Monday, September 23, 2019

(နိုင်ငံတော်နှင့်တော်လှန်ရေးကို ထပ်မံလေ့လာရာမှ ရရှိချက် ၂)

0 comments
(နိုင်ငံတော်နှင့်တော်လှန်ရေးကို ထပ်မံလေ့လာရာမှ ရရှိချက် ၂)
ဒီစာအုပ်ကို လီနင်ရေးတုန်းက တော်လှန်ရေးလက်တွေ့လေ့လာစရာက ပြင်သစ် ဓနရှင်ဒီမိုကရေစီ တော်လှန်ရေးနဲ့ ပဲရစ်ဘုံအဖွဲ့တော်လှန်ရေး (၂)ခုပဲရှိတယ်။
အခု မိမိတို့လေ့လာဖို့ တော်လှန်ရေးလက်တွေ့တွေ သိတ်များတယ်။ ရုရှအောက်တိုဘာ တော်လှန်ရေးကြီးက စပြီး တရုတ်၊ ဗီယက်နမ်၊ ကျူးဘားစသည်ဖြင့်တော်လှန်ရေး အတွေ့အကြုံတွေ သိတ်များပါတယ်။ ပြည်သူ့အာဏာထူထောင်ကြတဲ့အတွေ့အကြံုတွေနဲ့ သင်ခန်းစာတွေလည်းများပါတယ်။
အတုယူစရာတွေနဲ့ ရှောင်ကျဉ်စရာတွေရှိပါတယ်။ ဆက်လက်ပြီး ဖြစ်ပေါ်ဆဲဖြစ်စဉ်အတွင်းမှာရှိလို့ အမြဲဆက်လက်လေ့လာနေရမှာပါ။
မိမိတို့က ဗမာပြည်တော်လှန်ရေးဆင်နွှဲနေတာပါ။ ဗမာပြည်ရဲ့စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ပြီး ဗမာပြည် ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ် ထူထောင်ရမှာပါ။ နိုင်ငံခြားကပုံစံကို ပုံတူကူးချလို့ မရပါဘူး။ အခြားတိုင်းပြည်တွေကအခြေအနေနဲ့ ဗမာပြည်ရဲ့အခြေအနေက ချွပ်စွပ်မတူနိုင်ပါဘူး။ တူသယောင်ယောင် ရှိကောင်းရှိပါလိမ့်မယ်။ လုံးဝဥဿုံ တူတာတော့မရှိနိုင်ပါဘူး။ (ဥပမာ) အင်ဒိုနီးရှားကဆူဟာတို စစ်အာဏာရှင်စနစ်နဲ့ ဗမာပြည်ကနေဝင်း စစ်အာဏာရှင်စနစ်မတူပါဘူး။ စတင်ပေါ်လာပုံနဲ့ကျင့်သုံးပုံ လုံးလုံးကွဲပြားပါတယ်။
မိမိတို့ဆင်နွှဲနေတဲ့တော်လှန်ရေးနဲ့ တရုတ်၊ ဗီယက်နမ်၊ ကျူးဘားစတဲ့ တော်လှန်ရေးတွေလည်း မတူပါဘူး။ တူမယောင် ရှိကောင်းရှိမယ်။ ဒါပေမဲ့ ချွပ်စွပ်မတူပါဘူး။ မိမိတို့ပါတီအနေနဲ့ ပုံတူကူးချ ခဲ့လို့ နှာခေါင်းကျည်ပွေ့ တွေ့ခဲ့ရပေါင်းများပါပြီ။
ဥပမာ တရုတ်ယဉ်ကျေးမှူတော်လှန်ရေးကို ပုံတူကူးချတဲ့ ပါတီတွင်းတော်လှန်ရေးလမ်းစဉ် ၀ပါတီတွင်း ဗန်းစကား Jargon (ဖြုတ်-ထုတ်-သတ်)လုပ်ခဲ့လို့ ကျွမ်းပြန်အောင်မှားခဲ့တယ်။ “ကိုယ့်အားကိုယ်ကိုးရေးအခြေခံ“ ဆုံးရှူံးခဲ့ရတယ်။ နောက်ကတော့ အများကိုပြင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ မအောင်မြင်ဘူး။ နောက်ဆုံး အရှူံးနဲ့ကြုံခဲ့ရတယ်။ ဒီသင်ခန်းစာကို ဘယ်တော့မှ မမေ့ဖို့လိုပါတယ်။
