Tuesday, November 10, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၈)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၈)
နယ်စည်းရုံးရေးဟောပြောပွဲများ
ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို နယ်များက ၁၉၆၁ ခုနှစ်၊ မေလပိုင်းမှစ၍ လာရောက်စည်းရုံးဟောပြောပေးရန်နှင့် ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ခွဲများဖွဲ့စည်းပေးရန် ဖိတ်ကြားကြပါတော့သည်။

မြစ်ဝကျွန်းပေါ်ဒေသ (ပုသိမ်ခရိုင်)က ပထမဆုံး ဖြစ်ပါသည်။ ထို့နောက် မြစ်ဝကျွန်းပေါ်ဒေသများဖြစ်သည့် မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ဇလွန်စသည့် မြို့များသို့လည်းကောင်း၊ ပဲခူးတိုင်းအတွင်း မြို့အတော်များများ - (ပဲခူး၊ ပြည်၊ ပေါင်းတည်၊ ရွှေတောင်၊ ကြို့ပင်ကောက်၊ မင်းလှ၊ လက်ပံတန်း၊ သာယာဝတီမြို့များ)သို့လည်းကောင်း၊ မန္တလေးတိုင်းအတွင်းလည်း မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း စသည့်မြို့များသို့လည်းကောင်း၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်စသည့် မြို့ကြီးများသို့လည်းကောင်း ထိုနှစ် တနှစ်လုံးနှင့် ၁၉၆၂ ခုနှစ် နှစ်ဆန်းပိုင်းအထိ မရပ်မနားလှည့်လည်သွားခဲ့ရပါသည်။

ကျွန်တော်မှာ တရုတ်ဖြူကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားကော်မတီဥက္ကဋ္ဌလည်းဖြစ်နေသဖြင့် ထိုလုပ်ငန်းမှာလည်း ပြည်တွင်း ငြိမ်းချမ်းရေးနှင့်လည်းဆက်စပ်နေသဖြင့် နယ်များတွင် ထိုအဖွဲ့နှစ်ဖွဲ့ကို တဖွဲ့တည်းလိုပင်သဘောထား၍ လှုပ်ရှားခဲ့ကြရပါသည်။

နယ်များတွင် ကျွန်တော်တို့သည် ည - လူထုတရားဟောပွဲများပြုလုပ်ကာ ပြည်သူလူထုကြီးအား ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောင်းဆို တိုက်ပွဲဝင်ရန်လှုံ့ဆော်စည်းရုံးဟောပြောရာ တခါတရံ လူထုဆန္ဒပြပွဲကြီးများသဏ္ဌာန် ဖြစ်သွားတတ်ပါသည်။ မြစ်ဝကျွန်းပေါ်က တချို့ဒေသ များမှာ ကျွန်တော်တို့အားလာရောက်ကြိုဆိုသည့်လူထုမှာ ကမ်းလုံးညွှတ်မျှပင် ဖြစ်ပါတော့သည်။ နယ်ဒေသအသီးသီးမှာရှိနေကြသည့် နိုင်ငံရေးသမားများ၊ စစ်ပြန်ရဲဘော်များ၊ ပြည်သူ့ရဲဘော်များ၊ ကျောင်းသားများ၊ လက်လုပ်လက်စားဈေးသည်များ၊ တောင်သူလယ်သမားများ စသဖြင့် အလွှာပေါင်းစုံမှ လူထုများပါဝင်လှုပ်ရှားလာကြပါတော့သည်။

တချို့မြို့များတွင် မြို့လုံးကျွတ်မျှ ထွက်ကြိုဆိုကြပြီး ကျွန်တော်တို့တတွေမှာ မြို့လယ်လမ်းမတလျှောက် လမ်းလျှောက်သွားရပြီး နှုတ်ဆက် ကြရပါသည်။ တချို့မြို့ရွာများတွင် ကျွန်တော်တို့ကိုကြိုဆိုသည့်အဖွဲ့များက ကြွေးကြော်သံများဟစ်ကြွေးပြီးကြိုဆိုရာ လူထုဆန္ဒပြပွဲကြီး၊ လူထု စီတန်းလမ်းလျှောက်ပွဲကြီးသဏ္ဌာန် ဖြစ်သွားပါတော့သည်။

ကျွန်တော်တို့ ညပိုင်းဟောပြောပွဲများပြီးသွားလျှင် တချို့ရွာများက တက်လာသည့်ပြည်သူများသည် မပြန်ကြဘဲ ကျွန်တော်တို့နှင့် တွေ့ဆုံခွင့် တောင်းကာ သူတို့ရဲ့အခက်အခဲပြဿနာများကို တင်ပြပြောဆိုကြရာ တခါတရံ မိုးပင်လင်းသွားတတ်ပါသည်။

ကျွန်တော်သည် ဤညပိုင်း ဆွေးနွေးပွဲများကို အလွန်ပင်သဘောကျခဲ့ပါသည်။ နယ်ပြည်သူလူထုနှင့် ကျွန်တော် ပထမဆုံးအကြိမ် ရင်းနှီးစွာ နီးကပ်စွာတွေ့ဆုံထိတွေခဲ့ရပါသည်။ ဤလိုမျိုး ပြည်သူလူထု၏ ယုံကြည်ရင်းနှီးမှုအပြည့်ဖြင့် မိမိအား သူတို့စိတ်ဆန္ဒ၊ ခံစားချက်များကို ဖွင့်ဟ ပြောဆိုခြင်းခံရသော မည်သည့်မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်မဆို ထိုပြည်သူလူထုကြီးကို မေ့ပျောက်နိုင်ခြင်းလည်းမရှိ၊ သူတို့၏ဆင်းရဲဒုက္ခကို ဖြေရှင်းပေးလိုစိတ်၊ စာနာစိတ်ကိုလည်း မေ့ပျောက်နိုင်ခြင်းမရှိဘဲ ထိုပြည်သူများအတွက် ဘာပဲပေးဆပ်ရပေးဆပ်ရ၊ ပေးဆပ်ချင်သည့် သန္နိဋ္ဌာန်မှာ ပိုမိုခိုင်မာ၍ပင်လာပါတော့သည်။ ပြည်သူလူထုသည် ဤမျှပင် အစွမ်းထက်ပါသည်။

ပြည်သူလူထုသည် ငြိမ်းချမ်းရေးကို လှိုက်လှိုက်လှဲလှဲ လိုလားကြပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးသည် သူတို့၏ အဓိကပြဿနာဖြစ်နေသည် ဆိုသည်ကိုလည်း သဘောပေါက်ကြသည်။ စီးပွားရေး၊ နိုင်ငံရေးနှင့် သူတို့၏ကိုယ်ရေးကိုယ်တာပြဿနာအားလုံးသည် ဤငြိမ်းချမ်းရေး ပြဿနာပေါ်တွင်တည်ရှိနေကြောင်း ပြောဆိုကြပါသည်။ မြစ်ဝကျွန်းပေါ်တွင် ကရင်အမျိုးသားများနှင့်လည်းတွေ့ခဲ့ရာ ပြည်တွင်းငြိမ်းချမ်း ရေးနှင့်ပတ်သက်ပြီး သူတို့က လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးအနေနှင့် ဆက်တိုက်အောင်မြင်အောင် ဆောင်ရွက်ဖို့နှင့် သူတို့အဖို့ ပြည်တွင်းစစ်ကြောင့် ရွာပျက်လျှင် မြို့ကိုကပ်နိုင်သူများမဟုတ်၍ အလွန်ဒုက္ခရောက်ကြရကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးရအောင်ကြိုးစားကြပါလို့ အလွန်လှိုက်လှဲစွာ ပြောဆိုခဲ့ကြပါသည်။ ထို့ပြင် ကျေးလက်ဒေသများမှ ပြည်သူလူထု၏ ဆင်းရဲ ကျပ်တည်းမှုများသည် ကျွန်တော်တို့ထင်တာထက် အများကြီး ပိုမိုဆိုးဝါးတာတွေ့ရပါသည်။ ပြည်သူလူထုသည် ထို ၁၃ နှစ်ကျော်ကာလ အတွင်း သူပုန်အမည်တပ်ပြီး ဖြစ်ပွားခဲ့သော အဖိအနှိပ်၊ အထုအထောင်း၊ အခက်အခဲများကြားတွင် ကြီးစွာသောဇွဲနှင့် ရပ်တည်ခဲ့ကြရပါသည်။ ထို့ပြင် ကျေးလက်လူထုသည် အပြုတ်တိုက်ရေးဆိုတာကို အလွန်ရွံမုန်းပြီး၊ မနှစ်သက်တာကိုလည်း တွေ့ရပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့၏ နှစ်ဦးနှစ်ဖက်ဆွေးနွေးညှိနှိုင်း အဖြေရှာ၍ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးကြွေးကြော်သံကို ထောက်ခံကြခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ ဤကဲ့သို့ လှည့်လည်ဟောပြောရာတွင် ကျွန်တော်နှင့်အတူ ပုဂ္ဂိုလ် ၃-၄ ဦး အလှည့်ကျ လိုက်ပါကြပါသည်။ အများစု ပါကြသူများမှာ စာရေးဆရာကြီးဗန်းမော်တင်အောင်၊ ကျောင်းသားခေါင်းဆောင် ဦးလှဝင်း (နောင် မဆလခေတ် အထူးအရာရှိ)၊ ပြည်သူ့ရဲဘော် ခေါင်းဆောင်ဟောင်းများဖြစ်ကြသော ဗိုလ်အုန်းတင်နှင့်ဗိုလ်အောင်နိုင်၊ ဦးသန့်ဇင် (တော်ဘုရားလေး)၊ ကျုံမငေး သခင်တင်မောင်စသူတို့ ဖြစ်ကြပါသည်။ တခါတရံ ရှေ့နေကြီးဦးထွန်းတင်လည်း ပါတတ်ပါသည်။ ကျွန်တော်တို့သည် နယ်များတွင် ညတရားပွဲများကျင်းပရုံမက ထိုနယ်များတွင် ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ခွဲလေးများကိုလည်း ဒေသခံနိုင်ငံရေးသမားများကိုအခြေခံ၍ ဖွဲ့စည်းပေးခဲ့ကြပါသည်။

