Monday, July 6, 2020

(ကြက်သွန်ဖြူဖော်ခြင်း)

0 comments
(ကြက်သွန်ဖြူဖော်ခြင်း)
မနှစ်က စက်တင်ဘာလကုန်ပိုင်း ရွက်ကြွေရာသီ Fall တွင် ဆောင်းကြက်သွန်ဖြူ မျိုးဥ ၁၃ ဥဝယ်ပြီး မြေချခဲ့၏။ ပျမ်းမျှ တဥလျှင် အတက်သန်သန် ဘေးတက် ၉ တက်ခန့်ရသည်မို့ အပင်တရာကျော်ခန့်ပေါက်လာ၏။ မသန်သည့် အလယ်တက်အသေးလေးများကတော့ ချက်ပြုတ်စားသည့်အထဲပါသွား၏။ ဆောင်းဦးပေါက်ချိန်၌ အတက်သန်သန် တရာကျော်မှပေါက်လာသည့် အမြိတ်နုနုထွားထွားတို့မှာ နှစ်လက်မသုံးလက်မခန့်ရှိကြပြီ။ ဆောင်းပီပီမြည်သည့်အခါတွင်တော့ တဆောင်းတွင်းလုံး ရေခဲအောက် နှင်းအောက် ရေခဲမှတ်အောက် အအေးချိန်များတွင် အမြိတ်တို့ အအေးလောင်ကာ၊ အတက်တွင်ပွားစအမြစ်ဖွားဖွားလေးတွေပါ ‌မြေလျှိုးကုန်ကြ၏။ ရုတ်တရက်ဆို‌သော် ဒီလောက်အေးသည့် အအေးကြီးထဲ၊ ဒီလောက်ထူတဲ့နှင်းထုကြီးတွေထဲ သေသွားကြဖို့ကောင်းသည်ဟု ထင်စရာပင်။ တကယ်က သူတို့ မသေကြ။ မြေအောက်တွင် အအေးဒဏ်ကို ကြံ့ကြံ့ခံလျှက် နွေဦး Spring ရာသီတွင် ပွင့်လာမည့်နေခြည်နွေးနွေးကို မျှော်ကိုးရင်း အသက်ဆက်နေကြခြင်း၊ အမြစ်တို့ မြေတွယ်နေခြင်း၊ မျိုးဆက်သစ်အတွက် အားယူနေကြခြင်းပင်။ လူက ဘာမှလုပ်စရာမလို သူ့အတိုင်းပစ်ထားလိုက်ရုံပင်။
ဆောင်းကုန်၍ နှင်းပြေးကာ နွေဦိးပေါက်နေ၏ ရောင်ခြည်ခြည်နွေးနွေးတွင် သူတို့တွေ လူးလွန့်လာကြ၏။ အားကောင်းမောင်းသန်တွေတော့ မဟုတ်ကြသေး။ တဖြည်းဖြည်း မြေကိုခြေကုပ်ယူရင်း အားမွေးရင်း ပိုမိုနွေးလာမည့်အနွေးဓာတ်နှင့် နေရောင်ခြည်ကို ငံ့လင့်နေကြ၏။ မေလ တတိယပတ်လောက်ရောက်လို့ နွေနေ စင်စင်ပူလာလျှင်တော့ သင်းတို့လေးတွေ နတ်ရေကန်ထဲချလိုက်သလို ဟုတ်ကနဲဟုတ်ကနဲကြီးထွား ကိလာကြ၏။ မနက်နှင့် ညပင်မတူ။ အမြိတ်သန်သန်ကြီးတွေ လေတွင် တနော့နော့ တိမ်းလျှက်၊ လေယူရာ ယိမ်းလျှက်။ ထိုအထိလည်း လူက ဘာမှလုပ်စရာမလိုသေး။ ရေလည်း လောင်းစရာမလိုသလို ပေါင်းလည်းသင်စရာမရှိသေး။
ဇွန်လဆန်းလောက်ရောက်ပြီဆိုလျှင်တော့ ပေါင်းမြက်တို့ကလည်း ကြက်သွန်မြိတ်များနှင့်အတူ အပြိုင်းအရိုင်း တောထလာကြ၏။ ကြက်သွန်ပင်ကိုကျွေးသည့် မြေဩဇာကို သူတို့က အလုအယက် စုပ်ယူစားသုံးပစ်ကြ၏။ သူတို့ စားသုံးနှုန်းက ကြက်သွန်ပင်တွေထက် ပိုမြန်ပိုများ၍လားမပြောတတ်။ သူတို့ ကြီးထွားနှုန်းက တဟုန်းဟုန်းနှင့်နေ၏။ ခနလေးနှင့် ပေါင်းပင်တွေ တထွာတမိုက်ဖြစ်ဖြစ်လာ၏။ ထိုအချိန်ကား နည်းနည်း အလုပ်ရှုပ်သောအချိန်တည်း။ 
ဇွန်လတွင် ၂ ကြိမ်ခန့်ပေါင်းလိုက်ပေးရပြီး၊ ရေလည်း မြေထဲစိမ့်သွားသည်အထိ ၃ ကြိမ်ခန့် နိုင်နိုင်လောင်းပေးရ၏။ ဇွန်လကုန်လောက်ဆိုလျှင် တချို့အပင်တွေမှ ဖူးတံတွေထွက်ကာ အောက်ဆုံးအရွက်တွေ ယော်လိုက်လာ၏။ အလယ်ရွက် အဖျားရွက်တို့ကား စိမ်းစိမ်းမြမြ ကျောက်စိမ်းသားလို။ ထိုအချိန်တွင် သူတို့ ရေမကြိုက်ကြတော့။ ရေဖြတ်ရတော့၏။ မိုးရွာမှာကိုပင် လူက စိုးနေရ၏။ ရေဝပ်သည့်နေရာစိုက်မိလျှင် သို့မဟုတ် ရေအစိမ့်နည်းသည့်နေရာ စိုက်မိလျှင် ထိုအပင်တို့ ရေလောင်တော့၏။ အမေ့အိမ်အတွက် ကျနော်စိုက်ပေးသည့်ကြက်သွန်ဖြူတို့မှာ ထိုကိန်းဆိုက်သွားသဖြင့် ရေလောင်ကြက်သွန်ဖြူ ဥ အစိတ်သုံးဆယ်ခန့်သာရလိုက်၏။ လူ့လုပ်အားနှင့် ကုန်ရသည့်အချိန် နှမြောစရာပင်။ 
ကျနော့်ခြံကကြက်သွန်ဖြူတွေကတော့ မြေကို ပေါင်ဖို့ပြီး မြှင့်စိုက်ထားသည်မို့ မိုးဘယ်လောက်ရွာရွာ ရေဘယ်လောက်ရွှဲအောင်လောင်းလောင်း သိတ်မကြာလိုက် ရေကလျှောဆင်းသွား၏။ ပေါင်ထဲတွင် စိမ့်မနေ အိုင့်မနေတတ်။ အပင်အခြေတွေ၌ ရေဝပ်မနေတတ်။ 
ဇူလိုင် ပထမပတ်ဆိုလျှင် ကြက်သွန်ဖြူတွေဖော်ရန် အလောတော်လေပြီ။ အောက်မှပြန်ရေလျှင် ဒုတိယ တတိအရွက်များ ဝါလိုက်လာကြပြီ။ ဖူးတန်ထိပ်မှ အဖူးများလည်း အာကုန်ကြပြီ။ အောက်က မြေသားလည်း ခြောက်သယောင်းပြီ။ ထိုအချိန်ကား ကြက်သွန်ဖြူဖော်ချိန်ပင်။ တပင်ခြင်း တဥခြင်း လက်ကိုင်ရိုးတပ်ဂေါ်ကလေးဖြင့် ကော်ရင်းကော်ရင်း တူးရင်းဖော်ရင်း ဟား...ဒီဥကြီးကတော့ အကြီးကြီးပဲ...ဒီဥလေးကတော့ သေးလိုက်တာ စသည်ဖြင့် စိတ်မှမှတ်မိသလို နှုတ်မှလည်း အလွှတ်မဲ့ထွက်ထွက်သွားတတ်၏။ ဤသည်ကပင် စိတ်လက်ကြည်နူးစရာ။ ဤသည်ကပင် မိမိလုပ်အား၏ အသီးအပွင့်အတွက် အမောပြေစရာ အမောဖြေစရာပင်။ ဥကြီးကြီးတွေ များများရလျှင်ကား ပြောမနေနှင့် အမောပြေလိုက်သည့်ဖြစ်ခြင်း။
မနေ့က ကြက်သွန်ဖြူတွေဖော်၏။ စုစုပေါင်း ဥရေ တရာစွန်းစွန်းအဖတ်တင်ကျန်၏။ ဥအကြီးအသေး မျှသည်ဟုဆိုရမည်ထင်၏။ ဥအလတ်လေးတွေလည်း ကြိုကြားကြိုကြားပါ၏။ ဖော်ထားသည့်ကြက်သွန်များကို ဇနီးက ကိုင်ကြည့်ရင်း "နောက်နှစ်အတွက် မျိုးဥတွေချန်။ တို့လည်းစားတန်သလောက်စား။ နင့်အမေတို့ဆီလည်း မျှပေးကြတာပေါ့။ သူတို့ကြက်သွန်က သိတ်မှ အလုပ်မဖြစ်လိုက်တာ"ဟုဆို၏။ "ငါ အားတဲ့အချိန်မှ ဖွပ်မြီးထိုးမယ်။ ခုတော့ နေ သွေ့အောင် ထားလိုက်ဦးမယ်"ဆိုကာ ကြက်သွန်ဖြူတွေကို နေတွင်ဖြန့်၏။ ဇနီးက ကြက်သွန်ဖြူတွေကို အပင်နှင့်ဥနှင့်သတ်သတ်စီ ဖြတ်မလှောင်ပဲ အမြိတ်တွေကို တွဲတွဲချည်ကာ မိန်းကလေးများ ဆံပင်ဖွပ်မြီးထိုးသလို ထိုးကာ Basement မျက်နှာကျက်တွင် တွဲလောင်းချိတ်ထားလေ့ရှိ၏။ စားဖို့လိုတော့မှ တဥခြင်းနှစ်ဥခြင်းဖြုတ်စား၏။
ခုလည်း ကြက်သွန်တွေဖော်ပြီးပြီ။ နောက်တပတ်လောက်ဆို သူ ဖွပ်မြီးထိုးပြီး ဘေ့စ်မင်န့်ထဲ သိမ်းတော့မည်။ ကျနော်က ကျနော့်လုပ်အား၏အသီးအပွင့်တို့ကိုကြည့်ရင်း ပီတိနှင့် ကြည်နူးစိတ်နှင့်။
မျိုးမြင့်ချို
၅ ဇူလိုင်။ ၂၀၂၀

(ဘယ်ရီသီးခြင်းအတူတူ)

0 comments
(ဘယ်ရီသီးခြင်းအတူတူ)
လွန်ခဲ့သည့် ၅ နှစ်ကျော်လောက်က ကားဂိုဒေါင် ညာဘက်အခြမ်း ၈ ကိုက် ၄ ကိုက်ခန့်မြေလွတ်နေရာတွင် ရပ်စ်ဘယ်ရီနှင့် ဘလက်ခ်ဘယ်ရီပင်တချို့ စိုက်ပျိုးခဲ့ပါသည်။ စိုက်စက ခုလောက်ဖြစ်မည်မှန်းမသိသော်လည်း ရေလောင်းပေါင်းသင် မြေဆွေးလေးတွေထည့်ပေးရာ ၃ နှစ်အတွင်း အပင်တွေ သိသိသာသာပွားပွားလာသလို အသီးလည်း တောက်လျှောက်သီးနေပါသည်။ မနှစ်ကစပြီး ကျနော် သူတို့ကို ဘာမှလုပ်မပေးခဲ့ပါ။ ကိုင်း မသင်ခဲ့ မဖြတ်ခဲ့၊ ရေမလောင်းခဲ့၊ မြေဇာမကျွေးခဲ့ပါ။ ယုတ်စအဆုံး ကြည့်ပင်မကြည့်ဖြစ်ခဲ့ပါ။ ကုန်ကုန်ပြောရလျှင် တူးဆွထုတ် မြေလှန်ပြီးရှင်းပစ်ရကောင်းမလားဟုပင် တွေးမိပါသည်။ အပင်လေးများကို အသားလွတ် မျက်စေ့စပါးမွှေးစူးခြင်းတော့ မဟုတ်ပါ။ မြက်ရိပ်ရ ခက်သောကြောင့်ဖြစ်ပါသည်။ ဂိုဒေါင်အစပ်နှင့် တဘက်ခြံ၏စည်းရိုးကြားအကျယ်မှာ အပေါ်တွင်ပြောခဲ့သလို လေးငါးကိုက်မျှသာကျယ်ပါသည်။ ထိုကြားထဲသို့ လူတက်မောင်းရသည့် မြက်ရိပ်စက်ဝင်ရထွက်ရ ကပ်သီးကပ်သတ်အတော်နိုင်ရသည့်အထဲ ဘယ်ရီပင်တွေကပါ နယ်ချဲ့လာတော့ ပိုမလွတ်မလပ်ဖြစ်လာတာကြောင့် ဖြစ်ပါသည်။ ဇနီးကတော့ "ဘယ်ရီတွေတော့ မသတ်ပါနဲ့ ငါ လက်တွန်းမြက်ရိပ်စက်လေးနဲ့ အဲ့ဒီဂျောင်ကြိုဂျောင်ကြား ဝင်ရိပ်ပေးပါ့မယ်"ဆိုသဖြင့် သင်းတို့လေးတွေ ချမ်းသာရာရသွားခြင်းဖြစ်ပါသည်။
ခုမနက် အဲ့သည်ဘက် လှည့်ပတ်ကြည့်မိတော့မှ ရပ်စ်ဘယ်ရီပင်တွေက ပင်ပွားတွေ များသထက်များလာပြီး မြေကွက်လပ်၏ ၅ ပုံ ၂ ပုံခန့်ကို သူတို့ချည်း ဖုံးလွှမ်းနေပါသည်။ အသီးတွေ သီးနေသည်မှာလည်း ပြွတ်သိပ်နေပါသည်။ ပထမတော့ ကျနော် အံ့အားသင့်သလိုဖြစ်မိပါသေးသည်။ နောက်တော့ စိတ်ထဲ ပျော်သလိုဖြစ်ကာ ဇနီးသည်အားခေါ်ပြမိပါသည်။ သူက "ငါသိသားပဲ အပွင့်တွေ ပွင့်တုန်းကတည်းက ပိတ်ဖုံးနေတာ အသီးလည်းလိုက်မယ်ဆိုတာ"ဟုပြောရင်း မှည့်နေသည့် ရပ်စ်ဘယ်ရီသီးတွေခူးလိုက်၊ ပါးစပ်ထဲပစ်သွင်းလိုက်၊ ကြိမ်ခြင်းလေးထဲ ထည့်လိုက်နှင့်နေပါသည်။ တချက်တချက် ကျနော့်လက်ထဲ အသီးမှည့်လေးတွေ ခူးထည့်ပေးရင်း "စားကြည့် မျိုး။ ဒီအပင်လေးကအသီးက ပိုချိုတယ်"ဟုဆိုပါသည်။ စားကြည့်တော့ သူပြောသလို အမှန်ပင်ချိုပါသည်။ သို့နှင့် ကျနော်လည်း ကိုယ့်ဘာသာ ဆယ့်လေးငါးလုံးခန့်ခူးစားဖြစ်ပါသည်။ တနေရာတည်း စုစိုက်ထားသည့် ဘလက်ခ်ဘယ်ရီတွေလည်း မြင်မကောင်းအောင် သီးနေကြပါသည်။ ရင့်တော့မရင့်ကြသေးပါ။ ဘလက်ခ်ဘယ်ရီက ရပ်စ်ဘယ်ရီထက် အမှည့်နောက်ကျတတ်ပါသည်။ ရပ်စ်ဘယ်ရီသီးတွေ ခူးရင်းစားရင်း အပင်တွေကြည့်တော့ အရိုင်းပင်တွေကို ဖြစ်နေပါသည်။ အပင်သေ ကိုင်းခြောက်များ၊ ရွက်ခြောက်များ၊ ပင်ခြေတွေတွင် ကပ်ရှုပ်နေသော ပေါင်းပင် မြက်ပင်များနှင့် ကြည့်မကောင်းပါ။ စစ်သားဘဝကရောက်ခဲ့သည့် ဗမာပြည်အရှေ့မြောက်ဒေသမှ ပြည်တွင်းစစ်ကြောင့်ပျက်ခဲ့ရသော့ ရွာဆိုး ရွာပျက်က လူသူပြုစုမှုကင်းသည့် သီးပင်စားပင်တွေကိုပင် ပြန်မြင်ယောင်မိပါသည်။
