Pages
ဂိုးလ်ဒင်န်းမွန်းနဲ့ဗျူးတာပါ
က်ေနာ္စာသင္ေနတာပါ
Blog Archive
Followers
Search This Blog
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Saturday, April 1, 2023
ဗမာလူမျိုးကြီးဝါဒ၏အစွဲအလမ်းများ
Thursday, March 30, 2023
ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းနဲ့ အင်တာဗျူး
အမေရိကန်ဒေါ်လာ နန်းကျမယ့်အရေး စီးပွားရေးပါမောက္ခ ဘာပြောသလဲ
ဒေါ်လာနဲ့ ယွမ်တို့ရဲ့ ကမ္ဘာ့အရန်ငွေကြေး နန်းလုပွဲ
Wednesday, March 29, 2023
ပြည်တွင်း
“ပြည်တွင်း”
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က NLD အပါအဝင် ပါတီပေါင်း ၄၀ ကို မှတ်ပုံအသစ်ပြန်မတင်လို့ အလိုအလျှောက်ပျက်ပြယ်တယ်ဆိုပြီး ဖျက်သိမ်းလိုက်ပါပြီ။ ပါတီသစ်တွေတည်ထောင်မှာကိုတော့ ဆက်လက် ခွင့်ပြုထားတယ်ဆိုပေမယ့် NLD ပါတီဟာ အသစ်တည်ထောင်မလားလို့တွေးရင်တော့ မတည်ထောင်တော့ဘူးလို့ ယတိပြတ်ယူဆစရာမရှိသေးပါဘူး။ ပြည်တွင်းက ထောင်အပြင်မှာရောက်နေတဲ့ CEC တွေ CC တွေအနေနဲ့လည်း လူမစုံတာကတကြောင်း ဒေါ်စုသဘောထားမပါဘဲ ဘာမှလုပ်မှာမဟုတ်မှာကတကြောင်းတို့ကြောင့် လောလောဆယ်မှာ ဘာမှ ဆုံးဖြတ်လုပ်ကိုင်မယ်မထင်ပါဘူး။
နောက်တချက်က စစ်အုပ်စုက ဒီတချီမှာ ဒေါ်စုနိုင်ငံရေးကို အပြတ်ဖြတ်ပြီး NLD ကို အပြီးတိုင်ပွဲသိမ်းသွားအောင် လုပ်ချင်တာပါ။ လုပ်လို့ ရ/မရကလည်း ပြောဖို့ခက်ပါတယ်။ မင်းအောင်လှိုင်ရဲ့ “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတာကိုလည်း ထည့်တွက်ရမှာပါ။ ခုကိုပဲ ကျွန်တော်တို့ မဖျက်ဝံ့လောက်ဘူးထင်တဲ့ NLD ကိုဖျက်လိုက်ပြီ မဟုတ်လား။ ဒေါ်စုကို ပုဒ်မမျိုးစုံနဲ့ အကျဉ်းချလိုက်ပြီ မဟုတ်လား။
ဒေါ်စု အခြေအနေတရပ်ကြောင့် ပြန်လွတ်လာခဲ့ရင်ရော ပါတီသစ်ထောင်မလားကလည်း တွေးစရာပါ။ တခါ ပါတီသစ်ထောင်ပြန်ရင်လည်း ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ပေးမလားကလည်း တွေးစရာပါ။ ခုကိုပဲ ပါတီအသစ်ထောင်ဖို့မှတ်ပုံတင်ထားတဲ့ပါတီတွေ မနည်းရှိနေပေမယ့် ရွေး/ကော်က စိစစ်ဆဲဆိုပြီး ကြိုးရှည်ရှည်နဲ့ လှန်ထားတာမဟုတ်လား။
