Thursday, December 12, 2013

ဂါးဗင်န်းမင်န့်ရှပ်ဒေါင်း အပြောင်းအလဲနဲ့ ဗလောင်းဗလဲနိုင်ငံရေးစာရိတ္တ (မျိုးမြင့်ချို)

0 comments
ဂါးဗင်န်းမင်န့်ရှပ်ဒေါင်း အပြောင်းအလဲနဲ့ ဗလောင်းဗလဲနိုင်ငံရေးစာရိတ္တ (မျိုးမြင့်ချို)
ဝေါ်ရှင်တန်(ဒီစီ)လို့ဆိုရင် အမေရိကန်နိုင်ငံရေး၊ နူးယော့ခ်တို့၊ ရှီကားဂိုးတို့ဆို စီးပွားရေး၊ ပင်တဂွန်လို့ဆို စစ်ရေးစသည်ဖြင့် အကြမ်းသဘောပြောကြ နားလည်ကြတာပါ။ အိမ်ဖြူတော်၊ ကွန်ဂရက်စ်၊ ဝေါလ်စထရိ စတဲ့ အမည်တွေလည်း ဗမာပြည်သားတွေနဲ့စိမ်းတာ မဟုတ်ပါ။ အမေရိကန်မှာ တခုခုဖြစ်တယ်ဆိုလည်း (သူတို့သိစေချင်တာဆို)တမဟုတ်ခြင်း ကမ္ဘာကသိရတာပါ။ မသိစေချင်တာဆိုရင်တော့ တမျိုးပေါ့။ ဒါပေမယ့် ခုလို မီဒီယာခေတ်မှ မဟုတ်ပါဘူး၊ အရင်ခေတ်တွေတုန်းကလည်း ထိန်ချန်ထားတာတချို့ အချိန်တန်တော့ ဗူးပေါ်သလိုပေါ်တာများလည်းရှိပါတယ်။ အမေရိကန်မှာ လူမျိုးပေါင်း/ယုံကြည်မှု မျိုးကွဲပေါင်းစုံပါတယ်။ အဲ့သလို စုံတာကတကြောင်း တကမ္ဘာလုံးနဲ့ လူမှုရေး စီးပွားရေး နိုင်ငံရေးစစ်ရေး စတာတွေမှာ မပြတ်ဆက်ဆံထိတွေ့နေရတာကတကြောင်း၊ ဘာသာစကားအများ သုံးစွဲထိတွေ့နေကြတာ တကြောင်း၊ စက္ကန့်နဲ့အမျှ အသစ်ဖြစ်ထွန်းနေတဲ့နည်းပညာ စတဲ့အကြောင်းတွေအပြင် အခြား တနွယ်ငင်တစင်ပါကိစ္စတွေလည်းရှိသမို့ နယ်ပယ်အလိုက် လောကအလိုက် စကားလုံးသစ်တွေ ဝေါဟာရသစ်တွေလည်း အချိန်နဲ့အမျှပေါ်နေတာပါ။ တခါတလေ စကားလုံးသစ်တွေကို နိုင်ငံရေးသမားက၊ ဂျာနယ်လစ်က၊ စီးပွားလောကက စသည်ဖြင့် တီထွင်လာတတ်သလို လမ်းမပေါ်က အရပ်ထဲက လမ်းကြိုလမ်းကြားကနေလည်း လာတတ်ပါတယ်။ ကြာကြာခံ/မခံတာ အဘိဓန်ထဲပါသွား/မသွားတာ စတာတွေမှာလည်း သူ့အကြောင်းနဲ့သူ ရှိပါတယ်။ စကားလုံးဝေါဟာရသစ်တွေကတော့ ပေါ်နေ/ထွင်နေတာပါ။ နိုင်ငံရေးလောကသားတွေမို့ စီးပွားရေးဒိတ်ဒိတ်ကြဲကြီးတွေမို့ နံမည်ကြီးစာရေးဆရာ သတင်းစာဆရာကြီးတွေမို့ အနုပညာသည်ကြီးတွေမို့ အမြဲလိုအတည်အခန့်တွေချည်းပြောမှာပဲလို့ အမေရိကန်တွေကိုထင်ရင် တက်တက်စင်အောင် လွဲပါမယ်။ အခြေအနေနဲ့ကိုက်မယ်ဆို ပြောဖို့သုံးဖို့လိုမယ်ဆို လိုသလိုပြောကြတာပါပဲ။ Dress Code ရှိတတ်တဲ့အခါမျိုးမှတပါး ကျန်အချိန်တွေမှာ ဝတ်ကြတာလည်း မြင်တဲ့အတိုင်းပါ။ ဒါကို မျက်စေ့ရိုင်းတယ် မယဉ်ကျေးဘူး မတင့်တယ်ဘူး မသင့်တော်ဘူးထင်လည်း ထင်သူ့ကိစ္စလို့သာမှတ်ကြပုံပါ။ စကားလုံးဝေါဟာရသုံးတဲ့နေရာမယ် မဆိုင်ဘူးလို့ထင်ရပေမယ့် မျက်စေ့ထဲတန်းမြင်အောင် သုံးချင်သုံးပစ်ကြတာမျိုးပါ။ စကားလုံးပေါ် အကြောင့်အကြနဲ့ သိတ်ဂရုတမထားကြဘူးလို့ပြောဖို့ကြလည်း ခက်မယ်ထင်ပါတယ်။

အနီးဆုံးနဲ့ မြင်သာတာတစ်ခုပြောပါ့မယ်။ ဟိုတလောက (Government Shutdown) ဖြစ်တာ မှတ်မိကြမယ်ထင်ပါတယ်။ ဒီရှပ်ဒေါင်းန်းဆိုတဲ့စကားက စက်ရုံတစ်ရုံရုံ တခါတည်းအပြီး ပိတ်လိုက်တာမျိုးဖြစ်သလို ကာလတစ်ခုစာ ပိတ်ထားတာမျိုးမှာလည်းသုံးပါတယ်။ တခါတလေ စက်ကိရိယာတွေ ထိန်းသိမ်းပြုပြင်ဖို့ကြံ့ခိုင်ရေးလုပ်ဖို့ တနှစ်တခါပုံမှန်ရှပ်ဒေါင်းပေးတာမျိုးလည်း ရှိတတ်ပါတယ်။ ဖန်ချက်စက်ရုံလိုဟာမျိုးတွေ ရှပ်ဒေါင်းပေးတာကြတော့ ကျန်တဲ့ဆက်ရှင်တွေ အကုန်ပိတ်ထားပေမယ့် ဖန်ရည်ကျိုမိုလ်ဒ် (ကန်ကြီး ဖိုကြီး လုံကြီးတွေ)ကျတော့ တပြိုင်တည်း ရှိသမျှဟာတွေ အအေးခံဖို့မလွယ်ဘူး။ အကုန်လုံးတပြိုင်နက် ရုတ်ချည်းအအေးခံလိုက်ရင် အထဲက လက်ကျန်ဖန်ရည်တွေအေးခဲသွားပြီး မိုလ်ကြီးကန်ကြီးတွေ ပုံစံခွက်ကြီးတွေပါကွဲထွက်ကုန်တာမျိုးဖြစ် တတ်တာကိုး။ ဆိုတော့ တခုပြီးတခု တဖြည်းဖြည်းခြင်း အပူလျှော့ရင်းအအေးခံပြီးလုပ်ရတာမျိုး။ စက်ရုံအလုပ်ရုံတခုခု ရှပ်ဒေါင်းပေးလိုက်ပလားဆို (လိုအပ်မယ့်လူတချို့သာချန်ပြီး) အလုပ်သမားတွေ အလုပ်ပြုတ်ကြရတာမျိုးပေါ့။ ပုံမှန် နှစ်စဉ်ရှပ်ဒေါင်းကတော့ ရှပ်ဒေါင်းချိန်ကုန်ရင် ပုံမှန်ပြန် လည်ပတ်ကြရိုးပါ။ ဆိုတော့ ရှပ်ဒေါင်းတော့ရှပ်ဒေါင်း ဘယ်လိုရှပ်ဒေါင်းမျိုးလည်း ဆိုတာက စကားပြောတာပါ။

