Monday, May 19, 2014

၂ဝ၁၄ မေ ဒုတိယနဲ့တတိယပတ်မှာရေးတဲ့ တိုနန့်နန့်လေးတွေ-၂-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ မေ ဒုတိယနဲ့တတိယပတ်မှာရေးတဲ့ တိုနန့်နန့်လေးတွေ-၂-(မျိုးမြင့်ချို)
ရခိုင်တွေအနေနဲ့ ရိုဟင်ဂျာနဲ့ ရခိုင်ပြည်နယ်နေအစ္စလာမ်ဘာသာဝင်တွေကို ကြိုက်သလိုလုပ် ကြိုက်သလောက်သတ် စစ်အုပ်စုကမျက်နှာလွှဲပေးမှာပဲ။ လွှဲလည်း လွှဲပေးတာခုထိပဲ။ ကာလည်း ကာကွယ်ပေးတာပဲ။ လိုအပ်ရင် အလိုတူအလိုပါပါ ကူညီပေးတာပဲ။ အေး...ရခိုင်ပြည်ကထွက်တဲ့ ဓါတ်ငွေ့၊ ရေနံနဲ့အခြားသယံဇာတတွေကို ရခိုင်တွေပဲစီမံခန့်ခွဲမယ်တို့၊ ကျောက်ဖြူကူမင်းလမ်း ရခိုင်ဘက်ကအပိုင်းလည်း ရခိုင်တွေသဘောကျဖြစ်ရမယ်တို့ဘာတို့တော့လုပ်မလာနဲ့ တို့တာဝန်အရေး(၃)ပါးနဲ့ကိုင်ပြီး အပြတ်ချေမှုန်းပစ်မှာပဲ။ ကြပ်ကြပ်သတိထား။ တောင်ကုပ်ကိစ္စအပါအဝင် လူသတ်မီးရှို့သတ်ဖြတ်လုယက်မှုတွေမှာ ဘယ်သူတွေ ဘယ်လက်တွေ ဘယ်အထိပါကြောင်း စစ်အုပ်စုမှာအထောက်အထားအကုန်ရှိပြီးသား။ နိုင်ဖဲအဖြစ်ထားတာ။ ခုနေခါ ထိုးကျွေးရမယ့်အနေအထား ချကျွေးရမယ့်အနေအထားဆို သူတို့အလွတ် ရခိုင်ချည်းသက်သက် တရားခံလုပ်ပစ်လို့ရတယ်။ နိုင်ကွက်ကိုင်အထက်စီးနဲ့ကစားနည်းကို ခင်ဗျားတို့ကိုမပြောနဲ့ သူတို့အချင်းချင်းကိုတောင် ကစားတာမျက်မြင်ပဲ။ ခင်ဗျားတို့ဆီကလုယက်ထးတဲ့ ရခိုင်ပြည်နယ်အကျိုးစီးပွားဟာ စစ်အုပ်စုအကျိုးစီးပွားဖြစ်တယ်။ သူ့အကျိုးစီးပွားတော့
သွားမထိနဲ့ မီးပွင့်သွားမယ်၊ ဝီခေါ်သွားမယ်။ လိုင်စင်မဲ့ကားတဝီဝီလုပ်နေတာ ရခိုင်လက်နက်ကိုင်တွေတင်မဟုတ်ဘူး။ (ပြန်မတောင်းဝံ့သူများ)

အမေရိကားကို ဒုက္ခသည်အနေနဲ့ရောက်ခဲ့သူတွေ(ကျနော်လည်း အဲ့အဆင့်အတန်းနဲ့ ရောက်တာပါ) မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ ဘာသာရေးအရ လူမျိုးရေးအရ စသည်ဖြင့် ဆက်စပ်ဖြစ်ရပ်နောက်ခံတွေ ကိုယ်စီပါလာကြသလို ဒီအစိုးရရဲ့သတ်မှတ်ချက်လည်း တိတိကျကျကိုရှိပါတယ်။ ယေဘုယျသဘောအရသာ အားလုံးကိုဒုက္ခသည် Refugees လို့ပြောပေမယ် အတိအကျလိုအပ်တဲ့အခါမယ် နိုင်ငံရေးအရဖြစ်လာတဲ့ဒုက္ခသည်ကို Political Refugee လို့သုံးစွဲရပါတယ်။

ဘာဒုက္ခသည်အဆင့်နဲ့ပဲရောက်ရောက် ဒီရောက်ပြီးပြီဆို ယေဘုယျအနေနဲ့ ဒုက္ခသည်ဟောင်း Former Refugee လို့ ကင်ပွန်းတပ်တာပါပဲ။ ဒီရောက်ပြီးမှတော့ သူဟာ ဒုက္ခသည်အဖြစ်အနေသဘောကနေ လွတ်သွားပြီဆိုတဲ့သဘောပါ။ ဘဝဖြစ်တည်မှု(ဇာတိ ဇရာ ဗျာဓိ မရဏာကို ဒုက္ခလို့ မှတ်သူတွေအဖို့တော့) ဒုက္ခဟောင်းတစ်ခုကနေလွတ်ပြီး ဒုက္ခသစ်တစ်ခုထဲကို ကိုယ့်ဆန္ဒအလျှောက် ခုန်ဝင်လာကြတယ်လို့ဆိုနိုင်မှာပဲ။ ဒါပေမယ့် လူဟာ ပိုကောင်းမယ်ထင်လို့ ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ကြတာပဲမဟုတ်လား။ ဒုက္ခဖြစ်မယ်မှန်းသိသိနဲ့ တခုခုကိုလုပ်တဲ့သူဆိုတာ လောကမှာရှိမယ်မဟုတ်ပါဘူး။ ဒုက္ခချင်းအတူတူတောင် ပိုခံသာမယ့်ဒုက္ခကိုပဲ ရွေးချယ်ကြတာပဲမဟုတ်လား။ ဒါဓမ္မတာပါပဲ။ ဘယ်သူကမှ အမေရိကားမသွားလို့ တရားစွဲမှာ ရိုက်သတ်မှာမှမဟုတ်တာ။ မိမိကိုယ်ပိုင် အသိစိတ်ရှိရှိနဲ့ ရွေးချယ်ဆုံးဖြတ်ပြီးရောက်လာကြတာချည်းပဲ မဟုတ်လား။

အဲ့သလိုပါပဲ။ ဒီရောက်ပြီး အချိန်တန်လို့ အမေရိကန်နိုင်ငံသားခံယူမယ် မယူဘူးဆိုတာလည်း မိမိဆုံးဖြတ်ရွေးချယ်မှုပဲမဟုတ်လား။ ရောက်ရောက်ခြင်း စဝင်တဲ့လေဆိပ်မှာပဲ I-94 လို့ခေါ်တဲ့ တရားဝင်လူဝင်မှုအဆင့်ပြလက်မှတ် ထုပ်ပေးလိုက်ပြီးသားပါ။ အဲ့လက်မှတ်မှာက သက်တမ်းကုန်သွားတဲ့ရက်ရယ်လို့မရှိပါဘူး။ ခင်ဗျားသေမှ သက်တမ်းကုန်မယ့် လက်မှတ်ပါ။ ပျောက်သွားပျက်သွားရင် အသစ်ပြန်လုပ်လို့(အကြိမ်ကြိမ်)ရပါတယ်။ လုပ်ခကတော့ မိမိကပေးရပါတယ်။ တခါအသစ်ပြန်လုပ်ရင် ဒေါ်လာ(၄ဝဝ)မပြည့်တတ်ပြည့်တတ်ပါ။ အဲ့လက်မှတ်နဲ့ပဲ သေတဲ့အထိအမေရိကန်မှာ နေထိုင်လုပ်ကိုင်စားသောက်ခွင့်ရှိကြောင်း လက်မှတ်ပေါ်မှာ တံဆိပ်တုံးထုပြီးအတိအလင်းပြောထားပြီးသားပါ။ ဘာမှ ပူစရာမရှိပါ။

အဲ့လက်မှတ်နဲ့ (၁)နှစ်နေပြီးရင် ဂရင်န်းကဒ်လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့်လက်မှတ် (လျှောက်ချင်ရင်) လျှောက်လို့ရပါတယ် မလျှောက်လို့လည်း ဘာမှမဖြစ်ပါဘူး။ ဂရင်းကဒ်ကတော့ သက်တမ်းရှိပါတယ်။ သတ်မှတ်သက်တမ်းပြည့်တိုင်း အသစ်ပြန်ပြန်လဲလဲပေးရပါတယ်။ လဲခ ကိုယ်ကပဲပေးရပါတယ်။ ဂရင်းကဒ်နဲ့ အမေရိကန်ပြင်ပခရီးသွားချင်ရင် ခရီးသွားလက်မှတ်လျှောက်လို့ရပါတယ်။ ခရီးသွားလက်မှတ်က တစ်နှစ်ခံပါတယ်။ တစ်နှစ်ပြည့်လို့အသစ်လိုချင်ရင် ထပ်တိုးခပေးပြီး တိုးတိုးသွားလို့ရပါတယ်။ ဂရင်န်းကဒ်နဲ့လည်း ခင်ဗျားမသေမချင်း အမေရိကန်မှာနေသွား သေသွားလို့ရပါတယ်။ ဘာမှ ပူစရာမရှိပါ။

တခါ ဂရင်းကဒ်နဲ့နေသား(၄)နှစ်၊ I-94 နဲ့နေသား(၁)နှစ် စုစုပေါင်း အမေရိကန်မှာ တဆက်တည်းတောက်လျှောက်နေသားချည်းသက်သက်(၅)နှစ်ရှိရင် နိုင်ငံသားလျှောက်ချင်ရင် လျှောက်လို့ရပါတယ်။ မလျှောက်လို့လည်း ဘာမှမဖြစ်ပါ။ မလျှောက်မနေရမဟုတ်သလို မလျှောက်ပဲနေမရအောင်လည်းလုပ်မထားပါ။ (တခုတော့ရှိပါတယ် I-94 ကနေ ဂရင်န်းကဒ်၊ ဂရင်န်းကဒ်ကနေ နိုင်ငံသား စတဲ့အဆင့်လိုက်လျှောက်ထားသူတွေကို သက်ဆိုင်ရာက လိုအပ်မယ့်စစ်ဆေးမှုတွေ သူတို့ဘာသာလုပ်ပါတယ်။ မလိုအပ်ရင် ဘယ်သူ့ကိုမှ လူခေါ်ပြီးမေးတာမြန်းတာမလုပ်ပါ။ မသင်္ကာရင်တော့ ထိန်းသိမ်းရေးစခန်းထဲသွင်းပြီး စစ်ဆေးမေးမြန်းတာလုပ်ပါတယ်) နိုင်ငံသားဖြစ်သွားတဲ့အတွက် ပါ့စ်ပို့တ်လျှောက်လို့ရပြီ။ ပါ့စ်ပို့တ်က တစ်ခါလျှောက်ရင်(၁))နှစ်ပါ။ ဓါတ်ပုံဖိုးပါ အပါမှ ဒေါ်လာ(၁၅ဝ)ဆိုပါတော့။ တရားဝင်ရောက်လာသူဖြစ်လို့ I-94 နဲ့နေနေ ဂရင်န်းကဒ်နဲ့နေနေ နိုင်ငံသားဖြစ်ဖြစ် ခင်ဗျားကိုဘယ်သူကမှ ဘာမှထွေထွေထူးထူး ပြောနေဆိုနေတာလည်းမရှိပါ။ ဘာမှပူစရာမရှိပါ။

