Tuesday, October 9, 2018

၅ ဘီလျံကျော်နှင့် လူမိုက်ကကျနော် အဖော်က အင်္ဂုလိမာလ(မျိုးမြင့်ချို)

0 comments

(၅ ဘီလျံကျော်နှင့် လူမိုက်ကကျနော် အဖော်က အင်္ဂုလိမာလ)
ဇာတ်ကတော့ ဂျိုးဖြူဇာတ်ဗျာ၊ မင်းသားက ဝင်းဦးဂိုက်ဖမ်းထားတဲ့မင်းသား၊ အပြင်မှာ တကယ်တူမတူတော့ ကျနော်လည်း မပြောတတ်ပါဘူး၊ ဇတ်ရုံရှေ့မှာထောင်ထားတဲ့ ဧရာမပိုစတာကြီးတွေမှာကြည့်ကြည့်၊ လက်ကမ်းကြော်ငြာလေးတွေမှာကြည့် ရေတပ်ဝတ်စုံနဲ့၊ အပေါ်အောက်အဖြူ ယူနီဖောင်းနဲ့၊ ကက်ဦးထုပ်နဲ့၊ တခါတလေလည်း အဲ့ဗစ်ပရက်စလေလို ခေါင်းလောင်းဘောင်းဘီနဲ့၊ အင်္ကျီကော်လာပြားကြီးကြီးနဲ့ ကြယ်စေ့တပ်ထားတဲ့တလျှောက် ဇာနားလိုလို ကနုပ်လိုလိုလေးတွေကွပ်လို့၊ နှုပ်ခမ်းမွှေး စစနဲ့၊ ဆံပင်လည်း အမောက်လေးထောင်လို့၊ နှုပ်ခမ်းလည်း အဆီတွေပြောင်လို့၊ မျက်လုံးအစုံလည်း ဝေဝေရီရီ ငေးလို့၊ ဆွေးသလိုလို ညှို့အားပြင်းသလိုလိုနဲ့။ အဲ့ဒါ ဂျိုးဖြူမင်းသားပဲ။

ကျောက်ဆည်မှာ တလခွဲပွဲဆိုတာ ရှိတယ်။ ခုရှိသေးလားမပြောတတ်၊ တလခွဲပွဲဆိုပေမယ့် တကယ်က တလမခွဲပါဘူး။ ၄ ပတ်လောက်တော့ ကြာမယ်ထင်တယ်။ ၁၂ ပွဲဈေးသည်တွေကတော့ ဇာတ်တွေ မဝင်ခင်ကတည်းက ရောက်နေနှင့် ရောင်းနေနှင့်ကြတာ။ နောက်ဆုံးဇာတ်အဖွဲ့ ကပြီးလို့ ပြန်သွားတောင် သူတို့က ဆက်ကျန်နေရစ်ပြီး ရောင်းကြချကြဆဲပါ။

ဝါးကပ်တွေ၊ သစ်သားတိုင်တွေ၊ ကျူထရံတွေနဲ့ ဟီးထနေတဲ့ဇာတ်ရုံကြီးလည်း ရှိရဲ့။ ဇာတ်ခုံလည်း ကျယ်ပါရဲ့။ ဦးမောင်မောင်ဆပ်ကပ်တို့ ဘာတို့လည်း ဝင်တဲ့အခါဝင်ပါရဲ့။ ဇာတ် ဇာတ်တွေလည်း တဇာတ်ပြီး တဇာတ်ဝင်ကြပါရဲ့။

ကျနော်က ဇာတ်မကြိုက်ဘူး။ အငြိမ့်ဆိုရင်တော့ အသေအလဲကြိုက်တယ်။ ငယ့်ငယ်လေးထဲကကြိုက်တာ၊ ဆောင်းတွင်းကြီး ဒီလောက်အေးနေတာတောင် လူကြားထဲတိုးပြီး လူငွေ့နဲ့ အငြိမ့်ပြီးတဲ့အထိကြည့်တယ်။ ဆောင်းမင်းသမီးလေး ဝင်းဝင်းအေးကိုဆိုရင် တဘက်သတ်တောင် ချစ်မိသေးတာ။ သူကတော့ သိရှာမယ်မထင်ဘူး။ အငြိမ့်စင်ထောင့်ကနေ မျက်စလေးချီပြီး တင်ကလးကောက် ရင်ကလေးမောက်ကာမောက်ကာနဲ့ ခရာတာတာလေသံလေးနဲ့ ကိုကိုရေ မောင်မောင်ရေခေါ်လိုက်ရင် ကာလသားအကိုကြီးတွေက ဟေ ဟေ လို့ထူးရင် ကျနော်လည်း ကျနော့်ခေါ်တာလို့ စိတ်ထဲမှတ်ပြီး ခတ်တိုးတိုးလိုက်ထူးဖူးတာ။

စကားကချော်သွားပြီ။ ပြောချင်တာက ဂျိုးဖြူမင်းသားရဲ့ လူမိုက်ကကျနော် အဖော်က အင်္ဂုလိမာလပြဇာတ်နဲ့ ရန်ကုန်တိုင်းက ဝန်ကြီးမ ဒေါ်နီလာကျော်အကြောင်း။

ဒီလိုဗျ။ ပြဇာတ်စစချင်း မီးရောင်က ခတ်မှိန်မှိန်လေးပေးထားတယ်၊ တီးလုံးက အတိတ်တခုခုကို ဆွတ်ပျံ့ချင်စရာ အဆွေးတီးလုံး ညင်ညင်သာသာလေး၊ နောက်ခံကားက ပရိဘောဂအစုံနဲ့ မီးမှိန်မှိန် ဧည့်ခန်းလေး၊ ခတ်မှိုင်းမှိုင်းလေး၊ အဲ့ဒီ နောက်ခံကားကို မျက်နှာမူ၊ ပရိသတ်ကိုကျောခိုင်းပြီး အမျိုးသမီးကြီးတယောက်က ရပ်နေတယ်။ တခုခုကို တွေးနေငေးနေတဲ့ပုံပဲ။ အဲ့အချိန်မှာ ရုတ်တရက် မီးတွေလင်းလာပြီး မင်းသားဂျိုးဖြူက ဝင်းဦးစတိုင်လ်(အလွန်အကျွံသဏ္ဍန် Over Act)လုပ်ပြီး တံတောင်ဆစ်ကွေးပြီး လက်ကိုချည်ခင်ရစ်သလို ရစ်ရစ်ပြီး ခါးကုန်းကုန်းနဲ့ စောင်းငန်းစောင်းငန်းနဲ့ ဝင်ချလာတယ်။ လက်ထဲမှာ စာရွက်တရွက်ကိုင်လို့။

တီးလုံးက တိတ်သွားတယ်။ မင်းသားက "အမေ" လို့ခေါ်လိုက်တယ်။ ခုန ကျောပေးထားတဲ့အမျိုးသမီးက တဖြည်းဖြည်းချင်း လှည့်လိုက်ပြီး ညင်ညင်သာသာလေး "သား" လို့ပြန်ထူးလိုက်တယ်။ တီးလုံး ငြိမ့်ငြိမ့်လေး ပြန်ဝင်လာတယ်။ ပရိသတ်က သားအမိမှန်းသိသွားတယ်။ သားအမိ ၂ ယောက် မျက်နှာချင်းဆိုင် ရပ်မိကြတယ်။ တယောက်ကိုတယောက် စိုက်ပြီးကြည့်နေကြတယ်။ စကားတခွန်းမှ မပြောကြဘူး။ ခနနေတော့မှ မင်းသားက လှိုက်နေတဲ့လေသံနဲ့ "အမေ အမေ ဒီနေ့အောင်စာရင်းတွေ ထွက်တယ်။ သား အောင်တယ် မေမေရဲ့၊ သားအောင်တယ်၊ ဒီမှာကြည့်"ဆိုပြီး လက်ထဲကစာရွက်လိပ်ကို ထိုးပေးတယ်။ အမေက "အမေ ဝမ်းသာလိုက်တာသားရယ်၊ အမေ့ရှိစုမဲ့စု ဒီသားလေးအတွက် အမေဝမ်းသာပါတယ်"လို့ပြောတယ်။

ဒီတော့ မင်းသားက သူ့အမေနား ပိုတိုးလိုက်ကပ်လိုက်ပြီး အမေ့ပခုံး ၂ ဘက်ကို သူ့လက်တွေနဲ့ ခတ်ဖွဖွဆုပ်ကိုင်ရင်း"အမေ သားကို ကတိပေးထားတာရှိတယ်နော်၊ သား ဆယ်တန်းအောင်ရင် အမေအဖြေပေးမယ်ဆိုပြီးလေ"လို့ အားတက်သရော သိချင်ဇောနဲ့ အမေ့ပခုံးလေးကို လှုပ်လှုပ်ပြီးမေးတယ်။ တီးလုံးသံတွေက ဒန်းကနဲပြိုင်ပြီး ဆူညံသွားအောင် ထွက်လာတယ်။ ချက်ခြင်း ပြန်ငြိမ်ဆင်းသွားတယ်။ အမေကတော့ တုံဏှိဘာဝေပေါ့။ ဒီတင် အားမလိုအားမရဖြစ်လာတဲ့သားက "ပြောလေ အမေ၊ ပြောလေ၊ အမေပဲပြောထားတာ မဟုတ်လား၊ ပြောပါအမေ သား ဖေဖေ ဘယ်သူလဲဟင်၊ ခုရှိသေးလား၊ ဘယ်မှာနေလဲ" လို့ ဆက်တိုက်မေးတယ် မောကြီးပမ်းကြီးလေသံနဲ့။ အမေက ဘာမှ မပြောပြန်မဖြေသေးဘူး။ အမေက တဘက်ကို ဖြည်းဖြည်းချင်း လှည့်လိုက်တယ်။ သားနဲ့ ကျောခိုင်းမိသွားတယ်။ သားက အမေ့ဆီက အဖြေကိုမျှော်ရင်း ဆွေးလျလျမျက်နှာနဲ့၊ မေဆ်ာလင့်ချက်အရိပ်လည်း သန်းလို့။

တီးလုံးက ပိုပြီးဆွေးမြေ့ကြေကွဲစရာ ဆန်လာတယ်။ အဆွေးဓာတ်ကို ဆွပေးနေတယ်။ ပရိသတ်က ငြိမ်နေတယ်၊ တုတ်တုတ်မလှုပ်ကြဘူး၊ တရုံလုံး အပ်ကျသံကြားရလောက်အောင် ငြိမ်နေတယ်။ အမေက ပရိသတ်ကို ဘေးတိုက်အနေအထားကနေ သားဘက် မျက်နှာပြန်မူလိုက်တယ်။ ပြီးတော့မှ သားမျက်နှာကိုမကြည့်ပဲ ဟိုးအဝေးတနေရာကို မျှော်ငေးရင်း "အမေလည်း မမှတ်မိတော့ပါဘူး သားရယ်"တဲ့။

ဒီတင် ပရိသတ်ဆီက ဝေါကနဲရီသံတွေ အုံးကနဲထွက်ချလာတယ်။ မင်းသားလည်း တံတောင်ဆစ်တွေကွေးပြီး လက်ကို ချည်နောက်ပြန်ငင်သလို ငင်ငင်ပြီး နောက်ဆုတ် နောက်ဆုတ်နဲ့ "ဖြစ်မှဖြစ်ရလေ မေမေရယ်"လို့ ငိုသံပါကြီးနဲ့ပြောပြီး တိုင်ဖုံးနောက်ဝင်သွားတယ်။ ကျနော်လည်း ဆက်မကြည့်တော့ပဲ ရီရင်းနဲ့ ထွက်လာခဲ့တယ်။

ခုလည်း ကျပ် ၅ ဘီလျံကျော်ကို ဘယ်သူချေးသွားမှန်းမသိဘူးလို့ ဒေါ်နီလာကျော်ကပြောတယ်။ တော်ကြာနေ ဂျိုးဖြူမင်းသားရဲ့အမေလိုလည်း ဖြစ်နေပါဦးမယ်။
မျိုးမြင့်ချို(အောက်တိုဘာ ၅၊ ၂ဝ၁၈)

မျက်မှောက်ကို မျက်မှောက်ပြုခြင်း(မျိုးမြင့်ချို)

0 comments
(မျက်မှောက်ကို မျက်မှောက်ပြုခြင်း)
တနေ့ကနေ့လည်က ဒီဗီဘီတီဗီအစီအစဉ်မှာ ကိုမင်းညိုတင်ပြတဲ့ ညောင်ဦးမြို့နယ်က နတ်စောင့်တယ် ဆိုတဲ့ အင်ကြင်းတောကြီးအကြောင်း ကြည့်ရင်းနားထောင်ရင်း ထောက်ကြံ့နဲ့ ငွေယားတောင်ကြားက လှော်ကားရေဝေကန်အကြောင်းလေးတော့ ရေးရကောင်းမယ်လို့ စိတ်ကူးဖြစ်လာတယ်။ ဒါနဲ့ မနေ့က မနက်စောစောထ ကွန်ပြူတာရှေ့ထိုင်ပြီး စိတ်ကို ငယ်ဘဝတွေဆီပြန်လွှတ်ရင်း စိတ်ကူးနဲ့စာစီပါတယ်။ စာက ပီပီမြည်မြည် စီမရဘူး။ ကဘောက်တိ ကဘောက်ချာဖြစ်နေတယ်။

အဲ့ဒီအချိန်မှာပဲ ညဦးကတည်းက မအီမသာဖြစ်နေတဲ့ကိုယ်လက်ဟာ ကိုက်ခဲတဲ့ဘက်ကို ရွေ့ရွေ့ လာတယ်။ လည်ချောင်းယားပြီး ချောင်းလည်း တချက်တချက် ဟွတ်တယ်၊ တစ်တစ်ဆို့ဆို့နဲ့ ရင်ကျပ်သလို ခံစားရတယ်။ အာခေါင်ခြောက်ပြီး နှာရည်လည်း နည်းနည်းကျလာတယ်။ ဇက်ကြောက ခေါင်းမထူချင်အောင် တက်လာတယ်။ ဒဏ်ရှိတဲ့ခါးက သိသိသာသာ နာလာတယ်။ ဖြတ်ထားတဲ့ လက်ခြေနေရာတွေက ကိုက်ခဲလာတယ်။ မျက်ခွံတွေလေးပြီး မျက်စေ့သိတ်မဖွင့်ချင်ဘူး။ နဖူးစမ်းကြည့်တော့ ကိုယ်နည်းနည်းနွေးနေသလိုပဲ။ ဒါနဲ့ မီးဖိုခန်းထဲသွား ရေနွေးတည်တယ်။ ဆူတော့ တရုတ်လဘက်ခြောက်ခတ်ပြီး အဖန်ရည်နှပ်တယ်။ အဖန်ရည်လေးပူနေတုန်း အကိုက်အခဲ ပျောက်ဆေးရော antihistamine နေ့ဆေးရော ရောပြီး တခါတည်းသောက်ချလိုက်တယ်၊ ပူနေတဲ့အဖန်ရည် တခွက်လုံးကုန်တဲ့အထိ တထိုင်တည်းနဲ့ မှုတ်မှုတ်ပြီးသောက်လိုက်တာ လည်ပင်း နဖူးနဲ့ချိုင်းကြားမှာ ချွေးနည်းနည်းစိမ့်လာတယ်။ နေလို့ထိုင်လို့ကောင်းသွားသလိုလို ဖြစ်လာတယ်။

ဒါနဲ့ မျက်နှာသစ်သွားတိုက်ပြီး ကွန်ပြူတာရှေ့ ပြန်ရောက်လာတယ်။ စာရေးဖို့မပြောနဲ့ စိတ်က တခုခုပေါ် စုလို့တည်လို့တောင်မရဘဲ ဥဒိစ္စဖြစ်နေတယ်။ အတင်း ”တည်” ကြည့်ဖို့ ”စု” ကြည့်ဖို့ ဘယ်တုန်းကမှ အလေ့မရှိခဲ့သူဖြစ်တော့ စိတ်ကိုစိတ်အတိုင်းလွှတ်ထားပြီး လိုက်ကြည့်နေမိတယ်။ ထောင်ထဲမှာ အချိန်အတန်ကြာ လေ့ကျင့်ယူခဲ့ပြီးရခဲ့တဲ့ စိတ်အလုပ်(ဦးနှောက်အလုပ်)လုပ်ပုံကို ပြန်လုပ်ကြည့်တာဖြစ်ပါတယ်။ ကျနော့်အဖို့တော့ ဒီလိုလုပ်တာဟာ နာမကျန်းဖြစ်ဖြစ် မဖြစ်ဖြစ် အချိန်ပေးပြီးလုပ်ဖြစ်တဲ့ စိတ်လေ့ကျင့်ခန်း ဒါမှမဟုတ် စိတ်အလုပ်တခုလည်း ဖြစ်ပါတယ်။ နိဗ္ဗာန် မဂ်ဖိုလ်တွေဘာတွေနဲ့လည်း မဆိုင်ပါဘူး။

စိတ်ဆိုတဲ့သဘောက ကိုယ်မကြည့်ရင်၊ သတိကပ်တာလေး ခွာလိုက်တာနဲ့ သူ့အစဉ်တန်းအတိုင်း သွားနေတာမျိုးပါဘဲ။ ကိုယ်က သတိလေးကပ်ပြီး ”သိ”လိုက်တာနဲ့ ”သိမှု”ဖြစ်သွားပြီး သိနေတာကို သိသွားတယ်။ အဲ့အချိန်မှာစိတ်ဟာ ငြိမ်နေတယ်၊ ရပ်နေတယ်၊ ပူလောင်နေတာ မရှိ။ ငြိမ်းချမ်း (အေးချမ်း)နေတာ မရှိ။ ကြည်လင်နေတာ မရှိ။ နောက်ကျိနေတာ မရှိ၊ သိမှုဟာ သိမှုသက်သက်မှာ တည်နေတဲ့သဘောပါပဲ။ အဲ့ဒီလို နေနေတုန်း စိတ်တခုခုဖြစ်လာရင် ဖြစ်ခြင်းခြင်းသိတယ်။ သိလိုက်တာနဲ့ အဲ့စိတ် ဘယ်ရောက်သွားမှန်းမသိပဲ ပြန်ငြိမ်သွားတယ်။ သိနေမှုကို တောက်လျှောက် အလျဉ်မပြတ် ထိမ်းထားနိုင်ရင် ထိမ်းထားနိုင်သလောက် စိတ်ဟာငြိမ်သက်နေတယ်။

