Monday, January 16, 2023

ကျဉ်တုပ်ခံဝံ့မခံဝံ့

0 comments
(ကျဉ်တုပ်ခံဝံ့မခံဝံ့)
မင်းမှာလုပ်ချင်၏ တင်းကုပ်မှာ အချုပ်ခံဝံ့မခံဝံ့၊ ပဲဟင်းကိုရှုတ်ချင်၏ နှုတ်ခမ်းမွှေးကို အနှုတ်ခံဝံ့မခံဝံ့၊ မှိုနှင့်မျှစ်ကိုနှုတ်ချင်၏ ကျဉ်တုပ်ခံဝံ့ မခံဝံ့ ဆိုတဲ့ ကျည်းကန်ရှင်ကြီးရဲ့ နန္ဒဓဇမေတ္တာစာလာ လင်္ကာတပုဒ်ကို လူတိုင်းလိုလိုကြားဖူးပြီးသားနေမှာပါ။ ဆရာမောင်သာရက ကျဉ်တုတ်ခံဝံ့မခံဝံ့ အမည်နဲ့ လုံးချင်းဝတ္ထုတပုဒ်ရေးဖူးပါတယ်။ ကျောင်းသားနိုင်ငံရေးနောက်ခံ ဇာတ်လမ်းပါ။
ဒီနေရာမှာပြောစရာရှိတာက မင်းမှာလုပ်ချင်၏လည်းမဟုတ်သလို ပဲဟင်းရှုံ့(ရှုတ်)တဲ့ကိစ္စလည်းမဟုတ်ပါ။ ဒီနှစ်ခုက အသိရလွယ်တာမို့ ချန်ခဲ့ပါရစေ။ မှိုနှင့်မျှစ်ကို နှုတ်ချင်၏ ကျဉ်တုပ်ခံဝံ့မခံဝံ့ ကတော့ အကောက်အယူထွေပြားတတ်တာမို့ နည်းနည်း ရှင်းပါရစေ။
တချို့က ကျဉ်တုပ်ခံရတာကို ထောင်သွင်းအကျဉ်းချခံရတာ၊ အနှောင်အဖွဲ့ခံရတာ၊ အနှိပ်အစက် အညှဉ်းအပန်းခံရတာတွေကို ညွှန်းပြီးသုံးလေ့ရှိကြပါတယ်။
တကယ်က ကျဉ်တုပ်တယ်ဆိုတာ ကျဉ်နီကောင်(ကျွန်တော်တို့ငယ်ငယ်က မပီမသနဲ့ ကရင်နီကောင်လို့ ခေါ်ပါတယ်) တုပ်တာကိုပြောတာပါ။ ကျဉ်နီကောင်မှာမှ ကျဉ်နက်ကောင်ဆိုတာလည်း ရှိပါတယ်။ ကျဉ်နီကျဉ်နက် ၂ မျိုးစလုံးကိုရောပြီး ကျဉ်ကောင်လို့ခေါ်ပါတယ်။ အဲ့ဒီ ကျဉ်ကောင်လေးတွေအတုပ်ကို ခံဝံ့ မခံဝံ့လို့ပြောတာပါ။
ပုရွက်ဆိတ်သဏ္ဏန်ရှိပြီး ပုရွက်ဆိတ်ထက် အဆပိုကြီးတဲ့အကောင်လေးတွေပါ။ အဲဒီကျဉ်ကောင်လေးတွေဟာ အလွန်အဆိပ်ပြင်းပါတယ်။ သူ့ အတုပ်ခံလိုက်ရရင် အဖုအပိန့်ကြီးတွေထပြီး အောင့်လည်းအောင့် နာလည်းနာပါတယ်။ အဲ့ဒီအကောင်လေးတွေဟာ မှိုကျင်းတို့ ဝါးရုံတောတို့ကြားမှာ အလွန်ပေါပါတယ်။ မှိုပေါက်ချိန်ဆို မှိုကျင်းတွေမှာ၊ မျှစ်အစို့တွေ ထွက်ချိန်ဆို မျှစ်တောတွေမှာ သူတို့ချည်းပါပဲ။ သူတို့ကိုယ်တိုင်ပဲ မှိုတွေမျှစ်တွေကိုစားတာလား ဒါမှမဟုတ် မှိုတွေမျှစ်တွေကိုလာစားတဲ့ အခြား ပိုးကောင်မွှားကောင်လေးတွေကိုပဲ သူတို့က ဖမ်းစားတာလားတော့ ကျွန်တော်လည်း မသိပါဘူး။
ကျွန်တော်ငယ်ငယ်က လှော်ကားတောထဲမှာ မှိုတိုးဖူးပါတယ်။ ကျဉ်အတုပ်လည်း အကြိမ်ကြိမ်ခံရဖူးပါတယ်။ တခါများဆို မျက်ခွံကို တုပ်ထဲ့လိုက်တာ မျက်လုံးပါ ဖွင့်မရဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် နောက်နှစ် မှိုပေါ်ချိန်ဆို မျီုတိုးပြန်တာပါပဲ။ သဘောကတော့ ကျွန်တော် ကျဉ်တုပ်ခံဝံ့လို့ မှိုတိုးပြီး မှိုနှုတ်တာပါ။ ကျဉ်အတုပ်မှ မခံဝံ့ရင် မှိုနဲ့မျှစ်ကိုလည်း နှုတ်လို့မရပါ။
ဆိုတော့ လူတချို့ ပြောကြသလို အချုပ်အနှောင်ခံရတာ၊ ထောင်သွင်းအကျဉ်းချခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာဆိုတဲ့တိုက်ရိုက်အနက်ကောက်သဘော မဟုတ်ပါ။ ဒါပေမဲ့ သွယ်ဝိုက်အဓိပ္ပါယ်အရ တခုခုကိုလိုချင်၊ ရချင်၊ လုပ်ချင်တယ်ဆို အဲ့ဒီလုပ်ရပ်ကြောင့်ရလာမယ့် ဆိုးမျိုးကိုလည်း ခံဝံ့ရမယ် ခံရဲရမယ်ဆိုတဲ့သဘောပါ။
ကျွန်တော်တို့ ဒီမိုကရေစီလိုချင်ကြပါတယ်။ ဒါ့ကြောင့် ထောင်ကျခံပြီး နိုင်ငံရေးလုပ်ကြပါတယ်။ ကျွန်တော်တို့ မျှစ်နဲ့မှိုကို နှုတ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ကျဉ်တုပ်ခံခဲ့ကြပါတယ်။
မျိုးမြင့်ချို။
ဇန်နဝါရီ ၁၃။ ၂၀၂၃

ers

ကို Teddy Shwe

0 comments
(ကို Teddy Shwe)
ဘာပဲပြောပြော နယ်ခံနိုင်ငံရေးအကျဉ်းသားတွေအဖို့ နယ်ထောင်တွေမှာ အင်းစိန်ထောင်ထက်တော့ အနေချောင်သည်ဟုဆိုရမည်။ ထောင်ပိုင်ကြီးတွေ ဘယ်လောက်ဆိုးဆိုး ထောင်အောက်ခြေဝန်ထမ်းများနှင့် နယ်ခံထောင်ကျတွေ လက်ပွန်းတတီးရှိကြ၏။ သက်သက်ညှာညှာရှိကြ၏။ အပြန်အလှန် ထောက်ထားရမည့် မျက်နှာတွေလည်း ရှိကြ၏။ တချို့နယ်ခံနိုင်ကျဉ်းတွေဆိုလျှင် အင်းစိန်ထောင်မှ နိုင်ကျဉ်းတွေပြောင်းလာမှာပင် စိုးသူစိုး၏။ ထိုသူတို့ပြောင်းလာလျှင် သူတို့အနေအထိုင် ကျပ်တည်းကျဉ်းမြောင်းသွားမှာကို စိုးသည်လားမပြောတတ်။
အင်းစိန်ထောင်ပြောင်းတွေကလည်း ထောင်ပြောင်းတွေပင်။ အထူးသဖြင့် တလျှောက်လုံး တိုက်တွင်းနေခဲ့သူများ။ ထောင်အလုပ်ကြီးလည်းမဆင်းခဲ့ရ၊ ဘာမှလည်း မလုပ်ခဲ့ရဆိုတော့ နယ်ထောင်တွေရောက်ပြီး အဆောင်မှာနေရလျှင် အလုပ်ကြီးဆင်းရမှာ အဆောင်အလုပ်တွေလုပ်ရမှာကို မလုပ်ချင်ကြ။ နိုင်ကျဉ်းသည် အလုပ်လုပ်စရာမလိုဟုလည်း ခံယူထားသူများပင်။ ထို့ကြောင့် ရောက်လေရာထောင်တွင် Labour Strike ခေါ် အလုပ်မဆင်းရေးဆန္ဒပြတာတွေ ဖြစ်ကြ၏။ ထိုသို့ဖြစ်လာလျှင် ထောင်အာဏာပိုင်များကလည်း ကျားစီးဖားစီးဖြိုခွင်းပြီး အလုပ်အတင်းဆင်းခိုင်း၏။ သည်တော့ ပြဿနာပေါ်၏။ ပြဿနာပေါ်တော့ အနေကျပ်၏။
ကျွန်တော်တို့ တောင်ငူထောင်ရောက်တော့လည်း ထိုနည်းနှင်နှင်ပင်။ အလုပ်မဆင်းရေး တင်းခံကြည့်သည်။ မရ။ အဆောင်မှလာသူတချို့ကလည်း အလုပ်ကြီးဆင်းရေးသဘောထား ရှိကြသည်။ သူတို့ အကြောင်းပြချက်က လျှော့ရက် ရမည်။ ချက်လို့ပြုတ်လို့ရမည်။ စာအုပ်စာတမ်းများသွင်းလို့ရမည် စသည်တို့လည်းပါ၏။ ထောင်အတွေ့အကြုံရှိသည့် စီနီယာများက အလုပ်မဆင်းရေးဆိုသည်မှာ ပေါ်လစီကို တိုက်ရသည့်ပွဲဖြစ်သဖြင့် ရှုံးဖို့များသည်၊ နိုင်ဦးတောင် အထိအခိုက်များသည်၊ ထို့ကြောင့် ရှောင်ပြီး၊ အလုပ်ကိုလက်ခံ၊ အလုပ်အတွင်း တတ်နိုင်သမျှ သက်သာ ချောင်ချိအောင်နေ၊ လေ့လာရေးတည်ဆောက်ရေးလုပ်ဆိုသည့်သဘောထားပေးကြသည်။ သို့ဖြင့် ကျွန်တော်တို့ အလုပ်ကို လက်ခံလိုက်ကြသည်။ ကျွန်တော်က မသန်မစွမ်းဖြစ်သဖြင့် အဆောင်နေ။ အဆောင်သန့်ရှင်းရေး လုပ်။
တောင်ငူထောင်ပြောင်းများထဲတွင် အင်္ဂလိပ်စာသင်ပေးနိုင်သူတွေပါ၏။ မောင်လင်းယုန်(ရှမ်းပြည်)၊ ခွန်းခခေါ် ကိုမျိုးသန့်(ဂျပ်ကြီး)၊ ဆရာအောင်မြင့်စိန် ကိုဖူးသစ်ခေါ် ကိုမြင့်ထွန်း စသူတို့ပင်။ တချို့က အင်္ဂလိပ်စာ ကောင်းကောင်း ကျွမ်းသော်လည်း သင်ပေးဖို့ မတတ်။ ကျွန်တော်က ကိုမျိုးသန့်ဆီ အင်္ဂလိပ်စာဆည်းပူး၏။ ဤတွင် တဆောင်တည်း အတူနေရသော အများက တယ်ရီဟုခေါ်သည့် Teddy Shwe နှင့် စသိခဲ့ရင်းနှီးခဲ့ကြသည်။ သူက အလုပ်ကြီး ဆင်းရသူ။ သူ့ညီ အော်ဒီရွှေနှင့်အတူ ညီအကို နှစ်ယောက်လုံးထောင်ကျနေသူ။ တောင်ငူ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင်များ။ ညီအကို ၂ ယောက်လုံး အနေအေး၏။ စိတ်ဖြူစင်၏။ အေဂျီတီအိုင်ကျောင်းဆင်းများ ဖြစ်၏။ ကျွန်တော်က တယ်ရီရွှေကို ပိုခင်မင်၏။ သူတို့အဖေက တောင်ငူလျှပ်မြို့နယ်လျှပ်စစ်ဌာနက တာဝန်ရှိသူတဦးဟု သိရသော်လည်း ဘာရာထူးမှန်း သေချာမသိခဲ့။
