Monday, February 23, 2015

ဖေဖော်ဝါရီ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၂) မျိုးမြင့်ချို

0 comments
ဖေဖော်ဝါရီ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၂) မျိုးမြင့်ချို

(ဆဲရင် ဆဲတယ်မှတ်)
ကျနော့်ခံစားမှုနဲ့အတူ ကျနော်တွေးမိတာတွေ သူများသိစေချင်လို့ ပြန်ရေးပြန်ပြောတဲ့အခါတိုင်း အမြင်တူသူ/မတူသူ၊၊ ကြိုက်သူ/မကြိုက်သူ၊ ဆဲသူ/ချီးမွမ်းသူ၊ ထောက်ပြ/ထေ့ငေါ့သူ၊ ကလိသူကလော်သူတွေရှိမှာဆိုတာ အမြဲနှလုံးသွင်းပါတယ်။ ပြောလိုက်တဲ့အကြောင်းအရာနဲ့ တိုက်ရိုက်/သွယ်ဝိုက် ဘယ်လိုမှဆက်စပ်မှုမရှိပဲ ပြောတာဆိုတာတွေကြတော့ နားလည်ဖို့ကြိုးစားတာထက် ဖတ်ပြီးမေ့ပျောက်လိုက်ဖို့ပဲ အားထုတ်ပါတယ်။ ချီးမွမ်းသံကြားတိုင်း အားတက်ပြီးကြေနပ်နှစ်သက်မိသလို ဆဲဆိုသံကြားရင်တော့ နားရောစိတ်ပါ မအီမသာ ဖြစ်ရတာလည်းအမှန်ပါ။ ကြိုက်လည်းမကြိုက် နှစ်လည်းမနှစ်သက်ပါ။ ဒါပေမယ့် ဆဲဆိုနေစေဦး ကျနော် တုန့်ပြန်ခဲပါတယ်။ (သိတ် အမြင်မတော်လောက်အောင် ရိုင်းပြခက်ထန်တာမျိုး ရုန့်ရင်းကြမ်းတမ်းတာမျိုးဆိုရင်တော့ တခါတည်းအပြီး Block ပါတယ်။ ကျနော့်အပေါ်လည်း မိတ်ဆွေတို့ နှုန်းစံသတ်မှတ်ချက်တွေအရ လက်ခံလို့မဖြစ်ရင်မဖြစ်သလို ဆုံးဖြတ်လုပ်ကိုင်ကြပါ။ အားမနာစေချင်ပါ) ကျနော့်ဘက်က ပြန်မတုန့်ပြန်တာက အရေးမလုပ်တာ ဂရုမစိုက်တာဆိုတဲ့ သဘောလုံးဝမဟုတ်သလို ဥပေက္ခာစိတ်ထားနိုင်လောက်အောင် စိတ်ရင့်ကျက်လို့လည်း မဟုတ်ပါ။ အဓိက ကတော့ “ကိုယ်တောင် လွတ်လပ်စွာ ရေးသားပြောဆိုထုတ်ဖော်ချင်လို့ ထောင်ထဲသွား ၁၅ နှစ်လောက် ဒုက္ခခံခဲ့သေးတာပဲ။ သူတို့လည်း လွတ်လပ်စွာ ပြောကြဆိုကြ(ကုန်ကုန်ပြောရရင် ဆဲချင်ရင်ဆဲကြ) ပါစေဆိုတဲ့စိတ်အခံထားလို့ပါပဲ။ နောက်တချက်က အချိန်ပါ။ ကျနော့်မှာ ဘဝလက်ကျန်အချိန်က တစတစနည်းနည်းလာပါပြီ။ ခုပဲ ၅၀ စွန်းလာပါပြီ။ အကျယ်အကျယ် မငြိမ်းဖွယ်တွေ ပြန်တုန့်ပြန်နေတာထက် ဆက်လေ့လာစရာ ရေးစရာပြောစရာတွေအတွက် အချိန်ဖဲ့မပေးချင်တော့တာပါ။

(အမေမခေါ်တဲ့ အာဂလူ)

မနေ့က ခုတလောခေတ်ထနေတဲ့ စစ်တိုင်းအမှတ်တံဆိပ်လေး ပရိုဖိုင်လ်ပြောင်းတင်လိုက်သူတယောက်က “ဒေါ်စုကို အမေ ခေါ်ရအောင် ငါ့အဖေမယားမှ မဟုတ်တာ”တဲ့။ ကျနော့်ကို ချက်ဘောက်စ်ကနေပြောတယ်။

ကျနော်က “ကျနော်လည်း တခါမှတော့ သူ့ကို အမေမခေါ်ဖူးပါဘူး။ အဖေ့မယားမဟုတ်လို့ မခေါ်တာတော့ မဟုတ်ပါဘူး။ ကျနော်တို့ ခေတ်တုန်းကတော့ အန်တီလို့ခေါ်ခဲ့ကြတာပဲ။ ခု ဒီဘက်ပိုင်းကြ သူ့ကိုအမေခေါ်ကြတာက အသက်အရွယ်အရရော မြန်မာဆန်လိုမှုကြောင့်ရော အမေအရင်းလိုချစ်ခင်အားကိုးပြီး ဂါဝရပြုချင်တာကြောင့်ရောနေမယ် ထင်တယ်ဗျ။ သူကိုယ်တိုင်ကလည်း တခါတခါကြရင် အမေက အမေကနဲ့ပြောသံ ကြားတာပဲ။ သူလည်း နှစ်သက်ပုံပဲဗျ”လို့ ပြန်ပြောဖြစ်တယ်။

ဒီတော့ သူက “အိုဗျာ ကျုပ်ကတော့ ကိုယ့်အမေအရင်းလည်းမဟုတ် ကိုယ့်အဖေရဲ့ နောက်မယားလည်းမဟုတ်တဲ့ ဘယ်မိန်းမကိုမှ အမေမခေါ်နိုင်ဘူး”တဲ့။ ဒါနဲ့“မခေါ်ချင်လည်း မခေါ်နဲ့ပေါ့ဗျာ။ မခေါ်မနေရမှ မဟုတ်တာ”လို့ ကျနော်ပြန်ပြောရင်း အတွေးပေါက်လာတာနဲ့ “ဒါနဲ့ နေပါဦး ဟိုနေ့က ဗိုလ်ချုပ်အောင်ဆန်းရာပြည့်တွေ တခြိမ်းခြိမ်းနဲ့ ပဲပြုတ်နံပြားတွေအုံးအုံးထတော့ ခင်ဗျားလည်း ဖခင်ဗိုလ်ချုပ်တို့။ တပ်မတော်ဖခင်ကြီးတို့ခေါ်တာပဲလေ။ သူလည်း ခင်ဗျားအဖေ ဒါမှမဟုတ် ခင်ဗျားအမေ့လင်မှ မဟုတ်တာဘဲ။ ဘာလို့ ဖခင်တွေဘာတွေ ခေါ်ရတာတုန်းဗျ“ လည်းဆိုရော

“ငါ-ိုးမသား ခြေပြတ် ဒုက္ခိတကောင်” လို့ပြောပြီး Block သွားတယ်ဗျာ။ တကယ့်လူ။



(စစ်သားလည်း မုန်းရတယ်)

စစ်တပ်ကို မမုန်းဘူး စစ်အာဏာရှင်စနစ်ကိုသာမုန်းတာဆိုတဲ့အပြောဟာ အင်္ဂလိပ်ကိုမမုန်းဘူး နယ်ချဲ့စနစ်ကိုသာမုန်းတာဆိုတာရဲ့ ကြောင်းတူသံကွဲမျှသာပဲ။

ခုဆို ဒီ “စစ်တပ်ကိုမမုန်းဘူး စစ်အစိုးရကိုသာမုန်းတာ” ဆိုတဲ့ဝါဒဖြန့်ချိမှုဟာ အရပ်သားအယောင်ဆောင် ဒီမိုကရေစီအရေခြုံစစ်အုပ်စုက အတော်လေး နှလုံးခွေ့နေပြီ။ ဖွဲ့စည်းပုံ၊ လွှတ်တော်၊ အရပ်ဝတ်သမ္မတ၊ ရွေးကောက်ပွဲနဲ့ပါတီတွေဖန်တီးထားပြီး ကိုယ့်ကိုယ်ကို အရပ်သားအစိုးရတံဆိပ်ကပ်ထားသူတွေအဖို့ တကယ့်ကို နှလုံးပီတိဂွမ်းဆီထိဖြစ်လာတယ်။

ပြောလိုက်တိုင်း “အရင် အစိုးရ၊ အရင် စစ်အုပ်ချုပ်ရေး၊ အရင်စစ်အာဏာရှင်စနစ်” စတာတွေကို ကိုယ်တိုင် လှိုင်လှိုင်သုံးရုံမက အဖွဲ့အစည်းတချိုရဲ့ခေါင်းဆောင်တချို့ အတိုက်အခံဆိုသူတချို့ရဲ့ ပါးစပ်ထဲခွံ့မျိုချခိုင်းထားပြီး လိုအပ်တဲ့အချိန် ပြန်အန်ထုတ်ခိုင်းလို့ရသည်အထိ စေစားထားနိုင်တာလည်း မြင်နေရတယ်။

စစ်အစိုးရကိုမုန်းတယ်ဆိုတဲ့အနက်ဟာ လက်ရှိအစိုးရကိုမုန်းတာဆိုတဲ့အဓိပ္ဗါယ်မပေါက်အောင် ဖာထေးဖန်တီးရာရောက်ပြီး စစ်အာဏာရှင်စနစ်လို့ပြောလိုက်ရင် လက်ရှိစစ်အစိုးရကို ကွယ်ပေးရာရောက်နေတယ် သဘောသွားကိုက။

ခုဆို ဒီစကားကို လက်ရှိသေနတ်ကိုင်ထားတဲ့စစ်သားကရော အရပ်ဝတ်စစ်အစိုးရကရော တွင်တွင်ဖြန့်လာတာ သတိထားမိတယ်။ ကိုယ့်လူ(လို့ဆိုရမယ်ထင်တဲ့)တချို့လည်း မသိသားဆိုးရွားပါလာတာတွေ့ရတယ်။ မသိမသာ ခေါင်းအကိုင်ခံနေရတဲ့သဘောများလားလို့တောင် ထင်ချင်စရာဖြစ်ရတယ်။