ကျွန်တော်တို့တတွေ ဤကဲ့သို တိုင်းပြည်တဝန်း လှည့်လည်စည်းရုံးဟောပြောလုပ်ဆောင်ရာတွင် ပြည်သူလူထုအများစုမှာ တခဲနက်ကြိုဆို ထောက်ခံအားပေးကြသော်လည်း၊ မနည်းလှသော အနှောင့်အယှက်၊ အဖျက်အဆီးများကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသည်။ ကျွန်တော်တို့အားဖိတ်ခေါ်သည့် အဖွဲ့ထဲတွင်ရော၊ ကြိုဆိုဧည့်ခံသည့်အဖွဲ့ထဲတွင်ရော၊ တက်ရောက်လာသည့် လူထုပရိသတ်အတွင်းတွင်ရော၊ လမ်းခရီးတလျှောက်မှာရော အထူးထောက်လှမ်းရေးများ၊ စုံထောက်များ၊ သတင်းပေးများ ပါနေတတ်ပါသည်။

ထိုသူများက ကျွန်တော်တို့၏ခရီးစဉ်များ အဆင်မပြေ၊ မချောမွေ့ရန်၊ အဖုအထစ်များဖြစ်ရန်၊ လူထုက ကျွန်တော်တို့အား ပြဿနာများ မတင်ပြရဲရန် အမျိုးစုံနှောင့်ယှက်ကြပါသည်။ တခါတရံ လူထုတရားဟောပြောပွဲများတွင်တပ်ဆင်သည့် စကားပြောခွက်များ အသံ မထွက်တထွက် ဖြစ်နေစေရန်မျိုး၊ တရားပွဲအနီးတွင်ကပ်၍ အငြိမ့်ကတာမျိုး၊ တရားပွဲကျင်းပရန်နေရာ ကျယ်ကျယ်ဝန်းဝန်းမရအောင် လုပ်တာမျိုး၊ အဆောက်အအုံ (ဥပမာ-ရုပ်ရှင်ရုံများ)များ မငှားရမ်းရဲအောင် ပိုင်ရှင်များအားခြိမ်းခြောက်တာမျိုးစသဖြင့် နည်းလမ်းပေါင်းစုံနှင့် နှောင့်ယှက်ကြပါသည်။

သို့သော် ပြည်သူများက ဒါတွေအားလုံးကို အန်တုရဲပါသည်။ ကျွန်တော်သည် ဤခရီးများသွားနေစဉ်အတွင်း ကျွန်တော် မသိသော ပြည်သူ အများအပြား၏ အကူအညီ၊ ထောက်ခံမှုများကို မရေမတွက်နိုင်အောင် ရရှိခဲ့ပါသည်။ တချို့သူများသည် ကျွန်တော့်နားကပ်၍ “ဘယ်သူဟာ စုံထောက်၊ သူ့ကို သတိထားပါ”ဆိုသည့်စကားမျိုး။ “နောက်တွဲမှာ စစ်စုံထောက်နှစ်ယောက်ပါတယ်” ဆိုသည့်သတင်းမျိုး။ “ဘယ်သူကတော့ ဘယ်တုန်းက သစ္စာဖောက်ဖူးတယ်”ဆိုတာမျိုး ပြောကြပါသည်။ တချို့စာလိပ်ကလေးများ အိတ်ထဲထည့်ပေးလိုက်ပါသည်။ ကျွန်တော့်နား တိုက်ရိုက်မကပ်နိုင်သော်လည်း ကျွန်တော့်နားပါသည့်တဦးဦးကို ပြောဆိုတတ်ကြပါသည်။ ဤနည်းဖြင့် ကျွန်တော်တို့သည် ထောက်လှမ်းရေး များ၏ အန္တရာယ်၊ မိမိတို့အတွင်းဝင်၍လှုပ်ရှားနေသောသူများ၏အန္တရာယ်မှ အတော်အတန်လွတ်ကင်းခဲ့ကြရပါသည်။ နောက်ပိုင်းတွင်လည်း ဤအဖြစ်အပျက်မျိုး အများအပြား ကြုံခဲ့ရပါသည်။

ယခုနောက်ပိုင်း ကျွန်တော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်းများကို နိုင်ငံခြားရောက် ဗမာလူမျိုး များနှင့် တွေ့ဆုံဆွေးနွေးရင်း “တချို့လူများက ဒေါ်အောင်ဆန်းစုကြည်က သိပ်လူကဲခတ်တော်တယ်။ တချို့ထောက်လှမ်းရေးတွေ၊ သူလျှိုတွေ ဆိုရင် သူအရင်သိတတ်တယ်”လို့ ပြောကြပါသည်။ ဤတွင် ကျွန်တော်စဉ်းစားမိသည်မှာ သူ့ကိုလည်း ကျွန်တော့်ကို ပြည်သူတွေက အနားကပ် ပြောကြသလိုပြောတာလည်းပါနိုင်ကြောင်း ထင်မြင်မိပါသည်။ နောက်တကြောင်း ကျွန်တော်စဉ်းစားမိသည်မှာ ကျွန်တော်တို့ လှုပ်ရှားလုပ်ကိုင်နေသောနိုင်ငံရေးမှာ ပြည်သူလူထုအတွက်၊ လူထုအကျိုးစီးပွားအတွက်ဖြစ်လေရာ လူထုကိုဆန့်ကျင်သော၊ လူထုကို ရန်သူလိုသဘောထားသောသူများ (ဥပမာ-ထောက်လှမ်းရေး၊ သူလျှို၊ သတင်းပေးများ)၏ အပြောအဆို၊ အပြုအမူများမှာ ဘယ်လောက်ပင် ဟန်ဆောင်ကောင်းစေကာမူ၊ တကွက်မဟုတ်တကွက်မှာ ပေါ်လာတတ်ပါသည်။ ကျွန်တော့် အတွေ့အကြုံအရတော့ အထူးသဖြင့် လူထု၏ ဒုက္ခဝေဒနာကို မခံစားနိုင်၊ မစာနာနိုင်နှင့် လက်လွတ်စပယ်ပြောတတ်ဆိုတတ်၊ လုပ်တတ်ကိုင်တတ်သူများသည် လက်ရှိထောက်လှမ်းရေး သော်လည်းကောင်း၊ နောင်တနေ့ ဖောက်ပြန်သွားသူများသော်လည်းကောင်း ဖြစ်နေတတ်ပါသည်။ ဗမာပြည်နိုင်ငံရေးမုန်တိုင်းကလည်း အလွန်ပြင်းထန်လေရာ အခြေခံစိတ်များ တကွေ့မဟုတ်တကွေ့ ဖျတ်ခနဲဖျတ်ခနဲပေါ်လာတတ်ပြီး အဆင့်တဆင့်ရောက်သည့်အခါ သစ္စာဖောက်များ ဖြစ်သွားကြပါတော့သည်။ နိုင်ငံရေးခံယူချက်ပြတ်သားပြင်းထန်ပါက၊ သတိအလွန်ထားပါက အတော်စောစောကပင် လူတယောက်၏စိတ်နေစိတ်ထားကို အကဲဖြတ်နိုင်ပါသည်။ သို့သော်လည်း ကျွန်တော်၏အကဲဖြတ်ချက်များ တခါတရံ မှားယွင်းတတ်သည် လည်း ရှိပါသည်။


ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၇)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၇)
ထိုစဉ်က ဝန်ကြီးချုပ်ဦးနု အမေရိကန်နယ်ချဲ့ကို ဘယ်လိုမျက်နှာလုပ်သည်ကို ကျွန်တော့်ကိုယ်တွေ့တခု ပြောပြလိုပါသည်။

