Wednesday, December 2, 2020

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၄)

0 comments

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၄)

 

တတိယစစ်အုပ်စု SLORC, SPDC သည်သူတို့လက်ထက်တွင် ငြိမ်းချမ်းရေးရပြီဟု ဝါဒဖြန့်သည်။ သို့သော် တကယ့်ငြိမ်းချမ်းရေးမဟုတ်မှန်း သူတို့လည်းသိ၊ တတိုင်းပြည်လုံးလည်း သိသည်။ ကြခတ်ဝိုင်းဆရာတော်ကလည်း သိသည်။ ထို့ကြောင့် မေတ္တာရပ်ခံချက်ဩဝါဒ ထုတ်ပြန်ခြင်းဖြစ်သည်။

ထိုင်း−ဗမာအရေး ပြင်းထန်ဆဲကာလက နယ်စပ်တွင် သူတို့ဩဇာမရှိပါဟု စစ်အစိုးရကဝန်ခံခြင်းမှာ ထိုင်းကို လိမ်ညာလို၍မဟုတ်။ အမှန် ဩဇာမရှိ၍ဖြစ်သည်။

“ငြိမ်းအဖွဲ့”များအားလုံး နိုင်ငံရေးစကား တခါမှ စစ်အစိုးနှင့်မပြောရသေးပါ။  စစ်အစိုးရနှင့်သာ မပြောရခြင်းမဟုတ်၊ သူတို့ချင်းပင်ဆွေးနွေးပြီး နိုင်ငံရေးသဘောပါသော ကြေညာချက်ထုတ်ခွင့်မပေး။ ထုတ်လျှင် ချက်ချင်းတားဆီး ခံရသည်။ CRPP ကိစ္စတွင် သဘောထားပေးမိ၍ နောက်မလုပ်ဖို့ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ကာ တားမြစ်သည်။ NLD-SPDCစကားပြောပွဲအကြောင်း ပူးတွဲကြေညာချက်ထုတ်သောအခါ နောင်မထုတ်ဖို့ တားမြစ်သည်။ ပြေစရာရှိလဘျှင် စစ်အစိုးရထံသာ စာရေးရမည်ဟုဆိုသည်။

သူတို့ “ငြိမ်းအဖွဲ့”များလုပ်နိုင်သည်မှာ စီးပွားရေးတချို့ပဲဖြစ်သည်။ ဒါလည်း အကန့်အသတ်မဲ့မဟုတ်။ တချို့စီးပွားရေးလုပ်ငန်းများမှာ နာမည်ခံထားရခြင်းသာဖြစ်သည်။

ကွန်မြူနစ်ပါတီ ရဲဘော်ဟောင်း၊ မိတ်ဆွေဟောင်းများ နိုင်ငံရေးစကားပြောခွင့် ရစေချင်သည်။ ခြေလှမ်းသုံးလှမ်းပေါ်လစီတွင် ဒုတိယခြေလှမ်းအဖြစ် ရဲဘော်ဟောင်း၊ မိတ်ဆွေဟောင်းများ ပွဲထွက်ရန် စင်မြင့်ထိုးပေးနေခြင်းဖြစ်သည်။

ပထမခြေလှမ်းတွင် တရားဝင်အကြံပေးအဖွဲ့အဖြစ် ဗိုလ်မှူးအောင်နှင့် လုပ်ဖော်ကိုင်ဘက်များကိုထားရန် အကြံပြုခဲ့သည်။ ဗိုလ်မှူးအောင်နှင့် လုပ်ဖော်ကိုင်ဘက်များမှာ နိုင်ငံရေးပါတီများမှဖြစ်သည်။  နိုင်ငံရေးအကြံကောင်းများ ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။ တစညသည်လည်း ဆန္ဒရှိလျှင် အကြံပေးအဖွဲ့တွင် ပါသင့်သည်။ ဗိုလ်အောင်ကြီးလည်း ပါသင့်သည်။ အသက်ကြီး၍ စစ်တန်းလျားပြန်မသွားနိုင်သော SLORC, SPDC အဖွဲဝင်များသည်လည်း စစ်တပ်မှအနားယူပြီးလျှင် ဆန္ဒလည်းရှိပါက အကြံပေးအဖွဲ့ဝင်လုပ်သင့်သည်။ အကြံပေးအဖွဲ့တွင် များများပါနိုင်လေ ကောင်းလေဖြစ်သည်။

အာဏာပိုင်ဖြစ်သည့် အစိုးရအဖွဲ့၊ လွှတ်တော်တို့တွင်ကား ပြည်သူကရွေးကောက်သူများသာ ပါသင့်ပါသည်။ စစ်တပ်က ၂၅ဖြစ်စေ ၁၀% ဖြစ်စေ မယူသင့်ပါ။ ရာနှုန်းပြည့် ပြည်သူကရွေးကောက်သူများသာ ပါသင့်သည်။

ခြေလှမ်းသုံးလှမ်းတွင် ပထမခြေလှမ်းတွင် ဒီမိုကရေစီအခြေခံရ၊ ဒုတိယခြေလှမ်းတွင် တန်းတူသွေးစည်းသော ပြည်ထောင်စု အခြေခံ၏အစပြုမှုကိုရပြီး၊ တတိယခြေလှမ်းတွင် အမျိုးသားညီညွတ်ရေးနှင့် ပြည်ထောင်စုစစ်စစ် ဖော်ထုတ်ရေးအတွက်မူများရလိမ့်မည်ဟု မျှော်လင့်ပါသည်။ ၂၁ ရာစုကိုတိုးဝင်ရာတွင် စစ်အာဏာရှင်စနစ် ပုံစံဖြင့်တိုးဝင်လျှင် အန္တရာယ်များလှပါသည်။

စစ်အေးခေတ်နှင့်မတူတော့သည်ကို သတိပြုသင့်ကြပါသည်။ စစ်အေးလွန်ခေတ်၏ ပျားရည်ဆမ်းအချိန်လည်း ကုန်ခဲ့ပါပြီ။ မလည်ရှုပ်လုပ်ကြလျှင် ကြားညှပ်ခံရပါလိမ့်မည်။

ခြေလှမ်းသုံးလှမ်းပေါ်လစီသည် အနှစ်သာရရှိသော သုံးပွင့်ဆိုင်ဖြစ်ရေးကို ဦးတည်ချက်ထားပါသည်။ အနှစ်သာရမဲ့သောသုံးပွင့်ဆိုင်သည် အတုအယောင်သုံးပွင့်ဆိုင်သာဖြစ်မည်ကို သတိပြုသင့်ပါသည်။

ပင်လုံအစည်းအဝေးပွဲမျိုးလုပ်ရန် ပြောကြသံကြားရပါသည်။ ၁၉၄၇ က ပင်လုံမှာ ဗမာပြည်လွတ်လပ်ရေးရရန် သေချာနေသောအချိန်၊ အာဏာပိုင်အင်္ဂလိပ်များ မုချထွက်သွားတော့မည့်အခြေအနေတွင် ကျင်းပခြင်းဖြစ်ပါသည်။ (အိန္ဒိယကို လက်လွှတ်ရလျှင် အိန္ဒိယအရှေ့ဘက်ကို ထိန်းမထားနိုင်ပါ)

အစည်းအဝေးတက်သူများမှာ ဗမာပြည် ပြည်မတွင်အာဏာရနေသော ဗိုလ်အောင်ဆန်းဖြစ်ပါသည်။ ရှမ်းပြည်မှတက်သူများလည်း အာဏာရှိစော်ဘွားများဖြစ်ပါသည်။ (ပြည်သူများ အနည်းအကျဉ်းပါပါသည်) ကချင်၊ ချင်းတို့မှတက်သူများလည်း ဒူးဝါးများ တောင်ပိုင်များဖြစ်ပါသည်။ ခြုံ၍ကြည့်လျှင် အာဏာရှိသူများ၏အစည်းအဝေး ဖြစ်ပါသည်။ ဗိုလ်အောင်ဆန်းတွင်လည်း နိုင်ဖဲရှိပါသည်။ လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံ၏သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်နယ်ဥက္ကဌနေရာများ ပေးနိုင်သောအာဏာရှိပါသည်။ ဗိုလ်အောင်ဆန်းကိုယ်တိုင် မပေးလိုက်ရသော်လည်း ဦးနုကပေးပါသည်။ ယူလည်း ယူကြပါသည်။ 

ယခုကျင်းပလျှင် အာဏာပိုင်က စစ်အစိုးရတဦးတည်းဖြစ်ပါလိမ့်မည်။ NLD လည်းအာဏာမဲ့ လူမျိုးစုများလည်း အာဏာမဲ့ဖြစ်ပါသည်။ လူမျိုးစုကို ကိုယ်စားပြုသူများလည်း အလွန်များပါလိမ့်မည်။ ကချင်လူမျိုးကိုယ်စားပြုသူအဖြစ် တက်မည်ဆိုလျှင် ကချင် “ငြိမ်းအဖွဲ့” သုံးဖွဲ့ရှိသည်။ မြို့ပေါ်တွင် ကချင်အဖွဲ့များရှိသေးသည်။ ၁၉၄၇ တုန်းကကဲ့သို့ ဆမားဒူးဝါးတို့လိုမဟုတ်နိုင်ပါ။ အခြားလူမျိုးများလည်း ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။

