Friday, October 1, 2021

သခင်ဗဟိန်း(၁၉၁၇-၁၉၄၆)အတ္ထုပ္ပတ္တိ

0 comments
သခင်ဗဟိန်း(၁၉၁၇-၁၉၄၆)အတ္ထုပ္ပတ္တိ
သခင်ဗဟိန်းကို ၁၉၁၇ ခုနှစ် ဇွန်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် စစ်ကိုင်းခရိုင် အင်းဝမြို့ ကိုင်းတန်းရပ်၌ အဘ ပွဲစားကြီး ဦးမှင်၊ အမိဒေါ်ဒေါ်ဦးတို့မှ ဖွားမြင်ခဲ့သည်။ အင်းဝမြို့ မူလတန်းကျောင်းမှ လေးတန်းအောင်မြင် ခဲ့ပြီး ၁၉၃၅ ခုနှစ် တွင် မန္တလေးမြို့ အမျိုးသားအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းကို အင်္ဂလိပ်၊ မြန်မာစာ၊ ရာဇဝင် ဘာသာရပ်များတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
အထက်တန်းကျောင်းသားဘဝမှစ၍ ကျောင်းသားလှုပ်ရှားများတွင် ရှေ့တန်းက ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၃၅-၃၇ တွင် မန္တလေးဥပစာကောလိပ်၌ ပညာဆက်သင်ခဲ့သည်။
၁၉၃၆-၃၇တွင် အိုင်အေအထက်တန်း ကို ဗမာတနိုင်ငံလုံးပထမရပြီး ပါဠိဘာသာ ဂုဏ်ထူးဖြင့်အောင်ကာ၊ ၁၉၃၅-၃၆ ခုနှစ်၊ မန္တလေးဥပစာ ကော လိပ်ကျောင်းသားသမဂ္ဂခေါင်းဆောင်အဖြစ် ၁၉၃၆ ကျောင်းသားသပိတ်ကို ဦးဆောင်ခဲ့သည်။ ၁၉၃၇ ခုနှစ် မေလ တွင် ပဏ္ဍစ် ဂျဝါဟာလာနေရူး မန္တလေးသို့လာရောက်သည့် အခမ်းအနားတွင် ဧည့်ခံကော်မတီ ၏ သဘာပတိအဖြစ် တင်မြှောက်ခံရသည်။
၁၉၃၇ ခုနှစ် ဇွန်လတွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိခဲ့သည်။ ဘီအေတက်နေစဉ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ၁၉၃၈ ခုဧပြီလတွင်ပုသိမ်မြို့၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများကွန်ဖရင့် တက်ရောက်ခဲ့သည်။ ဗကသမှထုတ်ဝေသည့် မျိုးညွန့်မဂ္ဂဇင်းအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။
မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးတွင် ရေနံမြေအလုပ်သမား သပိတ်တပ်ကြီးသည် မကွေး မြို့တွင် ပိတ်မိနေစဉ်ရန်ကုန်သို့ ချီတက်အရေးဆိုနိုင်ရေးအတွက် ကိုဗဟိန်းခေါင်းဆောင်သည့် ကျောင်း သားများက ဝင်ရောက်ကူညီခဲ့သည်။
သပိတ်တပ်သားများကိုတရားဟောနေစဉ် “မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်” ဟု ရဲရဲတောက်စကားပြောကြားခဲ့သည်။
