Monday, September 23, 2019

(နိုင်ငံတော်နှင့်တော်လှန်ရေးကို ထပ်မံလေ့လာရာမှ ရရှိချက် ၂)

0 comments
(နိုင်ငံတော်နှင့်တော်လှန်ရေးကို ထပ်မံလေ့လာရာမှ ရရှိချက် ၂)
ဒီစာအုပ်ကို လီနင်ရေးတုန်းက တော်လှန်ရေးလက်တွေ့လေ့လာစရာက ပြင်သစ် ဓနရှင်ဒီမိုကရေစီ တော်လှန်ရေးနဲ့ ပဲရစ်ဘုံအဖွဲ့တော်လှန်ရေး (၂)ခုပဲရှိတယ်။
အခု မိမိတို့လေ့လာဖို့ တော်လှန်ရေးလက်တွေ့တွေ သိတ်များတယ်။ ရုရှအောက်တိုဘာ တော်လှန်ရေးကြီးက စပြီး တရုတ်၊ ဗီယက်နမ်၊ ကျူးဘားစသည်ဖြင့်တော်လှန်ရေး အတွေ့အကြုံတွေ သိတ်များပါတယ်။ ပြည်သူ့အာဏာထူထောင်ကြတဲ့အတွေ့အကြံုတွေနဲ့ သင်ခန်းစာတွေလည်းများပါတယ်။
အတုယူစရာတွေနဲ့ ရှောင်ကျဉ်စရာတွေရှိပါတယ်။ ဆက်လက်ပြီး ဖြစ်ပေါ်ဆဲဖြစ်စဉ်အတွင်းမှာရှိလို့ အမြဲဆက်လက်လေ့လာနေရမှာပါ။
မိမိတို့က ဗမာပြည်တော်လှန်ရေးဆင်နွှဲနေတာပါ။ ဗမာပြည်ရဲ့စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ပြီး ဗမာပြည် ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ် ထူထောင်ရမှာပါ။ နိုင်ငံခြားကပုံစံကို ပုံတူကူးချလို့ မရပါဘူး။ အခြားတိုင်းပြည်တွေကအခြေအနေနဲ့ ဗမာပြည်ရဲ့အခြေအနေက ချွပ်စွပ်မတူနိုင်ပါဘူး။ တူသယောင်ယောင် ရှိကောင်းရှိပါလိမ့်မယ်။ လုံးဝဥဿုံ တူတာတော့မရှိနိုင်ပါဘူး။ (ဥပမာ) အင်ဒိုနီးရှားကဆူဟာတို စစ်အာဏာရှင်စနစ်နဲ့ ဗမာပြည်ကနေဝင်း စစ်အာဏာရှင်စနစ်မတူပါဘူး။ စတင်ပေါ်လာပုံနဲ့ကျင့်သုံးပုံ လုံးလုံးကွဲပြားပါတယ်။
မိမိတို့ဆင်နွှဲနေတဲ့တော်လှန်ရေးနဲ့ တရုတ်၊ ဗီယက်နမ်၊ ကျူးဘားစတဲ့ တော်လှန်ရေးတွေလည်း မတူပါဘူး။ တူမယောင် ရှိကောင်းရှိမယ်။ ဒါပေမဲ့ ချွပ်စွပ်မတူပါဘူး။ မိမိတို့ပါတီအနေနဲ့ ပုံတူကူးချ ခဲ့လို့ နှာခေါင်းကျည်ပွေ့ တွေ့ခဲ့ရပေါင်းများပါပြီ။
ဥပမာ တရုတ်ယဉ်ကျေးမှူတော်လှန်ရေးကို ပုံတူကူးချတဲ့ ပါတီတွင်းတော်လှန်ရေးလမ်းစဉ် ၀ပါတီတွင်း ဗန်းစကား Jargon (ဖြုတ်-ထုတ်-သတ်)လုပ်ခဲ့လို့ ကျွမ်းပြန်အောင်မှားခဲ့တယ်။ “ကိုယ့်အားကိုယ်ကိုးရေးအခြေခံ“ ဆုံးရှူံးခဲ့ရတယ်။ နောက်ကတော့ အများကိုပြင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ မအောင်မြင်ဘူး။ နောက်ဆုံး အရှူံးနဲ့ကြုံခဲ့ရတယ်။ ဒီသင်ခန်းစာကို ဘယ်တော့မှ မမေ့ဖို့လိုပါတယ်။
ကိုယ့်အားကိုယ်ကိုးအခြေခခံရှိတုန်းကဆိုရင် “ဗကပ“ဟာ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ် နိုင်ခဲ့တယ်။ ရန်သူရဲ့ဖိနှိပ်မှူ ချေမှူန်းမှူတွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ခဲ့တယ်။ ဘယ်လောက်ပဲ အင်အားနည်းပါစေ လက်နက်ကိုင်တော်လှန်ရေးအလံ လဲမသွားခဲ့ဘူး။
ဒါပေမယ့် “ကိုယ့်အားကိုယ်ကိုးရေးအခြေခံ“ဆုံးရှူံးသွားတော့ အင်အားကြီးမားပေမယ့် “ဗကပ“ရဲ့ လက်နက်ကိုင်တော်လှန်ရေးအလံ လဲကျသွားခဲ့တယ်။ ဒါဟာ အကြီးဆုံးသင်ခန်းစာပါ။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးပဲလုပ်လုပ်၊ စစ်အာဏာရှင်စနစ်ကို တစတစပြုပြင်ရေးလမ်းစဉ် (အခု လစ်ဘရယ်လ်ဝါဒီများလုပ်နေတဲ့ လမ်းစဉ်)ပဲ လုပ်လုပ်၊ တခြားနိုင်ငံခြားတိုင်းပြည်တွေရဲ့ အတွေ့အကြုံကို ပုံတူကူးမချမိဖို့လိုပါတယ်။ ဗမာပြည်ရဲ့အခြေအနေနဲ့ လိုက်လျောညီထွေရှိတဲ့ လမ်းစဉ်ကို ကိုယ့်ဘာသာတီထွင်ကြရမှာပါ။
လီနင်ရဲ့စာအုပ်ကလေ့လာရရှိတဲ့ အဓိကအကျဆုံးအချက်က အာဏာဟောင်းက ထူထောင်ထားတဲ့ အုပ်ချုပ်ရေးယန္တယား(စစ်တပ်၊ ရဲတပ်၊ တရားရုံး)ကို ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ်က ဆက်လက် အသုံးမချနဲ့ဆိုတာပါပဲ။ ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ်က မိမိရဲ့အုပ်ချုပ်ရေး ယန္တယား (စစ်တပ်၊ ရဲတပ်၊ တရားရုံး အသစ်) ထူထောင်ရမှာပါ။ အဲ့လိုမလုပ်နိုင်ရင် အဆိုးကျော့သံသရာ တပတ်ပြန်လည်ရမှာပါပဲ။
ဦးနုရဲ့ “ပထစအစိုးရ“ ကြုံရတဲ့အဖြစ်ဆိုးမျိုး ပြန်ပြီးတော့ကြံုရမှာ သေချာပါတယ်။
လီနင်အနေနဲ့ ဒီလိုအဖြစ်မျိုး(ဆိုဗီယက်အာဏာထူထောင်ပြီးစမှာ) ကြုံခဲ့ရတယ်။ စစ်တပ်(ဟောင်း)၊ ရဲတပ် (ဟောင်း)၊ တရားရုံး(ဟောင်း)တွေက ဆိုဗီယက်အာဏာကို အာခံတာကြံုရပါတယ်။ ပြည်တွင်းစစ် ဖြစ်ရတယ်။ အဲ့ဒီအခါကျတော့မှ တပ်မတော်အသစ်၊ ရဲတပ်အသစ်၊ တရားရုံးအသစ်ကို ထူထောင်ခဲ့တာပါ။
မော်စီတုန်းကတော့ ဒီလိုမကြုံပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ရေရှည်ပြည်တွင်းစစ် အတွင်းမှာ ကေအမ်တီ KMT ရဲ့ စစ်တပ်၊ ရဲတပ်၊ တရားရုံးတွေကို ချေမှုန်းဖျက်ဆီးခဲ့ပြီးဖြစ်လို့ပါ။ ဒါတောင်မှ အမြစ်ကျန်နေပြီး ထိုင်ဝမ်ကိုထွက်ပြေးတဲ့ ကေအမ်တီက အမေရိကန်အားကိုးနဲ့ ရန်ရှာနေတုန်းပါ။
ဒါ့ကြောင့် ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကထူထောင်ထားတဲ့ စစ်တပ်၊ ရဲတပ်၊ တရားရုံးတွေကို ကောက်ကာငင်ကာအသုံးချမယ်၊ တစတစပြုပြင်ယူမယ်ဆိုတဲ့ စိတ်ကူးယဉ်မှုမျိုးမရှိသင့်ပါဘူး။ သူ့ကို ကိုယ်ကမပြင်နိုင်ပဲ သူက ကိုယ့်ကို တွန်းလှန်တာပဲ ကြုံရလိမ့်မယ်။
လီနင်၊ မော်စီတုန်းတို့ဖြတ်သန်းခဲ့ရတဲ့ခေတ်က နယ်ချဲ့သမားတွေအချင်းချင်း ကမ္ဘာစစ်တိုက်ကြတဲ့ ခေတ်ပါ။ မျက်မှောက်ခေတ်နဲ့မတူပါဘူး။ မျက်မှောက်ခေတ်က နယ်ချဲ့အချင်းချင်း စစ်ခင်းတဲ့ခေတ် မဟုတ်ပါဘူး။ အမေရိကန် စူပါပါဝါတခုပဲရှိတယ်။ ကမ္ဘာစစ်ကြီးမဖြစ်တာလည်း (၆၇)နှစ်ရှိပါပြီ။ ဒေသန္တရစစ်ကလေးတွေပဲ အကန့်အသတ်နဲ့ဖြစ်ခဲ့ပါတယ်။ ဖြစ်နေပါလိမ့်ဦးမယ်။ ကမ္ဘာကြီးတခုလုံး ငြိမ်းချမ်းတဲ့ခေတ်ရောက်ပြီလို့ယူဆလို့ မဖြစ်ပါဘူး။
မိမိတို့အနေနဲ့ အရေးကြုံရင် အသင့်ဖြစ်နေဖို့လိုပါတယ်။ ဗမာပြည်ရဲ့အခြေအနေနဲ့ အမျိုးသား အကျိုးစီးပွားကိုထိပါးမခံဖို့၊ ဗမာပြည်ရဲ့ပိုင်နက်နယ်မြေကို နည်းနည်းမှ အထိပါးမခံဖို့လိုပါတယ်။
(၄) လီနင်က ဆိုရှယ်လစ်တော်လှန်ရေးအတွက် ရေးထားတာပါ။ ကျနော်တို့က ဒီမိုကရေစီ တော်လှန်ရေးအဆင့် လုပ်ရမှာပါ။ မော်စီတုန်းရဲ့ “ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ်“ က ပိုပြီး လက်တွေ့ကျပါတယ်။ လေ့လာရတာနဲ့ နားလည်သဘောပေါက်ဖို့ လွယ်ကူပါတယ်။
(၅) တော်လှန်ရေးဆိုတာ တောင်းယူတာမဟုတ်။ တိုက်ယူတာ ဖြစ်တယ်။ လီနင်၊ မော်စီတုန်းတို့ ရေးသားချက်ရဲ့အနှစ်သာရက ဒါပါပဲ။
ပြည်သူ့အာဏာဂျာနယ် အမှတ်(၃၅)၊ ဒီဇင်ဘာ ၂ဝ၁၂ ခုနှစ်မှ။
ပထမအကြိမ်၊ မေ ၂ဝ၁၄ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဝါဒဖြန့်ချိရေးဌာနက ထုတ်ဝေသော (ဗီအိုင်လီနင်ပြုစုသည့်) နိုင်ငံတော်အစိုးရနှင့်တော်လှန်ရေးစာအုပ်မှ)

နိုင်ငံတာ်နှင့်တော်လှန်ရေးကို ထပ်မံလေ့လာရာမှ ရရှိချက်(၁)

0 comments
နိုင်ငံတာ်နှင့်တော်လှန်ရေးကို ထပ်မံလေ့လာရာမှ ရရှိချက်(၁)
ဦးစွာပြောချင်တာက ဒီစာတမ်းဟာ ပုဂ္ဂလိကအမြင်ဖြစ်တယ်။ ဆွေးနွေးဖို့ အစပြုထားထာသာဖြစ်တယ်။
လီနင်ရဲ့ ဒီကျမ်းရင်းကို တော်လှန်ရေးလည်းမလုပ်သေးခင် နိုင်ငံရေးအာဏာလည်းမ ထူထောင်ဖူးသေးခင်က စပြီး လေ့လာခဲ့ပါတယ်။ အထူးသဖြင့် တော်လှန်ရေးပိုင်းကို ပိုပြီးစိတ်ဝင်စားခဲ့တယ်။ နားလည်သလိုလိုတော့ရှိတယ်။ ဒါပေမဲ့ နက်နက်ရှိူင်းရှိူင်းတော့မဟုတ်။
အခန်း(၁) က…
အုပ်စိုးသူလူတန်းစားနဲ့ ရန်ဘက်ပဋိပက္ခ မပြေငြိမ်းနိုင်မှူက “နိုင်ငံတော်“ ပေါ်လာတာဆိုတာကိုတော့ သဘော ပေါက်တယ်။ အဲဒီတုန်းက အုပ်စိုးသူက အင်္ဂလိပ်နယ်ချဲ့သမားဖြစ်နေလို့ပဲ။ ပြည်တွင်းမှာ သူ့အဓိကဒေါက်တိုင်တွေ ကလည်း လက်ဝေခံနဲ့ ပဒေသရာဇ်မြေရှင်ကြီးတွေဆိုတော့ သဘောပေါက်ဖို့မခက်ဘူး။ ပြည်သူကို ရှင်းလင်း တင်ပြရင်လည်း “ဘဝပေးအသိအရ“ သဘောပေါက်လွယ်တယ်။
(၂) ဒါပေမဲ့
၄၈ လွတ်လပ်ရေးရတော့ လက်နက်ကိုင်တိုက်ပွဲတိုက်ရတော့ ပါတီတွင်းမှာကိုပဲ အတွေးအခေါ် ၂ ခု ပေါ်တယ်။ ပြည်သူလူထုအတွင်းလည်း ဇဝေဇဝါဖြစ်ါတယ်။
ဖဆပလ အစိုးရက(ကချင်၊ ကရင်၊ ဂေါ်ရခါးတပ်တွေ) ကိုအသုံးပြုပြီး “ကွန်မြူနစ်ချေမှူန်းရေး“လုပ်တော့ အဲ့ဒီ တပ်တွေရဲ့ အကုန်လု၊ အကုန်မီးရှိူ့ ယောက်ျားမှန်မျှ အကုန်သတ် ပေါ်လစီကြောင့် ပြည်သူလူထုက “ဘဝပေး အသိအရ လက်နက်ကိုင်တော်လှန်ရေးဘက် (A/S) တိမ်းညွှတ်တယ်။ ပြည်သူ့ရဲဘော် တောခို၊ RBA တော်လှန်ရေး ဘက်ရောက်၊ KNDO က ပုန်ကန်တော့ တော်လှန်ရေးဒီရေ မြင့်တက်လာတယ်။ ဒါ့ကြောင့် ပါတီတွင်းက A/S ဆန့်ကျင်ရေးသမားတွေပါ A/S ကို လက်ခံလာာကတယ်။ သူတို့ကတောင် ပိုပြီး တက်ကြွသယောင်ယောင်ပဲ။
ဒါပေမဲ့ ပါတီရဲ့လမ်းစဉ်မှာ “၂ နှစ်အတွင်းစစ်နိုင်ရေး“ စစ်ရေးလမ်းစဉ်အမှားကြောင့် တပ်တွေပြိုတော့ A/S ဆန့်ကျင်ရေးသမားတွေက A/S ကို စပြီး မေးခွန်းထုတ်လာတယ်။ “စစ်တမ်း“တွေရေးပြီး ဖြန့်ကြတယ်။
သူတို့ရဲ့အဓိကအကြောင်းပြချက်က…
ဖဆပလအစိုးရဟာ အမျိုးသားဓနရှင်အစိုးရဖြစ်တယ်။ ပေါင်းလည်းပေါင်း တိုက်လည်းတိုက်ရမယ့်လူတန်းစားပဲ၊ အာဏာရစပဲရှိသေးတယ်။
သူတို့အမျိုးသားဓနရှင်တွေရဲ့စက်မှူလုပ်ငန်း ထူထောင်ခွင့်ပေးရမယ်။ ဒီမိုကရေစီတော်လှန်ရေး ဆုံးခန်းတိုင်လုပ်ခွင့် သူတို့ကိုပေးရမယ်။
ဗမာပြည်ကို စက်မှူနိုင်ငံတော်ဖြစ်မှာပဲ ပါတီက “ဆိုရှယ်လစ်တော်လှန်ရေး“ကို လုပ်သင့်တယ်…တဲ့။
သူတို့ကို ဖဆပလအစိုးရရဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကို ခွဲခြမ်းစိတ်ဖြာပြစမ်းပါလို့ပြောတော့ သူတို့က ဖဆပလ ဆိုရှယ်လစ်တွေရဲ့ “ကြွေးကြော်သံတွေကိုပဲ“ပြောပြနိုင်တယ်။
အခိုင်အမာ(လက်တွေ့)ကိုပြောပါဆိုတော့လည်း ဟင်္သတဦးမြတို့၊ ဆမားဒူးဝါးကြီးတို့ရဲ့ အမျိုးသားစက်မှူလုပ်ငန်း စိတ်ကူးတွေပဲပြောနိုင်တယ်။ ဦးမြနဲ့ဆမားကြီးက ပေါ်လစီချနိုင်သူတွေမဟုတ်ဘူး။ ပါ်လစီချနိုင်သူက ဦးကျော်ငြိမ်း၊ ဦးနုတို့ပဲ။ သူတို့ကလည်း ကြွေးကြော်သံထုတ်ပြီး လက်တွေ့လုပ်တာက အမေရိကန်။ ဂျပန်၊ အင်္ဂလိပ်တို့ရဲ့ လက်ဝေခံလုပ်ပြီး စက်မှူလုပ်ငန်းတချို့လုပ်နေတာပဲ။ နယ်ချဲ့သမားတွေကလည်း စက်မှူလုပ်ငန်မဟုတ်တဲ့ လုပ်ငန်းတွေမျာပဲ ရင်းနှီးမြှုပ်နှံကြတယ်။ လမ်းပန်းဆက်သွယ်ရေးလို၊ လျှပ်စစ်မီးစက်လို၊ ဟိုတယ်လုပ်ငန်းလို ဟာတွေမှာပဲ ရင်းနှီးမြှုပ်နှံကြတယ်။ ဖက်စပ်တွေလုပ်တော့ ပိုဆိုးသွားတယ်။ စက်မှူနိုင်ငံကြီးတွေကကုန်ချောကို အောတိုက်သွင်းတာကို တဆင့်ဖြန့်ဖြူးတဲ့လက်ဝေခံအလုပ်ပဲ ဖြစ်နေတယ်။
မဆလစစ်အာရှင်ခေတ်ကျတော့ ဂျပန်၊ ဂျာမဏီတို့ရဲ့လက်ဝေခံ ပိုပြီးပီသလာတယ်။ နဝတ/နအဖ စစ်အာဏာ ရှင်ခေတ်ကျတော့ တရုတ်လက်ဝေခံဖြစ်တာပါပဲ။
အခု ဦးသိန်းစိန်အစိုးရက အမေရိကန်၊ ဂျပန်၊ ဥရောပသမဂ္ဂ(EU) ပြန်ဝင်လာဖို့လုပ်တော့လည်း သူတို့ ဘာကိုပဲ စိတ်ဝင်စားာကသလဲဆိုတာကိုပြနေပြီ။ ဗမာပြည်မှာ အမျိုးသားစက်မှူထွန်းကားဖို့ မရှိပါဘူး။ စက်မှူနိုင်ငံ ထူထောင်ရေးဟာ ကြွေးကြော်သံပဲဖြစ်မှာပါ။
၁၉၅၅ ကျတော့(၅၅ လမ်းစဉ်)ဆိုတာ ပါတီက ချမှတ်တယ်။ ဟိုတုန်းက A/S ဆန့်ကျင်ရေးသမားတွေ အားလုံး (တကယ့်ကို အားလု့း A/S ကို စုံကန်ပြီး လက်နက်ချကြတယ်။ ၁၉၅၈ အိမ်စောင့်အစိုးရခေတ်ကျတော့ ပါတီက အနိမ့်ဆုံးကျချိန်ဖြစ်သွားပြီ။ A/S ကို တရွတ်တိုက်လိုက်နေတဲ့သူတွေလည်း တဖြုတ်ဖြုတ် လက်နက်ချကြတယ်။ “၅၅ လမ်းစဉ်“ တခုတည်းကြောင့်လို့တော့ ပြောလို့မရပါဘူး။ အမှားတွေဒဏ်ကို စုပု့ခံရတာပါပဲ။
၁၉၈၉-၉၀ နောက်ပိုင်း၊ ပါတီက A/S ပါတီက UG ပါတီဖြစ်သွားပြီ။ ဓနရှင်လစ်ဘရယ်လ်ဝါဒ ခေတ်စားနေပြီ။ နိုင်ငံတော်ရဲ့ လူတန်းစားလက္ခဏာကိုဖျောက်ဖျက်ပြစ်ပြီ လင်ကွန်းရဲ့ “ဂက်တီးဘာ့ဂ်မိန့်ခွန်း“ Gettysburg ထဲက “ပြည်သူတွေရဲ့အစိုးရ၊ ပြည်သူတွေအတွက် ပြည်သူက တင်မြှောက်ထားတဲ့အစိုးရ“ ဆိုတာကို အမွှမ်းတင် လာကြတယ်။
လူတန်းစားတွေ ကွဲကွဲပြားပြားရှိနေတဲ့လူ့အဖွဲ့အစည်းမှာ ပြည်သူတွေရဲ့အစိုးရဆိုတာ မရှိနိုင်ပါဘူး။
အုပ်စိုးသူလူတန်းစားက ဗြောင်ထွက်ပြတဲ့ နဝတ/နအဖလို အစိုးရမျိုးဖြစ်ချင်ဖြစ်၊ ဗြောင်မထွက်ပဲ နောက်ကွယ်မှာ
ပုန်းကွယ်နေတဲ့ ဦးသိန်းစိန်အစိုးရမျိုးဖြစ်မှာပဲ။
၁၉၅၈ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် ဓနရှင်လူတန်းစားအစိုးရသရုပ် မပီသေးပေမယ့် ၁၉၆၂ ခုနှစ်ကစပြီး အခုထိ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် ဓနရှင်လူတန်းစားရဲ့လက္ခဏာက ပီပီပြင်ပြင် ဖြစ်လာတာပဲ။ ဒါမှမဟုတ် ဗြောင် ထွက်ရပ်သလား နောက်ကွယ်ကနေသလားဆိုတာက ပြည်တွင်းပြည်ပ အခြေအနေတွေအရ လုပ်ကြတာပါ။
မျက်မှောက်လောကမှာ…
လူတန်းစားသို့မဟုတ် လူ့အလွှာတခုခုရဲ့နိုင်ငံတော်ပဲရှိတယ်။ ဗြောင်သော်လည်းကောင်း ပုန်းကွယ်ပြီးသော် လည်းကောင်း သူတို့ရဲပအာဏာရှင်စနစ်ကို ကျင်သုံးကြတာချည်းဖြစ်တယ်။
လူတန်းစားပေါင်းစုံရဲ့ ပြည်သူ့အစိုးရဆိုတာမရှိနိုင်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး မိမိရဲ့ရရှိချက်ကို ဆက်လက်ပြီး တင်ပြပါ့မယ်။ ထပ်ပြောပါရစေ။ ငြင်းခုန်ဖို့မဟုတ်ပါ။ ဆွေးနွေးဖို့ပါ။
တောင်းယူရင် အုပ်စိုးသူကသဒ္ဓါသလောက် ရမှာပါ။ သူတို့ဆီက အာဏာကို တောင်းယူလို့ရမယ်ထင်ရင်တော့ ရိုးလွန်းရာ ကျပါလိမ့်မယ်။
ပြည်သူ့အာဏာဂျာနယ် အမှတ်(၃၅) ဒီဇင်ဘာ ၂ဝ၁၂ ခု နှစ်မှ ဖြစ်ပါတယ်။
(မှတ်ချက်။ နိုင်ငံတော်နှင့်တော်လှန်ရေးကို ထပ်မံလေ့လာရာမှရရှိချက်(၂)ကို ဆက်တင်ပေးပါ့မယ်)