ကျွန်တော် အင်္ဂလိပ်စာလေ့လာနေမှန်းသိသဖြင့် တနေ့ သူက ကျွန်တော်နှင့်အတူ အင်္ဂလိပ်စာလေ့လာချင်သည်ဟု ဆိုလာ၏။ ကျွန်တော်က ကိုမျိုးသန့်ဆီသင်ဖို့ပြောသော်လည်း “ကျွန်တော်က အဲ့သလောက်ကြီး တတ်ချင်တာ မဟုတ်ပါဘူး၊ ဘိုင်ဘယ်လ်ကို အင်္ဂလိပ်လိုဖတ်တတ်ရုံလောက်ပါ”ဟုဆို၏။ “ဒါဆိုလည်း ခင်ဗျား ဘိုင်ဘယ်လ်ကို သွင်းဗျာ၊ ကျွန်တော်တို့ အတူလေ့လာကြတာပေါ့၊ နားမလည်တာရှိလည်း တယောက်ယောက်ဆီမေးကြတာပေါ့”ဟု ကျွန်တော်ကပြောသဖြင့် သူ ဘိုင်ဘယ်လ် အင်္ဂလိပ်လို King James Version ကို ဝန်ထမ်းနှင့် ခိုးသွင်းလိုက်၏။ ခိုးသွင်းသည်ဟု ပြောရခြင်းမှာ ထိုအချိန်က ထောင်တွင် စာရေးခွင့်စာဖတ်ခွင့်မပြောနှင့် ဆေးလိပ်ဖင်စီခံပတ်ထားသည့် သတင်းစာ စာရွက်ပိုင်းလေးလက်ဝယ်တွေ့တောင် ပြဿနာအရှာခံရ အရိုက်အနှက်ခံရတွေဖြစ်နေချိန် ဖြစ်သည်။
သို့ဖြင့် သူ အလုပ်မှ ပြန်လာချိန်များ အလုပ်မဆင်းရသည့်နေ့ရက်များတွင် ကျွန်တော်တို့ ဘိုင်ယ်လ်ကို အတူ ခိုးလေ့လာ ကြ၏။ အတူ ခိုးဖတ်ကြ၏။ နောက်တော့ သူက ‘တိုက်ဖတ်ကြည့်ရအောင်’ဆိုကာ ဗမာလိုဟာကိုပါ သွင်းချလာ၏။ သည်တော့ တော်တော်လေးအဆင်ပြေသွားပြီး သူများတွေကို သိတ်မေးနေစရာမလိုတော့။ အချိန်အတန်ကြာ ဖတ်ဖြစ်ကြ၏။ ဓမ္မသစ်ကျမ်းလေးစောင်ကို အကြမ်းဖျဉ်းသဘော တကြိမ်ဖတ်ပြီးသွားကြ၏။ ကျွန်တော့်အဖို့လည်း သမ္မာကျမ်းစာကို အင်္ဂလိပ်လို ပထမဆုံးဖတ်ဖူးသည့် အတွေ့အကြုံဖြစ်၏။
နောက်တော့ အဆောင်နေ ရာဇဝတ်သားသတင်းပေးတယောက်ကြောင့် ကျွန်တော်တို့အား အဆောင်မှူးမှခေါ်ယူ သတိပေးသဖြင့် စာအဖတ် ရပ်လိုက်ရ၏။ စာအဖတ်ရပ်လိုက်ရသော်လည်း သူနှင့်ကျွန်တော် စကားဖြင့် အတူ လေ့လာကြ၏။ နှုတ်ဖြင့် အတူ သင်ယူသင်ပေးလုပ်ကြသေး၏။ နောက်တော့ အင်းစိန်ထောင်လူဆိုး မတ်သီးတို့ ထောင်ဖောက်ရန်ကြံစည်မှုဖြင့် ထောင်တွင်းအနေအထိုင်တွေ ကျပ်တည်းသထက် ကျပ်တည်းသွား၏။ ကျွန်တော်တို့ လေ့လာရေးလည်း ရပ်သွားတော့၏။
နောက်တော့ ၁၉၉၇ ၂ လပိုင်းတွင် ကျွန်တော် တောင်ငူထောင်ကလွတ်၏။ ကျွန်တော်လွတ်ချိန်တွင် သူ ထောင်တွင် ကျန်နေသေးသည်ဟု ထင်၏။ သိတ်တော့ မသေချာလှ။ နောက်တော့ ကျွန်တော်လည်း ထပ်အဖမ်းခံရ ထောင်ထပ်ကျ သာယာဝတီအပြောင်းခံရ အင်းစိန်ထောင် ပြန်ရောက်ရတွေနှင့် ထောင်သံသရာလည်နေ၏။ သူ့ကိုလည်း ခတ်မေ့မေ့ လျော့လျော့။
ဒီလိုနှင့် ချုပ်ရလျှင် ကျွန်တော် အမေရိကရောက်လာ၏။ သူ့ကိုလည်း မေ့လျော့သွားတော့၏။ တနေ့ (၂၀၁၇ လောက်က ထင်၏) အသိတယောက်အိမ်သွားရင်း သူက “ကိုတယ်ရီရွှေလည်း အမေရိကရောက်နေတယ်၊ ခု သူ တခြားမြို့ (ဘရီမင်န်ဟု ကျွန်တော်ထင်သည်)မှာ နေနေပြီး ဂျပန်ကားကုမ္ပဏီတခုတွင် အလုပ်လုပ်နေတယ်၊ ဖို့တ်ဝိန်းကို တခါတခါ လာတတ်တယ်၊ ခင်ဗျား ဒီမှာရှိတာ သူသိတယ်၊ တွေ့ချင်တယ်လည်းပြောတယ်။ သူ ဒီတခါ ဖို့တ်ဝိန်းလာရင် ကျွန်တော်ပြောမယ်”ဟုဆိုပါသည်။ နောက် သိတ်မကြာလိုက် သူ ဖို့တ်ဝိန်းလာ၏။ ကျွန်တော် အသိအိမ်တွင် သူ့ကို သွားတွေ့၏။ ကျွန်တော်တို့အတူ ဘီယာသောက်ဖြစ်ကြ၏။ စကားတွေပြောကြ၏။ ထောင်အကြောင်းတွေ ဟိုလူဒီလူ အကြောင်းတွေရော၊ ကျွန်တော်တို့ ဘိုင်ဘယ်လ်အတူဖတ်ခဲ့ကြသည်များရော ပါ၏။ နောက်တော့ သူနှင့် ကျွန်တော် အဆက်ပြတ်သွားပြန်၏။
တနေ့ (လွန်ခဲ့သည့် ၂ လလောက်က) ကိုရဲမော်ထူးအိမ်တွင် ကိုနိုင်နိုင်(မန္တဘေး လူ့ဘောင်သစ်)နှင့်ဆုံတော့ “ကိုတယ်ရီ အသည်းခြောက်ရာကနေ အသည်းကင်န်ဆာဖြစ်နေတယ်ဗျ”ဟုဆိုတော့ ကျွန်တော် ခေါင်းနားပမ်းကြီးသွား၏။ အခြေအနေတော်တော်ဆိုးနေပြီလားဟုမေးတော့ အတွင်းထဲမှာ ပြန့်နေပြီလို့ပြောတယ်ဗျဟု သူကဆို၏။ ဒါနဲ့ ခင်ဗျားမှာ တယ်ရီ့ဖုန်းနံပတ်ရှိလားမေးရာ ရှိတယ်ပြောပြီး ကျွန်တော့်အားပေး၏။ ထိုနေ့ ညနေတွင် ကျွန်တော် တယ်ရီ့ထံ ဖုန်းဆက်၏။ ဖုန်းပြန်ဖြေသည့် သူ့အသံတွင် မောလျနွမ်းဟိုက်နေသံ အထင်းသား။ သူ့ ကျန်းမာရေး အခြေအနေ မကောင်းတော့ဟု သူကဆို၏။ ဖုန်းဆက်ဗျာ ကျွန်တော်လည်းဆက်မယ်ဟုသာ ပြောလိုက်သော်လည်း ကျွန်တော် နောက် တခါလားပဲ သူ့ဆီဆက်ဖြစ်၏။
သည်လိုနှင့်နေရင်း ၂၀၂၂ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကိုဝင်းထွန်းညွန့်(မန္တလေး လူ့ဘောင်သစ်)မှ ကျွန်တော့်ထံ မက်ဆင်ဂျာမှနေ၍ “ကိုတယ်ဒီတော့ Parkview (Randallia) မှာ အခြေအနေမကောင်းဘူး အကိုရေ”ဟုပြောပါသည်။ အေးဗျာ ကျွန်တော်သွားဖြစ်အောင်သွားမယ်ဟုဆိုပြီး ၂၈ ရက်နေ့တွင် ကိုမြင့်ဆွေ(မင်္ဂလာတောင်ညွန့် NLD)နှင့်အတူ သွားကြ၏။ ကိုနိုင်နိုင်လည်း ဆေးရုံတွင်ရှိနေ၏။ တယ်ရီ့အခြေအနေမှာ သတိကောင်းကောင်းရှိနေသေးသော်လည်း လူက ချုံးကျနေလေပြီ။ မျက်လုံးတွေ အရောင် မတောက်တော့။ အသံတွင် ခွန်အား မဲ့မဲ့။ အမြဲလိုလို ပြုံးနေတတ်သည့် မျက်နှာတွင် အပြုံးယဲ့ယဲ့။
သူ ကျွန်တော့်ကို မမှတ်မိ။ ကျွန်တော့်ကြည့်ပြီး ကိုမျိုးမြင့်ရော မပါဘူးလားဟု မေး၏။ ကျွန်တော် မျိုးမြင့်လေ ကိုတယ်ရီဟုပြောပြီး နှာခေါင်းစည်းချွတ်ပြတော့မှ “ဪ...အတော်ဝလာတယ်နော်”ဟု ခတ်လျော့လျော့အပြုံးဖြင့် ပြော၏။ ကိုမြင့်ဆွေနှင့်သူ တောင်ငူထောင်အကြောင်းတွေ ပြောကြ၏။ ကိုမြင့်ဆွေက အားပေးစကားပြောရင်း တယ်ရီ့အား လက်ရှိအခြေအနေကို မေ့သွားစေချင်သည့်သဘောပြောနေမှန်း ကျွန်တော်ရိပ်မိ၏။ ကျွန်တော်က ဘိုင်ဘယ်လ်အတူဖတ်ခဲ့ လေ့လာခဲ့သည်ကို သတိတရပြောရင်း “ကိုတယ်ရီ ဘိုင်ဘယ်လ် ဗမာလိုဖတ်ချင်သလား၊ ကျွန်တော့်မှာ ရှိတယ်၊ ယူလာပေးမယ်လေ”ဟုပြောတော့ “ကျေးဇူးပဲအကိုရာ မဖတ်နိုင်တော့ပါဘူး၊ တကိုယ်လုံးလည်း နာနေတာပဲ”ဟု အသံဖျော့ဖျော့နှင့်ပြော၏။ ကျွန်တော်က သူ စကားပြောရလျှင် မောနေမည်စိုးပြီး စကားစ ဖြတ်လိုက်၏။ တနာရီလောက်နေပြီး “နောက်ထပ်လာခဲ့ဦးမယ် ကိုတယ်ရီ”ဟု နှုတ်ဆက်ပြီးပြန်ခဲ့ကြ၏။ ခြေထောက်ကျဉ်နေတာရော ကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေတာတွေရောကြောင့် ကျွန်တော် သူ့ဆီ မသွားဖြစ်ခဲ့။
ဒီလိုနေရင်း ကိုဝင်းထွန်းညွန့်က သူ့ဖေ့စ်ဘွတ်ခ်၌ ဇန်နဝါရီ ၇ ရက်နေ့က ကိုတယ်ရီ ဆုံးသွားပြီဖြစ်ကြောင်း ပို့စ်တင်ပြီး အားလုံးကိုအကြောင်းကြားလာ၏။ ကျွန်တော် စိတ်အတော်ထိခိုက်သွား၏။ ထိုနေ့က သူ့ဆီကျွန်တော် သွားမည်ဟု ရည်ရွယ်ပြီးကာမှ အရေးပေါ်ကိစ္စတခုပေါ်လာပြီး မသွားဖြစ်တော့။ ဘာမှတော့ မဖြစ်လောက်သေးပါဘူး၊ နောက်နေ့မှ သွားတာပေါ့ဟုလည်း ခတ်ပေါ့ပေါ့တွေးမိတာလည်းပါ၏။
မနေ့က(၂၀၂၃ ဇန်နဝါရီ ၁၃)နေ့တွင် ကိုတယ်ရီ့ဈာပနကျင်းပ၏။ ကိုမြင့်ဆွေပါ ဝင်ခေါ်ပြီး သုဿန်သို့သွားကြ၏။ ချစ်သူခင်သူများသည့်အလျှောက် အသုဘလည်း လူစည်ကား၏။ သူယုံကြည်ရာ ခရစ်ယာန်ဘာသာရေး ထုံးဓလေ့များနှင့်အညီ မြေမြှုပ်သင်္ဂြိုဟ်ပြီးသည်အထိ ကျွန်တော် နေခဲ့၏။ လူတယောက်၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့၏။ သူကား သွားနှင့်လေပြီ။
ဆုတောင်းခြင်း ဆုပေးဆုယူလုပ်ခြင်းများကို မယုံသည့်ကျွန်တော်သည် ကိုတယ်ရီ့အား သူ ကိုးကွယ်ယုံကြည်ရာ ထာဝရဘုရားသခင်ထံပါး၌ ထာဝအသက်ကိုရတော်မူပါမည့်အကြောင်း ဆန္ဒပြုမိ၏။ ခု ကို Teddy Shwe ကား သက်ရှိထင်ရှား မရှိတော့ပြီ။ သို့သော် ကျွန်တော့်မှတ်ဉာဏ်ထဲတွင်တော့ သူ ရှိနေဦးမည်ဖြစ်ပါသည်။
မျိုးမြင့်ချို
ဇန်နဝါရီ ၁၄။ ၂၀၂၃

