Saturday, December 19, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၇)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၇)
လေထီးဗိုလ်အုန်းမောင်
လေထီးဗိုလ်အုန်းမောင်မှာ ထောင်သက်ရှည်ရုံမက ကျွန်းလည်း နှစ်ကျွန်း သုံးကျွန်းပြန်ဖြစ်ကာ နောက်ဆုံးမှ ထောင်ကလွတ်လာသူ ဖြစ်ပါသည်။ သူထောင်ကလွတ်လာတော့ ကျွန်တော်တို့တတွေ ဘာနိုင်ငံရေးလှုပ်ရှားမှုမှ လုပ်၍မရတော့ပါ။ တခါတခါ ကျွန်တော့်အိမ်တွင် ဆုံတတ်ကြပြီး ရှေးဟောင်းနှောင်းဖြစ်များသာ ပြောဖြစ်ကြပါသည်။
သူ့ဇနီးလည်း အတော် တော်သည့်အမျိုးသမီး ဖြစ်သည်။ ကိုအုန်းမောင်မှာ ထောင်ကလွတ်လာပြီးလည်း ဘာမှမလုပ်ဘဲ ဇနီးက ဈေးရောင်း ကျွေးတာပဲရှိသည်။ သူတို့တွင် သမီးလေးတယောက်လည်း ရှိပါသည်။
ကိုအုန်းမောင်မှာ အလွန်သဘောသကာယကောင်းပြီး၊ စိတ်နှလုံးနှိမ့်ချသူဖြစ်ကာ စကားလည်း များများမပြောတတ်ပါ။ ကျွန်တော်သည် ၁၉၇၃-၇၄ ခုနှစ်လောက်က သူ့အား ကျွန်တော့်အတွက် ကွန်မြူနစ်ပါတီနှင့်ဆက်ပေးရန်ပြောဆိုရာ သူက ကြိုးစားပေးမည်ဆိုပြီး အထက်ဗမာပြည် တက်သွားပါတော့သည်။ တလကျော်ကျော်အကြာတွင်မှပြန်ရောက်လာပြီး ဘယ်လိုမှ အဆက်မရဟုဆိုလာသဖြင့် ကျွန်တော်လက်လျှော့လိုက်ရပါသည်။
ကျွန်တော် ပါတီထဲရောက်မှသိရသည်မှာ ထိုကာလက ပဲခူးရိုးမ ပြုတ်သွားပြီဖြစ်သဖြင့် ပါတီ၏မြေအောက်လုပ်ငန်းကို အရှေ့မြောက်ဒေသက စုစည်းလိုက်ပြီး အသစ်ပြန်ဖွဲ့စည်းပြုပြင်နေရာ လူဟောင်းများကို ဘယ်သူ့ကိုမှ မဆက်သွယ်တော့ဘဲ လူသစ်များနှင့်သာ စတင်လှုပ်ရှား နေသဖြင့် ကိုအုန်းမောင်အနေနှင့် ဘယ်လိုမှအဆက်ရှာမရဖြစ်ဟန် ရှိပါသည်။
ကျွန်တော် သူ့အကြောင်းရေးနေစဉ်မှာပင် သူရေးခဲ့သည့် “အနှစ် ၅ဝ ကြာပြီးသောအခါ”ဆောင်းပါးများကိုစုစည်း၍ စာအုပ်ထုတ်မည့် သူများက ကျွန်တော့်အားအမှာစာရေးခိုင်းရာ ကျွန်တော်ရေးပေးရသဖြင့် ဤနေရာတွင် ကိုအုန်းမောင်ကိုဂုဏ်ပြုသောအားဖြင့် ထိုအမှာစာကို ထည့်သွင်း ဖော်ပြလိုက်ပါသည်။
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ အမှာစာ
ကျွန်တော်တို့ ဗမာပြည်လွတ်လပ်ရေး ကြိုးပမ်းမှုတိုက်ပွဲစဉ်အတွင်း နိုင်ငံခြားသို့ထွက်၍ အကူအညီရှာဖွေသည့်လူငယ်အုပ်စု နှစ်စု ရှိခဲ့ပါ သည်။ တစုကတော့ အရှေ့ဘက်ထွက်ပြီး၊ တစုကတော့ အနောက်ဘက် ထွက်ခဲ့ကြပါသည်။ အမိဗမာပြည်ကြီး လွတ်လပ်ရေးရရန်ဆိုသော တခုတည်းသောရည်မှန်းချက်အောက်တွင် လှုပ်ရှားခဲ့ကြခြင်း ဖြစ်ပါသည်။
အရှေ့ဘက် ထွက်ကြသူများသည် ဂျပန်သို့ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်ဝင်များဖြစ်လာကာ၊ အနောက်ဘက်ထွက်ကြသူများကတော့ အိန္ဒိယသို့ရောက်ပြီး ဦးသိန်းဖေမြင့်ဦးစီးသည့် လေထီးဆင်းရဲဘော်များ ဖြစ်လာကြပါတော့သည်။
ဤနည်းဖြင့် ကျွန်တော်သည် ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ကျော်ဇောဖြစ်လာပြီး၊ သူကတော့ လေထီးဗိုလ်အုန်းမောင် ဖြစ်လာပါတော့သည်။
ကျွန်တော်တို့သည် ခေတ်ပြိုင်နိုင်ငံရေးသမား၊ တော်လှန်ရေးသမားများဖြစ်ခဲ့ကြပြီး ၂ဝ ရာစု နောက်ဆုံးပိုင်းကာလများ၏ မျိုးဆက်ရဲဘော် ရဲဘက်၊ တိုက်ဖော်တိုက်ဖက်များအဖြစ် တာဝန်အသီးသီးထမ်းဆောင်ခဲ့ကြပြီး ထိုမျိုးဆက်များ၏ သမိုင်းပေးတာဝန်ဖြစ်သော ကိုလိုနီ ဗမာနိုင်ငံကို လွတ်လပ်သည့်ဗမာနိုင်ငံအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ကြပေသည်။ ကျွန်တော်သည် ကျွန်တော့်ဘဝအတွက် ဤသမိုင်းပေး တာဝန်ကြီးကို ထမ်းဆောင်ခွင့်ရခဲ့ခြင်းအပေါ် အကျေနပ်ဆုံးဖြစ်ရသလို၊ ရဲဘော်ကြီးဗိုလ်အုန်းမောင်အတွက်လည်း အလားတူ ကျေနပ်စရာ နှစ်သိမ့်စရာ ဖြစ်ပေလိမ့်မည်ဟုထင်ပါသည်။ ထို့ကြောင့်ပင် သူက “ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ဘဝအတွက် ကျွန်တော်ဂုဏ်ယူပါတယ်” ဟူသောစကားကို ပြောခဲ့ခြင်းဖြစ်ဟန်တူပါသည်။
ကျွန်တော်တို့သည် အမိနိုင်ငံကြီးကို နိုင်ငံရေးအရလွတ်လပ်သည့်နိုင်ငံအဖြစ် ပြောင်းလဲနိုင်ခဲ့သော်လည်း ခေတ်မီတိုးတက်ဖွံ့ဖြိုးသော ခေတ်သစ်ဗမာပြည် ထူထောင်ရေးလုပ်ငန်းများကိုတော့ အောင်မြင်အောင် မလုပ်နိုင်ခဲ့ပါ။
ကျွန်တော်တို့ မျိုးဆက်ဟောင်းများ၏ ဤမပြီးဆုံးသေးသောသမိုင်းတာဝန်များကို ၂၁ ရာစုသစ်မှ မျိုးဆက်သစ်လူငယ်များက ပြီးစီးအောင် ဆက်လက်ထမ်းဆောင် လုပ်ကိုင်ပေလိမ့်မည်။
လူသားများသည် မိမိရှေ့မျိုးဆက်ဟောင်း၏ပခုံးထက်မှနေ၍ လူသားတာဝန်များကိုထမ်းဆောင်ရသဖြင့် ထိုရှေ့မျိုးဆက်ဟောင်းများထက် သာအောင် လုပ်ကိုင်ဆောင်ရွက်နိုင်ရမည်။ ထို့ပြင် နောင်လာနောက်သား မျိုးဆက်သစ်များ မိမိတို့ထက်သာအောင်လည်း အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးခဲ့ရပေမည်။ သို့မှသာ လူသားတယောက်၏တာဝန် ကျေပွန်သည်ဟု ဆိုနိုင်ပေမည်။
ရဲဘော်ကြီး ဗိုလ်အုန်းမောင်၏ “အနှစ် ၅ဝ ကြာပြီးသောအခါ”သည်၊ နောင်မျိုးဆက်သစ်လူငယ်များအား စိတ်ဓာတ်ခွန်အားဖြည့်တင်းပေးရာ သင်ခန်းစာများယူစရာ သမိုင်းအတွေ့အကြုံ၊ အဖြစ်အပျက်များကို သူပါဝင်ခဲ့သည့်အခန်းက ပြည့်စုံစွာရေးသားဖော်ပြထားသဖြင့် သူ မကွယ်လွန်မီပြောခဲ့သည်ဆိုသည့် “ခင်ဗျားတို့နှင့်အတူ ကျွန်တော်ရှိနေဦးမှာပါ”ဆိုသည့်စကား၏အဓိပ္ပာယ်ကို အပြည့်အဝဆုံး အလေးနက်ဆုံး ဖော်ထုတ်ပြသနေပေသည်ဟု ကျွန်တော်ထင်မြင်နေမိပါသည်။ ထိုစကားစုသည် သူ၏စိတ်ဓာတ်ကြံ့ခိုင်မှု၊ ဇွဲနပဲကြီးမှု၊ ဗမာပြည်ကြီး ခေတ်မီ တိုးတက်သောနိုင်ငံ မဖြစ်နိုင်သေးခြင်းအပေါ် တာဝန်မကျေလေခြင်းဟု အားမလိုအားမရဖြစ်နေမှုတို့ကို ဖော်ပြနေပြီး၊ နောင်မျိုးဆက်သစ် အတွက်တော့ အလွန်ထိရောက်သည့် အားပေးဝိုင်းရံထောက်ခံသွားသည့်စကားစုလည်း ဖြစ်ပေတော့သည်။
ရဲဘော်ကြီးဗိုလ်အုန်းမောင်ကား တမျိုးသားလုံးအတွက် သူ့တာဝန်သူ့အခန်းကို ဘဝတလျှောက်လုံး ကျေပွန်စွာထမ်းဆောင်သွားသည့် ဗမာပြည်ကြီး၏ ဂုဏ်ယူဖွယ်သားကောင်းတယောက် ဖြစ်ပါသည်။
ရဲဘော်ကြီး ဗိုလ်အုန်းမောင်၏ “ကိုယ်ကျိုးမဖက်၊ ရိုးရိုးကုပ်ကုပ်နေထိုင်၊ သတ္တိရှိရှိလုပ်ကိုင်သည့် စိတ်ဓာတ်”ထာဝစဉ် အဓွန့်ရှည်ပါစေ။
သွားနှင့်ပြီဖြစ်ကြသော ရဲဘော်ကြီးတို့အားလုံးကို သတိရလွမ်းဆွတ်လျှက်။
ကျော်ဇော
(ဗိုလ်ကျော်ဇော)
၁၆-၃-ဝ၇