လူမျိုးအလိုက် ကိုယ်စားပြုတက်မည့်သူ များပြားမည့်အပြင် အားလုံးကလည်း အာဏာမဲ့များဖြစ်ပါသည်။ ထို့ကြောင့် သုံးပွင့်ဆိုင်ကို အနှစ်သာရရှိရှိကျင်းပနိုင်ရန် အာဏာပြဿနာကို စတင်၍ကိုင်ကြရမည်ဟု ကွနမြူနစ်များက ထင်ပါသည်။ အာဏာပြဿနာကိုပြောခွင့်ရှိသူမှာ NLD သာ ဖြစ်ပါသည်။ အနည်းဆုံးအားဖြင့် NLD သည် အာဏာအဝန်းအဝိုင်းတွင်းရှိနေရပါမည်။ လုံးဝအာဏာရနေလျှင် အကောင်းဆုံးဖြစ်ပါသည်။

လူမျိုးစုများတွင် ဗမာလူမျိုးနှင့်ပတ်သက်၍ သဘာဝကျသောအစွဲအလန်း ရှိကြပါသည်။ မည်မျှပင် သဘာဝကျပါစေ အစွဲအလန်းနှင့်နိုင်ငံရေး(သို့မဟုတ်)တော်လှန်ရေး လုပ်လျှင် ပြည့်စုံမည်မဟုတ်ပါ။ မှားသွားခြင်းတောင် ဖြစ်နိုင်ပါသည်။ 

အစွဲအလန်းမှာ ဗမာတွေချင်းရန်ဖြစ်နေခိုက် သုံးပွင့်ဆိုင်လျှင် လူမျိုးစုများအတွက် ကြိုက်ဈေးရနိုင်သည်ဟု ထင်ခြင်းဖြစ်ပါသည်။ သုံးပွင့်ဆိုင်၏အခြေခံမှာ ဆွေးနွေးရေးဖြစ်ပါသည်။ စစ်တိုက်ရေးမဟုတ်ပါ။ စစ်တိုက်လျှင် ထိုနည်းလမ်း အသုံးဝင်ချင်ဝင်မည်ဖြစ်သော်လည်း နိုင်ငံရေးဆွေးနွေးလျှင် အသုံးမတည့်ပါ။ စစ်အစိုးရက တဦးတည်း အာဏာကိုင်ထားလျှင် အတုပေါင်း မြောက်မြားစွာလုပ်နိုင်ပါသည်။ အမျိုးသားညီလာခံအတု၊ ပါတီစုံအတုအပြင် သုံးပွင့်ဆိုင်အတုတခု ထပ်မံပေါ်ခြင်းသာဖြစ်ပါလိမ့်မည်။

ငါ့ရန်သူရဲ့ရန်သူဟာ ငါ့မိတ်ဆွေဆိုသည်မှာလည်း စစ်ရေးပုံသေနည်းဖြစ်ပါသည်။ နိုင်ငံရေးတွင်သုံးမိပါက အလွန် မှားသွားနိုင်ပါသည်။ အင်္ဂလိပ်နှင့်ဖဆပလ ရန်ဖြစ်နေတုန်းကတမျိုး၊ ဖဆပလနှင့်အင်္ဂလိပ်ပေါင်းသွားသောအခါ တမျိုးဖြစ်တတ်ပါသည်။ မိမိတွင် ရည်မှန်းချက်ပန်းတိုင်မရှိသလို ဖြစ်တတ်ပါသည်။

ကွန်မြူနစ်များသည် တိုင်းပြည်နှင့်ပြည်သူကိုအကျိုးမပြုလျှင် မည်သည့်အရာမျှမလုပ်လိုပါ။

ပန်းကန်ဆိုင်ထဲမှာ နွားသိုးဝင်မွှေ’ ဥပမာပေးသူသည် ဗမာပြည်သားမဟုတ်ပါ။ သူ့ပန်းကန် ကွဲမည်မဟုတ်ပါ။ ဗမာပြည်မှ လူမျိုးစုံပြည်သူတို့၏ပန်းကန်တွေသာ ကွဲပါလိမ့်မည်။ ထိုင်းနှင့်ဗမာပြည်စစ်ဖြစ်လျှင် နယ်စပ်မှပန်းကန်များ ကွဲပါလိမ့်မည်။

ခြေလှမ်းသုံးလှမ်းပေါ်လစီမှာ ကာယကံရှင်များကသာ ကိုယ့်ကိစ္စကိုယ်ပြောရေးကို အခြေခံထားပါသည်။ ထို့ကြောင့် ကွန်မြူနစ်ပါတီက ဝင်မပြောခဲ့ပါ။ NLD-SPDC ကျိတ်ဝိုင်းစကားပြောပွဲကို(ဗကပ)က ဖျက်လိမ့်မည်ဟူသော ကောလာဟလကြားရ၍ ဒုတိယအကြိမ်ထုတ်ပြန်ချက်ကို ထုတ်ခဲ့ပါသည်။ NLD သော်လည်းကောင်း၊ နိုင်ငံရေးအင်အားစုများသော်လည်းကောင်း မိမိဘာသာမိမိ လွတ်လွတ်လပ်လပ်ဆုံးဖြတ်လုပ်ဆောင်နိုင်သော နိုင်ငံရေးပါတီများဖြစ်ပါသည်။ (ဗကပ)က NLD-SPDC. ကြားတွင် ဖျက်လိုဖျက်ဆီးလုပ်မည်မဟုတ်ပါ။ သူတို့ကိစ္စ သူတို့ပြောကြခြင်းကို နားစွန်နားဖျားသတင်းကြားရုံနှင့် ဝေဖန်ချက်ပေးမည်မဟုတ်ပါ။ NLD နှင့် SPDC ပြေလည်လျှင် အကောင်းဆုံးဖြစ်ပါသည်။ အကောင်းဆုံးကိုမျှော်လင့်ဆဲဖြစ်ပါသည်။

အရှေ့တောင်အာရှကို အရှေ့ဥရောပနှင့်လည်းကောင်း၊ ဘောလ်ကန်နိုင်ငံများနှင့်လည်းကောင်း တထပ်တည်းထားပြီး စဉ်းစားလုပ်ဆောင်နေသော အမေရိကန် ရှိနေပါသည်။ အရှေ့ဥရောပတို့၊ ဘော်လ်ကန်တို့နှင့် အရှေ့တောင်အာရှ မတူပါ။ ဤသည်ကို အမေရိကန်မသိပါ။

အရှေ့ဥရောပနိုင်ငံများ၊ ဘော်လ်ကန်နိုင်ငံများ၏သမိုင်းကြောင်း ပြန်ကြည့်ပါ။ ရုရှားအင်ပါယာ၊ အော်တိုမန်အင်ပါယာ၊ ဩစထရို ဟန်ဂေရီအင်ပါယာ၊ ပရပ်ရှားအင်ပါယာ၊ ပြင်သစ်အင်ပါယာတို့ တလှည့်စီသိမ်းပိုက်ခံရသောနိုင်ငံများ ဖြစ်ပါသည်။

အရှေ့တောင်အာရှမှာ ထိုသို့သောအတွေ့အကြုံမရှိပါ။ ရှိသည့်အတွေ့အကြုံမှာ ခေတ်သစ်အတွေ့အကြုံဖြစ်ပါသည်။ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ၊ စပိန်၊ အမေရိကမန်၊ ဒတ်ချ်၊ဂျပန်တို့၏ ကိုလိုနီကျွန်ပြုခံရသည့်အတွေ့အကြုံများ ဖြစ်ပါသည်။ အရှေ့မှ ဂျပန်တနိုင်ငံတည်းပါသည်ကို သတိပြုပါ။ သိတ်လည်း ကြာကြာ ကျွန်ပြုခွင့်ရမသွားပါ။

ဤမတူညီမှုသည် အခရာအကျဆုံး မတူညီမှုဖြစ်ပါသည်။ ၂၁ ရာစုတွင် နောက်တဖန်ကျွန်ပြုမခံရရေးအတွက်ပါ (ဗကပ)က စဉ်းစားပြီး NLD-SPDC  ဆွေးနွေးပွဲ အောင်မြင်စေလိုခြင်းဖြစ်ပါသည်။ ကာယကံရှင်များကျေနပ်လျှင် ပြီးပါသည်။ (ဗကပ)က ဝင်ရှုပ်မည်မဟုတ်ပါ။

ထိုင်း−ဗမာအရေးအခင်းတွင် တတိယထုတ်ပြန်ချက်ထုတ်ရပါသည်။ ဤသည်မှာလည်း NLD-SPDC ဆွေးနွေးပွဲ လမ်းချော်မသွားစေလို၍ဖြစ်ပါသည်။

ထိုင်း−ဗမာအရေး ပေါ်ခြင်းမှာ စတုတ္ထမျိုးဆက်စစ်အုပ်စုလောင်းလျာများ၏ ဖန်တီးမှုဖြစ်ပါသည်။ သဘာဝကျကျဖြစ်လာသည့်အရေး မဟုတ်ပါ။ သဘာဝကျကျဖြစ်မည်ဆိုလျှင် ခတ်စောစောကဖြစ်ရပါမည်။ ယခု NLD နှင့် ဆွေးနွေးသည့်အခါကျမှပေါ်လာခြင်းဖြစ်၍ မရိုးသားပါ။