ကျနော်က ရပ်စ်ဘယ်ရီသီးကို ဒီလောက်မကြိုက်လှသော်လည်း ဘလက်ခ်ဘယ်ရီတို့ ဘလူးဘယ်ရီတို့ကျ ကြိုက်ပါသည်။ ကျနော့်တွင် ၅ နှစ်သား ဘလူးဘယ်ရီ ၅ ပင်ရှိသော်လည်း နွေဦးပေါက်လိုက် ကိုင်းနုရွက်နုထွက်လိုက် ယုန်ကကိုက်လိုက်ဖြင့် အပင်လေးတွေ ကောင်းကောင်းမွန်မွန်သီးဖို့ဝေးစွ နာလန်တောင် အနိုင်နိုင်ထူနေကြရပါသည်။ ရုတ်တရက်ကြည့်လျှင် ဘွန်ဆိုင်းသက်ကြီးပင်ပုလေးတွေ ထင်ရပါသည်။ ထိုသို့ ယုန်ဒဏ်ခံရသည့်ကြားမှ အနိုင်နိုင်နာလန်ထူရင်း သီးကင်းလေးတွေထွက်လာပြီး မှည့်တော့မယောင်ယောင်ရှိသည့်အခါ ကြက်တို့က ထိုးဆိတ်စားသောက်ကြသဖြင့် ဘလူးဘယ်ရီ ၅ ပင်မှ လူစားလောက်သည့်အသီးမှည့် ၅ အောင်စမျှပင် မကျန်တတ်ပါ။ သို့သော် ကျနော် စိတ်မပျက်လက်မပျက် အပင်လေးတွေကို ရေလောင်း ပေါင်းသင် အမြစ်ခြေမြေဖို့တာတွေ လုပ်ပါသည်။ ဇနီးက "နှုတ်ပစ်ရင်လည်းပစ် မပစ်ရင်လည်း ယုန်တားသံဇကာပတ်ကာထားရအောင်"ဟု ပြောပြီး သူ့ဘာသာ သံဇကာကာပါသည်။ သို့သော် မရပါ။ ယုန်လေးတွေက ရအောင်ဝင်ပြီး ကိုက်ကြပါသည်။ ကျနော်က ယုန်ကိုက်လို့ကျန်သည့် အပင်လေးတွေကို မငြီးမငြူရေလောင်းမြဲ ပေါင်းသင်မြဲ။ နောက်တနှစ်ကျ ယုန်ကလည်းကိုက်မြဲ၊ ကြက်လည်း အသီးလေးတွေ ထိုး ဆိတ်ဆွစားသောက်မြဲပင်။ ရပ်စ်ဘယ်ရီကိုကျတော့ ယုန်ကမကိုက်။ အသီးမှည့်လေးတွေကိုလည်း ကြက်ကမဆိတ်။ နည်းနည်းချဉ်လို့များလား မပြောတတ်ပါ။
ကျနော်က ရပ်စ်ဘယ်ရီတောကိုကြည့်ရင်း တွေငေးနေခိုက် အသီးခူးနေသည့်ဇနီးက " နင် သူတို့ကို ဘလူးဘယ်ရီတွေကို ပြုစုသလိုသာပြုစုလို့ကတော့ သီးလိုက်မယ့်ဖြစ်ခြင်း"ဟုပြောပါသည်။ သူ့လေသံတွင် ပြစ်တင်သည့်သဘောလေး မသိမသာစွက်နေတာကို ကျနော် သတိထားမိပါသည်။ ဟုတ်ပါသည်။ သူပြောမည်ဆိုလျှင်လည်း ပြောလောက်ပါသည်။ ကျနော်သည် ကျနော် ကြိုက်သော ဘလူးဘယ်ရီပင်များအတွက် အချိန်ပေးသလောက် သူတို့ကိုအချိန်ပေးခဲ့လျှင် ရပ်စ်ဘယ်ရီတွေ ခုထက်မကရမည်မှာ သေချာပါသည်။ ရပ်စ်ဘယ်ရီကို ကျနော်မကြိုက်သော်လည်း ကျနော့်ဇနီးကကြိုက်ပါသည်။ ကျနော်သည် ဇနီးသည်ကြိုက်သောရပ်စ်ဘယ်ရီပင်များကို ဘာ့ကြောင့် ပစ်ထားရပါလိမ့်ဟု ကိုယ့်ဘာသာတွေးမိပါသည်။ နောက်ဆုံးတော့ အဖြေရသွားပါသည်။ ကျနော်သည် တပါးသူ၏ အကြိုက်မကြိုက်ကိုထက် မိမိ၏အကြိုက်မကြိုက်ကိုသာ ဦးစားပေးတတ်သူပါလား၊ သီးပင်စားပင်ချင်းအတူတူ မိမိကြိုက်သည့်အသီးပင်အတွက်သာ လုံ့လစိုက်ထုတ်ပြီး မိမိမကြိုက်သည့်သီးပင်ကိုကား ပစ္စလက်ခတ်ထားတတ်သူပါလားဟု တွေးမိသွားပါသည်။ မြက်ရိပ်ရခက်လို့ ရှင်းပစ်မည်ဆိုသည့်အတွေးမှာလည်း မိမိမကြိုက်သည့်အပင်များဖြစ်နေခြင်းကြောင့်ပင်။ တကယ်တမ်းမြက်ရိပ်ရခက်၍ ရှင်းကြကြေးဆိုလျှင် စပျစ်ပင်တန်းတွေအရင် ရှင်းပစ်ရမည်မဟုတ်ပါလား။ စပျင်ပင်တန်းတွေကြား လူစီးမြက်ရိပ်စက်မဝင်နိုင်ရုံမက လက်တွန်းစက်နှင့်ပင် အတော် ဒုက္ခခံရိပ်ရသည်မဟုတ်ပါလား။ သို့သော် စပျစ်တွေကို ကျနော်မရှင်းခဲ့။ ရှင်းပစ်ဖို့ စိတ်ကူးပင်မရခဲ့။ ကျနော် စပျစ်ကိုကြိုက်သည်ကိုး။
ရပ်စ်ဘယ်ရီပင်တွေနားရပ်ရင့် ကျနော့်ကိုယ်ကျနော် တချက်ပြန်မြင်လိုက်ပါသည်။ ကျနော့်အတွေးလည်းဆုံး ရုတ်တရက်ကြီး အိမ်ထဲပြန်ဝင်မည်ပြုတော့ ဇနီးက "ဘာလုပ်မလို့လဲ၊ နေပူကြီးထဲမှာ"ဟုမေးပါသည်။ "ငါ ရပ်စ်ဘယ်ရီပင်တွေကို ရေလောင်းမယ်။ ပေါင်းသင်မယ်၊ ကိုင်းခြောက်တွေ ဖယ်မယ်။ ကြက်ခြေးမြေဆွေးလည်း နည်းနည်းထည့်ပေးမလို့"ဟု ဆိုတော့ ဇနီးက "ညနေ နေအေးမှလုပ်လေ၊ အဲ့ဒီအခါကျ ငါလည်း ကူလုပ်ပေးမှာပေါ့"ဟု ဆိုပါသည်။ သူ့လေသံနှင့် အမူအယာသည် အလွန်ဝမ်းမြောက်နေမှန်း သိသာလှပါသည်။ ကျနော်လည်း စိတ်လက်ပေါ့ပါးကာ ဝမ်းသာကြည်နူးမိပါသည်။
ဟုတ်သည်။ ခု နေပူလွန်းအားကြီးနေချိန်ကြီး ဖြစ်ပါသည်။ ညနေ နေအေးလျှင် ကျနော် ရပ်စ်ဘယ်ရီပင်တွေကို ပြုစုရပါမည်။ ကျနော်မကြိုက်သော်လည်း ကြိုက်သူတို့ စားသုံးနိုင်ရန် ရပ်စ်ဘယ်ရီပင်တွေကို တတ်နိုင်သမျှ မြေတောင်မြှောက်ပေးပါမည်။
မျိုးမြင့်ချို
၅ ဇူလိုင်။ ၂၀၂၀

(တကယ်က ဘယ်သူ ထိုးကျွေးခံရတာလဲ)

0 comments
(တကယ်က ဘယ်သူ ထိုးကျွေးခံရတာလဲ)
ခင်ညွန့်ကို သန်းရွှေ မောင်အေး ရွှေမန်းဂိုဏ်းက ကိုင်ထုတ်လိုက်တာမျိုး၊ ဝီရသူကို ဖမ်းဝရမ်းထုတ်တာမျိုးတွေကို နည်းနည်းပါးပါးတွေးတတ်ခေါ်တတ်ရှိတဲ့ သာမန်အရပ်သူအရပ်သားကတောင် “ထိုးကျွေးလိုက်တယ်“လို့ မမြင်ပါ မပြောပါ။ ပြောလာရင်လည်း လက်မခံပါ။
ဒါကို အမတ်လို့ဆိုတဲ့လူတချို့ ပါတီခေါင်းဆောင်နိုင်ငံရေးသမားတချို့ နိုင်ငံရေးထဲ မသိမသာပါနေတဲ့ပညာတတ်တချို့က “ထိုးကျွေးလိုက်ပြီ“ဆိုတာကို မြိန်ရည်ယှက်ရည်သုံးစွဲနေတာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့ တွေးမိပါတယ်။
ခင်ညွန့်ကို ကိုင်တာဟာ ထောက်လှမ်းရေးယန္တယားကြီးကိုင်ပြီး နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေ ပြည်သူတွေကို ဖိစီးနှိပ်စက်နေလို့ ကိုင်ထုတ်တာမဟုတ်ပါ။ သန်းရွှေ မောင်အေး ရွှေမန်းဂိုဏ်းက တိုင်းပြည်ကိုမင်းမူနေတာတွေ လက်လွန်ခြေလွန်ဖြစ်လာလို့ လူတွေအမြင်ကောင်းအောင် ခင်ညွန့်ကို အဖမ်းပြပြီး သူတို့ကိုယ်လွတ်ရုန်းတာလည်း မဟုတ်ပါ။ သူတို့ကိုယ်လွတ်ရုန်းတာအမှန်ဆို သူတို့ကိုယ်တိုင်က စစ်အာဏာကိုင်ပြီးဖိနှိပ်နေစရာမရှိပါ။ 
လူတွေကိုလွတ်လပ်ခွင့်ပေး၊ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံဖြစ်အောင်လုပ်၊ မတရားသဖြင့် လုယက်ရှာဖွေစုဆောင်းထားတဲ့ လူထုဘဏ္ဏာတွေပြန်အပ်၊ အတိတ်ကအမှားတွေ အပြစ်တွေအတွက် ဝန်ချတောင်းပန်၊ ထိုက်သင့်တဲ့ပြစ်ဒဏ်တွေ ခံယူကြဖို့လုပ်တာပြင်တာဆိုရင်တောင် ထိုးကျွေးတယ်ဆိုတဲ့ဝေါဟာရသုံးတာက ခံသာပါသေးတယ်တာ။
အဲ့ဒီနည်းဟာ ဘယ်လောက်ထိရောက်မှန်း သူတို့ကောင်းကောင်းသိပါတယ်။ ကမ္ဘာပေါ်က ရှိသမျှ စစ်အာဏာရှင်တွေ သုံးနေကြနည်းပါ။ ဒါပေမယ့် ဒီလုပ်နည်းဟာ နိုင်ငံရေးအသိ နိုင်ငံရေးရေချိန်နိမ့်ပါးတဲ့ သာမန်ပြည်သူတွေကြားမှာ တဆင့်တဆင့်ပြောရင်း အကြီးအကျယ်ပြန့်နှံ့လာတဲ့အထိဖြစ်ပါတယ်။
စစ်အာဏာရှင်တွေဟာ သူတို့ အချင်းချင်းအမြတ်ထုတ်တဲ့ပွဲမှာ အတွေးအခေါ်အရ ထိုးကျွေးခံရမယ့်လူ လိုပါတယ်။ အဲ့ဒီလူဟာ “ရှင်းသူရော အရှင်းခံရသူရော“မဟုတ်ပါ။ ကြားလူလိုတာပါ။ ကြားလူဟာ သူတို့ရော သူတို့လူတွေပါ မဟုတ်ပါ။ သူတို့ချင်း အပြတ်ရှင်းပွဲမှာ ပြည်သူကို “ထိုးကျွေး“လိုက်တာပါ။ တကယ့်လက်တွေ့မှာ တကယ် ထိုးကျွေးခံလိုက်ရတာက ပြည်သူတွေပါ။
အနီးဆုံးဥပမာ တခုကို ပြပါရစေ၊ ဝီရသူကိစ္စပါ။ ဝီရသူကို ဖမ်းဝရမ်းထုတ်ပြတော့ လူတွေက “ထိုးကျွေးလိုက်ပြီ“ဆိုပြီး ဝမ်းသာကြပါတယ်။ နှစ်ထောင်းအားရလည်းရှိပါတယ်။ ကျေးဇူးတင်တဲ့အထိတောင် ပြောသူပြောပါတယ်။ ဒါတောင် တကယ်ဖမ်းမှာဆီးမှာ မဟုတ်သေးပါဘူး။ ဝီရသူ ထိုအကျွေးမခံရပါ။ လူတွေ “ထိုးအကျွေး“ခံလိုက်ရပါတယ်။
ဒီတော့ လူတွေကြားမှာ ကျနော်အပေါ်ကပြောတဲ့အမြင်တွေ ထွက်ပေါ်လာပါတယ်။ မပေါ်ပေါ်အောင်လည်း လုပ်ပေးပါတယ်။ အဲ့သလိုပြောတဲ့လူတွေထဲမှာ အမတ်တွေ၊ နိုင်ငံရေးသမားတွေ၊ ပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအသိ နိုင်ငံရေးရေချိန်အထိုက်အလျှောက်ရှိတဲ့ ပညာတတ်တွေလည်းပါနေပါတယ်။
သာမန်ပြည်သူတွေ နိုင်ငံရေးအသိ နိုင်ငံရေးရေချိန်နိမ့်ပါးသူတွေကတော့ ထားလိုက်ပါတော့ဆိုပြိး ထားလိုက်လို့ရပေမယ့် အပေါ်ကပြောတဲ့လူတွေကိုတော့ ထားလိုက်လို့မရပါ။ အဲ့ဒီလူတွေကို သေချာစိစစ်ခွဲခြမ်းစိတ်ဖြာပြီး “ဘယ်သူ့လူ“ဆိုတာ ဖော်ထုတ်ရမယ်ထင်ပါတယ်။ “ကိုယ့်လူ“ဆို ဘဝင်ကျတဲ့အထိဆွေးနွေးဖျောင့်ဖြပြီး အပြောအဆို သတိထားဖို့ ဆင်ခြင်ဖို့၊ အတွေးအခေါ်အရ ရပ်တည်ချက်အရ လူထုဘက်က တပြားသားမှမရွှေ့ဘဲ ရပ်ခံချက်မှန်မှန်ဖြစ်ဖို့ ဝိုင်းကြိုးစားရမယ်ထင်ပါတယ်။ “သူ့လူ“ဆိုရင်တော့ ရှင်းပါတယ်။ လိုအပ်ရင် ကိုယ့်အဝန်းအဝိုင်းထဲက ဖယ်ကျဉ်ထားလိုက်ရုံပါ။ သိတ်လိုအပ်ရင် ဆန့်ကျင်ဖို့ပါ။ ဒီ့ထက်ပို လိုအပ်ရင် တိုက်ထုတ်ဖို့ပါ။
မျိုးမြင့်ချို
ဇူလိုင် ၂၊ ၂ဝ၁၉

Sunday, July 5, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၄၁ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၄၁ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