Saturday, September 21, 2019

(ချစ်တီးတွေ မျက်စေ့လည်မယ့်ခေတ်)

0 comments
(ချစ်တီးတွေ မျက်စေ့လည်မယ့်ခေတ်)
Fed လို့ အတိုကောက်ခေါ်တဲ့ အမေရိကန်ဗဟိုဘဏ်မှာ အမှူဆောင်အရာရှိ ၁၇ ဦးရှိပြီး အရေးကြီးဆုံးဖြတ်ချက်တွေအတွက် ၁ဝ ဦးမှာ မဲပေးခွင့်ရှိပါတယ်။ ဇူလိုင်လမှာ တကြိမ်ချပြီးနောက် အမေရိကန်ဘဏ်တိုးနှူန်း ထပ်လျှော့ချမယ်မချဘူး လိပ်ခဲတည်းလည်းဖြစ်နေရာကနေ ဗုဒ္ဒဟူးနေ့မှာ နောက်ထပ် ဒဿမ ၂၅ ရာခိုင်နှူန်းထပ်လျှော့ချလိုက်ပါပြီ။ ခုဆို အမေရိကန်ဗဟိုဘဏ်တိုးနှူန်း ၁ ဒဿမ ရ၅ နဲ့ ၂ ရာခိုင်နှူန်းကြားပဲရှိပါတော့တယ်။ မဲပေးခွင့်ရှိသူ ၁ဝ ယောက်အနက် ၇ ယောက်ကလျှော့ချဖို့၊ ၂ ယောက်က ၂ ဒဿမ ၂၅ မှာပဲထားဖို့ တယောက်ကတော့ ဒဿမ ၅ဝ လျှော့ချဖို့မဲပေးခဲ့တာမို့ ၇ မဲ ၃ မဲနဲ့ ဒဿမ ၂၅ လျှော့ချလိုက်တာပါ။ သမတကတော့ ဒီလူတွေဟာ လူမိုက်တွေ ညဏ်မရှိဘူး ငတုံးတွေ လဒူတွေ ကစနူတွေဘာညာနဲ့ နင့်နင့်သီးသီးပြောနေတာကြာပါပြီ။ သူက ဖြစ်နိုင်ရင် ဘဏ်တိုးနှူန်းကို သုညအထိ ချစေ့ချင်ပြီး ပိုဖြစ်နိင်ရင် မိုင်းနပ်စ်အထိပါချစေ့ချင်နေတာပါ။ 
ကမ္ဘာ့နိုင်ငံအသီးသီးက တရုတ်-အမေရိကန်ကုန်သွယ်စစ်ကြောင့် စီးပွားရေးဆုတ်ယုတ်ယိုယွင်းမှူဖြစ်နိုင်ခြေတွေကြောင့် ဘဏ်တိုးနှူန်းတွေကို သူ့ထက်ငါ အလုအယက်ချကြ၊ ငွေတန်ဖိုးတွေချကြလုပ်နေချိန်မှာ အမေရိကန်ဘဏ်တိုးနှူန်းမြင့်နေတာ ဒေါ်လာငွေတန်ဖိုးကတက်နေတာကြောင့် အမေရိကန်မှာအခက်တွေ့နေတာပါ။ လာ ရင်းနှီးမြှုပ်နှံမယ့်သူက ဒေါ်လာဝယ်ရတော့မယ်ဆို(ငွေချေးတော့မယ်ဆို) အတိုးသတ်နေရနဲ့တင် မရှူနိုင်မကယ်ာနိုင် ဖြစ်ရမယ့်အပေါက်ကိုး။
တကယ်လို့ လာမယ့် ၆ လပတ်အတွင်း အမေရိကန်သာ စီးပွားရေးဆုတ်ယုတ်မှူဖြစ်ခဲ့ရင့် ၂ဝ၂ဝ မှာ သမတပြန်ဖြစ်ဖို့ သူ့မျှော်လင့်ချက်အိပ်မက်ဟာ တစစီပြိုကွဲသွားစရာရှိလို့ ထရမ့်အနေနဲ့ အကြီးအကျယ်စိုးရိမ်နေတာပါ။ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာအနေအထားတွေက တွေ့နေရသလို စီးပွားဆုတ်လိမ့်မယ်လို့ အတတ်ဟောနေကြသူတွေကလည်း များများလာပါတယ်။ ထရမ့်နဲ့ သူဖြူရင်ငါမဲဖြစ်နေတဲ့ CNN ကတောင် ဒီတချီတော့ ထရမ့်ဘက်ကနေပြီး ဗဟိုဘဏ်ဥက္ကဌဂျရုမ်းပိုဝဲလ်ကို ပြင်းပြင်းထန်ထန်ဝေဘန်လာပါတယ်။ 
Organization for Economic Co-operation and Development OECD ကလည်း ကမ္ဘာလုံးဆိုင်ရာ စီးပွားဆုတ်ယုတ်ကျဆင်းမှူဖြစ်ဖို့ အဆိုးဆုံးအခြေအနေကိုဆိုက်နေပြီလို့ တမြန်နေ့ကပဲ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။ အစီရင်ခံစာမှာ တကမ္ဘာလုံး ဂျီဒီပီဟာ ၃ ဒဿမ ၂ သာရှိလိမ့်မယ်လို့ ဆိုခဲ့ရာကနေ ခုတော့ ၂ ဒဿမ ၉ သာရှိတော့မယ်လို့ပြင်ဆင်ပြောဆိုလာပါတယ်။ အမေရိကန်ဂျီဒီပီလည်း ၂ ဒဿမ ၄ အထိကျနေပြီး ၂ဝ၂ဝ ရောက်တဲ့အခါ ၂ အထိပဲ ရှိလိမ့်မယ်လို့ အကဲဖြတ်ထားပါတယ်။ တရုတ်ရဲ့ဂျီဒီပီကိုလည်း ၆ဿမ ၁ အထိ လျှောချတွက်ချက်ပြပြီး ၂ဝ၂ဝ ရောက်တဲ့အခါ ၂ ဒဿမ ၇ အထိကျသွားနိုင်တယ်လို့ ဆိုထားပါတယ်။ ဂျာမဏီလည်း စီးပွားရေးတွေ ကမောက်ကမဖြစ်သလို ဗြိတိန်လည်း ဘရီဇစ်ပြဿနာနဲ့ လုံးလည်ချာလည်လိုက်ကာ စီးပွားရေးနွံထဲဆင်းသွားမယ်လို့ဆိုပါတယ်။ 
ကမ္ဘာ့ကုန်သွယ်ရေးတင်းမာမှူတွေ၊ ကုန်ထုတ်လုပ်မှူကျဆင်းတာတွေ၊ ပထဝီနိုင်ငံရေးပြဿနာတွေ၊ ငွေကြေးနဲ့ဘဏ္ဏာရေးဆိုင်ရာ အကျပ်အတည်းတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ Recession ဆိုတဲ့ စီးပွားဆုတ်ယုတ်မှူဟာ မလွဲမသွေဖြစ်လိမ့်မယ်လို့ တပ်အပ်ပြောသူတွေကပြောနေကြတာပါ။ ဒီဂယက်ဟာ သေးတဲ့ဂယက်မဟုတ်သလို ကမ္ဘာ့နိုင်ငံတွေကို ပတ်လည်ထိခိုက်သက်ရောက်လာမှာပါ။ ကုန်ဈေးနှူန်းကြီးမြင့်မှူ အလုပ်လက်မဲ့ပြသနာနဲ့ ဒေးသန္တလက္ခာဆောင်တဲ့စစ်ပွဲတွေအထိ ဦးတည်ရင်လည်းတည်သွားပါလိမ့်မယ်။
ဒေသိယဆိုင်တဲ့ အကန့်အသတ်စစ်ပွဲတွေကတော့ ခုလည်းရှိနေတာမို့ သိတ်တော့မထူးပါဘူးကွာလို့လောက်ကြီးအထိ လျှော့မတွက်ကြဖို့လည်း သတိပေးသူတွေပေးနေပါတယ်။ ဒီလိုအနေအထားမှာ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသူတွေကလည်း မနည်းပါဘူး။ ခေတ်က ရွှေကိုယူသည် ငွေကိုယူသည် ပြီးတော့ လူကပိုပါယူသည်ဆိုတဲ့ချစ်တီးတွေ မျက်စေ့လည်မယ့်ခေတ်ပါ။ ဒါပေမယ့် ချစ်တီးဟာ ချစ်တီးမို့ အချိန်တန်တော့ သမီးပျိုလေးတွေ ခြေတော်တင်မှာပါ။
သေချာတာကတော့ ကလေးတွေမုန့်ဖိုးကအစ အိမ်ရှင်မတွေမီးဖိုချောင်စရိတ်နဲ့ အလုပ်သမားတွေရဲ့ဝင်ငွေအလယ် လုပ်ငန်းရှင်ကြီးငယ်တွေရဲ့အမြတ်အစွန်းတွေအထိပါ သက်ရောက်လာပါပါ။ အနည်းနဲ့အများပဲ ကွာမှာပါ။ ရွှေဈေး ဒေါ်လာဈေး ရေနံဈေးတွေလည်း ငှက်ဖျားတက်သလို တက်လိုက်ကျလိုက် ဗြောင်းဆန်နေလိမ့်မယ်လို့ ခန့်မှန်းသူတွေရှိပါတယ်။ 
ခုလိုဆိုတော့ ရတက်မအေးစရာတွေချည်းပါလားတွေးပြီး စားမဝင်အိပ်မပျော်ကြီးတော့ သိတ်မဖြစ်စေလိုပါ။ ကမ္ဘာကြီးဟာ စစ်ကြီး ၂ စစ် စီးပွားပျက်ကြီးတွေအကြိမ်ကြိမ်ထိခဲ့မှန်ခဲ့ပျက်စီးခဲ့ဖူးပါတယ်။ ပြန်ကုစားရင်း နာလန်ထရင်း တိုးတက်ဖြစ်ပေါ်ပြောင်းလဲနေတာပါ။
မျိုးမြင့်ချို

Friday, September 20, 2019

(အပြည့်ပါနိုင်တဲ့တနေ့)

0 comments
(အပြည့်ပါနိုင်တဲ့တနေ့)
ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ အခြားဓါတ်သတ္ထုတွေ တူးဖော်ရေး၊ ကျောက်မီးသွေးအပါအဝင် လောင်စာသုံးစွဲမှူတွေနဲ့ပတ်သက်လို့ အရင့်အရင်သမတအဆက်ဆက်ကပြဌာန်းထားခဲ့တဲ့ ပတ်ဝန်းကျင်သဘာဝအထိအခိုက်သက်သာရေး အပျက်အစီးနည်းနိုင်သမျှနည်းရေး စည်းမျဉ်းစည်းကမ်းတွေကို ဒေါ်နယ်လ်ထမ့်က လျှော့ချလို့ရသမျှလျှော့ချတာ တချို့ကိုဖျက်ပစ်တာတွေအထိ ဆက်တိုက်လုပ်နေပါတယ်။ 
သဘောက စက်မှူလုပ်ငန်းတွေ သယံဇာတတူးဖော်ရေးလုပ်ငန်းတွေကြောင့် ပတ်ဝန်းကျင်သဘာဝကြီးကို ထိခိုက်ပျက်ဆီးတာအရေးမကြီးဘူးဆိုတဲ့သဘော ကဲလာတယ်။ ကိုယ်တိုင်ကလည်း Climate Change ကို ရေရေရာရာနားမလည် နားလည်တဲ့ပညာရှင်တွေထောက်ပြပြောဆို အကြံညာဏ်ပေးတာတွေလည်း နားမထောင်ပဲ စက်မှူအရင်းရှင်ကြီးတွေနဲ့ သယံဇာတတူးဖော်ရေးသမားတွေအကြိုက် တနည်းပြောရရင် အရင်းရှင်သူကြွယ်ကြီး ဇောတိကဖြစ်ရေး ဇောင်းပေးလုပ်တာပါ။ ထင်ရာစိုင်းနေတာပါ။
ဒီနေ့ အမေရိကန်အပါအဝင် ကမ္ဘာတဝှမ်းမှာ လူငယ်တွေ(အထူးသဖြင့် တက္ကသိုလ်ကောလိပ်ကျောင်းသားတွေ)က ပတ်ဝန်းကျင်သဘာဝကြီး ယိုယွင်းပျက်စီးလာတာ၊ ဂေဟစနစ်ဟန်ချက်ပျက်နေတာ၊ Climate Change ဖြစ်နေတာတွေကို ဝိုင်းဝန်းထိန်းသိမ်းပြုပြင်ကြဖို့ အစိုးရတွေအနေနဲ့ အဲ့ဒါတွေနဲ့ပတ်သက်တဲ့ ပိုမိုတင်းကျပ်တဲ့ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေထုတ်ပြန်ဖို့ လှူပ်ရှားတောင်းနေကြတာပါ။ တောင်းဆိုလှူပ်ရှားမှူတွေကျယ်ပြန့်သထက်ကျယ်ပြန့်လသလို အင်အားအနေနဲ့လည်း တောင့်တင်းလာနေပါတယ်။ 
ဗမာပြည်ကလူငယ်တွေလည်း တတပ်တအားပါနေတာတွေ့ရပေမယ့် အားရစရာကောင်းလောက်အောင်တော့ မတွေ့မိသေးပါဘူး။ အဲ့ဒါကလည်း အဲ့ဒီအရေးထက်ပိုလည်းအရေးကြီး လက်ငင်းအခြေအနေရဲ့လိုအပ်ချက်လည်းဖြစ်တဲ့ ဒီမိကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးစုများအရေး(ဖက်ဒရယ်လ်ပြည်ထောင်စု)စတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ဘက်မှာ အားစိုက်နေကြရတာဖြစ်နေလို့ပါပဲ။ 
အဲ့ဒီအရေးတွေပြေလည်ဖို့ဆို စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးက အဓိကပါ။ စစ်အာဏာရှင်စနစ်အပြီးတိုင်ဇျက်သိမ်းရေးဟာ အန္တိမရည်မှန်းချက်ဖြစ်ပြီး လောလောဆယ်မှာ ဗမာ့နိုင်ငံရေးထဲကနေ စစ်တပ်ရဲ့အခန်း စစ်တပ်ရဲ့အရေးပါမှူကိုလျှော့ချရေး လုံးပမ်းနေကြရတာပါ။ ခုထက်ပို စစ်ဘောင်ကျဉ်းပြီး နိုင်ငံရေးဘောင်ကျယ်လာရင် ပတ်ဝန်းကျင်သဘာဝအရေးတွေမှာ ခုထက်ပိုပါဝင်နိုင်မှာပါ။ စစ်အာဏာရှင်စနစ်ပျက်သုဉ်းသွားရင်တော့ အပြည့်အဝပါဝင်နိုင်မှာပါ။ 
စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည်ကိုဆင်းရဲမွဲတွေသွားအောင် လူတွေကိုအကျင့်စာရိတ္တတွေပျက်ဆီးသွားအောင်တင်လုပ်ရုံမက ပတ်ဝန်းကျင်သဘာဝကြီးကိုပါ ရစရာမရှိအောင်ဖျက်ဆီးနေတာပါ။
မျိုးမြင့်ချို
စက်တင်ဘာ ၂ဝ။ ၂ဝ၁၉

Tuesday, September 17, 2019

လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က မိုးကြိုမုန်တိုင်း -ရဲဘော်ဖိုးသံချောင်း-

0 comments
လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က မိုးကြိုမုန်တိုင်း
-ရဲဘော်ဖိုးသံချောင်း-
ကျနော်ဒီကိစ္စကို ရင်ထဲမှာမြုံထားရတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ၊ မြံုထားရတယ်လို့ဆိုကတည်းက စိတ်မသက်သာနဲ့ မတတ်သာလို့ဆိုတဲ့အဓိပ္ပာယ်တွေ တွဲလျက်ပါရှိနေတယ်လို့ အောက်မေ့ပါတယ်။ အခုတော့ ပြောလို့ရပြီ၊ ပြောဖို့ကောင်းပြီလို့ယူဆလို့ ဆရာဒဂုန်တာရာရဲ့မွေးနေ့မှာ ဆရာ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အဖြစ်မှန်တခုကို ရှင်းပြတာဖြစ်ပါတယ်၊ ဒါကို ဆရာသိရင် နားလည်းနားလည်နိုင်မယ်၊ စိတ်လည်းချမ်းသာမယ်လို့ ထင်ပါတယ်။ အဖြစ်မှန်ဆိုတိုင်း နေရာမရွေး၊ အချိန်မရွေးပြောနေလို့ မဖြစ်ပါဘူး။ အဖက်ဖက်ထောက်ထားရ၊ ချင့်ချိန်ရတာတွေအများကြီးရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ဆက်စပ်တဲ့ သမိုင်းဆိုင်ရာတွေမှာ ဖြစ်ပါတယ်။

ကျနော်ပြောချင်တာက ''မိုးကြိုမုန်တိုင်း'' ကိစ္စပါ။ ၁၉၇၄ ခုနှစ်ထဲမှာထွက်တဲ့ ဒီစာအုပ်အကြောင်းကို အခုနောက်ပိုင်းလူတွေ ဖတ်ဖူး၊ ကြားဖူးကြသလား ကျနော် အသေအချာမသိပါ။ ဒါပေမဲ့ တချိန်တုန်းကတော့ မုန်တိုင်းတခုဖော်ထုတ်ဖို့ကြိုးစားခဲ့တဲ့ ဒီစာအုပ်တအုပ် ပေါ်ခဲ့ဖူးပါတယ်။ ပါဝင်ရေးသားသူတွေက ဆယ်ယောက်ကျော်ပါတယ်။ ကျနော်နာမည်တွေ မပြောတော့ပါ။ ဒီအထဲမှာ အဲဒီတုန်းက စာပေလောကမှာ နာမည်ရပြီးတဲ့လူ အင်မတန်နည်းပြီး နိုင်ငံရေးနယ်ပယ်ကလို့ ဆိုရမယ့်လူတွေက များပါတယ်၊ ကျနော်နဲ့ရင်းနှီးတဲ့ ကိုကိုးကျွန်းပြန် အများအပြားပါကြပါတယ်။
ဒီစာအုပ်ထဲက ဆောင်းပါးတွေဟာ အဲဒီတုန်းက နာမည်ကြီးတဲ့စာရေးဆရာတွေ၊ အထူးသဖြင့် လက်ဝဲနွယ်တဲ့စာရေးဆရာတွေရဲ့လက်ရာတွေကို ဝေဖန်တိုက်ခိုက်ထားတာ ဖြစ်ပါတယ်။ 

အဝေဖန်ခံရသူတွေထဲမှာ(ကလောင်နာမည်ရင်းနဲ့ပဲ ရေးခွင့်ပြုပါ) ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ ဂျာနယ်ကျော်မမလေး၊ မြသန်းတင့်၊ မြဇင် စသူတွေ ပါဝင်ပါတယ်။ စာအုပ်တွေကို နိုင်ငံရေးရှုထောင့် သက်သက်ကနေ ဝေဖန်တိုက်ခိုက်တာလို့ ပြောရင်ရမလားပဲ။

ရေးသူတွေထဲမှာ ကိုကိုးကျွန်းပြန်၊ ကျနော်နဲ့အင်မတန်ရင်းနှီးသူတွေပါတာမို့ သူတို့စာအုပ်ကို ပြင်ဆင်စဉ်မှာပဲ အဲဒီအထဲက ရဲဘော် ၂ ယောက်၊ ၃ ယောက် မန္တလေးကိုလာပြီး ဒီကိစ္စကျနော်ကိုပြောပြပြီး အကြံဉာဏ်တောင်းတာမျိုး လုပ်ပါတယ်။ နောက်ပြီးကျနော့်ကိုလည်း ပါတီရဲ့(ဗမာပြည်ကွန်မြူနစ်ပါတီရဲ့)သဘောထား သိရရင်ကောင်းမှာပဲဆိုတာမျိုး ပြောပါတယ်။ အဲဒီတုန်းက ကျနော်တို့ဟာ ပဲခူးရိုးမဗဟိုနဲ့ရော၊ အရှေ့မြောက်စစ်ဒေသနဲ့ပါ အဆက်အသွယ်ရှိကြောင်း ပြောမပြလိုက်ပါ။ ကိုယ့်စိတ်ထဲမှာ တမျိုးကြီးလို ခံစားရတာကတကြောင်း၊ စာမူတွေကို ဖတ်ရသေးတာမဟုတ်လို့ကတကြောင်း ကျနော့်သဘောထားကို မတင်မကျပဲ ပြောပြလိုက်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ပါတီကို အတတ်နိုင်ဆုံး အမြန်ဆုံးနည်းနဲ့သတင်းပို့သဘောထားမေးခဲ့ပါတယ်။ အမြန်ဆုံးဆိုပေမဲ့ ဆက်သားလွှတ်ပြောရတာမို့ သိပ်တော့မမြန်ပါဘူး၊ ၄-၅ လ လောက်ကြာတယ် ထင်ပါတယ်။

သူတို့ဟာ မန္တလေးအပြင် ပျဉ်းမနား၊ မြင်းခြံစတဲ့နေရာတွေကိုပါ လူခွဲဆင်းသွားပြီး ဒီကိစ္စကို ရှင်းပြကြပါတယ်။ ထောက်ခံမဲတောင်းတဲ့သဘောနဲ့ တူပါတယ်။ ဒါပေမဲ့နယ်တွေက သူတို့ကို ဆန့်ကျင်ကြောင်း၊ သဘောမတူကြောင်းပဲ ပြောလိုက်ကြပါတယ်။

