော်သဘောထားအမြင်နှင့်အယူအဆကိုတင်ပြပါမည်။
“၂ဝဝ၈ အခြေခံဥပဒေ” ထဲမှ ဒီမိုကရေစီစံနှုန်းနှင့်လုံးဝမကိုက်ညီသောပြဋ္ဌာန်းချက်များ ကို ပြတ်ပြတ်သားသား ရှင်းလင်းဖယ်ထုတ်ပစ်နိုင်မှသာလျှင်“ ပြင်ဆင်ရေး”ဟုခေါ်ဆိုနိုင်ပါလိမ့်မည်။
 “ပြင်ဆင်ရေး”၏ အဓိကဦးတည်ချက်မှာလည်း ဒီမိုကရေစီစံနှုန်းနှင့် လုံးဝမကိုက်ညီသောပြဋ္ဌာန်းချက်များကိုဖယ်ထုတ်၍ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီသောအချက်များကို ထည့်သွင်းပြဋ္ဌာန်းနိုင်ရေးဖြစ်ရပါမည်။ ယင်းအချက်များကိုလုပ်ဆောင်နိုင်ခြင်းမရှိလျှင် “ပြင်ဆင်ရေး”ဟု မခေါ်ထိုက်ပါ။ “၂ဝဝ၈ အခြေခံဥပဒေ” ကို အရောင်တင် အလှခြယ်ပေးတာမျိုးသာဖြစ်ပါလိမ့်မည်။
 ဒီမိုကရေစီအနှစ်သာရ ထည့်သွင်းပေးနိုင်ခြင်းမရှိသော “ပြုပြင်ရေး”သည် “အတုအယောင်ပြုပြင်ရေး”သာဖြစ်မည်။ “အရောင်တင် အလှခြယ် ပြုပြင်ရေး”ပဲဖြစ်မည်။
သို့ပါ၍ ပဏာမအဆင့်အနေဖြင့် “ ၂ဝဝ၈ အခြေခံဥပဒေ”၊ အခန်း (၁) နိုင်ငံတော်အခြေခံမူများမှ  အောက်ပါအချက်အချို့ကို ပြုပြင်နိုင်မည်ဆိုလျှင် “အဓိပ္ပါယ်ရှိသော ပြုပြင်ရေး” သို့မဟုတ် “အပြုသဘောဆောင်သော ပြုပြင်ရေး” ဟု ခေါ်ဆိုနိုင်ပါလိမ့်မည်။
နိုင်ငံတော်အာဏာ၏ပင်ရင်းပိုင်ရှင်မှာ နိုင်ငံသားပြည်သူများဖြစ်သဖြင့် နိုင်ငံသားပြည်သူများ၏အရေးအရာများကို စီမံခန့်ခွဲကြမည့် လွှတ်တော် အဆင့်ဆင့်ကို မဲဆန္ဒနယ်အလိုက် နိုင်ငံသားပြည်သူများ၏ လွတ်လပ်သောဆန္ဒမဲဖြင့်ရွေးချယ်ထားသည့် အမတ်များဖြင့်သာဖွဲ့စည်းရမည်။ အစိုးရအဖွဲ့ကိုလည်း မဲဆန္ဒနယ်အလိုက် နိုင်ငံသားပြည်သူများ၏ လွတ်လပ်သောဆန္ဒမဲဖြင့် ရွေးချယ်ထားသူများ ဖြင့် သာဖွဲ့စည်းရမည်။
 ဤ အခြေခံစံနှုန်းကို “၂ဝဝ၈ အခြေခံဥပဒေ” က “ပုဒ်မ ၁၄”  ဖြင့် တိတိလင်းလင်းချိုးဖောက်ထားပါသည်။ သို့ဖြင့် “၂ဝဝ၈ အခြေခံဥပဒေ”တွင် ပါရှိသော  ပုဒ်မ ၄ နှင့် ပုဒ်မ ၁၄ တို့ တစ်ခုနှင့် ရှေ့နောက်မညီဆန့်ကျင်နေပါသည်။
သို့ပှါု   ပုဒ်မ ၁၄ ကို ပြုပြင်နိုင်မည်လော။
ပုဒ်မ ၆ ပုဒ်မခွဲ (စ) “နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဆိုသည့်အချက်ကို ပြုပြင်နိုင်မည်လော။ 
ပုဒ်မ ၇ “ နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်”  ဟူသောအချက်ကို ပြုပြင်နိုင်မည်လော။
ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က“ ကျွန်မကတော့ စစ်အစိုးရအဆက်ဆက်က ထောက်ခံကာကွယ်ပြောကြားခဲ့တဲ့ စည်းကမ်းရှိတဲ့ဒီမိုကရေစီ ဆိုတာကို တစ်လျှောက်လုံးဆန့်ကျင်ခဲ့ပါတယ်၊ နောင်လည်း အမြဲတန်းဆန့်ကျင်သွားမှာဖြစ်ပါတယ်” ဟု အမေရိကန် ခရီးစဉ်တွင် ထည့်သွင်းပြောကြားခဲ့ဖူး ပါသည်။
ပုဒ်မ ၈ “နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်” အထက်ပါပြဋ္ဌာန်းချက်ကိုပယ်ဖျက်ပြီး၊ တိုင်းရင်းသားလူမျိုးစုများအားလုံး အနှစ်နှစ်အလလ လိုလားတောင့်တခဲ့ကြသည့် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တကယ်တန်းအာမခံနိုင်မည့် “ဖက်ဒရယ်ပြည်ထောင်စု” ဖွဲ့စည်း တည်ဆောက်ရေးဖြင့် အစားထိုးပြုပြင်နိုင်မည်လော။

