Monday, December 28, 2015

ပြန်လည်သင့်မြတ်ရေး-ကာလုံဥပဒေကြမ်းနဲ့ ဒီမိုကရေစီပဝါ (တူမောင်ညို)

0 comments
ပြန်လည်သင့်မြတ်ရေး-ကာလုံဥပဒေကြမ်းနဲ့ ဒီမိုကရေစီပဝါ (တူမောင်ညို)
၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်
မြန်မာ့ “ဒီမိုကရေစီအပြောင်းအလဲ”ဆိုတာက ကျန်တခြားနိုင်ငံတွေရဲ့ အပြောင်းအလဲဆိုတာတွေနဲ့ တထေရာထဲ မဟုတ်ဘူးဆိုတာ အားလုံးသိတာပဲ။ စည်းနဲ့ကမ်းနဲ့အညီ ပြောင်းရတာဖြစ်တယ်။ “၂ဝဝ၈ အခြေခံဥပဒေ”ဆိုတဲ့ ဘောင်ထဲကနေပြောင်းရတဲ့ အပြောင်းအလဲသာ ဖြစ်တယ်။ ဒီမိုကရေစီဆိုတာကိုယ်၌က “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ဖြစ်ပါတယ်။ ဒီစည်း၊ ဒီဘောင်တွေကို ကျော်လွန်ပြီးပြောင်းတဲ့ အပြောင်းအလဲမဟုတ်ဘူး။ ဒီစည်း၊ ဒီဘောင်တွေကို ထိန်းသိမ်းကာကွယ် လေးစားလိုက်နာပါ့မယ်ဆိုတဲ့ ကျမ်းသစ္စာကျိန်ဆိုမှုနဲ့အညီ ပြောင်းလဲရတဲ့ အပြောင်းအလဲဖြစ်တယ်။
အထင်ကြီးလွန်းလို့မဟုတ်ပါ။
သိမ်းပိုက်ထားတဲ့ “အာဏာ”ကို လက်ထဲကနေ လွတ်ထွက်မသွားအောင် (အကြမ်းဖက်ဖိနှိပ်မှုကို မဏ္ဍိုင်အဖြစ်ထားပြီး အခြား ညစ်ပတ်လှည့်စားတဲ့ နည်းလမ်းတွေနဲ့ အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး အပြန်အလှန် ဆက်စပ်ကျင့်သုံးခဲ့တယ်)နည်းပေါင်းစုံနဲ့ ထိန်းသိမ်း ကာကွယ်ထားနိုင်တဲ့နေရာမှာတော့ “စစ်အုပ်စု”ကို ဘယ်လိုမှ အထင်သေးလို့မဖြစ်နိုင်ပါဘူး။ သူတို့လက်ထဲကအာဏာကို လက်လွတ်မသွားအောင် စစ်အုပ်စုမျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ထိန်းသိမ်းလာခဲ့တာကိုတော့ ကျနော်တို့ (အောင့်သီးအောင့်သက်) အသိ အမှတ်ပြုကြရလိမ့်မယ်။
ဒီကနေ့ကာလ စစ်အုပ်စုအဖို့ သူတို့သိမ်းပိုက်ထားတဲ့အာဏာကို အလွယ်တကူ စွန့်လွှတ်ပေးစရာ ပြည်တွင်းပြည်ပဖိအားက မရှိသလောက်ဖြစ်နေတယ်။ “၂ဝဝ၈ အခြေခံဥပဒေ”ကို အတည်ပြုပြီး (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရတက်လာကတည်းကနေ ယနေ့အထိ သူတို့အပေါ်ရှိနေတဲ့ ပြည်တွင်းပြည်ပဖိအားတွေဟာ တရွေ့ရွေ့ကျဆင်းလာနေတာကို မြင်ရလိမ့်မယ်။
