Saturday, December 3, 2011

ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါး(၅) ဒေါက်တာသန်းထွန်း

0 comments

ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါး(၅)

               မင်းမြတ်အနော်ရထာ
ပထမမြန်မာနိုင်ငံတော်ကို စတင်တည်ထောင်တော်မူခဲ့တဲ့ အနော်ရထာ (အနုရုဒ္ဓ) ဟာ (၁၀၄၄) ခုနှစ်မှာ ပုဂံထီးနန်းကို ရရှိခဲ့ပါတယ်။ သူရဲ့ ခမည်းတော်ကတော့ ကွမ်းဆော်မင်းလို့လည်းခေါ်ကြတဲ့ ကြောင်ဖြူမင်းပဲဖြစ် ပါတယ်။ အနော်ရထားဟာ စုက္ကတေးမင်းနဲ့စီးချင်းထိုးကြပြီး စုက္ကတေးကျလို့ ပုဂံထီးနန်းကိုရရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီနေရာမှာ အနော်ရထာရဲ့ခမည်းတော် ကြောင်ဖြူမင်းအကြောင်းကို နည်းနည်းရေးချင်ပါတယ်။ ကြောင်ဖြူမင်း မတိုင်ခင် ပုဂံမှာအုပ်စိုးခဲ့တဲ့မင်းကတော့ တောင်သူကြီးမင်းလို့လဲခေါ်ကြတဲ့ ညောင်ဦးစောရဟန်မင်းပဲဖြစ်ပါတယ်။

တောင်သူကြီးမင်း မင်းဖြစ်လာပုံကလည်း သက်ဦးဆံပိုင်ပဒေသရာဇ်ခေတ်မှာ ဘုရင်ကိုသတ်ရင် ဘုရင်ဖြစ်တယ်ဆို တာလို သူ့ရှေ့ကမင်းဖြစ်တဲ့ သိန်းခိုမင်းကိုသတ်ပြီး မင်းဖြစ်လာတာဖြစ်တယ်။ မရည်ရွယ်ပဲ သူမင်းဖြစ်လာပုံက စိတ်ဝင်စားဖို့လည်းကောင်းတယ်။ ပုဂံဘုရင်ဖြစ်တဲ့ သိန်းခိုမင်းက မြင်းစီးပြီးတောကစားထွက်လာတာ တောင်သူ ကြီးစိုက်ပျိုးထားတဲ့ သခွားခင်းကိုတွေ့တယ်။ အဲဒီမှာ ဆာလောင်နေတာနဲ့ တောင်သူကြီးရဲ့ သခွားခင်းက သခွား သီးကိုစားမိတယ်။ အဲဒါကို တောင်သူကြီးမြင်တော့ ပိုင်ရှင်ဆီမှာမတောင်းဘဲစားတယ်ဆိုပြီး ဘုရင်မှန်းမသိလို့ သိန်းခိုမင်းကို တူရွင်းနဲ့ရိုက်တာမှာ သိန်းခိုမင်းနတ်ရွာစံသွားတဲ့အတွက် တောင်သူကြီးကနေ မင်းဖြစ်လာတာ ဖြစ်တယ်။

အနော်ရထာမင်းရဲ့ခမည်းတော် ကြောင်ဖြူမင်းကျတော့ တောင်သူကြီးမင်းလို သာမာန်လူတွေထဲကနေ မထင်ပဲနဲ့ မင်းဖြစ်လာတဲ့သူမဟုတ်ဘူး။ သူ့ရဲ့မယ်တော် တန်နက်မင်းရဲ့မိဖုရားဖြစ်တယ်။ အဲဒီတန်နက်မင်းကို စလေငခွေးက လုပ်ကြံလို့ တန်နက်မင်းနတ်ရွာစံတော့ စလေငခွေးကမင်းဖြစ်ပြီး တန်နက်မင်းရဲ့မိဖုရားကို မိဖုရားမြောက်မယ် လုပ်တယ်။ တန်နက်မင်းနတ်ရွာစံတော့ အဲဒီမိဖုရားမှာ တန်နက်မင်းနဲ့ရတဲ့ကိုယ်ဝန်ရှိနေတယ်။

မိဖုရားက စလေငခွေး မိဖုရားမြောက်တာကိုမခံချင်လို့ တိမ်းရှောင်သွားပြီး ကြောင်ဖြူအရပ်မှာ သာမာန်ဆင်းရဲသူအ နေနဲ့မထင်မရှားနေရင်း ကြောင်ဖြူမင်းကိုမွေးတယ်။ ကြောင်ဖြူမင်း ငယ်ရွယ်စဉ်ကလေးဘဝမှာ ကလေးတွေနဲ့ ကစားတဲ့အခါ ကလေးတွေကသူ့ကို အဖေမရှိတဲ့သားဆိုပြီး လှောင်ကြစကြတယ်။

အဲဒါကို ကြောင်ဖြူမင်းက သူ့မယ်တော်ကို မေးတော့ သူ့မယ်တော်က . . .

သားမောင်... သင်၏ အဖကား သာမာန်မည်ကာမတ္တထဲမှ မဟုတ်၊ ပုဂံကို အစိုးရသော တန်နက်မင်းတည်း။ သင့်အဖသည် စလေငခွေး လုပ်ကြံ၍ဆုံးရသည်။ သူက မယားပြုမည်ကိုစိုးရိမ်၍ အမောင့်ကိုပဋိသန္ဓေဖြင့် ဤအရပ်တွင် တိမ်းရှောင်နေကာ အမောင့်အားမွေးလာခြင်းဖြစ်သည်။ အမောင်ကား မင်းမျိုးပင်တည်းလို့ ဖြစ်ပုံအလုံးစုံကို ရှင်းပြတယ်။

