Thursday, March 13, 2014

စာရေးစာဖတ်ဘာလုပ်ဖို့ (မျိုးမြင့်ချို)

0 comments
စာရေးစာဖတ်ဘာလုပ်ဖို့ (မျိုးမြင့်ချို)
(ဟိုနေ့က အမေ့ကိုသွားတွေ့ရင်း မရင်နှစ်ထူး မိနီကလေးကဗျာ ရွတ်သံကြားရပါသည်။ ကဗျာအဆုံးတွင် စာရေးစာဖတ်ဘာလုပ်ဖို့ မိနီကလေးလိမ္မာဖို့ဟု ပါပါသည်။ မိနီစာဖတ်ခြင်းသည် လိမ္မာရေးခြားရှိဖို့
မှန်သော်လည်း မရင်နှစ်၏ဘကြီးဖြစ်သော ကျနော် စာရေးစာဖတ်ခြင်း၌မူ လိမ္မာဖို့မလိမ္မာဖို့ပါသလား မပါသလားတွေးမိ၍ ဤစာရေးမိသွားပါသည်)

အများမြင်သာမည့်နေရာမှာ တခုခုရေးပြီဆိုကတည်းက အများသိစေချင်၍ဖြစ်မှန်း တွေးနေစရာမလိုဟု ကျနော်ထင်ပါသည်။ ဂူနံရံများမှအစ ပုံနှိပ်စာမျက်နှာများအလယ် အင်တာနက်အဆုံး လူတို့ ရေးခဲ့/ဖတ်ခဲ့၊ ရေးနေ/ဖတ်နေ၊ ရေးလိမ့်/ဖတ်လိမ့်ဦးမှာလည်း
သေချာပါသည်။ စာ ဘာ့ကြောင့်ဖတ်နှင့် ဘာ့ကြောင့်ရေးသနည်းအဖြေမှာ ဉာဏ်ပညာ၊ အသိရေချိန်၊ တွေးထောင့်နှင့်ဘဝပြဌာန်းချက်များအလိုက် အတိမ်အနက်အမျိုးမျိုးရှိပါလိမ့်မည်။ ဘဝပြဌာန်းချက်နှင့်အသိရေချိန်က အဖြေကွဲများ၏အဖြေ ဖြစ်ပါသည်။ ဤနေရာတွင် ကျနော်ပြောသည့်"စာ" ဆိုသည်မှာ ရသစာ၊ သုတစာ ခွဲခြားပြောခြင်းမဟုတ်ပဲ စာအကြောင်းသက်သက်သာဖြစ်ပါသည်။ ထိုကိစ္စတွင် ယုတ်စွအဆုံး အိမ်သာတက်ပြီးရေလောင်းပါမှ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အထိ ပါပါသည်။

ကျနော့်အဖို့တော့ မရေးရမနေနိုင်၍ရေးခြင်းပဲဖြစ်ပါသည်။ မရေးရနေနိုင်သည့်အခါ မရေးပဲနေပါသည်။ အပျော်ရေးခြင်းမဟုတ်သလို အပျင်းပြေရေးခြင်းမဟုတ်မှန်းလည်း မိမိဘာသာသိပါသည်။ စာရေးခြင်းဖြင့်အသက်မွေးလောက်အောင် ကလောင်အားနှင့်ပရိသတ်ရှိလျှင် စာရေးစားလိုစိတ် မကြာမကြာဖြစ်မိကြောင်းဝန်ခံပါသည်။ သို့သော် မိမိတွင် ဤမျှစွမ်းသည့်အရည်အသွေးနှင့် လုံ့လစိုက်ထုတ်မှုမရှိမှန်းလည်းသိပါသည်။ စာရေးခြင်းသည်လည်း အခြားအလုပ်များနည်းတူ အလုပ်လိုအပ်ချက်နှင့် ပြည့်မီရမည့်အရည်အချင်းများရှိပါသည်။ စာရေးခြင်းနှင့် ဗိုက်ဝမ်းစာဖြည့်သူများအတွက်ဆိုလျှင် စာဖတ်ခြင်းမှာ ဉာဏ်ဝမ်းစာဖြည့်တင်းခြင်းမည်ပါမည်။ စာဖြင့်ဗိုက်ဝမ်းစာဖြည့်သူအဖို့ စာနှင့်ဉာဏ်ဝမ်းစာလည်း မပြတ်ဖြည့်တင်းရပါသည်။ ကျနော် ဤမျှ မဖြည့်၊ မပြည့်။ စာရေးမပျင်းသော်လည်း ပျင်းပျင်းနှင့်စာထိုင်မရေးပါ။

စာကိုလည်း မဖတ်ရမနေနိုင်၍ဖတ်ခြင်းဖြစ်ပါသည်။ မဖတ်ရမနေနိုင်မှာလည်း အမြဲဖြစ်နေသည်တော့ မဟုတ်ပါ။ မဖတ်ပဲနေနိုင်သည့်အခါ လချီပြီး ဘာမှ မဖတ်ပဲနေပါသည်။ တခါတခါ ၂၄ နာရီတွင် ၁၄ နာရီလောက် တောက်လျှောက်ဖတ်ချင်လည်းဖတ်ဖြစ်ပါသည်။ တခါတခါ ဘာအတွက်ရည်ရွယ်ပြီး တကူးတကန့် မရအရရှာဖွေဖတ်သည်ရှိသလို
တခါတခါ ဘာမည်မည်ရရမျှမဟုတ်ပဲ ဖတ်ချင်စိတ်ပေါက်၍ ကောက်ဖတ်လိုက်တာမျိုးလည်းရှိပါသည်။ တခါတခါ စကားနိုင်လုလို၍၊ တခါတခါ သိကြောင်းပြလို၍၊ တခါတခါ ဝင့်ဝါလို၍ စသည့် အကြောင်းများစွာဖြင့်ဖတ်ဖြစ်သည့်အခါများလည်း ရှိပါသည်။ ဘာ့ကြောင့်ဖတ်ဖတ် မဖတ်ဖတ် စာဖတ်မပျင်းသော်လည်း ပျင်းစရာကောင်းသည့်စာတွေတော့ မဖတ်ပါ။ ဤနေရာတွင် "စာပျင်း"သတ်မှတ်ချက် တယောက်နှင့်တယောက် မတူနိုင်ပါ။

ဘာစာရေးရေး ရေးမည်ဆိုလျှင် အတွေးပါရပါသည်။ တွေးစရာပါရပါသည်။ အတွေးမပါသည့်စာ တွေးစရာမပါသည့်စာမျိုး ဘယ်သူမှ အချိန်ကုန်ဖတ်မည် မထင်ပါ။ ရေလောင်းအိမ်သာတွင်"အိမ်သာသွားပြီးရေဆွဲချပါ" ဟုရေးမည်လော "ရေလောင်းချပါ"ဟုရေးမည်လောမှာ အတွေးဖြစ်ပါသည်။ မသွားခင် ရေလောင်းချ(သို့မဟုတ်)
ရေဆွဲချစရာ လို/မလိုမှာ ရှေ့ကသွားနှင့်ခဲ့သူ မည်သို့ထားထွက်သွားသနည်းနှင့်ဆိုင်ကြောင်း အိမ်သာတက်သူတိုင်း တွေးမိကြမည်ဖြစ်ပါသည်။ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်တွင်လည်း ထိုနည်းနှင်နှင်ဖြစ်သလို ရှိတ်စပီးယားပြဇာတ်များ၊ မြနန္ဒာတောင်ကျချောင်းလေးမှသည် မိဘပြည်သူများခင်ဗျားမိန့်ခွန်း ရေးပေးခြင်းအထိအကြုံးဝင်ပါသည်။

စာရေးတိုင်း စာရေးဆရာဖြစ်/မဖြစ်လည်းရှိပါသေးသည်။ ကိုယ့်ကိုယ်ကိုယ် စာရေးဆရာဟုခေါ်ကြည့်တိုင်း ရှက်အမ်းအမ်းဖြစ်ပြီး သူများတွေကခေါ်လျှင် ရွံ့တွန့်တွန့်ဖြစ်ပါသည်။ စာရေးသူဟုပြောင်းခေါ်ကြည့်တော့ မဆိုးဘူးဟု ခံစားရပါသည်။ စာရေးပြီးအသက်မွေးမွေး/မမွေးမွေး စာရေးဆရာအဖြစ်အနေသဘောကို မြတ်နိုးထွေးပွေ့သူတွေရှိသည့်နည်းတူ ပညာရပ်ဆိုင်ရာစာအုပ်စာတမ်းတွေပြုစုရေးသားသော်လည်း စာရေးဆရာအခေါ်
မခံလိုသူများလည်းရှိပါသည်။ ထိုပုဂ္ဂိုလ်များထဲမှတစ်ယောက်မှာ မြန်မာပညာကျော် သမိုင်းဆရာဒေါက်တာသန်းထွန်းဖြစ်ပါသည်။ ဘာစာမျှမရေးပဲ စာရေးဆရာဟုခေါ်လျှင်ပျော်သည့် စာရေးဆရာစိတ္တဇဝေဒနာသည်အစစ်တစ်ယောက်
တွေ့ဖူးပါသည်။ ဘုရင်ရူး၊ စစ်ဗိုလ်ရူး ရူးနေသည့် အရူးအစစ်များအား မကဲ့ရဲ့ကောင်းသလို ထိုသူအားလည်း လှောင်ဖို့မသင့်ပါ။

