Wednesday, June 14, 2017

ကညွှတ်ကွင်းအိမ်ပြေး (၅)

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၅) အဖေ ကဖိုးထောင်ကို နှိုးမရသည့်အဆုံး အမေခသည် စောင်တထည်နှင့်ခေါင်းအုံး သွားယူလာပြီး အဖေ့ခေါင်းကိုမကာ ခေါင်းအုံးထိုးသွင်းပါသည်။ ထို့နောက် စောင်ကို ကိုယ်ပေါ်လွှားပေးပြီး ဒန်ဂျိုင့်ဟောင်းတလုံးကိုလည်း အဖေ့မျက်နှာနားတွင် ချပေးပါသည်။ ကျနော်က အမေ အဲ့ဒီဂျိုင့်ကဘာလုပ်ဖို့လဲဟုမေးတော့ နင့်အဖေ အန်ချင်ရင် အန်လို့ရအောင်ပေါ့ဟုပြောပါသည်။

ပြီးတော့မှ အမေထမင်းစားဦးမယ် သားအဖေ့အနားမှာထိုင်နေ၊ သူတကယ်လို့အန်ရင် ထူပေးပြီးကျောကို မနာအောင်ထုထုပေးဟုပြောပြီး ခုက ကျနော်စားပြီး ဆေးထားသည့်ဇလုံထဲ ထမင်းကြမ်းခဲသုံးလေးခဲထည့် လယ်ပုဇွန်လုံးငါးပိချက်တွေဆမ်း ကန်းစွန်းရွက်ကြော် ခပ်ထည့်ပြီး အဖေချိုးလာသည့် အတို့အမြှုတ်တွေကို ထမင်းပေါ်တင်ရင်း ကျနော့်တို့ အနားလာထိုင်ပြီး စားပါသည်။

အမေ့ထမင်းစားသံမှာ တပြတ်ပြတ်အသံမည်သဖြင့် ကျနော့်စိတ်ထဲမနှစ်မျို့ပါ။ စားနေရင်းတန်းလန်း လက်တွေကိုလည်း ခနခနစုပ်ပါသည်။ တို့စရာတွေကို ဝါးသည့်အခါလည်း ဂျွိဂျွိ ဂျွိဂျွိနှင့်နေပါသည်။ စားနေရင်း ပါးစပ်ထဲ ထမင်းပလုပ်ပလောင်းနှင့် စကားတွေလည်းပြောပါသည်။ ထမင်းစေ့တွေထွက်ကျတော့ ကောက်ကောက်ပြီး နချေးကျံမြေကြမ်းခင်းပေါ် ပုံထားပါသည်။ စားနေရင်းက ဟော့တော့ဟု အမေဋိတ်သံပြုပါသည်။ ဘာလဲအမေဟုကျနော်မေးတော့ နင့်အဖေ ကြွက်ကြော်တွေ ကုန်အောင် မမြည်းသွားဘူး၊ မှန်းစမ်းဟုဆိုပြီး ကြွက်ကြော်ပန်းကန်ကို ကျနော့်ကို လှမ်းခိုင်းပါသည်။ ပန်းကန်သည် ကျနော့်နှင့်နီးပါသည်။

ကျနော် ပန်းကန်ကိုပေးလိုက်တော့ ပန်းကန်ထဲ လက်ညှိုးနှင့်မွှေနှောက်ပြီး အသားအရိုးတွဲဖတ်တွေကို တကြပ်ကြွပ်ကိုက်လိုက် သူ့ဇလုံဇောင်း တနေရာတွင် အရိုးလေးတွေ ထွေးထုတ်လိုက်နှင့် အားရပါးရ စားနေပါသည်။ ဒါလယ်ကြွက်တွေသားရဲ့၊ အရမ်းသန့်တယ်၊ စပါးပေါ်ချိန်ဆို စားလို့သိပ်ကောင်းတာဟုပြောပါသည်။ စားနေရင်း သား ပါးစပ်ဟဟုပြောတော့ ကျနော်လည်း အလိုလို ဟပေးမိလိုက်ပါသည်။ အဲ့ဒါ အသည်းဖတ်လေး၊ ကြွက်မှာ အသည်းနဲ့ခေါင်းက အဆိမ့်ဆုံးဟုပြောရင်း ကျနော့်ပါးစပ်ထဲ ကြွက်အသည်းကို ခွံ့ပေးပါသည်။

ကျနော်သည် ထိုအချိန်က ကြွက်ဆိုသည်မှာ စားရကောင်းမှန်း မသိသည့်အပြင် ရွံစရာအကောင် ရောဂါတွေသယ်လာသည့်အကောင်ဟုသာ သိနေချိန်ဖြစ်ပါသည်။ သို့သော် အမေခွံ့ကြွေးသည့် ကြွက်အသည်းမှာ တကယ့်ကိုကောင်းပါသည်။ ဆိမ့်နေပါသည်။ မြိုချရမှာပင် သမြောစရာကောင်းပါသည်။ အမဲအသည်းတို့ ကြက်အသည်းတို့ထက် ပိုဆိမ့်ပါသည်။

