Friday, January 29, 2021

၂၀၀၈ အခြေခံဥပဒေတိုက်ဖျက်ရေးနည်းပရိယာယ်လမ်းစဉ်

0 comments

“၂၀၀၈ အခြေခံဥပဒေတိုက်ဖျက်ရေးနည်းပရိယာယ်လမ်းစဉ်”

ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၏အစီရင်ခံစာ

(၂၀၁၀ ဧပြီလ)

 

ရဲဘော်တို့  ၂၀၀၈ အခြေခံဥပဒေကတပြည်လုံးမှာ အာဏာတည်တော့မှာပါ။ ရွေးကောက်ပွဲပြီးလို့ ပထမဆုံးလွှတ်တော် အစည်းအဝေးကျင်းပတဲ့ရက်မှာ အာဏာတည်တော့မှာပါ။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေတိုက်ဖျက်ရေးနည်းပရိယာယ်လမ်းစဉ်ကို တင်ပြလိုက်ပါတယ်။ လမ်းစဉ်က အကြမ်းထည်ကျပါလိမ့်မယ်။ နောက်တော့ အခြေအနေနဲ့တပြေးညီတိုးချဲ့သွားရမှာပါ။

 

အတွေ့အကြုံ (၂) ခု

ကျွန်တော်တို့မှာ အုပ်စိုးသူကချမှတ်ပေးတဲ့ အခြေခံဥပဒေ’ တိုက်ဖျက်ရေးအတွေ့အကြုံ (၂)ခုရှိခဲ့ပါတယ်။

ပထမအတွေ့အကြုံက ၁၉၃၅ ဥပဒေကိုတိုက်ဖျက်တဲ့အတွေ့အကြုံပါ။ ဒုတိယအတွေ့အကြုံက ၁၉၇၄ အခြေခံဥပဒေကိုတိုက်ဖျက်တဲ့ အတွေ့အကြုံဖြစ်တယ်။

 

ပထမအတွေ့အကြုံ

၁၉၃၅ အက်ဥပဒေဆိုတာကို အင်္ဂလိပ်အုပ်စိုးသူကရေးဆွဲချမှတ်ပေးတယ်။ ၁၉၃၇ မှာ အဲ့ဒီဥပဒေအာဏာတည် ခဲ့တယ်။ အင်္ဂလိပ်က ဘိလပ်စားပွဲဝိုင်းဆွေးနွေးပွဲဆိုတာကို ခတ်စောစောကတည်းက သူဖိတ်ချင်တဲ့သူကိုဖိတ်ပြီး လုပ်ခဲ့ရာက စတာပဲ။ သူဖိတ်ချင်တဲ့လူဆိုတာ လက်ညှိုးထောင်ခေါင်းညိတ်မယ့်လူကို ရွေးပြီးဖိတ်တာကိုပြောတာပါ။ ကိုလိုနီဘဝဆိုတော့ ဘိလပ်ခေါ်ပြီး သူဖြစ်ချင်တာကိုချပြတာပါပဲ။ ၁၉၃၇ ကျမှအာဏာတည်တာက ရွေးကောက်ပွဲလုပ်ပြီး အသက်သွင်းနေရလို့ပါ။

၁၉၃၅ ဥပဒေကို ကျွန်တော်တို့တိုက်ဖျက်ရတာ(၁၀)နှစ်ပဲကြာတယ်။ ၁၉၄၇ မှာ အဲ့ဒီ “ဥပဒေ” စက္ကူစုတ်ဖြစ်သွားတယ်။ ၁၀ နှစ်အတွင်းမှာ ကျွန်တော်တို့က ၁၃၀၀ ပြည့်အရေးတော်ပုံနဲ့ ၁၉၄၆ စက်တင်ဘာအုံကြွမှုကြီး’ ၂ ကြိမ်လုပ်ခဲ့ ရတယ်။ အကြမ်းမဖက်တဲ့အနုနည်း လူထုနည်းနဲ့ဆန့်ကျင်တာပဲ။ လှုပ်ရှားမှုလေးတွေကတော့ အကြိမ်ကြိမ်ပါ။ မရေတွက်နိုင်ပါဘူး။

အကြမ်းဖက်တော်လှန်တဲ့နည်းကလည်း ၂ ကြိမ်လုပ်ခဲ့ရတယ်။ BIA တော်လှန်ရေးနဲ့ ဖက်ဆစ်တော်လှန်ရေးဖြစ်တယ်။ အဲ့ဒီလို တော်လှန်ရေး(၂) ကြိမ်လုပ်ခဲ့လို့ပဲ ကျွန်တော်တို့မှာ လက်ဝဲညီညွတ်ရေးတပ်ဦးဆိုတဲ့အမြုတေနဲ့ အမျိုးသား ညီညွတ်ရေးတပ်ပေါင်းစုကြီး ထူထောင်နိုင်ခဲ့တာဖြစ်တယ်။ အဲ့ဒီလို လက်ဝဲတပ်ဦးနဲ့ အမျိုးသားညီညွတ်ရေးရှိလို့ပဲ ၁၉၄၆ စက်တင်ဘာအုံကြွမှုကို စည်းရုံးရှေ့ဆောင်နိုင်ခဲ့တာဖြစ်တယ်။ အဲ့ဒီ (၂)ခုရှိလို့ပဲ ၁၉၃၅ ဥပဒေကို တိုက်ဖျက်နိုင်ခဲ့တာဖြစ်တယ်။ လွတ်လပ်ရေးအရေးတော်ပုံ အောင်ပွဲရခဲ့တာဖြစ်တယ်။

 

