Sunday, September 21, 2014

KNU သမိုင်းကို ဖျက်ဆီးကြတော့မှာလား (မန်းအိုင်ဖလုံး -မြစ်ဝကျွန်းပေါ်)

0 comments
၂ဝ၁၄ခုနှစ်၊ သြဂုတ် ၃၁ရက်နေ့ UNFC ကနေ KNU နှုတ်ထွက်ကြောင်းစာကို KNU ဥက္ကဌ စောမူတူးစေးဖိုး လက်မှတ်ထိုး ပို့လိုက်တယ်လို့ ကြားသိလိုက်ရရင်ပဲ ပြည်တွင်း၊ ပြည်ပ ကရင်တွေအားလုံး စိတ်ထိခိုက်ကြရတယ်။ KNU ဆိုတာ (၁၉၄၇ ခု) ဖေဖော်ဝါရီ(၅)ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ တစ်ခုတည်းသော ကရင်ရှေ့ဆောင်အဖွဲ့အစည်း၊ သက်တမ်း ၆၇နှစ်။ ကရင်ပြည်သူတွေကိုဦးဆောင်မှုပေးခဲ့တာ ရာစုနှစ်ထက်ဝက်ကျော်ပြီး စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့ခဲ့တဲ့သင်္ခန်းစာလည်း အများကြီးရှိခဲ့တယ်။ ဖဆပလဆို ၁၃နှစ်၊ မဆလဆို ၂၆နှစ်ပဲ ခံခဲ့တယ်။

၁၉၄၇၊ ဧပြီလ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကို ကရင်အတွက် အာမခံချက်မရှိလို့ သပိတ်မှောက်ခဲ့တယ်။ မှန်ကန်တဲ့ဦးဆောင်မှုကို ကရင်ပြည်သူတွေလက်ခံခဲ့လို့ မဲဆန္ဒရှင်အချို့သာ မဲသွားပေးကြတယ်။

၁၉၄၈၊ ဖေဖော်ဝါရီ ၁၁ရက်နေ့မှာ KNU ခေါင်းဆောင်မှုနဲ့ တစ်ပြည်လုံး ကရင်လူထု ၄၅၄,၁ဝဝ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ ကြွေးကြော်သံတွေဟာလည်း တန်းတူရေး၊ ချစ်ကြည်ရေး၊ ပြည်တွင်းစစ်ဆန့်ကျင်ရေးအနှစ်သာရတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မဟာလူမျိုးကြီးဝါဒ ဖဆပလဟာ KNU ကို စစ်ရေးနဲ့သာတုံ့ပြန်ခဲ့တယ်။

ဒီမိုကရေစီအခွင့်အလမ်းမရတော့တဲ့အခြေအနေမှာ KNU ဟာ ကရင်ပြည်သူတွေအတွက် ခုခံရေးစစ်ကိုရွေးချယ်ခဲ့တယ်။ ဒီအခါမှာ ဖဆပလဟာ KNU ရဲ့ ခုခံရေးစစ်ကို နယ်ချဲ့မြှောက်ပေးလို့ဆိုပြီး ဝါဒဖြန့်ခဲ့ပြန်တယ်။ အဲ့ဒီတုန်းက ဖဆပလကို အင်္ဂလိပ်ဝန်ကြီးချုပ်ချာချီက အင်းတော်၊ အင်းလေး၊ အင်းမ၊ အင်းယားဆိုတဲ့ တိုက်ရေယာဉ်(၄)စီး ကူညီခဲ့တယ်။ အမေရိကန်သမ္မတ ထရူးမင်းကလည်း ဖဆပလကို တိုက်ရေယာဉ်(၁ဝ)စီး၊ အမေရိကန်ဒေါ်လာ(၁ဝ)သန်း အီးစီအေ၊ တီဘီအေစီမံကိန်းနဲ့ ဒေါ်လာသန်းပေါင်းများစွာ ကူညီခဲ့တယ်။ သူခိုးက လူကိုပြန်ဟစ်တယ်ဆိုတာ ဒါမျိုးပေါ့။

(၁၉၄၉ ခု) ဇန်နဝါရီ(၃၁)ရက်ကနေ မေလ(၂၁)ရက်အထိ (၁ဝ၁)ရက်ကြာ အင်းစိန်တိုက်ပွဲမှာ ဖဆပလဟာ KNU ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲခေါ်ခဲ့တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အင်္ဂလိပ်သံအမတ် မစ္စတာဘိုကာ၊ အိန္ဒိယသံအမတ်ဒေါက်တာရပ်(စ်)၊ ပါကစ္စ တန်သံအမတ်မစ္စတာအာလီ၊ အင်္ဂလီကန်ဂိုဏ်းချုပ် ဘိရှော့ဝက်(စ်)၊ မစ္စဘမောင်ချိန်(ဒေါက်တာစံစီဖိုးသမီး)တို့ကို KNU ကို လက်နက်ချဘို့ လှည့်ပတ်ပြောကြတယ်။ KNU က လက်မခံဘဲ အင်းစိန်ကိုပြန်သွားကြတယ်။

အဲ့ဒီအချိန်မှာ ရန်ကုန်ဆိပ်ကမ်းမှာ အိန္ဒိယက သင်္ဘော(၂)စီး စစ်လက်နက်အပြည့်အစုံနဲ့ ရောက်နေတယ်။ တိုင်းပြည်ကို သတင်းမှောင်ချ ထားခဲ့တယ်။ ပါလာတဲ့ ရှင်သာရိပုတ္ထရာနဲ့ ရှင်မောဂ္ဂလန်ရဲ့ဓာတ်တော်တွေကိုသာ ဘမ်းပြပြီး သမ္မတစဝ်ရွှေသိုက်က ဓာတ်တော်တွေကို ပင့်ဆောင်ပြီး ရွှေတိဂုံဓါတ်တော်တိုက်မှာ အပူဇော်ခံကိန်းဝပ်စေခဲ့တယ်။ သင်္ဘောပါလာတဲ့လက်နက်တွေနဲ့ ဗိုလ်ကျော်ဇော (ရဲဘော်သုံးကျိပ်ဝင်) ဦးဆောင်ပြီး ရန်ကုန်၊ ခဝဲခြံကစပြီး ကရင်ရပ်ကွက်တွေကို တိုက်ခိုက်တော့တာပါပဲ။

(၁၉၅၆) ခု အောက်တိုဘာ(၂ဝ)ရက် KNU ပေါ်လစ်ဗျူရို စောမောင်တိုး၊ ဗဟိုကော်မတီဝင် စောဘာဟု၊ ဦးစီးပဲ့ကိုင်ကော်မတီ စောကျော်စိန်တို့ဟာ ကရင့်အရေးကို ဒီမိုကရေစီအတွင်းကဆောင်ရွက်မယ်ဆိုပြီး ဖဆပလဆီ လက်နက်ချခဲ့ကြပြန်တယ်။ ကရင်တွေအတွက် တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရခဲ့သလား၊ စောတာဟုတော့ သာပေါင်းမှာ ဖဆပလပါတီ၊ ပါတီယူနစ်ဥက္ကဌရာထူးရသွားတယ်။

(၁၉၆၂) ခုမှာ ပြည်နယ်ပေါင်းစုံတိုင်းရင်းသားတွေ ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုလာကြတယ်။ မဟာလူမျိုးကြီးဝါဒီပမညတ သခင်ချစ်မောင်၊ ဖဆပလ ဦးဗဆွေတို့က တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေးမပေးဘဲ မဟာလူမျိုးကြီးဝါဒအောက်မှာပဲ ဆက်ထားသင့်ကြောင်း၊ အရှက်မရှိ ကန့်ကွက်ကြတယ်။ တိုင်းရင်းသားတွေဖက်ကလည်း ဆယ်နှစ်ဆယ်မိုးကျော် ပြည်ထောင်စုအတွင်း အတူနေလာခဲ့ရတာ ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုသာ ပြည်ထောင်စုစစ်စစ်ဖြစ်ကြောင်း တင်ပြခဲ့ကြတယ်။

(၁၉၆၂)ခု မတ်(၂)ရက်နေ့ ညသန်းခေါင်မှာ မဟာလူမျိုးကြီးဝါဒီဗိုလ်နေဝင်းဟာ ဖက်ဒရယ်ဆိုတာ တိုင်းပြည်ပြိုကွဲစေတယ်ဆိုပြီး အာဏာသိမ်း စစ်အစိုးရကို ထူထောင်လိုက်တယ်။ ဖက်ဒရယ်သည်သာ ပြည်ထောင်စုစစ်စစ်ဖြစ်ပြီး ဖက်ဒရယ်ဆန့်ကျင်သူဟာ ပြည်ထောင်စုဖြိုခွဲသူ ဖြစ်တယ်ဆိုတာ ဗိုလ်နေဝင်းက ကိုယ့်တိုင်းပြည်အပြင် ကမ္ဘာကိုပါ အရှက်မရှိလိမ်ညာခဲ့ရုံမက တိုင်းပြည်ကိုလည်း ဝါးမျိုအုပ်ချုပ်ခဲ့တော့တယ်။

(၁၉၆၃)ခုနှစ်၊ ကဆောဝါးညီလာခံမှာ စောဟံတာသာမွှေးခေါင်းဆောင်ပြီး သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ သမိုင်းဝင် ဝိန့်ထောင်ကွန်ဖရင့် (ရွှေမြို့တော် ကွန်ဖရင့်)က ချမှတ်ခဲ့တဲ့ KNU ရဲ့ဒုတိယလမ်းစဉ်ကို သွေဖီပြီး (၁၉၆၄) ခု မတ်(၁၂)ရက်မှာ ဗိုလ်နေဝင်းနဲ့ စောဟံတာသာမွှေးတို့ ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီး မဆလဆီ စောဟံသာမွှေးတို့ KRC (Karen Revolution Council) အညံ့ခံလိုက် တယ်။ ဗိုလ်နေဝင်းဟာ (၁၉၆၃)ငြိမ်းချမ်းရေးကမ်းလှမ်းစဉ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲမအောင်မြင်ရင် လာတဲ့နေရာထိပြန်ပို့ပေးမယ်။ (၇)ရက်အတွင်း အတိုက်အခိုက် ရပ်စဲမယ်ဆိုတဲ့ကတိကိုဖျက်ပြီး ငြိမ်းချမ်းရေးလက်မှတ်မထိုးတဲ့ တပ်မဟာ(၅) တပ်မင်း ဗိုလ်လင်းထင်ကို သထုံမှာတင်သတ်လိုက်ပြီး မုတ္တမပင်လယ်ထဲမှ အလောင်းကိုအစဖျောက်လိုက်တယ်။ စောဟံတာသာမွှေးတို့အုပ်စုက နေဝင်းတပ်တွေနဲ့ပေါင်းပြီး ခေးမူနဲ့ ခူမူဒဲ KNU ဗဟိုစခန်းကို ပြန်တိုက်ခဲ့လို့ KNU တပ်မှူး၊ တပ်သား(၁၃)ယောက် ကျဆုံးခဲ့ရတယ်။ ဗဟိုကော်မတီဝင် ဆရာအုန်းဖေညွန့်ကို အရှင်ဖမ်းမိပြီး သတ်ဖြတ်လိုက်ကြတယ်။ ဒီလိုသစ္စာဖောက်လို့ KRC က စောဟံတာသာမွှေးကို နေဝင်းက ပညာရေးသုတေသနဗျူရိုမှာ အထူးအရာရှိ၊ ၁၉၇၄အခြေခံဥပဒေရှင်းလင်းရေးအဖွဲ့ဝင်၊ ပဒိုဝေသော်၊ ပဒိုဝရီကျော်၊ ပဒိုဖိုးညောတို့ကို နိုင်ငံ့ဂုဏ်ရည်ပထမအဆင့်၊ တပ်မဟာ(၅) ဒုတပ်မဟာမှူးဗိုလ်စောမောင်ဝင်းကို သထုံပါတီယူနစ်ဥက္ကဌ၊ တပ်ရင်းမှူးတွေဖြစ်ကြတဲ့ ကြီးရွှေနဲ့မိုးဇက်တို့ကို ဘီးလင်းနဲ့ကျိုက်ထိုမှာ ကောင်စီဥက္ကဌတွေ၊ စောထရူးမင်းကို ဦးထွန်းမင်းနာမည်နဲ့ တောင်ငူမှာပါတီယူနစ်ဥက္ကဌ စတဲ့ဆုလာဘ်တွေနဲ့ ချီးမြှောက်ခဲ့ပါတယ်။

မိမိတို့လုပ်ရပ်တွေက ကရင်ပြည်သူတွေအတွက် ဘာတစ်ခုမှအကျိုးမရှိကြောင်းသိလာတဲ့တနေ့ စောဟံတာသာမွှေးက အင်းစိန်၊ နံ့သာကုန်း ဘုရားကျောင်းမှာ စောဘဦးကြီးရဲ့ဝိညာဉ်သာ ဘုရားကျောင်းထဲမှာရှိရင် ကျုပ်ကို ဟားတိုက်ရယ်မောနေမှာပဲလို့ သူ့အမှားကို ဝန်ခံ သွားခဲ့တယ်။ KRC ရဲ့ငယ်သားတွေတော့ KNU ရင်ခွင်ထဲကိုပြန်သွားကြတယ်။ အသက်အရွယ်ကြီးလာတဲ့ စောဟံတာသာမွှေးလည်း နောင်တရားနဲ့အတူ မထင်မရှား ခရစ်တော်ခြေတော်ရင်းမှာ အိပ်ပျော်သွားတယ်။ ပဒိုဝေသော်ကြတော့ မသေခင် သားသမီးတွေကို “ဒို့တော့ ဗမာအစိုးရ လိမ်တာခံလိုက်ရပြီ”လို့သာ မှာကြားနိုင်တော့တယ်။

ဓါးဓါးချင်း၊ လှံလှံချင်း ယှဉ်ရဲတယ်ဆိုပြီး ကျောင်းသားတွေကိုစိန်ခေါ်ခဲ့တဲ့ ‘ဗိုလ်နေဝင်း’။ စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးလို့ပြောခဲ့တဲ့ ‘ဗိုလ်နေဝင်း’။ မြန်မာ့နည်းနဲ့ ဆိုရှယ်လစ်လောကကိုမရောက်ဘဲ တိုင်းပြည်ကိုသာ အဆင်းရဲဆုံးရောက်အောင်ပို့နိုင်ခဲ့တဲ့ ပြည်သူတွေပေးတဲ့ ဘွဲ့ကို ရခဲ့တယ်။ နန်းကျအာဏာရှင်ဘဝမှာ အထီးကျန်ဖြစ်သွားတဲ့ဗိုလ်နေဝင်းဟာ လယ်တီဆရာတော်ဘုရားကြီးရဲ့ကမ္ပဋ္ဌာန်းတရားတော်ကို ရှုမှတ်ရင်း(၁၉၉၅)ခုနှစ်၊ ဇူလိုင်(၂၆)ရက်မှာ သူ့ကို ဂါဝရပြုဖို့လာတဲ့ အညမည သဘောတရားဆရာကြီး ဦးချစ်လှိုင်(ကိုကိုမောင်ကြီး)နဲ့ တရားသူကြီးချုပ်ဟောင်း ဦးတင်အောင်ဟိန်းတို့ကို ဒီတရားတွေသာ အရင်ထဲကကိုယ်သိခဲ့ရင် (၁၉၆၂)က အလုပ်တွေကို ကိုယ်မလုပ်ခဲ့ဘူးလို့ ဝန်ခံခဲ့တယ်။ (၁၉၆၂ကို အင်္ဂလိပ်လိုပြောသည်) ဗိုလ်နေဝင်းရဲ့နောင်တကို တိုင်းပြည်ကတော့ LDC(အဆင်းရဲဆုံးနိုင်ငံ)လက်မှတ်နဲ့ပေးဆပ် ခဲ့ရတယ်။