ကြောင်ဖြူမင်းလည်း သူဟာ တန်နက်မင်းရဲ့သားဖြစ်ကြောင်းသိရတော့ သူ့ဖခင်လိုမင်းအဖြစ်ကိုရဖို့ သစ္စာအဓိဋ္ဌာန် ပြုတယ်။ ပြီးတော့ တောင်သူကြီးမင်းထံမှာခစားတော့ မင်းကြီးစားဖို့ကွမ်းဆော်တဲ့အလုပ်ကိုရတယ်။

တနေ့တော့ ပုဂံမှာ မင်းလောင်းပေါ်မယ်ဆိုပြီး သတင်းတွေဖြစ်နေတော့ လူတွေက မင်းလောင်းကိုကြည့်ဖို့ဆိုပြီး တူရွင်းတောင်ခြေကို သွားကြတယ်။ ကြောင်ဖြူမင်းကလည်း မင်းလောင်းကြည့်ဖို့ အများနည်းတူ တူရွင်းတောင်ဆီ သွားတော့ လမ်းမှာ အဘိုးအိုတစ်ဦးနဲ့တွေ့တယ်။ မဟာရာဇဝင်တွေမှာ အဲဒီအဘိုးအိုကို သိကြားမင်းလို့ဆိုထား တယ်။ ဒီနေရာမှာ မိမိရေးချင်တာက အဖြစ်အပျက်လည်းမှန်ကန်ရမယ့်၊ ယုတ္တိဗေဒလည်းရှိရမယ့်၊ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းစာအုပ်ထဲမှာ ရှေးဟောင်းပုဂံပုံပြင်တွေ၊ ဒဏ္ဍာရီတွေလို သိကြားမင်းတို့ နတ်တို့ပါနေတာကတော့ မသင့်ဘူး။ သမိုင်းတန်ဖိုးကိုယုတ်လျော့စေတယ်လို့ မြင်တယ်။ တိုင်းတပါးသားတွေ၊ ဥပမာ ကိုယ့်နိုင်ငံကိုလာတဲ့ ကမ္ဘာလှည့် တွေကလည်း ဒါမျိုးကို လက်ခံမှာမဟုတ်ဘူး။ မိမိကတော့ ပုဂံအကြောင်း၊ ပုဂံမင်းတွေအကြောင်း ပြုစုရတာထက် အင်းဝတို့၊ တောင်ငူတို့၊ ဟံသာဝတီတို့နဲ့ ကုန်းဘောင်ခေတ်ကအကြောင်းတွေကို ရေးရ ပြုစုရတာ ပိုပြီးစိတ်သန့် တယ်။ သို့လော သို့လော မခံစားရဘူး။ ရှင်းအောင်ရေးရရင် အဲဒီခေတ်တွေ၊ အဲဒီခေတ်မင်းတွေ အကြောင်းကို လေ့လာပြုစုရတာ ပိုပြီးယုတ္တိဗေဒကျတယ်လို့ ဆိုချင်တယ်။

ကဲ . . . ဒါတွေထားတော့၊ ဆက်ရေးရရင် အဘိုးအိုက ကြောင်ဖြူမင်းကို ပတ္တမြားဥသျှောင်၊ ပတ္တမြားလက်စွပ်၊ အရိန္ဒမာလှံ၊ ဓားနဲ့ သူစီးလာတဲ့မြင်းကို ပေးတယ်။ အဲဒီအဘိုးအိုက ကြောင်ဖြူမင်းကို သူပေးတဲ့ ပတ္တမြားဥသျှောင် ကို ဆောင်းစေပြီး၊ ပတ္တမြားလက်စွပ်ကို လက်မှာဝတ်စေကာ မြင်းကိုစီးပြီးဘုရင့်နန်းရင်ပြင်ကို သွားစေတယ်။

အဲဒီမှာ တူရွင်းတောင်ခြေကို မင်းလောင်းပေါ်မယ်ဆိုလို့ လာကြည့်ကြတဲ့ ပုဂံသူ၊ ပုဂံသားတွေကလည်း ပတ္တမြား ဥသျှောင်ကိုဆောင်းပြီး မြင်းနဲ့အပြင်းနှင်လာတဲ့ ကြောင်ဖြူမင်းကိုမြင်တာ့ ရုတ်ရုတ်သဲသဲဖြစ်ကာ မင်းလောင်းဆိုပြီး ကန်တော့ကြတယ်။

ဒီအချိန်မှာ မင်းလောင်းပေါ်တယ်ဆိုတဲ့သတင်းကို နန်းတော်မှာရှိတဲ့ ညောင်ဦးစောရဟန်မင်းလည်းကြားရော၊ ငါရှိလျက်နှင့် အဘယ်သူသည် မင်းလောင်းဖြစ်အံ့နည်း၊ ငါ့နန်းသို့ဝင်အံ့နည်းဆိုပြီး နန်းဦးမှာရပ်နေတုန်း အဲဒီ နန်းဦးတံခါးဝမှာထားတဲ့ ကျောက်သူရုပ်ကတွန်းချလိုက်လို့ နန်းဦးကအောက်ကျပြီး နတ်ရွာစံသွားတယ်လို့ ရာဇဝင်တွေကဆိုတယ်။

ဒီနေရာမှာ ညောင်ဦးစောရဟန်မင်းရဲ့ မိဖုရားသုံးပါးအကြောင်းကိုလည်း နည်းနည်းရေးချင်တယ်။ အဲဒီမင်းက မင်းသမီးညီအမသုံးပါးကို မိဖုရားမြှောက်ထားတယ်။ အကြီးကို တောင်ပြင်သည်၊ အလတ်ကို အလယ်ပြင်သည်၊ အငယ်ကို မြောက်ပြင်သည် မိဖုရားလို့ခေါ်တယ်။

ဒီမိဖုရားသုံးပါးမှာ အကြီးတောင်ပြင်သည်က ကျည်စိုးကို မွေးပြီး၊ အလတ်အလယ်ပြင်သည်က စုက္ကတေးကိုမွေး တယ်။ ညောင်ဦးစောရဟန်မင်းနတ်ရွာစံချိန်မှာ ကျည်စိုးက ကိုယ်ဝန်ကိုးလ၊ စုက္ကတေးက ကိုယ်ဝန်ခြောက်လနဲ့ ကျန်ခဲ့တယ်။