ပြည်တွင်း ဒီမိုကရေစီအတိုက်အခံအင်အားစုကို“၂ဝဝ၈အခြေခံဥပဒေ”ကိုလက်ခံသူနဲ့ လက်မခံသူတွေအဖြစ် ကွဲပြဲသွားအောင် လုပ်နိုင်ခဲ့သလို။ လက်နက်ကိုင် အင်အားစုတွေကိုလည်း (NCA)စာချုပ်ကို လောလောဆယ် လက်မှတ်ထိုးသူနဲ့ လောလောဆယ်လက်မှတ် မထိုးနိုင်သေးသူတွေအဖြစ် ခွဲပစ်နိုင်လိုက်တယ်။ ပြည်ပနိုင်ငံတွေရဲ့“ဖိအား”ဆိုတာ မရှိသလောက်နီးပါး ဖြစ်သွားခဲ့ပြီဖြစ်တယ်။
ဒီလိုပြည်တွင်းပြည်ပ ဖိအားတွေ တရွေ့ရွေ့ကျဆင်းလာရတာရဲ့ ပထမဆုံးအချက်ကတော့ “၂ဝဝ၈ အခြေခံဥပဒေ”ကို (NLD) က လက်ခံလိုက်တာပဲဖြစ်တယ်။ ဒါရဲ့အမှတ်အသားက “၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ”ကို (NLD)ပါတီက ဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်ထဲ ဝင်သွားတဲ့ဖြစ်ရပ် ဖြစ်တယ်။ ဒီဖြစ်ရပ်က (NLD)ပါတီနဲ့ အခြားဒီမိုကရေစီအင်အားစုတွေကို ခွဲခြားပစ်လိုက်နိုင်တာဖြစ်ပြီး တပြိုင်နက် ထဲမှာလည်း စစ်အုပ်စုစိတ်ကြိုက်ရေးဆွဲထားတဲ့ “၂ဝဝ၈ အခြေခံဥပဒေ”ကို သိဒ္ဓိတင်လိုက်နိုင်တဲ့ကိစ္စလည်းဖြစ်တယ်။ ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ကို ထိအောင်ပစ်လိုက်နိုင်တာဖြစ်တယ်။ နည်းပရိယာယ်အရ “ဝင်- ပြင်နဲ့ ပြင်-ဝင်” မှာ “ဝင်-ပြင်” အုပ်စုဘက်က အရေးသာ သွားပါတော့တယ်။ ဒီကြားထဲမှာ “ပြင်-ဝင်” သမားတွေအတွက် အရေးမလှစေတာက “ပြင်- ဝင်”လမ်းကြောင်းရဲ့ ပဲ့ကိုင်ဗျူဟာမှူး ဦးဝင်းတင် ကွယ်လွန်သွားတာဖြစ်ပါတယ်။
အခု ၂ဝ၁၅ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရလိုက်ပြန်တော့ “ဝင် - ပြင်” သမားတွေအဖို့ ပိုပြီး လက်မထောင်စရာ ဖြစ်လာပါတော့တယ်။
စစ်အုပ်စုထဲမှာလည်း မေးစရာဖြစ်လာတာက သူတို့ စိတ်ကြိုက်ချမှတ်ရေးဆွဲထားတဲ့ စည်းတွေဘောင်တွေထဲက အနိုင်ရသွားတဲ့ ပါတီကို “ အာဏာ”အတိုင်းအတာထိ ပေးမလဲဆိုတာပါပဲ။ အခု အသံအထွက်ဆုံး ဖြစ်နေတာက ပုဒ်မ ၅၉(စ) ကို “ဆိုင်းငံ့”ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတပေးပြီးချွေးသိပ်တဲ့လမ်းကြောင်း ဖြစ်ပါတယ်။ (NLD)ကလည်း “အာဏာ” ကို “တာဝန်”လို့ သုံးစွဲနေလေတော့ စစ်အုပ်စုအတွက် အကြိုက်တွေ့နေစေပါတယ်။ ပြန်ကြားရေးဝန်ကြီးကတောင် ပြည်ပမီဒီယာတစ်ခုက “အာဏာ” လွှဲပြောင်းရေးလို့သုံးနှုန်းလာလို့ (NLD)ဥက္ကဋ္ဌရဲ့ ပြောစကားတစ်ခုကို ကိုးကားပြီး၊ “တာဝန်” လွှဲပြောင်းတာလို့ ပြင်ပေးသွားသေးတယ် မဟုတ်လား။
