Sunday, November 17, 2013

နိုဝင်ဘာတတိယအပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
နိုဝင်ဘာတတိယအပတ်ထဲ ရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
”အမေရိကန်ကကောင်တွေ ဟမ်ဘာဂါလေးစားလိုက် ဘီယာလေးသောက်လိုက်နဲ့ ဒူးနှန့်ပြီးနိုင်ငံရေးလုပ်နေကြတယ်”ဆိုတဲ့အပြောမျိုး ကြားဖူးပေါင်းများပြီ။ အရင်ဆုံး အမေရိကန်ကောင်တွေအကြောင်းပြောပါ့မယ်။ အမေရိကန်ကောင်တွေမှာ အကြမ်းဖျဉ်း ၂ မျိုး ခွဲရမှာပါ။ တမျိုးက အင်္ဂလိပ်လိုကောင်းကောင်း မတတ်၊ ကိုယ့်ထမင်းကိုယ်ရှာစား ကိုယ့်အိပ်စိုက်ပိုက်ဆံလေးနဲ့ တစ်ပိုင်တစ်နိုင် ရွှေပြည်ကြီးရဲ့အရေး (နိုင်ငံရေး)လုပ်နေကြသူတွေဖြစ်တယ်။ သူတို့က များသောအားဖြင့် သံရုံးတွေရှေ့၊ အိမ်ဖြူတော်ရှေ့၊ ကုလသမဂ္ဂအဆောက်အဦးရှေ့လိုနေရာတွေမှာ ဆန္ဒပြပွဲတွေလုပ်ကြ၊ အမေရိကန်အစိုးရနဲ့ ကွန်ဂရက်စ်မှာတောင်းကြဆိုကြတယ်။ လူထုနဲ့တိုင်းပြည်နဲ့ဆိုင်တဲ့ အထိမ်းအမှတ်နေ့တွေဆိုလည်း မရှိရှိတာလေးတွေစုစက်ပြီး ပွဲလေးတွေမလှလှအောင် မဖြစ်ဖြစ်အောင်လုပ်ကြသူတွေပါ။ သူတို့ကို မီဒီယာကြီးတွေက ဖုတ်လေတဲ့ငါးပိရှိတယ်လို့တောင်မထင်တတ်ကြပါ။  ရယ်စရာလုပ်ပြောရရင် ပေစုတ်စုတ်တွေများပါတယ်။ မျက်နှာကြောတင်းမယ်။ နိုင်ငံရေးရပ်ခံချက်သွားထိလို့ကတော့ မိုးပါမီးလောင်သွားမယ်။ နောက်တမျိုးက ပရိုပိုဆယ်လ်နဲ့ Funds နဲ့ ထောက်ပံ့ငွေနဲ့ လခစားနဲ့စတဲ့သဏ္ဍန်တွေနဲ့ လုပ်ကြတာ။ သူတို့က အင်္ဂလိပ်လိုကောင်းကောင်း တတ်တယ်။ ငွေနဲ့အာဏာရှိသူတွေဆီ အဝင်အထွက်နဲ့အလွမ်းသင့်တယ်။ (လိုအပ်တဲ့အခါမျိုးမယ်) သူတို့နဲ့ဆိုင်မယ်လို့ထင်ရတဲ့အခမ်းအနားတွေကို ပိုက်ဆံဗုန်းဘောလအောသုံးပြီးလုပ်တယ်။ ဝတ်ကောင်းစားလှတွေနဲ့ရှေ့ဆုံးတန်းမှာထိုင်မယ်။ လော်ဘီလို့ခေါ်တဲ့အလုပ်မျိုး လုပ်မယ်။ ထောက်ပံ့ကြေးနဲ့ ကျောင်းတက်မယ်။ နိုင်ငံရေးရပ်ခံချက်ကို သွားထိရုံမကဘူး မှောက်လှန်ပစ်ဦးတောင် လူကြီးလူကောင်းဆန်တဲ့အပြုံးပန်းလေး ပွင့်ပြတတ်တယ်။ ရီတတ်မောတတ်သလို လှောင်တတ်ပြောင်တတ်နဲ့ မျက်နှာထားတင်းတယ်။ မျက်ခွက်လည်းပြောင်တယ်။ မီဒီယာကြီးတွေထဲ အသံ/ရုပ်စတာတွေပါမယ်။ ဟမ်ဘာဂါဆိုတာက အမေရိကန်မှာ ဆင်းရဲသား (တနည်းပြောရရင် အိမ်မှာချက်ပြုတ်စားနိုင်လောက်အောင်အချိန်မရှိသူနဲ့ စားသောက်ဆိုင်တွေက စားကောင်းသောက်ဖွယ်တွေ ဝယ်စားနိုင်လောက်အောင် ဝင်ငွေမမြင့်သူတွေ) စားတာပါ။ နောက်တနည်းပြောရရင် ဆင်းရဲသားအစား၊ အလုပ်ကြမ်းသမားအစားလို့ပြောလို့ရသလို ဈေးအပေါဆုံးအသက်သာဆုံးနဲ့ စားရအလွယ်ဆုံးလည်းဖြစ်ပါတယ်။ ပထမအမျိုးအစားကလူတွေ အိမ်မှာထမင်းချက်စားဖို့အချိန်မရတဲ့အခါ ဟမ်ဘာဂါမစားချင်ပဲ စားရပါတယ်။ ဘီယာကျတော့ ဒီမှာ သောက်ရေထက်ဈေးကြီးတဲ့နေရာတွေများပါတယ်။ ဓါတ်ဆီဆိုင်မှာ ဘားBar မှာ ဘီယာတစ်ဗူးဈေးက ရေသန့်တစ်ဗူးဈေးထက် ပိုတတ်ပါတယ်။ ဒါတောင် ပထမပြောတဲ့အမျိုးအစားကလူတွေဟာ ဘီယာကို ရေလိုသောက်ဖို့မပြောနဲ့ အိမ်မှာတောင် ပိုက်ကလာတဲ့ရေပဲအသောက်များပါတယ်။ အဲ့ရေက သောက်လို့လည်းဖြစ်ပါတယ်။ ဘာအန္တရာယ်မှမရှိပါ။ အမူးအမော်လေးများကြိုက်လို့ သောက်ကြတယ်ဆိုလည်း ဈေးပေါတဲ့ဝီစကီလို ဗော့ဒကာလို ဟာမျိုးတွေသောက်ပြီး စကားကျယ်လောင်ငြင်းခုန် ရန်ဖြစ်တတ်ပါတယ်။ ဒုတိယအမျိုးအစားကလူတွေကတော့ မလွဲသာလို့စားရတယ်ဆိုတောင် ဟမ်ဘာဂါကို အော့နှလုံးနာနာနဲ့ စားကြရရှာသူတွေပါ။ စားသောက်ဆိုင်ကြီးတွေမှာ ဧည့်ခံပွဲကြီးတွေမှာ အီတလီစာ ပြင်သစ်စာဘာညာတွေနဲ့ ဝမ်းဖြည့်ကြတာများပါတယ်။ ဘီယာထက် ဝိုင်အကောင်းစားကို ဝိုင်ကလပ်လေးတွေ လှုပ်ကာလှုပ်ကာသောက်ပါတယ်။ အရက်အကောင်းစားကို လူကြီးလူကောင်းသောက် သောက်ပြတတ်ပါတယ်။ ဘီယာ၊ ဝီစကီအပေါစား၊ ဗော့ဒကာအညံ့စားများဆို လျှာပေါ်တောင်တင်မကြည့်ဖူးပါ။ ဆိုတော့ ”အမေရိကားကကောင်တွေ ဟမ်ဘာဂါလေးစားလိုက် ဘီယာလေးသောက်လိုက် ဒူးနှန့်ပြီးနိုင်ငံရေးလုပ်ကြတယ်”ဆိုတဲ့စကားကို ပြန်တွေးလို့ရအောင် ချပြတာပါ။
