Wednesday, January 18, 2012

သော့အိမ်ကရက်စွဲများ၊ လူများ၊ အတွေးစများ(၄) (မျိုးမြင့်ချို)

0 comments

သော့အိမ်ကရက်စွဲများ၊ လူများ၊ အတွေးစများ(၄)
            ကျနော့်အဖြေကြားပြီးနောက် ဆဲဆိုပြီးချီးမွမ်းထောမနာပြုလိုက်သူမှ “ကဲ့..ဟေ့ကောင်၊ အခု မင်းအခု တို့လက်ထဲရောက်နေပြီ၊ ကောင်းကောင်းမွန်နေ၊ ယီးတီးယားတားလုပ်လို့ကတော့ ကိုယ့်ဘဝ ကိုယ်တွေးထားပဲ၊ ဟုတ်ပြီလား”ဆိုပြီး ခေါင်းစွပ် စွပ်ထားသည့် ကျနော့် မျက်နှာနားကပ်ကာပြော၏။ ကျနော်က ဘာမှပြန်မပြောဖြစ်ပဲ သူ့စကားထဲက “ယီးတီးယားတားမလုပ်နဲ့”နှင့် “ကိုယ့်ဘဝ ကိုယ်တွေးထား” ဆိုသည့် အဓိပ္ပါယ်ကိုတွေးလိုက်မိ၏။ ရေရေရာရာတော့ သဘောမပေါက်။ သို့သော် ခြိမ်းခြောက်မှန်းကိုကား သိ၏။ ထိုအတိုင်း တထပ်တည်း ကျသည့် စကားသံတို့အား ယခုမှစ၍ နောင် ၁၅ နှစ်တိုင်တိုင် ကြားရဦးမည်ဟုလည်း ထိုစဉ်ကမတွေးမိခဲ့။ “ကြားလား ဟေ့ကောင် ပြောနေတာ”ဟု ဆိုတော့မှ ကျနော့်အတွေးများ လွင့်စဉ်ထွက်သွား၏။ “ဟုတ်ကဲ့”ဟု ပြန်ဖြေလိုက်မိ၏။ သို့သော် ဘာကို၊ ဘာ့ကြောင့်ဟုတ်ကဲ့ဟုဆိုကာ နာခံလွယ်လွယ် ပြန်ပြောမိသည်ကိုကား မတွေးတတ်။ ဖြစ်နိုင်သည်က ကျနော့်တွင် အကြောက်တရား၊ စိုးရိမ်မှုနှင့်အားငယ်ခြင်းတို့ မသိစိတ်တွင် ကြီးစိုးနေ၍ဖြစ်မည်ထင်သည်။ တကယ်လည်း ကျနော် စိုးရိမ်ထိတ်လန့်စပြုနေပြီဖြစ်၏။ ဗိုက်ဆာသလိုလို၊ အာခေါင်တွေခြောက်ပြီး ရေငတ်သလိုလိုတွေလည်းဖြစ်လာ၏။ အရေးထဲ ဆေးလိပ်သောက်ချင်စိတ်ကလည်း တဖွားဖွား။

            သည်တွင် အတွေးတခု ရုတ်ကနဲကျနော့်ခေါင်းထဲဝင်လာ၏။ “သူတို့ကို ငါကြောက်နေသလို သူတို့လည်း ငါ့ကိုကြောက်နေကြတယ်”ဟု မြင်လိုက်မိခြင်းပင်ဖြစ်သည်။ သည်လိုတွေးမိတော့မှ ကျနော့်စိတ် အနည်းငယ်ပြန်ငြိမ်သွား၏။ စောစောကလောက် အထိတ်တလန့်မဖြစ်တော့သလို ကြောက်စိတ်လည်း နည်းနည်းပြယ်သွား၏။ ကျနော် တည်တည်ငြိမ်ငြိမ်ရှိနေကြောင်းပြဖို့ တခုခုလုပ်လျှင်ကောင်းမည်ဟုလည်း ဆက်တွေးမိပြန်၏။ စိတ်ထဲတွင် အတွေးများရောက်ယက်ခတ်ပြန်ရ၏။ ဘာလုပ်ရင်ကောင်းမလဲဟု ကပျာကယာတွေး၏။ “ရေသောက်ချင်တယ်ပြောရကောင်းမလား၊ ရေသောက်ချင်တယ်ပြောတာထက်၊ ဆေးလိပ်သောက်ချင်တယ် ပြောရတာကပိုကောင်းမယ်ထင်တယ်၊ တော်ကြာနေ ရေသောက်ချင်တယ်ပြောမှ သူတို့ကို အကြောက်လွန်ပြီး ရေတွေဘာတွေတောင် ငတ်နေပြီဆိုပြီးများထင်နေမလား”။

