Wednesday, December 12, 2012

ကို Nathan Maung ရဲ့အတွေး (Nathan Maung)

0 comments
ရေးသူက Nathan Maung ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာတွေ့တဲ့ စာစုပါ။ ခေါင်းစဉ်လည်း သတ်သတ်တပ်ထားတာမရှိပါ။ သူ့အတွေးအမြင်တွေကို သူ့ဝေါလ်မှာ ကောက်ကာငင်ကာချရေးလိုက်ပုံပါပဲ။ တွေးဆစရာကောင်းမယ်ယူဆလို့ လက်ဆင့်ကမ်းခြင်းဖြစ်ပါတယ် (မျိုးမြင့်ချို)(ယူတာက ဒီနေရာကပါ) http://www.facebook.com/nathan.maung ဒီမိုကရေစီစနစ်ကိုသွားနေသည့်ကာလတွင် ဆန္ဒပြမှုများကို စိုးရိမ်သူများရှိလာနေသည်။
ဆန္ဒပြမှုများရှိလာခြင်းသည် နောက်ပြန်လှည့်ရန်စိန်ခေါ်နေသည်ဟု ခံစားရသူများရှိလာနေသည်။
နောက်ပြန်လှည့်ခြင်းသည် ဆန္ဒပြမှုများနှင့်အင်အားသုံးဖြိုခွဲမှုများထိပ်တိုက်တွေ့ရာမှပေါ်ပေါက်လာနိုင်သောကြောင့် အင်အားသုံးဖြိုခွဲမှုသည် လစ်ဘရယ်ဒီမိုကရေစီအခြေကျရန်အကြီးဆုံးသောအဟန့်အတားဟုမမြင်ဘဲ ဆန္ဒပြခြင်းသည်ထိုအင်အားသုံးခြင်းကိုဖိတ်ခေါ်သောကြောင့် နောက်ပြန်မလှည့်ရန်မလုပ်သင့်ဟု ဆက်ပြီးခံစားကြခြင်းဖြစ်သည်။
ဆန္ဒပြခြင်းအတွက် ဥပဒေဘောင်အတွင်းသတ်မှတ်ထားသောစည်းကမ်းများအတိုင်း လုပ်ဆောင်ခွင့်ရှိသည်။ သတ်မှတ်ထားသောစည်းကမ်းများကိုပေါ်လာသည့် issue အလိုက် ဥပဒေအရမဟုတ်ဘဲ နိုင်ငံရေးအရခွဲခြားသောအခါ ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆန္ဒပြသူများကမလုပ်ဆောင်ကြတော့။
ထိုသို့မလုပ်ဆောင်ကြသည့်ဆန္ဒပြမှုများရှိသော်လည်း Issue အပေါ်လိုက်ပြီး အာဏာပိုင်များက အရေးယူသည့်ပုံစံများကွဲပြားလာသည်။ ရခိုင်ပြည်နယ်အရေးတွင် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ (၃)ကြိမ်အထိဆန္ဒပြခြင်းကို မည်သည့်ရဲမှ အရေးမယူသလိုပိတ်ဆို့ဟန့်တားခြင်းလည်းမရှိ။ သို့သော် တရုတ်သံရုံးရှေ့ဆန္ဒပြခြင်းကိုမူ ပိတ်ဆို့ဟန့်တားသည်။
နည်းဥပဒေချိုးဖောက်မှု (၁၅)ကြိမ်ထက်မနည်းရှိသူများ တရားရုံးတွင်ဥပဒေအတိုင်းဖြေရှင်းမှုရှိနေသေးသည့် အနေအထားအောက်တွင် ကြေးနီစီမံကိန်းအရေးဆန္ဒပြသူများကို ဆန္ဒပြသည့်နေရာတွင်ပင် ရုပ်ဆိုးအကျည်းတန်စွာဖမ်းဆီးသည်။
ဆိုလိုရင်းမှာ ဥပဒေချိုးဖောက်ပြီးဆန္ဒပြခြင်းနဲ့ ထိုဆန္ဒပြခြင်းကိုဖမ်းဆီးမှုများသည် ဥပဒေအတိုင်းဆောင်ရွက်နေခြင်းလား၊ Issue ပေါ်မူတည်ပြီး နိုင်ငံရေးအရလုပ်နေခြင်းလားဆိုသည်မှာ ဥပဒေစိုးမိုးရေးဆိုသည်ကိုစိန်ခေါ်နေခြင်းဖြစ်သည်။
