Wednesday, April 20, 2011

“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၄) မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၄) (မတ်လ ၃၀ ရက် ၂ဝ၁၁ နေ့လွတ်လပ်သောအာရှအသံမှလွှင့်ထုတ်ပြီးအသံလွှင့်ဆောင်းပါး)
တစ်ခါတုန်းကလည်း ကျနော့်စိတ်ထဲ တစ်ခုခုကိုကြောက်နေသလိုမျိုး ခံစားခဲ့ရဖူးပါတယ်။ အဲဒီတုန်းက ကျနော် ခ.မ.ရ(၁ဝ၉) နဲ့တွဲပြီး သဇင်တောင်စခန်းမှာ ထိုင်တုန်းကပါ။ တပ်မတပ်တွေ ရှေ့တန်း
ထွက်တာမှာ စခန်းထိုင်နဲ့လှုပ်ရှားစစ်ကြောင်းဆိုပြီး ၂ မျိုးရှိပါတယ်။ စခန်းထိုင်ဆိုတာက တခါတလေ ထူးခြားအခြေအနေအရ စီမံချက် တင်ပြီးထွက်တိုက်ရတာမျိုး၊ တပ်ခွဲတပ်စုတွေ တိုက်ကင်းသဘော နယ်မြေရှင်းတာမျိုးလောက်ကလွဲလို့ ခံစစ်စခန်းကြီးတွေမှာ စစ်ဆင်ရေး တစ်ပတ်လုံး နေရတာကိုခေါ်တာပါ။

သဇင်တောင်ခံစစ်ကုန်းက (ကွတ်ခိုင်)တာမုံးညဲဂွင်ထဲမှာရှိပါတယ်။ ကွတ်ခိုင်ကနေ တာမုံးညဲအထိ ယဉ် တန်းပေါက်ပါတယ်။ တာမုံးညဲကနေ အဲဒီစခန်းခြေကရွာတွေဖြစ်တဲ့ ရှောက်ဟော်-လုံထန်အထိ ၁ဝနာ ရီလောက်လျှောက်ရပါတယ်။ ရှောက်ဟော်ရွာကနေ ၃ နာရီလောက် တောက်လျှောက်ထပ်တက်ရင် သဇင်တောင်ရောက်ပါပြီ။ စစ်ကြောင်းမှူးက ဗိုလ်မှူးမြင့်သိန်းလို့ မှတ်မိနေပါတယ်။ စကားနည်းပြီး တစ်ခုခု ကိုသွေးအေးအေးနဲ့လုပ်တတ်တဲ့ ရုပ်မျိုးနဲ့ပါ။

တစ်ကြိမ်မှာ သဇင်တောင်အောက်ခြေ လုံထန်စခန်းမှာ ခံစစ်ပြုပြင်ရေးလုပ်ငန်းတွေလုပ်ဖို့ ကျနော်တာဝန်ကျ ပါတယ်။ အဲဒီစခန်းက တပ်စုတစ်စုထိုင်တဲ့ စခန်းကုန်းလေးပါ။ နိမ့်နိမ့်လေး၊ ရွာနဲ့လည်းအတက်အဆင်းက မိနစ် ၂ဝလောက်ပဲရှိတာပါ။ အမဲလေးဘာလေးလည်းပစ်ရတော့ ဟင်းစိမ်းဟင်းစိုလေး မပြတ်တတ်ဘူးဆို ပါတော့။ စခန်းရောက်တော့ စုမှူးကိုသတင်းပို့၊ ပြီးတော့ အလုပ်ကိစ္စဆွေးနွေးကြပါတယ်။ စုမှူးက အေးချမ်းမွန် ရည်ပြီး သဘောကောင်းပါတယ်။ ဒီလိုနဲ့ နောက်တနေ့မနက်ကစပြီး ကျနော်လုပ်စရာရှိတာလုပ်လိုက်တာ ၁ဝ ရက်လောက်နဲ့တင် ကိစ္စအားလုံးပြီးပါတယ်။ စခန်းမှူးက ရောက်တုန်းရောက်ခိုက် သူ့စခန်းမှာ ကျနော့် ကိုနေစေ့ချင်တာနဲ့ ကိစ္စမပြတ်သေးဘူးလို့ အထက်ကိုတင်ပြီး နားခိုင်းထားပါတယ်။ ကျနော်လည်း ယမကာလေးတမြမြနဲ့၊ ရွာထဲဆင်းလည်လိုက်၊ အမဲလေးပစ်လိုက်နဲ့ပေါ့လေ။

တနေ့တော့ နောက်ချန်အင်အား ၆ ယောက်ပဲထားခဲ့ပြီး စခန်းနဲ့သိပ်မဝေးတဲ့ရွာတစ်ရွာကို တိုက်ကင်းထွက် ဖို့ဖြစ်လာတယ်။ ကျနော့်ကိုပါ ခေါ်သွားပါတယ်။ သတင်းက အဲဒီရွာမှာ ရန်သူ့အင်အားတစိတ်လောက် ရောက်နေတယ်ဆိုပါတယ်။ တလမ်းလုံး ဘာထိတွေ့မှုမှမရှိသလို ရွာထဲအထိလည်း အေးအေးဆေးဆေးပါပဲ။ ရွာရောက်တော့ တပ်စုတပ်ကြပ်ကြီးက ရွာသားတချို့နဲ့ တွေ့နေချိန်မှာ စုမှူးနဲ့အတူကျနော်က သူကြီးအိမ်မှာ နားနေပါတယ်။ အဲဒီလိုရွာတွေမှာ သူကြီးတွေကို တပ်ကရိက္ခာထောက်သလို အထောက်တော်လို့ခေါ်တဲ့ သတင်းပေးတွေကိုလည်း လျှို့ဝှက်ပြီးမွေးထားရပါတယ်။ သူကြီးရောအထောက်တော်ပါ ၂ ဘက် အတွက် အလုပ်လုပ်ရတာပါ။ အလွန်အန္တရာယ်များပါတယ်။ တချက်မှားတာနဲ့ တဖက်ဘက်ကခေါ် အရေးယူခံရ တာတွေလည်း ဒုနဲ့ဒေးပါပဲ။ သူကြီးကအာဏာရှိတယ်ဆိုပေမယ့် လက်တွေ့မှာသတင်းပေးကို ပြန်ကြောက်နေ ရတာပါ။ သတင်းပေးရဲ့ မလိုရင်မလိုသလို ပေးတဲ့သတင်းကြောင့် ဒုက္ခရောက်ရတဲ့သာဓကတွေလည်းရှိ တာကိုး။

ခဏနေတော့ အကြပ်ကြီးရောက်ချလာတယ်။ စုမှူးနဲ့တိုးတိုးတိုးတိုးလုပ်ပြီး ပြန်ထွက်သွားတယ်။ အပြန်လည်း ကျရော ကျနော်တို့နဲ့အတူ ရွာသား ၂ယောက် လက်ပြန်ကြိုးတုပ်ရက်သား ပါလာပါတယ်။ ဘယ်သူတွေလဲ၊ ဘာတွေလည်းဆိုတာတော့ ကျနော့်မှာသိခွင့်ရော မေးခွင့်ပါမရှိပါဘူး။ စခန်းပြန်ရောက်ပြီး အဲဒီနေ့ညနေပဲ ကျနော်သဇင်တောင်ပြန်ရပါတယ်။ ကျနော့်ကို လာကြိုတဲ့တပ်စိတ်နဲ့ အခုနလူ ၂ ယောက်ပါ ပါလာပါတယ်။

သဇင်တောင်ရောက်တော့ အခုနလူ ၂ ယောက်ကို ထောက်လှမ်းရေးလက် အပ်တာတွေ့ရပါတယ်။ စစ်ကြောင်း ၁ မှာ အိုင်အို လို့ခေါ်တဲ့ ထောက်လှမ်းရေးအရာရှိပါပြီး၊ ၂ မှာတော့အများအားဖြင့် အိုင်ဆာဂျင် လို့ခေါ်တဲ့ ထောက်လှမ်းရေးအကြပ်ကြီးပါ ပါတယ်။ တပ်တွေမှာ အရာရှိခြင်းအတူတူ အခြားအရာရှိတွေက အိုင်အိုကိုလန့်ရသလို၊ အခြားအဆင့်တွေမှာလည်း အိုင်ဆာဂျင်ကိုလန့်ရပါတယ်။ အဲဒီအချိန် သဇင်တောင်မှာ အိုင်ဆာဂျင်မရှိတာနဲ့ ဒုတပ်ကြပ်တဦးကကိုင်ထားတာပါ။ အဲဒီလူစကားပြောရင် အတည်လားအပြောင် အပျက်လားဆိုတာ ခွဲရတော်တော်ခက်ပါတယ်။

အခုနလူ ၂ယောက်ကို တညလုံး စစ်ကြမေးကြသံတွေ၊ အော်ဟစ်ညည်းညူသံတွေကို ကျနော့်နေရာကနေ အတိုင်းသားကြားနေ ရတယ်။ တော်တော့ကို စိတ်မချမ်းသာစရာကောင်းပါတယ်။ မနက်လင်းတော့လည်း ထောက်လှမ်းရေးတွေရယ် စစ်ကြောင်းမှူးရယ် ဒီလူတွေထားတဲ့ ဘန်ကာထဲဝင်လိုက်ထွက်လိုက်နဲ့ တနေကုန် လိုလိုပါပဲ။ တညနဲ့တနေ့လုံးလုံး စစ်သူသာပြောင်းတယ် ဒီလူကတွေကိုတော့ ရေကလွဲလို့ ဘာမှပေးမစား၊ ပေးမအိပ်ပဲညှဉ်းပမ်းထားပုံပါပဲ။

ညနေစောင်းတော့ စစ်ကြောင်းမှူးက မိုင်းကွင်းမြေပုံတွေကြည့်မယ်ဆိုလို့ ကျနော်သွားသတင်းပို့ရပါတယ်။ သူက စည်းရိုး၃ထပ် ကြားထဲက မိုင်းကွင်းတနေရာကို လက်နဲ့ထောက်ပြီး “အဲဒီနေရာကို မိုင်းနည်းနည်း ထပ်ဖြည့်စမ်း” လို့ပြောတာနဲ့ ကျနော်လည်း ချက်ခြင်းပဲ သူပြောတဲ့နေရာကိုသွားပြီး မိုင်းဆယ်လုံးလောက် ထပ်ဖြည့်ပါတယ်။ နောက်တော့ ပြီးစီးကြောင်းသတင်းပို့၊ ကျနော့် ဘန်ကာထဲပြန်လာ၊ မြေပုံပြန်ပြင်ဆွဲ၊ စားသောက်ပြီးအိပ်ယာပေါ်လှဲနေရင်းက ဟိုတွေးဒီတွေးနဲ့ တော်တော်နဲ့အိပ်မပျော်ဘူး။ ဖြစ်စဉ်က ထူးဆန်းနေ သလိုပဲလို့လည်း စိတ်ထဲထင်နေတယ်။ နောက်တော့ ကျနော်လည်း အိပ်ပျော်သွားတယ်။

“ဂျိုင်းဂျိုင်း..ဂျိုင်းဂျိုင်း” နဲ့ပေါက်ကွဲသံလေးငါးချက်ကြောင့် ကျနော်လန့်နိုးသွားပါတယ်။ သေနတ်ကောက် ကိုင်လိုက်ချိန်မှာပဲ စခန်းတခုလုံး ဝီစီသံ၊ အမိန့်ပေးသံအော်သံဟစ်သံတွေဆူညံပွက်ပြီး ရုတ်တရက်ကမ္ဘာ ပျက်သွားတဲ့အတိုင်းပါပဲ။ တဆက်တည်းပဲ “ပစ်..ပစ်” ဆိုတဲ့ အမိန့်ပေးသံနဲ့ ဂျီဖိုးသေနတ်သံတွေ တဝေါဝေါထွက်လာပါတော့တယ်။ မျိုးမြင့်

“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၃)မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၃) မတ်လ ၂၃ ရက် ၂ဝ၁၁ နေ့လွတ်လပ်သောအာရှအသံမှလွှင့်ထုတ်ပြီးအသံလွှင့်ဆောင်းပါး
အဲဒီဝရုန်းသုန်းကားသေနတ်သံ၊ စဥ့်အိုးကွဲသံတွေကြားကပဲ “အား”ကနဲအော်သံနဲ့အတူ လူတယောက်အရုပ်ကြိုးပြတ်လဲကျသွား တာကိုပါ ကျနော်မြင်လိုက်ရတယ်။ အသံတွေပြန်တိတ်သွားတယ်။ စဥ့်အိုးနောက်က ညည်းသံတဟင်းဟင်းကြားနေရတယ်။ ကျနော်လူးလဲထလိုက်ပြီး တပ်စိတ်မှူးနောက်က ကပ်လိုက်သွားပါတယ်။ ဒီတော့မှ သွေးအိုင်ထဲမှာ ပက်လက်ကြီးလဲကျနေ တဲ့မိန်းမတယောက်။ သူ့ဘေးမှာ မှောက်ခုံလေးလဲကျနေတဲ့ ကလေးတယောက်။ ကလေးက သွေးအိုင်ထဲမှာဓါတ်လိုက်နေသလို တကိုယ်လုံးဆန့်ငင်ဆန့်ငင်နဲ့တုန်နေတယ်။ ကျနော့်ဘေးက ရဲဘော် တယောက်က ကလေးကိုပခုံးကနေ ခပ်ကြမ်းကြမ်းကိုင်ပြီး ပက်လက်ဆွဲလှန်ချလိုက်တယ်။ မျက်လုံးတွေ ပိတ်နေပြီ။ ရင်ဘတ်နဲ့ခေါင်းတခုလုံး သွေးတွေနစ်နေတာပဲ။ အဲဒီနေရာတွေကိုချည်းပဲ ထိသွားပုံရတယ်။ ကြည့်နေတုန်းမှာပဲ ကလေးကတဖြည်းဖြည်း ငြိမ်ကျသွားတယ်။ မလှုပ်မရှက် ပက်လက်ကလေး။

ကလေးရဲ့ဘေး ကြမ်းပြင်ပေါ်ပက်လက်လဲကျနေတဲ့ မိန်းမဘက်ကို ကျနော်ကြည့်လိုက်တယ်။ သူ့ရင်ဘတ်မှာ ထိထားတာတွေမြင်နေရတယ်။ အပေါ်ပိုင်းတခုလုံးသွေးတွေရွှဲနေတာ မြင်မကောင်းဘူး။ အားယူပြီးထထိုင်ဖို့ လုပ်လိုက် ပြန်လန်ကျသွားလိုက်နဲ့ဖြစ်နေတယ်။ သူ့ဘေးမှာတော့ ပစ်ချလိုက်တဲ့တပ်စိတ်မှူးက သေနတ်ကိုင် ပြီး မတ်တပ်ကြီးကြောင်နေတယ်။ ဘာမှလည်းမပြောဘူး။ ရုတ်တရက်ဆွံ့အသွားတဲ့လူတယောက်လိုပဲ သူ့ ကိုကြည့်ရတာ။ ကျနော်က မိုင်းရှာစက်နဲ့သေနတ်ကို ဘေးချလိုက်ပြီး အဲဒီမိန်းမကိုပွေ့ထူဖို့ သူ့ကျော အောက်လက်လျှိုလိုက်တော့ လက်တခုလုံးစေးထန်းထန်းနဲ့ နွေးကနဲဖြစ်သွားတယ်။ အတင်းပွေ့ထူပြီး ထိုင်ပေးဖို့၃-၄ခါလောက် လုပ်တာတောင်မရဘူး။ သေတော့ မသေသေးပါဘူး။ ဒါနဲ့ သူ့ကို သေသေချာချာ ကြည့်လိုက်တယ်။ ဗိုက်က ကွဲပြီးပွင့်ထွက်နေတယ်။ မိန်းမက သူ့ဗိုက်ကို၊ အဲဒါကြီးကို လက်တဘက်နဲ့ တအားဖိထားတယ်။

ကျနော်က ဒီလက်တောင့်ခံနေလို့ ထူ မရတာဖြစ်မယ်ထွက်ပြီး သူ့လက်ကို ဇွတ်ဖယ်ထုတ်တယ်။ သူက တင်းခံ ထားတယ်။ ကျနော်က ပိုအားစိုက်ပြီးထပ်လုပ်တယ်။ သူကလည်း ပိုပြီးလက်ကိုတောင့်ခံထားတယ်။ ဒါနဲ့ ကျနော်သူ့ဗိုက်ကို သေသေချာချာ ထပ်ကြည့်တယ်။ အမျိုးသမီးက ကိုယ်ဝန်ကြီးနဲ့ကိုး။ ကျနော်လည်း ဘေး ကကြောင်ကြည့်နေတဲ့ တပ်ကြပ်ကို “ဟေ့လူ.. ဘာလုပ်နေတာလဲ၊ နည်းနည်းကူဦးလေ” ဆိုတော့မှ သူလည်း အသက်ပြန်ဝင်လာတဲ့လူလို လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ မိန်းမဆီက အသံထွက်လာတယ်။ သတိပြန်လည် လာသလို မျက်လုံးတွေပွင့်လာတယ်။ ပါးစပ်ကလည်း ဗမာလိုပီပီသကြီး “မလုပ်ပါနဲ့.မလုပ်ပါနဲ့.ကလေးကို မသတ်ပါနဲ့” လို့အော်ပြီး အတင်းရုန်းးထလိုက်တာ မတ်တပ်ရပ်မိသွားတယ်။ ကျနော် ဘာလုပ်ရမှန်းမသိပဲ ကြောင်နေတုန်း အဲဒီမိန်းမ ဗိုင်းကနဲပြန်လဲကျသွားတယ်။ ပြန်ထဖို့လုပ်တယ်။ ကျနော်က သူ့ကို ရင်ဘတ် ကနေဖိပြီး ထမရအောင်လုပ်ထားရတယ်။ ပြန်ထမိရင်ပြန်လဲကျမှာလည်း စိုးနေတယ်။

အဲဒီအချိန်မှာပဲ တပ်စုမှူးရောက်ချလာတယ်။ သေနေတဲ့ကလေးကို၊ ကျနော့်ကို၊ မိန်းမကို၊ တပ်စိတ်မှူးကို တလှည့်စီကြည့်လိုက်တယ်။ အခြေအနေကို သဘောပေါက်သွားပုံရတယ်။ တပ်စိတ်မှူးကိုပြန်ကြည့်ပြီး “မင်းထိထားတာ အတော်များလား” လို့မေးတယ်။ တပ်စိတ်မှူးက “ရပါတယ် ဗိုလ်လေး”လည်းဆိုရော။ “မင်း ချန်ခဲ့၊ ဒုစိတ်မှူးနဲ့ ကျန်တဲ့ကောင်တွေ ရွာလည်လမ်းကိုဆက်ရှင်း၊ ဟေ့ကောင်..ဆေးတပ်သားခေါ်စမ်း” ဆိုပြီး အမိန့်ပေးတယ်။ ကျနော့်ကိုလည်း သွေးတွေပေနေတာမြင်လို့ထင်ပါရဲ့ “ဘီအီး..မင်းရောထိထားလား”တဲ့။ “မထိပါဘူး.. ဒီကသွေးတွေပါ”ဆိုပြီး ကျနော်က မိန်းမကိုထိုးပြလိုက်တယ်။ “အေး.. ဒါဆို မင်းဒီမှာ ခဏနေခဲ့၊ ဆေးတပ်သားလာလိမ့်မယ်၊ နည်းနည်းကူလိုက်ဦး” ဆိုပြီး အပြင်ပြန်ထွက်မလို့လုပ်နေတုန်း ဆေး တပ်သားဝင်လာတယ်။ နားကျပ်တွေဘာတွေထုတ်။ မိန်းမရင်ဘတ်ကို ထောက်ကြည့်။ လက်ကောက်ဝတ်ကို စမ်းကြည့်လုပ်နေတာတွေ တွေ့နေရတယ်။ မိန်းမက မျက်စေ့တော့မပွင့်ဘူး။ ပါးစပ်ကတော့ “မလုပ်ပါနဲ့…မလုပ်ပါနဲ့”လို့ပဲ ရေရွတ်နေတယ်။ ခဏနေတော့ ဆေးတပ်သားက တပ်စုမှူးကိုမော့ကြည့်တယ်။ “အခြေ အနေမကောင်းဘူး ဗိုလ်လေး”တဲ့။ စုမှူးက “မရတော့ဘူးလား”လို့ မေးတယ်။ "မလွယ်တော့ဘူး”လို့ သူကပြန်ဖြေတယ်။

စုမှူးလည်း ဘာလုပ်ရင်ကောင်းမလဲ ခနစဉ်းစားလိုက်ပုံရတယ်။ နောက်တော့ “မင်းတို့ကောင်တွေကလည်း လုပ်လိုက်ရင် အရမ်းချည်းဘဲ၊ ကလေးကပြဿနာမရှိဘူး၊ သေပြီ။ ဒီမိန်းမက ပြဿနာ” ဆိုပြီးတပ်စိတ်မှူး တပ်ကြပ်ကို လှည့်ကြိမ်းပါတယ်။ “ကျနော်လည်း ရုတ်တရက်ဆိုတော့..ရန်သူထင်ပြီး…” ပြောနေတဲ့ တပ်ကြပ် စကားမဆုံးလိုက်ပါဘူး။ “ဘာရန်သူဟုတ်လား၊ မင်းအမေ့လင်တွေကဟိုးမှာ၊ ကြာတယ်ကွာရှင်းပစ် လိုက်”ဆိုပြီး တပ်ကြပ်ကိုအမိန့်ပေးလိုက်တယ်။ ကျနော်ရော ဆေးတပ်သားပါ နောက်နည်းနည်းဆုတ်မိ ရက်သား ဖြစ်သွားတယ်။ တပ်ကြပ်က “ဟာ..ဗိုလ်လေး..ကျနော်.ကျနော်” ဆိုပြီး စကားတွေထစ်နေတယ်။ ဗိုလ်လေး က “မင်း. စ ထားတာလေကွာ၊ မင်း ဆုံးလိုက်” လို့ ခပ်တင်းတင်းအမိန့်ပေးတယ်။ သူ့လက်ကလည်း ခါးကပစ္စတိုလ်ပေါ်မှာ အသင့်အနေအထားနဲ့။ “ဗိုလ်လေး.. ကျနော့်မိန်းမလည်း ကိုယ်ဝန်ကြီးနဲ့.. ကျနော်.. ကျနော်..”ဆိုပြီး တပ်ကြပ်ဟာ ကတုန်ကယင်ကြီး ဖြစ်နေပါတယ်။ ဒီမှာတင် ဗိုလ်လေးက “ပေးစမ်း… ”ဆိုပြီး တပ်ကြပ်လက်ထဲကသေနတ်ကို ဆောင့်ဆွဲယူလိုက်တယ်။ သေနတ်ကကျည်ထိုးပြီးသား။ ပြီးတော့ အဲဒီမိန်းမရဲ့ ခေါင်းကိုချိန်ပြီး ဒိုင်း..ဒိုင်းနဲ့ ၂ ချက်ဆင့် ပစ်ချလိုက်တယ်။ မိန်းမလည်း ငြိမ်ကျသွားတယ်။ စုမှူးက သေနတ်ပြန်ပေးရင်း “ဟေ့ကောင် ဆေးတပ်သား ဒီမိန်းမက မင်းမရောက်ခင်ကတည်းက သေနေပြီနော်. ဟုတ်လား၊ ဘီအီးရော ဒီအတိုင်းပဲ ဟုတ်ပြီလား၊ ဒါပဲ ဒီ့ထက်ပိုပြီး ဘာမှမကြားချင်ဘူး.. ဟုတ်ပြီလား”

ကျနော် သွေးအိုင်ထဲကအလောင်းတွေကိုကြည့်ရင်း စိတ်ထဲမှာဘာမှန်းမသိတဲ့ ခံစားမှုတွေဖြစ်နေတယ်။ ကြောက်လည်းနည်း နည်းကြောက်နေတယ်။ ဘာကိုကြောက်တာလဲဆိုတာတော့ သေသေချာချာ မပြောတတ်ပါဘူး။ ဒါပေမဲ့ ကြောက်နေတယ်ဆို တာကိုတော့ ကျနော် သေသေချာချာကြီး သိနေပါတယ်။ မျိုးမြင့်