၁၉၅၄ - ၅၅ ခုနှစ်၊ ကျွန်တော်တို့ တရုတ်ဖြူတိုက်ခိုက်ရေးစစ်ဆင်ရေးများ လုပ်နေစဉ်ကာလတွင် ဝန်ကြီးချုပ်ဦးနုက ရှေ့တန်းက ရဲဘော်များအား မေးမြန်းအားပေးစကားပြောကြားရန် ကျွန်တော်တို့ ရှေ့တန်းဌာနချုပ်ရုံးစိုက်ရာ မိုင်းဆတ်သို့ တပ်မတော်လေယာဉ်ငယ် တစင်းနှင့် ရောက်ရှိလာပါသည်။ ကျွန်တော်တို့က တပ်များကိုတန်းစီပေးပြီး ဦးနုကို သြဝါဒစကားပြောကြားရန် တောင်းဆိုရပါသည်။

ဦးနုက တပ်မတော်သားများကို စိတ်ဓာတ်ထက်သန်စွာ၊ သူရသတ္တိပြောင်မြောက်စွာဖြင့်တိုက်ခိုက်ကြရန် တိုက်တွန်းပြီး၊ သူရဲကောင်းတဦးကို ဥပမာပေး ပြောကြားသွားပါသည်။ သူဥပမာပေးပြောကြားသည့်သူရဲကောင်းမှာ ဂျော့ဝါရှင်တန် ဦးဆောင်တိုက်ခိုက်ခဲ့သည့် အမေရိကန် လွတ်လပ်ရေးတိုက်ပွဲအတွင်းက အမေရိကန်သူရဲကောင်းလေးတယောက်အကြောင်း ဖြစ်ပါသည်။

အမေရိကန် အားပေးကူညီမှုဖြင့် ဗမာပြည်အားကျူးကျော်လာသည့်တရုတ်ဖြူများအား အရိုးကြေကြေအရည်ခမ်းခမ်း တိုက်ခိုက်ရမည့်သူများကို အမေရိကန်သူရဲကောင်းအကြောင်း အသားပေးပြောကြားသည့်ဦးနုအပေါ် ကျွန်တော်တို့တတွေ အတော်ပင် စိတ်ဆိုးဒေါသထွက်မိကြသည်။ နောက်မှ တွက်မိသည်မှာ ဦးနုက အမေရိကန်အစိုးရကို မျက်ဖြေစကားပါးလိုက်တာပဲဟု တွက်ဆမိ ပါတော့သည်။

ထိုကဲ့သို့ နယ်ချဲ့သမားများကို မျက်နှာလုပ် အကြိုက်ပေးဆက်ဆံရသည့် ဖဆပလအစိုးရသည် ဒီမိုကရေစီကိုလည်း ဖိနှိပ်လာရပါသည်။ ကျွန်တော်တို့လွတ်လပ်ရေးရပြီးလျှင် ဒုတိယအဆင့်မှာ ဒီမိုကရေစီတည်ဆောက်ရေး၊ ထွန်းကားရေးပင်ဖြစ်ပါသည်။ တကယ်တော့ ပြည်သူများ၏လွတ်လပ်ရေးမှာ ဒီမိုကရေစီအခွင့်အရေးများမရှိလျှင် အဓိပ္ပာယ်မရှိပါ။ ပြည်သူလူထုအနေနှင့် မိမိတို့အကျိုးအတွက် လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်၊ စည်းရုံးခွင့်၊ လုပ်ဆောင်ခွင့်နှင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်များ ရှိရပါမည်။ ဤသည်များမှာ ပြည်သူများ၏ အခြေခံအခွင့်အရေးများ ဖြစ်သည်။ ကျွန်တော်တို့သည် ကိုလိုနီဘဝတွင် ဤအခွင့်အရေးများကို နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ လွတ်လပ်ပြီးရင်တော့ ထိုအခွင့်အရေးများအပြည့်အဝရရှိဖို့ မျှော်လင့်ခဲ့ကြပါသည်။ ရရှိဖို့ လိုလည်းလိုအပ်ပါသည်။ ထိုဒီမိုကရေစီအခွင့်အရေးများရရှိမှသာလျှင် မိမိတိုင်းပြည်၏အမျိုးသားစီးပွားရေးနှင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများကို ပြည်သူ လူထုကြီးတရပ်လုံး တက်ကြွစွာပါဝင်လာအောင် လှုံ့ဆော်စည်းရုံးနိုင်မည် ဖြစ်ပါသည်။ နယ်ချဲ့အမှီခိုကင်းသည့် အမျိုးသားစီမံကိန်း စီးပွားရေးကြီးများကို ပြည်သူလူထု၏ များပြားလှသော တီထွင်ဖန်တီးနိုင်သောအတွေ့အကြုံ အရည်အချင်းများကို အားကိုးအမှီပြု၍ အောင်မြင်ကျယ်ပြန့်စွာ ဖော်ထုတ်နိုင်မှာ ဖြစ်ပါသည်။

သို့သော် ပြည်သူလူထု၏အကျိုးကို ကိုယ်စားမပြုဘဲ နယ်ချဲ့နှင့်ပေါင်းကာ ကိုယ်ကျိုးစီးပွားရှာ ချမ်းသာလာကြသည့် အုပ်စိုးသူ ဖဆပလအစိုးရသည် ဖိနှိပ်ရေး ဥပဒေအမျိုးမျိုးကို ပိုမိုဆိုးဝါးစွာ တိုးချဲ့အသုံးချလာပါသည်။ တိုးတက်တဲ့နိုင်ငံရေးသမားများ၊ သတင်းစာ ဆရာများ၊ စာရေးဆရာများ၊ ကျောင်းသားများစသည့် တိုင်းပြည်၏သားကောင်းရတနာအများအပြားကို နှစ်ရှည်ထောင်ချ နှိပ်စက်ခဲ့ကြပါသည်။

ဤနည်းဖြင့် ဗမာပြည်ကြီးသည် လွတ်လပ်ရေးရပြီးခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်သည့်လုပ်ငန်းများ မလုပ်နိုင်ကြဘဲ၊ ပြည်တွင်းစစ်ချောက်တွင်း ကျကာ အကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်လာရခြင်း ဖြစ်ပါသည်။ ဤပဋိပက္ခတိုက်ပွဲများသည် ကျွန်တော်တို့ ရန်သူနယ်ချဲ့သမားများနှင့် တိုက်လာခဲ့ရသည့်တိုက်ပွဲများ၏အဆက် (တနည်း)အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများ၏အဆက် ဖြစ်ပါသည်။

ကျွန်တော်တို့သည် နယ်ချဲ့နှင့်မစေ့စပ်ဘဲ အပြတ်အသတ်တိုက်ပွဲဝင်ကာ တော်လှန်ရေးနည်းဖြင့် လွတ်လပ်ရေးကိုအရယူကာ၊ နယ်ချဲ့စနစ်မှ လွတ်ကင်းသည့် အမျိုးသားစီးပွားရေးနှင့် ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ခဲ့မည်ဆိုပါက ပြည်တွင်းစစ်ဖြစ်နိုင်စရာ အကြောင်းမရှိပါ။ နယ်ချဲ့ သမားများက ၎င်းတို့၏လက်ဝေခံ ပြည်တွင်းဖောက်ပြန်ရေးသမားများ (ဖဆပလ လက်ယာဂိုဏ်း)ကို အသစ်မွေးမြူပြီး၊ သူတို့အားအသုံးချ၍ ကျွန်တော်တို့နိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်း တလွဲတချော်ဖြစ်သွားအောင်လုပ်လိုက်ခြင်း ဖြစ်ပါသည်။

ဤသည်မှာ ၁၉၄၈ ခုနှစ်က ကျွန်တော်တို့ရခဲ့သည့် လွတ်လပ်ရေးနှင့်ပတ်သက်သည့် ကျွန်တော့်အမြင် ဖြစ်ပါသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲ၊ အမျိုးသားစီးပွားရေးကို မတည်ဆောက်နိုင်ပါ။ ထို့ကြောင့် အရင်းခံပြဿနာ ဖြစ်သည့် တမျိုးသားလုံးစည်းလုံးညီညွတ်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးသည် အလိုအပ်ဆုံးဖြစ်နေသဖြင့် ဤလုပ်ငန်းတွင် ကျွန်တော် ဝင်ရောက်ပါဝင်ခဲ့ရခြင်း ဖြစ်ပါသည်။


Sunday, November 8, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၆)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၆)
ပဉ္စမပိုင်း
ဤနေရာတွင် အကြောင်းတိုက်ဆိုင်လာသဖြင့် ကျွန်တော်တို့ရရှိခဲ့သည့် လွတ်လပ်ရေးနှင့်ပတ်သက်သော ကျွန်တော်၏အမြင်အချို့ကို တင်ပြ လိုပါသည်။

ဤလွတ်လပ်ရေးရဖို့ ကျွန်တော်တို့ဗမာပြည်သူများ တလျှောက်လုံးတိုက်ပွဲဝင်လာရတဲ့ရည်ရွယ်ချက်မှာ နယ်ချဲ့စနစ်အောက်မှ လုံးဝ လွတ်မြောက်သည့် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်သော၊ အမျိုးသားစီးပွားရေးတည်ဆောက်နိုင်သော နိုင်ငံသစ်တည်ထောင်ဖို့ ဖြစ်ပါသည်။ ဤသည်ကို တလျှောက်လုံး တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပါသည်။