Thursday, January 12, 2023

ပုဂံခေတ် အရည်းကြီးဂိုဏ်း တစ်ကယ်ရှိ၊မရှိ

0 comments
ပုဂံခေတ် အရည်းကြီးဂိုဏ်း တစ်ကယ်ရှိ၊မရှိ
ဒေါက်တာသန်းထွန်းနှင့် သမိုင်းပညာရှင်များ၏ ပြောဆိုချက်
—————————————————————————————
အရည်ကြီးတွေဟာ ပုဂံခေတ်ဦးမှာ လုံးဝမရှိခဲ့ကြောင်း ဒေါက်တာသန်းထွန်းက ပြောထားပါတယ်။ ပုဂံပျက်ခါနီးမှ တောကျောင်းဂိုဏ်း(ခေါ်)အရည်းဂိုဏ်း အမည်ရ သေရည်သောက်၊ ဝိနည်းကိုခပ်လျော့လျော့သာဆောင်တဲ့ ဂိုဏ်းတစ်ခုတော့ပေါ်ခဲ့ပေမဲ့ သူတို့ဟာ ပါးစပ်ရာဇဝင်မှာပြောသလို ကိုယ်ပိုင်စစ်တပ်ထောင်တာတို့၊ပန်းဦးလွှတ်ခိုင်းတာတို့လို ကိစ္စတွေကို မလုပ်ခဲ့ပါဘူး။ ရာဇဝင်မှာ အရည်း ကြီးတွေကို နှိမ်နင်းခဲ့သူလို့ ထင်ရှားတဲ့ အနော်ရထာမင်း နတ်ရွာစံအပြီး နှစ်(၁၄၀)နီးပါး အကြာလောက်မှာမှ ဒီအရည်းဂိုဏ်းပေါ်လာတာ ဖြစ်ပါတယ်။ ကျောက်စာအထောက် အထားအရ ထိုဂိုဏ်းသူ တည်ထောင်သူကတော့ မဟာကဿပအမည်ရ ရဟန်းတစ်ဦး ဖြစ်ပါတယ်။
အနော်ရထာမင်းလက်ထက်မှ ဗုဒ္ဓဝါဒီ ရသည်မဟုတ်
************************************************
ပုဂံပြည်သည် အနော်ရထာလက်ထက်တွင် သုဝဏ္ဏဘူမိသထုံပြည်ကို တိုက်ခိုက်အောင်နိုင်ပြီး ထိုပြည်မှတစ်ဆင့် ဗုဒ္ဓဘာသာကို ရသည်၊ ထိုမတိုင်မီက ပုဂံတွင် အရည်း ကြီးသာသနာထွန်းကားခဲ့ပြီး အနော်ရထာလက်ထက် ဗုဒ္ဓဘာသာရောက်ချိန်မှ အမြစ်မကျန်သုတ်သင်ခံရသည် ဟု နန်းတွင်းရာဇဝင်များက အစဉ်အဆက် ဆိုသည်။ အနော်ရထာသည် ဗုဒ္ဓဘာသာကိုလိုချင်၍ သထုံကို တိုက် ခိုက်ခဲ့သည်မဟုတ်ချေ။ ၁၁ရာစုဦးတွင် ခမာ (ကမ္ဘောဒီး ယား)လူမျိုးတို့သည် မွန်တို့၏ နိုင်ငံတော်ကို လာရောက်ထိပါးကြသည်။ မြန်မာရာဇဝင်များက ခမာစစ်သည်များကို ဂျွမ်းစစ်သည် ဟုမှတ်တမ်းတင်ထားသည်။ ထိုသို့ ထိပါးနှောင့်ယှက်ခံရသော မွန်တို့၏ တိုင်းပြည်သည် အင်အားလျော့၍ မတည်မငြိမ်ဖြစ်လျက် ရှိသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ပင်လယ်ထွက်ပေါက်ရလိုသော ပုဂံဘုရင် အနော်ရထာသည် မွန်ပြည်ကို အလွယ်သိမ်းယူခဲ့ဟန်ရှိသည်။ ဗုဒ္ဓသာသနာကို ရလို၍ ပုဂံသည် သထုံကို သိမ်းခဲ့သည်ဆိုသော အချက်သည် မမှန်ကန်ဟု ဒေါက်တာသန်းထွန်းက အခိုင်အမာဆိုသည်။
ဗမာလူမျိုးတို့သည် ကျောက်ဆည်လွင်ပြင်၌ စတင် နေထိုင်သည့်အချိန်မှစ၍ ဗုဒ္ဓဝါဒီဖြစ်သော ပျူ၊မွန်တို့နှင့် ကူးလူးဆက်ဆံမိပြီဖြစ်သောကြောင့် ထိုအချိန်မှစ၍ မရှေးမနှောင်းပင် ဗမာတို့သည် ဗုဒ္ဓဝါဒီများ ဖြစ်လာသည်။ ပုဂံရှိ ဖက်လိပ်ဘုရားနှစ်ဆူမှာလည်း အနော်ရထာခေတ်ထက်စောသည်ဟု ဒေါက်တာသန်းထွန်းက ဆိုသည်။ ထို့ပြင် ရာဇဝင်၌ ဆိုသလို ပုဂံမင်းတို့သည် နတ်ကိုးကွယ်မှုကို မပိတ်ပင်ခဲ့ချေ။
ပုဂံပြည်သာသနာ၂ခြမ်းကွဲခြင်း
(တောကျောင်းဂိုဏ်း(ခေါ်)အရည်းဂိုဏ်းပေါ်လာခြင်း )
*************************************************
ပုဂံပြည်၏ ရဟန်းလောကတွင် သြဇာအကြီးဆုံးမှာ ဝိနည်းနှင့်ပက်သက်၍အဆုံးအဖြတ်ပေးရသော ဝိနယဓရ(ဝိနည်းဓရ်)ဘွဲ့ခံ ဆရာတော်များဖြစ်သည်။ ၁၃ရာစုကျောက်စာများတွင် ဝိနည်းဓရ်အမည်ခံဆရာတော်တစ်ပါး၏ အမည်ကို မကြာခဏတွေ့ရသည်။ ၁၂၄၃တွင် ထိုဆရာတော်၏ကျောင်းတိုက်၌ ၄င်း၏တပည့် စာသင်သားသံဃာများ နေရန် အဆောင်သစ်၂၀ကို ထပ်မံ၍ ဆောက်ခဲ့ရသည်ဟု ကျောက်စာ၌တွေ့ရသည်။ နောက်လိုက်အင်အား အလွန်တောင့်သော ဆရာတော်ဟုဆိုနိုင်သည်။ ထိုဆရာတော်သည် ဝိနည်းအတိုင်း တစ်ဆံချည်မယွင်း လိုက်နာရမည်ဟူသောမူကို ဦးဆောင်ပြဌာန်းသူ ဖြစ်သည်။ သီဟိုဠ်(သီရိလင်္ကာ)နိုင်ငံရှိ ရဟန်းတော်များသည်လည်း ၄င်းဆရာတော်နှင့် အယူအဆတူသဖြင့် တစ်ဂိုဏ်းတည်းဖြစ်၍ သီဟိုဠ်၏ အကူအညီများစွာရသည်။ ထို့ကြောင့် ထိုဂိုဏ်းကို သီဟိုဠ်ဂိုဏ်း ခေါ် သည်။ ကျောက်စာမှတွေ့ရှိချက်အရ ၁၂၃၇နှင့်၁၂၄၈ခုနှစ်များတွင် သီဟိုဠ်ဂိုဏ်းမှ ဓမ္မသီရိနှင့် သုဘူတိစန္ဒအမည်ရ ဆရာတော်၂ပါးသည် ပုဂံမှ သီဟိုဠ်ပြည်သို့ ကြွသွား၍ အပြန်တွင် သီဟိုဠ်မှ ရဟန်းများကို ပုဂံသို့ပင့်လာပြီး ဝိနည်းအတိုင်း တစ်ဆံချည်မယွင်း လိုက်နာရမည်ဟူသော သီဟိုဠ်ဂိုဏ်း၏ ဝါဒများကို ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သည်။
ထိုဂိုဏ်းနှင့် အပြိုင် ဝိနည်းတော်ကို အတိုးအလျော့လုပ်လိုသည့် ဂိုဏ်းတစ်ခုသည်လည်း အပြိုင်ပေါ်ထွက်လာသည်။ ထိုဂိုဏ်းမှ ရဟန်းများသည် မြို့အရပ်၌မနေ တောအရပ်၌ ဓုတင်ဆောင်၍ နေသူများ ဖြစ်သည်။ ထိုဂိုဏ်းသည် နားတောင်းမင်းလက်ထက်တွင် မြင်းမူ(စစ်ကိုင်းနယ်)နှင့် အနိမ့်(မုံရွာနယ်)တို့၌ စတင်ပေါ်ပေါက်ခဲ့သည်။ဂိုဏ်းခေါင်းဆောင်မှာ မဟာကဿပ အမည်ရ ရဟန်းဖြစ်သည်။ ကျောက်စာများ၌ ထိုဂိုဏ်းမှရဟန်းများကို တဝ်က္လောင်နေ ရဟန်း ဟူ၍လည်းကောင်း၊ တဝ်ပ္လတ်တြီ ဟူ၍လည်း ကောင်း ခေါ်ဆိုကြသည်ကို အမျာအပြားတွေ့ရသည်။ အရည်းဟု ခေါ်သော အခေါ်အဝေါ်တွေ့ရသော်လည်း တွေ့ရနည်းသည်။ အရည်းဟူသော ဝေါဟာရသည် အရညကင်ဓူတင်ဆောင်သဖြင့် ရသောအမည်ဖြစ်ဟန်ရှိသော အရညကင်္ဂမှ ဆင်းသက်လာဟန်ရှိသည်။ အချို့သမိုင်းဆရာများက အရိယာဟူသော ဝေါဟာရမှ ဆင်းသက်လာသည် ဟူ၍လည်း ဆိုပြန်သည်။ သို့သော် တောကျောင်းဂိုဏ်းမှ ရဟန်းတို့သည် အချို့ကိုယ်တော်များမှအပ အများစုသည် အရညကင်ဓူတင်ကို အမှန်တစ်ကယ်ဆောင်ကြသူများ မဟုတ်ပေ။
သာမန်ရဟန်းတို့မှာ ဒါယိကာတို့လှုသော မြေ၊ယာများနှင့်သာ တင်းတိမ်သော် လည်း တောကျောင်း(အရည်း) ဂိုဏ်းမှ ရဟန်းတို့မှာ မတင်းတိမ်နိုင်ပဲ ကိုင်ပိုင်ငွေဖြင့်မြေယာဝယ်ကြသည်။ သို့သော် ၄င်းတို့ကိုယ်တိုင် မြေမဝယ်၊ လူဝတ်ကြောင်ကိုသာ စေခိုင်းလေ့ရှိသည်။ ထိုသို့ လူဝတ်ကြောင်ကို မြေဝယ်ခိုင်းသည့်အကြောင်းကို ကျောက်စာများ၌ ငါးကြိမ်တွေ့ရသည်။ ပုဂံခေတ်ဓလေ့အရ မြေအရောင်း အဝယ်အောင်မြင်လျှင် မြေပိုင်ရှင်ပြောင်းလဲကြောင်းကြေညာရန် စားသောက်ပွဲကြီးကျင်းပ၍ သက်ဆိုင်ရာနယ်အရာရှိများကို ဖျင်အဝတ်တို့ကိုလက်ဆောင်များပေးရသည်။ ထိုစားသောက်ပွဲများကို တောကျောင်းအရည်းဂိုဏ်းမှ ရဟန်းတို့ပါဝင်ဆင်နွှဲပြီး သေရည်သောက်စားကြသည်ဟု ကျောက်စာများ၌တွေ့ရသည်။ အေဒီ၁၃၇၃ ရက်စွဲပါ ကြောင်လိမ်ကျောက်စာတွင် အရည်းတို့၏ ကျောင်းပေါ်၌ စားသောက်ပွဲကျင်းပကာ နွား၁ကောင်၊ဝက်၁ကောင်၊ဆိတ်၁ကောင်၊ကြက်၈ကောင်နှင့် သေရည်၂၅လုံး စားသောက်သုံးကြသည်ဟု ရေးထိုးထားသည်။ ထိုစားသောက်ပွဲများတွင် အရည်းတို့သည် ဓလေ့အရ ဖျင်ဖြူ၊ဖျင်မဲဝတ်၍ ပွဲတက်လေ့လည်းရှိသည်။ ထို့ပြင် သားကြီး၊ငါးကြီးသတ်ခြင်းကို အားပေးကြောင်း ကျောက်စာတွင်တွေ့ရသည်။ အေဒီ၁၂၄၈ရက်စွဲပါ နန္ဒမညာဘုရားအနီးမှရရှိသော ကျောက်စာတွင် တောကျောင်းရဟန်းတို့စားသောက်ရန် ထမင်း၊ဟင်း မနက်စာတစ်အိုး၊ညစာတစ်အိုး ပို့ပေးသည်ဟုပါရှိသည်။ ထိုကျောက်စာအရ အရည်းတို့သည် ညစာစားသောက်ကြောင်းလည်းထင်ရှားသည်။
တောကျောင်းဂိုဏ်း (အရည်း) တို့သည် မြေဝယ်ခြင်း၊သေရည်သောက်ခြင်း၊ သားကြီး၊ငါးကြီးသတ်ခြင်းကြီးအားပေးခြင်း၊ညစာစားခြင်းစသည်တို့ကိုသာ ပြုမူကြောင်းတွေ့ရသည်။ ထို့ကြောင့် နန်းတွင်း ရာဇဝင်၌ဆိုသလောက် မဆိုးဟုပြောရမည်။ ကျောက်စာတစ်ခုတွင် ဂိုဏ်းခေါင်းဆောင် မဟာကဿပသည် ဂေါတမဗုဒ္ဓထံမှ ဗျာဒိတ်ရသူဖြစ်သည်ဟု ရေးထိုးထားသောကြောင့် ဗုဒ္ဓကိုမကိုးကွယ် နတ်၊နဂါး၊မှော်အတက်တို့ကိုသာ ကိုးကွယ်သည်ဟူသော အချက်သည်လည်း မှားယွင်းပေသည်။ ဗုဒ္ဓဘာသာဂိုဏ်းခွဲများစွာထဲကမှ တစ်ခုဟုဆိုရပေမည်။ တောကျောင်း (အရည်း)ဂိုဏ်းတွင် သ္ခိင်မဟာမတိမာအမည်ရ ပိဋိကတ် တက်ကျွမ်းသောရဟန်းရှိကြောင်း အနိမ့်တောကျောင်း၊ရွှေကူကျောက်စာတွင် တွေ့ရသည်။
၁၂၁၆တွင် မိဖုရားတစ်ပါး၏မယ်တော်က အရည်းတို့အား လယ်အပယ် ၂၀လှုကြောင်း ကျောက်စာ၌ တွေ့ရသည်။ ရာဇမဟာမင်္ဂပတိကဆိုသူက အေဒီ၁၂၃၃တွင် ပုဂံအရှေ့မင်းနန်သူရွာတွင် အရည်းတို့အတွက် တောကျောင်းကူတည်ပေးကြောင်းတွေ့ရသည်။ ဇေယျာပွတ် အမည်ရှိ အရေးပါဟန်ရှိသော အမတ်တစ်ဦးသည်လည်း ၁၂၃၆၌ ပုဂံအရှေ့ဖွားစောရွာတွင် အရည်းတို့အား ကျောင်းဆောက်ပေးပြီး ကျွန်နှင့် မြေ၇၅ပယ်လှုကြောင်း တွေ့ရပြန်သည်။ အထက်ဖော်ပြပါ မင်းနန်သူရွာနှင့်ဖွားစောရွာအရပ်တို့ကို သစ်မတိဟု ရှေးရေးရှိသည်။ နန်းတွင်းရာဇဝင်များ၌ အရည်းကြီးတို့ ဌာနချုပ်ရှိရာ သမထီးဟုဖော်ပြသော အရပ်ပင်ဖြစ်သည်။ ၁၃ရာစုဦးတွင် တောကျောင်းဂိုဏ်း(အရည်းဂိုဏ်း)သည် သီဟိုဠ်ဂိုဏ်းနည်းတူ ပုဂံနန်းတော်ထိ ပေါက်ရောက်နေပြီး လူထုကြား ခေတ်စားနေကြောင်းတွေ့ရသည်။
ပုဂံတွင် ဗုဒ္ဓဘာသာ(သီဟိုဠ်ဂိုဏ်း၊တောကျောင်းဂိုဏ်း၊.....)တို့အပြင် ဟိန္ဒူဘာသာကို ကိုးကွယ်မှုလည်းတွေ့ရသည်။ ထို့အပြင် ၁၂ရာစုမတိုင်ခင်ထိ ပုဂံရှိ ဗုဒ္ဓဘာသာတွင် ဟိန္ဒူဘာသာ၏ စက်ရိပ်မလွတ်သော အယူအဆများ အနည်းငယ် ရောနှောပါဝင်နေသည်။ (ပုဂံမတိုင်မီ ပျူခေတ်ရှိ ဗုဒ္ဓဘာသာတွင်လည်း ဟိန္ဒူအယူအဆ အနည်းငယ် ရောနှောပါဝင်နေသည်)။ ကျန်စစ်မင်းနောက်ပိုင်းတွင် ဗုဒ္ဓဘာသာတွင် ဟိန္ဒူအယူအဆလွှမ်းမိုးမှု အများအပြားလျော့နည်းသွားသည်။ သီဟိုဠ်ပြည်မှ ရဟန်းတော်များ၏ စတင်လွှမ်းမိုးမှုကြောင့်ဟု ယူဆမိပါသည်။ ပုဂံခေတ်ကတည်ဆောက်ခဲ့သော နတ်လျောင်းကျောင်းအမည်ရ ဟိန္ဒူဘုရားကျောင်းကို ပုဂံမြို့ဟောင်းတွင် ယနေ့တိုင်မြင်တွေ့နိုင်သည်။ အထက်ပါ ဂိုဏ်းများ၊ဘာသာများကို မည့်သည့်ပုဂံမင်းကမှ မနှိပ်ကွပ်ခဲ့ချေ။
ပုဂံခေတ်နောက်ပိုင်း တောကျောင်းအရည်းဂိုဏ်း
*******************************************
ပုဂံပျက်ပြီးနောက် ပင်းယခေတ်နှင့် အင်းဝခေတ်များတွင် တောကျောင်းအရည်းဂိုဏ်းသည် နိုင်ငံပြန်လည် ထူထောင်ရေး၌ ပါဝင်လုပ်အားပေးခဲ့ကြသည်။ ပုဂံမင်းဆက်ပျက်ပြီးချိန်တွင် ဒေသတစ်ခုလုံးကို စစ်ဒဏ်ကြောင့် လယ်၊ယာမြေများပျက်စီးကာ အချို့ဒေသများတွင် လူနေထိုင်ခြင်းမရှိတော့ချေ။ သာသနာသက္ကရာဇ် ၁၉၇၃ရက်စွဲပါ ကျောက်စာတွင် တောကျောင်းအရည်းရဟန်းတို့ဦးဆောင်၍ ပျက်စီးနေသော လယ်၊ယာမြေ ဧက၅၀၀၀ ကို ပြန်လည်ပြုပြင်ပေးသည်ဟု ရေးထိုးထားသည်။ အခြားကျောက်စာများတွင်လည်း အရည်းတို့ဦးဆောင်၍ လယ်၊ယာတို့အား ပြုပြင်သည်ဟု အများအပြား တွေ့ရသည်။
ပုဂံခေတ်ပြီးနောက် အထက်မြန်မာပြည်တွင် အင်းဝနိုင်ငံတော်အင်အားကြီးလာ၍ အောက်မြန်မာပြည်တွင် ဟံသာဝတီပဲခူးနိုင်ငံတော် အင်အားကြီးလာသည်။
