Monday, January 20, 2014

သီတဂူဆရာတော်၏“အလွတ်သဘော”ဆိုသည်ကို ဆန်းစစ်ကြည့်ခြင်း(တူမောင်ညို)

0 comments
သီတဂူဆရာတော်၏ “အလွတ်သဘော” ဆိုသည်ကို ဆန်းစစ်ကြည့်ခြင်း(တူမောင်ညို)
(၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်)
 “အလွတ်သဘော” ဘုန်းကြီးကပြောသည်ဆိုလျှင် “ဝိနည်းလွတ်”ပြောတာပဲဖြစ်လိမ့်မည်ဟု ယူဆပါသည်။
 ဤသို့ပြောဆိုမှုသည် ဒုဗ္ဘာသီအာပတ် (မကောင်းသောပြောဆိုမှုအဖြစ် လူအများကဲ့ရဲ့ဖွယ်အပြစ်)သင့်ပါလိမ့်မည်။
ဝိနည်းဓိုရ်ဘုန်းကြီးဆိုလျှင် “အလွတ်သဘော”ပြောလိမ့်မည်မဟုတ်ပါ။ “၂၂၇ သွယ်သောဝိနည်း” ဟုဆိုထားပါသည်။
ဝိနည်းတရားတော်သည် သာသာနာ၏အသက်ဖြစ်ပါသည်။ (ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု)
ထို့ကြောင့် “ဝိနည်းလွတ်” ဆိုသည်မှာ တကယ်တော့ ရဟန်းတော်များလိုက်နာရမည့်ဥပဒေကိုလက်တစ်လုံးခြားချိုးဖောက်ခြင်းသာ ဖြစ်ပါသည်။

တကယ်တော့“အလွတ်သဘော”ဆိုသည်မှာ လောကီကိစ္စ။ နိုင်ငံရေးစနည်းနာကြခြင်းဖြစ်သည်။ တစ်ပါတီနှင့်တစ်ပါတီ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တရားဝင်ဆွေးနွေးပွဲမစခင်၊ အလျော့အတင်းမလုပ်ကြခင် အပြန်အလှန်ကြိုတင် တီးခေါက်ကြည့်ကြသည့်သဘောဖြစ်သည်။

ဘုန်းကြီး၏ “အလွတ်သဘောပြောဆိုမှု”သည် ကျောင်းတိုင်ခေါင်းထဲက“ဖွတ်”ကို စားချင်သော ကျောင်းထိုင်ဘုန်းကြီးမှ ကျောင်းသားများအား “ဝိနည်းလွတ်”မိန့်ကြားပုံမျိုးနှင့်ဆင်တူနေသည်။ ပုံပြင်ထဲကဘုန်းကြီးက “ဖွတ်သား”စားချင်တာဖြစ်သော် ယခု ကိုယ်တော်ကြီးကမူ “ကြံ့ဖွတ်သမ္မတ”ကို ဗြောင်အားပေးဖို့သြဝါဒပေးနေတာဖြစ်သည်။ မဲဆွယ်နေတာဖြစ်သည်။  

“ဟေ့- ကြံ့ခိုင်ဖွံ့ဖြိုးရေးက၂ဝဝ၈ အခြေခံဥပဒေမပြင်ဘူး၊ ဒီအတိုင်းသွားမယ်ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်နိုင်ဒါကြောင့် ဗိုလ်သိန်းစိန်ပဲဆက်လက်အားပေးကြ” ဟူ၍ဖြစ်သည်။ ဘုန်းကြီးသည်နိုင်ငံရေးကို ဤမျှစိတ်ဝင်စားနေပါလျှင် ကြံ့ဖွံ့ပါတီက အခြေခံဥပဒေ မပြင်ခဲ့လျှင် “၂ဝဝ၈အခြေခံဥပဒေ”ပြင်ဆင်ရေးကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုအားပေးကြဟေ့လို့ အလွတ်သဘော အဘယ့်ကြောင့်ထည့်သွင်းမပြောခဲ့ပါသလဲ။ ပြင်ဆင်ရေးဘက်မှ ဆရာတော်ကိုယ်တိုင် ရှေ့ကမားမားရပ်ပြီးပြင်ဆင်ကြဖို့ သြဝါဒ မပေးသင့်ပါလား။ အခုတော့ “သမ္မတကြီးဦးသိန်းစိန်ကို ဆက်လက်အားပေးသွားတာကောင်းတယ်” ပြောခဲ့သည်။ ဆရာတော်၏ “အလွတ်သဘော”သည် ကြံ့ဖွံ့ပါတီဘက်ပင်းသော အလွတ်သဘောဖြစ်နေသည်။ ထို့အပြင်သီတဂူဆရာတော်သည် ကြံ့ဖွံ့ပါတီကိုအားပေးရာ၌ “ဒကာဗိုလ်ရွှေမန်းဂိုဏ်း” ထက် “ဒကာဗိုလ်သိန်းစိန်ဂိုဏ်း” ဘက် ပိုညွတ်နေတာပေါ်လွင်ထင်ရှားသည်။

“ရခိုင်ကိုယ်တော်တစ်ပါးကခံစားချက်နှင့်အသုံးချသွားတာ” ဟု မိန့်ကြားသည်ကလည်း လူမျိုးရေးဆန်လွန်းပြီး တမင်လွှဲချသလိုဖြစ်နေပါသည်။ သီတဂူကိုယ်တော်ကြီးပြောသည့်စကားကို ပြန်လည်ပဲ့ထင်ထပ်သည့်ကိုယ်တော်မှာ သာမင်ညောင်ညကိုယ်တော် မဟုတ်ပါ။ တိပိဋကကိုယ်တော်တစ်ပါးဖြစ်ပါသည်။

သီတဂူကိုယ်တော်ကြီးသာ အလွတ်သဘောဝိုင်းထိုင်ပြီး“အလွတ်စကား” မမိန့်ကြားခဲ့သော် ဤကိစ္စပေါ်လာစရာအကြောင်း လုံးဝမရှိပါ။ မီးမရှိဘဲ၊ မီးခိုးမထွက်နိုင်သကဲ့သို့ပင်။ ယခုတော့ ငါးမျှားနေသည့်ကိုယ်တော်ကို အခြားကိုယ်တော်တစ်ပါးက တီးတူးရင်း တွေ့ကြပုံမျိုး ဖြစ်နေသည်။ ဤအချက်က ဘုန်းကြီးထိပ်သီးများကြားထဲ၌ ကြံ့ဖွံ့နိုင်ငံရေးစိမ့်ဝင်နေမှုကိုအထင်အရှားဖော်ပြနေသည်။
           
သမ္မတနှင့်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတွဲပြီး ဘုန်းကြီးလော်ဘီခရီးတွေထွက်သလို၊ ကာချုပ်ကလည်း ဘုန်းကြီးတွေနဲ့နီးကပ်ပြနေသည်။
           
စင်စစ် ယနေ့ဖြစ်ပွားနေသော ဘာသာရေး/လူမျိုးရေးအကြမ်းဖက်မှုများကိုအဓိကကြိုးကိုင်စီမံဖန်တီးနေသူမှာ သမ္မတဗိုလ်သိန်းစိန် ကြံ့ဖွံ့အစိုးရ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်က“ရာဇဝတ်မှုမီးပွား”ကို “ဘာသာရေး/လူမျိုးရေးအကြမ်းဖက်မှုတောမီးကြီး” ဖြစ်လာအောင် ဆီလောင်းမီးရှို့ပေးခဲ့သူလည်းဖြစ်သည်။ သို့ဖြင့် “ဘာသာရေး/လူမျိုးရေးအကြမ်းဖက်မှုတောမီးကြီး”ကို ရှမ်းပြည်နယ် (လားရှိုး)၊ မန္တလေးတိုင်းဒေသကြီး(မိတ္တီလာ)၊ စစ်ကိုင်းတိုင်းဒေသကြီး(ထန်းကုန်း)တို့တွင် အရှိန်ကောင်းကောင်း၊ အချိတ်အဆက်မိမိ၊ ဆက်လက်ခုန်ကူး လောင်ကျွမ်းစေခဲ့သည်။
           
