Friday, December 27, 2013

ကျိုးနွံနာခံရေးလား/အာခံဆန့်ကျင် ပယ်ဖျက်ရေးလား (တူမောင်ညို)

0 comments
ကျိုးနွံနာခံရေးလား/အာခံဆန့်ကျင် ပယ်ဖျက်ရေးလား (တူမောင်ညို)(၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်)

ဒေါ်မြင်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်၊ ဦးသန့်ဇင်ထက်တို့ ကို တရားမစွဲဆိုထိုက်မှန်းသိပါလျက်နဲ့ အညှိုးအတေးဖြင့်ဖမ်းဆီးထားပြီးနောက် ယခုအခါ ပဲခူးတိုင်းတရားလွှတ်တော်က တရားသေလွှတ်ပေး လိုက်ရပြီဖြစ်သည်။ အရေးမသာ၍သာ အံကြိတ်ပြီး လွှတ်ပေးလိုက်ရခြင်းမျိုးဖြစ်သည်။ သူတို့ဂွင်ထဲဝင်လာသည့်အခါ သင်းတို့သည် အညှိုးအတေးဖြင့် ထောင်းပါလိမ့်ဦးမည်။

သို့ပါ၍ ၆ လခန့်မျှ မတရားသဖြင့် ဖမ်းဆီးထောင်ချထားမှုနှင့်စပ်လျဉ်းပြီး ရဲ၊ တရားသူကြီး၊ ဆွဲချအဆင့်ဆင့်သော တာဝန်ရှိသူများကို ထိထိရောက်ရောက်စစ်ဆေးအရေးယူရန် လိုအပ်သည်။ ထို့အပြင် ယခုကဲ့သို့ ၆ လခန့်မျှ မတရားသဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသည့် ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်၊ ဦးသန့်ဇင်ထက်တို့ကို အဆင့်ဆင့်သောတာဝန်ရှိသူများက မှားယွင်းကြောင်းတောင်းပန်ရမည်။ နစ်နာမှုတွက်လျော်ကြေးပေးရမည်။

အညှိုးအတေးကိုရဲ၊ တရားသူကြီးများက ထားနိုင်သည်မဟုတ်၊ ရဲနှင့်တရားသူကြီးဆိုသူများသည် အထက်ကပေးသည့်အမိန့်အတိုင်း ဖမ်းဆိုလျှင်ဖမ်းကြရပြီး အထက်ကချပေးသည့်အတိုင်း စီရင်ချက်ချကြရသည်။ အုပ်စိုးသူများအတွက် စစ်တပ်၊ ထောက်လှမ်းရေး၊ တရားရေးမဏ္ဍိုင်၊ တရားဥပဒေ၊ တရားရုံး၊ တရားသူကြီး၊ အစိုးရရှေ့နေ (ဆွဲချ)၊ရဲတပ်ဖွဲ့တို့သည် လက်မရွံ့၊ လက်ကိုင်ဒုတ်များဖြစ်သည်။ အကြမ်းဖက်ဖိနှိပ်ရေးယန္တယားများလည်းဖြစ်သည်။
           
ထို အကြမ်းဖက်ဖိနှိပ်ရေးယန္တယားများသည် (နဝတ-နအဖ)စစ်အစိုးရလက်ထက်တွင် (နဝတ-နအဖ)စစ်အစိုးရကအလိုကျအမှုတော်ထမ်းခဲ့ကြပြီး သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ လက်ထက်တွင်လည်း သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအလိုကျ အမှုတော်ထမ်းနေဆဲဖြစ်သည်။

လေလုံးထွားလှသည့်“တရားဥပဒေစိုးမိုးရေး”ဆိုသည်မှာ အုပ်စိုးသူများအလိုကျ ပြည်သူများက ငြိမ်ဝပ်ပိပြားနေကြရသည့်အခြေအနေတစ်ရပ်ကို ဆိုလိုခြင်းသာဖြစ်သည်။ အုပ်စိုးသူများအဖို့ ပြည်သူများ ငြိမ်ဝပ်ပိပြားနေခြင်းသည် တရားဥပဒေစိုးမိုးခြင်းပင်ဖြစ်သည်။

ပြည်သူများက အခွင့်အရေးတောင်းဆိုမည်၊ ဆန္ဒဖော်ထုတ်မည်၊ဆန္ဒပြမည်ဆိုလျှင် “နိုင်ငံတော်တည်ငြိမ်ရေးနှင့်အေးချမ်းသာယာမှုကို ချိုးဖောက်ခြင်းသို့မဟုတ် တရားဥပဒေချိုးဖောက်မှု” ဟူ၍ ပြောဆိုကြမည်။

လက်နက်ဆို၍ အပ်တိုမျှပင်မရှိသောကျောင်းသားလူငယ်များအား ဂျီးသရီးမောင်းပြန်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ (တကသ)အဆောက်အအုံအား ဒိုင်းနမိုက်ဖြင့်ဖြိုချခြင်း၊ အင်းလျားကန်ဘောင်တွင် လုံထိန်းများက ရိုက်နှက်သတ်ဖြတ်ခြင်း၊ ဒီပဲယင်းတွင် အကြမ်းဖက်သတ်ဖြတ်ခြင်း၊ လက်ပံတောင်းတွင် သံဃာတော်များအား မီးလောင်ဗုံးဖြင့်ပစ်ခတ်ခြင်း၊ ရခိုင်၊ မိတ္တီလာ၊ ထန်းကုန်း၊ ဥက္ကံ၊ လားရှိုးတို့တွင် အကြမ်းဖက်မီးရှို့သတ်ဖြတ်မှုများအား လက်ပိုက်ကြည်နေခြင်းများသည် အုပ်စိုးသူများ၏ ပွင့်လင်းမြင်သာသည့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ချက်များပင်ဖြစ်သည်။

သင်္ကန်းခြုံဝီရသူ၏ ဘာသာရေး လူမျိုးရေးအကြမ်းဖက် ရန်စသွေးထိုးရန်တိုက် လှုံ့ဆော်ဟောပြောနေမှုများကို လက်ပိုက်ကည့်နေခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားရေးပင်ဖြစ်သည်။

လိုအပ်လျှင် တောမတ်အိုဟေးကင်းတားနားနှင့်အဖွဲ့ စီးနင်းလာသည့်မော်တော်ယာဉ်အား ရန်ပြုတိုက်ခိုက်ခြင်းသည်ပင် တရားဥပဒေစိုးမိုးရေးဖြစ်သည်။ ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ထိုင်ခုံများရိုက်ချိုးပြီး ဆိုင်းဘုတ်နှင့်အလံမီးရှို့သူ လူရမ်းကားများကို စရိတ်ပေး၍ပြန်လွှတ်ခြင်းသည်လည်း တရားဥပဒေစိုးမိုးရေးပင်ဖြစ်သည်။

၂၀၀၈အခြေခံဥပဒေ” အပါအဝင် အများစုသော“တည်ဆဲဥပဒေများ”သည် မတရားသည့်မမျှတသည့်၊ ဖိနှိပ်သည့်ဥပဒေဆိုးများသာလျှင်ဖြစ်သည်။ ထိုသို့သော တည်ဆဲဥပဒေဆိုးများသည် အုပ်စိုးသူများ၏ အကြမ်းဖက်ဖိနှိပ်မှုကို အပြည့်အဝထောက်ခံ ကာကွယ်ပေးထားသည့် ဥပဒေများလည်းဖြစ်သည်။ ချုပ်လိုက်လျှင် ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးများကို ဖိနှိပ်ချိုးနှိမ်ထားပြီး အကြမ်းဖက်အနိုင်ကျင့်ထားသည့် ဥပဒေများဖြစ်သည်။ သို့ပါ၍“တရားဥပဒေစိုးမိုးရေး”၏ လက်တွေ့အဓိပ္ပါယ်မှာ ပြည်သူများအား ပိုင်ပိုင်နိုင်နိုင်အကြမ်းဖက်ဖိနှိပ်ထားနိုင်သည့် အခြေအနေတစ်ရပ်ကို ဆိုလိုခြင်းသာဖြစ်သည်။ ပြည်သူများ၏ လယ်ယာမြေ၊ ဘိုးဘွားပိုင်မြေများကို အဓမ္မသိမ်းယူပြီး၊ ပြန်ပေးရန်ဆန္ဒပြတောင်းဆိုသည့်အခါ “တပ်စည်ပင်”ကဲ့သို့ လူဆိုးလူမိုက်များက အကြမ်းဖက်ရန်ပြုခြင်းသည် တရားဥပဒေစိုးမိုးရေး၏လက်တွေ့သာဓကဖြစ်သည်။

သို့ဖြင့် လာမည့်လွတ်လပ်ရေးနေ့တွင် “ပုဒ်မ၁၈”အား ဆန္ဒပြကြလိမ့်ဦးမည်။ တကယ်တော့ ဆန္ဒပြရုံမျှဖြင့် မလုံလောက်ချေ၊  “ပုဒ်မ ၁၈”  တစ်ခုတည်းကိုသာ ကွက်၍ဆန္ဒပြကြမည်လော။ “ပုဒ်မ ၁၈” သည် လုံးဝဖျက်သိမ်းပစ်ရမည့် ဥပဒေဆိုးများ၊ ပုဒ်မဆိုးများအနက်တစ်ခု အပါအဝင်သာဖြစ်သည်။
           
တစ်ချိန်တစ်ခါက“မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ”ဟူ ၍ ကြွေးကြော်ခဲ့ကြသူများသည်ပင် ယခုအခါ “တရားဥပဒေစိုးမိုးရေး”ဟု ပြောင်းလဲကြွေးကြော်နေကြပြီ။

အပြောင်းအလဲဆိုသည်မှာ ဤသို့သော အပြောင်းအလဲများကိုပြောတာ ဖြစ်မည်ဟုထင်ပါသည်။ တရားဝင်ခွင့်ပြုချက်ယူပြီးမှဆန္ဒပြသည့် ကျိုးနွံယဉ်ကျေးသောဥပဒေဘက်သားတွေဖြစ်ကုန်ပြီ။ ပြည်သူများလိုက်နာစေရန် စံနမူနာပြအဖြစ်ပြုလုပ်နေကြသလော။ မတရားသည့် တည်ဆဲအမိန့်ဥပဒေများကို ရိုးကျိုးဝပ်တွားနေကြသည်။ မိမိအား ခတ်လာမည့် လက်ထိပ်နှင့်သံခြေကျင်းအား ဆေးလှလှချယ်ပေးနေကြသည်။

Tuesday, December 24, 2013

ကာလပေါ်နိုင်ငံရေးသားတရားစီရင်ခန်း (မျိုးမြင့်ချို)

