Friday, April 23, 2021

ကားလ်မာ့က်စ် ရေးသားတင်ပြခဲ့တဲ့ ပဲရစ်ဘုံအဖွဲ့

0 comments
ကားလ်မာ့က်စ် ရေးသားတင်ပြခဲ့တဲ့ ပဲရစ်ဘုံအဖွဲ့
မောင်လှဝင်း(မြင်းခြံ)
(Zawgyi)
မုန်းတီးစက်ဆုပ်စရာ စစ်ပွဲကြောင့် ဘာတွေပဲ ပြောင်းလဲဖြစ်ပေါ်နေပါစေ၊ နိုင်ငံအားလုံးမှ အလုပ်သမားလူတန်းစား၏ မဟာမိတ်ဖွဲ့မှုသည် အဆုံးတနေ့တွင် စစ်ပွဲ ဆိုသည်ကို သုတ်သင်ပစ်လိမ့်မည်ဟူ၍ သူတို့လေးနက်စွာ တထစ်ချ ယုံကြည်ခံစားခဲ့ကြ ပါသည်။ တရားဝင်အစိုးရများဖြစ်ကြသည့် ပြင်သစ်နှင့် ဂျာမဏီအုပ်စိုးသူတို့က အမုန်းပွားစစ်ခင်းမှုတရပ်အတွင်းသို့ ခုန်ဆင်းတိုးဝင် နေစဉ်အတောအတွင်း ပြင်သစ်နှင့် ဂျာမဏီအလုပ်သမားတွေကတော့ ငြိမ်းချမ်းရေးပဲ့တင်သံတွေနှင့် မေတ္တာစေတနာတို့ကို အပြန်အလှန်ပို့နေခဲ့ကြခြင်းသည် တကယ့်အဖြစ်မှန်ပင် ဖြစ်ခဲ့သည်။ ဒါမျိုး အတိတ်သမိုင်းမှာ နှိုင်းယှဉ်ပြစရာ မရှိခဲ့ပါ။ နှိုင်းယှဉ်ပြစရာ မရှိသော ဤကြီးမြတ်သည့် ဖြစ်ရပ်မှန်က တောက်ပသော အနာဂတ်၏ မြင်ကွင်းကျယ်တံခါးချပ်ကို ဖွင့်လှစ်ပေးလိုက်ပါသည်။
• • • • • •
ဥရောပတိုက်သည် ဘိုနာပတ် ၂ ယောက်အတွက်ဆိုလျှင် သိပ်ပြီး ငယ်လွန်းနေသည်မို့ ဘိုနာပတ်တယောက်က သမိုင်း ဇာတ်ခုံပေါ်က ဆင်းပေးလိုက်ရပါသည်။ ဆင်းပေးလိုက်ရတဲ့ တယောက်ကတော့ လူဝီဘိုနာပတ်ပါ။ ဘစ်စ်မတ် အောင်ပွဲခံသွားခဲ့ပါ သည်။ ပရပ်ရှားဘုရင် ဝီလီယံသည် ဂျာမန်အင်ပါယာကလေး(ဩစတီးရီးယား မပါ) ကို ၁၈၇၁ ခုနှစ်မှာ ပရပ်ရှား လက်အောက် ခံအဖြစ် တည်ဆောက်ခဲ့ပါသည်။
လူဝီဘိုနာပတ်သည် ၁၈၇၀ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် သုံ့ပန်းဖြစ်ခဲ့ရပါသည်။ သူ သုံ့ပန်းဖြစ်အပြီး စက်တင် ဘာလ ၄ ရက်နေ့အရောက်တွင် ပဲရစ်တော်လှန်ရေး ပေါ်ထွက်လာခဲ့လေသည်။
ပြင်သစ်အင်ပါယာနိုင်ငံတော်သည် ကလေးများကစားသည့် သဲပုံအိမ်ကလေးပမာ ပြိုကွဲပျက်စီးသွားပြီး သမ္မတနိုင်ငံ ကို တဖန် ပြန်လည်ကြေညာရပြန်သည်။
သို့ရာတွင် ပြင်သစ်ပြည်၏ တံခါးပေါက်မှာ ရန်သူတွေ ရောက်နေပြီ။ ပရပ်ရှားသည် ခုခံစစ်ပွဲအဆင့်ကို ကျော်လွန်ပြီး ကျူးကျော်စစ် ဆင်လိုက်ပါပြီ။ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပဲရစ်မြို့ကို ဝိုင်းထားလိုက်ကြသည်။
ပြင်သစ်အင်ပါယာ၏ စစ်တပ်တွေကတော့ မက်ဇ်မြို့မှာ မျှော်လင့်ချက်မရှိအောင် အဝိုင်းခံခဲ့ကြရသည်။ သို့မဟုတ် လျှင်လည်း ဂျာမနီမှာ သုံ့ပန်းဖြစ်နေကြရသည်။ ဤသို့သော အရေးပေါ်အခြေအနေတွင် ယခင်ဥပဒေပြုအဖွဲ့မှ ပဲရစ်ကိုယ်စားလှယ် များကို သူတို့ဘာသာ “အမျိုးသားကာကွယ်ရေးအစိုးရ” တရပ် ဖွဲ့စည်းကြဖို့ ပြည်သူလူထုက ခွင့်ပြုပေးလိုက်ရသည်။ ထိုစဉ်အချိန် အခါနှင့် အခြေအနေများအလျောက် ကာကွယ်ရေးရည်ရွယ်ချက်အတွက် အလောသုံးဆယ် ခွင့်ပြုပေးလိုက်ရခြင်း ဖြစ်၏။ သည့် နောက်တွင်မူ လက်နက်ကိုင်နိုင်စွမ်းရှိသော ပဲရစ်မြို့သားမှန်သမျှ အမျိုးသားကာကွယ်ရေးတပ်ထဲ ဝင်ပြီး လက်နက်ကိုင်ခဲ့ရသည်။ ပဲရစ်လူထုသည် တပ်ရင်း ၁၉၄ ရင်းကို ဖွဲ့ပြီး ခုခံရေးစစ်ပွဲမှာ တက်တက်ကြွကြွ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့ကြောင့် ယခုအခါတွင် လက်နက်ကိုင်ထားသူများအတွင်း၌ အလုပ်သမားတွေက အများစု ဖြစ်နေသည်၊။ သို့ရာတွင် အချိန်ဘာမှမကြာလိုက်သေးခင် လုံးဝနီးပါး ဓနရှင်တွေဖြစ်ကြသည့်အစိုးရနှင့် လက်နက်ကိုင်ထားသောပစ္စည်းမဲ့တို့အကြား အတိုက် အခံဖြစ်မှုသည် အတိအလင်း ပဋိပက္ခအဖြစ် ပေါက်ကွဲပေါ်ထွက်လာသည်။ အကြောင်းမူကား ကာကွယ်ရေးအစိုးရသည် လူထုကို လှည့်ဖြားကာ ပရပ်ရှားတို့ကို အညံ့ခံဖို့ ကြံစည်ခဲ့ကြသည့်အတွက် ဖြစ်သည်။