တခါတခါ လူဟာ မြေကြီးကပဲ ကြွနေသလိုလို၊ လေထဲပဲ မြောက်နေသလိုလို ဖြစ်နေတတ်တယ်၊ အဲ့လိုဖြစ်နေတဲ့အရသာဟာ ခံလို့ကောင်းသလိုလိုနဲ့ အူကြောင်ကြောင်တော့ အတော်နိုင်ပါတယ်။ တကယ်မဟုတ်မှန်းသိပေမယ့် သာလည်း သာယာချင်စရာ၊ စွဲမက်ချင်စရာပါပဲ။ အဲ့လို ကြာကြာ ဖြစ်နေအောင်၊ ဒါမှမဟုတ် အဲ့ဒီအရသာကို ကြာကြာခံနေအောင်ဆွဲ့ဆန့်ထားဖို့ မလိုပါဘူး။ လုပ်ယူရတာလည်း မဟုတ်ဘူး။ သူ့အတိုင်းဖြစ်နေတာပါ။ ဒါပေမယ့် အဲ့လိုဖြစ်နေပါလားလို့ သိလိုက်တာနဲ့ အဲ့ဒီအရသာပျောက်သွားပြီး စိတ်ကပြန်ငြိမ်သွားတယ်။ လှုပ်လှုပ်ရှားရှား မရှိတော့ဘူး။ ခုနပြောတဲ့ အရသာကတော့ ခံလို့ကောင်းသလိုလိုနဲ့ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတဲ့ မငြိမ်သက်တဲ့ သိစိတ်ရှိနေမှုအခြေအနေတရပ်ပါပဲ။ ဘာမှ မဟုတ်မှန်း မှောက်မှားမှုသက်သက်ဖြစ်မှန်းကို သိမှုကနေသိသွားတဲ့အခါ ပျောက်ထွက်သွားတာပါပဲ။

အဲ့ဒီလိုဖြစ်နေတာကို ဓမ္မစရိယလိုလို ကမ္မဌာနစရိယလိုလိုတယောက်က စိတ်ဟာ ဘယ်အဆင့်မှာ ရောက်နေတာ ဘာညာ၊ ဘယ်ဈန်ကို ဝင်စားနေတာ ဘာညာ၊ ဒီကနေ ဆက်တက်သွားရင် ဘယ်ရောက်မယ်၊ နောက်ဆုံး မဂ်ဖိုလ်နိဗ္ဗန်အထိဆိုက်သွားမယ် ဘာညာတွေ လူရှေ့သူရှေ့မှာပြောပြီး အတပ်ဟောဖူးတယ်။ တကယ်က လက်တွေ့အရ စိတ်ရဲ့အလုပ်လုပ်ပုံ(ဦးနှောက်အလုပ်လုပ်ပုံ)ကို လက်တွေ့အရ သူ ဘာမှသိတာမဟုတ်ဘူး။ စာထဲပါတာတွေဖတ် အလွတ်ကျက်မှတ်ပြီး ပါဠိပါဒ်သား တွေထပ်ထပ်ပြီး ဘာသာရေးဖြတ်ညှပ်ကပ် လုပ်နေတာမှန်းသိပေမယ့် သူ့စိတ်ထဲ အနာတရ မဖြစ်စေ့ချင်တာနဲ့ ဘာမှ ပြန်မပြောခဲ့ပါဘူး။ နောက်တကြောင်းကလည်း ဒီလိုပြောတာဆိုတာက သူ တကယ်ယုံကြည်တာလည်းဖြစ်သလို၊ သူများတွေကိုလည်း သူ့နည်းတူယုံကြည်သူတွေဖြစ်လာအောင် ပြောဟောပို့ချရင်း၊ အသက်မွေးဝမ်းကြောင်းနေတာဆိုတာကို ထည့်တွက်ခဲ့တာလည်း ပါပါတယ်။ သူယုံကြည်ရာအဘိဓမ္မာနဲ့ ကိုယ်ယုံကြည်ရာက အခြားအနားရှိတာကို အသိအမှတ်ပြုတာက အဓိကနေရာက ပါပါတယ်။ ဒါလည်း ထောင်ထဲနေတုန်းက ဖြစ်ခဲ့တာပါ။ ထောင်ထဲနေတုန်းက သိစိတ်ရှိရှိ ခံစားသိမြင်ခဲ့တဲ့ စိတ်အလုပ်(ဦးနှောက်အလုပ်)လုပ်ပုံဖြစ်ပါတယ်။ စိတ္တာနုပဿနာတွေ၊ ဓမ္မာနုပဿနာတွေလည်း မဟုတ်ပါဘူး။ စိတ်အလုပ် လုပ်နေတာကို စိတ်နဲ့လိုက်သိအောင် လုပ်တာမျိုးဖြစ်ပါတယ်။

မနေ့က မနက်ကတော့ ဒဏ်ရာတွေဗလဝနဲ့ မင်္ဂလာဒုံစစ်ဆေးရုံကြီးမှာ နေခဲ့ရတုန်းက လေ့ကျင့် ယူခဲ့ဖူးပြီး နှစ်လည်းနှစ်သက်ဖူးတဲ့ နောက်နည်း တနည်းကို ပြန်စမ်းကြည့်တယ်။ အချိန်အတော်အတန်ယူရပေမယ့် ဟိုတုန်းကသိမှုအတိုင်း ပြန်ရပါတယ်။ အဲ့ဒါကတော့ ခန္ဓာကိုယ်တနေရာရာမှာ နာတာကျဉ်တာ ကိုက်တာခဲတာဖြစ်နေရင် ဖြစ်နေတဲ့ခန္ဓာကိုယ်အစိပ်အပိုင်းနေရာကို စိတ်ကိုစုပြီး ချထားလိုက်တာ၊ တည်လိုက်တာ၊ ခန္ဓာရဲ့ဘယ်နေရာ အစိပ်အပိုင်းကိုမှ အာရုံလွင့်မသွားအောင်စူးစိုက်ပြီး သိမှုကို တနေရာတည်းမှာ ဇောက်ချထားတာမျိုးပါ။ စိတ်ကို စိတ်နဲ့သိနေတာမျိုးမဟုတ်ပဲ ရုပ်ခန္ဓာမှာဖြစ်နေတဲ့ နာကျင်တဲ့နေရာကို နာနေမှန်းလိုက်သိနေတာပါ။ ဥပမာ ဖြတ်ထားတဲ့လက်ဖျားတွေမှာ နာနေကိုက်နေခဲနေတယ် ဆိုပါတော့။ လက်ဖျားက နာနေ ကိုက်နေ ခဲနေတာကို နာနေမှန်းကိုက်နေခဲနေမှန်း သိနေတာ။ အဲ့ဒီ သိမှုကို အဲ့သလို ခတ်ကြာကြာလေး စူးစိုက်ထားရင်း၊ သိနေရင်း သိနေရင်းကနေ နာတာဟာ ဖြတ်ထားတဲ့လက်ဖျားမှာ ဖြစ်နေတာလား၊ ခေါင်းထဲ (အာရုံခံစားမှုထဲ)ဖြစ်နေတာလား ခွဲခြားရခက်သွားတယ်။

တချက်တချက် လက်ဖျားကနာနေတာလိုလို၊ တချက်တချက် ခေါင်းထဲ (အာရုံထဲ)ထဲက နာတာလိုလို ဖြစ်လာတယ်။ အဲ့လိုဖြစ်နေတာကို သိနေလိုက်ရုံလေးသိနေရင် အနာအကျင်က ရုပ်ကနဲပျောက်သွား လိုက် ပြန်ပေါ်လာလိုက်ဖြစ်ပါတယ်။ ပြန်ပေါ်လာတဲ့ အခါတိုင်းလည်း ဘယ်ကနာနေမှန်း မကွဲပြားဘူး။ အဲ့လို နာကျင်တာကိုသိလိုက်၊ နာနေတာရုပ်ကနဲ ပြန်ပျောက်သွားလိုက်က အဆက်မပြတ်ဖြစ်နေတာပါ။ နာချိန်နဲ့ မနာချိန်ရှိနေတဲ့သဘောပါ။ အဲ့ဒါကို သိလိုက်တဲ့သဘောဖြစ်ပါတယ်။ နာတာနဲ့မနာတာကို သိမှုအရ သိနေပေမယ့် နာမှုမနာမှုဖြစ်တဲ့အချိန်ဟာ ဘယ့်လောက်မြန်တယ်ဆိုတာကိုတော့ ဆုပ်မိဖမ်းမိဖို့ အလွန်ခက်ပါတယ်။ သေချာတာကတော့ နာကျင်တဲ့ဝေဒနာမှာ နာချိန်နဲ့မနာချိန်(နာမှုကို သိတာနဲ့မသိတာ) ရှိတယ်ဆိုတာပါပဲ။ စိတ်ထဲ တခုခု လက်ကနဲ ဖြစ်လိုက်သလို ဖြစ်လိုက်ပါတယ်။ ပီတိလည်း အတော်ဖြစ်မိပါတယ်။ ဝမ်းလည်း သာသွားတယ်။

ဒီတင် ကျနော် တခုထပ်ပြီး စမ်းကြည့်ခဲ့ပါတယ်။ အဲ့ဒါကတော့ နာချိန် မနာချိန်ရှိတာတော့မှန်ပြီ။ အဲ့ဒီ ရှိမှု(သိမှု) ၂ ခုထဲက မနာချိန်(မနာမှန်းကိုသိမှု)ကို ကြာကြာဆန့်ထားလို့ရနိုင်မရနိုင်နဲ့ ရနိုင်တယ်ဆို ဘယ်အထိရနိုင်မလဲ၊ ဘယ်လောက်ကြာကြာရနိုင်မလဲ စတာတွေကို ကိုယ့်ဘာသာဆင်ခြင်မိတာ ဖြစ်ပါတယ်။ တကယ်လို့ ကျနော်ဟာ မနာချိန်ကို(မနာခြင်းဆိုတဲ့ သိနေမှုကို) ကြာကြာဆန့်ထားနိုင်ရင် ဆန့်ထားနိုင်သလောက် ခန္ဓာကိုယ်ဟာ အနာငြိမ်းနေမလား၊ နာခြင်းကင်းနေမလားကို စူစမ်းကြည့်ချင်တာဖြစ်ပါတယ်။ နာကျင်နေတာကို အပြီးအပိုင်ဖယ်ရှားပစ်ဖို့ဆိုတာကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ ကိုယ့်ဘာသာ သိထားပြီးသားဖြစ်ပါတယ်။ သေသွားရင်တော့ တမျိုးပေါ့။ ဘာအနာအကျင်မှ ရှိစရာမရှိတော့ဘူး မဟုတ်လား။ ဒီနေရာမှာ အဲ့ဒီအချိန်က ကျနော်တွေးတာက နာကျင်ခြင်းဝေဒနာအပေါ်ပဲ တွေးတာပါ။ သုခဝေဒနာ ဒုက္ခဝေဒနာတွေဆိုပြီး ခွဲခြမ်းစိတ်ဖြာနေတာ မဟုတ်ပါဘူး။ ဝေဒနာနုပဿနာတွေ၊ ကာယာနုပဿနာတွေ ဘာတွေလည်း မဟုတ်ပါဘူး။ ကျနော် ဖတ်ဖူးမှတ်ဖူးသမျှ စိတ်ကိုသိနေခြင်း၊ စိတ်ကိုစုစည်းခြင်း Meditation and Concentration တွေကိုအခြေခံပြီး လက်တွေ့စမ်းနေတာပဲဖြစ်ပါတယ်။ ရုပ်မှာနာနေတာကို စိတ်နဲ့ လိုက်သိနေအောင် လုပ်တာမျိုးဖြစ်ပါတယ်။

ဒီလိုနဲ့ ကျနော် မနာချိန်(မနာခြင်းသိမှုအချိန်)ကို သိနေပြီး ဖြစ်နိုင်မျှကြာကြာဆန့်ထားဖို့ ကြိုးစားတော့တာပါပဲ။ စိတ်အားထုတ်မှုလည်း မနည်းမနော လုပ်ရတာပါပဲ။ စိတ်ပင်ပမ်းတာလည်း တကယ် ပင်ပမ်းပါတယ်။ တခါတခါ ထင်သလိုခရီးမပေါက်၊ ထင်သလောက် ခရီးမရောက်လို့ စိတ်ပျက်ပြီး လက်လျှော့ပစ်လိုက်တော့ဖို့ အကြိမ်ကြိမ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့လိုစိတ်တွေဖြစ်လာရင် စိတ်ကိုစိတ်နဲ့သိအောင်လုပ်လိုက်ပြီး မူလတည်ထားရာ ရုပ်ပိုင်းနာကျင်မှုပေါ် ပြန်ပို့လိုက်ပါတယ်။ အကြိမ်ပေါင်းများစွာ ချော်ကျလိုက် ပြန်တည်မိသွားလိုက်တွေ ဖြစ်ဖြစ်နေပါတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ အလေ့အကျင့်များများလာတော့ မနာခြင်းသိမှုအချိန်အပေါ် ပိုပြီးစူးစိုက်မိလာပါတယ်။ အဲ့လို စူးစိုက်နိုင်မှုဟာ ဘယ်လောက်ကြာလဲ မကြာလဲကိုတော့ အတိအကျမပြောနိုင်ပါဘူး။ အရင်ကထက်တော့ နည်းနည်းပိုကြာအောင် ထိန်းထားနိုင်တယ်ဆိုတာကတော့ သေချာပါတယ်။ အဲ့လို ထိန်းထားနိုင်တဲ့အခါမှာ လူဟာအနာအကျင် မသိမလိုဖြစ်နေတာ (နာခြင်းမသိမှု ဒါမှမဟုတ် မနာခြင်းသိမှုဖြစ်နေတာ)မှန်ပေမယ့် စက္ကန့်မလပ် နာရီမလပ်ဖြစ်နေအောင်တော့ လုပ်လို့မရခဲ့ပါဘူး။ အချိန်ပြည့်ရနေဖို့ဆိုတာကလည်း ဖြစ်နိုင်မယ်လို့ မထင်ပါဘူး။ ရသလောက်လုပ်ရင်း ရသမျှလေး ခံယူနေရင်းနေခဲ့တာဖြစ်ပါတယ်။ ခုလည်း ခန္ဓာကိုယ်မှာ တခုခု အနာအကျင်ဝေဒနာဖြစ်လာရင် အဲ့နည်းအတိုင်းလုပ်ဖြစ်ပါတယ်။ ကျနော့်အတွေ့အကြုံနဲ့ ဖြစ်လာတဲ့၊ ဖြစ်ခဲ့တဲ့ အသိနဲ့ခံစားမှုကို စကားလုံးတွေနဲ့ တိကျပြီးပြည့်စုံအောင် ဖော်ပြဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ ခုလောက် ပြန်ပြောပြနိုင်ဖို့တောင် မနည်းကြိုးစားထားရတာဖြစ်ပါတယ်။

နောက်တချက်ကလည်း စာအုပ်တွေကျမ်းဂန်တွေထဲ ဖတ်ဖူးမှတ်ဖူး လေ့လာဖူးပေမယ့် မိမိလက်တွေ့အရ မသိဖူး မခံစားဖူး မတွေ့ကြုံဖူးတဲ့အကြောင်းအရာတွေ၊ အသိအမြင်တွေ၊ ကိစ္စတွေကို ဝေါဟာရတွေ၊ စကားလုံးတွေ၊ ပါဠိပါဒ်သားတွေသုံးပြီးဖော်ပြနိုင်တယ်လို့ မယုံကြည်တာကြောင့် အဲ့ဒါတွေကို ဖြစ်နိုင်သမျှရှောင်ရေးရပါတယ်။ ဒါတောင် တချို့နေရာတွေမှာ ပါနေတာ သတိထားမိကြမှာပါ။ တချို့နေရာတွေမှာ ကျနော့်စကားလုံးတွေ ထပ်တလဲလဲလို ဖြစ်နေတာတွေလည်း တွေ့ရမှာပါ။ ကျနော့်ရဲ့ ဝေါဟာရမကြွယ်ဝမှု၊ တင်ပြပုံချောမွေ့မှု၊ စကားလုံးမပြေပြစ်မှုတွေကိုတော့ သည်းခံကြစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ကျနော့် အတွေ့ အသိအမြင်ကို ခုလိုပြောဖြစ်သွားတာတော့ ဝမ်းသာမိတာပါပဲ။
မျိုးမြင့်ချို(အောက်တိုဘာ ၉ ၊ ၂၀၁၈)

Friday, October 5, 2018

ကျနော်ချစ်တဲ့ လူလေလူလွင့်တွေ(မျိုးမြင့်ချို)

