Wednesday, September 25, 2019

(စိတ်အနေစိတ်အထား မျက်နှာနေမျက်နှာထား)

0 comments
(စိတ်အနေစိတ်အထား မျက်နှာနေမျက်နှာထား)
ဆွီဒင်သူ ဆယ့်ခြောက်နှစ်မ climate activist Greta Thunberg ကို UN စင်မြင့်လိုနေရာမျိုးအပါအဝင် နိုင်ငံခေါင်းဆောင်တွေနဲ့စကားပြောတဲ့အခါ စိတ်ကို ဘယ်လိုအေးဆေးတည်ငြိမ်နေအောင် ထိန်းရမယ်၊ မျက်နှာထားကို ဘယ်လိုထားရမယ်ဆိုတာတွေကို Spin Doctors တွေ ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီး ပြုပြင်တန်တာ ပြုပြင်မှကောင်းမယ်ထင်ပါတယ်။ ကလေးမလေးပြောတဲ့ စကားလုံးတွေမှာ အားပါသလောက် စကားပြောတဲ့အခါ မျက်နှာနေ မျက်နှာထားက မလိုမုန်းတီးဟန် ရွံရှာစက်ဆုပ်ဟန် ဒေါသဟန် ခါးခါးသီးသီးဖြစ်နေဟန်တွေ ကဲလွန်းနေတယ်။
စိတ်နဲ့ရုပ်ဟာ အဆက်အစပ်မို့ စိတ်ထဲရှိတာတွေပြောတဲ့အခါ ရုပ်ဖြစ်တဲ့ မျက်နှာပြင်ကြွက်သားတွေက စိတ်ရဲ့စေ့ဆော်ချက်အတိုင်း လိုက်ဖော်ပြကြတာပါ။ ဒါ့ကြောင့် သာမန်လူတယောက်ရဲ့ မျက်နှာကိုကြည့်ပြီး ဒီလူ ဘာဖြစ်နေတယ်ဆိုတာ ယေဘုယျခန့်မှန်းလို့ရနိုင်ကြတာပါ။ ဒါကိုပဲ လူ့မျက်နှာကြည့် လူ့စိတ်နေစိတ်ထားကို ပြောလို့ရတယ်ဆိုပြီးပြောကြတာပါ။
လူတွေမှာ စိတ်နေစိတ်ထားကောင်းသူတွေရှိသလို စိတ်နေစိတ်ထားဆိုးသူတွေရှိပါတယ်။ လူတချို့ကျတော့ စိတ်အနေကောင်းပေမယ့် စိတ်အထားမတတ်လို့ ပြဿနာတက်ကြတာတွေလည်းရှိပါတယ်။ လူဟာ စိတ်အနေ ဘယ်လောက်ကောင်းကောင်း စိတ်အထားမတတ်ရင် သူဟာ “စိတ်ထားမကောင်းသူ“ စာရင်းပေါက်သွားပါတယ်။ ပင်ကိုယ်က စိတ်အနေမကောင်းသူကျ စိတ်အထားပါ အလိုလိုမကောင်းတတ်တာများပါတယ်။ စိတ်အနေဟာ ပင်ကိုယ်ဖြစ်ပြီး စိတ်အထားဟာ ဆင်ခြင်တုံတရားနဲ့ဆိုင်ပါတယ်။ စိတ်အနေဟာ ပြင်ဖို့မလွယ်ပေမယ့် စိတ်အထားကတော့ ချိန်ချိန်ဆဆ ဆင်ဆင်ခြင်ခြင်လေးရှိရင် ထိုက်သလောက် ပြုပြင်ပြောင်းလဲလို့ရတယ်ထင်ပါတယ်။ ဒါ့ကြောင့် စိတ်နေစိတ်ထားကောင်းသူဖြစ်ဖို့ဆို စိတ်အနေကလည်းကောင်း စိတ်အထားကလည်းတတ်မှ ဖြစ်မှာပါ။
နောက်တချက်က စကားပြောတဲ့အခါဖြစ်နေတဲ့ စိတ်ရုပ်အဆက်အစပ်ဖြစ်ပါတယ်။ ဒီနေရာမှာ စိတ်ကို နှလုံးနဲ့တွဲသုံးပါရစေ။ မသန့်ရှင်းတဲ့အစားအစာကိုစားမိရင် အဲ့ဒီအစားအစာဟာ မစင်အဖြစ် ကျင်ငယ်အဖြစ်ပြန်ထွက်သွားသလိုပါပဲ (ဒီနေရာမှာ မသန့်ရှင်းတဲ့အစာဆိုတာ ဂျူးတွေ မွတ်စလင်မ်တွေအဖို့ ဝက်သားလိုဟာ၊ ဟလ္လာလုပ်မထားတဲ့အစာကိုဆိုလိုတာပါ)။ ညစ်နွမ်း၊ ယုတ်မာ၊ ဟန်ဆောင်လှည့်ဖျား၊ ကောက်ကျစ်၊ ဝန်တို၊ မလိုမုန်းထားနှလုံးသား (ချုပ်ပြောရရင် မနောဒုစရိုက်)ရှိတဲ့သူဟာလည်း သူ့နှလုံးသားတဲ့ရှိတဲ့အရာတွေကို သူ့ပါးစပ်ကနေထွက်ပါတယ်။
