Thursday, April 21, 2011

အိုင်ပက်သူ(သစ်ကောင်းအိမ်)

0 comments

MONDAY, FEBRUARY 16, 2009
အိုင်ပက်သူ


စပါးကြီးမြွေတကောင်ဟာ
ငါဖြစ်တယ်


သံသရာရဲ့သုံ့ပန်း
သံတိုင်မဲ့အကျဉ်းခန်းထဲ
နှာသီးဖျားက ပခြုပ်ထဲဝင်ခွေ
စိတ်ကို အဆိပ်ဖြေထားမိတယ်။

(၁.မေလ၊ ၂၀၀၈)
(မနှစ်က အဖေ့မွေးနေ့မှာရေးဖြစ်တာပါ)

ဝဏ္ဏပဘာ(သစ်ကောင်းအိမ်)

0 comments

FRIDAY, FEBRUARY 13, 2009
ဝဏ္ဏပဘာ

ကိုယ့်သင်းရနံ့လေးကြောင့်ပဲ
ငါ့မနက်ခင်းတွေမှာ
ကျေးငှက်ကလေးတွေ ပြန်နိုးလာ
ပန်းကလေးတွေပြန်ပွင့်လာ


ကိုယ့်သင်းရနံလေးကြောင့်ပဲ
င့ါမြက်ခင်းပေါ်မှာ
ယုန်ကလေးတွေ ပြန်ရောက်လာ
တိမ်ပြာသောနေ့တွေ ပြန်ရောက်လာ

ကိုယ့်သင်းရနံလေးကြောင့်ပဲ
ငါ့ညနေခင်းတွေမှာ
စံပယ်ပွင့်တွေ ပြန်မွှေးလာ
စမ်းချောင်းလေးတွေ ပြန်စီးလာ

အဲဒီ့ ကိုယ့်သင်းရနံလေးကြောင့်ပါပဲ
ညီမလေးရယ်
မင်းပါးပြင်ပေါ်က ပါးကွက်ကလေးဘ၀နဲ့ပဲ
သံသရာအဆက်ဆက်
မကျွတ်မလွတ်ပါရစေနဲ့လား.......

သစ်ကောင်းအိမ်
(၂၀၀၅)

ဒီတခါနက္ခတ်စုံရင်တော့ ပြန်ဆုံကြရအောင်....ဒေလီယာ(သစ်ကောင်းအိမ်)

0 comments

ဒီတခါနက္ခတ်စုံရင်တော့ ပြန်ဆုံကြရအောင်....ဒေလီယာ


ပြန်သောက်မိတဲ့စီးကရက်တွေကလည်း
ငယ်ငယ်တုန်းက
စီးကရက်တွေမဟုတ်တော့ဘူး


ပြန်ထိုင်မိတဲ့ လက်ဘက်ရည်ဆိုင်တွေကလည်း
ငယ်ငယ်တုန်းက
လက်ဘက်ရည်ဆိုင်တွေမဟုတ်တော့ဘူး

ပြန်နားထောင်မိတဲ့သီချင်းတွေကလည်း
ငယ်ငယ်တုန်းက
သီချင်းတွေမဟုတ်တော့ဘူး

ပြန်ပေါင်းမိတဲ့သူငယ်ချင်းတွေကလည်း
ငယ်ငယ်တုန်းက
သူငယ်ချင်းတွေမဟုတ်တော့ဘူး

ပြန်ရောက်ခဲ့တဲ့ငါမြို့လေးဟာလည်း
ငယ်ငယ်တုန်းက ငါ့မြို့လေးမဟုတ်တော့ဘူး

ငယ်ငယ်က"မာရီလင်မွန်ရိုး.." ကတော့
"မာရီလင်မွန်ရိုး...." အတိုင်း လှပဆဲ

တို့အတူလွှတ်ဖူးတဲ့စက္ကူလှေလေးတွေက
စမ်းချောင်းလေးအတိုင်းမျောပါဆဲ

တို့ကျောင်းရှေ့လမ်းမှာ
စိန်ပန်းပွင့်တွေကလည်း
ငယ်ငယ်တုန်းကလို ကြွေဆဲပဲ

နှင်းဆီလိုချိုအီတဲ့ မင်းကိုယ်သင်းရနံတွေက
နှစ်နှစ်ဆယ်ကျော်ကာလကိုဖြတ်သန်း
သောင်ရင်းမြစ်တဖက်ကမ်းထိမွှေးပျံဆဲ