0 comments
(ကျနော်ချစ်တဲ့ လူလေလူလွင့်တွေ)
ကျနော် လူလေလူလွင့်တွေနဲ့ နေဖူးတယ်၊ လေလိုလွင့်နေတဲ့ဘဝဟာ ဘယ်မျှလွတ်လပ်ကြောင်း သိခဲ့တယ်၊ ပလက်ဖောင်း ခေါင်းအုံးအိပ်ရတဲ့ညမှာ လသာနေတာကို အရသာခံတတ်ခဲ့တယ်၊ ကောင်းတယ်မကောင်းဘူးကို ကိုယ့်အကြိုက်မကြိုက်နဲ့ တိုင်းတာတယ်ဆိုတာဟာမှားမှန်း လူလေလူလွင့်တွေက ကျနော့်ကိုသင်ပေးတယ်၊ သူတို့ ပညာမတတ်ဘူး၊ ပိုက်ဆံမချမ်းသာဘူး၊ အာဏာမရှိဘူး၊ မခိုးဘူး၊ မဆိုးဘူး၊ မလုယက်ဘူး၊ ကြုံရာကျပမ်း လုပ်စားတယ်၊ အရက်ကြမ်းတွေသောက်တယ်၊ ဆေးခြောက်တွေရှူတယ်၊ ပြည့်တန်ဆာမတွေနဲ့ ချစ်ချစ်ခင်ခင်နေတယ်၊ အော်ဒါလိုက်ရသူက ဧည့်သည်မလာတဲ့သူကို မျှကျွေးတယ်၊ ကျနော့်ကို မောင်အရင်းလေးလိုချစ်ကြတယ်၊ ဝတ္ထုစာအုပ်ဟောင်းတွေ ဘော်တယ်ကုလားဆိုင်က ဝယ်ဝယ်လာတယ်၊ ညညကျ ကျနော့်ကိုဖတ်ခိုင်းပြီး ဝိုင်းနားထောင်တယ်၊ စာတတ်တာ မင်း ကံကောင်းလိုက်တာကွယ်လို့ပြောတယ်၊ သူတို့ မီးခွက်မှိန်မှိန်အောက်မှာ ဘက်ထရီမီး နီကျင်ကျင်အောက်မှာနားထောင်ရင်း မျက်ရည်ကျတယ်၊ ပြုံးတယ်၊ ရီတယ်၊ မဲ့တယ်၊ စိတ်တော်တော်ထိခိုက်တဲ့ အခန်းရောက်ရင် မောင်လေး နောက်နေ့မှ ဆက်ဖတ်ပြလို့ပြောပြီး ကျနော့်ကို ဖက်ထားတတ်ကြတယ်၊ မောင်အရင်းလေးသာ ဖြစ်လိုက်ပါတော့ဟယ် လို့ပြောတတ်တယ်၊ မဖြစ်ပါဘူးဟယ် မင်းကြည့်ရတာ နုနုလေး ရုပ်ကလေးကလည်း အချောလေး၊ မိကောင်းဖခင်သားသမီးလေး ပုံပေါက်တယ်၊ မင်းအရှက်ရလိမ့်မယ်၊ သူတို့နဲ့နေခဲ့တဲ့တလျှောက်လုံး ကျနော့် မိဘ ဘယ်သူဘယ်ဝါ ဘာအလုပ်အကိုင်လုပ် ဘယ်မှာနေ တခါမှမမေးဖူးဘူး၊ ဒီအိမ်ပြေးလေးဟာ တနေ့ကျ သူ့အိမ်သူပြန်သွားမယ်ဆိုတာ သိထားနှင့်လို့လည်းဖြစ်မယ်၊ အပေါစားမိတ်ကပ်တွေလွှမ်းတဲ့ပါးပြင်မှာ မျက်ရည်ဥလေးတွေသီးရင်း ပြုံးပြကြတယ်၊ နှုပ်ခမ်းနီထူလဗြစ်တွေက လူအလွန်ဆန်တဲ့ ကြင်နာမှုထွက်တယ်၊ ကြမ်းရှတဲ့နှလုံးသားတွေက နုညံ့မှုစာနာမှုတွေ အံကျတယ်၊ ကျနော့်ကို ဆေးလိပ် အရက်မသောက်ဖို့ပြောပြီး သူတို့ခန္ဓာနဲ့ရင်းရတဲ့ အသပြာထဲကနေ မုန့်ဖိုးဆိုပြီးပေးတယ်၊ ရည်းစားထားတဲ့အခါ မဖျက်ဆီးဖို့ပြောတယ်၊ အမေကိုချစ်ဖို့ပြောတယ်၊ အော်ဒါ အရများရင် ဒါမှမဟုတ် သူတို့ လင်ဆိုသူတွေ ဆိုက်ကားနင်းရင်း ဘေးပေါက်လေးရလို့ ဝက်ကလေးထောလာရင် ဆိုင်က ဟင်းတွေဝယ်စားကြတယ်၊ မနက်လင်းမှ ပြန်လာတဲ့အခါ သူတို့ဟာ ပင်ပမ်းနွမ်းနယ်နေကြတယ်၊ အိပ်ချင်လိုက်တာအေလို့ပြောပြီး ဒီအတိုင်းလှဲချ အိပ်ပျော်သွားကြတယ်၊ ဘီအီးဒီစီအရက်ဖြူသောက်ကြတယ်၊ မူးလာရင် သီချင်းကောင်းတွေရော ဖျက်ဆိုထားတာတွေရော ဆိုတယ်၊ တချို့စာသားတွေက ရုန့်ရင်းလွန်းတာမှန်ပေမယ့် သူတို့ဘဝထဲက လျှံကျလာတာတွေဖြစ်နေတယ်၊ သူတို့ မနက်ဖြန်အတွက် မနက်ဖြန်ကပူပေ့စေလို့ မပြောကြပေမယ့် သူတို့ ဒီနေ့အတွက်ပဲ ပူကြတယ်၊ ဘယ်သူနဲ့ရတာမှန်းမသိတဲ့ ခလေးတွေကိုလည်း ဝိုင်းချစ်ကြတယ်၊ သူတို့အတူနေကြတယ်၊ ဆင်းရဲခြင်းကို ဝေမျှခံယူကြတယ်၊ သူတို့မှာ လက်ထပ်စာချုပ်မရှိဘူး၊ သူတို့မှာ မိသားစုစာရင်းမရှိဘူး၊ သူတို့အားလုံးဟာ မိသားစုတွေဖြစ်နေတယ်၊ ယောက်ျားတချို့က အဆွယ်သမားလုပ်တယ်၊ တချို့ ဆိုက်ကားနင်းတယ်၊ တချို့ကူလီထမ်းတယ်၊ တချို့က မျက်လှည့်ဆရာနောက်လိုက် လုပ်တယ်၊ တချို့ ထရံယက်တယ်၊ တချို့ ပလပ်စတစ်ကောက်တယ်၊ အပေါင်ဆိုင်က အပေါင်ဆုံး ထမိန်အင်္ကျီလေးတွေ ဝယ်ဝတ်တယ်၊ မောင်လေးရယ် အမ ရည်းစားထားဖူးချင်တယ်၊ သူများအချစ်လည်း ခံချင်တယ်၊ ကိုယ့်ကို တကယ်ချစ်သူမှ ရှိပါ့မလား မသိဘူးနော်လို့ပြောရင်း၊ သူ့ကိုယ်သူ မှန်ထဲကြည့်ရင်း တမ်းတမ်းဆွတ်ဆွတ်ပြောဖူးတယ်၊ ရောဂါကူးလာရင် အပ်ပုန်းတွေဆီပြေးပြီး ပင်နီဆလင်ထိုးကြတယ်၊ လမ်းဘေးဘုံပိုင်မှာ ရေချိုးတယ်၊ ဆင်ခြေးတုံးဆပ်ပြာသုံးတယ်၊ စိတ်ကို အဝတ်လို ဖြူစင်အောင် မလျှော်ဖွပ်ဘူး၊ သူတို့ လူလိုတွေးတယ်၊ လူလိုနေတယ်၊ လူလောက်မှားတယ်၊ လူလောက်မှန်တယ်၊ လူလောက်ဖြူစင်တယ်၊ လူလောက် ညစ်နွမ်းတယ်၊ လူလောက် အထက်တန်းကျတယ်၊ လူလောက် အောက်တန်းစားဆန်တယ်၊ သူတို့ မေတ္တာငတ်ကြတယ်၊ သူတို့ အချစ်ငတ်ကြတယ်၊ သူတို့ စာနာမှုတောင့်တကြတယ်၊ ကျနော် သူတို့ကို ခု အောက်မေ့တယ်၊ တခါတခါ သတိရရနေတတ်တယ်၊ သူတို့ကျေးဇူး ကျနော့်မှာ ရှိခဲ့တယ်၊ သူတို့ကြောင့် ကျနော် လူတွေကို ချစ်တတ် မုန်းတတ်လာတယ်၊ သူတို့ကြောင့် ကျနော် လောကကို စာနာတတ်လာတယ်။ သူတို့ကြောင့် ကျနော် စာတွေပိုဖတ်ဖြစ်တယ်၊ သူတို့ကြောင့် ကျနော် စာတိုပေစတွေရေးတယ်။
သူတို့ကြောင့်ပဲ ကျနော် နိုင်ငံရေးလုပ်ခဲ့တယ်။


မျိုးမြင့်ချို
အောက်တိုဘာ ၅၊ ၂ဝ၁၈

(ပြန်မတွေးချင်တော့တဲ့အကြောင်း)မျိုးမြင့်ချို

0 comments
(ပြန်မတွေးချင်တော့တဲ့အကြောင်း)
၉ဝ၊ စက်တင်ဘာ ၂၅၊ ထောင်တွင်း တိုက်ပွဲကြွေးကြော်သံဟာ (လတ်တလော) နိုင်ငံရေးအကျဉ်းသားအခွင့်အရေးရရှိရေး၊ အနိုင်ရပါတီ NLD ကို အာဏာလွှဲရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးဖြစ်တယ်။ စာဥတိုက်ပွဲလို့ ပေါ့ပေါ့ရှန်ရှန်ခေါင်းစဉ်တပ်ပြီး သေလုမျောပါး အရိုက်အနှက်ခံတိုက်ပွဲဝင်ခဲ့သူတွေနဲ့ အဲ့ဒီဖြစ်စဉ်ကို ရည်ရွယ်ချက်ရှိရှိ ပုံဖျက်ဖို့ သေးသိမ်အောင်လုပ်ဖို့ကြိုးစားနေသူတွေ ရှိလာနေတယ်။

အဲ့ဒီအချိန်က အင်းစိန်ထောင်က တိုက်တွေအားလုံး၊ အဆောင်တွေအားလုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်း(တိုက်ပွဲထဲ ကိုယ်ထိလက်ရောက် ပါပါ မပါပါ) အနည်းနဲ့အများတော့ အဖိနှိပ်ခံခဲ့ရတာ ချည်းပဲ။ အပျော့အပြင်းလောက်ပဲ ကွာတယ်။
အဲ့ဒီတိုက်ပွဲကို ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းက ဦးဆောင်တယ်လို့ပြောလို့မရဘူး။ ဆိုင်းဘုတ်လုလို့လည်း မရဘူး။ NLD တွေကပဲ ဦးဆောင်သယောင်ယောင် လေသံထုတ်သူတွေလည်း ထုတ်နေကြတာရှိတယ်။ တကယ်ကနိုင်ကျဉ်းအားလုံး ဘုံခံစားနေတဲ့ ဖိနှိပ်မှုဖြစ်တော့ ဟိတ်ဆိုပြီး တနေရာကစလိုက်တာနဲ့ ကျန်သူတွေဟာ အလိုအလျှောက် သိစိတ်ရှိရှိနဲ့ အင်တိုက်အားတိုက် ပါလာကြတာဖြစ်ပါတယ်။ တိုက်တွေမှာလည်း တိုက်အလျှောက် ဖိနှိပ်သလို၊ အဆောင်တွေမှာလည်း နိုင်ကျဉ်းတွေဖိနှိပ်လို့၊ အလုပ်ခိုင်းလို့ မကျေနပ်တာတွေ၊ ငြင်းဆန်တာတွေ၊ လေဘာတိုက်ပွဲအသေးစားတွေ အမြဲဖြစ်နေတာပါ။

တနေရာရာက၊ တဦးဦးက၊ တဖွဲ့ဖွဲ့ တစည်းစည်းက ဦးဆောင်မှုပေးလို့ဖြစ်ရတာ မဟုတ်ပါဘူး။ ဦးဆောင်တယ်ပြောရအောင်လည်း အဲ့ဒါက ထောင်ဖြစ်တယ်။ ကျွန်းမဟုတ်ဘူး။ ကျွန်းမှာလို စုစည်းတာ ဆွေးနွေးတာ ပြင်ဆင်တာ ဦးဆောင်တာ ဆုံးဖြတ်တာတွေလုပ်လို့မရပါဘူး။ ကျွန်းဖျက်သိမ်းရေးစနစ်ဟာ ကျွန်းမှာဖြစ်လို့ နိုင်အောင်တိုက်လို့ရတာဖြစ်ကြောင်း လူကြီးတွေပြောလို့သိရပါတယ်။
ထောင်ထဲမှာ လူတွေကို အကောင်လိုက်ကြီးတွေ ခွဲထားရုံမက ပေးတဲ့အခွင့်အရေးပါ ခွဲပြီးအုပ်ချုပ်တာပါ။ ဘာမှ အားလုံးတပြေးညီမဟုတ်ပါဘူး။ အဲ့အချိန်က မောင်စူးစမ်းတို့အပါအဝင် လူတချို့ စာဖတ်ခွင့်အပြင် တခြားအခွင့်အရေးတွေ ရနေတာရှိပါတယ်။ လူခွဲ၊ သွေးခွဲ၊ အခွင့်အရေးခွဲ အုပ်ချုပ်တဲ့စနစ်ဖြစ်ပါတယ်။
၉ဝခု၊ စက်တင်ဘာ ၂၅၊ အဲ့ဒီတိုက်ပွဲ မဖြစ်ခင်ကတည်းက စစ်ထောက်လှမ်းရေး(အဲ့အချိန်က ထောင်တိုင်းမှာ စစ်ထောက်လှမ်းရေး ယူနစ်တွေ ဗြောင်ချထားတာ၊ ထောင်အုပ်ချုပ်ရေးကို ဗြောင်စွက်ဖက်တယ်)နဲ့ ထောင်မှူးထောင်ပိုင်တွေက ဂွင်ဝင်တာနဲ့ နှိပ်ကွပ်ပစ်ဖို့ စာရင်းတို့ထား ငြှိုးထား တေးထားတဲ့သူတွေ သတ်သတ်ရှိတယ်။ အဲ့ဒီအထဲမှာ ကျနော်လည်းပါတယ်။ အဲ့ဒီလူတွေကို ပိုပြီး သဲကြီးမဲကြီး နှိပ်ကွပ်တယ်။ ဒေါက်တာ တင်မျိုးဝင်းလည်း အတော်ခံရတယ်။ ခု ဖို့တ်ဝိန်းမှာနေတဲ့ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်တို့၊ ဦးနေမင်း(ဗမာပြည်မှာ)တို့တို့ဆိုလည်း မသေရုံတမယ်ပဲ ခံလိုက်ရတာ။ ပြောရရင် အများကြီးပါ။ မှတ်မိသူတွေ ပြန်ရေးစေပြောစေချင်ပါတယ်။ စုစုစည်းစည်းလေးဖြစ်သွားအောင်ပေါ့။

၎ တိုက်(ရှည်ကနေ) နေ့တွင်းချင်း ညတွင်းချင်း တိုက်ပြောင်း၊ ထောင်ပြောင်းပါသွားတာ ကိုခွန်ဆိုင်း(ယခု အင်္ဂလန်၊ သွေးသစ်လူငယ်များအစည်းအရုံး)၊ ကိုမြင့်ရီ(ယခု ဗမာပြည်၊ တကသ/၄၈၂၈ .ယူဂျီ) ကိုအောင်သန်း (ယခုဗမာပြည်၊ ဗကပတောပြန်/ သဲကုန်း NLD ဥက္ကဌ)၊ ကိုကျော်အေး(ယခု ဘယ်မှာမှန်းမသိ၊ DAB)၊ ကိုညိုထွန်း(ဗကပ/၄၈၂၈ ယူဂျီအမှုတွဲ)၊ ကျနော် မျိုးမြင့်(ယခု USA။ NLD/ ၄၈၂၈ ယူဂျီ)တို့ဖြစ်တယ်။ ကျနော်၊ ဦးအောင်သန်း၊ ကိုကျော်အေးတို့က ၂ တိုက်(တို) ကြိုးတိုက်ကို အပို့ခံရတယ်၊ ကိုခွန်ဆိုင်းနဲ့ ကိုညိုထွန်းက ထောင်အပြောင်းခံရတယ်၊ ကိုမြင့်ရီက စစ်ခွေးတိုက်ရောက်တယ်။ ဒါ ကျနော် မှတ်မိသလောက် ပြန်ရေးပြတာပါ။ ကျနော် ဟိုးလွန်ခဲ့တဲ့ ၉ နှစ်လောက်တုံးက အဲ့အကြောင်း ဆောင်းပါးရေးဖူးတယ်၊ ဘယ်လဲမသိဘူး ပို့ဖူးတယ်။ အခု ဘယ်ပို့မိမှန်း ဘယ်နေရာမှာဖော်ပြခဲ့မှန်း အမှတ်ပြန်မရတော့ဘူး။ သမျောဖို့ကောင်းပါတယ်။

ကျနော့်ကို တေးထားတာက တိုက်ဝန်းတာဝန်ခံ ထောင်ပိုင်လေးပြုံးချိုနဲ့ ဂျိုင်းထောက်ကိစ္စ၊ ဆေးဝါးကိစ္စ အခြေအတင်ဖြစ်ထားတာ ငြိထားတာရှိလို့ပဲ။ အဲ့အချိန်ကထောင်ပိုင်ဟာ ဦးအုန်းဖေဆိုပေမယ့် တကယ့်လုပ်ပိုင်ခွင့်အာဏာက ဘိုကြည်လို့ခေါ်တဲ့ အထူးအရာရှိ (ဒုတိယထောင်ပိုင်) လက်ထဲမှာ။ အဲ့ဒီလူဟာ ၈၈ ကာလတုန်းက သာယာဝတီထောင်မှာ ထောင်ပိုင်၊ စစ်အာဏာသိမ်းပြီးမှ အင်းစိန်ထောင်ကို အထူးအရာရှိအနေနဲ့ ပို့လိုက်တာဖြစ်တယ်။ စစ်ထောက်လှမ်းရေးနဲ့ပေါင်းပြီး တဘက်က အပြတ်နှိပ်ကွပ်သလို တဘက်ကနေလည်း အချိုသတ်ပြီး ပါးပါးနပ်နပ် ကောက်ကောက်ကျစ်ကျစ် ရက်ရက်စက်စက် သွေးခွဲအုပ်ချုပ်တတ်သူဖြစ်တယ်။ ဗျူရိုကရက်ဆိုးတယောက်ရဲ့ဉာဉ် အပြည့်ရှိတယ်။ လက်မရွံ့အာဏာပါးကွက်သားဖြစ်တယ်။ တလျှောက်လုံး ကျနော်တို့တောင်းနေတဲ့ စာဖတ်ခွင့်ကိုမပေးခဲ့ဘူး။ ရွေးကောက်ပွဲပြီး အင်န်အယ်လ်ဒီနိုင်တော့မှ အစိုးထုတ်သတင်းစာကို သူနဲ့ တိုက်ဝန်းထဲကနိုင်ကျဉ်းတွေ တပတ်တကြိမ် အလှည့်ကျတွေ့တဲ့အခါမှာ ဖတ်ပြခိုင်းသူဖြစ်တယ်။

အဲ့ဒီအချိန် ထောင်ဆရာဝန်က ဒေါက်တာစိုးကြည်။ ကျနော်တို့ကို တိုက်ရုံးဘေးက မြေကွက်လပ်မှာ ခေါင်းစွပ် စွပ်၊ မှောက်ခုံ မှောက်၊ ခြေတွေလက်တွေ၊ ကျောကုန်းတွေ၊ ခေါင်းတွေကို ဝါဒါတွေက ခြေနဲ့နင်းဖိထားပြီး တဘက်တယောက်ရပ်ပြီး သေမတတ်ရိုက်နေချိန်မှာ ဒေါက်တာစိုးကြည် အင်းစိန်ထောင်မှာ ရှိနေတယ်၊ အရိုက်ခံရလို့ သတိလစ်မတတ် သေလုမျေားပါးဖြစ်နေသူကို ဘိုကြည်ကစစ်ခိုင်းလို့ စစ်ကြည့်ပြီးနောက် သူက ရိုက်လို့ရပါသေးတယ်လျို့ ဆေးမှတ်ချက်ပေးခဲ့သူဖြစ်တယ်)
ကျနော်အခုပြောတာရေးတာမှာ ဒေါသသံပါနေတယ်။ စာလည်းမချောဘူး။ ဟိုရောက်ဒီရောက်ဖြစ်နေတယ်။ ခွင့်လွှတ်ကြပါ၊ နားလည်ကြပါလို့ တောင်းပန်ပါတယ်။ အဲ့ဒီအဖြစ်ဆိုးတွေ ခေါင်းထဲပြန်ဝင်လာတိုင်း ကျနော် ဝမ်းနည်းတယ်။ မျက်ရည်ကျတယ်။ စိတ်ထိခိုက်တယ်။ အဲ့ဒီအိပ်မက်ဆိုးတွေ မက်တိုင်း တရေးနိုးမှာ ချွေူးစေးတွေပြန်ပြီး လူက ကတုန်ကယင်ဖြစ်တယ်။ ပြန်အိပ်မရတော့ဘူး။ ဘာကိုမှန်းမသိပဲ ကြောက်လည်း ကြောက်ကြောက်နေတတ်တယ်။ ကျနော့်စိတ်အခံက၊ စိတ်ခံနိုင်ရည် နည်းတာလည်း ပါပါတယ်။
ကျနော် အဲ့အကြောင်းတွေ ပြန်မတွေးချင် မရေးချင်တော့ဘူး။ ဖြစ်နိုင်ရင် ဘဝထဲကနေ မှတ်ဉာဏ်ထဲကနေ အပြီးအပိုင် ဖယ်ထုတ်ပစ်လိုက်ချင်တာပဲ။ ဒါပေမယ့် မရဘူး။