“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း၂) မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း၂) (မတ်လ ၁၆ရက် ၂ဝ၁၁ နေ့ လွတ် လပ်သောအာရှအသံမှလွှင့်ထုတ်ပြီးအသံလွှင့်ဆောင်းပါး) ကျနော် အဲဒီ ရွာပျက်ကြီး ၂ ခုကိုကြည့်ပြီး၊ ဗမာပြည်မှာ စီစီဝမ်တာပန်တွေ ဘယ် လာက်များနေပြီလဲလို့တွေးနေမိတယ်။ မြေပုံပေါ်မှာပဲရှိနေတော့ပြီး မြေပြင်ပေါ်မှာမရှိတော့တဲ့ရွာပျက်တွေ ကျနော်အများကြီးတွေ့ဖူးပါ
တယ်။ လူဆိုတာ ကိုယ်ချက်မြှုတ်ရာကိုယ့်ဇာတိမှာ ခေါင်းချချင်မှာပဲ လို့လည်းတွေးမိသေးတယ်။ အခြေအနေအရခေါင်းချရာနဲ့ချက်မြှုတ်
ရာ လွဲရတော့မယ်ဆိုရင်လူတွေဟာ အိမ်ကိုလွမ်း၊ ရွာကိုလွမ်း၊ ပြည်ကိုလွမ်း၊ မြေကိုလွမ်း၊ လွမ်းတတ်ကြတာကိုး။ စီစီဝမ် တာပန်သားတွေ လည်း ဒီအတိုင်းပဲနေမှာပေါ့။ ကျနော့်စိတ်က စီစီဝမ်တာပန်သားတွေဆီကနေ နာ့အော်ကြီး-နာ့အော်လေး က ရွာသားတွေဆီကို ရောက်သွားပါတယ်။

နာ့အော်ကြီး-နာ့အော်လေးဆိုတဲ့ရွာတွေက နမ္မတူခရိုင်၊ မန်တုံဂွင်ထဲကရွာတွေပါ။ ရှမ်းပြည်မှာ ရှမ်းလူမျိုးတွေ သာမက လူမျိုး စုံနေကြတာပါ။ ဂွင်အလိုက်အများစု နေတတ်ကြတဲ့ပုံစံမျိုးလည်း ဖြစ်ပါတယ်။ မန်တုံဂွင်မှာ တော့ ပလောင်က အများစုဖြစ်မယ် ထင်ပါတယ်။

ကျနော် ဒီဂွင်ကို ခ.လ.ရ (၄) (မန္တလေး) ပုသိမ်ကြီးကတပ်နဲ့တွဲတုန်းက ရောက်ခဲ့တာပါ။ တပ်ရင်းမှူးကဒုဗိုလ် မှူးကြီး မောင်မောင်စိုး။ ဒုရင်းမှူးအပါအဝင် တခြားသူတွေကို ကောင်းကောင်းမမှတ်မိတော့ပေမဲ့ တပ်ခွဲမှူး ဗိုလ်ကြီးလှမြင့်ကိုတော့ အခုထက်ထိမှတ်မိနေတုန်းပါပဲ။ အသားညိုညို၊ လူကောင်ထွားထွား၊ ကျောက်ပေါက်မ သဲ့သဲ့၊ စကားပြောရင် ကျယ်ကျယ်ကြမ်းကြမ်း။ မူးလာရင် “ဗ.က.ပအသဲ မီးကင်စားလာတဲ့ကောင်ကွ” လို့ အမြဲပြောတတ်သလို၊ အမြဲလိုလိုလည်း မူးနေတတ် ပါတယ်။ တပ်ရင်းမှူးရဲ့ညာလက်ရုံးလို့လည်း ပြောသံကြား ရရဲ့။

နာ့အော်လေးကို စစ်ကြောင်းဝင်ခါနီးတော့ ရင်းမှူးကကျနော့်ကို ပွိုင့်တပ်ခွဲနဲ့လိုက်ဖို့ပြင်ခိုင်းပါတယ်။ စစ်အင်္ဂျင် နီယာဆိုတာက တိုက်စစ်မှာရှေ့ဆုံးက၊ ခွာစစ်ကျတော့နောက်ဆုံးကနေ ဖြစ်ပါတယ်။ တိုက်စစ်မှာ မိုင်းရှင်းရ တာ၊ ခံစစ်စည်းရိုးဖေါက်ခွဲပေး ရတာမျိုးတွေ လုပ်ရသလို။ ခွာစစ်မှာ ကိုယ့်နောက်က ရန်သူလိုက်မလာနိုင် အောင် မိုင်းထောင်တာ၊ တံတားချိုးတာ၊ လမ်းဖျက်တာတွေလုပ်ရပါတယ်။ ၂ ခုစလုံးက သေမင်းနှုတ်ခမ်း နမ်း ရသလိုမျိုးပါ။ ဒါနဲ့ ကျနော်လည်း သေနတ်၊ အီကွင့်ပ်မင်န့်၊ မိုင်းရှာစက်တွေပြင်ပြီး ပွိုင့်တပ်ခွဲမှူးဆီ သတင်းသွား ပို့ပါတယ်။ “ဟေ့ကောင် ဘီအီး.. မင်းစစ်တိုက်ဖူးလား”လို့ မေးတော့ ကျနော်က “မတိုက်ဖူးဘူး..ဗိုလ်ကြီး”လို့ ပြန်ဖြေလိုက်ပါတယ်။ “အေး..ဒါဆို ပွိုင့်တပ်စုသွား၊ စုမှူးကိုသတင်းပို့၊ သူခိုင်းတဲ့အတိုင်းလုပ်၊ ရွာထဲမှာရန်သူရှိ တယ်၊ ကြားလား”တဲ့။ ကျနော်လည်း နည်းနည်းတော့လန့်သွားတယ်။ ရွာထဲမှာရန်သူရှိတယ်ဆိုပါလား။

ပွိုင့်တပ်စုမှူးက အလုပ်သင်ဗိုလ်။ စစ်တပ်မှာ အလုပ်သင်ဗိုလ်တွေကို ဗိုလ်လေးလို့ခေါ်ရပါတယ်။ အဲဒီဗိုလ် လေးက စစ်ဗိုလ်ပုံထက် လမ်းသရဲပုံပိုပေါက်ပါတယ်။ ပစ္စတိုလ်ကိုလည်း ကောင်းဘွိုင်မင်းသားလို ခါးမှာတို့ လို့တွဲလောင်းချိတ်လို့။ ကျနော် သူ့ကိုသတင်းပို့တော့ တပ်စုတပ်ကြပ်ကြီး ရိုင်းဗဟာဒူးကိုခေါ်ပြီး “သူလိုတာ လုပ်ပေးလိုက်.ဆရာကြီး” ဆိုပြီး အပ်လိုက်ပါတယ်။ ရိုင်းဗဟာဒူးက တည်ငြိမ်အေးဆေးတဲ့ပုံပါ။ “စားပြီးပြီလား၊ မစားရသေးရင်ရော့”ဆိုပြီး ကောက်ညှင်းထုတ် တထုတ်ပေးတယ်။ ကျနော်က “မစားတော့ပါဘူးဆရာကြီး” ဆိုတော့ “ရော့.. တခွက်နှခွက်လောက်တော့ချထား၊ အထိအတွေ့ဘာမှမရှိရင်တော့ ဆက်ထွက်မယ်ထင် တာပဲ” ပြောပြီး ဗူးတဗူးပေးတယ်။ ဒါနဲ့ ကျနော်လည်း ၃ ပက်စာလောက် တချက်တည်းမော့ချလိုက် တယ်။ သွေးပူပြီး လူလည်းဖျတ်ဖျတ်လတ်လတ် ဖြစ်သွားပါတယ်။

အချိန်က နေ့လည်တနာရီလောက်ရှိနေပါပြီ။ ကျနော်တို့ပွိုင့်တပ်စုလည်း ရွာနားကပ်နေပါပြီ။ ရွာစွန်ကအိမ် တချို့နဲ့ ရွာ့နောက်ပိုင်း တောင်စောင်းကအိမ်တွေကိုလည်းရှင်းရှင်းမြင်နေရပါပြီ။ ရွာထဲက ဆန်ကြိတ်စက် အင်ဂျင်သံနဲ့အတူ ခွေးဟောင်သံသဲ့သဲ့ လည်းကြားနေရပါပြီ။ ရွာထဲကလူတွေ ကျနော်တို့ ရွာခြေမှာကပ်မိနေ ပြီဆိုတာကို သိ/မသိတော့ ကျနော်လည်းမပြောတတ်ပါဘူး။ ရိုင်းဗဟာဒူးက ရှေ့ကသွားနေတဲ့တပ်စိတ်မှူးကို လမ်းဘေးကိုဖဲ့ဆင်းဖို့ လှမ်းအချက်ပြလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ ရွာစပ်ချုံကွယ်တွေကြားက သေနတ်သံတွေ “ဝေါ” ကနဲ ထွက်ချလာပါတော့တယ်။ ကျနော် လည်း ဖျတ်ကနဲ ဝမ်းလျားမှောက်ချလိုက်တယ်။ ပွိုင့်တပ်စိတ်ကနေ ပြန်ပစ်သံတွေလည်း ဆူညံပွက်သွားတာ ပဲ။ သေနတ်ကိုသာ လက်ကတင်းတင်းဆုတ်ထားပေမယ့် ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ်။ ရင်တွေက
တော့ တဒိုင်းဒိုင်းခုန်နေပါတယ်။ ကျနော့် ပတ်လည်မှာတော့ “တက်..တက်”အော်သံတွေ မော်တာလောင် ချာသံတွေ သေနတ်သံတွေယမ်းနံ့တွေ ဆူညံမွှန်ထူနေပါတယ်။ ၁၅ မိနစ်လောက်ကြာတော့ တဘက်က ပစ်ခတ်သံတွေ ဖြည်းဖြည်းချင်းဝေးဝေးသွားပါတယ်။ ကျနော်တို့တပ်စုလည်း ရှေ့ကို တဖြည်းဖြည်းတိုးလိုက် လာပါတယ်။ ကျနော်တို့တစုလုံး ရွာထဲရောက်သွားတော့ တဘက်ကသေနတ်သံတွေက ရွာအစွန်တောင် ကုန်းတွေပေါ်ရောက်သွားပြီ။ သဘောကတော့ ရွာကိုကျနော်တို့စီးမိလိုက်ပြီပေါ့။ ကျနော်တို့ဘက်မှာ အထိ အခိုက်ရှိမှန်းတော့ သိလိုက်ပါတယ်။ ဒါပေမယ့် ဘယ်သူလဲဘယ်နှယောက်လဲဆိုတာတော့ ကျနော်မသိ။

တပ်စုမှူးက ကျနော့်ကို “ဘီအီး..မင်းပွိုင့်စိတ်နဲ့လိုက်သွား”လို့ပြောပြီး ပွိုင့်တပ်စိတ်ကို “ဆန်စက်နဲ့ရွာလယ် လမ်းကိုဝင်ရှင်း” ဆိုပြီး တဆက်တည်းအမိန့်ပေးပါတယ်။ တပ်စိတ်မှူးကိုကြည့်လိုက်တော့ လက်ဖျံနဲ့ပေါင်မှာ ထိထားပုံပဲ။ သွေးတွေလည်းရွှဲလို့။ ဒေါသလည်း ဖြစ်နေပုံပါပဲ။ “ကျုပ်တို့အခု အရင်ဆုံးဆန်စက်ကိုဝင်စီးမယ်၊ အထဲရောက်မှကြည့်ကျက်လုပ်တာပေါ့။ အရင်ဆုံးအထဲရောက်ဖို့လိုတယ်”လို့ပြောပြီး ရှေ့ဆုံးကနေ ကာဘိုင် နဲ့ပစ်ရှင်းရှင်းပြီး တံခါးကိုဆောင့်ကန်ထည့်လိုက်ပါတယ်။ တံခါးလည်းပွင့်ရော သူ့ နောက်ကရဲဘော် ၂ ယောက်နဲ့အတူ အိမ်ထဲကိုဒလောဟော ပစ်သွင်းတော့တာပါပဲ။ ကျနော်က သူတို့ဘေးမှာရပ်လျက်သား။ နောက်တော့ “ဝင်..ဝင်”ဆိုပြီး သူကအရင် အိမ်ထဲဝင်ချလိုက်ပါတယ်။ ဘာသံမှမကြားရပဲ တိတ်ဆိတ်နေ ပုံကြီးက စိတ်ချောက်ခြားစရာကြီးပါပဲ။ ရှေ့ဘက်အခန်းရှင်းအပြီး သေနတ်ကိုယ်စီနဲ့ နောက်ဖက်အခန်းကို ဝင်လိုက်တယ်ဆိုရင်ပဲ ရေဖြည့်ထားတဲ့ရာဝင်အိုးကြီးတွေနောက်က ရုတ်ကနဲအရိပ်ကနဲတခုအလှုပ်၊ ကျနော်ကြမ်းပြင်ပေါ်မှောက်အချ၊ တပ်စိတ်မှူးသေနတ်ပြောင်းက ကျည်ဆန်တွေဝေါကနဲ ထွက်အလာ။ အားလုံး ဝရုံးသုန်းကား ဖြစ်သွားပါတော့တယ်။
မျိုးမြင့်

“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၁)မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း၁) (မတ်လ ၉ ရက် ၂ဝ၁၁နေ့ လွတ် လပ်သောအာရှအသံမှလွှင့်ထုတ်ပြီးအသံလွှင့်ဆောင်းပါး)
၁၉၈၄ ခုနှစ် ဖေါ်ဝါရီလ ၁၈ ရက်၊ မနက် ၁ဝ နာရီ ၁၈ မိနစ်။ “ဝုန်း”ကနဲ ပေါက်ကွဲသံနဲ့အတူကျနော့်တကိုယ် လုံးမြင်းကန်ခံလိုက်ရသလို လွင့် ထွက်သွားပါတော့တယ်။ မျက်စိတွေပြာပြီး ပတ်ဝန်းကျင်တခုလုံး ယမ်းငွေ့ ကန့်လန့်ကာ ဖုံးချလိုက်သလိုမှောင်အတိ။ မြေကြီး ပေါ် “ဘုန်း”ကနဲ ပက် လက်ပြန်ကျကျချင်း "ဟ..ငါဘာဖြစ်တာပါလိမ့်"လို့ ကျနော် ချက်ချင်း မတွေးမိသေးဘူး။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ဖြစ်မှန်းလည်းမသိဘူး။ အားယူပြီး အတင်းကျုံးထမယ်လုပ်တော့မှ ညာခြေထောက်က ဆတ်က နဲလေထဲမြောက်တက်လာတာ။ တကယ့်ကိုပေါ့ပေါ့လေး။ ခြေထောက်ကိုကြည့်လည်းကြည့်လိုက်ရော ဒူးဆစ် အောက်ကနေပြတ်ထွက်သွားပြီ။ “ဟာ…ငါ့ ခြေထောက် ပြတ်သွားပါလား” ဆိုတာကိုလည်း အဲတော့မှ သိ လိုက်ရတာ။ ပြီးလည်းပြီးရော လူက သွေးရူးသွေးတမ်းနဲ့ ဟိုကြည့်ဒီကြည့်တွေ လိုက်ကြည့်မိတယ်။ ကျနော်နဲ့ ၄ ကိုက်လောက်မရှိတရှိ၊ ယမ်းငွေ့တွေကြား၊ တောစီးဖိနပ်စွပ်ရက်သား ပြတ်နေတဲ့ခြေတဖက်က မြေကြီးပေါ် မှာကျလို့။ ကျနော့်အကြည့်က ကိုယ်မှာကျန်နေသေးတဲ့ ခြေထောက်တဖက်ဆီကို ပြန်ရောက်လာတယ်။ အသားစတွေကဖွာလန်ကျဲလို့။ တိုးလို့တွဲလောင်း၊ သက်ကယ်ခြောက်တွေ မြေကြီးခဲအစအနတွေက သွေးတွေ နဲ့ကပ်ပြီးမြင်မကောင်း။ သွေးတွေပန်းထွက်နေတဲ့ ငုံးတိတိခြေပြတ်ကြီးက တဆတ်ဆတ်နဲ့တုန်နေတယ်။ ဆက်တိုက်ဆိုသလိုပဲ စက်လတ်အတွဲလိုက်ဆွဲချသံတွေ ညံထွက်လာတယ်။ ကျည်ဆန်တွေ ကျနော်လဲကျနေ တဲ့နေရာနဲ့ ၃ ကိုက်လောက်မှာ လာလာထောက်နေပါလား။ မဖြစ်သေးဘူး “မှောက်မှ”ဖြစ်မယ် ဆိုတဲ့အသိနဲ့ ကျနော် ညာဘက်ကိုစောင်းချလိုက်တယ်။ ဒီတော့မှ ညာဘက်လက်ကိုလည်း တွေ့လိုက်ရတော့တာ။ ညာ လက် တတောင်ဆစ်အောက်ကနေ ပြတ်ထွက်သွားပါရောလား။ စိတ်ထဲက “ဟာ”လို့ အော်လိုက်မိတယ် ထင်တာပဲ။ ပြတ်ထွက်သွားတဲ့ညာလက်ကို ဘယ်လက်နဲ့ဆွဲပွေ့၊ ရင်ဘတ်ပေါ်ဆွဲကပ်၊ ပြီးတော့ ကုန်းစောင်း အတိုင်း ကျနော်လှိမ့်ချလိုက်တယ်။ တခုခုနဲ့တိုက်မိပြီး အရှိန်သေသွားတော့မှ လက်နှစ်ဘက်လုံးရင်ဘတ် အောက်ထိုးထဲ့ပြီး ငြိမ်နေလိုက်တယ်။ လူလည်းတော်တော့် ကိုမောနေတယ်။ သတိတော့မလစ်ဘူး။ ဘာဖြစ် သွားတာလဲ။ ဘာတွေဖြစ်နေတာလဲ မသိသေးဘူး။ လူသံ၊ အော်သံဟစ်သံ၊ ပစ်သံခတ်သံတွေနဲ့နားတွေအူပြီး တလောကလုံး ငရဲပွက်နေမှန်းတော့သိနေတယ်။

အရှင်လတ်လတ်မီးမြှိုက်ခံရတဲ့အတိုင်း ကျနော့်တကိုယ်လုံးပူနေတယ်။ နာတော့မနာဘူး။ နောက်တော့ တယောက်ယောက် ကျနော့် ကိုပွေ့ချီလိုက်တယ်။ စုတ်သပ်သံလိုလို၊ ငြီးတွားသံလိုလိုအသံတွေ၊ “ဒီမှာဒီမှာ.” ဆိုတဲ့အသံတွေက နားထဲဗလုံးဗထွေး ဝင်နေတယ်။ တယောက်ယောက်က “ဘယ်ဘက်လက်.. ဘယ်ဘက် လက်” လို့ ပြောသံကြားတယ်။ ဘာပါလိမ့်ဆိုပြီး ဘယ်လက်ကို ကြည့်လိုက်တော့မှ.. ဘယ်လက်ချောင်းတွေ ကြေမွနေတာ၊ လက်သူကြွယ်လေးက ပြတ်ထွက်မသွားသေးပဲ အရေပြားတန်းလန်း လှုပ်တုပ်လှုပ်တုပ်ဖြစ်နေ တာ၊ ကိုယ့်အသားကို ကျပ်ကျေးနဲ့တရွှပ်ရွှပ်ညှပ်နေတာကိုလည်းသိနေတယ်။ မေ့ဆေးမရှိ။ ထုံဆေးမရှိ။ အစိမ်းလိုက်။ ၁ဝ မိနစ်လောက်ရှိတော့ စ နာလာပြီ။ စစချင်းတော့ ခပ်ဖြည်းဖြည်း ။ နောက်တော့ တကိုယ် လုံးနေရာအနှံ့။ မခံနိုင်တော့ဘူး။ အခုနေ သေသွားရင်ကောင်းမှာပဲလို့ ကျနော် တွေးမိလိုက်တယ်။

“မင်း..ဘယ်နေ့ စစ်ကြောင်းပါတယ်။ ခ.လ.ရ(၉)နဲ့။ စစ်ကြောင်း (၂)။ စီစီဝမ်တာပန်။ အီကွပ်မင်န့်ပြင်ထား” လို့ ခွဲအရာခံဗိုလ်ရုံးက ခေါ်ပြောတဲ့အချိန်က ကျနော့်စိတ်တွေ ပုံမှန်အတိုင်းပါပဲ။ ကျနော်က စစ်ကြောင်းကြောက် သူမဟုတ်။ ကျနော်တို့ စစ်မြေပြင်အင်္ဂျင်နီယာတပ် တွေမှာ တိုင်းလက်အောက်ခံတပ်တွေကို တိုင်းတပ်တွေ လို့ခေါ်ပြီး၊ တပ်မလက်အောက်ခံ တပ်တွေကိုတော့ တပ်မတပ်တွေလို့ခေါ်ပါတယ်။ ကျနော့်တပ်က အမှတ်(၉ဝ၉)စစ်မြေပြင်တပ်ခွဲ(အင်္ဂျင်နီယာ)။ တပ်မ (၉၉)လက်အောက်ခံတပ်ခွဲ။ တပ်ခွဲမှူးက ဗိုလ်မှူးဇော်ဝိတ်။ တပ်မ(၉၉) နောက်တန်းဋ္ဌာနချူပ်က မိတ္ထီလာမှာ၊ ရှေ့တန်းဋ္ဌာနချူပ် ကတော့ ကွတ်ခိုင်။

ကျနော်တို့က(၉၉) လက်အောက်ခံတပ်တွေနဲ့တွဲပြီး ရှေ့တန်းထွက်ရတာကို “စစ်ကြောင်းပါတယ်” ။ (၉၉)လက်အောက်ခံ ဗျူဟာ(၃) ခုနဲ့တွဲရတာကိုတော့ “ဗျူဟာပါတယ်”လို့ခေါ်ပြီး၊ ရှေ့တန်းတပ်မဋ္ဌာနချူပ်နဲ့ သွားတွဲ ရတာကိုတော့ “တပ်မပါတယ်” ဆိုပါတယ်။ ဗျူဟာတို့ တပ်မတို့ပါတယ်ဆိုရင်တော့ အေးအေးဆေးဆေးပါပဲ။ နောက်တန်းကလူတွေနဲ့ အဆက်အသွယ်မပြတ်။ တခြားအကြံအဖန်လေးဘာလေးလည်း ရသေးတယ်လေ။ အိမ်ထောင်သည်တွေကျတော့ ယဉ်တန်းကြုံရှိရင် နောက်တန်းက မိန်းမတွေလိုက်လာပြီး ခဏတဖြုတ်အတူ နေလို့လည်းရတယ်။ မိန်းမတွေအပြန်မှာ တရုပ်ပစ္စည်းလေးတွေ ဝယ်ထဲ့ပေးလိုက်၊ မန္တလေးကျ ပြန်ရောင်း၊ အမြတ်ကလေးစို့စို့ပို့ပို့။ လူပျိုတွေကျတော့လည်း မြို့နားမြို့ပေါ်နေရင်း မိန်းမပိုးချိန်ရည်းစားရှာချိန်လည်းရ။ “ဗျူဟာတပ်မ”တွဲရင်း တိုင်းရင်းသူတွေနဲ့ညားကုန်ကြတဲ့ လူပျိုတွေလည်းအများသားပေါ့။ ဆိုတော့ “တပ်မ ဗျူဟာ” ဆိုရင် လိုက်ချင်သူပေါတာဘာမှမဆန်း။ “စစ်ကြောင်းပါတယ်”ဆိုရင် မျက်နှာမသာ။ သေဖို့၊ ဒဏ်ရာ ရဖို့ ပိုနီးတာကိုး။ ဒါ့ကြောင့် တပ်မှူးက အကြပ်တပ်သားတိုင်းကို “စစ်ကြောင်းနဲ့တပ်မဗျူဟာ” အလှည့်ကျ ထဲ့ပေးရမယ်ဆိုပြီး အမိန့်ထားရတာပေါ့။ တပ်မဗျူဟာဆိုတာက လူကြီးနားနေရတာဆိုတော့ လူရွေးတိုင်း ဖြစ်နိုင်သမျှ အသောက်အစားကင်းသူတွေကို ဦးစားပေးရွေးရမယ်လို့ ကန့်သတ်မိန့်တော့ရှိတယ်။ ကျနော်က မကင်းဘူး။ မူးလာရင်နည်းနည်းလည်း “ရစ်”တတ်သေးတယ်။ ဆိုတော့ ကျနော့်စစ်သက်တလျှောက်လုံး “တပ်မဗျူဟာ” တခါမှမပါခဲ့ဖူးဘူး။ “မပါနိုင်မယ့်အတူတူဆိုပြီး” ကျနော်က စစ်ကြောင်းပဲတောင်းလိုက်တာ
ပေါ့။ တပ်ရင်းတရင်းရှေ့တန်းထွက်ပြီဆိုရင် ကျနော်တို့စစ်အင်္ဂျင်နီယာ၊ ဆက်သွယ်ရေးနဲ့ ဆေးတပ်သား ၄ ဦးစီတွဲပြီး လိုက်ရပါတယ်။ ရှေ့တန်း ရောက်ပြီဆိုတာနဲ့ စစ်ကြောင်း ၂ ကြောင်းပြန်ခွဲ။ တွဲဘက်စစ်သည် တွေလည်း တကြောင်းမှာ ၂ ယောက်စီပြန်ခွဲ။ ဒီလိုနဲ့ ဒီတပတ်လည်း အရင်တပတ်လိုပေါ့လေ။ ကျနော့် အတွက်တော့ သိတ်မဆန်းပါဘူး။