စိတ်ကြိုက် သေကျေလောင်ကျွမ်းပြီးကာမှ လက်ပိုက်ကြည့်နေသောအာဏာပိုင်များသည် စတိသဘောအရေးယူဆောင်ရွက်မှုအချို့ကို ပြခဲ့ကြသည်။ “ဆီးဂိမ်း” တွင် ထိုင်ခုံဖျက်ဆီး၊အလံမီးရှို့သည့် “ဘောလုံးမျိုးချစ်များ”ကိုပင် ခရီးစရိတ်ပေးပြန်လွှတ်ပေးခဲ့သည့်အထိ မျိုးချစ်စိတ်ဓါတ်ထက်သန်မှုကို အထင်အရှားပြသခဲ့သည် မဟုတ်ပါလော။
           
ဘာသာရေးကို နိုင်ငံရေးအတွက် ခုတုံးလုပ်အသုံးမချသင့်။ သို့သော်လည်း အုပ်စိုးသူအဆက်ဆက်သည် ခုတုံးလုပ်အသုံးချမြဲ အသုံးချခဲ့ ကြသည်။ အသုံးချနေဆဲဖြစ်သည်။ ထိုသို့အသုံးချခဲ့သူများအနက်တွင် ပို၍လက်စောင်းထက်သူမှာ ဝန်ကြီးချုပ်ဟောင်းဦးနုဖြစ်သည်။ သူ့ကိုယ်သူ ဒီမိုကရေစီသမားကြီးပါဟု တွင်တွင်ဝါဒဖြန့်သူဦးနုသည် ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် ဘာသာရေးကိုခုတုံးလုပ်အသုံးချခဲ့ပြီး၊ သူ့ပါတီအနိုင်ရရှိရေးအတွက်လည်း “နိုင်ငံတော်ဘာသာ” ဖြင့်တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို ဖျက်ဆီးပစ်ခဲ့သူဖြစ်သည်။ ပြည်တွင်းစစ်မီးကို ပို၍အရှိန်ကောင်းအောင် ဖန်တီးခဲ့သူဖြစ်သည်။

ယနေ့ဖြစ်ပေါ်နေသော ဘာသာရေးခုတုံးလုပ်နေမှု၊ လူမျိုးရေးမုန်းတီးမှုလှုံ့ဆော်နေမှုများကို သမ္မတဗိုလ်သန်းစိန်အစိုးရက လက်ပိုက်ကြည် နေခဲ့သလို၊ (မဟန) အဖွဲ့ကြီးကလည်း ထိထိရောက်ရောက်ဟန့်တားမှုမပြုဘဲ ဝစီပိတ်နေတော်မူခဲ့သည် သို့မဟုတ် ဝစီပိတ်နေရန် ညွန်ကြားခြင်းခံနေခဲ့ရပုံပေါ်ပါသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေးမြို့၌ကျင်းပသည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်- မန္တလေး) ညီလာခံတွင်တက်ရောက်သော သံဃာသုံးသောင်းကျော်ဆိုသည်မှာလည်း နုနယ်ငယ်ရွယ်လှသည့် သံဃာငယ်များသာ အများစုဖြစ်နေ ပါသည်။ ထုတ်ပြန်ကြေညာချက်ကလည်း အစိုးရအကြိုက်ချည်းဖြစ်နေသည့်အချက်ကလည်း မေးခွန်းထုတ် စဉ်းစားစရာဖြစ်ပါသည်။ သီတဂူဆရာတော်သည် ထိုပွဲတွင် “အလွတ်သဘော”ပြောသင့်ပါ၏လော။ မေးခွန်းထုတ်စရာ၊ စဉ်းစားစရာပင်။

ကြံ့ဖွံ့အစိုးရသည် တိပိဋကဘုန်းတော်ကြီးအချို့ကိုပင် လူမျိုးရေးဘာသာရေးအတွက် ခုတုံးလုပ်အသုံးချနေသည့်အချက်မှာ ကွက်ကွက် ကွင်းကွင်းပေါ်လွင်နေပါသည်။

လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပြည်သူများ အထူးသတိရှိကြပါ။ ထေကြီးဝါကြီးဆရာတော်ကြီးများကလည်း မျက်နှာတော် မလွှဲဘဲ၊ ထိုက်သင့်သလို အရေးယူဆောင်ရွက်ပေးပါရန် လျှောက်ထားတောင်းပန်အပ်ပါသည်။
 ညွန်း
- သီတဂူဆရာတော် မှ (RFA) သို့ မိန့်ကြားချက်  (၁၇-၁-၂ဝ၁၄)


မတရားတဲ့ဥပဒေ စိုးမိုးရေးလား၊ တရားတဲ့ဥပဒေ စိုးမိုးရေးလား (ရွှေကြာ)

0 comments
မတရားတဲ့ဥပဒေ စိုးမိုးရေးလား၊ တရားတဲ့ဥပဒေ စိုးမိုးရေးလား (ရွှေကြာ)
ခုတလော လွှတ်တော်မှာ တရားဥပဒေစိုးမိုးရေးအကြောင်း ညည်းတွားပြောဆိုလာကြပြန်တယ်။ တရားဥပဒေစိုးမိုးရေးဟာ အဆုံးစွန် အခြေအနေရောက်နေပြီလို့လည်း ထိတ်လန့်တကြား အော်ဟစ်လာတယ်။ ဒါဟာ ကိစ္စဆိုးတခုနှစ်ခုထောက်ပြပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခိုင်းသလိုလိုနဲ့ အစိုးရကို ပြတ်ပြတ်သားသားကိုင်တွယ်ပစ်လိုက်ဖို့ လူမိုက်လမ်းပြလုပ်ပေးနေသလိုပဲ။ တနည်းအားဖြင့် အစိုးရရဲ့ တရားဥပဒေစိုးမိုးရေးကို အစိုးရကိုယ်တိုင်လုပ်မှဖြစ်တော့မယ်လို့ အမွှန်းတင်ပေးလိုက်ရာလည်းရောက်တယ်။


တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ နောက်တချက်ကိုပြောတဲ့အခါမှာ လူပုဂ္ဂိုလ်အကြောင်း ဖွင့်ချတိုက်ခိုက်တာမလုပ်ချင်ဘူး။ ဒါပေမယ့် သဘောတရားနဲ့ သဘောထားအမှား/အမှန်ကိစ္စကိုတော့ ပြောရမှာပဲ။ တရားဥပဒေစိုးမိုးမှုရှိရေးဟာ ၂ဝဝ၈ ဖွဲ့စည်စည်းပုံထက်တောင် အရေးကြီးတယ်ဆိုတဲ့ပြောဆိုချက်ကတော့ စဉ်းစားတွေးခေါ်မှုတွေလွဲချော်နိုင်တဲ့ကိစ္စဖြစ်လို့ ပြောသင့်တဲ့ကိစ္စလို့ယူဆတယ်။