သို့သော် ကျွန်တော်တို့ အတောင့်တကြီးတောင့်တခဲ့သည့်လွတ်လပ်ရေးကို ရပြီးနောက် ကျွန်တော်တို့နိုင်ငံတွင် ပြည်တွင်းစစ်မီးကြီး တောက်လောင်ပြီး ပြဿနာပေါင်းစုံနှင့် အကျပ်အတည်းများဆိုက်ရောက်လာပါတော့သည်။ တိုင်းပြည်တည်ဆောက်ရေးကို တညီတညွတ်တည်း တက်ညီလက်ညီမလုပ်နိုင်ကြတော့ဘဲ အချင်းချင်းကွဲပြဲ၊ သတ်ဖြတ်၊ စစ်မက်ခင်းကြရပါတော့သည်။

ဤကဲ့သို့ ဖြစ်ရခြင်း အဓိကအကြောင်းမှာ နယ်ချဲ့သမားနှင့်နယ်ချဲ့စီးပွားရေးစနစ်ကြောင့် ဖြစ်ရပါသည်။ နယ်ချဲ့သမားများသည် လွတ်လပ်ခါစ နိုင်ငံများတွင် တော်လှန်ရေးလမ်းကြောင်းအတိုင်းချီတက်ပြီး အမှီခိုကင်းသောအမျိုးသားစီးပွားရေးစနစ်ထူထောင်မှာကို အလွန်စိုးရိမ်ပါသည်။ ဒီမိုကရေစီ တိုးတက်ထွန်းကားလာမှာ အလွန်စိုးပါသည်။ ဒီမိုကရေစီတိုးတက်ထွန်းကားလာပါက ပြည်သူလူထုကြီးသည် မိမိတို့၏ အကျိုး စီးပွားအတွက် စည်းရုံးလှုပ်ရှားလာကြပြီး နယ်ချဲ့နှင့် အားလုံးအဆက်ဖြတ်တောက်ကာ ကြီးမားတဲ့နယ်ချဲ့ဆန့်ကျင်ရေး ရေစီးကြောင်းထဲမှာ တခဲနက်စုပေါင်းညီညွတ်ပြီး တော်လှန်ရေးကို အဆုံးထိတိုက်ပွဲဝင်ကြမည်ကို သူတို့နားလည်ကြသည်။

ဗမာပြည်တွင် ၁၉၄၅ ခုနှစ် လက်နက်ကိုင် ဖက်ဆစ်တော်လှန်ရေးကြီးနှင့် ၁၉၄၅ - ၄ရ ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော လူထုတိုက်ပွဲကြီးများကို တွေ့ကြုံခဲ့ရပြီးဖြစ်သည်။

ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်လာသည့် ကိုလိုနီနိုင်ငံများ၏ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဒီရေအရှိန်ကြောင့် ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးဖို့ဖြစ်လာသောအခါ လွတ်လပ်ရေးအလံ၊ လွတ်လပ်ရေးသီချင်းစတဲ့ အပေါ်ယံအချက်အလက်ကိုသာပေးချင်ပြီး အနှစ်သာရဖြစ်တဲ့ သူတို့၏စီးပွားရေးကိုထိန်းသိမ်းဖို့ ဆက်လက်တိုးချဲ့နိုင်ဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့ပါတော့သည်။

ထို့ကြောင့်ပင် ဗမာပြည် နယ်ချဲ့သြဇာအောက်က အပြတ်အသတ်ရုန်းထွက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစီးပွားရေးကို တည်ထောင်ချင်ပြီး တကယ်လည်း တည်ထောင်နိုင်စွမ်းရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ သူ့အစိုးရတဖွဲ့လုံးကို လုပ်ကြံသတ်ဖြတ် ပြလိုက်ပါသည်။ ဤလုပ်ကြံမှုသည် ဗမာပြည်ကိုသာမက အမျိုးသားလွတ်မြောက်ရေးများအတွက်ကြိုးပမ်းနေသည့် နိုင်ငံများနှင့် တော်လှန်ရေးသမားများအားလုံးကို နယ်ချဲ့သမားများက ခပ်ကြမ်းကြမ်း ခြိမ်းခြောက်ပြလိုက်ခြင်းလည်း ဖြစ်ပါသည်။

နယ်ချဲ့သမားများက မိမိတို့၏အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်နိုင်သည့် မိမိတို့သြဇာမကိုက်နိုင်သည့် နိုင်ငံငယ်လေးများမှ အမျိုးသား ခေါင်းဆောင်များကို ဤနည်းများဖြင့် လုပ်ကြံသတ်ဖြတ်လာသည်မှာ ယခုတိုင်ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကို ဗမာပြည်နိုင်ငံရေးဇာတ်ခုံပေါ်မှ ဖယ်ရှားပြီးလိုက်သောအခါ ဗြိတိသျှနယ်ချဲ့သမားများ၏ ပြောင်မြောက်လှသည့် နောက် နိုင်ငံရေးအကွက်တကွက် ထပ်ပေါ်ထွက်လာပါသည်။

ဤသည်မှာ ဗမာပြည်သူတွေရဲ့မျက်စိထဲတွင် အင်္ဂလိပ်အလိုတော်ရိ၊ နယ်ချဲ့နောက်လိုက်ဟုပေါ်လွင်ပြီးသားသူများ (ဥပမာ-ဘကြီး ဘဖေတို့) ကို စွန့်ပစ်လိုက်ပြီး ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲအတွင်းက လွတ်လပ်ရေးသူရဲကောင်းများအဖြစ် ပြည်သူက တစုံတရာအသိအမှတ်ပြုထား သူများကို ၎င်းတို့၏လက်ဝေခံအသစ်အဖြစ် မွေးမြူယူလိုက်ခြင်းပင် ဖြစ်ပါသည်။ ဤနည်းဖြင့် ဦးနုနှင့် ဖဆပလအဖွဲ့ကို အာဏာအပ်လိုက်ပါ တော့သည်။ ဦးနုသည် လူမွဲတို့၏ ထွက်ရပ်လမ်းဆိုသောစာအုပ်ကို ဘာသာပြန်ခဲ့မှု၊ သခင်နုအဖြစ် တို့ဗမာအစည်းအရုံးခေတ်တွင် လှုပ်ရှားခဲ့မှု၊ ကိုကြီးနုအဖြစ် ကျောင်းသားခေါင်းဆောင်များအကြား ကျော်ကြားခဲ့မှုစတာများကြောင့် ဗမာပြည်သူလူထုအတွင်းမှာလည်း တစုံတရာသြဇာ ရှိပါသည်။ သို့သော် မိမိရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို သတ်ပြထားခြင်းကြောင့်လည်းကောင်း၊ သူ့ပင်ကိုယ် အခြေခံရပ်တည်ချက်ကြောင့် လည်းကောင်း၊ ဦးနုသည် ပျော့ညံ့ယိမ်းယိုင်ပြီး နယ်ချဲ့အင်္ဂလိပ်ကို အလွန်လိုက်လျောစေ့စပ်ကာ နု-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။

ထိုစဉ်က ကျွန်တော်တို့တတွေ နယ်ချဲ့သမားနှင့်မစေ့စပ်ဘဲ လွတ်လပ်ရေးကို ဆက်လက်အပြတ်အသတ်တိုက်ပွဲဝင်ခဲ့ပါက ပြည်တွင်းစစ် ဖြစ်စရာအကြောင်းမရှိပေ။

သို့သော် နု-အက်တလီစာချုပ် ချုပ်ဆိုလာပြီးနောက် ဤစာချုပ်ကိုလက်ခံသူ၊ လက်မခံသူ ကွဲကြရာက ပြည်တွင်းစစ်ကြီးဖြစ်ပေါ်လာခဲ့ ပေသည်။ ထိုစဉ်က နု-အက်တလီစာချုပ်ကို လက်မခံသူများ၊ ဗြိတိသျှနယ်ချဲ့သမားပေးသောလွတ်လပ်ရေးသည် နိုင်ငံရေးအရပင်ဖြစ်သည်။ စီးပွားရေးအရမလွတ်လပ်ဟု ပြောဆိုမိခဲ့သူမှန်သမျှကို “ကွန်မြူနစ်တံဆိပ်”တပ်ပေးခဲ့ပါသည်။ သက်သက် ဖဆပလအစိုးရကို ဆန့်ကျင်ချင်လို့၊ ဆူပူချင်လို့ဟု သမုတ်ခဲ့ပါသည်။

