Thursday, April 17, 2014

၂ဝ၁၄ ဧပြီအလည်မှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဧပြီအလည်မှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
အန်ကယ်လ်ဆမ်ကြီး အရင်လို ငွေလည်းရွှင် လက်လည်းဖွာနေချိန်ကများ စစ်ဗိုလ်တွေ ခုလောက် အလှည့်အပြောင်းလုပ်ပြပြီး(တရုတ်နဲ့ပူးတုံခွာ တုံလေးလည်းလုပ်လုပ်ပြ၊ တရုပ်နဲ့ ပိုင်နက်အငြင်း ပွားနေတဲ့ပြဿဿ     နာကို ဒေသတွင်းပြဿ     နာ၊ အာဆီယံပြဿ     နာအဖြစ်ပဲတင်တော့မှာလိုလို ဟန်ရေးလေးလည်း ချီချီပြ၊ မြောက်ကိုးရီးယား ထုတ်ပြီး ထိပ်ပုတ်ခေါင်း ပုတ်လေးလည်းလုပ် လုပ်ပြပြီး) ချူသာစားလို့ကတော့ ကျလိုက်မယ့်ဒေါ်လာတွေတောင်လိုပုံမယ် မှတ်တာပဲ။
ခုတော့ အိမ်ဖြူတော်ခေါ် ကျောလေးရင်လေး သပ်ပေးတာလောက် ငွေမပါတဲ့ဆုလေးချပေးတာလောက် လူ့အခွင့်အရေးမှတ်တမ်းအပါအဝင် ဟိုမှတ်တမ်း ဒီမှတ်တမ်းလေးမှာ အောင်မှတ်လေးဖြည့်ပေးတာလောက် အမည်ခံ သူကောင်းပြုတာလေးလောက်နဲ့သာ နှစ်သိမ့်ရလေတယ်။ တပည့်ကျော်နေမဝင် အထည်ကြီး ကလည်း ပျက်နေချိန်ဆိုတော့"အာ”နဲ့ရင်းလိုက် စစ်ဗိုလ်နဲ့ရဲတွေကို ဒီမိုကရေစီသင်တန်းပေးလိုက်၊ မစို့မပို့ငွေလေးနဲ့ (တရုတ်ဘက် ဆက်မပါသွားအောင်) ချူဆီလေးသွင်းပေးလိုက်ပဲ တတ်နိုင်တော့တယ်။ ဥရောပသမဂ္ဂဝင်နိုင်ငံတချို့လည်း ရွှေကျောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်ဆိုတော့ နှုတ်၏စောင်
မခြင်းလောက်ပဲ။ ဥရောပမှာ အစွာဆုံးဂျာမဏ်ီကြီးခံနေတော့ အခြားဥရောပသားတွေခမျာ ရွာလွန်ရွက်တိုက်လည်းလုပ်မရဲ။ နောက်ဆုံးတော့ ဂျပန်ကို၊ နော်ဝေကို၊ သြစတေးလျကို စတဲ့နိုင်ငံတွေကို ”မင်းတို့နိုင်သလောက် ဝိုင်းကြကွာ”ဆိုပြီး အလှူ့လဘက်နဲ့မျက်နှာလုပ်ရတဲ့အဖြစ်။ ဂျပန်ခမျာ ကိုယ့်ဘာသာ နာလန်သာမထူနိုင်သေးပေမယ့် (အရင်ကလည်းရန်သူဟောင်း ခုလည်း သူ့စီးပွားရေး အဆင့်နေရာ ဝင်လုသွားတဲ့ ရန်သူသစ်ဖြစ်လာတော့)စားစရာမရှိပေမယ့် တရုတ်ကိုရန်လုပ်စရာရှိတော့ ကြွေးတင် ရှင်ဘုရင်ဆပ်မူနဲ့ လူထုဘဏ္ဍာကို အစိုးရဥစ္စာလုပ်ပြီး အောက်ပြုတ်နဲ့လိုက်သလို လိုက်တော့ တာပဲ။ လောလောဆယ်မှာတော့ ဂန္ဓာလရာဇ်သားကြီးကတော့ နေသာသပလေညှာက၊ စစ်ဗိုလ်တွေလည်း ဒီမိုကရေစီချန်ပီယံကြီးတွေအဖြစ်နဲ့ လက်မတထောင်ထောင်၊ ဒီမိုကရေစီသမားတွေကလည်း အတိုက်အခံဆိုတဲ့စကားတောင် နားခါးသတဲ့။ ဘာခေါင်းဆောင် ညာခေါင်းဆောင်တွေခမျာလည်း ဧည့်ခံပွဲတက်ရတာနဲ့ ပွဲကိုက်တာကတမျိုး၊ ငွေထုပ်ပိုက်ဝင်လာတဲ့ပုပုရွရွမှန်သမျှကို ရွှေကြိုတွေအဖြစ် ဧည့်ထောက်ခံရများပြီး ငွေပုံပေါ်မှာ ခြေကုန်လက်ပမ်းကျနေရှာပြီ။ လူထုခမျာတော့ နဂိုကမှ ချို့တဲ့နွမ်းပါးရတဲ့အထဲ မြေသိမ်း လယ်သိမ်း ရွာသိမ်းခံအဖြစ်ဆိုးနဲ့ ကျိုးကျိုးကြေကြေ။ တိုင်းပြည်ကတော့ ကျွဲတွေကြားမှာ ဘယ်တော့များမြေဇာပင်ဖြစ်မလဲနဲ့ ရင်တမမ။ ဒီကြားထဲ ထမင်းရည်ပူကူလျှက်တဲ့ အမျိုးဘာသာ သာသနာအယူသီးအစွန်းရောက်တွေက မီးလောင်တိုက်သွင်းလိုသွင်းနဲ့။
(အန်ကယ်ဆမ်ကြီးမျက်နှာမွဲ)

ဒီတခေါက် ဥရောပကပြန်လာရင် ခတ်တန်းတန်းနေတော့မလို့ဆိုတဲ့အသံ ဦးဗိုလ်ရွှေမန်းဘက်တော်သားတွေဆီက သဲ့သဲ့ထွက်လာတယ်။ သူ့ကိစ္စပြီးပြီ...တဲ့။ 
တော်လောက်ပြီ...တဲ့။ 
နောက်ထပ် ပြည်ပအကူအညီလာစရာလည်း ဂိတ်ဆုံးပြီ..တဲ့။  
နိုင်ငံရေးအရတရားဝင်မှုလည်း ဒီ့ထက်ပိုမလိုတော့ဘူး...တဲ့။  
အိမ်ဖြူတော်ရော ဘက်ကင်ဟမ်ရော အီးယူပါလီမန်ရော လမ်းပေါက်သွားပြီ...တဲ့။
ဦးဗိုလ်သိန်းစိန်ကတော့ သူ့ကဏ္ဍပြီးသွားပြီမို့ ခွာလိုက်တာကြာပြီ...တဲ့။
သမ္မတကြီးကိုမယုံရင်ပုံပြင်မှတ်ဆိုပြီးတော့...တဲ့။  
ဥက္ကဌကြီးဖြောင့်ဖြောင့်မတ်မတ်ကြီး တလှည့်ဖြစ်ချိန်တန်ပြီ...တဲ့။  
တချို့က ခုလုပ်နေတဲ့အပစ်ရပ်ကိစ္စတွေမှာ လက်ပန်းတောင်းတုန်းကလို ဗိုက်အငှားနဲ့ဓါးအထိုးခံခိုင်းရေးသဘောထားရှိပေမယ့် ဗိုလ်မင်းအောင်လှိုင်ကတော့ ကာ/လုံထဲမှာပြောတယ်...တဲ့။ အပစ်ရပ်ကိစ္စတွေထဲ ဝင်မပါစေနဲ့...တဲ့။
နော်ဝေ အီးယူနဲ့ ခုဆိုအမေရိကန်တောင် သူ့ရည်မှန်းချက် (ကာချုပ်မူ၆ချက်) ပေါက်ဖို့ဝင်ပါပေးနေပြီ...တဲ့။ သူ့ဇာတ်သူနိုင်တယ်...တဲ့။  
အသာခွာပြီး ဦးဗိုလ်တင်အေးနဲ့ တည်သာပေးထားလိုက်...တဲ့။  
ခုက ဦးဗိုလ်တင်အေးအလှည့်...တဲ့။ ကော်မရှင်နဲ့ လှည့်ကိုင်ဖို့ဆိုပဲ။ ဒါဆို ဦးဗိုလ်တင်အေးက ဟောဟောဒိုင်းဒိုင်းသမားကြီးဆိုပေမယ့် စိတ်ရင်းတော့ကောင်းရှာသားဆိုတဲ့မှတ်ချက်များ ထွက်လာလေဦးမလားပဲ။ (တပ်ထဲတုန်းသူငယ်ချင်း ခု ခေတ်ပျက်သူဌေးအလတ်စား၊ ခင်ညွန့်ခေတ်က သွင်းကုန်ထုတ်ကုန် လုပ်ငန်းလိုင်စင်ရခဏဖြစ်ခဲ့ပြီး ခုတော့ ကုမ္ပဏီပိုင်ရှင်ဖြစ်နေတဲ့မိတ်ဆွေနဲ့ပြောရင်း ရလာတဲ့အစအနလေးတွေစာစီတော့ ထွက်လာတဲ့ကောက်ချက်) (စိမ်းတယ်လို့မှတ်မှာလား)