တကယ်တော့ NLD ပါတီဆိုတာ ဒေါ်စုဆိုတဲ့ ဝိညာဉ်နဲ့အသက်ဝင်နေတာပါ။ NLD ထဲက ဒေါ်စုနှုတ်လိုက်ရင် ပါတီဟာ တွယ်ရာမဲ့သွားမှာပါ။ ပြည်သူရှိရင် ပါတီရှိတယ် ဘယ်လိုပြောပြော တကယ့်နိုင်ငံရေး Real Politik မှာတော့ စစ်အုပ်စုက မှတ်ပုံတင်ပေးပါမှ ပါတီဟာ ပေါ်စေဖြစ်ရမှာပါ။ သူတို့မတင်ပေးရင်နေ ကိုယ့်ဘာသာ လူထုနဲ့အတူရပ်တည်မယ်ဆိုပြီး လူထုတိုက်ပဲဆင်နွှဲပြီး ပြည်သူ့ပါတီလုပ်မှာလားလို့တွေးကြည့်ရင် ဝေးပါ်သေးတယ်။ ဒေါ်စု တလျှောက်လုံး ဂုဏ်ယူဝံ့ကြွားစွာ ပြောတာတွေထဲမှာ "NLD ဟာ NLD တခုလုံးအနေနဲ့ မူချပြီး ဘယ်ဆန္ဒပြပွဲကိုမှမလုပ်ခဲ့ဘူး၊ မပါခဲ့ဘူး၊ ပါတီဝင်တွေ တယောက်ချင်းအနေနဲ့ ဆန္ဒပြကြတာပဲရှိတယ်"ဆိုတာလည်းပါပါတယ်။ တချို့ပါတီဝင်တွေများ အဲ့သလိုဆန္ဒပြမိလို့ ပါတီဝင်အဖြစ်ကထုတ်ပစ်တာတွေတောင်ရှိပါတယ်။ ဒီတော့ လူထုလှုပ်ရှားမှုလုပ်ပြီး လူထုပါတီအဖြစ် တည်ဆောက်ရပ်တည်သွားဖို့ဆိုတာ မဖြစ်နိုင်ပါ။
ဒါဆို ဘာလုပ်မလဲ၊ ခု ပါတီတော့ အဖျက်ခံလိုက်ရပြီ၊ ဘယ်လိုဆက်စခန်းသွားကြမလဲက တွေးစရာအပြည့်ပါ။ ပြည်ပရောက်နေတဲ့ NLD(CWC) ကတော့ ဘေးလွတ်ရာကနေဆိုတော့ ပြောအားရှိပါတယ်။ ဘာမှဖြစ်မယ်မဖြစ်ဘူး ဆိုတာကတော့ တပိုင်းပါ။ ဒီ့မတိုင်မီကပဲ NLD(CWC)က ပါတီမှတ်ပုံမတင်ဘူး ရွေးကောက်ပွဲမဝင်ဘူးနဲ့ အတိအလင်း ပြောခဲ့တာပါ။ ပြည်တွင်းအခြေအနေ (လူမစုံတာ၊ ဒေါ်စုမပါတာ)တွေကြောင့် NLD ဟာ မှတ်ပုံတင်ဖို့့မတင်ဖို့ အခက်ပွေနေချိန်မှာ NLD(CWC)က ကြေညာချက်ဦးအောင်ထုတ်ပြီး အမြတ်ထုတ်တာလားကလည်း တွေးစရာ ဖြစ်ပါတယ်။ သူတို့ကို ပြည်တွင်း NLD က မှတ်ပုံမတင်ဘူး ရွေးကောက်ပွဲမဝင်ဘူးဆို ဘာလုပ်ရမှာလဲလို့မေးရင် ဖြေစရာတော့ရှိမယ်မထင်ပါဘူး။
ဒီနေရာမှာပြောစရာရှိတာက "ဗမာပြည်နိုင်ငံရေးအလှည့်အပြောင်းကို 'ပြည်တွင်း' ကပဲဖန်တီးနိုင်တယ်"ဆိုတဲ့ခံယူမှုပါ။ ဒီမှာပြောတဲ့ "ပြည်တွင်း" ဆိုတာဘာလဲကို ရှင်းရှင်းလင်းလင်းသိထားဖို့လိုပါလိမ့်မယ်။ ပြည်တွင်းဆိုတာ ပြည်တွင်းကမြေပေါ်မှတ်ပုံတင်ပါတီတွေသက်သက်ကိုပြောတာ မဟုတ်ပါ။ "ပြည်တွင်း"ဆိုတာ လက်နက် ကိုင်ကိုင်/မကိုင်ကိုင် နိုင်ငံတွင်းမှာနေပြီး စစ်အုပ်စု စစ်အစိုးရ စစ်ဗျူရိုကရေစီယန္တရားကို ဆန့်ကျင်တွန်းလှန် နေသူအားလုံး၊ အဖွဲ့အစည်းအားလုံး၊ လူထုအားလုံးကိုဆိုလိုတာပါ။ ဒါကို တချို့ကမှတ်ပုံတင်ပါတီတွေကိုချည်းကွက်ပြီး “ပြည်တွင်း ပြည်တွင်း”နဲ့လုပ်နေတာဟာ ရည်ရွယ်ချက်ပါပါတယ်။ မသမာမှုပါ။ လူထုမပါဘဲ၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေမပါဘဲ မှတ်ပုံတင်ပါတီတွေချည်း ဘာမှလုပ်မရပါဘူး။ သူတို့ဟာ တကယ်တော့ စစ်အုပ်စုရဲ့ ထားရာနေစေရာသွား ပေါ်စေပျောက်စေပါတီတွေပါ။