ပုဒ်မ ၅၉(စ) ကို ယာယီ “ဆိုင်းငံ့” ဖို့ကိစ္စဆိုတာ မဖြစ်နိုင်စရာမရှိပါဘူး။ စစ်အုပ်စုဟာ သူတို့အကျိုးစီးပွား တည်တံ့ခိုင်မြဲမယ်ဆိုရင် ဘာမဆို လုပ်မှာဖြစ်ပါတယ်။ ပြီးတော့ ဒီလမ်းကြောင်းကိုစပြောသူက စစ်အုပ်စုထဲက ပျော့ပြောင်းသူတွေပါလို့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အလွမ်းသင့်သူတွေဖြစ်သလို “သြဂုတ် ၁၂ ရက်နေ့” ကြံ့ဖွံ့ပါတီဌာနချုပ်ထဲက သန်းခေါင်ယံဇာတ်လမ်းမှာ အပယ်ခံထားရတယ်ဆိုတဲ့အုပ်စုရဲ့ အာဘော်ဖြစ်နေပါတယ်။ ဒါဟာ ဒီကနေ့စစ်အုပ်စုကို ကိုယ်စားပြုနေတဲ့အာဘော်လို့ယူဆပါတယ်။ သြဂုတ်လ ၁၂ ရက် ဖြစ်ရပ်ကိုလည်း စစ်အုပ်စုရဲ့ အကြီးစားလှည့်ဖြားလုပ်ကြံဖန်တီးမှုလို့ ယူဆတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သူသမ္မတဖြစ်ရေး မဖြစ်ရေးထက် တိုင်းပြည်မှာ စစ်မှန်တဲ့ဒီမိုကရေစီ၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တိတိကျကျအာမခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ စစ်မှန်တဲ့တရားဥပဒေ စိုးမိုးရေးတွေကို လိုလားသူဖြစ်ပါတယ်။
သူလိုလားတာတွေကို “၂ဝဝ၈ အခြေခံဥပဒေ” နဲ့ ရာစုနှစ်ဝက်ကျော်ကြာအခြေချထားတဲ့ စစ်ဗျူရိုကရေစီယန္တယားကို မဖျက်သိမ်းနိုင်ဘဲ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ပါဘူး။ စစ်အုပ်စုကတော့ ပုဒ်မ ၅၉(စ) ကို ယာယီ“ဆိုင်းငံ့”လိုက်ခြင်းအားဖြင့် သူတို့ ထိန်းသိမ်းထားတဲ့အာဏာ ရေရှည်ထိန်းသိမ်းထားနိုင်ပြီးသားလည်းဖြစ်၊ နှစ်ပေါင်းများစွာ စုပ်ပြတ်ပုပ်သိုးနေတဲ့ နာမည်ဆိုးကိုလည်း ခေတ္တခဏဖြစ်ဖြစ် မှုံနံ့သာခြယ်နိုင်မှာ၊ အဖတ်ဆယ်နိုင်မှာဖြစ်တယ်၊ ဒါကြောင့် ဒီလမ်းဟာ ဖြစ်နိုင်စရာရှိတယ်လို့မြင်ပါတယ်။
ပြည်သူလူထုအဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအလံကိုင်ဖြစ်သလို၊ စစ်အုပ်စုအဖို့လည်း စစ်အုပ်စုအကျိုးစီးပွားကို ရေရှည်မှာ အာမခံချက်ရှိစွာ ထိန်းသိမ်းပေးမယ့်အဓိကသော့ချက် ဖြစ်နေပြန်ပါတယ်။ တကယ်တော့ ဒီနှစ်ခုဟာ ဒင်္ဂါးပြားတစ်ချပ်ရဲ့ ခေါင်းနဲ့ပန်းလို ဘယ်လိုမှ ထပ်တူမကျနိုင်ပါဘူး။ ပြည်သူလူထုအကျိုးစီးပွားကို မျက်နှာမူမယ်ဆိုရင် စစ်အုပ်စုအကျိုးစီးပွားကို ကျောခိုင်းရမှာ သဘာဝပါ။ ဒါပေမယ့် အခုပြောနေကြတာ အာဘော်ဖန်တီးနေကြတာက win – win နှစ်ဖက်နိုင်၊ နှစ်ဖက်အကျိုးရှိရေးတဲ့။ ဒါကြောင့် ဒီနှစ်ခုကို ဘယ်လိုရောသမမွှေကြမလဲဆိုတာ ၂ဝ၁၆ ခုနှစ် အတွက် အဓိကဇာတ်ကွက်သစ် ဖြစ်ဖွယ်ရှိပါတယ်။