ပါတီက ကျနော်တို့ဆီကို ဒီဟာမလုပ်သင့်ကြောင်း မဆိုင်းမတွ အကြောင်းပြန်ပါတယ်။ သူ့ခေတ် သူ့အခါနဲ့ ရေးခဲ့တာတွေကို (ဥပမာ ဒဂုန်တာရာရဲ့ 'မေ') ကို နောက်ပိုင်းခေတ်ပေတံနဲ့ တိုင်းတာမျိုး မဖြစ်သင့်ကြောင်း၊ နောက်ပြီး ဒီလူအားလုံးဟာ ရန်သူတွေမဟုတ်ကြောင်း၊ ဒါကြောင့် တားနိုင်ရင် တားဖို့လည်း ပြောပါတယ်။ ဒီလိုနဲ့ ဒီသဘောထားကို သိသိချင်း ကျနော် ရန်ကုန်ကို ဆင်းသွားပါတယ်။ အဲဒီအခေါက်ဟာ ကျနော် ကိုကိုးကျွန်းကထွက်လာပြီးတဲ့နောက် နောက်ဆုံးအကြိမ် ရန်ကုန်ကိုသွားတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ကျနော်ဟာ ပါတီနဲ့အဆက်အသွယ်ရှိနေပြီမို့ ရန်ကုန်ကို အရမ်းမသွားပါ။ နောက်ပြီး အဲဒီတုန်းက လူထုလှုပ်ရှားမှုတွေလည်း တခြိမ်းခြိမ်းဖြစ်နေတာမို့ ကျနော်လိုလူအနေနဲ့ လှုပ်ရှားမှုများရင် ထောက်လှမ်းရေးက အာရုံစိုက်မှာ စိုးရိမ်ရတယ်။ ဒါပေမဲ့ ဒီကိစ္စကတော့အရေးကြီးတဲ့အပြင် ကျနော်နဲ့လည်း လူပုဂ္ဂိုလ်ချင်းရင်းနှီးတာမို့ ကျနော့်ကိုပဲဆင်းသွားဖို့ တာဝန်ပေးကြပါတယ်။

ဒါပေမဲ့ ကျနော်ဟိုကိုရောက်တော့ စာအုပ်က ရိုက်ပြီး၊ ချုပ်ပြီးနေပါပြီ။ ကျနော်နောက်ကျသွားပါတယ်။ ကျနော်က ပါတီရဲ့သဘောထား ဒီလိုရှိကြောင်း ပြောပြလို့ရတဲ့လူတွေကို ပြောပြတော့ သူတို့ ငိုင်သွားကြပါတယ်။ ဒီလိုနဲ့ အဲဒီစာမူတွေဟာ စာအုပ်အဖြစ်ကိုရောက်ရှိသွားပါတယ်။ ဒါပေမဲ့ စာအုပ်ဆိုင်တွေပေါ်တော့ မရောက်လိုက်ပါဘူး။ စာပေစိစစ်ရေးက ခွင့်မပြုလို့ပါ။ ဒီလိုနဲ့ စာအုပ်ဆယ်ဂဏန်းလောက်ကိုသာ တိုးတိုးတိတ်တိတ် ဖြန့်လိုက်ရပါတယ်။ စာပေလောကမှာ ကြီးကြီးမားမားဂယက်ရိုက်တာ မတွေ့ခဲ့ရပါဘူး။ လက်ဝဲသမားတွေလောကမှာပဲ ပြောစရာဆိုစရာဖြစ်ခဲ့တာ မှတ်မိနေပါတယ်။ ကျနော္ထိတွေ့ရသလောက်ဆိုရင် ဒီစာအုပ်ထဲကအယူအဆတွေကိုထောက်ခံတဲ့လူ အင်မတန်ကိုနည်းပါတယ်။ ပြင်းပြင်းထန်ထန်ဆန့်ကျင်သူနဲ့ ဘာမှမပြောချင်လို့ မပြောသူသာများပါတယ်။
သေချာတာတခုကတော့ အဲဒီစာအုပ်ဟာ စာပေလောကအတွက်ရော လက်ဝဲနိုင်ငံရေးသမားတွေအတွက်ပါ ဘာမှ အကျိုးမပြုခဲ့တာအမှန်ပါပဲ၊ ညီညွတ်ရေးထက် သွေးကွဲမှုကိုသာ ဖြစ်စေခဲ့ပါတယ်။
ဒီစာအုပ်ပါ အယူအဆတွေဟာ ဘယ်မှာမြစ်ဖျားခံလို့ ဘယ်လိုအခြေအနေအောက်မှာ ရေးကြတယ်ဆိုတာ ကျနော်သိတယ်လို့ဆိုရင် မမှားဘူးထင်ပါတယ်။ တွေးခေါ်မှုနဲ့ လုပ်ဟန်ဟာ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးမှာ မြစ်ဖျားခံတာပါ၊ နောက်ပြီး အဲဒါတွေကို ဗမာပြည်လက်တွေ့အခြေအနေနဲ့ပေါင်းစပ်တယ်လို့ ပြောချင်ကြတာ ဖြစ်ပါတယ်။ ထောင့်အသီးသီးက တုန့်ပြန်ချက်တွေကိုသိရတဲ့အတွက် ရေးသူတွေဟာ မကြာမီမှာပဲ သူတို့မှားကြောင်း သဘောပေါက်သွားကြတာကိုလည်း ကျနော်သတိရနေပါတယ်။ ဒီလိုနဲ့ စာအုပ်ဖြစ်ပြီးလို့ များမကြာခင်မှာပဲ အဲဒီတုန်းက ပါဝင်ခဲ့သူတွေဟာ အဲဒီလုပ်ငန်းကို စံထားပြန်ပြောကြတာ မကြားရတော့ပါဘူး။

ကျနော် အခု ဒါကိုရေးနေတာဟာ မိုးကြိုမုန်တိုင်းစာအုပ်ကို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ညွှန်ကြားချက်နဲ့၊ ဒါမှမဟုတ် သဘောထားနဲ့ ရေးကြထုတ်ကြတာလို့ အဲဒီတုန်းက တချို့က ထင်မြင်ယူဆနေခဲ့ကြတာတွေ ရှိဖူးလို့ ဒီလိုမဟုတ်တဲ့အကြောင်း ဖြေရှင်းတာဖြစ်ပါတယ်။ အဲဒီတုန်းက ရေးသူတွေကို အပြစ်တင်တာ မဟုတ်ပါဘူး။ ဒီနေ့အခါမှာ သူတို့(တချို့ကွယ်လွန်ပါပြီ) ဘယ်လိုစဉ်းစားတယ်ဆိုတာကို ကျနော်တို့ သိနေကြတာပါ။ သူတို့နဲ့ သူတို့ဝေဖန်ခဲ့တဲ့စာရေးဆရာကြီးများရဲ့ နောက်ပိုင်းဆက်ဆံရေးတွေကိုလည်း ကျနော်တို့ သိနေကြပါတယ်။ အခုပြန်ကြည့်လိုက်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃-၄၀ က နတ်နေကိုင်းတွေဟာ နတ်နေကိုင်း ဖြစ်မြဲ ဖြစ်နေကြပါတယ်။
ဒါ တကယ့်သမိုင်းပါ။
ရဲဘော်ဖိုးသံချောင်း
(22.4.2011)
အင်တာနက်စာမျက်နှာမှ

အမေရိကန်ရဲ့ ဒေါ်လာလက်နက်

0 comments
အမေရိကန်ရဲ့ ဒေါ်လာလက်နက်
(ပါတီအနှစ်(၈၀) ပြည့် အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ် အမှတ်(၄၂) တွင် ဖော်ပြမည့် ဆောင်းပါး)
ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ အမေရိကန်နိုင်ငံဟာ စီးပွားရေးအရ၊ စစ်ရေးအရ အင်အားကြီးထွားလာခဲ့တယ်။ ကမ္ဘာစစ်အပြီးမှာ စစ်ရှုံးသွားတဲ့ အင်အားကြီးနယ်ချဲ့နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ အီတလီ၊ ဂျပန်တို့သာမက စစ်နိုင်တဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်စတဲ့ နယ်ချဲ့နိုင်ငံကြီးတွေလည်း စစ်ဘေးဒဏ်ကြောင့် အဘက်ဘက်က အင်အားချည့်နဲ့ကုန်ကြတယ်။ ဒါ့အပြင် လက်အောက်ခံကိုလိုနီနိုင်ငံတွေမှာလည်း အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပေါ်ပေါက်လာနေတာကြောင့် သူတို့အတွက် အခြေအနေတွေက ပိုဆိုးသွားခဲ့တယ်။ တချိန်က အင်အားကြီး နယ်ချဲ့နိုင်ငံတွေဖြစ်ခဲ့တဲ့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ စတဲ့နိုင်ငံတွေဟာ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် မလွဲမရှောင်သာ အမေရိကန်နိုင်ငံကို မှီခိုရတော့တယ်။ အမေရိကန်နိုင်ငံကတော့ စီးပွားရေးအရတောင့်တင်းလာတဲ့အပြင် စစ်ရေးဘက်မှာလည်း အစွမ်းထက်တဲ့ အနုမြူဗုံးကို တနိုင်ငံတည်း ပိုင်ဆိုင်ထားတာကြောင့် နယ်ချဲ့နိုင်ငံများရဲ့ခေါင်းဆောင်ဗိုလ်ကြီး ဖြစ်လာခဲ့တယ်။ ၁၉၄၉ ကျမှ ဆိုဗီယက်ယူနီယံက အနုမြူဗုံးစမ်းသပ်ဖောက်ခွဲနိုင်ခဲ့တာဖြစ်တယ်။
ဒီလို ကမ္ဘာ့နယ်ချဲ့ဗိုလ်ကြီးအဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ အရင်ပုံစံအဟောင်းအတိုင်း နယ်ချဲ့စနစ်နဲ့ အလုပ်မဖြစ်တော့တာကြောင့် ပုံစံသစ်နယ်ချဲ့စနစ်အတွက် ကမ္ဘာ့စနစ်တရပ်ကို ထူထောင်ဖို့ အမေရိကန်နိုင်ငံဟာ စိုင်းပြင်းလုပ်ဆောင်တယ်။ တဘက်မှာလည်း ဒုတိယကမ္ဘာစစ်အတွင်းမှာ အင်အားကြီးထွားလာရုံမက ဩဇာပါတက်လာတဲ့ ဆိုဗီယက်ယူနီယံနဲ့ အသစ်ပေါ်ပေါက်လာတဲ့ ဆိုရှယ်လစ်နိုင်ငံများကို ရင်ဆိုင်ဖို့လည်း ပြင်ဆင်ရပါတယ်။
ဒုတိယကမ္ဘာစစ်မပြီးဆုံးခင် ၁၉၄၄ ခုနှစ် ဇူလိုင်လမှာကတည်းက နိုင်ငံတကာစီးပွားရေးစနစ်ကို ပြန်လည်ထူထောင်တည်ဆောက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မဟာမိတ်အဖွဲ့ဝင်နိုင်ငံ ၄၄ နိုင်ငံဟာ အမေရိကန်နိုင်ငံ ဘရက်တန်ဝု (Bretton Woods) မှာ တွေ့ဆုံစည်းဝေးခဲ့ကြတယ်။ အရေးကြီးဆုံးဖြတ်ချက်တခုကတော့ အမေရိကန်ဒေါ်လာတန်ဖိုးကို ရွှေနဲ့ချိတ်ဆက်ထားမယ်၊ ကျန်နိုင်ငံအသီးသီးကလည်း မိမိတို့ငွေကြေးကို ရွှေ သို့မဟုတ် ဒေါ်လာနဲ့တန်ဖိုးသတ်မှတ် အသေချိတ်ဆက်ထားရမယ် ဆိုတာပါပဲ။ ဒါ့အပြင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကမ္ဘာ့့ဘဏ် (World Bank) စတဲ့ ငွေကြေးအဆောက်အအုံ ယန္တရားတွေဟာလည်း ဒီအစည်းအဝေးကနေ ပေါ်ထွက်လာကြတာ ဖြစ်ပါတယ်။ ဒီယန္တရားတွေဟာ နယ်ချဲ့နိုင်ငံတွေက ကမ္ဘာကိုလွှမ်းမိုးခြယ်လှယ်ရာမှာကော၊ နယ်ချဲ့စနစ်သစ်အတွက်ပါ အရေးပါတဲ့ အခန်းက ပါဝင်လာကြတာ ဖြစ်ပါတယ်။
အနိုင်နိုင်ငံရဲ့ ငွေကြေးတွေဟာ သူတို့တန်ဖိုးတွေကို ဒေါ်လာနဲ့ချိတ်ဆက်ထားရတာကြောင့် နိုင်ငံတကာမှာ ဒေါ်လာဟာ အရေးပါတဲ့ ငွေကြေးတရပ် ဖြစ်လာခဲ့တယ်။ စစ်အပြီး နိုင်ငံအများအပြားဟာ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံမှ အကူအညီနဲ့ချေးငွေဒေါ်လာတွေ ရယူကြရတယ်။ ဥရောပမှာ မာရှယ်စီမံကိန်းဆိုပြီး လုပ်ခဲ့တယ်။ဒီလိုနဲ့ အမေရိကန်ဒေါ်လာဟာ နိုင်ငံတကာငွေကြေး အဆင့်နေရာကို ရရှိလာခဲ့တယ်။
၁၉၇၁ ခုနှစ်မှာ အမေရိကန်သမ္မတနစ်ဆင်က ဒေါ်လာတန်ဖိုးကို ရွှေနဲ့ချိတ်ဆက်ထားတာကို ဖျက်ပစ်ခဲ့တယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့စီးပွားရေးအရ စိုးမိုးခြယ်လှယ်ထားနိုင်မှုကြောင့် ဒေါ်လာငွေရဲ့တန်ဖိုးခိုင်မာမှုကို ဆက်ပြီးအာမခံ ပေးထားနိုင်ခဲ့တယ်။နိုင်ငံတကာဘဏ္ဍာရေးစနစ်ကို အမေရိကန်နိုင်ငံက စိုးမိုးထားနိုင်တာကြောင့် ဒေါ်လာရဲ့ အခန်းဟာလည်း ဆက်ပြီးခိုင်မာအားကောင်းနေခဲ့တယ်။
ယခုအချိန်အထိနိုင်ငံတကာကုန်သွယ်မှုမှာ ဒေါ်လာကို ကြားခံငွေကြေးအဖြစ် အဓိကသုံးကြတယ်။ ကမ္ဘာ့ကုန်သွယ်မှုစုစုပေါင်းရဲ့ ၈၅ % ဟာ ဒေါ်လာငွေနဲ့ ဖြစ်တယ်။ နိုင်ငံအားလုံးရဲ့ နိုင်ငံခြားအရန်ငွေကြေးဆိုလည်း ဒေါ်လာကို အဓိကထားကြတယ်။ ၂၀၁၈ ခုနှစ်မှာ တကမ္ဘာလုံးနိုင်ငံခြားအရန်ငွေစုစုပေါင်းရဲ့ ၆၁.၆၉ %ဟာ ဒေါ်လာ ဖြစ်တယ်။ ဒုတိယလိုက်တဲ့ ယူရိုက ၂၀ % ကျော်ကျော်လေးပဲရှိတယ်။ ၁၉၈၀ ခုနှစ်တွေတုန်းက နိုင်ငံခြားအရန်ငွေစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁ ထရီလျံ (၁ ထရီလျံမှာ ၁၀၀၀ ဘီလျံရှိ) ရှိရာကနေ အခုဆိုရင် ၁၀ ထရီလျံကျော်အထိ ရှိလာပြီဖြစ်တယ်။ (၂၀၁၇ ဖေဖော်ဝါရီထုတ် အီကော်နော်မစ်စာစောင်) ဒါ့အပြင် နိုင်ငံစုံကော်ပိုရေးရှင်းတွေ၊ ပုဂ္ဂလိက သူကြွယ်ကြီးတွေရဲ့ငွေကြေးအရင်းအနှီးတွေဟာလည်း အဓိကအားဖြင့် ဒေါ်လာတွေပဲ ဖြစ်တယ်။
ဒါကြောင့်လည်း အမေရိကန်နိုင်ငံအနေနဲ့ ကုန်သွယ်မှုမှာကော နိုင်ငံတကာငွေပေးငွေယူရှင်းတမ်းနဲ့ ဘတ်ဂျက်မှာပါ လိုငွေအကြီးအကျယ်ပြမှုကို နှစ်ပေါင်းရှည်ကြာစွာ ထိန်းထားနိုင်နေတာ ဖြစ်တယ်။ တဖက်မှာ assest ရရန်ပိုင်ခွင့်တန်ဖိုးနဲ့ GDP ဖောင်းပွ၊ ကြွေးမြီဟာ GDP နဲ့ အချိုးကျ မြင့်တက်လာ၊ အမေရိကန် အလုပ်သမားများရဲ့ ဝင်ငွေဟာ နှစ်ပေါင်းများစွာ တိုးလာခြင်း မရှိဘဲ ရပ်တန့်နေတာ ဖြစ်တယ်။ အမေရိကန်ဒေါ်လာဟာ နိုင်ငံတကာသုံးငွေကြေးဖြစ်နေတာနဲ့အမျှ အမေရိကန်နိုင်ငံရဲ့ အကြွေးဟာလည်း တက်ပြီးရင်းတက်ရင်း ဖြစ်နေတယ်။ အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံး မြီစားနိုင်ငံဖြစ်တယ်။
အခုလို အမေရိကန်ဒေါ်လာက ကမ္ဘာ့ငွေကြေးဈေးကွက်မှာ စိုးမိုးထားနိုင်တာဟာ အမေရိကန်နယ်ချဲ့ရဲ့စီးပွားရေး၊ စစ်ရေးနဲ့ နိုင်ငံရေးပါဝါတွေကြောင့်ပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ စစ်ရေးဘက်မှာလည်း အခုဆိုရင် တကမ္ဘာလုံးမှာ စစ်စခန်းပေါင်း (၈၀၀) ခန့် ရှိတယ်။ ဒါဟာ နေတိုးစတဲ့ စစ်မဟာမိတ်အဖွဲ့တွေရဲ့ စစ်စခန်းတွေ မပါသေးပါ။ နောက်ပြီး ကမ္ဘာကြီးကိုလည်း ဒေသအလိုက် စစ်ဌာနချုပ်တွေခွဲထားပြီး စိုးမိုးထားတယ်။ နယူကလီးယား စစ်ဌာနချုပ်နဲ့အာကာသစစ်ဌာနချုပ်တောင် ဖွဲ့ထားပါတယ်။ ကမ္ဘာ့သမုဒ္ဒရာအသီးသီးမှာလည်း အမေရိကန်ရေတပ်တွေ လှည့်လည်နေကြတာ ဖြစ်တယ်။
အမေရိကန်နိုင်ငံဟာ စစ်ရေးလို ပါဝါအမာအပြင် ပါဝါအပျော့လို့ဆိုရမယ့် နိုင်ငံရေး၊ ယဉ်ကျေးမှု၊ သတင်းမီဒီယာ၊ ဝါဒဖြန့်ချိရေးစတဲ့ ဘက်မှာလည်း အင်နဲ့အားနဲ့ ဝါယမစိုက် အားထုတ်ပါတယ်။ အနောက်အုပ်စုရဲ့ သတင်းမီဒီယာတွေက ကမ္ဘာကြီးကို အဓိက လွှမ်းမိုးခြယ်လှယ်နေတာ ဖြစ်ပါတယ်။ ရုပ်ရှင်ဂီတစာပေစတဲ့ နယ်ပယ်တွေမှာလည်း သူတို့ပါပဲ။ ကွန်မြူနစ်၊ ဆိုရှယ်လစ်ကို အပုပ်ချတိုက်ခိုက်တာနဲ့ အရင်းရှင်စနစ်က သာလွန်ကောင်းမွန်ကြောင်းတွေကို ဝါဒဖြန့်ကြတယ်။ ဒီအတွက် ငွေကြေးနဲ့အရင်းအမြစ်တွေကိုလည်း သုံးနိုင်ကြတယ်။နောက်ပိုင်း အရပ်ဘက်အဖွဲ့အစည်းလှုပ်ရှားမှုတွေ ပေါ်လာတော့ အဲဒီဘက်မှာလည်း ဓနအင်အားအလုံးအရင်းနဲ့ ဝင်လှုပ်ရှားပါတယ်။ အမေရိကန်အစိုးရတင်မကပါဘူး။ ကော်ပိုရေးရှင်းကြီးတွေအပြင် သူကြွယ်ကြီးတွေကလည်း အရပ်ဘက်အဖွဲ့အစည်းတွေကို ငွေလုံးငွေရင်းနဲ့ထောက်ပံ့တာ၊ ကိုယ်ပိုင်ထူထောင်တာတွေ လုပ်ပါတယ်။ အမေရိကန်ဘီလျံနာသူဌေးကြီးဆိုးရော့စ် ထူထောင်ထားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေလည်း မနည်းပါဘူး။ သူ့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာ နာမည်ကြီးအရပ်ဘက်အဖွဲ့အစည်း ဖြစ်တယ်။
ဆိုရှယ်မီဒီယာတွေ အားကောင်းလာတော့လည်း သူတို့လိုချင်တဲ့ အာဘော်၊ ဦးတည်ချက် စတဲ့ဘက်တွေဆီ ရောက်အောင် ဆိုရှယ်မီဒီယာတွေကနေ တွန်းဆော်ကြတယ်။ ငွေအင်အားနဲ့ နည်းပညာတွေ ကောင်းကောင်း အသုံးချကြတယ်။ ကမ္ဘာမှာ တွင်ကျယ်နေတဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေဟာလည်း အမေရိကန်နိုင်ငံကပါပဲ။ ဥရောပမှာ ဖြစ်ခဲ့တဲ့ အရောင်တော်လှန်ရေးဆိုတာတွေမှာ ဆိုရှယ်မီဒီယာတွေကို ကောင်းကောင်းအသုံးချခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ ကိုယ့်ရှူးကိုယ်ပတ်လို့ ဆိုရမလားပဲ။ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်းထရမ့် အနိုင်ရအောင် ရုရှားက ဆိုရှယ်မီဒီယာတွေကတဆင့် ဝင်နှောင့်ခဲ့တယ်ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတာ မပြီးနိုင် ဖြစ်နေပါတယ်။
ဒါဟာ ကမ္ဘာ့ဗိုလ်ကြီးအဆင့်နေရာကို အမေရိကန်နိုင်ငံက ဘယ်လိုနည်းတွေသုံးပြီး ရရှိလာတယ်၊ ဘယ်လိုထိန်းသိမ်းနေတယ်ဆိုတာကို အကြမ်းဖျင်း ဖော်ပြတာ ဖြစ်ပါတယ်။အခြေခံအားဖြင့် အထက်ပါ နည်းလမ်း (၃) သွယ်ကို လက်ကိုင်ထားသုံးပါတယ်။ အဓိကကတော့ စစ်ရေးပါ။ စစ်အင်အားမပါဘဲ ကျန်နည်းသက်သက်နဲ့ ကမ္ဘာကြီးကို မစိုးမိုးနိုင်ပါဘူး။ ဒီဆောင်းပါးမှာတော့ ဒီနည်းလမ်းတွေထဲက ဘဏ္ဍာရေးနည်း (ဝါ) ဒေါ်လာလက်နက်ကို ဘယ်လိုသုံးသလဲဆိုတာကို တင်ပြသွားမှာ ဖြစ်ပါတယ်။
၂၁ ရာစုမှာ အမေရိကန်ရဲ့စီးပွားရေးအင်ယာအတွင်းမှ ခွဲထွက်ဖို့ ကြိုးစားတဲ့နိုင်ငံတနိုင်ငံ ဒါမှမဟုတ် သူ့ဩဇာကို မနာခံတဲ့ နိုင်ငံတနိုင်ငံကို အမေရိကန်က ဘယ်လိုဘဏ္ဍာရေးနည်းလမ်းတွေသုံးပြီး ချေမှုန်းသလဲဆိုတာ ဗင်နီဇွဲလားနိုင်ငံကို နမူနာထား ဖော်ပြလိုပါတယ်။ ဒီနေရာမှာ ပစ်မှတ်အထားခံရတဲ့ နိုင်ငံရဲ့ ပထဝီအနေအထား၊ စီးပွားရေး - နိုင်ငံရေး - လူမှုရေးအနေအထားစတာတွေဟာလည်း အရေးပါပါတယ်။
ကမ္ဘာပေါ်မှာ အမေရိကန်အရင်းရှင်စနစ်က အဓိကကြီးစိုးခြယ်လှယ်နေနိုင်တာမှာ အမေရိကန်ဒေါ်လာဟာ ဗဟိုအချက်အချာနေရာမှာ ရှိပါတယ်။ ဒီအကြောင်း အထက်မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်မှုနဲ့ နိုင်ငံတကာ အရန်ငွေကြေးဟာ ဒေါ်လာဖြစ်နေတာကြောင့် ဒေါ်လာငွေဈေးအတက်အကျဟာ နိုင်ငံအသီးသီးရဲ့ ငွေတန်ဖိုးအပေါ် ဂယက်ရိုက်ပါတယ်။ ဒေါ်လာဈေးတက်ရင် ကျန်ငွေကြေးတွေ ဈေးကျတယ်။ ဒေါ်လာကျရင် ကျန်ငွေတွေ ဈေးတက်ပါတယ်။ အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်း အတက်အကျကို နိုင်ငံအသီးသီးက စောင့်ကြည့်နေရတာ ဖြစ်တယ်။ ‘အမေရိကန်က နှာချေတာနဲ့ တကမ္ဘာလုံး နာမကျန်းဖြစ်ကုန်ကြတယ်’ လို့ ဆိုရိုးရှိတယ် မဟုတ်လား။
ပစ်မှတ်ထားတဲ့ နိုင်ငံရဲ့ ငွေကြေးပြိုလဲအောင် အမေရိကန်နိုင်ငံက အရင်လုပ်ပါတယ်။ အဲဒီနိုင်ငံရဲ့ ငွေတန်ဖိုး ထိုးကျအောင် လုပ်တာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့ ပစ်မှတ်နိုင်ငံပိုင်ဆိုင်တဲ့ အရန်နိုင်ငံခြားငွေ ဒေါ်လာတွေ ခန်းခြောက်သွားအောင် လုပ်ပါတယ်။ ဒေါ်လာတွေ အထွက်များပြီး အဝင်နည်းအောင် ဒါမှမဟုတ် မရှိအောင် လုပ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံကို ကြည့်ပါ။ ဗင်နီဇွဲလားနိုင်ငံမှာ ဒေါ်လာတွေ ရှားပါးသွားအောင် အမေရိကန်က နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ ဗင်နီဇွဲလားနိုင်ငံထဲက ဒေါ်လာတွေ ပြည်ပ ထွက်သွားအောင် လုပ်တယ်။ ပြည်ပက ဒေါ်လာတွေ ဗင်နီဇွဲလားထဲ မရောက်အောင် နည်းမျိုးစုံနဲ့ ပိတ်ဆို့ဟန့်တားတယ်။
ဗင်နီဇွဲလားမှာ လုပ်ငန်းလုပ်နေတဲ့ အမေရိကန်ကုမ္ပဏီကြီးတွေကို ဖိအားပေးပြီး သူတို့အမြတ်ငွေဒေါ်လာတွေ အမေရိကန်ကို ပြန်ပို့စေတယ်။ ဒါမှမဟုတ် အခြားနိုင်ငံရှိ သူတို့ရဲ့ကုမ္ပဏီခွဲတွေဆီ ပို့စေပါတယ်။ ဗင်နီဇွဲလားမှာ လုပ်ငန်းမလုပ်တော့ဘဲ ပြန်လည်ထွက်ခွာသွားစေဖို့လည်း လုပ်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ ဗင်နီဇွဲလားနိုင်ငံသားများကို သူတို့ပိုင် ဒေါ်လာတွေ ကိုလံဘီယာနိုင်ငံမှာ ပြောင်းလဲရင်းနှီးမြှုပ်နှံကြဖို့ ဝါဒဖြန့်တိုက်တွန်းတယ်။ အဲဒီလိုလုပ်ဖို့ လွယ်ကူအဆင်ပြေအောင် အွန်လိုင်းပေါ်မှာရင်းနှီးမြှုပ်နှံနိုင်တဲ့ ကုမ္ပဏီတခုကို အမေရိကန်က ထောင်ထားပေးထားတယ်။ ဒီလိုမှမဟုတ်ရင်လည်း အမေရိကန်နိုင်ငံ မိုင်ယာမီဘဏ်တွေမှာ အဲဒီဒေါ်လာတွေ ပြောင်းအပ်ကြဖို့ တိုက်တွန်းအားပေးတယ်။ ဗင်နီဇွဲလားသူကြွယ်ကြီးတွေကလည်း အမေရိကန်ဇာတ်ညွှန်းအတိုင်း လိုက်ကကြတယ်။ ရှိတဲ့ဗင်နီဇွဲလားငွေ ဗိုလီဗာနဲ့ မှောင်ခိုဈေးကွက်မှာ ဒေါ်လာတွေ ဝယ်ကြတယ်။ ဒီလိုနဲ့ ဗင်နီဇွဲလားငွေဗိုလီဗာလည်း တန်ဖိုးကျပြီးရင်းကျ ဖြစ်လာတယ်။
တဖက်မှာ ပြည်တွင်းဒေါ်လာ ခန်းခြောက်သွားအောင်လုပ်သလို နောက်တဖက်မှာလည်း ပြည်တွင်းဒေါ်လာဝင်လမ်းတွေကို ပိတ်ဆို့ဟန့်တားတယ်။ ဗင်နီဇွဲလားကို ဒေါ်လာငွေမချေးကြဖို့ အမေရိကန်နဲ့နိုင်ငံတကာက ဘဏ်ကြီးများကို အမေရိကန်က ဟန့်တားတယ်။ ဗင်နီဇွဲလားနိုင်ငံက တင်ရှိနေတဲ့ အကြွေးတွေ မလျှော်ပစ်ဖို့ တားတယ်။ ဗင်နီဇွဲလားနိုင်ငံက ထုတ်တဲ့ဒေါ်လာနဲ့တန်ဖိုးသတ်မှတ်တဲ့ ငွေချေးစာချုပ်တွေ မဝယ်ကြဖို့ တားတယ်။ ဒီလိုနဲ့ ဗင်နီဇွဲလားဟာ ဘဏ်ချေးငွေတွေ မရတော့သလို ငွေချေးစာချုပ်တွေလည်း ရောင်းမထွက်ဖြစ်လာတယ်။
ဗင်နီဇွဲလားနိုင်ငံမှ ရေနံဝယ်ရင် ဝယ်တဲ့နီုင်ငံတွေကို စီးပွားရေးပိတ်ဆို့အရေးယူမှုတွေလုပ်မယ်လို့ အမေရိကန်က ရာဇသံပေးတယ်။ ရေနံရောင်းရငွေဟာ ဗင်နီဇွဲလားအတွက် နံပါတ်တစ် ဒေါ်လာငွေရရှိရာလမ်း ဖြစ်တယ်။ ဗင်နီဇွဲလား အစိုးရဘဏ္ဍာငွေရဲ့ ၉၅ % ဟာ ရေနံရောင်းရငွေအပေါ်မှာ တည်မှီနေတာ ဖြစ်တယ်။ အမေရိကန်ရာဇသံကြောင့် တရုတ်၊ ရုရှားနဲ့ အခြားနိုင်ငံအနည်းငယ်ကိုပဲ ဗင်နီဇွဲလားဟာ ရေနံရောင်းနိုင်တော့တယ်။ ၂၀၁၈ မှာ ရေနံဈေးကျလာလို့ အခြေအနေက ပိုဆိုးသွားတယ်။ ဒါ့အပြင် အရင်အကြွေးတွေအတွက် ပြန်ဆပ်ရမယ့် အတိုးအရင်းတွေနဲ့ အရင်က ထုတ်ရောင်းထားတဲ့ ဒေါ်လာနဲ့သတ်မှတ်ထားတဲ့ ငွေချေးစာချုပ်တွေအတွက် အတိုးတွေကိုတော့ ဒေါ်လာနဲ့ ပြန်ဆပ်ရမှာတွေလည်း ရှိတယ်။ အဲဒါတွေကိုလည်း ဒေါ်လာအစား ရေနံနဲ့ ပေးချေရတာတွေ ဖြစ်လာတယ်။
အမေရိကန်က နောက်ထပ်တဆင့်တက်လိုက်တာကတော့ အမေရိကန်နိုင်ငံမှာ အခြေစိုက်ထားတဲ့ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံဖြန့်ဖြူးရေးကုမ္ပဏီ (CITGO) ကို သိမ်းလိုက်တာပဲ ဖြစ်တယ်။ ပိုဆိုးတာက ကုမ္ပဏီက သိမ်းလို့ရတဲ့ ဒေါ်လာတွေကို အမေရိကန်စိတ်ကြိုက်ရွေးထားတဲ့ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂွိုင်ဒါကို ထောက်ပံ့ပေးတာပဲ ဖြစ်တယ်။ (CITGO) ကုမ္ပဏီကို သိမ်းရုံတင်မကဘဲ ဗင်နီဇွဲလားနိုင်ငံက အမေရိကန်ဘဏ်တွေမှာ အပ်နှံထားတဲ့ ဒေါ်လာငွေတွေ၊ အရင်းအနှီးစတာတွေ အားလုံးကိုလည်း သိမ်းဆည်းလိုက်တယ်။ အခြားနိုင်ငံတွေကိုလည်း အလားတူလုပ်ဖို့ အမေရိကန်က ဖိအားတွေ တိုးပေးတယ်။
ဒေါ်လာတွေသိမ်းဆည်းရုံနဲ့ မရပ်ဘဲ နိုင်ငံခြားတိုင်းပြည်တွေမှာရှိတဲ့ ဗင်နီဇွဲလားပိုင် ရွှေတွေကိုလည်း သိမ်းဆည်းပြန်ပါတယ်။ ဒါဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲ ဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ ဖိအားကြောင့် အမေရိကန်မဟာဘဏ်ကြီး (Citigroup) ဟာ သူနဲ့ဗင်နီဇွဲလားနိုင်ငံအကြားသဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဗင်နီဇွဲလားပိုင် ရွှေတွေကို ထိန်းချုပ်ထားလိုက်တယ်။ အင်္ဂလန်ဗဟိုဘဏ် (Bank of England) ကလည်း အမေရိကန်ရဲ့ တိုက်တွန်းချက်ကိုလိုက်နာပြီး ဗင်နီဇွဲလားက အပ်နှံထားတဲ့ ရွှေတွေကို အေးခဲ (freeze) လိုက်တယ်။ အဘူဒါဘီ (Abu Dhabi) စတဲ့ ကမ္ဘာ့ရွှေဈေးကွက်တွေမှာလည်း ဗင်နီဇွဲလားရွှေတွေ အရောင်းအဝယ်မလုပ်ဖို့ တားဆီးပိတ်ပင်တယ်။ ရွှေရောင်းပြီး ဒေါ်လာရနိုင်တာကြောင့် အခုလို ပိတ်ပင်လိုက်တာပါပဲ။
ဒေါ်လာရှားပါးလာပြီး ဗိုလီဗာငွေတန်ဖိုးကျလာတာကြောင့် ဒေါ်လာနဲ့ဝယ်သွင်းရတဲ့ ကုန်စည်တွေ ဈေးကြီးလာတယ်။ များများလည်းမသွင်းနိုင်လို့ ကုန်ပစ္စည်းတွေ ဈေးကြီးရုံမက ရှားပါးပြတ်လပ်တာတွေ ဖြစ်တယ်။ အခြေခံစားကုန်သောက်ကုန်တွေ၊ ဆေးဝါးတွေ ရှားပါး ပြတ်လပ်ကုန်တယ်။ စက်ရုံအလုပ်ရုံတွေလည်း လိုအပ်တဲ့ ကုန်ကြမ်းတွေ၊ စက်ပစ္စည်းစတာတွေ မတင်သွင်းနိုင်တော့လို့ လုပ်ငန်းချုံ့ပစ်တာ၊ ဒါမှမဟုတ် ပိတ်ပစ်ရတာတွေ ဖြစ်လာတယ်။ အလုပ်လက်မဲ့တွေ များလာတယ်။ တိုင်းပြည်စီးပွားရေးလည်း ကမောက်ကမဖြစ်တယ်။ ကျပ်တည်းမှုဒဏ်မခံနိုင်တော့လို့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာသူတွေ သန်းနဲ့ချီရှိလာတယ်။
တိုင်းပြည်ငွေတန်ဖိုးထိုးကျပြီး မတည်မငြိမ်ဖြစ်နေပေမယ့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဆီက ဗင်နီဇွဲလားဟာ ငွေချေးလို့ မရပါဘူး။ ဒီအဖွဲ့(IMF) ဟာ နိုင်ငံတနိုင်ငံ စီးပွားရေးအကျပ်အတည်းဖြစ်ရင် ငွေချေးငှားကူညီဖို့ ဖွဲ့ထားတာလို့ ဆိုတယ်။ ဒါပေမဲ့ ဒီအဖွဲ့မှာ အမေရိကန်နဲ့သူ့မဟာမိတ်ဥရောပနိုင်ငံတွေက မဲအများစုကို ချုပ်ကိုင်ထားတာမို့ အမေရိကန် သဘောမတူတာမှန်သမျှ ဒီအဖွဲ့က မလုပ်ပါဘူး။ အမေရိကန်နဲ့အလွမ်းသင့်တဲ့ အာဂျင်တီးနားနိုင်ငံကတော့ မကြာသေးခင်ကပဲ ဒီအဖွဲ့ကြီးဆီက စံချိန်တင်ချေးငွေ ဒေါ်လာ ၅၀ ဘီလျံရခဲ့တာဖြစ်တယ်။
အဲဒီလို တဖက်မှာ ဗင်နီဇွဲလားအစိုးရကို အကျပ်ဆိုက်အောင်လုပ်ပေးပြီး တဖက်မှာတော့ သူတို့လူ အတိုက်အခံခေါင်းဆောင်ဆိုတဲ့ ဂွိုက်ဒါကို ငွေကြေးအကူအညီတွေပေးတယ်။ နောက်ပြီး မီဒီယာတွေကလည်း ဗင်နီဇွဲလား အစိုးရ စီမံခန့်ခွဲမှုမကောင်းလို့၊ ခြစားလို့ အခုလို တိုင်းပြည်ကမောက်ကမဖြစ်ရတာလို့ ဝါဒဖြန့်ပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ စစ်ရေးနည်းလမ်းကိုလည်း ပယ်မထားဘူးဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဗင်နီဇွဲလားစစ်တပ်ကိုလည်း အစိုးရကို သစ္စာမခံဘဲ အတိုက်အခံဘက် ကူးပြောင်းဖို့ ပြောင်ကော ခိုးကြောင်ခိုးဝှက်ပါ လုပ်ပါတယ်။ ဒါပေမဲ့ အခုချိန်အထိ ဗင်နီဇွဲလားသမ္မတ မာဒူရိုဟာ ကြံ့ကြံ့ခံရပ်တည်နေနိုင်တုန်း ဖြစ်ပါတယ်။
ဒါဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံ အမေရိကန်က နိုင်ငံငယ်လေးတနိုင်ငံကို ဘဏ္ဍာရေးဒေါ်လာလက်နက်သုံးပြီး ဘယ်လိုအနိုင်ကျင့်ဗိုလ်ကျစိုးမိုးဖို့ ကြိုးစားနေသလဲဆိုတာကို ဖော်ပြလိုက်တာပါ။ အမေရိကန်ဟာ သူ့ရဲ့အခုလို ကမ္ဘာကြီးကို ဗိုလ်ကျစိုးမိုးနေနိုင်တဲ့ အနေအထားကို ဆက်လက်ထိန်းသိမ်းထားလိုတယ်။ တနည်းအားဖြင့် ဝင်ရိုးတခုတည်းကမ္ဘာစနစ်ကို ထူထောင်ချင်တယ်။ ဒါပေမဲ့ ဒါကို သူ့နောက်လိုက်နိုင်ငံတချို့ကလွဲလို့ ကမ္ဘာ့နိုင်ငံအများစုက လက်မခံကြပါဘူး။ ဝင်ရိုးအများရှိတဲ့ ကမ္ဘာစနစ်ကိုသာ လိုလားကြပါတယ်။
အမေရိကန်တနိုင်ငံတည်းက ဗိုလ်ကျစိုးမိုးမယ့် ဝင်ရိုးတခု ကမ္ဘာ့စနစ်ကို မိမိတို့အနေဖြင့်လည်း မလိုလားပါ။ ဝင်ရိုးတခုကမ္ဘာ့စနစ်ကို ကမ္ဘာ့ပြည်သူအားလုံး သွေးစည်းညီညွတ်စွာဖြင့် ဆန့်ကျင်တိုက်ပွဲဝင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ref - Lenin's Imperialism in the 21st Century (Institute of Political Economy Manila, 2017)
- Financial Imperialism - The Case of Venezuela by Jack Rasmus
- Wikipedia

