Monday, October 31, 2016

သေနတ်ပြောင်းကို အမိန့်ပေးနိုင်မှ အပိုင်း - ၂ ကြည်ဝင်း

0 comments
သေနတ်ပြောင်းကို အမိန့်ပေးနိုင်မှ
အပိုင်း - ၂
ကြည်ဝင်း
(အရေးတော်ပုံဂျာနယ်၊ အတွဲ ၂၊ အမှတ် ၇)
တဆက်တည်းပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းပြမြေပုံ ၇ ဆင့်ဆိုတာကို ထုတ်လာတယ်။ အဲဒါတွေကတော့
(၁) နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်ခြင်း၊
(၂) နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်ပြင်ဆင်ခြင်း၊
(၃) ပြင်ဆင်အတည်ပြုပြီးဖြစ်သော နိုင်ငံရေးဆွေးနွေးမှု မူဘောင်နဲ့အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံကျင်းပခြင်း၊
(၄) ၂၁ ရာစု ပင်လုံညီလာခံရလဒ်များအားစုစည်းပြီး ပြည်ထောင်စုသဘောတူညီချက် (21 st Century Panglon Conference Agreement)လက်မှတ်ထိုးခြင်း၊
(၅) ပြည်ထောင်စုသဘောတူညီချက်နဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသားခြင်း၊ အတည်ပြုခြင်း၊
(၆) ပြင်ဆင်ရေးသားအတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပခြင်း၊
(၇) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်နဲ့အညီ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း။
တို့ပဲ ဖြစ်တယ်။ ဒါကို စစ်တပ်ကလည်းသဘောတူထားပုံ ရပါတယ်။

အဲဒီ နိုင်ငံရေးမူဘောင်ပြန်လည်သုံးသပ်ခြင်းနဲ့ ပြန်လည်ပြင်ဆင်ရေးအဆင့်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်လာနိုင်အောင် ပြင်ဆင်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အခုအချိန်အထိတော့ (NCA) လက်မှတ်ထိုးမှညီလာခံတက်လို့ရမယ်လို့ပြောနေတာ ဖြစ်တယ်။ အထက်မှာပြောသလို ရခိုင်၊ ပလောင်နဲ့ ကိုးကန့်အဖွဲ့တွေအနေနဲ့ လက်မှတ်ထိုးမယ်ဆိုရင် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပါမယ်ဆိုပြီး အရင်ကြေညာရမှာ ဖြစ်ပါတယ်။

ဖြစ်စဉ်တွေကိုကြည့်ရင် စစ်တပ်ကသဘောတူမှ (NLD) က လုပ်နိုင်တာတွေ့ရမယ်။ (NLD) က အစိုးရဖြစ်ပေမယ့် ၂၀၀၈ ခြေဥရဲ့ခြေမန်းကွင်းအစွပ်ခံထားတာဖြစ်လို့ စိတ်သွားတိုင်းကိုယ်မပါနိုင်ဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့လမ်းပြမြေပုံ (၇) ဆင့်မှာလည်း စစ်တပ် (စစ်အုပ်စု) က အမျိုးမျိုးပညာပြတာကို တွေ့ကြရပါဦးမယ်။
၂၀၀၈ ခြေဥအရ အာဏာပိုင်အစစ်ဟာ ကာချုပ်ပဲဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတအထက်မှာနေနိုင်ပေမယ့် ကာချုပ်အထက်မှာတော့မနေနိုင်ဘူး။ နိုင်ငံတော်တန်းစီဇယားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကာချုပ်အထက် နံပါတ် ၂ နေရာမှာရှိပေမယ့် ဒါဟာ စာရွက်ပေါ်မှာပဲဖြစ်တယ်။ ဒါကြောင့်လည်း ၂၀၀၈ ခြေဥပြင်ရေးကိစ္စမှာ လူထုကရွေးချယ်တင်မြှောက်တဲ့အစိုးရလက်အောက်မှာ စစ်တပ်ကိုထားရှိဖို့ပြင်ဆင်ရမယ်လို့ အဓိကထားပြောနေကြတာပဲ။ စစ်တပ်က အစိုးရကိုအမိန့်ပေးတာမဟုတ်ဘဲ အစိုးရက စစ်တပ်ကိုအမိန့်ပေးတာဖြစ်ရမယ်လို့ ဆိုလိုတာဖြစ်တယ်။ ဥက္ကဋ္ဌမော်ကတော့ “ပါတီက သေနတ်ကိုအမိန့်ပေးရမယ်။ ပါတီကို သေနတ်ကအမိန့်ပေးတာ မဖြစ်စေရဘူး” လို့ ပြောခဲ့တယ်။

ပြည်တွင်းငြိမ်းချမ်းရေးအပါအဝင် ဗမာပြည်ရဲ့ပြဿနာအဝဝကို ဖြေရှင်းရေးရဲ့သော့ချက်ဟာ စစ် (၃) စစ် (စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီယန္တရား) ကို အပြီးအပိုင်ဖျက်သိမ်းနိုင် မဖျက်သိမ်းနိုင်ဆိုတဲ့အပေါ်မှာ မူတည်တယ်။ ခေတ်အဆက်ဆက် လူထုရဲ့သွေးမြေကျ တိုက်ပွဲဝင်ခဲ့တာတွေကြောင့် စစ်အုပ်စုဟာ တပါတီအာဏာရှင်စနစ်နဲ့ ဆက်မအုပ်ချုပ်နိုင်တော့ဘူး။ ဒါကြောင့် ပါတီစုံဆိုတာကိုဟန်ပြလုပ်လာရတယ်။ စစ် (၃)စစ်ကို ၂၀၀၈ ခြေဥနဲ့ အကာအကွယ် ယူထားတာ ဖြစ်တယ်။

စစ် (၃) စစ်ကို ဖျက်သိမ်းဖို့ဆိုရင် စစ်တပ်ကိုပြုပြင်ပြောင်းလဲရေး (RAM) လုပ်ရမယ်။ စစ်အုပ်စုရဲ့ တလက်ကိုင်စစ်တပ်အဖြစ်ကနေ အခြေခံလူထုကြီးအပေါ်သစ္စာခံတဲ့တပ်မတော် ဖြစ်လာအောင် ပြုပြင်ပြောင်းလဲရမယ်။ ပြောင်းလဲလို့လည်း ရနိုင်တယ်။ စစ်တပ်ထဲမှာ ထိပ်သီးတစုကလွဲလို့ အောက်ခြေအများစုကြီးက အခြေခံပြည်သူလူထုရဲ့သားသမီးတွေ ဖြစ်ကြတယ်။ သူတို့ဘတွေဟာလည်း အများပြည်သူတွေလိုပဲ ဆင်းရဲနုံချာနေကြတာပဲ။ အခါအခွင့်သင့်တိုင်းလည်း စစ်အုပ်စုကို မလိုလားဘူးဆိုတာ ပြခဲ့ကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတို့ကို ကြည့်ပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း စစ်တပ်ကိုပြောင်းလဲနိုင်မှဖြစ်မယ်ဆိုတာကို သဘောပေါက်ပုံ ရပါတယ်။ သူ့နည်းသူ့ဟန်နဲ့ကြိုးစားနေပုံပါပဲ။ တွေ့မြင်နေရသလောက်ကတော့ စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ ထိတွေ့ဆက်ဆံပြီး ရင်းနှီးမှုယူ၊ ဖြည်းဖြည်းချင်းဆွေးနွေးနားချနေတယ်လို့ ဆိုရမလားပဲ။ ပြောရရင်တော့ ချော့မြှူရေး (appeasement) ဆန်တယ်။ (အခု အမေရိကန်ခရီးမှာ ဆန်ရှင်ပြုတ်အောင်လုပ်လာနိုင်ခဲ့တယ်။ အမေရိကန်ကလည်းဖြုတ်ချင်နေတာမို့ ထီးလိုမင်းလို လို့ပြောရမှာပဲ။)

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ထိပ်တိုက်တွေ့ရေးလမ်း မလိုက်ဘူး၊ လူထုအနာမခံတော့ဘူး၊ တွေ့ဆုံဆွေးနွေးရေးလမ်းပဲသွားမယ်လို့ ပြောထားတယ်။ ဒါကြောင့်လည်း ရွှေဂုံတိုင်ရပ်တည်ချက်ကနေ ဂငယ်ကွေ့ ကွေ့ပြီး ၂၀၀၈ ခြေဥလက်ခံ၊ ရွေးကောက်ပွဲဝင်ခဲ့တာဖြစ်တယ်။ ဒီလမ်းလိုက်ဖို့ အခါတော်ပေးနေသူတွေလည်း မနည်းပါဘူး။ 'ထိပ်တိုက်တွေ့ရေးလမ်းလိုက်လို့ တိုင်းပြည်နဲ့လူထုနာလှပြီ။ အကျိုးမရှိဘူး။ သမ္မတဒေါက်တာမောင်မောင်လက်ထက်ကလည်း တွေ့ဆုံဆွေးနွေးရေးမလုပ်ဘဲ ထိပ်တိုက်တွေ့လို့ အကျိုးနည်းခဲ့တယ်။ စစ်တပ်ကို အတိုက်အခံမလုပ်နဲ့။ စစ်တပ်က ပေးထားချက်ကိုပဲယူ၊ နိုင်ငံရေးဆိုတာ ဖြစ်နိုင်တာကိုလုပ်တာ (အခု ကာချုပ်ကလည်း ဒါကို ထည့်ပြောသွား)' စတဲ့စတဲ့ သြဝါဒလမ်းညွှန်တွေ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က အတော်များများ တွေ့ခဲ့ရတယ်။
မိမိကတော့ တပ်ပြုပြင်ရေးဟာ လူထုအားပါမှသာအောင်မြင်နိုင်မယ်လို့ ယုံတယ်။ ထိပ်တိုက်တွေ့တာ၊

လူထုနာတာ စတာတွေနဲ့ပတ်သက်ပြီးတော့လည်း ပြောချင်ပါတယ်။
(၁) ထိပ်တိုက်တွေ့ရေးတို့ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရေးတို့ဆိုတာတွေဟာ လူထုကြီးက ရွေးချယ်နိုင်တာ မဟုတ်ဘူး။ ဖိနှိပ်အုပ်စိုးသူတွေကသာ ရွေးချယ်တာဖြစ်တယ်။ လူထုကြီးကတော့ အခြေခံအားဖြင့် ငြိမ်းချမ်းတဲ့လမ်းကိုပဲရွေးချယ်ချင်ကြတာပါ။ အဲဒီလမ်းကို အုပ်စိုးသူတွေကပိတ်ထားလို့သာ တခြားလမ်းရွေးရတာ ဖြစ်တယ်။
(၂) လူထုကြီးကို လမ်းပေါ်ထွက်ကြပါလို့ပြောတိုင်းလည်း လမ်းပေါ်ထွက်လာမှာမဟုတ်သလို မထွက်ကြပါနဲ့လို့ပြောတိုင်းလည်း မထွက်ဘဲနေကြမှာ မဟုတ်ပါ။ ထွက်တာ မထွက်တာဟာ သူတို့ရဲ့ လက်တွေ့ရုပ်ဘ၀ကပြဋ္ဌာန်းတာ ဖြစ်တယ်။ အခုလည်း အလုပ်သမားတွေ လုပ်ခတိုးရဖို့ လမ်းပေါ်ထွက်နေကြသလို လယ်သမားတွေလည်း သိမ်းဆည်းလယ်ပြန်ရရေး ထွန်တုံးတိုက်ပွဲတွေ နွှဲနေကြရတယ် မဟုတ်လား။
လူထုတိုက်ပွဲသဏ္ဌာန်ဟာ လမ်းပေါ်ဆန္ဒပြတာတခုတည်းရှိတာ မဟုတ်ပါ။ ပုံစံမျိုးစုံ ရှိပါတယ်။ အခြေအနေအချိန်အခါလိုက်ပြီး အမျိုးမျိုးပြောင်းလဲကျင့်သုံးရမှာ ဖြစ်ပါတယ်။
(၃) ထိပ်တိုက်တွေ့လို့အကျိုးမရှိဘူးလို့ ပြောနေသူတွေအနေနဲ့ မိမိတို့ဟာ ခေတ်အဆက်ဆက် အသက်ပေးတိုက်ပွဲဝင်သွားသူတွေရဲ့အရိုးပုံပေါ်မှာ ထိုင်နေကြတယ်ဆိုတာ မမေ့ကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။ ဒီကနေ့ အတိုင်းအတာတခုအထိ လွတ်လပ်ခွင့်၊ ပြောဆိုရေးသားခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့် စသဖြင့်ရနေတာတွေဟာ ပြည်သူတွေသွေးမြေကျခံပြီးတိုက်ပွဲဝင်ခဲ့လို့ ရခဲ့တဲ့ အသီးအပွင့်တွေပါ။ စစ်အုပ်စုကသဘောကောင်းပြီးပေးခဲ့တာ မဟုတ်ပါဘူး။ ဒီအသီးအပွင့်တွေကို ဆက်ခံကာကွယ်ထိန်းသိမ်းရမှာဖြစ်သလို ဆက်လည်းတိုးချဲ့ရပါမယ်။
(၄) လူထုနာမှာစိုးတယ် ဆိုကြတယ်။ လမ်းပေါ်ထွက်ဆန္ဒပြလို့ အကြမ်းဖက်ဖြိုခွဲခံရပြီး လူထုတွေ အသက်ဆုံးရှုံးသွေးမြေကျမှာကိုမဖြစ်စေချင်ဘူးလို့ ဆိုလိုဟန်တူပါတယ်။ စစ် (၃)စစ် အောက်မှာ လူထုကြီးဟာ နေ့စဉ်နဲ့အမျှဆင်းရဲဒုက္ခခံနေကြရတာပါ။ စစ်ဖြစ်နေတဲ့နေရာတွေမှာ အသက်ဆုံးရှုံးရတာ၊ ကျီးလန့်စာစားနေရတာ၊ နေရပ်ဒေသမပြန်နိုင်ဘဲ စစ်ပြေးဒုက္ခသည်ဘဝနဲ့ ဆယ်စုနှစ်များစွာ နေနေကြရတာ စတာစတာတွေဟာ ပြောမကုန်ရေးမကုန်ပါ။
ဒါ့အပြင် စစ်အုပ်စုထိပ်သီးနဲ့အပေါင်းအပါတသိုက်က တိုင်းပြည်ရဲ့သယံဇာတတွေကို စည်းမရှိကမ်းမရှိ ထုတ်ယူရောင်းချလို့ သဘာဝပတ်ဝန်းကျင်တွေပျက်စီးကုန်တယ်။ ရာသီဥတုတွေဖောက်ပြန်ပြီး ကပ်ဘေးတွေ ကျတယ်။ သဘာဝဘေးအန္တရာယ်တွေအတွက် ကြိုတင်သတိပေးတာ၊ လုံခြုံရာရွှေ့ပေးတာ စတဲ့ လုပ်ရမယ့်အစိုးရတာဝန်တွေပျက်ကွက်လို့ ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ် မပျက်စီးမဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရတယ်။ ၂၀၀၈ နာဂစ်မုန်တိုင်းမှာဆိုရင် သိန်းနဲ့ချီအသက်ဆုံးရှုံးရတယ် မဟုတ်လား။
လတ်တလောထုတ်ပြန်တဲ့ ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ် လျော့ကျရေး UNISDR ရဲ့ အစီရင်ခံစာအရ သဘာဝ ဘေးအန္တရာယ်များကြောင့် သေဆုံးသူအများဆုံးနိုင်ငံစာရင်းတွင် ဟေတီကထိပ်ဆုံး၌ရပ်တည်ခဲ့ပြီး
မြန်မာနိုင်ငံကတတိယနေရာမှာ ရှိနေတယ်။ အဲဒီအစီရင်ခံစာမှာပဲ သဘာဝဘေးအန္တရာယ်ဆုံးရှုံးမှုတွေဟာ လူမှုစီးပွားဘဝတွေနဲ့ဆက်စပ်တယ်လို့လည်း ဖော်ပြထားတယ်။ လူမှုစီးပွားဘဝနိမ့်ကျလေ ဆုံးရှုံးမှုကြီးလေလို့ ပြောတာပါ။

လူထုကြီးအနေနဲ့ နေ့စဉ်နေထိုင်မှုဘဝအတွက် သွားရေးလာရေးမှာလည်း ယာဉ်အိုယာဉ်ဟောင်းတွေကိုပဲ အားကိုးကြရတယ်။ အိုဟောင်းရုံမက ယာဉ်စီးရေမလောက်ငတော့ စုပြုံတိုးဝှေ့စီးကြ သွားကြရတယ်။ ဒါကြောင့် သဘောင်္မှောက်ကားမှောက် သေရတာတွေလည်း မကြာမကြာကြားနေရတယ်။
လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်ကချွတ်ခြုံကျနေတယ်။ လူထုကြီးဟာ နေ့စဉ်နဲ့အမျှနာကျင်ခံစားနေကြရတာ ဖြစ်ပါတယ်။ လူထုကြီးခံစားနေရတဲ့ ဒုက္ခအပေါင်းဟာ ရေးလို့ကုန်နိုင်ဖွယ်မရှိပါဘူး။ အခုအခြေအနေက တိုင်းပြည်ဖြစ်ရှုံး တိုင်းပြည်ရာမဝင်တဲ့အခြေအနေ ဖြစ်နေပါပြီ။ စစ် (၃)စစ် တရက် အသက်ပိုရှည်လေ လူထုကြီးက တရက် ပိုဒုက္ခရောက်လေပါ။

ချုပ်ရရင်တော့ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့၊ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရှိတဲ့ပြည်ထောင်စုကို ထူထောင်ဖို့အတွက် အဓိကအဟန့်အတားက စစ် (၃) စစ်ပဲ ဖြစ်ပါတယ်။ စစ် (၃) စစ် ဖျက်သိမ်းဖို့ဆိုရင် စစ်တပ်ကို အရင်ဆုံးပြုပြင်ပြောင်းလဲရမယ်။ လူထုအားနဲ့သာ ပြောင်းလဲနိုင်မယ်။ သေနတ်က လူထုကိုအမိန့်ပေးတာ မဟုတ်ဘဲ လူထုက သေနတ်ကိုအမိန့်ပေးတာဖြစ်အောင် ပြောင်းလဲရမှာ ဖြစ်ပါကြောင်း။
ပြီး

သေနတ်ပြောင်းကို အမိန့်ပေးနိုင်မှ အပိုင်း - ၁ ကြည်ဝင်း

0 comments
သေနတ်ပြောင်းကို အမိန့်ပေးနိုင်မှ
အပိုင်း - ၁
ကြည်ဝင်း
(အရေးတော်ပုံဂျာနယ်၊ အတွဲ ၂၊ အမှတ် ၇)
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ 'ပြောင်းလဲချိန်တန်ပြီ' ဆိုတဲ့ကြွေးကြော်သံနဲ့ ဝင်ရောက်အရွေးခံခဲ့ပြီး တောင်ပြိုကမ်းပြိုအနိုင်ရခဲ့တယ်။ ဒါကြောင့် (NLD) ဟာ အစိုးရအဖွဲ့ကိုလည်း လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်ပြီးဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၀၈ ခြေဥကြောင့် ဒေါ်အောင်ဆန်းစုကြည် (DASSK) ကတော့ သမ္မတလုပ်ခွင့်မရပါဘူး။ သမ္မအထက်မှာနေမယ်လို့ကြွေးကြော်ခဲ့တဲ့ (DASSK) ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ရာထူးကို တီထွင်ရယူခဲ့တယ်။

(NLD) အစိုးရဖြစ်လာပြီးနောက်မှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကို အဓိကဦးစားပေးဆောင်ရွက်လာတာကို တွေ့ရတယ်။ ဦးသိန်းစိန်တို့ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဆက်ပြီးအမွေခံ လုပ်ကိုင်ရတာဖြစ်တယ်။ ဦးသိန်းစိန်လက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မာရသွန်ဆွေးနွေးပွဲတွေလုပ်ခဲ့ပြီး ပြည်လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ဆိုတာ ပေါ်ထွက်လာတယ်။ ဒါပေမဲ့ တကယ်လက်မှတ်ထိုးတဲ့အခါမှာတော့ (၈) ဖွဲ့ပဲ လက်မှတ်ထိုးတာဖြစ်တယ်။ အဖွဲ့တချို့ (KIA, NMSP) က အဖွဲ့အားလုံးမပါဝင်တဲ့အတွက်ဆိုပြီး လက်မှတ်မထိုးကြဘူး။ သူတို့ပြောတဲ့ ပါဝင်ခွင့်မရတဲ့အဖွဲ့တွေဆိုတာက ရခိုင်တပ်မတော်၊ တအာင်းပလောင်အဖွဲ့နဲ့ ကိုးကန့်အဖွဲ့ (AA/TNLA/MNDAA/ ) တို့ ဖြစ်တယ်။ ဒီ (၃) ဖွဲ့လက်မှတ်ထိုးဖို့ဆိုရင် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပါတယ်လို့ ကြေညာချက်ကိုအရင်ထုတ်ရမယ်လို့ စစ်တပ်က ရပ်ခံထားတယ်။ ဝနဲ့မိုင်းလား (UWSA, NDAA) အဖွဲ့တွေကတော့ သူတို့ဟာအစိုးရနဲ့ အပစ်ရပ်စာချုပ်တွေချုပ်ထားပြီးဖြစ်လို့ ထပ်လက်မှတ်ထိုးစရာမလိုဘူးလို့ ပြောပါတယ်။ (NLD) အစိုးရက ဒီအခြေအနေကို ဆက်ခံရတာ ဖြစ်တယ်။

(NLD) အစိုးရက ၂၁ ရာစုပင်လုံညီလာခံကျင်းပမယ်ဆိုပြီး စတင်စိုင်းပြင်းပါတယ်။ အားလုံးပါဝင်ခွင့်ရှိရမယ်လို့လည်း ဆိုတယ်။ ဒီအတွက် ကော်မတီတွေ၊ ဆပ်ကော်မတီတွေ ဖွဲ့တယ်။ အဖွဲ့အစည်းအသီးသီးဆီကို ကိုယ်စားလှယ်တွေလွှတ်ပြီး ဆွေးနွေးတယ်။ အတော်များများကတော့ အဆင်ပြေတယ်။ တက်ကြမယ်ဆိုတဲ့ အဖြေရတယ်။ ရခိုင်၊ ပလောင်နဲ့ကိုးကန့်အဖွဲ့တွေနဲ့လည်း ဆွေးနွေးတယ်။ အဲဒီ (၃) ဖွဲ့ကလည်း တက်ချင်တဲ့ဆန္ဒရှိကြောင်း ပြောတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ (၃) ဖွဲ့အပေါ် စစ်တပ်ရဲ့တောင်းဆိုချက်ဖြစ်တဲ့ လက်နက်ကိုင်နည်းလမ်းကိုစွန့်လွှတ်ကြောင်း ကြေညာချက်အရင်ထုတ်ရမယ်ဆိုတဲ့ ဘူတာကိုပဲ ပြန်ဆိုက်ပါတယ်။ အဲဒီ (၃) ဖွဲ့က လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးဆောင်ရွက်သွားမယ်ဆိုတာနဲ့အစားထိုးဖို့ ညှိသေးပေမယ့် စစ်တပ်က လက်မခံလို့ အဆင်မပြေတော့ဘူး။ တက်ချင်တိုင်းတက်ရအောင် တောင်ပြုံးပွဲမဟုတ်ဘူးလို့တောင် ဦးခင်ဇော်ဦး (ဒုဗိုလ်ချုပ်ကြီးဟောင်း) က ပြောလိုက်ပါသေးတယ်။ ဒီလိုနဲ့ (NLD) အစိုးရပြောတဲ့ အားလုံးပါဝင်တဲ့ ၂၁ ရာစုပင်လုံညီလာခံလည်း အားလုံးမပါဝင်နိုင် ဖြစ်ခဲ့ရတယ်။

