Thursday, May 30, 2013

ရတနာပုံမန်းရွှေမြို့သူ (ဘိုဘိုလန်းစင်)ဆီကယူပါတယ်ခင်ဗျား။

0 comments
ရတနာပုံမန်းရွှေမြို့သူ (ဘိုဘိုလန်းစင်)ဆီကယူပါတယ်ခင်ဗျား။
ပန်းများမပွင့်သေးသော အမေရိကနွေဦး တမနက် ချီကာဂိုတောပိုင်းတက္ကသိုလ်တခု ပိဋကတ်တိုက်မှ ရှေးဗမာလက်ဝဲစာတအုပ် နောက်ကျောဖုံးတွင် မအုန်းပြန်ဆိုသော ဆိုဗီယက်အမျိုးသမီးလောကစာအုပ်ကြော်ငြာကို မြင်မိသည်။ အမ်အေ မအုန်းပါလားဟု ဗီဇသိက ဖျတ်ခနဲပေါ်လာသည်။ မအုန်းသည် အဘယ်ကြောင့်လက်ဝဲစာအုပ်တိုက်မှ စာအုပ်လက်ရွေးစင်တွေထဲ ဝင်ရေးရသနည်း။ မေးစရာ မလိုပေ။ မအုန်းသည် တက္ကသိုလ်ဆရာမကြီးဖြစ်သော်လည်း နိုင်ငံရေးကျောင်းသူမှ လာသူဖြစ်သည်။ “အစ်မကြီးတို့..တိုင်းပြည်ထူထောင်ရေးအတွက် လုပ်ကြရအုံးမယ် ခဏရှောင်နေကြပါအုံး”ဟု ဂျပန်တော်လှန်ခါနီး အာရှလူငယ်တွေလူစုခွဲချိန်တွင် ဗိုလ်အောင်ကြီးက ဒေါ်ရီကြိန်၊ ဒေါ်သင်းကြည်၊ ဒေါ်အုန်း စသည့် မိန်းမတသိုက်ကို အဘယ်ကြောင့်မှာလိုက်သနည်း။ အဆက်အစပ်တို့က ပေါ်လာသည်။
မန္တလေး နေရှင်နယ်ကျောင်း၊ ရန်ကုန် ယူနီဗာစီတီ စသည့် မအုန်းကျင်လည်ရာလောကတွင် ပတ်သက်ခဲ့သည်တို့ထဲ နိုင်ငံရေးကျောင်းသားများ ပါခဲ့သည်ချည်းဖြစ်သည်။ ထိုစဉ် မန္တလေးအင်တာမီဒီယိတ်ကောလိပ်လေးကို ဘတ်ဂျက်အခက်ကြောင့် အစိုးရကပိတ်မည်လုပ်စဉ်ကထဲက မအုန်း၊ ကိုသိန်းဖေ စသည့် ကျောင်းသားကြီးများ ဦးဆောင်သပိတ်ဆင်ခဲ့ကြသည် မဟုတ်ပါလား။ .. ခင်မောင်လေးက မသိန်းနုကိုလိုချင်တော့ မအုန်းကိုလာနားပူနေတာ .. စသည့်စကားမျိုးကြားခဲ့ရဖူးသည်မို့ တရုတ်တန်းက မြန်မာအိမ် (၂) အိမ်ကလူတွေ အဘယ်ကြောင့် စစ်ပီး ဆိုရှယ်လစ်ခေတ်တွေမှာ တွင်ကျယ်ခဲ့သည်ကိုမမေးမိတော့ပါ။ မအုန်း ခဲအိုများ မတ်များ မန္တလေးဆိုရှယ်လစ်ပါတီခေါင်းဆောင်တွေဖြစ်ခဲ့ပြီး ဆရာဗိုလ်ခင်မောင်ကလေး၊ ဗိုလ်မှူးကြီးခင်ညို ၊ ဗိုလ်မှူးကြီးဘလေး-ဒေါ်သန်းလှ (နိုင်ငံ့ဂုဏ်ရည်) စသည့် ဆိုရှယ်လစ်ထိပ်သီးမောင်နှမများအကြောင်းကလည်း မန္တလေးနေရှင်နယ်သမိုင်း၊ ဗကသတည်ခါစနှစ်တွေနှင့် ဘယ်လိုမှကင်းကွာသည်မဟုတ်။ မအုန်းမောင် ကိုသိန်းအောင်မှာ လက်ညှိုးထောင်သိန်းအောင်ဟုနာမည်ကြီးသော ၁၃ဝဝ ပြည့်ခေတ် ကျောင်းသားခေါင်းဆောင်။
