Sunday, January 12, 2020

(ဖိတ်ကားဖိတ်၏...)

0 comments
(ဖိတ်ကားဖိတ်၏...)
အမေရိကန်က ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံခေါင်းဆောင်တွေထဲကတယောက်ကိုဖိတ်တာလိုလို အမေရိကန်ရဲ့ သီးသန့်နိုင်ငံတော်ဧည့်သည်အဖြစ်နဲ့ ဖိတ်ထားသလိုလို အသံထွက်လာတာ ကြားပါတယ်။ ထရမ့်ရဲ့ အာဆီယံကိုခတ်ခွာခွာထားပြီး တနိုင်ငံချင်းအလိုက် ချဉ်းကပ်ပြီး အမေရိကန့်အကျိုးစီးပွား တည်ဆောက်ရေးနည်းဗျူဟာ အလုပ်ဖြစ်မဖြစ်ကလည်း စိတ်ဝင်စားစရာပါ။ အမေရိကန်တနိုင်ငံတည်းအနေနဲ့ အားနည်းတဲ့နိုင်ငံတွေကိုတနိုင်ငံချင်း လိုက်ရန်လုပ်နေတဲ့ကိစ္စတွေက နိုင်ငံငယ်တွေအဖို့ စိတ်မသက်သာစရာပါ။ အမေရိကန်တွေပြောတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကမ္ဘာ့ပြည်သူတွေက သံသယပိုကြီးနေတဲ့အချိန်ကြီးပါ။ အိုင်စီဂျေကိစ္စမှာ အမေရိကန်ဟာ ဝတ်ကျေတန်းကျေလောက်ပဲ ရပ်ခံထားတာပါ။
တရုတ်သမတရဲ့ ၂ဝ၂ဝ အတွက် ပထမဆုံး ပြည်ပခရီးစဉ်ဟာ ဗမာပြည်ပါ။ ၂၁ ရာစုကို ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးရာစုလို့ တရုတ်ကကြွေးကြော်ခံယူပြီး လုပ်နေတာပါ။ ကြီးထွားလာတဲ့စီးပွားရေးကိုကာကွယ်ဖို့ စစ်အင်အားတွေတိုးချဲ့နေတာမှန်ပေမယ့် ခုထိတော့ ဘယ်နိုင်ငံကိုမှ စစ်ရေးအရခြိမ်းခြောက်သံမထွက်သေးပါ။ တရုတ်မှာ အာဆီယံနဲ့စီးပွားရေးပူးပေါင်းမှူကိစ္စတွေအပြင် တောင်တရုတ်ပင်လယ်အငြင်းပွားမှူတွေလည်း တဖြည်းဖြည်းရှင်းနေရတာပါ။ ဘယ်ကိစ္စမှ မပြီးပြတ်သေးပါ။ BRI ကိစ္စ၊ တရုတ်မြန်မာစီးပွားရေးစင်္ကြန်ကိစ္စအပြင် ဗမာပြည် ပြည်တွင်းစစ်ကိစ္စ(လတ်တလောမှာ အပစ်ရပ်ရေးကိစ္စ)တွေမှာလည်း ထဲထဲဝင်ဝင် ဝင်ပါနေတာပါ။
အိန္ဒိယ၊ တောင်ကိုးရီး၊ ဂျပန်တွေ ဗမာပြည်ကို သူ့ထက်ငါအလုအယက် ချဉ်းကပ်နေပါတယ်။ တရုတ်နဲ့ဂျပန်ဟာ ကမ္ဘာရန်ပါ။ ကိုးရီးယားနဲ့ဂျပန်ဟာလည်း မဟာရန်သူတွေပါ။ တရုတ်နဲ့အိန္ဒိယကတော့ စစ်ပါထဖြစ်တဲ့အထိ ကျောင်းတောင်ကရန်စရှိပါတယ်။ အဲ့ဒီအလုအယက်တိုးဝင်တလာတဲ့နိုင်ငံတွေက ဗမာပြည်စက်မှူနိုင်ငံရေးဖြစ်ရေးပါ ကျွဲကူးရေပါလုပ်ပေးနိုင်ပါ့မလားက တွေးစရာပါ။ ပြည်တွင်းက အမျိုးသားအရင်းရှင်ကြီးငယ်တွေအနေနဲ့က ကိုယ့်ပြည်တွင်းစက်မှူလုပ်ငန်း ဘာဖြစ်ဖြစ်မဖြစ်ဖြစ် ငါတို့ပစ္စည်းရောင်းရပြီးရောဆိုပြီး နိုင်ငံခြားကစက်မှူပစ္စည်းတွေ ယဉ်တွေတင်သွင်းရောင်းချနေတာမျိုး မလုပ်ဖို့လိုပါလိမ့်မယ်။ အစိုးရအနေနဲ့က ပေါ်လစီချပြီး ဒါကို ကြပ်မတ်ရမယ်မြင်ပါတယ်။ စျေးဆိုင်က လူတိုင်းတည်တတ်ပါတယ်။ စျေးရောင်းတယ်ဆိုတာလည်း ခက်တဲ့ကိစ္စမဟုတ်ပါ။
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ကဖိတ်တာမှန်တယ်ဆိုရင် ကောင်းပါတယ်။ ကောင်းတယ်ဆိုတာက အဖိတ်ခံရတာကိုပြောတာပါ။ ဦးသိန်းစိန်ကိုဖိတ်တုန်းကလို ကျောသပ်ရင်သပ်လောက်လုပ်ပြီး ပြန်လွှတ်လိုက်တာမျိုးတော့ မဖြစ်နိုင်ပါ။ ဖိတ်တယ်ဆို ဒေါ်စုလည်း လာလိမ့်မယ်လို့ထင်ပါတယ်။ တခြားသမတက ဖိတ်တယ်ဆိုရင်တောင်မှ သို့လောသို့လောဖြစ်စရာပါ။ ထရမ့်ဖိတ်တာဆို မလာရစရာ မရှိပါ။ ပျော်ပျော်ကြီးလာကြပါတယ်။ ထရမ့်ကလည်း သူ့ ဂျိမ်းစ်ဘွန်းဆန်ဆန် ကောင်းဘွီုင်ဆန်ဆန်နိုင်ငံရေးမျိုးတွေကို အလွန်လုပ်ပါတယ်။ တာလီဘန်တွေကို အမေရိကန်ကိုဖိတ်တာမျိုး၊ မြောက်ကိုးယားပြည်ထဲ ခြေလှမ်း ၂ ဆယ်လောက်ဝင်ပြတာမျိုး၊ ဆော်ဒီအိမ်ရှေ့မင်းကို အလွန်အကျွံပွဲထုတ်တာမျိုးတွေ လုပ်ရတာဝါသနာပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း အဖိတ်ခံရတယ်ဆို လာလိမ့်မယ်လို့မျှောလင့်ပါတယ်။
ကိုယ်အနေတတ်ရင် ဘယ်ပြဿနာထဲမှ ဆွဲသွင်းလို့မရပါ။ ပထမကမ္ဘာစစ်မှာ စစ်သားစုပေးရတာနဲ့ ဒုတိယကမ္ဘာစစ်မှာ ဝင်ပါတိုက်ပေးရတာတွေဟာ ဗမာပြည်ဟာ ဗြိတိသျှကိုလိုနီဖြစ်နေလို့ပါ။ ကျွန်ဝယ်ရာအဆစ်ပါတဲ့သဘောပါ။ ခုက လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် အမျိုးသားနိုင်ငံပါ။ နိုင်ငံကြီးတွေကြားဝင်ပြီး တိုင်းပြည်အတွက်အမြတ်ထုတ်ဖို့ဆိုရင်တော့ စိတ်ကူးယဉ်ရာကျပါလိမ့်မယ်။ နိုင်ငံကြီးတွေဆိုတာ ရှူံးမယ့်မြင်း ဘယ်တော့မှမလောင်းပါ။ တဆုပ်ကြဲရင် တလှည်းဝင်ဖို့သေချာမှ ပထမခြေတလှမ်း စလှမ်းပါတယ်။ မိမိပါတီအနိုင်ရဖို့ မိမိအာဏာမြဲနေဖို့ လူထုအကြိုက်ကျနေဖို့ စတဲ့အမြတ်မျိုးထုတ်ဖို့တော့ လုပ်လို့ရပါတယ်။ လုပ်လည်း လုပ်ကြတာ ကမ္ဘာမှာရှိပြီးသားပါ။ ဗမာပြည်မှာ ဗိုလ်နေဝင်း အလွန်ကျင်လည်ပါတယ်။
ပြန်ချုပ်ရရင် ဖိတ်တာ ဟုတ်ပါစေ စိတ်ထဲဖြစ်မိပါတယ်။ ဟုတ်တယ်ဆို လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အမေရိကန်-တရုတ် ဗမာပြည်ကို အပြိုင်မျှားနေတာပါ။ အိန္ဒိယ၊၊ ဂျပန်၊ ကိုးရီးယား ခြေချင်းလိမ်နေပါတယ်။
မျိုးမြင့်ချို
ဇန္နဝါရီ ၁၂၊ ၂ဝ၁၉

ဆယ်စုနှစ်သစ်တခုကိုကြိုဆိုခြင်း ရဲဘော်အောင်ထက်

0 comments
ဆယ်စုနှစ်သစ်တခုကိုကြိုဆိုခြင်း-ရဲဘော်အောင်ထက်
(အရေးတော်ပုံဂျာနယ် စာမျက်နှာ၊ နိုင်ငံတကာ သတင်းဆောင်းပါး)
အင်္ဂလိပ်စကားမှာ သမိုင်းဆိုတာနှစ်ခါပြန်ဖြစ်လေ့မရှိဘူးဆိုတဲ့ဆိုရိုးတခုရှိပါတယ်။ ဒါပေမဲ့ အမေရိ ကန်က ကိုယ့်ကိုယ်ကိုကမ္ဘာ့ပုလိပ်ကြီးအဖြစ် သတ်မှတ်ပြီးခြယ်လှယ်လုပ်ကိုင်နေတဲ့ခေတ်မှာတော့ နှစ်ခါ မက သုံးလေးခါပြန်ပြန်ဖြစ်ပေါ်တာတွေ တွေ့မြင်ကြရပါတယ်။ ပြီးခဲ့တဲ့ရာစုနှစ်ဝက်အတွင်းမှာကိုပဲ အမေ ရိကန်ဟာ စစ်ခင်းချင်တာနဲ့ အခြေအနေလုပ်ကြံဖန်တီးခဲ့တဲ့သာဓကတွေ အကြိမ်ကြိမ်မြင်တွေ့ခဲ့ကြရပါ တယ်။
ဦးစွာအားဖြင့်ပြောရမှာက အမေရိကန်ဟာအလိမ်အညာအပေါ်မှာအခြေခံတဲ့ ဆင်ခြေဖန်တီးပါတယ်။ ဒိနောက်မှာသူဟာ သူဦးတည်တဲ့”ရန်သူ”ကို ဘယ်လိုမှလက်ခံဖို့မဖြစ်နိုင်တဲ့‘ကမ်းလှမ်းချက်’တခု ပေး ပါတယ်။ အဲဒီနောက်မှာအဲဒီရန်သူကသူတို့ရဲ့ ‘ကမ်းလှမ်းချက်’ကိုလက်မခံဘူးဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ဆင်ရေး လုပ်ပါတယ်။ ဒါဟာအိမ်ဖြူတော်ရဲ့လက်စွဲစာအုပ်လို့တောင်ပြောနိုင်ပါတယ်။
အလွယ်ဆုံးဥပမာတချို့ကိုပြရရင်-
၁။ ၁၉၆၄ခုနှစ်မှာ သမတဂျွန်ဆင်ဟာ ဗီယက်နမ်စစ်ပွဲထဲ အမေရိကန်ရဲ့ပါဝင်မှုကိုတိုးမြှင့်ဖို့အတွက် 〝တုံကင်ကွေ့〞 အရေးအခင်းကိုဖန်တီးလိုက်ပါတယ်။ နောင်ကာလတခုလွန်သွားတော့မှ ပင်တာဂွန် က အမေရိကန်သင်္ဘောတွေကို မြောက်ဗီယက်နမ်ကမ်းစောင့်ရေယာဉ်တွေက တိုက်ခိုက်တယ်ဆိုတာ ဟာ လုပ်ကြံထားတဲ့သတင်းသာဖြစ်ကြောင်းထုတ်ပြောလိုက်ပါတယ်။ အကျိုးဆက်ကတော့ အမေရိကန် စစ်သား ၅၈ဝဝဝနဲ့ ဗီယက်နမ်လူမျိုးး နှစ်သန်းသေဆုံးခဲ့တဲ့ စစ်ပွဲပါပဲ။ ဒီလိုဖြစ်ရတာရဲ့အကြောင်းရင်းဆိုတဲ့ မြောက်ကိုးရီးယားရေယာဉ်တွေရဲ့တိုက်ခိုက်မှုဆိုတာဟာ လိမ်ညာဖန်တီးထားတာပါတဲ့။
၂။ ၁၉၉၁ခုနှစ် ပင်လယ်ကွေ့စစ်ပွဲ။ ဒီစစ်ပွဲဆင်ဖို့အတွက် အိမ်ဖြူတော်ကဘုရှ်(အကြီး)က ပြောတဲ့ အီရတ်တွေဟာ ကူးဝိတ်မှာ မွေးစကလေးတွေကိုအနွေးဓာတ်ပေးတဲ့စက်တွေထဲမှာပဲ သေအောင်သတ်နေတယ်ဆိုတဲ့ဆင်ခြေဟာလည်း နောက်မကြာခင်မှာပဲ အလိမ်အညာသက်သက် သာဖြစ်ကြောင်း ဘူးပေါ်သလိုပေါ်ခဲ့ပါတယ်။ ဒီလိမ်ဆင်ကိုကပြခဲ့သူကတော့ ကူဝိတ်ကမင်းမျိုးမင်းနွယ် တဦးဖြစ်ပြီး သူမဟာ အမေရိကန်သတင်းသမားများရှေ့မှောက်မှာ ပျက်နေတဲ့မွေးစကလေးအနွေးဓာတ် ပေးစက်တွေကို လက်ညှိုးထိုးပြပြီး ကလေးတွေမသေတန်ဘဲသေကြရတယ်လို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူဘယ်သူဖြစ်တယ်ဆိုတာ ကိုအမေရိကန်မီဒီယာတွေက တိတိကျကျရှင်းအောင်မပြောခဲ့ကြပါဘူး။ ဒီလိုနဲ့အဲဒီနေ့ညနေသတင်းစာတွေထဲမှာ ဒီသတင်းကိုအသေးစိတ်ဖော်ပြခဲ့ကြပြီး အမေရိကန်တပ်တွေရဲ့ ကျူးကျော်မှုကို မီးစိမ်းပြလိုက်ပါတယ်။ အဲဒီပင်လယ်ကွေ့စစ်ပွဲပြီးသွားတဲ့အခါမှာတော့ အထက်က မီဒီယာပြပွဲဟာ လိမ်ဆင်တခုဆိုတာ အတိအလင်းပေါ်ထွက်ခဲ့ပါတယ်။ ဒါ့အပြင် ဘုရှ်(ဂျော့ဘုရှ်ရဲ့အဖေ) အာဏာရနေတုန်းက အီရတ်ရှိအမေရိကန်သံအမတ်က ဆာဒမ်ဟူစိန်ကို 〝အီရတ်ကကူးဝိတ်ကို ကျူး ကျော်ဝင်ရောက်တိုက်ခိုက်ခဲ့ရင် အမေရိကန်က ကြားဝင်မှာမဟုတ်ဘူး〞လို့ပြောခဲ့ဖူးတယ်ဆိုတာပါ ပွင့် ထွက်လာခဲ့ပါတယ်။
၃။ အာဖဂန်ကျူးကျော်မှု။ ၂ဝဝ၁ခုနှစ် စက်တင်ဘာ၁၁ရက်တိုက်ခိုက်မှုကြီးဖြစ်ပျက်ပြီးပြီးချင်း ဝါရှင် တန်ကထုတ်ဖော်လိုက်တဲ့လံကြုတ်ဇာတ်ကတော့ တာလီဘန်တွေဟာ နယူးယောက်နဲ့ဝါရှင်တန်တို့ကို တိုက်ခိုက်ရာမှာ ဘင်လာဒင်ကိုကူညီခဲ့တယ်ဆိုတာပါပဲ။ အဲဒီနောက်တော့အမေရိကန်တပ်တွေ အာဖဂန် စစ်မြေပြင်မှာ အကျယ်အပြန့်ပါဝင်နေတာကို တွေ့ကြရပါတယ်။ ဒိနောက်၊ ရက်သတ္တပတ်တချို့လွန် တော့ စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှုမှာတာလီဘန်တွေလုံးဝမပတ်သက်ဘူး၊ ဆော်ဒီအာရေးဗျ အစိုးရက အားပေးထောက်ပံ့ထားတဲ့ ဆော်ဒီအာရေးဗျက ဝါဟာဘီ(Wahhabi)ဂိုဏ်းကလူ ၁၈ယောက်၊ အယောက်၂ဝလောက်ရဲ့လက်ချက်ဖြစ်တယ်ဆိုတာ ကမ္ဘာကသိလာရပါတယ်။ အဲဒီလူတွေဟာ အမေရိ ကန် မြေပေါ်ကအမြန်ဆုံးပြန်လည်ထွက်ခွာသွားနိုင်အောင် ဂျော့ဘုရှ်တို့ကစီစဉ်ပေးတဲ့ လေယာဉ်ပျံနဲ့ပဲ ဆော်ဒီအာရေးဗျကိုပြန်သွားကြပါတယ်။ ဒီအချက်ကိုတော့ အိမ်ဖြူတော်နဲ့ပင်တာဂွန်တို့က ဒီနေ့အထိဝန် မခံသေးပါဘူး။ ဒီအဖြစ်အပျက်ပေါ်ပေါက်ပြီးတဲ့နောက် အမေရိကန်က တာလီဘန်ကိုတောင်းဆို လိုက်တာကတော့ ဘင်လာဒင်နဲ့တကွ အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ဘင်လာဒင်ထောက်ခံသူတွေကို သူတို့ဆီအပ်ရမယ်ဆိုတာပါပဲ။ ဒါကိုသာတာလီဘန်တွေလုပ်လိုက်ရင် အာဖဂန်မှာပြည်တွင်းစစ်ကြီးဖြစ် သွားမှာပါ။ ဒီလိုနဲ့ပဲဘုရှ်တယောက်အာဖဂန်စစ်ပွဲ သူတို့တပ်တွေလွှတ်တော့တာပါပဲ။
၄။ အီရတ်အပေါ်ကျူးကျော်မှု။ ၂ဝဝ၃ခုနှစ်တုန်းက ဘုရှ်အငယ်ရဲ့အီရတ်ကိုကျူးကျော်ဝင်ရောက်ဖို့ အတွက်ပေးတဲ့ဆင်ခြေကိုလည်းကြည့်ပါဦး။ အီရတ်မှာလူအမြောက်အမြားကိုသေစေနိုင်တဲ့လက်နက် ကြီးတွေရှိနေသတဲ့။ အီရတ်မှာ ညူကလီယာဗုံး/လက်နက်လုပ်လို့ရတဲ့ ယူရေနီယံအဝါရောင်တုံး (yellow cake)တွေ ရှိနေတယ်လို့လည်းဆိုခဲ့ပါတယ်။ နောက်ကျတော့ဒါတွေလုံးဝမဟုတ်ဘူးဆိုတာ ပေါ်လာခဲ့ ပါတယ်။ အီရတ်ကိုကျူးကျော်သိမ်းပိုက်တဲ့အမေရိကန်တပ်တွေခမျာ အဲဒီသက်သေအထောက်အထား တွေကိုရရှိဖို့အတွက် အီရတ်မှာအသေအလဲရှာခဲ့ရပါတယ်။ ဒီလိုကျူးကျော်ဖို့အတွက်အမေရိကန်က “ကမ်းလှမ်း”ခဲ့တာကတော့ အီရတ်အနေနဲ့ မိမိတို့နိုင်ငံအတွင်းမှာ အဲဒီလိုလက်နက်ကြီးတွေရှိမရှိရှာဖွေ နိုင်ဖို့အတွက် အမေရိကန်တပ်တွေ သွားချင်ရာသွားစေခွင့်ပြုရမယ်ဆိုတာပါပဲ။ ကျူးကျော်မှုကို လုံးဝ မခု ခံဘဲလက်ခံရမယ်ဆိုတဲ့ဒီ“ကမ်းလှမ်းချက်”ကို ဆာဒမ်ကငြင်းလိမ့်မယ်ဆိုတာ ဝါရှင်တန်က ကြိုမတွက် နိုင်စရာမရှိပါဘူး။
အမေရိကန်သမ္မတတွေအနေနဲ့ ဒီလိုနည်းတွေနဲ့စစ်တွေဖန်တီးတဲ့အတွက် အမေရိကန်နိုင်ငံအနေနဲ့ အကျိုးအမြတ်ကိုအကောင်အထည်ရှိရှိ ခံစားရတာအလွန်နည်းပါတယ်။ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ဇာတ် ခုံအလယ်ကဂုဏ်သိက္ခာအပါအဝင် ရေရှည်အကျိုးစီးပွားတွေမှာ အများကြီးနစ်နစ်ဆုံးရှုံးရပါတယ်။ ထရမ့် လို လာမယ့်ရွေးကောက်ပွဲအတွက် ရည်မှန်းချက်တခုနဲ့လုပ်နေသူအတွက်တော့ ကာလတိုအကျိုးတစုံ တရာရှိကောင်းရှိပါလိမ့်မယ်။ ကမ္ဘာ့ပြည်သူတွေအဖို့တော့ နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ရိပ်စစ်ငွေ့တွေရဲ့ ခြောက်လှန့်မှုတွေကိုသာ ကြုံတွေ့ကြရပါမယ်။
အထက်မှာတင်ပြခဲ့တဲ့သာဓကတွေကို ပြန်လည်ခြုံငုံသုံးသပ်မယ်ဆိုရင် ၁၉၆ဝစုနှစ်များတုန်းက လင်ဒန်ဘီဂျွန်ဆင်လုပ်ခဲ့ပုံက သူ့ကိုယ်သူကိုရီးယားစစ်ပွဲမှာ သမ္မတထရူးမင်းရှုံးနိမ့်ခဲ့တဲ့အဖြစ်မျိုးထပ်ပြီး မဖြစ်စေရဘူး၊ ကွန်မြူနစ်ဝါဒပျံ့မှာကိုခွင့်မပြုရဘူးဆိုတဲ့ ဒိုမီနိုဖဲသီအိုရီတွေ အာဘော်ဖန်တီးပြီး ဗီယက် နမ်မြောက်ပိုင်းနဲ့တောင်ပိုင်းမပေါင်းမိစေရေးကို ရည်မှန်းချက်ထားလုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် သူက ဝါးခမောက်ဆောင်း၊ ညှပ်ဖိနပ်စီးတဲ့ဗိယက်ကောင်းတွေကို အမေရိကန်ရဲ့ထိပ်ထိပ်ကြဲစစ်သားတွေက ဘာလို့ရှုံးရမှာလဲဆိုတဲ့မာန်မျိုးလည်းတင်းကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ၁၉၆၅ခုနှစ်က အိမ်ဖြူတော်ရဲ့ တွက်ကိန်းဟာ ၁၉၄၁ခုနှစ်တုန်းက အမေရိကန်ကိုတိုက်တဲ့ဂျပန်တွေရဲ့တွက်ကိန်းလိုပဲ အမှားကြီးမှားခဲ့ ပါတယ်။ စစ်အေးစစ်ပွဲထဲက ထင်ရှားတဲ့ရှုံးပွဲကြီးတပွဲပါ။
၁၉၉၁ခုနှစ်ပင်လယ်ကွေ့စစ်ပွဲကတော့ ၁၉၉ဝ-၉၁စီးပွားရေးကပ်ဒဏ်ကို အလူးအလဲခံလိုက်ရတဲ့ အမေရိကန်နိုင်ငံကခေါင်းဆောင်တွေက သူ့ပြည်သူတွေကိုအာရုံလွှဲဖို့အတွက် တမင်စီမံဖန်တီးခဲ့တာဖြစ ပါတယ်။ ဘုရှ်(အကြီး)ဟာ ဒီလိုစစ်ပွဲဖန်တီး၊ စစ်လက်နက်ရောင်းချမှုကရတဲ့ငွေတွေနဲ့ အမေရိကန်ရဲ့ စီးပွားရေးကို ပြန်လည်ထူမတ်၊ ၁၉၉၂ခုနှစ်ရွေးကောက်ပွဲမှာ 〝စစ်အောင်နိုင်သူ〞ဖြစ်တဲ့သူတို့တတွေ ထောက်ခံမဲ တွေရစေရမယ်ဆိုတဲ့ဉာဏ်နီဉာဏ်နက်အစီအစဉ်ပါ။
၂ဝဝ၃ခုနှစ်မှာတော့ ဘုရှ်(အငယ်)ဟာ ပြန်လည်အရွေးခံရရေးအကျပ်အတည်းနဲ့ ကြုံတွေ့ရပြန်ပါ တယ်။ ၂ဝဝ၁ခုနှစ် စီးပွားရေးကျဆင်းမှုကနေ အမေရိကန်နိုင်ငံရဲ့ပြန်လည်နာလန်ထူမှုဟာ နှေးကွေးနေ ပါတယ်။ အာဖဂန်မှာသုံးတဲ့ စစ်စရိတ်ဟာအကန့်အသတ်ရှိနေပါတယ်။ စစ်ရေးအောင်ပွဲရယ်လို့လည်း မည်မည်ရရ တခုမှပြစရာမရှိဖြစ်နေပါတယ်။ အမေရိကန်တပ်တွေက ကာဘူးလ်မြိုကိုသိမ်းလိုက်နိုင်ပေ မယ့် တာလီဘန်တန်တွေက တောင်တွေပေါ်တက်ပြီး အပြင်းအထန်ပြန်တိုက်နေကြပါတယ်။ ဒီတော့ ဘုရှ်နဲ့သူ့ရဲ့နီယိုကွန်အကြံပေးပုဂ္ဂိုလ်တွေဟာ အမေရိကန်ချမှတ်တဲ့စည်းမျဉ်းအတိုင်းမလိုက်နာတဲ့ လစ် ဗျား၊ အီရတ်၊ ဆီးရီးယားနဲ့ မြောက်ကိုရီးယားတို့ကို ‘မိစ္ဆာကောင်ဝန်ရိုး’လို့ကင်ပွန်းတပ်ပြီး ထုံးတို့ထား လိုက်ပါတော့တယ်။ သူတို့ပြောတဲ့လေးနိုင်ငံထဲမှာ မြောက်ကိုရီးယားကလွဲပြီး ကျန်သုံးနိုင်ငံဟာစစ်ရေး အရအင်မတန်အားနည်းသူတွေပါ။ ဒါသာမက့ ၉-၁၁တိုက်ခိုက်မှုနောက်ပိုင်းမှာ သူတို့ပြောတဲ့ “အကြမ်း ဖက်သမားး”ဆိုသူတွေကို ထိထိရောက်ရောက်နှိမ်နင်းနိုင်တဲ့ သာဓကလည်းပြစရာမရှိဖြစ်နေလေတော့ ၂ဝဝ၄ရွေးကောက်ပွဲမတိုင်မီ စစ်ရေးအရ“အစွမ်း”ပြဖို့လိုနေပါတယ်။ ဘုရှ်အငယ်ဟာ စစ်အသုံး စရိတ်ကြောင့်တက်လာတဲ့စီးပွားရေးကိုလက်ညှိုးထိုးပြ၊ စစ်အောင်ပွဲနဲ့လက်မထောင်ပြီး ရွေးကောက်ပွဲဝင် မယ်ပေါ့လေ။ ဒီမှာထပ်တွေ့ရတာက မဲပေးသူတွေရဲ့အာရုံကိုလှည့်စားဖို့အတွက် နီယိုကွန်တွေရဲ့အစွန်း ရောက်ကွန်ဆာဗေးတစ်အယူအဆဟာ နောက်ဆုံးတော့ ဒါပါပဲ။
ဒါဖြင့် ထရမ့်ကတော့ရော-။ သူ့လက်စွဲလေကြီးမိုးကြီးစကားက အမေရိကန်ရဲ့စီးပွားရေးကို ရွေး ကောက်ပွဲနှစ်မှာ အပြတ်တွန်းတင်မယ်ဆိုတာပါပဲ။ ဒီရည်မှန်းချက်အတွက် ကုန်သွယ်ရေးစစ်ပွဲတွေ၊ စီးပွားရေးပိတ်ဆို့မှု-အကျပ်ကိုင်မှုတွေ စတာတွေကိုတွင်တွင်လုပ်ခဲ့ရာကနေ အခုအီရန်အပေါ်စစ်ခင်း လိုက်ပြန်ပါပြီ။ ဒါဟာ အရှေ့အလယ်ပိုင်းတခုလုံးကိုသာမက တကမ္ဘာလုံးကိုပါ စစ်ရေးအရခြိမ်းခြောက် လိုက်တာဖြစ်ပါတယ်။ သူတို့အစဉ်အလာဆိုးကြီးကို ဆက်လက်ထိန်းသိမ်း ကျင့်သုံးတာပါပဲ။
အမေရိကန်အကျ၊ တရုတ်အတက်ဆိုတဲ့ခေတ်ကြီးမှာ ထရမ့်ဟာသူတို့အမေရိကန်နိုင်ငံကိုအသာစီး ရအောင်လုပ်နိုင်မလားဆိုတာ စောင့်တော့ကြည့်စရာပါပဲ။ ဒါပေမဲ့ ရွှေပြည်ကြီးကမနီးသေးပါဘူး။
၂ဝ၂ဝဆိုတဲ့ဆယ်စုနှစ်သစ်ကို ထရမ့်နဲ့အတူ အိမ်ဖြူတော်၊ ပင်တာဂွန်တို့က ခေါင်းလောင်းသံနဲ့ မကြိုဆိုဘဲ မောင်းသူမဲ့လေယာဉ်ကဒုံးတွေနဲ့ ကြိုဆိုလိုက်တယ်လို့သာဆိုရပါတော့မယ်။
ဒီလိုအခါမှာ အမေရိကန်နိုင်ငံရဲ့ကဗျာကဝိကြီးတဦးဖြစ်တဲ့ ဝေါ့ဝှစ်မင် (Walt Whitman) (၁၈၁၉- ၁၈၉၂) ရဲ့ နာမည်ကြီးကဗျာတပုဒ်ထဲက နှစ်သစ်မှာ〝ခေါင်းလောင်းသံတွေသယ်လာခဲ့၊ အသစ် တွေကို သယ်လာခဲ့〞 ဆိုတဲ့ကဗျာစာသားတွေကိုလည်းသတိရနေမိပါတယ်။
ရည်ညွှန်း- ဒေါက်တာရပ်စ်မူးစ်(Dr. Rasmus)ရဲ့ နီယိုလစ်ဘရယ်ဝါဒရဲ့အန္တရာယ်ဆိုး (The Scourge of Neo-Liberalism) ဆိုတဲ့စာအုပ်ထဲက အချက်တွေရယူပါတယ်။

Friday, January 10, 2020

(ကြောင်လိန်လှေကားပေမယ့် ပတ်တော့တက်ရပါတယ်)