ပြောခဲ့သည့်အတိုင်း ၁၃ဝဝ ပြည့် အရေးတော်ပုံ ကြီး ပေါ်ပေါက်လာပြီးသပိတ်မီးသည် တနိုင်ငံလုံးကူးစက်ကာမီးဟုန်းဟုန်းတောက် သွားသည်အထိ ပျံ့သွားခဲ့သည်။ သို့အတွက် ကိုဗဟိန်းနှင့် ကိုဗဆွေတို့ကို မကွေးမြို့တွင် ဖမ်းဆီးကာ နယ် ချဲ့အစိုးရက ထောင် ၃ လ ချခဲ့သည်။
၁၉၃၉ခုနှစ် နှစ်ဆန်းအင်းစိန်ထောင်၌နေရစဉ် ဓနရှင်လောက၊ ကျောင်းသားအရေးတော်ပုံ၊ ကမ္ဘာစစ်နှင့် ဗမာ့နောင်ရေးစသည့် စာအုပ် ၃ အုပ် ရေးသားခဲ့သည်။ နိုင်ငံရေးစာပေသာမက ရသစာပေ၊ ဝတ္ထု၊ ဆောင်း ပါးများကို ဒဂုန်မဂ္ဂဇင်း၊ နဂါးနီဂျာနယ်နှင့် လက်ရွေးစင်မဂ္ဂဇင်းတို့တွင် ရေးသားခဲ့သည်။
သခင်ဗဟိန်း ရာပြည့်အခမ်းအနား(ရန်ကုန်)က ထုတ်ဝေဖြန့်ချိမယ့် သခင်ဗဟိန်းအတ္ထုပ္ပတ္တိ ပါဝင်တဲ့ Pamphlet ဖြစ်ပါတယ်။
စာရေးကောင်းသူအနုပညာအားကောင်းသူအဖြစ် အသိအမှတ်ပြုကြသည်။ ၁၉၄ဝ ထုတ် ဒဂုန်တာရာ၏ မေဝတ္ထုမှကိုဗဟိန်း၏အမှာသည် မြန်မာစာပေလောကတွင် ထင်ရှားသည်။
၁၃ဝဝ ပြည့်အရေးတော်ပုံကြီး ပြီးဆုံးသောအခါ ၁၉၃၉ မေလ ၄ ရက်နေ့တွင်ကျင်းပခဲ့သည့် ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂညီလာခံကြီးက ကိုဗဟိန်းကိုတကသနှင့် ဗကသနှစ်ခုစလုံး၏ဥက္ကဋ္ဌအဖြစ် ရွေး ချယ်တင် မြှောက်ခဲ့ကြသည်။
ထိုနှစ်ထဲတွင် ပြင်သစ်နိုင်ငံပဲရစ်မြို့ရှိ ကမ္ဘာ့ကျောင်းသားများအဖွဲ့ချုပ်၏ တောင်းခံချက်အရ “ပညာရေးနှင့်ဗမာနိုင်ငံကျောင်းသားများ” စာတမ်းရှည်တစောင် ရေးသားခဲ့သည်။
၁၉၃၉ ခု သြဂုတ် ၁၅ တွင် မြေနီကုန်း၊ မြေနုလမ်း၊ အမှတ် ၁၄ ရှိကိုဗဟိန်းအိမ်တွင် သခင်အောင်ဆန်း၊ သခင် ဗဟိန်း၊ သခင်လှဖေ(ဗိုလ်လကျင်္ာ)၊ သခင်စိုး၊ သခင်ဗိုလ်၊ ရဲဘော်ဘတင်(ရဲဘော် ဂိုရှယ်)၊ ဒေါက် တာနတ် (ရဲဘော်ထွန်းမောင်) တို့နှင့်အတူ ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်ဖွဲ့စည်း ထူထောင်ခဲ့သည်။
ထိုအချိန် ဗမာပြည်ရှိ နိုင်ငံရေးသမားများကြားတွင်လမ်းစဉ်
၃ ခုကွဲပြားကြသည်။
ပထမလမ်းစဉ်က ဗမာ ပြည် လွတ်လပ်ရေးရဖို့မည်သူနှင့်မဆို ပေါင်းရမည်ဟုဆိုသည်။
ဒုတိယလမ်းစဉ်သမားများက လွတ်လပ် ရေးရဖို့ မည်သူ့မှမယုံစားရ။ ဂျပန်ရော၊ အင်္ဂလိပ်ပါ စစ်မျက်နှာနှစ်ဘက် ဖွင့်ရမည်ဟု ဆိုသည်။
တတိယအုပ်စုကမူ ဆိုဗီယက်ပြည်ထောင်စုကိုဂျာမန်ဖက်ဆစ်များဝင်ရောက်တိုက်ခိုက်သည့်အချိန်မှစ၍ ကမ္ဘာစစ်၏လက္ခဏာ ပြောင်းသွားပြီး အင်္ဂလိပ်နယ်ချဲ့သမားကို ဖက်ဆစ်တိုက်ဖျက်ရေးအတွက် မဟာမိတ် အဖြစ်ထားနိုင်သည်ဟုယူဆကြသည်။