ပုဒ်မ ၁၇ (ခ) “ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေး”တွင် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်နေမှုကို ပြုပြင်နိုင်မည်လော။
ပုဒ်မ ၂ဝ ပုဒ်မခွဲ (ခ) ၊(ဂ) ၊(ဃ)၊ (င) ၊ (စ)  တို့ကို ပြုပြင်နိုင်မည်လော။
ပုဒ်မ ၄ဝ  ပုဒ်မခွဲ (ခ) (ဂ) တို့ကို ပြုပြင်နိုင်မည်လော။
“အဓိပ္ပာယ်ရှိသော ပြုပြင်ရေး”လား၊ “အရောင်တင်အလှခြယ်ပြုပြင်ရေး” လား။
အထက်ပါဖော်ပြအခြေခံအချက်များကိုသာ ထိထိရောက်ရောက် ပြုပြင်နိုင်မည်ဆိုလျှင် အခြားအချက်များပြင်ဆင်ရန် ခက်ခဲတော့မည်မဟုတ်ဟု ယုံကြည်ယူဆပါသည်။
နိဂုံးချုပ်တင်ပြလိုသည့်အချက်မှာ နိုင်ငံတော်အာဏာ၏ပင်ရင်းပိုင်ရှင်မှာ နိုင်ငံသားပြည်သူများဖြစ်သဖြင့် အခြေခံဥပဒေရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲအစားထိုးခြင်းစသည့် လုပ်ငန်းအဆင့်ဆင့်တိုင်းတွင်  နိုင်ငံသားပြည်သူများလွတ်လပ်စွာပါဝင်နိုင်ရမည်။ နိုင်ငံသားပြည်သူများ၏ဆန္ဒသာ အဓိကဖြစ်ရပါမည်။  နိုင်ငံသားပြည်သူများ၏ဆန္ဒကို ရယူရမည်ဖြစ်ပါသည်။
 လူတစ်စု၏ပြုပြင်ရေးဆန္ဒကိုသာ အလေးထားနေကြရမည်ဆိုလျှင် နိုင်ငံသားပြည်သူများ၏ အခန်းဏ္ဍမှာ နောက်တန်းသို့ရောက်မည်သွားမည်ဖြစ်ပြီး မည်သည့်အခါမျှ ဒီမိုကရေစီစံနှုန်းဖြင့်ပြည့်ဝသောအခြေခံဥပဒေတစ်ရပ်ဖြစ် ပေါ်မလာနိုင်သလို မည်သည့်အခါမျှ ဒီမိုကရေစီနိုင်ငံဖြစ်လာမည်မဟုတ်ဟု ကျနော် လေးလေးနက်နက် ပြောလိုပါသည်။
သို့ပါ၍ “၂ဝဝ၈ အခြေခံဥပဒေပြုပြင်ရေး”တွင် နိုင်ငံသားပြည်သူများအနေဖြင့် မည်သည့်အခန်းကဏ္ဍမှ  မည်သို့မည်ပုံပါဝင်ရမည်ကို တိတိလင်းလင်း ရှင်းရှင်းပြတ်ပြတ် သိရှိနားလည်နိုင်ကြစေရန်အလို့ငှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ”မှ  အလေးထားဖြေကြားပေးပါရန် မေးမြန်းသမှုပြုလိုက်ပါသည်။
ညွန်း
- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈)
- “စည်း ကမ်းရှိသော ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်း ကို ကျွန်မလက်မခံဘူး” ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၁၅ ၊ စာမျက်နှာ ၂၇
- “ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ” - မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ) ၊ ၂ဝ၁၃ ဇန်နဝါရီ၊ ရွှေဟင်္သာစာပေ၊


Monday, September 9, 2013

ပွင့်လင်းလူ့အဖွဲ့အစည်းတဲ့လား၊ ဘယ်သူတွေအတွက် ဖွင့်မှာလဲ (ကိုဝတုတ်)

0 comments
ပွင့်လင်းလူ့အဖွဲ့အစည်းတဲ့လား၊ ဘယ်သူတွေအတွက် ဖွင့်မှာလဲ (ကိုဝတုတ်)
September 29, 2012 at 11:19am, originally posted in march '12
မကြာသေးခင်က မြန်မာနိုင်ငံကို ကမ္ဘာကျော်ရင်းနှီးမြှုတ်နှံသူဂျော့ဆိုးရက်စ လာရောက်သွားပြီး လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနံမည်နဲ့ဖောင်ဒေးရှင်းတွေကို ပိုက်ဆံစိုက်ပြီးဖွင့်ပေးမယ်ဆိုတဲ့သတင်း သိုးသိုးသန့်သန့်ကြားလိုက်ရတယ်။ သိပ်မကြာဘူး၊ မကြာခင်က ပြန်လွတ်လာတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တချို့က ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတဲ့နံမည်နဲ့ အင်ဂျီအိုတခုထောင်မယ့်သတင်းကိုပါ နောက်ဆက်တွဲကြားရတယ်။ ဆိုးရက်စ ခရီးစဉ်နဲ့ ၈၈ ကျောင်းသားတချို့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအင်ဂျီအို အသံတွေမရှေးမနှောင်းထွက်လာတာ တိုက်ဆိုင်မှုသက်သက်တော့ ဖြစ်ဟန်မတူဘူး။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုဝင်ဖို့ပြင်နေတဲ့ ရင်းနှီးမြှုတ်နှံသူဂျော့ဆိုးရက်စ George Soros အကြောင်း ကိုယ့်တိုင်းပြည်အရေးကိုစိတ်ဝင်စားသူတွေ သိထားသင့်တယ်လို့ယူဆတဲ့ အလျောက် ယူကေနိုင်ငံက အထင်ကရ မဂ္ဂဇင်းတစောင်ဖြစ်တဲ့ New Statesman ၂ဝဝ၃ ခုနှစ် ဇွန်လ ၂ ရက်နေ့ထုတ်မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ George Soros အကြောင်းကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။ New Statesman မဂ္ဂဇင်းဟာ ယူကေမှာ သိက္ခာရှိတဲ့ မဂ္ဂဇင်းကြီးတစောင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမဂ္ဂဇင်းရဲ့သူရဲကောင်းဘွဲ့ချီးမြှင့်ခံရသူ ဖြစ်တယ်။

အင်္ဂလိပ်လို ဖတ်ချင်သူတွေအတွက် လင့်ကဒီမှာပါ။
http://www.mindfully.org/WTO/2003/George-Soros-Statesman2jun03.

ဆိုးရက်စကို ၁၉၉၇ အာရှငွေကြေးအကျပ်အတည်းဆိုက်ချိန်မှာ မလေးရှားရင်းဂစ်ကိုကစားပြီး အကြီးအကျယ်ပွပေါက်တိုးသွားသူအဖြစ် ကျနော်တို့ စသိကြတယ်။ ဒါပေမယ့် သူ့အရင် ဆယ်နှစ်လောက်ကတည်းက ဆိုးရက်စဟာ ပေါင်စတာလင်ကို ကစားရာကနေ ဒေါ်လာသန်းထောင်ချီပြီး အမြတ်ယူနိုင်ခဲ့သူအဖြစ် ကမ္ဘာ့ငွေကြေးဈေးကစားသူလောကမှာ တဟုန်ထိုး ထင်ရှားလာသူဖြစ်တယ်။
ဆိုးရက်စက သူ့ကို ကမ္ဘာတဝှမ်း ဗဟိုကထိန်းချုပ်တဲ့စီးပွားရေးပုံစံကျင့်သုံးတဲ့ အရှေ့ဥရောပကနိုင်ငံတွေကို အရင်းရှင်စီးပွားရေးပုံစံကို ပြောင်းလဲကျင့်သုံးရာမှာ သူဟာ အဓိကအခန်းကဏ္ဍတွေကနေပါဝင် philanthropist အဖြစ် မြင်စေချင်တယ်။

