Thursday, March 26, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၁၃)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၁၃)
ဒုတိယပိုင်း
“စစ်တိုက်တယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ် တဦးနှင့်တဦး ရင်ဆိုင်ပစ်ကြခတ်ကြ၍ သေကြကြေကြခြင်းဖြစ်တယ်၊ တဦးနဲ့တဦး သေရဲသတ်ရဲတဲ့စိတ်ဓာတ်ရှိရမယ်၊ စစ်တပ်ကောင်းရဲ့အင်္ဂါတရပ်မှာ အဲဒီစိတ်ဓာတ်မျိုးမွေးပေးရတယ်၊ ဂျပန်တပ်မှာဆိုရင် သူတို့ရှင်ဘုရင်ကြီးကို ယုံကြည်ချက်နဲ့တိုက်နေကြတယ်၊ အချို့တပ်များမှာတော့ ကြေးစားစိတ်နဲ့ ကျေဇူးသစ္စာတော်ကိုသိရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့တိုက်ရတယ်၊ ကျနော်တို့အဖို့တော့ လွတ်လပ်ရေးရလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့တိုက်ခိုက်တယ်၊ စစ်တပ်တိုင်းစစ်တပ်တိုင်း၊ ဒီလိုယုံကြည်ချက်မျိုးဟာ အရေးကြီးတယ်၊”

“ဒီယုံကြည်ချက် အနည်းငယ်တိမ်းစောင်းရုံနဲ့ ချက်ချင်း တိုက်ခိုက်နေတဲ့သေနတ်သံ၊ အမြောက်သံ ရပ်စဲသွားနိုင်တယ်၊ ကျနော်တို့ တပ်သားတွေလည်း လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ဒီလို ယုံမှားသံသယနဲ့စိုးရိမ်လာတဲ့အခါ တိုက်စိတ်ခိုက်စိတ် ထိခိုက်လာတာကို တွေ့ရပါတယ်၊ နောက်ဆုံးတော့ - ငါတို့ဟာ ဒီစစ်မှာ ငါတို့မတိုက်ရင် ငါတို့ပြည်သူပြည်သားတွေပဲနစ်နာမယ်၊ ဒီစစ်ဟာ ပြည်သူ့စစ်၊ ဒီရန်သူကို ငါတို့ဟာငါတို့တိုက်ရမယ်၊ ဘာပဲဖြစ်ဖြစ်လောလောဆယ် ဒီရပ်သူရွာသားဒုက္ခသည်တွေအတွက် ငါတို့ရှေ့တန်းက အသေခံကြရမယ်၊ နောက် မသေလို့ကျန်ခဲ့တဲ့ရဲဘော်တွေဟာလည်း ဗမာပြည်ရဲ့လွတ်လပ်ရေးကို မသေမချင်းတိုက်ခိုက်ပါမယ်ဆိုပြီး ကျနော့်တို့ရဲ့ စိတ်ဓာတ်အားကို အားသစ်မွေးပြီး တိုက်ခဲ့ရပါတယ်၊”

“ကျနော်တို့ စစ်တိုင်း(၄)က တိုက်တဲ့တိုက်ပွဲစာရင်းချုပ်ကို ကြည့်မယ်ဆိုရင် စပြီးဖက်ဆစ်ဂျပန်ကိုတော်လှန်တဲ့နေ့က ဂျပန်လက်နက်ချတဲ့နေ့ အထိ တိုက်ပွဲပေါင်း (၃၂၄)ပွဲ၊ ရန်သူ (၂၇၇၄) ယောက် သေပြီး (၁၁၈၄)ယောက် ဒဏ်ရာရကာ (၂၅)ယောက်ကို သုံ့ပန်းအဖြစ်ဖမ်းမိခဲ့တယ်၊ ရန်သူဘက်က လက်နက်ခဲယမ်းမီးကျောက် အမြောက်အမြားရရှိပြီး ရန်သူရဲ့မီးရထားနဲ့ လော်လီကားများကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်၊ ကျနော်တို့ဘက်က (၇၆)ယောက် ကျဆုံးပြီး (၇၂)ယောက် ဒဏ်ရာရခဲ့တယ်၊ အဲဒီစာရင်းချုပ်မှာ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ ရပ်သူရွာသား ပြည်သူများရဲ့တိုက်ခိုက်မှုများမပါသေးပါ၊ ထိုသို့ ပြည်သူပြည်သားတို့က တိုက်ခိုက်တဲ့တိုက်ပွဲများ ကျနော်တို့နှင့်ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တဲ့ အခြားအချက်တွေချန်လှပ်ထားခဲ့ရပါတယ်၊ ပြည်သူပြည်သားတွေ ဂျပန်ဖက်ဆစ်ကိုတိုက်တဲ့နေရာမှာ တပ်မတော်နဲ့ပူပေါင်းတိုက်ခဲ့တာတွေ နောင်ဆိုင်ရာက စာအုပ်တွေထုတ်လို့ရှိရင် သိရပါလိမ့်မယ်၊”
ဤနေရာတွင် အကြောင်းတိုက်ဆိုင်လာသဖြင့် ကျနော်ဖော်ပြလိုသော အကြောင်းအချက်အချို့ရှိပါသည်၊ ကျနော် ဤ ၁၉၄၅ ခုနှစ် ဖက်ဆစ် တော်လှန်ရေးကြီး အဘယ်ကြောင့်အောင်မြင်ခဲ့ရသည်ကို ဆန်းစစ်ရေးသားထားသည့် ဆောင်းပါးတစောင်ရှိခဲ့ပါသည်၊ ထိုဆောင်းပါးကို ၁၉၉၅ ခုနှစ် မတ်လထုတ် ဖက်ဆစ်တော်လှန်ရေးရွှေရတုအထိမ်းအမှတ် “ပြည်သူ့အာဏာ”ဂျာနယ်တွင်ဖော်ပြပြီး ဖြစ်ပါသည်၊ ထိုဆောင်းပါးမှ အချက်အလက်အချို့ကို ပြန်လည် ဖော်ပြလိုပါသည်၊

- အဘယ်ကြောင့် ကျနော်တို့ဤ ဖက်ဆစ်တော်လှန်ရေးကြီးကို အောင်မြင်ခဲ့သနည်း၊
- အဓိက အကြာင်းရင်း (၄)ချက်မျှရှိသည်ဟု ကျနော်ယူဆပါသည်၊

ပထမမှာတော်လှန်ရေး၏ ခေါင်းဆောင်မှု၊ ရဲရင့်မှန်ကန်ကောင်းမွန်မှုဖြစ်သည်၊ ယင်းမှာနိုင်ငံရေးအရ ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်မှုနှင့် စစ်ရေးအရ ဗိုလ်ချုပ်အောင်ဆန်းတို့၏ခေါင်းဆောင်မှုအရ သေနင်္ဂဗျူဟာနှင့် နည်းပရိယာယ်လမ်းစဉ်သတ်မှတ်ချက်များ၊ လူထုစည်းရုံးရေးများ အလွန်ကောင်းမွန်မှန်ကန်မှုပင်ဖြစ်သည်၊

ဒုတိယအကြောင်းမှာ တတိုင်းပြည်လုံးစည်းလုံးညီညွတ်စွာဖြင့် (ဖတပလ) (နောင် ဖဆပလ)ဖက်ဆစ်တော်လှန်ရေး အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု အဖွဲ့ချုပ်ကြီးဖွဲ့စည်းပြီး လက်ဝဲ၊ လက်ယာ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ ဘာသာရေး ရဟန်းသံဃာများ၊ လူမျိုးစုအဖွဲ့များနှင့် အားလုံးသောလူထုကြီးတရပ်လုံး ပါဝင်လာအောင်စည်ရုံးဖွဲ့စည်းပြီး တော်လှန်နိုင်သောကြောင့် ဖြစ်သည်၊

တတိယအကြောင်းက ကျနော်တို့ဖက်ဆစ်တော်လှန်တိုက်ခိုက်ရေးတွင် တော်လှန်သောပြည်သူ့စစ်ပွဲသဘောတရားနည်းနာများအတိုင်း လုပ်ဆောင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်၊ ယင်းမှာ မိမိတို့ဘဝအသိဖြင့် ဖက်ဆစ်တို့ကို အလွန်တူးခါးစွာ မုန်းတီးရွံရှာနေကြသော ပြည်သူတရပ် လုံးက အဖက်ဖက်က တိုက်ခိုက်ရေး၊ ထောက်ပံ့ကူညီရေးအမျိုးမျိုးတွင်ပါဝင်ကာ ထိုပြည်သူများအတွင်းမှ ပေါင်းစပ်တဲ့ပြည်သူ့စစ်ပွဲကြီး ဆင်နွှဲနိုင်ပြီးနောက် ပါဝင်တိုက်ခိုက်ကြသူ အားလုံးလိုလိုလောက်ကလည်း အလွန်ရဲရင့်တက်ကြွပြောင်မြောက်စွာ တိုက်ခိုက်ခဲ့ခြင်း ကြောင့်လည်းဖြစ်သည်၊

စတုတ္ထˆအကြောင်းမှာ ကျနော်တို့တော်လှန်ရေးမှာ တဦးတည်းမဟုတ် တကမ္ဘာလုံးကဆန့်ကျင်တိုက်ခိုက်ကြတဲ့ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး တပ်ပေါင်းစုကြီးထဲအပါအဝင်ဖြစ်ပြီး ကမ္ဘာ့တော်လှန်ရေးရေစီးကြောင်းကြီးထဲတွင် ပါဝင်တော်လှန်ခဲ့ရသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အမျိုးမျိုးသောအထောက်အပံ့အကူအညီများကို ရရှိခဲ့ခြင်းကြောင့်လည်းဖြစ်သည်၊

ဤဖက်ဆစ်တော်လှန်ရေးအောင်ပွဲမှာ ကျနော်တို့ပြည်သူတရပ်လုံး ထာဝရဂုဏ်ယူကြရမည့် သမိုင်းဝင်အရေးတော်ပုံကြီးဖြစ်သည်၊   
(ပြည်သူ့အာဏာ၊ အမှတ် ၁၃၊  ၁၉၉၅၊ မတ်လထုတ် - နှာ ၂၉ )