0 comments
(ကြောင်လိန်လှေကားပေမယ့် ပတ်တော့တက်ရပါတယ်)
နယ်ချဲ့သမားချင်းအတူတူမှာ ဖက်ဆစ်နယ်ချဲ့ထက် အရှင်းရှင်ဒီမိုကရေစီနယ်ချဲ့သမားက ပိုလက်ခံနိုင်စရာရှိ၏။ ထို့ကြောင့် အင်းစိန်စစ်တမ်း မြင်းခြံစစ်တမ်းများ ထွက်ခဲ့၏။ နယ်ချဲသမားကိုမုန်းတည်းမှုအစွန်းရောက်ပြီး အတွေးအခေါ်ရေး သဘောတရားရေး သတိလက်လွတ်ဖြစ်ကာ ဖက်ဆစ်ကိုသွားပေါင်းခဲ့ကြသည်မှာ ဗမာပြည်က ဗိုလ်အောင်ဆန်းတို့တစုတည်း မဟုတ် ဆူဘာ့စ်ချန်ဒရာဘို့စ်တို့လို လူတွေပင်ပါသည်ကို သတိချပ်ရာ၏။ ဒုတိယကမ္ဘာစစ်ကြီးသည့် ကမ္ဘာ့မြေပုံတွေကိုသာ ပြင်ဆွဲခဲ့သည်မဟုတ်သေး လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သည့် အမျိုးသားနိုင်ငံတော်များစွာကိုလည်း ပေါ်ထွန်းလာစေခဲ့သည်မှာ ငြင်းမရပါ။
ယခု အမေရိကန်တွင် လွှတ်တော်နှင့် အိမ်ဖြူတော် ထိလိုက်ခတ်လိုက်ဖြစ်နေသည်ကိုကြည့်ကာ ဒုတိယကမ္ဘာစစ်အပြီးကာလ အရင်းရှင်နိုင်ငံကြီးများအကြားတွင်ရော တနိုင်ငံချင်းစီ၏နိုင်ငံရေးတွင်ရော အယူအဆရေးရာ ထွေပြားခဲ့ကြသည့် အလားသဏ္ဍန်လို ခိုင်းနှိုင်းပြောသံများလည်း ကြားရ၏။ ထိုစဉ်က ထွေပြားခဲ့ကြသည့်အခြေခံမှာ ကိုလိုနီပြုခဲ့သည့်နိုင်ငံများ၏ အနာဂတ်အရေးအတွက်ဖြစ်၏။ တဘက်ကလည်း စစ်ကြီးအပြီး ကိုလိုနီထမ်းပိုးအောက်မှ ကိုယ့်ခြေကိုယ့်လက်ရုန်းထရန် ရရင်ရ မရရင်ချတွေ သောသောညံနေချိန်ကြီးဖြစ်၏။ ထို့ကြောင့် ကိုလိုနီနိုင်ငံဟောင်းများအရေး ခေါင်းထဲထည့်တွေးရခြင်းပင်။ စေတနာရှိလှလို့တော့မဟုတ်။ သည်လို ရေရေရာရာပြောနိုင်ရသည်မှာ လွတ်လပ်ရေးကို စာချုပ်စာတမ်းတွေနှင့်ပေးပြီး မစားရတော့သည့်အမဲ သဲနှင့်ပက်သွားသည်မှာ အထင်အရှား လက်ဆုပ်လက်ကိုင်ပြနိုင်၍ဖြစ်၏။
အဲ့သလို ခနခန မထိခလုပ်ထိခလုပ်တွေဖြစ်နေကြတာကြည့်ပြီး တချို့ကလည်း ဒီမိုကရေစီ၏အနှစ်သာရ Check and Balance ကိုဖော်ဆောင်ပြသနေတာဖြစ်လို့ သာဓုအနုမောဒနာ ခေါ်သူခေါ် ကောင်းချီးပေးသူပေးကြ၏။ တချို့ကတော့ လွှတ်တော်နှင့်သမ္မတ နောင်ဂျိန်ချကြပြီကွဆိုကာ ဘာမှ မရနိုင်မှန်းသိသိနှင့် အားရဝမ်းသာ လက်ခုပ်လက်ဝါးတီးကြ၏။ အမှန်က အမေရိကန်နိုင်ငံရေးသမားတို့ သူတို့အလုပ် သူတို့လုပ်နေကြခြင်းပင်။ သူတို့ကိစ္စ သူတို့ရှင်းနေကြခြင်းဖြစ်၏။
ဤသို့ အခိုင်အမာ ဘာ့ကြောင့်ပြောရသလဲဆိုလျှင် လတ်တလောကိစ္စတခုကို ထုတ်ပြလို၏။ အီရန်ကိစ္စ။ သမ္မတက စီအိုင်အေတွေ စစ်တပ်တွေနှင့်ပေါင်းပြီး လွှတ်တော်ကိုချောင်ထိုးကာ အီရန်စစ်ဘက်ခေါင်းဆောင်တယောက်ကို လုပ်ကြံသတ်ဖြတ်လိုက်၏။ လွှတ်တော်ကို အသိပေးဖို့ဝေးစွ ဖုတ်လေသည့်ငါးပိလို လုပ်ခဲ့၏။ ဤနေရာတွင် လွှတ်တော်ဆိုသည်မှာ လွှတ်တော်ကြီးတခုလုံး အသိပေးရမည်ဟု မဆိုလို။ လွှတ်တော်တွင် ထိပ်တန်းကျသည့် ရေးရာကော်မတီများရှိ၏။ ထိုကော်မတီများနှင့်တိုင်ပင်ရန် သဘောထားယူရန်လိုခြင်းကိုဆိုလို၏။ လွှတ်တော်ကြီးတခုလုံးကိုချပြပြီးမှ လုပ်ကြံသတ်ဖြတ်ရေးကိစ္စလုပ်ဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်။ ဒါက စစ်ရေးအရထိပ်တန်းလျှို့ဝှက်။ ဘာမှမလုပ်ခင် ထောက်လှမ်းရေးသတင်းများ ပေါက်ကြားနေလို့မရ။ သည်လောက်တော့ နိုင်ငံရေးသမားမှမဟုတ် အရပ်ထဲက လူသာမန်ပင်သိနိုင်၏။
ခုလွှတ်တော်က သမ္မတကို အီရန်ကိစ္စ စစ်ရေးအရ တခုခုဆောင်ရွက်မည်ဆိုလျှင် လွှတ်တော်၏သဘောတူညီချက်မပါပဲ လုပ်လို့မရအောင် မဲခွဲဆုံးဖြတ်အတည်ပြုလိုက်၏။ ထို့အတွက် စစ်တစစ်ကိုရှောင်ရှားလိုက်နိုင်တာတော့ မဟုတ်။ စစ်က နဂိုကတည်းက ဖြစ်ဖို့သဘောထား သမ္မတမှာ ရှိထားပုံမပေါ်။ အကယ်၍ ရှိခဲ့မည်ဆိုပါက သမ္မတအနေနှင့် လွှတ်တော်တွေသဘောထားကို ယူပြီးမှ လုပ်ကြံမှုကိုစီစဉ်ရလိမ့်မည်။ ခုဖြစ်ကြတာက ဒရုန်းလေယဉ်ဖြင့်တိုက်ခိုက် သတ်ဖြတ်မှုကို အောက်လွှတ်တော် (ဒီမိုကရက်တွေ)က မကြိုက်လို့မဟုတ်။ လုပ်ကြံသတ်ဖြတ်လို့ ပြစ်တင်ရှုတ်ချနေတာမဟုတ်။ ကြိတ်တောင် ဝမ်းသာနေကြမည်မှာ မုချ။
တကယ်ဖြစ်ကြတာက အကယ်၍ အီရန်ကို စစ်လုပ်မည်ဆိုပါက ငါတို့လည်း အသိပေးပါ၊ ငါတို့ကို ချောင်ထိုးမထားပါနဲ့၊ ဖွဲ့စည်းပုံကလည်း အဲ့လိုလုပ်ဖို့ပြောထားပါတယ်၊ ငါတို့သာ အသိပေး ငါတို့အတည်ပြုပေးပါ့မယ်ဟု သတင်းစကား ပါးရုံသက်သက်မျှပင်ဖြစ်၏။ ဒီမိုကရက်များ သမ္မတ၏အကျောကို ခံလိုက်ရသလို အောင့်သီးအောင့်သက် ဖြစ်သွားခြင်းကြောင့် ခုလို ဘုဘောက်ကျကြတာဖြစ်၏။
အပေါ်မှာပြောခဲ့သလိုပင် ဒါကိုကြည့်ပြီး Check and Balance တို့ ဒီမိုကရေစီ့အောင်ပွဲတို့ဆိုပြီး ကလောင်အရသာ ပါးစပ်အရသာခံမိလျှင် တက်တက်စင်လွဲရုံမက လူရယ်စရာပါဖြစ်လိမ့်မည်။ ထို့အတူ အမေရိကန်မှာတော့ ကွဲကုန်ပြဲကုန်ကြပြီဟု တက်ထောင်မောင်းနင်းတွေေ ပြောမိတွေးမိပါကလည်း ဒီကောင့်နှယ် အ ရန်ကောဟုအကြည့်ခံရမည့်အပြင် အလှောင်ပါခံရမည့်ကိန်းရှိ၏။
တကယ် ဒီမိုကရက်ရော ရီပတ်ဘလီကင်န်ပါ အမေရိကန်တွေဖြစ်ကြ၏။ စစ်အတူတိုက်ခဲ့ကြ၏။ နိုင်ငံတွေကို အတူ ကျူးကျော်ခဲ့ကြ၏။ အမေရိကန်တိုက်ခဲ့သမျှစစ်တိုင်းသည် အမေရိကန့်အကျိုးစီးပွားချည်းဖြစ်သဖြင့် ဒီမိုကရက်အကျိုးစီးပွား ရီပတ်ဘလီကင်န်အကျိုးစီးပွားဟူ၍ သတ်သတ်မရှိ။ ဘုံ အကျိုးစီးပွားဖြစ်၏။ တဘက်ဘက်ကဖျက်လျှင် နှစ်ဘက်လုံးပျက်မည်ကို သူတို့သိ၏။ ထို့ကြောင့် ဘာမတရားတာလုပ်လုပ် တရားတာလုပ်လုပ် အများအမြင်(ကမ္ဘာ့အမြင်)တွင် အမြင်ကောင်းဖို့လို၏။ အပြလှဖို့လို၏။ ထို့ကြောင့် သူတို့ ရုပ်အထွက်ကောင်းရေးအတွက် ကိုယ့်ကိစ္စကိုယ်ရှင်းကြခြင်း ကိုယ့်အလုပ်ကိုယ်လုပ်ကြခြင်းသာဖြစ်၏။
ကျနော်တို့ တွေးဖို့ ပူဖို့မှာ အမေရိကန်သည် အရင်းရှင်ဒီမိုကရေစီနယ်ချဲ့သမားအဖြစ်မှ ဖက်ဆစ်နယ်ချဲ့သမား ဖြစ်သွားနိုင် မသွားနိုင်ပင်ဖြစ်လိမ့်မည်ထင်၏။ ဖက်ဆစ်နယ်ချဲ့ဖြစ်သွားလိမ့်မည်ဟု မည်သူမျှ ယတိပြတ်ပြောမရသလို မဖြစ်နိုင်ပါဘူးဟုလည်း မည်သူမျှကံသေကံမ အာမဘန္တေမခံနိုင်။ ဖြစ်လာခဲ့လျှင် နောက်ထပ် ရဲဘော် ဘယ်နှကျိပ်တွေ နောက်ထပ် ဆူဘာ့စ်ချန်ဒရာဘို့စ်တွေပေါ်လာဦးမလဲက မပြောတတ်။ ခုတောင် ကျီလာပြီး မိးရှိူ့စေချင်သူတွေ ရှိနေသည်မဟုတ်လား။
သမိုင်းဆိုတာကလည်း ကြောင်လိန်လှေကားလို အပေါ်ကိုတက်သွားသည်ဆိုပေမယ့် တပတ်တပတ်စီတော့ ပတ်ပတ်ပြီးမှ တက်ရသည်မဟုတ်လား။ ထို့ကြောင့် သမိုင်းတပတ်မလည်ဟု မပြောနိုင်။ ဖက်ဆစ်ကိုတိုက်ခဲ့သူက ဖက်ဆစ်ပြန်မဖြစ်နိုင်ဟု ကျိန်းသေပြောမရ။
မျိုးမြင့်ချို
ဇန္နဝါရီ ၁ဝ၊ ၂ဝ၁၉

လူတန်းစား အကျိုးစီးပွား သတိပြုကြ-သိန်းထွန်းနိုင်-

0 comments
လူတန်းစား အကျိုးစီးပွား သတိပြုကြ-သိန်းထွန်းနိုင်-
အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၂) မှာ ဖော်ပြမယ့်ဆောင်းပါး
ရခိုင်နယ်စပ်အရေးအတွက် ဂမ်ဘီယာနဲ့ဗမာပြည် အမှုအခင်းဖြစ်တော့ နိုင်ငံ့အကျိုးစီးပွားဆိုတဲ့ စကားကို ကြားရပြန်ပါတယ်။ အမျိုးသားရေးတာဝန်တို့ အရေးကြီးပြီသွေးစည်းကြစို့တို့ဆိုတဲ့ နဝတ-နအဖ ခေတ် ကြွေးကြော်သံများ ပြန်ပေါ်လာတယ်။ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ တနိုင်ငံနဲ့တနိုင်ငံ အမျိုးသား အကျိုးစီးပွား အခြေခံကနေ ဆက်ဆံကြတယ်လို့ယေဘုယျ ပြောနိုင်ပေမယ့် အာဏာရ အုပ်စိုးသူ လူတန်းစားတရပ်က အမျိုးသားအကျိုးစီးပွား (ဝါ) နိုင်ငံ့အကျိုးစီးပွားလို့ဆိုတိုင်း တတိုင်းပြည်လုံးရဲ့၊ ပြည်သူလူထု တရပ်လုံးရဲ့ဘုံအကျိုးစီးပွား ဟုတ်ချင်မှ ဟုတ်တာပါ။ ကိုယ့်တိုင်းပြည်နာမည် ကြားလိုက်ရုံနဲ့ဘောလုံးပွဲမှာ မျိုးချစ်စိတ်ဓာတ် တက်ကြွလွန်ပြီး ဆဲဆိုရိုက်နှက်ကြသလို မျက်စိစုံမှိတ်ပြီး လက်သီးလက်မောင်းတန်းနေလို့မဖြစ်ပါဘူး။
လူ့အဖွဲ့အစည်းအတွင်း နေထိုင်ကြသူတွေကြားမှာ အကျိုးစီးပွား ပဋိပက္ခတွေ ရှိပါတယ်။ လူတန်းစား တူသူတွေကြားမှာ အကျိုးစီးပွားချင်း သဟဇာတဖြစ်သလို လူတန်းစား မတူသူတွေကြားမှာလည်း အကျိုးစီးပွား ပဋိပက္ခက ထင်းထင်းကြီး ရှိနေတာပါ။ သခင်နဲ့ကျွန်၊ အုပ်စိုးသူနဲ့အုပ်စိုးခံ၊ ဓနရှင်လူတန်းစားနဲ့ပစ္စည်းမဲ့လူတန်းစား စသဖြင့်တွေကြားမှာ အကျိုးစီးပွား ပဋိပက္ခ ရှိပါတယ်။ ဗမာပြည်မှာဆိုရင် စစ်ဗျူရိုကရက် ဓနရှင်လူတန်းစားနဲ့အဖိနှိပ်ခံ ပြည်သူတွေဟာ အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ပါ။ တောင်သူတွေရဲ့မြေယာတွေကို သိမ်းယူပြီး စက်ရုံဆောက်၊ မိုင်းတွင်းတူး၊ ရေကာတာဆောက်ပြီး ကြီးပွားချမ်းသာသူတွေနဲ့မြေသိမ်းယာသိမ်းခံရပြီး ဘဝပျက်ရသူတွေ အကျိုးစီးပွားချင်း ဘယ်လိုလုပ် တူမလဲ။ စဉ်းစားကြည့်ပါ။
အုပ်စိုးသူ လူတန်းစားက သူတို့လူတန်းစား အကျိုးစီးပွားနဲ့ပြည်သူလူထု တရပ်လုံးရဲ့အကျိုးစီးပွား ထပ်တူကျသလို လိမ်ညာလှည့်စားလေ့ရှိပါတယ်။ သူတို့အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ဖို့ လုပ်ကြတဲ့အခါ အမျိုးသား အကျိုးစီးပွား၊ နိုင်ငံ့အကျိုးစီးပွားဆိုတဲ့ တံဆိပ်ကပ်လိုက်ပြီး ပြည်သူတွေက ထောက်ခံ အတည်ပြုပေးအောင် လုပ်ကြပါတယ်။ အခွင့်ထူးခံ လူတန်းစားရဲ့ ဖောက်ပြန်တဲ့ အတွင်းသရုပ် မဖုံးမဖိနိုင်လောက်အောင် ပွင့်မကျသေးခင် အဲသလိုလုပ်ဖို့ပိုလွယ်ပါတယ်။ စစ်အုပ်စုက အောက်ခြေ စစ်သားတွေကို တိုင်းပြည်အတွက်ဆိုပြီးတော့ သူတို့လက်တဆုပ်စာအတွက် အသက်တွေ၊ ဘဝတွေ စတေးခိုင်းတာလည်း ဒီသဘောပါပဲ။
နပိုလီယန် ရုရှားကို ကျူးကျော်တော့ ပြည်သစ်ပြည်ရဲ့အကျိုးစီးပွားအတွက်လို့ ဆိုပါတယ်။ ဟစ်တလာ နယ်ချဲ့တော့လည်း နိုင်ငံအကျိုးစီးပွားအတွက်လို့ပြောတာပါပဲ။ အမေရိကန်သမ္မတတွေလည်း အမျိုးသား အကျိုးစီးပွား တံဆိပ်ကပ်ပြီး ကျူးကျော်စစ်တွေ တိုက်ကြတာပါ။ ဗမာပြည်က စစ်အုပ်စုကို ဒဏ်ခတ်အရေးယူမှုတွေမှာလည်း အမေရိကန်နိုင်ငံရဲ့အကျိုးစီးပွားအတွက်ဆိုတဲ့စကားကို အမြဲကြားရပါတယ်။
စစ်အုပ်စုရဲ့ဒို့တာဝန်အရေးသုံးပါး ဆိုတာဟာ စစ်ဗျူရိုကရက် ဓနရှင်လူတန်းစားရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အမျိုးသားအကျိုးစီးပွား မျက်နှာဖုံးစွပ်ထားတာသာ ဖြစ်ပါတယ်။ သူတို့မှာ တိုင်းချစ်ပြည်ချစ်စိတ် မရှိပါဘူး။ ဒါကြောင့်မို့ တတိုင်းတပြည်လုံးက ပြည်သူပိုင် သယံဇာတတွေကို သူတို့ကိုယ်ကျိုးအတွက် ခွာချွတ်ရောင်းစားပစ်တာပါ။ နိုင်ငံခြားသားဖြစ်ပါစေ လူတန်းစားတူသူချင်း သွေးစည်းတာကိုလည်း လူတန်းစား ပဋိပက္ခတွေမှာ အထင်အရှား တွေ့နိုင်ပါတယ်။ လက်ပံတောင်းတောင်အရပ်က ကြေးနီစီမံကိန်း ပဋိပက္ခပဲဖြစ်ဖြစ်၊ တခြား နိုင်ငံခြားသားပိုင် စက်ရုံအလုပ်ရုံ ပဋိပက္ခတွေမှာပဲ ဖြစ်ဖြစ် စစ်ဗျူရိုကရက် ဓနရှင်လူတန်းစားရဲ့ ခါးပိုက်ဆောင် စစ်တပ်၊ ပုလိပ်တပ်တွေနဲ့တရားရုံးတွေက သူတို့နဲ့ အကျိုးတူ စီးပွားဖက် နိုင်ငံခြားသား အရင်းရှင်တွေဘက်ကနေ ရပ်တည်တာကို တွေ့ရပါလိမ့်မယ်။
ကိုယ့်လူတန်းစားရဲ့အကျိုးစီးပွားကို မသိမြင်သေးသရွေ့ အုပ်စိုးသူလူတန်းစားလက်တဆုပ်စာက အမျိုးသား အကျိုးစီးပွားအတွက်ဆိုပြီး လိမ်ညာအသုံးချရင် ခံနေရမှာပါ။ အများစုဖြစ်တဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုကို ကိုယ်စားပြုသူတွေက နိုင်ငံရေးနဲ့စီးပွားရေးအာဏာကို ဆုပ်ကိုင်နိုင်မှသာ လူများစုရဲ့ဘုံအကျိုးစီးပွားကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဖိနှိပ်ခံလူတန်းစား အာဏာရမှသာ စစ်မှန်တဲ့ နိုင်ငံ့အကျိုးစီးပွားကို ကိုယ်စားပြုနိုင်လိမ့်မယ်။ လူမျိုးစုံ ပြည်သူတွေအနေနဲ့မျက်ကန်းမျိုးချစ် ရှော်ဗင်ဝါဒကို ဆန့်ကျင်ပြီး လူတန်းစားတိုက်ပွဲလမ်းစဉ်ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲဖို့လိုပါတယ်။
မျက်ကန်းမျိုးချစ်ဝါဒကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့အတွက် ရဲဘော်ထွန်းရဲ့‘ပြည်ချစ်ဝါဒလမ်းစဉ်’ ဆောင်းပါးထဲက အရေးကြီးတဲ့ အချက်တချို့ကို ထုတ်နုတ်တင်ပြပါ့မယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ၂၀ ရာစုအကုန် ၂၁ ရာစုအကူးမှာ ပြည်ချစ်ဝါဒလမ်းစဉ်ကို ပြည်သူသို့တင်ပြခဲ့ပါတယ်။
(“ဘာကြောင့် ပြည်ချစ်ဝါဒလမ်းစဉ်လို့နာမည်ပေးသလဲ။
ကမ္ဘာ့အင်အားပြိုင်ပွဲက စစ်အေးတိုက်ပွဲ (ဟောင်း) ကာလကလို ဥရောပကို ဗဟိုပြုပြီးဖြစ်မှာ မဟုတ်။ အာရှကို ဗဟိုပြုတဲ့ အင်အားပြိုင်ပွဲ ဖြစ်လိမ့်မည်။ ဗမာပြည်က ရှောင်လို့မလွတ်။ ကြားညပ်လိမ့်မည်။ ကြားညပ်မခံရဖို့ဗမာပြည် နိုင်ငံရေးအင်အားစု အားလုံးက ‘ပြည်ချစ်ဝါဒ’ ဖြင့် ရှောင်ကြရမည်ဟု သဘောရသဖြင့် ‘ပြည်ချစ်ဝါဒလမ်းစဉ်’ လို့နာမည်ပေးလိုက်တာ ဖြစ်သည်။”)အထက်မှာ ဆိုခဲ့တဲ့အတိုင်း အာရှကိုဗဟိုပြုတဲ့ အင်အားပြိုင်ပွဲ ဖြစ်လာတာ အားလုံးမျက်မြင်ကိုယ်တွေ့ပါ။ အမေရိကန်က အာရှပစိဖိတ်ဒေသကို ဘယ်တုန်းကမှ မျက်ခြည်ပြတ်မခံဘူး။ တရုတ်ရဲ့ကုန်းကြောင်း၊ ရေကြောင်း (OBOR) စီမံကိန်းနဲ့အတူ တရုတ်သြဇာကြီးထွားလာတဲ့အခါ တရုတ်ပြည်ရဲ့အင်အားကို ကန့်သတ်ဖို့လိုလာတယ်။ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ် ဖြစ်တယ်။ တပြိုင်တည်းမှာ အနောက်အုပ်စု မီဒီယာက ဟောင်ကောင်အရေး (စီအိုင်အေ ကြိုးကိုင်တဲ့ ဖောက်ပြန်ရေး ဆန္ဒပြပွဲတွေက အားကျစရာ မဟုတ်ဘူး။ ဆန္ဒပြပွဲတိုင်းကို အကောင်းမြင်ပြီး ထောက်ခံစရာလို့မှတ်ရင် မဘသ ဆန္ဒပြပွဲတွေကိုလည်း ထောက်ခံကြဆိုတဲ့သဘောမျိုး သက်ရောက်သွားနိုင်တယ်။) ကို တောက်လျှောက် ဖွပေး၊ ဆွပေးနေတယ်။ တရုတ်ရဲ့အနောက်ဘက်ကပ်လျက် အိမ်နီးချင်းက ဗမာပြည်ပါ။ စစ်အုပ်စုက သူ့အာဏာတည်မြဲရေး တခုတည်းအတွက် သေနတ်ပြောင်း ရမ်းနေတော့ အနောက်အုပ်စုအတွက် ဆုပ်ကိုင်စရာ ဒေသတွင်း ပြဿနာတခု ရသွားပြန်တယ်။ ဒါပေမဲ့ ဗကပရဲ့ ပြည်ချစ်ဝါဒလမ်းစဉ်ကို ဆက်ဖတ်ကြည့်ပါ။

(“ဗမာပြည်အရေးကြောင့်တော့ နိုင်ငံကြီးတွေ စစ်တိုက်မှာမဟုတ်။
တခြားအရေးကြောင့်ပဲ စစ်ဖြစ်နိုင်သည်။ အာရှအရှေ့မြောက်တွင် စစ်ဖြစ်လို့ကတော့ ကိုလိုနီဘဝ မဟုတ်လို့စစ်ထဲတရွတ်တိုက် ဆွဲသွင်းတာ ခံရမည်မဟုတ်။ ပြည်ချစ်ဝါဒနဲ့ရှောင်နိုင်သည်။ ရှောင်ရလိမ့်မည်။ ကိုယ့်တိုင်းပြည်အတွက် အကျိုးမရှိတဲ့စစ်ကို ရှောင်တာပင်လျှင် ‘ပြည်ချစ်ဝါဒ’ ဖြစ်သည်။

……….ဗမာပြည်ရဲ့နယ်မြေပြည့်စုံတည်မြဲမှုကို ထိပါးလာရင်လည်း ဘယ်သူပဲ ထိပါးထိပါး ငုံ့မခံဘဲ တိုက်ရမှာဖြစ်သည်။ ဒါလည်း ပြည်ချစ်ဝါဒလမ်းစဉ်ပါပဲ။
ပြည်ချစ်ဝါဒလမ်းစဉ်ကို ဘာကြောင့်ချသလဲ ဆိုတာကို ရှင်းပြချင်ပါတယ်။ ဗမာပြည်ရဲ့ပထဝီနိုင်ငံရေးကို အလေးထားတဲ့ စဉ်းစားမှုပါ။
ဗမာပြည်ဟာ တောင်အာရှထဲမှာ ပါတယ်ဆိုလည်းဖြစ်၊ အရှေ့တောင်အာရှထဲ ပါတယ်ဆိုလည်းရတဲ့ တိုင်းပြည်ပါ။ ဒါကြောင့်လည်း ASEAN ထဲ ပါနေတယ်။ ဘင်္ဂလားပင်လယ်အော် ဝန်းကျင်ဒေသအဖွဲ့အစည်း (BIMSTEC) ထဲလည်း ပါနေတယ်။ တောင်အာရှ အဖွဲ့အစည်း (SAARC) ထဲ ပါချင်ရင်လည်း ကြိုဆိုကြလိမ့်မယ်။

ကျွန်တော်တို့က တိုင်းပြည် (ဗမာပြည်) အနေနဲ့ပဲ ကြည့်တာပါ။ တိုင်းပြည်ကို ကိုယ်စားပြုနေသူ စစ်အာဏာရှင်တွေ ဖြစ်နေတာက ကိုယ့်ပြည်တွင်းရေး ကိစ္စပဲ။ ကိုယ့်အိမ်ထဲကအမှိုက် ကိုယ်ပဲရှင်းရမှာပါ။ သူများတွေကို လာအရှင်းခိုင်းလို့မဖြစ်ပါဘူး။ ‘ပြည်ချစ်ဝါဒ’ က တိုင်းပြည်ကို နိုင်ငံတကာ အလယ်မှာ အဆင့် နေရာရရေး၊ ထည်ထည်ဝါဝါ တင့်တင့်တယ်တယ်ရှိရေး၊ နိုင်ငံသားတွေရဲ့ နေထိုင်မှုအဆင့်အတန်း မြင့်တက်ရေး၊ ကိုယ့်ကြမ္မာကိုယ် လွတ်လွတ်လပ်လပ် ဖန်တီးရေး၊ ကိုယ့်ပြည်တွင်းရေး ပြင်ပက ဝင်မစွက်ရေး စတာတွေကို ချုပ်ပြီးပြောတာပါ။)
ဗကပက ပြည်သူကို တင်ပြခဲ့တဲ့ ပြည်ချစ်ဝါဒလမ်းစဉ်မှ ထုတ်နုတ်ဖော်ပြတာ ဖြစ်ပါတယ်။
လူတန်းစားတိုက်ပွဲကို တိုက်တဲ့အခါ ကိုယ့်လူတန်းစား အကျိုးစီးပွားကို သိဖို့လိုပါတယ်။ စစ်ဖိနပ်နဲ့အကန်ခံရတဲ့ ရင်ဘတ်ထဲကနေ စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လိုတဲ့ ပြည်ချစ်စိတ်ဓာတ်တွေ နိုးကြားမလာနိုင်ပါဘူး။
(ဖောက်ပြန်တဲ့ ပြည်တွင်းစစ်တလျှောက် ဖြတ် ၄ ဖြတ် နယ်မြေရှင်းလင်းရေး (တောကောမြို့ပါ) သွေးစွန်းတဲ့ လူသတ်ပွဲများကို ဘယ်စစ်ဘက်နယ်ဘက် တရားရုံးကများ တရားမျှတစွာ တရားစီရင်ခဲ့ဖူးပါသလဲ။)
အမျိုးသားအကျိုးစီးပွား (ဝါ) နိုင်ငံ့အကျိုးစီးပွားလို့ဘယ်သူကပြောပြော အုပ်စိုးသူလူတန်းစားရဲ့အကျိုးစီးပွားနဲ့အုပ်စိုးခံ လူတန်းစားရဲ့အကျိုးစီးပွားက ဆန့်ကျင်ဖက် ဖြစ်တာကို သတိပြုမိရင် အုပ်စိုးသူ လူတန်းစားရဲ့လက်ကိုင်တုတ်အဖြစ် အသုံးချ ခံရမယ့်အဖြစ်ကနေ လွတ်မြောက်နိုင်မယ်။ အုပ်စိုးသူ လူတန်းစားရဲ့ နိုင်ငံရေး အမြင် သြဇာ အောက်က ရုံးထွက်ပြီး အဖိနှိပ်ခံ လူတန်းစား ရဲ့ အမှီအခိုကင်းတဲ့ နိုင်ငံရေး အမြင် တွေ ကို တည်ဆောက် ကိုင်စွဲ ကြရပါမယ်။ ပြည်ချစ်ဝါဒနဲ့မျက်ကန်းမျိုးချစ် ရှော်ဗင်ဝါဒက ပြဒါးတလမ်း၊ သံတလမ်းပါ။ စစ်ဗျူရိုကရက် ဓနရှင်လူတန်းစားရဲ့အကျိုးစီးပွားနဲ့အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူတွေရဲ့အကျိုးစီးပွားက လုံးဝဆန့်ကျင်ဘက်ဆိုတာကို အမြဲသတိပြုမိဖို့လိုပါတယ်။

ဘာမှလုပ်မရတော့ ဘာမှလုပါ်မရပါ

0 comments
(ဘာမှလုပ်မရတော့ ဘာမှလုပ်မရပါ)
အစိုးရပြောင်းသွားတယ်။ အစိုးရသစ်က စီးပွားရေးလက်ဝေခံသစ်တွေ မွေးရတယ်။ အစိုးရဟောင်းရဲ့ လက်ဝေခံတွေ မစားသာဘူးဖြစ်သွားတယ်၊ မျက်ရည်တောက်တောက်ကျတယ်တို့ ဘာတို့ဖြစ်လာတယ်။
ဒါပေမယ့် ခက်နေတာက အစိုးရသစ်က ဗျူရိုကရေစီယန္တယားဟောင်းကြီးကို ဖြိုချဖို့မပြောနဲ့ ပြတ်ပြတ်သားသားထိပါးလို့တောင်မရဘူး။ ထွေအုပ်လောက်လူတွေကိုတောင် နိုင်နိုင်နင်းနင်း ကိုင်တွယ်လို့မရဘူး။
ဒီတော့ လက်ဝေခံသစ်တွေလို့သာ အမည်ခံရတယ် စီးပွားရေးလုပ်တဲ့အခါ ဗျူရိုကရေစီယန္တယားဟောင်းက ဗျူရိုကရက်ကြီး/ငယ်တွေနဲ့ ပတ်ကိုပတ်သက်ရတော့တယ်။ မျက်နှာအပေးမခံရတော့တဲ့ လက်ဝေခံဟောင်းကြီးတွေမှာ ဒီဗျူရိုကရက်ယန္တယားကြီးနဲ့ရော ပြည်ပတွေနဲ့ရော (နိုင်ငံခြားအဆက်အသွယ်) အဆက်အသွယ်တွေရှိထားတယ်။ ဝင်တတ် ထွက်တတ်တယ်။ အကွက်မြင်တယ် အကင်းပါးတယ်။ လုပ်စားနေတာ အံခွနေပြီ။ အသစ်ပေါ်ထွက်လာတဲ့ လက်ဝေခံသစ်တွေမှာက အဲ့ဒါမရှိဘူး။ ရှိတောင် အားနည်းကြုံလှီလွန်းတယ်။
ဒီတော့ တခုခု ဂွင်ပေါ်လာလို့ ကောက်ဝါးတော့မယ်ဆိုတိုင်း ရှေ့က ခံနေတဲ့ လက်ဝေခံဟောင်းတချို့နဲ့ရော ဗျူရိုကရေစီယန္တယားကြီးနဲ့ရော ဆက်ဆံလာရတယ်။ ဟိုလူတွေက ဒီလူတွေကို ပညာပြတယ်။ ပညာပြတယ်။ ပညာတော့ မပေးဖူး။ ဆရာ့လက်ဆုပ်ချန်ထားတယ်။ ဟင်းစားတော့ပေးတယ်။ ကွန်ချက်တော့ မပြဘူး။ ငွေကြေးနဲ့အရင်းအနှီးကလည်း ဟိုလူတွေလောက် မစုမိမဆောင်းမိသေးအပြင် မလုပ်တတ် မကိုင်တတ်ကဖြစ်နေကြတဲ့ကြားထဲ အဆက်အသွယ်ကလည်း မရှိ။ ပညာကလည်း အပြခံရတွေဖြစ်လာတယ်။
ဒီတော့ သူတို့ဘာလုပ်ရလဲ။ အစိုးရသစ်ဆီကရလာတဲ့ ကန်ထရိုက်တွေ ပါမစ်တွေကို လက်ဝေခံဟောင်းကြီးတွေလက်ထဲ ထိုးအပ်ပြီး ရသမျှလေးနဲ့ ကျေနပ်လိုက်ရတော့တာပဲ။ ဒါဟာ စစ်အာဏာရှင်က ထူထောင်လာခဲ့ပြီး ခုထိ မပျက်မယွင်းရှိနေသေးတဲံ စစ်လက်ဝါးကြီးအုပ် အရင်းရှင် ဗျူရိုကရေစီစနစ်ကြီးရဲ့ အတွင်းသားဖြစ်ပါတယ်။ ခု ပါမစ်တွေ ကန်ထရိုက်တွေချပေးလိုက်ရင် နောက်ဆုံးဘယ်သူတွေလက်ထဲရောက်ကုန်လဲ။ တကယ့် အဲ့ဒီ ပရောဂျက်ကြီးတွေ စီမံကိန်းကြီးတွေ ဘယ်သူ့လက်နဲ့ကိုင်ထားလဲက ရှင်းနေအောင်မြင်ရပါတယ်။ နောက်ဆုံး ကုန်ကုန်ပြောမယ်။ ခု အစိုးရအရာကြီးတွေကို ကားဝယ်ယူခွင့်ပါမစ်တွေ ချပေးလိုက်ပါတယ်။ နောက်ဆုံး ဘယ်သူတွေက တင်သွင်းခွင့်ရသွားမလဲကိုပဲကြည့်ပါ။
ဒီဗျူရိုကရေစီယန္တယားဟောင်းကြီးနဲ့ လက်ဝေခံဟောင်းကြီးတွေကို မထိပါးဝံ့ပဲ အစိုးရသစ်နဲ့လက်ဝေခံသစ်တွေ ဗျူရိုကရက်ယန္တယားသစ်ကြီးတွေ တည်ဆောက်ပြီး ဟန်ကျပန်ကျလည်ပတ်ဖို့မပြောနဲ့ အဂတိလိုက်စားမှူ တိုက်ဖျက်ရေးတောင် ထိရောက်အောင်လုပ်မရပါ။
မျိုးမြင့်ချို
ဇန္နဝါရီ ၅၊ ၂ဝ၁၉