သွားရမယ့်နေရာက စီစီဝမ်တာပန် မဆုတ်တမ်းခံစစ်စခန်းတဲ့။ ကျနော်ရောက်ဖူးချင်တဲ့စခန်း။ စစ်တိုင်း အလိုက်အရပြောရင် အရှေ့မြောက်ဒေသ။ မြန်မာပြည်မြေပုံအရပြောရင် ရှမ်းပြည်မြောက်ပိုင်း။ ကွတ်ခိုင်နဲ့ မူဆယ်အကြား။ မိုင်းယု(၁ဝ၅) မိုင်ရောက်ရင် ယဉ်တန်းကဆင်း ၈ နာရီလောက်လျှောက်ရင် စီစီဝမ်တာပန် အောက်ခြေက ရွာကိုရောက်ပြီ။

“အဲဒါပဲ..စီစီဝမ်တာပန်ဆိုတာ”။ ဆိုတဲအသံကြောင့် ကျနော်လှမ်းကြည့်ဖြစ်လိုက်တယ်။ လွင့်နေအောင်မြင့်တဲ့ ညိုမှောင်မှောင် တောင်တန်းကြီး။ စတက်လိုက်တာနဲ့ အရင်ဆုံးရောက်တာက တင်ရွှေကုန်း။ ဗ.က.ပနဲ့ မီးကုန်ယမ်းကုန် တိုက်ခဲ့တဲ့ပွဲတပွဲမှာ စစ်တပ်ကကျခဲ့တဲ့ ဗိုလ်ကြီးတင်ရွှေကိုဂုဏ်ပြုပြီး ဒီကုန်းက “တင်ရွှေ ကုန်း”ဖြစ်လာတာပါ။ တပ်စု ၂ စုစာအင်အားနဲ့ တပ်ခွဲမှူးရုံးစိုက်ထားတယ်။ အဲဒီကနေ ဆက်တက်ရင် တပ် စိတ်တွေလောက်ထားတဲ့ ကြားစခန်း(၁-၂-၃-၄)။ စစ်ကြောင်းမှူးရုံးထိုင်ရာ ဘိန်းမုန့်ကုန်း။ နောက်တော့ တပ်ခွဲ မှူးရုံးနဲ့တပ်စု ၂ စု ထိုင်တဲ့ ဇော်ဝင်းကုန်း။ ဘိန်းမုန့်ကုန်းရဲ့ ညာဘက်မှာ အရံခံစစ်စခန်းငယ် (၄) ခု။ အားလုံးကို တစုတည်းအနေနဲ့ပြောတော့ စီစီဝမ်တာပန်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အသေအကြေတိုက်ယူပြီးနောက်ပိုင်း မဆုတ်တမ်းခံစစ်အဖြစ် တပ်ထောင်တာဗိုလ်ထုနဲ့ စီးနင်းထားရာစိုးမိုးကုန်း။ မူဆယ်လားရှိုးလမ်းမကြီးရဲ့ အချက်အခြာဒေသ။

ဘိန်းမုန့်ကုန်းရဲ့တဖက်တချက်မှာ စီစီဝမ်နဲ့တာပန် ခေါ်တဲ့ရွာပျက်ကြီး ၂ ခု။ တချိန်က ဒီရွာတွေမှာကြားခဲ့ရမယ့် မောင်းထောင်း သံ၊ ကလေးအော်သံခွေးခေါ်သံ၊ တေးချင်းဆိုသံ၊ လူပျိုလှည့်သံ၊ ကြက်တွန်သံတွေတော့ မရှိတော့။ မကြားရတော့။ ဒီနေရာမှာ အရင်တုန်းက လူတွေနေခဲ့ဖူးတယ်လို့ သက်သေပြစရာတချို့ကလွဲလို့ ပကတိတိတ်ဆိတ်ခြင်းမင်းမူနေတဲ့ သုဿန်တစပြင်ကြီးလို။ မီးကျွမ်းအိမ်တိုင်ငုတ်တိုတွေ၊ ကျည်ဆံရာဗလပွ ပင်စည်တွေ၊ အရာရာအလှမဲ့နေတဲ့ စစ်မက်အနိဋ္ဌာရုံတွေပြွမ်းနေတဲ့ စီစီဝမ်တာပန်။
မျိုးမြင့်

Friday, April 8, 2011

“တောင်းပွဲတိုက်ပွဲနှင့်ခြင်းထဲကကြက်များ” (ဧပြီ ၈။ ၁၁။ မျိုးမြင့်ချို)

0 comments
တလောက လွတ်လပ်သောအာရှအသံ၏စီစဉ်ပေးမှုကြောင့် ဦးဝင်တင်နှင့်ရေဒီယိုစကားပြောခန်းတခုတွင်ပြောခွင့်ရခဲ့၏။ ကိစ္စက နိုင်ငံရေးအကျဉ်းသားအစ်ရှူး။ မိတ်ဆက်ပြီးနောက် သူ့ဘက်မှပြောစရာ များပြောပြသွားသလို ကျနော့်ဘက်ကလည်း တင်ပြစရာများ တင်ပြဆွေးနွေးဖြစ်ခဲ့၏။ ရသည့်အချိန်အတွင်း သူရောကျနော်ပါ ပြောလိုသလောက် ပြောချင်သလောက်ပြော၍ မဖြစ်နိုင်ခဲ့ကြ။ အချိန်အကန့်အသတ်အတွင်းမို့ သူ့ဘက်တွင်ပြောစရာများ ကျန်နေသေးသလို ကျနော့်ဘက်တွင်လည်းဆွေးနွေး လိုသည်များ တို့လို့တန်းလန်းဖြစ်ကျန်ခဲ့၏။ အားမလိုအားမရဖြစ်ကာ နောက် တကြိမ်ပြောခွင့်ကြုံရင်ဖြင့် ပြောဖြစ်အောင်ပြောမည်ဟု အားခဲပြီးနေလိုက်ရသော်လည်း ဘဝင်ကမကျ။

အမေရိကန်ပြည်ထောင်စု ဝေါ်ရှင်တန်ဒီစီ(ဂျော့ခ်ျဝေါ်ရှင်တန်တက္ကသိုလ်တွင်) ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့များတွင်ကျင်းပ ခဲ့သည့် ယူအက်စ်ကင်ပိန်းဖေါ်ဘားမား၏ နှစ်ပတ်လည်ညီလာခံနှင့်ဗမာ့အရေးဆွေးနွေးပွဲသို့ တက်ရောက်ခွင့်ရခဲ့၏။ ဆွေးနွေးပွဲ တွင် အမေရိကန်ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်နှင့် သမတဘုရှ်လက်ထက် အမျိုးသားလုံခြုံရေးကောင် စီမှ ဒေါက်တာမိုက်ကယ်လ်ဂရင်းတို့နှင့် တက်ရောက်သူများ အမေးအဖြေကကဏ္ဍတခုလည်းပါ၏။ နောက်တကြိမ်ပြောခွင့်ကြုံ သည်ဟုတွေးပြီး နိုင်ငံရေးအကျဉ်းသားအစ်ရှူး ပြောဖြစ်ခဲ့၏။ လှိုက်လှဲသည့်တုန့်ပြန်ချက်အတွက်လည်း စိတ်တွင်နွေးနွေးထွေးထွေးဖြစ်မိ၏။

နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးပါဟု တလျှောက်လုံးတောင်းဆိုလာခဲ့ကြ၏။ မလွတ်။ မလွတ်သဖြင့် အကျိုးမရှိ။ အကျိုးမရှိ သဖြင့်အပိုအလုပ်။ အပိုအလုပ်သည်အလုပ်မဖြစ်ဆိုပြီး ထားလိုက်မည်ဆိုလျှင်လည်းမဟုတ်သေး။ တောင်းရုံဖြင့်မလွတ်နိုင်ကို သိသိနှင့် ဘာကြောင့်တောင်းဆိုနေရသနည်း။ ရှင်းပါသည်။ အနိုင်တိုက်ပြီးမိမိလက်ဖြင့် ထောင်တံခါးများမဖွင့်နိုင်သေး။ သော့ကိုင် ထားသူက ဖြစ်နိုင်လျှင်နိုင်ငံရေးသမားတွေ သူ့မျက်စေ့အောက်မှာအသက်ပျောက်တာကိုမြင်လို၏။ အရှင်ထွက်ထက် အသေထွက် သာမြင်ချင်၏။ နောက်ဗူးကသာထုတ်ပေးလို၏။

သူ့မျက်စေ့အောက်မှာ အသက်ပျောက်တာလည်းမခံချင်၊ အရှင်ထွက်ဖြင့်အရှေ့ဗူးကထွက်လာစေချင်တော့ သော့ကိုင်ထားသူကို နားပူနားဆာလုပ်ရ၏။ အပေးအယူလုပ်ရ၏။ စကားပြောရ၏။ ဈေးဆစ်ရ၏။ အလျော့အတင်းလုပ်ရ၏။ ဒါကိုပဲ နိုင်ငံရေးဝေါဟာရ အရ တောင်းဆိုသည်ဖြစ်ရ၏။ လူမှုရေးတို့၊ လူသားချင်းစာနာမှုတို့ကျတော့တမျိုး။ မေတ္တာရပ်ခံသည်တို့ စာနာထောက်ထား စိုးရိမ် ပူပန်မိတို့ဖြစ်ရ၏။ ကိုယ့်လက်ကိုယ့်ခြေ မဖြစ်နိုင်သေးသ၍ "တောင်းဆိုခြင်းနှင့်မေတ္တာရပ်ခံခြင်း" တလှည့်စီရှိနေရဦးမည်ထင်၏။

လွတ်လပ်ချင်လျှင် “ရှိစုမဲ့စုတကိုယ်စာလွတ်လပ်ခွင့်ကလေးကို အရင်းတည်ပြီးအရင်တိုက်” ဆိုသည့်ဆိုရိုး စကား ရှိ/မရှိတော့ မသိ။ ဗမာပြည်တွင် တကိုယ်စာလွတ်လပ်ခွင့်ကလေးအရင်းတည်တိုက်ရင်း တဘဝလုံးချကျွေးသူများ၊ ယခင်၊ ယခုနှင့်နောင်တွင် ရှိခဲ့၊ ရှိနေ၊ ရှိနေရဦးမည်။ ထိုသူတို့အတွက် “တိုက်သူကတိုက်”နေသလို “တောင်းသူကလည်းတောင်း”နေရဦးမည်။ နိုင်ငံရေး ဆိုသည့် သဘောတွင် “တောင်းပွဲရောတိုက်ပွဲ”ပါ အကျုံးဝင်၏။

သော့ကိုင်ဘက်ကလည်း မြက်မြက်ကလေးရလျှင် ဈေးစကားပြောချင်၏။ သူက နိုင်ငံရေးအကျဉ်းသားတွေကို ဓါးစာခံလုပ်ပြီး အပေးအယူတိုင်းတွင်ဈေးဆစ်၏။ ၂ ဘက်စလုံးတွင်လည်း ဗမာ့နိုင်ငံရေးအပြောင်းအလဲအတွက် ထိုသူတို့မည်မျှအရေးပါကြောင်း ကိုသိမြင်ထား၏။ ဤတွင် နိုင်ငံရေးဈေးကွက်ပေါ်လာ၏။ ဈေးကွက်၏ဖလှယ်ကုန်ကား ထိုသူတို့ဖြစ်လာပြန်၏။ ဤတွင် ဈေး စကားပြောရ၊ အပေးအယူတွေလုပ်ကြရ၊ ဈေးညှိတာတွေလုပ်လာကြရတော့၏။

ရနိုင်သမျှထစ်ထားပြီး နောက်ဆုံးလွှတ်ရတော့မည့်အချိန်လေးအထိ အမြတ်ထုတ်တတ်သည့် သူတို့၏အကြောကို နောကြေလာ သည့်အလျှောက် တောင်းသည့်နေရာတွင်လည်း လွှတ်ပေးပါဟုရိုရိုးပြောလို့မဖြစ်မှန်း သိမြင်ရန်လိုမည်ထင်၏။ “လွှတ်ပေးပါ” “Free” ဆိုသည့် ကြိယာပုဒ်တွင် “ခြွင်းချက်မရှိ” “Unconditional” ဆိုသည့် ဝိသေသနထပ်ဖြည့်ရန်လို၏။ ထိုသို့ အစကတည်းက ဈေး “ဆိုင်” မထားလျှင် သူ့ဘက်ကအဆုတ်အတက်သာ၏။ ထို့ကြောင့် တောင်းဆိုချက်သည် “နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိလွှတ်ပေးရေး” ဖြစ်ရလိမ့်မည်ဟုမြင်၏။

သူတို့လက်သူတို့ခြေ သူတို့လူတွေနှင့်အပိုင်တွက်ပြီးအနိုင်ပိုင်းခဲ့သည့် ၂ဝ၁ဝ ဇာတ်ထုတ်ကြီးတွင် ၂ဝဝ၈ ဖွဲ့စည်းပုံကိုသစ္စာခံပါ့မည် ဟု ဒူးထောက်အောက်ချခဲ့သူတို့ပင်လျှင် နိုင်ငံတော်ပုန်ကန်လို့ဆိုကာ “ငါတို့ရုံနားမကပ်ရ”တွေလုပ်ထား၏။ (အမှန်က နိုင်ငံတော်နှင့်စစ်ခေါင်းဆောင်များဘာမှမဆိုင်။ စစ်အာဏာရှင်များကနိုင်ငံတော်ကို ကိုယ်စားမပြု။ ထိုသူတွေက စစ်အာဏာရှင်စနစ်နှင့် စစ်တပ်ကိုကိုယ်ကျိုးသုံးနေသည့် စစ်ခေါင်းဆောင်များကိုသာ ပုန်ကန်ခဲ့ခြင်းဖြစ်၏) ဤတွင် ထပ်ပြောစရာပါပြန်၏။ လွှတ်ပေးရေး တောင်းဆိုချက်နှင့်တပါတည်း “လွတ်လာသည့်နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဗမာ့နိုင်ငံရေးဖြစ်စဉ်၏အဆင့်တိုင်းတွင် ကန့်သတ်ချက်မထားပဲပါဝင်ခွင့်ရရှိရေး” ထပ်ဖြည့်ရမည်ဟုမြင်၏။

ချုပ်၍ဆိုသော် “နိုင်ငံရေးအကျဉ်းသားများအားခြွင်းချက်မရှိလွှတ်ပေးရေး”နှင့်“လွတ်လာသည့်နိုင်ငံရေးအကျဉ်းသားဟောင်းများ အား ဗမာ့နိုင်ငံရေးဖြစ်စဉ်၏ အဆင့်တိုင်းအဆင့်တိုင်းတွင် ကန့်သတ်ချက်မထားပဲပါဝင်ခွင့်ရရေး” သည် လက်ငင်းတောင်းဆိုချက် တွင်ဖြည့်စွက်ရန်လိုမည့် အချက်များဖြစ်ရပါမည်။

ဦးဝင်းတင်နှင့်ပြောဖြစ်ခဲ့စဉ်က မပြောဖြစ်ခဲ့သည်များကို ယူအက်စ်ကင်န်ပိန်းဖေါ်ဘားမားညီလာခံတွင် အမေရိကန်ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအား ပြောဖြစ်ခဲ့၏။
(မျိုးမြင့်ချို)

ဗိုလ်ဥတ္တမမှသည်ရွှေဝါရောင်ဆီသို့(၃ဝ၊ စက်တင်ဘာ၊ ၂ဝဝ၇)မျိုးမြင့်ချို

0 comments

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည့်နိုင်ငံဖြစ်သည်။ ရဟန်းဦးရေမှာလည်း သိန်းနှင့်ချီ၍ရှိသည်။ ဘုရားစေတီ ပုထိုးကျောင်းကန်များမှာလည်း လက်ညှိုးထိုးမလွဲအောင်ပင်ဖြစ်ပေသည်။ အခြားဗုဒ္ဓဘာသာဝင်များနည်းတူ ရတနာသုံးပါးကို ကြည်ညိုကိုးကွယ်ရာတွင်လည်း မြန်မာလူမျိုးတို့သည် ကိုင်းရှိုင်းလှပေသည်။ လှူရေးတန်းရေးကိစ္စများ ဆိုလျှင်လည်း တမူးရလို့ တပဲလှူဆိုသည့် ဆောင်ပုဒ်ထဲကလိုပင်။ ထိုသို့သောနိုင်ငံတွင် ရဟန်းနှင့်ဒကာ တနည်းဆိုသော် သံဃာနှင့်ပြည်သူတို့၏ အပြန် အလှန်ချစ်ကြည်ရင်းနှီးမှု အပြန်အလှန်အကျိုးစီးပွားဆောင်ရွက်ပေးမှုတို့ရှိရမည်မှာ ဓမ္မတာပင်ဖြစ်ရလိမ့်မည်။

နိုင်ငံ၏အချုပ်အခြာအာဏာကို စစ်တပ်မှမတရားသိမ်းပိုက်၍ လက်နက်ဖြင့်ဗိုလ်ကျစိုးမိုးအုပ်ချုပ်လာခဲ့သည်မှာ ယခုဆိုလျင် အနှစ်လေးဆယ်ပင်ကျော်ခဲ့ပြီဖြစ်သည်။ အခြေအမြစ်မရှိ၊ မဟုတ်မှန်သည့်အကြောင်းများကို ကလိန်စေ့ငြမ်းဆင်ကာ အာဏာ တည်မြဲရေးတခုတည်းအတွက် လုပ်ဆောင်လာခဲ့ခြင်း၏ရလဒ်ကား ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းသွတ်သွင်းခံယူ လိုက်ရခြင်း ပင်ဖြစ်တော့သည်။ ပြည်သူတို့ဘဝများ ဆင်းရဲတွင်းနက်သထက်နက်လာနေချိန်ဝယ် စစ်ခေါင်းဆောင်များနှင့် ယင်းတို့နှင့်နီးစပ် သည့်အဝန်းဝိုင်းများမှပုဂ္ဂိုလ်များကား တိုင်းပြည်ဘဏ္ဍာများ သယံဇာတများကို ထုတ်ငင်သုံးစွဲရင်း ထားစရာမရှိအောင်ပင် ကျိကျိ တက်ချမ်းသာနေကြသည်မှာ လူတိုင်းအသိပင်ဖြစ်သည်။

ပြည်သူပြည်သားတို့စီးပွားဥစ္စာချောင်လည်လျင် ရဟန်းသံဃာတို့ ဆွမ်းကွမ်းဖူလုံရုံမျှမက မရှိဆင်းရဲသားတို့ကိုပင် ပြန်လည်ပေး ကမ်းစွန့်ကြဲတတ်ကြသည်မှာလည်း ကြည်ညိုဖွယ်အစဉ်အလာတရပ်ပင်ဖြစ်ပေသည်။ သံဃာတော်များအေးချမ်းစွာ တရားဓမ္မ ရှာဖွေကျင့်ကြံ အားထုတ်နိုင်သဖြင့်လည်း ဘာသာသာသနာအတွက်ကြီးစွာသော အကျိုးဖြစ်ထွန်းမှုများရရှိကြပေသည်။ သို့သော် ပြည်သူပြည်သားများ ဆင်းရဲနွမ်းပါးလာပြီဆိုပါမူ လှူချင်တန်းချင်ပါလျက်က စိတ်ရှိသလောက် မလှူနိုင်မတန်းနိုင်တော့ သဖြင့် ဒကာဒကာမတို့မှာကြီးစွာသော စိတ်ဆင်းရဲမှုမျိုးနှင့်ကြုံရတော့သည်။ ရဟန်းသံဃာတို့လည်း ဆွမ်းကွမ်းပါးရှားနွမ်းပါး ရတော့သည်။ ရသမျှလေးဖြင့် ခြိုးခြံနေရတော့သည်။ ရဟန်းသံဃာတို့လည်း ပြည်သူပြည်သားတို့၏ ဘဝကိုကြည့်ကာ နှလုံး စိတ်ဝမ်းမချမ်းမြေ့နိုင်တော့။ သာသနာတော်အတွက်မကောင်းလှ။ ထိုအခါမျိုးတွင် ပြည်သူတို့၏အရေးသည် ရဟန်းတို့အရေး၊ သံဃာ့အရေး၊ သာသနာ့အရေးဖြစ်လာတော့သည်။

အာဏာလက်ဝယ်ရှိသူတို့က ရဟန်းတို့အား နိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရန် မည်သို့ပင်တားမြစ်ကန့် သတ်စေကာမူ မြန်မာနိုင်ငံတွင် ပြည်သူတို့၏အရေးအရာကိစ္စရပ်များ၌ ရဟန်းတော်တို့ပါဝင်ခဲ့ကြသည်မှာ ယခုတကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပါချေ။ သမဏိ ရှည်လျားလှသည့် သမိုင်းကြောင်းနောက်ခံများ အထင်အရှားရှိပါသည်။ တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး စလင်းနယ်မှ ဦးဥတ္တမဆိုသည့် ရဟန်းလူထွက်တဦးက လူ(၃ဝဝဝ) ခန့် စုဆောင်းပြီး နယ်ချဲ့တို့ အား တော်လှန်ပုန်ကန်ရန် မန္တလေးသို့ချီတက်ခဲ့သည်။ သို့သော် ထိုပုန်ကန်မှုမှာအရေးနိမ့်ခဲ့ရပြီး ဗိုလ်ဥတ္တမလည်း ကြိုးပေးကွပ် မျက်ခြင်းခံခဲ့ရသည်။ ရဟန်းတော်တို့တွင် သူ့အသက်မသတ်ရဟူသည့်(ပါဏာတိပါတာ) ကံကို စောင့်ထိန်းရသည့်အတွက် လက်နက်ကိုင်တော်လှန်ပုန်ကန်မည်ဆိုလျှင် လူဝတ်လဲပြီးမှသာ ဆောင်ရွက်ကြရပါသည်။ မြန်မာနိုင်ငံနယ်ချဲ့သမားတို့ လက်အောက်တွင်ရှိစဉ် ဗြိတိသျှတို့အား မြန်မာတို့အလေးအမြတ်ပြုရာအရပ်များဖြစ်သည့် ဘုရားစေတီ၊ ကျောင်းကန်များသို့ ဝင်ရောက်သည့်အခါ ဖိနပ်မချွတ်ဘဲတက်ရောက်ခြင်းကို ကန့်ကွက်ဆန့်ကျင်မှုများဖြစ်ခဲ့ကြ၏။

၁၉၁၉ ခုနှစ်တွင် မန္တလေးမြို့ဘုရားပေါ်သို့ ဖိနပ်မချွတ်ဘဲတက်လာကြသည့် ဗြိတိသျှလူမျိုးအချို့အား ရဟန်းတော်တို့ က မောင်းနှင်ထုတ်ရန်ကြိုးစားရာမှ ရုန်းရင်းဆန်ခတ်မှုတခုဖြစ်ခဲ့၏။ ထို သံဃာစု၏ခေါင်းဆောင်မှာ နောင်တွင် အာဇာနည် ဆရာတော်ဦးဝိစာရအဖြစ် တိုင်းပြည်ကအသိအမှတ်ပြုရမည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဆရာတော်အား ဗြိတိသျှတို့ကဖမ်းဆီးပြီးနောက် လူသတ်ရန် ကြံစည်သည်ဟုဆိုကာ ထောင်ဒဏ်တသက်တကျွန်းချပစ်လိုက်၏။ ထိုဖြစ်ရပ်ကိုအကြောင်းပြု၍ မြန်မာပြည်တဝှမ်း လူထုစည်းဝေးပွဲကြီးများဖြစ်ခဲ့သည်။ လူထု၏ နိုင်ငံရေးအမြင်ကိုနှိုးဆွပေးလိုက် သကဲ့သို့ဖြစ်သွားစေ၏။ ထောင်သွင်းအကျဉ်းချခံ လိုက်ရသည့် ဆရာတော်အား ထောင်တွင်း၌သင်္ကန်းဝတ်ခွင့်မပြု။ ထို့ကြောင့် ဆရာတော်သည် သင်္ကန်းဝတ်ခွင့်ရရေးအတွက် (၁၁၆) ရက်ကြာ တဦးတည်း အစာငတ်ခံဆန္ဒပြခဲ့ပြီးနောက် ၁၉၂၉ ခုနှစ်တွင် အာဇာနည်ပီသစွာ သက်တော်ကိုစွန့်လွှတ်ခဲ့ သည်။ လွတ်လပ်ရေးရပြီးနောက် အာဇာနည်ဆရာတော်၏ ဂုဏ်ကျေးဇူးကို နှောင်းလူတို့သတိရစေရန် ရည်ရွယ်၍ ကျောက် တိုင်ပေါ်တွင် ရုပ်တုကိုထွင်းထုကာ ထိုကျောက်တိုင်ရှိရာလမ်းကိုလည်း ဦးဝိစာရလမ်းဟု ခေါ်တွင်စေခဲ့၏။ အလားတူပင် ရခိုင်ပြည်နယ်မှ လူအများကြည်ညိုကိုးကွယ်သည့် နိုင်ငံတကာအတွေ့အကြုံများစွာရှိသည့် ဆရာတော်ဦးဥတ္တမ ကိုယ်တော်မှာ လည်း သူ၏ ကိုလိုနီဆန့်ကျင်ရေး ရဲရဲတောက်မိန့်ခွန်းများကြောင့် အကြိမ်ကြိမ်ထောင်သွင်းအကျဉ်းချခံခဲ့ရပြန်သည်။ ဆရာတော်က ထိုစဉ်က မြန်မာနိုင်ငံဘုရင်ခံ ဆာရက်ဂျီနယ် ကရက်ဒေါက်အား “ဆာရက်ဂျီနယ်ကရက်ဒေါက်ပြန်သွား”ဟု မိန့်ခွန်းပြောကာ ဘုရင်ခံအား မောင်းထုတ်ဝံ့ခဲ့သူ ဖြစ်သည်။