(“ငါတို့“စိတ်နဲ့ ချစ်တဲ့စာ)

0 comments
(“ငါတို့“စိတ်နဲ့ ချစ်တဲ့စာ)
မင်းအောင်လှိူင်လို ဒေါ်စုလုပ်ရင် ဗမာမွတ်ဆလင်မ်တွေကြား စိတ်သက်သာမှုနဲ့အနွေးထွေးခံရလို့ရတဲ့ကြည်နူးမှူ ပိုရမှာသေချာပါတယ်။ လူမျိုးရေးဘာသာရေးအစွန်းရောက်တွေနဲ့ လစ်ဘရယ်လ်ဒီမိုကရက်အရေခြုံတွေကတော့ မကြိုက်မှာသေချာတယ်။ ခက်နေတာက အင်န်အယ်လ်ဒီကိယ်တိုင်(ဒေါ်စုကိုယ်တိုင်က) ၂ဝ၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီကနေ ဗမာမွတ်ဆလင်မ်တွေ အမတ်မဖြစ်စေရမူချလိုက်တော့ မွတ်ဆလင်မ်စိတ်ထဲ “ငါတို့ကို ခွဲခြားဆက်ဆံတာ ဖယ်ကျဉ်ထားတာဟာ စစ်အုပ်စုတင်မက စုအုပ်စုပါ ပါနေပါရောလား“ဆိုတဲ့ခံစားမှုတွေ နာကျည်းချက်တွေဖြစ်ကုန်တယ်။
ခုနေ ပြင်မယ်ဆို ပြင်လို့ရနိုင်ပါသေးတယ်။ ဗမာမွတ်ဆလင်မ်အသိုင်းအဝိုင်းကို ပြန်နွေးထွေးပြ မိမိအဝန်းအဝိုင်းကြီးနဲ့ ပြန်ပေါင်းစည်းပြတဲ့အနေနဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် အမတ်လောင်းတွေရွေးတဲ့အခါ ဘာသာ/လူမျိုး/ကျားမ မခွဲခြားပဲ အရည်အချင်းရှိသူ၊ တိုင်းပြည်အပေါ်သစ္စာစောင့်သိသူ၊ ပြည်ချစ်စိတ်ရှိသူတွေကို ထည့်သွင်းသင့်တယ်။ အဲ့သလိုတွေလုပ်လို့ မျိုးချစ်အမည်ခံ ဘာသာရေးလူမျိုးရေးအစွန်းရောက် ဗုဒ္ဓဘာသာအကြမ်းဖက်သမားတွေ၊ တယူသန်တဇောက်ကန်းတွေ၊ အယူသည်းတွေရဲ့အဆန့်ကျင်တော့ခံရမှာပါ။
ဒါပေမဲ့ မိမိဟာ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ တန်းတူခွင့်နဲ့ လူ့အခွင့်အရေးနှူန်းစံတန်ဖိုးတွေကို ကိုယ်စားပြုသူ တန်ဖိုးထားသူဆိုတဲ့ ပြယုဂ်နဲ့ပုံရိပ်ကိုပြန်မြှင့်တင်လို့ရလာမယ့်အကျိုးကျေးဇူးက ပိုကြီးပါတယ်။ နိုင်ငံတကာအလည်မှာ အမြင်ပြန်ကောင်းလာစရာရှိပါတယ်။ ခုလို စစ်အုပ်စုကျူးလွန်သမျှရာဇဝတ်မှူတွေကို သေမထူးနေမထူးစိတ်နဲ့ မိုက်မိုက်ကန်းကန်း အရူးအမူးလိုက်ကာကွယ်နေပေမယ့် စစ်အုပ်စုကတော့ ရင်ကြားစေ့ဖို့နေနေသာသာ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင်မမှတ်ပါ။ မိမိသာ အမည်းစက်ထင်သွား လူတကာ အပစ်ပယ်ခံသွားရတာပါ။
ပြန်ဗနွေးထဲနေရာမှာ မာမွတ်ဆလင်မ်တွေကိုတင်မက ခရစ်ယာန်တွေ ဟိန္ဒူတွေစတဲ့လူနည်းစုဘာသာတွေကိုပါ ပြန်နွေးထွေးပြီး စစ်မှန်တဲ့မေတ္တာတရားကိုပြသရမှာပါ။ နိုင်ငံရေးအရအသုံးချဖို့ မိမိကိုယ်ကျိုးစီးပွားရှေးရှုတဲ့ ဟန်ဆောင်ပန်ဆောင်မှူတွေမလုပ်ဖို့က အလွန်အရေးကြီးပါတယ်။ ခုမင်းအောင်လှိူင်လုပ်နေတာ ဘာ့ကြောင့်ဆိုတာ လူတိုင်းသိပေမယ့် ဗမာမွတ်ဆလင်မ်တွေအဖို့တော့ လုပ်ရပ်ကိုအကောင်းဘက်က တွေးမြင်ခံစားပြီး ကြည်နူးမှူ စိတ်သက်သာရာရမှူတော့ဖြစ်မှာ မလွဲပါဘူး။
သူလုပ်လို့ ငါလိုက်လုပ်ရတယ်၊ ငါ လိုက်မလုပ်ဘူးဆိုတာတွေဟာ ကိုယ်ကျိုးစီးပွားတို့ အသုံးချလိုမှူတို့၊ ဟန်ဆောင်ခြင်းတို့ စတာတွေနဲ့ယှဉ်ရင် ပိုပေါ်လွင်ပါတယ်။ သူ ဘာရည်ရွယ်ချက်နဲ့လုပ်လုပ် ငါကတော့ ကောင်းတဲ့စိတ်အနေ မြတ်တဲ့စိတ်အထားနဲ့ အများပြည်သူနဲ့တိုင်းပြည်အကျိုးရှေးရှုပြီး လုပ်စရာရှိလုပ်မယ် မလုပ်ဘူးဆုံးဖြတ်လုပ်ကိုင်တာကသာ နတ်လူသာဓုခေါ်စရာပါ။
ကျနော့် နိုင်ငံရေးဘဝ လက်တွေ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဘဝ လက်တွေ့တွေကမတူပါ။ ခံရတာခြင်းမတူသလို စံရတာခြင်းလည်း မတူပါ။ ကျနော်ဟာ သူမဟုတ်သလို သူဟာလည်း ကျနော်မဟုတ်ပါ။ အလားတူပဲ ဗမာမွတ်ဆလင်မ်တွေဟာ ကျနော်ရောသူပါလို မဟုတ်သလို သူတို့ဟာလည်း ကျနော်တို့လို မဟုတ်ကြပါ။
မတူကွဲပြားမှူတွေကို နားလည်သိမြင်စာနာစိတ်နဲ့ချဉ်းကပ်တဲ့အခါမှာတော့ မင်းရယ် ငါရယ် သူရယ်ဆိုတာဖယ်ပြီး “ငါတို့“နဲ့မှ ရပါတယ်။ ကျနော် ဒီစာကို “ငါတို့“ ဆိုတဲ့စိတ်နဲ့ရေးပါတယ်။
မတရားမှူတွေ ဖိနှိပ်မှူတွေကိုဘဝအသိအမြင်ခံစားမှူကိုယ်ချင်းစာတရားစတာတွေနဲ့ချဉ်းကပ်တဲ့အခါမှာတော့ ရန်ရယ် ငါရယ် ကြားလူရယ်ပဲရှိပါတယ်။ ရန်ကိုပြတ် ကြားလူကိုကြားချတန်ချ မိတ်ဖွဲ့တန်ဖွဲ့ စည်းရုံးတန်ရုံး၊ ငါနဲ့တူတဲ့လူတွေစုပြီး “ရန်ကို“ ရန်လုပ်ရပါတယ်။ အဲ့ဒီအခါ ကျနော် “ရန်ငါ“စိတ်နဲ့ရေးပါတယ်။
မျိုးမြင့်ချို
စက္တင္ဘာ ၁၇၊ ၂ဝ၁၉