(အတွေ့အကြုံနဲ့သင်ခန်းစာ)

0 comments
(အတွေ့အြုံနဲ့သင်ခန်းစာ)
ဥရောပ အမေရိကနဲ့ တခြားစက်မှုနိုင်ငံကြီးတွေက အလုပ်သမားခ ဈေးပေါလို့ တရုတ်သွားရင်းနှီးမြှုပ်နှံတာပါဆိုတဲ့အပြောဟာ တရားလက်လွတ်နိုင်သလို အကြောင်းတချက်တည်းပေါ်ကောက်ယူပြီး ဆွဲထုတ်ဆင်ခြင်တာဖြစ်ပါတယ်။ တရုတ်ထက် အလုပ်သမားခသက်သာတဲ့ပြည်တွေ ကမ်ဘာပေါ်မှာ တပုံကြီးပါ။ တရုတ်ဟာ တံခါးဖွင့်မူဝါဒနဲ့ ဆိုရှယ်လစ်ဈေးကွက်စီးပွါးရေးစနစ် မကျင့်သုံးမီကတည်းက စီးပွါးရေးအခြေခံအဆောက်အဦတွေကို ဖြည်းဖြည်းမှန်မှန်နဲ့ စနစ်တကျ စီမံကိန်းချ လုပ်နေခဲ့တာပါ။

အဲအချိန်မှာ တိန့်ရှောင်ဖိန်က “တရုတ်ကို အနောက်နိုင်ငံတွေက ဒီမိုကရေစီနဲ့စီးပွားရေးပုံစံပြောင်းချင်ရင်လည်း ပြောင်းပစ်လိုက်လို့ရတယ် ဒါပေမယ့် အဲလိုလုပ်လို့မဖြစ်ဘူး၊ လုပ်လိိုက်ရင် သန်းထောင်ကျော်တဲ့လူတွေထဲက ဆယ်သန်းလောက်သောလူတွေကသာချမ်းသာပြီး ကျန်ပြည်သူတွေ ဆင်းရဲတွင်း နက်သထက်နက်ကုန်မယ်၊ ဒါဆို လူထုကြားမှာ မကျေနပ်မှုတွေနဲ့အတူ ဆန့်ကျင်ပုန်ကန်မှုတွေ ဖြစ်လာလိမ့်မယ်၊ ကျနော်တို့ဟာ ပထမဆုံးလူတိုင်း လူတန်းစေ့စေ့ သူတန်းမျှမျှနေထိုင်ရေးကို စဉ်းစားရမယ်၊ အဲဒီကမှတဆင့် လူတိုင်း ချမ်းသာကြွယ်ဝရေးကိုသွားရမယ်၊ ဆိုရှယ်လစ်စနစ်ဆိုတာ အလုပ်အင်အားစု(အလုပ်သမားနဲ့ အလုပ် လုပ်တဲ့ပြည်သူတွေ) ဖွံ့ဖြိုးရေးနဲ့လွတ်မြောက်ရေးဖြစ်တယ်၊ လူတိုင်း ကြွယ်ဝရေးဖြစ်တယ်၊ ဈေးကွက်စီးပွါးရေးစနစ်ဟာ ဆိုရှယ်လစ်နိုင်ငံတွေမှာလည်းရှိနိုင်သလို စီမံကိန်းစီးပွါးရေးစနစ်ဟာ အရင်းရှင်နိုင်ငံတွေမှာလည်းရှိနေတာကို လူတွေသိကြရမယ်” ဆိုတဲ့သဘော ပြောခဲ့ဖူးပါတယ်(မှတ်မိသလို ပြန်ပြောတာမို့ နည်းနည်းပါးပါး လွဲနိုင်ပါတယ် တရားကိုယ်သဘောတော့ မလွဲပါ)

အဲ့သလို တဘက်ကလည်း ပါတီနဲ့လူထုကို အတွေးအခေါ်အရပြင်ဆင် တဘက်ကလည်း ရုပ်ဘဝအရပြင်ဆင်လာရင်း တံခါးဖွင့်ချလိုက်တော့ တရုတ်မှာ အခြေခံအဆောက်အဦတွေ ပညာတတ်အလုပ်သမားတွေ ငွေကြေးနဲ့အရင်းအနှီးတွေ ဆက်သွယ်ရေးနည်းပညာတွေအပါအဝင် လာရောက်ရင်းနှီးမယ့်သူတွေလက်ခံနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေတွေလည်း အားလုံးလိုလို အသင့်နီးနီးဖြစ်နေတာပါ။ ပြည်တော်ပြန်တရုတ်တွေဆီက ပါလာတဲ့ဦးနှောက်၊ ငွေကြေး၊ အရင်းအနှီးတွေကလည်း မနည်းကြီး ခုမိပါတယ်။ ဒါတောင် ခုထိ တရုတ်တွေက သူတို့ဟာ မြေစမ်းရမ်းပျိုးနေရတုန်းလို့ဆိုပြီး ပြင်ဆင်တာ ဖြည့်ဆည်းတာ ပယ်ဖျက်တာတွေ ရဲရဲတင်းတင်းလုပ်နေတာပါ။ အကျင့်ပျက်ခြစားမှုဟာ တိုင်းပြည်တည်ဆောက်ရေးရဲ့အကြီးဆုံးအနှောင့်အယှက်အဖြစ်မြင်ပြီး ပြတ်ပြတ်သားသားကိုင်တွယ်နေတာပါ။

ကျနော်တို့ဟာ တိုင်းပြည် တကယ်တည်ဆောက်မယ်ဆို ကောင်းတဲ့နည်းနာ ကိုယ့်အခြေအနေနဲ့ကိုက်တဲ့နည်းနာ ကိုယ်နဲ့အသုံးတည့်တဲ့နည်းနာဟာ ဘယ်သူ့ဆီကလာလာ သင်ယူတတ်ဖို့လိုမှာပါ။ အသုံးချတတ်ဖို့လိုမှာပါ။ အနိမ့်ဆုံးအဆင့် ဆည်းပူးနေရမှာပါ။ တိန့်ပြောသလို ကြောင်ဟာ ဖြူတာမဲတာ ပဓာနမဟုတ်ပါ။ တရုတ်ပြည်ကိုလေ့လာရင်း သူအောင်မြင်တာတွေကို နမူနာယူဖို့ဖြစ်ပြီး သူ့မအောင်မြင်မှုတွေကိုတော့ သင်ခန်းစာယူဖို့ပါ။ ခေတ်ပြိုင်သမိုင်းကနေလည်း အတွေ့အကြံု(ကောင်းတဲ့ဘက် မှန်တဲ့ဘက်ကရတဲ့အရာ) ထုတ်နှုတ်တတ်ရမှာဖြစ်သလို သင်ခန်းစာ (ဆိုးတဲ့ဘက် မှားတဲ့ဘက်ကရတဲ့အရာ)လည်း ထုတ်ယူဆင်ခြင်ရမှာပါ။
ဇန္နဝါရီ ၉၊ ၂ဝ၁၉
မ်ိဳးျမင့္ခ်ိဳ

(မရွယ်ပဲ ငှားဖြစ်သွားသည့် စာအုပ်များ)

0 comments
(မရွယ်ပဲ ငှားဖြစ်သွားသည့် စာအုပ်များ)
နေ့လည်စာကို ခေါက်ဆွဲပြုပ် လုပ်သောက်ကြ၏။ လုပ်ရတာမခက်သည့်အပြင် လင်မယား နှယောက်လုံးအကြိုက်လည်းညီသဖြင့် ဟန်ကျ၏။ မကြာမကြာလည်း လုပ်လုပ်စားလေ့ရှိ၏။ ခက်သည်က သည်နေ့လုပ်သည့် ခေါက်ဆွဲပြုပ်တွင် မှိူအနှစ် Mushroom Cream ထည့်လိုက်ခြင်းပင်။ သည် ခရင်မ်းက ခုမှ ပေါ်ကာစလို့ပြောရမလောက်ပင် ရောင်းအားကောင်းနေ၏။ လူစားလည်းများလွန်းနေသလား မပြောတတ်။ စတိုးဆိုင်ကြီးငယ်တိုင်းတွင် တွေ့ရ၏။ ခေါက်ဆွဲပြုပ်ထဲ သူ့ထည့်ပြုပ်ပါက အနံ့အရသာပိုပြည့်စုံလာသလို ပိုလည်းစားကောင်းသလိုပင်။ ခက်သည်က ဆားပြဿနာတက်ခြင်းပင်။ ကျနော်က မှိုအနှစ်မထည့်ခင်ကတည်းက ဆားအငန်ကို အလောတော်အနေမှာထား၏။ မှိူအနှစ်လည်းထည့်လိုက်ရော သူ့တွင်ပါသည့်အငန်နှင့် အိုးထဲကအငန်ပေါင်းမိသွား၏။ ဆားလေးသွား၏။ သို့သော် စားရအလွန်ကောင်းသဖြင့် နှစ်ယောက်သား ဗိုက်လေးသည်အထိ စားပစ်လိုက်ကြ၏။ စားပြီး သိတ်မကြာလိုက် ဆားသတ္တိကပြလာ၏။ အာခြောက်လာ၏ ရေငတ်လာ၏။

ဒါနှင့် အပြင်ထွက်ရအောင်ကွာ တနေရာရာမှာ တခုခုသောက်ကြတာပေါ့ဆိုတော့ ဇနီးက သူ စာကြည့်တိုက်ကြီးသွားချင်သည် ငှားထားသည့်စာအုပ်တွေပြန်အပ်ချင်သည် ထပ်လည်းငှားချင်သည်ဆို၏။ ဒါဆိုလည်း စာကြည့်တိုက်အရင်သွားမယ်လေ၊ ပြီးရင် Smoothy သွားသောက်ကြတာပေါ့ဟုပြောရင်း ကျနော်က ဒီနေ့ ဖို့တ်ဝိန်းမှာ ဘာပွဲများ ဘယ်နေရာများရှိမလဲဟု အွန်လိုင်းတက်ကြည့်၏။ ဖို့တ်ဝိန်းအနုပညာပြတိုက်တွင် ညနေ ၅ နာရီမှ ၈ နာရီအထိ Day of the Dead ပြပွဲရှိသည်။ ဒါ့အပြင် ဖန်ထည်အနုပညာပြခန်းလည်း ဖွင့်ပေးထားမည်။ မည်သူမဆို အခမဲ့ဝင်ခွင့်ပြုသည်ဆိုသည်ကို သွားတွေ့၏။ ဟေ့ စာကြည့်တိုက်အရင်သွား၊ ပြီးရင် အအေးသွားသောက်၊ ပြီးတော့ Fort Wayne Museum of Art သွားကြရင်ဘယ့်နှယ်လဲဆိုတော့ ကောင်းတယ်ပြီး နှစ်ယောက်သားထွက်ခဲ့၏။

စာကြည့်တိုက်ရောက်မှ မြန်မာစာအုပ်တွေထားတဲ့ဘက် ဝင်ကြည့်ဦးမယ်ဆိုတော့ ဇနီးက ဒါဆို နင် အဲ့သွားလေ ငါက ငါငှားမယ့်စာအုပ်တန်းဘက်သွားမယ်ဆိုကာ ထွက်သွား၏။ ခုတလော ဇနီးသည်က ဗုဒ္ဓစာပေတွေကို အတော်လေး စိုက်လိုက်မတ်တပ်ဖတ်နေ လေ့လာနေ၏။ စာကြည့်တိုက်ကြီးသွားသွားပြီး ဖတ်လိုသည့်ဗုဒ္ဓစာအုပ်များ တပုံကြီး ငှားငှားလာသလို၊ အွန်လိုင်းတွင်ရော တီဗီချယ်နယ်လ်များတွင်ရော ဗုဒ္ဓစာပေများ ကျမ်းများ စာတမ်းများ မှတ်တမ်းမှတ်ရာများ သမိုင်းနောက်ခံကားများ စသည်တို့ကို အချိန်ပေးပြီး ဖတ်၏ မှတ်၏ လေ့လာ၏ ကြည့်၏ နားထောင်၏။ သူ မရှင်းသည်များကို ကျနော်နှင့် ပြောဖြစ်ဆိုဖြစ်ဆွေးနွေးဖြစ်၏။ တခါတလေတော့ ချေချေတင်တင် ဖြစ်သည်အထိ။ ခုလည်း သူ သွားငှားမည်ဆိုသည့်စာအုပ်များမှာ ဗုဒ္ဓစာပေများချည်း ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲ။

ကျနော် မြန်မာစာအုပ်များထားသည့်နေရာရောက်တော့ စာအုပ်အရေအတွက်က အရင်ကလောက်ပင်ရှိမည်ထင်၏။ ဤနေရာသို့ ကျနော် နောက်ဆုံးရောက်ခဲ့သည်မှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က။ စာရေးဆရာတယောက် လာလည်တော့ လိုက်ပို့ရင်းရောက်ခဲ့တာဖြစ်၏။ သည့်နောက် မရောက်တော့။ မရောက်ရသည်ကလည်း ကျနော် ဖတ်ချင့်သည့်စာအုပ်အမျိုးအစားက အားနည်းလှသဖြင့်ဖြစ်၏။ ဒီနေ့တော့ စိတ်ကူးပေါက်သဖြင့် ခြေဦးလှည့်ကြည့်ခြင်းသဘောလောက်သာ။ ကိုယ်ဖတ်ချင်မည့်စာအုပ်မျိုး ရတန်ကောင်းစေဆိုသည့်အတွေး အလျဉ်းမပါခဲ့။

စာအုပ်ထားသည့်နေရာရောက်တော့ စာအုပ်အနှောင့်တွေလိုက်ကြည့်ရင်း သုမောင်၏ ဝတ္တုတို ၁ဝဝ ကိုသွားတွေ့၏။ မဖတ်ဖူးသည့်စာ။ အထဲတွင်ပါမည့် အပုဒ်တွေထဲတွင် ကိုယ်ဖတ်ဖူးပြီးသားတွေ ပါမည်မှန်းသိသော်လည်း ခုလို တစုတစည်းတည်းဖတ်ရလိမ့်မည်ဟု တခါမှ မတွေးမိစဖူး။ ဝမ်းသာသွား၏။ ဒါနှင့် နောက်တတန်းလိုက်ကြည့်တော့ ကျန်းမာရေးပညာပေးစာအုပ် လေးငါးအုပ်ကြားတွင် နေဝင်းမြင့်၏ အာရှတိုက်ယွန်းပေါင်ပုရပိုက် ဝထ္တုတိုများကိုတွေ့၏။ ဖတ်ဖူးဖို့ဝေးစွ ကြားပင်မကြားဖူးသေးသည့် ဝတ္ထုတိုများစာအုပ်။ ဒါနှင့် သည်တအုပ်လည်း ဆွဲချလိုက်၏။ ဆက်ပြီး မျက်စေ့ကစားရင်း ညီတော်အာနန္ဒာ၏တသက်တာမှတ်တမ်း ၂ အုပ်အကြားတွင် သိန်းဖေမြင့်၏ သူတို့ခေတ် သူတို့အတိတ် သူတို့အရိပ်စာအုပ်သွားတွေ့၏။ သည်စာအုပ်က ဖတ်ပြီးသား။ ဖတ်ပြီးသားမှ ၂ ကြိမ်တိုင်တိုင်ဖတ်ပြီးသား။ ဟိုတလောက အကြောင်းအရာတခုရေးရင်း ထိုစာအုပ်ကို ပြန်သတိရကာ ပြန်ဖတ်ချင်၏။
သို့သော် ကျနော့်တွင်မရှိတော့ချေ။ လူ တယောက်ငှားသွားပြီး အစပျောက်သွားသည့်စာအုပ်။ ထိုတုန်းက နှမျောလည်းနှမျောမိ စိတ်လည်းတိုမိ၏။ ထိုသူ့ကိုလည်း နောင် ဘာစာအုပ်မှ မငှားတော့။ သူလည်း ကျနော့် အတွေ့မခံတော့။ စာတအုပ်ဖြင့် ရှင်ခန်းလိုလိုပြတ်နေကြ၏။ ထားပါတော့ ခု ဒီစာအုပ်ကို ဆိုက်ဆိုက်မြိုက်မြိုက်လာတွေ့၏။ စိတ်ထဲလည်း ကြည်နူးသွား၏။ တခြားလည်း ဖတ်ချင်တာလေးတွေ တွေ့သေး၏။ သို့သော် ထပ်မယူတော့။ တခြားသူတွေ ဖတ်ဖို့လည်း မျှချန်ထားရဦးမည်ဟုတွေးမိသောကြောင့်ပင်။ စာအုပ်က နည်းသည်မဟုတ်လား။ ကိုယ့်ဆီ လာပုံနေလျှင် ကျန်သူတွေ နစ်နာလိမ့်မည်။ ခု ဒီ ၃ အုပ်ကို ၇ ရက်စာ ငှားသွားမည်။ ၇ ရက်နှင့် ဖတ်မကုန်ရင် အွန်လိုင်းကနေ ရက်ထပ်တိုးမည်။ ပြီးမှ အခြားဖတ်ချင်သည့်စာအုပ်လေးများ ပြန်လာငှားမည်ဟု စိတ်တွင်တေးထားလိုက်၏။

ကျနော် စာအုပ်တွေရွေးပြီး ကြမ်းပေါ် စိမ်ပြေနပြေဖင်ချထိုင်ကာ စာမြည်းနေတုန်း ဇနီးက စာအုပ်တပွေ့နှင့်ပြန်ရောက်လာ၏။ ကျနော့်ကို ကြည့်ရင်း ရယ်ရယ်မောမောဖြင့် နင့်ကြည့်ရတာ နင့်ရုပ်ရှင်ကားထဲက ဒီရောက်ကာစ စာကြည့်တိုက်မှာ စာအုပ်စင်တွေကြားကအခန်းထဲကအတိုင်းပဲဟု ပြော၏။ ကျနော်က ဒီ စာကြည့်တိုက်ပဲလေ။ ဒါပေမယ့် ဒီနေရာတော့မဟုတ်ဘူး။ နောက်ပြီး အဲ့တုန်းက ငါ ဆွဲထုတ်လိုက်တဲ့စာအုပ်က ဘာထရန်ရပ်ဆဲလ်စာအုပ်မှတ်တယ်ဟုပြောတော့ သူက ဟုတ်တယ်ဟုတ်တယ်ဟုဆိုကာ ပြုံး၏။ သို့နှင့် စာအုပ် ၃ အုပ် ငှားလာဖြစ်၏။
နောက်တော့ အအေးဆိုင်သွားကာ အအေးတခွက်စီသောက်ကြ၏။ ၅ နာရီမထိုးခင်လေးမှာ အအေးဆိုင်မျထကာ မြူဇီယမ်ဘက်သွားကြ၏။ ပြပွဲကား သိတ်မစည်လှ သို့သော် ငြိမ်ငြိမ်ဆိတ်ဆိတ်နှင့် ကြည်မွေ့ဖွယ်ပင်။ ဓာတ်ပုံလေး သုံးလေးပုံရိုက်ခဲ့၏။ နောက်တော့ သည်အကြောင်းလေးတွေ ပြောဦးမည်တွေး၏။

ခုတော့ ခု ညတော့ နေဝင်းမြင့်၏ အာရှတိုက်ယွန်းပေါင်ပုရပိုက်ဝတ္ထုတိုများ ဖတ်တော့မည္ပြင်၏။ (ဒီစက်နဲ့ စာရိုက်ရတာ အဆင်မပြေပါ အကျအပေါက်တွေ နောက်တော့ ပြန်ပြင်ပေးပါ့မယ်။ ခုတော့ သည်းခံခွင့်လွှတ်ကြပါ)
မျိုးမြင့်ချို
ဇန္နဝါရီ ၉၊ ၂ဝ၁၉

Sunday, December 29, 2019

(စစ်ကို စစ်လိုပဲဖြစ်လို့ရတယ်)

0 comments
(စစ်ကို စစ်လိုပဲဖြစ်လို့ရတယ်)
ရခိုင်တပြည်လုံး စစ်ဖြစ်နေတာမဟုတ်ဘူး။ ဒါပေမယ့် ရခိုင်ပြည်မှာ စစ်ဖြစ်နေတယ်၊ စစ်ဖြစ်နေတဲ့နေရာမှာ လက်နက်မဲ့မဲ့ မမဲ့မဲ့ အစိုးရထောက်ခံတယ်သွားလုပ်ရင် ဟိုဘက်ကအရေးယူမှာပဲ။ အဲ့သလိုပဲ လက်နက်မဲ့မဲ့ မမဲ့မဲ့ တဘက်အင်အားစုကို ထောက်ခံရင်လည်း စစ်တပ်ကအရေးယူမှာပဲ။ ဒီလို အရေးယူနေကြတာတွေလည်း တပြည်လုံးမျက်မြင်ကိုယ်တွေ့ပဲ။ ဒီနေရာမှာ ကလေး လူကြီး မိန်းမ ယောက်ျား ပါတီ ကောင်စီ စတာတွေနဲ့ မဆိုင်ဘူး။
ဒီတော့ ဘယ်ဘက်ကကြည့်ကြည့် လက်နက်မဲ့တယ်ဆိုတိုင်း လက်နက်မဲ့တိုင်း အပြစ်မမဲ့ဘူး။ ပြည်တွင်း နှစ် ၇ ဆယ်ကျော် ကာလတလျှောက်လုံး လက်နက်မဲ့ Under Cover ထောက်လှမ်းရေးတွေ၊ သတင်းပေးတွေ၊ လက်ထောက်ချတွေကြောင့် မိသားစုလိုက် သေကြကြေကြ ဘဝပျက်ကြရသူတွေ အများကြီးပဲ။ အညိုရောင်နယ်မြေတွေမှာ နှစ်ဘက်လုံက လူမွေးကြရတာ ချည်းပဲ။
မွေးကြတာချင်းအတူတူ စစ်တပ်က ပိုမွေးနိုင်တယ်။ ငွေကြေး ရိက္ခာအပြင် တခြားအခွင့်အရေးတွေလည်း ပိုပေးနိုင်တယ်။ အညိုရောင်နယ်မြေတွေက လူမျိုးစုအမျိုးသမီးတွေနဲ့ အိမ်ထောင်ကျပြီး အဲ့ဒေသတွေမှာအခြေချနေကြတဲ့ စစ်ထွက်တွေရဲ့ ရာခိုင်နှုန်းအများစုဟာ စိတ်ပါလက်ပါဖြစ်စေ မလွဲသာလို့ဖြစ်စေ စစ်တပ်သတင်းပေးလုပ်နေကြတာ ချည်းပဲ။ ဒါ ကိုယ်တွေ့မို့ ပြောတာ။ မမှန်ဘူးထင်ရင် အချက်အလက်နဲ့ ပြန်ငြင်းလို့ရပါတယ်။
အဲ့သလို မွေးထားတဲ့လူတွေ မိရင် ဟိုဘက်က ဘာလုပ်တယ်မလုပ်ဘူးကို အတိအကျမပြောနိုင်ပေမယ့် စစ်တပ်က ဘာလုပ်တယ်ဆိုတာလည်း ကိုယ်တိုင် မြင်ခဲ့တွေ့ခဲ့တယ်။ စစ်ရင်း လက်လွန်လို့ဆိုပြီး သတ်ပစ်တယ်။ မသေရင်လည်း ပြည်မအထိပို့ပြီး ပုဒ်မ ၁၇/၁၊ ၁၇/၂ တွေနဲ့ထောင်ချတယ်။ ထောင်ထဲမှာ နှိပ်စက်ညှဉ်းပမ်းတယ်။ ထောင်ဝင်စာမရှိဘူး။ မိသားစု လာမတွေ့နိုင်ဘူး။ ထောင်အစားအသောက် အလွန်ဆင်းရဲတယ်။ ဆေးဝါးကုသမှု မဖြစ်စလောက်သာရှိတယ်။ ကုမပေးပဲ တမင်ပစ်ထားပြီး သေခါနီးမှ ထောင်ဆေးရုံတင်တာ အပြင်ဆေးရုံထုတ်တာတွေရှိတယ်။
ပြည်မက နံမည်ကြီး နိုင်ငံရေးသမားတွေကိုတောင် အဲ့သလိုလုပ်တာ။ ဟိုး တောထဲက ဖမ်းလာတဲ့ အားလုံးနဲ့ အဆက်အသွယ်ပြတ်နေတဲ့ လူမသိသူမသိ နံမည်မရှိဘာမရှိ အညတြ တော်လှန်ရေးသမားတွေ၊ သူတို့ကို ကူညီထောက်ခံသူတွေဆို တွေးသာ ကြည့်ပေတော့။ ထောင်ထဲမှာ သေကုန်တဲ့ မတရားသင်းဝင်တွေ မတရားသင်းဆက်သွယ်မှုတွေ အများကြီးပဲ။
ဟိုဘက်က လူတွေမှာ ထောင်မရှိဘူး။ အကြာကြီးဖမ်းထားပြီး တရိရိညှဉ်းပြီးသေအောင် လုပ်လို့မရဘူး။ ဒီတော့ သတ်ရင်သတ် မသတ်ရင် နောင်ကျဉ်အောင်လုပ်ပြီး ပြန်လွှတ်ရင်လွှတ် ဒါပဲလုပ်ဖို့ရှိလိမ့်မယ်။
သုံ့ပန်းပေါ်လစီကတော့ ဖြစ်နေတဲ့ဘက်တိုင်းမှာရှိမှာပဲ။ ဘယ့်လောက်ကျင့်သုံးမသုံး ဘယ်လိုကျင့်သုံး မသုံးပဲ စကားပြောတာ။
ခုရခိုင်စစ်မှာဖြစ်နေတာက တခြားစစ်တွေမှာဖြစ်နေတာနဲ့ ဘာမှမခြားနားဘူး။ သူ့ဘက်ကိုယ့်ဘက်၊ သူ့လူကိုယ့်လူ၊ သူ့အလုပ်အကျွေးပြုသူ၊ ကိုယ့်အလုပ်အကျွေးပြုသူတွေရှိတာပဲ။ ရှိတော့ မိတာပဲ။ မိတော့ အရေးယူတာမျိုးပဲ။ အရပ်သားမို့လို့ စစ်ထွက်မို့လို့အမတ်မို့လို့ ပါတီမို့လို့ ကောင်စီမို့လို့တွေနဲ့ တွေးပြီးလုပ်နေကြတာ ဖြစ်နေကြတာမဟုတ်ဘူး။ စစ်ဖြစ်နေလို့ စစ်ကာလကိစ္စဖြေရှင်းနေကြတာပဲ။
စစ်ကို ဥပဒေနဲ့အညီတိုက်လို့ရကြေးသာဆို စစ်ဟာတိုက်နေစရာကို မလိုဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ဥပဒေသာ တကယ် တည်တည်တန့်တန့်ရှိနေရင် စစ်ဆိုတာရှိနေစရာမှမလိုတာ။ စစ်ဥပဒေတွေဆိုတာ စစ်ဖြစ်ပြီးမှ ထွက်လာတာ ချည်းပဲ။
စစ်က ရခိုင်မှာမှမဟုတ်ဘူး ကမ္ဘာပေါ်က ဘယ်နေရာမှ မပြီးသေးဘူး။ ပထမကမ္ဘာစစ်ကြီးကို စစ်တွေကို အပြီးသတ်မယ့်စစ်ကြီးဆိုပြီး တိုက်ခဲ့ကြတယ်။ ဘယ်နှနှစ်မှ မကြာလိုက်ဘူး သူ့ထက်ပိုကြီးတဲ့ နောက်စစ်ကြီးတပွဲ ထပ်ဖြစ်တာပဲမဟုတ်လား။ စစ်ဆိုတာ စစ်လိုပဲဖြစ်လို့ရပါတယ်။ စစ်လိုပဲ ဖြစ်ကြပါတယ်။
ဗမာပြည်မှာ စစ်ရှိနေတယ်။ နှစ် ခွန်နှစ်ဆယ်ကျော်ပြီ။ စစ်ကိုဖန်တီးနိုင် ဒါမှမဟုတ် ရပ်စဲနိုင်တာဟာ အားအကြီးဆုံးဖြစ်သူရဲ့ လက်ထဲမှာသာရှိတယ်။ ဗမာပြည်မှာ စစ်အုပ်စုဟာ အားအကြီးဆုံးဖြစ်တယ်။ သူ့ဘက်ကသာ တကယ့်သဘောရိုးနဲ့စစ်ရပ်ဖို့ ကမ်းလှမ်းကြည့် ဘယ်သူမှ ချန်မနေခဲ့ဘူး။ ခု စစ်မရပ်ချင်တာက ပြည်တွင်းစစ်နဲ့ကြီးပွားနေတဲ့ စစ်အုပ်စုဖြစ်တယ်။ အပစ်မရပ်ချင်တာက စစ်အုပ်စုဖြစ်တယ်။ လူတယောက် သတ်လိုက်တိုင်း၊ ကျည်တတောင့်ပစ်လိုက်တိုင်း၊ အမြောက်တချက် ထုလိုက်တိုင်း၊ ဗုံးတလုံး ကြဲလိုက်တိုင်း၊ တိုက်လေယဉ်တစီးဝယ်လိုက်တိုင်း သူတို့ ဘဏ်စာရင်းထဲ ဒေါ်လာငွေတွေ ဟောကနဲဟောကနဲဝင်နေတာက စစ်ဗိုလ်ချုပ်ကြီးတွေပဲ။
ကျနော်တို့ဟာ ဗမာပြည် ပြည်တွင်းစစ်ကို တည့်တည့်ကြည့်ပြီး လက်သည်အစစ်ကို ရှင်းရှင်းမြင်ဖို့ပါပဲ။ ခုလို တယောက်ယောက်ကို တဘက်ဘက်ကဖမ်းပြီး တခုခုလုပ်လိုက်တိုင်းသာ လိုက်ဆန့်ကျင်နေရရင် ဆန်စင်ရာကျည်ပွေ့လိုက်လို့ဆုံးမှာ မဟုတ်ဘူး။ နောက်ပြီး တကယ့်လက်သည် တရားခံဖြစ်တဲ့စစ်အုပ်စုနဲ့ တဘက်အင်အားစုတွေကြား ကိုယ်ကပါဝင်ပြီး ကြေးတန်းတိုက်ပေးရင်း ပြည်တွင်းစစ်လက်သည်အစစ်ကို ကူဖျောက်ဖျက်ပေးရာသာ ရောက်လိမ့်မယ်။ အဲ့သလိုလုပ်တာသာ အဖတ်တင်လိမ့်မယ်။ ကိစ္စက နင်တန်နင်တန် ပန်းကန်ကွဲ ကိစ္စတောင်မဟုတ်ဘူး။
စိတ်လိုက်မန်ပါပြောသလိုဖြစ်လို့ စကားတွေတင်းနေ ထောင့်နေ လေသံတွေမာနေတာကို သည်းခံကြပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
မျိုးမြင့်ချို

Friday, December 27, 2019

ကျွန်တော်တွေးမိသလို ရေးပါမည် (၃၈၇) မောင်အောင်မွန် (ဝင်းအောင်ကြီး)