 

ဒုတိယအတွေ့အကြုံ

၁၉၇၄ အခြေခံဥပဒေကတော့ အာဏာသိမ်းစစ်ကောင်စီ(တော်လှန်ရေး​ကောင်စီ)က ရေးဆွဲချမှတ်ပေးတဲ့ ဥပဒေ’ ဖြစ်တယ်။

၁၉၆၂ ခုနှစ် နေဝင်းစစ်အုပ်စု အာဏာသိမ်းပြီးကတည်းက လူထုတိုက်ပွဲ အကြိမ်ကြိမ်တိုက်ခဲ့ရတယ်။ အကြမ်းဖက် ဖိနှိပ်ပစ်တာခံရတာချည်းပဲ။ လူထုတိုက်ပွဲဆိုတာ နိုင်ငံရေးအခြေခံတဲ့တိုက်ပွဲရော၊ စီးပွားရေးအခြေခံတဲ့တိုက်ပွဲရော ပါဝင်တယ်။

အမျိုးသားညီညွတ်ရေးပြိုကွဲပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့ကာလကြီးလည်းဖြစ်တယ်။ ဒါကြောင့် ကြာတယ်။ ၁၉၆၂ က ၁၉၇၄အထိ (၁၂) နှစ်။ ၁၉၇၄ ကနေ ၁၉၈၈ အထိ (၁၄)နှစ် စုစုပေါင်း(၂၆)နှစ်ရှိခဲ့တယ်။ ၁၉၈၈ ဩဂုတ်လမှာ လူထု အုံကြွမှုကြီးဖြစ်ခဲ့တယ်။ ၁၉၇၄ အခြေခံဥပဒေကတော့ပျက်ပါရဲ့။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကို ပုံစံတမျိုးနဲ့ အစားထိုးသွားတာ ခံလိုက်ရတယ်။ စစ်အာဏာရှင်စနစ်ကို မဖျက်သိမ်းနိုင်ခဲ့ဘူး။ ၁၉၈၈ က ၂၀၁၀ အထိ (၂၂)နှစ် ထပ်ပေါင်းထည့်တော့ စစ်အာဏာရှင်စနစ်က ရာစုနှစ်တဝက်နီးနီးရှိပြီ။ ဒီမိုကရေစီတော်လှန်ရေးအဆင့်ကျမှ ဘာ့ကြောင့် ဒီလောက်တောင် ထစ်နေရသလဲ။

၂၀၁၀ လွန်ရင်လည်း ၂၀၀၈ အခြေခံဥပဒေတိုက်ဖျက်ရေး စရပြန်ဦးတော့မယ်။ ဘယ်လောက် အချိန်ယူရမလဲ မပြောတတ်ဘူး။

၁၉၈၈ လူထုအုံကြီမှုမှာ ဘာလိုခဲ့သလဲ။ ကျွန်တော်တို့အမြင်ကတော့ လက်ဝဲညီညွတ်ရေးတပ်ဦး(အမြုတေ) မရှိတာနဲ့

အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုရဲ့ ခေါင်းဆောင်မှုမရှိတာဟာ အဓိကပဲလို့ယူဆတယ်။

၁၉၈၈ လူထုအုံကြွမှုကာလတုန်းက အမျိုးသားညီညွတ်ရေး မတည်ဆောက်နိုင်ခဲ့လို့ပဲ အောင်ပွဲနဲ့လွဲခဲ့တာပါ။ အမျိုးသားညီညွတ်ရေးဆိုတာကလည်း ဆွေးနွေးပွဲတစ်ခါနှစ်ခါလုပ်ရုံနဲ့ တည်ဆောက်နိုင်တာမဟုတ်ပါဘူး။ ဒါကြောင့် အဲ့ဒီသင်ခန်းစာယူပြီး ဗကပ က ကြံဆချက်တချို့တင်ပြခဲ့ဖူးတယ်။ ဟိုတုန်းကတော့ ၁၉၃၀ ကျော်ပြီးကတည်းက အတူတွဲပြီးလုပ်ခဲ့ကြသူချင်းဖြစ်လို့ အတွေးတူကြတယ်။ အလုပ်တူကြတယ်။ အတူတွဲပြီး စွန့်လွှတ်စွန့်စားလုပ်ခဲ့ ကြတယ်။ ဒါကြောင့် တစုံတရာ ချောမောပြေပြစ်ခဲ့ပါတယ်။ ဒီမိုကရေစီတော်လှန်ရေးကာလမှာတော့ ပြည်တွင်း အခြေအနေရော၊ နိုင်ငံတကာ့အခြေအနေကပါ မိမိတို့အတွက်အခွင့်မသာစေဘဲ စစ်အာဏာရှင်စနစ်ကိုပဲ အခွင့်သာသလို ဖြစ်စေခဲ့တယ်။ အခုလည်း အဲ့ဒီအတိုင်းဖြစ်နေတယ်။

လှုပ်ရှားတက်ကြွသူများရဲ့တပ်ဦး’ အမြုတေနဲ့ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုရှိဖို့ ကျွန်တော်တို့ နည်းနာရှာရ ပါဦးမယ်။ ထိုးထွင်းကြံဆရပါဦးမယ်။ ဒီ ၂ ခုမရှိရင် ၂၀၀၈ အခြေခံဥပဒေကို အောင်အောင်မြင်မြင်တိုက်ဖျက်နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီတော်လှန်ရေး အောင်ပွဲခံနိုင်မှာမဟုတ်ပါဘူး။