ဤသည်တွင် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဘလန်ကွီး ခေါင်းဆောင်ပြီး “အမျိုးသားကာကွယ်ရေးအစိုးရ”ကို ပုန်ကန်ကြသည်။ အလုပ်သမားတပ်ရင်းများသည် မြို့တော်ခန်းမကို မုန်တိုင်းဆင်တိုက်ခိုက်ပြီး အစိုးရအဖွဲ့ဝင်တချို့ကို ဖမ်းဆီးလိုက် ကြသည်။ သို့ရာတွင် ဓနရှင်ပေါက်စ တပ်ရင်းတချို့က ကြားဝင်လာမှုကြောင့် ဖမ်းထားသူတွေကို ပြန်လွှတ်ပေးလိုက်ရသည်။ နိုင်ငံ ခြားတိုင်းတပါး စစ်အင်အားတရပ်၏ ဝိုင်းဝန်းခြင်းခံနေရသောမြို့တော်အတွင်းမှာ ပြည်တွင်းစစ်ဖြစ်မနေစေလိုသည့်လူ ထုကြီး၏ ဆန္ဒကြောင့် အစိုးရသည် ပိုနေမြဲ ကျားနေမြဲဆိုသလို သူ့နေရာ သူ ပြန်ရသွားသည်။
ပြည်သူလူထုက ၁၈၇၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ထပ်မံပုန်ကန်ခဲ့သေးသည်။ သို့ရာတွင် မအောင်မြင်ခဲ့ပါ။ နောက်ဆုံးကျတော့ ၁၈၇၁ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အဝိုင်းခံနေရသည့်အတွက် ငတ်မွတ်ခေါင်းပါးမှု ဖြစ်နေရသော ပဲရစ် သည် ရန်သူတွေကို အလျှော့ပေးလိုက်ရသည်။ သို့ရာတွင် စစ်ပွဲသမိုင်းမှာ တခါမျှ မကြုံခဲ့ဖူးသေးသည့် ဂုဏ်ပုဒ်တွေနှင့်ပါ။
ခံကတုတ်တွေမှာ လက်နက်ချကုန်ကြသည်။ မြို့တံတိုင်းတွေမှာ သေနတ်လက်နက်များမရှိတော့။ ရှေ့တန်းက ကာ ကွယ်ရေးတပ်ရင်းကြီးများနှင့် ကာကွယ်ရေးလှုပ်ရှားတပ်များက လက်နက်တွေကို အပ်လိုက်ကြပြီး သူတို့ကိုယ်သူတို့ စစ်သုံ့ပန်း ဖြစ်သွားပြီဟု ထင်ထားလိုက်ကြသည်။
သို့ရာတွင် အလုပ်သမားများပါဝင်သော အမျိုးသားကာကွယ်ရေးတပ်က သူတို့၏ သေနတ်လက်နက်များကို တင်းတင်း ကျပ်ကျပ် ဆက်လက်ဆုပ်ကိုင်ထားပြီး အနိုင်ရသူတွေနှင့် အပစ်အခတ်ရပ်စဲရေးလောက်သာ လုပ်ခဲ့ကြလေသည်။
သည့်အတွက် အနိုင်ရသူတို့သည် ပဲရစ်မြို့တော်တွင်းသို့ အောင်ပွဲခံဖို့ ဝင်မလာရဲကြတော့။ သူတို့သည် ပဲရစ်မြို့တော် ၏ သေးငယ်လှသည့် ထောင့်နေရာလေးတခုကိုသာ သိမ်းရဲသိမ်းနိုင်ခဲ့ပါသည်။ ထိုမျှမက သည်ထောင့်ကလေးဆိုတာကလည်း အပန်း ဖြေ ပန်းခြံတွေ၏ တစိတ်တပိုင်းနေရာကလေးမျှသာပါ။ နောက်ပြီး သည်ထောင့်နေရာကလေးလောက်ကိုတောင်မှ သူတို့ ရက်နည်း နည်းလောက်ပဲ သိမ်းနိုင်ခဲ့တာပါကလား။
သည်အချိန်အတောအတွင်း ပဲရစ်မြို့ကို ၁၃၁ ရက်တိုင်တိုင် ဆက်တိုက် ဝိုင်းထားခဲ့သည့် ရန်သူတွေသည် ယခုတော့ သူတို့ကိုယ်တိုင် ပဲရစ်က လက်နက်ကိုင်အလုပ်သမားများ၏ ဝိုင်းဝန်းထားမှုကို ခံနေကြရပါပကော။ ပဲရစ်အလုပ်သမားတို့သည် နိုင်ငံခြားစစ်နိုင်သူများကို ခွင့်ပြုပေးထားသည့် ကျဉ်းမြောင်းစွာ ကန့်သတ်ထားသော ထောင့်နေရာကလေးမှနေပြီး ဘယ်‘ပရပ်ရှား’ တဦးတယောက်မျှ ရှေ့တက်မလာရအောင် မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနေကြလေသည်။
သူတို့ရှေ့မှောက်မှာပင် အင်ပါယာနိုင်ငံတော်၏တပ်တွေ လက်နက်ချကုန်တာ ကြုံတွေ့ခဲ့ရသော ပရပ်ရှားတပ်မတော် အတွက် ပဲရစ်အလုပ်သမားများ၏ ဒီဆောင်ရွက်ချက်သည် လေးစားဖွယ် ဖြစ်နေပါတော့သည်။ နောက်ပြီး တော်လှန်ရေး၏အိုး အိမ်ဖြစ်သော ပဲရစ်ကို လက်စားချေဖို့ ရောက်ရှိလာခဲ့ကြသည့် ပရပ်ရှားမင်းညီမင်းသားတို့မှာလည်း ဒီလက်နက်ကိုင် တော်လှန်ရေး နှင့် ဒီလက်နက်ကိုင်အလုပ်သမားတို့ကို မတ်မတ်ရပ်ပြီး အရိုအသေပေးဖို့နှင့် အမှန်တကယ် အသေအချာ အလေး ပြုဖို့ ခိုင်းစေခြင်း ခံနေရပါပကော။
စစ်ပွဲအတွင်း ပဲရစ်အလုပ်သမားတို့သည် တိုက်ပွဲကို ကြံ့ကြံ့ခိုင်ခိုင် ဆက်တိုက်သွားဖို့ ကိုယ့်ကိုယ်ကို တင်းတင်းကျပ် ကျပ် တောင်းဆိုခဲ့ကြသည်။
သို့ရာတွင် ၁၈၇၁ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာပဲ “အမျိုးသားကာကွယ်ရေးအစိုးရ”သည် ပရပ်ရှားကို အညံ့ခံရေး စာချုပ် ချုပ်ဆိုခဲ့ပြီး သိုင်းယားစ်(၁၇၉၇- ၁၈၇၇) အား အစိုးရဖွဲ့စေခဲ့သည်။ သိုင်းယားစ်သည် မူလက ဘုရင်စနစ်ဂိုဏ်းသား ဝန်ကြီး တဦးဖြစ်ပြီး မီးစင်ကြည့်ကပြတတ်သူတဦးသာ။