ခုလည်း မျက်ရည်နဲ့ပြောနေတာပါ။
မျိုးမြင့်ချို(အောက်တိုဘာ ၅၊ ၂ဝ၁၈)

Thursday, October 4, 2018

စာတမ်း(၃) စောဘိုးလှ

0 comments
စာတမ်း(၃)
စောဘိုးလှ

စောဘိုးလှသည် အင်္ဂလိပ်စစ်ပြန်တစ်ယောက်ဖြစ်သည်။ အင်္ဂလိပ်စစ်တပ်များ ဆုတ်ခွာသွားသောအခါ ၎င်းမှာ အရှေ့တောင်ပေါ်တွင် ကပ္ပတိန်ဆီးဂရင်းနှင့်အတူ ကျန်ခဲ့သည်။ အရှေ့တောင်ရိုးတွင် စောဘိုးလှမှာ အတော်ပင် သြဇာရှိသူဖြစ်သဖြင့် ဆီးဂရင်း၏ အားကိုးခြင်းကို ခံခဲ့ရသူဖြစ်ပေသည်။

ဗမာပြည်တွင် စနစ်တကျအုပ်ချုပ်ရေးများ စတင်တည်ထောင်ချိန်လောက်တွင် ဆီးဂရင်းနှင့်စောဘိုးလှတို့ တိုင်ပင်ကြသည်။ ဂျပန်များ၏ လုပ်ကိုင်ဆောင်ရွက်နေသော အတွင်းရေးကိစ္စများကို သိရှိရန်လိုအပ်ကြောင်း၊ ဂျပန်တို့၏ လှမ်းသမျှသောခြေလှမ်းတိုင်းကို သေချာစွာကြည့်ရှူ သိရှိနိုင်ရန်မှာ ၎င်းတို့နှင့် ပူပူးကပ်ကပ်ဝင်ထွက်နေနိုင်မှသာ ဖြစ်နိုင်မည့်အကြောင်းတို့ပင် ဖြစ်ပေသည်။

ထို့ကြောင့် ရန်ကုန်-ဂျပန်စစ်ပုလိပ်ရုံးတွင် စောဘိုးလှ သွားရောက်အမှုထမ်းကာ ၎င်းတို့၏ အတွင်းအပြင် အရေးကိစ္စတို့ကိုထောက်လှမ်းရန် ဆီးဂရင်း၏သဘောတူညီချက်အရ  စောဘိုးလှမှာ နှစ်, စထွက် အလုပ်လုပ်ရန် ရန်ကုန်သို့ ထွက်ခွာလာခဲ့ပေသည်။ ရန်ကုန်ရောက်ပြီးနောက် အဆက်အသွယ်ရှိခဲ့ကာ၊ ဂျပန်စစ်ပုလိပ်ရုံးတွင် ဝင်ရောက်အမှုထမ်းရာ ဒုတိယဗိုလ် နဂါးရာမားနှင့် တွဲဖက်အလုပ်လုပ်ရန် တာဝန်ကျပေသည်။  ၎င်း၏ သားမယားများကိုမူကား ရန်ကုန်အနီး ရွာတစ်ရွာတွင်ထားသည်။  

စောဘိုးလှသည် ၎င်းတို့သိရှိသမျှသော သတင်းများကို ဆီးဂရင်းထံသို့ အတော်အတန်ပို့နိုင်ခဲ့သည်။ ဂျပန်တို့၏သဘောမှာ အထူးသဖြင့် ကရင်အမျိုးသားများအပေါ်တွင် ၎င်းတို့ကပင် ခိုင်းစေအသုံးချနေသည့်တိုင်အောင် မည်သည့်အခါမှ အယုံအကြည်မရှိခဲ့ပေ။

တစ်ကြိမ်တွင် စောဘိုးလှသည် ခွင့်ယူပြီး သားမယားများထံပြန်မည်ဆိုကာ ထွက်ခွာသွားရာ ခွင့်ရက်ကျော်လွန်သည့်တိုင်အောင် ပြန်မလာ သဖြင့် ဒုတိယဗိုလ်နဂါးရာမား(စောဘိုးလှနှင့် တွဲဖက်ထားသောဂျပန်)၊ ဗိုလ်အီရီးဝေးနှင့် စကားပြန်ကိုတင်ညွန့်ဆိုသူတို့သည် စောဘိုးလှ နေအိမ်သို့ လိုက်သွားကြသည်။ ၎င်းအိမ်သို့ ရောက်သွားသည့်အခါ စောဘိုးလှကိုလည်းမတွေ့ရ၊ ဘယ်သွားသည်ဟူ၍လည်း အိမ်သူအိမ်သား များက အသေအချာမပြောပြနိုင်သဖြင့် စောဘိုးလှ၏ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲထားရာမှ အမှတ်တမဲ့ ခိုး၍ ဖြုတ်ယူလာခဲ့ကြသည်။

စောဘိုးလှမှာကား ဆီးဂရင်း-မက်ကလင်နယ်-နီးမိုး စသော အဂ်လိပ်စစ်ေိုလ်များနှင့်တွေ့ရှိရန် အရှေ့တောင်သို့ တက်ခဲ့ခြင်းပင်ဖြစ်၏။ တောင်ပေါ်တွင် အတော်ကြာအောင် စစ်ဗိုလ်များနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ ကရင်လူထုကို ဝါဒဖြန့်စည်းရုံးခြင်း အစရှိသည်တို့ကို တောင်ရိုးတလျှောက် ရွှေကျင်နယ်မှ သံတောင်နယ်အထိပြုလုပ်ခဲ့ရာ နောက်ဆုံးတွင် သံတောင်နယ်အတွင်းရှိ မော်ကုဒိုးအမည်ရှိသော ကရင်ရွာတွင် ကပ္ပတိန်နီမိုးနှင့် တွေ့ဆုံကြသည်။

ရန်ကုန်စစ်ပုလိပ်ရုံးမှလည်း စောဘိုးလှ အရှေ့တောင်သို့ တက်သွားသည်ဟုသိရှိကာ စောဘိုးလှနှင့်အတူ စစ်ပုလိပ်ရုံးတွင် အလုပ် လုပ်လျှက် ရှိသောကရင်တစ်ယောက်အား စောဘိုးလှကိုလိုက်ခေါ်ရန်စေလွှတ်လိုက်ပေသည်။ ၎င်းကရင်မှာလည်း စောဘိုးလှသတင်းကို နားထောင်ကာ လိုက်လာရာ ကျောင်းစုရွာ စောလူသိန်းထံသို့ ရောက်သောအခါ စောဘိုးလှနောက်သို့ ဆက်မလိုက်တော့ဘဲ စောလူသိန်းအား စောဘိုးလှ ရှိရာသို့ အရောက်လိုက်သွား၍ နဂါးရာမားက ခေါ်နေကြောင်းပြောပြရန်မှာခဲ့ပြီး ရန်ကုန်သို့လှည့်ပြန်သွား၏။

စောလှသိန်းလည်း စောဘိုးလှရှိရာ မော်ကုဒိုးသို့သွားရောက်ခါ နီးမိုးရှေ့တွင်ပင် ရန်ကုန်မှလိုက်လာပြီး နဂါးရာမား အခေါ်လွှတ်လိုက်သည့် အကြောင်းပြောပြရာ စောဘိုးလှ၏အကြောင်းစုံကို ရန်ကုန်မှ အကုန်သိရှိသွားပြီဖြစ်ကြောင်း ၎င်းတို့ သိရှိသွားကြသည်။ ထိုအခါ ဤကိစ္စနှင့် ပတ်သက်၍ နီးမိုးနှင့် စောဘိုးလှတို့ အခြေအတင်စကားများကြပုံမှာ….

နီးမိုး။     ။ “မင်း ရန်ကုန်က ခွင့်ယူပြီးထွက်ခွာလာတာ ခွင့်ရက်စေ့သည့်တိုင် ပြန်မရောက်တာနဲ့ မင်းအိမ်ကိုလည်း သွားရှာကြတယ်၊ အိမ်မှာ မတွေ့တော့ ဒီတောင်ပေါ်ကို တက်လာတာသိရှိပြီး အခု အခေါ်လွှတ်လိုက်ရတာပဲ၊ မင်းဟာ သူတို့ရဲ့ခြေလှမ်းကိုသိချင်လို့ ဝင်ပူးပြီး အလုပ် လုပ်နေတယ်ဆိုတာ အခု သူတို့သိသွားပြီ၊ ဒီတော့ မင်းပြန်သွားရင် မင်းကိုဖမ်း၊ တို့အကြောင်းတွေ အကုန်ပေါ်အောင် အနုနဲ့တစ်မျိုး အကြမ်းနဲ့ တစ်ဖုံ စစ်ဆေးတော့မှာဘဲ၊ အဲ့ဒါ မင်း ဘယ်လိုလုပ်မလဲ”

စောဘိုးလှ။          ။ “အိုး ကိစ္စမရှိပါဘူး ကျုပ်ပြန်သွားမယ်၊ ဒီကောင်တွေလောက်တော့ ကျုပ် လှည့်ပစ်နိုင်ပါတယ်”

နီးမိုး။     ။ မင်း ဒီလို လွယ်လွယ်ပြောလို့မဖြစ်ဘူး၊ ဒီကောင်တွေကို မင်း သိတ်ပြီး အထင်သေးနေသလား၊ မန်ချူးရီးယားတစ်ခွင်၊ တရုတ်ပြည် တစ်ခွင်မှာ နှံ့စပ်အောင်မွှေနှောက်လာတာ၊ မင်းလိုလူတစ်ယောက်ကိုတော့ မှုလောက်မယ်မဟုတ်ဘူးဆိုတာ မင်း ယုံကြည်ပါ၊ မင်း ပြန်လို့တော့ ဘယ်နည်းနဲ့မျှမဖြစ်ဘူး”

စောဘိုးလှ။          ။ ကျုပ်ဇာတ်ကို ကျုပ်နိုင်အောင်စီးနိုင်လို့ ကျုပ်ပြန်သွားမယ်ပြောနေတာပေါ့၊ ကျုပ်နဲ့ ဒီလောက်ကြာကြာကြီး အလုပ် လုပ်တဲ့ကောင်တွေအကြောင်းကို ခင်ဗျားထက် ကျုပ်ပိုပြီးသိတာပေါ့”

နီးမိုး။     ။ “ဟေ့ ဘိုးလှ ဒီကိစ္စဟာ မင်းတစ်ယောက်တည်းနဲ့ပတ်သက်ပြီး မင်းတစ်ယောက်တည်းနဲ့ ပြီးမယ့်ကိစ္စ အသေးအမွှားလေး မဟုတ်ဘူးဆိုတာ မင်း နားလည်ပါ၊ မီးခိုးမဆုံး မိုးမဆုံးဖြစ်ပြီး တောင်ရိုးတစ်ခုလုံးရဲ့အရေးတွေကို ထိခိုက်လာမယ်ကွ၊(ဒေါသသံနှင့်ပြောသည်)။ အဲ့ဒီတော့ မင်းကို ငါ အကြံတစ်ခုပေးချင်တာက မင်း သားမယားပါခေါ်ပြီး အိန္ဒိယကိုသွားပေတော့၊ ဒီတောင်ရိုးပေါ်မှာ မင်းနေမယ်ဆိုရင်လည်း တစ်နေ့မတွေ့ တစ်နေ့တွေ့သွားမှာဘဲ၊ အိန္ဒိယကိုသွားတယ်ဆိုတော့ တစ်ခါတည်းပျောက်သွားတော့ ကိစ္စအေးရော၊ ကဲ ဘယ့်နှယ်လဲ မကောင်းဘူးလား”

စောဘိုးလှ။          ။ “အိန္ဒိယကိုသွားဖို့ဆိုတာ ခင်ဗျားပြောသလောက် မလွယ်ကူဘူး၊ အခုကိစ္စမှာ ခင်ဗျား အစိုးရိမ်ကြီးပြီး ကျုပ်ကိုသာ မပြန်ဖို့ အတင်းပြောနေတာဘဲ”

နီးမိုး။     ။ မင်းပြန်လို့တော့ ဘယ်နည်းနှင့်မှ မဖြစ်နိုင်ဘူးဆိုတာ ငါ တထစ်ချပြောတယ်၊ မင်း အိန္ဒိကိုမသွားချင်ရင် ဒို့တစ်တွေနဲ့ ကရင် တမျိုးသားလုံးရဲ့အကျိုးကို မျှော်ကိုးပြီးတော့ မင်းကိုယ်မင်း လက်စတုံး၊ ခြောက်လုံးပြူးနဲ့ ပစ်သေလိုက်ရင်ကောင်းမယ်၊ ရော့… ခြောက်လုံးပြူး”

စောဘိုးလှ။          ။ “အို..ကျုပ် ဘယ်နည်းနဲ့မှ ကိုယ့်ကိုယ်ကိုယ် သတ်မသေနိုင်ဘူး”

နီးမိုး။     ။ “ဟင် ဘိုးလှ၊ မင်းဟာ သစ္စာဖေါက်မယ့်လူတစ်ယောက် ဖြစ်နေပါကလား၊ မင်းဟာ အလွန်သတ္တိနည်းပြီး ယောက်ျားမပီသတဲ့ သစ္စာမဲ့လူတစ်ယောက်ပဲ၊ မင်းကို ငါကိုယ်တိုင် ပစ်သတ်မယ်”

စောဘိုးလှအား ခြောက်လုံးပြူးနှင့် ထ၍ပစ်ရန်ချိန်သည်။ နောက် ချောင်းချောင်းထွက်နေသောဒေါသကို အနိုင်နိုင်ချုပ်တည်းကာ နီမြန်းသော မျက်နှာကြီးဖြင့် “ဘိုးလှရယ်…မင်းဟာ ဒို့နဲ့ အရင်က အလုပ်အတူလုပ်နေတဲ့ ရဲဘော်ရဲဘက်ဖြစ်နေလို့ မင်းကို ငါ သတ်ရမှာ ခက်တယ်၊ ငါမသတ်ရက်ဘူး၊ ဒီတော့ မင်းကိုယ်မင်း သေနတ်နဲ့သတ်သေရမှာ ဝန်လေးနေရင် သက်သက်သာသာနြ့သေနိုင်တဲ့ ဟောဒီအဆိပ်ကို သောက်လိုက်ပါကွာ၊ ရော့…” ထိုအခါတွင်လည်း ဘိုးလှမှာ ငြင်းနေ၏။

နောက်ဆုံးတွင်ကား စောဘိုးလှအအေပ်ါတွင် လက်လျှော့ရကာ “ကဲ မင်းကိစ္စ မင်းတာဝန်ယူပြီး ဆုံးခန်းတိုင်ရောက်အောင် ဆောင်ရွက် နိုင်မယ်ဆိုရင် မင်း ပြန်ပေတော့၊ ဘိုးလှ မင်းကို ဘုရားသခင် စောင်မပါစေ”

စောဘိုးလှလည်း နီးမိုးနှင့် ခွဲပြီးနောက် ရန်ကုန်သို့ပြန်ရောက်လာရာ စစ်ပုလိပ်ရုံးက နီးမိုးယူဆသည့်အတိုင်းပင် ဖမ်းလိုက်၏။ ထိုအချိန်မှာ တောငူစစ်ပုလိပ်ရုံးမှ အရှေ့တောင်ကိစ္စများနှင့်ပတ်သက်ပြီး သတင်းစုံစမ်းထောက်လှမ်းကာ ရန်ကုန် ဗဟိုစစ်ပုလိပ်ရုံးသို့အစီရင်ခံ၍ အတော် ခရီးပေါက်နေပြီဖြစ်သောအခါပင်…

ဗိုလ်အီးနိုးဝေးအမှူးရှိသော ရန်ကုန်စစ်ပုလိပ်အဖွဲ့သည် ကုန်စည်ဖြန့်ချိရေးအဖွဲ့အမည်နှင့် တောင်ပေါ်သို့တက်ရန် ကျောက်ကြီးသို့ ရောက်လာသောအခါတွင် စောဘိုးလှကိုပါ အကျယ်ချုပ်နှင့်ခေါ်လာခဲ့ပေသည်။ ထိုအချိန်မှစပြီး နောက်ဆုံး ဆီးဂရင်းတို့ကိုမိသည်အထိ စောဘိုးလှကို လည်စေ့ညှစ်ကာ အစ်ကာ ညှစ်ထုတ်မေးမြန်း အရှေ့တောင်ရိုးတစ်ခုလုံးကိုမွှေနှောက်ကာ ၎င်းတို့အလိုရှိသူများကို ဖမ်းဆီး သွားခြင်းပင် ဖြစ်ပေသည်။

ဆီးဂရင်းမှာ သူလျှိုအလုပ်ကို လုပ်သော်လည်း စစ်ကျန်တစ်ယောက်ဖြစ်သဖြင့် လူချင်းလဲရန်ရည်ရွယ်၍ ယခု အချုပ်နှင့်ထားသည်။ စောဘိုးလှကား မရှိတော့ပြီ။ အရှေ့တောင်အရေးကိစ္စများကို အဆုံးသတ် အလုပ် အလုပ်ပြီးနောက် ညတစ်ညတွင် စောဘိုးလှအား မော်တော်ကားပေါ်တင်ပြီး ခေါ်၍ထွက်သွားရာ ၎င်းမော်တော်ကားနှင့်ပါသွားသော စစ်ပုလိပ်အရာရှိများပါ ပြန်ရောက်လာသောအခါတွင် စောဘိုးလှကား ပြန်မလာတော့ပေ