ဘုံဘေဘားမား ရောင်းဝယ်ရေး ကော်ပိုရေးရှင်းက သစ်လုံးတွေ တရားမဝင် ခိုးထုတ်တာ တွေ့ရတယ်။ ၁၈၈၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ သစ်လုံးရေ ၅၆၀၀၀ ခိုးထုတ်မှုအတွက် ဒဏ်ကြေး ၂,၃၀၀,၀၀၀ ကျပ် ရိုက်တယ်။ ဒီအမှုမှာ တောင်ငူနဲ့ ရမည်းသင်းက အရာရှိတချို့လည်း ပတ်သက်တယ်။ ၁၈၈၅ ခုနှစ် စက်တင်ဘာလ ၆ ရက်မှာ အဲဒီအရာရှိတွေကို အလုပ်ထုတ်တယ်။ ၁၈၈၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဒဏ်ကြေးပေးဖို့ ပျက်ကွက်တဲ့အတွက် ဘုံဘေဘားမား ရောင်းဝယ်ရေး ကော်ပိုရေးရှင်းပိုင် သစ်တွေနဲ့ သစ်ထုတ်ကိရိယာတွေ သစ်လုံးတွေကို သိမ်းကျုံး ဖမ်းဆီးတယ်။ ကာလကတ္တား စစ်ဦးစီးဌာနကတော့ မြန်မာပြည်ကို သိမ်းပိုက်ဖို့ စီမံချက်က ရှိနေပြီးသားပါ ( ဟောလ် ၁၉၄၈၊ ၁၇၇)။ ၁၈၈၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်မှာ ဘုံဘေဘားမား ရောင်းဝယ်ရေး ကော်ပိုရေးရှင်း ပိုင်ဆိုင်မှုတွေကို သိမ်းယူတဲ့ အကြောင်းပြချက်နဲ့ တဖက်သတ်ကျတဲ့ ရာဇသံပို့တယ်။ ရာဇသံပို့တဲ့အကြောင်းက အားလုံးသိပြီးဖြစ်တဲ့အတိုင်း ပြင်သစ်က မြန်မာနဲ့ဆက်ဆံရေး အောင်မြင်နေလို့ပဲ(ကက်ဒီ ၁၉၁၃၊ ၁၀၂)။ အင်္ဂလိပ်က မြန်မာကိုပေးတဲ့ ရာဇသံကို သုံးပတ်အတွင်း အကြောင်းပြန်ရမှာပါ။ တောင်းဆိုချက်တွေက
၁။ မန္တလေးမှာ သံကိုယ်စားလှယ်ကို သင့်တော်သလို ပြန်လက်ခံရမယ်။
၂။ ဘုံဘေဘားမား ရောင်းဝယ်ရေး ကော်ပိုရေးရှင်းကို အရေးယူနေတဲ့အမှုကို သံကိုယ်စားလှယ် မန္တလေးရောက်တဲ့အထိ ဆိုင်းငံ့ထားရမယ်။
၃။ မြန်မာ့ နိုင်ငံခြားဆက်ဆံရေးကို အိန္ဒိယက ချုပ်ကိုင်မယ်။
၄။ မြန်မာပြည်ကိုဖြတ်ပြီး အင်္ဂလိပ်တရုတ် ကုန်သွယ်ရေး တိုးတက်အောင်လုပ်ဖို့ ကူညီရမယ် ဆိုတာတွေပါပဲ။ အကြောင်းပြန်ပေးခဲ့တာတွေက
၁။ ဘုံဘေဘားမား ရောင်းဝယ်ရေး ကော်ပိုရေးရှင်း အမှုကို ပိတ်လိုက်ပြီ။
၂။ အင်္ဂလိပ်ကိုယ်စားလှယ်ဟာ အရင်ကအတိုင်း ဝင်နိုင်ထွက်နိုင်တယ်။
၃။ တရုတ်နဲ့ ကုန်သွယ်ရေးကို ကူညီမယ်။
သီပေါမင်းက ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ဗြိတိသျှကို စစ်ကြေညာတယ်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ သီပေါမင်း အဖမ်းခံရတယ်။
၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာရဲ့ အစိတ်အပိုင်းအဖြစ် ကြေညာတယ်။ သီပေါမင်းကို ၁၈၅၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က မွေးတယ်။ ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် အသက် ၅၇ နှစ်မှာ အိန္ဒိယကျွန်းဆွယ် အနောက်ဘက်ကမ်းရိုးတန်း ဂိုဝါအနီး ရတနာဂီရိမှာ နတ်ပြည်စံပါတယ်။
#အောင်ကျော်ဆန်းဘာသာပြန်ပါတယ်
အခန်း(၁) ပြီးပါပြီ။

ခေတ်သစ်မြန်မာ့သမိုင်း - ၄၀ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၄၀ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
ပြင်သစ်နိုင်ငံနဲ့ဆက်ဆံရေး
၁၇၉၈ ခုနှစ် ပြင်သစ်တော်လှန်ရေး အပြီးမှာ နပိုလီယံရဲ့ နယ်ချဲ့ဝါဒ ခေါင်းထောင်ထလာပြန်တယ်။ ဒါပေမဲ့ သူက ဥရောပမှာ အလုပ် သိပ်ရှုပ်နေတယ်။ အရှေ့ဖျားဒေသတွေကို စွန့်လွှတ်ဖို့ စိတ်ကူးနေရပါပြီ။ ၁၈၄၈ ခုနှစ်မှာ လူဝီနပိုလီယံ အာဏာရလာတယ်။ ၁၈၅၂ ခုနှစ်မှာ အင်ပါယာပြည့်ရှင် နပိုလီယံ ၃ ဘွဲ့ခံလိုက်တယ်။ သူက ပြင်သစ်နယ်ချဲ့ဝါဒ အဟောင်းကို ပြန်ပြီး အသက်သွင်းတယ်။ ၁၈၇၀ ပြည့်နှစ်ကျတော့ နပိုလီယံကို ဖြုတ်ချပြီး တတိယမြောက် ပြင်သစ် သမ္မတနိုင်ငံတော် (၁၈၇၀ - ၁၉၄၀) ကို တည်ထောင်ကြပြန်တယ်။ ဒါပေမဲ့ သမ္မတနိုင်ငံ ဂိုဏ်းသားတွေကလည်း နယ်ချဲ့ မူဝါဒကို ဆက်ပြီး စွဲကိုင်တယ်။ အကျိုးဆက်ကတော့ အရှေ့တောင် အာရှမှာ ပြင်သစ်သြဇာ စတင် ချဲ့ထွင်လာတာပါ။ ၁၈၅၂ ခုနှစ်မှာ ကိုချင်ချိုင်းနားကို သိမ်းပိုက်တယ်။ ၁၈၆၇ ခုနှစ်မှာ ကမ္ဗောဒီးယားကို သိမ်းယူတယ်။ ကင်းဝန်မင်းကြီး ခေါင်းဆောင်တဲ့ မြန်မာသံအဖွဲ့က ပဲရစ်ကို ရောက်ပါတယ်။ ပဲရစ်မှာ သံအဖွဲ့ကို လိုလိုလားလား လက်ခံတယ်။ ၁၈၇၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်မှာ ပြင်သစ်မြန်မာ ကူးသန်းရောင်းဝယ်ရေး စာချုပ်ကို ချုပ်ပါတယ်။ ဒါပေမဲ့ ဒီကူးသန်းရောင်းဝယ်ရေး စာချုပ်ကိုလည်း မင်းတုန်းမင်းက အတည်မပြုပါဘူး။ 
မင်းတုန်းမင်း မရှိတဲ့နောက် သီပေါမင်းက မြန်မာပြည်မှာ အင်္ဂလိပ်ရဲ့ သြဇာကို လျှော့ချဖို့ ကြံစည်တယ်။ ပြင်သစ်နဲ့ မဟာမိတ်ဖွဲ့ပြီး ခုခံတိုက်ခိုက်ဖို့ ကြိုးစားပါတယ်။ ၁၈၇၉ ခုနှစ်ကျတော့ ဗြိတိသျှက အာဖဂန်နစ္စတန်နဲ့ ဇူးလူးစစ်ပွဲတွေမှာ အလုပ်များနေတယ်။ ဒါကြောင့် မြန်မာပြည်မှာ ဖြစ်နေတာတွေကို သိပ်ပြီး အာရုံမစိုက်နိုင်ဘူး။ အထက်မြန်မာပြည်ရဲ့ အနောက်ဘက်နဲ့ တောင်ဘက်မှာ အင်္ဂလိပ်ကရှိနေပြီး အရှေ့ဖက်မှာတော့ ပြင်သစ်က အိမ်နီးချင်း ဖြစ်နေတယ်။ ၁၈၈၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ပြင်သစ်နဲ့ ပဋိညာဉ်စာချုပ် လက်မှတ်ထိုးတယ်။ စာချုပ်မှာ ပါဝင်တဲ့ အချက်အလက်တွေက
၁။ ပြင်သစ်ကို မန္တလေးမှာ ဘဏ်ထောင်ခွင့်ပြုတယ်။ ဘုရင်ကို ၁၂.၅ % အတိုးနဲ့ ငွေချေးမယ်။
၂။ ပြင်သစ်ကို ပတ္တမြားတွင်းတွေ တူးဖော်ခွင့် ပေးမယ်။ ငွေချေး အာမခံအနေနဲ့ ကျွန်းသစ်ကို လက်ဝါးကြီးအုပ်ခွင့် ပြုမယ်။
၃။ မန္တလေးကနေ ပြင်သစ်အင်ဒိုချိုင်းနားကို မီးရထားလမ်းတည်ဆောက်ဖို့ ပြင်သစ်ကို ခွင့်ပြုမယ်။
၄။ မီးရထားလုပ်ငန်းရဲ့ အကျိုးစီးပွားကို အာမခံတဲ့အနေနဲ့ မြစ်ကြောင်း အကောက်ခွန်နဲ့ ရေနံထုတ်လုပ်မှုကို ပြင်သစ်က ချုပ်ကိုင်မယ်။
တိကျခိုင်မာတဲ့ သုံးနှုံးဖော်ပြချက်တွေ မပါဝင်ပေမဲ့ မြန်မာပြည်ဟာ ပြင်သစ် အစောင့်ရှောက်ခံ ဖြစ်သွားပြီဆိုတဲ့ သဘောပါပဲ။ ဒါက အင်္ဂလိပ် ကျူးကျော်မှုကို ဖိတ်ခေါ်လိုက်တာပါ။

ခေတ်သစ်မြန်မာ့သမိုင်း - ၃၉ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၉ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
၁၈၅၆ ခုနှစ်မှာ မြန်မာမစ်ရှင်တစ်ဖွဲ့ ဥရောပကို သွားခဲ့တယ်။ မစ္စတာမန်နွတ်က စကားပြန်အဖြစ် ဆောင်ရွက်တယ်။ ဒီသံအဖွဲ့က ပြင်သစ်မှာ နပိုလီယံ (၃) ကို ဝင်တွေ့ပါတယ်။ အင်္ဂလိပ်ကိုတိုက်ဖို့ ပြင်သစ်အကူအညီရနိုင်မလားဆိုတဲ့ စိတ်ကူးနဲ့ပါ။ ဒါပေမဲ့ အဲဒီရည်မှန်းချက်က မအောင်မြင်ဘူး။ နပိုလီယံက သူတို့ကို ပျူပျူငှာငှာ ဆက်ဆံပါတယ်။ ဘာကတိမှတော့ မပေးဘူး။ ၁၈၅၈ ခုနှစ်မှာ အမေရိကန် ကုန်သွယ်ရေး မစ်ရှင်တစ်ဖွဲ့ မြန်မာပြည်ကို ရောက်လာတယ်။ ၁၈၇၂ ခုနှစ်မှာ ကင်းဝန်မင်းကြီးဦးကောင်းက မြန်မာမစ်ရှင်နောက်တဖွဲ့ကို ခေါင်းဆောင်ပြီး ဥရောပထွက်ခဲ့ပါတယ်။ အင်္ဂလန် ပြင်သစ် အီတလီ ဘုရင့် နန်းတော်တွေကို ရောက်တယ်။ ဦးကောင်းဟာ အဲဒီနန်းတော်တွေနဲ့ ပြေလည်ခဲ့ပါတယ်။ သူ့ခရီးသွားမှတ်တမ်းကိုလည်း အပြည့်အစုံ ရေးတယ်။ သူပြန်ရောက်ရင်ပဲ ဥရောပကို လူငယ်ပညာတော်သင်တွေလွှတ်ဖို့ ဘုရင်ကို လျှောက်တင်ခဲ့တယ်။ ပြင်သစ်မှာ ဒီမစ်ရှင်က မိုးကုတ်ကျောက်မိုင်းတွေ တူးဖော်ခွင့်ပြုဖို့ ပဋိညာဉ်စာချုပ် ချုပ်ခဲ့တယ်။ ဒါပေမဲ့ မင်းတုန်းမင်းက အဲဒီစာချုပ်ကို အတည်မပြုခဲ့ဘူး။ မြန်မာခရီးစဉ်ရဲ့ အကျိုးဆက်အဖြစ် အီတလီသံအဖွဲ့ မန္တလေးကို ရောက်လာတယ်။ ချစ်ကြည်ရေးစာချုပ် ချုပ်တယ်။ အင်္ဂလန်မှာတော့ ဗြိတိသျှအစိုးရက မြန်မာသံအဖွဲ့နဲ့ ဘယ်လို သံတမန်ဆက်ဆံရေးကိုမှ လက်မခံပါဘူး။ အိန္ဒိယဘုရင်ခံချုပ်နဲ့ ဆက်ဆံဖို့ပဲ ပြောတာပါ။ ဘယ်နည်းမဆို သံအဖွဲ့ဟာ ဝိတိုရိယဘုရင်မကြီး၊ ဝန်ကြီးချုပ် ဂလက်စတုန်းနဲ့ အိန္ဒိယဘုရင်ခံချုပ်တို့ရဲ့ စာတွေကိုယူပြီး မင်းတုန်းမင်းဆီပြန်လာတယ်။ ဒီနိုင်ငံခြား မစ်ရှင်အဖွဲ့တွေဟာ အင်္ဂလိပ်ကိုဆန့်ကျင်ပြီး ပြင်သစ်နဲ့မဟာမိတ်ဖွဲ့ ခုခံတိုက်ခိုက်ဖို့ဆိုတဲ့ သီပေါမင်းရဲ့ကြိုးပမ်းချက် ကနဦးအစပါပဲ။ အဲဒီမစ်ရှင် အဖွဲ့ရဲ့ ဥရောပခရီးစဉ် ကာလအတွင်း အင်္ဂလိပ်က မြန်မာ့တိုးတက်မှုတွေကို မနှစ်မြို့စွာ စောင့်ကြည့်နေတာပါ။ ဖြစ်နိုင်သမျှ အမြန်ဆုံး တနိုင်ငံလုံး သိမ်းပိုက်ဖို့ အင်္ဂလိပ်က ဆုံးဖြတ်လိုက်ပါတယ်။

Friday, July 3, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၃၈ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၈ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
