Saturday, March 5, 2022

ဂန္ဒီစစ်တမ်း

0 comments
ဂန္ဒီစစ်တမ်း
ရေးသူ - ကွန်မြူနစ်ခေါင်းဆောင် ကိုဗဟိန်း
လွတ်လပ်ရေး လုပ်ငန်းကို ဂန္ဒီကြီး စွမ်းစွမ်းတမံ ရှေ့ဆောင်ပြုလုပ်ခဲ့ရာ၌ အကောင်းအဆိုး (သို့မဟုတ်) အနှေးအမြန် ဆန်းစစ်ဝေဖန်၍ ပြထားသည်။
ဂန္ဒီစစ်တမ်း ဆိုရာ၌ ပုဂ္ဂိုလ်စွဲအားဖြင့် ဂန္ဒီ၏ အထ္ထုပတ္တိ ဖြစ်စဉ်ကို စစ်ဆေး သို့မဟုတ် နိုင်ငံရေးတွင်
ဂန္ဒီ၏အမြင်၊ ဂန္ဒီ၏ ဝါဒ။ ဂန္ဒီ စနစ်(Gandhism) ကို ဝေဖန်စစ်ဆေးဖို့ ဖြစ်၏။
ယနေ့ အိန္ဒိယပြည်တွင် ဂန္ဒီထက် အရေးပါအရာရောက်သူဟူ၍ မရှိ။ ဂန္ဒီမှာ သန်းပေါင်း (၃၅၀) ကျော်မျှ (ကမ္ဘာ့လူဉီးရေ၏ ၅ ပုံ ၁ ပုံခန့်)သော ကုလားများ၏ သရဖူမဆောင်းသော ဘုရင်ဟု ခေါ်နိုင်၏။ အလွန်အရေးပါသော ကွန်ဂရက်ကြီး၏ ဥက္ကဌ ကုလားထိုင်တွင် သူထိုင်စေချင်သူမှ ထိုင်ရ၏။ အများ မဲဆန္ဒဖြင့် ဥက္ကဌဖြစ်လာသော ဆူဘတ်ချန္ဒရာ ဘို့စ်သည် ဂန္ဒီ့အကြိုက်ကို မလိုက်သဖြင့် ဥက္ကဌအဖြစ်မှ လျှော့သွားရ၏။ ယခုအခါ တကမ္ဘာလုံးက ကုလားများ အာဏာဖီဆန်ရေး တိုက်ပွဲ စတော့မည်မှာ ယနေ့လား, မနက်ဖြန်လားဟု ဂရုတစိုက် မျှော်လင့်နေကြ၏။ အာဏာဖီဆန်ရေး ကြေညာရန်အတွက် ခလုတ်မောင်းမှာ ဂန္ဒီ၏ လက်ထဲတွင် ရှိ၏။ ဂန္ဒီ လက်တခါလှုပ်လျှင် အိန္ဒိယပြည်သည် ဗြောင်းဆန်အောင် ဆူပွက်သွားပေအံ့။ သို့သော် အရေးကြီးဆုံးအချက်ကား ဂန္ဒီသည် တကယ် အာဏာဖီဆန်ရေးကို ကြေညာမည်လော။ ဂန္ဒီ၏ ခေါင်းဆောင်မှုဖြင့် ကုလားများ တကယ် လွတ်လပ်ရေး ရမည်လော။
ဤမေးခွန်းများမှာ ကုလားများအတွက်သာ အရေးကြီးသည် မဟုတ် ဗမာများအတွက်လည်း အလွန်အရေးကြီး၏။ လွတ်လပ်ရေးအတွက် ဆူပွက်နေသော ကုလားပြည်၊ လွတ်လပ်ရေး ရသွားပြီဖြစ်သော ကုလားပြည်တို့သည် ဗမာပြည်၏ လွတ်လပ်ရေးတိုက်ပွဲ၊ ဗမာပြည်၏ နောင်ရေးကို မည်မျှပြုပြင်ပြောင်းလဲပေးမည်ကို စဉ်းစားကြည့်နိုင်၏။
ကုလားပြည်တွင် ပြောင်းလဲနေသမျှတို့ကို ဗဟုသုတသက်သက်ထက် ဗမာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အမြင်မှန်မြင်ဖို့ အရေးကြီး၏။ ယခုဆောင်းပါးတွင်ရေးသမျှတို့မှာ ဤရည်ရွယ်ချက်ကို အရင်းခံထား၍ ရေးသားခြင်း ဖြစ်၏။
ဂန္ဒီမှာ ပုဂ္ဂိုလ်ထူး ဖြစ်၏။ ကုလားများသာမက တကမ္ဘာလုံးကပင် ကြည်ညိုလေးစားခြင်း ခံရသူ ဖြစ်၏။ "အာရှတိုက်အတွင်းရေး" ကို ရေးသူ ဂျွန်ဂန်းသားက ဗုဒ္ဓမြတ်စွာဘုရားနောက် ဂန္ဒီသည် တန်ခိုးအကြီးဆုံး ကုလားတစ်ယောက် ဖြစ်သည်ဟု ရေး၏။ ဂန္ဒီ၏ ကိုယ်ကျင့်တရား၊ ဂန္ဒီ၏ စိတ်ထားမြင့်မြတ်ပုံတို့မှာ လူတိုင်း ကြည်ညိုစရာပင် ဖြစ်၏။ သို့သော် နိုင်ငံရေးအားဖြင့် သရုပ်ခွဲရာ၌ ပုဂ္ဂိုလစွဲအားဖြင့် ကြည်ညိုမှု, ရိုသေကိုင်းရှိုင်းမှု တို့သည် ပေါ်ပေါက်လာရန် အကြောင်းမရှိပေ။
ဂန္ဒီဝါဒ-ဂန္ဒီစနစ် ဟူ၍ ရေးသားရာ၌ အခြားဓနရှင်ဝါဒ, နယ်ချဲ့ဝါဒ, ဘုံဝါဒ စသည်တို့ကဲ့သို့ ဂန္ဒီဝါဒဟူ၍ သတ်သတ်ခွဲခြားပြောဆိုနိုင်သလော ဟူသော အမေးမျိုး ပေါ်ပေါက်နိုင်လေသည်။
ဂန္ဒီဝါဒ၏ အခြေခံတရား (၃) ပါး
ဂန္ဒီဝါဒ ဟူ၍ ဝါဒတခု သတ်သတ်အဖြစ် ခေါ်ဝေါ်ရေးသားနိုင်၏။ ဂန္ဒီ၏ ဝါဒ အခြေခံတရား (၃) ပါးကား -
1. သစ္စာတရား (Truth)
2. မေတ္တာတရား။ (non-violence) မည်သူ့ကိုမဆို မေတ္တာထားရမည်။ ရန်သူကိုပင် အကြမ်းဖက်၍ သတ်ဖြတ်ညှင်းဆဲခြင်းဖြင့် မအောင်ရ။
3. တပတရား (Renunciation) မိမိကိုယ်ကို ခြိုးခြံစွာ ကျင့်ကြံနေထိုင်ရမည်
ဤအခြေခံတရားများမှာ စင်စစ်အားဖြင့် ရှေးဟိန္ဒူဘာသာတရားမှ ထုတ်နှုတ် ယူငင်ထားချက်များပင် ဖြစ်သည်။ ကွန်ဂရက်၏ လွတ်လပ်ရေးတိုက်ပွဲ ပရိယာယ်ဖြစ်သော အကြမ်းမဖက် အနုသက်သက်နည်းဖြင့် အာဏာဖီဆန်ရေး စသည်တို့မှာ ဂန္ဒီဝါဒ၏ မေတ္တာတရားအရ ဖြစ်သည်။ ဤတိုက်ပွဲမျိုးကို ဂန္ဒီဝါဒအရ သစ္စာဂျဟ တိုက်ပွဲဟုခေါ်သည်။ တပတရားအရ မိမိကိုယ်ကို ခြိုးခြံစွာ နေထိုင်ရမည် ဟူရာ၌ ဂန္ဒီဝါဒသည် ယခုစက်ကိရိယာခေတ်ကို အလွန် မုန်းတီး၍ လူတိုင်း ကိုယ်ဝတ်သော အဝတ်ကို ကိုယ်တိုင် ရက်ဝတ်သည့် ခေတ်၊ ကျေးလက်စီးပွားရေး စနစ်ခေတ်ကို ပြန်လည်ထူထောင်ရန် ရည်ရွယ်သည်။
ဤတရား (၃) ပါးကို အခြေခံထားသော ဂန္ဒီဝါဒသည် လွန်ခဲ့သည်းအနှစ် (၂၀) ခန့်က စတင်ပေါ်ပေါက်လာလေရာ ထိုအချိန်ကစ၍ အိန္ဒိယပြည်သည် ခေတ်တခေတ်သို့ ကူးပြောင်းလာပြီဟု ဆိုနိုင်လေသည်။ နိုင်ငံရေးမှာ ပညာတတ် တိုင်းရင်းသားဓနရှင်တို့၏ အပျင်းပြေလုပ်ငန်းမျိုးမှ ကုလားဆင်းရဲသား လူထုကြီး တခုလုံး နိုးကြားထကြွလာကာ ဗြိတိသျှနယ်ချဲ့စနစ်ကို တိုက်ဖျက်သည့် လုပ်ငန်းကြီး ဖြစ်လာလေသည်။
ဂန္ဒီဝါဒသည် ကုလားဆင်းရဲသားထုကြီးအား နိုင်ငံရေး အမြင်သန်လာအောင် လုပ်နိုင်ခြင်းမှာ ဂန္ဒီဝါဒ၏ အခြေခံတရားများကြောင့်လော၊ ခေတ်ပေါ်နိုင်ငံရေးကို ရှေးဆန်သော ဘာသာတရား၊ ကိုယ်ကျင့်တရား စသည်တို့ဖြင့် ပေါင်းစပ်ပေး၍လော။ ဤသို့ကား မဟုတ်ပေ။
ဂန္ဒီဝါဒနှင့် ပထမအကြိမ်အာဏာဖီဆန်ပွဲ ၁၉၂၀ ခု
ဂန္ဒီဝါဒ၏ ရေးပုံ၊ သုံးနှုန်းပုံတို့မှာ ရှေးဆန်လှသော်လည်း စင်စစ်အားဖြင့် ကမ္ဘာစစ်ကြီးပြီးသည့်နောက် မကျေမနပ် ဆူပွက်လျက်ရှိသော ကုလားဆင်းရဲသား ထုကြီးကို နှိုးဆွကာ ခေါင်းဆောင်ခဲ့လေသည်။ နယ်ချဲ့အစိုးရမှာ မိစ္ဆာအစိုးရဖြစ်၍ မိစ္ဆာအစိုးရနှင့် မဆက်ဆံရေးဟု ဆိုကာ နယ်ချဲ့စနစ်ကို တိုက်ဖျက်လိုသော ဆင်းရဲသား လူထုကြီးအား အစိုးရနှင့် မဆက်ဆံရေး, အာဏာဖီဆန်ရေး လုပ်ငန်းကို စတင်စေခဲ့လေသည်။ ဂန္ဒီ၏ စေ့ဆော်ချက်အရ ကွန်ဂရက်၏ ကြွေးကြော်သံသည် ရွာသိမ်ရွာငယ် မကျန် ကုလားပြည်တခုလုံး ပြန့်နှံ့သွားကာ သန်းပေါင်းများစွာသော ကုလားဆင်းရဲသား လူထုကြီး ကွန်ဂရက်အလံအောက်သို့ ခိုဝင်လာကြခြင်းဖြင့် ကွန်ဂရက်မှာ ပထမဆုံး ကုလားတပြည်လုံး၏ အသင်းကြီး ဖြစ်လာလေသည်။
ဂန္ဒီကိုယ်တိုင် အဖမ်းခံရစဉ်က ဂန္ဒီက အစိုးရနှင့် မဆက်ဆံရန် ဟောပြောသည်မှာ မှန်ကြောင်း ရဲဝံ့စွာ ဝန်ခံ၍ ကုလားလူမျိုးတမျိုးလုံး လူစဉ်မမှီအောင် မွဲပြာကျရခြင်းမှာ မိစ္ဆာအစိုးရကြောင့် ဖြစ်ကြောင်းနှင့် အစိုးရအား ရှုံ့ချပြောဆိုလေသည်။
သို့သော် ဂန္ဒီဝါဒ၏ ကြီးစွာသော ချို့ယွင်းချက်မှာ ထိုအခါကပင် ထင်ရှားခဲ့လေသည်။ ဂန္ဒီဝါဒသည် နယ်ချဲ့စနစ်ကို၏ ဖြိုဖျက်ရန် မရည်ရွယ်ပေ။ ဖြိုဖျက်၍မရ ဟူ၍ အယူရှိပြီး အကယ်၍ ဖြိုဖျက်ရသည့်တိုင်အောင် အင်နဲ့အားနှင့် အကြမ်းပတမ်းဖက်ခါ ဖြိုဖျက်စရာ မလိုဟု ယုံကြည်လေသည်။ ဂန္ဒီဝါဒ၏စွဲမှတ်ချက်ကား ကုလားဆင်းရဲသားထုကြီးကို ဆင်းရဲစေ, မွဲစေသော နယ်ချဲ့စနစ်အား မေတ္တာတရားဖြင့် စိတ်ပြောင်းအောင် လုပ်နိုင်သည် ဟူသော စွဲမှတ်ချက်ပင် ဖြစ်လေသည်။
နောက်လိုက်ကုလား ဆင်းရဲသားထုကြီးကား ဖော်ပြပါ ဂန္ဒီဝါဒ၏ ချို့ယွင်းချက်ကြီးကို မမြင်။ အာဏာဖီဆန်ရန် ဂန္ဒီက အချက်ပေးလိုက်ခြင်း ဖြစ်သည်။ နယ်ချဲ့စနစ် တိုက်ဖျက်ရေးအတွက် တကယ့် အရေးတော်ပုံကြီး စပြီဟုသာ ယူဆကြကာ မိမိတို့ လွတ်လပ်ရေးအတွက် ယမ်းကုန်, မီးကုန်, ကြဲကြလေတော့သည်။
ဂန္ဒီကား နောက်လိုက်များမှာ မိမိ လှမ်းစေချင်သည်ထက် ခြေတလှမ်း သွက်သွက်ကြီး လှမ်းနေသည်ကို မြင်လာကာ ကြာလျှင် မအုပ်စီးနိုင်ဘဲ မိမိလက်မှ လွတ်ထွက်ကုန်မည်ကို စိုးရိမ်လာပြီးလျှင် ချောင်ရီချောင်ရာ ဟူသော ရွာကလေးတွင် ရွာသူ, ရွာသားများက ပုလိပ်သားများအပေါ် အကြမ်းဖက်သည်ကို အကြောင်းပြု၍ အိန္ဒိယတပြည်လုံး၏ အာဏာဖီဆန်မှုကြီးကို ရပ်စဲရန် အမိန့်ပေးလိုက်လေသည်။ ဂန္ဒီ၏ နိုင်ငံရေးပန်းတိုင်မှာ နယ်ချဲ့စနစ် တိုက်ဖျက်ရေး, တကယ့်လွတ်လပ်ရေး မဟုတ်။ ကနေဒါ၊ သြစတြေးလျ တို့ကဲ့သို့ နယ်ချဲ့စနစ် လက်အောက်ခံ ဒိုမီနီယံ အခြေသာဖြစ်ကြောင်း ဂန္ဒီ၏ နိုင်ငံရေးလက်နက်မှာလည်း အင်နှင့် အားနှင့် ဖိ၍ တိုက်သော အရေးတော်ပုံလုပ်ငန်းမျိုး မဟုတ်ဘဲ လူအားပြ၍ နယ်ချဲ့စနစ်နှင့် ဈေးဆစ်ခြင်းမျိုးသာ ဖြစ်ကြောင်းတို့မှာ ထိုအချိန်ကပင် ထင်ရှားခဲ့လေသည်။
ဂန္ဒီဝါဒနှင့် တိုင်းရင်းသားဓနရှင်များ
ဂန္ဒီဝါဒ၏ ပထမအဆင့် (၁၉၂၀) ခုတွင်ပင် တိုင်းရင်းသား ဓနရှင်များသည် ဂန္ဒီ၏အောက်သို့ ခိုဝင်လာကြလေသည်။ ပထမတွင်ကား ဂန္ဒီ၏ ဆင်းရဲသားလူထုကြီးအား နှိုးဆွပေးချက်၊ စက်မှ ကိရိယာကို ရှုံချချက်တို့မှာ တိုင်းရင်းသားဓနရှင်တို့ တုန်လှုပ်ချောက်ချားစေခဲ့သော်လည်း ဂန္ဒီမှာ ဆင်းရဲသားများအား လှုပ်ရှားနိုင်းကြားစေနိုင်သလောက် ၄င်းတို့ထင်သလို မလှမ်းနိုင်အောင် ခြေချုပ်ထည့်နိုင်သည်ကို သိလာကြသောအခါ ဂန္ဓီသာလျှင် ၄င်းတို့၏ ခေါင်းဆောင်, ၄င်းတို၏ လူတန်းစား အကျိုးအတွက် ဆောင်ရွက်မည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း မြင်လာလေသည်။ ဂန္ဒီ၏ လူတန်းစားနှင့် တတန်းစား သင့်မြတ်ရေး၊ အလုပ်သမားများ၏ တရားသော သပိတ်မှောက်မှုများကို ရှုံချချက်နှင့် ဓနရှင်တို့၏ ပစ္စည်းကို ကာကွယ်ပေးရေး စသည်တို့မှာ ဂန္ဒီဝါဒနှင့် တိုင်းရင်းသားဓနရှင်တို့ ပိုမိုပူးပေါင်းဖို့ ဖန်တီးပေးလေသည်။