(မည်သူရေးသားခြင်းဖြစ်ကြောင်း ဖော်ပြမထားသော်လည်း စာတမ်းအမှတ်(၂)နှင့် ဆက်စပ်ဖတ်ကြည့်လျှင် ဖက်ဆစ်တော်လန်ရေးအတွက် ကရင်အမျိုးသားများနှင့် အင်္ဂလိပ်စစ်ဗိုလ်များတွဲကာ စစ်အတွင်းသူလျှိုလုပ်ငန်းတခုကို လုပ်ခဲ့ကြကြောင်း၊ မည်သို့အဆုံးသတ်သွားပုံ အကြောင်းတို့ကို တစေ့တစောင်းမြင်နိုင်ပါသည်)

စာတမ်း(၂) အရှေ့ရိုးမတောင်-ကရင်သူပုန်အရေး(မှတ်တမ်း)

0 comments
စာတမ်း(၂) အရှေ့ရိုးမတောင်-ကရင်သူပုန်အရေး(မှတ်တမ်း)
ခရိုင်တစ်ခုလုံးကို ဂျပန်သိမ်းယူမိသောအခါလောက်တွင် အရှေ့တောင်နှင့်စစ်တောင်းမြစ်အကြားတွင် ဗမာလူမျိုးတစ်စုက ကရင်အရေးကို စတင်မီးမွှေးပုံမှာ အင်္ဂလိပ်စစ်တပ်များ ဖရိုဖရဲ ဆုတ်ခွာနေရချိန်တွင် အုပ်ချုပ်ရေးကင်းမဲ့စ ပြုလာသောအခါတွင် စဝန်ရွာနေ လူဆိုးသက်ထွန်း အမှူးရှိသောလူတစ်စုက ၎င်းအနီးအနားရှိ တပ်ကုန်းရွာဟောင်း၊ နောင်ဘို အစရှိသော ကရင်ရွာများသို့သွားရောက်ကာ ကြက်ဝက်အစရှိသည် တို့ကို သိမ်းယူခြင်း၊ မိမိတို့အလိုရှိသောပစ္စည်းများကို ပိုင်ရှင်မဲ့ပမာ ယူငင်လာခြင်း အစရှိသည်တို့ကိုပြုလုပ်နေရာ ကရင်များမှာ လက်နက်မဲ့ အချိန်အခါဖြစ်သဖြင့် ငုံ့ခံနေခဲ့ကြရပေသည်။

၎င်းနောက် အင်္ဂလိပ်စစ်တပ်အတွင်းမှ ကရင်စစ်ပြေးများ နေ့စဉ်နှင့်အမျှ ရောက်ရှိလာကြသောအခါတွင် ၎င်းတို့တွင် အင်အားများ ပြည့်တင်းစ ပြုလာတော့သည်။ ထိုအချိန်တိုင်အောင် ကရင်များက ဗမာများအား ပြန်လှန်ခုခံခြင်းမပြုသေးပဲ (ဝါ) ရန်ကိုရန်ခြင်းမတုံ့နှင်းဘူး ဆိုသည့်ပမာ ကရင်ဗမာငြိမ်းချမ်းရေး ရရှိစေခြင်းအလို့ငှာ စကားကမ်းလှမ်းရန် ကရင် ၄ ယောက်ကို ခေါင်းဆောင်များက စဝန်ရွာသို့ စေလွှတ်လိုက်ပါသည်။ ၎င်း ကရင် ၄ ယောက်အား စဝန်ရွာရှိလူဆိုးများက စကားလက်မခံပဲ အတင်းဖမ်းကာ ဓားနှင့်ခုတ်သတ်ရာ ၂ ယောက်သေ၍ ၂ ယောက်မှာ လွတ်ပြေးပါသည်။ လွတ်ပြေးသောကရင် ၂ ဦး၏ ပြန်ပြောချက်အရ ကရင်တမျိုးသားလုံးမှာ ယမ်းပုံမီးကျဖြစ်ကာ သေနတ်ကိုင် စစ်ပြန် ၁ဝဝ ခန့်တို့သည် ဗမာရွာများရှိရာသို့ ဦးတည်ပစ်ခတ် ချီတက်လာကြုန်သည်။ ထိုအခါတွင် ဗမာများကလည်း ၎င်းတို့တွင်ရှိသော ရိုင်ဖယ်သေနတ် အနည်းငယ်နှင့် ပြန်လှန်ခုခံကြပါသည်။ နောက်ဆုံးတွင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တလျှောက်ရှိ ဗမာများမှာ မြစ်ကူးပြီး အနောက်ဘက် သို့ ပြေးရသောအခြေအနေ ရောက်ခဲ့လေသည်။

ဤသို့ အဓိကရုဏ်းဖြစ်ချိန် ကရင်အမျိုးသားများ၏သစ္စာရှိမှုကို မချီးကျူးပဲမနေနိုင်အောင်ဖြစ်ရသည့် အကြောင်းတစ်ရပ်ကား ၎င်းတို့အား စတင်စော်ကားသည့်လူဆိုးနေရာ စဝန်ရွာအတွင်းသို့ရောက်သောအခါ လူဆိုးများအိမ်တို့ကိုသာ ကွက်၍မီးရှို့ကြပြီး၎င်းတို့နှင့် ရန်ဘက် မဟုတ်သောလူများနေအိမ်ကို မီးမကူးစက်အောင်ပင် တားဆီး၍ မီးပြာကျမှ ထွက်ခွာသွားကြပေသည်။

ကရင်များထွက်ခွာသွားပြီးနောက် ရွာသားများပြန်လာသောအခါ မီးရှို့ခံရသူများက တို့အိမ်တွေ မီးလောင်တဲ့နောက် တခြားအိမ်တွေပါ မထားဘူးဆိုကာ အလွန်ယုတ်ညံ့စုပ်ပြဲသောစိတ်ဓာတ်ဖြင့် ကျန်နေသောအိမ်များကိုပါ မီးတင်ရှို့ခဲ့ကြသေးသည်။ စဝန်ရွာ တစ်ဝိုက်တစ်ဝါ တွင်သာ အဓိကရုဏ်းဖြစ်၍ ကျန် မုန်းစသောနယ်များတွင်ကား အခြေအနေ အတော်ကောင်းမွန်သည်ကို တွေ့ရပေသည်။

ထိုသို့တွေ့ရခြင်းမှာလည်း ၎င်းနယ်က ကရင်ခေါင်းဆောင်များနှင့် ဗမာလူကြီးများနှင့် သင့်တင့်မှုကြောင့်ဟုဆိုလျှင် မမှားနိုင်ပေ။ စဝန်ရွာတွင် အဓိကရုဏ်းဖြစ်နေစဉ်မှာပင် ဖြူး၌ ဘီအိုင်အေအဖွဲ့ ဖွဲ့စည်းမိကာ အချင်းဖြစ်နေရာ စစ်တောင်းမြစ်ရိုးတလျှောက်မှ ဗမာများက လာရောက် တိုင်တန်းချက်အရ ဘီအိုင်အေတပ်က လက်နက်အနည်းငယ်နှင့် လိုက်သွားပြီး ကမ်းနား ဘန်းထောင်ရွာတွင်စခန်းချကာ ကရင်များက လျှော့မပေးလျှင် နှိမိနင်းတိုက်ခိုက်မည်ဟူသောဝါဒဖြန့်လိုက်ရာ ကရင်ဗမာအဓိကရုဏ်းမှာ ထိုအချိန်တွင်ပင် စခန်းသိမ်းသွားပေတော့သည်။

အဓိကရုဏ်းတွင် ကရင်ရော ဗမာများပါ ၂ ဘက်စလုံး ကြဆုံးကြသဖြင့် အေးငြိမ်းသည့်တိုင်အောင် အခဲမကျေဘဲ တို့တစ်နေ့နေ့မှာ နိုင်တဲ့လူကသိရဦးမှာဘဲဆိုသည့် အစွဲလေးတွေကိုယ်စီနှင့်ပင် တစ်ခန်းရပ်ကြခြင်းဇြစ်ပေသည်။

ထို့နောက် ဖြူးတွင် ဘီအိုင်အေ အုပ်ချုပ်ရေးများ အတော်စနစ်တကျဖြစ်လာသောအခါ အုပ်ချုပ်ရေးခေါင်းဆောင်များက မုန်းနယ်တစ်ဝိုက်သို့ လှည့်လည်ကာ ကနစိုးပင်အထိ ကရင်ဗမာချစ်ကြည်ရေးတရားများကို ဟောပြောကြပါသည်။ ထိုအချိန်က ကရင်များမှာ မနိုင်၍ သည်းခံရခြင်း သည် လည်းကောင်းဆိုသည့်ပမာ မတတ်သာသေးသဖြင့်သာ အောင့်အီးသည်းခံ နေကြရပုံပေါက်ပေသည်။

ထိုအခါလောက်က အရှေ့တောင်ပေါ်တွင် အင်္ဂလိပ်စစ်ဗိုလ်များရှိသည်ဆိုသော ကောလဟလသတင်းမှာ အတော်ပင်ပျံ့နှံ့ခဲ့ပေသည်။ သို့ရာတွင် ဂျီအမ်ပီကပါ ၎င်းသတင်းကို ဂရုမစိုက်လှဘဲ ခတ်အေးအေးပင်နေခဲ့သည်။

၁၉၄၃ ခု နှစ်လည်လောက်တွင် တောင်ငူခရိုင်မှ ဗမာ့ဝန်ထမ်းသင်တန်းကို အုတ်တွင်းတွင်ဖွင့်ခဲ့ရာ သံတောင်မြို့နယ်မှူး စောမောင်အောင် ဆိုသူလည်း ၎င်းသင်တန်းကိုလာတက်သူ အခြားကရင်တစ်ယောက်နှင့်တွေ့ရှိကာ တောင်ပေါ်တွင် အင်္ဂလိပ်စစ်ဗိုလ်တစ်ယောက် အမှန်ပင် ရှိကြောင်း၊ ၎င်းမှာ ပေါက်ထောကွင်းတွင်နေကြောင်း စောမောင်အောင်ကိုပြော ပြလေသည်။ ထိုသတင်းသည် ဂျီအမ်ပီအရာရှိများထံ ရောက်သွားပေရာ ၎င်းသတင်း မှန်မှန်စုံစမ်းရန် ဆာဂျင် ကားနဂါးကို စေလွှတ်လိုက်ပါတော့သည်။

စ၍တွေ့ရသည့် အချက်တစ်ရပ်သည်ကား မောင်ထွန်းဆိုသော လူဆိုးတစ်ယောက်သည် ဓားပြတိုက်မှုနှင့်မသင်္ကာ၍ ကျောက်ကြီးအချုပ်သို့ ရောက်လာရာ ဌာနာအုပ်က ၎င်းအား လွှတ်ပစ်ရမည့်အခြေအနေ ရောက်နေပါလျှက် ငွေစားပြီးမှလွှတ်လိုက်သည်ကို မောင်ထွန်းက အခြား လူများကိုပြောပြသိရ၍ မောင်ထွန်းတွင် ခြောက်လှန့်နိုင်စရာ အခြားအကြောင်းတစ်ရပ်ရှိသေးသဖြင့်သာ ယခုကဲ့သို့ ငွေညှစ်ယူနိုင်ခြင်း ဖြစ်ရ ပေမည်ဟုတွက်ပြီးလျှင် စုံစမ်းရာ မောင်ထွန်းက ကရင်နှစ်ဦးထံမှ ယမ်းတောင့်များကိုယူပြီးလျှင် ညောင်လေးပင်-သထုံ-ရွှေကျင်နယ် ၃ ခုမှ ဓားပြများကို ရောင်းပေးနေသည်ကို တွေ့ရှိလာပါသည်။

ကရင်နှစ်ဦးမှာ ယမ်းတောင့်များကို ငွေလိုချင်၍ ရောင်းဟန်မတူဘဲ လူဆိုးများလက် ရောက်ရှိမှုကိုသာ ပဓာနထားသည်ကို တွေ့ရှိရပေသည်။

ထို့အပြင် ကျောက်ကြီးတွင် ကရင်များကိုချွေးတပ်ဆွဲရာ ကျောက်ကြီး စာဖြူကုန်းနေ တရားဟောဆရာထဲက ဌာနအောက်တွင်လာပြီး ရဲသားများကို မင်းတို့မကြာခင်သိစေ့မယ် သတိထားဟု ကြိမ်းမောင်းပါတော့သည်။ ဤအကြောင်းနှစ်ရပ်ကို ဆက်စပ်စုံစမ်းရန် ငြိမ်ဝပ်မှု ထိခိုက်ပျက်ပြားအောင် ဓားပြများကို ယမ်းတောင့်နှင့် လက်နက်အချို့ပေးကာဆူပူစေလျှက် ကရင်များကလည်း လက်နက်ကိုင်ကာ ဆူပူ ထကြွရန် ၁၃ဝ၅ ခု၊ တန်ဆောင်မုန်းဆန်း ၁ဝ ရက်လောက်အတွင်းတွင် စီစဉ်သည်ဟုသိရှိရပါသည်။

ထိုအခါ ဂျီအမ်ပီက လူဆိုးများကို အတင်းနှိပ်ကွပ်လိုက်ရာ လူဆိုးများမှာ လူစုကွဲထွက်သွားသည့်အပြင် ကရင်များကလည်း ၎င်းတို့အကြံကို ရိပ်မိသွားပြီဖြစ်ကြောင်းသိရှိကာ ဆူပူထကြွရန် စီစဉ်ထားသောအစီအစဉ်ကို ဖျက်လိုက်ပါတော့သည်။

ဂျပန်စစ်ပုလိပ် သတင်းပေးအဖွဲ့ဝင်တို့ကလည်း ကရင်အရေးနှင့်ပတ်သက်သော သတင်းများကို စုံစမ်းထောက်လှမ်းကာ သတင်းပေးနေခဲ့ရာ တောင်ပေါ်တွင် အင်္ဂလိပ်များရှိကြောင်း သေချာသလောက်ပင် ရှိနေခဲ့ပါသည်။

ထိုအချိန်လောက်မှာပင် ရန်ကုန်မှ စောဘိုးလှရောက်လာပြီး ကျောက်ကြီးမှ မောင်ဝါးနှင့် တောင်ပေါ်ကိုတက်လာကြပါသည်။ ထိုသို့ သွားခြင်းကို နောက်ပုန်းကျောင်းစု စောလူသိန်းအားဖမ်းပြီး စစ်သောအခါဖော်သည်မှာ စောဘိုးလှမှာ ၎င်းတို့၏ခေါင်းဆောင် တစ်ယောက် ဖြစ်၍(ဆီးဂရင်း)နှင့် အရင်းနှီးဆုံး လူတစ်ယောက်ဖြစ်ကြောင်း၊ တောင်ပေါ်အရေးကိစ္စများ(ဆီးဂရင်း)အား အကြံပေးနေသူ ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ တောင်ပေါ်သွားသည့်ကိစ္စမှာ ဗိုလ်စကြာက ဂျပန်အားပုန်ကန်ထကြွရန် ဗမာလူငယ်များစုထားပြီးဖြစ်ကြောင်း၊ ၎င်းသတင်းကို (ဆီးဂရင်း)မှတစ်ဆင့် အိန္ဒိယသို့ အကြောင်းကြားပေးရန် အစရှိသည်တို့ပါသည်ဟု ဆိုပါသည်။ ၁၉၄၄ ခု ဖေဖော်ဝါရီလ ၁ ရက်လောက်တွင် တောင်ပေါ်အရေးကိစ္စများကို အပြီးအပြတ်နှိမ်နင်းရန် ရန်ကုန်ဂျီအမ်ပီမှ ကုန်စည်ဖြန့်ချိရေးအဖွဲ့ဟုအမည်ပေးကာ ရောက်ရှိလာကြပါသည်။ တောင်ငူဂျီအမ်ပီမှသည် ဂျပန်စစ်ပုလိပ်နှစ်ယောက်က ၎င်းရန်ကုန်ဂျီအမ်ပီအမိန့်ကိုနာခံပြီး ဆောင်ရွက်ရပါသည်။

ပထမတွင် ၎င်းတို့၏သတင်းအရ ကျောက်ကြီးစာဖြူကုန်းမှ အရေးအကြီးဆုံးဟုယူဆသော မောင်ဝါးနှင့် ဆရာစက်လဲတို့ကို ဖမ်းပြီးစစ်ပါသည်။ မောင်ဝါးအား အပြင်းအထန် ရိုက်နှက်စစ်ဆေးသောအခါ ဖော်ပြောသည်မှာ တောင်ပေါ်တွင် အစက အင်္ဂလိပ် ၃ ယောက်ရှိကြောင်း၊ ၎င်းတို့ အနက်(ဆီးဂရင်း)နှင့်(မက်ကလင်နယ်)တို့မှာ ပေါက်တောကွင်းတွင်ရှိ၍ (စီရိုး)မှာ မော်ချီးဘက်သို့ထွက်သွားကြောင်း၊ တောင်ပေါ်တွင် ထွန်းရွှေ၊ ဘကျော် အစရှိသော လေထီးသမားများနှင့် အသံလွှင့်စက်များပါ ရှိကြောင်းတို့ ဖြစ်ပါသည်။

နောက် မောင်ဝါးအား(ဆီးဂရင်း)ရှိရာနေရာကိုလိုက်ပြလျှင် အသက်ချမ်းသာပေးမည်၊ သို့မဟုတ်က သတ်ပစ်မည်ဟုပြောရာ သူလိုက်ပြမည့် အကြောင်း ဝန်ခံပါသည်။ ထိုအခါ အမ်ပီက ဘယ်နေရာတွင် ယခုအထိ သူရှိသည်ကို အသေအချာသွားရောက် စုံစမ်းချေဦး။ အကယ်၍ ၎င်းတို့အား လိမ်လည်လှည့်ဖျားပြီး ပြန်မလာဘဲနေပါက ဤကျန်ရစ်ခဲ့သော တစ်လသားလေးနှင့်မယားကို သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက် လွှတ်လိုက်ပါသည်။ မောင်ဝါး ပြန်ရောက်သောအခါ ရန်ကုန်အမ်ပီအဖွဲ့ခေါင်းဆောင်သော စစ်တပ် ၃ ခုသည် ကျောက်ကြီး၊ သံဆိပ်၊ ရွှေကျင်မြို့မှနေပြီး သူလျှိုဂိုဏ်းကြီးကိုနှိမ်နင်းရန် တောင်ပေါ်သို့ တက်ကြပါတော့သည်။ ၎င်းအပြင် ဖာပွန်ဘက်မှလည်း အမ်ပီအဖွဲ့နှင့် စစ်တပ် (မော်ချီး)မှလည်း တောင်ငူဂျီအမ်ပီအဖွဲ့နှင့်စစ်တပ်တို့ တက်ကြပါသည်။ ၎င်းတို့အစီအစဉ်မှာ ရွှေကျင်နယ်နှင့် (မော်ချီးနယ်အတွင်းရှိ တောင်ရိုး ကိုစစ်တပ်နှင့်ဝိုင်းထားရန်ဖြစ်ပါသည်)။