ဗမာပြည်မှာ ဘာအရေးအကြီးဆုံးလဲဆိုတာ စဉ်းစားကြည့်ကြရအောင်။ ပြည်သူလူထုကို ရာစုနှစ်တဝက်ကျော် ဆင်းရဲဒုက္ခတွင်းထဲ နစ်သထက်နစ်အောင်ဖိနှိပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်။ သူတို့အကျိုးစီးပွားအတွက် တိုင်းပြည်ကို ဖြူခါပြာခါကျပြီး နာလန်ထူဖို့ခက်လှအောင်နဲ့ သယံဇာတတွေ ပြောင်သလင်းခါအောင်လုပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်။ တိုင်းပြည်နဲ့ပြည်သူလူထုကို ဒါလောက်ဒုက္ခပေးခဲ့တဲ့ စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ဖြိုလှဲရေးဟာ ဒီကနေ့ ဗမာပြည်သူလူထုအတွက် အဓိကအရေးအကြီးဆုံးပဲ။ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံပြဿနာကို အရေးအကြီးဆုံးနေရာမှာထားနေရတာကလည်း ဒီဖွဲ့စည်းအုပ်ချုပ်ပုံက စစ်အာဏာရှင်စနစ် သားစဉ်မြေးဆက်တည်တံ့အောင် ခံတပ်ကြီးသဖွယ်တည်ဆောက်ကာကွယ်ပေးနေလို့ပဲ။ ဒီ ၂ဝဝ၈ အခြေခံဥပဒေဆိုတာ ပြင်ရမှာလည်း မဟုတ်ဘူး။ အသစ် ပြန်ရေးရမှာလည်း မဟုတ်ဘူး၊ နောင် သားစဉ်မြေးဆက် ဘယ်တော့မှ ပြန်ပေါ်မလာအောင် အကုန်လုံး မီးတိုက် ဖျက်ဆီးပစ်လိုက်ရမှာ။ ပြည်သူ့ဒီမိုကရေစီ ဖွဲ့စည်းအုပ်ချုပ်ပုံကိုသာ ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ အသစ်ရေးဆွဲပြဌာန်းရမှာ။

ပြည်တွင်းစစ်တို့၊ လယ်သမားတွေ မြေယာလုယက်သိမ်းပိုက်မှုခံနေရတာတို့၊ တိုင်းပြည်မငြိမ်သက်အောင် ပဋိပက္ခဖန်တီးမီးမွှေးပေးတာတို့၊ ကိုယ့်သယံဇာတတွေ သူတပါးလက်ထဲ ဈေးပေါပေါနဲ့ထိုးအပ်နေတာတို့ စတဲ့ပြဿနာတွေအားလုံးဟာ ဒီစစ်အာဏာရှင်စနစ်ကြောင့် ဖြစ်နေရတာမဟုတ်လား။ ဦးသိန်းစိန်အစိုးရလို့ ခေါ်ချင်ခေါ်၊ စစ်တပိုင်းအစိုးရလို့ ခေါ်ချင်ခေါ်။ အရပ်သား အရေခြုံအစိုးရလို့ ခေါ်ချင်ခေါ် တကယ်ကတော့ ဒီကနေ့ စစ်အစိုးရဟာ စစ်အာဏာရှင်စနစ်ကို ပုံသဏ္ဌာန်တမျိုးနဲ့သယ်ဆောင်နေတဲ့အစိုးရသာ ဖြစ်တယ်။ ဘာဒီမိုကရေစီ အစိုးရမှ မဟုတ်ဘူး။ ဘာပြုပြင်ပြောင်းလဲရေးအစိုးရမှ မဟုတ်ဘူး။ လှည့်စားမှုမျိုးစုံ နည်းနာမျိုးစုံနဲ့ စစ်အာဏာရှင်စနစ်ကို ပြောင်းလဲနေတဲ့အခြေအနေနဲ့အညီ ကာကွယ်ထိန်းသိမ်းဖို့ကြိုးပမ်းနေတဲ့အစိုးရသာ ဖြစ်တယ်။ ဒီ မသတီစရာ ဒီစစ်အာဏာရှင်စနစ်ကို နံ့သာလိမ်းကျံ ပန်းပန်ပေးတဲ့အလုပ်တွေ မလုပ်ကြစေချင်ဘူး။

တရားရုံး၊ ဥပဒေ၊ အကျဉ်းထောင်၊ ပုလိပ်တပ်၊ စစ်တပ် စတဲ့ အုပ်ချုပ်ရေးယန္တရားတွေဆိုတာ တကယ်က အုပ်စိုးခံပြည်သူလူထုကိုဖိနှိပ်တဲ့ ကိရိယာတွေချည်းပဲ။ တရားရုံးက မတရားရုံးဖြစ်နေတဲ့ကိစ္စတွေ။ လာဘ်ပေးလာဘ်ယူပြဿနာတိုင်ကြားစာ ၁ဝဝဝဝ လောက်မှာ ၉ဝ ရာခိုင်နှုန်းက တရားရေးဆိုင်ရာဝန်ထမ်းတွေကိုတိုင်ကြားတဲ့စာတွေ ဖြစ်နေတာကိုကြည့်။ တရားဥပဒေစိုးမိုးရေးပြောနေတာ ကြာလှပြီ။ ဒါလောက်ပြောနေတာ လုပ်ကြည့်စမ်းဆိုပြီး တရားဥပဒေစိုးမိုးရေးအဖွဲ့ ဖွဲ့ပေးလိုက်တယ်။ အခု တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေးဟာ အဆုံးစွန်အခြေအနေရောက်နေပါပြီလို့ လွှတ်တော်တွင်းမှာ အော်ရတဲ့အဆင့်အထိရောက်လာတယ်။ ဘယ်လုပ်လို့ ရမှာလဲ။

ပုဒ်မ (၁၈) ကအစ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအဆုံး တကယ်က ပြည်သူကိုဖိနှိပ်ရေးကိရိယာတွေပဲ။ ဒီလို မတရားတဲ့ဥပဒေတွေ လွှမ်းမိုးချုပ်ကိုင်ထားမှုအောက်မှာ တရားဥပဒေစိုးမိုးရေးအဖွဲ့ ဖွဲ့စည်းပြီး တာဝန်ပေးလိုက်တာကိုက သူတို့အကျိုးစီးပွားကို တဖက်လှည့် အကာအကွယ်ပေးခိုင်းထားတာပဲ။ တကယ်တမ်းမှာ လက်ပံတောင်းမှာ မတရားဥပဒေစိုးမိုးနေတာကိုတောင် စုံစမ်းရေးကော်မရှင်တို့ တရားဥပဒေစိုးမိုးရေးအဖွဲ့တို့အနေနဲ့ အတိအလင်းဆန့်ကျင်နိုင်ခဲ့လို့လား၊ မဆန့်ကျင်ရုံနိုင်ရုံသာမကဘဲ အစိုးရရဲ့မတရားတဲ့အမိန့်နဲ့ ဥပဒေတွေကို ဖုံးဖိကာကွယ်ပေးသလိုဖြစ်နေရင်တော့ ပြည်သူလူထုရဲ့ကန့်ကွက်ဆန့်ကျင်တာခံရမှာ မုချဘဲ။ ဒီလိုမျိုးကိစ္စတွေ နောင်မှာလည်း ရင်ဆိုင်ကြုံတွေ့နိုင်စရာ ရှိနေလိမ့်ဦးမယ်။

စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်ရတဲ့ပြဿနာတွေကို စစ်အာဏာရှင်စနစ်ကြောင့်လို့ ပြတ်ပြတ်သားသားမပြောနိုင်ဘဲ တခြားကိစ္စတွေ လွှဲဖယ်ပြောရင် ဦးတည်ချက်လွဲပြီး ပြည်သူလူထုကိုဖိနှိပ်နေတဲ့ဘက်က အကာအကွယ်ပေးတာမျိုးဖြစ်သွားတတ်တယ်။ ဦးသိန်းစိန်ကို ယုံပါတယ်လို့ပြောခဲ့တဲ့စကားဟာ အခုတော့ အနှုတ်ရခက်တဲ့ဆူးတချောင်း ဖြစ်ခဲ့ရပြီ။ ကိုယ့်စကားကိုနင်းပြီး လိုက်ယုံကြသူတွေကို အခု မယုံရတော့ဘူးဆိုပြီး ပြန်ပြင်ပြောလည်း ချက်ချင်းပြင်မရတာကိုကြည့်။