အမှန်က အင်္ဂလိပ်ရဲ့နယ်ချဲ့စိုးမိုးမှုကိုခံရလို့သာ အင်္ဂလိပ်ကို လူမျိုးအရရော နိုင်ငံရေးအရရော မုန်းတီးရတာပဲ။ အဲ့သလို လူရောစနစ်ရောကိုမုန်းတီးလို့သာ နယ်ချဲ့ဆန့်ကျင်ရေးလုပ်နိုင်တာပဲ။ မမုန်းရင် ဘယ်နှယ်မှ လုပ်မရဘူး။ တခုပဲ တော်လှန်ဆန့်ကျင်ရာမှာ မုန်းတီးမှုဟာ မရှိမဖြစ် လိုကိုလိုတယ် ရှိကိုရှိမှရတယ်။ ဒါပေမယ့် မုန်းတီးမှုတခုတည်းနဲ့တော့ အဆုံးစွန်အောင်ပွဲအထိ မျှော်လင့်တိုက်ပွဲဝင်လို့မရဘူး။ မုန်းတီးမှုကို နိုင်ငံရေး သဘောတရားရေးအတွေးအခေါ်လက်နက် တပ်ဆင်ပေးနိုင်မှသာ လိုရာပြီးမြောက် အောင်ပွဲခံရတာမျိုးပဲ။

တော်လှန်ရေးအတွက် မုန်းတီးမှုဟာ မရှိမဖြစ်လိုသလို ဖိနှိပ်သူကို မုန်းတီးမုန်းတီးတတ်အောင် သင်ပေးပြပေးရှင်းပေးရတာ ဖွင့်ချပြရတာတွေလုပ်ရတာပဲ။ ဖိနှိပ်အုပ်စိုးသူကို လူအရရော နိုင်ငံရေးအရ(စနစ်အရ)ရော မုန်းတတ်မှရတယ်။

ဆိုတော့ ဖိနှိပ်အုပ်စိုးသူဟာ စစ်တပ်ကိုင်ပြီး ဖိနှိပ်ဗိုလ်ကျတာဆို သူ့အတွက်အသုံးတော်ခံနေတဲ့၊ လူထုကိုဖိနှိပ်နေတဲ့ စစ်တပ်စစ်သားကိုပါ မုန်းမှရလိမ့်မယ်။ ဒီစစ်တပ် ဒီစစ်သားဟာ အစိုးရရဲ့ ဖိနှိပ်ရေးယန္တယားထဲမှာ တက်တက်ကြွကြွ ပင်စည်ပင်မဒေါက်တိုင်ဖြစ်နေတယ်ဆို အဲ့ဒီစစ်တပ်နဲ့ အဲ့ဒီစစ်သားကို မုန်းမှကိုရမယ်။ အဲ့ဒီ ဖိနှိပ်ရေးစစ်တပ်နဲ့စစ်သားတွေရှိနေလို့ ဒီ စစ်အာဏာရှင်စနစ်နဲ့ စစ်အစိုးရသက်ဇိုးရှည်နေတာပဲ။

ဆိုတော့ နိုင်ငံရေး၊ စည်းရုံးရေးအမြင်အရ နည်းနာအရ စစ်တပ်ထဲက လူထုဘက်ရပ်တဲ့ အစိတ်အပိုင်း(စစ်ဗိုလ်စစ်သား)တွေကို စည်းရုံးတာ၊ ပူးပေါင်းလာရင်နွေးနွေးထွေးထွေး ကြိုဆိုတာတွေ၊ လှိုက်လှိုက်လှဲလှဲလှဲတွေနဲ့ တကယ့်ကို နှစ်နှစ်ကာကာချစ်ရမှာဖြစ်သလို လူထုဖိနှိပ်နေတဲ့ ဘယ်စစ်တပ် ဘယ်စစ်ဗိုလ်စစ်သားကိုမဆို ခါးခါးသီးသီးမုန်းမှဖြစ်မယ်။ မမုန်း မုန်းတတ်အောင်တောင် ပြောပြရှင်းပြ ခွဲခြမ်းစိတ်ဖြာတောင်ပြရမှာပဲ။

ကျနော်လည်း စစ်သားလုပ်ခဲ့တာပဲ။ ကျနော်လည်း စစ်အာဏာရှင်တွေအတွက် ဒေါက်တိုင်ဖြစ်ခဲ့တာပဲ။ ဒါပေမယ့် လူဒဏ်ရာစိတ်ဒဏ်ရာတွေနဲ့အတူ ပြည်တွင်းစစ်ရဲ့အနိဌာရုံတွေ ကိုယ်တိုင်တွေ့ကြုံခံစားရပြီး သိမြင်သွားတဲ့အချိန်မှာ စစ်အာဏာရှင်၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယားကိုချိုးဖဲ့ရာမှာ နိုင်သလောက် ပါခဲ့တာပါပဲ။ စစ်သားတွေအကုန် ကျနော်ပါသလိုပါရမယ်လို့ မတောင်းဆိုသလို ပါလာလိမ့်မယ်လို့လည်း ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။ လူထုဘက်က အပြတ်ရပ်ခံပါဝင်တာ မလုပ်နိုင်သေးရင်တောင်၊ မပါနိုင်ရင်တောင် လူထုကိုဖိနှိပ်နေတဲ့ စစ်တပ်ကစစ်သားတယောက်အဖြစ် ကိုယ့်ကိုယ်ပြန်မြင်ပြီး ပြုမူပြောင်းလဲမယ်ဆိုရုံနဲ့တင် လူထုက စစ်သားကိုချစ်မှာပဲ။ စစ်တပ်ကို ချစ်မှာပဲ။

အဲ့ဒီအချိန်နဲ့အခြေအနေကြတော့မှ လူထုကနေ “စစ်တပ်နဲ့စစ်သားတွေကို မမုန်းဘူး” လို့ပြောတဲ့နေရာမှာ “စစ်တပ်နဲ့စစ်သားတွေချစ်တယ်” လို့ အတိအလင်း မသွယ်မဝိုက်ပြောမှာဖြစ်သလို “စစ်အာဏာရှင်စနစ်ကို ခုထက်ကို ပိုမုန်းတယ်”လို့ပြောသံ ခင်ဗျားတို့နားနဲ့ မုချဆတ်ဆတ်ကြားရလိမ့်မယ် စစ်သားတို့။

ကျနော်ကတော့ စစ်အာဏာရှင်စနစ်ရဲ့ ပင်စည်ပင်မဒေါက်တိုင်နေရာကနေ လူထုဖိနှိပ်ရေးကို စိတ်ပါလက်ပါ တက်တက်ကြွကြွအကောင်အထည်ဖော်ပေးနေတဲ့ ဘယ်စစ်သားဘယ်စစ်တပ်ကိုမဆို မုန်းတယ်။



(သစ်ပင်ငိုသံ)

သစ်ပင်တွေ ညည်းပါတယ်။ အသံထွက်ပြီးကို ညည်းတာမျိုးပါ။

ဒီမှာ Ever Green လို့ခေါ်တဲ့ ထင်းရှူးလိုအပင်မျိုးတွေဟာ
ဟေမန္တမှာ
ဆောင်း ဘယ်လောက်အေးအေး၊
နှင်း ဘယ်လောက်ဖုံဖုံ၊
ရေ ဘယ်လောက်ခဲခဲ၊
လေ ဘယ်လောက်စိမ့်စိမ့်၊
ကျောက်သားလို့ ခန့်ထည်မှုမျိုး၊
ပေလို တေတေပေပေပေခံနိုင်ရည်မျိုးနဲ့ ကျောက်ထီးတန္တုပမာပြု ရှင်သန်နေထိုင်ကြတာပဲ။

တခြားအပင်တွေလို နွေမှာဝေ၊ Fall မှာ ကြွေ၊ Winter မှာ အသေကောင်လို ယော်ယော်ရွေရွေ မနေတာဆိုလို့ သူတို့သာပဲ။ ဘယ်တော့မှ ကိုင်းမခြောက်တာဆိုလို သူတို့သာပဲ။ ရာသီကို လှန်နိုင်သူဆိုလို့ သူတို့သာပဲ။

စိမ်းလန်းခြင်းနဲ့ နှင်း၊ နွေ၊ ရေခဲ၊ လေခဲ၊ မြေခဲ အရာရာခဲကျသွးချိန်မှာ သူတို့ ပင်စည်ကို သွားထိကြည့် ခင်ဗျားခန္ဓာမှာ အနွေးဓာတ် စိမ့်ဝင်လာစိမ့်။
ခင်ဗျားသွေး နိုးကြားလေစိမ့်။
ခင်ဗျားအတွေး မအေးခဲလေစိမ့်ငှာ သူတို့သာ စွမ်းသာတယ်။

ကြိုက်သလောက်အေး သူတို့ မငိုဘူး၊ သူတို့ မညည်းဘူး၊ သူတို့ သွေးမခဲဘူး။
သူတို့ဟာ ကျနော့် စံ၊ သူတို့ဟာ ကျနော် မာန်။ သူတို့ မငို သူတို့မညည်း လောကဓံသည်းသမျှ ခံနိုင်ရည်ရှိလိမ့်။

လောကဓံကြံ့ကြံ့ခံနေနိုင်သူတွေမို့ သူတို့ကြည့်ပြီး အားမွေးရအားကျရနဲ့ ကိုယ့်ဘဝကို “တည်”ယူခဲ့ရ။ ကိုယ့်စံပြုရာတွေမို့ ကြုံသမျှအဆိုး မညည်းမငြူခံရှာလေလိမ့်မယ် အတွေးအထင်ဟာ မှောက်မှားမှုဖြစ်ကြောင်း ခုသိပြီ။ တက်တက်စင်အောင်လွဲပြီ။

ဒီမနက် အအေးချိန် ၂၀ လောက်ကနေ ရေခဲမှတ်နား ဖြတ်ကနဲကပ်သွားချိန်၊ကြက်ပေါက်လေးတွေကြည့်ရင်း အပြင်ထွက်လိုက်တော့ သစ်ပင်တွေ။
ကျနော် ဘယ်တော့မှ မငိုဘူးထင်ခဲ့တဲ Ever Green တွေ ငိုသံကြားတယ်။ ငိုသံကြားခဲ့တယ်။ ငိုသံတွေ ချုံးချုံးချပဲ။ ငိုသံတွေ ဝက်ဝက်ကွဲပဲ၊ ငိုသံတွေ ရှိုက်ကြီးတငင်ပဲ။

ငိုသံတွေ။
ငိုသံတွေ။
ငိုသံတွေ။

သံပြိုင်
အသံတွေအပြိုင်
အသံတွေပြိုင်တယ်။

သစ်ပင်တွေကို ထိရင်း
သူတို့သွေးခုန်သံနားထောင်ရင်း
သူတို့နဲ့အတူ ဘဝကိုချရင်း
ကျနော်ငိုတယ်။

ငိုတာမှ ရှိုက်ကြီးတငင်။
ငိုတာ မှ သိမ့်သိမ့်လှိုက်။
ငိုတာမှ ကြူကြူပါ။

ကျနော်မှားပြီ။ အေးလွန်းလို့ ခဲကျရသွားတဲ့သစ်ပင့်ငိုသံ ဗြစ်ဗြစ် ဗြစ်ဗြစ်တွေ ကျနော်ကြားပြီ
ရုတ်ချည်းအေးခဲသွားတဲ့ သစ်ကြွက်သားတွန့်လိမ်ကွေးကောက် ကြွက်တက်သံတွေ ကျနော်ကြားတယ်။