ပိဋိကတ်တက်သော အရည်းတို့သည် အင်းဝခေတ်တွင်သင်္ဃရာဇာဘွဲ့ရ၍ သြဇာကြီးသည်။ သင်္ဃရာဇာတို့သည် အေဒီ၁၅၀၀ကျော်လျှင် သြဇာမှေးမှိန်လာဟန်ရှိသည်။ အေဒီ၁၅၅၈ရက်စွဲပါ တံပက်ဆွဲကျောက်စာ၌ တံတားဦးသင်္ဃရာဇာနှင့် ရဟန်းတစ်ပါး အမှုဖြစ်ရာ သင်္ဃရာဇာရှုံးသည်။
၁၄ရာစုကုန်တွင် ဟံသာဝတီပဲခူး(မွန်)မင်းဆက်မှ ၁၆ဆက်မြောက်ဘုရင် ဓမ္မစေတီမင်းလက်ထက်၌ အရည်းတို့နှိမ်နင်းခံရသည်။ ဓမ္မစေတီမင်းသည် ရဟန်းဘဝမှ ရှင်ဘုရင်ဖြစ်လာသူဖြစ်ပြီး ၄င်းသည် ရဟန်းဘဝက သီဟိုဠ်ဂိုဏ်းသားဖြစ်ဟန်ရှိသည်။ ဓမ္မစေတီမင်း မင်းဖြစ်ချိန်တွင် သီဟိုဠ်ရှိ ရဟန်းများကို အကူအညီဖြင့် သာသနာသန့်ရှင်းရေး လုပ်ဆောင်သည်။ ထိုအခါ ဓမ္မစေတီမင်း၏ အားပေးခြင်းခံရသော သီဟိုဠ်ဂိုဏ်းက အနိုင်ရသွားသည်။
ရှင်မဟာကဿပ၏ အတ္ထုပ္ပတ္တိ
*****************************
ပုဂံခေတ်နှောင်း ၁၂၀၀ပြည့်လွန်မှ အင်းဝခေတ်မှ ၁၅၀၀ပြည့်နှစ်များထိ နှစ်၃၀၀နီးပါး တန်ခိုးထွားခဲ့သော တောကျောင်းဂိုဏ်း(ခေါ်)အရည်းဂိုဏ်းကို တည်ထောင်သူမှာ ရှင်မဟာကဿပဆိုသူဖြစ်သည်။ ၄င်း၏အကြောင်းကို မြန်မာပါးစပ်ရာဇဝင်တို့၌ ဖော်ပြထားခြင်းမရှိ၊ သိသူမရှိသလောက်နည်းသည်။ ပုဂံခေတ်ကျောက်စာများ၏ ကျေးဇူးကြောင့် ၄င်း၏အကြောင်းကို ၂၀ရာစု သမိုင်းပညာရှင်များက ဖော်ထုတ်နိုင်ခဲ့သည်။ ခေတ်ပြိုင်မှတ်တမ်းမဟုတ်သော်လည်း ၄င်း၏ခေတ်နှင့်သိပ်မဝေးလှသည့် အေဒီ၁၃၈၈ရက်စွဲပါ ကျောက်စာတွင် ပေါင်လောင်သင်ဟု ငယ်အမည်ရှိသော ရှင်မဟာကဿပကို သက္ကရာဇ်၅၃၁ (အေဒီ၁၁၆၉)တွင် မွေးသည်ဟုရေးထိုးထားသည်။ ငပေါင်လောင်သင်ကို ပရိမ်အရပ်၌ မွေးဖွား သည်ဟု ရေးထိုးထားပြီး ထိုအရပ်သည် ယခုအခါ စစ်ကိုင်းခရိုင်၊မြောင်နယ်၊ပရိမ္မအရပ်အနီး ဖြစ် သည်။ ထိုကျောက်စာတွင် ဆက်လက်ရေးထိုးထားသည်ကား မဟာကဿပသည် ဘုရားလောင်းဖြစ်သည်၊ ဆင်မင်းဘဝဖြင့် ဂေါတမမြတ်စွာဘုရား ထံမှ ဗျာဒိတ်ရခဲ့သည်၊ အရွယ်ရောက်သောအခါ ကျောက်ရစ်အရပ်သို့ တောထွက်ပြီး တောကျောင်းဆောက်နေသည်၊ သက္ကရာဇ်၅၇၇(အေဒီ၁၂၁၅)တွင် နားတောင်းမင်း (ဇေယျသိင်္ခမင်း)က ၄င်းခံစားနေရသောရောဂါအား လာရောက်ကုစားပေးရန် ကျောက်ရစ်အရပ်ရှိ မဟာကဿပကို အကြိမ်ကြိမ်လာပင့်သည်၊ မဟာကဿပလည်း သွား ရောက် ကုသပေးရာ ရောဂါပျောက်ကင်းသည်၊ မင်းလည်း များစွာကြည်နူးလျက် မဟာကဿပကို ပူဇော်၍ ထီးဖြူအပ်နှင်းသည်ဟု ရေးထိုးထားသည်။
အထက်ပါကျောက်စာနှင့် အခြားကျောက်စာများအရ ငပေါင်လောင်သင်သည် တောကျောင်းများကို ကျောက်ရစ်၊ပရိမ်၊အမြင့်၊အနိမ့် အရပ်တို့၌ ဦးစွာတည်ပြီး ၄င်းအသက် ၄၆နှစ်အရောက်တွင်မှ ပုဂံသို့ ပြောင်းရွှေ့လာဟန်ရှိပြီး မင်းအပူဇော်ခံဖြစ်လာသည်။ အေဒီ၁၂၂၅ ရက်စွဲပါ နားတောင်းမင်းနှင့်ညီမဖြစ်သူ မင်းလှတို့၏ အလှုကျောက်စာတွင် မဟာကဿပဟူသော အမည်ကို အဦးဆုံးတွေ့ရသော ကျောက်စာဖြစ်သည်။ ထို့နောက်ပိုင်းများတွင် မဟာကဿပကိုလှုသော ကျောက်စာများစွာတွေ့ရသည်။ နန်းတော်ထိ ပေါက်ရောက်လာသော မဟာကဿပ၏ဂိုဏ်းကို တိုက်ရန် သီဟိုဠ်ရှိ ရဟန်းများကို စစ်ကူသွားတောင်းသော ဓမ္မသီရိနှင့်သုဘူတိစန္ဒ ရဟန်း၂ပါးအကြောင်း အထက်တွင်ဖော်ပြပြီးဖြစ်သည်။ မဟာသမန်အမည်ရသော အမတ်တစ်ဦးရေးထိုးထားသော အေဒီ ၁၂၄၇ရက်စွဲပါ ကျောက်စာတွင် ထိုသီဟိုဠ်သို့စစ်ကူသွားတောင်းသော ရဟန်း၂ပါးနှင့် မဟာကဿပတို့ကို မြို့တော်၏ အရေးအပါဆုံးရဟန်းများဟု ရေးထိုးထားည်။
မဟာကဿပသည် အမွေကိစ္စ အမှုဖြစ်ဖူးသည်။ မဟာကဿပ၏အဘိုး သင်္ကြံမသူ ဆိုသူက မင်းထံမှဆုရသော မြေ၈၉ပယ်ကို သာသနာသို့လှုသည်။ သင်္ကြံမသူလွန်သော် သား၊မြေးတစ်ဦးဖြစ်သူ ငရောက်သင်က အမွေဆက်ဆံရာ ၄င်းသာသနာ့မြေများကိုပါ အမွေဟုသဘောထား၍သိမ်းယူသည်။ ထို့နောက်ငရောက်သင်သည် ထိုမြေကို စကြဝ်ကင်းသည်တို့အား ရောင်းစားသည်။(ကျောက်စာများတွင် တွေ့ရတက်သော စကြဝ်လူမျိုးသည် စကောကရင်ဖြစ်သည်ဟု ယာယီသတ်မှတ်ထားသည်)။ငရောက်သင် ကွန်လွန်ပြီးမှ ထိုမြေကို အမွေယူခွင့်မရှိ၊ရောင်းစားခွင့်မရှိကြောင်းပေါ်၍ မြေယာအမွေကိစ္စ အမှုဖြစ်သည်။ထိုအမှုကို တရားသူကြီးနှစ်ဦးကစစ်ဆေးရာ မဟာကဿပကအနိုင်ရကြောင်း ကျောက်စာ၌ တွေ့ရသည်။ ထိုအမှုသည် အေဒီ၁၂၄၄ကဖြစ်ခဲ့ခြင်းဖြစ်သည်။ ဤအမှုကျောက်စာအရ မဟာကဿပ၏အဘိုးမှာ သင်္ကြံမသူအမည်ရ၍ မင်းမှုထမ်းဖြစ်သည်။ မဟာကဿပသည် အေဒီ၁၂၇၂မှ ၁၂၇၈အ ကြား၌ ပျံလွန်တော်မူပုံရသည်။ အဘယ့်ကြောင့်ဆိုသော အေဒီ၁၂၇၂မှစ၍ ၄င်း၏ အမည်ကို အလှုကျောက်စာများတွင် မတွေ့ရတော့ချေ။ အေဒီ၁၂၇၈တွင် ၄င်း၏ ကျောင်းတွင် ကျောင်းထိုင်အသစ်ရှိနေပြီ ဖြစ်ကြောင်း ကျောက်စာ၌ တွေ့ရသည်။
မြန်မာနန်းတွင်းရာဇဝင်ကျမ်းထဲကအရည်းဂိုဏ်း
********************************************
ရာဇဝင်နှင့်သမိုင်းမတူပေ။ ရာဇဝင်ကျမ်းဆိုသည်မှာ ပါးစပ်ပြောဇာတ်လမ်းများ၊မီရိုးဖလာဇာတ်လမ်းများပေါ် အခြေခံပြီး ဇာတ်ကြောင်းဖတ်၍ကောင်းစေရန် အဖြည့်ဇာတ်၊လုပ်ဇာတ်များလည်း ထည့်တက်ကြသည်။ သမိုင်းသည် ခေတ်ပြိုင်မှတ်တမ်းအထောက်အထား၊ သက်သေများကို အခြေခံသည်။ ဤနိုင်ငံတွင် ဗမာ၊ မွန်နှင့် ရခိုင်လူမျိုးတို့သည် ၄င်းတို့၏မင်းဆက်များအကြောင်းကို ပဒေသရာဇ်ခေတ်က အသီးသီးရေးသားခဲ့ကြသည်။ ၂၀ရာစုအရောက်တွင် သမိုင်းပညာရှင်များက ထိုရာဇဝင်ကျမ်းများကို အခြေပြု၍ မှန်၏လော၊မမှန်၏လော ခြေရာခံလိုက်လေ့ရှိသည်။ ဗမာမင်းဆက်အားလုံးတို့၏ အကြောင်း ပါရှိသည့် ပထမဦးဆုံးသော ရာဇဝင်ကျမ်းမှာ ညောင်ရမ်းခေတ် တနင်္ဂနွေမင်းလက်ထက်၌ရေးသော ဦးကုလား၏ မဟာရာဇဝင်ကြီးကျမ်း ဖြစ်သည်။ ထိုကျမ်းတွင် အရည်းဂိုဏ်းသည် ပုဂံခေတ်ဦးတွင် ပေါ်ခဲ့သည်ဟုရေးသားထားသည်။ ထို့ပြင် ပန်းဦးလွှတ်ခြင်း၊ မှော်အတက်ပြုလုပ်ခြင်း၊ စစ်သားများကဲ့သို့ပြုမူခြင်း...စသည်တို့ကို ပြုလုပ်သည်ဟုဆိုကာ အရည်းတို့ အမှန်တစ်ကယ် ဆိုးသွမ်းခဲ့သည်ထက် ပို၍ဆိုးသွမ်းသယောင် ရေးသားထားသည်။ အနော်ရထာမင်း ဗုဒ္ဓဘာသာဝင်ဖြစ်လာသောအခါ အရည်းတို့အားနှိမ်နင်းခဲ့ပုံ၊ ပိဋိကတ်၃ပုံကို လိုချင်သောကြောင့် သထုံကိုတိုက်ပုံ၊ နိုင်ငံအဝှမ်း သာသနာပြုပုံတို့ကို အမွှမ်းတင်ရေးသားထားသည်။
ဦးကုလားသည် ပုဂံခေတ်နှောင်းမှ အရည်းဂိုဏ်းကို ပုဂံခေတ်ဦးသို့ပို့ပြီး လိုအပ်သည်ထက်ပို၍ ဆိုးသွမ်းသယောင် ရေးရခြင်းမှာ ၄င်း၏ရာဇဝင်ကျမ်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် အဖြည့်ဇာတ်အနေဖြင့် ထည့်ရေးခြင်းဖြစ်နိုင်သလို ၄င်းကိုယ်တိုင် ဤရာဇဝင်ကို တစ်စုံတစ်ဦးဆီက ကြားသိပြီး အမှန်ယူ၍ ရေးခဲ့သည်လည်း ဖြစ်နိုင်သည်။ ပုဂံဒေသ၏ ဘုရား၊စေတီပေါများပုံကို မြင်တွေ့ပြီး ၄င်း၏စိတ်တွင် "ပုဂံဒေသ၌ ဤသို့ ဗုဒ္ဓသာသနာ ကြီးစွာ ထွန်းကားလာပုံ"ကို ဇာတ်လမ်း၊ဇာတ်အိမ်ကောင်းကောင်းဖြင့် ရေးသားလိုသည့် ဆန္ဒကြောင့်လည်းဖြစ်နိုင်သည်။ ညောင်ရမ်းခေတ်သည် ပုဂံခေတ်နှင့် အလှမ်းကွာဝေးသောကြောင့် အမှန်ကိုမသိပဲ ကြားဖူးနားဝ အရည်းဂိုဏ်းကို ဇာတ်လှအောင်ဆင်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။
ကုန်းဘောင်ခေတ် ဘကြီးတော်မင်းလက်ထက်တွင် ရှေးမင်းအဆက်ဆက်တို့လက်ထက်၌ ရေးခဲ့သော ရာဇဝင်ကျမ်းများအားလုံးကို စီစစ်တည်းဖြတ်သန့်စင်ရန် မှန်နန်းရာဇဝင်တော်ကြီးကို ရေးပြန်သည်။ ထိုကျမ်းကို မင်းဆရာ ရဟန်းများနှင့် ဝန်ကြီး၊မှုးမတ်တို့ စုပေါင်းရေးသားခဲ့ကြသည်။ ထိုမှန်နန်းရာဇဝင်ကို ရေးရာ၌ ဦးကုလား၏ မဟာရာဇဝင်ကြီးမှ အကြောင်းအရာများကို အဓိက ကိုးကား၍ ရေးသားခဲ့သည်။ သို့ရာတွင် ဦးကုလား၏ အရေးအချို့ကို ယုတ္တိမတန်ဟုသတ်မှတ်ပြီး မှန်နန်းရာဇဝင်ရေးသူတို့က ပယ်ချသည်လည်းရှိခဲ့သည်။(ဥပမာ-ပျူစောထီးမင်း အမိသည် နဂါးမ ဖြစ်သည် ဟူသောအချက်ကို ပယ်ချခဲ့သည်) သို့သော် မှန်နန်းရာဇဝင်ရေးသည့် အဖွဲ့သည် ဦးကုလား ၏ အရေးအများစုကို ထောက်ခံသောကြောင့် အရည်းဂိုဏ်းကိစ္စသည် မှန်နန်းရာဇဝင်ထဲထိပါလာသည်။ မှန်နန်းရာဇဝင်သည် ရာဇဝင်ကျမ်းလောကတွင် အထင်ရှားဆုံးဖြစ်သောကြောင့် ပုဂံခေတ်ဦးက အရည်းကြီးတို့အကြောင်းသည်လည်း ပို၍ နာမည်ကြီးလာခဲ့လေသည်။
သမိုင်းထဲကအခြားအရည်းဂိုဏ်းအချို့
***********************************
မြန်မာ့သမိုင်းတွင် ၁၅ရာစုလောက်မှစ၍ အရည်းဂိုဏ်းတို့ တိမ်မြှုပ်သွားသော်လည်း ညောင်ရမ်းမင်းဆက် (ဒုတိယတောင်ငူ(သို့)ဒုတိယအင်းဝမင်းဆက်)ပျက်ခါနီးအချိန်တွင်လည်း ဝိနည်းချိုးဖောက်သော ရဟန်းများပေါ်ပေါက်ဖူးသည်။ ထိုသူတို့ကို ရှင်ယောင်ဂိုဏ်း၊ရှင်ပျက်ဂိုဏ်းစသဖြင့် ခေါ်ဝေါ်ကြသည်။ ဟိန်ဘုန်းကြီးဂိုဏ်း၊သောတပန်ဂိုဏ်းတို့လည်း ညောင်ရမ်းခေတ်နှောင်းတွင် ပေါ်ခဲ့သည်။ ဟိန်ဘုန်းကြီးဂိုဏ်းသည် ဓားပြတိုက်သည်ထိလုပ်ဆောင်ကြပြီး ပုဂံခေတ် အရည်းဂိုဏ်းထက်ပင် ဆိုးကြောင်းတွေ့ရသည်။ သောတာပန်ဂိုဏ်းများမူ ဝရဇောတအမည်ခံ ဂိုဏ်းခေါင်းဆောင်၏ တရားကိုနာပါက သောတာပန်ဖြစ်သည်ဟု အယူရှိကြသည်။
ထိုင်းနိုင်ငံတွင်လည်း ဝိနည်းကိုခပ်လျော့လျော့ဆောင် ၊သေသောက်စားသော တောကျောင်း ရဟန်းဂိုဏ်းတို့ ၁၃ရာစု၊၁၄ရာစုများတွင် ပေါ်ပေါက်ခဲ့ဖူးကြောင်း ထိုင်းနိုင်ငံရှိ ကျောက်စာမှတ်တမ်းများအရ သိရသည်။
အချုပ်ဆိုရသော် အနော်ရထာမတိုင်မီကတည်းက ပုဂံတွင် ဗုဒ္ဓသာသာရှိပြီးဖြစ်သည်။ ပုဂံခေတ်ဦးတွင် အရည်းဂိုဏ်းလုံးဝမရှိခဲ့၊ အမှန်တစ်ကယ်မရှိသူများကို အနော်ရထာမင်းအနေဖြင့် နှိပ်ကွပ်ရန်အကြောင်းမရှိပေ။ ပုဂံခေတ်တစ်လျှောက်လုံး မည်သည့်ဂိုဏ်း မည်သည့်ကိုးကွယ်မှုကိုမဆို မင်းမိန့်ဖြင့် မနှိပ်ကွပ်၊ နန်းတွင်းအသိုင်းအဝိုင်းမှစ၍ အောက်ခြေလူထုအထိ ကြိုက်နှစ် သက်ရာ ကိုးကွယ်ခွင့်ရှိသည်။ အနော်ရထာမင်းနတ်ရွာစံပြီး နှစ်(၁၄၀)နီးပါးကြာမှ တောကျောင်း အရည်းဂိုဏ်းပေါ်လာခြင်းဖြစ်သည်။ သို့သော် ပန်းဦးလွှတ်ခိုင်းခြင်း၊ ဂါထာရွက်က အပြစ်မှလွတ်သည်ဟုသောအယူရှိခြင်း၊ စစ်သားများကဲ့သို့ပြုမူခြင်း၊ ဘုရားတရားကိုပယ်ခြင်း၊ နတ်၊နဂါးကိုသာကိုးကွယ်၍ မှော်ဝင်စားခြင်း၊...စသောအယူအဆများ၊လုပ်ရပ်များကို အရည်းတို့ လုံးဝ မလုပ်ခဲ့ချေ။ ထို့ကြောင့် အရည်းဂိုဏ်းသည် ရာဇဝင်ကျမ်းများတွင် ဆိုသလောက် ပြောသလောက်မဆိုးချေ။
ထူးအောင်လင်းထက်
(၆.၁၂.၂၀၂၁)
(ကိုးကား)
ခေတ်ဟောင်းရာဇဝင်(ဒေါက်တာသန်းထွန်း)
မြန်မာသမိုင်းနိဒါန်း(ဒေါက်တာသန်းထွန်း)
ပျူတွေဘယ်ရောက်သွားလဲ(ဒေါက်တာသန်းထွန်း)
မြန်မာ့နိုင်ငံရေးအခြေအနေ(၁၇၁၄-၁၇၅၂) (ဒေါက်တာရီရီ)
မှန်နန်းရာဇဝင်

