Wednesday, February 19, 2014

ဖေဖော်ဝါရီအလည် ၂ဝ၁၄ မှာရေးတဲ့ တိုနန့်နန့်လေးတွေ-၂(မျိုးမြင့်ချို)

0 comments
အင်န်အယ်လ်ဒီ၊ ၈၈-ငြိမ်းပွင့်တွေအပါအဝင် ဘယ် ဒီမိုကရေစီအင်အားစုကိုမဆို ဘယ်အဖွဲ့အစည်းမကို ဘယ်တသီးပုဂ္ဂလကိုမဆို အမိန့်ရရမ်းကားခွင့်လိုင်စင်ရ အစွန်းရောက်အကြမ်းဖက် သင်္ကန်းခြုံဘုန်းကြီးဆိုးတွေနဲ့ ဗြောင် အတိအလင်း တည်ပေးပြီးလှည့်တိုက်လာရင် ပြတ်ပြတ်သားသား ဆန့်ကျင်မယ်။ တိုက်လာမယ့်အန္တရာယ်လည်း ရှိနေတယ်။ စစ်အာဏာရှင်တွေအကြိုက် အမျိုးဘာသာ သာသနာခေါင်းစဉ်နဲ့ ကာထားသမို့ တစ်ဖွဲ့လုံးတိုက်တောင် ငါ့တော့ ချန်တိုက်ဖယ်တိုက် တိုက်မှာပဲတွေးပြီး စစ်အာဏာရှင်အလိုကျ လုပ်နေပြောနေ တာတော့ရပ်ပါ။ မုန်တိုင်းဆိုတာ တကယ်တိုက်ရင် ဘယ်သစ်ပင်မှ မချန်ဘူး။ ရန်သူအတိုက်ခံရလို့သေရင် လူသေပေမယ့် နံမည်ရှင်တယ်။ ပြည်သူဒဏ်ခတ်လို့သေရင် လူရှင်ပေမယ့် နိုင်ငံရေးပါရာဇိကထိုက်တာ သမိုင်းမှာ အထင်အရှားရှိတယ်။(နိုင်ငံရေးပါရာဇိက)

ဦးကိုနီနှင့်ကိုမြအေးကိစ္စအကြောင်းပြုပြီး ပြည်တွင်းပြည်ပ၊ အစိုးရ၊ နိုင်ငံရေးနှင့် Rights Organizations များအကြား ပွဲအတော်ဆူသလို မေးခွန်းထုတ်စရာတွေလည်း တသီကြီးထွက်ချလာ၏။ မြင်ထောင့်(၂)ခုမှ ဆန့်ကျင်ကန့်ကွက်သံတွေ ညံညံစီစီဖြစ်လာ၏။ မြင်ထောင့်တခုက နိုင်ငံသားအခွင့်အရေးအထိုင်မှဖြစ်ပြီး ဒီမိုကရေစီနှင့် လွတ်လပ်စွာဟောပြောခွင့်ကိုဇောင်းပေး၏။ နောက်တခုက လူ့အခွင့်အရေးအထိုင်မှဖြစ်ပြီး လူမျိုး/ဘာသာခွဲခြားဆက်ဆံမှုဆန့်ကျင်ရေးကို ဇောင်းပေး၏။ တခုက တိုင်းပြည်တပြည် လူ့အဖွဲ့အစည်း တခုအပေါ်အသားပေးပြီး၊ တခုက နိုင်ငံတကာနှင့်လူဆန်မှုပဋိဉာဉ်အပေါ် အလေးထားပြော၏။

နိုင်ငံသားအခွင့်အရေးအထိုင်မှပြောသူများတွင်လည်း လေသံနှင့် Tone တွေ ကွာသေး၏။
”ခုလို ဗိုလ်ချုပ်ကြီးတွေသဘောကောင်းလို့ ဒီမိုကရေစီသွားနေတဲ့ခေတ်ကြီးမှာ၊ ခုလို အာဆီယံဥက္ကဌလုပ် ရတဲ့အချိန်ကြီးမှာ၊ ခုလို နိုင်ငံတကာအဝင်အထွက်တွေစိတ်နေတဲ့ အချိန်ကြီးမှာ၊ ခုလို ကုလသမဂ္ဂ လူကြီးတွေရောက်နေတုန်းကြီးမှာ မင်းတို့မို့ ခုလောက်ဗြောင်ကြီးမဆင်မခြင်လုပ်တယ်၊ ဉာဏ်နည်းလှ ချည်လား၊ ပညာသား မပါလှချည်လား၊ သွားရောပေါ့၊ အခြေအနေတွေကောင်းနေပါပြီပြောနေတဲ့ကြားက မင်းတို့လုပ်လို့ပုံရိပ်ပျက်ပြီ”ဆိုသည့်သဘော ငြူစူမန်မဲ၏။ အကြောင်းခံကိစ္စကိုဖွင့်ချပြီး ရှူတ်ချဆန့်ကျင်ခြင်း မလုပ်ရုံမျှမက လုပ်ပုံလုပ်နည်း၊ အချိန်အတိုင်းအရှည်နှင့် ကာလဒေသပယောဂကို သေချာကျန မတွက်ချက်ရကောင်းလားဆိုကာ တဖျစ်တောက်တောက် ငြူစူနေမှန်းပေါ်လွင်၏။ “အမျိုးသားရေး လက်မောင်းကြွက်သားညှစ်ပြရင်း”အစွန်းရောက်တို့အား မျက်စပြစ်သလို ”ဒီမိုကရက်တစ်စစ်စစ်ကြီး”ဟု ဝင့်ဝါကာ တရားမဲ့သူတို့အား ဖေးမကာကွယ်မှန်းထင်ရှား၏။ ထိုသူတို့အား ပရော်ဖက်ရှင်နယ်လ် နိုင်ငံရေးသမားဟု ဆိုသူကဆို၏။ နိုင်ငံရေးသီလကျင့်ဝတ်ဖြင့်ချိန်လျှင် ထွက်လာမည့်အဖြေမှာ ပြေးကြည့်စရာလိုမည်မထင်။

လူ့အခွင့်အရေးအထိုင်မှပြောသူများကတော့ နည်းနည်းပိုရှင်း၏။ ဤနေရာတွင် ”နည်းနည်း”ကို နည်းနည်းရှင်းမှကောင်းမည်ထင်၏။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းသည် ကမ္ဘာ့နိုင်ငံအားလုံးသဘောတူလက်မှတ်ထိုးထားခြင်းမဟုတ်သည့်တိုင်၊ ပြီးပြည့်စုံသည့်ဖွင့်ဆိုချက် မဟုတ်သည့်တိုင်၊ တိုင်းစရာစံအဖြစ်ရှိနေသည်မှာ ထင်ရှား၏။ လူသားအချင်းချင်းကြားထားရမည့် လူမှုပဋိညာဉ်သဖွယ်ဖြစ်၏။ သို့သော် အစိုးရတို့ကိုင်စွဲကျင့်သုံးရာဝါဒနှင့်စနစ်အလိုက် သို့မဟုတ် စီးပွား၊ လူမှုအခြင်းအရာများအလိုက် လိုတိုးပိုလျှော့နှင့် မိမိတို့လူ့အစုအစည်းတွင် ဇာတ်သွင်းယူပုံပေါ်တည်ကာ နည်းနည်းခြင်းကွာ၏။ ထိုနည်းနည်းသည် တခါတရံ နည်းနည်းစကားပြောပြီး တခါတရံ အကျယ်အကျယ် မငြိမ်းဖွယ်တွေအထိဖြစ်တတ်၏။ သို့ပင်ကွာငြားလည်း ယင်းကြေငြာစာတမ်းကိုတိုင်းစရာစံအဖြစ် ယေဘုယျ လက်ခံထားကြ၏။ ယခု လူ့အခွင့်အရေးအထိုင်မှပြောသူများက ထိုစံကို ကိုင်ပြောခြင်းဖြစ်၏။ ယခုကိစ္စသည် လူ့အခွင့်အရေးကိစ္စ။ ကမ္ဘာ့ဘယ်နေရာမှာနေနေ၊ ဘာလူမျိုး၊ ဘာ ဘာသာ၊ ဘာအသားအရောင် ဘာအယူဝါဒကွဲကွဲ မိမိယုံကြည်ရာကို လွတ်လပ်စွာပြောဟောပိုင်ခွင့်ရှိသလို ပြန်လှန်ချေဖျက်ပြောဟော ပိုင်ခွင့်လည်းတူညီစွာရှိ၏၊ မချိုးဖေါက်နှင့်၊ ချိုးဖေါက်လျှင် လူ့အခွင့်အရေးချိုးဖေါက်ခြင်းမည်၏ဟု အသားပါပါဆိုပြော၏။ လူ့အခွင့်အရေးသည် ဘယ်အမျိုးသားနိုင်ငံတော်တွင်ဖြစ်ဖြစ်၊ ဘာအမျိုးသားရေး အကြောင်းရှိလို့ပဲဖြစ်ဖြစ် ဒုတိယနေရာပို့ရမည့်ကိစ္စမဟုတ်။ သို့သော် နိုင်ငံတစ်ခုချင်းစီ အမျိုးသားကိုယ်ကျိုးစီးပွားနှင့် “ဆိုင်”လာပြီဆိုလျှင်တော့ လူ့အခွင့်အရေးသမားတို့လည်း တုံဏှိဘာဝေလုပ်တန်လုပ် စကားဖျော့တန်ဖျော့ကြ၏။ ထို့ကြောင့် ရှင်းသည်မှန်သော်လည်း အရှင်းကြီးတော့မဟုတ်။ နည်းနည်းပိုရှင်းခြင်းလောက်ပင်။

