Monday, August 24, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁ဝ)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁ဝ)
တတိယပိုင်း

မြောက်ပိုင်းတိုင်းမှုး
ကျနော်ခွင့် ၆ လယုပြီး အနားယူ၍ ပြန်နေကောင်းလာသောအခါ ကျနာ့်ကို မြောက်ပိုင်းတိုင်းမှုးအဖြစ် မေမြို့တွင် တာဝန်ခန့်လိုက်ပါသည်။

နောက် ၁၉၄၉ ခုနှစ်ဆန်းလောက်တွင် မြောက်ပိုင်းစစ်တိုင်းမှုးဖြစ်စဉ် စစ်ရုံးချုပ်၏အစီအစဉ်အရ ကရင်တပ်များလှုပ်ရှားလာသဖြင့် မြောက်ပိုင်းရှိကရင်တပ်အချို့ကို လက်နက်ြုဖတ်ရသည်။ ထိုကိစ္စမှာ လွယ်သည်မဟုတ် ကရင်များက ကျနော့်အပေါ်ယုံကြည်သဖြင့် လက်နက်အပ်ကြသည်။ ကရင်တပ်သားများကိုမူ မေမြို့အချက်ပြတပ်ရင်းတွင် ထားသည်။ (ထို ကျနော် လက်နက်ဖြုတ်ပြီး ထိန်းသိမ်း ခဲ့ဖူးသည့် ကရင်၊ ကချင်ရဲဘော်အချို့နှင့် ကျနော် နောင်နှစ်ပေါင်းများစွာကြာပြီးနောက် ပြန်လည်ဆုံတွေကြရပါသည်။ သူတို့မှာ ဗိုလ်နော်ဆိုင်းတပ်နှင့်အတူ တရုတ်ပြည်ပါသွားပြီး ထိုမှတဆင့် ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော်လှန်ရေးဒေသ အရှေ့မြောက် စစ်ဒေသသို့ ပြန်လည်ရောက်ရှိလာပြီး ကျနော့်မှာလည်း ၁၉၇၆ ခုနှစ်မျာ တောခိုကာ ဗမာပြည်ကွန်မြူနစ်ပါတီသို့ ရောက်ရှိလာရာတွင် အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ရှိရာပန်ဆန်းမြို့တွင် ပြန်လည်ဆုံစည်းမိကြပါသည်။)

ထိုအတွင်းမှာပင် မေမြို့လေယာဉ်ကွင်းမှ ဗိုလ်ချုပ်စမစ်ဒွန်း ဖုန်းဆက်သဖြင့် လေယာဉ်ပျံကွင်းဆင်းပြီး ဗိုလ်ချုပ်စမစ်ဒွန်းတို့ဇနီးမောင်နှံကို သွားတွေ့ကာ ကျနော့်အိမ်သို့ ခေါ်လာရသည်။

ထိုမှသိရသည်မှာ ဗိုလ်ချုပ်စမစ်ဒွန်းသည် ကလောမြို့သို့သွားရန် ရန်ကုန်လေဆိပ်သို့လာကြရာတွင် လေဆိပ်အနီးတွင် တစုံတဦးက သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်လုပ်ကြံခြင်း ခံရပါသည်။ ကံသီ၍ ဘာမျှမထိခိုက်ဘဲ လွတ်မြောက်ခဲ့ရသည်။

ဤတွင် ဗိုလ်ချုပ်စမစ်ဒွန်းက စဉ်းစားမိသည်မှာ ယခုလိုသူ့အတွက် အန္တရာယ်များသောကာလတွင် မိတ်ဆွေမြန်မာအရာရှိကြီး တဦးဦးကို မှီခိုပြီးနေထိုင်မှဖြစ်မည်စိတ်ကူးပြီ မှီခိုရမည်သူအဖြစ်ကျနော့်ကိုရွေးချယ်ပြီး ကျနော်ရှိရာမေမြို့သို့ လာကြခြင်းဖြစ်သည်ဟုဆိုပါသည်။ ကျနော်က ဝမ်းမြောက်ဝမ်းသာလက်ခံပြီး ကျနော့်အိမ်တွင် ကြိုက်သလောက်နေရန်ပြောပြီး အိမ်တွင်ထားပါသည်။
ဗိုလ်ချုပ်စမစ်ဒွန်းတို့ ကျနော့်အိမ်တွင်နေစဉ် ကျနော့်သမီးငယ် စန်းစန်း ၁ နှစ်ခွဲရွယ်သမီးကို သူအတော်ချစ်သည်။ ပါးဖောင်းကြီး ပါးဖောင်းကြီးဟုနံမည်ပေး၍ ခေါ်တတ် မြှူတတ်ပါသည်။ ကျနော့်သမီးအကြီး လှလှ ၃ နှစ်သမီးမှာ ဇာတိသုံးဆယ်မြို့တွင် ကျနော့် ယောက္ခမများနှင့် ကျန်ရစ်ခဲ့ပါသည်။

နောက်တနေ့တွင် ကရင်အရာရှိတချို့ ကျနော့်အိမ်ရောက်လာပြီး ဗိုလ်ချုပ်စမစ်ဒွန်းကိုတွေ့လိုကြောင်း ခွင့်တောင်းပါသည်။ ကျနော်က ခွင့်တောင်းစရာမလိုပါ တွေ့ချင်တာတွေ့ရပါတယ်ဟုပြောပြီး ဗိုလ်ချုပ်စမစ်ဒွန်းရှိရာ အိမ်ပေါ်ထပ်သို့တက်သွားပြီး “ကရင်အမျိုးသား အရာရှိ တချို့ ဗိုလ်ချုပ်ကိုလာတွေ့ပါတယ်။ ကျနော်သူတို့ကိုဧည့်ခန်းမှာ စောင့်ခိုင်းထားပါတယ်”ဟုပြောပြီးမှ “ကျနော်ကထပ်ပြောသည်မှာ ဗိုလ်ချုပ် ခင်ဗျား သူတို့က ဗိုလ်ချုပ်ကို ကျနော့်အိမ်မှာဖမ်းဆီးထားတယ်လို့ ထင်မြင်နေပုံရပါတယ်။ မဟုတ်ကြောင်းပြောပေးပါခင်ဗျာ”ဟု ပြောရ ပါသည်။ ဗိုလ်ချုပ်စမစ်ဒွန်းလည်း ဧည့်ခန်းဆင်းသွားပြီး ၎င်းအရာရှိတို့နှင့် ရယ်ရယ်မောမော စကားပြောနေသည်များကို ကြားရပါသည်။

နောက်ရက်အချို့ကြာသောအခါ ဗိုလ်ချုပ်စမစ်ဒွန်းက ကျနော်တို့အိမ်မှာနေရတာအားနာလာ၍ သူတို့အတွက် အိမ်တလုံးရှာပေးပါရန် လေးလေးနတ်နတ်တောင်းဆိုလာပါသည်။ ကျနော်က ဒီကာလမှာ ဗိုလ်ချုပ်နှင့်ကျနော် အတူနေကြတာ နှစ်ဦးစလုံးအတွက် လုံခြုံကောင်းမွန်သည်၊ ဗမာတချို့က ဗိုလ်ချုပ်ကိုလုပ်ကြံရန် ကြံစည်လျှင် ကျနော်ရှိနေ၍ခက်မည် တဖန်ကရင်တချို့က ကျနော့်ကိုလုပ်ကြံရန် ကြံစည်လျှင်လည်း တဖက်တွင် ဗိုလ်ချုပ်ရှိနေ၍ခက်မည် ထိုကြောင့် ကျနော်တို့ပိုလုံခြုံနိုင်ကြပါမည်။ ထို့ကြောင့် မပြောင်းရန်နှင့်အားမနာရန် ပြောပါသည်။

ထိုသို့ကျနော်တို့အပေါ် အားမနာဖို့ပြောသော်လည်း အတင်းသာပြောင်းဖို့ ဖိပြောလာသဖြင့် မြောက်ပိုင်းစစ်ဌာနချုပ်ရှိ အရာရှိရိပ်သာမှာ လူမရှိသဖြင့် ထိုရိပ်သာသို့ပြောင်းနေဖို့ စီစဉ်ပေးရပါသည်။ အိမ်ထောင်ပရိဘောဂ အိုးခွက်တွေလည်း အသင့်ရှိသည့်နေရာဖြစ်ပါသည်။ ကျနော်က ညနေရုံးဆင်းတိုင်း သူတို့အိမ်ဝင်၍ နှုတ်ဆက်မေးမြန်းတတ်ပါသည်။ တညနေ ကျနော်ရောက်သွားစဉ် ဗိုလ်ချုပ်စမစ်ဒွန်းမှာ အတော်မျက်နှာမကောင်းပါ။ ကျနော်က ထုံးစံအတိုင်း နေထိုင်ကောင်းမကောင်း လိုအပ်တာရှိမရှိမေးမြန်းပြီး ပြန်ထွက်လာကာ ကင်းစောင့် ရဲဘော်ကို ထိုနေ့က ဒီအိမ်ကိုဘယ်သူလာသလည်းဟု မေးမြန်းစစ်ဆေးရာ ဗမာစစ်အရာရှိတဦးလာကြောငပြောသဖြင့် ပုံပန်းသဏ္ဍာန်ပါ ဆက်မေးသောအခါ တပ်တွင်းမှ ဆိုရှယ်လစ်တပ်မှုးတဦး ဖြစ်နေပါသည်။ ထိုဆိုရှယ်လစ်တပ်မှုးက ဗိုလ်ချုပ်စမစ်ဒွန်းအား ဘာများ ပြောသွားသည်မသိပါ။ ဗိုလ်ချုပ်စမစ်ဒွန်းမှာ အတော်ပင် မျက်နှာပျက်နေရှာပါသည်။ ကျနော့်ကိုတော့ ဘာမျှပြောမပြပါ။