0 comments
ကျွန်တော်တွေးမိသလို ရေးပါမည် (၃၈၇)မောင်အောင်မွန် (ဝင်းအောင်ကြီး)
( ၅ ရက်ကျော်အချိန်ယူ ရေးသားထားသည်ကို ၅ မိနစ်လောက် အချိန်ပေးဖတ်ကြည့်ပြီးမှ စာဖတ်သူ၏ ကွန်မင့်ရေးရန် မေတ္တာရပ်ခံပါသည်)
Christmas နှင့်ကျွန်တော်
(၁)
ကျွန်တော်သည် ဘာသာရေးကိုင်းရှိုင်းသော အစဉ်အလာကို လေးစားသော မိဖနှစ်ပါးမှ မွေားဖွားသည့် ဆင်းရဲသား တောသားဖြစ်ပါသည်။ ကျွန်တော်တို့ရွာတွင် လူမျိုးမတူ ဘာသာကွဲပြားကြသူချင်း အေးချမ်းစွာ အတူနေထိုင်ကြ၏။ ကျွန်တော့်ကလေးဘဝ ရွာတွင် ခရစ်ယာန်ဘာသာဝင် ရယ်လို့ရှိမရှိ အတိအကျမသိခဲ့ပါ။
(၂)
ပြည်တွင်းစစ်ကြောင့် ၁၉၄၉ ခုတွင် ပဲခူးသို့ကျွန်တော်တို့ မိသားစုထွက်ပြေးလာခဲ့ကြရသည်။
အေဘီအမ်ကျောင်း ( American Baptist Mission School) တွင်နေရ၏။ ကျောင်းကြီးကို
အမြောက်တပ်ကသိမ်း စစ်သားများနေထိုင်နေကြ၍ တဲထိုးကာစာသင်ကြရသည်။ အတန်းပိုင်ဆရာမ ဒေါ်ထွန်းရင်သည် ကရင်အမျိုးသမီးကြီး၊ ကျွန်တော့အမေလိုခပ်ဝဝမို့ချစ်၏။ မနက်တိုင်း ဝတ်ပြုဆုတောင်း၏။ မှတ်မိသလောက်” အို--အဘဘုရားသခင်၊ ဤအတန်းထဲရှိ ကိုယ်တော်၏ သားသမီးငယ်များအား လိမ္မာသူများ ဖြစ်စေတော်မူပါ၊ သင်ကြားပို့ချသော သင်ခန်းစာများကိုလည်း လွယ်ကူစွာတတ်မြောက်၊မှတ်မိနိုင်သူများဖြစ်ရေး ကိုယ်တော်စောင့်ရှောက်တော်မူပါ-- “ စသဖြင့် ဆုံးသွားလျှင် ခေါင်းငုံ့နေကြသော အတန်းသားများက အားမင်း ဟုဆိုကြရ၏။
ရွာစာသင်ကျောင်းတုန်းက သြကာသ--ကြကာသ ကာယကံ ၀စီကံ--စသဖြင့် မနက်တိုင်းဘုရားရှိခိုး ခဲ့ရသလိုပါပဲ။ ထို့နောက် ကျောင်းစာများကိုသာလျှင် ဆက်သင်သွားသည်။ သာသနာပြုကျောင်းဆိုသော်လည်း ခရစ်ယာန် ဘာသာအကြောင်း မသင်မပို့ချပါ။ ပြောဆိုခြင်းလည်းမပြုပါ။
ကျောင်းနှင့်ကပ်လျက် တစ်လမ်းခြား၌ Baptist Church ခေါ် ဘုရားရှိခိုးကျောင်းရှိသည်။
Sunday School ဟုခေါ်ကြသည့် တနင်္ဂနွေနေ့ ဘာသာရေးသင်တန်းကမူ စိတ်ဝင်စားသော ခရစ်ယာန်ကျောင်းသား များပင်လျှင် တက်ချင်မှတက်၏။ ကျောင်းပိတ်ရက်မို့ လာသူသိပ်မရှိလှပါ။ ကျွန်တော်ကမူ သိချင်၍ မကြာခဏရောက်သွားတတ်သည်။
ယေရှုခရာစ်တော် မွေးဖွားတော်မူသော ဒီဇင်ဘာလ(၂၅) ရက်နေ့ကို Christmas နေ့ဟုခေါ်ပုံအစချီ၍ ပြောပြသည်ကို စိတ်ဝင်စားစွာသိလိုက်ရ၏။ ရောင်စုံ Post Card လှလှလေးလည်းရခဲ့၏။ ခပ်လှမ်းလှမ်းတွင် Chinese Methodist Church ရှိ၏။ ဖြတ်သွား ဖြတ်လာ၊ အထဲသို့မူ မရောက်ဖူးပါ။
Christmas ကိုတော့ သိခဲ့ကြားဖူးခဲ့လေပြီ။
(၃)
၁၉၅၃ ခုနှစ်တွင် ကျွန်တော် ရန်ကုန်တက္ကသိုလ်ရောက်သည်။
ကမ္ဘာသစ်တစ်ခုသို့ ရောက်သွားသည့်အလား တောသားကျွန်တော့်အဖို့ အသစ်အဆန်းတွေ တွေ့မြင်လိုက်ရလေပြီ။ ဦးစွားသတိထားမိသည်ကား လူမျိုးကသပ်သပ် ဘာသာကသီးခြားဆိုသည့် အချက်ပါ။ ဗုဒ္ဓဘာသာဝင်များအနက် ဗမာများသာမက မွန်၊ ရခိုင်၊ ရှမ်း၊ ပအို့ဝ်စသဖြင့်၊ အလားတူ အစ္စလမ်ဘာသာဝင်တွေထဲ၌လည်း တရုတ်နွှယ်တွေ၊ ရှမ်းတွေ၊ မြိတ်ဘက်ကပသျှူးနွှယ်တွေ၊ ရခိုင်တွေ--။
ခရစ်ယာန်တွေထဲမှာလည်း ကျွန်တော်သိထားသည့် Baptist, Methodist အပြင် Catholic, Anglican စသဖြင့် မျိုးမျိုးရှိပြန်ရော၊ အံ့ကိုသြ။ သို့သော်လည်း သူတို့အားလုံး Christmas နေ့ကျင်းပကြသည်။ အကြိုည၌ လှည့်လည်၍ ဓမ္မတေးဆိုကြသည်ကိုလည်း ကြားဖူးမြင်ဖူးလိုက်၏။ သက်ဆိုင်ရာ ဘုရားရှိခိုးကျောင်း (Church) များသို့ သွားရောက်ဝတ်ပြုကာ အဓိပ္ပါယ်ရှိ အနှစ်သာရပြည့်ဝစွာ ကျင်းပကြပုံကိုမြင်တွေ့ရသည်။
တက္ကသိုလ်နယ်မြေအတွင်း ပါမောက္ခများကလည်း ဗုဒ္ဒဘာသာ၊ ခရစ်ယာန်၊အစ္စလမ်စသဖြင့် စုံသကိုး။
မောင်မယ်သစ်လွင်နေ့တွင် ပါမောက္ခချုပ် ဒေါက်တာထင်အောင်က တက္ကသိုလ်ကျောင်းသားဟူသည် Gentleman ဆိုသည့် စကားတစ်ခွန်းနှင့်ပင် လိုသည်ထက်ပိုနေပါပြီ။ အားလုံးအေးအတူ ပူအမျှ သဟဇာတရှိရှိ နေထိုင်နေကြပြီမို့ နောက်ထပ် ဟောပြောပွဲ၊ နှီးနှောဖလှယ်ပွဲ ရယ်လို့မလိုတော့ပါ။
ထိုစဉ်က ရန်ကုန်တက္ကသိုလ်၌ ကျင့်သုံးသော ယဉ်ကျေးမှုအဆင့်အတန်း ( Standard of Culture) သည် ကမ္ဘာအဆင့်မီဟု ကျွန်တော်ရဲဝံ့စွာ အာမခံပြောကြားနိုင်၏။
(၄)
၁၉၅၉ ခု၊ အောက်တိုဘာလတွင် ကျွန်တော်မြန်မာ့အသံ၌ အလုပ်ရသည်။
လူမျိုးစုံ အထူးသဖြင့် တိုင်းရင်းသား အစီအစဉ်များနှင့် ဘာသာစုံနှင့် ကြုံရပြန်သည်။ အပြန်အလှန် လေးစားမှု (Mutual Respect) နှင့် ခင်မင်လေးစားစွာ လုပ်ကိုင်ကြသည်ကို ဌာနတိုင်းတွင် တွေ့မြင်နေရ၏။ ခရစ်ယာန်ဘာသာဝင်တို့ Christmasနေ့မြတ်ကို တလေးတစားကျင်းပကြသည်။ပျော်ပွဲရွှင်ပွဲသက်သက်မဟုတ်။
(၁၉၆၅-၆၈) ခုအတွင်း ဆိုဗီယက်ယူနီယံတွင် ဘာသာမဲ့တွေကြား အလုပ်သွားလုပ်ရ၏။ ယုံကြည်သူ ယုံကြည်ရာ လုပ်ဆောင်သည်ကို နောက်ပြောင်စော်ကားခြင်း ကင်းရှင်းစေရန် တိကျပြတ်သားသော ကွန်မြူနစ် ဥပဒေက ကာကွယ်ပေးထား၏။
၁၉၆၀ ခုတွင် မြန်မာပြည်၌ ဖဆပလ နှစ်ခြမ်းကွဲပြီးနောက် တခြမ်းပဲ့က မဲရရေးအတွက် ဘာသာရေးကို အသုံးချရာကနေ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့သစ်ထပ်တိုးလာ၏။ ၁၉၆၂ခုနောက်ပိုင်း နိုင်ငံရေးပြဿနာ ပေါ်လာတိုင်း ဘာသာရေးသည် အသုံးချစရာဖြစ်လာ၏။
နိုင်ငံနှင့်သက်တန်းတူ ပြည်တွင်းစစ်မီး ပိုတောက် ပိုလောင် ပိုသေ ပိုကြေ ပိုပျက် ပိုနာကြသည်။
(၅)
(၁၉၉၂-၉၅) ခုနှစ်များအတွင်း ဘန်ကောက်မြို့၌ ကျွန်တော် အလွတ်သတင်းထောက်လုပ်၏။
ထိုင်းနိုင်ငံတွင် နိုင်ငံပေါင်း(၇၁) နိုင်ငံက စီးပွါးရေးလာလုပ်နေကြ၍၊ ကုလသမဂ္ဂ၏ အေဂျင်စီရုံးခွဲမျာရှိ၍ လူမျိုးစုံ ဘာသာစုံနှင့် ကြုံတွေ့ရပြန်ပြီ။ တစ်ကြိမ်မတော့ ထိုင်ဘုရင်က တရုတ်တန်းက ဘုန်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်းကပ်ပွဲ သွားလုပ်သည်ကို ကျွန်တော်သတင်းရေးဖူး၏။ ဘန်ကောက်ရှိ ဘုရားရှိခိုးကျောင်း (Church) များက မြန်မာကျောင်းသားများအား ပစ္စည်းတွေ ထောက်ပံ့ကူညီနေပုံလည်း မျက်မြင်ကိုယ်တွေ့။
ဘာသာရေး သဟဇာတ မြင့်မားလှပါဘိ။
၁၉၉၅ ခု၊ အောက်တိုဘာလတွင် VOA မြန်မာပိုင်း၌ လုပ်ရ၍ Washington DC သို့ရောက်လာ၏။ ပို၍လူမျိုးစုံလင် ပို၍ဘာသာစုံလင်ဟု ဆိုရမည့်ပြည်ထောင်စုကြီးပါ။ လွတ်လပ်ခွင့်ရှိသော်ငြားလည်း အမုန်းပွါးစေမှု (Hate Crime) ဆိုလျှင် ပြင်းထန်စွာအရေးယူ အပြစ်ပေးသည်။
ကျွန်တော်လာနိုင်ရေး ဘန်ကောက်တွင် လာရောက်ဆွေးနွေး ကူညီသူသည် VOA ၌ East Asia and Pacific ဌာန ဒုတိယအကြီးအကဲပါ။ Christmas လက်ဆောင်အဖြစ် ဂျပန်ယွန်း လက်ဖက်ရည် ပန်းကန်စုံလေး ပေးတော့ သဘောကျလွန်း၍ ဝမ်းသာပျော်မြူးနေ၏။ သို့သော် သိပ်စျေးကြီးပစ္စည်းလော--၊ သူ့အထက်က အကြီးအကဲအား ပြကြည့်ပြီးတော့ US $25. ထက်ကျော်လျှင် လာဘ်ယူသည်ဟု ဥပဒေကတားမြစ်ထား၍ မယူရဲပဲ ပြန်ပေးသည်။
ချောကလက်လေးပဲ ပေးပါဝင်းအောင်ရာဟု ဆိုရှာ၏။
အခြားခင်မင်သော ကျေးဇူးရှင် ခရစ်ယာန်ဘာသာဝင် များစွာရှိသေးသည်။ အလုပ်ခွင်တွင် ပြောနေကျ Merry Christmas ဆိုတာလောက်မကသေးပဲ Christmas Card ပို့တန်ပို့ လက်ဆောင်ပေးသင်လျှင်ပေးရစမြဲ။ VOA မြန်မာပိုင်းမှ ဦးခင်မောင်ဝင်း၏ ဇနီး Bobby Win ဆိုလျှင် အင်မတန်ချစစရာကောင်းသော Irish အနွယ်ဝင် မျက်နှာဖြူမ၊ VOA မှအနာယူပြီးနောက် စားသောက်ဆိုင်များမှ ပိုလျှံ(အကျန်မဟုတ်) အစားအစာများ လိုက်လံယူပြီးနောက် အိုးမဲ့အိမ်မဲ့များအား သူတို့Catholic Church ကအဖွဲ့သားများနှင့် လိုက်ကျွေးနေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။
ဦးခင်မောင်ဝင်းကို ထားရသည့် သက်ကြီးဂေဟာ အနီး၌နေထိုင်သူ Bobby Win ထံ (၂၂) ကြိမ်မြောက် တယ်လီဖုန်းဆက် Merry Christmas ဟု တလေးတစား နှုတ်ခွန်းဆက်ရ၏။ သူ့သားနှင့်ချွေးမ၊ သမီးနှင့်သမက် မြေးများစုပြီး သတိရတစ်ချက် မရတစ်ချက် ဖြစ်နေသူ ဦးခင်မောင်ဝင်းထံ သွားမည်ဟုဆို၏။ တကယ်တော့လည်း Christmas ထုံးစံမှာ မိသားစုပြန်လည် ဆုံစည်းရသည့်ပွဲ မဟုတ်ပါလား။
အမေရိကန် ဂျူးများ၏သြဇာ ကြီးမားသည်နှင့်အညီ နောက်ပိုင်း၌ Merry Christmas အစား Happy Holiday ဟုသုံးလာကြရသည်။
(၆)
မြန်မာပြည်တွင်လည်း မကြုံစဖူး ဧရာမ Christmas ပွဲကြီး Face Book ကနေမြင်လိုက်ရ၏။
ပျော်ပွဲ ရွှင်ပွဲ မီးထွန်းပွဲကြီးပမာ-- Christmas Tree တွေတသီတတန်းကြီး။ Pope ရဟန်းမင်းကြီး ကိုယ်တိုင်လည်း မြန်မာပြည်သို့ ကြွခဲ့သေးသကိုး၊ မြန်မာပြည်ရှိ ကက်သလစ်တို့ ဝမ်းသာလိုက်မည့်ဖြစ်ခြင်း။ သို့သော်လည်း ထို့သို့ကြွမလာမီ ပုဂ္ဂိုလ်တစ်ဦးက Pope ရဟန်းမင်းကြီးလိုဝတ်ကာ မိန်းကလေးနှဖူးကို လက်နှင့်ထိပြီး ပျော်ပွဲရွှင်ပွဲ လုပ်ထားပုံလည်း ထပ်တလဲလဲမြင်တွေ့နေခဲ့ရ၏။
ထိုအဆောင်အယောင်သည် မြန်မာပြည်ရှိ ကက်သလစ်တို့၊ လက်ရှိ Pope ရဟန်းမင်းကြီးပိုင်မဟုတ်၊ ဘီလျံနှင့်ချီရှိသော ကက်သလစ်တို့၏ အထွပ်အမြတ်ထားရာ ဆိုသည်ကိုမမေ့အပ်။ ယခု Christmas ပွဲကြီး ကျင်းပချိန်၌လည်း ကက်သလစ်အပါအဝင် ခရစ်ယာန်အားလုံး၏ ဘုရားသခင်ယေရှုအား နောက်လိုက် ပြောင်လိုက် လုပ်နေကြ၏။
(၇)
ဘာသာရေးဟူသည် လူတွေကို အနည်းနှင့်အများ ဆိုသလိုယဉ်ကျေးစေသည် မဟုတ်ပါလား။
မိမိ၏ ဘာသာကို တန်ဖိုးထားသလို သူတပါး၏ဘာသာကိုလည်း လေးစားရခြင်းသည်လူ့ကျင့်ဝတ်။ ဘာသာရေးသည် Sensitive ဖြစ်၏။ ပဋိပက္ခဖြစ်ရန် အင်မတန်လွယ်ကူ၏။ လွတ်လပ်ခွင့်အကြောင်းပြကာ သူတပါးဘာသာကို ပျော်ပျော်ပါးပါး စော်ကားရာကနေ မကြာသေးမီနှစ်များအတွင်း လူတွေသေကြ၊ အဖိုးတန် ရှေးဟောင်း သမိုင်းဝင် အဆောကအအုံတွေ ပျက်စီးနေရာ အဆုံးမသတ်နိုင်သေးမဟုတ်လား။
ကျွန်တော်သည် ခရစ်ယာန်ဘာသာဝင် မဟုတ်ပါ။
Christmas Party လည်းမတက်ဖူးပါ။ ဒီအချိန်ရောက်လာလျှင် သူတို့နည်းတူ ပျော်လာ၏။ ခရစ်ယာန်ဘာသာဝင် အားလုံးကိုလည်း ပျော်စေချင်၏။ ဓမ္မတေးများ ဆိုကြစေချင်၏။ Christmas လက်ဆောင်များလည်း ရကြစေချင်၏။
ယနေ့မြန်မာပြည်က Christmas ပျော်ပွဲရွှင်ပွဲနှင့် ထိုနေ့ကသတင်းကို နားထောင်ရင်း လွန်ခဲ့သည့် နှစ်(၇၀)ကျော် ကလေးဘဝက ပထမဆုံးသိခဲ့ရသည့် ယေရှုခရစ်တော် မွေးဖွားပုံကို ပြန်လည်တွေးမိကြောင်းပါ။
၂၀၁၇ ခု၊ဒီဇင်ဘာလ(၂၅) ရက်နေ့ကရေးခဲ့ခြင်းပါ။
၂၀၁၈ ခု၊ ဒီဇင်ဘာလ (၂၅) ရက်။

Monday, December 23, 2019

(သူတော်ချင်းချင်း)

0 comments
(သူတော်ချင်းချင်း)
ဆော်ဒီနိုင်ငံသား၊ အမေရိကန်သတင်းဌာနအတွက် အလုပ်လုပ်နေသူ ခါရှော်ဂီ အသတ်ခံရတာ မှတ်မိကြမယ်ထင်ပါတယ်။ သူ အသတ်ခံရတာက တူရကီနိုင်ငံဆိုင်ရာ ဆော်ဒီသံရုံးမှာပါ။ သူက ဆော်ဒီနိုင်ငံသားဖြစ်နေတာ့ သူ့အိမ်ထောင်ရေးအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေ ဆော်ဒီသံရုံးမှာ သွားယူရင်း အဖြောင်ခံလိုက်ရတာပါ။ လက်စတုံးလိုက်ပြီးတဲ့နောက် အလောင်းကို တစစီခုတ်ထစ်ပြီး ဖျောက်ဖျက်ပစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲ့ဒီရာဇဝတ်မှူမှာ ဆော်ဒီအိမ်ရှေ့မင်းသားက အဓိက စီစဉ်သူအဖြစ်ပါဝင်တယ်လို့ စွပ်စွဲကြတာရှိပါတယ်။ အကြောင်းက သတင်းထောက် ခါရှော်ဂီက ဆော်ဒီ တော်ဝင်မိသားစုအတွင်းရေးတွေ၊ ဆော်ဒီအစိုးရရဲ့ပေါ်လစီတွေ နိုင်ငံရေးတွေကို ပြင်းပြင်းထန်ထန် ဝေဘန်ရေးသား ဖော်ထုတ်ဖွင့်ချနေလို့ လို့ဆိုပါတယ်။
ဒီအချိန်မတိုင်ခင်လေးကပဲ(ထရမ့်တက်လာပြီးနောက်ပိုင်း တလျှောက်လုံး)ဆော်ဒီက အမေရိကန်ဆီကနေ ဒေါ်လာ ဘီလီယံ တရာဖိုးလောက် စစ်လက်နက်ပစ္စည်းတွေ ဝယ်လိုက်တာပါ။ ဒီ့မတိုင်ခင်ကလည်း အမြောက်အမြားဝယ်ခဲ့သလို နောင်လည်း တပုံကြီးဝယ်ဖို့ ကန်ထရိုက်တွေချထားတာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာရပ်ကမ္ဘာမှာ အမေရိကန်စစ်လက်နက်ပစ္စည်း ဝယ်လက်အကြီးဆုံးက ဆော်ဒီနဲ့အစ္စရေးလ်မဟုတ်လား။ ဒီတော့ ထရမ့်က ဆော်ဒီနဲ့ဆက်ဆံရေး ကောင်းသထက်ကောင်းအောင် လုပ်ထားချင်တယ်။
ဆော်ဒီဟာ အမေရိကန်အတွက် စစ်ရေး နိုင်ငံရေးမဟာမိတ်ဖြစ်တဲ့အပြင် ရေနံစျေးကစားဖို့ ထိန်းချုပ်ဖို့လည်း အခရာကျပါတယ်။ ဆော်ဒီကိုင်ပြီး အာရပ်နိုင်ငံတွေကို တဘက်လှည့်နဲ့ထိန်းရင်း ဆော်ဒီ-အစ္စရေးနိုင်ငံရေးမဟာမိတ် မဖြစ်ဖြစ်အောင်လည်း နည်းလမ်းစုံအကျပ်ကိုင်ပြီး ဂွင်ထဲသွင်းထားတာပါ။ ဆိုတော့ အမေရိကန်အတွက် ဆော်ဒီဟာ အရေးကြီးတယ်။ ဆော်ဒီနဲ့ မိတ်ပျက်မယ့်ကိစ္စ မျက်နှာပျက်ရမယ့်ကိစ္စမှန်သမျှ အမေရိကန်ကရှောင်တယ်။ ဆော်ဒီဘက်က သိတ်လွန်ကျူးကျူးကြီးတွေ သိတ်ဗြောင်ကျလွန်း အားကြီးနေတာမျိုးကြီးတွေရှိတောင် ယူအင်န်အပါအဝင် ကမ္ဘာ့မျက်နှာစာတွေမှာ ထိန်းထိန်းသိမ်းသိမ်းပြောတယ်။ ဖြစ်နိုင်ရင် ရေငုံနှူတ်ပိတ်နေတယ်။ မသိကျိုးကျင်ပြုတယ်။ ဆော်ဒီမှာက အိမ်ရှေ့မင်းကို ထရမ့်က ပိုအရေးပေးတယ်။ မျက်နှာသာပေးတယ်။
အိမ်ရှေ့မင်းကလည်း ရှေးရိုးစွဲအစဉ်အလာတွေကို တဖြည်းဖြည်းဖယ်ရှားနေသလို (အမေရိကန်ခွင့်ပြုတဲ့ အကန့်အသတ်အတွင်းကနေ) သူ့နိုင်ငံကို စစ်ရေးအရေ ခတ်မီရေးတည်ဆောက်နေတယ်။ လူမှုပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှူတွေ လုပ်နေတယ်။ တူရကီဘာတို့လို အမေရိကန်ကို အာခံလာနေတဲ့ မွတ်စလင်မ်နိုင်ငံတွေကိုလည်း အမေရိကန့်နောက်ရပ်ပြီး ဆန့်ကျင်ပေးတယ်။ ဒီတော့ ဆော်ဒီအိမ်ရှေ့မင်းဟာ အမေရိကန် သည်းခြေကြိုက်မင်းသားကြီး ဖြစ်နေတယ်။ ဒါက အမေရိကန်အစိုးရအဆက်ဆက်ရဲ့ ဆော်ဒီဲ့ဆက်ဆံရေး ဆော်ဒီအပေါ်ထားတဲ့ သဘောထား။ အမေရိကန်ပြည်သူတရပ်လုံးသဘောတော့လည်း မဟုတ်ဘူး။ အမေရိကန့်ပါဝါကို ကြိုးကိုင်ထားတဲ့ တနည်းပြောရရင် အမေရိကန်အာဏာကိုကိုင်ထားတဲ့ ဒီမိုကရက်နဲ့ရီပတ်ဘလီကင်န် ၂ ပါတီလုံးက အရင်းရှင်ကြီးတွေရဲ့ သဘောထားလို့ ပြောမှမှန်မယ်။
ထားပါတော့။ ခုကိစ္စပြန်ကောက်ရရင် ခါရှော်ဂီ အဖြောင်ခံရတဲ့ကိစ္စကြီး ဖုံးမနိုင်ဖိမရကြီးလည်း ပေါ်လာရော ထရမ့် အငိုက်မိသွားတယ်။ ဘာလို့လဲဆိုတော့ FBI ကိုယ်တိုင်က ဒီကိစ္စမှာ ဆော်ဒီအိမ်ရှေ့မင်းပါတာတွေကို အထောက်အထားနဲ့တကွကို မီဒီယာတွေနဲ့အစိုးရနဲ့ ထုတ်ပေးလိုက်လို့ပဲ။ ဒီတော့ အငိုက်မိသွားတဲ့ထရမ့် (အမေရိကန်အစိုးရ)ဟာ တရားမျှတမှူအတွက် ဥပဒေဘောင်အတွင်းက တရားမျှတစွာရပ်တည်ပေးရမယ့်စား ဆော်ဒီအိမ်ရှေ့မင်းနဲ့ မသက်ဆိုင်သယောင်ယောင် ပြောလာတယ်။ ကျန်တဲ့သတင်းဌာနတွေကပါ ဝိုင်းပြောြတော့မှ သူပါရင်လည်း ပါနေလိမ့်မယ်၊ ဒီလို သူပါတယ်ဆိုရင်လည်း ဒါအမေရိကန်နဲ့မဆိုင်ဘူး၊ တူရကီနဲ့ ဆော်ဒီနဲ့သာဆိုင်တယ်။ နောက်ပြီး အသတ်ခံရတဲ့ခါရှော်ဂီဟာ အမေရိကန်အတွက်အလုပ် လုပ်တာမျန်ပေမယ့် အမေရိကန်နိုင်ငံသား မဟုတ်ဘူး။ ဒါ့ကြောင့် ဆော်ဒီအိမ်ရှေ့မင်း (တနည်းပြောရရင် ဆော်ဒီအစိုးရ)နဲ့ ဆက်ဆံရေး အထိခိုက်မခံနိုင်ဘူး။ သူတို့ဟာသူတို့ရှင်းကြပေ့စေ အမေရိကန်က လေညှာကအနေသာကြီးဆိုပြီး ပေါက်တဲ့နဖူး မထူးဇာတ်ခင်းပြလိုက်တယ်။ ဒီလိုနဲ့ ဒီသတင်းဟာ ပင်မမီဒီယာကြီးတွေကနေ ကြက်ပျောက်ငှက်ပျောက်ပျောက်သွားတယ်။ လူတွေလည်း မေ့သလောက်ဖြစ်သွားတယ်။
မနေ့ကတော့ ဆော်ဒီအာဏာပိုင်(အစိုးရ)က ခါရှော်ဂီအသတ်ခံရမှူအတွက် တာဝန်ရှိသူတရားခံ ၅ ဦးကို သေဒဏ်ပေးလိုက်တယ်ဆိုပြီး တရားဝင်ထုတ်ပြန်တယ်။ အမေရိကန်မီဒီယာတွေမှာ သူ့ထက်ငါ အလုအယက်ဖော်ပြကြတယ်။ ထမိန်မနိုင်ပုဝါမနိုင် ချီးမွမ်းသူချီးမွမ်းကြတယ်။ အိမ်ဖြူတော်ကလည်း ဒီတရားစီရင်မှူကို နှစ်ခြိုက်သယောင်ယောင်ထင်ရအောင် ခပ်မဆိတ် တိတ်တိတ်နေပေးတယ်။ သမတပါးစပ်က ဘာမျမပြောသေးပေမယ့် ဒီတရားစီရင်မှူကို ကြိုဆိုသယောင်ယောင် ထင်ယောင်ထင်မှား ဖြစ်နိုင်တဲ့စကားတွေကို တချို့နေရာတွေကနေ တဘက်လှည့်နဲ့ ထုတ်ပေးတယ်။ ဟို သေဒဏ်အချခံရတဲ့ ၅ ယောက်က တကယ်ပါခဲ့တာဖြစ်ဦးတောင် တကယ်အကွပ်မျက်ခံရမလား နောက်တော့ ဆော်ဒီဘုရင်မင်းမြတ်၏သနားဂရုဏာတော်ဘာညာတွေ အစိုးရရဲ့လွတ်ငြိမ်းချမ်းသာတွေဘာတွေနဲ့ပဲ လူမသိသူမသိ တိတ်တိတ်လေးလွှတ်လိုက်မလားကတော့ ဘယ်သူမှမပြောတတ်သေးဘူး။ ဆော်ဒီမှာက တချို့အမှူတွေကို သေဒဏ်စီရင်တာကို(ကွပ်မျက်တာကို) လူအများမြင်ကွင်းမှာလုပ်တာတော့ရှိပါတယ်။
ထားပါတော့ ဒါလည်း။ ဒါနဲ့ ဒီမနက် အဲ့ဒီသတင်းကို CBS က သတင်းသုံးသပ်ချက်နဲ့လွှင့်နေတာကို ကျနော်က ထုံးစံအတိုင်း ပေါင်ပေါ်လက်ပ်တော့ပ်တင်ပြီး ထိုင်နားထောင်နေတယ်။ ဇနီးက အကြောဖြေ အကြောလျှော့ လေ့ကျင့်ခန်းလုပ်ရင်း ကြည့်နေတယ်။ သတင်းဆုံးတော့ ကျနော်က ထရမ့်က ဆော်ဒီအိမ်ရှေ့မင်းနဲ့ အလွမ်း မတရားသင့်တော့ ဘာမှတော့ ပြောမယ်မထင်ဘူးနော်။ ဒါပေမယ့် ဒီလိုသတင်း ထွက်လာတော့ သူ့မိတ်ဆွေကြီးအတွက် ကြိတ်တော့ အူမြူးနေမှာပဲ၊ တကယ်တော့ ဆော်ဒီအိမ်ရှေ့မင်းက လူကောင်းမဟုတ်ပါဘူးလို့ လှမ်းပြောမိတယ်။ ဇနီးက သူလည်း(ထရမ့်ကို)လူကောင်းမှ မဟုတ်တာ၊ မကောင်းတဲ့လူမျန်သမှန်နဲ့ အမေရိကန်က တည့်တယ်။ မကောင်းတဲ့လူမှန်သမျှနဲ့ ထရမ့်နဲ့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြတာပဲ ဆိုတဲ့သဘောပြောတော့ ကျနော်လည်း ပြုံးမိတာပါပဲ။
ဒါ ဒီမနက်အတွက်သတင်းပေါ့ဗျာ။
မျိုးမြင့်ချို
ဒီဇင္ဘာ ၂၃၊ ၂ဝ၁၉

Saturday, December 21, 2019

(ရှောင်လို့ရသွားတဲ့ ဂါးဗမင်န့်ရှပ်ဒေါင်း)