(၁၉၉၄)ကျပြန်တော့ ဗိုလ်သန်းရွှေနဲ့ဗိုလ်ခင်ညွှန့်တို့ ဘာသာရေးသပ်လျှိုပြီး KNU ကို ထိုးခွဲလိုက်ပြန်တယ်၊ ရန်သူကို မိတ်ဆွေထင်လိုက်တဲ့ DKBA ကလည်း စစ်တပ်နဲ့ပေါင်းပြီး မာနယ်ပလောကိုပြန်တိုက်လို့ မာနယ်ပလောကျဆုံးခဲ့ရတယ်။ ဗိုလ်ခင်ညွန့်တပည့် ဗိုလ်စန်းပွင့်က “DKBA ပါလို့သာ မာနယ်ပလောကိုရခဲ့ကြောင်း အဲ့ဒီတုန်းက အလောင်းတွေကိုဆက်လိုက်ရင် မော်လမြိုင်ကနေ ရန်ကုန်ထိရောက်နိုင်တယ်”လို့ ဝန်ခံ ခဲ့တယ်။ အိမ်ကြက်ချင်း အိုးမဲသုတ်ခံလိုက်ရလို့ ကရင်အချင်းချင်းသွေးမြေကျခဲ့တဲ့သမိုင်းမှာ ဘာတွေရခဲ့ပါသလဲ။ DKBA ဗိုလ်ချုပ်တွေ စူပါမားကက်တွေ၊ ဟော်တယ်တွေနဲ့ ချမ်းသာနေကြပြီး ငယ်သားတွေက လမ်းဆုံလမ်းခွမှာ ဝါးလုံးတားပြီးပိုက်ဆံတောင်းနေရတဲ့ ဝါးတားဂိတ်မှာ စစ်တပ်နဲ့ ဉာဉ်ဆိုးသင်တန်းတက်နေရတယ် မဟုတ်လား။ အခုတော့ DKBA လည်း အများစုဟာ နယ်ခြားစောင့်တပ်ဆိုပြီး တပ်မတော်အောက်ထားပြီး ဆွဲစေ့ခံနေရတယ်မဟုတ်လား။

ဒါတောင် ဗိုလ်ချစ်သူက ပြောလိုက်သေးတယ်။ စောဘဦးကြီးရဲ့မူအတိုင်း ကရင့်လက်နက် ကရင့်လက်ထဲမှာရှိတုန်းဆိုပဲ။ မေးလိုက်ပါရစေ ညီလေး စောချစ်သူ။ ကရင်တွေ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် သေနတ်ပြောင်း ဘယ်ကိုလှည့်မှာလဲလို့။ စစ်ဆိုတာ နိုင်ငံရေးမပြေလည်လို့ ဖြစ်ရတာ။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းလို့ရတာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဖြေရှင်းနည်း မှန်ဘို့လိုတယ်။ တန်းတူရည်တူရှိဖို့ တဦးကိုတစ်ဦးနားလည်တတ်ဖို့လိုတယ်။ တိုင်းရင်းသားတွေပြောတဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ခွဲထွက်ဘို့ မဟုတ်ဘူးဆိုတာ ကြေညာပြီးသားပဲ။ ဖက်ဒရယ်ဆိုတာ တန်းတူရည်တူ ပူးပေါင်းခြင်းပဲ။ တိုင်းရင်းသားတွေ မဖွံ့ဖြိုးသေးလို့ လူမျိုးကြီးတွေ ခေါင်းဆောင်ပေးရမယ်ဆိုတာ မဟာလူမျိုးကြီးဝါဒပဲ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်မရတဲ့တိုင်းပြည်ကို မဖွံ့ဖြိုးသေးလို့ ဗြိတိသျှအစောင့်ရှောက်ခံ အဖြစ် နေရအုံးမယ်ဆိုတုန်းက ဘယ်လိုခံစားကြရသလဲ? လွတ်လပ်ရေးရပြီးရင် ဗမာပြည်သွေးချောင်းစီးမှာပဲလို့ အင်္ဂလိပ်တွေ ကြိုတင် ပြောခဲ့တာ။ သူတို့ကိုယ်တိုင် မဟာလူမျိုးကြီးဝါဒလက်ထဲကို အာဏာပေးခဲ့လို့သာဖြစ်တယ်။ တိုင်းရင်းသားတွေနဲ့မဆိုင်ဘူး။

ကရင်တိုင်းရင်းသားအရေးဆိုတာ အခြားတိုင်းရင်းသားအရေးနဲ့ ဆက်စပ်နေတယ်။ တိုင်းရင်းသားတွေရဲ့နိုင်ငံရေးလည်း ဖြစ်တယ်။ (Human is Political Animal) ဘာကြောင့်လဲ။ တိုင်းရင်းသားအားလုံး ပြည်ထောင်စုအတုဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒအောက်မှာ နေရလို့ပဲ။ ဖိနှိပ်ခံရသူအချင်းချင်း တပ်ပေါင်းစုမဖွဲ့နိုင်ရင် တစ်ကွက်ချင်း၊ တဖွဲ့ချင်းချေမှုန်းခံရမယ်ဆိုတာ သမိုင်းရှိခဲ့ပြီးသားပဲ။ (၁၇)နှစ်သားထဲက စစ်တိုက်လာတယ်ဆိုတဲ့ ကေအဲန်ယူဥက္ကဌက ငယ်ငယ်တုံးက (Sunday School) မှာ ထင်းတစ်စီးလုံးကို ချိုးရင်မရဘူး။ တစ်ချောင်းစီချိုးမှ ရတယ်ဆိုတဲ့ သင်ခန်းစာမမေ့သေးဘူးဆိုရင် KNU ဥက္ကဌကြီးမန်းဘဇန်ရဲ့ တပ်ပေါင်းစုရှိမှ တော်လှန်ရေးအောင်မြင်မယ်ဆိုတဲ့ဒဿနကို လေးစားလိုက်နာသင့်ပါတယ်။ UNFC ထဲ ဝင်တယ်ဆိုတုန်းကလည်း အဖိနှိပ်ခံ တိုင်းရင်းသားအချင်းချင်းညီညွတ်ရေးအတွက် KNU ကွန်ဂရက်က ဆုံးဖြတ်ခဲ့တာပဲ။ ကွန်ဂရက်သဘောထားကိုဆန့်ကျင်ခြင်းဟာ KNU ထဲမှာ အာဏာရှင်ထူထောင်တာပဲ။ ဒီမိုကရေစီကို နားလည်ရင် လာမယ့် KNU (၁၆)ကြိမ်မြောက်ကွန်ဂရက်ကျရင် ကိုယ့်သဘောထားတွေ ပြန်တင်သင့်တာပေါ့။ တစ်ပြည်လုံးက ကရင့်သဘောထားအမှန်ကို ယူကြည့်ပါ။ စောဘဦးကြီးနဲ့ ရဲဘော်တွေရဲ့ သွေးနဲ့လမ်းပြခဲ့တဲ့ ကရင့်တော်လှန်ရေးလမ်းစဉ်ကသွေဖီရင် ကရင်ပြည်သူတရပ်လုံး လက်မခံကြပါဘူးဆိုတာ ပြောပြလိုက်ပါရစေ။

အမြင်သဘောထားပါ ဆောင်းပါးများသည် ကေအိုင်စီ(ကရင်သတင်းဌာန)၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏အာဘော်သာ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ယူတာကဒီနေရာကပါခင်ဗျား။ http://www.kicnews.org/


Saturday, September 20, 2014

ဆွန်ယက်ဆင်၏ အရေးသုံးပါး (ဘိုဘိုလန်းစင်)