နောက်ဆုံးတော့ “ကျနော်ဆေးလိပ် တဖွာနှစ်ဖွာလောက်သောက်ချင်တယ်”ဟု အသံကိုတတ်နိုင်သမျှငြိမ်အောင်ထိန်းပြီး ပြောချလိုက်၏။ တယောက်က “ဆေးလိပ်တော့မသောက်နဲ့ -ီးသောက်၊ မင်းကို ဟော်တယ်လ် ခေါ်လာတယ်များမှတ်နေလား၊ မအေ -ိုးက၊ လူပါးဝလို့”ဆိုပြီး ကျနော့်ရင်ဘတ်အား လက်ဖနောင့်ဖြင့်ဆောင့်ထည့်ချလိုက်၏။ ကျနော် ဟန်ချက်ပျက်ပြီး ကယိမ်းကယိုင်ဖြစ်သွား၏။ နောက်ကို လဲကျမလိုဖြစ်နေစဉ် ဘေးတွင်အသင့်ရှိနေသူတယောက်က ကျောနှင့်ရင်ဘတ်အားညှပ်ပြီး အုံးကနဲရိုက်ထည့်လိုက်သည်ကို သိလိုက်၏။ ကျနော် မြေကြီးပေါ်ဖင်ထိုင်ရက်သား လက်လွတ်ခြေလွတ်ပြုတ်ကျသွား၏။ ဂျိုင်းထောက်တခြား လူတခြား။ မြီးညှောင့်ရိုးက အောက်အခံကျောက်စရစ်ခဲများနှင့်ဆောင့်မိပြီး လူတကိုယ်လုံးကျင်စက်ဖြင့်တို့လိုက်သလို ကျင်ကနဲဖြစ်သွားပြီး ပါးစပ်မှလည်း အားကနဲအသံထွက်သွား၏။ ကျနော် ကမူးရှူးထိုးဖြင့် လူးလဲအားယူပြီးပြန်ထချိန်တွင် ကားအပေါ်အတက် နောက်မှဆောင့်ကန်လိုက်သဖြင့် ပွန်းပဲ့နေသည့် ဒူး၂ဘက်လုံးက နာလိုက်သည်ဖြစ်ခြင်း။ ကျနော်လေးဘက်ထောက်နေလို့ မဖြစ်တော့။ ဒီအတိုင်းပဲ မြေကြီးပေါ် ဖင်ထိုင်ချလိုက်ရ၏။