ရှေ့က အလားတူကိစ္စများရှိခဲ့သော်လည်း ခုလောက်အသံမကျယ်သလို အာရုံလည်းသိတ်မစိုက်ခဲ့ကြ။ ယခု ကိစ္စကျမှ ဘာ့ကြောင့် ဤမျှအလေးထားလာကြသနည်း။ အကြောင်းများစွာရှိပါသည်။ ဤကိစ္စသည် နိုင်ငံရေးသက်သက်၊ လူမျိုး/ဘာသာရေးသက်သက်၊ စာဟောခြင်းကိစ္စသက်သက်မျှမဟုတ်သည့်အပြင် အင်န်အယ်လ်ဒီနှင့် ၈၈-ငြိမ်း/ပွင့်မှ တစုံတရာပတ်သက်နေခြင်းကြောင့်၊ ပြည်တွင်းပြည်ပ နိုင်ငံတကာ အမည်ပေါက်သူတွေဖြစ်ခြင်းကြောင့်၊ ”ကိုယ့်အလှည့်ဘယ်တော့ရောက်” စိုးရိမ်ချက်ကြောင့်တွေအပြင် တကယ့်သဘောရိုး စေတနာရိုးနှင့် ပြည်ချစ်စိတ်အခြေခံတွေကြောင့်လည်းပါ၏။ သို့သော် ထိုနှစ်ဦးအား စာရေးဆရာမြအေးနှင့်စာရေးဆရာဦးကိုနီဟု ခေါ်ဝေါ်သုံးစွဲကာ စာရေးဆရာသက်သက်ဖြစ်လေဟန် ပုံဖော်ခြင်းမှာ သွေးရိုးသားရိုးမဟုတ်မှန်းပေါ်၏။ ကျင့်ဝတ်အရ မလျော်ကန်ဟုမြင်၏။ ထိုသူတို့မှာ စာရေးဆရာဟုခေါ်ရလောက်အောင် ကလောင်သမ္ဘာ၊ ဝါ နှင့် သြဇာလည်းမရှိကြ။ ထို့ကြောင့် နိုင်ငံရေးသမားမို့၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးထောက်ခံဟောပြောနေသူတွေမို့၊ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေး တွန်းဆော်နေသူတွေမို့ ဘာသာရေးလူမျိုးရေးအစွန်းရောက်ဘုန်းကြီးဆိုးများ၊ လူဆိုးများနှင့်တည်ပေးပြီး တိုင်းပြည်ကိုမီးလောင်တိုက်သွင်းနေခြင်းနှင့် လက်သည်မှာစစ်အာဏာရှင် များဖြစ်ကြောင်း အတိအလင်းပြောဖို့လို၏။
“ဘာမှမပြောတာထက်စာရင် ခုလောက်ပြောဖော်ရတာ မဆိုးပါဘူး”ဟုဆိုလျှင်တော့ မဆိုးပါဘူးပြောရုံပဲရှိ၏။ ဒီ့ထက်မဆိုးဖို့ဆိုလျှင် ဒီထက်ကောင်းဖို့လိုသေးသည်ထင်၏။ (ရပ်ခံထောင့်ကပြောတဲ့စကား)

လွတ်လပ်မှုနဲ့ မထိုက်တန်တဲ့လူရှိလား။ ကျနော်လည်း လွတ်လပ်ချင်တယ်။ ခင်ဗျားလည်း လွတ်လွတ် လပ်လပ်နေပါ။ ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် အမှောင်ဆုံးခေတ်တွေဖြတ်ခဲ့တုန်းကတောင် ကိုယ်စီလွတ်လပ်မှုကို တကိုယ်ရည်ထိန်းသိမ်းခဲ့ကြသေးတာပဲမဟုတ်လား။ ထောင်လောက် ကျပ်တဲ့နေရာမှာတောင် လွတ်လပ်မှုကိုရှာရင်း တစ်ကိုယ်စာလွတ်လပ်မှုလေးနဲ့ မွေ့ခဲ့တယ်မဟုတ်လား။ ကျနော့်လွတ်လပ်မှုကို ဘယ်သူမှကန့်သတ်လို့မရသလို ခင်ဗျားလွတ်လပ်မှုကိုလည်း လာ မကန့်သတ်ကြစေနဲ့။ လွတ်လွတ်လပ်လပ်ပြောချင်ဆိုချင် ရေးချင်သားချင် နေချင်ထိုင်ချင်လို့မှ ခင်ဗျားရော ကျနော်ပါ ဘဝနဲ့ထပ်ပြီးရှာခဲ့စွန့်ခဲ့တာမဟုတ်လား။ ကဲ..အခု (အခြားသူတွေမပါဘူးပဲထားပါ) ခင်ဗျား ကျနော် လွတ်လွတ်လပ်လပ်ပြောလို့ရနေပါရက်နဲ့ ဘာလို့များကျနော့်လွတ်လပ်ခွင့်ကို ကန့်သတ်ဖို့ အားထုတ်သလဲ။ ဘာလို့များ ခင်ဗျားလွတ်လပ်ခွင့်ကို ကိုယ်တိုင်ပြန်ဇက်ခွံ့ရသလဲ။ ဘာလဲ ခင်ဗျား မလွတ်လပ်ချင်တော့လို့လား။ ဘာလဲ လွတ်လပ်မှုနဲ့မထိုက်တန်သူလို့ ကိုယ့်ကိုယ်ကိုယ်ထင်သွားလို့လား။ ကျနော်ကတော့ ခင်ဗျားလည်း လွတ်လပ်မှုနဲ့ထိုက်တန်သူလို့ပဲမြင်တယ်။ လွတ်လွတ်လပ်လပ်နေပါဗျာ။ (လွတ်လပ်မှုနဲ့လူတိုင်းထိုက်)

ပဒေသရာဇ်စနစ်ကို ဘယ်လောက်မကြိုက်ကြိုက် စာပေအနုပညာရဲ့တန်ဘိုးကိုသိတဲ့ ဘုရင်တချို့ကိုတော့ အဲ့ဒါအတွက် ကွက်ချီးကျူးတန် ချီးကျူးခဲ့ရတဲ့သာဓကရှိတယ်။ အဲ့စနစ်အောက်မှာ စာပေကျမ်းဂန် အနုပညာစတာတွေကို လက်တဆုပ်စာ လူအီလစ်နဲ့စာတတ်ဘုန်းကြီးတွေသာ ဆည်းပူးလေ့လာဖန်တီး နိုင်တယ်။ အဲဒီစနစ်က သန္ဓေတည်ဖွံ့ဖြိုးကြီးထွားလာခဲ့တဲ့မြန်မာစာပေဟာ ဖန်တီးသူနဲ့ ထိန်းသိမ်းစောင့်ရှောက်သူတွေကြောင့်သာ ဒီနေ့တိုင်စည်ပင်နေရတာပါ။ မြန်မာစာပေသမိုင်းမှာ လူပညာရှိ လူပြန်တော်ပညာရှိတွေသာမက ဘုန်းတော်ကြီးများရဲ့ကျေးဇူးလည်းကြီးလှတယ်။ မန္တလေးဟာ မြန်မာစာပေအတွက်ကျေးဇူးကြီးလှတဲ့ စာပေဆီမီးတန်ဆောင်ဘုန်းတော်ကြီးများရဲ့ ချက်မြုတ်ရာပညာဆည်းပူးရာ ပို့ချသင်အံရာဖြစ်ခဲ့တယ်။ ခု မန္တလေးစာပေဟောပြောပွဲကို ကဖျက်ယဖျက်လုပ်တဲ့ ဘာသာရေးအစွန်းရောက်သင်္ကန်းခြုံတချို့ဟာ မန္တလေးအသရေနဲ့ မြန်မာစာပေ အတွက် ဆူးညှောင့်ခလုပ်တွေ။ အဆိပ်ပင်တွေ။ စာပေအကြောင်းနကန်းတစ်လုံးသိ/မသိသာ မဆိုနိုင်တယ် နှုတ်ထွက်စကားနဲ့ကိုယ်ဟန်အမူအယာတွေရုန့်ရင်းတာကြည့်ရုံနဲ့ ယုတ်တဲ့အမျိုးက ဖွားတဲ့သားတွေမှန်းတော့ ထင်ရှားတယ်။(မြန်မာစာပေနဲ့ဘုန်းကြီးကိစ္စ)