အင်းဝနန်းတော်မှာရှိတဲ့ ပထမ သံကိုယ်စားလှယ်ရုံးကို ၁၈၄၀ ပြည့်နှစ်က ရုပ်သိမ်းတယ်။ မြန်မာတွေက သံကိုယ်စားလှယ်ရုံးကို ရေရှည်လက်ခံထားရင် တိုင်းပြည်ဟာ တဖြည်းဖြည်းနဲ့ ဗြိတိသျှအစောင့်ရှောက်ခံနိုင်ငံ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ သာယာဝတီမင်းက နေပြည်တော်ကနေ အင်္ဂလိပ်တွေ ဆုတ်ခွာသွားအောင်လုပ်ပြီး အောင်ပွဲခံတယ်။ အဲဒါက မြန်မာတွေကို နောက်ထပ် နှစ်အနည်းငယ်ပဲ လွတ်လွတ်လပ်လပ်ဖြစ်စေခဲ့တာပါ။ အခု ၁၈၆၂ ခုနှစ်မှာ သံကိုယ်စားလှယ်ရုံးပြန်ပြီး တည်ထောင်လိုက်တဲ့အတွက် ဒေါက်တာဝီလျှံဟာ ဗြိတိသျှကိုယ်စားလှယ်အဖြစ် မန္တလေးကို ရောက်လာတယ်။ ဒီ့အရင်ကတော့ ပဋိညာဉ်စာချုပ်တွေကို အသုံးပြုပြီး မြန်မာပြည်ကို အင်္ဂလိပ် အစောင့်ရှောက်ခံ နိုင်ငံတစ်ခုအဖြစ် ဖန်တီးဖို့ ကြိုးစားခဲ့တာပါ။ အင်္ဂလိပ်တွေဟာ တိုင်းပြည်ကို မသိမ်းဘဲ ထိန်းချုပ်နိုင်ခဲ့ရင် မြန်မာ့လွတ်လပ်ရေးကို အမည်ခံ ထိန်းသိမ်းပေးဖို့ အသင့်ပါ။ သံကိုယ်စားလှယ်ရုံး ပြန်ဖွင့်ပြီး သိပ်မကြာခင် ကယားအရေးဖြစ်တယ်။ ကရင်နီ (သို့) ကယားစော်ဘွားဟာ မြန်မာဘုရင်အစိုးရရဲ့ လက်အောက်မှာပါ။ ဒါပေမဲ့ အခု သူတို့က အင်္ဂလိပ်က သူတို့မြေကို သိမ်းပိုက်စေချင်နေပြီ။ အကြောင်းကတော့ ကယားကို ကြားခံ နယ်မြေလုပ်ဖို့ နှစ်ဖက် သဘောတူပြီး သံကိုယ်စားလှယ်ရဲ့ ကတိကဝတ်ကိုလည်း ရထားတဲ့ အတွက်ပါ။ 
၁၈၇၅ ခုနှစ်မှာတော့ ဖိနပ်ပြဿနာ အကြီးအကျယ်တက်တယ်။ အင်္ဂလိပ် သံတမန်ဟာ မြန်မာဘုရင်ရှေ့မှာ ဖိနပ်မချွတ် ဒူးမထောက်ရဘူးလို့ ဘုရင်ခံချုပ်က ဆုံးဖြတ်လိုက်တယ်။ အလားတူပဲ မြန်မာသံတမန် အိန္ဒိယကိုလာရင် ကာလကတ္တားမှာ ဖိနပ်မချွတ် ဒူးထောက်စရာ မလိုဘူးလို့ဆိုတယ်။ အကျိုးဆက်ကတော့ မင်းတုန်းမင်းက သူတို့ကို ညီလာခံ တက်ခွင့်မပြုတော့ဘူး။ ဒါကတော့ အင်္ဂလိပ်ဘက်က သိပ်ကို မိုက်မဲတဲ့ မူဝါဒပါ။ ဒါက မြန်မာ့ဓလေ့ထုံးတမ်းပဲ။ သူတို့ရောက်နေတဲ့ ဘယ်တိုင်းပြည် နိုင်ငံနဲ့မဆို ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေးရဖို့ ရည်ရွယ်ရင် နိုင်ငံခြားသားတွေဟာ အဲဒီနိုင်ငံရဲ့ ဓလေ့ထုံတမ်းတွေကို လိုက်နာသင့်တာပါ။ အဲဒီတုန်းက အင်္ဂလိပ်တွေဟာ အာဏာယစ်မူးပြီး စိတ်ကြီးဝင်နေတယ်။ ဒါကြောင့်လည်း ဖိနပ်ပြဿနာကြောင့် ချစ်ကြည်ရင်းနှီးမှု ဆုံးရှုံးခဲ့ရတယ်။

ခေတ်သစ်မြန်မာ့သမိုင်း - ၃၇ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၇ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
မင်းတုန်းမင်းခေတ်မှာ အများဆုံးလုပ်တဲ့နိုင်ငံခြားဆက်ဆံရေးက အင်္ဂလိပ်နဲ့ပါပဲ။ မင်းတုန်းမင်းက တခြားဥရောပ အင်အားကြီးနိုင်ငံတွေနဲ့ပါ ဆက်သွယ်ဖို့ ကြိုးပမ်းတယ်။ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲမှာ ပဲခူးနယ်ကို ဆုံးရှုံးခဲ့ရပြီး ဘုရင့်ရဲ့မျှော်လင့်ချက်က ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ရဖို့ပါပဲ။ မြန်မာဘုရင်ရဲ့ ဂုဏ်သိက္ခာကိုလည်း ပြန်လည်မြှင့်တင်ဖို့ပါ။ သူကိုယ်တိုင်ကတော့ နောက်ထပ်စစ်ပွဲတစ်ပွဲ မတိုက်ချင်ဘူး။ သူ့ရဲ့ မြို့တော်မှာ သောမတ်စပီးယားလို့ခေါ်တဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက် နေထိုင်ခဲ့တယ်။ သူက အင်္ဂလိပ်အစိုးရရဲ့ အထောက်တော်အဖြစ် ဆောင်ရွက်တာပါ။ ဘုရင့်နန်းတော်နဲ့ အနီးကပ်ထိတွေ့မှု ရှိတယ်။ သူက ပုဂ္ဂလိက ကုန်သည်ပါပဲ။ ဒါပေမဲ့ ဗြိတိသျှသံကိုယ်စားလှယ် တာဝန် မထမ်းဆောင်ခင်မှာ နှစ်နိုင်ငံ အစိုးရတွေအကြား စေ့စပ်ညှိနှိုင်းရေးသမားအဖြစ် ဆောင်ရွက်တယ်။ အင်္ဂလိပ်မြန်မာ နှစ်နိုင်ငံကြားမှာ သောမတ်စပီးယားက ရှစ်နှစ်လောက် တာဝန်ယူခဲ့တယ်။ သူ့မှာ မြန်မာဇနီးရှိတယ်။ မြန်မာလူမျိုးတွေရဲ့ ကောင်းကျိုးကို အမှန်တကယ် လိုလားသူပါ။ ပဲခူးနယ်ကို အသိအမှတ်ပြုတဲ့ စာချုပ်မှာ လက်မှတ်ထိုးဖို့ မင်းတုန်းမင်းကို တောင်းဆိုရာမှာ ဘုရင်က ငြင်းဆိုတယ်။ ဘုရင်ဟောင်းစစ်ရှုံးလို့ နယ်မြေအပ် လက်မှတ်ထိုးရမှာ သူ့အလုပ်မဟုတ်ဘူးလို့ မင်းတုန်းမင်းက ယူဆတယ်။ ဒါပေမဲ့ သူအုပ်စိုးတဲ့ ကာလမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းတယ်။ ၁၈၅၃ ခုနှစ်မှာ ပဲခူးနယ်ကို ပြန်ပေးဖို့ တောင်းဆိုရအောင် ဖယ်ယာ့ဆီကို မစ်ရှင်တစ်ဖွဲ့ စေလွှတ်တယ်။ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးကို သူထိန်းသိမ်းထားနိုင်ရင် အင်္ဂလိပ်တွေ အရူးမီးဝိုင်းဖြစ်လာတဲ့တစ်နေ့ ဆုံးရှုံးသွားတဲ့နယ်မြေတွေ သူ့အလိုလို ပြန်ပေးရမှာပဲလို့ ဘုရင်က မျှော်လင့်နေတယ်။ ၁၈၅၄ ခုနှစ်မှာ အင်္ဂလိပ်က ခရိုင်းမီးယားစစ်ပွဲ တိုက်ရတယ်။ ၁၈၅၇ ခုနှစ်မှာ အိန္ဒိယ တပ်တွင်းပုန်ကန်မှုဖြစ်တယ်။ အာဖဂန်နစ္စတန်နဲ့ ခရိုင်းမီးယားမှာလည်း တိုက်ပွဲတွေ ဖြစ်နေတုန်းပါ။ ဒါကြောင့် မင်းတုန်းမင်း နန်းတက်စ ကနဦးနှစ်တွေမှာ အင်္ဂလိပ်တွေဟာ အရူးမီးဝိုင်းဖြစ်နေတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်တောင်းဖို့ မင်းတုန်းမင်းက မကြိုးစားခဲ့ဘူး။ 
ဒီလို မလုပ်တဲ့အပြင် အိန္ဒိယတပ်တွင်း ပုန်ကန်မှုအပြီးမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ မင်းတုန်းမင်းက ရံပုံငွေတောင် လှူခဲ့ပါသေးတယ်။ ဒေါက်တာမတ်ရဲ့ လက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံ ခရစ်ယာန် သာသနာပြု မစ်ရှင်ကို ဘုရင်က စောင့်ရှောက်ပါတယ်။ ဒေါက်တာမတ် တည်ထောင်တဲ့ကျောင်းမှာ သူ့ရဲ့သားတော်တွေကို ပညာသင်စေတယ်။ သားတော်တွေကို သမ္မာကျမ်းစာသင်ဖို့ ခွင့်ပြုတယ်။ အင်္ဂလိပ်ကို ပဲခူးနယ်ပေးတဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးဖို့ အင်္ဂလိပ်က ဘုရင်ကို ထပ်တလဲလဲ ဖျောင်းဖျဖို့ ကြိုးပမ်းတယ်။ အဲဒါကြောင့် ၁၈၅၄ ခုနှစ်မှာ အမရပူရကို ဖယ်ယာကော်မရှင် ရောက်လာတယ်။ မင်းတုန်းမင်းက ဆာအာသာ ပါဗက်စ် ဖယ်ယာကို အရေးတယူ လက်ခံတယ်။ ညီလာခံမှာရော တစ်ဦးချင်းအရပါ လက်ခံတွေ့ဆုံပါတယ်။ ဒါပေမဲ့ စာချုပ် လက်မှတ်ထိုးဖို့ကိုတော့ အပြတ်ငြင်းတယ်။ ဖယ်ယာက မင်းတုန်းခရိုင် ပြန်ပေးမယ်လို့ ကမ်းလှမ်းပေမဲ့ လက်မခံဘူး။ ဒီနောက် သိပ်မကြာခင် အိန္ဒိယ တပ်တွင်းပုန်ကန်မှု ဖြစ်တာပါ။ အင်္ဂလိပ်အုပ်စိုးတဲ့ အိန္ဒိယနိုင်ငံမှာ အင်္ဂလိပ်အာဏာ ယိုင်လဲနေပြီလို့ အာမေးနီးယန်း ကုန်သည်တွေဆီကတဆင့် သတင်းရတယ်။ ဒါပေမဲ့ မင်းတုန်းမင်းက အင်္ဂလိပ်ကို မူလအတိုင်း မိတ်ဝတ်မပျက် ဆက်ဆံတယ်။ နယ်စပ်ဒေသ အရာရှိတွေကို ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ တိတိကျကျ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသမှာ အမှန်တကယ် မငြိမ်းချမ်းပါဘူး။ ကိုယ့်ကိုယ်ကိုယ် မျိုးချစ်သူရဲကောင်းအဖြစ် ကြွေးကြော်ပြီး အင်္ဂလိပ်အာဏာကို စိန်ခေါ်နေတဲ့ လူလိမ်တွေ သူခိုးဓါးပြတွေကလည်း အများသားကလား။
အင်္ဂလိပ်အစိုးရက မြန်မာပြည်နဲ့ အလားအလာ သိပ်ကောင်းတဲ့ ကူးသန်းရောင်းဝယ်ရေးဆက်ဆံမှု လုပ်ချင်တယ်။ ကူးသန်းရောင်းဝယ်ရေးစာချုပ် ချုပ်ဖို့ ကိုယ်စားလှယ်တွေလွှတ်ပြီး မြန်မာအစိုးရကို ဆွဲဆောင်တယ်။ ဒါပေမဲ့ ကြိုးပမ်းသမျှ အရာမထင်ဘူး။ မြန်မာပြည်မှာ အကျိုးအမြတ်ရနိုင်တဲ့ ကုန်စည်အများစုက ဘုရင့်ရဲ့ လက်ဝါးကြီးအုပ်မှု အောက်မှာပါ။ ဘုရင်က ကျောက်မျက် ရေနံစိမ်းနဲ့ သစ်ကို နန်းတော်က လက်ဝါးကြီးအုပ်ထားတာ မစွန့်လွှတ်ချင်ဘူး။ ၁၈၆၂ ခုနှစ်ကျမှ ကူးသန်းရောင်းဝယ်ရေးစာချုပ်ကို ဒီစကားရပ်တွေသုံးပြီး ချုပ်ဆိုတယ်။
၁။ နယ်စပ်ဒေသမှာ အခွန်လျှော့ချဖို့ နှစ်ဘက်စလုံးက သဘောတူတယ်။
၂။ ဗြိတိသျှသံကိုယ်စားလှယ်ကို မန္တလေးမှာ နေခွင့်ပြုမယ်။
၃။ ဗြိတိသျှ ကျေးတော်မျိုးကျွန်တော်မျိုးတွေကို မြန်မာပြည်အနှံ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်ပြုတယ်။
ဒီစာချုပ်ကို ဘုရင်ကိုယ်တိုင် အတည်ပြုတာပါ။ ဒါပေမဲ့ ဘုရင်က သူ့ရဲ့ လက်ဝါးကြီးအုပ်မှုကို စွန့်လွှတ်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ဒါကြောင့် စာချုပ်ပါ စကားရပ်တွေဟာ လက်တွေ့မှာ ဘယ်တော့မှ အကောင်အထည်မပေါ်ဘူး။ တကယ်တော့ စာချုပ်က အသက်မဝင်ပါဘူး။ ဘုရင်က ဗြိတိသျှတွေကို အလျှော့ပေးလိုက်ရမှာ စိုးရိမ်တယ်။ ကျေးတော်မျိုးကျွန်တော်မျိုးတွေက သူ့ကို လက်အောက်ခံဘုရင်ပဲလို အထင်သေးမှာလည်း စိတ်ပူတယ်။ ၁၈၆၆ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ ရေနံစိမ်း၊ သစ်နဲ့ ကျောက်မျက်ကလွဲရင် ကုန်သည်တွေကို မင်းမိန့်နဲ့ထိန်းချုပ်တာ ၁၀ နှစ် ရပ်စဲကြောင်း ဘုရင်က ကြေညာချက်ထုတ်တယ်။ အခွန်နှုန်းကို ၅% အထိ လျှော့ချဖို့ကိုလည်း ဘုရင်က ကတိပြုတယ်။ 