ဒေါ်အောင်ဆန်းကြည် သမ္မတဖြစ်သွားတဲ့အခါမှာ (NLD)အစိုးရဖြစ်လာတဲ့အခါမှာ တချိန်က စစ်အစိုးရမဖြေရှင်းနိုင်တဲ့ မဖြေရှင်းခဲ့တဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD)ခေါင်းပေါ် ပုံချလိုက်နိုင်မှာဖြစ်ပါတယ်။ အရင် အစိုးရအဆက်ဆက် ရဲ့ပြဿနာပါလို့ ဘယ်လိုပင် ဆိုနေစေကာမူ လက်ရှိရင်ဆိုင်ရမှာတော့ ဒေါ်အောင်ဆန်းစုကြည်အမှူးပြုတဲ့ (NLD) အစိုးရသစ်ရဲ့တာဝန် ဖြစ်လာမှာပါ။ ဒီနည်းလမ်း [ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့တဲ့ နည်းလမ်း]ကို ပြည်တွင်းပြည်ပက သဘောကျမှာသေချာပါတယ်။
ဒီလို အခင်းအကျင်းတွေအတွက် “ကာလုံဥပဒေကြမ်း”ကို ဖုတ်ပူမီးတိုက် ပြဋ္ဌာန်းဖို့ထုတ်ပြန်လာတာလို့ မြင်ပါတယ်။
ကာလုံဥပဒေကြမ်းကို ဖတ်ကြည့်လိုက်တာ အစိုးရအပေါ်မှာ၊ လွှတ်တော်အပေါ်မှာ ၊ အခြေခံဥပဒေအပေါ်မှာ “ကာလုံ”ရှိနေတယ်။ ဒါ့အပြင်“ကာလုံ”ထဲမှာ တကယ့်အာဏာရဲ့အညှာကို ကိုင်ထားသူတွေဟာ စစ်တပ်ချုပ်ကိုင်ထားသူတွေသာဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း ဘယ်တုန်းကထက်မဆို ရှင်းလင်းစွာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အပေါ်ယံသဏ္ဍာန်အရ ဘယ်လိုအစိုးရမျိုးပဲတက်တက် အနှစ်သာရအရတော့ စစ်တပိုင်းအစိုးရ၊ စစ်အုပ်စုကိုယ်စားအစိုးရ၊ စစ်အုပ်စုအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ပေးနေရတဲ့/ ရမယ့် အစိုးရတွေပဲဖြစ်နေမှာပါ။
“ကာလုံဥပဒေကြမ်း”ဆိုတာမှာ မှာ အခန်း ၆ ခန်း၊ ပုဒ်မပေါင်း ၁၉ ခုပါရှိပါတယ်။ အဲဒီထဲမှာ အခန်(၃) “ကောင်စီ၏ လုပ်ငန်းတာဝန်များ”ဆိုတဲ့အခန်း၊ ပုဒ်မ ၅ မှာ ပုဒ်မခွဲ(က)မှ (ဖ)အထိ တာဝန်(၂၂) ခုရှိပါတယ်။ အဲဒီတာဝန်(၂၂)ခုဆိုတာ ၂ဝဝ၈ အခြေခံ ဥပဒေ၊ အခန်း(၁၁)မှာရှိတဲ့ပုဒ်မအားလုံး (ပုဒ်မ ၄၁ဝ မှ ၄၃၂အထိ) အတွက်ဖြစ်ပါတယ်။ ကာလုံရဲ့တာဝန်(၂၂)ခုထဲမှာ အများစုက ကာချုပ်နဲ့စစ်တပ်ကပဲ ဆောင်ရွက်ရမယ့်ကိစ္စတွေသာဖြစ်ပါတယ်။ စုစုပေါင်း(၁၄)ခု ရှိတယ်။ ကျန် ပုဒ်မခွဲ(၈)ခု ကလည်း ကာချုပ်နဲ့ စစ်တပ်နဲ့ ကင်းလွတ်လို့မရတဲ့တာဝန်တွေသာဖြစ်ပါတယ်။