ဗိုလ်ဥတ္တမ၊ ဦးဝိစာရ၊ ဦးဥတ္တမစသည့် ဆရာတော်များကဲ့သို့ပင် အခြားသော ရဟန်းတော်ပေါင်းများစွာတို့သည် နယ်ချဲ့ဆန့် ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအဆက်ဆက်တွင် ပြည်သူတို့ဘက်မှ မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်ခဲ့ကြသည်။ ပြောရမည်ဆိုလျှင် ထိုရဟန်းတော်တို့နှင့်စပ်လျဉ်း၍ အသေးစိတ်ရေးစရာ အကြောင်းအရာ အချက်အလက်ပေါင်း မြောက်မြားစွာရှိမည်ဖြစ်ပါသည်။ ထို့အတူ ၁၉၈၈ ခုနှစ် တပါတီအာဏာရှင်စနစ် ဖြုတ်ချရေး၊ ဒီမို ကရေစီရေး လူထုလှုပ်ရှားမှုကြီးတွင်လည်း ရဟန်းတော်ပေါင်းများစွာ ဦးဆောင်ပါဝင်ခဲ့ကြသည်မှာ အထင်အရှားဖြစ် သည်။ သွေးမြေကျ သက်တော်စွန့်ခဲ့ရသည့် ရဟန်းတော်များမှာလည်း များလှသည်။ ထိုလှုပ်ရှားမှုထဲတွင် ပါဝင်ခဲ့သဖြင့် ယခုတိုင် ထောင်သွင်းအကျဉ်းချခံနေရဆဲ သံဃာတော်ဦးရေမှာ မနည်းလှချေ။

လောကဓာတ်ကျောင်း (အစိုးရစာသင်ကျောင်း) များမပေါ်ခင်ကတည်းကပင် မြန်မာဘုန်းတော်ကြီးကျောင်းများမှာ မြန်မာတို့ အတွက် လောကီလောကုတ္တရာ စာပေပရိယတ္တိ လေ့လာဆည်းပူးရာနေရာဖြစ်ခဲ့သည်မှာ ပြောစရာပင်လိုမည်မထင်ပါ။ စစ်အစိုးရက ဖိနှိပ်ချုပ်ချယ်သည့်အမိန့်အမျိုးမျိုးသုံးကာ အချို့အချို့သော နိုင်ငံရေးအဖွဲ့အစည်းတို့အား ဥပဒေဘောင်တွင်းမှ လွင့်စဉ်ထွက်သွားအောင်လုပ်ပစ်ခဲ့သည်။ ဥပဒေဘောင်တွင်း နိုင်ငံရေးလုပ်ခွင့်မရကြရှာသည့် အဖွဲ့အစည်းတို့သည် မလွှဲ မရှောင်သာ လျှို့ဝှက်နိုင်ငံရေး (မြေအောက်လုပ်ငန်း) အသွင်ပြောင်းလိုက်ကြရတော့သည်။ ထိုရောအခါ သက်ဆိုင်ရာ ရဟန်းတော်တို့၏ခွင့်ပြုချက်ဖြင့် ဘုန်းတော်ကြီးကျောင်းအချို့မှာ စစ်အစိုးရဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတို့ အတွက် လျှို့ဝှက်လှုပ်ရှားသူများအဖို့ လုံခြုံစွာယာယီပုန်းခိုရာနေရာများလည်းဖြစ်နေပြန်သည်။ ကျေးဇူးကြီးလှ၏။

ယခု များမကြာမီက သံဃာတော်များဦဆောင်ကာ မေတ္တာသုတ် မောရသုတ်များရွတ်ဆိုလျက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲ များ ဖြစ်ခဲ့သည်။ လူထုသိန်းနှင့်ချီကာ ထောက်ခံပါဝင်ခဲ့ကြသည်။ မြန်မာ့သမိုင်းတွင် သမိုင်းတွင်မည့်ထူးခြားချက်တရပ်အဖြစ် မှတ်တမ်းတင်ရပေလိမ့်မည်မှာမလွဲပေ။ စစ်အစိုးက အကြမ်းဖက်ဖြိုခွဲခဲ့သော်လည်း ထိုလှုပ်ရှားမှုကား အကင်းသေသွားမည့်အနာ မဟုတ်။ ပြည်သူတို့ရင်ထဲမှအနာကား သည်းသထက်သည်းသွားလေပြီ။ တိုင်းတပါးသား ဘာသာခြားတို့အုပ်ချုပ်စဉ်ကပင် ယခုလောက်ကြမ်း ကြုတ်ရက်စက်စွာမပြုမူခဲ့။ ရဟန်းကို၊ သံဃာကို၊ သာသနာကိုစော်ကားလိုက်ခြင်း။ လူထု၏ဆင်းရဲဒုက္ခကိုမျက်ကွယ်ပြု လျစ်လျူရှူမနေနိုင်အားသည့် ရဟန်းတော်တို့၏ကျေးဇူးကား အတိုင်းအဆမရှိကြီးလှ၏။

ဗုဒ္ဓဘုရားသခင်သည် သူ့အားရန်မက်ပြုတိုက်ခိုက်လာသူအပေါင်းအား အနန္တမေတ္တာတရားဖြင့် နှိမ်နင်းအောင်မြင်နိုင်ခဲ့၏။ ထိုမေတ္တာရှင်ဗုဒ္ဓက လူသားအားလုံးအကျိုးအလို့ငှာထားရစ်ခဲ့သော ဓမ္မနှင့် သာသနာတော်တည်တံ့ပြန့်ပွားပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိစေရန် ရဟန်းတော်များ၏အစုအစည်းအဖြစ် သံဃာကိုထူထောင်ခဲ့၏။ သံဃာ့အစည်းအရုံးဝင် ရဟန်းတော်များက ထိုဓမ္မနှင့် သာသနာကို အစဉ်အဆက်စောင့်ရှောက်ထိန်းသိမ်းနေကြ၏။ ယခုကား သာသနာကိုစော်ကား၊ သံဃာကိုသင်းခွဲသည့် စစ်အာဏာရှင်တို့၏ အဓမ္မဓားသွားအောက်တွင် ဓမ္မသည်၊ သံဃာသည်၊ ရဟန်းသည် သွေးစွန်းပွက်အံနှိမ်နင်းခံရလေပြီ။ မည်သို့ပင်ဆိုစေ မေတ္တာတရားသည် အမုန်းတရားအားအောင်ပွဲခံရ ပေလိမ့်မည်။ ဓမ္မသည် အဓမ္မအား အောင်ပွဲခံရပေလိမ့်မည်။

ဤဆောင်းပါးဖြင့် ရွှေဝါရောင်တော်လှန်ရေးအတွင်း အသက်၊ သွေး၊ ချွေး၊ ဘဝ ပေးဆပ်ခဲ့ကြသော ပေးဆပ်နေကြဆဲဖြစ်သော သံဃာတော်အပေါင်းအား ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
သံဃံသရဏံ ဂစ္ဆာမိပါဘုရား။
မျိုးမြင့်ချို

ယူဖရေးတီးစ်နဲ့တိုက်ဂရစ်ကြားက ညပ်နေတဲ့ဖိနပ်တစ်ရံ(၁၂၊ ၁၉၊ ၂ဝဝ၈ မျိုးမြင့်ချို)

0 comments

ကိုရင်မောင်ရေ
ခင်ဗျားလည်း ကျုပ်ရဲ့ “သော့အိမ်”အကြောင်း ပြောမဆုံးပေါင်တောသုံးတောင်တွေနဲ့ နည်းနည်းတော့ငြီးလောက်ရော့မယ်။ ဒီတော့ ဒီတပတ် ခင်ဗျားလည်း အငြီးပြေလေးဖြစ်အောင်လို့ ကာလပေါ်လေးတွေပြောင်းပြောချင်တယ်ဗျာ။ မနေ့က
ကျုပ်လည်းပျင်းပျင်းရှိတာနဲ့ဆေးလိပ်လေးကောက်ဖွာရင်းတောင်တွေးမြောက်တွေး လုပ်နေချိန်ပေါ့၊ မိတ်ဆွေတယောက်က “ရုပ်မြင် သံကြားသတင်း ဖွင့်ကြည့်-ဖွင့်ကြည့်၊ သမ္မတကြီးအကြောင်းလာနေတယ်”လို့ ရေးကြီးသုတ်ပြာပြောပြီး ဖုန်းချလိုက်တယ်။ ကျုပ်လည်း ဒီလူ့နှယ် အဆုံးမရှိအစမရှိဘာပါလိမ့်ပေါ့။ ဒါနဲ့ တီဗွီလေး ထဖွင့်လိုက်တယ်ဗျာ။ သတင်းကဆုံးတော့မယ်။ သတင်းကြေ ညာသူကလည်း နောက်က “ကျား” လိုက်နေတဲ့အတိုင်းပဲ။ ပြောနေလိုက်တာ။ ကျုပ်လည်း သေသေချာချာမကြားလိုက်မိဘူး။ နားစွန်နားဖျားကြားလိုက်ရတာ “ရှူးဖိနပ်” ဆိုတာရယ် “သမ္မတဘုရှ်” ဆိုတာရယ်လောက်ပဲ။ ဟ.. ဘာများတုန်း။ သတင်းက သမ္မတကြီး ရှူးဖိနပ်များဘယ်ညာမှားစီးမိလို့လား။ ဖိနပ်ကို သာမန်လူတယောက်က ဘယ်/ညာမှားစီးမိရင် သတင်းမဖြစ်ပေမယ့် သမ္မကြီးတယောက် မှားစီးမိရင်တော့သတင်းဖြစ်နိုင်တာပေါ့။ သမ္မကြီးတယောက်လုံးလုပ်နေပြီး ဖိနပ် ဘယ်/ညာတော့ မှား မစီးလောက်ပါဘူး။ ဒါဆို သူများဖိနပ်များမှားစီးမိလို့လားပေါ့။ ဒါလည်းမဖြစ်လောက်ပါဘူး။ တို့ဆီမတော့ အလှူမင်္ဂလာဆောင်တွေ များဖြစ်ပလားဆို လူတွေတယ်လည်းဖိနပ်မှားတတ်ကြသကိုး။ ဒီမှာ ဖိနပ်မှားရအောင်လည်း သူတို့အလှူမင်္ဂလာဆောင်တွေမှာ ဖိနပ်ချွတ်စရာမလိုတဲ့ အပြင်အဆင်တွေနဲ့ပါ။ ဒါဆို ဘာဖြစ်တာလဲ။ သိချင်စိတ်က ရွပိုးထိုးလာတယ်။ ဒါနဲ့ ဘယ်ရမလဲ အွန်လိုင်း တက်ကြည့်တာပေါ့။ သတင်း နောက်တကြိမ်ပြန်စောင့်ရမှာကကြာနေဦးမယ်။
တွေ့ပြီဗျို့တွေ့ပြီ..။ အမေရိကန်သမ္မတကြီး ဂျော့ရှ်ဒဗလျူဘုရှ်တယောက် အီရတ်မှာ သတင်းစာရှင်းလင်းပွဲလုပ်နေတုန်း အီရတ် လူမျိုး အယ်လ်ဇိုင်းဒီဆိုတဲ့ သတင်းထောက်တယောက်က စီးထားတဲ့ဖိနပ်ကိုချွတ်ပြီး ထပေါက်ထဲ့လိုက်တာတဲ့ဗျား။ ကျုပ်လည်း တီဗွီရှိုးမှာတင်ထားတာတွေ အကုန်လိုလိုလိုက်ကြည့်လိုက်တယ်။ တခုတည်းဆို မသေချာမှာစိုးတာရယ်။ မပြည့်စုံမှာစိုးတာရယ်နဲ့။ ဟုတ်တယ်ဗျို့သေချာတယ်။
စစခြင်း အမေရိကန်သမ္မကြီးနဲ့ အီရတ်ဝန်ကြီးချုပ် နော်ရီအယ်လ်မလီကီးတို့ အပြန်အလှန်လက်ဆွဲနှုတ်ဆက်ကြတယ်ဗျ။ ပြီးတော့ သမ္မတကြီးက တက်လာတဲ့သတင်းစာဆရာတွေကိုပြောဖို့ စလိုက်တယ်ဆိုရင်ပဲ နောက်နားမကျတကျက လူတယောက်က ရုတ် တရက်ထတဲ့ပြီး စီးထားနဲ့ဖိနပ်နဲ့ချွတ်ပေါက်တော့တာဗျို့။ ဘယ်ရမလဲ သမ္မတကြီးကလည်း အသာလေးငုံ့ရှောင်လိုက်တာပေါ့။ အံမယ် တဖက်နဲ့ပေါက်ပြီး အားမရလို့ထင်တယ်။ ပုဂ္ဂိုလ်က နောက်တဖက်ပါချွတ်ပြီး ထပ်ပေါက်တာဗျို့။ သမ္မကြီးကလည်း ထပ်ရှောင်ပေးလိုက်တာပေါ့။ အာဂလူဗျာ။ မပေါက်ခင်ပါးစပ်ကလည်း တခုခုရေရွတ်လိုက်သေးတယ်။ ဘာလဲတော့ မသဲကွဲ ဘူး။ ဘေးကလူတွေကဆွဲတော့ဆွဲကြတယ်။ ဒါပေမယ့် မမှီလိုက်ဘူး။ မြန်ချက်တော့။ လက်လည်းအတော်တည့်တဲ့ကောင်ဗျာ။ ရှောင်လို့၊ မရှောင်ရင် မျက်နှာတဲ့တဲ့ကြီး။ ချက်ခြင်းတော့ချက်ချင်းပါပဲ၊ သမ္မတကြီးရဲ့ အနီးကပ်အရပ်ဝတ်သက်တော်စောင့်တွေ ဒီလူ့ကိုအတင်းဝင်ဖမ်းချုပ်ပြီး အခန်းပြင်ဆွဲထုတ်သွားတယ်။ ဒီလူလည်း "This is a goodbye kiss from the Iraqi people, dog. This is from the widows, the orphans and those who were killed in Iraq," he shouted before being overpowered by security guards and bundled out of the room. လို့အော်ပြီး ကန့်လန့်ကန့်လန့်နဲ့ ဒယဥ့်တိုက်ပါသွားတော့ပါဘဲ။ ဒါပေမယ့် ဖိပ်နဲ့အပေါက်မခံရအောင်တော့ ကြိုတင်မကာကွယ်လိုက်နိုင်ကြရှာဘူး။ ဖြစ်ဖြစ်ချင်းတော့ အခန်းထဲရှိတဲ့လူတွေလည်း ရုတ်ရုတ် သဲသဲတော့ နည်းနည်းဖြစ်သွားတာပေါ့။ အံ့အားလည်းသင့် လန့်လည်းလန့် သွားကြတယ်ထင်ပါရဲ့ဗျာ။ ဖြစ်လည်းဖြစ်လောက် စရာပဲ။ စဉ်းစားကြည့်လေ။ ဖိနပ်နဲ့မို့သာပဲ။ သေနတ်နဲ့သာဆိုပြဿနာ။ ခဏနေတော့ သမ္မတကြီးကလည်း သတင်းစာရှင်းလင်းပွဲ ကိုပြန်စပြီး ပြီးတဲ့အထိလုပ်သွားတယ်။ ပြန်စစချင်းတော့သမ္မတကြီးလည်း မျက်နှာတော့ပျက်ချင်ချင်ရယ်။ မနည်းပြန်အဖတ်ဆယ် ရတာပေါ့။ ရာဇအိနြေ္ဒကို ထိပါးခံရတားကိုး။ ခင်ဗျားလည်း စဉ်းစားကြည့်လေ။ သမ္မတ ဖိနပ်နဲ့အပေါက်ခံရတယ်လို့။ ကျုပ်တော့ ကြား ကြားဖူးပေါင်ဗျာ။ သမ္မတမှ ရိုးရိုးသမ္မတမဟုတ်ဖူး။ အမေရိကန်သမ္မတ။ အမေရိကန်သမ္မတဆိုတာ ကမ္ဘာပေါ်မှာ စကြာ ဝတေးမင်းလောက်နီးနီး တန်ခိုးထက်တယ်လို့ဆိုသကိုးဗျ။ အမေရိကန်သမ္မတရွေးကောက်ပွဲများ လုပ်ပလားဟေ့ဆို၊ ကမ္ဘာ့နိုင်ငံ အသီးသီးက အာရုံစိုက်ပြီးတော့ကို နားထောင်ကြတာမို့လား။ ဘယ်သူများနိုင်မလဲ။ ဘယ်သူနိုင်ရင် ကမ္ဘာကြီးဘာတွေဖြစ်ဦးမှာ လဲ။ ကောင်းမလား။ ဆိုးမလားဆိုတဲ့ အတွေးတွေနဲ့ပေါ့။ ကျုပ်လည်း အမေရိကန်ပြည်ထောင်စုမှာ ဖိနပ်ပေါက်ခံရတဲ့သမ္မတ သူ့အပြင်ဘယ်သူများရှိသေးလဲလို့ လက်လှမ်းမီသလောက်မေးမြန်းကြည့်တော့လည်း ဘယ်သူမှ မရှိခဲ့ဖူးဘူးလို့ပြောကြတယ်။ အံ့ရောဘဲ။
လူတယောက်ကို စီးထားတဲ့ဖိနပ်နဲ့ပေါက်တယ်ဆိုတာ အီရတ်အမျိုးသားတွေမှာတော်တော့ကို မဖွယ်ရာတဲ့အပြုအမူလို့ဆိုတယ်။ လူတယောက်ကို အရှက်ခွဲချင်ရင်၊ မနှစ်မြို့တာကို အဆုံးစွန်ဆုံးထိပြချင်ရင် အဲသလိုလုပ်လေ့ရှိတယ်လို့ ပြောကြတယ်ဗျ။ ကျုပ်က ဒါကို ကြည့်ပြီး၊ ဒီလူဘာတွေများ ဒီလောက်တောင် ဖြစ်သွားရတာလဲ။ ဘာကို မကြေမချမ်းဖြစ်သွားတာလဲ။ သမ္မတကြီးကရော ဘာတွေများ သူမကြိုက်တာတွေ သွားပြောမိလိုက်လဲ။ ဒီလောက်တောင် ချက်ချင်းကြီး ဘယ်လိုမှတားမရဆီးမနိုင် ဒေါသတွေ ထွက်ရတာလဲ။ နောက်ဆက်တွဲသတင်းတွေ ဆက်နားထောင်ကြည့်တယ်ဗျာ။ နည်းနည်းလည်း စိတ်ဝင်စားတာကိုး။ သတင်းဌာ နတွေအဆိုအရတော့ အမေရိကန်နဲ့အီရတ်အစိုးရကြားမှာ သဘောတူညီချက်စာချုပ်တစ်ခုကို အပြန်အလှန်လက်မှတ်ထိုးတယ် ဆိုတယ်ဗျာ။ စာချုပ်ထဲ ဘာတွေပါတယ်၊ ဘာတွေ သဘောတူလိုက်ကြတယ်ဆိုတာတော့ ကျုပ်လည်းမသိသေးဘူးဗျ။ ကျုပ်တွေ့ တာမှာလည်း သမ္မတကြီးက ဘာမှတောင် သိပ်ပြီးစမပြောရသေးဘူး ဖြစ်သွားတာဗျ။
အမေရိကန်ပြည်ထောင်စုမှာ ၉/၁၁ အရေးအခင်းကြီး ဖြစ်ပြီးကတည်းက ဘယ်တုန်းကနဲ့မှမတူအောင် ပြည်တွင်းလုံခြုံရေးအစီ အစဉ်တွေတင်းကျပ်လာတယ်ဗျာ။ အရင်ကထက် ပိုပြီးလုံခြုံဖို့လိုလာတယ်၊ အခုအရင်ကလောက် လုံခြုံမှုမရှိတော့ဘူးဆိုတဲ့ သဘောပေါ့ဗျာ။ အမိမြေလုံခြုံရေးဝန်ကြီးဌာနဆိုပြီး ဖွဲ့ယူရတဲ့အထိဖြစ်လာတယ်။ ပြည်သူတချို့နဲ့ အခွင့်အရေးဆိုင်ရာအုပ်စုတွေက ဒါကိုမကြိုက်ကြဘူး။ ဒါပေမယ့်လုပ်ရတာပါပဲ။ အခု သမ္မတကြီးခရီးစဉ်ဆိုလည်းကြည့်လေ။ တရားဝင်ဘယ်နိုင်ကို၊ ဘယ်အချိန်မှာ သွားမှာပါလို့ ကြိုတင်ကြေညာတာမလုပ်ဘဲနဲ့ထွက်သွားခဲ့တာ။ ဒါပေမယ့် လုံလောက်တဲ့လုံခြုံရေးအစီအမံတွေ ရှိထားပြီးသားနေ မှာပါ။ နောက်တခုကလည်း သမ္မတကြီးရဲ့ သတင်းစာရှင်းလင်းပွဲဆိုတာ နှယ်နှယ်ရရမှမဟုတ်တာကလား။ သတင်းသမားတွေကို ကြိုတင်ပြီးလိုအပ်တဲ့ စစ်ဆေးရှာဖွေမှုတွေလုပ်ပြီးမှတက်ရတာလေ။ သွားတာက အီရတ်နော် တခြားနိုင်ငံမဟုတ်ဘူး။ ပိုတောင်လို ဦးမယ်။ နောက်ပြီး လုပ်တဲ့နေရာကလည်း ဟင်းလင်းပြင်ကွက်လပ်ထဲမှာမဟုတ်ဘူး။ အဆောက်အဦးထဲမှာ ကျကျနနလုံခြုံရေး အစီအစဉ်တွေမပါပဲ လုပ်ခဲ့တာတော့မဖြစ်နိုင်ဘူး။ လုံခြုံရေးတာဝန်ရှိသူတွေကလွဲလို့ဘယ်သူ့မှ လက်နက်ကိုင်ဆောင်ဝင်ရောက် ခွင့် ပေးမှာလည်းမဟုတ်ပါဘူး။
ဒီတော့ ကျုပ်တွေးမိတယ်။ ဒီ့လူ ဒီလုပ်ရပ်ဟာ လုပ်ကြံသတ်ဖြတ်ဖို့တော့ ဘယ်နည်းမှမဟုတ်ဘူး၊ ထင်ရှားတယ်။ ဒါဆို အရှက် တကွဲအကျိုးနည်းဖြစ်အောင်လုပ်တာ သက်သက်တင်ပဲလား။ ဒါမှမဟုတ် နာမည်မကြီးကြီးအောင် စတန့်ထွင်တာလား။ စတန့် ဆိုရင်လည်း သူ့စတန့်က မြွေပွေးကိုသွားကလိထိုးသလိုပဲ။ အန္တရာယ်သိပ်ကြီးတယ်။ သူလည်း မသိပဲတော့နေမှာမဟုတ်။ သိမှာပဲ။ သမ္မတကြီးစကားထဲမှာ ဒီလို ထလုပ်ဖြစ်လောက်အောင် ဘာများမခံချင်စရာပါသွားလည်း။ ကျုပ်လည်း ဉာဏ်မီ သလောက်တော့ တွေးကြည့်နေတုန်းဗျာ။ အချက်အလက်ကလည်းမရသေး၊ မရှိသေးဘူးဆိုတော့ ပြောဖို့တော်တော်ခက်နေတယ်။
ဒါပေမယ့် ဒီအဖြစ်အပျက်မှာ လုပ်သူဖက်ကကြည့်ရင်လည်းမတော်ပါဘူးဗျာ။ လူကြီးလူကောင်းမဆန်တဲ့ အပြုအမူတခုလို့ ကျုပ်ခံစားမိတယ်။ မလုပ်ကောင်းဘူးလို့ထင်တာပါဘဲ။ ခံရသူဖက်က ပြန်တွေးကြည့်ပြန်တော့လည်း အောင့်တောင့်ကြီး။ မသကာ သေနတ်နဲ့ပစ်ခံရတယ်ဆို လူကြားလို့ကောင်းသေးတယ်။ သေရင်လည်းသေပေါ့ဗျာ။ မသေမပျောက်ခဲ့ရင်လည်း ဒီလူ့ကို လုပ်ကြံမှုနဲ့ တရားစွဲထောင်ချ။ လိုအပ်ရင်သေဒဏ်ပေးလိုက်ရုံရှိတာပဲ။ အခုတော့ဗျာ အရပ်ရပ် အပြည်တော် ကျော်မကောင်းကြား မကောင်း။
ဒီလူ့ သတင်းဌာနကတော့ ဒီလိုပြောတယ်ဗျ “ဂျော့ခ်ျဘုရှ်က အီရတ်ကိုဝင်တိုက်တုန်းက၊ အီရတ်မှာ ဒီမိုကရေစီနဲ့လူ့အခွင့် အရေးတွေ အပြည့်အဝရရှိအောင် လုပ်ပေးမယ်လို့ပြောခဲ့ပါတယ်။ အခုလည်း သူတို့သတင်းထောက်ဟာ သူမကြေနပ်ချက်ကို ဒီလိုနည်းနည်းနဲ့ဆန့်ကျင်ပြသတာဟာ သူ့ရဲ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရပိုင်ခွင့်ကို ဖေါ်ထုတ်ပြသလိုက်တယ်ဖြစ်တယ်။ သူ့ကို ဖမ်းဆီးလို့မရဘူး။ ချက်ချင်းပြန်လွှတ်ပေးရမယ်” လို့ပြောတယ်ဗျ။
ကျုပ်တော့ ဒီမိုကရေစီနဲ့လူ့အခွင့်ရေးရပိုင်ခွင့်တွေအရ ဒီလိုပြုမူလုပ်ဆောင်တာဟာ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ဖြစ်တယ်ဆိုဦးတော့ ဒီလူ့လိုတော့ မလုပ်ချင်ပါဘူး။ တခြားနည်းတွေကို ရွေးမိမလားမပြောတတ်ပါဘူး။ သမ္မတကြီးနေရာက ကြည့်ပြန်တော့ လည်း သေနတ်နဲ့အပစ်ခံလိုက်ရတာကမှတော်ဦးမယ၊် အခုတော့ ဖိနပ်နဲ့အပေါက်ခံလိုက်ရတာဆိုတော့…။ ကျုပ်သူငယ်ချင်း သစ်ကောင်းအိမ်ကတော့ပြောတယ် “ဖနောင့်နဲ့ပေါက်သူကို ဖိနပ်နဲ့ပေါက်တာကတော့ တရားပါတယ်နော်”တဲ့။ အင်း…သူပြောတာလည်း ဟုတ်သားပဲ။ (မှတ်ချက်။ ဂျော့ခ်ျဒဗလျူဘုရှ်ဖိနပ်စာမိချိန်မှာ ဒီဇင်ဘာ ၁၄ ရက် ၂ဝဝ၈ ဖြစ်ပြီး၊ ဦးဉာဏ်ဝင်း ဖိနပ်စာထိချိန်မှာ စက်တင်ဘာ ၂၈ ရက် ၂ဝဝ၉ ဖြစ်ပါသည်)
မျိုးမြင့်ချို