(၁၉၈၈ ခုနှစ်၊ အရေးတော်ပုံကြီးအတွင်း ကျင်းပခဲ့သည့် မဆလ၏ နောက်ဆုံးအစည်းအဈေးတွင် မဆလပါတီဥက္ကဋ္ဌကြီးဦးနေဝင်းက အင်္ဂလိပ်တွေက ကျုပ်တို့ကိုပေးခဲ့တဲ့လွတ်လပ်ရေးဟာ နိုင်ငံရေးအရလွတ်လပ်တာပဲဖြစ်ပြီး၊ စီးပွားရေးကျတော့ လွတ်လပ်ခွင့်မပေးခဲ့ပါဘူးလို့ ဝန်ခံပြောဆိုသွားတာကို အံ့သြဖွယ်ကြားရပါသည်)
ထိုကဲ့သို့ နယ်ချဲ့သမားနှင့်စေ့စပ်ခဲ့ရသောကြောင့် ကျွန်တော်တို့သည် တိုင်းပြည်လွတ်လပ်ရေးရပြီးသော်လည်း ကိုယ်ပိုင် အမျိုးသား စီးပွားရေးကိုအောင်မြင်အောင် မထူထောင်နိုင်ခဲ့ပါ။ တိုင်းပြည်၏စည်းလုံးညီညွတ်ရေးပြိုကွဲအောင် ဖဆပလ လက်ယာဂိုဏ်းက ပြုလုပ် ခဲ့သည်ကို ယခုအခါ ဦးနုရေးသည့် တာတေစနေသားတွင် အတော်ပြည့်ပြည့်စုံစုံတွေ့ရပါသည်။ တကယ်တော့ ဦးနုသည် ကိုယ်လွတ်ရုန်းပြီး ရေးခြင်းသာဖြစ်ကာ၊ ထိုစဉ်က ဦးနုလည်း အလိုတူအလိုပါပင် ဖြစ်ပါသည်။

ထိုစဉ်က ဗမာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင်ရောက်ရှိနေသည့် ဗမာ့နိုင်ငံရေးခေါင်းဆောင်အားလုံးမှာလည်း အသက်အရွယ် ငယ်ရွယ်နုနယ်ခဲ့ ကြပြီး၊ စိတ်ဓာတ်မာန်မာနတွေကလည်း အပြိုင်အဆိုင်ကြီးမားနေခဲ့ကြပါသည်။ နယ်ချဲ့သမား၏ပရိယာယ်ဝေဝုစ်ကိုလည်း မမြင်နိုင်ခဲ့ကြပါ။ ထို့ကြောင့်ပင် အမျိုးသားညီညွတ်ရေးမှာ ပြိုကွဲသွားရခြင်းဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးပြိုကွဲလျှင် အမျိုးသားစီးပွားရေးကို လွတ်လွတ် လပ်လပ် တည်ဆောက်နိုင်မည်မဟုတ်ကြောင်း ကောင်းကောင်းသိပြီး အမျိုးသားညီညွတ်ရေးကိုလည်းမပြိုကွဲအောင် ထိန်းသိမ်းနိုင်သည့် အမျိုးသားခေါင်းဆောင်အများစုမှာလည်း ထိုအချိန်က လုပ်ကြံခံလိုက်ရပြီးဖြစ်ပေသည်။

ထိုသို့ နိုင်ငံရေးအရ အမျိုးသားညီညွတ်ရေးကြီးပြိုကွဲပြီး ပြည်တွင်းစစ်ကြီးဖြစ်ပေါ်လာသည့်အခါ ကျန်အကျပ်အတည်းပေါင်းစုံလည်း ကျရောက်လာပြီး ဖဆပလအစိုးရမှာ လုံးဝပင် နယ်ချဲ့သြဇာခံ၊ အမှီခိုခံ ဖြစ်သွားရပါတော့သည်။

ဥပမာ - ထိုခေတ်အချိန်က ဗမာပြည်စီးပွားရေးလုပ်ငန်းကြီးများကို ကြည့်ပါ။ ပထမအချက်မှာ နယ်ချဲ့သမားများက ကိုလိုနီဟောင်းက စီးပွားရေးအခြေခံများကို ပုံစံသစ်တမျိုးနှင့်ဆက်လက်ချုပ်ကိုင်ထားသည်။ ဖဆပလအစိုးရအနေနှင့် ဘီ-အို-စီ ကုမ္ပဏီနှင့် နမ္မတူဘော်တွင်း များတွင် ဖက်စပ်လုပ်ရခြင်းဖြစ်သည်။ ထိုလုပ်ငန်းများကိုတန်ဖိုးဖြတ်ပြီး အစိုးရက တဝက်ကိုအစုထည့်ဝင်ပြီး ဖက်စပ်ကုမ္ပဏီထူထောင်ရခြင်း ဖြစ်သည်။ ကျွန်တော်တို့သည် ထိုလုပ်ငန်းများကို ပြည်သူပိုင်လုပ်ရမည့်အစား ကိုလိုနီဟောင်းက နယ်ချဲ့စီးပွားရေးကို တရားဝင်တည်ရှိအောင် ကျွန်တော်တို့က ပြည်သူ့ဘဏ္ဍာငွေအရင်းစိုက်ထုတ်ပြီး လုပ်ပေးခဲ့ကြရပါသည်။ ဤနည်းဖြင့် နယ်ချဲ့သမားများကိုကာကွယ်ပေးပြီး လုပ်ငန်း တိုးချဲ့အမြတ်ယူဖို့အတွက် လုပ်ပေးခဲ့ရပါသည်။

ထို့အပြင် နယ်ချဲ့သမားများကစေလွှတ်ခဲ့သည့် အကြံပေးဆိုသူများ၊ စီးပွားရေးအကူအညီ၊ ကမ္ဘာ့ဘဏ်ချေးငွေစတာများမှာလည်း သူတို့၏ စီးပွားရေးစက်ကွင်းထဲကမလွတ်နိုင်အောင် နှောင့်ယှက်ဖျက်ဆီးသည့်လက်နက်များဖြစ်ပါသည်။

ကျွန်တော်တို့ ဗမာပြည်အနေနှင့် လွတ်လပ်ပြီးတဲ့နောက် တောင်သူလယ်သမားများထံမှရသည့် စပါးများရောင်းရငွေပေါ်မှာ ထိုစဉ်က စပါး ဈေးလည်း အလွန်ကောင်းသည့်အတွက် အမြတ်အစွန်းအလွန်ပင်ရခဲ့ပါသည်။ ထိုအမြတ်များနှင့် ကိုယ်ပိုင်စက်မှုလက်မှုလုပ်ငန်းများ တည်ထောင်နိုင်ပါသည်။

သို့သော် ဒါတွေကို လက်တွေ့အကောင်အထည်မဖော်နိုင်အောင် နယ်ချဲ့သမားများသည် ပြည်တွင်းဖောက်ပြန်ရေးသမားများ၊ မကျွမ်းကျင် သူများ၊ မရိုးသားသူများနှင့် လမ်းလွှဲဖျက်ဆီးခဲ့ကြသည်။ ပြည်သူများရရှိထားသည့်အမြတ်ငွေများ ရေထဲ အလဟမျောသွားအောင် လုပ်ကြ ပါသည်။ ကျွန်တော်တို့၏ ကုဋေနှစ်ရာကျော်ကုန်ကျသည်ဟုဆိုသော ပြည်တော်သာစီမံကိန်းမှာ ဤနည်းဖြင့် လမ်းလွှဲဖျက်ဆီးသည့် နည်းလမ်းဖြစ်သည်။ ထိုစဉ်က ဦးနုက လူတကိုယ်၊ တိုက်တလုံး၊ ကားတစီး၊ လခ ရှစ်ရာကျပ်ဖြင့် ပြည်တော်သာစေရမည်ဟု ကတိပေး ကြွေးကြော်ခဲ့ဖူးပါသည်။

ဖဆပလအစိုးရအနေနှင့် စီးပွားရေးစီမံကိန်းများကိုရေးဆွဲဖို့ အမေရိကန်အကြံပေးများကိုခေါ်ဖိတ်ပြီး စီမံကိန်းများရေးဆွဲခိုင်းရာ အလွဲလွဲ အချော်ချော်တွေဖြစ်အောင် လုပ်ပစ်ကြပါသည်။ အဓိကကုန်ပစ္စည်းထုတ်လုပ်ရေးတွင်မမြှုပ်နှံဘဲ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလမ်းပန်း အဆောက်အအုံလုပ်ငန်းများမှာ ငွေအရင်းအနှီးများမြှုပ်နှံလိုက်ပါသည်။ တကယ်တော့ ထိုကဲ့သို့ လမ်းများဖောက်လုပ်ခြင်းမှာလည်း နယ်ချဲ့ သမားများ၏ စီးပွားရေး၊ ဖိနှိပ်ရေးရည်ရွယ်ချက်များအတွက်ပင် ရည်ရွယ်ပါသည်။ အမျိုးသားစက်မှုလက်မှု ထူထောင်ရေးလုပ်ငန်းများမှာလည်း စေတနာမမှန်တာများကို တွေ့နိုင်ပါသည်။ ဥပမာ- သမိုင်းချည်စက်ကြီးကို ကမ္ဘာ့ဘဏ်ကချေးငွေဖြင့် တည်ဆောက်သည်။ သုံးကုဋေနီးပါး ကုန်ကျသည်ဟုဆိုသော်လည်း ထိုစက်ကြီးမှာ အမေရိကန်နိုင်ငံမှ စက်အဟောင်းကြီးဖြစ်သည်။ ထိုစက်နှင့်လည်ရမည့် ဝါဂွမ်းမှာလည်း အမေရိကန်ဝါဂွမ်းနှင့်မှ အထည်ရက်လုပ်နိုင်သည်။ ထို့ကြောင့် အမေရိကန်မှဝါဂွမ်းကို မှာယူတင်သွင်းရသည်။ ထို့ကြောင့် ဝါဂွမ်းဈေးကို အမေရိကန်က ကြိုက်သလိုကစားနိုင်သည်။ သို့ကြောင့် နှစ်စဉ်အရှုံးပေါ်သည်။ ကမ္ဘာ့ဘဏ်ချေးငွေ အရင်းမပြောနှင့် အတိုးတောင်မဆပ်နိုင်။ ထို့အတူ အင်္ဂလိပ်နှင့်ဖက်စပ်တည်ထောင်သည့် ဘီ-ပီ-အိုင် ခေါ် ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ သံရည်ကြိုစက် စတာများမှာလည်း ဒီလိုပင် ပြဿနာပေါင်းစုံ ပေါ်ပါသည်။
နယ်ချဲ့ဘဏ်တိုက်ကြီးများအားလုံးကိုလည်း ဆက်လက်ဖွင့်လှစ်ထားရှိခွင့်ပြုပြီး၊ ၎င်းတို့၏ ကြီးမားလှသည့်ငွေအရင်းအနှီးများဖြင့် ဗမာနိုင်ငံ စီးပွားရေးထဲတိုးဝင်လာသည်ကို လက်ပိုက်ကြည့်နေခဲ့ကြရပါသည်။