0 comments
ကာလပေါ်နိုင်ငံရေးသားတရားစီရင်ခန်း (မျိုးမြင့်ချို) ဒီဇင်ဘာ ၂၄၊ ၂ဝ၁၃
မဟော်သဓာနှင့် ရှောလမုန်တို့ ဉာဏ်ပညာကြီးကျယ်ပုံကိုထုံမွှမ်းကြသည့်အခါ သားတရားစီရင်ခန်းလည်း မပါမဖြစ်ပါရပါသည်။ အမှုက သားလုမှု၊ အမှုကြောင်းအရ “တရားမ”မှုဟု ဆိုရမည်ထင်ပါသည်။ ခုံသမာဓိလုပ်ကာစီရင်ဆုံးဖြတ်သူက သြဇာ(သို့မဟုတ်)အာဏာအပြည့် ရှိသူများ။ အမှုသည်များက ထိုသူတို့အဆုံးအဖြတ်ကို မနာခံမဖြစ်နာခံမည့်အနေအထားဖြစ်သလို စီရင်မည့်နေရာမှာလည်း အများပြည်သူရှေ့မှောက်ဟုဆိုနိုင်ပါသည်။ အမှုရင်းခံတူသော်လည်း တရားတွေ့ဘက်(တရားပြိုင်)များမူ မတူကြပါ။ တစ်နိပတ်မှာ ဘီလူးမနှင့်လူမိခင်ဖြစ်ပြီး တစ်ဇာတ်လမ်းအတွက်မူ လူပြည့်တန်ဆာမ(၂)ယောက်ဖြစ်ပါသည်။

ရှောလမုန်က သားတရားကို ဓားဖြင့်စီရင်ပြီး မဟောသဓာကမူ လက်တဘက်ဆီမှ ဆွဲလုခိုင်းခဲ့ပါသည်။ ဆုံးဖြတ်ချက်အမှန်ထွက်၍ ကြားရသူတို့နားချမ်းသာစိတ်ချမ်းမြေ့ဖြစ်ခဲ့ပါသည်။ ဖြစ်စဉ်နှစ်ခုလုံးမှာ လှပသပ်ရပ်ရုံမက ချီးမွမ်းရင်သပ်ဖွယ်ရာလည်းဖြစ်ပါသည်။ ရှောလမုန်ထက်စာလျှင် မဟော်သဓာက မြန်မာတို့နှင့်အနေပိုနီးပြီး နားလည်းစိမ်းမည်မဟုတ်ပါ။ ဤကိစ္စဖြစ်ခဲ့သည်မှာ ရှေးအတီတေကဟုဆိုနိုင်သော်လည်း ခုတိုင် လူတို့(အပ်စပ်စပ်/မအပ်စပ်စပ်) လိုအပ်ချက်ရှိသည့်အခါ ကိုးကားသုံးစွဲထောမနာပြုလျှက်ရှိကြပါသည်။ ဤအထိ ပြောစရာ မရှိပါ။

သို့သော် အဆိုပါသားတရားစီရင်ခန်းဥပမာကို နိုင်ငံရေးနယ်ပယ်တွင်(အာဏာနိုင်ငံရေး(သို့) နိုင်ငံရေးအာဏာလုကြသည့်ပွဲ)ယူသုံးပါမူ လူရယ်စရာဖြစ်မည်ဟုသဘောရသည့်အပြင် ပြောစရာလည်း ရှိလာပါသည်။ အရင်ဆုံး နိုင်ငံရေးနယ်ကအမှုကိုကြည့်ပါ။ အမှုက သားလုခြင်းမဟုတ်။ အာဏာလုခြင်းဖြစ်ပါသည်။ တရားမမှု/ရာဇဝတ်မှု ဘာအမှုမဟုတ်ပါ။ ရာဇကြောင်း/ဓမ္မကြောင်းအရလည်း ဘာပြစ်မှုမှ မမြောက်မှန်း ပေါ်လွင်ပါသည်။ စစ်ကြောပြီးစီရင်ချက်ချပေးမည့် သြဇာ၊ အာဏာအပြည့်ရှိသည့်ခုံသမာဓိလည်းရှိမနေပါ။ ရှိစရာလိုသည်ဟုလည်း မည်သူမျှ ထင်မည်မဟုတ်ကြပါ။ အဆုံးအဖြတ်ကိုနာခံပါမည်ဟု မည်သူကမျှ ကတိကဝတ်မထားသည့်အခြေအနေအောက်တွင်ဖြစ် ပါသည်။ ဖြစ်သည့်နေရာနှင့်ရှင်းရသည့်အရပ်မှာလည်း ကမ္ဘာသူကမ္ဘာသားတို့မျက်မှောက်တွင်ဖြစ်ပါသည်။ မတူပါ။

ဤမျှမတူကွဲလွဲနေသည့်ကြားမှပင် ပမာဆောင်ပြကြသူတို့က တိုင်းပြည်(လူထု)ကို သားနေရာမှလည်းကောင်း၊ နိုင်ငံရေးခေါင်းဆောင်ကို လူမိခင်နေရာမှလည်းကောင်း၊ ဗိုလ်ကျအုပ်စိုးသူကို ဘီလူးမနေရာမှလည်းကောင်း အသီးသီးနေရာချ ကပြအသုံးတော်ခံခိုင်းကြပါသည်။ ဤတွင် မတူမှန်းသိသိနှင့်ပင် ဇွတ်အတင်းဇာတ်သွင်းလာကြသူတို့ နိုင်ငံရေးရေချိန်၊ နိုင်ငံရေးသီလနှင့်အခြေခံရိုးသားမှုတို့အား သို့လောသို့သော တွေးစရာဖြစ်လာသည်ဟုထင်ပါသည်။ ဤနေရာတွင် အရပ်ထဲကသာမန်လူတစ်ဦး၏ နိုင်ငံရေးရေချိန်၊ နိုင်ငံရေးသီလနှင့် အခြေခံရိုးသားမှုကိုဆိုလိုရင်းမဟုတ်ကြောင်း ပြောချင်ပါသည်။ အရပ်ထဲကလူတွင်လည်း ထိုအရာများ ပေမီဒေါက်မီရှိမည်ဆိုပါက အတိုင်းထက်အလွန်ဟု ဆိုရမည်ထင်ပါသည်။ နိုင်ငံရေးထဲမှလူတို့တွင်မူ ပေမီဒေါက်မီ ဖြစ်ကိုဖြစ်နေမှကောင်းပါသည်။

ထွင်လိုက်သည့်ထိုးဇာတ်ကို အသေအချာကြည့်ပါ။ မူရင်းဇာတ်တော်လာ အဓိကသရုပ်ဆောင် (မဟောသဓာ)မပါ ပါ။ ရည်ရွယ်ချက်မှာ ဉာဏ်ပညာအသားပေးဇာတ်လမ်းမဟုတ်သဖြင့် ဉာဏ်ကြီးသူဖျောက်ပါသည်။ မိခင်မေတ္တာအသားပေးဇာတ်လမ်းဖြစ်သဖြင့် ဇာတ်ပို့(လူမိခင်) က ဇာတ်လိုက်လုပ်ကာ ဇာတ်နာအောင်ခင်းရခြင်းဖြစ်ပါသည်။ (မဟော်သဓာ)မပါသည့်အတွက် ဇာတ်လမ်းဘာမျှမထိခိုက်ဟုထင်ရပါသည်။ တချို့ဆို ထို ကာလပေါ်နိုင်ငံရေးသားတရားကို မည်သူစီရင်မှန်းပင် သတိမထားကြဟုထင်ပါသည်။ သို့သော် နှစ်ခြိုက်သူအလွန်များပါသည်။ လူမိခင် (နိုင်ငံရေးခေါင်းဆောင်)ကို မေတ္တာဓါတ်ကြီးမားသူအဖြစ်ဂုဏ်တင်ကာ ပို၍ပင်သနားချစ်ခင်လာကြပြီး အုပ်စိုးသူ(ဘီလူးမ)အပေါ် မုန်းတီးစက်ဆုပ်စိတ် ပိုကြီးသွားကြပါသည်။ သို့သော် သနားချစ်ခင်မှုနှင့်မုန်းတီးမှုတို့သည် ရှေ့ဆက်တက်မလာတော့ပါ။ စုပ်သတ်ခြင်းနှင့်တောက်ခေါက်ခြင်း ကျောက်ချသွားပါသည်။ ထို့ကြောင့် တီထွင်သူတို့ အောင်မြင်သည်ဟုဆိုရပါလိမ့်မည်။ ဘာ့ကြောင့်နည်း။

ထို စုပ်သတ်သံနှင့်တက်ခေါက်သံတို့သည် ဒေါသအဖြစ်၊ ဆန့်ကျင်မှုအဖြစ် မပြောင်းလဲသွားသောကြောင့်ဖြစ်ပါသည်။ ဘာ့ကြောင့် ထိုသို့မပြောင်းလဲရသနည်း။ ကျနော်တို့သည် မေတ္တာဓာတ်ကြီးမားသူ၊ ကရုဏာတရားပြည့်ကာနှင့် နှလုံးသားနူးညံ့သူများဖြစ်လိုစိတ်ကြောင့် ဖြစ်ပါသည်။ ထိုစိတ်အချိန်အဆလွဲပါမူ မတရားပြုသူ၊ အဓမ္မမွေ့လျော်သူတို့အား စိတ်အရင်းခံအမှန်ဖြင့်ခွင့်လွှတ်ရခြင်းနှင့် မနိုင်၍သည်းခံရခြင်းကိုပင် ဗူးလုံးနားမထွင်း ဖြစ်သွားတတ်ပါသည်။ နောက်တချက်က ကျနော်တို့သည် အမှန်တရားအတွက် မိမိ၊ သူတပါးထိခိုက်နစ်နာပျက်စီးစေ၍ အနိုင်ယူဝံ့/ယူရဲခြင်းထက် သူတပါးအကျိုးပျက်မည်စိုးကာ နောက်ဆုတ်အလျှော့ပေးတတ်ခြင်းကို ပိုလိုလားအပ်သည့်အရာဟု မှောက်မှားခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးသည်။ ယင်း မှောက်မှားစိတ်ထုထည်ပိုကြီးလာလျှင် “အနိုင်လိုသူအရှူံးပေးနှလုံးအေးတဲ့ဆေး”ဆိုကာ ရှူံးရခြင်းကိုပင် အကောင်းထင်သည်အထိ ရောက်သွားတတ်ပါသေးသည်။ မေတ္တာဓာတ်၊ ကရုဏာတရား၊ နူးညံ့နှလုံးသား၊ အရင်းခံစိတ်ဖြင့်ခွင့်လွှတ်ခြင်း၊ သူတပါးအကျိုးမပျက်စေလို၍ အလျှော့ပေးခြင်းစသည်တို့မှာ သူတော်ကောင်းတရားများဖြစ်ပါသည်။ နိုင်ငံရေးကိစ္စ(သို့)အာဏာပြဿနာရှင်းရာ နေရာတကာ သူတော်ကောင်းတရားလက်ကိုင်ထား၍ မရပါ။ သူတော်ကောင်းတရားကျင့်ခြင်းနှင့် နိုင်ငံရေးလုပ်ခြင်းမှာမတူမှန်း လူတိုင်းသိနိုင်ပါသည်။