ပြောချင်တာက ဒီကိုရောက်တာလည်း မိမိရွေးချယ်ဆုံးဖြတ်မှု။ တခါ ဒီရောက်ပြီးမှ ဟိုဟာဒီဟာလျှေက်တာ မလျှောက်တာကလည်း မိမိဆုံးဖြတ်ချက်နဲ့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတဲ့ကိစ္စ။ ဘယ်သူကမှ အတင်းအကျပ်ပို့လို့ရောက်လာတာလည်း မဟုတ် ဘယ်သူကမှ အဓမ္မခိုင်းလို့ နိုင်ငံသားဖြစ်ရတာလည်းမဟုတ်ပါပဲလျှက် "ကျနော်/ကျမတို့မှာ ရွေးချယ်စရာ ဘာမှမရှိတော့လို့ အမေရိကန်နိုင်ငံသားလျှောက်ထား ခံယူလိုက်ရတာပါ" ဆိုတဲ့ ဆင်ခြေပေးမှုကို ခင်ဗျားဘယ်လိုမြင်မလဲ။ နောက်ဆုံးကုန်ကုန်ပြောမယ် နိုင်ငံသားမလျှောက်လို့ ရိုက်သတ်မယ်ဆိုတောင် မလျှောက်ရေးသဘောထားရှိရင် ခင်ဗျား ရိုက်အသတ်ခံခြင်းကို ရွေးချယ်ခွင့်ရှိပါတယ်။ ခုဟာက ရိုက်လည်းမသတ် တရားလည်းမစွဲ လက်ဖျားနဲ့တောင်မတို့ပါပဲ မိမိဆန္ဒအလျှောက် ပြုမူဆုံးဖြတ်ရွေးချယ်တဲ့ကိစ္စကို ဘယ်နှယ်လို့ ရွေးချယ်စရာမရှိလို့ ရွေးချယ်ရတယ်ပြောနိုင်သလဲ။ သူ့စကားအတိုင်းပဲ ပြန်တွေးကြည့်ပါ ရွေးချယ်စရာမရှိလို့ရွေးချယ်တယ်
ဆိုတာမှာတောင် "ရွေးချယ်တယ်"ဆိုတာ ပါပြီးသားပါ။ (အရှက်ပြေ)

ဗိုလ်နေဝင်းသေတော့
ဗိုလ်စောမောင်သေတော့
ဝမ်နည်းကြောင်းသဝဏ်လွှာ
ခင်ဗျားပို့မိခဲ့သလား
ဗိုလ်သန်းရွှေ
ဗိုလ်ခင်ညွန့်
ဗိုလ်သိန်းစိန်
ဗိုလ်ရွှေမန်းတို့
သေကြရင်ရော
ဝမ်းနည်းကြောင်းသဝဏ်လွှာ
ခင်ဗျားပို့မိလေမလား

ခု
ဦးဝင်းတင်ဆုံးတော့
သူသတ်သမားက
ဝမ်းသာအားရ
ဝမ်းနည်းကြောင်းသဝဏ်လွှာပို့ဆိုပ

ခင်ဗျားသေရင်
ဘယ်သူတွေ
အားပါးတရ
ဝမ်းနည်းကြမလဲ

ကျနော်ဟာ
ခုချိန်ထိ
မယဉ်ကျေးသေးဘူး
လူကြီးလူကောင်းလည်းမဆန်သေးဘူး
ဝမ်းနည်းဂုဏ်ပြုစကားကို
မျက်နှာထားပြီတီတီနဲ့ပြောတတ်မှဆို
ကျနော် ဘယ်တော့မှ ဒီမိုကရေစီရမယ်မထင်ဘူး (ဝမ်းသာအားရဝမ်းနည်းစကား)

ဦးဝင်းတင်ကျန်းမာရေးကြားရတာ အားမရဘူး။ မီးဇာကုန်ဆီခမ်းဆိုပေမယ့် သူ့မီးဇာနဲ့သူ့ဆီက ထောင်နဲ့စစ်ကြောရေးကြောင့် အကုန်နဲ့အခမ်းမြန်ရတာပဲ။ မလွန်စေချင်လည်း လွန်ဆန်မရတဲ့တရားမှန်းသိလည်း သိသိပဲ။ ဒီနေရာမတော့ အသိခေါက်ခက် အဝင်နက်လိုက်ချင်တာပဲ။ သူဆုံးရင် သူနဲ့အတူပါသွားမယ့်သမိုင်းတွေရှိပေသိ သူဆုံးလည်း ဘယ်တော့မှမဆုံးမယ့်သူ့သမိုင်းနဲ့ ဘယ်တော့မှမဆုံးမယ့်လူ့သမိုင်းကတော့ ဆက်ချီနေမှာပဲ။ ထောင်ဝင်စာမှာတစ်ကြိမ်ဖြတ်ကနဲလေးအဆုံ စစ်ထောက်လှမ်းရှေ့တင် ခေါင်းစွပ်ကိုဗျတ်ကနဲဆွဲမတည့်ပြီး နေကောင်းလားမမေးပဲ ”ဘာထူးသေးလဲဗျ”လို့ လှစ်ကနဲလှမ်းမေးတာ ခုထိအောက်မေ့နေတုန်း။ ကျနော် ၂၀၀၆ လောက်က ထိုင်းမှာနေတုန်းရေးဖြစ်ခဲ့တဲ့ ”ကွိ သို့မဟုတ် ယုံကြည်ချက်တွင်ရဲရင့်သူ” ပြန်ရှာပြီးတင်မယ်တွေးပါတယ်။ (ကွိ)

ဒီနေ့ အိမ်မှာ မိတ်ဆွေတချို့နဲ့ ခေါက်ဆွဲကြော်စားတယ်။ ညီမက ကြော်ပေးတာ။ ကျနော့် ဗမာအမေရယ်၊ အမေရိကန်အမေရယ်၊ ယောက္ခမဘိုးတော်ဘွားတော်ရယ် လာကြတယ်။ စားပြီးပြန်ခါနီးတော့ ၄ ယောက်သားထိုင်ပေးပါပြောပြီး ဓါတ်ပုံလေးနှစ်ပုံ ရိုက်တယ်။ ရိုက်ပြီး ကွန်ပြူတာထဲကနေပြတော့ အမေရိကန်အမေက ”အင်း..၈၀ ကျော်များဆုံမိတာအမှတ်တရပေါ့” တဲ့။ ဟုတ်ပါ့..သူပြောမှ ဗမာအမေက ၈၂ နှစ်၊ အမေရိကန်အမေက ၈၁၊ ယောက္ခမ ဘိုးတော်က ၈၆၊ ဘွားတော်က ၈၅ ထဲဝင်ကြပြီ။ ”သူတို့လောက်အသက်ရှည်ပြီး ကျန်းမာရေးတွေလည်း သူတို့လိုထိုက်သလောက်ကောင်းခဲ့ရင် တို့တွေဘယ်လိုနေမယ်မသိဘူးနော”လို့ ဇနီးကိုမေးပြော ပြောကြည့်တော့ ”အဲ့အရွယ်ထိနေရဖို့ပဲ ဆုတောင်းပါဦး”တဲ့။ ပြောရရင် ကျနော့်ဗမာအမေက အဲ့လူကြီးသူမ(၄)ယောက်ထဲမှာ ကျန်းမာရေးအကောင်းဆုံး၊ သွား(၂)ချောင်းကျိုးပြီ၊ သွေးတိုး ဆီးချို နှလုံးစတဲ့ရောဂါမျိုးတွေမရှိ၊ မျက်မှန်လွတ်စာဖတ်နိုင်၊ လက်ကိုင်တုတ်မဆောင်ရသေး။ ဆိုတော့ အခြား(၃)ယောက်က အမြဲလိုလို ”မင်းအမေကို အားလည်းကျ မနာလည်းမနာလိုဘူး” တဲ့။ ကျနော်ထင်တာတော့ ကံ စိတ် ဥတု အာဟာရတွေ နည်းနည်းစီကွဲကြလို့နေမှာပဲ။ ဒီနေရာမှာ ကျနော်ဆိုတဲ့”ကံ” က ”ကမ္မ”လို့ဆိုတဲ့ ”အလုပ်”သဘောကိုပဲ ရည်ညွှန်းတာပါ။ တခြားထွေလီကာလီတွေ မပါပါဘူး။ အမေက တဘဝလုံး အလုပ်နဲ့လက်နဲ့မပြတ်အောင် လုပ်လာခဲ့ရသလို ခုလည်း ဘယ်တော့ကြည့်လိုက်ကြည့်လိုက် တလှုပ်လှုပ်နဲ့ တခုမဟုတ် တခုတော့လုပ်နေတာပဲ။ အငြိမ်နေတာဆိုလို့ အိပ်တဲ့အချိန်ပဲရှိသလားထင်ရတယ်။ ပါးစပ်ကလေးကလည်း တဖြိုးဖြိုးတဖျောက်ဖျောက်နဲ့ ဟိုဟာလေးဝါးလိုက် ဒါလေးဝါးလိုက်နဲ့။ ထမင်းစားပြီတိုင်း ဦးချိန်တီလေးစားလိုက် လျှက်ဆားလေး လျှက်လိုက်နဲ့။ ပြီးတော့ပြောသေးတယ် ”ဝမ်းမှန်ဖို့အရေးကြီးတယ် ဝမ်းတလုံးကောင်းရင် ခါင်းရင်ခေါင်းမခဲဘူးဟဲ့၊ ဝမ်းနှုတ်ဆေးလေးဘာလေးလည်း မှန်မှန်စားကြ”တဲ့။ အင်း..အမေနားလည်တဲ့ ဝမ်းတလုံးကောင်းခေါင်းမခဲနဲ့ ကျနော်နားလည်တဲ့ ဝမ်းတလုံးကောင်းခေါင်းမခဲက မတူဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အမေလည်း သူ့ဝမ်းတလုံးကောင်းခေါင်းမခဲနဲ့ သူ့ဟာသူ အလုပ်တော့ဖြစ်နေတာပဲ။ နေကောင်းထိုင်သာရှိနေတာသေးတာပဲ။ ကျနော့်မှာသာ ရွှေပြည်ကြီးကြည့်ကြည့်ပြီး တခါတခါနေမထိထိုင်မသာ။ (၈ဝ ကျော်တို့ ကျန်းမာနေ)



၂ဝ၁၄ မေ ဒုတိယနဲ့တတိယပတ်မှာရေးတဲ့ တိုနန့်နန့်လေးတွေ-၁-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ မေ ဒုတိယနဲ့တတိယပတ်မှာရေးတဲ့ တိုနန့်နန့်လေးတွေ-၁-(မျိုးမြင့်ချို)
ရီစရာတော့ မဟုတ်ဘူးဗျ ဒါပေမယ့် ရီတော့ရီရတယ်။ ကျနော်လည်း လူတွေကို ဘလော့က်တာပဲ။ ကျနော့်လည်း လူတွေက ဘလော့က်တာပါပဲ။ တခါတခါကျ ဘလော့က်ရမယ့်သူကို ကြိုသတိပေးပြီးမှ သူလက်ခံလို့ဘလော့က်တာမျိုးရှိသလို တခါတလေ ဘာမပြောညာမပြော လုပ်ပစ်လိုက်ရတာတွေလည်းရှိပါတယ်။ တခါတလေ ဘလော့က်ပြီးသားလူကို ပြန်ဖွင့်ပေးလိုက်တာလည်း ရှိပါတယ်။ တခါတလေ သူက ကိုယ့်ကို ဘလော့က်ထားလို့ထားမှန်း ကိုယ်ကမသိ။ သူ့ကို့ဘလော့က်လို့ ဘလော့က်ထားမှန်း သူကလည်းမသိ။ သူမသိ လူမသိတွေပေါ့လေ။ အဲ့ဒါတွေက သိတ်မဆန်းတဲ့ကိစ္စဖြစ်သလို စကားလုပ်ပြောနေစရာတောင် မလိုဘူးမှတ်တာပါပဲ။