ပြည်တွင်းစစ်ကိုလည်း ဖဆပလက တအားဖိတိုက်နေသဖြင့် လက်နက်ခဲယမ်းမီးကျောက်များဝယ်ယူရန် ငွေမလုံလောက်သည့်အခါ ကမ္ဘာ့ ဘဏ်စသည့် နယ်ချဲ့ဘဏ်အရင်းအနှီးများကိုအားကိုးပြီး အတိုးကြီးပေး ငွေချေးရသည်။ ဝယ်ယူရသည့်ပစ္စည်းများကလည်း နယ်ချဲ့သမား များ၏ လက်နက်ပြိုင်ဆိုင်တပ်ဆင်မှုကြောင့် ခေတ်မမီတော့သည့် (သူတို့အတွက်လည်း အသုံးမကျတော့ဘဲ ပိုလျှံနေသည့်) စစ်လက်နက် ပစ္စည်းများကို သူတို့ကြိုက်ဈေးနှင့် ဝယ်ယူရပြန်ပါသည်။ နယ်ချဲ့သမားများမှာ ဤနည်းဖြင့် ပစ္စည်းအပေါ်မှာရော၊ ချေးငွေအပေါ်မှာပါ နှစ်ထပ် အမြတ်ရကြပါသည်။ ကျွန်တော်တို့ နိုင်ငံများကတော့ မိအေးနှစ်ခါနာ ဖြစ်ရပါ သည်။

ဤနည်းဖြင့် ဖဆပလအစိုးရသည် နယ်ချဲ့သမားနှင့်ပေါင်း၍ စီမံကိန်းအမျိုးမျိုး၊ လိုင်စင်အမျိုးမျိုးထွင်ကာ ဗျူရိုကရက်အရင်းရှင်လူတန်းစား တရပ်ကို မွေးမြူပေးလိုက်ပါတော့သည်။ မိမိကိုယ်ကျိုးစီးပွားတိုးတက်ရေးပေါ်မှာသာ အခြေခံလာကြသဖြင့် ပြည်သူလူထုကို အားမကိုး နိုင်တော့ဘဲ၊ နယ်ချဲ့သမားကိုသာ လုံးဝစီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အားလုံးမှီခိုရသည့်အခြေအနေ ဖြစ်လာပါသည်။ နယ်ချဲ့သမားမျက်နှာသာ ကြည့်နေရသည့်ဘဝ ရောက်ရပါတော့သည်။


နှစ်ဘက်ကြပ် (မျိုးမြင့်ချို)

0 comments
ရွေးကောက်ပွဲရလဒ် ဘာထွက်မယ်ဆိုတာ လူတိုင်း ခန့်မှန်းနိုင်ပါပြီ။ မဲဆန္ဒရှင်တွေဟာ သူတို့ဘာလိုချင် ဘာဖြစ်ချင်ကို အတိအလင်း ထပ်မံဖော်ပြလိုက်ပါပြီ။ တာဝန် အကြိမ်ကြိမ်ကျေပါပြီ။ တာဝန်ကျေရုံထက်မကတဲ့အလုပ်တွေပေါ်လာလည်း ပါဝင်လာဦးမယ့် အရိပ်အမြွက်တွေပြနေပါပြီ။ ဒါ့ကြောင့် ထွက်လာမယ့်ရလဒ်ဟာ စစ်အုပ်စုကိုတင်မက ဒေါ်အောင်ဆန်းစုကြည်နဲ့ဒီမိုကရေစီအင်အားစုတွေအတွက်ပါ အကျပ်အတည်းတချို့ ဖြစ်ပါစေလိမ့်မယ်။ ဒီမိုကရေစီနိုင်ငံတွေကလို နိုင်သူအာဏာအပ် ရှူံးသူထွက်နည်းနဲ့စဉ်းစားရင်တော့ တမျိုးပါ။ ဒီစစ်အုပ်စုကို ဒီနည်းနဲ့စဉ်းစားမရမှန်း လူတိုင်းသိပြီးသားပါ။
လူထုနိုင်ငံရေးရေချိန်ဟာ ၉ဝ ကာလများတုန်းကနည်းတူ မြင့်တက်နေတယ် နိုးကြားနေတယ် သတိရှိနေတယ် ပြင်ဆင်မှုရှိနေတယ် အသင့်ပြင်ထားကြတယ်။ ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော ဝင်ဖူးခဲ့ကြလှပါပြီ။ ဖွဲ့စည်းပုံဖျက်တဲ့အတွေ့အကြုံလည်း ရှိထားကြသလို လူထုတိုက်ပွဲအတွေ့အကြုံနဲ့ နည်းနာတွေလည်း ကြွယ်ဝနေပါပြီ။ ခံနိုင်ရည်ရော လုပ်နိုင်ရည်ရော သတ္တိရောဗျတ္တိပါ အပြည့်နဲ့ပါ။ အနုအကြမ်း အာဏာဖီဆန်နည်း လက်တွေ့တွေတင်မက နိုင်ငံတကာဗဟုသုတတွေလည်း ရှိနေပါပြီ။ ဆက်သွယ်ရေး နည်းပညာနဲ့ မီဒီယာတွေကို ကျကျနနသုံးတတ်နေပါပြီ။ ဒါကို ဒေါ်စုရော စစ်အုပ်စုကပါ ကောင်းကောင်းသိပါတယ်။
၄၃၆ ပြင်ရေး လက်မှတ်တွေ လိုက်ကောက်တုန်းက "ပြင်မပေးရင် ဘာလုပ်မလဲ" လို့မေးတာကို "မရ ရအောင်ပြင်ရမှာပေါ့"တို့ "ပြင်ချင်စိတ်ရှိရင် ပြင်ကြမှာပေါ့"တို့ "ပြင်ရဲတဲ့သတ္တိရှိရမှာပေါ့"တို့လို အဖြေမျိုးမကြားချင်တော့လို ခုလို တခဲနက်ထောက်ခံ ကြတာဖြစ်သလို စစ်အုပ်စုကို ဘယ်လောက်မလိုလားမှန်း မုန်းတီးမှန်း ဆန့်ကျင်မှန်း တိုက်ရိုက်ဖော်ပြချက်လည်း ဖြစ်ပါတယ်။
ကျနော့်အတွေးကတော့ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီပါတီနဲ့ ဒီမိုကရေစီအင်အားစုများအနေနဲ့ ဒီ့မတိုင်ကိစ္စတွေတုန်းကလို စစ်အုပ်စုနဲ့ ကြိတ်ဝိုင်းတွေ လက်သိပ်ထိုးတွေလုပ်ဖို့၊ မြင်းတစီးဓားတလက်နိုင်ငံရေးမျိုး ငါ့လှေငါထိုးနိုင်ငံရေးမျိုးနဲ့ စခန်းသွားဖို့ မလွယ်တော့ပါ။ ခက်သွားပြီလို့ ဆိုချင်ပါတယ်။ ဗြောင်လုပ်ရတော့မယ်။ လူထုကိုအသိပေးပြီးမှ လူထုနဲ့အတူသွားရတော့မယ်။ ဘယ်နှပွင့်ဆိုင် ညာနှပွင့်ဆိုင်နည်းတွေနဲ့ လူထုကိုနားလှည့်ပါးရိုက်တာမျိုးလုပ်ဖို့ ခက်သွားပါပြီ။ ခုပြောလိုက်ရင်နောက်ပြောစရာမကျန်မှာစိုးလို့ဆိုတဲ့စကားမျိုးလည်း ပြောဖို့မလွယ်တော့ပါ။ အာဏာမှမရှိတာ ဘာလုပ်လို့ရမှာလဲလို့ဆင်ခြေပေးမရအောင် "ရော့ အာဏာယူပေတော့" လို့ ထိုးအပ်လိုက်တာပါ။ လူထုနဲ့အင်န်အယ်လ်ဒီ အပြန်အလှန် နိုင်ငံရေးပဋိဉာဉ် ချုပ်ဆိုလိုက်တာပါ။ တိုင်းပြည်ကိုဦးဆောင်ပေတော့လို့ ဒုတိယမ္ပိပြည်သူ့အာဏာ အပ်နှင်းလိုက်တာပါ။ တနည်း တိုတိုပြောရရင် ခေါင်းဆောင်တွေကို ပေးလိုက်တဲ့ လူထုနိုင်ငံရေးဖိအားပါ။
စစ်အုပ်စုဘက်ကလည်း ဒေါ်စုကိုရထားပြီဆိုပြီး သူခိုးရွှေရတပြပြရော၊ ဒီမိုကရေစီပြစားမှုရော ဆက်လုပ်ဖို့ခက်သွားပါပြီ။ (နောက်တမျိုး လှည့်ဖျားဖို့ ဆင်ကြံ ကြံလာမှာပါ။ နိုင်ငံရေးကလိန်ခြုံမှာပါ။ ဘယ်လောက် အောင်မြင်မယ် မအောင်မြင်ဘူးသာ မပြောနိုင်သေးတာပါ) "၂ဝ၁ဝ ရွေးကောက်ပွဲနဲ့တက်လာတဲ့ လူထုရွေးကောက် တင်မြှောက်တဲ့အစိုးရ"ဆိုတဲ့ ဘယ်သူမှ အပြည့်အဝလက်မခံသေးတဲ့တရားဝင်ဖြစ်မှုကို ငမ်းငမ်းတက်လိုချင်နေတုန်းဖြစ်ပေမယ့် ရဖို့ အရင်ကထက် ပိုလို့တောင်ခက်သွားပါပြီ။
ခု ရွေးကောက်ပွဲဟာ လူထုနဲ့ ဒေါ်စုဦးဆောင်တဲ့လက်နက်မဲ့ဒီမိုကရေစီအင်အားစုတွေကြားက အပြန်အလှန် နိုင်ငံရေးပဋိဉာဉ်ဖြစ်သွားပါပြီ။ လူထုကပေးတဲ့ ဖိအားဖြစ်သွားပါပြီ။
လူထုအားနဲ့သာ သမိုင်းကိုဖန်တီးလို့ရသလို၊ လူထုအားကြောင့်ပဲ နိုင်ငံရေးဇာတ်ခုံပေါ်ကနေ မရှုမလှပျောက်ကွယ်သွားကြတာတွေလည်း လူ့သမိုင်းမှာ အထင်အရှားရှိပါတယ်။