သင်္ကြန်မှာ မိန်းကလေးတွေဝတ်စားဆင်ယင်မှုနဲ့ ကခုန်သီဆိုနေတာတွေကိုအမြင်မတော်ဘူးဆို ကိုယ်လည်းမကြည့်ပဲနေလို့ ရပါတယ်။ သူများလည်း မရှယ်နဲ့ပေါ့။ ဘယ့်နှယ် ခုတော့ တကန်တက ကိုယ်လည်းလိုက်ကြည့် မရမရဓါတ်ပုံတွေ လိုက်ရိုက် ဖေ့စ်ဘွတ်ခ်ပေါ်တင်၊ သူများလည်းရှယ် အောက်မှာလည်း အမနာပတွေရေးနဲ့။ အမေရိကားသင်္ကြန်မှာ မြန်မာပြည်သား မိန်းကလေးတွေ သင်္ကြန်တွင်း ကချင်ခုန်ဆိုချင်ပျော်ချင်လို့ ဗမာသင်္ကြန်ဝတ်စုံ စိတ်အဆာပြေနဲ့ ကာလအနေအထားအရ ဝတ်ကြတာပါ။ အမြဲတမ်းကြီး အဲ့သလိုဝတ်တယ်များတော့ ထင်ဖို့မလိုပါ။ နိစ္စဓူဝ ဒီက စတိုင်လ်အတိုင်း ဒီကပုံစံအတိုင်း ဒီက အနေအထိုင်အတိုင်းပဲနေကြတာပါ။ ရေကူးကန်မှာ ဘိခ်ျမှာ ဘီကီနီဝတ်မှာပေါ့၊ ဆွင်းမင်န်းဆုတ် ဝတ်မှာပေါ့၊ ကျောင်းကြတော့ ကျောင်းအလျှောက်၊ အလုပ်ထဲကြတော့ အလုပ်ထဲအလျှောက်၊ အပြင်အလည်အပတ်သွားရင်ရာသီအလိုက် ပွဲအလိုက် သူ့ခန္ဓာအလှပေါ်လွင်စေမယ့် သင့်တော်ရာရွေးဝတ်ကြပေမပေါ့။ အဲဒါသွားပြီး မယဉ်ကျေးဘူး/ယဉ်ကျေးတယ်ပြောလို့ဖြစ်ပါ့ မလား။ နောက်ပြီး ရွှေပြည်ကြီးကသင်္ကြန်မှာ မိန်းကလေးတွေသာ ဘယ်သို့ဘယ်ချမ်းသာပြောကြတာပါ။ မူးမူးရူးရူးနဲ့ သူများသားပျိုသမီးပျိုကို ဝစီကံမြောက် သားပြောမယားပြော ပြောတာမျိုး၊ အမူအယာနဲ့ မဖွယ်မရာလုပ်ပြတာမျိုး၊ ကာကယံမြောက် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးတွေလုပ်နေကြတဲ့ အတောင်နှစ်ဆယ်ဝတ်ဆိုတဲ့ ယောင်္ကျားရင့်မကြီးတွေလုပ်နေတာကြတော့ ဘယ်သူမှမပြောကြပါလား။ လုပ်မှာပေါ့ သူတို့က မလုပ်လုပ်ချင်လာအောင် မြှူဆွယ်နေတာကိုးလို့ဆိုရင်တော့ မုဒိန်းကောင်ကို အပြစ်ပေးအရေးယူပြစ်တင်ရှူံ့ချရမယ့်အစား အကျင့်ခံရတဲ့မိန်းကလေးကို အပြစ်ဖို့နေတာနဲ့ဘာခြားမလဲ။
တခါလာ ယဉ်ကျေးမှုယဉ်ကျေးမှုနဲ့ အမျိုးသမီးထုအပေါ်ပဲ အပြစ်တင်နေကြပြီး မဟာဖိုဝါဒကြီးစိုးရေးလုပ်ဖို့ သက်သက်များ ကြံရွယ်လေသလားတောင် ထင်စရာဖြစ်ရတယ်။ သင်္ကြန်ကို ခုတုန်းလုပ် စီးပွားရေး အမြတ်ထုတ်ကြသူတွေရဲ့ ဝိသမလောဘကိစ္စကြတော့ ပြောတာဆိုတာအသံတိမ်လွန်းလှတယ်။ (ဘက်လိုက်တဲ့သင်္ကြန်)

ဒီနေ့ ဖို့ဝိန်းသင်္ကြန်သွားတယ်၊ နည်းနည်းနောက်ကျပေမယ့် အပေါက်ဝနေ ထောက်ကြွထောက်ကြွတော့မဖြစ်။ ရင်းသူတချို့မေတ္တာကြောင့် ကြက်ကြော်နဲ့ခေါက်ဆွဲကြော်လွေးခဲ့ရတယ်။ မုန့်လုံးရေပေါ်မမီလိုက်။ ပွဲစည်တာမှန်ပေမယ့် ခါတိုင်းနှစ်တွေလောက် လူကြိတ်ကြိတ်မတိုး၊ အမေရိကန်က မြန်မာမလေးတွေ သင်္ကြန်ပါတိတ်ထက်အောက်ဆင်တူနဲ့ လည်ပင်းမှာသင်္ကြန်ပန်းကုံးတွေနဲ့ သနပ်ခါးနဲ့ ပန်းနဲ့ဘာနဲ့ဆိုလည်း ချစ်စရာကြည့်ကောင်းတာပဲ။ ခဏနေတော့ ဂျင်းပင်န်နဲ့ တီရှပ်နဲ့ ခေတ်ပေါ်အဝတ်အစားလေးတွေလဲပြီး ခန္ဓာနဲ့မျက်နှာအလှဖော်ကာဖော်ကာ သင်္ကြန်ရေ မစို့မပို့လေးရွှဲကာရွှဲကာနဲ့ဆိုတော့လည်း လှနေကြတာပါပဲ။ အစ္စလာမ်ဘာသာဝင် လူငယ်လေးတစ်ယောက်နဲ့ကလေးမလေးတစ်ယောက်လည်း သင်္ကြန်သီချင်းတွေဆိုလို့ သင်္ကြန်အကတွေ ကလို့၊ ခရစ်ယာန်ဘာသာဝင် လူငယ်လေးတွေလုံမလေးတွေလည်း သင်္ကြန်မိတ်ကပ်နှုတ်ခမ်းနီပါးနီတွေဆိုးလို့၊ သူတို့သင်္ကြန်အဆိုအကတွေနားထောင်ရင်း စတိလောက်လေး သင်္ကြန်ရေစိုခဲ့တယ်။ တူးပို့တူးပို့အပါဝင် ကြိုက်သလောက်ကြား ဘယ်တော့မှရိုးအီမသွားမယ့် သင်္ကြန်သီချင်းတွေကို စည်းကျဝါးကျဆိုလိုက်ကြတာများ သြချလောက်တယ်။ အမူးအမော်ကောင်းသူတွေလည်း သိတ်မတွေ့မိဘူး။ ခါတိုင်းဆို ဘီယာချောင်းမစီးတောင် ကောင်းပြီး ကကြသူတွေမှမနည်းဘူး၊ တနှစ်မှတခါ သင်္ကြန်ပိုးဝင်လို့ ခဏတာရူးသွပ်ရတာမဟုတ်လား ပျော်ပေါ့ဘာဖြစ်လဲ၊ သူများ နည်းနည်းပါးပါးထိခိုက်လည်း ဘယ်တတ်နိုင်ပါ့မလဲ ခွင့်လွှတ်ရုံအပြင်ဘာပိုလိမ့်မလဲ၊ မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ ပြည်တွင်းမှာဘာတွေထူးသေးလဲဗျ..တဲ့။ ကချင်ဘက်တော့သင်္ကြန်တွင်းကြီး တီးနေပြန်ပြီဗျ..လို့ ပြန်ဖြေတော့ ဒီမအေ-ိုးတွေအကြောင်းကတော့ ကြားတိုင်းဒေါသထွက်ရတယ်ဗျ၊ ဒီကောင်တွေ ဒါနဲ့ဆော်မှရမယ့်ကောင်တွေလို့ပြောပြီး လက်ညှိုးကွေးပြတယ်။ သူများတွေပျော်နေချိန်မှာ ကိုယ်လည်းစိတ်လက်ပေါ့ပါးချင်၊ ဘယ်သူ့မှလည်း စိတ်ဝန်တာမလေးစေချင်တာနဲ့နောက်တော့ အေးဆေးပြောကြတာပေါ့ဗျာလို့ ပြောပြီး
စကားဖြတ်လိုက်ကြတယ်။ ဓါတ်ပုံလေးတွေလည်းရိုက်ခဲ့တယ်။ နောက်တော့တင်ပါမယ်။ (မုန့်လုံးရေပေါ်လွဲတဲ့သင်္ကြန်)

တပ်မတော်တရပ်ရပ် ခေတ်မီပြီး ကြိုက်သလောက်အင်အားတောင့်တင်းနေပေ့စေ အမျိုးသားစည်းလုံးညီညွတ်မှုမရှိရင် ဘယ်လိုပြည်ပကျူးကျော်မှုမျိုးကိုမှ ရင်မဆိုင်နိုင်သလို နိုင်ငံတာကာငြိမ်းချမ်းရေးထိမ်းသိမ်းမှုတပ်ဖွဲ့တွေထဲဝင်ပါဖို့လည်း မဖြစ်နိုင်ဘူး။ ဗမာပြည်မှာ အမျိုးသားစည်းလုံးညီညွတ်မှု ဝါးအစည်းပြေသလိုပြေခဲ့တာ လွတ်လပ်ရေးမတိုင်ခင်ကလေးက စတာပဲ။ ၁၉၄၈ မတ်လ ၂၈ ရက်နေ့ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော်လှန်ရေး ဆင်းမသွားရခင်ကပဲ အချို့လက်နက်ကိုင်နေရပြီဖြစ်တယ်။ ဒီလောက်အစည်းပြေနေတဲ့ကြားကပဲ တရုတ်ဖြူကျူးကျော်မှုဖြစ်လာတဲ့အခါမတော့ အစိုးရနဲ့ကွဲနေတဲ့နိုင်ငံရေးကို ခဏဘေးချပြီး ပြည်ပရန်ကို အတူကာကွယ်ကြသေးတာပဲ။ ဆိုတော့ လက်ရှိစစ်တပ်ဟာ ခေတ်မီအင်အားတောင့်တင်းတဲ့ တပ်မတော်တရပ်ရဲ့ လက္ခဏာနဲ့ညီဖို့မပြောနဲ့ အဘက်ဘက်က ချွတ်ခြုံကျနေတာဖြစ်တယ်။ အထူးသဖြင့် စစ်ခေါင်းဆောင်တွေရဲ့ကိုယ်ကျိုးရှာ ဝိသမလောဘအပေါ်အခြေခံတဲ့ အတွေးအခေါ်ချွတ်ခြုံကျမှုက အဆိုးဆုံးပဲ။ အဲ့ဒါဟာ ဘက်စုံချွတ်ခြုံကြရမှုရဲ့ အရင်းလက်သည်ပဲ တရားခံပဲ။ ပြည်တွင်းစစ်မီးမွှေးထားပြီး စစ်မိစ္ဆာအာဇီဝနဲ့ ကြွယ်ဝနေကြတဲ့ ဗိုလ်ဆိုးဗိုလ်ယုတ်တွေလက်ထဲကဗမာ့တပ်မတော်ကိုဆယ်ထုတ်ပြီး လူထုလက်ထဲဆောင်ကျဉ်းပေးနိုင်မှသာ အမျိုးသားစည်းလုံးညီညွတ်မှုရှိတဲ့ ဓနဥစ္စာကုံလုံကြွယ်ဝတဲ့ အင်အားရှိတဲ့ပြည်တပြည်က ခေတ်မီအင်အားတောင့်တင်းတဲ့ ပြည်ထောင်စုတပ်မတော်စစ်စစ်တရပ်အဖြစ် ပေါ်ပေါက်လာမှာပါ။ အင်အားရှိတဲ့တိုင်းပြည် ဟုတ်/မဟုတ်ကို တိုင်းတာတဲ့စံတွေထဲမှာ အမျိုးသားစည်းလုံးညီညွတ်မှု ဘယ်လောက်ရှိ/မရှိဆိုတာလည်းပါတယ်။ အင်အားရှိတဲ့တိုင်းပြည်ကပဲ အင်အားရှိတဲ့ တပ်မတော်ကိုမွေးထုတ်ပေးနိုင်တာပါ။ တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမှာပါ။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့ စစ်ဝါဒအတွေးအခေါ်ကို ဒီအချိန်မှာမပြင်လို့ ဘယ်အချိန်မှာပြင်မလဲ။ ဒီအချိန်မှာမဖျက်လို့ ဘယ်အချိန်မှာဖျက်မလဲ။ ဗိုလ်ချုပ်တို့ပြောခဲ့တာမို့ဆိုကာ ရေငုံနှုတ်ပိတ်နေရင် သမိုင်းမှာ နောင်လည်း ဒီစစ်စိုးမိုးရေးရဲ့ အတွေးအခေါ်အရအနိုင်ကျင့်မှုနဲ့ လက်တွေ့ဘဝအရ စစ်ဝါဒဗိုလ်ကျစိုးမိုးမှုသံသရာက လွတ်လမ်းမမြင်ဘူး။ ဗိုလ်ချုပ်က သူ့အနေအထား သူ့ခေတ်နောက်ခံနဲ့ သူ့ရုပ်ဘဝအခြေအနေအရပြောခဲ့တာပဲ။ တပ်ကိုင်ပြီး နိုင်ငံရေးစကားပြောရမယ့်အနေအထားမှန်းသိလို့ပဲ။ ဒါတောင် ဒီအတွေးအခေါ်ကို ကြာကြာမြဲမြဲဆုပ်ကိုင်တာမဟုတ်ဘူး။ ဖဆပလဥက္ကဌလုပ်တော့မယ့်အခါ(အရပ်သားနိုင်ငံရေး) တပ်ကထွက်လိုက်တာပဲ။ နောက်ဆုံးတချက်မြင်မိတာက ဗိုလ်ချုပ် အဲ့စကားပြောတဲ့အချိန်ဟာ ဗမာ့သမိုင်းမှာ ဘယ်တုန်းကနဲ့မှမတူတဲ့ အမျိုးသားစည်းလုံးညီညွတ်မှုဟာ အထုအထယ်နဲ့အကျစ်လစ်ဆုံး ရနေရှိနေချိန်ဖြစ်တယ်ဆိုတာပဲ။ ဖက်ဆစ်တော်လှန်ရေးကာလထက်ပိုပြီး လူတွေ၊ ပါတီတွေ၊ သေနတ်တွေစုမိတဲ့အချိန်အခါရယ်လို့ ဗမာ့မြေမှာရှိဦးမလား။
(ခေတ်နောက်ပြန်ဆွဲမယ့်တပ်)