ပြန်ချုပ်ရသော် ဇာတ်ကြီးဆယ်ဘွဲ့လာ ဘုရားလောင်းမဟော်သဓာနိပတ်တော်နှင့် ကာလပေါ်နိုင်ငံရေးသားတရားစီရင်ခန်းမှာ လုံးဝ(လုံးဝ)မတူပါ။ မတူသည့်ကိစ္စကို ထပ်တူပြုမရပါ။ ကျနော်တို့သည် နိပတ်တော်လာ မဟော်သဓာ၏ဉာဏ်ပညာကြီးမားပုံကို ချီးမွမ်းစံပြုရမည်ဖြစ်သော်လည်း ကာလပေါ်နိုင်ငံရေးသားတရားစီရင်ခန်းတီထွင်သူတို့၏ အရှူံးပေးအညံ့ခံရေးစိတ် သွတ်သွင်းရန်ကြံစည်မှုအား ဗြောင်ကျကျဖွင့်ချရန်လိုပါလိမ့်မည်။ စုပ်သတ်ခြင်းနှင့်တက်ခေါက်ခြင်းကျောက်ဆူးအား နှုတ်ရန်လိုပါသည်။ အမှန်တရားအတွက် အနိုင်ယူရဲယူဝံ့စိတ် မွေးမြူတတ်ရပါလိမ့်မည်။ သူတော်ကောင်းတရားနှင့်အာဏာပြဿနာကို သေချာကျနခွဲခြမ်းပြရပါလိမ့်မည်။ နိုင်ငံရေးအရ၊ တိုင်းပြည်(လူထု) မျက်နှာထောက်၍ခွင့်လွှတ်ခြင်းနှင့် မနိုင်၍သီးခံရခြင်းကို စည်းသားပြကြရပါလိမ့်မည်။

သားလည်း နာလှပါပြီ။ ပြုတ်ထွက်သွားစရာ လက်မောင်းပင်မကျန်တော့ပါ။ လူမိခင်လည်း ပရိတ်သတ်ကရုဏာမျက်ရည်တွေနှင့် နစ်နေပါပြီ။ ထို့ထက်ပို ပင်လယ်ဝေစရာ မကျန်တော့ပါ။ တော်လောက်ပြီ ထင်ပါသည်။

နောက်တကြိမ် သားတရားစီရင်ခန်း(ရှိများရှိခဲ့သည်ဆိုပါမူ)တွင် ဘီလူးမသည် မဟော်သဓာရှေ့မှောက် လူမိခင်ထက်အရင် လက်ကိုမလွှတ်ဟု မည်သူပြောနိုင်မည်နည်း။ ထိုအခါ မဟော်သဓာ မည်သို့စီရင်ဦးမည်နည်း။ စီရင်ထုံးအဟောင်းနှင့်အလုပ်မဖြစ်တော့မှန်း ကျနော်တို့(လူတိုင်း)သိကြပါသည်။



Monday, December 23, 2013

ရေခဲ၊ မြေခဲ (မျိုးမြင့်ချို) ဒီဇင်ဘာ ၂၁၊ ၂ဝ၁၃

0 comments
ရေခဲ၊ မြေခဲ (မျိုးမြင့်ချို) ဒီဇင်ဘာ ၂၁၊ ၂ဝ၁၃
ညက ကြက်မဒန်းမလေးတစ်ကောင် ကြက်အိမ်ထဲမဝင်ပဲအပြင်မှာကျန်နေတာ သတိမထားမိဘူး။ ဒီမနက်ကျတော့ တကိုယ်လုံးရေတွေရွှဲနစ်ပြီး မြက်ချုံအောက်မှာ ခိုနေတယ်။ အေးစက်ပြီးခိုက်ခိုက်တုန်နေတယ်။ သူ့အမွှေးလေးတွေမှာ ရေက ရေခဲသလို သီးနေတယ်။ ရေခဲမှတ်နီးပါးအေးတာလေ။ ကျန်တဲ့အကောင်တွေက သူတို့အိမ်လေးထဲမှာ ပူးပူးကပ်ကပ် တိုးတိုးခွေ့ခွေ့ နွေးနွေးထွေးထွေးလေး အိပ်ကြတာမဟုတ်လား။ သူ့ခမျာတော့ ညက တညလုံး မိုးကလည်းဖြိုက် အေးကလည်းလောကကြီးပါ ခဲသွားသလားမှတ်ရတာ။ သူ့မြင်ရတာ သနားစရာ။ ဒါနဲ့ သူ့ကို အိမ်ထဲခေါ်လာ။ အနွေးခန်းထဲ တနာရီကျော်လောက်ထည့်ထား။ သဘက်အဟောင်းလေး တစ်ထည်နဲ့ အမွှေးလေးတွေကို ဖြည်းဖြည်း ဖြည်းဖြည်းသုတ်သုတ်ပေးရင်း အမွှေးတွေလည်းပြန်ပွလာပြီး အစာစား ရေသောက်လုပ်တယ်။ ကျနော့်လည်း ကျေးဇူးတင်လို့ထင်ပါရဲ့ ခနခနမော့မော့ကြည့်လိုက်၊ ရင်ဘတ်ထဲ ဂျိုင်းကြားထဲခေါင်းလေးထိုးလိုက်နဲ့။ အနွေးဓါတ်လေး ပြန်ဝင်ပြီး ပြန်နွေးသွားပြီထင်ပါရဲ့။ အံမယ်.. သူ့အမွှေးလေးတွေ သူအနှုတ်သီးလေးနဲ့ထိုးထိုးဖွလိုက် ခြေထောက်လေးနဲ့ဖွလိုက် ခေါင်းလေး လည်ပြန်ပြန်ပြီး အမွှေးလေးတွေသပ်သပ်ချလိုက်နဲ့ ချစ်စရာ သနားစရာလေး။ ပါးစပ်ကလည်း ကတော်ကတော်နဲ့။ အဖော်တွေကို ခေါ်နေတာလားမသိဘူး။ ခနနေရင် ခြံထဲပြန်ချပေးရမယ်။

ဒီနေ့ နှင်းမကျဘူး မိုးရွာတယ် နှင်းပျော်ရည်တွေနဲ့ မြေတပြင်လုံးဗွက်ထနေတယ် တခြံလုံးပဲ။ မြို့ထဲက မြစ်တွေထဲလည်း ရေနည်းနည်းလေး တက်လာတယ် နှင်းပျော်ရည်တွေ မြစ်ထဲစီးဝင်သွားတာကိုး။ ပြီးခဲ့တဲ့ ၄-၅ ရက်က ကျလိုက်တဲ့နှင်းက စုစုပေါင်း ၁၂ လက်မလောက်ဆိုတော့ တွေးသာကြည့်၊ ပျော်သွားရင် တစ်ပြည်လုံး ရေဂါလန်သန်းပေါင်း ဘယ်လောက်အထိဖြစ်ကုန်မလဲဆိုတာ။ အဲ့ဒီ နှင်းပျော်ရည်တွေက ရေအဖြစ်နဲ့ ချောင်းတွေမြစ်တွေထဲစီးဝင်ပလားဆို ရေတွေကြီးပြီ။ မြစ်တွေလျှံပြီ။ (မီးတော့မပျက်ဘူးပေါ့ ရွှေပြည်ကြီးမှာလို)။ ဒီမှာ နွေဦးပေါက်လို့ အရပ်ရပ်ကနှင်းတွေပျော်မှ မြစ်ရေကလျှံတာ။ မိုးတွင်းမှမရှိသလို ရွာတဲ့အခါလည်း မြစ်ရေလျှံလောက်အောင်မှ မကြီးတာ။ ဒီနေ့ဖြစ်နေပုံက မြေကြီးထဲကရေက ခဲနေသေးတာဆိုတော့ မြေကြီးပေါ်က မိုးဖျော်လို့ပျော်သွားတဲ့နှင်းရည်တွေ မြေကြီးထဲစိမ့်ဝင်ဖို့ မလွယ်သေးဘူးထင်တယ်။ ဟိုတစ်ရက်နှစ်ရက်က ရေခဲမှတ်အောက် ၁၈ လောက်အထိကျသွားတော့ မြေကြီးထဲရှိတဲ့ ရေအစိုဓါတ်လေးတွေလည်း ခဲကုန်တာပေါ့။ ရောက်စက အေးလို့ ”ရေခဲ”တာတွေ့ပြီး မထူးဆန်းပေမယ့် ”မြေခဲ”တာလည်းတွေ့ရော ထူးဆန်းရုံတင်မကဘူး သူများပြန်ပြောပြရင်တောင် ယုံပါ့မလားလို့တွေးမိသေးတယ်။ အဟုတ်ပဲ မြေကြီးထဲကရေက မြေသားတွေကိုပါ ခဲပြီးကျစ်သွားအောင်လုပ်လိုက်တော့ ပေါက်တူးပေါက်ချွန်းနဲ့ မြေတူးမြေကော်ဖို့တောင်အတော်ခက်ပါတယ်။ ပန်းသီးပင်တွေမြေချတုန်းက အပြင်တူးထုတ်ထားတဲ့ မြေကျစ်စာခဲကို သံတူရွင်းနဲ့ထိုးချေကြည့်တော့ ရေခဲတုံးကိုသတ္တုချောင်းနဲ့ထိုးသလို ချော်ချော်ထွက်ပြီး တချွင်ချွင်တချပ်ချပ်မြည်လာတယ်။ မယုံချင်စရာကြီး။ မြေကြီးကိုင်ကြည့်တော့လည်း ရေခဲတုံးကြီးအတိုင်းပဲ။

အေးစက်နေလိုက်တာ မာကျောနေလိုက်တာ။ လက်နဲ့ကောက်မယူလိုက်ပြီး ပြန်ပစ်ချလိုက်တော့လည်း မြေကြီးကျစ်စာခဲက မြေတစ်မှုန်တောင် 
ဘေးကိုလွင့်စဉ်ဖွာထွက်မသွားဘူး။ ခဲနေတဲ့ရေက မြေမှုန်တွေကို ကျစ်ကျစ်ပါအောင်စုခဲပေးထားတာကိုး။ အင်း..တကယ်အေးရင် ရေတင်မက မြေပါခဲပါလား။ အဲ့ဒီ အေးစက်မာကျောခဲနေတဲ့မြေပြင်ပေါ်မှာ ကျနော့် ကြက်ကလေးတွေကတော့ ဖက်ရှင်ရှိုးလျှောက်သလို ခြေဗလာနဲ့လျှောက်ခဲ့ကြလေရဲ့။
ကြောင်လျှောက်တော့ မဟုတ်။ ကြက်လျှောက်။