နိုဝင်ဘာ ၈၊ ၂ဝ၁၅

Saturday, November 7, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၅)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၅) ပဉ္စမပိုင်း
ထိုမိန့်ခွန်းတွင် ပြည်တွင်းစစ်ဖြစ်ရခြင်းအကြောင်းများ၊ အထူးသဖြင့် နယ်ချဲ့စနစ်၏ သွေးခွဲရေးနှင့်တိုက်ခိုက်ဖိနှိပ်ရေးနည်းလမ်းများကို ဗမာ နိုင်ငံတွင်သာမက တခြားကိုလိုနီနိုင်ငံများ၏အတွေ့အကြုံ အဖြစ်အပျက်များနှင့်ပါ တင်ပြပြောဆိုခဲ့ပါသည်။ ထိုမိန့်ခွန်းအတွင်းမှ တချို့ အချက်များကို ထုတ်နုတ်တင်ပြရသော် -
“ဗမာပြည်တွင် ဗိုလ်ချုပ်ကျဆုံးသွားရခြင်းမှာ နယ်ချဲ့သမားနှင့်တိုင်းရင်းသားသစ္စာဖောက်များ ပူးပေါင်းလုပ်ကြံမှုဖြစ်ကြောင်း အားလုံး သိရှိပြီး ဖြစ်ပါတယ်။ ဒီလို ဗိုလ်ချုပ်ကျဆုံးသွားရတာဟာ ကျွန်တော်တို့တိုင်းပြည်ကို ပြည်တွင်းစစ်ကြီးရဲ့တံခါးဝကို ပို့ဆောင်လိုက်ခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟာ လက်ဝဲအင်အားစုများညီညွတ်ရေးနဲ့ တမျိုးသားလုံးစည်းလုံးညီညွတ်ရေးကို ဆက်လက်ထိန်းသိမ်းကာကွယ်ပြီး ဗမာပြည်မှာ ကြွင်းကျန်တည်ရှိနေတဲ့နယ်ချဲ့စနစ်ကို အပြီးတိုင်စာရင်းရှင်း၊ မောင်းထုတ်ပြီးတော့ ပြည့်စုံတဲ့အမျိုးသားလွတ်လပ်ရေးနဲ့ နယ်ချဲ့အမှီခိုကင်းတဲ့အမျိုးသားစီးပွားရေးထူထောင်ရေးကိုချီတက်သွားနိုင်တဲ့အလားအလာကို နယ်ချဲ့သမားများက သိခဲ့ပါတယ်။ ဒီလိုသာ ချီတက်သွားနိုင်မယ်ဆိုရင် နယ်ချဲ့သမားများဟာ လူပေါင်းသန်း ၂ဝ ရှိတဲ့ ဈေးကွက်က သူတို့အကျိုးစီးပွားအားလုံး လက်လွတ်ဆုတ်ခွာ သွားရမယ် ဖြစ်ပါတယ်။ “

“ဗမာပြည်ကို ဖြိုခွဲရာမှာ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရခြင်းဟာ ပထမအဆင့်သာ ဖြစ်ပါသေးတယ်။ ဒိနောက် ဗြိတိသျှအစိုးရနဲ့ ဗမာအစိုးရတို့ချုပ်ဆိုတဲ့ နုအက်တလီစာချုပ်ဟာ ကျွန်တော်တို့ပြိုကွဲရေးအတွက် ဒုတိယအဆင့်ဖြစ်ပါတယ်။ ဒီစာချုပ်ဟာ ဗြိတိသျှအစိုးရ အပေါ် စေ့စပ်ချုပ်ဆိုရတဲ့အတွက် ဗမာပြည်လွတ်လပ်ရေးနဲ့ နယ်ချဲ့အမှီခိုကင်းတဲ့အမျိုးသားစီးပွားရေး တည်ဆောက်မှုအတွက် တိုင်းပြည်သစ် တည်ထောင်နိုင်၊ မတည်ထောင်နိုင်တို့အပေါ် သဘောကွဲလွဲပြီး ပြင်းထန်တဲ့ ပဋိပက္ခများ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများအကြား ပေါ်ထွက်ခဲ့ပါတယ်။ ဒါကို ပြည်သူတွေကိုတင်ပြစည်းရုံးကြရင်း နိုင်ငံရေးအကျပ်အတည်း၊ ဒီမိုကရေစီအကျပ်အတည်းဆိုက်ရောက်ပြီး ပြည်တွင်းစစ်ကြီး ဖြစ်လာတာပါ။”

“ဒါ့အပြင် အာဏာပိုင်အုပ်ချုပ်သူတွေဟာ အရေးတကြီးဖြေရှင်းရမယ့် လူမျိုးစုရေးရာပြဿနာကိုလည်း မှန်ကန်စွာမဖြေရှင်းနိုင်ခဲ့ဘူး။ နယ်ချဲ့သမားက ဒီအမျိုးသားရေး ပဋိပက္ခများကို သူတို့အကျိုးအတွက် ဝင်အသုံးချခဲ့ကြလို့ ပြည်တွင်းစစ်ကြီးဟာ ပိုနက်ရှိုင်းခဲ့ရတယ်။ အချုပ်မှာတော့ ဒီပြည်တွင်းစစ်ကြီးဟာ နယ်ချဲ့သမားနှင့်တိုင်းရင်းသားဖောက်ပြန်ရေးသမားများကြောင့်ဖြစ်ခဲ့ရခြင်း ဖြစ်ပါတယ်။ “

တခြား လွတ်လပ်ခါစနိုင်ငံများအတွင်း နယ်ချဲ့သမားများ၏ နိုင်ငံရေးနည်းအရသွေးခွဲပုံများကိုလည်း ဥပမာပေးတင်ပြရာမှာ -
- တရုတ်ပြည်ကို ဖော်မိုဆာကျွန်း(ထိုင်ဝမ်)နှင့် အမေရိကန် ၇ နံပါတ်ရေတပ်ကြီးနဲ့ခွဲခြားထားပြီး ကုလသမဂ္ဂမှာ လူဦးရေ သန်း ၆ဝဝ ကျော်ရှိတဲ့တရုတ်ပြည်ကြီးကိုအသိအမှတ်မပြုဘဲ လူဦးရေရှစ်သန်းသာရှိသောဖော်မိုဆာကို အသိအမှတ်ပြုထားပေးပြီး တရုတ်ပြည် နှစ်ပြည်ဖြစ်ဖို့ ကြံစည်နေပုံ။