ပြည်တော်ပြန်၊ အိမ်ပြန်သူနဲ့ ဒေါ်လာစားများ (မျိုးမြင့်ချို)

0 comments
နယ်စပ်(ယိုးဒယား)နဲ့ တတိယနိုင်ငံရောက် သဏ္ဍန်အမျိုးမျိုးနဲ့ဗမာ့အရေးလှုပ်ရှားသူတွေကို စစ်အုပ်စုနဲ့ ပြည်တွင်းဒီမိုကရေစီအင်အားစုတွေထဲက(တချို့က) ဒေါ်လာစားတွေ
ဘာညာနဲ့သမုတ်ကြယိုးစွပ်ကြဖူးတယ်
သူတို့ယိုးသလို ဒေါ်လာလည်းတကယ်စားတယ်၊ မိသားစုလိုက်ကြီးတွေလွတ်မြောက်ပြီး စုမိဆောင်းမိဖြစ်နေသူတွေလည်းရှိတယ်။ သူတို့က အနည်းစုလေးပါ။ ဒါပေမယ့် သတင်းမီဒီယာတွေမှာ သူတို့က ပေါက်တယ်။

ကိုယ့်ထမင်းကိုယ်ရှာစားပြီး အချိန်ရသမျှ ဒါမှမဟုတ် ရသမျှအချိန်တိုင်းမှာ လုပ်ကိုင်နေသူတွေလည်းရှိတယ်။ သူတို့က အများစုကြီးပါ။ သတင်းမီဒီယာတွေမှာပေါက်ဖို့မပြောနဲ့ (တချို့ဆို) သူနေတဲ့မြို့ကလူတွေကြား မှာတောင် မထင်ပေါ်ဘူး။

ခု နောက်ပိုင်းကြတော့ ပြောခဲ့တဲ့ဒေါ်လာစားတွေထဲကအများစုက ပြည်တွင်းပြန်ဝင်ကုန်ကြ တယ်။ ဒေါ်လာစီးကြောင်းက နယ်စပ်နဲ့တတိယနိုင်ငံတွေကနေ ပြည်တွင်းကိုရွေ့ သွားတာကိုး။ သူတို့လည်း လိုက်ရွှေ့ကြတာပေါ့။ တချို့လည်း စီးပွားရေးလုပ်ငန်းရှင် တချို့လည်းနိုင်ငံရေး၊ တချို့လည်းငြိမ်းချမ်းရေးပွဲစား၊ တချို့လည်းအလုပ်သမားအရေး၊ တချို့လည်း သင်တန်းဖွင့်စား အမျိုးစုံပေါ့လေ။ အဲ့လိုလူတွေ လက်ကလေးတပြပြနဲ့ အိပ်ကြီးဆွဲလို့လေယဉ်ပေါ်ကဆင်းလာတော့ ခြွေရံသင်းပင်းဖေါ်တသင်းနဲ့ ပြုံးလို့ရွှင်လို့။ ရန်သူဟန် ဆောင်ကြသူတွေ ခု မိတ်ဆွေဗြောင်ဖြစ်ကုန်ကြတယ်ပြောရမှာပဲ။ 


ပြောခဲ့တဲ့ ကိုယ့်ထမင်းကိုယ်စားတွေကတော့ ခုချိန်ထိဂျီးဒေါ်နွားကျောင်းကြတုန်း။ ဒေါ်လာစီးကြောင်း ဘယ်ပြောင်းပြောင်း သူတို့ဘဝတွေက နဂိုနေကမရွေ့ကြဘူး။ ရုန်းတုန်းကန်တုန်း ထမင်းတစ်လုပ်အတွက် နဖူးကချွေးခြေမကျ ကြတုန်း။ လကုန်ရက်ရောက်ရင် ပေးမင်န့်တွေအတွက် ခေါင်းနောက်ရတုန်း။ ခုထက်ထိ သဏ္ဍန်ပြောင်း အရပ်သားအရေခြုံစစ်အာဏာရှင်စနစ်အပေါ် ရန်သူသတ်မှတ်ချက်မရွေ့သေးပဲ ဆန့်ကျင်တုန်း နိုင်သလောက်ထမ်းနေကြတုန်း။

ပြည်တွင်းဘက် တချက်လှမ်းမျှော်ကြည့်လိုက်တော့ ဒေါ်လာစားလို့စွပ်စွဲခဲ့ကြသူ(တချို့)က ခုတော့ အဲ့ဒီ သူတို့စွပ်စွဲခဲ့ကြတဲ့ဒေါ်လာစားတွေနောက် ဖိနပ်ကိုင်အိပ်ဆွဲ ထမီထုပ်ထမ်းတွေ ဖြစ်ကြတာလည်း
တွေ့ရတယ်။ တချို့များ ဒေါ်လာစားတွေလုပ်တဲ့ပွဲမှာ အရောင်ပါသောအရက်ကလေး
သောက်ရဖို့အရေး သွေးလိုက်ရတဲ့မျက်နှာချိုမှ ပုရွက်ဆိတ်တောင်တက်လုတက်ခင်ပဲ။ အဲ့သလိုနဲ့ ဘဝဟာ အဆီကိုစားပါလို့အသားကိုမြို ကြောင်ကြီးရယ်တဲ့မြီးတံတို။

အိမ်လွမ်းလို့ အမေအဖေလွမ်းလို့ ပြည်တော်ခဏအလည်ပြန်တဲ့ ကိုယ့်ထမင်းကိုယ်စားတွေကြတော့ လေဆိပ်မှာငိုဟယ်ယိုဟယ်၊ မျက်ရည်တစမ်းစမ်းနဲ့ အလွမ်းသယ်ကြ၊ ဆွေကွဲမျိုးကွဲတွေအိမ် အူယားဖါးရားလိုက်ရှာ။ သားသမီးမြေးမြစ်တွေ ခုမှ ဆွေပြမျိုးပြလုပ်။ ပါလာတာလေး ဝေခြမ်း။ ရော့ဟဲ့ရော့ဟဲ့နဲ့ ဟိုလူ့တစ်ဖဲ့ ဒီလူ့တစ်ခြမ်းလေးလုပ်။ ကလေးတွေသင်္ကန်းစီး အလှူအတန်းလေးလုပ်။ ဟိုလူမှုရေး ဒီလူမှုရေးအသင်းအဖွဲ့လေးထဲလည်း နိုင်သလောက်လေး ဒါနပြု၊ နောက်ဆုံး ဗီဇာသက်စေ့လို့ပြန်မယ်လုပ်တော့မှ အမျိုးထဲက နည်းနည်း သောင်သာင်သာသာ

ရှိသူဆီက ဟိုရောက်ရင်ပြန်ပို့ပေးပါ့မယ့်ကတိနဲ့ လူမသိအောင်ပိုက်ဆံချေး လေယဉ်လက်မှတ်လေးဝယ် ဒီပြန်ပြေးလာပြီး စက်ရုံထဲဝင် ဆူရှီးဆိုင်ရောက်။ အဲ့သလိုနဲ့ ဘဝဟာ မစားရဝခမန်း မီးဇာကုန်ဆီခမ်း ခြေကုန်လက်ပမ်းတော့မကျကြ။

မျိုးစောင့်မယ်ဆို ယဉ်ကျေးဖို့ပါလိုမလားပဲ (မျိုးမြင့်ချို)

0 comments
အမေရိကားမှာ ညုဘိခ်ျလို့ခေါ်တဲ့ ဝတ်လစ်စားလစ် ကမ်းခြေတွေမှ တစ်ပုံကြီး။ သွားရင် အဝတ်ချည်းစီး နဲ့ နေဖို့ပဲ။ သူ့ သတ်မှတ်ကန့်သတ်ချက်နဲ့ ကိုက်သူတိုင်းသွားလို့ရတယ်။ ဒါပေမယ့် သာမန်အများသူငါသွားနေတဲ့ ကမ်းခြေတွေ၊ အိုင်ကြီးတွေ၊ အများဆိုင်ရေကူးကန်တွေမှာကြတော့ ယောင်္ကျားတွေ အတွင်းခံဘောင်းဘီချည်း သက်သက်ဝတ်ရင်တောင်အမြင်ရိုင်းလို့ အပေါ်က ပွပွဖါးဖါး ဒူးအထက်အောက်မရောက် တရောက်ဘောင်းဘီတထပ် ထပ်ဝတ်ကြတယ်။ အမျိုးသမီးတွေကတော့ တူးပီစ်ဝတ်ဝတ်၊ ဘီကီနီဝတ်ဝတ်၊ ရေကူးဝတ်စုံဝတ်ဝတ် ဘာကိစ္စမှမရှိဘူး။ ကိုယ့်နှမ သူ့နှမ၊ ကိုယ့်မယား သူ့မယား၊ ကိုယ့်သမီး သူ့သမီး၊ ကိုယ့်အမေ သူ့အမေ ဒီလိုပဲနေနေကြ တာပဲ။ ယောက်ျားတွေကလုံပြီး မိန်းမတွေကြဖော်လိုက်တာ၊ ချွတ်မချရုံတမယ်ပဲသွားမပြောနဲ့။ မကြိုက်ရင်မကြည့်ပဲနေ၊ မဝတ်နဲ့လို့လည်းမပြောနဲ့၊ အဲ့ဒီလည်းမသွားနဲ့။