ပ၀ါတကမ်းလက်တလှမ်း
နေ့စွဲတွေဟာလည်း
တို့နှစ်ယောက်ကြားမှာ
အရင်ကအတိုင်းရှိနေဆဲ

မဖြောင့်တန်းတဲ့
ငါလျှောက်နေကျလမ်းတွေလို
တို့သူငယ်ချင်း" င၀န်" ဟာလည်း
ကွေ့ကောက်ဆဲ

ငြိမ်းချမ်းပါစေ "ဒေလီယာ.."
ငြိမ်းချမ်းပါစေ ကမ္ဘာမြေကြီး
ငြိမ်းချမ်းပါစေ ကိုယ့်ရဲ့အလွမ်းများ

ရေစီးကြမ်းတဲ့မြစ်ကိုဆန်လို့
လူသားရဲ့ဝိညာဉ်မွန်ဟာ
ခေတ်တွေကို
အချစ်တွေနဲ့ထမ်းပိုးသယ်ဆောင်လို့ပါလား

အရှေ့ဆီမှာ
ရောင်နီလာတော့မယ် "ဒေလီယာ…"။ ။

သစ်ကောင်းအိမ်
(ဒီဇင်ဘာ၊ ၂၀၀၅)

မင်္ဂလာပါနှစ်သစ်(သစ်ကောင်းအိမ်)

0 comments

SUNDAY, JANUARY 4, 2009
မင်္ဂလာပါနှစ်သစ်

နံနက်လင်းတော့
ရေပုပ်မြောင်းထဲ
ကွန်ဒုံးအဟောင်းလို
ပေါလောမျောလို့။

ပြီးခဲ့တဲ့နှစ်က
ဆဒမ်ဟူစိန်ကို ကြိုးမိန့်ပေးခဲ့တယ်
အာဏာရှင်စနစ်ကို ကြိုးမပေးနိုင်သေးဘူး
ငွေကြာရံမှာ သွေးပွက်ပွက်လျှံခဲ့တယ်
ငမိုးရိပ်ချောင်းမှာ
သံဃာတော်ရုပ်အလောင်းတွေ
မျောခဲ့တယ်။

တိရိစ္ဆာန်ရုံထဲက
တောရိုင်းသတ္တ၀ါတွေကို
လွတ်ငြိမ်းချမ်းသာခွင့်ပေးချင်တယ်
လူ့တိရိစ္ဆာန်တွေကို ခြံခတ်ပြီး ပြပွဲလုပ်မယ်။

မပြီးသေးဘူး
လမ်းပေါ်က
လိင်တူအခွင့်အရေး ချီတက်ပွဲတွေ
မပြီးသေးဘူး
အီရတ်စစ်ပွဲ မပြီးသေးဘူး
ရွှေဝါရောင်တော်လှန်ရေး မပြီးသေးဘူး
ပိရမစ်ကပြီးပြီ
ဆေးစီရင်လို့မပြီးသေးဘူး။

ဆိုဟာတို ရှောသွားတာ အကြောင်းမဟုတ်ဘူး
ငါတို့ရှင်သန်နေတာက ပြဿနာ။

အနာမျိုး ၉၆ ပါး မကပေမယ့်
နာရေးကြော်ငြာက ၉၆ပါးသာဆံ့ခဲ့။

အနှစ်မဲ့နှစ်တွေထဲ နှစ်ခဲ့
နှစ်များ
မနှစ်ကနဲ့လည်း မတူခဲ့
မနှစ်ကနဲ့လည်း တူခဲ့။

အသေခံဖောက်ခွဲရေးသမားရဲ့
ဂျာကင်အောက်က
အမောဖောက်နေတဲ့
ဗုံးတစ်လုံးရဲ့ ဒုလ္လဘမှာ
ခင်ဗျားနဲ့ ကျွန်တော်ဆုံခဲ့ကြတာ
ဝမ်းသာမဆုံး ဖြစ်ရတယ်။ ။

သစ်ကောင်းအိမ်
(၁-၂-၂၀၀၈ မှာ အဆုံးသတ်ဖြစ်တယ်)

ညပျက်(သစ်ကောင်းအိမ်)

0 comments

ညပျက်
ကိုယ်ရေးကိုယ်တာတောင်ပံများ (၂)