NLD ကို အပြီးအပိုင်ဖျက်သိမ်း ချေမှုန်းတော့မည်ဟူသော သတင်းထွက်ခဲ့သည်နှင့် ဆက်စပ်ကြည့်ရန်လည်း လိုပါသည်။ ဤသတင်းသည် ကောလာဟလမဟုတ်ကြောင်း ဗိုလ်သာကျော်က ဗိုလ်သန်းရွှေထံပေးစာတွင် အတည်ပြုထားပါသည်။ တစညစစ်ဗိုလ်များမှာ တတိယစစ်အုပ်စု၏အကြီးအကဲများဖြစ်ပါသည်။ တပ်နှင့် ကင်းကွာနေသူများလည်းမဟုတ်ပါ။ အတွင်းသိများ ဖြစ်ပါသည်။ သူတို့ကိုယ်တိုင်က အတည်ပြုထားသဖြင့် “NLD ဖျက်သိမ်းရေး” သတင်းသည် ကောလာဟလမဟုတ်ကြောင်းထင်ရှားသွားပါသည်။

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၃)

0 comments

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၃)

(ဂ) ပြည်တွင်းအခြေအနေ

စစ်အေးခေတ်အတွင်း စစ်အာဏာသိမ်းပွဲ ၂ ကြိမ်(၁၉၅၈ နှင့် ၁၉၆၂)ဖြစ်ခဲ့သည်။ ၁၉၅၈ အာဏာသိမ်းပွဲမှာ အာဏာသိမ်းပွဲစစ်စစ်မဟုတ်။ အာဏာကို အကျပ်ကိုင်တောင်းခြင်းဖြစ်သည်။ ပါလီမန်နည်းနှင့်လည်း အာဏာလွှဲခဲ့ခြင်းဖြစ်၍ ပြည်ပမှ အမှတ်ထင်ထင်ရှိသူ နည်းသည်။ တုံ့ပြန်မှုလည်းမရှိခဲ့။ အနောက်ကမ္ဘာမှ နေဝင်းအစိုးရအပေါ် မျှော်လင့်ချက်ပင်ထားခဲ့သေးသည်။

ဦးနုမှာ “နုမူ”များချမှတ်ပြီး လက်ဝဲလမ်းစဉ်ဖြင့် ကစားခဲ့သူဖြစ်သည်။ ကြားနေရေးလုပ်ခဲ့သူ၊ တရုတ်နှင့်နီးစပ်ပြီး နယ်နိမိတ်ကိစ္စလည်း ပြေလည်အောင်လုပ်နေသူဖြစ်၍ ဦးနုထက် ဗိုလ်နေဝင်းအပေါ် မျှော်လင့်ချက်ထားသည်။ အာဏာသိမ်းစစ်အုပ်စုတွင် ဗိုလ်မောင်မောင်တို့လို အမေရိကန်နှင့် ပူးပေါင်းလိုသူများလည်းရှိနေသည်။ ဗိုလ်မောင်တို့သည် တရုတ်−ဗမာနယ်နိမိတ်သတ်မှတ်ရေးတွင် ဦးကျော်ငြိမ်းကဲ့သို့ တင်းမာသူများလည်းဖြစ်သည်။

ဦးနု၏ “တာတေစနေသား” စာအုပ်တွင် ဦးကျော်ငြိမ်းက ဘုရင့်နောင်ခေတ်စည်းကြောင်းအတိုင်းသတ်မှတ်ရေး ပြောကြောင်း၊ သူက ပယ်ချကြောင်းရေးသည်ကို ဖတ်ရသည်။ ဗိုလ်မောင်မောင်နှင့် စစ်ဗိုလ်တစုကလည်း ဦးကျော်ငြိမ်းလိုပင် ပြောကြသည်။ သူတို့ထဲကတယောက်က တရုတ်ကွန်မြူနစ်လိုချင်သမျှ ခင်ဗျားတို့ ဗမာကွန်မြူနစ်တွေက တောင်းတိုင်းပေးလိုက်မှာပဲဟု ဆိုသည်။ ဗမာပြည်ကွန်မြူနစ်များသည် ပြည်ချစ်ဝါဒအရာတွင် ဗိုလ်မောင်မောင်တို့ထက် သာပါသည်။ ထိုစဉ်က သူ့ ဧည့်ရိပ်သာတွင် အမေရိကန်စစ်သံမှူးရှိနေပါသည်။ အမေရိကန်ကြိုက်ပြောခင်း ဖြစ်ပါသည်။

“ဗမာက ဘုရင့်နောင်စည်းကြောင်းပြောလျှင် တရုတ်က ကူဗလိုင်ခန်စည်းကြောင်းပြောနိုင်သည်။ ထိုသို့ပြောနေလျှင် မည်သည့်အခါမှမပြီးနိုင်”ဟု ကွန်မြူနစ်များက တုံ့ပြန်ပါသည်။ မပြီးစီးလျှင် အမေရိကန် မုချဝင်မည်ဟုလည်း ပြောလိုက်ရသည်။ ဖီမော်၊ ဂေါ်လံ၊ ကန်ဖန်ကိစ္စနှင့်ပတ်သက်ပြီး ဦးဇန်ထားဇင်က သေနတ်ကိုင်ပြီးတိုက်မလိုလို ပြောခြင်းမှာ ဗိုလ်မောင်မောင်တို့အားကိုးနှင့်ပြောခြင်း ဖြစ်သည်။ 

ဦးနု၊ ဦးဗဆွေတို့လုပ်ထားသည်မှာ နယ်နိမိတ်သတ်မှတ်ရေး ပြီးသလောက်ဖြစ်နေ၍တကြောင်း၊ အာဏာသိမ်းစစ်အစိုးရစစ်စစ်မဟုတ်ဘဲ အိမ်စောင့်အစိုးရဖြစ်နေသဖြင့် ပြနိုင်သည့်အာဏာ မရှိသောကြောင့်

တကြောင်း၊ ဗိုလ်နေဝင်းက သမိုင်းတွင်မည့်အလုပ် လုပ်ခဲ့ချင်၍တကြောင်း လက်မှတ်ထိုးပွဲဖြစ်ခဲ့သည်။ နိုင်ငံတကာက စိတ်ဝင်စားသည်မှာ ဤကိစ္စသာရှိသည်။ နိုင်ငံတကာဆိုသည်မှာလည်း ဗမာပြည်အရေး စိတ်ဝင်စားသူအနည်းစုကို ဆိုလိုခြင်းဖြစ်သည်။

၁၉၆၂ ခုနှစ် ဒုတိယ စစ်အုပ်စုအာဏာသိမ်းပွဲတွင်လည်း နိုင်ငံတကာတုံ့ပြန်မှုမရှိပါ။ ကျူးဘားဒုံးပျံအရေးအခင်းတွင် စူပါပါဝါများအလုပ်များနေသည်။ အခြားသူများက တတိယကမ္ဘာစစ်ဖြစ်မည်လောဟု စိတ်စောနေကြသည်။ အိန္ဒိနှင့်တရုတ်ကလည်း တိဗက်အရေး နယ်စပ်အရေးဖြင့် အလုပ်ရှုပ်နေကြသည်။ အမေရိကန်ကလည်း ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ပြောသည့်ခေတ်မဟုတ်သေး။ တောင်ဗီယက်နမ်တွင် သွေးထွက်သံယို အာဏာသိမ်းပွဲလုပ်ရန် ကြံစည်နေသည်။ အာဏာသိမ်းပွဲတွေကို အားပေးနေချိန်ဖြစ်သည်။ ပြဿနာမရှိ။ ဆိုဗီယက်ကလည်း နေဝင်းတို့က တရုတ်ပြည်ကိုရန်လုပ်၍ ကျေနပ်သည်။ မဆလခေတ်တွင် ဗမာပြည်အရေး ပါဝင်လာသည့်လူသစ်မှာ မြောက်ကိုးရီးယားဖြစ်သည်။ ပါတီချင်း သဝဏ်လွှာတွေပေးသည်အထိ တက်လာပြီးမှ အာဇာနည်ဗိမာန်ဗုံးခွဲသည့်အရေးကြောင့် အဆက်ပြတ်သွားသည်။ ဗမာပြည်အရေးစိတ်ဝင်စားသည့် ဂျပန်နှင့်လည်း ပုံမှန်ပင်ရှိခဲ့သည်။ “ဆိုရှယ်လစ်စနစ်တည်ဆောက်ရေး”လုပ်ရင်း ဂျပန်အပေါ်  စီးပွားရေး ဘဏ္ဍာရေးအရ မှီခိုရမှု ကြီးလာသည်။ နိုင်ငံတကာ(အားလုံးမဟုတ်ပါ အတော်များများက) စိတ်ဝင်စားသည့်အရေးမှာ LDC “ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ”အဖြစ် လျှောက်လွှာတင်သောအခါဖြစ်သည်။ LDC ရသွားသောအခါ ပုံမှန်ပြန်ဖြစ်သွားပြန်သည်။

၁၉၅၈ သည်လည်းကောင်း၊ ၁၉၆၂ သည် လည်း​ကောင်း နိုင်ငံတကာတွင် မည်သည့်ဂယက်မှမထခဲ့ချေ။ စစ်အေးခေတ်တွင် ဖြစ်ရိုးဖြစ်စဉ်မျှသာဟု သဘောထားကြသည်။ နဂိုကတည်းက ဗမာပြည်အရေးကို စိတ်ဝင်စားသူကနည်းပါသည်။