ကျနော် “နေသူရိန်မိန့်ခွန်း” မှ အကြောင်းအရာများကို ဆက်လက် ဖော်ပြပါအုံးမည်၊

“ကျနော်တို့ ဒီလိုဆင်းဆင်းရဲရဲ ရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့တာတွေဟာ ဘာကြောင့်လည်းဆိုတာ ထပ်လောင်းပြီး ရှင်းပြချင်ပါတယ်၊”“မဟာမိတ်တွေက ပြောကောင်းပြောလိမ့်မယ်၊ ဗမာတွေဟာသတ္တိရှိတယ်၊ တိုက်စိတ်ခိုက်စိတ်ရှိတယ် စတဲ့ လူမိုက်ဂုဏ်မြောက်စကားမျိုးနဲ့ ချီးမွမ်းကောင်း ချီးမွမ်း လိမ့်မယ်၊ ကျနော်တို့ဟာ ဒီလိုဦးနှောက်မရှိတဲ့ တိရစ္ဆာန်တွေမဟုတ်ဘူး၊ နှစ်ပေါင်း (၁ဝဝဝ)လောက်က ကမ္ဘာ့ရာဇဝင်မှာ ရဲစွမ်းသတ္တိ ရှိတယ်ဆိုတဲ့ မိုက်တဲ့လူတွေလိုမဟုတ်ဘူး၊ ဒီခေတ်ကြီးမှာ လူတွေဟာ အသိပညာနဲ့ယဉ်ကျေးနေတဲ့လူတွေဖြစ်လို့ တဦးနဲ့တဦး အကျိုးမဲ့ သတ်ဖြတ်သေကြေတာကို            လူတိုင်းကြောက်ပါတယ်၊ ကျနော်တို့လည်း သေရမှာကြောက်တဲ့လူတွေပါ၊ ဒီလိုကြောက်ရဲ့သားနဲ့ ဇွတ်တိုးပြီး အသေခံနေရတာတွေဟာ ဒီကမ္ဘာစစ်ကြီးပြီးလို့ရှိရင် ကျနော်တို့ လွတ်လပ်ရေးရတော့မယ်ဆိုတဲ့ယုံကြည်မှုကြောင့်ပါ၊”

“လွန်ခဲ့တဲ့ ပထမကမ္ဘာစစ်ကြီးတုန်းက စစ်ပြီးတော့ စစ်နိုင်တဲ့နိုင်ငံကြီးတွေဟာ ကိုလိုနီတွေကိုခွဲဝေယူခဲ့ကြတယ်၊ ယခုကမ္ဘာစစ်ကြီးမှာ ဆိုရင်တော့ စစ်ကြီးပြီးရင် တိုင်းငယ်ပြည်ငယ်တွေဟာ ဖက်ဆစ်ကိုတိုက်ခိုက်ခဲ့တာနဲ့အမျှ မဟာမိတ်တွေကိုကူညီခဲ့တာနဲ့အမျှ လွတ်လပ်ရေးကို ရလိမ့်မယ်ဆိုတဲ့ ပြည်သူ့စစ်သဘောအရ ကျနော်တို့ယုံကြည်ခဲ့တယ်၊”
“ကျနော်တို့ဒီယုံကြည်ချက်အရ (၅)လတိတိ ဖက်ဆစ်တွေကိုတိုက်ခဲ့တဲ့တိုက်ပွဲတွေမှာ သေတဲ့သူတွေသေကြပြီး မချိမဆန့် တသက်လုံးသုံးမရ အောင် ဒဏ်ရာတွေအကြီးအကျယ်ရခဲ့တဲ့လူတွေလည်းရခဲ့ပါပြီ၊ ကမ္ဘာတခွင်မှာ ဖက်ဆစ်ဝါဒကိုတိုက်ခိုက်ခဲ့တဲ့တိုင်းပြည်တွေအနက် ယူဂိုစလပ် ပြည်မှတပါး ပြင်သစ်ထက်ပင် ကျနော်တို့ဗမာပြည်က သာလွန်တိုက်ခိုက်နိုင်တယ်ဆိုတာ ကမ္ဘာကသိနေပြီ၊”

‘ကမ္ဘာသူကမ္ဘာသားတွေအတွက် တိုက်နေရပါတယ်ဆိုတဲ့ ကမ္ဘာ့ခေါင်းဆောင်ကြီး(၅)ဦးမှာ တဦးဖြစ်တဲ့ဗြိတိသျှဟာ ကျနော်တို့ကို တန်ဖိုးနဲ့အမျှ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊” “ကျနော်တို့ရဲ့နိုင်ငံရေးအခြေအနေကို မျှော်တွေးကြည့် လိုက်ရင် ကျနော်တို့ နှစ်ပါင်းများစွာကလိုချင်တောင့်တခဲ့တဲ့ လွတ်လပ်ရေးပန်းတိုင်ဟာအလွန်နီးကပ်နေပြီး ပန်းကိုဆွတ်ခူးရုံလောက်သာ ရှိပါတော့တယ်၊”

“အဲဒီလွတ်လပ်ရေးပန်းကို ဆွတ်ခူးဖို့နေရာမှာ တခုတည်းသောအခက်အခဲက ကျနော်တို့နိုင်ငံရေးခေါင်းဆောင်တွေ ပါတီတွေမညီညွတ်ရင် လွတ်လပ်ရေးဟာ နောက်ထပ် (၅)နှစ်လည်းကြာနိုင်တယ်၊ (၁ဝ)နှစ်လည်းကြာနိုင်တယ်၊ ကျနော်တို့ တတိုင်းပြည်လုံး တညီတညွတ်တည်း တသံထဲထွက်ဖို့အရေးကြီးနေပါတယ်၊ ကျနော်တို့ဝမ်းထဲမှာ ဒီအချက်ဟာ မီးတောက်နေပါတယ်၊”

“တိုင်းပြည်တပြည်ရဲ့စစ်တပ်ဆိုတာဟာ နိုင်ငံရေးရဲ့အစိတ်အပိုင်းတခုပါ၊ တနည်းအားဖြင့်ဆိုလျှင် တိုင်းပြည်ရဲ့လက်သီးပါ၊ ပြည်သူပြည်သား တွေဟာ မိမိတို့လိုအင်ဆန္ဒမရရင် ပထမ ပါးစပ်နဲ့တောင်းတယ်၊ ပါးစပ်နဲ့တောင်းမရရင် အော်ဟစ်ရန်တွေ့ပြီးတောင်းတယ်၊ ဒီလိုနဲ့ မရသေးရင် နောက်ဆုံး လက်သီးနဲ့ထိုးတောင်းရပါတယ်၊ ကျနော်တို့ဗမာပြည်ရဲ့ နိုင်ငံရေးရာဇဝင်ကိုပြန်ကြည့်မယ်ဆိုရင် ရိုးရိုးပါးစပ်နဲ့လည်း တောင်းခဲ့ တယ်၊ အော်ဟစ်ပြီးတော့လည်း တောင်းခဲ့တယ်၊ ကျနော်တို့လိုချင်တဲ့ ‘လွတ်လပ်ရေးမရခဲ့ပါဘူး၊ အဲဒီတော့ (၁၉၄၁)ခုနှစ်ကစပြီး ကျနော်တို့ လိုချင်တဲ့ ‘လွတ်လပ်ရေးကို လက်သီးနဲ့ထိုးပြီးတောင်းခဲ့ရတယ်၊”

“ယခုအခြေအနေအရ ကျနော်တို့ လွတ်လပ်ရေးခရီးဆုံးကို ကျနော်တို့ ညီညီညွတ်ညွတ်အရေးဆိုခဲ့လို့ရှိရင် ရတော့မယ်လို့ယုံကြည်နေပါ တယ်၊”

“ရှေ့အဖို့ ကျနော်တို့ရဲ့လမ်းစဉ်ဟာ ဘုရင်ခံရဲ့အတိုင်ပင်ခံအမှုဆောင်အစိုးရကို အမျိုးသားယာယီအစိုးရဖြစ်အောင် (၉၁)ဌာနအုပ်ချုပ်ရေးအရ ရွေးကောက်မယ့်ရွေးကောက်ပွဲကြီးကို ပြည်သူ့လွှတ်တော်ဖြစ်အောင် ဒီပြည်သူ့လွှတ်တော်ကြီးက ဗမာပြည်ရဲ့ကံကြမ္မာကို လွတ်လွတ်လပ်လပ် ရေးဆွဲနိုင်တဲ့ ဗမာပြည်အုပ်ချုပ်ရေးစည်းမျဉ်းဖြစ်လာအောင် ဒီအချက်တွေကို ပြည်သူပြည်သားတွေက တညီတညွတ်တည်း ပြုလုပ်ကြမယ် ဆိုရင် လွတ်လပ်ရေးဟာ မကြာခင်အတွင်းရမှာပဲ၊ ကျနော်တို့ မညီညွတ်ရင် ဝေးမှာပဲ၊”

“ဒီတော့ တိုတိုပြောရမယ်ဆိုရင် နိုင်ငံရေးမှာ ညာတာဝါးတာလုပ်မယ့်လူတွေ၊ ပါတီတွေဟာ တိုင်းပြည်နဲ့ကျနော်တို့ရဲ့မျက်နှာကိုထောက်ပြီး တညီတညွတ်တည်း ဖြစ်ကြစေချင်တယ်၊ ဗမာပြည်ရဲ့နိုင်ငံရေးအစီအစဉ်တွေကို စနစ်တကျလုပ်သွားမယ့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးထဲသို့ ခြေစုံပစ်ဝင်စေလိုပါတယ်၊ တတိုင်းပြည်လုံး ဒီအဖွဲ့ကြီးထဲဝင်စေလိုပါတယ်၊ ဒီအဖွဲ့ချုပ်ကြီးကရေးဆွဲတဲ့ စည်းကမ်းအတိုင်း အားလုံးညီညီညွတ်ညွတ်လိုက်နာလုပ်ကိုင်ကြရင် ကျနော်တို့ အင်မတန်လိုလားတဲ့လွတ်လပ်ရေးဟာ မကြာမီရောက်လာ မှာပဲ၊ ညီညွတ်ကြပါ၊ အားလုံးညီညွတ်ကြပါလို့တောင်းပန်တဲ့အနေနဲ့ ကျနော်ဟာ ရဲဘော်တွေရဲ့ကိုယ်စား နိုင်ငံညီညွတ်ဖို့ပြောရပါတယ်၊”
ဤသည်တို့မှာ ၁၉၄၅ ခုနှစ် သြဂုတ်လ (၁၉)ရက်နေ့တွင် ရန်ကုန်မြို့ နေသူရိန်ပြည်သူ့အစည်းအဝေးကြီးတွင် တပ်မတော် တိုင်း(၄)တိုင်းမှူးဖြစ်သူ ကျနော်က တတိုင်းပြည်လုံးညီညွတ်ရေးအဆို တင်သွင်းသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များ ဖြစ်ပါသည်၊

