Saturday, March 22, 2014

မဝေဘန်နဲ့လာလုပ်ကြည့်ဆိုပါ့လား (မျိုးမြင့်ချို)

1 comments
မဝေဘန်နဲ့လာလုပ်ကြည့်ဆိုပါ့လား (မျိုးမြင့်ချို)
ဟိုလူ့မဝေဘန်နဲ့ ဒီလူ့မဝေဘန်နဲ့တို့၊ ဘာလုပ်လုပ်အကောင်းမပြောကြတော့ဘူးတို့၊ မလုပ်ဖူးပဲနဲ့မဝေဘန်နဲ့တို့၊ အပြင်ကနေပြောမနေနဲ့ အထဲဝင်လုပ်ကြည့်ပါလားတို့ စသည်ဖြင့်ပြောကြသူတွေများများလာတာ သတိထားမိပါတယ်။ အထူးသဖြင့် ဗမာ့နိုင်ငံရေးမှာ အင်န်အယ်လ်ဒီ ကြားဖြတ်ဝင်ပြီးမှ အဲ့သလိုပြောသူတွေများများလာတာလို့ထင်ပါတယ်။

“ဝေဘန်တယ်” ဆိုတဲ့ကိစ္စ(ကျနော့်အမြင်)ချုပ်ပြောကြည့်ပါ့မယ်။ ဝေဘန်တယ်ဆိုတာ ဆုံးမတာမဟုတ်သလို ချီးမွမ်းခန်းဖွင့်တာလည်း မဟုတ်ပါဘူး။ နိုင်ငံရေးသမား၊ လွှတ်တော်အမတ်၊ အဖွဲ့အစည်းကလူ၊ မဲဆန္ဒရှင်ပြည်သူတွေလို ထောက်ခံတယ်တို့ ကန့်ကွက်တယ်တို့ ဆိုတာဟာ ဝေဘန်သူ့ အလုပ်မဟုတ်ပါဘူး။ ဝေဘန်သူဟာ မိမိနဲ့ (အတွေးအခေါ်၊ ရပ်ခံချက်၊ အမြင်၊ လုပ်ဟန်နည်းနာစတာတွေမှာ) တူတာ/မတူတာကို ပြောသူပါပဲ။ သူ မှန်တယ် ယူဆတာကို သူ ချပြတာပဲ။ သူ မှားတယ်ယူဆတာကို သူ ထောက်ပြတာပဲ။ အမှန်အမှားကို သမိုင်းခေတ်တွေနဲ့လူတွေက ဆုံးဖြတ်ကြမှာပါပဲ။ တိုင်းစရာနှုန်းစံတန်ဖိုးတွေလည်း ကိုယ်စီရှိကြတာပါပဲ။ ဘယ်စံနဲ့တိုင်းကြသလဲ၊ တိုင်းကြမလဲဆိုတဲအပေါ်တည်ပြီး ဆန့်ကျင်ဘက်ဖြစ်ရင်ဖြစ်၊ ဘက်တူသူဖြစ်ရင်ဖြစ် ဖြစ်ကြမှာပါပဲ။

ကိုယ်ပြောလို့ ဒါမှမဟုတ် ကိုယ်ပြောမှမှန်မယ်လို့လည်း ဘယ်ဝေဘန်သူကမှ မသူတော်မလုပ်ကြဘူးလို့မြင်ပါတယ်။ သူမြင်တဲ့အမြင်ပေါ်မှာ သူပြောစရာရှိတာပြောတာပါပဲ။ ပြောပုံ ပြောနည်း၊ သုံးစွဲတဲ့စကားလုံးဝေါဟာရ ဝါကျတည်ဆောက်ပုံစတာတွေမှာ သမ္ဘာ၊ ဝါ၊ တွေးခေါ်နိုင်စွမ်း၊ လေ့လာအား၊ ဆင်ခြင်မှု၊ ဘဝဖြတ်သန်းပုံနဲ့ အဲ့ဒီဘဝကပြဌာန်းလိုက်တဲ့အသိတွေအရ ကွဲကြမှာပါပဲ။ ဝေဘန်တဲ့နေရာမယ် ဘာဂတိ ညာဂတိတွေ ကင်းနေလို့လည်း မရပါ။ အနည်းနဲ့အများတော့ ပါရမှာပါပဲ။ အဲ့ဒီ ဂတိတွေကင်းပြီဆို ဝေဘန်စာ မြည်စရာအကြောင်းကိုမရှိဘူး ထင်တာပါပဲ။ ဘက်သဘောဟာ ဝေဘန်စာမှာ ပိုထင်ရှားရပါတယ်။ ဝေဘန်နေသေးတယ်ဆိုကတည်းက စိတ်ဝင်စားမှုရှိနေသေးတယ်ဆိုတာ ထင်ရှားပါတယ်။ “အဝေဘန်မခံချင်ရင် မခံရအောင်နေပေါ့” လို့ ဘယ်ဝေဘန်သူကမှ မပြောကြပါ။ ဝေဘန်သူက ဝေဘန်နေမှာပါပဲ။ မဝေဘန်နဲ့လို့ပြောနေမယ့်အစား ပြန်ရေး ပြန်ပြော ပြန်ဝေဘန်တာ ပိုမကောင်းဘူးလား။ ဆဲချင်လည်း ဆဲပေါ့။

နောက်တစ်ခု “ဘာလုပ်လုပ် အကောင်းမပြောကြတော့ဘူး”ဆိုတဲ့စကားပါပဲ။ ကလေးဆန်ဆန် အရပ်ပြော ပြောသလိုမျိုးဖြစ်နေသလားလို့ပါ။ တခြားနည်းနဲ့ပြောရင် ပိုထိမယ်မှတ်တယ်။ ဝေဘန်တာကိုက (နိုင်ငံရေးသဘောမှာ)မိမိနဲ့တူခြင်းမတူခြင်းကို ပြောတာပါပဲ။ ဖြစ်နေတဲ့ ဒါမှမဟုတ် ဖြစ်လာမယ့်အကျိုးဆက်ကိုထောက်ပြတာပဲ။ အကောင်းပြောခြင်း မပြောခြင်းနဲ့မဆိုင်ဘူးမှတ်တာပါပဲ။ ဝေဘန်သူဟာ “မကောင်းဘူး”လို့ ပြောတာထက် “မကြိုက်ဘူး”လို့ပြောပါတယ်။ “ထောက်ခံတယ်”လို့ပြောတာထက် “လက်ခံတယ်”လို့ပြောပါတယ်။ “ကန့်ကွက်တယ်”လို့ပြောတာထက် “ဆန့်ကျင်တယ်”လို့ပြောပါတယ်။

နိုင်ငံရေးဝေဘန်သူဟာ နိုင်ငံရေးသမားဖြစ်ဖို့/မဖြစ်ဖို့နဲ့ အခု နိုင်ငံရေးထဲ လူအကောင်လိုက်ကြီးဝင်ပါနေ/မပါနေဆိုတာမျိုး၊ စာပေဝေဘန်သူဟာ စာရေးဆရာဖြစ်ဖို့/မဖြစ်ဖို့နဲ့ စာ အခုရေးနေ/မရေးနေစတာတွေထက် သူဝေဘန်တဲ့နယ်ပယ်မှာ (တတ်နိုင်သမျှ) နှံ့စပ်ကျင်လည်ဖို့ ပိုလိုမယ်ယူဆပါတယ်။ ကိုယ်တိုင်ဝင်လုပ်ဖူးရင်တော့ အတွင်းသိဓာတ်သိမို့ အချင်းချင်းပြောရပိုကောင်းပါတယ်။ “အပြင်ကနေပြောမနေနဲ့ အထဲလာလုပ်ကြည့်”လို့ အထဲကနေပြောခဲ့သူ ခု တိုင်းပြည်အပြင်မှာ လူသိရှင်ကြားဖြေရှင်းနေရပြီမဟုတ်လား။

နောက်ဆုံးတချက်က (နိုင်ငံရေးမှာ)ဝေဘန်တယ်ဆိုတာ ဒီမိုကရေစီအင်အားစုတွေအချင်းချင်းရဲ့အိမ်တွင်းရေးကိစ္စပဲ။ ဒီမိုကရေစီ မလိုအပ်သူတွေအဖို့တော့ ဝေဘန်ရေးဆိုတာ နှစ်ခြိုက်အပ်တဲ့ကိစ္စမဟုတ်နိုင်ပါ။ ဝေဘန်ရေးဟာ သူတို့အဖို့အဆိပ်ပါ။ ဝေဘန်သူဟာ နတ်ဆိုးပါ။ အိမ်တွင်းရေးလို့ပြောတော့ “ငါ့သားမယားငါရိုက်တာ မင်းတို့နဲ့မဆိုင်ဘူး”လို့ ကျင့်ကြံမယ်လို့အဓိပ္ပာယ်မထွက်ပါ။ ငါ့သားမယား ငါရော သူတပါးကပါ မရိုက်ရေးဖြစ်ပါတယ်။ “ငါ့လူ ဘာမှားမှား အားလုံးကြိတ်ချေရမယ်”လို့ အဓိပ္ပာယ်မထွက်ပါ။ “ငါ့လူမမှားရေး”နဲ့ မှားခဲ့ရင် “တရားသဖြင့်စီရင်စေ”ဖြစ်ဖို့ပါ။ လိုအပ်လို့အပြင်ကိုထုတ်ပြန်ရတာနဲ့ “အတွင်းထရံအပြင်ကာ”မှာ ခြားနားချက်က တကမ္ဘာစာလောက် ခြားနားပါတယ်။

ပြန်ချုပ်ပါ့မယ်။ မဝေဘန်နဲ့မဆိုပါနဲ့ ပြန်ဝေဘန်ကြပါ။ အကောင်းမပြောကြတော့ဘူးမဆိုပါနဲ့ ကောင်းတာတွေထုတ်ပြီးပြောပြကြပါ။
မိမိတို့အချင်းချင်းအိမ်တွင်းရေးမို့ တုတ်တပျက်ဓါးတပျက်ဆူညံမပွက်ရင် ကောင်းပါတယ်။
မျိုးမြင့်ချို-အောက်တိုဘာ ၄၊ ၂ဝ၁၃

၅ဝ ပြည့်မှာ ပြောဖြစ်တဲ့အလ္လာပသလ္လာပ (၁) မျိုးမြင့်ချို

0 comments
၅ဝ ပြည့်မှာ ပြောဖြစ်တဲ့အလ္လာပသလ္လာပ (၁) မျိုးမြင့်ချို
အသက် (၅ဝ)ပြည့်ပြီ။ နေခဲ့သည့် ထို (၅ဝ)၏ နှစ်အချို့သည် ကာလအသင်္ချေနှင့် နှစ်အချို့သည်မုန့်လုံးစက္ကူကပ်။ နှစ်တချို့ကား လျှပ်ပြက်သလိုဖျတ်ကနဲ။ ထိုကာလတို့တွင် တခါတရံဦးဆောင်၊ တခါတရံနောက်လိုက်၊ တခါတရံ တကိုယ်ရည်တကာယ ပိုင်ပိုင်နိုင်နိုင် ရှိလှ၏။ ဤအကြောင်း မိတ်ဆွေ တစ်ယောက်နှင့်ပြောဖြစ်တော့ သူက (အသက်အရွယ် ဖြတ်သန်းမှု အတွေ့အကြုံ ဆင်ခြင်တုံတရားတွေအရ ကျနော်တို့ဟာ သာမန်လှုပ်ရှား တက်ကြွသူတွေအနေနဲ့မဟုတ်တော့ပဲ အတွေးအခေါ်အရတစုံတရာဦးဆောင်မှုပေးနိုင်မယ့် 
နေအထားတွေဖြစ်ဖို့လိုလာပြီ) ဟု ချိန်ချိန်ဆဆ လေးလေးတွဲ့တွဲ့ပြောလာ၏။ ထိုစကားက ဘဝင်ခိုက်ချင်စရာဖြစ်သလို၊ လက်တွေ့အရ ဟုတ်သင့်သလောက်လည်း ဟုတ်မည်ထင်၏။ သို့သော် သိတ်မသေချာလှ။