၂၁ ရာစု ပင်လုံညီလာခံကို ၂၀၁၆ ခုနှစ် သြဂုတ်လထဲ နေပြည်တော်မှာကျင်းပခဲ့တယ်။ တက်ရောက်တဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေနာမည်ကို ရာထူးအမည် ဒါမှမဟုတ် ဦး စသဖြင့် အရှေ့မှာမတပ်ဘဲ ဒီအတိုင်းပဲရေးခဲ့တာကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေ မကျေမနပ်ဖြစ်ကြတယ်။ ဒီနေရာမှာလည်း 'တပ်မတော်ရဲ့သဘောထားအမှန်' ကို တွေ့ကြရပြန်ပါတယ်။ ဝအဖွဲ့ကလည်း ကိုယ်စားလှယ်ကတ်ပြားထုတ်ပေးရာမှာ လေ့လာသူကတ်ပြားတွေထုတ်ပေးတာကြောင့် အဆင့်အတန်းခွဲခြားခံရတယ်ဆိုပြီး ညီလာခံမှာတင်မယ့် သူတို့စာတမ်းပေးခဲ့ပြီး ညီလာခံဆက်မတက်ဘဲ ပြန်သွားကြတယ်။

၂၁ ရာစုညီလာခံပြီးတော့ နောက် ၆ လ အကြာမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပမယ်လို့ ဒီချုပ်အစိုးရက စီစဉ်ထားတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲတက်မယ်ဆိုရင် (NCA) ကိုလက်မှတ်ထိုးထားတဲ့အဖွဲ့တွေပဲတက်ရမယ်ဆိုတဲ့ကန့်သတ်ချက်ကို ချမှတ်ထားတာတွေ့ရတယ်။ ဒါဟာ စောစွာကတည်းက စစ်တပ်ကပြောနေတာ ဖြစ်တယ်။ ဒီအချက်ကို (NLD) ကလည်း လက်ခံထားရပုံရတယ်။

ပိုဆိုးတာက ၂၁ ရာစုပင်လုံညီလာခံအပြီးမှာ ဗမာပြည်မြောက်ပိုင်းမှာ သေနတ်သံတွေ ပြန်ညံလာတာပဲဖြစ်တယ်။ အဓိက ကေအိုင်အိုကို ထိုးစစ်တွေ ဆင်တာဖြစ်တယ်။ ဒီနောက် တောင်ပိုင်းရှမ်းနဲ့လည်း ဖြစ်တယ်။ ကရင်ပြည်နယ်မှာလည်း ဒီကေဘီအေခွဲထွက်အဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်တယ်။ စစ်ဘေးဒဏ်ကိုမခံနိုင်တော့တဲ့ ပြည်သူတွေရဲ့ ထိုးစစ်တွေရပ်ဖို့ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်လာတယ်။ ဒါပေမဲ့ (NLD) အစိုးရဘက်ကတော့ ရေငုံနှုတ်ပိတ်နေတာ တွေ့ရတယ်။

ဒီရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်မောင်းတောမှာ စစ်တပ်ဘက်က ဘင်္ဂါလီလို့ဆိုတဲ့သူတွေက အုပ်စုဖွဲ့ပြီး ရဲကင်းစခန်းတွေဝင်စီးတဲ့ ဖြစ်ရပ်တွေပေါ်လာတယ်။ ရဲ ၉ ဦးကျပြီး လက်နက်တွေလည်း ၅၀ ဝန်းကျင် ပါသွားတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မှာ နိုင်ငံတောကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေး လုပ်တယ်။ ရခိုင်အရေး၊ ကချင်ပြည်နယ်နဲ့ရှမ်းပြည်မြောက်ပိုင်း စစ်ပွဲတွေကိစ္စဆွေးနွေးကြတယ်လို့ ဆိုတယ်။ အသေးစိတ်တော့ မထုတ်ပြန်ဘူး။

အောက်တိုဘာ ၁၅ ရက်နေ့မှာ (NCA) လက်မှတ်ထိုးတာ တနှစ်ပြည့်တဲ့အခမ်းအနား လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်မင်းအောင်လှိုင်တို့ မိန့်ခွန်းပြောကြတယ်။ ဗိုလ်မင်းအောင်လှိုင်က (NCA) လက်မှတ်ထိုးမှ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတက်ခွင့်ရမယ်ဆိုတာကို ထပ်ပြီးအတည်ပြုပြောတယ်။ (NCA) ဟာ တပ်မတော်တခုတည်းကချမှတ်ထားတာ မဟုတ်ဘူး။ ကျန်လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး သဘောတူ ထွက်ပေါ်လာတာဖြစ်တယ်လို့လည်း ဆိုတယ်။ ဒီမတိုင်ခင်မှာ ထွက်လာတဲ့ (UWSA) မှ ကျောက်ကော်အမ်းနဲ့ မီဒီယာတွေတွေ့ဆုံမေးမြန်းရာမှာတော့ (NCA) ကို လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ ထပ်ပြောထားတယ်။
ဆက်တင်ပါ့မယ်။

စိတ်ဝင်စားစရာ သတင်းတိုထွာ(၃) မြစမ်းအေး

0 comments
စိတ်ဝင်စားစရာ သတင်းတိုထွာ
မြစမ်းအေး
(အရေးတော်ပုံ ဂျာနယ်၊ အတွဲ ၂၊ အမှတ် ၇)
ကမ္ဘာ့စည်းစနစ်သစ်နဲ့ပတ်သက်၍ တရုတ်-အမေရီကန် ကွဲလွဲချက်
(နိုင်ငံတကာ့နယ်ပယ်မှာ တရုတ်-အမေရိကန်တို့ဟာ ပူးပေါင်းဆောင်ရွက်နေကြသော်လည်း ပုံမှန်ဆက်ဆံရေးသစ် new normal အတွက် မူဝါဒနှင့်စည်းမျဉ်းပိုင်းတွင် ရည်ရွယ်ချက်ခြင်း ကွဲပြားနေတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ တရုတ်ပညာရှင် Wang Jisi (ပီကင်းတက္ကသိုလ် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာန ဥက္ကဋ္ဌ) နှင့် Kenneth Lieberthal(ဘရုတ်ကလင်းတက္ကသိုလ် တရုတ်-အမေရိကန်ရေးရာပညာရှင်)တို့ ပူးတွဲရေးသားတဲ့ တရုတ်-အမေရိကန် မဟာဗျူဟာပိုင်းဆိုင်ရာ သံသယ China-US Strategic Distrust စာတမ်းမှ လိုရင်းကောက်နှုတ် ဖော်ပြလိုက်ပါတယ်။)
နိုင်ငံရေးအားဖြင့် တရုတ်က ‘ဒီမိုကရေစီကျတဲ့ နိုင်ငံတကာဆက်ဆံရေး’ကို ရပ်ခံတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အများစုဖြစ်တဲ့အတွက် နိုင်ငံကိုအခြေပြုတဲ့ဒီမိုကရေစီနည်းကျ နိုင်ငံတကာစနစ်ကို ကျင့်သုံးတယ်။ အမေရီကန်က ‘လစ်ဘရယ်နိုင်ငံတကာစည်းစနစ်’ကို ဆော်ဩပြီး ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကအခွင့်အရေးရှိတဲ့ ‘ဒီမိုကရေစီကမ္ဘာကြီး’ကို လှုံ့ဆော်တယ်။ အထက်ပါအယူအဆ နှစ်ရပ်ကွဲလွဲမှုက မကျော်လွှားနိုင်တဲ့အတားအဆီးကို ဖြစ်စေတယ်။
စီးပွားရေးအားဖြင့် အမေရိကန်ဟာ နိုင်ငံတကာစည်းမျဉ်း 
တပုံကြီးကိုပြဋ္ဌာန်းပြီး နိုင်ငံပိုင်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်တယ်၊ အလုပ်သမားစံနှုန်းကိုမြှင့်တယ်၊ သတင်းလွတ်လပ်စွာစီးဆင်းစေတယ်၊ သဘာဝဝန်းကျင်ဂေဟစနစ်ကို ကာကွယ်ဖို့ပြောတယ်၊ နိုင်ငံတကာမူပိုင်ခွင့်ကိုကာကွယ်ဖို့ပြောတယ်။ ပစိဖိတ်ကျော် ပူးပေါင်းဆောင်ရွက်မှု (ကုန်သွယ်ဝန်ဆောင် သဘောတူညီချက်)TPP ၊ အတ္တလန်တိတ်ကျော် ပူပေါင်းဆောင်ရွက်မှု (ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှု နှင့် ဝန်ဆောင်မှုကူးသန်းရောင်းဝယ်ရေး သဘောတူချက်) TAP အတွက် စေ့စပ်ဆွေးနွေးတယ်။
အဲဒီထဲက တချို့စည်းမျဉ်းတွေကို (ဥပမာ၊ အစိုးရပိုင်စီးပွားရေးလုပ်ငန်းများအပေါ် ခွဲခြားဆက်ဆံတာ) တရုတ်က လက်မခံနိုင်ဘူး။ တရုတ်ကလုပ်ဆောင်နေတဲ့ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် AIIB မှာ အမေရိကန်က မပါဘူး။ တရုတ်ကဆော်ဩနေတဲ့ ခါးပတ်လမ်းကြောင်း One Belt One Road ကိုလည်း စောင့်ကြည့်အနေအထားပဲရှိတယ်။ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုစာချုပ် ညှိနှိုင်းဆွေးနွေးနေတာ မချောမွေ့သေးဘူး။ နည်းပညာမြင့်ပို့ကုန်တွေ တရုတ်ကိုတင်ပို့ရာမှာလည်း အတားအဆီးတွေ ရှိနေသေးတယ်။ အမေရိကန်ဒေါ်လာရဲ့စိုးမိုးမှုအနေအထားကို ထိန်းသိမ်းထားဖို့အတွက် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများအတွင်း တရုတ်ရဲပ့မဲပေးခွင့်တိုပွားလာမှာနဲ့ တရုတ်ယွမ်ငွေ နိုင်ငံတကာသုံးဖြစ်လာမှာကို အမေရိကန်က အပြုသဘောမတုန့်ပြန်ဘူး။ အမေရိကန်နိုင်ငံအတွင်း တရုတ်စီးပွားရေး (ပုဂ္ဂလိကအပါ)လှုပ်ရှားလာမှုအပေါ် အမျိုးသားလုံခြုံရေးရှုထောင့်နဲ့ ကန့်သတ်မှုတွေလုပ်တယ်။
ဒါတွေက အမေရိကန်အနေနဲ့ တရုတ်ရဲ့ပြည်တွင်းပြည်ပစီးပွားရေးပေါ်လစီကို ဘောင်ခတ်ပြီး အမေရိကန်အတွက်သာအကျိုးရှိမည့် စည်းမျဉ်းများချမှတ်ဖို့ ကြိုးစားခြင်းပဲဖြစ်တယ်။ နိုင်ငံနှစ်ခုရဲ့စီးပွားရေးပုံစံ သဟာဇာတမဖြစ်မှုဟာ အတားအဆီးတွေပိုများလာတယ်။
နိုင်ငံတကာလုံခြုံရေးနယ်ပယ်တွင် တရုတ်က တောင်တရုတ်ပင်လယ်ကို မိရိုးဖလာပင်လယ်ပြင်အဖြစ်မြင်ပြီး တောင်တရုတ်ပင်လယ်နဲ့ပတ်သက်တဲ့မူဝါဒ အခွင့်အရေးနဲ့ အကျိုးစီးပွားကို အမျိုးသားအချုပ်အခြာနဲ့ ပိုင်နက်နယ်မြေတည်တန့်မှုအဖြစ် သဘောထားတယ်။ 
ဒါပေမဲ့ အမေရိကန်က တောင်တရုတ်ပင်လယ်အများပိုင်းကို နိုင်ငံတကာရေပြင်အဖြစ် ‘နိုင်ငံတကာဥပဒေအရ လွတ်လပ်စွာရေကြောင်းသွားလာခွင့်’ကို ကိုင်စွဲတယ်။
ဒီလိုမူဝါဒအငြင်းပွားမှုတွေရဲ့နောက်ကွယ်မှာ ပထဝီနိုင်ငံရေးအကြောင်းအချက်တွေ ရှိတယ်။
အမေရိကန်နဲ့တရုတ် နှစ်နိုင်ငံစလုံးက ဆိုက်ဘာလုံခြုံရေးကို မြင့်မြင့်မားမားအလေးထားပြီး တဦးရဲ့ဆိုက်ဘာလုံခြုံရေးကို တဦးကအန္တရာယ်ပြုနေတယ်လို့ မြင်ကြသော်လည်း သူတို့တဦးချင်းရဲ့ အလေးထားမှုချင်းကွာခြားပြန်တယ်။ တရုတ်က ပြည်တွင်းကွန်ရက်အတွင်း နိုင်ငံရေးအရထိုးဖောက်ပြီး ခေါင်းဆောင်မှုအာဏာကို တိုက်ခိုက်လာမှာကို စိုးရိမ်တယ်။ 
အမေရိကန်က online hackers တွေရဲ့ စီးပွားရေးအချက်အလက်တွေခိုးယူမှုနဲ့ လုံခြုံရေးအေဂျင်စီကွန်ရက်ကို တိုက်ခိုက်လာမှုအပေါ် စိုးရိမ်တယ်။
ပုံမှန်ဆက်ဆံရေးသစ် ဘာလဲ
နှစ်ဖက်အစိုးရ ပညာရှင် အရပ်ဖက်အဖွဲ့အစည်းတွေ ပုံမှန်တွေ့ဆုံဆွေးနွေးလာခဲ့သော်လည်း သံသယနဲ့မယုံကြည်မှုကို မချေဖျက်နိုင်ရုံတင်မက ပိုလို့တောင်တိုးပွားလာတယ်။
၂၀၁၇ မှာ အိမ်ဖြူတော်ကို ဘယ်သူရောက်လာမလဲဆိုတာထက် အမေရိကန်က ဖိအားပိုပေးလာမှာကိုပဲ တရုတ်ကစိုးရိမ်တယ်။ အမေရိကန်ဘက်ကလည်း တရုတ်ရဲ့နိုင်ငံရေးနဲ့၏စီးပွားရေးအပေါ် ရှုပ်ထွေးတဲ့ပူပန်မှုရှိတယ်။ တိန့်ရှောင်ဖင်ရဲ့ ‘သိုသိုသိပ်သိပ်နေ မလောနဲ့’ ဆိုတဲ့ မဟာဗျူဟာအယူအဆအစား ပိုစွာတဲ့သဘောထားနဲ့အစားထိုးလာမှာကို စိုးရိမ်တယ်။ 
မဟာဗျူဟာသံသယတိုးပွားမှုဟာ တရုတ်-အမေရိကန်ပုံမှန်ဆက်ဆံရေးသစ်ကို ထိခိုက်စေတယ်။
ပုံမှန်ဆက်ဆံရေးသစ်ထူထောင်ဖို့အတွက် နှစ်ဖက်စလုံးက ပဋိပက္ခနဲ့ထိပ်တိုက်တိုးမှုကိုရှောင်ရှားပြီး ပူးပေါင်းဆောင်ရွက်ရေးကိုလိုလားတဲ့ မဟာဗျူဟာရည်မှန်းချက်ရှိကြောင်း မိမိတို့ပြည်သူများကို ရှင်းပြရုံတင်မက၊ နှစ်ဖက်အစိုးရများအကြား မကြာခဏဆက်သွယ်ညှိနှုင်းခြင်းဖြင့် အထင်အမြင်ရှုပ်ထွေးမှုကိုလျော့နည်းစေပြီး ကျယ်ပြန့်တဲ့သဘောထားညီညွတ်မှုကို ရရှိစေပါတယ်။
ဟင်နရီကစ်ဆင်းဂျားက ‘တရုတ်ပြည်’ ON China ဆိုတဲ့စာအုပ်မှာ ယခုလိုတင်ပြခဲ့တယ်။ အမေရိကန်- တရုတ် ‘ပူးပေါင်းဆောင်ရွက်တဲ့ တစတစပြောင်းလဲရေး ’ co-evolution ဆိုတဲ့ ဆက်ဆံရေးကို ထူထောင်ရမယ်။ နှစ်နိုင်ငံစလုံးက ပြည်တွင်းရေးကို ကောင်းအောင်လုပ်၊ ဖြစ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်၊ ပဋိပက္ခကို နည်းအောင်လုပ်ရမယ်။
ကစ်ဆင်းဂျားပြောတဲ့ co_evolution ဆိုတာ ငြိမ်းချမ်းစွာယှဉ်ပြိုင်ခြင်း peaceful competition ကိုပြောတာလို့ထင်တယ်။ ဘယ်နိုင်ငံက မိမိရဲ့ပြည်တွင်းရေးကို ကောင်းအောင်လုပ်နိုင်သလဲ မိမိပြည်သူတွေကို ကျေနပ်မှုပေးနိုင်သလဲဆိုတဲ့အပေါ် ပြိုင်ဆိုင်ခြင်းသည်သာ အမေရိကန်နဲ့တရုတ်အကြား အဓိပ္ပာယ်ရှိတဲ့ ပြိင်ဆိုင်မှုဖြစ်ပါလိမ့်မယ်။
ရည်ညွှန်း။ As Distrust Mounts, U. S and China Battle Over New Rules of Global Order.
(၁၀ အောက်တိုဘာ ၂၀၁၆)

စိတ်ဝင်စားစရာ သတင်းတိုထွာ(၂) မြစမ်းအေး

0 comments
စိတ်ဝင်စားစရာ သတင်းတိုထွာ (မြစမ်းအေး)
(အရေးတော်ပုံ ဂျာနယ်၊ အတွဲ ၂၊ အမှတ် ၇)
ကိုလံဘီယာ စစ်အေးလွန် ငြိမ်းချမ်းရေး
၅၂ နှစ်ကြာ ကိုလံဘီယာပြည်တွင်းစစ်အဆုံးသတ်ရေး သဘောတူညီချက်ကို ကိုလံဘီယာသမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ် နှင့် လက်ဝဲသူပုန်တပ်ဖွဲ့FARC (Revolution Armed Force of Colombia) ခေါင်းဆောင် တင်မိုချန်ကို တို့ ၂၆ စက်တင်ဘာ ၂၀၁၆ တွင် ဟားဗားနားမြို့၌ လက်မှတ်ရေးထိုးတယ်။ လက်မှတ်ရေးထိုးပွဲသို့ ကုလအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ ကျူးဘားသမ္မတ ရောလ်ကက်စထရိုနဲ့ လက်တင်အမေရိကနိုင်ငံခေါင်းဆောင်အများအပြား တက်ရောက်တယ်။ 

၁၉၉၀ နှစ်များက အယ်လ်ဆာဖေဒိုး နှင့် ဂွာတီမာလာစစ်ပွဲများ အဆုံးသတ်ခဲ့သည့်အတိုင်း ဖြစ်တယ်လို့ဆိုတယ်။ FARC သူပုန်တပ်သား ၇၀၀၀ နဲ့ နောက်လိုက် ၁၇၀၀၀ ပါဝင်တယ်။
 

သဘောတူညီချက်တွင် စစ်ကာလအတွင်း နှစ်ဖက်ကျူးလွန်ခဲ့တဲ့ပြစ်မှုများကို နှစ်ဖက်ရွေးချယ် တင်မြှောက်ထားတဲ့တရားခုံရုံးကစစ်ဆေးရန်၊ FARC ကို တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်ရပ်တည်ဖို့ အစိုးရမှကူညီရန်တို့ ပါဝင်တယ်။ 

ယခုသဘောတူညီချက်ကို အောက်တိုဘာ ၂ တွင် သဘောတူမတူ လူထုဆန္ဒခံယူပွဲလုပ်မယ်။
ဂျွန်ကယ်ရီက သမိုင်းဝင်နေ့၊ ခက်ခက်ခဲခဲစေ့စပ်ရ၊ ရှေ့မှာလုပ်စရာအခက်အခဲတွေ အများကြီးရှိသေးကြောင်းပြောတယ်။
 

ကျူးဘားနဲ့ ပြန်လည်သင့်မြတ်ပြီးနောက် အမေရိကတိုက်မှ စစ်အေးတိုက်ပွဲလက်ကျန်ပဋိပက္ခ အဆုံးသတ်နိုင်ခဲ့မှုအတွက် အိုဘားမားက အမေရိကန်နိုင်ငံခြားရေးပေါ်လစီအောင်မြင်မှုတရပ်အဖြစ် ချီးကျူးပြောကြားတယ်။
 

ဒါပေမဲ့ (အောက်တိုဘာ ၃၊ ၂၀၁၆) လူထုဆန္ဒခံယူပွဲ ၉၉ ရာခိုင်နှုန်း မဲရုံများရေတွက်ပြီးစာရင်းအရ ၅၀ဒဿမ၂ ရာခိုင်နှုန်း ဆန့်ကျင်၊ ၄၉ ရာခိုင်နှုန်းထောက်ခံကြောင်း ဖော်ပြတယ်။ 

အစိုးရနဲ့သူပုန် နှစ်ဖက်စလုံးက လေးနှစ်ကြာစေ့စပ်ခဲ့ရတဲ့ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ထုတ်ဖော်ပြောကြားတယ်။ (၄ အောက်တိုဘာ ၂၀၁၆)

စိတ်ဝင်စားစရာ သတင်းတိုထွာ(၁) (မြစမ်းအေး)

0 comments
စိတ်ဝင်စားစရာ သတင်းတိုထွာ (မြစမ်းအေး)
(အရေးတော်ပုံ ဂျာနယ်၊ အတွဲ ၂၊ အမှတ် ၇)
အိုင်ယာလန်ဘိုးဘိုးအောင် Apple
၂၀၁၅ အိုင်ယာလန် GDP ၂၆ဒဿမ ၃ ရာခိုင်နှုန်း တိုးကြောင်း အိုင်ယာလန်ဗဟိုစာရင်းရုံးရဲ့ ထုတ်ပြန်ချက်က စီးပွားရေးပညာရှင်များအကြား ရယ်စရာဟာသတပုဒ် ဖြစ်နေတယ်။ စီးပွားရေးနိုဘယ်ဆုရှင် ပေါလ်ခရုမန် က ‘ဘိုးဘိုးအောင်စီးပွားရေး’ Leprechaun economics လို့လှောင်တယ်။ ကုန်စည် တိုးထုတ်လို့လား။ လူထုဝင်ငွေ တိုးလာလို့လား။ နိုင်ငံတော်ထုတ်ကုန် တိုးလာလို့လား။ တခုမှမဟုတ်ပါ။ တကယ်တော့ EU အဖွဲ့ဝင် အိုင်ယာလန်ဟာ ကြွေးဝန်ပိနေတဲ့ စီးပွားရေးကပ်ဒဏ်သင့် PIIGS (ပေါ်တူကီ ၊ အိုင်ယာလန် ၊ အီတလီ ၊ ဂရိ ၊ စပိန်) စာရင်းဝင် နိုင်ငံတနိုင်ငံဖြစ်တယ်။ လူဦးရေ ၅သန်းခန့်သာရှိပြီး ကျွန်းငယ်လေးသာဖြစ်တဲ့ အိုင်ယာလန်ဟာ ဗြုန်းစားကြီး GDP တနှစ်တာဝင်ငွေ တိုးလာကာ $၂၅၇ ဒဿမ ၄ ဘီလီယံ (၂၀၁၅ ခန့်မှန်း) ဖြစ်လာတယ်။ အကြောင်းက အိုင်ယာလန်ဟာ အမေရိကန်ကော်ပိုရိတ်များရဲ့ ဗလောင်းဗလဲလုပ်ရာ (စာရင်းဖျောက်ရာ) အရပ် ဖြစ်နေလို့ပဲ။ ဥပမာဆိုပါစို့ အမေရိကန်ကုမ္ပဏီ Maltronicနဲ့ အိုင်ယာလန်ကုမ္ဂဏီ Coridien ပေါင်းကာ အိုင်ယာလန်မြို့တော် ဒူဗလင်မှာ ရုံးစိုက်တယ်။ Maltronic ရဲ့ ပုံသေပိုင်ပစ္စည်းတန်ဖိုး assets $ ၄၃ ဘီလီယံကို အိုင်ယာလန်သို့ပြောင်းတယ်။ တကယ်ပြောင်းတာ မဟုတ်ဘူး။ စာရင်းအရသာ ပြောင်းတာဖြစ်တယ်။ ရုံးချုပ် အလုပ်သမား ပရိဘောဂ လှုပ်ရှားမှု ဘာမှမရှိဘူး။ ဒီလိုနဲ့ အိုင်ယာလန် GDP ဟာ ရုတ်ချည်းမြင့်သွားပါတော့တယ်။
မကြာခင်ကပဲ ဥရောပသမဂ္ဂ EU က အမေရီကန် နည်းပညာ Apple ကုမ္ပဏီကို ၁၀ နှစ်စာ အခွန်ရှောင်မှုနဲ့ ယူရို ၁၃ ဘီလီယံ (ဒေါ်လာ ၁၄ ဒဿမ ၅ ဘီလီယံ) နှင့် အတိုးငွေကို ပေးလျော်ဖို့ တရားစွဲတယ်။ ၂၀၁၄ မှာApple က အမြတ်ငွေ ယူရိုတသန်းတိုင်းအတွက် အိုင်ယာလန်အစိုးရသို့ (စာရင်းပြောင်းခ)အခွန် ယူရို ၅၀ သာပေးခဲ့ကြောင်း ဖော်ပြတယ်။ အမေရိကန် ကုမ္ပဏီ ၇၀၀ လောက်ဟာ အင်္ဂလိပ်စကားပြော အိုင်ယာလန်နိုင်ငံကို အိမ်လုပ်ကာ အိုင်ရစ်အလုပ်သမား ၁၄၀၀၀၀ ကို အလုပ်ပေးထားကြောင်း အိုင်းရစ် နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီး Charles Flanagan က ထုတ်ဖော်ပြောကြားပါတယ်။ (၂၀ -၉-၂၀၁၆)