Saturday, January 7, 2023

ကျွန်တော့်ရဲ့ ခေါင်းဆောင်၊ ဆရာ၊ စံပြ

0 comments
ကျွန်တော့်ရဲ့ ခေါင်းဆောင်၊ ဆရာ၊ စံပြ
ရဲဘော်ဖိုးသံချောင်း
၁၉၇၅ ခုနှစ် အလယ်လောက်မှာ ပြည်သူ့ အသံကနေ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီစာရင်း အသစ်ကို ကြေညာလိုက်တော့ ကျွန်တော်တို့တတွေ ရေဒီယိုက လိုက်ကူး ပြီး အချင်းချင်းပေးဖတ်ကြ၊ ကိုယ်သိတဲ့လူတွေ နာမည် ပါသ လားကြည့်ကြ။ ဖလှယ်ကြ၊ လုပ်ကြပါတယ်။ အဲဒီတုန်းက ကြေ ညာလိုက်တဲ့ ဗဟိုကော်မတီစာရင်းအသစ်ထဲမှာ သခင်ဗသိန်း တင်၊ သခင်ဖေတင့်စတဲ့ နာမည် အနည်း အပါးကိုပဲသိပြီး အများစု ကို မသိဘူး ဖြစ်နေပါတယ်။ ဒါနဲ့ ကိုယ်လက်လှမ်းမီတဲ့ ‘လူ ဟောင်းကြီးတွေ’ကို မေးမြန်းကြည့် ကြပါတယ်။
ကျွန်တော်မေးခဲ့တာက ကျွန်တော့် ဦးလေးဗိုလ်လှဖေ ပါ။ သူက အရင်က ပျဉ်းမနားပါတီဗဟိုစစ်ကျောင်းမှာ ကျောင်း အုပ်လုပ်ခဲ့ဖူးသူဖြစ်တော့ သူသိတာတွေ များမှာပဲ လို့တွက်ပြီး မေးတာပါ။ ကျွန်တော် မမှားပါဘူး။ သူက အင်မတန်အလှမ်းဝေး တဲ့ တနင်္သာရီတိုင်းလိုဟာကလွဲပြီး အကုန်နီးပါး ပြောပြနိုင်ပါ တယ်။ အဲဒီလိုမေးရင်းနဲ့ ကျွန်တော်က ကျွန်တော်တခါမှ မကြား ဖူးတဲ့ ‘ရဲဘော်ကြင်မောင်’ ဆိုတာ ကိုထောက်ပြီး မေးလိုက်ပါ တယ်။ ဒီအခါမှာ သူက မဆိုင်းမတွဘဲ “ဒါဟာ မိုးကုတ်က ဗိုလ် ကြင်မောင်ကြီး ဖြစ်မှာပဲကွ။ သူ ကလည်း ငါ့လိုပဲ လံဘားကြီး”လို့ ပြောပြပါတယ်။ ကျွန်တော့်ဦးလေး ဗိုလ်လှဖေရဲ့အရပ်က ခြောက် ပေ ကျော်ပါတယ်။
အဲဒီနောက်တော့ မကြာပါဘူး။ ကျွန်တော်တို့တတွေ အထက်ဗမာပြည်မှာ မြေအောက်လုပ်ငန်း လုပ်တော့ ဒီလုပ်ငန်း တွေကို ဗဟိုမှာ တာဝန်ခံ လုပ်နေတာဟာ အဲဒီ ရဲဘော် ကြင်
မောင် ပဲ ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်တော့်အဖို့တော့ ဪ- ဟုတ်လားပေါ့။ သူ့အကြောင်း ကျွန်တော် သိထားတာ များမှမများဘဲဟာ။ သူ့ရဲ့ ညွှန်ကြားချက်အတိုင်း ကျွန် တော်တို့ တက်တက်ကြွကြွ လုပ်ခဲ့ကြပါတယ်။
မကြာပါဘူး။ ကျွန်တော်လက်နက်ကိုင် ဒေသ ကို ထွက်လာခဲ့ရပါတယ်။ ကျွန်တော်ပထမဆုံး တာဝန် ကျတာက မူဆယ်ခရိုင်ထဲက မုံဂူမှာပါ။ ကျွန်တော်တို့ စခန်းမှာ မြေအောက်လုပ်ငန်းနဲ့ ပုံနှိပ်စက်၊ ဘာသာပြန် အဖွဲ့၊ တီးဝိုင်းစတဲ့ ဗဟိုဝါဒဖြန့်ချိရေးဌာန လက်အောက် က လုပ်ငန်းတွေ ရှိပါတယ်။ ဒီဌာန နှစ်ခုစလုံးကို ရဲဘော် ထွန်း - ဖြတ်ပြောပါရစေ။ ရဲဘော်ကြင်မောင်ရဲ့ “အခြား” နာမည်တခုက ရဲဘော်ထွန်း ဖြစ်ပြီး အရှေ့မြောက်ဒေ သမှာ အားလုံးက အဲဒီနာမည်နဲ့ပဲ သူ့ကို ခေါ်ကြပါတယ်။ ဒီ ဌာနနှစ်ခုကို ရဲဘော် ထွန်းက ကိုင်တာဖြစ်ပြီး ကျွန်တော် က (ဆိုင်းစကားနဲ့ ပြောရရင်) အုပ်စုံလုပ်ရပါတယ်။
ရဲဘော်ထွန်းက ကိစ္စရှိတဲ့အခါ ကျွန်တော်တို့ စခန်းကို သူကိုယ်တိုင်လာပါတယ်။ ကျွန်တော်က စခန်း ထဲမှာ ကျွန်တော့်အရင် ရောက်နေတဲ့ ရဲဘော်တွေကို ရဲ ဘော်ထွန်းအကြောင်းတွေ အများကြီးမေးထားလို့ အ တော်များများ သိထားရပါတယ်။ အရင်ဆုံး မေးခဲ့တာက တော့ “လံဘားကြီး”ဟုတ်မဟုတ်ပေါ့။ ဒီလိုနဲ့ ကျွန်တော် အဲဒီစခန်းကိုရောက်ပြီး သုံး လေး လလောက်အကြာမှာ ရဲဘော်ထွန်း ကျွန်တော်တို့ စခန်းကို ရောက်လာပါတယ်။ သူက ကျွန်တော့်ကို သီးခြားတွေ့ဆုံပါတယ်။ လက်ဆွဲ နှုတ်ဆက်၊ ထိုင်လိုက်ကြတယ် ဆိုရင်ပဲ သူက ပါတီဥက္ကဋ္ဌ နဲ့ ဗဟိုက ပြောခိုင်းပါတယ်ဆိုပြီး ပဲခူးရိုးမမှာ ကျွန်တော့် အစ်ကိုကို ပါတီက အရေးယူခဲ့တာ မှားယွင်းတဲ့ အ ကြောင်း၊ ပါတီက လူထု မိသားစုကို တောင်းပန်တဲ့ အ ကြောင်း ပြောပြပါတယ်။ တဆက်တည်းမှာ နောင် အခွင့် သာရင် ဥက္ကဋ္ဌကလည်း ခင်ဗျားကို ဒီကိစ္စ ပြောပါ လိမ့်ဦး မယ် လို့ ပြောပါတယ်။ (ဥက္ကဋ္ဌသခင် ဗသိန်းတင်က ၁၉၇၈ ခုနှစ်၊ သူ မုံဂူကို လာတဲ့အခါမှာ ကျွန်တော့်ကို ထပ် ပြော ခဲ့ပါတယ်)။ အဲဒီလိုပဲ ကျွန်တော့်အဖို့တော့ ရဲဘော်ထွန်း ဟာ မမေ့နိုင်စရာ ဖြစ်ခဲ့ပါတယ်။
ကျွန်တော့်ဘ၀မှာ လူတယောက်ကို တွေ့ တွေ့ ချင်း၊ သူစကားပြောတာ နားထောင်မိမိချင်း လေးစား သဘောကျရသူတွေထဲမှာ ရဲဘော်ထွန်းဟာ ထိပ်ဆုံးက ပါတယ်လို့ ထင်ပါတယ်။ အကြောင်းကတော့ တစ်က သူဟာ စာအများကြီး ဖတ်ထားမှန်း သိပ်သိသာလို့ပါ။ ကျွန်တော်ဆိုလိုတဲ့ စာဆိုတာမှာ ရသစာပေ၊ ရှေး ဟောင်း ဗမာစာပေနဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ စာတွေ လည်း အပါအဝင် ဖြစ်ပါတယ်။ နှစ်က ဟန်လုပ်ခြင်း၊ ဂိုက် ထုတ်ခြင်း လုံး၀မရှိတဲ့အပြင် အင်မတန်နှိမ့်ချသူ ဖြစ်ပါ တယ်။ သုံးက ပြောတာဆိုတာ၊ နေတာ ထိုင်တာ၊ စားတာ သောက်တာ၊ စဉ်းစားတာ အားလုံး ဗမာဆန်လွန်းလို့ ဖြစ် ပါတယ်။
သူ စာအများကြီး ဖတ်တယ်ဆိုတာကို ပါတီ တွင်းကို တမင်လာနှောက်တဲ့၊ ပါတီတွင်းမှာ တလျှောက်လုံး ပါတီ ဆန့်ကျင်ရေး၊ ခေါင်းဆောင်ဆန့်ကျင် အပုပ်ချရေးတွေ စီမံကိန်းရှိရှိနဲ့ လုပ်နေသူတွေကတောင် အသိအမှတ်ပြု ပါတယ်။
သူ့ကို ကျွန်တော် ပထမဆုံးတွေ့တဲ့နေ့မှာပဲ သူက ထုံးစံအတိုင်း စခန်းထဲက ရဲဘော်တွေနဲ့ အာလ္လာပ သလ္လာပ တွေ ပြောပါတယ်။ လက်တောက်ခုံအရွယ် သာ သာ စားပွဲ ငယ်ငယ်လေးတလုံးဘေးမှာ ခနော်နီခနော်နဲ့ ထိုင်ခုံတွေ ကုလားထိုင်တွေခင်းပြီး ပြောကြတာပါ။ သူက အဲဒီမှာ သူ့ကို ဘာလို့ ရဲဘော်ထွန်းလို့ ခေါ်စေချင်တဲ hအ ကြောင်း ပြောပြရာမှာ သူက အဲဒီ‘ရဲဘော်’ ဆိုတဲ့ အသုံး အနှုန်းကို မြတ်နိုးတန်ဖိုးထားလွန်းရုံမက အားလုံး တန်းတူ ရည်တူ လက္ခဏာ ဆောင်လို့လည်းဖြစ်ကြောင်း ပြောပြပါ တယ်။ ဒီတော့ ကျွန်တော်တို့စခန်းထဲမှာ တယောက်နဲ့ တ ယောက် နာမည်ခေါ်ရင်ရှေ့က ‘ကို’၊ ‘မ’ စသဖြင့် တပ် ခေါ်ကြပေမယ့် အစည်းအဝေးထဲမှာတော့ စခန်းထဲက ဘယ်သူ့ကိုပဲညွှန်းညွှန်း ရဲဘော်ဘယ်သူ-ဘယ်ဝါ စသဖြင့်ပဲ ညွှန်းကြပါတော့တယ်။
အင်မတန်ကြည်နူးစရာကောင်းတဲ့ ဆွေးနွေးပွဲ လေထုတရပ် ဖြစ်တယ်လို့လည်း ခံစားမိပါတယ်။ နောက် တခု သူပြောတာက “ခင်ဗျားတို့နဲ့ စကားပြောတဲ့အခါမှာ ကျွန်တော်က ကိုယ့်ကိုယ်ကို ကျွန်တော်လို့ ပြောတာဟာ ကိုယ်အသက် ငယ်ချင်လို့ ပြောတာ မဟုတ်ဘူးဗျ။ ဟုတ် တယ်၊ ခင်ဗျားတို့ဟာ ကျွန်တော့် အတွက်ဆိုရင် တူ - သား အရွယ်တွေပဲ။ ဒါပေမဲ့ ကျွန်တော်က ခင်ဗျား တို့ရဲ့ နိုင်ငံရေးကို လေးစားရမယ်ဗျ။ နိုင်ငံရေးသက် အနု အရင့်ကို ပြောတာမဟုတ်ဘူး၊ ခင်ဗျားတို့ရဲ့နိုင်ငံရေး ရပ် တည်ချက်ကို ပြောတာ” ဆိုတာပါ။ တသက်မမေ့တော့ တဲ့ စကားတွေ ဖြစ်ပါတယ်။
အဲဒီတုန်းက ကျွန်တော်တို့စခန်းထဲမှာ မြို့က လာတဲ့ ကျောင်းသားတွေ များပါတယ်။ ဒေသခံ တွေက လည်း လူငယ်တွေပါ။ ဒီတော့ အရယ်အမော၊ အနောက် အပြောင်က အလွန်အကျွံလို့တောင် ပြောရမလိုပါ။ ရဲ ဘော်ထွန်း ကိုယ်တိုင်ကလည်း ဟာသဉာဏ် အင်မတန် ရွှင်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တတွေ လေး လေးနက်နက် နေထိုင်စဉ်းစားအောင် အကြံပေးရာမှာ - “ခင်ဗျားတို့ လည်း မင်းပျိုမင်းလွင်လေးတွေမှ မဟုတ် တော့တာဗျာ”တဲ့။ ကျွန်တော့်နှလုံးသား လှုပ်ခတ်သွား တယ် ထင်မိပါတယ်။ ကျွန်တော့်အဖွားရဲ့ စကားဝိုင်းကို ပြန်ရောက်သွားသလား အောက်မေ့မိပါတယ်။ သူ့ဗမာ စကားက အဲဒီလိုပါ။
သူပြောတာတွေထဲက ကျွန်တော်တခုတ်တရ နားထောင်တာတွေထဲမှာ သူ့ရဲ့ ဗမာပြည်အတွင်းပိုင်း တုန်းက ဂျပန်တော်လှန်ရေးနဲ့ ပြည်သူ့ဒီမိုကရေစီတော် လှန်ရေး အတွေ့အကြုံတွေဟာ ထိပ်ဆုံးက ပါပါတယ်။ သူနဲ့အတူ တိုက်ပွဲဝင်လှုပ်ရှားခဲ့ကြတဲ့ ရဲဘော်ဌေး၊ ကို သိန်းတန် (ကိုချစ်တီး)၊ သခင်တင်ထွန်း၊ ဗိုလ်ပု၊ ဗိုလ် ချစ်ကောင်း စတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တွေအပြင် မှတ်တမ်း ထိုးမခံရတဲ့ အာဇာနည် သူရဲကောင်းတွေ အကြောင်းကို သူပြောပြတိုင်း ကျွန်တော်တို့အားလုံး သမိုင်းစာအုပ်ကြီး တအုပ် ဖတ်ရသလို နား ထောင်ခဲ့ကြပါတယ်။ တခါမှာ တော်လှန်ရေးသမားတွေဘ၀ ဆင်းရဲပုံကို ပြောပြတဲ့ အခါမှာ တခါတလေ ရက်ပေါင်းများစွာ လှုပ်ရှားသွား လာနေကြရလို့ ထမင်းဟင်း ငတ် ပြတ်တာ အပြင် ရေမ ချိုးနိုင်၊ ခေါင်းကိုဆီမလူးနိုင်လို့ မီးရထား သံလမ်းဘေး ထိုင်ပြီး ယောက်ျားချင်း ဆံပင်ရှည်ကြီးတွေနဲ့ အပြန်အ လှန် သန်းတုပ်၊ သန်းရှာပေးကြရပုံကို ပြောပြတာမျိုး ဟာ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း မြင် ယောင်မိစေ ပါတယ်။ တောထဲမှာ တခါတလေ မိုးနဲ့ကြုံတော့ သစ်ပင် အောက်မှာ မတ်တတ်ရပ်ရင်း အိပ်ရပုံ၊ ထိုးစစ်တွေ ပြင်း လာတဲ့အခါမှာ ကိုယ့်သားသမီးကို ရွာသား တွေလက် အပ်ခဲ့ရရာမှာ ပုံပြင်ထဲက မင်းသားလို လက်စွပ်ပါ ပေးမ ထားခဲ့နိုင်ဘဲ အပြီးစွန့်လိုက်ရတာ ဖြစ်သွားနိုင်တယ် ဆို တဲ့ အသိနဲ့ ထိုးပေးခဲ့ရပုံစတဲ့ သူ့အတွေ့အကြုံကို ပြောပြ တာတွေဟာ ကျွန်တော်တို့ရဲ့ ပိုင်းဖြတ်ချက်ကို ခိုင်မာစေခဲ့ ပါတယ်။ ရှမ်းပြည်နယ်ထဲမှာ လှည့်လည်လှုပ်ရှားနေတုန်းက ဆေးအတတ် တတ်တဲ့လူ မရှိလို့ သူဆေးကုခဲ့ရဖူးကြောင်း၊ အထူးသဖြင့် ကျေးရွာလူထုကို ကုပေးရတာ ဖြစ်ကြောင်း၊ တခါတလေများဆိုရင် ကလေးမီးဖွားပေးတာတောင် လုပ်ခဲ့ ရကြောင်းတွေ ပြောပြပြီး တအံ့တဩ နားထောင်နေတဲ့ ကျွန်တော်တို့ကို “တောမှာ ဘုန်းကြီးက ရေဒီယိုကက်ဆက် ပြင်သလို ပေါ့ဗျာ၊ ပျက်တော့လည်း သူ များဟာပဲ ဥစ္စာ” လို့ အရွှန်းလေးနဲ့ ပြန်အုပ်တတ်ပါတယ်။
ဗဟိုဝါဒဖြန့်ချိရေးကို သူကိုင်ပြီး ပြည်သူ့အသံ အသံလွှင့်ဌာန၊ ဗဟိုတီးဝိုင်းစတာတွေကို တာဝန်ယူနေ တုန်းက “ကျွန်တော်က ပါတီတာဝန်ပေးလို့သာ လုပ်နေရ တာ၊ ဂီတအနုပညာကို ဘာမှသိတာ မဟုတ်ဘူး”လို့ ပြောလေ့ရှိပါတယ်။ သူ့ပုံပန်းသဏ္ဌာန်ကို ကြည့်ရင် သူပြော တာ မှန်တယ်လို့ ယူဆစရာပါပဲ။ ဒါပေမဲ့ သူဟာ အချိန်အား လေး ဘာလေးရှိရင် ကက်ဆက်ဖွင့်ပြီး ဗမာသီချင်း နား ထောင်တတ်တယ် ဆိုတာကိုလည်း သတိပြုမိပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့က သူ့ကို (ဒေါ်)ရီရီသန့်ဆိုတဲ့ ‘ဇေ ယျာကမ်း အလှပန်းချီ’ သီချင်းပါတဲ့ ကက်ဆက်ခွေလေး ပေးခဲ့ကြပြီး နောက်မှာ သူက ကြိုက်လွန်းလို့ဆိုတဲ့ အသံပြန် ကြားရလို့ ကျွန်တော်တို့တတွေ ဝမ်းသာခဲ့ကြပါတယ်။ ဒီလို နဲ့ သူနဲ့ကျွန်တော်နဲ့ ပန်ဆန်းက ပါတီဗဟိုစခန်းမှာ နေကြ တုန်းက သူ ကျွန်တော့်ကို ကက်ဆက်ခွေလေး တခွေ ပေးပါ တယ်။ ကျွန်တော်က ဆရာမြို့မငြိမ်း သီချင်းတွေကို ကြိုက် တတ်မှန်းသိလို့ ဆရာငြိမ်းသီချင်းတွေ ပါတဲ့ အခွေလေးကို ထိုးပေးတာပါ။ တပါတည်းမှာ သူက “ရတာတော့ နည်း နည်း ကြာသွားပြီ၊ ကျွန် တော်က ဘီဆိုက်ဒ် (B-sIde) က ပထမသီချင်းလေးကိုကြိုက်လို့ ထပ်ထပ်နား ထောင်နေတာ ဗျ” လို့ ပြောပါတယ်။ သူပြောတဲ့ သီချင်းလေးကို စာရင်းထဲ မှာ ကြည့်လိုက်တော့ ဆရာငြိမ်း ရဲ့‘ထီးကလေး’။ ကျွန် တော့် ပါးစပ်က ‘ဟာ’လို့ ထွက်သွားသလား၊ ‘အို’လို့ ထွက်သွားသလား မမှတ်မိတော့ပါ။ ကိုယ့်ခေါင်းဆောင်ကို ပိုချစ်ခင်လေးစားသွားမိတာပဲ မှတ်မိပါတယ်။
ကြုံတုန်းမှာ ဝန်ခံချင်တာလေး တခု ထုတ်ပြော ချင်ပါတယ်။ အဲဒါကတော့ ၂၀ ရာစုနှစ် အကုန်ပိုင်းနဲ့ ၂၁ ရာစု အစပိုင်းမှာ ကျွန်တော် ကလောင်နာမည်မျိုးစုံနဲ့ ဆောင်းပါး တော်တော် များများ ရေးခဲ့ပါတယ်။ ပြည်တွင်း မှာတော့ မဟုတ်ဘူးပေါ့။ အဲဒီဆောင်းပါးတွေထဲမှာ နိုင်ငံ ရေးအကြောင်းတွေအပြင် စာပေအနုပညာလောကဆိုင် ရာတွေလည်း ပါဝင်ပါတယ်။ အဲဒီဟာတွေအထဲမှာ ရဲဘော် ထွန်းက ဟိုဟာလေး ရေးပါလား၊ ဟိုအကြောင်းအရာကို ထည့်ပြောပေါ့ စသဖြင့် အကြံပေး ထောက်ပြခဲ့တာတွေ မနည်းပါဘူး။
၁၉၈၉ ခုနှစ်မှာ ကျွန်တော်တို့တတွေ ၀နယ်ကို စွန့်ခွာလာပြီးနောက် မုံဂူချောင်းတဖက်ရှိ တရုတ်ပြည်ထဲက ကချင်ရွာလေးမှာ ခေတ္တခိုနေ ကြတဲ့အခါမှာ ဗမာပြည်ထဲကို ပြန်ဝင်ကြတော့မယ်ဆိုတဲ့အခါမှာ သူက ရဲဘော်တိုင်းကို ရွေးချယ်စရာ တာဝန်တွေ ပြောပြပြီး ကိုယ်ယူချင်တဲ့ တာ ဝန်ကို ကိုယ့်အခြေအနေနဲ့ကိုယ် စဉ်းစားပြီး ပြောပြကြပါ လို့ ပြောပါတယ်။ သူ့ကို တဦးချင်း ပြောပြရတာပါ။ အဲဒီလို သူကပြောပြီး နောက်တရက်၊ နှစ်ရက်အနေမှာ ကျွန်တော် က သူ့ကိုလိုက်ပို့ရင်း ရွာကအဆင်း လမ်းကလေးပေါ်မှာ “ကျွန်တော့်အားနည်းချက်၊ အားသာချက်တွေကို ရဲဘော် ထွန်း ကောင်းကောင်း သိတာပဲ၊ ကျွန်တော်နဲ့ သင့်တော် မယ် ထင်တဲ့ တာဝန်ကိုသာ ပေးပါ၊ ကျွန်တော် လုပ်ပါ့ မယ်” လို့ ပြောခဲ့ပါတယ်။
ကျွန်တော် အခုအထိ သူပေးခဲ့တဲ့ တာဝန် ကို ထမ်းဆောင်နေပါတယ်။
ရဲဘော်ဖိုးသံချောင်း

တောင်တောင်အီအီ

0 comments

"တောင်တောင်အီအီ"
ခုရက်ပိုင်း အအေးလျော့ပါတယ်။ နှင်းလည်း မကျသလောက်ပါ။ ရေခဲမိုးပါးပါးကလေးတော့ တကြိမ်နှစ်ကြိမ်ကျပါတယ်။ နှင်းပျော်တော့ မြက်ခင်းတွေလည်း ပေါ်လာပါတယ်။ အအေးပေါ့တယ်ဆိုပေမယ့် အနွေးဓာတ်တော့ လုံးလုံး မရှိပါ။ ငှက်ကလေးတွေ တီတီတျာတျာမြည်သံလည်း ထိုက်သလောက်ကြားရပါတယ်။ ယုန်လေးတွေ ပြေးလွှားနေကြတာ၊ ရှဉ့်လေးတွေ နွေတုန်းက သူတို့ ဖွက်ထားတဲ့ သစ်ကြားသီး သစ်ချသီးနဲ့ အခြားအခွံမာသီးတွေကို ပြန်ဖော်ဖော်စားနေတာလည်း တွေ့ရပါတယ်။ ဒီအကောင်လေးတွေဟာ နွေတုန်းက ဘယ်နေရာမှာ ဒီအသီးတွေကို မြှုတ်ထားကြောင်း ကောင်းကောင်း ပြန်မှတ်မိတာ အံ့စရာပါ။ ခဲနေတဲ့ ကန်ရေပြင်လည်း အရည်ပျော်တော့ ကြက်ကလေးတွေ ကန်မှာ ရေသောက်ကြပါတယ်။ ခွေးလေး နှစ်ကောင်ကတော့ အပြင်တခါထုတ်လိုက်ရင် တော်တော်နဲ့ပြန်မဝင်ပါ။ တခြံလုံးအနှံ့လျှောက်သွားပြီး ယုန်တွေ့ ယုန်လိုက်၊ ရှဉ့်တွေ့ ရှဉ့်လိုက်၊ မြေကြွက်လေးတွေတွေ့တဲ့အခါ မြေကြီးကို လက်နဲ့ယက်ယက်ပြီး တွင်းနောက်လိုက်ပါတယ်။ အမဲလိုက်ခွေးတွေမဟုတ်လို့ထင်တယ် တခါမှတော့ ယုန်တို့ ရှဉ့်တို့ ကြွက်တို့ရဖူးတယ်ရယ်လို့ မရှိပါ။ တယ်ရီယာစပ်ကလေးတွေပါ။ 