ကျနော်က အတွေးအခေါ်မှာဖြစ်ဖြစ် လုပ်ဟန်မှာဖြစ်ဖြစ် ဦးဆောင်/နောက်လိုက်ဆိုခြင်း ထက် ရောက်သည့်နေရာမှရသလောက်လုပ်ရေးသမား။ တခါတရံ အစုအဖွဲ့သဘော။ ထိုသဘော၌ ဦးဆောင်/နောက်လိုက်တခုခုဖြစ်မည်။ ဦးဆောင်သည့်အခါ ခေါင်းဆောင်နှယ်ကျင့်ပြီး နောက်လိုက်သည့် အခါ တသဝေမတိမ်းဖြစ်ရေးအလေးထားခဲ့၏။ ရံခါများ၌ တစ်ယောက်ချင်းသဘော။ ထိုအခါ ဦးဆောင်/နောက်လိုက်အဖြစ်အနေမှလွတ်၏။ ကိုယ်ပဲခေါင်းဆောင် ကိုယ်ပဲနောက်လိုက်မို့ နာခံရခြင်းနှင့် တည့်မတ်ပေးရခြင်းတို့မရှိ။ ပျောက်ထွက်သွား၏။ ပကတိဘဝကပြဋ္ဌာန်းသည့်အသိအရ သွားရခြင်းမို့ နေရာတိုင်းတွင် စံစည်းတို့နှင့်ချိန်ထိုးလျှင်အလုပ်မဖြစ်နိုင်ကြောင်းပြောတော့ သူနှင့်ကျနော် သဘောခြင်းချော်ကြ၏။ သူ သတိမထားမိသည်ကား မိမိနိုင်ငံရေးနှင့်ပုဂ္ဂလိကဘဝက ရွက်ကျပင်လို ရှင်သန်ရခြင်းကိုပင်ဖြစ်၏။ ဤနှယ် ရှင်သည်ရခြင်းကိုလည်း မိမိကနှစ်ခြိုက်၏။ ရွက်ကျပင်မှာ ဦးဆောင်နောက်လိုက်မရှိ။ ရွက်ကျပင်မှာ တရွက်တပင်ထဲသဘော မဟုတ်။ ရွက်ကျပင်မှာ ရွေးခွင့်ငြင်းခွင့်မရှိ။ ရွက်ကျပင်သည် ကျချင်သည့်နေရာကျမည်။ ကျသည့်မြေမှာ ပြန်ရှင်ဖို့အဓိက။ ကျသည့်နေရာ မြေသားမဟုတ်ဆိုလျှင်တော့မတတ်နိုင်။ သေခြင်းကို လှလှပပလက်ခံတတ်ဖို့သာလိုမည်။ ခုကနေ ဘဝကိုလည်ပြန်ကြည့်လည်း ရွက်ကျပင်နှယ် အကြိမ်ကြိမ်ကျခဲ့၊ အကြိမ်ကြိမ်ပြန်ပေါက်ခဲ့ရခြင်းမျှသာ။ ထို့ထက်မပို။ မသေမချင်းရှင်နေမည်ဆိုသည့်အသိ တခုတည်းနှင့် မိမိက ဘဝကိုချဉ်းကပ်၏။ ရှူမြင်၏။ ဖြတ်သန်း၏။ နေထိုင်၏။ ရှင်သန်၏။ သို့ရာ၌ ရံခါ တကိုယ်ရည်။ ရံခါအုံနှင့်ကျင်း။ ချစ်ခြင်း မုန်းခြင်းတို့လည်း ပြွမ်းတီးလျှက်။

နိုင်ငံရေးသည်က မြင်းတစီးဓါးတလက်နှင့်လုပ်မရသည့်ကိစ္စဆိုရာ၌ သူနှင့်ကျနော် သဘောချင်းမျှ၏။ သို့သော် လူကိစ္စကျတော့ ကျနော်တို့ တဘာသာဖြစ်ကြပြန်၏။ ကျနော်က နိုင်ငံရေးသမားတွင် ပါတီခေါင်းဆောင်နိုင်ငံရေးသမားနှင့် တသီးပုဂ္ဂလနိုင်ငံရေးသမားဆိုကာ၂ မျိုး ၂ စား ခွဲမြင်ထားသူ။ အမျိုးအစားအလိုက်ရှိရမည့်အရည်အသွေးများလည်း သီးခြားဖြစ်ရမည်ဟုတွေးသူ။ နှစ်မျိုးလုံး မူဝါဒ ချမှတ်သူနှင့်ဆုံးဖြတ်ချက်ချမှတ်သူ(Policy Maker and Decision Maker) ဖြစ်သည်ဆိုစေဦး ပါတီခေါင်းဆောင်နိုင်ငံရေးသမားက ပါတီကိုအတွေးအခေါ်၊ လုပ်ဟန်၊ လက်တွေ့အရဦးဆောင်ရသူဖြစ်ပြီး တာဝန်ခံမှုအလွန်ကြီး၏။ လက်လွတ်စပယ်လုံးလုံးလုပ်မရ။ တသီးပုဂ္ဂလကြတော့ ထိုမျှတာဝန်ခံမှုမကြီး။ သူသည်ပင် မြင်းတစီးဓါးတလက်လုပ်လို့ရသည်ပဲထားဦး ဓါးထက်ဖို့နှင့်ခွာမလိပ်ဖို့လိုသေး၏။ ပါတီခေါင်းဆောင်ကမူ ပဲခူး/စစ်ကိုင်း ရောက်ချင်ရာရောက်လို့မရ။ ဆင်သွားရင်လမ်းဖြစ်ခြင်းသည် ဆင်အတွက်မှန်၏။ လူသည် ဆင်မဟုတ်။ ကျနော့်အတွေးက ဆင်ဟုတ်ခြင်း/မဟုတ်ခြင်းထက် ကြံ့မကြီးခရီးသွားသည့်နှယ်မဖြစ်လျှင် သာ၍ကောင်းမည်တွေး၏။ ရှေ့ကသွားသည့်ကြံ့မကြီးသည် လမ်းရှင်းသည့်အနေနှင့် မျက်စိရှေ့မြင်ရာလမ်းပေါ်ရှိသစ်တုံးမှန်သမျှကို ချိုဖြင့်ကော်ကာကော်ကာ နောက်သို့ပစ်ထုတ်ရှင်း၏။ ဤတွင် နောက်ကလိုက်ရသည့်ကြံ့သားပေါက် သစ်တုံးမှန်ကာအန္တရယ်ကျတော့၏။ ကြံ့သားတွေ ဘယ်လောက်သေခဲ့ရပြီလဲစဉ်းစားဖို့ကောင်းသည်ဟု ဆိုတော့ ထိုမိတ်ဆွေ ဘဝင်ခွေ့ဟန်မရှိလှ။ ထိုစကားစ ထိုနေတွင်ဖြတ်ချလိုက်၏။

နောက်တခုက နိုင်ငံရေးသမား (Politician) တက်ကြွလှုပ်ရှားသူ(Activist) ဆန္ဒပြ/သပိတ်မှောက်သမား (Demonstrator and Striker) ဆိုကာ နိုင်ငံရေးထဲပါဝင်မှုရေချိန်အလိုက် အဆင့်ပေးကြသည်များ လည်းကြားဖူး၏။ ထိုအဆင့်တိုင်းတွင်လည်း ခေါင်းဆောင်/နောက်လိုက်သဘောမကင်း။ ဆန္ဒပြပွဲ ဦးဆောင်မည့်သူသည် ဆန့်ကျင်နည်းနှင့်စည်းရုံးနည်း How to Protest and organize လောက် ကျင်လည်လျှင်ရပြီ။ တက်ကြွလှုပ်ရှားသူသည် ဘယ်အချိန်ဘယ်လိုစ ဘယ်လိုတန့် When and How to Active and Inactive သဘော နားလည်လျှင်ပြီးပြီ။ ခက်သည်က Politician ဆိုသည့်နိုင်ငံရေးသမားက ထိုကိစ္စတွေမျှလောက်ကျင်လည်ရုံဖြင့်မရ။ မပြီး။ မိမိ ဘာမှန်းသိမှဖြစ်မည်ဆိုရာ၌မူ ကျနော်တို့အမြင် တူကြ၏။

နောက်တချက်က လူ၌တွေးခေါ်မြော်မြင်မှုနှင့် ဆင်ခြင်တုံတရားသာအခရာကိစ္စ။ မကောင်းမှု/ကောင်းမှု၊ ဓမ္မ/အဓမ္မစသည်တို့အား အတွေးအခေါ်အရသိမြင်ပြီး ဆင်ခြင်တုံတရားဖြင့်ဆောင်နိုင်/ရှောင်နိုင်လျှင် အကောင်းဆုံးဆိုခြင်းတွင် ကျနော်တို့သဘောခြင်းမျှ၏။ သို့သော် ထို လူ့ဆင်ခြင်တုံတရားနှင့်
တွေးခေါ်မြော်မြင်မှုက မည်မျှစိတ်ချရသလဲဟုဆန်းစစ်ကြည့်ရာတွင်မူ တယောက်နှင့်တယောက် တင်းမာသော်လည်း ရင်းရင်းချာချာပြောဖြစ်ကြ၏။ မိမိက ကမ္ဘာစစ်ကြီး ၂ ခုနှင့် လူ့ပယောဂကြောင့်ဖြစ် ရသည့်ပဋိပက္ခများအားကောက်ကိုင်ပြီး ဆင်ခြင်တုံတရားနှင့်တွေးခေါ်မြော်မြင်မှုကို သံသယဖြစ်သူ။ သူက ထိုဖြစ်စဉ်တို့တွင် ကမ္ဘာမြေနှင့်လူသား၏ကံကြမ္မာတို့ကိုလည်း ထည့်သွင်းတွက်ချက်ရမည့် Facts and Matters အခြင်းအရာသဖွယ်ဆို၏။