ငခုံးမ (ဆလိုင်းဝင်းရွှေ)

0 comments
ငခုံးမ (ဆလိုင်းဝင်းရွှေ)
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၆
လတ်တလောဖြစ်နေတဲ့ ဝ-မိုင်းလား ‘ပြဿနာ’ အတွက် NDAA ဒုစစ်ဦးစီးချုပ် ဝ နယ် ပန်ဆန်းမှာ သွားဆွေးနွေးတာ အားလုံးပြေလည်ခဲ့တယ်လို့သိရတယ်။ ဒါပေမဲ့ အောက်တိုဘာ ၁၈ ရက်နေ့က ကာချုပ် မင်းအောင်လှိုင်နဲ့ ဒုကာချုပ်စိုးဝင်းတို့က ဒေါ်စုနဲ့ ဦးထင်ကျော်တို့နဲ့ဆွေးနွေးပြီးတော့ မင်းအောင်လှိုင်က တင်မျိုးဝင်းကို ဝ-မိုင်းလား သွားခိုင်းခဲ့တယ်။ ငြိမ်းချမ်းရေး-ဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ အကြောင်းပြခိုင်းခဲ့တယ်။ တကယ်တော့ အခုကိစ္စမှာ ဝ လုပ်တာ လုပ်နည်းလုပ်ဟန်မမှန်ပေမဲ့ အချင်းချင်းပြဿနာသာဖြစ်လို့ အပြင်ကဝင်ပါစရာမလိုသလို ရာဇသံပေးရအောင်လဲ ဗမာစစ်တပ်နယ်မြေမဟုတ်ပါဘူး။ ဝ အနေနဲ့ လက်ရှိတပ်စွဲထားတဲ့ မိုင်းလားစခန်းတွေက အင်အားတွေ ပြန်လျှော့ချဖို့အစီအစဉ်ရှိပြီးသားဖြစ်တယ်၊ ကိုယ့်အစီအစဉ်နဲ့ ကိုယ့်ရည်မှန်းချက်ပြည့်ဝပြီးနောက် သင့်တော်တဲ့အချိန်မှာ ပြန်ထုတ်မှာဖြစ်တယ်လို့ ဝ ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ချက်ချထားတယ်။

တဖက်မှာတော့ ဝ နဲ့ မိုင်းလား ပြဿနာကို အမြတ်ထုတ်ဖို့ချောင်းနေတဲ့ ဗမာမဟုတ်တဲ့ရန်သူဟောင်း RCSS နဲ့ အပေါင်းအပါရှမ်းအဖွဲ့တချို့၊ ရှမ်းသတင်းဌာနတချို့ကလဲ စိတ်ကူးယဉ်အိပ်မက်မက်ပြီး တို့မီးရှို့မီး လုပ်နေကြတယ်။ ဒါပေမဲ့ အဆိုးဆုံးကတော့ မိုင်းလားထဲမှာ အခွင့်ကောင်းစောင့်ပြီး မင်းအောင်လှိုင် ရင်ခွင်ထဲဝင် တကိုယ်တော်ကြီးပွားရေးလုပ်ချင်နေတဲ့ ကြည်မြင့်လိုလူက ရှိနေတာဖြစ်တယ်။
ဒါကြောင့် အခု အသံကျယ်နေတဲ့ ကြည်မြင့်အကြောင်းလေ့လာဖို့လိုလာတယ်။

ကြည်မြင့်(ခေါ်)ကျန်းစစ်မင်ဟာ ယူနန်ပြည်နယ် ဝမ်တိန်မြို့သား တရုတ်နိုင်ငံသားဖြစ်တယ်။ ဝမ်တိန်နဲ့ နယ်စပ်ဟိုဘက်ဒီဘက်ရှိတဲ့ ကျူကုတ်-ပန်ဆိုင်းမြို့သား စိုင်းလင်းနဲ့ ငယ်သူငယ်ချင်းဖြစ်တယ်။ ၁၉၆၇ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ နိုင်ငံတကာကူညီရေးဆိုပြီး တရုတ်တပ်နီလူငယ်တွေ ဗကပ ထဲဝင်တော့ ပါလာတာဖြစ်တယ်။

အစောပိုင်းမှာတော့ စစ်ရေးတက်တက်ကြွကြွထမ်းဆောင်ပြီး ထူးထူးချွန်ချွန်တိုက်ခဲ့တယ်။ မိုးမိတ်မြို့သိမ်းတိုက်ပွဲကိုခေါင်းဆောင်ခဲ့ပြီး ဗမာစစ်တပ်က သူရကျော်ကျော်ချို ကျတဲ့ပွဲ၊ စီစီဝမ်-တာပန်တိုက်ပွဲတွေမှာအရေးပါခဲ့တယ်။ ဗမာဆန့်ကျင်ရေး-တရုတ်လူမျိုးကြီးဝါဒအခြေခံစိတ်ဓာတ်နဲ့ တိုက်ခဲ့တာဖြစ်တယ်။ စီစီဝမ်-တာပန်တိုက်ပွဲရှုံးပြီးနောက် ကိုယ်ကျိုးစီးပွားလုပ်ဖို့ဘဲ ပိုအားသန်လာတယ်။ ဗကပ မြောက်ပိုင်းဗျူရိုရဲ့ဘိန်းဖြူထုတ်လုပ်ရေးတာဝန်ခံလုပ်ခဲ့တယ်။
ဒါပေမဲ့ တဖက်မှာတော့ ဗကပထဲမြှုပ်ထားတဲ့ တရုတ်ထောက်လှမ်းရေးအလုပ်လုပ်နေပြီး သတင်းတွေပို့ပေးနေခဲ့တယ်။ ကိုယ်ကျိုးအတွက်လဲ ဗကပခေါင်းဆောင် ဗမာအဖိုးကြီးတွေကို တအားဖားယားခဲ့လို့ တခြားကေဒါတွေ၊ အောက်ခြေရဲဘော်တွေနဲ့ အဆင်မပြေဖြစ်ခဲ့တယ်။။
၁၉၈၉ မှာ ဗကပကို ကိုးကန့်နဲ့ဝတွေပုန်ကန်ပြီး အာဏာသိမ်းချိန်မှာ မြောက်ပိုင်းဗျူရို ဒုစစ်ဦးစီးမှူးလုပ်နေတဲ့ ကြည်မြင့်ဟာ သူ့နယ်မြေမုန်းကိုးမှာအခြေစိုက်ခဲ့တဲ့ ဗကပ ယူဂျီ ၄၈၂၈ အဖွဲ့အချက်အလက်တွေ ခင်ညွန့်တို့ကိုပေးခဲ့တယ်။ ဒါကြောင့် ၄၈၂၈ အဖွဲ့မိသွားတဲ့ကိစ္စမှာ သူ့လက်ချက်အများကြီးပါတယ်။ ဒါ့ အပြင် ဗကပ ဥက္ကဌသခင်ဗသိန်းတင်စကားပြောတာပါတဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးဆိုတဲ့ ဗီဒီယိုခွေနဲ့ တခြားစာရွက်စာတမ်းတွေ အချက်အလက်တွေကိုလဲ စစ်အစိုးရဆီအပ်ခဲ့တယ်။ ဒါကြောင့် သခင်တင်မြ၊ ဘခက်၊ မောင်မြတို့ပြီးတဲ့နောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေထဲမှာ၊ ဗကပထဲမှာ အကြီးဆုံးသစ္စာဖောက်ဖြစ်လာတယ်။ စစ်အုပ်စုအတွက် အဖိုးအတန်ဆုံးသစ္စာဖောက်ဖြစ်ခဲ့တယ်။ ဖုံကျားရှင်း၊ ကျောက်နီလိုင်-ပေါက်ယိုချန်၊ စိုင်းလင်း၊ ဇခုံတိန့်ယိန်းတို့က ဗကပ ကို ပုန်ကန် ဘက်ပြောင်းရုံဘဲလုပ်ခဲ့ပေမဲ့ ကြည်မြင့်ကတော့ ရန်သူကို အချက်အလက်တွေထိုးအပ်ပြီး သစ္စာဖောက်ခဲ့သူ၊ ရန်သူနဲ့ပေါင်းခဲ့သူဖြစ်တယ်။

၁၉၈၉-၉၀ မှာဘဲ ကြည်မြင့်ဟာ ကိုးကန့်တပ်မှူး ဖုန်ကျားဖူးဆီမှာ (သူ့ကိုယ်ပိုင် ဘိန်းချက်စခန်းတွေရှိခဲ့တဲ့) မုံးစီး-တာမိုးညဲဘက် နေရာတောင်းပြီး သီးခြားငြိမ်းအဖွဲ့၊ သီးခြားငြိမ်းနယ်မြေထောင် လုပ်စားဖို့ရည်ရွယ်ခဲ့ပေမယ့် ကိုးကန့်က လက်မခံတဲ့အခါ ကိုးကန့်ကိုကာပြန်ပြီး ကားပေါ် နံပတ်ဖိုး အထုတ်လိုက်တင်၊ တရုတ်ပြည်ထဲကဖြတ် မုန်းလားကိုသွားပြီး ငယ်သူငယ်ချင်းစိုင်းလင်းဆီ နေရာတောင်းလို့ အထူး-၄ ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်လာတယ်။ ဒါပေမဲ့ ဒေသခံတွေနဲ့ရော၊ တရုတ်အချင်းချင်းနဲ့ပါ ဘယ်သူနဲ့မှမတည့်လို့ ၁၉၉၅ လောက်မှာ မိုင်းလားမှာမနေတော့ဘဲ မူဆယ်မှာ စီးပွားရေးသွားလုပ်တယ်။ စတား ခရီးသွားလာရေးဆိုတဲ့ကုမ္ပဏီထောင်ပြီး ခင်ညွန့်ထောက်လှမ်းရေးတွေနဲ့ပေါင်း စီးပွားရေးသောင်းကျန်းခဲ့တယ်။ မိုင်းလားမှာတော့ သူ့တပည့်မင်းအိမ်ကို ထားခဲ့တယ်။ ၂၀၁၀ မှာ နယ်ခြားစောင့်တပ်လုပ်ချင်တဲ့ မင်းအိမ် အသတ်ခံရပြီးနောက် ၂၀၁၂ လောက်မှာ ကြည်မြင့်ဟာ မိုင်းလားပြန်လာတယ်။ စိုင်းလင်းက သူ့ကို အတွင်းရေးမှူး ပြန်ခန့် ခဲ့တယ်။

ကြည်မြင့် မူဆယ်မှာရှိတုံး ဆိုးဆိုးဝါးဝါးလုပ်ခဲ့တာက ၂၀၀၀ ခုနှစ် နိုဝင်ဘာ မုန်းကိုးလူသတ်ပွဲဖြစ်တယ်။ ဒီပွဲမှာ ကြည်မြင့်ဟာ ထောက်လှမ်းရေးစန်းပွင့်၊ စကခ-၁၆ တပ်မမှူး မြင့်လှိုင်၊ ရမခတိုင်းမှူး တင်အောင်မြင့်ဦး၊ ဒုချုပ်မောင်အေးတို့နဲ့ပေါင်းပြီး ဝ ခေါင်းဆောင် လင်နီမင်နဲ့ လူပေါင်း ၂၅၀ ကိုသတ်ခဲ့တယ်။ ဒီထဲမှာ ရဲဘော် ၁၇၀ ဟာ တန်းစီပြီး ပစ်သတ်ခံရတာဖြစ်တယ်။ (၁၉၇၉ တုံးက ကြည်မြင့်အစ်ကို ကျန်စီကျင်း ဗကပ တပ်ရင်း ၄၀၄၈ ဒုနိုင်ငံရေးမှူးဖြစ်ချိန် မုန်းမ-မန်သျှိုးမှာ မိန်းမကိစ္စဖြစ်လို့ တပ်ရင်းမှူး လင်နီမင်က အရေးယူခဲ့တာကို အခုလို ဗမာတပ်အကူအညီနဲ့ ပြန်ဂလဲ့စားချေတာဖြစ်တယ်။) ကြည်မြင့်ဟာ ဗကပ ဟောင်း အိုဗာဆီးတရုတ် ကိုရဲအောင်ကို လင်နီမင်အဖွဲ့ထဲမှာ သတင်းပေးအဖြစ်မြှုပ်ထားခဲ့ပေမဲ့ သတ်ဖို့တန်းစီခိုင်းချိန်မှာတော့ သူ့လူ ရဲအောင်ကို ပြန်ခေါ်မထုတ်ဘဲ သတ်တဲ့ထဲ ထည့်ပေးလိုက်တယ်။

တရုတ်လူမျိုးကြီးဝါဒရှိပြီး ဗမာဆန့်ကျင်ရေးစိတ်ကြီးတဲ့အတွက် ဗမာစစ်ဗိုလ်တွေကိုတွေ့ရင် ဗကပခေတ် တိုက်ပွဲတွေမှာ ဗမာတပ်ကိုဘယ်လိုချခဲ့တာ ဆော်ခဲ့တာ စသဖြင့် အာဘောင်အာရင်းသန်သန်နဲ့ပြောလို့ သူ့ကို မျိုးချစ်စိတ်တစုံတရာရှိတဲ့ဗမာစစ်ဗိုလ်တွေက တအားမုန်းကြတယ်။ ဒါပေမဲ့ ဗမာဆန့်ကျင်ရေးစိတ် ပြင်းထန်လေ၊ ဗမာနဲ့ပေါင်းပြီးစီးပွားရေးလုပ်လေဆိုတဲ့တရားအတိုင်း ခင်ညွန့်ထောက်လှမ်းရေးကို အကြီးအကျယ်ဖားယားပြီး မဟုတ်တာအကုန်လုပ်ခဲ့တယ်။

၂၁ ပင်လုံမှာ ဥက္ကဌ စိုင်းလင်းမပြောခိုင်းဘဲနဲ့ ၂၀၀၈ အခြေခံဥပဒေကို အပြည့်အဝထောက်ခံကြောင်း၊ NCA အလံအောက် အားလုံးဝင်ဖို့၊ အားလုံးလက်မှတ်ထိုးဖို့တိုက်တွန်းကြောင်းတွေ ထည့်ပြောခဲ့တယ်။ NCA အမာခံတွေလို့စွပ်စွဲခံရတဲ့ KNU RCSS တို့တောင် ဒီလိုမပြောခဲ့၊ မထောက်ခံခဲ့ပါဘူး။ ဒီအချက်ဟာ အခု နောက်ဆုံး ဝ-မိုင်းလားပြဿနာရဲ့ အရေးပါတဲ့အကြောင်းရင်းတချက် ဖြစ်တယ်။

တကယ်တော့ ကြည်မြင့်ဟာ မိုင်းလားဒေသ (ယခင်အခေါ် ဗကပ ၈၁၅ စစ်ဒေသ) ကို ၁၉၉၀ မတိုင်ခင်က တခါမှမရောက်ခဲ့ဖူးပါဘူး။ မိုင်းလား-မိုင်းမ-မဲခေါင်ဒေသတခုလုံးကို လွတ်မြောက်အောင် ၁၉၇၃-၁၉၇၅ ခုမှာ ဝ တွေ အဓိကပါတဲ့ ဗကပ တပ်မဟာ ၈ နဲ့ တပ်မဟာ ၅ တို့က SSIA ရှမ်းသူပုန် တပ်မဟာ ၇၆၈၊ အခါ ပျောက်ကျားသူပုန်တွေကိုစည်းရုံးလက်တွဲပြီး တိုက်ယူခဲ့တာဖြစ်တယ်။ ရှင်းရှင်းပြောရရင် မိုင်းလားဒေသအတွက် ကြည်မြင့် သွေးချွေးတွေစွန့်လွှတ်ခဲ့တာ လုံးဝမရှိခဲ့ဖူးပါဘူး။ အခု တပ်စွဲထားတဲ့ ဆီလူးဒေသဆိုရင်လည်း ၁၉၈၉ နောက်ပိုင်းမှ UWSA က NDAA ကို ပေးလိုက်တာဖြစ်တယ်။
ဒါ့ကြောင့် ညီနောင်အဖွဲ့အစည်းတွေ၊ မဟာမိတ်တိုင်းရင်းသားတွေလဲ လက်မခံနိုင်၊ ဒေသခံလူထုတွေနဲ့လဲ အဆင်မပြေသူကို အတင်းလက်ခံထားပြီး ကျန်းစစ်မင်ဆိုတဲ့ ငခုံးမတကောင်ကြောင့် မုန်းလားတလှေလုံး အပုပ်ခံမလား။ ၂၀၀၉ တုန်းက ကိုးကန့်မှာ ပယ်စောက်ချိန်ပေါ်ခဲ့သလို မိုင်းလားမှာအဖြစ်ခံမလား။ အဖက် ဖက်ကသစ္စာဖောက်ခဲ့တဲ့ ကြည်မြင့်ကိုနေရာပေးထားတဲ့ ဦးစိုင်းလင်း ဘယ်ကို ဘယ်လိုချီတက်သွားမလဲ။

ငြိမ်းချမ်းရေးလား၊ တိုက်ပွဲဝင်နေတယ်(ထွန်းဝင်းငြိမ်း)

0 comments
ငြိမ်းချမ်းရေးလား၊ တိုက်ပွဲဝင်နေတယ်(ထွန်းဝင်းငြိမ်း)
(မြန်မာသံတော်ဆင့်ဂျာနယ်) မိုးမခ၊ အောက်တိုဘာ ၂၄၊ ၂၀၁၆
ရုန်းကန်လှုပ်ရှားနေရဆဲ
ကျနော်တို့နိုင်ငံဟာ ဒီနေ့အချိန်ထိ ငြိမ်းချမ်းရေးရဲ့အရသာကို မခံစားရသေးပါဘူး။ ပိုပြီး တိတိကျကျပြောရရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးဆီဦးတည်နိုင်မယ့်အခြေအနေကို အစပျိုးနေရတဲ့ကာလဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရှိသေးတော့ တိုင်းပြည်ထူထောင်ရေး၊ တည်ဆောက်ရေးတွေ ကောင်းကောင်းမလုပ်နိုင်။ ဒါကြောင့် တည်ဆောက်ရေးကာလဆိုတာထက် ရုန်းကန်လှုပ်ရှားတိုက်ပွဲဝင်နေရဆဲကာလ မပြီးဆုံးသေးဘူးလို့ မြင်မိပါတယ်။

အခုခေတ်စားနေတဲ့ အာဘော်က ဒီမိုကရေစီရေးအတွက် အနစ်နာခံတိုက်ပွဲဝင်ခဲ့ကြသူတွေကို သစ်ခုတ်သမားတွေနဲ့ခိုင်းနှိုင်းကြပြီး၊ တော်လှန်ရေးကာလလွန်မြောက်လို့ တိုင်းပြည်တည်ဆောက်ရေး ဆောင်ရွက်မယ့်သူတွေကို ပန်းပုဆရာတွေလို့ တင်စားပြောဆိုနေကြပါတယ်။ တည်ဆောက်ရေးကာလ ရောက်လာပြီဖြစ်တဲ့အတွက် လမ်းရှင်းတဲ့သစ်ခုတ်သမားတွေ မလိုအပ်တော့ဘူး။ အသေးစိတ် ထုလုပ်ဖန်တီးနိုင်စွမ်းရှိတဲ့ ပန်းပုဆရာတွေသာ ပိုပြီးလိုအပ်ပါတယ်လို့ ပြောဆိုနေကြတာတွေရှိပါတယ်။ အဲဒီအယူအဆက လက်တွေ့နိုင်ငံရေးအခြေအနေတွေနဲ့ ကိုက်ညီတယ်ပြောလို့မရပါဘူး။ တရားမျှတမှု မထွန်းကားသေးတဲ့၊ ဥပဒေစိုးမိုးမှု မရှိသေးတဲ့၊ လူ့အခွင့်အရေး ဆုံးရှုံးနေရတဲ့အနေအထားမှာ ပန်းပုဆရာတွေလည်း လက်ရာမြောက်အောင်ထုဆစ်ဖို့ အခွင့်မသာပါဘူး။ ဒါကြောင့် ပြည်သူလူထုကြီးဟာ သစ်ခုတ်သမားစိတ်ဓါတ်နဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့ လှုပ်ရှားရုန်းကန်တိုက်ပွဲဝင်နေရဆဲပါ။

စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအရေး နှစ်ခုစလုံး စစ်စစ်မှန်မှန်တည်ဆောက်နိုင်မှ ရရှိမယ်လို့မြင်ပါတယ်။ အဲဒီ အရေးနှစ်ခုစလုံးအတွက် အဓိကအတားအဆီးကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့သာဖြစ်ပါတယ်။ ဒီနေ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်ခံရမှုတွေ ကြုံတွေ့နေရဆဲပါပဲ။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေ လုပ်ခလစာ၊ ထွန်တုံးတိုက်ပွဲ၊ ဒီမိုကရေစီပညာရေးစနစ် စတဲ့အရာတွေအတွက် လမ်းမပေါ်ထွက်ဆန္ဒပြနေရတုန်းပါ။ ဒါကတိုင်းပြည်ရဲ့လက်ရှိအခြေအနေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာ အလွန်အရေးကြီးတဲ့ စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။

အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ
NCA လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်ပတ်လည်နေ့အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဘယ်သူတွေက စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုချင်သလဲ၊ ဘယ်သူတွေက ငြိမ်းချမ်းရေးကိုမလိုလားဘူးဆိုတာ ပြည်သူတွေ မကြာခင်မှာမြင်ရမှာပါ။” လို့ ပြောကြားတာကိုတွေ့ရပါတယ်။
အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ပြောကြားတဲ့မိန့်ခွန်းထဲကနေ အစိုးရသစ်ရဲ့ငြိမ်းချမ်းရေးလမ်းပြမြေပုံ ၇ ချက်ကို အခုလို တွေ့ရတယ်။
၁။ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ဖို့
၂။ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်ပြင်ဆင်ဖို့
၃။ ပြင်ဆင်အတည်ပြုပြီးဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးမှုမူဘောင်နဲ့အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပဖို့
၎။ ကျင်းပပြုလုပ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံရလဒ်တွေကို စုစည်းပြီး ပြည်ထောင်စုသဘောတူညီချက် (21 st Century Panglon Conference Agreement) လက်မှတ်ထိုးဖို့
၅။ ပြည်ထောင်စုသဘောတူညီချက်နဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသားအတည်ပြုဖို့
၆။ ပြင်ဆင်ရေးသားအတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို ကျင်းပဖို့
၇။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်နဲ့အညီ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒီအချက် ၇ ချက်ဟာ လက်ခံနိုင်တဲ့အချက်တွေပါ။ ဒီနေ့ နိုင်ငံရေးအရလိုအပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်းဖြစ်တယ်။ တခုရှိတာက အစိုးရသစ်ရဲ့ငြိမ်းချမ်းရေးလမ်းပြမြေပုံမှာ အပစ်အခတ်ရပ်စဲရေးကို ဘယ်လိုလုပ်ကြမှာလဲ။ တိုက်ပွဲတွေမဖြစ်ပွားအောင် ဘယ်ပုံဘယ်နည်း တားဆီးကြမှာလဲဆိုတာ မတွေ့ရပါဘူး။ စစ်တပ်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA မှာ ပါဝင်ခွင့်ကန့်သတ်ခံထားရတဲ့ AA, MNDA, TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို ဘယ်လိုသဘောထားကြမှာလဲဆိုတဲ့ မေးခွန်းတွေရှိနေပါတယ်။

လမ်းပွင့်သွားတယ်ဆိုတဲ့ လက်မှတ်ရေးထိုးနိုင်ရေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်ပတ်လည်နေ့အခမ်းအနားမှာပဲ "ကျမပြောချင်တာကတော့ အစိုးရအဖွဲ့၊ တပ်မတော်အဖွဲ့၊ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးဟာ ဘယ်သူတွေက သဘောထားပိုကြီးနိုင်သလဲ၊ ဘယ်သူတွေက ပိုပြီးတော့ခွင့်လွှတ်သည်းခံနိုင်လဲ၊ ဘယ်သူတွေက ပိုပြီးတော့နိုင်ငံရ့အနာဂတ်ကို အဓိပ္ပါယ်ပိုပြီးတော့တန်ဖိုးထားနိုင်လဲဆိုတာကိုပဲ ပြိုင်ကြပါလို့ ပြောချင်ပါတယ်၊ တိုက်ခြင်း၊ ခိုတ်ခြင်း၊ တိုက်နိုင်ခြင်းကိုပြိုင်မယ့်အစား မီးငြိမ်းအောင်လုပ်နိုင်မယ့်အင်အားကိုပြိုင်ကြပါလို့ ပြောချင်ပါတယ်" လို့ ဆိုခဲ့ပါသေးတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ NCA စာချုပ် ထွက်ပေါ်လာအောင်ကြိုးစားပေးခဲ့တဲ့ လွန်ခဲ့တဲ့အစိုးရသက်တမ်းက သမ္မတဦးသိန်းစိန်နဲ့ပါဝင်သူတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။

NCA လက်မှတ်ရေးထိုးနိုင်ဖို့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က အစိုးရကို အချက် ၈ ချက် တောင်းဆိုထားပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်း နေပြည်တော်ကဆွေးနွေးပွဲမှာ အချက် ၄ ချက်ကို ညှိနှိုင်းနိုင်ခဲ့ပြီး၊ ကျန်၎ ချက်ကို ဆက်လက်ဆွေးနွေးဖို့ သဘောတူညီမှုတွေရရှိခဲ့တယ်လို့ သိရပါတယ်။ အစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့အကြား တွေ့ဆုံဆွေးနွေးမှုက သဘောတူညီချက်တချို့ရရှိခဲ့လို့ နှစ်ဖက်နားလည်မှုပိုမိုတည်ဆောက်နိုင်ခဲ့ပြီး NCA လက်မှတ်ရေးထိုးနိုင်ရေး လမ်းပွင့်သွားကြောင်း နှစ်ဖက်လုံးက မီဒီယာတွေကို ပြောကြတယ်လို့လည်းဆိုပါတယ်။

အခွင့်အရေးတွေ ဆုံးရှုံးနေရလို့
ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးအရရှေ့ဆက်သွားနိုင်ဖို့ စိတ်စောနေပုံရပါတယ်။ တိုင်းရင်းသားတွေကတော့ မိအေး အကြိမ်ကြိမ်နာခဲ့ကြတာမို့ နိုင်ငံရေးအရအာမခံချက်မရှိရင် တပ်မတော်နဲ့လက်မှတ်ထိုးဖို့မဖြစ်နိုင်ဘူးဆိုတာ သမိုင်းအရ၊ သူတို့ဘ၀အရ စွဲစွဲမြဲမြဲသိနေတာတွေ ရှိနေပါတယ်။ ဒါကြောင့်လည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီးအင်ဘန်လ က “ဗမာမဟုတ်တဲ့ ကျနော်တို့တိုင်းရင်းသားတွေ လက်နက်စွဲကိုင်ပြီးတော်လှန်မှုတွေ ပြုလုပ်နေကြတာဟာဘာကြောင့်လဲလို့ မေးချင်ကြပါလိမ့်မယ်။ ကျနော်တို့ဟာ ၁၉၄၇ခုနှစ် ပင်လုံမှ ပြုလုပ်ခဲ့ကြတဲ့ ကတိ၊ ချုပ်ခဲ့ကြတဲ့စာချုပ်ပါသဘောတူညီချက်တွေကို ပြီးပြည့်စုံစေဖို့ အကောင်အထည်မဖော်နိုင်ခဲ့လို့ ကျနော်တို့ လိုလားတောင်းတတဲ့ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကိုအာမခံတဲ့အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ပါပဲ”ဟု ၂၁ ရာစုပင်လုံညီလာခံ အဖွင့်နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

၂၁ရာစုပင်လုံ အဖွင့်မိန့်ခွန်းမှာလည်း ကာချုပ်ပြောကြားတဲ့ လက်နက်ကိုင်လမ်းစဉ်ကိုဖက်တွယ်ပြီး လူမျိုးစွဲဆန္ဒကိုသာ ဦးစားပေးဖော်ဆောင်နေခြင်းဟာ ဒီမိုကရေစီနဲ့ဆန့်ကျင်နေတယ်လို့ဆိုတဲ့အပေါ် လက်ရှိအနေအထားမျိုးမှာ အခြေအနေနဲ့မကိုက်ညီသေးဘူးလို့ မွန်ပြည်သစ်ပါတီ NMSP ဒုတိယဥက္ကဌ နိုင်ဟံသာက တုန့်ပြန်ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ တပ်မတော်အနေနဲ့လည်း ဒီမိုကရေစီစနစ်ကိုလက်ခံပါက အရပ်သားအစိုးရရဲ့ဦးဆောင်မှုအောက်တွင် ခံယူသင့်ကြောင်း၊ လက်ရှိတပ်မတော်ဟာ အစိုးရရဲ့လက်အောက်ခံအဖြစ်မနေဘဲ သီးသန့်အခွင့်အာဏာရယူထားခြင်းမှာ ဒီမိုကရေစီမဆန်တဲ့ပုံစံမျိုးဖြစ်နေတယ်လို့လည်း နိုင်ဟံသာက တပ်မတော်အပေါ် ပြန်လည်ထောက်ပြခဲ့တာကိုတွေ့ခဲ့ရပါတယ်။

ညီညွတ်ရေးအလုပ်
တကယ်တော့ NLD အစိုးရက တပ်မတော်ကိုထိန်းနိုင်တာနဲ့ အပစ်ရပ်ပြီသားဖြစ်သွားမှာ အသေအချာပါပဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ရိုးရိုးသားသား တန်းတူညီမျှစွာနဲ့ဖြေရှင်းနိုင်ခဲ့ရင် မပြေလည်စရာအကြောင်းမရှိပါဘူး။ ဒီတော့ ဗမာ့တပ်မတော်က ထိုးစစ်အားလုံးကိုရပ်ပစ်ရမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာ အာဏာရထားတဲ့အင်အားကြီးသူက ပိုကြီးသဘောထားကြီးရစမြဲပါ။ ငြိမ်းချမ်းရေးဆိုတာ ညီညွတ်ရေးအလုပ်လို့ မြင်ပါတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးရရှိဖို့ စစ်မှန်တဲ့ညီညွတ်ရေးလုပ်ငန်းစဉ်ကို မလွဲမသွေဖြတ်သန်းရမှာ ဖြစ်ပါတယ်။

ညီညွတ်ရေးအစပြုဖို့ ယုံကြည်မှုကိုစတင်တည်ဆောက်လေ့ရှိပါတယ်။
ယုံကြည်မှုကိုတည်ဆောက်ရာမှာ တနိုင်ငံလုံးအပစ်ရပ်စဲကြောင်းကျေညာချက်တွေ၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးတာမျိုးတွေ၊ အလုပ်တူပူးပေါင်းဆောင်ရွက်မှုတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စတာတွေနဲ့အစပျိုးကြပါတယ်။ အာဏာရအစိုးရနဲ့ တပ်မတော်တို့ရဲ့ ဘယ်လောက်သဘောထားကြီးမလဲဆိုတာ ပြည်သူတွေစောင့်ကြည့်နေကြပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကြားမှာ အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုတွေနဲ့ တန်းတူရေးအခြေခံတွေကို လိုက်နာကြရပါတယ်။ ယုံကြည်မှုခိုင်မြဲမှ ညီညွတ်ရေးတည်တံ့မှာ ဖြစ်ပါတယ်။ တန်းတူရေးကိုအခြေခံတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရလဒ်ကို တိုးတက်ဖြစ်ပေါ်စေပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး
ညီညွတ်ရေးကိုဆောင်ရွက်ရာမှာ စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း မဖြစ်မနေတည်ဆောက်ကြရမှာပါ။ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ မူမဲ့အညံ့ခံရေးမဟုတ်ပါဘူး။ အမျိုးသားအကျိုးစီးပွားတရပ်လုံးအပေါ်မှာအခြေပြုတဲ့ သင့်မြတ်ရေး ဖြစ်ရပါမယ်။ အုပ်စုတစု၊ အဖွဲ့အစည်းတခုအတွက် အခြေမပြုရပါဘူး။ မြန်မာ့နိုင်ငံရေးနဲ့ သက်ဆိုင်သူအင်အားစုအသီးသီးရဲ့ ဒီမိုကရေစီရပိုင်ခွင့်တွေကို လုံးဝ အသိအမှတ်ပြုရပါမယ်။ ပေါင်းချင်သူနဲ့ပေါင်း၊ မပေါင်းချင်သူကို ၀ိုင်းပယ်ဆန့်ကျင်သွေးခွဲတာမျိုး မဖြစ်ရပါဘူး။ ပြုမူဆောင်ရွက်ချက်မှန်သမျှဟာ ရိုးသားပြီးပွင့်လင်းဖြောင့်မတ်ရပါမယ်။ ဒီမိုကရေစီကျရပါမယ်။ လိမ်ညာလှည့်ဖြားတာမျိုး၊ အကောက်ကြံတာမျိုး မဖြစ်စေရပါဘူး။ အဲဒီအခြေခံတွေကိုမူတည်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအစစ်နဲ့အတုကို ခွဲခြားရမှာဖြစ်ပါတယ်။

တိုင်းရင်းသားပြဿနာ
ကျနော်တို့နိုင်ငံရဲ့ ဒီနေ့ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ပိုပြီးနက်ရှိုင်းစေတဲ့အကြောင်းတရပ်လည်းရှိပါတယ်။ ဒါကတော့ ကျနော်တို့တိုင်းပြည်မှာ လွတ်လပ်ရေးနဲ့အတူ အရေးအကြီးဆုံးဖြေရှင်းရမယ့်ပြဿနာကြီးတရပ်ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုပြဿနာ ဖြစ်ပါတယ်။ အရင်းခံကတော့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပြဿနာပဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်
အစိုးရတွေက အမျိုးသားရေးအခြေခံသဘောထားတွေဖြစ်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးပြဿနာတွေအပေါ်မှာ မှန်ကန်စွာမဖြေရှင်းနိုင်ခဲ့ကြပါဘူး။
ဒီလိုမဖြေရှင်းနိုင်ခဲ့ကြတဲ့အတွက် တိုင်းရင်းသားတွေဟာ မိမိတို့ရဲ့မွေးရာပါအခွင့်အရေးတွေဖြစ်ကြတဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ရတာဖြစ်ပါတယ်။

ဒါကို ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းဖြေရှင်းသလိုမဖြေရှင်းနိုင်ဘဲ ဖိနှိပ်ရေးကိုသာ အလေးပေးခဲ့တဲ့အတွက် လူမျိုးစုတွေနဲ့ပဋိပက္ခပိုမိုပြင်းထန်လာခဲ့ရပါတယ်။ ဆက်လက်ပြီး လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်လာခဲ့ရပါတယ်။ ဒီနေရာမှာ အဆိုးဆုံးကတော့ စစ်အစိုးရအဆက်ဆက်ဟာ ဒီပဋိပက္ခတွေကိုအသုံးချပြီး သူတို့အကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့ကြလို့ တိုင်းပြည်လည်း ဆင်းရဲတွင်းနက်နေတာ အားလုံးအသိဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖေါ်ဆောင်မှုနဲ့ လက်တွေ့နိုင်ငံရေး
လွန်ခဲ့တဲ့အစိုးရ ငါးနှစ်သက်တမ်းမှာ သမ္မတဦးသိန်းစိန်ရဲ့အစိုးရကိုယ်စား ပြည်ထောင်စုငြိမ်းချမ်းမှုဖေါ်ဆောင်ရေးကော်မတီ MPC ကိုဦးဆောင်ခဲ့တဲ့ ဦးအောင်မင်းကာလကတည်းက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို ဘယ်တော့လက်မှတ်ထိုးနိုင်ကြမလဲဆိုတာကိုသာ ထပ်ခါတလဲလဲ ပြောဆိုခဲ့တာပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါတိုင်း လက်မှတ်ထိုးရေးသည်သာ ပထမ၊ လက်မှတ်ထိုးရေးသည်သာဒုတိယ၊ လက်မှတ်ထိုးရေးသည်သာတတိယအနေနဲ့ ဆက်လက်ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။ အပစ်ရပ် NCA လက်မှတ်ထိုးလိုက်ရင်ပဲ ငြိမ်းချမ်းရေး ရသွားတော့မလိုလို တနိုင်ငံလုံးကိုထင်ယောင်မှားစေခဲ့တာပါ။

“မဆွေးနွေးဘဲ နေတာထက်စာရင် ဆွေးနွေးကြတာကောင်းတယ်၊ ဒါဟာ Process လုပ်ငန်းစဉ်ဖြစ်တယ်။” ဆိုတဲ့အသံတွေကလည်း ကျယ်ကျယ်လောင်လောင် ထူထောင်ဖြန့်ကျက်ထားတာပါ။ တကယ်တော့ ဥပဒေစိုးမိုးရေးအခြေခံမှာ နိုင်ငံရေးမူဘောင်လမ်းကြောင်းမှန်ပေါ်မှာ ဆွေးနွေးကြမှသာ အကျိုးရှိမှာဖြစ်ပါတယ်။ မှားယွင်းတဲ့ နိုင်ငံရေးမူဘောင်အကန့်အသတ်တွေထဲမှာ ၀င်ရောက်ဆွေးနွေးခဲ့ရင် နှစ်ပေါင်းရာချီကြာအောင်ဆွေးနွေးပေမယ့် တိုင်းရင်းသားပြည်သူလူထုအတွက် ကောင်းကျိုးမမြင်နိုင်ပါဘူး။

စစ်ရေးမှာ အအောင်မြင်ဆုံးညွှန်းကိန်း
စစ်တပ်က သူတို့ရဲ့အားသာချက်က စစ်ပွဲတွေကိုဖန်တီးတာ စစ်တိုက်တာလို့ယူဆကြပါတယ်။ စစ်ရေးအန္တရာယ်ရှိရင်၊ လုံခြုံရေးခြိမ်းခြောက်မှုရှိရင် စစ်တပ်ရှိနေဖို့လိုအပ်တယ်။ စစ်တပ်အင်အားကြီးဖို့လိုအပ်တယ်လို့ လူတွေကယူဆကြမယ်။ အဲဒီအခါမျိုးမှာ စစ်တပ်ရဲ့အရေးပါမှုအခန်းကဏ္ဍက ပိုမိုမြင့်မားလာမယ်လို့ စစ်ခေါင်းဆောင်တွေက တွက်ဆတတ်ကြပါတယ်။

ဒါပေမဲ့ တချို့သောသမိုင်းအတွေ့အကြုံတွေအရ အဲဒီတွက်ဆမှုအမှားတွေနဲ့ မလိုအပ်ဘဲ အရဲစွန့်ပြီး စစ်ပွဲတွေဖန်တီးရာကနေ စစ်တပ်ကိုအထိနာစေတဲ့သာဓကတွေ ရှိခဲ့ပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ ၁၉၈၅ ခုနှစ်က အာဂျင်တီးနားပါပဲ။ စစ်အာဏာရှင်စနစ်အောက်မှာရှိတုန်းက အာဂျင်တီးနားစစ်ခေါင်းဆောင်တွေဟာ ဖေါ်ပြခဲ့တဲ့တွက်ဆမှုအမှားတွေနဲ့ ဖောက်ကလန်စစ်ပွဲမျိုးကို တိုက်ခဲ့ပါတယ်။ ရလဒ်က စစ်ရှုံးပြီး စစ်အာဏာရှင်စနစ်ပါအဆုံးသတ်သွားစေခဲ့တာကို တွေ့ရပါတယ်။

ဒါကြောင့် စစ်ရေးမှာ အအောင်မြင်ဆုံးညွှန်းကိန်းဆိုတာ စစ်ပွဲကိုရှောင်ရှားပြီး ကိုယ့်ရည်ရွယ်ချက်ကိုပေါက်မြောက်အောင်လုပ်နိုင်တာပဲ ဖြစ်တယ်လို့ ပညာရှင်တွေဆိုကြပါတယ်။ ဒီနေ့ ကျနော်တို့တိုင်းပြည်မှာလိုအပ်နေတာက စစ်တိုက်တဲ့ဗိုလ်ချုပ်တွေထက် စစ်မှန်တဲ့ငြိမ်းချမ်းရးကိုဆောင်ကျဉ်းပေးမယ့် စစ်ခေါင်းဆောင်တွေဖြစ်ပါတယ်။ ဒီနေ့အထိတော့ ကျနော်တို့နိုင်ငံမှာ အလားအလာမတွေ့ရသေးပါဘူး။

ငြိမ်းချမ်းရေးကို လူထုအားနဲ့သာတည်ဆောက်နိုင်မှာဖြစ်တယ်
ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်ပြီဆိုရင် အဓိကအင်အားစုကြီးဟာ ပြည်သူလူထုဘဲဖြစ်ပါတယ်။ ဘယ်သမိုင်းမှာမဆို ကြီးကျယ်တဲ့ပြောင်းလဲမှုကြီးတွေဟာ ပြည်သူလူထုရဲ့တိုက်ပွဲနဲ့ကင်းပြီး မဖြစ်ခဲ့ပါဘူး။ ပြည်သူလူထုဟာ မိမိတို့အကျိုးအတွက် စည်းရုံးညီညွတ်ကြပြီးတိုက်ပွဲဝင်မှသာ ရရှိနိုင်မှာဖြစ်ပါတယ်။ ပြည်သူလူထုစည်းရုံးမှုနဲ့တိုက်ပွဲဝင်မှုမပါတဲ့ ပြောင်းလဲမှုတွေဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တွေဟာ တိုင်းပြည်ရဲ့ လက်ရှိအကြပ်အတည်းကလွတ်မြောက်အောင် ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးလိုလားကြတဲ့ပြည်သူလူထုကြီးကို စည်းရုံးပြီး အဲဒီသူတွေကိုယ်တိုင် နိုးကြားတက်ကြွစွာနဲ့ သဘောထားအမြင်ထုတ်ဖေါ်မှုတွေ၊ ဆွေးနွေးပွဲပြင်ပ၊ ညီလာခံပြင်ပလူထုလှုပ်ရှားမှုတွေ အင်အားကောင်းကောင်း ပေါ်ထွက်လာမှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ထွန်းဝင်းငြိမ်း ၁၇-၁၀-၂၀၁၆
မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ ၅၊ အမှတ် ၃၂၊ အောက်တိုဘာ ၂၂-၂၈၊ ၂၀၁၆ နေ့ ထုတ်တွင်ဖေါ်ပြ ခဲ့သော ဆောင်းပါး။

ပူးဝင်နေတဲ့သရဲတစ္ဆေ ဆိုတာ (စိုးထွန်းအောင်)