သူ့ကိုယ်သူ ဘယ်အစိုးရနဲ့မှမပတ်သက်တဲ့ လွတ်လပ်တဲ့အတွေးအခေါ်ရှိသူ၊ အမေရိကန်အစိုးရရဲ့ military-industrial complex စစ်လက်နက်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေ ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းနဲ့ ကင်းကင်းရှင်းရှင်းရှိသူအဖြစ် ပုံဖော်လေ့ရှိတယ်။ ဒါပေမယ့် သူဖွဲ့ပေးထားပြီး ပိုက်ဆံထောက်ပံ့နေတဲ့အင်ဂျီအိုအဖွဲ့အစည်းတွေက ဘုတ်အဖွဲ့ဝင်တွေကို တချက်လောက်ကြည့်ကြည့်။ သူဟာ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဖွဲ့ရဲ့ အဓိကအလှုရှင်ဖြစ်ပြီး မနှစ်က ၂ဝ၁၁ ခုနှစ်ကဆိုရင် လူ့အခွင့်အရေးအဖွဲ့ရဲ့ဘတ်ဂျက် ဒေါ်လာ ၁၂၈ သန်းမှာ ဆိုးရက်စရဲ့ထည့်ဝင်ငွေတခုထဲက ဒေါ်လာ သန်းတရာရှိတယ်။ [1] ဒီလူ့အခွင့်အရေးအဖွဲ့ထဲမှာ အမေရိကန်အစိုးရရဲ့ထောက်လှမ်းရေးနဲ့သုတေသနဌာန လက်ထောက်ဝန်ကြီးဟောင်း Morton Abramowitz ဆိုသူပါတယ်။ သူဟာ ပြည်ပရေးရာတွေမှာစွက်ဖက်တဲ့ အမေရိကန်အစိုးရရဲ့နိုင်ငံခြားဆက်ဆံရေးကောင်စီ Council of Foreign Relations ရဲ့ အတိုင်ပင်ခံတယောက် ဖြစ်တယ်။ နောက်တခါ ယူဂိုစလားဗီးယားနိုင်ငံ တစစီပြိုကွဲချိန်မှာ ဘဲလဂရိတ်က အမေရိကန်သံအမတ် ဝါရင်ဇင်မာမန်း Warren Zimmerman နဲ့ စီအိုင်အေကထောင်ပေးပြီး ဆိုးရက်စကိုယ်တိုင်ငွေကြေးထောက်ပံ့နေတဲ့ လွတ်လပ်တဲ့ဥရောပ အသံ Radio Free Europe/ Radio Liberty စတဲ့ အဖွဲ့အစည်းတွေက ဒါရိုက်တာပေါဂိုးဘဲ Paul Goble စတဲ့ ပုဂ္ဂိုလ်တွေပါတယ်။ ဆိုးရက်စ ငွေကြေး အဓိကထောက်ပံ့နေတဲ့ နောက်အဖွဲ့ တဖွဲ့ကတော့ အိုင်စီဂျီလို့သိကြတဲ့ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ဖြစ်တယ်။ ဒီအဖွဲ့ရဲ့ဂေါပကဘုတ်အဖွဲ့မှာ သူကိုယ်တိုင်ပါရုံမက အမေရိကန်အစိုးရရဲ့ အမျိုးသားလုံခြုံရေးအကြံပေးတွေဖြစ်တဲ့ ဘရက်ဇင်းစကီ Zbigniew Brzezinski နဲ့ ရစ်ချက်အယ်လင် Richard Allen စတဲ့ပုဂ္ဂိုလ်တွေအပြင် နေတိုး ကွန်မင်ဒါ ဝက်စလီကလပ် Wesley Clark စတဲ့ ပုဂ္ဂိုလ်တွေ ပါတယ်။ နောက်ပြီး ၈၈ အရေးအခင်းစဖြစ်ချိန်မှာ မြန်မာနိုင်ငံကို ကသောကမျောရောက်လာတဲ့ ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော် အမတ် စတီဗင်ဂျေဆိုလတ်ဇ Stephen J Solarz ဟာ ၁၉၉၄ ကနေ ကနေ့ချိန်ထိ အိုင်စီဂျီရဲ့အုပ်ချုပ်ရေးကော်မတီမှာ ထိုင်နေသူဖြစ်တယ်။ ဆိုးရက်စရဲ့အိုင်စီဂျီမှာ နောက်ထင်ရှားတဲ့ပုဂ္ဂိုလ်တယောက်ကတော့ အီရတ်ကို အမေရိကန်ကကျူးကျော်သိမ်းပိုက်ဖို့ အဓိကလှုံ့ဆော်ခဲ့သူ တယောက်ဖြစ်တဲ့ ကွန်ဆားဗတစ်လက်သစ် နီယိုကွန်း Neo-cons လို့သိကြတဲ့ ပေါဝိုဖိုဝစ်စ Paul Wolfowtiz ပဲ။

