Sunday, August 24, 2014

နောက် တစ်လှမ်းဆုတ်ပေးလိုက်ပြီ သတိသာထားကြပေတော့(တူမောင်ညို)

0 comments
နောက် တစ်လှမ်းဆုတ်ပေးလိုက်ပြီ သတိသာထားကြပေတော့(တူမောင်ညို)
သြဂုတ်လ ၁၅ ရက်နေ့ကပြုလုပ်ခဲ့ကြတဲ့ (ဗိုလ်)ဦးအောင်မင်းတို့ (UPWC) နဲ့ နိုင်ဟံသာ၊ ဗိုလ်ဂွန်မော်တို့ (NCCT) ညှိနှိုင်းခဲ့ကြ တဲ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီ အစိုးရပိုင်/စစ်တပ်သတင်းစာတွေကတော့ တညီတညွတ်တည်း အခုလို ခေါင်းစဉ်တပ်ကြပါတယ်။ “တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းပါကွဲလွဲချက်များအား အချောသပ်နိုင်သည် အထိ ဆွေးနွေးသွားမည်” တဲ့။ ပုဂ္ဂလိကမီဒီယာတွေကတော့ တမူထူးခြားစွာ အခုလိုခေါင်းစဉ်တွေတပ်ကြတယ်။

- “ဖက်ဒရယ်ပြည်ထောင်စုစနစ်ထူထောင်ရန် အစိုးရသဘောတူ” (၇ ရက်နေ့စဉ်သတင်းစာ)
- “တိုင်းရင်းသားတွေရဲ့ဖက်ဒရယ်တောင်းဆိုချက် အစိုးရသဘောတူညီ” (RFA - မြန်မာဘာသာ ဝဘ်ဆိုဒ်)
- “ဖယ်ဒရယ်ဖွဲ့စည်းရေးဆွေးနွေးဖို့ အစိုးရသဘောတူ” (VOA - မြန်မာဘာသာဝဘ်ဆိုဒ်)
- “ဖက်ဒရယ်ပြည်ထောင်စုကို အစိုးရဘက်က လက်ခံ ” (BBC - မြန်မာဘာသာဝဘ်ဆိုဒ်)
- “ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအခြေခံမူ အစိုးရသဘောတူ” (DVB - မြန်မာဘာသာဝဘ်ဆိုဒ်)
- “ဖက်ဒရယ်ပြည်ထောင်စုစနစ် အစိုးရလက်ခံပြီ” (မဇ္ဈိမ - ဝဘ်ဆိုဒ်)
- “UPWC နှင့် NCCTတို့၏ ဆွေးနွေးပွဲပထမနေ့တွင် NCCT ဘက်က တင်ပြသည့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမူကို အစိုးရဘက်မှ လက်ခံ” (ELEVEN - ဝဘ်ဆိုဒ်)

မီဒီယာတွေသတင်းခေါင်းစီးတပ်ပုံက သွေးရိုးသားရိုးမှဟုတ်ပါရဲ့လား။ ဒီ သတင်းခေါင်းစီးတွေကို အမှုမဲ့၊ အမှတ်မဲ့ဖတ်လိုက်ရင် “ဖက်ဒရယ်ဖုတ်သွင်းရထားဆိုက်ပြီ” လို့ပင် ထင်စရာရှိပါတယ်။ ဝမ်းသာလွန်းလို့ မျက်ရည်များတောင်လည်ရှာတယ်လို့ ဆိုကြဦးမလားမသိပါဘူး။ မီဒီယာတွေအနေနဲ့ မေးသင့်တဲ့မေးခွန်း တစ်ခုကတော့ စစ်တပ်ပိုင်မြဝတီသတင်းစာမှာ “ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မူဝါဒ ၆ ရပ် (The six peace principles)” ဆိုပြီးဖော်ပြခဲ့တဲ့ “ကာချုပ်မူ ၆ ရပ်” ကို အစိုးရ၊ လွှတ်တော်နဲ့စစ်တပ်ဘက်က လုံးဝဖယ်ရှား ရုပ်သိမ်းလိုက်ပြီလား။ “ဖက်ဒရယ်ပြည်ထောင်စုစနစ်”ထူထောင်ရန် ရေခံမြေခံတွေ အစိုးရ/လွှတ်တော်နဲ့
စစ်တပ်တို့ဘက်မှာ ခိုင်ခိုင်မာမာရှိနေပြီလား။ ပြတ်ပြတ်သားသားပြောနိုင်တဲ့ပထမအချက်ကတော့ “၂၀၀၈အခြေခံဥပဒေ” တည်မြဲနေသမျှ လူမျိုးစုံပြည်သူများလိုလားတောင့်တနေတဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများလိုလားနေတဲ့ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော “ဖက်ဒရယ်ပြည်ထောင်စု” လုံးဝ (လုံးဝ) မပေါ်ပေါက်နိုင်ပါ။
ဒုတိယအချက်က ၁၄ သြဂုတ်ရက်နေ့က နိုင်ငံတော်သမ္မတ(ဗိုလ်) ဦးသိန်းစိန်၊ ဒုတိယသမ္မတ (၁) စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ(ဗိုလ်)ဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ(ဗိုလ်) ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်မင်းအောင်လှိုင်တို့ပါဝင်တဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ (UPCC)” အစည်းအဝေးကနေ ဗိုလ်အောင်မင်းတို့(UPWC) အတွက် “မူဝါဒထပ်မံချပေး”လိုက်တဲ့ကိစ္စဖြစ်ပါတယ်။ ဘာတွေချပေးသလဲဆိုတာ အသေးစိတ် မသိနိုင်ပါဘူး။ ဗိုလ်အောင်မင်းတို့တော့ သိမှာပေါ့။ ဗိုလ်အောင်မင်းတို့(UPWC)အတွက် “မူဝါဒ ထပ်မံချပေး” ပေးလိုက်လို့ ထစ်နေတဲ့ကိစ္စ “အဆင်ပြေ”သွားတဲ့သဘောဖြစ်ပါတယ်။ ဘယ်လို “အဆင်ပြေ”သွားတာလဲဆိုတာကတော့ “ထိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ်တဲ့သဘော” လို့ယူဆပါတယ်။ ဒီလိုယူဆဖို့အတွက် ဦးလှမောင်ရွှေပြောစကားတွေကို သာဓကပြုလို့ရတယ်။