ကိုယ့်အားကိုယ်ကိုးအခြေခခံရှိတုန်းကဆိုရင် “ဗကပ“ဟာ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ် နိုင်ခဲ့တယ်။ ရန်သူရဲ့ဖိနှိပ်မှူ ချေမှူန်းမှူတွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ခဲ့တယ်။ ဘယ်လောက်ပဲ အင်အားနည်းပါစေ လက်နက်ကိုင်တော်လှန်ရေးအလံ လဲမသွားခဲ့ဘူး။
ဒါပေမယ့် “ကိုယ့်အားကိုယ်ကိုးရေးအခြေခံ“ဆုံးရှူံးသွားတော့ အင်အားကြီးမားပေမယ့် “ဗကပ“ရဲ့ လက်နက်ကိုင်တော်လှန်ရေးအလံ လဲကျသွားခဲ့တယ်။ ဒါဟာ အကြီးဆုံးသင်ခန်းစာပါ။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးပဲလုပ်လုပ်၊ စစ်အာဏာရှင်စနစ်ကို တစတစပြုပြင်ရေးလမ်းစဉ် (အခု လစ်ဘရယ်လ်ဝါဒီများလုပ်နေတဲ့ လမ်းစဉ်)ပဲ လုပ်လုပ်၊ တခြားနိုင်ငံခြားတိုင်းပြည်တွေရဲ့ အတွေ့အကြုံကို ပုံတူကူးမချမိဖို့လိုပါတယ်။ ဗမာပြည်ရဲ့အခြေအနေနဲ့ လိုက်လျောညီထွေရှိတဲ့ လမ်းစဉ်ကို ကိုယ့်ဘာသာတီထွင်ကြရမှာပါ။
လီနင်ရဲ့စာအုပ်ကလေ့လာရရှိတဲ့ အဓိကအကျဆုံးအချက်က အာဏာဟောင်းက ထူထောင်ထားတဲ့ အုပ်ချုပ်ရေးယန္တယား(စစ်တပ်၊ ရဲတပ်၊ တရားရုံး)ကို ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ်က ဆက်လက် အသုံးမချနဲ့ဆိုတာပါပဲ။ ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ်က မိမိရဲ့အုပ်ချုပ်ရေး ယန္တယား (စစ်တပ်၊ ရဲတပ်၊ တရားရုံး အသစ်) ထူထောင်ရမှာပါ။ အဲ့လိုမလုပ်နိုင်ရင် အဆိုးကျော့သံသရာ တပတ်ပြန်လည်ရမှာပါပဲ။
ဦးနုရဲ့ “ပထစအစိုးရ“ ကြုံရတဲ့အဖြစ်ဆိုးမျိုး ပြန်ပြီးတော့ကြံုရမှာ သေချာပါတယ်။
လီနင်အနေနဲ့ ဒီလိုအဖြစ်မျိုး(ဆိုဗီယက်အာဏာထူထောင်ပြီးစမှာ) ကြုံခဲ့ရတယ်။ စစ်တပ်(ဟောင်း)၊ ရဲတပ် (ဟောင်း)၊ တရားရုံး(ဟောင်း)တွေက ဆိုဗီယက်အာဏာကို အာခံတာကြံုရပါတယ်။ ပြည်တွင်းစစ် ဖြစ်ရတယ်။ အဲ့ဒီအခါကျတော့မှ တပ်မတော်အသစ်၊ ရဲတပ်အသစ်၊ တရားရုံးအသစ်ကို ထူထောင်ခဲ့တာပါ။