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၆)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၆)
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်
ကျွန်တော်တို့သည် အစောပိုင်းက အစ်မကြီးဒေါ်ခင်ကြည်နှင့် သိပ်ရင်းနှီးခြင်းမရှိပါ။ ကျွန်တော်တပ်ထဲနေစဉ် ကျွန်တော့်ဇနီးကလည်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ တပ်မတော်အမျိုးသမီးများအသင်း စတာများမှာ ဝင်ရောက်လုပ်ကိုင်ရရင်း အစ်မကြီးနှင့် လုပ်ငန်းအရတွေ့ဆုံခင်မင်မှုတော့ ရှိခဲ့ပါသည်။ ထိုစဉ်ကတည်းက ကျွန်တော့်ဇနီးကပြောဖူးသည်မှာ အစ်မကြီးအား လူအတော်များများက ဝိုင်းကြည်ညိုလေးစားခြင်းကြောင့် ဖဆပလဝန်ကြီးကတော်များက အတော်မရှုစိမ့်ဖြစ်ကြောင်းသိရပါသည်။ နောက်ပိုင်း သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူပြန်လာသည့်အခါကျမှ ကျွန်တော်တို့နှင့်ပိုမိုရင်းနှီးကျွမ်းဝင်သွားခြင်း ဖြစ်ပါသည်။
အစ်မကြီးက တက္ကသိုလ်ရိပ်သာလမ်းတွင် မိန်းကလေးအဖော်နှစ်ဦးသုံးဦးနှင့် နေထိုင်ကာ၊ ပန်းစိုက်အလွန်ဝါသနာပါသဖြင့် ခြံထဲတွင် ပန်းအမျိုးမျိုးစိုက်ကာ၊ ပန်းများကိုလည်း အလှတကြည့်ကြည့်နှင့် နေတတ်ပါသည်။ ကျွန်တော်တို့မိသားစုတွေကိုလည်း မလာတာကြာလျှင် ဖုန်းဆက်ခေါ်တတ်ပါသည်။ အထူးသဖြင့် ဇူလိုင် ၁၉ ရက်အနီးပတ်ဝန်းကျင်တွင် သူအရင်းနှီးဆုံးမိသားစုမိတ်ဆွေများကို တရက်စီခွဲ၍ မိသားစုလိုက်ဖိတ် ထမင်းကျွေးတတ်ပါသည်။ တခါတရံ သြဂုတ်လအထိ မပြတ်ဆက်တိုက် ထမင်းကျွေးရသည့်အခါများ ရှိတတ်ပါသည်။
အစ်မကြီးအိမ်တွင် နိုင်ငံရေးသမားဟောင်းကြီးများ၊ သံတမန်ဟောင်းများ၊ တပ်မတော်မှပင်စင်ယူသွားသူများ၊ တောပြန်များ၊ လူစုံဝင်ထွက် သွားလာရာ၊ သတင်းစုံရတတ်ပါသည်။ အထူးသဖြင့် မဆလခေတ် အစိုးရ၏မတော်မတည့် ပြုမူချက်များအားလုံးကို သူ့ရှေ့တွင် လူများက လာ၍ရင်ဖွင့်ပြောဆိုတတ်ရာ ကျွန်တော်တို့ သူ့အိမ်သွားလည်လျှင် သတင်းစုံကြားရတတ်ပါသည်။ သူ့အိမ်သည် ဘေးမဲ့တောကဲ့သို့ဖြစ်နေပြီး အစိုးရဆန့်ကျင်သည့်လေသံများ၊ ပြောဆိုမှုများ၊ သူ့အိမ်တွင် လွတ်လွတ်လပ်လပ်ပြောဆိုနိုင်သကဲ့သို့ ဖြစ်နေပါသည်။
မဆလ အစိုးရကလည်း ဒါကို သိပုံရပါသည်။ တခါတော့ ဒေါ်ခင်ကြည်အိမ် သူခိုးခိုးခံရသည်ဟု သတင်းထွက်လာရာ၊ ကျွန်တော်နှင့်ကျွန်တော့် ဇနီးတို့ ကမန်းကတန်းသွားရောက်သတင်းမေးရပါသည်။ သူ့အိမ်တွင် အပြင်လူဆို၍ ဥယျာဉ်စောင့်(မာလီ)တဦးသာရှိသည်။ သူခိုးက အိမ်အပေါ်ထပ်ကို ဝရန်တာမှခို၍တက်ပြီး အိပ်ခန်းဘီရိုလေးထဲတွင်ထည့်ထားသည့် အမှတ်တရပစ္စည်းလေးများကိုသာ ယူသွားပါသည်။ ထိုပစ္စည်းလေးများမှာ အစ်မကြီးသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်စဉ်ကရော၊ နောက်ပိုင်းကာလများတွင်ရော၊ နိုင်ငံခြားသံတမန်များက အမှတ်တရပေးသည့် လက်ဆောင်ပစ္စည်းများသာ ဖြစ်ပါသည်။ အဖိုးတန်ပစ္စည်း မပါပါ။
ကျွန်တော့်အမြင်ကတော့ ဤကိစ္စကို စစ်တပ်ထောက်လှမ်းရေးကပဲ လုပ်ဟန်ရှိသည်။ ဒေါ်ခင်ကြည်အား အစိုးရဆန့်ကျင်ရေးများမပြုလုပ်ရန်၊ မပြောဆိုရန်၊ ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်းဖြစ်ဟန်ရှိပါသည်။ ဥယျာဉ်စောင့်က လက်ထောက်ချပုံ ရပါသည်။ ဒေါ်ခင်ကြည်ကိုယ်တိုင် ကလည်း ဤကဲ့သို့ပင် ထင်ခဲ့ပါသည်။
ကျွန်တော်သည် ဒေါ်ခင်ကြည်နှင့် နောက်ပိုင်း ရင်းရင်းနှီးနှီးဆက်ဆံလာရင်း သူမ၏ မျိုးချစ်စိတ်ရှိမှု၊ တည်တည်ကြည်ကြည်နှင့် ဣနြေ္ဒသိက္ခာ ရှိစွာနေရင်း သူမအား လာရောက်ကြည့်ရှုကြသည့် ဗိုလ်ချုပ်၏တပည့်သားမြေးအားလုံးအပေါ် စိတ်ကောင်း၊ စေတနာကောင်း ပြည့်ဝစွာနှင့် ပေးတန်ပေး၊ ကျွေးတန်ကျွေး၊ အကြံပေးစရာပေးနှင့် နာယကဂုဏ်ပြည့်ဝစွာနေထိုင်နေမှု၊ လာရောက်သမျှ လူအားလုံးကလည်း သူမအား လေးစားကြည်ညိုမှု စတာများကို မြင်တွေ့လာရပါသည်။ ဤကဲ့သို့ မြင်ရတွေ့ရသည့် အခါများတွင် သြော်ဗိုလ်ချုပ်များ၊ ဒါတွေကို မြင်တွေ့ရရင် ဘယ်လောက်များ ဝမ်းသာရှာလေမလည်းဟု ဗိုလ်ချုပ်အား တမ်းတမိပါတော့သည်။
၁၉၉၁ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရကြောင်း ရေဒီယိုသတင်းကြေညာစဉ်မှာလည်း ကျွန်တော်သည် သြော်အစ်မကြီးများရှိရင် ဘယ်လောက်များ ဝမ်းသာရှာလေမလည်းဟု အစ်မကြီးဒေါ်ခင်ကြည်အား တမ်းတမိပြန်ပါသည်။
ထိုတက္ကသိုလ်ရိပ်သာဝင်းထဲတွင် ကျွန်တော်တို့သွားတိုင်း နောက်တအိမ် ဝင်ရောက်လည်ပတ်ရပါသေးသည်။ ထိုဝင်းထဲတွင် တထပ်အိမ် ကလေးဆောက်၍ မှီခိုနေနေသော ဒေါ်ခင်ကြည်၏အစ်မ ဒေါ်ခင်ကြီး(သခင်သန်းထွန်း၏ဇနီး)၏အိမ်ဖြစ်ပါသည်။ ဒေါ်ခင်ကြီးမှာ သိပ်ကျန်းမာရေးမကောင်းလှဘဲ သားသမီးလေးများနှင့် ထိုအိမ်ဝင်းအတွင်းမှာပင် နေခဲ့ပါသည်။ ဒေါ်ခင်ကြည်၏ ကျန်ညီမများလည်း ထိုဝိုင်းထဲတွင်ပင် သီးခြားအိမ်ကလေးများဆောက်၍ နေကြပါသည်။
ကျွန်တော် တောထဲရောက်ပြီးနောက် ကျွန်တော့်ဇနီးလည်း ပုံမှန်မပျက်သွားရောက်လည်ပတ်ကြောင်း ကျွန်တော့်ဇနီးက ပြန်ပြောပြဖူး ပါသည်။
ကျွန်တော်တို့သည် တောတွင်းမှဖမ်းမိ ထောင်ကျပြီးလွတ်လာကြသည့် တောပြန်မိသားစုများနှင့်လည်း ရင်းရင်းနှီးနှီးခင်ခင်မင်မင် နေခဲ့ကြရပါသည်။ ထိုသူများထဲတွင် ကျွန်တော်တို့မိသားစုနှင့် ဆွေမျိုးသားချင်းကဲ့သို့ တောက်လျှောက်ခင်မင်ရင်းနှီးခဲ့သည့် မိသားစုတခု ရှိပါသည်။ ထိုသူများမှာ ဗိုလ်မှူးချစ်ကောင်း၏ဇနီး ဒေါ်ခင်မျိုးညွန့်နှင့် သားသမီးသုံးဦးတို့ ဖြစ်ကြပါသည်။
ကျွန်တော်နှင့် ဗိုလ်မှူးချစ်ကောင်းမှာ ဘီဒီအေကတည်းက သိရှိခဲ့ကြသော်လည်း သိပ်ရင်းနှီးခြင်းမရှိပါ။ သူထောင်က လွတ်လာစဉ်က ကျွန်တော်တို့ နယ်ချဲ့ဆန့်ကျင်ရေး၊ တရုတ်ဖြူဆန့်ကျင်ရေး အမျိုးသားကော်မတီဖွဲ့သည့်ကာလနှင့်တိုးသဖြင့် လာရောက်ပါဝင်ခဲ့ဖူးသော်လည်း မကြာမီမှာပင် တောပြန်ခိုသွားပြီး တောတွင်းတိုက်ပွဲတနေရာတွင် ကျဆုံးသွားခဲ့ရှာပါသည်။
သူ့ဇနီးသည် ဒေါ်ခင်မျိုးညွန့်မှာ သားသမီးသုံးယောက်နှင့်အတူ အတော်ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက်ရပါသည်။ ကျွန်တော်သာမက ကျွန်တော်တို့ တမိသားစုလုံးက သူတို့အပေါ် အလွန်ကြင်နာစွာ စောင့်ရှောက်ခဲ့ကြပါသည်။
ကျွန်တော့် သားနှစ်ယောက်ဖွင့်သည့် မြေနီကုန်းကစာအုပ်ဆိုင်တွင် သူတို့၏သားလေးကိုခေါ်၍အလုပ်ပေးထားပြီး ကျွန်တော့်သမီးကြီး အလုပ်လုပ်သည့် အရှေ့ပိုင်းဆေးရုံမှ ဆရာဝန်များအတွက်ပေးသည့်အိမ်ခန်းတွင်မူ ဒေါ်ခင်မျိုးညွန့်နှင့် သမီးနှစ်ယောက်ကို ခေါ်ထားပါသည်။ ကျွန်တော်တောခိုလာစဉ် ကျွန်တော့်ဇနီးတယောက်တည်းထားခဲ့ရစဉ်က သူမကျန်းမမာဖြစ်နေတုန်း ဒေါ်ခင်မျိုးညွန့်က သမီးကြီးခင်မအေးနှင့် အတူ ကျွန်တော့်ဇနီးအား လာရောက်စောင့်ရှောက်နေထိုင်ခဲ့ကြောင်း ကျွန်တော့်ဇနီးက ကျွန်တော့်ကို ပြန်ပြောပြပါသည်။
ဒေါ်ခင်မျိုးညွန့်မှာ အလွန်စိတ်ဓာတ်ခိုင်မာကောင်းမွန်သူဖြစ်ပြီး၊ နိုင်ငံရေးရပ်တည်ချက်လည်း ပြတ်သားပါသည်။ သူတို့မိသားစု ချို့တဲ့မှန်း သိသဖြင့် ထိုစဉ်က လုပ်သားပြည်သူသတင်းစာ အယ်ဒီတာချုပ်ကိုလှမြိုင်က သူ့ကိုသတင်းစာကိုယ်စားလှယ် ပေးပါသည်။ သူက လက်မခံပါ။ ဗမာပြည်ကွန်မြူနစ်ပါတီကို အပုတ်ခတ်ဆုံးရေးသားနေသည့်သတင်းစာက ကျွေးသည့်ထမင်း မစားချင်ပါဟု ဆိုခဲ့ပါသည်။ သူ့လုပ်အားနှင့်ပင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ရှာပါသည်။

Friday, December 18, 2015

သူ့အထုတ်နဲ့ကိုယ့်အလုပ် (မျိုးမြင့်ချို)