အနိစ္စသဘော ကြာကြာမခံတဲ့သဘောမျိုးတင်စားပြောကြတဲ့အထဲမှာ ”မြက်ဖျားနှင်း”ဆိုတာလည်း ပါသမို့မှတ်လား။ မြက်ပင်အဖျားလေးမှာ တဖြည်းဖြည်း နှင်းငွေ့ရည်လေးတွေ သီးသီးလာပြီး ရေပေါက်လေးကြီးကြီးလာ။ နောက် သိတ်မကြာလိုက်ဘူး မြေပြင်ပေါ် ပေါက်ကနဲကျသွားရတဲ့အဖြစ်လေ။ ဒီမှာလည်း မြက်ဖျားနှင်းပဲ။ ဒါပေမယ့် မြက်ပင်အဖျားက နှင်းမဟုတ်ဘူး။ မြက်တွေအေးလွန်းလို့ ဖျားနာသေကြေကုန်ကြတာ။ နေလာနှင်းကွဲကတော့ ရွှေပြည်ကြီးက သိပ်မအေးတဲ့အရပ်တွေမှာမှန်ပေမယ့် ဒီက နှင်းတွေက နေကိုသိတ်မဖြုံကြဘူးလေ။ နေကြောင့် နှင်းပုံ နှင်းလွှာ နှင်းပြင်ကြီးတွေ ပျော်ကျသွားတယ်ဆိုတောင် ဖြည်းဖြည်းချင်းပဲ။ တအိအိပဲ။ မိုးကျ သူတို့က ကြောက်မှကြောက်။ မိုးရွာချလိုက်တာနဲ့ တခါတည်း နှင်းပုံ နှင်းပြင် နှင်းလွှာကြီးတွေ ကြက်ပျောက်ငှက်ပျောက်၊ ခွေးပြေးဝက်ပြေး ပြေးကရော ပျောက်ကရောပဲ။ နေလာနှင်းကွဲထက် မိုးရွာနှင်းပြေး နှင်းပျောက်သဘောပေါ့။ အပြင်ထွက်တော့မယ် နောက်မှ ဆက်ပြောမယ်ဗျား။


အင်န်အယ်လ်ဒီနဲ့ ပြင်မဟဲ့ဆိုတဲ့ဖွဲ့စည်းပုံ (မျိုးမြင့်ချို)

0 comments
အင်န်အယ်လ်ဒီနဲ့ ပြင်မဟဲ့ဆိုတဲ့ဖွဲ့စည်းပုံ (မျိုးမြင့်ချို)
အင်န်အယ်လ်ဒီထဲမှာ ဖွဲ့စည်းပုံနဲ့စပ်ပြီး ပြင်ရေးနဲ့အသစ်ဆွဲရေး လိုင်း(၂)ခုဖြစ်လာတယ်။ နောက်ဆုံး ပြင်ရေးက တည်သွားတယ်ဆိုပါတော့။ လူထုကြားထဲမလည်း ပြင်ရေးဘက် ပိုတိမ်းညွှတ်လာတယ်။ နည်းနည်းလည်း လှုပ်လှုပ်ရွရွဖြစ်လာတယ်။ ပြင်ရေးအကြောင်းပြုပြီး နိုင်ငံရေးသွေး ပြန်နွေးလာတယ်။ တပ်လှန့်လိုက်သလိုလည်း ဖြစ်သွားတယ်။ အထွေထွေမကျေနပ်မှုတွေနဲ့ နင်းပြားလူထုကလည်း တိုက်ပွဲခေါ်သံနဲ့ “ငါ့နောက်လိုက်ခဲ့”ဆိုတဲ့ခေါင်းဆောင်သာရှိ လမ်းမတွေပေါ်ပြန်မတက်လာဘူးလို့ ဘယ်သူမှ ကံသေကံမ မပြောနိုင်တဲ့အနေအထား။ ဘာခေါင်းဆောင်မှ(လူအကောင်လိုက်ကြီး)မရှိပဲနဲ့တောင် တပြည်လုံးထွက်လာကြသေးတာပဲ။

မှတ်ပုံတင်မြေပေါ်နိုင်ငံရေးပါတီတွေထဲမလည်း(လူပုဂ္ဂိုလ်ဆိုင်ရာလို့ သူတို့ဆိုတဲ့ပုဒ်မတချို့ကလွဲလို့) အခြေခံမူတချို့ကို ပြင်ချင်တဲ့သဘောထားရှိကြတယ်။ အန်င်အယ်လ်ဒီက ကန်ထွက်/စင်ထွက်လာသူတွေ၊ လူဟောင်းလက်ဟောင်းတွေ၊ လူသစ်လက်သစ်တွေ၊ ပါတီဘုစုခရုတွေလည်း ပြင်မယ်ဆိုသံပေးတယ်။ ကြံ့ဖွံ့ကတောင် မပြင်ရင်မဖြစ်တော့မှန်း(လွှတ်တော်နဲ့အစိုးရ ဖွဲ့စည်းပုံခုံရုံးကိစ္စအငြိမှာ)သဘောပေါက်လာကြလို့ ပြင်ရမယ့်အချက်တချို့ကို ပြင်ချင်နေတာသိသာတယ်။ သူတို့ဘက်က စဖို့ခက်နေတာလည်း အမှန်ပဲ။ ဒီတော့ (မန္တလေးသင်္ကြန်စကားနဲ့ ပြောရရင်) “ညိုမြ”လုပ်နေတယ်။ ဒါပေမယ့် သူ့ညိုမြက အလည်၊ ပါးတယ်။ ဘယ်သူ့လက်ထဲကခွက်မှာ ဘာရေပါမှန်းသေချာသိတယ်။

လူမျိုးစုလက်နက်ကိုင်(အပစ်ရပ်ရော မရပ်ရော)အင်အားစုတွေကလည်း (ဖျက်ပြီး အသစ်ပြန်မဆွဲနိုင်ခင်မှာ) အလုပ်ဖြစ်နိုင်လောက်တဲ့ ပြင်ဆင်မှုဆိုမဆိုးဘူး လက်ခံမယ်လို့အသံထွက်လာတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်မူနဲ့ ပြည်ထောင်စုတပ်မတော်ဖြစ်လာဖို့ ဖွဲ့စည်းပုံကိုအဓိကထောက်ပြကြသလို ပြင်နိုင်ရေးဟာ ဗမာ့လက်ငင်းနိုင်ငံရေးရဲ့အခရာဆိုတာ အတိအလင်းပြောလာကြတယ်။ ဆိုတော့ လူမျိုးစု (ဗမာတွေအပါအဝင်)အားလုံးက သူတို့ခေါင်းဆောင်တွေပြောသမျှအကုန် မီးမသေတောင် ရေများရေနိုင်မီးများမီးနိုင်ဖြစ်မယ့် သဘောတော့ရှိတယ်။

စစ်တပ်ကတော့ရော။ စစ်တပ်က အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာ/လုံ)တူရင် တူပြီးသားပဲ။ (စစ်တပ် စစ်တပ်နဲ့) အစိုးရနဲ့မဆိုင်သလိုလို၊ သတ်သတ်သဘောမျိုးပြောနေတာကြားတော့ အံ့သြတယ်။ စစ်တပ်၊ ကြံ့ဖွံ့၊ လွှတ်တော်၊ အစိုးရနဲ့ ဘာတွေများ ဘယ်လိုခွဲကြသလဲ။ ဘယ်လိုများ ကွဲနေကြလို့လဲ။ 

ကာ/လုံမှာ(အရုပ်-စိုင်းမောက်ခမ်းကလဲလို့)အကုန် စစ်ဗိုလ်သစ်နဲ့စစ်ဗိုလ်ဟောင်းတွေချည်းမဟုတ်ဘူးလား။ မင်းအောင်လှိုင်က အကိုကြီးတွေ(အကျိုးစီးပွားတူနေတော့)အမိန့်မရမခြင်း ဘာမှမလုပ်ဘူး စိတ်ချ။ စစ်တပ်နဲ့ အဲ့လူတွေအားလုံးနဲ့က သပ်သပ်စီမို့လို့လား “စစ်တပ်သဘောမတူရင် ဘာမှလုပ်လို့မရ” လို့ ပြောနေကြတာက။ ကာ/လုံသဘောမတူရင် ဘာမှလုပ်မရလို့ပြောတာကမှ(ဟုတ်ဟုတ် မဟုတ်ဟုတ်) နားခံသာဦးမယ်။

နိုင်ငံတကာကလည်း အလကားမတ်တင်းနဲ့ရထားတဲ့ပွဲစားကို ပွဲညွန့်လေးတော့ စစ်အုပ်စုဘက်က ပေးစေ့ချင်တယ်။ ဥရောပသမဂ္ဂကဆို သိက္ခာအပဲ့ခံပြီး ဗြောင်ထုတ်ပြောတဲ့အထိကိုဖြစ်လာတယ်။ အန်ကယ်ဆမ်ကလည်း အိမ်ဖြူတော်ခေါ်ကျောသပ်ပေးပေမယ့် ယောက်မမြင်းစီးထွက်လာတဲ့သမီးမို့ နည်းနည်းတော့မျက်နှာပူပုံပေါ်တယ်။ သူ့လည်း အမှုတွဲဖြစ်မှာစိုးတယ်။ ဒါနဲ့ ဖွဲ့စည်းပုံကိစ္စ မပြောချင်ပြောချင် ပြောလာတယ်။ အဖျက်ခံရရင် ရုပ်ပျက်ဆင်းပျက်နဲ့အကြည့်ရလည်းဆိုးမယ်ဆိုတော့ ပြင်ပေးလိုက်ပါလို့ သာသာထိုးထိုးလေးပြောလာရတယ်။ ချုပ်လိုက်ရင် ပြင်ရေးဘက် အားလုံးလိုလို ယိုင်လာကြတယ်။ ထီးလိုမင်းလိုဖြစ်လာတယ်လို့တော့ ပြောလို့မရဘူး။

အင်န်အယ်လ်ဒီမှာက ပြင်တာတော့ဟုတ်ပြီ ဘာနဲ့ပြင်မှာလဲ ဘယ်ပုံပြင်မှာလဲဆိုတာက "မူ" တိတိကျကျမရှိဘူး။ သူ့ရပ်ခံထားတဲ့ပုံစံနဲ့ဆို လွှတ်တော်ထဲကပြင်တာကလွဲလို့ ဘာမှမရှိဘူး။ အဲ့ဒီနည်းက ဘေးလူမပြောနဲ့ ကိုယ်တိုင်ရေးခဲ့သူတွေတောင် ပြင်ဖို့လွယ်တာမှ မဟုတ်တာ။ ဒါဆို လွှတ်တော်ပြင်ပ(လူထုတိုက်ပွဲနည်း)နည်းနဲ့ သွားမလားဆိုတော့ သွားမယ့်ပုံမပေါ်ဘူး။ မပေါ်တဲ့အပြင် ဘာလုပ်လာသလဲဆိုတော့ လှုပ်လှုပ်ရွရွဖြစ်လာတဲ့လူထုအသံကို ကိုယ့်လက်ထဲသိမ်းပြီး လွှတ်တော်ထဲတင်သွင်းဖို့ကြံရွယ်တယ်။ တချို့ကတော့ လူထုဘက် စိတ် ပြန်လည်လာတဲ့သဘောမို့ ကောင်းတဲ့လက္ခဏာလို့ဆိုကြတယ်။ ကိုယ်ရေးကြုံမှ လူထုဘက်မျက်နှာပြန်မူတာဟာ လက္ခဏာကောင်းလို့ပြောဖို့တော့ ခက်မယ်ထင်တာပဲ။ လူထုဘက်က ရပ်တည်၊ လူထုနဲ့လက်တွဲ၊ လူထုအတွက်တိုက်ပွဲဝင်ပေးတာမျိုးထက် လူထုခေါ်ပြီး ကိုယ့်ထောက်ခံရေးလောက်ပဲသုံးချင်တာဟာ လူထုအကျိုးကိုဆောင်တယ်လို့ပြောဖို့လွယ်မယ်မထင်ဘူး။ လူထုဘက်ကလည်း ဘာများလုပ်တော့မလဲ၊ ဘာများဖြစ်တော့မလဲနဲ့ တက်လာတဲ့အရှိန်သေသွားတယ်။ ဇက်အသပ်ခံလိုက်ရတဲ့၊ ဇက်အခွံ့ခံလိုက်ရတဲ့မြင်းလို တန့်သွားတယ်။