ဒါ့အပြင် “ကာလုံ”ဟာ ကာချုပ်ကိုခန့်နိုင်သလို၊ သမ္မတဟာ “ကာချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး”တို့နဲ့ ညှိနှိုင်းပြီး “အရေးပေါ်အခြေအနေ”ကြေညာနိုင်ပါတယ် [ကာလုံဥပဒေကြမ်း ပုဒ်မ ၅ ပုဒ်မခွဲ (ဌ)]။ ဒါ့အပြင် အခြေခံဥပဒေပုဒ်မ ၄၁၂(က)နဲ့သက်ဆိုင်တဲ့ အရေးပေါ်အခြေအနေကြေညာတဲ့ကိစ္စမှအပ ကျန်ကိစ္စများစည်းဝေးရာတွင် ကာလုံကောင်စီအဖွဲ့ဝင် သုံးပုံနှစ်ပုံထက်မနည်း တက်ရောက်ရင် အစည်းအဝေး အထမြောက်ပါတယ် [ကာလုံဥပဒေကြမ်း ပုဒ်မ(၁ဝ) ကိုကြည့်]။ ထို့အပြင် ကောင်စီအတွင်း “သဘောထားကွဲလွဲမှုများရှိပါက များရာမဲဆန္ဒဖြင့် ချမှတ်ရမည်၊ ဆန္ဒမဲယူရာ၌ နိုင်ငံတော်သမ္မတသည် ဆန္ဒမဲမပေးရ၊ ဆန္ဒမဲတူညီနေမှသာ နိုင်ငံတော်သမ္မတသည် “အဆုံးအဖြတ်မဲ”ကိုပေးရမည်”ဟု ကာလုံဥပဒေကြမ်း ပုဒ်မ (၁၄) တွင်ဖော်ပြထားပါတယ်။
ဒါကြောင့် တိုင်းပြည်ကို နေ့စဉ်စီမံခန့်ခွဲအုပ်ချုပ်နေသူ၊ တကယ့်အစိုးရဆိုတာဟာ “ကာလုံ” ပဲဖြစ်ပါတယ်။
အစိုးရနဲ့လွှတ်တော်ဆိုတာ“ကာလုံ”က စီမံရေးဆွဲပေးတဲ့ ဇာတ်ကွက်/ဇာတ်လမ်းမှန်သမျှကို အချိန်နဲ့တပြေးညီ တင်ဆက်ကပြ နေရသူတွေ/စင်မြင့်တွေသာဖြစ်တယ်ဆိုတဲ့အချက်ကို အထင်အရှားတွေ့မြင်နိုင်စေပါတယ်။
ဒါကြောင့် ဒီနေ့ကာလမှာ သမ္မတတာဝန်ပေးပြီး သမ္မတကိုချုပ်ကိုင်ထားနိုင်ဖို့လိုပါတယ်။
ဒါကြောင့် “ပုဒ်မ ၅၉(စ)ကို ယာယီဆိုင်းငံ့ခြင်း”ဟာ စစ်အုပ်စုအဖို့ သားရွှေအိုးထမ်းတဲ့ကိန်း ဖြစ်ပါလိမ့်မယ်။
စစ်အုပ်စုရဲ့ အတိတ်-ပစ္စုပ္ပန်- အနာဂတ်အကျိုးစီးပွားကို ပုဂ္ဂိုလ်အရပြောပြော ၊ ပေါ်လစီအရဆိုဆို ဒေါ်အောင်ဆန်းစုကြည် တည်းဟူသော ဒီမိုကရေစီပဝါနဲ့ထုတ်ပိုးထားခြင်းကသာ ရေရှည်တည်မြဲဖို့အာမခံချက် ရှိနိုင်ပါလိမ့်မယ်။
ဒါကြောင့်စစ်အုပ်စုအဖို့ “ပြန်လည်သင့်မြတ်ရေးနဲ့ရင်ကြားစေ့ရေး”ဆိုတာ ဆုပ်ကိုင်ထားတဲ့အာဏာကို ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ “ဒီမိုကရေစီပဝါ” နဲ့ မလွဲမသွေ စည်းနှောင်ပေးနိုင်ဖို့သာဖြစ်တယ်။

0 comments:

Post a Comment