0 comments
သူအထုတ်နဲ့ ကိုယ့်အလုပ်လေးလည်း ပါအောင်လုပ်ဆိုတာ ဘာကိုညွှန်းတာလဲဗျဆိုလို့။
ဒီလိုဗျာ ရခိုင်က သဘာဝဓာတ်ငွေ့ တရုတ်ဆီသွယ်ရောင်းတဲ့ပိုက်လိုင်းကိစ္စ ဟိုဘက်ခေတ်တုန်းက ငြိမ်နေသလောက် ဒီဘက်ခေတ်လည်းကြရော ကန့်ကွက်ဆန့်ကျင်သံတွေ မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ချလာတယ်။
ကောင်းတဲ့ကိစ္စပါ။ ပြောရေးမသာတဲ့အနေအထားမို့ မပြောကြပေမယ့် ဆိုခွင့်လေး နည်းနည်း အဟကျယ်လာတယ်ဆိုရင်ပဲ ဝိုင်းပြောကြဆိုကြ လုပ်ကြကိုင်ကြ အရေးဆိုကြ ကန့်ကွက်ဆန့်ကျင်ကြမို့ သာဓုခေါ်စရာပါ။
ဒါပေမယ့်ပြောတာက ဘယ်သူတွေလဲ ဘယ်အထိုင်ကနေပြောသလဲ ဘယ်လိုပြောသလဲ ဘယ်သူ့ကိုပြောသလဲ ဦးတည်ပစ်မှတ်ကဘာလဲ စတာတွေကိုတော့ လက်တဆုံး မဟုတ်တောင် လက်လှမ်းမီသမျှ နှိုက်တော့ကြည့်အပ်တာပါပဲ။
အရင်ဆုံးပြဿနာရဲ့လက်သည်တွေကိုကြည့်ရင် ဗမာစစ်အုပ်စုနဲ့တရုတ်စီးပွားရေးသမားတွေ လက်သိပ်ထိုးပူးပေါင်းကြံစည်မှုဆိုတာ တွေ့ရမယ်။ တရုတ်စီးပွားရေးသမားဆိုတာမှာမှ တရုတ်အစိုးရနဲ့နွယ်တဲ့ တစိတ်တပိုင်းပတ်သက်တဲ့ တရုတ်ကုမ္ပဏီတွေဆိုတာပေါ်လာမယ်။
ဒီတရုတ်ကုမ္ပဏီတွေ ခုလိုလာပြီး ဒီဓါတ်ငွေ့တွေ နှိုက်ထုတ်ယူနေနိုင်တာက ဗမာစစ်အုပ်စု ခွင့်ုပြုလို့။ တနည်းပြောရရင် တိုင်းပြည်သယံဇာတ ဖြုန်းတီး၊ ပတ်ဝန်းကျင်သဘာဝ ဖျက်ဆီးပြီး စစ်ဗိုလ်တွေကိုယ်ကျိုးရှာလို့ ဖြစ်ရတာပဲ။ လက်သည်က စစ်အုပ်စုပဲ။ ဒီ့ထက်ပို ချဲ့ကားပြီးပြောရရင် အချုပ်အခြာအာဏာပါ ထိကပါးရိကပါးအလုပ်ခံရတယ် ဆိုတဲ့အထိ ဖြစ်ရတယ်ဆိုတောင် ဒါဟာ စစ်အုပ်စုကြောင့်ပဲ။
နစ်နာရသူက တတိုင်းပြည်လုံးတိုင်းနဲ့ လူထုပဲ အထူးသဖြင့် ရခိုင့်ဒေသကထွက်တဲ့သယံဇာတအကျိုးအမြတ်ကို ရခိုင်သားတွေအဓိကခံစားခွင့်မရပဲ အမြတ်ထွက်သူက စစ်အုပ်စုပဲ။ စစ်ဗိုလ်ကြီးတွေပဲ။ စစ်ခရိုနီကြီးတွေပဲ။
ပြသနာက လူတင်ပါလို့ နွားကျားကိုက်ခံရတဲ့ပြသနာ။
အဲ့ဒီပြသနာကို ရှေ့တန်းကနေ ဦးဆောင်အရေးဆိုကြတာက အင်န်ဂျီအိုတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ။ အဲ့ဒါတွေထဲမှာမှ ဘယ်သူ့အကိုင်မှလည်းမခံ ကိုယ်ပိုင်ချွေးနှဲစာနဲ့ တိုင်းပြည့်အရေး လူထုအရေးသက်သက်လှုပ်ရှားနေသူတွေပါသလို တရုတ်စီးပွားရေးကိုဖြိုလှဲဖို့ တရုတ်စစ်အင်အားကို ရိုက်ချိုးဖို့ တရုတ်နိုင်ငံရေးသြဇာ ဖြန့်ကျက်လာမှုကိုကန့်သတ်ပစ်ဖို့ အဓိကတည်လုပ်နေတဲ့ ဓနရှင်ကြီးတွေ ဓနရှင်နိုင်ငံကြီးတွေ ဓနရှင်အစိုးရကြီးတွေနဲ့ အမည်စုံတပ်ထားတဲ့ အစိုးရနဲ့မကင်းတဲ့၊ ကင်းတဲ့၊ မကင်းတကင်းဖြစ်တဲ့ အဖွဲ့အစည်းတွေဆီက အထောက်အပံ့ယူထားတဲ့ ပြည်တွင်းအင်န်ဂျီအိုတွေလည်းပါတယ်။
ဟိုလူတွေက ပြည်တွင်းအင်န်ဂျီအိုတွေကို အထုတ်ချပေးတာ။ အထုတ်နဲ့အတူ အလုပ်ပါတွဲပေးတာ။ အလုပ်က တရုတ် စီးပွားရေးကိုထိုးနှက်ဖို့။ တရုတ်စစ်ရေးကို ချိုးဖဲ့ဖို့၊ တရုပ်နိုင်ငံရေးသြဇာ ချိနဲ့ အားနည်းသွားစေဖို့။ ဆိုတော့ သူ့ဆန်စားထားတဲ့ ပြည်တွင်းအင်န်ဂျီအိုတွေကလည်း ရဲကြတယ်။ ချပေးတဲ့အတိုင်ကို အဖေါက်သံညီညီဟစ်ကြွေးကြတယ်။ တရုတ်ဆန့်ကျင်ရေးတွေ ထောင်လုပ်ကြတယ်။ တရုတ်မကောင်းကြောင်းတွေ တွင်တွင်အော်ဟစ်တယ်။ လူတွေနစ်နာတဲ့အကြောင်း ခတ်ထိမ်ထိမ်ပြောတယ်။ သဘာဝပတ်ဝန်းကျင်ကြီးပျက်ဆီးပါပြီဆိုပြီး အကျယ်ကြီးအော်တယ်။ ဗမာ့အချုပ်အခြာအာဏာကြီးတော့ တရုပ်ကထိပါးနေပြီ။ အကောင်ကြီးလို့ ဗိုလ်လာကျနေပြီ။ နောက်ဆို ဗမာ့စီးပွားရေးတင်မက ဗမာ့သယံဇာတတင်မက ဗမာ့ပြည်ပါ တရုတ်လက်အောက်ခံပြည်နယ်တနယ်ပဲဖြစ်တော့မယောင်ယောင်တွေအထိ ဆန့်ထုတ်လာတယ်။ ပြီးတော့လည်း ဒီ လောင်စာစွမ်းအင်တွေနဲ့ တရုတ်လက်နက်စက်ရုံတွေ လည်ပတ်နေကြောင်း မရမက ဆက်စပ်ပြတယ်။ နောက်ဆုံးချုပ်ပြီး တခွန်းထဲပြောရရင် တရုတ်ဆန့်ကျင်ရေးအစ်ရှူး၊ တရုတ်တည်တိုက်ရေးဖြစ်တယ်။
လူတင်ပါလို့နွားကျားကိုက်တဲ့အကြောင်း မပြောဘူး။ ကျားကိုပဲ မောင်းမဲပြတယ်။ ပြည်သူတွေမျက်စိလည်အောင် စံလွဲအမျိုးသားရေးဝဒါနဲ့ တရုတ်ဆန့်ကျင်ရေးမီးပုံးပျံကြီးကို မှိုင်းအဝတိုက်တယ်။ ဦးတည်ပစ်မှတ်က တရုတ်ဖြစ်သွားတယ်။ စစ်အုပ်စုကို လေသာမှာ နေသာသလိုနေစေဆိုပြီး တမင်ကင်းလွတ်ခွင့်ပြုထားတယ်။ စစ်အုပ်နြ့ပင်းပြီး တရုတ်ဆန့်ကျင်ရေးလိုင်း အပီဖေါ်တယ်။ မဟာမိတ်စစ်အုပ်စုကို အရာရာမှာ သက်ညှာခွင့်ပေးလိုက်တယ်။ စစ်ဗိုလ်တွေ တရုတ်ရန်ကြောက်လို့ လိုက်လုပ်ပေးနေရသယောင်ယောင် စစ်အာဏာရှင်ကြီးတွေခမျာသနားစရာပါဟယ် ဆိုတဲ့အတွေးအထိပေါက်အောင် ရိုက်ယူတယ်။ စစ်ဗိုလ်တွေကလည်း တပည့်တော်တို့ တရုတ်ကိုကြောက်ရပါတယ် ဘုရားလို့ နှပ်ကြောင်းအတိုင်းထွက်ပြောပြပေးတယ်။ ဒီတင် တကယ့်လက်သည်စစ်အုပ်စုက ပျောက်သွားတယ်။ မပျောက်တောင် မှိန်သွား ဖျော့သွားတယ်။ ဒီတင် သာမန်လူတွေမဆိုနဲ့ နိုင်ငံရေးသမားတွေ ဒီမိုကရေစီဆိုသူတွေ စစ်အာဏာရှင်ဆန့်ကျင်တယ်ဆိုသူတွေတောင် သြော် သူတို့ခမျာကြောက်လို့ လိုက်လျောလိုက်ရတာပါလား။ မကြောက်နဲ့ ခင်ဗျားတို့နောက်မှာ ကျုပ်တို့ရှိတယ်။ ဥတည်ဘွားကို ထုံးဘယ်နှချက်တားခဲ့တာတို့ ဇာတိပုညဂုဏ်မာနတွေ အလျှံငြီးငြီးတောက်လာတယ်။ သူတို့ရည်မှန်းချက်ပေါတယ်။ သူတို့ရည်ရွယ်ချက် အောင်မြင်တယ်။ သူတို့ပစ်မှတ် တည့်တည့်ထိအောင်ပစ်နိုင်သွားတယ်
တကယ်နစ်နာနေတဲ့ ရခိုင်ပြည်သူတွေ ဗမာတပြည်လုံးကပြည်သူတွေအကြောင်း မကောင်းတတ်လို့ နည်းဗျူဟာသဘောအရထည့်ပြောဖော်လေး ရသေးပေမယ့် စစ်အုပ်စုကိုယ်ကျိုးရှာမှုကြောင့်ဆိုတာကိုတော့ တတ်နိုင်သမျှဖုံးဖိပေးတယ်။
တိုင်းပြည့်အကျိုးနဲ့ လူထုမျက်နှာပဲကြည့်တဲ့ ကိုယ့်ထမင်းကိုယ်စားတွေကတော့ ဒါရဲ့လက်သယ်ဟာ စစ်အစိုးရ စစ်အုပ်စု စစ်ဗျူရိုကရေစီယန္တရားကြီးလို့ အတိအကျထောက်ပြ ဆန့်ကျင်ကန့်ကွက်ကြတယ်။ သူ့ဆန်စားအင်န်ဂျီအိုတွေကတော့ တရုတ်ရန်လုပ်ရေးလိုင်း ရဲရဲတောင်ဇောင်းတင်သွားတယ်။ သဘောကတော့ သူ့အထုတ်နဲ့ သူ့အလုပ်ချည်းသက်သက် လုပ်ပေးကြတယ်။
အဲ့သလိုလူတွေထဲကြားထဲမှာ တကယ့်ကို ရှားရှားပါးပါး သူ့အထုတ်နဲ့ကိုယ့်အလုပ်ကလေးပါအောင်လုပ်ခဲ့ကြသူတချို့ မရှိမဟုတ်ဘူး ရှိပါတယ်။ ဒါပေမယ့် အလွန်နည်းတဲ့ ပမာဏပါ။ နည်းရတဲ့ကြားထဲ ခုနောက်ပိုင်း အဲ့လူတွေ စားပြီးနားမလည်လုပ်ရကောင်းလားဆိုပြီး ထပ်အဖယ်အရှင်းခံရပြန်တယ်။ ဒါပေမယ့် သူတို့ ကိုယ့်အလုပ်ကလေး ပါအောင် စွမ်းသမျှလုပ်ခဲ့ကြတယ်။ သူတို့ လက်သည်ဘယ်သူမှန်း ဘယ်သူ့ကြောင့် နွား ကျားကိုက်ခံရကြောင်း ဘယ်သူ့ကိုဦးတည်ဆန့်ကျင်ရမှာဖြစ်ကြောင်း ဘယ်သူဟာ တိုင်းပြည့်ရန်သူ လူထုအန္တရာယ်ဖြစ်ကြောင်း ဘယ်စနစ်ကို အပြီးတိုင်သုတ်သင်ရှင်းလင်းဖို့လိုကြောင်း မီးရှူးတန်ဆောင်သဖွယ် ပြခဲ့ကြတယ်။
အဲ့ဒီသူတွေဟာ သူ့အထုတ်နဲ့ ကိုယ့်အလုပ်လေး ရနိုင်သမျှလုပ်ခဲ့ကြတဲ့ စွမ်းခဲ့ကြတဲ့သူတွေပါပဲ။
ကျနော်ဆိုလိုတဲ့ သူ့အထုတ်နြ့ကိုယ့်အလုပ်လေးပါအောင် လုပ်ခဲ့ကြသူတွေပါပဲ။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၅)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၅)
           
ကျွန်တော်၏ စမ်းချောင်းမှ ဆီဆုံလမ်းအိမ်ကလေး
ကျွန်တော် တပ်ကထွက်ပြီးနောက် ၁၉၅၇ ခုနှစ်၊ ဇူလိုင်လဆန်းမှစ၍ ၁၉၇၄ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်အထိ နှစ်ပေါင်း ၁၇ နှစ်နီးပါး နေထိုင်ခဲ့သည့် စမ်းချောင်းရပ်ကွက်တွင်းရှိ ဆီဆုံလမ်း အိမ်နံပါတ် ၃၆ နေအိမ်လေးသည် ကျွန်တော်တို့မိသားစု စုံစုံလင်လင်နှင့် အရှည်ကြာဆုံးနေခဲ့ရသည့်အိမ်ကလေးဖြစ်ကာ ကျွန်တော်တို့ မိသားစုအတွက် မမေ့နိုင်ဖွယ်ရာကလေး ဖြစ်ပါတော့သည်။

ဤရပ်ကွက်ကလေးမှာ ဗမာရပ်ကွက်သန့်သန့်လေး ဖြစ်သည်။ ကျွန်တော်တို့နေသောလမ်းကလေးမှာ လမ်းတိုလေးဖြစ်ပြီး၊ အိမ်ခြေ ၅ဝ ခန့် ရှိပါသည်။ အများစုမှာ တလိုင်းအိမ်လေးများဖြစ်ပြီး၊ နှစ်ထပ်အပြည့်အိမ် ၄-၅ အိမ်သ ရှိပါသည်။ မြေကွက်မှာ ပေ ၂၅+၅ဝ သာရှိပါသည်။ အိမ်တိုင်းကလည်း မြေအပြည့်ဆောက်ထားသဖြင့် အိမ်ကလေးများမှာ မှောင်ကုပ်ကုပ်လေးများသာ ဖြစ်ပါသည်။

ကျွန်တော်တို့ ထိုရပ်ကွက်ကိုရောက်စက မိလ္လာစနစ်မှာ ဇလားအိမ်သာစနစ်ဖြစ်သဖြင့် ကျွန်တော့်သားသမီးများ မကြာခဏ ဖျားကြနာကြ ဖြစ်ကြပါသည်။ နောင်မှ ရေလောင်းအိမ်သာစနစ်ဖြစ်သွားမှ ခလေးများလည်း သက်သာသွားကြပါသည်။ ထို ၁၉၅ဝ ခုနှစ်နှင့် ၆ဝ ခုနှစ်များ အကြားက လူအများ စီးပွားရေးတစုံတရာချောင်လည်သေးသည့်အတွက် သင်္ကြန်ပွဲများ၊ သီတင်းကျွတ်ပွဲများကို ကျွန်တော်တို့ရပ်ကွက်တွေမှာ အလွန်စည်ကားစွာကျင်းပတတ်ကြပါသည်။ အိမ်တိုင်းကလည်း အစားအသောက်များလုပ်ဆောင်ပြီး အိမ်တိုင်းစေ့ လျှောက်ဝေတတ်ကြ ပါသည်။ နောက်ပိုင်း လူတွေ စီးပွားရေးကျပ်လာသောအခါ မလုပ်နိုင်ကြတော့ပါ။