0 comments
အမျိုးသားစည်းလုံးရေး
ဒီမိုကရေစီရေး
စားဝတ်နေရေး
ဗမာပြည်မှာ လူမျိုးစုံဘာသာစုံဆွေးနွေးပွဲ ဝပ်ရှော့ဆိုတာတွေ တက်ခဲ့ဖူးပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ ကြီးမှူးလုပ်တာပါ။ အဲဒီမှာ တိုင်းရင်းသားစုံဘာသာစုံက လူငယ် လူကြီးအစုံအလင် သိရ ပြောဆိုရဖူးပါတယ်။ အဲဒိကတခါ နိုင်ငံခြားမှာ ဒီလိုမျိုး ငြိမ်းချမ်းရေးစခန်းသွင်းပွဲတွေ သွားတက်ရပါတယ်။ အဲဒိတိုင်းပြည်မှာ လူမျိုးဘာသာက ဗမာပြည်လိုပဲများပြားတော့ အဓိကရုဏ်းတွေဖိနှိပ်မှုတွေဖြစ်ခဲ့လေတော့ ဘေးဆီးရန်ကာ လူထုလှုပ်ရှားမှုတွေ အဖွဲ့အစည်းတွေလည်း တော်တော်စုံနေပါပီ။ သူတို့ဆီက ပညာတတ်လူငယ်အမျိုးသမီးတွေကလည်း ဒီအရေးကို အတော်ထက်ထက်သန်သန် ပြောနိုင်ကြတာတွေ့ရပါတယ်။ အစိုးရအုပ်ချုပ်ပုံပြောင်းပီး နိုင်ငံတကာနဲ့အထိအတွေ့ဆိုတာတွေသိပ်များလာတော့ သူတို့ဆီမှာ ဒီလိုအဓိကရုဏ်းတွေဖြစ်တာနည်းလာပီး ခွဲခြားနှိမ်ချမှုဆိုတာ ရှက်ရမှန်းသိလာတဲ့လက္ခဏာ တွေ့ရပါတယ်။ ဒါကြောင့် မွတ်ဆလင်နိုင်ငံကြီးပေမယ့် အတော်သည်းခံ လွတ်လပ်ခွင့်ကျင့်သုံးနိုင်ကြတယ်။
ကျနော်တို့ဆီမှာလည်း အရင်က ပတ်သက်စရာမရှိတဲ့အသိုင်းအဝိုင်း လူမျိုးစုံစကားပြောခိုင်း နာကြည်းမှုတွေဖွင့်ပြောကြတော့ အပြန်အလှန် နားလည်မှုတမျိုးရှိလာတာကို တွေ့ရပါတယ်။ ဒါကလည်း ပွဲပီးမီးသေပါပဲဆိုလည်း ဟုတ်နိုင်တာပဲ။ နေ့စဉ်ဘဝမှာ ဒီလိုခွဲခြားမှုတွေ ဆင်ခြင်ရပ်တန့်သွားဖို့က အစိုးရနဲ့ လူ့အဖွဲ့အစည်းတခုလုံးပါဝင်လာမှ ဖြစ်တာကိုး။ အန်ဂျီအိုတချို့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းလေးတွေ စာဖတ်တဲ့လူစုတွေမှာလောက်ကွက်ကွက်မှာ ကျင့်သုံးနိုင်တာက တကယ့် ရပ်ကွက်ထဲရွာထဲ ဖေ့စ်ဘုတ်ထဲရောက်တယ် မပြောနိုင်ပါ။
အဲဒိ ဆွေးနွေးပွဲတွေဆီခေါ်သွားတဲ့ စာပေနယ်ကတချို့ မြစ်ဆုံကိစ္စမှာ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားတက်ကြွနေတာမြင်တော့ ရှက်မိပါတယ်။ တို့လူတွေလည်း မဆင်ခြင်ကြဘူး၊ မစောင့်စည်းဘူးလို့ပဲ အောက်မေ့မိတယ်။ ဒိကိစ္စမျိုးဟာ အမုန်းဆန့်ကျင်ရေးနဲ့ ပီးသွားမှာ မဟုတ်၊ ရပ်တည်ချက်မှန်တဲ့ ဘယ် နိုင်ငံခြားသွေးစုပ်မှုမဆို ဝေဖန်တွန်းလှန်တဲ့အလေ့နိုးကြားမှသာ လူမျိုးရေးကွက်ကွက်က ကျော်မြင်နိုင်ကြမှာပါ။ ဗမာဟာ တရုတ်လိုနိုင်ငံကြီးကိုဆန့်ကျင်နေလို့ အကျိုးအမြတ်ရှိစရာ မမြင်ပါဘူး။ ပြည်တွင်းက တရုတ်လူနည်းစုကိုလည်း မျိုးနွယ်တူမှုနဲ့ ပုတ်ခတ်နေရင် ဒီလူတွေဟာ မြန်မာအများစုနဲ့ ပိုလို့ အဟပ်ကွာရုံ ရှိမှာပေါ့။ ဒီအကြောင်း အမြင်ကျယ်တဲ့နိုင်ငံရေးသမားတွေ လက်ခံကြတာပဲ။ ဘန်ကောက် ဖိုရမ်မှာ ကန်-တရုတ် စီးပွားရေးအားပြိုင်မှုမှာ ဗမာ ကြားညှပ်စရာမဖြစ်ဖို့ ဒေါ်စု သတိပေးတာ ကြည့်ပေါ့။
လူမျိုးရေး ဘာသာရေး သွေးထိုးပီး အမြတ်ထုတ်တာဟာ ယုတ်ညံ့တဲ့လက်ျာစွန်းသမားတွေလုပ်တဲ့ ရှေးရိုးနည်းကြီးပါ။ သို့သော်လည်း တိုင်းပြည်က သိပ်နနေတော့အခါမျိုးမှာ ဒီလိုအကွက်တွေကြောင့် အင်မတန်ထိခိုက်ပါတယ်။ စစ်မဖြစ်ခင် အိန္ဒိယလွှမ်းမိုးတဲ့ခေတ်က အဓိကရုဏ်းတွေဟာ စစ်ပီး သူတို့သြဇာကျသွားချိန်မှာပျောက်သွားပေမယ့် ဒီအမာရွတ်ကို အမုန်းမျိုးချစ်စိတ်အနေနဲ့ တခြားကိုလိုနီလွန်နိုင်ငံတွေမှာ လုပ်တတ်သလို ဆွပီး အမြတ်ထုတ်တဲ့နိုင်ငံရေးလူတန်းစားက ဆက်သုံးနေပါတယ်။ အိန္ဒိယမှာလည်း ဘာသာရေးအစွန်းရောက်ပါတီတွေ ဒီလို အဓိကရုဏ်းတွေ သွေးထိုးနေတာပါပဲ။ ဒါကို ဗမာပြည်က ဒီမိုကရေစီသူရဲကောင်းဆိုသူတချို့က ပေါ်တင် အမျိုးသားရေးအလံထူလာတော့ အတိမ်အနက်သိသူတွေက လာမယ့်ခြေလှမ်းတွေကိုရိပ်မိပီး ပူပန်ကြပါတယ်။ တိုင်းပြည်တပြည်ဟာ လူမျိုးဘာသာစုံနေနေတာကို အမျိုးသားရေးဆိုပီး အင်အားကြီးတစုက ချယ်လှယ်လက်ဝါးအုပ်မှာကို ဘယ်လူနည်းစုကမှ လက်ခံမှာမဟုတ်ပါ။ ခုနေမှာ ဟိုလူအုပ်ဒီလူအုပ်ကို စွပ်စွဲတိုက်ခိုက်နေသူတွေဟာ တခြားလူတွေကိုလည်း ဒီလို စုန်းယိုးဘို့ဝန်လေးမှာ မဟုတ်ပါဘူး။
တိုင်းပြည်လူမျိုးဆိုတဲ့ အနောက်တိုင်းနိုင်ငံရေးသတ်မှတ်ချက်တွေကို ကိုလိုနီအမွေလက်ခံရလိုက်တဲ့နိုင်ငံသစ်တွေမှာ ခေတ်ဟောင်း အစွဲအလမ်းတွေနဲ့တုပ်နှောင်မိပီး ဒီသတ်မှတ်ချက်တွေနဲ့ လူအချင်းချင်းခွဲခြားကန့်သတ် တံဆိပ်ခတ်တာမျိုးဟာ နယ်ချဲ့ဟောင်းတွေလုပ်ခဲ့တဲ့ မျိုးစွဲသွေးခွဲမှုမျိုးပါပဲ။ အဘ ဖက်ဆစ်နိုင်ငံတော်ကြီးအတွက်ဆိုပီး အသေခံမယ့် မျက်ကန်းလေးတွေပေါ်လာဘို့ပဲ ရှိပါတယ်။ အလံ မြေပုံ သမိုင်းစာအုပ် ဝတ်စုံ လူမျိုးခွဲခြားရေတွက်ပုံ စတာတွေနဲ့သတ်မှတ်တဲ့ ခေတ်သစ်နိုင်ငံတည်ဆောက်ပုံသဘောကိုနားလည်မှ ဘယ်သူတွေကို ဘယ်လိုနိုင်ငံရေးအကွက်မှာ ဖယ်ထုတ်နှိမ်ချခဲ့တယ်ဆိုတာ မြင်တတ်မှာပါ။ အိန္ဒိယမှာ ဇာတ်စနစ်ဟာ ကိုလိုနီခေတ်လွန်မှ ပိုအားကောင်း ပြင်းထန်လာတယ်ဆိုသလို လူမျိုးရေးပြိုင်ဆိုင်မှုဟာလည်း အာရှ အာဖရိက လွတ်လပ်တဲ့နိုင်ငံတွေ သွားပေါက်ချိန်မှာ ကြုံခဲ့တဲ့ ပြည်တွင်းမငြိမ်မသက်မှုတွေအဖြစ် ပေါက်ကွဲလာတတ်ပါတယ်။ ဆက်ပီး မြုံခဲတင်းကျပ်ကျန်ခဲ့တာတွေကလဲ ဗုံးဟောင်းလို အစရှာသူတွေလက်ချက်နဲ့ ပြန်ပွင့်ထွက်လာနိုင်ပါတယ်။ ဒါကြောင့် တိုင်းပြည်ထဲ တင်းမာမှုပြေလျော့ဘို့မှာ တစုနဲ့တစု ရန်မွေး သရဲမွေး ခြောက်စားနေတာတွေ ရပ်ပီး လူလူချင်း လူမျိုးဘာသာ နိုင်ငံရေးရပ်တည်ပုံ စတဲ့နောက်ခံတွေနဲ့ ခွဲခြားဆက်ဆံမှုကင်းတဲ့ ဒီမိုကရေစီစနစ်ကိုသွားနိုင်မှသာ တန်းတူညီမျှ လွတ်လပ်နိုင်ကြမှာပါ။ မဟုတ်ရင် ချာချီ နိမိတ်ဖတ်ခဲ့သလို သူတို့မရှိတာနဲ့ သွေးချောင်းစီးတဲ့ဗမာပြည် ဆက်ဖြစ်တာပဲလို့ ပြောနိုင်တဲ့ လူတန်းစားတွေကို ခေါင်းပေါ်တင်နေရပါလိမ့်မယ်။
တိုင်းရင်းသား နိုင်ငံခြားသား လူမျိုးစု ၁၃၅ မျိုး စတဲ့ အုပ်စိုးသူတွေ ဖန်တီးတဲ့ နိုင်ငံရေး ဇာတ်သွင်းတာတွေကို ဝေဖန်ပိုင်းခြားတဲ့မျက်စိနဲ့ မြင်တတ်ကြပါစေ။
ဒီနေရာက ယူပါတယ်။ http://bobolansin.wordpress.com/