ကိစ္စက အစိုးရနဲ့ရှပ်ဒေါင်းတွဲပေးပြီး Government Shutdown လို့ လုပ်ချလိုက်တော့ မျက်လုံးပြူး မျက်ဆန်ပြူးသူပြူး၊ မျက်မှောင်ကြုတ်သူကြုတ်၊ နဖူးကြောထောင်သူ ထောင်ကုန်တာလည်းကြားပါတယ်။ အမေရိကန်တွေအဖို့တော့ ထူးပြီးမဆန်းတဲ့ကိစ္စ လောက်ပါ။ ပြန်ပွင့်သွားတဲ့အခါ ပုံမှန်ပြန်လည်ပတ် သွားပေမယ့် ပိတ်နေချိန်နဲ့ပြန်ဖွင့်စအချိန်တွေမှာ တချို့ကိစ္စတွေမှာ နည်းနည်းကသီလင်တနိုင်ပါတယ်။ အမေရိကန်ကိုအဝင်အထွက်လုပ်မယ့်သူတွေအဖို့ ဗီဇာကိစ္စ ပါ့စ်ပို့တ်ကိစ္စတွေ ကြန့်ကြာတာမျိုးတွေလည်း ပါပါတယ်။ ဒါပေမယ့် ဒါဟာ ပထမဆုံးအကြိမ်မဟုတ်လေတော့ သာမန်ပြည်သူတွေထဲမယ် အနေအစားမပျက် အပျော်အပါးမပျက်ပါ။ ထားပါတော့လေ။ မသိသူတွေအဖို့တော့ စကားလုံးနဲ့တင် လန့်စရာကြီးလိုပါ။ တချို့ဆို အိုဘားမားအစိုးရပဲပြုတ်တော့မှာလိုလို၊ အမေရိကန်တွေ ဘဝပဲပျက်တော့မှာလိုလို၊ တိုင်းပြည်ပဲနေ့ချင်းညချင်း ထပျက်တော့မှာလိုလို ပြောသံတွေထွက်လာတယ်။ ကျနော့် မေးလာသူတွေကို ချက်တင်န်းကနေ နိုင်သလောက်/ သိသလောက်တော့ ပြောဖြစ်ပါတယ်။ ဒီတော့ ”သြော် ဂလိုကိုး”သက်မချသူချ၊ ”ဟုတ်ရဲ့လားကွာ” မသိနိုးနားသူနိုးနား၊ ”မဖြစ်နိုင်တာချည်းကွ ”ဇဝေဇဝါသူဇဝါ။ ”ကြံကြံဖန်အမေရိကန်တွေ”ဆို သြချသူချနဲ့ပါ။ နောက်တော့ သိတ်မကြာဘူး ပြန်ပွင့်သွားပါတယ်။ ဘာ့ကြောင့်ပိတ် ဘာ့ကြောင့်ပွင့်က နိုင်ငံရေးပါ။ သတ်သတ်ပြောမှ ရမယ့်အရေးပါ။ ထားပါတော့ အခုပြန်ပွင့်နေပါပြီ။ ပွင့်တော့ဘာဖြစ်လဲ ပိတ်တော့ဘာဖြစ်လဲ။ သာမန်ပြည်သူတွေတချို့ဆို သိတောင်မသိကြပါ။ အစိုးရဝန်ထမ်းတွေနဲ့ တချို့ကိစ္စတွေမှာ အထိုက်အလျှောက်ထိခိုက်တာမှန်ပေမယ့် ပြောလောက်အောင်ကြီးတာမျိုးတော့လည်းမဟုတ်ခဲ့ပါ။ ဒါပေမယ့် အစိုးရသာရှပ်ဒေါင်းသွားတာပါ။ အမေရိကန်နယ်နမိတ်နဲ့ ကမ္ဘာ့နေရာအနှံ့အပြားမှာ တပ်စွဲထားတဲ့ ဘယ်အမေရိကန်စစ်တပ်မှ ရှပ်မဒေါင်းပါ။ စစ်တပ်ဆိုတာဘာနဲ့ အာဏာသော့ချက် ဘယ်နေရာဆိုတာ ရီပတ်ဘလီကင်န်ရော ဒီမိုကရက်ပါ အသေအချာ့ကိုသိပါတယ်။