အိန္ဒိယအစိုးရက နောက်ထပ် ကူးသန်းရောင်းဝယ်ရေးစာချုပ် ညှိနှိုင်းဖို့ ဖိုက်ချ်ကိုလွှတ်တယ်။ ၁၈၇၈ ခုနှစ် အောက်တိုဘာလမှာ ဒီလို စကားရပ်တွေပါတဲ့ စာချုပ်ကို ချုပ်တယ်။
၁။ သွင်းကုန်ပို့ကုန် အခွန်တွေကို ပုံသေ ၅% သတ်မှတ်တယ်။
၂။ ရွှေနဲ့ငွေကိုသုံးပြီး လွတ်လပ်စွာကုန်သွယ်နိုင်တယ်။
၃။ ဗြိတိသျှ သံကိုယ်စားလှယ်ကို နေပြည်တော်မှာ ပြန်ထားမယ်။ ဗြိတိသျှ ကျေးတော်မျိုးကျွန်တော်မျိုးအားလုံးကို ဥပဒေအရ အပြည့်အဝ တာဝန်ယူမယ်။
၄။ အကောက်ခွန်ရုံးမှာ ဗြိတိသျှကိုယ်စားလှယ် ထားမယ်။
အပြန်အလှန်အားဖြင့် ကော်မရှင်နာမင်းကြီးရဲ့ သဘောတူညီချက်နဲ့ ဘုရင်ကို ဗြိတိသျှနယ်ထဲမှာ သေနတ်ဝယ်ယူခွင့် ပေးရမယ်။
ဖိုက်ချ်က ဒီစာချုပ်မှာ နောက်ထပ် စာပိုဒ် ထပ်ဖြည့်ဖို့ ကြိုးပမ်းသေးတယ်။ အင်္ဂလိပ်ကို အသိမပေးဘဲ နိုင်ငံခြားတိုင်းပြည်တွေနဲ့ မြန်မာအစိုးရက မဆက်သွယ်ရဘူးဆိုတဲ့ သဘောပါ။ ဒီစာပိုဒ်သာ လက်ခံခဲ့ရင် အင်္ဂလိပ်ရဲ့ သြဇာလွှမ်းမိုးမှုကို အသိအမှတ်ပြုပြီး လက်အောက်ခံ မဟာမိတ်အဆင့်ကို ရောက်သွားမှာပါ။ စာချုပ်ကို တံဆိပ်ခတ်လက်မှတ်ထိုးပေမဲ့ လက်တွေ့ကတော့ ဘာမှ ဖြစ်မလာဘူး။ အကြောင်းကတော့ ဘုရင်က သူ့ရဲ့ ချုပ်ကိုင်မှုကို ဘယ်တော့မှ မစွန့်လို့ပါပဲ။ ပိုပြီးတော့တောင် တိုးလာသေးတာပါ။ အင်္ဂလိပ်ကုန်သည်တွေကို နိုင်ငံအနှံ့ လွတ်လပ်စွာ သွားလာခွင့်ပြုတယ် ဆိုပေမဲ့ မြန်မာ့စီးပွားရေး၊ သဘာဝရင်းမြစ်၊ ပြည်သူလူထုနဲ့ နိုင်ငံရေးအခြေအနေတွေကို လေ့လာစူးစမ်းဖို့လောက်ပဲ အခွင့်အရေးပေးထားတာပါ။ ကနဦး ၂နှစ်မှာ ကုန်သွယ်ရေးက တိုးတက်လာတယ်။ ၁၈၇၁ ခုနှစ်မှာ အက်ရှလေဒီရှင်လို့ ခေါ်တဲ့ ဗြိတိသျှကိုယ်စားလှယ် မန္တလေးကို ရောက်လာတယ်။ ကူးသန်းရောင်းဝယ်ရေး စာချုပ်အသစ် လက်မှတ်ထိုးတယ်။ ၁၈၇၇ ခုနှစ်မှာ အိန္ဒိယအစိုးရက နောက်ထပ်ပဋိညာဉ်ကို တောင်းဆိုနေတုန်းပဲ။ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လုပ်ပေမဲ့ သဘောတူညီတဲ့အဆင့်ကို ရောက်မလာဘူး။ ဒီအချိန်မှာပဲ ပြင်သစ်အစိုးရက မြန်မာပြည်နဲ့ သံတမန်ဆက်ဆံရေးဖွင့်ဖို့ ကြိုးပမ်းနေတယ်။ ပြင်သစ်လွှမ်းမိုးလာမှာကို ကြောက်တဲ့အတွက် အင်္ဂလိပ်က တနိုင်ငံလုံးသိမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ပဋိညာဉ်စာချုပ်တွေဟာ တနိုင်ငံလုံး ကျူးကျော်သိမ်းပိုက်ရေးဆီ ခြေလှမ်းနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။

Wednesday, July 1, 2020

မွေးရပ်မြေ ဘာသာပြန်သူ - #မြသန်းတင့်

0 comments
မွေးရပ်မြေ ဘာသာပြန်သူ - #မြသန်းတင့်
ခိုက်ခိုက်တုန် ချမ်းသည့် အအေးဒဏ်ကို ရင်ဆိုင်ရင်း မိုင် ၇၀၀ ကျော်ဝေးသည့် ဇာတိမြို့သို့ ကျွန်တော် ပြန်ခဲ့သည်။ မြို့မှ ကျွန်တော် ထွက်ခွါ လာခဲ့သည် မှာ အနှစ် ၂၀ ရှိပြီ။ 
ဆောင်းရက်တို့ ကုန်ခါနီးချိန် ဖြစ်သည်။ ကျွန်တော် မြို့နှင့် နီးလာသည်နှင့် အမျှ တစ်နေ့လုံး နှင်းဖွဲဖွဲ စွေကာ ကောင်းကင် မှိုင်းအုံ့လျက် ရှိသည်။ အေးမြသော လေသည် သင်္ဘောခန်းထဲသို့ ဝင်လာ တတ်သည်။ ဝါးယင်းရွက် ကြားမှာ လူသူ တိတ်ဆိတ်နေသော ရွာကလေးများကို တစ်ခါတစ်ရံ မြင်ရတတ်သည်။ လူရိပ်လူယောင် ဆို၍ လုံးဝ မမြင်ရ။ ရွာငယ်များ သည် အုံ့မှိုင်းသော၊ ဝါကြင့်သော ကောင်းကင်အောက်တွင် ထီးတည်း ရှိနေကြသည်။ ပတ်ဝန်းကျင်ကို ကြည့်၍ ကျွန်တော့် စိတ်ထဲတွင် ပင်လျှင် လွမ်းရမလို၊ ဆွေးရမလို တစ်မျိုးကြီး ခံစားရသည်။ 
ကျွန်တော် အနှစ် ၂၀ လုံးလုံး စိတ်ထဲတွင် စွဲလမ်းနေသည့်အိမ် မဟုတ်တော့ ပါတကား။ 
ကျွန်တော် အနှစ် ၂၀ လုံးလုံး မြင်ယောင်နေသည့် အိမ်သည် ယခု ကျွန်တော် မြင်ရသည့် အိမ်နှင့် လားလားမျှ မတူ။ သို့ရာတွင် ကျွန်တော် နေခဲ့သည့် အိမ်၏ ချမ်းမြေ့ဖွယ် ကောင်းပုံ၊ လှပသာယာ ပုံကို ပြန်ပြောပါဟု ဆိုလျှင်မူ ကျွန်တော် ပြန်မပြောတတ်။ ကျွန်တော့်တွင် ပြောစရာ စကားလုံး မရှိ။ ယခုမူ ကျွန်တော့်အိမ်သည် ကျွန်တော့် မှတ်ဉာဏ်ထဲတွင် ကျွန်တော် မှတ်မိထားသည့် အတိုင်း မဟုတ်တော့။ 
ထို့ကြောင့် အထင်နှင့် အမြင် ကွာနေသော အဖြစ်ကိုကြည့်ကာ ကျွန်တော့်စိတ်ကို ကျွန်တော် ဖြေရသည်။ 
“ငါ့အိမ်ဟာ နဂိုကတည်းက ဒီလိုပါပဲ။ အရင်တုန်း ကလည်း ဒီလိုပဲ။ ခုလည်း ဒီလိုပဲ။ ခုလည်း ငါထင်သလောက် အိမ်က စိတ်ညစ်ညူးစရာ ကောင်းနေတာ မဟုတ်ပါဘူး။ ပြောင်းနေတာက ငါ့အိမ် မဟုတ်ဘူး။ ငါ့စိတ်တွေ။ ဒီတစ်ခေါက် တောပြန်တဲ့ အခါမှာ ငါ့မှာ တိမ်သလ္လာ ဖုံးမနေတော့ဘူး။ အမြင်ရှင်းနေပြီ။ ဒါကြောင့် အိမ်အသွင်အပြင် ပြောင်းနေတယ် ထင်ရတာ” 
ဤတစ်ကြိမ် ကျွန်တော် ပြန်လာခြင်းမှာ ကျွန်တော့်အိမ်ကို နှုတ်ဆက်ရန် လာခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်တို့ ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့သည့် အိမ်ကို ရောင်းလိုက်ပြီ ဖြစ်သဖြင့် နှစ်မကုန်မီ ဝယ်သူလက်သို့ လွှဲပေးရတော့မည်။ ထို့ကြောင့် ကျွန်တော် နှစ်ပေါင်းများစွာ နေခဲ့သော အိမ်ကို နှစ်သစ်မကူးမီ နှုတ်ဆက် ရဦးမည်။ ကျွန်တော့် မိသားစုကို ကျွန်တော် အလုပ် လုပ်နေသည့် မြို့သို့ ခေါ်ရဦးမည်။ 
နောက်တစ်နေ့ အရုဏ်တက်ချိန်၌ ကျွန်တော့်အိမ်ပေါက်ဝသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သည်။ အိမ်မိုးပေါ်က ခြောက်သယောင်းလျက် ရှိသည့် သက်ငယ်စများသည် လေထဲတွင် လှုပ်ရှား နေကြသည်။ အိမ်က အိုမင်းလှပြီ။ ဤအိမ်ကို ကျွန်တော် ရောင်းရတော့မည်။ ကျွန်တော်တို့ သားချင်းများ အနက် အချို့မှာ အိမ်ခွဲ သွားကြပြီ။ ထို့ကြောင့် အိမ်ကြီးသည် အမြဲတမ်းလိုလို တိတ်ဆိတ် နေတတ်သည်။ အိမ်သို့ ရောက်သည်၌ အမေက အိမ်ပေါက်ဝမှ ကျွန်တော့်ကို ထွက်ကြိုသည်။ အသက်ရှစ်နှစ်ရှိ ကျွန်တော်တူ ဟွန်အာက အမေ့နောက်မှ ပြေးလိုက်လာသည်။ 
အမေက ကျွန်တော့်ကို မြင်သည့်အခါတွင် ဝမ်းသာသည်။ သို့ရာတွင် စိတ်မကောင်း ဖြစ်နေပုံ ရသည်။ ဟန်ဆောင် နေမှန်းကို ကျွန်တော် သိလိုက်သည်။ အမေက ကျွန်တော့်ကို ခရီးပန်းသဖြင့် နားရန်၊ လက်ဖက်ရည် သောက်ရန် ပြောသည်။ အိမ်ပြောင်းရေး ကိစ္စကို တစ်ခွန်းမျှ မပြောသေး။ ကျွန်တော့်ကို မမြင်ဖူးသေးသည့် ဟွန်အာက ခပ်လှမ်းလှမ်းမှ ကျွန်တော့်ကို အကဲခတ်နေသည်။ 
ခဏကြာတော့ အိမ်ကိစ္စကို စကားပြောရသည်။ မြို့တွင် အခန်း ငှါးပြီးကြောင်း၊ အိမ်ထောင် ပရိဘောဂ အချို့ကိုလည်း ဝယ်ပြီးကြောင်း ကျွန်တော်က အမေ့ကို ပြောပြသည်။ နောက်ထပ် ပစ္စည်းများ ဝယ်ရန်အတွက် အိမ်ဟောင်းက ပရိဘောဂများကို ရောင်းချရမည် ဖြစ်ကြောင်းဖြင့်လည်း အမေ့ကို ပြောပြသည်။ အမေက ဤအချက်ကို သဘောတူသည်။ အချို့ပစ္စည်းကို ထုပ်ပိုးပြီးကြောင်း၊ ရွှေ့ပြောင်းရန် မလွယ်သည့် ပရိဘောဂပစ္စည်း တစ်ဝက်လောက်ကိုမူ ရောင်းချပြီးကြောင်းဖြင့် အမေက ပြောပြသည်။ သို့ရာတွင် ကြွေးမြီ နည်းနည်းပါးပါး ပေးစရာ ကျန်နေသေးသည်။ 
“အေးလေ တစ်ရက်တန်သည် နှစ်ရက်တန်သည်တော့ နားဦးပေါ့။ ပြီး ဆွေမျိုးတွေကိုလည်း လိုက်နှုတ်ဆက်ဦး။ ပြီးတော့ သွားကြတာပေါ့” 
“သွားတာပေါ့ အမေ” 
“ဪ … ယန်တူး တစ်ယောက်ကိုလည်း သွားနှုတ်ဆက် ပါဦးကွယ်။ အိမ်ရောက်တိုင်း မင်းကို တစ်မေးတည်း မေးရှာတယ်။ မင်းနဲ့ တွေ့ချင်တယ်လို့ ပြောတာ ခဏခဏပဲ။ မင်းရောက်မဲ့ ရက်ကိုတော့ သူ့ ပြောထားတာပဲ။ ဘယ်အချိန် ပေါက်လာမလဲ မသိဘူး” 
အမေ့ စကားကို နားထောင်ရင်း ကျွန်တော့် မျက်စိထဲတွင် အတိတ်က ရုပ်ပုံလွှာ တစ်ခုကို မြင်ယောင်လာသည်။ 
ပြာလဲ့သည့် ကောင်းကင်တွင် ရွှေလကြီးက ထိန်ထိန်သာ နေသည်။ ပင်လယ်သောင်စပ်က ဖြူးနေသည်။ သောင်စပ်တွင် ပယင်းရောင် ဖရဲခင်းများက တမျှော်တခေါ်ကြီး ရှိနေကြသည်။ ဖရဲခင်းများ အလယ်၌ ၁၁ နှစ် ၁၂ နှစ်သားရွယ် လူငယ်လေး တစ်ယောက်၊ လည်တွင် ငွေဘယက် ဆွဲလျက် သူ့ခြေထောက် ကြားတွင် လိမ့်နေသော ဖရဲသီး တစ်လုံးကို ကောက်ဆွ တစ်ချောင်းဖြင့် ထိုးနေသည်။ 