ကြောင်းကျိုးဆက်စပ်မှုတရားတွင် အကန့်အသတ်ရှိ/မရှိနှင့် ထိုအဆက်အစပ်ကို တနေရာရာမှ ဖြတ်တောက်၍ရ/မရတွင်လည်း နှစ်ယောက်သား အံနည်းနည်းချော်၏။ သူက ကိစ္စတိုင်းအတွက် အဖြေအသင့်ရှိကြောင်းကို သဗ္ဗညုတဉာဏ်တော်ကိုင်ပြောတော့ ကျနော်က ပြုံးပြီး ခတ်မဆိတ်နေရံမှတပါးအခြားမရှိ။ ဤတွင် ကျနော်တို့ စကားစသတ်ရမည့် အချိန်ဟုထင်ကြပြီးနောက် “ကျနော့်မွေးနေ့အတွက် အမှတ်တရစကားတခုခုပြောဗျာ”ဟုသူ့အား တောင်းခံ၏။ သည်တော့ သူက
“ကံ ကံ၏ အကျိုးပေးကို ခင်ဗျားမသေခင်မှာ ယုံကြည်သွားရင်ကောင်းမယ်ဗျ”ဟုဆိုတော့ ကျနော်က You must take things as they are ဟုပြောဖြစ်၏။ သူက “ဗမာလိုဘယ်လိုနားလည်တာ အကောင်းဆုံးလဲဗျ” ဟုမေး၏။ “ယောနိသောမနသီကာရလို့ပြောရင်မမှားလောက်ဘူးဗျ၊ ခင်ဗျားက ပါဠိပါဒ်သားလေးပါမှ ကြိုက်သူဆိုတော့”ဟု ပြန်ဖြေရင်း ရယ်မိကြ၏။
မျိုးမြင့်ချို(ဖေဖော်ဝါရီ ၆ ရက် ၂ဝ၁၃)