ကြောင်ဖြူမင်းလည်း မြင်းကိုအပြင်းနှင်ပြီး နန်းရင်ပြင်ထဲဝင်လာတဲ့အခါ မူးမတ်တွေအားလုံးက မင်းမြှောက်လိုက်ကြ လို့၊ ကြောင်ဖြူမင်း ဘုရင်ဖြစ်သွားတယ်။ ကြောင်ဖြူမင်း မင်းဖြစ်လာတော့လည်း စောရဟန်မင်းရဲ့မိဖုရားသုံးပါးကိုပဲ မိဖုရားမြှောက်တယ်။ အငယ်ဖြစ်တဲ့ မြောက်ပြင်သည်မိဖုရားက ကြောင်ဖြူမင်းနဲ့အနော်ရထာကိုမွေးတယ်။

ကျည်စိုးနဲ့စုက္ကတေးတို့ အရွယ်ရောက်လာတဲ့အခါမှာတော့ အလှူအတွက်ကျောင်းတော်ကို သာဓုခေါ်ကြွတော်မူပါ ဆိုပြီး ပင့်တယ်။ အဲဒါကို ကြောင်ဖြူမင်းက ယုံကြည်ပြီးလိုက်သွားတော့ ကြောင်ဖြူမင်းကို ခြိမ်းခြောက်ပြီး ရဟန်း ပြုခိုင်းတယ်။ ပြီးတော့မှ မင်းကြီးဟာ သာသနာတော်ကို ယုံကြည်သက်ဝင်လို့ နိဗ္ဗာန်ချမ်းသာကို မျှော်တွေးပြီး ရဟန်းပြုသွားပြီလို့ကြေငြာကာ ကျည်စိုးက မင်းဖြစ်လာတယ်။ ကြောင်ဖြူမင်းရဲ့ နန်းစည်းစိမ် (၂၁) နှစ် ရှိပြီး သက်တော် (၉၅) မှာ နန်းကျသွားတာဖြစ်တယ်။

ကျည်စိုးက နန်းသက်တိုတယ်။ () နှစ်ပဲ ပုဂံထီးနန်းကိုစံရတယ်။ ဒီမင်းက ချင်းတွင်းညွန်တန်အရပ်မှာ မင်းတဲ ဆောက်ပြီးတော့ ဗန်ကျီဆယ်ရွာတဝိုက်မှာရှိတဲ့တောကိုသွားပြီး သမင်လိုက်ရာမှာ မုဆိုးတစ်ယောက်က မင်းမှန်း မသိဘဲ သမင်ထင်ပြီးလေးနဲ့ပစ်လိုက်လို့ သက်တော် (၂၇) နှစ်မှာ နတ်ရွာစံသွားတယ်။

ကျည်စိုး နတ်ရွာစံတော့ စုက္ကတေးက မင်းဖြစ်လာတယ်။ အနော်ရထာက ခမည်းတော်၊ မယ်တော်တွေနဲ့အတူနေပြီး စုက္ကတေးမင်းထံမှာ ခစားရတယ်။ တနေ့တော့ စုက္ကတေးမင်းက အနော်ရထာကိုညီသားနောင်မယ်လို့ ခေါ်လိုက် ပါတယ်။ အဲဒီလိုခေါ်တာကို အနော်ရထာက သူ့ခမည်းတော်ကို မေးလျှောက်တော့ သူ့ခမည်းတော်ကစုက္ကတေးက အမောင့်မိခင်ကိုယူလို၍ခေါ်သည်လို့ ဖြေတယ်။

အဲဒီမှာ အနော်ရထာလည်း စုက္ကတေးမင်းကို ကြီးစွာအမြတ်ထွက်ပြီး သူ့ခမည်းတော်မှာရှိတဲ့ မြင်းနဲ့ဓားလှံ၊ လက် နက်တွေကိုတောင်းတယ်။ သူ့ခမည်းတော်ကလည်း အနော်ရထာကို အရိန္ဒမာလှံ၊ သီလဝံသဓား၊ ပတ္တမြားဥသျှေင်နဲ့ ပတ္တမြားလက်စွပ်တွေပေးပြီး . . .

ငါ့မြင်းမူကား ငါနန်းကျကတည်းကပင် လွတ်၍နေလေသည်။ ငါဝတ်တော်မူသော လက်စွပ်ကိုပြလျှင် အဖမ်းခံ လိမ့်မည်။ ရလျှင် သည်မြင်းကိုယူ၍ ပုပ္ပါးအရပ်၌ အလုံးအရင်းစုလေ။ အင်အားပြည့်စုံမှ စုက္ကတေးကို လုပ်ကြံပါ လေလို့ မိန့်တော်မူတယ်။

အနော်ရထာလည်း ခမည်းတော်မြင်းကို လက်စွပ်ပြပြီးအရယူကာ ပုပ္ပါးအရပ်ကိုထွက်ခွါပြီး အဲဒီမှာ လူသူအလုံး အရင်း ရအောင်စုတယ်။ ဒီအချိန်မှာ စုက္ကတေးမင်းကလည်း အနော်ရထာရဲ့ မယ်တော်ကိုယူပြီး မိဖုရားမြှောက် လိုက်တယ်။

လူသူအလုံးအရင်း စုမိတဲ့အချိန်မှာတော့ အနော်ရထာ ပုဂံကိုချီလာပြီး စုက္ကတေးမင်းကိုနန်းပေးမည်လော၊ စစ်ကိုပြုမည်လောလို့ မေးတယ်။

စုက္ကတေးမင်းလည်း အနော်ရထာ စကားကိုကြားတော့ ပြင်းစွာအမျက်ထွက်သွားပြီး . . .