Monday, September 16, 2019

(အမေ့ ကရဝါးပလက်)

0 comments
(အမေ့ ကရဝါးပလက်)
မနေ့က ဗမာပိုင်းရောက်လို့ အိမ်တအိမ်မှာ ပြင်းတော်သိမ်(ကရဝါးပလက်)ပင်လေးတပင် ပန်းအိုးနဲ့စိုက်ထားတာတွေ့တယ်။ ၄ ပေနီးပါးလောက်ရှိမယ်။ ဖို့တ်ဝိန်းမှအလွန်ရှားပါတယ်။ ကယ်လ်ဖိုးနီးယားဘက်က ဗမာပြည်ရာသီနဲ့ဆင်တော့ အဲ့ဒီမှာတော့ ၄ ရာသီလုံး အိမ်အပြင်ထုတ်ပြီးပါ စိုက်လို့ရတယ်ပြောတာပဲဗျာ။ ကျနော်တို့ဆီတော့ ဆောင်းမဝင်ခင် အိမ်ထဲအမြန်သွင်း နွေခေါင်ခေါင်ကျမှ အပြင်ထုတ်ဝံ့ပြီး အဲ့ဒီအပင်လေးကို ပိုးမွေးသလိုမွေးရတာပါ။ ပဲစဉ်းငုံတို့ ပဲနီလေးတို့ ပဲဝါလေးတို့ချက်လို့ဆီသတ်ရင် ဒင်းပါမှ ဟင်းမည်သဗျဆိုရလောက်တဲ့ အနံ့ပေါ့လေ။ ဗမာပြည်ဖွားတချို့ကတော့ ဆီသတ်ရွက်လို့ အရောက်လွယ်အောင် ခေါ်ကြတာလည်းရှိပါတယ်။ ကျနော်မနေ့ကရောက်ခဲ့တဲ့အိမ်က စိတ်ကောင်းရှိတဲ့ မိသားစုပါ။ သူတို့ရောက်စကလည်း ကျနော် ကူညီပေးခဲ့ဖူးတာတွေရှိတာ သူတို့ပြောပြမှသိရတာ။ ဒါနဲ့ ကျနော်က ပြင်းတော်သိမ်ပင်လေး စိတ်ဝင်တစားကြည့်နေတော့ “ကိုမျိုးမြင့် လိုချင်လို့လား“တဲ့။ “အေးဗျ ဖို့တ်ဝိန်းကဆိုင်တွေမှာ ကျနော်ရှာနေတာ ဘယ်မှာမှ မတွေ့ဘူး၊ ကျနော့်ညီမများတော့ ကယ်လ်ဖိုးနီးယားဘက်သွားတော့ ဟိုက အသိတယောက်ကပေးလိုက်လို့ တပင်ရလာတယ်ဗျ၊ အဲ့ဒါ သူတို့အိမ်မယ်စိုက်ထားတယ်၊ အမေက ပဲဟင်းချက်ရင် အဲ့ဒါလေးနဲ့ဆီသတ်တာဗျ၊ မွှေးနေရောပဲ၊ ညီမကလည်း ဘယာကြော် ကြော်တဲ့အခါ အဲ့ဒါလေးထည့်ကြော်တတ်တယ်ဗျ၊ ဒီကောင်ပါရင် အနံ့က တယ်သိသာတာပဲ ကောင်းသွားလိုက်တာမှ၊ ခုနတောင် သူ့အိမ်ရောက်လို့ အဲ့ဒါနဲ့ဘယာကြော် ကြော်ထားတာစားခဲ့သေးတယ်၊ ကျနော့်မိန်းမကဆို ၃ ခုတောင် တထိုင်တည်းစားတာဗျ၊ အပင်ပေါက်လေးဘာလေးရရင်တော့ လိုချင်ပါတယ်“ဆိုတော့ “ကျမတို့လည်း ကယ်လ်ဖိုးနီးကပဲရလာတာလေ၊ ဒီမှာစိုက်ထားတာ ကြာပြီ။ နည်းနည်းအေးတာနဲ့ အထဲသွင်း၊ အတော်ကြီးပြန်ပူမှအပြင်ထုတ်နဲ့ အလုပ်တော့ အတော်ရှူပ်သား၊ ဒါပေမဲ့ ကိုယ်တွေက ကြိုက်တာဆိုတော့ ဘယ်တတ်နိုင်မလဲ လုပ်ရတာပေါ့၊ ဒီတခါ အပင်သစ်လေးထွက်လာရင် ခွဲပေးမယ်လေ၊ သူက အမြစ်ရင်းကနေ အပင်သစ်ကလေးတွေထွက်ထွက်လာတတ်တယ်၊ အရင်တခါထွက်လာတော့ အဒေါ်တယောက်ကိုပေးလို့ သူစိုက်ထားတာ သူတောင်စားနေရပြီ၊ ဒီတခါ ကိုမျိုးမြင့်အလှည့်ပေါ့“တဲ့။
ကျနော်လည်း ဝမ်းသာသွားတယ်။ ရလာခဲ့ရင် ကျကျနန ယုယုယယစိုက်မယ်ပေါ့လေ။ အဲ့ဒီအချိန်မှာစိတ်က ဗမာပြည် ထောက်ကြန့်ကအိမ်ကို ခနရောက်သွားတယ်။ ကျနော်တို့အိမ်ရဲ့ ဘယ်ဘက်မှာ စမ်းချောင်းရှိတယ်။ စမ်းချောင်းဟိုဘက်မှာ ခြံကျယ်ကြီးရှိတယ်။ ဆရာမြခြံလို့ ထောက်ကြန့်သားတွေသိတဲ့ခြံေျပါ့ဗျာ။ အဲ့ဒီခြံကြီးက ပစံပြရပ်ကွက်ကနေတဆင့် မြောက်ပိုင်းရပ်ကွက် ဘောလုံးကွင်းရပ်ကွက်တွေကို ဖြတ်သွားလို့ပေါက်တယ်ဗျာ။ ကျနော်တို့အိမ်ရှေ့လမ်းက အဲ့ဒီကိုအောင်သွယ်တဲ့လမ်းပေါ့လေ။ ဈေးပိုင်းတို့ ပဲခူးလမ်းတို့ကလူတွေ မြောက်ပိုင်းသွားတဲ့အခါ လမ်းဆုံဘက်ကနေ တပတ်ကြီးပတ်ပြီး မသွားချင်ရင် ကျနော်တို့နေတဲ့ သြဘာလမ်းထဲဝင်လာ လမ်းဆုံးတော့ ကျနော်တို့အိမ်ပဲ။ အိမ့်ဘယ်ဘက်အရှေ့မယ် ခနော်ခနဲ့ လူလျှောက်က်တံတားလေး ရှိတယ်။ အဲ့ဒါလေးကနေကူးပြီး ခြံထဲကဖြတ်လိုက်ရင် ချိုးဖြူပိုက်လုံးကြီးကိုကျော်တဲ့ဂုံးတံတား ရောက်ရော။ ဂုံးတံတားကနေဆင်းလိုက်တာနဲ့ မှော်ဘီကားလမ်းပေါ် တန်းရောက်သွားတာ မြောက်ပိုင်းအစပေါ့။ မှော်ဘီကားလမ်းအတိုင်း ဆက်လျှောက်သွားရင် တံတားလေးကွေ့တို့ အောင်သပြေတို့ ဘာတို့ဆိုတဲ့လူနေရပ်ကွက်တွေပေါ့ဗျာ။ ခုတော့ အဲ့ဒီဆရာမြခြံက လူနေရပ်ကွက်ကြီးဖြစ်သွားပြီလို့ဆိုတယ်။
ကျနော်တို့အိမ်ဘယ်ဘက်မြေလွတ်က နည်းနည်းကျယ်တယ်။ အဲ့နေရာမယ် အမေက အပင်ပေါင်းစုံစိုက်တယ်။ Dancing Lady ခေါ်တဲ့သစ်ခွတွေကို မြေအိုးထဲ အုန်းဆန်ဖတ်တွေ အုတ်နီခဲအပိုင်းအစတွေ မီးသွေးခဲတွေညှပ်စိုက်ပြီး သားငါးဆေးတဲ့ရေတွေလောင်းပေးတာ၊ ပွင့်ညှာတံတွေမှာ ဂါဝန်ဖားဖားနဲ့ မိန်းကလေးတွေကနေတာကို တွဲလောင်းချိတ်ထားသလို တိမ်းနေယိမ်းနေတာတွေ ပြန်မြင်ယောင်လာတယ်။ သစ်သားတိုင်တွေမှာ အုန်းဆန်ကြိုးပတ် သဇင်ဥတွေညှပ် စိုက်တာ၊ ရှေ့နားလေးမှာ အလွန်မျိုးကောင်း အလုံးလှ အစေ့ပါး အသားထူ အရသာကောင်းတဲ့ မန္တလေးရင်ကွဲသရက်ပင်ကြီးနဲ့ သီးအားအလွန်ကောင်းတဲ့အုန်းပင်ကြီးရှိတာလည်း ပြန်မှတ်မိတယ်။ အုန်းပင် ပင်စည်ကို ဖေါက်ပြီး ဆားသိပ်ပေးရင် သီးအားပိုကောင်းတယ်ဆိုပြီး အဖေက အပင်ခြေ ပေါင်လယ်လောက်အမြင့်မှာဖေါက်ထားတဲ့အပေါက်ကြီးရှိတာလည်း မျက်စေ့ထဲပြန်မြင်တယ်။ ကျနော်ဆေးလိပ်သောက်တတ်စ ခိုးသောက်တော့ ဆေးလိပ်တို လူမမိအောင် အဲ့ဒီအပေါက်ကြီးထဲသွားဖွက်တာ အိမ်က ဘယ်သူမှမသိကြဘူး။
အဲ့ဒီ အုန်းပင်ကြီးအောက်မှာပဲ ကျနော်တို့ရေချိုးတဲ့ရေကန်လည်းရှိတယ်။ ချိုးဖြူပိုက် အိမ်နောက်လမ်းတင်ဆိုတော့ ရေနီးပြီး ရေအားလည်းကောင်းတယ်။ ပိုက်ခေါင်းများဖွင့်လိုက်ရင် ရေသံတဟောဟောနဲ့ကိုနေတာ။ အမေက အိုးနဲ့စိုက်တဲ့အပင် တိုင်နဲ့စိုက်တဲ့အပင်တွေအပြင် မြေချစိုက်တဲ့အပင်တွေလည်း စိုက်တယ်။ ခရမ်းကဇော့ပင်တပင်ရှိခဲ့ဖူးတာ၊ ရဲယိုပင်တပင်ရှိခဲ့ဖူးတာတွေလည်း မှတ်မိနေတယ်။ အမေက မြေတလက်မတောင် အလွတ်မပေးဘူး။ ချောင်ကြိုချောင်ကြားထဲဝင်ပေါက်လို့ရတဲ့ မြင်းခွာတွေလည်း မနည်းဘူး။ ဇော်စိမ်းတို့ ဇော်ကြားတို့ဆို ဖျာ ၆ ချပ်စာလောက် အခင်းကြီးလိုကိုဖြစ်နေတာ။ အိမ်မှာက အဲ့အပင်တွေအသုံးမရှိပေမယ့် ရပ်ကွက်ထဲက ချို့တဲ့သူတွေ ဘုရားပန်းအိုးထိုးဖို့ နတ်ဆက်ဖို့လာတောင်းရင် အမေက “လိုသလောက် ဖြတ်သွားဟေ့“ဆိုပြီး ခြံတခါးဖွင့်ပေးလိုက်တာပါပဲ။ အဲ့ဒီ ဇော်စိမ်းခင်းအစပ်မှာ ခုကျနော်ပြောတဲ့ ပြင်းတော်သိမ်ပင်(အမေကတော့ ကရဝါးပလက်လို့ခေါ်တယ်၊ ဘာစကားနဲ့ခေါ်တာလဲတော့ ဒီနေ့တွေ့မှမေးကြည့်ရမယ်)ရှိတယ်။ ကျနော်လူမှန်းသိတတ်စရွယ်ကတည်းက အဲ့အပင်ရှိပေမယ့် အပင်သက်ဘယ်လောက်ရှိလဲတော့မသိဘူး။ ပင်စည်က လူကြီးခြေသလုံးသာသာရှိနေပြီ။ သူ့အသီးလေးတွေက မြေပဲဆန်ခြမ်းလောက်ရှိပြီး မှည့်ရင် နီနီလေးနဲ့ ချိုပေမယ့် အသားကပါးပါးလေးရယ်။ အစေ့ကကြီးနေတာ။
အမေက ဗမာစာ ဗမာစကားအပြင် အူရဒူစကား အူရဒူစာ၊ အာရဗစ်စာ အာရဗစ်စကားလည်း တတ်တယ်။ ဟိန္ဒူစတန်နီ၊ ဘင်္ဂါလီစကားတွေတော့ ပြောတတ်တယ် မရေးတတ်မ ဖတ်တတ်ဘူး။ ဒါ့ကြောင့် ဒီရောက်တော့ သူဆေးရုံဆေးခန်းသွားတဲ့အခါ ဆရာဝန်က အိန္ဒိယတွေ ပါကစ္စတန်တွေဆို စကားပြန်မလိုတော့ဘူး။ အထူးသဖြင့် အမေ့နှလုံးရောဂါအထူးကုသမားတော်ကြီးက ဟိန္ဒူအမျိုးသား။ ဒေါက်တာ အပူရီတဲ့။ သူနဲ့အမေနဲ့က ၃ လတကြိမ် ပုံမှန်တွေ့ရတယ်။ ပထမဆုံးအခေါက် သူနဲ့အမေသွားတွေ့တော့ ကျနော်က ဒေါက်တာအပူရီကို အမေ ဒီစကားဒီစကားတွေတတ်တယ်လည်းပြောရော ဟေဟုတ်လား ဒါဆို မင်း ဘေးနားသာထိုင်နေတော့ မင်းကိုမလိုတော့ဘူးဆိုပြီး ဟိန္ဒူစတန်နီနဲ့ပြောနေကြတာများ လေပေးကိုဖြောင့်နေရော။ တခါ အမေ အမေရိကန်နိုင်ငံသားဖြေမယ်ဆိုတုန်းကလည်း အမေ့မယ်အသက်ကြီးလို့ မေ့တတ်ပြုတတ်နေတာကို ဆရာဝန့်ထောက်ခံစာယူဖို့ စိတ်ပညာရှင်သမားတော်ကြီးတယောက်နဲ့တွေ့တုန်းကလည်း အဲ့သလိုပဲ။ အဲ့သမားတော်ကြီးက ပါကစ္စတန်နီ။ အစ္စလာမ်ဘာသာဝင်။ ဘာပြောကောင်းမလဲ အမေနဲ့ ကျန်းမာရေးအကြောင်းကတော်တော် မိသားစုအကြောင်းတွေ သားသမီးတွေအကြောင်းတွေ ဗမာပြည်အကြောင်းတွေနဲ့ပြီးပါလေရော။ အမေက ဟာဂျီပါလို့ ကျနော်ပြောပြတော့ ဟာဂျီးမာ ဟာဂျီးမာနဲ့ ပြန်ကာနီးလည်း အခန်းပေါက်အထိ အမေ့လက်ကလေးကိုဆွဲပြီးလိုက်ပို့ရင်း ဆလမ်တွေဘာတွေပေးရင်း ကျနော့်ကို “မင်း အမေနဲ့အတူနေခွင့်ရတာ ဝမ်းသာစရာပါ၊ အမေကိုဂရုစိုက်ပါ၊ သားသမီးတိုင်းရဲ့ သုခဘုံဟာ မိခင်တို့ရဲ့ခြေဖဝါးအောက်မှာပဲရှိတယ်လို့ ပရောဖက်မိုဟာမက်ပြောခဲ့တာ ရှိပါတယ်“လို့ပြောပါတယ်။
အင်းကျနော်လည်း အမေနဲ့ ခုလို ခုလောက်ကြာကြာ ဘဝမှာ တခါမှမနေဖူးဘူး။ မနှစ်ကဆို တနှစ်လုံးလုံး နေ့တိုင်းတွေ့ရမြင်ရ အမေ့စကား အမေ့အသံကြားရတာ။ ပြီးတော့ အမေချက်တဲ့ ပြင်းတော်သိမ်(ကရဝါးပလက်)နံ့လေးသင်းနေတဲ့ ပဲဟင်းလေး မကြာမကြာစားရတာပါ။ ဒီနေ့လည်း သင်းသင်းအမျိုးသား ရဲမော်ထူးမွေးနေ့တဲ့။ ကိုငြိမ်းချမ်း(ညီပုလေး)လည်းဖိတ်ထားတယ်တဲ့။ ကျနော်လည်း သွားရမှာပါ။ သွားတဲ့အခါ အမေ့လည်းမြင်ရမှာဖြစ်သလို သင်းသင်းကြော်ထားတဲ့ ပြင်းတော်သိမ်နံ့မွှေးမွှေး မနေ့ကလက်ကျန်ဘယာကြော်လေးလည်း ကံကောင်းရင် စားခွင့်ကြုံဦးမှာပါ။
မျိုးမြင့်ချို
စက္တင္ဘာ ၁၆၊ ၂ဝ၁၉

(ကင်န်ဆာ ပျောက်တာမပျောက်တာထက် မေတ္တာမပျောက်ဖို့)

