Wednesday, May 28, 2014

ကျနော်တို့ ကျမ်းကျိန်မထားဘူး(မျိုးမြင့်ချို)

0 comments
(ကျနော်တို့ ကျမ်းကျိန်မထားဘူး)
ပထမကြားဖြတ်အပြီးမှာ ဗိုလ်တင်အေးလက်လျှိုခိုင်းပြီး ပီအာရ်နဲ့စကြပ်တယ်။ နောင်လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ထွက်လာနိုင်ခြေရှိတဲ့အဖြေကိုတွက်မိလို့ပဲ။ ပထမကြားဖြတ်မတိုင်ခင်မှာ ဒီကြားဖြတ်ဟာ ထင်တာထက်တောင် ပိုလွှတ်ပေးလိမ့်မယ်လို့ ကြိုခန့်မှန်းတာဆိုလို့ ဖိုးသံ(လူထု)ရဲ့အသံတခုပဲ ပီပီမြည်မြည်ထွက်တာသတိပြုမိဖူးတယ်။ အဲ့ဒီကြားဖြတ်မှာ လိုတာထက်ပိုပြီးလွတ်လပ်ပေးလိုက်လို့ ပါတီကြီးတခုက ထင်ရာမြင်ရာတွေလုပ် ကော်မရှင့်စေတနာကိုအလွဲသုံးစားလုပ်တယ်လို့ စောင်းပါးရိပ်ခြေ ဟန့်လုံးထုတ်တာက ဗိုလ်တင်အေး။ ပီအာရ်ကို အာဘော်ဖန်တီးချိန်မှာ တက်တက်ကြွကြွအားပေးခဲ့တာက အန်င်အယ်လ်ဒီခွဲထွက် ဒေါက်တာသန်းငြိမ်း။ ကျယ်ကျယ်လောင်လောင် ရေလာမြောင်းပေးတာက ကြံ့ဖွံ့ကဗိုလ်ဌေးဦး၊ အခါတော်ပေးဟူးရားက စာရေးဆရာဆိုတဲ့ ဗကပပျက်ကျော်ဝင်း။ ပြတ်ပြတ်သားသားဆန့်ကျင်တာက ဆရာဦးဝင်းတင်။
နောက်တော့ ပီအာရ်အာဘော်ဖန်တီးတာကို ခနငုတ်ထားလိုက်ပြီး ပါတီတွေနိုင်ငံခြားအထောက်အပံ့တို့ တရားမဝင်ရန်ပုံငွေလက်ခံတာတို့
လုပ်နေတာတွေသိတယ်၊ မပြောချင်လို့နေတာ၊ အရေးယူလို့ရတယ်ဆိုပြီး ဗိုလ်တင်အေး အငှားပါးစပ်နဲ့ စစ်အုပ်စုဆင်ကြံကို နောက်တဆင့်လှည့်ဖော်လာတယ်။ အဲ့အချိန်မှာ အင်န်အယ်လ်ဒီက ဘာရန်ပုံငွေပွဲတို့ ညာရန်ပုံငွေပွဲတို့ခေါင်းစဉ်နဲ့ မင်းသားမင်းသမီးတွေခေါ် ခရိုနီတွေခြံရံပြီး ပွဲသဘင်ခံအပျော်လှိုင်းမူးနေချိန်။ ခရိုနီ့ပိုက်ဆံမယူလို့ ခင်ဗျားလာပေးမှာလားဆိုပြီး မျက်နှာပြောင်ထွက်တိုက်တာက အင်န်အယ်လ်ဒီဦးအုန်းကြိုင်၊ သူတို့မှာလည်းပြင်ခွင့်ရှိပါတယ်၊ မတရားသဖြင့်ယူထားတဲ့ပိုက်ဆံတွေကို အကျိုးရှိရာရှိကြောင်း ပြန်သုံးရမယ်ဆိုကာ ဖိတ်ချင်းဖိတ်တို့ဆီပဲဖိတ်စေပေါ့ သဘောပြောတာက ဒေါ်စု။ တိုင်းပြည်ပိုင်ငွေ၊ အဆောက်အဦး၊ ကား တခုမကျန် ပါတီရန်ပုံငွေလုပ်ပြီး အမြိုင့်သားထိုင်သုံးဖြုန်းပြီး တုတ်တုတ်မှမလှုပ်တာက ကြံ့ဖွံ့။