ခံတွင်းတွင်မျှ နို့ဖတ်မစင်သေးသူဖြစ်လျှက် ငါ့ကိုတိုက်မည်ဆိုသော် အမတ်ဗိုလ်ပါတို့ ကြည့်၍သာနေကြစေ၊ ငါနှင့် မြင်းတစ်စီးချင်းတိုက်မည်ဟု မိန့်ပြီး အနော်ရထာထံ မြင်းစီးချင်းတိုက်ဖို့အကြောင်းကြားစေတယ်။

စုက္ကတေးမင်းထံက စကားကိုကြားတော့ အနော်ရထာမင်းလည်း ဝမ်းသာသွားပြီး ချိန်းဆိုတဲ့ နေ့ရက်ကို ရောက် တဲ့အခါ ခမည်းတော်ရဲ့မြင်းကိုစီးပြီး ဓာလှံတွေနဲ့ သမထီးချောင်းကိုသွားတယ်။

စုက္ကတေးမင်းနဲ့ တွေ့ကြတော့ အနော်ရထာက စုက္ကတေးမင်းကို . . .

နောင်တော်သည် ငါ့ထက်ကြီးသူဖြစ်သည့်အတွက် င့ါကိုအရင်ထိုးလေဟု ဆိုတယ်။

အဲဒီမှာ စုက္ကတေးမင်းက အနော်ရထာကို လှံနဲ့ထိုးရာမှာ အနော်ရထာက အရိန္ဒမာလှံနဲ့ဆီးပြီး ကာလိုက်တဲ့အတွက် အနော်ရထာကိုမထိပဲ မြင်းကဦးကိုသာထိုးမိသွားတယ်။ အနော်ရထာက စုက္ကတေးမင်းရဲ့လှံကိုကာလိုက်ပြီး အရိန္ဒမာလှံနဲ့ပြန်ထိုးလိုက်တဲ့ အခါမှာတော့ လှံသွားက စုက္ကတေးကိုယ်ရှေ့ကနေ နောက်ကိုဖောက်ထွက်သွားပြီး မြင်းနဲ့အတူ မြစ်ထဲကိုကျကာ နတ်ရွာစံသွားတယ်။ အဲဒီ စုက္ကတေးကျတဲ့အရပ်ကို ဒီကနေ့တိုင်မြင်းကပါအရပ်လို့ ခေါ်ဆိုကြတယ်။ စုက္ကတေးမင်းဟာ နန်းစည်းစိမ် (၂၅) နှစ်၊ သက်တော် (၅၂) နှစ် မှာ နတ်ရွာစံတာဖြစ်တယ်။

အနော်ရထာဟာ မိဘရဲ့ကျေးဇူးတရားကိုသိတတ်တဲ့ သားကောင်းသားမြတ်ဖြစ်တယ်။ သူ့ခမည်းတော် ကြောင်ဖြူ မင်းကိုလည်း အလွန်ချစ်တယ်။ အဲဒါကြောင့် စုက္ကတေးမင်းနဲ့စီးချင်းထိုးကြလို့ စုက္ကတေးမင်း ကျသွားပေမယ့်လည်း ပုဂံထီးနန်းကိုသူမယူပဲ သူ့ခမည်းတော်ကို ဘုရင်ပြန်လုပ်ဖို့ဆိုပြီး အပ်တယ်။ ဒီနေရာမှာတော့ အနော်ရထာကို အလွန်လိမ္မာတဲ့သား၊ အတုယူ စံပြုထိုက်တဲ့သားလို့ ဆိုရမယ်။ စုက္ကတေးမင်းနဲ့ ဖြစ်ရတဲ့ကိစ္စကလည်း ပုဂံထီးနန်းကို လိုချင်လို့မဟုတ်။ စုက္ကမင်းက သူ့ရဲ့မယ်တော်ကို စော်ကားပြီးပြောတဲ့အတွက်ကြောင့်သာ မခံနိုင်ဖြစ်ပြီး ဒီကိစ္စဖြစ် ရတာ။

ဆက်ရေးရရင်အနော်ရထာက သူ့ခမည်းတော်ကို ဘုရင်ပြန်လုပ်ဖို့ထီးနန်းအပ်တယ်။ ဒါပေမယ့် . . . ခမည်းတော် ဖြစ်တဲ့သူက လက်မခံတော့ဘူး။

ငါကား အသက်အရွယ်ကြီးရင့်ပြီ၊ အမောင်သာ မင်းပြုလေတော့လို့ဆိုတဲ့အတွက် အနော်ရထာက ပုဂံမှာ (၄၂) ဆက်မြှောက်အဖြစ် မင်းဖြစ်လာတယ်။

ရေးရရင်တော့ ပုဂံမှာ အနော်ရထာမင်းဖြစ်လာတော့မှသာ မြန်မာနိုင်ငံရဲ့သမိုင်းဟာ ပီပီပြင်ပြင်နဲ့ ထင်ထင်ရှားရှား ဖြစ်လာရတယ်လို့ ဆိုရမှာဖြစ်တယ်။ ပုဂံမင်း (၅၅) ဆက် ရှိပေမယ့် မြန်မာတို့ရဲ့ အဓိကနံပါတ်တစ်ကျေးဇူးရှင်က အနော်ရထာပဲဖြစ်တယ်။ အနော်ရထာပြီးတော့မှ ကျန်စစ်သားကို ကျေးဇူးရှင်လို့ဆိုရမယ်။ အများစု မင်းတွေက တော့ နိုင်ငံတိုးတက်ရေးကို ထူးထူးခြားခြားမလုပ်ဆောင်နိုင်ကြတဲ့ သာမာန်မင်းတွေသာ ဖြစ်တယ်။ အနော်ရထာ ကိုကျတော့ မြန်မာ့သမိုင်းမှာ ရှားမှရှားတဲ့မြန်မာတွေဂုဏ်ယူရလောက်တဲ့ သူရဲကောင်း မင်းကောင်းမင်းမြတ်တစ်ပါး လို့ ဆိုရလိမ့်မယ်။