အအေးပေါ့ပေမယ် ဓာတ်ဆီဈေးက ပြန်တက်လာတော့ ရွှတ်ကနဲရွှတ်ကနဲ ခဏခဏအပြင်မထွက်အားပါ။ အမေ့ဆီ(ညီမအိမ်)တော့ ရောက်ဖြစ်နေပါတယ်။ ညီမလက်ရာနဲ့ ထမင်း မုန့်ဟင်းခါးနဲ့ စားစရာမျိုးစုံလည်း စားရပါတယ်။ အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့အမေက သူ့ငယ်ဘဝ အမှတ်ရစရာတွေကို ပြောပြောနေတတ်ပါတယ်။ အသက်ကြီးလာလေလေ ပျိုမြစ်ချိန်တွေကို လွမ်းဆွတ်လေလေ ထင်ပါရဲ့။ 

လက်ထဲမှာ ဖတ်စရာစာအုပ်တွေ တပုံတပင်ရှိနေပေမယ့် ထက်မြက်ဘာသာပြန်တဲ့(အီလျာအာရင်ဘာ့ဂ်ရဲ့ Men,Years-Life Volume 6) မမေ့နိုင်သော နေ့ရက်များကို ဖြည်းဖြည်း ဖြည်းဖြည်းဖတ်နေပါတယ်။ ဆရာမြသန်းတင့်ပြန်ခဲ့တဲ့ အတွဲ ၅ အထိကို ဖတ်ရတာလောက် အရသာမရှိသလိုခံစားရပါတယ်။ အစွဲကြောင်လ့ည်း ဖြစ်မယ်ထင်ပါတယ်။ The Rise and Fall of Communism ဆိုပြီး Archie Brown ရေးတဲ့စာအုပ်ကို ကျော်ဝင်းက ကွန်မြူနစ်ဝါဒနေထွက်ချိန်နှင့်နေဝင်ချိန်ဆိုပြီး ဘာသာပြန်ထားတဲ့စာအုပ်လည်း ဟိုနားနည်းနည်း ဒီနားနည်းနည်းဖတ်ဖြစ်နေတယ်။ ၄ အုပ်တွဲတောင်ဆိုတော့ မနည်းဖတ်ယူရမှာပါပဲ။ ဆရာမြသန်းတင့်ရဲ့ အလကားလူ(ဂေါ်ကီရေးတဲ့ The Life of Useless Man ဖတ်ပြီးသွားပါပြီ။ ဒီစာအုပ် ဗမာပြည်ကို လူကြုံနဲ့မှာပေးတဲ့ ကိုရွှေခဲကိုလည်း အားနာနာနဲ့ကျေးဇူးတင်ရပါတယ်။

တီဗီသတင်းတွေ ကြည့်လိုက်တိုင်း စိတ်လက်ချမ်းသာစရာကတော်တော် မအီမသာဖြစ်စရာကများများလို ဖြစ်နေပါတယ်။ ဖို့တ်ဝိန်းရဲ့သက်တော်ရှည်မြို့တော်ဝန်ကြီး တွမ်ဟင်နရီလည်း မူးပြီးကားမောင်းလို့ အဖမ်းခံထိပြီး ထောင်ထဲတရက်နေ၊ အာမခံနဲ့လွတ်၊ အမှုရင်ဆိုင်၊ ကားမောင်းလိုင်စင်အပိတ်ခံရ၊ ဒဏ်တပ်ခံရတွေဖြစ်ပြီး ခု နောက်ဆုံးတော့ မြို့တော်ဝန်အဖြစ်က နှုတ်ထွက်သွားပါတယ်။ 

အမေရိကန် အောက်လွှတ်တော်လည်း ခုထိ လွှတ်တော်သဘာပတိ မရွေးချယ်နိုင်သေးပါ။ ကေဗင်န်မက္ကသီကို ရီပတ်ဘလီကင်န်တွေကိုက အပြည့်အဝ နှစ်နှစ်ခြိုက်မရှိတာ မဲပေးတာကြည့်တာနဲ့သိသာပါတယ်။ လွှတ်တော်ကတော့ သဘာပတိမရှိဘဲ ဆက် Run နေပါတယ်။ 

သဘာပတိဆိုလို့ သူရရွှေမန်းကြီးတောင် သတိရပါတယ်။ ဝတ်ရုံကြီးတဖားဖားနဲ့ ရှေ့က ကျိုင်းကိုင်နဲ့ မောက်မာဝင့်ကြွားခဲ့တာ မှတ်မိနေပါတယ်။ နိုင်ငံရေးသမားတွေကို "လွှတ်တော်ထဲလာပြီး နိုင်ငံရေးစကားတွေမပြောနဲ့"လို့ တင်းတင်းမာမာ သဟောက်သဟန်းပြုခဲ့တာလည်း သူပါပဲ။ ပြည်သူတို့နှင့်အတူဆိုပြီး ပါတီထောင် ပါတီဖျက်ပြီး နိုင်ငံရေးငုတ်လျှိုးနေပါတယ်။ ခုတော့ လက်ရှိဗမာ့နိုင်ငံရေး အခင်းအကျင်းက အားလုံးလည်းသိပြီးသားမို့ ဘာမှမပြောချင်တော့ပါ။ နိုင်ငံရေးကို စိတ်ကုန်သွားတာတော့မဟုတ်ပါ။ ဗမာပြည်အခြေအနေတွေကို မျက်ခြေပြတ်မသွားအောင် မီဒီယာတွေအားကိုးနဲ့ ဖတ်မှတ်နားထောင်ကြည့်ရှု လုပ်ပါတယ်။ တချက်မှ စိတ်မသက်သာပါ။

ခုတလော စိတ်ကျန်းမာရေးလေး တော်တော်တိုးတက်ကောင်းမွန်နေပါတယ်။ ရုပ်ပိုင်းကျန်းမာရေးကလည်း အတော်လေးကောင်းနေတယ်လို့ဆိုရမှာပါ။ ကိုယ့်ကျန်းမာရေး ဘယ်လောက်ကောင်းလဲသိချင်ရင် စာဘယ်လောက်ဖတ်ဖြစ်လဲနဲ့ တိုင်းယူရပါတယ်။ မန္တလေးက ကိုအောင်မြင့်ဦးက ကျွန်တော့်ဆီ လူကြုံရှိရင်ထည့်ပေးဖို့ စာအုပ်တွေ ကြားလူတယောက်ဆီပေးထားမှာပါ။ ဒေါ်အမာရဲ့ နိုင်ငံတကာဝတ္ထုတိုများလည်း ပါပါလိမ့်မယ်။ ကျွန်တော်လည်း ထိုင်းဘက်(မဲဆောက်အထိ)သွားမယ့်လူကြုံရှိတာနဲ့ ဗမာပြည်က ၄၈၂၈ အမှုတွဲဖြစ်တဲ့ ဘဲကြီး ခေါ် ကိုကျော်စိုး(စာရေးတော့ မောင်လူမွန်)အတွက် သူမှာတဲ့စာအုပ် ၃ အုပ် ဝယ်ထည့်ပေးလိုက်ပါတယ်။ 

အမေရိကန်မှာ ပြည်တွင်းစာပို့ခ(ပါဆယ်လ်ပို့ခ)က စာအုပ်ဆို ပို့ခဈေးအလွန်ချိုပါတယ်။ ဗမာပြည်ကိုတော့ စာတိုက်ကနေတိုက်ရိုက်ပို့လို့မရပါ။ ကိုကျော်စိုးလည်း သူဖတ်ချင်တာလေးတွေ ဖတ်ရရင် စိတ်လက်ချမ်းသာပါစေ။ ကျွန်တော့်စာအုပ်တွေ ဗမာပြည်ကနေ ဒီကို ရောက်ရောက်လာဖို့ ကြားထဲကနေ စေတနာ့ဝန်ထမ်းပြီး ပို့ပို့ပေးတဲ့ မ She Lay နဲ့ မဥမ္မာတိ့လည်း နှစ်သစ်မှာ စိတ်လက်အေးချမ်းကြပါစေ။ စာအုပ်တွေ ထည့်ပေးတဲ့ ကိုဝင်းကျော်တို့ ကိုဝေမှူးသွင်တို့လည်း ကျန်းမာကြပါစေ။ ကျွန်တော်လည်း ကျန်းမာအောင်နေပါမယ်။
မျိုးမြင့်ချို
ဇန်နဝါရီ ၇။ ၂၀၂၃

Thursday, January 5, 2023

သုံးဦး

0 comments
"သုံးဦး"
ဦးသုဝေ၊ ဒေါက်တာသန်းငြိမ်း၊ ကဗျာဆရာ ကြည်တင်ဦးတို့နှင့်အတူ အင်းစိန်ထောင် ထောင်တွင်းဆေးရုံ၌ အတူနေခဲ့ဖူးပါသည်။ ထိုစဉ်က ဦးသုဝေအား အထင်ကြီးလေးစားခဲ့ပါသည်။ ဦးသုဝေ၏နောက်ပိုင်းကာလ နိုင်ငံရေးရပ်တည်ချက်များကို မနှစ်မြို့တော့ပါ။ အထင်ကြီးလေးစားစိတ်လည်း ပျောက်ကွယ်သွားပါသည်။ ဒေါက်တာသန်းငြိမ်းကိုမူ ထိုစဉ်ကတည်း အထင်တကြီး တလေးတစားမရှိလှပါ။ သူ့ ထောင်တွင်းနေထိုင်မှုမှာ တသီးတခြားနှင့် ဟန်ကြီးပန်ကြီးနိုင်သည်ဟု မြင်ပါသည်။ သူ့လည်း နောက်ပိုင်းကာလနိုင်ငံရေး ရပ်တည်ချက်များအတွက် ပိုမနှစ်သက်စရာဖြစ်ရပါသည်။ ကဗျာဆရာ ကြည်တင်ဦးကိုကား သေသည်အထိ လေးစားခင်မင် အထင်တကြီးရှိနေဆဲဖြစ်ပါသည်။
နိုင်ငံရေးသမားတွင် ရပ်တည်ချက်ရှိရပါမည်။ နိုင်ငံရေးသမားသည် မိမိ
ရပ်တည်ချက်အတိုင်း စိုက်လိုက်မတ်တပ်ရှိရပါလိမ့်မည်။ ထိုရပ်တည်ချက်သည် ပြည်သူ့အတွက်ဖြစ်ရပါလိမ့်မည်။ ပြည်သူ့ဘက်ကဖြစ်ရပါလိမ့်မည်။ နိုင်ငံရေးသမားသည် အချိန်ကာလတခုတွင် အကြောင်းတခုခုကြောင့် ရပ်တည်ချက် ဘက်ပြောင်းသွားတတ်ကြသည်လည်း မြင်တွေ့ရပါသည်။ ထိုအခါ ဖိနှိပ်ခံပြည်သူဘက်ကမဟုတ်တော့ဘဲ ဖိနှိပ်အုပ်စိုးဘက်သို့ ပြောင်းသွား ယိမ်းသွားတတ်ပါသည်။ ထိုအခါ လူထုဆန့်ကျင်ရေးလုပ်မိသွားသည်လည်း ဖြစ်ပါသည်။ ထိုအခါ လူထု အဆန့်ကျင်ကို ခံရပါသည်။
ဦးသုဝေသည် ဝန်ကြီးချုပ်ဟောင်းဦးနု အားကိုးသော ထင်ရှားသည့်နိုင်ငံရေးသမားတယောက်ဖြစ်ပြီး ဒေါက်တာသန်းငြိမ်းမှာ ဒေါ်အောင်ဆန်းစုကြည်အားထားဖူးသော ကျော်ကြားသည့်နိုင်ငံရေးသမားတယောက်ဖြစ်ပါသည်။ နှစ်ယောက်စလုံးမှာ အခြေအနေပေးလျှင် နိုင်ငံရေးအာဏာ နိုင်ငံရေးရာထူးများ ရရှိနိုင်သူများဖြစ်ပါသည်။ သို့သော် သူတို့ ဘာအဏာ ဘာရာထူးမှ ရမသွားကြပါ။ နောက်ဆုံးတွင် စစ်အုပ်စုဘက်ယိမ်းသော နိုင်ငံရေးသမားများအဖြစ် နိုင်ငံရေးနိဌိတံသွားကြပါသည်။ ကျွန်တော်သိသလောက် ကဗျာဆရာ ကြည်တင်ဦးကား နိုင်ငံရေးအာဏာ နိုင်ငံရေးရာထူးများ မမျှော်မှန်းနိုင်သည့် ပြည်သူ့ဘက်သား ကဗျာဆရာ နိုင်ငံရေးသမားဖြစ်ပါသည်။ လူအနေအေးသလောက် ဘက်သဘောရပ်တည်ချက် ခိုင်မာပြတ်သားသူဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကို တစိုက်မတ်မတ်ဆန့်ကျင်သူဖြစ်ပါသည်။ ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးသမားဟု မခံယူဘဲ ကဗျာဆရာဘဝကို ခုံမင်သူဖြစ်ပါသည်။ သူကား အဝန်းအဝိုင်းတခုအတွင်းမှအပ နိုင်ငံရေးသမားအဖြစ် မထင်မရှား မကျော်မကြားသူ ဖြစ်ပါသည်။
ခု သူတို့ ၃ ဦးလုံး ကွယ်လွန်ကြပါပြီ။ သူတို့ မရှိတော့သော်လည်း သူတို့အကြောင်းကို လူတွေပြောနေကြဆဲဖြစ်ပါသည်။ ခု ကျွန်တော်လည်း သူတို့အကြောင်းကို နည်းနည်းပြောဖြစ်ပါသည်။
မျိုးမြင့်ချို
ဇန်နဝါရီ ၅။ ၂၀၂၃