ရန်ကုန်အမ်ပီအဖွဲ့ခေါင်းဆောင်သော စစ်တပ်သည် မောင်ဝါးပြောသည့်(ဆီးဂရင်း)ရှိသည်ဆိုသောနေရာသို့ ရောက်သောအခါ(ဆီးဂရင်း)ကို မတွေ့ရတော့ပါ။ ထိုအခါ ၎င်းတို့ ကြံရာမရဘဲ တပ်စခန်းချလျှက်ရှိစဉ် လွှတ်ထားသောကင်းထောက်များက ကရင် ၉ ယောက်ကို ပက်ပင်းပါ သွားတွေ့သဖြင့် ဖမ်းပြီးစစ်ဆေးရာ (ဆီးဂရင်း)က ကျွဲဝယ်လွှတ်လိုက်သဖြင့် လာကြကြောင်း၊ ကျွဲသားကိုနေလှမ်းပြီးလျှင် ရိက္ခာအတွက် စုဆောင်းရန်ဖြစ်ကြောင်း စသည်တို့ကို ဖော်ပြောပါသည်။ ၎င်းတို့အား(ဆီးဂရင်း)ရှိရာသို့ လိုက်ပြီးပြရန် ခေါ်ဆောင်သွားရာ တောင်နှစ်လုံး ကျော်ပြီး တောင်ကမူစာတစ်ခုသို့ ရောက်သောအခါ မြေကွက်လပ်ကလေးဖြစ်အောင် ခုတ်ထွင်ရှင်းလင်းထားပြီးလျှင် အသံလွှင့်စက်နှစ်လုံးကို ဆင်၍ အထုတ်များကိုပတ်ဝိုင်း၍ချထားသော စက်သေနတ်အငယ်စားများကို သစ်ပင်တွင်ချိတ်ဆွဲထားသည်ကို တွေ့ရပါသည်။

လူကား တစ်ယောက်မှမရှိပါ။ ထိုအခါ စကားပြန်လုပ်သော ကရင်ကလေးက အသံလွှင့်စက်နှင့်အထုတ်များကို သွားရောက်ကိုင်တွယ်ကာ ဟိုဟိုဒီဒီကြည့်နေစဉ် အတွင်းတွင်ရှိ ခြံထဲမှခြောက်လုံးပြူးသေနတ်သံ သုံးချက်ကြားပြီးလျှင် ကရင်လေးမှာ ကျွမ်းပြန်လဲကျသွားတော့သည်။ ထိုအခါ ဂျပန်စစ်တပ်က စက်သေနတ်များနှင့် သေနတ်ကျည်ဆံလာရာဘက်သို့ ဦးလှည့်ပစ်ခတ်ပြီး ၁၅ မိနစ်လောက်အကြာတွင် ရပ်၍ လျှိုထဲသို့ဆင်းပြီးကြည့်ရာ သင်တိုင်းဝတ်မျက်နှာဖြူတစ်ယောက်မှာ မှောက်ခုံမှောက်လျှက် သေနေသည်ကိုတွေ့ရ၍ ရှာဖွေစစ်ဆေးကြည့်ရာ (မက်ကလင်နယ်)ဖြစ်ကြောင်း သိရပါသည်။ ၎င်း၏ နေ့စဉ်မှတ်တမ်းစာစောင်ကိုလည်း တွေ့ရှိပါသည်။ အခြားသူများကိုကား အစအနမျှ မတွေ့ရတော့ပါ။

သို့နှင့် စခန်းချ သတင်းထောက်လျှက်နေစဉ် တစ်ပတ်အတွင်းလောက်တွင် တောင်ငူနှင့် ရန်ကုန်အမ်ပီအဖွဲ့တို့ခေါင်းဆောင်သော စစ်တပ်က ဖာပွန်နှင့် ၆ မိုင်အကွာတွင် ခြေထေက်ညှောင့်စူးသည့်ဒဏ်ရာနှင့် ဖြည်းလေးစွာ ဖာပွန်ဘက်သို့ ရှေးရှူလမ်းလျှောက်လျှက်ရှိသော (ဆီးဂရင်း) ကို တွေ့ရှိ၍ ဖမ်းဆီးလိုက်ပါတော့သည်။

ဤတွင် အရှေ့တောင်ရိုး၌ အသက်စွန့်၍ဆောင်ရွက်နေကြသော ကရင်သူပုန်ဂိုဏ်းကြီးမှာ ရေတိမ်တွင် နစ်ရရှာတော့သည်။ နောက်မှ သိရှိရသော ၎င်းတို့၏ အထွေထွေအခြေအနေများ စတင်ဆောင်ရွက်ပုံတို့ကား ဤသို့တည်း။ ဂျပန်စစ်တပ်များနှင့် အင်္ဂလိပ်စစ်တပ်များ ထားဝယ်လောက်တွင်တိုက်နေချိန်တွင် အရှေ့တောင်ကရင်များနှင့် ရင်းနှီးသြဇာရှိသော(ဆီးဂရင်း)ကို အရှေ့ရိုးမတောင်ပေါ်သို့တက်ပြီး ကရင်များအား ပြောက်ကျားတိုက်နည်းသင်ပေး၍ ၎င်းကရင်များနှင့် ဂျပန်တပ်များကို ကြားဖြတ် အနှောင့်အယှက်ပေးရန် ကြံစည်ခဲ့ပါသည်။ (ဆီးဂရင်း)သည် ရန်ကုန်စစ်ဌာနချုပ်မှ ညွှန်ကြားချက်အပြည့်အစုံကိုယူပြီး ဖာပွန်ဘက်မှလှည့်၍ အရှေ့တောင်ကိုတက်သွား၍ ရောက်ရှိသော အချိန်လောက်မှာ ပဲခူး ကျခဲ့လေပြီ။

(ဆီးဂရင်း)လည်း ကရင်အမျိုးသားများကိုစုစည်းပြီး ပြောက်ကြားတိုက်နည်းကိုသင်လျှက်ရှိစဉ် စစ်အခြေအနေမှာ မလှတော့သည်ကို သိရှိ သဖြင့် တောင်ငူသို့ဆင်းရန်ကြံရွယ်ချိန်တွင် တောင်ငူလည်း ဂျပန်စစ်တပ်များလက်တွင်းသို့ ရောက်နေပြီဖြစ်၍ ၎င်းအကြံကိုလက်လျှော့ လိုက်ရတော့သည်။ သို့နှင့်(ဆီးဂရင်း)မှာ ၎င်း၏လုံခြုံရေးနှင့်အိန္ဒိယကို မည်သို့ပြန်ရန်ဆိုသည့် ပြဿနာနှစ်ရပ်ကိုသာ အပူတပြင်းစဉ်းစားရန် အချိန်ပင်ဖြစ်ပါတော့သည်။

ရှမ်းကုန်းပြင်ကိုဖြတ်ပြီး ချုံကင်းအစိုးရထံ အရောက်သွားနိုင်ခဲ့လျှင် ၎င်းကတစ်ဆင့် အိန္ဒိယသို့ လေယဉ်ပျံနှင့်ပို့မှာဘဲဟူသော အယူအဆနှင့် ကြိုးစားကြည့်ခဲ့ရာ ရှမ်းဓားပြတိုက်ခြင်းခံရ၍ အကြံမအောင်ဘဲ ဖာပွန်သို့ပြန်ကာ နေရပြန်ပါသည်။

ထိုအခါတွင် ဘကျော်ဆိုသော ကရင်စစ်ပြန်တစ်ယောက်က အရှေ့တောင်ရိုးအတိုင်းလျှောက်ကာ တောင်ပေါ်လမ်းဖြင့် အိန္ဒိယပြည်ထဲသို့ ရောက်သွားပြီး ဗမာပြည်တွင်(ဆီးဂရင်း)ရှိနေကြောင်းပြောပြ၍ ဆိုင်ရာစစ်ဌာနချုပ်ကသိရှိကာ အရှေ့တောင်ရိုးသို့ လေယဉ်ပျံနှင့်လာပြီး (မက်ကလင်နယ်မိုး)၊ ထွန်းရွှေ၊ ဘကျော် အစရှိသူများကို အသံလွှင့်စက်များနှင့်အတူ လေထီးနှင့် ချပေးပါတော့သည်။ ထိုအချိန်မှစပြီး အရှေ့တောင်ရိုးတွင် သူလျှိုလုပ်ငန်းကြီးကို ဇယားချပြီး စတင်ဆောင်ရွက်ပါတော့သည်။

တောင်ငူနယ်အတွက် ကျောင်းစုစောလူသိန်းနှင့် ကနစိုးပင်စောထွန်းသာတို့ကတစ်သင်း စုဆောင်းရေးအဖြစ် ဆောင်ရွက်ရ၍၊ ပဲခူး-ရန်ကုန်အတွက် ကျောက်ကြီးဆရာဝန်စောဘသင်၏သား စီစီ က တာဝန်ခံဆောင်ရွက်ရပါသည်။ မောင်ဝါးမှာ(ဆီးဂရင်း)တို့ရှိရာသို့ သင်္ကာ မကင်းဖွယ်ရန်သူများ တက်ရောက်လာခဲ့လျှင် ခုခံကာကွယ်ရန် တောင်အောက်မှ လက်နက်အပြည့်အစုံနှင့် တာဝန်ယူကြပါသည်။ ပဲခူး-တောင်ငူတစ်ဝိုက်ရှိ စစ်စခန်းများကို ဗုံးကြဲသည့်အနက် ၎င်းတို့သတင်းပေးချက် အများဆုံးပါဝင်သည်ဟုဆိုပါသည်။ ၎င်းအပြင် သူလျှိုဂိုဏ်း အတွက် ၁ိ တန်ငွေစက္ကူများကိုလည်း ရိုက်နှိပ်၍ချပေးခဲ့ရာ စောလူသိန်းကို ဖမ်းဆီးမိသောအခါ ထိုစက္ကူ ၁ိ တန်မျိုး ၁၂၆  ကို ရပါသည်။

၎င်းတို့လုပ်ငန်းတွင် ဉာဏ်မီသလောက်တွေ့ရှိရသော ချို့ယွင်းချက်များမှာ (က) ဆီးဂရင်းနှင့် ကရင်ခေါင်းဆောင်ငယ်များ၏ ဆက်ဆံရေး ချို့ယွင်းမှု။ (ခ) မိန်းမအရေး။ (ဂ) စည်းလုံးညီညွတ်ခြင်းမရှိမှု စသည်တို့ပင်ဖြစ်ပါသည်။

(က) ဆက်ဆံရေး။ ။ ဆီးဂရင်းမှာ ကရင်အမျိုးသားများအပေါ်တွင်ဆက်ဆံရာ၌ အာဏာလက်ရှိ စစ်ဗိုလ်တစ်ဦးပမာ သခင်သည် ကျွေးကျွန်များကို ခိုင်းစေသကဲ့သို့ ခိုင်းစေအမိန့်ပေးလေ့ရှိပါသည်။ ၎င်း၏အသက်နှင့်လုပ်ငန်းသည် ကရင်လူထုအပေါ်တွင် အဓိက မှီခိုနေရသည်ဆိုသောအချက်ကို မေ့နေဟန်တူပါသည်။ ဥပမာ ကရင်ခေါင်းဆောင်ငယ်တစ်ယောက်အား ၎င်း၏စိတ်တိုင်းမကျလျှင် အလွန်ပြင်းထန်သောအာဏာသံဖြင့် “မင်း ဒီနားကို လာခဲ့စမ်း၊ မင်းဟာ ဒီလောက်ကိစ္စလေးကိုမှ ချောမောအောင်မဆောင်ရွက်နိုင်တာ၊ ခွေးနဲ့အတူတူဘဲ၊ မင်းကိုပေးထားတဲ့လက်နက် ပြန်အပ်၊ မင်းအခုချက်ခြင်းထွက်သွား၊ မင်းမျက်နှာကို မကြည့်ချင်ဘူး”စသည်ဖြင့် အော်ငေါက် ကြိမ်းမောင်းခြင်းတို့ကို ပြုလေသည်။
(ခ) မိန်းမအရေး။              ။ တောင်ကြီးပေါ်မှ ကရင်အမျိုးသမီးများမှာ ယောက်ျားရွေးချယ်ရာတွင် ထားရှိသောအချက်များမှာ ယောက်ျား ပီသခြင်း၊ သတ္တိရှိခြင်း၊ စွန့်စားခြင်း အစရှိသည်တို့ဖြစ်ရာ ပထမတွင် တောင်ရိုးအလှမယ်ဟု ခေါ်ဆိုရလောက်သော ကရင်ပျိုမတစ်ယောက်နှင့် မောင်ဝါးတို့ မေတ္တာဆုံကြပြီး ကလေးတစ်ယောက်ပင် တိတ်တိတ်ပုန်းရနေချိန်လောက်မှာ လေထီးသမားထွန်းရွှေရောက်လာရာ၊ လေထီး သမားများမှာ ကရင်မများအဖို့ မိုးကျရွှေကိုယ်သဖွယ် ဖြစ်နေတော့သဖြင့် မောင်ဝါးကိုစွန့်ပစ်လျှက် ထွန်းရွှေနှင့်ဆက်သော အခြေအနေသို့ ရောက်သွား၍ မောင်ဝါးမှာ မထိရာမချိအောင်နာပြီးလျှင် အသက်ပေး၍ ပူးပေါင်းဆောင်ရွက်ရမည့်ထွန်းရွှေနှင့် ရန်သူအဖြစ်သို့ ကူးပြောင်းခဲ့ကြ ပါတော့သည်။
(ဂ) စည်းလုံးမှုမဲ့ခြင်း။         ။ ထို့ပြင် ကရင်များမှာ အစုအအုပ်ကလေးတွေနှင့်နေကြရာ လက်နက်ရှိကြပြီး မိမိအစုအအုပ်ထဲကလူကို ထိလျှင် ဘယ်ကိစ္စမျိုးနှင့်မဆို သည်းမခံဘဲ အသက်ကိုပင် ရန်ရှာသည်အထိ ကလဲ့စားချေတတ်ကြပါသည်။

တစ်ခုလုံးကိုခြုံကြည့်လျှင် ဆီးဂရင်းနှင့်တကွ ကရင်ခေါင်းဆောင်ကြီးများမှာ မိမိတို့၏ငယ်သားများ စည်းလုံးညီညွတ်မှုကို မဆောင်ရွက်နိုင်ဘဲ ရှိသည်ကို တွေ့ရပါသည်။

ရံဖန်ရံခါ မိန်းမအတွက်နှင့်သော် လည်းကောင်း၊ အခြား အသေးအဖွဲကိစ္စလေးများနှင့်သော် လည်းကောင်း၊ အစုတစ်စုမှ ကရင်တစ်ယောက်နှင့် အခြားအစုတစ်စုမှ ကရင်တစ်ယောက် အချင်းများခဲ့လျှင် တစ်ဦးချင်းပြဿနာမှ အစုချင်းပြဿနာသို့ ကူးပြောင်း ပေါ်ပေါက်တတ်သည်ကို တွေ့ရှိရပါသည်။

တောင်ပေါ်အရေးကိစ္စများကို စစ်တပ်ဖြင့် တက်ရောက်နှိမ်နင်းနေစဉ် တစ်ဘက်မှ တောင်ငူခရိုင် ကရင်ခေါင်းဆောင်ကြီးများဖြစ်ကြသော ဦးဘခင်၊ ဦးစီလုံး အစရှိသည်တို့ကို ကရင်များအား ဝါဒဖြန့်တရားဟောခိုင်းပါသည်။

နောက်ဆုံးတွင်ကား ဤလုပ်ငန်းကြီးသည် အရေးပါသောအခန်းကြီးများမှာ ပါဝင်ဆောင်ရွက်နေသောကရင်များအား ရန်ကုန်သို့ အမ်ပီက ခေါ်ဆောင်သွားပါတော့သည်။ ထိုအထဲတွင် ခေါင်းဆောင်ပီသသော စောဘိုးလှအကြောင်းကို ချီးကျူးလိုပါသေးသည်။ ရန်ကုန်နှင့် တောင်ငူ အမ်ပီက ကရင်များအား ညှဉ်းဆဲနှိပ်စက်နေသောအခါတွင် စောဘိုးလှပြောပြသည်မှာ ဒီအရှေ့တောင်သူလျှိုကိစ္စကြီးကို (ဆီးဂရင်း)နှင့်အတူ ပူးတွဲဆောင်ရွက်နေသူများမှာ မိမိသာလျှင်ဖြစ်၍ ညှဉ်းလိုမေးလိုခဲ့သော် မိမိကိုသာ ညှဉ်းပမ်းနှိပ်စက် မေးမြန်းသင့်ကြောင်း၊ သူတို့ စေခိုင်း သဖြင့်သာ ခေါင်းဆောင်အား ယုံကြည်မှုနှင့်လုပ်ရရှာသော ကရင်အမျိုးသားများအား ညှဉ်းပမ်းနှိပ်စက်ခြင်းသည် ဇရပ်ပေါ်ကလူနာကို တက် ထောင်းခြင်းနှင့်သာတူကြောင်း ပြောပြပါသည်။

ရန်ကုန်တွင် စစ်ဆေးမေးမြန်းပြီးနောက် ကျောက်ကြီးနယ်မှ ကရင်များအားပြန်လွှတ်ကာ အသုံးချလျှက်ရှိပါသည်။ ထိုသို့ ပြန်အသုံးချခံရသည် ဆိုစေကာမူ ကရင်အမျိုးသားများအပေါ်တွင် အမ်ပီက ဘယ်တော့မှ အယုံအကြည်ရှိလိမ့်မည် မဟုတ်ပါ။ ယခုလည်း လေထီးသမားများ နောက်ထပ်ဆင်းပြီး တစ်စခန်းထနေပြန်ပြီဟု အယူရှိနေပါသည်။ ကရင်များအရေးမှာ ဒေသအားဖြင့် ၎င်းတို့အား အလွန်အခက်အခဲတွေ့စေ သဖြင့် အရှေ့တောင်ကိုဖြို၍ရကောင်းလျှင် ဖြိုပစ်ချင်ပေလိမ့်မည်။
မောင်မောင်စိန်
ပြီးပြီ။
သံမဏိ
(မှတ်ချက်။          ။ ၁၉၄၄ ခု နိုဝင်ဘာလလောက်တွင်ရေးသည်)
(စာတမ်းအမှတ် ၃ ကို မနက်ဖြန်လောက် စာရိုက်တင်ပေးပါမည်။ ယခု အမှတ် ၂ နှင့် တွဲဖတ်လျှင် အဆက်အစပ်ကို ပိုကောက်ယူ၍ ရနိုင်ပါလိမ့်မည်။ ဥပမာ တောက်လျှောက်(မက်ကလင်နယ်)ဟုပြောနေရာမှ တနေရာတွင် (မက်ကလင်နယ်မိုး)ဟု သုံးထားပါသည်။ မက်လင်နယ်ကတယောက် (စောဘိုးလှအကြောင်းတွင် ပါသည့်)နီးမိုးကတယောက် စသည်ဖြင့် တွေးယူ၍ရနိုင်ပါသည်။ ဆာဂျင် ကားနဂါးနှင့် ဒုတိယဗိုလ် နဂါးရာမား တယောက်တည်းလား တယောက်ချင်းစီလား တွေးဆစရာရှိပါသည်။ စောဘိုးလှအကြောင်း ကွင်းဆက်များကိုလည်း စာတမ်းအမှတ်(၃)တွင်တွေ့ရပါလိမ့်မည်)