(ဟမ်ဘာဂါ ဘီယာနိုင်ငံရေး)
ရွှေပြည်ကြီးက ဒီမိုကရေစီအတိုက်အခံနိုင်ငံရေးသမားများပြောပါတယ်.. နံမည်က ဗမာမဆန်ရင်လည်း ရှင်းရ၊ ဘောင်းဘီရှည်ဝတ်မိလည်း ရှင်းရ၊ တိုက်ပုံမဝတ်မိလည်း ရှင်းရ၊ မှတ်ပုံတင်ပြပြီး ဘာပါလို့လည်း ရှင်းရ၊ ယူမိတဲ့လင် ယူမိတဲ့မယား ဘာကိုးကွယ်ကြောင်းလည်း ရှင်းရ၊ မိန်းမဆေးရုံတက်လည်း ရှင်းရ၊ ရှင်းရ….ရှင်းရ…ရှင်းရတွေများလှချည့်။ အင်း သင်္ကာမကင်းအဖြစ်ခံရတာနဲ့ သင်္ကာရှင်းရတယ်ဆိုတာ နိုင်ငံရေးမှာ ငွေကြေး မိန်းမနဲ့တံစိုးလက်ဆောင်တင် မကတော့တဲ့ခေတ်ပါလား၊ အဖြစ်ပါလား။ (သင်္ကရှင်းတဆဲ့နိုင်ငံရေး)
နေဝင်းမြေးတွေလွတ်လာတာကို သန်းရွှေမြေးဖိုးလပြည့်နဲ့ ပွဲကြီးပွဲကောင်းတွေ့ကြပြီလို့လောက်သာမှတ်ရင် နိုင်ငံရေးအရပြောတာလို့သတ်မှတ်ဖို့ မလွယ်ဘူးထင်တယ်။ သန်းရွှေမြေးက ယဉ်ထိန်းရဲလောက် ပါးရိုက်တာ၊ သူဌေးသမီးကောင်မချောချောလေးတွေလောက် ခြေတော်တင် တာ၊ ငွေကို လေလိုဖြုန်း တာ။ နေဝင်းမြေးတွေက ကိုယ့်ကိုယ်ကို ”စစ်ခွေး”လို့အတိအလင်းကြေညာပြီး ”နိုင်ငံရေးမှမဟုတ်ဘူး စစ်တပ်ခိုင်းရင်ဘာမဆိုလုပ်မယ်” ဆိုကာ အမျိုး ဘာသာ သာသနာလို့ကြုံးဝါးပြီး ဘီလူးဆိုင်းနဲ့ဘီလူးကြိမ်း ကြိမ်းပြီးထွက်ချလာတာအလကားမဟုတ်ဘူး မှတ်တယ်။ ပြောဝံ့လို့ ပြောရဲလို့ ပြောရလို့ပြော တာ။ လေထဲပျောက်သွားရုံလောက်ပြောတာမဟုတ်ဘူး။ ဒီစကားမျိုးပြောတာ အခန့်မသင့်ရင် ဘာဖြစ်သွားနိုင်တယ်ဆိုတာမသိလို့ မျက်ကန်းတစ္ဆေမကြောက် လျှောက်ပြောနေတာမဟုတ်ဘူးလို့ ယူဆတယ်။ စစ်တပ်ကို ဖာဆွယ်ဖေါက်သည်ဆွယ်သလို အပြိုင်ဆွယ်နေကြတဲ့အထဲမှာ ခုဆို နေဝင်းမျိုးဆက်လည်းပါလာပြီဆိုတဲ့အကြောင်း လူသိရှင်ကြားပြောတာလို့မြင်တယ်။
(နေဝင်းလေးတွေကိစ္စ)
မောင်းပြန်သေနတ်လေးတွေကိုင်ထားတဲ့ရဲသားလေးတွေကို ဂဏန်းကျစ်စာခဲကြီးတွေကိုင်ထားတဲ့ လယ်သူမကြီးတွေကအကြမ်းဖက်လို့ ရဲလေးတွေခမျာဒဏ်ရာအနာရဖြစ်ကြရတယ်လို့ မဆိုရုံတမယ်ပြောဆိုတာမြင်တော့ အမြောက်ကြီးတွေ စက်သေနတ်ကြီးတွေ ဒုံးကျည်တွေအပြည့်နဲ့ အစ္စရေးလ်သံချပ်ကာကားကြီးကို လမ်းဘေးကအုတ်ခဲနဲ့ကောက်ထုနေတဲ့ ပါလက်စတိုင်းကလေးတွေကိုပဲ မျက်စေ့ထဲမြင်ယောင်မိတော့တယ်။ မတူတာက ပါလက်စတိုင်းကလေးငယ်ရဲ့ ပေါက်လိုက်တဲ့ခဲလုံးတိုင်းမှာ နာကျည်းမှုခါးသီးမှုဒဏ်ရာနဲ့ တစ်ဘဝစာအနာတရတွေပါတယ်။ လက်ပန်းတောင်းတောင်သူတွေဆီ စစ်အုပ်စုကပစ်လွှတ်လိုက်တဲ့ကျည်ဆန်တွေထဲမတော့ အတ္တအကျိုးစီးပွားအာဏာရမက်ဇောနဲ့ ဆယ်ဘဝစာဖြုန်းမကုန်မယ့်ဓနဥစ္စာတွေပါတယ်။ တူတာက ပါလက်စတိုင်းကလေးငယ်ရော လက်ပန်းတောင်းတောင်သူတွေရော ဘဝအထိပါးခံရတာ။ အသက်ရှင်သန်မှုအထိပါးခံရတာ။ ဘဝထိပါးခံရလို့ ဘဝနဲ့ရင်းပြီး ဘဝကိုပြန်လုယူနေကြရတာပဲ။ (လက်ပန်းတောင်ဘဝလုပွဲ)
ဆင်ထိန်းဦးသိန်းစိန် ဆင်ထိုးဆင်နင်းပြီးကွယ်လွန်တော့ ဆင်ကရခိုင်ဆင် အထိုးခံရတာက သိန်းစိန်၊ ဒါ့ကြောင့် ရခိုင်အကြမ်းဖက်လူသတ်မီးရှိုကိစ္စတွေကြောင့် သမ္မတသိန်းစိန်ပြုတ်မစိုးလို့ ယတြာချေတာ ဆိုတာကတစ်မျိုး၊ ဆင်ဆိုတာက အင်္ဂါနံ ဒေါ်စုကအင်္ဂါသမီး၊ သိန်းစိန်က ဒေါ်စုကြောင့် ပြုတ်ကိန်းမြင်လို့ ယတြာချေတာဘာညာနဲ့က တစ်ဖုံ။ တခါ ပန်းဘဲတန်းအမတ် ဦးအောင်ဆန်း လွှတ်တော်ထဲ လဲကျသေဆုံးတော့လည်း လာပြန်တယ်။ အောင်ဆန်းက ဒေါ်စုအမည်ရဲ့ရှေ့ဆုံးစာလုံး (ဗိုလ်ချုပ်အောင်ဆန်းအမည်လို့တောင် မပြောကြတာသတိထားမိတယ်) တခါ နောက်နေ့မနက်လွှတ်တော်တက်တော့ ဒေါ်စုက အနက်ရောင်ဝမ်းဆက်နဲ့ဆိုလား။ ဦးအောင်ဆန်းသေတာ ဝမ်းနည်းလို့ဝတ်တာဆိုပဲ။ ပထမနေ့တည်းက အဲ့ဝတ်စုံကိုပြင်ထားတာဆိုတော့ ဦးအောင်ဆန်းသေမှာ ကြိုသိလို့နေမှာဆိုတာက တမှောင့်။ ဒီကြားထဲ ဟိုနံမည်ကြီးရော မကြီးတကြီးရော ဗေဒင်ဆရာပေါက်စရောက ၂၀၁၅ မတိုင်ခင်မှာနဲ့ အပြီးမှာဘာဖြစ်မယ်ညာဖြစ်မယ် ဆိုတာကတလှီ။ အင်း… သန်းရွှေတို့ ရွှေမန်းတို့ ခင်အောင်မြင့်တို့ ဌေးဦးတို့ မင်းအောင်လှိုင်တို့ စတဲ့စစ်ဗိုလ်သစ်စစ်ဗိုလ်ဟောင်းတွေနဲ့ နံမည်တူမှည့်မိတဲ့သူတွေလည်း တထိတ်ထိတ်။ အင်း ကြားချောင် ခင်ညွန့်က လက်ခမောင်းခတ်နေတယ်။ ခု သူ့ဆရာလားတပည့်လား မိုက်ဖော်မိုက်ဘက်လား နှစ်ပယ်ရှင်းခံဘက်တွေလား စုစု စုစုပြန်လုပ်လာကြရင် အမျိုး ဘာသာ သာနာကြီးကတော့ နေလိုလလို ထွန်းလင်းဦးမပေါ့။ (ယတြာများတဲ့နိုင်ငံရေး)
"ဖေဖေထူထောင်ခဲ့တဲ့တပ်မတော်ကြီးဂိုဏ်း"ရယ်။ "အဖေကြီးပြုစုခဲ့တဲ့မြင်မြတ်တဲ့တပ်မတော်ကြီး" ဂိုဏ်းရယ်။ "ဖိုးဖိုးစောင့်ရှောက်ခဲ့တဲ့တပ်မတော်ကြီးဂိုဏ်း"ရယ်အားပြိုင်ရင်း မျက်စပြစ်ရင်း ဧည့်ကြိုရင်း ဆွယ်ရင်း မျှော်ရင်း ဂိုဏ်းပေါင်းစုံဗိုလ်ချုပ်ကြီးများ ဓနဥစ္စာတည်တံ့ကြီးပွားရေးပွဲကြီးဖြစ်မနေဘူးလို့ ဘယ်သူယတိပြတ်ဆိုနိုင်မလဲ။ (ဂိုင်းပေါင်းစုံဗိုလ်ဝင်ကြသူများ)
၂ဝဝ၈ ဖွဲ့စည်းပုံကိုလေးစားလိုက်နာကာကွယ်စောင့်ရှောက်ပါ့မယ်ဆိုကာ၊ (ဘယ်ဥပဒေလို့တိတိ လင်းလင်းမဆိုပဲ)တရားဥပဒေစိုးမိုးရေးလုပ်ပါ့မယ်ဆိုကာ၊ စစ်တပိုင်းလွှတ်တော်ထဲဝင်သွားပြီး လက်ပန်းတောင်ကိစ္စမှာ "တရားဥပဒေချိုးဖေါက်ရင်အရေးယူဖို့ ကျွန်မကိုယ်တိုင်ပြောထားတယ်"လို့ ကာယကံရှင် ဒေါ်စုကိုယ်တိုင်ဆိုခဲ့လုပ်ခဲ့တာ လူတိုင်းအသိ။ ဒါကို နည်းပရိယယ်တို့ နည်းဗျူဟာတို့ မှန်ကန်ရဲရင့်တဲ့ဆုံးဖြတ်ချက်တို့ တိုင်းပြည်အတွက်အကောင်းဆုံးတို့ စသည်ဖြင့်မြင်သူပြောသူလည်းပြော၊ အဲ့ဒါနဲ့ဆန့်ကျင်ဘက်မြင်သူပြောသူလည်းပြော ပြောနေကြတာပါ။ ဘယ်ဟာအမှန် ဘယ်ဟာအမှားဆိုတာ သမိုင်းကသက်သေပြပါလိမ့်မယ်။ လတ်တလောမှာတော့ တချိန်တုန်းက လူထုခေါင်းဆောင်ရယ်လို့ မြတ်နိုး ဦးထိပ်ထားခဲ့တဲ့ပြည်သူတွေကိုယ်တိုင် ဘယ်လိုမြင်လာတွေးလာ ခံစားလာရသလဲဆိုတာလည်း ဆန်းစစ်ဖို့လိုမှာပါ။ ခု တည်ဆဲဥပဒေတွေစိုးမိုးဖို့ လွှတ်တော်မှာတရားဝင်တာဝန်လည်းယူထားတယ်၊ အဲ့ဥပဒေတွေချိုးဖေါက်ရင်အရေးယူပါလို့လည်း စစ်အာဏာပိုင်တွေကိုပြောထားတယ်။ ဆိုတော့ သူကိုယ်တိုင်လည်း အဲ့ဥပဒေတွေကိုချိုးဖေါက်ဖို့မဆိုနဲ့ အတိအလင်းလေးစား လိုက်နာပြရမှာသူ့တာဝန်ပါ။ ချိုးဖေါက်လို့ မရပါ။ ချိုးဖေါက်ရင် သူ့စကားနဲ့သူပြန် အရေးယူခံဖို့ပဲရှိပါတယ်။ အဲ့သလိုအရေးယူခံရမယ် ဆိုလည်း သူကျေနပ်မယ်ထင်ပါတယ်။ ပြည်သူတွေက မကျေနပ်ရင်သာ တစ်မျိုးဖြစ်ချင်ဖြစ်မယ်။ ကိုယ်တိုင် တရားပဒေစိုးမိုးရေးဥက္ကဌအနေနဲ့ စံပြအရေးယူခံပြခံဝံ့သူဖြစ်မယ်ဆိုတာလည်း ယုံပါတယ်။ အဲ့သလောက် ကာယကံရှင်ကိုယ်တိုင်ကပြောနေတဲ့ကြားထဲ (ကြပ်ပြေးမှာလုပ်မယ့် ၂ဝဝ၈ဖွဲ့စည်းပုံပြင်/သစ်ရေးဟောပြောပွဲမလုပ်ဖို့ ရဲမှူးတစ်ယောက်ကလာတားတာ)ကို ဘာလို့များ မခံမရပ်နိုင်ဖြစ်ပြီး တခုတ်တရပြောနေကြသလဲဆိုတာ တွေးလို့မရနိုင်ပါ။ ရဲအရေးယူပိုင်ခွင့်အရပဲဖြစ်ဖြစ်၊ တည်ဆဲဥပဒေသဘောအရပဲဖြစ်ဖြစ်မချိုးဖေါက်နဲ့ဆို ချိုးဖေါက်လို့မရပါ။ ဒေါ်စုလည်း သိပါတယ်။ သူချိုးဖေါက်ရင် ဘာဖြစ်လာနိုင်မလဲဆိုတာ။ ဥပဒေစိုးမိုးရေးဆိုတာပေါ်မှာ သူကိုယ်တိုင် ဘယ်လိုသဘောထားမှန်း မသိကြတာများလားတောင်တွေးစရာဖြစ်နေတယ်ဗျာ။