ကမ္ဘာကျော်စာတစ်အုပ်ရေးပြီး ကမ္ဘာကျော်စာရေးဆရာတန်းဝင်သူများရှိသလို စာအုပ်ရာချီရေးခဲ့သော်လည်း ကမ္ဘာမပြောနှင့် မြန်မာပင် မကျော်ပင်သည့် စာရေးသူများလည်းရှိပါသည်။ ဤနေရာတွင်လည်း ကမ္ဘာကျော်/မကျော်ကို ကမ္ဘာသုံးဘာသာစကားဖြင့် ကိုယ်တိုင်ရေးနိုင်ခြင်း/မနိုင်ခြင်းမှာစကားပြောပြီး၊ မရေးနိုင်သော်လည်း ဘာသာပေါင်းများစွာသို့ပြန်ဆိုခံရသဖြင့် ကမ္ဘာကျော်ခဲ့သူများလည်းရှိပါသည်။ ကမ္ဘာသုံးဘာသာစကား တတ်လို့/မတတ်လို့ပါကွာဟူသည့် အကြောင်းပြချက်တစ်ခုတည်းကြောင့်ဟု ကျော်ခြင်း/မကျော်ခြင်းကို
လှေနံဓါးထစ်မှတ်ဖို့မသင့်ပါ။

နယ်ပယ်တခုခုတွင် နံမည်အခြေတည်မိပြီး စာရေးခြင်းဝိဉာဉ်ပူးယူသူများလည်း ရှိပါသည်။ အချို့မှာ ကံအားလျော်စွာ ယာယီကျော်ကြားသော်လည်း နောက်တော့ လက်မှန်ပေါ်ကာ ငုတ်သွားသူများရှိသလို အချို့မှာ အခြေကျအောင်မြင်သွားပါသည်။ အခြားနယ်ပယ်တခုခုကို အပြတ်ဖြတ်ကာ စာရေးခြင်းဘဝထဲခြေစုံပစ်ဝင်လာသူတွေရှိသလို နံမည်ရပြီးကာမှ
ခြေစုံကန်ထွက်သွားသူများလည်းရှိပါသည်။ ခြေစုံပစ်ပစ် ခြေစုံကန်ကန်
သိတ်အရေးမကြီးပါ။ ဘယ်နယ်မှာမှ အခြေမကျပဲ ခြေရောလက်ပါ
မျောက်သစ်ကိုင်းလွတ်သလိုလွတ်လျှင်တော့ ကောင်းနိုင်မည်မထင်ပါ။

စာတစ်ခါရေးဖူးရုံနှင့် တစ်သက်လုံး စာရေးဆရာအခေါ်ခံထိုက်/မထိုက်ကလည်း ရှိပါသေးသည်။ ယခုပြောသည့် စာရေး စာဖတ် စာရေးဆရာ စသည့်ကိစ္စသည် ချဲ့လျှင်ချဲ့သလောက် ဗာရာဏသီမြည်နိုင်ပါမည်။ ချုံ့လျှင်ချုံ့သလောက် တစ်ကြောင်းစာသာရှိပါလိမ့်မည်။

အတိုဆုံးချုပ်ပြီး တစ်ကြောင်းတည်းပြောကြည့်ပါမည်။ စာရေး စာဖတ်ခြင်းသည် စာရေးစာဖတ်ခြင်းသာဖြစ်ပါသည်။
(မျိုးမြင့်ချို) မတ်ခ်ျ ၂ဝ၁၄

အဇ္ဇီနဲ့ရော့ကီတို့အကြောင်း (မျိုးမြင့်ချို)

0 comments
အဇ္ဇီနဲ့ရော့ကီတို့အကြောင်း (မျိုးမြင့်ချို)
ကျနော့်မှာ ခွေးလေး ၂ ကောင်ရှိတယ်။ တယ်ရီယာစပ် Mixed Terrier တို့ ထုံးစံနှင့်အညီ အစဉ်အလာထိမ်းတဲ့ အနေနဲ့ဗြောင်း ဆန်အောင်ဆော့ပြီး ဗောင်းလန်အောင်စားတဲ့ အမျိုးကောင်းသားတွေပါ။ နှစ်ကောင်လုံးကို SPCA လို့ခေါ်တဲ့ တိရိစ္ဆာန်ရက်စက်မှုကာကွယ်ရေးဌာနက သွားတောင်းဝယ်ပြီး မွေးထားတာပါ။ တကောင်က Izzy ၊ အသက် ၉လသား ရှိပါပြီ။ နောက်တကောင် က Rocky ပါ။ အသက် ၁၄ လ သားပါ။ အဇ္ဇီရဲ့မူလအမည်က Scrappy ဖြစ်ပြီး ကျနော်က ဗမာလိုဗူးသီးလို့ခေါ်ပါတယ်။ Rocky ကတော့ ကျနော်တို့မှဲ့တဲ့အမည်သစ်ဖြစ်ပြီး နံမည်ရင်းက Swift ပါ။ ကျနော်က တခါတလေ ဂျပလုလို့ခေါ်ပြီး တခါတလေ အာလူးလို့ခေါ်ပါတယ်။ အဇ္ဇီကဗူးသီးခေါ်ရင်သိသလို ရော့ကီကလည်း အာလူးခေါ်ခေါ် ဂျပလုခေါ်ခေါ် သူ့ခေါ်မှန်းနားလည်ပါတယ်။

မွေးဖြစ်သွားတာက ဒီလိုပါ။ ကျနော့်ဇနီးဒေါ်ခွေးရူး ခွေးချဉ်ခြင်းတက်တာကြာပါပြီ။ ဒါနဲ့ တရက် SPCA ဝက်ဆိုက်ဘ်တက်ကြည့်တော့ သခင်စွန့် ၄-လသားရွယ် ခွေးမမယ်လေးအဇ္ဇီကိုတွေ့ပါတယ်။ နှစ်ယောက်သား ချက်ခြင်းထပြီးသွားကြည့်ကြတယ်။ အဇ္ဇီမြင်ရတာ စိတ်ဓါတ်ကျအားငယ်နေပုံပါ။ အခန်းထောင့်မှာ ခွေခွေလေး။ အနားက ရေခွက်အစာခွက်တွေလည်း ခြေရာလက်ရာမပျက်။ နံမည်ခေါ်ပြီး ပွတ်သပ်ပေးတာတောင် ခွေနေရာက မျက်လုံးလေးလှန်ကြည့်၊ အမြီးလေးတချက်နှစ်ချက်ယမ်းပြ နားရွက်လေးခတ်ပြရုံကလွဲလို့ ဖျတ်ဖျတ်လတ်လတ် မြူးမြူးတူးတူးမရှိပါ။ ကိုယ်လုံးသွယ်သွယ်၊ ခြေတံလက်တန်ရှည်ရှည်၊ မွှေးလိမ်ပွကျစ်၊ နဖူးဆံစပ်မှာ မွှေးနုဖွားဖြာရရာ၊ မျက်အိမ်ဝိုင်းဝိုင်း၊ မျက်ဆန်နက်နက်၊ မျက်တောင်ကော့ကြီးတွေနဲ့ချစ်စရာလေးပါ။ အားငယ်စိတ်ဓါတ်ကျပုံပေါ်ပေမယ့် ချည့်နဲ့နေပုံတော့မရပါ။ ဒါနဲ့ သိချင်တာလေးတွေမေးမြန်းပြီး မွေးစားစာချုပ် လက်မှတ်ထိုးပါတယ်။

အိမ်ရောက်စက အဇ္ဇီတစ်ကောင် မနေတတ်မထိုင်တတ်ဖြစ်နေတာ သိသာပါတယ်။ အမြဲတမ်းလည်းတခုခုကို လန့်နေပုံပါ။ အထူးသဖြင့် ကော်ဖီဖျော်ဖို့ ရေနွေးကရားအိုးတည်တဲ့အခါ ရေပွက်ပွက်ဆူလို့ အိုးအဆို့ရှင်က ကျွက်ကျွက်-ကျွက်ကျွက်မြည်သံ ထွက်လာပလားဆို မျက်လုံးမျက်ဆန်ပြူးနဲ့ ဂဏှာမငြိမ်တွေဖြစ်၊ ချောင်တချောင်ထဲဝင်တိုးရင်တိုး၊ လူကိုယ်ပေါ် ကုပ်တက်ရင်တက်တွေ ဖြစ်ကုန်တော့တာပါပဲ။ အစာခွက်ရေခွက်တွေ မီးဖိုချောင်ထားလို့သာ လာလာစားရတယ် မီးဖိုချောင်ဘက် သိတ်လာချင်ပုံမပေါ်ပါဘူး။ မီးဖိုနွေးနေရင် ရေနွေးဆူသံကြားရင် ဘယ်လောက်ဆာနေနေ ဝင်လာမစားပါဘူး။ တနေ့ ကျနော့်ကိုယ်ပေါ်ထိုင် ပွတ်ရင်းသပ်ရင်း သူ့ဘယ်ဘက်နံပါးမှာ ကျပ်ပြား ၂ ဝိုင်းစာလောက် ခတ်မည်းမည်းအမွှေးပါးနေတဲ့ အကွက်တကွက်တွေ့ပါတယ်။ သေချာကြည့်တော့မှ အပူတခုခုလောင်ရာကနေ အနာကျက်လို့ကျန်ခဲ့တဲ့ အမာရွတ်နေရာကနေ မွှေးနုလေးတွေပြန်ထိုးတာဖြစ်နေတယ်။ အရင်တုန်းက အပူလောင်းနှိပ်စက်ခံခဲ့လေသလား၊
မတော်တဆ တခုခုများဖြစ်ခဲ့သလားတော့ သူပဲသိမှာပါ။ ကျနော်တို့အဖို့တော့ ချစ်ရာအပြင် သနားစိတ်ပါစွက်ခဲ့တာအမှန်ပါ။