အနော်ရထာဟာ သူ့လက်ထက်မှာ နိုင်ငံကိုတိုးချဲ့ပြီး ပထမမြန်မာနိုင်ငံကို တည်ထောင်ခဲ့တယ်။ စစ်ရေးစွမ်းရည် ပြည့်ဝမှုတွေနဲ့ စစ်တံခွန်အောင်လံတွေ လွင့်ထူနိုင်ခဲ့သလို၊ နိုင်ငံတော်ကာကွယ်ရေး၊ စီးပွားရေး၊ ဘာသာသာသနာနဲ့ ယဉ်ကျေးမှုဆိုင်ရာတွေမှာလည်း အဖက်ဖက်ကတိုးတက်အောင် စွမ်းဆောင်နိုင်တဲ့အတွက် အိမ်နီးနားချင်းနိုင်ငံ တွေရဲ့ လေးစားမှုကိုခံခဲ့ရပြီး အဲဒီနိုင်ငံတွေအပေါ်မှာ အနော်ရထာရဲ့ တန်ခိုးသြဇာတွေလွှမ်းမိုးခဲ့တယ်။

သူ့လက်ထက်မှာ ပုဂံမှာ ကိုးကွယ်နေကြတဲ့ မဟာယာနနွယ်တဲ့ တိဗက်ဗုဒ္ဓဘာသာအတုဖြစ်တဲ့ အရည်းကြီးရဟန်း တွေရဲ့ဂိုဏ်းကိုလည်း ဖယ်ရှားပစ်နိုင်ခဲ့ပြီး အစစ်အမှန်ဖြစ်တဲ့ ထေရဝါဒဗုဒ္ဓဘာသာကို ထွန်းကားစေခဲ့တယ်။ ဒီကနေ့ မြန်မာတွေ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်နေကြရတာ အနော်ရထာရဲ့ကျေးဇူးကြောင့်ဖြစ်တယ်။

အနော်ရထာနန်းတက်စက အုပ်ချုပ်ရတဲ့နယ်မြေအကျယ်အဝန်းက သိပ်မရှိသေးဘူး။ ပုဂံရဲ့ အကျယ်အဝန်းက တောင်နဲ့ မြောက် မိုင် (၂၀၀) ခန့်နဲ့၊ အရှေ့နဲ့ အနောက် မိုင် (၈၀) ခန့်သာ ရှိတယ်။ နေရာဒေသအနေနဲ့ ရေးရရင် ကသာ၊ မန္တလေး၊ မိထ္ထီလာ၊ မြင်းခြံ၊ ပခုက္ကူနယ်တွေလောက်သာ အကျယ်အဝန်းရှိတယ်။

ပုဂံရဲ့ တောင်ဘက်မှာ မွန်လူမျိုးတွေရဲ့ တိုင်းပြည်ရှိပြီး၊ မြောက်ဘက်နဲ့ အရှေ့ဘက်မှာတော့ ရှမ်းလူမျိုးတွေ နေထိုင် ကြတယ်။ အနောက်ဘက်မှာ ရခိုင်လူမျိုးတွေ ရှိနေတယ်။ အဲဒိ မွန်၊ ရှမ်း၊ ရခိုင်လူမျိုးတွေဟာ သူတို့ နိုင်ငံတွေကို ဘုရင်တွေ စော်ဘွားတွေနဲ့ လွတ်လပ်စွာအုပ်ချုပ်နေကြတာဖြစ်တယ်။

နိုင်ငံကိုတိုးချဲ့ပြီး အင်အားတောင့်တင်းတဲ့နိုင်ငံတော်ကြီးဖြစ်ဖို့ ကြံရွယ်ချက်ရှိတဲ့အနော်ရထာဟာ ပထမဦးစွာ နိုင်ငံ ခိုင်ခံ့တည်တံ့ရေးအတွက် နိုင်ငံတော်ကာကွယ်ရေးကိုလည်း လုပ်ဆောင်တယ်။

ကျေးလက်တောရွာနဲ့ မြို့ငယ်တွေမှာ ဘုရင်ကအလိုရှိတဲ့အခါ လူဦးရေကိုလိုက်ပြီး ဘုရင်က အမှုထမ်းဖို့ လူ (၂၀) လူ (၅၀) လူ (၁၀၀) ပေးကြရတယ်။ အမှုထမ်းဖို့ပေးနိုင်တဲ့ အင်အားအလိုက် (၂၀) ပြု၊ (၅၀) ပြု၊ (၁၀၀) ပြု၊ (၁၀၀၀) ပြု မြို့ပြတွေကိုတည်တယ်။

စစ်သည်ရဲမက်စုစောင်းရေးတွေလုပ်သလို သူရသတ္တိနဲ့ပြည်စုံတဲ့ သူရဲကောင်းတွေကိုလည်း ချီးမြှင့်မြှောက်စား တယ်။ ဒါကြောင့်ပဲ အနော်ရထာလက်ထက်မှာ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖိး၊ ဗျတ္တ။ ဗျတ္တနဲ့ ပုပ္ပါးက မယ်ဝဏ္ဏတို့ရတဲ့သားတွေဖြစ်ကြတဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ဟာ ထင်ရှားတဲ့ပုဂံသူရဲကောင်းတွေ ဖြစ် လာကြတယ်။

အနော်ရထာဟာ နိုင်ငံကိုနေရာတကျစီမံပြီးတော့ ရှမ်းနဲ့ မြန်မာနယ်စပ်တွေမှာ ကင်းမြို့(၄၃) မြို့ကို တည်ဆောက် တယ်။ နိုင်ငံရဲ့စီးပွားရေးတောင့်တင်းဖို့အတွက် မိထ္ထီလာကန်ကိုပြုပြင်တာတို့၊ ကျောက်ဆည်နယ်ထဲ ရေသွင်းဖို့ ဆည်မြောင်းတွေကို တူးဖော်တာတို့၊ ရေမြောင်းတွေကိုစောင့်ကြပ်ဖို့ ရွာတည်ပြီး အမှုထမ်းတွေခန့်ထားတာတို့ စတဲ့ အလုပ်တွေကို ဆောင်ရွက်တယ်။

