Thursday, February 12, 2015

၂ဝ၁၅ ဖေဖော်ဝါရီထဲရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ ၂ (မျိုးမြင့်ချို)

0 comments
(ရှောက်သီးသုတ်နဲ့မဆလာဘုရင်)
ငယ်ငယ်တုန်း မြို့ထဲသွားတဲ့အခါ တခါတလေ မှော်ဘီ-ရန်ကုန်ဆွဲတဲ့စစ်လက်ကျန် ချက်ဗလက် ဘစ်ကားကြီးတွေစီးတယ်။ စဥ့်အိုးတန်းထိပ်မှာ ကားဂိတ်ထိုးတယ်။ ဂိတ်နားလေးမှာ ဘန်ဒါပင်ရှိပြီး အဲ့အောက်မှာ ဆိုင်းထမ်းနဲ့ရောင်းတဲ့ ရှောက်သီးသုတ် ကြာဆံဟင်းခါးဆိုင်လေးလည်းရှိတယ်။ လက်ဘက်ရည်ပန်းကန်ပြားသာသာလောက် ပန်းကန်ပက်ပက်လေးထဲမှာ ပုဇွန်ခြောက်နိုင်းချင်း၊ ဆီချက်ရွှဲရွှဲ ငံပြာရည်နံ့မွှေးမွှေး ငရုပ်သီးစိမ်းရစ်ရစ်လေးတွေ ကြက်သွန်နီ ပဲအကျက်မှုန့် စတာတွေနဲ့ စီးနေအောင်နယ်ဖတ်ထားတဲ့ ရှောက်သီးသုတ်လေး ၃ လုပ်စာတင်းတင်းလောက်နဲ့ ကြာဆံဟင်းခါးပူပူ ငရုပ်ကောင်းမွှေးမွှေးနဲ့ ရှူးရှူးရှဲရှဲနဲ့ နှာရည်တွေကျတဲ့အထိ ၂ ပွဲဆက်တိုက် စားခဲ့တာ သတိရတယ်။ တွေးရင်း ခုတောင် သွားရည်ကျတယ်။ ပါးစောင်မှာ တံတွေးရည်ကြည်တွေ စိမ့်လို့။ စားချင်လှတယ်။
ပြီးတော့ ထောက်ကြန့်ရန်ကုန် အမှတ်၉ ဂိတ်(၃ နံပတ်ဂိတ်) ၆ထပ်ရုံးကြီးအောက်က မဆလာဘုရင် ပဲသုတ်လည်းစားချင်တယ်။ မိုးတွေရွာနေတုန်းများ ပဲရည်ပူပူဆမ်း အာလူးပြုတ် ဘယာကြော် ကျန္နာပဲလုံးပြုတ် စမူဆာချေထည့် ကြက်သွန်နီ ငရုပ်သီးအလှော်မှုန့်မွှေးမွှေး မန်ကျည်းရည်လေးဆမ်းဆမ်းပြီး လက်မပူအောင် ဒန်ပန်ကန်းပြားလေး ၂ ထပ်ခံပြီး ချွေးပြန်တဲ့အထိစားခဲ့တာလည်း အောက်မေ့တယ်။ စားလည်းပြီးရော ပုဆိုးခါးပုံစနဲ့ နှပ်တွေညှစ်ညှက်ပြီး မျက်ရည်တွေလည်းဝဲ လူလည်းပွင့်ပက်ထွက်သွားတဲ့ ခံစားမှုနဲ့အရသာဟာ အဲ့ဒီ ငယ်ဘဝမှာတင်ကျန်ခဲ့ပြီလား။ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလား။ မသေချာ။