ဒီတင် ရှစ်ပူး-ငြိမ်း/ပွင့်ထဲက ကိုကိုကြီးတို့ မင်းဇေယျတို့ မီးတကျည်ကျည်ဖြစ်လာတယ်။ ဒီတင် မီးတကျည်ကျည်တွေကိုဟန့်ဖို့ “ဒေါ်စုလမ်းကို အပြည့်အဝဝိုင်းထောက်ခံကြ”ဆိုတဲ့အသံ ထွက်လာတယ်။ ခက်တာက ဒေါ်စုကလည်း ဘယ်လမ်းသွားမယ်မှန်းမသိသေး။ လိုင်းကလည်း မရှင်းသေး။ နတ်စစ်သည်တွေလည်း စစ်မရောက်သေး။ အသုရာနဲ့သိကြားမင်းလည်း ဘာမှတော့မဖြစ်သေးဘူးထင်တာပဲ။
ဒီဇင်ဘာ ၂၂၊ ၂ဝ၁၃ (မျိုးမြင့်ချို)


Saturday, December 21, 2013

စိန်ခေါ်သံများသည် ပြည်သူ့စွမ်းအားဖြစ်လာနိုင်ပါစေ(တူမောင်ညို)

0 comments

စိန်ခေါ်သံများသည် ပြည်သူ့စွမ်းအားဖြစ် လာနိုင်ပါစေ (တူမောင်ညို)
(၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂ဝ )
အဖျောက်နှင့်သာယာဝတီမှ စိန်ခေါ်သံများကိုကြားရသည့်အခါ ကြက်သီးများထမိသည်။ “နှစ်ဟောင်း ၂ဝ၁၃” ကို စိန်ခေါ်သံနှင့်နှုတ်ဆက်ပြီး “နှစ်သစ်၂ဝ၁၄”ကို စိန်ခေါ်သံဖြင့်ဖွင့်လှစ်ပေတော့မည်ဟုလည်း အတွေးပွားမိပြီး၊ လက်သီးများပင် ကျစ်ကျစ်ပါအောင်ဆုပ်မိသွားပါသည်။
သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံကြရေးမေတ္တာရပ်ခံချက်ကို တစ်ဖက်ကငြင်းပယ်လိုက်ပြီးနောက် ယခုကဲ့သို့စိန်ခေါ်သံများ ပီပီပြင်ပြင်ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။ အဖျောက်နှင့်သာယာဝတီမှ ရဲရင့်သောစိန်ခေါ်သံများကို ကြားပြီးနောက် နာကျင်မှု၊ စိုးရိမ်မှုတို့နှင့်ယှဉ်လျက် ကျနော်စိတ်သန္တာန်ဝယ် “၁၉၉ဝ ပြည့် ရွေးကောက်ပွဲ၊ ဂန္ဒီခန်းမ၊ စီအာပီပီ၊ ရွှေဂုံတိုင်ကြေညာချက်၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် ကာကွယ်စောင့်ရှောက်နှင့်လေးစားလိုက်နာကျမ်းကျိန်သည့်ကိစ္စများ” အစီအရီ ပေါ်ထွက်လာပါသည်။
အဖျောက်နှင့်သာယာဝတီမှ ရဲရင့်သောစိန်ခေါ်သံများသည် ထိုကိစ္စများကဲ့သို့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမည်လား။ မဆိုစကောင်းဆိုစကောင်း အဖျားရှူးသွားလေမလားဆိုသည့် စိုးရိမ်စိတ်ဒီရေသည် တရိပ်ရိပ်မြင့်တက်လာခဲ့ပါသည်။
လက်ပံတောင်းတွင် “ခေါင်းနှင့်ရင်းခဲ့ရသည်”သည်ဟု ဆရာဝင်းထွဋ်ဇော်က မချိတင်ကဲရေးပါသည်။
ရခိုင်ပြည်နယ်နှင့်ကချင်ပြည်နယ်ကိစ္စများတွင်“ရက်စက်သောတိတ်ဆိတ်မှု”ကိုဆောင်မြဲတိုင်းဆောင်နေခဲ့သဖြင့်“နှလုံးသားကိုပါ စတေးခဲ့သည်”ဟုရေးလျှင် ရမည်ထင်ပါသည်။ သို့ဖြင့် ပြည်ပမီဒီယာများက “သူတော်စင်မဟုတ်” ဟူ၍ ဝေဖန်လာကြပါတော့သည်။
ထို့အပြင်(နအဖ)စစ်အစိုးရ၏ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုဖြစ်သည့် “ဒီပဲယင်းအကြမ်းဖက်မှု” ကိုမုံရွာအောင်ရှင်တစ်ယောက်သာ “ဒီလှိုင်းစာစောင်”တွင်မမေ့ကောင်း၊ မပျောက်ကောင်း ရေးသားမှတ်တမ်းတင်နေဆဲဖြစ်သော်ငြားလည်း ဒေါ်အောင်ဆန်းစုကြည်ကမူ အတိတ်ကိုအတိတ်မှာပဲ အမြော်အမြင်ကြီးစွာထားရစ်ခဲ့ပါသည်။
ဤသို့ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ခေါင်းတွေ၊ နှလုံးသားတွေ၊ ရင်းနှီးခဲ့၊ ပေးဆပ်ခဲ့၊ အတိတ်၏နာကျင်ခါးသည်းမှုတွေကို အတိတ်မှာထားရစ်နိုင်ခဲ့သော်လည်း တစ်ဖက်မှယောက်ျားရင့်မကြီး၊ သေနာချုပ်ကြီးများသည် “၂ဝဝ၈အခြေခံဥပဒေပြင်ဆင်ရေး”နှင့်စပ်လျဉ်း၍ အပြုသဘောဆောင်သည့်အရိပ်အယောင်စကားကို စတိမျှပင် ထုတ်ဖော်မပြောခဲ့ကြပါချေ။ ရက်စက်စိမ်းကားလှပါဘိတော့သည်။
သူရသတ္တိရှင်သေနာချုပ်ကြီးများသည် ယင်းသို့အပြုသဘောဆောင်သည့်စကားကို တစ်ခွန်းတစ်ပါဒမျှ မပြောမဆိုသော်လည်း ယခုကဲ့သို့ ခနိုးခနဲ့အာဘော်ဖန်တီးလျက်ရှိနေပါသည်။
“ကြီးလေးကြီးတွေ့ဆုံဆွေးနွေးရေးအတွက် အလွတ်သဘောညှိနှိုင်းရန် နိုင်ငံတော်သမ္မတရုံးက စီစဉ်လိုသော်လည်း တစ်ဖက်တွင် အကဲဆတ်သည့်ပြောဆိုမှု (Emotional Speech) များ မြင်တွေ့နေရသဖြင့် လုပ်ဆောင်ရန်ခက်ခဲနေကြောင်း အစိုးရအဖွဲ့နင့်နီးစပ်သူတစ်ဦး က ပြောကြားသည်။
“၂ဝဝ၈ အခြေခံဥပဒေ”ကို မည်သည့်အတိုင်းအတာအထိ ပြင်ဆင်မည်လဲ။ မည်သည့်အတိုင်းအတာအထိ ပြင်ဆင်ပေးမှသာ “ပေမီဒေါက်မီပြင်ဆင်ရေး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတ်မှတ်ထားပါသလဲ။  ပြည်သူများ၊ လုပ်ဖော်ကိုင်ဖက်နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ ဒီချုပ်ပါတီဝင်များအနေဖြင့် ဤအချက်မှာ ယနေ့အချိန်ထိမသိရှိကြရသေးပါ။
ပြည်သူကိုအားကိုးသည်၊ ပြည်သူ့အားဖြင့် “၂ဝဝ၈အခြေခံဥပဒေ”ကို ပြင်ဆင်မည်ဟုဆိုလျှင် မည်သည်က “အတုအယောင် ပြင်ဆင်ရေး” ဖြစ်ပြီး၊မည်သည်က“ပေမီဒေါက်မီပြင်ဆင်ရေး”ဖြစ်သည်ကို ကွဲကွဲပြားပြားဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရှင်းရှင်းလင်းလင်း၊ တိတိကျကျထုတ်ပြန်ပေးရန်လို အပ်ပါသည်။
ပြည်သူ့အား၊ ပြည်သူ့စွမ်းအားဆိုသည်မှာ မိမိလိုအပ်လာသည့်အချိန်အခါမှ ခလုတ်ဖွင့်၍အသုံးပြုရသည့် မိုက္ကရိုဝေ့ဗ်မီးဖိုမျိုး မဟုတ်ပါ။ မည်သည့်အတိုင်းအတာအထိ ပြင်ဆင်မပေးခဲ့လျှင် ပြည်သူများအနေဖြင့် မည်သို့ဆက်လက်လုပ်ကိုင်သွားကြရမည်ဆိုသည်ကို တိကျသောလုပ်ငန်းစဉ်များ ကြိုတင်ပြင်ဆင် ချမှတ်ပေးထားရမည်ဖြစ်ပါသည်။
သမ္မတနှင့်အဆင်ပြေနေသည့်အခါ တစ်မျိုး၊ မပြေလည်တော့သည့်အခါ တစ်မျိုး၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် လေပေးလေယူ ဖြောင့်တန်း နေသည့်အခါ တစ်မျိုး၊ မဖြောင့်တန်းတော့သည့်အခါ တစ်မျိုး စသဖြင့် ပြဒါးကဲ့သို့ပြောင်းလဲနေသည့်လုပ်ဟန်မျိုးမှာ ပါတီအဖွဲ့အစည်းတစ်ခု၏ လုပ်ငန်းစဉ်တစ်ရပ်မဖြစ်နိုင်ပါ။  နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေးပါတီတစ်ရပ်၏ခေါင်းဆောင်မှု၊ သဘောထား၊ လုပ်ငန်းစဉ်များသည် တည်ကြည်ပြတ်သားဖို့ အရေးကြီးပါသည်။  
ဒေါ်အောင်ဆန်းစုကြည်က “ကိုယ့်သိက္ခာကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်များဟာ ၂ဝ၁၅ ကျလို့ရှိရင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်ဘဲနဲ့ ရွေးကောက်ပွဲမဝင်သင့်ဘူးလို့ ကျွန်မတို့မြင်တယ်”ဟုပြောပါသည်။
ထို့အပြင် “ဖွဲ့စည်းပုံအခြေခံဥပဒေဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ဆန္ဒကိုထောက်ထားပြီးဝင်မယ်ဆိုရင် ကျွန်မတို့က စွန့်စားပြီးဝင်ရမှာ၊ မမျှတတဲ့အခြေအနေမှာ စွန့်စားပြီးဝင်ရမှာ၊ ကျွန်မတို့က သိက္ခာကျစရာ ဘာမှမရှိဘူး။ အထက်စီးယူပြီးဝင်တဲ့သူတွေအတွက်တော့ သိက္ခာမရှိဘူးလို့ ကျွန်မပြောချင်တယ်” ဟု ဆက်၍လည်း ဤသို့ပြောပြန်ပါသေးသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နောက်ပြောစကားများကိုဆက်စပ်၍ ကျနော်နားလည်သလိုပြန်ပြောရလျှင် “၂ဝဝ၈ အခြေခံဥပဒေကို ပြင်ကြည့်မယ်။ ပြင်မပေးလျှင်လည်း ၂ဝ၁၅ ရွေးကောက်ပွဲဝင်မည်” ဟူ၍ဖြစ်ပါသည်။ အချို့လူများအဓိပ္ပါယ်ကောက်နေသလို “၂ဝ၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်မည်”ဆိုသည့်သဘော မတွေ့ရပါ။
မည်သည့်အတိုင်းအတာအထိပြင်ပေးရမည်၊ မပြင်ပေးလျှင် ဘာဆက်လုပ်ကြမည်ဟူသည့် တိကျသောလုပ်ငန်းစဉ်မရှိတာတွေ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် “တစ်နှစ်အတွင်းလွတ်လပ်ရေးပေးရမည်”ဟု နယ်ချဲ့ဗြိတိသျှတို့ထံ တစ်ဖက်ကအရေးဆိုပြီး၊ “ရလျှင်ရ မရလျှင်ချ” ဖို့လည်း အခြားတစ်ဖက်က ပြင်ဆင်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ “ပြည်သူလူထုရဲ့ဆန္ဒကိုထောက်ထားပြီးဝင်မယ်ဆိုရင် ကျွန်မတို့ကစွန့်စားပြီးဝင်ရမှာ“ ဟု ဆိုထားပါသည်။  စစ်မရောက်ခင် မြားကကုန်နှင့်ပြီဟု ဆိုရပေတော့မည်။
သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာချုပ် စသော သေနာချုပ်ကြီးများအတွက် သိက္ခာသည် အာဏာလောက်အရေးမကြီး၊ သိက္ခာရှိခြင်း/မရှိခြင်း၊ သိက္ခာကျခြင်း/မကျခြင်းသည်  အာဏာရှိခြင်း/မရှိခြင်းလောက်မရေးမကြီးချေ။ သူတို့အတွက် အာဏာသည်အဓိက၊ အာဏာသည်သာ အရာရာဖြစ်သည်။ ယနေ့အာဏာသည် “၂ဝဝ၈အခြေခံဥပဒေ”နှင့် “စစ်တပ်”ပင်ဖြစ်သည်။ ယင်း ၂ ခုကိုထိပါးသောသူမှန်သမျှသည် ရန်သူပင်ဖြစ်သည်။
“၂ဝဝ၈ အခြေခံဥပဒေ” ပြင်ဆင်မပေးလျှင် ဘာဆက်လုပ်ကြမည်နည်း။
“၂ဝ၁၅  ရွေးကောက်ပွဲ”မဝင်လျှင် ဘာဆက်လုပ်ကြမည်နည်း။ အနည်းဆုံးမဲဆန္ဒနယ် ၃ နယ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုလျှင် ပါတီဖျက်သိမ်းခံရမည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေ၊ ပုဒ်မ ၁၂ (က) ၊ ပုဒ်မခွဲငယ်(၁)အရ ပါတီဖျက်သိမ်းခံရဖွယ်ရှိပါသည်။
အဖျောက်နှင့် သာယာဝတီမှရဲရင့်သောစိန်ခေါ်သံများသည် ပြည်သူ့စွမ်းအားဖော်ထုတ်နိုင်ရေးအတွက် တိကျခိုင်မာသောလုပ်ငန်းစဉ်များ ဖြစ်လာပါစေဟု ဆုတောင်းပါသည်။ သို့မှသာ ပြည်သူ့အား၊ ပြည်သူ့စွမ်းအားဖြင့် “၂ဝဝ၈ အခြေခံဥပဒေ”ကို ပြင်ဆင်နိုင်မည် သို့တည်းမဟုတ် အသစ်ရေးဆွဲနိုင်ပါလိမ့်မည်။
ညွန်း
- ဒီဇင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် အဖျောက်ကျေးရွာ နှင့် သာယာဝတီတို့တွင်ပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ၏ပြောကြားချက်များ