အဲဒီလို ဆောင်ရွက်တဲ့အတွက်ကြောင့်လဲ ကျောက်ဆည်နယ်၊ လယ်တွင်း (၁၁) ရွာ၊ ရေလွှဲ () ခရိုင်၊ ရေလွှဲ () ခရိုင်တွေမှာ ကောက်ပဲသီးနှံအထွက်များပြီး ရိက္ခာအတွက်အားထားရာဒေသ ဖြစ်လာတယ်။

နိုင်ငံကာကွယ်ရေး၊ နိုင်ငံစီးပွားရေးတွေကို လုပ်ဆောင်ပြီးတဲ့ အခါမှာတော့ အနော်ရထာဟာ ပုဂံမှာ သာသနာတော် တိုးတက်ထွန်းကားစေရေးနဲ့ နိုင်ငံတိုးချဲ့ရေးတွေ ဆောင်ရွက်တယ်။

ဒီနေရာမှာ စဖြစ်လာရတာက ဘာသာရေးနဲ့ပတ်သက်တဲ့ စစ်ပွဲပဲဖြစ်တယ်။ ပုဂံမှာ ရှေးဦးကတည်းက နတ်ကိုးကွယ် မှုတွေရှိခဲ့တယ်။ ပုဂံရဲ့ ပထမဆုံးမင်း သမုတိရာဇ်မင်းလက်ထက်ကတည်းက ဖြစ်တယ်။ အဲဒီနောက် မြောက်ပိုင်းက ဝင်ရောက်လာတဲ့ မဟာရာနနွယ်တဲ့ တိဗက်ဗုဒ္ဓဘာသာအတုကြောင့် ပုဂံမှာ အရည်းကြီးရဟန်းတွေ လွှမ်းမိုးတွင် ကျယ်လာစေခဲ့တယ်။

အဲဒီ အရည်းကြီးရဟန်းတွေဟာ သမထီးအရပ်မှာနေထိုင်ကြပြီး အရည်းကြီးသုံးကျိပ်နဲ့ တပည့် (၆၀၀၀၀) ရှိတယ် လို့ သိရပါတယ်။ သူတို့ရဲ့ ကျင့်စဉ်နဲ့အယူဝါဒကိုရေးရရင် သူတို့ရဲ့ အယူဝါဒကဤအပြစ်ကို ပြုမိလျှင် ဤပရိတ်ရွတ် က ပျောက်၏ဆိုတာမျိုးဖြစ်တယ်။ ပြီးတော့ လက်ဝှေ့သတ်၊ မြင်းစီး၊ စစ်တိုက်၊ အရက်သေစာသောက်စားတဲ့ အလုပ်တွေကိုလည်းလုပ်ကြတဲ့ အလဇ္ဇီရဟန်းတု၊ ရဟန်းယောင်တွေ ဖြစ်တယ်။

အနော်ရထာမင်းဖြစ်လာတဲ့အခါကျတော့ အနော်ရထာက ဒီအယူဝါဒတွေကို မနှစ်မြို့တဲ့အတွက် သာသနာတော် အစစ်အမှန်ကိုသာ လိုလားတောင်းတခဲ့တယ်။ အဲဒီချိန်မှာ မွန်ဘုရင် မနူဟာမင်းအုပ်ချုပ်တဲ့ သထုံပြည်ကနေပြီး တော့ ရှင်အရဟံဘွဲ့မည်ရှိတဲ့ ရဟန်းတော်တစ်ပါး ပုဂံကိုကြွလာပြီး တရားဓမ္မတွေဟောကြားတာမှာ အနော်ရထာ မင်းနဲ့ ပုဂံသား၊ ပုဂံသူတွေဟာ သာသနာတော်စစ်၊ သာသနာမှန်ဖြစ်တဲ့ ထေရဒဗုဒ္ဓဘာသာအယူမှာ တည်ကုန်ကြ တယ်။ မဟာရာဇဝင်တွေမှာ ရှင်အရဟံအကြောင်းကို လေ့လာကြည့်တော့ ရှင်အရဟံက သထုံပြည်က ပုဏ္ဏားတစ် ဦးရဲ့သားဖြစ်ပြီး၊ ရှင်သီလဗုဒ္ဓိရဲ့ တပည့်အရင်းတစ်ဦး ဖြစ်တယ်ဆိုတာကို တွေ့ရတယ်။

အနော်ရထာလည်း ရဟန်းတုရဟန်းယောင်တွေဖြစ်တဲ့ အရည်းကြီးသုံးကျိပ်နဲ့တပည့် (၆၀၀၀၀) ကို လူဝတ်လဲစေ ပြီး အဲမောင်းကိုင်၊ လှံကိုင်၊ ဆင်ချေးကျုံး၊ မြင်းချေးကျုံး၊ စတဲ့အလုပ်တွေမှာ လုပ်စေတယ်။

အဲဒီနောက် ဗုဒ္ဓသာသနာတော်ထွန်းကားတဲ့ သထုံပြည်ကမနူဟာမင်းဆီမှာ ပိဋိကတ်သုံးပုံရှိတယ်ဆိုတာ သိရတဲ့ အတွက် အမတ်တွေကိုလွတ်ပြီး ပိဋိကတ်သုံးပုံကိုတောင်းတယ်၊ မနူဟာမင်းက မပေးတဲ့အတွက် ၁၀၅၇ ခုနှစ်မှာ သထုံကို ချီတက်တိုက်ခိုက်တယ်။ သထုံဘုရင်မနူဟာမင်းကလည်း သထုံမြို့ကို အခိုင်အမာပိတ်ပြီး ခုခံတယ်။ သထုံကို သုံးလလောက်ဝန်းရံပြီးမှ သထုံမြို့တွင်းရိက္ခာပြတ်လတ်တဲ့ဘေးနဲ့ကြုံတွေ့ရလို့ အနော်ရထာထံမှာ အညံ့ခံလိုက်ရတယ်။