Wednesday, March 25, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၁၂)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၁၂)
ဒုတိယပိုင်း
“မဟာမိတ်တပ်တွေ ရန်ကုန်မြို့သိမ်းပြီးနောက် ရန်သူ့အခြေအနေဟာ ရန်သူစစ်မျက်နှာ (၂)ဘက်ရှိနေပါတယ်၊ စစ်မျက်နှာ တဖက်က ပဲခူး - မန္တလေးရထားလမ်းရဲ့ အနောက်ဘက်ပဲခူးရိုးမဖြစ်တယ်၊ တခုကတော့စစ်တောင်းမြစ်ကမ်း ဖြစ်ပါတယ်၊”

“ဗမာ့တပ်မတော်စစ်တိုင်းအသီးသီးဟာလည်း ဒီရန်သူကိုသူတို့သက်ဆိုင်ရာနယ်တွေမှာ တိုက်ခိုက်နေကြပါတယ်၊ ကျနော်တာဝန်ကျတဲ့ တိုင်း(၄)စစ်နယ်အတွင်းမှာ ဒီရန်သူစစ်မျက်နှာ ၂ ဘက်ကိုတိုက်ဖို့ တပ် (၅)တပ် ဖွဲ့တယ်၊ တတပ်ကိုအနောက်ဘက် ပဲခူးရိုးမက ရန်သူတွေကိုမောင်းထုတ်ရန်၊ ကျန် (၄)တပ်ကို ပဲခူးရိုးမကစစ်တောင်းမြစ်ကိုဖြတ်ကျော်ပြေးတဲ့ရန်သူတွေကို ချောင်းမြောင်းပြီးတိုက်ရန်နှင့် စစ်တောင်းမြစ်ကမ်းက အနောက်ဘက်ကိုကျော်လာပြီး ပဲခူးဘက်ကိုထိုးဖောက်နေတဲ့ရန်သူကို တွန်းလှန်တိုက်ခိုက်ရေးကို ပြုခဲ့ရတယ်၊”
“ပဲခူးအနောက်စစ်မျက်နှာဆိုရင် လှည်းကူးမြို့ကိုဖြတ်ဆင်းတဲ့ငမိုးရိပ်ချောင်းနဲ့ ပဲခူးမြို့ကိုဖြတ်ဆင်းတဲ့ ပဲခူးချောင်းဖျား အကြားမှာရှိတဲ့ ရန်သူတွေကို ဇူလိုင် (၁)ရက်နေ့ကစပြီး ဇူလိုင် (၂၈)ရက်နေ့အထိ ငမိုးရိပ်ချောင်းကမ်းကနေ တဖြည်းဖြည်း တောနက်ကြီးထဲမှ စတင်ရှင်းလင်း တိုက်ခိုက်ခဲ့တာ၊ ဇူလိုင် (၂၈)ရောက်တဲ့အခါ ဒီချောင်းနှစ်ခုကြားမှာရှိတဲ့ရန်သူတွေဟာ ရှင်းလင်းသွားတာပဲ၊”

“အဲဒီလိုရှင်းသွားတယ်ဆိုရင်ပဲ ဖောင်ကြီး၊ ထန်းတောကြီး၊ ဇောင်းတူ၊ ဇီးတောအစရှိတဲ့ ရွာအပေါင်းကလူတွေဟာ အင်မတန်ဝမ်းမြောက် ကြပါတယ်၊ ပဲခူးကွင်းမှာလယ်လုပ်ဖို့အတွက် သစ်၊ ဝါး၊ ဓနိစတာတွေလည်းပဲဒီနယ်တွေကို သိမ်းလိုက်နိုင်တဲ့အတွက်ရခဲ့ပါတယ်၊ ဒီနယ်ထဲက လူတွေဟာ တပ်မတော်တနေရာရွှေ့မယ်လို့ အထုပ်အပိုးပြင်တယ်ဆိုရင် အူယားဖားယားပြေးလာကြပြီး ငိုကြီးချက်မနှင့် မပြောင်းရွှေ့ကြရန် တောင်းပန်ကြတော့တာပဲ၊ ရဲဘော် တွေဟာ သူတို့မျက်နှာကြောင့် မပြောင်းရွှေ့ရက်တော့ဘဲ အမျိုးမျိုးသောငှက်ဖျားရောဂါနှင့် ငတ်မွတ်ခေါင်း ပါးတဲ့ဘေးဒုက္ခတွေကို ခံနေကြရတယ်၊ ဒီတိုက်ပွဲတွေမှာ သယ်ယူပို့ဆောင်ဖို့လမ်းဟာ အင်မတန်ခဲယဉ်းတယ်၊ ရိက္ခာတွေကိုသထုံကရလာတဲ့ ဆင်၊ မြင်းတွေနဲ့ပို့ရတယ်၊ တချို့ ရန်သူကလမ်းကဖြတ်တိုက်လို့ ရဲဘော်တွေ အငတ်ငတ်အပြတ်ပြတ်ဖြစ်ခဲ့ရတယ်၊ ရဲဘော်တွေချီတက်ရတဲ့ လမ်းဟာ ချောင်းမြောင်းတွေကြားကချီတက်ရလို့ ရေလည်ပင်းလောက်ကို မျှော့၊ ကျွတ်တွေဒဏ်ခံရင်း ပြောက်ကျားခုခံနေတဲ့ ရန်သူတွေကို လည်းရှင်းလင်းရင်း ဒီတောကြီးတွေကို နင်းကျော်ခဲ့ရတယ်၊ ကျနော်တို့တပ်တွေမှာ ခြင်ထောင်မရှိလို့ ရဲဘော်တွေ ညအိပ်တဲ့အခါ တယောက်ကအိပ်နေရင် တယောက်ကယပ်ခတ်ပေးရတယ်၊ ရွာတရွာသိမ်းပြီဆိုရင်လည်း ရန်သူကဖျက်ဆီးမီးရှို့သွားပြီးဖြစ်လို့ နေစရာတဲမရှိ၊ မိုးရွာကြီးထဲမှာ အမိုးမရှိ သစ်ပင်၊ ဝါးပင်အောက် ဖြစ်သလိုနေခဲ့ရတယ်၊” “ဒီလိုဒုက္ခအပေါင်း ပြည့်နှက်နေတဲ့စစ်မြေပြင်မျိုး ဘယ်စစ်တပ်မျိုးမှ အခုခေတ်မှာ တိုက်ကြမှာမဟုတ်ဘူး၊ ကျနော်တို့အဖို့ကတော့ကြီးမားတဲ့ယုံကြည်ချက်ကြောင့် တိုက်ခဲ့ရတယ်၊”

“စစ်တောင်းစစ်မျက်နှာကို ပြောပါဦးမယ်၊ ကျနော်တို့တိုက်ခဲ့ရတဲ့ စစ်တောင်းစစ်မျက်နှာမှာ ရန်သူဘက်မှစစ်ကြောင်း (၃)ကြောင်းဖြန့်ပြီး ခုခံတာ တွေ့ရတယ်၊”
“ပထမစစ်ကြောင်းဟာ မြစ်ကျိုး၊ ဒုတိယစစ်ကြောင်းဟာ ညောင်ခါးရှည်၊ တတိယစစ်ကြောင်းဟာ ရေလ၊ ချောင်းကြီး၊ ကွမ်းယားရှည်၊ တံခွန်တိုင်၊ ဝဲပြန်စတဲ့နေရာတွေ ဖြစ်တယ်၊”
“ရန်သူ့ရည်ရွယ်ချက်ဟာ မဟာမိတ်ယန္တရားတပ်တွေ စစ်တောင်းမြစ်ဖြတ်ပြီး သထုံနယ်ထဲဝင်မလာနိုင်အောင် စစ်တောင်းမြစ်အနောက်ဘက် ကမ်းက အထက်ပါသုံးနေရာကခုခံတာပါပဲ၊”
“ပထမမြစ်ကျိုးစစ်ကြောင်းရဲ့ ရည်ရွယ်ချက်ကတော့မြစ်ကျိုးဟာ ပဲခူး - မန္တလေးမော်တော်ကားလမ်းကနေပြီး မြစ်ကျိုးထိအောင် ဖောက်လုပ် ထားတဲ့ ရေကာတာကြီးဆုံရာ နေရာဖြစ်တယ်၊ အဲဒီရေကာတာကြီးဟာ မဟာမိတ်မော်တော်ကားတွေ ချီတက်သွားနိုင်တယ်၊”
“နောက် ပဲခူး စစ်တောင်းတူးမြောင်းဆုံရာ နေရာလည်းဖြစ်တယ်၊ ဒိုက်ဦးကိုဖြတ်ပြီးစီးလာတဲ့ ခမုံချောင်းဆုံနေရာလည်းဖြစ်တယ်၊ အဲဒီလမ်း (၃)လမ်းက မဟာမိတ်ယန္တရားတပ်တွေဟာ စစ်တောင်းမြစ်ကိုဖြတ်ပြီး ခရွဲဆိုတဲ့နေရာကို ကူးနိုင်တယ်၊ ဒါကြောင့်ရန်သူဟာ ဒီလမ်း (၃)လမ်း ဆုံတဲ့ မြစ်ကျိုးဆိုတဲ့နေရာကို မရရအောင်သိမ်းထားတာပဲ၊”
“ဒုတိယစစ်ကြောင်းကတော့ ပဲခူး - မော်လမြိုင်လမ်း စစ်တောင်းမြစ်ကိုဖြတ်တဲ့နေရာပဲ၊ စစ်တောင်းတံတားကြီးကျိုးနေပေမယ့် မဟာမိတ် ယန္တရားတပ်တွေဖြတ်ကူးမှာစိုးလို့ စစ်တောင်းမြစ်အနောက်ဘက်ကမ်းမီးရထားလမ်းပေါ်မှာရှိတဲ့ ညောင်ခါးရှည်ဆိုတဲ့နေရာကိုရန်သူဟာ အရသိမ်းပိုက်ထားပြီး ရှေ့ကိုစစ်မျက်နှာတိုးချဲ့နေတယ်၊”
“တတိယစစ်မျက်နှာကတော့ ဗမာ့ပြောက်ကျားတပ်တွေ သထုံနယ်ထဲဝင်လာနိုင်တဲ့လမ်းဖြစ်လို့ ပိတ်ဆို့တားဆီးထားတယ်၊ နောက် စစ်ကြောင်း (၃)ကြောင်းမှာ ရန်သူ့ရည်ရွယ်ချက်တခုလည်းရှိသေးတယ်၊ အဲဒါကအနောက်ဘတ်ကမ်းမှာရှိတဲ့ရွာကြီးတွေက အရှေ့ဘက်ကမ်း မှာရှိတဲ့တပ်တွေအတွက် ရိက္ခာ ရဖို့ပဲ၊”