Wednesday, January 4, 2023

လမ်းပြန်လျှောက်ခြင်း

0 comments
"လမ်းပြန်လျှောက်ခြင်း"
ဒဏ်ရာတွေပျောက်တော့ လမ်းမလျှောက်နိုင်ဘူး။ Wheel Chair နဲ့သွားရတယ်။ တယောက်ယောက်က နောက်နေတွန်းပေးရတယ်။ အိမ်ထဲမှာဆိုရင်တော့ လက်တဘက်ကြမ်းထောက်ပြီး ဖင်ရွှေ့ဖင်ရွှေ့နဲ့သွားရတယ်။ နောက်တော့ ချိုင်းထောက်နဲ့လျှောက်တာ စမ်းကြည့်တယ်။ အစမှာ တော်တော်ခက်တယ်။ စမ်းလျှောက်ရင်း တခါတလေ လဲလဲကျတယ်။ ပြန်ပြန်ထတယ်။ နောက်တော့ ချိုင်းထောက် ၂ ချောင်းနဲ့ ကောင်းကောင်းလျှောက်တတ်သွားတယ်။ ၂ ချောင်းနဲ့ လျှောက်တတ်တော့ ၁ ချောင်းတည်းနဲ့လျှောက်တာကို လေ့ကျင့်ပြန်တယ်။ ချိုင်းထောက်ဆိုတာ ချိုင်းမှာသာထောက်ထားတာ တကယ်အားပြုပြီး ဖိလျှောက်ရတာက လက်ပဲ။ ညာချေညာလက်ပြတ်နေတာဆိုတော့ ချိုင်းထောက်က ချိုင်းကိုပဲအားပြုရတယ်။ အားပြုစရာ လက်ကမရှိဘူး။ ချိုင်းအတော် နာတာပဲ။ နောက်တော့ အမေက ချိုင်း ထောက်တဲ့နေရာမှာ ဂွမ်းတွေခံပြီး အဝတ်စကို လက်နဲ့ချုပ်ပေးတယ်။ ဒီတော့ ချိုင်းအနာ အတော်ကြီးသက်သာသွားတယ်။ ဒီတော့ ချိုင်းထောက်နဲ့ ကောင်းကောင်းသွားနိုင်ပြီ။ Wheel Chair လွတ်သွားတယ်။ ရထားတဲ့ခြေတုနဲ့လည်း အလျှောက်စမ်းကျင့်တယ်။ အဆင်မပြေဘူး။ ဒူးအောက်ကဖြတ်ထားတာဆိုပေမယ့် ဖြတ်ရာက အတော်တိုနေတော့ နည်းနည်းလေး ခြေလှမ်းမှားတာနဲ့ ခြေတုက ကျွတ်ထွက်ပြီး လူက လဲကျတယ်။ ဒါနဲ့ ခြေတုနဲ့ မလျှောက်တော့ပဲ နေလိုက်တယ်။ ချိုင်းထောက်သက်သက်နဲ့နေတဲ့ကာလ အတော့်ကိုကြာတယ်။ ‌မဲဆောက်ရောက်တော့ အနောက်ကလူတွေအကူအညီနဲ့ ခြေတုတချောင်းရပြန်တယ်။ ခြေတုက တော်တော်ကောင်းတယ်။ စစ်တပ်ကလုပ်ပေးဖူးတဲ့ခြေတုနဲ့တခြားစီပဲ။ ဒါပေမဲ့ အဲ့ခြေတုနဲ့လည်း အဆင်ကမပြေပြန်ဘူး။ လေ့ကျင့်တုန်းကတော့ အကောင်းပဲ။ နောက် တကယ်လျှောက်ကြည့်တော့ ‌ဖြတ်ထားတဲ့နေရာထိပ်က သိတ်နာတယ်။ နာတော့ ဖိမနင်းဝံ့ဘူး။ ဖွနင်းတော့ လဲကျတယ်။ ဒါနဲ့ အဲ့ခြေတုလည်း မစီးဖြစ်ပြန်ဘူး။ နောက်တော့ အမေရိကားရောက်လာတယ်။ ရောက်ပြီး ၆ လလောက်မှာ ခြေတုတချောင်း လက်တုတချောင်းရပြန်တယ်။ အတော်အဆင့်မြင့်တဲ့ခြေတု လက်တုတွေလို့ပြောရမယ်။ လူက ခြေတုလက်တုတွေတပ်ထားရင် လမ်းလျှောက်လို့တော့ရပါရဲ့ ဒါပေမယ့် မွန်းကျပ်ပြီး ချွေးတွေပြန်တယ်။ လူတကိုယ်လုံး မံမီရုပ်ကျပ်စည်းထားသလို ခံစားရတယ်။ ဒါနဲ့ အဲ့ခြေတုရော လက်တုကိုပါချောင်ထိုးထားလိုက်တယ်။ ဘယ်သွားသွား ဘာလုပ်လုပ် ချိုင်းထောက်နဲ့ပဲ နေတယ်။ ချိုင်းထောက်က ၂ ဘက်ဆို ပြဿနာမရှိပေမယ့် တဘက်တည်း ကြာကြာထောက်ရင် ချိုင်းက အောင့်တယ်။ သွေးကြောတွေပိတ်သလို ခံစားရတယ်။ ပြတ်နေတဲ့ လက်တဘက်လုံး ထုံတယ်ကျဉ်တယ်။ ဒီလိုနဲ့နေရင်း ခါးနာလို့ ကာယကုထုံးယူရင်း ကုထုံးပညာရှင်ဆရာက ခြေတုလက်တုလုပ်ဖို့ မဟုတ်ရင််ကိုယ်က ဟန်ချက်ပျက်ပြီး ခါးနာကပိုဆိုးလာမယ့်အကြောင်းရှင်းပြတယ်။ ဟုတ်လည်းဟုတ်တာပဲ ချိုင်းထောက်နဲ့လျှောက်ရင် လူက တဘက်နိမ့်ပြီး စောင်းစောင်းနေတာကိုး။ ဒါနဲ့ ခြေတုလက်တုလုပ်ပြန်တယ်။ ဒီတခါရတဲ့ ခြေတုကတော့ အကောင်းစားပဲ။ ခြေထောက်အပြတ်ကတိုနေပေမယ့် သူလုပ်ထားပုံက ဒူးအဆစ်အထက်အထိ စွပ်ရတာလည်းဖြစ် အထဲမှာ သံငုတ်နဲ့ချိတ်ထားတာလည်းဖြစ်တော့ ချော်လဲဦးတောင် ခြေတုကပြုတ်မထွက်ဘူး။ ဒါနဲ့ ဒီခြေတုနဲ့ လျှောက်စမ်းတာ အဆင်ပြေတာနဲ့ ခုဆို အပြင်ထွက်တိုင်း ခြေတုစီးပြီးပဲ ထွက်တယ်။ အိမ်မှာနေလည်း တပ်တပ်ထားတယ်။ အတော့်ကိုအဆင်ပြေတယ်။ ခု ခြေတုနဲ့လမ်းကောင်းလျှောက်နေနိုင်ပြီ။ ကားလည်း ကောင်းကောင်းမောင်းနေပြီ။ ဘဝဆိုတာ ခြေတုနဲ့ လမ်းစမ်းလျှောက်ရသလိုပဲ။ တခါတလေ အဆင်မသင့်ရင် လဲကျတယ်။ ပြန်ထရတယ်။ ဘဝဆိုတာ လဲလဲကျတိုင်း ပြန်ပြန် ထရတာချည်းပဲ။ ဒါပေမဲ့ ခဏခဏလဲလဲကျနေရင်တော့ မကောင်းဘူး မဟုတ်လား။
မျိုးမြင့်ချို
ဇန်နဝါရီ ၁။ ၂၀၂၃

ငြီးငွေ့လွယ်တဲ့စိတ်

0 comments
"ငြီးငွေ့လွယ်တဲ့စိတ်"
ဘယ်သွားသွား လူတွေပဲတွေ့ရတယ်။ ဘယ်သွားသွား အဆောက်အဦးတွေပဲ မြင်ရတယ်။ ပင်လယ် သမုဒ္ဒရာ နားသွားတော့ ရေတွေမြင်ရတယ်။ တောထဲသွားတော့ သစ်ပင်တွေမြင်ရတယ်။ မြို့လည်ကောင်သွားတော့ မိုးထိတိုက်ကြီးတွေကြား ရောက်သွားတယ်။ လူဟာ ပုရွက်ဆိတ်ထက်တောင် သေးငယ်သွားသလို ခံစားရတယ်။ မြို့တိုင်းမှာ လူလေး နှစ်ယောက်တပိုင်းနဲ့ ဆိုင်းဘုတ်လေးတွေကိုင်ပြီး ဆန္ဒပြနေကြတယ်။ တောင်ပေါ်တက်ကြည့်တော့ အထက်စီးက မြင်ရတယ်။ လျှိုထဲဆင်းကြည့်တော့ ကောင်းကင်ကျဉ်းကျဉ်းကို မြင်ရတယ်။ ဂူတွေထဲဆင်းကြည့်တော့ အမိုးကထိုးကျနေတဲ့ ကျောက်ပန်းဆိုင်းတွေ လင်းနို့တွေ စမ်းချောင်းငယ်လေးတွေ တွေ့ရတယ်။ ဟေးလို့ အော်လိုက်ရင် ဟေးဟေးဟေးလို့ ပဲ့တင်သံမြည်တယ်။ ပြတိုက်တွေသွားတော့ ရုပ်ဝတ္ထုတွေ ရုပ်တုတွေ ပန်းချီကားတွေ တွေ့ရတယ်။ ဥယျဉ်တွေထဲသွားတော့ ပန်းပွင့်တွေ မြက်ခင်းတွေ ရေကန်ငယ်လေးတွေ ငှက်တွေ အုတ်စီလမ်းကလေးတွေ တွေ့ရတယ်။ ကားမောင်းသွားတော့ လမ်းစည်းကမ်းဆိုင်ရာ အချက်ပြဆိုင်းဘုတ်တွေက အတူတူပဲ။ မီးပွိုင့်တွေလည်း ဝါစိမ်းနီ အတူတူပဲ။ မျိုးကွဲတဲ့ အစားအသောက်တွေလည်း အတူတူပဲရတယ်။ အိမ်တွေမှာ အိမ်သာ ရေချိုးခန်း ဧည့်ခန်း အိပ်ခန်း အပူအအေးပေးတဲ့စနစ် အားလုံးအတူတူပဲ။ ထမင်းကို စားပွဲကုလားထိုင်နဲ့စားရတာလည်း အတူတူပဲ။ ခြင်ထောင်မပါဘဲ အိပ်ရတာလည်း အတူတူပဲ။ ငပိရည်တို့စရာလည်း နေရာတိုင်းမှာ ရတယ်။ ဘာဂါဟာ နေရာတကာမှာကြီးစိုးလို့။ ရှိသမျှ ဆူရှီးဆိုင်တွေမှာ ဗမာတွေချည်း ကြီးစိုးနေသလား မှတ်ရတယ်။ သေနတ်ပစ်မှုတွေကလည်း နေရာတိုင်းမှာဖြစ်နေတယ်။ ဗမာထမင်းဟင်း မစားတော့တဲ့ ဗမာတွေလည်းရှိတယ်။ ခရီးသွားတယ်ဆိုတာ နေရာပြောင်းပြီး အရက်ကလေးဘာလေး သောက်ရုံသက်သက်ထက် မပိုတော့ဘူး။ ကွန်ပြူတာ အင်တာနက်နဲ့ တယ်လီဖုန်းလည်း နေရာတကာမှာ သုံးလို့ရနေတာပဲ။ အင်တာနက်ကနေ တကမ္ဘာလုံးကိုမြင်နေရတာပဲ။ ဖေ့စ်ဘွတ် တွစ်တာ စတဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာ ပွဲတွေစည်နေတာပဲ ဆူတဲ့အခါ ဆူနေတာပဲ။ သတင်းမီဒီယာတွေကလည်းမကောင်းသတင်းတွေချည်း ရွေးတင်နေလားမှတ်ရတယ်။ စစ်ပွဲတွေမရှိဘူး။ ဒုက္ခသည်စခန်းတွေမရှိဘူး။ စစ်ပြေးဒုက္ခသည်တွေ မရှိဘူး။ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးသမားတွေ မရှိဘူး။ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူး။ ထောင်တွေရဲ့ တံတိုင်းတွေပေါ်မှာ အုတ်ခဲတွေ စီမထားဘူး။ စစ်ဗိုလ်ချုပ်တွေ ဗိုလ်ကျလို့မရဘူး။ လက်သုံးချောင်းထောင်ပြီး အရေးတော်ပုံအောင်ရမည်လို့ လွတ်လွတ်လပ်လပ် အော်နေလို့ရတယ်။ နွေဦးတော်လှန်ရေးအတွက် အလှူခံတဲ့လူ ရန်ပုံငွေတီရှပ် ထီလက်မှတ်ရောင်းတဲ့လူတွေရှိတယ်။ လမ်းဘေးစားသောက်ဆိုင်လေးတွေ မရှိဘူး။ ဈေးဝယ်ရင် ဘဏ်ကဒ်သုံးရတာလည်း အတူတူပဲ။ လူတွေ လက်ထဲ ပိုက်ဆံများများ မထားကြတာလည်း အတူတူပဲ။ လကုန်ရင် Payments တွေအတွက် ပူရတာလည်း အတူတူပဲ။ ရဲတပ်သားပေါက်စလေးတွေကို အော်ဖစ်ဆာခေါ်ရတာလည်း အတူတူပဲ။ သေတဲ့လူတွေသေ မွေးတဲ့လူတွေမွေး အသုဘချတဲ့လူတွေချ မင်္ဂလာဆောင်တဲ့လူဆောင်နဲ့ပဲ။ ဟက်ပီးနူးယီးယားတို့ မဲရီးခရစ္စမတ်စ်တို့ ဟက်ပီးဘာ့သ်ဒေးတို့လည်း အတူတူပဲပြောရတယ်။ ကြာတော့ လူဟာ ငြီးငွေ့လာတယ်။ မိတ်ဆွေသစ်ဆိုတာတွေကလည်း ခနပဲသစ်တာ။ ဆယ့်လေးငါးမိနစ်လောက် စကားပြောလိုက်ရင် ပြောစရာစကား ကုန်သွားတယ်။ ဘယ်မှ သွားချင်စိတ်မရှိဘူး။ ဘယ်သူနဲ့မှလည်း ငြင်းခုန်မနေချင်တော့ဘူး။ ဘာစကားမှလည်း အသစ်ပြောစရာ မရှိဘူး။ နေကောင်းလား စားပြီးပြီလား မတွေ့တာကြာပြီနော် ဘာတွေလုပ်နေလဲ ဟိုလူ့သိလား ဒီလူ့သိလား ဟိုလူရှိသေးလား ဒီလူရှိသေးလား စတာတွေကလည်း ထပ်တလဲလဲ ပြောနေရတယ်။ ဘာမှ မှ မထူးတဲ့ဟာပဲ။ ဒီမှာလည်း အဲ့သလိုတွေ ပြောနေရတာပဲ။ ဒီမှာလည်း အကုန်ရှိတာပဲ။ ဒီမှာလည်း အကုန်ရတာပဲ။ ဒီမှာလည်း အကုန် ဖြစ်နေတာပဲ။ ငြီးငွေ့လွယ်တဲ့စိတ်ဟာ ကောင်းသလား မကောင်းသလားလည်း မပြောတတ်ဘူး။
မျိုးမြင့်ချို
ဇန်နဝါရီ ၂။ ၂၀၂၃


ထောင်

0 comments
"ထောင်"
ဖို့တ်ဝိန်းက Allen County Jail ဟာ တော်တော်ကြီးပါတယ်။ မြို့လည်ခေါင်ကြီးမှာပါ။ ထောင်ထဲ လူဘယ်လောက်ဆန့်လို့ လူဘယ်လောက်ရှိမှန်းတော့ မသိပါ။ ကျွန်တော် စကားပြန်လုပ်နေတုန်းကတော့ တခါတလေ ထောင်ထဲသွားပြီး စကားပြန်လုပ်ရပါတယ်။ ချုပ်သစ်မှတ်ပုံတင်တာတို့ ဆေးစစ်တာတို့ပေါ့။ ခု အဲ့ဒီ အလန်ကောင်တီဂျေးလ်ကို နေရာပြောင်းဖို့လုပ်နေပြီ။ မြို့ပြင်က နေရာသစ်မှာ ထောင်အသစ်ဆောက်လိမ့်မယ်။ ဒီထောင်အဟောင်းတော့ ဒီအတိုင်းပဲဆက်ရှိနေမလား ဖြိုချပစ်လိုက်မလားတော့ မသိဘူး။
ထောင်ဆိုလို့ပြောရဦးမယ်။ မိတ်ဆွေတယောက် မူးပြီးမောင်းတာကို တရားရုံးတက်ရမှာ မတက်ဘဲ ပျက်ကွက်တာကြောင့် Adams County Sheriff Office and Dentention Center မှာ ထောင်ကျနေတယ်။ သူ့ကို ထောင်ဝင်စာ လူကိုယ်တိုင်သွားတွေ့တယ်။ ဗမာပြည်မှာလို လူအကောင်လိုက်ကြီးတွေ့ရတာမဟုတ်ပါ။ သူလည်း အထဲကနေ ဗီဒီယိုစခရင်နဲ့ ကိုယ်လည်းအပြင်ကနေ ဗီဒီယိုစခရင်နဲ့ တွေ့ရတာပါ။
အဲ့သလို ဗီဒီယိုထောင်ဝင်စာတွေ့ဖို့ကို ကြိုတင် အပွိုင်မင်န်ယူရပါတယ်။ တခုပိုကောင်းတာက လူကိုယ်တိုင် ထောင်ကိုမသွားဘဲ အိမ်ကနေ ကိုယ့်ကွန်ပြူတာနဲ့ ထောင်ဝင်စာတွေ့လည်းရပါတယ်။ သူကတော့ ထောင်ထဲမှာ၊ ကိုယ်က အိမ်မှာပေါ့။ အဲ့သလိုတွေ့ဖို့ကိုလည်း အွန်လိုင်းကနေပဲ ရက်ချိန်းနဲ့အချိန်ယူရပါတယ်။ တွေ့မယ့်နေ့ဆို ကိုယ်က ကိုယ့်အိမ်က ကွန်ပြူတာရှေ့မှာထိုင်၊ သူက သူ့ထောင်ထဲက ဗီဒယိုကောလ်ခေါ်မယ့် စခရင်ရှေ့မှာထိုင်ပေါ့။
အဲ့ဒီ ထောင် ဝဘ်ဆိုက်ကနေပဲ သူ့ဆို ပိုက်ဆံပို့လို့ရပါတယ်။ ပိုက်ဆံပို့တဲ့နေရာမှာ အစားအသောက် မုန့်ပဲသွားရည်စာဝယ်ဖို့က သတ်သတ်သွင်းရပြီး တယ်လီဖုန်းပြောဖို့(တယ်လီဖုန်းက စကားပြောလို့တော့မရပါ၊ မက်ဆေ့ဂျ်တော့ ပိုက်ဆံရှိနေတယ်ဆို ကြိုက်သလောက်ပို့လို့ရပါတယ်)က သတ်သတ်သွင်းရပါတယ်။
ဒီနေရာမှာ အားလုံးအဆင်ပြေတယ်ဆိုပေမယ့် အခတွေတော့ပေးရပါတယ်။ ထောင်ဝင်စာတွေ့ခလည်း ပေးရပါတယ်။ အလကား မတွေ့ရပါ။ ထောင်ဝင်စာ မိနစ်ပို ၂၀ စာ ဗီဒီယိုကောလ်နဲ့တွေ့ခက ၇ ဒေါ်လာလောက်ကျပါတယ်။ ပိုက်ဆံပို့တော့လည်း ဝန်ဆောင်ခ ဆယ်ရာခိုင်နှုန်း ပေးရပါတယ်။ အိမ်ထိုင်နေရင်း ထောင်ဝင်စာတွေ့တာ ပိုက်ဆံပို့တာတွေလုပ်လို့ရတယ်ဆိုပေမယ့် အလကား အခမဲ့တော့မရပါ။ ဒါကို သိစေချင်လို့သာ ရေးလိုက်ရတာ ဗမာပြည်စစ်အုပ်စုသိသွားရင်(သိလိမ့်မယ်လည်း ထင်ပါတယ်) တော်ကြာနေ ဗမာပြည်ထောင်တွေမှာပါ ထောင်ဝင်စာတွေ့ခယူပြီးမှ ပေးတွေ့တာ၊ ငွေသွင်းရင် ဆယ်ရာခိုင်နှုန်းဖြတ်တာတွေ တရားဝင်လုပ်မလားမသိပါဘူး။
ကျွန်တော်တို့ထောင်ကျတုန်းကတော့ ICRC ထောင်တွေထဲမဝင်ခင်က ထောင်မှာ ငွေအပ်ပြီး တခုခုဝယ်လို့မရပါဘူး။ အိမ်ကလူက အပြင်မှာ ထောင်ဝင်ထမ်းနဲ့ ခိုးတွေ့ပြီး အထဲကလူအတွက် ပေးမယ့်ပိုက်ဆံကို ပေးခဲ့ရပါတယ်။ ဒီပိုက်ဆံကို ထောင်ဝင်ထမ်းက ထောင်ထဲခိုးသွင်းပြီး ကျွန်တော်တို့ကိုပေးပါတယ်။ သူ တရားမဝင်ယူလိုက်တဲ့ ပိုက်ဆံသွင်းခက နှစ်ဆယ်ရာခိုင်နှုန်းပါ။ ကျွန်တော်တို့ လိုတာ သူနဲ့ပြန် တရားမဝင်သွင်းတော့လည်း သူက နှစ်ဆယ်ရာခိုင်နှုန်းယူပြန်ပါတယ်။ ဒီတော့ ငွေတရာသွင်းရင် လေးဆယ်ရာခိုင်နှုန်း ပေးရတဲ့သဘောပါပဲ။
ဒီမှာတော့ အဲ့သလောက် မကုန်ကျပဲ တရားဝင်သွင်းလို့ရလို့တော်သေးတယ်ပြောရမှာပါ။ ဒီကထောင်တွေက အစားအသောက်နဲ့ကျန်းမာရေးကို အပြည့်အဝ တာဝန်ယူပါတယ်။ ထောင်ထဲမှာ စာကြည့်တိုက်ရှိပါတယ်။ တီဗီတပ်ပေးထားပါတယ်။ ဘာသာရေးလုပ်ချင်ရင် လွယ်ပါတယ်။ ထောင်ကျပြီး အပြင်ထွက် အလုပ် လုပ်လို့၊ ကျောင်းတက်လို့ရပါတယ်။ တနေ့ ၃ ကြိမ်ကျွေးပါတယ်။ ဗမာတွေဆိုတော့ အမေရိကန်စာတွေ သိတ်ခံတွင်းမတွေ့ဘူးမဟုတ်လား။ ဒီတော့ ပိုက်ဆံသွင်းပြီး မုန့်ပဲသွားရည်စာဝယ်စားကြတာပေါ့။ ထောင်ဟာထောင်ပဲဆိုပေမယ့် ဘာပဲဖြစ်ဖြစ်ပါ ဒီမှာထောင်ကျရတာက ဗမာပြည်က ထောင်တွေအခြေအနေနဲ့ဆို မိုးနဲ့မြေပါပဲ။ ကျွန်တော့်ကို ဒီက ထောင်အခြေအနေမျိုးနဲ့ ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားအဖြစ်သာထားရင် ဘယ်နှနှစ်ကျကျ နေပျော်ပါတယ်။
မျိုးမြင့်ချို
ဇန်နဝါရီ ၃။ ၂၀၂၃

