Friday, June 14, 2013

”ခွန်ဒီးယမ်ဖတ်စေ့ချင်တဲ့စာ” မျိုးမြင့်ချို

0 comments
(မေ ၁၇ ရက် ၂ဝ၁၃ တုန်းကရေးခဲ့တင်ခဲ့ပြီးသားပါ။  ပြန်တင် တာပါခင်ဗျား) ဒီးယမ်ရေ ရဲလေးတို့ အောင်လတို့ကိစ္စကြပ်ကြပ် လုပ်နော်။ အဲ့ဒီ ဘာသာလူမျိုးခွဲခြားတာတွေ ဒီးယမ်မေမေ လည်း ကြိုက်မယ်မထင်ဘူး။ မကြိုက်ပေမယ့် အပြောရတော့ ခက်နေမလားပဲ။ သူ့မလဲ ”မပြေးသော်လည်းကန်ရာရှိ”မဟုတ် လား။ သူကိုယ်တိုင်ကိုက မိုက်ကယ်လ်နဲ့အိမ်ထောင်ပြုတာ၊ မိုက်ကယ်လ်ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့ရခြင်း အကြောင်းကိုပြရာမှာ ”အပြစ်သားက တရားသူကြီးကိုပေး တဲ့လျှောက်လဲချက်မျိုး”လူသိရှင်ကြားပေးဖူးခဲ့တယ်။ ဒီးယမ် အခုလုပ်နေတဲ့လုပ်ပေါက်က သူ့ပါသွားထိခိုက်နေတယ်။ သူ့ပါ သွားငြိနေတယ်။ တမင်များလုပ်သလားတောင် ထင်ချင် စရာဖြစ်နေတယ်။ သူ့ခင်ပွန်းလည်း ဗမာလူမျိုးမှမဟုတ်တာ။ သူတို့ဘက်(လူမျိုး၊ဘာသာရေး အစွန်းရောက်တွေ)က တကယ်တမ်းချွန်းဖွင့်လာရင်။ ”မိုက်ကယ်လ် ဗုဒ္ဓဘာသာဖြစ်သွားတာပဲ” ဆိုတဲ့ဆင်ခြေနဲ့ ဒီးယမ်ခုခံလည်း မအောင်မြင်လောက် ဖူးထင်တယ်။ ဘာသာနဲ့တိုက်မရရင် ”လူမျိုး မတူဘူး”ဆိုတာနဲ့တိုက်မှာပဲ။ အရင်ကလည်းတိုက်ခဲ့တာပဲ။ ခုလည်းကြိတ်ပြီး လက်သီးပုန်းထိုးနေတုန်းပဲ။ အစိုးရသတင်းစာ၊ ရေဒီယို၊ ရုပ်/သံမှာ ဗြောင်မတိုက်တာလေးပဲရှိတာ။ သူတို့ဘက်က ဒီးယမ်မေမေကို ရန်သူတော်စာရင်းက ”အပြီးတိုင်မဖျက်သေးဘူး”ဆိုတာလည်း သတိပြုမိမယ်ထင်ပါတယ်။ သူတို့ဘက်ဆိုတာ ဘယ်သူတွေလဲ ဒီးယမ်နားလည်မှာပါ။ အရင်ကလည်း ”ကုလားမယား၊ ကုလားအုပ်မ”စသည်ဖြင့် ပိုးစိုးပက်စက်ပြောခဲ့သူတွေပဲလေ။
ကျနော့်ဇနီးလည်း အိုင်းရစ်ရှ်မပဲ။ အမေရိကန်သူပဲ။ ရိုမင်န်ကက်သလစ်ခရစ်ယာန် (မိရိုးဖလာ)တယောက်ပဲ။ (မှတ်ချက်-ကျနော်က ဘာသာတွေနဲ့တစိမ်းပြင်ပြင်ဖြစ်သွားတာ (၂၆)နှစ်သားကတည်းကပဲ)။ ဇနီးလည်း သူ့ဘုရားနဲ့သူ့တရားနဲ့ သူ့ဟာသူအေးရာအေးကြောင်း ငြိမ်းရာငြိမ်းကြောင်းပါပဲ။ ကျနော်နဲ့မယူခင်ကတည်းက Atheist မှန်းသိပြီးသားပါ။ သူနဲ့ငြိတွယ်ပြီး အိမ်ထောင်ပြုတော့လည်း”အမေရိကန်နေလို့အမေရိကန်မနဲ့ညားတာ”လို့ အကြောင်းမပြဘူး။ ဟုတ်မှ မဟုတ်တာပဲ။ ကျနော် ချစ်လို့မြတ်နိုးလို့ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ပြီးကမ်းလှမ်းခဲ့တာပဲ။ ”တံငါနားနီးတံငါတို့ ကျေးညီနောင်တို့”ဆိုတာတွေ က ယေဘုယျသဘောအဖြစ်မှာ မမှားဘူးလို့ပြောလို့ရတဲ့ကိစ္စတွေသာဖြစ်ပါတယ်။ ဒီမှာနေလို့ ဒီမိန်းမနဲ့ညားရတာမဟုတ်လို့ ဆင်ဝှေ့ရန်ရှောင်မပြောပါဘူး။ ကိုယ့်ချစ်သူကိုလည်း အဲ့ဒီနည်းနဲ့အချစ်မပေါ့မလျော့စေရဘူး။ ကိုယ့်ရည်မှန်းချက်အတွက် ချစ်သူကို မနာကျင်စေချင်ဘူး။ ချစ်ခြင်းမေတ္တာမှာ အမှန်တရားကသာ သက်သေဖြစ်တယ်။ အနေနီးလို့ညားတာမဟုတ်ပဲ ချစ်သူမို့ ချစ်လို့ပေါင်းဖက်တာပဲဖြစ်ရမယ်။ (အနည်းဆုံးတော့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင်) လူရဲ့ပုဂ္ဂလဘဝကိစ္စတိုင်းမှာ (အိမ်ထောင် ဖက်ရွေးတာ၊ ဘာသာကိုးကွယ်ဖို့/မကိုးကွယ်ဖို့ရွေးတာတွေအပါအဝင်) ကိုယ့်ရွေးချယ်မှုဟာ ကိုယ့်ဘဝ အတွက်အသင့်တော် ဆုံးဖြစ်စေဖို့ အသိစိတ်ရှိရှိနဲ့ရွေးချယ်တာဖြစ်ကြောင်း တင်းတင်းရင်းရင်းတော့ပြောမှဖြစ်မယ်ထင်တယ်။ ပြောဖို့လိုမယ်ထင်တယ်။ အမေရိကန်နေတိုင်းသာ အမေရိကန်နဲ့ညားကြေးဆို အမေရိကန်နဲ့မညားတဲ့မြန်မာပြည်သား(အခြားယောင်္ကျား/မိန်းမတွေ) ကြတော့ ဘယ့်နှယ်ပြောမလဲ။ ကျနော်တို့နှစ်ယောက်ချစ်ခြင်းပေါ်အခြေခံပြီး တယောက်ကိုတယောက် အိမ်ထောင်ဖက်အဖြစ် ကို ရွေးချယ်ကြတာပါ။ (တဏှာပေမ မပါဘူးလို့မပြောပါဘူး။ ယောင်္ကျားနဲ့မိန်းမ လင်ကိုယ်မယားအဖြစ် ပေါင်းသင်းကြတယ် ဆိုရာမှာ လိင်ကိစ္စလည်း အခရာကျတဲ့အရာတခုပါ)။ ချစ်ခြင်းမေတ္တာမှာ လူမျိုး ဘာသာ အသားအရောင်စတာတွေနဲ့ ခွဲလိုက်တာနဲ့ မေတ္တာစစ်မဟုတ်တော့ဘူး။ ချစ်ခြင်းမပီ မမြည်တော့ဘူး။ ခုခက်နေတာက လူသားရဲ့ချစ်ခြင်းကို အမုန်းတရား အာဃာတတရားအဆိပ်တွေနဲ့ပက်ပြီး အစွန်းရောက်အကြမ်းဖက်မှိုင်းတိုက်နေကြတဲ့ အရေခြုံတွေ နောက်လိုက်တွေ မဖော်တဲ့လက်တွေရန်ကြောက်လို့ မိမိချစ်ခြင်းကိုမသမာရာကျမယ့်အလုပ်တွေ၊ မိမိချစ်ခြင်းကို မိမိပြန်သစ္စာမစောင့်တဲ့အပြောတွေ ကို လူတွေလုပ်ဝံ့ပြောထွက်လာကြတာလို့ထင်တာပဲ။