ဦးလှမောင်ရွှေက အခုလိုပြောတယ်။ “တိုင်းရင်းသားတွေဘက်ကတင်တဲ့အဆိုပြုတဲ့အထဲမှာ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုလို့အဆိုပြုတယ်။ ကျနော်တို့ (UPWC)ဘက်က အဆိုပြုတာ ဘကတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှဆုံးဖြတ်ချက်နဲ့အညီ ပြည်ထောင်စုစနစ်ကိုအခြေခံတဲ့
ဖက်ဒရယ်နိုင်ငံဆောင်ရွက်ရန်ဟာကို ပြန်အဆိုပြုတာ တိုင်းရင်းသားတွေဘက်ကလက်ခံတဲ့အတွက် အဲဒီအချက်က ပြီးသွားပြီပေါ့ဗျာ။ အဲဒါကတော့အဓိကဖြစ်တဲ့အတွက် ကျန်တဲ့ဟာတွေမှာလည်း အားလုံးနီးပါးအဆင်ပြေသွားပါတယ်” လို့ ပြောပါတယ်။
သူပြောသွားတဲ့အထဲမှာသိပ်ရှင်းပါတယ်။ “နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှ ဆုံးဖြတ်ချက်နဲ့အညီ ပြည်ထောင်စုစနစ်ကိုအခြေခံတဲ့ဖက်ဒရယ်နိုင်ငံဆောင်ရွက်ရန်” တဲ့။ ဒါကို တိုင်းရင်းသားတွေဘက်ကလက်ခံတဲ့အတွက် အဆင်ပြေသွားတာပါလို့ပြောပါတယ်။
တကယ်တော့ “ဖက်ဒရယ်ပြည်ထောင်စုကိစ္စ”ကို ဗိုလ်အောင်မင်းတို့ (UPWC) မှာ ဖြတ်လို့မရတာမို့ “နိုင်ငံရေးဆွေးနွေးပွဲများမှာဆုံးဖြတ်ကြဖို့” ရွှေ့ဆိုင်းလိုက်တာသာဖြစ်ပါတယ်။ single text (မူကြမ်း)ရေးဆွဲရာမှာ ညှိမရလို့ “နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ရွှေ့ဆိုင်းလိုက်တာသာဖြစ်ပါတယ်။