ဘ၀ဆိုတဲ့
ဒုက္ခသည်စခန်းထဲ
ဒုက္ခသည် ငါထပ်ဖြစ်ခဲ့ရ …


လူဆိုတဲ့
သုံ့ပန်းတယောက်အဖြစ်ထဲ
သုံ့ပန်းတယောက် ငါထပ်ဖြစ်ခဲ့ရ …


လှောင်အိမ်မြဲတဲ့ငှက်တကောင်က
မှန်ရေအိုင်ထဲက ရွှေငါးလေးတယောက်ရဲ့ဘဝ
‘လွတ်မြောက်ပါစေသား’
ဆုတောင်းခွင့်ရောရှိလို့လား


ညီမလေးရယ်
၃၁ ဘုံမှာ
ငါတို့ထိရှမိကြတယ်။ ။
TUESDAY, NOVEMBER 18, 2008

သားချော့တေး(သစ်ကောင်းအိမ်)

0 comments

TUESDAY, NOVEMBER 18, 2008

သားချော့တေး

ကိုယ့်ကလောင်ကို
ချိုးဖြူငှက်အတောင်လုပ်လို့
ပျံသန်းလိုက်စမ်းပါ ငါ့သား…

မင်းသင်ရတဲ့ ပထ၀ီဝင်ထဲ
တို့နိုင်ငံရဲ့
မြေပုံချပ်ကိုဖြန့်ခင်း
နှစ်ခြောက်ဆယ်စစ်တလင်းကိုတွေ့လိမ့်မယ်

ကိုယ့်ကလောင်ကို
ချိုးဖြူငှက်အတောင်လုပ်လို့
ပျံသန်းလိုက်စမ်းပါ ငါ့သား…

မင်းသင်ရတဲ့သမိုင်းကတော့
ကမ္ဗည်းမတင်ရသေးတဲ့
သူရဲကောင်းတွေရဲ့သွေးသမိုင်းနဲ့
ရိုင်းစိုင်းနေလိမ့်မယ်

ကိုယ့်ကလောင်ကို
ချိုးဖြူငှက်အတောင်လုပ်လို့
ပျံသန်းလိုက်စမ်းပါ ငါ့သား…

မင်းသင်ရမယ့်ကမ္ဘာ့မြေပုံမှာ
သံလွင်ခက်ပေါ်ဓားစိုက်
ကမ္ဘာကျော်လူမိုက်တို့
မိုက်ကြေးခွဲကြ
ကမ္ဘာ့တိုက်ကြီး (၇) တိုက်ဟာ (ကမ္ဘာ့တိုက်ကြီး (၇) တိုက်ဟာ)
မှောင်မိုက်နေလိမ့်မယ်

ပျံသန်းလိုက်စမ်းပါ ငါ့သား…။ ။

သစ်ကောင်းအိမ်
ခေတ်ပြိုင်အွန်လိုင်းစာမျက်နှာပေါ်က ရက်စွဲမဲ့ကဗျာ။

နေထိုင်ကောင်းအောင်သာနေပါ(သစ်ကောင်းအိမ်)

0 comments

WEDNESDAY, NOVEMBER 5, 2008
နေထိုင်ကောင်းအောင်သာနေပါ

လက်ကိုင်ဖုန်းတွေရှိတယ်
ဖုန်းထဲမှာ ပိုက်ဆံမရှိဘူး...။

သွားစရာမြေရှိတယ်
သွားစရာနေထိုင်ခွင့် လက်မှတ်မရှိဘူး။

ဒေါနတောင်တန်းတွေ လှမ်းမြင်နေတယ်
ပြန်စရာတိုင်းပြည်မရှိဘူး။

အနော်ရထာလမ်းမပေါ်မှာလည်း ကျီးကန်းတောင်းမှောက်
မဲဆောက်လမ်းတွေပေါ် ရောက်တော့လည်း

ကျီးကန်းတောင်းမှောက်
အသက်ရှူမဖြောင့်ခဲ့ကြပုံများပြောပါတယ်...။

သြော်ရွှေပဲကျင်ရမလို
ကြမ်းပိုးပဲရှာရမလို
လူ့အဖြစ်များ....