ဒေါ်စုမိုက်ကယ်လ်နဲ့ယူတာကို ကျနော်နားလည်သလောက်က ချစ်လို့မေတ္တာရှိလို့လူသားခြင်းတူတူဖြစ်လို့ အိမ်ထောင်ဖက်အဖြစ်ရွေးချယ်တာလို့ပဲမြင်တယ်။ သူ့ပုဂ္ဂလဘဝအရေး သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရွေးချယ်ခဲ့တာဖြစ်ကြောင်း တိတိလင်းလင်း တင်းတင်းရင်းရင်းပြောစေ့ချင်တယ်။ ဒီလိုပြောတာဟာ လူ့ကျင့်ဝတ်အရပဲကြည့်ကြည့်၊ လူ့အခွင့်အရေး ရှူထောင့်ကကြည့်ကြည့်၊ လူလူခြင်း မေတ္တာစိတ်ထားနိုင်တဲ့ရှူထောင့်ကကြည့်ကြည့်၊ ဖိုမချစ်ခြင်းမေတ္တာသက်ဝင်မှုကနေပဲ ကြည့်ကြည့်၊ လိင်ကိစ္စကနေပဲ ကြည့်ကြည့် ဖေါက်ပြန်မှုမှမဟုတ်တာ။ မှန်ကန်မှုပဲ၊ တရားဝင်မှုပဲ၊ လူဆန်မှုပဲ၊ လူ့ဖြစ်တည်မှုရဲ့ အရှိတရားပဲ။ မိမိအိမ်ထောင်ဖက်ကိုရွေးချယ်တဲ့နေရာမှာ လူဆိုးလူကောင်းခွဲခြားပြီး ဉာဏ်အမြော်အမြင်နဲ့၊ ချစ်ခြင်းမေတ္တာနဲ့ရွေး ချယ်ခဲ့လို့သာ တယောက်ကိုတယောက် နားလည်ထောက်ထားကြပြီး အပြန်အလှန်အကူအညီ(စိတ်ဓါတ်ခွန်အားပါမကျန်)တွေ နဲ့ သေသည်အထိ မေတ္တာနဲ့ချစ်ခင်သွားကြတာပဲ။ အဲ့သလိုပဲ ရဲရဲရင့်ရင့်အမှန်အတိုင်းပြောစေ့ချင်တယ်။ အဲ့သလိုပြောရမှာကိုလည်း ကြောက်စရာရှက်စရာလည်းမလိုပါဘူး။ လူမို့လို့လူသားချင်းချစ်တယ် ခင်တယ် မေတ္တာထားတယ်၊ အိမ်ထောင်ဖက်အဖြစ်ရွေးချယ်တယ်။ အဲ့ဒါဘာဖြစ်သလဲဗျာ။ ဘာသာရေး လူမျိုးရေး အမျိုးသားရေးအစွန်းရောက် အမြင်ကျဉ်းသေးသိမ်တဲ့ အတွေးအခေါ်အယူအဆတွေကိုတွန်းလှန်တိုက်ဖျက်တဲ့နေရာမှာ ခေါင်းဆောင်ကိုယ်တိုင်က မိမိအိမ်ထောင်ဖက်ရွေးချယ်ပုံကို သာဓကဆောင်ပြီး လူထုကိုနမူနာပြနိုင်ရမယ်။ နမူနာဖြစ်နေရမယ်။ ဘယ်အခြေခံပေါ်မှ လူသားခြင်းခွဲခြားစရာမလိုတဲ့အကြောင်း အဲ့သလိုခွဲခြားမှုမှန်သမျှကို ဆန့်ကျင်တဲ့အကြောင်း၊ နိုင်ငံသားခြင်း၊ ကမ္ဘာသားခြင်း၊ လူသားခြင်းချစ်တဲ့စာနာတဲ့ မေတ္တာထားတတ်တဲ့စိတ်မျိုး မွေးမြုပျိုးထောင်ရေးမှာ ခေါင်းဆောင်ရဲ့စံနမူဟာ အလွန်အရေးကြီး ပါတယ်။ ဒီးယမ်မေမေက ခုချိန် မှာ (ခုလို အချိန်မျိုးကြီးမှာ) အဲ့ဒီနမူနာကိုပြမယ်ဆို(ပြချင်တယ်ဆို)ပြလို့ အကောင်းဆုံးပြယုဂ်ပါပဲ။ သူ့အိမ်ထောင်ရေး ဘဝတခုလေး မီးမောင်းထိုးပြလိုက်ရုံနဲ့တင် ခရီးကအတော်ပေါက်နေပါပြီ။ ”အညာမှာနေရင် အညာသားနဲ့ညားမှာပေါ့” ဆိုတဲ့အပြောဟာ "ဘာလို့နိုင်ငံခြားသားနဲ့ယူရတာလဲ”ဆိုတဲ့အမေးအတွက် စစ်မှန်တဲ့အဖြေမဟုတ်ဘူး ဒီးယမ်သူငယ်ချင်းရေ။ ခု ကျနော်ရေးတာတွေကို တဆင့်လည်းဖြန့်လို့ရပါတယ်။ ပေ့ဂ်ျမှာတင်လည်းရပါတယ်ဗျား။ ကျနော်လည်း ပေးစာသဘောနဲ့တင်မှာပါ။ မျိုးမြင့်ချို။ လေးစားစွာ


0 comments:

Post a Comment