သိုင်းယားစ်က အစိုးရ၏ အချုပ်အခြာ အာဏာပိုင်သစ်ဖြစ်လာသည့် ယခုအခါတွင် ပဲရစ်အလုပ်သမားတို့၏လက်ထဲ တွင် သေနတ်တွေ ရှိနေသမျှ မြေရှင်ကြီးများ၊ အရင်းရှင်ကြီးများ စသော ပိုင်ဆိုင်သူလူတန်းစားတို့၏ အုပ်စိုးမှုသည် အမြဲတစေ အန္တရယ်ရှိနေလိမ့်မည်ဆိုသော အချက်ကို သူ နားလည်လိုက်မိသည်။ ထို့ကြောင့် သူ၏ ပထမဦးဆုံးလုပ်ငန်းကတော့ အလုပ်သမား များကို လက်နက်ဖြုတ်ဖို့ ကြိုးပမ်းရေးပါပဲ။
သိုင်းယားစ် အစိုးရသည် ပရပ်ရှားကို နယ်မြေတချို့ ခွဲဝေပေးပြီး ပြင်သစ်ဖရန့်ငွေ ကုဋေ ၅၀၀ လျော်ကြေးပေးခဲ့သည်။ ဒီနောက်တွင်မူ အလုပ်သမားများကို နှိပ်ကွပ်ဖို့ ကြံစည်သည်။ ပြည်တွင်းစစ်အတွက် ပြင်ဆင်သည်။ သူ၏ အစိုးရကိုလည်း ဗာဆေး မြို့သို့ ရွှေ့ပြောင်းလိုက်သည်။
၁၈၇၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် သိုင်းယားစ်သည် ပဲရစ်မြို့သို့ တပ်များ လျှို့ဝှက်စေလွှတ်ပြီး ပြည်သူလူထု၏ အမြောက်ကြီးကို သိမ်းယူဖို့ လုပ်သည်။ ဤအမြောက်ကြီးမှာ ပြည်သူလူထုက ပဲရစ်မြို့တော် ကာကွယ်ရေးအတွက် လူထု၏ရန်ပုံငွေ နှင့် လုပ်ထားခဲ့သည့် အမြောက်ကြီး ဖြစ်သည်၊ ဤအမြောက်ကြီးကို အစိုးရက လာလုသည့်သတင်း ပဲရစ်တမြို့လုံးသို့ ပျံ့နှံ့သွားလေ ပြီ။ ဤသည်တွင် ပဲရစ်ပြည်သူလူထုတို့က ဖောက်ပြန်ရေးစစ်တပ်အား ဝိုင်းထားလိုက်ပြီး တပ်မှူးများကို ဖမ်းဆီးထားလိုက်သည်။ ပဲရစ်သည် တသွေးတည်း တသားတည်း စည်းလုံးလာမိပြီ။
ဤနေ့တွင်ပင် ပဲရစ်ပစ္စည်းမဲ့တို့သည် “အမျိုးသားကာကွယ်ရေးတပ် ကော်မတီ” ကို ထူထောင်ခဲ့ပြီး ဒီမိုကရေစီ ဆိုရှယ်လစ်သမ္မတနိုင်ငံ ထူထောင်ရန် ဆော်aေဩာလိုက်သည်။ ဒီကော်မတီအပေါ် မာ့က်စ်က တန်ဖိုးထားပြီး အကဲဖြတ်ခဲ့သည်။ “အမျိုးသားကာကွယ်ရေးတပ် ကော်မတီသည် တိုက်ခိုက်ရေးတပ်များထဲက ရွေးချယ်ထားသော ဗဟိုကော်မတီ ၂၀ ဦးနှင့် ဖွဲ့စည်းခဲ့ ပြီး ၎င်းသည် မတ်လ ၁၈ ရက်နေ့တွင် ထွန်းညှိခဲ့သော၊ ဤရာစုနှစ်တွင် အကြီးမြတ်ဆုံးသော တော်လှန်ရေးတရပ်ကို ဖြစ်ပေါ်စေခဲ့ သည်”ဟူ၍ ရေးသားခဲ့ပါသည်။
မတ်လ ၁၈ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးတပ်ကော်မတီသည် ပုန်ကန်မှုကို စတင်လိုက်သည်။ ဗာဆေးမှာ ရုံးစိုက်ထားသည့် ပြင်သစ်အစိုးရနှင့် ပဲရစ်မြို့တော် အလုပ်သမားထုတို့ စစ်ကြေညာလိုက်ပါပြီ။
အမျိုးသား ကာကွယ်ရေးတပ်သည် အမှတ် ၅ ရပ်ကွက်၊ အမှတ် ၁၃ ရပ်ကွက်တို့တွင် ကတုတ်များ လုပ်ပြီး တပ်စွဲခဲ့ သည်။ အမှတ် ၁၅၅ တပ်ရင်းနှင့် အမှတ် ၂၂၂ တပ်ရင်းတို့သည် တခြားတပ်ရင်း ၆ ခုတို့နှင့် ပူးပေါင်းကာ အမှတ် ၇ ရပ်ကွက်၊ အမှတ်၁၈ ရပ်ကွက်နှင့် မြို့မရပ်ကွက်တို့ကို သိမ်းပိုက်လိုက်သည်။ ပဲရစ်မြို့တော်ခန်းမတွင်လည်း ပစ္စည်းမဲ့တော်လှန်ရေးအလံတော် ကို စိုက်ထူလိုက်ပါပြီ။
သိုင်းယားစ်သည် ပဲရစ်မြို့က လုံးဝထွက်ပြေးပြီး ဗာဆေးမြို့မှာပဲ အခြေချတော့သည်။ စစ်ရဲများ၊ ပုလိပ်များတို့သည် လည်း ပဲရစ်မြို့မှ ထွက်ပြေးတိမ်းရှောင်ပြီး အခွင့်ကောင်းကို စောင့်ဆိုင်းနေကြလေသည်။
အမျိုးသားကာကွယ်ရေးကော်မတီက “ပဲရစ်ဘုံအဖွဲ့”ကို ဖွဲ့စည်းဖို့ လုံးပန်းသည်။ ၁၈၇၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ တွင် ရွေးကောက်ပွဲကျင်းပပြီး မတ်လ ၂၈ ရက်နေ့မှာ ဘုံအဖွဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ဘုံအဖွဲ့ကော်မတီ ၈၆ ဦး ရွေးချယ်ခဲ့လေသည်။ ထိုစဉ်က အစိုးရအဖွဲ့ ဆက်လက်ရှိနေသေးသော အမျိုးသားကာကွယ်ရေးအဖွဲ့၏ ဓနရှင်ဗဟိုကော်မတီ ၂၁ ဦးသည်လည်း သူတို့၏ နုတ်ထွက်စာကို ပဲရစ်ဘုံအဖွဲ့ထံ ပေးအပ်လိုက်သည်။
ဘုံအဖွဲ့က ပထမဆုံး ထုတ်ပြန်လိုက်သော အမိန့်မှာ နာမည်ပျက်လွန်းလှသော ပဲရစ် စာရိတ္တထိန်းသိမ်းရေး ပုလိပ် အဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခြင်းပင် ဖြစ်၏။
ဤ မတ်လ ၂၈ ရက်နေ့မှာပဲ မြို့တော်ခန်းမမှာ ပစ္စည်းမဲ့ အစိုးရ ဖွဲ့စည်းလိုက်ကြောင်း ကြေညာသည်။ (ယနေ့ ထက်တိုင် ဤနေ့မှာ လူထုအ အထိမ်းအမှတ်ပွဲများ ပြုလုပ်ကျင်းပနေကြဆဲပါ။)