0 comments
(ရှောင်လို့ရသွားတဲ့ ဂါးဗမင်န့်ရှပ်ဒေါင်း)
လာမယ့်နှစ်အတွက် ဒီမိုကရက်နဲ့ ရီပတ်ဘလီကင်န် ၂ ပါတီလုံးကသဘောတူပြီး အတည်ပြုထားတဲ့ အစိုးရအသုံးစရိတ်(ဘတ်ဂျက်)က အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ ထရီလီယံဖြစ်ပါတယ်။ သမ္မတက လက်မှတ်ထိုးအတည်ပြုဖို့ တင်ထားပြီးသားပါ။ ဒါကို သမ္မတက လက်မှတ်မထိုးဘဲ တင်းခံနေတာပါ။ အကြောင်းပြချက်က မက္ကဆီကို-အမေရိကန်နယ်စပ်တံတိုင်းခတ်ဖို့ သူတင်တောင်းတဲ့ငွေပဏာမအတိုင်း လွှတ်တော်တွေက ချပေးဖို့ ငြင်းဆန်လို့ပါ။ တံတိုင်းအတွက် သူ တင်တောင်းတာက ဒေါ်လာ ၈ ဒဿမ ၆ ဘီလီယံဖြစ်ပါတယ်။ လွှတ်တော်တွေက ၁ ဒဿမ ၄ ဘီလီယံဒေါ်လာသာ ခွင့်ပြုပါတယ်။ ဒါတောင် အကန့်အသတ်နဲ့ပါ။
သူတောင်းတဲ့အတိုင်း လွှတ်တော်တွေက ခွင့်မပြုလို့ဆိုပြီး ဘတ်ဂျတ်ဥပဒေကို အတည်ပြုလက်မှတ်ထိုးမပေးလို့ အမေရိကပြည်ထောင်စုမှာ သမိုင်းတွင်လောက်အောင်ကြာတဲ့ Government Shutdown (အစိုးရအလုပ်များရပ်ဆိုင်းသွားခြင်း) မနှစ်ကဖြစ်ခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။ ကြားဖြတ်သဘောတူညီချက်တွေနဲ့ အစိုးရ ပြန်လည်ပတ်နေပေမယ့် ဘတ်ဂျတ်ဥပဒေကတော့ သမ္မတလက်မှတ်မထိုးလို့ တိုးလို့တန်းလန်းဖြစ်နေတာပါ။ ဒီအတိုင်းဆို နောက်တကြိမ် ရှပ်ဒေါင်းများဖြစ်လာလိမ့်ဦးမလားလို့ လူတွေစိတ်ထဲ သံသယဝင်နေတုန်းမှာပဲ ထရမ့်က ဘတ်ဂျက်ဥပဒေကို သဘောတူကြောင်း လက်မှတ်ထိုးအတည်ပြုလိုက်ပါတယ်။ လူတွေ အံ့အားတော့မသင့်ကြပါ။
သမ္မတကို အယုံအကြည်မရှိအဆို အောက်လွှတ်တော်တင်ပြီး မဲခွဲဆုံးဖြတ်တာမှာ အရှူံးကြီးရှူံးခဲ့ပြီးပါပြီ။ အထက်လွှတ်တော်တင် မဲခွဲဆုံးဖြတ်ရင် သမ္မတဘက်ကနိုင်နိုင်ခြေရှိတာမှန်ပေမယ့် အောက်လွှတ်တော် သဘာပတိ ဒီမိုကရက်နန်စီပလိုဆီက တင်မပေးသေးပါ။ ဒီကိစ္စကို အထက်လွှတ်တော်က ဘယ်ပုံဘယ်နည်းကိုင်တွယ်ဆောင်ရွက်မယ်ဆိုတာကိုထုတ်ပြန်မှ တင်ပေးဖို့စဉ်းစားမယ်ဆိုပြီး ထစ်ထားလိုက်တာပါ။ ဘယ်သူမှ ထင်မှတ်မထား တွက်မထားတဲ့တိုက်ကွက်မို့ ရီပတ်ဘလီကင်န်တွေ အငိုက်မိသွားတာတော့အမှန်ပါ။
အဲ့ဒီမတိုင်မီအထိ အပေါ်မှာပြောခဲ့တဲ့ အစိုးရအသုံးစရိတ် (ဘတ်ဂျက်)ဥပဒေကို အတည်ပြုလက်မှတ်ထိုးဖို့ သမ္မတက တင်းခံထားတာပါ။ ခုတော့ လိုက်လျောလိုက်ပြီမို့ ဂါးဗမင်န့်ရှပ်ဒေါင်းဖြစ်မယ့်အရေးကို ရှောင်ရှားလိုက်နိုင်ပြီဖြစ်ပါတယ်။ တံတိုင်းခတ်ဖို့ပိုက်ဆံကတော့ သူတောင်းသလောက်မရပဲ လွှတ်တော်တွေကခွင့်ပြုသမျှကို ကျေနပ်လိုက်ရတာပါ။
နီးစပ်တဲ့ရပ်ကွက်တွေက ထွက်တဲ့သတင်းတွေမှာ ဒီဘတ်ဂျက်ကိစ္စကို ရီပတ်ဘလီကင်န်တွေကိုယ်တိုင်က သမ္မတကို အတည်ပြုပေး စေချင်တာဖြစ်ပြီး အတည်မပြုလို့ နောက်တကြိမ် ရှပ်ဒေါင်းထပ်ဖြစ်ရင် ရီပတ်ဘလီကင်န်တွေရဲ့ ဂုဏ်သိက္ခာ ရစရာမရှိအောင်ကျမှာ စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ အယုံအကြည်မရှိအဆို အောက်လွှတ်တော်မှာရှူံးတာနဲ့တင် ပါတီ့ပုံရိပ်အတော်ထိခိုက်နေကြပြီလို့ဆိုပါတယ်။ ဒီအတိုင်းကြီးနဲ့ ဆက်သွားရင် ၂ဝ၂ဝ မှာ ကွဲမှာပါ။ ဒါနဲ့ ရီပတ်ဘလီကင်န်တွေနဲ့သမ္မတထရမ့် လက်ဝါးရိုက်ပြီး ဘတ်ဂျက်ဥပဒေကို သဘောတူပေးလိုက်ရတာလို့ ဆိုပါတယ်။ ပြဿနာက ပါတီ နှစ်ရပ်ကြားမှာမဟုတ်ဘဲ ရီပတ်ဘလီကင်န်အမတ်တွေနဲ့ ရီပတ်ဘလီကင်န် သမ္မတကြားမှာ ကျနေတာပါ။ သမ္မတဘက်က ဘတ်ဂျက်လက်မှတ်ထိုးဖို့ လိုက်လျောလိုက်ရသလို အထက်လွှတ်တော်(ဆီးနိတ်) အမတ်တွေဘက်ကတော့ အယုံအကြည်မရှိ သူတို့ဆီတက်ရင် မြောင်းထဲရောက်သွားစေရမယ့် မနိုင်စေရဘူးဆိုတဲ့ကတိ (သဘောက သမ္မတ မပြုတ်စေရဘူးဆိုတဲ့ကတိ)အတိအကျပေးလိုက်ရတာလျို့ ဆိုပါတယ်။
ဒါလည်း အမေရိကန်နိုင်ငံရေးမှာ အလွန်ဖြစ်တောင့်ဖြစ်ခဲ့ကိစ္စလို့ပြောသူကပြောပြီး တကြိမ်တခါမှမဖြစ်ဖူးသေးတဲ့ ဖြစ်စဉ်အသစ်လို့ ဆိုသူဆိုပါတယ်။ အကဲဖြတ်တယောက်အပြောမှာတော့ အကယ်၍သာ အောက်လွှတ်တော်မှာ အယုံအကြည်မရှိအဆို မနိုင်ခဲ့ရင် ခုဖြစ်သွားတဲ့အပေးအယူ ဖြစ်စရာမရှိဘူးလို့ ဆိုပါတယ်။ အပေးအယူဆိုတာက လွှတ်တော်နဲ့သမ္မတအပေးအယူကိုပြောတာမဟုတ်ပဲ ရီပတ်ဘလီကင်န်အမတ်တွေနဲ့ သမ္မတလုပ်ခဲ့တဲ့အပေးအယူကို ညွှန်းတာဖြစ်ပါတယ်။
မီဒီယာတချို့ကတော့ သမ္မတဆိုပြီး နေရာတကာထင်ရာစိုင်းလို့မရဘူးဆိုတဲ့အကြောင်း လွှတ်တော်တွေက သတိပေးလိုက်တာဖြစ်ပြီး သမ္မတကိုနောင်ကျဉ်သွားစေမယ်လို့ ဟောကိန်းထုတ်ကြသလို မီဒီယာတချို့ကလည်း Check and Balance နဲ့ ဒီမိုကရေစီ့အောင်ပွဲလို လက်ခမောင်းခတ်တာကြားရပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ သူ့ဘက်ကိုယ့်ဘက် သူ့မူကိုယ်မူကိုင်ပြီး အပေးအယူအလျှော့အတင်းနဲ့ ပြဿနာတခု ပြေလည်သွားတယ်ဆိုတော့ အမေရိကန်တွေ စိတ်အေးလက်အေး နေလို့ရသွားပါတယ်။
မျိုးမြင့်ချို
ဒီဇင္ဘာ ၂၁၊ ၂ဝ၁၉

(ဗြုတ်စဗြင်းတောင်း သတင်းပလင်းများ)

0 comments
(ဗြုတ်စဗြင်းတောင်း သတင်းပလင်းများ)
ကျနော့်အကျင့်ကတခုက ညဘက်အိပ်ယာဝင် ဘယ်လောက်နောက်ကျကျ မနက် ၅ နာရီဆို နိုးလာတတ်တာပါပဲ။ နိုးရင် မျက်နှာသစ်တာ သွားတိုက်တာ နောက်မှလုပ်ပြီး ရေအရင် တဝသောက်ပါတယ်။ ရေသောက်ပြီးတာနဲ့ ကော်ဖီတခွက် ဖျော်ပါတယ်။ ဇနီးလည်း နိုးနေပြီ သူလည်း သောက်မယ်ဆို နှစ်ခွက်ဖျော်ပါတယ်။ ကော်ဖီတခွက် ဇနီးအတွက်ထား ကိုယ့်အတွက်တခွက်ကိုယူပြီး ဧည့်ခန်းထဲက လက်ပ်တော့ပ် ကွန်ပြူတာဖွင့်ပါတယ်။ တပြိုင်တည်းမှာ ရုပ်မြင်သံကြားပါ ဖွင့်ပါတယ်။ အရင်ဆုံးကြည့်တဲ့ သတင်းချယ်နယ်လ်က CBS ပါ။ ပြီးမှ CNN တို့ဘာတို့တွေ လိုက်ကြည့်ပါတယ်။ CBS ကိုဦးစားပေးကြည့်ရတာက သတင်းချင်းတူနေဦးတောင် အချက်အလက်ထုတ်ယူပုံ သတင်းတင်ပြပုံ သတင်းခွဲခြမ်းစိတ်ဖြာပုံတွေ မတူပါ။ ကောင်းတယ်မကောင်းဘူး မပြောလိုပေမယ့် ကျနော့်အကြိုက်နဲ့ညီလို့ပါ။ Fox သတင်းဌာနတော့ နောက်ဆုံးမှကြည့်ပါတယ်။ ကြည့်လည်း သာမန်ကာရှန်ကာ များပါတယ်။
သတင်းကြည့်နေရင်းက ကိုယ်လိုပဲသိချင်သူတွေအတွက် သိချင်မယ်ထင်တာလေးတွေပါလာရင် စက်ကလေးပေါင်ပေါ်တင်ပြီး မီသမျှအတိုကောက်လိုက်မှတ်ပါတယ်။ နောက်မှပြန်ရေးမှဆိုပြီး တေးထားလိုက်ပါတယ်။ ချက်ခြင်းကောက်ရေးနိုင်လောက်တဲ့ဟာမျိုးဆို နားထောင်နေရင်းတန်းလန်းကနေ ကောက်ရေးပါတယ်။ ဥပမာ ဒီမနက် သတင်းတခုမှာ အမေရိကန်ကပုလိပ်အရာရှိဟောင်းတွေမှာ စိတ်ရောဂါအဖြစ်များနေတဲ့အကြောင်း ၂ဝ၁၉ တနှစ်တည်းမှာ စိတ်ကျရောဂါအခြေခံပြီးဖြစ်တဲ့ စိတ်ရောဂါတွေကြောင့် မိမိကိုယ်ကိုယ်သတ်သေတဲ့ ပုလိပ်အရာရှိပေါင်း ၂ ရာရှိတယ်ဆိုတဲ့ သတင်းမျိုးပါ။ ဒီသတင်းမှာက အခြေခံက အမှုထမ်းခဲ့ချိန်ရခဲ့တဲ့ စိတ်ဝေဒနာတွေဟာ အနားယူတဲ့အခါမှာ စိတ်ရောဂါတွေအဖြစ် ပြန်ပေါ်ပြီး စိတ်ကျဝေဒနာခံစားရတာမျိုးကို မီးမောင်းထိုးပြချင်တာပါ။ ကျနော်က သတင်းကြီးတပုဒ်လုံးကို ဝေဝေဆာဆာပြန်ပြောမနေတော့ဘဲ ချုပ်ပြော ချုံ့ပြော ပြောပြတဲ့သဘောပါ။
တခါတလေ သတင်းက သတင်းပုံစံထက် သတင်းဇာတ်လမ်းလေးတွေလည်းဖြစ်၊ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာမျိုးလည်း ဖြစ်နေရင်တော့ အစအဆုံး ဖြစ်နိုင်သမျှ လုံးစေ့ပတ်စေ့မှတ်မိအောင် ကြည့်ရှုနားထောင်ပါတယ်။ ပြီးမှ အေးအေးဆေးဆေးဖြည်ဖြည်ဖြန့်ဖြန့်လေး ပြန်ရေးပါတယ်။ နားထောင်နေချိန်(ကြည့်နေချိန်)က ဘယ်သတင်းဌာနက ဘယ်ပရိုဂရမ်မှာလွှင့်သွားတယ်ဆိုတာကို အသေအချာမှတ်ထားတဲ့အခါ မှတ်ထားလိုက်ပြီး မေ့လျော့သွားတဲ့အခါလည်း မေ့လျော့သွားတတ်ပါတယ်။
တခါတလေ တူတဲ့အကြောင်းအရာ(ဥပမာ အမေရိကန်-တရုတ်ကုန်သွယ်စစ်လိုဟာမျိုး) လိုဆိုရင်တော့ သတင်းဌာနတွေကို မှတ်ကိုမနေတော့ပါ။ တဌာနကပြောသားပြီးကိုဖယ် နောက်တဌာနကရတာကို ထပ်ပေါင်း၊ နောက်တဌာနကရတာ ထပ်ဖြည့်နဲ့ သတင်းဌာနပေါင်းစုံကရတဲ့ အချက်အလက် သ္ဗ္ဗန နမ်ပေါင်းကို တစုတရုံးတည်းပြန်လုပ်ပြီး ကျနော့် ထင်မြင်ချက်လေးစွက်ကာ ဆောင်းပါးဆန်ဆန်လေးတွေလည်း ပြန်ပြောတတ်ပါတယ်။ ကျနော့်လောက် သတင်းနဲ့အချက်အလက်တွေ လက်လှမ်းမမီသူတွေ၊ လက်လှမ်းမီပေမယ့် အချိန်မရသူတွေအတွက် အဓိကရည်ရွယ်တာပါ။ ပညာရှင်တွေ ဘာသာရပ်နယ်ပယ်အလိုက် ကျင်လည်သူတွေအတွက်တော့ အသုံးတည့်မှာမဟုတ်ပါ။
နောက်တချက်က ကျနော် အဲ့သလို သတင်းဌာနစုံကနေ ရသမျှ သ္ဗ္ဗနနမ်ပေါင်းအချက်အလက်တွေကို ပြန်စု ပြန်စီပြီးပြောတဲ့အခါမှာ သတင်းလင့်ခ်တွေထည့်ပေးတာ မရှိပါ။ မျက်စေ့နောက်မှာစိုးတာရယ် ကျနော်ပြောချင်တာ မပါမှာစိုးတာရယ် ကျနော်က သတင်းသမားလို သတင်းဘာသာပြန်နေတာရယ်လည်း မဟုတ်လို့ပါ။ ဒါ့ကြောင့် ကျနော် ပြန်စုပြန်ပြောပြတာတွေမှာ သတင်းလင့်ခ်တွေ မညွှန်းတာပါ။
ကျနော်ကိုယ်တိုင်လည်း ဆောင်းပါးရှင်နဲ့ သတင်းဌာနရဲ့အာဘော်ကို ဆုပ်ဆုပ်ကိုင်ကိုင်သိချင် ကျနော့်နည်းတူသိချင်သူတွေအတွက်တော့ သတင်းခေါင်းစည်းလေးလောက် အချက်အလက်လေးနည်းနည်းလောက် ကောက်ကက်ထုတ်ပြီး စိတ်ဝင်စားရင်ဖတ်ဖို့ပါဆိုပြီး မူရင်းလင့်ခ်ကို တပါတည်းတွဲတင်ပါတယ်။
များသောအားဖြင့်တော့ မနက်ခင်းတိုင်း မလုပ်ဖြစ်တာများပါတယ်။ ဖြစ်နိုင်ရင် မနက်တိုင်းလုပ်ဖြစ်အောင် အားထုတ်ကြည့်မယ်တွေးထားပါတယ်။
မျိုးမြင့်ချို
ဒီဇင္ဘာ ၂၁၊ ၂ဝ၁၉

(ကျီမီး လှန့်သူများ)

0 comments
(ကျီမီး လှန့်သူများ)
စစ်အုပ်စုကို စစ်အာဏာရှင်စနစ်ကို စစ်ဗျူရိုကရေစီယန္တယားကြီးနဲ့ စစ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို ဘယ်သူဆန့်ကျင်ဆန့်ကျင် ဘယ်သူ ဘယ်ပုံနဲ့ထိုးနှက်ထိုးနှက် ကျနော် ထောက်ခံပါတယ်၊ ကြွက်မနိုင်လို့ ကျီမီးနဲ့ရှိူ့ဆိုတာမျိုးတော့ လက်မခံနိုင်ပါ၊ မီးလာရှိူ့ပေးဖို့ ဖိတ်ခေါ်တာမျိုးလည်း ဆန့်ကျင်မှာပါ။ လက်ရှိအနေအထားမှာ ဘယ်အင်အားကြီးနိုင်ငံကမှ ကျီဝင်ပြီး မီးရှိူ့မယ့်လက္ခဏာနဲ့ အရိပ်အယောင်မှ မရှိသေးပါ၊ ကျီမီးရှိူ့မယ့်သူကို နိုင်ငံရေးသတိနဲ့ မျက်ခြေမပြတ်ကြည့်ဖို့လိုသလို ကျီမီးရှိူ့တော့မလိုလို လှန့်လုံးထွင်တာကိုလည်း သတိထားကြဖို့လိုပါလိမ့်မယ်၊
စစ်အုပ်စုဆိုတဲ့ကြွက်ဟာ သူ့ဘက်ကို ပြင်ပနဲ့နိုင်ငံတကာ အခြေအနေတရပ်ရပ်က ဖိအားပေးလာပြီဆိုရင် နိုင်ငံကြီး/ငယ်တွေက ဗမာပြည်ဆိုတဲ့ကျီကို မီးလာရှိူ့တော့မယ့်အတိုင်း လှန့်လုံးထွင်ပါတယ်၊ သာမန်အချိန်မှာတောင် ပြည်တွင်းကဖိအားပေးနိုင်တဲ့အင်အားစုတွေကို ပြည်ပအားကိုးပုဆိန်ရိုးလို့ ယိုးမယ်ဖွဲ့နေတာပါ၊ ပြည်ပဖိအားဆိုတာ ပြည်တွင်းလှူပ်ရှားမှူနဲ့ပဲ ဆိုင်ပါတယ်၊ စစ်အုပ်စု တကယ်ကြောက်တာက ပြည်တွင်းဖိအားပါ၊ လူထုအင်အားပါ၊ လူထုတိုက်ပွဲပါ၊ ပြည်တွင်းကလူထုရဲ့ နိုင်ငံရေးနိုးကြားမှူနဲ့အတူ လူထုလှူပ်ရှားမှူပေါ်လာမယ့် အရိပ်အခြေပေါ်လာတိုင်းမှာ စစ်အုပ်စုဟာ ပြည်ပကို လက်ညှိုးထိုးပြီး ခြောက်လေ့ရှိပါတယ်၊ ပြည်ပဖိအားကို ပိုကြောက်စရာကောင်းတဲ့ရန်သူအဖြစ်ဖန်ဆင်းပြီး သူနဲ့မဟာမိတ်ပြုရေးနည်းနာ ကိုင်တာပါ။ သူ့အောက် ဝင်ခိုင်းတာပါ။
စစ်အုပ်စုဟာ လက်နက်ကိုင်ဖိနှိပ်အုပ်စိုးသလို လက်နက်နည်းသာအမှန်တရား အားသာတရား Might is Right ကိုကိုင်စွဲထားတာပါ။ ဒီနေရာမှာပြောတဲ့ Might က စစ်အင်အားသက်သက်ကိုပဲပြောတာပါ။ အလားတူပဲ တပ်မတော်သမိုင်းကြောင်းရေးခဲ့တဲ့ ရေးထားတဲ့ ရေးနေပြောနေဆဲ စာအုပ်စာတမ်းတွေ မိန့်ခွန်းပေါင်းစုံတွေကို လေ့လာကြည့်ပါ စစ်တပ်(စစ်အုပ်စု)ကသာ ဦးဆောင်ခဲ့တာ စစ်အုပ်စုကသာ ဆင်နွှဲခဲ့တာဆိုတဲ့သဘော မပေါ်ပေါ်အောင် မပေါက်ပေါက်အောင် မရောက်ရောက်အောင် လီဆည်လုပ်ကြံရေးသားထားတာ တွေ့ရမှာပါ။
စစ်သာအား အားသာတရားကိုင်စွဲထားတဲ့စစ်အုပ်စုအဖို့ ခုလိုမျိုး ဖွဲ့စည်းပုံနဲ့ လွှတ်တော်နဲ့ လက်ဝေခံအရပ်သားအစိုးရနဲ့ ဟန်ကျပန်ကျဖြစ်ခဲ့တာ သမိုင်းမှာ တခါမှမရှိခဲ့ဖူးပါ၊ ဒီအခြေအနေကို အင်န်အယ်လ်ဒီနဲ့ဒေါ်စုခံပြီး ထိန်းထားတာပါ၊ ဒီအခြေအနေ ယွင်းသွားမှာ အဖြစ်မခံနိုင်ပါ၊ ရသမျှ ကျားကုပ်ကျားခဲ ကာကွယ်မှာပါ၊ ဒါ့ကြောင့် သူတို့ မအောင့်နိုင်မအီးနိုင် ထွက်ကိုပြောနေတာပါ။ ဒေါ်စုရှိနေတုန်းမှာ ကိစ္စတွေပြတ်အောင်လုပ်ကြပါ၊ ဒေါ်စုလက်ထက်မှာမှ ဒီမိုကရေမရရင်၊ အပစ်မရပ်နိုင်ရင်၊ ငြိမ်းချမ်းရေးမရရင်၊ ဖက်ဒရယ်နိုင်ငံမတည်ဆောက်နိုင်ရင် ဘယ်တော့မှ ရတော့မယ်မထင်နဲ့ ဘာညာဆိုပြီး၊ တကယ်က စစ်အုပ်စုသက်ဇိုးရှည်နေသမျှ ဒေါ်စုမကလို့ သိကြားမင်း နားကင်းကြီးနဲ့ဆင်းလာပြီး ခေါင်းဆောင်လည်း ဘာမှမရ ဘာမှမဖြစ်ပါ။ ပြည်တွင်းပြည်ပ ဖိအား ဟန်ချက်ညီညီမပါပဲ စနစ်ကြီးတခုပြောင်းလဲသွားဖို့ဆိုတာ မျက်မှောက်ကမ္ဘာမှာ ခဲယဉ်းပါတယ်။
ဒေါ်စုကိုယ်တိုင်ကလည်း လူထုခေါင်းဆောင်ဘဝက နိုင်ငံတကာအားနဲ့ ပြည်တွင်းအား မျှသုံးပြီး စစ်အုပ်စုကိုဖိအားပေးခဲ့တာပါ၊ ရှင်တို့လွတ်လပ်ခွင့်ကိုသုံးပြီး ကျမတို့လွတ်လပ်အောင် ကူညီပါဆိုတဲ့အထိ ထုတ်ပြောခဲ့တာ အထင်အရှားရှိပါတယ်။ သဘောက ပြည်ဖိအားဆိုတာ အရေးပါပါတယ်လို့ ဝန်ခံတာပါ။ ခု သူ ပြည်ပနဲ့ဆက်ဆံနေတာကတော့ သူ့အပေါ်ရော စစ်အုပ်စုအပေါ်ရော ကျလာနေတဲ့ပြည်ပဖိအားတွေကို အရူးအမူး အသည်းအသန် ခုခံကာကွယ်နေရတဲ့အနေအထား ရောက်သွားတာပါ၊
ဒီအချိန်မှာ သူဟာ အရင်လို ကျမတို့လွတ်လပ်ဖို့ ရှင်တို့လွတ်လပ်ခွင့်သုံးပြီး ကူပါလို့ပြောမရတော့ပါ။ အဲ့လို သုံးပြီးလုပ်လာမယ်ဆိုရင် စုပေါင်းအင်အားနဲ့ ရင်ဆိုင်မယ်ဆိုပြီး ထွက်ပြောလာရပါတယ်၊ သူပြောတဲ့ စုပေါင်းအင်အားထဲမှာ စစ်အာဏာရှင်တွေက ထိပ်ဆုံးကပါ။ တို့တာဝန်အရေးသုံးပါးကို တခြားစကားလုံးနဲ့ပြောတာပါ၊ ကျီမီးလာရှိူ့ကြလိမ့်မယ်ကို တခြားဖော်ပြချက်နဲ့ ဖော်ပြတာပါ။
ပြန်ချုပ်ရရင် ပြည်တွင်းဆိုတဲ့ကျီမှာ စစ်အုပ်စုဆိုတဲ့ကြွက် ထနေတာကြာပါပြီ၊ ရိုဟင်ဂျာအရေးနဲ့ ပြည်တွင်းစစ်အနိဌာရုံတွေအကြောင်းပြုပြီး ပြည်ပဖိအားဟာ သဏ္ဍန်တမျိုးနဲ့ ပြန်ထွက်ပေါ်နေပါတယ်၊ ဘယ်သူမှ ကျီ မီးလာရှိူ့မယ့်လက္ခဏာ မပြသေးပါ၊ မီးလှန့်သံချောင်းခေါက်ပြီး စစ်အာဏာကို ကာကွယ်နေကြတာနဲ့ ကာကွယ်ပေးနေတာကို သတိရှိကြဖို့ပါ။
မျိုးမြင့်ချို
ဒီဇင္ဘာ ၂၁၊ ၂ဝ၁၉

Friday, December 20, 2019

မျက်မှောက်ခေတ်ကမ္ဘာ့အမျိုးသားရေးဝါဒ(ချိန်ရင်ချင်) (၁)