ဒီ ၂ ခုရှိဖို့က အခရာအကျဆုံးဖြစ်ပါတယ်။ ဒီ ၂ ခုမရှိပဲ ခုအတိုင်း သူတမျိုးကိုယ်တဖုံလုပ်နေကြရင် ၂၀၀၈ အခြေခံ ဥပဒေကို အောင်အောင်မြင်မြင် တိုက်ဖျက်ဖို့နေနေသာသာ စစ်အုပ်စုမျိုးဆက်တွေပဲ တဆက်ပြီးတဆက် အာဏာ လက်လွှဲလက်ပြောင်းလုပ်တာကို တွေ့နေကြရမှာဖြစ်တယ်။ ဗကပ က ဒီ ၂ ခုရှိဖို့ လိုက်လိုက်လျောလျောညှိနှိုင်းလိုတဲ့ ဆန္ဒရှိပါတယ်။ သူများရဲ့ကြံဆချက်ကိုတင်လာရင် လေးလေးစားစား စဉ်းစားပါမယ်။

 

စစ်အာဏာရှင်စနစ်ရဲ့လူတန်းစားလက္ခဏာ

စစ်အာဏာရှင်စနစ်က ဗမာပြည်မှာပေါ်တာနဲ့ သက်ဆိုးရှည်နေတာနဲ့ပတ်သက်ပြီး အမျိုးမျိုးပြောကြတာတွေရှိပါတယ်။ နိုင်ငံရေးပါတီတွေကွဲကြလို့၊ တဦးနဲ့တဦးယုံကြည်ချက်ပျက်ကြလို့၊ ရန်/ငါစည်း ခွဲကြလွန်းလို့ စသဖြင့်ပြောကြပါတယ်။ စစ်အုပ်စုကလည်း တို့တာဝန်အရေးသုံးပါးကို စောင့်ရှောက်ထိန်းသိမ်းရတာပါလို့ပြောပါတယ်။

ခုတလောမှာဆိုရင် အဲ့ဒီအပြောအဆိုတွေ သိတ်များလာပါတယ်။ IT ခေတ်ဖြစ်လို့ ပိုပြီးများလာတာလို့ ယူဆပါတယ်။

အဲ့ဒီအပြောအဆိုတွေကို ဗကပ က သဘောမတူပါဘူး။ အပေါ်ယံရှပ်ပြီး သုံးသပ်ကြတာလို့ပဲမြင်ပါတယ်။ သမိုင်းဖြစ်စဉ်ကို ကိုယ်လိုရာဆွဲပြီးပြောနေကြတာလို့ပဲ သတ်မှတ်ပါတယ်။

ဗကပ က စစ်အာဏာရှင်စနစ်ကို စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် ဓနရှင်ကြီးတွေရဲ့အာဏာရှင်စနစ်လို့ပဲ သတ်မှတ် ပါတယ်။ DSI တို့ BEDC တို့ကနေ တစတစ လက်ဝါးကြီးအုပ်အဆင့်ကို တက်လှမ်းလာတာပဲလို့သတ်မှတ်ပါတယ်။ ဖဆပလ အကွဲမှာ ချက်ကောင်းယူပြီး စစ်ဗျူရိုကရက်ဓနရှင်တစုက အာဏာသိမ်းလိုက်တာပါ။ အိမ်စောင့်တယ်ပြောပြော ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးလုပ်တာလို့ဆိုဆို စည်းကမ်းပြည့်ဝတဲ့ပါတီစုံ ဒီမိုကရေစီလို့ရေးရေး အားလုံးက အာဏာကိုတဦးတည်းပိုင်သိမ်းပိုက်ပြီး စစ်ဗျူရိုကရက်ဓနရှင်လူတန်းစားက လက်ဝါးကြီးအုပ်အဆင့်ကို တက်လှမ်းတာချည်းဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ဓနဥစ္စာတွေကို သိမ်းယူတာဖြစ်ပါတယ်။ အခုဆိုရင် ဗမာပြည်ရဲ့စီးပွားရေး အသက်သွေးကြောစီးပွားရေးလုပ်ငန်းမှန်သမျှဟာ စစ်ဗျူရိုကရက်တွေလက်ထဲ စုပြုံရောက်ရှိနေပါပြီ။ စစ်ဗျူရိုကရက်ဓနရှင်ကြီးတွေနဲ့ သူတို့ရဲ့လက်ဝေခံတွေပဲ ပုဂ္ဂလိကပိုင်လုပ်နေကြပါတယ်။ ဟိုတုန်းက ဆိုရှယ်လစ်တော်လှန်ရေးဆိုပြီးပြည်သူပိုင်လုပ်လိုက်တာ တိုင်းပြည်က အဆင်းရဲဆုံး LDC ဖြစ်သွားတယ်။ ခေတ်ပြောင်းတော်လှန်ရေးခေါင်းဆောင်ကြီးတွေ စည်းစိမ်ဥစ္စာတိုးပွားခဲ့ကြတယ်။ အခုလည်း စီးပွားရေးဦးတည်ချက် ၄ ရပ် လုပ်လိုက်တာ အကြီးဆုံးဓနရှင် အကြီးဆုံးမြေရှင်တွေဖြစ်ကုန်ကြပါပြီ။

ချုပ်ပြီးပြောရရင် စစ်ဗျူရိုကရက်ဓနရှင်လူတန်းစားဟာ ဖွတ်ဘဝကနေ မိကျောင်းဖြစ်လာတာပါပဲ။ အာဏာကိုအမှီပြုပြီးဖြစ်လာတာဖြစ်လို့ အာဏာကို ဘယ်တော့မှစိတ်လိုလက်ရ လက်လွှတ်မှာမဟုတ်ဘူး။ တော်လှန်တဲ့နည်းနဲ့၊ လူထုအင်အားနဲ့ဖြုတ်ချမှပဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှာပါ။