ဒီလိုဆိုလိုက်လို့ နိုင်ငံရေးပါတီတွေမရှိရတော့ဘူးလားလို့ မေးစရာဖြစ်ပါလိမ့်မယ်။ မရှိရဘူး မဟုတ်ပါဘူး။ ရှိချင်ရင် ရှိလို့ရပါတယ်။ ဘာလုပ်လို့ရမယ်/မရဘူးဆိုတာပဲ စကားပြောပါတယ်။ သေချာတာတခုကတော့ “မှတ်ပုံတင် နိုင်ငံရေးပါတီတွေကပဲ ဗမာပြည်ရဲ့အပြောင်းအလဲကိုလုပ်နိုင်မယ်”ဆိုတဲ့အတွေးအခေါ်အမှားကို ကျွန်တော်တို့ လက်မခံမိကြဖို့ပါ။ မှတ်ပုံတင်ပါတီတွေကိုချည်းရည်ရွယ်ပြီး ‘ပြည်တွင်းပြည်တွင်း’လုပ်နေတာကို လက်မခံမိကြဖို့ပါ။
မျိုးမြင့်ချို။ မတ် ၂၉။ ၂၀၂၃
Monday, March 27, 2023
ဘုရားကျောင်းလေး
"ဘုရားကျောင်းလေး"
ခု လူက နည်းနည်းဝလာတယ်။ မတော်တော့တဲ့ ခါးပတ်တွေ အဝတ်အစားတွေ များလာတယ်။ ဟို့နေ့က ကိုယ်နဲ့မတော်တော့တဲ့ အဝတ်အစားတွေထဲက ကောင်းသေးလတ်သေးတာတွေရယ်၊ မတော်ပေမယ့်အသစ်အတိုင်းရှိသေးပြီး တခါမှမဝတ်ရသေးတဲ့ ဘောင်းဘီ အင်္ကျီတွေရယ်ကိုရွေးထုတ်ကာ Saint Henry ဘုရားကျောင်းရန်ပုံငွေအတွက် ပြန်ရောင်းတဲ့အဟောင်းဆိုင်လေးThrift Store ကို သွားလှူလိုက်တယ်။
အဲ့ဒီဘုရားကျောင်းက ကျွန်တော်တို့ရောက်စက Preschool ခေါ်တဲ့မူကြိုကျောင်းလေးပါ တွဲဖွင့်ထားခဲ့ဖူးတယ်။ ကျွန်တော် အဲ့ဒီကျောင်းလေးမှာ အလုပ်လုပ်ဖူးတယ်။ ကျောင်းအုပ်က Mr Fey Fey ပါ။ ကျွန်တော်တို့ ဗမာပြည်ဖွားတွေ အခါကြီးရက်ကြီးတွေ၊ အခမ်းအနားတွေလုပ်ကြတဲ့အခါ သူ့ဆီက ခမ်းမဆောင်ကိုငှားပြီး သုံးခဲ့ကြဖူးတယ်။ နောက်ပိုင်း ချင်းအမျိုးသားတွေ အရောက်များလာပြီး အဲ့ဒီဘုရာကျောင်းဝင်းအတွင်း ဟင်းသီးဟင်းရွက်တွေ စိုက်ကြပျိုးကြနဲ့ တော်တော်လေး စည်စည်ကားကားရှိခဲ့တယ်။
ဘုရားကျောင်း ဖာသာကြီးက ကျွန်တော့်ယောက္ခမဘိုးတော်နဲ့သူငယ်ချင်းလည်းဖြစ်တော့ ဘိုးတော်နဲ့ဘွားတော် ဘုရားကျောင်းတက်ရင် အဲ့ဒီမှာပဲတက်သလို သူတို့သမီး ကျွန်တော့်ဇနီးလည်း အဲ့ဒီမှာပဲတက်တယ်။ ကျွန်တော်လည်း တခါတလေ ဘုရားသွားကျောင်းတက် လိုက်လိုက်သွားတတ်တယ်။ ဖာသာကြီး တရားဟောတာ သဘောကျလို့။ သူဟောတဲ့တရားက လူမှုရေးအခြေခံ ကျင့်ဝတ်သီလလုံခြုံရေးအဓိကပါပဲ။ ဓမ္မသစ်ထဲကဟာတွေများတယ်။ နိုင်ငံရေးအယူအဆတွေမပါပေမယ့် အစိုးရရဲ့ကမောက်ကမလုပ်ပုံတွေကို ဟာသနှောပြီးပြောတတ်တယ်။ တရားဟောရင် ရယ်စရာမောစရာလေးတွေလည်း ပါတတ်တယ်။ အသံကလည်း ငြိမ်ပြီးကြည်လို့ရွှင်လို့။ မျက်နှာကလည်း အလွန်အေးချမ်းပါတယ်။ တနင်္ဂနွေနေ့ဆို ကျောင်းတဝက်လောက် လူပြည့်ပါတယ်။ အများစုကတော့ လက်တီနိုတွေနဲ့ စပင်းန်နစ်တွေပါပဲ။ အဖြူတွေလည်း နည်းတော့မနည်းပါဘူး။