ကျွန်တော်  ဤအိမ်ကလေးတွင်နေစဉ် ကျွန်တော့်အိမ်ပတ်ပတ်လည်တွင် ထောက်လှမ်းရေးကလူများ ဝင်ရောက်လာပါတော့သည်။ တချို့ အိမ်တွေကိုတော့ အခွင့်အရေးများပေး၍ဝယ်ယူပါသည်။ ကျွန်တော့်အိမ် ဝင်သမျှထွက်သမျှလူများကိုလည်း ချဉ်းကပ်သိမ်းသွင်းကြပါသည်။ လမ်းထိပ် တဖက်တချက်တွင်လည်း ဆိုက္ကားသမားများပုံစံနှင့် တနေကုန် ဆိုက္ကားများပေါ်တွင် ထိုင်စောင့်နေသူများလည်း ရှိသည်။ အိမ်ရှေ့ တနာရီကြား၊ နှစ်နာရီကြားဖြတ်လျှောက်ပြီး စောင့်ကြည့်နေသူများလည်း ရှိသည်။  ကျွန်တော် အိမ်ကထွက်တာနှင့်တပြိုင်နက် အရိပ်လို နောက်က ပါလာတတ်ပါသည်။ နောက်ပိုင်းကျလေဆိုးလေ ဖြစ်လာပါသည်။ မဆလခေတ်တွင် စီးပွားရေးအကွက်အကွင်းဟူသမျှ မဆလ က ကိုင်ထားရာ မည်သူမျှ မဆလကို မလွန်ဆန်နိုင် ဖြစ်လာရပါသည်။ ကျွန်တော်တို့ အတော်ရင်းနှီးသည့်ရဲဘော်များ၊ မိတ်ဆွေများ၊ ဆွေမျိုးများ အတော်များများ မဆလသတင်းပေးများ ဖြစ်သွားကြပါသည်။ ကျွန်တော်တို့သည် ကိုယ့်မိသားစုဝင်များမှလွဲ၍ ဘယ်သူ့မှ မယုံရဲတော့ပါ။

ကျွန်တော် တပ်ကထွက်ရပြီး ထိုအိမ်လေးသို့ပြောင်းရောက်လာစက ကျွန်တော့်ဇနီးက အိမ်ဖော်လေးတယောက်တော့ရှိမှဖြစ်မည်ဟု ပြောလာပါသည်။ ကျွန်တော့်အနေနှင့် အိမ်လုံခြုံရေးအတွက် လူပိုထားလို့မဖြစ်ကြောင်းနှင့် အိမ်အလုပ်တွေကို ကျွန်တော် ကူလုပ်ပါ့မည်ဟု ဆိုကာ နှစ်သိမ့်ပြီးတားမြစ်ရပါသည်။ သူက ဤကိစ္စ တခါပဲပြောဖူးပြီး နောက်ထပ်ဘယ်တော့မှ ထပ်ပြောဆိုခြင်းလည်းမရှိတော့ဘဲ အိမ်အလုပ်ဟူသမျှ တယောက်တည်းကျုံးလုပ်ခဲ့ပါသည်။ သူ့မိခင် ဒေါ်တင် ကျန်းမာစဉ်ကတော့ သူ့ကို အတော်အတန်ကူညီနိုင်ခဲ့ပါသည်။ ရန်ကုန်တွင် ကျောင်းလာနေကြသော ဆွေမျိုးနီးစပ်ကလေးမများလည်း ဝိုင်းဝန်းကူညီနိုင်သမျှကူညီကြပါသည်။

ကျွန်တော် တပ်ကထွက်ရသည့် ၁၉၅၇ ခုနှစ်တွင် ကျွန်တော့်သမီးအကြီးဆုံး လှလှက ငါးတန်းမျှသာရှိသေးပြီး အငယ်ဆုံးသားလေး တွတ်တွတ်မှာ ထိုနှစ်ကမှ ကျောင်းစနေခြင်းဖြစ်ပါသည်။ သားသမီး ငါးယောက်စလုံးကို သာသနာပြုကျောင်းဖြစ်သည့် ပြည်လမ်းရှိ စိန့်ဖီလိုမီနာတွင် ထားရာ ကျောင်းစရိတ်၊ ကျောင်းကားခကပင် ကျွန်တော်ရသည့်ပင်စင်လစာ၏ထက်ဝက်ခန့် ရှိပါသည်။ ကျောင်းဖွင့်စ ရက်များဆိုလျှင် နှစ်စဉ်ကြေး၊ အဝတ်အစားဖိုး၊ စာအုပ်ဖိုး၊ အားကစားဖိုးစသဖြင့် နင့်နေအောင်ပေးရရာ ကျွန်တော့်ဇနီးက ဒီလတော့ ဆင်နဲ့ဆွဲရမ်းသလိုပဲဟု ညည်းတွားတတ်ပါသည်။

ကျွန်တော် တပ်ထဲမှာရှိစဉ်ကတည်းက တပ်မှူးကြီးများအတွက် မြေများခွဲဝေပေးထားရာ၊ ကျွန်တော့်တွင် မြေနှစ်ကွက်ရှိနေပါသည်။ ကျွန်တော့်နာမည်နှင့် ဂရန်ထွက်ထားပြီး ဖြစ်ပါသည်။ တကွက်မှာ နတ်မောက်လမ်းသွယ်မှဖြစ်ပြီး တကွက်မှာ ချင်းချောင်းရိပ်သာတွင်းမှာ ဖြစ်ပါသည်။ ကျွန်တော်က နတ်မောက်လမ်းသွယ်ကမြေကွက်ကိုရောင်းချပြီး ဆီဆုံလမ်းအိမ်ဝယ်စဉ်ကတင်ခဲ့သည့် ကြွေးကိုဆပ်ကာ၊ ကျန်ငွေများကို ဘဏ်ထဲသွင်းထားပြီး လစဉ်လိုအပ်သမျှကို ဖဲ့ထုတ်ရပါသည်။ ထိုငွေကုန်သွားသောအခါ ချင်းချောင်းခြံကို တခြမ်းဖဲ့ ရောင်းရ ပါတော့သည်။

၁၉၇ဝ ခုတွင် ကျွန်တော့်သမီးအကြီး ဆေးတက္ကသိုလ်မှဘွဲ့ရပြီး သမီးအငယ်စန်းက စီးပွားရေးတက္ကသိုလ်မှဘွဲ့ရပြီး နည်းပြဆရာမ အလုပ်ပါ ရရှိကာ ဆက်တိုက် သားသမီးများကျောင်းပြီးသွားသဖြင့် ကျန်မြေတခြမ်းကိုရောင်းချစရာမလိုဘဲ ဖြစ်သွားပါတော့သည်။ (နဝတ ခေတ်တွင် ထို ကျန်မြေကို နိုင်ငံပိုင်အဖြစ်သိမ်းသွားပါသည်။)

ဤကာလအတွင်း ကျွန်တော့်အတွက် အပင်ပန်းဆုံးအလုပ်မှာ သားသမီးများစာပြပေးရသောကိစ္စ ဖြစ်ပါသည်။ ကျွန်တော်တို့ ဗမာပြည်၏ ပညာရေးစနစ်မှာ အလွန်ချို့တဲ့ပေရာ ကျောင်းသားများကိုကျူရှင်ပေးနိုင်ရင်ပေး၊ မပေးနိုင်ရင် ပညာ ဖြစ်ဖြစ်မြောက်မြောက်တတ်ဖို့မလွယ်ပါ။ ထို့ကြောင့် ကျွန်တော့်မှာ အပိုကျူရှင်ခလည်းမတတ်နိုင်သဖြင့် ကိုယ်တိုင်ကိုယ်ကျ သင်ပေးရပါတော့သည်။ ထိုခေတ်ကတောင် ပညာတတ် ဖြစ်ဖို့ အလွန်ပင်မလွယ်ကူရာ ယခုကာလတွင်တော့ ဆိုဖွယ်ရာမရှိတော့ပါ။

နောက်ပိုင်းကျတော့ သူတို့ကို စာသာမက နိုင်ငံရေးစာပေများဖတ်လာအောင်လည်း နည်းပေးလမ်းပြလုပ်ပေးရပါသည်။ တလတကြိမ်လည်း သူတို့နှင့် အစည်းအဝေးသဘောမျိုးထိုင်ကာ သူတို့၏ချို့ယွင်းချက်၊ အားနည်းချက်များကိုထောက်ပြပြီး ပြုပြင်ပေးခဲ့ရပါသည်။ တက္ကသိုလ် ရောက်ကုန်သည်နှင့် ကျွန်တော်က သားသမီးများကို မိမိတို့တနေ့တာတွေ့ကြုံခဲ့ရသည့်အဖြစ်အပျက်များ၊ အကြောင်းအရာများကို ပြန်ပြောပြ ခိုင်းပါသည်။ အထူးသဖြင့် သူတို့ဘာသာသူတို့မဖြေရှင်းနိုင်သည့်ကိစ္စများကို ဘာမဆို ပြန်တိုင်ပင်ရန်အားပေးရပါသည်။

ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက်စလုံး သားသမီးများ ပညာတတ်မြောက်ရေး၊ လိမ်မာရေးခြားရှိရေးအတွက် အားစိုက်လုံးပန်းကြ ရသောကြောင့် ကျွန်တော်တို့ မိခင်အိုကြီးများအပေါ်မှာတော့ တာဝန်လစ်ဟင်းခဲ့ကြပါသည်။ ကျွန်တော့်ယောက္ခမ ဒေါ် တင်မှာ သူ့ သုံးဆယ်အိမ်ကြီးပေါ်လူငှားတင်၍ ထိုအိမ်လခလေးနှင့်ပင် နေထိုင်သွားရရှာပါသည်၊ ကျွန်တော့်မိခင် ဒေါ်တင့်မှာမူ ဆိုင်းစုရွာရှိ အိမ်နှင့်ခြံကိုရောင်းကာ ရန်ကုန် ရှစ်မိုင်ရှိ ဉာဏစာဂီကျောင်းတိုက်တွင် ဇရပ်ကလေးတဆောင်ဆောက်ပြီး နေထိုင်သွားရှာပါသည်။ ကျွန်တော်တို့သည် ကလေးများကျောင်းပိတ်ချိန်၊ အခါကြီး၊ ရက်ကြီးများတွင် သူတို့(ဒေါ်တင်နှင့်ဒေါ်တင့်တို့ နှစ်ယောက်၊ ထိုရှစ်မိုင်ဇရပ်တွင် အတူနေကြတာများသည်)ဆီ သွားရောက်ကန်တော့သည့်အခါမျိုးတော့ ရှိတတ်ပါသည်။ သူတို့ နေထိုင်မကောင်းလျှင်တော့ ကျွန်တော့် သမီးက သွားခေါ်လာပြီး အိမ်မှာထား ကုသပေးရပါသည်။ ကျန်အချိန်များတွင်တော့ ကျွန်တော်တို့ သိပ်အာရုံမပြုနိုင်ပါ။
၁၉၆၃ ခုနှစ်တွင် တပ်မတော်ပင်စင်နှင့်ပတ်သက်၍ ဥပဒေသစ်တခုပေါ်လာရာ၊ ကျွန်တော့် ပင်စင်လစာတိုးငွေ နောက်ပြန်ကြေး (Back Pay) ကျပ်ငွေ သုံးထောင်ကျော်ရလိုက်ပါသည်။ ကျွန်တော်က ထိုအကြောင်းကို ဘာမှမသိပါ။ တပ်မတော်မှတ်တမ်းရုံးက စာရေးများက သူတို့ဘာသာသူတို့တွက်ချက် လျှောက်လွှာတင်၊ ငွေထုတ်လာပြီးမှလာပို့ပါသည်။ ကျွန်တော်လည်း ထိုငွေနှင့်ပင် သားသုံးယောက်ကို စမ်းချောင်း မြသိန်းတန်ဓမ္မာရုံမှာ ရှင်ပြုပေးခဲ့ပါသည်။

၁၉၇ဝ ခုနှစ်မှာတော့ ကျွန်တော့်ယောက္ခမ ဒေါ်တင် လူကြီးရောဂါဖြင့်ကွယ်လွန်သွားပြီး ၁၉၇၂ ခုနှစ်၊ သြဂုတ်လထဲမှာတော့ ကျွန်တော့်သား အငယ်ဆုံး တွတ်တွတ် (ထွန်းအေးကျော်ဇော)အိပ်ဆေးများ အလွန်အကျွံသောက်၍ သတ်သေသွားပါသည်။

ထိုနှစ်က တွတ်တွတ်သည် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဓာတုဗေဒအဓိက ဒုတိယနှစ်စာမေးပွဲဖြေအပြီး သူအတော်ဖြေနိုင်သဖြင့် ဂုဏ်ထူး ထွက်လိမ့်မည်ဖြစ်ကြောင်း၊ အမှတ်ကောင်းလျှင် စက်မှုတက္ကသိုလ်သို့ပြောင်းလို့ရကြောင်း ကျွန်တော့်ကို ပြောပြထားပါသည်။ အောင်စာရင်း ထွက်လာသောအခါ သူ ဂုဏ်ထူးပါမလာပါ။ ဤတွင် သူ့စိတ်ဓာတ်အတော်ထိခိုက်သွားပြီး၊ သူ့အစ်ကို အောင်ကျော်ဇော အိပ်ရာအောက်တွင် ထားသည့် အိပ်ဆေးများကိုယူသောက်ပြီး သေကြောင်းကြံစည်သွားခြင်း ဖြစ်ပါသည်။ ထိုစဉ်က သူ့အသက် ၂ဝ ပင် မပြည့်သေးပါ။