၂၀၀၈ အခြေခံဥပဒေတိုက်ဖျက်ရေးဟာ စစ်အာဏာရှင်စနစ် (စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်ဓနရှင်စနစ်)ကို အကုန်အစင်အပြီးအပိုင်ဖျက်သိမ်းရေးအတွက် လတ်တလောလုပ်ငန်းဖြစ်ရပါမယ်။ ပဏာမခြေလှမ်းဖြစ်ရပါမယ်။

 

အခိုင်အမာတင်ပြချက်များ

အထက်မှာ ဗကပရဲ့ ယေဘုယျကျကျသဘောထားများနဲ့အမြင်များကို တင်ပြခဲ့ပါပြီ။ အခုတော့ အခိုင်အမာကျကျကိစ္စ တချို့ကို တင်ပြပါမယ်။

ဘီလူးစည်းလူ့စည်း ဘယ်လိုခွဲခြားကြမလဲဆိုတဲ့ကိစ္စ

ရွေးကောက်ပွဲ ဝင်မဝင်ကို စည်းအဖြစ်မထားသင့်ပါဘူး။ ၂၀၀၈ အခြေခံဥပဒေအပေါ် ဘယ်လိုသဘောထားကြမလဲ ဆိုတာကိုပဲ စည်းအဖြစ်ထားချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲဝင်မယ့်ပါတီအင်အားစုတွေဟာ အကြောင်းအမျိုးမျိုး စိတ်ကူးအမျိုးမျိုးနဲ့ ဝင်ကြမှာဖြစ်လို့ပဲ။ ရွေးကောက်ပွဲဝင်တဲ့ပါတီတိုင်းကို တစည ပါတီတို့ ကြံ့ဖွံပါတီ(ဖွဲ့ခဲ့ရင်)တို့နဲ့ တတန်းတည်းထားလို့ မဖြစ်ပါ။ သူတို့ကို သူတို့စိတ်ကူးအကောင်အထည်ဖော်တဲ့လက်တွေ့ ပေးရပါမယ်။ စစ်အာဏာရှင်စနစ်အကြောင်းကို သူတို့ မကြာမတင်သိလာမှာပါ။ ဂျပန်ဖက်ဆစ်ဝါဒီတွေအကြောင်း ကြုံဖူးမှသိသလိုသိလာကြမှာပါ။ ကိုယ်ပိုင်အတွေ့အကြုံက အမြင်မှန်ရစေပါလိမ့်မယ်။

၂၀၀၈ အခြေခံဥပဒေကိုခြွင်းချက်နဲ့လက်ခံသူတွေ အခုတွေ့နေရပါပြီ။ ကျွန်တော်တို့ရဲ့  ရဲဘော်ဟောင်းမိတ်ဆွေတို့ ဆိုပါတော့။ သူတို့ကလည်း သူတို့ရဲ့ဒေသန္တရအကျိုးစီးပွားအတွက် ၂၀၀၈ အခြေခံဥပဒေကို ခြွင်းချက်နဲ့လက်ခံကြ တာပါ။ သူတို့လူမျိုးစုရဲ့ တိုက်ရိုက်အကျိုးစီးပွားကို ထိပါးလာတာကို ခေါင်းငုံ့ပြီးလက်ခံနေကြတာမဟုတ်ပါဘူး။ တပြည်လုံးကို ကိုယ်စားပြုနေတဲ့ NLD မှာရွှေဂုံတိုင်ရပ်တည်ချက်ရှိသလို သူတို့မှာလည်း ကိုယ်စီရပ်တည်ချက် ရှိပါတယ်။ NLD က ရာဇသံပေးခံရသလို သူတို့လည်း ရာဇသံပေးတာ ခံရပါတယ်။ သူတို့က လက်နက်ကိုင်ထားတဲ့ စစ်ရပ်စဲရေးအဖွဲ့တွေပါ။ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့မရပါဘူး။

ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ပါတီအင်အားစုတချို့က လွှတ်တော်ထဲကနေ ၂၀၀၈ အခြေခံဥပဒေကိုတစတစပြုပြင် ချင်တဲ့လေသံကြားရပါတယ်။ သူတို့ကိုလုပ်ကြည့်ခွင့်ပေးရမှာပါ။ အမှန်တရားကို လက်တွေ့လုပ်ကြည့်ရင်း တွေ့လာမှာပဲ။

ဒါကြောင့် ရွေးကောက်ပွဲဝင်တာ မဝင်တာကို စည်းအဖြစ်မထားသင့်ပါဘူး။ ထားမိရင် စည်းရုံးရမယ့်အင်အား ကိုယ့်အင်အားကို သူ့ဘက်ကိုတွန်းပို့သလိုဖြစ်သွားပါလိမ့်မယ်။

 