အခုထပ်ပြောချင်တာက ဂါးဗင်န်းမင်န့်ရှပ်ဒေါင်းပြီးတော့ Government Close ပါ။ ကျနော် တနင်္လာကနေ ဗုဒ္ဓဟူးညအထိ ဝေါ်ရှင်တန်ဒီစီမှာ Refugee Congress -2013 တက်ဖို့သွားခဲ့ ပါတယ်။ ကွန်ဂရက်စ်ရဲ့ ဖိတ်ကြားသူတွေထဲမှာရော ကွန်ဂရက်စ်ကို တက်လာပြီး မိန့်ခွန်းပြောကြ အမှာစကားပြောကြ ဝင်ရောက်ဆွေးနွေးဖလှယ်ကြမယ့်သူတွေထဲမှာပါ အိုဘားမားအစိုးရအဖွဲ့ဝင်တွေထဲက ကျန်းမာရေးဝန်ကြီး၊ လူဦးရေ-ဒုက္ခသည်နဲ့ လူဝင်မှုဝန်ကြီး၊ နိုင်ငံခြားရေးဌာနက လက်ထောက်ဝန်ကြီးတွေအပြင် အခြားအစိုးရဌာနဆိုင်ရာ လူကြီးတွေလည်း ပါပါတယ်။ တကယ်တမ်းကျင်းပတဲ့ ကွန်ဂရက်စ်ပထမနေ့မှာ အနှီပုဂ္ဂိုလ်ကြီးများ တပါးမှကြွရောက်မလာကြပါ။ ဘာလို့လဲဆို ဂါးဗင်န်းမင်န့်ကလို့စ် သွားလို့ပါပဲ။ ရာသီဆိုးလို့ပါ။ အမေရိကန်အရှေ့ဘက်ကမ်းခြေကို Icy Storm လို့ ဆိုတဲ့ ရေခဲနှင်းမုန်တိုင်း မွှေသွားလို့ပါ။ အပျက်အဆီးမများ၊ ရေတွေမကြီးမီးတွေမလာ မဖြစ်ပေမယ့် လမ်းတွေမှာ ရေခဲလွှာပါးလျှပ်လျှပ်လေးတွေနဲ့ လမ်းတွေချော၊ ကားတွေချော်၊ လူတွေချော်။ လေကလည်း အပ်ဖျားနဲ့ဆွသလို စူးစူးရဲရဲ ဟူးဟူးရားရား၊ အေးချက်ကလည်း ရေခဲမှတ်အောက် တော်တော်လေးအထိကျခဲ့တာပါ။ ဒါနဲ့ အဲ့နေ့တနေ့စာ အစိုးရ ကလို့စ်လိုက်ပါတယ်။ ဝေါ်ရှင်တန်ဒီစီဆိုတာ အစိုးရရုံးစိုက်တာ မဟုတ်လား။ တပြည်လုံးက အစိုးရုံးဌာနတွေကလို့စ်တာတော့ မဟုတ်ပါ။ အစိုးရကလို့တော့ အိမ်ဖြူတော်လည်း တံခါးပိတ် ဂျိတ်ပေါ့လေ။ ဝန်ထမ်းတွေတော့ ပျော်ကြတယ်ကြားပေမယ့် ကျနော်တို့ အမေရိကန် တပြည်လုံးကနေ ကွန်ဂရက်စ်လာတက်ကြတဲ့ ပြည်နယ်ကိုယ်စားလှယ် (၅၃)ဦးအပါအဝင် အခြားတာဝန်ရှိသူတွေ၊ ဒုက္ခသည်ပြန်လည်နေရာချထားရေးရုံး၊ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(အမေရိကန်)ကပုဂ္ဂိုလ်တွေ အဖို့တော့ အစီအစဉ်တချိုကို အွန်လိုင်းကနေ ဗီဒီယိုကွန်ဖရင်န့်စ်တွေကနေတဆင့် ပြန်လုပ်ကြရပါတယ်။ တချို့လူကြီးတွေကတော့ Skype ကနေ လှမ်းစကားပြော တချို့ကျတော့ ဗီဒီယို(ရုပ်/သံ)ဖိုင်လ်ပို့တွေ လုပ်ကြရပါတယ်။ အစီအစဉ်တခုမှ မပျက်ပေမယ့် နည်းနည်းတော့ ကို့ရို့ကားယားပေါ့လေ။ ဒီလောက်ပါပဲ။

ဆိုတော့ အမေရိကန်တွေအဖို့တော့ Government Shutdown ပဲဖြစ်ဖြစ် Government Close ပဲဖြစ်ဖြစ် အေးဆေးပါ။ သိတ် အပူအပန်တော့ကြီးကြတယ်မရှိပါဘူး။ ကျနော်တို့ကသာ ကိုယ့်အတွေးနဲ့ကိုယ် ပူကြပန်ကြစိုးရိမ်ကြရတာပါ။ တကယ်ကတော့ အမေရိကန်အစိုးရ ရှပ်ဒေါင်းမယ်မဒေါင်းဘူးရော ကလို့စ်မယ် မကလို့စ်ဘူးရောက အမေရိကန်တွေကပဲဆုံးဖြတ်ကြတာပါ။ အာဏာရှိသူတွေ အာဏာကိုင်ထားနိုင်သူတွေလုပ်တဲ့အလုပ်ပါ။ အာဏာဆိုတဲ့သဘောက တနိုင်ငံခြင်းမှာမဆိုနဲ့ တကမ္ဘာလုံးမှာပါ အလုံးအရပ်မလျှော့ပါ။ အတူတူပါ။ အာဏာကိုင်ထားနိုင်သူဟာ ဖန်တီးနိုင်သူပါ။ အာဏာကိုင်မယ့်သူဟာ အာဏာသော့ချက်ကိုသိပါတယ်။ ကမ္ဘာနဲ့ချီတဲ့ပါဝါကြီး အာဏာလက်ကြီးတွေဆို သူတို့နိုင်ငံရေးတင်မက ကမ္ဘာ့နိုင်ငံရေးနဲ့ နိုင်ငံငယ်လေးတွေရဲ့ကံကြမ္မာကို ဖန်တီးနေနိုင်ကြတုန်းပါ။ အဲ့နိုင်ငံလေးတွေကတပ်တွေကို တဖက်လှည့်နဲ့ကိုင်ထားနိုင်တုန်းပါ။ ဒီလို ဝင်ဖန်တီးနိုင်တာကိုပဲ စူပါပါဝါလို့ အင်အားကြီးနိုင်ငံတို့ဆိုပြီးပြောကြတာပါ။ အင်အားကြီးတွေ ပြောင်းချင်ပလားဆို နိုင်ငံရေးစာရိတ္တပြောင်းပြီး ဗလောင်းဗလဲတွေလည်း လုပ်တဲ့အခါလုပ်ပါတယ်။ မျက်နှာဗြောင်တိုက်သလို မျက်နှာလည်း များတတ်ပါတယ်။ သက်သေအနေနဲ့ လတ်တလောမြင်သာတာကတော့ ရွှေပြည်ကြီးရဲ့ ””အပြောင်းအလဲ” ပါပဲ။ အပြောင်းအလဲတော်တော်များတဲ့ နိုင်ငံကြီးတွေဟာ အပြောင်းအလဲလုပ်ဖို့ဆို အပြောင်းအလဲ သိတ်မြန်တတ်ကြပါရဲ့။ (အပွိုင်မင်န့်စောင့်ရင်း ဆေးရုံဧည့်သည်စောင့်ခန်းထဲထိုင်ရင်း စိတ်ကူးပေါ်တာချရေးတာပါ။ စာတော့ ချောမယ်မထင်ပါ။) မျိုးမြင့်ချို


0 comments:

Post a Comment