Tuesday, March 29, 2011

“သော့အိမ်က ပုရွက်ဆိတ်များ”(မျိုးမြင့်ချို)

0 comments


ကိုရင်မောင်ရေ
ကျုပ် ပုရွက်ဆိတ်တွေအကြောင်း ပြောပြမလို့ဗျ။ ဘာကြောင့်အဲဒီသတ္တ၀ါလေးတွေကို ပုရွက်ဆိတ်လို့ခေါ်တယ်၊ ဘယ်နှစ်မျိုးရှိတယ်၊ ဘယ်အချက်အလက်တွေနဲ့ပြည့်စုံမှ ပုရွက်ဆိတ်ဖြစ်တယ်ဆိုတာတော့ ကျုပ်မသိဘူးဗျ။ ကျုပ် မြင်ဖူးတာကတော့ နှစ်မျိုးဗျာ၊ တမျိုးက အနက်ရောင်၊ လူကိုပြန်မကိုက်ဖူးထင်တယ်၊ သွားရင်လာရင် ပြာယာခပ်ပြီး တောင်မကြည့်မြောက်မကြည့်၊ ဟိုတိုးဒီတိုးနဲ့နည်း နည်းမြန်တယ်။ အစားအသောက်တွေများ ဒီကောင်တွေ အုံခဲနေလို့ကတော့ နည်းနည်းလေးလောက် လှုပ်လိုက်ခတ်လိုက်တာနဲ့ တချိုးတည်း ခြေဦးတဲ့ရာလစ်တော့တာဗျို့။ အဲဒီလိုအခါမျိုးဆို ကျုပ်က ဒီကောင်တွေကြည့်ပြီးသနားလည်းသနား ရယ်ရယ်ချင်တယ်။ အဲဒါကိုကြည့်ပြီး၊ ဒီကောင်တွေကို ကျုပ်က “အရူးပုရွက်ဆိတ်” လို့နာမည်ပေးထားတယ်။ နောက်တမျိုးက အနီရောင်၊ အနက်တွေ ထက် အကောင်သေးတယ်။ လူကိုကိုက်တတ်တယ်၊ သွားရင်လာရင်အေးအေးဆေးဆေးပဲ။ ဣနြေ္ဒရတယ်။ ဒီကောင်တွေကျတော့ ဟိုကောင်တွေလိုမဟုတ်ဘူး မောင်းထုတ်ခါထုတ်လည်း ပေတီးပေကတ်နဲ့။ တော်တော်နဲ့မထွက်ချင်ဘူး။ အံမယ်…လူတောင်ပြန် ကိုက်တဲ့ ဟာလေးတွေဗျ။ တခါတလေ စိတ်ကမရှည်တော့ လက်နဲ့ ဖိသတ် ဖျစ်သတ်မိတာပေါ့ဗျာ။ ကျုပ်က ဒါကိုကြည့်ပြီး ဒီကောင်တွေကို “ဖိုက်တာ(Fighter) ပရွက်ဆိတ်” လို့နံမည်ပေးတယ်ဗျာ။ အရူး တွေထဲမှာရော ဖိုက်တာတွေထဲမှာရော ခေါင်းကြီး အကောင်ကြီးတွေရှိတယ်ဗျို့။ အဲဒီခေါင်းကြီး ပုရွက်ဆိတ်တွေက အပြင်ထွက်ခဲတယ်။ အထဲမှာ ဘာတာဝန်တွေနဲ့  ဘာလုပ်နေ တယ်တော့မသိဘူးပေါ့ဗျာ။

ဒီကောင်တွေက တစ်ကောင့်တကောင်တည့်တာမဟုတ်ဘူးဗျ။ တကောင်ချင်းထိပ်တိုက်တိုးလို့ကတော့ အရူးတွေကရှောင် တယ်၊ ပြန်မချဘူး။ နောက်ပြီး အရူးတွေက ဖိုက်တာတွေရဲ့“အိမ်” (ပုရွက်ဆိတ်အုံ) ကို အတင်းဝင်လုပြီး နေပစ်လိုက်တာလည်း မတွေ့ဖူးဘူး။ ဖိုက်တာတွေကသာ အတင်းဝင်စီး၊ ကိုက်ကက်၊ အရူးတွေကိုမောင်းထုတ်၊ ပြီးတော့အတည်ပေါက်နဲ့ကိုယ့်အိမ်ကိုယ့်ယာ လုပ်ပစ်တာဗျို့။ အဲဒီအခါမျိုးများဆိုရင် အရူးတွေခမျာ သိပ်သနားစရာကောင်းတယ်။ ပြန်မကိုက်နိုင်အားဘူး။ သူတို့ဥလေးတွေ အကောင်မဖြစ်တဖြစ်လေးတွေကို ရသလောက် ကြုံးသယ်၊ သူတို့ဘုရင်မကို အသေခံကာကွယ်ပြီးကယ်ထုတ်။ အိုးပြစ်အိမ်ပြစ်နဲ့၊ အရူးခေါင်းကြီးတွေလည်းထွက်လာပြီးပြန်တော့ကိုက်ပါတယ် ရေရှည်အဆုံးအဖြတ်မှာတော့ ဖိုက်တာတွေဘဲနိုင်တာ။ အဲဒီအခါမျိုးမှာ အရူးခေါင်းကြီးတွေကြည့်ရတာ စစ်ရှုံးတပ်ပျက်ကြီးကို မနည်းပြန်စုနေရတဲ့ တမ်မှူးတွေကျနေတာပဲ၊ ရောက်ယက်ကိုခတ်လို့။ ဖိုက်တာတွေက စစ်ပွဲပြီးတာနဲ့ဒဏ်ရာရတဲ့အရူးတွေကိုရော သူတို့ဖိုက်တာတွေ ကိုရော ကျင်းအပြင်ဆွဲထုတ်ပြီး တနေရာမှာပုံထား လိုက်တာများ၊ ခြေပြတ်လက်ပြတ် ခေါင်းတခြားကိုယ်တခြား။ မမြင်ရက်စရာပါဗျာ။ စစ်ပြီးစ စစ်တလင်းကြီးကျနေတာဘဲ။ ဒီ့နောက်တော့ အရူးတွေအိမ်သစ်ရှာရပြန်ပြီ၊ မတွေ့သေးခင်စပ်ကြား လူ့အ၀တ်စားတွေအသုံးအဆောင် တွေကြားယာယီခိုကပ် ရင်းနေကြရရှာတာ။ အဲသလိုအချိန်မှ သူတို့တွေဟာ စစ်ရှုံးစစ်သားတွေထက် စစ်ပြေးဒုက္ခသည်တွေနဲ့ပိုတူတယ်။ ကျုပ်လေ အရူးတွေဖက်ကမခံချင်ဘူး။ တခုခုလုပ်ပေးချင်တယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ လွှတ်ထားလိုက်ရတာပဲ။ သူတို့သဘာဝကိုး။

တနေ့တော့ ကျုပ်စိတ်ထဲအတွေးပေါက်တယ်။ အရူးတွေက ဖိုက်တာတွေထက် အကောင်လည်းကြီးတယ် ခြေတံလက်တံလည်းရှည် တယ်၊ ဖျတ်ဖျတ်လတ်လတ်လည်းရှိတယ်။ ဒီကောင်တွေကို တကောင်ချင်းသာ လက်ဝှေ့ကြိုးဝိုင်းထဲကလို“တည်”ပေးလိုက်ရင် ဘယ်ကောင်နိုင်မလဲပေါ့။ ကောင်းတော့မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် အဲဒီအချိန်က ကောင်းတယ်တို့မကောင်းဘူးတို့ ကျုပ်အတွေးထဲမရှိပါဘူး။ ဒါနဲ့လက်ကို တံတွေးလေးဆွတ်ပြီး ဒီကောင်တွေကို မနာမကျင်အောင် အသာလေးတကောင်ချင်းဖမ်းပြီး ပိတ်ဖြူစလေးပေါ်တင်ပြီး “တည်”ပေးကြည့်တယ်။ နှစ်ကောင်သား ဦးမှင်ချင်းထိကာရှိသေး အရူးကထွက်ပြေးတာဗျို့။ ကျုပ်လည်း ကျုပ်နည်းကမဟန်သေးပါဘူးဆိုပြီး နည်းလမ်းရှာတယ်။ ဒီကောင်တွေကို ထွက်ပြေးလို့မရအောင် လယ်လိုကြိုးဝိုင်း လုပ်ပေးရ ရင်ကောင်းမလဲပေါ့။ နောက်တော့ သွားတွေ့တယ်။ ဒီကောင်တွေ နှစ်မျိုးလုံး ပရုပ်ဆီဆိုအသေအလဲကြောက်တာ။ ဒါနဲ့ကျုပ်လည်း သံမံတလင်းပေါ် နေရာလေးတခုကိုကွက်ပြီး ဖုန်တွေဘာတွေ ပြောင်နေအောင်သုတ်တဲ့ပြီး ပရုပ်ဆီတကော်လောက်ကော်၊ ပရုပ်ဆီနဲ့ကျပ်ဝိုင်းလောက် အဝိုင်းလေးဝိုင်း၊ အရူးနဲ့ဖိုက်တာ တကောင်စီကို သာသာလေးဖမ်း၊ ကွင်းထဲလွှတ်ချလိုက်တယ်။ စာကြည့်မျက်မှန်ကို မှန်ဘီလူးလိုလုပ်ပြီး သေသေချာချာအနီးကပ်စောင့်ကြည့်တာပေါ့။ ဒီကောင်တွေ ဘာလုပ်မလဲဆိုတာ။ စစချင်းတော့ နှစ်ကောင်သား ဦးမှင်ချင်းထိတာနဲ့ အရူးကထွက်ပြေးဖို့လုပ်လိုက်၊ ပရုပ်ဆီစည်းဝိုင်းကို ဦးမှင်နဲ့ထိလိုက် ကွင်းထဲပြန် ဝင်လာလိုက်။ ဖိုက်တာကလည်း ဒီပရုပ်ဆီကြိုးဝိုင်းထဲကနေ အပြင်ကိုထွက်ဖို့လုပ်လိုက် ကြိုးဝိုင်းအနားသတ်က အနံ့ကိုရလိုက် ကွင်းထဲပြန်ဝင်လာလိုက်၊ အရူးနဲ့တိုးလိုက်၊ အရူးကပြေးလိုက် ၊ သူကလည်း အရူးနောက်ကို လိုက်တော့မကိုက်ရှာပါဘူး။ သူ့ဟာသူ ကြိုးဝိုင်းထဲက ထွက်လမ်းရှာလိုက်နဲ့။ နှစ်ကောင်စလုံးတော့ ယောက်ယက်ခတ်နေရှာသေးတယ်။ နောက်တော့ကျုပ်က ကြိုးဝိုင်းကို ပရုပ်ဆီနည်းနည်းထပ်ကော်ပြီး ကျဉ်းပေးလိုက်တယ်။ ဒီကောင်တွေ ရှောင်မလွတ်တော့ဘူး။ ထွက်ပေါက်လည်းမရှိတော့ဘူး။ ချရုံ ဘဲရှိတော့တယ်။ ကျဉ်းထဲကျပ်ထဲရောက်နေပြီ။ ဒီလိုနဲ့ နောက်ဆုံးအကြိမ်တွေ့ရောဆိုပါတော့။ ဖိုက်တာက အရူးကိုဝင်ကိုက်တယ်။ အရူးကလည်း ပြေးမလွတ်တော့တဲ့အတူ သေမထူးနေမထူးဆိုပြီး၊ ဆုံးဖြတ်ချက်ချလိုက်ဟန်တူတယ်။ မပြေးတော့ဘူး။ ပြန်ကိုက် တယ်။ တကောင့်တကောင် လုံးသွားတယ်။ အရူးက ဖိုက်တာကို ဂုတ်ပိုးလို့ထင်ရတဲ့နေရာကို ခဲထားတယ်။ ဖိုက်တာက အရူးရဲ့ ခါးသိမ်နေရာကို ပြန်ခဲဖို့လုပ်တယ်။ ခဏနေတော့ အကောင်ချင်းကွဲသွားတယ်။ ပြီးတော့ ပြန်လုံးကြပြန်တယ်။ ဒီတခါ ဖိုက်တာက အရူးရဲ့နောက်ခြေထောက်တဖက်ကို အရင်စကိုက်တယ်။ အရူးက ဖိုက်တာရဲ့အကိုက်ကိုရုန်းရင်း၊ ဖိုက်တာရဲ့ခါးသိမ်ကို ပြန်ကိုက် တယ်။ နောက်အကောင်ချင်း ကွဲသွားပြန်တယ်။ အဲသလိုနဲ့တကောင့်တကောင် ခါးသိမ်နေရာကို အမိအရကိုက်ဖို့ကြိုးစားရင်း အချိန်တော်တော်ကုန်သွားတယ်။ ဘယ်ကောင်မှ ချက်ကောင်းကို အသေမမိသေးဘူး။ မိလိုက်ပြန်လွတ်လိုက်နဲ့။ နှစ်ကောင်လုံး လည်းမောနေပြီ။ လှုပ်ရှားမှုတွေနှေးလာတယ်။ အလစ်မှာ တချက်တချက်နောက်ကနေ ဝင်ကိုက် တာကလွဲလို့ တကောင့်တကောင် အသေလုံးဖို့မတတ်နိုင်ကြတော့ဘူး။ ပွဲကလည်းအဆုံးအဖြတ်မပေးနိုင်ဘူး။ ဒါနဲ့ ကျုပ် နောက်တမျိုး စမ်းမယ်၊ ဒီကောင်တွေ လည်း မောနေပြီဆိုပြီး ကြိုးဝိုင်းထဲကအပြင်ထုတ်ပေးလိုက်တယ်။ နှစ်ကောင်လုံး ဒဏ်ရာတော့အတော်ရသွားပုံပဲ။ တော်တော်နဲ့ လမ်းမလျှောက်နိုင်ဘူး။ သူတို့ကိုယ်သူတို့ခြေထောက်လေးတွေ လက်လေးတွေနဲ့ ဟိုနားပွတ်လိုက် ဒီနားပွတ်လိုက် လုပ်နေသေးတယ်။ ကျုပ်သနားတော့လည်းသနားတယ်။ ဒါပေမယ့် ကျုပ်လိုချင်တဲ့အဖြေကမရသေးဘူး။

ဒါနဲ့ကြိုးဝိုင်းထဲကို ဖိုက်တာနှစ်ကောင်နဲ့အရူးတကောင်၊ တကယ်သာ ချမယ်ဆိုလို့ကတော့ လက်ရည်ညီလောက်တယ်လို့ တွက်ပြီး နှစ်ကောင့်တကောင်ပွဲလုပ်ပေးပြန်တယ်။ ပွဲက စလွှတ်လိုက်တာနဲ့ကြမ်းတော့တာဗျို့။ ဖိုက်တာနှစ်ကောင်မှာ တကောင်က အရူးရဲ့နောက်ခြေထောက်ကို ဖျတ်ကနဲပြေးဆွဲပြီး ကိုက်လိုက်တယ် အရူးက ထွက်ပြေးဖို့ရုန်းတယ်။ ဖိုက်တာက သံမံတလင်းပေါ်ခြေ စုံကန်ပြီး အတင်းဆွဲထားတဲ့ကြားက အရူးရုန်းရာနောက် ဒရွတ်တိုက်ပါပါနေတယ်။ အဲဒီအချိန်မှာ ကျန်တဲ့ဖိုက်တာက အရူးရဲ့ဂုတ် ပိုးနေရာကိုဝင်ခဲတယ်၊ အရူးက ဝင်ခဲတဲ့ဖိုက်တာကို ပြန်ကိုက်လို့အကောင်ချင်းလုံးသွားချိန်မှာ အရူးရဲ့နောက်ခြေထောက်ကို ဆွဲထားတဲ့ဖိုက်တာက ရုတ်ရက်လွှတ်လိုက်ပြီး အရူးဖင်ပိုင်းက ဖုသီးကိုဝင်ကိုက်တယ်။ အရူးတော်တော်လေး နာသွားဟန်တူတယ်။ အရူးက ဟို ကောင်ဆီကနေ၊ ဖင်ကိုလာကိုက်တဲ့ဖိုက်တာကို ပြန်ကိုက်ဖို့အတင်းရုန်းတယ်။ မရဘူး။ ဟိုကောင်က အသေခဲထားတယ်။ မလွှတ်ဘူး။ နှစ်ကောင့်တကောင် အရူးခမျာ အပေါ်ရောက်လိုက် အောက်ရောက်လိုက်နဲ့။ လူးလိမ့်နေတာဘဲ။ ဒီ့နောက်တော့ အရူးကို ဖိုက်တာနှစ်ကောင်ကခဲထားရင်းခဏငြိမ်နေတယ်။ အရူး ပြန်မကိုက်နိုင်တော့ဘူး။ တွန်းထိုးရုန်းကန်နေတာဘဲ။ အမောပြေ သလောက်ရှိတော့၊ အရူးရဲ့ဖင်ဖုသီးကို ကိုက်ထားတဲ့ဖိုက်တာက၊ သူ့ကိုယ်ကို ပြောင်းပြန်လုပ်ထဲ့ပြီး၊ အရူးရဲ့ခါးသိမ်နေရာကို မိမိရရ ဝင်ကိုက်ချလိုက်တယ်။ အရူးခမျာ နာတယ်ထင်ရှာရဲ့။ ဆတ်ဆတ်ကိုလွန့်နေတာဘဲ။ ကျုပ်လည်း သသောပေါက်သွားတယ်။ ဒါဆို ပွဲသိမ်းခန်းရောက်ပြီ။ ဖိုက်တာတွေနိုင်ပြီ။ ဘာလို့လဲဆိုတော့ ပုရွက်ဆိတ်ရဲ့အားအနည်းဆုံးအပိုင်းက ခါးသိမ်လေးကိုး။ အဲဒီ ခါးသိမ်လေးပြတ်သွားရင် သွားပြီ၊ ဘာမှ ပြန်မလုပ်နိုင်တော့ဘး။ ကျုပ်လည်း ဒီကောင်တွေကို ပါးစပ်ထဲကရေနဲ့မှုတ်ပြီး အကောင်ချင်းခွဲပေးလိုက်တယ်။ ဖိုက်တာနှစ်ကောင်ကတော့ ခဏလောက်ပဲ ဟိုဟိုဒီဒီပွတ်သပ်ပြီးထွက်သွားပေမယ့် အရူးခမျာတော့ မချိမဆန့်။ ဒါနဲ့  ကျုပ်လည်းသူ့ကို ပုလင်းဖုံးလေးထဲ အချိုလေးပါနည်းနည်းထည့်ပြီး အနားပေးလိုက်တယ်။ သေမှာပါ။

နောက်တပွဲကတော့ ဖိုက်တာတစ်၊ အရူးနှစ် ပွဲပေါ့ဗျာ။ ထုံးစံအတိုင်း စစချင်းတော့ အရူးတွေက လျောက်ပြေးနေသေး တယ်။ နောက်တော့ “တည်” ကုန်ကျရော။ အရူးတကောင်က ဖိုက်တာကိုဝင်ကိုက်တယ်။ ဖိုက်တာက ကိုက်လာတဲ့အရူးကို သဲကြီး မဲကြီးပြန်လုံးပြီးကိုက်တယ်။ လုံးဝမလွှတ်ဘူး။ ကျန်တဲ့ အရူးတကောင်က တော်တော်ကြာကြာအထိ အပြင်ထွက်ဖို့အပေါက်ရှာလိုက် ပရုပ်ဆီနံ့ရလိုက်၊ ကွင်းထဲပြန်ဝင်လာလိုက် လေးငါးခြောက်ကြိမ် လုပ်နေသေးတယ်။ ဟိုကောင့်ကို ဝင်မကူဘူး။ ကျုပ်တောင် ဒီအရူး ကိုကြည့်ရင်း ဝင်ကိုက်ပါတော့လား… ဝင်ကိုက်ပါတော့လားနဲ့ပါးစပ်က ထွက်မိသေးတယ်။ မလွတ်နိုင်ပုံပေါက်တော့မှ မထူးပါဘူး ဆိုပြီး နောက်ဆုံးကျတော့မှ ဝင်ကိုက်တော့တာ။ အံမယ်… ငတိက ကိုက်မယ့်ကိုက်တော့ တကယ့်ချက်ကောင်းကိုဝင်ကိုက်တာဗျ။ ခါးသိမ်နေရာဘဲ။ ကွက်တိဘဲ။ တချက်တည်းနဲ့ ကိုက်လည်းကိုက်၊ ဖြတ်လည်းဖြစ်ချ၊ တိကနဲဘဲ။ ဖိုက်တာရဲ့ခါးသိမ်လေး ပြတ်ထွက် သွားတယ်။ ကျုပ်တောင် ဖျန်ဖြေချိန်မရလိုက်ဘူး။ ကျုပ်လည်း အကောင်ချင်းခွဲလိုက်တယ်။ အရူးတွေကိုတော့ ဒီအတိုင်းဘဲထား လိုက်တယ်။ ခါးပြတ်သွားတဲ့ဖိုက်တာကိုတော့ သူ့ အိမ်အပေါက်ဝနား အသာပြန်ချပေးထားလိုက်တယ်။ ခင်ဗျားကတော့ ထင်မှာ ဘဲနော် ကျုပ်ဟာနှလုံးသားမရှိတဲ့လူ။ ရက်စက်တဲ့လူလို့။ မတတ်နိုင်ဘူးဗျာ။ ကျုပ်ကသိချင်တာကိုး။ ဒါပေမယ့် အဲဒီတကြိမ်ပါ ဘဲ။ နောက်ဆို ဘယ်တော့မှ ထပ်မလုပ်တော့ ဘူးလို့ဆုံးဖြတ်လိုက်တယ်။