ရွေးကောက်ပွဲဝင်မဝင် ကိုယ့်အခြေအနေအရဆုံးဖြတ်ဖို့

ဗကပ က မတရားသင်း’ ဝါရင့်ပါ။ တခြား မတရားသင်းကြေညာခံထားရသူတွေလည်း မနည်းပါဘူး။ ကျွန်တော်တို့ကို စစ်အုပ်စုကလည်း ရွေးကောက်ပွဲဝင်ဖို့ ဖိတ်ခေါ်နေတာမဟုတ်ပါဘူး။ ဒါကြောင့် ဥပဒေတွင်း(စစ်အုပ်စုရဲ့အာဏာစက် အောက်က)ပါတီတွေကို ဘာလုပ်ပါညာလုပ်ပါ မပြောသင့်ပါဘူး။ သူတို့တွင်းအခြေအနေနဲ့ သူတို့ရဲ့ လုပ်စွမ်းကိုင်စွမ်းကို သူတို့ပဲအသိဆုံးပါ။ ရွေးကောက်ပွဲဝင်ရေးမဝင်ရေးကို ဆုံးဖြတ်တဲ့အခါမှာ အများဆုံးဖြတ်ချက်ကို အနည်းစုကနာခံပြီး အများစုကလည်း အနည်းစုကို အနိုင်မကျင့်တာလုပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုရင် ကွဲတတ်လွန်းလို့ သတိပြုစေချင်တာပါ။

 

ပြည်သူ့အင်အားစုဆောင်းရေးကိစ္စ

လှုပ်ရှားမှုကလေးတွေနဲ့ပဲ စုဆောင်းရမှာပါ။ ၁၉၄၆ စက်တင်ဘာအုံကြွမှုရော ၁၉၈၈ ဩဂုတ်အုံကြွမှုပါ လှုပ်ရှားမှု ကြီးတွေ ဖြစ်ပါတယ်။ အဲ့ဒီလှုပ်ရှားမှုကြီးတွေဖြစ်ဖို့ လှုပ်ရှားမှုလေးတွေအကြိမ်ကြိမ်လုပ်ပြီး အင်အား စုဆောင်းခဲ့ရ တာပါ။ အင်အားစုဆောင်းရတဲ့နည်းကတော့ မတူပါဘူး။ ၁၉၄၆ တုန်းက မြေပေါ်နည်းနဲ့စုဆောင်းရတာပဲ။ ဖဆပလ အလံအောက်မှာရှိတဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော်၊ လူငယ်အစည်းအရုံး၊ ဗကသများဟာ မြေပေါ် တရားဝင် အဖွဲ့အစည်းတွေချည်းပါ။ ဗြောင်ပဲ လူထုကို အပြိုင်အဆိုင်စည်းရုံးကြတာပါ။ ဒါကြောင့် ကွက်လပ်ကျန်နေတာ မရှိပါဘူး။ ထောင့်စေ့ပါတယ်။

၁၉၈၈ အတွက်ကတော့ ဗြောင်စည်းရုံးရတာမဟုတ်ပါ။ မြေအောက်လျှို့ဝှက်နည်းနဲ့ အင်အားစုဆောင်းရတာပါ။ ကေဒါတွေကို မြို့ပေါ်မှာရေရှည်မြှုပ်နှံတာ(သို့မဟုတ်) လက်နက်ကိုင်တိုက်ပွဲအခြေခံဒေသမှာ စုစည်းထားတာ လုပ်ခဲ့ရပါတယ်။

အခုတော့ တမျိုးလုပ်ရမယ်လို့ထင်ပါတယ်။ လှုပ်ရှားတက်ကြွတဲ့ကေဒါတွေ ပြည်တွင်းပြည်ပမှာ ပြန့်ကျဲနေပါတယ်။ ဒီလိုပြန့်ကျဲနေတဲ့ကေဒါတွေကို ပြည်တွင်းလှုပ်ရှားမှုအတွက် ဘယ်လိုအသုံးပြုမလဲဆိုတာကိုစဉ်းစားရမှာပါ။ လိုလျှင်ကြံဆ နည်းလမ်းရဖြစ်မှာပါ။ 

 

ရန်/ငါ အင်အားအချိုးအစားကို ထည့်တွက်ရေးကိစ္စ

နည်းပရိယာယ်လမ်းစဉ်ချမှတ်ပြီဆိုရင် ရန်/ငါအင်အားအချိုးအစားကို အလေးထားတွက်ချက်ရပါမယ်။ သေနင်္ဂဗျူဟာ ချမှတ်တဲ့အခါမှာ ရန်/ငါ အင်အား အချိုးအစားကိုတွက်ချက်နေတာမဟုတ်ပါဘူး။ ထည့်တွက်နေရင် အင်အားချင်း မယှဉ်နိုင်ဘူးဆိုတဲ့အဖြေပဲ ထွက်လာမှာပါ။ ကိုယ့်မှာက ဘာမှမရှိဘူး။ သူတောင်းစားနဲ့သိကြားမင်း စစ်ခင်းသလိုပဲ ဖြစ်မှာ၊ အုတ်နံရံခေါင်းနဲ့ဆောင့်တာဆိုတဲ့အဖြေပဲ ရမှာပါ။

နည်းပရိယာယ်လမ်းစဉ် စဉ်းစားချမှတ်တာမှာကျတော့ ရန်/ငါ အင်အား အချိုးအစားကို အမြဲထည့်တွက်ရပါမယ်။ သေနင်္ဂဗျူဟာစဉ်းစားချမှတ်သလို ရန်သူကိုစက္ကူကျားလို့သဘောထားမိရင် ကျားစာဖြစ်သွားမှာပါ။

ရန်/ငါ  အင်အားအချိုးအစားကိုထည့်တွက်တာဟာ ကြောက်ဖို့မဟုတ်ပါဘူး။ ကြောက်တတ်ဝန်ကင်းဖို့မဟုတ်ပါဘူး။ မှန်ကန်တဲ့ခြေလှမ်း လှမ်းနိုင်ဖို့ပါ။ မိမိကလှုပ်ရှားလေလေ အင်အားတိုးပွားလေလေဖြစ်အောင် လုပ်ဖို့ပါ။