ဂန္ဒီ၏ လက်ရက်ကန်း အားပေးရေး လုပ်ငန်းမှာလည်း တိုင်းရင်းသားဓနရှင်တို့၏ စက်ရုံထွက် အထည်အလိပ် လုပ်ငန်းကို ပြိုင်ဆိုင်ရာ မရည်ရွယ်။ စက်ရုံထွက် အထည်အလိပ် မဝယ်နိုင်သော အလွန်ဆင်းရဲငတ်မွတ် ခေါင်းပါးနေသည့် တောရွာများ အတွက်သာ ရည်ရွယ်ကြောင်း တိုင်းရင်းသားဓနရှင်တို့ သိလာကြလေသည်။
ထိုအချိန်ကစ၍ တိုင်းရင်းသား ဓနရှင်၊ လယ်ပိုင်ရှင်တို့သည် ကွန်ဂရက်အတွင်းသို့ ဝင်လာကြ၍ ကွန်ဂရက်၏ ရန်ပုံငွေမှာလည်း အဆမတန် တိုးတက်လာလေသည်။
ဂန္ဒီဝါဒမှာ တိုင်းရင်းသားဓနရှင် လူတန်းစား၏ အကျိုးဆောင်အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲလာသည့် အချိန်ကား (၁၉၂၉ - ၃၀) ခု။ ကမ္ဘာ့စီးပွားပျက် ကပ်ဆိုက်ရောက်ချိန် ဖြစ်လေသည်။ ထိုအချိန်တွင် ဗြိတိသျှဓနရှင်များမှာ စီးပွားပျက်ကပ်ကြောင့် အထူးထိခိုက်ခြင်း ခံရလေရကား ဗြိတိသျှဓနရှင်တို့ သက်သာချောင်ချိရေးအတွက် စီမံသမျှတို့မှာ ကုလားတိုင်းရင်းသားဓနရှင်တို့ကို များစွာ ထိခိုက်လေတော့သည်။ အိန္ဒိယထွက်ကုန်များအား ကာကွယ်ပေးရန် ငြင်းဆိုချက်၊ ဗြိတိသျှ ကုန်စည်များအား အရေးပေးချက်၊ အိန္ဒိယထွက် ဝါဂွမ်းအပေါ် အကောက်ယူချက်၊ ကုလားငွေတကျပ်ကို အင်္ဂ္လိပ်ငွေ တသျှီလင် ခြောက်ပဲနိဟု သတ်မှတ်ချက်တို့မှာ ဗြိတိသျှနယ်ချဲ့စနစ်၏ ချုပ်ချယ်ချက်များ ဖြစ်လာလေသည်။
ထိုအချိန်တွင် အဝတ်အစား ဈေးကြီးမှု၊ လယ်ထွက်ပစ္စည်း ဈေးကျမှုတို့မှာ အလုပ်သမား လယ်သမားတို့အား များစွာ ထိခိုက်စေရကား တိုင်းပြည်တခုလုံးရှိ ဆင်းရဲသားထုကြီးမှာလည်း ထပ်မံ လှုပ်ရှားလာပြန်လေသည်။ အလုပ်သမားများ၊ လယ်သမားများ၏ အစည်းအရုံးများလည်း အနှံ့အပြား ပေါ်ပေါက်လာကြကာ အလုပ်သမားများ၏ သပိတ်မှောက်မှုများ၊ လယ်သမားများနှင့် လယ်ရှင်တို့ စကားများမှုများဖြင့်လည်း ဆင်းရဲသားထုကြီးမှာ မိမိတို့ လူတန်းစား သက်သာချောင်ချိရေးအတွက် တိုင်းရင်းသား ဓနရှင်, လယ်ပိုင်ရှင်တို့နှင့် အတိုက်အခံ လုပ်လာလေသည်။
ဂန္ဒီဝါဒနှင့် ဒုတိယအကြိမ် အာဏာဖီဆန်ပွဲကြီး ၁၉၃၀
ဘေးကြပ်နံကြပ်ကျနေသော တိုင်းရင်းသား ဓနရှင်များမှာ ဂန္ဒီဝါဒကိုသာလျှင်၊ အားကိုးအားထား ရှိလေတော့သည်။ ဒုတိယအကြိမ် အာဏာဖီဆန်ပွဲကြီး မစမီ မဟတ္တမဂန္ဒီသည် တောင်းဆိုချက် (၁၁) ချက်ပါသော စာတစောင်ကို ဘုရင်ခံချုပ်သို့ ပေးလိုက်လေသည်။ ထို (၁၁) ချက်မှာ တိုင်းရင်းသားဓနရှင် လူတန်းစားများအတွက်သာ ဖြစ်၍ ထိုအချိန်က အထူး နိုးကြားထကြွနေသော အလုပ်သမား, လယ်သမားတို့၏ တောင်းဆိုချက်ဟူ၍ တခုမျှမပါချေ။ ထိုတောင်းဆိုချက်များတွင် တိုင်းရင်းသားဓနရှင်များ အကျိုးအတွက်သာ လုံးလုံးဖြစ်သော ငွေတကျပ်ကို တသျှီလင် လေးပဲနိသာ သတ်မှတ်ပေးရန်၊ နိုင်ငံခြား အထည်အလိပ်များကို အကောက် ကောက်ရန် စသည်များဖြစ်၍ တိုင်းရင်းသား လယ်ပိုင်ရှင်ကြီးများအတွက် လယ်ခွန် ၅၀ ရာခိုင်နှုန်းလျှော့ရန် ပါသော်လည်း၊ လယ်သမားများအတွက် သီးစားခ လယ်ကြွေးလျှော့ပေါ့ရေး တောင်းဆိုချက်ဟု၍ တခုမျှ မပါချေ။
ဒုတိယအကြိမ် အာဏာဖီဆန်ရေး တိုက်ပွဲ စတင်ရသည်မှာလည်း ဘုရင်ခံချုပ်နှင့် ဈေးဆစ်ရာတွင် မတည့်သဖြင့်သာ ဖြစ်လေသည်။ တောင်းဆိုချက်များမှာ အထက်တွင် ဖော်ပြခဲ့သည်အတိုင်း တိုင်းရင်းသား ဓနရှင် လူတန်းစားအတွက် ဖြစ်သော်လည်း ထောင်ကျခံ၊ အနစ်နာခံရသူများမှာ ဆင်းရဲသားထုကြီးသာလျှင် ဖြစ်လေသည်။
ပထမအကြိမ်နှင့် ဒုတိယအကြိမ် အာဏာဖီဆန်ရေး လုပ်ငန်း ခြားနားပုံကား ဒုတိယအကြိမ်တွင် ဂန္ဒီ၏ ဝါဒသည် ဆင်းရဲသားလူထုကြီး ပထမအကြိမ်မှာကဲ့သို့ ၄င်းလက်မှ လွတ်ထွက်သွားမည်ကို စိုးသဖြင့် အာဏာဖီဆန်ရေး စလျှင် စခြင်းပင် ဆင်းရဲသားထုကြီး၏ ခြေလှမ်းကို ချုပ်နှောင်ထားခြင်းပင် ဖြစ်လေသည်။ တရားဥပဒေကို ချိုးဖျက်ခြင်း စသည့် အစိုးရဥပဒေအာဏာကို ဖီဆန်စေသော်လည်း အခွန်မပေးရေးကို တားမြစ်သည်။ တား၍ မရသည့်အခါကျမှ ပြည်လုံးကျွတ် မလုပ်စေဘဲ နေရပ်သတ်မှတ်၍ လုပ်စေသည်။ လွတ်လပ်ရေးနေ့တွင် စကားမပြောကြရန် တားမြစ်သည်။
ဂန္ဒီဝါဒမှာ တိုင်းရင်းသားဓနရှင်တို့၏ လက်ပါးစေ မည်မျှအထိ ဖြစ်လာသည်ကို အထည်စက်၊ ဂုန်နီစက် သပိတ်မှောက်များ၊ ဂျီအိုင်ပီ မီးရထား အလုပ်သမား သပိတ်များ။ ထိုအချိန် ဖြစ်ပေါ်သောလည်း မည်သို့မျှ ကူညီအားပေးခြင်း မပြုခြင်းဖြင့် ချိန်ဆနိုင်လေသည်။
ဆင်းရဲသားလူထုကြီးမှာ အာဏာဖီဆန်ရေးတွင် အပြင်းအထန် အားစိုက်နေကြစဉ် ဂန္ဒီသည် တိုင်းရင်းသားဓနရှင်တို့၏ အခွင့်အရေး အနည်းငယ် ရလာသည်နှင့် တပြိုင်နက် ဂန္ဒီ အာဝင်း စာချုပ်ဖြင့် နယ်ချဲ့စနစ်နှင့် လက်ဆင့်ကမ်းစေ့စပ်ကာ အာဏာဖီဆန်ရေးလုပ်ငန်းကို ရပ်စဲလိုက်လေသည်။ ဤသို့အားဖြင့် ဂန္ဒီဝါဒသည် အလုပ်သမား၊ လယ်သမား စသည့် ဆင်းရဲသားထုကြီး၏ ကြိုးပမ်းမှုကြီးကို သစ္စာဖောက်လိုက်လေတော့သည်။
ဂန္ဒီဝါဒ၏ နောက်ဆုံးအခြေ
၁၉၂၀ ခုနှစ်မှာ ၁၉၃၀ ခုနှစ်အတွင်း ဂန္ဒီဝါဒသည် တိုင်းပြည်လူထုကြီးကို နယ်ချဲ့စနစ်တိုက်ဖျက်ရေးအတွက် နှိုးဆွပေးလိုက်သည့် လက်နက်ကောင်းကြီး တခုအဖြစ်မှ တိုင်းပြည်လူထုကြီး တကယ့်လွတ်လပ်ရေး တိုက်ပွဲအတွက် ကြိုးပမ်းကြသည်ကို ချုပ်နှောင်ဟန့်တားသည့် အနှောင်အဖွဲ့အဖြစ်သို့ ပြောင်းလဲခဲ့လေသည်။
ပြည်သူ့လွတ်လပ်မှု အလုပ်သမား၊ လယ်သမား တို့၏ စီးပွားရေး တောင်းဆိုချက်များကို အခြေခံထားသော ရွေးကောက်ပွဲ ကြေညာစာတမ်းအရ ကွန်ဂရက်ကြီးသည် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အရွေးခံရာ၌ နယ် (၁၁) နယ်အနက် (၇) နယ်တွင် ကွန်ဂရက်က လုံးဝ အနိုင်ရခဲ့လေသည်။ ယခုကဲ့သို့ အနိုင်ရထားသည့်အားဖြင့် တိုင်းပြည်လူထုကြီးမှာ လက်ရှိအုပ်ချုပ်ရေးကို တိုက်ဖျက်ခါ အရေးတော်ပုံကြီးကို စလိုသော်လည်း ကွန်ဂရက်တွင် ကြီးစိုးနေသည့် ဂန္ဒီကြီးမှုးသော တိုင်းရင်းသားဓနရှင်တို့သည် ရာထူးလက်ခံကာ အုပ်ချုပ်ရေးကို လုပ်ကိုင်ခဲ့ကြလေသည်။
ရာထူးလက်ခံသည့်ကိစ္စနှင့် ပတ်သက်၍ ဂန္ဒီက ရေးသားသည်မှာ ရာထူးလက်ခံခြင်းမှာ သွေးထွက်သံယို အရေးတော်ပုံကြီးကို ရှောင်လွဲရာ ကျရုံမက တနည်းအားဖြင့် လူထုကြီး၏ အာဏာဖီဆန်ရေးလုပ်ငန်း စခြင်းလည်း ဖြစ်လေသည်ဟု ရေးသားခဲ့သည်။ (၁၇-၇-၃၇) ထုတ် ဂန္ဒီ၏ ဟာရီဂျန် သတင်းစာမှ။
ရာထူးလက်ခံပြီးသောအခါတွင်လည်း ဂန္ဒီ၏ လူများသာ ကြီးစိုးနေသော ကွန်ဂရက်အစိုးရများသည် အလုပ်သမား၊ လယ်သမားတို့၏ သပိတ်မှောက်မှု၊ ဆူပူမှုများကို သေနတ်ဖြင့် ပစ်ခြင်း, တုတ်ဖြင့်ရိုက်ခြင်း ပြုကြသည်ကို အကြမ်းမကြိုက်သော ဂန္ဒီသည် ပြစ်တင်ရှုံ့ချခြင်း မပြုရုံမျှမက တိုင်းပြည် အုပ်ချုပ်မှုအတွက် အကြမ်းအနည်းဆုံးကို သုံးဖို့ လိုသည်ဟုပင် ပြောဆိုကာ ကွန်ဂရက်အစိုးရများ၏ လုပ်ငန်းကို ထောက်ခံလေသည်။ ဤတွင် ဂန္ဒီဝါဒ၏ အခြေခံတရားတခုဖြစ်သော အကြမ်းမဖက်ရေး မေတ္တာတရားသည် ရေဖြစ်သွာလေတော့သည်။
ဂန္ဒီဝါဒနှင့် ကုလားလူထုကြီး လွတ်လပ်ရေး
ကမ္ဘာစစ်ကြီး ဖြစ်နေခါ ကမ္ဘာကြီးတခုလုံး လှုပ်ရှားပြောင်းလဲနေစဉ် ကုလားဆင်းရဲသားလူထုကြီးမှာ မိမိတို့လွတ်လပ်ရေးအတွက် အားပြင်နေကြစဉ်၊ ဂန္ဒီကြီးမှုးသော ကွန်ဂရက်ခေါင်းဆောင်မှုသည် အသင့် ပြင်ဆင်ပြီးဖြစ်သော အရေးတော်လက်နက်သုံးကာ နယ်ချဲ့စနစ်ကို ဖြိုဖျက်ရန် မကြံရွယ်ယုံမျှမက နယ်ချဲ့စနစ် လက်အောက်ခံ ဒိုမီနီယံ အခြေကို ရရန်အတွက် ဗြိတိသျှအစိုးရ ကိုယ်စားလှယ်ဖြစ်သော ဘုရင်ခံချုပ်နှင့် စေ့စပ်နေ၏။ ဤသို့ စေ့စပ်နေစဉ်မှာပင် အစိုးရတို့သည် ကုလား၏ အရေးတော်ပုံ လုပ်ငန်းအား ဖျက်ရန်အတွက် ပြည်သူ့လွတ်လပ်မှုကို ချုပ်ချယ်ခြင်၊ အလုပ်သမား လယ်သမားခေါင်းဆောင်တို့ကို ဖမ်းခြင်း စသည်ဖြင့် လုပ်နေ၏။
ကုလားဆင်းရဲသားထုကြီးက အင်နဲ့အားနှင့် ဖိခြင်းဖြင့် ၄င်းတို၏ အားကို မလွန်ဆန်နိုင်အောင် လုပ်နိုင်က ဂန္ဒီကြီးမှုးသော ကွန်ဂရက်ခေါင်းဆောင်မှုသည် အာဏာဖီဆန်ရေးကို စတင်ပေလိမ့်မည်။ သို့သော် အခွင့်ရသည်နှင့် တပြိုင်နက် ဈေးဆစ်သည့် လုပ်ငန်းကိုလုပ်ခါ တတ်နိုင်လျှင် ဆင်းရဲသားထုကြီးကို သစ္စာဖောက်ဉီးမည်။ ထိုအချိန်တွင် အလုပ်သမား, လယ်သမားလူတန်းစားသည် ယခု ကွန်ဂရက်ခေါင်းဆောင်သော ဓနရှင်လူတန်းကို ဖြုတ်ချ၍ နယ်ချဲ့စနစ်တိုက်ပွဲတွင် ဆက်လက် ခေါင်းဆောင်နိုင်ခဲ့လျှင် ကုလားများ လွတ်လပ်ရေးရဖို့ လမ်းရှိသည်။ သို့မဟုတ်လျှင်ကား ဂန္ဒီဝါဒ ခေါင်းဆောင်နေသမျှ ဒိုမီနီယံ အခြေထက် တိုးတက်ရရှိဖို့ရန် ခဲယဉ်းလှပေသတည်း။
ဗဟိန်း
ဒဂုန်မဂ္ဂဇင်း အမှတ် ၂၃၉ (ဇူလိုင် ၁၉၄၀)