ထိုကာလတွင် ၁၉၄၉ ခုနှစ် ဇန္နဝါရီလကုန်ခါနီးတွင် တောင်ငူမြို့ကိုလည်းကောင်း၊ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် တောင်ပိုင်းတိုင်းအတွင်းရှိ အင်းစိန်မြို့ကိုလည်းကောင်း ကရင်အမျိုးသား ကေအင်ဒီအိုသူပုန်တပ်တို့ကသိမ်းပိုက်လိုက်ကြောင်း သတင်းများထွက်ပေါ်လာပါသည်။

ထိုအတွင်း ကျနော့်အား ရန်ကုန်စစ်ရုံးချုပ်က ခေတ္တဆင်းလာဖို့ခေါ်သဖြင့် ကျနော်ရန်ကုန်ဆင်းသွားပါသည်။ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်စမစ်ဒွန်း မဟုတ်တော့ဘဲ ဗိုလ်ချုပ်နေဝင်းဖြစ်နေ၍ စစ်ရုံးချူပ်ရှိ ဗိုလ်ချုပ်နေဝင်းထံသွား၍ သတင်းပို့ပါသည်။

ဗိုလ်ချုပ်နေဝင်းအခန်းသို့ ကျနော်ရောက်ကြောင်းသတင်းပို့ရန် ဝင်သွားသောအခါ ဗိုလ်ချုပ်နေဝင်းမှာ လက်တဖက်က မြေပုံကြီးတချပ်ကို ကိုင်ထားပြီး လက်တဖက်က ကြက်ဥနှင့်ဘရန်ဒီရောထားသော အရက်ခွက်ကိုကိုင်ထားကာ မျက်နှာသုန်သုန်မှုန်မှုန်နှင့် (ကျနော် မှတ်မိသလောက်) ကျနော့်ကိုပြောသည်မှာ - ယခုအင်းစိန်ကို ကရင်သိမ်းလိုက်ပြီ။ အင်းစိန်တိုက်ပွဲကြီး ဖြစ်နေပြီ။ ခင်ဗျား တောင်ပိုင်း စစ်တိုင်းမှုး ဦးအောင်သင်းနေရာအမြန်သွားလဲပြီး အင်းစိန်တိုက်ပွဲ တိုက်ပေတော့ဟုဆိုကာ သူကိုင်ထားသော မြေပုံကြီးကိုထိုးပေးပြီး ခဏအကြာ အခန်းမှထွက်သွားပါတော့သည်။

ကျနော့်မှာ ဗိုလ်ချုပ်နေဝင်းက တာဝန်လွှဲပေးသွားသဖြင့် တောင်ပိုင်းတိုင်းမှုး ဗိုလ်မှုးချုပ်ဦးအောင်သင်းထံမှ တာဝန်လွှဲပြောင်းယူရမည့် အကြောင်း ဆက်၍ရေးသားရမည်ဖြစ်ရာ ထိုအတွင်း ဗိုလ်မှုးချုပ်အောင်သင်းအကြောင်းဟူသောခေါင်းစဉ်ဖြင့် ကျနော်ရေးသားထားသော စာတမ်းတစောင်ကို ကျနော့်ဖိုင်တွဲဟောင်းတခုမှ ကျနော့်သမီးကြီးလှလှက တွေ့ရှိပြီး ကျနော့်ကိုပေးရာ ကျနော်ဖတ်ကြည့်သောအခါ ထိုစာတမ်းတွင် ကျနော်ရေးလိုသောအကြောင်းအရာများကို ပိုမိုပြည့်စုံစွာနှင့်ခိုင်လုံတိကျစွာ ရေးထားတာတွေ့ရပါသည်။ ထိုစာတမ်းကို ၁၉၉၁ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီ မော်ကွန်းတိုက်အတွက် ရေးပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ထိုကိစ္စကို အသစ်မရေးတော့ဘဲ ပိုမိုပြည့်စုံနေသည့်ထိုစာတမ်းကို ကူးယူဖော်ပြလိုက်ပါသည်။
ဗိုလ်မှုးချုပ်အောင်သင်းအကြောင်း
ဦးအောင်သင်း၏ဇာတိမှာ ကျနော့်ဇနီးအဆိုအရ ကျနော်တို့ဇာတိ သုံးဆယ်မြို့ဒေသကပဲဖြစ်ပြီး မိဘတွေမှာ မြေရှင်ကြီးမျိုးရိုးတွေဖြစ်ပါသည်။ ၎င်းတို့ညီအစ်ကိုတစုမှာ ပညာတတ်များဖြစ်ပြီး ဗြိတိသျှအောက် အစိုးရအမှုထမ်းကြီးများဖြစ်ခဲ့ပါသည်။ သူ၏ညီ ဦးတင်ထွဋ်ဆိုသူမှာ ခရိုင် စက်ရှင်တရားသူကြီးတဦးဟု ကြားဖူးပါသည်။ ဗမာပြည်လွတ်လပ်ရေးရပြီးစ ပထမဆုံး အမေရိကန်သံအမတ်ကြီးဖြစ်သူ ဦးစိုးညွန့်မှာ သူ၏ အစ်ကိုဖြစ်ပါသည်။ ဦးအောင်သင်းကိုယ်တိုင်လည်း အင်္ဂလန်မှာ ဥပဒေပညာသွားသင်ခဲ့သူဖြစ်သည်ဟု ကြားဖူးပါသည်။

ကျနော် ၁၉၄၆ - ၄၇ ခုနှစ်ကတည်းက ဗြိတိသျှအောက် ဗမာ့စစ်တပ်ထဲတွင် မေဂျာ(ဗိုလ်မှုး)ဦးအောင်သင်းဆိုသူတဦးရှိကြောင်း သိထား ပါသည်။ ၁၉၄၇ ခုနှစ် ပတ်ဝန်းကျင် ကျနော်ဒုရင်းမှုးဖြစ်စဉ် သူသည် စစ်တရားရုံးတခုတွင်ဥက္ကဌအဖြစ် ကျနော့်တပ်အနီးတနေရာတွင် လာရုံးဖွင့် စစ်ဆေးသွားတာ သိခဲ့ရပါသည်။ လူချင်းတော့ မတွေ့လိုက်ရပါ။ ၁၉၄၈ ဇန္နဝါရီ ဗမာ့လွတ်လပ်ရေးရသောအခါ ဗမာ့စစ်တပ်ကို ဗမာအစိုးရသို့ အင်္ဂလိပ်ကလွှဲစဉ် ဗမာပြည်တောင်ပိုင်းစစ်ဌာနချုပ်တိုင်းမှုးတာဝန်ကို ဗိုလ်မှုးချုပ်ရာထူးဖြင့် တာဝန်ပေးခြင်းခံရပါသည်။ ထိုစဉ်က မြောက်ပိုင်းတိုင်းမှုးမှာ ဗိုလ်ချုပ်နေဝင်းဖြစ်သည်။ (ထိုစဉ်က ဗမာပြည်တွင် စစ်တိုင်း ၂ တိုင်း တောင်နှင့်မြောက်သာရှိ) ကျနော် မိတ္ထီလာမှ ခွင့်ပြန်လာပြီးနောက် ၁၉၄၈ နောက်ဆုံးပိုင်းများတွင် ဗိုလ်မှုးကြီးရာထူးဖြင့် မြောက်ပိုင်းတိုင်းမှုးဖြစ်လာပါသည်။

၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလဆန်း (၁)ရက်နေ့တွင် အင်းစိန်မြို့ကို ကရင်များသိမ်းပြီးနောက် တိုက်ပွဲများစတင်ပါတော့သည်။ ထိုစဉ် အစိုးရက ကျနော့်ကို မြောက်ပိုင်းတိုင်းမှုးဖြစ်နေရာက ရန်ကုန်သို့ဆင်းလာဖို့ ခေါ်ပါသည်။ ရန်ကုန်၌ ဦးစီးချုပ်ဗိုလ်နေဝင်းနှင့် တွေ့တွေ့ချင်း ကျနော့်ကို တောင်ပိုင်းတိုင်းစစ်တိုင်းမှုးခန့်လိုက်ပြီး ယခုချက်ချင်း ဦးအောင်သင်းနေရာ သွားလဲယူရန်နှင့် အင်းစိန်တိုက်ပွဲတိုက်ရန် ညွှန်ကြားပါသည်။