နောက်တော့သူ နေသားကျလာသလို သောင်းလည်း သောင်းကျန်းပါတော့တယ်။ ကျနော်တို့က များသောအားဖြင့် မနက်မိုးလင်းအိမ်ကထွက် မိုးမချုပ်တချုပ်မှ အိမ်ပြန်ရောက်ဆိုတော့ မနက်စောစောသူ့ကို ချေးပါသေးပေါက် အပြင်တကြိမ်ထုတ်ပြီးရင် အစာရေထည့် အခန်းပိတ်ပြီး အိမ်ထဲထားခဲ့ရတာပါ။ သူ့ခမျာ ဆီးတွေဝမ်းတွေ သွားချင်တောင်အောင့်ထားပြီး ကျနော်တို့ပြန်လာချိန်မှ ပါရပေါက်ရတဲ့ဒုက္ခခံရရှာတာပါ။ ကျနော်တို့အိမ်မှာရှိတဲ့ရက်များဆို ပျော်လွန်းလို့ထင်ပါရဲ့ ပြေးဟယ်လွှားဟယ်၊ လူတွေပေါ် ခုန်တက်ခုန်ဆင်းနဲ့ပါးစပ်ကလည်း တအီအီ တအင်အင်နဲ့။ တခါတလေ ကျနော် အပြင်ထွက်စရာမရှိလို့ အိမ်မှာတနေကုန်လိုလိုရှိနေရင် သူပျော်ပါတယ်။ သူပျော်ပေမယ့် စိတ်ညစ်ရတာက ကျနော်ပါ။ သူ ကစားချင်တဲ့အခါ ကျနော် စာဖတ်စာရေးလုပ်နေရင် အနားလာပဒပ်လေးရပ်ရပ်ပြီး သူ့ရှေ့လက်ကလေးတွေနဲ့ ကုပ်လိုက်ခြစ်လိုက် လာခေါ်လိုက်လုပ်လေ့ရှိပါတယ်။ ပွတ်သပ်ပေးလိုက်ရင်ခနငြိမ်ပေမယ့် တော်ကြာနေပြန်ကုပ်လိုက်ခြစ်လိုက်နဲ့ပါ။ စိတ်တိုတိုနဲ့ အော်လိုက်ငေါက်လိုက်ရင် မျက်နှာငယ်လေးနဲ့ အခန်းပြင်ထွက် ဧည့်ခန်းနဲ့အခြားနေရာတွေသွားပြီး ကိုက်လို့ရတာ အကုန်ကိုက်တော့တာပါပဲ။ စာအုပ်တွေအပြင် ပစ္စည်းအတော်များများပျက်စီးပါတယ်။ တခုခုတော့လုပ်မှရတော့မယ်လို့ ကျနော်တို့တိုင်ပင်တော့ ”ခွေးက ငယ်သေးတယ်၊ ခုမှ လသားအရွယ်၊ ဆော့ချင်ကစားချင် အဖော်မင်တဲ့အရွယ်၊ အဖော်မဲ့လို့ဖြစ်တာ"
လို့တွက်မိပြီး အဖော်ရှာဖို့ SPCA ကိုတခေါက်ပြန်သွားကြပါတယ်။

အဲ့ဒီမှာတင် Rocky နဲ့တွေ့တာပါ။ ရော့ကီပုံက ရယ်စရာပါ။ နားရွက်တစ်ဖက်ကအထောင် တစ်ဘက်က အလဲပါ။ ရှေ့အောက်သွားလေးတွေက အပြင်နည်းနည်းလေးခေါပြီး ထူးထူးဆန်းဆန်း အောက်စွယ်တို အပိုတချောင်းလည်းပါပါတယ်။ အကောင်ပုလေး၊ လမ်းသွက်သွက် လျှောက်တဲ့အခါနဲ့ ပြေးတဲ့အခါ တုတ်တုတ်-တုတ်တုတ်နဲ့ လိမ့်လိမ့်လဲ့လဲ့လေးပါ။ ရှေ့ခြေ ၂ ခေါင်းက အဖျားခြေကျဉ်းဝတ်နေရာကစပြီး အပြင်ဘက်ကားကားလေးဆိုတော့ ဘဲလေးကချေသည် ခြေဖျားချဲထားသလိုလေးပါ။ သူ့နံမည်ခေါ်လိုက်ရင် ဒဲ့မကြည့်ပဲ မျက်လုံးလေးထောင့်ကပ်ပြီး ပေစောင်းစောင်းလေးကြည့်တတ်ပါတယ်။ ပထမအကြိမ် သူ့သွားကြည့်တော့ အဇ္ဇီပါ ခေါ်သွားရပါတယ်။ SPCA ထုံးစံအရ အိမ်မှာခွေးရှိပြီးသားဆို ခွေးသစ်နဲ့အဆင်ပြေ/မပြေကြည့်ဖို့ပါ။ အခန်းထဲနှစ်ကောင်ထဲလွှတ်ပေးပြီး တနေရာကစောင့်ကြည့်၊ အဆင်ပြေမယ့်ပုံပေါ်ရင်ဘာမှမဖြစ်ပေမယ့် သိတ်အဆင်ပြေမယ့်ပုံမရရင် အခြားတစ်ကောင်ရွေးကြည့်ဖို့ ခွေးဆရာကပြောပါတယ်။ အဇ္ဇီနဲ့ ရော့ကီကျ အဆင်ပြေပုံများမပြောပါနဲ့။ ဘယ်ဘဝကကွဲနေတဲ့ ညီအကိုအရင်းတွေ ခုမှပြန်တွေ့တဲ့အပေါက်မျိုး၊ တွေ့တွေ့ချင်း တကောင့်တကောင် နှုတ်သီးခြင်းထိုးအနံ့ခံပြီးတာနဲ့ စဆော့လိုက်တာ မျောက်ရှူံးရောဆိုပါတော့။ ဒါနဲ့ မွေးစား စာချုပ်လက်မှတ်ထိုး ပေးစရာရှိတာပေး၊ လုပ်စရာ(ခွေးရူးကာကွယ်ဆေး၊ နှလုံးသန်ကောင်တွယ်ကာကွယ်ဆေးထိုးတာ၊ ဝှေးသင်းတာ)တွေကို သူတို့ဘက်က တပါတည်းလုပ်ပေး၊ မှတ်ပုံတင်နံပတ်ယူပြီး နောက်နေ့ သွားခေါ်လာပါတယ်။

ရော့ကီရောက်လာပြီးကတည်းက အဇ္ဇီ သိသိသာသာကြီးကို အချိုးပြောင်းသွားတော့တာပါ။ ကျနော့်လည်း လာလာဒုက္ခမပေးတော့သလို ဟိုကိုက်ဒီကိုက်တွေလည်း မလုပ်တော့ပါဘူး။ တခါတလေ ရော့ကီက တခုခုကိုကိုက်မလို့ ဖဲ့မလို့လုပ်ရင်တောင် သူက ဝင်ဟန့်ပါသေးတယ်။ အရင်နေခွေးဟောင်းအနေနဲ့ ရော့ကီတို့တပ်အပ်ရာအဌာရသတွေလည်း ဆရာစားမချန် အကုန်သင်ပေးပါတယ်။ ပြူတင်းပေါက်ဘောင်ပေါ် ဘယ်လိုထိုင်၊ မှန်ပေါက်ကနေအပြင်ကို ဘယ်လိုကြည့်၊ ဘယ်လိုစောင့်၊ ဘေးအိမ်သားတွေနဲ့ သူတို့ခွေးတွေတွေ့ရင် ဘယ်လိုဟောင်၊ ဧည့်သည်လာရင် ဘယ်လိုကြို၊ ကြက်ကလေးတွေခြံပြင်ထွက်သွားရင် ဘယ်လိုလိုက် ပြန်မောင်းသွင်း၊ အီအီးဘယ်နေရာပါ၊ ဗိုက်ဆာရင် ဘယ်လိုဂျီကျ အစစအရာရာဆိုပါတော့။