Sunday, February 20, 2022

သုခမြို့တော်၊ ဟာစရီပါးနှင့် ကျွန်မ ဖေဖေ

0 comments
သုခမြို့တော်၊ ဟာစရီပါးနှင့် ကျွန်မ ဖေဖေ
(မြူမြူ)
(၁)
ရန်ကုန်ဆေးရုံကြီး၏ အထူးကြပ်မတ်ဆောင် (ICU) ထဲရှိ ခုတင်တစ်လုံးပေါ်ရှိ လူမမာ၏ တစ်ကိုယ်လုံးတွင် ပိုက်များ ရှုပ်ယှက်ခတ်စွာ တပ်ဆင်ထားသည်။ ခုတင်၏ ဘယ်ဘက်ရှိတိုင်တွင် ချိတ်ဆွဲထားသော သွေးပုလင်းထဲမှ သွေးများက တစ်စက်ချင်း၊ တစ်စက်ချင်းကျနေကာ ပလတ်စတစ် ပိုက်ဖြူဖြူထဲမှ လူနာ၏ခန္ဓာကိုယ်ထဲ စီးဝင်နေသည်။
Fresh Blood သွေးများ။
ဆေးရုံ၏အပြင်ဘက်စင်္ကြံ တွင် များစွာသော မိတ်ဆွေများက တံခါးပိတ်ထားသော ထိုအခန်း ဆီသို့ မျှော်နေကြသည်။ သူတို့အားလုံး၏မျက်နှာတွင် အလွန်အမင်း စိတ်ထိခိုက်သည့် အရိပ်အယောင် များက အထင်းသားပေါ်လွင်နေလျက်။
ထိုမြင်ကွင်းကို ကျွန်မ မေ့ပစ်အောင် ကြိုးစားထားသည့်တိုင်း ကျွန်မတစ်သက် မည်သည့်အခါ မှ မေ့ပစ်၍ မရနိုင်သော အဖြစ်ဆိုးကြီးထဲမှ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ပေသည်။
ထိုနေ့ကား ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။
(၂)
ဖေဖော်ဝါရီ ၁၅ ရက် ညနေက ကျွန်မဖခင်သည် ကျိုက်ထီးရိုးတောင်တက်ခရီးမှ ပြန်ရောက် လာခဲ့သည်။ ကျွန်မအဖေသည် သူ့တစ်သက်နှင့် တစ်ကိုယ် ထိုတစ်ခေါက်တည်းသာ ကျိုက်ထီးရိုးကို ရောက်ခဲ့ဖူးသဖြင့် အတွေ့အကြုံသစ်များဖြင့် ပျော်ရွှင်နေသည်။ ညစာထမင်းဝိုင်းတွင် ကျိုက်ထီးရိုးအတွေ့ အကြုံများကို ပြောပြနေသည့် ဖေဖေ့အသံသည် တက်ကြွလန်းဆန်းနေသည်။
ရယ်စရာစကားတွေဖြင့် ထိုဖေဖော်ဝါရီလလယ် ညစာထမင်းဝိုင်းသည် ပျော်ရွှင်ဖွယ်ရာ မိသားစု နောက်ဆုံး ထမင်းဝိုင်းဖြစ်မှန်း မည်သူမျှ ကြိုမသိခဲ့ပေ။
“အဖေ တစ်သက်မှာ ဒါကျိုက်ထီးရိုးကို ပထမဆုံးအကြိမ်တက်ခြင်းပဲ၊ ဟိုမှာ ရေသိပ်ရှားတယ် ကွာ၊ နောက်နှစ် ကျိုက်ထီးရိုးထပ်သွားမယ်၊ ဟိုမှာ ရေအလှူသွားလုပ်မယ်၊ ကိုယ်နိုင်သလောက်ပေါ့ အမေကြီးရာ၊ ငါကွာ ပျော်လိုက်တာ၊ ဘယ်လိုပျော်မှန်း မသိဘူး” ထိုစကားများပြောနေသည့် အချိန်တွင် မျက်မှန်နောက်မှ မှုန်ရီပြာဝေသော ဖေဖေ့မျက်လုံးများသည် လင်းလက်ကာတောက်ပနေကြသည်ကို ကျွန်မ အမှတ်ရနေမိသည်။ အသက် ၆၀ နှောင်းပိုင်းမှ တစ်ခေါက်သာရောက်ခဲ့ရသည့် ထိုခရီးစဉ်သည် ကျွန်မ ဖခင်အဖို့အံ့သြထူးဆန်းမှုများနှင့် ပြည့်နေခဲ့သည်ကျိုက်ထီးရိုးခရီးစဉ် မစမီ ထိုတစ်ညကဖော်ဝါရီ ၁၂ ရက်၊ ပြည်ထောင်စုနေ့။
"ကားနဲ့တက်လေ ဖေဖေ၊ ရသေ့တောင်ထိ ကားနဲ့တက်လို့ရတယ်၊ ရသေ့တောင်ကနေ တောင် ပေါ်ထိ လမ်းလျှောက်ကြပေါ့”
ကျောပိုးအိတ်ထဲ အဝတ်အစားတွေထည့်ပေးရင်း ပြောမိလိုက်သေးသည်။ “အောင်မယ်.... ညည်းက အဖေတို့ကို အထင်သေးနေတာပေါ့လေ၊ လမ်းလျှောက် သွားမှာဆိုတော့ တောင်ပေါ်ခရီးစဉ်တစ်လျှောက်လုံးက ခြေကျင်ပဲပေါ့အေ”
“ပင်ပန်းတယ် ဖေဖေရဲ့၊ မြူတို့တောင် ကားနဲ့ပဲတက်တာ” ဟု ကန့်ကွက်စကားပြောလိုက်သည့်အခါ...
“ညည်းက အဖေလောက်တောင် အကြမ်းပတမ်းမခံနိုင်တဲ့ဟာ၊ ကျိုက်ထီးရိုးတက်ပြီး အဖေတို့ တစ်ဖွဲ့လုံး ကြံ့ခိုင်မှုစွမ်းရည်ကို စစ်ကြမှာ၊ သန်လျင်ကိုတောင် လမ်းလျှောက်သွားတဲ့အဖွဲ့၊ အဖေတို့များ နယ်နယ်ရရမှတ်လို့” ဟု ကျွန်မအား ပြုံး၍ကြွားနေသည်။ ကျွန်မထည့်ပေးသော ကျောပိုးအိတ်ကိုလွယ်၍ ချိန်ဆနေသော ဖေဖေ့ကိုကြည့်ရသည်မှာ လူငယ်စိတ်နှင့် လူကြီးကိုယ်ထည် ပေါင်းယှက်နေသည်။
ထိုအချိန် မျက်မှန်အထူကြီးတပ်ထားစဉ်က ကျွန်မဖခင်သည် လမ်းထွက်လျှင် ကောင်းကောင်း မမြင်ရ၊ အရောင်အဆင်းမြင်မှုသည်လည်း မမှန်ကန်ပေ။ လိမ္မော်ရောင်ဆိုလျှင် အညိုမြင်နေသည်။ အသံကိုနားထောင်ပြီး မှန်း၍သွားသည်။ ဖေဖေ့မိတ်ဆွေများက မြို့ထဲထွက်လျှင် ဖေဖေ့ကို အိမ်အထိ လာခေါ်တတ်သည်။ မြို့ထဲမှ အိမ်အထိ ပြန်ပို့ပေးသည်။
မျက်စိခွဲပြီးနောက် သွားနိုင် လာနိုင်သည့်အခါ ဖေဖေကြည့်ရသည်မှာ အမြင်အာရုံအတွက် အလွန်ကျေနပ်နေသည်။ ကျွန်မတို့က ဖေဖေနှင့်အပြင်ထွက်သည့်အခါ ယခင်ကကဲ့သို့ လက်မောင်းကို ဖမ်းဆုပ်လျှင် ကျွန်မဖခင်သည် သိပ်မကြိုက်တော့။
“ညည်းတို့ကလည်း အဖေမျက်စိကောင်းနေပါပြီ။ မတွဲနဲ့၊ အဖေဘာသာ အဖေသွားလို့ရတယ် ဟုပြောကာ ရုန်းတတ်သည်။
ကျွန်မတို့အိမ်အပေါ်ထပ်မှ ဖေဖေဆင်းသည့်အခါတိုင်းလည်း လှေကားလက်ရန်းကို ကိုင်ပြီးအမြဲဆင်းတတ်သည်။ ကျွန်မ မိခင်မှာမူ လှေကားမှဆင်းတိုင်း လက်ရန်းကိုမကိုင်ဘဲ လူငယ်တစ်ယောက် ကို ဖျိုးဖျိုးဖျတ်ဖျတ် ဆင်းလာတတ်သည်။ ထိုအခါမျိုးတွင် ဖေဖေသည် “လှေကားလက်ရန်း
ထားတာ အလကားထားတာမဟုတ်ဘူးကွ၊ ကိုင်ပြီး ဆင်းလာဖို့ထားတာ၊ ဟိုတစ်ခါလည်း မီးဖိုချောင်ထဲ ချော်လဲပြီးပြီ၊ ကံကောင်းလို့ ဦးဆက်မကွဲတာ” ဟု မေမေ့ကို မာန်တတ်သည်။
“အေး ...... မင်းတို့ကို သတိပေးရင်၊ ငါ့ကို ပြန်ချေပနေတာပဲ၊ ငါက သတိအမြဲတန်းရှိတယ်။ငါ့အတွက် မပူနဲ့” ဟု ဆက်ပြောသေးသည်။
သတိ အမြဲတမ်းရှိသည်ဟု ပြောခဲ့သော ကျွန်အဖေသည် ထိုနေ့က လှေကားပေါ်မှ ကျကာ ကျွန်မတို့အဖို့ ဖြေမဆည်နိုင်သည့် အဖြစ်ဆိုးကြီးကို ဖြစ်ပေါ်စေခဲ့သည်။
ထိုစဉ်က ကျွန်မက မနက်ပိုင်း အရုဏ်ဆွမ်း လောင်းနေကျ။တ နောက်တစ်နေ့ ၂နာရီတွင် ဖေဖေထလာသံကိုကြားသဖြင့် “ဖေဖေ ဘယ်နနာရီလဲ” ဟု ကျွန်မက အိပ်ရာထဲမှ လှမ်းမေးခဲ့ သည်။ “အိပ်ဦး သမီး၊ စောသေးတယ်၊ အဖေလည်း ပြန်အိပ်လိုက်ဦးမယ်” ဟုပြောကာ အိပ်ရာထဲ ပြန် ဝင်သည်။
နောက်တစ်ခါ မီးဖွင့်သံကြားသဖြင့် ကျွန်မ လှမ်းမေးပြန်သည်။ “စောသေးတယ် အိပ်ဦး၊ သုံး နာရီပဲရှိသေးတယ်၊ အဖေတော့ မအိပ်တော့ဘူး၊ စာဖတ်ဦးမယ်” ဟု လှမ်းပြောကာ အပေါ်ထပ်တွင် စာဖတ်နေသည်။ ။
လေးနာရီခွဲတွင် အိမ်ရှေ့စာကြည့်ခန်းမှ “ထတော့” ဟု လှမ်းနှိုးနေသည်။ ကျွန်မက အိပ်ခန်း ထဲမှအထွက် ဖေဖေက လှေကားဆီ ဓာတ်ဘူးတစ်ဖက်၊ မတ်ခွက်တစ်ဖက်နှင့် လှေကားထိပ်အရောက်။ ဘာဆိုဘာမှန်းမသိလောက်အောင် အဖြစ်ဆိုးကြီးဖြစ်သွားခဲ့သည်။ လျှပ်ပြက်သည့်နှယ် မြန်ဆန်လွန်း သဖြင့် ဖြစ်သွားသည့်အခြေအနေကို နောက်ပိုင်းမှာ ကျွန်မ ခေါင်းအေးအေးဖြင့် ပြန်စဉ်းစားယူခဲ့ရသည်။
လှေကားမှ ဝုန်း ••• ဝုန်း ဒုန်း ... ဒုန်း တလိမ့်ခေါက်ကွေးကျသံ၊ ဘောလုံးတစ် လုံးနယ် လိမ့်ဆင်းသွားသည့် ကိုယ်ထည်တစ်ခု။ ဒုန်း . ဝုန်း ခလွမ်၊ ခလင် အသံမျိုးစုံ။ လှေကား တစ်ဆစ်ချိုး သမံတလင်းပေါ်မှာ ခွေခေါက်ကျနေသော ကျွန်မဖခင်။ ယိုစီးကျလာသော သွေးစီးချောင်း။ အုတ်ခုံပေါ်မှ အောက်လှေကားထစ်ဆီသို့ ကျနေသော သွေးရည်။ ထိုမှ ကြမ်းပြင်ပေါ်သို့ တတောက် တောက်နှင့် စီးကျလာနေသော သွေးစက်များ။
လူတစ်ယောက်၏ခန္ဓာကိုယ်မှ ထိုမျှများပြားသည့်သွေးတွေကို ကျွန်မ မမြင်ဖူးခဲ့ပါ။ မကြုံဖူးခဲ့ပါ။
တိတ်ဆိတ်နေသော အရုဏ်မပျို့မီ အမှောင်ထုအောက်တွင် ကျွန်မတို့အိမ်၏သွေးလေချောက် ချားမှုမှာ ပို၍ သိပ်သည်းနက်ရှိုင်းသွားခဲ့တော့သည်။
အခန်းတံခါးဖွင့်သံများ၊ တုန်တုန်ယင်ယင်ဖြင့် လှမ်းမေးသံများ၊ ပြေးထွက်လာသံများနှင့်အတူ ကျွန်မက ဖေဖေ့အနား အရင်ရောက်သွားသည်။ ခွေခေါက်လဲနေသော ကျွန်မဖခင်၏ ဦးခေါင်းကို ထူမ လိုက်သည်တွင် သွေးများက ကျွန်မကိုယ်ခန္ဓာကိုယ်ပေါ် တရဟော စီးကျလာသည်။ ကျွန်မတို့ နောက်က ပြေးဆင်းလာသည့် ကျွန်မ မိခင်သည် သွေးများကို မြင်လိုက်သည့်အခါတွင် သွေးလန့်သွားကာ ခြေ ထောက်မှာ သွေးဆုတ်နေလေပြီ။
အစိမ်းရောင်ဓာတ်ဘူးက အဖုံးပွင့်လျက်။ ရေနွေးကြမ်း မတ်ခွက်က အဖုံးတခြား ခွက်တခြား။ မျက်မှန်က လှေကားတစ်ဆစ်ချိုး၏ ထောင့်တစ်နေရာမှာ။ အားလုံး အကောင်းပကတိအတိုင်း။ ဦးခေါင်းနောက်စေ့မှ သွေးစီးကြောင်း။ ဆတ်ခနဲ ဆတ်ခနဲ ခုန်တက်လာသော ဒူးနှစ်ဖက်။ ခန္ဓာကိုယ် တစ်ခုလုံး၏ ပျက်စီးယိုယွင်းလာမှု။
(၃)
ဆေးရုံးကြီးပြင်ပလူနာဌာန။
ဆေးရုံအလုပ်သမားယူလာသည့် ကပ်ပေါ်တွင် ကျွန်မဖခင်ကိုမြင်ရသည်မှာ သွေးအိုင်ထဲနှစ်နေ သည့်နှယ်။ သွေးထွက်သည့် ဒဏ်ရာကို တာဝန်ကျဆရာက ချုပ်ခိုင်းသဖြင့် ဆေးရုံဝန်ထမ်းက ယာယီချုပ်ပေးနေသည်ကို ကျွန်မက မကြည့်ရက် ကြည့်ရက်ဖြင့် ငေးစိုက်ကြည့်နေသည်။
ဖေဖေ့ခန္ဓာ တစ်ခုလုံး ခြောက်ခန်းသွားသည့်တိုင်အောင် သွေးတွေ ထွက်ဦးမှာလား ဟင် ...။
“အစ်မ စိတ်မခိုင်ရင် မကြည့်နဲ့ ဒဏ်ရာက တော်တော်နက်တယ်” ကျွန်မကို . ဆေးရုံဝန်ထမ်းက ပြောသည်။ ကျွန်မစိတ်တို့သည် ထူးဆန်းစွာ အသိမဲ့နေသည်။ အပ်ကောက်ကြီးတစ်ခု နှင့် ဖေဖေ့ခေါင်းကို ချုပ်နေသော အလုပ်သမား၏ လက်အလှုပ်အရွေ့၊ ကွဲနေသော ဟကြောင်းကြီး၏ တစ်ဖက်တစ်ချက်ကို ဆွဲပူးပြီး အပ်ကောက်ကြီးနှင့်ချုပ်နေသော သွေးစွန်းထင်းနေသော လက်ချောင်းများ။ တစ်ချက် ... နှစ်ချက် ••• သုံး • • •။ ကျွန်မ မမှတ်မိတော့။
“လက်လေးသစ်လောက်နက်တယ်” ဟု ကျွန်မမျက်နှာကို လှမ်းကြည့်ရင်းပြောသည့် တာဝန်က ဆရာဝန်၏ ကရုဏာမျက်ဝန်း။
“ဟာ ... ဒီလောက်များတဲ့ သွေးထွက်တဲ့လူနာ ကျွန်တော်မမြင်ဖူးသေးဘူး” ဟု သူ့အဖော် အား ပြောနေသည့် ဆေးရုံအလုပ်သမားတစ်ယောက်၏ အာမေဍိတ်သံ။
ကျွန်မခန္ဓာကိုယ်သည် ချောက်ကမ်းပါးတစ်ခုထဲ လွင့်စဉ်ကျနေသည့်နှယ်။ ရင်တွေ တလှပ် လုပ်။ ဆတ်ခနဲ ဆတ်ခနဲ ထောင်တက်လာနေသည့် ဒူးနှစ်ဖက်။ ခေါင်းမှ သွေး၊ နားမှ သွေး။ နှာခေါင်း မှ သွေး၊ ပါးစပ်မှ သွေးများ။ ကျွန်မလက်မှတ်။ Neuro ထဲမှ ခွဲစိတ်မှုတစ်ခု။ ဦးနှောက်မှာခဲနေသည့် သွေးခဲ ခွဲထုတ်မှုကြာချိန် တစ်နာရီခန့်။
ထို့နောက် ICU ထဲရှိ ဖြူဆွတ်နေသော အိပ်ရာခင်းပေါ် ကျွန်မဖခင်အား တင်ထားသည်။ တဒင်္ဂလေးမှာပင် အနီရောင်အိပ်ရာခင်းဖြစ်သွားသည်။ အိပ်ရာခင်း အဖြူထပ်လဲသည်။ အနီရောင်၊ အဖြူရောင် အနီရောင်တစ်လှည့်စီ ကျွန်မ မြင်ခဲ့ရသည်။
ခွက်တစ်ခွက်ခံလိုက်ပါ” ဟု ပြောလိုက်သည့် စစ္စတာကြီး၏အသံ။ တောက် ... တောက် • တောက်။ နားထဲမှ ယိုစီးကျလာသော သွေးများအောက်တွင် ခွက်သေးသေးတစ်ခု ခံထားလျက်။
ကျွန်မ မမြင်ချင်လဲ မြင်ခဲ့ရသည်။ ကျွန်မ မကြားချင်လဲ ကြားခဲ့ရသည်။ ဖေဖေ့မျက်လုံးနှစ်လုံးက ပွင့်လျက်သား။ ဟင့်အင်း ... ဖေဖေ ကျွန်မကို မမြင်ဘူး။