ကျနော် ဝန်ကြီးချုပ်ဦးနုကို သွားတွေ့သတင်းပို့ပြီး မင်္ဂလာဒုံရှိ တောင်ပိုင်းစစ်ဌာနချုပ်ရှိ ဦးအောင်သင်း၏ရုံးခန်းသို့ သွားပါသည်။ ဗိုလ်မှုးချုပ် ဦးအောင်သင်းမှာ သူ့စားပွဲမှာ မျက်နှာမကောင်းစွာနှင့်ထိုင်နေပြီး ကျနော်သူ့အခန်းထဲ ဝင်သွားတာနဲ့  ‘လာဗျို့ ခင်ဗျားကို ချက်ချင်းတာဝန်လွှဲဖို့ အမိန့်ရပြီးလို့ စောင့်နေတယ်’ဟုပြောပါသည်။ ကျနော်က ဗိုလ်ချုပ်ရော ဘယ်သွားရမလည်းဟုမေးတော့ သူခွင့်နှင့် အနားယူတော့မယ်ဟု ပြောသည်။

ဤတွင် ကျနော်စိတ်မကောင်းပါ။ များစွာလည်းအားနာသွားပါသည်။ အသက်လည်း ကျနော့်ထက် ၁ဝ နှစ်မျှကြီးပြီး ကျနော့်ထက် ရာထူး ကြီးသူလည်းဖြစ်၊ လူကြီးလူကောင်းတဦးလည်းဖြစ်လို့ ချက်ချင်းပင် - ဒီလိုတော့မကောင်းပါဘူး။ ဗိုလ်ချုပ်က တိုင်းမှုးအဖြစ်ဆက်လုပ်ပါ။ ကျနော်က ဗိုလ်ချုပ်အောက်မှာတပ်မှုးကြီးတဦးအနေနဲ့ အင်းစိန်စစ်မျက်နှာတာဝန်ယူပါ့မယ်ဟု ပြောကာ ဒီကိစ္စကျနော် အခုဘဲ စစ်ရုံးပြန်သွားပြီး အမိန့်ပြင်ပေးဖို့ပြောမယ်ဆိုပြီး ရန်ကုန်စစ်ရုံးသို့ ချက်ချင်းပြန်ထွက်လာပါသည်။

စစ်ရုံးရောက်သောအခါ ဗိုလ်နေဝင်းကို မတွေ့ရတော့၍သူ့စစ်ဦးစီး (ပ)နှင့်သာ တွေ့ရတော့သည်။ (ထိုစဉ်က စစ်ဦးစီး (ပ)မှာ ဗိုလ်နေဝင်း၏ လက်ထောက်လိုပင် ဖြစ်သည်) ကျနော်က ဦးအောင်သင်းကိုပြောခဲ့သလိုပင် အမိန့်ကိုပြင်ပေးရန်ပြောသောအခါ ဒါဟာ မဖြစ်နိုင်တော့ကြောင်း ကျနော့်ကို မြောက်ပိုင်းကခေါ်စဉ်ကတည်းက ဤတာဝန်ကိုလွှဲပေးဖို့အခိုင်အမာဆုံးဖြတ်ပြီးမှ ခေါ်တာဖြစ်ကြောင်း ဒီနေ့ရုံးမဆင်းမီ တာဝန် လွှဲယူဖြစ်အောင်ယူပါဟု အတင်းအကျပ်ပြောပါတော့သည်။ ဘယ်လိုမှ ပြန်ပြင်ရန်ပြောမရတော့ပါ။ ကျနော် မင်္ဂလာဒုံသာ ပြန်လာခဲ့ရပါသည်။

ကျနော်စိတ်မကောင်းစွာနှင့်ပြန်လာပြီး ဦးအောင်သင်းအခန်းရောက်သောအခါ သူ့ကိုမတွေ့ရတော့ဘဲ စားပွဲပေါ်တွင် ကျနော့်အတွက် စာတစောင်ရေးထားခဲ့ပါသည်။ သူထွက်သွားပြီးဖြစ်ကြောင်း တာဝန်လွှဲစာကို သူလက်မှတ်ထိုးပြီး စားပွဲပေါ်မှာတင်ထားကြောင်း စတာတွေ ရေးထားပါသည်။

ကျနော့်အထင် ကျနော်စစ်ရုံးက မင်္ဂလာဒုံပြန်လာစဉ် စစ်ရုံးကသူကို ဖုန်းဖြင့်အမြန်ထွက်သွားရန် အမိန့်ပေးလိုက်ဟန်တူပါသည်။ ကျနော်သူ့အိမ် ဖုန်းဆက်သော်လည်းမရပါ။ ဤသို့ဖြင့် ကျနော်လည်း တောင်ပိုင်းစစ်တိုင်းမှုးတာဝန်ယူပြီး အင်းစိန်တိုက်ပွဲ ဝင်ရပါတော့သည်။

ကျနော် ၁၉၅၃ ခု ဇူလိုင်လတွင် တရုတ်ဖြူတိုက်ဖို့အတွက် မြောက်ပိုင်းတိုင်းမှုးအဖြစ် မေမြို့ကိုပြောင်းရပြီးနောက် တရုတ်ဖြူတိုက်ရေး စီစဉ် ရပါသည်။ သို့အတွင်း သံလွင်အရှေ့တောင်တန်းများအပေါ်စစ်ချီသောအခါ ကျည်ဆံပိုသယ်ယူနိုင်ဖို့ စစ်ပစ္စည်းများ အနည်းဆုံးအပေါ့ဆုံးသာ သယ်ဖို့ကိစ္စ ကျနော်စဉ်းစားတွက်ချက်နေမိပါသည်။ အဓိကအကြောင်းတခုမှာ လက်ရှိတပ်သားများအားထုတ်ပေးထားသော စစ်သုံး သက္ကလပ်စောင်သည် ထူပြီးလေးလံနေသဖြင့် နွေးလည်းနွေးပိုပေါ့သည့်စောင်ဆိုလျင် ကျည်ဆံပိုသယ်နိုင်မည်ဖြစ်၍ မည်သူ့ကိုမေးမြန်း သင့်သနည်းဆိုသည်ကိုစဉ်းစားသောအခါ ဒုတိယကမ္ဘာစစ်ပွဲအတွင်းက ဝင်းဂိတ်၏ ထိုးဖောက်ပွဲကသတိရမိသည်။ ထို့အပြင် ဝင်းဂိတ်နှင့် ထိုစဉ်က ဝင်းဂိတ်အနားတွင်ရှိသူ ဦးအောင်သင်းတို့အကြောင်းကိုလည်းဖတ်ဖူးထားတာ သတိရမိသည်။ ကျနော်တို့စစ်တပ်၏ ပထမဆုံး စစ်တိုင်းဖွံ့ဖြိုးရေးသိပံ္ပကျောင်းအုပ်ကြီးလုပ်ခဲ့သူ ဗိုလ်မှုးထွန်းမြတ်ရေးသောစာအုပ်ဖြစ်သည်။ ထိုစာအုပ်ငယ်ကို ကျနော်ဖတ်ဖူးတာ သတိရ မိသည်။ (ဗိုလ်မှုးထွန်းမြတ်၏ဇနီးမှာလည်း သုံးဆယ်မြို့သူဖြစ်၍ သူတို့နှင့် ဦးအောင်သင်း ဆွေနီးမျိုးစပ်တော်ဟန်ရှိ၍ ဂုဏ်ယူပြီး ထိုစာအုပ် ရေးပုံရသည်။) ထို့ကြောင့် ရန်ကုန်ဆင်းသည့်အခါ ဦးအောင်သင်းနှင့်တွေ့ပြီး ဝင်းဂိတ်နှင့်လိုက်ရစဉ်အတွေ့အကြုံများကို မေးကြည့်ဖို့ စိတ်ကူးမိပါသည်။

နောက်တရုတ်ဖြူကိစ္စအတွက် ရန်ကုန်ဆင်းလာသောအခါ ကျနော်ဗိုလ်မှုးထွန်းမြတ်ကိုရှာခေါ်ကာ ဦးအောင်သင်းထံသွားကြပါသည်။ (စကားပြောဆိုဆွေးနွေးရင်း ဗိုလ်မှုးထွန်းမြတ်သည် မျိုးချစ်စိတ်နှင့်ဒီမိုကရေစီစိတ်ရှိသူဖြစ်ပြီး သုံးဆယ်ရှိ ကျနော့် ဆွေမျိုးများနှင့် သိကျွမ်း နေတာကိုလည်း သိလာရပါသည်။ ဦးအောင်သင်းအကြောင်းရေးရာမှာလည်း ဗမာတဦးအကြောင်း မျိုးချစ်စိတ်နှင့်ရေးသည်ဟု ယူဆ ရပါသည်။)