သထုံကိုရတော့ အနော်ရထာဟာ ပိဋိကတ်သုံးပုံနဲ့အတူ သထုံဘုရင်မနူဟာကိုပါ ပုဂံကို ယူလာခဲ့တယ်။ ပုဂံသူ၊ ပုဂံသားတွေ ပိဋိကတ်သုံးပုံကိုလေ့လာခွင့်ရသလို၊ ဘာသာရေးနဲ့ပတ်သက်တဲ့ အတွေးအခေါ်အယူအဆတွေကို တိုးတက်လာခဲ့ရတယ်။ ပိဋိကတ်သုံးပုံအကြောင်းပြုလို့ပဲ သင်္သကရိုက်နဲ့ ပါဠိစာပေကိုလည်း တိုးတက်တတ်မြှောက် လာပြီး ပုဂံမှာ မွန်စာပေလည်းထွန်းကားလာစေခဲ့တယ်။

ပုဂံကိုမွန်လက်မှုပညာရှင်တွေ ပါလာတဲ့အတွက်ကြောင့်လည်း မွန်ပိသုကာယဉ်ကျေးမှုလက်ရာတွေ ထွန်းကားလာ ခဲ့တယ်။ ပုဂံယဉ်ကျေးမှုအခြေအနေလည်း တိုးတက်ခဲ့တယ်။ ရေးရရင်တော့ ခရစ်နှစ် (၁၁၇၄) အထိတိုင်အောင် ပုဂံယဉ်ကျေးမှုမှာ မွန်ယဉ်ကျေးမှုလွှမ်းမိုးပြီး တိုးတက်ခဲ့ရတယ်။

အနော်ရထာဟာ သထုံကိုတိုက်ခိုက်သိမ်းယူသလိုပဲ ဥဿာပဲခူးကိုလည်း စစ်လမ်းကြောင်းကျနေတဲ့အတွက် သိမ်း ယူခဲ့တယ်လို့ လေ့လာသိရှိရတယ်။ အနော်ရထာဟာ နိုင်ငံကိုတိုးချဲ့ရေးအတွက် ငဖဲမြို့က အမ်းတောင်ကျော်လမ်းနဲ့ ရိုးမတောင်ကို ဖြတ်ကျော်ချီတက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဉ္စာမြို့ကိုသိမ်းယူတယ်။ ရခိုင်မှာရှိတဲ့ မဟာမုနိ ဘုရားကို ပင့်ဆောင်ပေမယ့်မရတဲ့အတွက် ဘုရားဆင်တုတော်တွေကိုသာပင့်ဆောင်ပြီး ပုဂံကို ပြန်လာခဲ့တယ်။

အဲဒီနောက် ဇင်းမယ်ကို တိုက်ခိုက်သိမ်းယူတယ်။ မစ္စတာ ဝုဒ် ရေးသားပြုစုထားတဲ့ ယိုးဒယားရာဇဝင်မှာတော့ ပုဂံမင်း အနုရုဒ္ဓ (အနော်ရထာ) တရုတ်နိုင်ငံတောင်ပိုင်းနှင့် ခမာ (မွန်) နိုင်ငံ၊ ကမ္ဗောဒီးယား (ကမ္ဗောဇ) တိုင်းတို့ကို အောင်မြင်ကြောင်း၊ ယိုးဒယားတစ်နိုင်လုံး၌လည်း အနုရုဒ္ဓ၏တန်ခိုးအာဏာ လွှမ်းမိုးသည်ကို ယုံမှားဖွယ်မရှိ ကြောင်းရေးထားတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် ယိုးဒယားကို အနော်ရထာသိမ်းယူတယ်ဆိုတာကိုတော့ သေချာတဲ့ အထောက်အထားမတွေ့ရပါဘူး။ 

အထက်ဘက် ရှမ်းပြည်နယ်အားလုံးဟာလည်း လက်အောက်ခံအနေနဲ့ အနော်ရထာရဲ့သြဇာအာဏာစက်ပျံ့နှံ့ခဲ့ရပြီး မောကိုးပြည်ထောင်ကိုအစိုးရတဲ့ မိုးကောင်းစော်ဘွားကလည်း သမီးတော် စောမွန်လှကိုဆက်သခဲ့လို့ အနော်ရထာ မိဖုရားမြှောက်ခဲ့တာလည်း သိရှိရပါတယ်။    

အနော်ရထာဘုရင်ဟာ သူ့လက်ထက်မှာ တရုတ်နန်ချောင်နိုင်ငံ၊ တာလီဖုမြို့က ဥတည်ဘွားမင်းထံ ဗုဒ္ဓရဲ့စွယ် တော်ကို ပင့်ဆောင်ရန်လည်း စစ်ချီခဲ့ပါသေးတယ်။ ဒါပေမယ့် စွယ်တော်ကိုပင့်ဆောင်လို့ မရခဲ့ပဲ ကျောက်စိမ်းရုပ် ထုတော်တစ်ဆူကိုသာ ရခဲ့ပါတယ်။ 

နိုင်ငံချဲ့ထွင်ရာမှာ ထိရောက်အောင်မြင်ခဲ့တဲ့အတွက် အနော်ရထာဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့လေးစားမှုကို ခံယူ ခဲ့ရတယ်။ သီဟိုဠ်နိုင်ငံကလည်း အနော်ရထာမင်းကို အထူးရိုသေလေးစားခဲ့တာ တွေ့ရပါတယ်။ ဒါကတော့ နိုင်ငံကို တိုးချဲ့ပြီး အနော်ရထာမင်း ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်တော်မူခဲ့တာပဲ ဖြစ်တယ်။