ဒီလိုနဲ့ တနေ့တလုံး ရွှေဥ ဥပေးနေတဲ့ငန်းမကြီး သတ်ရလောက်အောင် မမိုက်မဲတဲ့စစ်ဗိုလ်တွေဟာ အလှည့်ကျနှစ်ပါးခွင်တွေမှာ
ရင်နှစ်ခြမ်းဗြန်းဗြန်းကွဲစေတော့ဆိုကာ အသုံးတော်ခံကြလေရဲ့။ ဥကုန်ချိန်ထိစောင့်ပြီး ဥတုန်းရင်တောင် အသားပေါ်စားဖို့ ချိန်ရွယ်ကြံစည်ထားလေသလားမှတ်ရတဲ့အထိ။ အယုံခံသမ္မတကြီးတို့၊ ဥက္ကဌဖြောင့်ဖြောင့်ကြီးတို့ တလှည့်စီ ရှေ့ထွက်မင်းသားလုပ်ကြချိန်ဆိုတော့ ရဲရင့်တဲ့စစ်သားတစ်ယောက်ကတော့ တိုင်းမှူးတွေလူမွေးရင်း
လေးဦးလေးဖလှယ်တွေ့ပါရစေဆိုတာကို ဖုတ်လေတဲ့ငါးပိ။

ခု ရှေ့ထွက်မင်းသားကြီး (၂)ပါး အသုံးတော်ခံပြီး ကန်လန့်ကာနောက် ခနဝင်နားချိန်။ ကော်မရှင်ဗိုလ်တင်အေးလောက်နဲ့လွှတ်ထားလိုက်
ဇာတ်ထုတ် စ ကပြီထင်ရတယ်။ ခုနောက်ဆုံး လှည့်ကြပ်တာကို ၄၃၆ အင်အားပြပွဲမှာ စစ်အမတ်တွေကို သိမ်းသွင်းဟန်ပြောဆိုမှုကို အစဆွဲထုတ်လာတယ်။ ဗိုလ်သိန်းစိန်လိုလို ဟိုလူ့လိုလို ဒီလူ့လိုလို မထိခလုပ်ထိခလုပ်လေးတွေနဲ့ စောင်းကာမြောင်းကာ စကားနာလည်း အထိုးများလှတယ်။ ပြဿ နာကအဲ့ဒါပဲ ယောက်ျားနဲ့ မိန်းမမှာ။ မိန်းမက လက်မပါဘူး။ စကားလုံးတွေနဲ့ ပစ်လာခတ်လားလား စောင်းလားချိတ်လား ထေ့လားငေါ့လား စကာနာများ ထိုးပလားဆို အတောင်နှစ်ဆယ်ဝတ်တွေ ခံရခက်လှသမို့လား။ ဒါမျိုးက ယေက်ျားဘသားများအဖို့ တယ်လည်း မခံချိမခံသာဖြစ်ရတာမျိုးပ။ စိတ်မထိမ်းနိုင်လို့ ကိုယ့်ဘက်က လက်ပါပြန်တော့လည်း ကိုယ်အလွန်။ လက်မပါပဲပြန် နှုတ်သီးကောင်းလျှာပါး လုပ်ဖို့ကလည်း ခုချိန်ကြီးမှာ မဖြစ်။ လူမြင်လို့မကောင်းတော့ဘူး။ ကိုယ့်ကိုယ်ကိုရင့်ကျက်တဲ့စစ်အာဏာရှင်အသွင်ကို ဒီမိုကရေစီနဲ့အရေခြုံထားရချိန်မို့လား။
၈၈ ပြီးကာစ ကာလတွေများကဆို မှတ်မိကြမှာပဲ။ ဒေါ်စုက တခုခုများ ကလိလိုက်ရင် ခင်ညွန့်တို့အုပ်စု လုပ်လိုက်ရတဲ့သတင်းစာရှင်းလင်းပွဲ။ ကက်ကက်လန်အောင် ရန်ပြန်ပြန်ထောင်ရတာလည်း အမော။ ဒီတုန်းက စစ်ဗိုလ်ဆိုးတွေရဲ့ဘဝဟာ ရန်တွေ့ကောင်းတဲ့ငါးစိမ်းသည်မကြီးတွေနဲ့ နင်လားငါလား။ သတင်းစာတွေ တီဗီ ရေဒီယိုစတာတွေမလည်း အမည်ဖော်မပြောပဲ မျက်စောင်းတထိုးထိုးနဲ့။

ခုတော့ သူတို့ ရင့်ကျက်တဲ့စစ်အာဏာရှင်ပုံဖမ်းတတ်သွားပြီ။ ကိုယ့်ဘက်က ခေါင်းဆောင်ကိုတောင် ကလေးစိတ်ကောက်တာတို့ ဘာတို့သဘော ပြောလာနေပြီ။ ကိုယ့်ဘက်မလည်း တခါတခါကြ ပြောချင်စရာတွေက မပြေးသော်လည်းကန်ရာရှိခဲ့ပြီ။