၂ဝ၁၄ စက်တင်ဘာ တတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
(ချေ ၂ ချေဆိုတာ ကိုယ်ဘာသာလုပ်မရ)
ခုတလော မျက်စေ့ဒုက္ခပေးနေတာနဲ့ ဘာမှ ဟုတ်တိပတ်တိမလုပ်ဖြစ်ဘူး။ လုပ်လည်း အာရုံကြာကြာစိုက်မရဘူးဖြစ်နေတာ။ စာဖတ်မယ်ဆိုပြီး စာမျက်နှာ ၁၆၃ မျက်နှာပဲရှိတဲ့ ဆင်ဖြူကျွန်းအောင်သိန်းရဲ့ မြန်မာ့ရိုးရာပုံပြင်စာအုပ်ပါးလေးတောင် တနေကုန်ဖတ်တာ မပြီးဘူး။ လူကဖတ်နေရင်း စိတ်က မျက်စေ့ဆီပဲ ရောက်ရောက်သွားတယ်။ ဆေးသောက်လည်း ခနပဲခံတယ်။ မျက်စဉ်းခတ်တော့လည်း မျက်လုံးထဲချော်ကျိကျိ ဝေတေတေနဲ့မို့ စာဖတ်လို့မရပြန်ဘူး။ ဒါနဲ့ မထူးဘူးကွာဆိုပြီး စာအုပ်ကို စင်ပေါ်ပြန်ထား၊ ညတရေးနိုးကတွေးမိတဲ့အကြောင်းချရေးတာ တထိုင်တည်းနဲ့ပြီးသွားတယ်။ (မျောက်အချောက် သဂျိံင်းတူးခြင်းနှင့် တိုက်ရာမပါ ဝေစု) အရေးနည်းနည်းအဆက်ပြတ်သွားလို့လားမသိဘူး စာရိုက်တာမသွက်ဘူး။

ဒီနေ့တော့ ဂျွန်နီအက်ပယ်လ်စိဒ်ပွဲတော် သွားမယ်တွေးထားတယ်။ အရင် ၄ နှစ်လောက်က အဲ့ဒီပွဲတော်အကြောင်း ဆောင်းပါး(၃)ပုဒ်ဆက်ရေးဖူးပါတယ်။ ဒီနေ့တော့ မျက်လုံးအခြေအနေပေါ်တည်ပြီး အဲ့ဒီမှာ အချိန်ဘယ်လောက်သုံးမလဲ ဆုံးဖြတ်ရမယ်ထင်တယ်။ နေပူကြီး ကွင်းပြောင်ကြီးထဲမှာတော့မဟုတ်ပါဘူး။ ပွဲတော်နေရာက သစ်ရိပ်ဝါးရိပ်တော့ရှိပေမယ့် အမိုးအကာရုံထဲကပွဲမဟုတ်တော့ ပူတော့ပူတာပဲ ဖုန်လည်းထူတာပဲ၊ ချွေးလည်းပြိုက်တာပါပဲ။ တနှစ်တကြိမ်လုပ်တဲ့ပွဲဖြစ်တာကတကြောင်း၊ နှစ်စဉ်ကျနော်တွေ့နေကြ အမေရိကန်ဌာနေ လူနီရက်အင်ဒီးယန်းအကြီးအကဲလည်းအကြီးအကဲ၊
ဆေးဆရာလည်းဆေးဆရာရဲ့သားကြီးသြရဿဿ ဖြစ်တဲ့ ဝက်ဝံကလေးဦးလူနီနဲ့လည်း တွေ့ချင်ပြန်တယ်။ သူ ရှိရောရှိသေးရဲ့လား၊ ရှိရင်ရော နေထိုင်ကောင်းပါ့မလား၊ နေထိုင်ကောင်းဦးတောင် ဒီနှစ်လာနိုင်ပါ့မလားတွေလည်းတွေးနေတာ မိုးလင်းကတည်းကပဲ။ အင်း..သူလည်း အသက်ကြီးပြီမဟုတ်လား။ သူနဲ့ကျနော် ပြောခဲ့သမျှစကားတွေထဲမှာ ကျနော့်ရင်ထဲ တစ်သက်စာငြိသွားတဲ့စကားက "လူမျိုးတမျိုးလုံးအပေါ်မှာ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုကို လက်စားချေတာပဲပဲဖြစ်ဖြစ် သင်ပုန်းချေတာပဲဖြစ်ဖြစ် လူတစ်ယောက်က ဒါမှမဟုတ် လူတစုစုကလုပ်လို့ မရဘူး"ဆိုတာပါပဲ။ ကျနော်က သူ့ကို မင်းတို့ရက်ဒ်အင်ဒီးယန်းတွေအပေါ် လူဖြူတွေကျူးလွန်ခဲ့တဲ့အမှုတွေအတွက် မင်းစိတ်ထဲမှာ လက်စားချေလိုစိတ် ဒါမှမဟုတ် သင်ပုန်းချေလိုစိတ် ဘယ်စိတ်မျိုးရှိသလဲလို့ ကျနော်မေးတုန်းက သူပြန်ဖြေခဲ့တဲ့စကားပါ။ ရှိသေးတယ် ကျန်းမာရေးကောင်းသေးလို့ လာလည်လာတယ်ဆို စကားလေးဘာလေးပြောပြီး ဓါတ်ပုံရိုက်ခဲ့မယ်တွေးတာပါပဲ။