ဒီတော့ စစ်အာဏာရှင်စနစ်ဖယ်ရှားရေးမှာ အရေးကြီးတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံတိုက်ဖျက်ရေးကို တရားဥပဒေစိုးမိုးရေးက အရေးကြီးတယ်တို့ ဘာတို့ ပြောဆိုလုပ်ကိုင်မယ်ဆိုရင် ဒါဟာ ၂ဝဝ၈ ဖွဲ့စည်းပုံတိုက်ဖျက်ရေးကို မှေးမှိန်သွားစေနိုင်တယ်၊ နဂါးချစ်တဲ့ဘုရင်ကြီးလိုမျိုး ဖြစ်သွားနိုင်တယ်။ တရားဥပဒေစိုးမိုးရေးဆိုတဲ့နဂါးကြီးကို တကြော်ကြော်တမ်းတရင်း အဲဒီ အုပ်စိုးသူရဲ့မတရားဥပဒေစိုးမိုးရေးနဂါးကြီးက ကိုယ့်ကို ဝါးမြိုသွားတာခံရနိုင်တယ်လို့ သတိပေးပါရစေ။
မတရားတဲ့ ဥပဒေစိုးမိုးရေးကို တိုက်ခိုက်ဖြိုချနိုင်မှ တကယ်စစ်မှန်တဲ့
တရားဥပဒေစိုးမိုးရေးကို တည်ထောင်ဖွံ့ဖြိုးစေနိုင်မှာ ဖြစ်ပါကြောင်း။ ။
ယူတာက ဒီနေရာကပါ https://www.facebook.com/hla.win.3720