Wednesday, November 13, 2013

နိုဝင်ဘာအဆန်းမှာရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ မျိုးမြင့်ချို

0 comments
နိုဝင်ဘာအဆန်းမှာရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ မျိုးမြင့်ချို
မကြာခင်မှာ သမ္မတဟောင်းဘီလ်ကလင်တန် ဗမာပြည်လာပြီး ငြိမ်းချမ်းရေးစင်န်တာကမောင်တွေကို သြဝါဒပဲလာချွေမှာလိုလို အသံထွက်နေတဲ့အကြောင်း ခုပဲ မိတ်ဆွေတစ်ယောက်က လှမ်းပြောတယ်။ လာမယ့် သမ္မတရွေးကောက်ပွဲကျရင် ဒီမိုကရက်ပါတီကနေ သမ္မတလောင်းအဖြစ် သူ့မိန်းမဟီလာရီကလင်တန် (သမ္မတဟောင်းကတော်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း)ဝင်အရွေးခံတော့မှာလိုလို လှော်သံညှော် သံလေးများ ဒီမှာထွက်နေတယ်။ ပါတီတွင်း သမ္မတလောင်းနေရာပြိုင်ကြရင်လည်း သူပဲရမှာသေချာတယ်ဆိုပြီး တစ်ပေးတဲ့သဘောမျိုးပြောသံကြားနေတယ်။ လူတစ်သောင်းလောက်ကို စစ်တမ်းကောက်ကြည့်တော့လည်း သူ့ပဲကြိုက်ကြတယ်လို့ဆိုတယ်။ လှော်ပုံလေးများကလည်း မီဒီယာအပါးဝကြီးတွေဆိုတော့ လှပါ့။ ဝါဖြန့်တာကို ဖြန့်မှန်းသိသိနဲ့ စာဆုံးတဲ့အထိ
လိုက်ဖတ်မိသူလိုဖြစ်ရတယ်။ ဒီမိုကရက်ပါတီယိမ်းတဲ့ လိုလားတဲ့စတုတ္ထမဏ္ဍိုင်ကြီးတွေ၊ စတုတ္ထဒေါက်တိုင်ကြီးတွေထဲက တီဗီအစီအစဉ်တခုရဲ့ ဉာဏ်စမ်းပုစ္ဆာဆန်ဆန် အမေးအဖြေမှာ ယောက်ျားသမ္မတဖြစ်တော့ မစ္စတာပြဲဆီးဒင့်လို့ခေါ်ပြီး မိန်းမသမ္မတဖြစ်ခဲ့ရင် ဘာလို့ခေါ်မလဲလို့မေးတော့ ဖြေသူက မဒမ်ပြဲဆီးဒင့် လို့ခေါ်ရမှာပေါ့လို့ဖြေတာကို မနေ့ညက ကြည့်ရင်းကြားလိုက်သေးတယ်။ တနိုင်ငံငံမှာ အမျိုးသမီးတွေနိုင်ငံရေးအာဏာထဲက အမြင့်ဆုံးနေရာတွေကိုများ ရောက်လာပလားဟဲ့ဆို လွန်လေပြီးသောနှစ်အစိတ်တာကလများကတည်းကနေ ကနေ့အထိ အင်း ငါတို့ဆီမလည်းဆိုတဲ့မျှော်လင့်ချက်မှိန်ပြပြလေးနဲ့ ခြိမ်းခြိမ်းမည်အောင်ကြုံးဝါးခဲ့ကြတဲ့အဖြစ်တွေ...။ ထိုင်းမှာ အမျိုးသမီး ဝန်ကြီးချုပ်တက်ဖြစ်တယ်ဆိုတော့ နှစ်ထောင်းအားရှိလှခဲ့ကြ။ ဒီလိုနဲ့ နောက်ဆုံး သက်ဆင်ရှင်နာဝပ်ရဲ့နှမ ယင်လတ်လည်း ခုတော့ ဗူးပေါ်သလိုပေါ်။ ကျနော်တို့ဆီမလည်း ဒူးနေရာဒူး တော်နေရာတော်။

ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာနဲ့ ရန်သူကိုမိတ်ဆွေလုပ်တာဟာ မတူသမှ၊ ခြားနားသမှ။ ရန်သူကိုမိတ်ဆွေလုပ်သူတွေအဖို့ မိတ်ဆွေကိုရန်သူမလုပ်ပဲမှမရလေ။ ဆိုတော့ ရန်သူနဲ့"မိတ်" ဖြစ်ဖို့ မိတ်ဆွေကို"ရန်"အရင်လုပ်ကြရရှာ။ (ဒဂုန်တာရာရဲ နိုင်ငံရေးယဉ်ကျေးမှု (ရန်သူကိုမိတ်ဆွေဖြစ်အောင် လုပ်) အကောက်အယူက (ဖြစ်အောင်)ဆိုတဲ့စကားကို တမင်ချန်ပြီးပြောနေသုံးနေ လုပ်နေသူတွေအဖို့သာ)

အရင်ကတော့ ဘာသာလူမျိုးအခြေခံအကြမ်းဖက်လူသတ်မီးရို့တော့မယ်ဆို သမ္မတကြီးကိုထောက်ခံတယ်ဆိုရင် ပွဲကပြတ်တယ်။ ဘာလုပ်လုပ် ပါမစ်ရသွားတာမျိုး။ ခုတော့ သမ္မတကြီးလည်း တောင်မင်းနဲ့မြောက်မင်းရန်ဖြစ်ချင်ယောင်ဆောင်ထားရချိန်၊ တဘက်မှာလည်း ဗိုလ်ရွှေမန်းပွဲထုတ်ချိန်၊ လျှပ်စစ်မီတာခကိစ္စနဲ့ အစိုးရ၊ ဝန်ကြီးဌာနနဲ့ဗိုလ်ရွှေမန်းစစ်လွှတ်တော် (ဖဲသုံးချပ်ဝိုင်း)က အစွမ်းပြချိန်ဆိုတော့ အိုအိုင်စီဆန့်ကျင်ရေးလုပ်ရင်း ဗိုလ်ရွှေမန်းထောက်ခံပွဲလေးများပါ သွင်းလိုက်လို့ကတော့ စည်လိုက်မယ့်ပွဲ။

လိင်တူနဲ့လိင်နှစ်ဘက်သွား စခန်းသွားကြတယ်ဆိုတာ ရယ်စရာ လှောင်စရာ ပြစ်တင်ရှူံ့ချစရာ မလိုလား အပ်စရာ ရှက်စရာ ကြောက်စရာ လူ့အသိုင်းအဝိုင်းက မနှစ်လိုသင့်တဲ့အရာ စသည်ဖြင့်အမြင်တွေဟာ လူ့လိင်စိတ်သဘောကိုဆန့်ကျင်ပြီး ဘာသာ သို့မဟုတ် အခြားယုံကြည်ရာတခုခုထဲက ”လိင်တစ်ခုထဲကသာကြီးစိုးရေးအစွန်းရောက်အယူ”တွေနဲ့ ”လိင်အစွန်းရောက်သမား”တွေမှာတွေ့ရ တတ်တဲ့လက္ခဏာချက်မျှ။ ဘာသာလူမျိုးအစွန်းရောက်မှုဟာ လူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုနဲ့ အန္တရယ်ဖြစ်သလို ”လိင်အစွန်းရောက်မှု”ဟာလည်း လိင်တူနဲ့လိင်နှစ်ဘက်သွားတွေအဖို့ ခြိမ်းခြောက်မှုနဲ့ အန္တရာယ်။ ဘာသာလူမျိုးအစွန်းရောက်သမားအများစုနဲ့ လိင်အစွန်းရောက်သမားတွေဟာ အလွမ်းသင့်ကြတာပဲ။ သူတို့တွေဟာ လိင်ကွဲဆက်ဆံမှုကသာ လူသားရဲ့အပြုအမူမှန်၊ သဘာဝကျတဲ့တရား၊ ဘုရားသခင်အလိုတော် စသည်ဖြင့်တွေ မွှမ်းလေ့ရှိကြတာ။ ဆိုတော့ အစွန်းရောက်သမားဟာ အစွန်းရောက်မှုမှာမွေ့လျော်ပြီး အစွန်းရောက်အယူမှန်သမျှကို သိမ်းပိုက်ထွေးပွေ့ကာ သာယာနေတတ်တော့တာပါ။

ဟိုလူကြီး ဒီလာတုန်းက ဖိနပ်နဲ့ပေါက်တာကို သူငယ်ချင်းကဗျာဆရာက ”ဖနောင့်နဲ့ပေါက်သူကို ဖိနပ်နဲ့ပေါက်တာလောက်ပါ”သဘောမျိုးဆိုခဲ့တယ် သူ့ကဗျာမှာ။ ခုတော့ ဖိနပ်နဲ့ပေါက်ခဲ့ဖူးသူက ဖနောင့်နဲ့ပေါက်နေဆဲသူကို တောင်းပန်ဖို့တောင်းပန်ပါတယ်ဆိုတော့ အင်း…တောင်းပန်ရင်း၊ တိုးလျှိုးရင်းဆိုတော့ သူ့အဖို့ ဖိနပ်အောက်ရောက်နေပြီဆိုတာမှန်ရင် ဖနောင့်စာမိစရာတော့ မရှိတော့ဘူးမှတ်တယ်။ ခုနေ အဲ့ဒီသူငယ်ချင်းကဗျာဆရာက ဘာများပြောဦးမှာပါလိမ့်လို့ မေးကြည့်ရဦးမယ်။