ဦးအောင်သင်းအား အင်းစိန်ကြို့ကုန်းရှိ ဘုန်းကြီးကျောင်း တကျောင်းအနီးရှိ မြေစိုက်အိမ်ငယ်လေးတလုံးအတွင်း တွေ့ရပါသည်။ အရက် အလွန်အကျွံသောက်မှုကြောင့် အရွယ်ရောရုပ်ရည်ပါ ရင့်ရော်နေတာတွေ့ရပါသည်။ သူသည် နောက်ကြောင်းဖြစ်ရပ်များကို ကောင်းစွာ မပြောပြနိုင်တော့ပါ။ ဝင်းဂိတ်က ဗမာပြည်အကြောင်း ကောင်းကောင်းအကြံပေးနိုင်မည့်သူတယောက် သူ့အနားသို့ပေးရန်တောင်းသဖြင့် သူ့အနေဖြင့် ဝင်းဂိတ်အတွင်းရေးမှုးလို အနားကပ်လိုက်ရကြောင်း ဝင်းဂိတ်ဟာ ချင်းတွင်းမြစ်ကိုလက်ပစ်ဖြတ်ကူးကြောင်း စတာတွေသာ ပြောပြပြီး တခြားကိစ္စများ မေးမြန်းမရတော့ပါ။ စောင်ကိစ္စမှာတော့ သူသတိရသလောက် သြစတျေးလျ သက္ကလပ်စောင်အပါးတွေဖြစ်ကြောင်း သိခဲ့ရပါသည်။ အရာရှိများအတွက် ထုတ်ပေးသော စောင်အစိမ်းအပါးကလေးများဖြစ်ပြီး ပေါ့ပါးပြီးနွေးကြောင်းလည်း ပြောပါသည်။ သူက ကျနော်တို့ကို လှိုက်လှိုက်လှဲလှဲဧည့်ခံစကား ပြောရှာပါသည်။  တခြားလည်း သိပ်မေးမရတော့၍ ကျနော်တို့ပြန်ခဲ့ရပါသည်။

သူ့ဘဝအတွက်လည်း စိတ်မကောင်းလှပါ။ (မှတ်ချက် - ဝင်းဂိတ်မှာ ၁၉၄၃ - ၄၄ ခုနှစ်အတွင်း မြန်မာပြည်မြောက်ပိုင်းသို့ဝင်ရောက်လာသည့် ဗြိတိသျှတပ်မှ ဗြိတိသျှတပ်မှုးကြီး ဖြစ်သည်)
           
ကျနော် စစ်တပ်အပြင်ရောက်ပြီး ၁၉၆ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်စဉ်က အတွင်းရေးမှုးအဖြစ်လာကူညီနေတဲ့ သုံးဆယ်ဒေသသား ဆွေနီးမျိုးစပ်တော်သူတဦးရှိပါသည်။ သူလည်းသုံးဆယ်ဇာတိသားချင်းဖြစ်သဖြင့် ဦးအောင်သင်းနှင့်လည်း နီးစပ် သိကျွမ်းဟန်ရှိပါသည်။ သူက ပြန်ပြောပြသည်မှာ - ဦးအောင်သင်းက ကျနော့်အကြောင်း မကြာခဏပြောကြောင်း ပြောရာတွင်လည်း ဗိုလ်ကျော်ဇော အင်္ဂလိပ်တိုက်ခဲ့တာသိပ်ကောင်းကြောင်း သိပ်မှန်ကြောင်းနှင့် ဗိုလ်ကျော်ဇောဟာ တကယ်ပဲစိတ်ထား ကောင်းမွန်သူ ဖြစ်ကြောင်းပြောပြတတ်ပြီး အထက်တွင် ကျနော်ရေးခဲ့သည့်အတိုင်း သူနှင့် တာဝန်သွားလဲစဉ်ကအဖြစ်အပျက်များကို ပြောပြတတ်သည် ဟုဆိုပါသည်။ ဦးအောင်သင်းမှာ မူလက အင်္ဂလိပ်များအပေါ်လိုလားသူဖြစ်ခဲ့သော်လည်း အင်္ဂလိပ်ကိုတိုက်တာမှန်ကန်ကြောင်း သိလာ၍ တကြောင်း စိတ်နာစရာတွေရှိဟန်ရှိလို့လည်းတကြောင်း ဤကဲ့သို့ ပြောဟန်တူပါသည်။

၁၉၇ဝ တဝိုက်က ကျနော့်အိမ်ဝင်ထွက်နေတဲ့ ပင်စင်စားဗိုလ်ကြီးဘကြိုင်ဆိုသူရှိပါသည်။ သူသည် ကျနော်တရုတ်ဖြူတိုက်စဉ် ကျနော်၏ အင်ဂျင်နီယာအကြံပေးလည်းဖြစ် အတွင်းရေးမှုးလည်းဖြစ်ခဲ့ပြီး အင်္ဂလိပ်တပ်ဟောင်းမှလည်း ဖြစ်ပါသည်။ တနေ့တွင် သူက ဦးအောင်သင်းကို ကျနော့် စမ်းချောင်းအိမ်သို့ခေါ်လာခဲ့ပါသည်။ ထိုနေ့က ကျနော်တို့အိမ်တွင် အုန်းနို့ခေါက်ဆွဲချက်စားသည်နှင့်တိုးနေသဖြင့် သူတို့ကိုလည်း ကျွေးမွေးဧည့်ခံလိုက်ပါသည်။ ဦးအောင်သင်းမှာ အဆစ်အမြစ်ကိုက်ရောဂါရနေပြီဖြစ်၍ အထိုင်အထ တွဲထူတွဲထပေးရပါသည်။ ကျနော်တို့လည်း ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုကြပြီးနောက် သူတို့ပြန်သွားကြပါသည်။ စကားပြောရင်းမှတ်မိလိုက်သည်မှာ သူ့မှာသမီးတယောက်ရှိပြီး မြန်မာလေကြောင်းကုမ္ပဏီတွင် အလုပ်လုပ်နေကြောင်း ပြောသွားပါသည်။

ဦးအောင်သင်းကို ဗိုလ်နေဝင်တို့က အမြန်ဖြုတ်ပစ်လိုက်သည့်အကြောင်းကို ကျနော်မှန်းဆကြည့်ရာတွင်လည်းကောင်း၊ ထိုတိုင်းစစ်ဌာန ထောက်လှမ်းရေးမှုးဗိုလ်ကြီးစိုးမင်း (ကျဆုံးကွယ်လွန်)ကို ထိုကိစ္စကို တီးခေါက်ကြည့်ရာတွင် သိလာရသည်များအရလည်းကောင်း ကျနော နားလည်သဘောပေါက်သည်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၉)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၉)
တတိယပိုင်း
                                               
တီဘီအဆုတ်ရောဂါ ကုသနေစဉ်အတွင်း အဖြစ်အပျက်များ                                             
ကျနော်တီဘီအဆုတ်ရောဂါကုသနေစဉ် တိုင်းပြည်တွင်အရေးကြီးသော အဖြစ်အပျက်အချို့ ဖြစ်ခဲ့ပါသည်။
ထိုကာလအတွင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီက ယခု ၁၉၄၈ ခုနှစ် ဇန္နဝါရီလ(၄)ရက် လွတ်လပ်ရေးမှာ မစစ်မှန်မပြည့်စုံကြောင်း ဝေဖန်သုံးသပ်ချက်များကြားသိလာရသဖြင့် ထိုမပြည့်စုံသောလွတ်လပ်ရေးအတွက် များစွာစိတ်မကောင်း ဖြစ်ရပါသည်။

ထိုအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီမှ လွတ်လပ်ရေးအပေါ် ဝေဖန်မှုမှအစပြုပြီး ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဖဆပလအဖွဲ့မှ ဆိုရှယ်လစ်ပါတီတို့ အကြီးအကျယ်စကားများကြပြီး အာဏာရဆိုရှယ်လစ်ပါတီမှ ကွန်မြူနစ်ပါတီခေါင်းဆောင်များကို သိမ်းကြုံးဖမ်းဆီးသဖြင့် ကွန်မြူနစ်ခေါင်းဆောင်များ ရှောင်တိမ်းနေရသည်။

ထိုနောက်ပိုင်း ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်တို့က ဗိုလ်နေဝင်းနှင့်ပေါင်းပြီး လက်ဝဲင်္ညီညွတ်ရေးရဖို့ ပြန်ပေါင်းရေးကြိုးစားကြသော်လည်း မရတော့ပေ။ ထို့ကြောင့် ကွန်မြူနစ်ပါတီမှ ကွန်မြူနစ်များအဖမ်းမခံဘဲ တောခိုရန်ညွှန်ကြားချက်ထုတ်ရသည်။ နောက်ဗမာ့တပ်မတော်တွင်းရှိ ကွန်မြူနစ်ပါတီဝင်အားလုံးကိုလည်း တောခိုကြရန် တောတွင်းကျမှ လက်နက်နှင့်ပြန်လည်ခုခံကြရန်ညွှန်ကြားသဖြင့် တပ်မတော်တွင်းရှိ ကွန်မြူနစ်များ ၁၉၄၈ ခုနှစ် သြဂုတ်လတွင် တောခိုကြပါသည်။