နောက်တခါ ဆိုးရက်စရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဘက်တွေကိုကြည့်ရင် ကမ္ဘာမှာ အကြီးဆုံး ပုဂ္ဂလိကအစုစပ်ရင်းနှီးမြှတ်နှံမှုကုမ္ပဏီတွေထဲ တခု အပါအဝင်ဖြစ်တဲ့ ကာလိုင်းအစု Carlyle Group မှာ သူဟာ ဒေါ်လာသန်းရာချီ ရင်းနှီးမြှတ်နှံထားသူဖြစ်ပြီး ဒီကုမ္ပဏီရဲ့ဝင်ငွေအများစုဟာ စစ်လက်နက်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို ကန်ထရိုက်ယူ လုပ်ရာကနေလာတာဖြစ်တယ်။ (ကာလိုင်းအစုရဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေထဲမှာ အမေရိကန်သမ္မတဟောင်း ဘုရှ်အကြီးကောင် George Bush Senior ယူကေ ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာ John Major နဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ဖီဒယ်ရားမို့စ Fidel Ramos စတဲ့ ပုဂ္ဂိုလ်တွေပါတယ်။)
ဆိုးရက်စဟာ စီအိုင်အေက လက်သပ်မွေးထားသူ ဟုတ်မဟုတ် မပြောနိုင်ပေမယ့် သူ့ရဲ့ကုမ္ပဏီတွေနဲ့ သူထောင်ပေး၊ ပိုက်ဆံ ထောက်ပံ့ပေးနေတဲ့အင်ဂျီအိုတွေဟာ အမေရိကန်အစိုးရရဲ့နယ်ချဲ့ဝါဒနဲ့ ဘယ်လိုမှခွဲခြားလို့မရဘူးဆိုတာကတော့ တစက်ကလေးတောင် သံသယဖြစ်စရာ မရှိဘူး။
ဒီနေရာမှာ တချို့ မျက်မှောင်ကြုံ့မိကောင်း ကြုံ့မိမယ်။ ဘာလို့ဆို ဆိုးရက်စဟာ တချိန်မှာ စစ်သွေးဆာနေတဲ့ တက္ကဆက်ကကောင်းဘွိုင် သမ္မတ George W Bush ကို ဖယ်ရှားရေးဟာ သူ့အတွက် သေရေးရှင်ရေးတမျှအရေးကြီးတယ်၊ GWB ပြုတ်ကျဖို့ စည်းစိမ်ပြုတ်ချင် ပြုတ်ပါစေဆိုပြီး ကြွေးကြော်ခဲ့လို့ပဲ။ တကယ်တော့ ဒါက နားလည်ဖို့မခက်ပါဘူး။ သူဟာ GWB ရဲ့ ရည်ရွယ်ချက်တွေကို မကြိုက်လို့မဟုတ်ဖူး၊ သူတို့နှစ်ယောက်စလုံးဟာ Pax Americana လို့ သိကြတဲ့ ဆိုးရက်စတို့လို ကမ္ဘာ့အရင်းရှင်ကြီးတွေ တကမ္ဘာလုံးကို စိတ်တိုင်းကျ ဖလှယ်နိုင်မယ့် ကမ္ဘာ့အခင်းအကျင်းမျိုးဖန်တီးရေးကို လိုလားသူတွေဖြစ်ပြီး တကယ်က GWB ရဲ့လုပ်နည်းလုပ်ဟန်ကိုမကြိုက်တာသာ ဖြစ်တယ်။ ဘုရှ်အစိုးရက အမေရိကန်တွေအနေနဲ့ ကိုယ့်ရည်ရွယ်ချက်ဘာဆိုတာကို ဘာမှဖုံးကွယ်ထားစရာမလိုဘူး၊ မင်းတို့ဈေးကွက်တွေ ဖွင့်ပေး၊ မဖွင့်ပေးရင် ဆက်ဒမ်ဟူစိန်ကိုကြည့်ဆိုတဲ့ မောက်မောက်မာမာဆက်ဆံပုံမျိုးနဲ့ဆိုရင် ကိုယ့်ရည်ရွယ်ချက်ပြည့်မြောက်မှာ မဟုတ်တာကို ဆိုးရက်စ ကောင်းကောင်းသိတယ်။ တဘက်မှာ လူသိခံစရာမလိုဘဲ သူ့ရဲ့အင်ဂျီအိုတွေကတဆင့် ပွင့်လင်းတဲ့ ကမ္ဘာရဲ့နယ်နမိတ်တွေကို တဖြည်းဖြည်းနဲ့ချဲ့ချဲ့လာနေတဲ့နည်းဟာ ဘယ်လောက်ထိရောက်သလဲဆိုတာ သူ ကောင်းကောင်းသိတာပေါ့။ ဒီတော့ တကမ္ဘာလုံးကိုကြီးစိုးရေးရည်မှန်းချက်ကို ဂျော့ဘုရှလို ကောင်းဘွိုင်စတိုင်နဲ့ဖော်ဆောင်ဖို့မဖြစ်နိုင်ဘူးဆိုတာ သူကောင်းကောင်းသိတာပေါ့။ အမေရိကန်ရဲ့ရည်မှန်းချက် သိပ် သိသာထင်ရှားလာတဲ့အခါ သူ့ရန်ကိုဟန့်တားဖို့ တန်ပြန်မဟာမိတ်အဖွဲ့တွေ ဖွဲ့လာတဲ့အထိဖြစ်လာရင် ဘယ်အင်ပိုင်ယာမဆို ကျဆုံးရမှာမုချဆိုတာ LSE လန်ဒန်ဘောဂဗေဒပညာသင်ကျောင်းထွက် ဆိုးရက်စတယောက် ကောင်းကောင်းသိတယ်။ ဒီတော့ ကလင်တန်လက်ထက်တုန်းကလို ချိမ်းခြောက်တဲ့ပုံစံမပြဘဲ လာဘ်ထိုးတဲ့နည်း၊ ချော့တဲ့နည်း၊ multilateralism နည်းနဲ့သွားတာက အင်ပိုင်ယာတွေ ပိုပြီးတည်တံ့နိုင်မယ်ဆိုတာ သူကောင်းကောင်းသိတယ်။ ဘုရှ်အစိုးရရဲ့ ပေါ်လစီတွေကြောင့် ဥရောပမှာ သဘောထားတွေကွဲတယ်၊ နေတိုးအဖွဲ့လည်း ပုံပျက်ပန်းပျက်ဖြစ်လာတယ်၊ နောက် ရုသျှ၊ ဂျာမနီနဲ့ ပြင်သစ်တို့ဟာ သီးသန့်မဟာမိတ်အဖွဲ့ ဖွဲ့တဲ့ထိဖြစ်လာသလို အာရပ်နိုင်ငံတွေထဲမှာလည်း နာဆာ Nasser နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ညီညွတ်မှုတည်ဆောက်ဖို့ အဓိပ္ပါယ်ရှိရှိ စလုပ်လာတာတွေ ဖြစ်ပေါ်လာခဲ့တယ်။ ဆိုတော့ ဂျော့ဘုရှနဲ့အပေါင်းပါ ကွန်ဆားဗေးတစ်လက်သစ်တွေရဲ့ unilateralism နဲ့ဆို အမေရိကန်ရဲ့ရည်မှန်းချက် ပျက်ကိန်းဆိုက်မှာကို ဆိုးရက်စ မြင်တာပေါ့။ အဲဒီ့အတွက် သူဟာ ဂျော့ဘုရှ်ပြုတ်ကျရေးကို အသည်းအသန်ကြိုးပမ်းခဲ့တာဖြစ်တယ်။
ဒီတော့ ဆိုးရက်စရဲ့နည်းက ဘာလဲ။ ပိုက်ဆံ ဒေါ်လာ သုံး-လေး ဘီလီယံလောက်ရယ်၊ လက်တဆုပ်စာအင်ဂျီအိုတွေရယ်ကိုအားပြုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မျက်စိမှိတ်ပြ၊ ခေါင်းညိတ်ပြတာကိုစောင့်ပြီး ဟန်ချက်ညီကြိုးစားသွားမယ်ဆိုရင် ပြည်ပ စီးပွားရေးလုပ်ငန်းတွေကိုအဝင်မခံချင်တဲ့အစိုးရတွေကို ဖြိုချပြီး အဲဒိနိုင်ငံထဲက အတွင်းပစ္စည်းတွေကို အချောင်ဝင်နှိုက်၊ ပြီးရင် ကိုယ့်လုပ်ရပ်အတွက် စေတနာရှင်အဖြစ် ကိုယ့်ကိုကျေးဇူးတောင် တင်ကြအုံးမယ်။ ဆိုးရက်စရဲ့နည်းဟာ ဒီနည်းပဲ။