အနော်ရထာဟာ သာသနာရေးကိစ္စတွေမှာလည်း ပုဂံမှာ ထေရဝါဒဗုဒ္ဓသာသနာတော် အစစ်အမှန် ပြန့်ပွားထွန်း ကားလာအောင် ဆောင်ရွက်နိုင်ခဲ့သလို၊ ဘုရားစေတီဂူကျောင်းတွေကိုလည်း တည်ဆောက်ပြုပြင်ခဲ့ပါတယ်။ အဲဒါတွေကတော့ ရွှေဆံတော်၊ လောကနန္ဒာ၊ ရွှေစည်းခုံ (အပြီးမသတ်ခဲ့တဲ့အတွက် ကျန်စစ်သားမင်းက ဆက် တည်ပါတယ်။) တန့်ကြည်တောင် စွယ်တော်ရှင်၊ ဖက်လိပ်နှစ်ဆူ၊ မြင်းကပါစေတီ၊ ပိဋကတ်တိုက်တို့ပဲဖြစ်ပါတယ်။

အနော်ရထာမင်းဟာ မိဖုရားကြီးအဂ္ဂမဟေသီနဲ့ သားတော် စောလူးမင်းတစ်ပါးကိုပဲ ရခဲ့ပါတယ်။ ဥဿပဲခူးမင်းက ဆက်သတဲ့ သီရိစန္ဒာဒေဝီလို့အမည်သမုတ်တော်မူထားတဲ့ မွန်မင်းသမီး မဏိစန္ဒာ (ခင်ဦး) နဲ့တော့ သားသမီး မရရှိပါ။ ကျန်စစ်သားကိုတော့ (၁၉၁၁) ခုနှစ်က ရှေးဟောင်းသုတေသနဌာနက တူးဖော်ရရှိတဲ့ ရာဇကုမာရ ကျောက်စာလို့လည်းခေါ်တဲ့ မြစေတီကျောက်စာအရ အနော်ရထာရဲ့သားဆိုတာ မသေချာတော့တဲ့အတွက် အနော်ရထာ့သားလို့ ရေးမရပါ။ အဲဒါကို ဆက်ရေးမယ့် ကျန်စစ်သားအကြောင်းမှာ ဆက်လက်လေ့လာစေချင် ပါတယ်။

ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်တော်မူခဲ့တဲ့ သူရဲကောင်းအာဇာနည် မင်းကောင်းမင်းမြတ်ဖြစ်တဲ့ မြန်မာ တွေရဲ့ကျေးဇူးရှင် အနော်ရထာမင်းဟာ (၁၀၇၇) ခုနှစ်မှာ ကံကြမ္မာနိမ့်ပါးချိန်တန်လာလို့ပဲ ဆိုရပါမယ်။ နေမယ်ဆို နေနိုင်ပါရဲ့နဲ့ မမျှော်လင့်ပဲနတ်ရွာစံသွားရပါတယ်။

နတ်ရွာစံပုံက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အနော်ရထာဟာ ဆည်မြောင်း၊ ချောင်းကန်တွေ စစ်ဆေးကြည့်ရှူတော် မူကာ တနေ့မှာ သူ့ရဲ့ ဆင်တော်သန်မြင်စွာကိုစီးပြီး နောက်ပါအမတ် () ယောက်နဲ့ ပုဂံကို ပြန်လာပါတယ်။ ပုဂံ အဝင် သရပါတံခါးကိုအရောက်မှာ မုဆိုးတစ်ဦးက အောင်သာမြစ်ခြေဟူသောအရပ်မှာ ကျွဲရိုင်းတစ်ကောင်သည် လူသူမသွားသာရန် ဆိုးသွမ်းရန်ပြုနေသည်လို့ နားတော်လျှောက်တယ်။

ကံနှိပ်စက်၍၊ ပျက်ချိန်ရောက်လာ၊ ပျက်ရာရှေ့ရှူဆိုတဲ့ စကားလိုပဲဆိုရပါမယ်။ မုဆိုးထံက အဲဒီစကားကိုလည်း ကြားရော အနော်ရထာမင်းလည်း သရပါတံခါးဆီသို့ မိမိဆင်တော်သန်မြင်စွာရဲ့ လက်ယာလက်တဖက်ကိုဝင်ပြီးမှထိုကျွဲကို ငါဆင်နဲ့ တိုက်တော်မူမည်လို့ မိန့်ပြီး နန်းတော်ကိုမဝင်တော့ပဲ ဆင်ကိုပြန်လှည့်ပြီး ကျွဲရိုင်းသောင်း ကျန်းနေတယ်ဆိုတဲ့ အောင်သာမြစ်ခြေဆီကို ချီတော်မူတယ်။

အောင်သာမြစ်ခြေအရပ်ကိုရောက်လို့ ကျွဲရိုင်းကိုမြင်တဲ့အခါမှာ ဆင်တော်ကိုချွန်းဖွင့်ပြီး ကျွဲရိုင်းဆီ အပြေးလွှတ် တယ်။
(ဒါပေမယ့် . . .ကျွဲရိုင်းက ဆင်တော်ထက်က အနော်ရထာကိုခတ်လိုက်တဲ့အတွက် အနော်ရထာ နတ်ရွာစံတော်မူ ရှာတယ်။):

ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ်ထိ ထင်ရှားတာရော၊ မထင်ရှားတာရော မင်းတွေအများကြီးအုပ်စိုးခဲ့တဲ့အထဲမှာ ရှားရှားပါးပါး အထူးခြားဆုံး၊ အတော်ဆုံး မင်းကောင်းမင်းမြတ်တပါးလည်းဖြစ်တဲ့၊ နိုင်ငံရဲ့ အကျိုး၊ ဘာသာသာ သနာတော်ရဲ့အကျိုးကို စွမ်းစွမ်းတမံ၊ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့တဲ့ အနော်ရထာမင်း နတ်ရွာစံတဲ့ အဖြစ် အပျက်ကတော့ စိတ်မကောင်းစရာပါ။ အနော်ရထာမင်းဟာ နန်းစည်းစိမ် (၃၃) သက်တော် (၆၆) နှစ် အရွယ်မှာ နတ်ရွာစံရတာပဲဖြစ်ပါတယ်။

ဟိန်းဇေ

0 comments:

Post a Comment