 

ရန်သူကို ပိုလည်းမတွက်မိစေနဲ့

၂၀၀၈ အခြေခံဥပဒေကိုပဲကြည့်ကြည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကိုပဲကြည့်ကြည့် တွေ့ရမှာက နအဖ အကြောက်လွန်နေတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ လှုပ်ရှားမှုကလေးကနေ လှုပ်ရှားမှုကြီးဖြစ်တတ်တယ်၊ မီးပွား ကလေးကနေ တောမီးကြီးဖြစ်တတ်တယ်ဆိုတာကို သူတို့ သင်ခန်းစာထုတ်ထားလို့ ယိုပေါက်ဟာပေါက်မရှိအောင် ပိတ်ဆို့တာတွေ ကြောက်ရမ်း ရမ်းတာတွေလုပ်နေတာပဲ။ သံဃာတော်တွေရဲ့အရေးအခင်းလို ဖြစ်မှာကြောက်လို့ ထောင်နှစ်ရှည်ချတာ၊ အဝေးထောင်တွေကို ဖြန့်ခွဲပို့ပစ်တာ၊ နေရာတကာမှာ လုံခြုံရေးအထပ်ထပ်ချရတာကစပြီး နေပြည်တော်ပြောင်းပြေးတာအထိ လုပ်နေတာပါ။ အကြောက်လွန်နေတာပါ။

အကြောက်လွန်လေလေ ရန်သူများလေလေဖြစ်နေတာပဲ။ ၂၀၁၀ လွန်ရင် ၂၀၀၈ အခြေခံဥပဒေ’ အသက်ဝင်လာရင် ရန်သူတွေတိုးပွားလာပါလိမ့်ဦးမယ်။

ကျွန်တော်တို့တာဝန်က(လမ်းစဉ်ရဲ့တာဝန်က) မိတ်ဆွေတွေတိုးပွားလာဖို့ပဲ။ နအဖမှာရန်သူများလေ မိမိမှာမိတ်ဆွေတွေ များလေဖြစ်ရပါမယ်။

၁၉၄၈ တုန်းက ဗကပ ဟာ တကိုယ်တော်ထီးတည်း တောခိုရတာပါ။ ဦးကျော်ငြိမ်းဆိုရှယ်လစ်တွေ လူတကာကို ရန်လုပ်တာကြောင့် တောပုန်းစံဖဲဘဝမျိုး မရောက်တာပဲ။ မိတ်ဆွေတွေများလာလို့ အဲ့ဒီဘဝမရောက်တာပါ။ ပြည်သူ့ရဲဘော်၊ တော်လှန်သောဗမာ့တပ်မတော် RBA စသဖြင့်ပေါ်လာလို့ တောပုန်းဘဝမရောက်တာပဲ။ ကရင်တပ်တွေပုန်ကန်တော့ အခြေအနေတဆစ်ချိုးပြောင်းတာပါ။ ဒါပေမဲ့ တဘက်ကလှည့်ကြည့်တော့ ရန်သူကို အသက်ရှူပေါက်ချောင်သွားစေပြန်တယ်။ ထားပါတော့။ အခုပြောချင်တာက သူ့မှာ ရန်သူများစေပြီး ကိုယ့်မှာ မိတ်ဆွေများလာအောင် လုပ်ကြရမှာပါ။ ပြည်တွင်းသာမက ပြည်ပမှာပါ ငါတို့မိတ်ဆွေတွေ ကမ္ဘာနဲ့ချီပြီးရှိအောင် လုပ်ကြရပါမယ်။

 

အခြေအနေကောင်းတယ်

၁၉၆၂ နှစ်တုန်းက မြေပေါ်ကွန်မြူနစ်လို့ ရန်သူကသတ်မှတ်သူတွေဟာ မဆလခြံဝင်းထဲရောက်သူရောက်၊ ခွေးကတက် ရောက်သူရောက်၊ ခြံပြင်တံခါးဝမှာ ရောက်သူရောက်ဖြစ်ကုန်ပါတယ်။ ကျွန်တော်တို့ရဲ့ တခါက ခေါင်းဆောင်ကြီးများဖြစ်ခဲ့တဲ့ သခင်စိုး၊ ကိုသိန်းဖေ(မြင့်)တို့လည်း မဆလ ခြံပြင်တံခါးဝမှာရောက်ပြီး ဇာတ်သိမ်း ကုန်ကြတယ်။

ဟိုတုန်းက အဲ့ဒီလို ဝရုန်းသုန်းကားဖြစ်နေတာကို ကျွန်တော်တို့မသိပါဘူး။ သူတို့ ဘာတွေရေးပြီး ဘာတွေဖြစ်နေ သလဲဆိုတာ မသိခဲ့ပါဘူး။ အခုတော့ ဘယ်သူတွေ ဘာဖြစ်နေပြီ၊ ဘာရေးနေပြီ၊ ဘယ်ခြေလှမ်း လှမ်းနေပြီဆိုတာကို IT တန်ခိုးနဲ့ ချက်ခြင်းသိနေပါတယ်။ ဒါဟာ အလွန်ကောင်းတဲ့အခြေအနေပါ။ မိမိတို့က မှန်မှန်ကန်ကန်အကဲဖြတ်ပြီး မှန်မှန်ကန်ကန်ခြေလှမ်း လှမ်းနိုင်ဖို့ပဲလိုပါတယ်။

 