“အဲဒီစစ်ကြောင်း (၃)ကြောင်းမှာ တကြောင်းစီမှာ ရန်သူအင်အားအနည်းဆုံး (၁၅ဝဝ)ရှိတယ်၊ ကျနော်တို့ဘက်ကတော့ လူ (၄ဝဝ)မျှစီနဲ့ တိုက်ရတယ်၊ ရန်သူဟာ လေးရက်တပတ်၊ ငါးရက်တပတ် လူလည်းပြောင်းပေးနိုင်တယ်၊ ကျနော်တို့ဘက်က တခါမှမပြောင်းနိုင်ဘူး၊ အဲဒီစစ်ကြောင်း (၃)ကြောင်းလုံးရဲ့ မြေအခြေအနေဟာ ရေဖုံးလွှမ်းလျက်ရှိတယ်၊ ရွာတွေကိုရေဝိုင်းလျက်ရှိတယ်၊ မြွေပွေးနဲ့မျှော့လည်း အင်မတန်ပေါတယ်၊ ခြင်အလွန်ကိုက်တယ်၊ တိုက်ခိုက်ရတဲ့တိုက်ပုံတိုက်နည်းကလည်း ရန်သူရှိတဲ့ရွာတရွာကို တိုက်တော့မယ်ဆိုရင် ရန်သူ့နေရာဟာ ရေပတ်လည်ဝိုင်းနေတဲ့ကုန်းမြင့်ရွာထဲမှာ သေချာစွာခုခံဖို့ပြင်ဆင်ထားတဲ့မြေကတုတ်၊ အဲဒီကနေရန်သူကလှမ်းပစ်တာ ကျနော်တို့က အကာအကွယ်မရှိ ရေထဲမှာမတ်တတ်ရပ်ပြီး အသေခံတိုက်ရတယ်၊ သေနတ်ပစ်ရင်လည်း မတ်တတ်ရပ်ပစ်ရတယ်၊ စက်သေနတ်ကလေးခြေထောက် ချစရာမရှိလို့ ရဲဘော်တယောက်က ရှေ့ကအသေခံပြီး စက်သေနတ်ခြေထောက်ကိုင်ပေးပြီး တိုက်ခိုက် ချီတက်ရတယ်၊ လက်နက်ချင်း စာလိုက်ရင်လည်း ကျနော်တို့မှာ ရှေ့ကတက်တဲ့ရဲဘော်တွေကို ကာကွယ်ပေးနိုင်တဲ့ အပေါ်ကျော်ပစ်ပေးနိုင်တဲ့ အမြောက်၊ စိန်ပြောင်းလုံးဝမရှိဘူး၊ ရှေ့တည့်တည့်သာပစ်နိုင်တဲ့ သေနတ်ကလေးများနဲ့သာတိုက်ရတယ်၊ အဲဒီသေနတ်တွေဟာလည်း တချို့ဟာ ဂျပန်လက်နက်တွေဖြစ်လို့ ဂျပန်ကျည်ဆံမရှိတဲ့အတွက် ချွေတာပြီးပစ်ရတယ်၊ ရန်သူဘက်ကဆိုရင် မြေကတုတ်ထဲကလည်း ပစ်တယ်၊ စက်သေနတ်အားလည်း ကျနော့်တို့ထက်များတယ်၊ ကျော်ပစ်တဲ့စိန်ပြောင်းကိုလည်းသုံးတယ်၊”

“မြစ်ကျိုးစစ်မျက်နှာမှာဆိုရင် ပထမကျနော်တို့ဘက်က လူ (၁ဝဝ)မျှသာရှိတဲ့ တပ်တတပ်နဲ့ မဟာမိတ်တပ်ရင်တတပ်သာ မြစ်ကျိုးမှာချ ရပ်ထားတယ်၊ ဇူလိုင်လဆန်းလောက်မှာ ရန်သူတွေဟာ မြစ်ကျိုးကိုသိမ်းဖို့ သုံးဘက်သုံးတန်က အင်အား (၁၅ဝဝ)နဲ့ တိုက်စစ်ဆင်ကြတယ်၊ မဟာမိတ်တပ်နဲ့ ကျနော်တို့တပ်ဟာ ရန်သူအင်အားကြီးမားတဲ့အတွက် မြစ်ကျိုးကနေ ဇူလိုင်လ (၁ဝ)ရက်နေ့မှာ ဆုတ်ခွာပေးခဲ့ရတယ်၊ မဟာမိတ်တပ် အရင်ဆုတ်သွားပြီးနောက် ကျနော်တို့မဆုတ်သေးဘဲ မြစ်ကျိုးက စစ်ဘေးဒုက္ခသည်မျာ အပြီးအပိုင်ပြောင်းရွှေ့နိုင်သည့် တိုင်အောင် ခုခံကာကွယ်ပေးထားရတယ်၊ အရေးကြီးတဲ့ ဆန်၊ စက်ကရိယာတွေ၊ အခြားပစ္စည်းတွေဖြုတ်၊ ဖျက်၊ ဝှက်ပြီးမှ ရန်သူကို ဖောက်ထွင်းပြီး ဆုတ်ခဲ့ရတယ်၊ ဒါပေမယ့် ကျနော်တို့တပ်ဟာ မြစ်ကျိုးနဲ့ (၆)ဖာလုံလောက်သာဝေးတဲ့ လေးအိမ်စုရွာမှာအခြေစိုက်ပြီး ရန်သူများ မြစ်ကျိုးကရှေ့ကိုမတက်နိုင်အောင်အမျိုးမျိုးခဲခဲယဉ်းယဉ်းနဲ့ အနှောင့်အယှက်ပေးရတယ်၊ ဒီအတွင်းကျနော်တို့ဘက်က (၁ဝ၄) တပ်ရင်းကို မြစ်ကျိုးနောက်ဘက်သို့ စစ်ကူလွှတ်ရတယ်၊ ရန်သူရဲ့အလုံးအရင်းဟာ မြစ်ကျိုးကိုအခြေမစိုက်နိုင်အောင် အမျိုးမျိုးအနှောင့် အယှက်တွေပေးပြီး တိုက်ခိုက်ဖို့ပဲ၊”

“ကျနော်တို့ မြစ်ကျိုးကိုလက်မလွှတ်နိုင်တဲ့အကြောင်းရင်းကတော့ ရန်သူအလုံးအရင်းဟာ မြစ်ကျိုးကို ပိုင်ပိုင်နိုင်နိုင်သိမ်းထားနိုင်ရင် “ကပင်” ရေကာတာနဲ့ “ပဂိုင်”ရေကာတာနှစ်ခုကို ရန်သူကချိုးဖောက်လိုက်ရင် ပဲခူးတနယ်လုံးရေလွှမ်းပြီး လူတွေသိန်းချီ ဒုက္ခရောက်ကြမှာကြောင့် ကျနော်တို့တပ်တွေဟာ ရှိစုမယ့်စုအင်အားကလေးနဲ့ ခုခံနေရတာပါ၊”

“ဒီလိုခုခံမှုကြောင့် ရန်သူဂျပန်တို့ဟာ ရှေ့မတက်နိုင်ဘဲ မြစ်ကျိုးတွင်ပဲအခြေစိုက်ကာ သူတပြန်ငါတလှည့်တိုက်နေရကာ နောက်ဆုံး ဂျပန်စစ်တပ်ကြီးလက်နက်ချတဲ့အချိန်ထိ ဖြစ်ခဲ့ရပါတယ်၊”

“အဲဒီမြစ်ကျိုးတိုက်ပွဲတွေမှာဆိုရင် သထုံနယ်တိုက်ပွဲတွေမှာ နာမည်ကောင်းကျော်ကြားခဲ့တဲ့ကျနော်တို့တပ်မှူး (၂)ယောက် ဒီရေကာတာ ကြီးပေါ်မှာ ကျဆုံးခဲ့ရပါတယ်၊ နေ့စဉ်လိုလို ဒီရေကာတာကြီးအနားမှာ မပြတ် ကင်းထောက်တိုက်ပွဲလေးတွေ ဖြစ်ခဲ့ရတယ်၊ ကျနော်တို့ တပ်ဟာ ဒီရေကာတာကြီးတလျှောက် နေ့ညမပြတ် မျက်ခြည်မပြတ်အောင် စောင့်ရှောက်ခဲ့ရတယ်၊ ကျနော်တို့အဖို့ ဒီရေကာတာကြီး ရန်သူတွေလက် မရောက်ခဲ့ရအောင် ထိန်းသိမ်းတိုက်ခိုက်နိုင်တဲ့အတွက်ဘယ်တော့မှ မေ့နိုင်မယ်မဟုတ်ပါ၊”

“ရန်သူဟာ ကျနော်တို့ တပ်စခန်းတွေကို အမြောက်နဲ့လှမ်းပစ်၊ စိန်ပြောင်းနှင့်ပစ်၊ စစ်သေနတ်တွေနဲ့ပစ်သော်လည်း ကျနော်တို့ နောက်မဆုတ်ဘဲ တွန်းလှန်နိုင်ခဲ့တဲ့အတွက် မြစ်ကျိုးရေကာတာကြီးဟာ ကျနော်တို့လက်ထဲမှာ နောက်ဆုံးအချိန်ထိရှိခဲ့ပါတယ်၊ အဲဒီတိုက်ပွဲမှာ ကျနော်တို့နဲ့ရန်သူဟာ တဖက်နဲ့တဖက် အနီးကပ်ဆုံးမျက်နှာချင်းဆိုင်ဖြစ်နေခဲ့တယ်၊”

“ဒုတိယစစ်ကြောင်းဖြစ်တဲ့ ညောင်ခါးရှည်မှာဆိုရင်လည်း မဟာမိတ်တွေနဲ့ပူးပေါင်းပြီး လက်ဝဲတောင်ပံက ကျနော်တို့တာဝန်ယူတိုက်ခဲ့ရတယ်၊ ဒီစစ်ကြောင်းဟာ ရန်သူအပြင်းတိုက်ခဲ့တဲ့စစ်ကြောင်းပါ၊ တနေရာမှာ ကျနော်တို့တပ်ခွဲတခွဲကို နှစ်ဆမျှရှိတဲ့ရန်သူဟာ သုံးရက်တိတိဝိုင်းပြီး ပိတ်ဆို့တိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်၊ ဒါပေမယ့် ကျနော်တို့တတွေဟာ တဖြည်းဖြည်း ရန်သူရဲ့စစ်မျက်နှာကို တွန်းလှန်နိုင်ခဲ့တယ်၊”