ထိုအခါ ဘေးမှရပ်ကြည့်နေသူများထဲမှအချို့က ဆန္ဒပြခြင်းသည်မကောင်း။ နောက်ကြောင်းပြန်လှည့်နိုင်သည်ဟု ဆိုကြသည်။ ထိုအသံကို ကျယ်ကျယ်လောင်လောင် အော်လာကြသည်။ Animal Farm ထဲက သိုးများလို ခြေနှစ်ချောင်းမကောင်း၊ ခြေလေးချောင်းသာကောင်း၏ဟု ကြွေးကြော်ဝါဒဖြန့်မှုအောက်ပိတ်မိနေသည်နှင့်တူသည်။ ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး လိုရင်လိုသလိုလုပ်နေသည့်ဖြစ်ရပ်ကို ထောက်ပြခြင်းမျိုးအားနည်းသည်။ (လက်ပံတောင်းတောင်သပိတ်ကိုဖြိုခွဲမှုမှာ ၁၄၄ ပုဒ်မထုတ်ပြန်ထားသဖြင့် ဥပဒေအရသပိတ်ကိုဖြိုခွဲခွင့်ရှိသည်။ သို့သော် အကြမ်းဖက်ဖြိုခွဲမှုမှာ လူယဉ်ကျေးတို့၏လုပ်ရပ်မဟုတ်။ ထောက်ပြလိုသည်မှာ ဥပဒေအတိုင်း မည်သို့ တရားမျှတအောင်ဆောင်ရွက်မည်ဆိုသည်ကို Issue ပေါ် အခြေမခံဘဲလုပ်ဖို့ဖြစ်သည်)
တရုတ်နိုင်ငံတွင် ဆန္ဒပြခြင်းကိုခွင့်မပြုသော်လည်း ဂျပန်နှင့်အမေရိကန်ဆန့်ကျင်ရေးဆိုပါက လမ်းမပေါ် တရုတ်ကျောင်းသားကျောင်းသူ သိန်းနဲ့ချီဆန္ဒပြသည်ကိုလွှတ်ပေးထားသည်။ တရုတ်နိုင်ငံနှင့်ပတ်သက်လာပါက တရုတ်တို့လမ်းပေါ်ထွက်ခွင့်မရ။
ဆန္ဒပြမှုများကို မြန်မာပြည်တွင် စိုးရိမ်စရာဖြစ်သည်၊ နောက်ကြောင်းပြန်လှည့်ဖို့ ဖိတ်ခေါ်နေခြင်းဖြစ်သည်ဟုဝါဒဖြန့်ခြင်းသည် လစ်ဘရယ်ဒီမိုကရေစီရှင်သန်စေရန်အားပေးခြင်းမဟုတ်ဘဲ ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး ဖြိုခွဲမည့်အာဏာပိုင်များကို ထိပ်တိုက်ရင်ဆိုင်ခြင်းဟုနားလည်နေပြီး နောက်ကြောင်းပြန်လှည့်နိုင်သည်ဟု စိုးရိမ်ခြင်းဖြစ်သည်။
မြန်မာ့အသွင်ကူးပြောင်းရေးသည် (၂)နှစ်အတွင်း ဒီမိုကရက်တိုက်ဇေးရှင်းနှင့် ယှဉ်တွဲပုံဖော်နေရသည်ကိုမေ့နေကြသည်။ လစ်ဘရယ်လိုက်ဇေးရှင်းနှင့်ဒီမိုကရက်တိုက်ဇေးရှင်းတပြိုင်တည်းပုံဖော်ရာတွင် အလှုပ်အရမ်းများသည်ကိုနားလည်ထားရမည်။ ထိုအလှုပ်အရမ်းကို နောက်ကြောင်းပြန်လှည့်နိုင်သည်ဟုယူဆနေပါက ဒီမိုကရေစီအခြေကျဖို့မဖြစ်နိုင်။ နိုင်ငံရေးခရိုနီနှင့် ဥပဒေကိုလက်တစ်လုံးခြားလုပ်သူအာဏာပိုင်များ၏မှားယွင်းမှုကိုမပြောကြနဲ့ဆိုသည့် ချွေးသိပ်သောအတွေးအခေါ်သည်သာ တကယ့်နောက်ကြောင်းပြန်နေသော စိတ်ဓါတ်တို့ဖြစ်သည်။
ထိုသို့မပြည့်ဝသောအတွေးအခေါ်တို့သည် နောက်ကြောင်းပြန်ဖို့မျိုးစေ့ချနေခြင်းဖြစ်သည်။
(နေသန်မောင်)

0 comments:

Post a Comment