ကိုယ့်အခန်းကမိုးမလုံ
ကမ္ဘာမြေပုံပေါ်မှာလည်း လုံခြုံရာကို ရှာမတွေ့တော့
ကိုယ့်နားထင်ကိုယ် သေနတ်နဲ့တော့ကာ

ချိုးကူသံကို တမ်းတရင်း ငှက်ဆိုးသံတွေနဲ့
မိုးစင်စင်လင်းရတဲ့
လူ့အဖြစ်များ....။

သစ်ကောင်းအိမ်

ဂိုးခေါင်ခြင်း(သစ်ကောင်းအိမ်)

0 comments

ဂိုးခေါင်ခြင်း

ရွှေဖိနပ်ဆု မမျှော်ကိုးပေမယ့်
ဘ၀ကို ရွှေဂိုးနဲ့ပဲ ရှုံးချင်တယ်။

ကွင်းဘေးကန်ထုတ်ခံရတဲ့
မျှော်လင့်ချက်တွေအတွက်
လက်ပစ်ဘော ငါမရခဲ့ပါလား။

လျောထိုးဖျက်ထုတ်ခံရတဲ့
ဂိုးသွင်းခွင့်တွေအတွက်
ပြစ်ဒဏ်ဘော ငါမရခဲ့ပါလား။

လောကဓံတရားနဲ့ သူ့မယားပါသားတွေက
တကွင်းလုံးကို ဖိကစားထားကြ
တသင်းလုံး အနီကတ်နဲ့
ငါ့ဘက် ရပ်ခဲ့တာဆိုလို့
ပရိသတ်ရယ်၊ ပြီးတော့ အားကစားစိတ်ဓာတ်ရယ်
ဝီစီသံရှည်သာ ဆုံးသွားရော။

မပွင့်သေးတဲ့ ပိတောက်ကို
တောက်ခေါက်ပြီးစောင့်ရင်းနဲ့
ဒီနှစ်လည်း နွေဦးပေါက်မကောင်းပြန်ဘူး သူငယ်ချင်း။ ။

သစ်ကောင်းအိမ်

ဆောင်းသစ်ပင်(သစ်ကောင်းအိမ်)

0 comments

ဆောင်းသစ်ပင်


ဆံပင်ရှည် ဖြတ်လိုက်တယ်
ကိုယ်ပေါ်က သစ်ရွက်တွေ
တပင်လုံး လှုပ်ခါချလိုက်တယ်။

ပိတောက်သစ်ပွင့်ဖို့
အမြစ်
မြေမှာ
စွဲတယ် … ။ ။

သစ်ကောင်းအိမ်
(၀၇၊ နိုဝင်ဘာ၊ ၂၀၀၇) 

တစ္ဆေနှစ်ကောင်ရဲ့အမှောင် (မိုဒီလျာနီနဲ့ဂျင်းနီသို့)(သစ်ကောင်းအိမ်)

0 comments

တစ္ဆေနှစ်ကောင်ရဲ့အမှောင် (မိုဒီလျာနီနဲ့ ဂျင်းနီသို့)

မင်းက
ညတွေမှာ သွပ်မိုးပေါ်လမ်းလျှောက်တဲ့ကြောင်တကောင်
ငါက
ညရောက်မှအသက်ဝင်ခွင့်ရတဲ့ ဖုတ်ကောင်တကောင်
အမှောင်မှာပဲတွေ့ကြတယ်၊

မင်းက
သင်္ဘောပျက်ပြီးမျောလာတဲ့ လူတယောက်
ငါက
သင်္ဘောပျက်ပြီးမျောလာတဲ့ ပျဉ်တချပ်
မုန်တိုင်းဖြတ်တုန်းမှာပဲတွေ့ကြတယ်၊

မင်းက
မင်းအခန်းတံခါးကိုလာခေါက်မယ့်
ဧည့်သည်တွေရဲ့တံခါးခေါက်သံကိုနားစွင့်တယ်
ငါက
ငါတို့ ခေတ်ကိုခေါင်းနဲ့ တိုက်ဖွင့်မယ့်
တံခါးခေါက်သံတွေကို နားစွင့်တယ်၊

မင်းက
‘အမေရိကား’လည်း စိတ်မ၀င်စားဘူး
မင်းပိုင်တဲ့ အမိမြေက မင်းအမေအိမ်ရှေ့မှာ
ကုန်စုံဆိုင်လေးတဆိုင်သာဖွင့်ချင်ရှာသူ
ငါက
လူအများအတွက် တိုက်ပွဲဝင်ရဲသူမဟုတ်ဘူး
လူတယောက်အနေနဲ့
လူတယောက်ရဲ့အခွင့်အရေးဆိုတာကိုပဲ
တိုက်ပွဲဝင်ရဲသူ၊

ဟီရာကလီးတပ်စ်ရဲဥနအဆိုအရဆို
မြစ်တွေဟာလည်း တခါသုံးပစဏည်းပဲ
ငါတို‹ခေတ်ရဲဥနအလိုအရဆို
‘ရိုမန်တစ်’ဆိုတာလည်း
တခါသုံးပစ္စည်းတခုရဲ့
ကုန်အမှတ်တံဆိပ်တမျိုးပဲ၊