            သည်တွင် တနေရာမှလှမ်းကာ “ဟေ့ကောင်တွေ၊ တော်တော့..တော်တော့”ဟု ပြောသံကိုကြား၏။ ပြီးတော့ “သွား..သွား.. တာဝန် မှူးရုံးခန်းခေါ်သွား”ဆိုသည့်အသံ တဆက်တည်းထွက်လာ၏။ ကျနော်လည်း တော်ပါသေးရဲ့ဟုတွေးကာ “ကျနော့် ဂျိုင်းထောက်ရော၊ ကျနော့်ဂျိုင်းထောက်”ဟု ဗလုံးဗထွေးတောင်းမိ၏။ သူ့အသံက နီးနီးလာသဖြင့် ထိုသူ အနားရောက်လာမှန်းခန့်မှန်းမိ၏။ “ဟ..အာလူးနီလာကြီးပဲကွ”ဆိုတော့ တယောက်က “မဟုတ်ဘူး ဆရာကြီး၊ ဒီကောင်တပ်ထွက်၊ ဘီအီးကထွက်တာ၊ ရှေ့တန်းမှာ ဒဏ်ရာရလာတာ”ဟု ပြန်ဖြေသံလည်းကြားတော့ နာကျင်ထိတ်လန့်နေသည့်ကြားမှပင် စိတ်ထဲပြုံးမိသေး၏။ ဆက်သွယ်ရေးတပ်သားများ ကီးဖြင့်မရိုက်ပဲ နှုတ်ဖြင့်ကြေးနန်းပို့သည့်အခါသုံးသည့် စကားဝှက်များတွင် ကကြီးဆိုလျှင် ကမာ၊ ခခွေးဆိုလျှင် ခရု၊ ဂငယ်ဆိုလျှင် ဂီတာ။ စသည်ဖြင့်ပြောသလို အာလူးဆိုသည်က အ၊ နီလာဆိုသည်က န။ ဆိုတော့ အ..န။ အန ဆိုတော့ အနူ(အနာကြီးရောဂါသည်)။ ကျနော့်ကို အနူကြီးလားဟု မေးခြင်းကိုသိ၍ဖြစ်၏။ ဂျိုင်းထောက်လှမ်းယူနေချိန်မို့ မညီမညာပြတ်တောက်နေသည့် ကျနော့် ဘယ်လက်ချောင်းများကိုမြင်ပြီး ဆရာကြီးက အနူဟုထင်လိုက်ပုံရ၏။ နောက်မှ “သြော် မသိပါဘူးကွာ၊ အေးကွာ ဒါဆိုလည်း ဖြည်းဖြည်းသက်သာလုပ်ပါဟ၊ သူ့ခမျာလည်း မချောင်ပါလား”ဟုဆိုပြီး အသံပျောက်သွားပြန်သည်။ ကျနော့်စိတ်တွင် “ဒီ ဆရာကြီးက မဆိုးဘူးပဲ၊ ဟိုကောင်တွေလောက်တော့ ရမ်းကားတဲ့သဘော မရှိဘူး၊ ငါ့ကိုလည်း တပ်ထွက်၊ ဒုက္ခိတဆိုတာနဲ့တင် သနားသွားပုံပဲ”ဟု တွေးကာ ကျေးဇူးပင် တင်မိချင်ချင်ဖြစ်လိုက်သေး၏။

            ထို့နောက် အခန်းတခန်းထဲရောက်လာကြ၏။ ကုလားထိုင်တလုံးဆွဲလာပြီး ကျနော့်အား ဂုတ်ပိုးမှဖိချကာ “ထိုင်”ဟုဆို၏။ ကျနော်လည်း လက်ဖြင့်အသာစမ်းကာထိုင်ချလိုက်၏။ တယောက်က “ဟေ့ကောင်၊ မေးတာမှန်မှန်ဖြေနော်၊ ကောင်းကောင်းမွန်မွန်ဖြေ၊ ငါတို့ ဗိုလ်ကြီးက သဘောကောင်းရင် သူများထက်ကောင်းတယ်”ဟု ဆို၏။ ကျနော့်စိတ်တွင် “ဒါဆို သူတို့ ဗိုလ်ကြီးက သဘောဆိုးရင်လည်း သူများထက်ဆိုးတယ်လို့ ပြောချင်တာများလား”ဟု တွေးဖြစ်အောင်တွေးမိလိုက်၏။ ထို့နောက် ခေါင်းစွပ်တန်းလန်းနှင့် မေးခွန်းတွေမေးကြ၏။ ကိုယ်ရေးအချက်အလက်များ။ အနည်းဆုံး နှစ်နာရီလောက်တော့ ကြာမည်ထင်၏။ ရိုက်တာနှက်တာ ထိုးတာကြိတ်တာတွေဘာမှမလုပ်။ အခြားမေးခွန်းများမေးနေရင်းမှ  မေးပြီးသားမေးခွန်းကို အလစ်အငိုက်ဖမ်းသလိုမျိုး ဖြိုးကနဲဖျတ်ကနဲပြန်ပြန်လည်းမေး၏။ ကျနော့်မှာ ကိုယ်ရေးအချက်အလက်များနှင့်ပတ်သက်၍ ဘာမျှမမှန်မကန်ပြောစရာမရှိ။ မရှိသည့်ကြားကပဲ တချက်ခတ်ပြင်းပြင်း အတွယ်ခံလိုက်ရ သေး၏။