နောက်တော့ ဘယ်လိုဖြစ်တယ်မသိ အဲ့ဒီဖာသာကြီးပြောင်းသွားပြီး သူ့နေရာမှာ သက်လတ်ပိုင်းအရွယ် ဖာသာတယောက်ရောက်လာတယ်။ သူက တရားဟောရင် စိတ်လိုက်မန်ပါ ဟောတတ်တယ်။ ရယ်စရာမောစရာလေးတွေလည်း ကြားညှပ်မပြောတတ်ဘူး။ မျက်နှာကလည်း သာမန်သူလိုကိုယ်လိုမျက်နှာပဲ။ ကြည်လင်အေးချမ်းနေတာမျိုးလည်းမဟုတ်၊ တင်းမာခက်ထန်နေတာမျိုးလည်းမဟုတ်ပါဘဲ။ သူ့တရားတွေက များသောအားဖြင့် ဓမ္မဟောင်းထဲကဟာတွေများတယ်။ ဂျူးနည်းနည်းဆန်တယ်လို့ထင်တယ်။ နိုင်ငံရေးလေးတွေလည်း ကပ်ထည့်ပြီးဟောတတ်တယ်။ သူ့နိုင်ငံရေးတိမ်းညွှတ်မှုက ကန်ဆားဗတစ်ဆန်တယ်လို့ ထင်ရတယ်။ အဲ့ဒီဖာသာလက်ထက်မှာ ဘုရားကျောင်းလာသူတွေ နည်းသထက်နည်းနည်းလာပြီး နောက်ဆုံး ဘုရားကျောင်းက Services တွေပါ ရပ်သွားတယ်။
ခုဆို အဲ့ဘုရားကျောင်းမှ ဘာ Services မှမရှိတော့သလို Sunday Mass တောင်မရှိတော့ဘူး။ ကျောင်းတံခါးပိတ်သွားပြီ။ ဒါပေမယ့် Thrift Store လေးကတော့ ရှိတုန်းပဲ။ ကျွန်တော့်ဇနီးလည်း ခုဆို ဘုရားကျောင်းပြောင်းတက်နေပြီ။ ခု သူတက်နေတဲ့ကျောင်းက ပိုခမ်းနားတယ် ပိုလှတယ် ပိုတိတ်ဆိတ်ငြိမ်သက်တယ်။ ဖာသာကြီးက အသက်ကြီးပေမယ့် မျက်နှာက ကလေးတယောက်လိုအပြစ်ကင်းပြီး ကည်လင်ဝင်းပနေတယ်။ ခင်စရာလည်းတော်တော်ကောင်းပါတယ်။ ဒီဖာသာကြီးတရားတော့ သေချာမနာဖူးသေးတာမို့ မှန်းရခက်နေတုန်းပါပဲ။
လူတွေပြောကြတယ်မဟုတ်လား။ ခုဆို အနောက်နိုင်ငံတွေမှာ ဘုရားကျောင်းလာသူတွေ နည်းနည်းလာလို့ ဘုရားကျောင်းတွေ ပိတ်ပိတ်ကုန်ကြတယ်ဆိုတာ။ တကယ်က ဘုရားကျောင်းလာသူတွေ နည်းသွားရတာက ဘာသာတရားအပေါ် အရင်ကလောက် Deep မဖြစ်ကြတော့တာလည်းပါသလို ဘုန်းတော်ကြီးတွေရဲ့ လောကီဆန်လွန်းခြင်းတွေကြောင့်လည်း ပါမယ်ထင်တယ်။
ဘာသာမဲ့တွေများများလာတာလည်းပါပေမယ့် ဘုရားကျောင်း လူအလာနည်းရတာက ဘာသာမဲ့တွေကြောင့်တော့ မဟုတ်ဘူးထင်တာပါဘဲ။ ဒီက ခု နောက်ပိုင်းမျိုးဆက်တွေ ဘာသာမဲ့မဲ့ကုန်ကြတယ်ဆိုတာက ဘာသာတရားတွေကို စနစ်တကျလေ့လာရင်းကနေ အတွေးအခေါ်အရသိမြင်ပြီးမှ စွန့်လွှတ်လိုက်ကြတာမျိုးမဟုတ်ဘဲ လူ့အဖွဲ့အစည်းအတွင်းမှာနေရင်း သူတို့အသက်ရှင်သန်နေထိုင်နိုင်ဖို့ ဘာသာတရားမလိုအပ်ဘူးလို့ ယူဆလာကြတာကြောင့်ပါပဲ။ သူတို့ ဘာသာမကိုးကွယ်ကြတော့လို့ ကွန်မြူနစ်တွေဖြစ်ကုန်ပြီ မင်းမဲ့ဝါဒီတွေဖြစ်ကုန်ပြီလို့ သွားပြောလို့လည်းမရဘူး။ ကွန်မြူနစ်တွေရဲ့စံနဲ့လည်း သူတို့ မနေနိုင်ကြဘူး။ ဓနရှင်လူ့အဖွဲ့အစည်းအတွင်းမှာ ကိုယ်ကျင့်တရားစံတွေကလည်း ကုန်ထုတ်လုပ်မှုဆက်ဆံရေးတွေကြောင့် ပြောင်းလဲကုန်ကြပြီမဟုတ်လား။ ဒီတော့ သူတို့ လွတ်လွတ်လပ်လပ်နေကြတယ်။ လွတ်လွတ်လပ်လပ်တွေးခေါ်စဉ်းစားကြတယ်။ သူတို့ရနေတဲ့ လွတ်လပ်မှုအတွက် သူတို့ပြန်ရတဲ့ ဆုလာဘ်ရောပြစ်ဒဏ်ကိုပါ သူတို့ စံနေခံနေကြတာပါပဲ။