0 comments
မျက်မှောက်ခေတ်ကမ္ဘာ့အမျိုးသားရေးဝါဒ(ချိန်ရင်ချင်) (၁)
၂၁ ရာစု သမိုင်းကြောင်းတလျှောက်မှာ အမျိုးသားရေးဝါဒဟာ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်ရေစီးကြောင်းနဲ့ လက်တွေ့လှုပ်ရှားမှု တခုအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီဝါဒဟာ အရင်းရှင်ဝါဒ၊ ဆိုရှယ်လစ်ဝါဒတို့နဲ့အတူ သုံးပွင့်ဆိုင်ဖြစ်နေတဲ့ အခြေခံအင်အားတရပ်ဖြစ်ခဲ့တယ်။ ကမ္ဘာ့အသွင်အပြင်ကိုဖန်တီးတဲ့ အဓိက အကြောင်းအချက်အလက်တခုလည်း ဖြစ်တယ်။ အမျိုသားရေးပဋိပက္ခများကို ငြိမ်အောင်ထိန်းထား ခဲ့တဲ့ စစ်အေးယန္တယားကြီး ၈ဝ ခုနှစ်နောက်ပိုင်းကစပြီး ပြိုလဲပျက်စီးသွားခဲ့ခြင်း၊ လောလောဆယ်ရှိနေတဲ့ နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေး အဆောက်အအုံစနစ်တွေမှာ တန်းတူညီမျှမရှိတဲ့အခြေအနေတွေက ပိုမိုဆိုးဝါးလာခဲ့ခြင်း၊ နိုင်ငံအသီးသီး အမျိုးသားအသီးသီးတို့ရဲ့ ဖွံ့ဖြိုးမှုတွေ ပိုပြီး မညီမညာဖြစ်လာခြင်း၊ အုပ်စိုးသူလူတန်းစားရဲ့ အမျိုးသားရေးပေါ်လစီတွေကလည်း လွဲချော်နေခြင်းတို့ကြောင့် အမျိုးမျိုးအစားစားသော အမျိုးသားရေးဝါဒမုန်တိုင်းများထလာပြီး နေရာအနှံ့ပြန့်လာပါတယ်။ ဒီလိုနဲ့ တိုင်းပြည်တချို့ အမြန်မွေးဖွားထွက်ပေါ်လာခဲ့ပြီး ကမ္ဘာ့နိုင်ငံရေး မြေပုံမှာ အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။ နောက်ပြီး အမျိုးသားရေးနဲ့ပတ်သက်တဲ့ အငြင်းပွားမှုအသစ်တွေ၊ အတိုက်အခံဖြစ်မှုအသစ်တွေ လည်း အများအပြားပေါ်လာပြီး၊ အမျိုးသားတွေ၊ တိုင်းပြည်တွေ၊ ဒေသတွေအတွင်းမှာ မငြိမ်မသက်မှုတွေနဲ့ အသစ်တဖန်ကွဲပြဲမှု၊ အသစ်တဖန် ပေါင်းစည်းမှုတွေ ဖြစ်ပေါ်လာကြပါတယ်။ မျက်မှောက်ခေတ်မှာ အမျိုးသားရေးဝါဒ အသစ်တဖန် ပြန်လည်ထိုးထွက်လာတဲ့အချက်ဟာ နိုင်ငံ တကာအသိုင်းအဝိုင်းက အာရုံစိုက်နေရတဲ့ ဦးနှောက်လည်းခြောက်နေရတဲ့ ဗဟိုအချက်အချာပြဿနာတခုဖြစ်ပြီး မျက်မှောက် ကမ္ဘာ့ဖြစ်ထွန်း မှုတွေအပေါ် ဂယက်ရိုက်တဲ့ အရှိန်အဟုန်အကြီးမားဆုံး အကြောင်းအချက်တခုလည်း ဖြစ်တယ်။ နောက်ပြီး ဒါဟာ အမျိုးသားတွေအကြား၊ တိုင်းပြည်တွေအကြား၊ တိုင်းပြည်အုပ်စုတွေအကြား ပြိုင်ဆိုင်မှု၊ ပူးပေါင်းမှု သို့မဟုတ် အတိုက်အခံဖြစ်မှုတွေကို ပြဌာန်းဖန်တီးပေးတဲ့ နှောင်ကြိုးလည်းဖြစ်၊ ဆက်သွယ်ရေးတံတားလည်း ဖြစ်ပါတယ်။
ဒီလိုဆိုရင် မျက်မှောက်ကာလ ကမ္ဘာ့အမျိုးသားရေးဝါဒမှာ ဘာ ထူးခြားချက်တွေ ရှိနေပါသလဲ။ ဘယ်လို ပုံသဏ္ဍန်တွေ ရှိနေပါသလဲ။ ဒါတွေကို ဘယ်လို အကဲဖြတ်မလဲ။ ဒါတွေဟာ ဘယ်လို ဆက်လက် ဖြစ်ထွန်းလာနိုင်ပါသလဲ။
အပိုင်း(၁)။ ထူးခြားချက်များ။
အမျိုးသားရေးဝါဒဆိုတာဟာ ဟောင်းလည်းဟောင်းနွမ်း၊ သစ်လည်းသစ်လွင်တဲ့ အကြောင်းအရာတရပ် ဖြစ်ပါတယ်။ ဟောင်းနွမ်းတယ် ဆိုတာက အနီးခေတ် အမျိုးသားရေးဝါဒဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၃ဝဝ) ကျော်မျှကတည်းက ပေါ်ပေါက်လာခဲ့ပြီး အပြောင်းအလဲကြီးများ ကြုံခဲ့ရပြီ ဖြစ်လို့ပါ။ အနီးခေတ်ရဲ့အမျိုးသားရေးဝါဒဟာ ၁၇၊ ၁၈ ရာစုမှာ ဥရောပရဲ့ ပထမဆုံးသော အမျိုးသားနိုင်ငံတော်များ တည်ထောင် ခဲ့တဲ့ အချိန်ကစပြီး ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉ ရာစုမှာ ဥရောပနဲ့ မြောက်အမေရိကတို့မှာ ဒီဝါဒဟာ အကြီးအကျယ်ဖွံ့ဖြိုးခဲ့ပါတယ်။ ၂ဝ ရာစုအတွင်းမှာတော့ ကမ္ဘာ့နေရာဒေသအသီးသီးသို့ ပြန့်နှံ့သွားခဲ့ပြီး အကြောင်းအချက်စုံလင်စွာ ဖြစ်ထွန်းလာခဲ့ပါတယ်။ အမျိုးသားရေး ဝါဒဟာ သစ်လည်းသစ်လွင်တယ်ဆိုတဲ့သဘောက မျက်မှောက်ခေတ်မှာ အသစ်တဖန် ထိုးထွက်လာတဲ့ အမျိုးသားရေးဝါဒမှာ နဂိုတုန်းက မရှိခဲ့ဖူးတဲ့ ထူးခြားချက်အသစ်တွေ အများအပြားပါဝင်နေလို့ပါ။
ထူးခြားချက်(၁)။ တကမ္ဘာလုံးလက္ခဏာ၊ အနှံ့အပြားလက္ခဏာဆောင်တဲ့ဘက်ကို ဦးတည်ဖြစ်ပေါ်နေတယ်။
မျက်မှောက်ခေတ် အမျိုးသားရေးဝါဒဆိုတာ သဘောတရားတရပ်၊ မူတရပ်လည်းဖြစ်၊ လက်တွေ့တရပ်၊ လှုပ်ရှားမှုတရပ်လည်း ဖြစ်ပါတယ်။ ဒီဝါဒရဲ့ဖော်ပြချက်တွေကို ကမ္ဘာ့တိုက်အသီးသီး၊ ဒေသအသီးသီး၊ တိုင်းပြည်အသီးသီးတိုင်းမှာ တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီဝါဒဟာ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ အနှံ့အပြားလက္ခဏာဆောင်မှု ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့နိုင်ငံအတွင်းက ပညာရှင်အသိုင်းအဝိုင်းမှာ ဒီအချက်အပေါ် အမြင်မတူကြပါဘူး။ တချို့ရဲဘော်တွေက မျက်မှောက်ခေတ်အမျိုးသားရေးဝါဒ အသစ်တဖန်ထိုးထွက်လာတာကို ငလျင်ကြီး တကြိမ် လှုပ်လိုက်တာမျိုးနဲ့တင်စားပြီး ငလျင်စလှုပ်တဲ့နေရာနဲ့ ငလျင်ဗဟိုချက်မဟာ ဥရောပအရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ ယခင် ဆိုဗီယက် ပြည်ထောင်စုတို့ဖြစ်ပြီး နောက်ပိုင်းမှာတော့ ငလျင်ကြီးဟာ အခြားဒေသများသို့ ပြန့်နှံ့ရိုက်ခတ်သွားခဲ့တယ်လို့ဆိုတယ်။ ဒါတွေကို ဒေသ လက္ခဏာ၊ တစိတ်တပိုင်းလက္ခဏာဆောင်တဲ့ အခြင်းအရာဖြစ်သာ မြင်ကြတယ်။ ဒါပေမဲ့ ရဲဘော်အများစုကတော့ မျက်မှောက်ခေတ် အမျိုးသားရေးဝါဒကို တကမ္ဘာလုံးလက္ခဏာနဲ့ အနှံ့အပြားလက္ခဏာဆောင်တဲ့ အခြင်းအရာအဖြစ် မြင်ကြတယ်။
ဒီဝါဒကိုဖော်ပြတဲ့သဏ္ဍန်တွေ၊ အခိုင်အမာအကြောင်းတရားတွေ၊ အတိုင်းအတာအပြင်းအပျော့တွေက မတူတာတော့ရှိကြပါတယ်။ ဒီလို မတူတာကလည်း ရှည်ကြာတဲ့သမိုင်းဇစ်မြစ်တွေနဲ့ ရှုပ်ထွေးတဲ့ လက်တွေ့အကြောင်းအချက်တွေကြောင့် ဒေသတိုင်း၊ တိုင်းပြည်တိုင်း၊ လူမျိုး တိုင်းမှာ ဖွံ့ဖြိုးမှုမတူညီတာ၊ အကျိုးစီးပွားမတူညီတာ၊ ယဉ်ကျေးမှုနဲ့ စိတ်ဓာတ်များ မတူညီတာတွေရှိနေကြလို့ ဖြစ်ပါတယ်။ အဲဒီလို မတူတာ တွေ ရှိနေတာကြောင့်ပဲ လူမျိုးအသီးသီးရဲ့ အမျိုးသားရေးဝါဒများဟာ မိမိတို့ ရပ်တည်ရှင်သန်စရာ ကွက်လပ်တွေနဲ့အတူ လူထုအခြေခံတွေကို ခိုင်ခိုင်မာမာ ထိန်းသိမ်းထားနိုင်ကြပြီး မတူတဲ့သဏ္ဍန်တွေနဲ့ တည်ရှိနေကြ ဖြစ်ထွန်းနေကြတာပါ။ ဥပမာ အနောက်ဥရောပဆိုပါစို့။ ကာလ
(၂)
ရှည်ကြာစွာ အစဉ်အလာရှိခဲ့တဲ့ အမျိုးသားရေးဝါဒဟာ အနောက်ဥရောပနိုင်ငံများရဲ့ လူမှုရေး၊ နိုင်ငံရေးဘဝနဲ့ နိုင်ငံခြားရေးပေါ်လစီတို့ကို ထိန်းချုပ်တဲ့ အချက်အလက်တရပ် ဖြစ်နေပါသေးတယ်။ အဲဒီလိုဖြစ်နေခဲ့တာ ကာလကြာခဲ့ပါပြီ။ အနောက်ဥရောပရဲ့ အမျိုးသားရေးဝါဒဟာ နဂိုတုန်းကရှိခဲ့သလို တိုင်းပြည်တခုခြင်းမှာ ပေါ်ပေါက်တဲ့သဏ္ဍန်အဖြစ်မှ ဥရောပဘုံအဖွဲ့ (EC) ၊ ဥရောပသမဂ္ဂ (EU) တို့ကို ဝင်ရိုးအဖြစ် ထားတဲ့ တိုင်းပြည်အုပ်စုစွဲအမျိုးသားရေးဝါဒ(တနည်းအားဖြင့် ဒေသစွဲအမျိုးသားရေးဝါဒအဖြစ်သို့ ပြောင်းလဲလာပါတယ်။ ဒီလို သဏ္ဍန် အပြောင်းအလဲပဲ ရှိပါတယ်။ နောက်ဥပမာတခုက ဥရောပနဲ့ကပ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသဆိုရင်လည်း အမျိုးသားရေးအတိုက်အခံ ကိစ္စတွေက ရပ်သွားသေးတာ မဟုတ်ပါဘူး။ ဒီ ပဋိပက္ခတွေဟာ ပါလက်စတိုင်းပြဿနာကို ဗဟိုအချက်အချာအဖြစ်ထားပြီး အစ္စရေးလ်နဲ့ အာရပ်နိုင်ငံများအကြား ရာစုနှစ်ဝက်ကြာမျှ ဆက်တိုက်ဖြစ်နေခဲ့တာပါ။ အစ္စရေးလ်ဘက်ကလည်း သူတို့အမျိုသားရေးဝါဒဘက်ကပဲ ခေါင်းမာမာနဲ့ ဆက်လက်ရပ်တည်နေပါတယ်။ အစ္စလာမ်အမျိုးသားရေးဝါဒကလည်း အစ္စရေးလ်ကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တယ်။ ဒါ့ကြောင့် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးကိစ္စမှာ ဖြေရှင်းရခက်တဲ့ လိပ်ခဲတည်းလည်းအခြေအနေကြီးကို ကြုံနေရတာပါ။ တချိန်တည်းမှာ အာရပ်နိုင်ငံများအချင်းချင်းကြားမှာလည်း အမျိုးသားအကျိုးစီးပွားချင်း မတူကြတာကြောင့် ပဋိပက္ခဖြစ်မှုတွေ၊ အတိုက်အခံဖြစ်မှုတွေ အခါမလပ် ပေါက်ကွဲနေကြပါတယ်။ နောက်ထပ် ဥပမာပေးရရင် အာဖရိကမှာလည်း လူမျိုးတွေအကြား၊ လူ့နွယ်(အသားအရောင်)တွေ အကြား၊ မျိုးတူအုပ်စုတွေအကြား၊ ဘာသာရေးဂိုဏ်းတွေအကြား၊ ဒေသတွေအကြားမှာ သမိုင်းအရလည်းရှုပ်ထွေး၊ လက်တွေ့အကျိုးစီးပွားများ အရလည်း ပဋိပက္ခတွေရှိနေကြလို့ လူမျိုး၊ လူ့နွယ်ဆိုင်ရာ အတိုက်အခံဖြစ်မှုတွေဟာ မြုတ်နေလိုက်၊ ပေါ်လာလိုက်၊ အေးသွားလိုက်၊ ပြင်းထန် လာလိုက်နဲ့ တအုံနွေးနွေးဖြစ်နေပါတယ်။ အဲ့ဒါကြောင့် ဆိုမာလီနိုင်ငံနဲ့ လိုက်ဘေးရီးယားနိုင်ငံတို့လို နိုင်ငံတချို့ဟာ အက်ကြောင်းအမျိုးအမျိုး ပေါ်ထွက်နေကြတယ်။ ရဝမ်ဒါနဲ့ ဘူရွန်ဒီနိုင်ငံတွေကြပြန်တော့လည်း တွတ်ဆီလူမျိုးနဲ့ ဟူတူလူမျိုးအကြား အတိုင်းအတာကြီးမားတဲ့ လူမျိုး၊ လူ့နွယ်ရေးရာသတ်ဖြတ်မှုကြီးတွေ ဖြစ်နေကြတယ်။ ကမ္ဘာကြီးကိုခြံုကြည့်လိုက်ရင် အမျိုးသားရေးဝါဒဟာ တကမ္ဘာလုံးလက္ခဏာ ဆောင်တယ်၊ အနှံ့အပြားလက္ခဏာဆောင်တယ်ဆိုတာ သံသယပွားစရာမလိုတဲ့ လက်တွေ့အချက်တခုဖြစ်ပါတယ်။
ထူးခြားချက်(၂)။ အရည်အသွေးအရ အကြောင်းအချက်စုံလင်ခြင်း ရှုပ်ထွေးခြင်း။
အနီးခေတ်အမျိုးသားရေးဝါဒဟာ စတင်ပေါ်ပေါက်ခဲ့တဲ့အချိန်ကနေ ၂ဝ ရာစု အစောပိုင်းကာလအထိ တလျှောက်လုံးမှာ ကမ္ဘာ့အရင်းရှင်ဝါဒ အတွေးအခေါ်၊ အရင်းရှင်လူမှုစနစ်တို့နဲ့ အနီးကပ်ဆက်စပ်နေပါတယ်။ ဒါပေမဲ့ ဆိုရှယ်လစ်နိုင်ငံတွေနဲ့ တတိယကမ္ဘာ့နိုင်ငံအများအပြား ပေါ်လာပြီးတဲ့နောက်ပိုင်း(တနည်းအားဖြင့် ကမ္ဘာကြီးကို လူမှုစနစ်နှစ်မျိုး၊ တိုင်းပြည်အမျိုးအစားသုံးမျိုးရှုထောင့်က ခွဲခြားလိုက်တဲ့နောက်ပိုင်း) မှာ အမျိုးသားရေးဝါဒဟာ ဘယ်လို လူမှုစနစ်မှာပဲဖြစ်ဖြစ်၊ ဘယ်လို တိုင်းပြည်အမျိုးအစားမှာဖြစ်ဖြစ် သဏ္ဍန်မျိုးစုံနဲ့ အနှံ့အပြား တည်ရှိနေပါ တယ်။ ဒါ့ကြောင့် သူ့ရဲ့ အရည်အသွေးဟာလည်း အကြောင်းအချက်စုံလင်မှု၊ ရှုပ်ထွေးမှုတွေ ရှိလာပါတယ်။ တနည်းပြောရရင် အမျိုးသားရေး ဝါဒဟာ အတွေးအခေါ်ဝါဒအမျိုးမျိုး၊ လူမှုစနစ်အမျိုးမျိုးတို့နဲ့ ဆက်စပ်မှုလည်းရှိ ကွာခြားမှုလည်းရှိပြီး လက်တွေ့လုပ်ဆောင်တဲ့နေရာမှာတော့ အမျိုးသားအကျိုးစီးပွားကို စံအဖြစ်ထားလေ့ရှိပါတယ်။ တစုံတရာအဓိပ္ပာယ်အရပြောရရင် နိုင်ငံရေးအတွေးအခေါ်တွေရဲ့အထက်မှာ ရှိပါတယ်။ အထူးသဖြင့် စစ်အေးခေတ်လွန်ကာလမှာ ဝန်ရိုးစွန်းနှစ်ခုပြိုကွဲပြီးနောက် သက်ဆိုင်ရာအင်အားစုများ၊ အတွေးအခေါ်များ ပျောက်ကွယ် “လစ် ဟာသွားမှု” ကို အမျိုးသားရေးဝါဒဟာ သဏ္ဍန်အမျိုးမျိုးနဲ့ အစားထိုးဖြည့်ဆည်းခဲ့တယ်။ ဒီလိုနဲ့ တိုင်းပြည် အများအပြားဟာ နိုင်ငံခြားဆက်ဆံ ရေးမှာ ဒီဝါဒကို အစချီချက်နဲ့ ဦးတည်ချက်အဖြစ် ထားကြပါတယ်။ အဲ့ဒီအခြေအနေကိုကြည့်ပြီး ပြည်တွင်းပြည်ပ ပညာရှင်တချို့က အမျိုသား ရေးဝါဒဟာ ကြားနေသဘောသဘာဝရှိပြီး အမျိုးသားအသီးသီးအတွက် “ဆက်သွယ်ပေး” တဲ့ တံတားလည်း ဖြစ်နိုင်တယ်။ “အဆက်ဖြတ် ပေး”တဲ့ တံတိုင်းလည်း ဖြစ်နိုင်တယ်လို့ မြင်ကြတယ်။ မျက်မှောက်ခေတ် အမျိုးသားရေးဝါဒလှုပ်ရှားမှုတွေကို တွန်းဆော်ပေးနေတဲ့ပဋိပက္ခ တွေက ရောထွေးယှက်နွယ်နေကြပြီး လှုပ်ရှားမှုရဲ့အကြောင်းရင်းတွေကလည်း ရှုပ်ထွေးများပြားလှပါတယ်။ အဲ့ဒီအချက်ကို ကျနော်တို့ မြင်ကြ ရမယ်။ အဲ့ဒီလို ပဋိပက္ခလက္ခဏာတွေကလည်း ကွဲပြား၊ အကြောင်းရင်းတွေက မတူတာကြောင့် မျက်မှောက်ခေတ်အမျိုးသားရေးဝါဒရဲ့ “အရည်အသွေးလက္ခဏာ”တွေကလည်း မတူကြတော့ဘူး။ ဒီဝါဒ ဖွံ့ဖြိုးမှုနဲ့ ဆင့်ကဲဖြစ်စဉ်တို့ရဲ့ ဦးတည်ရာဘက်တွေလည်း မတူကြတော့ဘူး။ သမိုင်းမှာ သူ့ရဲ့အခန်းဝင်မှုတွေဟာလည်း မတူကြတော့ဘူး။ ဒါ့ကြောင့် ဒီဝါဒရဲ့ ရှုပ်ထွေးတဲ့လက္ခဏာဟာလည်း အပြည့်အဝ ပေါ်လွင်လာ တယ်။ လက်တွေ့အရပ်ရပ်တွေအရ ပြောနိုင်တာကတော့ မျက်မှောက်ခေတ်အမျိုးသားရေးဝါဒဟာ အလွန့်အလွန်ထက်တဲ့ အသွားနှစ်ဘက် ပါတဲ့ ဓားတလက်နဲ့တူပါတယ်။ အမျိုးသားနိုင်ငံတွေကို တည်ဆောက်တဲ့၊ တိုင်းပြည်တပေါင်းတစည်းထဲရှိမှုနဲ့ အမျိုးသားဂုဏ်သိက္ခာတို့ကို ကာကွယ်တဲ့၊ သို့မဟုတ် ခိုင်မာအောင်လုပ်တဲ့ ကိုယ်စောင့်နတ်တပါး ဖြစ်နိုင်သလို၊ အခြားတဘက်မှာလည်း တိုင်းပြည်တည်ငြိမ်မှုနဲ့ တပေါင်း တစည်းထဲရှိမှုတို့ကို ခြိမ်းခြောက်တဲ့ သို့မဟုတ် ဖျက်ဆီးတဲ့ တံခါးဖျက်တင်းပုတ်ကြီးအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါတယ်။ နောက်ပြီး ဒီဝါဒဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီဝါဒဆန့်ကျင်ရေး၊ ဗိုလ်ကျလွှမ်းမိုးမှုဆန့်ကျင်ရေးတွေ လုပ်နိုင်သလို၊ ဒေသတွေ မတည်မငြိမ်ဖြစ်စေတဲ့၊ နိုင်ငံတကာစည်းစနစ်တွေကိုလှိုက်စားတဲ့ လူသတ်လက်နက်တခုအဖြစ်သို့လည်း ပြောင်းသွားနိုင်ပါတယ်။
ထူးခြားချက်(၃)။ အတွင်းသဘော စုံလင်ရှုပ်ထွေးခြင်း။ (၃)
အနီးခေတ်အမျိုးသားရေးဝါဒဟာ ထွက်ပေါ်လာကာစမှာ အတွင်းသဘောက တစ်ခုတည်းပါ။ အဲ့ဒီ အတွင်းသဘောက ကိုယ့်အမျိုးသားဆိုရင် အသိအမှတ်ပြုလိုတဲ့စိတ် သို့မဟုတ် နီးစပ်ရင်းနှီးလိုစိတ်တွေရှိပြီး ကိုယ့်အမျိုးသားမဟုတ်သူတွေ အပေါ်မှာဆိုရင်တော့ လစ်လျူရှုချင်စိတ် သို့မဟုတ် ဆန့်ကျင်ချင်စိတ်ရှိတဲ့သဘောပါဘဲ။ ခေတ်တွေတိုးတက်လာတာ၊ လူ့အဖွဲ့အစည်းတွေ တစတစ ပြောင်းလဲလာတာကြောင့်၊ နောက်ပြီး အမျိုးသားရေးဝါဒအသီးသီးရဲ့ ဦးထိပ်ပန် ပန်းတိုင်တွေကလည်းမတူတာ၊ ရရှိထားတဲ့ အဆင့်နေရာတွေကလည်း မတူတာတွေ ကြောင့် အမျိုးသားရေးဝါဒတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့အတွေးအခေါ်၊ ဘာသာရေး၊ နယ်မြေ စတဲ့အချက်အလက်တွေနဲ့ ဆက်စပ်လေ့ ရှိလာပါတယ်။ ဒီလိုနဲ့ သူ့ရဲ့အတွင်းသဘောဟာလည်း တမျိုးတည်းမဟုတ်တော့ဘဲ စုံလင်များပြားလာပြီး ရှုပ်ထွေးတဲ့ အမျိုးသား ရေးဝါဒတွေ ဖြစ်လာပါတယ်။ ဥပမာ(နိုင်ငံရေးဘက်ကို အလေးတင်းတဲ့) နိုင်ငံရေးစွဲအမျိုးသားရေးဝါဒ၊ (အလားတူစွာပဲ) စီးပွားရေးစွဲအမျိုး သားရေးဝါဒ၊ ယဉ်ကျေးမှုစွဲအမျိုးသားရေးဝါဒ၊ ဘာသာရေးစွဲအမျိုးသားရေးဝါဒ၊ ဒေသစွဲအမျိုးသားရေးဝါဒ စတာတွေဖြစ်လာပါတယ်။
နိုင်ငံရေးစွဲအမျိုးသားရေးဝါဒဆိုရင် ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးရဲ့ နိုင်ငံရေးအကျိုးစီးပွားကိုထိပ်တန်းတင်ပြီး ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ လွတ်လပ်မှု၊ အချုပ်အချာအာဏာပိုင်မှု၊ တပေါင်းတစည်းထဲဖြစ်မှုတို့ကို လမ်းညွှန်ပန်းတိုင်အဖြစ် ဦးထိပ်ပန်ကာကွယ်တယ်။ စီးပွားရေးစွဲ အမျိုးသားရေးဝါဒကတော့ ကိုယ့်အမျိုးသားတိုင်းပြည်ရဲ့ စီးပွားရေးအကျိုးစီးပွားများကာကွယ်ရေးကို နိုင်ငံခြားနဲ့ဆက်ဆံရာမှာ ဦးစားပေး စဉ်းစားဖြေရှင်းတဲ့ပန်းတိုင်အဖြစ် သဘောထားတယ်။ ယဉ်ကျေးမှုစွဲအမျိုးသားရေးဝါဒကဆိုရင် ကိုယ့်အမျိုးသားရဲ့ ထူးခြားချက်ဖြစ်တဲ့ ကိုယ့် သမိုင်းအစဉ်အလာတွေကိုအလေးထားပြီး ကိုယ့်အမျိုးသားရဲ့ စည်းလုံးကြံ့ခိုင်မှု၊ ကိုယ့်အမျိုးသားရဲ့(ပတ်ပတ်လည်မှာ တခြားအမျိုးသားများ ဝန်းရံလာစေတဲ့) ဗဟိုဆွဲဆောင်မှုအင်အား (CENTRIPETAL FORCE) တို့ကို ခိုင်မာကြီးထွားစေတယ်။ အဲ့ဒီကတဆင့် ကိုယ့်ယဉ်ကျေးမှုရဲ့ သီးခြားထူးခြားချက်ကို အခြေခံအဖြစ်ထားကာ ကိုယ့်အမျိုးသားရဲ့ဝိဉာဉ်အင်အားကို ထိန်းသိမ်းတယ် သို့မဟုတ် တိုးချဲ့တယ်။ ဒေသစွဲအမျိုး သားရေးဝါဒကတော့ မျက်မှောက်ခေတ်ကျမှထွက်ပေါ်တဲ့ သမိုင်းအချင်းအရာသစ်တခု ဖြစ်ပါတယ်။ အမေရိကန်နဲ့ဆိုဗီယက် အင်အားလွန် နိုင်ငံကြီးနှစ်ခုတို့ ထိပ်တိုက်ရင်ဆိုင်နေကြပြီး ကမ္ဘာ့အရေးကိစ္စတွေကို ထိန်းချုပ်နေကြတဲ့ နိုင်ငံတကာအနေအထားကာလတုန်းက အလတ် စားနဲ့ အငယ်စားတိုင်းပြည် အတော်များများဟာ အင်အားချိနဲ့မှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့အားနည်းမှုတို့ကို ခံစားခဲ့ကြရပြီး ဒါရဲ့အကျိုးဆက် အနေနဲ့ ဒေသလက္ခဏာဆောင်တဲ့ တိုင်းပြည်အုပ်စုလေးတွေကိုဖွဲ့လာကြပြီး အုပ်စုစွဲအမျိုးသားရေးဝါဒကို အလေးတင်းလာကြတယ်။ တညီ တညွတ်တည်းလှုပ်ရှားတဲ့နည်းနာတွေအသုံးပြုပြီး အမျိုးသား ဘုံအကျိုးစီးပွားများကို ကာကွယ်ကြတယ်။ အဲဒီလို နယ်မြေဒေသစွဲအမျိုးသား ရေးဝါဒရဲ့ စံအကျဆုံးဖော်ပြမှုကို ဥရောပသမဂ္ဂဝင်နိုင်ငံတွေမှာ တွေ့နိုင်ပါတယ်။
အပိုင်း(၂) အမျိုးသားရေးဝါဒရဲ့ အမျိုးအစားပုံစံများနဲ့ ၎င်းတို့အား အကဲဖြတ်ချက်။
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း မျက်မှောက်ခေတ်အမျိုးသားရေးဝါဒမှာ ပုံစံတွေကလည်းများပြား၊ ထူးခြားချက်တွေကလည်း ထွေပြား၊ အရည် အသွေးတွေကလည်း ကွဲပြားကြတာကြောင့် အကွက်အပြောက်၊ အရောင်အသွေး ရှုပ်ထွေးစုံလင်တဲ့ ပုံကားချပ်တခုဖြစ်လာပါတယ်။ ဒီဝါဒ အပေါ် ဘယ်လိုရှုမြင်သုံးသပ် အကဲဖြတ်ကြမလဲဆိုတဲ့ပြဿနာအပေါ် ကမ္ဘာ့ပညာရှင်အသိုင်းအဝိုင်းနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းအတွင်းမှာ ခွဲခြမ်းမှုအမျိုးမျိုး၊ တင်ပြမှုအဖုံဖုံရှိပါတယ်။
အနောက်တိုင်း ရှေ့တန်းရောက်နိုင်ငံများကပညာရှင်တွေ၊ နိုင်ငံရေးမားတွေမှာ တချို့က ဒီလိုမြင်ကြတယ်။ မျက်မှောက်ခေတ်အမျိုးသားရေးဝါဒကို အနောက်တိုင်းပုံစံနဲ့ အနောက်တိုင်းမဟုတ်တဲ့ပုံစံ(သို့မဟုတ် အနောက်တိုင်းကိုဆန့်ကျင်တဲ့ပုံစံ)ရယ် လို့ ခွဲခြားကြတယ်။ ဒါမှမဟုတ် ဒီမိုကရေစီကျတဲ့ပုံစံ(သို့မဟုတ် ဒီမိုကရေစီကိုဆန့်ကျင်တဲ့ပုံစံ) အဖြစ် ခွဲခြားကြတယ်။ ဒါမှမဟုတ် အပြု သဘော(တည်ဆောက်မှုသဘော)ဆောင်တာနဲ့ အဖျက်သဘောဆောင်တာအဖြစ် ခွဲခြားကြတယ်။ တတိယကမ္ဘာ့နိုင်ငံတွေနဲ့ တရုတ်ပြည်က တချို့ပညာရှင်တွေကတော့ ဖိနှိပ်ရေးပုံစံနဲ့ ဖိနှိပ်မှုဆန့်ကျင်ရေးပုံစံအဖြစ် ခွဲခြားတာ၊ သို့မဟုတ် ချဲ့ထွင်ရေးပုံစံနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး ပုံစံအဖြစ်ခွဲခြားတာလုပ်ကြပါတယ်။ ကျနော်ကတော့ စုစည်းခြင်း (FUSION) ပုံစံနဲ့ ကွဲထွက်ခြင်း (FISION)ပုံစံရယ်လို့ခွဲတာက ပိုပြီး သင့်လျော်မယ်ထင်ပါတယ်။
အနောက်တိုင်းပုံစံနဲ့ အနောက်တိုင်းမဟုတ်တဲ့ပုံစံ(သို့မဟုတ် အနောက်တိုင်းဆန့်ကျင်တဲ့ပုံစံ)ဆိုတဲ့ မြင်ပုံမြင်နည်းတွေဟာ ကာလ တော်တော် ကြာကြာကတည်းက ဖြစ်ပေါ်တိုးပွားလာတာပါ။ ဒီပုံစံနှစ်ခုဟာ အမြင်ချင်း ရှင်းရှင်းလင်းလင်းကွဲပြားပြီး ခွဲခြားတဲ့မျဉ်းဟာလည်း ပြတ်သား တယ်လို့ ပြောလို့ရပါတယ်။ ဒီလို ခွဲခြားနည်းကိုထောက်ခံတဲ့လူ နှစ်မျိုးနှစ်စားရှိနိုင်ပါတယ်။ တမျိုးက စာကြည့်ခန်းထဲကပညာရှင်များဖြစ်ပြီး သူတို့ဟာ ပဌမမှာတော့ မျက်မှောက်ခေတ်အမျိုးသားရေးဝါဒကို ပညာရှင်ဆန်ဆန် လေ့လာသုတေသနပြုကြတာပါ။ ဒါပေမဲ့ တယူသန်ကျမှု တွေကြောင့်၊ ဒါမှမဟုတ်ရင်လည်း အနောက်တိုင်းအမျိုးသားရေးအမြင်၊ တန်ဖိုးထားချက်အမြင်တွေကိုပဲ ပိုင်းခြားရေးစံတွေအဖြစ် သဘော ထားကြတာတွေကြောင့်၊ သူတို့မှာ လက်တွေ့နဲ့မကိုက်ညီတဲ့၊ တဘက်သတ်ကျတဲ့ကောက်ချက်တွေ ထွက်ပေါ်လာပြီး မျက်မှောက်ခေတ်
(၄)