ဘုံအဖွဲ့၏ အောက်အဆင့်တွင် ကော်မတီ ၁၀ ခု ဖွဲ့စည်းခဲ့ကြပါသည်။ ၎င်းတို့မှာæ
၁။ အလုပ်အမှုဆောင်ကော်မတီ
၂။ ဘဏ္ဍာရေးကော်မတီ
၃။ စစ်ရေးကော်မတီ
၄။ တရားစီရင်ရေးကော်မတီ
၅။ လုံခြုံရေးကော်မတီ
၆။ ရိက္ခာကော်မတီ
၇။ လုပ်အားကော်မတီ
၈။ ရောင်းဝယ်ဖလှယ်ရေးကော်မတီ
၉။ ပြည်ပဆက်သွယ်ရေးကော်မတီနှင့်
၁၀။ လူ့အဖွဲ့အစည်း အလုပ်အကျွေးပြုရေးနှင့် ပညာရေးကော်မတီ
တို့ ဖြစ်ကြပါသည်။
ကော်မတီတခုမှာ အဖွဲ့ဝင် ၅ ယောက်မှ ၈ ယောက်အထိ ပါဝင်ကြသည်။ ဘုံအဖွဲ့ကော်မတီဝင်များသည် ကော်မတီခွဲ များမှာ တွဲဘက်တာဝန်ယူကြပြီး စုပေါင်းခေါင်းဆောင်မှုနှင့် ဆောင်ရွက်ကြသည်။ အမိန့်များသည် စုပေါင်းခေါင်းဆောင်မှုအရ ပေါ်ထွက်လာခြင်း ဖြစ်ပြီး ဗျူရိုကရေစီကို ဖျက်သိမ်းခဲ့ပါသည်။ ထို့ကြောင့် လီနင်က “အရင်းရှင်များ၏ ဒီမိုကရေစီသည် ပစ္စည်းမဲ့များ
၏ ဒီမိုကရေစီအဖြစ် ပြောင်းလဲသွားခဲ့သည်”ဟု သုံးသပ်ခဲ့ခြင်း ဖြစ်သည်။
ဘုံအဖွဲ့ဝင်တချို့သည် လန်ဒန်မှာ ရှိနေသော ကားလ်မာ့က်စ်နှင့် ဆက်သွယ်ပြီး ညွှန်ကြားချက်များ တောင်းခံခဲ့ကြ သည်။ (ဘုံအဖွဲ့ဝင် ကိုယ်စားလှယ်သည် လန်ဒန်သို့ မေလ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ သွားရောက်ပြီး မာ့က်စ်နှင့် တွေ့ဆုံခဲ့သည်။) သို့ရာတွင် မာ့က်စ်၏ ညွှန်ကြားချက်တချို့ကို မလုပ်ဆောင်နိုင်ခဲ့ကြပါ။ ဥပမာ....
၁။ ဘုံအဖွဲ့အတွင်းရှိ စိတ်မချရသူတချို့အား ဖယ်ရှားရေး
၂။ ဘုံအဖွဲ့က ဒေသအသီးသီးသို့ ဆက်သွယ်စည်းရုံးရေး
၃။ ဘုံအဖွဲ့အနေဖြင့် သိုင်းယားစ်နှင့် ဘစ်စ်မတ် အချိတ်အဆက်လုပ်မှုကို သတိထားရေး
(မာ့က်စ်က ဘစ်စ်မတ်နှင့် သိုင်းယားစ် တို့၏ လျှို့ဝှက်ဆက်သွယ်မှုကို ဘုံအဖွဲ့ထံ အကြောင်းကြားခဲ့ရုံမျှမက လန်ဒန်တွင်လည်း ကြေညာချက်တခုကို ထုတ်ပြန်ခဲ့သေးသည်။)
၄။ ပဲရစ်မြို့ မြောက်ဘက်ခြမ်းအား ကာကွယ်ရေးအတွက် အားဖြည့်ထားရေး
၅။ ဗာဆေးအစိုးရတပ်များက ပရပ်ရှားတို့ ဝိုင်းရံခဲ့ဖူးသည့် ဘက်မှနေ၍ အလစ်အငိုက် တိုက်ခိုက်လာနိုင်သည် ကို သတိထားရေး
တိူ့ ဖြစ်သည်။
ဘုံအဖွဲ့သည် မတ်လ ၃၀ ရက်နေ့တွင် အဓမ္မ စစ်မှုထမ်းစနစ်နှင့် အမြဲတမ်းတပ်မတော် ဆိုသည်တို့ကို ဖျက်သိမ်းလိုက် ပြီး လက်နက်ကိုင်နိုင်စွမ်းရှိသူ မြို့တော်သားတိုင်း စာရင်းသွင်းဝင်ရောက်နိုင်သည့် အမျိုးသားကာကွယ်ရေးတပ်သာလျှင် တခုတည်း သော လက်နက်ကိုင်အင်အားဖြစ်ကြောင်း ကြေညာခဲ့သည်။ ၁၉၇၀ ခုနှစ်၊ အောက်တိုဘာလမှ ဧပြီလမတိုင်မီအချိန်အတွင်း အိမ်လခပေးချေစရာလိုသော ငွေများ မပေးချေတော့ရန် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး အကယ်၍ ပေးချေပြီးဖြစ်နေပါက နောင် အတွက် အိမ်လခ ကြိုတင်ငွေပေးချေပြီးသား ဖြစ်သည်-ဟု စာရင်းသွင်းသတ်မှတ်လိုက်သည်။ တော်လှန်ရေးကြောင့် ထွက်ပြေး သွားကြသူများ၏ အိမ်များ၊ ဟော်တယ်များကို ဖရန့်ငွေ ၂၀ အောက် ငှားရမ်းခငွေများကို ပေးစရာမလိုဟု သတ်မှတ် လိုက်သည်။ အိမ်ညံ့မှာ ငှားနေရသူတွေ အခကြေးငွေပေးစရာမလို ဟု သတ်မှတ်လိုက်သည့်သဘောပါ။ မြူနီစီပယ်ငွေချေးဌာနက အပေါင်ဆုံး ပစ္စည်းတွေ ရောင်းချမှုအားလုံးကိုလည်း တားမြစ်လိုက်သည်။
အဲဒီနေ့မှာပဲ ဘုံအဖွဲ့အတွက် ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြင်သစ်နိုင်ငံသားမဟုတ်သူ နိုင်ငံခြားသားတွေကို တရားဝင်လက်ခံအတည်ပြုကြောင်း ကြေညာလိုက်သည်၊ ဘာလို့လဲဆိုတော့ “ဘုံအဖွဲ့ရဲ့ အလံတော်ဟာ ကမ္ဘာ့သမ္မတနိုင်ငံရဲ့ အလံတော် ဖြစ်လို့ပါ”ပဲတဲ့။ ဟန်ဂေရီနှင့် ပိုလန်မှ တော်လှန်ရေးသမားတချို့ ဘုံအဖွဲ့ဝင်များ ဖြစ်ခဲ့ကြသည်။
ဧပြီလ ၁ ရက်နေ့တွင် ဘုံအဖွဲ့ဝင် အမှုထမ်း မည်သူမဆို ၎င်းတို့ရရှိကြမည့် အမြင့်ဆုံးလစာကို သတ်မှတ်ပေးခဲ့သည်။ ထို့ကြောင့် ဘုံအဖွဲ့ဝင်တွေကိုယ်တိုင်၏ အမြင့်ဆုံးလစာသည် ဖရန့်ငွေ ၆၀၀၀၊ (မတ်ငွေ ၄၈၀၀) ထက် မကျော်လွန်ပေ။ ကော် မတီဝင်တို့၏လစာကို အလုပ်သမား အလတ်လွှာအဆင့်ထက် မကျော်လွန်အောင် သတ်မှတ်ခြင်း ဖြစ်သည်။