ဗမာစကားမှာ ထွက်ခတ် ခတ်တယ်ဆိုတာရှိတယ်မဟုတ်လား။ ဘယ်ကနေဆင်းသက်လာတဲ့စကားလည်း ကျနော်အသေအချာမသိပါ။ ကျွဲပွဲကလည်း လှေပွဲကလား မပြောတတ်ဘူး။ ခုဖြစ်နေတာတွေ ထဲမယ် ပြည်တော်ပြန်တချို့ ကိုယ့်ကိစ္စနဲ့ကိုယ်ဝင်ကြရင်း ကိုယ့်ကိစ္စနဲ့ကိုယ်ကျန်နေကြသူတွေကို ဝင်ကန် ကန်တာတွေ့နေလို့။ အမေပဲလွမ်းလွမ်း၊ ပြည်ပဲလွမ်းလွမ်း၊ ရွှေတိဂုံစေတီကြီးပဲဖူးချင်ချင်၊ ကလေးတွေပဲ ဗမာပြည်လိုက်ပြပြ၊ မိတ်ဟောင်းဆွေဟောင်းတွေပဲ ပြန်တွေ့ချင်ချင် ဘာဖြစ်လဲဗျာ ပြစရာအကြောင်း အချက်အလက်တွေမှတပုံကြီးရယ်။ ဘယ်သူက ဘာပြောနေလို့လည်း ပြန်တဲ့ကိစ္စသက်သက်ကို။ မပြန်ခင် (အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပါတို့၊ တောင်းပန်ရင်ခွင့်လွှတ်မယ်တို့) စတာမျိုးတွေနဲ့ အသံကောင်းလည်းဟစ်မသွားနဲ့ ကျနော်တို့ကိုယ်စား လက်နက်လည်းသွားမချပေးပါနဲ့၊ ပြောင်းပြန် လွတ်ငြိမ်းချမ်းသာခွင့်လည်း မတောင်းပါနဲ့ဆိုတာတော့ပြောရမှာပဲ။ ကျနော်တို့ မပြန်ကြတာမှာလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ရှိသလို ခင်ဗျားတို့ပြန်ကြတာမှာလည်း ခင်ဗျားတို့အကြောင်းနဲ့
ခင်ဗျားတို့ပါ။ ပြန်ရုံသက်သက်တွေအတွက် ဘယ်သူ့ဘယ်သူမှ ဘာမှ ပြောစရာမရှိပေမယ့် အကြံအစည်နဲ့ ဂဠုန်ဆားပြန်ချက်မယ့်အရေးမှာ၊ ညောင်ရေပြန်လောင်းမယ့်အရေးမှာ ကျနော်တို့ကိုယ်စား လက်နက်ချမပေးပါနဲ့။ ကျနော်တို့ကိုယ်စား ခွင့်လွှတ်မပေးပါနဲ့။ ကျနော်တို့ကိုတောင်းပန်ဖို့ ခင်ဗျားတို့က ဝင်မတောင်းပန်ပါနဲ့။ ကျနော်တို့ကိုယ်စား ပြောင်းပြန်အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် မတောင်းပါနဲ့။ ကုန်ကုန်ပြောမယ် ခင်ဗျားတို့ဘာသာ ဒူးမကလို့ ဘာပဲထောက်ထောက် ကျနော်တို့မှာ ခင်ဗျားတို့လို ဖြတ်စရာနဲ့ပြတ်စရာအမြီး မရှိမှန်းသိကြပါ တခါတုန်းက မိတ်ဆွေများ။ (ထွက်ခတ်နဲ့ဝင်ကန်ကိစ္စ)

ဘုန်းကြီးတုအတုနဲ့ ဘုန်းကြီးတုအစစ် (မျိုးမြင့်ချို)

0 comments
ဘုန်းကြီးတုအတုနဲ့ ဘုန်းကြီးတုအစစ် (မျိုးမြင့်ချို)
မအူကုန်းလမ်းကျယ် တာမွေ ၁၃၃ လမ်းမှာဖြစ်ခဲ့တဲ့ကိစ္စ ဓါတ်ပုံနဲ့စာ တက်လာလာချင်း ကျနော် ရှယ်ယာလုပ်လိုက်သေး တယ်။ လုပ်ပြီးမှ စိတ်ထဲသင်္ကာမကင်းသလို မသိုးမသန့်လိုလို တခုခုလိုနေသလိုလိုဖြစ်ပြီး ချက်ခြင်းပြန်ဖြုတ်လိုက် တယ်။ ခေါင်းထဲလည်း အတွေးတစ်ချက် လက်ကနဲဖြစ်သွား တယ်။ ဒီမနက် အဲ့ဒီအတွေးမချော်ကြောင်းသက်သေဖြစ်မယ့် အထောက်အထားတစ်ခုရတယ်။ ခု အဲ့အတွေးရေးပါတယ်။

သက်မဲ့အရာဝတ္ထုတွေကလွဲလို့ လူမှာ၊ သက်ရှိမှာ အတု မရှိပါ။ လူအတု မရှိပါ။ လူရုပ်အတု(ရုပ်တု)ပဲရှိပါတယ်။ မြင်းအတု မရှိပါ မြင်းနဲ့ဆင်သောသတ္တဝါရှိနိုင်ပါတယ်။ လူက အယောင်ဆောင်လို့/သရုပ်ဆောင်လို့ရပါတယ်။ စစ်သားယောင်ဆောင်၊ ဘုန်းကြီးယောင်ဆောင်၊ ယောက်ျားယောင်ဆောင်၊ ဆရာဝန်နေရာကသရုပ်ဆောင်၊ သူပုန်နေရာကသရုပ်ဆောင်စသည်ဖြင့်။ မြင်းကြတော့ အယောင်ရောသရုပ်ပါ ဆောင်မရပါ။ အယောင်ဆောင်ရခြင်း/မရခြင်း၊ သရုပ်ဆောင်ရခြင်း/မရခြင်းပေါ်မှာလည်း လူနဲ့မြင်းကွဲပါတယ်။ တူတာက လူရောမြင်းပါ “အတု”လုပ်လို့ မရပါ။ အတုမရှိပါ။ လူအတု မြင်းအတုလို့ပြောမရပါ။ ဒဏ္ဍာရီတွေထဲမှာတောင် နတ်တွေ/မကောင်းဆိုးဝါးတွေ လူပုံဖမ်း (လူ့အသွင်ယူ)ပြီးလာတယ်ဆိုရင် လူယောင်ဆောင်တွေလို့ပဲသုံးပါတယ်။ လူအတု၊ နတ်အတု၊ မကောင်းဆိုးဝါးတု၊ စစ်သားတု၊ ဘုန်းကြီးတု၊ မြင်းအတုလို့ပြောမရသလို ပြောရိုးလည်းမရှိပါ။ မရှိတာကိုအရှိလုပ်သုံးပြီးဆို တရားအရရောစကားအရပါ တခုခုလွဲချော်နေပြီလို့ပြောရမှာပါ။ အဲ့သလို လွဲချော်နေတယ်လို့ယူဆနိုင်စရာ မြန်မာဝေါဟာရတစ်ခုရှိပါတယ် အဲ့ဒါက ရဟန်းတုရဟန်းယောင် ဆိုတာပါ။ ဒီမှာဆိုတဲ့ ရဟန်းဆိုတာ(ရုပ်နဲ့နမ်တွဲနေတဲ့) လူအကောင်အထည်ကြီးကိုပြောတာမဟုတ်ပဲ (ဤဂုဏ်ပုဒ်များနှင့်ပြည့်စုံသဖြင့် အကြင်သူအား ရဟန်းဟု သမုတ်၏)လို့ဆိုကာ နမ်သဘောဂုဏ်ရည်သဘောကိုအထူးပြုတယ်လို့ယူဆပါတယ်။ အဲ့အတိုင်းမှန်တယ်ဆို ဘာပြဿနာမှမရှိပါ။ လူကောင်သက်သက်ကိုမျှကိုပြောတာပဲမဟုတ်ပဲ ဂုဏ်ရည်ကိုပါပြောတာမို့ ပြောလို့ဖြစ်တယ်လို့ပဲ ထားစဉ်းစားပါတယ်။ ဒီနေရာမှာလည်း ရဟန်းကို ရဟန်းတို့ ဂုဏ်ရည်နဲ့စိစစ်လိုက်ရင် ဒီရဟန်း တုသလားစစ်သလားပေါ်သွားမှာပါ။ ရဟန်းတပါးပါးရဲ့ ဂုဏ်ရည်အတိမ်အနက်ကို စိစစ်ဖို့စက်မရှိသလို လူဝတ်ကြောင်က သွားစစ်ဖို့လည်းမဖြစ်နိုင်ပါ။ သာသနာ့မှတ်ပုံတင်ရှိ/မရှိဆိုနဲ့တိုင်းပြီး စစ်မစစ်ပြောလည်း အလုံးစုံမှန်တဲ့အဖြေမဟုတ်ပါ။ ဆိုတော့ စာတတ်ပေတတ်သီလ သမာဓိသိက္ခာပြည့်တဲ့ ထေရ်ကြီးဝါကြီးရဟန်းတော်ကြီးများက ဆုံးဖြတ်ရတဲ့ကိစ္စပါ။ လုပ်ထုံးလုပ်နည်းတွေလည်း ရှိထားပြီးသားပါ။ ဒီနေရာမှာ ရဟန်း၊ ရဟန်းဂုဏ်ရည်စတာတွေနဲ့စပ်တဲ့ ဗုဒ္ဓစာပေကျမ်းဂန်လာပါဠိတော်၊ ပါဠိသက်နဲ့ ပါဠိပျက်ဝေါဟာရအကျယ်တွေကိုလည်း လက်လှမ်းမီသရွေ့ စေ့ငုနိုင်ရင်ပိုကောင်းမှာပါ။ ထားပါတော့ ဒီဝေါဟာရမှာတောင် “ရဟန်းယောင်”ဆိုတာ ပါပါသေးတယ်။