မျိုးမြင့်ချို။ မတ် ၂၇။ ၂၀၂၃။
Sunday, March 26, 2023
ဆုံစေ့ချင်ပြီ
Monday, March 20, 2023
စာရေးခြင်း အတတ်ပညာ
"စာရေးခြင်း အတတ်ပညာ"
(မြသန်းတင့်)
နာရီတလုံးကိုလုပ်တဲ့နေရာမှာ အတတ်ပညာရှိသလို စာအုပ်တအုပ်ကို လုပ်တဲ့နေရာမှာလည်း အတတ်ပညာရှိတယ်လို့ လာဘရုယေးက ပြောခဲ့ဖူးတယ်။ ဒီအချက်ကို ကာလအတန်ကြာကတည်းက သဘာတူခဲ့ကြပြီးဖြစ်မှာပါ။
စာအုပ်တအုပ် လုပ်တယ်ဆိုတဲ့နေရာမှာ အတတ်ပညာတခုကို လေ့လာသင်ကြားရခြင်းဖြစ်တယ်ဆိုတာ ဘာသံသယမှ ရှိစရာမလိုဘူး။ ဒီအတတ်ပညာဟာလည်း စာရေးခြင်းအလေ့အကျင့်ဖြင့််သာ ရနိုင်ပါတယ်။ ပထမတပုဒ်၊ ပထမတခါ ရေးရုံနဲ့ အောင်မြင်တဲ့သူရယ်လို့ သိပ်မရှိလှပါဘူး။
တချို့ စာရေးဆရာတွေရဲ့ ပထမဆုံးပုံနှိပ်ထုတ်ဝေတဲ့ လက်ရာတွေဟာ သိပ်ကောင်းပြီး အတတ်ပညာကျွမ်းကျင်မှု ရှိတယ်လို့ ထင်ရတယ်။ ဒါပေမယ့် တကယ်ကတော့ သူတို့ဟာ လက်သင်စာရေးဆရာတွေ၊ ခုမှ စာစရေးတဲ့သူတွေ မဟုတ်ကြပါဘူး။ တချို့က သူတို့ အခန်းကလေးထဲမှာ သူတို့ဘာသာ သူတို့စာတွေကို တကုတ်ကုတ် ရေးနေကြတယ်။
တချို့ကလည်း ရှေးခေတ်က စာရေးဆရာကြီးတွေရဲ့စာတွေကို လေ့လာဖတ်ရှုခဲ့ကြရတယ်။ ဒါပေမယ့် စာရေးဆရာ အလုပ်ဟာ အတတ်ပညာတခုဖြစ်တယ်လို့ဆိုခဲ့သည့်တိုင် နာရီပြင်ဆရာရဲ့ အတတ်ပညာနဲ့တော့ မတူဘူး။ နာရီပြင်ဆရာကတော့ အဆင်သင့်ရှိတဲ့ ပစ္စည်းကိရိယာ အပိုင်းအစလေးတွေကို သူ့နေရာနဲ့သူ အတိအကျကောက်ပြီး တပ်ဆင်သွားရုံပါပဲ။ စာရေးဆရာကတော့ ကလောင်တံနဲ့ စက္ကူပေါ်မှာချရေးနေစဥ်အတွင်းမှာပဲ ကိုယ့်စာအုပ်ရဲ့ ဖွဲ့စည်း တည်ဆောက်မှုပုံစံတို့ကို ဖန်တီးယူရတယ်။ ဒါတင်မကဘူး။ စာအုပ်ထဲမှာ ထည့်ပြီး ရေးရမယ့် အကြောင်းအရာတွေကိုလည်း ဖန်တီးယူရတယ်။
ကောင်းပြီ။ ဒီလိုဆိုရင် စာရေးဆရာတယောက်ရဲ့ သင်ကြားမှုဟာ ဘယ်လိုသဘာဝမျိုးလဲ။ စာအုပ်တအုပ်ဟာ စကားလုံးတွေနဲ့ပြုလုပ်ထားတာဖြစ်တယ်။ စာရေးဆရာအလောင်းအလျာတယောက်ရဲ့အဖို့ အရေးကြီးအရာကတော့ ဝေါဟာရကြွယ်ဝဖို့နဲ့ သဒ္ဒါကိုနိုင်နင်းဖို့ပါပဲ။သူဟာ မိမိ တိုင်းရင်းသား ဘာသာစကားအကြောင်းကို ကောင်းစွာ နားလည်ပြီး ရေးထုံးကိုနားလည်ရပေလိမ့်မည်။ ဒါမှသာလျှင် ကိုယ်ဆိုလိုချင်တဲ့အဓိပ္ပါယ်ကိုဖော်ပြတဲ့ စကားလုံးကို ရွေးချယ်နိုင်လိမ့်မယ်။ ဒါမှသာလျှင် ရှုပ်ထွေးပြီး ခွန်အားမဲ့တဲ့ဝါကျတို့ကို မတည်ဆောက်မိဘဲ ရှောင်ကွင်းနိုင်လိမ့်မယ်။