ဖေဖေမျက်နှာပေါ် ကျွန်မဲ့မိုးကြည့်နေသည်။ ဟင့်အင်း ••• ဖေဖေ ကျွန်မကို မသိဘူး။ ဖေဖေ ••• ဖေဖေ ဟု ကျွန်မနှုတ်မှ တရစပ် ခပ်တိုးတိုးရွတ်နေမိသည်။ ကျွန်မဖခင်သည် ဘာကို ဘာကိုမျှ မသိတော့။
လှေကား ပေါ်က လိမ့်မကျခင် ဦးခေါင်းက သွေးကြောမျှင်အသေးလေး အရင်ပြတ်ပြီး သတိ လက်လွတ်ကျတာဖြစ်နိုင်တယ်။ လှေကားကလိမ့်ကျပြီး ဆောင့်မိတဲ့ဒဏ်ရာက ပိုပြင်းသွားတာ၊ အရေး ကြီးတဲ့ သွေးလွှတ်ကြောပြတ်သွားတာ၊ ဒဏ်ရာက တော်တော်ပြင်းတယ်”
“ဥပမာပေးရရင် မုန်းတဲ့သူကို သံတုတ်နဲ့ နောက်စေ့ကို ချောင်းရိုက်လိုက်တာမျိုး။ တစ်ထောင် မှာ တစ်ယောက်ဖြစ်ခဲတယ်”
ကျွန်မအနားမှ ဆရာဝန်ကြီးများ၏ ထင်မြင်ဆွေးနွေးချက်များ ကြားတစ်ချက် မကြားတစ်ချက်။
ကျွန်မစိတ်တွေ ဘယ်မှာလဲ။
သွေးလိုအပ်မှု B Type၊ သွေးလှူရှင်များ သွေးလှူချင်သည့်တိုင် ဘီသွေးအမျိုးအစားမဟုတ် သူများ။ ဖေဖေ့မိတ်ဆွေများ။ စာပေလောကသားများ။ စာဖတ်ပရိသတ်များ။
“လူနာရှင်ကိုပြော ဘီသွေးလိုသေးတယ် ရှာထားပါ။ Fresh Blood လိုတယ်” ဟု လာ ပြောသည့်အခါ ကျွန်မကိုယ်တိုင် သွေးရှာရတော့သည်။
Fresh Blood လိုအပ်မှု၊ ဆိုးကျိုးများ၊ ကျွန်မ သဘောတူကြောင်း လက်မှတ်။ ကျွန်မအား ခေါ်၍ ဆရာဝန်ကြီးနှင့် စစ္စတာကြီး၏ ဆွေးနွေးမှုတစ်ခု။ Hopeless
- ကျွန်မ၏လှုပ်ရှားမှုတိုင်းက အိပ်မက်လွင်ပြင်ထဲ ယောင်တိယောင်ကန်းလျှောက်နေသည့်နှယ်။ မည်သို့သော စကားလုံးရှာ၍ ပြောရမှန်းမသိသည့် ခံစားမှုကြီးတစ်ခု။
ထို့နောက် ICU ရှေ့ စက်မှာ ကျွန်မထွက်အလာကို မျှော်လင့်ကြီးစွာ စောင့်နေကြသည့် သွေးရောင်းသူများ။ သွေးအမျိုးအစား အမြန်စစ်။ ကျွန်မက ပိုက်ဆံပေးလိုက်သည့်အခါ သူတို့က ကျွန်မ အား ကျေးဇူးတင်စွာကြည့်နေသည့် မျက်လုံးများ။ အိုး ... ထိုမျက်လုံးတွေကို ကျွန်မ ဘယ်မေ့နိုင် ပါမည်နည်း။ မိမိ၏သွေးကို ဖောက်ထုတ်ပြီး တစ်ခဏချင်းမှာ “ကြက်ပျောက်ငှက်ပျောက်” ပျောက်သွား မည့် ငွေကြေးအတွက် သူတို့က ကျွန်မအား ကျေးဇူးတင်နေကြသည်ဆိုသည်မှာ ယုံနိုင်ဖွယ်မရှိပြီ။
အမှန်ပင်ဖြစ်သည်။ သူတို့က ကျေးဇူးတင်ကြသည်။ သူတို့က ပြောပြကြသည်။ ကျွန်မ နား ထောင်သည်။ ကျွန်မ ဖခင်အတွက် မျက်ရည်။ သူတို့အတွက် မျက်ရည်။ သီးခြားစီမကျဘဲ တစ်သား တည်းကျခဲ့သည့် နေ့တစ်နေ့။ သွေးရူးသွေးတန်း မျက်ရည်နေ့တစ်နေ့။
(၄)
ကာလကတ္တားမြို့၏ ဆင်းရဲသားရပ်ကွက်ကြီးတစ်ခု။ အာနန်နဂရ (သုခမြို့တော်)။ ဟာစရီပါး။ ဟာစရီပါးတွေ အများကြီးရှိနေသည်ကို ဒိဋ္ဌဓမ္မ ကျွန်မ မြင်လိုက်ရသည်။
ဝမ်းဗိုက်လည်း ဆာလှပြီး ခေါင်းကလည်း မူးလှပြီး၊ စိတ်ပျက်အားငယ်မှုကြောင့် သူ့ရင်ထဲတွင် လည်း လေးလံနေပြီ။ ဟာစရီပါးသည် မူးသလိုလို ဖြစ်လာသဖြင့် နံရံတစ်ခုကို မှီ၍ထိုင်လိုက်သည်။
“ပိုက်ဆံကလေး ဘာလေးရတဲ့ အလုပ်လုပ်မလား” မေးသံ။ သွေးပွဲစားနောက်က သူလိုက် သွားသည်။ “တစ်နေရာရောက်ရင် မင်းသွေးကို ဖောက်ယူလိမ့်မယ်၊ မင်းကို ငွေသုံးဆယ်ပေးမယ်။ ငါ့ကို ဆယ်ငါးကျပ်ပေး”
“ကျွန်တော့်လို ဆင်းရဲသားရဲ့သွေးကို ဘယ်သူက ငွေသုံးဆယ်ပေးမှာလဲဗျ”
“သွေးက သွေးပဲပေါ့၊ ပညာရှိဆီက လာလာ၊ သူတောင်းစားဆီက လာလာ၊ ဗိုက်ကြီးရွဲနေတဲ့ မာရဝါရီကုန်သည်ကြီးဆီကပဲဖြစ်ဖြစ်၊ မင်းလို လမ်းဘေးက ဆင်းရဲသားဆီကပဲဖြစ်ဖြစ်၊ သွေးဟာ သွေးပဲပေါ့”
ကြံရာမရဖြစ်နေသူ တစ်ယောက်အဖို့ သူ့အသက်ရှင်ရေးအတွက် ဒီနည်းမှလွဲ၍ အခြားနည်း မရှိတော့ပြီ။ ။
“သွေးရောင်းမလို့လား” နောက်ထပ်ကြားပွဲစားတစ်ယောက်။
အထက်ပါ စာသားတချို့မှာ ကျွန်မဖခင် ဘာသာပြန်သွားသည့် ပြင်သစ်စာရေးဆရာ ဒိုးမီးနိလာပီယဲ၏ သုခမြို့တော်မှ စာသားအချို့ဖြစ်သည်။
ထိုနေ့က ကျွန်မဖခင်အား သွေး ၁၁ ပုလင်းသွင်းရသည်။ “ကျွန်တော့်သွေးက B၊ ခုနက စစ်ပြီးသား အစ်မ”
“ဟင့်အင်း ... ရှင်က စောစောကလေးတင် ရောင်းပြီးသား၊ ရှင် ထပ်မရောင်းနဲ့ ကျွန်မ တခြားလူရှာမယ်”
ကျွန်မအနားလာပြောသူကို တစ်ချက် စူးစိုက်ကြည့်ပြီး ပြောလိုက်သည်။
“ကျွန်တော်ကြက်ဥပြုတ်လည်း စားပြီးသွားပြီး၊ ငှက်ပျောသီးလည်း စားထားတယ်၊ ရတယ်။ နောက်ထပ် တစ်ပုလင်းရသေးတယ်”
“ဟင့်အင်း တခြားလူရှာမယ်” ကျွန်မ သူ့နားမှ ခြေလှမ်းပြင်ကာ ထွက်ခွာမည်အပြု•••၊
“စိတ်ချအစ်မ၊ တစ်ပုလင်း ရနိုင်သေးတယ်၊ ဟိုလူတွေဆီ အစ်မသွားလည်း အပိုပဲ။ ခုနတုန်း က ကျွန်တော်နဲ့အတူတူ သွေးအမျိုးအစားစစ်ပြီးသား၊ သူတို့က B အုပ်စု မဟုတ်ဘူး” ဟု ပြောလိုက် သည်။
ထိုအခါ သူ့ကို ကျွန်မ ပြန်ကြည့်မိပြန်သည်။ လူပုံက ပိန်ချုံးလျက်၊ အသွေးအသားတွေက ခန်းခြောက်နေသည်။ ကျွန်မ ပင့်သက်ရှည်ကြီး တစ်ချက် ချလိုက်မိသည်။ သူတစ်ကိုယ်လုံးက သွေး တွေ ခန်းခြောက်သွားအောင် ထုတ်ရောင်းတော့မည်လားမသိ။ ကျွန်မ မမေးရက်တော့ပါ။
ကျွန်မ ဘာဆက်လုပ်ရမည်နည်း။ ဖေဖေ့မျက်နှာ။ သုခမြို့တော်မှ မျက်နှာများ။ “Fresh Blood ရပြီလားလို့ မေးနေတယ်၊ တစ်ပုလင်း အမြန်ရှာထားပါတဲ့”
ကျွန်မ ဝေခွဲရခက်နေစဉ် ညီမတစ်ဝမ်းကွဲ အပြင်ထွက်လာပြီး ကျွန်မကို အလောသုံးဆယ် လှမ်းပြောသည်။ ထိုလူနှင့် ကျွန်မဖျတ်ခနဲအကြည့်ချင်းသွားဆုံသည်။ မျက်လုံးတစ်စုံစီ၏ အဓိပ္ပာယ်များက မူ အကွာကြီးကွာခြားနေပေလိမ့်မည်။ သို့ရာတွင် ဆုံမှတ်တစ်ခုကမူ Fresh Blood ဘီသွေး အမျိုး အစား။
“ရှင် ... ခုနက တစ်ပုလင်းထုတ်ပြီးပြီလေ၊ မရဘူး သွား • သွား”
စစ္စတာတစ်ယောက်က သူ့ကိုမြင်လိုက်သည်နှင့် လှမ်းအော်ကာ ဟန့်တားတော့သည်။ နောက် တစ်ဦးရှာဟု ကျွန်မကို လက်ယမ်း၍ အပြင်သို့ သွားခိုင်းနေသည်။ သို့ရာတွင် ... နောက်ဆုံးမှာမူ
“အောက်ထပ်ဆေးဆိုင်က ဂလူးကို့ပါ ဝယ်ပေးလိုက်” ဟု စစ္စတာက ကျွန်မအားပြောရင်း တဆက်တည်း ခုတင်ပေါ်မှ သူ့ကိုပါ “ဒါပြီးရင် အိမ်ပြန်တော့၊ နောက်တစ်ခေါက်ဆို မရဘူး ” ဟု မာန်လိုက်သည်။ သွေးပုလင်းထဲတွင်မူ တဖြည်းဖြည်းမြင့်တက်လာသော သွေးရည်များ။
“ကျွန်တော့်မိသားစု ကျွန်တော့်အပြန်ကို စောင့်နေကြပြီ” “ရှင်က ဘယ်ပြန်မှာလဲ”
“ဒလကို ။
" ဟင်..ဒီလောက် မိုးချုပ်ကြီး”
သမ္ဗာန်ရှိပါသေးတယ်၊ ကျွန်တော်သွားမယ်”
“ရှင့်ကိုယ် ရှင်လည်း အားရှိအောင်စားလိုက်ဦး”
ကျွန်မ ထို့ထက်မမှာတတ်တော့ပါ။ ဆေးရုံဝန်းကျင်အမှောင်ထုထဲမှ ပိုးကောင်တို့၏ တစီစီ မြည်သံ၊ ပုရစ်တို့၏ စူးစူးရှရှ အဆက်မပြတ် အော်သံတို့က ကျွန်မနားထဲ မကောင်းဆိုးဝါး အော်သံနယ် ထင်နေမိသည်။
ဆေးရုံအောက်ထပ်ဆီမှ တ ဂျောင်းဂျောင်း တဂျိမ်းဂျိမ်းနှင့် တွန်းသွားသော သံလှည်းဘီးသံက ကျွန်မအဖို့ ကျောစိမ့်နေသည်။ ။
ဒယီးဒယိုင်ဖြင့် ကျွန်မနားမှ ထွက်သွားသော ထိုသူကို အမှောင်ထုထဲ တိုးဝင်ကွယ်ပျောက် သွားသည်အထိ ကျွန်မ ငေးကြည့်နေမိသည်။ စောစောတုန်းက ကျွန်မထံမှ ငွေကြေးယူပြီး ထွက်သွား သည့် လူနှစ်ယောက်မှာလည်း ထိုသူနှင့် ပိန်မသာ လိန်မသာ။ ဒယိမ်းဒယိုင်ဖြင့် အမှောင်ထဲထဲ ပျောက် သွားသည်။
ကျွန်မမျက်လုံးအိမ်ထဲမှ စီးကျနေသော မျက်ရည်များကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းပွတ်ပစ် လိုက်သည့်တိုင် မျက်ရည်များက စီးနေဆဲဖြစ်သည်။
(၅)
ဟာစရီပါးသည် ခေါင်းတွင် မူးရိပ်ရိပ်ဖြစ်လာကာ ဒယိမ်းဒယိုင်ဖြင့် ပြန်လာခဲ့သည်။ သူတို့ နေသည့် ပလက်ဖောင်းကို တော်တော်နှင့်ရှာမတွေ့။ ဇနီးသည်နှင့် ကလေးတွေက သူ့ကို မျှော်လှပြီ။ ပွဲစားနှစ်ယောက်ကိုပေးပြီး၊ သူ့အိတ်ထဲတွင် ကျန်သည့် ငွေဆယ့်ခုနစ်ကျပ်ခွဲအနက် ငွေငါးကျပ်ကို သူ့ မိသားစုနှင့်အတူ “လူမဆန်သောမြို့ကြီး” ထဲတွင် ပထမဆုံးလုပ်ခအဖြစ်ရသည့်အတွက် အောင်ပွဲခံသည့် အထိမ်းအမှတ်အဖြစ်သုံးရန် ဆုံးဖြတ်သည်။
ဟာစရီပါးသည် ဘာလီတစ်ပေါင်ဝယ်သည်။ ဂျုံစေ့ပြုတ် အချိုရည် ဆမ်းနည်းနည်းဝယ်သည်။ ဆန်လှော်စေ့အထုပ်နှစ်ဆယ်ဝယ်သည်။ ဆန်လှော်စေ့ကို သူ့အိမ်နီးချင်းများကိုလည်း ကျွေးရဦးမည် မဟုတ် လား။ ထို့နောက် သူကိုယ်တိုင်အတွက် ကွမ်းယာမွှေးတစ်ယာဝယ်သည်။ ကွမ်းယာသည် အားကိုဖြစ်စေ သည်မဟုတ်လော။ ခံတွင်းချဉ်သည်ကိုလည်း ပြေပျောက်စေသည် မဟုတ်လော။
အာလောကသည် သူ့ယောက်ျားကို မြင်လိုက်သည့်အခါတွင် လန့်သွား၏။ သူ့ယောက်ျား သည်ည အရက်တွေသောက်လာပြန်ပြီလား မဆိုနိုင် လက်ထဲတွင် ပိုက်လာသည့် အလုပ်တွေကို မြင် သည့်အခါတွင်လည်း သူ့ယောက်ျား အလစ်သုတ်လာပြီဟု ထင်လိုက်မိသည်။ ။
ယောက်ျားထံ အပြေးအလွှားလာ၍ကြိုသော်လည်း ကလေးတွေက သူ့ရှေ့ကရောက်နေကြလေ ပြီ။ ဒရယ်မိလာသည့် ခြင်္သေ့ကြီးရှေ့တွင် ရောက်နေသည့် ခြင်္သေ့ပေါက်ကလေးများလို လုယူနေကြ သည်။
ဟာစရီပါး၏ လက်မောင်းကွေးထဲတွင် ယခုတိုင် မြင်နေရသေးသည့် သွေးစို့နေသည့် အပ်ရာ ကလေးကို မည်သူမျှ သတိမထားမိကြ။
အထက်ပါ စာသားများသည် သုခမြို့တော်မှ စာသားများ ဖြစ်သည်။
ကျွန်မဖခင်၏ နဖူးပြင်ကို ငုံ့နမ်းရင်း ကျွန်မနှလုံးသားက စကားတွေ ၊နှုတ်ဖျားမှ စကားတွေပြောနေမိသည်။ သုခမြို့တော်အကြောင်း၊ ဟာစရီပါးအကြောင်း။ .သုခမြို့တော် ပြန်လည် ဖန်တီးရှင်ကမူ မျက်လုံးအပွင့်များဖြင့်။ နှာခေါင်း၊ ပါးစပ်နှင့် နားမှ ခြောက်သယောင် ဖြစ်နေသည့် သွေးနံ့ကို ကျွန်မရနေသည်။
ပိုက်ထဲမှ Fresh Blood ဘီသွေးများက တစ်စက်ချင်း၊ တစ်စက်ချင်း။ ပုလင်းထဲတွင် ရဲရဲအရည်တွေ တဖြည်းဖြည်းလျော့လာသည်။ မနက်တုန်းကလောက် မများတော့သည့်တိုင်သွေးများကထွက်နေဆဲဖြစ်သည်။ ဖေဖေ့နဖူးပြင်မှ ကျွန်မမျက်နှာ ခွာလိုက်စဉ် မျက်ရည်များက အိပ်ရာခင်းက ကျသွားသည်။ မျက်ရည်များက သွေးနှင့်ပေါင်းစပ်ကာ နီရဲရဲအသွင်ပြောင်းသွားသည်။
သုခမြို့တော်ကို ကျွန်မရောက်သွားသည်။ ဟာစရီပါးကို ကျွန်မတွေ့ဖူးခဲ့ပြီ။ သွေးစို့နေသည် အပ်ရာကလေးပေါင်းများစွာကို သူတို့အိမ်သားများ သတိမှ ထားမိကြရဲ့လား ကျွန်မမသိတော့ပြီ။
ကျွန်မဖခင်အတွက် မျက်ရည်။ သုခမြို့တော်အတွက် မျက်ရည်။ ဟာစရီပါးအတွက် မျက်ရည်။ သွေးမျက်ရည်။
သုခမြို့တော်၏ ပြန်လည်ဖန်တီးရှင်ကမူ ဘာဆိုဘာမျှ မသိနိုင်တော့ပြီ။
(ဆရာမြသန်းတင့် ၁၃ နှစ်ပြည့် အမှတ်တရဆောင်းပါး)
မြူမြူ
aစံပယ်ဖြူ၊ ၂၀၁၁၊ မတ်လ၊ အမှတ် (၈)၊