ပါးစပ်ပျက်နေတယ်။ ဘာမှ မယ်မယ်ရရ ကောင်းကောင်းမွန်မစားတာ ၂ ပတ်နီးပါးဖြစ်ပြီ။ အမေရိကန်စာတွေဆို အနံ့တောင်မခံချင်ဘူး။ စားလည်းမစားဖြစ်ဘူး။ ဗမာစာထဲက စားချင်တာတွေချည်းပဲရွေးပြောရင်တောင် မနည်းမနောနေမှာ။
နဂိုက အစားနဲ့ပတ်သက်ရင် သိတ်မက်မက်စက်စက် မရှိတတ်တာမှန်ပေမယ့် ခုလိုမျိုး စားချင်အာလျ တမ်းတမ်းတဖြစ်တာ ဘဝမှာ ဒါပါနဲ့ ၃ ကြိမ်ပဲ။
တကြိမ်က တပ်ထဲမှာ။ ၈၂ လောက်က။ အပူရှပ်အပြင်းဖျားပြီး သတိရတချက်မရတချက်နဲ့ နမ္မတူဂွင်ထဲက မန်တုံ ဘုန်းကြီးကျောင်းဇရပ်ထဲမှာ ကျနော်ရယ် ဆေးတပ်သားရယ် သေနတ် ၂ လက်ရယ် အတူနေခဲ့တုန်းက။ ၁၁ ရက်ကြာလို့ အဖျားလည်းကျရော စားချင်လိုက်တဲ့ရှောက်သီးသုတ် စားချင်လိုက်တဲ့မဆလာဘုရင်။
နောက်တကြိမ်က သာယာဝတီထောင်မှာ တကိုယ်လုံး ယားနာတွေအပြင် အလာဂျီတွေလိုဖြစ်ပြီး ယားလိုက်ပွတ်လိုက်(ပွတ်လိုက်ဆိုတာက ကျနော့်ကျန်သေးတဲ့လက်တဘက်က လက်ဆစ် စုစုပေါင်းက ၅ ဆစ်ပဲကျန်တာ။ လက်သည်းကျန်လောက်အောင်ရှည်တဲ့လက်ချောင်းမရှိတော့ ယားရင် ကိုယ်ကဝတ်ထားတဲ့အဝတ်ခံပြီး ပွတ်ချည်းနေရတာပဲ ကုပ်လို့မှမရပဲကိုး။ ပွတ်ဖန်များတော့ အသားတွေ အရေပြားတွေအသားနီလန်ပြီး စပ်ကလည်းစပ်သေး ကျိန်းကလည်းကျိန်သေး) အဲ့သလိုနေရင်း အဖျားပါဝင်ရော။ ယားတာရောဖျားတာပါပေါင်းပြီး လိမ့်နေအောင်ခံလိုက်ရတယ်။
၂ ပတ်ကျော်ကျော်လောက်။ တနင်္လာထောင်ပိုင်တန်းစီရက်မှာ ကျန်းမာရေးအခြေအနေတင်ပြတော့ ထောင်ပိုင်ဝင်းမြင့်ဆိုတဲ့ငနဲက မသေနိုင်သေးပါဘူးလို့ အားပေးစကားပြောပြီး ထောင်မှူးကြီး လှထွန်းဆိုတဲ့ကောင်က ယားတာလက်နဲ့ပွတ်လို့အသားနီလန်ရင် လက်နဲ့မပွတ်နဲ့ကွ။ အခန်းနံရံနဲ့ပွတ်လို့ပြောပြီး ဆေးမှုးဆိုသူက အောက်စီတက်ထရာ ၁ လုံး ဘာမီတွန်တလုံးပေးသွားတယ်။ နောက် အဖျားကျပြီး ပြန်လည်းနာလန်ထရော စားချင်လိုက်တဲ့ရှောက်သီးသုတ် စားချင်လိုက်တဲ့ မဆလာဘုရင်။
ခုတော့ အဲ့ဒီဆိုင်လေးတွေ ရှိကြတော့မယ်မထင်ဘူး။ ရှိလည်း ခုနေခါ ကျနော့်မှာ စားခွင့်မကြုံဘူး။