သစ်ပင်တွေ သေပြီ။
ခု

သစ်ပင်တွေတွေသေပြီ
ခု

သစ်ပင်တွေသေပြီ

သေနေပြီ။



(လောက်ကိုက်တဲ့ကြက်ခြေနီ)

ဟိုတလောက သတင်းတခုမှာ တွေ့လိုက်တယ်။ ဗမာနိုင်ငံကြက်ခြေနီကို သူ့မူလကောင်းမြတ်တဲ့ရည်ရွယ်ချက်တွေလုပ်ဆောင်တဲ့နေရာမှန်မှာ ပြန်ထားဖို့ပြောထားတာ။ ကောင်းတယ် ကောင်းတာမှအလွန့်ကို ကောင်းတာမှန်တာပဲ။ ထောက်ခံတယ် အဲ့ဒီအဆိုကို။

နိုင်ငံတကာကြက်ခြေနီအဖွဲ့ကြီးလို မွန်မြတ်တဲ့ရည်ရွယ်လုပ်ဆောင်ချက်တွေအတွက်ဖြစ်ရမယ့် ဗမာ့ကြက်ခြေနီဟာ စစ်အုပ်စုအဆက်ဆက်မှာ လူထုဖိနှိပ်ရေးယန္တယားကြီးထဲ အရံအင်အားအဖြစ် မသိမသာကနေ သိသိသာသာသွတ်သွင်းအယူခံလိုက်ရတာ အထင်အရှားပဲ။ မီးသတ်တပ်ဖွဲ့လည်း အလားတူပဲ။ ဘာလေးဖြစ်လိုက်ဖြစ်လိုက် ကြက်ခြေနီနဲ့မီးသတ်၊ အရန်မီးသတ်တွေအပါအဝင် လုံခြုံရေးအကြောင်းပြချက်နဲ့ လူထုလူထုခြင်း သွေးခွဲခြိမ်းခြောက် အင်အားပြအနိုင်ကျင့်ဖို့ ထုတ်သုံးခဲ့တာချည်းပဲ။ ကြက်ခြေနီအဖွဲ့ခေါင်းဆောင်တွေကြည့်လိုက်ရင်လည်း အစိုးရကတိုက်ရိုက်ခန့်တဲ့ အစိုးရဝန်ထမ်းတွေအများစုပဲ။ တနည်းပြောရရင် လူသားထု လူမှုကောင်းကျိုးချမ်းသာ အနာရောဂါသက်သာစေရေး ဒါနပြုကောင်းမှုရွက်အဖွဲ့အစည်းကြီးဟာ စစ်အုပ်စုအဆက်ဆက်အုပ်စိုးမှုအောက်မှာ ဖိနှိပ်ရေးကိရိယာတခုသဖွယ် အသုံးချခံခဲ့ရတာပဲ။

ခုလောက်ကိုင်မှာ ကြက်ခြေနီအပစ်ခံရတယ်။ စစ်ပွဲသွား စစ်မြေပြင်သွားပြီး အရပ်သူအရပ်သား ကလေးသူငယ် သက်ကြီးရွယ်အို ဘယ်သူ့မှမကျန် ကူညီစောင့်ရှောက်လိုက်မယ် ဖေးမလိုက်မယ်ဆိုတဲ့ရည်ရွယ်ချက် စစ်စစ်မှန်မှန်နဲ့သွားလို့ ခုလိုဖြစ်ရတာဆို ကျူးလွန်သူကို ပြစ်တင်ရှုတ်ချဆန့်ကျင်ထိုးနှက်ဖို့ပဲ။ အဲ့သလို မဟုတ်ပဲ ကြက်ခြေနီအလံတင် ကြက်ခြေနီလက်ပတ် ပတ်ပြီး အရပ်သားတွေထဲဝင် ကလိန်းကလက်လုပ်ဖို့ သတင်းနှိုက်ဖို့ ကေလဟလလွှင့် ဝါဒဖြန်ဖို့ဆိုရင်တော့ အဲ့သလိုကြက်ခြေနီ သေနတ်မှန်ရုံမကလို့ ဘာဖြစ်ဖြစ် သိတ်တော့စိတ်ထိခိုက် ခံစားစရာမရှိဘူး မှတ်ထားပါ။

စစ်နဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ လက်နက်မဲ့အရပ်သားကို ဘယ်စစ်တပ်က ဘယ်စစ်သားက ပစ်လို့မှန်မှန် ထိထိ သေသေဖြစ်တယ်ဆို အပြတ်ဆန့်ကျင်တယ်။ ခုလည်း လက်နက်မဲ့အရပ်သား (ကြက်ခြေနီ)တယောက် အပစ်ခံရတာအတွက်တော့ ရှုတ်ချတယ်။ ကြက်ခြေနီဖြစ်ခြင်း မဖြစ်ခြင်းထက် လက်နက်မဲ့အရပ်သားဖြစ်နေခြင်းအတွက်ပဲ။

ပြည်တွင်းစစ်တလျှောက်လုံးမှာ စစ်ကြောင့်၊ စစ်တပ်ကြောင့် လူသူမနီးတောတောင်တွေထဲမှာ စစ်တပ်ရဲ့ အနိုင်ကျင့်နှိပ်စက် မုဒိန်းကျင့်လူသတ် ပစ္စည်းလုယက် ရွာမီးလောင်တိုက်သွင်းခံရတဲ့ အရပ်သူအရပ်သားတွေ နည်းလှမို့လား။ အနမတဂ္ဂ ရေလို့တောင်မနိုင်ဘူး။ ဒါမျိုးတွေကြ ထုတ်ဖော် ပြစ်တင်ဆန့်ကျင်ရှုတ်ချဖော်မရပဲ ဘာရည်ရွယ်ချက်နဲ့သွားမှန်း သေချာဃဏမခန့်မှန်းနိုင်တဲ့ ကြက်ခြေနီတဦး သေနတ်မှန်တာကြ ပုံကြီးချဲ့လွန်းနေတာ သွေးရိုးသားရိုးမှဟုတ်ပါလေစ။

အဲ့သလို ပုံကြီးချဲ့ပြီး နိုင်ငံတကာကြက်ခြေနီတို့ လခြမ်းနီတို့လိုအဖွဲ့အစည်းကြီးတွေဆီ မျက်ရည်ချူဆီထိုးပြီး အကူအညီလက်ဝါးဖြန့်ဖို့ရည်ရွယ်ချက်ရော ဘယ်လောက်ပါမပါ တပ်အပ်သေချာ မပြောနိုင်ဘူး။

တခုပဲ လက်နက်မဲ့အရပ်သူအရပ်သား ဘယ်သူ့ကိုမဆို ဘယ်ဘက်က ပစ်ပစ် ပစ်တယ် သေတယ် ဒဏ်ရာရတယ်ဆို ဆန့်ကျင်တယ်။ ကြက်ခြေနီမှမဟုတ်ဘူး။




ဖေဖော်ဝါရီ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၁) မျိုးမြင့်ချို

0 comments
ဖေဖော်ဝါရီ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၁) မျိုးမြင့်ချို
(ကျောင်းသားက ဘာကိစ္စအစိုးရဖွဲ့ရမတုန်း)
နေပါဦး ကျောင်းသားတွေက အစိုးရဖွဲ့မယ်တို့။ ကြားဖြတ်အစိုးရဖွဲ့စည်းရေးတို့၊ သိန်းစိန်အစိုးရ အလိုမရှိတို့၊ သိန်းစိန်စစ်အစိုးရထွက်ပေးတို့ဘာတို့တွေများ ပြောနေလို့လား။
သူတို့ပြောနေတာ အမျိုးသားပညာရေးဥပဒေဟာ ကျောင်းသားထုတရပ်လုံးနဲ့ဆိုင်တဲ့အရေး၊
ကျောင်းသားမိဘတိုင်းနဲ့ဆိုင်တဲ့အရေး၊ တမျိုးသားလုံးတတိုင်းပြည်လုံးရဲ့အနာဂတ်နဲ့ဆိုင်တဲ့အရေး၊
ပြည်သူတရပ်လုံးနဲ့ဆိုင်တဲ့အရေးလို့ပြောနေတာ။ ဒါ့ကြောင့်မို့ ဒါကိုပြင်လို့ပြောနေတာ။
ပြင်တဲ့နေရာမှာလည်း ကျောင်းသားထု၊ ဆရာဆရာမများ၊ NNER အပါအဝင် ပညာရေးပါရဂူများ၊ လွှတ်တော်၊ အစိုးရ စတာတွေပါ ပါရမယ်။ အားလုံးရဲ့သဘောထားကိုထင်ဟပ်ပြီး အများစု လက်ခံနိုင်မယ့်ဥပဒေဖြစ်ရမယ်လို့ပြောနေတာ။
စစ်လွှတ်တော်ဝင် အမတ်တွေ တက်တက်ကြွကြွထောက်ခံရေးဆွဲ အတည်ပြုပြဌာန်းခဲ့တဲ့ ဒီပညာရေးဥပဒေကို ဖျက်ပစ်လို့တောင်ပြောနေတာမဟုတ်ဘူး။ ပြင်ဆွဲ၊ ပြင်ရေး၊ လိုတာဖြည့်၊ မလိုတာတွေဖြုတ်လို့ပြောနေတာ။
တနည်းပြောရရင် စစ်အုပ်စုကြီးစိုးတဲ့ အစိုးရ၊ လွှတ်တော်၊ ပညာရေးဌာနစတာတွေရဲ့ တည်ရှိမှုကိုဇွတ်ငြင်းပြီး တို့ဘာသာတို့လုပ်မယ် မင်းတို့ဝင်မပါနဲ့လို့ တဘက်သတ်ပြောနေတာ တောင်းဆိုနေတာမဟုတ်ဘူး။ အစိုးရထွက် လွှတ်တော်ဖျက်လို့ပြောနေတာ မဟုတ်ဘူး။
သူတို့သွားနေတဲ့ရည်ရွယ်ချက်ကို သူတို့မျက်ခြေမပြတ်ဘူး။ သူတို့အကန့်အသတ် သူတို့သိတယ်။ အထွေထွေသပိတ်ကြီးတို့ တပြည်လုံးအုံကြွမှုဖြစ်လာမယ်တို့ ဖြစ်အောင်လုပ်မယ်တို့ တခွန်းမှ မပြောဘူး။ အစိုးရ အကိုင်အတွယ်မတတ်လို့ အခြားအခြားသော အတန်းအစားတွေ အလွှာတွေရဲ့ မကြေနပ်မှုတွေ နာကျည်းမှုတွေပေါင်းစည်းမိပြီး ပိုကြီးတဲ့လှုပ်ရှားမှုကြီးတွေဖြစ်လာမယ် အစိုးရအာဏာကိုခြိမ်းခြောက်လာမယ်ဆိုရင်တောင် ဒါ အစိုးရရဲ့ အကိုင်အတွယ်မတတ်မှုနဲ့ ညံ့ဖျင်းမှုကြောင့်ပဲဖြစ်မှာလို့ပြောနေတာ။
အထွေထွေသပိတ်ကြီးတွေ တော်လှန်ရေးတွေဆိုတာ ဘယ် လူတစုအလွှာတခုခုကမှ ဖန်တီးလို့ လုပ်ယူလို့မရဆိုတာ ကျောင်းသားတွေသိတယ်။ လူထုကိုယ်တိုင်ပါဝင်ပြီး လူထုကိုယ်တိုင်ဖန်တီးမှ အဲ့ဒီ လူမှုတော်လှန်ရေးကြီးတွေ အောင်မြင်ထမြောက်တယ်ဆိုလည်း သူတို့သိတယ်။
သူတို့ပြောနေဆိုနေတာတွေ နားထောင်ကြည့်ရင် သူတို့ ဘယ်လောက် ပါးပါးနပ်နပ် ကျင်ကျင်လည်လည် တွေးခေါ်မြော်မြင်နိုင်စွမ်း လုပ်ကိုင်နိုင်စွမ်းတယ်ဆိုတာ မုချတွေ့ရမယ်။ ဒါကို မသိကျိုးကျင်ပြုပြီး စစ်အုပ်စုလေသံလိုက်နင်းပြီး အဆုံးအစွန်ဆုံးတိုက်ပွဲတိုက်မှာလားတို့၊
ကျောင်းသားတွေက အစိုးရဖွဲ့နိုင်လို့လားတို့ပြောပြီး ကျောင်းသား ကျောင်းသားထုကြား၊ လူထုနဲ့ကျောင်းသားထုကြား သွေးမကွဲကွဲအောင် ရည်ရွယ်ချက်ပါပါ စစ်အုပ်စုအလိုကြပြောနေတာကို ဆန့်ကျင်တယ်။
ကျောင်းသားဘဝဆိုတာ၊ ကျောင်းသားဘဝနိုင်ငံရေးလှုပ်ရှားမှုဆိုတာ နိုင်ငံရေးအာဏာယူဖို့ မဟုတ်ဘူး၊ အစိုးရဖွဲ့ဖို့မဟုတ်ဘူး။ အစိုးရထဲ ဝင်ပါဖို့မဟုတ်ဘူး။ အစိုးရလုပ်ဖို့မဟုတ်ဘူး။
အေး တခုတော့ရှိတယ် မြဲမြဲမှတ်ထား မတရားတဲ့အစိုးရ လူထုမကြိုက်တဲ့အစိုးရ လူထုဆန္ဒနဲ့ဆန့်ကျင်တဲ့ အစိုးရဆိုရင်တော့ ဖြုတ်ချဖို့ ခေတ်တိုင်းမှာ တပ်ဦးကရှိတယ်။ သေစရာရှိရှေ့ဆုံးကသေတယ်။ နာစရာရှိ ရှေ့ဆုံးက အနာခံတယ်။ အာဏာငမ်းဖမ်းတဲ့အပြုအမူ လှုပ်ရှားမှု အာဏာရမက်ဇော ဘာတခုမှမပါတဲ့ ခု ဆင်နွှဲနေတဲ့ ကျေင်းသားသပိတ်ဟာ အစိုးရလုပ်ဖို့မဟုတ်ဘူး။