ဒီနေ့ဖြစ်ပုံ ရီစရာကောင်းတယ်ဆိုတာက ကျနော့်ကို သူက ဘလော့က်ထားတယ် ကျနော်က အဲ့ဒါကို မသိဘူး။ သတိလည်း မထားမိဘူး။ ဒီနေ့ နေ့လည် သူ ကျနော့်ဖုန်းကိုခေါ်တယ်။ ကျနော်က သူများကိစ္စလိုက်ကူရင်း ရှေ့နေနဲ့စကားပြန်လုပ်ပေးနေတယ် Law Farm ရုံးခန်းထဲမှာ။ ဖုန်းပြန်မဖြေအားဘူး။ တနာရီလောက်ကြာတော့ကိစ္စပြီးတာနဲ့ ဖုန်းပြန်ခေါ်တယ်။ ဘာများကိစ္စရှိလို့လဲပေါ့။ သူ့ဖုန်း မကိုင်ရကောင်းလား စိတ်ဆိုးမန်ဆိုး မြည်တွန်တယ်။ ရှင်းပြလိုက်တော့ သြော်..မသိလို့ဗျာ ဆိုပြီး စိတ်နည်းနည်းပြေသွားတယ်။ ဒါပေမယ့် စက္ကန့်ပိုင်းလေးပဲ။

”ဟေ့လူ...ခင်ဗျားကို ကျနော်ဘလော့က်ထားတယ်ဗျ၊ သိလား”လို့မေးတယ်။ ကျနော်က ကွန်ပြူတာပေါ်မှာမှ မရှိတာ။ ဘယ်လိုလုပ် ကြည့်နိုင်ပါ့မလဲ။ ဒါနဲ့ ”ဟုတ်လား.. မသိဘူးဗျ။ ခနနေရင် ကျနော် တည်းတဲ့အိမ်ပြန်ရောက်မယ် အဲ့တော့မှ စစ်ကြည့်လိုက်မယ်”လို့ပြန်ဖြေတော့ သူ ယမ်းပုံမီးကျသွားပုံပဲ။ ”တပတ်လောက်တောင်ရှိနေပြီ၊ ခင်ဗျား တကယ်မသိတာလား”တဲ့။ သူ ဒီလောက်ကြီး ဘလော့က်ထားတာတောင် မသိရကောင်းလားဆိုတဲ့စိတ်လည်း ဖြစ်သွားပုံပဲ။ ကျနော်ကလည်း တကယ့်ကို မသိတာဖြစ်နေတယ်။ ဒါနဲ့ ”ဟေ့လူရာ..ကျနော် တကယ်မသိလို့ပါ” လို့ ပြောလေ သူ ဒေါသဖြစ်လေပဲ။ ဖုန်းထဲ အော်ကြီးဟစ်ကျယ်တွေကနေ အယုတ္တအနတ္တတွေပါ ပါလာတယ်။

ဒါနဲ့ သူစိတ်ပြေပါစေတော့ ဆိုပြီး ”ဒီလိုလုပ်ဗျာ ကျနော့်ကို ဘလော့က်ထားတာ ပြန်ဖွင့်လိုက်ဗျာ။ ပြီးရင် ဖရင်န်းဒ်ရီကွပ်စ်ပြန်ပို့။ ကျနော် လက်ခံလိုက်မယ်။ ပြီးတာနဲ့ ခင်ဗျားက ဘလော့က်ပြီ ဆိုတဲ့အကြောင်း မက်ဆေ့ဂ်ျဘောက်စ်ကနေ အရင်ပြော။ ပြီးတာနဲ့ ဘလော့က်သာချလိုက်ဗျာ၊ ဘယ့်နှယ်လဲ” လို့လည်း ပြောလိုက်ရော ဆဲလိုက်တာ မိုးကိုမွှန်ရော။ ”နောင် ဘာကိစ္စရှိရှိ ခင်ဗျား ကျနော့်ဆီဖုန်းမဆက်နဲ့”လို့ပြောပြီး ဖုန်းပါချသွားတယ်။ ဒါနဲ့ ချက်ခြင်း သူ့ပြန်ခေါ်ပြီး ”ဟေ့လူ ကျနော့် ဖုန်းလည်း Delete လုပ်လိုက်ဦးနော်”လို့သတိပေးမိတော့ ပိုဆိုးကုန်တယ် မကြားဝံ့မနာသာတွေပါ ပါလာရော။ ကျနော်လည်း ဒီဘက်ကနေ ဖုန်း နား နားကပ်ပြီးရီမိတယ်။ (ဘလော့က်တာမသိရကောင်းလား)

၂၀၀၈ ဖွဲ့စည်းပုံကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ပါ့မယ့်ကျမ်းကျိန်ပြီး လွှတ်တော်ထဲ ဒူးတုပ်ဝင်သွားတာ ပြည်သူတွေမဟုတ်ဘူး။ အဲ့ဒါကြီးကို ပြင်မယ်ပြောလို့ လူတွေက မဲပေးရွေးချယ်ခဲ့ကြတာ။ ဒီ ဖွဲ့စည်းပုံကို ကြိုက်လား/မကြိုက်ဘူးလားက ပြည်သူတွေကိုမေးနေစရာမလိုဘူး။ လူထုက ပြောပြီးသား ဆန့်ကျင်တယ်ဆိုတာ။ မနိုင်လို့သီးခံနေရတာမဟုတ်ဘူး။ ဒီ့လောက် ပေါင်းပြီးဖိနှိပ်နေတဲ့ကြားက ရတဲ့နည်းနဲ့ခုခံတွန်းလှန်နေတာ ကမ္ဘာသိပဲ။ အဲ့ဒီလူတွေကို ”ဥပဒေချိုးဖေါက်ရင် အရေးယူဖို့ ကျမကိုယ်တိုင်ပြောထားတယ်”ဆိုတဲ့စကားက ပြည်သူတွေက ပြောခဲ့တာမဟုတ်ဘူး။ ပြည်သူတွေကို တိုက်ရိုက်အတိအလင်း ၂၀၀၈ ဖွဲ့စည်းပုံနဲ့ခြိမ်းခြောက် စိန်ခေါ်တဲ့စကားသာဖြစ်တယ်။ ဒီမတရားတဲ့ဥပဒေကို မိမိကိုယ်တိုင် လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ရုံနဲ့တင်အားမရ ဒါနဲ့လှည့်ပါခြောက်ခဲ့တာ ပြည်သူတွေမဟုတ်ဘူး။ ခု လက်မှတ်ကောက်ယူစုဆောင်းပြီး လွှတ်တော်ထဲကနေတဆင့် တင်ပြမယ်ဆိုတဲ့လုပ်ဟန်ဟာ စစ်အုပ်စုကြိုက်လုံးကို တဖက်လှည့်နဲ့ ကပြတဲ့လုပ်ဇာတ်လို့မြင်တယ်။ ရွှေမန်းလွှတ်တော်/ကာချုပ်/သိန်းစိန်တို့နဲ့ လက်ဝါးရိုက်တဲ့ကြံစည်ချက်လောက်ပဲမြင်တယ်။ နိုင်ငံတကာကို ဒီမိုကရေစီရနေပါပြီလို့ ကူလိမ်ပေးနေတာလို့မြင်တယ်။ စစ်မှန်တဲ့လူထုလှုပ်ရှားမှုလို့ မမြင်ဘူး။ လွှတ်တော်ပြင်ပ လူထုလှုပ်ရှားမှုလို့မမြင်ဘူး။ အပြင်က လူထုအသံကို မျက်နှာထွက်ပြသိမ်းယူပြီး လွှတ်တော်ထဲအင်ပို့တ်လုပ်တာလို့ပဲမြင်တယ်။ အခြားပါတီတွေ အဖွဲ့အစည်းတွေ လူမျိုးစုတွေတွေ အပစ်ရပ်/မရပ်တွေ ပါမလာရအောင် ကန့်ထားတာကိုက နိုင်ငံရေးကစားကွက်လို့မြင်တယ်။ တတိုင်းပြည်လုံး တမျိုးသားလုံး လူထုတရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စလို့ သဘောမထားမှန်းပေါ်လွင်တယ်။ အဲ့ဒီလုပ်ရပ်ဟာ ဘာနဲ့တူသလဲဆိုတော့ အထွေထွေမကျေနပ်ချက်တွေ မတရားမှုတွေဒင်းကြမ်းပြည့် ခါးစည်းခံနေရလို့ မခံရပ်နိုင်လို့ လမ်းပေါ်တက်လာမယ့် လူထုကို ဇက်ကူခွံ့ပေးတာ ဇက်သတ်တာမျိုး အရှိန်တန့်သွားအောင်လုပ်တာပဲလို့မှတ်တယ်။ (ပြည်သူတွေမဟုတ်ဘူး)

ဗိုလ်နေဝင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဘာကွာသလဲလို့ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းက စစ်တပ်ကိုခုတုံးလုပ်ပြီးနိုင်ငံရေးထဲဝင်လာသူ မဟုတ်ဘူး၊ စစ်တပ်စင်ထိုးပြီး နိုင်ငံရေးနေရာ ယူလာသူ မဟုတ်ဘူး။ ကိုအောင်ဆန်း သခင်အောင်ဆန်းကနေ ဦးအောင်ဆန်းအထိ သူဟာ သမိုင်းလူဖြစ်သလို ဗမာ့သမိုင်းအလှည့်အပြောင်းကို ဦးဆောင်ဖန်တီးခဲ့သူလည်းဖြစ်တယ်။ ဗိုလ်နေဝင်းကတော့ ဒါတွေနဲ့ပြောင်းပြန်ပဲ။ ရဲဘော်သုံးကျိပ်ထဲပါသမို့ ကြေးတန်းတိုက်လို့တော့ မဖြစ်။ (ဘာ ကွာလဲဆိုတော့)

ဦးအောင်မေသုနဲ့ ကျနော်တို့ အမှုတွဲ။ နိုင်ငံရေးထိန်းသိမ်းခံဘဝတုန်းကလည်း (၁)တိုက်မှာအတူတူ။ ထောင်ကျပြီးတော့လည်း (၄-ရှည် ၃ ခန်းမှာ)အတူတူ။
၉ဝ စက်တင်ဘာ (၂၅)မှာ (၄)တိုက်က ကျနော်၊ သဲကုန်းဦးအောင်သန်း၊ ကိုခွန်ဆိုင်း၊ ကိုညိုထွန်း၊ ကိုကျော်အေး၊ ကိုမြင့်ရီတို့(၆)ဦး ပြစ်ဒဏ်သတ်မှတ် လူမဆန်အောင်ရိုက်နှက်ပြီး
ထောင်ပြောင်း တိုက်ပြောင်း အပြောင်းခံရချိန်မှာ ဦးသုနဲ့ လူချင်းကွဲသွားတယ်။
နောက် ကျနော် နောက်ထပ်တမှုနဲ့ သာယာဝတီထောင်ရောက်တော့ ပြန်ဆုံတယ်။ စကားေ အေးဆေးပြောချိန် တခါမှ မရခဲ့ဘူး။ လက်ပြခြေပြနှုတ်ဆက်တာလောက်ပဲ။
ဒါပေမယ့် (၄-ရှည် ၃-ခန်းမှာ)လူ(၅)ယောက်(ဦးသု၊ ကိုမြင့်လှိုင်၊ ကိုမျိုးကြည်၊ ကိုသန့်စင်၊ ကျနော်) တနေ့ကို ၂၃ နာရီလောက်နှုန်းနဲ့ ၁၂ ပေ ၈ ပေအခန်းကျဉ်းလေးထဲ အိပ်လည်းဒီနေရာ၊ ချီးပါသေးပေါက်လည်းဒီနေရာ၊ ဘုရားရှိခိုးလည်းဒီနေရာ၊ ထမင်းစားလည်းဒီနေရာ၊ လမ်းလျှောက်လည်းဒီနေရာ၊ တရားမှတ်လည်းဒီနေရာ၊ လေ့ကျင့်ခန်းလုပ်၊
နိုင်ငံရေးလေ့လာ၊ စကားစမြည်ပြော ဘာလုပ်လုပ် အဲ့ဒီအခန်းကျဉ်းလေးထဲမှာ တနှစ်ခွဲလောက်အတူနေခဲ့ချိန်တွေက ဦးသုဘာလဲဆိုတာ နည်းနည်းရိပ်မိခဲ့တယ်။