(လူထုကြားနဲ့ ပရိုပိုဆယ်လ်စား)
ခု အမျိုးသားပညာရေးဥပဒေကိစ္စကျောင်းသားတွေ လမ်းပေါ်တက်လာလို့မှ တွေ့မယ်ဆုံမယ်ဆွေးနွေးမယ်ဖြစ်လာတာပါ။ ဒါတောင် ရတဲ့နည်းနဲ့ထစ်ပြီး ဖဲ့ထုတ်ကဲ့ထုတ်ဖို့ကြံစည်နေတာ စစ်အုပ်စုပါ။ NNER ကျောင်းသား အစိုးရ လွှတ်တော် လေးဦးလေးဖလှယ်တွေ့ကြပြီး လွတ်လွတ်လပ်လပ် တင်းတင်းရင်းရင်းပြောကြမယ်ဆို ကြိုဆိုတယ်။
အင်န်အယ်လ်ဒီတို့ ရှစ်ပူးငြိမ်းပွင့်အဖွဲ့တို့ နေသာသလိုလေးနေကြပါစေ။ သွား သွား ဆွဲထည့်တာမျိုးလည်း မလုပ်စေ့ချင်ပါ။ ခမျာများလည်း ဆူးကြားကဘူးလို အနေရအထိုင်ရကြပ်လှပါတယ်။ မလူးသာမလှုပ်သာအနေအထားတွေမို့ ခုလောက်လေး နေပေးနေတာကိုပဲ ကျေးဇူးတင်စရာကောင်းလှပါပြီ။
အပေါ်က ဘာပြောပြော ဘာလုပ်လုပ် အောက်ခြေအင်န်အယ်လ်ဒီတွေ၊ ပြည်သူ့ကြားက ရှစ်ဆယ့်ရှစ်မျိုးဆက်တွေနဲ့ ရပ်ကွက်ထဲကပြည်သူတွေက ကျောင်းသားသပိတ်ကို ရောက်တဲ့အရပ်မှာ ကြိုဆိုကြဝန်းရံကြအားပေးကြနဲ့ဆိုတော့ အားရစရာကောင်းလှပါပြီ။ နောက်လည်း ဆက်ပြီး ထောက်ခံပါဝင်ကြပါစို့ အောက်ခြေထု အင်န်အယ်လ်ဒီများခင်ဗျား။ လူထုကြားက ရှစ်ဆယ့်ရှစ်မျိုးဆက်များခင်ဗျား။

(ပညာရှင်နဲ့ပါမောက္ခတပ်ချုပ်)
ပါမောက္ခချုပ်ကြီးတွေလောက်မဆိုနဲ့ဦး ပါမောက္ခလောက်ဆိုရင်ကိုပဲ ကိုယ်အမူအယာနှုတ်အမူအယာ အင်မတန်တည်ကြည်လှပြီ။ ပါချုပ်တွေဆို တည်ကြည်လေးနက် ရင့်ကျက်တည်ငြိမ် သိမ်မွေ့ညင်သာ နှလုံးနူးညံ့ ပညာပြည့်ဝကာ စာသင်သားကို လူကြီးလူကောင်းအဖြစ်အသိအမှတ်ပြု လေးစားဖေးမဆက်ဆံတာပဲ။ ချစ်ခင်စောင့်ရှောက်တာပဲ။ ဒါ့ကြောင့် စာသင်သားကလည်း ချစ်ကြောက်ရိုသေကာ အပြန်အလှန် ပညာအရလူပုဂ္ဂိုလ်အရ ကြည်ညိုလေးမြတ်ကြတာမျိုးပဲ။ ကိုယ်တိုင်က လူကြီးလူကောင်းတွေဆိုတော့ ပညာတတ်တက္ကသိုလ်ကျောင်းသားတွေကိုလည်း (ခတ်ဆိုးဆိုးလေးတွေပါဦးအောင်) ပဲ့ပြင်သွန်သင်ရင်း လမ်းကောင်းကိုညွှန်တာပဲ။ နိုင်ငံရေးအာဏာကိစ္စအရှုပ်အထွေးနဲ့ ဝေးအောင်နေ၊ အာဏာရှိသူတွေထံ ဒူးမထောက်မခမစား၊ သခင်အားရကျွန်ပါးဝဘယ်တော့မှမလုပ်၊ အာဏာတပြပြလုပ်တတ်သူဆို မဝင်ဘင်ပုပ်ထက်တောင်ရွံရှာစက်ဆုပ်ကာ ပညာမှာသာပျော်မွေ့တဲ့ ပညာပြည့်ဝနှလုံးလှတွေဖြစ်ကြတယ်။ ရွှေပြည်ကြီးက ပါချုပ်(တချို့)ဟာ စစ်တက္ကသိုလ်ကကျောင်းအုပ်တွေများလား ထင်မှတ်မှားလောက်အောင် နင်လားငါလား။ သူတို့တွေဟာ ပညာနဲ့ကျောင်းသားထု ဖိနှိပ်ရေးယန္တယားထဲက ခွေးသွားစိတ်များမပါ ပညာကန်းကြလေတယ် အာဏာငန်းဖမ်းကြလေတယ်။

(ဂါဒနာကိုကိုကြီးနဲ့သပိတ်ကိစ္စ)
ကျောင်းသားသပိတ်ထွက်လာတာ အတော်စုစည်းအားကောင်းပြီး လူထုပါဝင်မှု များပြားကျယ်ပြန့်လာတယ်။ အပစ်ရပ်ကိစ္စ၊ ဆွန်လွတ်ရွယ်ဂျာ၊ ကိုပါကြီး၊ ဒေါ်ခင်ဝင်း၊ လိုင်ဇာဗိုလ်သင်တန်း၊ ကချင်ဆရာမလေး ၂ ယောက်၊ ဒေါ်နော်အုန်းလှ ကိုနေမျိုးဇင်နဲ့ ဒေါ်စိန်ထွေးတို့အပါအဝင် မီဒီယာသမားတွေနဲ့ အခြားအစ်ရှူးတွေတောင် နည်းနည်းလေး အသံတိမ်သွားတယ်။ ဒါပေမယ့် ဘယ်သူကမှ မမေ့ကြဘူး။ သတိတရနဲ့ဂုဏ်ပြုတန်တာပြု ဖော်ထုတ်သတိပေးတန်တာပေး လုပ်နေကြတယ်။ တပြိုင်တည်းမှာ ကျောင်းသားသပိတ်ကို ဝန်းရံအားဖြည့်ကြဖို့ တိုးတိုးပြီးလှုံ့ဆော်လာကြတာလည်း အားရစရာပါ။
ထူးခြားတာက ကျောင်းသားသပိတ်ကြောင့် အသံတိမ်ရတာပဲမဟုတ် သူ့နဂိုသဘောကိုက ဂုဏ်ပြောင်တဲ့အသံလည်းထွက်မလာ တခါ အရေးယူခံရပြန်တော့လည်း ဘယ်သူကမှ တခုတ်တရစကားလုပ် ကန့်ကွက်အရေးဆိုမခံရတဲ့ အစ်ရှူးတခုလည်း ရှိသေးတယ်။ ရှစ်ပူးငြိမ်းပွင့်က ပန်းခြံဆရာကိုကိုကြီး တရားအစွဲခံထားရတဲ့ကိစ္စ။ ဘယ်သူမှ ဘာမှပြောသံ ဟဟတောင်မကြားမိဘူး။ ငြိမ်လှတယ်။
ဂျမဒါကိုကိုကြီးရှိသလို ဂါဒနာကိုကိုကြီးအရေးလည်း မေးကြမြန်းကြစေချင်ပါကြောင်း။

(အေးအေးနေပါ ရွှေညဝါ)