ထိုအစုတွင် သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗိုလ်၊ သခင်ကျော် စိန်နှင့် သခင်တင်မောင်ကြီးတို့ ပါဝင်သည်။ ကိုဗဟိန်းသည် ဒုတိယလမ်းစဉ်သမားဖြစ်သော်လည်း နောင် တွင် တတိယလမ်းစဉ် မှန်ကန်သည်ကိုလက်ခံကာတော်လှန်ရေးလုပ်ငန်းများတွင် တက်ကြွစွာလိုက်ပါ ဆောင်ရွက်ခဲ့သည်။
ပြောင်းလဲလာသည့်ကမ္ဘာ့နိုင်ငံရေး၊ ဗမာ့နိုင်ငံရေးအခြေအနေတို့ကြောင့် ဘီအေအထက်တန်းစာမေးပွဲကို မဖြေဆိုတော့ဘဲ ဒို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ကာသခင်ဘွဲ့ခံယူခဲ့သည်။ ၁၉၄၀ ခုမတ်လတွင် သခင် အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်ခင်အောင်၊ သခင်တင်မောင် (ပန်းတနော်)၊ သခင် အုန်းမြင့်တို့ ပါဝင်သောအဖွဲ့သည် အိန္ဒိယနိုင်ငံ ရမ်းဂါးညီလာခံသို့ တက်ရောက်ခဲ့သည်။
ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီအပါအဝင် အိန္ဒိယနိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုနှစ်ထဲတွင် ဆရာအတတ် သင် ကျောင်းသူမခင်ကြီးနှင့် လက်ထပ်ခဲ့သည်။
သခင်ဗဟိန်းသည် ၁၉၄၁ မတ်လ ၁ဝ ရက်တွင် ပဲခူးမြို့၌ကျင်းပသော ပ ဉ္စမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ဒို့ဗမာအစည်းအရုံး ဒုတိယအစည်းအဝေးမှ ဗဟိုမြေအောက်တော်လှန်ရေးအဖွဲ့ (Underground Unit)၏ ဝါဒပြန့်ပွားရေးတာဝန်ခံအဖြစ် တာဝန်ပေးခံရသည်။ ထိုတာဝန်အရအရေးတော်ပုံ၊ ဗမာ့တော်လှန်မှု၊ မီးပွား စာစောင်များကိုကွန်မြူနစ်ပါတီအမည်ဖြင့် လျှို့ဝှက်ဖြန့်ဝေခဲ့သည်။
၁၉၄၁ ခုနှစ် မေလတွင် ဦးချစ်မောင် အယ်ဒီတာချုပ်လုပ်သည့် မြန်မာ့အလင်းသတင်းစာတွင် ဘာသာပြန် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။
လျှို့ဝှက်တာဝန်များကိုထမ်းဆောင်နေစဉ် ၁၉၄၁ အောက်တိုဘာလ တွင် ဗြိတိသျှအစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ နယ်ချဲ့အစိုးရ၏ ရန်သူတော် နံပါတ် (၂) အဖြစ် သတ်မှတ် ခြင်းခံရသူဖြစ်သည်။
၁၉၄၁-၄၂ တွင် မော်လမြိုင်၊ သာယာဝတီ၊ မန္တလေးထောင်များတွင် အကျဉ်းချခံခဲ့ရသည်။
မန္တလေးထောင်ပွင့်သွားသည့်အချိန်မှ လွတ်မြောက်လာခဲ့သည်။ ထောင်မှလွတ်လာပြီးဖက်ဆစ်ဆန့်ကျင်ရေး လုပ်ငန်းများကိုဇောက်ချလုပ်ကိုင်ခဲ့သည်။