အမေရိကားမှာ အဝတ်အစားဝတ်တာ အင်္ဂလန်လောက်ကိန်းကြီးခန်းကြီးမနိုင်တာ စိတ်သက်သာစရာ လို့ပြောတဲ့အမေရိကန်တွေမှ ရိုက်သတ်လို့တောင်မကုန်ဘူး။ ပွဲတက်ဝတ်စုံတွေ ဒရက်စ်ကုဒ်တွေရှိတဲ့ အခမ်းအနားဆို ဖိတ်ကတည်းကကြိုပြောတယ် ဘာဝတ်လာခဲ့ကြဖို့။ အဲ့သလိုမဟုတ်လို့ကတော့ ပေါ့ပေါ့ ပါးပါးဝတ်ကြတာပဲ။ သမ္မတလည်း အပြင်ထွက်လည်ရင် ဂျင်းပင်န်နဲ့တီရှပ်နဲ့၊ ဖာ့တ်စ်လေဒီလည်း ဒူးပေါ်ပေါင်ပေါ်စကပ်တိုနဲ့ ရင်သားကွဲကြောင်းပေါ်လယ်ဟိုက်ဝတ်ပြီး တုန်တုန်-တုန်တုန်နဲ့။ အဲ့ဒါသွားပြီး ပုဝါစုံချ မလုံရကောင်းလားတို့ မတင့်တယ်လိုက်တာတို့သွားပြောရင် အဟားခံရလောက်တယ်။ ကိုယ်မကြိုက်ရင် မဝတ်နဲ့၊ ကဲ့လည်းမကဲ့ရဲ့နဲ့။

အမေရိကားမှာ ဆက်ရှော့ပ်လို့ခေါ်တဲ့ လိင်မှုပစ္စည်းအသုံးအဆောင်တွေရောင်းတဲ့ဆိုင်တွေမှ လက်ညှိုးထိုး မလွဲပဲ။ စီးပွားရေးလုပ်ငန်းတစ်ခုပဲ။ လိင်အဖော်အဖက်မရှိသူတွေနဲ့ လိင်တူချစ်ခင်စုံမက်သူတွေ

အတွက်တော့ လက်မလွှတ်တမ်းသွားဖို့ရှိတဲ့ဆိုင်တွေပဲ။ ဖေါက်သည်အများစုကလည်း တကိုယ်ရည် တကာယသမားတွေနဲ့ လိင်တူစုံတွဲတွေပဲ။ ဆိုင်းဘုတ်တွေဗြောင်ချိတ်ပြီး တရားဝင်ဆိုင်ဖွင့်ရောင်းသလို စားသုံးဝယ်ချမ်းသူတွေလည်း ပုံမှန်သွားလာဝယ်ချမ်းအားပေးနေကြတာပဲ။ မဝယ်ပဲဝင်ကြည့်လည်း ဘာမှမပြောဘူး။ အဲ့ဒါသွားပြီး အရှက်မရှိလိုက်ကြတာတို့ ဟီရိသြတ္တပတရားမရှိဘူးတို့သွားပြောရင် လူထူးလူဆန်းဆိုပြီး အကြည့်ခံရမှာသေချာသလောက်ပဲ။ ကိုယ်မလိုရင် သွားအားမပေးနဲ့။ သူများလိုလို့ သွားဝယ်တာ သူ့ကိစ္စ။

အမေရိကားမှာ ရှိုးဂရဲလ်တို့ နိုက်ကလပ်တို့ ဘာပါတီညာပါတီတို့မှ တမိုးလုံးဖျောက်ဆိပ်ပဲ။ ပြီးတော့ ကြိုးတွေဝတ်ပြီးကတဲ့ မိန်းကလေးများပွဲရှိသလို ဖင်တုံးလုံးနဲ့ယောင်္ကျားလေးများ ကပြတဲ့ပွဲလည်းရှိတာပဲ။ ပရိသတ်ကတော့ ပြောင်းပြန်နေမှာပေါ့။ သူ့စည်းကမ်းနဲ့ညီရင် ပိုက်ဆံပေးပြီးလူတိုင်းဝင်ကဲလို့ရတာပဲ။ ဒါလည်း ငွေရှာနည်းတွေထဲက တစ်ခုပဲ။ လာလာသသူ သွားသသူတွေမှ ဝင်လာမစဲတသဲသဲပဲ။ စင်ပေါ်ကနေ မဖွယ်မရာလုပ်ပြတာလေးမှ အရသာခံကြည့်ချင်လွန်းလို့ ငွေကုန်ကြေးကျခံပြီးသွားကြတာပဲ။ အဲ့ဒါသွားပြီး ယဉ်ကျေးမှုမရှိဘူးတို့ မိစ္ဆာအာဇီဝတို့သွားမပြောနဲ့။ ကိုယ်မကြည့်ချင် မသွားနဲ့။ သူများ စီးပွားရေးနဲ့ထမင်းလုပ်လည်းပုတ်မချနဲ့။

အမေရိကားမှာ တရားဝင် လင်တစ်ယောက် မယားတစ်ယောက်ထက်ပိုယူလို့မရဘူး။ တရားမဝင်ကတော့ လက်သာမထပ်နဲ့ ကြိုက်သလောက်အတူနေ။ လူလွတ်/လင်မရှိမယားမရှိတွေမပြောနဲ့ လင်ကြီးငုတ်တုတ် မယားကြီးထိုင်ရက်ရှိလည်နေကြတာပဲ။ ကလေးတွေလည်း မွေးချင်သလောက်မွေး၊ မွေးစာရင်းမှာ အဖေနံမည်သာခံခိုင်း စင်ဂယ်လ်မားသားဆိုပြီး တိုင်းပြည်က အထိုက်အလျှောက်ထောက်ပံ့ပေးတယ်။ မယားနှစ်ယောက် ဒါမှဟုတ် လင်နှစ်ယောက် တပြိုင်တည်းလက်ထပ်ကြည့်ပါလား တရားပါအစွဲခံရမယ်။ အသက်ပြည့်ပြီး ပုံမှန်စိတ်အခြေအနေရှိသူတိုင်း ကိုယ့်လူမှုစီးပွားဘဝ ကိုယ့်လိင်မှုကိစ္စဘဝတွေကို လွတ်လွတ်လပ်လပ်ဆုံးဖြတ်လုပ်ပိုင်ခွင့်ရှိတယ်။ လုပ်လည်းလုပ်တယ်။ လင်ခိုးမှု မယားခိုးမှုဥပဒေမရှိဘူး။ တရားစွဲလို့မရဘူး။ လင်မယားကွဲလို့ အသက်မပြည့်သေးတဲ့ကလေးတွေရှိရင် ကလေးစားရိတ်ကတော့ (ဝင်ငွေရှိနေသရွေ့ ကလေးတွေ အသက်မပြည့်မချင်း) ပေးဖို့သာပြင်ထား၊ တရားရုံးဆုံးဖြတ်မိန့်နဲ့ကို

လာတာ။ လင်ကွဲမယားကွဲတွေ လင်ဆက်/မယားဆက်များတာတွေလည်းအများကြီး၊ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းနေတာတွေလည်း အများကြီး။ အဲ့ဒါသွားပြီး ကိုယ်ကျင့်တရားပျက်တယ်တို့ မိန်းကလေးဘက်ကနစ်နာတယ်တို့ သွားမပြောနဲ့။ ငါ့လူမှုစီးပွားဘဝ ငါ့ချစ်ရေးချစ်ရာကိစ္စ ငါ့လိင်မှုဘဝ ငါ့ဘာသာငါဆုံးဖြတ်မယ် သူတပါးအဆုံးအဖြတ်နာခံပြီး သူတပါးအလိုကျမနေနိုင် မလုပ်နိုင်ဘူးလို့ ပြန်ကက်ကက်လန် ရန်အတွေ့ခံရမယ်။ ကိုယ်မကြိုက်ရင် ကိုယ်လင်ကိုယ်မယား တယောက်ဆိုတယောက် ပိတောက်ဆိုပိတောက်သာနေ။ လစ်ဗင်န်းလည်း တူမဂဲသားနဲ့။

အမေရိကားမှာ ပချုပ်ဆိုင်နဲ့ပြည့်တန်ဆာလုပ်ငန်း တရားဝင်မရှိဘူး။ ဒုစရိုက်မြို့တော်လို့ကမ္ဘာကျော်တဲ့ လားစ်ဗေးဂတ်စ်မှာတောင်မှ ညဥ့်ငှက်မရှိဘူး။ အကုန် နေ့ခင်းကြောင်တောင်ပျံနေကြတာမှ ကြက်ပျံမကျပဲ။ ညဆိုလည်း မီးရောင်တွေက ထိန်လို့။ ဟော်တယ်လ်မှာ လောင်းကစားရုံမှာ ဘားမှာ နိုက်ကလပ် မှာ နေရာတကာမှာ အလွမ်းသင့်လို့ အပေးအယူမျှရင် ခဏတာလိင်မှုပွေကြ လိင်စိတ်နဲ့ငွေအလဲအထပ် လုပ်ကြတာပဲ။ ဥပဒေမှာကိုက မည်သူကမျှမည်သူ့ကိုမျှ ငွေပေးပြီးလိင်ဖျော်ဖြေစေခိုင်းခြင်းမပြုလုပ်ရ ဆိုတဲ့သဘော အတိအလင်းပြဌာန်းထားတာပဲ။ ပြည့်တန်ဆာတဦးနဲ့ တရားမဝင်ဆောင်ကြာမြိုင်တခုခုမှာ လက်ပူးလက်ကြပ်မိလို့ကတော့ ပြည့်တန်ဆာရော အပျော်လိုက်စားသူရော ဖါခန်းထောင်သူပါအရေးယူ ခံရတာပဲ။ ရွှေပြည်ကြီးမှာလို ညဥ့်ငှက်မလေးထောင်ချဖို့ ငွေပေးပျော်ပါးတဲ့ကိုကိုကာလသားက တရားရုံးမှာသက်သေ လာထွက်ပေးရတာမျိုးမဟုတ်ဘူး။ အဲ့ဒါသွားပြီး လိုင်စင်ရပြည့်တန်ဆာဥပဒေ မရှိရကောင်းလားလို့ ငြိုငြင်လို့မရသလို ဘုရားလက်ထက်ကတောင်ရှိသေးတာပဲဆိုပြီး ပဒေသရာဇ်စော် သွားညှော်မပြနဲ့။ ဟားလွှတ်လိုက်လိမ့်မယ်။ ကိုယ်မကြိုက်ရင် မသွားနဲ့။ အိမ်မှာ ကိုယ့်ဇနီးနဲ့ ကိုယ့်လင်သားနဲ့ တင်းတိမ်ရောင့်ရဲရုံပဲ။