ဦးဇင်း ရှေ့ဆုံးကနေ တပ်ဦးကနေအလံကိုင်ပြီးကြွချီတော်မူပါ။ ဦးတော့မဆောင်ပါနဲ့ ဘုရား။ ကလေးတွေ လုပ်ကြပါစေ။ ဦးဇင်းပါဝင်အားဖြည့်တာ ကိစ္စကောင်းပေမယ့် ရှုပ်ထွေးမှုတွေဖြစ်လာရင် တဘက်လူများအဖို့ ကြိုက်လုံးတွေ့သွားမှာတွေလည်း ရှိပါတယ်ဘုရား။ နောက်ပြီး သူတို့က တည်ဆဲမတရားဥပဒေတွေကိုချိုးဖေါက်ပြီး ဖီဆန်အာခံနေကြတာပါဘုရား။ တည်ဆဲဥပဒေလိုက်နာနေမှဆို ဘာကိစ္စ ဒီအမျိုးသားပညာရေးဥပဒေကိုဆန့်ကျင်စရာ လမ်းပေါ်ထွက်စရာလိုလိမ့်မလဲဘုရား။ သူတို့ အကြမ်းမဖက်အေးချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်နေကြတာပါဘုရား။ သူတို့သွားပြီး တည်ဆဲဥပဒေတော့မလိုက်နာခိုင်းပါနဲ့ ဘုရား။ ဦးဇင်း သပိတ်တခုလုံးရဲ့ရည်ရွယ်ချက်နဲ့ သပိတ်ကိုဝန်းရံပေးပါ။ ဦးဇင်း ကလေးတွေကိုကာကွယ်ပေးပါ။ ဦးဇင်းသင်္ကန်းအရိပ်အာဝါသနဲ့ ကလေးဘေးမသီရန်မခအောင် စောင့်ရှောက်တော်မူပါ ဘုရား။ ကျေးဇူးတင်ပါတယ်။

(အလုံး ငုံကြသူများ)
စစ်လွှတ်တော်နဲ့စစ်အစိုးရကပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ တိုင်းပြည်နဲ့မအပ်စပ်ဘူး အခြေအနေနဲ့မကိုက်ညီဘူးလို့ထောက်ပြပြီး ဆန့်ကျင်အရေးဆိုရင်း ပြင်ဆင်ဖို့ကြိုးစားနေတဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေးတောင်းဆိုနေတဲ့ကျောင်းသားတွေကို စစ်အုပ်စုကစွပ်စွဲတဲ့အခါ သုံးတဲ့စကားလုံးတွေဟာ ဗကပပျက်တွေ တောပြန်လက်နက်ချတွေနဲ့ အခြားအပျက်ပေါင်းစုံဆီကထွက်တဲ့ စကားလုံးတွေချည်းပဲ။ တနည်းပြောရရင် သစ္စာပျက်တို့ရဲ့ လက်နက်ချအတွေးအခေါ်မျိုးထက်မပိုဘူး။
အလားတူပဲ စစ်အုပ်စု ကိုယ့်ဂုဏ်ကိုယ်ဖော်ဖို့သုံးတဲ့စကားလုံးတွေဟာလည်း အဲ့ဒီလူတွေ ခွံ့ပေးလိုက်တာတွေချည်းပဲ။ စစ်အုပ်စုသုံးတာက စကားလုပ်ပြောနေစရာမဟုတ်ပေမယ့် ကိုယ့်လူဆိုသူတွေသုံးနေတာကြ စကားလုပ်တင်ပြောရုံမက ဆန့်ကျင်တိုက်ခိုက်ဖို့ပါ လိုတယ်။ အတွေးအခေါ်ကို တိုက်ရမှာပဲ။ လိုအပ်ပြီး လုပ်ကောင်းတဲ့ကိစ္စပေပဲ။