သက်မဲ့တွေကို (အထူးသဖြင့်လူလုပ်ပစ္စည်းတွေကို) အတုလုပ်လို့ရပါတယ်။ ဆေးဝါးအတု အရက်အတုစသည်ဖြင့်ပေါ့။ အတုဆိုကတည်းက အစစ်မဟုတ်မှန်းလူတိုင်းသိပြီးသားပါ။ အတုဟာ သရုပ်မဆောင်သလိုဆောင်လည်းမရပါ။ ဒီနေရာမယ် အစစ်နဲ့အရည်အသွေးတူရုံမက ပိုကောင်းနေစေဦး အတုဆိုမကောင်းဘူးလို့ တထစ်ချမှတ်ယူတတ်တဲ့လူ့စိတ်သဘာဝကို ထည့်စဉ်းစားဖို့လိုလာပါပြီ။ လူဟာ အစစ်အမှန်ကို မြတ်နိုးတန်ဖိုးထားတတ်တာ သဘာဝပါ။ အတုကြီးလို့ဆိုတာနဲ့ မကောင်းဘူးလို့ဆိုတဲ့အသိက ထပ်ချပ်ပါလာတတ်ပါတယ်။ လူရဲ့ အဲ့ဒီ အတုအစစ်သဘောအပေါ်ထားတဲ့ စိတ်အနေနဲ့ စိတ်အထား(စိတ်အနေနဲ့စိတ်အထားလို့ခွဲသုံးရတာက လူတချို့မှာ စိတ်အနေကောင်းပေမယ့် စိတ်အထားမတတ်လို့ ဖြစ်ရတဲ့ပြဿနာတွေရှိတတ်လို့ပါ)ကို အားနည်းချက်အဖြစ် ကိုင်ထိုးဝါဒဖြန့်တဲ့ ဆိုက်ဝါးလို့ဆိုတဲ့ထောက်လှမ်းရေးပညာ ရှိပါတယ်။ ခု ရွှေပြည်ကြီးမှာဖြစ်နေတဲ့ ဘုန်းကြီးတုတွေသံဃာတုတွေဆိုတာ အဲ့ဒီကိစ္စပါ။ ပြဿနာလိုက်ရှာနေတာဘုန်းကြီးအစစ်တွေ မဟုတ်ဘူး၊ ဘုန်းကြီးတုတွေလို့လူပြောအတော်များပါတယ်။ ဘုန်းကြီးအယောင်ဆောင်တွေလို့ပြောသူတောင်အလွန်နည်းတာ သတိထား မိပါတယ်။ သင်္ကန်းရုံပြီးဆူပူသောင်းကျန်းခွင့် လိုင်စင်ရအကြမ်းဖက်သမားတွေကို ဗုဒ္ဓဝါဒီအမည်ခံသင်္ကန်းခြုံအကြမ်းဖက်သမားများလို့ သုံးစွဲတဲ့အခါတိုင်း ဘုန်းကြီးအတုတွေပါလို့ ဖြောင့်ကွယ်ကွယ်ရင်း၊ ဝေါဟာရအကြောင်းပြချက်နဲ့ တန်ပြန်ထိုးနှက်တာတွေ တွေ့ရပါတယ်။ ရည်ရွယ်ချက်က လူ့အခွင့်အရေးအတွက်၊ ဒီမိုကရေစီရေးအတွက်၊ လူမျိုးဘာသာခွဲခြားဆက်ဆံမှုဆန့်ကျင်ရေးအတွက် လှုပ်ရှားဆောင်ရွက် နေသူတွေကို ဘာသာရေးခေါင်းစဉ်အောက်နေ ဘုန်းကြီးဆိုးတွေနဲ့လှည့်တိုက်ပြီး နိုင်ငံရေးအညွန့်ချိုးဖို့ကြံစည်ချက်ပါ။

ကောင်းပြီ ဒါဆို ဒီလူတွေ ဘုန်းကြီးတု/မတု ဘာနဲ့ခွဲမလဲ ဘာနဲ့စစ်ကြမလဲက ပြဿနာရဲ့ဆုံချက်ဖြစ်လာပါပြီ။ သာသနာဝင်မှတ်ပုံတင်မရှိရင် ဘုန်းကြီးတုဆိုမလား။ ဒါဆို ခုပြဿနာတွေထဲဝင်ပါနေသူတွေထဲမယ် သာသနာ့မှတ်ပုံတင်လောက်မပြောနဲ့ တိုင်းသိပြည်သိကမ္ဘာသိ ဘုန်းကြီးတွေတောင်ပါပါတယ်။ ကောင်းပြီဒါဆို သိမ်ဝင်မဝင် ကမ္မဝါဖတ်မဖတ်နဲ့တိုင်းမလား။ ဝင်ပြီးဖတ်ပြီးသားတွေမှ တပုံတပင်ပါပါတယ်။ ကောင်းပြီ ဒါဆို ဘုန်းကြီးစာ ဘယ်လောက်တတ်မတတ်နဲ့ပြောမလား။ စာတတ်ရုံမက ကြောင်ငါးကြော်စားကျွပ်ကျွပ်ဝါးသို့ တွေတောင် ပါတယ်။ သီလ ဘယ်နှပါးလုံဆိုတာနဲ့တိုင်းမလား။ သူ သီလ ဘယ်နှပါးလုံကို ခင်ဗျား ဘာနဲ့သွားတိုင်းမလဲ။ ဘာနဲ့စိစစ်မလဲ။ ဘုန်းကြီးအစစ်ဆို ဒါမျိုးမလုပ်ဘူးပြောမယ်ဆို တိုင်းလို့ရမယ့်ယေဘုယျစံတွေနဲ့တိုင်းပြန်တော့လည်း အတုလို့ပြောမှ မရတာ။ သာသနာဝင်ကဒ်လည်းရှိတယ်။ သိမ်လည်းဝင်ပြီးသား။ ရွတ်စရာရှိတဲ့သီလတွေလည်း ရွတ်တယ်။ စာလည်းတတ်တယ်။ လူတွေကိုလည်း ဗုဒ္ဓတရား အဘိဓမ္မာတွေနဲ့ ပတ်သက်လို့ ဟောဟယ်ပြောဟယ်လုပ်နေတဲ့ ဘုန်းကြီးတွေလည်းအဲ့ဒီအစုထဲပါနေတယ်။ ဒါဆို အဲ့ဘုန်းကြီးတွေကို အတုတွေလို့ ခင်ဗျား အတိအလင်းပြောဝံ့မလား။

ခု အတုအစစ်ပြဿနာကို ထောက်လှမ်းရေးအတတ်နဲ့ မအူကုန်းလမ်းကျယ် တာမွေ ၁၃၃ လမ်းမှာ ပြလိုက်တာပဲလို့မြင်တယ်။ တကယ်အတုအစစ်ခွဲတာမဟုတ်ပဲ သဏ္ဍန်တမင်ဖော်တဲ့ပြီး အယောင်ဆောင်ကိုအယောင်ဆောင်မှန်းပေါ်အောင် သင်္ကန်းခြုံပြီး ဆံပင်နဲ့လွှတ်လိုက်တာပါ။ မကြာပါဘူး အဲ့ကိစ္စ သူတို့မီဒီယာတွေမှာ ဓါတ်ပုံတွေ ဗီဒီယိုတွေ ပြောစကားတွေဝေဝေဆာဆာနဲ့ဖော်ပြ ကြတော့မှာပါ။ ပြောစကားတွေအင်္ဂလိပ်လိုပြန်ပြီးတောင် ပုံနှိပ်မီဒီယာတွေနဲ့အွန်လိုင်းပေါ်တက်လာမှာပါ။ အဲ့ငနဲကိုတော့ ဖျောက်ပေးထား လိုက်မှာပါ။ နိုင်ငံတကာ၊ တိုင်းပြည်နဲ့လူထုကို တွေ့လား “ဘုန်းကြီးတုစစ်စစ်”တကယ်ရှိတာလို့ပြမှာပါ။ ခုဆို လူတချို့အဖို့ ဘုန်းကြီးတုတွေလုပ်တာလို့ပြောဖို့ အချက်အလက်ကိုးကားစရာရပြီမဟုတ်လား။

တကယ်က ဘုန်းကြီးဆိုတာ လူသားပါ။ လူသားမှာ အတုမရှိပါ။ ဘုန်းကြီးတုဆိုတာ မရှိပါ။ စစ်အာဏာရှင်တွေ ခေတ်အဆက်ဆက်က ပိုးမွေးသလိုမွေးပြီး လက်ကိုင်တုတ်လုပ်အသုံးချတဲ့ သင်္ကန်းခြုံအလဇ္ဇီရဟန်းတွေနဲ့ ရဟန်းယောင်ဆောင်ထားတဲ့ “ဘုန်းကြီးတုအစစ်ကြီးတွေ” သာ မျက်မြင်တွေ့ရမှာပါ။ (ဒါရေးနေတုန်း အဲ့ဒီ ဘုန်းကြီးတုအစစ်ကြီး ဗီဒီယိုတက်လာပါတယ်။ တင်ပေးပါ့မယ်)
မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၉၊ ၂ဝ၁၄