အမျိုးသားညီညွတ်ရေးဆီ ဘယ်လိုသွားကြမလဲ

မြန်မြန်ဆန်ဆန်ဖြစ်လာဖို့ မလွယ်ပါဘူး။ တဖြည်းဖြည်းချင်း သွားရမှာပါ။ အရင်လိုရင် အနှေးတွေ့ပါလိမ့်မယ်။ အခုအခြေအနေက ပြည်တွင်းပြည်ပမှာ ပြန့်ကျဲနေတဲ့အခြေအနေပဲ။ ဗကပ ကလည်း ယူဂျီပါတီဖြစ်နေပြီ။ လှုပ်ရှား တက်ကြွသူတွေကို တာဝန်ခံပြီးစုဆောင်းပေးဖို့ မဖြစ်နိုင်တဲ့အခြေအနေပဲ။

အမျိုးသားညီညွတ်ရေးမရှိပဲနဲ့တော့ ဗမာပြည်ရဲ့အခြေခံပြဿနာတွေ ဘာမှပြီးပြတ်မှာမဟုတ်ပါဘူး။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ’ ဘယ်တော့မှမဖြစ်ပါဘူး။ ဒီရည်မှန်းချက်(အမျိုးသားညီညွတ်ရေးရည်မှန်းချက်)ဆီသို့ တလှမ်းချင်းစီပဲချီတက်နိုင်မှာပါ။

ကျွန်တော်တို့ရဲ့ကြံဆချက်ကတော့ အပြန်အလှန် သတင်းဖလှယ်တာတွေနဲ့ အတွေးအခေါ်ညှိနှိုင်းတာက စရမယ် ထင်ပါတယ်။ ဒါတောင် လွယ်လှမှာမဟုတ်ပါဘူး။

ဟိုတုန်းက အမျိုးသားညီညွတ်ရေးတည်ဆောက်ရတာ လွယ်ပါတယ်။ ဖတပလကို စတင်ဖွဲ့စည်းတာဟာ ဗကပရဲ့ ပထမဆုံး G/S၊ ဒုတိယ G/S နဲ့ စတုတ္ထ G/S ဖြစ်လာမယ့်သူတွေရဲ့ ဆွေးနွေးပွဲပါ။ တတိယ G/S က နိုင်ငံခြားရောက်နေ​ပေမယ့် သူလည်း ပါတာပါပဲ။ ဒါကြောင့် လွယ်ပါတယ်။

အပြန်အလှန် သတင်းဖလှယ်ရေးစနစ်ထဲမှာတောင် အားလုံးတပြိုင်တည်းပါလာမယ်မထင်ပါဘူး။ မီဒီယာမှာ အင်တာဗျူးတွေ၊ Website ကွန်ယက်တင်တာတွေနဲ့ အပြန်အလှန်သတင်းပေးတာ ကိုယ့်စဉ်းစားချက်ကိုဖော်ပြတာက စရမှာပါ။ ဒါကိုတောင် ဗြောင်လုပ်လို့မရနိုင်ပါဘူး။

ဒါကြောင့် မလောသင့်ပါဘူး။ ဒါပေမဲ့ အမျိုးသားညီညွတ်ရေးကိုလည်း မျက်ချည်မပြတ်ကြမှ ဖြစ်မှာပါ။ နှစ်ပေါင်း(၂၀)လောက်အတွေ့အကြုံက ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကမှ စစ်အာဏာရှင်စနစ်ကို တကိုယ်တော်ရင်ဆိုင် လို့မဖြစ်ဘူးဆိုတာကို ပြခဲ့ပြီးပါပြီ။ 

 

ဘုံရန်သူဆိုတဲ့စကားလုံးသုံးဖို့ နအဖမှာပဲရှိလား

စစ်အစိုးရရဲ့ခွင့်ပြုချက်နဲ့ထုတ်တဲ့စာအုပ်တိုင်း ဘယ်စာအုပ်ပဲကြည့်ကြည့် ပထမဆုံးစာမျက်နှာမှာတွေ့ရမှာက တို့အရေးတို့၊ ဦးတည်ချက်တို့ကိုတွေ့ရမယ်။ ပြည်သူ့သဘောထားဆိုတာ တွေ့ရမယ်။ အဲ့ဒီအထဲမှာ ပြည်တွင်းပြည်ပ အဖျက်သမားများကို ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းရမယ်လို့ ရေးထားတယ်။

နအဖမှာပဲ ဘုံရန်သူ သုံးခွင့်ရှိသလား။ မိမိတို့မှာကော မရှိဘူးလား။ ရန်သူ၊ မိတ်ဆွေ၊ ကြားနေဆိုတာ နိုင်ငံရေးမှာ သုံးရိုးသုံးစဉ်ပဲ။ ဗကပ ထွင်ထားတာမဟုတ်ဘူး။ ခေတ်အဆက်ဆက် ရှိခဲ့သုံးခဲ့တဲ့စကားလုံးပါ။ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ် ခေတ်တိုင်းမှာရှိခဲ့တဲ့စကားလုံးပဲ။

သတိပြုဖို့က ဒီစကားလုံးကို အာဏာရတွေကပဲ စပြီးသုံးတယ်ဆိုတာပါ။ ပြီးတော့လည်း အာဏာရကပဲ လက်တွေ့ လုပ်နိုင်တာပါ။ ဖိနှိပ်ခံအုပ်စိုးခံက ပါးစပ်ကပဲပြောနိုင်တာပါ။ ဗကပ အဖြစ်ပဲကြည့်။. ဘယ်သူတွေ အဖမ်းခံရပြီး၊ ဘယ်သူတွေ တောထဲပြေးရသလဲ။ ဒါကြောင့် ရန်/ငါဆိုတဲ့စကားလုံးကို အခုအစီရင်ခံစာမှာ ဖောဖောသီသီသုံးပါတယ်။