Thursday, January 27, 2022

ကုန်သည် နိုင်ပန်း

0 comments
"ကုန်သည် နိုင်ပန်း"
နိုင်ပန်းသည် သူတို့အရပ်ထဲတွင် နာမည်ကြီးသူတစ်ဦး ဖြစ်၏။ အဆိုအကတွင် ကောင်းခြင်းကြောင့် မဟုတ်၊ စာပေလင်္ကာတို့ကို ကျွမ်းကျင်၍မဟုတ်။ သူနာမည်ကြီးခြင်းမှာ သူ့ဆိုင်မှ ထမင်းကြော်ကောင်းခြင်းကြောင့် ဖြစ်သည်။ ထမင်းကြော်မကောင်းလျှင်လည်း အကြောင်းမဟုတ်သေးပါ။ ဆိုင်သို့လာနေကျ ဖောက်သည်များကို အကြွေးအကန့်အသတ်မရှိ ပေးလေ့ရှိသည့်အတွက်လည်း နာမည်ကြီးမြဲ ကြီးဦးမည်သာ ဖြစ်ပါသည်။
တစ်ခါတစ်ရံတွင် နိုင်ပန်းသည် ကလေးများသို့ သကြားလုံးကလေးတွေလည်း အလကား ပေးတတ်သေးသည်။ ဤသို့ ကလေးများကို ပေးလျှင် သူ့မိန်းမက မြည်တွန်စမြဲ။ ထိုအခါမျိုးတွင် နိုင်ပန်းက
“သကြားလုံးလေး တစ်မတ်ဖိုး ငါးမူးဖိုး ကလေးတွေကိုပေးရုံနဲ့တော့ တို့တစ်တွေ မွဲမသွားပါဘူးကွာ၊ လမ်းထဲမှာနေတဲ့ ဝန်ထောက်မင်း သန်ခွမ်း ပြောတာကို မင်းမကြားဘူးလား၊ ကော်ဖီလေးဘာလေးသောက်ချင်လို့ သူ့တပည့်ကို အဝယ်ခိုင်းပြီဆိုရင် 'ဟဲ့ကောင်လေး၊ ကော်ဖီဝယ်ရင် နိုင်ပန်းဆိုင်က ဝယ်ခဲ့နော်၊ သူ့ဆိုင်က ကော်ဖီကမှ နို့တို့ ဘာတို့ များတာ၊ သူ့ဆိုင်မှာ နွားမတွေ ဘာတွေများ မွေးထားသလား မပြောတတ်ဘူး' ဆိုတာ မင်းမကြားဖူးဘူးလား”
သူတို့လမ်းထဲတွင် သူတို့ထမင်းဆိုင်သို့လာ၍ ထမင်းစားတတ်သည့် အရက်သမားတစ်ယောက်လည်း ရှိ၏။ သူ အရက်မှုးလာပြီဆိုလျှင် ခွန်ဆန်နှင့် ခွန်ဖန် ဇာတ်ထုပ်ထဲမှ ငိုချင်းများကို ဆိုတတ်သည်။ ထိုအခါမျိုးတွင် နိုင်ပန်းသည် သူဆိုပြသည့် ငိုချင်းများကို နားထောင်၍ ပီတိဖြစ်နေတတ်၏။ အရက်သမားသည် ငိုချင်းတစ်ပုဒ်လောက် ဆိုပြီးလျှင် ရေခဲထည့်ထားသည့် လက်ဖက်ရည်အေးအေးတစ်ခွက်ကို တောင်းသောက်တတ်၏။ ထိုအခါမျိုးတွင် နိုင်ပန်းကလည်း လက်ဖက်ရည်ကိုသာမက မုန့်လက်ကောက်ကလေး တစ်ခုတလေကိုပင် အဆစ်ထည့်၍ ကျွေးလိုက်သေးသည်။
မိုးတွင်းသို့ ရောက်လျှင် နိုင်ပန်းက ကျောင်းတက်လာသည့် ကျောင်းသူလေးများအား “ဟဲ့ ကောင်မလေးတွေ၊ နင်တို့ကို ကြည့်ရတာ ရွံတွေ ဗွက်တွေထဲမှာ တစွတ်စွတ်နဲ့ လာရတာ မကောင်းပါဘူးဟယ်၊ ငါ့ဆိုင်ကိုလာပြီး ခြေဆေးလှည့်ကြ” ဟု ပြောတတ်သည်။ နိုင်ပန်းသည် သူတိုတစ်တွေ ခြေဆေးဖို့ ရေသန့်သန့်တစ်အိုးကို သတ်သတ်လုပ်ပေးထားတတ်၏။
သို့ရာတွင် ညရှစ်နာရီ ဒေါင်ခနဲထိုးသည်နှင့် နိုင်ပန်းတို့ဆိုင် ပိတ်လေပြီ။
“ခင်ဗျားကလဲဗျာ၊ အစောကြီး ဘာဖြစ်လို့ပိတ်ရတာလဲ။ ခုမှ ရောင်းလို့ကောင်းတုန်းပဲ ရှိသေးတယ်၊ ဆိုင်မပိတ်ဘဲ ဆက်ရောင်းရင် မကြာခင် သူဌေးတောင်ဖြစ်မှာ” ဟု မိတ်ဆွေများက ပြောတတ်ကြ၏။ နိုင်ပန်းက “အမယ်လေးဗျာ တော်ပါပြီ၊ မြန်မြန် ချမ်းသာတာထက် မြန်မြန်အိပ်ရတာ ပိုပြီးကောင်းပါတတ်”ဟု ရယ်ရယ်မောမောဖြင့် ပြောတတ်သည်။
သူ့ဆိုင်သို့လာ၍ လက်ဖက်ရည်သောက်သူများထဲတွင် သူ့ထက်ချမ်းသာသူတွေ တစ်ပုံတစ်ပင်။ သို့ရာတွင် သူတို့တစ်တွေမှာ ယခုတိုင် မရောင့်ရဲနိုင်ကြသေး။ ပိုပြီးချမ်းသာအောင် ပို၍ ပိုက်ဆံရှိအောင် ကြိုးပမ်းနေကြဆဲ။ နိုင်ပန်း၏စကားကို သူတို့တစ်တွေ ကြားလျှင် စိတ်ထဲတွင် တစ်မျိုးဖြစ်၍သွားတတ်ကြသည်။
သူတို့လမ်းထဲက အရောင်းအဝယ်သမားများ အလုပ်သိမ်းပြီး မိုးချုပ်မှ အိမ်ပြန်လာကြသည့်အခါ ဆိုင်ကိုပိတ်ပြီး ဆိုင်ရှေ့ပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင် ဇိမ်ဖြင့် လဲလျောင်းကာ သူ့မိန်းမနှင့် အေးအေးလူလူ စကားပြောနေသော နိုင်ပန်းကို တွေ ရတတ်သည်။ ထိုအခါတွင် သူတို့သည် “အင်း နိုင်ပန်းတို့လင်မယားကြည့်ရတာ တယ်ပြီး အေးချမ်းတာပဲ၊ လောဘလဲ မတက်ဘူး၊ သူတို့လင်မယားကိုကြည့်ရတာ တို့ထက်တောင် စည်းစိမ်ရှိသေးတယ်” ဟု အောက်မေ့တတ်ကြသည်။
တစ်ညတွင်မူ သူ့မိန်းမက ရုပ်ရှင်သွားကြည့်သဖြင့် ဆိုင်တွင် နိုင်ပန်းတစ်ယောက်တည်း ကျန်ခဲ့၏။ မိုးချုပ်စပြုသဖြင့် နိုင်ပန်းလည်း ဆိုင်ကိုပိတ်ရန် ပြင်ဆင်နေလေပြီ။ ထိုစဉ် ဆိုင်ထဲသို့ လူရွယ်တစ်ယောက် ပြေးဝင်လာလည်။
“ဘာသောက်မလဲ သူငယ်” ဟု နိုင်ပန်းက မေးသည်။
လူရွယ်လည် သူမေးသည့်မေးခွန်းကိုမဖြေဘဲ အိတ်ထဲမှသေနတ်ကိုထုတ်ကာ သူ့ရင်ဝတည့်တည့်ဆီသို့ ချိန်ထားလိုက်သည်။ သူ့အား အဘယ်ကြောင့် သေနတ်ဖြင့်ထုတ်ချိန်သည်ကို နိုင်ပန်း နားမလည်။ သို့ရာတွင် အခြေအနေ မကောင်းဟူ၍ နိုင်ပန်း သိလိုက်ပြီ။ လူရွယ်က
“ရှိတာ အကုန်ပေး၊ ယီးတီးယားတားတော့မလုပ်နဲ့၊ ဒီခေတ်မှာ လူသတ်တယ်ဆိုတာ လွယ်လွယ်ကလေးရယ်၊ ဘာမှတ်နေသလဲ။ ကိုယ်က သတ်ရင်သတ်၊ မသတ်ရင် သူကသတ်မှာပဲ၊ ဘာမှ မဆန်းဘူး။ ကဲ မြန်မြန်လုပ်ဗျာ၊ အချိန်မရှိဘူး၊ ဘာလဲ ကျည်ဆန်အရသာကလေး မြည်းချင်လို့လား"
နိုင်ပန်းသည် တုန်လှုပ်ခြင်းမရှိ၊ တည်ငြိမ်စွာရပ်ကာ ခပ်အေးအေးပင် ပြန်ပြောသည်။
“ရပါတယ် မောင်ရာ၊ လိုချင်ရင် ရပါတယ်၊ ဒါပေမယ့် မောင်ရင့်သေနတ်ကိုကြောက်လို့တော့ မထင်ပါနဲ့၊ မောင်ရင့်မှာ အရေးတကြီး အသုံးလိုနေတယ်ထင်လို့ ထုတ်ပေးလိုက်တာပါ။ အေးလေ မောင့်ရင့်အတွက် သေရေးရှင်ရေးလောက် အရေးကြီးချင်ရင်လဲ ကြီးနေပေမပေါ့ မဟုတ်ဘူးလား။ အမေ နေထိုင် မကောင်းလို့လား၊ ဒါမှမဟုတ် အမေ လူမမာကြီး အစာအာဟာရ ငတ်ပြတ်နေလို့လား၊ ကဲ ကဲ ယူပြီး မြန်မြန်ပြန်တော့၊ အိမ်မှာ မောင်ရင် ထွက်ပြီး ပိုက်ဆံရှာတာကို တမျှော်မျှော်ဖြစ်တဲ့သူ ဖြစ်လှရော့မယ်။ ရဲကိုလဲ မတိုင်ပါဘူးကွယ်၊ ရော့ ဟောဒီ မှာ ငွေကိုးရာလောက်ရှိလိမ့်မယ်၊ နည်းနည်းပိုချင်လဲ ပိုမလား မသိဘူး၊ ကဲ ယူလေ”
နိုင်ပန်းသည် ငွေများကို စားပွဲပေါ်သို့ ပို့ပေးလိုက်သည်။ ဘိုရာတွင် လူရွယ်သည် ထိုင်ရာမှ မထနိုင်။ ငွေစက္ကူများကို ထိရဲဟန်မတူ။ နိုင်ပန်းက
“ယူလေ၊ ဘာဖြစ်လို့ မယူတာလဲ၊ မင်းကို ငါဘာဖြစ်လို့ လိမ်ညာရမှာလဲ၊ မင်းမှာ သိပ်အခက်အခဲ ​တွေ့နေတယ်ဆို တာ ငါသိပါတယ်။ အေးကွာ ခုခေတ်မှာတော့ မင်းတင်မဟုတ်ပါဘူး၊ အားလုံးကျပ်တည်းကြတာပါပဲ၊ မင်းကို လူဆိုးတစ်ယောက်လို့လဲ ငါမထင်ပါဘူး၊ တတ်နိုင်ရင် ဘယ်သူ ခိုး ဆိုး တိုက်ခိုက်စားချင်မလဲကွာ။ မင့်အဖေဟာ ကိုယ်တစ်ပိုင်းသေတဲ့ ရောဂါနဲ့ အိပ်ရာထဲလဲနေလို့လား၊ သူ့ကို စောင့်ရှောက်ကြည့်ရှုဖိုများလား။ ယူပါကွ၊ ဒါပေမယ့် အကုန်လုံး ဆေးတွေချည်း ဝယ်မပစ်နဲ့နော်၊ ဆရာဝန်ဆိုတာ ကိုယ်ခန္ဓာကိုသာ ကုနိုင်တာပါကွာ၊ ဒါပေမယ့် ခက်တာက လူဆိုတာ ကိုယ်ခန္ဓာကြီးကိုသာ ကုသပေးရုံနဲ့ မပြီးဘူးကွ၊ စိတ်နဲ့ စေတသိက်တွေကိုလဲ ကုသပေးဖို့ လိုတယ်၊ အဲဒီပိုက်ဆံထဲက တချို့ကို ပန်းမွှေးမွှေးကလေးတွေဝယ်ပြီး အမေ့ဖို့ ဘုရားတင်၊ တိုများတော့ ညအိပ်ရာဝင်တိုင်း ဘုရားမှာ ပန်းရေချမ်းကပ်တယ်၊ ညအိပ်ရာဝင်မှာ ဘုရားရှိခိုးတော့ ကိုယ်စိတ်ချမ်းသာတာပေါ့ကွာ၊ တကယ့်ကို စိတ် ချမ်းသာတာ၊ မင်းသေနတ်ကြီးကို မကိုင်ပါနဲ့တော့ကွာ၊ သေနတ်ကို ချလိုက်တာနဲ့တစ်ပြိုင်နက် မင်းစိတ်ချမ်းသာမှုရသွားမှာပဲ၊ သေနတ်ကိုင်ထားတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ စိတ်မချမ်းသာရဘူးကွ၊ အမြဲတမ်း ကြောက်လန့် စိုးရိမ်နေရတတ်တယ်၊ ကိုယ့်လက်ထဲမှာ လက်နက်ရှိနေသမျှ ကာလပတ်လုံး ဘယ်တော့မှ မပျော်နိုင်ဘူး”
လူရွယ်သည် ကလေးတစ်ယောက်သဖွယ် နားထောင်ကာ သေနတ်ကို အိတ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် ထမင်းကြော်နာမည်ကြီးလှသော၊ ကော်ဖီကောင်းသည်ဟု နာမည်ကြီးလှသော၊ ရက်ရောသည်ဟု နာမည်ကြီးလှသော နိုင်ပန်းကို ဦးညွှတ် အရိုအသေပေးလိုက်သည်။
“အင်း ခင်ဗျားကို ပစ်သတ်မယ့်အစား ကျွန်တော့ကိုယ်ကျွန်တော် ပစ်သတ်တာပဲ ကောင်းပါတော့တယ်”
နိုင်ပန်းက ပိုက်ဆံများကို လူရွယ်လက်သို့ လှမ်းပေးလိုက်ရင်း
“အရူးလိုလဲ စကားမပြောနဲ့လေ၊ ရော့ ဟောဒီမှာ ပိုက်ဆံ၊ မင်းပိုက်ဆံဖြစ်သွားပြီ၊ ဘယာကြောင့် ဒေါသကြောင့် ပေးတဲ့ပိုက်ဆံမဟုတ်ဘူးနော်။ အမှန်ကတော့ မင်းလဲမွေးကတည်းက ဆိုးလာတဲ့လူတစ်ယောက် မဟုတ်ပါဘူးကွာ၊ သူလိုကိုယ်လိုလူတစ်ယောက်ပါပဲ၊ မင်းအခြေအနေမျိုးမှာ ရောက်နေရင် ငါလဲ ဒီလိုပဲဖြစ်မှာပဲ”