Monday, February 17, 2014

“နိုင်ငံသားတွေရဲ့ လွတ်လပ်စွာဟောပြောခွင့်၊ ဘယ်လို ကာကွယ်ရမလဲ ”စည်သူအောင်မြင့်

0 comments
“နိုင်ငံသားတွေရဲ့ လွတ်လပ်စွာဟောပြောခွင့်၊ ဘယ်လို ကာကွယ်ရမလဲ ”စည်သူအောင်မြင့်
မြန်မာပို့စ်ဂျာနယ်၊ ၁၇-၂-၁၄။ မျက်နှာဖုံးဆောင်း ပါး။ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၂ ရက် နေ့က ရန်ကုန် မြောက်ဥက္ကလာပမှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ်စာပေဟောပြောပွဲလုပ်ဖို့ စီစဉ်ပါတယ်။ အဲဒီ ဟောပြောပွဲမှာ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး၊ စာရေးဆရာ သန်းစိုးနိုင်၊ ဆင်ဖြူကျွန်းအောင်သိန်းနဲ့ အင်န်အယ်လ်ဒီက တရားလွှတ်တော်ရှေ့နေဦးကိုနီ (၄)ယောက် ဟောပြောဖို့စီစဉ်ထားတာပါ။ ဒါပေမယ့် ဟောပြောပွဲမကျင်းပခင် “မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ”ဆိုတဲ့အဖွဲ့က ဦးကိုနီနဲ့ကိုမြအေးတို့နှစ်ယောက်ကို အစ္စလာမ်ဘာသာဝင်တွေဖြစ်တာကြောင့် ဟောခွင့်မပြုနိုင်ဘူးဆိုပြီး ကန့်ကွက်၊ ဟန့်တားခဲ့တာကြောင့် စာပေဟောပြောပွဲပျက်ခဲ့ပါတယ်။ အလားတူ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ကလည်း မန္တလေးမြို့မျက်ပါးရပ်မှာလုပ်တဲ့ စာပေဟောပြောပွဲမှာလည်း သံဃာတစ်ချို့ကနေ ဟောပြောသူတွေထဲက ကိုမြအေးကိုထုတ်ပယ်ပစ်ဖို့ အကြပ်ကိုင်တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် စာပေဟောပြောပွဲမပျက်လိုတာကြောင့် ကိုမြအေး အဲဒီပွဲမှာ ဟောပြောခြင်းမပြုတော့ပါဘူး။ အလားတူ ပြီးခဲ့တဲ့လက ပေါင်းတည်မှာလုပ်မယ့်စာပေဟောပြောအတွက်ဖိတ်ကြားခံရတဲ့ မသီတာ(စမ်းချောင်း)ကို မျိုးစောင့်ဥပဒေ မထောက်ခံတဲ့အတွက်၊ မူဆလင်ကုသိုလ်ဖြစ်ဆေးရုံမှာလုပ်အားပေးတဲ့အတွက် ဟောပြောခွင့်မပြုနိုင်ဘူးလို့ ဒေသခံသံဃာတစ်ချို့က ကန့်ကွက်အကြပ်ကိုင်တာကြောင့် စီစဉ်သူတွေကနေ ဟောပြောပွဲဖျက်သိမ်းပေးလိုက်ရပါတယ်။ ခုတလော အဲလိုအဖြစ်အပျက်မျိုးတွေ ခပ်စိတ်စိတ်ဖြစ်လာနေပြီပါ။ ဘယ်လိုဖြစ်တာပါလဲ၊ ဒါဟာ ဘာသဘောဆောင်တာပါလဲ၊ ဘယ်လိုဖြေရှင်းကြရင်ကောင်းမလဲဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဖြစ်စဉ်တစ်ချို့
မြောက်ဥက္ကလာပဖြစ်စဉ်မှာ ပွဲစီစဉ်သူတွေဟာ သက်ဆိုင်ရာအာဏာပိုင်အဆင့်ဆင့်ကို ခွင့်ပြုချက်တောင်းခံပြီးမှ ကျင်းပဖို့စီစဉ်တာပါ။ ဒါပေမယ့် စာပေဟောပြောပွဲမကျင်းပခင် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂကလို့ဆိုတဲ့ သံဃာတစ်ပါးက ပွဲစီစဉ်သူတွေကို ဦးကိုနီနဲ့ ကိုမြအေးတို့ဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သူတို့ကိုဟောပြောခွင့်မပြုနိုင်ဘူး၊ ဖယ်ရှားပေးပါဆိုပြီး တယ်လီဖုန်းနဲ့ နှစ်ကြိမ်တိုင်အကြပ်ကိုင်ခဲ့တယ်လို့ဆိုပါတယ်။ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးဆီကိုလည်း “မဖြစ်သင့်တာဖြစ်သွားနိုင်လို့ တားဆီးပေးပါ”ဆိုပြီး စာပေးပို့အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ပွဲစီစဉ်သူတွေဘက်က ကောင်းကောင်းမွန်မွန်စီစဉ်ခဲ့ပြီဖြစ်လို့ ဖယ်ရှားအစားထိုးဖို့မဖြစ်နိုင်ကြောင်း ပြန်လည်လျောက်ထားခဲ့ကြပါတယ်။ တကယ် ပွဲစတဲ့ညမှာတော့ သံဃာတစ်ချို့ လိုက်ထရပ်ကား (၄) စီးနဲ့ရောက်လာပြီး တစ်ချို့သံဃာတွေကလည်း လမ်းလျောက်ကြွချီလာခဲ့ကြပါတယ်။ အဲဒီနောက် ပွဲစီစဉ်သူတွေကို ဟောပြောမယ့်သူ နှစ်ယောက်ကိုဖယ်ရှားပေးဖို့ ထပ်ဖိအားပေးခဲ့ပြန်ပါတယ်။ ဒီအခါ ဦးကိုနီနဲ့ကိုမြအေးတို့က ပဋိပက္ခ တစ်စုံတစ်ရာမဖြစ်ပွားရလေအောင် မဟောပြောတော့ပဲ နောက်ဆုတ်ပေးလိုက်ပါတယ်။ ဒီအခါ ကျန်စာရေးဆရာနှစ်ယောက်ကလည်း ဒါဟာ လွတ်လပ်စွာဟောပြောခွင့်ကို ဥပဒေမဲ့တားမြစ်တာမျိုးဖြစ်တဲ့အတွက် သူတို့လည်းမဟောနိုင်ဘူးဆိုပြီး သပိတ်မှောက်ခဲ့ကြလို့ စာပေဟောပြောပွဲပျက်သွားခဲ့ပါတယ်။
မန္တလေးမျက်ပါးရပ်မှာလည်း အလားတူဖြစ်ရပ်ခပ်ဆန်ဆန်ပါပဲ။ အဲဒီ စာပေဟောပြောပွဲကို စာရေးဆရာတွေဖြစ်တဲ့ ဆရာညီမင်းညို၊ ဆရာမောင်သွေးသစ်၊ ဆရာဦးဘုန်း (ဓာတု)၊ ဆရာဇော်ခိုင်ဦး၊ ရုပ်ရှင်သရုပ်ဆောင် နာရေးကူညီမှုအသင်းဥက္ကဌဦးကျော်သူနဲ့ ကိုမြအေးတို့ ဟောပြောမယ့်အကြောင်း မူလက ကြေညာထားခဲ့ပါတယ်။ အဲဒီညမှာ သံဃာတစ်ချို့ရောက်လာပြီး ကိုမြအေးကို အစ္စလာမ်ဘာသာဝင် ဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖယ်ရှားပေးဖို့အကြပ်ကိုင်တောင်းဆိုကြပါတယ်။ ဒီအခါ ကာယကံရှင်ကိုမြအေးက သူ့ကြောင့် ပွဲပျက်တာ မဖြစ်ရလေအောင် မဟောတော့ပါဘူးလို့ဆိုပါတယ်။ ပွဲစီစဉ်သူတွေဘက်က ကိုမြအေးကျန်းမာရေးကြောင့် မဟောနိုင်ဘူး၊ စာရေးဆရာ နေဝင်းမြင့်ကိုအစားထိုးဟောစေမယ်လို့ကြေငြာမယ်ပြောတာကိုတောင် ကြွလာတဲ့သံဃာတွေက လက်မခံကြပါဘူး။ "မြအေး အကြောင်း အမျိုးမျိုးကြောင့်မတက်နိုင်တော့ဘူး၊ အစားထိုးရမယ်စကားလုံး မသုံးနဲ့၊ ဘာမှမသုံးနဲ့"။ "အဲဒီအစားထိုးတယ်ဆိုတာတောင် လက်မခံချင်ဘူး၊ အဲဒီ အစားထိုးတယ်ဆိုတဲ့စကားလုံးမသုံးနဲ့၊ မြအေးဆိုတဲ့လေသံကို မြန်မာလူမျိုးတွေကြားထဲမရောက်ချင်ဘူး၊ ဟုတ်လား၊ ဘာအခုမှ သဘောပေါက်တယ်လာပြောနေတာလဲ၊ ရန်ကုန်မှာလည်းပဲ ပယ်ခဲ့ပြီးပြီ"ဆိုပြီးတောင် တုန့်ပြန်ပြောဆိုခဲ့ကြပါတယ်။ အလားတူ ပေါင်းတည်မြို့ ဟောပြောပွဲပျက်သွားတာလည်း ဒီပုံစံအတိုင်းပါပဲ။