အဇ္ဇီက အငယ်ပေမယ့် အကောင်ထွား၊ ခြေတန်ရှည်ကလန်ကလားနဲ့ စိတ်ရှည်သဘောကောင်းပါ။ ရော့ကီက  ခွေးပုစိတ်တို မနာလိုစိတ်ကလေးလည်းရှိသလို အတိုင်အတောလည်း အတော်ထူတဲ့ကောင်ပါ။ နှစ်ကောင်အတူတူကစားရင်း မတော်တဆများ ထိမိလို့နာသွားရင် ငယ်သံပါအောင်အောင်၊ လူပေါ်ပြေးတက်၊ လူ့မျက်နှာကြည့်ပြီး တအီအီလုပ်၊ အဇ္ဇီကိုလည်း ကိုယ်ပေါ်ကနေ မကျေမချမ်းအသံနဲ့ရန်လုပ်ပါတယ်။ အဲ့အခါမျိုး ကျနော့်ဇနီးက အဇ္ဇီကိုငေါက်ရင် မျက်ဆန်နက်ကြီးကလည်ကလည်၊ မျက်တောင်ကော့ကြီး ပုတ်ခတ်ပုတ်ခတ်နဲ့ ကျနော့်နားလာထိုင်ပြီး ဟိုကောင် စိတ်ပြေတဲ့အထိနေပါတယ်။ ဘယ်တော့မှ မန်ပြန်ဖီ သွားပြန်ဖြဲတာမျိုးမလုပ်ပါဘူး။ ရော့ကီ သူ့ကိုမန်ဖီရင်တောင် မသိချင်ယောင်ဆောင်ပြီး တခြားထွက်သွားတတ်ပါတယ်။ အစာတခုခု သူ့အရင်ချကျွေးလည်း ချက်ခြင်းမကိုက်သေးပဲ ရော့ကီအလာကိုစောင့်၊ ရော့ကီချီသွားပြီဆိုမှ နောက်တခုတောင်းပါတယ်။ ဘယ်တော့မှ သူအရင်ယူတာမျိုးမလုပ်ပါ။ အငယ်က ပြန်ညှာတဲ့သဘောမျိုးပါ။ ကားပေါ်ရောက်ရင် ရော့ကီကရှေ့ခန်း ယဉ်မောင်းဘေးခုံပေါ်ခုန်ကူးလာပြီး လူမရှိရင် ခုံပေါ်ထိုင်၊ လူရှိရင် လူပေါင်ပေါ်တက်တက်ထိုင်ပါတယ်။ အဇ္ဇီကတော့ နောက်ခန်းခုံမှာ ငြိမ်ငြိမ်ဆိမ်ဆိမ်ထိုင်ပါတယ်။ အဇ္ဇီဆေးခန်းသွားဖို့လိုလို့ခေါ်ပြီး သူ့တစ်ကောင်တည်း အိမ်မှာထားခဲ့ရင် မနေတတ်မထိုင်တတ်တွေဖြစ်ပြီး ဂဏှာမငြိမ်တွေဖြစ်ပါတယ်။ ဆေးခန်းကပြန်လာလို့ ရော့ကီတွေ့တော့မှ နေသာထိုင်သာရှိသလို ကျနော်တို့ကိုလည်း ”နောက်ဆို အဲ့သလိုမလုပ်ဖို့ တောင်းပန်တိုးလျှိုးသလို မျက်လုံးရွဲကြီးတွေနဲ့ ကြည့်ကြည့်နေတတ်ပါတယ်။ အရင်တစ်ကောင်ထဲတုန်းက တနေကုန်အိမ်ထားခဲ့ပြီးပြန်လာရင်တောင်  ဒီလောက် အိနြေ္ဒမပျက်တဲ့အဇ္ဇီဟာ
ခုတော့ ရော့ကီကို တနေရာရာ နာရီပိုင်းလောက်လေးခေါ်သွားရင်တောင် မနေတတ်မထိုင်တတ်ဖြစ်နေရှာပါပြီ။ ဒါကို ကျနော်တို့ တဖြည်းဖြည်းရိပ်မိ နားလည်လာပါတယ်။

တနေ့ ကြက်စာသွားဝယ်ရင်း Rocky ပါ အစာဆိုင်ထဲခေါ်သွားတယ်။ ဆိုင်အရောင်းဆရာက သူ့ကိုချစ်လို့ဆိုပြီး အမဲရိုးအစစ်တစ်ချောင်း အလကားပေးလိုက်တယ်။ အိမ်ပြန်အရောက် အဇ္ဇီကလည်းအမဲရိုးအစစ်ဆိုတော့ သူလည်းကိုက်ချင်ရှာတယ်။ ဂျပလုက မပေးဘူး။ မန်ဖီတယ် မျက်စောင်းတခဲခဲလုပ်တယ်။ ပါးစပ်ထဲကိုက်ထားတာတောင် သူ့ဘာသူစိတ်မချသလိုနဲ့ ဟိုရွှေ့လိုက် ဒီရွှေ့လိုက်၊ အဇ္ဇီကိုလည်း မယုံသင်္ကာမျက်လုံးနဲ့ကြည့်လိုက်နဲ့။ အတော်သောက်မြင်ကပ်ဖို့ကောင်းတဲ့ရုပ်ကလေးပါ။ အကောင်ကသာ လက်တောက်လောက် ပုံကခြင်္သေံပုံဖမ်းနေတာ။ ”ဒါ သူ့အရိုး၊ ဆိုင်က သူ့ကိုပေးလိုက်တာ။ နင်နဲ့မဆိုင်ဘူး”ဆိုတဲ့မျက်နှာထားနဲ့။ ပေးမကိုက်လည်း ဟိုကောင်ကြီးက ဘာမှ မပြောရှာပါဘူး။ သူကိုက်နေတာလေး ဘေးကနေ နှာခေါင်းလေးရှူံ့ပွရှူံ့ပွအနံ့လေးခံလိုက် နှုပ်ခမ်းလေးသပ်လိုက်၊ သားရည်လေး သိမ်းလိုက်၊ တချက်တချက် ဂျပလုက သူ့များလှမ်းကြည့်ရင် ပေးများပေးတော့မလားလို့ပျော်ပြီး မျက်နှာချိုလေးသွေး၊ မျက်လုံးကြီးတွေလက်လို့ အမြီးလေးနှံ့လို့မျှော်နေတာများ သနားစရာပါ။ တချက်တချက် ဂျပလုကိုက်လို့ ပဲ့ကျလာတဲ့ အရိုးအပဲ့အရွဲ့အစအနလေးတွေ လိုက်ကောက်စားလိုက်နဲ့နေတာပါပဲ။ ဂျပလုကလည်း မပေးဘူးဆိုမပေးဘူးဆိုတဲ့ သဘောထားနဲ့ ပြတ်ပြတ်သားသားကို ဖဲ့ရွဲ့ပွဲတော်တည်နေတာပါ။

နာရီဝက်လောက်ကြာတော့ ဂျပလုက ကိုက်လက်စအရိုးထားခဲ့ပြီး ရေသွားသောက်ပါတယ်။ ဒါတောင်အဇ္ဇီက အရိုးကို ချက်ခြင်းပြေးမကိုက်သေးပဲ စောင့်နေပါတယ်။ ရော့ကီကရေသောက်ပြီး အရိုးကိုတစ်ချက်နမ်းပြီး တနေရာလှည့်ထွက်သွားတော့မှ ကိုက်ဖို့ပါးစပ်ပြင်ပါတယ်။ ကြည့်လိုက်တော့ အရိုးမှာ အသားအစအနလေးတောင် ကပ်ကျန်မနေတော့ပါဘူး။ ဘာမှမရှိတော့တဲ့ အရိုးခြောက်ကြီးကိုတဂျွပ်ဂျွပ်နဲ့ကိုက်ရင်းကိုက်ရင်း နောက်ဆုံး နာရီဝက်လောက်အကြာမှာ အရိုးထိပ်အဆစ်တဘက်က ပွင့်ထွက်သွားပါတယ်။ ရိုးတွင်းချဉ်ဆီအနံ့လေးတွေ လှိုင်ကနဲထွက်လာသလို အဇ္ဇီလည်း အတော်ပျော်သွားပုံပါပဲ။ ပါးစောင်နှုပ်ခမ်းလေးသပ်ပြီး အားရပါးရလျှက်လိုက်မဟဲ့ဆိုတဲ့ပုံနဲ့ ကြမ်းပြင်ပေါ်ကျကျနန ကိုယ်ဟန်ပြင်ပြီးထိုင်ချလိုက်တုန်းမှာပဲ ရော့ကီရောက်ချလာပါတော့တယ်။ ဝင်တော့မလုရဲဘူး၊ ဘေးကနေ တဂီးဂီးမန်ဖီတော့တာပါပဲ။ အဇ္ဇီလည်း ကျနော့်ကိုတချက်မော့ကြည့်ပြီး ဘာလုပ်ရမလဲဆိုတဲ့မျက်လုံးနဲ့ လှမ်းကြည့်ပါတယ်။ ရော့ကီကို ဘေးတွန်းဖယ်ဖို့လုပ်တော့ ကျနော့်ကို ပြန်လှန်မန်ဖီပါတယ်။ စိတ်ထဲ သောက်မြင်ကပ်သလိုဖြစ်ပြီး ရိုက်မယ့်ဟန်နဲ့ လက်လည်းရွယ်လိုက်ရော အဇ္ဇီကရုတ်ကနဲခုန်တဲ့ပြီး ကျနော့်လက်ကို သူ့ကိုယ်လုံးကြီးနဲ့တိုက်ချလိုက်ပါတယ်။ ကျနော် ဟန်ချက်ပျက်ပြီး ပြန်မလှည့်နိုင်ခင်မှာ အမဲရိုးကို နှုတ်သီးနဲ့ထိုးကော်ပြီး ရော့ကီကိုပေးလိုက်ပါတယ်။ ရော့ကီပါးစပ်ထဲပါသွားတဲ့အရိုးကို ကျနော် ပြန်လုမယ်များသူထင်လို့လားမသိပါ ကြမ်းကိုခြေကန်ပြီး သူ့ကိုယ်လုံးတစောင်းကြီးနဲ့ ကျနော့်ကိုဖိထားပါတယ်။
ကျနော် အံ့အားသင့်ပြီးကြောင်ကြည့်နေတုန်းမှာပဲ ရော့ကီက အရိုးချီပြေးပါတော့တယ်။ ဒီတော့မှ ကျနော့်ကို ဖိထားတာဖြည်လျှော့ပေးပြီး ပါးလျှက်နားလျှက်လုပ်ပါတယ်။ ရော့ကီကတော့ မလှမ်းမကမ်းမှာ ရိုးတွင်းချဉ်ဆီတွေ တပျပ်ပျပ်လျှက်လို့ပါ။ ကျနော် သဘောပေါက်သွားပါပြီ။ ကျနော့်အပြုအမူအတွက် ကျနော့်ဘာသာရှက်လည်း ရှက်မိသလို စိတ်မကောင်းလည်းဖြစ်သွားပါတယ်။ စိတ်လည်းထိခိုက်ချင်စရာပါ။ အဇ္ဇီကိုလည်း အရင်ကထက် ပိုသနား၊ ပိုချစ်၊ ပိုလည်းနားလည် သွားပါတယ်။