သို့သော် ကျနော့်အတွက် ထိုတောခိုလက်နက်ကိုင်ရန်ညွှန်ကြားချက်မှာ အခက်အခဲကြီးဖြစ်နေပါသည်။ ကျနော့်မှာ တီဘီအဆုတ်ရောဂါကြီး စွဲကပ်နေပြီး ဒီအတိုင်းတောခိုသွားခဲ့သော် တောတွင်းဆင်းရဲပင်ပန်းသောဒဏ်ဖြင့် မကြာမီအိပ်ရာထဲ ဘုန်းဘုန်းလဲပြီးမကျန်းမမာဖြစ်ကာ ဘာမျှလုပ်နိုင်မည်မဟုတ်ဘဲ နောက်မကြာခင်မှာပင် သေဆုံးသွားနိုင်သည်ဟုကျနော်မြင်ပါသည်။

ထိုစဉ်က ကျနော့်အသက်မှာ (၃ဝ)ဝန်းကျင်မျှလောက်သာရှိသေးသဖြင့် သာမန်ရောဂါနှင့်လည်း မသေချင်သေးပါ။ တောတွင်းလိုက်သွားပြီး ကြာကြာဘာမှမလုပ်နိုင်ဘဲ မကြာခင်လူမမာကြီးဘဝအဖြစ်လည်း မရောက်ချင်ပေ။

နောက်ဆုံး ထိုကိစ္စကျနော်များစွာ စိတ်ဆင်းရဲပြီးနောက် ကျနော် တောမခိုတော့ရန် စိတ်နာကြည်းစွာဖြင့် ဆုံးဖြတ်လိုက်ပါတော့သည်။

ယခုမှကျနော် ပြန်စဉ်းစားမိသည်မှာ ကျနော်ယခုလို ပါတီ၏ညွှန်ကြားချက်ကိုမလိုက်နာ ပယ်လှန်ခဲ့သောကိစ္စမှာ အကြောင်းကြီး ၂ ချက်ကြောင့်ဟု ယူဆမိပါသည်။ ပထမနှင့် အဓိကအကြောင်းကြီးမှာ ကျနော့်တွင် မကျန်းမမာဖြစ်ပြီး သေသွားနိုင်သော တီဘီအဆုတ်ရောဂါ ကြီးရှိနေပြီဖြစ်၍ သူများကိုဒုက္ခမပေးချင် ဒီရောဂါနှင့်လည်းမသေချင်၍တကြောင်း ဖြစ်ပါသည်။ ထိုအချိန်က ကျနော်၏ ဖခင်နှင့်ညီငယ်တဦးမှာ လည်း တီဘီရောဂါများနှင့်ကွယ်လွန်ပြီးဖြစ်သည်။ နောက်တကြောင်းမှာ ကျနော်သည် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီလူကြီးတဦး ဖြစ်နေသော်လည်း ကွန်မြူနစ်ပါတီအတွင်း ကလာပ်စည်းများတွင် စနစ်တကျစည်းကမ်းတကျ နေထိုင်ခဲ့ရခြင်းမရှိခဲ့ပေ။ တသီးပုဂ္ဂလိက ကွန်မြူနစ်ကြီးတယောက်လိုနေထိုင်လာခဲ့ရသဖြင့် ကွန်မြူနစ်ပါတီ၏ စည်းရုံးရေးစည်းကမ်းများကို ကောင်းစွာမသိ မလေးနက်ခဲ့ပေ။ ပေးသည့်တာဝန်ကို မလုပ်နိုင်သည့်အခြေအနေကြောင့် မလုပ်ဆောင်နိုင်ကလည်း ဤမျှအရေးမကြီးလှဟု သာမန်နိုင်ငံရေးသမားတဦးလို တွေးခေါ်မိပါသည်။ အမှန်မှာ ဘာပဲဖြစ်ဖြစ်ညွှန်ကြားချက်အတိုင်း လိုက်နာရမည်ကို ဤမျှမလေးနက်ခဲ့ပေ။ ထို့ကြောင့်လည်း ကျနော်သည် ထိုအမှားကိုကျူးလွန်မိခဲ့ခြင်း ဖြစ်သည်။

ကျနော့်ကို ပါတီကခိုင်းသည့်အတိုင်း တောမခိုဘဲနေသဖြင့် တချို့ရဲဘော်များက ပါတီမှထုတ်ပစ်ရန် သခင်သန်းထွန်းကို တိုက်တွန်းသော်လည်း သခင်သန်းထွန်းက ကျနော့်ကို ပါတီမှမထုတ်ပစ်ပေဟု နောင်မှကျနော်သိရသည်။
ထို့နောက် ကျနော်ပါတီနှင့် အဆက်အသွယ်ပြတ်သွားပါတော့သည်။


၂ဝ၁၅ သြဂတ်လထဲမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၂)

0 comments
၂ဝ၁၅ သြဂတ်လထဲမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၂)
(နတ်ကြီးတဲ့ ဖြောင့်ဖြောင့်ကြီး)
ရွှေမန်းဟာ ဗြဟ္မခေါင်းတော့မဟုတ်ဘူး။ ဒါပေမယ့် ကိစ္စတော့ နည်းနည်းရှိတယ်။
အောင်ကြီး၊ တင်ဖေ၊ သိန်းစိန်၊ ထွန်းလင်း၊ တင်ဝင်းညို၊ မျက်မှန်ကြီးတင်ဦးတို့ကို နေဝင်းရှင်းသလိုမျိုး။ နေဝင်း၊ ခင်ညွန့်ကို သန်းရွှေရှင်းသလိုမျိုးရှင်းရုံနဲ့ မပြီးမှာတွေ အငုတ်ကျန်မှာတွေရှိနေတယ်။
နောက်တချက်က မဆလပါတီတွင်းကိစ္စနဲ့ ခုကိစ္စကို ထပ်တူပြုတွေးလို့လည်းမဖြစ်ဘူး။ ဟိုဟာတွေက တပ်တွင်းနဲ့ပါတီတွင်းမီးသေရင် ပြီးတယ်။ ဘယ်အကောင်မှ နားရွက်မခတ်ဝံ့ အမြီးမလှုပ်ဝံ့ဘူး။ ခုက ဟုတ်ဟုတ်မဟုတ်ဟုတ် စစ်အုပ်စုက “ငါတို့လည်း ဒီမိုကရေစီ” လုပ်ထားတဲ့ခေတ်။ ဂျနီဖာလှဆွေလိုလူတောင် အာချောင်လို့ကောင်းတဲ့ခေတ်။
၂ဝဝ၈ နဲ့အားလုံးကိုချုပ်ထားတယ်ဆိုပေမယ့် လွှတ်တော်တို့၊ အခြားမှတ်ပုံတင်ပါတီများတို့ ဘာတို့တွေကလည်းရှိတယ်။ မီဒီယာကိုလည်း တကွက်ချန်ပြီး ဟပေးထားချိန်ကြီး။ နိုင်ငံတကာဆိုတာတွေလည်း အဝင်အထွက်စိတ်စိတ် အပေးအယူဒင်းကြမ်းနဲ့ ဘုံးပေါလအောဖြစ်နေချိန်။ အဲ့ဒါတွေက အနည်းဆုံး ပွစိပွစိလုပ်လာနိုင်စရာရှိနေတယ်။ ခုတောင် လုပ်သလောက်လုပ်နေကြပြီ။
လုပ်ဖို့ပြတဲ့ အကြောင်းအချက်ကောက်ကိုင်တော့လည်း ဟုတ်တုတ်တုတ်နဲ့ ခိုင်လုံသလိုတော့ရှိသား။ ရွှေမန်းဟာ “လူထုကရွေးကောက်ထားတာ”ဆိုတဲ့အနေအထားအပြင် ”လွှတ်တော်ဥက္ကဌ”ဆိုတာကခံနေသေးတယ်။ ပိုပြီး သာသာထိုးထိုးလေးပြောရရင် သိန်းစိန်နဲ့ခွာပြီး ဒေါ်စုနဲ့တွဲလုံးအဖြစ်ကစားဖို့ အန်ကယ်လ်ဆမ်တို့ မသိမသာသူကောင်းပြုထားတဲ့ “မင်းလောင်း”။ တခြားအကြောင်းတွေလည်း ရှိဦးမှာပါပဲ။
ကျနော်တွေးမိတာက ပါတီဥက္ကဌနေရာက ကန်ထုတ်တာက အသေးအဖွဲပါ။ ပါတီတွင်းကိစ္စလောက်ပဲ ချပြီးမြင်ကြည့်လို့ရမှာပါ။ အမတ်အဖြစ်ကနေ လွှတ်တော်ဥက္ကဌအဖြစ်ကနေ ဘယ်ပုံဖယ်ရှားမလဲ ဒါအရေးကြီးပါတယ်။ ခုပဲကြည့် သူတို့ချင်းစောင်မန်ခုတ်တာကို ရွှေမန်းကို ဓားပါတဲ့ကုလားကစားသွားတာလို့မြင်တဲ့သူ နည်းသလောက် “လွှတ်တော်ဥက္ကဌကြီးကို”ဆိုတဲ့ အသံတွေထွက်လာနေပြီမဟုတ်လား။
ဗြဟ္မခေါင်းတော့မဟုတ်ဘူး။ ဒါပေမယ့် ခင်ညွန့်လို “နိုင်ငံရေးမလုပ်တော့ပါဘူး” အာမဘန္တေရဖို့ ဘယ်အထိလုပ်ရမလဲ အဲ့ဒါကတွေးစရာပါ။ ထပ်ဖြည့်တွေးကြည့်မိတာက ဒေါ်စုအပါအဝင် ဒီမိုကရက်တစ်ဆိုသူတချို့ကလည်း ရွှေမန်းနဲ့ပင်းပြီးသာ ပလေးလိုက်လို့ကတော့ ဒီမိုကရေစီရွှေစည်ကြီး တီးသမျှ ဖိန့်ဖိန့်တုန်ဆိုတဲ့အကောက်အယူတွေကလည်း ရှိသမို့မဟုတ်လား။
ကြည့်ရဦးမှာပါပဲ။
(သြဂတ်စ် ၁၄၊ ၂ဝ၁၅)