ထိုသူငယ်မှာ ယန်တူး ဖြစ်သည်။ ယန်တူးကို ကျွန်တော် စတွေ့ခဲ့သည်မှာ အနှစ် ၃၀ ကျော်ပြီ။ ထိုစဉ်က ယန်တူးသည် ၁၀ နှစ် ကျော်ကျော်သာ ရှိဦးမည်။ ကျွန်တော့် အဖေလည်း မဆုံးသေး။ ကျွန်တော်တို့ တစ်တွေလည်း အခုလောက် စီးပွားရေး မကျပ်တည်းသေး။ ထိုစဉ်က ကျွန်တော်ကလည်း မိဘ အလိုက်လိုက်၍ နွဲ့ဆိုး ဆိုးနေဆဲ ဖြစ်သည်။ 
ကျွန်တော်တို့ ရိုးရာပူဇော်ပွဲကို ဆွေမျိုးသားချင်းများ တစ်လှည့်စီ အကုန်အကျ ခံ၍ လုပ်လေ့ရှိရာ နှစ်ပေါင်း ၃၀ ကြာလျှင် တစ်လှည့်စီ ကျတတ်သည်။ ထိုနှစ်မှာ ကျွန်တော်တို့က တာဝန်ယူ၍ ပူဇော်ပွဲ ကျင်းပရမည့်နှစ် ဖြစ်သဖြင့် ကျွန်တော်တို့ မိသားစုအတွက် အထွတ်အမြတ် ထားသော နှစ်တစ်နှစ် ဖြစ်သည်။ နှစ်သစ် ပထမလတွင် ရိုးရာနတ်ရုပ်များကို ပင့်ကာ ပူဇော်ပွဲများ လုပ်ရသည်။ ကန်တော့ပွဲ ပေးသည့်အုပ်များက အလွန်လှသည်။ လာ၍ ပူဇော်သူတွေ များတတ်သည်။ ထို့ကြောင့် ကန်တော့ပွဲအုပ်တွေကို အပျောက်အရှ မရှိအောင် အစောင့် ထားရတတ်သည်။ 
ကျွန်တော်တို့ အိမ်တွင် ပျံကျစာရင်းငှါး တစ်ယောက်တည်းသာ ရှိသည်။ (ကျွန်တော်တို့ နယ်တွင် စာရင်းငှါး သုံးမျိုးရှိသည်။ နှစ်လုံးပေါက် လုပ်သူကို ချိန်ပြည့် စာရင်းငှါး၊ နေ့လယ်ပိုင်းတွင်သာ လုပ်သူကို ချိန်ပိုင်း စာရင်းငှါးနှင့် ကိုယ့်လယ် ကိုယ်လုပ်ပြီး နှစ်သစ်ကူး ပူဇော်ပွဲများတွင်သာ လာလုပ် သူများကို ပျံကျ စာရင်းငှါးဟု ခေါ်ကြသည်။) ထို့ကြောင့် ရိုးရာပူဇော်ပွဲတွင် လူတစ်ယောက်တည်းဖြင့် မလုံလောက်။ ဤတွင် စာရင်းငှါး ကန်တော့ပွဲအုပ်များ စောင့်ရှောက် ထိန်းသိမ်းရန် သူ့သား ယန်တူးကို ပို့လိုက်မည်ဟု အဖေ့ကို ပြောသည်။ 
အဖေက သဘောတူသည့် အခါတွင် ကျွန်တော် ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။ ယန်တူး အကြောင်းကို ကျွန်တော် မကြာခဏ ကြားဖူးသည်။ ကျွန်တော်နှင့် သက်တူ ရွယ်တူလောက် ရှိသည်။ ကျွန်တော့်ကို ဝါထပ်သည့် နှစ်တွင် မွေးသည်။ သူ့ဇာတာခွင်တွင် ဓာတ်ကြီးငါးပါး အနက် ပထဝီဓာတ် တစ်ပါး လိုနေသည်ကို တွေ့ရသဖြင့် သူ့အဖေက သူ့ကို ယန်တူး (ပထဝီဓာတ်) ဟု မှည့်သည်။ ယန်တူးသည် ညွှတ်ကွင်း ထောင်ရာတွင် အလွန်တော်သည်။ ငှက်များ မကြာခဏ မိတတ်သည်။ ထို့ကြောင့် ယန်တူးကို ခေါ်မည် ဆိုသည့် အခါတွင် ကျွန်တော် ပျော်သည်။ 
ကျွန်တော်သည် အတာကူးသည့် အခါကိုသာ စောင့်နေသည်။ အတာကူးလျှင် ယန်တူး လာမည် မဟုတ်လော။ နှစ်ကုန်၍ အမေက ယန်တူး လာပြီဟု ပြောသည့် အခါတွင် ကျွန်တော်သည် ဝမ်းသာအားရ ပြေးလာခဲ့သည်။ ယန်တူးသည် မီးဖိုထဲတွင် ရပ်လျက်ရှိသည်။ သူ့မျက်နှာက ဝိုင်း၍ နီမြန်းသည်။ ခေါင်းပေါ်တွင် ဦးထုပ်ပျော့ကလေး တစ်လုံးကို ဆောင်းထားသည်။ သူ့ရင်ဘတ် ပေါ်တွင် ငွေဘယက်ကလေး ဆွဲထားသည်ကို ကြည့်လျှင် သူ့အဖေက သူ့ကို အလိုလိုက်ဟန် တူသည်။ ယန်တူးတစ်ယောက် ကျန်းမာအောင် အဆောင်သဘော ဆွဲပေးခြင်း ဖြစ်သည်။ ယန်တူးက အရှက်အကြောက် ကြီးသည်။ ကျွန်တော် တစ်ယောက်ကို သာလျှင် ရဲရဲတင်းတင်း ဆက်ဆံတတ်သည်။ ကျွန်တော်တို့ချည်း ကျန်ရစ်သည့် အခါ၌ ယန်တူးနှင့် ကျွန်တော် စကားလက်ဆုံ ကျကြသည်။ သို့ဖြင့် ချက်ချင်း မိတ်ဆွေဖြစ် သွားကြသည်။ 
ထိုစဉ်က ကျွန်တော်တို့ နှစ်ယောက် ပြောခဲ့ကြသည့် စကားများကို ကျွန်တော် မမှတ်မိတော့။ သို့ရာတွင် ထိုစဉ်က ယန်တူး ပျော်နေသည်။ မြို့ရောက်သဖြင့် မမြင်ဖူးသည် များကို မြင်ရသည်ဟု ကျွန်တော် မှတ်မိတော့သည်။ 
နောက်တစ်နေ့တွင် ကျွန်တော်က သူ့ကို ငှက်ထောင် ခိုင်းသည်။ 
“ဟာ၊ မရဘူးဗျ” ယန်တူးက ပြောသည်။ “ညဦးပိုင်းမှာ နှင်းခါးကြီး ကျမှ ငှက်ထောင်လို့ လွယ်တာ။ ကျုပ်တို့ တောမှာဆိုရင် နှင်းခါးကြီး ကျပြီးလို့ နှင်းတွေ ဖွေးနေတော့ နှင်းတွေကို ရှင်း၊ မြေကြီးပြောင်ပြောင် ပေါ်မှာ ခြင်းကြားကြီးကို တုတ်နဲ့ ထောင်ထား၊ တောင်းအောက်ကို စပါးစေ့တွေ ပက်၊ ငှက်တွေလာ အစာကောက်တော့ ဘေးကနေပြီး ကြိုးကလေးနဲ့ တုတ်ကို ဆွဲချလိုက်ရော။ ဘာပြော ကောင်းမလဲ ငှက်တွေ ငှက်တွေ။ ခါလည်း ရတယ်။ တောကြက်လည်း ရတယ်။ ချိုးသိမ်းလည်း ရတယ်။ ငှက်တော်လည်း ရတယ်” 
ယန်တူး ပြောသဖြင့် နှင်းခါးကြီး ကျမည့်ရက်ကို ကျွန်တော် မျှော်ရသည်။ 
“တကယ်ကတော့ ခုအချိန်က သိပ်ပြီး ငှက်ထောင်လို့ မကောင်းဘူးဗျ။ သိပ်အေးတယ်” ယန်တူးက တစ်ခါက ပြောဖူးသည်။ “နွေကျရင် ကျုပ်တို့ တောကို လိုက်ခဲ့၊ နေ့လယ်ကျရင် ပင်လယ်ကမ်းစပ် ထွက်ပြီး ခရုကောက်။ ခရုကလည်း စုံလို့ ပဲ။ အစိမ်းရှိတယ်၊ အနီရှိတယ်၊ ပြီးတော့ ဝင်ကစွပ်လည်း ပေါတယ်။ ဂုံးခွံကလေးတွေ ကလည်း အများကြီးပဲ။ ညနေကျတော့ အဖေနဲ့ ကျုပ် ဖရဲခင်းထဲ သွားမယ်။ ခင်ဗျားလည်း လိုက်ခဲ့ပေါ့ဗျ” 
“ဖရဲသီးသူခိုး သွားစောင့်တာလား” 
“ဟင့်အင်း။ ကျုပ်တို့ဆီမှာ ဖရဲသီးကို လူမခိုးပါဘူး။ လမ်းသွားလို့ ရေငတ်ရင် တွေ့ရာ ဖရဲခင်းထဲ ဝင်ပြီး ဖရဲသီး ဆွတ်စားတာပဲ။ ပိုင်ရှင်ကလည်း ဘာမှ မပြောဘူး။ သိပ်ပေါတာပဲ။ ဖရဲခင်း သွားတာက ဖြူကောင်တို့၊ ရှဉ့်တို့၊ ယုန်တို့ သွားစောင့်တာ။ ည လသာသာ ဖရဲခင်းထဲက ဝါးသံကြားပြီ ဆိုရင် ဖြူကောင် တွေ့ပြီသာ အောက်မေ့။ ကောက်ဆွကလေး ကိုင်ပြီး တိတ်တိတ်ကလေး ကပ်သွား” 
ဖြူကောင် ဆိုသည်ကို ထိုအချိန်တွင် ကျွန်တော် ဘာမှန်း မသိသေး။ ယခုထိလည်း ကောင်းကောင်း မသိသေး။ သို့ရာတွင် ခွေးပေါက်စ ကလေးလို သတ္တဝါမျိုး ဖြစ်မည်။ ကိုက်တတ် လိမ့်မည်ဟု ကျွန်တော် ထင်သည်။ 
“အဲဒီ ဖြူကောင်က မကိုက်ဘူးလား” 
“လက်ထဲမှာ ကောက်ဆွ ပါသားပဲ။ ဘာကြောက်စရာ ရှိသလဲ။ အနား ရောက်သွားရင် ကောက်ဆွဲနဲ့ လှမ်းရိုက်ရုံပဲ။ ဖြူကောင်က သိပ်ပါးတယ်။ လူနား ရောက်ရင် ဖြူဆူးတွေကို ချပြီး လုံးလုံးကြီး ဖြစ်အောင် လုပ်ထားတယ်။ လူခြေထောက်ကြားထဲ အတင်း တိုးဝင်လာတာပဲ။ ဖမ်းဖို့လည်း မလွယ်ဘူး။ လုံးထားရင် အမွေးတွေက သိပ်ချောတာပဲ” 
လောက၌ ဤလို အရာမျိုးတွေ ရှိလိမ့်မည်ဟု ကျွန်တော် တစ်ခါမျှ မသိဖူးခဲ့။ ပင်လယ်စပ်တွင် သက်တံ့ရောင်လို ရောင်စုံလက် နေကြသည့် ခရုခွံများ၊ လသာသည့် ညများတွင် ဖြူကောင် ဝင်တတ်သော ဖရဲခင်းများ စသည် တို့ကိုလည်း ကျွန်တော် တစ်ခါမျှ မမြင်ဖူး။ ကျွန်တော် သိသည်မှာ ကုန်စိမ်းဆိုင်တွင် ရောင်းသည့် ဖရဲသီးများသာ ဖြစ်သည်။ 
“ကျုပ်တို့ ပင်လယ်ပိုင်းမှာ ငါးပျံတွေလည်း ရှိတယ်။ ခြေနှစ်ချောင်းနဲ့။ ဖားများလိုပဲ သိပ်ခုန်နိုင်တာပဲ။ ဒီရေ တက်ပြီဆိုရင် ငါးပျံတွေ အများကြီး ပါလာတတ်တယ်” 
ယန်တူး၏ ဦးနှောက်သည် ဤလို အထူးအဆန်း ဗဟုသုတတွေ သိုမှီးထားရာ ဘဏ္ဍာတိုက် ဖြစ်သည်။ ဤလို ဗဟုသုတမျိုးကို ကျွန်တော်တို့ အသိုင်းအဝိုင်းတွင် မရနိုင်။ ကျွန်တော့် အသိုင်းအဝိုင်းက ဤအကြောင်းများကို နားမလည်။ ယန်တူးက အပြောကျယ်သော ပင်လယ်တွင် ကြီးပြင်းလာသူ ဖြစ်ပြီး၊ ကျွန်တော်တို့က အိမ်တံတိုင်း၏ အထက်က ကောင်းကင်လောက် ကိုသာ မြင်ဖူးကြသူများ ဖြစ်သည်။ 
သို့ရာတွင် ယန်တူးနှင့် ကြာကြာ မနေလိုက်ရ။ အတာ ကူးပြီးသည့် နောက်တွင် ယန်တူး တောသို့ ပြန်ရတော့သည်။ ထိုသောအခါ ကျွန်တော် ငိုသည်။ ယန်တူးလည်း မျက်ရည် တရှုပ်ရှုပ်ဖြင့် မီးဖိုထဲက မထွက်တော့။ သူ့အဖေ သွားခေါ်မှ မီးဖိုထဲတွင် ကုပ်နေရာမှ ထွက်လာသည်။ နောင်တွင် ယန်တူးက ကျွန်တော်ဖို့ ခရုခွံ တစ်အိတ်နှင့် ငှက်တောင်လှလှ ကလေးများကို ပေးလိုက်သည်။ ကျွန်တော်ကလည်း သူ့ထံ တစ်ကြိမ် နှစ်ကြိမ် လက်ဆောင် ပေးဖူးသည်။ သို့ရာတွင် လူကိုယ်တိုင်ကား နောက်ထပ် မတွေ့ကြတော့။ 
ယခု ယန်တူး အကြောင်းကို အမေ့ထံမှ ကြားရသည့် အခါ၌ ငယ်ငယ်က အကြောင်းများသည် လျှပ်စီး လက်သလို လက်ခနဲ ပေါ်လာကြသည်။ ငယ်ငယ်က ကျွန်တော်တို့ နေခဲ့သော အိမ်သစ်ကြီး ကိုလည်း ကျွန်တော် သတိရသည်။ 
“ဟုတ်လား အမေ။ ခု ယန်တူးကော ဘယ့်နှယ်လဲ” 
ကျွန်တော်က အမေ့ကို မေးသည်။ 
“ခမျာများ ကျပ်တည်း ပါတယ်ကွယ်” အမေက ပြော၍ ပြတင်းမှ အပြင်သို့ လှမ်းကြည့် နေသည်။ “ဟော အမေတို့ အိမ်ထောင်ပစ္စည်း တွေကို ဝယ်ဖို့ဆိုပြီး လူတွေ လာကြပြန်ပြီ။ တကယ်လည်း ဝယ်ကြတာ မဟုတ်ဘူး။ လစ်ရင် လစ်သလို ဆွဲသွားကြတာ။ အမေ သွားကြည့် လိုက်ဦးမယ်” 
အမေက အိမ်ပြင်သို့ ထွက်သွားသည်။ အိမ်ပြင်မှ မိန်းမသံများကို ကျွန်တော် ကြားနေရသည်။ ကျွန်တော်က ကျွန်တော့်တူ ဟွန်အာကို ခေါ်၍ သူနှင့် စကားပြောသည်။ စာရေး တတ်ပြီလော။ အိမ်ပြောင်းရမည် ဆို၍ ဝမ်းသာသလော။ 
“ကျွန်တော်တို့က မီးရထားကြီးနဲ့ သွားမှာလား” 
“ဒါပေါ့ကွ” 
“ပြီးတော့ လှေနဲ့ သွားရဦးမှာလား” 