ဦးသုဟာ မတရားမှုကိုဆန့်ကျင်တိုက်ခိုက်သူပဲ။ ဦးသုဟာ နောက်ဆုံးထွက်သက်ထိ
စစ်အာဏာကို ဒူးမထောက်ခဲ့သူပဲ။ ဝံ့ဝံ့စားစားစိန်ခေါ်ခဲ့သူပဲ။ သူရှေ့မှာ ဂျူးတွေမတရားအလုပ်ခံရရင် ဂျူးတွေဘက်က၊ ခရစ်ယာန်တွေမတရားလုပ်ခံရရင် ခရစ်ယာန်တွေဘက်က။ အစ္စလာမ်ဘာသာဝင်တွေမတရားအလုပ်ခံရရင် အစ္စလာမ်ဘာသာဝင်တွေဘက်က၊ ဗုဒ္ဓဘာသာဝင်တွေမတရားအလုပ်ခံရရင် ဗုဒ္ဓဘာသာဝင်တွေဘက်က ရပ်တည်တိုက်ပွဲဝင်မယ့်သူပဲ။ သူ့ဘဝ နောက်ဆုံးအချိန်ထိ စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တိုက်ခိုက်သွားခဲ့တာလည်း အပေါ်ကပြောခဲ့တဲ့ မတရားမှုတွေကို ဆန့်ကျင်တိုက်ခိုက်သွားခဲ့တာပဲ။ စစ်အာဏာရှင်စနစ်ဆိုးဟာ
မတရားမှုမှန်သမျှရဲ့ အရင်းလက်သည်ပဲ မူလတရားခံပဲ။

ဦးသုဟာ အစ္စလာမ်ဘာသာကိုယုံကြည်တဲ့ မွတ်စလင်မ်တစ်ယောက်ဖြစ်လို့
အစ္စလာမ်တွေကို အစိုးရကနှိပ်ကွပ်လို့
မခံချင်စိတ်နဲ့ နိုင်ငံရေးထဲဒေါသနဲ့ပါလာသူမဟုတ်ဘူး။
၈၈ ကျမှ ကောက်ကာငင်ကာ ရန်သူရှာတွေ့လာသူ မဟုတ်ဘူး။ (ဦးအောင်မေသု)

ကိုအောင်ကျော်မိုး ထောင်ထဲမှာ အစာငတ်ခံတိုက်ပွဲဝင်ရင်းကျဆုံးခဲ့တာကို ဂုဏ်ပြအခမ်းအနားလုပ်မယ်ဆိုတာ သိရတယ်။ ဝမ်းသာတယ် ပြီးတော့ဝမ်းနည်းတယ်။ သူ ကျနော်တို့ အမှုတွဲတွေပဲ။ သူ သူ့လူငယ်ဘဝကို တည်တည်ကြည်ကြည် ရဲရဲရင့်ရင့်ဖြတ်သန်းခဲ့သူပဲ။ အချိန်တိုင်းမှာ တခုမဟုတ်တခုကို လေ့လာစူးစမ်းနေသူပဲ။
ခု လုပ်မယ့် သူ့အမှတ်တရပွဲမှာ သူနဲ့ပတ်သက်လို့ သက်ဆိုင်သူတိုင်းမှာ ပြောစရာတွေကိုယ်စီမှာရှိကြမှာပဲ။ ကျနော့်မှာလည်း ပြောစရာလေးရှိတယ်။ အများကြီးတော့မဟုတ်ဘူး အင်းစိန်ထောင်မှာ အတူနေတုန်းက
တနေ့သူရေချိုးအဆင်း ဝါဒါအလစ်မှာ ကျနော့်ကို ဝါကျင်ကျင်အင်္ဂလိပ်စာရွက်ပိုင်းလေးတခုကို ဗာဒံရွက်နဲ့ညှပ်ပြီးပေးတယ်။ ပြီးတော့ပြောတယ် "ဂျက်လန်ဒန်ဝတ္တုတိုလေးဗျ။ အစအဆုံးရှိတယ်ပြောတယ်။ ကျနော့်ဆီရောက်လာရင် ကျနော်ဖတ်ပြီး
ခင်ဗျားဆီပေးမယ်။ ပြီးရင်ပြန်ပေးပေါ့။ မိတော့ မမိစေနဲ့နော်။ ကျနော်မသိတာတွေ ခဲနဲ့ဝိုင်းထားတယ်။ ခင်ဗျားသိရင် ရေးပေးလိုက်။ ဒါမှမဟုတ် နောက်နေ့ပြော။ ကျနော် သိတာတွေတော့ ရေးထားတယ်။ ဖေတော့မောင်တော့တွေနဲ့တော့
အချိန်ကုန်မခံနဲ့ဗျို့"တဲ့။ ဒါပဲ။ (ကိုအောင်ကျော်မိုး)

ဗိုလ်သိန်းစိန်တို့မျိုးဆက်စစ်အုပ်စုရဲ့ ဗြောင်ကျကျယုတ်မာရက်စက်မှုဟာ ဘယ့်လောက်ထိ တာသွားသလဲဆို ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ တန်းတူညီမျှမှုတို့ပြောနေတဲ့ နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းတွေကထိပ်သီးတွေ ခုဆို သင်္ကန်းခြုံထားတာမြင်ရင် ဘာကောင်ဖြစ်ဖြစ် ဘယ်လောက်ရှိရှိ လက်အုပ်လေးချီပြီး အရှင်ဘုရားတပည့်တော် ဘာညာဘာညာတွေလုပ်ရတဲ့ဘဝကို ရောက်ရောပဲ။ ၉၆၉ နဲ့ မဘသဆိုတဲ့အစွန်းရောက် အယူသီး အကြမ်းဖက်သင်္ကန်းခြုံတွေကိုင်ပြီ နိုင်ငံရေးအောက်လမ်းနည်းနဲ့တိုက်တာ ဘာသာလူမျိုးမတူသူတွေတင်မကဘူး ဘာသာလူမျိုးတူသူတွေပါ ပြားပြားမှောက် ဝပ်ဆင်းသွားရတာပဲ။ ဒါပေမယ့် ဒါဟာ ယာယီနိုင့်ထက်စီးနင်းလုပ်ဖြစ်ကြောင်းနဲ့ ခွက်ခွက်လန်အောင် အရှူံးကြီးရှူံးရမယ့်ကိန်းက ပေါ်လာပါပြီ။ အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေ Rights Organization တွေ အမျိုးသမီးအခွင့်အရေးအဖွဲ့တွေက ဒီ ဘုန်းကြီးဆိုးနဲ့စစ်ဗိုလ်ယုတ်တွေကို ရဲရဲဝံ့ဝံ့ငြာသံပေးစိန်ခေါ်သံဟိန်းထွက်လာပြီ မဟုတ်လား။ နောက်ဆို ဒီ့ထက်မကတဲ့ စိန်ခေါ်သံတွေညံလာဦးမယ်ယုံတယ်။ အမျိုး ဘာသာ သာသနာခေါင်းစဉ်တပ်ပြီး လူလူချင်းခွဲခြားဆက်ဆံမှု အမုန်းတရားဟောပြောဖြန့်ချိမှု အကြမ်းဖက်သတ်ဖြတ်လုယက်မှု လူစိတ်ပျောက်ပြီး ကြောက်မက်ဖွယ်ရာဇဝတ်မှု ကျူးလွန်သူတိုင်း(လူဖြစ်ဖြစ် သင်္ကန်းခြုံဖြစ်ဖြစ်) ပြတ်ပြတ်သားသားဆန့်ကျင်တယ် တိုက်ခိုက်တယ်။ အဲ့ဒီအနိဌာရုံတွေနဲ့ ဆန့်ကျင်ဘက်မှာရပ်တဲ့သူ၊
လှုပ်ရှားဆောင်ရွက်သူ ဘယ်သူ့ကိုမဆို မိတ်ဆွေအဖြစ်သဘောထားမယ်။ ရင်းရင်းချာချာဆက်ဆံမယ်။ လိုတဲ့အကူအညီကို တတ်နိုင်သမျှပေးမယ်။ ပေးတယ်။
အဲ့ဒီ အကျင့်တန်အကျင့်ဆိုးတွေကို ရှူတ်ချပြစ်တင် ဆန့်ကျင်တိုက်ခိုက်တဲ့စာတွေ ရေးသားလှုံ့ဆော်ဝါဒဖြန့်နေမယ်။ (ဝါဝါမြင် ဦးတော်တင်ရတဲ့ဘဝ)

ဝါဒဖြန့်တယ်ဆိုတဲ့စကားဟာ ခုတော့ မကောင်းတဲ့သဘော မဟုတ်တာကိုလုပ်ကြံပြောတဲ့သဘောသက်ရောက်သွားပြီ။ အထူးသဖြင့်နိုင်ငံရေးမှာ။ အမှန်က ဝါဒဆိုတာ ဖြန့်မှပြန့်တာပဲ။ ဖြန့်လည်းဖြန့်ရတာပဲ။ ဖြန့်မှလည်း ပြန့်တာပဲ။ ဘာသာရေးမှာလည်း ဒီအတိုင်းပဲ ဖြန့်ရတာပဲမဟုတ်လား။ ဖိနှိပ်သူတွေထင်သလိုပြောတာလည်း ဝါဒဖြန့်တာပဲ။ ကျနော်တို့ရောက်ရာအရပ်မှာ နားထောင်မယ့်သူတိုင်းကို စစ်အာဏာရှင်စနစ် မကောင်းကြောင်းပြောတာလည်း ဝါဒဖြန့်တာပါပဲ။ ဝါဒဖြန့်တာပါကွာလို့ဆိုလိုက်ရင် မဟုတ်တာတွေလုပ်ကြံပြောနေတာလို့ လူတွေစိတ်ထဲစွဲသွားတဲ့အထိဖြစ်သွားစေတာက မီဒီယာစုံကိုင်ထားတဲ့အာဏာလက်ရှိတွေရဲ့ လူထုနားထဲအဆိပ်ခပ်မှုပဲ။ ဖြန့်ပါ ခင်ဗျားယုံတဲ့ဝါဒကို ပြန့်သထက်ပြန့်အောင်။ ဝါဒဖြန့်တာ ရှက်စရာမှမဟုတ်တာ။ ခင်ဗျားအယူ လူထုအကျိုးပါရင် လူထုပါလာမှာပဲ။ လူမကြိုက်ရင် နောက်လိုက်နည်းမှာပဲ။ လူထုအကျိုးနဲ့သွေဖည်ရင် လူထုဆန့်ကျင်တာခံရမှာပဲ။ ကျနော်ကတော့ ဝါဒဖြန့်ပါတယ်။