စလာပြီ
ဖြစ်စဉ်အားလုံးကိုခြုံငုံကြည့်ရင် သံဃာတော်တစ်ချို့ဟာ စာပေဟောပြောမယ့်လူပုဂ္ဂိုလ်တစ်ချို့ကို အစ္စလာမ်ဘာသာဝင်ဖြစ်လို့၊ မူဆလင် ကုသိုလ်ဖြစ်ဆေးရုံမှာဆေးကုပေးလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ဟောပြောခွင့်တားမြစ်ဟန့်တားလုပ်တာ အတူတူပါပဲ။ ပွဲရှိရာကို သံဃာအစုအဝေးနဲ့အရောက်လာပြီး သူတို့တောင်းဆိုသူကို ဖယ်ပေးရင်ဖယ်ပေး၊ ဖယ်မပေးရင် တစ်ခုခုဖြစ်နိုင်တယ်ဆိုတဲ့သဘောမျိုး ခြိမ်းခြောက်အကြပ်ကိုင်ရာမှာလည်း တူညီကြပါတယ်။
ဒီ့မတိုင်ခင်တုန်းကတော့ သံဃာတစ်ချို့ဟာ တရားပွဲတွေမှာ ဘာသာခြားတွေကို အမုန်းပွားစေမယ့်အကြောင်းအရာတွေကို ဟောပြောတာ လုပ်ခဲ့ကြပါတယ်။ အဲလို ဟောပြောထားတဲ့ ဓာတ်ပြား၊ အသံဖိုင်တွေလည်း မြန်မာပြည်အနှံ့၊ နိုင်ငံတကာအနှံ့ပျံ့နှံ့စခဲ့ပါတယ်။ နောက်ပိုင်း နိုင်ငံရေးအကြောင်းအရာဖြစ်တဲ့ ပုဒ်မ ၅၉(စ) ဆက်ပြီးထားဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်း ပြောင်ပြောင်တင်းတင်း ဟောပြော လာကြပါတယ်။ ရွေးကောက်ပွဲရောက်လာရင် ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးဖို့ တရားပွဲတွေမှာဟောပြောတာ လုပ်လာပါတယ်။ အဲဒီ ဓာတ်ပြားအသံဖိုင်တွေ ပြည်တွင်းပြည်ပ ပျံ့နှံ့စေခဲ့ပါတယ်။ အခုတော့ သံဃာတစ်ချို့လမ်းပေါ်ထွက်လာပြီး ဟောပြောပွဲတက်မယ့်သူတွေကို အကြပ်ကိုင်ဟန့်တားတဲ့အဆင့် လုပ်လာပါပြီ။

ဘာအဓိပ္ပါယ်ဆောင်သလဲ
တကယ်တော့ ဒါဟာ စစ်အာဏာရှင်ခေတ်လွန်မြောက်စပြုလို့ ဒီမိုကရေစီနဲ့အတူရလာကာစ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာဟောပြောပိုင်ခွင့် ကို တိုက်ရိုက် ခြိမ်းခြောက်ဟန့်တားတာဖြစ်ပါတယ်။ အရင်ကတော့ ဒီလုပ်ရပ်မျိုး စစ်အာဏာပိုင်တွေလုပ်လေ့ရှိပြီး လက်ရှိအခြေအနေမှာ အာဏာပိုင်တစ်ချို့လုပ်နေဆဲလည်း ဖြစ်ပါတယ်။ အခု သံဃာတစ်ချို့ရဲ့လုပ်ရပ်ဟာ အရင်ခေတ် စစ်အာဏာရှင်တွေလုပ်ခဲ့တဲ့ လုပ်ရပ်ထက်တောင်ဆိုးပါသေးတယ်။ စာရေး ဖုန်းဆက် အကြောင်းကြားဟန့်တားမယ်၊ မရရင် အင်အားပြခြိမ်းခြောက်၊ ပဋိပက္ခဖန်တီး အကြပ်ကိုင်မယ်ဆိုတဲ့နည်းပါပဲ။ တကယ်တော့ ဒီလုပ်ရပ်ဟာ အစ္စလာမ်ဘာသာဝင်တွကိုလုပ်တဲ့လုပ်ရပ်လို့ယူဆလို့ မရပါဘူး။ မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ဟောပြောပိုင်ခွင့်အပေါ်ကျူးလွန်တဲ့လုပ်ရပ်မျိုးပဲ ဖြစ်ပါတယ်။


နောက်တစ်ချက်ကတော့ ဗုဒ္ဓဘာသာရဲ့ပုံရိပ်ပါ။ အခု မြောက်ဥက္ကလာနဲ့ မန္တလေးမျက်ပါးရပ်ကသတင်းတွေ နိုင်ငံတကာအထိ ပျံ့နှံ့သွားပါပြီ။ ဗုဒ္ဓဘာသာ သံဃာတော်တစ်ချို့ဟာ ကိုယ့်နိုင်ငံသားအချင်းချင်းဖြစ်ပါလျက် အစ္စလာမ်ဘာသာဝင်ဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လူပုဂ္ဂိုလ်တစ်ချို့ရဲ့ လွတ်လပ်စွာဟောပြောပိုင်ခွင့်ကို အင်အားပြ အကြပ်ကိုင်ခြိမ်းခြောက်ဟန့်တားခဲ့တယ်ဆိုတဲ့သတင်း ပျံ့နှံ့သွားခဲ့ပါပြီ။ အဲဒီ သတင်းကနေ နိုင်ငံတကာမိသားစုဝင်တွေက ဗုဒ္ဓဘာသာရဟန်းတော်တွေကို၊ ဗုဒ္ဓဘာသာဝင်နိုင်ငံသားတွေကို ဘယ်လိုသဘောထား မလဲဆိုတာ ပြောနေစရာတောင်မလိုတဲ့ကိစ္စဖြစ်သွားပါပြီ။ ဗုဒ္ဓဘာသာရဲ့ အေးမြငြိမ်းချမ်းတဲ့ မေတ္တာထားတယ်ဆိုတဲ့ပုံရိပ် ညှိုးနွမ်းခဲ့ရတဲ့ သတင်းပါ။

ဘာတွေ ဆက်ဖြစ်လာမလဲ
သံဃာတော်တစ်ချို့ရဲ့ ဒီလုပ်ရပ်တွေကိုမတားဆီးနိုင်ဘူးဆိုရင် နောက်အဆင့်ဆင့်တက်ပြီး လွတ်လပ်စွာဟောပြောခွင့်ကို ပိတ်ပင်လာကြမှာ ဖြစ်ပါတယ်။ အခုတော့ အစ္စလာမ်ဘာသာဝင်ဖြစ်လို့ နောင်ဆိုရင် အစ္စလာမ်ဘာသာကောင်းကြောင်းပြောလို့၊ မျိုးစောင့်ဥပဒေကို မထောက်ခံ လို့၊ ၅၉ (စ) ကိုဖျက်မယ်ပြောလို့၊ သံဃာတော်တွေရဲ့လုပ်ရပ်ကိုဝေဖန်လို့၊ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံလို့ စသဖြင့် ပိတ်ပင်တားမြစ် လာကြမှာ အမှန်ပဲဖြစ်ပါတယ်။ ဟောပြောပွဲတစ်ခုခုလုပ်ရင် သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ခွင့်ပြုချက်တင်မက သံဃာအုပ်စုတစ်ချို့ရဲ့ ခွင့်ပြုချက်ရမှလုပ်နိုင်မယ်ဆိုတာမျိုးဆိုရင် တွေးတောင်မတွေးရဲစရာပါပဲ။ ဒါမျိုး ဖြစ်လာနိုင်ပါတယ်။ အဲလို သံဃာတော်တွေ သတင်းစာတိုက် တွေ၊ ဂျာနယ်တိုက်တွေဘက်ခြေဦးမလှည့်ဘူးလို့လည်း မပြောနိုင်ပါဘူး။

ဘာလုပ်ကြမလဲ
ဒါဟာ သံဃာတော်တစ်ချို့ရဲ့ အစ္စလာမ်ဘာသာအပေါ်အမုန်းပွားရာကနေ ပေါ်လာတဲ့ပြဿနာဆိုပြီး လွယ်လွယ်တွေးလို့မရပါဘူး။ ဒီလုပ်ရပ်တွေဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာဟောပြောခွင့်ကိုပိတ်ပင်တာမို့ နိုင်ငံသားတိုင်း လွတ်လပ်စွာထုတ်ဖော်ရေးသား ဟောပြောခွင့်ကိုကာကွယ်လိုတဲ့အဖွဲ့အစည်းတိုင်း တားမြစ်ဖို့လိုပါတယ်။ ရဲရဲဝန့်ဝန့် ကြေငြာချက်တွေထုတ်ပြန်ဖို့လိုပါတယ်။ ကာယကံရှင် စာရေးဆရာတွေကိုယ်တိုင်လည်း မြောက်ဥက္ကလာမှာလုပ်ခဲ့သလို အခြားသူတွေကိုပိတ်ပင်ရင် ငါတို့လည်းမဟောဘူး၊ မပါဝင်ဘူးဆိုတာမျိုး လုပ်ဖို့လိုပါတယ်။ အဲဒီလူတွေကိုပိတ်ပင်တာပဲ၊ ငါတို့နဲ့မဆိုင်ဘူး၊ အနေသာကြီး၊ ငါတို့ကတော့ဆက်ဟောမယ်၊ ဆက်ပြောမယ်ဆိုတဲ့ သားစဉ်မြေးဆက်အရှက်ရစေမယ့်လုပ်ရပ်မျိုး မလုပ်မိကြဖို့လိုပါတယ်။
ဗုဒ္ဓဘာသာပုံရိပ်ညှိုးနွမ်းစေတဲ့ကိစ္စနဲ့ပါတ်သက်ပြီး ဆရာတော်သံဃာတော်ကြီးများက ဦးဆောင်အကာအကွယ်ပေးသင့်ပါတယ်။ ဆရာတော် သံဃာတော်ကြီးများရဲ့ ဗုဒ္ဓဘာသာပုံရိပ်မြှင့်တင်ရေးဦးဆောင်လှုပ်ရှားမှုနောက်ကို ဗုဒ္ဓဘာသာဝင်ပြည်သူတွေကလည်း လိုက်ပါကြရမှာ ဖြစ်ပါတယ်။
အရင် စစ်အာဏာရှင်တွေဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်၊ လွတ်လပ်စွာဟောပြောခွင့်အားလုံးကို ပိတ်ပင်နင်းခြေခဲ့လို့ အရှက်ရစရာသမိုင်း ဖြစ်စေခဲ့ပါပြီ။ အခု သမ္မတ ဦးသိန်းစိန်အစိုးရ၊ လွှတ်တော်နဲ့တပ်မတော်ကကိုင်တွယ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာန စဉ်းစားဖို့လိုပါပြီ။ ပြည်သူတွေရဲ့ လွတ်လပ်စွာဟောပြောခွင့်ကို အကာအကွယ်ပေးမလား၊ အတိုက်အခံတွေကိုထိခိုက်တာပဲ ငါတို့ထိခိုက်တာ မဟုတ်ဘူးဆိုပြီး မသိကျိုးကျွံပြုမလားဆိုတာမျိုး ဖြစ်ပါတယ်။ ဒီ ရွေးချယ်မှုကနေ သမ္မတဦးသိန်းစိန်၊ လွှတ်တော်နဲ့ တပ်မတော်ခေါင်းဆောင် တွေရဲ့သမိုင်းကို အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။
ယူတာက https://www.facebook.com/sithu.aungmyint