ဂျပန်ခေတ်ဗမာအစိုးရအဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီး သခင်နု လက်အောက်တွင် ဒုတိယအတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျပန်ခေတ်၌ ဆရာကြီး သခင်ကိုယ် တော်မှိုင်းတို့ဦးဆောင်သည့် တခုတည်းသောတရားဝင်နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ရန်ကုန်မြို့ ဂွတ္တလစ် ရပ်ရှိ ဒို့ဗမာ ဆင်းရဲသားအစည်းအရုံးဌာနချုပ်သို့ မကြာခဏသွားရောက်လေ့ရှိပြီး ဖက်ဆစ်ဆန့်ကျင်ရေး လုပ်ငန်းများကို လျှို့ဝှက်ဆောင်ရွက်ခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးဆောင်ရွက်ရန် သခင်ဗဟိန်းသည် ဇနီးသည်မခင်ကြီး၊ သခင်ဗသိန်းတင်တို့နှင့်အတူ ကွမ်းခြံကုန်းမြို့နယ် အင်းဂလုံးရွာတွင် သခင်စိုးပို့ချသော မာ့က်စ်ဝါဒသဘောတရားသင်တန်းရက် ၂ဝ ကျော် တက်ခဲ့ကြသည်။ ရန်ကုန်ပြန်ရောက်ပြီး ၁၉၄၄ ခုနှစ် သြဂုတ်လဆန်းတွင် သခင်ဗဟိန်းတို့ ဇနီး မောင်နှံသည် ဖက်ဆစ်တော်လှန်ရေးအတွက် တောင်ငူနယ်သို့ ထွက်ခွာခဲ့ကြသည်။
၁၉၄၄ ခုနှစ် သြဂုတ်လပထမပတ်တွင် ပဲခူးမြို့ စံပြတပ်ရင်း၌ဖွဲ့စည်းခဲ့သော ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည် သူ့ လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ)က ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်း(၁၀)တိုင်း သတ်မှတ်ခဲ့သည်။ တိုင်းအလိုက်ခေါင်းဆောင်များကိုရွေးချယ်ရာတွင် တိုင်း(၁)အတွက် စစ်ရေး ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးခေါင်းဆောင်အဖြစ် သခင်ဗဟိန်းကို ရွေးချယ်ခဲ့သည်။
သခင်ဗဟိန်းသည် တောင်ငူနယ်တွင် ဖက်ဆစ်တော်လှန်ရေးအတွက် အတွေးအခေါ်၊ သဘောတရားသင် တန်းများကို မရပ်မနားပို့ချခဲ့သည်။ ပို့ချခဲ့သောဘာသာရပ်များမှာ လွပ်လပ်ရေးကြေညာစာတမ်း ၁ နှင့် ၂၊ တော်လှန် ၇န် စိုင်းပြင်းကြစို့၊ ကရင်-ဗမာသွေးစည်းရေး ၊ပြောက်ကျား စစ်၏ နည်းသစ်များ၊ လျှို့ဝှက်ရေး ကို မည်သို့ ကျင့်သုံးမည်နည်း စသည့်စာတမ်းများဖြစ်ကြသည်။
သခင်ဗဟိန်း၏အောင်မြင်သောစည်းရုံးရေးတခုမှာ သူကိုယ်တိုင် ပြုစုရေးသားပြီးသင်ကြားပို့ချခဲ့သည့် “ကရင်-ဗမာသွေးစည်းရေး” စာတမ်းဖြစ်သည်။
ထိုစာတမ်းကြောင့် အရှေ့ရိုးမတွင် ကရင်-ဗမာညီညွတ်ရေး သာမက လူမျိုးစုံသွေးစည်းညီညွတ်ရေး အားကောင်းခဲ့သည်။