တခါတလေမှာ စာရေးဆရာကြီးတွေကိုယ်တိုင် စကားလုံးဟောင်းတလုံးကို အဓိပ္ပာယ်အသစ်တမျိုးနဲ့သုံးတာ၊ ဝါကျဖွဲ့ထုံးမှာ ကပြောင်းကပြန်တွေလုပ်ပစ်တာတွေ မရှိဘူးလားလို့ မေးကောင်းမေးကြလိမ့်မယ်။ ရှိပါတယ်။ သူတို့လို စာရေးဆရာကြီးကျတော့ ဒီလို လွတ်လပ်ခွင့်ယူပြီး သမရိုးကျအစဥ်အလာတွေကိုဖောက်ပြီး ရေးကြတဲ့အတွက် တော်ပါတယ်လို့ ချီးကျူးကောင်းချီးကျူးကြမယ်။ ဒါပေမယ့် ကလောင်အသစ်လေးတွေက သွားရေးရင်တော့ လမ်းသစ်ထွင်တယ်လို့ထင်မှာ မဟုတ်ဘူး။ နားမလည်လို့ရေးတယ်လို့ ထင်ကြမှာပဲ။
ဂီတစာဆို အကျော်အမော်တယောက်ဟာ သူ့သံစဥ်ထဲမှာ အသံကြောင်လေးတွေကို ထည့်ပြီးသုံးနိုင်တဲ့ အခွင့်အရေး ရှိတယ်။ ဒီလိုနည်းအားဖြင့် မျှော်လင့်မထားတဲ့ အသံလေးတွေကို နားထဲရောက်သွားအောင် လုပ်ပိုင်ခွင့်ရှိတယ်။ ထူးချွန်တဲ့ ပန်းချီဆရာတယောက်ဟာ သူ့ပုံတပုံကို ကို့ရို့ကားယား ဆွဲချင်ဆွဲမယ်။ ဒီလိုဆွဲတာဟာ ပန်းချီမဆွဲတတ်လို့ မဟုတ်ဘူး။ ပန်းချီကို သိပ်နိုင်နင်းတဲ့အခါကျတော့ ဆန်းသစ်တီထွင်မှုတွေကိုလုပ်လို့ဖြစ်တယ်။ ဒီလို လုပ်ပိုင်ခွင့်လည်း ရှိတယ်။ ဒါကြောင့်မို့ လူငယ် စာရေးဆရာတွေအတွက် ပထမဆုံး အရေးကြီးတဲ့အရာကတော့ တိကျတဲ့စကားလုံးတွေ၊ ဝေါဟာရတွေကိုစုဆောင်းဖို့ပဲ ဖြစ်ပါတယ်။ ဒါဖြစ်ရင် ဘယ်လောက်ထိ စုဆောင်းရမှာလဲ။ အများကြီး စုဆောင်းရမှာလား။ ကျွန်တော့အထင်ပြောရရင်တော့ ဘယ်ရွေ့ဘယ်မျှထိ စုဆောင်းရမယ်။ ဝေါဟာရကို နိုင်နင်းရမယ် လို့တော့ ပုံသေကားချမပြောနိုင်ဘူး။ ရှေးက ဂန္တဝင်စာရေးဆရာကြီးတချို့ဆိုရင် သူတို့ပြောချင်တာ၊ ပြောလိုတာ မှန်သမျှကို စကားလုံးနည်းနည်း ကလေး နဲ့ ပြောသွားကြတာပဲ။
ဒီနေရာမှာ ရေစင်းထက်ကောင်းတဲ့ ဥပမာတော့ ရှိမယ် မထင်တော့ဘူး။ တချို့ စာရေးဆရာကြီးတွေကျတော့လည်း ခိုင်မာတဲ့ ပညာရပ်ဆိုင်ရာဝေါဟာရတွေကို အများကြီးသိကြတယ်။ ရှာတိုဘရိုင်းယန်းဆိုလို့ရှိရင် ရှေးဟောင်းပေါရာဏ စကားလုံးတွေကို အစားထိုးလေ့ရှိတယ်။ စုဆောင်းလေ့ရှိတယ်။ ဘားလ်ဇက်ကတော့ ဘဏ်လုပ်ငန်းရှင်တွေ၊ သတင်းစာဆရာတွေ၊ ရဲအရာရှိတွေ၊ ရှေ့နေရှေ့ရပ်တွေနဲ့ အခြားသော အသက်မွေးမှုလုပ်ငန်းရှင်တွေ သုံးလေ့သုံးထရှိတဲ့ စကားတွေကို အများကြီးနားလည်တယ်၊ ဗာလေရီကတော့ စကားပြေရေးရင် သိပ္ပံပညာကစကားလုံးတွေကို သဘောကျလေ့ရှိတယ်။