0 comments
ပူးဝင်နေတဲ့ သရဲ တစ္ဆေ ဆိုတာ
(စိုးထွန်းအောင်)
(အရေးတော်ပုံ ဂျာနယ်၊ အတွဲ ၂- အမှတ် ၇ )
မယမင်း - အသက် ( ၈ လ ) (သေဆုံး)
မလှနှင်းရွှေ - အသက် (၂) နှစ် (သေဆုံး)
မောင်နေလလင်း (ခ) တစ်တို - အသက် (၃ ) နှစ် (သေဆုံး)
မသင်းသင်းစိုး - အသက် (၄) နှစ်
ဖော်ပြပါ ကလေးငယ် ၄ ယောက်ဟာ ပိန်းကြာဖက်ပေါ်က ရေစင်ရေပေါက်ကလေးတွေလို ပီဘိ ကလေးငယ်လေးများသာ ဖြစ်ပါတယ်။ အဲဒီကလေး ၄ ယောက်အနက် မယမင်း၊ မလှနှင်းရွှေ၊ မောင်နေလလင်း(ခ)တစ်တိုတို့ကတော့ ကြေကွဲဖွယ် သေဆုံးသွားခဲ့ကြရရှာပါပြီ။
(၄)နှစ်အရွယ်သမီးလေး သင်းသင်းစိုးတစ်ယောက်ပဲ မသေကောင်းမပျောက်ကောင်း အသက်ရှင်ကျန်ရစ်ခဲ့တာပါ။ အခုချိန်မှာတော့ သမီးလေးသင်းသင်းစိုးဟာ တွံတေးမြို့နယ်ဆေးရုံကနေတဆင့် ရန်ကုန်ဆေးရုံကြီးသို့ပြောင်းပြီး အတွင်းလူနာအဖြစ် ဆေးကုသခံနေရပါတယ်။
အပြစ်ကင်းစင်တဲ့၊ ဖြူစင်လှတဲ့သူတို့လေးတွေအပေါ် ဘယ်လို အငြိုးအတေးကြောင့်များ ဒီလိုကံဆိုးမိုးမှောင်ကျမှုက ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကျရောက်လာခဲ့ရတာလဲ။
မုန်တိုင်းဘေး၊ ရေဘေး၊ မီးဘေးအန္တရာယ်ကျရောက်လို့လား၊ မဟုတ်ပါဘူး။ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲလို့လား၊ မဟုတ်ပါဘူး။ မြွေကိုက်ခံရတာလား၊ လျှပ်စစ်ဓာတ်လိုက်တာလား၊ မဟုတ်ပါဘူး။ လူမှန်းသူမှန်းမသိတော့တဲ့ ဖခင်အရက်သမား/ဖခင်ဆေးသမားက အရက်ကြောင်/ဆေးကြောင်ပြီး သတ်ဖြတ်ပစ်လိုက်တာလား၊ ဒါမျိုးလည်း လုံးဝမဟုတ်ပါဘူး။ ဒါဆို ဘာဖြစ်တာလဲ။
“သရဲတစ္ဆေဝင်ပူးတယ်”ဆိုတဲ့ သွေးဆာနေတဲ့အစွဲအလမ်းဟောင်းရဲ့သားကောင်တွေအဖြစ် လည်စင်းပေးလိုက်ကြရတဲ့အဖြစ်ဆိုးနဲ့ တည့်တည့်တိုးခဲ့ကြရတာပါ။
(၄)နှစ်နဲ့ (၈ လ)ဆိုတဲ့ လူမမယ်အအရွယ်လေးတွေကို ခြေထောက်နဲ့ကန်၊ တက်နင်း၊ လက်သီးနဲ့ထိုး၊ ပုဆိန်နဲ့ထုခဲ့သတဲ့။
ဘယ်လောက်မိုက်မဲပြီးအသိဉာဏ်မွဲတေလှတဲ့လုပ်ရပ်ဖြစ်ပါသလဲ။ အခုတော့အဲဒီ ရက်စက်မိုက်မဲမှုကို ကျူးလွန်ခဲ့တဲ့ ထွန်းနိုင်ဆိုသူကို သက်ဆိုင်ရာကဖမ်းဆီးထားပါပြီ။
ဒါဟာ ဒီပြစ်မှုကိုကျူးလွန်ခဲ့သူ “ထွန်းနိုင်” တဦးတယောက်ချင်းရဲ့မိုက်မဲမှု၊ အသိဉာဏ်မရှိမှု သက်သက်ပဲလား။ မဟုတ်ပါဘူး။ တကယ်တော့ ထွန်းနိုင်ကျူးလွန်ခဲ့တဲ့ပြစ်မှုကနေ ကျွန်တော်တို့ ဗမာပြည်လူ့အဖွဲ့အစည်းဟာ အသိဉာဏ်မိုးမှောင်ကျမှုအောက်မှာ ကျရောက်နေပြီဖြစ်တယ်ဆိုတာကို အကျယ်လောင်ဆုံး ခေါင်းလောင်းထိုးဖော်ပြလိုက်တာသာဖြစ်ပါတယ်။
ကလေး (၄)ယောက်နဲ့ထွန်းနိုင်တို့သာ ဒီမိုးမှောင်ကျမှုကြီးထဲ ကျရောက်နေတာမဟုတ်ပါဘူး။ ကလေးတွေရဲ့မိဘ၊ ကလေးမိဘတွေနေထိုင်တဲ့ ကျေးလက်တောရွာကလူတွေအားလုံးမှာ ဒီမိုးမှောင်ကျမှုကြီး စိုးမိုးကျရောက်နေတာပါ။ 
ဒါဟာ တွံတေးမြို့နယ်တစ်ခုတည်းရဲ့သီးခြားလက္ခဏာမဟုတ်ပါဘူး။
တကယ်တော့ ဗမာပြည်အနှံ့အပြား တောင်ပေါ်မြေပြန့်မကျန် ကျရောက်နေတဲ့ ဆင်းရဲမွဲတေမှုနဲ့ အသိပညာမဲ့မှုကနေ ပေါက်ဖွားလာတဲ့ မိုးမှောင်ကျမှုကြီးဖြစ်ပါတယ်။ အခုဖြစ်ရပ်ဟာ ဆင်းရဲမွဲတေမှုနဲ့အသိပညာမဲ့မှုက အဆက်မပြတ်မွေးထုတ်ပေးနေတဲ့ ကြေကွဲဖြစ်ရပ်တွေထဲက အချို့မျှသာဖြစ်ပါတယ်။ ဒီလိုမျိုးတုန်လှုပ်ကြေကွဲဖွယ်ဖြစ်ရပ်တွေ ဗမာပြည်အနှံ့ တောင်ပေါ်မြေပြန့် မတူတဲ့အတိုင်းအတာနဲ့ ဖြစ်ပွားနေတာပါ။ လူအများသိရှိလိုက်ကြတာနဲ့ လူအများမသိလိုက်ကြတာပဲခြားနားပါတယ်။ (ခုတလောမှာကိုပဲ နဂါးပူးတယ်ဆိုပြီး ဘုရားရင်ပြင်မှာ မြင်မကောင်းရှုမကောင်း လူးလှိမ့်နေတဲ့ မိန်းမကြီးငယ်တွေကို ရေဖျန်းလောင်းပေးနေရတဲ့ ဖြစ်ရပ်တွေကလည်း တချိန်တည်း ထွက်ပေါ်လာနေတာ သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်။ ရှမ်းရေကျော်ကျေးရွာမှာ သူရဲစီးတယ်ဆိုတဲ့ အထက(ခွဲ)မှာ တာဝန်ရှိသူအာဏာပိုင်တွေ လာရောက်၊ အမိန့်ပြန်တမ်းထုတ်၊ ရဲအဖွဲ့ သေနတ် ၁၈ ချက် ပစ်ဖောက်ပြီး ပရလောကသားတွေကိုနှင်ထုတ်တဲ့သတင်းကလည်း ဆက်တိုက် အကျယ်အပြန့်ပေါ်ထွက်လာနေတယ်။ ဒါသာမက လောက်ကိုင်မြို့မှာ “သေသော် ငရဲမလား”ဆိုတဲ့ ကျဆုံးစစ်သည်တွေရော၊ ကျန်အရပ်သားတွေပါ မကျွတ်လွတ်သေးတဲ့သဘော ဖော်ပြတဲ့သတင်းတွေလည်း ထွက်ပေါ်လာပြန်ပါတယ်။ )
“သရဲ၊ တစ္ဆေ” ဆိုတာ တကယ်တော့ မရှိပါဘူး။ ရှိတယ်လို့ ပြောနေတာဟာ ရိုးအပြီး အညှာလွယ်သူတွေထံကနေ လှည့်ဖြားလုယက်ဖို့ အကြံအစည်ရှိနေသူတွေ၊ လက်တွေ့လုပ်ကိုင်တွေသူတွေရဲ့ဖြီးလုံးဖြန်းလုံး၊ ခြောက်လုံးလှန့်လုံးတွေသာဖြစ်ပါတယ်။
အုပ်စိုးသူအစိုးရအဆက်ဆက်၊ စစ်အုပ်စုနဲ့ချမ်းသာကြွယ်ဝသူတွေမှာ ကိုယ်ပိုင်ဆရာဝန်/မိသားစုဆရာဝန်သာ မရှိချင်နေမယ်။ ကိုယ်ပိုင်ဗေဒင်ဆရာ၊ ယတြာဆရာ၊ နတ်ဆရာ၊ ဂိုဏ်းဆရာတော့ကိုယ်စီရှိကြတာချည်းပါပဲ။ ဒါတော့ အာဏာရမ္မက်ကြီးနဲ့ အစွဲအလမ်းဟောင်းတို့ရဲ့ မိုက်ဖော်ဆိုးဖက်မဟာမိတ်ပြုမူ လက္ခဏာချက်ပါပဲ။ အဆက်ဆက်သောအုပ်စိုးသူများရဲ့ တူညီတဲ့ ဘုံလက္ခဏာလို့ ပြောရမှာပါ။
တကယ်တော့ “သရဲ၊ တစ္ဆေတွေရှိနေတယ်၊ သရဲဝင်ပူးနေတယ်”ဆိုတာ ဆင်းရဲမွဲတေမှု၊ အသိပညာမဲ့မှုဆိုတဲ့ သရဲတစ္ဆေတွေ ပဲဖြစ်ပါတယ်။
အဲဒီ ဆင်းရဲမွဲတေမှုနဲ့ အသိပညာမဲ့မှုဆိုတဲ့သရဲတစ္ဆေတွေဟာ သေဆုံးသွားကြရတဲ့ ကလေးငယ်တွေကိုပူးဝင်နေတာမဟုတ်ဘဲ ကလေးသူငယ်တွေရဲ့မိဘများနဲ့ ပယောဂကုပေးမယ်ဆိုတဲ့ (တကယ်တော့ လူသတ်သမား)ထွန်းနိုင်ဆိုသူရဲ့အသိဉာဏ်နဲ့ဦးနှောက်ထဲမှာပါ ပူးဝင်စွဲကပ်နေတာပါ။ ဆင်းရဲမွဲတေလှတဲ့ ဗမာပြည်လူ့အဖွဲ့အစည်းတစ်ခုလုံးကို မတူတဲ့အတိုင်းအတာနဲ့ကို ပူးဝင်စွဲနေတာလည်း ဖြစ်ပါတယ်။
ဒီလို ပူးဝင်စွဲကပ်ခံရမှုဟာ တွံတေးက လူတချို့မှာတင်မဟုတ်ဘူး၊ ဗမာပြည်အနှံ့ကျေးလက်မြေပြန်တောင်ပေါ်အားလုံးမှာ ပုံစံမျိုးစုံနဲ့ပူးဝင်စွဲကပ်နေတာပါ။
ဒါကြောင့် ဒီဖြစ်ရပ်မှာ ထွန်းနိုင်တစ်ဦးချင်းကို အပြစ်ပေးအရေးယူလိုက်တာမှာတင် ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ ရပ်နားနေလို့မရပါဘူး။ ဒီလိုမသိနားမလည်မှုကို အခွင့်ကောင်းယူအမြတ်ထုတ်နေမှုတွေရဲ့ဇာစ်မြစ်ဖြစ်တဲ့ ဆင်းရဲမွဲတေမှုနဲ့အသိပညာမဲ့မှုကို ဘက်ပေါင်းစုံကနေ တွန်းလှန်တိုက်ဖျက်ပစ်ဖို့လိုပါတယ်။ 
ဆင်းရဲမွဲတေမှုနဲ့ အသိပညာမဲ့မှုကို ရေလောင်းပေါင်းသင်ပေးနေတာဟာ ပြည်တွင်းစစ်ပါပဲ။ ပြည်တွင်းစစ်နဲ့ ကျိကျိတက်ချမ်းသာကြွယ်ဝလာသူတွေဟာ အဓိကအားဖြင့်အုပ်စိုးသူအစိုးရအဆက်ဆက်နဲ့ 
စစ်အုပ်စုမျိုးဆက် သားစဉ်မြေးဆက်ပါပဲ။
ဒီဇာစ်မြစ်ကို အကုန်အစင် တူးထုတ်ရှင်းလင်းပစ်ရပါလိမ့်မယ်။
စစ်အုပ်စုနဲ့ ပြည်တွင်းစစ်ဆိုတဲ့ ဒီပယောဂ၊ ဒီသရဲတစ္ဆေကို မရှင်းနိုင်သရွေ့၊ မောင်းထုတ်မပြစ်နိုင်သရွေ့၊ ဒီသရဲတစ္ဆေတွေရဲ့ပူးဝင်စွဲကပ်မှု၊ သွေးစုပ်လုယက်မှု၊ သတ်ဖြတ်မှုတွေကို လည်စင်းခံနေကြဦးမှာပဲဖြစ်ပါတယ်။ 
ဒါကို “တရားဥပဒေစိုးမိုးမှု” တစ်ခုတည်းနဲ့ မတိုက်ဖျက်နိုင်သလို၊ “ပြန်လည်သင်မြတ်ရေး ရေစင်ရေမန်း”နဲ့လည်း မောင်းထုတ်ဖယ်ရှားပစ်နိုင်လိမ့်မယ်မဟုတ်ပါဘူး။
အစွဲအလမ်းဟောင်းဖြစ်တဲ့ သရဲတစ္ဆေလုပ်ကြံဇာတ်လမ်းတွေ၊ မူးယစ်ဆေးဝါးနဲ့ဘာသာရေး လူမျိုးရေးသွေးခွဲ ရန်တိုက်ပေးမှုတွေဟာစစ်အုပ်စုနဲ့ပြည်တွင်းစစ်ဆိုတဲ့ သရဲတစ္ဆေသွေးစုပ်ဖုတ်ကောင်ကြီးတွေရဲ့ ဆိုးဖော်မိုက်ဖက် အပေါင်းအဖော်တွေပဲဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း လူမျိုးပေါင်းစုံပြည်သူများ နိုးနိုးကြားသတိရှိကြဖို့နဲ့ တညီတညွတ်တည်း ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ကြဖို့ဖြစ်ပါတယ်။

မသေခင်က (မျိုးမြင့်ချို)

0 comments
(မသေခင်က)

သေတာရဲ့ဟိုဘက်မှာ ဘာရှိတယ်မရှိဘူးဆိုတာကို ငယ်ငယ်က ခနခန တွေးဖူးတယ်။ ရှိတယ်ဆိုတဲ့သူတွေပြောပြတာတွေမှာတော့ လိုချင်စရာတွေတပုံကြီးပဲ။ ဒါပေမယ့် အဲ့ဒါတွေရချင်ရင် ဒီဘဝဆိုတဲ့ဟာနဲ့ အလဲအလှယ်လုပ်မှရတဲ့။ ဒီဘဝရဲ့ ဘာတွေနဲ့လဲလှယ်ရမတုန်းဆိုတော့ ဘဝတဏှာအပါအဝင် သူတို့သတ်မှတ်ထားတဲ့ “မကောင်းမှု“ဆိုတာတွေအကုန်လုံးနဲ့တဲ့။ ကိုယ်က ဘဝကိုတပ်မက်တွယ်တာစိတ်အပြည့်နဲ့ဖက်တွယ်ထားသူဆိုတော့ မလဲနိုင်ဘူး။ မလဲရက်ဘူး။ ဒါနဲ့ သေတာရဲ့ဟိုဘက်မှာ ရှိသေးတယ်ဆိုတာကို ခင်ဗျားကို ဘယ်သူပြောတာလဲဆိုတော့ ဘုရားဟောကွ ဘုရားဟော၊ ကျမ်းဂန်တွေထဲမှာလည်းပါတယ်တဲ့။ ဘုရားဟောဆိုတာကိုမှန်တယ်လို့ ခင်ဗျားက ဘာလို့အတိအကျပြောပြီးလက်ခံရတာလဲ၊ ဘယ်လိုလုပ်သိသလဲလို့မေးကြည့်တော့ ဆွဲထိုးတော့မတတ်ဒေါသတွေထွက်သွားတယ်။ 
ဒီတော့ တွေးမိတယ် လူတွေဟာ ဘာမှန်းမသိခင် မိခင်ဝမ်းကကျွတ်ကတည်းက အဆင်သင့်ရှိပြီးသားယုံကြည်ရာမှာ ကိုးကွယ်ဖို့ အသွန်သင်ခံရတာပဲ။ အသွပ်သွင်းခံရတာပဲ။ သူတို့ မသိခင်ကတည်းက သေသည်၏အခြားမဲ့ဆိုတာ ရှိနှင့်ပြီးသားပဲ။ သူတို့ယုံကြည်တဲ့ပုဂ္ဂိုလ်တဦးဦးကပြောရင် ပြောသမျှအကုန်မှန်တယ်လို့ အသေစွဲမှတ်ပြီးသားပဲဆိုပြီး။ သူတို့အဖို့ရာ ဘဝဆိုတာ သေချာပြီးသား။ သူတို့နေမယ်။ ပြီးရင်သေမယ်။ သေပြီးရင်လည်း ဟိုဘက်မှာ လားရာက အဆင်သင့်ရှိပြီးသား။ ဘာပြီးရင် ဘာဖြစ်မယ်။ ဘာလုပ်ရင် ဘာရမယ်ဆိုတာ ကျိန်းသေပြီးသား။ ဘဝဟာ ဘယ်လောက် စိတ်လက်ချမ်းသာစရာ ကောင်းလဲ။ တသက်လုံး သူတို့ပြောတဲ့မကောင်းမှုတွေလုပ်ခဲ့သူတောင်မှ မသေခင်လေးအချိန်ရလို့ နောင်တရခဲ့ရင် ဒါမှမဟုတ် ဆောက်တည်ရာမှာ ခနလေးစွဲမြဲမိလိုက်ရင် လားရာဟာ သုဂတိဖြစ်တာပဲ။ ကိုယ့်မှာသာ ခုထိ ဟိုဖတ် ဒီဖတ် ဟိုမေးဒီမေး ဟိုတွေးဒီတွေးနဲ့ လေအတိုက်မှာ လဲအိပ်ဖွင့်လိုက်သလို ဘဝဟာအတွေးတွေနဲ့ ဖွားကနဲဖွားကနဲ။
အောက်တိုဘာ ၂၇၊ ၂ဝ၁၆
မျိုးမြင့်ချို

မိုးသည်းသည်း၌ကားမောင်းခြင်း (မျိုးမြင့်ချို)

0 comments
(မိုးသည်းသည်း၌ကားမောင်းခြင်း)

တနေ့က ရှီကားဂိုးကို တခေါက်ပြန်ရောက်တယ်။ ၅ ရက်အတွင်း ၂ ခေါက်ရောက်ဖြစ်သွားတာပါ။ ဆီယက်တဲလ်ပြန်မယ့် ဧည့်သည်တယောက်ကို အိုဟဲယားလေဆိပ်ကို လိုက်ပို့တာပါ။ အပြန်မှာ မိုးတွေသည်းလိုက်ပုံက လန့်စရာကြီး။ အသွားတုန်းကတော့ ဇနီးကမောင်းတာ။ မိုးကလေး ခတ်ဖွဲဖွဲဆိုတော့ ဘာမှသိတ်ကိစ္စမရှိဘူးပေါ့။ အပြန်လည်းကြရော လေဆိပ်ကထွက်ကတည်းက ရွေပစ္စုန်က သည်းကြီးမည်းကြီးကိုချနေတာ။ မိုးချုပ်နေဝင်လို့ မှောင်လည်း မှောင်နေပြီ။

ဒါနဲ့ ကိုယ့်စိတ်ထဲ ညဘက်မှောင်မည်းကြီး မိုးသည်းသည်းထဲမှာ ကားမောင်းချင်စိတ်ပေါက်လာတယ်။ ဒါနဲ့ ငါတလှည့်မောင်းမယ်ကွာ ဖို့တ်ဝိန်းအထိဆိုတော့ ဇနီးက မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ဖြစ်ပါ့မလား။ မိုးချုပ်နေပြီ မိုးတွေကလည်း ဒီလောက်ကြီးနေတာတဲ့။ ရပါတယ် ခါတိုင်းထက် သတိ ၂ ဆ ထားပြီးမောင်းမယ်။ ဒီလိုမှ မမောင်းရင် ဒီအခွင့်အရေးမျိုး ဒီအတွေ့အကြုံမျိုး ရဖို့မလွယ်ဘူးလေ။ ငါက ညဘက်တော့မောင်းတာတွေတော့ ရှိပါရဲ့။ ဒါပေမယ့် ခုလိုမျိုး မိုးသည်းသည်းမှာမှမဟုတ်တာ။ ခု အခွင့်အလမ်းလေးရတုန်း မောင်းကြည့်ချင်တယ်။ ချောချောမောမော ဖို့တ်ဝိန်းပြန်ရောက်သွားတော့လည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာတာပေါ့။ တကယ်လို့ မချောမောတော့ဘူးထင်ရင် နင့်ကို ငါပြောမယ်လေ၊ နင်ဆက်မောင်းပေါ့ဆိုတော့ အေးကောင်းသားပဲဆိုပြီး ရှိကားဂိုးကထွက်ပြီး ယူအက်စ် ၃ဝ နားလည်းရောက်ရော အရေးပေါ်မီးဖွင့် လမ်းဘေးခနထိုး လူချင်းနေရာလဲပြီး ကိုယ်စမောင်းလာလိုက်တာ ဖို့တ်ဝိန်းက ညီမအိမ်အထိပဲ။ မောင်းချိန် ၂ နာရီကျော်ပဲ။

လမ်းမှာ အခက်အခဲတွေတော့ အများသားပဲ။ မိုးသည်းတာ၊ လမ်းက မီးရောင်ရောင်ပြန်ဟပ်တာ၊ နောက်ကားမီးက နောက်ကြည့်မှန်ကတဆင့် မျက့်စေ့ကိုထိုးတာ၊ မျက်နှာချင်းဆိုင်း ကားရှေ့မီးကြီးတွေ စူးတာ၊ ကျော်တက်တဲ့ ထရပ်ကားကြီးတွေဆီက စင်ထွက်လာတဲ့ ရေမှုန်ရေမွှားတွေကြောင့် ရှေ့မြင်ကွင်းပျောက်သွားတာ၊ တချို့နေရာတွေမှာ ရေဝပ်လို့ ဘီးနည်းနည်းချော်ချင်တာ စတာတွေပါ။

လက်တဘက်ခြေတဘက် မျက်စေ့တလုံးတည်းဆိုတော့ ခြေကောင်းလက်ကောင်းမျက်စေ့ကောင်းတွေထက် ပိုပင်ပမ်းတာတော့ အမှန်ပါပဲ။ တခါတလေ မိုးလေးတချက်အပါးမှာ တနာရီ မိုင်ခြောက်ဆယ်မောင်းရမယ့်နေရာတွေမှာ မိုင် ၇ ဆယ်လောက်အထိ တင်မောင်းတော့ ဇနီးက မိုင်ခွက်ကြည့် မိုင်ခွက်ကြည့်လို့သတိလှမ်းလှမ်းပေးတယ်။ ကိုယ်ကလည်း မိုးပါးတုန်းလေးမို့ ဖိနင်းတာ။ သူစိုးရိမ်တော့လည်း ပြန်လျှော့ရတာပါပဲ။ တခါတလေများ ထရပ်ကားကြီးတွေ လေးငါးခြောက်စီးကို ဆက်တိုက်ကျော်တက်ရရင် စတီယာရင်ကိုင်ထားတဲ့လက်တင်မက မျက်နှာ လည်ပင်း ရင်ဘတ်တွေမှာပါ ချွေးစီးတွေနဲ့ ထန်းလာတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ ဖို့တ်ဝိန်းကို ဘေးမသီရန်မခပြန်ရောက်လာကြတယ်။

ညီမအိမ်ရောက်လို့နာရီကြည့်တော့ ဆယ်နာရီခွဲနေပြီ။ လူလည်း ချွေးပြန်နေပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှုတော့ တိုးခဲ့တာပါပဲ။
အောက်တိုဘာ ၂၈၊ ၂ဝ၁၆
(မျိုးမြင့်ချို)

လခစားနဲ့နာရီစား (မျိုးမြင့်ချို)

0 comments
(လခစားနဲ့နာရီစား)
တနှစ်ဝင်ငွေ ဒေါ်လာလေးသောင်း ခွန်နှစ်ထောင်အောက်ရနေတဲ့ စက်ရုံအလုပ်ရုံအလုပ်သမားတွေ၊ ကုန်တိုက်တွေဘာတွေက မန်နေဂျာတွေ စူပါဗိုက်ဇာတွေ၊ အေဂျင်စီတွေက ရုံးဝန်ထမ်းတွေအကုန်လုံးနဲ့အကြုံးဝင်တဲ့ ပြည်ထောင်စုဥပဒေ Federal Law တခုထွက်လာပါတယ်။

ခုနှစ် ဒီဇင်ဘာကစပြီး ဥပဒေအသက်ဝင်မှာ ဖြစ်ပါတယ်။ ဥပဒေအဆိုအရ တနှစ်လုပ်ခဝင်ငွေ ၄၇၀၀၀ အောက်ရနေတဲ့ လခစားအလုပ်သမားနဲ့ ဝန်ထမ်းမှန်သမျှရဲ့လုပ်ခကို နာရီနဲ့ရှင်းပေးရမယ်လို့ဆိုတယ်။

လခစားနဲ့ နာရီစား ဘာကွာလဲဆိုတော့ ဆိုပါတော့ တပတ်အလုပ်ချိန် နာရီလေးဆယ်(အချိန်ပြည့်)သတ်မှတ်ထားပေမယ့် လခစားတွေက နာရီ ၄၀ ထက်ပိုလုပ်ရတာမျိုးတွေရှိပါတယ်။ ဝေါလ်မတ်လိုကုန်တိုက်မျိုးမှာဆို မန်နေဂျာတွေအကုန်လုံးလိုလိုဟာ လခစားတွေပါ။ တပတ်နာရီလေးဆယ်ဆိုပေမယ့် တကယ်တမ်းမှာ နာရီ ငါးဆယ်လောက်အထိလုပ်နေရတာမျိုးတွေရှိပါတယ်။ ဒါကလည်း ဥပမာအနေနဲ့သာ ဝေါမတ်ကိုပြတာပါ။ တကယ့်လက်တွေ့မှာ ကုမ္ဗဏီအတော်အများများ အေဂျင်စီတော်တော်များများမှာ အဲ့ဒီအတိုင်းဖြစ်နေတာများပါတယ်။