(ကြားပွဲစားများ)
ဘာ စစ်တပိုင်းအစိုးရမှ မဟုတ်ဘူး။ အရပ်သားအယောင်ဆောင် ဒီမိုကရေစီအရေခြုံ စစ်အုပ်စု။ ဘာ ကြားနေတာမှ မဟုတ်ဘူး။ စစ်အုပ်စုနဲ့ပင်းရိုက်တဲ့ သပိတ်ဖြိုခွဲရေး အကြံအစည်။ မပါချင်ရင် မပါပဲနေလို့ရတယ်။ ဘယ်ဘက်မှ ပင်းစရာမလိုဘူး။ ဝင်မပါလို့လည်း ဘယ်သူကမှ ဘာအပြစ်မှမပေးဘူး။ ခုလို ပွဲစားဝင်လုပ်ပြီး ပင်းတဲ့ဘက်က ဟန်ပုံမပေါ်တော့မှ “ကြားကကြားက” ဆိုတဲ့စကားသုံးတာ ရိုးသားဖြောင့်မတ်မှုမဟုတ်ဘူး။ နိုင်ငံရေးသီလကြောင်တို့ရဲ့ မစင်ကြယ်တဲ့ ရှက်ဖွယ်လိလိအပြုအမူသာဖြစ်တယ်။ သတိထားရမှာက စစ်အုပ်စုရော အဲ့ဒီ “ကြားက ကြားက” ဆိုတဲ့ သီလကြောင်တွေကိုရောပဲ။

(အတ္တဘောကြီးသီတဂူ)
ပထမ စာနဲ့ ကျောင်းသားတွေကိုသပိတ်လှန်ခိုင်းပြီး ရန်ကုန်ကိုဝင်မလာဖို့ သွယ်ဝိုက်ခြိမ်းခြောက်တယ်။ လူထုနဲ့ကျောင်းသားထုကလက်မခံ ဝိုင်းနှံတော့ အရှက်ပြေ ဒီတစောင်နဲ့ မျက်နှာချိုပြန်သွေးတယ်။ ကလေးပြော ပြောရရင် “ဖါ”တာပဲ။ ဒီစာမှာလည်း ကျောင်းသားတွေကို “လူဆိုးလေးတွေ အမိုက်အမဲလေးတွေ”ဆိုတဲ့သဘော ပြောထားပြန်တယ်။ “အကြမ်းမဖက်ရ”လို့တော့ အစိုးရကိုမပြောဝံ့ဘူး။ ဒီဘုန်းကြီး နိုင်ငံရေးထဲ ဝင်ဝင်မွှေတာ ခုမှမဟုတ် ရာဇောဝါဒသုတ္တန်ကအစ ခင်ညွန့်နဲ့ပလူးတာအလယ် ဒေါ်စုနဲ့သိန်းစိန်ကြားခလောက်ဝင်ဆန်တာ အဆုံး အတော် သီလသမာဓိမတည်ကြည်တဲ့ အတ္တဘောကြီးပဲ။

(သပိတ်လာလှန်ခိုင်း ပုဆိုးသာလှန်ပြလိုက်)
ကျောင်းသားတွေ သပိတ်မလှန်ဘူး ရန်ကုန်အထိဆက်ချီတက်မယ်ဆိုတာရဲ့အဓိကအကြောင်းက စစ်အုပ်စုထားတဲ့ကတိကိုမယုံလို့ပဲ။
ဒီစစ်အုပ်စုဟာ ထွေးပြီးသားတံတွေးပြန်မြိုတာလောက်မပြောနဲ့ ယိုပြီးသားမစင်တောင် ပြန်စားမယ့်အမျိုးအစားပဲ။
စစ်အုပ်စုကို ခင်ဗျားတို့ယုံသလို လိုက်မရုံရကောင်းလားအမြင်နဲ့ ကျောင်းသားထုစည်းလုံးမှုကို ကူပြီး ဖျက်မယ်တော့မကြံလေနဲ့။ နိုင်ငံရေးဆိုတာ မျက်တောင်တဆုံးကိစ္စမဟုတ်ဘူး။ သမိုင်းကိစ္စ။
လမ်းပေါ်တက်မလာစေချင်ရိုးမှန်ရင် စကတည်းက စစ်အုပ်စုနဲ့ပင်းပြီး လွှတ်တော်ထဲမှာ ဒီဥပဒေကို မဲတင်းပေးစရာမလိုဘူး။ ပညာရေးနဲ့ကျောင်းသားထုနောက်ကျောကို ဓါးကူထိုးခဲ့ကြပြီး ခုမှ နိုင်ငံရေးကလိန်ခြုံဉာဏ်နဲ့ မသိချင်ယောင်လိုလို ရူးချင်ယောင်လိုလို ဆောင်မရဘူး။
သပိတ်လှန်ဖို့အတွက် ခင်ဗျားတို့ယုံတဲ့စစ်အုပ်စုပေးတဲ့ကတိတည်အောင် နိုင်ငံရေးအရ ခင်ဗျားတို့ဘာများ ကူစွမ်းဆောင်ပေးနိုင်မှာတုန်း။ ကိုယ်တောင် အကြိမ်ကြိမ် ကတိအဖေါက်ခံရတာမို့မစွမ်းနိုင်ဘူးဆိုလည်း ပွင့်ပွင့်လင်းလင်းပြောပြီး ကင်းကင်းနေတာ နိုင်ငံရေးသီလတည်ရာ ဖြစ်နိုင်ဦးမယ်။