အမျိုးသားရေးဝါဒကို အနောက်တိုင်းပုံစံနဲ့ အနောက်တိုင်းမဟုတ်တဲ့ပုံစံရယ်လို့ ရိုးရိုးစင်းစင်းလေးပဲ ခွဲခြားလိုက်တယ်။ တကယ့်လက်တွေ့မှာ ဒါဟာ အနောက်တိုင်းအမျိုးသားများနဲ့ အနောက်တိုင်းကမဟုတ်တဲ့အမျိုးသားများကြားက စိတ်ပိုင်းဆိုင်ရာ စည်းခြားထားမှုတွေကို သင်ပုန်းချေ ဖျောက်ဖျက်ပစ်ရေးအတွက် အကျိုးမရှိပါဘူး။ ဒုတိယလူမျိုးကတော့ မျက်မှန်စိမ်းတပ်ထားတဲ့ သို့မဟုတ် စစ်အေး အတွေးအခေါ်ရှိနေသေးတဲ့ နံမည်ကြီးနိုင်ငံရေးသမားများ၊ ပညာရှင်များဖြစ်ကြပါတယ်။ သူတို့ဟာ အနောက်တိုင်းကိုဆန့်ကျင်ကြတဲ့၊ သူတို့ရဲ့စိတ်မှန်းရန်သူ (IMAGINARY ENEMY) များကို နည်းမျိုးစုံနဲ့ ရှာဖွေဖော်ထုတ်ချင်ကြတယ်။ နောက်ပြီး အနောက်တိုင်း အင်အားကြီးနိုင်ငံတချို့ တခြားအမျိုးသားများအပေါ် စော်ကားမော်ကား အနိုင့်ထက်ပြုတာ ဗိုလ်ကျနေတာကိုလည်း သူတို့တတွေက အသိရှိစွာ သို့မဟုတ် အသိမဲ့စွာ ရှေ့နေလိုက်ပေးတတ်ကြ တယ်။ ချုပ်ပြောရရင် အမျိုးသားရေးဝါဒတွေကို အနောက်တိုင်းပုံစံနဲ့ အနောက်တိုင်းမဟုတ်တဲ့ပုံစံ(သို့မဟုတ် အနောက်တိုင်းဆန့်ကျင်တဲ့ ပုံစံ)အဖြစ် ခွဲခြားကြည့်မြင်နည်းဟာ အနှစ်သာရအရဆိုရရင် ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုအဝန်းအဝိုင်းမတူကြတဲ့ တိုင်းပြည်နဲ့လူမျိုးတွေကို ရန်သူ တွေအဖြစ် သဘောထားတဲ့အမြင်ဖြစ်ပါတယ်။ သူတို့ကို အန်တုဘက်တွေအဖြစ်သဘောထားပြီး ထိန်းချုပ်တာ၊ ဝိုင်းပတ်ပိတ်ဆို့တာတွေ ကြိုးစားလုပ်ကြတယ်။ ဒါဟာ သဘောတရားရေးအရလည်း မှားယွင်းတယ်။ ဒါကို နိုင်ငံတကာနိုင်ငံရေးမှာ သုံးလာရင်တော့ အန္တရာယ်တောင် ရှိပါတယ်။
အမျိုးသားရေးဝါဒီတွေကို ဒီမိုကရေစီကျတာနဲ့ မကျတာ၊ သို့မဟုတ် လွတ်လပ်မှုလိုလားတာနဲ့ မလိုလားတာရယ်လို့ ခွဲခြားတဲ့အမြင်နဲ့ ပတ်သက်လို့ ထက်ထက်သန်သန် ဆွေးနွေးကြဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီ၊ လွတ်လပ်မှုစတာတွေလို အယူအဆမျိုးတွေဟာ နဂိုမူလအရဆိုရင် ပြင်သစ်ဓနရှင်လူတန်းစားတော်လှန်စဉ်အခါက တင်ပြခဲ့တာတွေဖြစ်လို့ ဒါတွေဟာ သမိုင်းအရ တိုးတက်တဲ့သဘောရှိတယ် ဆိုတာ သံသယရှိစရာမလိုပေမယ့် ခေတ်တွေတိုးတက်၊ လူ့အဖွဲ့အစည်းတွေ ပြောင်းလဲလာတာနဲ့အမျှ ဒီမိုကရေစီဆိုတာတို့၊ လွတ်လပ်မှု ဆိုတာတို့ရဲ့ အနှစ်အဓိပ္ပာယ်နဲ့ တိုးချဲ့အဓိပ္ပာယ်တို့ဟာလည်း ကြွယ်ဝ၊ ဖွံ့ဖြိုး၊ ပြောင်းလဲလာခဲ့ပါတယ်။ ဒါ့အပြင် မတူတဲ့ခေတ်အသီးသီး၊ တိုင်းပြည်အသီးသီး သို့မဟုတ် လူမျိုးအသီးသီး လူတန်းစားအသီးသီးတို့မှာလည်း ဒီမိုကရေစီ၊ လွတ်လပ်မှုဆိုတာတို့အပေါ် ကိုယ့်နားလည်မှုနဲ့ ကိုယ် ရှိနေကြတာပါ။ ဥပမာ “အမျိုးသားအကျိုးစီးပွား”ဆိုတဲ့အချက်အပေါ် နားလည်မှု မတူကြတာမျိုးလိုပေါ့။ ဒါ့ကြောင့် ခုနေအခါမှာ ဒီမို ကရေစီ၊ လွတ်လပ်မှုဆိုတဲ့စကားတွေကို ယေဘုယျကျကျ၊ အနှစ်မဲ့မဲ့၊ ဝေဝေဝါးဝါးအသုံးပြုပြီး သို့မဟုတ် အခြေအနေနဲ့ကိုက်ညီမှုမရှိတဲ့ နည်းကို အသုံးပြုပြီး မျက်မှောက်ခေတ်အမျိုးသားရေးဝါဒကို အဓိပ္ပာယ်ဖွင့်ဆိုလို့ မဖြစ်ပါဘူး။ အဲ့ဒီလိုလုပ်ရင် လူတွေအနေနဲ့ နားလည်ရခက်၊ ဆုပ်ရကိုင်ရခက်ပြီး တပြေးညီစံလည်း ရှိလာနိုင်တော့မှာ မဟုတ်ပါဘူး။ အဲ့ဒီလို ဖွင့်ဆိုမယ်ဆိုရင် အနောက်တိုင်းရဲ့အတွေးအခေါ်တွေ၊ တန်ဖိုး ထားချက်တွေအရ အမျိုးသားရေးဝါဒအပေါ် သံသယပွားနေကြတာကို တားဆီးရှောင်လွှဲဖို့ ခဲယဉ်းပါလိမ့်မယ်။ ဖိနပ်နဲ့တော်အောင် ဖနောင့်ကို လှီးရမလိုခံစားမှုမျိုးလည်း အလွယ်တကူ ပေါ်လာပါလိမ့်မယ်။ မျက်မှောက်ခေတ်အမျိုးရေးဝါဒရဲ့ပုံစံတွေက များမြောင်ရှုပ်ထွေးလှတာကြောင့် ဒါတွေအားလုံးကို ပုံစံအသေတခုထဲကို သွတ်သွင်းပစ်နိုင်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ တဆင့်တိုးပြောရရင် အနောက်တိုင်းစံနဲ့ကိုက်တဲ့ အမျိုးသား ရေးဝါဒတွေကိုတော့ ဒီမိုကရေစီကျတဲ့၊ လွတ်လပ်မှုရှိတဲ့အမျိုးသားရေးဝါဒတွေဆိုပြီး သိမ်းသွင်းတာမျိုး၊ အနောက်တိုင်းစံနဲ့ မကိုက်တာတွေကို တော့ ဒီမိုကရေစီမကျတဲ့၊ လွတ်လပ်မှုမရှိတဲ့(ဒါမှမဟုတ် ဒီမိုကရေစီကိုဆန့်ကျင်တဲ့၊ လွတ်လပ်မှုကိုဆန့်ကျင်တဲ့) အမျိုးသားရေးဝါဒတွေပဲဆိုပြီး ဝိုင်းပယ်တာ ကျဉ်တာမျိုးတွေဟာ တကယ်တော့ ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒအတွေးအခေါ် ဖော်ပြချက်တွေဖြစ်ပါတယ်။
အမျိုးသားရေးဝါဒတွေကို အပြုသဘောဆောင်တာနဲ့ အဖျက်သဘောဆောင်တာရယ်လို့ နှစ်မျိုးခွဲခြားတာမှာ ကြောင်းကျိုးဆီလျော်မှု တစုံ တရာရှိပေမယ့် ဒါဟာ ပြဿနာကို ရိုးစင်းလွန်းသွားစေတာမို့ အဆုပ်ကိုင်ရခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်မှောက်ခေတ်အမျိုးသား ရေးဝါဒဆိုတာ သဏ္ဍန်များစုံလင်ရှုပ်ထွေးလှပြီး သူ့ရဲ့ အရည်အသွေး လက္ခဏာတွေဟာလည်း တမျိုးကတမျိုးကို အပြန်အလှန်ပြောင်းတတ် လို့ပါဘဲ။ “အပြုသဘောဆောင်တဲ့” အမျိုးသားရေးဝါဒဖြစ်တယ်ဆိုရင်တောင်မှပဲ သူ့မှာ သင့်တော်တဲ့ “အကန့်အသတ်ဘောင်”တခု ရှိရမှာပါ။ အကန့်အသတ်မဲ့တိုးချဲဖို့ မဖြစ်နိုင်ပါဘူး။ အဲ့ဒီ သင့်တော်တဲ့ “အကန့်အသတ်ဘောင်” ကို ကျော်သွားခဲ့ရင် သူနဲ့ဆန့်ကျင်ဘက်ကိုပြောင်းသွား ပြီး အဖျက်သဘောဆောင်တဲ့အမျိုးသားရေးဝါဒ ဖြစ်သွားနိုင်ပါတယ်။ မျက်မှောက်ခေတ်အမျိုးသားရေးဝါဒဟာ “အပြုသဘော” နဲ့ “အဖျက် သဘော” ကြားထဲမှာရှိတယ်ဆိုတာလည်း ပြောဖို့လိုပါသေးတယ်။ ဆိုလိုတာက အဲ့ဒီဝါဒထဲမှာ တစုံတရာ “အပြုသဘော”ပါဝင်သလို တစုံ တရာ “အဖျက်သဘော”လည်း ပါဝင်နေတာချည်းပါဘဲ။ ဒါမဟုတ်ရင်ဟိုဟာပဲ ဆိုတဲ့သဘော ရိုးစင်းတဲ့နည်းနဲ့ ဖွင့်ဆိုလို့မရပါဘူး။
ဖိနှိပ်ရေးပုံစံနဲ့ ဖိနှိပ်မှုဆန့်ကျင်ရေးပုံစံအဖြစ် အမျိုးသားရေးဝါဒတွေကိုခွဲခြားတဲ့နည်းကတော့ ၂ဝ ရာစုမတိုင်မီကာလနဲ့ ဒုတိယကမ္ဘာစစ်ပြီးမှ (၆ဝ) ခုနှစ်အထိ ကာလများမှာ ခေတ်စားခဲ့ပါတယ်။ ဒါပေမဲ့ အာရှ၊ အာဖရိက အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများ ဒီရေမြင့်ခဲ့ခြင်း၊ အဖိနှိပ်ခံအမျိုးသားအများအပြား လွတ်လပ်တဲ့နိုင်ငံများထူထောင်ကြခြင်း၊ ကိုလိုနီစနစ်ပြိုလဲခဲ့ခြင်း စတဲ့အခြေအနေတွေရှိလာတာနဲ့အမျှ အဲ့ဒီခွဲခြားနည်းဟာ မျက်မှောက်ခေတ်မှာ အခြေခံအားဖြင့် မကိုက်ညီတော့ပါဘူး။ ပဌမအကြောင်းက ရှေ့တန်းရောက် အရင်းရှင်နိုင်ငံဟောင်း များအနေနဲ့ အရင်တုန်းကလို ဗြောင်ကျတဲ့ဖိနှိပ်ရေးပုံစံအမျိုးသားရေးဝါဒကိုအသုံးပြုပြီး တက်သစ်စ ကမ္ဘာ့နိုင်ငံတွေကိုအုပ်ချုပ်ဖို့ သို့မဟုတ်
(၅)
ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒုတိယအကြောင်းရင်းက တတိယကမ္ဘာ့နိုင်ငံအသစ်တွေမှာ အတွင်းပိုင်းအတိုက်အခံဖြစ်မှုများ(အာဖရိက တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းတို့မှာလို နိုင်ငံတွေကျတော့ လူမျိုးရေးဆိုင်ရာ သို့မဟုတ် လူ့အနွယ်(အသားအရောင်)ဆိုင်ရာ အတိုက်အခံ ဖြစ်မှုများ)ရှိနေကြပေမယ့် အဓိအားဖြင့်တော့ ဒေသအကျိုးစီးပွားကိုကာကွယ်တာ သို့မဟုတ် မိမိတို့ အသားအရောင်၊ ဘာသာရေးကိုးကွယ် ယုံကြည်မှုတို့ကို ကာကွယ်တာတွေက အစချီကြပါတယ်။ လွတ်လပ်ပြီး အချုပ်အချာပိုင်တဲ့နိုင်ငံထူထောင်ရေးကို ရှင်းရှင်းလင်းလင်းတောင်း ဆိုတဲ့ အတိုက်အခံဖြစ်မှုတွေက အနှံ့အပြားအခြင်းအရာ လုံးဝ မဟုတ်ပါဘူး။
တိုးချဲ့ရေးပုံစံနဲ့ မိမိကိုယ်ကိုယ် ကာကွယ်ရေးပုံစံ အမျိုးသားရေးဝါဒရယ်လို့ ခွဲခြားတာနဲ့ပတ်သက်လို့ပြောရရင်လည်း အထက်က ခွဲနည်းတွေ လိုပါဘဲ။ မျက်မှောက်ခေတ်မှာ အနှံ့အပြားသုံးလို့ မဖြစ်တော့ပါဘူး။ မျက်မှောက်ကမ္ဘာပေါ်မှာ ကမ္ဘာတခုလုံးဆိုင်ရာ ဗိုလ်ကျရေးအကျိုးစီးပွား၊ သို့မဟုတ် ဒေသဆိုင်ရာ ဗိုလ်ကျရေးအကျိုးစီးပွားအတွက်လုပ်နေတဲ့ တိုးချဲ့ရေးပုံစံအမျိုးသားရေးဝါဒဟာ ရှိနေသေးပြီး၊ တဖက်မှာလည်း ဆုံးရှံူးသွားတဲ့နယ်မြေတွေကို ပြန်ရဖို့ကြိုးစားနေတဲ့။ သို့မဟုတ် အမျိုးသားတပေါင်းတစည်းထဲရှိရေးအတွက်လုပ်နေတဲ့၊ သို့မဟုတ် နိုင်ငံတော် အချုပ်အချာပိုင်မှုကိုကာကွယ်တဲ့ မိမိကိုယ်ကိုကာကွယ်ရေးပုံစံအမျိုးရေးဝါဒဟာလည်း ရှိနေသေးတာအမှန်ပါပဲ။ ဒါပေမဲ့ ဒီလိုခွဲခြားနည်းဟာ အကြောင်းအချက်စုံလင်လာ၊ ရှုပ်ထွေးလာတဲ့ မျက်မှောက်ခေတ်အမျိုးသားရေးဝါဒအခိုင်အမာဖြစ်ထွန်းမှုကို ပေါင်းချုပ်ရည်ညွှန်းနိုင်စွမ်း အတော့်ကိုမရှိတော့ပါဘူး။
အထက်ပါအခြေအနေတွေအရ မျက်မှောက်ခေတ်အမျိုးသားရေးဝါဒတွေကို စုစည်းခြင်းပုံစံနဲ့ ခွဲထွက်ခြင်းပုံစံရယ်လို့ခွဲခြားတာက ပိုသင့်တော် မယ်ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုခွဲခြားနည်းက မျက်မှောက်ခေတ်အမျိုးသားရေးဝါဒဖြစ်ထွန်းမှုရဲ့ အခိုင်အမာအခြေအနေကို ပကတိဘာဝကျကျ ရောင်ပြန်ဟပ်နိုင်ပြီး၊ ချီးကျူး ပြစ်တင်တဲ့သဘောလည်း နည်းနည်းမှမပါပဲ အရည်အသွေးလက္ခဏာအမျိုးမျိုးရှိတဲ့ အမျိုး သားရေးဝါအားလုံးအတွက်လည်း သုံးလို့ရပါတယ်။ အခုခေတ် နိုင်ငံတကာလူ့အဖွဲ့အစည်းကို တခုလုံးအနေအထားအရ လေ့လာကြည့်မယ် ဆိုရင် မျက်မှောက်ခေတ်အမျိုးသားရေးဝါဒတွေဟာ စုစည်းခြင်းပုံစံနဲ့ ခွဲထွက်ခြင်းပုံစံဆိုတဲ့ ပုံစံနှစ်မျိုးနဲ့ တပြိုင်နက်တည်းမှာ ယှဉ်တွဲဖြစ်ထွန်း နေကြောင်း တွေ့ရမှာပါ။ ဒီပုံစံ နှစ်မျိုးဟာ ထိပ်တိုက်လည်းဖြစ်နေ၊ ယှဉ်တွဲလည်းရှိနေပြီး စုစည်းမှုထဲမှာလည်း ကွဲထွက်မှုရှိ၊ ကွဲထွက်မှုထဲမှာ လည်း စုစည်းမှုရှိနေတယ်။ အပြန်အလှန် ယှက်နွယ်ယှက်သန်းဖြစ်ထွန်းနေပြီး ရှုပ်ထွေးပွေလီတဲ့ အခြင်းအရာတွေ ထွက်ပေါ်နေပါတယ်။
စုစည်းခြင်းပုံစံအမျိုးသားရေးဝါဒကို ဥရောပသမဂ္ဂဝင်နိုင်ငံများမှာ စံအကျဆုံး၊ အပေါ်လွင်ဆုံးတွေ့ရပါတယ်။ ကာလ လတ်၊ ကာလရှည် အမြင်နဲ့ကြည့်ရင် ဥရောပသမဂ္ဂအမှူးပြုတဲ့အမျိုးသားစုစည်းမှုဟာ ဥရောပတတိုက်လုံးမှာ ဖြစ်ထွန်းနေပါတယ်။ (အတ္တလန်တိတ်သမုဒ္ဒရာမှ (ရုရှားနိုင်ငံအတွင်း အာရှနဲ့ဥရောပကို ပိုင်းခြားထားတဲ့) ယူရယ်လ်တောင်တန်းအထိကျယ်ပြန့်တဲ့ “ဥရောပတိုင်းပြည်စုကြီး” ထူထောင်ရေး ကြံစည်ချက်ကတော့ အတော်ရှည်ကြာဦးမယ့်ကိစ္စတော့ ဖြစ်တာပေါ့။ နောက်တခုက အဲ့ဒီလို ဥရောပသမဂ္ဂနိုင်ငံများအတွင်းမှာ အမျိုးသား စုစည်းမှုရေစီးကြောင်းတွေ အားကောင်းကောင်းနဲ့ ဖြစ်ပေါ်နေတဲ့တချိန်တည်းမှာပဲ၊ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံ စတဲ့နိုင်ငံတွေ အတွင်းမှာတော့ ဒေသစွဲအမျိုးသားရေးဝါဒ အကြောင်းအချက်တွေကြောင့် အတိုင်းအတာမတူတဲ့ ကွဲထွက်မှုအခြင်းအရာတွေ ထွက်ပေါ်နေ ပါတယ်။ ဒီအချက်ကို အခိုင်အမာဖော်ပြနေတာကတော့ ဒေသခွဲထွက်(ခွဲခြား)ရေးဝါဒဖြစ်ပါတယ်။ ဥပမာ ပြင်သစ်မှာ ကော်စီကားနဲ့ ဘရစ်တန် နီ၊ အင်္ဂလန်မှာ မြောက်အိုင်ယာလန်နဲ့ စကော့တလန်၊ စပိန်မှာ ဘက်စ်လ် (BASQUE)နဲ့ ကာတာလောနီးယား၊ ဘယ်လ်ဂျီယံမှာ ဖလင်းဒါးနဲ့ ဝဲလွန်း၊ အီတလီမှာ တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်း သုံးခုမှဒေသသားများအတွင်းမှာ ခွဲထွက်ရေး သို့မဟုတ် ခွဲခြားရေးတိမ်းညွှတ်မှုတွေ ရှိနေပါတယ်။ ဒါ့ကြောင့် ဒေသခွဲထွက်ရေးဝါဒအပေါ်တိုက်ပွဲဆင်ကာ တိုင်းပြည်တပေါင်းတစည်းထဲရှိမှုကိုကာကွယ်ရေးဆိုတာ အနောက် ဥရောပတိုင်းပြည်အချို့ရဲ့ ခက်ခဲတဲ့တာဝန်တရပ်ဖြစ်နေပါသေးတယ်။
ကမ္ဘာ့ တခြားနေရာတွေမှာလည်း အဲ့ဒီလို စုစည်းမှုဘက်ကိုဦးတည်နေတဲ့အမျိုးသားရေးဝါဒတွေ ဖြစ်ပေါ်နေပါသေးတယ်။ တိုင်းပြည်နယ်နိမိတ် ကိုကျော်လွန်ပြီး စီးပွားရေးအရပူးပေါင်းမှုကိုအဓိကထား၊ နိုင်ငံရေးအရပူးပေါင်းမှုကို အရန်ထားတဲ့ပုံစံတွေကို အဓိကတွေ့ရပါတယ်။ ဥပမာ အာဆီယံအဖွဲ့လိုမျိုးဖြစ်ပါတယ်။ အဲ့ဒီလိုအမျိုးသားရေးဝါဒကတော့ ဖွံ့ဖြိုးမှုရေချိန်အရ၊ ရင့်မှည့်မှုအဆင့်အတန်းအရ ဥရောပသမဂ္ဂနိုင်ငံတွေ ထက် အနည်းငယ်နိမ့်ပါတယ်။ အာဆီယံလိုဟာမျိုးကို ပူးပေါင်းရေးအမျိုးသားရေးဝါဒ သို့မဟုတ် အာရှရဲ့စုစည်းခြင်းပုံစံ အမျိုးသားရေးဝါဒ ဘက်သို့ ဦးတည်နေတဲ့အရာအဖြစ်ပြောရင်လည်း ရပါတယ်။ နိုင်ငံတကာအဆင့်နေရာ အတော်အတန်မြင့်မားတဲ့ ရှေ့တန်းရောက်နိုင်ငံများ ပါဝင်တဲ့ ဥရောပသမဂ္ဂရဲ့ စုစည်းခြင်းပုံစံအမျိုးသားရေးဝါဒဟာ ဒေသအတွင်းမှာ အားပျော့သွားတဲ့ သို့မဟုတ် “သေးကြုံ့သွားတဲ့” အမျိုးသား ရေးဝါဒဖြစ်တယ်လို့ ပြောကြမယ်ဆိုရင်လည်း အာဆီယံနဲ့ တခြား ဖွံ့ဖြိုးဆဲနိုင်ငံအဖွဲ့အစည်းများရဲ့ စုစည်းခြင်းပုံစံအမျိုးသားရေးဝါဒကတော့ အားကောင်းလာတဲ့ သို့မဟုတ် “ကြီးထွားလာတဲ့”အမျိုးသားရေးဝါဒဖြစ်တယ်လို့ ပြောကြရမှာပါပဲ။ ဘာလို့လဲဆိုတော့ အာဆီယံမှာလို စုစည်း ခြင်းပုံစံအမျိုးသားရေးဝါဒ ပေါ်ထွက်အားကောင်းလာခြင်းဟာ အဲ့ဒီလိုနိုင်ငံတွေအနေနဲ့ ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေးစနစ်ထဲမှာ အားနည်းတဲ့
(၆)
အနေအထားမှာရောက်နေရတာကို ခံစစ်သဘောနဲ့တုံ့ပြန်ခြင်းတမျိုးဖြစ်လို့၊ နောက်ပြီး သူတို့တတွေရဲ့ အမျိုးသားရေး ဘုံအကျိုးစီးပွားကို ကာကွယ် ဖို့အတွက်လုပ်တဲ့ စုပေါင်းကြိုးစားမှုတရပ်ဖြစ်လို့ နောက်တဘက်ကကြည့်ရင် ဒါဟာ အနောက်တိုင်းနိုင်ငံကြီးတွေရဲ့ အင်အားသုံး နိုင်ငံရေးနဲ့ ဗိုလ်ကျရေးဝါဒကိုဆန့်ကျင်တဲ့ အံတုမှုတမျိုးဖြစ်လို့ပါဘဲ။ ဒါတွေကြောင့် အဲ့ဒီအမျိုးသားရေးဝါဒရဲ့ အလားအလာဟာ အားကောင်း လာမှာပါ။ အားနည်းသွားမှာ မဟုတ်ပါဘူး။
ကွဲထွက်ခြင်းပုံစံအမျိုးသားရေးဝါဒကိုတော့ ရုရှားနိုင်ငံ လွတ်လပ်သောဓနသဟာယနိုင်ငံများအဖွဲ့ (CIS) အရှေ့ဥရောပ၊ အလယ်ဥရောပဒေသ စတဲ့နေရာတွေမှာ အထင်ရှားဆုံးတွေ့ရပါတယ်။
ရုရှားပြည်ထောင်စုထဲမှာ လူမျိုးပေါင်းတရာကျော်ရှိပါတယ်။ လူမျိုးစုဦးရေဟာ တနိုင်လုံးဦးရေရဲ့ ၁၇%၅ သာရှိပေမယ့် သူတို့နေထိုင်ရာဒေသ အကျယ်အဝန်းကတော့ တပြည်လုံးရဲ့ တဝက်ကျော်ကျော်တောင်ရှိပါတယ်။ မကြာသေးမီနှစ်များက ပြည်ထောင်စုဗဟိုအစိုးရဟာ တိုင်းပြည် တပေါင်းတစည်းထဲရှိရေးနဲ့ ဒေသများအပေါ်ထိန်းချုပ်ရေးကို အားဖြည့်ဖို့အတွက် စီမံချက်ကြီးတချို့ကို ချမှတ်ခဲ့ပါတယ်။ ဒီနောက်မှာ အမျိုး သားခွဲထွက်ရေးဝါဒနဲ့ ဒေသခွဲထွက်ရေးဝါဒရဲ့အရှိန်အဟုန်တွေကို ဇက်သတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ခွဲထွက်ရေးပုံစံအမျိုးသားရေးအင်အားတွေ ကတော့ တည်ရှိနေပါသေးတယ်။ ဥပမာ နှစ်အတော်ကြာတည်ရှိလာခဲ့တဲ့ ချီချင်ညာပြဿနာကို အကုန်အစင်ဖြေရှင်းလို့ မပြီးသေးပါဘူး။ ဗဟိုနဲ့ နယ်များအကြားပဋိပက္ခ၊ ရုရှားလူမျိုးနဲ့ လူမျိုးအသီးသီးတို့အကြားရှိ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတို့ဟာ မြုပ်ချီတခါ ပေါ်ချီတလှည့်နဲ့ ရပ်စဲမသွားနိုင်သေးပါဘူး။ အမျိုးသားရေးအတိုက်အခံဖြစ်မှုနဲ့ ခွဲထွက်ရေးပြဿနာတို့ဟာလည်း ပေါ်ပေါက်လာနိုင်ပါသေးတယ်။
လွတ်လပ်သော ဓနသဟာယနိုင်ငံများအခြေအနေကလည်း ထိုနည်း၎င်းပါပဲ။ ဥပမာ ဂျော်ဂျီယာဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ အလွန့် အလွန်ရှုပ်ထွေးတဲ့ အမျိုးသားရေးအတိုက်အခံဖြစ်မှုများ ရပ်စဲသွားတယ်လို့မရှိဘဲ တိုးလို့သာနေပါတယ်။ မိုလ်ဒိုးဗားနိုင်ငံတွင်းက အမျိုးသား ရေးအတိုက်အခံဖြစ်မှုတွေကလည်း အတော်ပြင်းထန်ပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့အကြားမှာ နာဂိုနိုကရာဘတ်ဒေသကို ရရှိရေးနဲ့ပတ်သက်ပြီး စစ်မီးတွေ မပြတ်လောင်နေပါတယ်။ ကက်စပီယံဝန်းကျင်ဒေသ ရေနံသယံဇာတာများ ခွဲဝေရယူရေးနဲ့ပတ်သက်ပြီး တော့လည်း သက်ဆိုင်ရာနိုင်ငံတွေဟာ အငြင်းပွားနေကြတုန်းပါဘဲ။
အရှေ့ဥရောပနဲ့ အလယ်ဥရောပဒေသမှာဆိုရင် အမျိုးသားရေးအတိုက်အခံဖြစ်မှုတွေဟာ သက်ဆိုင်ရာနိုင်ငံအသီးသီးကို အကျပ်ရိုက်စေတဲ့ အပူစက် ပြဿနာတွေဖြစ်ပါတယ်။ ဘောစနီးယားငြိမ်းချမ်းရေးဟာလည်း အားအင် ယဲ့ယဲ့နဲ့ပဲရှိသေးပြီး သူ့ရဲ အမျိုးသားသင့်မြတ်ရေးတာဝန် ဟာလည်း ခက်ခဲပင်ပမ်းတဲ့ ရေရှည်တာဝန်ကြီး ဖြစ်နေပါတယ်။ ဘော်လ်ကန်ဒေသတခုလုံးဟာ အမျိုးသားရေးပြဿနာတွေ၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတယ်။ ဒီဒေသမှာ အမျိုးမျိုးအဖုံဖုံသော အမျိုးသားရေးလှုပ်ရှားမှုတွေဟာ ကမ္ဘာ့မြေအောက်မီး၊ မြေအောက် ကျောက်ရည်တွေလို လှုပ်ရှားနေကြပြီး အချိန်မရွေး ပေါက်ကွဲထိုးထွက်လာကာ နေရာအနှံ့စီးဆင်းသွားနိုင်ပါတယ်။
တချိန်တည်းမှာ အထက်ပါတိုင်းပြည်များရဲ့အတွင်းပိုင်းနဲ့ သူတို့ အချင်းချင်းကြားမှာလည်းပဲ ကွဲထွက်ခြင်း အခြင်းအရာတွေရှိနေရုံမက မမြင် သာတဲ့ စုစည်းခြင်း တိမ်းညွှတ်မှုကလေးတွေလည်း ရှိနေပါတယ်။ ဥပမာ ရုရှား ဘဲလိုရုစ်၊ ယူကရိန်းနိုင်ငံတို့ဟာ ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလ အတွင်းမှာ ပေါင်းစည်းရေးသဘောတူညီချက်ကို ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြတယ်။ ရုရှားနိုင်ငံအမှူးပြုတဲ့ လွတ်လပ်သော ဓနသဟာယ နိုင်ငံများအဖွဲ့ဟာ အဖွဲ့ဝင်အချင်းချင်းကြား ပူးပေါင်းရေး သို့မဟုတ် ပူးတွဲရေးကိုအားဖြည့်ဖို့အတွက် ပေါ်လစီအမျိုးမျိုးချမှတ်ထားကြပါတယ်။ ဥရောပအလယ်ပိုင်းဒေသက ပိုလန်၊ ချက်၊ ဟန်ဂေရီ စတဲ့နိုင်ငံများဟာလည်း ဥရောပသမဂ္ဂဝင်ခွင့်ရဖို့ လုံးပမ်းပြင်ဆင်တဲ့အနေနဲ့ သူတို့အချင်း ချင်းကြားမှာ ပူးပေါင်းလုပ်ဆောင်မှုနဲ့ ပူးတွဲလုပ်ဆောင်မှုတို့ကို အားဖြည့်ခဲ့ကြတယ်။
ကမ္ဘာ့အခြားနေရာများမှာ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာလည်းပဲ သမိုင်းအရရှုပ်ထွေး၊ လက်ရှိပဋိပက္ခတွေလည်းများပြား၊ အခွင့်အာဏာနဲ့ အကျိုးစီးပွားခွဲဝေမှုအရလည်း မမျှတတွေကြောင့် သို့မဟုတ် လူမျိုး၊ လူ့နွယ်၊ မျိုးတူအုပ်စု၊ ဘာသာရေး၊ ဒေသ စတဲ့ကွဲပြားမှုအသီးသီးတို့ကြား ပဋိပက္ခများနဲ့ တိုင်းပြည်အသီးသီးတို့အကြားပဋိပက္ခများ ရှိတာတွေကြောင့် အမျိုးသားကွဲထွက်ရေးတိမ်းညွှတ်မှုတွေရှိနေတဲ့ အမျိုးသားရေး ဝါဒများ ပေါ်ထွက်လာနေပါတယ်။ ဒီဝါဒတွေရဲ့ ဖြစ်ထွန်းမှုအတိုင်းအတာဟာ တိုင်းပြည်ပြိုကွဲစေလောက်တဲ့အထိ မရောက်သေးပေမယ့် ဒါတွေ ကို အတိုက်အခံဖြစ်မှုဘက်ဦးတည်နေတဲ့ အမျိုးသားရေးဝါဒများ သို့မဟုတ် အာရှရဲ့ ကွဲထွက်ရေးပုံစံအမျိုးသားရေးဝါဒများလို့ ခေါ်ဝေါ်နိုင်ပါ တယ်။
(၇)
အမျိုးသားစုစည်းမှုနဲ့ အမျိုးသားကွဲထွက်မှုဆိုတဲ့ အမျိုးသားရေးဝါဒနှစ်မျိုးအပေါ် ဘယ်လို အကဲဖြတ်သင့်ပါသလဲ။
ယေဘုယျအနေနဲ့ပြောရရင် အမျိုးသားစုစည်းမှုဟာ တက်ကြွတဲ့အဓိပ္ပာယ်ဆောင်ပါတယ်။ သမိုင်းရေးအရ တိုးတက်တဲ့ဖော်ပြချက်တမျိုး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ အမျိုးသားနိုင်ငံများရဲ့အကျိုးစီးပွား သို့မဟုတ် သက်ဆိုင်ရာလူမျိုးများရဲ့အကျိုးစီးပွားနဲ့ကိုက်ညီပြီး လူသားများရဲ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေး ရေရှည်ဦးတည်ချက်နဲ့လည်း ကိုက်ညီလို့ပါဘဲ။ နောက်ပြီး ဒါဟာ အမျိုးသားပေါင်းစည်းရောပြွမ်း သွားရေးဆိုတဲ့ နောက်ဆုံးပန်းတိုင်ကိုသွားနေတဲ့ အားကောင်းတဲ့ခြေလှမ်းတရပ် ဖြစ်လို့ပါဘဲ။ ဒါပေမဲ့ ဒီနေရာမှာ တောင်းဆိုချက်တွေရှိပါ တယ်။ အဲ့ဒါကတော့ အဲ့ဒီ စုစည်းခြင်းပုံစံအမျိုးသားရေးဝါဒဟာ ငြိမ်းချမ်းတဲ့နည်းနာနဲ့လုပ်ဆောင်ဖို့၊ တခြားအမျိုးသားတွေရဲ့အကျိုးစီးပွားကို မထိခိုက်စေဖို့၊ အများလက်ခံထားတဲ့ နိုင်ငံတကာဥပဒေစံတွေနဲ့ ကိုက်ညီစေဖို့ဖြစ်ပါတယ်။
အမျိုးသားကွဲထွက်မှုတွေအပေါ်ရော ဘယ်လိုကြည့်မြင်မလဲ။ အဲ့ဒါနဲ့ပတ်သက်လို့ ပညာရှင်များ အတော်ငြင်းခုန်ကြပါတယ်။ အချက်အချာ ပြဿနာကတော့ လူမျိုးပေါင်းစုံမှီတင်းနေထိုင်တဲ့နိုင်ငံတခုဟာ(လူမျိုးစုတွေရဲ့)တိုင်းပြည်သေးသေးလေးတွေအဖြစ်သို့ ကွဲထွက်သွားတာဟာ သမိုင်းအမြင်အရ တိုးတက်မှုလား နောက်ပြန်ဆွဲမှုလားဆိုတဲ့ပြဿနာပါ။