စာစပြီး ရေးတဲ့ ကလောင်အသစ်တယောက်အဖို့ ဘယ်လို စကားလုံးတွေ၊ ဘယ်လို ဝေါဟာရတွေ လေ့လာရမလဲ ဆိုတာကတော့ သူဘယ်ဘာသာရပ်ကို ရေးဖို့ ရွေးချယ်သလဲဆိုတာပေါ်မှာ တည်တယ်။ ပညာရပ်ဆိုင်ရာ စကားလုံးများဟာ၊ စာပိုဒ်များဟာ ပညာရပ်ဆိုင်ရာအကြောင်းအရာများအတွက် အကောင်းဆုံးဖြစ်ပေမယ့် ဝတ္တုတို ရေးတဲ့အခါမျိုးကတော့ ဟိတ်ဟန်များပြီး ဖောင်းပွနေတတ်တယ်။ အများသုံးတဲ့ ရှင်းလင်းလွယ်ကူတဲ့ စကားလုံးတွေဟာ ပညာရှိဆန်တဲ့စကားလုံးတွေထက် အမြဲတမ်းကောင်းတယ်။ ဒဿနဆရာတွေသုံးတဲ့ စကားကြီး စကားကျယ်တွေဟာ အတွေးအခေါ်ခေါင်းပါးတာကို အမြဲတမ်းဖုံးကွယ်မထားနိုင်ပါဘူး။ ကလောင်သစ်များအဖို့ အကောင်းဆုံးလေ့ကျင့်ခန်းကတော့ စာရေးဆရာကြီးတွေရဲ့ စာတွေကိုဖတ်တာဟာအကောင်းဆုံးပဲ။ အဲဒီစာတွေကို ဖတ်လိုက်ရင် ဝတ္တုကောင်းတပုဒ်၊ လက်ရာကောင်းတပုဒ်ဖြစ်အောင် ဘယ်လိုရေးလို့ရတယ်ဆိုတာကို သိလာနိုင်တယ်။ စာရေးဆရာကြီးတွေရဲ့နည်းနာတွေကို ရင်းနှီးကျွမ်းဝင်လာရင် နမူနာကောင်းတွေကို ရလာလိမ့်မယ်။
အစမှာတော့ အခြား စာဖတ်ဝါသနာပါသူတဦးလို အပျင်းပြေလျှောက်ဖတ်ကြည့်တာမျိုးပေါ့။ နောက်တော့ အဲဒီစာအုပ်နဲ့ တဖြည်းဖြည်းရင်းနှီးကျွမ်းဝင်လာပြီး အဲဒီစာအုပ်ကို တစစီတစစီ လေ့လာပုံမျိုးနဲ့ အထပ်ထပ် ဖတ်ဖြစ်သွားပါလိမ့်မယ်။ ဒီလိုနည်းနဲ့ သူတို့ ဒီလိုကောင်းအောင် ဘယ်လိုများရေးပါလိမ့်မလဲလို့ စူးစမ်းလာမိလိမ့်မယ်။ ဘားလ်ဇက်ရဲ့ ဝတ္တုတပုဒ်၊ ချက်ကော့ရဲ့ ဝတ္တုတပုဒ်၊ ရှိတ်စပီးယားရဲ့ ပြဇာတ်တပုဒ်ဟာ ဘယ်လိုများရေးပါလိမ့်လို့ စူးစမ်းလာမိလိမ့်မယ်။ ပါရမီရှင်တယောက်ဖြစ်ဖို့အတွက် ဆေးနည်းရယ်လို့တော့ ဘယ်ရှိမလဲ။ ဒါပေမယ့် အဲဒီ စာအုပ်တွေဖတ်ပြီး ဖွဲ့နွဲ့မှုအနုပညာ၊ တည်ဆောက်မှုအနုပညာနဲ့ အချီအချ စကားပြောခန်းတွေကို အသုံးချပုံ စတာတွေကိုတော့ လေ့လာနိုင်မှာပဲ။ ကိုယ်ရေးထားတဲ့ ဇာတ်ဆောင်တွေကို တော်စတွိုင်းရဲ့ဇာတ်ဆောင်တွေလို အသက်ဝင်နေအောင်လုပ်ချင်ရင် သူ့ရေးဟန်ကို လေ့လာရမယ်။
တော်စတွိုင်းဟာ သူ့ဇာတ်ဆောင်တွေကို အမူအရာတွေနဲ့ဖော်ပြတာ၊ စိတ်အပြောင်းအလဲတွေနဲ့ဖော်ပြတာ သူတို့ရဲ့ စကားအသုံးအနှုန်းတွေနဲ့ဖော်ပြတာကို တွေ့ရလိမ့်မယ်။ ယေဘုယျ အတွေးအခေါ်တွေကနေပြီး လူပုဂ္ဂိုလ်တယောက်ရဲ့လုပ်ဆောင်မှုအဖြစ် ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကိုပြတဲ့ ပရုစ်ရဲ့နည်းတွေကို ကျွန်တော်တို့ အထူးလေ့လာ သင့်တယ်။ သူဟာ အဲဒီနည်းတွေကို ဂျော့အဲလိယော့၊ ဒစ်ကင်းစ်နဲ့ ရပ်စကင်းနဲ့ စတဲ့ စာရေးဆရာကြီးတွေဆီက ရခဲ့ခြင်းဖြစ်ပါတယ်။ ဘယ်လိုရခဲ့သလဲ။ သူတို့ စာအုပ်တွေကို အမြဲတမ်းဖတ်၊ သူတို့ စာတွေကို ဘာသာပြန်၊ သူတို့စာတွေကို ကောက်နုတ်ကိုးကား၊ သူတို့ စာတွေလို လိုက်ရေးကြည့်ခြင်းဖြင့် ရခဲ့တာဖြစ်ပါတယ်။