“တတိယစစ်ကြောင်းမှာဆိုလို့ရှိရင် ရန်သူဟာပထမ ပဲခူး - ရန်ကုန်လမ်းနား အတွင်းကျကျရွာတွေထိအောင် နှောင့်ယှက်တိုက်ခိုက်နိုင်တယ်၊ အဲဒီမှာ တာဝန်ကျတဲ့ (၁ဝ၂) (၁ဝ၃)တပ်ရင်းများဟာ ရက် (၂ဝ)အတွင်း ဖိပြီးတိုက်ခိုက်ခဲ့တဲ့အတွက် ရန်သူဟာပင်လယ်ကမ်းဘက်ကို တဖြည်းဖြည်းရွှေ့ပြီး နောက်ဆုံး ကုလားချောင်းကြီး၊ တခွန်တိုင်၊ ဝဲပြန်စတဲ့နေရာတွေမှာ ကြံ့ကြံ့ခံနေပါတယ်၊ ကျနော်တို့တပ်တွေဟာ ရန်သူနဲ့ အနီးကပ်ဆုံးနေရာအထိတပ်စွဲပြီး မရပ်မနားတိုက်ခိုက်လေ့ရှိတယ်၊ ကျနော်တို့နဲ့ရန်သူဟာ အလွန်ဆုံး နှစ်ဖာလုံ - တမိုင်အတွင်းမှာ မျက်နှာချင်းဆိုင်ပြီး တဦးအလစ်တဦး အမြဲတိုက်လေ့ရှိတယ်၊ ညဆိုရင်ဘယ်သူမှမအိပ်ရ။ မြေကျင်းထဲမှာ အားလုံးရပ်စောင့်နေရတယ်၊ ညတိုင်း တဦးကမတိုက်ရင် တဦးကလာတိုက်တာ နှစ်ဘက်စလုံးတိုက်နေတဲ့ နေရာတွေဖြစ်တယ်၊ ဒါပေမယ့် ရန်သူဟာ ကျနော်တို့တပ်ထက် လူအင်အားငါးဆသာတယ်၊ ခဏခဏလည်း လူပြောင်းအနားပေးတယ်၊ လက်နက်လည်းကောင်းတယ်၊ ကျနော်တို့ ဘက်က လူအင်အားနဲ့ လက်နက်လည်းညံ့ တဖြည်းဖြည်းနဲ့ ဂျပန်ကျည်ဆံကလည်းကုန်၊ တပ်သားတွေကလည်း အနားမရ၊ အဝတ်အစား၊ ခြင်ထောင် ပြည့်ပြည့် စုံစုံမရှိ၊ တညလုံး ရွှံ့ဗွက်ရေအိုင်ထဲရပ်နေရတဲ့ဒုက္ခကလည်း အလွန်ကျမ်းမာရေးထိခိုက်ပါတယ်၊ ဒါလောက် အနီးကပ်ရန်သူနဲ့နေနေရတာ နောက်ဆုတ်မယ်ဆိုရင်လည်း ရန်သူကရှေ့တိုးလာပြီး ဒီလိုပဲအနီးကပ်အနှောက်အယှက်တွေလုပ်အုံးမှာပဲ၊ ဒီလိုနှောက်ယှက်ပြီးရင် လူထုတွေ ရှိတဲ့ရွာတွေထဲ ရန်သူတွေဝင်လာနိုင်မှာပဲ၊ နောက်ဆုံး လူထုကြီးအန္တရာယ်ကျရောက်မှာကြောင့် ကြိတ်မှိတ်ဒုက္ခခံပြီးရန်သူနဲ့ ယှဉ်ပြိုင်တပ်စွဲ နေခဲ့ရတာ ဖြစ်ပါတယ်၊” “ဒါပေမယ့် ကျနော်တို့တပ်တွေဟာ မဟာမိတ်တပ်တွေရဲ့ဝါဒဖြန့်ချိမှုကို ထိုက်သလောက်မရတဲ့အတွက် ရဲဘော်တွေက အထူးပဲဝမ်းနည်းခဲ့ကြပါတယ်၊”

“အဲဒီစစ်မြေပြင်တခုလုံးကိုခြုံကြည့်ရင် ကျနော်တို့တပ်တွေဟာ ဘယ်လောက်အခက်အခဲတွေ ကြားထဲမှာရှိနေတယ်ဆိုတာ တွေးကြည့်နိုင် ပါတယ်၊ အဲဒီတိုက်ပွဲတွေမှာ ကျနော်တို့ဘက်က အကျအဆုံးလည်းများပါတယ်၊ တပ်သားတွေရဲ့စိတ်ဓာတ်မှာ ဒီလိုဆင်းရဲဒုက္ခနဲ့အသက်ဆံဖျား စွန့်ရတဲ့တိုက်ပွဲတွေကြောင့် စိတ်ဓာတ်တွေ အသွင်ပြောင်းလာပါတယ်၊”

“ရဲဘော်တွေမှာ သတိထားတာက ဒီစစ်ကြီးပြီးရင်မကြာမီ လွတ်လပ်ရေးရလိမ့်မယ်လို့ယုံကြည်ခဲ့တယ်၊ ဒါပေမယ့် သူတို့စိတ်ကိုထိခိုက်စေတဲ့ အကြောင်းကတော့ သတင်းစာတွေထဲမှာ ပါတီတွေ နိုင်ငံရေးခေါင်းဆောင်တွေ အလျှိုအလျှိုပေါ်လာတာ တွေ့ရတဲ့အချက်ပဲ၊ သူတို့က ပြောတယ်၊ ဒီပါတီ၊ ဒီခေါင်းဆောင်တွေဟာ ဂျပန်တော်လှန်ရေးတုန်းက ဘယ်သွားနေလည်း ကျုပ်တို့မသိဘူး၊ ကျုပ်တို့သိတာက ဂျပန်ကို စစ်ကြေညာတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ချစ်၊ ဦးကျော်ငြိမ်း စတဲ့လူတွေသာသိတယ်၊ ကျုပ်တို့ရဲ့ လွတ်လပ်ရေး လမ်းမှာ ဒီလူတွေဝင်ရှုပ်ရင် ကျုပ်တို့လွတ်လပ်ရေး ရပါ့မလားစတဲ့ အချက်တွေပဲ၊”

“တိုက်ပွဲတွေကလည်း အင်မတန်ခဲယဉ်းကြမ်းတမ်းတယ်၊ မိမိတို့ဟာနာရီပိုင်းအတွင်းသေသွားနိုင်တယ်၊ အဲဒီလိုအချိန်မျိုးမှာ ရဲဘော်တွေရဲ့ စိတ်မှာ လွတ်လပ်ရေးရမှ ရပါ့မလား၊ နိုင်ငံရေးခေါင်းဆောင်တွေဟာ ငါတို့အရိုးပုံပေါ် ခေါင်းပေါင်းစထောင်ပြီး သစ္စာဖောက်ကြအုံးမှာလား၊ ဟိုတုန်းကလိုပဲလား စတဲ့အတွေးအခေါ်တွေဟာ သူတို့ဦးနှောက်ထဲဝင်လာပြီး တိုက်ခိုက်မှုတွေကို ထိခိုက်လာပါတယ်၊”

“အချို့ရဲဘော်တွေ စစ်တိုက်ထွက်သွားတယ်ဆိုရင်ပဲ ထွက်သွားခါနီးမှာ မချိမဆန့်စိတ်ဆင်းရဲစွာနဲ့ ကျန်နေရစ်တဲ့လူတွေကို ရဲဘော်တို့ ပြောလိုက်ပါကွာ နိုင်ငံရေးခေါင်းဆောင်တွေ နောင်တခေတ်မှာ ငါတို့အရိုးပုံပေါ် ခေါင်းပေါင်းစထောင်ပြီးသစ္စာဖောက်ခဲ့ရင် ဘဝဆက်တိုင်း ဆက်တိုင်း ဘာဖြစ်စေမယ်ညာဖြစ်စေမယ် စသဖြင့် ပြောသွားတာတွေဟာ အလွန်စိတ်ထိခိုက်စရာ ကောင်းပါတယ်၊”


Monday, March 23, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၁၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၁၁)
ဒုတိယပိုင်း

(၂၅)

၁၉၄၅ ခုနှစ် သြဂုတ်လ (၁၉)ရက်နေ့တွင်ဗမာ့လွတ်လပ်ရေးသမိုင်း၏ မှတ်တိုင်တတိုင်ဖြစ်သော ရန်ကုန်မြို့ နေသူရိန် ပြည်သူ့ အစည်းအဝေးကြီးတွင် မျိုးချစ်တပ်မတော် တိုင်း(၄)တိုင်းမှူး ကျနော်ဗိုလ်မှူးကျော်ဇောက တတိုင်းပြည်လုံးလွတ်လပ်ရေး တိုက်ပွဲကြီးအတွက် နိုင်ငံရေးပါတီများ၊ ပုဂ္ဂိုလ်များ ညီညွတ်စည်းလုံးကြရန် အဆိုကိုတင်သွင်းခဲ့ပါသည်၊

၎င်းကျနော့်၏အဆိုမိန့်ခွန်းတွင် ၁၉၄၅ ခုနှစ် ကျနော်တိုဗမာပြည်သူများ၏ ဖက်ဆစ်တော်လှန်ရေး အရေးတော်ပုံအတွင်း ကျနော်တို့ဦးစီးသော စစ်တိုင်း(၄)မှ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ခဲ့ပုံများကို အတော်အတန်ပြည့်စုံစွာ ဖော်ပြထားပါသည်၊ ထိုအဆိုမိန့်ခွန်းကော်ပီ ကျနော်ထံတွင်ရှိနေရာ ထိုအထဲမှ အကျဉ်းထုတ်နုတ်ပြီး စစ်တိုင်း(၄)အတွင်း ၁၉၄၅ ခုနှစ်က ဖက်ဆစ်ဂျပန်ကိုတိုက်ခိုက်ခဲ့ပုံအချို့ကို ဖော်ပြ ပါမည်၊