ထိုင်း၊ မလေးရှား၊ စင်္ကာပူတို့ကလည်း “အနီဒီလှိုင်း”ကိုတားနေသော တံတိုင်းအဖြစ် ဗမာပြည်ကိုမြင်နေကြ၍ ဗမာပြည်စစ်အစိုးရကို စိတ်ချသည်။ ထိုင်းကတော့ မှောင်ခိုဈေးကွက်အပိုင်ရထား၍ သာ၍ကျေနပ်သည်။ မဆလအစိုးရကလည်း မှောင်ခိုစီးပွားရေးကို မဆလဆိုရှယ်လစ်စီးပွားရေး၏ အထောက်အကူဟုသဘောထားပြီး ကျေနပ်သည်။ နှစ်ဘက်ကျေနပ်နေသဖြင့် နယ်စပ်မှလူမျိုးစုလက်နက်ကိုင်အင်အားစုများ မှောင်ခိုလမ်းတွင် ဂိတ်ဖွင့်ပြီး ဂိတ်ကြေးယူနေသည်ကို ဂရုမပြုပါ။ ပြဿနာလည်း မပေါ်ပါ။ နားလည်မှု အပြည့်ရှိကြပါသည်။

၁၉၅၈ ပထမစစ်အုပ်စု၊ ၁၉၆၂ ဒုတိယစစ်အုပ်စုလက်ထက်တွင် နိုင်ငံတကာတွင် ဂယက်မထ၊ အိမ်နီးခြင်းနှင့်လည်း ပြဿနာမပေါ်သည်မှာ စစ်အေးခေတ်ကမ္ဘာ့စနစ်ကြောင့်ဖြစ်ပါသည်။ အာဏာသိမ်းသည်ကို ဗွေမယူသည့်ခေတ် ဖြစ်ပါသည်။

စစ်တပ်က အာဏာသိမ်း၊ လူသတ်သည့်ကိစ္စမျိုး ငိုဒင်ဇင် (၁၉၆၃)၊ အာယန်ဒေး (၁၉၇၃)တို့အပေါ်လုပ်ခဲ့ပါသည်။ အာဏာသိမ်းပြီးထောင်ချသော ဗိုလ်နေဝင်းလုပ်ရပ်က သိမ်မွေ့သည်ဟု သဘောထားပါလိမ့်မည်။ မဆလ ဆိုရှယ်လစ်တော်လှန်ရေးကိုလည်း ဟန်ပြအတုသာဖြစ်ကြောင်း အမေရိကန်သိပါလိမ့်မည်။ ဗီယက်နမ်စစ် တိုးချဲ့ရေးကအရေးကြီးနေ၍ ဗမာပြည်တွင် ဘာဖြစ်ဖြစ် ဂရုပြုမည်မဟုတ်ပါ။

တရုတ်ပြည်သို့ ကစ်ဆင်ဂျားလျှို့ဝှက်ခရီး(၁၉၇၁)၊ နစ်ဆင်၏တရားဝင်ခရီး(၁၉၇၂) ပြီးသောအခါတွင်ကား ဗမာပြည်အရေးသည် အမေရိကန်အစီအစဉ်တွင် နောက်တန်းသို့ရောက်သည်ထက် ရောက်သွားပါသည်။

၁၉၈၈ တတိယအာဏာသိမ်းပွဲတွင်ကား ဗမာပြည်အရေး ရှေ့တန်းသို့ပြန်ရောက်လာသည်။ စစ်အေးခေတ် မုချပြီးဆုံးမည့်အချိန်သို့ရောက်ခဲ့ပြီး၊ ၁၉၈၉ တွင် လုံးဝပြီးဆုံးသွားခဲ့သည်။ အမေရိကန်အစီအစဉ်တွင် ဗမာပြည်ကိစ္စ ရှေ့တန်းရောက်လာသည်။ သူ၏ စဉ်းစားမှုသည် ၁၈၀ ဒီဂရီလှည့်သွားသည်။ ဗမာပြည်စစ်အစိုးရကို တရုတ်နောက်လိုက်အဖြစ် ပုံဖော်တော့သည်။ ထိုင်းဗမာအရေးအခင်းတွင် ထိုင်းနောက်က အမေရိကန်က ကူညီ၊ ဗမာပြည်စစ်အစိုးရနောက်တွင် တရုတ်ပြည်ကိုထားကာ ကြားခံကိုယ်စားလှယ်ဖြင့်တိုက်သောစစ် ဗမာပြည်ထဲတွင် နွှဲချင်သည်။ သို့သော် သူ့အကြံ လူသိတာအဖတ်တင်သည်။ စစ်တပွဲ မဖြစ်ခဲ့။

“ထိုင်း−ဗမာအရေး”မှာ ခါတော်မှီဖန်တီးသည့်အရေးအခင်းဖြစ်သည်။ အမေရိကန်က ဝင်အသုံးချလိုခြင်းသာဖြစ်သည်။ စတင်ဖန်တီးသူ မဟုတ်ပေ။

စတင်ဖန်တီးသူ မည်သူနည်း။ NLD နှင့် SPDC အပေးအယူလုပ် စေ့စပ်သွားလျှင် တက်လမ်းပိတ်သွားမည်ကို စိုးရိမ်သော စတုတ္ထမျိုးဆက်စစ်အုပ်စုအဖြစ် ထွက်လာချင်သူများဖြစ်သည်။

NLD နဲ့ SPDC (တတိယမျိုးဆက်စစ်အုပ်စု)တို့က ဒီမိုကရေစီအခြေခံကို ချသွားခဲ့လျှင် စတုတ္ထမျိုးဆက်အတွက် စစ်အစိုးရတက်လုပ်ရန် အခွင့်အရေးပိတ်သွားမည်ကိုစိုးရိမ်ကြသည်။

စတုတ္ထမျိုးဆက်စစ်အုပ်စုဝင်များ မည်သူတွေဖြစ်သနည်း။ တာဝန်ထမ်းဆောင်ဆဲ ထိပ်ပိုင်းစစ်ဗိုလ်ကြီးများ ဖြစ်ကြသည်ဟုသာ ပြောနိုင်သည်။ ထို့ထက် တိတိကျကျမပြောနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စမျိုးသည် ကြုံကြိုက်တိုက်ဆိုင်မှုနှင့်ဆိုင်၍ ဖြစ်ပါသည်။

မဆလသာ ၁၉၇၄−၇၅ အုံကြွမှုကြောင့်ပြိုကျခဲ့လျှင် ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်တင်ဦး တယောက်မှ တတိယမျိုးဆက်စစ်အုပ်စုဝင် ဖြစ်မလာနိုင်ပါ။ ထိုစဉ်က သူတို့မှာ စစ်တပ်၏ထိပ်ပိုင်း မရောက်ကြသေးပါ။ ၁၉၈၈ ကျမှ မဆလပြို၍ သူတို့လည်း ထိပ်သီးများဖြစ်နေ၍ ပါလာကြခြင်းဖြစ်ပါသည်။

နောက်တခု အတိအကျနီးနီးပြောနိုင်သည်မှာ စတုတ္ထစစ်အုပ်စုသည် ၁၉၆၂ ဒုတိယစစ်အုပ်စုကဲ့သို့လုပ်မှ ရမည်ဟု ပြောနိုင်ပါသည်။ ၁၉၆၂ စစ်အုပ်စုတွင် ဗိုလ်နေဝင်းနှင့်ဗိုလ်အောင်ကြီးသာ ပထမမျိုးဆက်ထဲမှ ပါလာပါသည်။ ကျန်လူများ လူသစ်ဖြစ်ပါသည်။ ယခုလည်း  တတိယစစ်အုပ်စု SPDC ထဲမှ တယောက်နှစ်ယောက် စတုတ္ထစစ်အုပ်တွင် ပါနေရလိမ့်မည်။

မည်သူတွေပါသနည်း။ ဗိုလ်နေဝင်းနေရာတက်လာမည့်(နံပတ်ဝမ်း)တဦးဖြစ်ပါလိမ့်မည်။

နံပတ်ဝမ်းကလည်း ဗိုလ်နေဝင်းလို အပြိုင်အဆိုင်များကို အပြတ်ရှင်းရပါလိမ့်မည်။ ဗိုလ်နေဝင်းလို နိုင်ငံရေးအရင်းအနှီးနှင့် နိုင်ငံရေးအမှီ မရှိကြသူများဖြစ်ကြ၍ စစ်တပ်တွင်း မီးသေရန်ခက်ပါလိမ့်မည်။ ခတ်စောစောကပင် ကွန်မြူနစ်များတွင်း တိုင်းပြည်အတွက်စိုးရိမ်မှုတခု ရှိဖူးပါသည်။ ထိုစိုးရိမ်မှုမှာ စစ်အာဏာသိမ်းပွဲနှင့် တန်ပြန်အာဏာသိမ်းပွဲများ၏ခေတ်၊ ဒေသန္တစစ်ဘုရင်များခေတ် တခေတ် ပေါ်လာလေမလားဟု စိုးရိမ်ခြင်းဖြစ်ပါသည်။

NLD ကို အပြီးအပိုင်ဖျက်သိမ်းလိုက်သည်ဟုလည်းကောင်း၊ ၁၉၉၀ ရွေးကောက်ပွဲမှာ SLORC, SPDC တို့ လုပ်ခဲ့ခြင်းဖြစ်၍ စတုတ္ထစစ်အုပ်စုက တာဝန်မယူဟုလည်းကောင်း ကြေညာကာ အာဏာသိမ်းမည်ကို စိုးရိမ်ခြင်းဖြစ်ပါသည်။