(ကလေးမချီတဲ့ရွှေမန်း)
ရွေးကောက်ပွဲအသံပေးလိုက်တာနဲ့ ခလေးအာပေတူးလေးတွေ မရမကလိုက်ရှာ မရွံမရှာမျက်နှာပေးနဲ့ ချီဟယ်ပွေ့ဟယ်နဲ့ အတင်းနသားပါယားလုပ်ကြတာတွေကတော့ ရိုးနေပါပြီ။ ရွှေမန်းကတော့ ဘယ်ကဘယ်က လယ်သူမကြီးတွေသွားရှာပြီး ဖက်လားရမ်းလားနဲ့ ခါးတကယ်မတို့ခင်က ယားတယ်လို့တွန့် အထာနဲ့သွားလုံးနေတုန်း တပ်နဲ့ဝိုင်းပြီး ပါတီဥက္ကဌခုံ စားခွက်အနှိုက်ခံလိုက်ရတယ်။ အမတ်၊ လွှတ်တော်ဥက္ကဌကြီးဘာညာတွေလည်း မကြာတော့ဘူးထင်တယ်။ ကျန်းမာရေးမကောင်းတာတို့ ရဟတ်ယဉ်ပျက်ကျတာတို့ လဘ်စားတယ်တို့ဘာတို့လည်း ရိုးပြီဆိုတော့ ဗိုလ်တင်အေးနဲ့လှည့်ကြပ်ပေးပြီး "ဥပဒေနဲ့အညီ"နှုတ်ထွက်ခွင့်ပြုလိုက်သည်များ လာလေမလား။ သူလည်း ဂျင်ထိပ်ကထုံး ရှစ်စပ်ကဂျင်ခြေလည်ဆိုတော့ သေနတ်နဲ့နားထင်မတေ့မချင်း ကြောက်ပါပြီဗျအော်မယ့်သူမဟုတ်ဘူး။ နောက်ပြီး နိုင်ဖဲတချပ်လောက်လည်း ကိုင်မထားဘူးမပြောနိုင်ဘူး။ ဘာနိုင်ဖဲရှိရှိပါ သေနတ်ဆိုတာ ခလုပ်ဖြုတ်မယ့်လက်ရှိရင် ကျည်ထွက်မှန်း သူလည်းသိတာပါပဲ။ တည့်တည့်ပစ်ရင် သေတတ်မှန်းလည်း သိတာပဲ။ သူလည်း တသက်လုံး သေနတ်နဲ့လုပ်စားခဲ့သူပဲ။ အာဏာသော့ချက် ဘယ်နားရှိမှန်းမသိရလောက်အောင် တုံးအသူတော့လည်း မဟုတ်တန်ရာ။
လူရွှင်တော်တွေပြောတဲ့ ဒီမယ်ရာမ ဗိုလ်လုပ်ချင်တဲ့ကောင်ဟာ ဗိုလ်သင်တန်းတက်ရတယ်ကွဆိုတာလေး တွေးမိပြီးပြုံးမိတယ်။ ဗိုလ်သင်တန်းလည်းတက်ခဲ့တယ် ဗိုလ်လည်းလုပ်ခဲ့တယ်။ ဒါပေမယ့် တပ်မရှိရင် ဗိုလ်က ကျလို့မှမရတာကိုး။