၂ဝ၁၄ မတ်ခ်ျ တတိယပတ်မှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
၂ဝ၁၄ မတ်ခ်ျ တတိယပတ်မှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
ဖေ့စ်ဘွတ်ခ်ပေါ်ကနေ
မျိုးစောင့်ဥပဒေကိုပြတ်ပြတ်သားထောက်ခံရင်း
(မနှစ်သက်သူတွေကို)ပယ်ပယ်နယ်နယ်
ဆဲဆိုနေကြသူတွေကြည့်တော့ ၉၉ ရာခိုင်နှုန်းလောက်က အမျိုးကောင်းသားကြီးတွေ ချည်း ဖြစ်နေတာတွေ့တယ်။
အမျိုးကောင်းသမီးများ မတွေ့ရသလောက် နည်းတယ်။
အပြင်ထွက်ကြည့်တော့လည်း ဒီနည်းနှင်နှင်ပဲ။
အမျိုးသမီးတွေကိုအဓိကရည်ရွယ်တဲ့ဥပဒေကို
အမျိုးသားတွေက ဘာ့ကြောင့် ဒီလောက်များသဲသဲလှုပ်ထောက်ခံရသလဲ
ကျား/မ အချိုးအစားအရလည်း ဗမာပြည်မှာ
အမျိုးသမီးကပိုနေရက်သားနဲ့ တကယ်ဆို
အမျိုးသမီးထောက်ခံသူပဲ ပိုရမှာမဟုတ်လား။
သူတို့အကျိုးအတွက်လုပ်တာမှန်ရိုးဆို
အမျိုးသမီးတွေက ပိုတောင်မထောက်ခံသင့်ဘူးလား။
နောက်တချက် စိတ်ဝင်စားစရာကောင်းတာက
မျိုးစောင့်ဖို့ ဘုန်းကြီးတွေတက်ကြွသလောက်
မယ်သီလရှင်ဆရာလေးဆရာကြီးတွေဆို
ဘာမှကို မပြောသလောက်ပါလား။
မျိုးစောင့်ဥပဒေဖိုးတက်ကြွယောက်ကျားသားကြီးတွေ
ဦးဗိုလ်သိန်းစိန်ကအစ လမ်းဘေးစားလမ်းဘေးအိပ်ကလေကဝအထိ၊
စာတတ်ပေတတ်ဘုန်းတော်ကြီးတွေကနေ
ထမင်းငတ်လို့သင်္ကန်းခြုံအကြမ်းဖက်နေတဲ့မောင်တွေအထိ
ဧကန္တတော့.........အင်း ဧကန္တပဲ...။ (မောင်မျိုးစောင့်ကြီးများကိစ္စ)
ဒီမိုကရက်တစ်ပါတီကြိုက်ပေမယ့် အိုဘားမားအစိုးရရဲ့ အရှေ့အလယ်ပိုင်းနဲ့ အာရှပစိဖိတ်ဒေသပေါ်လစီတွေကို ခါးခါးသီးသီးဖြစ်ပြီး ပြစ်ပြစ်ခါခါပြောတဲ့မိတ်ဆွေ ၂ ယောက်နဲ့ မနေ့က မထင်မှတ်ပဲ ခနတဖြုတ်စကားလက်ဆုံတယ်။ တရုတ်ပြည်ကိစ္စအထိအကောင်း။ ပြောနေကြတဲ့စကားဝိုင်းက စိုစိုပြေပြေ။ ကျနော်က တရားထောက်လောက် စကားကောက်လောက်ပါ။ ကရိုင်းမီးကိစ္စ ရုရှားကိစ္စလည်းရောက်ရော နှစ်ယောက်သား နည်းနည်းတင်းလာကြတယ်။ တစ်ယောက်က အိုဘားမားအစိုးရကို နိုင်ငံတကာတွေ၊ ကုလသမဂ္ဂတွေ၊ ဥရောပသမဂ္ဂတွေ၊ နေတိုးတွေဘာတွေ အကုန်ဘေးချပြီး ကိုယ့်တပ်နဲ့ကိုယ့်လက်ကိုယ့်ခြေကိုယ်လက် ယူကရိန်းကိုဝင်၊ ကရိုင်းမီးယားကြီးကိုသိမ်း၊ ပြီးရင် ယူကရိန်းအစိုးရလက်ထဲပြန်အပ်လိုက်။ ခတ်ကြမ်းကြမ်းလေးလုပ်ပြီး ရုရှားတွေကို ချောက်မှန်းကမ်းမှန်းသိအောင် ဝင်လုပ်ပစ်လိုက်စေချင်တယ်။
တစ်ယောက်က ကိုယ်နဲ့မဆိုင်ဘူး ကရိုင်းမီးယားပြည်သူတွေ သူ့ကြမ္မာသူတို့ဆုံးဖြတ်ခွင့်ရှိတယ်။ လူထုသဘောထားစစ်တမ်းအဖြေကို အသိအမှတ်ပြုကိုပြုရမယ်။ ဘာ စစ်ရေး သံတမန်ရေး နိုင်ငံရေးနည်းတွေမှ သုံးစရာမလိုဘူး။ ကိုယ်နဲ့မဆိုင်ဘူး။ ဥရောပသမဂ္ဂက ဆွေ့ဆွေ့ခုန်နေတာ သူတို့အမျိုးသားအကျိုးစီးပွားမို့ လုပ်ချင်ရင်သူတို့ဘာသာသူတို့ လုပ်ပေ့စေ ကိုယ်တွေလက်ရှောင်နေရမယ် ဆိုတယ်။ လေသံတွေနည်းနည်းတမ်ပိုမြင့်လာတာနဲ့ ဖြေလျှော့တဲ့သဘော ကျနော်ကဝင်ပြီး ”ငါတို့တိုင်းပြည်ကျတော့ရော မင်းတို့ စစ်ရေးအရအရေးယူဖို့ပြောသံ တစ်ခါမှမကြားမိခဲ့ဖူးဘူး။ တို့ပြည်ထဲမှာ စစ်တပ်ကနှိပ်စက်တော့ စစ်တပ်ကိုလက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဒီမိုကရက်တစ်အင်အားစု အဟောင်းအသစ်တွေကို ငွေ လက်နက်တွေကူ သိတ်လိုအပ်ရင် တပ်ကြီးနဲ့ပါဝင်ချလာပြီး တိုက်ထုတ်ပေးလိမ့်မယ်လို့ယုံခဲ့သူတွေ ယုံဖူးသူတွေ ယုံသူတွေရှိတယ်။ လက်တွေ့မှာ နောက်ဆုံးကျတော့ အဲ့ဒီစစ်တပ်ကိုပဲ မင်းတို့မျက်နှာသာပေးဆက်ဆံဖို့ပေါ်လစီပြောင်းချလိုက်တာကြောင့်
တောတွင်းလက်နက်ကိုင်တွေရော မြေပေါ်အဖွဲ့အစည်းတွေပါ အကုန်ဂျွမ်းထိုးမှောက်ခုံဖြစ်ပြီး စစ်တပ်က ခုဆို အရပ်ဝတ်ဝတ်ပြီ ဥပဒေအရတရားဝင်မှုနဲ့ နှိပ်စက်ခွင့်ရသွားစေတယ်လို့ မထင်ဘူးလား”လို့ဆိုတော့ နှစ်ယောက်လုံး ခနလေး တိတ်သွားတယ်။
နောက်တော့ အပြိုင်နီးနီး အမြင်အရအတူတူနီးနီးအသံ ထွက်လာတယ်။
ချုံ့ပြောရရင် ”အဲ့လိုတော့ ပြောလို့မရဘူးကွ။ မင်းတို့ကိုနှစ်အစိတ်လောက် နိုင်ငံရေး သံတမန်ရေးအရထောက်ခံရုံတင်မက စီးပွားရေးအရပါ ဒဏ်ခတ်ပေးခဲ့တာပဲ။ မင်းတို့ဘာသာမင်းတို့ အာဏာရအောင် မယူရဲတာလည်းပါပါတယ်”တဲ့။ ပြောရရင်အများကြီးပါ။ သူတို့အမြင်နဲ့မှတ်ချက်မှာ ပြောစရာအများအပြား ဝေဘန်စရာအများအပြား ငြင်းချင်ခုန်ချင်စရာ အစအနတွေအများအပြားနဲ့ နည်းနည်းပါးပါးမှန်တဲ့အမှန်လို့တော့ မြင်ကြည့်မိပါကြောင်း။ ခုချိန်ထိ လွတ်လပ်အချုပ်အခြာပိုင်နိုင်ငံငယ်လေးတွေမှာ
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတယ်လို့ ဘယ်လိုဆိုဆို နိုင်ငံကြီးတွေဝင်ဖန်တီးလို့ ကြမ္မာပြောင်းကုန်ကြတာ
ကြမ္မာငင်ကုန်ကြတွေလည်း လက်တွေ့မှာရှိနေဆဲပဲမဟုတ်လား။ အကောင်းအဆိုးကတော့သတ်သတ်ပြောရပါမယ်။ ဘာပဲဖြစ်ဖြစ် (စီးပွားရေး၊စစ်ရေး)အင်အားကြီးသူတို့လက်မှာဖန်တီးပိုင်ခွင့်နဲ့ အာဏာဟာသေနတ်ပြောင်းဝထွက်တယ်ဆိုတဲ့တရား
မှားမှမမှားသေးပဲကိုး။ (စစ်မက်တဲ့ဒီမိုကရက်ကိစ္စ)
အမျိုးသမီးတွေကိုကာကွယ်ဖို့အကြောင်းပြချက်နဲ့ ယောက်ျားနဲ့ဘုန်းကြီးတွေ ကြီးစိုးပြဌာန်းဆွဲတဲ့မျိုးစောင့်ဥပဒေကို အမျိုးကောင်းသမီးတွေကဆန့်ကျင်တယ်ဆိုတော့ တစ်ခုထက်မကတဲ့အမှားကြီး မှားနေပြီ။ ဘုန်းကြီးနဲ့အဲ့ဒီယောက်ျားကြီးတွေရဲ့
ဥပဒေအကာအကွယ်ထဲကနေ မသင်္ကာစရာအနံ့ရလို့ဖြစ်မယ်။ ဒါမှမဟုတ် မဟာဖိုဝါဒကြီးစိုးရေးကို တဘက်လှည့်နဲ့တင်သွင်းလာတာကြောင့်လည်းဖြစ်မယ်။
ဘာပဲဖြစ်ဖြစ် လူသားရဲ့တန်ဖိုး အရည်အချင်း ကျင့်ဝတ်ဆိုင်ရာနဲ့ စွမ်းဆောင်နိုင်ရည်မှာ ကျား-မတန်းတူရှိကြရသလို အိမ်ထောင်ဘက် ဒါမှမဟုတ် ချစ်သူရွေးချယ်ရာမှာလည်း တန်းတူရှိရမှာဖြစ်ပြီး မိမိဘဝကို မိမိစိတ်တိုင်းကျတည်ဆောက်နိုင်ဖို့ လူမိန်းမမှာ လူယောက်ျားနည်းတူ လွတ်လပ်ခွင့်ရှိကိုရှိတယ်။ အိမ်ထောင်တစ်ခု တည်ဆောက်တယ်ဆိုတာ ယောက်ျားမိန်းမ စီးပွားရေးဘဝအရ၊ လိင်မှုဘဝအရ၊ လူသားမျိုးဆက်ထိန်းသိမ်းပြန့်ပွားမှုဘဝအရပေါင်းစည်းကြတာပဲ။ လူတိုင်းမှာ လူတန်းစားအရဖိနှိပ်မှု၊ သဘာဝတရားကြီးရဲ့ဖိနှိပ်မှု၊ စနစ်ရဲ့ဖိနှိပ်မှုတွေကိုခံရတာချင်းအတူတူ လူမိန်းမဟာ ဘယ်အကြောင်းကြောင့်နဲ့မှ လူယောက်ျားရဲ့ဖိနှိပ်မှု ဖိစီးမှုကိုမခံထိုက်ဘူး။ ပဒေသရာဇ်အတွေးအခေါ်ဇန်းတင်ပြီး လူမိန်းမအပေါ်ဖိစီးဖို့ကြိုးစားအားထုတ်မှု လုပ်ကိုင်ဆောင်ရွက်မှု ကြံစည်မှုအားလုံးအပြင် အဲ့ဒါတွေရဲ့ရေသောက်မြစ်ဖြစ်တဲ့
မဟာဖိုဝါဒကိုပါ အပြီးအပြတ်ဆန့်ကျင်တယ်။ (မျိုးစောင့်မောင်ကြီးများကိစ္စ)
ပူတင်နဲ့အပေါင်းပါ ၂၀ ကို အမေရိကန်ကဒဏ်ခတ်ပိတ်ဆို့တော့ ဂျွန်မက်ကိန်းနဲ့အပေါင်းအပါ ၉ ဦးကို ရုရှားကလည်း တန်ပြန်ဒဏ်ခတ်ပိတ်ဆို့တယ်။ ဆင် ဆင်ခြင်းမို့ သူနင်းကိုယ်နင်း နင်းနိုင်တဲ့သဘောပြတာပဲ။ ကျနော့်အမြင်မှာတော့ ဘယ်သူကဘယ်သူ့နင်းနင်း အမေရိကန်-ရုရှားနဲ့ဥရောပသမဂ္ဂဝင်နိုင်ငံတချို့တင်မက ကမ္ဘာ့ဒေသတချို့က အရင်းရှင်ကြီးတချို့နဲ့ ခရိုနီတချို့ရဲ့စီးပွားရေးတော့ ကျွဲကူးရေးပါထိမှာပဲ။ ဆင်ဆင်ခြင်းနင်းတော့ ပြားမှာက ကမ္ဘာပဲ။ ဖျာဖြစ်မှာက လူထုပဲ။ ဆင်ကတော့ ပိန်ဦးတောင် ကျွဲပဲ။ ဒါပေမယ့် နိုင်ငံရေးကျင့်ဝတ်အရ ပဲဖြစ်ဖြစ် ကျင့်ဝတ်နိုင်ငံရေးအရပဲဖြစ်ဖြစ် ရွှေပြည်ကြီးက စစ်ဗိုလ်ဆိုးတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုလုပ်တာကတော့ လုပ်ကိုလုပ်ရမယ့်ကိစ္စလို့ ခုချိန်ထိလက်ခံတုန်း။ ဘယ့်လောက်ထိရောက်/မရောက်ကတော့ အဲ့ဒါကိုစစ်ဗိုလ်ဆိုးတွေ ဘယ်လိုတုန့်ပြန်မပြန်နဲ့ ချိန်ထိုးကြည့် သိတ်သိသာတယ်။ ရွှေပြည်ကြီးက ဗိုလ်သန်းရွှေနဲ့အပေါင်းအပါတစုကို ဆင်နင်းတုန်းက”ဆင်ဆိုသည်မှာ ဤနှယ်ဖြစ်”ပြောခဲ့တဲ့ ဆင်စမ်းပုဏ္ဏားတွေကိုယ်တိုင် ခုတော့ ဆင်ပြန်ဖြစ်သူဖြစ်၊ ဆင်ဖမ်းမုဆိုးဖြစ်လိုဖြစ် ဖြစ်ကုန်ကြပြီ။ ဆင်တဖြစ်လဲတွေက မုန်တယိုယိုနဲ့ မဲမဲမြင်အကုန်နင်း အကုန်ထိုးနေတာ အထင်အရှား။ ဆင်ဖမ်းမုဆိုးခေတ်သစ်သောနုတ္ထိုရ်တွေ ကလည်း လေးတပြင်အပြင် မြားတရမ်းရမ်း ဖမ်းမယ်ဆီးမယ်တကဲကဲ။ (ပူတင်နဲ့ပိတ်ဆို့ကိစ္စ)
လာတော့မယ်..နောက်ထပ် ကြားဖြတ်ရွေးကောက်ပွဲတစ်ခု။ ဒီတကြိမ် ကြားဖြတ်တာက အရင် တကြိမ်လို (တင်အေးစကားအငှားသုံးရရင်) ”အလွတ်လပ်လွန်”လိမ့်မယ် မျှော်လင့်လို့မရဘူး။ ဟိုတကြိမ်က ဒေါ်စုနဲ့အင်န်အယ်လ်ဒီကို ၂၀၀၈ အောက် မောင်းသွင်းဖို့နဲ့ အပြင်ကမ္ဘာကို အပြလှဖို့ အဓိကထားရတာကိုး။ ဖြစ်နိုင်ရင် ဒီ့ထက်တောင်လွတ်လပ်ပြလိုက်ချင်သေးတာပါ။ ဖယောင်းလေးနည်းနည်းသုတ်မိတာက မွေးသန္ဓေမို့ မသေသရွေ့မပျောက်တာမျိုး၊ မလုပ်ရမနေနိုင်-မခိုးရမနေနိုင်စိတ်ဝေဒနာမျိုးကြောင့်ပဲထားပါ။ ဒီတကြိမ်တော့ လက်သစ်စွမ်းအားရှင်ဘုန်းကြီးဆိုးတွေအားကိုပါယူထားပြီးသား။ ဖွဲ့စည်းပုံပြင်ဖို့ ဖွဲ့စည်းပုံအောက်ဝင်တာပါဆိုတဲ့အင်န်အယ်လ်ဒီကလည်း
ပြင်ပြင်/မပြင်ပြင်ဝင်မှာပဲလို့ ပြတ်ပြတ်သားသားကြွေးကြော်ထားပြီးသား။ ဒေါ်စုမလည်း ”သမ္မတကြီးကိုယုံတယ်” "ဗိုလ်ချုပ်ကြီးတွေကိုသဘောကျတယ်" ”လွှတ်တော်ကြီးက ထင်တာထက်တောင် ဒီမိုကရေစီကျသေးေ"တွေဖြစ်။ ခုတော့ ”ထွေထွေထူးထူးမဟုတ်လို့ ထူးထူးထွေထွေမထုတ်ပြန်”အထိရွေ့လာပြီ။ ကိုကိုကြီးကလည်း လွှတ်တော်နိုင်ငံရေးလုပ်မယ်လို့သစ္စာနှံပြီးသား။ ရှစ်ပူးငြိမ်း/ပွင့်တွေ ကြားဖြတ်ကို ဘာလုပ်မလဲ။ ကြားဖြတ်မှာဘာလုပ်မလဲ။ ရွေးကောက်ပွဲစောင့်ကြည့်သူများကတော့
တော်လောက်ပြီထင်တာပဲ။ လိုတာထက်တောင်များနေပြီ မှတ်တယ်။ ကားတဝီဝီနဲ့အပစ်ရပ်ခေါင်းဆောင်တချို့ နေရာယူမှုအသစ်တွေစကြပြီ။
ခြေလှမ်းပြင်ကြပြီ။ လူငယ်တွေ တက်လူတွေနေရာပေးဖို့ဆိုကာ ”ဂွင်”ပြောင်းကြပြီ။ ”ငွေမရှိရင်နိုင်ငံရေးလုပ်မရ” ခေါင်းစဉ်အောက်ကနေ ”စီးပွားရေးသည်နိုင်ငံရေး” လို့ ကြွေးကြော်သံမပြောင်းရုံတမယ်ပဲကျန်တော့တယ်။ အသစ်ဖွဲ့မှတ်ပုံတင်နေကြတဲ့ လူ့ဘောင်သစ်ပါတီတွေကရော ပါတီတည်ရှိခွင့်အတွက် ကော်မရှင်အဆုံးအဖြတ် ခံယူဖို့စောင့်နေရတုန်း။ (မင်းလှ ၅ လောင်းပြိုင်တို့လို) နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုကြီးတွေ၊ ရာဇဝတ်မှုကြီးတွေ၊ (သခင်တင်မီးခွက်မှုတ်)လို နိုင်ငံရေးအဖတ်ဆယ်မရအောင် ထိုးနှက်မှုမျိုးတွေ၊ အမျိုး ဘာသာ သာသနာတွေ၊ ၉၆၉တွေနဲ့ ဘာတွေဖြစ်လာလေမလဲ။ အကောင်းကိုရှာကြံကြည့်တော့လည်း ”အကောင်းမကုန်” ။ မေဝတ္ထုအဆုံးသတ်လို ”အကောင်းကိုရှာ၏၊ အကောင်းကားမရှိတော့”လို့လည်း မပြောချင်။ ကြည့်ပြီး မမှန်တာ မတရားတာ မဟုတ်တာတွေ့ရင် ပြောမယ်ဆိုမယ် ဆန့်ကျင်မယ် ရှူတ်ချမယ်။ မှန်သူကိုထောက်ခံမယ်။ အားနည်းသူဘက်က ဖေးမစာနာရပ်တည်ပေးမယ်။ ဒီလောက်ပဲ။ (ကြားဖြတ် ဖြတ်မယ့်ကိစ္စ)
ခုတလော ဒီ ဆိုရိုးတယ်လူပြောများတယ်။ (လူတွေကို ကြောက်အောင်လုပ်ထားရင် အနှစ် ၂ဝ လောက်အသာလေးအုပ်ချုပ်လို့ရတယ်။
စာမတတ်အောင်လုပ်ထားရင် အနှစ် ၄ဝ လောက်အေးအေးဆေးဆေးအုပ်ချုပ်နိုင်တယ်။ တစ်သက်လုံးအုပ်ချုပ်ချင်ရင်တော့ အကျင့်စာရိတ္တကို ဖျက်ဆီးလိုက်ပါတဲ့) ခက်တာက နောက်ဘဝထိတေင်မက တသံသရာလုံးအုပ်ချုပ်ချင်ရင် ဘယ့်နှယ်လုပ်ရတယ်ဆိုတာ စစ်အစိုးရအဆက်ဆက်က လက်တွေ့နဲ့ပြထားတာကြ ဘာမှမပြောကြဘူး။ ဘက်လိုက်ပုံများ။ (တရုတ်ထက်စွမ်းပုံများ)


ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲ(သို့မဟုတ်) ဒီချုပ်ပါတီအတွက် အကဲစမ်းမှုတစ်ခု တူမောင်ညို

0 comments
ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွ(သို့မဟုတ်) ဒီချုပ်ပါတီအတွက် အကဲစမ်းမှုတစ်ခု တူမောင်ညို (၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်) အစပထမတွင် “ဆင်သွားလျှင်လမ်းဖြစ်တယ်”ဟူသော  ဆင်သွားမူဖြင့် အတိုက်အခံပါတီကြီးမှ ဒီမိုကရေစီဆင်မယဉ်သာကြီးသည် “၂၀၀၈အခြေခံဥပဒေ”စည်းဝိုင်းအတွင်း ဇွတ်တိုးဝင်သွားခဲ့သည်။၂၀၁၂ ခုနှစ်၊ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သည်။ လစ်လပ်နေရာအားလုံးနီးပါး အနိုင်ရခဲ့သည်။ လက်တွေ့ခရီးစဉ်တွင်လျှောက်ရင်းလှမ်းရင်း အတိုက်အခံဒီမိုကရေစီဆင်မယဉ်သာကြီးသည် “၂၀၀၈အခြေခံဥပဒေ”စည်းဝိုင်းထဲ၌ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ“ထူးခတ်”ထားခြင်းခံရသဖြင့် ဒီမိုကရေစီခရီးလမ်းသည် ထင်တိုင်းမပေါက်လှပဲရှိနေသည်။ ဤအခြေအနေဆိုးမှလွတ်မြောက်အောင် မည်သို့ရုန်းထွက်ကြမည်နည်း။  

“ပြည်သူ့အင်အားသုံးမည်”ဟု ပြည်တွင်းခရီးစဉ်တစ်ခုတွင်ပြောဖူးသော်လည်း ပြည်သူ့အင်အားကို မည်သို့သုံးမည်ဆိုသည်နှင့်ပတ်သက်၍ တိတိကျကျပြောဆိုခြင်း၊ ပြင်ဆင်လုပ်ကိုင်ခြင်းဟူ၍ကား မရှိခဲ့။ ကြံ့ဖွံ့အစိုးရဘက်မှ အထစ်အငေါ့ကလေးတွေနှင့်ပညာပြလာတော့မှ ပြန်လည်တုန့်ပြန်သည့် စကားမျိုးတော့ဖြင့် မဖြစ်သင့်ချေ။ ယခုတဖန် ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲဟူသော စိမ်ခေါ်ပွဲနှင့်တိုးနေပြန်ပြီ။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (ဗိုလ်)ဦးတင်အေးက ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်အစီအစဉ်ရှိကြောင်း ပြောသည်။

သို့ဖြင့် ၂၀၁၄ ခုနှစ်ထဲတွင် ဒီချုပ်နှင့်ကြံ့ဖွံ့ပါတီတို့အတွက် နိုင်ငံရေးခြေစမ်းပွဲတစ်ခု နဖူးတွေ့ဒူးတွေ့ တွေ့ကြပေတော့မည်။ ၂၁ လကျော်မျှလိုသေးသော “၂၀၁၅ အထွေထွေရွေးကောက်ပွဲ” အတွက် မဟာဗျူဟာစီမံကိန်းရေးဆွဲပြီးနောက် လက်တွေ့ကြိုတင်စမ်းသပ်မှုတစ်ခုအဖြစ်ရည်ရွယ်လျက် ဤဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲကို ရွေးကောက်ပွဲကော်မရှင်က တမင်တကာ ကျင်းပပေးခြင်းဖြစ်မည်ဟု ထင်မြင်ယူဆပါသည်။ ယခုနှစ်(၂၀၁၄ခုနှစ်)အတွင်း ကျင်းပမည်ဆိုသည့် ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၁၂ ဧပြီလတွင်ပြုလုပ်ခဲ့သည့် ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကဲ့သို့ ဒီချုပ်ပါတီအား လွှတ်တော်တွင်းကျုံးသွင်းနိုင်ရေးအတွက် တံခါးဟပေးသည့် ရွေးကောက်ပွဲမျိုးကားမဟုတ်ချေ။ 

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အဖက်ဖက်ကကြိုတင်ခန့်မှန်းတွက်ဆနိုင်ရေး 
ဒီချုပ်ပါတီနှင့်ကြံ့ဖွံ့ပါတီတို့ နှစ်ဖက်စီးချင်းထိုးကြရမည့် အကျိတ်အနယ်ယှဉ်ပြိုင်ပွဲတစ်ခုဖြစ်လိမ့်မည်။ ဒီချုပ်ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် ကြံ့ဖွံ့ပါတီဥက္ကဋ္ဌဗိုလ်ရွှေမန်းတို့ယှဉ်ပြိုင်ကြသည့်ပွဲအဖြစ်လည်း ရှုမြင်ကြရမည်ဖြစ်သည်။ တကယ်တော့ ဒီချုပ်ပါတီသည် ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်တို့နှင့် ယှဉ်ပြိုင်ရခြင်းလည်းဖြစ်သည်။ ”၂၀၀၈အခြေခံဥပဒေ”တည်ရှိနေသမျှ ပြုလုပ်သောရွေးကောက်ပွဲများသည် 
လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်း၊ တရားမျှတလိမ့်မည်မဟုတ်ဟု ကျယ်ကျယ်လောင်လောင်ပြောဆိုခဲ့သောဒီချုပ်ပါတီသည် ဒုတိယအကြိမ်ရွေးကောက်ပွဲ၌လည်း ပါဝင်ယှဉ်ပြိုင်လိမ့်ဦးမည်သာဖြစ်သည်။ လစ်လပ်နေသည့်မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟုပြောထားသည်။ ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲသည် “ပွင့်လင်းရှေ့ဆောင်”အတွက် ရွေးကောက်ပွဲဆိုင်ရာလက်တွေ့လေ့ကျင့်ခန်းတစ်ခုဖြစ်နိုင်သလို၊ ၈၈ငြိမ်း/ပွင့်များအတွက်လည်း ဝင်ရောက်ကံစမ်းနိုင်မည့် အခွင့်အခါကောင်းတစ်ခုပင်ဖြစ်သည်။ 
၈၈ ငြိမ်း/ပွင့်များသည် ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီမှကိုယ်စားလှယ်လောင်းများ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်လော။ ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း မသမာသော နည်းလမ်းပေါင်းစုံဖြင့် သင်ခန်းစာသစ်များပေးပေလိမ့်ဦးမည်။ 

ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲတွင် “ဆန္ဒမဲလက်မှတ်များ၌ ဖရောင်းသုတ်ထားသည်”ဟူသော စွပ်စွဲချက်အတွက် ဒဏ်ငွေဆောင်ခဲ့ရဖူးသောဦးဉာဏ်ဝင်း၏နာကျင်ဖွယ်သင်ခန်းစာကို မမေ့သင့်ကြချေ။ ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီအနိုင်ရရှိလျှင်လည်း သိပ်တော့ထူးခြားလှမည် မဟုတ်ချေ။ ဒီချုပ်ကိုယ်စားလှယ်များသည် လွှတ်တော်ထဲ၌ အနည်းစုဖြစ်မြဲသာဖြစ်မည်။ လစ်လပ်သွားသောမဲဆန္ဒနယ် စုစုပေါင်း ၃၀ ရှိသည်ဟုဆိုသည်။ ပြည်သူ့လွှတ်တော်တွင် (၁၃) နေရာ၊ အမျိုးသားလွှတ်တော်တွင် (၆)နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် (၁၁) နေရာ လစ်လပ်လျက်ရှိသည်ဟုဆို၏။ 

ဤအရေအတွက်မှာ၂၀၁၂ခုနှစ်၊ဧပြီလ၊ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲနှင့်နှိုင်းယှဉ်လျှင် နည်းပါးသည့်ပမာဏဖြစ်သည်။ အောက်ပါဇယားကိုကြည့်ပါ။ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေသောပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ လစ်လပ်နေသောအမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ လစ်လပ်နေသောတိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ပထမအကြိမ်၂၀၁၂ ဧပြီ ၄၀ ၂၀ ၆ ဒုတိယအကြိမ်၂၀၁၄ --- ၁၃ ၆ ၁၁ ၂၀၁၂ ဧပြီကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၇ ပါတီမှ ကိုယ်စားလှယ်လောင်း (၁၇၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးနောက် မှတ်တင်ခဲ့သည့်ပါတီသစ် ၂၀ ကျော်ရှိပါသည်။ သူတို့ထဲမှာ ဘယ်နှပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်လဲ။ ကျင်းပမည့်နေ့ရက်ကို ၃ လကြိုတင်ကြေညာ မည်ဆိုသော်လည်း မိုးတွင်းကာလဆိုသည့်အကြောင်းပြချက်ကိုပြောနေသဖြင့် ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲသည် နိုဝင်ဘာ/ဒီဇင်ဘာလများအတွင်း ကျင်းပနိုင်ဖွယ်ရှိသည်ဟုဆိုသည်။ ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲ၌ ဒီချုပ်ပါတီသည် ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲကဲ့သို့ အပြတ်အသတ်အနိုင်ရနိုင်ပါဦးမည်လော။ ဒီချုပ်ပါတီအတွက် အကဲစမ်းမှုတစ်ခုသည် အသင့်စောင့်ကြိုလျက်ရှိနေပြီ။

Saturday, March 15, 2014

စစ်အေးတိုက်ပွဲကို ရှုဒေါင့်တခုက မြင်ရတဲ့အမြင် (ကိုဝတုတ်)