သူတို့ဖမ်းဆီးမိထားသည့် ဘုံအဖွဲ့၏ တပ်သားတွေကို ဗာဆေးအစိုးရတပ်များက နေ့စဉ်နှင့်အမျှ သတ်ပစ်နေမှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ဓားစာခံတွေ ဖမ်းဆီးခေါ်ဆောင်ပြီး ထောင်ချဖို့ဆိုသော အမိန့်တရပ် ထုတ်ပြန်ခဲ့သေးသော်လည်း ဘယ်တုန်းကမှ အကောင်အထည် မဖော်ခဲ့ပါ။
ဧပြီလ ၆ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးတပ်၏ တပ်ရင်း ၁၃၇ က ခေါင်းဖြတ်စက်ကြီးကို သယ်ထုတ်လာသည်။ ပျော်ရွှင်စွာ လက်ခုပ်ဩဘာပေးနေကြသော လူထုပရိသတ်ကြီးအလယ်မှာပဲ ခေါင်းဖြတ်စက်ကြီးကို လူထုက မီးရှို့ပွဲလုပ်ခဲ့ကြသည်။ ၁၈၀၉ ခုနှစ် စစ်ပွဲအပြီး ပထမ နပိုလီယံသိမ်းယူလာခဲ့သည့် လက်နက်များကို အရည်ကြိုသွန်းလောင်းကာ ထူဆောက် ခဲ့သော ဗန်ဒုန် Vendome ရင်ပြင်က အောင်ပွဲအထိမ်းအမှတ်ကျောက်တိုင်ကြီးသည် အမျိုးသားရှော်ဗင်ဝါဒ အမှတ်လက္ခဏာနှင့် အမျိုးသားအမုန်းပွားမှုကို လှုံ့ဆော်နေသည်ဖြစ်ရာ ဖြိုလှဲပစ်သင့်သည်ဟု ဘုံအဖွဲ့က ဧပြီ ၁၂ ရက်နေ့မှာ ဆုံးဖြတ်ခဲ့သည်။ ဒါကို အကောင်အထည်ဖော်တာကတော့ မေလ ၁၆ ရက်နေ့မှာပါ။
ဧပြီလ ၁၆ ရက်နေ့တွင် ပိုင်ရှင်တွေက ပိတ်ပြီး ပစ်ပြေးသွားခဲ့ကြသည့် အလုပ်ရုံ၊ စက်ရုံတွေ၏ စာရင်းဇယားတခုကို ထုတ်ပြန်သည်။ ဒီစက်ရုံမှာ ယခင်က အလုပ်လုပ်ခဲ့ဖူးသူ အလုပ်သမားဟောင်းတွေက ဒီစက်ရုံပြန်လည် လည်ပတ်ရေးကို စီမံကိန်း ရေးဆွဲပြီး အကောင်အထည်ဖော်သွားကြဖို့။ ဒီအလုပ်သမားတွေ ပါဝင်ပြီး သမဝါယမအဖွဲ့တွေ ဖွဲ့ကြဖို့နှင့် ဒီသမဝါယမအဖွဲ့ တွေကို သမဂ္ဂကြီးတခုအဖြစ် ပေါင်းစည်းရေးစီမံကိန်းလည်း ထားရှိဖို့æစသည့်အမိန့်များ ထုတ်ခဲ့သည်။ စက်ရုံအလုပ်ရုံ ပိုင်ရှင်တွေ ပြန်လာခဲ့ လျှင်တော့ စက်ရုံကို သိမ်းမြဲသိမ်းထားပေမယ့် လျော်ကြေး ပြန်ပေးခဲ့ပါသည်။
ဧပြီလ ၂၀ ရက်နေ့တွင် ပေါင်မုန့်အလုပ်ရုံများက မုန့်ဖုတ်အလုပ်သမားတွေ ညဆိုင်းအလုပ်ဆင်းရခြင်းကို ပိတ်ပင်လိုက် သည်။
လုပ်အားသွေးစုပ်မှုပြုရာတွင် နံပါတ်(၁) ပထမတန်းစားဖြစ်တွေ ဖြစ်ပြီး ပုလိပ်က ခန့်ထားသည့် သတ္တဝါအကောင် ဆိုးတွေ၏ လက်ဝါးကြီးအုပ်ထားရာနေရာ ဖြစ်နေသော၊ ဒုတိယအင်ပါယာနိုင်ငံတော်၏ လက်ထက်ကစပြီး တလျှောက်လုံး တည်ရှိ လာခဲ့သော အလုပ်ခန့်ထားရေးရုံးများကိုလည်း ပိတ်ပစ်လိုက်ပါသည်။
ဧပြီလ ၃၀ ရက်နေ့တွင် အပေါင်ဆိုင်များကို ပိတ်ပစ်ဖို့ အမိန့်ထုတ်လိုက်သည်။ ဒီအပေါင်ဆိုင်တွေဆိုသည်မှာ အလုပ် သမားတွေအပေါ် သီးခြားသွေးစုပ်သည့် သဏ္ဌာန်တခုအပေါ် အခြေခံထားတာပါ။ နောက်ပြီး အလုပ်ကိရိယာဆိုင်ရာနှင့် ချေးငွေဆိုင် ရာဘက်တွင် စက်ရုံတွင်း အလုပ်သမားများ ခံစားရပိုင်ခွင့်နှင့် ပဋိပက္ခဖြစ်နေသော ဆိုင်တွေပါ။
။ ကျောင်းလခ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း၊ ကလေးထိန်းရုံများ တည်ထောင်ခြင်း၊ စာသင်ကျောင်းနှင့် တော်လှန်ရေး တွဲစပ်ပေးခြင်းများ လုပ်ခဲ့သကဲ့သို့ အနုပညာပြခန်းများ၊ သမိုင်းပြခန်းများလည်း တည်ထောင်ပေးခဲ့သည်။
ဤသို့ဖြင့် နိုင်ငံခြားကျူးကျော်နေသူတွေကို တိုက်ခိုက်နေခဲ့ရသည့်အတွက် နောက်တန်းရောက်နေခဲ့ရသော ပဲရစ် အရေးတော်ပုံ၏ လူတန်းစားလက္ခဏာသည် မတ်လ ၁၈ ရက်နေ့ကစပြီး ထက်မြက်ပြတ်သားစွာ ပြန်လည်ပေါ်လွင်လာသည်။ ဘုံအဖွဲ့ဝင်များသည် အားလုံးနီးပါး အလုပ်သမားတွေချည်း ဖြစ်ကြတဲ့အတွက် (သို့မဟုတ်) တရားဝင်အလုပ်သမားကိုယ်စား လှယ်များ ပါနေကြသည့်အတွက် ဘုံအဖွဲ့၏ ဆုံးဖြတ်ချက်များသည် ပစ္စည်းမဲ့လူတန်းစားလက္ခဏာ ပြက်ပြက်ထင်ထင် ပေါ်နေသည်။ ဓနရှင်သမ္မတစနစ်ဂိုဏ်းသားတွေ သူရဲဘောကြောင်ပြီး မလုပ်ရဲခဲ့သည့် လိုအပ်သော ပြုပြင်ပြောင်းလဲရေးများကို လုပ် ရာမှာ ဖြစ်စေ၊ အလုပ်သမားလူတန်းစား လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့ လိုအပ်သော အခြေခံပြုပြင်ပြောင်းလဲရေးများ လုပ်ရာ မှာဖြစ်စေ အလုပ်သမားလူတန်းစား၏လက္ခဏာ ပေါ်လွင်ခဲ့သည်။