ဒီသုံးပွဲလည်းပြီးရော စိတ်လည်းတော်တော်မောသွားတယ်။ တွေးစရာတွေလည်းတပုံကြီးကျန်ခဲ့တယ်။ ကျုပ်တို့ခင်ဗျားတို့တတွေ လည်း ခုဆို တကွဲတပြားစီလွင့်စဉ်လို့။ သေကွဲရှင်ကွဲတွေကွဲလို့။ ဒါတွေ ဘာ့ကြောင့်ဘယ်လိုဖြစ်ရတယ်ဆိုတာ ခင်ဗျားသိတဲ့အတိုင်းပဲ။ ဒီတော့ ကျုပ်တွေးမိတယ်။ ကျုပ်တို့တတွေဟာ မဖြစ်မနေ ပရွက်ဆိတ်ဖြစ်ရမယ်ဆိုရင် “ဖိုက်တာ”နဲ့“အရူး” ဘယ်ဟာဖြစ်ချင်တာလဲ။ ဘာကြောင့် ဖြစ်ချင်ရတာလဲ။ ဘယ် ပုရွက်ဆိတ်ရဲ့ “စိတ်နေစိတ်ထားဟာ” ကျုပ်တို့လိုရာရောက်ဖို့ ပိုဆောင်နိုင်မလဲ။ လူဟာ ဘယ်တော့မှ ပုရွက်ဆိတ် မဟုတ်ဘူးလို့ ပတ္တောပိတ်ပြောမယ်ဆိုရင်လည်း ရှိပါစေဗျား။ ကျုပ်တော့ ကိုယ့်အဖြစ်အနေကို ပြန် ဆင်ခြင်မိတိုင်း သော့အိမ်ရဲ့ ပရုပ်ဆီကြိုးဝိုင်းထဲက“ဖိုက်တာ”နဲ့“အရူး” ပုရွက်ဆိတ်လေးတွေပဲ မြင်မြင်နေတယ်။
မျိုးမြင့်ချို

မုန်တိုင်းမပြိုမီ (မျိုးမြင့်ချို)

0 comments

မုန်တိုင်းပျိုးချိန်တွင် သူ့ကို စတွေ့ခဲ့ခြင်းဖြစ်သည်။

ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်ချက်သားကောင်းနေတာလည်းဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ကျနော်တို့က ကိုယ့်အာရုံနှင့်ကိုယ်လွင့်နေသည်မို့ ဝန်းကျင်နှင့် လွတ်နေတာလည်း ဖြစ်ချင်ဖြစ်နိုင်သည်။ ပက်လက်အနေအထားနှင့် မျက်နှာကျက်ကိုကြည့်ရင်း ကျနော်က “အဲဒီအချိန်က မိုးဖွဲဖွဲကျနေ တာနဲ့တူတယ်” ဟု ဆက်ပြော လိုက်သည်။ “ ဘယ်ကလာ ဖွဲဖွဲရမှာလည်း။ တော်တော့်ကိုသည်းနေတာ၊ ငါတောင်မြို့ထဲသွားမလို့ဟာ၊ ထီးမရှိတာနဲ့ ကိုစီုးကိုစောင့်ရင်း နာရီဝက်လောက်နောက်ကျသွားလို့ မင်း တောင်ပြောသေးတယ်လေကွာ” ဟု ပြန်ပြောကာ ကျနော့်ကိုဖက်ကို သူလှည့်လိုက်သည်။ ကျနော့်ထံမှ သောက်လက်စဆေးလိပ်ကို လှမ်းတောင်းသဖြင့် ကမ်းပေးလိုက်သည်။ မျက်နှာကျက်မီးလုံးဝါကျင့်ကျင့်အနီး တလည်လည်ပျံနေသည့် ပလူကောင်လေးများကို လိုက်ဖမ်းစားရင်း အိမ်မြှောင် ၃ - ၄ ကောင် အလုပ်များနေသည်ကို တွေ့နေရသည်။ ကြမ်း ပြင်ပေါ်မှာတော့ အတောင်ကျွတ်၍ မပျံနိုင်တော့သည့် ကိုယ်တုံးလုံးပလူကောင်လေးများ တစ်ကောင်နောက်တစ်ကောင်ဆက်၍ ၃ - ၄ ကောင် အတွဲလိုက်လျှောက်သွားနေကြသည်ကိုကြည့် ရင်း “များများစားစားဆိုလည်း ကောင်းသားကွာ။ ဒီကောင်တွေ စားကောင်းတယ်” ဟု သူကဆိုသည်။ ကျနော်က “ငါက အစက သူ့ကို ယောင်္ကျားလျှာ လို့ထင်တာကွ၊ စကားပြောရင်လည်း ကျနော်…ကျနော်နဲ့ဆိုတော့” ဟုပြောသည့်အခါ “ငါတော့ အဲလိုမထင်ဘူး။ ယောင်္ကျားဆန်တယ်လို့ထင်တာဘဲ။ ဒါပေမယ့် နောက်တော့ မဟုတ်ပြန်ဘူးကွ။ မိန်းမ မဆန်လွန်းတာ၊ မင်းစဉ်းစားကြည့်လေကွာ ရေမွှေးနံ့လေးဘာလေး တစ်ခါတစ်လေရတတ်တာရယ်၊ သပ်သပ်ရပ်ရပ်လေး နေတတ်တာရယ်ကလွဲလို့ အလှပြင်တာတို့ဘာတို့ တစ်ခါမှမတွေ့ဖူးဘူး။ ဝတ်လိုက်ရင်လည်း ယောင်္ကျားဝတ် ရှပ်အင်္ကျီနဲ့၊ ဗြောင် ထမိန်နဲ့ကလွဲလို့ ဘာမှ ဝတ်တာမတွေ့ဖူးဘူး” ဟု သူကဆက်ပြော၏။ ကျနော်သူ့ကို စချင်နောက်ချင်စိတ်ဖြင့် “မင်းက အသေးစိတ်ကို မှတ်ထားတာဘဲ။ ဟဲ..ဟဲ” ဟု ရယ်ကျဲကျဲ လုပ်မိလိုက်သည်။ သူနည်းနည်း ခုတုတုဖြစ်သွားသလားမပြောတတ် “မင်းကလည်း ငါအကောင်းပြောတာပါ။ ဒါပေမယ့် မိန်းကလေးဟာ မိန်းကလေးပါဘဲ၊ မင်းမှတ်မိလားမသိဘူး။ မင်း သူ့ကို နာမည်ရှေ့မှာ မ တပ်ပြီး သွားခေါ်တော့ သူပြန်ပြောတဲ့ပုံလေ” ဟုပြောရင်း ဆေး လိပ်ကိုသာ တွင်တွင်ဖွာနေတော့သည်။ “အေး.. မှတ်မိတယ် ‘ကျနော့်ကို နာမည်အတိုင်းဘဲခေါ်ပါ’ လို့ ပြောပြီး ရှက်တက်တက်ဖြစ်သွားတဲ့ပုံပဲ” “အေးလေ၊ အဲဒါပြောပေါ့” ဟု ပြောပြီးနောက် ဆေးလိပ်ကို မဲဖွာနေပြန်သဖြင့် ကျနော်က “ဟေ့ကောင် အဲဒါ ဒီနေ့အတွက် နောက်ဆုံးကျည်ဆန်နော်၊ မီးလေးဘာလေး လည်း သတ်ထားဦး” ပြောလိုက်ဖြစ်သည်။ “အေးပါကွာ၊ သိပါတယ်။ ဆေးလိပ်အဝသောက်ရရင် ကောင်းမယ်နော်” မေးသလိုပြောသလို လုပ်ပြီး ဆေးလိပ်တိုကို နံရံအပေါက်ထဲ အသာအယာထိုးထည့်လိုက်သည်။ နှစ်ယောက်စလုံး မျက်နှာကျက်ကိုသာ ကြည့်နေကြသည်၊ စကားဆက်မပြောဖြစ်သေး။ ခဏကြာတော့မှ သူက “သြော်.. ဒါနဲ့ သူ့စာ အုပ်တစ်အုပ် မင်းဆီမှာဆို၊ ငါ့ကို ကိုမြင့်ပြောတယ်” “အေး.. ဟုတ်တယ်” “သူ့လက်မှတ်ပါလား” “ပါတယ်” “သိမ်းထားပေါ့ကွာ၊ အမှတ်တရပေါ့” ဟု ပြောပြီး တဖက်သို့ပြန်လှည့်လိုက်ပြန်သည်။ ထို့နောက် “တို့ဆီမှာ စာအုပ်ကောင်းတွေကို ကိုယ်ပိုင်ဝယ်ဖတ်ပြီးသိမ်းတဲ့မိန်းကလေးမျိုး တော်တော်ရှားတယ်နော်” ဟု ဆိုသည့်  သူ့အမြင်ကို ကျနော် သဘောမတူစရာမရှိပါ။ “ငါ တစ်ရက်မြို့ထဲသွားရင်း ကားပေါ်မှာ သူ့ဘိုးတော်နဲ့ဆုံလို့ ‘အန်ကယ်လ် သီတာ့ စာအုပ်တစ်အုပ် ကျနော့်ဆီရှိတယ်၊ ငှားဖတ်ပြီး ပြန်မပေးဖြစ်တာနဲ့’ ဆိုတော့ ဘိုးတော်က ‘ဟုတ်လား နေပါစေတော့ကွာ၊ မင်းကို အမှတ်တရပေးခဲ့တယ်လို့ပဲ သဘောထားပြီး ယူထားလိုက်ပါ’ လို့ ပြောတယ်ကွာ၊ မျက်နှာလည်း ခပ်ညှိုးညှိုးရယ်၊ ဒါနဲ့ ငါလည်း ယူထားလိုက်တာ” ဆိုတော့ သူက  “ဟုတ်လား၊ အခုရော အဲဒီစာအုပ်” “အိမ်မှာ ရှိဦးမယ်ထင်တာဘဲ” စကားစပြတ်သွားပြန် သည်။ မီးလုံးနားတွင် ပလူများအတော်အတန်ကျဲသွား၏။ အိမ်မြှောင်များလည်း စောစောကလောက် ပြေးပြေးလွှားလွှားသိပ်မရှိတော့။ အထိုက်အလျှောက် အစာဝသွားကြဟန်တူသည်။
“တာဝန်ကျဆရာရေ မီးတတို့လောက် ပေးပါဗျို့” ဟု  (၂) ခန်းကျော်မှ ညကင်းစောင့်သမားထံ ဆေးလိပ်မီးလှမ်းတောင်းသည့် အသံကိုကြား လိုက်ရသည်။ “ချမလား” ဟု မေးရင်း စောစောက သူ မီးသတ်ထားသည့် ဆေးလိပ်တိုကို နံရံအပေါက်ထဲမှ ခပ်ဖြည်းဖြည်းပြန်ထုတ် ယူသည်ကိုတွေ့ရ သည်။ ထို့နောက် တုံးလုံးလှဲနေရာမှထ၍ အပေါက်ဝတွင်ပြောင်းထိုင်လိုက်သည်။ “အေး..ချတာပေါ့၊ အိပ်ချိန်တောင် ပေးတော့မယ်နော်၊  ဗျို့..ကိုအေးငွေရေ မီးလာရင် ဒီဘက်လည်းလွှတ်ပေးပါဦးနော” ဟု ပြောပြီး ကျနော်က ဆီးသွားရန်ထလိုက်သည်။ ဆီးသွားရင်းမှ “မင်း မှတ်မိသေး လား၊ နောက်နေ့ဆို အထွေထွေသပိတ်ချီတက်ပွဲလုပ်မည့်ညက သူ ရုံးမှာ ညအိပ်လာပြီး လုပ်ကူပေးတာလေ” ဟု ပြောသည့်အခါ သူက “သိပ်မှတ်မိ တာပေါ့ကွာ။  နောက်နေ့ မနက်အစောကြီးရှိသေးတယ်၊ သူ့ဘိုးတော် ရုံးရောက်လာတော့၊ ပထမ  ငါ လန့်တောင်လန့်သွားတာ၊  သူ့ဘိုးတော် ပြောပုံက.. ” ဟု စကားစရပ်ပြီး၊ မီးလာပေးသည့် ညကင်းသမားအား “ကျေးဇူးပါဘဲဗျာ” ပြောကာမီးညှိနေသည်။
ကျနော်လည်း ထိုမနက်က သူနှင့်အတူရှိနေခဲ့သည်။ “ညက အန်ကယ်လ့်သမီး ဒီမှာ အိပ်တာလား” “ဟုတ်ကဲ့ အန်ကယ်လ်” “ခုရော” “လက်ဘက်ရည် သွားဝယ်နေပါတယ်” “အန်ကယ်လ်ကွာ တစ်ညလုံးစိတ်ပူနေတာ” “ကျွန်တော်တို့ကိုပြောတော့ အန်ကယ်လ်တို့ကို ပြောခဲ့တယ်လို့ ဆိုတယ်” “အေး… ပြောတော့ ပြောခဲ့ပါတယ်၊ ဒါပေမယ့်ကွာ သမီးမိန်းကလေးဆိုတော့.. ” “ဒီလောက်ကြီးလည်း စိတ်မပူပါနဲ့ အန်ကယ်လ်၊ ဒီမှာ မိန်းကလေး အဖေါ်တွေလည်းရှိပါတယ်။ နောက်ပြီး ကျနော်တို့လည်း ရှိနေတာဘဲဟာ” “အေးပါကွယ်၊ ဒါဆိုလည်းပြီးတာပါဘဲ၊ ညကတောင် တစ်ခေါက်လောက်လှည့် လာအုံးမယ်လို့လုပ်နေတာ၊ သူ့အမေက ‘ကာလကြီးကလည်း ကောင်းတာမဟုတ်ဘူး၊ နောက်ပြီး အဖေါ်တွေလည်းရှိနေတာနေမှာပါ၊ သိပ်လည်းပူမနေပါနဲ့၊ မနက်မှ စောစောသွားပေါ့’ ဆိုတာနဲ့ အပြင်မထွက်ဖြစ်တော့တာ” ဟု ပြောသည့် သူ့ဖခင်၏ မျက်ဝန်းအိမ်တွင် စိုးရိမ်ရိပ်တို့အား တွေ့ခဲ့ရသည်ကို မှတ်မိနေကြောင်း ကျနော့်ကိုပြောရင်း “သူ့ ဘိုးတော်က သူ့ကို တော်တော်လေးချစ်ပုံရတယ်ကွ၊ ဘွားတော်ကြည့်ရတာတော့ ခပ်အေးအေးပဲ” ဟု ဆက်ပြောနေသည်။ ထို့နောက်ကျွန်တော့်အား ဆေးလိပ်တိုလှမ်းပေးသည်။ နှစ်ဖွာ ဆက်တိုက်ဖွာချလိုက်ပြီး အဆုတ်ထဲအပြည့် ရှိုက်သွင်းလိုက်တော့ မှ နေသာထိုင်သာရှိသွားသည်။ “နောက်ပိုင်း..” ဟု ပြောရင်းက ကျနော်လှမ်းပေးသည့် ဆေးလိပ်ကိုယူသည်။ တစ်ဖွာနှစ်ဖွာ ဖွာပြီး ဘေးချလိုက်၏။ “ဟေ့ကောင် မီးသေသွားဦမယ်” “ရပါတယ်။ ငါ ဒီမှာ စောင်စရှို့ထားတယ်၊ တောက်လျောက်ကြီးဆိုတော့လည်း ဖင်ပူတယ်ကွာ” ပြောကာ စောင်ကြိုးစ ကို လေအသာမှုတ်ပေးနေ၏။ “ဒါနဲ့၊ လုပ်ပါဦး အခုန စကား ပြတ်သွားတယ်။ နောက်ပိုင်း ဘာဖြစ်တယ်” ကျနော်က စကားစကို ပြန်ကောက်ပေးလိုက်သည်။ “အာဏာသိမ်းပြီးတော့ ငါ သူတို့အိမ်ကို တစ်ခေါက်နှစ်ခေါက်ရောက်သေးတယ်၊ သူ့ဘိုးတော် ဘွားတော်တွေကို  အားပေးစကားလေးဘာလေး ပြော ရအောင်ပေါ့ကွာ၊ ဟေ့ကောင်ရေ..အဲတော့မှ သူဘာကြောင့် ဒီထဲပါလာရသလဲဆိုတာသိရတာ၊ ငါတော်တော် စိတ်မကောင်းဖြစ်သွားတယ်ကွာ၊ တကယ့်ကို အဖြူထည် သက်သက်ပါကွာ၊ ဘာအရောင်အသွေးမှမစွန်းဘူး၊ ငါရောက်သွားတော့.. သူ့ဘွားတော် မျက်လုံးအိမ်မှာမျက်ရည်တွေ အပြည့်နဲ့ကွာ၊ ကျတော့မကျဘူး၊ မကျအောင် မနည်းထိမ်းထားရပုံဘဲ၊ ပြီးတော့မှ  ‘အဲဒီ့နေ့က သူပြန်လာတော့ ခါတိုင်းနဲ့မတူဘူး။ နည်းနည်းလည်း နောက်ကျတယ်၊ မျက်စေ့မျက်နှာလည်းပျက်လို့၊ သူ့အခန်းထဲ တန်းဝင်သွားတယ်၊ ဘယ်သူ့မှ စကားမပြောဘူး၊ ညစာလည်းထွက်မစားဘူး၊ ည ၁၁ နာရီ လောက်ကျတော့ သူ့အခန်းဖက်က ငြီးသံလိုကြားတော့ အန်တီလည်း သူ့အခန်းထဲဝင်သွားတယ်၊ ရောက်တော့ အိပ်ရာပေါ်မှာ ကျောင်းက ပြန်လာတုန်းက အဝတ် အစားတွေနဲ့၊ လူက အိပ်ရာပေါ်မှာတုံးလုံး၊ အဖျားတွေ တော်တော်တက်နေတယ်၊ တစ်ကိုယ်လုံးလည်း ခြစ်ခြစ်တောက်ပူနေတာဘဲ၊ ပါးစပ်ကတော့ ‘မလုပ်ကြပါနဲ့၊ မလုပ်ကြပါနဲ့’ ဆိုတာကိုဘဲ ထပ်တလဲလဲယောင်ပြီး အော်နေတယ်၊ ဒါနဲ့ အန်တီလည်း သူ့ကို ဆေးလေးဘာလေးတိုက်၊ ရေဖတ်အဝတ်လေး ဘာလေးတင်ပေး၊ အနွေးထည်လေး စောင်လေးဘာလေးခြုံပေးပြီး တစ်ညလုံး စောင့်ပေးနေရတာ၊ မိုးလင်းခါနီးကျတော့မှပဲ အဖျားကကျသွားတာ’ လို့ ဘွားတော်ပြောနေတဲ့အချိန်မှာ ဘိုးတော်က ဟိုဖက်လှည့်ပြီး မျက်ရည်တွေကျနေတာ ငါ မြင်တယ်၊ ဘာမှတော့ ဝင်မပြောသေးဘူး၊ အဲဒီတော့မှ ဘေးက ထိုင်နေတဲ့ သူ့ညီမက.. ‘နောက်တစ်နေ့ မနက်ကျတော့ သမီးကို သူ ရေဖတ်တိုက်ခိုင်းတယ်၊ အဲဒီတော့မှတွေ့တာ၊ သူ့ လက်မောင်းနဲ့ကျောမှာ ညိုမည်းနေတာဘဲ၊ သမီးမေးတော့ သူက ‘ငါမနေ့က ကျောင်းထဲမှာ လုံထိန်းတွေအရိုက်ခံရလို့’ တဲ့ ‘ပြီးရင် ကျပ်ထုတ်လေးထိုးပေးဦး၊ အကိုက် အခဲပျောက်ဆေးလေးလည်း နည်းနည်းဝယ်ပေး’ လို့ပြောတယ် ‘အမေတို့ကို ဘာမှမပြောနဲ့’ လို့ သမီးကိုပိတ်တယ်၊ သမီးကလည်း သူခိုင်းတာ အကုန်လုပ်ပေးပါတယ်၊ ဒါပေမယ့် အမေတို့ကိုတော့ ပြောပြလိုက်တယ်’ လို့ သူ့ညီမက ဝင်လည်းပြောရော ဘိုးတော်က အခုမှအသက်ပြန်ဝင်လာတဲ့လူလို လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ‘အေး..အဲဒီတော့မှ အန်ကယ်လ်တို့လည်းသိရတာ၊ ဒါနဲ့ သူ့ကို အဲဒီနေ့ကစပြီးမြို့ထဲလည်း ပေးမသွားတော့ ဘူး။ ကျောင်း လည်း ပေးမတက်တော့ဘူး၊ သူ့အကြောင်း မင်းတို့လည်းသိမှာပါ၊ သူက တစ်ခုခုလုပ်ချင်ပြီဆိုရင် ဇွတ်လုပ်တာ၊ ခေါင်းလည်းနည်းနည်းမာတယ်လေ’ လို့ ပြောတယ်ကွာ၊ ခေါင်းမာတယ်ဆိုတဲ့အသုံးအနှုန်းကို ငါမကြိုက်ပေမယ့် ဘာမှတော့ပြန်မပြောလိုက်ပါဘူး၊ စိတ်ဆင်းရဲနေချိန်ဆိုတော့ မပြောသင့်ဘူး လည်းထင်တာနဲ့” ဟု ပြောပြီး အခန်းအပြင်ဘက် ဘာမှမမြင်ရသည့်နေရာကို ခပ်တွေတွေငေးနေသည်။ “နောက်တော့ရော” “ နောက်တော့ ဘိုးတော်က ဆက်ပြောတယ်ကွာ ‘နောက်တော့ သူ ကျောင်းသွားချင်တဲ့အကြောင်း၊ မြို့ထဲသွားချင်တဲ့အကြောင်း ခဏခဏပြောတယ်၊ အဲဒီတုန်းက သူ့ အစ်ကိုကြီး ကလည်း မြို့ထဲမှာတာဝန်ကျနေတာဆိုတော့ သူ့ကိုကျောင်းမလွှတ်ဖို့ သူ့အကိုကြီးက တရရပြောတာလည်းပါတယ်၊ အန်ကယ်လ်တို့လည်း စဉ်းစားတယ်၊ ဘာလုပ်ရင် ကောင်းမလဲပေါ့၊ တော်ကြာ သူ့ကို သိပ်ချုပ်ချယ်ထင်ပြီး တစ်ခုခုလျှောက်လုပ်ကုန်ရင်ခက်မယ်၊ နောက်တော့ သူက ‘အဖေတို့က ကျောင်း မသွားနဲ့၊ မြို့ထဲမသွားနဲ့ဆိုလည်းမသွားဘူး၊ ဒါပေမယ့် သမီး ဒီမှာလုပ်တာကိုတော့ ခွင့်ပြုရမယ်’ လို့ပြောလာတော့ အန်ကယ်လ်တို့လည်း မတတ်သာဘဲ ခွင့်လွှတ်လိုက်ရတာပေါ့ကွာ၊ တစ်တိုင်းပြည်လုံးလည်းလုပ်နေကြတာ၊ နောက်ပြီး..မင်းတို့လည်း ရှိနေတာဆိုတော့’ လို့ပြောပြီး ထပ်ငိုတယ်ကွာ၊ ငါလည်း အားပေးစကားဘဲ ပြောရမှာလိုလို၊ အားနာစကားဘဲဆိုရမှာလိုလိုနဲ့ တော်တော်အနေရအထိုင်ရကြပ်တဲ့ကိစ္စဘဲကွာ” ဟု ပြောကာ မီးသေနေသည့် ဆေးလိပ် ကိုကောက်ဖွာနေသဖြင့် ကျနော်က  “ဟေ့ကောင်ရာ မီးလည်းမရှိဘဲနဲ့” ဟု ပြောလိုက်တော့မှ “သြော်.. အင်း” ဟု ပြောပြီး စောင်ကြိုးစမှ မီးကိုတို့ သည်။ ဆေးလိပ်တစ်ဖွာနှစ်ဖွာ ဖွာသည်။ ထို့နောက် ပြန်၍ပက်လက်လှန်ချလိုက်ပြီး မျက်စေ့မှိတ်လိုက်သည်။ အိမ်မြှောင်တစ်ကောင်က အတောင်ပံ ကျွတ်ပြီး ကြမ်းပေါ်လျှောက်သွားနေသည့် ပလူကောင်လေးများကို လိုက်ဖမ်းစားနေသည်ကိုကြည့်ရင်း ကျနော်က အမှတ်မထင် “ဒီကောင် တော်တော်ပျင်း တဲ့ကောင်” ဟု ပြောသံကြောင့် သူ ထလာပြီး “ပျင်းတာ မဟုတ်ဘဲ၊ ပါးတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ကွာ” ဟု ပြောကာ ထိုအိမ်မြှောင်အား အတိုင်းသားငေးနေပြန်သည်။ အခန်းထဲတွင် တိတ်ဆိတ်ခြင်းက ပြန်လည်မင်းမူလာပြန်၏။