အတွေ့အကြုံများသော တစညစစ်ဗိုလ်(ငြိမ်း)များကမူ တိတိလင်းလင်းပင် ထိုသို့မလုပ်ရန် လျှို့ဝှက်မဟုတ်သော “လျှို့ဝက်”ပေးစာဖြင့် ကန့်ကွက်ထားပါသည်။ တစညစစ်ဗိုလ်(ငြိမ်း)များမှာ ဒုတိယမျိုးဆက်စစ်အုပ်စုဝင်များ ဖြစ်ပါသည်။ သူတို့ ထပ်ပြိုကွဲလိမ့်မည်ဟု ဟောကိန်းထုတ်ပါသည်။

ပနှင့် ဒုစစ်အုပ်စုမျိုးဆက် ဗိုလ်အောင်ကြီးကလည်း တပ်အခြေအနေမကောင်းကြောင်း အမေရိကန်ထွက်ပြီး ပြောထားပါသည်။

သူတို့သည် ဤကဲ့သို့သောစကားကို အချက်အလက်မရှိပဲ ပြောကြမည်မဟုတ်ပါ။

သို့သော် တတိယစစ်အုပ်စုက ဗိုလ်အောင်ကြီး ဗိုလ်သာကျော်တို့ မနာလို၍ပြောခြင်းဖြစ်သည်ဟု ထင်ပုံရသည်။ သူတို့လက်ထက်က မလုပ်နိုင်ခဲ့တာတွေကို SLORC, SPDC တို့ကလုပ်နိုင်၍မနာလိုတာပဲဟု ထင်ရန်အကြောင်းရှိပါသည်။

၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သူများ ၁၉၈၉ တွင် စစ်အေးခေတ်ကုန်ဆုံးခြင်းနှင့် တိုးပါသည်။ ထိုအခါ စစ်အေးခေတ်ပြီးဆုံးခြင်း၏အကျိုးကျေးဇူးကို အလိုအလျှောက်ခံစားရပါသည်။ “ငြိမ်းအဖွဲ့” ဟူသည်များ အလျှိုအလျှိုပေါ်ပါသည်။

အကျိုးကျေးဇူးနှင့်အတူ အန္တရာယ်လည်း ကပ်ပါခဲ့သည်ကိုတော့ သူတို့စစ်အုပ်စု သိခဲ့ပုံမပေါ်ပါ။ အန္တရာယ်ကား စစ်အေးခေတ်တွင် အနိုင်ရလိုက်ပြီဟု ထင်ယောင်မှားနေသောအမေရိကန်နှင့် ထိပ်တိုက်တိုးရခြင်းဖြစ်သည်။

စစ်အေးခေတ်အတွင်းက တရုတ်ပြည်မှာ အမေရိကန်နှင့် လက်တွဲဘက်ဖြစ်ခဲ့သည်။ ၁၉၇၁−၇၂ တို့တွင် ကစ်ဆင်ဂျာ၊ နစ်ဆင်တို့ခရီးမှ စခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ တရုတ်ကွန်မြူနစ်တို့က တရုတ်ပြည်ချစ်ဝါဒအရ လုပ်လိုက်ခြင်းဖြစ်သည်။

၁၉၈၉ ရောက်သောအခါ ဆိုဗီယက်နှင့်အရှေ့ဥရောပတို့ ပြိုကွဲသကဲ့သို့ တရုတ်ပြည်က မပြိုကွဲခဲ့။ မူကြီး(၄)ချက်အပေါ် ကြံ့ကြံ့ခံရပ်တည်နေသည်။ မူကြီး(၄)ချက်မှာ − ဆိုရှယ်လစ်လမ်းကြောင်းအတိုင်း ချီတက်ရေး၊ ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ် ကျင့်သုံးရေး၊ ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်မှုကို ထိန်းသိမ်းရေးနှင့် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခါ် စွဲကိုင်ရေးတို့ဖြစ်သည်။ 

ကွန်မြနစ်ဝါဒအပေါ် အနိုင်ရလိုက်ပြီဟု အထင်ရောက်နေသောအမေရိကန်အတွက် ဤ မူကြီး(၄)ချက်က မခံချိမခံသာဖြစ်စေသည်။ ကလင်တန်လက်ထက်က ချမှတ်ခဲ့သည်များကို ဘုရှ်က ပျော့သည်ဟုထင်လာသည်။ သေနင်္ဂဗျူဟာပြိုင်ဘက်ဟု ပြောလာသည်။

ထိုင်း−ဗမာအရေးကိုအကြောင်းပြကာ ဗမာပြည်ကိုကြားခံထား၍တရုတ်နှင့် အားစမ်းသောစစ်ပွဲတပွဲ အမေရိကန်က နွှဲလိုက်ချင်သည်။ သို့သော် တရုတ်ပြည်က အမြော်အမြင်ရှိစွာဖြင့် ထိုင်း−ဗမာအရေးကို ပြေလည်ရာပြေလည်ကြောင်း ဖျောင်းဖျသည်။ ဤသို့ဖြင့် ပြဿနာပြေလည်သွားဟန်ရှိသည်။ မကြာမီက ထိုင်းဝန်ကြီးချုပ် ဗမာပြည်ခရီးစဉ် ပေါ်လာသည်။ သို့သော် ထာဝရပြေလည်ရန် အတော်ကြာကြာလုပ်ရလိမ့်မည်။

ထိုင်းရော ဗမာပါ နှစ်ဘက်တွင် စစ်အုပ်စုများရှိနေသည်။ ဗမာပြည်တွင် စစ်အုပ်စုက အာဏာရနေသည်။ သို့သော် စစ်အုပ်စု၏သက်တမ်းက ကုန်ဆုံးရတော့မည်။ ယာယီပါဟုပြောပြီး အာဏာယူခဲ့သည်မှာ မဆလစစ်အုပ်စု၏ သက်တမ်း(၂၆)နှစ်၏တဝက် ရှိနေပြီ။ မာရသွန်ကျိတ်ဝိုင်းစကားပြောခြင်းကလည်း မပြီးသေး။ 

စတုတ္ထစစ်အုပ်စုလောင်းလျာများကလည်း NLD ကိုအလျှော့ပေးပြီးပြေလည်သွားလျှင် သူတို့အလှည့် (အစိုးရလုပ်ဖို့အလှည့်) မရလိုက်မှာစိုးရိမ်သည်။ ပြဿနာ မကြီး ကြီးအောင်ချဲ့သော အမေရိကန်ကလည်းရှိနေသည်။ မပြီးဆုံးသေးသော ထိုင်း−ဗမာအုပ်စိုးသူချင်းပဋိပက္ခက ရှိနေဆဲဖြစ်သည်။ စစ်အစိုးရနှင့် နားလည်မှုရထားသော “ငြိမ်းအဖွဲ့”နှင့် စစ်အစိုးရ၏ ကာကွယ်ရေးခွန်ဆာအဖွဲ့မှ လက်ကျန်အင်အားစုတို့၏ “ဘိန်းစစ်ပွဲ”ကလည်း တငွ့ငွေ့လောင်နေဆဲ။ ထို့ကြောင့် ဗမာပြည် ပြည်သူများအနေနှင့် သတိရှိရပါမည်။ အချိန်မရွေး ထပ်၍ရန်ဖြစ်နိုင်ပါသည်။ တိုင်းပြည်အတွက် အကျိုးမဲ့သောစစ်ကို ကွန်မြူနစ်တို့ မည်သည့်အခါမျှတိုက်မည်မဟုတ်။ တိုင်းပြည်အကျိုးအတွက်တိုက်ဖို့လိုလျှင်လည်း မည်မျှအင်အားကြီးသောရန်သူကိုဖြစ်စေ တိုက်မည်။ ဤကား ကွန်မြူနစ်တို့၏ပြည်ချစ်ဝါဒဖြစ်သည်။

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၂)

0 comments

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၂)

 

သမ္မဘုရှ်သည် ဤရေးသားချက်များကို အကောင်အထည်ဖော်လိုဟန်ရှိပါသည်။ ထို့ကြောင့် NMD (အမျိုးသားဒုံးပျံကာကွယ်ရေး) အစီအစဉ်ချပါသည်။ ကျိုတိုသဘောတူညီချက်ကို တဖက်သတ်ဖျက်ပါသည်။

အပြောအဆိုကတော့ သူ့အကြံပေးတွေလို မကြမ်းဝံ့ပါ။ ယက်ကန်ယက်ကန်နှင့် သမ္မတဖြစ်လာသူက ထိုသို့ အပြောမကြမ်းနိုင်ပါ။ အပြတ်အသတ်နိုင်လာလျှင်ကား ကြမ်းပေလိမ့်မည်။

“NMD နှင့် ကျိုတို ကို ကိုင်လိုက်သောအခါ ရုရှားနှင့်တရုတ်ကဆန့်ကျင်ပါသည်။ မဟာမိတ်များက မကြိုဆိုပါ။ ဆန့်ကျင်သူတောင်ရှိပါသည်။ ဂျပန်က အင်တင်တင် လက်ခံပါသည်။ အိန္ဒိယကတော့ အမေရိကန်က ပထမဆုံး အရေးတယူလုပ်ရှင်းပြသဖြင့် ကျေနပ်ပါသည်။ သူ၏အကြံအစည်အတွက် အကျိုးရှိ၍လည်း NMD ကို လိုလားသည့်သဘောပြောပါသည်။