အလုပ်သမားလူတန်းစားအတွက် တိုက်ရိုက်အကျိုးရှိစေပြိး အခြားတဖက်တွင်လည်း လူ့အဖွဲ့အစည်း၏ စနစ်ဟောင်း ကို စူးစူးနစ်နစ် ထိုးခွင်းလိုက်သော အမိန့်များကို ဘုံအဖွဲ့က ထုတ်ပြန်ရာတွင်လည်း အလုပ်သမားလူတန်းစား လက္ခဏာ ပေါ်လွင် ခဲ့ပါသည်။ သို့ရာတွင် ရန်သူအဝိုင်းခံနေရသည့် မြို့တမြို့အတွင်းမှာ ဒီအမိန့်များ အားလုံးကို အကောင်အထည်ဖော်ဖို့ဆိုလျှင် အလွန်ဆုံး အစပြုရုံလောက်သာ ဖြစ်နိုင်ပါလိမ့်မည်။ နောက်ပြီး မေလ အစောပိုင်းမှ စတင်ကာ ဗာဆေးအစိုးရက စုစည်း ပို့ဆောင်လာခဲ့လို့ တနေ့တခြား အရေအတွက် တိုးများလာနေသော သိုင်းယားစ်၏ အစိုးရတပ်တွေကို တိုက်ခိုက်နေရ သည့်ဘက် မှာ အလုပ်သမားများနှင့် တော်လှန်သော လူထု၏အင်အားတွေကို ပုံအောပြိး သုံးစွဲနေရပါသေးသည်။
ဧပြီလ ၂၅ ရက်နေ့တွင် ဘုံအဖွဲ့သည် ရောင်နီတော်လှန်ရေးအမိန့်တချို့ကို ထုတ်ပြန်ခဲ့ပြီး ဖောက်ပြန်ရေးသတင်းစာ ၃၀ ကို ပိတ်ပစ်ခြင်း၊ တန်ပြန်တော်လှန်ရေးသမား ၂၆၀ ကို ဖမ်းဆီးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ မေလ ၁ ရက်နေ့ တွင်လည်း လုံခြုံရေးကော်မတီတရပ်ဖွဲ့ပြီး စစ်ရေးနှင့် လုံခြုံရေးအတွက် တာဝန်ပေးခဲ့ပါသည်။ သို့ရာတွင် လက်တွေ့မှာ ပြတ်သားမှု မလုံလောက်ခဲ့ပါ။
ဧပြီလ ၇ ရက်နေ့တွင် ဗာဆေးတပ်များက ပဲရစ်မြို့ အနောက်ဘက်ခြမ်း စစ်မျက်နှာမှာ ရှိသည့် နျူးယီလီမြို့က ဆိန်းမြစ် ကူး ကူးတို့ဆိပ်ကို သိမ်းပိုက်လိုက်ကြသည်။ တဖက်မှာကျတော့ တောင်ဘက်ခြမ်းစစ်မျက်နှာကို တိုက်ခိုက်ရာမှာ ဗိုလ်ချုပ်ယူဒီ၏ တွန်းလှန်တိုက်ခိုက်မှုကြောင့် ၁၁ ရက်နေ့မှာ အစိုးရတပ်များ အထိနာပြီး ပြန်ဆုတ်သွားခဲ့ကြသည်။
ပဲရစ်မြို့သည် ဗုံးတွေနှင့် တရစပ် တိုက်ခိုက်ခြင်းကို ခံနေရသည်။ ဒါတင်မက ဒီမြို့တော်ကိုပဲ ပရပ်ရှားလူမျိုးတွေ ဗုံးနှင့် တိုက်ခိုက်ခဲ့စဉ်က ‘အမျိုးသား ရိုးရာ အမွေအနှစ်တွေကို ဖျက်ဆီးပြီး စော်ကားနေကြတာပဲ’ဟု နာကြည်းခဲ့ကြ သူတွေကိုယ်တိုင် က ယခုတော့ ပဲရစ်မြို့ကို ဗုံးထုတိုက်ခိုက်နေကြပါပကောလား။ ဒီလူတွေပါပဲ၊ ယခုအခါကျတော့ သူတို့ ပဲရစ်ကို ပြန်သိမ်းနိုင် ဖို့ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဆီဒန်နှင့် မက်ဇ်မြို့တွေမှာ စစ်အကျဉ်းသားများ ဖြစ်နေကြသည့် ပြင်သစ်စစ်သားတွေကို အမြန်ပြန် လွှတ်ပေးဖို့ ပရပ်ရှားအစိုးရကို တောင်းပန်နေကြပြန်သည်။
မေလ ၁၀ ရက်နေ့တွင် သိုင်းယားစ်နှင့်ဘစ်စ်မတ်တို့ စာချုပ် ချုပ်ဆိုပြီး ပြင်သစ်အစိုးရက ဘစ်စ်မတ်၏ အကူအညီကို ရယူခဲ့သည်။ ဘစ်စ်မတ်က ပြင်သစ် သုံ့ပန်း ၁၀၀˜ ၀၀၀ ပြန်လွှတ်ပေးခဲ့ခြင်း၊ ပဲရစ်ကို ထိုးစစ်လုပ်ရန် စစ်နေရာပေးပြီး မြောက်ဘက်မှ ထိုးစေခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ မေလ အစပိုင်း ရက်များကစပြီး တဖွဲဖွဲ ရောက်ရှိလာနေသည့် ဒီစစ်တပ်တွေကြောင့် ဗာဆေး အစိုးရ၏ စစ်အင်အားသည် သိသိသာသာ အသာစီးရသွားခဲ့သည်။
ဘုံအဖွဲ့တွင် ၂ ကြိမ်တိုင် ရွေးကောက်ခြင်း ခံရပြီး ၎င်းအချိန်ကျတော့ ‘ကလဲယားဗောက်စ်’မှာ အကျဉ်းသား ဖြစ်နေရ သော “ဘလန်ကွီး” တယောက် ပြန်ရဖို့အတွက် ဘုံအဖွဲ့က ဖမ်းဆီးထားသော ပဲရစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးနှင့် တခြား ဓားစာခံ ဘုန်းတော်ကြီးတွေအားလုံး ပြန်လွှတ်ပေးမည်ဆေိုပြီး အလဲအလှယ် စေ့စပ်ဆွေးနွေးပွဲတခု လုပ်ခဲ့သည်။ သို့ရာတွင် သူတို့ဘက်က စစ်အင်အား အသာစီးရလာသောအခါတွင် သိုင်းယားစ်က လေသံပြောင်းပြီး စေ့စပ်ဆွေးနွေးပွဲကို ဖျက်သိမ်းပစ်လိုက်သည်။ ယခင်တုန်းကဆိုလျှင် ဟိုလိုလို ဒီလိုလိုလုပ်ပြီး အချိန်ဆွဲတတ်သည့် သိုင်းယားစ်သည် ယခုတော့ လေသံပြောင်းသွားရုံမက မောက်မာလာသည်။ ခြိမ်းခြောက်တတ်လာသည်။ ရက်စက်လာသည်။