၂ဝ၁၄ ဇန်နဝါရီလလည်ပိုင်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဇန်နဝါရီလလည်ပိုင်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
ခင်ဗျားသာဆို အစချီမေးလေ့ထုံတဲ့ပုဂ္ဂိုလ်လေးက ဒီတခါ ဒီလိုတွေအရင်ပြောတယ်။ ပြီးမှ ထုံးစံအတိုင်း ခင်ဗျားသာဆို ဘယ့်နှယ်လုပ်မတုန်း.. လို့ ပိတ်တယ်။ (သူ့စကားတွေ ကျနော်ပြန်မပြောခင်မှာ ကြိုပြောထားချင်တာက ဒီတခါ သူအတော်ပေါက်ကွဲနေတယ်ဆိုတာနဲ့ စကားလုံးနဲ့ အသုံးအနှုန်းတွေ ရုန့်ရင်းခက်ထန်နေတယ်ဆိုတာပါ။ ဒါ့ကြောင့် သိတ်ကြမ်းလွန်းတဲ့အသုံးအနှုန်းတချို့ နည်းနည်းစကားလုံးပြင်တာကလွဲလို့ ကျန်တာတွေ သူ့အတိုင်းပြန်တင်ပါမယ်။ စကားတွေဟိုရောက်ဒီရောက်နဲ့ တချက်တချက် အဆက်အစပ်လွတ်ထွက်သွားတာကတော့ သူ့ အတိုင်းပဲထားပါတယ်။ စာချောအောင်မပြင်ပါ) “အမျိုး ဘာသာ သာသနာအထိ ကျနော်ဘာမှမပြောပါဘူး။ မပြောဘူးဆိုတာ ကောင်းလို့တော့ မဟုတ်ဘူးဗျ။ ပြောစရာတွေတပုံကြီးပဲ။ မပြောတာ။ ခု မျိုးစောင့်ဥပဒေဆိုပြီး ဇွတ်တွန်းလုပ်နေတာကြာပြီဗျ။ တွေးကြည့်ဗျာ ခု ဘုန်းကြီးတွေက မြန်မာမတွေရဲ့တန်ဆာနဲ့ခန္ဓာကို ဘယ်သူ့ပဲပေးရမယ် ဘယ်သူ့တော့မပေးရဘူးဆိုပြီး လိုက်လုပ်နေတာပဲဗျ။ လူတွေရဲ့သဒ္ဒါစိတ် အားနည်းချက်ကိုအခွင့်ကောင်းယူပြီး မိန်းမပေါင်ကြားကဟာပါ ငါတို့နဲ့ဆိုင်တယ်လုပ်လာတာဗျ သောက်ချိုးက။ ပေါင်ခြံကြားအထိပါ ဆင်းချလာတာဗျ။ မွတ်စလင်တွေမိုဟာမက်ပြောတဲ့အတိုင်း လိုက်လုပ်နေတာကြည့်မရလို့ သူတို့ကိုဆန့်ကျင်ဖို့ သူတို့နည်းအတိုင်း လိုက်လုပ်နေတာဗျ။ မိန်းမလေးယောက်ယူ ဘာညာတော့ မပြောသေးဘူးပေါ့ဗျာ ဗမာယောက်ျားတွေကို။ ဟိုဟာက မိုဟာမက်ဗျာ။ ”လူ” ကြီးဗျ။ ဘုရားလည်းမဟုတ်။ ဘုန်းကြီးလည်းမဟုတ်ဘူးဗျ။ အာသဝေါကုန်နေတာလည်း မဟုတ်ဘူး။ သူ့ဟာသူ မိန်းမဘယ်နှယောက်ယူယူ၊ ဘာပြောပြော၊ သူ့လူတွေ ဘယ်နှယောက် ယူခိုင်းခိုင်းပေါ့ဗျ၊ ကိုယ်နဲ့ဘာဆိုင်လည်း။ ကိုယ်မကြိုက် မယူနဲ့။ လိုက်မလုပ်နဲ့ပေါ့ဗျာ။ သူတို့ အဲ့သလိုတွေယူခိုင်းလို့လည်း အိမ်ထောင်ရေးမှာစောက်ပြဿနာတွေတက်၊ ကလေးတွေနင်းကန်မွေး၊ စာမတတ်ပေမတတ် စားရမဲ့ သောက်ရမဲ့နဲ့ စုတ်ပြတ်သတ်နေတာတွေ မြန်မာပြည်မှာတပုံကြီးဗျာ။ ပညာမတတ်ပိုက်ဆံမရှိနဲ့ အောက်တန်းစားအလုပ်တွေလုပ်နေကြတာမှ တပုံတခေါင်းကြီးဗျာ။ အဲ့ဒါ ဘာများ အားကျစရာရှိလို့ ကိုယ်က လိုက်လုပ်နေရလဲ မသိပါဘူး ဒီ --------ဘုန်းကြီးဆိုးတွေ။ မျိုးစောင့်ဥပဒေကြည့်ပြီး ကျနော်တွေးမိတာ ပြောပြဦးမယ်။ သက်ရှိတိုင်းမှာ မျိုးဆက်ပြန့်ပွားဖို့အတွက် ဖို-မရှိရပြီး မျိုးဆက်မကောရအောင်
မ-ကို ဖို-ထက် အရေအတွက် သာပေးထားရတာ ဟုတ်တယ်မဟုတ်လား။ လူမှာလည်း ဒီအတိုင်းပဲဗျ။ လူမိန်းမ ကလေးမွေးနိုင်တဲ့အရွယ်နဲ့
အချိန်က အကန့်အသတ်ရှိတယ်ဗျာ။ လူယောက်ျားကြတော့ မရှိဘူးဗျ။ ဖွဲတစ်ဆုပ်နိုင်တဲ့အထိ ကလေးရနိုင်တယ်ပဲထားပါတော့ဗျာ။ တရုပ်ပြည်ကလွဲလို့ ယောက်ျားလေးပိုများတဲ့တိုင်းပြည်တော့ မကြားမိပါဘူး။ ဒါကလည်း မော်စီတုန်းအူကြောင်ကြားရဲ့ ကလေးတစ်ယောက် ပေါ်လစီကြောင့်ဗျာ။ ယောက်ျားက မိန်းမအများကြီးယူပြီး ယူတဲ့မိန်းမတိုင်းကလည်း ကလေးမွေးနိုင်တယ်ဆိုပါတော့ဗျာ။ ဗိုက်ဖုံးအင်္ကျီ တဖားဖားနဲ့မိန်းမတွေ တအိမ်လုံးပြည့်နေမှာဗျ။ မိန်းမက ယောက်ျားအများကြီးယူတယ်ထားပါတော့ဗျာ၊ သူတစ်ယောက်ပဲ ဗိုက်ကြီးတကားကားနဲ့နေရမှာဗျ။ ကျနော်ပြောတာက မျိုးဆက်ပြန့်ပွားရေးတာဝန်ကိုယူတဲ့နေရာမှာ မိန်းမနဲ့ယောက်ျားမှာ အကန့်အသတ် မတူတဲ့အကြောင်းပါ။ အဲ့ဒါကြောင့်ပဲ လူမျိုးဆက် ခုထိပြန့်ပွားတည်ရှိနေတာဗျ။ အဲ့လိုမဟုတ်ပဲ မိန်းမကို ယောက်ျားထက်နည်းအောင် လုပ်ကြည့် မျိုးဆက်ကနောက်မှတုန်းမှာ၊ အရင်ဆုံး မယားလုရင်းသတ်ကြဖြတ်ကြနဲ့ ပြီးမှာကိုမဟုတ်တော့ဘူး။ တန်းတူလောက် အရင် လုပ်ကြည့်ဦး တက်လိုက်မယ့်သောက်ပြဿနာတွေ။ ခင်ဗျားစဉ်းစားကြည့် ဘာမှမလုပ်ပဲနဲ့တောင် မြန်မာပြည်မှာ လင်လိုချင်ရက်သားနဲ့ ကလေးမွေးချင်ရက်သားနဲ့ လင်လည်းမရ ကလေးလည်းမမွေးရတဲ့ အပျိုကြီးတွေအများကြီးဗျာ။ ကဲထားပါတော့ဗျာ..မြန်မာမတွေက ဘုန်းကြီးတွေပြောတဲ့အတိုင်း မြန်မာထီးတွေကိုပဲယူတယ်ဆိုပါတော့ နဂိုကယောက်ျားမိန်းမ သဘာဝအချိုးအရ ပိုနေရတဲ့အထဲ။ ထပ်ပြီး အဲ့ဒီပိုထွက်လာဦးမယ့်မြန်မာမတွေကိုကျ ဘယ်သူလာယူမှာလဲ။ ဟိုလူ့မယူရ ဒီလူ့မယူရပြောနေတဲ့ဘုန်းကြီးတွေက ဝင်ယူမလား။ အဲ့လိုကျတော့လည်း ဂွကျတာက ဘုန်းကြီးဆိုတာ မိန်းမ ယူမရဘူးဆိုထားတာလေဗျာ။ လင်ကောင်းဖြစ်မဖြစ်တော့မသိဘူးဗျာ မယားယူပြီး ကလေးတပြွတ်ပြွတ်ရအောင်လုပ်နိုင်တဲ့ ကျားကိုးစီး စားမကုန်တဲ့ငနဲတွေ ဘုန်းကြီးဝတ်စားနေတာကလည်း သိန်းနဲ့ချီရှိနေတာဗျာ။ အဲ့ငနဲတွေကလည်း မိန်းမတရားဝင်မယူတော့ ဗုဒ္ဓဘာသာမြန်မာထီးစစ်စစ်ပဲယူမယ်ဆိုတဲ့ မိန်းမတွေပိုခက်ကုန်တာပေါ့ဗျ။ မြန်မာမ ယူရင် ဗုဒ္ဓဘာသာဝင်ရမယ်ဆိုတော့ ယူတော့ယူချင်တယ် မဝင်ချင်တာနဲ့မယူကြတော့ရင် မခက်ဘူးလား။ ဒါဆို အိမ်ထောင်ပြုချင် သားမွေးချင်တဲ့ မြန်မာမတွေအတွက် ဒီလိုစဉ်းစားရမလိုဖြစ်လာတယ်။ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်ယောက်ျား(သို့မဟုတ်)မည်သည့်လူမျိုးဖြစ်စေ ဗုဒ္ဓဘာသာသို့ပြောင်းလာသူယောက်ျား(၁)ယောက်သည် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်မိန်းမ(၄)ယောက်အထိ ယူခွင့်ပြုတယ်ဆိုပြီး လုပ်ရတော့မယ့်အပေါက်ပဲဗျ။ မွတ်စလင်မ်တွေနဲ့ အတူတူဖြစ်သွားတာပေါ့။ ဒါမှ မြန်မာမ အစွန်းထွက်ပြဿနာကို ရှင်းနိုင်မှာဗျ။ ကလေးကတော့ သူ့သဘာဝ ကန့်သတ်သလောက်ပဲရမှာပေါ့လေ။ ဖြစ်နေတာက ဘာနဲ့တူလဲဆိုတော့ ဗုဒ္ဒမြတ်စွာဘုရားခေတ်က သာကီဝင်တွေလိုဖြစ်ကုန်မှာဗျ။ နောက်ဆုံး ဘာမှလည်းမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုအဟုတ်ထင်၊ သူများတွေနဲ့မတူမတန်ဘူးဆိုပြီး မောင်နှစ်မအရင်းပြန်ယူ၊ ကလေးတွေမွေး၊ သွေးအရင်းချင်းပြန်နှောပြီးမွေးတော့ ဗီဇတွေကညံ့သထက်ညံ့ညံ့လိုက်၊ ငစနူ လဒူမျိုးဆက်ရ၊ ဒီကြားထဲမန်တက်ပြီး ဟိုမင်းသားကို သွားနှိမ်၊ ဟိုက ဘုရင်ဖြစ်လာတော့ စစ်ဝင်တိုက်ပြီးကိုင်ထည့်လိုက်တာ သာကီဝင်မျိုး ကန်းကုန်တာပဲ မဟုတ်လား။ ခုလည်း အဲ့သောက်ချိုး ချိုးနေကြတာဗျ။ ဘယ်တော့ ဘယ်နည်းနဲ့မျိုးကန်းမလဲသာ မသိတာ။ သောက်ချိုးမပြင်လို့ကတော့ ကန်းမှာပဲ။ ထားပါတော့ဗျာအဲ့ဒါတွေ။ ကျနော်ကတော့ မကြိုက်လို့ ကိုယ်တွေးမိတာကိုယ်ပြောတာပဲ။ ခင်ဗျားသာ အကောင်ဖြစ်နေတယ်ဆို အဲ့ မျိုးစောင့်မောင်တွေကိုဘာလုပ်မလဲ”တဲ့ဗျား။
ကျနော်တွေးမိတာကတော့ ဗုဒ္ဓဝါဒီမြန်မာလူမျိုးစစ်စစ်မျိုးဆက်ပြန့်ပွားရေးဥပဒေလို့ ပညတ်ရင်ကောင်းမလားတွေးမိတယ်။ ဗုဒ္ဓဝါဒကို ဘာသာအဖြစ်နဲ့အမှတ်မှားနေကြတာလည်းပြင်ပြီးသားဖြစ်၊ လူမျိုးနဲ့ဘာသာတွဲပြောမှရတဲ့ နောက်လူမျိုးသစ်တခုလည်းရ၊ ကမ္ဘာကို ကမ္ဘာကြည့် ကြည့်ရကောင်းမှန်းမသိတဲ့လူ့အန္ဓတွေလည်း စိတ်လက်ချမ်းသာရာရ၊ လူဦးရေပေါက်ကွဲမှုလည်း