ပြောရရင် အဇ္ဇီရော ရော့ကီပါ အဟိတ်တိရိစ္ဆာန်တွေပါ၊ ခွေးတွေပါ။ အိမ်အရင်ရောက်တာကအဇ္ဇီပါ။ ဉာဏ်တိမ်တိမ်ပြောရရင် အဇ္ဇီက “အိမ်ရှင်”ဆိုပါတော့။ “ဧည့်သည်”ရော့ကီနဲ့ မခွဲမခွာအတူနေရဖို့အရေး ညှာတာရှာတယ်။ အတူနေရင်း နှစ်ဦးသားပျော်ရွှင်ဖို့အရေး ဦးစားပေး တွေးရှာတယ်။ ပင်ကိုယ်စိတ်ရင်းအခံကောင်းရုံမက စိတ်အနေရော စိတ်အထားပါတတ်တဲ့ခွေးလေးပါပဲ။ စိတ်အနေကောင်းပေမယ့် စိတ်အထားမတတ်ခဲ့ရင်၊ စိတ်အခံကောင်းပေမယ့် စိတ်အနေရော စိတ်အထားပါမတတ်ခဲ့ရင် ကျနော်အဇ္ဇီကို ခုထက်ပိုချစ်နိုင်ပါ့မလား တွေးမိတာပါပဲ။
(မျိုးမြင့်ချို) မတ်ခ်ျ၊ ၂ဝ၁၄


Monday, March 10, 2014

လတ်တလောယူကရိန်းကိစ္စ၊ ပူတင်နဲ့ရုရှားကိုကြည့်တဲ့ ကိုဝတုတ် စာ

0 comments
လတ်တလောယူကရိန်းကိစ္စ၊ ပူတင်နဲ့ရုရှားကို ကြည့်တဲ့ ကိုဝတုတ် စာ
အခုရက်ပိုင်းအတွင်း ယူကရိန်းမှာဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး သမာသမတ်ကျကျ၊ မျှမျှတတရှုမြင်ထားတဲ့ဆောင်း ပါးတပုဒ် မတ်လ ၇ ရက်ထုတ် FT မှာ ပါလာတယ်။ နိုင်ငံတကာဆက်ဆံရေး၊ အရေးအခင်းတွေကို စိတ်ဝင်စားသူတွေကို ဒီဆောင်းပါးက အကျိုးရှိမယ့် အချက်အလက်တွေနဲ့စဉ်းစားစရာတွေပေးမှာ ကျိန်းသေတယ်လို့ ယုံ ကြည်တာမို့ထပ်ဆင့် ရှဲလိုက်တယ်။

FT ရဲ့ အယ်ဒီတာ ဆောင်းပါးရှင်တွေက အခု ယူကရိန်းကိစ္စကို ရုသျှသမ္မတပူတင် အစောကြီးထဲက စီစဉ်ထားတဲ့လုပ်ရပ်လို့ ပြောတယ်။ ဒီလိုဖြစ်ရတာဟာ ရုသျှအနေနဲ့ အနောက်အုပ်စုက သူ့ကို တဖြည်းဖြည်းနဲ့ ဝိုင်းပြီး စပါးကြီးကျင့် ကျင့်တယ်လို့ ခံစားရလို့လို့ ဆင်ခြေပေးတယ်။

ပူတင်ဟာ အနောက်လိုလားလွန်းအားကြီးတဲ့ ယဲ့ဆင်ကိုယ်တိုင်က ကောက်တင်ထားသူဖြစ်ပြီးအစပိုင်းမှာ (သူ့သမ္မတသက်တမ်းအစမှာ) သူဟာ အနောက်နဲ့ engagement လုပ်နိုင်ဖို့ကို ရိုးရိုးသားသားနဲ့ နှစ်နှစ် ကာကာယုံကြည်ခဲ့သူဖြစ်တယ်လို့ ပူတင်ရဲ့အကြံပေးအရာရှိဟောင်းက ပြောတယ်။ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုအပြီးမှာ သူဟာ အာရှအလယ်ပိုင်းက စစ်စခန်းတချို့ကို အမေရိကန်တွေအသုံးပြုနိုင်အောင် ကမ်းလှမ်းခဲ့သလို ကျုးဘားက ရုသျှရေဒီယိုစခန်းတခုနဲ့ ဗီယက်နမ်ကရုသျှအခြေစိုက်စခန်းကိုလည်း ပိတ်ပေးခဲ့တယ်။ သူ့ဘက်က ဒီလိုလုပ်ပေးတဲ့အတွက် အနောက်ဘက်ကလည်း တစုံတရာတုန့်ပြန်မှုကို သူမျှော်လင့်ပေမယ့် မဖြစ်စလောက်ပဲ ပြန်ရခဲ့သတဲ့။ (ဒီနေရာမှာ စစ်အေးမစခင်ကာလကအဖြစ် အပျက်တွေနဲ့ ယှဉ်ကြည့်သင့်တယ်။ ဒုတိယကမ္ဘာစစ်မှာ နာဇီတွေကိုအနိုင်ရရေးကိုဦးစားပေးအဖြစ် သဘောထားပြီးစစ်ပြီးတဲ့အခါမှာလည်း မဟာမိတ်တွေနဲ့ဆက်ဆံရေးချောမွေ့ရေး ရှေးရှုပြီးစတာလင်ဟာ ကမ္ဘာ့ပစ္စည်းမဲ့တော်လှန်ရေးဖော်ဆောင်ဖို့ရည်ရွယ်ချက်နဲ့ဖွဲ့ထားတဲ့ ကွန်မင်တန်းကို ၁၉၄၃ မှာ ဖျက်ပေး ခဲ့ပေမယ့် ဒီလုပ်ရပ်နဲ့ပတ်သက်ပြီးအမေရိကန်နဲ့ဗြိတိသျှတွေဆီက ထိုက်သင့်တဲ့တုန့်ပြန်မှုမရခဲ့တာဟာ စတာလင်ရဲ့ အနောက်နိုင်ငံတွေနဲ့ စစ်ပြီးတဲ့အခါ အလုပ်လုပ်လို့ရနိုင်ဖို့မျှော်လင့်ချက်ကိုထိခိုက်စေခဲ့ တယ်လို့ ရုသျှအကဲခတ်တွေက ထောက်ပြဖူးတယ်)

နောက်တခါ နေတိုးနယ်နမိတ်ကို ဂျာမနီနဲ့တင်ရပ်မယ်လို့မျှော်လင့်ခဲ့တဲ့ သူ့မျှော်လင့်ချက်တွေလည်း ပျက်ကုန်တယ်။ ဒါတင်မကသေးဘူး။ အနောက်မဟာမိတ်တွေဟာ ဥရောပမှာ ဒုံးလက်နက်ရန် ကာကွယ်ရေးစနစ် တည်ဆောက်မှာမဟုတ်ဘူးလို့မျှော်လင့်ခဲ့တာတွေလည်း သဲထဲရေသွန်ဖြစ်ကုန်တယ်။

ယူကရိန်းမှာ ၂၀ဝ၄ လိမ္မော်ရောင်တော်လှန်ရေးဖြစ်တဲ့အခါ အနောက်နိုင်ငံတွေဟာ ရုသျှကို ဝိုင်းဖို့ ကြံနေပြီလို့ ပူတင် သံသယဖြစ်လာတယ်။ ဒီဖြစ်ရပ်ဖြစ်ပြီးနောက်မှာ ပူတင်ဟာ အနောက်နိုင်ငံတွေ ကခေါင်းဆောင်တွေကို ရက်အတော်ကြာ စကားမပြောဘဲရှောင်နေခဲ့တယ်လို့ သူ့ရဲ့ အကြံပေးဟောင်းကပြန်ပြောပြတယ်။ ဒီရက်တွေဟာ ပူတင်ရဲ့အမြင်အားလုံးကိုပြောင်းလဲသွားစေတယ်လို့ ပူတင်ရဲ့မိသားစုနဲ့နီးစပ်သူတယောက်က ပြောပြတယ်။ အဲဒီအဖြစ်အပျက်ကစပြီးပူတင်ဟာ ဥပဒေပြုရေးရာ ကိစ္စတွေ၊ တရားစီရင်ရေးနဲ့ ဒေသဆိုင်ရာကိစ္စရပ်တွေမှာ အရင်ကထက်တင်းတင်ကျပ်ကျပ်လုပ်လာတယ်။ အကျိုးဆက်အနေနဲ့ ရုသျှက အရပ်ဘက်လူ့အဖွဲ့အစည်းဟာ မြေစာပင်ဖြစ်ခဲ့ရသတဲ့။ ရုသျှပညာတတ် လူတန်းစားပြိုလဲဖို့ဖြစ်လာခဲ့ပြီး ဒီအဖြစ်အပျက်ဟာ အခု ခရိုင်းမီးယားမှာဖြစ်နေတာထက်တောင် ပိုပြီးဆိုးသေးတယ်လို့ ပူတင့်အကြံပေးဟောင်းက FT ကို ပြောတယ်။