မအုန်းက ပါဠိကိုအမ်အေထိသင်ပြီး ဘုန်းကြီးလူထွက်နှင့် ယောက်ျားများကြီးစိုးရာ အရှေ့တိုင်းပညာဌာနတွင် ဆရာမဖြစ်လာသည်။ စစ်ပီးစ ဖဆပလ စသည်တို့တွင် စပ်ယှက်ခဲ့သော်လည်း နောက်ပိုင်း မန္တလေးယူနီဗာစီတီကောလိပ်ထောင်ချိန်မှ စ၍ ပညာရေးသမားသက်သက် ဖြစ်ခဲ့သည်။ ကျောင်းအုပ်ကြီးဦးကိုလေး အမေရိက စသည် သွားရသည့်ကာလမျိုးတွင် ဒေါ်အုန်းက ခေတ္တကျောင်းအုပ်ကြီးမျိုးဖြစ်ရသည်။ အမျိုးသမီးပါမောက္ခဟူ၍ ဖဆပလတခေတ်လုံးတွင် တပြည်လုံး လက်တဘက်ပြည့်အောင်မရှိချိန်က ဒေါ်အုန်း ဤအဆင့်ထိရောက်သည်မှာ မြန်မာအမျိုးသမီးတို့ တဆင့်တက်သည့်တိုးတက်မှုဖြစ်သည်။ ဆရာတချို့က ကျေနပ်သည်မဟုတ်။
ဒေါ်အုန်း၏ အခြားသောအားထုတ်မှုမှာ မိန်းမဘာဝကို နားလည်အောင်ရေးသားပြန်ဆိုခြင်းပင်။ ရွယ်တူပညာတတ်ချင်းကပင် ဤကိစ္စ သူ့ကို တယ်ပီး ကြည်လင်သည်မဟုတ်ပါ။ မအုန်းခဲအိုက စာအုပ်တွေယူလာပီး ရေးခိုင်းတယ်။ ဒေါ်အုန်းဟာ အပျိုကြီးတန်မယ့် ကာမကိစ္စတွေ ရေးတယ်။ .. သို့သော် ခေတ်နောက်ကျနေသောတိုင်းပြည်လေးများတွင် ဤသို့ ရှေ့ဆောင်လမ်းဖွင့်သူတို့ခင်းဖွင့်ခဲ့လေမှ နောက်သားတို့ အကျိုးများသည်ပဲ။ စစ်ပီးနောက် ယဉ်ကျေးမှု ဆထမ်းပိုးပြောင်းလဲနေချိန်၊ စစ်ရေးမက်ရေးနှင့်တိုင်းပြည်တွင် မလုံခြုံကြောင့်ကြနေရချိန် များတွင် ဒေါ်အုန်း၏ “မ”လောကစာအုပ်များက အမျိုးသမီးလေးများအဖို့ တမျိုးအသိ သတ္တိကိုပေးခဲ့မည်ဟုထင်ပါသည်။ လောကတွင် ကိုယ့်အကြောင်းကိုယ်သိဖို့ ခက်လှသည်။