0 comments
စစ်အေးတိုက်ပွဲကို ရှုဒေါင့်တခုကမြင်ရတဲ့အမြင် (ကိုဝတုတ်)
စစ်အေးတိုက်ပွဲကို အိုင်ဒီယော်လော်ဂျီတိုက်ပွဲအဖြစ်ပုံဖော်ပြီး (အဲဒီထဲမှာ လက်ဝဲရော လက်ျာရောပါတယ်) မြင်ကြည့်သူတွေက ဘာလင်တံတိုင်းပြိုကျမှု၊ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှုကို လစ်ဘရယ်ဒီမိုကရေစီအနိုင်ရမှုအဖြစ် မြင်ကြတယ်။ စစ်အေးတိုက်ပွဲမှာ အဓိက ရန်ဘက်နှစ်နိုင်ငံမှာ အနောက်အုပ်စုရဲ့လူမှုရေးနဲ့စီးပွားရေးစံနစ်က အရှေ့အုပ်စုထက်သာတယ်ဆိုတာ မငြင်းရင်တောင် ၂ဝ ရာစုရဲ့ စစ်အေးတိုက်ပွဲနိဂုံးကို လစ်ဘရယ်ဝါဒဖြန့်သမားတွေပြောသလို လစ်ဘရယ်ဒီမိုကရေစီအနိုင်ရမှုအဖြစ်မြင်တာ အဓိပ္ပါယ်မရှိဘူး။ (ဒါတောင် တကယ်တမ်း ပြောစရာတွေအများကြီးရှိတယ်။ ဆိုဗီယက်ပြည်ထောင်စုက စစ်ကြောင့် အကြီးအကျယ်ပျက်စီးခဲ့ရသလို (၁၉၅၉ ထိ ဆိုဗီယက်မှာ အသက် ၃၅ နဲ့ ၅ဝ ကြားတွေမှာ အမျိုးသမီး ၇ ယောက်မှာ အမျိုးသားက ၄ ယောက်ပဲရှိတယ်။ ဒုတိယကမ္ဘာစစ်ကြောင့် ဆိုဗီယက်ရဲ့ စီးပွားရေးအသားတင်အမြတ်ထွက်မှုက သုညအောက် ခပ်လှမ်းလှမ်းမှာရှိရင် အမေရိကန်ကတော့ သုညအပေါ် ခပ်လှမ်းလှမ်းမှာ ရှိတယ်။ တနည်းအားဖြင့် စစ်အေးကို နှစ်နိုင်ငံ စ ဝင်ချိန်မှာ စမှတ်က မတူကြဘူး။ နောက်တခါ ဆိုဗီယက်ပြည်ထောင်စုအနေနဲ့ ရဲဘော်ရဲဘက်စိတ် (နှစ်ဆယ်ရာစုအကုန် moral milieu နဲ့ ကြီးပြင်းလာသူတွေအများကြီးရှိနေတာမို့ တချို့ ဆိုဗီယက်ပြည်ထောင်စု လုပ်ရပ်တွေဟာ အကျိုးစီးပွားသက်သက်ကြည့်လုပ်တာတွေမဟုတ်တာကို ဒီနေရာမှာ ထည့်ပြောမှဖြစ်မယ်) နဲ့ subsidise လုပ်ပေးရတဲ့ နိုင်ငံတွေရှိသေးတယ်။ သူ့မှာ ပစ္စည်းမဲ့တော်လှန်ရေးအလံကို ကိုင်ထားတဲ့အလျောက် (အကျိုးစီးပွားသက်သက်ကိုပဲစဉ်းစားလို့မရ)  သင့်တော်တဲ့တာဝန်ခံမှုလည်း ရှိရသေးတယ်။ အရင်းရှင်နဲ့ကွန်မြူနစ်ကွာတာက အရင်းရှင်က ငါ့မှာသူငယ်ချင်းမရှိဘူး၊ အကျိုးစီးပွားပဲ ရှိတယ်လို့ ကြွေူးကြော်ပြီး တခြားလူတွေကို အဲဒီလိုသဘောထားဆက်ဆံလို့ရပေမယ့် ကွန်မြူနစ်က အဲဒီ maxim နဲ့ တခြားနိုင်ငံတွေကို ဆက်ဆံလို့မရသလို ကြွေးကြော်ဖို့ဆိုတာ ဝေးသေး။ ကြောင်ဖြူတာမဲတာအရေးမကြီးဘူးလို့ ပြောနိုင်တဲ့အနေအထားကွန်မြူနစ် ရုသျှဆီမှာ မရှိဘူး။ အဲဒီလို အိုင်ဒီယော်လော်ဂျီအရပျော့ပြောင်းနိုင်တဲ့အနေအထားမရှိမှုနဲ့ ရုသျှဗြူရိုကရေစီပေါင်းစပ်မိရာကနေ ဆိုဗီယက်ပြည်ထောင်စု အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့လိုအပ်တာသိတဲ့ကြားက၊ လုပ်ဖို့ပြောနေတာတွေရှိတဲ့ကြားကကို တကယ်တမ်းလက်တွေ့လုပ်ဖို့ သိပ်ခက်နေတဲ့အချက်ကို ရှင်းပြလို့ရနိုင်စရာရှိတယ်)

ပြောရရင် စစ်အေးတိုက်ပွဲကို အရင်းရှင်စံနစ်နဲ့ကွန်မြူနစ်စံနစ်တို့ရဲ့တိုက်ပွဲသက်သက်အဖြစ် ပုံဖော်တာ အပြည့်အဝမမှန်ဘူး။ အိုင်ဒီယော်လော်ဂျီဟာ အရေးကြီးတဲ့အချက်တချက်အနေနဲ့ပါတာ မှန်တယ်။ ဒါပေမယ့်လည်း ဆိုဗီယက်ရုသျှအနေနဲ့ အရင်းရှင်စနစ်ကို တော်လှန်အနိုင်ယူမယ်ဆိုတဲ့ ကြွေးကြော်သံမျိုး ကြွေးကြော်မနေရင်တောင် ၂ဝ ရာစု စစ်အေးတိုက်ပွဲဟာ အခု တွေ့ခဲ့ကြတဲ့ပုံစံအတိုင်း ထွက်လာစရာရှိတယ်။ (ဆိုဗီယက်အနေနဲ့ ကမ္ဘာ့တော်လှန်ရေးအိပ်မက်ကို စွန့်လွှတ်ခဲ့တာ ၁၉၂ဝ ဆယ်စုနှစ် ခပ်စောစောကတည်းကပဲ။ ကမ္ဘာ့နိုင်ငံတွေမှာ တော်လှန်ရေးဖော်ဆောင်ဖို့ကြိုးစားတဲ့ကြိုးစားမှုတွေ (၁၉၂၃ ဂျာမနီနဲ့ ဘူဂေးရီးယား၊ ၁၉၂၆ အင်ဒိုနီးရှား၊ ၁၉၂၇ တရုတ်နဲ့ နောက်ပိုင်း ၁၉၃၅ ဘရာဇီး) မအောင်မြင်တာကိုကြည့်) အထူးသဖြင့် ဒုတိယကမ္ဘာစစ်မှာ နာဇီတွေကို အနိုင်ယူရေးကို အဓိကဦးစားပေးဖို့ လိုတာကိုသိတဲ့အလျှောက် စတာလင်ဟာ ကမ္ဘာ့တော်လှန်ရေးဖော်ဆောင်ဖို့ရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့တဲ့ ကွန်မင်တန်းကို မဟာမိတ်တွေနဲ့ ဆက်ဆံရေးပိုကောင်းဖို့စဉ်းစားချက်နဲ့ စစ်တွင်းကာလ ၁၉၄၃ မှာ တရားဝင်တောင် ဖျက်ပေးခဲ့သေးတယ်။ နောက်ပိုင်း အမေရိကန်က မာရှယ်စီမံကိန်းစတော့မှ ကွန်မင်ဖောင်းကို tit-for-tat အနေနဲ့ ပြန်ဖွဲ့တယ်) တကယ်တော့ အဓိကအားဖြင့် ခြွင်းချက်မရှိ လက်နက်ချလိုက် ရတဲ့ စစ်ရှုံးနိုင်ငံတွေနဲ့ပတ်သက်ပြီး ဘယ်လို/ဘာဆက်လုပ်မလဲဆိုတဲ့မေးခွန်းတွေမှာ ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန်နဲ့ဗြိတိန်စတဲ့ အဓိက စစ်နိုင် နိုင်ငံသုံးနိုင်ငံကြား ဘယ်လိုမှ ညှိလို့မရတဲသဘောထားတွေရှိနေတဲ့အချက်က စစ်အေးတိုက်ပွဲအစကိုရှင်းပြရမှာ ပြောခဲ့တဲ့ အိုင်ဒီယော်လော်ဂျီချင်းမတူတဲ့အချက်လို အရေးပါတယ်လို့ တချို့လေ့လာသူတွေက (Hobsbawm ရဲ့ အစွန်းများခေတ် စာအုပ်က Cold War အခန်းကိုကြည့်) သုံးသပ်တယ်။

ဒီသဘောမတူညီမှုတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တွေကို ဒီမှာပြောမနေတော့ဘူး။ (စစ်အေးနဲ့ပတ်သက်တဲ့စာအုပ်တွေထဲမှာ Martin Walker ရဲ့ Cold War နဲ့ Fred Halliday ရဲ့ Making of the Second Cold War နှစ်ခုကို အဓိကညွှန်းချင်တယ်) ပထမတချက်အနေနဲ့ စတာလင်ခေါင်းထဲမှာရှိတဲ့ တခုတည်းသောစဉ်းစားချက်က ဂျာမနီနောက်တခါ သူတို့ကို ထပ်မကျူးကျော်နိုင်ရေးပဲ။ ဒီတော့ ဂျာမနီနဲ့ သူနဲ့ ကြားဒေသကို 'friendly territory' အဖြစ် ထားချင်တယ်။ ဒါ သူရဲ့အဓိကစဉ်းစားချက်။ ကွန်မြနစ်ဝါဒဖြန့်ဖို့တို့၊ ကမ္ဘာ့တော်လှန်ရေးတို့ဆိုတာ အိပ်မက်တောင် မက်နိုင်တဲ့အနေအထားမရှိဘူး။ (အဲဒီအတွက်ကြောင့်ပဲ မော်စကိုဟာ ကမ္ဘာ့တော်လှန်ရေးကိုသစ္စာဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို နောက်ပိုင်းကြားရတာ) အင်္ဂလိပ်က ဥရောပမှာ သူ့ဂွင် ပျောက်မသွားချင်ဘူး။ အမေရိကန်ကတော့ ဥရောပနိုင်ငံတွေရဲ့ (ကိုလိုနီဘဝကလွတ်တော့မယ့် နိုင်ငံတွေအပါ) စီးပွားရေး ပြန်ထူထူထောင်ထောင်ဖြစ်လာရေးကို အဓိကလိုလားတယ်။ သို့သော်လည်း လက်တွေ့ဖြစ်နေတဲ့အချက်တွေက ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကိုကန့်သတ်ဖို့ဖြစ်လာတယ်။ အဲဒီ လက်တွေ့ဖြစ်နေတဲ့အချက်တွေထဲမှာ အဓိကအကျဆုံးအချက်တွေက ဂျာမနီလက်နက်ချချိန်မှာ ဆိုဗီယက်ဟာ ဥရောပအရှေ့တခြမ်းလုံးမက (ပြောရရင် ဘာလင်အရှေ့ဘက် မိုင်တရာလောက်ထိတင်မက ဇာဘုရင်တွေလက်ထက်မှာ အိပ်မက်တောင်မမက်ဝံ့တဲ့ မဟာဗျူဟာရည်မှန်းချက်ဖြစ်တဲ့ ပင်လယ်နက်နဲ့ မြေထဲပင်လယ်ကြားက တူရကီပိုင် Dardanelles ရေလက်ကြားထိပါ) စီးထားနိုင်သလို နာဇီလက်အောက်ကလွတ်လာတဲ့ ဆိုင်ရာတိုင်းပြည်တွေမှာ မကြာခင် အစိုးရအကြီးအကဲဖြစ်လာတော့မယ့်လူတွေဟာ ကွန်မြူနစ်တွေ၊ ကွန်မြူနစ်လိုလားသူတွေဖြစ်နေတယ်။ တဘက်မှာ အမေရိကန်ဟာ အဲဒီအချိန်မှာ အဏုမြူဗုံးကို တဉီးတည်းပိုင်ထားပြီး (တကယ်က အဏုမြူဗုံးကိုထွင်ရာမှာ ဗြိတိသျှ သိပ္ပံပညာရှင်တွေကို အများကြီးသုံးခဲ့ပေမယ့် ဗုံးလျှို့ဝှက်ချက်ကို အမေရိကန်ဟာ အင်္ဂလိပ်ကိုတောင် မမျှဘူး) စီးပွားရေးအရလည်း တခြားနိုင်ငံတွေကို စိုးမိုးနိုင်လောက်တဲ့အင်အားရှိတယ်။ ဆိုဗီယက်က အမေရိကန်ရဲ့လက်တလောအင်အားကို လန့်သလို အမေရိကန် ကလည်း ဆိုဗီယက်ရုသျှရဲ့ အနာဂတ်မှာ ကမ္ဘာကိုစိုးမိုးနိုင်ခြေ future potential ကို လန့်တယ်။ နှစ်နိုင်ငံစလုံးရဲ့စိုးရိမ်သောကဟာ လုံးဝ တရားတယ်၊ အဓိပ္ပါယ်ရှိတယ်။ အခြေအနေဟာ တကယ့်ကိုအတိမ်းအစောင်းမခံတဲ့ အနေအထားမျိုး။ (တခြားအကြောင်းတွေလည်း ရှိသေးတယ်၊ ဥပမာ ရူးစဗဲ့က စစ်မပြီးခင်သေပြီး ထရူးမင်းတက်အလာ အစိုးရအကူးအပြောင်းကာလမှာ သဘောထားတင်းမာတဲ့ အကြံပေးတွေရဲ့စကားကိုယုံဖို့ ထရူးမင်း ဆုံးဖြတ်ခဲ့တာ စတာတွေဟာလည်း ထည့်စဉ်းစားစရာ၊ ထည့်စဉ်းစားကြတဲ့အချက်တွေပဲ)