(ဗိုလ်ကျတဲ့ဗိုလ်)

စစ်ကြီးတခုပြီးသွားရင်
စစ်ဗိုလ်ကြီးတွေ
ဗိုလ်လုပ်တာများ
စကားလုပ်လို့

ရွှေပြည်ကြီးမှာ
ဘာစစ်ကြီးမှမပြီးပဲ
စစ်ဗိုလ်ကြီးတွေချည်း
ဗိုလ်ကျနေတာ
ကြာပြီ

ခုတော့
သူပုန်မကြီးတဲ့
သူပုန်ဗိုလ်ကြီးတွေလည်း
ဗိုလ်ရှူသဘင်မှာ
ဗိုလ်ဝင်ခံနေကြ

လမ်းခင်းပေးမယ်၊ မီးလာအောင်လုပ်ပေးမယ်၊ ကျန်းမာရေးအာမခံဈေးပေါပေါနဲ့လုပ်ပေးမယ်၊ ဖွဲ့စည်းပုံပြင်မယ်၊ နိုင်ငံတော်ဘာသာပြဌာန်းမယ်၊ ငြိမ်းချမ်းရေးလုပ်မယ်၊ အလုပ်အကိုင်အခွင့် အလမ်းတွေဖန်တီးပေးမယ်၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်မယ် မယ်..မယ်…မယ်…မယ်…တွေ အမယ်စုံသလောက် မယ်မယ်ရရဘာမှမရှိတဲ့ မယ်မင်းကြီးမတွေ မောင်မင်းကြီးသားတွေ ပုဝါစုံချ ခေါင်းပေါင်းစတလူလူနဲ့ အောင်-လံ-ထူ-မဟဲ့ဆိုကာ စစ်-သူကြီးပွဲတော်တည်ဖို့သာ။

ကျနော် တနှစ်နီးပါးလောက်နေခဲ့ဖူးတဲ့အပါ့တ်မင်န့်ဟောင်းတစ်ခုမှာ စနေညတွေဆို (အမေရိကန်တချို့) ထုံးစံအတိုင်း ပါတီတွေတခြိမ်းခြိမ်း အခိုးအငွေ့လေးတွေတမှိန်းမှိန်းနဲ့ ဘုံကခုနှစ်စဉ်တောင် မကဘူးမှတ်တယ်။ သေနတ်ကလည်းပစ်သလားမမေးနဲ့။ သေနတ်သံမကြားရတဲ့ စနေညဟာ၊ ရဲကားသြဥသံတကွီကွီ တကွမ်ကွမ်မြည်သံ မကြားရတဲ့စနေညဟာ ညမဟုတ်ဘူးလို့တောင်ပြောရမှာလိုလို တထိတ်ထိတ်ပေါ့လေ။ အပါ့တ်မင်န့်ဆိုတော့လည်း အပေါ်ထပ်အောက်ထပ်က ကြမ်းတလွှာခြား၊ ဘေးဘယ်ညာက နံရံတထပ်သာခြားဆိုတော့ တွေးသာကြည့်ပေါ့။ နောက်တချက်က ကျနော်နေတာက အောက်ထပ်။ စနေညတိုင်း စနေနေ့ညဝေဒနာလေးတွေကလည်းပါ ဆိုတော့ ကောင်းစမှာ ခိုးခိုးခစ်ခစ်ကလေးတွေနဲ့ သာယာသံလိုရှိရာကနေ ရေချိန်ကိုက်ကြပလားဆို၊ လျှာလေးအာလေးတွေ၊ စကားပြောကိုဂီတနဲ့ရောထားထဲ့သီချင်းတွေ ကျယ်လောင်လာပလားဆို၊ တံခါးသံတဒုန်းဒုန်းတွေ အိမ်သာရေဆွဲချသံတဝုန်းဝုန်းတွေဆက်လာပလားဆို သိတ်မကြာတော့ဘူး သေနတ်သံတွေကြားရတော့မယ်မှတ်။ တညသား ၂ နာရီထိုးလောက်ရှိမယ် ဆူညံသံတွေကြောင့်အိပ်မရလို့ စာထိုင်ဖတ်နေတုန်း နောက်ဖေးဝင်ပေါက် တံခါးမကြီးအပြင်ဘက် မှန်ပါးပါးတစ်ချပ်သာခြားတဲ့ ၅ ပေသာသာလောက်သာလှမ်းတဲ့ ကွန်ကရိလမ်းလေးပေါ်မှာ လူ ၆ ယောက်လောက် သေနတ်တွေ တဒိုင်းဒိုင်းပစ်ကြ ဆဲကြဆိုကြ ပြေးကြလွှားကြ အော်ကြဟစ်ကြနဲ့ ကမ္ဘာခနပျက်သွားသလို အရာရာဟာကသောင်းကနင်း။ ကျနော် အခန်းမီးပိတ် တံခါးလိုက်ကာဆွဲမလို့ ထလည်းထ လက်ထဲမှာသေနတ်နဲ့ ငနဲတယောက်က သေနတ်နဲ့ယမ်းပြီး”ကွယ်နေ ကွယ်နေ” ဆိုတဲ့သဘောအချက်ပြတာနဲ့ အသာပဲ စာကြည့်စားပွဲဘေး ကွယ်နေလိုက်တယ်။ ရဲကားသံတွေလည်းကြားရော ကွန်ကရိလမ်းလေးပေါ်ကအသံဗလံတွေဟာ ထွက်ပြေးသွားတဲ့ဖိနပ်သံတွေနဲ့အတူ ပျောက်သွားတယ်။ လမ်းမီးရောင်အောက်က လမ်းလေးပေါ်မတော့ သွေးအလိမ်းလိမ်းနဲ့တယောက် ဘယ်ညာလူးလိမ့်လို့။ သူနဲ့ ၄ ပေလောက်မှာ တစ်ယောက်ကတော့ မှောက်ခုံကားရားကြီး ငြိမ်သက်နေလေရဲ့။ ၃ လက်မလောက်ထူတဲ့ နှင်းဖုံဖုံမွမွလေးတွေအပေါ်မှာ ဖိနပ်ရာတွေရှုပ်ရှက်ခတ်၊ လူးလဲနေသူဘေးက စွတ်စွတ်ဖြူနှင်းမွမွတွေပေါ်မှာတော့ နီစွေးစွေးရောင်တွေ ဟိုတစ်ကွက် ဒီတစ်ကွက်စွန်းပေလို့။ တယောက်က ဆောင်းအအေးနဲ့နှင်းအထိကို ဘာမှန်းဘယ်တော့မှ မသိနိုင်တော့ဘူး။ နောက်တယောက်က ဆောင်းအအေးနဲ့နှင်းထက်ဆိုးတဲ့ဒဏ်ခံနေရသလားပဲ။တအားအားနဲ့။ ကျနော်နေဖူးတဲ့ အမေရိကန်မက္ခရာနယ်မြေလေးပေါ့။

သူခိုးကြီး ဒမြ။ ဒမြကြီး သူပုန်။ သူပုန်ကြီး အစိုးရတဲ့။ အဲ့စကား ဘယ့်လောက်တရားပါ/မပါပြောချင်တာမဟုတ်ဘူး။ ရွှေပြည်ကြီးမတော့ သူပုန်ကြီးလို့ဖြစ်တဲ့အစိုးရမျိုး မမြင်ရသေးဘူး။ သူပုန်သေးရင် ဒမြပြန်ဖြစ်/မဖြစ်လည်း မပြောတတ်သေးဘူး။ ပြောနိုင်တာနဲ့ မြင်ရတာကတော့ သူပုန်သေးရင် လက်နက်နဲ့ တစ်ခုခုနဲ့လဲစားတာချည်းပဲ။ (ဥပမာ-ဖေါ့ဦးထုတ်၊ သွင်းကုန်ထုတ်ကုန်လိုင်စင်၊ ကားပါမစ်) အပိုဆောင်းက အရက်ခွဲတမ်း။