တဘက်တွင်ကား ပြည်တွင်းစစ်တွင်း မဟာမိတ်တို့ ပြတ်စဲခဲ့ပီဖြစ်ရကား နိုင်ငံရေးတို့ ရွှေမန်းဆောင်ကိုကူးစက်လာမည်ကို ဒေါ်အုန်း ပူပန် ခဲ့ရသည်။ .. တခါ အဆောင်ကသူငယ်ချင်းဆီ စာကျက်ရင်းသွားအိပ်တာ ဒေါ်အုန်းက ချက်ချင်းအိမ်ပြန်ခိုင်းတယ်… ။ အသက်(၅ဝ)ကျော်တွင် ဒေါ်အုန်း ပါမောက္ခဘဝကအငြိမ်းစားယူခဲ့ရသည့်ဇာစ်မြစ်ကို သေချာမသိပါ။ ထိုအချိန်တွင် ဒေါ်အုန်းနှင့်အထူးခင်သော ဆိုရှယ်လစ်တပ်မှူးကြီးများ နတ်သက်ကြွေကုန်ကြပြီး ပါမောက္ခဒေါက်တာသင်းကြည်၊ ဒေါ်လှကြည်စသည့် ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်၏ အစ်မကြီးများလောက်သာ ပညာရေးဌာနတွင် တည်မြဲကျန်ရစ်ပါသည်။
အရေးအခင်းတွင် ကျောင်းသားဟောင်းများနှင့်ဒေါ်အုန်း ထွက်ဆန္ဒပြပါသည်။ ဦးအောင်ကြီးပါတီက ဝင်အရွေးခံကာ ရှုံးခဲ့ပီးနောက် နိုင်ငံရေးကိုစခန်းရပ်ခဲ့ပြန်ပါသည်။ ပါကင်ဆင်ရောဂါကြောင့် ကျန်းမာရေးချို့ယွင်းခဲ့ပီး အသက်(၉ဝ)တွင် ကွယ်လွန်ပါသည်။ ကွယ်လွန်စဉ်က မန္တလေးတက္ကသိုလ်၏မိခင်ကြီးဟု ဝမ်းနည်းကြောင်းထည့်သွင်းသည်ကို သတိရပါသည်။ ဆုံးခါနီးနေ့များအတွင်း တပည့်ဟောင်း ပင်စင်စား အမျိုးသမီးကြီးများ မျက်ရည်တလည်လည်နှင့် သူတို့အဆောင်မှူး အခန်းနားရောက်လာကြပါသည်။ နာရေးချိန်အတွင်း သူငယ်ချင်း သူ့ထက်အသက်ငယ်သည့် လူထုဒေါ်အမာ အနား သတင်းစာများရောက်မလာအောင် ထားခဲ့ကြသည်ကိုလည်း အမှတ်ရပါသည်။ သတင်းစာ ရောက်မလာသည့်ရက်တွေတိုင်း အကြောင်းတခုရှိလေပီဟု သတင်းစာဆရာကလည်း သိပါလိမ့်မည်။ သတင်းစာမဖတ်လည်း ဂျာနယ်မှာပါလျှင် သူသိမြဲဖြစ်ပါသည်။
မဆုံးခင်တခါ သတင်းစာဆရာ ဦးမော်လင်းနှင့်ရောက်စဉ်က “အခု အစိုးရလုပ်ပုံ မကြိုက်ဘူး၊ တိုင်းပြည်အတွက် လူငယ်တွေအတွက် ကောင်းတာမလုပ်ဘူး”ဟုပြောခဲ့ပုံကို မြင်ယောင်ကာ တက္ကသိုလ်တခေတ်ဆန်းနေသည့်ဤကာလ ဇွန်တွင်ကျမည့် ဒေါ်အုန်းရာပြည့်သို့။
ယူတဲ့နေရာက ဒီမှာဖြစ်ပါတယ် http://bobolansin.wordpress.com/2013/05/27/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%95%E1%80%AF%E1%80%B6-%E1%80%99%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%82%8A%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%9E%E1%80%B0/

0 comments:

Post a Comment