ပြင်နည်းအရင်ပြင်အဆက် (မျိုးမြင့်ချို)

0 comments
ကိုယ့်စာကိုယ်ပြန်ဖတ်ရင်း အဆိုးမြင်သမားထင်ခံရ မှာစိုးလို့ ပုဂ္ဂိုလ်နိုင်ငံရေးကိုဖျော့ပြောတာ သွားတွေ့ပြီးမျက်နှာပူ တယ်။ နောက်ပြီး ဝေ့လည်ကြောင်ပတ်နဲ့ လိုရင်းဒုတ်ဒုတ်မထိပဲ စာရှည်တယ်။ ဒါနဲ့ အခု “ပူးတွဲကြေညာချက်နဲ့ပြင်နည်းအရင်ပြင်ကိစ္စ” ကိုချုပ်ရေးရပါတယ်။ ကိုဇော်ရဲအောင်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီစာထဲမှာ ပြန်ကြည့်ဖြစ် တာပါ။ ကျေးဇူးပါ ကိုဇော်ရဲအောင်။

ပြင်နည်းအရင်ပြင်မယ့် သီဟနာဒကြုံးဝါးသံဟာ သင်္ကြန်အမြောက်မဟုတ်ဖို့ပါ။ ပြင်နည်းအရင်ပြင်လည်း (၇၅ ပလပ်စ်ဝမ်းနှင့် ပြည်လုံးကျွတ်ထက်ဝက်ကျော်)ထဲက တစ်ခုပါ။ လက်ရှိ အထိုင်ပေါ်ကတွက်ရင် လမ်းဘယ်မမြင်ပါ။ ဒါပေမယ့် အညှာကိုင်ပြောတာမို့ နိုင်ငံရေးဆန်တယ်လို့ဆိုတာတာပါ။ “ဖွဲ့စည်းပုံဖျက်အသစ်ပြန်ရေးမယ်”လို့ မပြောရုံတမယ်ထင်စရာမို့ နိုင်ငံရေးဆန်တယ်လို့မြင်တာပါ။ (သမ္မတဖြစ်ချင်လို့ ဖွဲ့စည်းပုံပြင်ခိုင်းနေတာ)ဆိုတဲ့ ဒေါ်စုအပေါ် ထိုးနှက်ဝါဒဖြန်ချက်ကိုအရှိန်လျှော့ချဖို့ လတ်တလောမှာအသုံးတည့်ပါတယ်။ နောင်မှာသာ ဘယ်ပြောင်းက ဘာကျည်ထွက်လာဦးမလဲ မဆိုတတ်သေးတာပါ။ နိုင်ငံရေးပလူမွှေးပလူတောင်၊ ပါတီပိစိကွေးနဲ့ အမျိုးသားရေး တလွဲဆံပင်ကောင်းတွေ ၅၉/စ ပစ်မှတ်ကိုချိန်ပြီး စစ်အာဏာနဲ့စစ်ဓနကာကွယ်ပေးတဲ့ ကိုယ်ကျိုးရှာနေမှုတွေ ယာယီတန့်သွားနိုင်တယ်။
(ပုဒ်မ ၄၃၆ ကြီးမပြင်နဲ့လို့ထွက်ပြောရင် ခုထက်ပို ပွင့်ကျသွားမယ့်အရေး သူတို့လည်းမြင်မယ်တွေးတယ်။ 

ခု တိုက်ကွက်ဖြစ်တဲ့“ကျန်တာတွေ ဘာမှမပြောဘူး၊ ၅၉/စ သာ မပြင်နဲ့”ကို ဒဲ့ကြီး ဆက်ဖော်ဖို့ ခက်သွားတယ်။ တိုက်ကွက်အပြောင်းမတော်ရင် ငါးပါးတင်မကဘူး သံဃာစင်ပါ မှောက်မယ့်ကိန်းရှိတယ်။ ၈၈-ငြိမ်း/ပွင့်က အင်န်ဂျီအိုယောင်ဆောင်တဲ့ နိုင်ငံရေးပါ။ ပညာပေးယောင်ဆောင်တဲ့
နိုင်ငံရေးလုပ်ကွက်လည်း တချက်တချက်တွေ့ရပါတယ်။ နိုင်ငံရေးပါတီလို
နိုင်ငံရေးသမားလို အာဏာကိစ္စကိုတင်းတင်းရင်းရင်းပြောလို့မရပါ။
သူ့အကန့်အသတ်နဲ့ သူပြန်ငြိနေပါတယ်။ ကိုကိုကြီးလို့ နံမည်တပ်ပြောရတာက ခေါင်သူကြီးအားလုံး Decision and Policy Makers တွေလို့ဘယ်လိုဆိုဆို ၈၈-ငြိမ်း/ပွင့်မှာ သူ့ကို King Makers ဖြစ်နေ တယ်မြင်လို့ပါ။ သူ့နိုင်ငံရေး(ဘက်သဘောရပ်တည်ချက်)ကိုမကြိုက်ပါ။ သို့သော်
သူ့ကျင်လည်အကင်းပါးမှုနဲ့ ဖတ်အားမှတ်အားစဉ်းစားနိုင်စွမ်းအားတွေကို အသိအမှတ်ပြုပါတယ်။ ခုခေတ်ပြောတဲ့ ပရော်ဖက်ရှင်နယ်လ်နိုင်ငံရေးသမားဆိုတာ သူ့မြင်မှ ပိုသဘောပေါက်သွားတယ်။ ဘယ်လောက်ပါးပါး ကျင်လည်လည်ပါ။ ရပ်တည်ချက် မှန်/မမှန်ကို လူထုက (ချက်ခြင်းမသိဦးတောင်) သိပါတယ်။ မှန်ရင်ဘာလုပ် မမှန်ရင်ဘာလုပ်ကို လူထုကဆုံးဖြတ်ပေးပါတယ်။ ဗမာ့လူထုက (တစ်စုံလုံးသဘောပြောရရင်)နိုင်ငံရေးသမားတွေထက်တောင် အကင်းပါးပါတယ်။ သတ္တိပြောင်ပါတယ်။ သူတို့မျက်နှာမထောက်ရင် သူတို့လည်း ဘယ်သူ့မျက်နှာမှမထောက်ခဲ့တာ သမိုင်းပြန်ကြည့်ရင်တွေ့ရ ပါမယ်။ သတိပြုမိကြမယ်ထင်တာက ဒေါ်စုမှာ “နိုင်ငံရေး စန်း” ရှိပါတယ်။ ပြည်တွင်းပြည်ပနိုင်ငံတကာမှာ သူ့ပုံရိပ်နဲ့သူ့နိုင်ငံရေးက ကျဖို့မလွယ်ပါ။ ကျရိပ်မမြင်ပါ။ အချိန်တန်လို့ ကျရဦးတောင် ကြောင်ကျပါ။

ကြံ့ဖွံ့အစိုးရ၏ သင်္ကန်းခြုံ သောနုတ္တိုရ်လက်သစ်များ (တူမောင်ညို)

0 comments
ကြံ့ဖွံ့အစိုးရ၏ သင်္ကန်းခြုံ သောနုတ္တိုရ်လက်သစ်များ (တူမောင်ညို)
၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၇ ရက်
မတရားမှုနဲ့ ခြိမ်းခြောက်အနိုင်ကျင့်မှုမှန်သမျှကို သမ္မတပဲဖြစ်ဖြစ်၊ လွှတ်တော်ဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ကာချုပ် ပဲဖြစ်ဖြစ်၊ ခေါင်းပေါင်း ပေါင်းထားတဲ့ပြည်ထောင်စု ဝန်ကြီးက ကျူးလွန်တာပဲဖြစ်ဖြစ်၊ ယူနီဖောင်းဝတ် ထားတဲ့ စစ်ဗိုလ်စစ်သား၊ ရဲဗိုလ်ရဲသားက ကျူးလွန်းတာပဲဖြစ်ဖြစ်၊ သင်္ကန်းခြုံထားတဲ့သူက ကျူးလွန်တာပဲဖြစ်ဖြစ် ပြတ်ပြတ်သားသား ဆန့်ကျင်ကြရ ပါလိမ့်မယ်။  