မိုဃ်းမသောက်၊ မှောင်မိုက် အရိပ်မပြေးမှီ၊

0 comments
ခရစ်ယာန်မဟုတ်တဲ့ ပညာတတ်ဗမာပြည်သားတွေအဖို့တော့ ဆော်လမွန်ဘုရင်အဖြစ် ထင်ရှားပြီး ပညာတတ်တတ်/မတတ်တတ် ခရစ်ယာန်ဘာသာဝင် ဗမာပြည်သားတွေအတွက် ရှောလမုန်မင်းကြီးအဖြစ်နှလုံးပိုက်ထားတဲ့ King Solomon ရေးဖွဲ့ခဲ့တယ်ဆိုတဲ့ ဓမ္မဟောင်းကျမ်းလာ ရှောလမုန်သီချင်း အခန်းကြီး ၁ နှင့် ၂တို့မှ ကောက်နှုတ်ဖော်ပြချက်။ စာလုံးပေါင်းသတ်ပုံ မြန်မာဘာသာအားဖြင့် ဆရာယုဒသန်အနက်ပြန်၍ပုံနှိပ်မူအတိုင်းဖြစ်ပါတယ်။ ဝါကျတွေကိုတော့ ကျနော့်သဘောနဲ့ကျနော် နေရာချထားတာဖြစ်ပါတယ်။ မကြိုက်ဘူးဆိုလည်း မကြိုက်လို့ရပါတယ်။ ကျနော်လည်း စိတ်ကြိုက်စီထားတာတော့ မဟုတ်ပါ။ ဆရာငြိမ်းကျော်ဝတ္ထုတွေကို တခါတခါပြန်သတိရမိတာလည်းပါပါတယ်။ မျိုးမြင့်ချို

အရှင်မင်းကြီးသည်
စားပွဲတော်နားမှာထိုင်နေစဉ်၊
ငါ ထုံသော နာဒုဆီမွှေးအနံ့သည်
တပျံ့ပျံ့တလှိုင်လှိုင်ဖြစ်လေ၏။
- ငါချစ်ရာသခင်သည်
ငါ မုရန်နံ့သာပုံဖြစ်၍၊
ငါ့ရင်အုံကြားမှာ တညဥ့်လုံးအိပ်ရမည်။
ငါချစ်ရာသခင်သည်
အင်္ဂေဒိဥယျဉ်မှဖြစ်သော
ဟင်္နာခက်ရွက်စည်းကဲ့သို့ဖြစ်ပါ၏။

ကျွန်မသည်
ရှာရုန်အရပ်နှင်းဆီပွင့်၊
ကွင်းပြင်ပေါက်သောနှင်းပွင့်မျှသာဖြစ်ပါ၏။

ဆူးတောထဲမှာ နှင်းပွင့်ထင်သကဲ့သို့၊
ငါချစ်သောသတို့သမီးသည်
လူမျိုးသမီးစုထဲမှာ ထင်ပေ၏။

တောစုပင်ထဲမှာရှောက်ချိုပင်ကဲ့သို့
ငါချစ်ရာသခင်သည်
လူမျိုးသားစုထဲမှာဖြစ်တော်မူ၏။

ငါသည်
သူ၏အရိပ်ဝယ် ပျော်မွေ့နေထိုင်၍၊
မြိန်စွာသောအသီးကိုစားရ၏။
- ပွဲခံရာအိမ်သို့
ငါ့ကိုဆောင်သွား၍၊
မေတ္တာတော်အလံကို ငါ့အပေါ်မှာမိုးတော်မူပြီ။

- ငါသည်
ချစ်ခြင်းအားဖြင့်ကြင်နာသည်ဖြစ်၍၊
ငါ့ကို စပျစ်သီးပျဉ်နှင့် အားဖြည့်ကြပါ။
ရှောက်ချိုသီးကိုကျွေး၍ သက်သာစေကြပါ။

- သခင်၏လက်ဝဲလက်သည်
ငါ့ခေါင်းကိုထောက်မလျှက်၊
လက်ျာလက်သည်
ငါ့ကိုဘက်လျှက်နေတော်မူပါစေ။

ယေရုရှလင်၏မြို့သမီးတို့၊
ငါချစ်သောသတို့သမီးသည်
အလိုလိုမနိုးမှီတိုင်အောင်၊
မလှုပ်မနှိုးမည့်အကြောင်း
တောကျင်လည်သောသမင်ဒရယ်များကိုတိုင်တည်၍
သင်တို့ကို ငါ မှာထား၏။

ငါချစ်ရာသခင်၏စကားသံပေ။
ကြည့်ပါ။
တောင်ကြီးတောင်ငယ်တို့ကို
ခုန်ကျော်လျှက်ကြွလာ၏။

-ငါချစ်ရာသခင်သည်
သမင်ဒရယ်သငယ်နှင့်တူပါ၏။
ကြည့်ပါ။
အုပ်ရိုးပြင်မှာရပ်တော်မူ၏။

ပြတင်းပေါက်ဝတွင်ကြည့်လျှက်၊
ပြတင်းရွက်ကြားမှာ
ကိုယ်ကိုပြလျှက်နေတော်မူ၏။

- ငါချစ်ရာသခင်သည်
ခေါ်၍ပြောသည်ကား၊
ငါချစ်သောနှမ၊
ငါ၏မိန်းမလှ၊
ထ၍လာခဲ့ပါ။

-ဆောင်းကာလလွန်ပြီ။
မိုဃ်းလည်းကြည်လင်ပြီ။
-မြေကြီးပေါ်မှာ ပန်းများပွင့်ကြပြီ။
ငှက်တို့ မြည်တွန်ချိန်လည်း ရောက်လေပြီ။
ငါတို့မြေ ချိုးငှက်တွန်သံကိုလည်းကြားရ၏။
သင်္ဘောသဖန်းပင်သည် စိမ်းသောအသီးကိုမှည့်စေ၏။
စပျစ်နွယ်ပင်လည်း ပွင့်လျှက်မွှေးကြိုင်၏။

ငါချစ်သောနှမ၊
ငါ့မိန်းမလှ၊
ထ၍လာခဲ့ပါ။

-တောင်ပေါ်
ခိုလှုံရာကျောက်ကြားတွင်ရှိသော ငါ၏ ချိုးငှက်၊
သင်၏မျက်နှာကို မြင်ပါရစေ။
သင်၏စကားသံကို ကြားပါရစေ။
သင်၏စကားသံသည် ချို၏။
သင်၏မျက်နှာသည်လည်း လှ၏။

- စပျစ်နွယ်ပင်တို့ကိုဖျက်လတံ့သောမြေခွေးကလေးများကို
ငါတို့ဘို့ ဘမ်းကြလော့။
ငါတို့စပျစ်နွယ်ပင်တို့သည် အပွင့်ပွင့်လျှက်ရှိကြ၏။

ငါချစ်ရာသခင်ကို ငါဆိုင်ပေ၏။
ငါ့ကိုလည်း သခင် ဆိုင်ပေ၏။
နှင်းတောကျက်စားတော်မူ၏။
- မိုဃ်းမသောက်၊ မှောင်မိုက် အရိပ်မပြေးမှီ၊
ငါချစ်ရာသခင်၊
ဗေသာတောင်ပေါ်မှာ
သမင်ဒရယ်သငယ်ကဲ့သို့ တဖန်ပြုတော်မူပါ။


Monday, November 11, 2013

ကမ္ဘာ့အရှည်လျားဆုံးလက်နက်ချ အညံ့ခံရေးစာချုပ်(တူမောင်ညို)