၂ဝ၁၃ ဒီဇင်ဘာဒုတိယပတ်ထဲမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
၂ဝ၁၃ ဒီဇင်ဘာဒုတိယပတ်ထဲမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
"ဘာသာတရားတွေမရှိရင် ကမ္ဘာကြီးဘာဖြစ်မလဲ လို့မေးတာကို ကျနော်က ရှိလို့ဖြစ်နေရတဲ့ စစ်၊ ပဋိပက္ခ၊ အကြမ်းဖက်လူသတ်ပွဲတွေနဲ့ အမုန်းတရား အာဃာတတွေ ပျောက်သွားမှာသေချာကြောင်း နဲ့ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ချာချာလည်ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့ ကမ္ဘာကြီးအဖို့ ပြဿနာတစ်ခုလျော့သွားလည်း မနည်းပါလား၊ မသက်သာပါ့လား" လို့ ပြန်ပြောဖြစ်ပါတယ်။ ခေါင်းထဲရှိနေတာက ဘာသာတရားမရှိခင်တုန်းကရော ဘာတွေဖြစ်ခဲ့သလဲ။ ရှိပြီးနောက်နဲ့ အခုရောဘာတွေဖြစ်နေလဲ။ ဘာ့ကြောင့်ရော ဘာသာတရားတွေက ရှိလာပေါ်လာ တီထွင်လာကြရသလဲ။ ဉာဏ်လည်း(အများသူငှာနှယ်)ပေမီဒေါက်မီမဟုတ်ဘူး။ အချက်အလက်လည်း မပြည့်စုံဘူး (ပြည့်စုံဖို့လည်းမဖြစ်နိုင်)။ ဆင်ခြင်တုံတရားနဲ့ တွေးခေါ်မြော်မြင်မှုမှာလည်း ဘက်ရှိသူ/လိုက်သူ ဆိုတော့ ဘက်မတူသူတွေနဲ့ အကောက်အယူ တူတာလည်းဆန်းတဲ့ကိစ္စမဟုတ်ပြန်ဘူး။ ကဲဗျာ အဲ့ဒီ မဆန်းတဲ့ကိစ္စကိုပဲ စကားလုပ်ပြောကြည့်ကြရင် ဘယ့်နှယ်နေမလဲ။ (ဘာသာတရားရှိတော့ဘာဖြစ်သလဲ)