လူရွယ်သည် ပြန်ထိုင်၏။
“ကျွန်တော် ခင်ဗျားကို တစ်ခါမှ မတွေ့ဖူးဘူးဗျာ၊ ခင်ဗျားလိုလူလဲ တစ်ခါမှ မတွေဖူးသေးဘူး၊ ခင်ဗျားပိုက်ဆံကို မယူတော့ပါဘူးဗျာ၊ ပြီးတော့ ကျွန်တော့်သေနတ်ကြီးကိုလဲ လွှင့်ပစ်ပါတော့မယ်၊ ခင်ဗျားပြောသလို ကျွန်တော် အိမ်မှာ စောင့်နေတဲ့ အမေ့ဆီကို ပြန်ပါတော့မယ်”
လူရွယ်သည် အတန်ကြာမျှ ချောင်းဆိုးလျက်ရှိပြီးနောက်
“ဟုတ်တယ်ဗျာ၊ ကျွန်တော်ဟာ သားဆိုး သားမိုက်တစ်ယောက်ပဲ၊ မိဘပိုက်ဆံတွေကို ဖြုန်းပစ်ခဲ့တယ်၊ မြင်းလောင်းခဲ့တယ်၊ အရက်သောက်တယ်”
“အေးလေ လူတိုင်းမှားကြတာချည်းပေါ့၊ လူ့ဘဝဆိုတာ စမ်းတဝါးဝါး လုပ်ရတာ၊ အမှားတှေ တှတေော့ ဆုံးရှုံးမှုတှေ တှေ့ရတာပဲ မဟုတျဘူးလား”
“ကျွန်တော်က သိပ်လဲ မကျန်းမာဘူးဗျာ၊ ခင်ဗျား ကျွန်တော်ချောင်းဆိုးတာကို ကြားတယ်မဟုတ်လား၊ ကျွန်တော့်မှာ အဆုတ်ရောဂါရှိတယ် ထင်တာပဲ၊ အင်း ရှိမယ်ဆိုရင်လဲ ရှိသင့်ပါတယ်လေ၊ ကျွန်တော်ဟာ ကောင်းကောင်းမွန်မွန်နေခဲ့တာမှ မဟုတ်တာ၊ အမှန်ကတော့ ကျွန်တော် မြန်မြန်သေသွားရင်လဲ ကောင်းတာပါပဲ၊ ကျွန်တော် အသက်ရှင်နေလို့လဲ ဘာထူးဦးမှာမှာလဲ၊ ဆန်ကုန်မြေလေးပဲ ဖြစ်မှာပေါ့၊ ကဲ ပြန်မယ်ဗျာ၊ ကျေးဇူးတင်တယ်”
“နေပါဦးလေ၊ မသွားပါနဲ့ဦး၊ ငါနဲ့ စကားလေး ဘာလေး ပြောကြသေးတာပေါ့၊ မင်းနာမည် ဘယ်သူတဲ့တုံး၊ နေကော ဘယ်မှာနေသလဲ၊ ဘာတွေကို ဝါသနာပါသလဲ”
လူရွယ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ယမ်းလိုက်သည်။
“ကျွန်တော် ဘယ်ကို သွားရမယ်တောင် မသိဘူးဗျာ၊ ကျွန်တော် သွားစရာလဲ မရှိ၊ တွယ်တာစရာလဲ မရှိ၊ ကျွန်တော် ဘာကို ဝါသနာပါလို့ ပါမှန်းလဲ ကျွန်တော် မသိဘူး၊ ​လောကကြီးမှာ စိတ်ဝင်စားစရာဆိုလို့လဲ ဘာမှမရှိတော့ဘူး ထင်ပါရဲ့၊ ကျွန်တော်ဟာ မွေးကတည်းက ဆင်းရဲငတ်ပြတ်လာတဲ့ကောင် ဆိုတော့ လူတွေကို မုန်းတီးတာကိုလဲ ဘာမှ အံ့ဩစရာမရှိပါဘူး၊ တစ်ခါတလေကျတော့ ကျွန်တော် တွေးမိပါတယ်၊ ကျွန်တော် ခုလို ကံဆိုးပြီး မွဲတေငတ်ပြတ်နေတာဟာ တစ်ယောက်ယောက်များ တမင်လုပ်လိုက်လို့လားလို့ အောက်မေ့မိတယ်၊ ကျွန်တော်ဟာ လူတွေထဲမှာ မနေချင်ဘူး၊ ဘယ်သူ့ကိုမှလဲ မယုံဘူး၊ လူတွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောတာကို ကျွန်တော်မုန်းတယ်၊ လူတွေ ပျော်ရွှင်ကြည်နူးနေကြာတွေကို ကျွန်တော် မမြင်ချင်ဘူး၊ လူတွေ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ပြီး တစ်ယောက်ကိုတစ်ယောက် ချီးမွမ်းနေကြတာတွေကို ကျွန်တော် မကြည့်ချင်ဘူး၊ လူတွေ တစ်ယောက်နဲ့တစ်ယောက် ပြုံးရယ်နေကြတာကို ကျွန်တော်မမြင်ချင်ဘူး”
နိုင်ပန်းက ခေါင်းကို ညိတ်လိုက်ရင်း “အင်း တစ်ခါတလေတော့လဲ ဖြစ်တတ်ကြပါတယ်ကွာ”
“ခင်ဗျားကို ပြောရင်တော့ ယုံမှ ယုံပမလား မသိဘူး၊ လောကကြီးမှာ ကျွန်တော် ဘာကိုမှ စိတ်မဝင်စားဘူး၊ အားလုံးကို ကျွန်တော် ငြီးငွေ့နေတယ်၊ ကမ္ဘာလောကကြီးကို ကြည့်ရတာကလဲ ခြောက်ခန်းပြီး ဟာလာဟင်းလင်းဖြစ်နေတယ်။ ဘာမှ အနှစ်သာရ မရှိဘူး၊ ဘာမှ ကြည်ညိုလေးစားစရာ မရှိဘူး၊ အမှန်ကတော့ ကျွန်တော်လဲ အလုပ်တစ်ခုကို ရှာဖွေလုပ်ရင် ရမှာပါဗျာ၊ ဒါပေမယ့် ခက်တာက ကျွန်တော်ဟာ လူတွေကို မြင်ရာကို မုန်းတီးစက်ဆုပ်နေတယ်၊ ကျွန်တော် သူတို့ဆီက ဘာမှလဲ မလိုချင်ဘူး၊ အခွင့်အရေးပေးတာလဲ မလိုချင်ဘူး၊ အလုပ်တစ်ခုဆိုရင်လဲ အများဆုံးလုပ်ရင် တစ်ပတ် နှစ်ပတ်လောက်ပဲ လုပ်ပြီး ထွက်လာခဲ့တာပဲ၊ ဘယ်နေရာမှလဲ ကြာကြာမနေဘူး"
"စာတို့ ဘာတို့ကော မဖတ်ဘူးလား”
“အလျင်တုန်းကတော့ ဖတ်ခဲ့ပါတယ်၊ ခုတော့ မဖတ်တော့ဘူးဗျ၊ ခုတော့ သတင်းစာတောင် မဖတ်တော့ဘူး၊ ဘာဖတ်ဖို့ လိုသေးသလဲဗျာ၊ ဘာတွေ ပါမယ်ဆိုတာ သိပြီးသား ဖြစ်နေပြီပဲ။ သေနတ်ပစ်မှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှု ဒါတွေပဲမဟုတ်လား၊ နေရာနဲ့ လူအမည်သာ ပြောင်းချင် ပြောင်းမယ်၊ အဖြစ်အပျက်ကတော့ အတူတူပဲ မဟုတ်လား”
လူရွယ်သည် မေးကိုပွတ်ရင်း နိုင်ပန်းကို စွေကြည့်နေသည်။
“အင်း ခင်ဗျားကတော့ တော်တော်ကံကောင်းတဲ့လူပဲဗျာ၊ ခင်ဗျားကို သေနတ်ကြီးနဲ့ထောက်ပြီး ခြိမ်းခြောက်တာတောင် ဒေါသလဲမထွက်ဘူး၊ ကြောက်ရွံတဲ့ပုံလဲမပေါ်ဘူး၊ စောစောကတော့ ကျွန်တော် ခင်ဗျားကို သတ်မလို့ပဲ၊ ဒီကမ္ဘာ လောကကြီးက ဒေါသကြီးတဲ့လူတွေ၊ ယဉ်ကျေးမှုကြီးနဲ့ လူကျင့်ဝတ်တရားတွေ ပျက်ကုန်ပါပြီလို့ ကြွေးကြော်နေကြတဲ့ စိတ်ထားခပ်ညံ့ညံ့လူတွေနဲ့ ပြည့်နှက်နေတယ်၊ ကျွန်တော်ကတော့ ဒီလိုမယုံကြည်ဘူးဗျ၊ လူတစ်ရာ လူတစ်ထောင် ဆိုးသွားရုံနဲ့ ကမ္ဘာကြီးတစ်ခုလုံး ရှိသမျှလူတွေ ဆိုးသွားပြီလို့ ကျွန်တော် မယုံတော့ဘူး၊ ခု ခင်ဗျားနဲ့ တွေလိုက်တော့ ကျွန်တော့်စိတ်ထဲမှာ ပိုပြီးသေချာသွားပြီဗျ၊ ကျွန်တော့်ယုံကြည်ချက် မှန်တယ်ဆိုတာကို တွေ့လိုက်ရပြီ၊ ဟို တုန်းက ကျွန်တော် တွေးခဲ့ဖူးတယ်၊ ကမ္ဘာကြီးဟာ မျှော်လင့်ချက်ကုန်ခန်းနေပြီ၊ ကမ္ဘာကြီးဟာ ချောက်ကမ်းပါးကြီးထဲမှာ စုန်းစုန်းမြုပ်နေပြီး လူတွေရဲ့ မကောင်းမှုတွေနဲ့ ညစ်နွမ်းနေပြီ၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လောကကြီးမှာ တကယ့်လူသားတစ်ယောက် တကယ့်လူတစ်ယောက်တော့ ရှိရမယ်လို့ ကျွန်တော် ယူဆခဲ့ဖူးတယ်၊ အဲဒီလူဟာ တစ်ဖက်သားတွေ လေးစားကြည်ညိုအောင် ဘယ်လိုနေရ ထိုင်ရတယ်ဆိုတာကို ကောင်းကောင်းသိတယ်။ ဒီလိုလူမျိုးတစ်ယောက်တော့ ရှိရမယ်လို့ ကျွန်တော့်စိတ်ထဲမှာ ထင်ခဲ့ဖူးတယ်၊ ဒါပေမယ့် ကျွန်တော် မျှော်မှန်းထားတဲ့လူမျိုးကို တစ်ယောက်မှ မတွေ့ဖူးသေးတော့ ရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့မိတယ်၊ လောကကြီးရဲမကောင်းမှုတွေနဲ့အတူ မျောပါမှုမရှိတဲ့လူတစ်ယောက်၊ ကောင်းမြတ်တဲ့ မနသီစိတ်ထားရှိတဲ့ လူတစ်ယောက်ကို တွေချင်မြင်ချင်လိုက်တာလို့ ကျွန်တော် တောင့်တခဲ့မိဖူးတယ်၊ ခုတော့ ကျွန်တော်တွေ့ချင်တဲ့လူမျိုးကို တွေ့လိုက်ရပြီ၊ ဒီတော့ ကျွန်တော် နောက်ထပ် ဘာမှမလိုတော့ပါဘူး၊ ကျွန်တော် အိမ်ကိုပြန်တော့မယ်၊ ကျွန်တော်ဟာ ကမ္ဘာလောကကြီးကို နောက်တစ်ခါ မုန်းမိတော့မှာ မဟုတ်တော့ဘူးလို့ ယုံကြည်သွားပြီ၊ ကျွန်တော်နေချင်တဲ့ ဘဝမျိုးကို ကျွန်တော်တွေ့ခဲ့ရပြီ"
လူရွယ်သည် ပို၍ကြည်လင်လန်းဆန်းလာသည်ဟု ထင်ရ၏။ ပြန်ရန် ထိုင်ရာမှထလိုက်သည်။ ထိုစဉ် တစ်စုံတစ်ခုကို သတိရကာ အိတ်ထဲမှသေနတ်ကို ထုတ်ပြီး ဆိုင်ရှင် နိုင်ပန်းကို လှမ်းပေးလိုက်၏။
“ဒီ သေနတ်ကို ယူထားလိုက်ပါတော့ဗျာ၊ ကျွန်တော်အတွက် မလိုတော့ပါဘူး၊ လက်နက်ဆိုတာ ရိုင်းစိုင်းမှုရဲ့ တံဆိပ်အမှတ်အသားဗျ။ လူဆိုးဓားပြတွေဟာ သေနတ်နဲ့ အသက်ရှင်နေကြရတယ်၊ ဒါပေမယ့် သူတို့လဲ တစ်နေ့ကျတော့ သူတို့ရန်သူက အမှတ်မဲ့ရောက်လာပြီး လက်နက်နဲ့ပဲ သေရတာပဲ၊ သူတို့မှာ ဆည်းဆာအလှအပကိုကြည့်ဖို့ အချိန်မရှိတော့ဘူး၊ သီချင်းဆိုဖို့ အချိန်မရှိတော့ဘူး၊ လူတစ်ယောက်ဟာ သီချင်းဆိုဖို့အချိန်မရှိဘူးဆိုရင် အဲဒီလူမျိုးဖြစ်ရတာထက် ပုရစ်ကလေးတစ်ကောင် ငှက်ကလေးတစ်ကောင် ဖြစ်ရတာကမှ တော်ဦးမယ်”
သေနတ်သမားသည် ပြုံးရယ်ပြီးနောက် လက်ပြနှုတ်ဆက်လိုက်ရင်း
“ကျွန်တော် ခင်ဗျားကို နောက်တစ်ခါ လာတွေ့ဦးမယ်ဗျာ၊ ဒါပေမယ့် သေနတ်ကြီးကိုတော့ မတွေ့ပါရစေနဲ့တော့၊ ကဲ သွားပြီ”
လူရွယ်သည် အမှောင်ထဲတွင်ဝင် ရောက်ပျောက်ကွယ်သွား၏။ ဆိုင်ပိုင်ရှင် နိုင်ပန်းသည် သူ့ပစ္စည်းအသစ်ကို ငုံ့ကြည့်လိုက်၏။ မနက်ဖြန်ကျလျှင် ထိုသေနတ်ကို တစ်ယောက်ယောက်ထံ ရောင်းရဦးမည်။ မိမိဆိုင်တွင် ကော်ဖီစစ်အိုးကောင်းကောင်း လိုနေသည် မဟုတ်လော။
-----------------
ထိုင်းအမျိုးသား စာရေးဆရာ Vilas Maniviyat ၏ Who Needs It ကို ပြန်ဆိုသည်။

