Monday, July 18, 2011

အရွေ့ (လူသွေး) ကောင်းကင်နိုင်ငံပြုမဂ္ဂဇင်းမှ

0 comments

သရုပ်ဖော် ဗဂျီအောင်စိုး

အရွေ့ (လူသွေး) ကောင်းကင်နိုင်ငံပြုမဂ္ဂဇင်းမှ
အရွေ့ (လူသွေး)
ငါ့လူကလေးရေ
ဒို့ အနှစ်၂၀ကျော်ဝေးကွာခဲ့ပြီးနောက်မှာ
မင့် ငါ နက်နက်ရှိုင်းရှိုင်းလွမ်းလာမိ
တွေ့လိုတွေ့ငြား ရန်ကုန်ကိုလာရှာကြည့်တတ်တယ်၊
အခုဆိုငါလေ
ဟိုတုန်းက မင်းရွံရှာခဲ့ဘူးသူတယောက်ဖြစ်လို့နေပေါ့။

ငါ့လူကလေးက ပိန်ချောင်ချောင်
နေလောင်ညိုမှောင်မျက်နှာမှုံကုပ်ကုပ်
လ္ဘက်ရည်တစ်ခွက်စာနှစ်ကျပ်ခွဲနဲ့ ဆေးပေါ့လိပ်၃လိပ်ဖိုးတစ်ကျပ်ရယ်
သွားချင်ရာသွားဖို့ဘတ်စကားခနဲ့ မြို့ပတ်ရထားခသုံးလေးကျပ်ရယ်
နေ့လယ်စာထမင်းကြော်လေး အသုတ်လေးစားဖို့ သုံးကျပ်လောက်ရယ်
ပေါင်း ငွေတဆယ်လောက်သာလက်ထဲရှိယင်
လွတ်လပ်တက်ကြွ၊အိပ်မက်တွေနဲ့ဗိုက်ဝ
နေ့စဉ်ဘဝက မျှော်လင့်ခြင်းအပြည့်လှပခဲ့။

ငါက အခုခပ်ဖိုင့်ဖိုင့်ဖြူရော်ရော်
နောက်ဆုံးပေါ်ပစ္စည်းတွေကြားမှာ အိုဟောင်း
အကောင်းစားရောဂါတွေနဲ့ ညောင်းချိ
ဇဝေဇဝါမချိပြုံးတွေနဲ့ပဲပေါ့ကွာ။

ငါ့လူကလေးမင်းက
နန္ဒဝန်ဈေးအဟောင်းတန်းကဂျင်းဘောင်းဘီလေးရယ်
စံပြဈေးကအပုံကြီးထည်ရှပ်အင်္ကျီလေးရယ်ဝတ်လို့
မော်တင်ကန္နားဈေးက
ဘွတ်ဖိနပ်ဟောင်းလေးနဲ့လဲ ကြည့်ကောင်းတာပဲ၊
ငါတော့အခု ဘရန်းဒ်တွေအစုံလိုက်ဝတ်ထားလဲ
ပါးနှစ်ဖက်က ငါးဗဟက်(ပါးဟက်)လို ကားထွက်
မှဲ့ခြောက်တင်းတိတ် မုတ်ဆိတ်ကတစ်မျှင်နှစ်မျှင်ဖြူ။

သြော် လူကလေးက
စာအုပ်တွေကတဆင့် ကမ္ဘာကြီးကိုလှမ်းကြည့်ပြီး
သူ ဘာတခုခုလုပ်ပေးနိုင်မလဲပဲ
အမြဲတွေးတတ် စဉ်းစားတတ်ခဲ့
ဘာအရေးပေါ်ပေါ် ပျော်ပျော်ရဲရဲထလိုက်။
အခုငါက ကမ္ဘာကို ဘရောက်ဇာတခုခုကနေ ချောင်းချောင်းကြည့်
ကိုယ့်အတွက်ဘာတွေ ဒေါင်းလုဒ်လုပ်ယူလို့ရမလဲ
တစ်နေ့လာလဲ ဒီပြတင်းပေါက်တွေပါပဲကွာ။

လူကလေး မင်းကတခါတလေ
ဘီအီးလေးတစ်ပိုင်း၊ ထန်းရေကလေးတစ်မြူ
အာမီရမ်လေးတစိတ်နဲ့ မှောက်အိပ်သွားတတ်တာမျိုး။
အခု ငါ့မတော့လေ
ဘီယာ ဝီစကီ ဝိုင် ရှိုချူး ဆာကေး
ဘာရွေးသောက်သောက်
မမူးမမှောက် ထုံထိုင်းခဲ့ပြီ။

ငါ့လူကလေးက ချစ်သူကိုသစ္စာရှိရှိချစ်
ဘယ်မိန်းကလေးမှ ရိုင်းရိုင်းစိုင်းစိုင်းမကြည့်ဖြစ်ခဲ့ပေမယ့်
၄၀ကျော်ငါကတော့ အင်တာနက်ပေါ်
အရှက်မဲ့မတွေကို စိတ်နဲ့ပျော်လားပျော်ပါးရဲ့။