0 comments
ကမ္ဘာ့အရှည်လျားဆုံးလက်နက်ချ အညံ့ခံရေးစာချုပ် (တူမောင်ညို)(၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်)
“မြစ်ကြီးနားစကားပြောပွဲ”၌ အစိုးရဘက်မှ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ ထံပေးအပ်ခဲ့သည့် “အခန်း ၁၄ ခန်း၊အချက် ၂၅ ချက်” ပါဝင်သည့် “စာချုပ်”ဆိုသည်ကို မိတ်ဆွေတစ်ဦးက အင်တာနက်မှတစ်ဆင့်ပို့လာ သဖြင့်ဖတ်ရပါသည်။
“စာချုပ်”၏အမည်အပြည့်အစုံမှာ“ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့အစည်းများအကြားတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲရေး သဘောတူညီချက်စာချုပ်”ဟူ၍ဖြစ်ပါသည်။
“စာချုပ်”၌ နိဒါန်း၊ အခန်း (၁) မှ (၁၄) ထိ ပါဝင်ပြီး၊ အချက်ပေါင်း ၂၅ ချက်ပါရှိပါသည်။ သက်ဆိုင်ရာအချက်များအောက်တွင်အချက်အလက်ခွဲငယ်များကို မြန်မာအက္ခရာစဉ်လျက်
ဖော်ပြထားပါသေးသည်။
ဤ“စာချုပ်”ဆိုသည်ကို တစ်ခွန်းထဲနှင့်ခြုံ၍ပြောရလျှင် “လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်/ချွင်းချက်မရှိ လက်နက်ဖျက်သိမ်းရေး”ပင် ဖြစ်သည်။
“စာချုပ်”တွင်လုံးဝဖေါ်ပြထားခြင်းမရှိသည့် စကားလုံး ၂ လုံးမှာ “ပြည်တွင်းစစ်”နှင့် “စစ်ဘေးဒုက္ခသည်” ဆိုသည့်စကားလုံး ၂ လုံး ပင်ဖြစ်သည်။ ပြည်တွင်းစစ်သည် နယ်စပ်ဒေသတိုင်းရင်းသားများကိုသာ အများဆုံးထိခိုက်နစ်နာခဲ့သည်မဟုတ်ပါ။ တပြည်လုံးရှိ လူမျိုးပေါင်းစုံပြည်သူများဘဝသည် ချွတ်ခြုံကျ မွဲတေစေခဲ့ပြီး၊ တိုင်းပြည်သည်အဆင်းရဲဆုံးနိုင်ငံ(LDC)ဘဝသို့ ကျရောက်ခဲ့ရပါသည်။ ဤအချက်နှင့် ဗြောင်းပြန်လိုဖြစ်နေသည့်အချက်မှာ အုပ်စိုးသူအစိုးရအဆက်ဆက်ထိပ်သီးများမှာ သန်းကြွယ်သူဌေးကြီးကဲ့သို့ ချမ်းသာကြွယ်ဝသူများဖြစ်လာကြသည့်အချက်ပင်ဖြစ်ပါသည်။ “ပြည်တွင်းစစ်”သည် အုပ်စိုးသူများများအတွက် ဒီရေအလားချမ်းသာကြွယ်ဝစေခဲ့ပြီး တိုင်းပြည်နှင့် လူမျိုးစုံပြည်သူများကို ကုန်းကောက်စရာမရှိအောင်မွဲပြာကျစေခဲ့ပါသည်။ “ပြည်တွင်းစစ်”ဆိုသည့် စကားလုံးကို “လက်နက်ကိုင်ပဋိပက္ခ”ဆိုသည့်စကားလုံးနှင့် တမင်ရောထွေးပြီးဖုံးကွယ်ထားသည်။
အရိပ်အမြွက်မျှပင မပါရှိသည့် အခြားစကားလုံးတစ်လုံးမှာ“ဖက်ဒရယ်” ဟူသည့်စကားလုံးဖြစ်သည်။ အပစ်အခတ်ရပ်စဲခြင်းကိုပင်“တည်ဆဲဥပဒေများနှင့်မဆန့်ကျင်ဘဲ အပစ်အခတ်ရပ်စဲခြင်း”ဟူ၍ ကြိုတင်ချည်တုတ်ထားပါသည်။ ထို့အပြင် “ယခင်ကချုပ်ဆိုခဲ့သော တည်ဆဲဥပဒေနှင့်မဆန့်ကျင်သည့် သဘောတူညီချက်များအားအသိအမှတ်ပြုခြင်း”ဟုဖော် ပြထားသည်။
အဓိပ္ပါယ်မှာ  “ယခင်က ချုပ်ဆိုခဲ့သောသဘောတူညီချက်များ”တွင် တည်ဆဲဥပဒေများနှင့်
ဆန့်ကျင်နေသည့်အချက်များ ပါရှိနေသည်ကိုဝန်ခံလိုက်ခြင်းဖြစ်ပြီး၊ ထိုအချက်များကို ယခုလက်ရှိ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက လက်မခံ၊ အသိအမှတ်မပြုဟုဆိုခြင်းဖြစ်သည်။
ဤအချက်က(နဝတ-နအဖ) စစ်အစိုးရလက်ထက် ထောက်လှမ်းရေးဗိုလ်ခင်ညွန့်နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ အပေးအယူလုပ်ပြီးသဘောတူထားခဲ့ကြသည့် (ပါတီအဖွဲ့အစည်း၊ လွတ်မြောက်နယ်မြေ၊ တပ်၊ လက်နက်အစရှိသော)အချက်များကို အသိအမှတ်မပြုဟု ဆိုလိုခြင်းဖြစ်သည်။ ထိုစဉ်က KIO အဖွဲ့တစ်ခုတည်းနှင့်သာ စာချုပ်ချုပ်သည်ဟုကြားခဲ့ရဖူးသည်။ နှစ်ဦးနှစ်ဖက် ဘာတွေ အပေးအယူလုပ်ပြီး သဘောတူညီခဲ့ကြသည်ကို သက်ဆိုင်သူများကထုတ်ပြောလျှင် တိုင်းပြည်နှင့်လူထုကသိရှိပြီး အကြောင်းနှင့်အကျိုးကိုအကဲဖြတ်နိုင်ကြပေလိမ့်မည်။
“လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့်အကြမ်းဖက်မှုများ” ဟူ၍ ရေးသာဖော်ပြထား သည်မှာ လက်တွေ့အားဖြင့် “ပြည်တွင်းစစ်”ဆိုသည့်စကားလုံးကိုရှောင်ရှားပြီး လက်နက်ကိုင်တိုင်းရင်း သားအဖွဲ့အစည်းများအား “အကြမ်းဖက်အဖွဲ့အစည်းများ”အဖြစ် တမင်တကာ သွယ်ဝိုက်ဖော်ပြလိုက်သလို လည်းဖြစ်နေသည်။ ရခိုင်ပြည်နယ်၊ မိတ္တီလာ၊ လားရှိုး၊ ကန့်ဘလူထန်းကုန်း တို့၌ပေါ်ပေါက်ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေးအရေခြုံ၊ လူသတ်၊ မီးရှိုသည့်အကြမ်းဖက်မှုများသည်ပင် လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့များ၏ တာဝန်မကင်းသယောင်ဖော်ပြထားသည်မှာ မိုက်မဲလှသည့်ကြံစည်မှုပင်ဖြစ်သည်။
ထို့အပြင်“ပြည်ထောင်စုအတွင်းမှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံးကိုထိခိုက်နစ်နာခြင်းများ၊ လုံခြုံမှုကင်းမဲ့ခြင်းများနှင့် စိုးရိမ်ထိပ်လန့်ခြင်းများဖြစ်ပေါ်ခံစားစေခဲ့သည့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန်” ဆိုသည့်ဖော်ပြချက်မှာ အပြင်းထန်ဆုံး ဗြောင်အကျဆုံးထိုးနှက်စော်ကားသည့် အချက်ပင်ဖြစ်သည်။ "အတိတ်ဖြစ်ရပ်များအပေါ် တစ်ဦးနှင့်တစ်ဦးအပြစ်မတင်ဘဲ” ဆိုသည့်အချက်ကလည်း  ပြည်တွင်းစစ်အတွင်း တိုင်းပြည်အနှံ့စစ်တပ်၏အကြမ်းဖက်မှုများဖြစ်သော လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ကျေးရွာများနှင့်ဘာသာရေးအဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းစသည့် ရာဇဝတ်ပြစ်မှုများကို တမင်တကာဖုံးကွယ်လိုက်ခြင်းလည်းဖြစ်သည်။