ထိန်းချုပ်ပြီးသားဖြစ်သွားမယ် ထင်တယ်။ တစ်ခုပဲ ပူပန်မိတာက ချစ်ခြင်းမေတ္တာနဲ့လိင်စိတ်အလိုကို ဇွတ်ဖိနှိပ်ချိုးနှိမ်လို့ဖြစ်တတ်တဲ့ ချစ်ခြင်းမေတ္တာမရလိင်စိတ်အလိုမပြည့် စိတ်ဝေဒနာရှင်တွေ တိုးပွားလာမှာကိုပါပဲ။ (ခင်ဗျားသာဆို)

အနုပညာသည်တွေမှာလိုပဲ နိုင်ငံရေးမှာလည်း "စန်း"ရှိပါတယ်။ စန်းထချိန်မှာ ဆတ်ဆော့မိတဲ့အနုပညာသည်ဟာ ရိုးပုံရိုးလက်ပျောက်ပြီး အမနာပအပြောခံရတာသာ အဖတ်တင်တာတွေ့ဖူးပါတယ်။ နိုင်ငံရေးမှာကျ အနေမထိုင်မတတ်မှုလို့ ဆိုရမယ်ထင်တာပဲ။ စန်းအားကိုးနဲ့ မောက်မာမိရင် လူထုခတ်တဲ့ဒဏ်နဲ့တိုးပြီး နိုင်ငံရေးလူလုံးမလှဖြစ်တတ်ပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေရဲ့ ဆေးဖော်ကြောဖက်တောင်မရရှာပဲ ရှင်ပြုတုန်းကရွှေထီးလေး ပွတ်ကာသပ်ကာသာ နေသွားရတာမျိုးဖြစ်တတ်ပါတယ်။ စန်းရှိလို့လုပ်ကြရင်း ပေါက်ကြတာခြင်းအတူတူ အခြားနယ်တွေနဲ့မတူတာက နိုင်ငံရေးက မြင်းတစီးဓါးတလက်နဲ့လုပ်မရတာပဲ။ စန်းမှာ ထချိန် ကုန်ချိန်ရှိပါတယ်။ စန်းထချိန်ကို နိုင်ငံရေးတက်ချိန်ဆိုရင် ကုန်ချိန်ကတော့ ကျဆုံးချိန်ပေါ့။ နိုင်ငံရေးတက်နေချိန်မှာ ကြီးလေးတဲ့အမှားတောင်စာမဖွဲ့ကြပေမယ့် ကျချိန်ဆို နံမည်လေးမှားခေါ်မိရင်ကိုပဲ ရာဇဝတ်အိုးတုတ်နဲ့ထိုးဖြစ်တတ်ပါတယ်။ (ရင်နာတဲ့စန်း)

လက်ပန်းတောင်းဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအောက်ရောက်ရင် ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးနဲ့ နိုင်ငံရေးခိုင်းဖတ်ဘဝကလွဲလို့ ဘာမှရွေးချယ်စရာမရှိကြောင်း သက်သေပြချက်ဖြစ်တဲ့အပြင် ဦးပိုင်စစ်အကျိုးစီးပွားနဲ့စစ်အာဏာကို တိုက်ရိုက်အကျဆုံးစိန်ခေါ်ချက်ဖြစ်တယ်။
(လက်ပန်းတောင်းစိန်ခေါ်ချက်)

လောကဥတ္တရာကို လောကီထဲကနေမရှာလို့ ဘယ်နားသွားရှာမတုန်း။ ဝိမုတ္တိကို အသက်ခန္ဓာမြဲနေတုန်း ဒီအတ္တဘောကြီးမှာမရှာလို့ ဘယ်နား သွားရှာမတုန်း။ ဘယ်မှာတွေ့လိမ့်တုန်း။ ဒါပေမယ့် ဒီအဆိုဟာ အိမ်ယာထူထောင်ရွာသူတို့ကျင့်သလိုကျင့်ရမယ်လို့ အနက်မထွက်။ လူတို့နဲ့ မမြင်ကွယ်ရာမှာ ခန္ဓာအတွက်အသက်ဓါတ်တို့ကူပံ့ရာကို မဖြည့်ဆည်းမမှီဝဲပဲထွက်မြောက်ရာလမ်းစရှာပဲရှာကြလို့ သဘောမပါ။ ဒါနဲ့ပဲ ဒါကိုင်ပြီး လွတ်မြောက်ရာကြံဆသူတွေ လူ့တို့ရွာထဲ ဘီလူးဆိုင်းဆင့်ဝင်လာကြတာ။ လူတောဝင်တိုးပြီဆိုကတည်းက ဓမ္မရဲ့စင်ကြယ်ခြင်း သဘောဟာ ရွာဖျားမှာကျန်ခဲ့ပြီ။ လူ့ရွာမှာ ဘာသာရေးနဲ့ထမင်းစားတဲ့လူတွေများလာရင်၊ ဘာသာရေးဟာ အသက်မွေးဝမ်းကြောင်း ဖြစ်လာရင်၊ ဘာသာရေးဟာ စီးပွားရေးလုပ်ငန်း ဖြစ်လာရင်၊ ဘာသာရေးဟာ အာဏာပြဿနာထဲအထိပါလာရင် လူထုနဲ့တိုင်းပြည် ဖွတ်သထက်ညစ်ကာ အမုန်းမီးခိုးတအူအူ သွေးညှီနံ့တလွှမ်းလွှမ်း ရုန့်ရင်းကြမ်းတမ်းမှုတဝေဝေဖြစ်ရကြောင်း ကမ္ဘာနဲ့ချီပြီး လူ့သမိုင်းနဲ့ချီပြီး တည်နေတဲ့သက်သေတွေရှိတယ်။ ဓမ္မရဲ့အရင်းခံသဘော စင်ကြယ်ငြိမ်းချမ်းရာကိုရှေးရှူချင်သမို့ လူမှုလူရေးထဲလူစော်နံချင်လွန်းတဲ့ ဝိမုတ္တိအရေခြုံဘာသာရေးပွဲစားတွေကို အတိအလင်းဆန့်ကျင်ပယ်လှန်ခြင်းဟာ မမှားတဲ့အလုပ်မို့ မဆုတ်မနစ်ပြုတယ်။ (အရေခြုံများကိစ္စ)