Saturday, January 22, 2022

နိုင်ငံကို ကိုယ်စားပြုချင်တာကြောင့် စစ်ရာဇဝတ်ကောင်တွေကို ကိုယ်စားမပြုလိုက်လေနဲ့။

0 comments
နိုင်ငံကို ကိုယ်စားပြုချင်တာကြောင့်
စစ်ရာဇဝတ်ကောင်တွေကို ကိုယ်စားမပြုလိုက်လေနဲ့။
(သတင်းနဲ့ မှတ်ချက်)
ညိုစိန်ဝင်း
အိုင်စီဂျေ တရားခံခုံကို တရားဝင်မှုအနေနဲ့ လုနေကြတဲ့ကိစ္စပါပဲ။
အိုင်စီဂျေကိုသွားပြီး ခုခံလျှောက်လဲချက်ပေးဖို့ စစ်ကောင်စီနဲ့ အင်န်ယူဂျီ အပြိုင်အဆိုင် ဖြစ်နေကြတယ်။ ဂမ်ဘီယာနိုင်ငံက ဗမာနိုင်ငံအပေါ် တရားစွဲတဲ့အမှု အိုင်စီဂျေတရားရုံးမှာ အမှုစစ်ဆေးတဲ့ပွဲပါ။ နယ်သာလန်နိုင်ငံ The Hague မြို့ အိုင်စီဂျေတရားရုံးမှာ အမှုကို စစ်ဆေးကြားနာပါမယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဗမာနိုင်ငံကိုတရားစွဲတာပါ။ ဒုတိယအကြိမ် ကြားနာပွဲဖြစ်ပါတယ်။

အိုင်စီဂျေတရားရုံးမှာ ကိုယ်က လူမျိုးတုံးသတ်ဖြတ်မှု တရားခံအဖြစ် တက်ရောက်ရတာပါ။ ဒါကိုပဲ တရားခံနေရာ အပြိုင်အဆိုင်အလုအယက်လိုချင်နေတာ အံ့သြကုန်နိုင်ဖွယ်လို့ ထင်စရာ ဖြစ်နေပါတယ်။ တကယ်က တရားခံနေရာဆိုပေမယ့် ဗမာနိုင်ငံကို ကိုယ်စားပြုတက်ရောက်ဖြေရှင်းရမှာမို့ အစိုးရကိုယ်စားပြုမှုကို ကိုယ့်ဘက်ကရအောင် လုနေကြတာပါ။ ဒါပေမဲ့ တဖက်မှာ တရားခံနေရာလုတဲ့ အဖြစ်မျိုးရောက်နေတာကို မစဉ်းစားလို့ မရပါ။

အိုင်စီဂျေကို တက်ရောက်ဖို့ စစ်ကောင်စီဘက်က ဦးဆောင်ကော်မတီတရပ်ကို ၂၀၂၁ ဇွန် ၂၄ ကတည်းက ဖွဲ့စည်းထားပြီးသားဖြစ်ပါတယ်၊ စကစ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌ ဖြစ်ပြီး ၊ စကစ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ကို ဒုဥက္ကဋ္ဌများအဖြစ် ခန့်အပ် တာဝန်ပေးထားပါတယ်၊

NUG ဘက်ကတော့ အိုင်စီဂျေတရားရုံးရဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ကြားနာစစ်ဆေးပွဲ ပထမအကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လျှောက်လဲခဲ့တဲ့ ဖြစ်စဉ်ကို ပြန်လည် ကိုးကားပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်ခဲ့ရင် Alternate Agent ကိုယ်စားပြုနိုင်တဲ့ နောက်ထပ်ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အဆိုပြုထားပြီး ဖြစ်တယ်လို့ ဒေါ်ဇင်မာအောင်က ထောက်ပြထားပါတယ်။ ဒါကြောင့် ယခု ဒုတိယအကြိမ်ကြားနာပွဲမှာလည်း ဦးကျော်မိုးထွန်းပဲ အိုင်စီဂျေကို တက်ရောက်နိုင်ဖို့ NUG ဘက်က တင်ပြနေတာပါ။

ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အိုင်စီဂျေကို တက်ရောက်ခွင့်ရသွားလျှင် ဗမာနိုင်ငံကို ကိုယ်စားပြုတဲ့အနေနဲ့ပဲ တက်ရုံသာမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်စီဂျေတက်ရောက်တဲ့လုပ်ငန်းတာဝန်ကို ဆက်ခံသူအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ထမ်းဆောင်ခဲ့တဲ့တာဝန်မျိုး ထမ်းဆောင်ဦးမှာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်၊။

တကယ်က ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှာ ပြစ်မှုကျူးလွန်ခဲ့သူဟာ ဗမာပြည်သူတွေ မဟုတ်သလို ဗမာနိုင်ငံလည်း မဟုတ်ပါဘူး၊ စစ်အုပ်စုကသာ ဒီပြစ်မှုရဲ့ အဓိကတရားခံပါ။ တရားခံအနေနဲ့တက်ရမှာဆိုရင် စစ်အုပ်စုသာ တရားခံအဖြစ် တက်ရမယ့်ပွဲပါ။ ဒါပေမဲ့ ပထမအကြိမ်တုန်းက အိုင်စီဂျေကို တရားခံအစစ်ဖြစ်တဲ့ စစ်ဗိုလ်ချုပ်တွေကမတက်ပဲ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး တက်ပါတယ်။ တက်ရုံသာမက တရားခံအစစ် စစ်အုပ်စု စစ်ဗိုလ်ချုပ်တွေကိုယ်စား ခုခံကာကွယ်တာ၊ လျှောက်လဲချက်ပေးတာ လုပ်ခဲ့ပါတယ်။ အနည်းဆုံး လူမျိုးတုံးသတ်ဖြတ်မှုတော့မဟုတ်ပါဘူးလို့ အပြစ်လျော့ပါးအောင် အကာအကွယ်ပေးခဲ့ပါတယ်။ ဓားထိုးခံ အငှားဗိုက်နေရာက ဒေါ်အောင်ဆန်းစုကြည် ပါဝင်ကပြခဲ့ပါတယ်။ ဓားခုတ်ရာ လက်ဝင်လျှိုခဲ့လို့ နိုင်ငံတကာ့ မျက်နှာစာမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်ပျက်၊ သိက္ခာကျခဲ့ရတာ အထင်အရှားပါ။

ခုတကြိမ်က နူရင်ဘတ်ခုံရုံး တရားခံထိုင်ခုံကို အပြိုင်လုနေသလို ဖြစ်နေပါတယ်။ (အစိုးရတရပ်ရဲ့) တရားဝင်မှုကို လူထုထောက်ခံမှုနဲ့ ရယူထားပြီး၊ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တိုက်ပွဲနဲ့ တုံ့ပြန်တော်လှန်နေတဲ့အနေအထားမှာ - ကိုယ်က တရားခံနေရာမှာ ထိုင်ဖို့မဟုတ်ဘူး။ တရားလိုတောင်လုပ်ရမှာပါ။ သက်သေအနေနဲ့ ထွက်ဖို့လိုရင်လဲ ထွက်ရမှာပါ။ တရားခံအနေနဲ့ တက်မယ်ဆိုရင်တော့ ငွေကုန်သံပြာ သိက္ခာကျမယ့်ကိန်းပါ။

ဦးကျော်မိုးထွန်းကရော ဒေါ်အောင်ဆန်းစုကြည်လိုပဲ တရားခံစစ်ဗိုလ်ချုပ်တွေကိုယ်စား ခေါင်းထိုးခံပြီး လျှောက်လဲချက်ပေးမှာလား၊ ဒါမှမဟုတ် ရိုဟင်ဂျာတွေ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် စစ်အုပ်စုရဲ့ပြစ်မှုတွေကိုဖွင့်ချပြီး ဗမာပြည်သူတွေဘက်က ရပ်ခံမှာလား၊ ဒါသာမက တဆက်တည်း ယခု အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ လူမျိုးပေါင်းစုံ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ ရွာတွေ မြို့တွေ မီးရှို့တာတွေ၊ ပြည်သူ့ပစ္စည်း လုယက်ဖျက်ဆီးတာတွေ၊ မုဒိမ်းမှု ကျူးလွန်တာတွေ ထပ်မံကျူးလွန်နေကြောင်း ဖွင့်ချစွဲချက်တင်မလား။ ဒီအချက်ဟာ အရေးကြီးပါတယ်။

တည်ရှိဆဲ သို့မဟုတ် တည်ဆောက်မယ့်နိုင်ငံတော်အာဏာဟာ စစ်အုပ်စု၊ အရပ်ဘက်ရေပေါ်ဆီ "အုပ်စု" လက်ထဲမှာလား၊ ပြည်သူလူထု လက်ထဲမှာလားဆိုတဲ့ အခြေခံပြဿနာဟာ ကိစ္စတိုင်းမှာ အရိပ်သဖွယ်တွဲဆက်နေပါလိမ့်မယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ ဖောက်ပြန်တဲ့ နိုင်ငံရေး စီးပွားရေးပေါ်လစီ နဲ့ စစ်ရာဇဝတ်မှုလုပ်ဆောင်ချက်များအပေါ် ဘယ်လို သဘောထားသလဲဆိုတဲ့ အမြင်နဲ့ ခန့်မှန်းချက် သုံးသပ်ချက်တွေဟာ အရေးကြီးပါတယ်။

NUG ကိုယ်စားလှယ်တက်ရောက်ခွင့်ရပြီး သူဟာ စစ်ရာဇဝတ်ကောင်တွေကိုယ်စား လျှောက်လဲချက်ပေးမယ်ဆိုရင်တော့ သူကိုယ်တိုင်သာမက NUG ပါ နိုင်ငံတကာ့ တံတွေးချောင်းထဲ ပက်လက်မျောသွားမှာ သေချာပါတယ်။

စစ်ရာဇဝတ်ကောင်အစစ်ဖြစ်တဲ့ စကစဘက်ကတော့ သူတို့ကိုယ်သူတို့ တရားခံအဖြစ် တက်ရတာ ရှက်ကြောက်မနေဘဲ ကိုယ်ကိုယ်ကိုယ် နိုင်ငံတော်အဖြစ်ခံယူပြီး လက်မတထောင်ထောင် လုပ်ပြနေကြဦးမှာပါ။ ဟွန်ဆန် ဗမာပြည်လာတာ သူတို့ကို အသိအမှတ်ပြုလိုက်စေသလို ဖြစ်စေပြီး အိုင်စီဂျေမှာ နိုင်ငံကိုယ်စားပြုတက်ရတယ်ဆိုရင် ဒုတိယအကြိမ် အောင်မြင်မှုလို့ တွက်နေဦးမှာပါ။

NUG ကတော့ လက်နက်ကိုင်တော်လှန်ရေးကို ကြေညာထားပြီး ပြည်သူကို ကိုယ်စားပြုတယ်လို့ ခံယူထားသင့်တဲ့အနေအထားမှာ ရှိနေတာပါ။ NUG အနေနဲ့ ဗမာပြည်သူတွေကို ကိုယ်စားပြုနိုင်သလား၊ တော်လှန်ရေးကို ကိုယ်စားပြုနိုင်သလားဆိုတာ အိုင်စီဂျေမှာ (ဦးကျော်မိုးထွန်းသာ တက်ခွင့်ရခဲ့ရင်) သူတို့ဘယ်လိုလျှောက်လဲမလဲဆိုတဲ့အချက်အပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒီပွဲမှာ တက်ခွင့်ရတာ မရတာထက် အိုင်စီဂျေမှာ စစ်ရာဇဝတ်ကောင်တွေဘက်က ရပ်ခံလျှောက်လဲချက် ပေးမလား မပေးဘူးလားဆိုတာကို ကြိုတင်ဆုံးဖြတ်ချက်ချနိုင်ဖို့ နဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ အရေးကြီးပါတယ်။ ရောက်ရှိနေတဲ့"နေရာ" နဲ့ အတူ "နေရာ" ရဲ့ ကိုယ်စားပြုမှုကိုပါ မြင်ဖို့ အရေးကြီးကြောင်း အဓိက ပြောလိုတာပါ။

ဒီပွဲမှာ တက်ခွင့်ရတာ မရတာ ကို NUG က အလေးထားမထား ဆိုတာ မသေချာပါ။ အိုင်စီဂျေမှာ တက်ခွင့်ရခဲ့သော် စစ်ရာဇဝတ်ကောင်တွေဘက်က ရပ်ခံလျှောက်လဲချက် ပေးမလား မပေးဘူးလားဆိုတဲ့ ကိစ္စ ကြိုတင်ပြင်ဆင်ထားချက် ရှိမရှိလည်း မသေချာသေးပါ။
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအတွက် အိုင်စီဂျေမှာ ကြားနာပွဲစမယ့်ရက်က ဖေဖော်ဝါရီ ၂၁ ပါ။
(အရေးတော်ပုံဂျာနယ်မှ ကူးယူဖော်ပြတယ်)

Friday, January 21, 2022

အတွေးအခေါ်နဲ့ လက်တွေ့တို့ရဲ့ ဆက်စပ်မှု

0 comments
“အတွေးအခေါ်နဲ့ လက်တွေ့တို့ရဲ့ ဆက်စပ်မှု”
(ဗဩ- ၀၉/၁၀/၂၀၀၆)
ပြဿနာတခုဟာ အတွေးအခေါ်ပြဿနာလား၊ လုပ်နည်းကိုင်နည်းပြဿနာလား အရင်ခွဲခြမ်းစိပ်ဖြာရမယ်၊ စိပ်ဖြာတတ်ရမယ်။ မတူရင်မတူသလို ဖြေရှင်းရမယ်။ အတွေးအခေါ် တူနေရင် စည်းလုံးညီညွတ်နိုင်ရမယ်။အပြန်အလှန်အားပေးရမယ်။ အကူအညီပေးရမယ်။
ပြီးခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ပြည်သူလူထုဘက်ကကြည့်တော့ ‘ဒီမိုကရေစီ’၊ ‘လူထုအုံကြွမှု’လို့ တွေ့ရတယ်။ စစ်အုပ်စု၊ စစ်အစိုးရဘက်ကကြည့်တော့ ‘လူတစုရဲ့ မင်းမဲ့သောင်းကျန်းမှု’လို့ တွေ့ရတယ်။ ဒါဟာ တွေးခေါ်မှုမတူလို့ အမြင်မတူကြတာဖြစ်တယ်။
ဗမာပြည်နိုင်ငံရေးမှာ ဒီအတွေးအခေါ်နှစ်မျိုးတိုက်ပွဲ ဖြစ်နေတာကြာပြီ။ ဒီအတွေးအခေါ်နှစ်ခုအပေါ်မှာပဲ နှစ်ဘက်စလုံးက လက်တွေ့ လှုပ်ရှားမှုတွေအဖြစ် ပုံသဏ္ဍာန်အမျိုးမျိုး ဖော်ထုတ်လုပ်ကိုင်နေကြတယ်။ ဒီလိုလုပ်နေကြတာဟာ လာမယ့် သြဂုတ်လဆိုရင် ၁၈ နှစ် ပြည့်တော့မယ်။ တွေးခေါ်မှုဆိုတာက ရပ်တည်မှုကလာတာ။ အလွယ်ဆုံးပြောရရင် ဘယ်ဘက်က ရပ်တည်တယ်ဆိုတာ မတူတာနဲ့ တွေးခေါ်မှု ကွဲတော့တာပဲ။ ကြား ရပ်တည်ပါတယ်ဆိုတဲ့လူဆို သူ့မှာလည်း ကြားတွေးခေါ်မှုပဲ ရှိနေတယ်။