ခုပြောနေတာတွေက ယဉ်ကျေးမှုဆိုတာအပေါ် နားလည်ပုံနားလည်နည်းမတူသူတွေကို ရည်ညွှန်းတာပဲ။ နေရာတကာ ကိုယ့်စံနဲ့ထိုးပြီး ဇတုတ်(ဆန်တုတ်)တိုက်ကြည့်၊ မကိုက်ရင် မကောင်းဘူးဘာညာပြော ပြစ်တင်ရှူတ်ချ သရော်မော်ကားလုပ်တာဟာ မယဉ်ကျေးတဲ့အပြုအမူလို့ ယူဆလို့ပဲ။ ကိုယ့်ယဉ်ကျေးမှု ကိုယ်ထိန်းသိမ်းတယ်ဆိုတာ သူများယဉ်ကျေးမှုကို အပြစ်ရှာ မကောင်းပြောတာမှ မဟုတ်တာ။ အမျိုးစောင့်မယ်ပြောပြီး အမြင်မကျယ်ရင် ဝါးလုံးခေါင်းထဲကလရောင်ကို ကမ္ဘာလုပ်ပြီးသာနေလေ။

“ကာချုပ်မူဝါဒ ၆ ရပ်” (သို့မဟုတ်) တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအတွက် ကြိုးကွင်း (တူမောင်ညို)

0 comments
“ကာချုပ်မူဝါဒ ၆ ရပ်” (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအတွက် ကြိုးကွင်း (တူမောင်ညို) ၂ဝ၁၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်)
ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့သဘောထားက ငြိမ်းချမ်းရေးရရှိလိုတဲ့သဘောထားမဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနဲ့ တန်းတူရည်တူဆွေးနွေးညှိနှိုင်းပြီး အဖြေရှာလိုတဲ့ သဘောထားလည်းမဟုတ်ဘူး။ တစ်ဖက်သတ် အပေါ်စီးယူပြီး ဒူးထောက်အညံ့ခံခိုင်းတာဖြစ်တယ်။

“ကာချုပ်မူဝါဒ ၆ ရပ်” ဆိုတာမှာ ဒီလိုသဘောထားတွေကို အတိအလင်းဖော်ပြနေတယ်။ “ကာချုပ်မူဝါဒ ၆ ရပ်” အပေါ် တပ်မတော်နဲ့အတူ ကြံ့ဖွံ့အစိုးရနဲ့ ကြံ့ဖွံ့လွှတ်တော်တို့ကလည်း“တစ်စိတ်တစ်ဝမ်းတည်း” ရှိကြတယ်လို့ဆိုပါတယ်။

ဒါကြောင့် အခုလိုကောက်ချက်ချနိုင်ပါတယ်။ “ကာချုပ်မူဝါဒ ၆ ရပ်” ဆိုတာကို ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်နဲ့ စစ်တပ်တို့က တစ်စိတ်တည်း တစ်ဝမ်းတည်း၊ အေးတူပူအမျှကိုင်စွဲထားနေသမျှကာလပတ်လုံး “ထာဝရငြိမ်း ချမ်းရေး”ရရှိဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။

တကယ်တော့“တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး”ဆိုတာနိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား (ယာယီ)အခြေအနေတစ်ရပ် ဖန်တီးခြင်း သာဖြစ်ပါတယ်။

သူ့နယ် ကိုယ့်နယ်သတ်မှတ်ထားပြီး၊ နှစ်ဖက်တပ်တွေ မျက်နှာချင်းဆိုင်ထားတဲ့နေရာဒေသတွေမှာ အပြန်အလှန်ထိတွေ့ တိုက်ခိုက်မှုတွေမဖြစ်ပွားရအောင် လှုပ်ရှားမှုတွေလုပ်တဲ့အခါ ကြိုတင်ဆက်သွယ် မှုတွေ၊ အပြန်အလှန်နားလည်မှုတွေရယူထားကြဖို့သာ အဓိကကျပါတယ်။

ယခုတော့ “တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်”ဆိုတာနဲ့ တစ်ဖက်နဲ့တစ်ဖက်မလှုပ်နိုင်အောင် အပြန်အလှန်ချုပ်ငင်ထားနိုင်ဖို့ ကြိုးစားနေကြတာမျိုးဖြစ်နေပါတယ်။ တပြည်လုံးအပစ်အခတ်ရပ် သွားပြီး ရေရှည်ခံမယ့်ငြိမ်းချမ်းရေး ရရှိသွားနိုင်ဖို့ဆိုသည်မှာ နိုင်ငံရေးဆွေးနွေးပွဲကထွက်ပေါ်မယ့် ရလဒ်အပေါ်မှာ အဓိကမူတည်နေတာပါ။ နိုင်ငံရေးဆွေးနွေးပွဲမှာ တစ်ဖက်နဲ့တစ်ဖက်အပေးအယူ တည့်ကြမယ်ဆိုရင် သေနတ်သံ နောက်ထပ် ပေါ်ထွက်လာစရာအကြောင်းရှိမှာ မဟုတ်ပေမယ့်၊ တစ်ဖက်နှင့်တစ်ဖက် အပေးအယူမတည့်ကြဘူးဆိုရင်တော့ ဘာစာချုပ်ကြီးပဲချုပ်ထားထား၊ ဘယ်သူကပဲ အာမခံထားထား သေနတ်သံပြန်ထွက်လာမှာပဲဖြစ်ပါတယ်။ (နဝတ-နအဖ)စစ်အစိုးရ လက်ထက်မှာ (KIO)နဲ့ အချိန်တန်ကြာ တစ်ဖက်နဲ့တစ်ဖက်အပစ်အခတ်ရပ်နေခဲ့ကြပြီး၊ ကြံ့ဖွံ့အစိုးရလက်ထက်မှာ တိုက်ခိုက်မှုတွေပြန်လည် ဖြစ်ပွားလာခဲ့တာမဟုတ်ပါလား။ (ယခုအချိန်မှာလည်းတိုက်ခိုက်နေကြဆဲပဲ မဟုတ်လား) အခြားနိုင်ငံတွေမှာလည်း ဤနည်းနှင်နှင် ဖြစ်ပျက်နေခဲ့တာတွေမဟုတ်ပါလား။

ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပြဿနာတွေကို အပြန်အလှန်တန်းတူရည်တူ ညှိနှိုင်းဆွေးနွေး

အဖြေရှာသွားနိုင်ကြဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် မောက်မာလှတဲ “ကာချုပ်မူဝါဒ ၆ ရပ်” ကို ကြေညာပြောဆိုနေမယ့်အစား တစ်ပြည်လုံးအပစ်အခတ်ရပ်စဲကြောင်း၊ ကြံ့ဖွံ့အစိုးရ (သို့မဟုတ်) စစ်တပ်ဖက်မှ တစ်ဖက်သတ်ကြေညာဖို့လိုပါတယ်။ သို့ပါ၍ ကြံ့ဖွံ့အစိုးရ (သို့မဟုတ်)တပ်မတော်အနေနဲ့ သဘောထားကြီးပြီး၊ “ထာဝရငြိမ်းချမ်းရေး” အမှန်တကယ်ရရှိလိုတဲ့ စိတ်ကောင်းစေတနာရှိမှုကိုပြသတဲ့
နေနဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာဖို့လိုပါတယ်။ ဒါဆိုရင် အခုလို စာချုပ်တွေ (single text) တွေအတွက် အလုပ်ရှုပ်နေစရာအကြောင်းမရှိတော့ပါဘူး။ (MPC အတွက်တော့ စားဂွင် ပျောက်သွား မှာပေါ့)

ယခုလက်တွေ့ကြုံနေရတဲ့ ဖြစ်ရပ်တွေမှာပဲကြည့်ပါ၊ တစ်ခုတည်းသောသဘောတူညီချက် (single text) ရရှိဖို့ အလွန်တရာခက်ခဲနေပါတယ်။ အဲဒီ အခက်အခဲတွေအနက် အဓိကအကျအဆုံးအတားအဆီးက “ကာချုပ်မူဝါဒ ၆ ရပ်”ပဲ ဖြစ်ပါတယ်။ (Single text) ရရှိဖို့ ပထမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ (ဧပြီ ၅ မှ ၈ ရက်ထိ)မှာ ကာချုပ်ကိုယ်စားလှယ်ရဲ့ဆွေးနွေးချက်များဟာ တင်းမာပြင်းထန်လွန်း၊ မောက်မာလွန်း လှပါတယ်။ “ပြည်တွင်းစစ်၊ တော်လှန်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်” စတဲ့ စကားလုံးတွေ မသုံးစွဲရ၊ ဖြုတ်ပယ်ပေးရမယ်တဲ့။ “ကာချုပ်မူဝါဒ ၆ ရပ်” အပေါ် အသေကိုင်စွဲရပ်တည်ထားနေသမျှ၊ မစွန့်လွှတ်သမျှ ဒီလိုတစ်ဖတ်သတ်ကျပြီး မောက်မာတဲ့၊ အပေါ်စီးယူတဲ့ပြောဆို ဆွေးနွေးချက်တွေပဲကြားနေ၊ ကြုံနေရပါလိမ့်မယ်။ ဒါကြောင့် ပြေလည်မှုအဖြေဟာလည်း ဝေးကွာသည်ထက် ဝေးကွာနေပါလိမ့်မယ်။
“ကာချုပ်မူဝါဒ ၆ ရပ်”ကို ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်၊ စစ်တပ်တို့က ထာဝရစွန့်လွှတ်မှသာ “ထာဝရငြိမ်းချမ်းရေး” ရနိုင်ပါလိမ့်မယ်။
 

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအနေဖြင့် “ကာချုပ်မူဝါဒ ၆ ရပ်”ကို လက်ခံလိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုသတ်သေတာမျိုး၊ ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့အစည်းကို ကိုယ်ကိုယ်တိုင်သတ်ပစ်တာမျိုးသာလျှင် ဖြစ်ပါလိမ့်မယ်။
“ကာချုပ်မူဝါဒ ၆ ရပ်”ကို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများဘက်က“ လက်မခံနိုင်ဘူး/ တစ်ဖက်သတ်ဖြစ်နေတယ်” လို့ တုန့်ပြန်သွားကြောင်း ကြားသိရပါတယ်။

နိုင်ငံရေးပါတီနဲ့ရွေးကောက်ပွဲဟာ ဗိုလ်တင်အေးလက်ခုပ်ထဲက ရေ (တူမောင်ညို)