အဲ့ဒီအလုံးတွေ “ကိုယ့်လူ”လို့ဆိုသူတွေကလည်း အာသာငမ်းငမ်းနို့သက်ခံစို့ရင်း သိစိတ်ရှိရှိရော မသိသားဆိုးရွားစွာရော ယူငင်သုံးစွဲကြတာ တွေ့နေရတာပါပဲ။ စကားလုံးဆိုတာ နောက်ကွယ်မှာ အဘိဓမ္မာရှိရတာပဲ။ အတွေးအခေါ်ကိုဖော်ပြရာပဲ မဟုတ်လား။ ဒီစကားလုံးတွေယူသုံးပြီဆိုကတည်းက ဒီအဘိဓမ္မာနဲ့ဒီအတွေးအခေါ်ရဲ့နောက်လိုက်ဆိုတာ အလိုလို ဝန်ခံပြီးသားပဲ။ သစ္စာပျက်လက်နက်ချအတွေးအခေါ်နောက်လိုက်ပဲ။
တကယ်တမ်းပြန်တွေးတော့ ဆန္ဒပြနေတဲ့ကလေးတွေက သူတို့ညာဏ်စွမ်းသလောက် တတ်သလောက်ကို ရှိသလောက်အတွေ့အကြုံပေါ်အခြေခံပြီး ရိုးရိုးသားသားရဲရဲရင့်ရင့် လုပ်နေကိုင်နေကြတာပါ။ ဘယ်သူ့နောက်လိုက်မှမဟုတ်သလို ဘယ်သူ့ကြိုးအကိုင်မှလည်း မခံကြဘူး။
ခင်ဗျားတို့ရော ခင်ဗျားတို့ခေတ်မှာ တယောက်ယောက် တဖွဲ့ဖွဲ့ရဲ့ကြိုးအကိုင်ကို ခံခဲ့ကြသလား ခံခဲ့ရသလား ရှင်းအောင်ပြန်ကြည့်ပါ ကိုယ့်ကိုယ်ကိုပြန်မေးပါ။ ကျနော်တို့ခင်ဗျားတို့ဟာ ခေတ်ပြိုင်တွေပါ။ ကျနော်တို့ခင်ဗျားတို့ကို ဘယ်သူမှ ကြိုးမကိုင်ခဲ့ကြဘူး။ ကျနော်တို့ခင်ဗျားတို့ ကြိုးအကိုင်မခံခဲ့ကြရဘူး။
ခင်ဗျားတို့ကျနော်တို့ သစ္စာပျက်လက်နက်ချအတွေးအခေါ်မှိုင်းက လွတ်အောင်ရုန်းနိုင်မှ ကလေးတွေတိုက်ပွဲ အားပိုဖြစ်မှာပဲ။ အောင်ပွဲဟာ ပိုနီးမှာပဲ။

(ပုဏ္ဏားတွေမဝင်စေနဲ့)
ခင်ဗျားတို့ရည်မှန်းချက် မပေါက်မချင်း၊ ခင်ဗျားတို့ရည်ရွယ်ရာ မရောက်မချင်း၊ လျှောက်ကြ လျှောက်ကြ လျှောက်ကြပါ။ ခင်ဗျားတို့နောက်မှာရော ခင်ဗျားတို့ရှေ့မှာရော ထောက်ခံသူ ကြိုဆိုသူတွေရှိနေပြီး ခင်ဗျားတို့နဲ့အတူ ပါဝင်သူတွေလည်း ဒုနဲ့ဒေးပါ။ ခင်ဗျားတို့ဟာ တရားပါ၊ ခင်ဗျားတို့ဟာ တရားတဲ့ဘက်ကပါ။ တရားရှိရင် အားရှိတာပါပဲ။ တရားရှိရင် ကူသူများတာပါပဲ။ ခင်ဗျားတို့ မုချဆတ်ဆတ်အောင်မြင်ရမှာပဲ။ ခင်ဗျားတို့ အရွယ်သာငယ်ကြပေမယ့် သဘောထား၊ အမြော်အမြင်နဲ့အသိပညာ ကြီးရင့်ကြသူတွေဖြစ်ကြောင်း ခုဖော်ထုတ်ပြသနေလို ဆက်လည်းပြပါ။