နိုင်ငံတကာဆက်ဆံရေးမှာ threat inflation ဆိုတဲ့ စကားတခုရှိတယ်။ ကိုယ့်ပြိုင်ဘက်က ပေးလာနိုင်တဲ့အန္တရယ်၊ သူ့လုပ်ရပ်နဲ့ပတ်သက်ပြီး ကိုယ်က တိတိကျကျမသိတဲ့အခါ အဓိပ္ပါယ်မကောက်နိုင်တဲ့အခါ ကိုယ့်ကို စလုပ်နိုးနဲ့ ကိုယ်ရင်ဆိုင်ရလာဖွယ်ရှိတဲ့အန္တရယ်ကို ကိုယ့်ဟာကိုယ် ပုံကြီးချဲ့မိမှန်းမသိ ချဲ့မိတာမျိုးကိုပြောတာ။ ၁၉၄၅/၄၆ က စစ်တွင်းမဟာမိတ်နိုင်ငံနှစ်နိုင်ငံရဲ့ဆက်ဆံရေး အချိန်တိုအတွင်း သိသိသာသာကြီး ပြောင်းလာပုံဟာ အဲဒီ threat inflation အတွက် အကောင်းဆုံးဥပမာပဲ။ အဲဒီ အတွက်ကြောင့်ပဲ ကမ္ဘာ့နိုင်ငံကြီးတွေဟာ threat inflation ကနေ တကယ် ထ ချတဲ့အထိမဖြစ်အောင် အရေးရယ်အကြောင်းရယ်ဖြစ်လာရင် သက်ဆိုင်ရာနိုင်ငံတွေက တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေအချင်းချင်း ချက်ချင်း တိုက်ရိုက်အဆက်အသွယ်လုပ်နိုင်မယ့်လမ်းကြောင်းကို စဉ်းစားကြတယ်။ အစိုးရတွေကြား hot-line ထားတဲ့ ဓလေ့ဟာ စစ်အေးတိုက်ပွဲကာလက threat inflation ရဲ့ အဓိကအကျိုးဆက်ပဲ။

မော်စကို အမေရိကန်သံရုံးက ဆိုဗီယက်အရေးလေ့လာသူ George Kennan ဆီက စတာလို့ သိကြတဲ့ Containment Policy ဟာ ဆိုဗီယက်တွေ ဥရောပတခုလုံးကိုစီးသွားမယ့် အနာဂတ်ဖြစ်နိုင်ခြေကိုစဉ်းစားရာကနေထွက်လာတဲ့ ပေါ်လစီ။ ဒီပေါ်လစီရဲ့အနှစ်သာရက ဥရောပတင်မက တကမ္ဘာလုံးမှာ ဆိုဗီယက်အုပ်စုနဲ့ အမေရိကန်အုပ်စုကြား သူ့ဂွင်ကိုယ့်ဂွင်ခြားထားမယ့်စည်းတခုကို တိတိကျကျ သတ်မှတ်ပြီး အဲ့ဒီစည်းကိုမကျော်ရေး၊ အကျော်မခံရေးဘဲ။ တကယ်က ဒီပေါ်လစီဟာ အင်မတန်မှသင့်မြတ်တဲ့ပေါ်လစီပဲ။ (အသေးစိတ် သိချင်ရင် appeasement, containment, rollback စတဲ့ ပေါ်လစီတွေကိုဆက်လေ့လာကြည့်) ဒီပေါ်လစီအတိုင်းကျင့်သုံးသွားမယ်ဆို စစ်အေးတိုက်ပွဲဟာ ဒီ့ထက်မက ကြာဖို့တောင်ရှိတယ်။ နောက် ဒီပေါ်လစီအရ သာဆို ဂျာမနီရော၊ ဂျပန်ရော နှစ်နိုင်ငံစလုံးဟာ ကနေ့ တွေ့ရသလို ထူထူထောင်ထောင်ဖြစ်လာစရာလမ်း မရှိဘူး။ (စစ်ပြီးနောက် ဂျာမနီကို ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းကိုဖြေကြရာမှာ အဲဒီတုန်းက အမေရိကန်ဘဏ္ဍာရေးဝန်ကြီးရဲ့ မော်ဂင်သောင်အစီအစဉ် Morganthau Plan ဆိုတာရှိတယ်။ ဒီအစီအစဉ်အရ ဂျာမနီ နောက်တခါ စစ်မတိုက်နိုင်အောင် သူ့ရဲ့အကြီးစားစက်မှုလုပ်ငန်းတွေအားလုံးကို တစစီဖြစ်အောင်လုပ်ဖို့။ တနည်းအားဖြင့် ဂျာမနီကို ၁၉ ရာစု အစထိ ပြန်ပို့ဖို့အစီအစဉ်။ ဂျပန်နဲ့ပတ်သက်ပြီးတော့လည်း အလားတူ Zaibatsu busting ခေါ်တဲ့ အစီအစဉ်တခုရှိသေးတယ်။ အဲဒါကတော့ မောင်ဂင်သောင်အစီအစဉ်လို ဂျပန်ရဲ့ဘဏ္ဍာရေးနဲ့ အကြီးစားစက်မှုလုပ်ငန်းတွေကို တစစီ ဖျက်ပစ်ဖို့ပဲ။ J M Keynes တို့လို အမြော်အမြင် ကြီးတဲ့ စီးပွားရေးပညာရှင်တွေက ဒီအစီအစဉ်တွေကိုကန့်ကွက်သလို တခြား ပိုအရေးပါတဲ့စဉ်းစားချက်တွေကြောင့် ဒီအစီအစဉ်တွေကို ဖျက်ပြီး သူတို့ရဲ့ဆန့်ကျင်ဘက်ပေါ်လစီကို ဖော်ဆောင်ဖို့ဖြစ်လာတယ်။ ဒါတွေကို အခုပြောမယ်)

ကွန်တိန်းမင့်ပေါ်လစီ ပျက်ဖို့ဖြစ်လာရတဲ့အကြောင်းရင်းတွေထဲမှာ တရုတ်ပြည်ကြီး ကွန်မြူနစ်လက်ကျသွားတာနဲ့ ကိုရီးယားစစ်ပွဲက အဓိကအကျဆုံးအဖြစ်အပျက်တွေ ဖြစ်ဖွယ်ရှိတယ်။ (နောက်တခါ ဗြိတိသျှနဲ့ အမေရိကန်နိုင်ငံတွေက အစိုးရထိပ်တန်းအရာရှိတွေထဲမှာ ကွန်မြူနစ်သူလျှိုတွေ နက်နက်ရှိုင်းရှိုင်းထိုးဖောက်နေတာတွေပေါ်လာတာကလည်း အမေရိကန်က သဘောထားတင်းမာသူတွေအတွက် ကွန်မြူနစ်ရန်ကို ပိုတွက်ပြလို့ကောင်းနေတယ်။ Manhattan လျှို့ဝှက်ချက်တွေကြောင့် ဆိုဗီယက်က အဏုမြူဗုံးစောစောစီးစီးရသွားသလို ဗြိတိန်မှာဆိုလည်း MI6 တန်ပြန်ထောက်လှန်ရေးဌာနရဲ့အကြီးဆုံး၊ မကြာခင် MI6 တခုလုံးမှာ အကြီးဆုံးဖြစ်လာမယ့်ပုဂ္ဂိုလ်ဟာ မော်စကိုကို သတင်းမှန်မှန်ပို့နေတဲ့ ကွန်မြူနစ်ဖြစ်နေတယ်။ ဆက်လေ့လာချင်သူတွေ Cambridge Spies ကိုကြည့်) ဒီဖြစ်ပေါ်တိုးတက်မှုတွေကိုကြည့်ပြီး အမေရိကန်က သဘောထားတင်းမာသူတွေက ကွန်မြူနစ်လှိုင်းကို တကမ္ဘာလုံးမှာ rollback မလုပ်ရင်မဖြစ်ဘူးဆိုတဲ့အမြင်က အားကောင်းဖို့ ဖြစ်လာတယ်။ (ကိုရီးယားစစ်နဲ့ပတ်သက်ပြီး မာတင်ဝေါ်ကာက အခုလိုမှန်းဆချက်ပေးတယ်။ အမေရိကန်က ပစိဖိတ်မှာ သူ့ရဲ့ sphere of influence ကို သတ်မှတ်ရာမှာ ဂျပန်ထိပဲသတ်မှတ်ထားပြီး ကိုရီးယားကျွန်းဆွယ်က ဒီ sphere of influence အပြင်ဘက်ရောက်နေရာမှာ ကိုရီးယားခေါင်းဆောင်ကင်အီဆွန်းက ကိုရီးယားကျွန်းဆွယ်ကို သူတို့သိမ်းရင် အမေရိကန်က ဝင်ပါမှာမဟုတ်ဘူးလို့စဉ်းစားပြီး သိမ်းဖို့လုပ်တာဖြစ်နိုင်တယ်တဲ့။ တဘက်မှာ အပြန်အလှန် ဆွ နေတာတွေတော့ ရှိတာပဲ) ၁၉၅၁ မတ်လ ၂၈ ရက်နေ့ထုတ် ကြောင်ချီးသတင်းစာ နယူးယောက်တိုင်းရဲ့ ပထမဆုံးစာမျက်နှာမှာပါတဲ့ သတင်းခေါင်းစဉ်ငါးခုမှာ ကွန်တိန်းမင့်ပေါ်လစီကို rollback လုပ်ချင်တဲ့အမြင်တွေကို အထင်အရှားတွေ့နိုင်တယ်။ (Walker စာအုပ်ထဲကနေ ကိုးကားရရင်) တခုက Acheson (ထရူးမင်းရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ မာရှယ်စီမံကိန်းနဲ့ နေတိုးဖွဲ့ဖို့ကိစ္စ အဓိကပါသူ) Exhorts Americans to Meet Soveit Peril Now တဲ့၊ နောက်တခုက US Power Must 'Frighten' Enemy, Wilson Asserts တဲ့၊ နောက်တခါ Danger of Atom Bomb Attack Is Greatest in Period up to This Fall, Expert Asserts တဲ့၊ တခါ Red China Rejects MacArthur's Offer၊ နောက်ဆုံး Ferrer Denies He Is Red တဲ့။ ဒီ ခေါင်းစဉ်တွေကိုကြည့်ရင် အဲဒီအချိန်မှာ အမေရိကန်တွေ ဘယ်လောက်မလုံမခြုံခံစားနေရသလဲဆိုတာ မှန်းကြည့်လို့ရတယ်။