0 comments
နိုင်ငံရေးပါတီနဲ့ရွေးကောက်ပွဲဟာ ဗိုလ်တင်အေးလက်ခုပ်ထဲ က ရေ (တူမောင်ညို)(၂ဝ၁၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်)
ကြာလေ၊ ကြာလေ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင် လှိုင်၊ ဗိုလ်တင်အေးတို့ရဲ့“စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေ စီစနစ်”ဟာ မရှိတဲ့“ဒီမိုကရေစီ”ပိန်လှီလာသလောက်၊ “စည်း ကမ်း”တွေကတော့ဖြင့် ကုန်ဈေးနှုန်းနဲ့အပြိုင် မိုးလုံးပြည့်လျှံတက် လို့လာနေပါတယ်။ ကော်မရှင်ဥက္ကဋ္ဌဗိုလ်တင်အေး ပြော စကားတွေ (ပိတ်ပင်၊ ကန့်သတ်၊ ချုပ်ချယ်ရေးဥပဒေဖြစ်လာ မယ့်စကားတွေလို့ဆိုရင် ပိုမှန်ပါ့လိမ့်မယ်) နဲ့ပတ်သက်ပြီး၊ ဒီချုပ်ပါတီကနေ ဒီမိုကရေစီရပ်ခံချက်ရှိရှိနဲ့ ဝေဖန် ချက်တွေ၊ ကြေညာချက်တွေထွက်လာမလားဆိုပြီး ကျနော် မျှော်ကြည့်နေမိပါတယ်။ မတရားတဲ့ “အမိန့်၊အာဏာ၊ ဥပဒေ၊ ဥပဒေဖြစ်လာမည့်စကား” စတာတွေကို တာဝန်အရ ဖီဆန်ကြရမယ်၊ တွန်းလှန်ကြရမယ်မဟုတ်လား။ ဒီလိုကိစ္စမျိုးတွေမှာ ဒီမိုကရေစီဘက်တော်သား ပါတီတွေအဖို့ လက်နှေးနေဖို့၊ တွေဝေနေဖို့၊ ပျက်ကွက်နေဖို့ မသင့်တော်ဘူးမဟုတ်လား။ တစ်စုံတစ်ယောက်နဲ့တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြလေသလားလို့လည်းစဉ်းစားမိပါတယ်။ သူ့ဝမ်းနာ သူသာသိကြပါလိမ့်မယ်။

ဒီချုပ်ပါတီ လှည်းကူးအမတ်ပြောသံတော့ ကြားရပါတယ်။ ဒါပေမယ့် လွှတ်တော်အမတ်တစ်ယောက်အနေနဲ့ပြောတာလား၊ ပါတီကိုယ်စားပြုပြီးပြောတာလားဆိုတာ မကွဲပြားပါဘူး။ ဒီလိုကိစ္စမျိုးဆိုတာ လွှတ်တော်အမတ်တစ်ယောက်အနေနဲ့ရော၊ ဒီမိုကရေစီ ပါတီတစ်ရပ်အနေနဲ့ရော တညီထဲ၊ တစ်သံထဲထွက်ပြီး တိတိကျကျ ရှင်းရှင်းပြောဆို၊ ဝေဖန်၊ ကန့်ကွက်၊ဆန့်ကျင်ကြရမယ့်ကိစ္စမဟုတ်လား။ ကျနော့်အမြင်ကတော့ ဒီကိစ္စဟာဒီမိုကရေစီအခွင့်အရေးတွေကို ပိတ်ပင်ကန့်သတ်ချုပ်ချယ်တဲ့ကိစ္စတွေဖြစ်တဲ့အတွက် ဒီမိုကရေစီကို တကယ်တန်းလိုလားတဲ့ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်အမတ်တွေစုပေါင်းပြီး ညီညီညွတ်ညွတ်၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက် ရမယ်လို့မြင်ပါတယ်။

ဒီချုပ်ပါတီအပေါ် သရော်စော်ကားပြောဆိုတဲ့ ကြံ့ဖွံ့အမတ်ဗိုလ်လှဆွေကို တရားစွဲမယ်ဆိုတဲ့ ကိစ္စလည်း ဘယ်အခြေဆိုက်နေပြီလည်း မသိပါဘူး။ ဗိုလ်လှဆွေကတော့ ဗိုလ်တင်အေးပြောတဲ့ စကားတွေကိုထောက်ခံပြီး ဒီချုပ်ပါတီကို ထပ်မံစော်ကားမော်ကား ပြောနေတုန်းဖြစ်ပါတယ်။ မှန်းကြည့်ရတာတော့ ဗိုလ်လှဆွေကိုတရားစွဲဆိုမယ်လို့ဆိုတဲ့ ခြေလှမ်းကလေးတွေလည်း “ပြန်လည် သင့်မြတ်ရေး မြူမှုန်မှိုင်း”တွေကြားမှာ တွေဝေတုန့်ဆိုင်းပြီး ခရီးဘယ်မတွင် ဖြစ်နေရှာတယ်နဲ့တူပါရဲ့။

ကော်မရှင်ဥက္ကဋ္ဌဗိုလ်တင်အေးကလည်း ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့နဲ့ တစ်ကျိတ်ထဲတစ်ဉာဏ်ထဲ၊ တစ်သွေးထဲတစ်သံထဲ “၂ဝဝ၈အခြေခံဥပဒေကိုထိန်းသိမ်းကာ ကွယ်စောင့်ရှောက်သူ”ဖြစ်ပါတယ်။ “စစ်သား ၂၅% လွှတ်တော်ထဲမှာရှိရမယ်”လို့ ရပ်တည်စွဲမြဲနေသူဖြစ် ပါတယ်။ ဒီပုတ်ထဲကဒီပဲ ဆိုတာလိုပဲ။ ဒီတပ်ထဲက ဒီငနဲတွေဟာ [သမ္မတ၊ နာယက၊ ကာချုပ်၊ ကော်မရှင် ဥက္ကဋ္ဌဆိုပြီး နေရာတွေ၊ ဌာနတွေ၊ အသွင်သဏ္ဍာန်တွေကွဲနေပေမယ့်၊ ၂ဝဝ၈ အခြေခံဥပဒေနဲ့ပတ်သက် လာရင်၊ ပုဒ်မ ၆ (စ) စတာတွေနဲ့ ပတ်သက်လာရင်] ဒီသဘောထားနဲ့ဒီရပ်တည်ချက်ကို တစ်သံထဲပြောကြ တာ ဘာမှမဆန်းပါဘူး။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဗိုလ်တင်အေးပြောတဲ့စကားတွေကို အသေချာနားထောင်ကြည့်ပါ၊ ဖတ်ကြည့်ပါ၊ “နိုင်ငံရေးပါတီနဲ့ ရွေးကောက်ပွဲ”ဆိုတာတွေဟာ င့ါလက်ခုပ်ထဲကရေလို့ ပြောတာပါ။
 “၂ဝ၁၂ ဧပြီလ၊ ကြားဖြတ်ရွေးကောက်ပွဲ” ဆိုတာ ဒီချုပ်ပါတီကို လွှတ်တော်ထဲဝင်အောင် ကျုံးသွင်း တဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်း/ပြည်ပမှာ “သူ့ကော်မရှင်အပေါ်လည်းအမြင်လှစေ/ ဒီချုပ်ပါတီလည်း လွှတ်တော်ထဲဝင်စေ” ဆိုတဲ့ မျှော်မှန်းချက်နဲ့ “အလွတ်လပ်လွန်းအောင်”တမင်တကာ “ဟပေး/လွှတ်ပေး”ခဲ့တာပါ၊ နောင်မှာပြုလုပ်ပေးမယ့်ရွေးကောက်ပွဲတွေကို “၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ”ကဲ့သို့  “ဟပေး/လွှတ်ပေး”တော့မှာမဟုတ်ဘူးလို့ ပြောချင်တာပါ။
ဗိုလ်တင်အေးပြောတဲ့အထဲမှာ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်မှု (Election campaign)ဟာ “ဆန္ဒပြနေသလား၊ ၈၈ အရေးအခင်းပြန်ရောက်နေသလား မှတ်ရတယ်၊ နဖူးစီးလည်းပါတယ်။ ကြယ်ငါးပွင့် အလံလည်းပါတယ်။ ဘယ်သူကမှလည်း ကန့်ကွက်သူ မရှိဘူး။ ကန့်ကွက်ရင် ကျနော်အရှုံးပေးပစ်မှာပါ။ ၂ဝ၁၅ မှာ ကန့်ကွက်ပါ။ ကျနော်အရှုံးပေးပစ်ပါမယ်”ဆိုတဲ့အချက်ကို သတိပြုမိကြပါလိမ့်မယ်။
ပြည်သူများအတွက်တော့ ရွေးကောက်ပွဲဆိုတာ ဆန္ဒပြပွဲပါပဲ။  ဗိုလ်တင်အေးတို့လို စစ်အုပ်စုအဖို့ လူစုလူဝေး၊ သပိတ်မှောက်ခြင်း၊ လူထုဆန္ဒပြမှုတို့ဆိုတာ သွေးလေခြောက်ခြားစရာတွေပါ။ “၈၈အရေးတော် ပုံကြီး”တို့၊ “ရွှေဝါရောင်တော်လှန်ရေး”တို့ဟာ သူတို့အတွက် တကယ့်(shock)ရှော့ခ်ကြီးတွေဖြစ်ပါ တယ်။ ပြည်သူတွေ စုကြ၊ ရုန်းကြ၊ စည်းလုံးညီညွတ်ကြပြီဆိုရင် စစ်အာဏာရှင်တွေ၊ စစ်အုပ်စုတွေ ကြောက်ဒူးတုန်ကြပါတယ်။
 “ ၈၈အရေးတော်ပုံကြီး”ကဲ့သို့ လူထုအုံကြွမှုကြီးတွေဟာ  စစ်အာဏာရှင်တွေရဲ့ဇီဝိန်ကို နှုတ်ယူနိုင် တယ်၊ သူ့တို့ယူထားတဲ့အာဏာကို လက်လွတ်သွားအောင်လုပ်ဆောင်နိုင်တဲ့ အစွမ်းသတ္တိထူးရှိတယ်ဆိုတာ သူတို့ကောင်းကောင်းကြီးသိပါတယ်။
ဒါ့ကြောင့် လူစုလူဝေးမြင်ရင် သူတို့သွေးလေခြောက်ခြားကြပါတယ်။ ဒါ့ကြောင့် တစ်ဖက်က ပြည်သူ များအတွင်း သွေးစည်းညီညွတ်မှုပြိုကွဲ၊ ပျံ့ကြဲနေအောင် လူမျိုးရေး၊ ဘာသာရေးသွေးခွဲ ရန်တိုက်မှုတွေကို အစီအစဉ်ရှိရှိလုပ်ကြံဖန်တီးနေပါတယ်။ အခြားတစ်ဖက်ကလည်း ပေါ်ပေါက်လာနေတဲ့ ဆန္ဒပြမှုတွေကို “ပုဒ်မ၁၈” နဲ့ တားမြစ်၊ ချုပ်ချယ်၊ ကန့်သတ်နေပြီး၊ လူထုအုံကြွမှုကြီးတွေပေါ်ပေါက်လာခဲ့ရင် အကြမ်း ဖက်နှိမ်နင်းနိုင်ဖို့အတွက် (EU)ကလာပြီး လေ့ကျင့်သင်ကြားပေးနေတဲ့ “လူထုအုံကြွမှုအကြမ်း ဖက်နှိမ်နင်းရေးသင်တန်း”တွေကို ဖုတ်ပူမီးတိုက် လေ့ကျင့်နေကြတာပဲဖြစ်ပါတယ်။
ကော်မရှင်ဥက္ကဋ္ဌဗိုလ်တင်အေးက “လာမယ့်ရွေးကောက်ပွဲမှာ (Election Campaign) ရွေးကောက်ပွဲမဲဆွယ်မှု အချိန်၊ လူ၊ နေရာကန့်သတ်မယ်၊ မဆိုင်တဲ့လူလာမပြောနဲ့၊ ဝင်ချင်ဝင် မဝင်ချင်နေ၊ ဒါသူ့လုပ်ပိုင်ခွင့်”လို့ဆိုပြီး ဟိန်းဟောက် စိမ်ခေါ်နေပါတယ်။  