ပြည်တွင်းစစ်၌ပါတီအဖွဲ့အစည်းများ လက်နက်ကိုင်ခဲ့ကြရသည်မှာ အကြောင်းမဲ့သက်သက်သွေးဆာ၍ မဟုတ်၊ ရန်လိုမုန်းတီး၍မဟုတ်၊ မိမိတို့မွေးရာပါအခွင့်အရေးများကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြသည်။
သို့သော်လည်း အုပ်စိုးသူအစိုးရအဆက်ဆက်သည် လက်နက်ဖြင့်အကြမ်းဖက်ဖိနှိပ် သတ်ဖြတ်ချေမှုန်း ခဲ့ကြသည်။သို့ဖြင့် မိမိတို့ ဘဝရှင်သန်ရပ်တည်နိုင်ရေးနှင့် မိမိတို့လိုလားချက်များ ဆက်လက်တောင်း ဆိုနိုင်ရေးအတွက် မလွှဲသာမရှောင်သာ ရရာလက်နက်စွဲကိုင်ပြီး ခုခံတော်လှန်စစ်ဆင်နွှဲခဲ့ကြရခြင်း သာဖြစ်သည်။
ထို့အပြင်အကြမ်းဖက်ရန်လိုဖိနှိပ်မှုတွေတည်ရှိနေသမျှ “ လက်နက်ဖြင့်အကြမ်းဖက်ဖိနှိပ်စစ်ပြုလာသည်ကို လက်နက်စွဲကိုင်ခုခံတော်လှန်ခြင်းသည် တရားမျှတပြီး အစဉ်မှန်ကန်နေမည့်တရားသည့်လုပ်ရပ်”ဖြစ် မြဲဖြစ်နေပေလိမ့်ဦးမည်။
ယနေ့ကာလတွင်လတ်တလော စေ့စပ်ဆွေးနွေးကြရမည့်ကိစ္စမှာ နှစ်ဦးနှစ်ဖက်အတိုက်အခိုက်ရပ်စဲကြရေး သာဖြစ်သည်။ ယုံကြည်ချက်ခံယူချက်နှင့် နိုင်ငံရေးလမ်းစဉ်ကို စွန့်လွှတ်ရန်မဟုတ်ချေ။ စွန့်လွှတ်ရန်တောင်းဆိုခြင်းသည် ရိုင်းစိုင်းသော၊ရန်လိုသော အပြုအမူတစ်ရပ်ပင်ဖြစ်သည်။
မည်သည့်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၌မဆို၊ သွေးဆာရန်လိုနေသည့် လက်နက်ကိုင်လမ်းစဉ်ဟူ၍မရှိနိုင်။ မိမိတို့၏နိုင်ငံရေးတောင်းဆိုချက်ကို ဆက်လက်ရပ်တည် ကိုင်စွဲ၊ တောင်းဆိုနိုင်ရန်အတွက် လက်နက်ကိုင်စွဲထားရခြင်းသာဖြစ်သည်။ နိုင်ငံရေးပြဿနာကိုသာ တန်းတူရည်တူ၊ ဒီမိုကရေစီနည်းကျဖြေရှင်းနိုင်ခဲ့မည်ဆိုလျှင် မည်သူသည် လက်နက်ကိုဖက်တွယ်နေ မည်နည်း။
လက်နက်ဖြင့်အကြမ်းဖက် ဖိနှိပ်အုပ်စိုးမှုရှိနေသမျှ၊နိုင်ငံရေးရည်မှန်းချက်များ ပြည့်ပြည့်ဝဝ မရရှိသေးသမျှ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်အပြီးသတ်ပြေလည်အောင် မဖြေရှင်းနိုင်သေးသမျှ၊ လက်နက်ကိုင်ထားကြရလိမ့်ဦးမည်။ (ဖဆပလ)အစိုးရမှသည်ယနေ့ ကြံ့ဖွံ့အစိုးရအထိ အုပ်စိုးသူအစိုးရ အဆက်ဆက်ထံ လက်နက်နှင့်ဒီမိုကရေစီ၊ လက်နက်နှင့်ငြိမ်းချမ်းရေး၊လက်နက်နှင့်ကားပါမစ် စသဖြင့် လဲလှယ်ခဲ့ကြသည့်ဖြစ်ရပ်မျိုးစုံ ဖြစ်ပွားပေါ်ပေါက်ခဲ့ဖူးပါသည်။ ထိုသို့လဲလှယ်ခဲ့ကြသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တို့ကို ခေတ်ပြိုင်သမိုင်းကမည်သို့အကဲဖြတ်၊မှတ်တမ်းတင်သည်ကို ဦးနှောက်ပုံမှန်ရှိသည့်လူတိုင်း သိပါသည်။
စာချုပ်၏အခန်း ၃ နှင့် ၄ တွင်  ဖော်ပြထားချက်များသည်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများအား ချွင်းချက်မရှိ အလုံးစုံချုပ်ကိုင်မှုပင်ဖြစ်သည်။ ယင်းသို့ချုပ်ကိုင်နိုင်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို အခန်း (၈) တွင်ဖေါ်ပြထားသည့် “အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ”က လက်တွေ့ အကောင်အထည်ဖော်လိမ့်မည်ဖြစ်သည်။
ယင်းသို့အဖက်ဖက်ကအပိုင်ချည်ပြီး၊ တုတ်ပြီးဖြစ်ချိန်တွင်(လက်မှတ်ရေးထိုးပြီးနောက်(၂လ) အတွင်း) ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်ဖြင့် “နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုစတင်ဆောင်ရွက် ရန်”ဟူ၍ ဖော်ပြထားသည်။ ချွင်းချက်မရှိလက်နက်ချပြီးမှသာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုစတင်ဆောင်ရွက် ရန်နှင့် “မတရားအသင်းအက်ဥပဒေအရ အရေးယူခံထားရသူများအပေါ်ဖြေလျှော့ပေးရေးဆောင်ရွက်မည်” ဟုဆိုသည်။
အခန်း(၁၄) သည် ဤစာချုပ်၏ နောက်ဆုံးအခန်းဖြစ်ပြီး “သဘောတူညီချက်စာချုပ်လက်မှတ်ရေး ထိုးခြင်း”ဖြစ်သည်။
“ဤ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ်ကို၂၀၁၃ ခုနှစ်၊  ----- လ၊ ------ ရက်နေ့တွင်နှစ်ဦးနှစ်ဖက်မှ အောက်ပါအတိုင်း လက်မှတ်ရေးထိုးကြပါသည်” ဟူ၍ဖေါ်ပြထားရာအဆိုပါစာပိုဒ်တွင်ပါရှိသော“၂၀၁၃”ဆိုသည်ကိုဖြုတ်ပယ်၍  ----- ခုနှစ်၊ ------ လ နှင့် ------- ရက်စသဖြင့် ကွက်လပ်ကလေးများထားရှိပါပေးရန် “နိုင်ငံတော်အစိုးရ”ထံ စေတနာဖြင့် အကြံပြုလိုက်ပါသည်။
(ကာလုံ)တွင် ပြုစုရေးဆွဲခဲ့သော ဤ “စာချုပ်”သည် “ကမ္ဘာ့အရှည်လျားဆုံး လက်နက်ချအညံ့ခံရေးစာချုပ်” အဖြစ်ဂင်းနစ် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းဝင်နိုင်လိမ့်မည်မျှော်လင့်ပါသည်။