ပြည်တွင်းမှာတင်းကျပ်လာသလို နိုင်ငံတကာစင်မြင့်မှာလည်း ပူတင်ဟာ မာ ပြလာတယ်။ ၂၀ဝ၇ မြူးနစ် လုံခြုံရေးကွန်ဖရင့်မှာ ပူတင်က အမေရိကန်ကို ဂျော်ဂျီယာကိုမြှောက်မပေးဖို့ သတိပေးတယ်။ နောက်တနှစ် အကြာမှာ ယူကရိန်းနဲ့ပတ်သက်လို့လည်း အနောက်ကို အလားတူသတိပေးတယ်။ ဒါပေမယ့် သူ့သတိပေးချက်ကို အနောက်ကပုဂ္ဂိုလ်တွေက လေးလေးနက်နက်မယူတဲ့အခါမှာ ပူတင်ဟာ သူ သတိပေးနေတာတွေဟာ အလကားမဟုတ်ဘူးဆိုတာကိုလက်တွေ့ပြဖို့လုပ်လာတယ်။ ဂျော်ဂျီယာနဲ့ ငါးရက်ကြာစစ်ကနေ ရုသျှအမေရိကန်ဆက်ဆံရေးထိခိုက်ခဲ့သလို အာရပ်နိုင်ငံတွေက အုံကြွမှုတွေကနေ အမေရိကန်တွေဟာ တကမ္ဘာလုံးမှာအန္တရာယ်ကြီးတဲ့ 'experiments' တွေ လုပ်နေတယ်ဆိုတဲ့ သူ့ယုံကြည်မှုက ပိုအားကောင်းဖို့ဖြစ်လာတယ်။

အခုယူကရိန်းကိစ္စမှာ ရုသျှတွေဘက်ကပြင်ဆင်ထားမှုတွေဟာ အံ့အားသင့်စရာကောင်းလောက်အောင်တိကျလွန်းတယ်လို့ အမေရိကန် အရာရှိတယောက်က ပြောတယ်။ ကြည့်ရတဲ့ပုံက အနောက်က ခရိုင်းမီးယားနဲ့ပတ်သက်ပြီး အရဲကိုးမှာမဟုတ်တဲ့အတွက် ရုသျှဟာ ခရိုင်းမီးယားလက်ကျမယ့်ပုံရတယ်လို့ ခန့်မှန်းရတယ်။

အနောက်နိုင်ငံတွေက ပူတင်ကို ရာရှင်နယ်မကျတဲ့လူ၊ လက်တွေ့နဲ့ကင်းကွာနေသူအဖြစ်မြင်ကြပေမယ့် တကယ်တမ်း လက်တွေ့နဲကင်းကွာနေသူတွေက အနောက်နိုင်ငံတွေပဲဆိုပြီး ကနေ့ချိန်မှာ ပူတင်ကို အကြီးအကျယ်ဝေဖန်နေတဲ့ သူ့ရဲ့ အရင်အကြံပေးအရာရှိဟောင်းရဲ့ မှတ်ချက်နဲ့ ဆောင်းပါးကိုအဆုံးသတ်ထားတယ်။

(တကယ်တော့ စစ်အေးသမိုင်းကို မှန်မှန်ကန်ကန်သုံးသပ်နိုင်သူတွေဟာ ဒီဆောင်းပါးရဲ့တန်ဖိုးကို ကောင်းကောင်းသဘောပေါက်မှာပဲ။ စစ်အေးအစပိုင်းမှာ တွေ့ခဲ့ရတဲ့ အမေရိကန်သံအမတ်ဂျော့ကင်နန်ရဲ့ ကွန်တိန်းမင့်ပေါ်လစီသာဆက်ရှိနေမယ်ဆိုရင် အမေရိကန်ရော၊ ဆိုဗီယက်ရော နှစ်နိုင်ငံစလုံးဟာ အဓိပ္ပါယ်မဲ့တဲ့၊ ဘာမှအကျိုးမရှိတဲ့ ကမ္ဘာဖျက်လူသတ်လက်နက်တွေထုတ်လုပ်တဲ့ပိုင်းမှာ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကိုပုံအောအသုံးချစရာလိုတဲ့အဖြစ်ကို ရောက်မှာ မဟုတ်ဘူး။ အမေရိကန်လည်း အကြွေးဒီလောက်ထိတင်မှာ မဟုတ်တဲ့အပြင် ဆိုဗီယက်ရုသျှမှာလည်း တိုင်းပြည်ရဲ့အရင်းအမြစ်တွေကို အကြီးစားစက်မှုလုပ်ငန်းတွေမှာမဟုတ်ဘဲ စားသုံးကုန်၊ လူသုံးကုန်တွေထုတ်လုပ်တဲ့ပိုင်းမှာ ပိုသုံးနိုင်မှာဖြစ်တယ်။ ဒီကနေ intellectual class ပေါ်ထွန်းဖို့၊ အားကောင်းဖို့ပဲရှိပြီးရေရှည်မှာ ဆိုဗီယက်ရုသျှအတွက်ရော၊ ကမ္ဘာအတွက်ပါ အကျိုးရှိစေမှာ။ စစ်အေးကို ဘာသာရေးစစ်ပမာသဘောထားပြီး (ဒါအမေရိကန်ရောဂါ သက်သက်ပဲ။ အိုင်စင်ဟောင်ဝါလက်ထက်က ဒုသမ္မတလုပ်ခဲ့တဲ့ နစ်ဆင်၊ ကနေဒီနဲ့ရေဂင်တို့အားလုံးရဲ့လုပ်ရပ်တွေနဲ့ မိန့်ခွန်းတွေကို ပြန်ကြည့်ကြည့်။ အခုစစ်အေးအကြောင်းရေးနေတာမို့ နောက်ပိုင်း တွေ့ရမယ်) ကိုယ့်ရန်သူကိုအပြုတ်တိုက်ရေးလမ်းစဉ်ဟာ ဘယ်လောက် မလိုလားအပ်လဲဆိုတာ သင်ခန်းစာယူသင့်တယ်။ ကနေ့ခေတ်မှာ ဘယ်သူမဆို ကိုယ့်ပြိုင်ဘက်ကိုအပြတ်ရှင်းဖိုဆိုတာ မဖြစ်နိုင်သလို အဲဒီလို ရှင်းနိုင်ဖို့ကိုလည်း စိတ်ကူးမယဉ်သင့်ဘူး။ အားလုံးမှာ ကမ္ဘာဖျက်လက်နက်တွေပိုင်ဆိုင်ထားတာမို့ တယောက်ယောက်က စ သုံးတာနဲ့ တကမ္ဘာလုံးပျက်မှပွဲသိမ်းမယ့်အခြေအနေမျိုး။  ဒီလိုအခြေအနေမှာ ပိုတောင်စိတ်ကူးမယဉ်သင့်ဘူး။ ဒီအမြင်ကိုလက်ခံရင် ကိုယ့်ပြိုင်ဘက်ရဲ့ မဟာဗျူဟာအရအရေးပါတဲ့နေရာတွေကို သွားမထိသင့်ဘူး။ အမေရိကန်အနေနဲ့ တရုတ်က ပနားမားမှာစစ်စခန်းလာဆောက်တာကို မကြိုက်ရင် တောင်တရုတ်ပင်လယ်ပြင်နဲ့အရှေ့ဥရောပမှာလည်း ကိုယ့်လုပ်ရပ်ကိုဆင်ခြင်သင့်တယ်။ အဲဒီလိုမဟုတ်ဘဲ တကမ္ဘာလုံးကို ကြီးစိုးနိုင်ရေးကို ဘာသာရေးစစ်ပမာသဘောထားနေသူတွေဟာ လက်တွေ့နဲ့ ကင်းကွာနေသူတွေပဲဆိုတာ ထပ်ဆင့်မှတ်ချက် ပေးလိုက်ချင်တယ်။)
https://www.facebook.com/ko.watote


Friday, March 7, 2014

ဗောလ်တဲရ် (၁၆၉၄-၁၇၇၈) VOLTAIRE (1694-1778)

0 comments
ဗောလ်တဲရ် (၁၆၉၄-၁၇၇၈) VOLTAIRE (1694-1778)
ဗောလ်တဲရ်ဟာကဗျာဆရာ၊ ဝတ္ထုရေးဆရာ၊ ပြဇတ်ရေးဆရာ၊ စာတမ်းရေးဆရာ၊ ဝတ္ထုတိုရေးဆရာ၊ သမိုင်းဆရာ၊ ဒဿနိက ဆရာ၊ လွတ်လပ်စွာတွေးခေါ်ရေးလစ်ဘရယ်ဝါဒရေးရာ ဆရာကြီးဖြစ်တယ်။ ပါရီမြို့တော်မှာ ဗောလ်တဲရ်ကို ၁၆၉၄ မှာ မွေးတယ်။ မျိုးရိုးဗီဇက လူလတ်တန်းစား အဖရှေ့နေ၊ ငယ်စဉ်က ပါရီမှာရှိတဲ့ ဂျက်စဝတ်တေကောလိပ်(Jesuit college ခရစ္စယာန်စာသင်ကျောင်းတော်ဖြစ်တဲ့ လူဝေ-လ-ဂရန်မှာ ဗောလ်တဲရ်နေဘူးတယ်။ ပါရီမှာလူရွှင်လူနောက်၊ ထက်မြက်စူးရှတဲ့ပျက်လုံးနဲ့သရော်စာကို ကဗျာဖွဲ့တဲ့အနေနဲ့ ထင်ရှားလာတယ်။ တစ်ခါတော့သူရေးတဲ့နိုင်ငံရေးကဗျာကြောင့် ဗောလ်တဲရ်ကိုဖမ်းပြီး ဗက်စတီးထောင်ထဲထည့်လိုက်တယ်။ ထောင်ထဲမှာ ဟင်န်ရိအိတ်သမိုင်းလင်္ကာကြီးတစ်စောင်ကို ရေးဖြစ်တယ်။ ဒီလင်္ကာကြီးရဲ့ကောင်းသတင်း ထွက်လာတယ်။ ဗောလ်တဲရ် ထောင်ကထွက်ပြီးစ သူရေးတဲ့ သြဧဒစ်ပဲကို ၁၇၁၈ ပါရီမှာရုံတင်တယ်။