သေနတ်

0 comments

"‌သေနတ်"
ဖို့တ်ဝိန်းနေ ဗမာပြည်ဖွားတွေလက်ထဲမှာ သေနတ်တွေ မနည်းမနောရှိနေတယ်။ အရက်မူးပြီး ဆေးကွဲပြီး သေနတ်ပစ်မှုတွေလည်း တခါတခါဖြစ်တယ်။ ကျွန်တော်လည်း အရင်က သေနတ်ပိုင်တယ် ကိုင်တယ် ဆောင်ထားတယ်။ မြို့ပြင်မှာနေတာ မဟုတ်လား။ ခုတော့ သေနတ် ဆောင်မထားတော့ပါဘူး။ ရန်များသလို စိတ်ထဲခံစားရလို့။ အရင်ကဆို အပြင်ထွက်ရင် ခါးကြားသေနတ်ထိုး ထွက်လို့မရပါ။ အဲ့သလိုထွက်ချင်ရင် လိုင်စင်သတ်သတ်ယူရပါတယ်။ ခုတော့ ပြည်နယ်လွှတ်တော်က အပြင်ထွက်ရင် သေနတ် ခါးကြားထိုးထွက်လို့ရတဲ့ဥပဒေပြဌာန်းလိုက်ပါပြီ။ ဒီတော့ သေနတ်ရှိသူတွေလည်း သေနတ်ကလေး တပြပြလုပ်လို့ရနေတာပေါ့။

အမေရိကန်မှာ လူတိုင်း(လူတချို့တော့ ကန့်သတ်ထားတာရှိပေမယ့်) သေနတ်ကိုင်ခွင့် တရားဝင်ရှိပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရကို ကိုင်ခွင့်ရှိနေတာဖြစ်ပါတယ်။ တရားမဝင် သေနတ်ကိုင်နေသူတွေကလည်း ဒုနဲ့ဒေးပါပဲ။ သေနတ်ဈေးတွေကလည်း ဘယ်လောက်မှ မကြီးပါ။ ဗမာတွေ သေနတ်ပစ်တာက အချင်းချင်းပစ်တာလောက်ပါ။ အိမ်မှာ ပစ်တာလောက်ပါ။ အမေရိကန်တွေလို ကျောင်းတွေ ဈေးတွေ ပွဲလမ်းသဘင်တွေ လူစည်ကားရာတွေမှာ အစုလိုက်အပြုံလိုက်သေအောင် အကြောင်းမဲ့ လိုက်ပစ်နေတာတော့လည်း မဟုတ်ပါဘူး။ 

အမေရိကန်နိုင်ငံရေးလောကအပေါ်မှာ NRA ခေါ်တဲ့ အမျိုးသားရိုင်ဖယ်လ်အသင်းကြီးရဲ့ဩဇာ အတော်ကြီးပါတယ်။ အကြီးအကျယ်သေနတ်ပစ်မှုကြီးတွေဖြစ်လိုက်ပလားဟေ့ဆိုရင် လူတွေက သေနတ်ကိုင်တာကိုဆန့်ကျင်ကြပါတယ်။ အဲ့ဒီအခါ နိုင်ငံရေးသမားတွေပါးစပ်က သေနတ်ကိုင်ဆောင်ခွင့်တားမြစ်ကန့်သတ်တဲ့ဥပဒေ ခုပဲ ထွက်လာတော့မလိုလို လေသံပစ်ကြပါတယ်။ တကယ်က အဲ့ဒီဥပဒေကို ပြင်ဖို့(ဖျက်ဖို့) နေနေသာသာ လက်ဖျားနဲ့တောင် မတို့ကြပါ။ ဘာမဟုတ်တဲ့ တားမြစ်ချက်ကလေးတွေတော့ ထွက်လာတတ်ပါတယ်။ ရွေးကောက်ပွဲတွေမှာ အမတ်လောင်းတွေ မဲဆွယ်ဖို့ NRA က ရန်ပုံငွေထည့်ပေးတာ လှူတာတန်းတာတွေ လုပ်ပေးပြီး ခွံ့ထားပြီးသားပါ။ အမတ်ဖြစ်လာတော့ လွှတ်တော်ထဲထိုင်ပြီး သေနတ်ကိုင်ဆောင်ခွင့်တားမြစ်ရေးအဆိုတင်လာရင် ထကန့်ကွက်ကြတာပါပဲ။

ကျွန်တော်ကတော့ လူတိုင်းသေနတ်ကိုင်ဆောင်ခွင့်ကို သဘောကျပါတယ်။ လူတိုင်းလက်ထဲ သေနတ်ရှိတော့ Law Enfrocement ကလူတွေ (ရဲတွေ)လည်း ထင်တိုင်းမကျဲနိုင်ပါ။ လူဆိုးသူခိုးတွေ လူမိုက် လူရမ်းကားတွေလက်ထဲ သေနတ်မရောက်အောင် လုပ်နိုင်ဖို့က အဓိကပါ။ ဒါပေမဲ့ အဲ့သလိုလုပ်ဖို့ဆိုတာ တကယ်တော့ လက်တွေ့မှာ မလွယ်ပါ။ မဖြစ်နိုင်ပါ။ သူတို့လောကအတွင်း တရားမဝင်သေနတ်က ဘယ်နေရာဝယ်ဝယ် ဝယ်လို့ရနေတာပါ။ ဒီတော့ ကျွန်တော်လည်း လူတိုင်းသေနတ်ကိုင်ဆောင်ခွင့်တားမြစ်ရေးဥပဒေကို မသိမသာဆန့်ကျင်နေရာ ရောက်ရတာပါပဲ။
မျိုးမြင့်ချို
ဇန်နဝါရီ ၃။ ၂၀၂၃

နှစ်သစ်ကူး

0 comments

“နှစ်သစ်ကူး”

ကျွန်တော်တို့ ထောင်တွင်းပြစ်ဒဏ်များ ချခံရသည့်အခါ မိမိနေရာတိုက်ခန်းများဆီမှ အခြားတိုက် တတိုက်တိုက်သို့ ပြောင်းကာ ခြေကျဉ်းခတ် ဒေါက်ခတ် ထိပ်တုံးပိတ်စသည်များအပါအဝင် တိုက်ပိတ်ခံရ အရိုက်အနှက်ခံရ ဖြစ်ကြပါသည်။ ထို့ထက်ပိုလျင် နောက်အမှုတပ်တရားစွဲကာ ထောင် ထပ်ချခံသည်အထိဖြစ်ရပါသည်။

 

ဤနေရာတွင် ကျွန်တော်တို့ကျူးလွန်သော ထောင်တွင်း ပြစ်မှုများဆိုသည်ကို ဖော်ပြရန်လိုပါလိမ့်မည်။ အင်္ဂလိပ်စာ သင်ပေးခြင်း သင်ယူခြင်း၊ အထိမ်းအမှတ်နေ့များကျင်းပခြင်း၊ စာရွက် ဘောလ်င်န် လက်ဝယ်တွေ့ရှိခြင်း၊ အလုပ် မလုပ်နိုင်ကြောင်းဆန္ဒပြခြင်း၊ အကျဉ်းသား အခွင့်အရေးတောင်းဆိုခြင်း၊ ထောင်တွင်း တနေရာနှင့်တနေရာ ဆက်သွယ်ခြင်း၊ ထောင်တွင်း စုဖွဲ့မှုပြုလုပ်ခြင်း၊  ထောင်တွင်းမတရားမှုများကို ဖော်ထုတ်ဖွင့်ချခြင်း၊ ထောင်တွင်း ထောင်ပြင်ဆက်သွယ်ခြင်း၊ စာစောင်စာတမ်းများ ထုတ်ဝေခြင်း၊ ရေဒီယိုနှင့် စာအုပ်စာစောင်များ ထောင်တွင်းသို့ ခိုးသွင်းခြင်း၊ ထောင်တွင်းအခြေအနေများကို နိုင်ငံတကာကသိအောင် စာရေးလက်မှတ်များထိုးကာ ပြင်ပသို့ ခိုးထုတ်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိနိုင်ငံရေးအခြေအနေအပေါ်  မည်သို့သဘောထားရှိကြောင်း ပြင်ပရှိ နိုင်ငံရေးပါတီများ အဖွဲ့အစည်းများသို့ သဘောထားပေးပို့ခြင်း စသည်တို့ကဲသို့ကိစ္စများဖြစ်ပါသည်။ ထိုကိစ္စများ ပြုလုပ်သည်ကို ထောင်အာဏာပိုင်များက ထောင်စည်းကမ်းဖောက်ဖျက်သည်ဟု သတ်မှတ်ပြီး စစ်ထောက်လှမ်းရေးက နိုင်ငံရေးပြစ်မှုကျူးလွန်သည်ဟု ယူဆပါသည်။ 

 

ဒေါက်‌ခြေကျဉ်းတို့ ထိပ်တုံးတို့ ခတ်ခံရသည်မှာ အပြင်လူတို့နားလည်ရလွယ်သော်လည်း ခံရသူအဖို့ အလွန် နာကျည်းခံပြင်းစရာကောင်းသလို အခံရခက်ပြီး ဒုက္ခဆင်းရဲလည်းများပါသည်။ တိုက်ပိတ်ခံရသည်ဆိုသည်မှာ တနေ့ကို ၂၄ နာရီလုံးလုံး အခန်းပြင်မထွက်ရ ရေမချိုးရ လမ်းမလျှောက် မိလ္လာမချရပဲ အခန်းကျဉ်းလေးထဲလှောင်ပိတ်ထားခြင်း ဖြစ်ပါသည်။ တိုက်ပိတ်တာထဲတွင်မှ အမှောင်တိုက်ပိတ်တာလည်း ရှိပြန်ပါသေးသည်။ ဤနေရာတွင် အမှောင်တိုက် ပိတ်တာနှင့် မိလ္လာမချရဆိုသည်ကို ရှင်းရန်လိုပါလိမ့်မည်။ အမှောင်တိုက်ဆိုသည်မှာ အခန်းကျဉ်းလေးတွင် တံခါး နှစ်ထပ်ထားပြီး သံတိုင်တံခါးနှင့် သစ်သားတံခါး ကာထားခြင်းဖြစ်ပါသည်။ ရိုးရိုးသံတံခါးပဲပိတ်ထားလျှင် အပြင် အလင်းရောင်ကို တွေ့ရပြီး နေ့မှန်းညမှန်းသိပါသည်။ အပြင်သစ်သားတံခါးကိုပါ ပိတ်ချလိုက်လျှင် တခန်းလုံး မှောင်မဲသွားပြီး နေ့မှန်းညမှန်းမသိတော့ပါ။ ထမင်းကျွေးချိန်နှင့် ထောင်ဘူးကြီးမှ နာရီသံချောင်းခေါက်သံ အစောင့်ဝါဒါများ ကင်းအော်သံများကိုမှတ်ပြီး အချိန်ကိုခန့်မှန်းရပါသည်။ မိလ္လာချဆိုသည်မှာ အခန်းကျဉ်းထဲတွင် ကျွန်တော်တို့ အညစ်အကြေးစွန့်ရန် စဉ့်အင်တုံ ၂ လုံးပေးထားပါသည်။ တလုံးမှာ သေးပေါက်ရန်ဖြစ်ပြီး နောက်တလုံးမှာ အီးပါရန်ဖြစ်ပါသည်။ ပြစ်ဒဏ်မဟုတ်သည့်သာမန်အချိန်များတွင် ထိုစဉ့်အင်တုံများကို တနေ့ ၂ ကြိမ် အပြင်ထုတ်သွန်ပြီး ရေဆေးသန့်ရှင်းရပါသည်။ ထို့သို့ လုပ်ခြင်းကို ထောင်စကားအရ မိလ္လာချသည်ဟုဆိုပါသည်။ ပြစ်ဒဏ်ကာလတွင် မိလ္လာ လုံးလုံးချမပေးသည့်အခါရှိသလို သုံးလေးရက်မှတခါ ချပေးသည်လည်းရှိပါသည်။ ထိုအခါ အခန်းတွင်းနံစော်ညစ်ပတ်နေပြီး လောက်တဖွားဖွားပင် တက်သည့်အခါတက်ပါသည်။ အတော် အနေရဆိုးပါသည်။

 

ကျွန်တော်တို့သည် ထောင်တွင်းသာမန်အချိန်မျိုးမဆိုနှင့် ဤကဲ့သို့ပြစ်ဒဏ်ခံနေရသည့်အချိန်မျိုးမှာပင်လျှင် ခရစ်နှစ် နှစ်သစ်ကူးသည့်အခါ Happy New Year ကို ရအောင် အော်ကြပါသည်။ ဘေးအခန်း ကြားရရုံမျှတိုးတိုးလေး အော်သည့်အခါအော်ပြီး အခွင့်သင့်လျှင် အခန်းအားလုံးကြားအောင် ကြုံးအော်သည့်အခါ အော်ကြပါသည်။ ထို့ထက်အခန့်သင့်လျှင် ဆေးလိပ် မုန့်ပဲသွားရည်စာလေးများ တခန်းနှင့်တခန်း ပေးကြပါသည်။ ည ၁၂ နာရီထိုးချိန်တွင် တိုးတိုးတိတ်တိတ် Happy New Year ပွဲနွှဲကြပါသည်။

 

ကျွန်တော်တို့သည် ဒေါက်ခြေကျဉ်းအခတ်ခံရ တိုက်ပိတ်ခံရနှင့် ပျော်စရာမကောင်းသည့်နေရာတွင်နေပြီး ဘာလို့ ပျော်စရာကောင်းသည့် နှစ်သစ်ဖြစ်ပါစေဟုဆိုကာ ကြိုကြသလဲဟုမေးလျှင် နှစ်သစ်တွင် အကောင်းများဖြစ်ရန် မျှော်လင့်သလို  လွတ်လိုလွတ်ငြားလည်း မျှော်ကြပါသည်။ လာမည့်နှစ်သစ်သည် အကောင်းများကိုဆောင်ကျဉ်းလာပြီး မိသားစုနှင့်အတူ အိမ်တွေမှာ နွေးနွေးထွေးထွေးနေကြရရန် တောင့်တကြပါသည်။ တကယ်တော့ ကျွန်တော်တို့ မပျော်ကြပါ။ သို့သော် ပျော်စရာနှစ်သစ်ကို မျှော်ကြပါသည်။

 

လက်ရှိဗမာပြည်အခြေအနေသည် အလွန်အကျပ်အတည်းကြီးနေချိန် အလွန်အဖိနှိပ်ခံနေရချိန်ဖြစ်ပါသည်။ ဖြစ်နေသည့်အဖြစ်အပျက်များကို လူတိုင်းသိနိုင် ခံစားနိုင်ကြသည်မို့ အကျယ်မပြောလိုတော့ပါ။ အကျပ်အတည်းမှာ မိမိဘက်တွင်ရှိသလို အုပ်စိုးသူတို့ဘက်တွင်လည်း ရှိပါသည်။ ဖိနှိပ်မှုမှာ စစ်တပ်ကိုင်ပြီး လူထုကိုဖိနှိပ်မှုဖြစ်သလို စစ်တပ်ကိုလည်း ဖိနှိပ်ထားရပါသည်။ စစ်တပ်ကိုင်ပြီး လူထုကိုဖိနှိပ်မည်ဆိုလျှင် စစ်တပ်ကို အရင်ဖိနှိပ်ရပါသည်။ 

 

ထိုအခြေအနေမျိုးမှာပင်လျှင် အပြင်မှာ နှစ်သစ်ကူးကို Happy New Year အော်ပြီး ကြိုဆိုကြသူတွေရှိပါသည်။ တကယ်ပျော်လို့ ကြိုသူတွေလည်း ရှိနိုင်ပါသည်။ ထောင်တွင်းမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ရသလို ရသလောက်အခွင့်အရေးလေးကိုင်ကာ Happy New Year ကြမည်မှာ မလွဲပါ။ နှစ်သစ်ကိုသာ ပျော်စရာဟု ဆိုကြသော်လည်း သူတို့ရင်ထဲတွင် ပျော်မနေနိုင်ကြမှန်း ကျွန်တော်သိပါသည်။ 

 

ဖိနှိပ်မှုများကင်းပြီး လွတ်လပ်သည့်ကောင်းကင်အောက်တွင် တကယ်ပျော်စရာကောင်းသည့်နှစ်သစ်ကို တချိန်ချိန်၌ ကြုံရလိမ့်မည်ဟု စိတ်တွင် မှတ်ထင်ယုံကြည်ယူဆနေပါသည်။

မျိုးမြင့်ချို

ဇန်နဝါရီ ၄။ ၂၀၂၃