စွမ်းအားရှင်ပြည်ထောင်စုဝန်ကြီးက ရိုင်းစိုင်းရမ်းကားပြီးတဲ့နောက် သင်္ကန်းဝတ်စွမ်းအားရှင်တွေရဲ့ ခြိမ်းခြောက်ရမ်းကားမှုတွေ အစီအရီပေါ်ပေါက်လာပါတယ်။ ဗိုလ်သိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့ ဗိုလ်ရွှေမန်းလွှတ်တော်က ဒီဖြစ်ရပ်တွေကို အရေးယူဆောင်ရွက်မှုမပြုတဲ့အပြင် ရိုင်းစိုင်းရမ်းကားသူတွေဘက်ကနေ အကာကွယ်ပေးနေပါတယ်။ သဘောရိုးနဲ့ပြောတာပါတဲ့။ ဒီလိုပြောတာဟာ ရိုင်းစိုင်းရမ်းကားမှုတွေကို အားပေးထောက်ခံတာပါပဲ။

မြောက်ဥက္ကလာမှာ သင်္ကန်းဝတ်စွမ်းအားရှင်တစ်စုက မောင်ကိုနီနဲ့ကိုမြအေးတို့ကို ခြိမ်းခြောက်အနိုင်ကျင့်ပြီး ပြည်ထောင်စုနေ့စာပေဟောပြောပွဲ မဟောပြောရဘူးဆိုပြီး ဟောပြောပွဲကို ဖျက်ဆီးပစ်ခဲ့တယ်။

အကြောင်းပြချက်က  “ပြည်ထောင်စုဖွားတိုင်းရင်းသားမဟုတ်တဲ့ မူဆလင်နှစ်ဦးဖြစ်လို့”တဲ့။
ယခုတခါ မန္တလေးကစာပေဟောပြောပွဲတစ်ခုကို သင်္ကန်းဝတ်စွမ်းအားရှင်တစ်စုလာရောက်ပြီး ကိုမြအေးအား “အစ္စလာမ်ဘာသာဝင်” ဖြစ်လို့ဆိုတဲ့ မတရားတဲ့၊ အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်နဲ့ ဟောပြောသူတွေထဲကနေဖယ်ရှားပေးရမယ်လို့  ခြိမ်းခြောက်အနိုင်ကျင့်ခဲ့ပြန်တယ်။ 

ဒီလို ခြိမ်းခြောက်အနိုင်ကျင့်တာကို ဟောပြောပွဲစီစဉ်သူတွေက အဖက်ဖက်တွက်ချက်ပြီး ကြောက်ရွံ့ခြင်းကို အဓိကအခြေခံထားတဲ့အမြော်အမြင်နဲ့ ကိုမြအေးကိုဖယ်ရှားပြီး လူစားထိုးပေးခဲ့ရတယ်။ ခြိမ်းခြောက်အနိုင်ကျင့်တာကို ငြိမ်ပြီးငုံ့ခံနေရင်၊ လက်ပိုက်ကြည့်နေကြမယ်ဆိုရင် ခြိမ်းခြောက်အနိုင်ကျင့်သူတွေ ဆက်လက်ပြီး မိုက်ရိုင်းရမ်းကားနေမှာပဲ။ ဒါကြောင့် ခြိမ်းခြောက်အနိုင်ကျင့်မှု သဘောထား၊ အပြုအမူနဲ့လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသားဝိုင်းဝန်းဆန့်ကျင်ကြရပါမယ်။

ဒီလို ဆိုးသွမ်းရမ်းကားတဲ့လုပ်ရပ်တွေကို သမာသမတ်ကျတဲ့ဘာသာရေးပုဂ္ဂိုလ်တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ၊ လူမှုအခြေပြုလူထုအဖွဲ့အစည်းတွေ၊ စာပေအနုပညာအသင်းအဖွဲ့တွေအားလုံးက တညီတညွတ်ထဲ ကန့်ကွက်ဆန့်ကျင်ဖို့လိုပါတယ်။ အထူးသဖြင့် ဒီမိုကရေစီအလံကိုင်ပါတီကြီးဖြစ်တဲ့ဒီချုပ်ပါတီက ဒီကိစ္စအပေါ် အလေးအနက်ဆန့်ကျင်ကန့်ကွက်ဖို့ လိုပါတယ်။ “၈၈ ငြိမ်းပွင့်” နဲ့ စာပေစာနယ်ဇင်းဆိုင်ရာအဖွဲ့တွေကလည်း အလေးအနက်ဆန့်ကျင် ကန့်ကွက်ကြဖို့လိုအပ်ပါတယ်။

ဒီလို မိုက်မဲဆိုးသွမ်းတဲ့လုပ်ရပ်က အောက်ပါကိစ္စရပ်  ၂ ခုကို တပြိုင်နက်ထဲ ကျူးလွန်ဖောက်ဖျက်စော်ကား တာဖြစ်ပါတယ်။
- လွတ်လပ်စွာယုံကြည်ကိုးကွယ်မှု
- လွတ်လပ်စွာဟောပြောမှု
“၂၀၀၈ အခြေခံဥပဒေ” အရပြောမယ်ဆိုရင် ပုဒ်မ ၃၄၊ ပုဒ်မ ၃၄၇၊ ပုဒ်မ ၃၄၈၊ ပုဒ်မ ၃၅၃၊ ပုဒ်မ ၃၅၄၊ ပုဒ်မ ၃၆၂ ၊ ပုဒ်မ ၃၆၄တို့ကို အတိအလင်းချိုးဖောက်နေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရာဇသတ်ကြီး ပုဒ်မ  ၂၉၅ (က) ကိုလည်း ချိုးဖောက်ကျူးလွန်နေတာဖြစ်ပါတယ်။

ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရက စွမ်းအားရှင်တွေကိုသင်္ကန်းစီးပေးပြီး လက်ကိုင်ဒုတ်လုပ်အသုံးချနေပါတယ်။
“သင်္ကန်း” မြင်ပြီး၊ ငြိမ်ခံနေကြမယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဆိုပြီး စိတ်ရှည်သည်းခံနေကြမယ်၊ ရေငုံနှုတ်ပိတ်နေကြမယ်၊ လက်ပိုက်ကြည့်နေကြမယ်၊ နှာစေးနေကြမယ် ဆိုရင်ဖြင့် “သင်္ကန်းခြုံ သောနုတ္တိုရ်လက်သစ်များ” က လက်ခမောင်းခတ်၊ အတင့်ရဲဆိုးသွမ်းနေကြပါလိမ့်မယ်။

“မောင်ကိုနီနဲ့ကိုမြအေး”ကို တားမြစ်ပိတ်ပင်ရာကနေတဆင့်  အစ္စလာမ်ဘာသာတားမြစ်ပိတ်ပင်ရေး၊  အဲဒီကနေ “ပုဒ်မ ၅၉ (စ) မပြင်ရေး”၊  နောက်ဆုံး “၂၀၀၈ အခြေခံဥပဒေမပြင်ဆင်ရ” ၊ “မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေး”ဆိုတဲ့အဆင့်ထိ  တဆင့်ပြီးတဆင့် ရောင့်တက်မလာခင် ပြတ်ပြတ်သားသား ဝိုင်းဝန်းကန့်ကွက်ဆန့်ကျင်ကြဖို့လိုပါတယ်။ သံဃာ့မဟာနာယကအဖွဲ့ကြီးက နှာစေးသောတေမိဇာတ်တော်ကြီး ခင်းမနေဘဲ၊ သောင်းကျန်းချင်တိုင်းသောင်းကျန်းနေသောဒုဗ္ဗစများကို အရှင်ဘုရားတို့ လက်ပိုက်ကြည့်နေကြပါသလား။ ဒုဗ္ဗစတွေကို ထုတ်ပယ်၊ သန့်ရှင်းဖို့အချိန်တန်ပါပြီ။ အတိုက်အခံပါတီအမတ်များအနေဖြင့်လည်း မိုက်မဲဆိုးသွမ်းမှုများအပေါ် လွှတ်တော်တွင်းတိုက်ပွဲ ဆင်နွှဲသင့်ပါတယ်။

မတရားမှုနဲ့ခြိမ်းခြောက်အနိုင်ကျင့်မှုကို လစ်လျူရှုထားမယ်ဆိုရင် အကြမ်းဖက်မှု၊ ရာဇဝတ်မှုတွေကို ကာယကံမြောက် အားပေးကူညီတာပဲဖြစ်ပါတယ်။ လစ်လျူရှုထားတဲ့ပုဂ္ဂိုလ်နဲ့ပါတီ၊ အသင်းအပင်းအဖွဲ့အစည်းတွေဟာ အကြမ်းဖက်မှု၊ ရာဇဝတ်မှုတွေကို ကာယကံမြောက်အားပေး ကူညီနေသူနဲ့အားပေးကူညီနေတဲ့ ပါတီအဖွဲ့အစည်းအသင်းအပင်းတွေပဲဖြစ်ပါလိမ့်မယ်။
           
ဒီကနေ့ တိုင်းပြည်နဲ့အဝန်းမှာပေါ်ပေါက်ဖြစ်ပွားနေတဲ့ ဘာသာရေးလူမျိုးရေးသွေးခွဲ၊ ရန်တိုက်၊ အကြမ်းဖက်နေမှု၊ အုပ်ချုပ်ရေး အာဏာပိုင်အဆင့်ဆင့်၏ အကြမ်းဖက်များ၏ နောက်ကွယ်မှ အဓိကကြိုးကိုင်နေသူတွေထဲမှာ ကြံ့ဖွံ့ပါတီနဲ့ ကြံ့ဖွံ့အစိုးရတို့ နက်နက် ရှိုင်း ရှိုင်းပါဝင်ပတ်သက်နေတဲ့အချက်ကိုလည်း လေးလေးနက်နက်သတိပြုမိကြဖို့လိုအပ်ပါတယ်။