ပြောခဲ့တဲ့ ကွန်မြူနစ်လှိုင်းက ကမ္ဘာကိုလွှမ်းသွားမယ်ဆိုတဲ့စိုးရိမ်မှုရဲ့ အကျိုးဆက်အဖြစ် NSC-68 (National Security Council) အစီရင်ခံစာဆိုတာ ၁၉၅ဝ မှာ ထွက်လာတယ်။ (နှစ်ပေါင်းအစိတ်ကြာမှာ ဒီအစီရင်ခံစာကို de-classify လုပ်တယ်။) ဒီအစီရင်ခံစာရဲ့ အနှစ်သာရက ကာကွယ်ရေးအသုံးစရိတ်ကိုမြှင့်ဖို့ ပိုက်ဆံတောင်းတာပဲ။ တကယ်တော့ ထရူးမင်းရော၊ ကွန်တိန်းမင့်ပေါ်လစီရဲ့ဗိသုကာ ကန်နန်တို့ပါ ဒီ NSC-68 ကို လုံးဝမကြိုက်ဘူး။ ဒါပေမယ့် ကိုရီးယားစစ်ပွဲကြောင့် ဒီအစီရင်ခံစာကိုတင်သူတွေက သူတို့လိုချင်တာကို အကြောင်းပြချက်ပေးလို့ကောင်းသွားတယ်။ တဘက်မှာ မော်စီတုန်းကလည်း ကိုရီးယားကျွန်းဆွယ်လိုအရေးအခင်းဟာ အမေရိကန်နယ်ချဲ့ဝါဒရဲ့ မီးတောင်နဲ့တူတဲ့သဘာဝကိုပြနေတယ်ဆိုပြီး ပြောတယ်။ ဒီလိုနဲ့ အမေရိကန်တွေ ကွန်တိန်းမင့်ပေါ်လစီကနေ စစ်သုံးစရိတ်မြှင့်ဖို့ စတယ်။ နိုင်ငံခြားရေးဝန်ကြီး Dean Acheson က နောက်ပိုင်းမှာ 'ကိုရီးယားစစ်ပွဲက ဒို့ကိုကယ်လိုက်တာပဲ'ဆိုပြီး ပြန်ပြောတယ်။ ဆိုလိုတာက သဘောထားတင်းမာတဲ့ သူ့ရဲ့ပေါ်လစီက အသာရဖို့ဖြစ်လာတော့တယ်။ ကိုရီးယားစစ်အပြီး ဟယ်ရီထရူးမင်းရဲ့ ပထမဆုံး စစ်သုံးဘတ်ဂျက်က ဒေါ်လာ ဘီလီယံ ၅ဝ ရှိတယ်။ Acheson မှန်းထားတဲ့ပမာဏ အတိအကျပဲ။ အမေရိကန် စစ်မှုထမ်း အရေအတွက်လည်းနှစ်ဆတိုးပြီး သုံးသန်းကျော်ထိရှိလာသလို ကမ္ဘာ့နေရာအနှံအပြားမှာ အမေရိကန်အခြေစိုက်စခန်းတွေ ပေါ်လာတော့တယ်။ တနည်းအားဖြင့် ဥရောပကနေစလိုက်တဲ့ စစ်အေးတိုက်ပွဲဟာ တကမ္ဘာလုံးကို စပြန့်ဖို့ ဖြစ်လာတော့တယ်။

ဒီနေရာမှာ ပြောချင်တာက စစ်သုံးစရိတ်။ အမေရိကန်ရဲ့စစ်ရေးဘတ်ဂျက် မှန်မှန်တက်လာလိုက်တာမှာ (တချို့နှစ်တွေမှာထိုးတက်တာ၊ ဥပမာ ဗီယက်နမ်စစ်ဖြစ်ချိန်မှာ ဗြိတိသျှကာကွယ်ရေးဌာနတခုလုံးတနှစ်သုံးစာဟာ အမေရိကန်တွေ နှစ်ပတ်သုံးပတ်စာပဲရှိတယ်။ နောက်တခါ စစ်ဘက်ဘတ်ဂျက်ကိန်းဂဏန်းတွေနဲ့ပတ်သက်လို့ တချို့က စီအိုင်အေတို့၊ ကန်အစိုးရထုတ်ပြန်ချက်တို့ကို ယူတယ်။ ပညာရှင်တချို့ကတော့ ဆွီဒင်အခြေစိုက် SIPRI စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးသုတေသနဌာနကကိန်းဂဏန်းတွေကိုယူတယ်။ ဒီနေရာမှာ ကိုးကားတဲ့ Fred Halliday ကတော့ SIPRI ကို ယူတယ်) ကနေ့ဆို အမေရိကန်စစ်သုံးစရိတ်ဟာ သန်းနှစ်သန်းနီးနီးရှိတယ် (SIPRI ၂ဝ၁၃ စစ်သုံး စာအုပ်ကို ကိုးကား)။ ဒီအသုံးစရိတ်တွေဟာ စစ်ဘက်အသုံးစရိတ်သက်သက်ရှိသေးတယ်။ စစ်ဘက်နဲ့ တိုက်ရိုက်မပတ်သက်ပေမယ့် စစ်အေးကိုအကြောင်းပြုပြီး သုံးတာတွေရှိသေးတယ်။

စစ်အေးတိုက်ပွဲတလျှောက်လုံးမှာ အမေရိကန်တွေဟာ စစ်ရေး၊ စီးပွားရေးမှာ ဆိုဗီယက်ယူနီယံထက် တချိန်လုံးအသာစီးရထားတာတောင် ဆိုဗီယက်ကို နောက်ကောက်ကျ ကျန်ခဲ့ပြီဆိုတဲ့ အသိရဲ့ ဖိစီးမှုကို တချိန်လုံးခံနေရတယ်။ ဆိုဗီယက်က စပွတ်နစ်လွှတ်တော့တခါ၊ ဗီယက်နမ်စစ်ဖြစ်တော့တခါ၊ နောက်ဗီယက်နမ်စစ်မှာ စစ်ရေးတင်မက ပိုအရေးကြီးတဲ့ နိုင်ငံရေးအရပါရှုံးလာတာ ပိုပို င်ရှားလာတော့တခါ၊ နောက် ၁၉၇ဝ ဆယ်စုနှစ်လယ်လောက်ကစပြီး စီးပွားပျက်ကပ်အသေးစားလေးတွေ ပေါ်လာတဲ့အခါတခါ။ (စပွတ်ညစ်လွှတ်ပြီး သိပ်မကြာခင်မှာ အားကျမခံ အာကာသထဲ အမေရိကန်ကဒုံးပျံလွှတ်သေးတယ်။ ကမ္ဘာ့မီဒီယာတွေအားလုံးရှေ့မှာ သူတို့ ဒုံးပျံဟာ လေးငါးပေတောင်မတက်ဘဲ အဖျားရှုးသွားရာမှာ အမေရိကန်ကိုမကြိုက်တဲ့ အနောက်သတင်းစာတချို့က ဖွတ်ညစ်ဆိုပြီး ထေ့ကြသေးတယ်) စပွတ်ညစ်လွှတ်ပြီးနောက်မှာ အမေရိကန်တွေဟာ သူတို့ပညာရေးစနစ်ဟာ ဆိုဗီယက်ကို နောက်ကောက်ကျ ကျန်ခဲ့ပြီလို့ လန့်ပြီး ပညာရေးဘက်မှာ အကြီးအကျယ်ရင်းနှီးမြှုတ်နှံဖို့လိုတာတယ်လို့ ခံစားလာကြတယ်။ အိုင်စင်ဟောင်ဝါလက်ထက် national defense education act ဟာ စပွတ်ညစ်ရဲ့ တိုက်ရိုက်အကျိုးဆက်ပဲ။ စပွတ်ညစ်လွှတ်အပြီးမှာ အမေရိကန်အဆင့်မြင့်ပညာရေးမှာ ကျောင်းသူကျောင်းသားအရေအတွက် သိသိသာသာကြီးတက်လာခဲ့တယ်။ ကွန်မြူနတီကောလိပ်တွေမှာ နှစ်နှစ် သက်သက်သာသာနဲ့ တက်နိုင်အောင် အစိုးရက subsidise လုပ်ပေးတယ်။ (ကနေ့အချိန်မှာ အထူးသဖြင့် စီးပွားရေးလည်းကျလာချိန်မှာ အမေရိကန်မှာ ပညာရေးဘက်ရင်းနှီးမြှုတ်နှံတာ အဓိပ္ပါယ်ရောရှိရဲ့လားဆိုတဲ့မေးခွန်းကို ပိုပြီး ကျယ်ကျယ်လောင်လောင်မေးလာကြပြီ) နှစ်ဆယ်ရာစု ဒုတိယနှစ်ဝက်တလျှောက်လုံး အမေရိကန်တွေလက်ဖွာပုံဟာ နောက်ဆုံး စစ်အေးတိုက်ပွဲကာလအတွင်းက Detente (အင်္ဂလိပ်လိုတော့ relaxation ခေါ်သပေါ့) လို့ သိကြတဲ့ ၁၉၇ဝ ဆယ်စုနှစ်တခုလုံးကြာတဲ့ကာလမှာတောင် ရပ်မသွားခဲ့ဘူး။ လင်ဒန်ဂျွန်ဆင်လက်ထက်မှာ အတည်ဖြစ်လာတဲ့ Great Society အစီအစဉ်ဟာ တဖြည်းဖြည်းကျလာတဲ့အမေရိကန်စီးပွားရေးကို အရှိန်တန့်အောင်၊ ဒါမှမဟုတ် အရှိန်ပြန်တက်အောင် ကြိုးစားတဲ့ကြိုးစားမှုပဲ။ အဲဒီအစီအစဉ်အောက်မှာ ကနေ့ခေတ်အမေရိကန်တွေ ရင်းနှီးနေတဲ့ medicare၊ medicaid၊ ပီဘီအက်စနဲ့ နောက်အမျိုးမျိုးသော အင်ဒေါင်းမင့်အစီအစဉ်တွေဖြစ်လာတာပဲ။ (ခုတော့ ဒါတွေအားလုံးကို ပြန်ရုပ်ဖို့ပြောလာကြပြီ)