အဲဒီမှာ ထပ်မံနာမည်ကြီးပြီး အသက် ၂၄ နှစ်မှာကျော်အမော်ဖြစ်လာပြီးတဲ့နောက် အသက် ၆ဝ အတွင်းမှာဘဲ ပြင်သစ်စာပေခေါင်းဆောင်လို့ အသိအမှတ်ပြုကြပါတယ်။ အဟောအပြောပျက်လုံးကောင်းတယ်လို့ ပြိုင်စံရှားထင်ရှားကျော်ကြားလာပါတယ်။ ဒါပေမယ့် အဲဒီခေတ်က တန်ရာတန်ရာပြောဆိုကြရတယ်။ မင်းမျိုးစိုးမျိုး သူကောင်းမျိုးနဲ့တွေ့ရင် "မော့ ဖူးစေ"ဆိုမှကြည့်ရဲတာ၊ မမေးဘဲနဲ့ကိုယ်ပြောချင်တာ ပြောလို့ရှိရင် ချက်ချင်း ရိုက်ပုတ်နှိပ်စက်ခံရတတ်တယ်။ လူအများရှေ့မှာ ဗောလ်တဲရ်နဲ့သူကောင်းမျိုး ရှဗလျာဒေရိုဟန်တို့ လူပရိတ်သတ်ရှေ့မှာ စကားအခြေအတင်ပြောမိတယ်။ စကားအရာမှာ သူကနိုင်ပေမယ့် မကြာခင်ရှဗလာကလွှတ်တဲ့လူကြမ်းတွေက ဗောလ်တဲရ်ကို ရိုက်နှက် ထုနှက်တယ်။ နောက် ဘက်စတီးထောင်ထဲမှာသွင်းပစ်ခဲ့တယ်။ ထောင်ထဲမှာသိပ်မကြာပေမယ့် အင်္ဂလန်ကိုပြည်နှင်ဒဏ်နဲ့ ၂ နှစ်ခွဲလောက် နေခဲ့ရပါတယ်။ အင်္ဂလန်ကို ဗောလ်တဲရ်နေခဲ့တာဟာ သူ့ဘဝအတွက် အရေးကြီးအဆင့်ကိုရောက်ခဲ့ပါတယ်။ ကျော်ကြားတဲ့ ဂျန်လော့ခ်၊ ဖရန်စစ်ဘေကွန် ၊ အိုင်စက်နယူတန်၊ ဝီလီယမ်ရှိတ်စပီးယားတို့လို အင်္ဂလိပ်ကြီးတွေရဲ့စာပေကို လေ့လာခွင့်ရပါတယ်။ အင်္ဂလန်ရဲ့ ရှေ့ဆောင်တွေ ပညာရှင်တွေနဲ့ကိုယ်တိုင်ဆွေးနွေးခွင့်ရပါသေးတယ်။ ရှိပ်စပီးယာကို သူ သိပ်အံ့သြတယ်။ အင်္ဂလိပ်တွေရဲ့သိပ္ပံပညာအရာမှာ ကျွမ်းကျင်ပုံကိုလည်း သိခွင့်ရတယ်။ အင်္ဂလိပ်တွေဘာမဆို လက်တွေ စမ်းသပ်ကြည့်ပုံကိုလည်း သိပ်အားကျတယ်။ သူစိတ်ထဲမှာ အလေးစားဆုံက အင်္ဂလိပ်နိုင်ငံရေးစနစ်ပါ။ အင်္ဂလိပ်ဒီမိုကရေစီနဲ့ လူတစ်ဦးချင်းရဲ့ရပိုင်ခွင့်ဟာ သူတို့ပြင်သစ် အနေနဲ့ မကြားဖူးတဲ့ကိစ္စဖြစ်နေတယ်။ ဘယ်အင်္ဂလိပ်မြို့စားအရှင်သခင်မှ ဗောလ်တဲရ်ခံခဲ့ရသလိုမျိုး မျိုးရိုး တံဆိပ်ခပ်နှိပ်ထားတဲ့စာရွက်မှာ ”ဒီကောင့်ကိုဖမ်းပြီးထောင်ချလိုက်”ဆိုတာမျိုး မလုပ်နိုင်တာကိုသိရတဲ့အပြင် သူ့ကိုဘာအပြစ်နဲ့အရေးယူထားတယ်လို့မသိရဘဲနဲ့ အခုလိုချုပ်နှေင်ခံနေရရင် လူကောင်းကိုရှေ့တော်သွင်းစေအမိန့်နဲ့ လွှတ်ပေးလိမ့်မယ်ဆိုတာမျိုးကိုလည်း တွေ့ရပါသေးတယ်။
ဗောလ်တဲရ်ပြင်သစ်ကိုပြန်ရောက်တဲအခါ သူရဲ့အကြီးကျယ်ဆုံးဒဿနိကစာတမ်းကို ၁၇၃၄ မှာရေးသားပုံနှိပ် ဖြန့်ဝေပါတယ်။ ဒီကျမ်းကိုအင်္ဂလိပ်တို့အကြောင်းလို့ဘဲ အလွယ်ခေါ်ကြပါတယ်။ အဲဒီကျမ်းဟာ ပြင်သစ်ဉာဏ်အလင်းဖွင့်ပွဲရဲ့အစလို့ ပြောကြပါတယ်။ အင်္ဂလိပ်အကြောင်းမှာ အင်္ဂလိပ်နိုင်ငံရေးစနစ်ကို အတော်များများကျေနပ်နှစ်သက် ချီးမွမ်းစိတ်နဲ့ရေးသားဖော်ပြပါတယ်။ ဂျွန်လော့နဲ့ တခြား အင်္ဂလိပ်ဒဿနိကဆရာတို့ တွေးခေါ်ပုံတွေကိုလည်း ထည့်သွင်းရေးသားဖော်ပြပါတယ်။ ဒီစာအုပ်ကို ပုံနှိပ်ဖြန့်ဝေလို့ ပြင်သစ်အာဏာပိုင် တွေက သိပ်ပြီးစိတ်ဆိုးကြလို့ ဗောလ်တဲရ်ဟာ ပါရီက နောက်တစ်ကြိမ်ထွက်ခွာသွားရပြန်တယ်။

ဗော်လ်တဲရ်ဟာ ပြင်သစ်အရှေ့ပိုင်းစီရဲမှာ တစ်ဆယ့်ငါးနှစ်ကြာအောင် နေခဲ့ပါတယ်။ အဲဒီဒေသမှာ မြို့စားကြီးရဲ့ ပညာတတ် ဥဏ်ထက်မျက်တဲ့ဇနီး မရမ်ဒုရှလေနဲ့ ချစ်သူဖြစ်ခဲ့တယ်။ ၁၇၅ဝ ခုနှစ် ချစ်သူသေဆုံးပြီးတစ်နှစ်ကြာတဲ့အခါ ဗောလ်တဲရ်ကိုပရပ်ရှားက မဟာဖက်ထရစ်ကိုယ်တိုင်ကဖိတ်ခေါ်လို့ ဂျာမဏီကိုသွားတယ်။ အစပထမမှာ စာပေကျွမ်းကျင်တဲ့ဖက်ထရစ်နဲ့ပြေလည်တယ်။ နောက်ရန်ဖြစ်ပြီး ၁၇၅၁ မှာ ဂျာမဏီကထွက်ခဲ့တယ်။ ဂျာမဏီကထွက်လာပြီး ပြင်သစ်မင်း၊ ပရပ်ရှားမင်းတွေရဲ့ဘေးကကင်းလွတ် အောင် ဂျီနီဗာအနီးကခြံကြီးတစ်ခုမှာ အခြေချနေထိုင်ပါတယ်။ ဒါပေမယ့် သူအယူအဆတွေဟာ ရှေ့ရောက်ပြီးခေတ်ဆန်လွန်းလို့ ဆွစ်ဇာလန်လို ဒေသမှာတောင် ဒုက္ခရောက်နိုင်တယ်လို့သိရတာနဲ့ ပြင်သစ်စွစ်နယ်စပ် ဖာနေက ခြံသစ်ကို ဘယ်သူကရန်လုပ်လုပ် ဘေးလွတ်မယ့်ဘက်ကို ပြေးသာတယ်ဆိုပြီးစိတ်ကူးနဲ့ နိုင်ငံနယ် ခြားနှစ်ခုခြားနယ်စပ်မှာနေထိုင်ပါတယ်။ အဲဒီမှာနှစ်နှစ်ဆယ်ကြာတယ်။ စာပေနဲ့ဒဿနိကကျမ်းတွေ အဆက်မပြတ်ရေးတယ်။ ဥရောပတစ်ခွင်ဉာဏ်ကြီးရှင်တွေကို စာပေးစာယူလုပ်တယ်။ မိတ်ဆွေသင်္ဂဟကိုဧည့်ခံ ကျွေးမွေးပြုစုတယ်။ ဒီနှစ်တွေအတွင်းမှာ ဗော်လ်တဲရ်က စာရေးမပျက်ကြိုးစားမှုလျော့နည်းမသွား၊ သူက အံ့သြစရာကောင်းလောက်အောင် ဘက်စုံရစာရေးဆရာ တစ်ယောက် ဖြစ်ပါတယ်။ ဗော်လ်တဲရ်ရဲ့ စွဲစွဲမြဲမြဲယုံကြည်ထားတဲ့အချက်တစ်ခုက သူလည်းသူ့အကြိုက် ငါလည်းငါ့အကြိုက်ကိုးကွယ် ယုံကြည်မှုပြုပါစေဆိုတဲ့ဘာသာရေးသီးခံချက်ရှိရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့် အသက်(၆ဝ)ကျော်(၇ဝ)ဘက်နီးတဲ့အခါ ပြင်သစ်မှာ ကြောက်ခမန်းလိလိ ပရိုတက်စတင့်ဂိုဏ်းသစ်တွေကို အပြစ်ဒဏ်ခတ်တယ်လို့သူသိရတယ်။ ဒေါသထွက်ပြီး ”ဉာာဏ်ပညာနဲ့ ဘာသာရေးအယူသီးမှုကို ငါဖယ်ရှားတိုက်ဖျက်မယ်”လို့ဆုံးဖြတ်လိုက်တယ်။ ဘာသာရေးချုပ်ချယ်မှုကိုဆန့်ကျင်တဲ့ ဘာသာရေးလက်ကမ်းစာတွေ အများအပြားရေးတယ်။ သူ့ကိုယ်ပိုင်စာကို အဆုံးသတ်တဲ့အခါတိုင်း ”အပုတ်သတင်းထွက်လှတဲ့ အချင်းအရာကိုသုတ်သင်ကြ”လို့ရေးလိုက်တယ်။ ဗော်လ်တဲရ်အဖို့ အပုတ်နံ့ထွက်တဲ့ကိစ္စက သာသနာယုံကြည်မှုနဲ့ပတ်သက်လာရင် သင့်မသင့် မချင့်ချိန်ဘဲ အယူသီးတာကို ဆိုလိုတယ်။