လခစားဆိုတော့ နာရီပို(အချိန်ပို)လုပ်ပေးနေရပေမယ့်(လုပ်ခ)လခကတော့ တိုးမရပါဘူး။ နာရီစားကြတော့ ပိုလုပ်တဲ့နာရီ(အချိန်ပို)လုပ်ခရကြပါတယ်။ ဒါက အကြမ်းဖျဉ်းသဘောပြောတာပါ။ တကယ်ပြောကြကြေးဆိုရင် အချိန်ပိုလုပ်ရတဲ့ကိစ္စမှာ ပြောစရာ အသေးစိတ်တွေအများကြီးပါ။ ဟိုးအရင်တုန်းကတော့ အချိန်ပိုဆင်းမယ် မဆင်းဘူးဆိုတာ အလုပ်သမား ဝန်ထမ်းဘက်ကရွေးချယ်ခွင့်ပါ။ အလုပ်ရှင်နဲ့ညှိရပါတယ်။ ခုတော့ တချို့ကုမ္ဗဏီတွမှာ အလုပ်သမားဝန်ထမ်းဘက်က ရွေးချယ်ခွင့်မရှိပါ။ အချိန်ပိုမဆင်းရင် အကြောင်းအမျိုးမျိုးပြပြီး အလုပ်ဖြုတ်ပစ်တာတွေအထိ ရှိလာပါတယ်။ အချိန်ကပိုဆင်းတာ လုပ်ခ ပိုရတာပဲဟာ ဘာလို့မဆင်းချင်ရတာလဲလို့ ပြောလာခဲ့ရင် ပြန်ဖြေပြန်ရှင်းပြရမှာက တသီတတန်းကြီးမို့ နောက်ပိုင်း အဆင်သင့်တဲ့အခါ ရေးမယ်တွေးမိပါတယ်။

ခုတော့ နာရီစားနဲ့ လခစားကိစ္စလေးဆက်ပြောပါ့မယ်။ လူမှုကူညီရေးအေဂျင်စီတွေဆိုပါတော့ ကေ့စ်မန်နေဂျာလို စုပါဗိုက်ဇာလိုရာထူးတွေကို များသောအားဖြင့် လခစားအဖြစ်ထားတတ်ကြပါတယ်။ လခစားဆိုတော့ အချိန်ပိုလုပ်လည်း လခကတိုးမရပါ။ တခါတလေ အချိန်မတော် အချိန်တော်ကြီး လေဆိပ်သွား လူကြိုရတာမျိုးတွေ နှစ်ချုပ် လချုပ်စာရင်းတွေလုပ်ရတာ ရုံးမှာမပြီးလို့ ရုံးကွန်ပြူတာ အိမ်သယ်လာပြီး ညည့်နက်သန်းကေင်အထိ လုပ်ရတာမျိုးတွေရှိပါတယ်။ အဲ့ဒါတွေအတွက်လည်း အချိန်ပိုလုပ်ခမရပါ။ နာရီစား(ကေ့စ် ဝေါကားလိုဝန်ထမ်းတွေ)ကြတော့ တပတ်အတွက် သတ်မှတ်နာရီလေးဆယ်ကျော်တာနဲ့ အချိန်ပိုလုပ်ခရကြပါတယ်။ တခါတလေမှာ ကေ့စ်မန်နေဂျာ စူပါဗိုက်ဇာတွေက ရာထူးအရကြီးပေမယ့် လုပ်ခကြတော့ ကေ့စ်မန်နေဂျာထက်နည်းနေတဲ့လတွေလည်းရှိတတ်ပါတယ်။

ခုတော့ တနှစ်ဝင်ငွေနဲ့ချိန်စက်ပြီး လုပ်ခ လခကိုပေးရမယ်လို့ဥပဒေထွက်လာတော့ လေးသောင်းခွန်နှစ်ထောင်အောက် လခစားတွေအတွက်တော့ ကောင်းဖို့ဖြစ်လာတယ်လို့ဆိုရမလားပဲ။

ဒီမှာက ပြည်နယ်တခုနဲ့တခု ဆင်းရဲချမ်းသာ အလုပ်အကိုင်အခြေအနေ
ကုန်ဈေးနှုန်း စတာတွေအပေါ်အခြေတည်ပြီး အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်မတူပါဘူး။

ဆိုတော့ လေးသောင်းခွန်နှစ်ထောင်အောက်လခစားတွေကို နာရီစားအဖြစ်ပြောင်းပေးရမယ်ဆိုရင် သူတို့တွေ အချိန်ပိုလုပ်ခတွေခံစားကြရမှာမှန်ပေမယ့် ကုမ္ဗဏီတွေ အေဂျင်စီတွေဘက်ကရော သူတို့ တနာရီလုပ်ခကို ဘယ်လိုသတ်မှတ်ပေးမလဲ။ နောက်ပြီး ကျန်းမာရေးအာမခံအပါအဝင် အခြားအကျိုးခံစားခွင့်တွေအပေါ်အမှာရော ဘာတွေဘယ်လို ပြင်ဆင်ပြောင်းလဲသတ်မှတ်မှာလဲက စိတ်ဝင်စားစရာပါ။

လောလောဆယ်တော့ တနှစ်ဝင်ငွေ လေးသောင်းခွန်နှစ်ထောင်အောက်ရပြီး နာရီလေးဆယ်ဆိုပေမယ့် နာရီငါးဆယ်လောက်လုပ်ပေးနေရတဲ့ လခစားတွေအတွက်တော့ နာရီစားဖြစ်တော့မယ်ဆို အချိန်ပိုလုပ်ခတွေရကြမှာမို့
စိတ်ကူးယဉ်ချင်စရာဖြစ်ပါတယ်။
မျိုးမြင့်ချို

(အောက်တိုဘာ ၃ဝ၊ ၂ဝဝ၁၆)

Wednesday, September 14, 2016

ကျဉ်တုပ်မခံဝံ့တဲ့ကောင်(မျိုးမြင့်ချို)

0 comments
ကျနော့်ခြံ ဟိုးအနောက်ခြမ်းက ပန်းသီးပင်တွေ သစ်သော့သီးပင်တွေ မက်မုံသီးပင်တွေချထားတဲ့နေရာမှာ မှိုတွေပေါက်နေတယ်။ စားလို့ရတဲ့ဟာတွေဟုတ်လား မဟုတ်လားတော့ သေချာပေါက် မပြောတတ်ဘူး။

တနှစ်က ဒီအချိန်ပဲ ဘာ့ဖလိုးက ဒေါ်ဌေးဌေးဝင်း အိမ်လာလည်တော့ ဘေးခြံမှာ အဲ့လိုမှိုကြီးတွေပေါက်နေတာလည်း မြင်ရော။ ဟဲ့..အဲဒါစားမှိုဟဲ့။ သူတို့ မသိကြတာလား သိရက်နဲ့မစားတာလား မသိဘူး။ နင်နဲ့လည်း အဲ့မိသားစုက လူချင်းရင်းနေတာပဲ။ မေးပြီး သူတို့မစားဘူးဆို တို့တွေ သွားနှုတ်ကြရအောင်လေ။ ကန်စွန်းရွက်လေးနဲ့စပ်ပြီး ကြော်ချက်လေးလုပ်စားရင် အဆိပ်ရှိဦးတောင်ပြေတယ်ဟဲ့။ ဒါပေမယ့် ဒီမှိုတွေဟာ စားမှိုတွေပဲ။ ဘာအဆိပ်မှမရှိဘူးလို့ မှိုပွင့်ကြီးတွေကြည့် စားချင်စိတ်အာသီသလေးဖြစ်နေမှန်းသိပေမယ့်

အမရာ အမေရိကန်တွေဆိုက တခါတခါကြ ခက်သားလား။ မှိုလိုဟာမျိုးကို မပေးချင်လို့မဟုတ်ပဲ ပေးလိုက်လို့စားပြီးကာမှ တခုခုတွေဖြစ်ရင် သူတို့ပါ အမှုလာပတ်မှာကြောက်ပြီး သွားတောင်းလည်း ဟိုလိုဒီလိုနဲ့ မအီမလည်လုပ်လွှတ်လိုက်ရင် အောက်တယ်အမရလို့ ပြောပြီး ကျနော်တို့ သွားမတောင်းဘူး သွားမနှုတ်ဘူး စားလည်းမစားခဲ့ရဘူး။ ဒေါ်ဌေးဌေးဝင်းကတော့ ပြတင်းပေါက်နေ မှိုတွေကြည့်ရင်း အေးလေ နင်ပြောတာလည်းဟုတ်ပါတယ်။ ဒါပေမယ့် သူတို့လည်း မစားတော့ အဲ့အတိုင်းပဲ ယော်ပြီးသေကုန်ကြမှာလို့ပြောတယ်။

ခု ကျနော့်ခြံထဲမှာပေါက်နေတာလည်း အဲ့မှိုမျိုးတွေပဲထင်တယ်။ မနှစ်ကအထိ မပေါက်ကြသေးဘူး။ ဒီနှစ်မှ စပေါက်တာ။ နှုတ်ကြည့်ချိန်ကြည့်ရင် ၃ဝ သားလောက်ရှိမယ်ထင်တယ်။ ဘေးခြံက အကောင်တွေလောက်တော့ မထွားကြဘူး။ ကိုယ်ကလည်း မှိုဆို တောင်ပို့မှို ဖက်ဆွတ်မှို ကောက်ရိုးမှိုလောက်သိတဲ့ကောင်လေ။

ရန်ကုန်(ထောက်ကြန့်)အိမ်က အိမ်ထောင့်မှာလည်း နှစ်တိုင်းမှိုတွေပွင့်တယ်။ တနှစ်တနှစ် သုံးလေးပိသာလောက်ရတယ် မှတ်တာပဲ။ ဖီးဖိုခန်းအနောက် အုန်းသီးပင်အောက်က ပုဏ္ဏရိပ်ပင်ခြံစည်းရိုးတွေကြားက ခြတောင်ပို့မှာလည်း တောင်ပို့မှို
အကြီးစားကြီးတွေနှစ်တိုင်းပွင့်တယ်။ အမေက မှိုတွေပွင့်ပလား အခြေအနေ အဖူးအငုံလေးတွေကြည့်ပြီး ၃ ကြိမ်လောက်ခွဲနှုတ် ပတ်ဝန်းကျင်အိမ်တွေလည်းဝေ ကျနော်တို့လည်း ချက်ကျွေးတယ်။

ကျနော် ငယ်ငယ်က တောင်ပို့မှိုအပွင့်ကြီးတပွင့်ကို ဖျဉ်ပြီးသင်ပြီး ဆားလေးနည်းနည်းဖြူးပြီး သပွတ်ချဉ်ဖက်နဲ့ထည့်ထုတ်ပြီး မီးဖုတ်ကျွေးဖူးတယ်။ ချိုလိုက်တဲ့အချိုနဲ့ နူးညံ့တဲ့အနူးအညံ့ ဘာအသားမှကိုလိုက်မမီတာ။ သပွတ်ချဉ်ဖက် မီးကျွမ်းနံ့လေးက မှိုမှာ သင်းလို့။

အမေဟာ မှိုတွေကို ဘယ်တော့မှ အကုန်မနှုတ်လေ့ဘူး။ လေးငါးဆယ်ပွင့်တော့ ချန်ချန်ထားခဲ့တယ်။ ဘာလို့လဲအမေလို့မေးတော့ နောက်နှစ်အတွက် မျိုးသဘောပေါ့သားရယ်လို့ပြောတယ်။

ဒါနဲ့အိမ်ရှေ့အိမ်က တသက်လုံး တောတိုး ဖက်ခူး မျိုချိုးမျှစ်ချိုး ထင်းခုတ်ရောင်း ဘဝကိုအသက်မွေးခဲ့တဲ့ ဒေါ်လေးဒေါ်မြတင်ကို ဒေါ်လေး အမေပြောတာဟုတ်လားဆိုတော့။ ဟုတ်တာပေါ့ မှိုဆိုတာ သူပေါက်နေကြနေရာမှာပဲ နှစ်တိုင်း သူ့အချိန်ရောက်ရင် ပြန်ပေါက်လာတာပဲ။ အဲ့နေရာကို မှိုကျင်းလို့ခေါ်တယ်။ အဒေါ်တို့ ကိုယ့်မှိုကျင်းနေရာတွေ ကိုယ်အသေမှတ်ထားရတယ်။ မိုးတဖြိုက်နှဖြိုက်ကျပြီး အပြင်မှာပူပြီးအိုက်စပ်စပ်ဖြစ်လာရင် အဲ့ဒါ မှိုပေါက်တော့မယ်။ သူများမဦးခင် ကိုယ်ကအရင် သွားနှုတ်ရတယ်။ နည်းနည်းပါးပါးလည်း မျိုးသဘောချန်ခဲ့တယ်။ ပြီးတော့ သဘာဝကပေးတဲ့အစာဆိုတာ ကိုယ်တယောက်တည်း မစားကောင်းဘူးရဲ့ လူလေးရဲ့။ တောစောင့်တောင်စောင့်နတ်တွေကလည်း မကြိုက်ဘူး။ ကိုယ်လည်းယူ မျိုးသဘောလည်းချန် ကျန်တဲ့သတ္တဝါလေးတွေစားဖို့လည်း ချန်ထားပေးရတယ်။ ဒေါ်လေးတို့က မှိုသာ နှစ်တိုင်းတိုးနေတာ စားရတယ်လို့မရှိပါဘူး လူလေးရယ်။ ပေါ်ဦးပေါ်ဖျားလေးဆိုတော့ ဈေးကောင်းလေးရတယ် မှတ်လား။ ပြန်ရောင်းပြီး ဆန်ဝယ်ရ ငါးပိဝယ်ရပါပဲ။

မှိုတွေပေါက်လာပလားဆို ပိုးနသန်ကောင်အကြီးအသေးတွေရော လက်နဲ့ထိလိုက်ရင် လုံးလုံးသွားတဲ့ပိုးကောင်လေးတွေ တခြားအကောင်လေးတွေ လာစားကြတယ်။ သူတို့က မှိုကြိုက်တယ်လေ။ အဲ့လိုပဲ ကျဉ်နီကောင်တွေလည်း မှိုကျင်းနား အုံနဲ့ကျင်းနဲ့လာတော့တာပဲ။

သူတို့ရော မှိုလာစားတာလားဒေါ်လေးဆိုတော့ မဟုတ်ဘူး သူတို့က မှိုလာစားတဲ့အကောင်လေးတွေကို ဖမ်းစားဖို့လာတာ။ အဲ့ဒီကျဉ်နီကောင်တုပ်ရင် သိတ်နာတာ။ အဆိပ်ပြင်းတယ်။ ဒါ့ကြောင့် မှိုကျင်းနားရောက်ပြီး မှိုနှုတ်တော့မယ်ဆို ကျဉ်နီအတုပ်တော့ ခံရတတ်တာပဲ။ ကျဉ်အတုပ်မခံရဲလည်း မှိုက ဘယ်လိုရမှာလဲ လူလေးရဲ့လို့ သွားကျိုးပါးကျိုးနဲ့ ပြောင်းဖူးဖက်လိပ်ကြီး မီးခိုးတထောင်းထောင်းထအောင် ဖွာရင်းတနံတလျားရှင်းပြတယ်။

ကျနော် အဲ့အချိန်က မောင်သာရရဲ့ ကျဉ်တုပ်ခံဝံ့မခံဝံ့လည်း မဖတ်ဖူးသေးဘူး။ ကျည်းကန်ရှင်ကြီး မေတ္တစာတွေဆိုလည်း ဝေးစွခြောက်ပါးပဲ။

ဆင်းရဲပြီးစာမတတ်ရှာတဲ့ ဒေါ်လေးဒေါ်မြတင်ကတော့ ဘဝထဲကအသိနဲ့ ကျဉ်တုပ်ခံပြီး မှိုတွေနှုတ်ရင်း ဘဝဆင်းရဲဒဏ်ကို နင့်နေအောင်ခံပြီး နေပြီးသေသွားခဲ့တာပဲ။

ကျနော်ကတော့ ခု ကိုယ့်ခြံထဲပေါက်နေတဲ့မှိုတွေနှုတ်ဖို့စားဖို့နေနေသာသာ ကျဉ်တုပ်ခံရမှာကြောက်လို့ အနီးကပ်တောင်မကြည့်ဝံ့ဘူး။

စက်တင်ဘာ ၁၄၊ ၂ဝ၁၆

Saturday, September 10, 2016

စာရေးစာဖတ်ဘာလုပ်ဖို့

0 comments
စာရေးစာဖတ်ဘာလုပ်ဖို့
ဟိုနေ့က အမေ့ကိုသွားတွေ့ရင်း မရင်နှစ်ထူး၏ မိနီကလေးကဗျာ ရွတ်သံကြားရပါသည်။ ကဗျာအဆုံးတွင် စာရေးစာဖတ်ဘာလုပ်ဖို့ မိနီကလေး လိမ္မာဖို့ဟု ပါပါသည်။ မိနီစာဖတ်ခြင်းသည် လိမ္မာရေးခြားရှိဖို့မှန်သော်လည်း မရင်နှစ်၏ဘကြီးဖြစ်သော ကျနော်၏စာရေးစာဖတ်ခြင်း၌မူ လိမ္မာဖို့ မလိမ္မာဖို့ပါသလား မပါသလားတွေးမိ၍ ဤစာရေးဖြစ်သွားပါသည်။
အများမြင်သာမည့်နေရာမှာ တခုခုရေးပြီဆိုကတည်းက အများသိစေချင်၍ဖြစ်မှန်း တွေးနေစရာမလိုဟု ကျနော်ထင်ပါသည်။ ဂူနံရံများမှအစ ပုံနှိပ်စာမျက်နှာများအလယ် အင်တာနက်အဆုံး၏ လူတို့ ရေးခဲ့ဖတ်ခဲ့၊ ရေးနေဖတ်နေကြသလို ရေးလိမ့်ဖတ်လိမ့်ဦးမှာလည်း သေချာပါသည်။
စာ ဘာ့ကြောင့်ဖတ်နှင့် ဘာ့ကြောင့်ရေးသနည်းအဖြေမှာ ဉာဏ်ပညာ၊ အသိရေချိန်၊ တွေးထောင့်နှင့်ဘဝပြဌာန်းချက်များအလိုက် အတိမ်အနက် အမျိုးမျိုးရှိပါလိမ့်မည်။ ဘဝပြဌာန်းချက်နှင့်အသိရေချိန်က အဖြေကွဲများ၏အဖြေ ဖြစ်ပါသည်။ ဤနေရာတွင် ကျနော်ပြောသည့် စာဆိုသည်မှာ ရသစာ၊ သုတစာ ခွဲခြားပြောခြင်းမဟုတ်ပဲ စာအကြောင်းသက်သက်သာဖြစ်ပါသည်။ ထိုကိစ္စတွင် ယုတ်စွအဆုံး အိမ်သာတက်ပြီးရေလောင်းပါမှ ဥပဒေကဲ့သို့အာဏာတည်သောအမိန့် အထိ ပါပါသည်။
ကျနော့်အဖို့တော့ မရေးရမနေနိုင်၍ရေးခြင်းပဲ ဖြစ်ပါသည်။ မရေးရနေနိုင်သည့်အခါ မရေးပဲနေပါသည်။ အပျော်ရေးခြင်းမဟုတ်သလို အပျင်းပြေ ရေးခြင်းမဟုတ်မှန်းလည်း မိမိဘာသာသိပါသည်။ စာရေးခြင်းဖြင့် အသက်မွေးလောက်အောင် ကလောင်အားနှင့်ပရိသတ်ရှိလျှင် စာရေးစားလိုစိတ် မကြာမကြာဖြစ်မိကြောင်း ဝန်ခံပါသည်။ သို့သော် မိမိတွင် ဤမျှစွမ်းသည့် အရည်အသွေးနှင့်လုံ့ လစိုက်ထုတ်မှု မရှိမှန်းလည်းသိပါသည်။ စာရေးခြင်းသည်လည်း အခြားအလုပ်များနည်းတူ အလုပ်လိုအပ်ချက်နှင့် ပြည့်မီရမည့်အရည်အချင်းများရှိရပါသည်။ စာရေးခြင်းနှင့် ဗိုက်ဝမ်းစာ ဖြည့်သူများအတွက်ဆိုလျှင် စာဖတ်ခြင်းမှာ ဉာဏ်ဝမ်းစာဖြည့်တင်းခြင်းမည်ပါမည်။ စာဖြင့်ဗိုက်ဝမ်းစာဖြည့်သူအဖို့ စာနှင့် ဉာဏ်ဝမ်းစာလည်း မပြတ်ဖြည့်တင်းရပါသည်။ ကျနော် ဤမျှ မဖြည့်၊ မပြည့်။ စာရေးမပျင်းသော်လည်း ပျင်းပျင်းနှင့်တော့ စာထိုင်မရေးပါ။
စာကိုလည်း မဖတ်ရမနေနိုင်၍ဖတ်ခြင်း ဖြစ်ပါသည်။ မဖတ်ရမနေနိုင်မှာလည်း အမြဲဖြစ်နေသည်တော့ မဟုတ်ပါ။ မဖတ်ပဲနေနိုင်သည့်အခါ လချီပြီးဘာမှ မဖတ်ပဲနေပါသည်။ တခါတခါ ၂၄ နာရီတွင် ၁၄ နာရီလောက် တောက်လျှောက်ဖတ်ချင်လည်း ဖတ်ဖြစ်ပါသည်။ တခါတခါ တခုခုအတွက် ရည်ရွယှုပြီး တကူးတကန့်  မရအရ ရှာဖွေဖတ်သည်ရှိသလို၊ တခါတခါ ဘာမည်မည်ရရမျှမဟုတ်ပဲ ဖတ်ချင်စိတ်ပေါက်၍ ကောက်ဖတ် လိုက်တာလည်း ရှိပါသည်။ တခါတခါ စကားနိုင်လုလို၍၊ တခါတခါ သိကြောင်းပြလို၍၊ တခါတခါ ဝင့်ဝါလို၍ စသည့်အကြောင်းများစွာဖြင့် ဖတ်ဖြစ်သည့်အခါများလည်း ရှိပါသည်။ ဘာ့ကြောင့်ဖတ်ဖတ် စာဖတ်မပျင်းသော်လည်း ပျင်းစရာကောင်းသည့်စာတွေတော့ မဖတ်ပါ။ ဤနေရာတွင် စာပျင်းသတ်မှတ်ချက် တယောက်နှင့်တယောက်မတူနိုင်ပါ။
ဘာစာရေးရေး ရေးမည်ဆိုလျှင် အတွေးပါရပါသည်။ တွေးစရာ ပါရပါသည်။ အတွေးမပါသည့်စာ တွေးစရာမပါသည့်စာမျိုး ဘယ်သူမှ အချိန်ကုန်ခံ ဖတ်မည်မထင်ပါ။ ရေလောင်းအိမ်သာတွင် အိမ်သာသွားပြီးရေဆွဲချပါဟုရေးမည်လော ရေလောင်းချပါဟုရေးမည်လောမှာ အတွေးဖြစ်ပါသည်။ အိမ်သာမသွားခင် ရေလောင်းချ သို့မဟုတ် ရေဆွဲချစရာ လိုမလိုမှာ ရှေ့ကသွားနှင့်ခဲ့သူများ မည်သို့ထား ထွက်သွားသနည်းနှင့်ဆိုင်ကြောင်း အိမ်သာတက်သူတိုင်း တွေးမိကြမည်ဖြစ်ပါသည်။ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်တွင်လည်း ထိုနည်းနှင်နှင်ဖြစ်သလို ရှိတ်စပီးယားပြဇာတ်များ၊ မြနန္ဒာ တောင်ကျချောင်းလေး ရေဝင်ပြေးလှည့်မှသည်မိဘပြည်သူများခင်ဗျားမိန့်ခွန်း ရေးပေးခြင်းအထိ အကြုံးဝင်ပါသည်။
စာရေးတိုင်း စာရေးဆရာဖြစ်မဖြစ်လည်း ရှိပါသေးသည်။ ကိုယ့်ကိုယ်ကိုယ် စာရေးဆရာဟုခေါ်ကြည့်တိုင်း ရှက်အမ်းအမ်းကြီးဖြစ်ပြီး သူများတွေကခေါ်လျှင် ရွံ့ တွန့်တွန့် ဖြစ်ပါသည်။ စာရေးသူဟု ပြောင်းခေါ်ကြည့်တော့ မဆိုးဘူးဟုခံစားရပါသည်။ စာရေးပြီးအသက်မွေးမွေး မမွေးမွေး စာရေးဆရာဘဝကို မြတ်နိုးထွေးပွေ့သူတွေရှိသည့်နည်းတူ ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းတွေပြုစုရေးသားသော်လည်း စာရေးဆရာ အခေါ်မခံလိုသူများလည်း ရှိပါသည်။ ထိုပုဂ္ဂိုလ်များထဲမှတစ်ယောက်မှာ မြန်မာပညာကျော် သမိုင်းဆရာဒေါက်တာသန်းထွန်းဖြစ်ပါသည်။ ဘာစာမျှမရေးပဲ စာရေးဆရာဟုခေါ်လျှင် ပျော်သည့် စာရေးဆရာစိတ္တဇဝေဒနာသည်အစစ်တစ်ယောက် တွေ့ဖူးပါသည်။ ဘုရင်ရူး၊ စစ်ဗိုလ်ရူး ရူးနသည့် အရူးများအား မကဲ့ရဲ့ကောင်းသလို ထိုသူတို့အားလည်းလှောင်ဖို့မသင့်ပါ။
စာတအုပ်ရေးပြီး ကမ္ဘာကျော်စာရေးဆရာတန်း ဝင်သူများရှိသလို စာအုပ်ရာချီရေးခဲ့သော်လည်း ကမ္ဘာမပြောနှင့် မြန်မာပင်မကျော်ပင်သည့် စာရေးသူများလည်း ရှိပါသည်။ ဤနေရာတွင်လည်း ကမ္ဘာကျော်မကျော်ကို ကမ္ဘာသုံးဘာသာစကားဖြင့် ကိုယ်တိုင်ရေးနိုင်ခြင်းမနိုင်ခြင်းမှာ စကားပြောပြီး၊ မရေးနိုင်သော်လည်း ဘာသာပေါင်းများစွာသို့ပြန်ဆိုခံရသဖြင့် ကမ္ဘာကျော်ခဲ့သူများလည်းရှိပါသည်။ ကမ္ဘာသုံး ဘာသာစကား တတ်လို့ သို့မဟုတ် မတတ်လို့ပါကွာဟူသည့် အကြောင်းပြချက်တစ်ခုတည်းကြောင့်ဟု ကျော်ခြင်းမကျော်ခြင်းကို လှေနံဓါးထစ်သတ်မှတ်ဖို့မသင့်ပါ။
နယ်ပယ်တခုခုတွင် နံမည်အခြေတည်မိပြီး စာရေးခြင်းဝိဉာဉ်ပူးယူသူများလည်း ရှိပါသည်။ အချို့မှာ ကံအားလျော်စွာ ယာယီ
ကျော်ကြားသော်လည်း နောက်တော့ လက်မှန်ပေါ်ကာ ငုတ်သွားသူများရှိသလို အချို့မှာ အခြေကျအောင်မြင်သွားပါသည်။
အခြားနယ်ပယ်တခုခုကို အပြတ်ဖြတ်ကာ စာရေးခြင်းဘဝထဲ ခြေစုံပစ်ဝင်လာသူတွေရှိသလို အောင်မြင်ပြီးကာမှ ခြေစုံကန်ထွက်သွားသူများလည်း ရှိပါသည်။ ခြေစုံပစ်ပစ်ဝင်ဝင် ခြေစုံကန်ကန်ထွက်ထွက် သိတ်အရေးမကြီးပါ။ ဘယ်နယ်မှာမှ အခြေမကျပဲ ခြေရောလက်ပါ မျောက်သစ်ကိုင်းလွတ်သလို လွတ်လျှင်တော့ ကောင်းနိုင်မည်မထင်ပါ။
စာတစ်ခါရေးဖူးရုံနှင့် တစ်သက်လုံး စာရေးဆရာ အခေါ်ခံထိုက်မထိုက်ကလည်း ရှိပါသေးသည်။ ယခုပြောသည့် စာရေးစာဖတ် စာရေးဆရာ စသည့်ကိစ္စသည် ချဲ့လျှင်ချဲ့သလောက် ဗာရာဏသီမြည်နိုင်ပါမည်။ ချုံ့ လျှင်ချုံ့ သလောက် တစ်ကြောင်းစာသာရှိပါလိမ့်မည်။
အဌကထာနှင့် သံခိပ်သဘောကို ဆင်ခြင်ကြည့်လို့ရပါသည်။
ကျနော့်အဖို့တော့ စာရေးစာဖတ်ခြင်းသည် မနေနိုင်၍လုပ်သည့်ကိစ္စသာဖြစ်ပါသည်။
(မျိုးမြင့်ချို)မတ်ခ်ျ ၂ဝ၁၃