(တရားကိုက မှားတဲ့စစ်)
လောက်ကိုင်မှာ ဖုန်ကြာရှင်န်းတို့ကိုးကန့်အစုနဲ့တွေ့တော့ အောက်ခြေထု စစ်ဗိုလ်စစ်သားလေးတွေရဲ့ဘဝနဲ့အသက်တွေကို ပစ်ကြွေး ချ စတေးပြီး စစ်ဗိုလ်ကြီးများကောင်းစားရေး စစ်တပ်ကိုင်ပြီး ဆွေစဉ်မျိုးဆက်ချမ်းသာကြွယ်ဝရေး ဓနဥစ္စာစုဆောင်းရေးလုပ်နေတာမှန်း နိုင်ငံရေးအသိ နှမ်းစေ့လောက်ရှိသူတောင်မြင်တယ်။
ခုမှမဟုတ်ဘူး ဒီစစ်အာဏာရှင်တွေဟာ ပြည်တွင်းစစ်ထောင်ပြီး ကြီးပွားချမ်းသာကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သလို ဆွေစဉ်မျိုးဆက်လည်း ထားစရာမရှိအောင် ကျိကျိတက် ကုဋေကြွယ်သူဌေးကြီးများဖြစ်ကြပြီ။
စစ်သားစစ်တိုက်ရင်းသေတာ ကျိုးတာပြတ်တာကန်းတာ ဘာမှမဆန်းပေမယ့် ဘယ်စစ်အတွက် တိုက်ရင်း သေရ ကျိုးရကန်းရပြတ်ရသလဲဆိုတာကတော့ သေချာဃဏသိဖို့လိုသလို စကားလုပ်ပြောရမယ့်ကိစ္စလည်းဖြစ်တယ်။
စစ်သားမှမဟုတ်ဘူး လူအချင်းချင်း ဘယ်သူက ဘယ်သူ့သတ်လို့ ဘယ်သူသေသေ ဝမ်းသာစရာကိစ္စမဟုတ်သလို ဂုဏ်ယူရမယ့်အကြောင်းလည်းမဟုတ်ဘူး။
ခု လောက်ကိုင်မှာ အသက်အသေခံနေကြတဲ့ စစ်သားတွေကြတော့ စစ်ပွဲမှာကျဆုံးတယ်ဆိုတာထက် စစ်အာဏာရှင်အကျိုးစီးပွားအတွက် လူသတ်ကွင်းထဲ နောက်ကျောသေနတ်တေ့ မောင်းအသွင်းခံရလို့ အသေဆိုးနဲ့သေကြရတဲ့အဖြစ်ပဲ။ ဒီ့ထက်မပိုဘူး။ ဘာ တိုင်းပြည်အတွက် ဘာနိုင်ငံအတွက်မှ အသက်ပေးကာကွယ်နေကြရတာ မဟုတ်ဘူး။ စစ်အုပ်စုအကျိုးစီးပွားကို အသေခံပြီး ဘဝတွေ ရင်းစားပေးနေကြရတာပဲ။
တဘက်ကိုကြတော့လည်း စစ်တိုက်နေတာမဟုတ်ဘူး။ လူလိုက်သတ်ပေးနေရတာ။ စစ်တိုက်ရင် လူသေတာမှန်ပေသိ စစ်တိုက်တာနဲ့လူသတ်တာ မတူဘူး။ ခုက စစ်တိုက်နေတာ မဟုတ်ဘူး လူသတ်ပေးနေရတာ။ ကျဆုံးနေတာမဟုတ်ဘူး အသေဆိုးနဲ့ သေပွဲဝင်ပေးနေကြရတာ။
တိုက် သေအောင်တိုက်။ ဘယ်တော့မှ ဒီပြည်တွင်းစစ်ကို နိုင်အောင်တိုက်မရဘူးမှတ်ပါ။ မှားတဲ့တရား မှားတဲ့နိုင်ငံရေးကိုင်စွဲထားသရွေ့ ဒီစစ်အာဏာရှင်တပ် ကြိုက်သလောက်ကြီး ကြိုက်သလောက် လက်နက်ကောင်း ကြိုက်သလောက် စစ်သားသစ်တွေစုဆောင်းနိုင် စုဆောင်းနိုင်၊ ဘယ်တော့မှ နိုင်အောင်တိုက်မရဘူး။
မှားတဲ့တရားဆိုတာက စစ်တပ်ဆိုတာ အမျိုးသားရေးကိုဦးဆောင်ရတယ်ပြောပြီး အာဏာစောင်မန်ခုတ် ကယ်တင်ရှင်လုပ်တာပဲ။ မှားတဲ့နိုင်ငံရေးဆိုတာ တို့တာဝန်အရေး ၃ ပါးပြောပြီး အမျိုးသားသွေးစည်းညီညွတ်ရေးကို ဖြိုခွဲဖျက်ဆီးတာပဲ။
နိုင်ငံရေးအာဏာစောင်မန်ခုတ် ကယ်တင်ရှင်လုပ်ပြီး အမျိုးသားသွေးစည်းညီညွတ်ရေး အသိုက်ဖျက်တဲ့စစ်တပ်ဟာ ဒီပြည်တွင်းစစ်ကို ဘယ်နည်းနဲ့မှ နိုင်အောင်တိုက်မရဘူးမှတ်ပါ။

(ကိုမြအေးဖို့ရေးတဲ့စာ)
ရှစ်ပူးငြိမ်းပွင့်ကိုမြအေးကို ပုဂ္ဂိုလ်ရေးပြောတာပါ။ လူချင်း ငယ်ပေါင်းကြီးဖော်မဟုတ်ပေသိ ၄ ရှည်မှာ၊ တောင်ငူထောင်မှာဆုံခဲ့သူတွေမို့ သူ့ထောင်ဘဝ ထိုက်သလောက်သိပါတယ်။
ဇော်သက်ထွေးပြောသလို ဘော်လုံးလေးကန်လိုက် ကော်ဖီလေးသောက်လိုက်နဲ့ သံတိုင်နောက်ကနာရီတွေကို ဖြုန်းခဲ့သူတော့ဖြင့် မဟုတ်ရေးချမဟုတ်ပါ။
သမာဓိသယ်ယူပို့ဆောင်ရေးကြီးနဲ့ နောင်ရိုးလမ်း တခမ်းတနားဘဝကမှ နိုင်ငံ့အရေးထဲဝင်လာပြီး နရသိန်မှာ ဒူပေဒါပေနေခဲ့သူပါ။
ဓနရှင်ပေါက်စ ကြေးရတတ်သားသမီးက ကွန်မြူနစ်တွေနဲ့အနေနီးရပါ့မလားလို့ စာပေမကျ ယဉ်နောက်လိုက်ဘဝကနေ ခြေချော်လက်ချော် နိုင်ငံရေးထဲကျလာသူကတောင် အာပြဲခြောက်လေးတဖတ်၊ ကြယ်နီလေးတဖွာ၊ ရွှေပုဇွန်နံကထိုင်လေးတဖဲ့အတွက် ပက်ပက်စက်စက်အဆန့်ကျင်ခံရ ရန်အတိုက်ပေးခံရဘဝကိုဖြတ်လာသူပါ။
ချက်ဟင်းထုတ်ကို ကိုယ့်ထမင်းပုံပေါ်ဖေါက်ချပြီးမှ ရော့မင်းတဖတ် ငါတဖတ်နဲ့ အဆီအနှစ်မှန်သမျှ ကိုယ့်ပန်းကန်ထဲကျစေပြီးမှ တန်းတူညီမျှကိုလိုလားခဲ့သူ ကျင့်သုံးခဲ့သူမဟုတ်ခဲ့။
ထောင်ဝင်စာနဲ့ မှာပေးရုံနဲ့အားမရလို့ အိမ်အထိ ထောင်ဝါဒါလွှတ်ပြီး စိတ်ပိုင်းရုပ်ပိုင်း ချို့ငဲ့လိုအပ်နေသူတွေ လိုတဲ့ဆေးဝါး အစားအသောက်တွေပါ ခိုးခိုးသွင်းပေးခဲ့သူ။
အစ္စလာမ်ဘာသာမှာ ထဲဝင်စူးစိုက်ယုံကြည်လေးမြတ်မှု ဘယ်မျှရှိကို အတိုင်းရခက်ပေမယ့် ဘာသာတကာလူတကာနဲ့ နူးညံ့သိမ်မွေ့လှသူ။ သိမ်မွေ့မှုမှာပျော့ပြောင်းလှသမို့ အတူနေမွတ်စလင်မ်အချို့ကတောင် မျက်စေ့စပါးမွှေး စူးခံရသူ။
လူချစ်လူခင်များသလို အမြဲဖျတ်လတ်တက်ကြွနေသူ။ နိုင်ကျဉ်းအခွင့်အရေးနဲ့ ဂုဏ်သိက္ခာဆိုင်ရာ တောင်းပွဲတိုက်ပွဲတိုင်းမှာ ရှေ့ဆုံးကမဟုတ်တောင် နောက်တန်းမှာ ဘယ်တော့မှမနေခဲ့သူ။
လွတ်ချိန်မှာ အမေနဲ့ကျနော် သူ့အိမ်သွား နှုတ်ဆက်အားပေးစကားပြောတော့ ဝေနှင်းပွင့်သုန်လေးက အပျိုတောင် မဖျန်းသေး။ ပိန်ပိန်သွယ်သွယ် ဟေဇယ်လ်နတ်မျက်လုံးဝိုင်းကြီးတွေနဲ့မိန်းကလေးဟာ တောက်လျှောက်ဂါဝန်လေးနဲ့ ထောင်ဆိုတာဘာပါလိမ့်လို့ မျက်လုံးလေးကလယ်ကလယ် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ စူးစမ်းတတ်နေပြီ။
မျက်ရည်ကြည်တွေဝေသီနေတဲ့ နွမ်းနွမ်းနယ်နယ်သူ့ဇနီးမျက်နှာဟာ ကျနော့်အားပေးစကားတွေကို ဖျော့တော့လျော့ရဲစွာ သိမ်းထုပ်လို့။ “တနေ့တော့ လွှတ်လာမှာပါဗျာ မပူပါနဲ့” ပြောနေချိန်မှာ တနေ့ကိုသိချင်သူဟာ သူ့ဇနီးတယောက်တည်းတော့ မဟုတ်ချေဘူး။
အဲ့ဒီကိုမြအေးကို ခု ကျနော် ပြန်မရတော့ဘူး။ ခု အဲ့ဒီကိုမြအေး ကျနော့်အတွက် ပျောက်သွားပြီ။ အတိတ်မှာကျန်ခဲ့ပြီ။ ကိုကိုကြီးကြဲသမျှ နောက်ကလိုက် ရိပ်သိမ်းပေးသူ။ အန္တေဝါသိကနှယ် ကာကွယ်ဖေးမနေရသူ။ ရိုဟင်ဂျာကိစ္စအစ မင်္ဂလာဆောင်အလယ် ပန်းခြံနိုင်ငံရေးအဆုံး အရိပ်သြဇာ ကြီးမားလွှမ်းမိုးခံရလေရော့သလား။
ရိုဟင်ဂျာအရေးမှာ အနှိမ်ခံမျက်နှာမွဲတွေကို ဖြဲချောက်လေရော့သလား။ ဝီရသူလို အစွန်းရောက်အကြမ်းဖက်သမားနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အမည်ခံပြီး မိုက်မိုက်ကန်းကန်း ပွဲဝင်ခံကြေညာချက်ထုတ်ဝံ့လေရော့သလား။ မွတ်စလင်မ်တို့ရဲ့ အမြင်အစောင်းခံရသလို ဗုဒ္ဓဝါဒီတို့ရဲ့အယုံအကြည်အကိုးစားလည်း ပျက်ရလေရော့ထင့်။
တဖြည်းဖြည်းနဲ့ နူးညံသိမ်မွေ့မှုပျော့ပြောင်းနှိမ့်ချမှုထက် ခက်ထန်ဝေါဟာရတွေ လေသံတွေ Tone တွေနဲ့ ဆွေ့ဆွေ့ခုန်လွန်း ဆတ်ဆတ်ခါလွန်းတွေ များများလာတယ်။ အသက်အရွယ် ဖြတ်သန်းမှု အတွေအကြုံတွေအရ ရင့်ကျက်တည်ငြိမ် လေးနက်ရမယ့်အချိန်မှာမှ ကလေးဆန်ရလေတယ်လို့ နှမျောမိတာပါပဲ။
ဒီလိုနဲ့ ကျနော် လေးမြတ်နှစ်လိုခဲ့သူ ကိုမြအေးဟာ.......
ဒါ ကိုမြအေးကို ကျနော့်ပုဂ္ဂိုလ်ရေးအမြင်ပါ။ သူ ပြန်ပြောမှာကို ကျနော်မျှော်ပြီး ရေးတာပါခင်ဗျား။ ဒါတွေ့ပြီး ကာယကံရှင်မဟုတ်သူတွေ မခံမရပ်နိုင်ဖြစ်မှာ စိတ်ဆိုးမှာလည်း တွေးမိပါတယ်။ စိတ်တော့မကောင်းပါ။ မိတ်ဆွေချင်းမို့ ဆိုရေးရှိက ဆိုအပ်ရပါတယ်။