သခင်ဗဟိန်းမှာ ရုပ်ရည်သွင်ပြင်အားဖြင့် ခပ်ချောချောခပ်နုနုဖြစ်သည်။ သူသည် ကျောင်းသား၊ အလုပ် သမား ခေါင်းဆောင်တဦးဖြစ်သော်လည်း ကြမ်းတမ်းသောလက်နက်ကိုင်တိုက်ပွဲကို နိုင်နင်းစွာဦးဆောင်နိုင် သည့် စစ်ရေးခေါင်းဆောင်ဖြစ်ကြောင်း တောင်ငူခရိုင်ပြောက်ကျားတိုက်ပွဲများဖြင့် သက်သေပြခဲ့သည်။
အိန္ဒိယနိုင်ငံမှ သခင်သိန်းဖေ(သိန်းဖေမြင့်) လေထီးဖြင့်ချပေးသောစာအုပ်များအနက် “ပြင်သစ်ပြည်လွတ် လပ်ရေးတိုက်ပွဲ”၊ လီနင် ရေး “အစိုးရနှင့် တော်လှန်ရေး”၊ “ဂျူးရင်းအားချေပချက်” “လုဒွစ်ဖြူးဝါးဘက်” အစ ရှိသောကျမ်းများကို ထန်းတပင်မြိ့ုနယ် သရက်တန်း၊ ဂွအိုင် အရှေ့ဘက်တွင်ရှိသော ယာတဲများ၌ ဘာသာပြန် ခဲ့သည်။ သူ့ခံနိုင်ရည်ရှိသည်ထက် အဆပေါင်းများစွာ အလုပ်လုပ်ခဲ့သည်။ သူ့နံဘေးတွင် သူ့ချစ်ဇနီးမရှိ။ သူ၏အဖော်မှာ ကာဘိုင်သေနတ်တလက်သာ ဖြစ်ခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးအတွက် “အား” ဖြစ်စေမည့် တော်လှန်ရေးသဘောတရားများအနက် ဒေသအခြေ အနေနှင့်ကိုက်ညီသည့် ပြောက်ကျားစစ်၏နည်းသစ်များမှာ ပင်ကိုယ်ရေး ပြောက်ကျားစစ်သဘောတရား စာတမ်း ဖြစ်သည်။
သခင်ဗဟိန်းသည် တောင်ငူခရိုင်နေရာအနှံ့အပြား၌ ဖက်ဆစ်တော်လှန်ရေးသဘောတရားများကို မနားတမ်း လှည့်လည်ပို့ချခဲ့သည်။ ပြောက်ကျားတပ်များ၏ဗဟိုဌာနချုပ်ဖြစ်သည့် ဆင်ပချပ်ရွာအနီး တောင်ခြေတွင်ရှိသော စခန်း၌နေထိုင်ကာ တော်လှန်ရေးလုပ်ငန်းများကို ညွန်ကြားခဲ့သည်။
၁၉၄၅ ခုနစ် မတ်လ ၆ ရက်နေ့ညတွင် အထက်ဗမာပြည် တိုင်းမှူးတဦးဖြစ်သည့် ဗိုလ်မှူးဗထူးသည် ဖြူးမြိ့ုနယ် ကြူအင်းရွာမှာ သခင်ဗဟိန်းနှင့် လျှို့ဝှက်တွေ့ဆုံကာ တော်လှန်ရေးကိစ္စများကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများတွင် ဖတပလအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် သခင် ဗဟိန်း၊ သခင်သန်းဖေတို့ခေါင်းဆောင်သော ရဲခေါင်ပြောက်ကျားများသည် ဖက်ဆစ်ဂျပန်များကို အကြီး အကျယ် ချေမှုန်းနိုင်ခဲ့ သည်။ သမိုင်းတွင်ရစ်သည့် ထွန်းပြောင်သောအောင်ပွဲများ ရရှိခဲ့ကြသည်။
ဖက်ဆစ်တော်လှန်ရေးအပြီးတွင် ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ၊ ဖက်ဆစ် တိုက် ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်(ဖတပလ)ဗဟိုဦးစီးအဖွဲ့ဝင်နှင့်ဗမာ ပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့ အာဏာဂျာနယ်အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ထိုသို့ တာဝန်ထမ်းဆောင်နေ စဉ် ငှက်ဖျားရောဂါနှင့် ဆင်းရဲပင်ပန်းမှုဒဏ်များကြောင့် ကျန်းမာရေးချို့တဲ့လာသော်လည်း အနားမယူဘဲ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီပူူးပေါင်းရေး၊ ကွန်မြူနစ်ပါတီ နှစ်ခြမ်းမကွဲရေးတို့အတွက် မနားမနေဆောင်ရွက်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက ကိုဗဟိန်းကိုယုံကြည်အားထားသည်။ သူတပ်မှထွက်ပြီး နိုင်ငံရေးလောကသို့ ခြေစုံ ပစ်ဝင်မည်ဟုပိုင်းဖြတ်သောအခါ တပ်ကိုလွှဲအပ်ရန် ကွန်မြူနစ်ပါတီမှ သူယုံကြည်စိတ်ချသော ကိုဗဟိန်းကို တောင်းသည်။ ကိုဗဟိန်းမှာပါတီလုပ်ငန်းအများအပြားရှိနေသဖြင့် ပါတီက မပေးနိုင်ခဲ့ချေ။
ကိုဗဟိန်းကိုယ်တိုင်ကလည်း စစ်သေနာပတိရာထူးထက် အလုပ်သမားသမဂ္ဂဥက္ကဋ္ဌအဖြစ်ကို ရွေးချယ်ခဲ့ သည်။
၁၉၄၆၊ ဖေဖော်ဝါရီ ၂၂ မှ မတ် ၇ ရက် အထိကျင်းပသောကွန်မြူနစ်ပါတီ၏ ဒုတိယအကြိမ်ကွန်ကရက် အပြီးတွင် သခင်စိုးဦးဆောင်သော ကွန်မြူနစ် ပါတီ ဗမာပြည်(အလံနီပါတီ)သည် ဗမာပြည်ကွန်မြူနစ် ပါတီမှ ခွဲထွက်ခဲ့သည်။ သခင်ဗဟိန်းက သခင်သန်းထွန်း၊ သခင်သိန်းဖေတို့နှင့်အတူ ဗမာပြည် ကွန်မြူနစ် ပါတီ ပေါလစ်ဗြူရိုအဖြစ် ကျန်ရစ်သည်။
ပါတီကွဲပြီးနောက် အကျိုးဆက်မှာ သခင်ဗဟိန်း၏ရောဂါပို၍ ဆိုးလာခဲ့ခြင်းဖြစ်သည်။ သူ့ကိုပါတီမှ၎င်း၊ သူဥက္ကဋ္ဌ လုပ်နေသော အလုပ်သမား သမဂ္ဂမှ၎င်း၊ အနားယူခွင့်ပေးထားရလေသည်။ သူသည် မန္တလေးရှိ မိဘရပ်ထံပြန်ပြီး မန္တလေးဆေးရုံကြီး တွင် ဆေးကုသမှုခံယူကာအနားယူရင်း ဂိုဏ်းဂဏဝါဒကို တိုက်ဖျက် သောစာတမ်းကို ရေးနေသေးသည်။
ဆေးရုံတက်နေချိန်စိတ်အနှောင့်အယှက်ဖြစ်စရာတွေ့မည်စိုးသဖြင့် သူ့ကိုမည်သည့်သတင်းစာမျှ ပေး မဖတ်ချေ။ သို့သော် ပစ္စည်းထုပ်လာသော သတင်းစာစက္ကူထဲက ၁၉၄၆၊ အောက်တိုဘာ ၁၀ ရက်နေ့၌ ဖဆပအဖွဲ့ချုပ်ထဲမှ ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက်သည့်သတင်းကိုတွေ့ရာ အလွန်အမင်း စိတ်ထိခိုက်သွားခဲ့သည်။ သူ့ရောဂါမှာပို၍ ဆိုးလာပြီး ၁၉၄၆ နိုဝင်ဘာ ၂ဝ ရက် ဗုဒ္ဓဟူးနေ့ နံနက်အစော ပိုင်းတွင် မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့ပါသည်။
ထွန်းဝင်းငြိမ်း ပြုစုသည်။
သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ(ရန်ကုန်)

0 comments:

Post a Comment