ဒါဟာ အတော့်ကို ရှုပ်လည်းရှုပ်ထွေး စူးလည်းစူးရှတဲ့ပြဿနာတရပ် ဖြစ်ပါတယ်။ ဒါကို ယေဘုယျလောက်နဲ့ပဲ ချုပ်ပြောလိုက်တာမျိုး လုံးဝ လုပ်လို့မဖြစ်ပါဘူး။ အခိုင်အမာပြဿနာတွေကို အခိုင်အမာခွဲခြားတဲ့သဘော ရှိရပါမယ်။ သာမန်အခြေအနေမှာ နိုင်ငံတခုအတွင်း အမျိုးသား တွေ ကွဲထွက်သွားတာမှာဖြစ်ဖြစ်၊ စုစည်းသွားတာမှာပဲဖြစ်ဖြစ် အကြောင်းအချက်တွေ အများကြီးရှိပါတယ်။ ဥပမာ ဘုံစိတ်ကူးစံ(ဘုံဦးတည် ချက်) ရှိကြသလား၊ လူမျိုးတမျိုးချင်း အကျိုးစီးပွားတွေရဲ့အပေါ်မှာ ဦးထိပ်ပန်ရမယ့် ဘုံအကျိုးစီးပွားရှိသလား၊ တောင့်တင်းတဲ့စီးပွားရေးဆက် ဆံမှု ရှိသလား၊ အမျိုသားဖွံ့ဖြိုးမှုနဲ့ အမျိုးသားဆင်ခြင်တုံအသိရှိမှုအခြေအနေတွေ ရှိသလား၊ သမိုင်းအရ၊ လက်တွေ့အခြေအနေအရ လူမျိုး ချင်း ဆက်ဆံမှုတွေမှာ တန်းတူမှု၊ သင့်မြတ်မှုရှိသလား၊ အဓိကဦးဆောင်နေတဲ့လူမျိုးက မှန်ကန်တဲ့အမျိုးသားရေးပေါ်လစီကို ကျင့်သုံးနေ လား၊ ပြည့်စုံတဲ့ ပူးတွဲလုပ်ဆောင်ရေးယန္တရားရှိသလား၊ ပြင်ပအင်အားစုတွေက ဝင်နှောက်တာရှိသလား စတဲ့အခြေအနေတွေဖြစ်ပါတယ်။ တကယ်လို့ အဲ့ဒီအခြေအနေတွေရှိတယ်ဆိုရင် အမျိုးသားရေးစုစည်းမှုဘက်က အဓိကနေရာရပါလိမ့်မယ်။ ဒါတွေမရှိရင်တော့ အမျိုးသားကွဲ ထွက်မှုက အပေါ်စီးနေရာ ရနိုင်ပါတယ်။ အခိုင်အမာထောက်ပြရရင် ဆိုဗီယက်ပြည်ထောင်စုနဲ့အရှေ့ဥရောပမှာ တုန်လှုပ်ခြောက်ခြားဖွယ် အမျိုးသားရေးပြိုကွဲမှုကြီးဖြစ်ပေါ်ခဲ့တဲ့ အခြေခံအကြောင်းရင်းဟာ အထက်ကပြောခဲ့တဲ့အခြေအနေတွေ မဲ့လို့ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပြည်တွင်းပြည်ပ အခြေအနေမျိုးမျိုး ယှက်နွယ်နေတာကြောင့် အဲ့ဒီဒေသကြီးမှာ အမျိုးသားရေးပြိုကွဲမှုဖြစ်ခဲ့တာ မကောင်းတဲ့ဂယက် က အတော်ကြီးပါတယ်။ ဥပမာ ဆိုရှယ်လစ်အင်အားများ အကြီးအကျယ် နောက်ဆုတ်လိုက်ရတယ်။ အဲ့ဒီဒေသတွေမှာ မငြိမ်သက်မှုတွေ၊ အတိုက်အခံဖြစ်မှုတွေအပြင် သွေးထွက်သံယိုစစ်တွေတောင် ပေါ်ပေါက်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီပြိုကွဲမှုတွေမှာ တစုံတရာ ကျိုးကြောင်းဆီလျော် မှုတွေလည်း ရှိပါတယ်။ ဥပမာ အဲ့ဒီလိုပြိုကွဲမှုဖြစ်လာခဲ့လို့ တချို့အမျိုးသားနိုင်ငံတွေအနေနဲ့ အပြင်အပရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကို ဖယ်ရှား ပစ်နိုင်ခဲ့တယ်။ လုံးဝလွတ်လပ်မှုနဲ့ အချုပ်အချာပိုင်မှုကို ရရှိခဲ့တယ်။ မိမိတိုင်းပြည်နဲ့လျော်ညီတဲ့ ဖွံ့ဖြိုးရေးလမ်းပေါ်လျှောက်ဖို့ အခွင့်အလမ်း တွေ ရရှိလာခဲ့တယ်။ အဲ့ဒီလိုပြိုကွဲမှုတွေဖြစ်လာခဲ့လို့လည်း ဖွံ့ဖြိုးမှုအဆင့်မြင့်ပြီး အင်အားလည်းရှိတဲ့အမျိုးသားများအနေနဲ့ တ့ခြားအမျိုးသား တွေရဲ့ ထိန်းချုပ်မှုကိုဖယ်ရှားပြီး မိမိတို့နိုင်ငံကို အမှီခိုကင်းစွာထူထောင်လာနိုင်ကြပြီး ခြေလှမ်းမှန်မှန်ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်လာကြ တယ်။ ဒီလိုကွဲထွက်မှုတွေမှာ သော့ချက်ကျတာက ကျိုးကြောင်းဆီလျော်တဲ့ “အကန့်အသတ်ဘောင်” တခု ထားရှိဆုပ်ကိုင်ထားဖို့ဘဲ။ ဒီလိုမှ မဟုတ်ရင်တော့ အမျိုူးသားကွဲထွက်ရေးရဲ့ ကျိုးကြောင်းဆီလျော်မှုလက္ခဏာတချို့ဟာ ပြောင်းပြန်သဘောဖြစ်သွားတတ်ပြီး အဆိုးက အကောင်းအပေါ် လွှမ်းမိုးသွားတတ်တယ်။ ဒါမျိုးမဖြစ်သင့်ပါဘူး။
အပိုင်း ၃။ ၂၁ ရာစုအတွင်း အမျိုးသားရေးဝါဒ ဖွံ့ဖြိုးမှုအလားအလာ။
၂၁ ရာစုဟာ ရောက်လာပါတော့မယ်။ လာမယ့်ရာစုမှာ အမျိုသားရေးဝါဒဟာ ဘယ်လိုဖြစ်ထွန်းလာနိုင်ပါသလဲ။ ဒီပြဿနာဟာ နိုင်ငံတကာ လူမှုလောကအတွင်းမှာ အပြန့်အနှံ့စဉ်းစားနေကြတဲ့ပြဿနာဖြစ်ပါတယ်။
တခုလုံးခြုံပြောရရင် ရာစုနှစ်အပြောင်းမှာ နိုင်ငံတကာလူမှုလောကအတွင်းမှာ အမျိုးသားကွဲထွက်မှုနဲ့ အမျိုးသားစုစည်းမှုတို့ကို အသီးသီး တွန်းအားပေးတဲ့အင်အားကြီးတွေ တည်ရှိနေပါတယ်။ အမျိုးသားရေးဝါဒ ပေါက်ဖွားကြီးပြင်းတဲ့ရေခံမြေခံတွေ အကျယ်အပြန့်ရှိနေပါသေး တယ်။
တဘက်ကကြည့်ရင် မျက်မှောက်ခေတ်မှာ သိပ္ပံနဲ့နည်းပညာဟာ အဟုန်မြင့်မားစွာ ဖွံ့ဖြိုးနေတာနဲ့အမျှ ကုန်ပစ္စည်းဆိုင်ရာ၊ ကူးသန်းရောင်းဝယ် ရေးဆိုင်ရာ၊ နည်းပညာဆိုင်ရာ၊ အရင်းအနှီးဆိုင်ရာဖလှယ်မှုနဲ့ စီးဆင်းမှုတွေဟာလည်း ကျယ်ပြန့်လာနေပြီး နိုင်ငံဘောင်ကျော် ကော်ပိုရေး
(၈)
ရှင်းကြီးများ၊ ဒေသဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းများဟာလည်း ကမ္ဘာကြီးကို တနေ့တခြား သိပ်သည်းစွာနဲ့ ဆက်စပ် ချည်နှောင်ပေးနေတယ်။ ကမ္ဘာကြီးဟာ “သေးငယ်” သွားတယ်။ နိုင်ငံတကာစီးပွားရေးဟာ အရှိန်အဟုန်မြန်ဆန်စွာ တပေါင်းတစည်းထဲ ဖြစ်လာနေတယ်။ တချိန်တည်းမှာ ခေတ်မီရှေ့တန်းရောက်တဲ့ ဆက်သွယ်ဖြန့်ချိရေးကိရိယာများရှိနေမှု၊ လူအများ မပြတ်ကူးသန်းသွားလာ နေမှု၊ အတွေးအခေါ် ယဉ်ကျေးမှုများ ဖလှယ်နေမှုတို့ကြောင့် သတင်းအချက်အလက်များ ဆက်သွယ်ရေးဖြန့်ချိမှုဟာ မြန်ဆန်လာ၊ ကျယ်ပြန့် လာတယ်။ သတင်းအချက်အလက် လွှမ်းလာခြင်း၊ “ပွင့်လင်းမြင်သာလာခြင်း”တို့ကြောင့် လူသားဘဝ တကမ္ဘာလုံးလက္ခဏာဆောင်လာခြင်း ဆိုတဲ့ တိမ်းညွှတ်မှုဟာလည်း တနေ့တခြား ကြီးထွားဖွံ့ဖြိုးလာတယ်။ အမျိုးသားအသီးသီးရဲ့ ယဉ်ကျေးမှုစနစ်တွေဟာ ခါတိုင်းထက် အကြိမ်ရေ စိပ်စိပ်နဲ့ အချင်းချင်းထိတွေ့တာ၊ ရင်ဆိုင်တိုးမိတိုက်မိတာ၊ ဖလှယ်တာ၊ တခုကတခုကို လက်ခံသွတ်သွင်းတာတွေရှိလာပြီး၊ အမျိုးသားယဉ် ကျေးမှုတွေဟာလည်း တကမ္ဘာလုံးလက္ခဏာဆောင်တဲ့ ယဉ်ကျေးမှုအဖြစ်သို့ တလှမ်းချင်းလှမ်းနေတယ်။ အဲ့ဒီလိုနဲ့ စီးပွားရေးနဲ့ယဉ်ကျေးမှု တကမ္ဘာလုံးလက္ခဏာ ဆောင်လာနေမှုတို့ကြောင့် နဂိုတုန်းက တိုင်းပြည်နယ်နိမိတ်ရဲ့ အကန့်အသတ်ကို ခံထားရတဲ့လူတွေရဲ့ အတွေးအခေါ် ခံယူချက်တွေမှာလည်း အပြောင်းအလဲကြီးတွေ ဖြစ်ရှိလာတယ်။ လူတွေဟာ မိမိအမျိုးသား(လူမျိုး) ခံယူချက်တွေကို ထိန်းသိမ်းတာနဲ့ တချိန် ထဲမှာ ဒေသဆိုင်ရာခံယူချက်အတွေးအခေါ်နဲ့ တကမ္ဘာလုံးဆိုင်ရာ ခံယူချက်အတွေးအခေါ်တွေလည်း ရှိလာတယ်။ အဲ့ဒီလို တိုင်းပြည် နယ် နိမိတ်ဘောင်ကျော်သွားတဲ့ ဒေသဆိုင်ရာခံယူချက်နဲ့ ကမ္ဘာလုံးဆိုင်ရာခံယူချက်တွေကြောင့်ပဲ အမျိုးသားရေးစုစည်းမှုနဲ့ ပူးတွဲလုပ်ဆောင်မှု ဆိုင်ရာအင်အားတွေ တိုးပွားလာပြီး စုစည်းခြင်းပုံစံအမျိုးသားရေးဝါဒဟာလည်း အလျှင်အမြန် ဖြစ်ပေါ်တိုးပွားလာတာဖြစ်ပါတယ်။
တခြားတဘက်ကကြည့်ရင် နိုင်ငံတကာ လူမှုလောကအတွင်း အမျိုးသားတွေအကြား တိုင်းပြည်တွေအကြား ဖွံ့ဖြိုးမှုကွာခြားချက်များ၊ အခွင့် အရေး အကျိုးစီးပွားခွဲဝေမှု မညီမျှချက်များ၊ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တဲ့ အမျိုးသားရေး စိတ်နေစိတ်ထားဆိုင်ရာ ကာဆီးထားချက် များဟာ အနှံ့အပြားရှိနေသေးတယ်။ နောက်ပြီး အင်အားသုံးနိုင်ငံရေး၊ ဗိုလ်ကျလွှမ်းမိုးရေးတွေ ဆိုးဆိုးဝါးဝါးရှိနေသေးတယ်။ အမျိုးသားတခုနဲ့ တခုနဲ့ကြား သို့မဟုတ် တိုင်းပြည်တခုနဲ့တခုကြားမှာ ကြီးသူက ငယ်သူကို၊ အားကောင်းသူက အားနည်းသူကို၊ ချမ်းသာသူက ဆင်းရဲသူကို ဗိုလ်ကျ အနိုင်ကျင့်တာတွေဟာလည်း နေရာတကာမှာ တွေ့နေရတုန်းဘဲ။ တချိန်ထဲမှာ တချို့နိုင်ငံတွေအတွင်းမှာ လူမျိုး၊ လူ့နွယ်၊ ဘာသာရေး ဆိုင်ရာ ပြင်းထန်တဲ့ပဋိပက္ခတွေနဲ့ ဒေသတွေအကြား အကျိုးစီးပွားချင်း ထိပ်တိုက်ဖြစ်နေမှုတွေကိုလည်း မှန်မှန်ကန်ကန် မဖြေရှင်းရသေးပါ ဘူး။ အဲ့ဒီလို အချက်အလက်တွေကြောင့် ကွဲထွက်ခြင်းပုံစံအမျိုးသားရေးဝါဒအဟောင်း၊ အသစ်တို့မှာတည်မြဲစရာ နေရာလပ်တွေနဲ့ လူထု အခြေခံတွေ အတော်ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါသေးတယ်။ ဒီကတဆင့် တိုင်းပြည်တခုနဲ့တခုအကြားမှာ သို့မဟုတ် တိုင်းပြည်တွေ အတွင်း မှာ အမျိုးသားရေးအတိုက်အခံဖြစ်မှုတွေ ပေါက်ဖွားလာနိုင်ပါတယ်။
အဲ့ဒီလို တခုလုံးခြုံငုံအကဲဖြတ်ချက်အရ ၂၁ ရာစုရဲ့ အမျိုးသားရေးဝါဒဖွံ့ဖြိုးမှုအလားအလာကို ခန့်မှန်းတွက်ဆကြည့်နိုင်ပါတယ်။
နယ်မြေဒေသကို အခြေခံယူနစ်အဖြစ်ထားတဲ့ စုစည်းခြင်းပုံစံအမျိုးသားရေးဝါဒ(တနည်းအားဖြင့်ပြောရရင် နယ်ဒေသတခုအတွင်းထဲမှာပါတဲ့ တိုင်းပြည်အသီးသီးကြားမှာ အမျိုးသားရေး အကာအရံအတားအဆီးများအား တဖြည်းဖြည်းချင်း လျှော့ချဖယ်ရှားပြီး အမျိုးသားများကိုတော့ အမျိုးသားရေးစည်းခြားမှုတမျိုးမျိုးနဲ့ဆက်ဆံတဲ့ အမျိုးသားရေးဝါဒ)ဟာ ကြီးထွားလာနိုင်ပြီး နေရာတကာမှာ မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာနိုင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားအကျိုးစီးပွားတွေထဲမှာ စီးပွားရေးအရဖွံဖြိုးရေးဟာ အခြေခံအကျဆုံးဖြစ်ပြီး စီးပွားရေးအရ ဖွံ့ဖြိုး ခြင်းကို ဦးထိပ်ပန်ဆင် လုပ်ဆောင်ကြတဲ့ပုံစံတွေထဲမှာ ပုံစံတခုကတော့ နိုင်ငံစုံပူးပေါင်းမှုအဖွဲ့အစည်းအချင်းချင်းကြား ယှဉ်ပြိုင်မှုပုံစံဖြစ်တယ် ဆိုတာ၊ နောက်ပြီး ဒီပုံစံဟာ အားသာချက်တွေကိုသုံးပြီး အပြန်အလှန် အထောက်အကူပြုနိုင်တယ်၊ အကျိုးအမြတ် ကြီးကြီးမားမားရနိုင်တယ် ဆိုတာ၊ တနေ့တခြား သည်းသန်လာတဲ့နိုင်ငံတကာ စီးပွားရေးပြိုင်ဆိုင်မှုအတွင်းမှာ ဒီပုံစံဟာ မိမိရဲ့တည်မြဲမှုနဲ့ ဖွံ့ဖြိုးမှုကိုရအောင်လုပ်နိုင်စွမ်း ရှိတယ်ဆိုတာတို့ကို တိုင်းပြည်တိုင်း လူမျိုးတိုင်းက အသေအချာ သဘောပေါက်နေကြလို့ပါဘဲ။ ဒါ့ကြောင့်ပဲ စုစည်းခြင်းပုံစံအမျိုးသားရေးဝါဒရဲ့ အခြေခံအနှစ်သာရဟာ စီးပွားရေးစွဲအမျိုးသားရေးဝါဒဖြစ်ပါတယ်။ တနည်းပြောရရင် နိုင်ငံစုံပူးပေါင်းမှုအဖွဲ့အစည်းပုံစံနဲ့ဖော်ပြတဲ့ စီးပွားရေးစွဲ အမျိုးသားရေးဝါဒဟာ ၂၁ ရာစုအတွင်းမှာ အဓိကအဆင့်နေရာမှာရှိတဲ့ အမျိုးသားရေးဝါဒဖြစ်လာနိုင်ပါတယ်။
ခွဲထွက်ခြင်း၊ အတိုက်အခံဖြစ်ခြင်းတို့နဲ့ဖော်ပြတဲ့ ကွဲထွက်ခြင်းပုံစံအမျိုးသားရေးဝါဒဟာလည်း လာမယ့်ရာစုနှစ်အတွင်းမှာ တည်မြဲဖို့၊ ဖွံ့ဖြိုးဖို့ နေရာလပ်တွေ တစုံတရာရှိနေသေးပေမယ့် တခုလုံးအရကြည့်ရင် တကမ္ဘာလုံးအတိုင်းအတာအရကြည့်ရင် သူ့ရဲ့အားအင်တွေကတော့ ကုန် ခမ်းသွားပါပြီ။ ဒါဟာ ဘာ့ကြောင့်လဲဆိုရင် ၂ဝ ရာစုနှစ်အတွင်းမှာ အတိုင်းအတာကြီးမားတဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေ အကြိမ်တချို့ ပေါက်ကွဲခဲ့ပြီး အမျိုးသားအတွေးအခေါ် ဖွံ့ဖြိုးရင့်ကျက်တဲ့၊ အင်အားလည်းတောင့်တဲ့ အမျိုးသားတော်တော်များများဟာလည်း ရှေ့ဆင့်နောက် ဆင့်ဆိုသလို အမျိုးသားရေးအရ လွတ်လပ်တဲ့အချုပ်အချာပိုင် နိုင်ငံပေါင်းရာကျော်မျှကို ထူထောင်ခဲ့ကြလို့ပါဘဲ။ အခု အခါမှာတော့ လွတ်လပ် တဲ့တိုင်းပြည်ထူထောင်ဖို့ရာ အချက်အလက်လည်းရှိ၊ အလားအလာလည်း အထင်အရှားရှိတဲ့အမျိုးသားဆိုလို့ အတာ့်ကိုနည်းသွားပါပြီ။
(၉)
ချုပ်ပြောရရင် ကွဲထွက်ခြင်းပုံစံအမျိုးသားရေးဝါဒရဲ့ ဒီရေမြင့်ကာလဟာ ကုန်ဆုံးသွားခဲ့ပါပြီ။ လှိုင်းဂယက်တွေတော့ ကျန်နေသေးတာပေါ့။ ဥပမာတခုပြောရရင် အနောက်တိုင်းက ရှေ့တန်းရောက်နိုင်ငံများမှာ အမျိုးသားရေးပြဿနာ သို့မဟုတ် အသားအရောင်ပြဿနာ၊ ဒေသဆိုင် ရာ ပြဿနာတွေရှိနေသေးပေမယ့် ဒါတွေဟာ အတိုင်းအဆကြီးမားတဲ့ အကြမ်းဖက်အတိုက်အခံဖြစ်မှုတွေ ပေါက်ဖွားလာဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေ အတော်နည်းပါတယ်။ ဒါတွေကို ငြိမ်းချမ်းတဲ့နည်း၊ ညှိနှိုင်းတဲ့နည်း၊ စေ့စပ်ဆွေးနွေးတဲ့နည်း၊ လူထုဆန္ဒနဲ့ဆုံးဖြတ်တဲ့နည်းတွေနဲ့ အစီအစဉ်ရှိရှိ ဖြေရှင်းလို့ရပါတယ်။ ၁၉၉၇ ခုနှစ်အတွင်း ကနေဒါနိုင်ငံမှာ ကွီးဘက်ပြဿနာကို ဖြေရှင်းခဲ့ပုံဟာ သာဓကတခုပါ။ နောက်ဥပမာ တခုက ရုရှားနိုင်ငံ၊ လွတ်လပ်သောဓနသဟာယအဖွဲ့ဝင်များ၊ အလယ်ဥရောပ၊ အရှေ့ဥရောပဒေသများမှာ အကြမ်းဖက်ပုံစံသို့ပြောင်းသွားဖို့ အလားအလာတွေရှိတဲ့အမျိုးသားရေးဝါဒနဲ့ အမျိုးသားရေးအတိုက်အခံဖြစ်မှုတွေဟာ ဆိုးဝါးစွာတည်ရှိနေဦးမှာဖြစ်ပေမယ့် စစ်အေးခေတ်ရဲ့ အကျိုးဆက်များ တဖြည်းဖြည်း ကွယ်ပျောက်လာတာ၊ အပူစက်ဒေသများ နေရာအနှံ့အပြားမှာ အပူရှိန်ကျသွားတာ၊ ညှိနှိုင်းလုပ်ဆောင်ရေး ယန္တရားတွေလည်း မှန်မှန်ကြီးဖွံ့ဖြိုးလာတာတွေကြောင့် အဲ့ဒီဒေသတွေမှာ ကွဲထွက်ခြင်းပုံစံအမျိုးသားရေးဝါဒ ဒီရေမြင့် ထပ်ပြီးမပေါ်နိုင်တော့ ပါဘူး။ တဘက်ကလည်း နိုင်ငံသစ်တချို့ ပေါ်ထွက်လာနိုင်ဖွယ် အလားအလာတွေကိုလည်း မဖျောက်ဖျက်နိုင်သေးပါဘူး။ နောက်ထပ် ဥပမာ တခု တင်ပြရရင် လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးမှု အတော်နှေးကွေးနောက်ကျတဲ့ တတိယကမ္ဘာက ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အထူးသဖြင့် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများအနေနဲ့ လူမျိုး၊ လူ့နွယ်ဆိုင်ရာ အကြမ်းဖက်ပဋိပက္ခတွေ တက်လိုက်ကျလိုက် ဖြစ်ပေါ်နိုင်သေးပြီး လူမျိုး၊ လူ့နွယ်ပေါင်းစုံ ရောနှောနေထိုင်ကြတဲ့ အာဖရိကနိုင်ငံအနည်းငယ်မှာလည်း ကွဲထွက်မှုအလားအလာတွေကို မဖျောက်ဖျက်နိုင်သေးပါဘူး။ ဒါပေမဲ့ တိုင်းပြည်အများစုအတွင်းမှာ အမျိုးသားရေးအတိုက်အခံဖြစ်မှုတွေဟာ ဒေသလက္ခဏာ သို့မဟုတ် တစိတ်တပိုင်းလက္ခဏာဆောင် တာ များပါတယ်။ ယေဘုယျအားဖြင့် မီးခိုးကြွက်လျှောက် ပျံ့တဲ့သဘောမရှိပါဘူး။ နောက်ပြီး အဲ့ဒီ လူမျိုး၊ လူ့နွယ်ဆိုင်ရာလှုပ်ရှားမှုတွေရဲ့ အဓိကဦးတည်ချက်တွေကလည်း သိတ်ပြီး ရှင်းရှင်းလင်းလင်းမရှိလှပါဘူး။ တခါတလေမှာ အမျိုးသားရေးအခက်အခဲတွေကိုဖြေရှင်းဖို့ ရည် ရွယ်ကြတယ်။ တခါတလေမှာတော့ အမျိုးသားရေးမကျေနပ်ချက်တွေကို ရင်ဖွင့်ဖို့လောက်သာဖြစ်ပါတယ်။
လွတ်လပ်တဲ့အမျိုးသားနိုင်ငံထူထောင်ရေးကို စိတ်ရောကိုယ်ပါရည်ရွယ်တဲ့လှုပ်ရှားမှုဆိုလို့ များများစားစား မတွေ့ရပါဘူး။ ဒါ့ကြောင့် လာမယ့်ရာစုနှစ်အစပိုင်းမှာ ကွဲထွက်ခြင်းပုံစံတိမ်းညွှတ်မှုတွေရှိသေးတဲ့ တိုင်းပြည်အများအပြားအတွင်းမှာ အမျိုးသားရေးဝါဒတိုက်ပွဲများရဲ့ မြားဦးဟာ အလှည့်အပြောင်းတွေ ဖြစ်လာနိုင်ပါတယ်။ အများစုဟာ ယဉ်ကျေးမှုစွဲအမျိုးသားရေးဝါဒနဲ့ စီးပွားရေးစွဲအမျိုးသားရေးဝါဒပုံစံတွေ ဖြစ်လာနိုင်ပါတယ်။ ဆိုလိုတာက အခုလက်ရှိ နိုင်ငံနယ်နိမိတ်တွေအတွင်းမှာဘဲ မိမိတို့အမျိုးသား(လူမျိုး)ရဲ့ယဉ်ကျေးမှု ဝိသေသတွေ တည်မြဲ ဖွံ့ဖြိုးဖို့တိုက်ပွဲဝင်တာ၊ မိမိတို့အမျိုးသား(လူမျိုး)ရဲ့ လူမှုရေး၊ စီးပွားရေးရေချိန်ကိုမြှင့်တင်ဖို့၊ မိမိလူမျိုးနဲ့ အဓိကလူမျိုးကြီးတို့အကြား ကွာခြားမှုကို နည်းပါးစေဖို့ စီးပွားရေးအကျိုးစီးပွား ပိုမိုများပြားစွာရရှိရေးကြိုးပမ်းတာတွေ လုပ်ဆောင်လာကြဖွယ်ရှိပါတယ်။
ဒီနေရာမှာ အခုရှိနေတဲ့ လူမျိုးစုံ(ရောနှောနေထိုင်တဲ့)တိုင်းပြည်တွေရဲ့ ၂၁ ရာစုသမိုင်းကံကြမ္မာကို အလေးထားပြောဆိုလိုပါတယ်။ စာရင်းများအရ ယနေ့ကမ္ဘာပေါ်ရှိ တိုင်းပြည် ၁၉ဝ လောက်ထဲမှာ လူမျိုးတမျိုးတည်းသတ်သတ်ဖြစ်တဲ့တိုင်းပြည်က ၂ဝ မပြည့်ပါဘူး။ ဒီလို တိုင်းပြည်မျိုးအများစုကလည်း ဥရောပတိုက်မှာရှိပါတယ်။ လက်တင်အမေရိကတိုက်မှာဆိုရင် အာဂျင်တီးနား၊ ဥရုဂွေး၊ ချီလီနဲ့ ဒိုမီနီကန်နိုင်ငံ တွေဖြစ်ပါတယ်။ အာရှမှာဆိုရင်တော့ တောင်ကိုးရီးယား၊ မြောက်ကိုးရီးယားနဲ့ ဂျပန်တို့ဖြစ်ပါတယ်။ ဒါတောင်မှ အထက်ကပြောခဲ့တဲ့ (လူမျိုး တမျိုးတည်းသာရှိတဲ့)ဥရောပနိုင်ငံတချို့ဆိုတာက အများစုအတွင်းမှာ လူနည်းစု ဂျူးလူမျိုး၊ လူနည်းစု ဂျစ်ပစီလူမျိုး စတာတွေ ရောနှောနေ ထိုင်ကြတယ်။ အိမ်နီးနားချင်းနိုင်ငံတွေမှာ သွားရောက်နေထိုင်ကြသူ လူဦးရေဟာလည်း နည်းလှတာမဟုတ်ပါဘူး။ လက်တင်အမေရိကတိုက် နိုင်ငံ ၄ ခုဆိုတာမှာလည်း လူမျိုးနွယ်အရောအနှောမရှိ “သန့်”နေသလားဆိုတာ ပြောရခက်ပါတယ်။ အာရှတိုက် ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကျွန်း မှာလည်း ဟာယီလူမျိုးတွေ ရှိနေတုန်းပါ။ ဒါ့ကြောင့် တကယ်တမ်း လူမျိုးတမျိုးတည်းသတ်သတ် နေထိုင်တဲ့နိုင်ငံဆိုတာမျိုးဟာ အတော်ကို နည်းပါတယ်။ လူမျိုးစုအမျိုးအမည်အရေအတွက် နည်းတာများတာ၊ လူမျိုးစုလူဦးရေရဲ့ အချိုးအဆ နည်းတာများတာပဲကွာပါတယ်။ ၂၁ ရာစု အတွင်းမှာ လူမျိုးစုံတိုင်းပြည်အများစု(အထူးသဖြင့် လူမျိုးစုံတိုင်းပြည်ကြီးများ)အနေနဲ့ “အသေးစားပုံစံ” တိုင်းပြည်ကလေးများအဖြစ် ကွဲသွားဖို့အလားအလာ ရှိပါသလား။ အနည်းတကာအနည်းစုကိစ္စများမှအပ သိပ်မဖြစ်နိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အခုရှိနေတဲ့ လူမျိုးစုံ တိုင်းပြည်အများစုဟာ ရာစုနှစ်အချို့မျှသောသမိုင်းအတွင်း ဖြစ်ပေါ်တည်ရှိလာခဲ့ပြီး သမိုင်းရဲ့ မိုးသက်မုန်တိုင်းဒဏ် အတော်များများကို အစမ်း သပ်ခံခဲ့ကာ မိမိတို့မှာ အသက်ဝိဉာဉ်အားရှိကြောင်းကို သက်သေပြခဲ့ပြီးဖြစ်လို့ပါဘဲ။ လက်ရှိလူမျိုးစုံတိုင်းပြည်တွေအတွင်းမှာ လူမျိုးစုတွေရဲ့ အမျိုးသားအကျိုးစီးပွားတွေကို ကျိုးကြောင်းဆီလျော်တဲ့နည်းလမ်းတွေနဲ့ အစီအစဉ်ရှိရှိဖြေရှင်းသွားလို့ ဖြစ်နိုင်ပါတယ်။ အမျိုးသားအတွေး အခေါ်တွေ ရင့်ကျက်လာ၊ အမျိုးသားဆင်ခြင်တုံတရားတွေ ဖွံ့ဖြိုးလာမှု၊ လူမှုရေးပူးတွဲလုပ်ဆောင်မှုယန္တရားများ ပြည့်စုံလာမှု၊ ဖွံ့ဖြိုးရေး မညီ ညာချက်များ တဖြည်းဖြည်း ပပျောက်လာမှု၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ ပူးတွဲလုပ်ဆောင်မှုတို့ကြောင့်၊ အထူးသဖြင့် စီးပွားရေးအရ တစုတပေါင်းတည်းဖြစ်လာမှု၊ လူသားဘဝ တကမ္ဘာလုံးလက္ခဏာ ဆောင်လာမှုတို့ကြောင့်၊ လူမျိုးစုံတိုင်းပြည်များအတွင်းမှာ အမျိုးသားရေးကွဲထွက်မှုတွေဟာ အမျိုးသားရေးစုစည်းမှုဘက်သို့ တချိန်ချိန်မှာ ဦးတည်ပြောင်းလဲသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့
(၁ဝ)
လူမျိုးစုံတိုင်းပြည်များအနေနဲ့ အမျိုးသားရေးအရ ကျေအေးသင့်မြတ်ပြီး ပူးပေါင်းဆောင်ရွက်မှုရှိမှသာ လူမျိုးအသီးသီးဟာ အတူတကွ ဖွံ့ဖြိုး တိုးတက်၊ အတူတကွ ဖူလုံကြွယ်ဝတဲ့လမ်းကို လျှောက်နိုင်ကြမှာဖြစ်လို့ပါဘဲ။
ချုပ်ပြောရရင်တော့ အမျိုးသားတွေအကြား ကွာဟမှု၊ ရင်ဆိုင်တိုးမိတိုက်မိမှု၊ အတိုက်အခံဖြစ်မှု၊ အသစ်တဖန်ဖွဲ့စည်းမှု၊ စုစည်းမှု၊ ရောပြွမ်း သွားမှုဆိုတာဟာ ကမ္ဘာ့အမျိုးသားရေးဝါဒဖြစ်ပေါ်တိုးပွားမှုရဲ့ အနုပဋိလောမနဲ့ ယေဘုယျလမ်းကြောင်းဖြစ်ပါတယ်။ ၂ဝ ရာစုနှစ်ရဲ့ အမျိုးသား ရေးဝါဒဖြစ်ထွန်းမှု သမိုင်းလမ်းကြောင်းက အဲ့ဒီတရားကို သက်သေပြခဲ့သလိုပဲ၊ ၂၁ ရာစု အမျိုးသားရေးဝါဒဖြစ်ထွန်းမှုတွေကလည်း ဒီတရား ကို ပိုမိုကြွယ်ဝစွာ သက်သေပြပါလိမ့်မယ်။ ၂၁ ရာစုကို မျှော်ကြည့်လိုက်ရင် အမျိုးသားအသီးသီးရဲ့ အတူတကွကြိုးပမ်းမှုနဲ့ မပြတ်စုပေါင်းလုပ် ဆောင်မှုတွေကြောင့် အမျိုးသားတန်းတူမှုကိုအခြေခံတဲ့၊ ဒေသပူးပေါင်းလုပ်ဆောင်မှုကို အခြေခံအဆောက်အအုံအဖြစ်ထားတဲ့၊ ဗဟိုချက်မ ရယ်လို့မထားတဲ့၊ ဝန်ရိုးစွန်းစုံစနစ်ဖြစ်တဲ့ နိုင်ငံတကာစနစ်တရပ် ပေါ်ထွက်လာနိုင်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ရှည်ကြာတဲ့သမိုင်းဖြစ်စဉ်ကြီး ကို ထပ်ပြီးဖြတ်သန်းလိုက်ရင် ကမ္ဘာ့အဝန်းအဝိုင်းအတွင်းမှာ အမျိုးသားရေးစုစည်းမှု၊ ရောပြွမ်းမှုဦးတည်ချက်ဆီကို တဖြည်းဖြည်းနဲ့ ရောက် သွားနိုင်ပြီး၊ နောက်ဆုံးတနေ့မှာ လူသားတရပ်လုံးရဲ့ ဘုံ လူ့အဖွဲ့စည်းကြီး ဖြစ်လာနိုင်ပါတယ်။
ချိန်ရင်ချင်
“မျက်မှောက်ကမ္ဘာနှင့် ဆိုရှယ်လစ်ဝါဒ”
(၁၉၉၈- ၂၁ ရာစုစာစဉ် အမှတ် ၁ မှ) တရုတ်ဘသာဂျာနယ်မှဆောင်းပါးကို ပြန်ဆိုပါသည်။