သူ့နှူတ်ကထွက်လာတဲ့စကားတွေဟာ သူ့စိတ်နှလုံးကလာတာဖြစ်လို့ သူပြောဆိုနေချိန်မှာ သူ့မျက်နှာပြင်က ကြွက်သားတွေဟာလည်း သူ့စိတ်ခံစားမှူအတိုင်း လိုက်ပါပြုမူဖော်ပြနေတဲ့ ဖော်ပြချက်ဖြစ်လာပါတယ်။ ဒါကို စိတ်ပညာရှင်တွေ စိတ်ရောဂါကုဆရာဝန်တွေ စိတ်ရုပ်ဆက်သွယ်မှူဗေဒပညာရှင်တွေ ကောင်းကောင်းနားလည်ပါတယ်။ ရုပ်ရှင် ပြဇာတ် စတဲ့သရုပ်ဆောင်တွေက ပညာရပ်ဆန်ဆန်နားလည်စရာမလိုသည့်တိုင် သူတို့ဟာ ဒီစိတ်ရုပ်အဆက်အစပ်ကို ကောင်းကောင်းအသုံးချနိုင်မှသာ ပြောင်မြောင်ထူးချွန်တဲ့ သရုပ်ဆောင်တွေဖြစ်လာကြတာပါ။
နိုင်ငံကြီးတွေက တိုင်းပြည်ခေါင်းဆောင်တချို့ဟာ အရေးကြီးတဲ့မိန့်ခွန်းတွေပေးရတော့မယ် အရေးကြီးတဲ့စကားတွေ တိုင်းပြည်ကို ပြောရတော့မယ်ဆိုရင် မိန့်ခွန်းရေးသူ Speech Writers တွေ Spin Doctors တွေ မျက်နှာနဲ့ဆံပင်ပိုင်းအလှပြင်ပညာရှင်တွေနဲ့တိုင်ပင်ပြီး အစမ်းလေ့ကျင့်တာတွေအထိ လုပ်ရတာလည်းရှိပါတယ်။ တချို့ အဲ့သလို လုပ်နေစရာမလိုအောင် ပြောတတ် ဟောတတ် မျက်နှာအနေရော မျက်နှားအထားပါထားတတ်သူတွေရှိပါတယ်။ နည်းပါတယ်။
ခုလောလောဆယ်မှာ ကမ္ဘာနဲ့ချီပြီး ကျော်ကြားနေတဲ့ ဆယ်ကျော်သက်နှစ်ဦးရှိပြီး တဦးက ဟောင်ကောင်က Joshua Wong ဖြစ်ပြီး နောက်တယောက်က အပေါ်မှာ ကျနော်ပြောခဲ့တဲ့ ကလေးမလေးပါ။ ဒီကလေးမလေးကျော်ကြားပုံဟာ မာလလာ ကျော်ကြားပုံနဲ့ခြားနားပါတယ်။ မာလလာက နိုင်ငံရေးအသုံးချမှူပိုကဲ ဝါဒဖြန့်မှူပိုသည်းတဲ့နည်းနဲ့ ကျော်ကြားသွားတာဆိုလည်း မမှားတန်ရာပါ။ ဒါပေမဲ့ မာလလာက စကားပြောတဲ့အခါ သူ့မျက်နှာအမူအယာ မျက်နှာအနေမျက်နှာအထား အတော်တတ်တယ်လို့ဆိုရမယ်ထင်ပါတယ်။ ပင်ကိုယ်အရလည်းဖြစ်နိုင်သလို နိုဘယ်ဆုရှင်လည်းဖြစ် ငယ်ရွယ်သူလည်းဖြစ်တော့ ကျင်လည်သူတွေရဲ့ ဖေးမကူညီမှူတွေလည်းပါနိုင်ပါတယ်။
ကျနော်ကတော့ ဒီ ဆွီဒင်သူ ဆယ်ကျော်သက်လေး ဂရီးတာသန်းဘာ့ဂ်ကို စကားပြောတဲ့အခါ အားမန်ပါပါနဲ့ စကားလုံးတွေ ထိထိမိမိရှိတာကို အားရကျေနပ်သလောက် မျက်နှာနေမျက်နှာထားကိုတော့ ဘဝင်တယ်မကျလှပါ။ စိတ်အနေကောင်းသူဟာ စိတ်အထားကောင်းအောင်း ပြောင်းယူပြင်ယူလို့ရသလို မျက်နှာအနေကောင်းသူဟာ မျက်နှာအထားတတ်အောင်လည်း ပြောင်းယူလေ့ကျင်ယူရင် ရနိုင်မယ်လို့ ထင်ပါတယ်။
နောက်တခါ ဒီကလေးမလေး အရေးကြီးတဲ့နေရာတေါမှာ အရေးပါတဲ့လူတွေနဲ့ စကားပြောတဲ့အခါ မျက်နှာနေမျက်နှာထား ကောင်းကောင်းလေးနဲ့ တွေ့ရရင်ကောင်းမှာပဲလို့ရည်သန်မိတာပါပဲ။
မျိုးမြင့်ချို
စက်တင် ၂၅၊ ၂ဝ၁၉

0 comments:

Post a Comment