ကျနော့်နံမည်ကိုမသိပေမယ့် ကျနော်နဲ့ထိတွေ့ဆက်ဆံနေကြတဲ့ ဒုက္ခသည်အနေအထားနဲ့ဒီရောက်လာတဲ့ ဗမာပြည်သားတချို့က ကျနော့်ကို အင်္ဂလိပ်မယောက်ျား...တဲ့။ ဆရာခြေပြတ်...တဲ့။ ထောင်ဆရာ...တဲ့၊ အရူးစကားပြန်...တဲ့ စသည်ဖြင့်ခေါ်ကြတာတွေရှိတယ်။ အင်္ဂလိပ်မယောက်ျားဆိုတာက ကျနော့်ဇနီးက အိုင်းရစ်ရှ်သွေး-အမေရိကန်မဖြစ်နေလို့။ ဂျိုင်းထောက်တကားကားနဲ့ သူတို့ကိုအင်္ဂလိပ်စကား ထမင်းစားရေသောက်သင်ပေးတော့ ဆရာခြေပြတ်ပေါ့။ ကလေးထောင် လူကြီးထောင်တွေမှာ စကားပြန်နဲ့ဘာသာပြန်လုပ်တော့ ထောင်ဆရာပေါ့။ စိတ်ကျန်းမာရေးဌာနဲ့ဆေးရုံမှာစကားပြန်ဖြစ်တော့ အရူးစကားပြန်ပေါ့။ ကျနော်သဘောအကျမိဆုံးအခေါ်ကတော့ ထောင်ဆရာဆိုတာပဲ။ ကျနော်နဲ့ ထောင်က ခုချိန်ထိ ရေစက်မကုန်သေးဘူးလို့ပြောရမလားပဲ။ ရွှေပြည်ကြီးတုန်းကလည်း ထောင်ထဲ ၁၅ နှစ်။ ဒုက္ခသည်စခန်းနေတုန်းကလည်း အပြင်မထွက်ရဆိုတာကို ချိုးဖေါက်ပြီးတစ်ကြိမ်မကထွက်လို့ အချုပ်အနှောင်ခံရ။ ခု ဒီရောက်ပြီးတော့လည်း တရားရုံးစကားပြန်သင်တန်းအောင်လက်မှတ်ရပြီး တခါတခါ ထောင်ထဲသွား အမှုဖြစ်တဲ့ဗမာပြည်သားတွေနဲ့ဆိုင်တာတွေလိုက်လုပ် နေတာကိုး။ ဆိုတော့ သူတို့ပြောတဲ့ ”ထောင်ဆရာ”ဆိုတာလည်း နှစ်သက်ချင်စရာဖြစ်ရတယ်။ (ထောင်ဆရာ)

"အပျော့/အမာ လိုက်ခွဲနေရအောင် မင်းအမေ့လင်စစ်ဗိုလ်တွေက ပိန္နဲသီးမို့လို့လားကွ။ မင်းတို့သာ ပျော့တူးမနပ်နိုင်ငံရေးသမားတွေ ဖြစ်နေတာ"...တဲ့။ ဒီမနက် Skype မှာ စုပြီးစကားပြောကြတုန်း သူငယ်ချင်းတစ်ယောက် နောက်တစ်ယောက်ကိုပြောတာ၊ စိတ်အတော် တိုတိုနဲ့။ (ပျော့တူးမနပ်နိုင်ငံရေး)

ကြားဖြတ်ရွေးကောက်ပွဲ အင်န်အယ်လ်ဒီဝင်မယ်ဆိုတော့ ”အမေ့ခြေမှုန့် နဖူးမှာသုတ်” တို့ ”အမေ့ထမီစ ခေါင်းမှာပတ်ကြ”တို့ဆိုပြီး အောင်နိုင်ရေးမဲဆွယ်တာတွေထက် ခုက သာသွားပြီထင်တယ်။ တယောက်ကပြောတယ် ”စစ်ဖိနပ်အောက်မှာနေရတာထက် ထမီအောက်မှာနေရတာက ပိုကောင်းတယ်။ ဒါ့ကြောင့် အမေ့နောက်လိုက်ကြ၊ အမေ့ထမီအလံထူ ချီတက်ကြ”ဆိုပဲ။ ရီရမှာလိုလို နှာခေါင်းရှူံ့ရမှာလိုလို။ ပိုဆိုးသွားတာက ပြောသူက သူ့ကိုယ်သူ နိုင်ငံရေးသမားလို့ မဆိုရုံတမယ်ပြောတယ်။ သူ့ပြောစကားက သူ့နိုင်ငံရေး ရေချိန်ဆိုရင် သူ့နိုင်ငံရေးဘာလဲ အကဲခတ်မိမှာပါ။ (မေမေ့ချစ်သူများ)

Saturday, January 18, 2014

ပြတ်သားသည့်ပြောဆိုမှုကို တိကျခိုင်မာပြီး ကျယ်ပြန့်သည့်စည်းရုံးလှုပ်ရှားမှုဖြင့်ပေါင်းစပ် (တူမောင်ညို)

0 comments
ပြတ်သားသည့်ပြောဆိုမှုကို တိကျခိုင်မာပြီး ကျယ်ပြန့်သည့်စည်းရုံးလှုပ်ရှားမှုဖြင့်ပေါင်းစပ် (တူမောင်ညို)(၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်)
“၂ဝဝ၈ အခြေခံဥပဒေ”ပြင်ဆင်ရေးအတွက် စစ်တပ်ပါမှဖြစ်မယ်၊ စစ်တပ်ပါဖို့လိုတယ် စသဖြင့် ပြောဆိုစည်းရုံးသံတွေ ညံနေချိန်၌ True News ဂျာနယ် အတွဲ ၆၊ အမှတ် ၁၃ တွင် ကာချုပ် ဗိုလ်မင်းအောင်လှိုင်မိန့်ခွန်းဆိုသည်ကို ဖော်ပြ လာသည်။

မိန့်ခွန်းပါသဘောထားမှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်သည် ကန့်လန့်ကာနောက်ကွယ်က“ကာချုပ်ဗိုလ်သန်းရွှေ”၏ ကျေးဇူးသစ္စာကို ထာဝစဉ်စောင့်သိရိုသေပါမည်ဟု အာမဘန္တေခံလိုက်ခြင်းဖြစ်ပြီး ဒီချုပ်ပါတီဥက္ကဋ္ဌ၏ “မေတ္တာရပ်ချက်”ကို ရင့်ရင့်ကြီး စိမ်းကားလိုက်ခြင်း ဖြစ်သည်။ ဗိုလ်သန်းရွှေကလည်း စိမ်းကားခဲ့ဖူးသလို၊ ဗိုလ်မင်းအောင်လှိုင်ကလည်း ကာချုပ်ဟောင်း၏ဖဝါးခြေရာထပ်ပြလိုက်ခြင်းပင်။
           
ထိုမိန့်ခွန်းဆိုသည်ကို ကာချုပ်ဗိုလ်မင်းအောင်လှိုင်က နိုဝင်ဘာလ ၂၉ ရက်နေ့ကပြောခဲ့ခြင်းဖြစ်သည်။ ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ “၄ ဦး ၄ သွယ်” တွေ့ဆုံရေးမေတ္တာရပ်ခံချက်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့အတွက် ကာချုပ် မိန့်ခွန်းသည် ဒီချုပ်ဥက္ကဋ္ဌ၏မေတ္တာရပ်ခံချက်အား တုန့်ပြန်ခြင်းဖြစ်သည်။
           
ကာချုပ်သည် ဗိုလ်သန်းရွှေနှင့် “၂ဝဝ၈အခြေခံဥပဒေ”ကို ထိန်းသိမ်းကာကွယ်မည်ဟု ရပ်တည်ပြောဆိုလိုက်သဖြင့် သူ့လက်အောက်တွင် ရှိသော တပ်ဗိုလ်တပ်သားအားလုံး သူနဲ့အတူရပ်တည်ကြရမည်။ ကာချုပ်၏သဘောထားအတိုင်း စစ်တပ် တစ်တပ်လုံးလိုက်နာကြရမည် မဟုတ်ပါလား။

ယခုအခါ ကာချုပ်မင်းအောင်လှိုင်က စစ်သားအမတ်များထဲတွင် “ဗိုလ်ထီး”အမတ်များချည်းသာရှိနေရာမှ၊ “ဗိုလ်မ”အမတ်များကို (တောင်းဆိုချက်/ဝေဖန်ချက်အရ) ထည့်သွင်းပေးလိုက်သည်။ ဗိုလ်ထီးဖြစ်စေ၊ ဗိုလ်မဖြစ်စေ၊  စစ်တပ်ထဲတွင်ဖြစ်စေ၊ လွှတ်တော်ထဲတွင် ဖြစ်စေ၊ တာဝန်ထမ်းဆောင်နေဆဲဖြစ်လျှင် (စစ်မှုထမ်းဟောင်းဘဝရောက်နေလျှင်လည်း) ကာချုပ်အမိန့်ကိုနာခံရမည်သာ။
သို့ပါ၍ လွှတ်တော်ထဲတွင်လည်း ဗိုလ်ထီးဖြစ်စေ၊ ဗိုလ်မဖြစ်စေ ကာချုပ်ဗိုလ်မင်းအောင်လှိုင်အမိန့် နာခံရမည်။ 