ဒါဖြင့်ရင် စာရေးဆရာကြီးတွေကို ပုံတူခိုးချနေတာမျိုး မဖြစ်ဘူးလား၊ အန္တရာယ်မရှိဘူးလားလို့ မေးစရာရှိပါတယ်။ ကျွန်တော်တို့ပြောနေတာက ကလောင်သစ်ကလေးတွေကို ဒုတိယ ဘားလ်ဇက်ဖြစ်ဖို့၊ ဒုတိယ ဒစ်ကင်းဖြစ်ဖို့ ပြောနေတာမဟုတ်ဘူး။ သူ့ဟာသူဖြစ်ဖို့ ပြောနေတာ။ အန္တရာယ်ရှိတယ်လို့ထင်ရင် ဒါဟာ အထင်ပဲဖြစ်ပါလိမ့်မယ်။
ပထမအချက်အားဖြင့် ကလောင်သစ်ကလေးဟာ ကျွန်တော်တို့ရဲ့ ခေတ်ပြိုင်ဘဝကို ဒီနေ့အချိန်မှာ ဘားလ်ဇက်ရေးသလို ရုတ်တရတ် ချက်ချင်း ကောက်ကာငင်ကာရေးနိုင်ခဲ့မယ်ဆိုရင် ဒါဟာ သိပ်ကို ဝမ်းသာစရာ ကောင်းတဲ့ အဖြစ်အပျက်ကြီးဖြစ်မှာပဲ။ ဒါပေမယ့် တကယ်ကတော့ ကလောင်သစ်ကလေးဟာ ဘယ်လောက်ပဲ ပါရမီ ထူးချွန်သည်ဆိုစေ အဲဒီလို မရေးနိုင်ပါဘူး။ သူဟာ စာရေးဆရာကြီးတွေရဲ့ နည်းအချို့ကိုရကောင်းရမယ်။ ဒါပေမယ့် သူကလည်း သူနည်းနဲ့သူ သုံးမှာပေါ့။ စာရေးဆရာကြီးတွေကို အတုခိုးပြီး ရေးတယ်ပဲထားပါဦး။ တချိန်ချိန် ရောက်လာတဲ့ အခါမှာ သူ့ရဲ့ ပါရမီဉာဏ်ဟာ ရှေ့ကိုရောက်လာပြီး အတုခိုးဖို့ကိစ္စတွေဘာတွေကို အကုန်မေ့၊ အကြောင်းအရာကို သူကိုယ်တိုင်ခံစားပြီး သူ့နည်းနဲ့သူ ရေးသွားမှာပေါ့။ စာရေးဆရာ မော်ရီသေးဟာ တခါတုန်းက ဗိုဆွေးကို တသွေမတိမ်းလိုက်ပြီး အတုခိုးဖို့ကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး။ ချက်ချင်းဆိုသလိုပဲ ပထမတန်းစား မောရီယေး ပေါ်လာခဲ့တာပါပဲ။
ကျွန်တော်တို့ဟာ အရင်တုန်းက ဘယ်သူမှ မရေးခဲ့ဖူးတဲ့စာမျိုး ဘယ်သူနဲ့မှမတူတဲ့စာမျိုးကို ရေးနိုင်လိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားပါဘူး။ စာပေမှာ စာရေးဆရာတိုင်း၊ လူတိုင်းဟာ တယောက်ယောက်ရဲ့ စိတ်ဓာတ်အမွေရတဲ့ သားသမီးတွေချည်းပါပဲ။ မူဆေးမှာ ဘိုင်ရွန်ရဲ့ ကျေးဇူးတွေ ရှိတယ်။ ဘိုင်ရွန်မှာ ဗော်လ်တဲယားရဲ့ ကျေးဇူးတွေရှိတယ်။ ဗော်လ်တဲယားမှာ ဂျိုနသန်ဆွစ်ဖ်ရဲ့ကျေးဇူးတွေ ရှိတယ်။ အရေးကြီးတာက ကလောင်သစ်တယောက်ဟာ အခြားသူများရဲ့ ရေးဟန်ကို လေ့လာခြင်းဖြင့် အဆုံးမှာ ကိုယ်ပိုင် ဟန်တခုကို မွေးမြူနိုင်အောင်လုပ်ဖို့ပါပဲ။