ရုရှားနှင့်တရုတ်ဆန့်ကျင်မည်ဟု ကြိုတွက်ပြီးဖြစ်သဖြင့် သမ္မတဘုရှ်မအံ့ဩပါ။ သို့သော် မဟာမိတ်များ၏ ရပ်တည်ချက်သိရသောအခါ အံ့ဩပုံပေါ်ပါသည်။ ယခုထိ ရှင်းလင်းမဆုံးဖြစ်နေရပါသည်။

အမေရိကန်၏ ဂျူနီယာပါတနာ (Junior Partner) အင်္ဂလိပ်ကပင် ခါတိုင်းလို လှိုက်လှဲမှုမရှိပါ။ ဥရောပသမဂ္ဂ EU နှင့်လည်း မကင်းနိုင်၊ အမေရိကန်နောက်လည်းလိုက်ချင် စိတ်ဒွိဟဖြစ်နေပုံပေါ်ပါသည်။

အမေရိကန်ကိုဝင်ရိုးပြု၍ တကမ္ဘာလုံးလည်ပတ်ရမည်ဟူသော အတွေးအခေါ်သည် အမေရိကန် လက်ဝါးကြီးအုပ်အရင်းရှင်ကြီးများ၏ အတွေးအခေါ်ဖြစ်ပါသည်။ ထို့ကြောင့် အဓိကပါတီကြီး ၂ ခု၏ အတွေးအခေါ်လည်း ဖြစ်နေရပါသည်။

ဝင်ရိုးတခုတည်းရှိသော ကမ္ဘာ့စနစ်လော၊ ဝင်ရိုးအများရှိသောကမ္ဘာ့စနစ်လော ဆိုသည့်ပြဿနာသည် ယနေ့အဓိကပြဿနာဖြစ်ပါသည်။ မည်သည့်ဘက်ကမှလည်း အလျှော့ပေးကြမည်မဟုတ်ပါ။ “အမျိုးသားအကျိုးစီးပွား”ချင်း ထိပ်တိုက်တွေ့နေသည့်ပြဿနာဖြစ်၍ ကျယ်ပြန့်ပြင်းထန်လာမည်ဖြစ်ပါသည်။

ဝင်ရိုးတခုနှင့် ဝန်ရိုးအများလွန်ပွဲသည် မျက်မှောက် နိုင်ငံတကာ့အခြေအနေကို ဖန်တီးနေပါလိမ့်မည်။

ယနေ့ထိအခြေအနေကို(အပြောမကြည့်ပဲ အလုပ်ကိုကြည့်၍)သုံးသပ်လျှင် အဆိုးဆုံးအခြေအနေသို့လည်း ရောက်မသွားနိုင် အကောင်းဘက်သို့လည်းရွေ့လျားမသွားဘဲ ဖြစ်နေလိမ့်မည်ဟု ခန့်မှန်းပါသည်။

အဆိုးဆုံးဆိုသည်မှာ စစ်ပွဲဖြစ်ပြီး၊ အကောင်းဘက်ဆိုသည်မှာ ဝင်ရိုးအများရှိသောစနစ်ကို အမေရိကန်က လက်ခံလိုက်ခြင်းကို ဆိုလိုပါသည်။

ကမ္ဘာ့စနစ် အတည်တကျမဖြစ်သေးသမျှ ကုလသမဂ္ဂပြုပြင်ရေးကိစ္စသည်လည်း ထစ်နေပါလိမ့်မည်။

၁၉၄၅ ခုနှစ်က စစ်နိုင်သူများချမှတ်ထားသော ကမ္ဘာ့ကုလသမဂ္ဂဖွဲ့စည်းပုံကို ပြင်ဆင်ရန်အချိန်တန်ပြီဟု နိုင်ငံကြီးတွေပြောဆိုနေကြပါသည်။ သို့သော် ကမ္ဘာ့စနစ်သစ် အတည်တကျမဖြစ်သေးသမျှ လက်တွေ့ ပြုပြင်ရန်ခက်နေပါသည်။ မည်သည့် ကြီး(၅)ကြီးကမှလည်း ပြုပြင်ထားသောဖွဲ့စည်းပုံ တစုံလုံးကိုမဆိုထားနှင့် ပြုပြင်ထားသောဖွဲ့စည်းပုံ တစိတ်တဒေသကိုပင် တင်ပြနိုင်ခြင်းမရှိပါ။ ဝင်ရိုးတခုလော ဝင်ရိုးအများလော ဆိုသည့်ပြဿနာ မပြေလည်သေးသမျှ လက်ရှိဖွဲ့စည်းပုံအတိုင်းပင် ရှိနေပါလိမ့်မည်။

အမေရိကန်က ကုလသမဂ္ဂ၏ ပြင်ဘက်ထွက်ပြီး ကိုဆိုဗိုပြဿနာကို နေတိုး NATO နံမည်နှင့် ဝင်ကိုင်ကြည့်ပါသည်။ နောက်ဆုံးတွင် ရုရှားပါ ပါလာပြီး ကုလသမဂ္ဂတွင်း ပြန်ရောက်သွားပါသည်။ ကိုဆိုဗိုကိစ္စမှာ ဥရောပတွင်း ပြဿနာဖြစ်၍ ဤသို့လုပ်နိုင်ခြင်းဖြစ်ပါသည်။ အခြားနေရာဆိုလျှင် လုပ်ဖို့ခက်ပေလိမ့်မည်။

NMD ကိစ္စနှင့် ကျိုတိုဆုံးဖြတ်ချက်ကိစ္စကြောင့် ကုလသမဂ္ဂရွေးကောက်ပွဲ ၂ ခု၌ အမေရိကန်ရှုံးရပါသည်။ အရှက်ရကြပါသည်။ အမေရိကန်လွှတ်တော်က ကုလသမဂ္ဂသို့ထည့်ဝင်ရမည့်(အကြွေး) မပေးဘဲနေရန်အထိ ပြောသံကြားရပါသည်။ အမတ်တယောက်ကမူ “စူပါ ပါဝါဆိုတာ ပေးစရာရှိတဲ့အကြွေး ပေးရတယ်၊ စူပါ ပါဝါဆိုတာ မငိုရဘူး၊ နောက်ဆုံးကျမှ တခွင်လုံးသိမ်းကြတာပေါ့” ဟု အားပေးစကားလိုလိုခြိမ်းခြောက်တာလိုလို ပြောပါသည်။

ဝင်ရိုးတခုတည်းရှိတဲ့ကမ္ဘာ့စနစ်ဖြစ်မှ မင်းတို့သိမယ်ဟု မဲထည့်သူများကို ကြိမ်းသလားမပြောနိုင်ပါ။ တခွင်လုံးဆိုသည့်စကားက ကုလသမဂ္ဂကိုဆိုသလား၊ မဲနိုင်သွားသည့် ပြင်သစ်၊ ဩစတြီးယား၊ ဆွီဒင်ကိုဆိုသလား၊ ပြင်သစ်က ၅၃ ဦး မဲထည့်တာမှာ ၅၂ ဦးရသည့်အတွက် ပြင်သစ်ကိုပဲကြိမ်းသလားမပြောတတ်ပါ။

မည်သို့ပင်ဆိုစေ အမေရိကန်တဦးတည်း ဗိုလ်ကျနိုင်သည့်ခေတ် ရောက်ရမည်ဟု အမေရိကန်နိုင်ငံရေးသမားများက ယုံကြည်နေပါသည်။

အမေရိကန်လွှတ်တော်ကလည်း ကမ္ဘာ့လွှတ်တော်ကဲ့သို့ ပြုမူကျင့်ကြံနေပါသည်။

ဝင်ရိုးအများရှိသော ကမ္ဘာ့စနစ်ဘက်တွင်လည်း အားမသေးပါ။ ဤစနစ်က အသာစီးရပါက ကုလသမဂ္ဂပြုပြင်ရေးတွင် တစုံတရာ ဆုံးဖြတ်ချက်ကျနိုင်သော်လည်း ရှောရှောရှူရှူတော့ဖြစ်မည့်ပုံမရှိပါ။ အိန္ဒိယကတော့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ကြီးတကြီးအဖြစ်ပါရမည်ဟု ထင်ပုံပေါ်ပါသည်။ ပါကစ္စတန်က လက်ခံပါမည်လော။ ဂျပန်ပါလာလျှင် တောင်မြောက်ကိုးရီးယားက ကျေနပ်မည်လော။ အာရှကို ကွက်၍ပြောခြင်းဖြစ်ပါသည်။ အခြားထင်နေသည့်တိုင်းပြည်များ ကမ္ဘာအနှံ့ရှိပါသည်။ ကျေနပ်သူမကျေနပ်သူ ရှိပါလိမ့်မည်။ ဝင်ရိုးတခုတည်းကမ္ဘာ့စနစ် မည်သည့်အခါကမျှ မရှိခဲ့ပါ။ အင်ပါယာများရှိခဲ့ဖူးပါသည်။ သို့သော် ကမ္ဘာလွှမ်းခြုံသော အင်ပါယာမဟုတ်ပါ။

အင်္ဂလိပ်အင်ပါယာသည် ကမ္ဘာအနှံ့ကျယ်ပြန့်ပါသည်။ သို့သော် ကမ္ဘာ့အင်ပါယာမဟုတ်ပါ။ အပြိုင်အဆိုင် အင်ပါယာများရှိပါသည်။ ကမ္ဘာစစ်ဖြစ်ရပါသည်။