True News ဂျာနယ် တွင်ပါသော ကာချပ်ဗိုလ်မင်းအောင်လှိုင်၏မိန့်ခွန်းသည် “၂ဝဝ၈ အခြေခံဥပဒေ” ပြင်ဆင်ရေးသာမက “၂ဝ၁၅ ရွေးကောက်ပွဲ”အတွက်ပါ စစ်တပ်အတွင်းရှိ အရာရှိအရာခံအကြပ်တပ်သားများအား ကြိုတင်အမိန့်ပေးထားလိုက်ခြင်းဖြစ်သည်ကို သတိပြုကြရမည်။ ၁၉၆ဝ ရွေးကောက်ပွဲမတိုင်မီ ဗိုလ်နေဝင်းက သူ့စစ်ဗိုလ်များအား (တည်မြဲဖက်ပင်းကြဖို့) ဝိနည်းလွတ်အမိန့်ပေးသည်ကို သတိရစရာပင်။ စစ်တပ်ထဲက စစ်သားဖြစ်စေ၊ ကြံ့ဖွံ့ပါတီထဲကစစ်သားဟောင်းဖြစ်စေ၊ လွှတ်တော်ထဲကစစ်သားဖြစ်စေအားလုံး “ဗိုလ်သန်းရွှေနှင့် ၂ဝဝ၈ အခြေခံဥပဒေ”ကို သစ္စာစောင့်သိကာကွယ်ကြမည်သာဖြစ်သည်။

၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ဒီချုပ်ဥက္ကဋ္ဌ “၂ဝဝ၈ အခြေခံဥပဒေ”နှင့်ပတ်သက်ပြီး “တရားမျှတမှုမရှိဘူး၊ ဒီမိုကရေစီစံနှုန်း စံထားတွေနဲ့မကိုက်ညီဘူး၊ နိုင်ငံရဲ့အနာဂတ်အတွက် ကောင်းတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမဟုတ်ဘူး” အတော့်ကို ပြတ်ပြတ်သားသား ပြောသည်။(ဒီလောက်မကောင်းတဲ့အခြေခံဥပဒေကို ဘာကြောင့်များပြင်နေတော့မှာလဲ။ အသစ်သာရေးပါတော့) ဒီချုပ်ဥက္ကဋ္ဌ၏ ပြတ်သားသည့်ပြောဆိုမှုကို တိကျခိုင်မာပြီး၊ ကျယ်ပြန့်သည့်စည်းရုံးရေးပါဝင်သည့်လုပ်ငန်းစဉ်တစ်ရပ်ချမှတ်ပြီး ပြည်သူတစ်ရပ်လုံး ပါဝင်လာအောင် ဆောင်ရွက်ပါ၊ ဦးစီးဦးဆောင်ပြုပါလို့ တိုက်တွန်းတောင်းဆိုပါသည်။ ထို့အပြင်  “ပြင် - ဝင်” မှ “ဝင် - ပြင်” သို့ “ပြောင်းလဲ” သွားသကဲ့သို့ ပြောင်းလဲမသွားစေရန်အတွက်လည်း အကြိမ်ကြိမ်ဆုတောင်းနေပါမည်။

၂ဝ၁၄ ခုနှစ်ဟာ “၂ဝဝ၈အခြေခံဥပဒေ” ပြင်ဆင်ရေးအတွက် အရေးကြီးတဲ့နှစ်ဖြစ်ပါသည်။
ပြည်သူတစ်ရပ်လုံး အုံကြွပါဝင်လာမှသာ “၂ဝဝ၈အခြေခံဥပဒေ”ကို အခြေခံကျကျပြင်ဆင်နိုင်ပါလိမ့်မည်။ “၂ဝဝ၈အခြေခံဥပဒေ”ကို လွှတ်တော်တွင်းနည်းဖြင့် ပြင်ဆင်နိုင်လိမ့်မည် မဟုတ်ပါ။ ပြည်သူလူထု လိုလားနှစ်သက်သည့်အတိုင်း ပြင်ဆင်မည်ဆိုလျှင် လွှတ်တော်ပြင်ပ နည်းဖြင့်သာပြင်ဆင်မှ ဖြစ်နိုင်ပါလိမ့်မည်။ လွှတ်တော်တွင်းနည်းလမ်းဖြင့်သာ ပြင်ဆင်မည်ဆိုလျှင် ကြံ့ဖွံ့ပါတီအကြိုက် သာဖြစ်မြဲဖြစ်နေပါ လိမ့်မည်။

စစ်တပ်အတွင်းရှိ အရာရှိအရာခံအကြပ်တပ်သားများ၏ ဦးနှောက်နှင့်ပုခုံးပေါ်တွင် စစ်အာဏာရှင်စနစ်နှင့်စစ်အုပ်စု၏ (အမိန့်/ စည်းကမ်း) ဟူသော “ထမ်းပိုးကြီး”ဖိစီးထားခဲ့သည်မှာ ရာစုနှစ်ဝက်ကျော်ကြာခဲ့ပြီဖြစ်ပါသည်။ ထို ထမ်းပိုးကြီးနှင့် မျက်မှန်စိမ်းတပ်ကာ ပြည်သူလူထုနှင့် တပ်မတော်ကို စစ်အုပ်စုက ရန်တိုက်သွေးခွဲနေခြင်းလည်းဖြစ်ပါသည်။ တပ်မတော်ကို ခါးပိုက်ဆောင်တပ်သဖွယ်ပြုလုပ်ပြီး ပြည်သူလူထုကို အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

စစ်အာဏာရှင်စနစ်နှင့်စစ်အုပ်စုဆိုသည် “ထမ်းပိုးကြီး” ခွာချပစ်နိုင်ရေး၊ လူမျိုးပေါင်းစုံပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုကြီးထဲသို့ တပ်မတော်သားများ ကိုယ်ထိလက်ရောက် ပါဝင်လှုပ်ရှားနိုင်ဖို့ဆိုလျှင် လူထုလှုပ်ရှားမှုမုချလိုအပ်ပါသည်။ လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက် လာမှသာ တပ်မတော်သားများကိုယ်ထိလက်ရောက် ပါဝင်လှုပ်ရှားနိုင်ပါလိမ့်မည်။ သို့အတွက် တပြည်လုံးလက္ခဏာဆောင်သော လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်လာအောင် လုပ်ငန်းစဉ်တစ်ရပ်ချမှတ်ပြီး စည်းရုံးလှုံ့ဆော်ကြရပါလိမ့်မည်။

သို့ပါ၍ ယခုအခါတွင် လူထုလှုပ်ရှားမှုမလိုအပ်သလိုလို၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ တစ်ကိုယ်တော်အစွမ်းအစဖြင့် အရာရာကို ဆောင်ကျဉ်းလာနိုင်တော့မလိုလို၊ တည်ဆဲဥပဒေများကိုလေးစားလိုက်လျှင်ပဲ ဒီမိုကရေစီသစ်ပင် သူ့အလိုလိုမြေကပေါက်လာတော့ မယောင်ယောင် ဟောပြောရေးသားနေမှုများ ရပ်တန်းက ရပ်သင့်ပါပြီ။
ညွန်း
- ဒီလှိုင်းစာစောင်၊ အတွဲ ၃၊ အမှတ် ၂၊ (၁၃-၁-၂ဝ၁၄)
- True News ဂျာနယ် အတွဲ ၆၊ အမှတ် ၁၃