Friday, September 9, 2016

မငြိမ်းချမ်းသော ၂၁ ရာစု ပင်လုံညီလာခံကြီး

0 comments
မ ငြိ မ်းချမ်းသော ၂၁ ရာစု ပင်လုံညီလာခံကြီး
အေးငြိမ်း
(၁)
အချီး။ ။ ‘ပြည်တွင်းစစ်’အကြောင်း ရေးပြီးတဲ့နောက် ရဲဘော်ကြင်မောင်က‘ပြည်ထောင်စုပြဿနာ’ခေါင်းစီးနဲ့ ဆက် ရေးရာမှာ -
“မျိုးဆက်ဟောင်း မရှင်းနိုင်ခဲ့တဲ့၊ မျိုးဆက်သစ် ဆက်ရှင်းရမယ့် ဒုတိယပြဿနာက ‘ပြည်ထောင်စု ပြဿနာပဲ’- ရှင်းရတာ ပိုတောင် ခက်ပါလိမ့်မယ်”လို့ နိဒါန်းချီထားပါတယ်။
“၁၉၈၈ လူထုအုံကြွမှုကြီး မဖြစ်မီက ပြည်ထောင်စု လိုလားသူဘက်နှင့် တပြည်ထောင်စနစ် လိုလားသူဘက် ဟူ၍ ပြက်ပြက်ထင်ထင် ရှိခဲ့ပါသည်။ -၁၉၉၀ ရွေးကောက်ပွဲ ပြီးသည့်နောက်တွင်ကား အထက်ပါ ပဋိပက္ခဟောင်းများ မရှိတော့ပါ။ ပဋိပက္ခအသစ်များ ဖြစ်လာပါသည်။ အသစ်မှာ အရေခြုံပြည်ထောင်စုဘက်နှင့် ပြည်ထောင်စု စစ်စစ်ဘက်၏ ပဋိပက္ခဖြစ်ပါသည်။ အရေခြုံပြည်ထောင်စုဘက်တွင် စစ်အုပ်စုက ရပ်ခံပြီး စစ်မှန်သည့် ပြည်ထောင်စုဘက်တွင် စစ်အုပ်စု ဆန့်ကျင်ရေး အဓိကအင်အားစုများ အားလုံးက ရပ်ခံပါသည်”။
ခု ၂၁ ပင်လုံညီလာခံမှာ ဘယ်သူတွေ ဘယ်လိုရပ်ခံပြီး ဘယ်လိုဖော်ပြခဲ့ကြသလဲ။ ကျွန်တော်တို့ကြည့်ကြရ အောင်ပါ။
(၂)
ဘာတွေ မြင်တွေ့ခဲ့ကြသလဲ
စစ်အုပ်စုဘက်က တင်ပြချက် - ရဲ့ အနှစ်သာရကတော့ တပ်မတော်က အမျိုးသားနိုင်ငံရေးကို အစဉ် ဦး ဆောင်မယ်။ စည်းကမ်းရှိသော ဒီမိုကရေစီကို ပုံဖော်မယ်။ တပ်မတော်မူ ၆ ချက်နဲ့ ပြဿနာတွေကို ဖြေရှင်းမယ်။ ၂၀၀၈ ခြေဥအောက်က ပေါ်ထွန်းလာမယ့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တည်ထောင်မယ်။ အမျိုးသားရေးအပေါ် တပ်မတော် သည် ဘယ်တော့မှ သစ္စာမဖောက်ဆိုတာတွေပဲ။ တိုင်းရင်းသားတွေ အမြင်က ‘ဒါဟာ ဗမာလူမျိုးကြီး အမျိုးသား ရေးအလံ ထူတာပဲ’လို့ ခံယူထားကြတယ်။
အစိုးရ - ကိုယ်စားပြုပြီး ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးအတွက် ကြိုးစားခဲ့သော ယခင်အစိုးရကို အသိအမှတ်ပြုကြောင်း၊ ညီလာခံကို ဦးစီးဦးရွက် လုပ်ပေးခဲ့ကြတဲ့ ဦးတွေ ဗိုလ်တွေကို ဂုဏ်ပြုပါကြောင်း ...အစချီပြီး -‘ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး’လို့ပဲ ဦးတည်ချက် ပေးပါတယ်။ ၈ ပြည်နယ်လည်း မပြော၊ တခြားဘာမှ ထူးထူးခြားခြား မပြော။ ။
လက်နက်ကိုင်တိုင်းရင်းသားနဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုများဘက် - ကတော့ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး မျိုသိပ်ထားတာတွေ အန်ထုတ်ကြတယ်။ ရင်ထဲတော့ နည်းနည်းဖြစ်ဖြစ် ပေါ့သွားမှာပါ။ ကိုယ်ဖြစ်စေချင်တဲ့ ပြည် ထောင်စု ပုံစံကို တင်ပြကြတယ်။ အမျိုးသားရေး တာဝန်တခုတော့ ထမ်းဆောင်လိုက်ရပြီလို့ ခံစားနိုင်ကြပါမယ်။ တချိန် တည်းမှာလည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြုပြင်ပြောင်းလဲပစ်ရေး ကိုလည်း တက်တက်ကြွကြွ တင်ပြခဲ့ကြလို့ မျက်မှောက်ခေတ်က ပေးလိုက်တဲ့ ခေတ်ဝန်တခုကို ထမ်းဆောင် လိုက်တာ လို့လည်း ဆိုနိုင်ပါတယ်။
(၃)
ကိုးကန့်၊ တအာင်း၊ ရခိုင်တပ်မတော် ပြဿနာ
ဒီ ၃ ဖွဲ့ ပြဿနာက ဂယက်အတော်ကြီးတယ်။ ညီလာခံ အကြိုကာလတွေမှာကတည်းက ငြင်းကြခုန်ကြ၊ ညှိနှိုင်း ကြနဲ့ ကမ္ဘာ့သတင်း ဖြစ်ခဲ့တယ်။ ညီလာခံစမယ့်ဆဲဆဲမှာတောင် သူတို့ တက်ဖြစ် မတက်ဖြစ် မရေမရာ ဖြစ်နေသေး တယ်။ လိပ်ခဲတည်းလည်း ဖြစ်သွားစေတဲ့ အခြေခံက ကိုးကန့်စစ်မျက်နှာမှာ ဒီ ၃ ဖွဲ့က သူတို့ကို အထိနာအောင် အရှက် ရအောင် တိုက်ထားလို့ ဖြစ်တယ်။ ဒါကြောင့်လည်း ဒီ ၃ ဖွဲ့ကို Black List သွင်းပြီး ဘေးဖယ်ထားချင်တာ ဖြစ်တယ်။ (မျက်နှာပူတာလည်း ပါမှာပေါ့) ဒါကြောင့် မနိုင်နိုင်ရာခဲတာ ဖြစ်တယ်။ စစ်အုပ်စုဘက်က ‘တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များသည်NCA လက်မှတ် ရေးထိုးပြီးမှသာလျှင် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့် ရမည်’လို့ နှပ်ကြောင်း ပေးထားခဲ့တယ်။ ဒါကို ညီလာခံပြင်ဆင်ရေးကော်မတီ တွင်း§မှူးက “တပ်မတော်က အဆိုပါ ၃ ဖွဲ့ ငြိမ်းချမ်းရေးမှာ ပါဝင်လိုရင် လက်နက်စွန့်ရမယ် ပြောထားတယ်။ တပ်မတော်သဘောထား အောက်ကနေပဲ နည်းလမ်းရှာ ဆွေးနွေးသွားဖို့ ရှိပါတယ်။ သူတို့ကို လက်နက်ချဖို့ ပြောတာမဟုတ်ဘူး။ လက်နက်စွန့်ဖို့ ဖြစ်တယ်” æ လို့ လော်ဘီလုပ်ပါတယ်။
ဒီခေတ် တိုင်းရင်းသားတွေက လှည့်တိုင်း လည်ထွက်သွားမယ့်သူတွေ မဟုတ်ဘူး၊ ဒီ ၃ ဖွဲ့က လက်နက်စွန့်မယ့် ကိစ္စကို လုပ်ဆောင်မှာ မဟုတ်ဘူး-လို့ ပြောပြီးဖြစ်တယ်။ ရခိုင်တပ်မတော်က ဆိုရင် လက်နက်မစွန့်နိုင်၊ အစိုးရနဲ့ တန်းတူ ညီမျှရေး၊ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခြေခံ ဥပဒေကိစ္စနဲ့ နိုင်ငံရေးအပြောင်းအလဲကိစ္စသာ ဆွေးနွေးချင်တာ ဖြစ်ကြောင်း ပြောပြီး၊ တအာင်းပလောင်ဘက်ကလည်း ဘယ်တော့မှ လက်နက်ချ-လက်နက်စွန့်မည်မဟုတ်။ နိုင်ငံနယ်မြေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဖွံ့ဖြိုးမှု၊ စီးပွားရေးလုံခြုံမှုတို့အတွက် အခိုင်အမာ ရပ်တည် ကာကွယ်သွားမည်။ ၇ ပြည်နယ်၊ ၇ တိုင်း အခြေခံမူလက်မခံ၊ အမျိုးသားကိုယ်စားပြုမှုအခြေခံတဲ့ ပြည်နယ်သစ်တွေ ဖွဲ့စည်းသင့်တယ်။ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်စဲမှ ငြိမ်းချမ်းသွားမှ တိုင်းပြည်ကို ဘယ်လိုတည်ဆောက်ရမလဲ-စဉ်းစားကြတာပေါ့လို့ ပြောခဲ့တယ်။ ဒီ အချက်တွေကို အကြိုက်ချင်းညီကြတဲ့ UNFC ကလည်း ၃ ဖွဲ့ပါမှ လက်မှတ်ထိုးမယ်လို့ ကြေညာကြတယ်။ NLD အစိုးရကလည်း စစ်တပ်ရဲ့ သဘောထားကို မလွန်ဆန်နိုင်တော့လို့....၃ ဖွဲ့ ဝိုင်းပယ်ရေးကို သဘော တူ လိုက်ရတယ်လို့ သတင်းများက ဆိုပါတယ်။ ဒီလိုနဲ့ ဖိတ်ကြားသင့်ပါလျက် ကျန်တဲ့သူကျန်၊ စစ်တပ်ဆန္ဒအရ ချန်ချင်သူ ချန်ထားခဲ့တဲ့ ညီလာခံကြီးကို ကျင်းပလိုက်ကြခြင်း ဖြစ်ပါတယ်။
(၄)
မျက်စိထဲ တန်းမြင်နေရတဲ့ ခြေထိတ်လက်ထိတ်များ စစ်တပ် - အနေနဲ့ အထက်ပါ အချက်တွေ ကိုင်စွဲထားသရွေ့၊ လိုက်နာကျင့်သုံးနေသရွေ့ အဲဒါတွေဟာ သူ့အတွက် ခြေထိတ်လက်ထိတ် တွေပဲ။ ရှေ့တိုးလို့ရမှာ မဟုတ်၊ တိုင်းပြည်လည်း ဘယ်တော့မှ မငြိမ်းချမ်း၊ ဘယ်တော့မှ တရားမျှတမှုမရှိ၊ ဘယ်တော့မှ စည်းလုံးညီညွတ်ကြမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ဒါပဲ ပြောနေတယ်။
ဒီချုပ်/ဒေါ်အောင်ဆန်းစုကြည် - ၂၀၀၈ ခြေ§ဥကို လက်ခံကျင့်သုံးပါ့မယ်လို့ သစ္စာပြုထားရခြင်း၊ ဒီအပေါ်ကနေ စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာ မလုပ်ဘူး၊ လမ်းမပေါ် မထွက်ဘူး ပြောလာရခြင်း... စတဲ့ ကိုယ့်ကိုယ်ကိုယ် ခြေချုပ် လက်ချုပ် လုပ်ထားရတဲ့ လမ်းစဉ်ကို ကျင့်သုံးခဲ့တယ်။ နောက်ပိုင်း အစိုးရယန္တရားနဲ့ လွှတ်တော်တိုက်ပွဲပဲ အာရုံထားတာ နိုင်ငံတကာဖိအားနဲ့ ကုလသမဂ္ဂကိုပဲ မျှော်ကိုးလုပ်ကိုင်ခဲ့တာတွေဟာ အကျိုးရှိတန်သရွေ့ ရှိပေမယ့် စစ်တပ်ထင်သလို လုပ်နေတာတွေ (ဥပမာ-ညီလာခံကာလအတွင်း ပြောင်ပြောင်တင်းတင်း စစ်ရေးဆောင်ရွက်မှုတွေ လုပ်တာကို မတားနိုင် တဲ့ကိစ္စမျိုး) လျစ်လျူရှုခဲ့တာတွေဟာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ကျဆင်းစေတယ်။
တိုင်းရင်းသားတွေဘက် - မှာတော့ ပကတိဘာဝ ခြေထိတ်လက်ထိတ်တွေ အဓိက ဖြစ်နေတယ်။ တိုင်းရင်းသား မျိုးနွယ်စုတွေများတာ၊ ရောယှက်နေထိုင်ကြရတာ၊ ဖွံ့ဖြိုးမှုနိမ့်ကျတာ၊ တလျှောက်လုံးလိုလို ဗမာအမျိုးသားကြီးတွေရဲ့ လွှမ်းမိုးမှုအောက်မှာ နေထိုင်ရတဲ့ သမိုင်းကြောင်း ရှိခဲ့တာတွေဖြစ်တယ်။ ဒီပကတိဘာဝအောက်မှာ တခုလုံး အကျိုး စီးပွားထက် မိမိ အမျိုးသားရေးတခုပဲ ဦးစားပေးလုပ်ဆောင်တဲ့ အတ္တဘာဝ ထုတ်ဖော်မှုတချို့ ပေါ်လာတာ ဖြစ်တယ်။ စစ်တပ်အစိုးရ စတာတွေရဲ့ အတ္တဘာဝတွေနဲ့ မတူပါဘူး။
(၅)
နိဂုံးချုပ်
အခြေအနေတွေရဲ့ ဖြစ်ထွန်းပြောင်းလဲမှုအပေါ် ကျွန်တော်တို့ မျက်ခြည်ပြတ်လို့ မဖြစ်ပါဘူး။ ဒီနေ့ခေတ်ဟာ (ဗမာပြည်အတွက်တော့) ဖက်ဒရယ်ခေတ် ဖြစ်နေပါတယ်။ “ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု” ဆိုတဲ့ စိတ်ကူးပုံစံကို လက်တွေ့ဘယ်လို ပုံဖော်မလဲ။ ကျယ်ပြန့်တယ်၊ ဇာစ်မြစ်ရှိတယ်၊ ရေရှည်ဖြေရှင်းရမယ့် ပြဿနာဖြစ်တယ်။ အခုပင်လုံ ညီခံမှာ တက်ရောက်လာတဲ့ သူ ၁˜၄၀၀ ကျော်စလုံးက ဒါကို ခံစားမိကြပုံ ရပါတယ်။ ရှုပ်ထွေးတယ်၊ ခက်ခဲတယ်၊ ဒါကြောင့်ပဲ ၃ နှစ်မှ ၅ နှစ်အထိ အချိန်ယူရနိုင်တယ်လို့ အကဲဖြတ်ကြတာ ဖြစ်တယ်။
ဒီအစည်းအဝေးကို ညောင်နှစ်ပင်လို မပြီးနိုင် မစီးနိုင် နှစ်နဲ့ချီလုပ်ပြီး ဘာအဖြေမှလည်း ထိထိရောက်ရောက် ပေါ်ထွက်မလာတာမျိုး မဖြစ်ဖို့ လိုတယ်။ ဇာတ်မျောကြီး တခုနဲ့ လူထုကို အာရုံလွှဲတာ မဖြစ်ဖို့ လိုတယ်၊
ပြည်ထောင်စုပြဿနာ ဖြေရှင်းခြင်းရဲ့ ရည်မှန်းချက်မှာ ဗမာပြည်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစု အား လုံး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ အခွင့်အရေးတန်းတူညီမျှစွာ ခံစားခွင့်ရရှိရေးကို အာမခံချက် အပြည့်အဝ ပေး နိုင်ရေးဖြစ်ပါတယ်၊ တန်းတူညီမျှစွာ အကျိုးခံစားရမှလည်း အမျိုးသား သွေးစည်းညီညွတ်မှုကို ခိုင်မာစွာ တည် ဆောက်ဖို့ အာမခံချက် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကို မရောက်သမျှ ပြည်တွင်း ပဋိပက္ခများ ပြီးဆုံးနိုင်မှာ မဟုတ်ပါ။
ကျွန်တော်တို့ အနေနဲ့လည်း တိုးပြီး ခွဲခြမ်းစိတ်ဖြာကြရမယ် ထင်ပါတယ်။ ကျွန်တော်တို့တတွေဟာ ပြည်ထောင် စုကြီးကို ခိုင်ခံ့အောင် မတည်ဆောက်နိုင်ကြရင် တိုင်းပြည် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားနိုင်တဲ့ကိစ္စမို့ ပိုပြီး သတိထား ဆောင်ရွက်သွားကြမှ ဖြစ်မှာပါ။ ။
အေးငြိမ်း
(၅၊ ၉၊ ၂၀၁၆)
အရေးတော်ပုံ ဂျာနယ် အတွဲ (၂) အမှတ် (၆)
ဗမာပြည်ကွန်မြူနစ်ပါတီ ဝဘ်ဆိုက်မှ

Thursday, September 8, 2016

အာဏာပါးကွက်၊ ခရစ္စတိုဖာဂါးနက်နှင့် (မျိုးမြင့်ချို)