ဒီလိုရွှေ့ဆိုင်းလိုက်တာကို မီဒီယာများက သတင်းခေါင်းစီးတပ်နေကြသလို “အစိုးရဘက်က ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် သဘောတူသည်/လက်ခံသည်” လို့ ဘယ်လိုမှပြော လို့မရနိုင်ပါဘူး။ ပြောလို့မဖြစ်သေးပါဘူး။ ဦးလှမောင်ရွှေပြောတဲ့စကားထဲက အခရာကျတဲ့စကားစုကတော့ “နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှ ဆုံးဖြတ်ချက်နဲ့အညီ” ဆိုတာပါပဲ။
“ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး”ဆိုတာ မူကိစ္စဖြစ်ပါတယ်။ မူကိစ္စဆိုတာ ဆွေးနွေးညှိနှိုင်းရတာ ခက်ခဲပါတယ်။ တစ်ဖက်က (အစိုးရ/လွှတ်တော်/တပ်မတော်)လို့ ဆိုနေကြတဲ့ ဗိုလ်သိန်းစိန်/ဗိုလ်ရွှေမန်း/ဗိုလ်မင်းအောင်လှိုင်တို့က “၂၀၀၈ အခြေခံဥပဒေ” ဆိုတာကို အလျော့မပေးစတမ်း အသေဆုတ်ကိုင် ထားတာပါ။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများဘက်ကလည်း “တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး”ဆိုတာဟာ နှစ်ပေါင်း ၆၀ နီးပါး ကိုင်စွဲတိုက်ပွဲဝင် လာခဲ့တဲ့ကိစ္စဖြစ်ပါတယ်။
မူဆိုင်ရာကိစ္စတွေကို နှစ်ဖက်လုံးက လွယ်လွယ်အလျော့မပေးနိုင်ပါဘူး။ တစ်ဖက်ဖက်က တစုံတရာ အလျော့ပေးလိုက်ရင်တော့ ပြဿနာဟာအဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားနိုင်ပါလိမ့်မယ်။ သေချာတာတော့ အုပ်စိုးသူအဆက်ဆက်ဘက် (ဖဆပလ- တော်လှန်ရေးကောင်စီ- မဆလ- နဝတ-နအဖ)က “တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး” အရေးအတွက် ဘယ်တုန်းကမှ ဘယ်လိုနည်းနဲ့မှလိုက်လျောခဲ့တာမရှိခဲ့ဖူးတဲ့အချက်ပါပဲ။
ဒါကို “စကားလုံးအရ/ဝေါဟာရအရ” ကပ်သီးကပ်သပ်ငြင်းခုန်နေကြတယ်လို့ ထင်နေတဲ့သူ/ပြောနေတဲ့ သူတွေရှိနေပါတယ်။ ပါတီ၊ အဖွဲ့အစည်း၊လူမျိုးအတွက် ရပ်တည်လှုပ်ရှား၊ တိုက်ပွဲဝင်ကြတဲ့အခါမှာ သက်ဆိုင်ရာမူပေါ်လစီ၊ သဘောထားတွေကို စကားလုံးတွေနဲ့ရေးသား ချမှတ်ကြရတာပါ။ ဆွေးနွေးပြောဆို ထုတ်ပြန်ကြရတာပါ။ စကားလုံးတွေ ဝေါဟာရတွေမပါဘဲ၊ ဘယ်လိုငြင်းခုန်ကြမလဲ။ ဘယ်လိုဆွေးနွေး ညှိနှိုင်းကြမလဲ။ ဘယ်လိုထောက်ခံကြမလဲ၊ ဘယ်လိုကန့်ကွက်ကြမလဲ၊ ဘယ်လိုဝေဖန်ကြမလဲ။

အခြေခံကျတဲ့ မူဝါဒပိုင်းတွေကို ညှိနှိုင်းပြေလည်မှုရသွားကြပြီဆိုတဲ့အခါမှတော့ “စကားလုံးတို့ဝေါဟာရတို့” ဆိုတာဟာ လက်အောက်ခံပြဿနာဖြစ်သွားတတ်ပါတယ်။ ဘမူကျတဲ့ပြဿနာမပြေလည်သေးသမျှတော့ စကားလုံးတွေ/ဝေါဟာရတွေနဲ့ ဆွေးနွေးငြင်းခုန်နေကြရဦးမှာပါ။
(ဖဆပလ) (တော်လှန်ရေးကောင်စီ) (မဆလ) (နဝတ-နအဖ) နဲ့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရထိ အုပ်စိုးသူအဆက်ဆက်ဟာ အချိန်ယူလှည့်စားဖြိုခွဲပြီးနောက် စစ်ရေးနည်းနဲ့ချေမှုန်းတာကိုသာ အဓိက လက်နက်အဖြစ်စွဲကိုင်အသုံးပြုခဲ့ကြပါတယ်။
ဆိုရှယ်လစ်အတု၊ ၊ အမျိုးသားညီလာခံအတုတွေနဲ့ လှည့်စားခဲ့ပြီးပါပြီ။ သစ်ပါမစ်၊ ကျောက်မျက်ရတနာ လုပ်ကွက်၊ ကားပါမစ်စတာတွေနဲ့ ကိုင်ထားတဲ့လက်နက် လဲလှယ်ဖူးခဲ့ကြပြီပဲ။
အခုလည်း “စည်းကမ်းပြည့်ဝသောဒီမိုကရေစီခေတ်” မှာ“စည်းကမ်းပြည့်ဝသော ဖက်ဒရယ်အတု”နဲ့ လှည့်စားမှာပါ။
ဗိုလ်သိန်းစိန်/ဗိုလ်ရွှေမန်း/ဗိုလ်မင်းအောင်လှိုင်တို့ကဘက် နောက်တစ်လှမ်းဆုတ်ပေးလိုက်ပြီ၊ ရှေ့နှစ်လှမ်း တက်လိမ့်မယ် သတိသာထားကြပေတော့။
(၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်)

0 comments:

Post a Comment