“ဒါပေါ့။ ပထမ လှေနဲ့ ဟိုဘက်ကမ်းကို ကူးရမယ်” 
“အလိုတော်။ မုတ်ဆိတ်ရှည်ကြီး တွေနဲ့ ပါလား” 
စူးရှသည့် အသံ တစ်သံကို ကျွန်တော် ရုတ်တရက် ကြားလိုက်ရသည်။ မိန်းမကြီး တစ်ယောက် ခါးထောက် ရပ်နေသည်ကို တွေ့ရသည်။ သူ့မေးရိုးကြီးများက ကြံ့ခိုင် တောင့်တင်းသည်။ နှုတ်ခမ်းများက ပါးသည်။ ကွန်ပါ သေတ္တာထဲက ကွန်ပါ တစ်ချောင်းလို ခြေထောက်ကို ချဲကား ရပ်ထားသဖြင့် ဘောင်းဘီ ဝတ်ထားကြောင်းကို တွေ့ရသည်။ 
ကျွန်တော်က ဘာပြန် ပြောရမှန်း မသိ။ 
“ငါ့ကို မှတ်မိရဲ့လား။ နင် ငယ်ငယ်တုန်းက ငါ ထိန်းလာခဲ့ရတာပဲ” 
ကျွန်တော် ကြောင်နေသည်။ ထိုစဉ် အမေ ရောက်လာကာ 
“ငါ့သားက အိမ်ပြန် မရောက်တာ ကြာပြီ မဟုတ်လားအေ့။ ညည်းကို ဘယ်မှတ်မိ ပါတော့မလဲ” အမေက ကျွန်တော့်ဘက်သို့ လှည့်ပြောသည်။ 
“ဟဲ့ လူလေး။ မင်း သူ့ကို မမှတ်မိဘူးလား။ မျက်စောင်းထိုး အိမ်က မရန် လေ။ တို့ဟူးရောင်းတဲ့ မရန်” 
ကျွန်တော် မှတ်မိပြီ။ ကျွန်တော် ငယ်ငယ်တုန်းက လမ်းထိပ်တွင် တို့ဟူးရောင်းသည့် မရန် ဆိုသည့် မိန်းမတစ်ယောက် ရှိသည်။ သူ့ကို တို့ဟူးမရန်ဟု ခေါ်ကြသည်။ ထိုစဉ်က မရန်က မျက်နှာကို မှုန်နေအောင် သ ထားသည်။ ထိုအခါ၌ သူ့မေးရိုးများသည် ယခုလောက် မကား။ နှုတ်ခမ်းများ သည်လည်း ယခုလောက် မပါးဟု ထင်ရသည်။ ကျွန်တော် ငယ်စဉ်က မြင်ရသော မရန်၏ပုံမှာ တစ်ချိန်လုံး တို့ဟူးဆိုင်(?)နေသော မရန်၏ပုံ ဖြစ်၍ ယခု ကွန်ပါ တစ်ချောင်းလို ခြေနှစ်ချောင်းကို ကား၍ ရပ်နေသည်ကို မြင်ရသည့်အခါ၊ ကျွန်တော် ရုတ်တရက် မမှတ်မိ။ ထိုစဉ်က မရန်က ရုပ်ကလေးကလည်း သနရုပ္ပ ရှိသည်။ မှုန်နေအောင် ခြယ်သထားသည်။ ထို့ကြောင့် သူ့တို့ တို့ဟူးဆိုင်တွင် လူစည်တတ်သည်။ သို့ရာတွင် ထိုစဉ်က ကျွန်တော့်မှာ “ချာတိတ်” မျှသာဖြစ်၍ သူ့ကို စိတ်ဝင်စားရမှန်း မသိသေး။ သို့ဖြင့် ကျွန်တော် သူ့ကို လုံးလုံး သတိမရတော့။ ယခု မရန်က ခြေနှစ်ချောင်းခွဲ၍ ရပ်ရင်း ကျွန်တော့်ကို အထင်သေးသည့် အကြည့်မျိုးဖြင့် ကြည့်နေသည်။ သူကြည့်ပုံက နပိုလီယန် အကြောင်းကို မကြားဖူးသော ပြင်သစ် တစ်ယောက်၊ သို့မဟုတ် ဂျော့ဝါရှင်တန် နာမည်ကို မကြားဖူးသော အမေရိကန် တစ်ယောက်ကို ကြည့်ပုံမျိုး ဖြစ်သည်။ 
သူက ကျွန်တော့်ကို ခပ်လှောင်လှောင် ပြုံးကြည့်ရင်း 
“ဘာလဲ။ နင် ငါ့ကို မမှတ်မိတော့ဘူး မဟုတ်လား။ မြို့ရောက်လို့ သွေးကြီးမွေးကြီး ဖြစ်ပြီး တို့လို တောသူတွေကို မသိတော့ဘူးပေါ့” 
“မဟုတ်ပါဘူးဗျာ” 
ကျွန်တော်က အထစ်ထစ် အငေါ့ငေါ့ ပြောရင်း ထိုင်ရာမှ ထသည်။ 
“နင်တို့ ပြောင်းတော့ အကြွင်းအကျန်လေး ဘာလေး တောင်းရအောင် လာတာဟေ့။ အိမ်ထောင် ပရိဘောဂလေး ဘာလေး ပေါ့ဟယ်။ နင်တို့ မြို့ကျတော့ ဒါမျိုးတွေ သုံးလည်းသုံးမှာ မဟုတ်ပါဘူး။ ပြီးတော့ သယ်ရ ပိုးရတာလည်း တာဝန်ကြီး ပါဘိသနဲ့။ နင်တို့လို သူဌေးတွေက ဒါမျိုးတွေ မသုံးပါဘူး။ တို့ ဆင်းရဲသားတွေသာ” 
“သူဌေး မဟုတ်ပါဘူးဗျာ။ ခုပစ္စည်းတွေ ပြန်ရောင်းပြီးမှ အသစ် ဝယ်နိုင်မှာပါ” 
“ဘာလဲ၊ နင်က ဝေ့လည်ကြောင်ပတ် လုပ်ဦးမလို့လား။ ဘယ်ကလာပြီး သူဌေး မဟုတ်ရမှာလဲ။ မယားက သုံးယောက်။ အပြင်ထွက်ရင် လူရှစ်ယောက် ထမ်းတဲ့ ဝေါနဲ့။ ဒါ သူဌေး မဟုတ်လို့ ဘာလဲ။ မရှိချင်ယောင် ဆောင်မနေပါနဲ့” 
ကျွန်တော် ဘာမှ မပြောနိုင်တော့။ တစ်ချီတည်း ပါးစပ်ပိတ် သွားသည်။ 
“ပိုက်ဆံရှိတဲ့ လူများ သိပ်ကပ်စေးနှဲ တာပဲ။ ကပ်စေးနှဲ လာပြီဆိုရင် ပိုက်ဆံလည်း သိပ်စုတော့တာပဲ” 
မရန်က ပြောသည်။ မရန်သည် သည်တစ်ခွန်းသာ ပြောကာ လှည့်ထွက် သွားသည်။ ပြန်အလှည့်တွင် အမေသုံးသည့် လက်အိတ်ကို ဆတ်ခနဲ ကောက်ကာ သူ့အိတ်ထဲသို့ ထည့်သွားသည်။ 
ထိုရက်များတွင် ဆွေမျိုးများ ရောက်လာကာ နှုတ်ဆက်ကြသဖြင့် ဧည့်ခံစကား ပြောနေရသည် နှင့် အချိန်ကုန် နေသည်။ ဧည့်သည် ပါးသည့် အချိန်ကလေးတွင် ထုပ်ပိုးစရာများကို ထုပ်ပိုး သိမ်းဆည်းရသည်။ သို့ဖြင့် သုံးလေးရက် အချိန်ကုန် သွားသည်။ 
တစ်ညနေတွင် ချမ်းချမ်းဖြင့် ကျွန်တော် လက်ဖက်ရည်ကြမ်း ထိုင်သောက်နေစဉ် အိမ်ပေါက်ဝမှ ခြေသံ ကြားရသဖြင့် ကျွန်တော် လှည့်ကြည့်လိုက်သည်။ ရုတ်တရက်တော့ ကျွန်တော် လန့်သွားသည်။ ထို့နောက် ရုတ်ခနဲထကာ သူ့ကို ဆီးကြိုသည်။ 
ဧည့်သည်က တခြားသူ မဟုတ် ယန်တူး ဖြစ်သည်။ သူ့ကို ယန်တူးမှန်း ချက်ချင်း သိလိုက်သော်လည်း ကျွန်တော့် မျက်စိထဲတွင် တရေးရေး မြင်နေသည့် ယန်တူး မဟုတ်တော့။ သူ့ခန္ဓာကိုယ်သည် ယခင်ကထက် နှစ်ဆမျှ ကြီးနေသည်။ သူ့မျက်နှာ ဝိုင်းဝိုင်းသည် ယခင်က နီမြန်းနေသည်။ ယခု ဖျော့တော့ ဝါထိန်ကာ ပါးရေတွေ တွန့်နေပြီ။ ပင်လယ်ကမ်းစပ် လေတိုက်ထဲတွင် နေကုန်နေခန်း လုပ်ရသော လယ်သမားများ ထုံးစံအတိုင်း သူ့မျက်လုံးများက သူ့အဖေ မျက်လုံးများလို မျက်ကွင်းတွေ နီရဲကာ ခပ်မို့မို့ ဖြစ်နေကြသည်။ သူ့ခေါင်းတွင် ဦးထုပ် ခပ်စုတ်စုတ် တစ်လုံးကို ဆောင်းသည်။ ခပ်ပါးပါး ဂွမ်းကပ်အကျႌ တစ်ထည်တည်းကို ဝတ်ထားသဖြင့် ခိုက်ခိုက်တုန်လျက် ရှိသည်။ သူ့လက်ထဲတွင် အထုပ် တစ်ထုပ်နှင့် ဆေးတံ တစ်ချောင်းကို ကိုင်ထားသည်။ သူ့လက်များ သည်လည်း ငယ်ငယ်က ကျွန်တော် မြင်ခဲ့ဖူးသည့် နီနီရဲရဲ ဖောင်းဖောင်းကစ်ကစ် လက်ကလေးများ မဟုတ်တော့။ ကိုင်းပင် တစ်ပင်က အခေါက်လို ကြမ်းရှ ကွဲအက်နေပြီ။ 
ဝမ်းသာ လွန်းသဖြင့် ကျွန်တော် ဘာပြောရမှန်းမသိ။ “ဟေ့ - ယန်တူး” ဟုသာ အော်နိုင်တော့သည်။ 
ငယ်ငယ်က ရှေးဟောင်း နှောင်းဖြစ်တွေကို ပုတီးစေ့ သွန်ချလိုက်သလို ကျွန်တော် ပြောချင်သည်။ တောကြက်ထောင်သည့် အကြောင်း၊ ငါးပျံများ အကြောင်း၊ ခရုခွံများ၊ ဖြူကောင်များ အကြောင်း စသည်တို့ကို ကျွန်တော် မေးချင်သည်။ သို့ရာတွင် အာစေးထည့် ထားသလို ကျွန်တော့် ပါးစပ်က စကား တစ်လုံးမျှ မထွက်။ 
ယန်တူးက တွေတွေကြီး ရပ်နေသည်။ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း စသည့် ဝေဒနာများ သည် သူ့မျက်နှာတွင် အထင်းသား ပေါ်နေကြသည်။ သူ့နှုတ်ခမ်းများက တရွရွ လှုပ်နေကြသည်။ သို့ရာတွင် အသံထွက်မလာ။ အတန်ကြာမှ လှိုက်လှဲ လေးစားစွာဖြင့် - 
“ဆရာ” ဟု ခေါ်သည်။ 
ကျွန်တော့် တစ်ကိုယ်လုံး တုန်သွားသည်။ သူနှင့် ကျွန်တော့်ကြားတွင် ကြေကွဲစရာ ထူထဲသည့် တံတိုင်းကြီး ခြားနေကြပြီ။ ကျွန်တော် ဘာမျှ ပြန်မပြောနိုင်သေး။ 
ယန်တူးက နောက်သို့ လှည့်ကာ 
“ဟဲ့ - ငရှန် ဆရာ့ကို ကန်တော့” ဟု ဆိုကာ သူ့နောက်တွင် ပုန်းနေသည့် သူငယ်ကလေး တစ်ယောက်ကို ရှေ့သို့ တွန်းလိုက်သည်။ လွန်ခဲ့သည့် အနှစ် ၂၀ ခန့်က ယန်တူး၏ ရုပ်မျိုး။ သို့ရာတွင် ယန်တူးထက် ပိန်သည်။ အသားဖြူသည်။ သူ့လည်ပင်းတွင် ငွေဘယက်ကလေးတော့ မပါ။ 
“ဒါ ကျွန်တော့် အငယ်ဆုံး ကောင်လေ ဆရာ” ယန်တူးက ပြောသည်။ “လူထဲသူထဲ တစ်ခါမှ မရောက်ဖူးတော့ ကြောက်နေတယ်” 
အမေက ဟွန်အာနှင့်အတူ အိမ်ပေါ်မှ ဆင်းလာသည်။ ကျွန်တော်တို့ စကား ပြောနေသံကို ကြားဟန်တူသည်။ 
“အရီး ပေးလိုက်တဲ့စာ ရတယ် ခင်ဗျ” ယန်တူးက ပြောသည်။ “ဆရာ ပြန်လာမယ် ဆိုတော့ ဝမ်းသာလိုက်တာ ခင်ဗျာ” 
“အမလေး နင့် အစ်ကိုလေးကို ဒီလောက် ရိုသေ မနေစမ်းပါနဲ့။ နင်တို့ ကစားဖက်ပဲ” အမေက ရွှင်မြူးစွာ ပြောသည်။ “ငယ်ငယ်တုန်းကလို အစ်ကိုလေးလို့ပဲ ခေါ်ပေါ့” 
“ဟာ အရီးကလည်း ဗျာ၊ ရိုင်းရာကျ နေမှာပေါ့။ ဟိုတုန်းက ကလေးဆိုတော့ နားမလည်လို့ ခေါ်တာ” 
စကားပြောရင်း ယန်တူးက သူ့သားငယ်ကို ခေါ်ကာ ကျွန်တော့်ကို ကန်တော့ခိုင်းသည်။ သို့ရာတွင် သူငယ်က ရှက်သဖြင့် သူ့အဖေ နောက်တွင် တွယ်ကပ်နေသည်။ 
“ဪ … ငရှန် တဲ့လား” 
အမေက မေးသည်။ “တို့က လူစိမ်းတွေ ဆိုတော့ ရှက်နေဟန် တူပါရဲ့။ ဟွန်အာရေ သွား သူနဲ့ ကစားချေကြ” 
ဟွန်အာက ယန်တူးနောက်တွင် ရပ်နေသည့် ငရှန်ကို သွားခေါ်သည်။ ထိုအခါကျမှ ငရှန် ရှောရှောရှူရှူ ပါသွားသည်။ အမေက ယန်တူးကို ကုလားထိုင်တွင် အထိုင်ခိုင်းသည်။ သို့ရာတွင် ယန်တူးက ရုတ်တရက် မထိုင်။ အတန်ကြာ တွေနေပြီးမှ မဝံ့မရဲဖြင့် ထိုင်သည်။ ထို့နောက် အရိုးရှည် ဆေးတံကြီးကို နံရံတွင် လှမ်းထောင်ကာ၊ လက်ထဲက အထုပ်ကို လှမ်းပေးသည်။ 
“ဆောင်းတွင်းကြီး ဆိုတော့ လက်ဆောင် ပေးစရာ ဘာမှ ကောင်းကောင်းမွန်မွန် မရှိဘူး။ ရှိတဲ့ ပဲဆံကလေးပဲ ယူခဲ့ရတယ်” 
ကျွန်တော်က သူ့စီးပွားရေး အခြေအနေကို မေးသည်တွင် ယန်တူးက ခေါင်းယမ်းကာ- 