နောက်တလုံးက လော်ဘီ။ လော်ဘီလည်း ခုတော့ မကောင်းတာလုပ်တဲ့သူကို (လုပ်နေတာကို) ကောင်းတယ်လို့အတင်းလိုက်ပြောနေသလိုမျိုးအထိ အဓိပ္ပါယ်ဆွဲယူလာတာ သတိထားမိတယ်။ အမှန်က လော်ဘီဆိုတာ ဥပဒေပြုခွင့်အာဏာရှိသူတွေကိုချဉ်းကပ်ပြီး မိမိတို့ဖြစ်စေချင်တဲ့ဥပဒေမျိုးတွေဖြစ်လာအောင် သိမ်းသွင်းနားချဖျောင့်ဖြတာမျိုး၊ တိုက်တွန်းတာမျိုး၊ အရေးဆိုတာမျိုးပဲ။ ဒီမိုကရေစီလို့ဆိုတဲ့နိုင်ငံတွေမယ် မရှိမဖြစ်ကိစ္စပဲ။ ကောင်းတဲ့ကိစ္စပဲ။ တခါတလေမှာ လူတွေသိန်းသန်းချီ လမ်းပေါ်ထွက် ဆန္ဒပြမှရမယ့်အရေးတွေကို လော်ဘီနည်းနဲ့ ပြီးပြတ်ကျော်လွှားသွားခဲ့တာတွေလည်း ရှိတယ်(ကြိုက်တာမကြိုက်တာက တပိုင်းပဲ)။ သဘောက လော်ဘီဟာ နိုင်ငံရေးမှာ လိုအပ်တဲ့ကိစ္စပဲ။ ကိစ္စမကောင်းမှမဟုတ်ပဲ။ လော်ဘီပါ ခင်ဗျားကြိုက်တဲ့ဥပဒေတွေဖြစ်လာအောင်။ လော်ဘီပါ ခင်ဗျားမကြိုက်တဲ့ဥပဒေတွေ ပျက်ကုန်အောင်။ ကျနော်ကတော့ လော်ဘီပါတယ်။

နောက်တလုံးက အာဏာရှင်။ အာဏာရှင်ဆိုတဲ့ဝေါဟာရဟာ ကမ္ဘာမှာလူကြိုက်(ခဏ) များခဲ့ဖူးသလို ရွှေပြည်ကြီးမလည်း ခေတ်စားခဲ့ဖူးတာပ။ အာဏာရှင်လှရွှေ (ဒုတိယ ကမ္ဘာစစ်မတိုင်မီ ကျောင်းသားခေါင်းဆောင်)၊ အာဏာရှင်အဓိပတိဒေါက်တာဘမော် ဆိုတာမျိုး အမည်ရှေ့မှာဂုဏ်ပုဒ်အနေနဲ့တပ်တာ။ ဟစ်တလာ့ကို သီချင်းလုပ်ပြီးတောင် အမွမ်းတင်သေး (အာဏာရှင်ဟစ်တလာက++++ ပျိုရွယ်သူတွေစုံကာဖက်လို့)စသည်ဖြင့်။ တကယ်တော့ ဖက်ဆစ်စနစ်ဟာအရင်းရှင်စနစ်ရဲ့ အမြင့်ဆုံးသဏ္ဍန်နဲ့လုယက်မှုသာပဲ။ ခုတော့ အာဏာရှင်လို့ဆိုလိုက်တာနဲ့ မင်းဆိုးမင်းညစ်ဆိုပြီးတန်းပေါ်တာပါပဲ။ အာဏာမှာ လူတန်းစားဘက်လိုက်မှုရှိတာတော့ အသေအချာပဲ။ အာဏာလက်ဝယ်ရှိသူတိုင်း အာဏာရှင်မဖြစ်ဘူး။ အာဏာကိုဘယ်လိုကျင့်သုံးသလဲဆိုတာနဲ့ လူတစ်ယောက်ခြင်းရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်တွေ လူ့အဖွဲ့အစည်းတခုလုံးကိုအပြန်အလှန်ထိမ်းကျောင်းပေးတဲ့ နိုင်ငံဖွဲ့စည်းထားပုံ၊ အစိုးရအုပ်ချုပ်ရေးသဏ္ဍန်၊ တရားစီရင်ရေး၊ ဥပဒေပြုခွင့် စတာတွေကြည့်ပြီး အာဏာရှင်/မရှင်ကိုပြောလို့ရတာ။ အာဏာဆိုတာလိုအပ်တဲ့အခါ အပ်နှင်းထားတဲ့အတိုင်း ကျင့်သုံးရတာပဲ။ ထောင်၊ တရားရုံး၊ စစ်တပ်၊ ရဲဆိုတာတွေလည်း အာဏာရဲ့ယန္တယားတွေပဲ မဟုတ်လား။ ဒါတွေမရှိလည်း ကိုယ့်အတိုင်းအတာနဲ့ကိုယ်တော့ ခင်ဗျားမလည်း အာဏာရှိတာပါပဲ။ ကျနော့်မလည်းရှိတာပါပဲ။ အစိုးရမှ ရှိတာမှမဟုတ်တာ။ ကျနော်ကတော့ သုံးဖို့လိုမယ်ဆို သုံးဖို့ဝန်လေးနေမယ် မထင်ပါ။ (ဝါဒဆိုတာ ဖြန့်မှပြန့်တာ)


အရှက်ပြေ(မျိုးမြင့်ချို)

0 comments
အမေရိကားကို ဒုက္ခသည်အနေနဲ့ရောက်ခဲ့သူတွေ(ကျနော်လည်း အဲ့အဆင့်အတန်းနဲ့ ရောက်တာပါ) မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ ဘာသာရေးအရ လူမျိုးရေးအရ စသည်ဖြင့် ဆက်စပ်ဖြစ်ရပ်နောက်ခံတွေ ကိုယ်စီပါလာကြသလို ဒီအစိုးရရဲ့သတ်မှတ်ချက်လည်း တိတိကျကျကိုရှိပါတယ်။ ယေဘုယျသဘောအရသာ အားလုံးကိုဒုက္ခသည် Refugees လို့ပြောပေမယ် အတိအကျလိုအပ်တဲ့အခါမယ် နိုင်ငံရေးအရဖြစ်လာတဲ့ဒုက္ခသည်ကို Political Refugee လို့သုံးစွဲရပါတယ်။

ဘာဒုက္ခသည်အဆင့်နဲ့ပဲရောက်ရောက် ဒီရောက်ပြီးပြီဆို ယေဘုယျအနေနဲ့ ဒုက္ခသည်ဟောင်း Former Refugee လို့ ကင်ပွန်းတပ်တာပါပဲ။ ဒီရောက်ပြီးမှတော့ သူဟာ ဒုက္ခသည်အဖြစ်အနေသဘောကနေ လွတ်သွားပြီဆိုတဲ့သဘောပါ။ ဘဝဖြစ်တည်မှု(ဇာတိ ဇရာ ဗျာဓိ မရဏာကို ဒုက္ခလို့ မှတ်သူတွေအဖို့တော့) ဒုက္ခဟောင်းတစ်ခုကနေလွတ်ပြီး ဒုက္ခသစ်တစ်ခုထဲကို ကိုယ့်ဆန္ဒအလျှောက် ခုန်ဝင်လာကြတယ်လို့ဆိုနိုင်မှာပဲ။ ဒါပေမယ့် လူဟာ ပိုကောင်းမယ်ထင်လို့ ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ကြတာပဲမဟုတ်လား။ ဒုက္ခဖြစ်မယ်မှန်းသိသိနဲ့ တခုခုကိုလုပ်တဲ့သူဆိုတာ လောကမှာရှိမယ်မဟုတ်ပါဘူး။ ဒုက္ခချင်းအတူတူတောင် ပိုခံသာမယ့်ဒုက္ခကိုပဲ ရွေးချယ်ကြတာပဲမဟုတ်လား။ ဒါဓမ္မတာပါပဲ။ ဘယ်သူကမှ အမေရိကားမသွားလို့ တရားစွဲမှာ ရိုက်သတ်မှာမှမဟုတ်တာ။ မိမိကိုယ်ပိုင် အသိစိတ်ရှိရှိနဲ့ ရွေးချယ်ဆုံးဖြတ်ပြီးရောက်လာကြတာချည်းပဲ မဟုတ်လား။

အဲ့သလိုပါပဲ။ ဒီရောက်ပြီး အချိန်တန်လို့ အမေရိကန်နိုင်ငံသားခံယူမယ် မယူဘူးဆိုတာလည်း မိမိဆုံးဖြတ်ရွေးချယ်မှုပဲမဟုတ်လား။ ရောက်ရောက်ခြင်း စဝင်တဲ့လေဆိပ်မှာပဲ I-94 လို့ခေါ်တဲ့ တရားဝင်လူဝင်မှုအဆင့်ပြလက်မှတ် ထုပ်ပေးလိုက်ပြီးသားပါ။ အဲ့လက်မှတ်မှာက သက်တမ်းကုန်သွားတဲ့ရက်ရယ်လို့မရှိပါဘူး။ ခင်ဗျားသေမှ သက်တမ်းကုန်မယ့် လက်မှတ်ပါ။ ပျောက်သွားပျက်သွားရင် အသစ်ပြန်လုပ်လို့(အကြိမ်ကြိမ်)ရပါတယ်။ လုပ်ခကတော့ မိမိကပေးရပါတယ်။ တခါအသစ်ပြန်လုပ်ရင် ဒေါ်လာ(၄ဝဝ)မပြည့်တတ်ပြည့်တတ်ပါ။ အဲ့လက်မှတ်နဲ့ပဲ သေတဲ့အထိအမေရိကန်မှာ နေထိုင်လုပ်ကိုင်စားသောက်ခွင့်ရှိကြောင်း လက်မှတ်ပေါ်မှာ တံဆိပ်တုံးထုပြီးအတိအလင်းပြောထားပြီးသားပါ။ ဘာမှ ပူစရာမရှိပါ။

အဲ့လက်မှတ်နဲ့ (၁)နှစ်နေပြီးရင် ဂရင်န်းကဒ်လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့်လက်မှတ် (လျှောက်ချင်ရင်) လျှောက်လို့ရပါတယ် မလျှောက်လို့လည်း ဘာမှမဖြစ်ပါဘူး။ ဂရင်းကဒ်ကတော့ သက်တမ်းရှိပါတယ်။ သတ်မှတ်သက်တမ်းပြည့်တိုင်း အသစ်ပြန်ပြန်လဲလဲပေးရပါတယ်။ လဲခ ကိုယ်ကပဲပေးရပါတယ်။ ဂရင်းကဒ်နဲ့ အမေရိကန်ပြင်ပခရီးသွားချင်ရင် ခရီးသွားလက်မှတ်လျှောက်လို့ရပါတယ်။ ခရီးသွားလက်မှတ်က တစ်နှစ်ခံပါတယ်။ တစ်နှစ်ပြည့်လို့အသစ်လိုချင်ရင် ထပ်တိုးခပေးပြီး တိုးတိုးသွားလို့ရပါတယ်။ ဂရင်န်းကဒ်နဲ့လည်း ခင်ဗျားမသေမချင်း အမေရိကန်မှာနေသွား သေသွားလို့ရပါတယ်။ ဘာမှ ပူစရာမရှိပါ။