အုပ်စိုးသူတွေဘက်က ပိတ်ပင်မယ်၊ ကန့်သတ်မယ်၊ ချုပ်ချယ်မယ်၊ ဖိနှိပ်မယ်၊ အကြမ်းဖက်ချေမှုန်းမယ်ဆိုရင် အုပ်စိုးခံတွေ၊ ပြည်သူတွေဘက်က လုပ်စရာကတော့ ရဲရဲအာခံ၊ ရဲရဲချိုးဖောက်၊ ရဲရဲတော်လှန်မယ်ဆိုတဲ့လမ်းကလွဲလို့ အခြားနည်းလမ်းမရှိပါကြောင်း။


Tuesday, April 8, 2014

ကျနော်တို့ခေတ်တုန်းကဆန္ဒပြတာ(မျိုးမြင့်ချို)

1 comments
ကျနော်တို့ခေတ်တုန်းကဆန္ဒ (မျိုးမြင့်ချို)
ကျနော်တို့ခေတ်တုန်းကဆန္ဒပြတာ
ခွင့်ပြုမိန့်မတောင်းဘူး

ကျနော်တို့ခေတ်တုန်းကဆန္ဒပြတာ
ကြိုတင်မကြေညာဘူး

ကျနော်တို့ခေတ်တုန်းကဆန္ဒပြတာ
လက်ကမ်းကြော်ငြာမဝေဘူး

ကျနော်တို့ခေတ်တုန်းက ဆန္ဒပြတာ
လက်ကိုင်စပီကာမပါဘူး

ကျနော်တို့ခေတ်တုန်းကဆန္ဒပြတာ
တီရှပ်ရောင်တူမဝတ်ဘူး

ကျနော်တို့ခေတ်တုန်းကဆန္ဒပြတာ
မီဒီယာတွေမလာဘူး

ကျနော်တို့ခေတ်တုန်းကဆန္ဒပြတာ
ပရိုပိုဆယ်လ်မပါဘူး

ကျနော်တို့ခေတ်တုန်းကဆန္ဒပြတာ
အမေရိကန်ဒေါ်လာတွေမပါဘူး

ကျနော်တို့ခေတ်တုန်းကဆန္ဒပြတာ
နိုင်ငံခြားပြန်တွေမပါဘူး

ကျနော်တို့ခေတ်တုန်းကဆန္ဒပြတာ
ကျနော်တို့ခေတ်ရဲ့
မဖြစ်ချင်တာနဲ့
ဖြစ်ချင်တာကိုပြတာပဲ

ရရင်ရ မရရင် ချရော
ရရ မရရ ချရော ပါတယ်

ကျနော်တို့က
ကျနော်တို့ခေတ်ရဲ့ဆန္ဒပြသမားတွေကိုး

ကျနော်တို့မှ ဆန္ဒမဖော်ထုတ်တတ်တာ
အပစ်ခံရ
အသတ်ခံရ
အဖမ်းခံရ ထောင်နှစ်ရှည်ကြ ကြတာ
နည်းတောင်နည်းသေး

၂ဝ၁၄ ဧပြီအဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဧပြီအဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို) ငယ်ငယ်က ရပ်ကွက်ထဲကို ဂုံနီအိပ်ဟောင်းကြီး ရှေ့တစ်လုံးနောက်တစ်လုံး တဘိုး(ထမ်းပိုး) မှာချိတ်ပြီး ပါးစပ်ကလည်း "ဒန်အိုး ဒန်ခွက်၊ သတင်းစာစက္ကူ ၊ ပလပ်စတစ်အိပ်တွေ ပဲလှော်နဲ့လဲတယ်"လို့အော်ပြီး ဘော်တယ်လ်ကုလား မာမူကြီးများဝင်လာရင် ပျော်တာ ဘာပြောကောင်း မလဲ။ အသံကြားလိုက်တာနဲ့ အမတွေအကိုတွေရဲ့ ဝတ္ထုစာအုပ်တွေ အမေချောင်ထိုးထားတဲ့ အိုးခွက်အစုတ်ပလုပ်တွေမရမကရှာပြီး ပြေးတော့ တာပဲ။ တခါတလေ အမတွေ စာအုပ်ဆိုင်ကငှားလာတဲ့စာအုပ်တွေတခါတလေ သူတို့စာအုပ်ကောင်းတွေပါ ပဲလှော်နဲ့လဲစားတဲ့အထဲပါကုန်လို့ ဆော်ပလော်တီးခံရလည်း မမှတ်ပါဘူး။ အဲ့ဘော်တယ်လ် မာမူကြီးပဲမျှော်တာ။ သူ့အသံကြားလိုက်တာနဲ့ ကိုယ့်မှာ ဘာ လဲစားစရာမှ မရှိလည်း ဓါတ်တိုင်အောက် သူထိုင်နေတဲ့နေရာတော့ရောက်အောင်သွားတာပဲ။ ကိုယ်က သူ့ဖေါက်သည်ဆိုတော့ အနည်းဆုံး ပဲလှော်လက်တဆုပ်နှိုက်ပြီး"ရော့စား.. ကောင်လေး" ဆိုပြီး ပေးတာပါပဲ။ တခါတလေ ပတ္တာနီလို့ခေါ်တဲ့ အနီရောင်ပဲလုံးလေးတွေတောင်ရသေး။ ကိုယ်ကသာ သူ့ သတိရရနေတာ သူကတော့ လူ့ပြည်မှာတောင် ရှိတော့မယ်မထင်။ ငယ်ငယ်က ကလေးတို့ဝေါဟာရမှာ အဲ့ဒါကို
"ပဲလှော်နဲ့ လဲစားတယ်"လို့ခေါ်တယ်။ ခုတော့ ရွှေပြည်ကြီးက လူကြီးဝေါဟာရမှာ ဘာမဆို အကုန်လဲစားလို့ရသတဲ့ဗျ။ တလောက ငယ်သူငယ်ချင်းနဲ့ ရာက်တတ်ရာရာပြောရင်း စကားစက ဘော်တယ်လ်မာမူကြီးဆီရောက်သွားတယ်။ သူလည်း ကိုယ့်လိုပဲ မာမူကြီးရဲ့ဖေါက်သည်ဟောင်း။ ခုတော့ ကျောင်းသားတွေကို ဆရာလုပ်နေတယ်။ သူကပြောတယ် "ဟေ့ကောင်ရေ ခုက ဒို့ဆီမှာ ဘာမဆို လဲစားလို့ရတယ်ဟ၊ တောထဲက လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်တချို့ဆို (ရဲဘော်နဲ့လဲစားနေတာ) "လို့ပြောတယ်။ အင်း..ဟုတ်သား..သူပြောမှ၊ ပဲလှော်နဲ့လဲစားတဲ့ခေတ် ကုန်ပြီကိုး။ ကျနော့်မှာသာ မာမူကြီးကို လွမ်းရ။ အလကားရတဲ့ ပဲလှော်လက်တဆုပ်စာကို လွမ်းရနဲ့။ ခေတ်နဲ့အဆက်ပြတ်ပုံများ။ ရဲဘော်နဲ့ပဲလှော်လဲစားတဲ့ကိစ္စ)


ဒီမှာ သန်းကောင်စာရင်းကောက်တာ သန်းကောင်သန်းနွှဲကြီးမဟုတ်ပါဘူး။ အိပ်နေတဲ့လူတွေအတင်းနှိုး ခြင်ထောင်ထဲလည်း ဝင်မကောက်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း အဲ့ဒီအတိုင်းပါပဲ။ ရွှေပြည်ကြီးမှာတော့ ကျနော်တို့ငယ်ငယ်က သန်းကောင်စာရင်းဆိုတိုင်း တကယ့်သန်းကောင်းစာရင်းအစစ်ဗျ။ ညကြီးသန်းကောင် လူတွေကို ဇွတ်နှိုးပြီးတော့ကိုကောက်တာ၊ ကြောက်စရာကြီး/ တံခါးတွေ တဝုန်းဝုန်းထုတဲ့လူကထုတာတောင် မှတ်မိနေသေးတယ်။ ခုတော့ ကောက်ပုံကောက်နည်းပြောင်းသွားတယ်။ ဒီမှာလို အိမ်ကို ဖြည့်ရမယ့်ပုံစံစာရွက်တွေစာတိုက်ကပို့ပေး ဖြည့်ချင်သူဖြည့်ပြီး စာတိုက်နေပြန်ထည့်လိုက်ရုံပဲ။ မဖြည့်ချင်လို့မဖြည့်လည်း ဘာမှမဖြစ်ပါဘူး။ မဖြည့်မနေရမှ မဟုတ်တာ။ တိုင်းပြည်မှာလူဦးရေ ဘယ်လောက်ရှိ ဘယ်ကလာ ဘယ်ပုံစံနဲ့ရောက်လာ အထောက်အထားရှိကဘယ်ရွေ့ မရှိကဘယ်မျှစသည်ဖြင့် အနီးစပ်ဆုံးတော့ သိထားပြီးသားကိုး။ ကောက်တာကစာရွက်နဲ့။ ဖြည့်ပေးရတာကPenနဲ့။ ရွှေပြည်ကြီးက သန်းကောင်စာရင်းက တချို့နေရာဒေသတွေမှာ သေနတ်ထောက်ပြီးကောက်သလားတောင်မှတ်ရတယ်။ သေနတ်ထောက် သန်းကောင်စာရင်းဆိုပြီး ကမ္ဘာကျော်လောက်တယ် သုံးသိန်းစိန်တို့လုပ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်းချည်း။ (သန်းကောင်သန်းနွှဲကောက်တဲ့စာရင်းကိစ္စ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ”၁၉၉ဝ ရွေးကောက်ပွဲကိုဝင်တာဟာ အာဏာ(၃)ရပ်လုံးရနိုင်ခြေရှိမှုနဲ့ဝင်တာ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ဆွဲဖို့ဝင်တာ” ခု ကြားဖြတ်(၁)ဝင်ပြီးပြီ၊ ကြားဖြတ်(၂)ဝင်ဦးမယ်၊ ၂ဝ၁၅ ဖြစ်ခဲ့ရင် ထပ်ဝင်ဦးမယ်။ ကြားဖြတ်(၁)ဝင်တုန်းက ဖွဲ့စည်းပုံပြင်ဖို့ကြွေးကြော်တယ်။ ခု ကြားဖြတ်(၂)နဲ့ (၂ဝ၁၅)ဝင်မှာကြတော့ ပြင်ပြင်/မပြင်ပြင်လို့ အသံထုတ် ထားတယ်။ အာဏာ(၃)ရပ်ကိစ္စ လေသံမဟသေး။ အခြေအနေခြင်းကမတူဘူး နောက်ခံအခင်းအကျင်း၊ အင်အားမျှခြေ၊ သူ့ဘက်ကိုယ့်ဘက် ထိမ်းညှိထားနိုင်မှု၊ နိုင်ငံတကာ၊ ဒေသတွင်းနဲ့ အိမ်နီးခြင်းတိုင်းပြည်တွေရဲ့ တိမ်းညွှတ်မှုနဲ့မျက်နှာသာပေးမှုတွေမှာ အရွေ့တွေရှိသွားပြီ။ စစ်အုပ်စုရဲ့အလှည့်အပြောင်းမှာ အပြောင်းအလဲဖြစ်ကုန်ကြတာလို့မှတ်တာပါပဲ။ (ဘာတွေမတူတဲ့ရွေးကောက်ပွဲလဲ)