ကိုကိုကြီးနဲ့မင်းဇေယျတို့ပြောစကားပေါ်က ကျနော့်အကောက်အယူ
အသက်အရွယ်အရဖြစ်ဖြစ် နိုင်ငံရေးဘဝအရဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်အလွန် မှတ်ပုံတင်ပါတီထောင် ၂ဝဝ၈ စစ်လွှတ်တော်/ဗ မာ့နိုင်ငံရေးအခင်းအကျင်းမှာ ရှစ်ပူး-ငြိမ်း/ပွင့်တွေကို ကျနော်(တို့)အနေနဲ့ တစုံတရာမျှော်လင့် ပုံဖော်ထားခဲ့ဖူးတယ်။ ခေတ်ကို အပြိုင်ဖြတ်ခဲ့ကြဖူးတဲ့ ခံဖော်ခံဘက်တွေကနေ ကိုယ့်ခေါင်းဆောင်/တိုင်းပြည်ခေါင်းဆောင်တွေအဖြစ် မြင်ချင်တဲ့အာလျ ရှိကြောင်းလည်းပြောခဲ့ရေးခဲ့ဖူးတယ်။ ခု ဒီနေရာမှာ ကျနော်(တို့) မျှော်လင့်ပုံဖော်ထားသလို စစ်အုပ်မှာလည်း ဒီလူတွေအပေါ် ရည်မှန်းပုံသွင်းချက်တွေရှိတာခြင်းမှာတူကြပါတယ်။ မတူတာက ကျနော်တို့က ဒေါ်စုအလွန် ၂ဝဝ၈ လွှတ်တော်နိုင်ငံရေးအခင်းအကျင်းမှာ ဒီလူတွေကို ပုံဖော်တာဖြစ်ပြီး စစ်အုပ်စုကတော့ အင်န်အယ်လ်ဒီကို “ကိုင်”ဖို့နဲ့ လူထုကိုလှည့်ဖျားဖို့ ဒီလူတွေကို (ဒေါ်စုမလွန်ခင်)ဒေါ်စု မျက်မှောက်မှာတင် ပုံသွင်းယူတာပါပဲ။
ဒီနေရာမှာ ဘာလို့ ၂ဝဝ၈ စစ်လွှတ်တော်ဗမာ့နိုင်ငံရေးအခင်းအကျင်းထဲမှာမှ မျှော်လင့်ချက်သွားထားရ သလဲဆိုတော့ ဒီလူတွေအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဒိတ်ဒိတ်ကြဲတွေမှန်ပေမယ့် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးကိုဆုံးခန်းတိုင်ဆောင်ရွက်နိုင်မယ်မဟုတ်လို့ ယုံကြည်ယူဆလို့ပါပဲ။ အဲ့သလိုယုံကြည်ရတာမှာလည်း အကြောင်း(၂)ခု ရှိပါတယ်။
တကြောင်းက လစ်ဘရယ်ဒီမိုကရေစီလို့ကြွေးကြော်ပြီး ရက်ဒီကယ်လ်အယူအဆတွေကိုလက်မခံလို့ပြော ပလားဆို တိုက်ပွဲတဝက်တပျက်မှာရန်သူနဲ့စေ့စပ်ပြီး ကိုယ်ကျိုးထွက်ပေါက်ဘက် တိမ်းညွှတ်သွားကြသူတွေ ချည်းလိုလို အတွေ့များတာကြောင့်ပါ။ လူထုနဲ့နောက်လိုက်တွေကိုချန်ကာ တိုက်ပွဲထဲကနေကိုယ်လွတ်ရုန်း ထွက်ပြီး ငွေကြေး ရာထူး စည်းစိမ်တွေနောက် ကောက်ကောက်ပါသွားတာတွေ ကမ္ဘာ့သမိုင်း-ဗမာ့သမိုင်းမှာ အထင်အရှားရှိပါတယ်။
နောက်တကြောင်းက အသက်အရွယ်တွေပါ။ ရာစုနစ်ထက်ဝက်လောက် စစ်အာဏာနဲ့ ဘာသာ/လူမျိုးရေး အခြေပြုအစွန်းရောက် အမျိုးသားရေးဝါဒအမြစ်တွယ်နေတဲ့လူ့အဖွဲ့အစည်းထဲမှာ ထုနဲ့ထည်နဲ့ အခြေတည်မိနေပြီဖြစ်တဲ့စစ်အာဏာအကျိုးစီးပွားကြီးနဲ့ အစွဲအလမ်းကြီး/အညှာလွယ်မှုတွေကို ကာလတိုတခုအတွင်း အပြီးအပြတ်ပယ်ရှင်းဖို့ဆိုတာ သူတို့အဖို့ခဲယဉ်းဝန်တာကြီးလှသလို
အချိန်လည်းယူရ/ပေးရမယ့်ကိစ္စပါ။ ဒီလူတွေ အခု အသက်က ၅ဝ တန်းတွေ။ နေရလှ နောက် နှစ်အစိတ် သုံးဆယ်ပဲ။ ပိုတောင် နည်းနည်းပဲ။ ဆိုတော့ သူတို့ လူ့အသက်နဲ့နိုင်ငံရေးဘဝ အိုမင်းတွင်းဆုံးကျချိန် ထိတောင် အပေါ်မှာပြောခဲ့တဲ့(စစ်အာဏာ/အကျိုးစီးပွားနဲ့ ဘာသာလူမျိုး အခြေပြု အစွန်းရောက်အမျိုး သားရေးဝါဒ) ၂ ခုကို ကုန်စင်ပပျောက်အောင်လုပ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဖြစ်နိုင်လို့ပါပဲ။ ဒါပေမယ့် (သူတို့မသေခင်) ဒေါ်စုအလွန် ၂ဝဝ၈ စစ်လွှတ်တော်အခင်းအကျင်းထဲမှာ ဝင်ပလေးကြလိမ့်မယ်၊ နိုင်သလောက်ဝင်ထမ်းရင်း သမိုင်းကြောင်းလှလှနဲ့ နိုင်ငံရေးဘဝကို ကပြသွားကြတန်ကောင်းရဲ့ လို့ မျှော်လင့်မိပါတယ်။ အသက်အရွယ်ကို ထည့်ပြောနေရတာက လူ(နိုင်ငံရေးသမား)တချို့အတွက် "နိုင်ငံရေးရပ်ခံချက်"နဲ့ "ဘက်"ပြောင်းပလားဆို ပြဖို့လွယ်တတ်လွန်းတဲ့ ဆင်ခြေဆင်လက်ဖြစ်နေလို့ပါ။ အချက်(၂)ချက်မှာ နံပတ်တစ်အချက်က နိုင်ငံရေးဖြစ်ပြီး၊ ဒုတိယအချက် အကြောင်းပြချက်မျှဖြစ်ပါတယ်။ ဒီအချက်က ဒုတိယဖြစ်သလို အရေးလည်းသိတ်တော့မပါလှပါ။ မိမိရပ်ခံချက်မှာခိုင်ကြည်စွဲမြဲသူတွေ အဖို့တော့ ဒီ အသက်အရွယ်ဆိုတဲ့ဆင်ခြေဟာ ဘက်ပြောင်းရာမှာ ပြဖို့မလိုတဲ့အကြောင်းကိစ္စဖြစ်ပါတယ်။
ဒီ လစ်ဘရယ်ဆန်ရပ်ခံချက်နဲ့အသက်အရွယ်တွေကြောင့် တိုက်ပွဲတဝက်တပျက်ကနေ ဖဲ့ထွက်ပြီး စေ့စပ်ရေးလမ်းကြောင်း(၂ဝဝ၈ အောက် ခေါင်းလျှို၊ ပါတီထောင်၊ ရွေးကောက်ပွဲဝင် (တသီးပုဂ္ဂလည်းလုပ်နိုင်) လမ်းကြောင်းပဲရွေးချယ်သွားကြဖို့ရှိတယ်လို့မြင်ပြီး ဒေါ်စုအလွန် ၂ဝဝ၈ ဗမာ့နိုင်ငံရေးအခင်းအကျင်းမှာ ဒီလူတွေကို သူတို့သီးခြားသဏ္ဍန်တွေနဲ့ ထုနဲ့ထည်နဲ့မြင်ရမယ်လို့ ပုံဖော်ကြည့်ခဲ့တာပါ။ ခု ထွက်လာတဲ့အာဘော်တွေကြည့်ရတာ ကျနော်(တို့)မျှော်လင့်ပုံဖော်သလိုမဟုတ်ပဲ စစ်အုပ်စုပုံသွင်းယူသလိုဖြစ်တယ်လို့ပြောရမှာ မစောတော့ဘူးထင်တာပါပဲ။ ဒီလူတချို့ဟာ ဒေါ်စုအလွန် ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့စစ်လွှတ်တော်အထိတောင် မစောင့်နိုင်ကြတော့ဘူးလို့ ယူဆရမလိုဖြစ်လာ ပါတယ်။ လောကြီးပြီး လွှတ်ကနဲထွက်သွားတာမဟုတ်မှန်းလည်း တွေးမိပါတယ်။ စစ်ဗိုလ်(ဟောင်း/သစ်တွေ)၊ ကြံ့ဖွံ့တွေနဲ့ စစ်အလိုတော်ရိတွေအသံကို စကားလုံးပြောင်းပြီးပြောကြတဲ့ သဘောဖြစ်ပါတယ်။ သူတို့ (ကိုကိုကြီးနဲ့ မင်းဇေယျ)ဗြောင်ထွက်ပြောလာတဲ့ စကားတွေကိုထောက်ချင့်ပြီး လူအများနားလည်အောင် တစ်ခွန်းထဲ ရှင်းရှင်းပြတ်ပြတ်ပြောရရင် “၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဖို့မလို” ”ပုဒ်မ(၅၉/စ) ဒီအတိုင်းထား” ပါပဲ။ အဲ့ဒါကို စကားလုံးမျက်လှည့်နဲ့ နိုင်ငံရေးကုလားဖန်ထိုးတာလို့ယူဆပါတယ်။ ရှစ်ပူး-ငြိမ်း/ပွင့်အုပ်ထဲက ခေါင်သူကြီး တက်မကိုင်နေရာထိုင်နေသူတချို့ နိုင်ငံရေးခြေပုန်းခုတ်နေမှန်း လူတိုင်းသိနေကြပေမယ့် ခုမှ ပွင့်ကျသွားတယ်လို့ ရှင်းရှင်းမြင်ပါတယ်။
ဒီလူနှစ်ယောက် ခုလိုထွက်ပြောလာတာဟာ ရှစ်ပူး-ငြိမ်း/ပွင့်တအုပ်လုံးရဲ့သဘောထားလား ဒါမှမဟုတ် တစ်ယောက်ချင်း (နှစ်ယောက်ပေါင်း အမြင်တစ်ခု)အမြင်လားဆိုတာ ခုချိန်ထိ မရှင်းလင်းပါ။ ရှင်းလင်းချက် ထွက်လာမယ်လို့မျှော်လင့်သလို ထွက်လာတဲ့အခါမယ် ရပ်ခံချက်တွေပါရှင်းပြတ်သွားကြမယ်လို့လည်း ယူဆမိပါတယ်။ (ရှစ်ပူးတွေအာဘော်ဖန်တီးမှု)

မန်းငြိမ်းတို့ ဒီမိုကရေစီ ကားဘယ်နှစီးတိုက်စာပဲရလို့လဲမသိဘူး။ သိတ်တော့ တင်းတိမ်ပုံမပေါ်ဘူး။ ဒီဇင်ဘာ ၂ဝ ရက် ဘီဘီစီသတင်းမှာ ခုလိုပြောတယ် “ကားပါမစ်တွေကို မစို့မပို့လေးပေးလို့ အခွင့်ထူးခံ၍မရပါ”တဲ့။ ဖြစ်မှဖြစ်ရလေ။ ကားပါမစ်အနည်းအများ/အရက်ခွဲတမ်း အနည်းအများက အခွင့်ထူးဘယ်လောက်ခံမခံ ချိန်ထိုးကြည့်ရမယ့်စံပါ့လား သူတို့လိုလူတွေအတွက်။ (မန်းငြိမ်းစကား)

ရှစ်ပူးငြိမ်း/ပွင့်ခေါင်သူကြီးတစ်ယောက်ဖြစ်တဲ့ကိုကိုကြီးပြောတဲ့ ဖွဲ့စည်းပုံပြင်ရေးထက် ယုံကြည်မှုတည်ဆောက်ရေးက ပိုအရေးကြီးတယ်ဆိုတာဟာ ကိုကိုကြီးတစ်ယောက်တည်းရဲ့သဘောထားလား ရှစ်ပူးငြိမ်း/ပွင့်တအုပ်လုံးရဲ့အာဘော်လားဆိုတာ ခုချိန်ထိမရှင်းလင်းသေးလို့ အတွေးရောနှလုံးပါနောက်နေချိန်မှာ ခု မင်းဇေယျကလည်း အသံထုတ်လာပါပြီ။ မင်းဇေယျဘာပြောမှန်း သဘောပေါက်လောက်အောင် ဥပဒေဆိုတဲ့အရာမှာ ကျနော် မကျင်လည်တာမှန်ပေမယ့် စကားလုံးတွေ ရှုပ်ထွေးအောင်လုပ်ပြီး စကားလုံးမျက်လှည့်ပြဖို့ကြိုးစားတယ်လို့ ထင်ပါတယ်။ ဖွဲ့စည်းပုံပြင်ဖို့ မလိုဘူး/လိုတယ်ဆိုတာကို တင်းတင်းရင်းရင်းပြောဝံ့ဖို့လိုသလို ပြင်မယ်ဆိုဘာပြင်မှာလဲ ဘာမပြင်ဘူးလဲဆိုတာကို တိတိလင်းလင်းပြောရမှာဖြစ်ပါတယ်။ ရှစ်ပူးငြိမ်း/ပွင့်တွေ အန်ဂျီအိုဆိုလည်း အင်န်ဂျီအို၊ ပရော်လ်ဖက်ရှင်နယ်နိုင်ငံရေးဆိုလည်းနိုင်ငံရေး ကွဲပြားဖို့ပိုပိုလိုလာပါပြီ။ (မင်းဇေယျပြောစကား)