0 comments
ကျနော်တို့တွေ ကညွှတ်လို့ခေါ်ပြီး အမေရိကန်ကျေးလက်တွေမယ် Sparrow Grass စာကလေးမြက်လို့ အမည်တွင်တဲ့အပင်(အစို့)တွေကို ရုက္ခဗေဒအရတော့ Asparagus officinalis ဆိုပြီး အသိများပါသတဲ့ဗျာ။ ကျနော့်ခြံထဲမှာ အကျယ် ၄ ပေ၊ အလျား ၁၈ ပေလောက်ရှည်တဲ့ပေါင် တပေါင်စိုက်ထားပါသကော။ ခုဆိ အပင်တွေသီးရုံမက ရင့်မှည့်ပြီး အစေ့လေးတွေမြေကျတဲ့အချိန်ပေါ့ဗျာ။ ဒါပေမဲ့ အစို့ထွက်တဲ့အပင်ကတော့ ထွက်တုန်းမို့ ဒီနှစ် မနည်းစားရတယ်ပြောရမှာပဲ။
ငယ်ငယ်က ဗမာပြည်မတော့ ဒီ ကညွှတ်ဟာ သူဌေးစာမှတကယ့်ကိုသူဌေးစာပါ။ ရန်ကုန်မှာတောင် သံဈေးနဲ့ သိမ်ကြီးဈေးဓာတ်စာတန်းလောက်ပဲ တွေ့ရတတ်တာကိုး။ လူကုန်တန်တွေ ဟော်တယ်နဲ့ စားပွဲရုံတွေမှာ အရက်ဘီယာနဲ့မြည်းကြသလို လူမမာတွေအတွက် ဓာတ်စာလည်းဖြစ်နေပြန်ပါတယ်။ တချို့ဆို ကင်န်ဆာတောင်ပျောက်တယ်ဆိုပြီး အစွဲကြီးကြရန်ပါရော။ ရှားကလည်းရှား ဈေးကလည်းကြီး အရသာကလည်းရှိတော့ ဆေးစွမ်းက တခြားအပင်တွေထက်တောင်ထက်ပြီး ကုထုံးနဲ့ဆေး ရှာမတွေ့သေးတဲ့ ကင်န်ဆာလို ကမ္ဘာနာကြီးတောင် ပျောက်ပစ်လိုက်တဲ့ဗမာ့သတ္တိပေါ့ဗျာ။ ဘယ်ခေလိမ့်မတုန်း အာဂပေါ့။ ခုန ကညွှတ်ပေါင်လေးနားရပ်ရင်း ကညွှတ်လေးတွေဆစ်ရင်း အသီးမှည့်လေးတွေကြည့်ရင်း အမေပြောတာ သွားသတိရတယ်။
အမေတို့ မောင်နှမတွေထဲမှာ အမေ့ညီမအငယ်ဆုံးက အချောဆုံးအလှဆုံးဗျ။ မျက်လုံးလေးတွေက ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် အရည်ကြည်လေးတွေလဲ့ပြီး ကြည်တောက်နေတာ။ ကိုယ်လုံးပါးပါးလျလျနဲ့ လမ်းလျှောက်ရင် နဲ့တဲ့တဲ့လေးရယ်။ မျက်နှာကပြုံးပြီး လင်းနေကြည်နေတာ။ နံမည်က ဘီလ်ကစ်တဲ့။ ဗမာအမည်က မသန်းမြင့်တဲ့။ အိမ်ထောင်ကျတော့ တရုတ်အစစ်နဲ့ကျတာပါ။ ဗမာပြည်ပေါက်တရုပ် ဘီအက်စီအင်ဂျင်နီယာ။ ဦးမြအေးတဲ့။ နံမည်နဲ့လိုက်အောင်အေးတဲ့လူပါ။ သူလည်း အမြဲပြံုးပြံုးရွှင်ရွှင်နေတတ်သူပါ။ စိတ်အနေရော စိတ်အထားပါးကောင်းတဲ့သူပါ။ တခုပဲ သူစကားပြောတာနားထောင်မယ်ဆို စိတ်တော့ရှည်ရလိမ့်မယ်။ သူက စကားပြောလေးပြီးနှေးရတဲ့ကြားထဲ တခွန်းနဲ့တခွန်း တမိုင်လောက်ခြားပြောတဲ့သူမျိုး။ ဒေါ်လေးဘီကစ်ကို အတော့်ကိုချစ်ပုံရပါတယ်။
လင်မယားက ချစ်သာချစ်တာ လမ်းလျှောက်ရင် အမြဲခွာလျှောက်တယ်။ ဒေါ်လေးက (ဗမာမိန်းကလေးတွေအနေနဲ့ဆို)အရပ်မြင့်သူထဲပါတယ်။ ဦးမြအေးက အပုကြီးမဟုတ်ပေမယ့် ဒေါ်လေးနဲ့ယှဉ်တော့ အရပ်နည်းနည်းနိမ့်တယ်။ သူတို့မှာ သား ၂ ယောက်ရှိတယ်။ အကြီးက မျိုးအေးသန်း။ ကျနော့်ထက်ကြီးပြီး လူတွေက မောင်မြင့်ထွန်းဆို ပိုအသိများကြတယ်။ ကျနော်ကတော့ အကိုဝမ်းကွဲကို ကိုထွန်းပဲခေါ်ပါတယ်။ သူလည်း RIT ဆင်း လျှပ်စစ်အင်ဂျင်နီယာတယောက်ပါပဲ။ အငယ်က ကျနော့်ထက် နည်းနည်းငယ်တော့ ညီဝမ်းကွဲပေါ့လေ။ စိုးအေးသန်းတဲ့။ အမျိုးတွေကြားမှာ “အလုံး“ ဆိုမှလူသိများတာ။ သူက ကိုယ်ခံပညာတွေဘာတွေလိုက်စား ကာယဗလတွေဘာတွေလုပ်ပြီး လူကလည်းချော မိဘများက ပညာတတ် ပိုက်ဆံလည်းရှိတော့ မိန်းကလေးတွေဝိုင်းဝိုင်းလည်ပေါ့ဗျာ။ ထားပါတော့ဗျာ ပြောချင်တာက ဒေါ်လေးဘီလ်ကစ်နဲ့သူ့သားကြီးကိုထွန်းနဲ့ ကညွှတ်ပင်အကြောင်းပါ။
ဒီလိုဗျ ဒေါ်လေးက ကျနော်ထောင်ထဲရောက်နေတုန်း ကင်န်ဆာဖြစ်ရော အသည်းကင်န်ဆာတဲ့။ ကုတာပေါ့ဗျာ ဗမာဆရာရော အင်္ဂလိပ်ဆရာရော၊ ဗမာဆေးရော အင်္ဂလိပ်ဆေးရော၊ ဓာတ်ကင်တာတော့ ကီမိုသာရာဖီရောစုံနေတာပါ။ မရပါဘူး ထုံးစံအတိုင်း သူ့ရဲ့နောက်ဆုံးနေ့ရက်တွေရောက်ပြီး သေမယ့်ရက် စောင့်နေချိန်ကြီးပေါ့ဗျာ။ တနေ့တော့သိမ်ဖြူလမ်းဘက်နေတဲ့ အမေတို့ အမဝမ်းကွဲတယောက်က သူ့ညီမဝမ်းကွဲ ကင်န်ဆာဝေဒသနာသည်လေးစားဖို့ သံဈေးကနေ ကညွှတ်တွေ တကူးတကန့်သွားဝယ်ပြီး ယူလာသတဲ့။ ကညွှတ်က ကင်န်ဆာပျောက်တယ်လို့ သူများတွေပြောသံကြားဖူးလို့တဲ့။ အဲ့အချိန်မှာ ဒေါ်လေးဘီလ်ကစ်က အစာမဝင်တော့သလိုလိုဖြစ်နေရှာတော့ မစားနိုင်တော့ဘူးတဲ့။ ဒီကြားထဲ ကိုထွန်းက တမှောင့်တဲ့။ ဘယ်ဘုန်းကြီးကပြောလို့ဆိုလား ကြခတ်ဝါးရွက်ကို သုံးခွက်တခွက်တင် ကျိုတိုက်ရင် ကင်န်ဆာပျောက်တယ်ဆိုပြီး ၃ မိုင်လောက်ဝေးတဲ့နေရာကနေ ကြခတ်ဝါးရွက်တွေသွားသွားခူးပြီး သူ့အမေကို သောက်ခိုင်းသတဲ့။ ဒေါ်လေးက မပျောက်ရင်လည်းနေပေ့စေတော့ သားရယ်၊ မင်းအရွက်ပြုပ်နံ့တွေက နံလည်းနံတယ် အရသာကလည်း ဘာမှန်းမသိဘူးဆိုပြီး မသောက်တော့ ကိုထွန်းလည်း စိတ်ထိခိုက်ရရှာတယ်။
ကျနော် ထောင်ကထွက်တော့ အမေပြန်ပြောပြမှ အဲ့ဒီဇာတ်လမ်းသိရတာပါ။ ကျနော်တွေးမိတာက လူဟာ ချစ်ခြင်းမေတ္တာ အကြောက်တရား သေခြင်းတရား ဆောက်တည်ရာမဲ့မှူ အတိဒုက္ခတွေ ရောက်သထက်ရောက်လာပလားဆို အားကိုးရာမဲ့ခိုကိုးရာမဲ့လာပလားဆို သူတို့တတ်ထားတဲ့ပညာတွေ အသိတွေ ဗဟုသုတတွေ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ အတွေးအခေါ်တွေ ဘေးချိတ်လိုက်နိုင်တော့တာကိုပါ။ တကယ်ဆို ဒေါ်ကြီးဝမ်းကွဲလည်း ချမ်းသာပြီးပညာတတ်တဲ့သူပါ။ ကိုထွန်းဆို RIT ဆင်း အင်ဂျင်နီယာဖြစ်ရုံမက ဂျပန်မှာပါ ဆယ့်လေးငါးနှစ်အလုပ်သွားလုပ်လာခဲ့တဲ့လူ မဟုတ်လား။ ဒီ ကညွှတ်တို့ ကြခတ်ဝါးရွက်သတ္တုရည်တို့ဆိုတာတွေက ကင်န်ဆာပျောက်နိုင်မပျောက်နိုင် ထောက်ချင့်နိုင်စွမ်းရှိကြသူတွေပါ။ ဒါပေမယ့် သူတို့ရဲ့ ညီမအပေါ် အမေအပေါ်ချစ်တဲ့မေတ္တာတရားဟာ သူတို့ရဲ့ပညာတွေ ဗဟုသုတတွေ ဆင်ခြင်တုံနိုင်စွမ်းတွေကို အနိုင်ယူသွားတော့တာပါပဲ။ အဲ့ဒီအချိန်မှာ သူတို့စိတ်ထဲ “ငါ့ညီမလေး အသက်ရှင်ဖို့ ငါ့အမေအသက်ရှင်ဖို့“ဆိုတဲ့စိတ်က ကြီးစိုးနေတာမဟုတ်လား။ ကညွှတ်တွေ ကြခတ်တွေက ကင်န်ဆာပျောက်ခြင်း မပျောက်ခြင်းထက် မေတ္တာဓာတ်ကိန်းနေတဲ့ ချစ်ခြင်းရဲ့သဘောက အနာကိုငြိမ်းစေတယ်မို့လား။
ဒါနဲ့ကျနော်လည်း ထောင်ထဲကြုံခဲ့ရတဲ့လူတွေထဲကတယောက်ကို သတိရမိတယ်။ ထောင်မကျသေးခင် ပုဒ်မ ၁ဝ(က)နဲ့ အထိန်းသိမ်းခံနေရတုန်းကပေါ့။ စစ်ကြောရေးလည်းပြတ်ပြီဆိုတော့ ရုံးထွက်ရမယ့်ရက် မျှော်နေချိန်ပေါ့လေ။ မလွတ်ဘူးဆိုတာသိနေပေမယ့် လူကလွတ်ချင်နေတာပါပဲ။ ကျနော်နဲ့အခန်းဖော်လုပ်သူကလည်း ပန်းဆိုးတန်းမှာ စာအုပ်ဟောင်းတွေရောင်းတဲ့ ရှေ့နေတယောက်ပါ။ အရင် ၇၄/၇၅/၇၆ ကာလတွေတုန်းက အဖမ်းခံရဖူး ထိန်းသိမ်းခံရဖူးသူပါ။ သူ့မှာ လက်ဝဲအယူအဆရှိတယ်လို့ လူတိုင်းကယုံသလို သူကလည်း လက်ဝဲသမားလို့အမြင်ခံရတာ နှစ်သက်တယ်ထင်ပါတယ်။ စာတော့အလွန်ဖတ်တဲ့သူပါ။ ဖတ်သလောက်မှတ်နိုင်ပြီး ပြန်တွေးခေါ်စဉ်းစား ပိုင်းခြားပြနိုင်တဲ့သူပါ။ အင်္ဂလိပ်စာလည်း အတော့်ကိုကျင်လည်သူလို့ စာတတ်ပေတတ်တွေက ချီးကျူးကြပါတယ်။ ဘာသာရေးကတော့ သူ့အပြောအရ Atheist ။ အလွယ်ပြောကြတော့ “ဘာသာမဲ့“ ဆိုပါတော့လေ။ ဆုတောင်းတာ ဆုပေးတာ ဆုယူတာတွေလည်း မယုံကြည်သူပါ။ သူက ကျနော်တို့ ဗကပ ၄၈၂၈ ယူဂျီအမှူတွဲထဲကတော့မဟုတ်ပါဘူး။ တခြား Case ကပါ။
အဲ့ဒီအချိန်မှာ သူ့အမှူတွဲထဲက တယောက်စ နှစ်ယောက်စကို အက်စ်ဘီက ထောင်ဗူးထဲခေါ်တွေ့ လက်မှတ်ထိုး(ခြေချုပ်)ခိုင်းပြီး ပြန်လွှတ်တာလည်းရှိတယ်။ ဒါ့ကြောင့် သူအပါအဝင် တခြားသူ့အမှူတွဲတွေလည်း သူလွတ်နိုးနိုး ငါလွတ်နိုးနိုး မျှော်လင့်နေကြတာပေါ့လေ။ တနေ့တော့ သူ့အမှူတွဲတွေထဲကတချို့ကို ရုံးထုတ်ပြီး စစ်ခုံရုံးနဲ့ထောင်ချသူချ၊ လွှတ်သူလွှတ်တွေလုပ်ပါတယ်။ သူအပါအဝင် ၁၂ ယောက်လောက်က ကျနော်တို့တိုက်ထဲကျန်နေသေးတယ်။ ဖြစ်ချင်တော့ အဲ့နေ့က သောကြာနေ့။ သူတို့ လက်ကျန် ၁၂ ယောက်ကိုက ရုံးထုတ်မယ်ဆို တနင်္လာနေ့ကျမှ ထုတ်မှာ။ ထောင်ကျကျ လွတ်လွတ် တနင်္လာနေ့ကျမှ အဖြေသိရမှာ။ ဒီတော့ သူလည်း ရင်ခုန်ရှာမှာပဲ။ အရင် ထောင် အတွေ့အကြုံ ဘယ်လောက်ရှိရှိ မရှိရှိ သူမှမဟုတ် ဘယ်သူမှ ထောင်ထဲနေချင်တာမှ မဟုတ်တာကိုး။
ဒီတော့ သူ စိတ်နည်းနည်းလှူပ်ရှားတာ သိသာတယ်။ ရေးချိုးထွက်လာတဲ့သူ့အမှူတွဲတွေကို အခန်းထဲကနေ လှမ်းလက်မေးတာ၊ ခြေဟန်လက်ဟန်နဲ့စကားပြောတာတွေ လုပ်တယ်။ ကျနော်တို့ရေချိုးဆင်းတော့လည်း သူမချိုးပဲ သူ့အမှူတွဲလက်ကျန်တွေနဲ့ စကား သွားခိုးပြောနေတာ။ ဝါဒါကလည်း မသိချင်ယောင်ဆောင်ပေးပါတယ်။ ထောင်ကျသွားတဲ့အမှူတွဲတွေကတော့ တခါတည်းတန်းပြီး တိုက်ပြောင်းသွားတာဆိုတော့ မရှိကြတော့ဘူး။ ရေချိုးချချိန်စေ့လို့ အခန်းပြန်တက်ခါနီးမှ ခြေလက်မျက်နှာဆေးပြီး ပလပ်စတစ်ဇလုံနဲ့ရေအပြည့်ခပ်လာတယ်။ ထမင်းလာထိုးတော့ “ကိုမျိုးဇလုံနဲ့ပဲ နှစ်ယောက်စာထိုးလိုက်နော်၊ ကျနော့်ဇလုံရေထည့်ထားလို့“ဆိုလို့ ကျနော့်ဇလုံနဲ့ ထမင်းနှစ်ယောက်စာခံလိုက်ပြီး တယောက်တလက်နှိူက်စားကြတယ်။ ကျနော်လည်း နည်းနည်းတော့ အံ့သြသား။ မေးတော့ မမေးဖြစ်ပါဘူး။ ညထောင်ပိတ်ပြီး ခါတိုင်းဆို အခန်းတွေအလှည့်ကျသီချင်းဆိုနေကျအချိန်လည်းရောက်ရော “ကိုမျိုး အလှည့်ရောက်ရင် ကျနော့်အတွက်ပါပေါင်းပြီး နှစ်ပုဒ်ဆိုလိုက်နော်“တဲ့။ ကျနော်လည်း “ဟုတ်ကဲ့“ပြောပြီး ဆိုလိုက်ပါတယ်။ သူ့ကြည့်လိုက်တော့ ဇလုံထဲကရေနဲ့ ခြေလက်မျက်နှာဆေးကြောသန့်စင်တာ၊ ပြီးတော့ ခေါင်းရင်းဘက်နံရံကို မျက်နှာမူပြီး ထောင်ပိတ်ချိန်အထိ ရွတ်လိုက်ဖတ်လိုက် တရားမှတ်သလိုမျက်စေ့မှိတ် ဖြေဖြေလျော့လျော့ ငြိမ်ငြိမ်သက်သက် ထိုင်နေတာတွေ့ရပါတယ်။ ထောင်ပိတ်သံချောင်းခေါက်ပြီး “အားလုံး အိပ်ချိန်၊ ခေါင်းတွေချထား“ဆိုတော့မှ ဦးသုံးကြိမ ကျကျနနချပြီး လှဲပါတယ်။ ကျနော်လည်း သူစိတ်လှူပ်ရှားနေမှန်းသိတာတဲ့ အလိုက်တသိပဲ “အကိုရေ အိပ်တော့မယ်နော်“ပြေပြီး တဘက်လှည့်လိုက်ပါတယ်။ သေချာပါတယ် သူ ဒီ ၂ တော့ အိပ်ကောင်းခြင်းအိပ်ရမယ်မဟုတ်ပါ။
စကားကောင်းသွားလို့ ဆောရီးဗျာ။ ပုံထဲမှာမြင်ရတဲ့အသီးလေးတွေက ကညွှတ်သီးဗျ။ သီးစကအစိမ်း၊ မှည့်တော့နီနီရဲရဲလေး။ နောက်တော့ မဲခြောက်သွားတယ်။ အဲ့ဒီကနေမှ ဖြူလာပြီး အထဲက အစေ့မဲမဲလေးတွေထွက်လာတယ်။ မြေပဲခြမ်းလေးထည့်ထားတာက အရွယ်အစားချိန်နိုင်အောင်ပါ။
မျိုးမြင့်ချို
စက္တင္ဘာ ၁၆၊ ၂ဝ၁၉

Saturday, September 14, 2019

(ကိုယ့်အတွက်ချည်းပဲလုပ်ရင်း)

0 comments
(ကိုယ့်အတွက်ချည်းပဲလုပ်ရင်း)
NLD ခြေဥမပြင်ချင်လို့ ကျနော်တခါမှမပြောဖူးပါ။ ပြင်ချင်တာမှ တပိုင်းသေနေပါသည်ဆိုတဲ့အထိပြောပါသည်။ သို့သော် သူပြင်ချင်သည်က “ကိုယ့်အတွက်ကိုယ်ပြင်ချင်ခြင်း“ဖြစ်ပါသည်။ လူမျိုးစုတွေအရေး ပြည်ထောင်အရေးတွေကို မကောင်းတတ်လို့ ထည့်ပြောနေသည့်သဘောသာ မြင်ရပါသည်။ ဘာပဲဖြစ်ဖြစ် ပြင်မယ်ဆိုတော့ တခြားအမတ်တွေ ၄၅ ဦးကော်မတီထဲ (စစ်အုပ်စုကိုမကြိုက်တာရော၊ မလိုက်လျှင်ချန်ခဲ့မည်စိုး၍ရော)ဒယဉ့်တိုက် လိုက်ကြပါသည်။ ကော်မတီထဲမဲခွဲသည့်အခါ တပါတီတမဲမဟုတ်ပဲ လူတကိုယ်တမဲဖြင့်ခွဲမည်မှန်း သူတို့သိပြီးသားဖြစ်ကြပါသည်။ ဝင်ပြောဆိုကြည့်ကြသည့်အခါ “ငါတို့အတွက်မပါ“မှန်း နဖူးတွေ့ဒူးတွေ့သိသွားပြီး တွက်ခြေမကိုက်သဖြင့် တချို့ပြန်ဆုတ်တာဖြစ်ပါသည်။
နောက်တချက်က ပြင်ပုံပြင်နည်းဖြစ်ပါသည်။ NLD က ခြေဥကို လွှတ်တော်နည်း(ကျားသနားမှ နွားချမ်းသာနည်း)ဖြင့်ပြင်ချင်သည်။ ခြေဥကို စစ်အုပ်စုနှင့်ပေါင်း၍ပြင်ရန်ဖြစ်သည်။ သူတို့ပြောသလို “စစ်တပ်ပေးသမျှသာရမည်၊ ရသမျှသာယူမည်၊ ပေးထားချက်ထဲကနေ ဖေါက်မထွက်၊ ဥပဒေနဲ့အညီလုပ်မည်“စကားတွေကိုကြည့်ပါ သိသာပါသည်။ လူထုနှင့်အတူပြင်နည်း(လွှတ်တော်ပြင်ပအင်အားစုများ၊ လူမျိုးစုပါတီများ၊ လူမျိုးစုလက်နက်ကိုင်အပစ်ရပ်အဖွဲ့များ စသည်)ကို လက်မခံ။ လက်ခံလို့လည်းမရ။ သူ့ဘာသာ ချည်မန်းကွင်းစွပ်မိနေသည်။
ခု စစ်အုပ်စုက ဗြောင်ကျကျနှင့် ကလေးပြောသလို ထွက်ပြောတာ ခံလိုက်ရသည်။ ဒီခြေဥကြောင့် အစိုးရဖြစ်လာမမေ့နဲ့၊ ဒီခြေဥကြောင့် တလဆယ်သိန်းစားနေရတာ ကျေးဇူးမကန်းနဲ့“တွေကိုကြည့်ပါ တွေ့ရပါသည်။
ကျနော်တွေးမိပြောဖြစ်တာတွေက ကျနော့်လိုတွေးမိသူတွေနှင့် တထပ်တည်းကျပါသည်။ ကျနော်တို့လိုလူတွေကို Radical တွေလို့ ဆိုင်းဘုတ်တပ်သည်။ ကိစ္စမရှိ။ ကျနော်တို့က စစ်အုပ်စုလိုလားနှစ်သက်သည့် “ဘယ်ဒီမိုကရေစီနိုင်ငံမှ တမဟုတ်ခြင်း ဖြစ်လာတာမဟုတ်၊ အင်္ဂလန်တောင် နှစ် ၇ ရာကျော်၊ အမေရိကန်တောင် နှစ် ၂ ရာကျော်“ဆိုသော အတွေးအခေါ်အား ဝါဒကူဖြန့်နေသူများမဟုတ်ကြ။ မဟုတ်သည့်အပြင် ထိုအမြင်ကို မသိနိုးနားရိုးရိုးသားသား ကိုင်စွဲထားသူတွေနှင့်ပင် နိုင်ငံရေးအရ အတွေးအခေါ်အရ ကင်းကင်းနေသည်။ သိသိနှင့် မှိုင်းကူတိုက်သူများသာဆို တွေးကြည့်ပါ။
ပြန်ကောက်ရလျှင် ခု လွှတ်တော်နည်းခြေဥပြင်ကိစ္စ မပြီးပြတ်သေးသဖြင့် ကိစ္စရှိသမျှ ယတိပြတ်မပြောအပ်ပါ။ နှုတ်မကျွံမိရုံမက အလှမ်းလွန်မတွေးမိအောင်ပင် ဆင်ခြင်နေရပါသည်။ သို့သော် ပြောစရာတော့ရှိပါသည်။ ပြောစရာမှာ NLD သည် နိုင်ငံရေးရော စည်းရုံးရေးပါ နာလန်ထူဖို့မလွယ်အောင် ကျလိုက်လာနေခြင်းဖြစ်ပါသည်။
နိုင်ငံရေးကျသည်ဆိုသည်မှာ မိမိအားထောက်ခံသူ တိုးပွားမလာခြင်းဖြစ်ပြီး စည်းရုံးရေးကျသည်ဆိုသည်မှာ မိမိအားစာနာသူ လျော့ပါးသွားဖြစ်ပါသည်။
ထိုကိစ္စသည် ပြင်မရသည်မဟုတ်ပါ။ အတွေးအခေါ်ရေးရပ်တည်ချက်၊ နိုင်ငံရေးလမ်းစဉ်စသည်များ မှန်လျှင် ပြည်သူက “ငါတို့အတွက်လုပ်နေတာ“ ဟု ယုံကြည်ပါသည်။ ထိုယုံကြည်မှုကြောင့် စည်းရုံးရေးနိုင်ငံရေးပြန်တက်လာပါသည်။
ခုတော့ ပြည်သူ အသာထား ၄၅ ဦးကော်မတီထဲကပင် ထွက်သူထွက်နေကြသည်မဟုတ်လား။
မျိုးမြင့်ချို
စက္တင္ဘာ ၁၄၊ ၂ဝ၁၉

မြန်မာစာဆရာတွေ သတ်ပုံအငြင်းပွားတာမပြီးပြတ်လို့ လွတ်လပ်ရေးကျောက်တိုင်ကြီးက ရပ်စောင့်ခဲ့ရသတဲ့။ udkodef;jrwf