မီဒီယာဆိုတာ ဒီမိုကရေစီရဲ့စတုတ္ထမဏ္ဍိုင်လို့ပြောတာ ကြားရနားရည်ဝကြပါပြီ။ မဲဆောက်နေတုန်းက ထိုင်းအခြေစိုက် ဗမာမီဒီယာသမားတွေထဲက(တကယ့်ကို) တစ်ဦးစနှစ်ဦးစလေးကလွဲလို့ ဘယ်နိုင်ငံခြားသတင်းဌာနက သတင်းသမားကမှ စတုတ္ထမဏ္ဍိုင်တွေဘာတွေ ပြောသံမကြားမိခဲ့ပါ။ လုပ်စရာရှိတာ စိုက်လိုက်မတ်တပ်နဲ့ ပရော်ဖက်ရှင်နယ်လ်ဖြစ်ဖို့ ကြိုးစားပမ်းစား လုပ်နေကြတာတာပါပဲ။ နိုင်ငံရေးဟာလည်း ထမင်းစားဖို့နဲ့ကြီးပွားရေးအလုပ်အဖြစ် စာရင်းဝင်သွားတဲ့တိုင်းပြည်တွေကလူတွေမို့လားတော့ မပြောတတ်ဘူး နိုင်ငံရေးသမားကိုဖြစ်ဖြစ်၊ အစိုးရခေါင်းဆောင်ကိုဖြစ်ဖြစ်၊ တိုင်းပြည်အကြီးအကဲကိုဖြစ်ဖြစ် တန်းတူရည်တူပဲသဘောထား ကြတာပါ။ ဟိုလူတွေကိုဇန်းတင်ပေးပြီး ကိုယ့်ကိုယ်ကိုယ် စတုတ္ထအရေးပါသူအဖြစ်မခန့်ပါဘူး။ ဒီရောက်တော့ ပိုတောင်ဆိုးသေးတယ်။ စတုတ္ထမဏ္ဍိုင်လို့ပြောရင် စိတ်ဆိုးသူတွေတောင် ကြုံဖူးပါတယ်။ ”ငါ့အလုပ် ငါလုပ်နေတာ၊ ငါ့အသက်မွေးဝမ်းကြောင်းပဲ။ အလုပ်အပေါ် စေတနာကောင်းထားပြီး ကျွမ်းကျွမ်းကျင်ကျင်ဖြစ်ဖို့ပဲလိုတာပါ။ ဘာကိစ္စ ငါကဝင်ပြီး စနစ်နဲ့တိုင်းပြည်ရဲ့ စတုတ္ထနေရာဝင်ယူရမှာတုန်း။ ငါ့ကို ဘယ်သူက ရွေးကောက်တင်မြှောက်ထားလို့တုန်း။ အဲ့သလိုပြောတာဟာ ငါတို့ကပဲ ဒီမိုကရေစီစနစ်ကြီးအရှည်တည်အောင် ထိမ်းမတ်ပေးနေတာလိုလို တိုင်းပြည်ကြီးမပျက်အောင် စောင့်ရှောက်ပေးနေတာလိုလို လေကြီးမိုးကြီးနဲ့ ကျေးဇူးရှင်လုပ်ပြချင်တာပါ”လို့ ခတ်ဆတ်ဆတ်ပြန်ပြောသူနဲ့လည်း သိခဲ့ဖူးတယ်။

ဒီနေ့တော့ ရှားရှားပါးပါး အမေရိကန်မီဒီယာသမားတယောက်နဲ့ ရေစက်ဆုံတယ်။ ”ဗမာပြည်နိုင်ငံရေးအပြောင်းအလဲတွေအကြောင်း သတင်းဆောင်းပါးလေးတခုလုပ်ဖို့ တွေဆုံမေးမြန်းမယ့်သူတွေထဲမှာ မင်းလည်းထည့်ထားတယ်၊ မနက်ဖြန် မနက် ၁၁ နာရီ တို့ဌာနကို လာခဲ့ပါလား၊ ဒါမှမဟုတ်လည်း ကော်ဖီဆိုင် တဆိုင်ဆိုင်မှာတွေ့ရအောင်”တဲ့ ဖုန်းဆက်ပြောတယ်။ ကျနော်က ”မနက်ဖြန် ၁၁ နာရီ မအားပါ။ ညနေပိုင်းတော့အားတယ်၊ အိမ်မှာရှိနေမယ်၊ အိမ်လာနိုင်ရင်လာပါလား၊ ငါ့မှာ သွားရေးလာရေးလည်းခက်တယ်လေ၊ ဒါမှမဟုတ် ၁၁ နာရီမှ ဆိုရင်တော့ သန်ဘက်ခါဆိုဖြစ်ပါတယ်၊ ဘယ့်နှယ်လဲ”လို့ဆိုတော့ ”တို့က မင်းတို့ တိုင်းပြည်အကြောင်း လူသိအောင်လုပ်ပေးဖို့ပါ၊ မင်းဘက်က အချိန်နည်းနည်းလောက် ညှိပေးနိုင်/မပေးနိုင်သိချင်ပါတယ်”တဲ့။ ဒါနဲ့ ကျနော်လည်း ”အချိန်တွေကြပ်နေလို့ပါ“လို့ပြောပြီး ဖုန်းချလိုက်ပါတယ်။ နောက်တော့ သူ့နံမည်ကို သူတို့ဝက်ဘ်ဆိုက်မှာရိုက်ပြီးရှာတော့ တွေ့ပါတယ်။ ဒါနဲ့ စုံစမ်းရေးဌာနကို ကိုယ့်အမည် လိပ်စာတွေပေးပြီး သူ့အကြောင်း မေးမြန်းကြည့်တော့ ”ဂျာနယ်လစ်ဇင်းနဲ့ဘွဲ့ရလာပြီး အလုပ်ဝင်တာ (၃)နှစ်သက်တမ်းရှိတဲ့ သတင်းသမားတစ်ဦးဖြစ်နေတယ်။

အင်း..လို့ သက်မ အချ ”တို့ဆီမှာ စစ်ဗိုလ်တွေအရပ်ဝတ်နဲ့ အစိုးရဆိုပြီး တရားဝင်ဗိုလ်ကျခွင့် ရသွားတာလည်း အဲ့တုန်းကကိုး၊ စစ်ဗိုလ်တွေလည်း မီဒီယာလွတ်လပ်ခွင့်တို့ စတုတ္ထမဏ္ဍိုင်တို့ တယ်ပြောသကိုး၊ မီဒီယာအများကိုလည်း ကိုင်လည်းကိုင်ထားသကိုး”လို့ဆိုတဲ့ အတွေးတချက် ခေါင်းထဲဖျတ်ကနဲဝင်လာတယ်။

မယ်လ်ကွန်အိပ်က်စ်ကတော့ မီဒီအလုပ်ဆိုတာ ဒါ....တဲ့ “The media's the most powerful entity on earth. They have the power to make the innocent guilty and to make the guilty innocent, and that's power. Because they control the minds of the masses” - Malcolm X (စတုတ္ထမဏ္ဍိုင်ဆိုတာ ကိုယ့်အလုပ်ကိုယ်လုပ်ကိစ္စ)

သွေး (၆)ကြိမ် လှူဖူးတယ်။
သွေး (၆)ပုလင်း သွင်းဖူးတယ်။
ကျနော့်သွေး ယူဖူးသူ ၆ ယောက်
ကျနော့်သွေး ပေးဖူးသူ ၆ ယောက်
လူမျိုးကိုသွေးနဲ့စစ်တာလို့
နာဇီတွေနဲ့သာကီတွေကပြောတယ်။
သွေး(ဗီဇ အရ)ပြောရရင်လည်း
ကျနော့်အမိအဖနှစ်ဘက်က
လူမျိုး ၃-၄ မျိုးပေါင်းထားတဲ့ သွေးနှော(ဗီဇနှော)
သူတို့ဆိုတဲ့ သွေးနဲ့စစ်မယ်ဆို
ထွက်မှာ ဘာအဖြေလဲ
သူတို့က ဘာအဖြေထွက်စေ့ချင်သလဲ
ဘာပဲဖြစ်ဖြစ် ကျနော့်သွေးကလည်း
သူတို့သွေးလိုသွေးပဲ
ခင်ဗျားသွေးလိုသွေးပဲ
လူတိုင်းသွေးလိုသွေးပဲ
လူတိုင်းကိုသွေးသားရင်းလို
မေတ္တာ ကရုဏာထားဖို့မဖြစ်တောင်
ချစ်သူတွေကိုချစ်တယ်
လူမျိုးရေးအစွန်းရောက်သမားဆိုတာ
သွေးဆာနေတဲ့သူတွေချည်း
လူမျိုးရေးအစွန်းရောက်တရားဆိုတာ
သွေးနဲ့ထုံမွှမ်းထားတာချည်း
လူမျိုးရေးအစွန်းရောက်သမိုင်းဆိုတာ
သွေးနဲ့ထွင်းထုထားတာချည်း
လူမျိုးရေးအစွန်းရောက်ဘုန်းတော်ဖွဲ့ဆိုတာ
သွေးညှီနံ့ဖျန်းထားတာချည်း
လူမျိုးရေးအစွန်းရောက်ပလားဆို
ရုပ်ရည်သွင်ပြင် ကြန်အင်လက္ခဏာ မတူသူတွေက
ရုပ်ရည်သွင်ပြင် ကြန်အင်လက္ခဏာ မတူသူတွေကို
နိုင့်ထက်စီးနင်း
လုယက်သတ်ဖြတ်
အကြမ်းဖျက်ဖက်ဆီးမှုနဲ့
စတယ်
အဲ့ဒါနဲ့
ဆုံးတယ်
အဲ့ဒါနဲ့ပဲ
သူတို့ ရှူံးတယ် (သွေးနဲ့ လှူတဲ့ကိစ္စ)