ပဲရစ်မြို့ မြို့တွင်းတွင်လည်း တန်ပြန်တော်လှန်ရေးလုပ်ကြံမှုများ အဆက်မပြတ်ပေါ်ပေါက်ခဲ့ပြီး ပြင်သစ်ဘဏ်ကို အခြေ ပြုကာ ကောလာဟလသတင်းများ ထုတ်လွှင့်ခြင်း၊ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ခြင်း၊ အပြင်သို့ သတင်းပို့ခြင်း စသည်တို့ လုပ်လာ ကြသည့်အတွက် ပဲရစ်ဘုံအဖွဲ့မှာ အတွင်းနှင့်အပြင် ညှပ်တိုက်ခြင်းကို ခံနေရလေသည်။
ဗာဆေးတပ်တွေက တောင်ဘက်စစ်မျက်နှာမှာ ရှိသည့် မော်လင်း-ဆာကွက် ခံတပ်ငယ်ကို မေလ ၃ ရက်နေ့မှာ သိမ်းသည်။ ၉ ရက်နေ့ကျတော့ အမြောက်သေနတ်များနှင့် ပစ်ထုတိုက်ခိုက်မှုကြောင့် လုံးဝသုံးမရအောင် ပျက်စီးသွားသော အစ္စီ ခံတပ်ကို သိမ်းသည်။ ဗန်ဗီခံတပ်ကိုတော့ ၁၄ ရက်နေ့ကျမှ သိမ်းမိသည်။
သို့ရာတွင် ပဲရစ်အလုပ်သမားလူတန်းစား၏ ရဲရင့်မှုသည်ကား အံ့မခန်းပေတည်း။ တအိမ်သားလုံး အိမ်ထောင်စု လိုက် အိမ်ထောင်စုလိုက် အသေခံတိုက်ပွဲဝင်သွားကြသော စံနမူနာ အများအပြား ရှိခဲ့သည်။ ၁၄ နှစ်သားအရွယ် အလုပ်သမား ကလေးတယောက် ခံကတုတ်တက်စဉ် ကျဆုံးသွားလေသည်။ သည်အခါ အကိုဖြစ်သူက ညီ၏အလောင်းကို ပိုက်ပြီး ခံကတုတ်ကို ဆက်လက်တိုက်ခိုက်ပြန်သည်။ သူတို့ ၂ ဦးစလုံး ကျဆုံးသွားသည့်အခါ ဖခင်ဖြစ်သူသည်လည်း မလျှော့တမ်းဇွနဘဲဖြင့် ရေကုန် ရေခန်း ဆက်လက်တိုက်ပွဲဝင်ပြန်သည်။ သူလည်း အသက်စွန့်သွားခဲ့ရပြန်သည်။ ယင်းကဲ့သို့ မိသားစုလိုက် အသေခံပြီး တိုက်ပွဲဝင် ခဲ့ကြသော အလုပ်သမား လူတန်းစားပါ။
တော်လှန်ရေးစံနမူနာများမှာ ထိုမျှသာ မကသေးပါ။ အမြောက်တင်သင်္ဘောက တော်လှန်ရေးသမားများကလည်း အ မြောက်တင်သင်္ဘော ပျက်စီးသွားပြီး နောက်ဆုံတယောက်တည်း ကျန်တော့သည့်အချိန်အထိ အနိုင်မခံ အရှုံးမပေး၊ အလံမလှဲဘဲ တိုက်ပွဲဝင်သွားခြင်းဖြင့် တော်လှန်ရေးသူရသတ္တိကို ပြသခဲ့ကြလေသည်။
အမျိုးသမီးများသည်လည်း နောက်ပိုင်းတာဝန်တွေ ထမ်းဆောင်ရုံမျှ ဖြစ်သည်ကို သူတို့မကျေနပ်နိုင်ကြပါ။ ထို့ကြောင့် သူတို့က တောင်းဆိုကာ ရှေ့တန်းအထိ ထွက်တိုက်ပြီး တိုက်ပွဲဝင်ရင်း အသက်ကို ပေးဆပ်ခြင်းဖြင့် အမျိုးသမီးများသွေးသည်လည်း နီရဲကြောင်း ပြသခဲ့ကြပါသည်။
အစိုးရတပ်များသည် အနောက်ဘက်စစ်မျက်နှာမှာကျတော့ အဓိက ခံစစ်ကြောင်းကို မရောက်သေးမီ မြို့တံတိုင်းဆီ အထိ တောက်လျှောက်ရှိနေကြသော များပြားလှသည့် ကျေးလက်တောရွာတွေ၊ အဆောက်အအုံတွေကို သိမ်းရင်း တရွေ့ရွေ့ ချီတက်လာကြသည်။ ၂၁ ရက်နေ့အရောက်တွင် ၎င်းနေရာမှာ တပ်စွဲထားသော အမျိုးသားကာကွယ်ရေးတပ်တချို့၏ သစ္စာဖောက် မှုနှင့် ပေါ့လျော့မှုတို့ကြောင့် အစိုးရတပ်များ မြို့တွင်းသို့ ထိုးဖောက်ဝင်နိုင်ခဲ့ကြသည်။
မြောက်ဘက်နှင့် အရှေ့ဘက်စစ်မျက်နှာတွေမှာကျတော့ မြို့ကို ဝိုင်းရံထားသော ပရပ်ရှားတပ်တွေ ရှိနေသည်။ သူတို့နှင့် ပဲရစ်ဘုံအဖွဲ့တို့က အပစ်အခတ်ရပ်စဲရေး လုပ်ထားခဲ့ကြသည်။ ဤအခြေအနေအောက်တွင် ပရပ်ရှားတို့က သူတို့ကို ကန့်သတ်ခွင့်ပြုပေးထားသည့် မြို့၏မြောက်ဘက်နေရာမှနေပြီး ဗာဆေးပြင်သစ်အစိုးရတပ်တွေကို ဖြတ်သန်းခွင့်ပြုလိုက်သည်။ ပရပ်ရှားတပ်များက ကတိမတည် သစ္စာဖျက်လိုက်ကြခြင်းဖြစ်သည်။ ဤနည်းဖြင့် ပြင်သစ်အစိုးရတပ်များ ရှေ့သို့ချီတက်လာနိုင်ကြ သည်။ ပဲရစ်သားတွေက အစိုးရတပ်များ သူတို့ဘက်ဆီ ဝင်မလာနိုင်ဟု သဘာဝကျစွာ ထင်ထားခဲ့သည်။ ထို့ကြောင့် လျော့ရဲရဲ တပ်စွဲထားသော ကျယ်ပြန့်သည့် စစ်မျက်နှာကို အစိုးရတပ်များက ဝင်တိုက်ကြတော့သည်။ ဤသည်၏ ရလဒ်အဖြစ် စည်းစိမ်ရှင် များပမာ စိတ်ချလက်ချနှင့် စစ်ရေးသတိ ကင်းလွတ်နေသော မြို့၏အနောက်ဘက်ခြမ်းသည် မဖြစ်စလောက်သာ ခုခံတိုက်ခိုက် နိုင်တော့သည်။