စစ်အေးတိုက်ပွဲကာလမှာ အရှေ့ဥရောပနိုင်ငံတွေမှာ ဆိုရှယ်လစ်စနစ်ကျဆုံးရတာဟာ စနစ်မှာကို အားနည်းချက်တွေရှိနေလို့အပြင် အုပ်ချုပ်သူတွေက အောက်ခြေလူတန်းစားဆီကထောက်ခံမှုကို ရေရှည်ထိန်းနိုင်အောင်မလုပ်ခဲ့ကြလို့ လို့ သုံးသပ်ကြတာတွေဟာ မှန်သင့်သလောက်မှန်တယ်။ ဒါပေမယ့် ဒီနိုင်ငံတွေမှာ ဆိုရှယ်လစ်ဝါဒပြိုကျရာမှာ ဆိုးရက်စရဲ့အခန်းကဏ္ဍဟာလည်း အင်မတန် အရေးပါတယ်။ ၁၉၇၉ ခုနှစ်မှာ သူဟာ ပိုလန်က ပိုလန်သွေးစည်းညီညွတ်ရေးလှုပ်ရှားမှုလို အစိုးရဆန့်ကျင်ရေးအုပ်စုတွေ၊ ချက်ကိုစလိုဗက်ကီးယားက ဗားစလပ်စဟာဗယ်လ Vaclav Havel တို့လူသိုက် စတည်ထောင်တဲ့ (၇၇)လှုပ်ရှားမှုနဲ့ ဆိုဗီယက်ယူနီယံက အွန်ဒရေဆားခရော့ဗ Andrei Sakrov တို့ကို အဲဒိအချိန်က ပိုက်ဆံ ဒေါ်လာသုံးသန်းထိထောက်ပံ့ခဲ့တယ်။ (ဟိုတနေ့က ဒေါ်အောင် ဆန်းစုကြည်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ပိုလန်ကိုလည်း အတုယူစရာအဖြစ်ပြောသွားတာ ကြားလိုက်ရတော့ ကြက်သီးထမိ သေးတယ်) ၁၉၈၄ မှာ သူဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ ဟန်ဂေရီမှာ ပထမဆုံး ပွင့်လင်းလူ့အဖွဲ့အစည်းအင်စတီကျု Open Society Institute ကို စတည်ထောင်တယ်။ ဒီအဖွဲ့အစည်းကနေ အတိုက်အခံတွေရဲ့လှုပ်ရှားမှုတွေကို ဒေါ်လာသန်းချီ ပုံပြီးထောက်ပံ့ခဲ့သလို ရေဒီယိုအသံလွှင့်ရုံ တခုလည်း ထောင်ပေးခဲ့တယ်။ အပြင်ပန်းမှာတော့ civil society အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားကောင်းအောင်ရည်ရွယ်တယ်လို့ ပြောပေမယ့် တကယ်တမ်းမှာတော့ ဒီလုပ်ရပ်တွေ၊ လှုပ်ရှားမှုတွေဟာ လက်ရှိ ရှိပြီးသား ဟန်ဂေရီနိုင်ငံရေးအဆောက်အဦကို နှဲ့ပစ်ပြီး နောက်ဆုံးမှာ ကမ္ဘာ့အရင်းအနှီးတွေနဲ့ ဒီနိုင်ငံတွေကို စီးပွားရေးကိုလိုနီပြုကျင့်တဲ့ထိလုပ်တော့တာဖြစ်တယ်။ Americanization of Europe ဥရောပကို အမေရိကန်မှုပြုတဲ့ဖြစ်ရပ်မှာ သူဟာ အဓိကဇာတ်ကောင်ပဲဆိုပြီး ဆိုးရက်စကိုယ်တိုင် သူ့ထုံးစံအတိုင်း ခပ်ကြွားကြွားလေး ပြောဖူးတယ်။
အရှေ့ဥရောပကနိုင်ငံတွေရဲ့ဈေးကွက်တွေ တခုပြီးတခုပွင့်လာခဲ့ပေမယ့် ယူဂိုစလားဗီးယား တနိုင်ငံကတော့ တင်းခံပြီးကျန်နေခဲ့တယ်။ အဲဒိမှာ ပြည်သူလူထုက ဆလိုဗိုဒမ်မီလိုးဆိုးဗစ်ခ်ျကိုပဲ အကြိမ်ကြိမ်ရွေးကောက်တင်မြှောက်တယ်။ ဆိုးရက်စကလည်း ဂီယာထပ်တင်တယ်။ ၁၉၉၁ ကစပြီး ဆိုးရက်စရဲ့ပွင့်လင်းလူ့အဖွဲ့အစည်းအင်စတီကျုဟာ မီလိုဆိုဗစ်ခ်ျဆန့်ကျင်ရေးအဖွဲ့အစည်းတွေ၊ အတိုက်အခံပါတီတွေကို ဒေါ်လာ သန်းတရာကျော်ထောက်ပံ့ခဲ့သလို ဒီပိုက်ဆံတွေနဲ့ပဲ ပုံနှိပ်တိုက်တွေ၊ နောက် B92 လို့ သိကြတဲ့ အနောက်ဝါဒဖြန့် ရေဒီယိုအသံလွှင့်ရုံတခုကို ထောင်ပေးခဲ့တယ်။ ပုံမှန်အားဖြင့်ကြည့်ရင် တက္ကသိုလ်ရေဒီယိုအသံလွှင့်ရုံသက်သက်လို့ ထင်စရာရှိပေမယ့် ဒီလှုပ်ရှားမှုတွေအားလုံးကို ကမ္ဘာမှာအင်အားအကြီးဆုံးနိုင်ငံကြီးကိုကိုယ်စားပြုပြီး ကမ္ဘာမှာအချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲ တယောက်အပါအဝင်ဖြစ်တဲ့ဆိုးရက်စကိုယ်တိုင် ပိုက်ဆံတွေထောက်ပံ့ခဲ့တာ ဖြစ်တယ်။
ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာကို ဆိုးရက်စက ဘယ်လိုအဓိပ္ပါယ်ဖွင့်လဲဆိုတော့ ပြီးပြည့်စုံခြင်းမရှိဘဲ တိုးတက်မှုတွေကိုဖွင့်ထားတဲ့ အဖွဲ့အစည်းလို့အဓိပ္ပါယ်ဖွင့်တယ်။ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကနေ သူ့အဖွဲ့အစည်းရဲ့ တကယ့်သရုပ်မှန်ကိုဖမ်းမိမှာ မဟုတ်ဖူး။
ဆိုးရက်စက Open Society ဆိုတဲ့နံမယ်ကို LSE မှာ သူတွေ့ခဲ့တဲ့ ဖီလော်ဆော်ဖာ ကားပေါ်ပါ Karl Popper ဆီက ယူတယ်လို့ဆိုတယ်။ စိတ်မကောင်းစရာ ကောင်းတာက ပေါ်ပါရဲ့လစ်ဘရယ်အရေးအသားတွေကို သူ့အဖွဲ့အစည်းမှာ ယူသာသုံးတယ်၊ တကယ်တမ်းမှာ သူ့အတွက် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကိုလေးစားတဲ့လူ့အဖွဲ့အစည်းကိုခေါ်တာမဟုတ်ပဲ သူနဲ့ သူ့စီးပွားဖက်တွေ ပိုက်ဆံရှာနိုင်အောင်ဖွင့်ပေးထားတဲ့အဖွဲ့အစည်းကသာ သူ့အတွက် ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်တယ်။ ဆိုးရက်စဟာ သူကူညီပြီး ‘ဖွင့်’ပေးခဲ့တဲ့နိုင်ငံတိုင်းကနေ ပိုက်ဆံရှာနိုင်တာတွေ့ရတယ်။ ဥပမာ ယူဂိုစလားဗီးယားကနေ ကိုဆိုဗိုကိုဖဲ့ထုတ်ပြီးနောက်မှာ ကိုဆိုဗိုက သထ္ထုတူးဖော်တဲ့ Trepca ကုမ္ပဏီမှာ ဒေါ်လာသန်းငါးဆယ် စရင်းနှီးမြှတ်နှံတယ်။ အဲဒိကုမ္ပဏီပိုင်တဲ့ ငွေ၊ ရွှေနဲ့ တခြား တွင်းထွက်ပစ္စည်းတွေရဲ့တန်ဖိုးဟာ ဒေါ်လာ သန်းငါးထောင်အထက်မှာရှိတယ်လို့ ခန့်မှန်းရတယ်။ ပြည်ပအရင်းအနှီးတွေအဝင်မခံချင်တဲ့နိုင်ငံတွေကို ပထမ ဆေးပြင်းတိုက်၊ ပြီးရင် ‘စီးပွားရေး ပြုပြင်ပြောင်းလဲမှု’ တွေကို အကြံပေး၊ နောက်ဆုံးမှာ အစိုးရပိုင်တွေကို အောက်ဈေးနဲ့ဝင်နှိုက်တဲ့နည်းနဲ့ ဆိုးရက်စဟာ ဘာလင်တံတိုင်းပြိုပြီးတဲ့နောက် အရှေ့ဥရောပနိုင်ငံတွေမှာ သရဖူမဆောင်းတဲ့မင်း ဖြစ်လာခဲ့တယ်။
သူထောင်ပေးခဲ့တဲ့ Central European University ဟာ ဟန်ဂေရီ၊ ပိုလန်နဲ့ချက်သမ္မတနိုင်ငံတွေမှာ လက်ခွဲတွေရှိပြီး ထုံးစံအတိုင်း ဒီကောလိပ်တွေမှာ လစ်ဘရယ်လက်သစ်အရင်းရှင်စနစ်ရဲ့အကျင့်စရိုက်တွေကို ဗြောင်ပဲ ဖြန့်တယ်။ ဒေသတွင်းမှာ အမေရိကန်လိုလားတဲ့ မျိုးဆက်သစ်နိုင်ငံရေးခေါင်းဆောင်တွေကို စနစ်တကျမွေးထုတ်တဲ့အလုပ် လုပ်တယ်။ အကျိုးဆက်အဖြစ် ကနေ့ဆိုရင် အရှေ့ဥရောနိုင်ငံတွေမှာ ဆင်းရဲချမ်းသာကွာဟမှုဟာ ပိုပို ကြီးသထက်ကြီးလာနေတာကို တွေ့လာရတယ်။
http://www.mindfully.org/WTO/2003/George-Soros-Statesman2jun03.htm