“၁၉၄၅ ခုနှစ်၊ မတ်လ (၇)ရက်နေ့ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းအိမ်မှာ တော်လှန်ရေးကောင်စီ အစည်းအဝေးကျင်းပပါတယ်၊ ဒီကောင်စီက ကျနော့်ကို တိုင်း(၄)ကို တာဝန်ပေးပါတယ်၊ ပဲခူးဒေသရှိတပ်တွေကို စုရုံးဖွဲ့စည်းပြီး ပဲခူးခရိုင်၊ သထုံခရိုင်၊ ဖာပွန်ခရိုင်၊ တောင်ငူတောင်ပိုင်းနယ် ဒေသတွေမှာ ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ခိုက်ဖို့ ရက်ချိန်းနှင့်တကွ အမိန့်ပေးလိုက်ပါတယ်၊ အဲဒီကောင်စီကပဲ အောက်ဗမာပြည်အတွက် တော်လှန်ရန် တိုင်း (၇)တိုင်း ခွဲပေးပါတယ်၊”

“တိုင်း(၁) က သာယာဝတီနှင့် ပြည်၊ တိုင်း(၂) က မြစ်ဝကျွန်းပေါ်ရှေ့ပိုင်း၊ တိုင်း(၃) မြစ်ဝကျွန်းပေါ်အနောက်ပိုင်း၊ တိုင်း(၅) က တနင်္သာရီ တိုင်း၊ တိုင်း(၆) က ပျဉ်းမနား၊ မိတ္ထီလာနှင့် ရှမ်းပြည်နယ်၊ တိုင်း(၇) က အာလံ၊ သရက်၊ ရေနံမြေ ဖြစ်တယ်၊” “နောက် အထက်ဗမာပြည်တိုင်း ကိုတော့ ဗိုလ်မှူးဗထူးကိုတာဝန်ပေးပါတယ်၊” “တိုင်း(၄)က အထက်ဖော်ပြပါအတိုင်းဖြစ်ပြီး ကျနော်နှင့်အတူ နိုင်ငံရေးမှူးနှင့် လူထုစည်းရုံးရေး တာဝန်ခံအဖြစ် သခင်ချစ်ကိုတွဲဖက်တာဝန် ပေးလိုက်ပါတယ်၊”

ထိုစဉ်က သခင်ချစ်မှာ ဦးဗဆွေ - ဦးကျော်ငြိမ်းတို့၏ နောင်ဆိုရှယ်လစ်ပါတီဖြစ်လာမည့် ပြည်သူ့အရေးတော်ပုံပါတီမှ ဖြစ်ပါသည်၊ သခင်ချစ် သည် နောင်ဗမာပြည်ကွန်မြူနစ်ပါတီသို့ ပြောင်းပြီးနောက်ပါတီ၏ အတွင်းရေးမှူးအဖြစ်ထမ်းဆောင်ရင်း အစိုးရနှင့်တိုက်ပွဲတပွဲတွင် ၁၉၇၅ ခုနှစ် ပဲခူးရိုးမ ကျဆုံးသွားရသော ထင်ရှားသော တော်လှန်ရေးအမျိုးသားခေါင်းဆောင်ကြီးတဦး ဖြစ်ပါသည်၊

“ကျနော်နှင့်သခင်ချစ်တို့ (၂)ယောက် အမိန့်ရရချင်း ပဲခူးကိုပြေးပြီး ကျနော်က စစ်တပ်တွေကို တိုက်ဖို့ပြင်ဆင် သခင်ချစ်က ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်တွေနှင့် တော်လှန်ရေးမှာတပ်မတော်နှင့် ဘယ်လိုပူးပေါင်းဆောင်ရွက်မယ်ဆိုတာကို ရှင်းပြစိုင်းပြင်း ကြတယ်၊”

ကျနော်တို့တိုက်ပွဲတွင် အထူးဂရုစိုက်သည့်အချက်တခုမှာ ကျနော်တို့တပ်မတော်သည် ဖက်ဆစ်ရန်သူကိုတိုက်လျှင် ပြည်သူများ၏ရွာထဲမှ နေပြီး ဘယ်တော့မှ မတိုက်ရဖြစ်သည်၊ ထိုသို့တိုက်မိလျှင်နောင်ဂျပန်ဖက်ဆစ်တို့က ရွာကိုဝင်ပြီးဖျက်ဆီးကာ ပြည်သူတွေကိုသတ်ဖြတ် နိုင်သည်၊ ကျနော်တို့သည် လူထုကိုကာကွယ်ရမည်ဖြစ်သည်၊

တိုင်း(၄) တွင် ဗမာ့တပ်မတော်က တပ်ရင်း (၉)ရင်း ရှိနေရာ ၎င်းကို တပ်ရင်းသစ်၊ နာမည်သစ်များပေးပြီး ဒေသ (၉)ခု ခွဲကာ တော်လှန်ရန် စီစဉ်သည်၊
မိမိတို့တပ်ရင်းတရင်းတွင် အင်အား ၅ဝဝ မှ ၁ဝဝဝ အကြားရှိပါသည်၊ ၎င်းထဲတွင် ရပ်ရွာဒေသမှပြောက်ကျားတပ်များ မပါပါ၊
            တိုင်း(၄)နယ်တွင် တပ်ရင်း (၉) ခု တပ်ဖြန့်ထားပုံမှာ -
            (၁) ၁ဝ၁ - တပ်ရင်း - ညောင်လေးပင်၊ ဒိုက်ဦး၊ ရွှေကျင်
            (၂) ၁ဝ၂ - တပ်ရင်း - ပဲခူးချောင်းဖျား၊ သနပငြ်၊ ဝေါနှင့် စစ်တောင်း
            (၃) ၁ဝ၃ - တပ်ရင်း - ပဲခူး ကဝနယ်နှင့် ဟံသာဝတီအရှေ့
            (၄) ၁ဝ၄ - တပ်ရင်း - သထုံခရိုင်
            (၅) ၁ဝ၅ - တပ်ရင်း - စစ်တောင်းမြစ် အရှေ့ဘက်ကမ်း
            (၆) ၁ဝ၆ - တပ်ရင်း - ပဲခူးမြို့ကိုစီးနင်းတိုက်ခိုက်ရန် ပဲခူးအနောက်တောင်ခြေမှာ ဖြန့်ထားပါသည်၊
            (၇) ၁ဝ၇ - တပ်ရင်း - (၈) ၁ဝ၉ တပ်ရင်း ၂ ရင်းကို မော်လမြိုနယ်နှင့် တနင်္သာရီခရိုင်တို့မှာ တိုက်ပွဲဝင်ဖို့ကြိုတင်ပြီးစေလွှတ်ရာ ခက်ခက်ခဲခဲဖြင့် ကုန်းလမ်းရေလမ်းခရီးများဖြင့် သွားကြရပါသည်၊ တချို့ထိုနယ်များသို့မရောက်ဘဲလမ်းတွင် အဖမ်းအဆီးခံရသည်ဟု ကြားရပါသည်၊
            (၉) ၁ဝ၈ - တပ်ရင်း - ဘီးလင်းနှင့် ဖာပွန်လမ်းမှာ တိုက်ခိုက်ဖို့ ဖြန့်ထားပါသည်၊

“အဲဒီတပ်တွေ သက်ဆိုင်ရာနယ် ဒေသတွေရောက်ဖို့အတွက် ဂျပန်တွေရဲ့မျက်စိအောက်မှာ ဘယ်လိုသွားရတယ်ဆိုတာပြောရရင် အလွန် ကြောက်မက် စိုးရိမ်စရာကောင်းတဲ့အချက်တွေ အများကြီးပါ၊ ပြောလို့မဆုံးပါဘူး၊ တချို့ပင်လယ်ထဲမှာလှိုင်းလေလွင့်ပြီး တပ်ကွဲသွားတာ တွေလည်းရှိတယ်၊ တချို့ ရည်မှန်းချက်နေရာမရောက်မီ ရန်သူကဖမ်းမိပြီး သတ်ဖြတ်လိုက်တာတွေလည်းရှိတယ်၊ လမ်းခရီးမှာ ဒုက္ခအဖုံဖုံကို ဖြတ်ကျော်ခဲ့ရတာပါ၊”

“တချို့ဖျားနာလို့ ပဲခူးဒေသမှာဝှက်ထားခဲ့လို့ ကျန်ရစ်ခဲ့တဲ့ရဲဘော်တွေနဲ့ ခွင့်ရက်စေ့လို့ ပဲခူးပြန်လာတဲ့ရဲဘော်တွေ စုစုပေါင်း (၅ဝ)လောက်ကို ဂျပန်ကင်ပေက ခြေရာခံလိုက်ဖမ်းပြီး ပထမထမင်းအငတ်ထား၊ အမျိုးမျိုးနှိပ်စက်၊ နောက်ဆုံးကမ်းပါးထိပ်မှာ ကြိုးတုပ်ပြီးလှံစွပ်ထိုးသတ်၊ ရေထဲပစ်ချခဲ့တယ်၊ တချို့မသေမရှင်နဲ့ သွေးတွေယိုစီးပြီး ချောင်းထဲကျကာ မရှုနိုင်၊ မရှိုက်နိုင်၊ မချိမဆန့်နဲ့ မရှုမလှအသေဆိုးနဲ့ သေခဲ့ကြ ရတယ်၊”

“ကျနော်တို့ ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်တိုက်ခိုက်မယ့်ရက်ဟာ ၁၉၄၅ ခုနှစ် မတ်လ (၂၇)နေ့ ဖြစ်တယ်၊ ဂျပန်တပ်ကလည်း ကျနော်တို့ လှုပ်ရှားမှုကိုစောင့်ကြည့်နေကြတယ်၊ မတ်လ (၂၃)ရက်ကစပြီး ကျနော်တို့တပ်မှူးတွေဟာ ဘယ်သူမှ ညမအိပ်ရဘူး၊ မိမိတို့ရဲ့ တော်လှန်ရေးရက် မရောက်မီ ဂျပန်လက်ဦးမှာစိုးလို့ အမြဲအသင့်ပြင်ထားရတယ်၊ ဒီတုန်းကသာ တဦးတယောက်က သစ္စာဖောက်လိုက်လျှင် ဘယ်လောက် ဆိုးဝါးသွားမယ်ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်၊”