အမေရိကန်စိတ်ကူးနေသောပုံစံသည် တကမ္ဘာလုံး မတည်ငြိမ်မှုကိုသာ ဖြစ်စေပါလိမ့်မည်။ NMD လုပ်ထား၊ ခေါင်းထောင်ထသူကို အပြတ်နှိမ်၊ ကမ္ဘာ့ပုလိပ်ကြီးလုပ်။ ဤစိတ်ကူး အလုပ်ဖြစ်ပါမည်လော။

NMD ကို အမေရိကန်အသံ VOA က ဘာသာပြန်သည်မှာ ဒိုင်းလွှာဟု ပြန်ပါသည်။ မဆိုးပါ။ ဒိုင်းကောင်းလျှင် လှံကောင်းလာစမြဲ။ မထိုးဖေါက်နိုင်သောဒိုင်း ရှိမည်မဟုတ်ပါ။

တခုပဲရှိသည်။ ကမ္ဘာပေါ်တွင် နိုင်ငံအငယ်နှင့်အသေးချည်းရှိမည်ဆိုလျှင် မထိုးဖေါက်နိုင်သောဒိုင်း ဖြစ်နိုင်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၂၀၀၀ ရှိရေးအပြောအဆိုများကြားရသည်မှာ ဤစိတ်ကူးကြောင့်ဖြစ်မည်။

NMD မှာ ဝင်ရိုးတခုတည်းရှိသော ကမ္ဘာ့စနစ်ထူထောင်ရေးအတွက်လှမ်းသော ပထမဆုံးခြေလှမ်းဖြစ်သည်။

NMD မှာ အာကာသတက်မည့်၊ ငွေအလွန်ကုန်မည့်စီမံကိန်းဖြစ်သည်။ လောလောဆယ်တွင် အမေရိကန်တဦးတည်းသာ တတ်နိုင်သည်။ ရုရှားမှာ အရင်ကလို စိန်ခေါ်လျှင် တိမ်ပေါ်အထိမလိုက်နိုင်။ အတတ်ပညာ ယှဉ်နိုင်သော်လည်း ငွေမတတ်နိုင်။ ဥရောပသမဂ္ဂ EU မှာ အတတ်ပညာလည်းရှိ ငွေလည်းရှိသည်။ သို့သော် နိုင်ငံအများ ညှိပြီးလုပ်ရမည်။ ညှိရလွယ်မည်မဟုတ်။ တရုတ်မှာ အတတ်ပညာက အာကာသတက်စ၊ ငွေကြေးအခြေခံက မတတ်နိုင်သေး။ ဂျပန်က အတတ်ပညာ၊ ငွေကြေး လုပ်မည်ဆိုလျှင် တတ်နိုင်သည်။ သို့သော် လူထုက စစ်ကိုနာကျည်းနေသည်။ အမေရိကန်ပြည်သိမ်းတပ် ရေးဆွဲပေးထားသည့် အခြေခံဥပဒေ၏ အကန့်အသတ်လည်းရှိသည်။ အချိန် အများကြီးယူရလိမ့်မည်။ အမေရိကန်နှင့် အတိုက်အခံလုပ်ဖို့လည်း မလွယ်လှ။ အမေရိကန်က ဂျပန်ကို NMD ၏ လက်အောက်ခံTMD “တာလတ်တာတို ဒုံးပျံကာကွယ်ရေး”လောက်ပဲ လုပ်စေချင်သည်။ အာကာသတက်စရာမလိုသည့် ကာကွယ်ရေးစနစ်ဖြစ်သည်။

အာကာသတက် လက်နက်တပ်ဆင်နိုင်လျှင် ကမ္ဘာကြီးအပေါ် ဗိုလ်လုပ်၍ရပြီ။

ဤကား NMD ၏စိတ်ကူး။ ထို့ကြောင့် စစ်အေးခေတ် ABM (ဒုံးခွင်းဒုံးကန့်သတ်ရေး)စာချုပ်ကို ဖျက်ချင်သည်။ ABM ရှိလျှင် NMD လုပ်မရ။

ABM ကို ရုရှားကအဖျက်မခံချင်။ ရုရှားအနီးကပ်နေရသော EU ကလည်း အင်အားချိန်ခွင်လျှာပျက်မှာစိုးသည်။ တရုတ်ကလည်း ချိန်ခွင်လျှာ အပျက်မခံနိုင်။ ဤသို့ဖြင့် အမျိုးသားအကျိုးစီးပွားချင်း ပဋိပက္ခဖြစ်နေကြသည်။

ဗမာပြည်ကွန်မြူနစ်ပါတီက ဝင်ရိုးတခုကမ္ဘာ့စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုစနစ်ကြောင့်...

(က) အမေရိကန်၏ နိုင်ငံရေးအရ ဗိုလ်ကျလွှမ်းမိုးမှုကိုခံရမည်။

(ခ) အမေရိကန်လက်ဝါးကြီးအုပ်အရင်းရှင်များ၏ စီးပွားရေးအရလွှမ်းမိုးမှုကိုခံရမည်။

(ဂ) နိုင်ငံ၏ဖွံ့ဖြိုးရေးလမ်းကြောင်း ပိတ်သွားမည်။

(ဃ) “မတော်သူသေ တော်သူနေ” စနစ်ကြီး တရားဝင်ဖြစ်လာကာ ခေတ်နှင်အမီမလိုက်နိုင်သော နောက်အကျဆုံးနိုင်ငံများနှင့်လူမျိုးများ ကွယ်ပျောက်ကုန်မည်။

(င) မြေကမ္ဘာဂြိုဟ်ကို ထိန်းညှိထားသောသဘာဝစနစ်များ ပျက်စီးမည်။

ထိုစနစ်အသေးစားနမူနာကို ယူဂိုဆလားဗီးယားနိုင်ငံဟောင်းတွင် ဖြစ်ပျက်နေသည်များကိုကြည့်က တွေ့နိုင်သည်။ လူမျိုးချင်းနှင့်နိုင်ငံငယ်ကလေး (မီနီစတိတ် Mini State)များအချင်းချင်း တကျက်ကျက် ရန်ဖြစ်နေကြသည်။ (ရန်ဖြစ်မှ ကမ္ဘာ့ပုလိပ်ကြီး အလုပ်ရှိမည်)

     စီးပွားရေးအရ လုံးဝ နို့သက်ခံနေရသည်။ (ကမ္ဘာ့အရင်းရှင်ကြီးများ စားကျက်တွေ့မည်)

     နေတိုးအဖွဲ့အတွင်းရေးမှူးက ကာယကံမြောက် “ဘုရင်ခံချုပ်”ဖြစ်နေသည်။ (ကိုလိုနီသစ်ပုံစံဖြစ်သည်)

     ရွေးကောက်ပွဲဆိုသည်များမှာ ဟန်ပြသက်သက်ဖြစ်နေသည်။(ငွေကြေးဖြင့် အာဏာဖြင့် ကိုယ့်လူ မနိုင် နိုင်အောင်လုပ်နေသည်။

ထိုကမ္ဘာ့စနစ်မျိုးသည် ဗမာပြည်အတွက် မည်သည့်ကောင်းကျိုးမှ ပေးမည်မဟုတ်ပါ။ ထို့ကြောင့်ဆန့်ကျင်ပါသည်။ ထိုစနစ် ကမ္ဘာမလွှမ်းစေရန် တားဆီးပါမည်။

အမေရိကန်အင်အားကြီးသည်မှာ မှန်ပါသည်။  သို့သော် ကမ္ဘာတခုလုံးကိုစိုးမိုးနိုင်ရန်ကား အင်အားအကန့်အသတ် ရှိပါသည်။ အမေရိကန်ကိုစိန်ခေါ်သူများ စုစည်းမိလာသောအခါ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး မုချပျက်စီးပါမည်။ ဒုတိယကမ္ဘာစစ်အပြီးမှ (၅၅)နှစ်ကျော် တားဆီးနိုင်ခဲ့သည့်တတိယကမ္ဘာစစ် ဖြစ်ပါလိမ့်မည်။ ဝင်ရိုးအများရှိသောကမ္ဘာ့စနစ်ကို ဗမာပြည်ကွန်မြူနစ်များ လိုလားပါသည်။

ကောင်းလွန်း၍ ခြောက်ပစ်ကင်း၍ လိုလားခြင်းကားမဟုတ်ပါ။ ကောက်ကောက်ထဲမှ အဖြောင့်ရှာရာတွင် ခတ်ကွေးကွေးကို အဖြောင့်သဘောထားပြီးရွေးရခြင်းဖြစ်ပါသည်။

လူလူချင်း၊ လူမျိုးချင်းဖိနှိပ်ချယ်လှယ်သွေးစုပ်သည့်စနစ် မချုပ်ငြိမ်းသေးသမျှ၊ ကမ္ဘာ့ဆိုရှယ်တော်လှန်ရေး မအောင်မြင်သေးသမျှ ဤသို့ပင် ကောက်ကောက်ထဲမှ အဖြောင့်ရှာ၊ ခတ်ကွေးကွေးဟာ အဖြောင့်ပဲဟု သဘောထားနေရပါမည်။

ဤဝင်ရိုးအများနစ်သည် ပထမကမ္ဘစစ်မတိုင်မီကစနစ်မျိုးမဖြစ်စေဖို့ တကမ္ဘာလုံးသတိရှိရပါမည်။ ကမ္ဘာကိုခွဲဝေပြီး ကိုလိုနီအဖြစ်စိုးမိုးကြသောစနစ် ဖြစ်သွားပါက ကမ္ဘာစစ်ကို အသေအချာပြန်ဖြစ်စေပါလိမ့်မည်။