နောက်ကွယ်ကကြိုးကိုင်သူရှိတယ်တို့၊ တတိယအင်အားစုတွေပါနေတယ်တို့ဆိုပြီး ကျနော်တို့ကို ပုတ်ခတ်သမုတ်ခဲ့ကြသလို ခင်ဗျားတို့ကိုလည်း မလွဲမသွေယိုးစွပ်ကြမှာပဲ။ ကျနော်တို့ခေတ်တုန်းက သူ့လူကိုယ့်ဘက်သား၊ မျက်ရည်ခံထိုးကြားပွဲစားနဲ့ နိုင်ငံရေး ဖက်ခွက်စားတွေဟာ ဗြောင်ထွက်မလုပ်ဝံ့ဘူး။ ရှက်တတ်ကြသေးတယ်။ ခင်ဗျားတို့ခေတ်ကြ အဲ့သလိုမဟုတ်တော့ဘူး။ သူတို့ဟာ ကူညီဖေးမသူလိုလို ကြားဝင်အာမခံသူလိုလိုနဲ့ အခြားသဏ္ဍန်စုံနဲ့ ဗြောင်ကျကျ အရှက်နည်းနည်း သိက္ခာမဲ့မဲ့ ထွက်လာကြလိမ့်မယ်။ သတိရှိကြပါ။
ခင်ဗျားတို့မှာ ပုဏ္ဏားဖြူပုဏ္ဏညိုတွေ ဟူးရားတွေ အကြံပေးတွေမရှိဘူး။ ပြည်သူတွေရှိတယ်။ မိဘတွေရှိတယ်။ သူတို့ပြောတာ အကြံညာဏ်ပါ။ သူတို့ပေးတာ အားနဲ့တရားပါ။ နားထောင်ပါ။ မတရားတဲ့ဥပဒေကို အကြမ်းမဖက်နည်းနဲ့ ဖီဆန်အာခံရင်း အောင်ပွဲကိုရှေးရှုတဲ့ခင်ဗျားအတွက် ကမ္ဘာမြေကကောင်းချီးပေးမှာပါ။ ခင်ဗျားတို့တိုက်ပွဲရဲ့အကန့်အသတ်နဲ့ ရလဒ်ကို လွတ်မသွားပါစေနဲ့။ သေချာမြဲမြံစွာရှိနေမယ်လို့ ယုံကြည်ပါတယ်။
တိုက်ပွဲထဲကို ဘယ်အချိန်မှဝင်လာဝင်လာ သွေးရိုးသားရိုးဝင်လာသူမှန်သမျှဟာ မိတ်ဆွေပါ တိုက်ဖော်တိုက်ဖက်ပါ ရဲဘော်ရဲဘက်ပါ။ လက်တွဲပါ။ လက်လည်း ကမ်းနေပါ။ သတိလည်းရှိကြပါ။ ပြည်တွင်းပြည်ပ မီဒီယာတွေ သံရုံးတွေအပါအဝင် မျက်လုံးရှိသမျှ မြင်သလောက်ကြည့်လို့ရအောင် ခုထက်ပိုဖိတ်ခေါ်ပါ။ ပြည်သူတွေရဲ့ထောက်ခံမှု ပါဝင်မှုဟာ ခင်းဗျားတို့အတွက်အားတက်စရာ ရွှင်လန်းစရာနဲ့ ရဲဆေးပါ။
ကျနော်တို့လည်း ခေတ်ဝန်ကို နိုင်သလောက်ထမ်းခဲ့ကြတယ် ခုလည်း ခင်ဗျားတို့နဲ့အတူ နိုင်သရွေ့ဝင်ထမ်းပေးပါတယ်။ လူထုကလည်း ခုထက်ပို ပါဝင်လာဖို့ပဲရှိပါတယ်။ ရန်ကုန်မှာ ဆုံပါ။ ရန်ကုန်မှာ ဆုံရင် ရန် ကုန် ပါပြီ။


0 comments:

Post a Comment