“ကျနော်တို့ဟာ အင်္ဂလိပ်ကိုတိုက်ဖို့ တပ်ထွက်တော့မယ့်ဟန်ဆောင်ပြီး တပ်ထဲမှာ တော်လှန်ရေးရက်နီးလာတော့ ပွဲတခြိမ့်ခြိမ့် ညစဉ်ခံနေ ရတယ်၊ နောက် မတ်လ (၂၈)ရက်နေ့မှာ တပ်ထွက် နှုတ်ဆက်ထမင်းစားပွဲကြီးတခုကျင်းပရန် ဟန်ပြစီစဉ်ခဲ့ရသေးတယ်၊” (စစ်ကြီးပြီးပြီး ကျနော် စစ်တပ်အပြင်ရောက်မှ ထိုစဉ်က ထမင်းစားပွဲကြီးအတွက် ဟန်ပြစီစဉ်ခဲ့ရာမှာ ကုန်ကျခံခဲ့ရတဲ့ရဲဘော်ကြီးတယောက်က ကျနော့်ထံ လာပြီးကြွေးတောင်းလို့ ကျနော်ကတောင်းပန်ပြီး ငွေအနည်းငယ်စိုက်ထုတ်ပေးခဲ့ရသည်ကို ကျနော်မှတ်မိနေပါသည်၊)

ကျနော်တို့ ဂျပန်ကို ဤသို့ ပရိယာယ်များဆင်ပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးကို ၁၉၄၅ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် တပြည်လုံး အောင်မြင်စွာဆင်နွှဲခဲ့ကြပါတယ်၊

“ကျနော်တို့ဟာ ဗမာ့လွတ်လပ်ရေးအတွက် မသေမချင်းတိုက်ခိုက်ပါမည်ဟု ကျမ်းသစ္စာ တပြိုင်တည်းဆိုကြပါတယ်၊ နောက် တန်ဖြုတ်ပြီး တပ်ဖွဲ့အသီးသီးဟာ တာဝန်ကျရာနယ်မြေကို ချီတက်ကြတယ်၊ အဲဒီနေ့ဟာ တန်ခူးလပြည့်နေ့ဖြစ်ပြီး လဟာထိန်နေတာပဲ၊ လသာထဲမှာ လယ်ပြင်တွေဖြတ်ပြီးချီတက်သွားတဲ့ ကျနော်တို့တပ်တွေ မြင်းတွေကိုတွေ့မြင်ခဲ့ရတာဟာ တသက်မေ့နိုင်မယ် မဟုတ်တော့ပါ၊”

“အဲဒီလို ချီတက်သွားတဲ့တပ်တွေနဲ့ ကြိုတင်လွှတ်ထားတဲ့တပ်တွေပေါင်းပြီး စတင်တော်လှန်တဲ့ မတ်လ (၂၇)ရက်ညကစပြီး အနှံ့အပြား တိုက်ခိုက်ခဲ့ကြပါတယ်၊ ပျမ်းမျှခြင်းအားဖြင့်ကြည့်မယ်ဆိုရင် ၂၄ နာရီ - တရက်အတွင်းဧရိယာ ၁ဝ စတုရန်းမိုင်အတွင်းမှာ တိုက်ပွဲတပွဲ အနည်းဆုံး ဖြစ်လျက်ရှိတယ်၊ အဲဒီတိုက်ပွဲတွေဟာ များပြားလွန်းလှပါတယ်၊ ကျနော်တို့ရဲ့တပ်စိတ်၊ တပ်စုကလေးတွေဟာ နေရာအနှံ့ အပြားက အချိန်မရွေးတိုက်ခိုက်လျက်ရှိတယ်၊”

“ဥပမာပြောရရင် စတင်တော်လှန်တဲ့ မတ်လ (၂၇) ရက် ညတညထဲမှာပဲ -
(၁) ဒိုက်ဦးမြို့ကို (၁ဝ၁) (က) တပ်က ဝင်စီးတယ်၊
(၂) ၁ဝ၁ (င) တပ်ဟာ ဖောင်တော်သီနဲ့ ပုရွက်ရွာကိုဝင်စီးတယ်၊ ဂျပန် (၈) ယောက် ကျတယ်၊ (၂) ယောက် ဒဏ်ရာ ရတယ်၊
(၃) အမှတ် ၁ဝဝ နှင့် ၁ဝ၈ (က) တပ်ဟာ မြစ်ကျိုးအုတ်ဖိုကိုဝင်စီးတယ်၊
(၄) ၁ဝ၈ (ဂ) တပ်ဟာ ရွှေကျင်ကိုဝင်စီးတယ်၊ ဒီတပ်ဟာ ၁ဝ ရက် လုံးလုံးရွှေကျင်ကို သိမ်းထားနိုင်ခဲ့တယ်၊
(၅) ၁ဝ၃ တပ်ရင်းဟာ ဒီညမှာပဲ အုံးနှဲနဲ့ ကဝကိုဝင်စီးတယ်၊ နောက် ဒါးပိန်တယ်လီဖုန်းရုံးကိုဝင်ရောက်စီးနင်း မီးရိ_့လိုက်တယ်၊”

“နောက် ဒီပြင်တပ်ရင်းတွေလည်း တညထဲမှာပဲ ဒီလို ဆိုင်ရာဆိုင်ရာနယ်တွေမှာ ဝင်စီးကြတယ်၊ ဒီအချိန်မှာ အောက်ဗမာပြည်တပြည်လုံး ဒီလိုပဲတိုက်နေကြတာပဲ၊ အဲဒီအချိန်ကစပြီးနောက် ၁၂ ရက်လောက်အထိ ရန်သူဟာအငိုက်မိတုန်း၊ ကျနော်တို့တပ်တွေဟာ တရုံးရုံး တိုက်စစ်ဆင်နေတယ်၊”

“သထုံနယ်မှာဆိုရင်လည်း ကျိုက်ထို၊ အပေါင်စတဲ့ မြို့ကြီးတွေကိုဝင်စီးကြတယ်၊ ကျိုက်ထိုမှာ ကျနော်တို့ရဲ့အကြီးဆုံးအောင်ပွဲတခုက ၁ဝ၄ (ခ) တပ်က မီးရထားလမ်းကို ဖျက်ထားတယ်၊ ရန်သူဂျပန် အပြည့်ပါလာတဲ့မီးရထားကို လက်ပစ်ဗုံးနဲ့ တောင်ပေါ်ကနေ ဆီးပစ်တယ်၊ စက်သေနတ်တွေနဲ့လည်းပစ်လို့ ဂျပန်တွေ အတုံးအရုံးသေကျေကုန်တယ်၊ ဒီသတင်းဟာ အဲဒီတုန်းက အတော်ပဲပျံ့နှံ့ခဲ့တယ်၊”

“အဲဒီရက်အတွင်း ပဲခူးနှင့် ပဲနွယ်ကုန်းအကြား စစ်တောင်းနှင့်မုတ္တမအကြား မီးရထားလမ်းနှင့် မော်တော်ကားလမ်းကိုအဓိကထားပြီး တိုက်ခိုက်ခဲ့တယ်၊ မိုင် ၂ဝ အတွင်း ကျနော်တို့တပ်တွေဟာ မီးရထားလမ်းနှင့် တယ်လီဖုန်းကြိုးတွေကိုဖျက်၊ မော်တော်ကားကိုချောင်းပစ်၊ အဲဒီ (၃)မျိုးစလုံး တနေ့တကြိမ် မှန်မှန်လုပ်ကြတယ်၊ နောက် အဲဒီကားလမ်းများနှင့် မီးရထားလမ်းများကို မသုံးရဲအောင်ဖြစ်သွားတော့တယ်၊”

“နောက် ဧပြီလလယ်ကစလို့ ဂျပန်တွေ ပရမ်းပတာနဲ့ဆုတ်ခွာတဲ့အထိ ကျနော်တို့တိုက်ပွဲတွေဟာ အလွန်ခက်ခဲလာပါတယ်၊ အထူသဖြင့် ပဲခူး  နယ်ဟာ ဂျပန်တွေ နောက်ဆုံးဆုတ်ခွာမယ့် လမ်းကျတဲ့နေရာဖြစ်လို့ ကျနော်တို့တပ်တွေက အလုံးအရင်းနှင့် ထိုဒေသမှာ ဖိပြီးတိုက်ရပါတယ်၊ ပဲခူး၊ စစ်တောင်းနယ်ဟာ ပုလင်းလည်ပင်းနဲ့တူနေပါတယ်၊ တပြည်လုံးကဂျပန်တွေ ဆုတ်ခွာရာမှာ ထိုဒေသကို အားလုံးဖြတ်သန်းဆုတ်ခွာ ရပါတယ်၊ ဒီကြားထဲက ကျနော်တို့တပ်တွေဟာ တနေ့မှ တိုက်ပွဲမပြတ်ခဲ့ပါဘူး၊ ကျနော်တို့တပ်တွေဟာ ပဲခူး -မန္တလေးနှင့် ပဲခူး -မော်လမြိုင် မီးရထားလမ်းများနှင့် မီးရထားတွေကို ဂျပန်တွေမသုံးနိုင်အောင် ဖျက်ဆီးပစ်ကြတယ်၊”

“ဂျပန်တွေ ပရမ်းပတာဆုတ်ခွာသည့်အချိန်မှာ ကျနော်တို့ အောင်ပွဲတွေဆင်ခဲ့ပါတယ်၊ ကျနော်တို့က ပဲခူး-မန္တလေးလမ်း၊ ပဲခူး-စစ်တောင်း လမ်းကို ဖြတ်တောက်လိုက်တော့ ကျနော်တို့ထင်တဲ့အတိုင်း ဂျပန်တွေဟာ လမ်းရိုးရိုးက မဆုတ်နိုင်တော့ဘဲ ရောက်တဲ့နေရာက စစ်တောင်းမြစ်ကိုဖြတ်၊ နောက် မော်လမြိုင်ကို ဆုတ်ရလိမ့်မယ်လို့ရည်ရွယ်တယ်၊ သူတို့ဆုတ်လမ်းဟာ ပဲခူး-မုတ္တမလမ်း၊ ဖာပွန်- ဘီးလင်း လမ်း၊ နောက် စစ်တောင်းမြစ်ရိုးတလျှေက်တလမ်း ဆုတ်ကြတယ်၊ ကျနော်တို့က ဒီအချက်ကိုကြိုတင်မြင်လို့ သထုံနယ်ကမိမိတပ်တွေကို ဒီလမ်း (၃)လမ်းမှာ အသင့်ချထားတယ်၊ မဟာမိတ်တွေပဲခူးသိမ်းပြီးလောက်တဲ့အချိန်မှာ ဂျပန်တွေ ဒီလမ်း (၃)လမ်းက ကျနော်တို့ထင်တဲ့ အတိုင်း ပရမ်းပတာဆုတ်ခွာတဲ့အချိန်ပဲ၊ ဒီအချိန်မှာ စောင့်နေတဲ့ကျနော်တို့တပ်တွေက နေ့ညမစဲ ဒလစပ်တိုက်ခိုက်ကြတော့တာပဲ၊ တိုက်ပွဲတွေဟာ များလှပါတယ်၊ ပြောမဆုံးပါ၊ ဒီအထဲကတိုက်ပွဲသဏ္ဍန်သာဓက တခုကိုပြောပါ့မယ်၊”

