Monday, September 2, 2019

(ငွေနွယ်ငင်ရင် တစင်လုံးပါတတ်ပါတယ်)

0 comments
(ငွေနွယ်ငင်ရင် တစင်လုံးပါတတ်ပါတယ်)
စီးပွားရေးလုပ်ငန်းရှင်အမည်ခံထားတဲ့ စစ်အုပ်စုနဲ့သူ့ဆွေမျိုးသားချင်းတွေ၊ ခရိုနီတွေ၊ ခေတ်ပျက်သူဌေးတွေ၊ လည်သလိုလုပ်စားနေကြတဲ့ကော်ဇောအိပ်သမားတွေကို ပုဂ္ဂလိကဘဏ်တွေအပါအဝင် ဗဟိုဘဏ်ကနေ တိုင်းမသိပြည်မသိလူထုမသိ လက်သိပ်ထိုးပြီး ငွေတွေနင်းကန်ချေးငှားပေးခဲ့တာတွေရှိပါတယ်။ ဒါကို ဗဟိုဘဏ်ဒုဥက္ကဌဦးစိုးသိမ်းက “စီးပွားရေးလုပ်ငန်းရှင်တွေကို ဘဏ်တွေက လိုအပ်တာထက်ပိုပြီးတော့ လိုက်လျောမှုတွေအများကြီးလုပ်ခဲ့ပြီးပြီ“လို့ စကားအလှသုံးပြီး အတိအလင်း ဝန်ခံသွားရပါတယ်။
တကယ်တော့ ဗဟိုဘဏ်ဆိုတာ ပုဂ္ဂလိကဘဏ်တွေမျက်ဖြူဆိုက်ချိန်မှာ ဝင်ကယ်ရတဲ့ နောက်ဆုံးအသက်ကယ်ဆေးပဲ။ အဲ့သလိုကယ်ရင်းနဲ့ ဗဟိုဘဏ်ပါနစ်ပြီဆိုရင် အဲ့ဒါ တိုင်းပြည်ရဲ့ ငွေကြေးနဲ့ဘဏ္ဏာရေးစနစ် ပြိုလဲတာပဲဖြစ်ပါတယ်။

ဗဟိုဘဏ်ဆိုတာ အစိုးရဘဏ်ပါ။ တိုင်းပြည်တပြည်ရဲ့ ငွေကြေးပေါ်လစီတွေနဲ့ ဘဏ္ဏာရေးစနစ်တွေကို ထိန်းကျောင်းရတာဖြစ်ပါတယ်။ တိုင်းပြည်ကနေ ငွေချေးမယ်မချေးဘူး (ငွေစက္ကူအသစ်တွေရိုက်ထုတ်တာ)၊ လူတွေကို ငွေစုလက်မှတ်တွေ ငွေချေးစာချုပ်တွေထုတ်ရောင်းမယ်မရောင်းဘူး(လူတွေဆီကနေငွေးချေးတာ)၊ ငွေတန်ဖိုး ချမယ်မချဘူး (ငွေဖောင်းပွတာ ငွေပြန်ကျစ်တာ) စတာတွေအပါအဝင် ငွေကြေး/ဘဏ္ဏာရေးစည်းမျဉ်းစည်းကမ်းတွေကို ဗဟိုဘဏ်ကပဲ ပြဌာန်းတာဖြစ်ပါတယ်။ (ဒါတွေလုပ်ဖို့ ဖြစ်ဖို့ဆိုတာက တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုတွေနဲ့အဆက်အစပ်ရှိပါတယ်)။ လွှတ်တော်၊ အစိုးရနဲ့ဗဟိုဘဏ် သုံးပွင့်ဆိုင်ညှိပြီး သင့်တော်မယ့်ဥပဒေတွေပြဌာန်းတာ၊ အစားထိုးတာ၊ ပယ်ဖျက်တာ စတာတွေလည်းလုပ်ရပါတယ်။ အဲ့ဒီနေရာမှာ ဗဟိုဘဏ်ဟာလည်း အခရာကျတဲ့အခန်းက ပါပါတယ်။

ဗဟိုဘဏ်ဆိုတာက လူထုပိုက်ဆံနဲ့လည်ပတ်ရတာပါ။ လူထုငွေနဲ့ တိုင်းပြည်ဘဏ္ဏာကို တိုးပွားသထက်တိုးပွားအောင် စီမံခန့်ခွဲရတာဖြစ်ပါတယ်။ စီမံခန့်ခွဲမှုက တဘက်စောင်းနင်းဖြစ်လာရင် ဗဟိုဘဏ်လည်းပြိုလဲတတ်ပါတယ်။ ဗဟိုဘဏ်လဲပြီဆို ပုဂ္ဂလိကဘဏ်တွေပါ လိုက်ပြိုပါတယ်။ အရင်းလဲတော့ အဖျားထင်းဖြစ်တဲ့သဘောပါ။ ပုဂ္ဂလိကဘဏ်တွေပြိုတော့ အစုရှယ်ယာဝင်ထားသူတွေ၊ စတော့ရှယ်ယာဈေးကွက်ကစားသူတွေပါ ထိပါတယ်။ အဲ့ဒီကနေဆက်ပြီးတော့ ဗဟိုဘဏ်ပြိုတယ်ဆိုတာကို သတျ္တချကြည့်တော့ လူထုဆုံးရှူံးတာဖြစ်ပါတယ်။ တိုင်းပြည် နစ်နာတာဖြစ်ပါတယ်။

