Tuesday, September 10, 2019

(နိုင်ငံရေးအဆင့်နေရာ)

0 comments
(နိုင်ငံရေးအဆင့်နေရာ)
လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို နိုင်ငံရေးအရအဆင့်နေရာ မပေးသရွေ့ ပြည်တွင်းစစ်က ပုံစံအမျိုးမျိုးနဲ့ရှိနေမှာပဲ။ ကြီးလာလိုက် သေးသွားလိုက် ပြင်းလာလိုက် ပျော့လာလိုက်လောက်ပဲ ကွာမှာပါ။ ဓနဥစ္စာ ငွေကြေး အခွင့်အရေးမျိုးစုံပေးပြီး ခေါင်းဆောင်တချို့ကို ချော့မြှူသိမ်းသွင်း သွေးခွဲပြီး ၂ဝဝ၈ ဖွဲ့စည်းပုံတင်းကုပ်ထဲမောင်းသွင်း၊ တပ်ဖျက် လက်နက်ချ ပါတီတောင် ကုမ္ဗဏီထောင်လုပ်တာတွေ ရကောင်းရပေမယ့် စစ်စစ်မှန်မှန် တွန်းလှန်ရုန်းကန်နေကြသူတွေကိုတော့ (သူတို့ဘက်မှာ ဘယ်လောက်အကျပ်အတည်းရှိရှိ) အဲ့လိုလုပ်လို့ ဘယ်တော့မှ မရနိုင်ဘူး။ ပြဿနာကို တပွဲတိုးနည်းနဲ့ရှင်းလာခဲ့တာ လွတ်လပ်ရေးကတည်းကနေ ခုချိန်ထိ။ ဘယ်မှာပြေလည်သွားလို့လဲ။ ပြဿနာရဲ့တကယ့်အရင်းအမြစ်ကို မှန်မှန်ကန်ကန် မျှမျှတတ တရားနည်းလမ်းကျကျ တန်းတူရည်တူ မဖြေရှင်းသရွေ့ ပြည်တွင်းစစ်ပြဿနာနဲ့ လူမျိုးစုများအရေး(ပြည်ထောင်စုပြဿနာ)ဟာ နာတာရှည်ရောဂါလို ဆက်ပြီးရှိနေမှာပဲ။
ခု စစ်အုပ်စုရှင်းနေတဲ့ တပွဲတိုးဆေးမြီးတိုနည်းကို တပ်ပိုင်အစိုးရကပါ မှန်ပါ့ဘုရားလိုက်လုပ်လာတာ၊ အပြတ်ချေမှုန်းခိုင်းတာ၊ လေယဉ်သုံးဖို့သဘောတူတာ၊ တဘက်အဖွဲ့အစည်းတွေကို အကြမ်းဖက်လုပ်ရပ်ဆိုပြီး ပြစ်တင်ရှုတ်ချလာတာတွေအပါအဝင် ပြည်တွင်းစစ်မှာလူသတ်ကြတာချင်းအတူတူ စစ်တပ်ကလူသတ်သမားတွေကို သမ္မတကိုယ်တိုင်က လွတ်လပ်ရေးနေ့မှာ ဘွဲ့တံဆိပ်တွေကပ်နေရတာတွေဟာ အလိုတူအလိုပါလို့ပြောရတာထက်ပြင်းတဲ့စကားနဲ့ပါ ပြောထိုက်လာတယ်။ လူအစုလိုက်အပြုံလိုက်သတ်၊ မိန်းမမှန်သမျှမုဒိန်းကျင့် ရွာလုံးကျွတ်မီးရှိူ့၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေကို ဗြောင်ကျကျ လက်ရဲဇက်ရဲလုပ်နေတဲ့ စစ်အာဏာရှင်တပ်ကို ရှေ့ကနေရော နောက်ကနေပါ သွေးရူးသွေးတမ်းကာကွယ်ပြောဆိုနေတာဟာ စစ်အုပ်စုကိုကြောက်ရလို့လုပ်နေတာထက် ကိုယ်တိုင်ကိုက စိတ်ပါလက်ပါ သိစိတ်ရှိရှိ ရာဇဝတ်မှုတွေကို လိုက်လံကျူးလွန်နေတာနဲ့ ဘာများ ခြားနားပါသလဲ။