0 comments
မြန်မာစာဆရာတွေ သတ်ပုံအငြင်းပွားတာမပြီးပြတ်လို့ လွတ်လပ်ရေးကျောက်တိုင်ကြီးက ရပ်စောင့်ခဲ့ရသတဲ့/ သမတနဲ့ သမ္မတ၊ အချုပ်အချာနဲ့ အချုပ်အခြာ၁၉၅၀ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့။
ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံထဲမှာ လွတ်လပ်ရေးကျောက်တိုင်ကြီး ဖွင့်ပွဲပြုလုပ်အံ့ဆဲဆဲအချိန်။
အများပြည်သူတွေ မသိကြပေမယ့် လွတ်လပ်ရေးကျောက်တိုင်ကြီး ဖွင့်ပွဲလုပ်မယ့်အရေးဟာ အကြောင်းတစုံတရာကြောင့် နှောင့်နှေးကြန့်ကြာနေပါတယ်။
ဘာ့ကြောင့်ပါလဲ။ ကြန့်ကြာရတဲ့ အကြောင်းက နည်းနည်းဆန်းသလိုလိုရှိပါတယ်။
နယ်ချဲ့တွေရဲ့ ပယောဂကြောင့် မဟုတ်ပါဘူး။ တိုင်းရင်းသားညီညွတ်ရေးပြဿနာ ကြောင့်လည်း မဟုတ်ပါဘူး။ ဗေဒင်ကိန်းခန်း ကြောင့်လည်း မဟုတ်ပါဘူး။
မြန်မာစာ စကားလုံးတလုံးနဲ့ ပတ်သက်ပြီး သတ်ပုံ အငြင်းပွားနေလို့ ဖြစ်ပါတယ်။ အဲဒီအငြင်းပွားနေတဲ့ စကားလုံးကတော့ အချုပ်အခြာဆိုတဲ့ စကားလုံးပါပဲ။
ကျောက်တိုင်မှာ ထိုးထွင်းမယ့် မော်ကွန်းစာသားထဲမှာ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သောနိုင်ငံတော်ဆိုတဲ့ စာသားပါနေပါတယ်။ နှစ်ပေါင်းရှည်ကြာ ကမ္ပည်းတွင်ရစ်မယ့် ကျောက်စာလည်းဖြစ်၊ နိုင်ငံတော်အဆင့် ကျောက်စာလည်းဖြစ်လေတော့ အမှားပါရင် မသင့်တော်ဘူးလို့ အားလုံးက လက်ခံ သဘောတူထားကြတယ်။ ဒါ့ကြောင့်လည်း အမှားမပါစေချင်လို့ သတ်ပုံကို သေသေချာချာစစ်ဆေးကြတဲ့ အခါ အချုပ်အခြာဆိုတဲ့ စကားလုံးဟာ မြန်မာပညာရှင်တွေ ကြားမှာ အငြင်းပွားစရာ ဖြစ်လာပါတယ်။
ကျောက်ထွင်းမယ့်ဆရာကတော့ ရရစ်နဲ့ပဲခြာခြာ၊ ယပင့်နဲ့ပဲ ချာချာ ဘယ်လိုပဲရေးရေး အဆင့်သင့်ဖြစ်အောင် ရရစ်ရော၊ ယပင့်ပါ လျာထားတဲ့ အမှတ်သားလေးပေးထားတယ်လို့ ဆိုပါတယ်။
ဒါက ဆရာကြီး ဦးထွန်းတင့်ပြောပြတဲ့ လွတ်လပ်ရေးကျောက်တိုင်ကြီး ဖွင့်ပွဲ ကြန့်ကြာလောက်အောင် အငြင်းပွားခဲ့ရတဲ့ သတ်ပုံရေးထုံးအကြောင်းပါ။
ဆရာကြီးဦးထွန်းတင့်တို့ ကျောင်းသားဘဝ၊ တက္ကသိုလ်ဆရာ ဘဝက လွတ်လပ်ရေး ကျောက်တိုင်မှာ သွားထိုင်ကြချိန်မှာတောင် အချက်အချာဆိုတဲ့စကားလုံးမှာ ယပင့်နဲ့ ရေးထားပြီး ရရစ်ကို အရာလေးပေးထားတာ တွေ့နိုင်သေးတယ်လို့ ဆိုပါတယ်။
အဲဒီသတ်ပုံအငြင်းအခုံမှာ ဘယ်ဘက်က အနိုင်ရခဲ့တယ်ဆိုတာ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ အခု ပူးတွဲတင်တဲ့ ဓာတ်ပုံထဲမှာ တွေ့နိုင်ပါတယ်။ အချုပ်အချာက အနိုင်ရသွားပါတယ်။ ဒီတော့ အခုလက်ရှိပြဋ္ဌာန်းထားတဲ့ သတ်ပုံပြဋ္ဌာန်းချက်ကရော ဘာပါလဲ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ လက်ရှိသတ်ပုံပြဋ္ဌာန်းချက်က အချုပ်အခြာဖြစ်ပါတယ်။
အချက်အချာနဲ့ ပတ်သက်ပြီး ယပင့်ဂိုဏ်းနဲ့ ရရစ်ဂိုဏ်း နှစ်ဂိုဏ်းရှိရာမှာ ဘယ်ဂိုဏ်းက ဘယ်လို အကြောင်းပြချက်တွေနဲ့ ပင့်ပြီး ဘယ်ဂိုဏ်းက ဘယ်လို အကြောင်းပြချက်တွေနဲ့ ရစ်ထားသလဲဆိုတာကို ပြန်ကြည့်ကြပါမယ်။
အရင်တုန်းက ဒီစကားလုံးကို ဘယ်လို ရေးခဲ့ကြသလဲဆိုတာကို ပြန်လေ့လာကြည့်တော့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေထဲမှာ ဟောဒီလို ရေးထားတဲ့ စာကြောင်း တကြောင်းကို သွားတွေ့ရပါတယ်။
မြန်မာနိုင်ငံသည် အချုပ်အချာအာဏာပိုင် သမတနိုင်ငံဖြစ်သည် ဆိုတဲ့ စာကြောင်းပါ။
ဒီစာကြောင်းမှာ သတ်ပုံနဲ့ ပတ်သက်ပြီး ထူးခြားချက် နှစ်ချက်တွေ့မိပါတယ်။ ပထမတချက်က အချုပ်အချာကို ယပင့်နဲ့ ချာထားတဲ့ ထူးခြားချက်ဖြစ်ပြီး ဒုတိယထူးခြားချက်ကတော့ သမတကို မနှစ်လုံးမဆင့်ဘဲ ပေါင်းထားတဲ့အချက်ဖြစ်ပါတယ်။
၁၉၇၄ ခုနှစ် အခြေခံဥပဒေမှာလည်း အချုပ်အချာကို ယပင့်နဲ့ပဲ ချာထားတာတွေ့ရပါတယ်။ ဒါပေမယ့် သမ္မတကိုတော့ မနှစ်လုံးဆင့်နဲ့ရေးထားတာ တွေ့ရပါတယ်။
တချိန်က ယပင့်နဲ့ အချုပ်အချာကို ရေးခဲ့ပြီး အခုချိန်မှာ ရရစ်နဲ့ အချုပ်အခြာကို ရေးတာတွေက ဘယ်လို စဉ်းစားတွေးခေါ်ချက်တွေနဲ့ လုပ်ခဲ့တာလဲဆိုတာကို ဆရာကြီးဦးထွန်းတင့်ကို မေးကြည့်ထားပါတယ်။
"အချုပ်ကတော့ ချုပ်ကိုင်တဲ့ သဘော အုပ်ချုပ်တဲ့ သဘော ချုပ်မိုးတဲ့ သဘောမျိုး ယူတယ်" လို့ ဆရာကြီးက ရှင်းပြပါတယ်။
"အချာကတော့ ဒီချာကိုယပင့်ချာက လည်ပတ်တယ်လို့ယူတယ်။"
"ရရစ်ခြာက အထွဋ်အထိပ်ဆိုတဲ့ အနေနဲ့ယူလိုက်တယ်။ နောက် ရရစ်ခြာက အဓိကကျတယ်လို့လည်းယူတယ်။" လို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။
အချုပ်အခြာဆိုတဲ့စကားလုံးက နှယ်နှယ်ရရ မဟုတ်ပါဘူး။ ပညာရှင်တွေ အငြင်းပွားမဆုံးလို့ လွတ်လပ်ရေးကျောက်တိုင်ကြီးကတောင် ရပ်စောင့်နေခဲ့ရတဲ့ စကားလုံးဆိုတော့ကာ တခြား အကိုးအကားလေးတွေကိုလည်း တင်ပြပါရစေ။
ခရီးဆောင်မြန်မာ အဘိဓာန်မှာ အချုပ်အခြာကို အကြီးမြင့်ဆုံးလို့ အဓိပ္ပာယ်ပေးပါတယ်။ သူ့အရင်က ထုတ်ခဲ့ဖူးတဲ့ မြန်မာအဘိဓာန်အကျဉ်းချုပ်မှာတော့ အကြီးမြင့်ဆုံးဆိုတဲ့ အဓိပ္ပာယ်အပြင် ပဓာန အဖြစ်ဆုံးဆိုတဲ့ အဓိပ္ပာယ်ကိုပါ ပေးထားပါတယ်။
ဆရာတော် ဦးကောသလ္လရဲ့ ဗြဟ္မနိရုတ္တိနယသင်္ဂဟကျမ်းမှာလည်း ချာကို အလယ်ဗဟို၊ လည်ပတ်ချင်း၊ နီးစပ်ခြင်း အနက်ကို ပေးပါတယ်။ ခြာကိုတော့ ခြားနားခြင်း၊ အညှာအရင်းဖြစ်ခြင်း ဆိုတဲ့ အနက်ပေးပါတယ်။
ဆရာကြီးဦးဖိုးလတ်ရဲ့ မြန်မာစကားအဖွင့်ကျမ်းမှာတော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ပြောထားပါတယ်။ အချုပ်အချာနဲ့ အချုပ်အခြာ အရေးနှစ်မျိုးထွက်နေပြီး အမှန်အမှား အငြင်းပွားခဲ့ကြကြောင်းကို ဖော်ပြထားပါတယ်။ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဆရာကြီးရဲ့ သဘောထားကို ပြောရာမှာတော့ စင်စစ်သော် သူ့အရေးနှင့် သူ့အနက်တမျိုးစီဖြစ်၍ မှန်ကြသည်ချည်းပင် လို့ ဆိုထားပါတယ်။
ဆရာကြီး ဦးဖိုးလတ်က အနက်ပေးရာမှာ ချာဟာ အလယ်ဗဟိုဆိုတဲ့ အနက်ပေးပါတယ်။ အချက်အချာ၊ အူချာ၊ ခေါင်ချာ၊ ထိပ်ချာတို့ကို ဥပမာ ပေးပါတယ်။ တိကျတယ်ဆိုတဲ့ အနက်ကိုလည်း ပေးပါတယ်။ ဥပမာက သေချာ ဖြစ်ပါတယ်။ အရင်းခံ၊ အခြေခံ ဆိုတဲ့ အနက်ကိုလည်း ပေးပါတယ်။ ဥပမာကတော့ အရင်းအချာ၊ ကြောင်းချာ၊ ရင်းချာ ဖြစ်ပါတယ်။ လည်ပတ်တယ်ဆိုတဲ့ အနက်ကိုလည်း ပေးပါတယ်။ ချာချာလည်၊ ပတ်ချာလှည့်တို့ကို ကြည့်ပါ။ ရွေ့လျားပြောင်းလဲဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ပေးပါတယ်။ နေ့ရက်မချာ။ သန်းမာ၊ ကျန်းမာ အနက်ကိုလည်း ပေးပါတယ်။ မာမာချာချာ။ ညံ့ဖျင်းတာ မကောင်းတာ၊ သေးငယ်တာကိုလည်း အနက်ပေးပါတယ်။ ချာတာတာ၊ ချူချာ၊ နုံချာ၊ ပလချာ။
ခြာကို အနက်ပေးရာမှာတော့ ခြားနားတယ်ဆိုတဲ့ အနက်ကို ပေးပါတယ်။ တူကွမခြာ၊ ရက်ခြာ၊ သားသမီးခြာ ဆိုတဲ့ စကားလုံးတွေကို ဆရာကြီးက ဥပမာ ပေးပါတယ်။ ဒါ့အပြင် ဖုံး၊ အုပ်၊ လွှမ်း၊ မိုး ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ပေးပါတယ်။ ကွန်ခြာ၊ ခေါင်ခြာ၊ ထိပ်ခြာ၊ ထောက်ခြာ၊ ထွတ်ခြာဆိုတဲ့စကားလုံးတွေကို ဥပမာ အထောက်အထားအဖြစ်ပြပါတယ်။
ဒီအထဲမှာ ထောက်ခြာဆိုတဲ့စကားဟာ ဒီနေ့ သတ်ပုံရေးထုံးအရ ဒေါက်ခြာလို့ ပြဋ္ဌာန်းထားတဲ့ စကားလုံးပါ။ ရသေ့တွေရဲ့ခေါင်းဆောင်းတဲ့ အရာဖြစ်ပါတယ်။ ဒေါက်ခြာစကားလုံးကို ဆရာကြီး ဦးထွန်းတင့်ကလည်း အကိုးအကားအဖြစ်ပြောပြပါတယ်။ အဲဒီစကားလုံးကို ထောက်ချင့်ရင် ခြာဟာ အထွတ်အထိပ် ဆိုတဲ့ အဓိပ္ပာယ်ရတယ်လို့ ဆရာကြီးက ဆိုပါတယ်။ ဆရာကြီး ဦးဖိုးလတ်က ကွန်ခြာဆိုတဲ့ စကားလုံးကိုပါ ကိုးကားပါတယ်။ ကွန်ခြာဆိုတာ တစုံတရာကို အုပ်မိုးထားတဲ့ ပိုက်ကွန်ပဲ ဖြစ်တဲ့ အတွက်ခြာဟာ အုပ်မိုးတယ်ဆိုတဲ့ အဓိပ္ပာယ်ထွက်တယ်လို့ ရေးထားပါတယ်။
ဆရာကြီး ဦးဖိုးလတ်ရဲ့ အလိုအရ ချုပ်ချာဟာ ချုပ်ကိုင်ထားတဲ့ အချက်ဗဟိုဌာနလို့ အဓိပ္ပာယ်ရပြီး ချုပ်ခြာက အချုပ်အအုပ် ၊ အအုပ်အမိုးလို့ ဆိုပါတယ်။
ဆရာကြီး ဦးဖိုးလတ်သဘောအရဆိုရင် နှစ်မျိုးစလုံးမမှားဘူး၊ နှစ်မျိုးစလုံးသုံးလို့ရတယ်လို့ ဆိုချင်ပုံရပါတယ်။ ဒီတော့ ဆရာကြီး ဦးထွန်းတင့်တို့ မြန်မာစာအဖွဲ့က ပညာရှင်များအနေနဲ့ကရော ဘာ့ကြောင့် အချုပ်အခြာကို အမှန်ရေးထုံးအဖြစ် နောက်ဆုံးပြင်ဆင် ပြဋ္ဌာန်းခဲ့ပါသလဲလို့ မေးရာမှာတော့ ဆရာကြီးက ဥပမာ တခုကို ပြောပြပါတယ်။
"ဟိုတုန်းက ဒါကို ဆုံးဖြတ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များအနေနဲ့ နှိုင်းယှဉ်စရာ ဥပမာတခုကို ပြောခဲ့ကြတယ်။ ယပင့်ချာနဲ့ ရရစ်ခြာရဲ့ သဘောကို ပြောတဲ့အခါမှာတော့ ယပင့်ချာက မီးရထားစက်ခေါင်းမောင်းတဲ့သူနဲ့ တူတယ်။ ရရစ်ခြာကတော့ အလံပြတဲ့ ပုဂ္ဂိုလ်နဲ့ တူတယ်လို့ ဆိုတယ်။ နှစ်ယောက်စလုံး အရေးကြီးတဲ့လူတွေချည်းပဲ။ ဒါပေမယ့် အလံပြတဲ့ ပုဂ္ဂိုလ်က အလံချိုးမှ စက်ခေါင်းမောင်းတဲ့သူက ရထားမောင်းလို့ရတယ်။ အလံပြတဲ့ ပုဂ္ဂိုလ်က ထိန်းချုပ်ထားတယ်။ ရရစ်ခြာက ပိုပြီး လွှမ်းမိုးအုပ်ချုပ်တဲ့ သဘောရှိတယ်လို့ ယူဆပြီး ရရစ်ခြာကို အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့ ပြောကြတယ်။" လို့ ဆရာကြီး ဦးထွန်းတင့်က ရှင်းပြပါတယ်။
ရှေ့ပိုင်းမှာ ဆိုခဲ့သလိုပါပဲ ၄၇ အခြေခံဥပဒေမှာ အချုပ်အချာလို့ ရေးထားတဲ့ အပြင် သမတလို့ ရေးထားတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ခေတ်သတ်ပုံပြဋ္ဌာန်းချက်က သမ္မတပါ။ ဒါနဲ့ ပတ်သက်ပြီး ဆရာကြီး ဦးထွန်းတင့်ကို မေးမြန်းရာမှာတော့ သမ္မတလို့သာ ပါဠိစကားရှိပြီး သမတဆိုတဲ့ ပါဠိစကားမရှိဘူးလို့ ဆိုပါတယ်။ သမ္မတဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပာယ်ဟာ အသိအမှတ်ပြုအပ်တယ်၊ သမုတ်အပ်တယ်၊ သဘောတူတယ်ဆိုတဲ့ အနက်သဘောတွေ ပါဝင်ပါတယ်။ အများသဘောတူတင်မြှောက်တဲ့ အကြီးအကဲကို ဆိုလိုတာပါလို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။
"သမ္မတကို စာလုံးပေါင်းမှားပြီး သမတလို့ ကျယ်ကျယ်ပြန့်ပြန့်သုံးခဲ့ကြတဲ့ သဘောရှိပါတယ်။ အရေးက တော်တော်ကို တွင်ကျယ်ခဲ့ကြတာဗျ။ ဒါပေမယ့် တွင်ကျယ်တာက တွင်ကျယ်တာပဲလေ၊ မှန်တော့ မမှန်ဘူးဗျ" လို့ ဆရာကြီးဦးထွန်းတင့်က ပြောပါတယ်။
ဘယ်လောက်တွင်ကျယ်ခဲ့သလဲဆိုတာကို ဦးထွန်းမြင့်ရဲ့ပါဠိသက်ဝေါဟာရ အဘိဓာန်ရဲ့ ကိုးကားချက်တွေမှာ တွေ့ရပါတယ်။
သမတဆိုတဲ့စကားလုံးကိုရော သမ္မတဆိုတဲ့ စကားလုံးကိုပါ ဦးထွန်းမြင့်ရဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန်မှာ ဖော်ပြထားပါတယ်။
အဓိပ္ပာယ်က အတူတူပါပဲ။ လူအများတင်မြှောက်သည့်မင်းလို့ ဆိုထားပါတယ်။ သမတဆိုတဲ့ စကားလုံးအတွက် အကိုးအကားတွေကို တင်ပြရာမှာတော့ မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ်မှာ တည်းဖြတ်ထုတ်ဝေခဲ့တဲ့ ရှင်သူရဲ ပြုစုတဲ့ သခင်ထွေးဧချင်း၊ ၁၂၇၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ လှိုင်ထိပ်ခေါင်တင်ရေးတဲ့ ဝိဇယကာရီပြဇာတ်၊ ၁၃၀၂ ခုနှစ်မှာ တည်းဖြတ်ထုတ်ဝေခဲ့တဲ့ ဒုတိယနဝဒေးကြီးရဲ့ ရခိုင်နိုင်မော်ကွန်းတို့မှာ သမတလို့သုံးထားတာတွေ့ရပါတယ်။ ဒါ့အပြင် ၄၇ ခု အခြေခံဥပဒေမှာလည်း သမတလို့ သုံးတာကို ကိုးကားထားပါတယ်။ သမတ အသုံးဘယ်လောက်တွင်ကျယ်ခဲ့တာဆိုတာ ဒီအကိုးအကားတွေကို ကြည့်ရင် သိနိုင်ပါတယ်။ လှိုင်ထိပ်ခေါင်တင်တို့ ရှင်သူရဲတို့က သမတလို့ သုံးခဲ့တာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ တည်းဖြတ်သူတွေရဲ့ သတ်ပုံသတ်ညွှန်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တည်းဖြတ်တဲ့ သက္ကရာဇ်တွေကိုက တော်တော်လေးရှေးကျတာကို ထောက်ရင် သမတ ဆိုတဲ့ အသုံးဟာ တော်တော်တွင်ကျယ်ခဲ့တာကို သိနိုင်ပါတယ်။ မြန်မာ့စွယ်စုံကျမ်းမှာလည်း သမတလို့ပဲ သုံးခဲ့ပါတယ်။
ဒါပေမယ့် ဦးထွန်းမြင့်ရဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန်မှာ သမ္မတ ဆိုတဲ့စကားလုံး အတွက် အကိုးအကားပြုရာမှာလည်း အလားတူ ရှေးကျတဲ့ စာပေတွေမှာ သုံးခဲ့တာကို တွေ့ရပါတယ်။ ဦးရွှန်းရဲ့ ဥမ္မာဒန္တီပျို့ ၁၂၉၉ထုတ်၊ ဦးပုညရဲ့ မန္တလေးဘွဲ့မော်ကွန်း ၁၂၈၃ ထုတ်၊ ဦးတုတ်ကြီးရဲ့ သရာဇကျမ်း ၁၂၈၉ ထုတ်တို့ ဖြစ်ပါတယ်။
ဆောင်းပါးတခုလုံးကို တကြောင်းတည်းနဲ့ ပြန်ချုပ်ရရင်တော့ သမတနဲ့ အချုပ်အချာ ဆိုတဲ့စကားလုံးတွေကို အလွန်များပြားကျယ်ပြန့်စွာ အသုံးပြုခဲ့ကြပေမယ့် ဒီနေ့ခေတ်ပြဋ္ဌာန်းသတ်ပုံကတော့ သမ္မတနဲ့ အချုပ်အခြာ ဖြစ်ပါတယ်။

တော်နဲ့ ကျုပ်နဲ့ ညားကြမလား (ကိုသိမ်းမြတ်)