(လာပြန်ပြီလား ရွှေညဝါ)
ဦးဇင်း ရှေ့ဆုံးကနေ တပ်ဦးကနေအလံကိုင်ပြီးကြွချီတော်မူပါ။ ဦးတော့မဆောင်ပါနဲ့ ဘုရား။ ကလေးတွေ လုပ်ကြပါစေ။ ဦးဇင်းပါဝင်အားဖြည့်တာ ကိစ္စကောင်းပေမယ့် ရှုပ်ထွေးမှုတွေဖြစ်လာရင် တဘက်လူများအဖို့ ကြိုက်လုံးတွေ့သွားမှာတွေလည်း ရှိပါတယ်ဘုရား။ နောက်ပြီး သူတို့က တည်ဆဲမတရားဥပဒေတွေကိုချိုးဖေါက်ပြီး ဖီဆန်အာခံနေကြတာပါဘုရား။ တည်ဆဲဥပဒေလိုက်နာနေမှဆို ဘာကိစ္စ ဒီအမျိုးသားပညာရေးဥပဒေကိုဆန့်ကျင်စရာ လမ်းပေါ်ထွက်စရာလိုလိမ့်မလဲဘုရား။ သူတို့ အကြမ်းမဖက်အေးချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်နေကြတာပါဘုရား။ သူတို့သွားပြီး တည်ဆဲဥပဒေတော့မလိုက်နာခိုင်းပါနဲ့ ဘုရား။ ဦးဇင်း သပိတ်တခုလုံးရဲ့ရည်ရွယ်ချက်နဲ့ သပိတ်ကိုဝန်းရံပေးပါ။ ဦးဇင်း ကလေးတွေကိုကာကွယ်ပေးပါ။ ဦးဇင်းသင်္ကန်းအရိပ်အာဝါသနဲ့ ကလေးဘေးမသီရန်မခအောင် စောင့်ရှောက်တော်မူပါ ဘုရား။ ကျေးဇူးတင်ပါတယ်။


(ကိုယ်ရေးကိုယ်ကြော်ငြာ)
“အပြင်လူရဲ့ဘားမားရုဒ်"အမည်နဲ့ ကျနော် စာအုပ်လေးတအုပ် ထုတ်ဖို့ရှိနေပါပြီ။ ပြီးလုပြီးခင်ပါပဲ။ ၁ဝ ရက်လောက်အတွင်း ထွက်လာဖို့ စိုင်းပြင်းနေပါတယ်။ ရေးခဲ့တာတွေထဲ သင့်မယ်လို့(ကိုယ့်ဘာသာ)ထင်တဲ့ အက်ဆေးနဲ့ဆောင်းပါး အပုဒ်(၃ဝ)ရွေးပြီး စုထားတာ ဖြစ်ပါတယ်။ အမှာစာကို ဒေါက်တာလှကျော်ဇောက ရေးပေးပါတယ်။ စာမျက်နှာ ၁၃ဝ ဝန်းကျင်ရှိပြီး ၁ဝ ချိုးဆိုက်ဇ်ပါ။ ဦးချစ်ညွန့်(ဇင်ရတနာစော)စာပေကထုတ်ဝေပြီး နှင်းဆီနီစာပေက တန်ဘိုး ၁၅ဝဝ နဲ့ဖြန့်ချိပါမယ်။ စာအုပ်လေးဘာ့ကြောင့်လုပ်ဖြစ်သွားတာကို ရေးသူ့စကားအနေနဲ့ ကျနော်ရေးထားတာပါခင်ဗျား။
“ရေးသူ့စကား”
ဒီစာအုပ်မှာပါတာတွေက ပြောချင်တာလည်းရှိ မရေးရမနေနိုင်လည်းဖြစ်တာနဲ့ ရေးဖြစ်သွားတာတွေချည်းပါပဲ။ တနေရာရာပို့ဖို့ ဒါမှမဟုတ် တနေရာရာကတောင်းလို့ရေးတာ တပုဒ်မှ မပါပါ။
ကြိုက်လို့သုံးချင်တယ်ဆို ခွင့်တောင်းဖို့အခန့်မသင့်ရင် တောင်းတောင်မနေနဲ့ဗျလို့ပြောပြီး ကျနော့်ဘလော့ဂ်နဲ ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့တာတွေပါပဲ။
တချိန်ချိန်ကြ ခုလို စာအုပ်လေးတအုပ် ထုတ်ထုတ်ထည်ထည်ဖြစ်လာဖို့များတော့ စိတ်ကူးမယဉ်မိခဲ့တာလည်း အမှန်ပါ။
ခုလိုလုပ်ဖြစ်သွားအောင် တတောင်နဲ့တွတ်တွတ်ပေးတဲ့မသီတာမြင့်နဲ့ တွန်းတွန်းထိုးထိုးလုပ်တဲ့ ကိုရဲမော်ထူးတို့ကို အဓိကကျေးဇူးတင်ရတာပါပဲ။
တူမလေး မရင်နှစ် ကြီးတဲ့အခါ မတတ်လို့မဖတ်တောင် “ဒါ ဘဘ စာအုပ်”လို့ ပြောဖော်ရတယ်ဆို ကြေနပ်ပါပြီ။
တချို့စာတွေရဲ့ တချို့နေရာတွေမှာ ပြင်ဆင် ဖြည့်စွက် ဖြုတ် ဖြည့်တာလေးတွေရှိပါတယ်။
ရင်းရင်းချာချာဖြင့်
မျိုးမြင့်ချို

Saturday, February 21, 2015

သခင် ခင်အောင်ပြောပြတဲ့ အာရှလူငယ်အစည်းအရုံး (ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင် အပိုင်း(၁) ထွန်းဝင်းငြိမ်း

0 comments
ပြည်သူ့အရေး/ facebook  မှ ကူးယူဖော်ပြပါတယ်။
၂ဝ၁၅-ဖေဖေါ်ဝါရီ ၁၁ ရက်။
သခင် ခင်အောင်ပြောပြတဲ့ အာရှလူငယ်အစည်းအရုံး (ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင် အပိုင်း (၁) နဲ့ (၂)
ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၂၁ ဆရာဆာင်းပါး ..

သခင် ခင်အောင်ပြောပြတဲ့ အာရှလူငယ်အစည်းအရုံး (ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင်
တိုးတက်ရေးသခင်အုန်းမြင့်မကွယ်လွန်မီ နှစ်အနည်းငယ်က သမိုင်းဆိုင်ရာမှတ်တမ်းအချို့ကို သူ့ထံမှ ရရှိခဲ့ဖူးပါသည်။ ထိုစဉ်က စာနယ်ဇင်း စာမျက်နှာများပေါ်တွင်ဖော်ပြရန် ခက်ခဲသောအချိန်ဖြစ်သဖြင့် တစ်ချိန်ချိန်တွင်ဖော်ပြနိုင်ရန် ယင်းသမိုင်းဆိုင်ရာမှတ်တမ်းမိတ္တူများကို ပေးအပ်ခဲ့သည်ဟုနားလည်မိပါသည်။ ထိုအထဲတွင် သခင် ခင်အောင်၏ပြောကြားချက်များကို မှတ်တမ်းတင်ထားသည့် အာရှလူငယ် အစည်းအရုံး(ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင်ဟူသော လက်ရေးစာမူပါဝင်ခဲ့ပါသည်။ ယင်းစာမူမှာ သမိုင်းကို ကိုယ်တိုင်ထဲထဲဝင်ဝင် ဖြတ်သန်းလာခဲ့ကြသူများ၏ တန်ဖိုးရှိသော အတွေ့အကြုံများဖြစ်သည်ဟု ယူဆမိပါသည်။ တစ်ကြိမ်တစ်ခါမျှ ပုံနှိပ်ဖော်ပြခဲ့ဖူးခြင်း မရှိသေးသောစာမူလည်းဖြစ်သဖြင့် တင်ပြလိုရင်းဖြစ်ပါသည်။

လျှို့ဝှက်တဲ့ပန်းတိုင်
အာရှလူငယ်အစည်းအရုံး(ဗမာနိုင်ငံ)မှာ ဂျပန်ခေတ် ၄၂ ခုနှစ် ဇွန်လထဲမှာဖွဲ့စည်းခဲ့တဲ့ အစည်းအရုံးဖြစ်ပါတယ်။ ဒီ အာရှလူငယ် အစည်းအရုံးရဲ့ရည်ရွယ်ချက်က မြန်မာလူငယ်များရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တနစတဲ့ ဗလငါးတန်တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်လုပ်ကိုင် ပေးဖို့ တကယ်ကို အတိအလင်းကြေညာထားပါတယ်။ သို့ပေမယ့် လူသိနတ်ကြားကြေညာထားတဲ့ရည်ရွယ်ချက်အပြင် မကြေညာဘဲ ဖုံးကွယ်ဝှက်ထားတဲ့ နိုင်ငံရေးရည်ရွယ်ချက်လည်း ရှိပါသေးတယ်။ အဲဒီ နိုင်ငံရေးရည်ရွယ်ချက်မှာလည်း ၂ မျိုး ရှိပါတယ်။ တစ်ခုက ဂျပန်ဘက်က သူ့အကျိုးစီးပွားအတွက် အဓိကထားရှိတဲ့ ဂျပန်သဘောထားရည်ရွယ်ချက် ဖြစ်ပါတယ်။ နောက်ရည်ရွယ်ချက်တစ်ခုကတော့ မြန်မာ့အမျိုးသားရေး၊ မြန်မာ့အကျိုးစီးပွားကိုအဓိကထားတဲ့ မြန်မာဘက်ကနိုင်ငံရေးရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ အဲဒီ နိုင်ငံရေး ရည်ရွယ်ချက်(၂)ရပ်ဟာ တစ်ခုနဲ့တစ်ခု မတူညီကြဘဲ ပဋိပက္ခဖြစ်နေသော်လည်း ဗလငါးတန်ဆိုတဲ့ရည်ရွယ်ချက်အပေါ်မှာတော့ အလားတူညီနေကြတဲ့အတွက် ဂျပန်နဲ့ဗမာဟာ ယာယီအားဖြင့်ပူးတွဲလုပ်လို့ ဖြစ်ခဲ့ပါတယ်။