ကျွန်တော်တို့လည်း ဘယ်လိုဖြေရမှန်းပင်မသိ ဖြစ်သွားပါတော့သည်။ ကျွန်တော့်ဇနီးလည်း ရူးမတတ် ပုံကျသွားပါတော့သည်။ အတော် ပြင်းထန်လှသည့်လောကဓံတရားကို ကျွန်တော်တို့ အလူးအလိမ့်ခံလိုက်ရပါသည်။

ကျွန်တော့်မိခင်ကြီးကတော့ ကျွန်တော်တို့တတွေ တောတွင်းရောက်နေမှ ၁၉၈၃ ခုနှစ်တွင် သူ့အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန် အနိစ္စရောက်ကြောင်း သတင်းစာထဲကနာရေးကြော်ငြာကို တွေ့ရပါသည်။ ကျွန်တော့်မိခင်ကြီးမှာ ဘာရောဂါမှ ကြီးကြီးမားမား မရှိခဲ့ဖူးပါ။ ကျွန်တော့်သမီးငယ် စန်း ပြန်ပြော၍သိရသလောက်မှာလည်း ချောင်းနည်းနည်းဆိုးပြီး အစားအသောက်ပျက်သွားရာမှ တညအိပ်ရာထဲ တွင်ပင်အိပ်ပျော်ရင်း ကွယ်လွန်သွားသည်ဟု ဆိုပါသည်။ မီးဇာကုန်ဆီခန်း ဖြစ်သွားပုံရပါသည်။


ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၄)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၄)
ဂူဗိမာန်ရဲ့မျက်နှာစာမှာတော့ ဆရာကြီး၏ ဂုဏ်အင်္ဂါ(၄)ရပ်ကိုဖော်ပြသည့် တံဆိပ်ကြီး(၄)ခုကို တပ်ဆင်ထားပါသည်။(ပူးတွဲပါပုံ)
၁။ စာပေယဉ်ကျေးမှုတော်လှန်ရေးကြီးဆင်နွှဲခဲ့၍ စာအုပ်တံဆိပ်
၂။ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲဆင်နွှဲခဲ့၍ ဒေါင်းတံဆိပ်
၃။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုဆင်နွှဲခဲ့၍ ချိုးငှက်တံဆိပ်
၎။ အဖိနှိပ်ခံပြည်သူများဖက်မှ ထာဝစဉ်ရပ်တည်ခဲ့ပြီး အထူးသဖြင့် အလုပ်သမားနှင့်တောင်သူလယ်သမားများ ဆင်းရဲတွင်းမှ လွတ်မြောက် စေလိုသည့်အထိမ်းအမှတ်အဖြစ် တူတံစဉ်တံဆိပ် တံဆိပ်ကြီး(၄)ခု တပ်ဆင်ထားပါသည်။ အတွင်းမျက်နှာစာများမှာလည်း ဆရာကြီး၏ လေးချိုးကြီးများမှ ကောက်နုတ်ချက်များကို ရေးသားထားပါသည်။

ဤဂူဗိမာန်ကြီးမှာ ဆရာကြီး၏ဂုဏ်သိက္ခာနှင့်လိုက်လျောအောင်ပင် ခံ့ခံ့ညားညားတည်တည်ငြိမ်ငြိမ်ရှိပေသည်။ ဆရာကြီးအနိစ္စရောက်ပြီး နှစ်နှစ်ပြည့် ၂၃-၇-၆၆ နေ့မှာ ဤဂူဗိမာန်ကိုဖွင့်လှစ်နိုင်ခဲ့ပါသည်။ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်ငွေ တသိန်းခွဲနီးပါး ဖြစ်ပါသည်။
                                   
ဆရာကြီး၏ မိသားစုဝင်များ
ဆရာကြီး၏သားမက် ဆရာကြီးဦးယော(စာရေးဆရာကြီး ဇေယျ)သည် ဆရာကြီးအပေါ်တွင် သားသမက်အဖြစ်သာမက နိုင်ငံရေးတပည့် သားမြေးတယောက်လို လေးစားပြုစုစောင့်ရှောက်ခဲ့တာကို ကျွန်တော်တို့ လေးစားဖွယ်တွေ့ခဲ့ရပါသည်။ ဆရာကြီးသည် သမီးကြီးဒေါ်မြရီနှင့် သမီးငယ်ဒေါ်မြသီတို့ကို ပိုမိုချစ်ဟန်ရှိသည်။ သား - ဦးစိန်ညွန့်ကို သိပ်မတွေ့ရချေ။ ဦးယောနှင့်ဒေါ်မြရီတို့မှာ သမီးချည့် ၃ - ၄ ယောက် ရှိပြီး၊ အားလုံး အပျိုကြီးတွေချည်းဖြစ်သည်။ ဦးယောသားမှာ ထိုစဉ်က ကျောင်းသားလှုပ်ရှားမှုတွင်ပါဝင်သဖြင့် အထိန်းသိမ်းခံထားရရာ ဈာပနနေ့ တရက်မှာ ထောက်လှမ်းရေးကလာပို့ပြီး ကန်တော့ခိုင်းပါသည်။ ဆရာကြီးကွယ်လွန်ချိန်အထိ အတူတူအိပ်သွားသည့် မြေးလေးတယောက် လည်း ရှိပါသည်။

ဆရာကြီး၏သမီးကြီး ဒေါ်မြရီမှာ ဖခင်ကြီးကို အတော်ဂရုစိုက်စောင့်ရှောက်တာတွေ့ရပါသည်။ ဖခင်ကြီး၏ အပေါင်းအသင်းမိတ်ဆွေများ ကိုလည်း ဖော်ရွေပျူငှာစွာဧည့်ဝတ်ကျေတတ်ပါသည်။ ဆရာကြီးသည် အသက်အရွယ်ကြီးရင့်လာသောအခါ တပြည်လုံး ပြည်သူများက ဆရာကြီး၏ အကျင့်သီလ ဖြူစင်မှု၊ အထူးသဖြင့် ပြည်သူများဘက်က တသက်ပတ်လုံးရပ်တည်မှု စတာများကြောင့် အလွန်ပင်ကြည်ညို လေးစားလာကြပြီး၊ ထေရ်ကြီးဝါကြီးတဦးကဲ့သို့ သဘောထားကြကာ ဝင်ရောက်ကန်တော့ကြတာများ အတော်ပင်များလာသဖြင့် အိမ်သားများမှာ ဧည့်ခံရတာနှင့်ပင် မသက်သာ လှပါ။

ဆရာကြီး ဦးယောမှာ စာပေဗိမာန်တွင် ပထမပိုင်းက ညွှန်ကြားရေးမှူးချုပ် ဖြစ်ပါသည်။ ဆရာကြီးဦးယော ဆိုဗီယက်ယူနီယံကို လေ့လာရေး ခရီးထွက်နေတုန်း၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ အထူးကိုယ်စားလှယ်တယောက် ငြိမ်းချမ်းရေးကမ်းလှမ်းရန် ဆရာကြီးအိမ်သို့ရောက်ရှိလာရာ ဦးယော၏ ခုတင်အောက်တွင် ဝှက်ပေးထားခဲ့ရပါသည်။ ဤကိစ္စ နောင် အစိုးရကသိသွားသောအခါ ဦးယော နိုင်ငံခြားက ပြန်အရောက်တွင် ပင်စင်ပေးလိုက်ပါတော့သည်။

ထိုအထူးကိုယ်စားလှယ်မှာလည်း မကြာမီ လက်နက်ချလိုက်ပါတော့သည်။ တနေ့ ထိုသူနှင့်ဒေါ်မြရီတို့ ပွဲတပွဲတွင် ပက်ပင်းတိုးရာ ဒေါ်မြရီက “ရှင် ဒီလိုလက်နက်ချမယ်မှန်းသိရင် ကျွန်မအိမ်မှာရှင်ရှိစဉ်တုန်းက အစိုးရအပ်ပြီး ဆုငွေငါးသောင်းယူပါရဲ့”လို့ ပြောပစ်ခဲ့ဖူးပါသည်။ ထိုစဉ်က ကွန်မြူနစ်ပါတီခေါင်းဆောင်များကို ဆုငွေများ ထုတ်ထားခဲ့ပါသည်။

ဆရာကြီး၏ သမီးငယ် ဒေါ်မြသီမှာ ဒေါ်မြရီလောက် စိတ်ဓာတ်မာပုံမရပါ။ ဆရာကြီးအားလည်း အတော်အားကိုးချစ်ခင်ပုံရသည်။ ဆရာကြီးနှင့်ပတ်သက်လာလျှင် အမြဲပင် မျက်ရည်တစမ်းစမ်းဖြစ်နေတတ်ပါသည်။ ဆရာကြီးကွယ်လွန်ခါနီး မမာမချာဖြစ်နေသည့်ကာလ တလျှောက်လုံးလည်း ဆရာကြီးအိပ်ရာဘေးကမခွာဘဲ ပြုစုရှာပါသည်။ သူကိုယ်တိုင်လည်း ကျန်းမာရေးကောင်းပုံမရပါ။

ကျွန်တော်တို့ ၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့က ဆရာကြီးရာပြည့်ပွဲလုပ်မည့်အစီအစဉ်အားလုံးမှာ ကျောင်းသားများရဲ့ ချီတက်ဆန္ဒပြပွဲ ကြီးကြောင့် ဖျက်လိုက်ရပါတော့သည်။ ပင်ကိုယ်က ကျွန်တော်တို့က ဆရာကြီး၏ဂူဗိမာန်တွင် ဆွမ်းကျွေး၊ စာပေဟောပြောပွဲ၊ စာတမ်း ဖတ်ပွဲများလုပ်ရန် စီစဉ်ထားခြင်း ဖြစ်ပါသည်။ သို့သော် တက္ကသိုလ်ကျောင်းသားများက “မှိုင်းရာပြည့်ပွဲ”ကို သူတို့အစီအစဉ်နဲ့သူတို့ပြုလုပ်၍ ဂူဗိမာန်သို့ချီတက်လာကာ အလေးပြုကြပါတော့သည်။ ထို့ကြောင့်ပင် ကျွန်တော်တို့စီစဉ်ထားသည့်အခမ်းအနားများ ဖျက်သိမ်းလိုက်ရ ပါတော့သည်။ ထိုအခါတွင်လည်း ဒေါ်မြသီက မျက်ရည်တစမ်းစမ်းနဲ့ “ဖေဖေတို့များ ကုသိုလ်ဆိုးလိုက်တာ၊ ရာပြည့်ပွဲလေးတောင် ရှောရှောရှူရှူ မလုပ်ရဘူး”ဟု ဝမ်းပန်းတနည်း ဆိုလာပါသည်။

ကျွန်တော်က “ဟာ - မဟုတ်တာဘဲ၊ ဘယ်နှယ့်ကုသိုလ်ဆိုးရမလဲ။ ဒါဟာ ဆရာကြီးကို ပြည်သူတွေက အကောင်းဆုံးဂုဏ်ပြုလိုက်တာပဲ”လို့ ပြောလိုက်မိပါသည်။ ကျွန်တော်သည် ထိုနေ့က တကယ်ပဲ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါသည်။ ဦးသန့်အရေးအခင်းကို အကြမ်းဖက်ဖြိုခွဲပြီး၊ ကျောင်းသားများအား ဖမ်းဆီးနှစ်ရှည်ထောင်ချ၊ ကျောင်းထုတ်နှင့် ရက်ရက်စက်စက်လုပ်ပြထားတာ မကြာသေးပါ။ မတ်လ ၂၃ ရက်နေ့ မတိုင်မီမှာကို နည်းအမျိုးမျိုးနှင့်ခြိမ်းခြောက်ခဲ့တာပါ။ ဒီကြားထဲကမှ သတ္တိခဲကျောင်းသားများ အုံနှင့်အင်နှင့်ထွက်လာပြီး ဆရာကြီးအား ဂုဏ်ပြုကြခြင်းဖြစ်ပါသည်။ မှိုင်းကလေးများ ပေါ်ထွက်လာခြင်းဖြစ်ရာ ကျွန်တော့်လိုပင် လူအတော်များများက ဝမ်းသာကြိုဆိုအားရခြင်း ဖြစ်မိကြပါသည်။

ဆရာကြီး ကွယ်လွန်သွားသော်လည်း ဆရာကြီး၏စိတ်ဓာတ်က ရှင်သန်ကျန်ရစ်နေပေသည်။ ဆရာကြီး၏ ပြည်သူများဘက်က ထာဝစဉ် ရပ်တည်ပြီး ပြည်သူများ၏ဘဝသာယာငြိမ်းချမ်းရေးအတွက် တသက်ပတ်လုံးလုပ်ကိုင်ဆောင်ရွက်သည့် ဇွဲနပဲစိတ်ဓာတ်သည် နောင်မျိုးဆက် အဆက်ဆက်ကို သမိုင်းအမွေအဖြစ်လက်ဆင့်ကမ်းပေးခဲ့ပေသည်။ ထို့ကြောင့် မှိုင်းရာပြည့်လှုပ်ရှားမှုမှာပါဝင်ခဲ့သည့် ကျောင်းသားခေါင်း ဆောင်များမှာ ထောင်တန်းအကျခံ၊ တချို့လည်း တောထဲရောက် လက်နက်ကိုင်တော်လှန်ရေးသမားအဖြစ်နှင့် ယခု အနှစ်သုံးဆယ်ကြာပြီး သောအခါ ဗမာပြည်နိုင်ငံရေးဇာတ်ခုံပေါ်တွင် နိုင်ငံရေးခေါင်းဆောင်များအဖြစ်ပေါ်ထွက်လာပြီး ဖြစ်သည်။ ဆရာကြီး၏ မပြီးဆုံးသေးသော တာဝန်ကို သူတို့ဆက်လက်ဆောင်ရွက်ပေလိမ့်မည်။