(ကန်တူးခြင်း)
တောဘဲမောင်နှံ လာလာနေကတည်းက၊ ရေဝပ်ကွက်လေးတွေမှာ ဖားလက်တက်လေးတွေ ဖားစိမ်းစိမ်းလေးတွေ လာဥချကြ ဖားလောင်းငါးလောင်းတွေပေါက်ကြ၊ ရုတ်တရက် နေ ၄-၅ ရက်လောက်ဆက်တိုက်ပူချလိုက်လို့ ရေခမ်းပြီး ဖားဘဝမရောက်ရပဲ မျက့်စေ့ရှေ့တင် ပါးစပ်လေးတွေဟစိဟစိနဲ့ ပိုးလိုးပက်လက်သေကြေကုန်တာ တွေ့ကတည်းက၊ ခြံနောက်ဖက်မှာ ကန်လေးတကန်လောက် တူးကြရအောင်ဆိုတဲ့စိတ်ကူး နှစ်ယောက်လုံးမှာရှိပေမယ့် လက်တွေ့ ဖြစ်မလာခဲ့။
ဒီနွေမှာ မိုးကစံချိန်တင်လုနီးနီးရွာပြီး စိုက်ပျိုးသမျှသီးနှံတွေရေမြုပ်ပြီးဆုံးရှူံးရတော့မှပဲ ဒီနှစ်မှ မတူးရင် ရှေ့နှစ်လည်း ရေဝပ်တဲ့ဒဏ်ကြောင့် စိုက်ပျိုးသမျှမရိပ်သိမ်းရတဲ့အဖြစ် ကြုံရဦးမယ်ဆိုတဲ့အတွေးက ကန်တူးဖို့အဓိကတွန်းအားဖြစ်လာခဲ့ပြီ။ တူးတာတော့ ဟုတ်ပြီ၊ ဘယ်လို တူးမလဲ၊ ဘယ်လောက်ကြီးကြီးတူးမလဲ၊ ဘယ်လောက်နက်နက်လဲ၊ ဘယ်နေရာတူးမလဲ စတာတွေသာတွေးကြစိတ်ကူးကြ စီမံချက် ချကြပေမယ် ကန်ထဲမှာဘာမွေးမလဲ ဘာထည့်မလဲဆိုတဲ့စိတ်ကူးတော့ နှစ်ယောက်လုံးကိုယ်စီရှိပေမယ် ပြောဖြစ်တဲ့ဆီမရောက်ခဲ့။ စိတ်ကူးတူမှာလို့ နှစ်ယောက်ကိုယ်စီတွေးထင်ခဲ့ကြတာလည်း ပါမယ်ထင်ရဲ့။ ခု ပြီးသလောက်ရှိမှ သူက အလှမွေးငါးအကြီးစားတွေထည့်ချင်ပြီး ကိုယ်က ဟင်းစားငါးထည့်ချင်တာဖြစ်နေတယ်။ နောက်ဆုံးတော့ ညှိလို့ရသွားကြတယ်။ ဟင်းစားငါးပဲထည့်ကြမယ်ဆိုပြီး။
ဒီလိုနဲ့ ဘယ်သူ့အကူအညီမှ မတောင်း၊ ဘာစက်ကိရိယာမှမပါ၊ အရွယ်မတူ ပုံစံမတူဂေါ်ပြား ၄ လက်၊ ပေါက်တူးတချောင်း၊ ခြေသုံးဖက် လက်သုံးဖက်နဲ့ ခြံရဲ့ ရေအဝပ်ဆုံးနေရာမှာ ကိုးရက်လောက်ဆက်တိုက်တူးလိုက်ကြတာ နောက်ဆုံးတော့ ကန်ပုံပေါ်လာတာပါပဲ။ ကိုးရက်ဆိုပေမယ့် အချိန်ပြည့် ထိုင်တူးနေကြတာတော့မဟုတ်၊ အပြင်အလုပ် လုပ်စရာရှိတာလုပ်၊ သူလည်း ရုံးတက်ရုံးဆင်း တပတ် နာရီ ၄ဝ အချိန်ပြည့်အလုပ် လုပ်၊ ကိုယ်လည်း ကိုယ်အဆိုင်းမင်န့် အပွိုင်မင်န်တွေမပျက်စေရပဲ ထမင်းဖိုးရှာရင်းပေါ့။ သူပြန်ရောက်တဲ့အချိန် သူနိုင်သလောက်၊ ကိုယ် ပြန်ရောက်တဲ့အချိန် ကိုယ်နိုင်သလောက် မောင်တပေါက် မယ်တကော် ပေါက်ရင်းကော်ရင်းဆိုပါတော့။
ကန်အနက်က ၂ ပေနဲ့ ၈ လက်မ၊ အလယ်တည့်တည့်မှာ ဆောင်းတွင်း ငါးခိုကျင်းက အချင်း ၃ ပေ မရှိတတ်ရှိတတ်၊ အနက် ၁ ပေ လောက်ပေါ့။ ကန်အကျယ်က စတုဂံပုံ မဟုတ်ပေမယ့် ခန့်မှန်းချေ ဆယ်ပေ ၂၅ ပေတော့ ရှိမှာပါ။ ၂ ပေသာသာနက်ရင် အောက်ကလည်း ရွှံ့စေးဖြစ်ရင် တနွေလုံး ရေမခမ်းအောင်ထိမ်းထားနိုင်တာကိုး။ တခါ ဆောင်းတွင်း အပေါ်ယံ တပေလောက်ရေခဲပေမယ့် အောက်ပိုင်းရေက မြေအနွေးဓာတ်နဲ့ ရေမခဲသမို့ ငါးတို့ရှင်သန်နိုင်လေတော့ ခုတူးလိုက်တဲ့အနေအထားက သိတ်ပူစရာမလိုမယ့်သဘောပါပဲ။
ကန်အတွင်းပိုင်းကိစ္စ တူးတာကော်တာ ကန်အခြေညှိတာ ဘာတာညာတာတွေကတော့ လက်စသတ်ပြီ။ ဒါပေမယ့် မြင်တဲ့အတိုင်းပဲ တူးထုတ်လိုက်လို့ ထွက်လာတဲ့မြေစာတွေကတော့ တောင်လိုပုံမို့မောက်နေတာကလား။ ရှစ်လက်မလောက်အမြင့် ၂ ပေခွဲလောက်အကျယ် ကန်ပေါင်လေးလုပ်မယ်။ ကန်ပေါင်အပေါ်နဲ့အပြင်ဘက်အခြမ်းမှာတော့ သားမွေးကောင်းတဲ့မြက်နုနုတွေစိုက်ပြီး အတွင်းကန်ပေါင်နဲ့ ရေအစပ်မှာ Cat Tail ကြောင်မြီးလို့ခေါ်တဲ့ မြက်စိမ်းရှည်ကြီးတွေ စိုက်မယ်။ ကန်ပေါင်မြေလည်းထိမ်းပြီးသား ငါးလေးဖားလေးတွေလည်း အရိပ်ရ၊ အဖျားမှာကြောင်မြီးပွကြီးလို မြက်ပွင့်လုံးရှည်ကြီးတွေနဲ့ လေယူရာယိမ်းနေမှာ မျက်စေ့ထဲမြင်ကြည့်တာပါပဲ။ ကြာဖြူကြာနီလေးတွေ ထည့်ချင်ပေမယ့် ကန်သေးသေးမယ် အပွားမြန်ပြီးပြည့်ပြည့်ကုန်လို ခနခနရှင်းရဆယ်ရမယ့်ဒုက္ခတော့ ရှောင်ချင်ကြတာနဲ့ ကြာထည့်မယ့်အတွေး ရပ်လိုက်ကြရတယ်။
ကန်ကြမ်းတော့ စခမ်းသိမ်းပြီ။ မနက်ဖြန်ကစပြီး ကန်ချောလောင်းရတော့မှာပါလား။ ကန်ပေါင်နား နှစ်ယောက်သားရပ်ရင်း အမောဖြေကြရင်း ကန်ချောလောင်းဖို့ကိစ္စပြောနေတုန်း ကန်ရေစပ်စပ်ထဲကို ဖားလေး ၂ ကောင် ရှေ့ဆင့်နောက်ဆင့် ပလုံ ပလုံနဲ့ ခုန်ချလာပါရောလား။ မိတ္ထီလာကန်တော်အောက်က မျက်လုံးရယ် ကြောင်တောင်တောင်နဲ့ ဖားကောင်ကသေးလား၊ ရေအိုင်အိုကြီးပါ၊ ဖားလေးတကောင် ခုန်ဆင်းသွား၊ ပလုံရေသံမြည် ဆိုလေသလား။ ဘာပဲဖြစ်ဖြစ် ဒါလေး ၂ ကောင်ဟာ အဦးဆုံးခိုဝင်လာသူတွေမို့ ဝမ်းပမ်းတသာကြိုဆို ထိုက်တာပဲ။ ကူးကခပ်ကြ ပျော်ကြမြူးကြ ပေါက်ကြဖွားကြပါစေ။
တကယ်တော့ သူတို့လည်း ကျနော်တို့နည်းတူ ကမ္ဘာမြေရဲ့ဧည့်သည်တွေမဟုတ်လား။ ချစ်ချစ်ခင်ခင် ရင်းရင်းချာချာနေကြဖို့သာပါပဲ။
(သြဂတ်စ် ၁၆၊ ၂ဝ၁၅)

(ပဲကြီးလှော်ကြိုက်တဲ့သားအမိ)
အမေ့ ၈၃ နှစ်မွေးနေ့မှာ အမှတ်တရတခုခုပြောချင်လာလို့ပါ။ လူအတော်များများက ကျနော်ဟာ အမေတူသားလို့ပြောကြတယ်။ ဟုတ်မယ်လို့လည်း ယုံပါတယ်။ လူတော်များများမသိတဲ့ အမေနဲ့တူတာတခု ကျနော့်မှာရှိသေးတယ်။ အဲ့ဒါက ငယ်ငယ်လေးကတည်းက ကျနော်ဟာ ပဲကြီးလှော်အလွန်ကြိုက်တဲ့ကောင်။ ဘယ်လောက်ကြိုက်သလဲဆို ခြင်ထောင်ထဲအထိသွင်း ခေါင်းအုံးအောက်ထားပြီး မအိပ်မခြင်း စားတတ်တဲ့ကောင်။
စာရေးလေးကုန်ခြောက်ဆိုင်(ခုတော့ ဖိုက်စတားကုန်စုံဆိုင်ကြီး)မှာ တခုခု သွားဝယ်ခိုင်းရင် ရာဝင်စဥ့်အိုးကြီးထဲကနေ ပဲကြီးလှော်လက်တဆုပ်တော့ အနည်းဆုံးနှိုက်ခဲ့တာချည်းပဲ။ တခါတလေ ထညက်တောင်ပါသေး။ ခိုးစရာမလိုဘူး။ စာရေးလေးဆိုင်က ကလေးတွေဈေးလာဝယ်ရင် ကလေးကမသိတောင် ပဲကြီးလှော်အိုး လက်ညှိုးထိုပြပြီး လက်ဟန်နဲ့ နှိုက်နှိုက်လို့ပြတဲ့ဆိုင်။ အမေက ဘာလေး ဝယ်ခိုင်းဝယ်ခိုင်း နီးတဲ့ဆိုင်တွေမှာရတောင် မဝယ်ပဲ စာရေးလေးဆိုင်ပဲ ခြေအညောင်းခံပြီးသွားဝယ်တာ ကျနော်က။ ပဲကြီးလှော် အလကားရသကိုး။
ဟိုး လေးငါးပတ်လောက်က မရင်နှစ်တို့အိမ်သွားတယ်။ ကျနော်ကြိုက်တဲ့ “သခွားသီးရင့်နဲ့ ပုဇွန်ဆိတ်လေးတွေ အရည်သောက်လေးချက်တယ် လာစား”လို့အမေခေါ်တာနဲ့ သွားစားတယ်။ နေ့လည်လည်းကြရော ကျနော်က ထမင်းစားပွဲမှာ ကွန်ပြူတာတလုံးနဲ့။ အမေက ကျနော်နဲ့မျက်နှာချင်းဆိုင်မှာထိုင်လို့ ပဲကြီးလှော်တွေ တဖြောက်ဖြောက် ဝါးနေတယ်။ အွန်လိုင်းကစာတွေဖတ်နေတုန်း အမေ့ပဲကြီးလှော်ဝါးသံတဖြောက်ဖြောက်က တချက်တချက် အနှောင့်အယှက် အတော်ဖြစ်တာမှန်ပေမယ့် ဘာမှမပြောမိအောင်ထိန်းပြီးနေတယ်။
ဒါပေမယ့် စိတ်ထဲအတွေးတချက် လက်ကနဲပေါ်လာတယ်။ ကျနော်တော့ ဒီအရွယ်ရောက်တော့ ဒီလောက်ကြိုက်တဲ့ပဲကြီးလှော်ကို တတ်နိုင်သမျှ မစားပဲနေတယ်။ မနေနိုင်လို့ သိတ်စားချင်ရင် ပဲကြီးလှော်အာသာပြေ တောင်ကြီးပဲကြော်ပွပွကြီးတွေ ဝယ်စားတယ်။ သွားအနာလည်း မခံချင်သလို သွားတွေတခုခု ထပ်ဖြစ်မှာလည်းစိုးတယ်။ မိုင်းထိတုန်းက ရှေ့သွားတချောင်း အရင်းကနေပြတ်ထွက်သွားတာ၊ အတွင်းကသွားတချို့ ပဲ့ထွက်ကုန်တာတွေအပြင် ခုထိ ပါးစောင်နဲ့သွားဖုံးတွေမှာ မိုင်းစသေးသေးလေးတွေ တပုံကြီးရှိသေးတယ်။ ရောက်စက သွား Clean တော့ သွားတွေတချောင်းချင်းရော အကုန်လုံးရော ဓာတ်မှန်တွေတပုံကြီးရိုက်ရတယ်။ သွား မ Clean ခင် ဆရာဝန်က ဓာတ်မှန်တွေဖတ်ရင်း မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ “အဲ့ဒါတွေက ဘယ်လိုဖြစ်တာလဲ။ သတ္တုစလေးတွေပါလား”ဆိုလို့ ရှင်းတောင်ပြရသေးတာ။ ထားပါတော့လေ။
အဲ့လို ကိုယ့်အကြောင်းကိုယ်တွေးမိတော့ အမေ့ကို “အမေရယ် ပဲကြီးလှော်တွေ ဝါးနေလိုက်တာ သွားတွေလည်း ပဲ့ပက်ထွက်ကုန်ပါဦးမယ်”လို့ ပြောမိတယ်။ အမေက “အမေ့မှာ နှုတ်ထားတဲ့သွား ၂ ချောင်းကလွဲလို့ ကျန်တဲ့သွားတွေက အကောင်းချည်းပဲ။ ပြီးတော့ ဒီပဲကြီးလှော်က ရွှေကြက်တို့ ဘာတို့လို အစေ့ကြီးကြီး ပွပွကြီးတွေသာ မဟုတ်တာ၊ ရွနေတာ သားရဲ့၊ အဲ့လောက်ရွလို့ အမေဝါးနိုင်တာပေါ့၊ အသံလည်း ဒါ့ကြောင့် အတော်မြည်တာနေမယ်”လို့ပြောပြီး ပဲလှော်လေး တဖြောက်ဖြောက်နဲ့ နာရီတကြည့်ကြည့်နဲ့ သူ့မြေးမ ကစားရာကပြန်လာမယ့်အချိန်ကို စောင့်နေတယ်။
(သြဂတ်စ် ၁၇၊ ၂ဝ၁၅)