Sunday, September 8, 2013

စက်တင်ဘာ ၈ ရက် ၂၀၁၃ မှာရေးတဲ့တိုနန့်လေးတွေ(မျိုးမြင့်ချို)

0 comments
စက်တင်ဘာ ၈ ရက် ၂၀၁၃ မှာရေးတဲ့ တိုနန့်လေးတွေ (မျိုးမြင့်ချို)
မိန်းကလေးတွေဝတ်စားပုံနဲ့ပတ်သက်ပြီး ”အမြင်မတော်ဘူး” လို့ပြောနေသူတွေကပဲ သူတို့ပြောတဲ့အမြင်မတော်တဲ့ပုံတွေကို မရမကရှာဖွေ တင်ပေးနေတာ။ အမြင်မတော်ရင် ကိုယ်တိုင်လည်းမကြည့်နဲ့၊ ရှာဖွေလည်းတင်မပေးပဲနေလိုက် ရုံပေါ့။ ခုတော့ ပြောင်းပြန်။ တခါ ဟိုလိုဝတ်မှ ဒီလိုဆင်မှ ဘာပီသမှာတို့ ယဉ်ကျေးမှာတို့ပြောပြီး မိန်းမသားတွေရဲ့ ဝတ်စားဆင်ယင်မှုဆိုင်ရာပိုင်ခွင့်ကိုပါ ကျော်နင်းကန့်သတ်နေ တာလို့မြင်တယ်။ သူ့အလှဖော်ပြဖို့ သူနှစ်သက်မယ့်ဝတ်စား ဆင်ယင်မှု သူပြုမှာပဲ။ ပြုခွင့်ရှိတာပဲ။ လူ့အဝန်းအဝိုင်းက မနှစ်မြို့မှန်းသိရင် သူ့ဘာသူ ဆင်ခြင်သွားမှာပဲ။ မဆင်ခြင်လို့ ဆက်ဝတ်လည်း ဘာဖြစ်လဲ။ အမြင်မတော်ရင် မကြည့်နဲ့ပေါ့။ ဘာစိတ်နဲ့ဘာမျက်လုံးနဲ့ကြည့်မလဲ။ ကြည့်သူအပေါ်လည်းတည်တယ်။ ဆန့်ကျင်ဘက်လိင်ရဲ့အလှအပကိုခံစားတာလည်း (လူတကာပြောသလိုပြောရရင်)တဏှာစိတ်အနုစားပဲ။ အနုပညာလည်း တဏှာစိတ်အနုစားပဲ။ ပြောရရင် လူ့လောကခုလောက် တိုးတက် လှပယဉ်ကျေးလာတာဟာ အဲ့ဒီ တဏှာစိတ်အနုစားတွေက မောင်းနှင်ခဲ့လို့ပဲ။ အဲ့ဒီတဏှာစိတ်သာ ပယ်သတ်ကြေးဆို၊ ပယ်သတ်လို့ရကြေးဆို လူ့လောက ခုလောက်ယဉ်ကျေးမလာဘူး။ ဒီမှာ (အမေရိကားမှာ) ခေါင်းမှာပုဝါလေးတွေပေါင်းထား စည်းထားတဲ့ကုလားမလေးတွေနဲ့ စကပ်တို ဘောင်းဘီတို ဘောင်းဘီရှည်လေးတွေ အတူ အေးအေးချမ်းချမ်းနေနေကြ တာပါ။ ကျောင်းအတူတက် အားကစားအတူလုပ် အပျော်ခရီးအတူထွက်နေကြတာပဲ။ သူတို့အားလုံး ရေးကူးချိန်ကျ ရေကူးဝတ်စုံဝတ်တာပဲ။ ဘီကီနီဝတ်ချိန်ကျ ဘီကီနီဝတ်တာပဲ။ ဂျင်းဘောင်းဘီဝတ်ချိန်ကျ ဂျင်းဘောင်းဘီဝတ်တာပဲ။ ပွဲတက်ဝတ်စုံဝတ်ချိန်ကျ ပွဲထိုင်ဝတ်စုံဝတ်တာပဲ။ ဟိုဟာဝတ် ဒီဟာဝတ်၊ ဟိုဟာမဝတ်နဲ့ ဒီဟာမဝတ်နဲ့ဆိုပြီး အတင်းအဓမ္မတိုက်တွန်း စရာ/တားမြစ်စရာ ဘာအကြောင်းမှမရှိဘူး။ ခုနပြောတဲ့ အမြင်မတော်ဆိုသူတွေပဲ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုလာ မိန်းမ(မယား)နဲ့ပတ်သက်တဲ့ အဆုံးအမဖြစ်တဲ့ (မယားသည် အိပ်ယာတွင်း လင်သားအဖို့ ပြည့်တန်ဆာနှယ်ဖြစ်ရမည်)ဆိုတာမျိုးကျင့်ကြံပြီး (သားကိုသခင် လင်ကိုဘုရား) အကောက်အယူနဲ့ မိန်းမနဲ့မယားအပေါ် ဗိုလ်ကျအနိုင်ကျင့်နေကြတာပဲ။ မျိုးချစ်စိတ်တို့ အမျိုး၊ ဘာသာ၊ သာသနာတို့ပြောတိုင်း မိန်းမတွေခေါင်းပဲပုံချပြီးဖိနင်းတာဟာ အတော်လူသားမဆန်တဲ့အတွေးတိမ်မှုနဲ့ ယောင်္ကျားကြီးမဟာဖိုဝါဒအစွန်းရောက်မှုပဲ။ မုဒိန်းအကျင့်ခံရတဲ့အခါများမှာ ကျင့်သူယောင်္ကျားကိုအပြစ်ဆိုတာထက် အကျင့်ခံရသူမိန်းမသားကိုအပြစ်တင်တတ်တာဟာ ယဉ်ကျေးတဲ့လူ့အသိုင်းကလူတွေ မကျင့်သုံးတဲ့လက်ကိုင်တရားပဲ။ ပြည့်တန်ဆာနဲ့ ငွေပေးပြီး လိင်စိတ်အာသာဖျောက်သူယောင်္ကျားဟာ တရားရုံးကျတော့ သူလိင်ဆက်ဆံခဲ့တဲ့မိန်းမသား(ပြည့်တန်ဆာမ)ထောင်ကျဖို့ သက်သေဖြစ်သွားတဲ့ဥပဒေမျိုးရှိနေသမျှ၊ ငါဝတ်သလိုမဝတ် ငါစားသလိုမစား ငါယုံတာကိုမယုံလို့ အဲ့လူနဲ့မချစ်ရဘူး လက်မထပ်ရဘူး ဘဝတခုမတည်ဆောက်ရဖူး တူအောင်အရင်လုပ် ပြီးမှချစ် လက်ထပ် တည်ဆောက် နို့မဟုတ်ရင် ဖမ်းမှဆီးမှထောင်ချမှသင့်တယ်ဆိုတဲ့အကောက်အယူကို နှစ်သက်သူဟာ တိရိစ္ဆာန်ထက်တောင် ပိုရိုင်းစိုင်းတဲ့လူသတ္တဝါအမျိုးအစားပဲဖြစ်တယ်။ (အဝတ်အစားနဲ့ယဉ်ကျေးမှု)