Wednesday, October 3, 2018

စာတမ်း(၁) ကရင်-ဗမာသွေးစည်းရေး

0 comments
စာတမ်း(၁)
ကရင်-ဗမာသွေးစည်းရေး
ကရင်သွေးချင်းသားချင်းအပေါင်းတို့
ငါတို့ဗမာတမျိုးသားလုံးသည် ဖက်ဆစ်မိစ္ဆာစနစ်ကို အကောင်းထင်ကာ အသူတရာနက်သော ချောက်အတွင်းသို့ ဇောက်ထိုးဆင်းခဲ့ပေပြီ။ သို့ ကျွန်ဘဝမှ သဘောက်ဘဝသို့ ကျရောက်ခဲ့သည်မှာလည်း မိုက်မှားသောခေါင်းဆောင်များကြောင့် ဖြစ်ပေသည်။ ထိုမိုက်မှားသော ခေါင်းဆောင်များအနက် အချို့သည် ဤမျှ မိုက်ရိုင်းယုတ်မာသည့်အလုပ်နှင့် မကျေနပ်ကြသေးပဲ ဂျပန်ဖက်ဆစ်ဝါဒအား ခုခံတိုက်ခိုက်ခြင်း အားဖြင့် ဗမာတစ်မျိုးသားလုံးအား လမ်းမှန်ကိုပြခဲ့ပြီး၊ ပြနေဆဲဖြစ်သော ကရင်သွေးချင်းသားချင်းကိုပင် လိုက်၍ညှဉ်းဆဲနှိပ်စက်ခဲ့ပေပြီ။ သွေးချင်းသားချင်းများဖြစ်သော ကရင်အမျိုးသားများနှင့် ဗမာအမျိုးသားများကို တဦးနှင့်တဦး ခိုက်ရန်ဒေါသဖြစ်စေခဲ့ပြီ။

သို့ ကရင်ဗမာ မသင့်မတင့်ဖြစ်မှုကြောင့် ဂျပန်လူယုတ်မာတို့က “စောဖေသာ”အမှူးရှိသော အဆွေတို့၏ခေါင်းဆောင်များကို ရက်စက်စွာ သတ်ဖြတ်နိုင်ခဲ့ပြီ။ အဆွေတို့၏ အမျိုးသမီး နုနုထွတ်ထွတ်ကလေးများကို မုဒိန်းကျင့်ကာ အညွန့်ချိုးနိုင်ခဲ့ပြီ။ အဆွေတို့၏ပစ္စည်းများကို လုယက်ယူငင်ခဲ့ချေပြီ။ ငါတို့ဗမာခေါင်းဆောင်များနှင့် အမျိုးသားပေါင်းမြောက်များစွာတို့ကိုလည်း ဤနည်းနှင့် သတ်ဖြတ်နိုင်ခဲ့၊ မုဒိန်းကျင့်နိုင်ခဲ့ ပေပြီ။ ငါတို့ဗမာခေါင်းဆောင်အချို့သည် ဤမျှ ယုတ်ကန်းစော်ကားသော ဂျပန်ဖက်ဆစ်များအား အထက်ပါရာဇဝတ်မှုကြီးများ ကျူးလွန် သည်ကိုကူညီအားပေးကာ သူတို့ကိုယ်တိုင်လည်း မြိန်ရည်ရှက်ရည်ကျူးလွန်ခဲ့ကြပြီ။

ဗမာရာဇဝင်တွင် အရင်တခါမှ မကြုံဖူးအောင် ဤမျှကြီးလေးသော ရာဇဝတ်မှုကြီးကို ကျူးလွန်သည့်အဖြစ်သည် ထိုမိုက်ရိုင်းစော်ကားသော ခေါင်းဆောင်များအပေါ်တွင် တည်စေလော့။ သူယုတ်တပိုင်း အရူးတပိုင်းဖြစ်နေသည့် နိုင်ငံခြားသား ဖက်ဆစ်ဓားပြများအား ဤသို့ လက်ထောက်ချပေးသူ ဗမာမျိုးဖျက်သစ္စာဖေါက်များ(အား) ကရင်ဗမာသွေးစည်းရေးဟူသောလက်နက်ဖြင့် ကွပ်မျက်ရတော့မည့်ရက်သည် မဝေးတော့ပြီ။

ဤသည်ကိုထောက်ခြင်းအားဖြင့် ပြဿနာသုံးရပ်ထွက်ပေါ်လာချေပြီ။
၁။ ကရင်ဗမာတမျိုးသားလုံး ကျရောက်ခံစားနေရသည့် သားပေါက်ဘဝမှလွတ်မြောက်အောင် ဂျပန်ဓားပြစနစ်ကို တိုက်ဖျက်ရမည့်ပြဿနာ။
၂။ သို့ တိုက်ဖျက်ရန် ကရင်ဗမာသွေးစည်းရေးတည်းဟူသောလက်နက် မပါပဲ မအောင်မြင်နိုင်ဆိုသည့်ပြဿနာ။
၃။ တိုက်ဖျက်ရာတွင် ကရင်သွေးချင်းသားချင်းတို့က ရှေ့မှနေ၍ တကယ်တမ်း ဇွဲသန်သန်နှင့် တိုက်ဖျက်နေသည်ကိုနမူနာယူ၍ အားကျသင့်သည့်ပြဿနာ စသည့်ပြဿနာတို့ပေတည်း။

ယခုအခါ ကရင်ဗမာတမျိုးသားလုံးသည် သွေးစည်းကြမည်လော၊ သို့တည်းမဟုတ် တမျိုးလုံးအပြုတ်ခံမည်လောဆိုသည့် အချက်နှစ်ရပ်တွင် ကြိုက်ရာကို ရွေးရတော့မည်။ သွေးစည်းရေးကို ငါတို့မဖြစ်မနေ ရအောင်ဆောင်ယူကြစို့။

ဖက်ဆစ်ဂျပန်လူယုတ်မာစနစ်ကို ငါတို့၏ကရင်သွေးချင်းသားချင်းများသည် တပ်ဦးမှနေ၍ တိုက်ဖျက်နေသည်ကို ဗမာတမျိုးသားလုံးသည် အားမကျပဲ မနေနိုင်ပေ၊ မချီးကျူးပဲ မနေနိုင်ပေ။ ကျေးဇူးမတင်ပဲလည်း မနေနိုင်ပေ။ ဗမာအမျိုးသားတည်းဟူသောနောင်တော်ကို ကရင်အမျိုးသားတည်းဟူသောညီတော်က ငယ်ရွယ်သူပင်ဖြစ်လင့်ကစား လွတ်လပ်ရေးလမ်းကို ရှေ့ကနေ၍တိုက်ပြသည့် ရဲစွမ်းသတ္တိသည် နှစ်ထောင်းအားရဖွယ် ကောင်းလှ၏တကား။ ဗမာတပြည်လုံးအတွက် လွတ်လပ်ရေးနှင့် ဂုဏ်သိက္ခာဟူသမျှတို့ကို ပြန်ရအောင် ရှေ့ဆောင်၍ တိုက်နေသော ကရင်အမျိုးသားတို့အား ဗမာတမျိုးသားလုံးသည် ရင်သပ်ရှူမော အံ့သြထောပနာမပြုပဲ မနေနိုင်တော့ပေ။ ဤသို့ ကရင် အမျိုးသားများက စွန့်ခြင်းကြီးစွာဖြင့် တိုက်ခိုက်နေသည်ကို “ဗမာပြည်ကွန်မြူနစ်ပါတီကသော် လည်းကောင်း”၊ “ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့တပ်မတော်ကသော် လည်းကောင်း” ဗမာတမျိုးသားလုံးကိုယ်စား ထောက်ခံအားပေးပါ၏။ တတ်နိုင်သောအကူအညီကို ပေးမည်ဟု အာမဝံန္တံခံပါ၏။

ဗမာပြည်ကွန်မြူနစ်ပါတီကရှေ့ဆောင်၍ ယခုအခါ ဗမာပြည်တွင် “ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့တပ်မတော်” ဖွဲ့စည်း၍ပြီးလေပြီ။ ထိုအဖွဲ့တွင်ပါဝင်သည့် အစိပ်အပိုင်းများကား ဗမာပြည်တွင်း မှီတင်းနေထိုင်ကြကုန်သော အလုပ်သမားများ၊ ကျောင်းသားများ၊ လူငယ်များ၊ လယ်သမားများ၊ ပညာတတ်များ၊ အမျိုးသမီးများ၊ စာရေးစာချီ၊ ကုန်သည်ပွဲစားများ၊ ဈေးတောင်းခေါင်းရွက်များ၊ အတတ်ပညာသယ်များ၊ လုပ်သား၊ လူထုများ၊ တောရောမြို့နေ လူကုံထံများနှင့် အရာရှိအရာခံများ၊ စစ်သားများ၊ ရှမ်း၊ ကရင်၊ ကချင်၊ ရခိုင်၊ တလိုင်း၊ တရုတ်၊ ကုလားများ၊ ကပြားများ စသည်တို့ဖြစ်ပေသည်။ ‘ဖက်ဆစ်တိုက်ဖျက်ရေးတပ်မတော်’သည် ဂျပန်လူယုတ်မာစနစ်ကို တကယ်တမ်း တိုက်ဖျက်မည့်ပါတီ၊ မည်သည့်လူမျိုး၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို လက်ခံအားပေးမည်ဖြစ်ကြောင်း။

‘ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့တပ်မတော်’ ၏ ရည်ရွယ်ချက်ကား---
၁။ ကမ္ဘာ့ဖက်ဆစ်ဝါဒကို လည်းကောင်း၊ အထူးသဖြင့် ဂျပန်ဆက်ဆစ်ဝါဒကို လည်းကောင်း၊ မိမိတို့နေရင်းတိုင်းပြည်များတည်းဟူသော ဂျာမနီ၊ အီတလီ၊ ဂျပန်တိုင်းပြည်များတွင် လုံးလုံးကျဆုံးသွားသည်အထိ တိုက်ဖျက်ရန်။
၂။ သို့တိုက်ဖျက်ရာတွင် ကမ္ဘာပေါ်ရှိ ဖက်ဆစ်ဝါဒအား ရှေ့မှနေ၍ ထိရောက်စွာတိုက်ခိုက်နေသော အမေရိကန်၊ အင်္ဂလန်နှင့် ဆိုဗီယက်ရုရှား တို့ပါဝင်ရာ ဒီမိုကရေစီမဟာမိတ်အဖွဲ့ကြီးနှင့် မိတ်ဖွဲ့ဆက်သွယ်ကာ ထိုမဟာမိတ်အဖွဲ့ကြီးထံမှ အကူအညီတောင်းယူရန်နှင့် ထိုမဟာမိတ် အဖွဲ့ကြီးကိုလည်း အစွမ်းကုန်အကူအညီပေးရန် စသည်တို့ဖြစ်ပေသည်။

ကရင်သွေးချင်းသားချင်းတို့
ဗမာ့လွတ်လပ်ရေးအတွက် ဖက်ဆစ်ဂျပန်ကိုတိုက်ခိုက်ရာတွင် အဆွေတို့သည် ငါတို့အား ညီတော်နောင်တော်များအဖြစ် သဘောပိုက်ကြ ပါလေကုန်။ သို့တိုက်ခိုက်ရာတွင် အဆွေတို့သည် အဖော်မပါတစ်ကိုယ်တည်းမဟုတ်မူ၍ ငါတို့လည်းရှိကြသောကြောင့် အားမပျက် ကြကုန်လင့်။ ငါတို့လည်း အဆွေတို့ကဲ့သို့အသက်ကိုစွန့်ကာ ဤရှက်စရာကောင်းသောဘဝမှ လွတ်မြောက်လာရန် အားတက်သရော တိုက်ခိုက်ကြပါအံ့။

ဗမာပြည်ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့တပ်မတော်ကြီး၏ အောင်လံတော်သည် အနီရောင်ဖြစ်စေရမည်။ အဘယ်ကြောင့် အနီရောင်ကို အသုံးပြုထိုက်ပါသနည်း။
၁။ ရဲရင့်ခြင်း၏အထိမ်းအမှတ်လည်းဖြစ်သောကြောင့် လည်းကောင်း၊
၂။ ဆင်းရဲသားလူထုများ၏ အရောင်အဆင်းလည်းဖြစ်သောကြောင့် လည်းကောင်း၊
၃။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့၏ ဦးညွှတ်ရေး၊ သွေးစည်းရေးမြည်သောကြောင့် လည်းကောင်း၊
၎။ ထင်ရှားပေါ်လွင်ပြီး အလွယ်တကူလည်း သိမြင်နိုင်သောကြောင့် လည်းကောင်း စသောအကြောင်းများကြောင့်ဖြစ်သည်။ ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့တပ်မတော်တွင် ပါဝင်ကြကုန်သော လူတန်းစားနှင့် အမျိုးသားအစိပ်အပိုင်းတည်းဟူသော လယ်သမားများ၊ အလုပ်သမားများ၊ ရှမ်း၊ ကချင်၊ ကရင်၊ တောင်သူ၊ တလိုင်း၊ ရခိုင်စသောအဖွဲ့အစည်းများသည် ထိုအနီရောင်ခြယ်ထားသောအောင်လံတော် အပေါ်တွင် မိမိတို့ကြိုက်ရာ အထိမ်းအမှတ်ငယ်များကို ရေးခြယ်နိုင်ကြပေသည်။ အနီရောင်သည်ကား အောက်ခံအရောင် အမှန်မလွဲ ဖြစ်ရမည်။

ဗမာပြည်သူပြည်သားအပေါင်းတို့ ယခုအခါ အပူတပြင်းခံစားနေရသည့်ဘေးဒုက္ခလည်း သွေးရူးသွေးတမ်းဖါက်ပြန်နေသော ဂျပန်ဖက်ဆစ် စနစ်ဖြစ်ပေသည်။ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့တပ်မတော် တီထွင်ပါဝင်ကြကုန်သော အမျိုးသားအစိပ်အပိုင်းများနှင့် လူတန်းစား အစိပ်အပိုင်းဟူသမျှတို့သည် မိမိတို့အချင်းချင်း ယာယီအားဖြင့် လည်းကောင်း၊ အပေါ်ရန်အားဖြင့် လည်းကောင်း ဖြစ်ပွားနေသည့် သဘော ကွဲလွဲချက်အသေးအနုတ်များကို သဘောထားကြီးကြီးထား၍ ကျော်လွန်မေ့ပျောက်ကာ ဂျပန်အင်အားစုများအား ကာယကံမြောက်တိုက်ခိုက် သူဟူသမျှတို့နှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းတိုက်ခိုက်ရမည့်အချက် အရေးကြီးကြောင်းကို ကြီးစွာသတိချပ်ရမည်။

ဤသို့ ဖက်ဆစ်ဂျပန်စနစ်အား ကာယကံမြောက်တိုက်ခိုက်ရေးအတွက် ဖွဲ့စည်းထားအပ်သောညီညွတ်ရေးကို တနည်းနည်းသောဆင်ဖြေဖြင့် ဖျက်ဆီးသူဟူသမျှတို့ကို ကာယကံမြောက်အားဖြင့် ကရင်ဗမာသွေးစည်းရေးကို ဖျက်ဆီးသူ၊ ဗမာ့လွတ်လပ်ရေးကို နှောင့်ယှက်သူ၊ ဖက်ဆစ် ဂျပန်ကို အားပေးကူညီသူ၊ မျိုးဖျက်သူ၊ သစ္စာဖေါက်သူဟူ၍ တစ်ထစ်ချမှတ်ယူကာ ထိုသူများအား ချိုးနှိမ်နှိပ်ကွပ်ပစ်ရမည်။ တခါတရံ ကရင်နှင့်ဗမာတို့ မတော်တဆခိုက်ရန်ဖြစ်သည်ကို တောစကား တောပျေက်စေရမည်။ ပုဂ္ဂဒိဌာန်အရေးဟု မှတ်ယူရမည်။ လူအများအရေးဟု မမှတ်ယူသင့်။ ကရင်ဗမာအဓိကရုဏ်းမီးကို မွှေးသူတို့အား နှိပ်ကွပ်ပစ်ရမည်။ ဂျပန်ထံ သတင်းပေးသူတို့အား နှိပ်ကွပ်ပစ်ရမည်။ ဂျပန်အား ပရိယာယ်အဖြစ်ကား ပေါင်းသင်းနိုင်သည်။

ကရင်အမျိုးသား သွေးချင်းသားချင်းအပေါင်းတို့ ဤကရင်ဗမာသွေးစည်းရေးကြေညာချက်အကြောင်းကို ကရင်အမျိုးသားအမျိုးသမီးတို့ ကောင်းစွာရေလည်အောင် သိရှိနားလည်လာရန် အလွန်အရေးကြီးသောကြောင့် ဤကြေညာချက်ကို တစ်ဆင့်ကူးယူပုံနှိပ်ကာ ဗမာတပြည် လုံးတွင် ကရင်အမျိုးသားများရှိလေရာအရပ်များ၌ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်အောင် ဖြန့်ချိဝေငှကြပါလေကုန်။ ဗမာအမျိုးသား တို့ကလည်း ဤဘက်တွင် ကျေပွန်စွာထမ်းဆောင်ကြရန် အာမခံပါသည်။ ကရင်ဗမာသွေးစည်းရေး တည်တံ့ပါစေသတည်း။ ဖက်ဆစ်ဂျပန်ကို ဖျက်ဆီးလော့။ ဒီမိုကရေစီမဟာမိတ်အဖွဲ့ အောင်ပါစေ။
သခင်စိုး
ကွန်မြူနစ်ပါတီ(ဗမာပြည်)
(ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့တပ်မတော်-ကိုယ်စား)
မှတ်ချက် ၁၉၄၄ ခုနှစ်၊ ဇွန်လတွင်ရေးသည်။