မိမိကိုယ်တိုင်လည်း စစ်အုပ်ရဲ့ “နိုင်ငံရေးအရ အဆင့်နေရာ“ပေးခြင်းမခံရသလို မိမိနည်းတူ အဆင့်နေရာအပေးမခံရတဲ့ ဖိနှိပ်ခံတွေဘက်ကရပ်တည်ရမယ့်အစား ဖိနှိပ်သူဘက်က ဝင်ရပ်ပြီဆိုကတည်းက ဖိနှိပ်သူနဲ့အတူရှိတယ်ဆိုတာကို ဘွင်းဘွင်းပြတာပဲဖြစ်တယ်။ ဒါကလည်း စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကြီးကြောင့်ဖြစ်နေတာပဲလို့ ယေဘုယျပြောနိုင်ပေမယ့် ခြွင်းချက်မရှိလက်ခံလို့ရတဲ့စကားတော့ မဟုတ်ပေဘူး။
ဗမာပြည်လက်တွေ့အရ စစ်အုပ်စုဟာ သူ့သက်တမ်းတလျှောက်မှာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ဘယ်သူဘယ်ဝါကိုမှ နိုင်ငံရေးအရအဆင့်နေရာတူမပေးခဲ့ဖူးဘူး။ သဘောက ပြဿနာတွေကို တန်းတူရည်တူ သွေးရိုးသားရိုး ဆွေးနွေးညှိနှိူင်းခဲ့ရိုးမရှိဘူး။ အရှည်ကြီးမပြောနဲ့ လက်ရှိ အပစ်ရပ်မရတာကိုက အဲ့ဒီ “နိုင်ငံရေးအရအဆင့်နေရာ“မပေးလို့ပဲ။ ပြည်တွင်းစစ်ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ဆိုတဲ့ စိတ်ကူးတွေဟာ “နိုင်ငံရေးအရအဆင့်နေရာ“တန်းတူမပေးနိုင်ရွေ့ မရသရွေ့ မရှိသရွေ့ ဖော်ဆောင်လို့မရမယ့် ဒြပ်မဲ့သက်သက်စိတ်ကူးယဉ်မျှထက် ပိုလာစရာမရှိဘူး။
ဒီ “နိုင်ငံရေးအရအဆင့်နေရာ“ကို ဘယ်သူတွေကစ ကျင့်သုံးရမလဲဆိုတော့ လူမျိုးစုတွေမှာ အကြီးဆုံးနဲ့အများဆုံးလူမျိုးစုကြီးဖြစ်တဲ့ “ဗမာလူမျိုးစု“က စရမှာဖြစ်တယ်။ တခြားလူမျိုးစုတွေကို “တိုင်းရင်းသား“လို့ ခေါ်ဝေါ်သုံးစွဲနေတာကိုရပ်ပစ်ဖို့ကနေ စရလိမ့်မယ်။ ဗမာဟာလည်း တခြားလူမျိုးစုများနည်းတူ လူများစုလူမျိုးတခုဖြစ်တယ်လို့ရှင်းရှင်းမြင်တာက စရလိမ့်မယ်။ အဲ့ဒီကနေမှ ဗမာလူမျိုးကြီးဝါဒ၊ ဘာသာကြီးဝါဒ ကျင့်သုံးနေတာကို လျော့ပါးသွား ပပျောက်သွားအောင်လုပ်ရမှာပါ။
မိမိက မဟာဗမာ လူမျိုးကြီးဝါဒကိုကိုင်စွဲထားသရွေ့ လူနည်းစုလူမျိုးစုတွေကလည်း ကျဉ်းမြောင်းတဲ့လူမျိုးစွဲအမြင်တွေကိုင်စွဲထားမှာ အသေအချာပဲ။ ဖန်တီးနိုင်တဲ့အခြေအနေနဲ့အားဟာ ဘယ်သူ့ဘက်မှာ ပိုရှိနေသလဲ။ ပိုရှိနေတဲ့လူက အရင်စပြင်ရမှာပဲ။ ဒါဆို ကျန်သူတွေလည်း လိုက်ပြင်ကြမှာပဲ။ ဒါမှလိုက်မပြင်ရင် ဘယ်လိုနိဂုံးချုပ်တတ်တယ်ဆိုတာ သူတို့လည်းသိကြပါတယ်။
မျိုးမြင့်ချို
စက္တင္ဘာ ၄၊ ၂ဝ၁၉

0 comments:

Post a Comment