သမ္မတဖြစ်ချင်တယ် တနည်းပြောရရင် အာဏာလိုချင်တယ်ဆိုတဲ့စကားကို နှစ် ၂ဝ လောက်စောပြီး မပြောခဲ့တာအတွက် ဘယ်သူမှ အပြစ်မတင်ပါ။ သမ္မတကြီးကိုယုံတယ်ပြောပြီး ဖွဲ့စည်းပုံပြင်မလို့ဆိုကာ လွှတ်တော်ထဲဝင်သွားတာလည်း သဲထဲရေသွန်မဖြစ်လောက်သေးဘူးတွက်ပြီး လူတိုင်းက သတိလေးနဲ့ အားပေးနေကြတာပါ။ သမ္မတဖြစ်ချင်ခြင်းဆိုတဲ့မိမိအကျိုးစီးပွားနဲ့ ဖွဲ့စည်းပုံပြင်နိုင်ခြင်းဟာ တိုက်ရိုက် အဆက်အစပ်မှန်း ဒေါ်အောင်ဆန်းစုကြည်နဲ့အင်န်အယ်လ်ဒီနည်းတူ လူထုအားလုံး(ကမ္ဘာကပါ) သိထားပြီးသား။ ဆိုတော့ ဖွဲ့စည်းပုံပြင်ရေးဟာ မိမိအကျိုးစီးပွားကိစ္စပါ။ မိမိအကျိုးစီးပွားပါ မနေရင် ပြင်မယ်လို့ပြောစရာဘာအကြောင်းမှမရှိတာလည်း သိတ်နက်နက်တွေးစရာမလိုပဲ သိနိုင်တဲ့ကိစ္စပါ။ မိမိအကျိုးစီးပွားနဲ့တိုက်ရိုက်အချိုးကျနေလို့သာ ပြင်မယ်ဆိုတဲ့သဘောထားနဲ့လှုပ်ရှားမှုဖြစ်လာမှန်း စစ်အုပ်စုရော၊ မိတ်ဆွေရော၊ ကြားလူရောအကုန် အကင်းပါးပါးသိနားလည်ကြပါတယ်။ ဖွဲ့စည်းပုံပြင်ရေးဟာ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး ဖက်ဒရယ်လ်ပြည်ထောင်စု စတဲ့ပြဿနာတွေဖြေရှင်းဖို့အစပျိုးချက်မှန်း လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း သိပါတယ်။ ဒါပေမယ့် ဒီပြဿနာတွေကို အရင်လို ဒေါ်စုဗဟိုပြု ဒေါ်စုဆုံချက်ထား စဉ်းစားမှုမျိုးတော့လျော့ပါးသွားကြတယ်။ ပုံမအပ်တော့ဘူး ဝိုင်းလုပ်ကြမယ်ဆိုတဲ့သဘောနဲ့ ဝန်းရံပေးနေကြတာလည်း ပေါ်လွင်လာတယ်။ လူထုက စစ်အုပ်စုပေါ်မုန်းတဲ့အမုန်း နာတဲ့အနာနဲ့ဒဏ်ရာ အကင်းမသေသေးချိန် အနာမကျက်သေးချိန်ဆိုတာ သတိပြုစရာလို့မြင်မှာပါ။ အနာကျက်ဖို့အကင်းသေဖို့ ဆိုတာ ရက်လနှစ်စတာနဲ့မတိုင်းပဲ စစ်အုပ်စုဘက်က ခုထက်ပိုပြီး လူမှုရေး စီးပွားရေး နိုင်ငံရေးတွေမှာ ပိုဖွင့်ပေးလာရင်၊ လူမျိုးစုလက်နက်ကိုင်ပြဿနာတွေကို ခုထက်ပို အာမခံချက်ရှိရှိ ရှင်းပေးနိုင်ရင် ဆိုတာနဲ့တိုင်းရမှာပါ။ စစ်အုပ်စုကလည်း အဲ့သလိုလုပ်ဖို့ ကြပ်တည်းနေချိန်ပါ။ အကြပ်အတည်းက သူ့ဘက်တင် မဟုတ်ပါ ကိုယ့်ဘက်မှာလည်းရှိပါတယ်။ သူ့ဘက်အကြပ်အတည်းက ပြဿနာတွေကို မှန်မှန်ကန်ကန်မရှင်းတာနဲ့ စီးပွားရေး/နိုင်ငံရေးဒီမိုကရေစီအာမခံချက်တွေ မြန်မြန်ထက်ထက် လုပ်လို့မရသေးတာ။ ကိုယ့်ဘက် ခုရှိနေတဲ့အကြပ်အတည်းက အဲ့ဒါတွေ သူမြန်မြန်ထက်ထက် လုပ်သွားချိန်ကျ အမြင့်ဆုံးကိုရောက်လာမှာပါ။ အဲ့အချိန်က ကိုယ်ကလုပ်စရာဘာမှမရှိတော့ပဲ/လုပ်စရာမလိုတော့တဲ့အနေအထားဖြစ်သွားမှာပါ။ သူ့ဘက်က များများဖွင့် မှန်မှန်နဲ့မြန်မြန်လုပ်လေ ကိုယ့်ဘက်က လုပ်ကွက်နဲ့လုပ်ချိန် ပါးပါးလိုက်လာမှာပါ။ အဲ့သလိုအခြေအနေဆို လူထုအနေနဲ့ ကိုယ့်ကိုလိုချင်မှု လိုအပ်မှုကလည်းလျော့လျော့လိုက်လာမှာပါ။ နောက်ဆုံး ကိုယ့်ကို လိုမှလိုပါ့တော့မလားမေးနေစရာမလိုတော့မယ့်အချိန်မဆိုက်ခင်မှာ လုပ်စရာရှိတာလုပ်ရမှာပါ။ နိုင်ငံရေးသဘောမှာ အတိုက်အခံအစစ်ဟာ အနည်းဆုံး ကိုယ်ကဘာမှမလုပ်နိုင်ရင်တောင် သူ့ကိုအလုပ်ပေးထားနိုင်မှဖြစ်မှာပါ။ ခု ဖွဲ့စည်းပုံပြင်မယ်ဆိုတဲ့ကိစ္စဟာ ကိုယ်ကသူ့ကို အလုပ်ပေးထားတဲ့သဘောထက် အများကြီပို နက်ရှိုင်းတာသွားတယ်လို့ထင်ပါတယ်။ (ဒီနေရာမှာ မိမိလို့ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းကိုသာပြောခြင်းမဟုတ်ပဲ လူမျိုးစုံပြည်သူတရပ်လုံးအကျိုးစီးပွား/တတိုင်းပြည်လုံးအကျိုးစီးပွားကိုပါဆိုလိုပါတယ်) (ဖွဲ့စည်းပုံနဲ့အကျိုးစီးပွား)

ရွှေပြည်ကြီးမှာ
အသွားနှစ်ဖက်နဲ့အမျိုးသားရေးဓါးဟာ
လူသတ်လိုင်စင်ဖြစ်လို့
အကြမ်းဖက်လက်မှတ်ဖြစ်လို့
လူ့အခွင့်အရေးအတွက်
သားဖျက်လက်သည်ဖြစ်လို့။

ရွှေပြည်ကြီးမှာ
ပြုပြင်ပြောင်းလဲရေးဟာ
"ဘော"မရင်း၊
"ဘော"ကန်ရင်း၊
"ဘော"ကြည့်ရင်း၊
"ဘော"နဲ့ ကိုယ်လက်နှီးနှောမိတယ်
"ဘော"နဲ့ကိုယ်လေးလက်ဝန်ရသွားတယ်

ဒီတင်
ဖအေမပေါ်တဲ့သားဟာ
မျိုးချစ်ဓါးတရမ်းရမ်းနဲ့
မိခင်ဝမ်းကြာတိုက်ကို
မြွေပွေးပေါက်တွေလို
ဖေါက်ထွက်။ (မောင်မျိုးချစ်နဲ့မယ်သာကီများ)

ငယ်ငယ်တုန်းက ရပ်ထဲရွာထဲမှာ ဓါးပြခေါင်းဆောင်တွေကို ဗိုလ်ကြီး ဗိုလ်ကြီးနဲ့ခေါ်တာ သဘောလည်း မပေါက်သလို စိတ်ထဲလည်းနည်းနည်းခံပြင်းမိတယ်။ အခုကြီးလာတော့ တတိုင်းပြည်လုံးက ဓါးမြဂိုဏ်းခေါင်းဆောင်ကြီးကို ဗိုလ်ချုပ်မှူးကြီးလို့ ဘာ့ကြောင့်ခေါ်သလဲဆိုတာ နားလည်းလည်လာသလို အံမယ်...သူ့ဟာနဲ့တော့ အဟုတ်သားဟလို့ တွေးမိပြန်တယ်။ တချို့ကဆို နိုင်ငံတော်အကြီးအကဲ..တဲ့။ အဲ့စစ်ဗိုလ် ဘဏ်ဓါးမြတိုက်တာ ပိုက်ဆံလိုချင်လို့မဟုတ်ဘူး..တဲ့။ မြန်မာအသင်းရှူံးသွားတာကို ခံပြင်းစိတ်နဲ့ကြိတ်မနိုင်ခဲမရဖြစ်သွားပြီး ထင်ရာမြင်ရာတွေလုပ်မိသွားတာ..တဲ့။ မျိုးချစ်စိတ်ကြီးမားလွန်းလို့ စိတ်မထိမ်းနိုင်ဖြစ်ရတာ..တဲ့။ (အဲ့စစ်ဗိုလ်ဘဏ်ဓါးမြတိုက်တာ ဟုတ်လား/မဟုတ်လားလည်း ကျနော်သေချာတပ်အပ် မပြောချင်သေးဘူး။ ဒါပေမယ့် သူ့လူ မောင်မျိုးချစ်နဲ့ မယ်သာကီတွေကတော့ သူတို့ဗိုလ် ဓါးမြတိုက်တာတောင် မျိုးချစ်လို့တိုက်မိတာဆိုပါ့လား)
(စစ်ဗိုလ်ဓါးမြ စစ်ဓါးမြ)

ဟုတ်ဟုတ် မဟုတ်ဟုတ် နိုင်ငံကြီးတွေက လူ့အခွင့်အရေးတို့ အာဏာရှင် ဖယ်ရှားရေးတို့ခေါင်းစဉ်တပ်ကာ နိုင်ငံအချို့ကအစိုးရတွေကို စစ်တပ်နဲ့ဝင်ဖယ်ပလားဆို နိုင်ငံပြန်တည်ဆောက်ရေး Country Rebuilding တို့ အစိုးရနဲ့အဆင့်ဆင့်အုပ်ချုပ်ရေး ယန္တယားပြန်လည် တည်ဆောက်ရေး Nation Rebuilding ဆိုတဲ့ Plan တွေကို ဝင်မတိုက်ခင်ကတည်းက ဆွဲပြီးသား။ ခုများတော့(အီရတ်က ဆက်ဒမ်ကြီးကို ဝင်တွယ်ပြီးနောက်) ဝင်သာတီးတယ် ဖြုတ်လည်းချတယ် (တခါတလေ ကိုယ်ထိလက်ရောက် တခါတလေ အတွင်းကလူကို လိုတာပေးပြီး) ဒါပေမယ့် ဘာ နိုင်ငံပြန်တည်ဆောက်ရေးတို့ ဘာအစိုးရပြန်တည်ဆောက်ရေးတို့မှ မယ်မယ်ရရမပါတော့ဘူး။ စူပါ ပါဝါကြီးတွေ အထည်ကြီး ပျက်ချိန်ဆိုတော့ လက်ဖြန့်ခံစားမယ့်သူတွေလည်း အရိုးအရင်းလေးတောင် ကောင်းကောင်းမကိုက်ရကြရှာ။ ဗမာစစ်အုပ်စုလည်း စူပါပါဝါ ကြီးတွေ ဖေါဖေါသီသီပေးနိုင်ကမ်းနိုင်တုန်းကသာ ခုလိုလေး လေလည်လည်ပြရင် ဘယ့်လောက်များ ထောင်မလဲသဲကော်ဒေါ်လာတွေ ဝင်လာမစဲတသဲသဲနေလိမ့်မလဲ။ ခုက ဒေါ်လာတန်ဖိုးလည်းကျချိန် ပါဝါကြီးလည်း အဆိပ်သိတ်မပြင်းချိန်မို့လား။ (ထောင်မလဲသဲကော်)