အရင်းရှင်စနစ်မှာ ဘယ်လုပ်ငန်းရှင်၊ ဘယ်စီးပွားရေးသမား၊ ဘယ်စက်မှုအရင်းရှင် ဘယ်လောက် ငွေစုမိစုမိ ဘယ်လောက်ငွေရှာရှာ နောက်ဆုံး ရှိသမျှငွေကြေးအားလုံးဟာ ဘဏ္ဏာအရင်းရှင်တွေလက်မှာပဲ သွားစုပုံမိတာပါ။ ဒီနေ့ကမ္ဘာကြီးကို စီးပွားရေးနဲ့စစ်ရေးအရ ခြယ်လှယ်နိုင်စွမ်းရှိနေသူတွေဟာ တကယ်တော့ ဘဏ္ဏာအရင်းရှင်တွေသာဖြစ်ပါတယ်။ အစိုးရတွေဆိုတာက အဲ့ဒီဘဏ္ဏာအရင်းရှင်တွေရဲ့ကိုယ်စားလှယ်အဖြစ် အသုံးတော်ခံရတဆာဖြစ်ပါတယ်။ အစိုးရတွေအနေနဲ့ တခါတခါမှာ ငွေကုန်သည် ငွေပွဲစားငွေလဲလှယ်သူကဏ္ဍကနေလုပ်နိုင်ဖို့ရာ ကမ္ဘာ့ဘဏ်လိုလို IMF လို အဖွဲ့ကြီးတွေဖွဲ့ပြီး ဦးဆောင်ရတာပါ။ အဲ့သလို ဘဏ္ဏာအရင်းရှင်နဲ့အစိုးရနဲ့ တွဲပြီးကစားတဲ့အခါ အစိုးရကအာဏာ(ရာထူးနေရာနဲ့လုပ်ပိုင်ခွင်)ကို သဘောလောက်ရထားပြီး ဘဏ္ဏာအရင်းရှင်ကြီးတွေ(ဘဏ်သူဌေးကြီးတွေ)က အလုံးစုံကို ချုပ်ကိုင်ထားတာဖြစ်ပါတယ်။

ဗမာပြည်ရဲ့လက်ရှိ ငွေကြေးတွေရော အရင်းအနှီးတွေရောဟာ ဘယ်သူတွေလက်ထဲမှာ သွားစုပုံနေသလဲ။ ဒီလူတွေက တိုင်းပြည် လူထုရဲ့ကံကြမ္မာနဲ့နေ့စဉ်ဘဝတွေကို ဘယ်လောက်စီးပိုးခြယ်လှယ်နေသလဲ၊ တိုင်းပြည်ရဲ့ တကယ့်အာဏာဟာ ဘယ်သူတွေလက်ထဲမှာရှိနေသလဲတွေက ပြောစရာမလိုအောင် ဘွင်းဘွင်းကြီးပေါ်နေတာပါ။ ဒေါ်အောင်ဆနတ်းစုကြည်ရဲ့ အမည်ခံအစိုးရက စိတ်လိုလက်ရ ဗိုက်အငှားနဲ့ဓားထိုးဝင်ခံရင်း စစ်အုပ်စုကျူးလွန်သမျှအရာရာအတွက် ရှေ့ထွက်ပြီးလူမိုက်လုပ်ပေးနေရရုံလောက်ပဲဖြစ်ပါတယ်။

ဗမာပြည်လက်ရှိဖြစ်နေတာတွေထဲက လူထုတစေ့တစောင်းသာမြင်ခွင့်ရတဲ့ကိစ္စလေးတခုကိုပဲကြည့်ပါ။ YBS နေဝင်းမြေးတွေအုပ်စု၊ ဇော်ဇော်တို့ ဘဏ်အုပ်စုနဲ့ ရန်ကုန်တိုင်းအစိုးရ(ဖြိုးမင်းသိမ်း)တို့ ဇာတ်လမ်းရှုပ်တာ၊ ငွေနဲ့အာဏာလဲလှယ်ကြတာဟာ တိုင်းပြည်တပြည်အနေနဲ့ ဘာမှမကြီးကျယ်ဘူးဆိုရပေမယ့် ဒီ့ထက်ကြီးတာတွေရှိနေတယ်ဆိုတာတော့ သေချာသလောက်ပါပဲ။ လူထုမြင်ရတာက ရေမျက်နှာပြင်ပေါ် ပေါ်နေတဲ့ရေခဲတုံးကြီးရဲ့ အစွန်းအစလေးပဲဖြစ်ဖို့ရှိပါတယ်။
သိတ်မကြာခင်မှာ ဘဏ်တွေ၊ စီးပွားလုပ်ငန်းရှင်ဆိုသူတွေနဲ့ အာဏာပိုင်(အစိုးရ)တွေရဲ့ အရှုပ်တော်ပုံတွေ ထွက်လာလိမ့်မယ်လို့ လူတချို့က ထင်မြင်ချက်တွေလည်း ကြားရပါတယ်။ အောက်က ပြောကြားချက် ၂ ခုကြော င့် ဒီစာလေးရေးဖြစ်သွားပါတယ်။

ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းရှင်များကိုဖိတ်ကြားတွေ့ဆုံပြီး လက်ရှိကြုံတွေ့နေရသည့်အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်မည့် ညင်သာပျော့ပျောင်းသော Solution တခုရရှိအောင် ညှိနှိုင်းရှာဖွေရန် အစီအစဉ် ရှိ/မရှိ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ရာ ''လုပ်ငန်းရှင်တွေအနေနဲ့ ဘဏ်ရဲ့ချေးငွေကို ဘယ်လောက်ကြာကြာ မဆပ်ဘဲနေနေတာလဲ။ ၆ လလား။ ဒါဆို အိုကေ၊ ဘဏ်က ညှိနှိုင်းလို့ရတယ်။ သို့ပေမဲ့လို့ ဒီချေးငွေကိုအတိုးလည်းမဆပ်ဘူး။ အရင်းလည်း မဆပ်ဘူး။ အဲလိုမဆပ်တာက ၂ နှစ်ဖြစ်လာပြီ။ ၃ နှစ်ဖြစ်လာပြီဆိုရင် ဒီဘဏ်တွေအနေနဲ့ ညှိနှိုင်းတဲ့အဆင့်လည်း ကျော်သွားပြီ။ အဲဒီအချိန်မှာ ထိထိရောက်ရောက်ကိုင်တွယ်တော့မှာဖြစ်ပါတယ်။ ဒီအချက်တွေကို စဉ်းစားစေချင်ပါတယ်။ လုပ်ငန်းရှင်တွေ ဘက်ကပဲ စဉ်းစားလို့မရပါဘူး။ ဒီငွေကြေးတွေကို ယုံကြည်စွာနဲ့ ဘဏ်မှာအပ်နှံထားတဲ့ ပြည်သူတွေရဲ့ ငွေကြေး ဆုံးရှုံးမှုမရှိနိုင်အောင်ကာကွယ်ဖို့က ဘဏ်တွေရဲ့တာဝန်ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအတွက် ဘဏ်တွေက လိုအပ်တာထက်ပိုပြီးတော့ လိုက်လျောမှုအများကြီးလုပ်ခဲ့ပြီးပါပြီ''ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြန်လည်ဖြေကြားခဲ့သည်။

(သို့ရာတွင် လက်ရှိအချိန်အတွင်းလုပ်ငန်းရှင်များ ငွေကြေးအခက်အခဲများစွာရင်ဆိုင်နေရသည့်အတွက် ဘဏ်များနှင့် တွေ့ဆုံဆွေးနွေးကာ အချိန်တခုပေးသင့်ကြောင်းနှင့် ထွက်ပေါက်မရှိအောင် ချောင်ပိတ်မရိုက်သင့်ကြောင်း ရွှေလင်ဗန်းစက်မှုဇုန်ဥက္ကဋ္ဌဦးအေးသောင်းက ပြောသည်။
''အချိန်တခုပေးရတော့မယ်လေ။ ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည် ဆိုင်းငံ့ပေးရတော့မယ်လေ။ ဒါမှ သူ့တခြားငွေရပေါက်ရလမ်းရှာရလို့ရမှာ။ ချောင်ပိတ်ပြီးရိုက်တဲ့ခေတ်က ကုန်သွားပါပြီ။ အခုဟာ ကြီးက ချောင်ပိတ်ပြီး ရိုက်မယ့်သဘောဖြစ်နေတယ်။ လုပ်ငန်းရှင်ဆိုတာ ဘယ်သူမှ နာမည်ပျက်ချင်တာမှမဟုတ်တာ။ မြတ်ချင်လို့အလုပ်လုပ်တာ။ ဒါပေမဲ့ ရပ်တည်ဖို့ ခက်ခဲလာတော့ သူအများကြီးစဉ်းစားရတာ။ ဒီလုပ်ငန်းတခုက နှစ်ပေါင်းများစွာလုပ်ထားရတာလေ။ ဒီဘဏ်ပြဿနာတခုတည်းနဲ့ ထွက်ပေါက်မရှိအောင် ချောင်ပိတ်ပြီး ရိုက်လိုက်တဲ့ ကိစ္စတခုတည်းနဲ့ သူကတော့ ရှိတာဆပ်လိုက်လို့ရပေမဲ့ သူ့နောက်မှာ မှီခိုနေတဲ့သူ၊ တိုင်းပြည် အတွက် Impact က သေးသေးလား၊ ကြီးကြီးလားဆိုတာ ထည့်စဉ်းစားရဖို့လိုတယ်''ဟု ဦးအေးသောင်းက ပြောသည်။)
မျိုးမြင့်ချို
စက္တင္ဘာ ၁၊ ၂ဝ၁၉

0 comments:

Post a Comment