“အမေ နံမည်”ဆိုကာ နောက်တကြိမ်ပြန်မေးတော့ ကျနော်က”ဒေါ်ကြည်”ဟုပြန်အဖြေ၊ ဗိုလ်ကြီးထံမှ  “ဘာကွ” ပဲရှိသေးသည်။ နောက်ကနေ ဖျောင်းကနဲဇက်ပိုးရိုက်အချ ကျနော့်နဖူးနှင့်စားပွဲစောင်း ဒိုင်းကနဲပြေးဆောင့်တော့၏။  “မင်း မလိမ်နဲ့နော်”ဟု ဗိုလ်ကြီးက ထပ်ပြောသဖြင့် ကျနော်က ကျနော်က “မလိမ်ပါဘူး၊ ကျနော့် အမေနံမည်က ဒေါ်ကြည်ပါပဲ၊ ကျနော် ဒေါ်ကြည်လို့ပဲ ပြောတာပါ”ဟု ကမန်းကတမ်းပြန်ပြောရ၏။ “သြော်..အေးအေး၊ ငါ က ဒေါ်ကြည်ကြည်လို့ ကြားလိုက်မိလို့”ဟု ဗိုလ်ကြီးကဆို၏။  နောက်ကလူက မှားရိုက်မိသည့်အတွက် ကျနော့်ကိုတော့ ဆောရီးလေးတောင်တခွန်းမဟ။ သူ့ဗိုလ်ကြီး နားကြားလွဲခြင်းတော့ ပူပူပန်ပန်ရှိဟန်တူ၏။  “ဗိုလ်ကြီး နားကြားများလွဲသွားသလားမသိဘူး ဟဲ..ဟဲ။ မင်းကလည်းဖြေရင် ပီပီသသဖြေ”ဟု စပါးရောဖွဲရောပြန်ဖြေသံလည်းအတိုင်းသား။ အနာက နဖူးနှင့်ဇက်ပိုးတွင်မဟုတ်တော့။ ရင်ထဲသို့ရောက်သွားပြီ။ ကျနော် စိတ်မထိန်းနိုင်တော့။ “ခင်ဗျားဗျာ..ကျနော်ဖြေတာမှန်ရဲ့သားနဲ့၊ ဘာလို့…..” ပဲ ရှိသေး၏။ စကားမဆုံးလိုက် ရှေ့တည့်တည့်မှ နဖူးတည့်တည့်သို့ သစ်သားမျဉ်းလုံးဖြင့်ဆောင့်ထိုးခံလိုက်ရ၏။ ဒီတခါတော့ ဗိုလ်ကြီးလက်ချက်မှန်း ကျနော်သိလိုက်ပြီ။ သြော် သူတို့ဗိုလ်ကြီး သဘောကောင်းတာဒါကိုး..ဟု စိတ်အမှတ်တွင်စွဲသွား၏။

အမေးအဖြေတွေပြီးတော့ ခေါင်းစွပ်ကို မျက်လုံး ပေါ်ရုံလေးမတင်၍ “မော့မကြည့်နဲ့၊ ဒီမှာလက်မှတ်ထိုး”ဟုဆိုကာ ဘောပင်န်နှင့် စာရွက်ထိုးပေး၏။ ကျနော်လည်း ထိုးပေးလိုက်ရ၏။ ပြီးမှ ကျနော် ရေသောက်ချင်ကြောင်းပြောတော့ ခေါင်းစွပ်ကို ပါးစပ်နားလေးအထိ အသာမတင်ကာ ရေတခွက်ထိုးပေးပြန်၏။ ကျနော် ငတ်ငတ်နှင် တကြိုက်တည်းသောက်ချလိုက်၏။ မနားတမ်း။ ဘာပဲဖြစ်ဖြစ် ရေငတ်နေချိန်မို့ အတော်အဆင်ပြေသည်ဟုဆိုရမည်။ ထို့နောက် “ကဲ..ထ” ဟုဆိုကာ ကော်လံစကိုကိုင်ပြီး ဆောင့်ဆွဲလိုက်သဖြင့် လူကအလိုလို ထမိရက်သားဖြစ်သွား၏။
မျိုးမြင့်ချို ၁/၁၇/၂ဝ၁၂

0 comments:

Post a Comment