0 comments
(အပြင်လူရဲ့ဘားမားရုဒ်ထဲက စာစု သုံးပါခင်ဗျ)
အာဏာပါးကွက်၊ ခရစ္စတိုဖာဂါးနက်နှင့်
အင်္ဂလန်က မြန်မာ့အရေးဆောင်ရွက်နေသူ(အသက်မွေးနေသူ)ဓာတ်ပုံဆရာ James Mackay က တရက်တွင် ကျနော့်ဆီ အီးမေးလ်ပို့ပြီး ဆက်သွယ်လာ၏။ သူက နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် ဓာတ်ပုံကမ်ပိန်းတခုလုပ်နေသည်။ မကြာခင် အမေရိကန်က ဖို့ဝိန်းမြို့ကို လာမည်။ ဒီက နိုင်ကျဉ်းဟောင်းတွေနှင့် တွေ့ချင်သည်။ မိမိလွတ်စေ့ချင်သူ နိုင်ကျဉ်းတဦးဦး၏အမည်ကို လက်ဖဝါးတွင်ရေးပြီး ဓာတ်ပုံရိုက်ယူမည်။ ပြီးလျှင် ထိုပုံတွေကိုစုပြီး ဓာတ်ပုံပြပွဲလုပ်မည်။ ပြီးလျှင် စာအုပ်ထုတ်မည်။ စီစဉ်ပေးနိုင်ပါသလားဟုမေး၏။ ကျနော်က အတတ်နိုင်ဆုံး အဆင်ပြေအောင်ကူညီမည်။ လာသာလာခဲ့ပါဟု အကြောင်းပြန်လိုက်၏။ ထို့နောက် ကျနော်လည်း ဒီမှာရှိသည့် လက်လှမ်းမီသမျှ နိုင်ကျဉ်းဟောင်းတွေကို အသိပေး၏။ ဖိတ်ခေါ်၏။ တချို့ပါကြသလို တချို့လည်း မပါ။ သူ့အကြောင်းနှင့်သူ ရှိကြလိမ့်မည်။ နောက်တော့ သူရောက်လာ၏။
လက်ဖဝါးပေါ်တွင် မိမိလွတ်စေ့ချင်သူတဦး၏နံမည်ရေးပါဆိုတော့ စိတ်မွန်းကျပ်ရတော့သည်။ ဖြစ်နိုင်လျှင် ထောင်ထဲက နိုင်ကျဉ်းအားလုံး၏ အမည်ကို ရေးချလိုက်ချင်၏။ သို့သော်မဖြစ်။ သူ့ကမ်ပိန်းက သူ့အစီအစဉ်သာဖြစ်သည်။ သူမလာခင်ကတည်းက လူဆယ်ဦးအမည်ကို ရွေးထုတ်ထားခဲ့၏။ ထိုသူတွေထဲမှ တဦးဦးကိုကျနော်ရွေးမည်။ သူများရွေးပြီးသူကို ထပ်ယူခွင့်မရှိဆိုတော့ ထိုဆယ်ဦးတွင် အနည်းဆုံး တဦးတော့ သူများ မရွေးရသေးသ ဖြစ်ပါစေဟု ဆန္ဒဖြစ်မိ၏။ သူ့စာရင်းတွေထဲက မိမိတေးထားသူတွေကို လိုက်ရှာ၏။ တယောက်ကြည့်လည်း ရွေးပြီးသား။ နောက်တယောက်လည်း ရွေးပြီးသား။ ဒီလိုနှင့် ကျနော့်ဆယ်ဦးက ကုန်လုကုန်ခင်မှာပဲ တယောက်ကိုသွားတွေ့သည်။ ဘယ်သူမှ မရွေးရသေး။ သို့နှင့် ကျနော်သူ့ကို ရွေးလိုက်၏။ ကျနော့်လက်ဖဝါးတွင် သူ့နံမည်ကိုတငှုပီး ဓာတ်ပုံရိုက်က်၏။ သူက ဦးနေမင်း(ခေါ်)ဦးဝင်းရွှေ။
နိုင်ကျဉ်းတွေလွှတ်ပေးမည်ဟု အသံထွက်လာကတည်းက လွတ်လာလေမလားဟု စိတ်မောမောနှင့်မျှော်မိသူများထဲတွင် ကိုစိုးမြင့်(ဆရာစိုး) နှင့် ဦးနေမင်း ထိပ်ဆုံးကပါခဲ့၏။ ဆရာစိုးကိုမျှော်မိသည်က တဘဝလုံးတွင် ထောင်ထဲကုန်ရသည့်အချိန်က ပိုများသူဖြစ်နေ၍။ ဦးနေမင်းကို မျှော်မိသည်က ငါနံမည်ရွေးထားသူမို့ဆိုသည့် စိတ်အခံကြောင့်ဖြစ်သည်ကိုလည်း မိမိဘာသာသိနေ၏။ ဆရာစိုးနှင့်ကျနော်က သာယာဝတီတွင် တခန်းတည်း ၅ နှစ်ခန့်အတူနေခဲ့သူမို့ လက်ပွန်းတတီးရှိသော်လည်း ဦးနေမင်းအကြောင်းတော့ များများစားစားမသိ။ သို့သော် ထောင်တွင်း မတရားမှုများစွာအနက်မှတခုတွင် သူနှင့်ကျနော် အတူတိုက်ခဲ့ကြဖူးသဖြင့် စိတ်အမှတ်တွင် ထင်းနေသူဖြစ်၏။ သူကား ၁၉၈၈ အစမှအဆုံးတိုင် ပြည်ပမီဒီယာများနှင့်ဆက်သွယ်ပြီး ပြည်တွင်းအခြေအနေကို ဖော်ထုတ်တင်ပြသတင်းမျှခဲ့သူ၊ တချို့က သူ့ကို ခရစ္စတိုဖာဂါးနက်ဟုခေါ်၏။ လူပုံက ပုပြတ်ပြတ် သေးသေးညှက်ညှက်၊ ယုံကြည်ရာတွင် ပြတ်ပြတ်သားသားရှိသူ၊ စကားပြောလျှင် ဌာန်နှင့်မာန်နှင့်ပြောတတ်သူ၊ အပြုံးပိုတွေနှင့် လူမှုရေးကောင်းပြသူတော့ မဟုတ်။
သူနှင့်အတူလုပ်ခဲ့သည့်ကိစ္စကိုရေးမည်ဟု စိတ်တွင်ရှိနေသော်လည်း မရေးဖြစ်ခဲ့။ သူက ထောင်ထဲမှာမို့  သူ့ကိုထောက်ထားရ၏။ ခုတော့ ချရေးဖြစ်၏။ ဘယ်တော့ပြန်အဖမ်းခံရဦးမည်မဆိုနိုင်သော်လည်း ယခု သူ နောက်တကြိမ် လွတ်လာပြန်ပြီ။ ဒါကတချက်။ နောက်တချက်က လွန်ခဲ့သည့် အနှစ် ၂ဝ ကျော် က ထောင်တွင်းမှာဖြစ်ခဲ့သည့်ကိစ္စအတွက် သူ ပြန်အဖမ်းခံရစေဦး အာဏာပိုင်တို့အညှိုးအတေးပြေပြီး လက်စားလည်း မချေတန်ကောင်းရဲ့ဟု တွေးမိတာလည်းပါ၏။
ကျနော် ဒုတိယအကြိမ်ပြန်အဖမ်းခံရပြီးအင်းစိန်ထောင် ၁ တိုက်သို့ ပုဒ်မ ၁ဝ(က)နှင့်ရောက်လာ၏။ ၁ တိုက်တွင် သူရှိနေပြီ။ ထိုအချိန်ကား အဖမ်းအဆီးကြမ်းပြီး စိတ်သလောက် အနှိပ်အကွပ်လည်းပြင်း၏။ တနေ့တနေ့ ထောင်ကိုရောက်သည့် နိုင်ငံရေးမှု မည်မျှများသလဲဆို ဝါဒါတွေကပင် ၅(ည)တွေကလည်း ကျိုင်းကောင်အုပ်ကျနေသလိုဟု ပြောရသည်အထိဖြစ်၏။ ရောက်လာသည့်သူအများစုကို တိုက်ဝင်းထဲ ပို့၏။ တိုက်ဝင်းထောင်မှူးများကလည်း စစ်ထောက်လှမ်းရေးအလိုကျ ၅(ည)တွေကို ပယ်ပယ်နယ်နယ်နှိပ်ကွပ်ပေး၏။
၅(ည)ဟု ဆိုရာတွင်လည်း စီးပွားရေး ၅(ည)များလည်းပါ၏။ ထိုသူတွေက ငွေကြေးတတ်နိုင်၏။ ထောင်မှူးထောင်ပိုင်တွေကို ဝယ်နိုင်၏။ ဝယ်ထား၏။ ထောင်နှင့်ထောက်လှမ်းရေးအမြင်တွင် ထိုသူများသည် ကိုင်တွယ်ရလွယ်ပြီး အန္တရာယ်နည်းသူများဖြစ်၏။ ထောင်ဘက်ကလည်း ၅(ည)ချင်းအတူတူ နိုင်ငံရေး ၅(ည)နှင့် စီးပွားရေး၅(ည)ကို အတူထားသော်လည်း ခွဲခြားကိုင်တွယ်ဆက်ဆံ၏။ တချို့ စီးပွားရေးသမား များကား နိုင်ငံရေးနှင့်နွယ်၍သာ ထောင်ထဲရောက်သည်မှန်သော်လည်း နိုင်ငံရေးစိတ်မဝင်စား။ အထူးသဖြင့် အခွင့်အရေးနှင့် ဂုဏ်သိက္ခာအတွက်တိုက်ရသည့် တိုက်ပွဲတို့တွင်ပါလေ့မရှိကြ။ ထိုသို့မပါသဖြင့် အပြစ်မဆိုသာဟုထင်၏။ တချို့က နိုင်ငံရေးသမားကို ကူညီပင်ကူညီကြသေး၏။
ကျနော် (၁)တိုက်သို့မရောက်ခင် ရက်ပိုင်းကလေးကမှ တိုးကျော်လှိုင်အမှုတက်ထား၏။ ကိစ္စက ပုံစံစောင်ပေါ်တွင် ကဗျာရေးမှု။ တလာစီတော့ သူ့အခန်းမှာ ထိုစောင်ကို ထောင်မှူးမောင်ပြုံးက မိသည်ဆို၏။ ထိုအချိန်က တိုက်ဝင်းထောင်မှူးများအနက် မောင်ပြုံးနှင့် ထောင်မှူးချစ်မောင်မှာ နံမည်ကြီးအာဏာပါးကွက်သားများ။ ပုံစံစောင်ပေါ်ကဗျာရေးမှုအတွက် တိုးကျော်လှိုင်ကို ကျန် ၅ (ည)များရှေ့တွင် ထောင်မှူးမောငှုပြုံးက နှိပ်ကွပ်ပြလိုက်၏။ ၅(ည)တွေ မကျေမချမ်းဖြစ်ကာ အခန်းများအတွင်းက အော်ဟစ်ဆန္ဒပြကြ၏။ မောင်ပြုံးကား မလျှော့။ မလျှော့သည့်အပြင် တိုးကျော်လှိုင်ကို စစ်ခွေးတိုက်သို့ပါ ပို့လိုက်သေး၏။ ပါးစပ်ကလည်း မင်းတို့ချစ်တဲ့တိုးကျော်လှိုင် အခုတော့ ဘာဖြစ်သွားပြီလဲဟုဆိုကာ မထေမဲ့မြင်ဆိုသေး၏။ တိုးကျော်လှိုင်က (ထိုအချိန်က)လူချစ်လူခင်များသူဆိုတော့ မောင်ပြုံးအပေါ် ၅(ည)တို့ အမျက် နှစ်ထပ်ကွမ်းသင့်၏။ သင့်လည်း သင့်ထိုက်သည်မြင်၏။
ကျနော်ရောက်တော့ တခန်းတည်းအတူနေ ကိုတင်ဆန်း(ရကသ) က ထိုအကြောင်းပြောပြရင်း မျက်ရည်လည်သည်ကိုလည်းကောင်း၊ ကိုအောင်လွင်(မင်းသား၊ ဒါရိုက်တာ)မျက်နှာပေါ်တွင် ကြိတ်မနိုင်ခဲမရ အမျက်ရိပ်တို့ ဖျတ်ဖျတ်ထနေသည်ကိုလည်းကောင်း၊ စစ်ကိုင်းတင်ဝင်းနှုတ်မှ ဒီကောင့်ကို တခုခုတော့ပြန်လုပ်မှဖြစ်မယ်ဟု အံကြိတ်ပြောသံကိုလည်းကောင်း ယခုတိုင်မှတ်မိနေသေး၏။ ကျနော်ကိုယ်တိုင်မတွေ့လိုက်ရလည်း လက်သဲဆိတ်တော့လက်ထိပ်နာ၏။ သို့နှင့် ထောင်မှူးမောင်ပြုံးအား တနည်းနည်းဖြင့်တုန့်ပြန်ရေး အတွက် အများနှင့်အတူတွေးမိ၏။
ထိုစဉ်က (၁)တိုက်တွင် ဦးရဲထွန်းအမှုတွဲ ဒါဝတ်ဂျင်းဝါးလား(ဒါဝတ်ဂျမားဟုလည်း တချို့ကဆိုသည်)ဟုခေါ်သည့် စူရတီမွတ်ဆလင်မ် အဖိုးကြီးတဦးရှိနေ၏။ ကျန်းမာရေးသိတ်မကောင်းလှ။ ဆေးဝါးအစုံ မှီဝဲနေရသူဖြစ်၏။ သူက စီးပွားရေးသမားမှန်သော်လည်း နိုင်ငံရေးနှင့်နွယ်ပြီး ရောက်လာသူ။ သူနှင့်တခန်းတည်းတွင် နိုင်ငံရေး ၅(ည) ၃ ဦးလည်း အတူနေရ၏။( ခု အင်န်အယ်လ်ဒီအမတ် ဝင်လုပ်နေသည် ကိုပြုံးချို၊ ခုနိုင်ကျဉ်းအရေးလုပ်နေသူကိုထွန်းကြည်တို့နှင့် တခန်းတည်းဟုထင်၏။ (အမည်များမမှတ်မိတော့ပါ၊ မှတ်မိသူများရှိပါက ဖော်ပေးပါရန်)။ သူလည်း အခြား ၅(ည)များနည်းတူ ထောင်ဝင်စာမရှိ။ တပတ်တကြိမ် အိမ်မှလာပေးသည့် ပါဆယ်လ်သာရနေ၏။ သို့သော် ထောင်မှူးမောင်ပြုံးနှင့်ချစ်မောင်က သူ့အိမ်သို့အဝင်အထွက်လုပ်ကာ သူလိုသမျှ ဒိုင်ခံသွင်းပေးထားသဖြင့် ဆေးဝါး၊ အစားအသောက်တင်မက ဖတ်စရာစာအုပ်တွေပါရှိနေ၏။ သူအဆင်ပြေနေ၊ စားနေ၊ ဖတ်နေရသည့်အတွက် ကျနော်တို့တွင် မကျေမနပ်ဖြစ်စရာအကြောင်းလည်း မရှိ။ သူ့အပေါ်လည်း အားလုံးက စာနာနားလည်ကြ၏။ သူကလည်း ဘယ်သူ့ကိုမှ ဒုက္ခမပေးသည့်အပြင် ကူညီပါ ကူညီသေး၏။ ပထမသော် ထောင်မှူးမောင်ပြုံး၏ခွဲခြားဆက်ဆံမှုနှင့် လာဘ်ပေးလာဘ်ယူမှုကိုဖွင့်ချပြီးမှ တိုက်ရမည်ဆိုလျှင် သူပါ မောင်ပြုံးနှင့် အမှုတွဲသွားနိုင်သဖြင့် ဘာမှမလုပ်ပဲနေနေကြ၏။
သို့သော် ယခုကား အခြေအနေပြောင်းသွားပြီ။ မောင်ပြုံးအပေါ်အမျက်က ကြီးသထက်ကြီးသွှုားပီ။ သူ့ဖိနှိပ်မှုကလည်း အမြင့်ဆုံးစော်ကားမှုသို့ ရောက်သွားပြီ။ နောက်ဆုံးတော့ ဒါဝတ်ဂျင်းဝါးလားကြီးကိစ္စကို တည်ပြီး တိုက်မှရတော့မည်။ ဟိုလူကြီးပါ ထိသွားနိုင်သည်။ မတတ်နိုင်။ လုပ်တာကတော့လုပ်ရတော့မည်။ အားလုံးအကျိုးစီးပွားအတွက်ဆိုတာကိုသာ မျက်နှာမူရတော့မည်။ ရွေးစရာ အခြားနည်းလမ်းကမရှိ။ ဆိုတော့ စစ်ထောက်လှမ်းရေးကိုပြောရတော့မည်။ ထောင်အာဏာပိုင်ကိုတိုက်ဖို့ သူတို့နှင့်ပူးရမည်။ နိုင်ငံရေးမသတီစိတ်ဖြစ်သော်လည်း အခြားမရှိ။
ထောင်အာဏာပိုင်ကိုတိုက်ဖို့ ထောက်လှမ်းရေးနှင့်ပူးရမည်ဆိုသည့်အမြင်ကို လက်ခံဖို့ခက်သော်လည်း လောလောဆယ်မှာ သည်လမ်းပဲရှိ၏။ ထောင်အာဏာပိုင်ဆိုသည်က စစ်ထောက်လှမ်းရေးခိုင်းသည့်အတိုင်းလုပ်ရသူများ။ သူကြီးခိုင်း၍ ဆယ်အိမ်ခေါင်းက ရွာသားကိုရိုက်၏။ မခံနိုင်သည့်အဆုံး ရွာသားက သူကြီးကိုတိုင်၏။ အဖြေက ရှင်းနေသည်။ သူကြီးက ဆယ်အိမ်ခေါင်းကို ကာနိုင်သမျှကာမည်။ ဖေးမမည်။ မကာနိုင်၊ ဖေးလို့ပင်မရနိုင်တော့လျှင် ဆယ်အိမ်ခေါင်းကိုထိုးကျွေးပြီး သူတော့ အလွတ်ရုန်းမည်။ ဒါက ဥပဒေမဲ့သူတို့ လုပ်နေကြ။ ကျနော်တို့က သူကြီးကိုတိုက်ရင်း ထောင်ထဲရောက်လာတာမှန်သော်လည်း လက်ရှိအနေအထားက သူကြီးကိုမဖြုတ်နိုင်သေး။ ဆိုတော့ ဆယ်အိမ်ခေါင်းကိုလှန်ရင်း သူကြီးကို နှံရတော့မည်။ လောလောဆယ်မှာ ဆယ်အိမ်ခေါင်းတုတ်စာဝေးလျှင်ပဲ တော်လှပြီဟုတွေး၏။
နည်းလမ်းတော့ ရပြီ။ ဘယ်သူတွေလုပ်ကြမလဲဆိုသည့်အမေး ထပ်ထွက်လာ၏။ လက်သဲကြားအပ်စိုက်ပြီးရွေးရမည့် အနေအထားလည်း မဟုတ်။ ကျနော်လုပ်မယ်ဟု ဦးနေမင်းနှင့်တိုင်ပင်ဖြစ်၏။ လက်ပေါ်သွားလျှင် နည်းနည်းနာနိုင်သည်ကို ၂ ယောက်စလုံးတွက်ထားကြ၏။ တချို့ကိုသာ အသိပေးထားသော်လည်း အများစုကိုတော့လုံးဝအသိမပေး။
သို့နှင့် ဦးနေမင်းက စစ်ထောက်လှမ်းရေးနှင့်တွေ့ချင်သည်ဟု တောင်းဆိုလိုက်၏။ တွေ့တော့ သူက အခြေအနေအချို့ကို အရိပ်အမြွက်ပြောပြီး မျိုးမြင့်က ထောက်လှမ်းရေးကိုပြောစရာရှိနေဆိုကာ တည်ပေးလိုက်၏။ နောက်တော့ ကျနော့်ကို စစ်ထောက်လှမ်းရေးကခေါ်၏။ ကျနော်က (၁)တိုက်တွင်းမှ ထောင်မှူးမောင်ပြုံးနှင့်ချစ်မောင်တို့အကြောင်း သိထားသမျှအချက်အလက်တွေ အကုန်ဖွင့်ချလိုက်၏။ “ကျုပ်တို့ နိုင်ငံရေးသမားတွေကို ထောင်ကနှိပ်စက်နေတာတွေအတွက်အရေးယူပေးဖို့လာပြောတာ မဟုတ်၊ ၅(ည)ချင်းအတူတူ ခွဲခြားဆက်ဆံတာနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် ရေရှည်မှာထောင်အုပ်ချုပ်ရေးမှာ ပြဿနာပေါ်လာနိုင်စရာရှိလို့”ဟု အတိအလင်းပြောပြလိုက်၏။ ဒီတော့ စစ်ထောက်လှမ်းရေးက “ပြောသလိုမဟုတ်ရင် မင်းလည်းအရေးယူခံရမယ်”ဟုခြိမ်းခြောက်၏။ မမှန်သတင်းပေးမိလျှင် အရေးယူခံမည့် အကြောင်း ခံဝန်လက်မှတ်လည်းထိုးခိုင်း၏။ ချက်ခြင်းထိုးပေးလိုက်၏။
နောက်တနေ့မနက်မှာ စစ်ထောက်လှမ်းရေးနှင့် ထောင်အာဏာပိုင်တချို့ တိုက်ထဲပေါက်ချလာပြီး ဦးဒါဝတ်အခန်းကို တလာစီတော့၏။ ဒီတော့မှ ထောင်မှူးမောင်ပြုံးနှင့်ချစ်မောင်တို့ လိုင်းဝင်ပြီးသွင်းပေးသည့်ပစ္စည်းတွေ တပုံတခေါင်းကြီးထွက်လာ၏။ ရှောင်တခင်နှင့်အများရှေ့မို့  ဘာတခုမှ လက်စဖျောက်ချိန်မရတော့။ ကိစ္စကတော့ပြတ်ပြီ။ သို့သော် နောက်ဆက်တွဲကား ကျန်နေသေး၏။
ဘယ်သူ့လက်ချက်ဆိုတာ သူတို့ရိပ်မိသွား၏။ ကျနော်တို့ထဲက တယောက်ကလည်း ရလာဒ် အပီအပြင်ထွက်မလာသေး နှစ်ထောင်းစိတ်ဖြင့် နိုင်ငံရေးသမားကိုထိရင် ခုလိုခံရမယ်ဆိုကာ အနည်းငယ်ဝင့်ဝါလိုက်၏။ ဤတွင် နောက်နေ့မနက် ကျနော်တို့အခန်းသို့ ထောင်မှူးမောင်ပြုံး ရောက်ချလာက အကျဉ်းထောင်လက်စွဲဥပဒေအရခွင့်ပြုလို့မရဟုဆိုကာ ကျနော့်ဂျိုင်းထောက်တွေသိမ်းသွားတော့၏။ ကျနော်လည်း အခန်းတွင်း အပေါ့အလေးသွားသည့်အခါ ဖင်ရွှေ့ဖင်ရွှေ့ဖြင့်သွားရသလို အခန်းပြင်ထွက်ရေချိုးရသည့်အခါလည်း ကိုအောင်လွင်၊ စစ်ကိုင်းတင်ဝင်းနှင့် ကိုတင်ဆန်းတို့က ကျနော့်လူဂျိုင်းထောက်ဘဝ ရောက်ကြတော့၏။ ရေချိုးဖွင့်ချိန် ၄၅ မိနစ် သူများတွေ လမ်းလျှောက်ချိန်မှာ ကျနော်က သစ်သားကွပ်ပြစ်ကလေးပေါ်က ထိုင်ငေးနေရ၏။ ဦးနေမင်းအပါအဝင်အားလုံး စိတ်မကောင်းကြ။ ကျနော်လည်း မသက်သာလှ။
ဒီလိုနှင့် ၅ ပတ်လောက်အကြာမှာ မောင်ပြုံးနှင့်ချစ်မောင်ပြုတ်သွား၏။ ကျနော်လည်း ဂျိုင်းထောက်တွေပြန်ရ၏။ ထိုတော့မှ သက်ပြင်းလည်း ရဲရဲချနိုင်တော့၏။ ဦးနေမင်း၏ ‘အဲဒါပဲ ကိုမျိုးမြင့်၊ ခံနေလို့ကတော့ ခံနေရမှာပဲ၊ နာလည်း နာနာကွာဆိုတဲ့စိတ်နဲ့ပြန်ချတော့လည်း ထိသင့် သလောက်တော့ ထိတာပါပဲဗျ’ ဆိုကာ ရေချိုးအဆင်းမှာ လက်မထောင်ပြသည်ကို ခုတိုင် ပြန်အမှတ်ရမိ၏။
အခု သူပြန်လွတ်လာပြန်ပြီ။ ခြင်းထဲကကြက်တကောင် ခြံထဲထွက်လာသလို ထွက်လာပြန်ပြီ။ ဘယ်အချိန် ခြင်းထဲပြန်ရောက်မည် မပြောတတ်။ ကျနော်တောင်းသဖြင့် သူလွတ်တာမဟုတ်သော်လည်း သူလွတ်ရေးအတွက် ကျနော့်လက်ဖဝါးပေါ်တွင် သူ့အမည်ကို ကမ္ဗည်းတင်ကာတောင်းခဲ့ဖူးသည်ကိုကား သူသိစေချင်ပါ၏။ သူသိလျှင် ကျနော့်ကိုလည်း ပြန်အမှတ်တရရှိလိမ့်ကိုလည်း ယုံနေမိ၏။ ကျနော်ကား သူ့ကို အမှတ်တရရှိနေဆဲ။ (မျိုးမြင့်ချိ) မေလ၊ ၂ဝ၁၁