ကရင်-ဗမာ သွေးစည်းရေးစာအုပ်မှာ သခင်သန်းထွန်းရေးတဲ့နိဒါန်းစကား

0 comments
(ကရင်-ဗမာ သွေးစည်းရေးစာအုပ်မှာ သခင်သန်းထွန်းရေးတဲ့နိဒါန်းစကား)
မန္တလေးက ကိုအောင်မြင့်ဦး ပီဒီအက်ဖ်ဖိုင်လ်နဲ့ ပို့လိုက်လို့ -ကရင်ဗမာသွေးစည်းရေး-ဆိုတဲ့စာစုတခု ကျနော်လက်ထဲ ရောက်လာပါတယ်။ ဖတ်ချင်နေတာနဲ့ အတော်ဖြစ်သွားပါတယ်။ စာအုပ်ကိုင်ဖတ်ရတဲ့ အရသာမျိုးမရပေမယ့် ဖတ်ချင်တဲ့အာလျပြေမှာမို့ ဝမ်းသာရပါတယ်။ ကျေးဇူးလည်း တင်ရပါတယ်။

ပုံနှိပ်မှတ်တမ်းမှာ ၂ဝ၁၈ ခုနှစ် ဒုတိယအကြိမ်ထုတ်ဝေတာဖြစ်ပြီး တတိယမျိုးဆက်စာပေကထုတ်ဝေတယ်လို့ ဖော်ပြထားပါတယ်။ ပထမအကြိမ်ကတော့ မူလစတင်ထုတ်ဝေတဲ့ကာလ ၁၁ လပိုင်း ၁၃ ရက်၊ ၁၉၄၅ လို့ ယူဆရမယ်ထင်ပါတယ်။

ကျေးဇူးတင်စကားမှာ “ဒီစာအုပ် ထုတ်ဖြစ်နိုင်အောင်ကူညီတဲ့ ကိုဘိုဘို(ဘိုဘိုလန်းစင်)၊ ကိုဖြိုးဝင်းလတ်၊ ကိုစိုးမင်းတို့ကို များစွာ ကျေးဇူးတင်ကြောင်း ဖော်ပြပါတယ်”လို့ အမှတ်ပြုထားပါတယ်။ ပန်ကြားလွှာမှာတော့ “ဤစာအုပ်ကို ထုတ်ဝေရာတွင် စာရေးသူများနှင့် ၎င်းတို့၏မူပိုင်ခွင့်ဆက်ခံသူများထံမှ ခွင့်ပြုချက် တစုံတရာတောင်းခံနိုင်ခြင်းမရှိခဲ့သည်ကို အနှုးအညွှတ်တောင်းပန်အပ်ပါသည်။ မူပိုင်ခွင့် ဆက်ခံခွင့်ရှိသူပုဂ္ဂိုလ်တဦးဦးမှ တတိယမျိုးဆက်စာပေသို့ ဆက်သွယ်ပေးပါရန် ပန်ကြားအပ်ပါသည်”လို့ ခွင့်ပြုချက်တောင်းထားတာ တွေ့ရပါတယ်။

နိဒါန်းစကားကို သခင်သန်းထွန်းရေးတာဖြစ်ပါတယ်။ ခု အမှာစာကို စာရိုက်ပြီးတင်ပေးပါ့မယ်။ စိတ်ဝင်စားသူတွေ ချင့်ချိန်တွေးဆနိုင်ဖို့ပါ။

(တိုင်းရင်းသားလူမျိုးစုပြဿနာသည် နိုင်ငံတိုင်းတွင် အရေးကြီးလာပေသည်။ ၁၉၁၄ ခုနှစ်၊ ကမ္ဘာစစ်ကြီးပြီးသည့်နောက် ဥရောပတိုက်တွင် တိုင်းရင်းသားလူမျိုးစုပြဿနာများ မဖြေရှင်းနိုင်သဖြင့် ဒုတိယအကြိမ်ကမ္ဘာစစ်ကြီး ဖြစ်ခဲ့ရပေသည်။

ယခုစစ်ကြီးအတွင်း တိုင်းရင်းသားလူမျိုးစုတို့သည် အုံကြွနိုးကြားလာကာ ဖက်ဆစ်စနစ်ဆိုးကို လက်နက်ကိုင်တိုက်ခဲ့ကြပေသည်။ မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာဖန်တီးရမည်ဟူသော ကြွေးကြော်သံသည် နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတို့အား မီးရှူးတန်ဆောင် ဖြစ်ခဲ့လေပြီ။

ဗမာနိုင်ငံသစ်ထူထောင်ရေးတွင်လည်း တိုင်းရင်းသားလူမျိုးစုများ၏အရေးသည် အရေးကြီး၍လာခဲ့ပေသည်။ အရေးတကာ့အရေးတို့တွင် ကရင်-ဗမာအရေးသည် အရေးအကြီးဆုံး ဖြစ်လာခဲ့ပေသည်။

ကရင်နှင့်ဗမာ ရှေးအခါက မစည်းလုံးခဲ့။ ဂျပန်ဖက်ဆစ်အောက်သို့ ဗမာပြည်ကျရောက်သည့်အခါ၌ ကရင်ဗမာသွေးစည်းရေးကို ပထမဦးဆုံး အကြိမ် ထိထိရောက်ရောက် လုံးပန်းခဲ့ပေသည်။

“ဓနရှင်ပေါက်စ လူမိုက်ခေါင်းဆောင်တို့၏ ပယောဂကြောင့် ကုလားဗမာ၊ တရုတ်ဗမာ၊ ကရင်မော၊ ရခိုင်ကုလား စသော လူမျိုးရေး အဓိကရုဏ်းများ လွှမ်းမိုးနေရာပတ်ဝန်းကျင်အခြေအနေကြီးလွန်မြောက်၍ လူမျိုးငယ်များ လူစုများဖြစ်သော ကရင်၊ ကချင်၊ ပလောင်၊ တောင်သူ၊ မွန်၊ ရခိုင်၊ တရုတ်၊ ကုလားတို့အား တန်းတူဆက်ဆံရေးဖြင့်ဆက်ဆံမည်။ သူတို့ အလိုရှိလျှင် နိုင်ငံရေးအရ ခွဲထွက်ခွင့်ရှိရမည်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရမည်ဟု ကြွေးလည်းကြွေးကြော်၊ ဆောင်လည်းဆောင်ရွက်ခဲ့သည်မှာ ကွန်မြူနစ်ပါတီဖြစ်ပင်ပေသည်”
(ဒုတိယအကြိမ်မြောက် ကွန်မြူနစ်ပါတီကွန်ဂရက်သို့ အထွေထွေအတွင်းရေးမှူး၏အစီရင်ခံစာ)

ဂျပန်ဖက်ဆစ်လက်အောက် ကျစဉ်ကတည်းက ယနေ့အထိ ကရင်ဗမာသွေးစည်းရေးအတွက် ကွန်မြူနစ်ပါတီက လုံးပန်းရာတွင် စာတမ်းများ၊ ဆောင်းပါးများကို လျှို့ဝှက်စွာထုတ်ဝေခဲ့၏။ ဂျပန်တို့လက်အောက်မှ လွတ်လပ်ပြီးသည့်အခါ၌လည်း ကရင်နှင့်ပတ်သက်သော ဆောင်းပါးများ၊ ကြေညာချက်များ၊ ဆုံးဖြတ်ချက်များ အတိအလင်းပေါ်ထွက်လာခဲ့ပေသည်။

စာတမ်း(၁)မှာ ၁၉၄၄ ခု ဇွန်လအတွင်းထုတ်ပြန်သော စာတမ်းဖြစ်သည်။ ၎င်းစာတမ်းကို သခင်စိုးရေးသည်။
စာတမ်း(၂)မှာ အရှေ့ရိုးမတောင်သူပုန်အရေးကို မှတ်တမ်းအနေနှင့် ရေးထားခြင်းဖြစ်သည်။ ကရင်တို့၏လွတ်လပ်ရေးကြိုးပမ်းမှုကို သဘောပေါက်စေရန်ဖြစ်သည်။ ၎င်းစာတမ်းကို တောင်ငူနယ်တွင် ပုန်းအောင်းနေစဉ် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုရ်ကော်မတီစည်းရုံးရေးမှူး မောင်မောင်စိန်ရေးသည်။
စာတမ်း(၄)မှာ ကရင်ဗမာသွေးစည်းရေးအတွက် လက်တွေ့လုပ်ငန်းများကို ဆွေးနွေးထားခြင်းဖြစ်သည်။ ၎င်းကို ကိုဗဟိန်းရေးသည်။
စာတမ်း(၅)မှာ ပြောက်ကျားစစ် ဆင်နေစဉ် ကရင်ဗမာများ လက်တွေ့စည်းလုံးကြပုံကို တောင်ငူနယ်ပြောက်ကြားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသိန်းအောင်ရေးသည်။
စာတမ်း(၆)မှာ ကရင်အမျိုးသားတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်ပတ်သက်၍ ပြည်သူ့အာဏာ(အတွဲ ၁၊ အမှတ် ၃)တွင် သခင်သန်းထွန်း ရေးသောဆောင်းပါးဖြစ်သည်။
စာတမ်း(၇)မှာ ကရင်လူငယ်ခေါင်းဆောင် စောဝင်းမောင်ရေးသော စာတမ်းဖြစ်သည်။
စာတမ်း(၈)မှာ မောပြည်ကွန်မြူနစ်ပါတီ ဒုတိယကွန်ဂရက်ကချမှတ်လိုက်သော တိုင်းရင်းသားလူမျိုးစုများနှင့်ပတ်သက်သော သဘောထား ဖြစ်သည်။
စာတမ်း(၉)မှာ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်၏ ရည်ရွယ်ချက်များဖြစ်ပေသည်။
စာတမ်း(၁ဝ)မှာ ကရင်အမျိုးသားအဖွဲ့ချုပ်၏ဝါဒကို ကြေညာသော စာတမ်းဖြစ်သည်။

ဤစာတမ်းများသည် ကရင်ဗမာသွေးစည်းရေး၊ ကရင်အမျိုးသားတို့အားစည်းရုံးရေးတွင် လက်ကိုင်ပြုအပ်သဖြင့် ၎င်းတို့ကို တပူးတပေါင်းတည်း ထုတ်ဝေလိုက်ပေသည်)

ရန်ကုန်မြို့။
သခင်သန်ထွန်း
၁၃၊ ၁၁၊ ၄၅

(ကျနော် သတိထားမိသည်မှာ စာတမ်း(၃)ဖြစ်ပါသည်။ ထိုစာတမ်းကို နိဒါန်းစကား၌ ဖော်ပြထားခြင်းမရှိပါ။ မည်သူရေးသည်ဟုလည်း ပြောမထားပါ။ ကရင်အမျိုးသား အင်္ဂလိပ်စစ်ပြန်(စောဘိုးလှ)ဆိုသူအကြောင်းဖြစ်ပါသည်။ စိတ်ဝင်စားစရာကောင်းသည့် လူတယောက်အကြောင်းနှင့် သမိုင်းနောက်ခံအဖြစ်အပျက်မို့ မည်သူမှတ်တမ်းခဲ့သနည်းကို သိလိုခြင်းဖြစ်ပါသည်။ စာအုပ်ပါဆောင်းပါးများကို မူရင်းသတ်ပုံသတ်ညွှန်းအတိုင်း စာရိုက်နိုင်သလောက်ရိုက်၍တင်မည်ဟု ရည်ရွယ်ထားပါသည်။ မျိုးမြင့်ချို

Tuesday, October 2, 2018

အလံဆိုတိုင်း(မျိုးမြင့်ချို)

0 comments
အလံဆိုတာ နိုင်တဲ့ကောင်ထောင်ပြီး ရှူံးတဲ့ကောင် လှဲရတာပါ။ အမေရိကန်ပြည်တွင်းစစ်အပြီးမှာ တောင်ပိုင်းသားတွေစစ်ရှူံးတော့ ကွန်ဖက်ဒရိတ်အလံ လဲသွားပါတယ်။ ခုအလံ အတိအလင်း ပိုပြီး ထောင်ထလာတာပါ။

အမေရိကန်အလံကို အရှက်ဖုံးတယ်ဆိုရုံ လက်နှစ်လုံးလောက် လက်နှစ်သစ်လောက် ပိတ်စလေးဝတ်ပြီး ကမ်းခြေမှာ နေစာလှုံနေတဲ့ မိန်းမဖြူလေးကို ”နင်ဘာလို့ အလံကို ခုလိုချုပ်ဝတ်သလဲ”ဆိုတော့ ”တို့အလံကို တို့တိုင်းပြည်ကို ချစ်လို့ပေါ့”တဲ့။ အလံကို ဦးထုပ်ချုပ် aဆာင်းဆောင်း ဖိနပ်လုပ် စီးစီး အတွင်းခံချုပ် ဝတ်ဝတ် ဒါဟာ အလံကို မဖွယ်မရာလုပ်တယ်လို့ ဘယ်သူမှမခံစားကြပါဘူး။ အဲ့အကြောင်း ကမ္ဘာမြေရွေ့နေပါသည် ဆောင်းပါးထဲမှာ ကျနော် ထည့်ရေးဖူးပါတယ်။ တိုင်းပြည်ကို ချစ်ပုံချစ်နည်း အလံကို တန်ဖိုးထားပုံထားနည်း မတူကြတာပါ။

အမေရိကန်အလံဟာ အိမ်ဖြူတော်၊ လွှတ်တော်၊ စစ်သားလက်မောင်းတံဆိပ်၊ ကုန်ပစ္စည်းကြော်ငြာကနေ တူးပိစ်အထိတွင်ကျယ်ပါတယ်။ အမေရိကန်မှာလည်း အလံနဲ့ပတ်သက်လို့ The Flag Code ဆိုတာရှိပါတယ်။ အလံကို မထေမဲ့မြင်ပြုရင် ပမာမခန့်လုပ်ရင် ဘယ်လိုအရေးယူရမယ်ဆိုတာလည်း ရှိပါတယ်။ သိချင်ရင် ဒီမှာဖတ်ကြည့်ပါ။ http://www.usflag.org/uscode36.html အလံကို မီးရှို့လို့တော့မရဘူး။ ဇောက်ထိုးထောင်မိရင်လည်း ပြဿနာတက်တာပဲ။

အမေရိကန်လောက် အလံတဝက် ခနခနချရတဲ့တိုင်းပြည်လည်း ကမ္ဘာမှာ ရှိမယ်မထင်ဘူး။ ရုပ်ရှင်ရုံတွေမှာလည်း ပွဲမစခင် အလံမပြဘူး။ အလံ ထ အလေးအပြုမခိုင်းဘူး။ ၉/၁၁ အမွှာမျှော်စင်ကြီး လေယဉ်နဲ့ အတိုက်ခံရပြီးနောက်ပိုင်း အမေရိကန်ကမြို့တွေမှာ ဧရာမအလံကြီးတွေ ပိုထောင်လာကြတယ်။

မျိုးချစ်စိတ်(တလွဲဆံပင်ကောင်း အမျိုသားရေးစိတ်လည်းအပါအဝင်) ဆိုတာ အလံနဲ့ဆွပေးရင် ပိုကြွလာတတ်တယ်။ အသံ(အမျိုးသားသီချင်း)နဲ့ ဆွပေးရင် ပိုထလာတတ်ပါတယ်။ အလံနတ် ဘယ်လောက်ကြီးမှန်း အုပ်စိုးသူတိုင်းသိပါတယ်။ သိလို့လည်း လိုတဲ့အခါ အလံနဲ့အသံသုံးပြီး လူတွေကိုဆွပေး အဖိနှိပ်ခံအချင်းချင်း ရန်တိုက်ပေးရင်း ကိုယ်ကျိုးရှာ အာဏာထူထောင်ကြတာပါ။

ဗမာပြည်ရယ်လို့ နယ်နမိတ်နဲ့ ကိုင်ကိုင်ဆုပ်ဆုပ်ပြောနိုင်တာ ကိုလိုနီဖြစ်တော့မှပါ။ ပဒေသရာဇ်ခေတ်က အားကြီးတဲ့ကောင် ”နိုင်ငံတော်အလံ” အလှည့်ကြလုပ်ကြတာပါ။ ဗမာပြည်ဟာ အလံပြောင်းမနည်းတဲ့ နိုင်ငံထဲပါပါတယ်။ ကိုလိုနီခေတ်အလံ၊ ဂျပန့်ခေတ်အလံ၊ လွတ်လပ်ရေးခေတ်(ဖဆပလ)အလံ၊ မဆလခေတ်အလံ၊ နဝတ၊ နအဖအလံ(ခုထိ အထွဋ်အမြတ် အထားခိုင်းထားဆဲ)တွေဟာ အထင်အရှားရှိပါတယ်။

ကျနော်တို့ အလံကို အလေးအနက်ထားရမှာဖြစ်ပေမယ့် ဘယ်အလံကို၊ ဘယ်သူဆွဲတဲ့အလံကို၊ ဘယ်ပုံဘယ်နည်း အတည်ပြုခဲ့တဲ့အလံကို၊ ဘယ်အတန်းအစားကို ကိုယ်စားပြုတဲ့အလံကို၊ ဘယ်နေရာမှာ ထောင်တဲ့အလံကို၊ ဘယ်သူတွေအတွက် ထောင်တဲ့အလံကို အလေးအနက်ပြုကြမှာလဲကတော့ စကားပြောပါတယ်။

တပြိုင်တည်းမှာပဲ ဘယ်အလံကို ဆန့်ကျင်ရမလဲ၊ ဘယ်အလံဟာ တွန်းလှန်တိုက်ခိုက်ရမယ့်အလံဆိုတာလည်း ပိုင်းခြားသတ်မှတ်ရမှာဖြစ်ပါတယ်။

နိုင်ငံတော်အမည်တပ်ထားတဲ့အလံ ဖြစ်တယ်ဆိုပြီး ဦးညွှတ်ခိုင်းတိုင်း လိုက်ဦးညွှတ်နေရင်တော့ ခင်ဗျားနိုင်ငံရေးကျောရိုးမရှိလို့၊ အတွေးအခေါ်ဦးခေါင်းယိုင်နဲ့လို့၊ ရပ်တည်ချက် ဇက်မခိုင်လို့ပဲ ဖြစ်မယ်ထင်ပါတယ်။

အလံကို အလံနေရာမှာ ထောင်ပါ။ အလံနဲ့ဆိုင်သူတွေ အလေးပြုကြဦးညွှတ်ကြ၊ မတ်တပ် ထ ရပ်ကြပါလိမ့်မယ်။ အလံဆိုတာ နေရာတိုင်း မထောင်ရပါဘူး။ မလွှင့်ရပါဘူး။ အလံတွေ့တိုင်း လူတိုင်း အလေးပြုစရာမလိုပါဘူး။ လူတိုင်း ဦးညွှတ်ဖို့အကြောင်းလည်း မရှိပါဘူး။
မျိုးမြင့်ချို အောက်တိုဘာ ၂ ရက်၊ ၂၀၁၈