လူတွေက
ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့
နာမည်ကိုသိတယ်
ကိုယ်ဟန်ပြမယ်တွေရဲ့
ခန္ဓာကိုယ်အချိုးအစားကိုသိတယ်
ဒေါ်လာဈေးအတက်အကျကိုသိတယ်
ဘုရားမှာဆုတောင်းဖို့ကိုသိတယ်၊
အဲဒီလူတွေရဲ့အလိုအရဆို
ရေနံနဲ့စစ်ပွဲကြီးတွေဟာ
တွင်းထွက်ပစ္စည်းပဲ
ငါတို့အချစ်ရဲ့အလိုအရဆို
မေတ္တာတရားနဲ့ ယုံကြည်ချက်ဟာ
တွင်းထွက်ပစ္စည်းပဲ၊

မထူးဆန်းပါဘူးကွယ်
ခပ်နက်နက်ထိုးစိုက်ထားတဲ့အမှောင်မှာ
ခပ်စိပ်စိပ်စိုက်ပျိုးထားတဲ့အမှောင်မှာ
အမှောင်များမဆုံးသရွေ့အမှောင်မှာ
ငါက ပိုးစုန်းကြူးတကောင်
မင်းကတော့
အမှောင်မှာတောင်မှ
ကြောင်နက်မလေးတကောင်ပါပဲ၊
မထူးဆန်းပါဘူးကွယ်
မင်းမျက်လုံးစိမ်းတွေနဲ့
အမှောင်ကို မဲ့ပြတဲ့အခါ
ငါ့အတောင်စိမ်းတွေနဲ့
အမှောင်ကိုရွဲပြမယ်၊

မထူးဆန်းပါဘူးကွယ်
မင်းမဖွင့်နိုင်သေးတဲ့
‘ဈေးဆိုင်လေးတဆိုင်’အကြောင်း
မင်းစဉ်းစားနေချိန်မှာ
ငါကလည်း
ငါ့ဆီရောက်မလာသေးတဲ့
‘တရားမျှတမှု’တွေအကြောင်း
ငါစဉ်းစားနေလိမ့်မယ်၊

သစ်ကောင်းအိမ်

အိပ်မက်မြစ်(သစ်ကောင်းအိမ်)

0 comments

FRIDAY, NOVEMBER 9, 2007
အိပ်မက်မြစ်

မြောက်လေရိုင်းတွေက
အထီးကျန် သစ်ကိုင်းတွေကို
အရိုးပြိုင်းပြိုင်း ကျတယ်

စိတ်ထဲ
အဆိပ်တွေ စီးကျလာပြန်ပြီ
မတိတ်သေးတဲ့အတိတ်ကို
တိပ်နဲ့ကပ်ပြီး
မတိတ်သေးတဲ့နှင်းတွေ
ပြိုဆင်းလာနေပြီ

မျက်စိမှိတ်လိုက်တယ်
အဝေးအိမ်ဆီ
မြက်ခင်းပေါ် ဒရွတ်ဆွဲ
သွက်ချာပါဒ ရောဂါသည်လေး
“ခရစ်စ်တီးနားရဲ့ကမ္ဘာ” ပန်းချီကား
ကျနော့ပါးပြင်ပေါ် လိမ့်ဆင်းသွားတယ်

ခင်ဗျားတို့ တမလွန်မှာရော
ပွင့်လင်းရာသီ ရောက်ပါပြီလား
ကျောင်းဆရာ

သွေးကြောထဲ
မြစ်စိမ်းရှင်ရှင်
ပြန်မြင်ချင်လှပြီ
င၀န် …

နှစ်တွေကြမ်းတော့
နှင်းတွေ နွမ်းခဲ့တယ် …

သစ်ကောင်းအိမ် (၀၉၊ နိုဝင်ဘာ၊ ၂၀၀၇)

ရေတံခွန်(သစ်ကောင်းအိမ်)

0 comments

ရေတံခွန်

အမေ့ရဲ့ 
မေတ္တာတရားလို
ချောက်ကမ္ဘားအစွန်းမှာ
လေဟာနယ်ထဲ
ခြေတဖက် နင်းခဲ့တယ် … ။

သစ်ကောင်းအိမ်
(၀၉၊ ၁၁၊ ၂၀၀၇)