တခါ ဂရင်းကဒ်နဲ့နေသား(၄)နှစ်၊ I-94 နဲ့နေသား(၁)နှစ် စုစုပေါင်း အမေရိကန်မှာ တဆက်တည်းတောက်လျှောက်နေသားချည်းသက်သက်(၅)နှစ်ရှိရင် နိုင်ငံသားလျှောက်ချင်ရင် လျှောက်လို့ရပါတယ်။ မလျှောက်လို့လည်း ဘာမှမဖြစ်ပါ။ မလျှောက်မနေရမဟုတ်သလို မလျှောက်ပဲနေမရအောင်လည်းလုပ်မထားပါ။ (တခုတော့ရှိပါတယ် I-94 ကနေ ဂရင်န်းကဒ်၊ ဂရင်န်းကဒ်ကနေ နိုင်ငံသား စတဲ့အဆင့်လိုက်လျှောက်ထားသူတွေကို သက်ဆိုင်ရာက လိုအပ်မယ့်စစ်ဆေးမှုတွေ သူတို့ဘာသာလုပ်ပါတယ်။ မလိုအပ်ရင် ဘယ်သူ့ကိုမှ လူခေါ်ပြီးမေးတာမြန်းတာမလုပ်ပါ။ မသင်္ကာရင်တော့ ထိန်းသိမ်းရေးစခန်းထဲသွင်းပြီး စစ်ဆေးမေးမြန်းတာလုပ်ပါတယ်) နိုင်ငံသားဖြစ်သွားတဲ့အတွက် ပါ့စ်ပို့တ်လျှောက်လို့ရပြီ။ ပါ့စ်ပို့တ်က တစ်ခါလျှောက်ရင်(၁))နှစ်ပါ။ ဓါတ်ပုံဖိုးပါ အပါမှ ဒေါ်လာ(၁၅ဝ)ဆိုပါတော့။ တရားဝင်ရောက်လာသူဖြစ်လို့ I-94 နဲ့နေနေ ဂရင်န်းကဒ်နဲ့နေနေ နိုင်ငံသားဖြစ်ဖြစ် ခင်ဗျားကိုဘယ်သူကမှ ဘာမှထွေထွေထူးထူး ပြောနေဆိုနေတာလည်းမရှိပါ။ ဘာမှပူစရာမရှိပါ။

ပြောချင်တာက ဒီကိုရောက်တာလည်း မိမိရွေးချယ်ဆုံးဖြတ်မှု။ တခါ ဒီရောက်ပြီးမှ ဟိုဟာဒီဟာလျှေက်တာ မလျှောက်တာကလည်း မိမိဆုံးဖြတ်ချက်နဲ့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတဲ့ကိစ္စ။ ဘယ်သူကမှ အတင်းအကျပ်ပို့လို့ရောက်လာတာလည်း မဟုတ် ဘယ်သူကမှ အဓမ္မခိုင်းလို့ နိုင်ငံသားဖြစ်ရတာလည်းမဟုတ်ပါပဲလျှက် "ကျနော်/ကျမတို့မှာ ရွေးချယ်စရာ ဘာမှမရှိတော့လို့ အမေရိကန်နိုင်ငံသားလျှောက်ထား ခံယူလိုက်ရတာပါ" ဆိုတဲ့ ဆင်ခြေပေးမှုကို ခင်ဗျားဘယ်လိုမြင်မလဲ။ နောက်ဆုံးကုန်ကုန်ပြောမယ် နိုင်ငံသားမလျှောက်လို့ ရိုက်သတ်မယ်ဆိုတောင် မလျှောက်ရေးသဘောထားရှိရင် ခင်ဗျား ရိုက်အသတ်ခံခြင်းကို ရွေးချယ်ခွင့်ရှိပါတယ်။ ခုဟာက ရိုက်လည်းမသတ် တရားလည်းမစွဲ လက်ဖျားနဲ့တောင်မတို့ပါပဲ မိမိဆန္ဒအလျှောက် ပြုမူဆုံးဖြတ်ရွေးချယ်တဲ့ကိစ္စကို ဘယ်နှယ်လို့ ရွေးချယ်စရာမရှိလို့ ရွေးချယ်ရတယ်ပြောနိုင်သလဲ။ သူ့စကားအတိုင်းပဲ ပြန်တွေးကြည့်ပါ ရွေးချယ်စရာမရှိလို့ရွေးချယ်တယ်
ဆိုတာမှာတောင် "ရွေးချယ်တယ်"ဆိုတာ ပါပြီးသားပါ။

Friday, May 9, 2014

တစ်ခါက တော်လှန်ရေးတပ်သား အခုတော့ ပြန်တမ်းဝင်သစ္စာခံ (တူမောင်ညို)

0 comments
တစ်ခါက တော်လှန်ရေးတပ်သား အခုတော့ ပြန်တမ်းဝင်သစ္စာခံ တူမောင်ညို
(၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်)မေလ ၅ ရက်နေ့က  “နယ်ခြားစောင့်တပ်များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်ပြန်တမ်း ဝင် အရာရှိခန့်အပ်ခြင်းအခမ်းနား” ဆိုသည်ကို ကျင်းပခဲ့သည်။  အုပ်စိုးသူများဘက်မှပြောရလျှင် ဒူးထောက်သစ္စာခံသူကို သူကောင်းပြုခြင်းပင်ဖြစ် သည်။ တန်းတူရေးနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး တိုက်ပွဲဝင်တော်လှန်ရေးများဘက်မှပြောရလျှင် အုပ်စိုးသူထံ ဒူးထောက်၊ အညံ့ခံပြီး၊ တန်းတူရေးနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးတိုက်ပွဲအပေါ် သစ္စာဖောက်ခြင်းဖြစ်သည်။  
စုစုပေါင်း (၁၅)ဦးကို နာမည်ဖော်ပြထားသည်။ နာမည်တွေကိုကြည့်တာနှင့်ဘယ်အဖွဲ့အစည်းနှင့် လူမျိုးစုထဲက အများဆုံးပါ ဝင်နေသည့်အချက်ကို  ထင်းခနဲသဘောပေါက်နိုင်သည်။
 “သစ္စာခံ”ဆိုသည့်စကားလုံးကို ၂၀၀၈ ခုနှစ်၊သြဂုတ်လတွင် ဒုတိယအကြိမ် တည်းဖြတ်ပုံနှိပ်ထုတ်ဝေသည့် မြန်မာအဘိဓာန်က “လက်အောက်ခံအဖြစ် မိမိကိုယ်ကိုအပ်နှံသည်”ဟု ဖွင့်ဆိုထားပါသည်။
ထိုသူတို့သည် သူတို့ကိုယ်သူတို့နှင့် သူတို့ကွပ်ကဲသည့်တပ်ဖွဲ့ဝင်များကိုယ်ပါ သူတစ်ပါးလက်အောက်ခံအဖြစ် အပ်နှံလိုက်ကြခြင်း ဖြစ်သည်။ ယခုအခါမှစ၍သူတို့သည် အုပ်စိုးသူအစိုးရစစ်တပ်၏ “ဂုဏ်ထူးဆောင်သစ္စာခံများ”။ “ပြန်တမ်းဝင်သစ္စာဖောက်များ” ဖြစ်သွားပြီ။ အုပ်စိုးသူအစိုးရနှင့်စစ်တပ်အပေါ်သစ္စာခံမည့်သူများ အမြင့်ဆုံးရနိုင်မည့်အဆင့်နေရာနှင့်ဆုလာဘ်ကို ဒီလိုလုပ်ရင်- ဒီလိုရမယ်ဆိုပြီး လက်တွေ့ပြသ၊ ကြော်ငြာလိုက်ခြင်းလည်းဖြစ်သည်။
တစ်ချိန်တစ်ခါက ထိုသူများသည် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အလံလွှင့်ထူထားသည့် သက်ဆိုင်ရာလူမျိုးစုများ၏ အမျိုးသား လွတ်မြောက်ရေးတပ်မတော် သို့မဟုတ် တပ်ဖွဲ့များမှ ဦးစီးသူများဖြစ်ခဲ့ကြပါသည်။ အချို့မှာ ပင်မအဖွဲ့ကြီးမှ ခွဲထွက်ခဲ့ကြသူများဖြစ်ပါသည်။ ခွဲထွက်သည်/တစ်စင်ထောင်သည်ကို (ရန်သူ့ထံဒူးထောက်အညံ့မခံသေးသမျှ) သစ္စာဖောက်သည်ဟု ဧကန်ဧဝမပြောနိုင်သေးသော်လည်း၊ “မဟာလူမျိုးကြီးဝါဒကို လက်ရင်းထားဖိနှိပ်သူ(ဝါ)အမျိုးသားရန်သူ”ထံ ဒူးထောက်သစ္စာခံလိုက်ကြပြီဖြစ်သဖြင့် သူတို့ တစ်ချိန်က သစ္စာတည်ဖူးခဲ့သော တန်းတူရေးနှင့်လွတ်မြောက်ရေးတိုက်ပွဲဝင်မှုကိုမူ တိတိလင်းလင်း သစ္စာဖောက်သွားကြပြီဟုပြောလို့ရပါသည်။
သူကောင်းပြုရခြင်း၏ရည်ရွယ်ချက်ကို ကာချုပ်ဗိုလ်မင်းအောင်လှိုင်က ဤသို့ပြောပါသည်။
“နိုင်ငံတော်နှင့်တပ်မတော်အပေါ်တွင် သစ္စာရှိရှိနှင့် ရိုးသားဖြူစင်စွာတာဝန်ထမ်းဆောင်ခဲ့ကြသော နယ်ခြားစောင့်တပ်များ၏ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်ပြန်တမ်းဝင်အရာရှိများအဖြစ် ထိုက်ထိုက်တန်တန်ချီးမြှင့်ခန့်အပ်” ခြင်းဖြစ် သည်။ ၅ နှစ်တာမျှဖြတ်သန်းစေပြီးနောက် ဤသို့ယုံယုံမှတ်မှတ် ခန့်အပ်ခြင်းလည်းဖြစ်လိမ့်မည်။
၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၈ ရက်မှ စ၍ တပ်မတော်ကွပ်ကဲမှုအောက် နယ်ခြားစောင့်တပ် (BGF)နှင့် ပြည်သူ့စစ်အဖြစ် အသွင်ကူး ပြောင်းရေးဆောင်ရွက်ခဲ့ပြီး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို နယ်ခြားစောင့်တပ် ၂၃ တပ်နှင့်အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) အဖွဲ့ ၈၄ ဖွဲ့ အဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားပါသည်။
ထို့အပြင် ဖက်ဒရယ်တပ်မတော်မတော်(ဝါ)ပြည်ထောင်စုတပ်မတော်အဖြစ် ပြောင်းလဲရေးပြောဆိုနေမှုများကို လက်မခံနိုင်ကြောင်း ကာချုပ်ဗိုလ်မင်းအောင်လှိုင်က အတိအလင်းပယ်ချလိုက်ပြီး၊ ၂၀၀၈ အခြေခံဥပဒေနှင့် ပုဒ်မ ၃၃၈ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး စစ်တပ်ကွပ်ကွဲမှုအောက်ရှိရမည်ဟုလည်း ထပ်မံသတိပေးသွားခဲ့သည်။
သမိုင်းဖြစ်ရပ်များကို လိုသလိုအသုံးချပြီး လိမ်ညာဖုံးကွယ်ပြောဆိုသွားသည့်အချက်များလည်း ကာချုပ်ဗိုလ်မင်အောင်လှိုင် ပြောဆိုမှုထဲတွင် ပါရှိနေပါသည်။
ပထမအချက်အနေဖြင့်“တိုင်းရင်းသားများထဲမှ ဦးစီးချုပ်တာဝန်ထမ်းခဲ့သူများရှိသကဲ့သို့ တိုင်းမှူးနှင့်အထက်အဆင့်မြင့်တာဝန် ထမ်းဆောင်နေသူများထဲတွင်လည်း တိုင်ရင်းသားများပါရှိသည်” ဆိုသည့်အချက်ဖြစ်သည်။
ဤအချက်မှာ ပထမဆုံးကာချုပ် ဗိုလ်ချုပ်စမစ်ဒွန်းကို ရည်ညွန်းခြင်းဖြစ်ပုံရသည်။ ဗိုလ်ချုပ်စမစ်ဒွန်းသည် ၁၉၄၈ ဇန်နဝါရီ ၄ ရက်မှ - ၁၉၄၉၊ ဇန်နဝါရီ ၃၁ ရက် ထိ သာ ကာချုပ်လုပ်ခဲ့ရသူဖြစ်ပြီး၊ KNDO ပုန်ကန်မှုဖြစ်ပေါ်လာသောအခါ အုပ်စိုးသူများက ဖယ်ရှားခဲ့ပြီး ဗိုလ်နေဝင်းအား ကာချုပ်တင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ထိုစဉ်က စစ်တပ်ထဲရှိကရင်လူမျိုးစစ်ဗိုလ်စစ်သားများကို “ခွင့်ရက်ရှည် ပေးသည့်နည်း” ဖြင့် လက်ရှိရာထူးတာဝန်မှ  စစ်တပ်ထဲမှ ပ ထုတ်ခဲ့ကြသည်။
စစ်တပ်တွင် ဗိုလ်နေဝင်း ကာချုပ်ဖြစ်လာပြီးနောက် မည်သည့်တိုင်းရင်းသားလူမျိုးမျှ ကာချုပ်ဖြစ်မလာခဲ့တော့သည်မှာ ယနေ့ အထိပင် မဟုတ်ပါလား။ ကာချုပ်ဖြစ်လာသူသည် မည်သည့်တိုင်းရင်းသားဖြစ်သည်/မဖြစ်သည်ဆိုသည့်အချက်ထက် “ငါ့ကိုသာ အရှင်ဟု မှတ်၊ ငါ့မိဖုရား၊ ငါ့သားတော်သမီးတော်ကိုသာ အရှင်ဟုမှတ်၊ ငါ့မြေးတော်အဆက် မြစ်တော်အညွန့်ကိုသာ အရှင်ဟုမှတ်” ဆိုသည့် စကားအတိုင်း စစ်အုပ်စုထိပ်သီး ဗိုလ်နေဝင်းအပေါ်သစ္စာရှိဖို့သာ ပဓါနဖြစ်တော့သည်။ ဗိုလ်နေဝင်းသြဇာမကိုက်သူများသည် ကာချုပ်ဘဝမှပင် အကြောင်းအမျိုးမျိုးပြပြီး  ဖယ်ထုတ်ခြင်းကိုခံခဲ့ကြသည်။ ယနေ့ ကာချုပ်ဗိုလ်မင်းအောင်လှိုင်သည်လည်း ယနေ့ စစ်အုပ်စုထိပ်သီး ဗိုလ်သန်းရွှေအပေါ်ကျိုးနွံသူ၊ သစ္စာခံသူဖြစ်၍သာ ကာချုပ်ဖြစ်လာရသည် မဟုတ်ပါလော။
ဒုတိယအချက်မှာ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက် ချမှတ်ခဲ့သော (နဝတ) စစ်အစိုးရ၏ ကြေညာချက်အမှတ် (၁/၈၈) တွင်ပါရှိသော “တာဝန်ကြီး ၄ ရပ်” အား “တာဝန် ၃ ခု” အဖြစ် လိမ်ညာဖုံးကွယ်၍ပြောဆိုသည့်အချက် ပင်ဖြစ်သည်။ လိမ်ညာဖုံးကွယ်ထားသည့် အချက်မှာ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေးရေး”ဆိုသည့် တာဝန်ပင် ဖြစ်သည်။ ဤအချက်ကိုဖုံးကွယ်ရသည်မှာ “၁၉၉၀ ရွေးကောက်ပွဲရလဒ်” အား ဖုံးကွယ်ရန်အတွက်ဖြစ်သည်။ စစ်အုပ်စုက ဗိုလ်ချုပ်မှူး ကြီးစောမောင်အား ဖယ်ရှားခဲ့ရသည့်အချက်မှာ ဤအချက်ကြောင့်ပင်မဟုတ်ပါလား။ စစ်အုပ်စုသည် သူတို့အကျိုးမရှိလျှင် ကာချုပ်ကိုပင် ဖြုတ်ချရန်ဝန်မလေးချေ။ သူတို့၏အခြေခံလော့ဂျစ်မှာ သူတို့အပေါ်သစ္စာခံသူကို သူကောင်းပြုပြီး။ ဖီဆန်၊ အာခံတော်လှန်သူများကို အမြစ်ပြုတ်ချေမှုန်းမည်သာဖြစ်သည်။
ယခုအခါ သစ္စာခံသူများသည် ပြန်တမ်းဝင်ဖြစ်ခဲ့ကြပြီ။