“ဘီးလင်း-ဖာပွန်လမ်း ဆည်တော်ရွာအနီးတိုက်ပွဲမှာ ရန်သူဂျပန် (၁၅ဝ)မျှ လှည်း ၃ စီး၊ မြင်း ၆ ကောင်နှင့် စက်သေနတ်ကြီးတွေနဲ့ ဆုတ်လာကြပါတယ်၊ တောစပ်နှစ်ဘက်တောင်စောင်းပေါ်က အသင့်စောင့်နေတဲ့ ကျနော်တို့တပ်တွေက ပစ်ကွင်းသတ်ကွင်းထဲ ဝင်လာတာနဲ့တပြိုင်နက် လက်ပစ်ဗုံး၊ ရိုင်ဖယ်၊ စက်သေနတ်ကလေး၊ နောက်တော်မီဂန်းစတဲ့ ရှိသမျှလက်နက်ခဲယမ်းမီးကျောက်တွေကို စုပြုံပြီး တခဲနက်ပစ်သွင်းလိုက်တာပဲ၊ အင်မတန်ကံကောင်းတဲ့ ရန်သူ (၁ဝ)လောက်ပဲ လွတ်သွားတယ်၊ အားလုံးအတုံးအရုံး စုပုံသေကျန်ရစ်တာပဲ၊”

အဲဒီတိုက်ပွဲတွေမှာ ကျနော်တို့တပ် တိုက်ပုံခိုက်ပုံတွေကိုလိုက်ကြည့်ရှုသည့် မဟာမိတ် ၁၃၆ လေထီးဆင်းတပ်မှ မဟာမိတ်တပ်မှူးများသည် ကျနော်တို့တပ် တိုက်ခိုက်ကြပုံကို ချီးကျူးပါတော့သည်၊ (ဤသည်များကို တွေမြင်သိရှိခဲ့ကြသည့် ဗြိတိသျှတို့သည် ဗမာ့လွတ်လပ်ရေး တိုက်ပွဲကို စစ်ပွဲဖြင့် ဆက်၍မဖိတော့ဘဲ ဆွေးနွေးပြီးပေးခဲ့ရတာ ဖြစ်ပါသည်၊)

“အဲဒီလမ်း ၃ လမ်းမှာ ဂျပန်နဲ့ဖြစ်တဲ့တိုက်ပွဲတွေဟာ တနင်္ဂနွေ ၂ ပတ်အတွင်း ရန်သူဂျပန် (၈ဝဝ - ရှစ်ရာ)လောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်၊ ၂၇၁ ယောက်ကို ဒဏ်ရာအကြီးအကျယ် ရစေတယ်၊ ဒီအထဲမှာ ဂျပန်ဘုရင်ရဲ့ သူရဲကောင်းတံဆိပ်ရတဲ့ဗိုလ်မှူးကြီး(ကာနယ်)တယောက် ပါဝင်တယ်၊ မော်တော်ကားတွေလည်း အများအပြားဖျက်နိုင်ခဲ့တယ်၊”
“အဲဒီလို ကျနော်တို့က ထိုးစစ်ဆင်ပြီးနောက်မှာ ဂျပန်တို့ကပြန်ပြီး တိုက်စစ်ဆင်လာတယ်၊ ဂျပန်တို့ထင်မြင်ချက်ဟာ မဟာမိတ်တပ်တွေ ရန်ကုန်သိမ်းပြီးတဲ့နောက် မဟာမိတ်တပ်တွေအနေနဲ့ သထုံ၊ မော်လမြိုင်တို့ကို ဆက်ပြီးထိုးလာမယ်ထင်ပြီး ဂျပန်ဟာမော်လမြိုင်ကို တောက်လျှောက်ဆုတ်ခွာခဲ့တယ်၊”

“ဒါပေမယ့် ဆက်မလိုက်လာမှန်း သိရတာကတကြောင်း၊ ပဲခူးရိုးမမှာကျန်နေတဲ့ ဂျပန်နှစ်သောင်းခန့်ကို စစ်တောင်းမြစ်ကိုဖြတ်ကူးနိုင်ရန် အတွက် တကြောင်း၊ စစ်တောင်းမြစ်ကမ်းတဝိုက်ကရှိနေတဲ့ ကျနော်တို့တပ်မတော်ကို ချေမှုန်းပစ်ဖို့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရောက်နေတဲ့ သူတိုရဲ့ (၁၈)နံပါတ်တပ်မနဲ့ (၅၃)နံပါတ်တပ်မ - ဒီဝီဇံတပ်မကြီး၂ တပ်ကို မော်လမြိုင်ကပြန်လွှတ်ပြီး ပထမဆုံး စစ်တောင်းမြစ် ကမ်းရှိ ကျနော်တို့တပ်ကို ချေမှုန်းတော့တာပဲ၊ အဲဒီတုန်းက ကျနော်တို့အင်အားဟာ စစ်တောင်းမြစ်ကမ်းပေါ်မှာ စုစုပေါင်း (၅ဝဝ)လောက်သာ ရှိပြီး ရန်သူ့အင်အားဟာ တစ်သောင်းလောက်ရှိလိမ့်မယ်၊ ကျနော်တို့တပ်တွေဟာ ဒီလောက်အင်အားကြီးမားတဲ့ ရန်သူ့အင်အားအလယ်မှာ ပိတ်ဆို့တာခံနေရပါတယ်၊”

“တနေရာမှာတော့ စစ်တောင်းမြစ်ကမ်းနှင့် ဘီးလင်း-ဖာပွန်လမ်းအကြားရှိ တောနက်ကြီးထဲမှာ (၁ဝ)ရက်ကျော်ကျော် အငတ်အပြတ်ခံပြီး ရန်သူရဲ့ပိတ်ဆို့ခြင်းကို ခံနေရပါတယ်၊ ဒီတုန်းက ရဲဘော်တွေ မိုးရွာကြီးထဲမှာ မိုးကာမရှိ ဆန်နည်းနည်းနဲ့ တောထဲမှာရှိတဲ့ သစ်ရွက်အချို့ ရောပြုတ်စားခဲ့ရတယ်၊ ဒီတောနက်ထဲမှာ မျှော့ခြင်တို့ရဲ့ဘေး၊ ငှက်ဖျားရောဂါထူထပ်တဲ့ဘေးတွေကိုလည်း ခံခဲ့ရတယ်၊”

“ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမိန့်အရ စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို ဖောက်ထွင်းဆုတ်ခွာဖို့ တသောင်းသောရန်သူတွေအကြားက ခဲခဲ ယဉ်းယဉ်း ဖောက်ထွက်လာခဲ့ရတယ်၊ တချို့ရဲဘော်တွေဖျားနာပြီး ဒီတောထဲမှာပဲ ပိုးစိုးပက်စက် သေကျေကျန်ရစ်ခဲ့တာလည်းရှိပါတယ်၊”

“ဒီတိုက်ပွဲတွေမှာ နောက်ခံတပ်အဖြစ်ကျန်ရစ်ခဲ့တဲ့ သထုံနယ်ဒုတိယစစ်ခေါင်းဆောင် ဗိုလ်အောင်ဇေယျဟာ တိုက်ပွဲမှာ မချိမဆန့်ဒဏ်ရာနဲ့ ရန်သူ့လက် ပါသွားရရှာပါတယ်၊”

“တခြားတနေရာဖြစ်တဲ့ ကျိုက်ထိုနှင့်မုတ္တမအကြားမှာရှိတဲ့ ကျနော်တို့တပ်သား (၂ဝဝ)ကျော်ဟာ ဒီလိုရန်သူတွေအကြားကအခု ကျနော်စကား ပြောနေချိန်အထိ ဖောက်ထွင်းမထွက်နိုင်သေးဘဲ အမျိုးမျိုးသောဒုက္ခတွေကိုခံနေရလျှက် ရှိပါတယ်၊ တချို့ရုပ်ဖျက်ပြီး မထင်မရှားနေခဲ့ရတယ်၊”

“ကျနော်တို့ရတဲ့သတင်းအရ တချို့ရန်သူဖမ်းမိသွားပြီး ရက်ရက်စက်စက် လှံစွပ်နဲ့ကစား၊ ဓားနဲ့ကစားခံရပြီးမှ အပိုင်းပိုင်းအစိတ်စိတ် သေကျေ ကြရပါတယ်၊ သထုံနယ်မှာ ကျုပ်တို့ရဲ့ရဲဘော်တွေသာမက ပြည်သူပြည်သားတွေပါ ရက်ရက်စက်စက် သတ်ဖြတ်နှိပ်ကွပ်ခြင်းခံရလို့ တခါမှ မကြုံဖူးတဲ့ လူသတ်ပွဲ၊ လုယက်ပွဲ၊ ကာမဓားပြပွဲတွေဟာ မကြားဝံ့အောင်ဖြစ်ခဲ့ပါတယ်၊ ဒါတွေကိုကြားရတော့ သထုံနယ်ကပြန်ဆုတ်လာတဲ့ တပ်သားတပ်မှူးတွေဟာ ငါတို့ တာဝန်ကျတဲ့နယ်မှာ ငါတို့တာဝန်မကျေလို့ အခုလိုကျန်ရစ်ခဲ့တဲ့ပြည်သူပြည်သားတွေ ရဲဘော်တွေ ဒုက္ခရောက်ရတယ်ဆိုပြီး ယူကြုံးမရ ဖြစ်ကြရပါတယ်၊”

“ဒီအကြောင်းအရာတွေဟာ ကျနော်တို့တပ်တွေနဲ့ မဟာမိတ်တပ်တွေ မတွေ့ဆုံရသေးခင်ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေပါ၊ နောက် မဟာမိတ်တပ်တွေနဲ့ ကျနော်တို့တပ်တွေ တွေ့ဆုံပြီးနောက် ပူးပေါင်းပြီးတိုက်တဲ့တိုက်ပွဲတွေကိုလည်း အကျဉ်းချုံးပြီးနည်းနည်း ပြောလိုပါတယ်၊”