(လူမျိုးဘာသာအရိုးစွဲ)
တလောက ဒီရောက်တာသိတ်မကြာသေးတဲ့ ဗမာပြည်သား(ပညာတတ်)စုံတွဲတတွဲနဲ့တွေ့ ခရီးသွားဟန်လွှဲတွေ့မိတယ်။ ရောက်တတ်ရာရာပြောကြရင်း"ဘာကိုးကွယ်လဲ"လို့ ကျနော်နဲ့အတူပါလာတဲ့အမေရိကန်မိတ်ဆွေကိုမေးတော့ ဟိုက ဘာမှပြန်မပြောပဲ ပြုံးပဲနေတယ်။ ကိုယ်တော်က ဒါကိုသဘောမပေါက်ဘူး "ငါကတော့ သာမန် မိရိုးဖလာဗုဒ္ဓဘာသာပါ၊ ငါ့မိန်းမကတော့ Strong ဗုဒ္ဓဘာသာလေ"လို့ ဆက်ပြီးပြောတော့ ဟိုလူ မျက်မှောင်ကြုပ်သွားတယ်။ ဘာမှတော့ မေးနေပြောမနေဘူး။

သူတို့ထွက်သွားတော့မှ ကျနော်က"ဆောရီးကွာ သူ ဒီရောက်တာမကြာသေးဘူး။ ဒီက ယဉ်ကျေးမှုကိုလည်း သိတ်တီးမိခေါက်မိ မရှိသေးလို့နေမယ်"လို့ မိတ်ဆွေအမေရိကန်ကို ဖြည်ပြော ပြောတယ်။ ဒီတော့ သူက "ဘာသာ မေးတာကကိစ္စမရှိပါဘူး။ သူ့မိန်းမက Strong ဗုဒ္ဓဘာသာလို့ပြောတာတော့ အတော်ဆိုးတယ်ကွ။ အင်္ဂလိပ်စကားသေချာမတတ်လို့လား၊ ဒါမှမဟုတ် တတ်ရဲ့သားနဲ့ သူ့ဘာသာတော့လာမထိနဲ့ မီးပွင့်သွားမယ်လို့ ခြိမ်းခြောက်တာလားမသိဘူးကွ။ သူ့မိန်းမ ဘာသာရေးလေးနက်တယ်လို့ ပြောချင်တာဆိုရင်တော့ တခြားစကားလုံးသုံးလည်းရတာပါပဲ။ များသောအားဖြင့် အဲ့သလိုပြောတတ်သူမှာ ဘာသာလူမျိုးအယူသီးတတ်ပြီး သူတပါးယဉ်ကျေးမှုထဲ မဝင်ဆန့်တာမျိုးတွေရှိတတ်တယ်"ဆိုပြီး သူ့ဖာသာပြောတာလိုလို ကျနော့်ကိုပြောတာလိုလို လေအေးအေးနဲ့ပြောတယ်။ ကျနော်လည်း ခေါင်းပဲညိမ့်နေမိတယ်။

ပညာတတ်အလယ်အလတ်လွှာက မြို့နေသူတွေတောင် ဒီလောက် သူတပါးယဉ်ကျေးမှုကို တီးမိခေါက်မိနည်းတယ်ဆို ပညာဗဟုသုတပါးရှားသူတွေ လူတွေ့တိုင်း "ကျုပ်တို့က ဘာလူမျိုး ဘာ ဘာသာလေ"လို့ အပြောလေ့ကြတာ ဘာဆန်းတော့မလဲ။ အရိုးစွဲနေကြသမို့လား။

(နိုင်ငံပြိုရင် ငွေပါပြိမလား)
ကမ္ဘာ့သမိုင်းမှာ ပြိုကွဲသွားတဲ့ အင်ပါယာကြီးတွေ နိုင်ငံတွေအများကြီးပါ။ နောက်ဆုံးနဲ့အကြီးဆုံးပြိုကွဲတဲ့လူ့အစုအအစည်းကြီးဟာ ဆိုဗီယက်ယူနီယံဖြစ်မယ်မှတ်တာပဲ။ ထားပါတော့ ကြီးတာသေးတာ နောက်ဆုံးရှေ့ဆုံးဖြစ်တာတွေ။ ကျနော် သိချင်တာက နိုင်ငံတွေအဲ့သလိုပြိုကွဲကြတဲ့အခါ မပြိုကွဲခင်က သူတို့နဲ့ ကုန်သွယ်စီးပွားဘက်တွေကို
ပေးရန်ရှိနဲ့ ရရန်ရှိကြွေးမြီတွေကို ဘယ်ပုံရှင်းကြသလဲဆိုတာပဲဗျ။ ဆိုဗီယက်ကြီးပြိုတော့ ရုရှားဆိုတာတခုပဲ တောင့်တောင့်တင်းတင်းနဲ့ ထောင်ထောင်မတ်မတ်ကျန်တာ။ ဒါတောင် သိတ်ဟုတ်လှတာ မဟုတ်သေးဘူး ပြိုကာစကဆို သာခွေယိုင်ဆိုသလိုပဲ။ ဆိုဗီယက်ယူနီယံနဲ့ ကုန်သွယ်စီးပွားပြုခဲ့တဲ့ နိုင်ငံ-နိုင်ငံခြင်းပေးရန်ရရန်အကြွေးတွေ ဘယ်လိုရှင်းခဲ့သလဲ။ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့လို ဒေသကြီးတွေအလိုက် တိုက်ကြီးတွေအလိုက် သီးခြား ငွေကြေးအင်စတီကျူးရှင်န်းကြီးတွေဆီက
ချေးငှားထားတဲ့ငွေတွေကတော့ လျှော်တန်တာလျှော် လျော်တန်တာလျော်တယ်ပဲထားပါ။ ပုဂ္ဂလိကနိုင်ငံတွေက ချေးငွေတွေ ကြွေးမြီတွေကို အကွဲကျန်နိုင်ငံသစ်တွေက ဘယ်ပုံဖြေရှင်းခဲ့ကြသလဲဆိုတာပါ။ တွေးမိတာက ခုနေ တရုတ်ကြီးပြိုကွဲတယ်ဆိုပါတော့ဗျာ သူနဲ့စီးပွားကုန်သွယ်ဘက်နိုင်ငံတွေဆီကနေ တရုတ်ကရရန်ရှိတဲ့အကြွေးတွေကို ဘယ်လိုလုပ်ကြမှာလဲလို့ တွေးမိလို့ပါ။ ရွှေပြည်ကြီးစစ်ဗိုလ်ယုတ်တွေလုပ်သလို ခင်ညွန့်နဲ့လုပ်ခဲ့တာ လာပြောမနေနဲ့။ ခု ခင်ညွန့်မရှိတော့ဘူးဆိုပြီးလုပ်ရင်ရော မခက်ပါလား။