အသက်(၈၃)နှစ်ရောက်တဲ့ (၁၇၇၈)ခုနှစ်မှာ ဗော်လ်တဲရ် ပါရီကိုပြန်သွားတယ်။ သူရေးတဲ့အိရန်ပြဇာတ် ပထမပွဲကို သူကိုယ်တိုင် လာကြည့်တယ်။ သူ့ကို ပြင်သစ်ဖျော်ဖြေပွဲရဲ့ဘဘကြီးလို့ခေါ်ပြီး လူထုကြီးက လက်ခုပ်သြဘာတစ်ခဲနက်တီးတယ်။ ဘင်ဂျိုမဲန်ဖရင့်ကလင် အပါအဝင် သူ့ကိုကြည်ညိုလေးစားသူတွေ တစ်ဖွဲဖွဲတွေ့ကြတယ်။ အဲဒီအခါ ဗော်လ်တဲရ်ရဲ့ဘဝ နိဂုံးပိုင်းကိုရောက်ပါပြီ။ ပါရီမှာ (၃ဝ)မေ (၁၇၇၈) နေ့ရက်မှာ ကွယ်လွန်သွားပါတယ်။

သူက”ပွင့်ပွင့်လင်းလင်း ယုံကြည်မှုကိုအသုံပြုပြီး အယူသီးတဲ့အလုပ်တွေကို အတင်းတိုက်ဖျက်တဲ့လူဖြစ်တယ်”ဆိုပြီး ပါရီသင်္ဂျိုင်းမှာ ခရစ္စရမ်ဘာသာဝင်တွေပြုမြဲဝတ်ကိုပြုပြီး မြှုတ်နှံခွင့်မပေးပါ။ တစ်ဆယ့်သုံးနှစ်ကြာတဲ့အခါ သူရုပ်ကြွင်းကိုပြန်ဖော်ပြီး ဂုဏ်ပြုထိုက်သူတွေရဲ့သင်င်္ဂျိုင်းဖြစ်တဲ့ ပါရီပန်သယ်ရွန်မှာ တခမ်းတနားမြှုပ်နှံကြပါတယ်။ ဗော်လ်တဲရ်ရေးတဲ့စာတွေများလွန်းလို့ အသေးအဖွဲကိုဖယ်ပြီး အရေးပါတဲ့စာတွေကိုရေးမယ်ဆိုရင်တောင် ဒီစာတမ်းငယ်မှာရေးသားဖော်ပြနိုင်မှာမဟုတ်ပါ။

"မင်းပြောတာကိုငါမနှစ်သက်ပေမယ့် မင်းပြောချင်တာပြောခွင့်ရအောင်တော့ ငါအသက်စွန့်ပြီးဆောင်ရွက်ပေးမယ်"ဆိုတဲ့စကားကို သူပြောသွားလို့ လူအများက သူပဲဒါမျိုးပြောမှာလို့ စွဲလမ်းနေကြတယ်။ နောက် ဗော်လ်တဲရ်ရဲ့ဦးတည်ချက်ဖော်ထုတ်တဲ့အယူအဆတစ်ခုက ကိုးကွယ်ယုံကြည်မှုမှာ၊ သာသနာရေးမှာ ချုပ်ချယ်ခြင်းနှိပ်ကွပ်ခြင်းကို ဇွဲနဲ့အမြဲဆန့်ကျင်ခဲ့ပါတယ်။ ဗော်လ်တဲရ်ဟာ ထာဝရဘုရာသခင်ကို ယုံကြည်ပါတယ်။ သို့သော် ဘာသာရေးနဲ့ပတ်သက်ပြီး ချဲ့ထွင်ဆောင်ရွက်ပြောဟောကြပုံကိုတော့ လုံးဝမကျေနပ်ပါ။ ”အဖွဲ့အစည်းအားကိုးပြီး ပိတ်ပင်တားမြစ်ချက်တွေကတော့ အချေအမြစ်မရှိလိမ်လည်ချက်တွေဖြစ်တယ်”လို့ အမြဲတင်ပြရေးသားခဲ့တယ်။ သူရဲ့နိုင်ငံရေး၊ သာသနာရေး အယူအဆဟာ ပြင်သစ်ဉာဏ်ပွင့်လင်းမှုမှာ ပင်မရေစီးကြောင်းဖြစ်တယ်။ ပြင်သစ်တော်လှန်ရေးကို (၁၇၈၉)မှာပေါ်ပေါက်လာအောင် ရှေ့ဆောင်ပေးခဲ့တယ်လို့ပြောနိုင်ပါတယ်။

သူရေးတဲ့ ထင်ရှားပြီးအရေးပါဆုံးဖြစ်တဲ့သမိုင်းကျမ်းက ”နိုင်ငံတကာရဲ့စိတ်ဓါတ်နဲ့အမူအကျင့်”ဖြစ်ပါတယ်။ ရှိပြီး သမိုင်းကျမ်းတွေနဲ့ ကွာခြားချက်နှစ်ခုရှိပါတယ်။ ပထမအချက်က ဥရောပဆိုတာ ကမ္ဘာကြီးရဲ့သေးငယ်တဲ့အစိတ်အပိုင်းလေးတစ်ခုမျှသာဖြစ်လို့ သူကျမ်းမှာ အာရှဖက်ကို ပိုပြီးပြည့်စုံအောင်လေ့လာရေးသားပါတယ်။ ဗော်လ်တဲရ်အမြင်မှာ ”နိုင်ငံရေးသမိုင်းက ဓလေ့သမိုင်းထက်ယေဘုယျအားဖြင့် ပြောရရင် ပိုပြီးအဖိုးတန်တယ်”ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့သဘောတရားယုံကြည်မှု အချုပ်အချယ်ကင်းရှင်းရေး၊ ပညာရှင်တွေ လွတ်လွတ်လပ်လပ်တွေးခေါ်ကြံဆခွင့်တွေ ပြင်သစ်မှာ လူအများသိရှိအောင်၊ သူတို့အသိမှာ စိမ့်ဝင်သွားအောင် အဲဒီကတစ်ဆင့် ဥရောပတစ်တိုက်လုံးပြန့်သွားအောင် သူကဆောင်ရွက်ပေးတာဖြစ်ပါတယ်။ သူ့ရဲ့ သိပ်ထိမိတဲ့စာရေးနည်း သူအသက်ရှည်ရှည်နေနိုင်ပြီး စာကိုမပြတ်ရေးသားကြိုးစားဖြန့်ဝေနေတဲ့အချက်က သူ့လက်ရာသိပ်များတော့ လူထုပရိတ်သတ်များများသိအောင်လုပ်သူဟာ သူပဲ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ဉာဏ်ပွင့်လင်းမှုမှာ သူ့စိတ်ကူးကိုမှီပြီးဖြစ်ပေါ်လာတာတွေများတယ်။ တတိယအချက်ကတော့ ဗော်လ်တဲရ်ဟာ အခြားပညာရှင်ခေါင်းဆောင်တွေထက် သူပေါ်ပေါက်ရောက်ရှိလာတာ အများကြီးစောတယ်။

ဒါကြောင့် ဗော်လ်တဲရ်ဟာ ပြင်သစ်တော်လှန်ရေးကြီးလို့ ကြီးကျယ်တဲ့အတွေးအခေါ်ရာသီဥတုကို ပြောင်းပေးနိုင်တဲ့ကိစ္စမှာ သိပ်အရေးပါတဲ့နေရာကနေ ပါဝင်ကပြနိုင်သူဖြစ်ပါတယ်။ သူဟာ ပြင်သစ်မှာသာ သက်ရောက်တာမဟုတ်ပါ အမေရိကားရှိ သောမတ်ဂျက်ဖာဆင်၊ ဂျိန်းမဒီဆင်နဲ့ ဘင်ဂျမင်ဖရန့ကလင်တို့ဟာ သူ့စာတွေကို ဖတ်တယ်။ ဒီတော့အမေရိကာနိုင်ငံရေးအစဉ်အလာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ပါတယ်။
The 100; A Ranking of the Most Influential Persons in History by Michael H.Hart
(Translated by ဒေါက်တာသန်းထွန်း " ကျော်စွာ ၁ဝဝ ")
ယူတာက ဒီနေရာကပါ။ https://www.facebook.com/groups/276223095802969/permalink/448277438597533/