အိန္ဒိယမှာလည်း ၁၉၄၉ လွတ်လပ်ရေးပေးပြီးနောက် မူစလင်-ဟိန္ဒူခွဲပုံ၊ ပါကစ္စတန်နှင့်အိန္ဒိယခွဲလိုက်ပုံ၊ အရှေ့ပါကစ္စတန်နှင့် အနောက် ပါကစ္စတန်အဖြစ်ထပ်မံခွဲလိုက်ပုံ၊ ကက်ရှမီးယားပြဿနာတန်းလန်းဖြစ်အောင်လုပ်ထားပြီး ဟိန္ဒူ-မူဆလင်ပဋိပက္ခ၊ အဓိကရုဏ်းများကြောင့် လူအများအပြားသေကျေနေရပုံ။

အာရှတိုက်ရှိ ပြင်သစ်၏အကြီးဆုံးအင်ပိုင်ယာကြီးအင်ဒိုချိုင်းနားကို လွတ်လပ်ရေးပေးတဲ့အခါ အစိတ်စိတ်အမြွှာမြွှာတွေ ခွဲပုံ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား ၃ ပိုင်းအပြင်၊ ဗီယက်နမ်ကို မြောက်ပိုင်း၊ တောင်ပိုင်းထပ်ခွဲလိုက်သေးပုံ၊ ယခုလည်း လာအိုကို နှစ်ပိုင်းထပ်ခွဲဖို့ အမေရိကန်က ကြိုးစားနေပုံ။

အာဖရိကမှ ကွန်ဂိုမှာဆိုရင်လည်း ကွန်ဂိုအမျိုးသားခေါင်းဆောင် နယ်ချဲ့ဆန့်ကျင်ရေးသမားလူမွန်ဘာကို သတ်ပစ်ပြီး၊ တိုင်းပြည်ကိုလည်း အစိတ်စိတ်အမြွှာမြွှာ ခွဲပစ်ပုံ။

အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေထဲမှာလည်း နည်းမျိုးစုံခွဲဖို့ကြိုးစားကြပုံ၊ ယခင်ကမရှိခဲ့တဲ့ အစ္စရေးနိုင်ငံကို အာရပ်တွေကြားထဲမှာ တည်ဆောက်ပေးပြီး ပဋိပက္ခတွေအဆက်မပြတ်အောင်ဖန်တီးနေပုံများနှင့် နယ်ချဲ့စနစ်၏စစ်ရေးနည်းများ၊ စီးပွားရေးနည်းများဖြင့် တိုင်းပြည်တိုင်းအား ဝင်ရောက်ခြယ်လှယ်လုပ်ဆောင်နေပုံကို ကျွန်တော် အကျယ်တဝင့်ရှင်းပြပါသည်။
ဒါ့အပြင် တိုင်းပြည်တည်ဆောက်ရေးအတွက် လူထုကိုအားမကိုးဘဲ နယ်ချဲ့ကိုအားကိုတဲ့အစိုးရများဟာ နယ်ချဲ့အကူအညီနဲ့ ချေးငွေများကို ချေးယူပြီး၊ နယ်ချဲ့စီးပွားရေးစက်ကွင်းအောက် နစ်သထက်နစ်ရပုံ၊ နောက်ဆုံး ပြည်သူများက စီးပွားရေးကျပ်တည်း၍ စီးပွားရေးတိုက်ပွဲများ၊ နိုင်ငံရေးလှုပ်ရှားမှုများကြီးထွားလာတဲ့အခါ ထိုလှုပ်ရှားမှုများကို ပါလီမန်ဒီမိုကရေစီမျိုးနဲ့ မထိန်းသိမ်းနိုင်တော့တဲ့အခါ အသင့်ရှိပြီဖြစ်တဲ့ စစ်တပ်များနဲ့ အာဏာသိမ်းကြသဖြင့်၊ ဒီမိုကရေစီခမ်းခြောက်ရပုံများကိုပါ ကျွန်တော်ရှင်းပြပါသည်။

ထို့အပြင် ကျွန်တော်တို့လွတ်လပ်ရေးရပြီးနောက် ဆက်လက်လျှောက်လှမ်းရမည့်လမ်းမှာ ပြည်သူတို့ချမ်းသာဝပြောတဲ့နိုင်ငံဖြစ်ဖို့ နယ်ချဲ့အမှီခိုကင်းတဲ့အမျိုးသားစီးပွားရေးနှင့် ဒီမိုကရေစီတည်ဆောက်ရေးသာဖြစ်ကြောင်း၊ ဤတော်လှန်ရေးလမ်းကြောင်းမှန်အတိုင်းသာ ချီတက်နိုင်ကြမယ်ဆိုရင် ယခုလိုပြည်တွင်းစစ်ကြီးလည်း ပေါ်ပေါက်စရာမရှိကြောင်း၊ ပြည်တွင်းစစ်ကြောင့်ပေါ်ပေါက်လာသည့် အကျပ်အတည်းများဖြစ်သည့် စီးပွားရေးပြဿနာ၊ လူမျိုးစုပြဿနာ၊ ပညာရေးပြဿနာ၊ ဒီမိုကရေစီရေးပြဿနာများ ပေါ်ပေါက်လာစရာ မရှိဘဲ၊ တမျိုးသားလုံး တက်တက်ကြွကြွဖြင့် အမျိုးသားစီးပွားရေးကိုထူထောင်နိုင်မှာဖြစ်ကြောင်းတွေကိုလည်း ပြောပြပါသည်။
ပြည်တွင်းစစ်အတွင်း တိုက်ရိုက်နစ်နာဆုံးရှုံးမှုများကိုလည်း ကိန်းဂဏန်းများနှင့်အတူ ကျွန်တော်တင်ပြပြောဆိုခဲ့ပြီး ပြည်တွင်းစစ်ရပ်စဲရေး နည်းနာများကိုလည်း ဆွေးနွေးပြပါသည်။
စစ်ရပ်စဲရာတွင် ပထမနည်းဖြစ်သည့် အပြုတ်တိုက်ရေး၊ လက်နက်ချရေးလမ်းသည် ၁၃ နှစ်ကျော်သည့်တိုင် ဘာမှမထူးခြားဘဲ၊ ပြည်သူတွေသာ နစ်နာပြီးရင်း နစ်နာနေကြာင်း၊ ဤလမ်းသည် မအောင်မြင်နိုင်ကြောင်း ဘဝပေးအသိနှင့် ပြည်သူတွေကသိနေပြီးဖြစ်သဖြင့် ဒုတိယနည်းဖြစ်သည့် တဖက်နှင့်တဖက် မျက်နှာချင်းဆိုင်ဆွေးနွေးဖြေရှင်းသည့်နည်းလမ်းသာရှိကြောင်း၊ ဤနည်းသည် ပြဿနာများကို ပြေပြေလည်လည်ဖြေရှင်းယူသည့်နည်းလမ်းဖြစ်၍ စစ်ရပ်စဲပြီးသည့်နောက်တွင်လည်း အနာဂတ်ငြိမ်းချမ်းရေးကို ပိုမိုတည်ငြိမ်စေနိုင်မည့် နည်းလမ်းဖြစ်ကြောင်း၊ အနာဂတ်ဒီမိုကရေစီတိုးတက်ဖွံ့ဖြိုးရေးကိုလည်း အကျိုးပြုမှာဖြစ်ကြောင်း။

ထို့ကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့က ပြည်သူတို့အကျိုးအတွက် ပြည်တွင်းစစ်ကို အပြုတ်တိုက်ရေးနည်းမဟုတ်ဘဲ၊ ဆရာကြီးအစဉ်တစိုက်ပန်ကြားခဲ့တဲ့ ဆွေးနွေးဖြေရှင်းယူတဲ့နည်းနဲ့ ပြေလည်အောင် ဖြေရှင်းပြီး ရပ်စဲဖို့ပန်ကြားကြောင်း၊ ယခုအစည်းအဝေးတက်ရောက်လာတဲ့လူပုဂ္ဂိုလ်များဟာလည်း ဘာအခက်အခဲများနဲ့ရင်ဆိုင်ပါရစေ၊ ကျွန်တော်တို့နှင့်အတူလက်တွဲပြီး မဆုတ်မနစ် ကြိုးစားချီတက်လုပ်ဆောင်ကြဖို့ တိုက်တွန်းနိုးဆော်ပါကြောင်း- နောက်ဆုံးနိဂုံးချုပ်အနေနှင့် ပြောဆိုခဲ့ပါသည်။

နောက်ပိုင်းတွင် ကျွန်တော်တို့၏မိန့်ခွန်းများကိုစုပေါင်းပြီး စာအုပ်ရိုက်နှိပ်ထုတ်ဝေကာ နယ်အသီးသီးသို့လည်း ဖြန့်ချိပေးခဲ့ပါသည်။ ဤနည်းဖြင့် ကျွန်တော်တို့အဖွဲ့သည် ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုအတွင်း ပြည်သူလူထုကြီးပါဝင်လာအောင် စည်းရုံးလှုပ်ရှားကြပါသည်။