လူကလေးမင်းက
အိမ်နဲ့အဆင်မပြေ ဖအေနှင်ချလည်း
သူငယ်ချင်းအဆောင်မှာစတည်းချ
အမေငိုငိုနေတယ်ကြားမှ အိမ်အသာပြန်၊ ဟန်မပျက်။
အခုငါ့မှာက
ဒီဘဝနဲ့အဆင်မပြေ၊ ဘယ်သွားနေမလဲ
အဖေ့ဆေးဖိုးလဲငါ
အမေသွေးတိုးလဲငါ
နှမခလေးမွေးဖိုးလဲငါ
ယောက္ခမအကြွေးအတိုးလဲငါ။

ငါ့လူလေးကဘယ်သန်
သန်တဲ့လက်နဲ့ပဲ အရာရာကိုကိုင်တွယ်ခဲ့
ပထမပင်လယ်ကွေ့စစ်ပွဲကို မြန်မြန်အဆုံးသတ်စေချင်ခဲ့၊
မီလိုဆီဗစ်မကောင်းမှန်းသိပေမယ့်
နေတိုး(NATO)အနိုင်ကျင့်တာကိုလဲရွံရှာမုန်းတီးတတ်ခဲ့တယ်။

ငါကတော့ ဘယ်သန်တာကိုကြိတ်ရှက်
ညာဖက်သုံးမှယဉ်ကျေးတဲ့လောကထင်ပြီး
အဆင်ပြေအောင်ညာကျင့်
ညာနဲ့စားသောက် ညာနဲ့ရေးချွတ်
ညာနဲ့တီးခတ်တတ်လာတဲ့အခါ
ဂရောင်းဇီးရိုးကို ကြေကွဲခံစားလို့
အီရတ်ပြည်သူတွေသွေးသံရဲရဲကိုတော့
မကြည့်ရဲသလိုလို မျက်နှာလွှဲနေမိခဲ့တယ်။

ငါ့လူကလေးက
တယောက်အံဖတ် တယောက်ကျုံးပေးဖို့ဝန်မလေးတဲ့
ကျောင်းကိုချစ်၊ စောင်းကိုချစ်၊ ဒေါင်းကိုချစ်တဲ့
သူငယ်ချင်းအစစ်တွေကိုမှ ရင်ချင်းအပ်ပေါင်းဖေါ်ခဲ့
ငါကအခုတော့
မင်းနဲ့သူတို့ကို ပြန်လာရှာဖွေတတ်သေးပေမယ့်
ဘဝကိုအောင်မြင်နေပုံဖမ်းပြီး
ကိုယ်ရည်သွေးလေသရမ်းတတ်တဲ့
ဒုတိယတန်းစားသောက်ဖေါ်တွေနဲ့ချည်းကျေနပ်ခဲ့ရတယ်။

လူကလေးရေ မင်းက
မြစ်ဝကျွန်းပေါ်ကိုချစ်
တိုးမြစ်ထဲက ဓနိသမ္ဘာန်တွေပေါ်မှာလည်းပျော်
ဒီရေရောက်တောစာသင်ကျောင်းလေးပေါ်မှာ ခလေးတွေနဲ့တရုံးရုံး
ရိုးပြတ်တွေကြားမှာ ကင်မရာအစုတ်ကလေးတလုံးနဲ့လည်း
လယ်တောသူလုံမငယ်လေးတွေကို လှပစေခဲ့ဘူးတယ်။

မင်းရဲ့ငါကတော့
နာဂစ်ချေမွသွားတဲ့ ငါ့ထမင်းရှင်တွေရဲ့ နုံးတင်မျက်နှာတွေကို
မသိမသာခပ်စောင်းစောင်းလေးလွှဲ
ခွင့်နည်းနည်းပဲရလို့ ပြန်ပါရစေအုံး
ဟောဒီမှာအလှူငွေလေး ကျပ်သိန်းအနည်းငယ်
တကယ်စိတ်မကောင်းပါဘူးဗျာဆိုပြီး
လယ်တောထဲကအပျက်စီးပုံတွေပေါ်
ကင်မရာအကောင်းစားနဲ့ ကိုယ့်ကိုကိုယ်ဓာတ်ပုံရိုက်ခံ
ဟိုပြန်ရောက်ယင် ဝဘ်ဆိုဒ်ပေါ်တင်ဖို့လေ။

လူကလေးရေ
မင်းနဲ့ငါ့ကြားက တစ်လမ်းသွားအကွာအဝေးရဲ့
ပမာဏနဲ့လားရာကို
အချိန်ကာလနဲ့စား အဖြေရှာခရီးဆက်ယင်း
စားကြွင်းကမပြတ်နိုင်တဲ့ဘဝမတော့
ဒီရေမြေနဲ့ဒီလူတွေကိုအဝေးကချစ်
ဘာကြောင့်မှယောင်ယမ်းမပစ်ခွာဘူးဆိုတဲ့
ငါ့ ဒီအဆုံးဖြတ်လေးတစ်ခုကိုပဲ
နဲလဲ အသိမှတ်ပြုပါလေ။

လူသွေး
၂၀၁၀၊အောက်တိုဘာ

0 comments:

Post a Comment