အဲဒီ အချိန်တုန်းက အာရှလူငယ်အစည်းအရုံးကို စတင် ဖွဲ့စည်းစဉ်ကာလက ဖုံးကွယ်ထားသည့်နိုင်ငံရေးရည်ရွယ်ချက် ၂ ရပ်စလုံးကို အာရှလူငယ်အစည်းအရုံးမှာ ပါဝင်လုပ်ကိုင်ခဲ့တဲ့ အမှုဆောင်တစ်ဖွဲ့လုံးဟာ လုံးဝမသိခဲ့ကြပါဘူး။ Top Secret လို့ ခေါ်တဲ့ ထိပ်ပိုင်း ခေါင်းဆောင် နှစ်ဦးသုံးဦးလောက်သာသိတဲ့ အလွန် လျှို့ဝှက်တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ အဲဒီ မကြေညာဘဲ ဖုံးကွယ်ထားတဲ့ အာရှလူငယ် အစည်းအရုံးရဲ့ နိုင်ငံရေးပန်းတိုင်ကို အောင်မြင်အောင် နိုင်ငံရေးနည်းပရိယာယ် (နည်းဗျူဟာ)ကို လိမ္မာပါးနပ်စွာအသုံးပြုပြီး ဘယ်လို ဆောင်ရွက်လုပ်ကိုင်သွားသလဲဆိုတဲ့ အကြောင်းအရာများကို တင်ပြလိုတာဖြစ်ပါတယ်။

ရုပ်သေး အစိုးရခေတ်
၁၉၄၂ ခုနှစ်၊ မေလကုန်လောက်မှာ ဂျပန်စစ်တပ်ဟာ မြန်မာတစ်နိုင်ငံလုံးကို လုံးဝသိမ်းယူပြီး ဖြစ်နေပါတယ်။ အင်္ဂလိပ်နဲ့ မဟာမိတ်တပ် တွေဟာလည်း မြန်မာနယ်စပ်ကိုကျော်လွန်အောင် ဆုတ်ခွာသွားခဲ့ကြပြီး အိန်္ဒိယပြည်နဲ့တရုတ်ပြည်နယ်ထဲကို ရောက်ကုန်ကြပါပြီ။ ရန်ကုန်မှာ လည်း ဒေါက်တာဘမော်ရဲ့ဆင်းရဲသားဝံသာနုအဖွဲ့နဲ့ တို့ဗမာအစည်းအရုံးမှသခင်များပါ ပါဝင်တဲ့ ဂျပန်ရဲ့ ရုပ်သေးအစိုးရကိုလည်း ဖွဲ့စည်းပြီးစ အချိန် ဖြစ်ပါတယ်။ နောက် ဆင်းရဲသားဝံသာနုအဖွဲ့ (ဓါးမ)နဲ့ တို့ဗမာအစည်းအရုံး (သခင်)အဖွဲ့အစည်း ၂ ရပ်စလုံးကိုဖျက်သိမ်းပစ်ပြီး “တို့ဗမာ ဆင်းရဲသားအစည်းအရုံး”အမည်နဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ကာလလည်း ဖြစ်ပါတယ်။ တို့ဗမာဆင်းရဲသား အစည်းအရုံးဖွဲ့စည်းဖို့ကိစ္စကို သခင်နုက စည်းရုံးရေးမှူးအဖြစ်တာဝန်ယူပြီး သခင်ချစ်နဲ့အတူကြိုးပမ်းနေတဲ့ကာလလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီနှစ် မိုးဦးကျစ ဇွန်လထဲမှာ သခင်စိုးနဲ့သခင်တင်မြတို့ကလည်း ဂျပန်တော်လှန်ရေးအတွက် ကွန်မြူနစ်ပါတီကို အသစ်ပြန်လည် ဖွဲ့စည်းဖို့ မြေအောက်စည်းရုံးရေးလုပ်ငန်းတို့ကို စတင်လုပ်ကိုင်နေတဲ့ကာလလည်း ဖြစ်ပါတယ်။ ကိုသိန်းဖေနဲ့ သခင်တင်ရွှေတို့ နှစ်ယောက်ကလည်း မဟာမိတ်နဲ့ အဆက်အသွယ်လုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ အိန်္ဒိယပြည်ကို ကုန်းလမ်းခရီးမှထွက်ခွာသွားပြီဖြစ်တဲ့ အချိန်လည်းဖြစ်ပါတယ်။

ဗိုလ်အောင်ဆန်းကလည်း ဗမာ့တပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်အမည်နဲ့ စနစ်တကျ ပြန်လည်ဖွဲ့စည်းနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ အစိုးရအဖွဲ့ထဲမှာ ဝန်ကြီးအဖြစ် ပါဝင်ဆောင်ရွက်နေကြတဲ့ သခင်မြနဲ့သခင်သန်းထွန်းတို့ဟာလည်း အုပ်ချုပ်ရေးကိစ္စတွေနဲ့ ပျားပန်းခပ်မျှအလုပ်များနေချိန်လည်း ဖြစ်ပါတယ်။ အဲဒီလို ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးတွေမှာ ကိုယ့်တာဝန်နဲ့ကိုယ် အလုပ်များနေ ကြတာချင်းအတူတူမှာ ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေကြရတဲ့ သခင်မြနဲ့သခင်သန်းထွန်းနှစ်ယောက်ကတော့ အလုပ်မရလို့ မကျေမချမ်းဖြစ်နေကြတဲသခင်အချို့ရဲ့ အဆဲအဆိုအကြိမ်းကိုပါ ခံနေကြရတယ်။

ဒါ့အပြင် ဂျပန်ဟာ မြန်မာပြည်ကို လွတ်လပ်ရေးပေးမယ်ဆိုပြီး မပေးသည့်အပြင် မြန်မာပြည်သူတစ်ရပ်လုံးကို ညှဉ်းပန်းနှိပ်စက်နေတဲ့ ဂျပန်နဲ့ပူးပေါင်းပြီး ၎င်းရဲ့ ရုပ်သေးအစိုးရထဲမှာ ပါဝင်ဆောင်ရွက်နေတာကိုမကျေမလည်ဖြစ်နေတဲ့ လူငယ်အချို့ရဲ့ အထင်သေး အထင် လွဲမှားခြင်းတို့ကိုပါ ခံနေကြရပါတယ်။

ကျွန်တော် ဆိုလိုတာကတော့ ၁၉၄၂ ခုနှစ် မိုးဦးကျအချိန်လောက် မြန်မာပြည်ကို ဂျပန်သိမ်းပြီးစမှာ ဒီမိုကရေစီမှောင်ကျပြီး မြန်မာပြည်ရဲ့ နိုင်ငံရေးအုပ်ချုပ်မှုနဲ့ စီးပွားရေးပြဿနာအရပ်ရပ်တို့ကို ရင်ထဲမှာရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း လွတ်လပ်စွာမပြောနိုင်မလုပ်နိုင်တဲ့ အခြေအနေအောက်မှာ ရောက်နေရတဲ့အပြင် ဂျပန်လုပ်ချင်တာလုပ်နေခြင်းကိုလည်း ဟန့်တားကန့်ကွက်နိုင်တဲ့ နိုင်ငံရေးတန်ခိုးသြဇာ မရှိတဲ့အတွက် ကျွန်တော်တို့အချင်းချင်းအကြားနဲ့ အောက်ခြေကြားမှာ နိုင်ငံရေးအရမကျေမလည်ဖြစ်တာကို ပေါ်ပေါက်နေခြင်းကို ဆိုလိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အချင်းချင်းကြားမှာပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးပြဿနာဟာ ဂျပန်က မြန်မာပြည်မှာ အာရှလူငယ် အစည်းအရုံးဖွဲ့စည်းပေးဖို့ လာခိုင်းတဲ့အချိန်ကျတော့မှ တစ်စုံတစ်ရာ အတိုင်းအတာအထိ ပြေလည်မှုရရှိခဲ့ပါတယ်။ ဒါကတော့…

ကြောင်လက်သည်းဝှက် စည်းရုံးရေး
ဂျပန်ကင်ပေတိုင် (ထောက်လှမ်းရေး) အဖွဲ့မှ ၁။ မစ္စတာ တိုမိုရား၊ ၂။ ကပ္ပတိန်ကာဝနဲ့ ၃။ မစ္စတာနာဂါအိဆိုတဲ့ ဂျပန်သုံးယောက်မှာ ၁။ Mr.Tomora ၂။ Captain Kawa ၃။ Mr. Nagaii တို့ ဖြစ်သည်။ ၁၉၄၂ ခု၊ ဇွန်လ အလယ်လောက်မှာ ရန်ကုန်ကိုရောက်လာပါတယ်။ ယင်း ဂျပန်သုံးယောက်သည် ဒေါက်တာဘမော်နဲ့ ပထမ တွေ့ဆုံပြီး မြန်မာပြည်မှာ အာရှလူငယ်အစည်းအရုံးတစ်ခု ဖွဲ့စည်းလိုကြောင်းပြောကြားရာ ဒေါက်တာဘမော်က ယင်းပြဿနာမှာ စည်းရုံးရေးကိစ္စဖြစ်၏။ တို့ဗမာဆင်းရဲသားအစည်းအရုံးဖွဲ့ရေးကိုလုံးပမ်းနေတဲ့သခင်နုနဲ့ တွေ့ဆုံ တိုင်ပင်၍ ဆောင်ရွက်ရန်အကြံပေးလိုက်သဖြင့် ဂျပန် ၃ ဦးသည် သခင်နုနဲ့ လာရောက်တွေ့ဆုံကြပြန်ပါတယ်။ သခင်နုမှာ တို့ဗမာဆင်းရဲသား အစည်းအရုံး ဖွဲ့စည်းနိုင်ရေးအတွက် လုံးပန်းနေရသဖြင့် ယင်း အာရှလူငယ်ဖွဲ့စည်းရေးကိုတာဝန်မယူလို၍ ၎င်း၏ကိုယ်စား ယင်းကိစ္စကို ဆောင်ရွက်ပေးရန် သခင်သန်းထွန်းအား တာဝန် ထပ်မံလွှဲလိုက်ပြန်ပါတယ်။ အာရှလူငယ်အဖွဲ့အစည်းကို ဂျပန်တွေ လာတွေ့လိမ့်မယ် ဆိုတာကို ဒေါက်တာဘမော်ထံမှတစ်ဆင့် သိပြီးဖြစ်လို့ သခင်နုက သခင်သန်းထွန်းကို ဂျပန်တွေလာတွေ့မယ့်အချိန် သူနဲ့အတူအတွေ့ခံဖို့ အလံပြဘုရားလမ်းမှာရှိတဲ့ သခင်နုရုံးခန်း (နိပွန်ကုတ်) အဆောက်အအုံကို ကြိုတင်ဖိတ်ခေါ်ထားနှင့်ပြီး ဖြစ်ပါတယ်။ သခင်သန်းထွန်းမှာ သူ့ရဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနတာဝန်တွေကို မအားမလပ်အောင် လုပ်ကိုင်ဆောင်ရွက်နေရတဲ့ကြားမှပင် အာရှလူငယ်အစည်းအရုံး ဖွဲ့စည်းဖို့ကိစ္စကို တာဝန်ယူဆောင်ရွက်ပေးခဲ့ရပြန်ပါတယ်။ သခင်သန်းထွန်းဟာ ကိုလိုနီခေတ်က ရန်ကုန်မြို့ ကန်တော်ကြီးစောင်းမှာရှိတဲ့ မူဆလင်ကုလားကျောင်းမှာ ကျောင်းဆရာလုပ်ကိုင်ရင်း ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ်နဲ့လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးမှာလည်း ကျွန်တော်နဲ့အတူ တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက် လုပ်ကိုင်လာခဲ့သူဖြစ်တော့ အာရှလူငယ်စည်းရုံးရေးကိစ္စကို ၎င်းအား ရွေးချယ်ရန် သခင်နုက တာဝန်ပေးလိုက်တာဟာ တကယ့် နေရာမှန် လူမှန် အံကိုက်ဖြစ်သွားခဲ့ပါတယ်။