ခုနောက်ဆုံး ကော်မရှင်ဗိုလ်တင်အေး ကြပ်တဲ့အကြပ်ဟာ နှယ်နှယ်ရရမဟုတ်သလို၊ ပေါ့ပေါ့တန်တန်သဘောထားလို့လည်းမဖြစ်ဘူး။
နောက်နေတာ မဟုတ်ဘူး။ ကိုယ့်ကြိုးနဲ့ကိုယ်ပြန်ချည်တာပဲ။ ဖွတ်မြီးနဲ့ ဖွတ်ပြန်အချည်ခံရတာပဲ။ လေးစားလိုက်နာကာကွယ်စောင့်ရှောက်ပါ့မယ်ဆိုပြီး ကျမ်းကျိန်တာနဲ့ ပြန်ကိုင်တာပဲ။ ကျမ်းစူးတာ မစူးတာတော့ မသိဘူး။
စကားကတော့ စူးနေပြီ။ စကားဦးလည်း ကျွံနေပြီ။ ကဲ...ဘာလုပ်မလဲ။ ၄၃၆ ပြင်ရေးလက်မှတ်ထိုးကန်ပိန်းဟာ လူထုလှုပ်ရှားမှုမဟုတ်တာကတော့ သေချာတယ်။ ကန်ပိန်းလောက်နဲ့ပဲ အဖျားရှူးမသွားဖို့ပဲဆန္ဒဖြစ်မိတယ်။ ရှေ့မှာ ရှူးပေါင်းများလို့ ဒီတခါ ရှူးစရာအဖျားတောင် ကျန်ပါဦးမလားလည်း ပူတယ်။ စစ်ကိုင်းရောက်လိုက် ပဲခူး(ပဂိုး)ရောက်လိုက် မြင်းတစီးဓါးတလက်နိုင်ငံရေးနေညိုချိန်လည်း မရောက်စေချင်ဘူး။
ပြင်ပေး၊ မပြင်ပေးရင် ဘာရွေးကောက်ပွဲမှမဝင်ဘူးလို့ ကြွေးကြော်သံဟာ စိန်ခေါ်သံအဖြစ် ထီကနဲမြည်လိုက်စေချင်တယ်။ No Vote ကန်ပိန်းလောက်ပြောတာ မဟုတ်ဘူး။ ပြင်ပြင်/မပြင်ပြင်ဝင်မှာပဲဆိုတာကလည်း ဟိုလူကြီး စိတ်ရူးပေါက်လို့ပြောတာပါဆိုလည်း ပြီးတာပါပဲ။

ကဲ..ခင်ဗျား ကျနော် ပြည်သူတွေကရော။ လူထုဘက်ကတော့ ရှင်းတယ်။ ဘယ်တစ်ယောက်ကမှ ကျနော် ကျမတို့သည် ဤ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လေးစားလိုက်နာပါ့မည်..တို့။
ကာကွယ်စောင့်ရှောက်ပါ့မယ်တို့ဆိုပြီး လွှတ်တော်ထဲမှာ ဗိုလ်ရွှေမန်းရှေ့ ဦးညွှတ်ကျမ်းကျိန်ထားတာမရှိဘူး။ လေးစားလိုက်နာစရာ
ကာကွယ်စောင့်ရှောက်စရာ ဘာအကြောင်းမှမရှိဘူး။
ကိုယ်မကြိုက်တဲ့ဥပဒေ တိုင်းပြည်၊ လူထု၊ အခြေအနေနဲ့ မဟပ်စပ်တဲ့ဥပဒေကို ချိုးဖေါက်ခွင့်ရှိတယ်၊ မလိုက်နာပဲနေခွင့်ရှိတယ်၊ ဆန့်ကျင်ဖီဆန်ခွင့်ရှိတယ်။

နောက်ပြီး ဖွဲ့စည်းပုံဖျက်တဲ့အတွေ့အကြုံဟာ စစ်အုပ်စုမှာမှ မဟုတ်ဘူး၊
လူထုမှာလည်းရှိတယ်။ ၁၉၇၄ ဖွဲ့စည်းပုံဟာ စစ်တပ်ကဖျက်လို့ပျက်တာမဟုတ်ဘူး၊ ၈၈ ဒီမိုကရေစီရေးလူထုအုံကြွမှုကြီးကဖျက်လို့ ပျက်တာ။ ၂ဝဝ၈ လည်း လူထုဖျက်မှ ပျက်မှာ။
ခင်ဗျား ကျနော်လို သာမန်ပြည်သူတိုင်းမှာ မလိုက်နာခွင့် မကာကွယ်ခွင့်ရှိသလို ဖျက်ပိုင်ခွင့်လည်းရှိတယ်။ ကျနော်တို့ ကျမ်းကျိန်မထားဘူး။

0 comments:

Post a Comment