ဒီမနက် အင်တာနက်ဝက်ဘ်ဆိုက်တွေနဲ့ ဖေ့စ်ဘွတ်ခ်မှာ သတင်းလေးတွေဖတ်မယ်၊ သူများပြောတာတွေထဲက နှစ်ခြိုက်တာလေးတွေ ပြန်ရှယ်ယာလုပ်မယ်၊ ကိုယ်လည်း မှတ်ချက်ကလေးဘာလေးရေးမယ်ဆိုပြီး စိတ်ကူးထားတာ။ မလုပ်ဖြစ်တော့ဘူး။ စပျစ်ပင်တွေက ရေတောင်းနေပြီ။ ပင်သစ်တွေဆိုတော့ ရေကလိုနေတယ်။ တချို့အပင်လေးတွေက အရွက်ကလေးတောင် ဝါတာတာနဲ့။ ပြီးရင် လယ်သမားဈေးဘက်သွားမယ်။ အသီးအနှံလေးဘာလေးဝယ်မယ်။ အမေ့ကို သွားတွေ့မယ်၊ ညီတော်မောင်ဆေးရုံတင်ထားရတာ သွားထပ်ကြည့်မယ်။ အားပေးစကားလေးဘာလေး (တတ်သလောက်) ပြောမယ်၊ လူမှုရေးကိစ္စ(သာရေး)တခုလည်း သွားဖို့သတိက ရလာပြန်တယ်။ တနင်္လာနေ့မှာ စဝင်ရတော့မယ့်အလုပ်သစ်အတွက် ကြိုတင်သိရမှတ်ရမှာတွေထဲက နည်းနည်းပါးပါးလည်း လုပ်ထားရဦးမယ်။ (ကျနော် ခု မူကြိုတန်းကလေးလေးတွေတက်တဲ့ကျောင်းတကျောင်းမှာ မိဘ ဆရာနဲ့ ကလေးငယ်လေးတွေအတွက် ဘာသာပြန်နဲ့ စကားပြန်အလုပ်တခု လက်ခံလိုက်ပြီ။ ဗမာပြည်သား ကလေးငယ် (၄၂)ယောက်ရှိပါတယ်။ မနေ့က ကွန်းထရက်လုပ်တယ်။ တနှစ်စာချုပ်တယ်။ အရင်လည်း စေတနာ့ဝန်ထမ်းအနေနဲ့ အကြိမ်ပေါင်းများစွာသွားပြီး ဘာသာပြန်နဲ့စကားပြန် လုပ်ပေးခဲ့ဖူးတယ်။ ခုတော့ အလုပ်အနေနဲ့လုပ်ရမှာပါ။ လုပ်အားခအနေနဲ့ ပိုက်ဆံလည်းရပါမယ်။ ကျနော့်အိမ်နဲ့လည်း မဝေးတော့ (မဝေးဆိုပေမယ့် (၃)မိုင်မရှိတတ် ရှိတတ်ပါ။ ဘစ်ကားက တနာရီမှတစင်းလာတာ၊ နောက်ပြီး ဂျိုင်းထောက်နဲ့လျှောက်ရလောက်အောင်လည်း မနီးတော့)လျှပ်စစ်ဘီးတပ် ကုလားထိုင်နဲ့ သွားရပြန်ရမှာပါ။ ဆောင်းတွင်းဆိုကိစ္စနည်းနည်းရှိတယ်။ အေးတာကပြဿနာမဟုတ်ပါ အနွေးထည်ဘာညာနဲ့ဖြစ်ပါတယ်။ နှင်းကပြဿနာပါ။ တခါတလေ နှင်းထုက အတော်ကြီးထူအောင်ကျတဲ့အခါမျိုး(ကျလည်း ခနခနကျပါတယ်) တခါတလေ လမ်းအပေါ်ယံ မျက်နှာပြင်တွေရေခဲတဲ့အခါမျိုးဆို လျှပ်စစ်ဘီးတပ်ကုလားထိုင်က မရုန်းနိုင်တော့ဘူး။ အင်း လာမယ့်နှစ်တော့(မသန်မစွမ်းယဉ်မောင်းလိုင်စင် နဲ့ မော်ဒီဖိုင်းဒ်လုပ်ထားတဲ့ကားမျိုး) ရှိမှဖြစ်တော့မယ့်ကိန်းပါလား။ (ဘာမှမလုပ်ဖြစ်တဲ့မနက်ခင်း)