သခင်သန်းထွန်းကို ရဲဘော်တို့အနေနှင့် လူပုဂ်္ဂိုလ်အရလည်းကောင်း သူ့ရဲ့ နိုင်ငံအေယူအဆသဘောထားတို့ကိုလည်းကောင်း ကြိုက်ချင်မှ ကြိုက်ကြပေမယ့် မြန်မာပြည်လွတ်လပ်ရေးနှင့် မြန်မာတစ်မျိုးသားလုံးရဲ့အကျိုးစီးပွားအတွက် ကောင်းကျိုးပြုသွားတဲ့ သူ့ရဲ့ လုပ်ကိုင် ဆောင်ရွက်ချက်တွေကိုတော့ မေ့ပျောက်ပစ်လို့မရနိုင်ပါဘူး။ မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်ရန် ငြင်းပယ်ထားလို့လည်း မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာ့သမိုင်းမှာထင်ရှားခဲ့တဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံကြီးဖြစ်ပေါ်လာအောင် အစအဆုံး ခေါင်းဆောင်မှုပေးခဲ့တဲ့ သခင်မြ၊ သခင်အောင်ဆန်း၊ သခငနု၊ သခင်သိန်းမောင်၊ သခင်လေးမောင် စတဲ့ သခင်ခေါင်းဆောင်တွေနဲ့ တန်းတူ ပါဝင်ဆောင်ရွက်လာခဲ့တဲ့ သခင်ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ နောက် ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာလည်း သူသည် ဗိုလ်အောင်ဆန်းနဲ့ သခင်စိုးတို့နဲ့အတူ ပါဝင် ဆောင်ရွက်ခဲ့တဲ့အပြင် ပဲခူး စံပြတပ်ရင်းမှ ပထမဆုံးဖွဲ့တဲ့ ဖတပလအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးလည်း ဖြစ်ခဲ့ပါတယ်။

အခု သခင်သန်းထွန်း တာဝန်ယူဖွဲ့စည်းပေးရတဲ့ အာရှလူငယ်အစည်းအရုံးဆိုတာဟာလည်း ဂျပန်တော်လှန်ရေးလုပ်ဖို့ ပထမဆုံး စတင် တည်ဆောက်တဲ့ကတုတ်ကျင်း သို့မဟုတ် မြေအောက်အဖွဲ့အစည်းကလေးတစ်ခု ဖြစ်ပါ တယ်။

သခင်သန်းထွန်းဟာ အာရှလူငယ်အစည်းအရုံးမှာ ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးနေရာအပြင် အမှုဆောင်အဖွဲ့မှာပါ လုံးဝမပါခဲ့ပါဘူး။ ဒါပေမယ့် ကွင်းထဲမှာ ကိုယ်တိုင်ပါဝင်မကစားဘဲ နောက်ပိုင်းကနေပြီး သွန်သင်ညွှန်ကြားစီစဉ်ပေးရတဲ့ ဘောလုံးအသင်းရဲ့ နည်းပြဆရာလိုပါပဲ။ သခင် သန်းထွန်းဟာ အာရှလူငယ်အစည်းအရုံးမှာ ကိုယ်တိုင်မပါဝင်ခဲ့ပေမယ့် နောင်ဖြစ်ပေါ်လာမယ့်နိုင်ငံရေးအခြေအနေကို ကြိုတင်သိမြင်ပြီးတော့ အဲဒီ အာရှလူငယ်အစည်းအရုံးကို ဂျပန်တော်လှန်ရေးအတွက် အရန်တပ်ခွဲတစ်ခုအဖြစ်ရည်ရွယ်ပြီး ဖွဲ့ပေးခဲ့ပါတယ်။ အရေးကြီးတဲ့ နေရာတွေမှာ ဂျပန်ဆန့်ကျင်ရေးစိတ်ဓာတ်ရှိသူ လူငယ်တွေ၊ ရာထူး၊ ဂုဏ်ပကာသနတွေကိုမမက်မောဘဲ ဖက်ဆစ်ကိုလိုနီကျွန်ဘဝက မြန်မာပြည်လွတ်လပ်အောင် အသက်ကိုအသေခံပြီး ရဲရဲဝံ့ဝံ့တိုက်ခိုက်မယ့် လူငယ်တွေကိုရွေးပြီး စည်းရုံးရေးမှူးတွေအဖြစ် နေရာချထား ပေးခဲ့ပါတယ်။ ဒါကြောင့် စောစောကကျွန်တော်ပြောခဲ့တဲ့ အာရှလူငယ်အစည်းအရုံးရဲ့ မကြေညာဘဲဖုံးကွယ်ထားတဲ့ နိုင်ငံရေး ရည်ရွယ်ချက်ဆိုတာဟာ ဖက်ဆစ်ဂျပန်ကိုတော်လှန်ဖို့ဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် “ဂျပန်တော်လှန်ဖို့ အာရှလူငယ်အစည်းအရုံးကို ဖွဲ့တယ်” ဆိုတာကိုတော့ သခင်သန်းထွန်းက ဘယ်သူ့ကိုမှဖွင့်မပြောဘဲ ကြောင်လက်သည်းဝှက်သလို အပြင်မထုတ်ဘဲဝှက်ထားခဲ့ပါတယ်။ ကျွန်တော့်ကိုဖွင့်ပြောရတာကလည်း မပြောရင်မဖြစ်တဲ့ အခြေအနေရောက်လာလို့ ပြောရတာ ဖြစ်ပါတယ်။ အဲဒီအခြေအနေက ဘာလဲဆိုတာကတော့ -

သာတူညီမျှဆိုတဲ့ဝါဒအောက်မှာ
ရန်ကုန်မြို့ အလံပြဘုရားလမ်းမှာရှိတဲ့ သခင်နုရဲ့ရုံးခန်း နိပွန်ကုတ်အဆောက်အအုံမှာ ဂျပန်တွေနဲ့တွေ့စဉ်အခါက အာရှလူငယ်အစည်းအရုံး ဖွဲ့ပေးဖို့တာဝန်ကို သခင်သန်းထွန်းက သဘောတူလက်ခံလာခဲ့ပါတယ်။ မြန်မာပြည်မှာ အာရှလူငယ်အစည်းအရုံးဖွဲ့ဖို့ ဂျပန်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မစ္စတာတိုမိုးရားက ရှင်းပြတာကတော့ အာရှလူငယ်အစည်းအရုံးကို မြန်မာပြည်တစ်ပြည်တည်းမှာသာဖွဲ့စည်းတာ မဟုတ်ပါဘူးတဲ့။ ၎င်းတို့ သိမ်းပိုက်ထားပြီးဖြစ်တဲ့ တရုတ်ပြည်၊ ကိုရီးယား၊ ယိုးဒယား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားနိုင်ငံတွေမှာ အလားတူ အာရှလူငယ်အစည်းအရုံးများ ဖွဲ့စည်းပြီးပါပြီတဲ့။ ဒါကြောင့် အာရှလူငယ်အစည်းအရုံးတစ်ခု မြန်မာပြည်မှာလည်း အမြန်ဆုံး ဖွဲ့စည်းနိုင်ရန် ၎င်းတို့ လာရောက်ကြခြင်းဖြစ်တယ်တဲ့။ အဲဒီ လူငယ်အစည်းအရုံးဖွဲ့နိုင်အောင် ဝိုင်းဝန်းကူညီဖို့တိုက်တွန်းပါတယ်တဲ့။ အာရှ လူငယ်အစည်းအရုံးမှာ နိုင်ငံတကာ လူငယ်အစည်းအရုံးတစ်ခုဖြစ်ခြင်းကြောင့် ၎င်း၏အမည်ကိုလည်း မြန်မာပြည်လူငယ်များအသင်းဟူ၍ မခေါ်သင့်ကြောင်း၊ “အာရှလူငယ်အစည်းအရုံး(ဗမာနိုင်ငံ)”ဟု ခေါ်တွင်ရမည်ဖြစ်ကြောင်း၊ ၎င်း လူငယ်အစည်းအရုံး၏ရည်ရွယ်ချက်မှာ ၂ ခုရှိကြောင်း၊ ပထမရည်ရွယ်ချက်မှာ ဂျပန်အစိုးရကချမှတ်ထားတဲ့ အရှေ့တောင်အာရှ သာတူညီမျှဝါဒသဘောတရားကို မြန်မာလူငယ်များ သဘောပေါက်နားလည်စေရန်ဆောင်ရွက်ပေးဖို့ ဖြစ်ကြောင်း၊ ဒုတိယရည်ရွယ်ချက်မှာ မြန်မာလူငယ်များ၏ ဗလငါးတန်တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း စသည်ဖြင့် ပြောပြပါတယ်။

သခင်သန်းထွန်းသည် အာရှလူငယ်အစည်းအရုံးဖွဲ့စည်းပေးဖို့တာဝန်ကို လက်ခံလာပြီးနောက် ယင်းအဖွဲ့အစည်းမှာ ပါဝင်လုပ်ကိုင်မယ့် ခေါင်းဆောင်တချို့ကို တွေ့ဆုံဆွေးနွေးပါတယ်။ ကျွန်တော့်ကိုလည်း သခင်သန်းထွန်းသည် သူ့အိမ်မှာ ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးပါတယ်။ သခင်သန်းထွန်းနှင့်မတွေ့မီ တစ်ရက်ကပင် သခင်ဗဟိန်းက ကျွန်တော့်ကို သခင်သန်းထွန်း အာရှလူငယ်အစည်းအရုံး ဖွဲ့စည်းမည့်အကြောင်းနဲ့ ၎င်း အစည်းအရုံးမှာ ပါဝင်လုပ်ကိုင်ဖို့ကိစ္စကို ပြောပြဆွေးနွေးရန်အတွက် သခင်သန်းထွန်းနဲ့ နောက်တစ်နေ့နံနက်တွင် လာရောက်တွေ့ရန် ပြောထားပါတယ်။
(ဆက်လက် ဖော်ပြပါမည်)