ဝင်ရိုးများအတွင်း ပဋိပက္ခများကားရှိပါလိမ့်မည်။ ရှောင်လွှဲနိုင်မည်မဟုတ်ပါ။ သာမန်ဖြစ်ရိုးဖြစ်စဉ်ပဋိပက္ခကို ရန်ဘက်ပဋိပက္ခသို့ တိုးပွားမသွားစေရန် ကမ္ဘာ့ပြည်သူများက သတိဖြင့်တားဆီးကြရပါမည်။

ဝင်ရိုးတွေ မည်သည့်နိုင်ငံများဖြစ်မည်ကို အတတ်မပြောနိုင်သော်လည်း ဝင်ရိုးအလောင်အလျာများကိုကား တွေ့မြင်နေရပါသည်။ စီးပွားရေးအင်အား၊ လူဦးရေအင်အား၊ နိုင်ငံရေးအင်အားရှိသူများသည် ဝင်ရိုးဖြစ်နိုင်ခြေရှိသူများ၊ ဝင်ရိုးဖြစ်ရန်မျှော်လင့်ချက်ရှိသူများ ဖြစ်ပါသည်။

ဝင်ရိုးတခုတည်းရှိသောကမ္ဘာ့စနစ်ကို ဗမာပြည်ကွန်မြူနစ်များမလိုလားသည့် အဓိကအကြောင်းတခုရှိပါသည်။ ဤအဓိကအကြောင်းကို မတင်ပြလျှင် ပြည့်စုံမည်မဟုတ်ပါ။

အဓိကအကြောင်းမှာ ဗမာပြည်သည် အရှေ့တောင်အာရှဒေသကြီးအတွင်းပါဝင်နေသောတိုင်းပြည်ဖြစ်ခြင်း၊ ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိုင်ငံကြီးနှစ်ခု တရုတ်နှင့်အိန္ဒိယအကြားတွင် တည်ရှိသောဒေသဖြစ်ခြင်းနှင့် ဗမာပြည်တွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုမရှိခြင်း ဖြစ်ပါသည်။

အရှေ့တောင်အာရှ၏ထူးခြားချက်မှာ

     ပေါ်တူဂီ၊ စပိန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ချ်၊ အမေရိကန်တို့၏ ကိုလိုနီဖြစ်ခဲ့သောသမိုင်း ရှိခြင်း။

     နယ်ချဲ့ပေါင်းစုံ စုစည်းမိခဲ့သောနေရာဖြစ်ခဲ့ခြင်း။

     ဗီယက်နမ်စစ်ဖြစ်ခဲ့သောနေရာ၊ ဆီတိုးအဖွဲ့ဌာနချုပ်ရှိသောနေရာဖြစ်ခဲ့ခြင်း။

     ကမ္ဘာ့အရှေ့ခြမ်းတွင် ရှားရှားပါးပါးထူးထူးခြားခြားရှိနေသော လူဖြူနိုင်ငံ ဩစတြေးလျနှင့် ပထဝီအရ နီးကပ်နေခြင်းတို့ ဖြစ်သည်။

ဩစတြေးလျ၏အခန်းသည် ဝင်ရိုးတခုတည်းရှိသောကမ္ဘာ့စနစ်ဖြစ်လာပါက အရှေ့တောင်အာရှတွင် အလွန် အရေးပါသောအခန်းက ပါလာလိမ့်မည်။ အရှေ့တီမောကိစ္စတွင် ဩစတြေးလျဝန်ကြီးချုပ်က ဩစတြေးလျသည် အမေရိကန်စေတလုံးရမြို့ဝန် (Sheriff)၏ လက်ထောက်မြို့ဝန်အခန်းက ပါဝင် တာဝန်ထမ်းဆောင်ပါသည်ဟု ပြောခဲ့ဖူးပါသည်။ (ကမ္ဘာ့ရွာဟု ဆိုကြသောကြောင့် Sheriff ကို စေတလုံးရရွာသူကြီးဟု ဘာသာပြန်ရမလားမသိပါ)

ဩစတြေးလျ အမေရိကန်နှင့်အရင်းနှီးဆုံးဖြစ်ပါသည်။ အမေရိကန်တိုက်သမျှစစ်တိုင်းတွင် အမြဲပါခဲ့ပါသည်။ လက်ရှိ စစ်ရေးမဟာမိတ်လည်းဖြစ်ပါသည်။ အရှေ့တောင်အာရှအရေးတွင် စိတ်ဝင်စားမှုလည်း အလွန်ရှိပါသည်။

ဗမာပြည်၏နိုင်ငံရေးအကျပ်အတည်းတွင် သူက နည်းသစ်ဖြင့်ဝင်လာနေပါသည်။ “လူ့အခွင့်အရေးသင်တန်း”ဖြင့်ဝင်ပါသည်။ သူများလို “နိုင်ငံရေးအန်တုမှု”ဖြင့်မဝင်ပါ။

စစ်အစိုးရကလည်း ဝမ်းမြောက်ဝမ်းသာလက်ခံပါသည်။ အမေရိကန်နှင့် ရင်ကြားစေ့ရန် လမ်းကြောင်းတခုပွင့်သည်ဟု ထင်ဟန်ရှိပါသည်။

ဝင်ရိုးတခုတည်းရှိသောစနစ်တွင် နယ်ချဲ့ဗိုလ်ကြီးတဦးတည်းသာရှိပါမည်။ သို့သော် ကမ္ဘာကိုပိုင်းခြား၍ လက်ထောက်များထားပါမည်။ အင်္ဂလိပ်ကတော့ နေရာဦးထားပါသည်။ သူ့ကိုယ်သူ နောက်လိုက်အပေါင်းအသင်း (Junior Partner)ဟု ပြောနေပါသည်။ သူက ဘယ်ဒေသ အပိုင်စားရလိုသလဲဆိုသည်ကား မသိရပါ။ ဩစတြေးလျကမူ အရှေ့တောင်အာရှအတွက် လက်ထောက်ဖြစ်ချင်မှန်းသိသာပါသည်။ အမေရိကန် “ဧကရာဇ်”၏ အရှေ့တောင်အာရှ “ဘုရင်ခံချုပ်”ဖြစ်ရန် တာစူနေပါသည်။

ဝင်ရိုးတခုသာရှိသောကမ္ဘာ့စနစ်၏ နမူနာတခုကို အာရှ အာဖရိကတွင်တွေ့လိုက်ဖူးပါသည်။

     “ဆိုးသွမ်းနိုင်များ”ကို သူက ဆုံးဖြတ်ပါသည်။ အားလုံး အာရှမှဖြစ်သည်။

     ပင်လယ်ပြင်မှနေ၍ အာဖဂန်နစ္စတန်နှင့်ဆူဒန်ကို ဒုံးပျံဖြင့်ပစ်သည်။

     အာရှ၏လေပြင်ပိုင်နက်ကို သူ့ပိုင်နက်အဖြစ်သဘောထားကာလုပ်သည်။

နောက်တခု နမူနာမှာ တဖက်ကိုပင်းသောဒိုင်လူကြီးလုပ်သည်။(အာရပ်−အစ္စရေးကိစ္စ) အရှေ့အလယ်ပိုင်း “ဘုရင်ခံချုပ်”အဖြစ် အစ္စရေးကိုခန့်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဗမာပြည်တွင် အာဏာသိမ်းစစ်အစိုးရရှိနေသောကြောင့် ဤသို့သော ကမ္ဘာ့စနစ်မျိုးတွင် တိုင်းပြည်အနေဖြင့် သာဖို့မရှိပါ။ နာဖို့သာ ရှိပါသည်။ ဒီမိုကရေစီအစိုးရရှိခဲ့လျှင်လည်း အမြဲမပြတ် ပြည်တွင်းရေးရှုပ်ထွေးနေအောင် အလုပ်ခံရဖို့သာရှိသည်။ ထို့ကြောင့် တိုင်းပြည်အတွက် ကောင်းကွက်မရှိနိုင်ပေ။

ဝင်ရိုးအများရှိသောကမ္ဘာ့စနစ်ဖြစ်စေ၊ ဝင်ရိုးတခုသာရှိသောစနစ်ဖြစ်စေ မည်သည့်စနစ်ဖြစ်ဖြစ် “ပြည်ချစ်ဝါဒ”ဖြင့်သာ တိုင်းပြည်ကို ကာကွယ်နိုင်မည်ဖြစ်ပေသည်။

ယခုအခါ ကမ္ဘာ့စနစ်သစ်အတွက် လွန်ပွဲကြီးဖြစ်နေသည်။ ဗမာပြည် ကြားညပ်ခံ၍မဖြစ်ပါ။ သတိရှိကြရပါမည်။

ဝင်ရိုးအများရှိသည့်စနစ် ဖြစ်လျှင်လည်း အပြိုင်ဆွဲကြမည့် လွန်ပွဲကလေးများတော့ ရှိနေဦးမည်။ “ပြည်ချစ်ဝါဒ”ဖြင့်သာ မိမိတိုင်းပြည်၏အဆင့်နေရာကို မြင့်တက်စေရန်လုပ်ကြရပါမည်။ “ပြည်ချစ်ဝါဒ”ကိုအခြေခံကာ အမြော်အမြင်ရှိစွာဖြင့် တိုင်းပြည်ကို ဖွံ့ဖြိုးရေးလမ်းမှန်ပေါ်ရောက်အောင် ကြိုးပမ်းကြရမည်ဖြစ်ပါသည်။