ခနနေတော့ နေဦး ကြောင်အိမ်ထဲ လက်ကျန်ရှိသေးလားမသိဘူးဟုပြောရင်း ထမင်းဇလုံကို ကျနော့်ဘေးချပြီး မီးဖိုချောင်ဘက်ထသွားပါသည်။ ကြွေရည်သုတ်ပန်းကန်ပြားတချပ်နှင့် ပြန်ရောက်လာပြီး ငါ့သားကံကောင်းတယ် ခေါင်းမှ ၂ လုံးတောင်ကျန်သေးတယ်ဟုပြောပြီး ကျနော့်ကိုတလုံးပေးပါသည်။ ကြွက်သွားတွေက ရှေ့ကို ခတ်ငေါငေါပြူထွက်နေပြီး ခေါင်းကတော့ ပြောင်ချောနေပါသည်။ ကျနော် ကြည့်ရင်းရွံသလို ကြောက်သလိုလည်းဖြစ်ပါသည်။ ပျို့လည်း ပျို့ချင်လာပါသည်။ ကြွက်ခေါင်းတွင် နားရွက်တွေမရှိပါ။ ပုံကြည့်ရသည်မှာ အရေဆုတ်ပြီး ကြော်ချက်ကို ခြောက်နေအောင် ချက်ထားပုံရပါသည်။
ကျနော်လည်း ကြွက်ခေါင်းကိုင်ပြီး ဘယ်လိုစားရမှန်းမသိ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်တွင် အမေက သူ့ Quota ကြွက်ဦးနှောက်ကို ပြွတ်ပြွတ် ပြွတ်ပြွတ်နှင့် စုပ်ပြီးရုံမက ဂုတ်ပိုးသားလေးကိုပါ စားနေပါပြီ။ စားရင်း ကျနော့် မကြည့်ပဲ ဦးနှောက်ကို အရင်စုပ်၊ သားက လူငယ်ဆိုတော့ သွားကောင်းတယ် ပြီးရင် ခေါင်းကိုဝါး အရည်စုပ်ပြီး အရိုးဖတ်အကြေတွေကို ထွေးထုတ်ပစ်လိုက်၊ အမေတို့ကတော့ မဝါးနိုင်တော့ဘူးဟုပြောတော့ အမေ ဦးနှောက်ကို ဘယ်လိုစုပ်ရတာလဲဆိုတော့ အာ ငါ့သားကလည်းဟုပြောပြီး ဒီမှာတွေ့လား ဒီနေရာမှာ ပါးစပ်ကိုတေ့လိုက်၊ ပြီးရင် အသားကုန် စုပ်လိုက်၊ ပါးစပ်ထဲကို ဗြွတ်ကနဲဝင်လာလိမ့်မယ်ဟုပြောရင်း ကြွက်နောက်စေ့နေရာကို ပြပါသည်။ နောက်စေ့နေရာလေးမှာ အုတ်ခွံကို ဟက်ထားတာတွေ့ရပါသည်။

ဒါနှင့် ကျနော်လည်း သူပြောသလို စုပ်ထည့်လိုက်ရာ ကြွက်ဦးနှောက်တွေက ကျနော့်လည်မျိုထဲအထိရောက်သွားပြီး လေပြွန်တွင်းဝင်ကာ တဟွတ်ဟွတ် သီးပါတော့သည်။ ကျနော် ထွေးထုပ်ပစ်လိုက်ပါသည်။ အမေက ပျာပျာသလဲနှင့် အဖေ့ရေဂျိုင့်ကိုယူပြီး သား ပလုပ်ကျင်းလိုက် ဒီထဲတွေးထုပ်လိုက်ဆိုကာ ခုန အဖေအန်ဖို့ချထားသည့် ဒန်ဂျိုင့်ကို ပေးပါသည်။ အခံရအတော်ခက်ပါသည်။ ချက်ထားတာကလည်း ကြွက်ချောက်စပ်ဆိုတေ့ လူလည်း မျက်ရည်တွေကျ နှပ်ရည်တွေကျနှင့်ဖြစ်နေပါသည်။

နောက်ဆို အမေ ကြွက်ခေါင်းခွဲပြီး ဦးနှောက်ထုပ်ပေးမယ်၊ သားက စားမှမစားတတ်သေးတာဟုပြောရင်း ကဲကဲ ဆက်မစားနဲ့တော့ဟုပြောရင်း သူ့စားလက်စကိုလည်း လက်စသိမ်းပါသည်။ ထိုအချိန်တွင် အဖေ ကဖိုးထောင်ဆီက မိခ မိခ ဟု အသံထွက်လာပါသည်။ မျက်လုံးတွေတော့ မပွင့်ပါ။ (ဆက်ပါဦးမည်)

0 comments:

Post a Comment