ရှစ်လေးလုံးအရေးတော်ပုံအတွင်းတုန်းကလည်း ဆရာကြီးကို မီလိုက်ခြင်းမရှိသည့် ကျောင်းသားငယ်လေးများက မိမိတို့၏ခံစားရချက် များကို “အဘိုးရေ”ဟု တ၍ ကျော်ကြားလှသည့် ကမ္ဘာမကြေသစ် သီချင်းကို သီဆိုခဲ့ကြပါသည်။ နောက်တမျိုးဆက် မှိုင်းကလေးများ ပေါ်လာခြင်း ဖြစ်ပါသည်။
           
ပြည်သူများဘက်က အင်အားတရပ်အဖြစ် ဆရာကြီးကိုပုံအရိပ်ဖော်သလို ဆန့်ကျင်ဘက်အင်အားစုကလည်း ဆရာကြီး၏အမည်နာမ စွမ်းပကားကို အကြောက်ကြီးကြောက်ကြပါသည်။ ထို့ကြောင့်ပင် နဝတ၊ နအဖ ခေတ်အဆက်ဆက်တွင် ဆရာကြီး၏နာမည်၊ ဓာတ်ပုံတို့ကို ဖော်ပြခွင့်မပေးခြင်း ဖြစ်ပေသည်။ ဆရာကြီး၏ဂုဏ်ရှိန်ကား ကြီးမားလှသည်။ ဆရာကြီး၏ဘဝသည် ကောင်းမြတ်လှပေစွ။

ဆရာကြီး မကွယ်လွန်မီကပင် ကျွန်တော်တို့၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများမှာ သိသိသာသာရပ်ဆိုင်းသွားပြီဖြစ်ရာ၊ ဆရာကြီး ကွယ်လွန်သွားပြီးနောက် အထူးသဖြင့် ဆရာကြီးဂူဗိမာန်တည်ဆောက်ပြီးနောက် လုံးဝရပ်ဆိုင်းသွားရပါတော့သည်။ ငြိမ်းချမ်းရေးအဖွဲ့ဝင် တော်တော်များများလည်း အဖမ်းခံသွားကြရပြီ ဖြစ်ပါသည်။


Thursday, December 17, 2015

နိုင်ငံရေးခရိုနီပါတီ....(မျိုးမြင့်ချို)

1 comments
(နိုင်ငံရေးခရိုနီပါတီ....)
ကြံ့ဖွံ့ဇာတ်ကတော့ မဆလ ကနေ တစညအဖြစ်နဲ့သိမ်းသလို သိမ်းသွားမှာပါပဲ။ နောက်ဆုံးတနေ့ ပါတီဖျက်တဲ့အခါ ပါတီပိုင်အမည်ပေါက်ပစ္စည်းတွေကို သူ့အမေ့လင်ဆီကရတဲ့အမွေလို စစ်ဗိုလ်ဝေစုခွဲကြဦးမှာပဲ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပိုင်ပစ္စည်းတွေကို ဒီဘက်ခေတ်မှာ စစ်ဗိုလ်တွေ ဝေစုခွဲကြသလိုပေါ့။
ဟိုဘက်ခေတ်က ပြည်သူပိုင်သိမ်းတယ်ဆိုပြီးလုပ်ထားတာတွေကို နဝတ နအဖ နဲ့ သိန်းစိန်ခေတ်အထိ စစ်ဗိုလ်ကြီးတွေနဲ့ စစ်ခရိုနီကြီးတွေ မောင်ပိုင်စီးပစ်လိုက်တာပဲ မဟုတ်လား။
ကြံ့ဖွံ့ကို အသင်းအနေနဲ့တည်ထောင်ပြီး နိုင်ငံပိုင်ခေါင်းစဉ်အောက်နေယူထားတဲ့ ရွှေ့ပြောင်းနိုင်သော မရွှေ့ပြောင်းနိုင်သောပစ္စည်းတွေမှ နည်းလား။ ပါတီဆိုပြီးပြောင်းတော့ အဲ့ဒါတွေ တပါတည်း မ ချသွားတာပဲမဟုတ်လား။ ပါတီပိုင်ဆိုပြီး။
ဆိုတော့ ဗမာပြည်မှာမှမဟုတ်ဘူး ဘယ်ကမ္ဘာမှာဖြစ်ဖြစ် အာဏာသိမ်းတယ်တယ်ဆိုတာ စစ်တပ်ထောင်ပြီး တိုင်းပြည်ဘဏ္ဍာနဲ့လူထုချွေးနှဲစာကို နိုင်ငံတော်အမည်ပေါက် ဗြောင်ဒါးမြတိုက်တာပဲဖြစ်တယ်။ ဒါဟာ ဗမာပြည်မှာ စစ်သူကြွယ်ဗိုလ်ကြီးလုပ်နည်းကားပဲ။ မကောင်းတတ်လို့ပဲဖြစ်ဖြစ် သေဖော်ညှိဖို့ပဲဖြစ်ဖြစ် မကင်းရာမကင်းကြောင်းမို့ပဲဖြစ်ဖြစ် အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ပုလင်းတူဗူးဆို့(အရပ်သား) စစ်ခရိုနီဆိုတဲ့အကောင်တွေလည်း ပူးတွဲဓနရှင်ကြီးတွေဖြစ်ကြတာပဲမဟုတ်လား။
စစ်ဗိုလ်သူကြွယ်ကြီးများနဲ့ စစ်ခရိုနီကြီးများ မတရားသဖြင့်ရယူပိုင်ထားတဲ့ တိုင်းပြည့်ဘဏ္ဍာ လူထုဥစ္စာတွေကို တရားဥပဒေနဲ့အညီ နိုင်ငံတော်ဘဏ္ဍာတိုက်ထဲ ပြန်ရောက်အောင် လုပ်တာမျိုး၊ အဲ့ဒီပိုင်ဆိုင်မှုတွေအပေါ်ကနေ ထိထိရောက်အခွန်စည်းကြပ်တာမျိုးမှသာ ”စီးပွားရေးတရားဥပဒေစိုးရေး” ဖြစ်သလို နဲ့ နိုင်ငံရေးအရ ”လူထုနဲ့ဖိနှိပ်သူကြား ရင်ကြားစေ့ရေး”မည်မှာပဲ။
တောင်အာဖရိကမှာ မင်န်ဒဲလားလုပ်ခဲ့တာက သူ့ ANC ပါတီအတွက် ရန်ပုံငွေအဖြစ် ယူခဲ့တာမဟုတ်။ နိုင်ငံ့ဘဏ္ဍာတိုက်ထဲ ရသလောက်ပြန်သဲ့ယူ သွင်းယူတာပဲ။ မတူဘူး။ နှိုင်းလို့ကို မဖြစ်ဘူး။ မင်န်ဒဲလားစကား ယူကိုးကားတာကိုက မရိုးသားမှုအခြေခံနဲ့ဆိုတာ လူတိုင်းသိတယ်။
ကျနော်တို့ပြောနေတာက ဒီစစ်ဗိုလ်တွေနဲ့စစ်ခရိုနီပိုင်ပစ္စည်းတွေကို တခုမကျန် ပြည်သူပိုင်သိမ်းဖို့လည်းမဟုတ်သလို အဲ့ဒီလူတွေကိုလည်း စီးပွားရေးမှုတွေနဲ့ တရားစွဲထောင်ချ သေဒဏ်ပေးဖို့လည်း မဟုတ်ဘူး။ အဲ့သလို လုပ်ရအောင်လည်း အင်န်အယ်လ်ဒီဟာ လက်ဝဲနိုင်ငံရေးပါတီမဟုတ်သလို လက်နက်ကိုင်တော်လှန်ရေးနဲ့ အာဏာရမယ့်ပါတီမဟုတ်မှန်း လူတိုင်းသိကြတာပါပဲ။ ပြောနေတာက စီးပွားရေးအရ တရားမျှတမှုနဲ့ လူထုချွေးနှဲစာတွေ နိုင်ငံဘဏ္ဍာတိုက်ထဲ ရောက်နိုင်သမျှပြန်ရောက်ရေး အတွက်ပဲ။ အပြောမတတ်လို့ချော်ထွက်သွားတာ စကားစွန်းထွက်သွားတာတွေရှိဦးတောင် ကျနော်တို့ပြောနေတာတွေမှာ ကိုယ်ကျိုးစီးပွားမပါမှန်း လူတိုင်း ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်။
”သူတို့ပေးတာ မယူနဲ့ဆို ခင်ဗျားတို့လာပေးမှာလား”ဆိုပြီး လိပ်ပြာမလုံစကားမျိုးတွေနဲ့၊ ”သူတို့ကို ပြင်ဆင်ခွင့်ပေးရမယ်”ဆိုတဲ့ မုဒိန်းကောင်ဘက်ကရှေ့နေလိုက်တဲ့စကားမျိုးတွေ၊ ”ခရိုနီကို ဘယ်လိုအဓိပ္ဗါယ်ဖွင့်သလဲ မသိဘူး”ဆိုတဲ့ဆင်ဝှေ့ရန်ရှောင်စကားမျိုးတွေနဲ့ ဖလှော်ဖလှယ်လုပ်ပေမယ့်လည်း ခရိုနီတွေကို စီးပွားရေးသမားတို့၊ စီးပွားရေးလုပ်ငန်းရှင်တို့၊ အမျိုးသားအရင်းရှင်တို့ဆိုပြီး ဖွင့်မရ ခေါ်မရမှန်းတော့သိမှာပါပဲ။
ဗမာပြည်မှာ ခရိုနီက နယ်ပယ်တိုင်းမှာရှိနေတာပါပဲ။ ကြံ့ဖွံ့ဆို ”နိုင်ငံရေးခရိုနီပါတီ”လို့ခေါ်မှ သင့်မယ်ထင်တာပါပဲ။ အင်န်အယ်လ်ဒီကိုလည်း နောင်ဆို ခရိုနီအမည်ပေါက်ပါတီအဖြစ် သမုတ်လာမှာကို ခုကတည်းက သတိကြီးကြီးနဲ့ ကြိုတွေးထားဖို့ပါပဲ။ ဓနရှင်ဒီမိုကရေစီမှာ ဓနရှင်လူတန်းစားအကျိုးစီးပွားအတွက်ဆို သူတို့အိပ်ထောင်ထဲကငွေနဲ့ ပါတီရပ်တည်ရေး လုပ်ရတာမှန်ပေမယ့် မိမိပါတီဟာ ၈၈ ဒီမိုကရေစီရေးလူထုတိုက်ပွဲကြီးရဲ့ အောင်သီးအောင်ပွင့်ဆိုတဲ့ ”နိုင်ငံရေးသိက္ခာ”ကို အထိအပါးမခံ အယိုအယွင်းမခံမှသာ ”လူထုပါတီ ပြည်သူ့ပါတီ”ဖြစ်မှာ။
ပါတီချမ်းသာတိုင်း ရန်ပုံငွေတောင့်တိုင်း လူထုကြည်ညိုလိမ့်မယ်၊ ငွေများများဖြုန်းနိုင်တိုင်း နိုင်လိမ့်မယ်တော့ မထင်လေနဲ့။ ကြံ့ဖွံ့ကိုကြည့်၊ မဆလကိုကြည့် ဘယ်တော့မှ ”လူထုပါတီ ပြည်သူ့ပါတီ”မဖြစ်ခဲ့ဘူး။
ပြန်ကောက်ရရင် ကြံ့ဖွံ့ပါတီအမည်ပေါက်ပစ္စည်းမှန်သမျှလည်း နိုင်ငံပိုင် လူထုပိုင်တွေပဲ။
စစ်ဗိုလ်တွေ ဝေစုမခွဲခင်မှာ တိတိကျကျ စာရင်းဇယားနဲ့တင်ပြခိုင်းဖို့ အရေးဆိုဖို့ လိုလိမ့်မယ်လို့ တွေးမိတာပါပဲ။မျိုးမြင့်ချို (ဒီဇင်ဘာ ၁၇၊ ၂ဝ၁၅)

Wednesday, December 16, 2015

၂ဝ၁၅ အောက်တိုဘာ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၁) မျိုးမြင့်ချို

0 comments
၂ဝ၁၅ အောက်တိုဘာ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၁) မျိုးမြင့်ချို
(စုစုနွေးရဲ့ငွေဆယ်သိန်း)
ခင်ဗျားတို့ဗျာ လောက်ကိုင်ကိစ္စမှာ ဆယ်သိန်းလှူတာကြတော့လည်း ပါးဖြဲနားဖြဲနဲ့ယူတယ် ပြီးတော့ ဖမ်းလည်းဖမ်းသေးတယ်။ အဲ့ငွေတွေက သူ့တယောက်တည်းရဲ့ ချွေးနှဲစာတင်မဟုတ်ဘူး သူနဲ့သဘောမျှတဲ့ ဖင်ထဲရွှံ့တပိသာလောက်ဝင်ပြီးမှ ထမင်းနပ်မှန်ရရှာတဲ့ ဗမာပြည်က အဖိနှိပ်ခံလယ်သမားတွေရဲ့ ငွေတွေလည်း ပါပါတယ်ဗျာ။
ခုလို ရွှေကိုယူသည် ငွေကိုယူသည် ပြီးတော့လူကိုပါဖမ်းသည် ဆိုတာမျိုးကြီးတော့ လူမြင်မကောင်းပါဘူးဗျာ။ သင့်လည်း မသင့်တော်ပါဘူး ပြန်လွှတ်ပေးလိုက်ပါ။ ဒါမှမဟုတ်လည်း ငွေဆယ်သိန်းကို ပြန်အမ်းလိုက်ပါ။
မစုစုနွေးကို ချက်ခြင်းလွှတ်၊ မလွှတ်ရင် သူ့ဆယ်သိန်း သူ့ပြန်ပေး။
ဒီဇင်ဘာ ၁၆၊ ၂ဝ၁၅