အလုပ်သမားများ တာဝန်ယူထားသည့် မြို့၏အရှေ့ဘက်စစ်မျက်နှာတွင်မူ တက်လာသည့် အစိုးရတပ်များသည် မြို့နှင့် ပိုနီးလာလေလေæပိုပြီး ပြင်းထန်၊ ပိုပြီး ကြံ့ခိုင်သော ခုခံမှုနှင့် တိုးရလေလေ ဖြစ်နေတော့သည်။
ရှစ်ရက်အကြာ တိုက်ပွဲအပြီးတွင်မူ ဘုံအဖွဲ့၏ နောက်ဆုံးကျန်နေသော တိုက်ခိုက်ရေးသမားများသည် ဘယ်လီဗီးလ် နှင့် မင်နီမွန်တင့် ကုန်းစောင်းတွင် အားမတန် မာန်လျှော့လိုက်ရပါတော့သည်။ သည့်နောက်တွင်မူကား ခုခံနိုင်စွမ်းမရှိတော့သည့် ယောက်ျm;၊ မိန်းမသားနှင့် ကလေးငယ်များကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသော လူသတ်ပွဲကြီးတွေပါ။ ရက်သတ္တတပတ်လုံးလုံး တိုးတိုးပြီး သတ်လာလိုက်သည်မှာ မီးကုန်ယမ်းကုန်æကမ်းကုန်သည်အထိပါပဲ။ ကျည်ထိုးသမားသည်လည်း အလျဉ်မီအောင် ကျည် ထိုးမပေးနိုင်တော့။ လူတွေ ရာနှင့်ချီပြီး ရှိနေတာကို စက်သေနတ်နှင့် ဆွဲပစ်မှ အလျဉ်မီအောင် သတ်နိုင်ပါတော့သည်။
လူထုကို အပြီးသတ်နောက်ဆုံး သတ်ဖြတ်ခဲ့သည့်နေရာကတော့ ပယ်ရီလာချိုက်သုသာန်ရှိ “ဖက်ဒရယ်တံတိုင်း” တွင် ဖြစ်သည်။ ဤတံတိုင်းသည် ယနေ့အထိ တည်ရှိနေဆဲပါ။ ဤတံတိုင်းသည် စကားမဆိုတတ်သည့် သက်မဲ့ဖြစ်နေသော်ငြား လည်း...အလုပ်သမားလူတန်းစားက သူ့အခွင့်အရေးအတွက် ထကြွရဲလာသည်နှင့် တပြိုင်နက် အုပ်စိုးသူလူတန်းစားသည် ရူးသွပ် မတတ် ရက်စက်သွားတတ်ကြောင်း ထုတ်ဖော်ပြောကြားနေသော သက်သေသာဓက အထိမ်းအမှတ်တခုပါ။
ဤသို့သော သတ်ပုံသတ်နည်းဖြင့် လူတွေကို နိုင်အောင် မသတ်နိုင်ကြောင်း ထင်ရှားလာသည့်အခါတွင် သူတို့သည် လူတွေကို အစုလိုက် အပြုံလိုက်ဖမ်း၊ သည့်နောက် ဖမ်းထားသူတွေကို တန်းစီခိုင်း၊ တန်းစီထားသူများထဲမှ သူတို့စိတ်မထင်လျှင် မထင်သည့်အလျောက် စိတ်ရူးပေါက်လျှင် ပေါက်သလို သတ်ချင်သူများကို ရွေးထုတ်ကာ သေနတ်နှင့် ပစ်သတ်ကြသည်။ ကျန်သည့် သူများကိုတော့ တရားရုံးက စွဲချက်တင် ပြစ်ဒဏ်ခတ်သည်အထိ စောင့်ကြဖို့ ကြီးမားလှသည့် အကျဉ်းစခန်းများဆီသို့ ပို့ပစ်လိုက် ကြသည်။
ပြည်သူလူထုတွင်းမှ အသတ်ခံသွားရသူ အနည်းဆုံး သုံးသောင်းကျော် ရှိခဲ့ပါသည်။ ဘုံအဖွဲ့ဝင်ခေါင်းဆောင်များသည် တရားရုံးတွင် ရဲရင့်စွာ မိမိယုံကြည်ချက်ကို ထုတ်ဖော်ပြောကြားပြီး အသက်စွန့်သွားခဲ့ကြလေသည်။
ရန်သူ့တရားရုံးတွင် ရဲရင့်စွာ မိမိယုံကြည်ချက်ကို ထုတ်ဖော်ပြောကြားသွားသူများအနက် အမျိုးသမီးသူရဲကောင်း “မီရှယ်” ၏ ပြောကြားချက်တချို့ကတော့....
“တကယ်လို့ သင်တို့က ငါ့ကို အသက်ရှင်ခွင့် ပြုမယ်ဆိုရင်လည်း ငါကတော့ လက်စားချေဖို့အလုပ်ကို ထာဝစဉ် ရပ်နားသွားလိမ့်မယ် မဟုတ်ဘူး။
“ငါဟာ ပဲရစ်ဘုံအဖွဲ့ကော်မတီဝင်တဦး ဖြစ်တယ်။ အောင်နိုင်သူတွေအနေနဲ့ ငါ့ကို ခေါင်းဖြတ်သတ်လိုက်ကြပါ။ ငါဟာ အမြဲထာဝရ ရှက်စရာအဖြစ် တင်ကျန်နေရစ်မယ့် အပြုအမူနဲ့ ကိုယ့်ကိုယ်ကို မကယ်တင်ပါဘူး။
“ငါဟာ လွတ်လွတ်လပ်လပ် အသက်ရှင်ခဲ့ပြီး လွတ်လွတ်လပ်လပ်ပဲ သေပြသွားမယ်။ ငါ့ရဲ့သေတမ်းစာကတော့ နောင်မှာ ငါ့အတွက် အထိမ်းအမှတ်ပြုပြီး ငါ့အတွက် လက်စားချေကြ-ဆိုတာပါပဲ”
ပဲရစ်၏ အရှေ့မြောက်ခြမ်းကို ဝိုင်းရံထားသည့် ပရပ်ရှားတပ်များကို သူတို့အထက်ဆင့်မှ “ ဒီနေရာကို ဖြတ်သန်းပြီး တော်လှန်တဲ့ ပဲရစ်လုထု တဦးတယောက်ကိုမျှ ထွက်ခွင့်မပြုရ၊ ဖြတ်သန်းသွားခွင့်မပြုရ”ဟူ၍ အမိန့်ထုတ်ထားသည်။ သို့ရာတွင် ပရပ်ရှားစစ်သားများသည် အထက်ဆင့်ကို နာခံရေးထက် လူသားချင်းစာနာမှု၏ ခိုင်းစေချက်ကိုသာ နာခံခဲ့ကြသည်။ ဦးစားပေးခဲ့ ကြသည်။ ဤအကြောင်း သိရှိနေကြသော စစ်ဗိုလ်တွေကလည်း မျက်စိမှတ်ပြီး မသိချင်ယောင် ဆောင်နေခဲ့ကြသည်။
အထူးတလည် ဂုဏ်ပြုထိုက်သည်မှာ...ယခင်က ဘုံအဖွဲ့၏ တပ်သားဖြစ်ခဲ့သူ အတော်များများကို အလွန့်ကို လူသား ချင်းစာနာစွာ ဆက်ဆံပြီး လွှတ်ပေးခဲ့သော “ဆက်ဆွန် တပ်ဖွဲ့”ပင် ဖြစ်သည်။


0 comments:

Post a Comment