“မကောင်းပါဘူး အစ်ကိုလေးရာ။ အိမ်ရှိလူကုန် အလုပ်လုပ်တာပဲ။ ငရှန်ထက် အငယ်ကောင်တောင် ဝင်လုပ်တာပဲ။ ဒါပေမဲ့ မစားလောက်ပါဘူး။ ပြီးတော့ အေးအေးချမ်းချမ်းလည်း မရှိပါဘူး။ ဟိုလူကလာ ဆက်ကြေးတောင်း၊ ဒီလူကလာ ဆက်ကြေးတောင်းနဲ့၊ တောင်းသမျှ ပေးနေရတာပဲ။ တစ်ယောက်လာ ဥပဒေတစ်မျိုး၊ နောက်တစ်ယောက် တစ်မျိုးနဲ့။ စပါးကလည်း သိပ်မကောင်းဘူး။ အထွက် သိပ်နည်းတယ်။ အထွက် ကောင်းပြန်တော့လည်း သွားရောင်းရင် ဟိုအခွန်ပေးရ ဒီအခွန်ပေးရနဲ့ လက်ထဲ ဘာမှ မကျန်ပါဘူး။ မရောင်းပြန်ရင်လည်း ကိုယ့်မှာ စားစရာ မရှိ” 
ယန်တူးက ခေါင်းကို ယမ်းမြဲ ယမ်းနေသည်။ ပါးရေများ တွန့်နေပြီ ဖြစ်သော်လည်း သူ့မျက်နှာပေါ်က အကြောအချဉ်များသည် လှုပ်ရှားခြင်း မရှိ၊ ကျောက်ရုပ် တစ်ခုလို ခံစားချက် ကင်းနေသည်။ ယန်တူး၏ ဘဝသည် ခါးသီး နာကြည်းဖွယ် ကောင်းသည်မှာ ဘာမျှ အငြင်းထွက်စရာ မလို။ သို့ရာတွင် ယန်တူးသည် သူ့နာကြည်းမှုကို မဖော်ပြတတ်။ ခဏအကြာတွင် ယန်တူးသည် အရိုးရှည် ဆေးတံကြီးကို တိတ်ဆိတ်စွာ ဖွာနေသည်။ 
အမေက သူနှင့် စကား ပြောကြည့်သည့် အခါတွင် သူ့၌ အိမ်အလုပ်တွေ ကျန်ရစ်ခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ရွာသို့ ပြန်ရမည် ဖြစ်ကြောင်းဖြင့် သိရသည်။ သူတို့ သားအဖ နံနက်စာ မစားရ သေးသဖြင့် ထမင်းကြမ်းကြော် စားရန် မီးဖိုချောင်သို့ အမေက လွှတ်လိုက်သည်။ 
သူ ထွက်သွားသည့် အခါ၌ အမေနှင့် ကျွန်တော်သည် ယန်တူး၏ ဆင်းရဲ မွဲတေလှသော အဖြစ်ကို ကြည့်၍ ခေါင်းယမ်းမိကြသည်။ သားသမီးများခြင်း၊ သရောခိုင်းခြင်း၊ အခွန်အတုတ် ကြီးလေးခြင်း၊ ဓားပြများ သောင်းကျန်းခြင်း၊ အရာရှိများနှင့် မြေရှင်များ မင်းမူခြင်း စသည့် အရာ အားလုံးသည် ယန်တူး၏ အဆီအသားတို့ကို ဖျစ်ညှစ်ဝါးမျို ပစ်ခဲ့ပြီ။ ယန်တူး၏ ဘဝသည် ကျပ်စည်းထားသည့် အလောင်းကောင် အခြောက်လို ခန်းခြောက်နေပြီ။ ကျွန်တော်တို့ သယ်မသွားနိုင်သည့် ပစ္စည်းများကို ယန်တူးအား ပေးပစ်ခဲ့မည်ဟု အမေက ဆိုသည်။ သူကြိုက်ရာကို သူ ရွေးယူပစေတော့။ 
ထိုညနေတွင် ယန်တူးသည် သူလိုချင်သည့် ပစ္စည်းများကို ရွေးသည်။ စားပွဲရှည် နှစ်လုံး၊ ကုလားထိုင် လေးလုံး၊ ဖယောင်းတိုင်တင်ခုံ၊ ဖယောင်းတိုင်များနှင့် ချိန်ခွင် တစ်လက်တို့ ဖြစ်သည်။ မီးဖိုထဲက ပြာများကိုလည်း သူယူမည်ဟု ဆိုသည်။ (ကျွန်တော်တို့ အရပ်တွင် ကောက်ရိုးကို မီးဆိုက်သည်။ ကောက်ရိုးပြာက သဲမြေတွင် မြေဩဇာ လုပ်၍ ကောင်းသည်။) ကျွန်တော်တို့ ပြောင်းသွားသည့် အခါတွင် ထိုပစ္စည်းများကို လှေဖြင့် လာတင်မည်ဟု ယန်တူးက ပြောသည်။ 
ထိုညတွင် ကျွန်တော်တို့ နှစ်ယောက် ရှေးဟောင်းစကား ပြောကြသည်။ သို့ရာတွင် လေးလေးနက်နက် မဟုတ်။ နောက်တစ်နေ့ မနက်တွင် ယန်တူးတို့ သားအဖ ပြန်သွားကြသည်။ 
နောက်ကိုးရက် အကြာတွင် ကျွန်တော်တို့လည်း ပြောင်းရန် ပြင်ကြသည်။ ပြောင်းမည့်နေ့ မနက်တွင် ယန်တူး နောက်တစ်ခေါက် ပေါက်လာ ပြန်သည်။ ထိုအကြိမ်တွင်မူ သူ့သား ငရှန် မပါလာတော့။ သူ့လှေကို စောင့်ရန် ငါးနှစ် သမီးကလေးကို ခေါ်လာခဲ့သည်။ ဤနေ့က ကျွန်တော်တို့ ကလည်း အလုပ်များ နေကြသဖြင့် စကားပြောချိန် မရ။ ဧည့်သည်တွေ ကလည်း ပြည့်နေသည်။ အချို့က နှုတ်ဆက်ရန် လာကြခြင်း ဖြစ်သည်။ အချို့က ပစ္စည်းယူရန် လာကြခြင်း ဖြစ်သည်။ အချို့ကလည်း ထိုနှစ်ခုစလုံး အတွက် လာကြခြင်း ဖြစ်သည်။ မော်တော်ပေါ်သို့ ကျွန်တော်တို့ ရောက်ချိန်တွင် ညနေ စောင်းနေပြီ။ အိမ်တွင် ရှိသမျှပစ္စည်း အစုတ်အပြတ်၊ အကြီးအသေး၊ အကောင်းအဆိုး ဟူသမျှကို ရှင်းလင်းပြီးပြီ။ 
မြစ်ကမ်း တစ်ဖက်တစ်ချက်ရှိ စိမ်းညို့သော တောင်တန်းကြီး များသည် ဆည်းဆာတွင် မှုန်ပြာ ရီဝေလျက် ရှိကြသည်။ ကျွန်တော်နှင့် ဟွန်အာက မော်တော်ဦးခန်း ပြတင်းပေါက်ဝမှာ ကိုယ်တစ်ပိုင်း ထွက်ကာ ရေးရေးမှုန်မှုန် မြင်ရသော ရှုခင်းကို ငေးကြည့် လိုက်လာကြသည်။ 
“ကျွန်တော်တို့ ဘယ်တော့ ပြန်လာမှာလဲဟင် ဦးလေး” 
ဟွန်အာက ရုတ်တရက် မေးလိုက်သည်။ 
“ဘယ်တော့ ပြန်လာမလဲ ဟုတ်လား။ ပြောင်းပြီ ဆိုမှတော့ ဘာလို့ ပြန်လာဦးမှာလဲကွ” 
“ငရှန်က သူတို့ ရွာကို လာဦးလို့ ခေါ်ထားတယ် ဦးလေးရ” 
ဟွန်အာက နက်ပြောင်သော မျက်လုံးများ အပြူးသားဖြင့် စိုးရိမ်တကြီး ပြောသည်။ 
အမေနှင့် ကျွန်တော်လည်း စိတ်မကောင်းကြ။ နှစ်ယောက်သား ယန်တူး အကြောင်းကို ပြောမိကြသည်။ ကျွန်တော်တို့ အိမ်ပြောင်းတော့မည်ဟု ကြားကတည်းက တို့ဟူးသည် မရန်တစ်ယောက် အိမ်သို့နေ့တိုင်း ပေါက်လာတတ်ကြောင်း၊ တမြန်နေ့ကမူ ကျွန်တော်တို့ အိမ်ထဲက ပြာကျင်းကို မရန် လာတူးကြောင်း၊ ထိုပြာကျင်းထဲမှ အိုးပန်းကန် တစ်ဒါဇင်လောက် ရကြောင်း၊ ဤအရာများကို ယန်တူး ဝှက်ထားလိမ့်မယ် ထင်ကြောင်း၊ ယန်တူးသည် ပြာကျင်း လာတူးသည့် အခါကျမှ ယူမည်ဟု ရည်ရွယ်ထားဟန် ရှိကြောင်းဖြင့် မရန်က ပြောပြသည်ဟု အမေက ပြောပြသည်။ မရန်သည် ထိုအရာများကို တွေ့သည့် အခါတွင် ဝမ်းသာအားရ ဖြစ်လျက်ရှိသည်။ ခွေးလှောင်ခွက်ကို ယူ၍ ခပ်သုတ်သုတ် ထွက်သွားသည်။ (ခွေးလှောင်ခွက် ဆိုသည်မှာ ကျွန်တော်တို့ အရပ်က မွေးမြူရေး သမားများ အသုံးပြုသည့် အရာ ဖြစ်သည်။ သစ်သား လှောင်အိမ်ကလေး ကဖစ်၍ အထဲတွင် အစာထည့် ထားသည်။ ကြက်များက ခေါင်းဝင်၍ အစာကောက် နိုင်သော်လည်း ခွေးများက စားမာန်ထကာ ဟောင်နေတတ်သဖြင့် ခွေးလှောင်ခွက်ဟု ခေါ်ကြသည်။) ဤပန်းကန် ခွက်ယောက်များကို ယူ၍ မရန် အားရဝမ်းသာ ပြေးပုံကို ကျွန်တော် မြင်နေသည်။ သူ့ခြေထောက် သေးသေးကလေးများဖြင့် ဤမျှ မြန်မြန် ပြေးနိုင်သည်ကို ကျွန်တော် အံ့ဩရသည်။ 
ကျွန်တော်တို့ မော်တော်သည် မြို့နှင့် ဝေးသည်ထက် ဝေးလာသည်။ ကျွန်တော့် မွေးရပ်မြေက တောင်များနှင့် မြစ်များလည်း အဝေးတွင် တဖြည်းဖြည်း ဝေး၍ ကျန်ရစ်ကြပြီ။ မွေးရပ်မြေမှ ခွဲခွါရသဖြင့် ကျွန်တော် ဝမ်းမနည်း။ သို့ရာတွင် ကျွန်တော့်ဘေး ပတ်ပတ်လည်၌ ကျွန်တော့် ပေါင်းဟောင်း သင်းဟောင်းများနှင့် ကျွန်တော့်ကို တစ်ကွဲတပြားစီ ခွဲခြား ပစ်လိုက်သည့် မမြင်နိုင်သော တံတိုင်းကြီးတစ်ခု ကာဆီးနေပြီဟုကား ကျွန်တော် ခံစားရသည်။ ဤသို့ တွေးမိတိုင်း ကျွန်တော် ဝမ်းနည်းသည်။ ဖရဲခင်းထဲက ငွေဘယက်ကလေး ဆွဲထားသည့် ကျွန်တော့် သူရဲကောင်းသည် ယခင်က ကျွန်တော့် မျက်စိထဲ၌ ပီပီသသကြီး ပေါ်လာတတ်သည်။ ယခု ကျွန်တော့် မျက်စိထဲတွင် ရုတ်တရက် မှုန်ဝါး ပျောက်ကွယ် သွားပြီ။ ဤသည်ကို တွေးမိလျှင် ပို၍ ဝမ်းနည်းသည်။ 
အမေနှင့် ဟွန်အာက အိပ်ပျော် နေကြပြီ။ 
ကျွန်တော်က အိပ်ရာပေါ်တွင် လှဲရင်း မော်တော်ဦးသို့ လာ၍ ရိုက်နေသည့် လှိုင်းသံများကို နားထောင်နေသည်။ ကျွန်တော်က ကျွန်တော့်လမ်းကို သွားနေပြီ။ ကျွန်တော်နှင့် ယန်တူးကြားတွင် အတားအဆီး ကြီးနေသော်လည်း ကျွန်တော်တို့ ကလေးများကမူ တူညီချက်တွေ ရှိကြသေးသည်။ ယခုပင် ဟွန်အာသည် ငရှန် အကြောင်းကို ပြောနေသေးသည် မဟုတ်လော။ သူတို့ခေတ် ရောက်လျှင် ကျွန်တော်တို့လို ဖြစ်လိမ့်မည်ဟု ကျွန်တော်မထင်။ သူတို့ကြားတွင် တံတိုင်းကြီး ခြားနေသည့် အဖြစ်မျိုးကို ခွင့်ပြုလိမ့်မည်ဟု ကျွန်တော် မမျှော်လင့်။ သို့ရာတွင် သူတို့ကိုလည်း ကျွန်တော့်လို မောင်းကျောက်တုံး ဘဝသို့ မရောက်စေချင်။ ယန်တူးကိုလည်း မဖြစ်စေချင်။ အခြား သူများကဲ့သို့ သောက်စား ပျော်ပါး၍ ပျက်စီးသည့် ဘဝမျိုးသို့ မရောက်စေချင်။ သူတို့ခေတ်သည် ခေတ်သစ်ဖြစ်ဖို့ ကောင်းသည်။ ကျွန်တော်တို့ မကြုံဖူးသေးသော ဘဝသစ် ဖြစ်သင့်သည်။ 
ကျွန်တော်သည် မျှော်လင့်ချက်တွေကို တွေးရင်း ရုတ်တရက် မောဟိုက်သွားသည်။ 
ကျွန်တော်သည် ငိုက်မြည်းစ ပြုလာသည်။ ပယင်းရောင် စိမ်းနေသော ပင်လယ်ကမ်းစပ်၊ ပြာလဲ့ ကြည်စင်သော ကောင်းကင်တွင် ထွန်းလင်းနေသော ရွှေလမင်း စသည်တို့ကို ကျွန်တော် မြင်ယောင်နေသည်။ 
မျှော်လင့်ချက် ဆိုသည်မှာ တကယ်ရှိသည်ဟု ပြောနိုင်သည့် အရာမျိုးလည်း မဟုတ်။ မရှိဟု ပြောနိုင်သည့် အရာလည်း မဟုတ်။ စင်စစ် မျှော်လင့်ချက် ဆိုသည်မှာ မြေကြီးပေါ်က လမ်းကြောင်းများနှင့် တူသည်။ ပထမတုန်းက မြေကြီးပေါ်တွင် လမ်းဟူ၍ ရှိသည်မဟုတ်။ သို့ရာတွင် လူများစွာ ဖြတ်သန်း သွားလာကြသည့် အခါ၌မူ မြေကြီးပေါ်၌ လမ်းကြောင်းတစ်ခု ပေါ်ပေါက် လာရသည် မဟုတ်လော။ 
မျှော်လင့်ချက် ဆိုသည်မှာလည်း ထို့အတူတူ ကျွန်တော် တွေးမိသည်။ 
(My Old Home by Lu Hsun)