(ကျားကိုမောင်းမဲနေသူများ)
မိမိတိုင်းပြည်ရဲ့ သယံဇာတတွေသာဆုံးရှူံးသွားရပြီး ပြည်သူတွေ အကျိုးခံစားခွင့်မဲ့ရတာအတွက် အဓိကလက်သည်ဟာ လက်ဝါးကြီးအုပ်စစ်အာဏာရှင်စနစ်နဲ့စစ်အုပ်စုဆိုတာ လက်ညှိုးငေါက်ငေါက်ထိုးပြောမှဖြစ်လိမ့်မယ်။ ပြဿနာက လူတင်ပါလို့ နွားကျားကိုက်တာ။ အဲ့သလို မတရားသဖြင့်ရမယ့်အခွင့်အရေးဆို တရုတ်မှမဟုတ် ဘယ်သူဖြစ်ဖြစ် ရသလောက်ယူကြမှာပဲ။ နောက်တချက်တွေးရမှာက တရုတ် ဒီလောက် စီးပွားကြီးထွားလာတာဗမာပြည်က သယံဇာတတခုတည်းကြောင့်မဟုတ်ဘူး အခြားအကြောင်းရင်းတွေလည်း များလှတယ်။ မြင်အောင်ကြည့်ပြီး တရားခံရင်းကို ဆွဲထုတ်ဆန့်ကျင်တိုက်ဖျက်ဖို့ပါ။ နောက်မှ ဖြည်ဖြည်ဖြန့်ဖြန့်ရေးပါဦးမယ်။
ဒီဇင်ဘာ ၁၅၊ ၂ဝ၁၅

(မတူရင် ယောယုဝပို့)
ဒီမနက် မလေးရှားက ဖေ့စ်ဘွတ်ခ်မိတ်ဆွေတယောက်နဲ့ ရောက်တတ်ရာရာတွေပြောကြရင်း သူ့ဘက်က မလေးနိုင်ငံရေးဆီ စကားဦးလေး နည်းနည်းသန်းသွားတယ်။ (နာဂျစ်တို့ပါတီ Meeting လုပ်နေတာတွေတွေ့ရတယ်။ တလောက သူဖြုတ်လိုက်တဲ့ ဒုဝန်ကြီးလည်း တက်လာတာတွေ့ရတယ်၊ ပြန်ပေါင်းထုတ်ပြီလား မပြောတတ်၊ မလေးလည်း မြန်မာနဲ့ အတူတူပါပဲဗျာ၊ တူတာတွေလာထား မတူတာတွေ လုံခြုံတဲ့နေရာပို့၊ သိပ်ဆိုးလာမယ်ဆို ယောယုဝကို တန်းပို့တာပါပဲ)တဲ့ အဲ့ဒါ သူပြောတာတွေထဲက တခုပါ။
အင်း ဟုတ်တော့ဟုတ်သား ဒေါ်စုနဲ့သိန်းစိန် ပထမအကြိမ်တွေ့တော့ ဒေါ်စုကလည်းသမ္မတကြီးယုံတယ်ဆိုပြီးပြော၊ သိန်းစိန်ကလည်း တူတာတွေတွဲလုပ် မတူတာတွေ ဘေးဖယ်ထားဆိုပြီးပြောနဲ့ အုံးအုံးကိုထကရော။
ခုမှ မလေးကလူပြောတာနဲ့ပြန်ကိုက်ကြည့်တော့ ဟုတ်သားပဲ။ သိန်းစိန်ပြောတာ အမှန်ပဲ။ သူတို့ချင်းတူတာတွေ တွဲတက်လုပ်ကြတာ ခုထိပဲ။ သူတို့နဲ့မတူတဲ့လူတွေကိုတော့ ထောင်ထဲပို့တန်ပို့ ပစ်သတ်တန်သတ်လုပ်တာကိုး။
အင်း တူတာတွဲလုပ် မတူတာခွဲလုပ်ဆိုတဲ့ တပ်ပေါင်းစုမူကို ကိုယ်တွေက တသက်လုံးကိုင်လာခဲ့တာ။ စစ်အုပ်စုပြောမှ တူတာတွဲလုပ် မတူတာဘေးဖယ်ထားဆိုတာ
ထောင်ထဲရောက်နိုင်ကျဉ်းတွေနဲ့ လက်ပန်းတောင်းက ဒေါ်ခင်ဝင်းတို့ကိုပြောတာပါ့လားလို့ အရည်လည်သွားသွားတယ်။
အင်း...လုံခြုံရာနဲ့ ယောယုဝဆိုတာ မတူတဲ့သူတွေအတွက် ဆုလဘ်ပါလား။
ဒီဇင်ဘာ ၁၃၊ ၂ဝ၁၅

(ဘူမိဘောကြီး အိုပြီ)
ဘူမိဘောအဒူယာဒက် အသက်ကြီးပြီ။ လက်ပျဉ်းတွဲပြီ။ မင်းအိုကြီးဖြစ်ပြီ။ နောက်ဆုံး စစ်အာဏာသိမ်းချိန်မှာ အရင့်အရင်တွေလောက် လူအကြည်အညို မရှိတော့ဘူး။ ဘုရင်ကို မချစ်မနေရလုပ်မထားပေမယ့် မချစ်ရင်နေမရအောင်လုပ်ထားတဲ့ပြည်မို့ လူတချို့လည်း မချစ်ရမနေနိုင်တွေဖြစ်ကုန်ကြတာလည်းရှိသေးတယ်။ ဒါပေမယ့် အရေအတွက်အားဖြင့်တော့ လျော့လျော့လာပြီ။ ဘုရင်နဲ့ဘုရင့်မိသားစုကို ခနဲ့တဲ့တဲ့ပဲဝေဘန်ဝေဘန် သရော်မော်ကားပဲပြောပြော ရီပွဲပဲဖွဲ့ဖွဲ့ အဲ့ဒါတွေလုပ်ရင် ထောင်နှစ်ကြီးတွေ အတင်းချနေတဲ့ကြားက အဲ့သလိုလုပ်တဲ့လူနဲ့ အရေအတွက်တွေများများလာတာ သက်သေပဲ။ ခုတလော ဘုရင်အိုကြီးရဲ့ သားတော်မောင်ကလည်း ထကြွလာသလိုပဲ။ ထိုင်းစစ်တပ်ထဲက စစ်ဗိုလ်တချို့နဲ့ မင်းသား ပလူးပလဲလုပ်နေတယ်လို့ သတင်းတွေလည်းထွက်တယ်။ မင်းသမီး ချက်ကရီသီရိဒုံလည်း အသံပျောက်နေတယ်။ လက်ရှိအာဏာသိမ်းစစ်ဗိုလ်ချုပ်ကတော့ မျက်ခွက်ပြောင်တယ်။ သတင်းစာရှင်းလင်းပွဲလုပ်နေရင်း သူမကြိုက်တဲ့မေးခွန်းမေးရပါ့မလားဆိုပြီး သတင်းထောက်ကို လက်ထဲကစားနေတဲ့ငှက်ပျောသီးနဲ့တောင် ထုဝံ့သူပဲ။
ကွယ်ရာမှာ လူတွေကို သေနတ်နဲ့ပစ်တာလောက်တော့ စာတောင်မဖွဲ့လောက်တော့ဘူး။ ထိုင်းမှာ ထီးနန်းလုမယ့် မင်းပျိုမင်းလွင် ဘယ်နှပါးရှိမရှိ ကျနော်လည်း သေချာမသိဘူး။ ထီးပြိုင်နန်းပြိုင် ပတ်လည်နိုင်ငံတွေမရှိတော့တဲ့ ပဒေသရာဇ်ခေတ်မဟုတ်လို့သာ ထိုင်းက လက်လုပ်လက်စားအခြေခံပြည်သူတွေအတွက် တော်နေသေးတာ။
ဒီဇင်ဘာ ၁၃၊ ၂ဝ၁၅

(နိုင်ငံရေးအမှိုက်ကောက်ပွဲ)
အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအသီးသီးကိုရောက်နေကြတဲ့ အင်န်အယ်လ်ဒီပါတီဝင်တွေနဲ့ ပြည်တွင်းနိုင်ငံရေး ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို
ထောက်ခံဝန်းရံ အားပေးသူတွေလည်း ရောက်ရာနိုင်ငံ နေတဲ့မြို့တွေရပ်ကွက်တွေမှာ အမှိုက်ကောက်လှုပ်ရှားမှုလုပ်ကြရင် ကောင်းမှာပဲလို့ တွေးနေမိတယ်ဗျာ။
ချမ်းသာတိုးတက်ပြီး သန့်ရှင်းစည်းစနစ်ကျတဲ့ပြည်တွေမို့ အမှိုက်မရှိဘူးတော့ မဆိုပါနဲ့။ ကောက်မယ်ဆို ကောက်စရာနေရာတွေနဲ့ ကောက်စရာအမှိုက်တွေမှ တပုံတခေါင်းကြီးပါ။ နးယော့ခ်စီးတီးဆိုရင် လမ်းကြိုလမ်းကြားတွေ မြေအောက်ဘူတာရုံတွေမှာဆို အမှိုက်တင်မက ကြွက်တွေပါ သောင်းကျန်းနေတာမျက်မြင်ပါ။
ဒါဆို ပြည်တွင်းက အမှိုက်ကောက်လှုပ်ရှားမှုကြီးနဲ့ ပြည်ပရောက်ဒီမိုကရေစီအင်အားစုများရဲ့
အမှိုက်ကောက်လှုပ်ရှားမှု ၂ ခု ပေါင်းစည်းဆက်စပ်မိသွားပြီး ပြည်သူတွေလည်း အားတက်ကြ အရှိန်အဟုန်လည်းပိုကောင်းလာ
မှာပါ။
တခြားတခြားသော ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုတွေ အားကောင်းလာဖို့ နိုင်ငံတကာကသတိထားအာရုံစိုက်လာစေဖို့ ထောက်ခံဝန်းရံရေးအတွက်
ပြည်ပနိုင်ငံတွေကနေ တက်တက်ကြွကြွဦးဆောင်ဆော်သြလှုပ်ရှားခဲ့သူတွေ ဒီကိစ္စမှာလည်း ထထကြွကြွရှိကြရင်ကောင်းမှာပဲ။
ဒီဇင်ဘာ ၁၃၊ ၂ဝ၁၅