အဲ့ဒီ ဘုံရန်သူဆိုတာကို နအဖက မသုံးတဲ့နေ့မှာ ကျွန်တော်တို့က သူ့ဘက်/ကိုယ့်ဘက်လို့ပြောင်းသုံးပါ့မယ်။

 

တာထွက်ကောင်းတယ်

၁၉၆၂ နှစ်တုန်းက တော်လှန်ရေးကောင်စီရဲ့ ဆိုရှယ်လစ်မှိုင်းကို အခြေခံလူတန်းစားတွေပါ မိခဲ့ကြတယ်။ လယ်သမား နှီးနှောဖလှယ်ပွဲတွေ၊ အလုပ်သမားနှီးနှောဖလှယ်ပွဲတွေသာမက စာပေနယ်ရဲ့ နှီးနှောဖလှယ်ပွဲတွေကြောင့် အတော်များများ မျက်စေ့လည်ကြတယ်။ ဗကပထဲကိုတောင် ဂယက်အနည်းအပါးရိုက်ခဲ့တယ်။

အခုတော့ နအဖက လူတကာကို ဝိုင်းကြီးပတ်ပတ် ရန်လိုက်လုပ်နေတော့ မိမိတို့က ဖွင့်ချဖို့မလိုတော့ဘူး။ သူ့အစိုးရ ယန္တရားထဲကတောင် နအဖ ဒီမိုကရေစီမှိုင်း မမိကြဘူး။

နောက် တာထွက်ကောင်းတာက ၈၈’ ရဲ့ အောင်သီးအောင်ပွင့်တွေက လမ်းပြမြေပုံကိုဆန့်ကျင်ကြတာပဲ။

လမ်းပြမြေပုံ အဆင့်(၅)က တကယ်တော့ နောက်ဆုံးအဆင့်ပါ။ အဆင့် (၆)နဲ့ (၇)က အပိုထည့်ထားတာပဲ။ အဆင့်(၅) ရွေးကောက်ပွဲပြီးရင် မိမိတို့အတွက် အခါအခွင့်ကောင်းတွေ တခုပြီးတခုပေါ်လာစရာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုက်ရာပါပစ္စည်းအဝေမညီလို့ သူတို့အတွင်းမှာ ပြဿနာတွေပေါ်လာမှာမို့ပဲ။ အစိုးရယန္တရား၊ တပ်တွင်းတပ်ပြင်မှာ ပေါ်မှာပါ။

 

တိုက်ပွဲသဏ္ဌန်ကိစ္စနဲ့ စည်းရုံးရေးသဏ္ဌန်ကိစ္စ

ဗကပ က လက်နက်ကိုင်တိုက်ပွဲသဏ္ဌန်ကို အရန်ရွေးလမ်းအဖြစ်ထားပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲသဏ္ဌန်ကို မတတ်သာမှရွေးဖို့ စဉ်းစားပါတယ်။ ပြည်တွင်းအခြေအနေက မဖြစ်မနေလုပ်ဖို့တောင်းဆို(လိုအပ်)လာရင်လုပ်မှာပါ။

လက်နက်ကိုင်တိုက်ပွဲလုပ်ရရင် မြေအောက်(ယူဂျီ)တိုက်ပွဲသဏ္ဌန်နဲ့ စည်းရုံးရေးသဏ္ဌန်ကိုပဲလုပ်မှာပါ။ တော်တော်ကြာကြာလည်း လုပ်ရမယ်လို့ယူဆပါတယ်။

ယူဂျီစည်းရုံးရေးသဏ္ဌန်လုပ်တဲ့အဖွဲ့အစည်းတွေ များလာမယ်လို့လည်းတွက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နအဖရဲ့ “ဥပဒေ”တွေက ယူဂျီလုပ်ဖို့ဆီကိုတွန်းပို့နေလို့ပဲ။

စစ်အာဏာပိုင်တွေက ပေါ်စေဆိုပေါ်ပြီး ပျောက်စေဆိုပျောက်တဲ့ပါတီမဟုတ်ရင် ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်လုပ်ငန်းစဉ်အပေါ်သစ္စာရှိသေးရင် ယူဂျီစည်းရုံးရေးသဏ္ဌန်ပဲ လုပ်စရာရှိလို့ပါ။

ဗမာပြည်မှာ ပါတီတွေ ပေါ်ခဲ့လှပါပြီ။ ကိုယ့်ဘာသာကိုယ်ဖျက်မှပဲ ပါတီတွေပျက်တာပါ။ အလံနီပါတီ၊ ပြည်သူ့ရဲဘော် ပါတီ၊ ဦးသိန်းဖေမြင့်ရဲ့ပါတီတွေဟာ သူတို့ဘာသာဖျက်လို့ပျောက်သွားတာပဲ။ ကိုယ့်ဘာသာမဖျက်သမျှ ဘယ်တော့မှ၊ ဘယ်သူကမှ ဖျက်လို့မရပါဘူး။

 

ရဲဘော်တို့

အစီရင်ခံချင်တာ ဒီလောက်ပါပဲ။ ထင်မြင်ချက်၊ အကြံပြုချက်ရှိရင် ပါတီစည်းမျဉ်းနဲ့အညီ ဗဟိုသို့တိုက်ရိုက်ပို့ကြပါ။ ဗဟိုက ပြန်ကြားရှင်းလင်းဖို့လိုရင် ပြန်ကြားရှင်းလင်းပါမယ်။

0 comments:

Post a Comment