ညွန်း
-       မြဝတီသတင်းစာ၊ ၂၀၁၄ ခုနှစ်၊ မေလ ၆ ရက်
-       တိုင်းကျိုးပြည်ပြု၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ဆောင်ရွက်ချက်သမိုင်းဝင်မှတ်တမ်း (၁၉၈၈ - ၁၉၉၁)


Thursday, May 8, 2014

ဘယ်ကြောင်းမှ မပြန် မသွားတဲ့ ယဉ်ကျေးမှုသစ် (မျိုးမြင့်ချို)

0 comments
ဘယ်ကြောင်းမှ မပြန် မသွားတဲ့ ယဉ်ကျေးမှုသစ် (မျိုးမြင့်ချို) ဒီကနေ့ စစ်တပ်ကတောင်းနေတဲ့ ”နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင် နိုင်ရေး”ကို ဖြည်ကြည့်ရင် အချိန်နဲ့ပတ်သက်လို့ ကန့်သတ်ချက်မပါတာတွေ့ရမယ်။ သူတို့ကြိုက်သလောက်ဟာ “အချိန်အတိုင်း အတာဖြစ်တယ်”ဆိုတဲ့ သဘောပဲ။ ”အမျိုးသားနိုင်ငံရေး” ဆိုတဲ့နှပ်ကြောင်း ပေးထားတာတွေ့ရမယ်။ ဒီ အမျိုးသားနိုင်ငံရေးဆိုတာ ဘောင်နဲ့ကန့်သတ်ဖို့ခက်တဲ့၊ ချဲ့တိုင်းကျယ်တဲ့အလံမှန်း လူတိုင်းသိတယ်။ ဦးဆောင်မှုအခန်းက ပါမယ်ဆိုတာပါတယ်။ ပူးပေါင်းမလုပ်ဘူး၊ နောက်မလိုက်ဘူးလို့ပြောတာပဲ။ ချုပ်ရရင် ကာလအကန့်အသတ်မရှိ ချဲ့တိုင်းကျယ်တဲ့အမျိုးသားနိုင်ငံရေးဆိုတာမှာ စစ်တပ်ကဗိုလ်လုပ်မယ်လို့ ဗြောင်ပြောတာပဲဖြစ်တယ်။ ရှူပ်နေတာ တစ်လုံးမှမပါလောက်အောင်ကို တကယ့်အဓိပ္ပါယ်တွေ ရှင်းလင်းလှတယ်။ လက်တွေ့မှာလည်းမြင်နေရတယ် သူတို့ပြောတဲ့ အမျိုးသားရေးဦးဆောင်မှုဆိုတာကို။

ဒါဆို တသက်လုံးအာဏာသိမ်းပြီး ဗိုလ်ကျစိုးမိုးနေတဲ့ကောင်တွေက ဘာအဆန်းလုပ်ပြီး ဦးဆောင်မှုကဏ္ဍမှာပါမယ်လို့ပြောနေစရာလိုသလဲလို့ တွေးစရာပေါ်နိုင်တယ်။ လိုပါတယ်၊ လိုလို့ပါ။ အရင်က”နိုင်ငံတော်အာဏာကို” အဓမ္မသိမ်းယူခဲ့ပေမယ့် ခု လက်ရှိအခြေအနေတွေက အဲ့သလိုလုပ်ဖို့ အခွင့်မသာတော့လို့”ဦးဆောင်မှုကဏ္ဍ”ကို ဗြောင်အနုကြမ်းစီး၊ ဓါးမြတိုက်ယူတာပါ။ မလွှဲမရှောင်သာတို့၊ ချောက်ထဲကျဖို့တို့၊ လက်နှစ်လုံးအလိုတို့ထက်စာရင် ဒါက ပို စကားလုံးယဉ်ကျေးဟန်ရှိတယ်။ ဒါကိုတောင်မှ တိုင်းပြည်နဲ့လူထုဆီက တောင်းခံတာတော့မဟုတ်ပါ။

ဘာလို့အခွင့်မသာရသလဲ ဘာလို့အခြေအနေကခွင့်မပြုတာလဲကို ဆက်တွေးကြည့်တော့ ပြည်တွင်းက သဏ္ဍန်မျိုးစုံလူထုတိုက်ပွဲတွေနဲ့ ဖိအားတွေရှိခဲ့တာကြောင့်လို့ ပြောရမှာပါ။ ပြည်ပဖိအားဆိုတာကတော့ အရန်သဘောလောက်ပါ။ အရန်သဘောလို့ဆိုရတာက အာဏာကုလားဖန်ထိုးပွဲတစ်ကြိမ်၊ အာဏာသိမ်းပွဲ တစ်ကြိမ်နဲ့ အာဏာလက်လွှဲပွဲတစ်ကြိမ်၊ ပေါင်း(၃)ကြိမ်လုံးကို အဲ့ဒီ ပြည်ပလို့ဆိုတဲ့နိုင်ငံကြီးတွေက ဆန့်ကျင်ကန့်ကွက်အရေးမယူရုံမက အားပေးအားမြှောက်လုပ်ခဲ့တာတွေတောင်ရှိပါတယ်။ တချို့နိုင်ငံကြီးတွေက ကွန်မြူနစ်ချေမှုန်းအားကောင်းလို့၊ တချို့နိုင်ငံကြီးတွေက ဆိုရှယ်လစ်မျက်နှာဖုံး ကပ်ထားလို့ စတဲ့အကြောင်းအချက်ကိုယ်စီနဲ့ပါ။ တချို့ဆို စစ်အာဏာရှင်တွေ အကျပ်အတည်း ဆိုက်ရင် ထောက်ကူကျားကန်ပေးတာတောင်ရှိခဲ့ပါတယ်။ ဖိအားဆိုတာက သံခင်းတမန်ခင်း စကားလုံးတွေနဲ့ညာသံပေးပြီး သူတို့အမျိုးသားအကျိုးစီးပွားအတွက် ဖြားယောင်းနားချနေတာမျိုးပါ။ တချို့ဆို ဗြောင်ကို ထွက်ပြောပါတယ်။ ဟိုနိုင်ငံလောက် ဒီနိုင်ငံလောက် အလှည့်အပြောင်းလေးလုပ်မယ်ဆို အိုကေတယ်ဆိုတဲ့အထိ။