(ပယ်ပယ်နယ်နယ်နဲ့ပြစ်ပြစ်နှစ်နှစ်)
ရယ်စရာပြောတာတော့ မဟုတ်ပါဘူး ဒါပေမယ့် ရယ်စရာလိုဖြစ်နေလို့ပါ။ ဒီလိုပါ ကျနော်ရေးတာပြောတာတွေဖတ်ပြီး စာတိုင်းနီးပါးလောက်ကို မအေနှမ ဘာမှမကျန်အောင် ချက်တ်ဘောက်စ်ကနေ မက်ဆေ့ဂ်ျပို့ပို့ပြီး မကြားဝံ့မနာသာဆဲ့တဲ့သူတယောက်ကို ဘလော့က်တော့မယ်လို့ဆုံးဖြတ်ပြီး အသိပေးတဲ့အနေနဲ့ သူ့ကိုမေးကြည့်တယ် "ခင်ဗျားကို ကျနော် Block တော့မလို့ဗျ။ ဒါနဲ့နေပါဦး မဘလော့က်ခင် မေးစရာရှိလို့ မေးပါရစေ"ဆိုတော့ "ဘာလဲ...ပြော"တဲ့။ "ခင်ဗျား ကွန်မန့်မှာဝင်မဆဲပဲ ချတ်ဘောက်စ်ကနေဆဲနေလို့ ကျနော် ခုထက်ထိ ဘာမှမလုပ်ဖြစ်သေးတာပါ။ ဟိုမှာလာပြီး အဲ့သလောက်ဆဲရင်တော့ ထုပ်ပြစ်လိုက်တာကြာပြီ။ သူများတွေမြင်လည်း မကောင်းသလို ကျနော့်မလည်း မအေတွေနှမတွေနဲ့လေ။ ဘာဖြစ်လို့ ခင်ဗျား အဲ့သလောက်ဆဲဆိုနေရသလဲဗျာ"ဆိုတော့ "မင်းလို မရေးတတ်လို့ပေါ့ကွ၊ ရေးတတ်မှတော့ ပါးစပ်အသနခံပြီး မင်းလိုကောင်မျိုးကို ဆဲနေပါ့မလား လခွီးတဲ့မှပဲ"တဲ့။ ဒါနဲ့ ကျနော်လည်း ဘလော့က်မယ်လို့ဆုံးဖြတ်ထားတာကို ပြင်လိုက်တယ်။ ဟုတ်သားပဲ ကျနော်တောင် သူရိုသေလေးမြတ်လှတဲ့လူတွေ ပုဂ္ဂိုလ်တွေကို ပယ်ပယ်နယ်နယ်ပြောနေသေးတာပဲ သူလည်း ကျနော့်ကို ပြစ်ပြစ်နှစ်နှစ်ဆဲချင်ပေမပေါ့။


ရွှေစည်းခုံလှူပါ၏ဘုရား (မျိုးမြင့်ချို)

0 comments
ဒဏ်ရာရတုန်းက ဘယ်မျက်စေ့ထဲ အစတွေဝင်တယ်။ ဗမာပြည်မှာ စုစုပေါင်း ၃ ကြိမ် ခွဲစိတ်ခံရတယ်။ နောက်ဆုံးအကြိမ်မှာ အတွင်းမှန်ဘီလူးထည့်ရတယ်။ အတွင်းမှန်ဘီလူးထည့်တာက ၂ဝဝ၄ ခုနှစ်မှာ။ ထောင်ထဲကနေအပြင်ထုတ်ပြီး ကန်တော်ကြီးစောင်းက မျက်စေ့ဆေးရုံကြီးမှာလုပ်တာပါ။ ဒီတုန်းက ဒေါက်တာသန်းငြိမ်း၊ ဒေါ်မေဝင်းမြင့်တို့နဲ့အတူ အပြင်ဆေးရုံ ထွက်ထွက်ပြနေချိန်ပဲ။ ခုဆို ၁ဝ နှစ်ရှိပြီ အတွင်းမှန်ထည့်ထားတာ။ မှန်ထည့်လို့ ပြန်မြင်ရသလားဆိုတော့လည်း အရင်ကထက်ထူးပြီး မမြင်ရပါဘူး။ အလင်းအမှောင်၊ နေ့ညနဲ့ မျက်စေ့ရှေ့တခုခုလာလှုပ်ပြရင် ရိပ်ရိပ်-ရိပ်ရိပ်ပဲ မြင်တော့တယ်။ တခါတလေ အောင့်တယ် မျက်ရည်တွေကျတယ်။ ဒီလောက်ပဲ။ အဲ့ဒီအတိုင်းနေလာတာ၁၉၈၄ ကနေ ဒီနေ့အထိ။ မျက်စေ့ကတော့ နည်းနည်းပါးပါးပုံပျက်သွားတာကလွဲလို့ မသိသာဘူး။ ကိုယ်ကပြောပြမှ သိရမယ့်အနေအထားပဲ။ အတွင်းသိတွေကလွဲလို့ ဒီမျက်စေ့အကြောင်း အခြားသူတွေကို မပြောဖြစ်တာများတယ်။ ခုတော့ ပြောချင်လာတယ်။ မိတ်ဆွေတွေလည်း သိရအောင်ပါ။

ခုတလော ဘာဖြစ်တယ်မသိ။ ခွဲထားတဲ့မျက်စေ့က အောင့်တယ်နာတယ်၊
တချက်ချက် အပ်ဖျားလေးနဲ့ဆွသလို စူးကနဲစူးကနဲကျင်ကျင်တက်သွားတယ်
အဲ့သလိုဖြစ်ရင် လူကပါ ဆိုးကနဲဆတ်ကနဲတွန့်တွန့်သွားတာ သတိထားမိတယ်။
တခါတလေ ကိုက်တယ်။ ခေါင်းနောက်ပိုင်းကြီးကနေ ဦးနှောက်ကို တယောက်ယောက်က လက်နဲ့လာဆွဲပြီးညှစ်နေသလိုလိုလည်း ခံစားရတယ်။ တချို့ညတွေဆို မအိပ်ရဘူး။ အိပ်ရေးပျက်တာများတော့ အစားလည်းပျက်ပြီး လူလည်း စိတ်နည်းနည်းကျချင်သလိုဖြစ်တယ်။ စိတ်အားနေရင် လူအားနေရင် ဟိုတွေးဒီတွေးတွေတွေးဖြစ်မစိုးလို့ စာဖတ်တာနဲ့ခြံအလုပ်လုပ်တာကိုပဲ ဖိလုပ်နေတယ်။ စာတောင်မရေးဖြစ်ဘူး။ စာရေးရင် စိတ်ပိုပိတယ် မဟုတ်လား။ အထူးသဖြင့် စစ်ကြောရေးနဲ့ထောင်ထဲကအကြောင်းတွေ ဒဏ်ရာရတုန်းကအကြောင်းတွေ ပြန်မတွေးမိအောင် စိတ်ထဲဝင်မလာအောင် သတိနဲ့နေနေရတာပါပဲ။

နောက်တခုက အနာအကျင်(ဝေဒနာနုပဿနာပဲထားပါတော့)ကို စိတ်နဲ့တည့်တည့်ကြည့်ဖို့ စိတ်ကိုစုပြီး ဖမ်းမိသွားတော့မှ တဖြည်းဖြည်းနဲ့ အနာအကျင်မှတ်ရာကနေ စိတ်ကလေးအေးနေကြည်နေအောင် ကူးသွားပြီးနေတဲ့နည်းပဲ။ ကူးတယ်ဆိုတာလည်း သတ်သတ်ကြီး လူကလိုက်ကူးရတာမျိုးမဟုတ်ပဲ သူ့ဟာသူစိတ်က သိမှုကရွေ့သွားတဲ့သဘောပဲ။ တချို့လည်း ဒါကို တရားထိုင်တယ်တို့ တရားမှတ်တယ်တို့ ဝိပဿနာရှူတယ်တို့ ဘာတို့ညာတို့ အမည်အမျိုးမျိုးတပ်ပြီးပြောနေကြတာပဲ။ တချို့များဆို နိဗ္ဗန်တို့ဘာတို့
သံသရာကလွတ်ကြောင်းတို့ ဆိုတာမျိုးတွေအထိတောင်ပြောကြတာပဲ။ ကျနော်ကတော့ စိတ်ခွန်အားရဖို့ စိတ်ကလေးကြည်နေအေးနေဖို့နဲ့ ခန္ဓာကိုယ်အေးအေးလူလူလေးဖြစ်နေရငကျေနပ်စရာလို့ပဲမှတ်ပြီး လုပ်ပါတယ်။ ရှေ့ဘဝနောက်ဘဝနဲ့ သံသရာဆိုတာယုံပြီး လုပ်သူတွေလည်း လုပ်ကြပေါ့။
သူ့နည်းနဲ့သူ သူ့ယုံကြည်မှုနဲ့သူ ကြည်မွေ့နေပြီးတာပါပဲ။ ကျနော်ကတော့ ထောင်ထဲတုန်းက ၇ နှစ်လောက် Meditation လုပ်ခဲ့တဲ့နည်းတူ ခုလည်းပြန်လုပ်ဖြစ်တယ်။ အကျင့်ရှိခဲ့ဖူးတော့ စိတ်စုပြီးတည်နေအောင်ထားရတာ သိတ်မခက်လှဘူး။ ဒါပေမယ့် ပြဿနာက အပြင်မှာက ထောင်ထဲမှာလိုမဟုတ်ဘူး။ မိသားစုကိစ္စအပြင်ကိစ္စ လူမှုရေးကိစ္စ၊ ထမင်းရှာစားရတဲ့ကိစ္စ၊ ကိစ္စပေါင်းသောင်းခြောက်ထောင်ဆိုတော့ မဒီတေးရှင်းလုပ်ချိန် နည်းတာပဲ။
စိတ်ထွေးချိန် စိတ်ပိချိန်များပြီး စိတ်အနားနည်းတာပဲ၊