“အာဏာမသိမ်းခင် ပထမနေ့ ညနေက စစ်တပ်နှစ်တပ်ရှေ့ စင်ထိုးပြီး သွား တရားဟောကြတော့ အပြန်မှာ ငါက သူ့ကို ‘သီတာ ပြောသွားတာ သိပ်ကောင်းတယ်၊ အားလည်းပါတယ်၊ အချက်အလက်ရော၊ အချိတ်အဆက်ရော ထိထိမိမိရှိတယ်၊ တစ်ခုဘဲ စိတ်လှုပ်ရှားမှုလေး နည်းနည်းကဲသလား လို့၊ နောက်တစ်ပွဲကြရင်တော့ အခုထက်ပို ကောင်းကောင်းပြောနိုင်အောင် ပြင်ဆင်ထားပေါ့’ ဆိုတော့ ဘာမှ ပြန်မပြောဘူး၊ ခေါင်းကြီးငုံ့ပြီး ရှက်အမ်း အမ်းဖြစ်နေပုံဘဲ၊ ငါ နည်းနည်းတော့ အံ့သြသွားတယ်၊ ဘယ်ကွာ လက်နက်အပြည့်အစုံနဲ့ စစ်သားတွေရှေ့မှာ ရဲ့ရင့်ပြတ်သားပြီး တည်တည်ကြည်ကြည် ရှိသလောက်၊ အချီးမွမ်းခံရချိန်မှာ မနေတတ်မထိုင်တတ်ဖြစ်နေတာကိုပြောတာပါ၊ ‘အပြစ်မဲ့ ကျနော်တို့ ကျောင်းသားတွေ၊ ပြည်သူတွေကိုသတ်ရင် အစ်ကိုရင်းမကလို့ ဘာဖြစ်ဖြစ်လက်မခံနိုင်ဘူး၊ ဆန့်ကျင်မှာဘဲလို့ ကျနော်ပြောခဲ့တာ အစ်ကိုကြီးသာသိရင် ကျနော့်ကို သတ်ချင်မှာဘဲနော်၊ နောက်တစ် ကြိမ်ပြောဖို့တောင် မလွယ်ဘူးနဲ့တူတယ်’ လို့ ပြောနေတဲ့ သူ့ကိုကြည့်ပြီး ငါ့စိတ်ထဲတစ်မျိုးဘဲ၊ ဘယ်လိုမှန်းတော့မသိဘူး၊ အတိတ်တို့နိမိတ်တို့ ဆိုတာတွေ ကို ငါ အယုံအကြည်မရှိပေမယ့် တစ်မျိုးတော့တစ်မျိုးဘဲကွ” တစ်ဖက်လှည့်ပြီး  သူ အိပ်သွားပြီထင်၍ ကျွန်တော်ငြိမ်နေတော့မှ သူ့ဆီက အသံထွက် လာခြင်းဖြစ်သော်လည်း ကျနော့်အတွက် ဘာစိတ်အနှောင့်အယှက်မှမဖြစ်ပါ။  “စစ်တပ်က အာဏာသိမ်းလိုက်ပြီလို့ ကြေညာတာကိုကြားကြားခြင်း ငါလည်း သူတို့ကို ပြောလိုက်သေးတယ်၊ လောလောဆယ် အိမ်ခဏပြန်နေကြပါဦး၊ အခြေအနေက ဘယ်လောက်ထိဖြစ်လာဦးမယ်၊ ဘာတွေဖြစ်လာမယ်ဆို တာ စောင့်တော့ကြည့်ဖို့လိုလိမ့်မယ်လို့၊ ‘ဘာဆက်လုပ်ကြမှာလဲ’ ဆိုတဲ့မေးခွန်းအတွက် လောလောလတ်လတ် ငါ့မှာလည်းဘာအဖြေမှမရှိဘူး၊ ငါကိုယ် တိုင်လည်း ဘာလုပ်ရမယ်မှန်းမသိဘူး..အဲဒီအချိန်က၊ ဘာအဖြေမှထွက်မလာတဲ့ငါ့ကို တော်တော်တွေဝေတဲ့လူမျိုးဘဲလို့ ထင်မှာတော့သေချာတယ်ကွာ၊ မတတ်နိုင်ဘူး၊ ထင်ချင်သလိုထင်ကြတော့လို့ ငါ့စိတ်ထဲပြောရင်း သူတို့အားလုံးကို ပြန်ခိုင်းလိုက်တယ်၊ သူလည်း ပြန်သွားတယ်၊ မပြန်ခင် ငါ့ကို ‘တစ်ခုခု ထူးခြားတယ်၊ လုပ်စရာရှိတယ်ဆိုရင် ကျနော့်ကိုအသိပေးပါ’ လို့ ပြောသွားတာ နောက်ဆုံးစကားပဲ၊ သူနဲ့ငါ ပြော လိုက်ရသမျှထဲမှာ အဲဒါနောက်ဆုံးစကား ကွာ၊ တွေ့တာလည်း အဲဒါ နောက်ဆုံးအကြိမ်ပဲ၊ နောက်နေ့ကြရင် စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ လမ်းပေါ်ထွက်ဆန္ဒပြဖို့စီစဉ်နေကြတာ ငါကြားတော့ကြားတယ်၊ ဒါပေမယ့် ငါလည်းမြို့ထဲရောက်နေတယ်၊ ဘာဆက်လုပ်ကြရင် ကောင်းမလဲဆိုတာ ဆွေးနွေးကြည့်မယ်ဆိုပြီး၊ သူတို့လုပ်ကြမှာကို ဘယ်လိုမှတားလို့မဖြစ်နိုင်တော့ဘူး” ဟု ပြောနေသည့် သူ့အသံမှာ ကြေကွဲသံစွက်နေသည်ကို သတိထားမိ၏။

ကျနော့်ဘက်လှည့်ပြီးပြောနေခြင်းမဟုတ်၍ သူ့ မျက်လုံးအိမ်မှာ မျက်ရည်များပြည့်လျှံနေသလား၊ မနေလားဆိုသည်ကို မပြောတတ်နိုင်။ “ညနေပြန်လာတော့ တစ်မြို့လုံး သုဿန်တစပြင်ကျနေတာဘဲကွာ၊ တိတ်ဆိတ်နေပုံများ၊ လမ်းမပေါ်မှာ ကျွတ်ကျန်ခဲ့တဲ့ဖိနပ်တွေလည်း ဟိုတစ်ဖက် ဒီတစ်ဖက်နဲ့ ပြန့်ကျဲနေတာမြင်မကောင်းဘူးကွာ၊ ဒီအတိုင်းဘဲရှိသေးတယ်” “သူသေပြီတဲ့၊ လည်မျိုနဲ့ရင်ဘတ်မှာ ကျည်ဆန်ရာတွေနဲ့တဲ့” “မသေခင် အချိန်ထိ သတိတစ်ချက်မှမလစ်ဘူးတဲ့ “လည်ပင်းဒဏ်ရာကြီးနဲ့တောင် ဗလုံးဗထွေးနဲ့ကြွေးကြော်သံတွေ တိုင်နေတုန်းတဲ့” “ခွပ်ဒေါင်းအလံ ကိုင်ထား တုန်းတဲ့” သူ့ အကြောင်း သူများတွေပြောတာကိုဘဲ ငါ ကြားရတော့တာ၊ ငါ ငိုမိတယ်လို့ ထင်တာပါဘဲကွာ၊ ဒါပေမယ့် မျက်ရည်တော့မကျခဲ့ဘူး” ပြောရင်း သူ့အသံ တိမ်တိမ်လိုက်လာသည်ကို သတိထားမိ၏။ သေချာပါသည်။ သည်တစ်ကြိမ် သူထပ်ငိုနေသည်မှာ။

“အိပ်ချိန်” ဟု အော်လိုက်သည့် စူးစူးဝါးဝါးအသံကြောင့် သည်တစ်ခါတော့ ဝန်းကျင်တစ်ခုလုံး လုံးဝတိတ်ဆိတ် ငြိမ်သက်သွားတော့သည်။ ပလူကောင်လေးများလည်းမရှိတော့။ အိမ်မြှောင်များလည်း အစာဝ၍ မလှုပ်မရှက်။ သူနှင့် ကျွန်တော်လည်း…။

မုန်တိုင်းပျိုးချိန်တွင် တွေ့ခဲ့ရသည် သူသည် မုန်တိုင်းမပြိုခင်မှာပင် ခန္ဓာလဲပြိုခဲ့ပြီ။ သို့သော် သူ့စိတ်ဓါတ်၊ သူ့အားမန်၊ သူ့စွန့်လွှတ်မှု၊ သူ့ ရဲရင့်ပြတ်သားမှုတို့ကား ဘယ်သောအခါမှ ပြိုမကျနိုင်ကြောင်း၊ နှောင်းလူတို့ပြောကြပေလိမ့်မည်။

မုန်တိုင်းမပြိုခင်မှာဘဲ သူနှင့်ကျနော်တို့  လူချင်းကွဲခဲ့ရလေသည်။

                                                                                                                                                                                                မျိုးမြင့်ချို

မရှူံးခြင်းနှင့်မနိုင်ခြင်း (မျိုးမြင့်ချို)

0 comments


ကျနော့်နားလည်ထားချက်အရ အကျဉ်းထောင်၊ တရားရုံး၊ ရဲနှင့်စစ်တပ်ဆိုသည်မှာ အုပ်ချူပ်သူများ၏ လူထုဖိနှိပ်ရေး ကိရိယာများသာ ဖြစ်ပါသည်။ ထိုတရားသည် မည်သည့်နိုင်ငံများတွင်မှား၍ မည်သည့်နိုင်ငံများတွင်မှန်သည်ကို တပ်အပ် မပြောနိုင်သော်လည်း ဗမာပြည်တွင် မှန်ပါသည်။ ကျနော် မှန်သည်ထင်၍ ပုန်ကန်သည်။ ထို့ကြောင့် သူပုန်ဖြစ်သည်။ သူပုန်တိုင်း မင်းမျက်သင့်၏။ မင်းဒဏ်ရှ၏။ ကျနော်လည်းသင့်၏။ ရှ၏။ လည်မျိုပေါ်တုတ်တိုမရောက်ခြင်းနှင့် ရေတွင်အဖျောက်မခံရခြင်းအတွက် “ဘုရားသခင်”နှင့် “ကံ” ကို  ကျေးဇူး တင်စရာ ကောင်းသည်ဟု ယခုအချိန်ထိမထင်မိပါ။
အင်းစိန်တောရတွင် သီတင်းသုံးဖူးတိုင်း “ရင်ခွဲတိုက်” ဟု ဆိုရုံနှင့် “ကြိုးတိုက်” ဒါမှမဟုတ် “၂ တိုက်” မှန်းသိကြသည်။ ထူးခြားသည့် အခေါ်အဝေါ်နှင့်ထူးခြားသည့်တိုက်ခန်းဖွဲ့စည်းပုံကြောင့် တချို့ ထိုတိုက်ကိုရောက်ဖူးချင်ကြသည်။ သို့သော် မရောက် ခဲ့ကြ။ ကျနော်က အခွင့်အခါသင့်သဖြင့် ထိုတိုက်သို့ ၂ ကြိမ်တိုင်တိုင်ရောက်ခဲ့ဖူးပါသည်။ “ကြိုးတိုက်” တဲ့။ နင့်သီးလိုက်သည့်အသုံး။ ကြက်သီးမွှေးညှင်း ထချင်စရာ။ အကယ်၍ ဗမာပြည်တွင် သေဒဏ်ကျခံရသူများအား လျှပ်စစ်ကုလားထိုင်ဖြင့်၊ ခေါင်းဖြတ် စက်ဖြင့်၊ သေဆေးထိုးခြင်းဖြင့်၊ လက်ဖြောင့်သေနတ်သမားဖြင့်သတ်လျင် ထိုတိုက်ကိုဘယ်လိုခေါ်မလဲဟု ကျနော်တွေးမိဖူးပါသည်။  အာဏာလက်ဝယ်ရှိသူတို့၏ “သူပုန်များအား တရား စီရင်ခန်း” အောက်တွင် သူပုန်ပေါင်းများစွာ “ဒေါက်ဖြုတ်” ခံရပြီး သေခြင်း တရားကို လှပစွာလက်ခံခဲ့သည့်အရပ်မို့ အရှိန်အစော်က ကြီးလွန်းလှသည်။
ထိုတိုက်တွင် အခန်းပေါင်း ၆၀ ရှိပါသည်။ မျက်နှာချင်းဆိုင် အခန်း ၃၀ စီ စီထားသဖြင့် ၂ ဘက်ပေါင်း ၆၀ ဖြစ်သည်။ အလယ်က လျှောက်လမ်းဖြင့်ခွဲထားသည့် ရထားတွဲကြီးနှင့်ဆင်ပါသည်။ တခန်းချင်းစီ၏နောက်ဘက်အပေါ်ရှိ  အလင်းပေါက် ကလေးမှအလင်းရောင်မှတပါး အပြင်အလင်းရောင်မရသဖြင့် အမြဲတမ်းလိုလိုမှုံဝါးဝါး။ ကြိုးတိုက်တွင် အခန်း ၆၀ ရှိသည့်အနက် အခန်း ၁၄ ခန်းကို အလယ်မှ ကန့်လန့်ဖြတ် သစ်သားတံခါးကြီးဖြင့်ပိုင်း၍ ထပ်ခွဲထားပါသေးသည်။ ၂ တိုဟု ခေါ်ပါသည်။ ၂ တို တွင် ထောင်ကျပြီးမှထောင်တွင်းပြစ်မှု ထပ်မံကျူးလွန်သည်ဆိုသည့် ကြိုးသမားများနှင့် ကြိုးသမားမဟုတ်သည့် အခြားအကျဉ်း သားများလည်းရှိပါသည်။
ကျနော် ကြိုးတိုက်သို့ ပဌမအကြိမ်ရောက်စဉ်က “အထိန်းသိမ်းခံနိုင်ငံရေးအကျဉ်းသား”ဘဝ။ တော်တော်လှပသည့် စကားလုံးဟုတွေးစရာ ရှိသော်လည်း အလွန်အကျည်းတန်သည့် အဖြစ်တွေရင်ဆိုင်ခဲ့ရပါသည်။ ထိုစဉ်ကတည်းက သူလည်း ကြိုးတိုက်တွင်ရှိနေခဲ့ပါသည်။ အခြား မည်သူမည်ဝါတွေရှိသည်ဟုသာ သိရသော်လည်း မည်သူနှင့်မျှ မတွေ့ခဲ့ရပါ။ သေဒဏ်ကျ ကြိုးသမားများအား ၃ ခန်းတတွဲနှင့် ရေချိုးဆင်းချိန် ၁၅ မိနစ်ခွင့်ပြုပါသည်။ ကျနော်တို့ နိုင်ငံရေးထိန်းသိမ်းများကိုမူ တယောက် တခန်းထားသည့်အပြင် ရေချိုးချိန်ကိုလည်း ခွဲထားပြန်သည်။ ဘယ်သူတွေရေချိုးဆင်းဆင်း ကျနော်တို့အခန်းများကို နှီးကြောဖျာ များဖြင့်ပိတ်ထားသလို ကျနော်တို့ရေချိုးဆင်းချိန်တွင်လည်း အခြားသူများ၏အခန်းများအား အလားတူပိတ်ထားပါသည်။ ကြိုးတိုက်၌ တလခွဲခန့်နေခဲ့ရပြီး ကျနော့်အား  ၁ တိုက်သို့ပြောင်းရွှေ့ပြီး ချူပ်ပြန်ပါသည်။
၁ တိုက်တွင် ၄ လခန့်နေပြီးနောက် စစ်ခုံရုံးဖြင့်ထောင်ချလိုက်ပါသည်။ ထို့နောက် ဟိုတိုက်ဒီတိုက်နှင့် တိုက်သံသရာ လည်နေချိန်များ ဖြင့်သာပြီးနေတော့သည်။ သည်လိုနှင့် ၁၉၈၈ ခုနှစ်နှောင်းပိုင်း အင်းစိန်ထောင်တွင်း “တောင်းပွဲတိုက်ပွဲများ”အနက် လူအများဆုံး ပါဝင်ခဲ့သည်ဟုဆိုနိုင်မည့် ၁၉၉၀ စက်တင်ဘာ ၂၅ အရေးအခင်းဖြစ်လာသည်။ ထိုအချိန်က ကျနော် ၄ ရှည်တွင် ရှိနေပါသည်။ အခြားသော နိုင်ငံရေးအကျဉ်းသားများနည်းတူ ကျနော်လည်းပါခဲ့သည်။ ၉၀ စက်တင်ဘာ ၂၅ အား အာဏာပိုင်တို့ က သွေးရူးသွေးတမ်းဖြေရှင်းခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအား လူစုခွဲပါသည်။ တချို့ကို ညတွင်းချင်း ထောင်ပြောင်းပြစ် လိုက်သည်။
၎ ရှည်မှ ကိုခွန်ဆိုင်း(သွေးသစ်လူငယ် များအစည်းအရုံး)၊ ကိုမြင့်ရီ(ဗ.က.သ)၊ ကိုညိုထွန်း(ဗ.က.သ)၊ ကိုအောင်သန်း (NLD)၊ ကိုကျော်အေး (ဒ.ည.တ) နှင့် ကျနော်တို့မှာ မိုး ပိုအရွာခံသည်လား အညှိုးပို အသိုခံရသည်လား မပြောတတ် ပါ။ ၄ ရှည်မှ ခွဲထုတ်ခံလိုက်ရပါသည်။ ကိုခွန်ဆိုင်းနှင့်ကိုညိုထွန်းမှာ ညတွင်း ချင်းသရက်ထောင်သို့။ ကျနော်နှင့် ကျန် ၃ ယောက်မှာ ကြိုးတိုက် သို့။
ဒုတိယမ္ပိ ကြိုးတိုက်ခရီးသည် ပဌမအကြိမ်ထက်အဆပေါင်းများစွာပိုဆိုးပါသည်။ ဘယ်လောက်ဆိုးသလဲဟု ဆိုလျှင် ကျနော့်ထောင်သက် စုစုပေါင်း ၁၅ နှစ်တွင် အဆိုးဆုံးအခြေအနေဖြစ်သည်ဟုသာ ပြောချင်ပါသည်။ ထားတော့။ ကျနော်ပြောချင် သည်မှာ ထောင်အကြောင်းမဟုတ်ပါ။ ကျနော်ပြောချင်သည်မှာ သူ့အကြောင်းဖြစ်ပါသည်။ တရက် သူ ရေချိုးဆင်းပြီးအပြန်တွင် ကျနော်က သူ့ကိုတွေ့ချင်နေသည်။ စကားပြော၍မရမှန်းလည်းသိသဖြင့်လည်း ခေါင်းကလေးဆတ်ပြခွင့်ရရုံ၊ လက်မ ကလေးထောင်ပြခွင့်ရရုံလောက်သာ မျှော်လင့်ထားပါသည်။  
(ထောင်တွင်းအကျဉ်းအကြပ်ကာလများတွင် တယောက်ကိုတယောက် ရင်ဘတ်ကိုကပ်၍လက်မထောင်ပြခြင်း၏ သင်္ကေတမှာ အသံတိတ်နည်းဖြင့် “တောင့်ထား”“တောင့်ထားတယ်” ဟူသော အဓိပ္ပါယ်ဆောင်ပါသည်)
အခန်းပေါက်ကို ပိတ်ထားသည့် နှီးကြောဖျာကြမ်းကို မသိမသာလေးလှစ်၍ သူပြန်အလာကို  ကျနော် ချောင်းနေပါ သည်။ သူပြန်လာပြီ။ အစောင့်ဝါဒါ၏ အော်သံကြားလိုက်ရသည်။ “အားလုံး နောက်လှည့်ထား” တဲ့။ ကျနော်မလှည့်။ ကျနော့် အတွက် ပြာပူမကြောက်ခဲ့ဖူးသည့်အချိန်များ။ ဖြစ်ချင်ရာဖြစ်။ ရအောင် နှုတ်ဆက်မည်ဟု စိတ်ကပိုင်းဖြတ်ထားပြီးသား။ မလှည့်၊ ကြမ်းပြင်ပေါ်အသာပုချလိုက်ပြီး ခေါင်းကိုထောင်ထားလိုက်သည်။ ကံကောင်းသွားသည်။ ရေချိုးထုတ်ချိန် နောက်ကလိုက်သည့် အစောင့်ဝါဒါသည် ကျနော်နှင့်တရပ်တည်းသားဖြစ်နေသည်။ သူက ကျနော့်ကို မမြင်ယောင်ဆောင်ပြီး နေပေးသည်။
ကျနော်က ဆရာမောင်သော်ကကို ရင်ဘတ်ကပ်ပြီးလက်မထောင်ပြလိုက်သည်။ သူက ကျနော့်ကိုမြင်တော့ လှည့် ရစောင်းရခက်လှသည့် သူ့လည်တိုင်ကို အားယူလှည့်ရင်း “ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ” တဲ့။ ဒါပဲ။ ဘာမှ ထပ်ပြောနေချိန် မရတော့။ သူလည်း ဆက်လျှောက်သွားသည်။ ကျနော်လည်းကြမ်းပြင်ပေါ်ပုလျက်သား ကျန်နေခဲ့သည်။
နောက်တော့ နောက်ထပ်အတောမသတ်နိုင်သည့် အဆိုးများကြားတွင် လိမ့်ပြီးရင်းလိမ့်နေခဲ့ရပါသည်။
ထို့နောက်ပိုင်း ကျနော် တောင်ငူထောင်သို့ အရွှေ့ခံရပြန်သည်။
သူ ကျန်းမာရေးမကောင်းတော့ကြောင်း၊ ထောင်က သူ့ကို မည်သို့ပြုမူကြောင်း စသည့်ရင်နင့်စရာတွေကြားရသည်။
ကျနော်လည်း စိတ် မကောင်း။ ဘာမှလည်းမတတ်နိုင်။ ရောက်ရာထောင်မှာ ငဖယ်တေ အတေခံရပြီး လူလည်းအပွေးတက်လာသည်ထင်၏။ မချိမဆန့် နှလုံးသားသည် “ခံနိုင်ရည်နှင့်ဝ” လာသည်လား မဆိုတတ်တော့။ တော်ရုံတန်ရုံ ဆိုသည်များကို ကျကျနန“ခံ” တတ်လာသည်။ သို့သော် …။  ထို သို့သော်ကား အရေးကြီးပါမည်။ “ပြီးတာတွေပြီးပါစေတော့”  ဆိုသည့်အပြောအဆိုမျိုးကို ဘဝင်ခွေ့သူများ၊ ခံတွင်းလိုက်သူများ ရှိနိုင်ပါမည်။ ဘာမျှမပြောလိုပါ။ သူ့အကြောင်းနှင့်သူရှိပါလိမ့်မည်။ ကျနော်ကား ထိုစဉ်ကရော ယခုရော “ပြီးတာတွေပြီးပါစေတော့” ကို ဟာဒယမတွေ့သေးပါ။
နောက်တော့ သူ ကျဆုံးသွားပြီတဲ့။ ကြား ကြားခြင်းစိတ်ထိခိုက်မိသည်။ ကြိတ်မနိုင်ခဲမရဖြစ်ရသည်။  ဆောက်တည်ရာ မရ ဖြစ်စရာမရှိဟုသာ  ကိုယ့်ဘာသာကိုယ် တွေးပြီးဖြေယူလိုက်ရသည်။ သူကား သူယုံကြည်ရာအတွက် နောင်တမဲ့စွာ၊ ရဲရင့်စွာ၊ ခိုင်ကြည်ပြတ်သားစွာ ခရီးခဲကို ဖြတ်သန်းခဲ့လေပြီ။
ကျနော်တို့သည် အားကစားမဟုတ်သည့်ပွဲတပွဲတွင် ဝင်ယှဉ်ခဲ့ကြပါသည်။ ယှဉ်နေဆဲလည်းဖြစ်ပါသည်။ အားကစားပွဲ ဆိုသည်မှာ စည်းမျဉ်းစည်းကမ်းမည်မျှ ကောင်းကောင်း၊ ခြေရည်မည်မျှသာသာ ဒိုင်ညစ်လျှင်ရှူံးရသည်များရှိတတ်ပါသည်။ ကျနော်တို့ ကစားခဲ့သည့်ပွဲသည် ဒိုင် မရှိသည့်ပွဲ။ ကြိုတင်စည်းမျဉ်းစည်းကမ်းများ မသတ်မှတ်နိုင်ခဲ့သည့်ပွဲ။ ထို့ကြေင့် သူပြောခဲ့ဖုး သလို ရှူံးသည်ဟုဆိုလျင်လည်း မနိုင်သေးခြင်း သာဖြစ်ပြီး၊ မနိုင်သေးဟုဆိုလျင်လည်း မရှူံးသေးခြင်းသာဖြစ်မည်ဟုမြင်ပါသည်။
“ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ”
“ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ”
“ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ”
ဆိုသည့် သူ့အသံများကား ယနေ့တိုင် ကျနော့်ရင်တွင် ပဲ့တင်ထပ်ဆဲ။

Monday, March 28, 2011

ဘာစန်းသီး၊အောင်မေသုနှင့်အမှတ်ရစရာ အမှတ်မှားမှုများ(မျိုးမြင့်ချို)