ဒီလိုအခါမှာ သမိုင်းရဲ့ဒီအပိုင်းကို ပြန်လည်သုံးသပ်ပြီး နိဂုံးချုပ်တာလုပ်သင့်ပြီ ထင်တယ်။ ဒီလို သုံးသပ်နိဂုံးချုပ်တယ်ဆိုရင် အတွေးအခေါ်ဇစ်မြစ်ကစပြီး တူးဖော်သုံးသပ်ပြဖို့လိုတယ်။ ဒါမှသာ ဒီမိုကရေစီအရေးတော်ပုံရဲ့ခရီးအဆင့်ဆင့်မှာ ဘာလုပ်ရမယ်ဆိုတာ ပုံပေါ်နိုင်မယ်။ အသေအချာ ပြောရမှာတခုက အတွေးအခေါ်ပြတ်မှ လက်တွေ့ပြတ်တယ်။ တနည်း အတွေးအခေါ်မပြတ်ရင် လက်တွေ့ လုပ်ရာမှာလည်း မပြတ်ဘူး။ ဒါပေမယ့် လက်တွေ့နဲ့အတွေးအခေါ်ကို အဘက်ဘက်မှာ တထပ်တည်းပြုပြီး သဘောထားအရေးယူ ဆောင်ရွက်လို့မဖြစ်ဘူး။ ဒီနှစ်ခုမှာ ထပ်တူကျတာလည်းရှိတယ်၊ မကျတာလည်းရှိတယ်။
ဘယ်သူပဲဖြစ်ဖြစ်၊ လက်တွေ့အလုပ်တိုင်းမှာ အတွေးအခေါ်ပါတယ်။ ဒီအချက်ကို ထည့်မတွက်ပဲ သုံးသပ်နိဂုံးချုပ်ရာမှာ လက်တွေ့လုပ်ငန်းကိုချည့် ကွက်ပြီး သုံးသပ်နိဂုံးချုပ်တယ်ဆိုရင် အကွဲအပြဲတွေနဲ့ နိဂုံးချုပ်တတ်တယ်။ ဆရာကြီးဆလိုင်းထွန်းသန်းပြောတဲ့ “ဗမာနှစ်ယောက်ရှိရင် နှစ်ဖွဲ့ကွဲတယ်”ဆိုတဲ့စကားကို အလေးအနက် စဉ်းစားသင့်တယ်။ ဒီလိုပြောနေတာ သူတဦးတည်း မဟုတ်ပါဘူး။ တခြားလည်း (ပြည်တွင်းက ထွက်လာခဲ့တဲ့)ပုဂ္ဂိုလ်တွေ အလားတူပဲပြောနေကြတယ်။

ဒီလိုဖြစ်တာရဲ့အကြောင်းရင်းကတော့ ပြဿနာဖြစ်သူတွေဟာ လက်တွေ့ အလုပ်ထဲမှာပဲ အဖြေရှာနေကြပြီး အတွေးအခေါ်ဇစ်မြစ်ကို မတူးဆွကြလို့ဖြစ်တယ်။
တချို့လူတွေက လက်တွေ့ထဲကအမှားကို အတွေးအခေါ်ပိုင်းအမှားနဲ့ ထပ်တူြုပကြတာလည်း တွေ့ရတယ်။ ဒါ မမှန်ဘူး။ အထက်မှာ ပြောခဲ့သလိုပဲ လက်တွေ့ဟာ အတွေးအခေါ်က လာတယ်ဆိုပေမယ့် လက်တွေ့အမှားတိုင်း အတွေးအခေါ်အမှားက လာတယ်လို့ အလွယ်တကူပြောရင်လွဲမယ်။ ဗမာပြော ပြောရရင် စေတနာပါတဲ့အမှားနဲ့ တမင်လုပ်တဲ့အမှားတို့ဟာ မတူဘူး။

လက်တွေ့(လုပ်ငန်း)မှာ ရွေးချယ်စရာတွေ တခုထက်မက ရှိတတ်တယ်။ ရှိတာ သဘာဝကျတယ်။ ရှိလည်းရှိရမယ်။ ဒါပေမယ့် အတွေးအခေါ်မှာတော့ ဒီနေ့ဗမာပြည်မှာ ရွေးချယ်စရာဟာ နှစ်ခုပဲရှိတယ်။ တတိယတခု မရှိဘူး။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် လက်တွေ့လုပ်ငန်းကို ခေါင်းဆောင်ကြတာဟာ သက်ဆိုင်ရာဗဟိုတွေပဲ။ လက်တွေ့ကိုတော့ အားလုံးဝိုင်းလုပ်ကြတာ။ လက်တွေ့မှာ ရွေးလမ်းတွေက များလေတော့ ငါသာဆိုရင် ဒီလိုလုပ်မှာမဟုတ်ဘူး၊ ဗဟိုကလုပ်တာမှားနေတယ်ဆိုတဲ့အတွေးမျိုးတွေ မကြာမကြာ ပေါ်တတ်တယ်။ ဒီကဆက်ပြီး ငါလုပ်ချင်ကသာ မှန်တယ်။ သူ့ကို(သူတို့ကို) ခေါင်းဆောင်တင်နေလို့ မအောင်မြင်နိုင်ဘူး၊ ဒါကြောင့် တစင်ခွဲထောင်မယ်ဆိုတာအထိ ဖြစ်လာလေ့ရှိတယ်။ ဒီလိုနဲ့ ဗဟိုတွေများ များလာနေတယ်။ ဆရာကြီး ဆလိုင်းထွန်းသန်းလိုလူ အနေနဲ့ ပြောလည်းပြောချင်စရာပဲ။

စစ်အုပ်စု ထိပ်သီးပိုင်းကိုပဲကြည့်။ သူတို့အကြားမှာ တခြားကွဲလွဲတာတွေရှိပေမယ့် အတွေးအခေါ်မှာ မကွဲဘူး။ တသားတည်းပဲ။ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်စိုးဝင်း၊ ဗိုလ်သိန်းစိန်၊ သူတို့အားလုံး ဗမာနိုင်ငံရဲ့ နိုင်ငံတော်အာဏာကို စစ်အုပ်စုကသာ အပြီးအပိုင်ထိန်းသိမ်းထားရေး၊ “ရှစ်လေးလုံး အရေးတော်ပုံဟာ လူတစုရဲ့မင်းမဲ့သောင်းကျန်းမှုဖြစ်တယ်”ဆိုတဲ့ အခြေခံ အတွေးအခေါ်မှာ သူတို့တွင်း လုံးဝမကွဲဘူး။ ဒီပေါ်မှာပဲ တသမတ်တည်း မြဲမြဲမြံမြံ ရပ်တည်ကြတယ်။ သူတို့ထဲမှာ ဖြုတ်ခဲ့၊ ထုတ်ခဲ့၊ ထောင်သွင်းခဲ့တာတွေ များလှပြီ။ ဒါပေမယ့် ဒါတွေဟာ အတွေးအခေါ်မတူလို့ မဟုတ်ဘူး။ တဦးချင်း အကျိုးစီးပွား မတူကြရာက ပေါ်လာတာ။ အခုဖမ်းထားတဲ့ အဲဒီစစ်ဗိုလ်တွေကို ပြန်လွှတ်ကြည့်၊ အများစုဟာ ပြည်သူလူထုဘက်ပြောင်းရပ်မှာ မဟုတ်ဘူး။ အလွယ်ဆုံး ဥပမာအဖြစ် ဗိုလ်အောင်ကြီးကို ကြည့်။

အစောပိုင်းက စစ်အုပ်စုရဲ့ အဓိကဦးတည်ရန်သူဟာ ဗကပ။ ဒါကြောင့် ဗိုလ်စောမောင်-ဗိုလ်ခင်ညွန့်တို့က “တောင်းပွဲ တိုက်ပွဲလမ်းစဉ်ကို မလုပ်ပါနဲ့”လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်။ ဒါဟာ ဗကပကို ဦးတည်ပြောတာပဲ။ အဲဒါနဲ့ တဆက်တည်း မြေပေါ်ပါတီတွေအပေါ် တင်းကြပ်တဲ့ စည်းကမ်းတွေချမှတ်ပြီး အရေအတွက် လျော့သွားနိုင်အောင် လုပ်ခဲ့တယ်။ ရုပ်ပြ ပြလို့ရနိုင်ရုံ အရေအတွက်လေးသာ ချန်ထားခဲ့တယ်။ ဒီလိုအချိန်မှာ အတိုက်အခံပါဆိုတဲ့ ဗိုလ်အောင်ကြီးကလည်း ဒီချုပ်ထဲမှာရောက်နေတဲ့ “ကွန်မြူနစ်တွေကို ထုတ်ပစ်ရမယ်”လို့ ပြောလာခဲ့တယ်။ ဒါဟာ ဗိုလ်ခင်ညွန့်တို့ရဲ့ အတွေးအခေါ်နဲ့ တထပ်တည်းပဲ။ သူတို့ချင်း အတွေးအခေါ်ဆိုင်ရာမှာညှိပြီး လုပ်သလားလို့တောင် စဉ်းစားစရာရှိတယ်။
ဗိုလ်အောင်ကြီးကို စစ်အုပ်စုထဲက ကန်ထုတ်လိုက်ပေမယ့် ဗိုလ်အောင်ကြီးမှာ အဲဒီရပ်တည်ချက် မပျောက်လို့ အဲဒီအတွေးအခေါ် ကျန်နေတာပဲ။ ဗိုလ်အောင်ကြီးက အဲဒီလို လှုပ်ရှားလိုက်ပြီးနောက် ဗိုလ်ခင်ညွန့်တို့ကလည်း ဒီချုပ်ထဲက မထွက်ဘဲ တင်းခံနေတဲ့ ဗိုလ်အောင်ကြီးပြောတဲ့ ကွန်မြူနစ်တွေကို ဖမ်းပြီး ထောင်ထဲထည့်လိုက်တယ်။
အဲဒီနောက် ဒီချုပ်ထဲမှာ ဗိုလ်အောင်ကြီးက ကွန်မြူနစ်လို့သမုတ်တဲ့လူတွေ ရှိသေးသလား။ မရှိတော့ဘူး။ ဒီချုပ်ရော အဲဒါကြောင့် အားကောင်း လာသလား၊ အားနည်းသွားသလား။ အားလုံးသိတဲ့အတိုင်း ဒီချုပ်ရဲ့ခေါင်းဆောင်မှုအပိုင်းမှာ အတော်ထိခိုက်သွားတယ်။ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်ခင်ညွန့်တို့ အဲဒီပွဲမှာ အနိုင်ရသွားတယ်လို့ ဆိုနိုင်တယ်။

နအဖခေတ်မှာ သူတို့ လေတမျိုးပြောင်းလာတာကို သတိပြုမိမယ်ထင်တယ်။ “အာဏာကို ဖြတ်လမ်းက ရချင်တာဟာ” အရင်က ပြောသလို “ဗကပ မဟုတ်တော့ပါဘူး”တဲ့။ “အဲန်အယ်လ်ဒီဖြစ်တယ်”တဲ့။ အခုအခါ သူတို့အဖို့ အဓိက ဦးတည်ရန်သူဟာ ဗကပ မဟုတ်တော့ဘူး။ ဒီချုပ် ဖြစ်သွားပြီ။ ဒါ တိတိကျကျပဲ။ ဒီချုပ်ပြိုသွားမှ သူတို့ စိတ်ချလက်ချအိပ်နိုင်မှာ။ ဒီအတွက် သူတို့အားလုံး စိတ်တူသဘောတူ အသေအလဲ လုံးပမ်းနေကြတယ်။
ဒါဟာ အတွေးအခေါ်မှာ တူညီနေလို့ပဲ။
ဒီမှာ ပြောနိုင်တာက စစ်အုပ်စုမှာ အဓိကရန်သူ ပြောင်းတယ်ဆိုတာဟာ အတွေးအခေါ်ပြောင်းတာကို ပြတာမဟုတ်ဘူး။ သူတို့ရဲ့ စစ်အာဏာရှင် အတွေးအခေါ်ကနေ ပြဋ္ဌာန်းလို့ ပစ်မှတ်ပြောင်းတာပဲ။

နောက်တချက်က ဗိုလ်အောင်ကြီးလိုလူဟာ အဖွဲ့အစည်းပြောင်းပြီး လှုပ်ရှားပေမယ့်လည်း အတွေးခေါ်မပြောင်းဘူး။ ဒါတွေက အတွေးအခေါ်ရဲ့ အခြေခံကျမှုကို ဖော်ပြတယ်။
ရှစ်လေးလုံးမှာ အလျှော့ပေးလိုက်ရတဲ့ အတိုက်အခံတွေဟာ ရွေးကောက်ပွဲကျမှ သိစေမယ်ဆိုပြီး ချုံထဲမှာ ချို (ဂျို) သွေးခဲ့ကြတယ်။ ရွေးကောက်ပွဲလုပ်တော့ တကယ်လည်းနိုင်တယ်။ နိုင်တာမှအပြတ်အသတ်က ိုနိုင်တယ်။ ဒါပေမယ့် ဘာမှဖြစ်မလာသေးဘူး။ ဒီရွေးကောက်ပွဲနောက်ပိုင်း ၁၆ နှစ် ခရီးကို ပြန်သုံးသပ်နိဂုံးချုပ်ရင်လည်း အတွေးအခေါ်မပြတ်တာကိုပဲ ထပ်တွေ့ရတယ်။

တကယ်တော့ အတိုက်အခံတွေဘက်ကသာ မပြတ်တာ၊ သူတို့ဘက်က ပြတ်တယ်။ သိပ်ပြတ်တယ်။ သူတို့ကလည်း သေမြေကြီး ရှင်ရွှေထီးပဲ။ အတိုက်အခံတွေထဲမှာ အတွေးအခေါ်ရှူပ်ထွေးမှုတွေ ပေါ်တယ်။ နဝတ-နအဖထိပ်ပိုင်းမှာ အခုအထိ ဒါမျိုးမပေါ်သေးဘူး။
ဒါကြောင့် အတိုက်အခံအင်အားစုတွေဟာ အတွေးအခေါ်ပိုင်းကို အလေးထားရမယ်။ ဒီဘက်မှာ ဦးစားပေးလုပ်ကြရမယ်။ အတွေးအခေါ် ကြံ့ခိုင်သန်စွမ်းရေးကို လုပ်ငန်းတခုအဖြစ် သတ်သတ်မှတ်မှတ်လုပ်ရမယ်။ စည်းလုံးညီညွတ်မှုမှာလည်း အတွေးအခေါ်ကို အဓိကထားရမယ်။ အချင်းချင်း ဝေဖန်အကူအညီပေးတာမှာလည်း အတွေးအခေါ်ပိုင်းကို သတိထားကိုင်တွယ်ရမယ်။

ဒီလိုဆိုတဲ့အတွက် ပြဿနာတိုင်းကို အတွေးအခေါ် ပြဿနာလားဆိုတဲ့သံသယနဲ့ ချဉ်းကပ်နေဖို့ မဟုတ်ဘူး။ တစ်က ပြဿနာတခုဟာ အတွေးအခေါ် ပြဿနာလား၊ လုပ်နည်းကိုင်နည်းပြဿနာလား အရင်ခွဲခြမ်းစိပ်ဖြာရမယ်၊ စိပ်ဖြာတတ်ရမယ်။ မတူရင်မတူသလို ဖြေရှင်း ရမယ်။ အတွေးအခေါ်တူနေရင် စည်းလုံးညီညွတ်နိုင်ရမယ်။ အပြန်အလှန် အားပေးရမယ်။ အကူအညီပေးရမယ်။ လက်တွေ့လုပ်ငန်းမှာ မတူတာ၊ ကွဲတာလောက်နဲ့ ခွဲတဲ့အထိ မဖြစ်သင့်ဘူး။ အမှားတွေထဲက သင်ခန်းစာထုတ် ဆက်အတူလျှောက်ကြရမှာပဲ။ ရန်သူကို ဖြိုခွဲရာမှာလည်း အတွေးအခေါ်အရ သူတို့ပြောင်းလဲလာရေးကို အလေးထားရမယ်။
ဗဩ
(၉၊ ၁၀၊ ၂၀၀၆)