နောက်တချက်က ပြည်ပဖိအား ဘယ်အချိန်မှာပေါ်သလဲဆိုတာပါ။ ၁၉၈၈ တိုင်းပြည်အဝှမ်း လူထုအုံကြွမှုကြီး မျက်ဝါးထင်ထင်ဖြစ်တော့မှ အသံမြည်ပါတယ်။ ၉ဝ ရွေးကောက်ပွဲရလဒ်မြင်ပြီးတဲ့အခါ “ပြည်ပဖိအား”အသံ အတော်ကျယ်လောင်လာပါတယ်။ ဒီ့ မတိုင်မီကဖြစ်ခဲ့တဲ့ လူထုလှုပ်ရှားဆန့်ကျင်မှုတွေ မှာ ဘာ့ကြောင့် ပြည်ပဖိအားမကျယ်လောင်ရသလဲဆိုရင် အဲ့ဒါတွေဟာ ၈၈ လို လူထုအုံကြွမှုကြီး တနည်းပြောရရင် အရေးတော်ပုံကြီးလိုမဖြစ်ခဲ့ပဲ အရေးအခင်းဆိုတာလောက်တွေနဲ့ စခန်းသိမ်းခံခဲ့ရလို့ ချည်းပါပဲ။ ဆိုတော့ ပြည်ပဖိအားဆိုတာ ပြည်တွင်းဖိအားမရှိရင်ပေါ်မလာဘူးလို့ပြောနိုင်ပြီး၊ ပြည်တွင်းဖိအား
အတက်အကျပေါ်တည်ပြီး ပြည်ပဖိအားအတိုးအကျယ်လည်းဖြစ်ရတာလို့ အပ်ချမတ်ချပြောနိုင်ပါတယ်။ ပြည်တွင်းဖိအားအတက်အကျကသာလျှင် ပြည်ပဖိအားအပြောင်းအလဲနဲ့ အလှည့်အပြောင်းကိုဖန်တီးနိုင်တာပါ။ ပြည်တွင်းမှာ ဘာဖိအားမှမရှိရင် ပြည်ပက ဘာမှ ဝင်ပိပေးလို့မရပါ။ ဒါ့ကြောင့်မို့ ပြည်ပဖိအားယုံစားကြီးသူတွေကို စစ်အုပ်စုက ပြည်ပအားကိုးပုဆိန်ရိုးလောက်ပဲ သဘောထားတာပါ။ မကြောက်ပါ။ လူထုတိုက်ပွဲကိုတော့ သေမလောက်ကြောက်ပါတယ်။ ကြောက်လို့ သွေးရူးသွေးတမ်းရှင်းတာပါ။ ခွင့်ပြုမိန့်နဲ့ဆန္ဒဖော်ထုတ်တာ၊ လက်မှတ်ထိုးကမ်ပိန်းလုပ်တာ၊ ဟောပြောစာရွက်စာတမ်းဝေတာ၊ အွန်လိုင်းနဲ့မီဒီယာတွေကနေ ပြောတာဆိုတာရေးတာသားတာ၊ ဆဲတာဆိုတာတွေဟာ လူထုတိုက်ပွဲလက္ခဏာ မဆောင်ပါ။ မဆောင်လို့ မလုပ်ရဘူးအဓိပ္ပါယ်မထွက်ပါ။ စစ်အုပ်စုက မကြောက်ဘူးလို့ဆိုလိုရင်းပါ။ လူထုကိုစည်းရုံးပြီး လူထုတိုက်ပွဲလှုပ်ရှားမှုမျိုးလုပ်ကြည့်ပါ။ သူတို့ဘယ်လိုတုန့်ပြန်ခဲ့သလဲ။ ကိုယ်စီမှာ အတွေ့အကြုံတွေ ရှိကြပြီးသားပါ။

“အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍ”သူတို့ရနေမှပဲ စစ်အာဏာဘယ်တော့မှမသိမ်းတော့ဘူးလို့ ကံသေကံမပြောမဖြစ်ပါ။ ခုထိ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့စခန်းသွားလို့ ရနေသေးပါတယ်။ လွှတ်တော်ထဲက
စစ်ဗိုလ် ၂၅ ရာခိုင်နှုန်းလည်း ထက်အောက်အမိန့်နာခံအောင်လုပ်ထားလို့ ရနေပါသေးတယ်။ နောက်ကြောင်းရော ရှေ့ကြောင်းရော ဘယ်ကြောင်းမှ မပြန်ပါ။ မသွားပါ။ ဒီအခြေအနေကို ပြည်ပဖိအားတွေက ကြိတ်ကြိုက်နေမှန်း စစ်ဗိုလ်တွေနောကြေပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့ စိတ်လုံကိုယ်လုံနေလို့မရမှန်းတွက်မိသလို တင်းတိမ်နေမယ်လည်းမထင်ပါ။ တိုင်းပြည်နဲ့လူထုအပေါ်ကျူးလွန်ခဲ့တဲ့ လူမဆန်တဲ့ရာဇဝတ်မှုကြီးတွေနဲ့ အပြစ်ပေးခံရမှာတွေး တိုင်းသွေးပျက်သလို အာဏာနဲ့ရှာထားတဲ့စီးပွားအထိအပါးခံရမှာ သေအောင်ကြောက်ပါတယ်။ နိုင်ငံတကာမှာလည်း မိုးကောင်းတုန်းဓါးထက်ခဲ့သူတွေ အာဏာလက်မဲ့ဖြစ်တော့ ဘယ်အဖြစ်နဲ့ နိဌိတံကြသလဲဆိုတာမြင်နေရတာပဲ။ အလောင်းပြန်ဖော်အရိုးပြန်ကောက်ပြီး နောက်ကြောင်းပြန်စွဲချက်တွေနဲ့အရေးယူခံရတာပဲ။ “အရင်တုန်းကလုပ်ခဲ့တာ ခုရောနောင်ပါ ဘယ်သောအခါမှ အပြစ်ပေးအရေးယူခြင်းမရှိစေရ” ကြိုက်သလောက်ပြော။ တကယ်ဖြစ်လာရင် သိကြားမင်း နားကင်းကြီးနဲ့ဆင်းကယ်တောင်မရဘူး။ ဒါ့ကြောင့် ဖွဲ့စည်းပုံမှာ “အရေးပေါ်အခြေအနေ”ဆိုတာကို ထည့်တာပါ။ အရေးပေါ်ရင် အာဏာမသိမ်းပဲ စစ်တပ်ကိုအာဏာလွှဲပေးတာလို့ ယဉ်ကျေးထားပါတယ်။ သူတို့ပြောတဲ့ “နိုင်ငံရေးယဉ်ကျေးမှုသစ်”ထဲမှာ အဲ့ဒါလည်း ပါမယ်ထင်တယ်။

ဗမာပြည်ဆိုတာကလည်း အရေးပေါ်အခြေအနေဆိုပြီး ပြစရာအကြောင်းများတဲ့ ပြည်ကိုး။ လူမျိုးရေး၊ ဘာသာရေးအကဲဆတ်သလောက် အစွန်းရောက်အယူသီးအတွေးအခေါ်နဲ့ သံမှိုစွဲသလိုမြဲနေသူတွေ ဒုနဲ့ဒေး။ အောက်ခြေနဲ့အလွှာအသီးသီးမှာ နိုင်ငံရေး လူမှုရေး စီးပွားရေးမကျေနပ်ချက်တွေကလည်း အုံနဲ့ကျင်းနဲ့။ လူမျိုးစုပြဿနာ၊ ပြည်ထောင်စုကိစ္စစတာတွေလည်း မီးအကျစောင့်နေတဲ့ ယမ်းပုံ။ ဆိုတော့ ဒါတွေထဲက တခုခုကို အရေးပေါ်အခြေအနေဆိုပြီးပြဖို့ သိတ်မခက်လှဘူး။

နောက်တချက်က လွှတ်တော်ထဲက စစ်အမတ်တွေ။ ဒီစစ်အမတ်တွေကရော ဘယ်အထိ စိတ်ချရမလဲ။ ဘယ်အထိ မတရားမှုအပေါ်သစ္စာခံ ကြမလဲ။ ဘယ်အထိ ထက်အောက်အမိန့်နာခံနိုင်မလဲက တွေးစရာပါ။ စစ်သားဆိုပေမယ့် သူတို့ကလွှတ်တော်ထဲရောက်နေတယ်။ ဒီမိုကရေစီရုပ်ပြကောင်တွေဖြစ်ပေးနေရတယ်။ ဗိုလ်ချုပ်လူထွက်ကြံ့ဖွံ့ပါတီခေါင်းဆောင်တချို့ထက်တောင် သူတို့က နိုင်ငံရေးစကားကို သိမ်သိမ်မွေ့မွေ့ပြောရသေးတယ်။ ပြီးတော့လည်း အရပ်သားနိုင်ငံရေးသမားတွေနဲ့၊ မီဒီယာတွေနဲ့၊ နိုင်ငံခြားသားတွေနဲ့၊ သံတမန်တွေနဲ့၊ ပြည်ပကလူတွေနဲ့ထိတွေ့ပြောဆို လုံးထွေးနေရတာတွေရှိတယ်။ စစ်တန်းလျားထက်စာရင်တော့ အပြင်ကမ္ဘာကို၊ လူထုနဲ့တိုင်းပြည်ကို မြင်ရဖို့အပေါက်နည်းနည်းကျယ်တယ်။ မျက်စိနားပွင့်ဖို့အခွင့်အလမ်းက တပ်ထဲမှာထက် အများကြီးပိုရှိနေတယ်။ ကာချုပ်မကြိုက်လို့ ကြိုက်သလောက် ဖြုတ်/တပ်လုပ်ပေ့စေ။ လုပ်လေလေ အယောင်ပြနိုင်ငံရေးထဲက သူတို့ရခဲ့အသိတွေကို တပ်ထဲမှာ (အနည်းဆုံးမိသားစုထဲမှာ) ပြန်ပြောဖို့နဲ့ ကိုယ်တိုင်ပြန်ဆင်ခြင်ဖို့အခွင့်အရေး ရလေလေပဲ။ နိုင်ငံရေးအယူအဆ၊ ငွေကြေး၊ အာဏာ၊ စည်းစိမ်၊ ကျော်ကြားမှု၊ အမှန်တရားမြင်မှု၊ လူထုကိုစာနာစိတ် စတာမျိုးတွေကြောင့် စစ်အမတ်တွေ ဘယ်တော့မှဘက်ပြောင်းမသွားဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။ ပြောင်းခဲ့တဲ့အစဉ်အလာတွေမှ တစ်ပုံကြီး။ တပ်ထဲနေပြီးအတွင်းကနေ ကလန်ကဆန်လုပ်တဲ့၊ တောခိုသွားတဲ့၊ အထက်ကိုပြန်လုပ်ကြံတဲ့တပ်မှူးတွေ၊ နိုင်ငံရေးထဲပါသွားတဲ့ တပ်မှူးတပ်သားတွေ(အင်န်အယ်လ်ဒီ ဦးတင်ဦးအထိ)သက်သေရှိနေတာပဲ။ ဆိုတော့ လွှတ်တော်ထဲက စစ်အမတ်တွေဘက်ပြောင်းလည်း အရေးကပေါ်လို့ရတာပါပဲ။ ဒါတွေအပြင် အခြား အရေးက “အချိန်မရွေးပေါ်”လို့ရတာတွေလည်းရှိဦးမှာပါ။

ပြန်ချုပ်ရရင် “နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်မှပါဝင်ထမ်းဆောင်” ရင်း အခြေအနေမဟန်ပုံမပေါ်တော့ရင် “အရေးပေါ်အခြေအနေ”နဲ့ စခန်းဆက်သွားမယ့်ခြေလှမ်းမှန်း သိသိနဲ့ ဓါးခုတ်ရာလက်ဝင်မလျှိုမိဖို့၊ ဗိုက်အငှားနဲ့ဓါးထိုးမခံမိဖို့၊ ကြောင်လက်နဲ့ ပြာပူကူမယက်မိဖို့ပါပဲ။
မျိုးမြင့်ချို
မေ ၂ဝ၁၄
(မှတ်ချက်။ ၁၉၉၅ ခုနှစ် မတ်လ၊ ဖက်ဆစ်တော်လှန်ရေး ရွှေရတုအထိမ်းအမှတ် “ပြည်သူ့အာဏာဂျာနယ်”အထူးထုတ်မှ (တော်လှန်ရေးနှင့် ဦးဆောင်မှုပြဿနာ)ဆောင်းပါးဖတ်ပြီး မိမိတည်မိတဲ့အတွေးကိုချရေးဖြစ်တာပါ။ နေရာအချို့မှာ သူ့ထဲကကောက်ချက်ဆွဲမှု သူ့ထဲက စကားလုံးတွေပါ အရင်းအတိုင်းယူပြီးဖော်ပြထားပါတယ်)