(ရွှေကြီး စာဖတ်နားသည်)
သန်းရွှေနဲ့ဒေါ်စုတွေ့ကြတဲ့ကိစ္စက ဒေါ်စုပြောလို့ဟုတ်မှန်ကြောင်း အခိုင်အမာပြောလို့ရပြီ။ တွေ့ပြီး ဘာတွေပြောကြကတော့ ဒေါ်စုပြောသလိုဆို သန်းရွှေသွားမေးမှ သိရမှာပဲ။ သူကတော့ မပြောဘူးတဲ့။ နှစ်ယောက်ကြားက ကိစ္စတဲ့။ သွားမေးရအောင်လည်း အဲ့ငနဲကြီးနဲ့တွေ့ဖို့ မဖြစ်နိုင်၊ တွေ့ပြန်တော့လည်း သူက အဖက်လုပ်ပြီး စကားပြန်ပြောဦးမှ။ နဂိုကမှ နှုတ်နည်းရတဲ့ကြားထဲ ခုနောက်ပိုင်း စာချည်းလှိမ့်ဖတ်နေတာ မဟုတ်လား။
ဘာစာတွေဖတ်လဲတော့ မသိပါဘူး စာတတ်ပါတယ်ဆိုတဲ့လူတွေ စကားကြွယ်လှချည်ရဲ့ ဆိုသူတွေ သန်းရွှေနဲ့တွေ့ရင် ဘာသံမှကိုထွက်မလာတော့လာ။ တခါတည်း နှုတ်ပိတ် လွှတ်လိုက်သလား အာစေးခွံ့လိုက်လေသလား မပြောတတ်။ တချို့ကြ ထွက်တော့ထွက်ပါရဲ့ ဒါပေမယ့် ဝူးဝူးဝါးဝါးနဲ့ ခွေးအလှည်းနင်းဖြစ်ကုန်တယ်။ အသံကို မပီတော့တာ။
ရွှေကြီးကလည်း ရွှေကြီး နှုတ်နည်းတဲ့နေရာ ပြောစမှတ်တွင် သြချလောက်တယ်။ သေနတ်ခါးထိုးပြီး နှစ် ၂ဝ ကျော်ဗိုလ်ကျသွားတာ တိုင်းပြည်ကို စကားလေးတခွန်းတောင် ပြောဖော်မရဘူး။
ရွှေကြီးဟာ စစ်ဗိုလ်ငယ်လေးဘဝက နံမည်ကြီး သခင်နိုင်ငံရေးသမားတယောက်ရဲ့ လက်အောက်ကနေပြီး တပ်မတော်စိတ်ဓါတ်စစ်ဆင်ရေးနဲ့ဝါဒဖြန့်ချိရေးမှာ တာဝန်ကျဖူးတယ်လို့ သိရတယ်။
စစ်တပ်ထဲမှာ စစ်တိုက်ကောင်းရုံသက်သက်နဲ့နံမည်ကြီးတဲ့ဗိုလ်တွေထဲက နံပတ်ဝမ်းဖြစ်ခဲ့တဲ့သူ၊ နံပတ်ဝမ်းခွဲ ဖြစ်ခဲ့ဖူးသူ၊ နံပတ်တူးဖြစ်ခဲ့ဖူးသူ တယောက်မှမရှိဘူး။ ဖြစ်ခဲ့ရင်လည်း ဘုန်းမီးနေလက ကြာကြာမတောက်ပဘူး။ အဲ့ဒီလူတွေထဲမှာ သူရဦးတင်ဦးတို့၊ သူရကျော်ထင်တို့၊ ဗိုလ်စောမောင်တို့အပါအဝင် တခြားသူတွေလည်း ရှိသေးတယ်
နေဝင်းတို့ မျက်မှန်တင်ဦးတို့ သန်းရွှေတို့ ခင်ညွန့်တိုကြည့်။ လူပါးတွေချည်းပဲ ပုလင်းကွဲ ထိခါမှထိရော အတော်ကြာကြာတော့ ဗိုလ်ကျသွားနိုင်တာပဲ။
နေဝင်းနဲ့သန်းရွှေမှာ ဘာအခွင့်အရေးကွာသွားလဲဆိုတော့ နေဝင်းက တခုခုလုပ်မယ်ကြံတိုင်း လွတ်လပ်ရေးအတွက် အတူလုပ်ခဲ့တာတို့၊ ဖက်ဆစ်တော်လှန်ရေးမှာပါခဲ့သူတွေမို့လို့တို့၊ ရဲဘော်သုံးကျိပ်ဝင်အချင်းချင်းမို့ စတဲ့ ထောက်ထားစရာမျက်နှာတွေ ငဲ့ညှာရမယ့် မိသားစုတွေအပြင် နိုင်ငံရေးငယ်ကြောက် ကြောက်ရမယ့်သူတွေကိုပါ ထည့်ထည့် တွက်နေရတယ်။ တခါတလေ စိတ်သွားတိုင်းကိုယ်ပါ လုပ်မရဘူး။ ဒါ့ကြောင့် တပယ်ပြီးတပယ် အပယ်ပေါင်းများစွာကို အသုတ်လိုက်အသုတ်လိုက်ခွဲခွဲပြီး ရှင်းရင်းရှင်းရင်းနဲ့ အချိန်ကုန်ပြီး သူ့နေဝင်ချိန်အထိ သူ့အာဏာနဲ့ သူ့မိသားစုစီးပွား သူ့သားမြေးများကို စနစ်တကျကာကွယ်ချိန် မမီလိုက်ဘူး။ ဒါ့ကြောင့်ပဲ ရွှေကြီးအရှင်း ခံလိုက်ရတာပဲ။
ရွှေကြီးကြ ဘယ်မျက်နှာမှထောက်ထားစရာမလို၊ ဘယ်ကောင့်မှ သောက်ဂရုစိုက်စရာ မလို၊ ဘယ်သူ့မှငဲ့ကြည့်နေစရာမရှိ၊ ဘာနိုင်ငံရေးငယ်ကြောက်ရော ကြီးကြောက်ပါမရှိတော့ ထင်တိုင်းကြဲလို့ရတယ်။ ဝုန်းချင်ရင် အကုန်ဆွဲဝုန်းပြီး စားချင်ရင် အကုန်ဆွဲစားလို့ ရသွားတယ်။ ကြဲလည်းကြဲ ဝုန်းလည်းဝုန်း ဆွဲလည်းစားခဲ့တာချည်းပဲ။ ဒီတင် ခင်ညွန့်တို့အုပ် အမြီးကုပ်သွားတာပဲ။ နောက်ဆုံး ဂဏန်းငြိမ်လောက်ပြီဆိုမှ ၂ဝဝ၈ နဲ့ သူ့အကျိုးစီးပွား သူ့မိသားစုအကျိုးစီးပွားအပြင် သူ့လက်ထက်ပွားစစ်အုပ်စုအကျိုးစီးပွားကြီးကိုပါ ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရှင်သန် ဆက်လက်ကြီးပွားနေအောင် လုပ်ခွင့်ရခဲ့တာပဲ။
နောက်တချက်အရေးကြီးတာက ရွှေကြီးက နေဝင်းလို သူလုပ်တာ ဟိုလူ့လွှဲချ ဒီလူ့လွှဲချလည်း မလုပ်ဘူး။ သူမလုပ်ဘူးလည်း မပြောဘူး၊ လုပ်တယ်လည်း မပြောဘူး။ နေဝင်းက လက်ပူးလက်ကြပ်မိတာတောင် မုန်လာဥပါလုပ်တဲ့လူမျိုး။ ရွှေကြီးက သူ့လက်ထက်မှာ သတ်ဖြတ်သုတ်သင်ခဲ့သမျှ နှိပ်စက်ညှဉ်းပမ်းသမျှ မတရားမှုမှန်သမျှ သူ့မှာတာဝန်မရှိဘူးလို့ တခွန်းမှ မပြောဘူး။ ရှိတယ်လည်း ဝန်မခံဘူး။ ဒါပေမယ့် သူတာဝန်ခံဖြစ်တယ်၊ သူနံပတ်ဝမ်းဖြစ်တယ်၊ သူခိုင်းလို့ ကျန်တဲ့အကောင်တွေပါ အကုန်အလိုတူအလိုပါ လုပ်ကြတာဖြစ်တယ်၊ ဒါ့ကြောင့် သူရော သူနဲ့အတူလုပ်ခဲ့ကြတဲ့ အကောင်တွေရော ဘယ်တကောင်တမြီးကိုမှ လက်ဖျားနဲ့တောင်မတို့စေရဆိုပြီး ဖွဲ့စည်းပုံနဲ့ ကိုယ့်ကိုယ်ကို လွတ်ငြိမ်းခွင့်ပေးပြီးသား။ သူတော်ကောင်း လုပ်ယူပြီးသား။
ရွှေကြီးက သိတဲ့အတိုင်းပဲ စကားနည်းတယ်။ လုပ်စရာရှိတာ လုပ်တယ်။ တခါတလေများ လုပ်သွားတောင် လူတောင် မသိလိုက်ရဘူး။ ပြီးမှ ဟာကနဲ ဟင်ကနဲတွေဖြစ်ကုန်ကြ လက်ဖျားတွေခါကြ၊ လက်သီးတွေဆုပ်ကြ၊ လက်မောင်းတွေတန်းကြ၊ အံတွေကြိတ်ကြ၊ တက်တွေခေါက်ကြ၊ လက်ခုပ်တွေတီးကြနဲ့ တုန့်ပြန်သံတွေထွက်လာတာ။ ဒါတွေကိုလည်း ရွှေကြီးကကြိုက်ပုံပဲ။ တယောက်တည်း ကြိတ်ပြီး အရသာတွေတောင် ခံချင်ခံနေဦးမှာ။
ခုလည်း သူ့မှာ ရွှေစရာဇယား တခုခုရှိလာတာသေချာတယ်။ သူရွှေ့တဲ့ဇယားတိုင်းဟာ စစ်အုပ်စုဘုံအကျိုးစီးပွားချည်းမို့ ဒီတကွက်အတွက်လည်း ဘာမှန်းရေရေရာရာ မသိကြဦးတောင် အားလုံး ကြိတ်အူမြူးကြမှာပါပဲ။
ဒါကြောင့် ဗိုလ်ချုပ်မှူးလေးနေရွှေသွေးအောင်နဲ့ ”ငါ့လာတွေ့ခိုင်းစမ်းကွာ” လုပ်ပြီး နောက်တကွက် ထပ်ရွှေ့တာပဲ။ စစ်အုပ်စုအကြိုက်ပါ။ သမ္မတမသိဘူးတို့ ကာချုပ်မသိဘူးတို့ ရွှေမန်းက ပွဲစားလုပ်တာတို့ အာဏာလွှဲမယ့်ကိစ္စအပေါ် ဘာသက်ရောက်မှုမှဖြစ်မှာမဟုတ်ဘူးတို့ ဆိုတာတွေကလည်း ”ငါ့ဇယားထဲ မင်းတို့ကို ညှပ်မရအောင် မင်းတို့တာဝန် ကင်းကြောင်း လူတွေထင်အောင် မင်းကဒါပြော မင်းကဒါပြော” လုပ်ထားတာလို့ မြင်တယ်။
တနည်းပြောရရင် ရွှေကြီးက လက်ရှိကာချုပ်တွေ သမ္မတွေဘာတွေကို ”လူလည်ကျပြီး ကွက်ကျော်ရိုက်သွားတယ်တို့ မော်စီတုန်း ယန်စီမြစ်ထဲဆင်း ရေလက်ပစ်ကူးပြသလိုမျိုး ငါမသေဘူး ရေကူးတတ်တယ်” လုပ်ပြတာတို့ဆိုတဲ့အမြင်ဝေဝါးရှုပ်ထွေးမှုတွေ လူတွေကြား မဖြစ် ဖြစ်အောင် တမင်ဆင်တဲ့အကွက်မဟုတ်ဘူးလို့ ခင်ဗျား ကျနော် ယတိပြတ် ငြင်းနိုင်ပါ့မလား။
နိုင်ငံရေးသမားဆိုးတွေနဲ့ အနေနီးဖူးတဲ့စစ်ဗိုလ်မျိုး၊ စစ်ထောက်လှမ်းရေး လုပ်ခဲ့ဖူးတဲ့စစ်ဗိုလ်မျိုး၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေးကိုင်ဖူးတဲ့ စစ်ဗိုလ်မျိုးဟာ ကောက်ကျစ်တဲ့နေရာ သွေးအေးအေးနဲ့ရက်စက်တဲ့နေရာ အာဏာရမက်ပြင်းတဲ့နေရာ ဓနဥစ္စာလောဘဇောတိုက်တဲ့နေရာမျိုးမှာ ပြိုင်စံရှားတာပဲ။
ဒီဇင်ဘာ ၁၂၊ ၂ဝ၁၅


(စစ်မုဒိန်း)
ကျနော့်မှတ်တမ်းကားထဲမှာ ရှေ့တန်းမှာ ခြေလျင်တပ် တတပ်က အမျိုးသမီးပေါ်တာတယောက်ကို မုဒိန်းကျင့်ပြီးသတ်ပစ်တဲ့အကြောင်း ကျနော့်ကိုယ်တွေ့အရ ပြောထားပါတယ်။ အဲ့ဒီအခန်းကိုအကြောင်းပြုပြီး မကြိုက်သူတွေ ဝိုင်းဆဲလိုက်ကြတာမှ မနည်းဘူး။ ဘယ်နေရမှာလဲ..ပြော၊ ဘယ်အချိန်ကလဲ..ပြော၊ ဘယ်တပ်လဲ...ပြ၊ ဘယ်ကောင်လည်း ကိုယ်ပိုင်နံပတ်နဲ့ အတိအကျပြောတွေ ဘာတွေလည်း ပါပါတယ်။ မပြနိုင်ရင် သတ်ပစ်မယ်ဆိုတာအထိတောင် ပါပါတယ်။
တချိန်ချိန်ကြ ကျနော်လည်း မှတ်တမ်းရုပ်ရှင်ရိုက်ရမယ်၊ ဒီအခန်းလည်း ထည့်ပြောဖြစ်မယ်လို့ မသိခဲ့တာလည်းပါသလို ကိုယ်တိုင်ကလည်း ဒိုင်ယာရီရေးကျင့်မရှိတဲ့အပြင် စစ်သားဘဝတုန်းက အပြင်မှာအရပ်ထဲမှာပြန်ပြောဖို့မပြောနဲ့ တပ်ထဲက လူပျိုလိုင်းမှာတောင် ပြန်မပြောရဲ့တဲ့ကိစ္စမို့ မှတ်မှတ်သားသားကို မထားခဲ့ရတာပါ။
ခု နည်းပညာတွေရဲ့အကျိုးကျေးဇူးနဲ့ ဖေ့စ်ဘွတ်ခ်အပါအဝင် လူထုမီဒီယာတွေ လှိုင်လှိုင်ပေါလာတော့ ဘယ်စစ်တပ်က ဘယ်စစ်ဗိုလ် ဘယ်စစ်သား ကိုယ်ပိုင်နံပတ် ဘယ်လောက်လောက် ရာထူးအဆင့်ဘယ်ရွေ့ဘယ်မျှ ဘယ်နေ့ ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လိုအမျိုးသမီးတွေကို ဘယ်ပုံဘယ်နည်း မုဒိန်းတွေကျင့်ကြ နှုတ်ပိတ်သတ်ဖြတ်ကြတွေ ဖုံးမနိုင်ဖိမရပေါ်လာတော့မှ ကျနော့် ဝိုင်းဆဲခဲ့ကြသူတွေ အသံတိမ်သွားလား။
အဲ့သလို လူထုနည်းနဲ့ စစ်မုဒိန်းလူသတ်ကောင်တွေ လက်သည်ပေါ်ပေါ်လာတော့ စစ်တပ်နဲ့ဆိုင်တဲ့အမှုကြီးငယ်မှန်သမျှ အဆုံးသတ်စီရင်ချက်ဟာ ကာကွယ်ရေးဦးစီးချုပ်ထံမှသာ ဆင်းသက်စေရမယ်ဆိုတဲ့ ကိုယ့်လူကိုယ်ကာတဲ့ဥပဒေထုတ်ပြီး ကာရတာပဲမဟုတ်လား။
ဒါတောင် ကျနော်ပြောတုန်းက တောထဲတောင်ထဲမှာ၊ ရှေ့တန်းစစ်မြေပြင်လို့ဆိုတဲ့ လူသူအရောက်အပေါက်နည်းတဲ့ ဒေသတွေမှာ။ လူမသိသူမသိ ကြိတ်ပြီးဖြစ်နေကြတာပါ။
ခုတော့ စစ်မုဒိန်းလူသတ်ကောင်တွေက မြို့လည်ကောင်တွေမှာ ပြောင်ပြောင်တင်းတင်းဖြစ်နေပြီ မဟုတ်လား။
ဘာကြာသေးလို့တုန်း စစ်တွေဘက်မှာ ခွင့်ပြန်လာတဲ့စစ်သားက ၇ နှစ် သမီးလေးကို မုဒိမ်းကျင့်ခဲ့တာပဲ။ ကလေးမလေး အဲ့ဒီဒဏ်နဲ့သေတာပဲ။
ဒီဇင်ဘာ ၁၂၊ ၂ဝ၁၅