0 comments

“နင့် နာမည်လေးက အတော်လှတာပဲ” ဟုပြောလိုက်ချိန်တွင် မစန်းသီမျက်နှာ ဝင်းကနဲဖြစ်သွားသည်ကို သတိထားလိုက်မိသည်။ “လူကော..ဦးလေး”တဲ့ “အင်း...လူလား..လူလည်းချောပါတယ်ဟာ” တကယ်က မစန်းသီသည် ချောသည့်လှသည့်မိန်းမများထဲတွင် စာရင်းဝင်သည်ဟု မဆိုနိုင်သော်လည်း ဟိန္ဒူသွေးစစ်စစ်ဖြစ်သည့်အတိုင်း မျက်လုံးမျက်ခုံးနှာတံပေါ်ပေါ်နှင့်ကြည့်ကောင်းသည်။ မျက်နှာချို၏။ စိတ်ထားကောင်း၏။ ဗမာစကားကို အိန္ဒိယတိုက်သားအသံထွက်နှင့် တတ်နိုင်သလောက် သိမ်သိမ်မွေ့မွေ့ကြိုး စားပြောတတ်၏။  အသားမဲသည်ဆိုသော်လည်း ခြောက်ခြောက်သွေ့သွေ့တော့မဟုတ်။ စိုစိုပြေပြေရှိသည်။ စာမတတ်၊ ကျောင်းမနေ ဖူးသူ။ လမ်းထိပ်က ထမင်းဆိုင်တွင်တောက်တိုမယ်ရ အလုပ်သမား။ နိုင်ငံရေးနှင့်စကြဝဋ္ဌာတခုစာလောက်ဝေး၏။

၁၉၈၉ ခုနှစ်။ အင်းစိန်ထောင် တိုက်ဝင်းများရှိ ၄ တိုက် ၃ ခန်း။ ၁၂ ပေ ၈ပေ အခန်းကျဉ်းလေးတခု။ အတူနေသူများက ဦးအောင်မေသု(မင်းလှ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်)၊ ကိုမြင့်လှိုင်(ခေါ်) ကိုမြင့် (မင်္ဂလာဒုံ)၊ ကိုမျိုးကြည်(မှော်ဘီ)၊ ကိုသိန်းထူး (ခေါ်) ကိုသက်ဇင်(ပုသိမ်)နှင့်ကျနော်။ အားလုံးတွင် ဦးအောင်မေသုက အသက်အကြီးဆုံး။ ကျနော်တို့က သူ့ကို ဦးသု..ဟုခေါ်သည်။ အစ္စလာမ်ဘာသာဝင်။ လူမျိုးကတော့ ဘာလူမျိုးလည်းကျနော်မမေးမိခဲ့။  ၅ ယောက်ထဲတွင် နိုင်ငံရေးဘဝ အတွေ့အကြုံအစုံလင် ဆုံး။ ကျွန်းပြန်။ ၉  တန်းကျောင်းသားဘဝမှစတင်ခဲ့သည့် သူ့နိုင်ငံရေးလမ်းတလျှောက်လုံး ဆူးညှောင့်ခလုပ်ကန်သင်းများနှင့် တင်းကြမ်း။ မဆလ တခေတ်လုံး လှုပ်မရလွန့်မရအောင် နှိပ်ကွပ်ခံရသည့်ကြားမှ ဘဝကိုတပင်တပမ်းထူထောင်ခဲ့ရသူ။ အသားညိုညို၊ လူကောင် သေးသေး၊ ခါးကလည်း မဆိုစလောက်လေးခပ်ယိုင်ယိုင်၊ အူကျရောဂါဆိုးဆိုးရွားရွား၊ မိသားစုထောင် ဝင်စာဆိုသည်ကလည်း  လာတချက်မလာတချက်။ သို့နှင့်တိုင် ဘယ်တော့မှ ဘဝကိုစိတ်မပျက်။ မငြီးညူတတ်။ ရယ်ရယ်မောမောပျော်ပျော်ရွှင်ရွှင်နှင့် ကြိတ်မှိတ်ပေတေပြီးခံ၏။

တယောက်ကိုတယောက် တနေ့လျှင် ၂၃ နာရီခန့် မျက်နှာချင်းဆိုင်ချင်ချင်၊ မဆိုင်ချင်ချင် ဆိုင်နေရသည့်အနေအထား။ အိပ်ချိန်မှတပါး စကားတွေပြောကြသည်။ နိုင်ငံရေး၊ စာပေအနုပညာ၊ လောကအကြောင်း၊   သူ့အကြောင်းကိုယ့်အကြောင်း အကြောင်းပေါင်းလည်းစုံသလို၊ တခါတရံမှာလည်း မတူသည့်အမြင်များက လေးလေးနက်နက်ပြင်းပြင်း ထန်ထန် ငြင်းကြခုံကြ ဆီသို့ဆိုက်သွားသည်လည်းရှိ၏။ ထိုအခါမျိုးတွင် သူကဘယ်တော့မှ ခုံသမာဓိမလုပ်သလို သူ့တရားကိုလည်း ဇွတ်ထူထောင်လေ့ မရှိ။  သူ့အမြင်သူပြောပြီး သူ့ရပ်ခံချက်အတိုင်းသရပ်သည်။

 “မဟာအောက်တိုဘာတော်လှန်ရေးကြီးအပြီးနဲ့ ဒုတိယကမ္ဘာစစ်အပြီးနှောင်းပိုင်းကာလတွေမှာ ကမ္ဘာ့ပြည်သူတွေရဲ့ တိမ်းညွှတ်မှုက လက်ဝဲတိမ်းညွှတ်မှုနဲ့ဆိုရှယ်လစ်ရေး၊ ပြည်သူ့ဒီမိုကရေစီထူထောင်ရေးဗျ.. အခုဟာက လက်ယာတိမ်းညွှတ်မှုနဲ့ဈေးကွက်စီးပွားရေး၊ ပါတီစုံဒီမိုကရေစီ ထူထောင်ရေးဗျ... ဆိုတော့ ကျနော်တို့အမြင်တွေတင်မကဘူး လုပ်ဟန်နည်းနာတွေပါ ပြောင်းကိုပြောင်းရမယ်။ မပြောင်းရင် ပြတ်ကျန်ခဲ့လိမ့်မယ်ဗျ...”
“ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်တာဟာ..ဒီမိုကရေစီရေးတိုက်ပွဲဝင်တာဖြစ်တယ်... ကွန်မြူနစ်ကိုတိုက်ဖို့ဆို  စစ်အာဏာရှင် နဲ့တောင်ပေါင်းမယ်... ဆိုတဲ့ အတွေးအခေါ်ရှိသူတွေရဲ့ နိုင်ငံရေးလားရာကို ဘာမှပြောစရာမရှိပါဘူး.. သူတို့ရွေးချယ်တဲ့လမ်းက သူတို့ကို ခေါ်ဆောင် သွားမှပါဗျာ”
“ဒီမှာ..ကျနော်ပြောမယ်..နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလိုအပ်လို့လုပ်ရတာပဲ.. တနည်းပြောရရင် အာဏာလိုချင်လို့ဗျာ.. အာဏာလိုချင်တယ်ဆိုတာကလည်း ပဒေသရာဇ်တွေစကားနဲ့ပြောရရင် ရှင်ဘုရင်လုပ်ချင်တာပဲ...တခုပဲရှိတယ်... ရှင်ဘုရင် လုပ်ချင်တဲ့ကောင်ဆိုတာ ညံ့လို့မရဘူးဗျ... ညံတဲ့ကောင်လည်းဘယ်တော့မှရှင်ဘုရင်မဖြစ်ဘူး..”
သူပြောခဲ့ဖူးသည့်စကားများစွာအနက်မှ တချို့ကို ယခုတိုင်ပင်မှတ်မှတ်ရရရှိနေသေး၏။

တနေ့ကျနော်က သူ့ကို “ဦးသုရဲ့နာမည်က တော်တော်ထူးခြားတယ်နော်.. အောင်မေသုဆိုတဲ့ ဒီလိုနာမည်မျိုးက အမှည့်နည်းတယ် လို့ ကျနော်ထင်တာပဲ...ဟုဆိုကာ သူ့အမည်ကိုစပ်စုမိ၏။ သူက ထုံးစံအတိုင်း တချက်ပြုံးလိုက်ပြီး .. “ကျနော်က အရင်တုန်းက နီအောင်မေသု ဗျ... ဗိုလ်စက်ရောင်ကတော့ ခင်ဗျားတို့ကြားတဲ့အတိုင်းပဲ..ဧဝံမေသုတံ..တဲ့..ကျနော်တို့ခေတ်က နီ ဆိုတာကို လက်ဝဲအတွေးအခေါ်ရှိတဲ့ လူငယ်တွေတော်တော်များက နာမည်ရှေ့မှာ မြတ်မြတ်နိုးနိုးတပ်ကြတာဆိုတော့ ကျနော်လည်း တပ်တာပေါ့ဗျာ..” တဲ့။ “ကျနော်ဆိုလိုတာက အောင်မေသုဆိုတာကိုပါ..ရုတ်တရက်ဆို ပါဋ္ဌိလိုလိုဘာလိုလိုနဲ့..ဥပမာဗျာ သုမောင် ဆိုပါတော့ ကောင်းသောလူကလေး.. ဆိုတာမျိုး..” ဆိုတော့ သူပြုံးသာနေသည်။ ဘာမှမပြော။ သည်တော့မှ ကျနော်က မစန်းသီ အကြောင်းသူ့ကိုပြောပြသည်။

“ဒါနဲ့..မစန်းသီ..နင့် ဒီနာမည်ကို ဘယ်သူပေးတာလဲဟ..ပြောပြပါဦး..နင့်မိဘပေးတာလား” ဗမာစကားပင်အနိုင်နိုင်ပြောနေကြရသည့် မစန်းသီ၏မိဘများက မစန်းသီဆိုသည့်နာမည်လှလှလေးကို ရွေးပေးနိုင်လောက်မည် မထင်သဖြင့် မေးမိလိုက်၏။ “မဟုတ်ဘူး ဦးလေး.. ကျမ ၁၃ နှစ်လောက်က ရပ်ကွက်ထဲကို မှတ်ပုံတင်ရုံးကလူကြီးတွေလာတယ်။ မှတ်ပုံတင်မရှိသေးသူတွေကို မှတ်ပုံတင်လုပ်ပေးတော့ အမေနဲ့ကျမသွားတယ်... အဲဒီ စာရေးတဲ့လူကြီးက ကျမနာမည်မေးတော့ ကျမကနာမည် ပြောပြတယ်... ကျမမှာဗမာနာမည် မရှိဘူး... ကုလားနာမည်ပဲရှိတယ်...ဟိန္ဒူလို ဘာစန်းသီး လို့ ခေါ်တယ်... ဘာစန်းသီးလို့ပြောတော့... သူက ၂ ခါ ၃ ခါပြန်မေးတယ်..... ကျမကလည်း ဘာစန်းသီး..ဘာစန်းသီး လို့ပဲပြန်ပြန်ဖြေတယ်... သူက ဘယ်လိုကြားသလဲတော့မသိပါဘူး ဦးလေးရာ... နောက်တော့ မှတ်ပုံတင်ရရော... ရတော့မှ ဘေးအိမ်ကလူကိုပြတော့ သူက “ဟဲ့..နင်က ဗမာနာမည်တွေဘာတွေနဲ့ပါလား” လို့ ပြောပြီး “ဒီမှာလေ နင့်နာမည်က ဘာစန်းသီးကနေ မစန်းသီဖြစ်သွားပြီ...” တဲ့ “အဲဒီလိုနဲ့ မစန်းသီဖြစ်လာတာပါဦးလေးရာ..”တဲ့။

ကျနော့စကားဆုံးတော့ ဦးသုက “ခင်ဗျားက ကျနော့နာမည်ကိုရော ဘယ်ကနေဘယ်လို ဖြစ်လာတယ်ထင်လို့လဲ..” တဲ့။ “ကျနော့် အသိထဲမှာ ရမ်းမသူးတို့ အူမူရ်သူးတို့ ဆိုတဲ့နာမည်နဲ့ မွတ်စလင်မ်တွေရှိတယ်...ဘာလူမျိုးတွေလည်းတော့ ကျနော်လည်း မသိပါဘူး... ဗမာစကား ပြောရင်တော့ မစန်းသီလိုပဲ ခပ်ယိုင်ယိုင်ရယ်...တခါ ဦးသုကလည်း အစ္စလာမ်ဘာသာဝင်၊ အစ္စလာမ် နာမည်လည်းရှိမှာပေါ့၊ နောက်ပြီး.. ဦးသုပြောသလောက်ကလည်း ဦးသုအဖေက ဗမာလိုသိပ်မပြီဘူးဆိုတော့... ကျနော်တွေး မိတာက.. ဘာစန်းသီးကနေ မစန်းသီဖြစ်သလိုမျိုး... မှတ်ပုံတင်အရာရှိ၊ ဒါမှမဟုတ်လည်း ကျောင်းစအပ်တုန်းက ကျောင်းစာရေးက အကြားလွဲပြီး ရမ်းမသူးတို့ အူမူရ်သူးတို့ကနေများ အောင်မေသု ဖြစ်လာသလားလို့ပါ..”

သူ၏ ထူထဲရှည်လျားလှသည့် မျက်ခုံးမွှေးကြီးများကို အသာအယာဆွဲယူပွတ်သတ်နေရင်းက “ခင်ဗျားဗျာ.. တော်တော်ကြံကြံဖန်ဖန် ဆက်စပ် တွေးတဲ့သူပါလား... အကျိုးအကြောင်းလည်းဆီလျော် ယုတ္တိယုတ္တာလည်းကျ၊ ဟုတ်လည်းအဟုတ်ပဲ... ဒါပေမယ့် ခင်ဗျား တွေးမိသလို ဟုတ်တယ် မဟုတ်ဘူးဆိုတာထက် ဒီ..အောင်မေသုဆိုတဲ့နာမည်က ကျနော့်အဖေကိုယ်တိုင်ရွေးပြီးပေးခဲ့ တာဗျ- ဘာပဲ ဖြစ်ဖြစ်လေ... ရမ်းမသူးကနေ ဒါမှမဟုတ် အူရ်မူသူးကနေ အောင်မေသုဖြစ်တာဖြစ်ဖြစ်... အောင်မေသု ကနေ ပဲ အောင်မေသု ဖြစ်တာဖြစ်ဖြစ် ပါ..အရေးမကြီးပါဘူး...ကျနော် အောင်မေသုအဖြစ်နဲ့ အောင်မေသုဖြစ်နေရတာ ကိုပဲ ကြိုက်ပါတယ်...နောက်လည်း အောင်မေသုပဲဖြစ်နေဦး မှာပါ” ဟု ဆိုကာ ထုံးစံအတိုင်း ခပ်ပြုံးပြုံး...သည်လိုနှင့် သည်ညနေခင်းကား ကုန်ဆုံးသွားရပြန်သည်။
ကျနော်မြင်ခဲ့ဖူးသည့်အောင်မေသုကား အောင်မေသုအဖြစ်နှင့်သာ နေသွား သေသွားခဲ့ပါသည်။
မျိုးမြင့်ချို

ကျနော်နှင့် ညိုမြ (မျိုးမြင့်ချို)

0 comments

ဦးညိုမြ လက်ဘက်ရည်ဆိုင်ထိုင်လေ့ရှိမရှိနှင့် လက်ဘက်ရည်ကြိုက်မကြိုက်ကို ကျနော် အသေအချာမပြောနိုင်ပါ။ သူနှင့်ရင်းနှီးကျွမ်းဝင်ဖို့မဆိုနှင့် လူချင်းတောင်တခါမှမတွေ့ဖူးပါ။ ဒါဆို ဘာလို့... ဦးညိုမြကိုများ ညိုမြလေးဘာလေးနဲ့ နင်တလုံးငါတလုံးပြောရအောင် မင်းက ဘာကောင်မို့လို့လဲ စသဖြင့်.. ထင်စရာရှိပါသည်။ တကယ်တော့ ကျနော်သူနှင့် အမှန်ပင် အဆက်အစပ်အပတ်အသက်ရှိခဲ့ဖူးပါသည်။

ဒုတိယအကြိမ် ရေကြည်အိုင်ကိုပြန်ရောက်တော့ ၄၈၂၈ အမှုတွဲများတွင် ကျနော်က နောက်ဆုံးအဖမ်းခံရသူဟု ထင်မိပါခဲ့သည်။ သို့သော် ထိုအထင်သည်မဟုတ်ကြောင်း ကိုဗေဒါ (ခေါ်) ကိုမောင်မောင်အေးနှင့် အဖမ်းခံရက်တွေအကြောင်းစကားစပ်မိတော့မှ  သိလိုက်ရပါသည်။ ထားတော့။ ကျနော်ပြောချင်သည်က အဖမ်းခံရစောခြင်း/နောက်ကျခြင်းအကြောင်းမဟုတ်ပါ။ ညိုမြ အကြောင်းဖြစ်ပါသည်။

ကျနော့်ကို စစ်ကြောရေးမှာထားပြီး မေးသည်။ မြန်းသည်။ စစ်ကြောရေးလုပ်သည်။ နှိပ်စက်ညှဉ်းပမ်းခြင်းဆိုသည့်ဝေါဟာရအစား အခြားတခုခုရှိလျှင် အပြောင်းအလဲလေးဖြစ်အောင်သုံးချင်ပါသည်။ နောက်ဆုံးလူမို့ ညှစ်စရာမကျန်။ သို့တိုင်အောင် မောင်မင်းကြီးသားများက အားမရသေး။ ကြံဖတ်မှသကြားချက်လို့ရသေးသည်ဟု ထင်နေပုံပေါ်သည်။

တနေ့၊ ည ၁၀ နာရီလောက်ရှိမည်ထင်သည်။ ကျနော့်ကို စစ်ကြောရေးအခန်းသို့ ခေါ်ထုတ်လာပြီးနောက် အရာရှိဖြစ်ဟန်ရှိသူ တယောက်က “မင်း...သိန်းတင်ကိုသိလား”  ဟုထပ်တလဲလဲမေးသည်။ ကျနော်က မသိကြောင်းဖြေသည်။ သူက မကျေနပ်။ “မင်းနဲ့ သိန်းတင် ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်လက်ဘက်ရည်ဆိုင်မှာဆုံခဲ့တယ်.. ဘာတွေပြောခဲ့ကြတယ်ဆိုတာ ငါတို့အကုန်သိထား တယ်..ပြောနော်..မပြောရင်နာမယ်”ဟု ကြိမ်းသည်။ ကျနော်ကလည်း မသိကြောင်း၊ မဟုတ်ကြောင်းသာ တွင်တွင်ငြင်း သည်။ နောက်တော့ သူ စိတ်တိုလာပြီး သူ့လူများအား တခုခုအချက်ပြလိုက်ပုံရသည်။ ကျနော့်လည်း လူစင်စစ်မှ ငါးဖယ်ဖြစ်သွားသည်။ အတေခံနေစဉ်မှာပဲ.. “မင်းဆွေထဲမျိုးထဲမှာ၊ မင်းသူငယ်ချင်းတွေထဲမှာ၊ မင်းနဲ့နိုင်ငံရေးလုပ်ကြတဲ့ သူတွေထဲမှာ၊ မင်းအသိတွေထဲမှာ သိန်းတင်ဆိုတဲ့နာမည်နဲ့ကောင် တကောင်ကောင်တော့ ရှိကိုရှိရမယ်..ပြောပါ.. မင်းအခု မပြောလည်း နောက်တော့ပြောလာရလိမ့်မယ်... မင်းတို့လိုကိုင်းဖျားကိုင်းနားတွေမပြောနဲ့ မင်းတို့ဆရာကြီးတွေတောင် ဒို့ရှေ့ရောက်ရင် အကုန်အန်ထုတ်ပေးသွားကြရချည်းပဲ.. ကဲ..ပြောတော့” တဲ့

နောက်ဆုံး ကျနော်လည်း မခံနိုင်တော့။ “ကျနော်သိတဲ့ သိန်းတင်တယောက်တော့ ရှိပါတယ်”ဟု ပြောလိုက်ရတော့သည်။ လူလည်း ကုလားထိုင်ပေါ်ပြန်ရောက်လာသည်။ “အဲဒီလိုလုပ်စမ်းပါကွာ... ဟေ့ကောင်တွေ ရေလေးဘာလေးတိုက်လိုက်”ဟု စကားသံ အဆုံးမှာ ကျနော်ရေတခွက်ရသည်။ “ကဲ...ပြော.. အခု  အဲဒီ သိန်းတင် ဘယ်မှာလဲ..” ကျနော်က... “အဲဒါတော့ ကျနော်မပြော တတ်ဘူး...” “ဒါဆိုလည်း မင်းသိသမျှပြောကွာ” ဟုပြောပြီး ခေါင်းစွပ်လည်းချွတ်ပေးခိုင်းပါသည်။ “ကျနော်သိတဲ့ သိန်းတင်က ညိုမြပါ..” ကျနော့်စကား မဆုံးသေး၊ “ငါတို့လည်းသိတယ်။ ငါတို့လည်းသိတယ်..အဲဒီ ညိုမြဆိုတဲ့ကောင်ကို.. အဲဒီ ယူဂျီကောင်တွေ နာမည်အမျိုးမျိုး မှတ်ပုံတင်အမျိုးမျိုးကိုင်ထားတာ.. ဟုတ်ပြီဆက်ပြော..”ဆိုတော့ ကျနော်က ဆက်ပြောသည်။ “သူ..သေ တာကြာပါပြီ” “ဘယ်သူသတ်လို့လည်း” “ဘယ်သူမှမသတ်ပါဘူး.. သူ့ဟာ သူသေတာပါ..” “ဘယ်တုန်းလောက်ကလဲ...” “ကျနော်လည်း အသေချာတော့မမှတ်မိတော့ပါ ဘူး.. ကြာတော့ကြာပြီ” “ခွေးမသား..လုပ်လာပြန်ပြီ..ဟေ့ကောင်တွေ...”ဟု ဆိုသည့် စကားသံပင်မဆုံးလိုက်... ငါးဖယ်ဖြစ်သွားပြန်သည်။ ကျနော်က.. “တကယ်ပြောတာပါဗျာ.. သူသေပါပြီ...သူက နတ်ဝါသနာပါလို့ သူ့မိတ်ဆွေတချို့က သူသေတော့နတ်ဖြစ်ပါစေတော့ဆိုပြီး  သံလျင်ကျောက်တန်းဘက်မှာ သူ့အတွက် နတ်ကွန်းလေးတောင် ဆောက်ထားပေးတယ်လို့ကြားဖူးပါတယ်” ဆိုကာ ဗလုံးဗထွေး တွေပြန်ဖြေနေသည်။ နောက်တော့ ဘာတွေဆက်ဖြစ်လည်း ကျနော်မသိတော့။ တရေးနိုးတာလိုလိုဘာလိုလို အိပ်ချင်မူးတူးဖြင့် ပြန်နိုးလာတော့ ကျနော့် အခန်းလေးထဲပြန်ရောက်နေသည်။ လူလည်းနာကျင်နေသည်။

ထိုနေ့မှာပဲ စစ်ကြောရေးကနေ ထောင်သို့ပို့သည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ထောင်ထဲမှာအခြားသူတွေလို ကျနော်လည်း စစ်ကြောခံရပါ၏။ သို့သော် သိန်းတင်အကြောင်း မေးလည်းမမေး။ ပါလည်းမပါတော့။ ကျနော်ကသာ ထို သိန်းတင်ဆိုသူကို သိချင်နေသည်။

နောက်တော့ စစ်ဗိုလ်ကြီး ၃ ဦးနှင့်ဖွဲ့ထားသည့် နွားထီး ၅ ကျပ် နွားမ ၅ ကျပ်၊ ၅ မိနစ် တရားသို့ရုံးတင်သည်။ တရားခွင်မှာ တရားလိုထောက်လှမ်းရေးအရာရှိက တရားသူကြီးများအားဖတ်ပြသည့် စွဲချက်များထဲတွင်.. ကျနော်နှင့်သိန်းတင် ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်က ဘယ်လက်ဘက်ရည်ဆိုင်တွင်ဆုံပြီး အစိုးရဆန့်ကျင်ရေးတွေ၊ ယူဂျီလုပ်ငန်းတွေ တိုင်ပင်ကြသည်...။ ကျနော့်ကို သိန်းတင်က ဘာညွှန်ကြားချက်တွေပေးပြီး တောထဲပြန်သွားသည်...။ မပြန်ခင်မှာ ကျနော့်ကို သူ့ကျန်းမာရေးလည်း မကောင်း တော့ကြောင်း... တရားထိုင်တရားမှတ်တွေလုပ်နေကြောင်းပြောသွားခဲ့သည်...။ စတာတွေပါလာတော့မှ ကျနော်လည်း သဘောပေါက်တော့သည်။ ကျနော် ရယ်ချင်နေသည်။ မရယ်ရဲ။

ဦးညိုမြခမျာ လက်နက်ကိုင်တော်လှန်သည့် ကွန်မြူနစ်တစ်ဦးဖြစ်ခဲ့ရရုံမျှမကသေး ကျနော့်ကို အစိုးရဆန့်ကျင်ရေးနှင့် ယူဂျီလုပ်ငန်း သဘောတရားများပို့ချခဲ့သည့်အပြင် ဘယ်ကနေဘယ်လိုတရားထိုင်ရင်း နတ်ဇာတ်လည်းအသွင်းခံရမှန်းမသိ အသွင်းခံလိုက်ရသေး သည်။

ကျနော်တို့ကား တရားလက်ကိုင်မရှိသူတို့၏ ဓါးမ(ဒါးမ)အောက်တွင် လက်ဘက်ရည်ဆိုင် အတူထိုင်ဖက်ဖြစ်ခဲ့ဖူးသူများ။                                                                                မျိုးမြင့်ချို