လူလူချင်း(မောင်နှစ်မဖြစ်ချင်လည်းဖြစ်မယ်) မိဘအမွေလုရင်း ရန်ဖြစ်ကြ သတ်ကြပုတ်ကြ ရုံးပြင်ကန္နားရောက်ကြ တစ်သက်လုံး မခေါ်နိုင်မပြောနိုင် ဖြစ်ကုန်ကြတာကိုထောက်ပြပြီး ”လောဘလူသားတွေ၊ ကာမဘုံသားဆုံလည်နွားတွေ အတ္တကြီးကြ လောဘသက္ကာယကြီးကြ မောဟဖုံးကြ၊ ဉာဏ်နည်းကြသကိုး” စသည်ဖြင့် မည်တွန်ပြောဆိုပြီး၊ အဲဒီကာမဘုံသားတွေ နွားလိုရုန်းပြီးရှာထားတာလေးတွေထဲက ကုသလဖြစ်ပါစေတော့ဆိုတဲ့ရည်ရွယ်မှုနဲ့လှူတာတန်းတာကို ထိုင်စားနေကြတဲ့ပုဂ္ဂိုလ်တွေ ကျောင်းလုရင်းထသတ်ကြတာမျိုး မမြင်ချင့်အဆုံးပဲ။ မိဘအမွေမို့ သူရထိုက် ငါရထိုက် သူပိုရထိုက် ငါပိုရထိုက် ငြင်းကြခုန်ကြတာ နားလည်လို့ရသလို ဖြစ်လည်းဖြစ်ထိုက်တယ်ထင်တာပဲ။ ဘယ်သူ့အမွေမှလည်းမဟုတ်၊ ကိုယ်တိုင်ချွေးနှဲစာနဲ့ရှာဖွေထားတာလည်းမဟုတ်၊ ဆုံလည်နွားတွေက နေကြပါစေတော့ဆိုကာ အပ်ပေးထားတဲ့နေရာကို အရပ်ကို သူပိုင်ထိုက် ငါပိုင်ထိုက် သူပိုပိုင်ထိုက် ငါပိုပိုင်ထိုက်နဲ့ အတ္တရောလောဘမှာပါ ကာမဘုံသားထက် ပိုလွန်းသူတွေကိုကျတော့ ဘာနွားတွေ ဘာဘုံသားတွေလို့ပြောရမှန်းမသိတော့။ (ဆုံကူမလှည့်တဲ့နွားတွေအကြောင်း)

တော်လှန်ရေးကောင်စီ...တဲ့။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ...တဲ့။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့တဲ့။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကော်မတီ...တဲ့။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့...တဲ့။ ပြည်ထော်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ...တဲ့။ အမျိုး ဘာသာ သာသနာ...တဲ့။ ၉၆၉ ...တဲ့။ သာသနာ့နုဂ္ဂဟအသင်း...တဲ့။ အင်း... ဘာတွေဆက်ဖြစ်ဦးမလဲ။ ဘာပဲဖြစ်ဖြစ်ပါ တိုင်းပြည်နဲ့လူထုကတော့ ရှင်ကြီးတလှည့် ကျားတလှည့်။ ဒိုင်းဝန်တလှည့် မောင်ပုလဲတလှည့်ဆိုတဲ့ ”အပြောင်းအလဲ”အောက်မှာ ”အလှည့်အပြောင်း”နဲ့”နားလှည့်ပါးရိုက်” သံသရာသာလည်လေတယ်။ ဗုံလုံတလှည့် ငါးပျံတလှည့်တို့ ရေစီးတခါ ရေသာတလှည့်တို့သာ မရှိတာ။ အရေးထဲ တောင်းပန်ဖို့တောင်းပန်ပါတယ်ဆိုသူနဲ့။ မတောင်းပန်ခင်က ကြိုတင်ခွင့်လွှတ်သူနဲ့။ ခွင့်လွှတ် အငှားလိုက်သူနဲ့။ သင်ပုန်းချေရေးအလံရှူးနဲ့။ အဲ့လူတွေကြည့်ပြီး ဇော်ကြီးပြောတဲ့ ”မြွေသူတော်သူကြီး” ပါးစပ်ထဲဝင်နေကြတဲ့ ”မြွေသူတော်လေးတွေ”လား၊ ”ကြောင်သူတော်”တွေလား၊ မျက်စေ့တမင်လည်နေတဲ့ ”ဖိုးသူတော်”တွေလား၊ သတင်းလွေ့လွေ့ပေါင်းဖက်တွေ့နေတဲ့ ”သူတော်ချင်းချင်း” တွေလားဝေခွဲဖို့ မခက်တော့တာသေချာတယ်။ (ကြောင်သူတော်တွေအောကာင်း)

ကျနော် အဲ့လမ်းခွဆုံကလေးကို ခနခနရောက်တယ်။ မေပယ်လ်လမ်းကတော့ ကိုယ်နေတဲ့လမ်းမို့ တကူးတက မှတ်နေစရာမလိုဘူးလေ။ ဒါပေမယ့် မေပယ်လ်ကို လာဦးတိုက်တဲ့လမ်းလေးအမည်ကိုတော့ တခါမှ ဖတ်မကြည့်မိခဲ့ဖူးဘူး။ သတိမမူမိခဲ့ဘူး။ မနေ့ညနေကတော့ ဘီးတပ်ကုလားထိုင်က ဘက္ကထရီတွေစမ်းရင်းစီးရင်း အဲ့နေရာလေးရောက်တော့ ပြောင်းရိပ်စက်လက်တံကြီးတွေတင်လာတဲ့ ထရပ်ကားတစီးကိုရှောင်ဖို့ လမ်းဘေးချ ခနရပ်ထားတုန်း မော့ကြည့်မိတော့မှ လမ်းလေးအမည်က WHISPERING OAKSတဲ့ဗျ။ Tony Orlando ဆိုပြီး Irwin Levine နဲ့ L Russell Brown တို့ရေးတဲ့ Tie a Yellow Ribbon Old Oak Tree ရော၊ ပုသိမ်မောင်စိမ်းသူဖွဲ့ပြီး မင်းမင်းလတ်ဆိုတဲ့ ယုဇနပင်နဲ့ဖဲကြိုးဝါရော၊ သုမောင်ရဲ့အချစ်သစ်ပင်ရော တန်းကနဲခေါင်းထဲဝင်ချလာတယ်။ ဒါနဲ့ရိုက်ယူထားလိုက်တယ်ဗျာ။ Whispering ကတော့ လေသံလေးနဲ့စကားပြောတာအပြင် သစ်ရွက်တွေကြားလေပြေလေညှင်းလေးတွေ တိုးဝင်တိုက်ခတ်သွားတဲ့အခါ ထွက်လာတဲ့အသံလေးကိုရောသုံးတာဗျာ။ OAK TREE ကိုတော့ ဝက်သစ်ချပင်အဖြစ် ကျနော်တို့နဲ့ရင်းနှီးပြီးသားမှတ်တယ်။