0 comments
တော်နဲ့ ကျုပ်နဲ့ ညားကြမလား
ကိုသိမ်းမြတ်
အလင်္ကာပုလဲပန်း
“တော့်နှယ် ဒီလောက် ကပ်မနေစမ်းပါနဲ့။ တော်နဲ့ ကျုပ်နဲ့ညားလိုက်ကြရအောင်ပါ။”
“ဟာ ဒါတော့မဖြစ်လို့ပါ အစ်မကြီးရာ။ သောင်းရှစ်ထောင်နဲ့တော့ ဘယ်လိုမှ မညားနိုင်ပါဘူး။”
“တော်ဟာလေ။ ကိုယ့်ဖောက်သည်ကိုတောင်မှ သက်သက်ကပ်နေပြန်ပါပြီ။ ကိုင်း ဒါဆိုလည်း သောင်းကိုးထောင်နဲ့ ညားမလား။”
“ကဲဗျာ။ ညားမယ်။ ညားမယ်။ သောင်းကိုးထောင်နဲ့ဆို ညားလိုက်တော့မယ်။ တကယ်တော့ စရိတ်စခနဲ့ သိပ်တွက်ခြေကိုက်လှတာ မဟုတ်ဘူးဗျ။”
ဘာတွေများပြောနေကြပါလိမ့်လို့ မျက်မှောင်ကုတ်မသွားလိုက်ပါနဲ့။ မုံရွာအနောက်ဘက်လက်က လူတွေ စျေးဆစ်နေကြတာပါ။ တခြားနယ်ကလူတွေ အတွက်တော့ အထူးအဆန်းဖြစ်နေမှာပါ။
တော်တော်များများကတော့ ဒီလိုစကားမျိုးကို ကြားရရင် ရယ်တတ်ကြပါတယ်။ ကိုယ့်အဓိပ္ပာယ်နဲ့တွေးကြည့်ရင် ရယ်စရာကောင်းတာတော့ အမှန်ပါ။ ဒါပေမယ့် ဒါမျိုးကို သွားရယ်ရင် လှောင်သလို ဖြစ်တတ်ပါတယ်။ သူများဓလေ့ကို လှောင်တာကတော့ ရိုင်းရာကျပါတယ်။ အသံထွက်နဲ့ပတ်သက်ပြီး မြို့ကြီးသားက ကျေးလက်သားကို၊ လူမျိုးကြီးက လူမျိုးငယ်ကို လှောင်ပြောင်သရော်တတ်တာဟာ မယဉ်ကျေးရာရောက်ပါတယ်။ လူမျိုးငယ်များကတော့ ကိုယ့်မိခင်ဘာသာစကား မဟုတ်လို့ အသံမပီသတာ ဘာမှ အထူးအဆန်းမဟုတ်ပါဘူး။ သူများစကားကို ကိုယ်ပြောကြည့်တဲ့အခါ ဘယ်လောက်ခက်ခဲတတ်တယ်ဆိုတာ ကိုယ်တိုင်လည်း သိနေကြတာပဲ မဟုတ်လား။ မြို့ကြီးသားက ကျေးလက်သားတွေကို လှောင်တာက ပိုတောင်ဆိုးပါသေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျေးလက်က ဘာသာစကားဟာ မူလရင်းမြစ်ဖြစ်ပြီး မြို့ကြီးပြကြီးက စကားဟာ ပျက်စီးရွေ့လျားလာတဲ့ စကားဖြစ်နေတတ်တာက အများစုမို့လို့ပါ။ မှားတဲ့သူက လူအားကောင်းနေလို့ မှန်တဲ့သူကို ပြန်ကဲ့ရဲ့သလို ဖြစ်နေတတ်ပါတယ်။
ဒီလိုစကားမျိုးကြားရင် သတိထားနားစွင့်သင့်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ကိုယ့်ဆီမှာ ပျောက်သွားတဲ့၊ ပျက်သွားတဲ့ မူလ အဓိပ္ပာယ်တခုခုကို အဲသလို နေရာတွေ အဲသလိုစကားတွေထဲမှာ တွေ့ရတတ်လို့ပါ။
အခုသူတို့သုံးနေတဲ့ ညားဆိုတဲ့စကားက သူတို့သုံးတဲ့ အသုံးအပေါ်မူတည်ပြီးယူရင် ဘယ်လိုအဓိပ္ပာယ်ထွက်နေပါသလဲ။ မုံရွာမှာ နယ်စုံအရပ်စုံကလူတွေနဲ့ ပွဲရုံလုပ်ငန်းလုပ်နေသလို ကဗျာဆရာကြီးတဦးလည်း ဖြစ်တဲ့ ဆရာကြီး ဦးအံ့မောင်ကတော့ သူတို့ပြောနေတဲ့ အဓိပ္ပာယ်က သဘောတူညီတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဗျလို့ ဆိုပါတယ်။ စကားလုံးတလုံးဟာ မူလရင်းမြစ်တခုကနေ တဖြည်းဖြည်း အဓိပ္ပာယ် ပိုပြီး ကျယ်ပြန့်လာတတ်ပါတယ်။ အဓိပ္ပာယ်ပွားလာတတ်ပါတယ်။ အဓိပ္ပာယ် ပိုလေးနက်လာတတ်ပါတယ်။ တခါတရံမှာ အဓိပ္ပာယ်နှစ်မျိုးသုံးမျိုးဖြစ်သွားတတ်ပါတယ်။
ညားရဲ့ မူလအနက်ကတော့ တွေ့တာပဲလို့ ဆရာကြီး ဦးထွန်းတင့်ကပြောပါတယ်။
အဲဒီတွေ့တာကနေမှ အသုံးကိုလိုက်ပြီး အဓိပ္ပာယ်ဆင့်ပွားသွားတာဖြစ်ပါတယ်။ အမျိုးသမီးနဲ့ အမျိုးသား ညားကြတယ်ဆိုတာကလည်း တကယ်တော့ တွေ့တာပါပဲ။ တွေ့မိ၊ ဆုံမိ၊ ကြုံမိသွားကြတာပါ။ တချို့အရပ်တွေမှာ လူချင်း ရိုးရိုးဆုံမိတာကို ညားတယ်လို့ ဒီနေ့ခေတ်အထိ သုံးနေကြတုန်းပါ။
ဆရာကြီးဦးထွန်းတင့်က အညာမှာသုံးလေ့ရှိတဲ့ ဥပမာတခုကို ပြောပါတယ်။ ကျောင်းကို အသစ်ရောက်လာတဲ့ ဆရာမလေးတယောက်နဲ့ လူငယ်လေးတယောက်ကို ကျောင်းအုပ်ဆရာမကြီးက မိတ်ဆက်ပေးပါတယ်။ အဲသလို မိတ်ဆက်ပေးတော့ လူငယ်လေးက ကျောင်းအုပ်ဆရာမကြီးကို “ဆရာမကြီးက ခုမှမိတ်ဆက်ပေးနေတယ်။ ကျနော်နဲ့ ဆရာမလေးကဖြင့် လှေဆိပ်မှာကတည်းက ညားပြီးပေါ့” လို့ပြန်ဖြေပါတယ်။ သူ့အရပ်သူ့ဒေသမှာ အဲဒီစကားက ရိုးရိုးလေးပါ။ အားလုံးနားလည်ကြပါတယ်။ လှေဆိပ်မှာ အဲဒီဆရာမလေးနဲ့ လူငယ်နဲ့ ဘာမှ မဖြစ်ကြပါဘူး။ တွေ့ရုံပဲတွေ့ခဲ့ကြတာပါ။
ဒါပေမယ့် အမျိုးသမီးနဲ့ အမျိုးသား အိမ်ထောင်ပြုကြတာကို ညားတယ်လို့ သုံးတာများလာလို့ တဖြည်းဖြည်းနဲ့ မူလအနက်မှေးမှိန်ပြီး အဓိပ္ပာယ်သစ်ဖြစ်ထွန်းလာပါတယ်။ အဲဒီ အဓိပ္ပာယ်သစ်က ညားတယ်ဆိုတာ အမျိုးသမီးနဲ့ အမျိုးသား အိမ်ထောင်ကျတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်လာပါတယ်။ အဘိဓာန်ထဲမှာ အဲဒီအဓိပ္ပာယ်ကို ထည့်သွင်းဖော်ပြထားပါတယ်။ ခရီးဆောင် မြန်မာ အဘိဓာန်မှာ ညားကို အဓိပ္ပာယ်ဖွင့်ရာမှာ ၁။ တွေ့ကြုံဆုံစည်းသည်။ ၂။ လင်မယား အဖြစ်သို့ရောက်သည်လို့ ပေးထားပါတယ်။
“ပန်းသီးလေးကောင်းမယ်မှတ်လို့ စျေးကြီးပေးဝယ်လာပါတယ်။ အပုပ်နဲ့ညားလာတယ်”
လို့သုံးလေ့ရှိကြောင်း ဆရာကြီးဦးထွန်းတင့်ကပြောပါတယ်။ အဲဒီအသုံးမျိုးကိုတော့ မြန်မာနိုင်ငံတနိုင်ငံလုံး အနှံ့အပြားမှာ သုံးနေကြဆဲဖြစ်ပါတယ်။ တွေ့လာတာ၊ ကြုံလာတာကို ပြောတာပါပဲ။ တဖြည်းဖြည်းနဲ့ အဓိပ္ပာယ်သစ် ဆင့်ပွားလာတဲ့အတွက် မတော်တဆ တွေ့ကြုံတဲ့ သဘောမျိုး၊ မကောင်းတဲ့ တွေ့ဆုံမှုမျိုးမှာ ပိုသုံးသလိုမျိုး ဖြစ်လာပါတယ်။ တကယ့် မူလရင်းမြစ်ကတော့ မတော်တဆဆိုတာမျိုး၊ မကောင်းတဲ့ သဘောမျိုးမပါပါဘူး။ တွေ့တာ သက်သက်ပါပဲ။
မုံရွာနဲ့ ပုံတောင်ပုံညာ ဘက်မှာ မိန်းကလေးတယောက် ဆေးလိပ်ဖွာနေတဲ့နားကို သွားပြီး “နှမလေးရယ် နည်းနည်းလောက်ညားပါရစေလို့ သွားပြောရင်” ဆေးလိပ်ထိုးပေးပါလိမ့်မယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အဲဒီစကားက သူတို့နယ်မှာ “မီးလေးတတို့လောက်” ဆိုတဲ့ အဓိပ္ပာယ်ထွက်နေလို့ပါ။ မူရင်းကို ပြန်တွေးကြည့်ရင်တော့ သူ့ဆေးလိပ်နဲ့ ကိုယ့်ဆေးလိပ်တို့ထိချင်တာ၊ တွေ့ပေးချင်တာကို ပြောတာပါပဲ။
အမျိုးသားနဲ့ အမျိုးသမီးနဲ့တွေ့တာကို အသုံးများတဲ့အခါမှာ ညားဟာ လင်မယားအဖြစ်ရောက်သည်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်သွားပါတယ်။ ဆေးလိပ်ချင်းတို့တာကို အသုံးများတဲ့ အရပ်ဒေသရောက်တော့ ညားဟာ မီးလေးတတို့လောက်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားပါတယ်။ ကုန်စျေးနှုန်းနဲ့ ပတ်သက်ပြီး ညှိတဲ့နေရာမှာ အသုံးများတော့ ညားဟာ သဘောထားတိုက်ဆိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်သွားပါတယ်။
မူရင်းကတော့ ညားတယ်ဆိုတာ တွေ့တာပဲဖြစ်ပါတယ်။

Friday, September 13, 2019

(တဇောင်းစေးနဲ့မျက်ချေးများ)

0 comments
(တဇောင်းစေးနဲ့မျက်ချေးများ)
CNN သတင်းဌာနမှာ သမ္မတထရမ့် တနေ့တနေ့ တပတ်တပတ် တလတလ ဘယ်လောက် အဖြီးအဖြန်းတွေ အညာအဝါးတွေ အလှိမ့်အလှက်တွေ နှစ်ပေါက်တပေါက်တွေ၊ ရုန့်ရင်းကြမ်းတမ်းတွေ၊ အကာပြဲ့ပြဲ့အနှစ်မဲ့တွေ၊ သိမ်ဖျင်းသေးနုတ်တွေ၊ ဖင်တခွန်းခေါင်းတခွန်းတွေ၊ သူတပါးထိခိုက်တာတွေ (တနည်းပြောရရင် ဝစီဒုစရိုက်) ဘယ်နှခွန်း ဘယ်နှနေရာမှာပြောခဲ့ဆိုတာကို စနစ်တကျပြုစုပြီး ဂျက်နဲ့လက်နဲ့တင်ပြနေတာရှိပါတယ်။ အများကြီးမှ တကယ့်ကို အများကြီးပါ။
သူကလည်း CNN များဆို ချီးထက်တောင်ရွံပါတယ်။ ဖြစ်နိုင်ရင် CNN မျက်နှာကို ချီးငုံပြီးတောင် ထွေးပစ်လိုက်ချင်တာပါ။ အဲ့လောက်ထိ။ ဒါ့ကြောင့် သူနဲ့ပတ်သက်လို့ CNN က တင်တဲ့သတင်းမှန်သမျှ Fake News တွေဆိုတဲ့အထိ လွန်လွန်ကျွံကျွံတွေပြောပါတယ်။ တခါဆို CNN ကို စောင်းမြောင်းပြီး သူ့ထုံးစံအတိုင်း မဲ့ကာရွဲ့ကာ“မီဒီယာတွေဟာ တိုင်းပြည့်အန္တရာယ်တွေ၊ ပြည်သူ့ရန်သူတွေ“ဆိုပြီး နှုတ်ခမ်းတလန်ပန်းတလန်ကြီးနဲ့ကိုပြောတာ။
ကျနော်လည်း စိတ်ဝင်စားတော့ ထရမ့်ပြောတာတွေရော CNN က ထောက်ပြတာတွေရော နိုင်သလောက် မီသလောက်လိုက်ဖတ် လိုက်နားထောင်ပါတယ်။ အဲ့လိုဖတ် အဲ့လိုနားထောင်ရင်းထောင်ရင်း ဘာသွားတွေ့လဲဆိုတော့ တချို့အချက်တွေက CNN ပြောသလို “ဒါ သမ္မတ လိမ်တာ၊ ဒါ သမ္မတ ဖင်ပိတ်ငြင်းတာ၊ ဒါ သမ္မတ သောက်တလွဲတွေလျှောက်ပြောနေတာ၊ လူတွေကို လမ်းလွဲအောင်၊ ယုံထင်ကြောင်ထင်ဖြစ်အောင်လုပ်တာ“စတဲ့ဟာတွေကျ CNN မှားတယ်လို့ထင်တယ်။ ဗြောင်လိမ်တာတို့ ဖင်တခွန်းခေါင်းတို့ဘာတို့တွေတော့ ထားလိုက်ပါ။ သူက စီးပွားရေးသမားကလာတာဆိုတော့။
ထရမ့်ပြောတဲ့ တချို့တလွဲတွေ၊ အလိမ်တွေ၊ ဖင်ပိတ်ငြင်းတွေ၊ သောက်တလွဲတွေဟာ သူ တမင်တကာ သိသိနဲ့ပြောနေတာမဟုတ်ဘူးဆိုတာ ကျနော် ယုံကြည်လာတယ်။ သူ တကယ့်ကို မသိလို့ပြောနေတာ။ သူမသိတာတွေကို သိသလိုလိုလုပ်ပြီး ဖြီးဖြန်းနေတာလည်း မဟုတ်ဘူး။ ကိစ္စတခုရဲ့တကယ့်ရင်းမြစ်ကို သူမသိဘူး၊ ဘယ်မှာဖြစ်နေတာလဲ၊ ဘာဖြစ်နေတာလဲ၊ ဘာဆက်ဖြစ်မလဲ အဲ့ဒါတွေလည်း သူမသိဘူး။ ဒါပေမယ့် သူ့ဟာနဲ့သူသိထားတယ်။ သူသိထားတာနဲ့ တကယ်ဖြစ်နေတာကတခြားစီဖြစ်နေတယ်။ အဲ့လိုဖြစ်နေတာ သူမသိဘူး။ လူတွေက သမ္မတဟာ သူသိသလို လျှောက်ပြောနေတယ်လို့မထင်ပဲ သိသိနဲ့ လမ်းလွှဲချင်လို့ တမင်လုပ်ကြံပြောတာလို့ မှတ်ချက်ချကြတာ။ အဲ့လိုချတဲ့အထဲ CNN လည်းပါတယ်။
သမ္မတက တကယ့်အစစ်အမှန်ကိုမသိဘူး။ သူ့ဟာသူ သိချင်သလိုသိနေတယ်။ အဲ့ဒီသိနေတာကိုပြောတယ်။ အဲ့ဒီမှာ သောက်တလွဲတွေဖြစ်ကုန်တယ်။
ဒါကို CNN ကမျက်စေ့ဒေါက်ထောက်ကြည့် အကွက်ချောင်းပြီး ထရမ့်ဖြီးတယ်၊ ဖင်ပိတ်ငြင်းတယ်၊ လမ်းလွဲအောင်လုပ်တယ်ဘာညာပြောပြီး တွယ်နေတာ။
ကျနော်က အဲ့လိုတွေးမိပြီး အဲ့လိုထင်ကြောင်း ညက တီဗီသတင်းတွေကြည့်ရင်း ဇနီးကိုပြောပြတော့ သူက That's right, i think like you do. လို့ပြောတယ်ဗျ။
ကျနော်လည်း မိန်းမကမှန်တယ်ပြောတော့ပျော်တာပေါ့။ တကယ်က ရှမ်းကြိုက်နွားချောဖြစ်တာပါဗျာ။ ဒါနဲ့ ဇနီးကို We are very smart, huh, how do you think? မေးတော့ Yes, we are, you'er right again. တဲ့ ကဲ ဘာပြောဦးမလဲ။ ဘုတ်နဲ့ကျီးဟာ အချင်းချင်းမမြှောက်လို့ ဘယ်သူ လာမြှောက်လိမ့်မတုန်း။
မျိုးမြင့်ချို
စက္တင္ဘာ ၁၂၊ ၂ဝ၁၉

ျပခ်င္တာက

0 comments
(ျပခ်င္တာက)
ကာချုပ်မင်းအောင်လှိုင်က ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တွေကို လှည့်ပတ်ခြိမ်းခြောက်ချုပ်ကိုင်ဖြယ်လှယ် ဖျားယောင်းသွေးဆောင်ရင်း တံစိုးလက်ဆောင်ရော အပင်းရောတပြိုင်တည်းသွင်းနေတယ်။ တဆက်တည်းမှာပဲ အင်န်အယ်လ်ဒီခေါင်းဆောင်ဒေါ်စု( တပ်ပိုင်အစိုးရ)က IIMM ကိုလက်မခံဘူးဆိုပြီး မိုက်ဇာတ်ကိုဆက်ခင်း မိုက်ကျင်းနက်သထက်နက်အောင်တူးရင်း စစ်အုပ်စုစိတ်လည်လာတန်နိုးနိုးမျှော်ကိုးရင်း တဘက်သတ် ရင်ကြားဆက်စေ့နေတယ်။
စစ်အုပ်စုက နိုင်ငံတကာတို့ ကုလသမဂ္ဂတို့ ဘာတို့ဆိုတာတွေဘာမှန်းလည်းသိသလို ကြောက်လည်းမကြောက်ဘူး။ လိုအပ်ရင်ကြောက်ဟန်ဆောင် တဘက်ဘက်ကို အရပူးပြီး အာဏာလက်မလွတ်ရေးလုပ်ခဲ့တာချည်းပဲ။ အာဏာလက်မလွတ်ရေးအတွက် စစ်အုပ်စုမလုပ်ဝံ့တာ ဘာမှမရှိဘူး။ အဲ့သလိုလုပ်ဖို့ ကျစရာသိက္ခာလည်း သူတို့မှာ ဘယ်တုန်းကမှမရှိခဲ့ဘူး။
ဒေါ်စုကျတော့ နိုင်ငံတကာတို့ ကုလသမဂ္ဂတို့ရဲ့ အလှော်အထေးကောင်းမှုတွေကြောင့် ဘာမှမလုပ်ရသေးခင်မှာတင်နိုဘယ်ဆုနဲ့ သူကောင်းပြုပေးခံရသူဖြစ်တယ်။ သူကိုယ်တိုင်ကလည်း နိုင်ငံတကာကို မင်းတို့လွတ်လပ်မှုနဲ့ ငါတို့လွတ်မြောက်အောင်လုပ်ပေးပါလို့ အတိအလင်းတောင်းခံခဲ့သူဖြစ်တယ်။ “ပြည်သူ“ဆိုတာကို သူ့ကို သူ့ပါတီကိုထောက်ခံနေဖို့လောက်ထက် ပိုမတွေးဘူး။ ခု မစို့မပို့ရထားတဲ့အာဏာလေးလက်လွတ်ဆုံးရှူံးမှာ သေမလောက်ကြောက်တဲ့ဘဝရောက်ပြီး ရထားတဲ့နေရာလေးမှာ သာယာနေတတ်ပြီ။ လက်လွတ်မှာ ကြောက်တတ်သွားပြီ။ ဒီတော့ တချိန်က သူ့ကို ဇန်းတင်ပေးခဲ့သူတွေ အငြိုအငြင်ကိုခံပြီး စစ်အုပ်စအတွက် မိုက်မိုက်ကမ်းကမ်း အရူးအမူးကာကွယ်ပေးပြီ။
လက်ရှိ ၂ဝဝ၈ အောက်ကအခင်းအကျင်း နည်းနည်းလေးမှ ယိုယွင်းသွားတာကို စစ်အုပ်စုကလက်မခံနိုင်ဘူး။ အင်န်အယ်လ်ဒီက ၅၉(စ)လောက်ပြင်ပေးရင်တော်ပြီဆိုတာထက်ပိုပြီး ၂ဝဝ၈ ကို(လောလောဆယ်မှာ) မထိချင်သေးဘူး။ စစ်အုပ်စုကလည်း ဒါကို လုံးဝအဖြစ်မခံနိုင်ဘူး။ သူတို့ငြိနေကြတာက ဒီနေရာမှာပါ။ ဒါက အနှစ်သာရပါ။ ကျန်တာက အကာသဘော ဝိုင်းဝန်းထားတာတွေဖြစ်နေတယ်။
ဒီအနှစ်သဘောမှာ ငြိနေကြပေမယ့် ၂ ဘက်လုံးက ရှိထားတဲ့အခြေအနေနဲ့ အာဏာလက်မလွတ်ရေးစဉ်းစားချက်တွေကတူနေတယ်။ တဘက်နဲ့တဘက် အပြန်အလှန်လိုအပ်နေတယ်။ အင်န်အယ်လ်ဒီ(ဒေါ်စု)ဘက်က စစ်တပ်ကိုပိုလိုအပ်နေတယ်။ စစ်တပ်မပါပဲ ပြည်တွင်းစစ်၊ ပြည်ထောင်စုစတဲ့ကိစ္စကြီး ၂ ခု ဘယ်နည်းနဲ့မှ သူမရှင်းနိုင်ဘူး။ စစ်တပ်က တိုင်းပြည် လူထုနဲ့ တက်လာသမျှအစိုးရတိုင်းကို ဒီပြဿနာကြီး ၂ ခုနဲ့တည်ပေးထားပြီး သူက အပေါ်စီးကထိုင်ထားတာ။
ဒီတော့ စစ်အုပ်စုနဲ့ ဒေါ်စုနဲ့က တယောက်အမြီးနဲ့တယောက်ချည်မိသွားတဲ့ မျောက်တွေလိုဖြစ်သွားပြီ။ တကောင်ပြုတ်ကျရင် နောက်တကောင် ဇောက်ထိုးတန်းလန်းပါသွားဖို့ရာပဲ။ နိုင်ငံတကာက တလျှောက်လုံးဒေါ်စုကိုဖယ်ပြီး စစ်အုပ်စုကို တည် ချနေတာ။ ယန်းဟီလီကဆို ထုတ်ပါပြောတဲ့အထိပဲ။ သူတို့တင်ထားတဲ့ရွှေမင်းသမီးဖြစ်နေတာက အဓိကပါ။ ခက်နေတာက ရွှေမင်းသမီးက ရှေ့ထွက်ကောင်းလှချည့်ချီးမွမ်းခန်းမှမဆုံးသေးဘူး နိုင်ငံတကာကို ဖိုးသင်းမျောက်လုပ်ပြလိုက် ယောက်မမြင်းစီးထွက်ပြလိုက်ဖြစ်နေတာ။
ခုလည်း ကာချုပ်နဲ့ အတွင်းမှာ ဘယ်လိုဇယားလှည့်ထားတာရှိ/မရှိတော့မပြောတတ်ဘူး(ရှိချင်လည်းရှိနိုင်ပါတယ်၊ စစ်အုပ်စုက လိုတဲ့အခါ လူရာသွင်းတာတွေ တလျှောက်လုံးရှိခဲ့ပါတယ်) နှစ်ယောက်သားတော့ ခြေကျလက်ကျညီညီ ပွဲထွက်ခံနေကြတာတွေ့ရတယ်။
ပြည်တွင်းကအစ္စလာမ်ဘာသာဝင်တွေ ခုဆို အရင်ကထက် အနေအထိုင်အပြောဆိုတွေ သတိကြီးကြီး ပိုထားရတော့မယ်။ ကိုယ့်လူအချင်းချင်းကြားထဲက သူတိုမွေးထားတဲ့လူတွေကို သိတ်ထားဆက်ဆံဖို့နဲ့ သူတို့ကိုယ်တိုင် ကိုယ့်အချင်းချင်းကြားကကိစ္စတွေမှာ ဝင်ပါလာတာတွေလုပ်ပါလိမ့်မယ်။ ရိုဟင်ဂျာမွတ်စလင်မ်တွေဆိုတာမရှိပါဘူး ဘင်္ဂါလီတွေပါတို့၊ FFM ကိုဆန့်ကျင်ပါတယ်တို့၊ IIMM ကိုလက်မခံပါတို့စတဲ့ကြေညာချက်ထုတ်ခိုင်းတာတွေ ဆန္ဒပြခိုင်းတာတွေအထိလုပ်လာနိုင်ပါတယ်။
အဲ့သလိုလုပ်ခဲ့ရင်လည်း ဒါ နိုင်ငံတကာကိုကြောက်လို့ အရေးယူခံရမှာကြောက်လို့ ICC အတင်ခံရမှာပူလို့တို့မဟုတ်ပါ။ မွတ်စလင်မ်တွေကို စစ်အုပ်စုကသာကိုင်နိုင်တယ်၊ ကိုင်မယ်၊ ကိုင်လို့ရတယ်ဆိုတာကို တိုင်းပြည်ကိုရော ကမ္ဘာကိုရော ဒေါ်စုကိုပါပြဖို့ပါ။ ဒေါ်စု သူလုပ်သလိုသွားလုပ်ကြည့်ပါ။ ဘာဖြစ်သွားမယ်ဆိုတာ လူတိုင်းသိပါတယ်။
မျိုးမြင့်ချို
စက်တင် ၁၁၊ ၂ဝ၁၉