အမေရိကားကို ၂ဝဝ၈ မှာရောက်တယ်။ သိတ်မကြာဘူး တော်ပေ့ဆိုတဲ့ မျက်စေ့သမားတော်တွေနဲ့ရော ကျွမ်းပေ့ဆိုတဲ့မျက်စေ့ခွဲစိတ်ဆရာဝန်ကြီးနဲ့ရော ၃ ကြိမ်လောက်တွေ့တယ်။ အမျိုးမျိုးစမ်းသပ်ကြည့်ရှူကြပြီး နောက်ဆုံး "မင်းမျက်စေ့ကိုခွဲပြီး အတွင်းမှန်ဘီလူးပဲပြန်လဲလဲ၊ တခြားတနည်းနည်းနဲ့ပဲ ခွဲခွဲ ပြန်မြင်ရဖို့အလားအလာက ၁ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ ဒါပေမယ့် နောက် ၁ဝ နှစ်လောက်ရှိလို့ ဆေးဝါးသစ်၊ နည်းပညာသစ်၊ ကိရိယာသစ်တွေပေါ်လာလို့ မင်းမျက်စေ့ကိုခွဲကြည့်ရင်တော့ မြင်ရင်မြင်လာနိုင်မှာပါ။ ခုကတော့ ဒီ့ထက်ပိုဆိုးမလာအောင် မျက်လုံးပုံပျက်ပန်းပျက်ဖြစ်မသွားအောင် မျက်စဉ်း၊ သောက်ဆေး စတာတွေနဲ့ထိန်းထားလို့ပဲရမယ်" လို့ပြောတယ်။ ကျနော်က "ဒါဆိုလည်း ကိစ္စမရှိဘူး၊ ထားလိုက်ပါတော့၊ ခွဲလည်းမနေပါနဲ့တော့၊ နောက် ၁ဝ နှစ်မှာ ခွဲလို့ရတယ်ဆိုဦးတောင် ငါလည်းအသက်ကြီးပြီ။ ခုလည်း ဒီဘက်တလုံးနဲ့ တကမ္ဘာလုံးကိုမြင်နေရတာပါပဲ၊ ကောင်းသေးတဲ့တဘက်ကို ထိန်းထိန်းသိမ်းသိမ်း ဂရုတစိုက်လေးနေလိုက်မယ်၊ တခုပဲ မသေခင်စပ်ကြား ဆေးပညာအတွက်နဲ့ပတ်သက်လို့ သုတေသနသဘောမျိုးလုပ်ဖို့ ငါ့လိုမျက်လုံးမျိုးကိုမှ ခွဲဖို့စိတ်ဖို့လိုတယ်ဆို အချိန်မရွေးခွဲပါ၊ မသေခင်က ကြိုလှူထားမယ်"လို့ပြောပြီး တခါတည်း လက်မှတ်ထိုးပေးခဲ့တယ်။ ဒီရောက်ပြီး တပတ်အကြာ မှတ်ပုံတင်သွားလုပ်တုန်းကလည်း သေရင်အလောင်းလှူမယ်(ဒီမှာတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှူတယ်လို့သုံးတယ်)လို့ တခါတည်းလက်မှတ်ထိုးလှူခဲ့တာပါပဲ။
ခု မျက်စေ့ကတော့ မသေခင်ပေါ့လေ။

ခု မသေသေးဘူး။ မျက်လုံးကိုဆေးပညာအတွက်စမ်းသပ်ခွဲဖို့ကလည်း မဖြစ်သေးဘူး။ မျက်လုံးကတော့ ဖေါက်လာပြီ။ မနေ့ကတော့ မျက်စေ့ဆရာဝန်ကြီးနဲ့တွေ့ပြီးပြဖို့ အပွိုင်မင်န့် ယူလိုက်တယ်။ အောက်တိုဘာ (၁)ရက်နေ့မှတွေ့ရမယ်..တဲ့။ လူနာတွေအတော်များနေပုံပဲ။ မတတ်နိုင်ဘူး စိတ်ရှည်ရှည်စောင့်ရတော့မှာပဲ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆိုလို့ကတော့ ကြိုက်တဲ့ပါရဂူကြိုက်တဲ့အချိန် သွားပြရုံပဲ။ ခုက တိုင်းပြည်ကခွင့်ပြုထားတဲ့ဆေးဝါးကုသခွင့် (ဒီမှာတော့Disability Medicaid လို့ခေါ်ပါတယ်)နဲ့ ဆိုတော့။ ကျနော်က ဒီ အခမဲ့ဆေးဝါးကုသဝယ်ယူခွင့်ကို မဖြစ်နိုင်လွန်း မတတ်သာလွန်းတဲ့အခါတွေမှသုံးပါတယ်။ ဒါရထားတဲ့ ၆ နှစ်ကျော်မှာ (၈)ကြိမ်ထက်ကျော်ပြီး မသုံးဘူး။ သာမန်ဖျားတာနာတာနဲ့ တော်ရုံတန်ရုံကိစ္စတွေဆို Over the Counter ဆေးတွေဝယ်သောက်၊ ပိုက်ဆံပေးကုလို့ရတဲ့ ဈေးနှုန်းချိုသာဆေးခန်းတွေပြေးတာများတယ်။ ခုတော့ မတတ်နိုင်ဘူး။ မျက်စေ့ပါရဂူနဲ့တွေ့တယ်ပြုတယ် ခွဲမယ်စိတ်မယ် တခုခုလုပ်မယ်ဆို ငွေကုန်ကြေးကျက အများကြီးလေ။ ကိုယ်မှမတတ်နိုင်တာ။ စောင့်ရမှာပဲ အောက်တိုဘာအထိ။ ကြားထဲ မခံနိုင်ရင်တော့ အောင့်အီးခံတန်ခံ၊ ဆေးသောက်တန်သောက်၊ ဆေးခန်းပြေးတန်ပြေးနဲ့ ကြိတ်မှိတ်စောင့်ရုံပဲ။

ခုလိုပြောတော့ ရွှေပြည်ကြီးက ထမင်းနပ်မှန်ဖို့အရေး ဘဝဆင်းရဲဒုက္ခခံနေရသူတွေကို အားနာတယ် မျက်နှာလည်းပူတယ်။ ကိုယ့်အပူကို အဲ့လိုလူတွေရှေ့ သွားပြောရမှာလည်း စိတ်မလုံဘူး။ ဆရာမောင်ဆေးနီမှုန့် ကွမ်းရွက်ပြုတ်ရည် အပ်ပုန်းရမ်းကုဆရာ ဥုံဖွအပ်ချလောင်း ရေမန်းဆီမန်းထုံးမန်းတွေနဲ့ ဘဝဒဏ်ရာတွေ စိတ်အနာတွေ ခန္ဓာကျန်းမာရေးကို ယုံမှတ်ပုံအပ်နေရတဲ့အဖြစ်တွေဟာ နာကျင်ကြေကွဲစရာ။

မျိုးမြင့်ချို ၂ဝ၁၄ စက်တင်ဘာ