(သင်ရခက်တဲ့ကောင်)
“ခုပွဲက ရွှေမန်းနဲ့သိန်းစိန် ငြိကြတာဗျ။ တကယ်လို့ ကျနော်တို့က တယောက်ယောက်ကို ရွေးရမယ်ဆို၊ တဘက်ဘက်ကနေ ရပ်ရမယ်ဆို ဘယ်သူ့ဘက်ကရပ်မလဲဗျ”ဆိုပြီး (ဗမာတိုင်းသိုင်းတတ်ရမည်) ပြောဖူးတဲ့ပုဂ္ဂိုလ်လေးက မေးတယ်ဗျာ။
ပွဲက သူမြင်သလို ရွှေမန်းနဲ့သိန်းစိန်ငြိတာလို့ မမြင်တဲ့အကြောင်းနဲ့ “နှစ်ယောက်စလုံးဟာ တဘက်တည်းကကောင်တွေချည်းမို့ ဘယ်သူ့ဘက်ကမှရပ်စရာမလို ဘယ်အကောင်မှ ရွေးစရာမလို၊ လူထုအကျိုးတိုင်းပြည်အကျိုးနဲ့ယှဉ်ပြီး စစ်အုပ်စုတစုလုံးကို ဆန့်ကျင်တိုက်ဖျက်ရမှာပဲဗျ”လို့လည်း ပြောရော “ခင်ဗျားတို့လိုလူတွေ ဘယ်တော့မှ နိုင်ငံရေးသမားဖြစ်မှာ မဟုတ်ပါဘူး”လို့ မှတ်ချက်လေးနဲ့တကွဆုံးမတယ်ဗျာ။
(သြဂတ်စ် ၁၇၊ ၂ဝ၁၅)

(လူလိုနေပါ့စေ)
မနက်က ပို့စ်တခုမှာတွေ့လိုက်တယ်။ မှတ်မထားမိလိုက်ဘူး။ ဘယ်မြို့မှာဆိုလား ကောင်မလေးတယောက်က ဈေးဝယ်နေတုန်း သင်္ကန်းဝတ်တယောက်က မိန်းကလေးဗိုက်ကိုဓားနဲ့ထိုးသတဲ့။ သေတဲ့အထိစောင့်ကြည့်ပြီးမှ သူ့လည်ပင်းသူ အဲ့ဒီဓားနဲ့ပဲ မွှမ်းသတဲ့။ တချို့ကလည်း အဲ့အကောင်သေပြီတဲ့။ တချို့ကလည်း မသေ သေးဘူးတဲ့။ ကောင်မလေးကို ဓားနဲ့ထိုးပြီး သေမသေစောင့်ကြည့်နေတုန်း အဲ့ဒီ ငနဲက ဓားတရမ်းရမ်းလုပ်နေလို့ ဘယ်လူမှဝင်မဆွဲရဲဘူးဆိုလားမသိဘူး ပါသေးတယ်။
ထားပါတော့ ဘာကိစ္စ ဘယ်အကြောင်းကြောင့် ခုလိုဖြစ်တာ ကိုယ်လည်းမသိပါဘူး။ ပြီးတော့ ဆန်းတဲ့ကိစ္စလည်းမဟုတ်ပါဘူး။ တနေ့တနေ့ ကမ္ဘာပေါ်မှာ လူတွေ သေနေသတ်နေကြတာမှ နည်းလား။ ဆန်းတာက အဲ့ပို့စ်အောက်က ကွန်မန့်တွေ။ ဒါဘုန်းကြီး အစစ်မဟုတ်ဘူးတို့၊ ဒါဘုန်းကြီးအတုပဲဖြစ်မယ်တို့။
ဘုန်းကြီးလည်း လူပဲဟာ၊ လူမှာ အတုအစစ်ရှိလို့လား။ ဘုန်းကြီးကြမှ အတုနဲ့အစစ် ခွဲနေရအောင် ဘုန်းကြီးက လူမဟုတ်တာကြနေတာပဲ။ သူ့ဟာသူ လူသတ်ချင်သတ်၊ မုဒိန်းကျင့်ချင်ကျင့်၊ ဖာတန်းသွားချင်သွား၊ အရက်သောက်ချင်သောက်၊ အပြာကားကြည့်ချင်ကြည့်မှာပေါ့၊ ကိုယ့်အပူ ဘာပါလို့တုန်း၊ သူလည်း လူပဲဟာ။ ခင်ဗျား မကြည်ညိုရင် မကိုးကွယ်နဲ့ပေါ့။ မသဒ္ဓါရင်မလှူနဲ့ပေါ့။
ကိုယ်ကြတော့ လူလုပ်နေပြီး သူ့ကြမှ လူမဟုတ်သလိုလိုတွေပြောလိုပြော ဘုန်းကြီးအတုဆိုပြီး နှိမ်လိုနှိမ်တော့ မလုပ်ကောင်းပါဘူး။
(သြဂတ်စ် ၁၇၊ ၂ဝ၁၅)

(တုစရာရှားလို့)
ကြက်ဥအတုတို့ ဘဲဥအတုတို့ဆိုတာ ဘယ်လိုဟာများလဲဗျ။
ကျနော့် ကြက်မဒန်းလေးတွေ ဥစမ်းချိန်မှာ တင်းထဲမဥပဲ တခြားသွားဥမစိုးလို့ ကြက်ဥအတုလေးတွေဝယ်ပြီး တင်းထဲ ယောင်ပြလေးထည့်ပေးရတယ်။ ဥအစစ်မှတ်ပြီး ဝင်ဝင်ဥရင်း အသားကျသွားတော့မှ တင်းကိုတင်းမှန်းသိသွားတော့မှ ဥအတုကိုပြန်ထုတ် ရေဆေးပြီးပြန်သိမ်းထားရတာ။
ဥအစစ်က တဒါဇင်မှ ၂ ဒေါ်လာခွဲပဲရတာ။ ဒါတောင် အော်ဂဲနစ်နော်၊ အိမ်ကြက်ဥနော်။ ဥအတုကြတော့ ၄ လုံးပါတဲ့ဗူးလေးတဗူးတောင် ၉ ဒေါ်လာပေးရတယ်။ ဒီမှာတော့(ကြက်ဥ) အစစ်ထက် အတုက ပိုတောင်ဈေးကြီးသေး။
(သြဂတ်စ်၂၂၊ ၂ဝ၁၅)