မော်စီတုန်းကတော့ ဒီလိုမကြုံပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ရေရှည်ပြည်တွင်းစစ် အတွင်းမှာ ကေအမ်တီ KMT ရဲ့ စစ်တပ်၊ ရဲတပ်၊ တရားရုံးတွေကို ချေမှုန်းဖျက်ဆီးခဲ့ပြီးဖြစ်လို့ပါ။ ဒါတောင်မှ အမြစ်ကျန်နေပြီး ထိုင်ဝမ်ကိုထွက်ပြေးတဲ့ ကေအမ်တီက အမေရိကန်အားကိုးနဲ့ ရန်ရှာနေတုန်းပါ။
ဒါ့ကြောင့် ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကထူထောင်ထားတဲ့ စစ်တပ်၊ ရဲတပ်၊ တရားရုံးတွေကို ကောက်ကာငင်ကာအသုံးချမယ်၊ တစတစပြုပြင်ယူမယ်ဆိုတဲ့ စိတ်ကူးယဉ်မှုမျိုးမရှိသင့်ပါဘူး။ သူ့ကို ကိုယ်ကမပြင်နိုင်ပဲ သူက ကိုယ့်ကို တွန်းလှန်တာပဲ ကြုံရလိမ့်မယ်။
လီနင်၊ မော်စီတုန်းတို့ဖြတ်သန်းခဲ့ရတဲ့ခေတ်က နယ်ချဲ့သမားတွေအချင်းချင်း ကမ္ဘာစစ်တိုက်ကြတဲ့ ခေတ်ပါ။ မျက်မှောက်ခေတ်နဲ့မတူပါဘူး။ မျက်မှောက်ခေတ်က နယ်ချဲ့အချင်းချင်း စစ်ခင်းတဲ့ခေတ် မဟုတ်ပါဘူး။ အမေရိကန် စူပါပါဝါတခုပဲရှိတယ်။ ကမ္ဘာစစ်ကြီးမဖြစ်တာလည်း (၆၇)နှစ်ရှိပါပြီ။ ဒေသန္တရစစ်ကလေးတွေပဲ အကန့်အသတ်နဲ့ဖြစ်ခဲ့ပါတယ်။ ဖြစ်နေပါလိမ့်ဦးမယ်။ ကမ္ဘာကြီးတခုလုံး ငြိမ်းချမ်းတဲ့ခေတ်ရောက်ပြီလို့ယူဆလို့ မဖြစ်ပါဘူး။
မိမိတို့အနေနဲ့ အရေးကြုံရင် အသင့်ဖြစ်နေဖို့လိုပါတယ်။ ဗမာပြည်ရဲ့အခြေအနေနဲ့ အမျိုးသား အကျိုးစီးပွားကိုထိပါးမခံဖို့၊ ဗမာပြည်ရဲ့ပိုင်နက်နယ်မြေကို နည်းနည်းမှ အထိပါးမခံဖို့လိုပါတယ်။
(၄) လီနင်က ဆိုရှယ်လစ်တော်လှန်ရေးအတွက် ရေးထားတာပါ။ ကျနော်တို့က ဒီမိုကရေစီ တော်လှန်ရေးအဆင့် လုပ်ရမှာပါ။ မော်စီတုန်းရဲ့ “ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ်“ က ပိုပြီး လက်တွေ့ကျပါတယ်။ လေ့လာရတာနဲ့ နားလည်သဘောပေါက်ဖို့ လွယ်ကူပါတယ်။
(၅) တော်လှန်ရေးဆိုတာ တောင်းယူတာမဟုတ်။ တိုက်ယူတာ ဖြစ်တယ်။ လီနင်၊ မော်စီတုန်းတို့ ရေးသားချက်ရဲ့အနှစ်သာရက ဒါပါပဲ။
ပြည်သူ့အာဏာဂျာနယ် အမှတ်(၃၅)၊ ဒီဇင်ဘာ ၂ဝ၁၂ ခုနှစ်မှ။
ပထမအကြိမ်၊ မေ ၂ဝ၁၄ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဝါဒဖြန့်ချိရေးဌာနက ထုတ်ဝေသော (ဗီအိုင်လီနင်ပြုစုသည့်) နိုင်ငံတော်အစိုးရနှင့်တော်လှန်ရေးစာအုပ်မှ)

0 comments:

Post a Comment